အဓိက အချက်မှာ ကလေးများကို မသင်ကြားမီ သက်ဆိုင်ရာ ဆရာမများကို ဦးဆုံး သင်ကြားပေးခြင်းဖြစ်ပါသည်။ ထိုမှသာ ကလေးများသည် နည်းပညာဆိုင်ရာ အခက်အခဲများအတွက် ကျောင်းရှိ IT Department သို့ခဏခဏ လာစရာမလို၊ မိမိအတန်းတွင်းရှိ ကွန်ပျူတာနှင့်ပင် အတန်းပိုင်ဆရာမ၏ အကူအညီဖြင့် ဖြေရှင်းနိုင်ကြသည်။
မိမိတို့နိုင်ငံတွင်လည်း Multi-Media Classroom များ ကျောင်းတော်တော်များများတွင် ရှိနေပေသည်။ သို့သော် ကလေးများ ကွန်ပျူတာ ကိုင်ဘို့ ဝေးစွ၊ ဆရာ၊ဆရာများပင် အချိန်တိုင်းသုံးစွဲနိုင်ကြသည် မဟုတ်ပေ။ ကွန်ပျူတာ အသုံးပြုချင်သော စိတ်ကို မြင့်မားလွန်းသော ပစ္စည်းတန်ဘိုးက ခြောက်လှန့်နေသည်ကတစ်ကြောင်း၊ ကွန်ပျူတာသုံးပြီး ပြုလုပ်ရန် ကိစ္စရပ်များ နည်းပါးသည်ဟု ထင်နေသောကြောင့်လည်း ဖြစ်ပေမည်။
ဤနိုင်ငံတွင်မူ ပညာရေးလောကကို အထူးထောက်ပံ့ထားသည်။ ဆရာ၊ဆရာမ များသည် လုပ်သက်အလိုက် IT နှင့်ဆိုင်သော ပစ္စည်းများကို ၀ယ်ယူခွင့်ရှိသည်။ ဒေါ်လာ ၇၀၀၊ ၈၀၀ မှအစ မိမိဝယ်ယူသော ပစ္စည်း၏တန်ဘိုးကို MOE (Ministry of Education) တွင် ငွေပြန်ထုတ်ယူနိုင်ကြသည်။ ဆရာမ တစ်ယောက်ချင်းစီအတွက် Laptop တစ်လုံးစီပေးထားပြီး Staff Room များတွင် Printer မျိုးစုံတပ်ဆင်ပေးထားသည်။အစစအရာရာ တိုးတက်ခေတ်မီအောင် ဖြည့်စည်းပေးထားသော ဤနိုင်ငံမျိုးတွင်ပင် Scan မကူးတတ်သော ဆရာမများ၊ CD Copy မလုပ်တတ်သော၊ Printing Error များမဖြေရှင်းတတ်သော ဆရာ၊ဆရာမ များစွာ ရှိနေပေသေးရာ မိမိနိုင်ငံ သည်လည်း အခွင့်အရေးရသည်နှင့် အမှီလိုက်နိုင်သေးသည်ဟု အားတက်မိသည်။
သို့သော် ဘာသာရပ်တိုင်း အလွတ်ကျက်ရသော ပညာရေး စနစ်ကိုတော့ တွန်းလှန်သင့်သည်ဟု ထင်ပါသည်။ ဥပမာ အားဖြင့် “အနံ့ရှိသောပန်းကလေးများမှာ နှင်းဆီ၊ စံပယ်၊ဇီဇ၀ါ” ဟု သင်ရိုးပြဌာန်းထားသည် ဆိုပါစို့။ စာမေးပွဲတွင် စံပယ်၊နှင်းဆီ၊ဇီဇ၀ါ ဟု ရှေ့နောက်လွဲလျှင် အမှတ်မရတော့ပေ။ မိမိကိုယ်တိုင် ကြုံဘူးသည့် သင်ကြားနည်း တစ်ခုမှာ ၏၊သည် မရွေး တစ်လုံးမကျန် ကျက်မှတ်ရသည် အပြင် ကလေးတစ်ယောက်ချင်းစီ အတန်းရှေ့ထွက်၍ ကျောက်သင်ပုန်းတွင် ရေးကြရသည်။ ရေးနည်းမှာ ဆရာမ က တစ်ယောက် ၃ လုံးဟုဆိုလျှင် ပထမကလေးက ကျက်မှတ်ထားသော စာပုဒ်၏ ပထမ ၃ လုံးကို သာရေးရသည်။ “မြန်မာနိုင်ငံသည် အာရှတိုက်တွင် တည်ရှိသည်” ဟူသောစာကြောင်းဆိုလျှင် ပထမကလေးက “မြန်မာနိုင်” ဟုရေးသွားပြီး ဒုတိယ ကလေးက “ငံသည်အာ”၊ တတိယ ကလေးက “`ရှတိုက်တွင်” စသည်ဖြင့် ပထ၀ီဝင်ဘာသာ၏ သင်ရိုးညွှန်းတန်းတစ်ခုလုံးကို ကျက်မှတ်ခဲ့ရဘူးသည်။ ပထ၀ီတော်ဘို့ဝေးစွ အရိုက်ခံရမှာ ကြောက်သည့်စိတ်ဖြင့် ကျက်မှတ်ခဲ့ရသောကြောင့် ဘာသာရပ်ကို အလိုလိုကြောက်လန့်သွားခဲ့ဘူးသည်။ ကလေးငယ်လေးများကို ပညာသင်ကြားပေးရာတွင် တတ်နိုင်သလောက် သူတို့၏ တွေးခေါ်စဉ်းစားနိုင်စွမ်းကို ဖွင့်ပေးသင့်သည်ဟု ထင်ပါသည်။
ဗဟုသုတနှင့် အတွေးအခေါ်ကို တံခါးပိတ်ထားသော ပညာရေးစနစ်မျိုးတွင် IT သည် အပိုပင်ဖြစ်သည်။ ဒါပဲကျက်၊ ဒါပဲဖြေ ဆိုလျှင် မည်သည့်အတွက် IT ကပေးသော ဗဟုသုတကို အသုံးချမည်နည်း။ ငယ်ငယ်ကတည်းက ဒါပဲကျက်၊ ဒါပဲဖြေ ဆိုလျှင် ဘ၀ ကလည်း ဒါပဲ နှင့်ပင်ပြီးသွားပါလိမ့်မည်။ ငယ်ငယ်ကတည်းက အာဏာရှင်ဆန်သော ပညာရေးစနစ်ဖြင့် ကလေးငယ်တို့၏ နုနယ်သောနှလုံးသားနှင့် ဖွံ့ဖြိုးစပြုလာသော စူးစမ်းနိုင်အားကို မရိုက်ချိုးသင့်ပေ။
သူများနိုင်ငံတွင် အနံ့ရှိသောပန်းကို နှင်းဆီ၊ စံပယ်၊ ဇီဇ၀ါ ဟု သင်ကြားပေးပြီးလျှင် တခြား ဘာပန်းတွေ ရှိသေးသလဲဆိုတာ သူတို့ ပတ်ဝန်းကျင်မှာ ရှာဖွေခိုင်းလိုက်သည်။ အနံ့ မရှိသော ပန်းတွေက ဘာတွေလဲ၊ မည်သည့်အတွက်ကြောင့် အနံ့ မရှိရသလဲ စသည်ဖြင့် Internet တွင် Research လုပ်နေကြပြီ။ ထိုအချိန်မျိုးတွင် မိမိနိုင်ငံက ကလေးက ပန်းအမည်များ အစဉ်အတိုင်းဖြစ်အောင် ကျက်မှတ်နေရလျှင် မည်သို့ အမှီလိုက်ပါတော့မည်နည်း။
ဥယျာဉ်တစ်ခုတွင် ပန်းပင်ကလေးများ လန်းဆန်းရှင်သန်နေရေးသည် ခေတ်မီမြေသြဇာများ ထည့်ပေးနေရုံဖြင့် မလုံလောက်။ ဥယျာဉ်မှူးများကိုယ်တိုင်က ခေတ်မီသောအတွေးအခေါ်နှင့် မိမိတို့၏အလုပ်ကို မြတ်နိုး၍ စိတ်ချမ်းသာဘ၀ကို ပိုင်ဆိုင်ဘို့လည်း လိုအပ်နေသေးသည်မဟုတ်ပါလား။
1 comments:
ကောင်းတယ်ဗျာ...နိုင်ငံတကာ ပညာရေးအကြောင်းကို ကိုယ်တိုင်အတွေ့အကြုံရှိသူက ပြန်ရေးတော့ ပိုပြည့်စုံတာပေါ့...ပညာရေးအတွေ့အကြုံလေးတွေ ထပ်ရေးဖို့ တောင်းဆိုပါရစေ...ပညာရေးစံနစ်အကြောင်းဆိုတာ လေ့လာစရာ၊ ဖတ်စရာရှာရင် ရပေမယ့် အတွေ့အကြုံကျတော့ ကိုယ်တွေ့သမားရေးမှ ဖတ်နိုင်တာမို့ပါ...
Post a Comment