Monday, August 27, 2007

ပညာရေး အကျပ်အတည်း (၂၂)

ကျောင်းပြင်ပ ပညာရေးတွေကို ဆွေးနွေးရင်းအဝေးသင်ပညာရေးထဲက Online Education အကြောင်းဆွေးနွေးခဲ့ပါတယ်၊ တကယ်တော့ ပညာရေးမှာ Information Technology ခေတ်ရောက်ပြီလို့ ကြွေးကြော်နေတဲ့ လက်ရှိအစိုးရအနေနဲ့ သိပ္ပံနဲ့နည်းပညာ ကိုသာ ကျောင်းပညာရေးအတွက် တကယ် ထိထိရောက်ရောက် အားပေးမယ်ဆိုရင် မြန်မာနိုင်ငံက လူငယ်တွေဟာလည်း နိုင်ငံတကာ အဆင့်မီ ပညာရေးတွေကို ဆည်းပူး ရယူ နိုင်ကြမှာပါ။ မြန်မာနိုင်ငံရဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာကတော့ IT ထွန်းကားတဲ့အတွက် လူတိုင်း ကိုယ့်အရည်အချင်းရှိသလောက် ပညာကို အလွယ်တကူ သင်ယူခွင့် ရနေတာမို့လို့ ပညာရေးအဆင့်မှာ မြန်မာနိုင်ငံထက် အများကြီး သာသွားတာပါ။



အခု မြန်မာနိုင်ငံမှာကတော့ စာသင်ခန်းတွေ ဆီမှာလဲ ထိရောက်တဲ့ပညာရေးကို မရ ၊ Internet ကနေလည်း လေ့လာခွင့်မရတဲ့အခါမှာ ကျောင်းသားတွေရဲ့ အားကိုးရာက ကျူရှင်တွေ ဖြစ်လာတာပါ။ ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတာက ကျောင်းပြင်ပ ပညာရေး တမျိုးလို ဖြစ်လာပြီ လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ ကျူရှင်အကြောင်းဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ ကျူရှင်ဆိုတဲ့ ဝေါဟာရက ၁၉၇၀လောက်ကစပြီး တွင်ကျယ်လာခဲ့ပါတယ်။ အစပျိုးတာကတော့ အခြေခံပညာ ကျောင်းတွေကပါ။ မိဘနှစ်ပါးလုံး အလုပ်လုပ်ကြရတဲ့ ခေတ်ကို ရောက်လာတာနဲ့အတူ ကလေးပညာရေးကို မိဘက အချိန်မပေးနိုင်ကြတော့တဲ့ အတွက် ကလေးတွေကို စာတော်ဖို့ သူတို့ အတန်းပိုင် ဆရာ ဆရာမဆီ အချိန်ပို သင်ဖို့ အပ်ရာကနေ ကျူရှင်တွေ ပေါ်လာတာပါ။ မဆလခေတ်မှာ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာပြီး ၀န်ထမ်းတွေ လစာနဲ့ ကုန်ကျစရိတ် မလောက်မငှ ဖြစ်လာရာကနေ အပိုဝင်ငွေရတဲ့ အလုပ်ပိုတွေလုပ်လာကြရပါတယ်။ ဒီလိုနဲ့ ဆရာတွေလည်း ကျူရှင်ပြတဲ့ အပိုအလုပ်ကို လုပ်လာကြရတာပါပဲ။ အထူးသဖြင့်တော့ ဆေးတက္ကသိုလ်တို့ စက်မှုတက္ကသိုလ်တို့လို အမှတ်ကောင်းမှ ၀င်ခွင့်ရတဲ့ ကျောင်းမျိုးဝင်ခွင့် ရဖို့အတွက် ၁၀တန်းစာမေးပွဲ အမှတ်က အဓိက ကျလာတဲ့အခါမှာ ကျောင်းမှာသင်တာနဲ့ မလုံလောက် တော့ဘူးလို့ ယူဆလာကြတယ်။ အဲဒါကြောင့် ကျူရှင်တွေ အများကြီး ထွန်းကားလာတာ ပါပဲ။ အစောပိုင်းတုန်းက ကျောင်းက ဆရာ ဆရာမတွေပဲ ကျူရှင်သင်ရာကနေ နောက်ပိုင်း မှာ ပြင်ပကျူရှင်တွေပါ ရှိလာရာက ၁၉၇၅ခုနှစ်လောက်မှာ အစိုးရက တရားဝင် မှတ်ပုံတင်ပြီး ကျူရှင်ဖွင့်ခွင့်ပေးခဲ့ပါတယ်၊ အဲဒီကျူရှင်တွေဟာ ၁၉၉၀နောက်ပိုင်းမှာတော့ ၀ိုင်းဆိုပြီးတော့ လူ ၁၀ယောက်သာ အများဆုံး လက်ခံပြီး သင်တန်းကြေးလည်း အများကြီးပေးရတဲ့ ပုံစံကို ပြောင်းသွားပါတယ်။

