Thursday, August 30, 2007

ပညာတော်သင်အပိုင်းနဲ့ ပတ်သက်သော ဆွေးနွေးချက်

ဒီပို့စ်ကတော့ ဘလောဂါ့တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ခံစားချက်တွေပါ ။ ဒီပို့စ်ကို သူက ကျွန်မကိုပေးထားခဲ့တာကြာပါပြီ.. သူ့ ဘလောဂ့်မှာ တင်ဖို့အကြောင်းအရာမတိုက်ဆိုင် မတင်ဖြစ်တာနဲ့ ၊ ကျွန်မကပဲ ဒီမှာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပညာရေးနဲ့ ပတ်သက်တဲ့ သူ့ ဆွေးနွေးချက်ကို ဖတ်ကြည့်လိုက်ရအောင်... ။

မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူးသလောက် ဆက်လက် တိုးတက်နေမဲ့ သဘောရှိပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခုသံသရာကတော့ အစရှိပါတယ်။

ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။ အင်္ဂလိပ်တွေနဲ့ စစ်မက်ယှဉ်ပြိုင်တဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ်ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။ ဒီအခါမှာ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီအချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီပို့စ်မှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေးပြီးပါပြီ။

ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။ နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့မှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့ နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရသေးတာလဲ။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။

ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာနိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည်ချာလည်လိုက်နေတယ်။ ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှ မရှိဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့ ကြိုးစားရပါမယ်။ မိဝေး၊ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။ နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတစ်ခု ကြားဖူးပါတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့ နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။

ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။

ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရသတဲ့။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သတ်လို့ ဗီယက်နမ်လို နိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွတ်ဖို့၊ အာကာသနည်းပညာတို့ ဆိုရင် ဝေးရော။

ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိဘူး။ သက်ဆိုင်ရာ ဘွဲ့တစ်လုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲဆိုတာလဲ မသိကြဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ အလုပ်လုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။

ဒီဖြစ်စဉ်ကြီးဟာ အစိုးရတစ်ခုတည်းနဲ့သာ ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။ နိုင်ငံတိုးတက်ဖို့ အဓိကဖြစ်တဲ့ အရင်းအမြစ် ဟာ ပညာရေးပါ။ ဟိုးရှေး မြေရှင်ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့ ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့တွေ စပါးတစ်တင်းရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေးနဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာသန်းချီရနေတာဟာ နည်းပညာကြောင့်ပါပဲ။ ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လိုလုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံကို အမေရိကန်ကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။

တစ်ခုခုတော့ လုပ်ကြဖို့သင့်ပြီဆိုတာကို ကျွန်တော့်ရဲ့ မဖြစ်စလောက် ဉာဏ်လေးနဲ့ မမီ့တမီ စဉ်းစားတင်ပြ လိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန်ကို တည့်မတ်ပေးကြပါ။

2 comments:

Anonymous said...

ဒီကိစ္စမှာ ကျမရဲ့ အတွေးအမြင်ကို ဆွေးနွေးချင်ပါတယ် ...

ဒီပို့စ်ကိုရေးခဲ့သူရဲ့ အချက်အလက်တွေကို အတော်များများလက်ခံပါတယ် ။ သူရေးပြခဲ့တာတွေဟာ ဗမာနိုင်ငံတင်မကဘဲ နိုင်ငံတိုင်းမှာ ကြုံတွေ့ ရတာမျိုးလို့ မြင်ပါတယ် ။

ဒါပေမယ့် လုပ်ပိုင်ခွင့် ဆိုတာရယ် ၊ ပညာတော်သင်တွေ လွှတ်နေပေမယ့် ၊ နည်းပညာပိုင်း အားနည်းသေးတယ် ဆိုတာကတော့ ဗမာနိုင်ငံနဲ့ပဲ အများကြီး သက်ဆိုင်တယ်လို့ မြင်မိတယ် ။

ပညာတော်သင်ဆိုတာကတော့ နိုင်ငံတိုင်းတွက် တိုးတက်မှု ပို၂များလာအောင် လွှတ်ရမှာပဲ ။

အာရှမှာ အတိုးတက်ဆုံးနိုင်ငံလို့ သတ်မှတ်ခံထားရတဲ့ စင်္ကာပူမှာတောင် နှစ်စဉ် အစိုးရက ပညာတောင်သင်တွေ လွှတ်ပါတယ် ။

