အလိုအလျှောက် အတန်းတင်စနစ်
“ငယ်ရွယ် နုနယ်သေးတဲ့ ကလေးဘ၀မှာ စာမေးပွဲစနစ်ကြောင့် အတန်းကျတဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ရ စေတာ မျိုးဟာ ကလေးတွေအတွက် မှားယွင်းတယ်” လို့ နိုင်ငံတကာ ပညာရေး သုတေသီ တွေက ပြောခဲ့ပါတယ်။ ဒါကြောင့် အဲဒီ အမှားကို တားဆီးဖို့ ကလေးတွေကို စာမေးပွဲစနစ် မသုံးသင့်ဘူးလို့ ဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ စာမေးပွဲစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ကလေးတွေဟာ ပညာရေးမှာ ဆင်ခြင် တွေးတောဥာဏ်ကို မသုံးတော့ဘဲ အလွတ်ကျက် နည်းကို အားကိုးလာပါတယ်။ ပြီးတော့ စာမေးပွဲကျမှာကို ကြောက်တာကြောင့် ခိုးချတာတို့ ဆရာဆရာမတွေကို လာဘ်ထိုးတာတို့ ရှိလာတာပါပဲ။ တပြိုင်တည်းမှာပဲ ဆရာဆရာမ တွေရဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့်လဲ စာမေးပွဲစနစ်ထဲမှာ အဂတိ လိုက်စား တဲ့ အကျင့်ပျက်မှုက ပူးတွဲပါလာပါတယ်။ အဲဒီအခါမှာ ကလေးတွေနဲ့ မိဘတွေအတွက် တော့ စာမေးပွဲဟာ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတစ်ခုလို ဖြစ်လာပါတယ်။
တကယ်တော့ ကလေးတွေအတွက် ပညာရေးဘ၀ဟာ ပျော်ရွှင်ပေါ့ပါးဖို့ လိုပါတယ်။ အထူးသဖြင့် ပညာရေးကို စပြီး ထိတွေ့ရတဲ့ မူလတန်းအဆင့်ဟာ ကလေးတွေကို ကိုယ်ရော စိတ်ပါ ဖွံ့ဖြိုးစေတဲ့ ပညာရေးစနစ်ဖြစ်ဖို့ လိုတာ မို့ ကလေးတွေရဲ့ စိတ်နေ စိတ်ထား၊ လူမှုဆက်ဆံရေး အတွေးအခေါ် စိတ်ကူးစိတ်သန်းတွေ ကောင်းမွန် ဖွံ့ဖြိုးဖို့ နဲ့ အတူ သဘာဝ ပတ်ဝန်းကျင်ကိုပါ ရင်းနှီး ကျွမ်းဝင်အောင် စီစဉ်ပေးရမှာပါ။ ဒါကြောင့်ပဲ ကမ္ဘာ့ နိုင်ငံတွေမှာ ကလေး တွေ အတွက် ပညာအရည်အချင်း စစ်ဖို့ကို စာမေးပွဲစနစ် အစား စဉ်ဆက်မပြတ် စစ်ဆေးနည်းကို ကျင့်သုံး ခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လည်း စာမေးပွဲစနစ်နဲ့ စဉ်ဆက်မပြတ် စစ်ဆေးနည်းရဲ့ ရလဒ်တွေက သိသိ သာသာပဲ ကွာခြားပါတယ်။ စာမေးပွဲစနစ်ဟာ ကလေးတွေကို မှတ်ဥာဏ်အား ကောင်းဖို့သာ လိုတယ်လို့ ပုံသွင်းတာ ဖြစ်ပါတယ်။ ကလေးတွေ ရဲ့ တီထွင်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်ဥာဏ် တွေရဲ့ အရေးကြီးမှုကိုတော့ ထည့်မစဉ်းစားပါဘူး။ အဲသလိုပဲ ကလေးတွေ ရဲ့ ကျန်းမာ သန်စွမ်းတာ ၊ ပေါင်းသင်း ဆက်ဆံရေး ကောင်းတာ၊ မိသားစုစိတ်ဓါတ် ရှိတာ တို့လို စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုလည်း အသိအမှတ် မပြုပါဘူး။ ဒါဟာ တနည်းအားဖြင့်တော့ ပညာရေးကဏ္ဍထဲမှာ သိပ်လိုအပ်တဲ့ Moral Education ပိုင်းကို ထည့်မစဉ်းစားတာပါပဲ။
