Monday, August 6, 2007

ပညာရေး အကျပ်အတည်း (၁၁)

ပညာရှင်တွေဟာ IQ (Intelligent Quotient) ပိုမြင့်မားတဲ့ ကလေးငယ်တွေဟာ တခါတရံမှာ IQ ပိုနိမ့်တဲ့ ကလေးငယ်တွေလောက် အောင်မြင်မှု မရတာ ဘာကြောင့်လဲဆိုတဲ့ ပြဿနာမျိုးကို အဖြေရှာလာကြရာကပဲ ကလေးတွေအတွက် သိမှုဆိုင်ရာစွမ်းရည် (IQ) တစ်ခုထဲနဲ့ ဘ၀ကို ဖြတ်သန်းဖို့ မလုံလောက်ဘူး ဆိုတဲ့အဖြေကို ရှာတွေ့လာကြပါတယ်။

(ဒီနေရာက ယူပါတယ်)

အဲဒီနောက်မှာတော့ ကလေးတွေအတွက် လက်တွေ့ဘ၀ကို ဖြတ်သန်းရာမှာ ဆင်ခြင်တုံ တရား နဲ့ ယှဉ်တဲ့ ခံစားနားလည်နိုင်မှုစွမ်းရည် EI က ပိုအရေးပါလာတယ်လို့ပါ လေ့လာ တွေ့ရှိခဲ့ကြပါတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် သိတတ်ဖို့ နားလည်ဖို့ ပြီးတော့ ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ တချိန်ထဲမှာပဲ သူတပါးရဲ့ စိတ်ခံစားချက် ကိုလဲ သိဖို့ နားလည်ဖို့ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ အဲဒီအပြင် လူမှုဆက်ဆံရေး နယ်ပယ်မှာ လိုက်လျောညီထွေရှိအောင် အဆင်ပြေအောင် တုံ့ပြန် နေထိုင်တတ်ဖို့လဲ လိုပါတယ်။ အဲဒီအတွက် မိဘတွေ နဲ့ ဆရာများက ကလေးတွေကို လေ့ကျင့် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိဘဟာ ကလေးတွေမှာ လိုအပ်တဲ့ EI ဖွံ့ဖြိုးရေးအတွက် လက်ဦးဆရာပဲ ဖြစ်ပါတယ်။ မိဘအနေနဲ့ သားသမီးတွေ နေ့စဉ် ကြုံကြိုက်နေတဲ့ ၀န်းကျင်နဲ့ အဆင်ပြေ အောင် သင်ပေး လေ့ကျင့်ပေး ရပါမယ်။ အဲဒီအခါ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု ဆက်ဆံရေး ၀န်းကျင်ဟာလဲ ကလေးတွေကို ၀ိုင်းကူ သင်ကြားပေးမယ့်အထဲမှာ ပါလာ ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ကလေးတွေဟာ သူ့ပတ်ဝန်းကျင်နဲ့ သူ့လူမှု အဖွဲ့အစည်းကို သိနားလည် လာမှာ ဖြစ်ပါတယ်၊

ဒါဟာ ပြောင်းလဲတိုးတက်မှုဖြစ်စဉ် Progressivism အရ ဆိုရင်တော့ Education should be life itself, not a preparation for living လို့ ဆိုထားတာမို့ ပညာရေးဟာ ဘ၀မှာ အသက်ရှင်သန် နေထိုင်ဖို့အတွက် ပြင်ဆင်ရုံသာမဟုတ်ဘဲ ပညာရေးကို လေ့လာ လိုက်စားနေခြင်း ကပဲ ဘ၀တစ်ခုလို ဖြစ်နေသင့်တာပါ။ ဒီတော့ ကလေးတွေအနေနဲ့ ပညာရေးစနစ်ထဲကနေပဲ စိတ်ဖိစီးမှုတွေ၊ အကျပ်အတည်းတွေ၊ ပြင်းထန်တဲ့ခံစားချက် တွေ၊ ဒုက္ခတွေကို သည်းခံ ထိန်းချုပ်နိုင်စွမ်း ရသွားစေရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တော့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတူ လူမှုဆက်ဆံရေး စွမ်းရည်ကိုပါ တပြိုင်တည်း ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။