ပြန်လာတဲ့သူတွေကိုလည်း အစိုးရရုံးများရဲ့ important departments တွေမှာ ၊ သူတို့ သင်ယူလာတဲ့ ပညာတွေနဲ့ ကိုက်ညီတဲ့ role မျိုးမှာ ပြန်လည် နေရာချထားပေးတတ်တယ် ။ သူတို့တွေတွက် လုပ်ပိုင်ခွင့်ကို အတော်အသင့်ပေးထားတယ် ။ သာမန်လူထက်တောင် တခါတလေ ပိုပေးတတ်တဲ့တွက် ၊ အစိုးရစကော်လာ မဟုတ်သူတွေဟာ တခါတလေ မကျေမနပ် ဖြစ်တတ်ကြတယ် ။

နောက် ပညာတော်သင်တွေထဲမှာ ၊ သွားရောက်သင်ကြားတဲ့ နိုင်ငံမှာပဲ အခြေစိုက်လိုက်ကြတာတွေ ရှိတယ် ။ ဒါပေမယ့် နည်းတယ်လို့ ဆိုရမယ် ။

နည်းတာဟာ သူတို့တွက် မျိုးချစ်စိတ်ရှိလို့လည်း ဖြစ်နိုင်သလို ၊ စင်္ကာပူကိုပြန်လာရင် နေရာကောင်းမှာ ၊ prospect ကောင်းကောင်းနဲ့ ကိုယ့် passion ကို .. အိပ်မက်ကနေ လက်တွေ့ အကောင်အထည် ဖော်နိုင်ခွင့် ပေးထားလို့လည်း ဖြစ်နိုင်တယ် ။

နောက်တချက်က.. သင်ယူထားပြီးသား ဘာသာရပ်တွေကို ၊ ဆက်လက် ဆင့်ပွားယူနိုင်အောင် ၊ လေ့လာနိုင်အောင် စင်္ကာပူ အစိုးရက ဖန်တီးပေးထားတယ် ။ စင်္ကာပူမှာ နိုင်ငံခြားက နာမည်ကြီး researcher တွေကို ခေါ်ပြီး ၊ research institute တွေ ဆောက်တယ်... ခုနက ပညာတော်သင်တွေထဲက သုတေသန ထပ်ပြုဖို့ ၊ အဲဒီနေရာတွေမှာ အခွင့်အရေးပေးတယ် ။ ဒီလိုလုပ်လိုက်တာဟာ တခြားနိုင်ငံက သင်ယူလာတာနဲ့ပဲ မရပ်ထားပဲ ၊ ကိုယ့်နိုင်ငံအနေနဲ့လည်း နည်းပညာသစ်တွေ ပေါ်ထွန်းလာအောင် ၊ မတိန်ကောသွားအောင် လုပ်နည်းတမျိုးလို့ ကျမ မြင်ပါတယ် ။

(နည်းပညာရပ်တခုဆိုတာလည်း လက်တွေ့ အသုံးမချရင် ၊ စာတွေ့ တွေဟာ မကြာခင်မှာ မေ့သွားတတ်တယ်)

ဗမာနိုင်ငံတွက် ပညာတော်သင်တွေနဲ့ ပတ်သက်ပြီး ၊ ဒီအချက်တွေကို ဥပမာယူ လေ့လာသင့်တယ်လို့ ကျမ မြင်ပါတယ် ။

Anonymous said...

ဒါကတော့ ဗမာပြည်မှ ဘလောဂါ့ ညီမလေး အီးမေးလ်နဲ့ ပို့ပေးသော ကွန်မန့်....
====================================

ဒီပို့စ်လေးတဲကဆွေးနွေးချက်ကိုသဘောကျပါတယ်..ကျွန်မကိုယ်တိုင်လဲဒီလိုအတွေးမျိုးတွေးခဲ့ဖူးပါတယ်။ ကျွန်မတို့ရဲ့မျိုးဆက်တွေကို ကျွန်မတို့နေခဲ့ရသလို၊

ကျွန်မတို့ခံစားခဲ့ရသလိုမျိုး မခံစားရစေချင်ပါဘူး။
ကျွန်မက ပညာတတ်တစ်ယောက် မဟုတ်သလို၊ ပညာရေးလောက အကြောင်းသေချာနားလည်တဲ့သူတစ်ယောက်မဟုတ်တဲ့အတွက် ကျွန်မပြောတဲ့အထဲမှာ

အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ကြပါလို့ကြိုတင်ပြီးပြောထားချင်ပါတယ်။
"အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။" ဆိုတာကိုဆွေးနွေးရမယ်ဆိုရင်

အားလုံးသိကြတဲ့အတိုင်းပါဘဲ မူလတန်းကစလို့ တက္ကသိုလ် အဆင့်အတိ တကယ်လိုအပ်တဲ့ပညာတွေကို မသင်ကြားပေးနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ

