Friday, August 24, 2007

နေနေရဲ့ ဒုတိယအတွေးများ

ဘလောဂါ့ နေနေ ရဲ့ ကလေးတွေ ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်နဲ့ နောက်ဆက်တွဲတွေးခေါ်ချက်တွေအကြောင်း ရေးထားတဲ့ ပို့စ် နဲ့ ခေတ်လူငယ်တို့နဲ့ ပညာရေးအတွေးတချို့ကို ကြိုက်လို့ ပြန်လည်တင်ပြလိုက်ပါတယ် ။

ဒုတိယအတွေး (သို့) ဥခွံဟောင်းကိုဖောက်ထွင်းခြင်း (ရေးသားသူ - နေနေ)

စာအုပ်အမည်။ ။ကလေးတို့မနက်ဖြန်
ရေးသူအမည်။ ။မောင်သစ်ဆင်း
ပုံနှိပ်တိုက်။ ။ဦးထွန်းလှိုင် (ချစ်စရာစာပေ)
ထုတ်ဝေသည့်ခုနှစ်။ ။၂၀၀၀
စာမူခွင့်ပြုချက်အမှတ်။ ။၃၇၇/၂၀၀၀ (၅)
မျက်နှာဖုံးခွင့်ပြုချက်။ ။၃၇၄ /၂၀၀၀ (၆)
အုပ်ရေ။ ။ပထမအကြိမ်၊ အုပ်ရေ (၁၀၀၀)
တန်ဖိုး။ ။၄၀၀


ဇွန်လ (၆) ရက် ၊

အထင်ကရသမိုင်းရက်စွဲတခုနဲ့ တိုက်ဆိုင်နေတဲ့ စိတ်ထဲကမှတ်မှတ်သားသားရက်စွဲတခုပါ၊ သစ်ပင်တွေဖူးသစ်ဝေနေချိန်၊ အဖြူ-အစိမ်း၊ မိုးဖွဲဖွဲ၊ ထမင်းချိုင့်၊ ရေလျှံလမ်း စသည့် အရိပ်များ တခုချင်းအာရုံမှာပြန်ပေါ်လာသည်။ အလယ်တန်း၊ အထက် တန်းကျောင်းသားဘ၀၊ သူငယ်ချင်းတွေရော ဆရာတွေပါ စုံစုံလင်လင်ပြန်တွေ့ရတဲ့ ပထမဆုံးစာသင်ရက်။ ကျောင်းမှတ်စု စာအုပ်မာတိကာမှာ ပထမဆုံးရေးဖြစ်တဲ့ နေ့စွဲ။ ပြောရရင် သင်္ကြန်လွန်ကတည်းက ကျနော်တို့တသိုက် ကျောင်းဖွင့်ရက်ကို ကြိုကြပြီ၊ လွယ်အိတ်အသစ်၊ ထီးအသစ်၊ ဖိနပ်အသစ်၊ ကျောင်းဝတ်စုံအသစ်။ မိဘတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး စကား လုံးများ။ စိန်ပန်းတွေမရှိပေမယ့် ကျနော်တို့ကကျောင်းဖွင့်ချိန်ဆိုရင် ရင်ခုန်သည်။

ကျောင်းကိုရင်ခုန်သော ကျနော်သည် စာလည်းတော်ခဲ့ပါသည်။ ဆရာ၊ ဆရာမတွေကလည်း ချစ်ကြပါသည်။ ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်မိသဖြင့် လူတကာဂုဏ်ယူသော တက္ကသိုလ်တခုတွင် နှစ်အတန်ကြာ ကုန်ဆုံးခဲ့ဖူးပါသည်။ ၀န်ခံရလျှင် ကျနော်သည် တက္ကသိုလ်ရောက်ပြီး နှစ်အနည်းငယ်ကြာမှ သင်နေသောစာနှင့် ကျနော် ဘယ်လိုမှမသက်ဆိုင်ကြောင်း သိလိုက်ရသော်လည်း ဘာမှမတတ်နိုင်တော့ပါ။ ဒီအဖြစ်အပျက်မျိုးကို ကျနော်တို့ခေတ်တွင် လူငယ်တော်တော်များများ ဆုံခဲ့ ကြမည်ဟုပြောရပါမည်။ နယ်ကျောင်းသား ကျနော်တို့အတွက် အားကျစရာ၊ အတုယူစရာ၊ ရွေးချယ်စရာရှားပါးလှသည်။ ထို့ကြောင့် တချို့တလေ စစ်ဗိုလ်ဖြစ်ကုန်ကြသည်။ အများစုမှာ ရရာဘာသာရပ်နှင့် ကျောင်းပြီးအောင်တတ်ပြီး၊ မိဘလုပ်ငန်း တွင်သာ ၀င်ကူကြသည်။ သင်္ချာဘွဲ့ရ ဆိုက္ကားဆရာ၊ အင်ဂျင်နီယာဘွဲ့ရ ဒရိုင်ဘာ၊ ကျနော်တို့မျိုးဆက်များ အထိနာကြသည်။ တိုင်းပြည်နစ်နာပါသည်။

