Monday, August 6, 2007

ပညာရေးစနစ်တစ်ခုရဲ့ ရည်ရွယ်ချက်က လူတိုင်းဘွဲ့ရကြဖိုလား။

ဘယ်နေ့ကလည်းတော့ မမှတ်မိတော့ပါ။ စာသင်ခန်းထဲမှာ ဆရာနဲ့ စကားလက်ဆုံကျနေရင်း ဆရာက သူတို့နိုင်ငံရဲ့ပညာရေစနစ်အကြောင်း ပြောပြခဲ့တယ်။ ဒီနိုင်ငံမှာ အခြေခံပညာပြီးသွားတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာသင်ခွင့်ရှိတဲ့သူရယ်၊ အသက်မွေးပညာသာသင်ခွင့်ရှိတဲ့သူရယ်ဆိုပြီး ခွဲခြားလိုက်တယ်တဲ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က မေးကြတာပေါ့။ အသက်မွေးပညာသာ သင်ခွင့်ရှိတဲသူတွေက တစ်သက်လုံး ဘွဲ့မရနိုင်တော့ဘူးလားလို့။ အဲဒီတော့ ဆရာကပြောတယ်...

နိုင်ငံတစ်ခုမှာ ဦးဏှောက်နဲ့ အလုပ်လုပ်မယ့်သူတွေတင် လိုအပ်တာမဟုတ်ဘူး။ ခြေတွေလက်တွေနဲ့ အလုပ်လုပ်မယ့်သူတွေလည်း လိုတာပဲ။ ဘွဲ့မရတာနဲ့ လူရာမ၀င်တော့တာမှ မဟုတ်တာ။ သူလုပ်နိုင်တာတွေ အများကြီးရှိတာပဲ။ ပြီးတော့ ဘယ်သူဟာ ဘယ်ပညာရေးနဲ့ သင့်တော်တယ် ၊ဘယ်သူဟာ ဘယ်အသက်မွေးမှုနဲ့ သင့်တော်တယ် ဆိုတာကို အကြမ်းသဘော ခွဲခြားပေးခြင်းကိုက အခြေခံပညာ စာစစ်အဖွဲ့ ရဲ့အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုပဲ။ ပညာရေး စနစ်ကောင်းဆိုတာ လူတိုင်းကို ဘွဲ့ရအောင်လေ့ကျင့်ပေးဖို့မှ မလိုတာ။ လူတိုင်းကို အသက်မွေးနိုင်အောင်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်အောင် ပညာပေးလိုက်နိုင်ရင်၊ အကျင့်စာရိတ္တကောင်းအောင် လေ့ကျင့်ပေးနိုင်ရင် အဲဒီစနစ်ကို ပညာရေးစနစ်ကောင်းလို့ ပြောရမှာပေါ့တဲ့။
ပညာရေးစနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေပြောပြီးတော့ ဆရာက ကျွန်တော်တို့ကို မေးတယ် မင်းတို့နိုင်ငံမှာ လူတိုင်းဘွဲ့ရဖို့ လိုနေလို့လား။ အားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်အောင် အခြေခံပညာအဆင့်မှာ ဘယ်လိုလေ့ကျင့်ပေးလိုက်လဲတဲ့။
ကျွန်တော်ကတော့ သူ့အမေးတွေကို မဖြေပဲ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆရာပြောတဲ့ ပညာရေးစနစ်ကောင်း တစ်ခုရဲ့ အဓိကရည်ရွယ်ချက် (၂) ခုကိုဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားနေမိတယ်။
(အသစ် မရေးအားသေးလို့ ရွက်ဝါ မှာတင်ပြီးသားလေး ပဲပြန်တင်ပေးလိုက်ပါတယ်။)

0 comments:

 

© 2007 IngridGrey By Arephyz