ဘွဲ့လက်မှတ်တွေသာပေါများလာပြီး ဘွဲ့ရပညာတတ်ကတော့ရှားပါးလာပါတယ်။
ကျွန်မအနေနဲ့ဆိုရင် ဒီနိုင်ငံရဲ့ ပညာသင်ကြားရေးစနစ်ကိုလုံးဝသဘောမကျပါဘူး။
ကျူရှင်တတ်လို့ မေးခွန်းရတာတို့၊ အအောင်ပေးလိုက်တာတို့ဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဒါကျက်ဒါဖြေ စနစ်ဟာလဲ ကျောင်းသားတွေရဲ့ တွေးတောဆင်ခြင်နိုင်မှုကို

ရိုက်ချိုးလိုက်သလိုပါဘဲ။ စာခိုးချတာကိုတင်းတင်းကျပ်ကျပ်မထိန်းချုပ်တားတာကလဲကျောင်းသားတွေကို

ကျောင်းစာတွေကိုဂရုစိုက်စရာမလိုဘူးလို့သွယ်ဝိုက်ပြီးပြောနေသလိုပါပဲ။

ပညာလိုလားတဲ့ကျောင်းသားတွေအတွက်ကောဘာတွေများထောက်ပံ့ပေးထားသလဲလို့ကြည့်လိုက်မယ်ဆိုရင် ကျောင်းစာကြည့််တိုက်တွေမှာ

စာအုပ်တွေအလုံအလောက်ထားပေးပါသလား၊ ကျောင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပညာရှာနိုင်ဖို့ Internet ကောသုံးခွင့်ပေးပါသလား။ ကွန်ပျူတာတက္ကသိုလ်မှာတောင်

Internet သုံးခွင့်မရှိပါဘူး။ ဒါကအစိုးရကျောင်းတွေမှာဖြစ်နေတဲ့ကိစ္စပါ။ အစိုးရကျောင်းတွေမှာမတတ်ဘဲ အပြင်သင်တန်းတွေမှာတတ်မယ်ဆိုရင်လဲ သင်တန်းကြေးက

လူတိုင်းလက်လှမ်းမှီနိုင်တဲ့အခြေအနေမှာမရှိပါဘူး။ မြန်မာနိုင်ငံမှာ လူများစုက အခြေခံလူတန်းစား အဆင့်မှာရှိပါတယ်။ အဲဒီတော့

ပညာရေးအဆင့်အတန်းကိုမြင့်စေချင်တယ်ဆိုရင် လူတန်းစားအားလုံးနဲ့သက်ဆိုင်တဲ့ကျောင်းတွေရဲ့ ပညာသင်ကြားတဲ့ပုံစံကိုပြုပြင်မှရပါမယ်။ ဒါကလဲ

အစိုးရကထိန်းချုပ်တားတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ဘာမှမလုပ်နိုင်ပါဘူး။ အစိုးရကိုအားမကိုးပဲ ကိုယ့်အားကိုယ်ကိုးပြီးဘာလုပ်နိုင်မလဲလို့တွေးကြည့်မိပါတယ်။
လုပ်နိုင်တာတစ်ခုကတော့ နိုင်ငံရပ်ခြားကနေ ပညာသင်ကြားပြီး ပြန်လာတဲ့၊ မြန်မာနိုင်ငံပညာရေးတိုးတက်စေဖို့ လိုလားတဲ့လူတွေစုစည်းပြီး

အကျိုးအမြတ်ကိုအဓိကမတားတဲ့ပရဟိတသင်တန်းတွေထူတောင်နိုင်ပါတယ်။ ဒီကိုပြန်မလာနိုင်တဲ့သူတွေကလဲ ငွေကြေးအရပါဝင်နိုင်ပါတယ်။ ဒါပေမယ့်လဲ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ပညာရေးအဆင့်မြင့်ဖို့တော့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုက ပညာတတ်တွေပေါများလာပြီထားပါတော့၊ အဲဒီလူတွေကိုအသုံးချဖို့နေရာကောရှိပါရဲ့လား။
ကျွန်မအမြင်အရပြောရမယ်ဆိုရင် ပညာရေးအဆင့်မြင့်ဖို့ တစ်ခုတည်းတင်မကပါဘူး၊ အဲဒီပညာတတ်တွေကို ဘယ်လိုအကျိုးရှိရှိသုံးနိုင်မလဲဆိုတာကိုပါစဉ်းစားသင့်ပါတယ်။
ကျွန်မထက် ပညာရေးအကြောင်းနားလည်တဲ့လူတွေ ရဲ့ အမြင်တွေကိုပါသိချင်ပါသေးတယ်။ အားလုံးပဲဝင်ပြီးဆွေးနွေးပေးကြပါလို့ဒီနေရာကနေတိုက်တွန်းချင်ပါတယ်။

 

© 2007 IngridGrey By Arephyz