(၁)

“ကလေးတို့မနက်ဖြန်”။ ဒီစာအုပ်ကလေးကို မြင်ဖူးတာကြာလှပြီ။ စာရေးသူ ဆရာမောင်သစ်ဆင်းဖြစ်သည်။ အရင်က တခါမှ မလှန်ကြည့်ဖူးခဲ့။ မျက်နှာဖုံးမှာတန်းစီရေးထားတဲ့ စာကြောင်းတွေထဲက ပညာလူ့အဖွဲ့အစည်းဆိုသောစာသားက ဆွဲဆောင် သွားသည်။ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်း စသောစကားလုံးများကို နောက်ပိုင်းမဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်တွေ့လာရသဖြင့် ရင်းနှီးနေသည်။ သို့သော် ဆရာမောင်သစ်ဆင်း၏စာအုပ်က သင့်ဘ၀မဂ္ဂဇင်းမှာပါဖူးတဲ့ မျက်နှာဖုံးဆောင်းပါး (၅) ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။ လွန်ခဲ့သော (၁၀) နှစ်တ၀ိုက်က လူငယ်များကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သော ဆောင်းပါး အဟောင်းများသာ။ သို့သော် –

(၂)

၁၉၀၀ ပြည့်၊ အီတလီနွေဦး။
စာမေးပွဲအတွက် စနစ်တကျလေ့ကျင့်ပေးထားသော ကလေးလေးတစု စာမေးပွဲကို ရင်ခုန်နေကြသည်။ ဆရာတွေလည်း ရင်ခုန်နေကြသည်။ ဆရာတွေရဲ့ရင်ခုန်သံမှာ မခံချင်စိတ်တွေ၊ စနိုးစနောင့်ဖြစ်မှုတွေနှင့်။ “ငါတို့ကျောင်းက ကလေးတွေနဲ့ စိတ်ရောဂါဆေးရုံးက ကလေးတွေကို မေးခွန်းတခုတည်း၊ တနေရာတည်း၊ တချိန်တည်းမှာ စာမေးပွဲ စစ်ရမလားပေါ့။ အရူး လေးတွေနဲ့ ငါတို့ကလေးတွေကို တန်းတူရည်တူပြိုင်ခိုင်းသလိုဖြစ်နေပြီ။ သိက္ခာကျစရာ၊ ရှက်စရာကောင်းလိုက်တာ”။ စိတ် ရောဂါဆေးရုံးက ကလေးတွေ စာမေးပွဲခန်းထဲဝင်လာပုံကလည်း ကျောင်းက ကလေးတွေလိုငြိမ်ငြိမ်ဝပ်ဝပ်၊ ပိပိပြားပြား မဟုတ်။ ဆူဆူညံညံ။ ကလေးဆိုရင် ရို့ကျိုးတတ်မှလို့မြင်တဲ့ ဆရာတွေကတော့ ဒေါက်တာမွန်တက်ဆိုရီရဲ့ “ကံမကောင်း အကြောင်းမလှတဲ့ကလေးတွေ” ကို မျက်မှောင်ကျုံ့နေကြမည်။

သို့သော် စာမေးပွဲရမှတ်တွေကို ကြည့်လိုက်တော့ အားလုံးမျက်ပြူးဆံပြာဖြစ်ကုန်သည်။ လူစဉ်မမီလေးတွေလို့ အထင်သေးခဲ့ တဲ့ စိတ်ရောဂါကုဆေးရုံက ကလေးတွေနှင့် စနစ်တကျပုံသွင်းထားတဲ့ကျောင်းက ကလေးတွေ ရမှတ်တူနေကြသည်။ ဘယ်လို ဖြစ်တာလဲ။ ဒေါက်တာမွန်တက်ဆိုရီကို ၀ိုင်းဝန်းချီးကျူးကြသည်။ လူစဉ်မမီလေးတွေကို ပုံမှန်ကလေးတွေလောက် အမှတ်ရ အောင် ဘယ်လိုများလေ့ကျင့်ပေးခဲ့သလဲပေါ့။ ဒေါက်တာက အေးအေးဆေးဆေးပြန်ဖြေသည်။