၂၀၀၀ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ အခြေခံပညာရေးမှာ ကျောင်းတွင်း သင်ကြားမှု အခြေအနေဟာ တော်တော် ဆုတ်ယုတ်လာပါတယ်။ ကျောင်းဆရာတွေရဲ့ လစာ နည်းပါးမှုကြောင့် ဆရာတွေဟာ စာသင်ခန်းကို စိတ်ဝင်စားမှု နည်းလာပါတယ်။ ကျောင်းသားတွေဘက်ကလည်း ဆရာတွေအပေါ် အားမရတာမျိုး အပြန်အလှန် ဖြစ်လာပါတယ်။ အဲဒီအပြင် ခေတ်စနစ်ရဲ့ အထွေထွေ အကျပ်အတည်းနဲ့ အခြေခံပညာ အထက်တန်းရဲ့ ဘာသာရပ်များတဲ့ အခက်အခဲတွေ အင်္ဂလိပ်လိုသင်တဲ့ ပြဿနာ တွေကြောင့် မိဘက သားသမီးပညာရေးကို မကူနိုင်တော့ပါဘူး။ အဲလိုနဲ့ ကျောင်းသားတွေ ကို အချိန်ပြည့် ဂရုစိုက်ပေးနိုင်တဲ့ ကျောင်းအိပ် ကျောင်းစား ဘော်ဒါတွေ ပေါ်လာပါတယ်၊ ၂၀၀၀ပြည့်နှစ်လောက်ကစပြီး မြန်မာနိုင်ငံမှာ သားသမီးတွေကို ဘော်ဒါကျောင်း ထားတာ ခေတ်စားလာပါတယ်။ ဘော်ဒါကျောင်းတချို့ကတော့ တကယ်ပဲ ကလေးတွေကို ကျောင်းနေ ပျော်ပြီး စာတော်စေတယ် လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

တကယ်တော့ ကလေးတွေ ကျောင်းနေပျော်ပြီး စာတော်စေရေးဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရနဲ့ ကျောင်းဆရာတွေမှာ အထူး တာဝန်ရှိတာပါ။ အခုတော့ ကလေးတွေက ကျူရှင်တွေမှာ ဘော်ဒါကျောင်းတွေမှာပဲ ပျော်နေကြပါတယ်။ ဒါပေမယ့် အဲလို ပျော်ခွင့်ရတာကလည်း တကယ့် လူနည်းစုလေးပါပဲ။ ကျူရှင်တွေ ဘော်ဒါတွေရဲ့ စရိတ်က သိပ်များတာမို့လို့ သာမန် လူထုလူတန်းစားက သားသမီးတွေခမျာ အနားတောင် မကပ်နိုင်ကြပါဘူး။ အခု ၂၀၀၆-၂၀၀ရ ပညာသင်နှစ်အတွက်ဆိုရင် ၀ိုင်းကြေးက ဘာသာစုံ ၁၀ယောက်ဝိုင်း တစ်ဝိုင်းကို အနည်းဆုံး ကျပ်၁၀သိန်း ရှိပါတယ်။ တစ်ယောက်ချင်း ကျူရှင်ခက တစ်လကို ၁သိန်းခွဲ လောက်ရှိတာပါ။ ဘော်ဒါတွေကတော့ ကျောင်းသားကို အစားအသောက်ကအစ ကျန်းမာရေး အဆုံးကြည့်ပေးတာမို့လို့ တစ်နှစ်ကို အနည်းဆုံး ဘော်ဒါကျောင်းကတောင် ၁၂သိန်းပေးရတယ်လို့ ဆိုပါတယ်။ အဲဒီလောက် ငွေကြေး အကုန်အကျ များတဲ့ ပညာရေးကို မြန်မာနိုင်ငံမှာ လူနည်းစုသာ တတ်နိုင်ကြပါတယ်။ အများအားဖြင့်ကတော့ ပြည်ပမှာ အလုပ်လုပ်ပြီး သားသမီးလည်း နည်းတဲ့သူတွေသာ တတ်နိုင်တာပါ။

သာမန်ဝန်ထမ်းသားသမီးလို ကျူရှင်အတွက် ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေကတော့ အများစုတက်နိုင်တဲ့ တန်းခွဲကျူရှင်တွေမှာ တက်ကြရပါတယ်။ အဲဒီ ကျူရှင်တွေမှာတောင် မှ သင်တန်းကြေးက အနည်းဆုံး တစ်ယောက်ကို တစ်လ ၆သောင်းရှိပါတယ်။ တစ်နှစ်ကို အနည်းဆုံး ၆သိန်း ၇သိန်းတော့ ကုန်မှာပါ။ အဲဒီလောက် အကုန်အကျခံထားရတဲ့ ပညာရေးရဲ့ ဦးတည်ချက်ကရော တကယ်တန်ဖိုးရှိရဲ့လား၊ တကယ်ရော အသုံးကျရဲ့လားဆိုတာကလည်း စဉ်းစားဖို့ ကောင်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် မေလမှာတော့ အာဏာပိုင်တွေက ကျောင်းဆရာဆရာမတွေ ကျူရှင် မပြရဘူး၊ပြရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ အမိန့်ထုတ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ကျောင်းတချို့ကိုလဲ စစ်ဆေးပြီး ပိတ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကလေးတွေရဲ့ ပညာရေး အတွက် တကယ်လည်း လိုအပ်နေတဲ့ ကျူရှင် ယဉ်ကျေးမှု ကတော့ ရှိနေရတုန်းပါပဲ။ ပိုဆိုးတာကတော့ ခုချိန်မှာ ကျူရှင်ဆိုတာက တက္ကသိုလ်အဆင့်၊ မဟာဘွဲ့အဆင့်တွေထိပါ ရှိနေတာပါပဲ။

တကယ်တော့ ကျောင်းသားတွေ ကျောင်းမတက်ဘဲ ကျူရှင်တွေပဲ တက်နေလို့ ကျူရှင်တွေ ပိတ်ပစ်ရမယ်ဆိုတာထက် ကျောင်းမှာ စာကို ဂရုတစိုက်သင်ပေးဖို့နဲ့ ဆရာ ဆရာမတွေ စားဝတ်နေရေး မပူပင်ရဘဲ စာကောင်းကောင်း သင်ပေးနိုင်အောင် ပံ့ပိုးပေးဖို့ကသာ အစိုးရတွေရဲ့ အခြေခံကျတဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၆)


0 comments:

 

© 2007 IngridGrey By Arephyz