Progressivism အယူအဆကို John Dewey၊ Kil-Patrick နဲ့ John Child တို့က ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့က ကလေးတွေအတွက် ပညာရေးဟာ ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေ ဖြစ်သင့်ပြီး စာသင်ခန်းထဲမှာလဲ ဆရာဟာ ဦးဆောင် လမ်းညွှန်သူ မဖြစ်ရဘဲ အကြံပေးသူသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျောင်းဆိုတာဟာလဲ ကလေးတွေရဲ့ စွမ်းရည်ကို ထုတ်ဖေါ်ရာမှာ အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့သာ ဖေါ်ထုတ်စေသင့်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ဖို့အတွက် မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ပြီးတော့ ကလေးတွေအတွက် သင်ခန်းစာတွေထဲမှာ ကိုယ်ကျင့်တရား နဲ့ အမှန်တရားကို သိစေနိုင်တဲ့ အဖိုးတန်တဲ့ သင်ခန်းစာတွေ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝကို နားလည်စေနိုင်တဲ့ သင်ခန်းစာမျိုးတွေ ပါရမယ်လို့လည်း ထောက်ပြထားတာ တွေ့ရပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ကလေးတွေကို EI ဖွံ့ဖြိုးအောင် သင်ကြားရာမှာ မိဘ ဆရာ နဲ့အတူ ပတ်ဝန်းကျင် လူမှုအ၀န်းအ၀ိုင်း ကပါ ပူးပေါင်း ပါဝင်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ကလေးတွေအနေနဲ့ သူတို့ရဲ့ စိတ်ခံစားချက်ကို သူတို့ ကိုယ်တိုင် နားလည်ပြီး စီမံနိုင်မှ သူတို့ရဲ့ ဘ၀အပေါ် ကျေနပ်နိုင်မှု ရလာတာနဲ့အတူ သူတို့ရဲ့ ဥာဏ်ရည်ကိုပါ မြင့်မား ပြောင်မြောက် လာစေနိုင်တယ်လို့လည်း ပြောနိုင်ပါတယ်။

ကလေးတွေမှာ သိမှုဖွံ့ဖြိုးရေးအတွက်ဆိုရင် စွမ်းရည်အမျိုးမျိုးနဲ့ ပြည့်စုံနေဖို့ လိုပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပညာရေးစိတ်ပညာရှင် Howard Gardner က ကလေးတွေဆီမှာ ရှိဖို့လိုအပ်တဲ့ စွမ်းရည် ကိုးမျိုးကို အဆိုပြုခဲ့ပါတယ်။အဲဒါတွေကတော့ ယုတ္တိဗေဒ- သင်္ချာစွမ်းရည် (Logical Mathatical)၊ ဘာသာစကားစွမ်းရည်(Linguistics)၊ တေးဂီတစွမ်းရည် (Musical)၊ လက်မှုအနုပညာစွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic) ၊ လူမှုဆက်ဆံရေးစွမ်းရည် (Interpersonal)၊ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည်(Intrapersonal)၊ သဘာဝတရားကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းရည် (Existentialist) တွေပဲ ဖြစ်ပါတယ်။

အဲဒီ စွမ်းရည်တွေဟာ ကလေးတွေအတွက် ပညာရေးထဲမှာ အင်မတန် အရေးပါ ပါတယ်။ အဲဒီ စွမ်းရည်အမျိုးမျိုးကို အခြေခံပြီး ကျောင်းပညာရေးထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နဲ့ လိုက်လျောညီထွေဖြစ်အောင် စီစဉ် ထည့်သွင်း သင့်ပါတယ်။ ကမ္ဘာ့နိုင်ငံ အတော် များများမှာတော့ အဲဒီ အခြေခံအချက်တွေကို ကျောင်းပညာရေး ထဲမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာသင်ရိုးထဲမှာပါတဲ့ လူမှုရေး ဘာသာနဲ့ သဘာဝသိပ္ပံလို သမိုင်းလို ဘာသာရပ်တွေဟာ EI နဲ့ ပတ်သက်ပြီး အများကြီး နှီးနွယ် သင်ကြားပေးလို့ရတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလဲ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ် ဆိုပြီး စီမံကိန်း ဆွဲပြီး လုပ်နေတာ ရှိပါတယ်။ စီမံချက်ထဲမှာတော့ Gardner ရဲ့ တင်ပြချက်တွေနဲ့ သိပ် မကွဲပြားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၅ ပညာသင်နှစ်အထိတော့ အဲဒီ စီမံကိန်းကို ကလေးတိုင်းအတွက် လုပ်ပေးနိုင်တာမျိုး မရှိသေးပါဘူး။ မြို့နယ်အလိုက် တိုင်းအလိုက် အခြေခံကျောင်းတွေကနေ ထူးချွန်သူ တစ်ယောက်ဆီ ရွေးပြီး ပြိုင်ပွဲဝင်ခိုင်းတာမျိုးပဲ ရှိပါသေးတယ်။ တကယ်တော့ ဘက်စုံထူးချွန်ရေး ရည်မှန်းချက်ဟာ ကလေးအားလုံး အတွက်သာ ဖြစ်ရမှာပါ။ ကမ္ဘာနိုင်ငံ အများစုမှာတော့ ဘက်စုံ ဖွံ့ဖြိုးရေး ဆိုတာက ကလေးတိုင်းအတွက်ပဲ ဖြစ်ပါတယ်။

0 comments:

 

© 2007 IngridGrey By Arephyz