စဉ်ဆက်မပြတ်စစ်ဆေးနည်း Continuously Assessment Progression System ကတော့ စာမေးပွဲစနစ်ကို လုံးလုံး ဆန့်ကျင် ပါတယ်။ စာမေးပွဲစနစ်ထဲမှာ စာအများကြီးကျက်ပြီး အများကြီးဖြေရတဲ့နေရာမှာ CAPS ကတော့ တဆစ်စီ တပိုင်းစီပဲ ဖြေကြရပါတယ်။ မေးခွန်းတို ဓမ္မဓိဌာန်ပုံစံနဲ့ သွားတာမို့ ကလေးတွေဟာ ပေါ့ပေါ့ ပါးပါး ဖြေဆိုနိုင်ပြီးတော့ တကယ် သိမှ တတ်မှ ဖြေလို့ရတာမို့ စာ တကယ်တတ်ပြီး အတန်း တက်ကြရတာ ဖြစ်ပါ တယ်။ ပြီးတော့ တီထွင်ဥာဏ် ဆင်ခြင်ဥာဏ် သုံးရတာတွေ၊ ကျောင်းတွင်း အသင်းအဖွဲ့အလိုက် ပူးပေါင်းပြီး လုပ်ငန်း သဘော လုပ် ကြရတာတွေကိုပါ အမှတ်ပေးတာမို့ ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးရေးကို အားပေးနိုင်တဲ့ အတန်း တင် စနစ်ပါပဲ။ ဒီနေရာမှာ ဘက်လိုက်မှုကင်းပြီး တရားမျှတ ဖို့တော့ လိုပါတယ်။
CAPS အရဆိုရင် ကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းသင်ခန်းစာတွေ ပိုင်နိုင် ကျွမ်းကျင်ဖို့ သာမကဘဲနဲ့ သူတို့လေးတွေရဲ့ ရိုးသားဖြောင့်မတ်မှု၊ လုံ့လ၀ီရီယရှိမှု၊ ပေါင်းသင်းဆက်ဆံရေး၊ စည်းကမ်းရှိမှု၊ ကိုယ်ပိုင် စွမ်းရည် ရှိမှုတွေကို အမှတ်ပေးရပါတယ်။ သင်ခန်းစာတွေ တတ်တဲ့အဆင့်ကိုလဲ မှတ်မိရုံသာမကဘဲ တီထွင် ကြံဆတတ်တာ၊ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းတတ်တာ၊ ဝေဖန် သုံးသပ်တတ်တာတွေကိုပါ အမှတ် ပေး ရပါတယ်။ အဲဒီ အရည်အချင်းတွေကို တစ်ယောက်ချင်းစီအတွက် လစဉ် မှတ်တမ်းတင် သွားပြီး စာသင်နှစ် အကုန် အခန်းဆုံး စစ်ဆေးအပြီးမှာ စနစ်တကျ အတန်းတင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ မူလတန်းနဲ့ အလယ်တန်းအဆင့်တွေမှာ ကလေးရဲ့ အသက် အရွယ် နဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အကဲဖြတ် အမှတ် ပေး သွားရတာပါ။