“ကျမဘာမှ ထူးထူးခြားခြားမလုပ်ပါဘူး။ ကလေးသဘာဝကို နားလည်အောင်ကြိုးစားပြီး သူတို့သဘာဝနဲ့ကိုက်ညီတဲ့ ပညာ ရေးကို ရှာဖွေတာပါပဲ။ ကျမလည်း တခုမေးချင်ပါတယ်။ ကျမရဲ့ ကံမကောင်း အကြောင်းမလှရှာတဲ့ ကလေးတွေနဲ့ တန်းတူ ရည်တူဖြစ်သွားအောင် အဲဒီ အကောင်းပကတိ ပုံမှန်ကလေးတွေကို ဆရာတို့ ဘယ်လိုလုပ်လိုက်ကြတာလဲ”။ ဆရာအားလုံး- ပါးစပ်အဟောင်းသား၊

(၃)

အီတလီနွေဦးရဲ့ အားသစ်တွေက ရင်ထဲလှုပ်ခတ်လန်းဆန်းသွားသည်။ ဘုန်းကြီးကျောင်းပညာရေး ယဉ်ကျေးမှုအရိပ်အောက် မှ မလွတ်သေးသော ကျနော်တို့ကျောင်းတွေအကြောင်း ပြန်မြင်လာသည်။ ကလေးဆိုရင် စာတော်မှ၊ စည်းကမ်းရှိမှ၊ ရို့ကျိုးမှ၊ အမိန့်နာခံတတ်မှဆိုတဲ့ အရိုးစွဲနေသော တရားသေသတ်မှတ်ချက်တွေ၊ မြန်မာ့လူ့အဖွဲ့အစည်းမှာသာမက တခြားလူ့အဖွဲ့ အစည်းမှာပါ အတိတ်ကရှိခဲ့တာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် (၁၀၀) လောက်က သူတို့ဆီမှာ ဒီအစဉ်အလာကြီးကို စတင် တော်လှန်သူတွေရှိနေပြီ။ “ကျောင်းသည် ပုံစံတူ ၀က်အူချောင်းထုတ်စက်ရုံများမဖြစ်သင့်” ဟု သူတို့အတွေး တော်လှန်နေကြ ပြီ။ ကျနော်တို့ဆီမှာရောလို့ ဆက်တွေးကြည့်တော့ အားမရ။

“ကလေးသည်သာအရာရာလို့ သတ်မှတ်တဲ့ကျောင်း”။ ပညာရေးလောကသားအားလုံးနှင့် ယဉ်ပါးနေတဲ့ စကားလုံးဖြစ်မည်။ သို့သော် လက်တွေ့တွင် ကျနော်တို့ ဘယ်လောက်လက်ခံကျင့်သုံးနေကြပြီလဲ။ “ကလေးတွေကို လိမ္မာယဉ်ကျေးပြီး စာတော် အောင်ဘယ်လိုပုံသွင်းမလဲ”။

ဆရာမအဖြေက ရှင်းလင်းတိကျသည်။ “ကလေးတွေဟာ ရွံ့ရုပ်တွေ၊ ဖယောင်းရုပ်တွေမဟုတ်တဲ့အတွက် ပုံမသွင်းနိုင်ပါဘူး တဲ့။ သူတို့လေးတွေရဲ့ ပင်ကိုယ်ဖြစ်နိုင်စွမ်းတွေကို သဘာဝအတိုင်းဖွံ့ဖြိုးလာအောင် ကူညီဖို့ပါ” တဲ့။

“လူဆိုတာ ပုံစံတူတွေမဟုတ်ပါဘူး။ ကျမတို့ကျောင်းက ပုံစံတူလူရုပ်တွေထုတ်တဲ့ကျောင်းမဟုတ်ပါဘူး။ လူတိုင်းကိုယ့်သီးခြား လက္ခဏာနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ်၊ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ကြိုးစားလုပ်ဆောင်နိုင်တဲ့ကျောင်းပါ”တဲ့။
“ ကလေးရဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပတ်ဝန်းကျင်ရယ်၊ လွတ်လပ်မှုရယ် ဒီနှစ်ခုအရေးကြီးတယ်။ ငြိမ်နေတဲ့ ကလေးဟာ စိုးရိမ်ဖို့ ကောင်းတယ်” တဲ့၊

