Wednesday, August 22, 2007

ပညာရေး အကျပ်အတည်း (၂၀)

ကျောင်းပြင်ပ ပညာရေးထဲက မြန်မာနိုင်ငံရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပညာရေး အကြောင်း ဆွေးနွေးချင်ပါတယ်။ ဘုန်းတော်ကြီးသင်ကျောင်းဆိုတဲ့ ဝေါဟာရကို မြန်မာလူမျိုးတွေ ရင်းနှီးပြီးသားပါ။ အထက်တန်းအဆင့် မြန်မာစကားပြေ သင်ရိုးထဲက စာရေးဆရာမန်းတင်ရဲ့ ဘုန်းကြီးကျောင်းသား စကားပြေမှာ ဟိုတချိန်တုန်းက ဘုန်းကြီးကျောင်း ပညာရေး ယဉ်ကျေးမှု ကို အသေးစိတ်ကျကျ တွေ့ရပါတယ်။ မြန်မာတွေ အခြေခံပညာတတ်ဖို့နဲ့ ယဉ်ကျေးလိမ်မာရှိမှုတွေကို ဘုန်းတော်ကြီး ကျောင်းတွေ က သင်ကြားပေးနိုင်တယ်လို့ လူကြီးမိဘတွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် နယ်ဘက်က မြန်မာကလေးငယ်တွေ တော်တော်များများဟာ ဘုန်းကြီးကျောင်းတွေနဲ့ မလွတ်ကြသလောက်ပါပဲ။ ဒါပေမဲ့ ကျောင်းသင်ရိုး နဲ့ အတူ ဗုဒ္ဓဘာသာကိုပါ သင်ပေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းပညာရေးက ဗြိတိသျှလက်ထက်မှာ မှေးမှိန်သွားတာပါ။ ကိုလိုနီအစိုးရက ခေတ်မီ သိပ္ပံပညာနဲ့ အင်္ဂလိပ်စာကို အားပေးလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပညာရေးနဲ့ အလှမ်းဝေးတဲ့ နယ်ဒေသ တွေနဲ့ မျိုးချစ်စိတ် ကြီးမားတဲ့ ဗမာတွေအကြားမှာတော့ ဘုန်းတော်ကြီးသင် ကျောင်းတွေက ပျောက်ပျက်မသွားခဲ့ပါဘူး။ အဲဒီတုန်းက ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဟာ ကျောင်းစာနဲ့အတူ ဘ၀နေနည်းတွေကိုပါ ဘာသာရေးနဲ့ ဆက်နွယ်ပြီး သင်ပေးတာမို့ မြန်မာ-အင်္ဂလိပ် အဘိဓါန်ပြုစုခဲ့တဲ့ J.S Furnivall က ဘယ်သူမှမယှဉ်နိုင်တဲ့ အောင်မြင်မှုပဲလို့ ချီးကျူးခဲ့ရပါတယ်။ ဒါတောင် အဲဒီတုန်းက သင်ကြားပုံက ဘုန်းတော်ကြီးတွေက ကြိမ်လုံးကိုင်ပြီး ကလေးတွေက လက်ပိုက် မျက်စေ့စုံမှိတ်ပြီး ယံမင်္ဂလာ ဒွာဒဿဟိကို ကျုံးအော်ကြရတာမျိုးပါ။ အခုထိ မြန်မာပြည်မှာ မတိမ်ကောသေးတဲ့ ဆရာတွေ သင်ကြားပေးသူတွေက ဦးဆောင်တဲ့ Teacher centered စနစ်ပါ။