မူလတန်းအောက်ဆင့်မှာ ဘာသာစကားတတ်မြောက်မှုနဲ့ အခြေခံသင်္ချာ တတ်ရုံလောက်ပဲ လိုပေမဲ့ မူလတန်း အထက်ဆင့်ကနေ စပြီး အလယ်တန်း အထိ လောက်မှာတော့ တစ်နှစ်ကို ငါးကြိမ်လောက် အကဲဖြတ် စစ်ဆေးရ ပါတယ်။ အဲဒီအပြင် ကျောင်းခေါ်ချိန် ၇၅ရာခိုင်နှုန်းပြည့်တာ၊ ပြစ်ဒဏ်ကင်းပြီး ကျောင်းစည်းကမ်း လိုက်နာတာ၊ ကျောင်းတွင်း ဝေယျာဝစ္စတွေကို ၀င်လုပ်တာ၊ အားကစား လုပ်တာ၊ စာပေဆိုင်ရာ လှုပ်ရှားမှုတွေ လုပ် တာ၊ ကျောင်း အသင်းအဖွဲ့တွေမှာ ပူးပေါင်း လှုပ်ရှားတာတွေကိုပါ ထည့်ပြီး အမှတ်ပေး ပါတယ်။ ဒါကြောင့်ပဲ CAPS ဟာ ကလေးတွေရဲ့ စာရိတ္တဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေး အသိပညာတွေ လူမှုဆက်ဆံရေးအသိပညာတွေ တိုးပွား စေတဲ့ စနစ်လို့ ပြောရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ၁၉၉၈-၉၉ကနေ ၂၀၀၅-၂၀၀၆ပညာသင်နှစ်အထိသုံးခဲ့တဲ့ CAPS မှာ ကလေးတွေအတွက် အစိုးရလက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်ရင် ၁၆မှတ် ပေးထားပါတယ်။ ပြီးတော့ ဆရာ ဆရာမနဲ့ အဆင်ပြေရင် ပြေသလို ရသွားတဲ့ အမှတ်တွေလည်း ရှိတာမို့ ကလေးတစ်ယောက်အတွက် အောင်မှတ် ၄၀ရဖို့ဆိုတာ မခက်လှပါဘူး။ ဒါတောင်မှ အောင်မှတ် မပြည့်ခဲ့ရင်လည်း ပညာရေး ၀န်ကြီးဌာနက အောင်ချက်နှုန်း ကောင်းရမယ်လို့ တရားဝင် အမိန့်ထုတ် ထားတာ မို့လို့ အဲဒီကလေးက ဖြည့်ဆည်းသင်ကြားနည်းတို့ ကုစားစစ်ဆေးနည်းတို့နဲ့ အတန်းတက် သွားတာပါပဲ။ အဲဒီမှာ ပြဿနာကတော့ အောင်ချက် ရာနှုန်း ပြည့်ရမယ် ဆိုတဲ့ အမိန့်ကြောင့် ဆရာ ဆရာမတွေက ကျောင်းသူ ကျောင်းသားတွေကို အလွယ်တကူ အအောင်ပေး လိုက်ကြရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကလေးတချို့ ဟာ စာတကယ်မတတ်ဘဲ အတန်းတက်သွားကြပြီး စာမေးပွဲစနစ်သုံးတဲ့ အလယ်တန်း အထက်ဆင့် အရောက် မှာ အတန်းကျကြ ရပါတော့တယ်။ တခါတလေမှာ ကျောင်းစာကို ဘယ်လိုမှ မလိုက်နိုင်တော့လို့ ကျောင်းထွက် သွားကြရတာမျိုးတောင် ရှိလာတဲ့ အထိပါပဲ။ ဒါကြောင့်ပဲ ပညာရေးဝန်ကြီး က မြန်မာနိုင်ငံရဲ့ အခြေခံပညာရေး မှာ CAPS က မအောင်မြင်တဲ့အတွက် စာမေးပွဲစနစ်ကိုပဲ ပြန်သုံးရမယ်လို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာလည်း ကလေးတွေအတွက် အကောင်းဆုံးဖြစ်တဲ့ စဉ်ဆက် မပြတ် အကဲခတ် အတန်းတင် စနစ်ကိုသာ ကမ္ဘာ့အဆင့်မီအဖြစ် ကျင့်သုံး သင့်ပါတယ်။ ဒီနေရာမှာ ကမ္ဘာနဲ့အ၀ှမ်း အောင်မြင်နေ တဲ့ စနစ်ဟာ မြန်မာနိုင်ငံမှာတော့ ဘာကြောင့် မအောင်မြင်ရသလဲ ဆိုတာကို အဖြေရှာကြရမှာ ဖြစ်ပါတယ်။