မျိုးဆက်များကို တိုးတိုက်ကြည့်ခြင်း (ရေးသားသူ - နေနေ)

တက္ကသိုလ်တုန်းက စာအင်မတန်ဖတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ်။ ကျနော်တို့ခေတ် ပညာရေးစနစ်ညံ့ဖျင်းတာ၊ ဆရာ တွေ ညံ့ဖျင်းတာကိုပြောကြရင်းနဲ့ သူက စဉ်းစားစရာစကားတခွန်းပြောတယ်။ “တကယ်လို့ ကျောင်းပြီးလို့ ဒီကျောင်းမှာ ကထိ ကဖြစ်လာခဲ့ရင် မင်းဘာတွေကို သင်မလဲတဲ့”။ သူပြောချင်တာရှင်းပါတယ်။ ကျနော်တို့ တတ်သလောက် မှတ်သလောက်လေး ကိုပဲ ကျနော်တို့လောက်မတတ်ပေမယ့် မျှော်လင့်ချက်ကြီးတဲ့ကလေးတွေကို ကျနော်တို့သင်ဖြစ်ဖို့များပါတယ်။ ဒါဆိုရင် ကလေးတွေခေတ်ကျရင်၊ ကျနော်တို့လိုခံစားချက်မျိုးပြန်ပေါ်လာဦးမှာပဲ။ ဆက်တွေးကြည့်တော့ အင်မတန်ကြောက်စရာ ကောင်းတဲ့ ကွင်းဆက်တခုကို မြင်လာတယ်။

- - အဟောင်း
- - အဟောင်း
--အဟောင်း

ခေါင်းထဲစဉ်းစားမိသမျှ ဘာအဟောင်း၊ ညာအဟောင်း အစုံပါပဲ။ သွေးသစ်လောင်းထားတဲ့ အဟောင်းသံသရာများ ဘယ် တော့ဆုံးမလဲ။ ကမ္ဘာကြီးကို ကျနော်တို့ မျက်ချည်ပြတ်ဖူးပြီ။ ရှေးမင်းများကို ကျနော်တို့အပြစ်တင်ကြဖူးပြီ။ ဥခွံဟောင်းထဲမှ ကြည့်လျှင် မြင်မြင်သမျှ ၀ါကျင်ကျင်ဖြစ်နေတော့မည်။ ဒီနေရာမှာ ဒေါက်တာသန်းထွန်းပြောတဲ့ စကားတခွန်းလောက် ကိုး ကားသင့်တယ်ထင်ပါတယ်။ “ကိုယ်ရေးထားတဲ့စာကို နှစ်တချို့လောက်ကြာရင် ပြန်ဖတ်ကြည့်ကွ။ ဘာမှပြောစရာ၊ ပြင်စရာ မရှိ။ အိုကေဆိုရင် သေချာပြီ။ ဒီနှစ်အတွင်းမှာ မင်းဘာစာမှမဖတ်လို့၊ ဘာအလုပ်မှမလုပ်လို့ပဲ”တဲ့။ ခံစားမှုအဟောင်းနှင့် ချဉ်းကပ်မှုအဟောင်းကို ပြန်ဆန်းစစ်ဖို့ ကျနော်တို့ရော၊ မျိုးဆက်ဟောင်းတွေရော အမြင်ကျယ်ကျယ် ဖွင့်ကြရတော့မည့် အချိန်လို့မြင်လာတယ်။ အာရုံသစ်ခံစားမှုကို ကျနော်တို့မျိုးဆက်များ ရင်ခုန်ကြပါသည်။ မျိုးဆက်ဟောင်းများလည်း ရင်ခုန် မည် ထင်ပါသည်။ တနည်းအားဖြင့် “မြနန္ဒာ” သီချင်းကို ကျနော်တို့ဆိုပါတော့မည်။ အဟောင်းအတိုင်းတော့ အတိအကျ မ ဟုတ်။ လက်ခုပ်ဝိုင်းတီးပေးကြဖို့ပါ။

0 comments:

 

© 2007 IngridGrey By Arephyz