အခု ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အံ့သြစရာကောင်းလောက်အောင်ပဲ ဘုန်းတော်ကြီး ကျောင်း ပညာရေး ပြန်ထွန်းကားလာတာ တွေ့ရပါတယ်။ မြန်မာတပြည်လုံးမှာ အစိုးရ အသိအမှတ်ပြု စာရင်းအရကို ကျောင်းပေါင်း ၃၀၀၀ကျော် ရှိနေပါပြီ။ အရင်က မူလတန်းအဆင့်လောက်နဲ့ ဗြိတိသျှ ခေတ်နောက်ပိုင်း မှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းတွေလောက်ထိပဲ ရှိခဲ့တဲ့ ဘုန်းကြီးကျောင်းပညာရေး ဟာ ဒီဘက်ခေတ် ၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ မြို့ကြီးပြကြီးတွေမှာကိုပဲ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အများကြီးရှိလာပါတယ်။ ပြီးတော့ ပညာအဆင့်ကလဲ ရေးတတ်ဖတ်တတ်ရုံ မူလတန်း အဆင့်လောက် မဟုတ်တော့ဘဲ အလယ်တန်းဆင့်အထက်တန်းဆင့်ထိ ရှိလာပါပြီ။

ဒီနေရာမှာ အခု ဘုန်းတော်ကြီးသင်ပညာရေးနဲ့ အရင်တုန်းက ဘုန်းတော်ကြီးကျောင်းတို့ ကွာခြားတာ ကတော့ ဘုန်းကြီးတွေ ကချည်းပဲ စာသင်ပေးတာမဟုတ်တော့ပါဘူး။ အခု ဘုန်းတော်ကြီးသင်ပညာရေး ကတော့ ခေတ်ပညာတတ် ဆရာဆရာမတွေက အစိုးရကျောင်းရဲ့ သင်ရိုးအတိုင်း စနစ်တကျသင်ပေးတဲ့ ကျောင်းတွေ ဖြစ်နေပါပြီ။ သင်ကြားနည်း စနစ်တွေဆိုရင်လည်း ခေတ်မီတိုးတက်တဲ့ ကျောင်းသားရဲ့ သင်ယူနိုင်မှုနဲ့ သင်ယူလိုစိတ်ကို ဦးစားပေးတဲ့ (Student centered) နည်းကို ကြိုးစာြး ပီး သုံးနေကြတာ တွေ့ရပါတယ်။ ဆရာဆရာမတွေကလဲ ကလေးတွေအတွက် သင့်တော်တဲ့ သင်ကြားနည်းစနစ်တွေကို ဖတ်ရှုလေ့လာကြ ဆွေးနွေးကြပြီးတော့မှ စာသင်ခန်းတွေကို စနစ်တကျ ကိုင်တွယ်လာကြတာကိုလည်း တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ကျောင်း အများကြီး ရှိလာရတာရဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့်ပဲလို့ ပြောရမှာပါ၊ မိဘတွေ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် ကလေးပညာရေးအတွက် ငွေကုန်ကြေးကျများတဲ့ အစိုးရကျောင်းပညာရေးကို သင်မပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် အခမဲ့ဖြစ်တဲ့ ဘုန်းတော်ကြီး ကျောင်းတွေဆီ ပြေးကြရတာပါ။ အဲလိုနဲ့ပဲ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေ… မိဘမဲ့ကလေးတွေရဲ့ အားကိုးရာအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ အများကြီး ပေါ်လာတာပါပဲ။ တကယ်တော့ Non-formal Education သာဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူတိုင်းအတွက် ပညာရေး( Education for all) ကို အကောင်အထည် ဖေါ်ပေးနေတာနဲ့ အတူတူပါပဲ။