CAPS ဟာ ကလေးတွေကို တဦးချင်း အရည်အသွေး ပြည့်မီစေတဲ့ စနစ်ပါ။ ကလေးတစ်ဦးချင်းကို စောင့်ကြည့် အကဲခတ် ရတာမို့ ဆရာဆရာမတွေ တကယ် အလုပ်လုပ်ရတဲ့ ပင်ပန်းတဲ့ စနစ်ပါပဲ။ ဒါကြောင့်ပဲ ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ စာသင်ခန်းတွေမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသားကျောင်းသူ အယောက် အစိတ် သုံးဆယ်ထက် ပိုမထားတာ ဖြစ်ပါတယ်။ အဲဒီအခါ စာသင်သား ဦးရေနဲ့ ဆရာဦးရေ မျှတာမို့ ကလေးတွေ ကို တစ်ဦးချင်း စောင့်ကြည့် အကဲဖြတ် နိုင်ပါတယ်။ ပြီးတော့ ဆရာ ဆရာမဟာ လုံလောက်တဲ့ လစာကို ရကြတာမို့ စားဝတ်နေရေး ပူပန်စရာမလိုဘဲ အလုပ်ကို စိတ်ပါဝင်စားနိုင်ကြပါတယ်။ ဒါကြောင့် ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်ရတဲ့ အဂတိ လိုက်စားရတာမျိုးလည်း မရှိသလောက် ဖြစ်သွားပါတယ်။ နောက် လိုအပ်ချက် တစ်ခုကတော့ နိုင်ငံတကာမှာက ဆရာအလုပ်ကို လုပ်တဲ့သူတွေဟာ ဆရာဖြစ်သင်တန်း ဆင်းပြီးသူသာ ဖြစ်ရပါတယ်။ အဲလို ပညာရေးစနစ်ထဲမှာ အရည်အချင်း ပြည့်မီတဲ့သူတွေမို့ ကလေးပညာရေးကို နိုင်နိုင်နင်းနင်း ကိုင်တွယ် နိုင်ကြ တာ ပါပဲ။ ဒီအချက်တွေဟာ ကမ္ဘာ့ နိုင်ငံ တွေမှာ ပညာရေးစနစ် အောင်မြင်ရတဲ့ အကြောင်းရင်းတွေပါပဲ။
အဲဒီ နိုင်ငံတကာမှာ ပညာရေးစနစ် အောင်မြင်ရတဲ့ အကြောင်းရင်းတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပညာရေး အခြေနေတွေအတွက် အဓိက လိုအပ်ချက်တွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် ကလေး တွေအနေနဲ့ မြန်မြန်ကြီး တိုးတက် ဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီး ရဲ့ ဖြစ်စဉ်ကို လိုက်မီနိုင်ဖို့ဆိုရင်တော့ စာမေးပွဲစနစ် ဟာ ကလေးတွေအတွက် ပုံသေ မှတ်ထားဖို့ကိုသာ လေ့ကျင့်ပေးတဲ့ ၊ စဉ်းစား ဆင်ခြင်ဥာဏ်ကို အားမပေးတဲ့ အဖျက်အဆီး အဆိပ်အတောက်ပဲ ဖြစ်ပါတယ်။
မေငြိမ်း ( ၅၊၆၊၀၆ )
1 comments:
ဟုတ်ပါတယ် ဆရာမ.. စာမေးပွဲ ဖြေဆိုပြီး အတန်းတက်ရတာကို ကျွန်တော်လည်း မကြိုက်ပါဘူး။ ဒါပေမယ့် စဉ်ဆက်မပြတ် အကဲဖြတ် စနစ် အောင်မြင်ဖို့ရာ ဆရာမ ပြောသလို ဘက်လိုက်မှုကင်းပြီး တရားမျှတဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့ရာ xxxxရေး တွေ ကောင်းမွန်ပြည့်စုံ နေရဖို့လိုနေပါသေးတယ်။
Post a Comment