တကယ်တော့ ဗြိတိသျှလက်ထက်ကစပြီး မှေးမှိန်နေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို ပြန်ပြီး အသက်ဝင်လာ စေတာက ၁၉၉၃ခုနှစ်မှာ မန္တလေး ဖောင်တော်ဦး ကျောင်းထိုင်ဆရာတော်ပဲ ဖြစ်ပါတယ်။ စာသင်သား၃၉၄ယောက်ကို ဆရာ ဆရာမ ၁၀ယောက်နဲ့အတူ ဆရာတော်ကိုယ်တိုင် စာဝင်သင်ပြီး စခဲ့ရတာပါ။ အခု၂၀၀၅-၂၀၀၆ပညာသင်နှစ်မှာတော့ စာသင်သား ၆၃၉၀ နဲ့ ဆရာဆရာမ အရေအတွက်က ၁၃၀ရှိလာပြီး အထက်တန်းအဆင့်ထိ သင်ပေးနေရပါပြီ။ ကျောင်းမှာ ကွန်ပျူတာခန်းနဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။ ဆရာတော်က တကယ့်ကို အမြင်ကျယ်ကျယ်နဲ့ စီစဉ်ပေးထားတာပါပဲ။ ဖောင်တော်ဦးကျောင်းမှာ မိဘမဲ့ကလေးတွေကိုလည်း ကျောင်းအိပ် ကျောင်းစား လက်ခံမွေး ထားပါ သေးတယ်။ ဆရာတော့် ရည်ရွယ်ချက်ကတော့ ဆင်းရဲတဲ့သူတွေအတွက် အနာဂတ်ဘ၀ တိုးတက်ဖို့ကိစ္စမှာ အရေးကြီးဆုံးက ပညာရေးပါပဲတဲ့။ ဖေါင်တော်ဦးကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ၂၀၀၆ခုနှစ် မေလထုတ် ချင်းတွင်းမဂ္ဂဇင်း မှာ မြတ်သာဝေ ဆိုတဲ့ စာရေးဆရာက အသေးစိတ် ရေးထားခဲ့ပါတယ်။

အရင်ကတော့ ဘုန်းတော်ကြီးကျောင်းတွေကို မြန်မာကလေးတွေ ဘာသာရေးနဲ့ နီးစပ်အောင်၊ စာရေးစာဖတ် အခြေခံ ကောင်းရအောင် ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ပဲ ပို့ကြတာပါ။ အခုကတော့ ကျောင်းပညာရေးအတွက် ငွေကြး မတတ်နိုင်လို့ ကျောင်းမနေကြရတဲ့ ကလေးတွေအတွက် အနည်းဆုံး အခြေခံပညာရဖို့မှာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေက အရေးပါလာပါပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဖွင့်တဲ့ ကျောင်းဖြစ်တဲ့အတွက်တော့ ကလေးတွေအတွက် ဘာသာရေး အကန့်အသတ် ရှိသွားတာမျိုးတော့ ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့တဲ့ တခြားဘာသာဝင် ကလေးတွေပါ စာသင်ကြားခွင့်ရအောင် အခမဲ့ အကူအညီပေးနေတဲ့ NGO အဖွဲ့များကို စာသင်ကျောင်း တွေ ဖွင့်ခွင့်ပေးသင့် ပါတယ်။ ဒါမှလည်း ကလေးတိုင်းအတွက် ပညာရေးကို အကောင်အထည် ဖေါ်ရာ ရောက်မှာပါ။

တကယ်တော့ ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ဖြစ်တာမို့ အဘက်ဘက်က ယိုင်လဲ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံကို ဗုံးဗုံး ကျမသွားအောင် ထိန်းဖို့ဆိုရင် နိုင်ငံသားတိုင်း ပညာတတ်ရေး၊ ပညာသင်နိုင်ရေးဟာ အရေးကြီးလှတဲ့ လိုအပ်ချက်ပါ။ အဲဒီ လိုအပ်ချက်ကို ဘုန်းတော်ကြီးသင်ကျောင်းတွေက ဖြည့်ဆည်းပေး နေတာပဲ ဖြစ်ပါတယ်။ အဲသလိုပဲ လူထုတွေဘက်ကလဲ ကလေးတိုင်းအတွက် ပညာရေးကို တတ်နိုင်သလောက် ၀ိုင်းဝန်းအားပေးကြရင်တော့ မြန်မာနိုင်ငံဟာ ပညာတတ်တွေ ထွန်းကားလာမှာမို့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဖန်တီးတည်ဆောက်ရေးမှာ အများကြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။

မေငြိမ်း
၁သြဂုတ်၊၂၀၀၆။

1 comments:

Google Myanmar Services said...

so good posted. i like it
try yuor best to give other knowledge.
have a nice time
chit oo

 

© 2007 IngridGrey By Arephyz