Saturday, August 4, 2007

ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု

(၁)
ဟာသသရုပ်ဆောင် ဇာဂနာ ပါဝင်တဲ့ မင်္ဂလာပါ ရုပ်ရှင်ကားကို ကြည့်ပြီး ဒီစာကိုရေးမိတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်က ဖြစ်လာခဲ့တဲ့ တောရွာတွေမှာ အစိုးရ၀န်ထမ်း မပြည့်စုံတဲ့ ပြဿနာဟာ အခုထက်ထိလည်း မပြေနိုင်သေးတာ တွေ့ရပါတယ်။ စာသင်ကျောင်းတွေမှာလည်း တောရွာတွေက ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်တာများပါတယ်။

ကျွန်တော်တို့ ဇာတိမြို့လေးဟာ အရမ်းဝေးလံခေါင်သီလှတယ်တော့ မဟုတ်ပါ။ တောမြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အထကကျောင်းလေး တစ်ကျောင်း ရှိပါတယ်။ အဲဒီကျောင်းလေးမှာပဲ အခြေခံပညာ ပြီးစီးအောင် ကျွန်တော် တတ်ခဲ့ပါတယ်။ ငွေကြေးတတ်နိုင်သူ တစ်ချို့ကတော့ သားသမီးတွေ ၉ တန်း ၁၀ တန်း ရောက်ရင် မြို့ပေါ်ကဘော်ဒါကြီးတွေမှာ ထားတတ်ကြပါတယ်။ နိုင်ငံအတော်များများမှာ မြို့ပြတွေက ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှုဟာ ကျေးရွာတွေမှာ ထက်စာရင် ပိုမိုပြည့်စုံကောင်းမွန်ကြမှာပါ။ ဒါပေမယ့် ကွာဟမှုပမာဏ အရမ်းကြီးလာပြီး၊ ကျေးရွာတွေဟာ မနေထိုက်တဲ့ အရပ်တွေ ဖြစ်လာရင်တော့ အစိုးရတွေက ဖြေရှင်းပေးရမယ့် ပြဿနာကြီးတစ်ခု ဖြစ်တယ်လို့ထင်မိတယ်။

ကျွန်တော်တို့တတွေ ၉ တန်း ၁၀ တန်း တုန်းက ၉ တန်း နဲ့ ၁၀ တန်း တန်းခွဲတွေက ၃ ခုစီ ရှိခဲ့ကြတော့ အထက်တန်းအဆင့် စာသင်ခန်း အရေအတွက်က ၆ ခန်းပေါ့။ အထက်တန်းပြ ဆရာအရေအတွက်က မလုံလောက်ခဲ့ပါဘူး။ ဓါတုဗေဒနဲ့ ရူပဗေဒ ၂ ဘာသာကို အလယ်တန်းပြ ဆရာတစ်ယောက်က တတ်သင်ပေးခဲ့ရတာကို ဆရာနဲ့လည်း ရင်းနှီးတော့ ခုထိကောင်းကောင်း မှတ်မိနေပါတယ်။ တခြားဘာသာရပ်အချို့မှာလည်း အလားတူပြဿနာတွေ ရှိခဲ့ပါတယ်။ သေချာတော့ မမှတ်မိတော့ပါ။
မြို့ကလေးက မဖြစ်စလောက်ဆိုတော့ ဘော်ဒါလုံးဝမရှိပါ။ ၁၀ တန်းကျူရှင်ဆိုရင်လည်း တစ်ခုတည်းသာကြီးကြီးမားမား ရှိပါသည်။ တစ်ခုတည်းရှိတဲ့ အဲဒီကျူရှင်မှာ ဆရာတစ်ယောက်တည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓါတုဗေဒ လေးဘာသာ ပို့ချပါသည်။ ဇီဝဗေဒ၊ ၀ိဇ္ဖာတွဲ နှင့် မြန်မာစာ လိုဘာသာရပ်မျိုးတွေသင်တဲ့ ကျူရှင်လုံးဝမရှိပါ။ ပြောချင်တာက အဲဒီမြို့လေးမှာ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ပညာရေးယန္တရား ၂ ခုလုံးအားနည်းနေတဲ့အကြောင်းပါ။ ကျောင်းမှာရှိတဲ့ ဆရာအများစုကတော့ စေတနာထားပြီး ကြိုးကြိုးစားစား သင်ပေးကြပါတယ်။ ကျောင်းသားအားလုံးကလည်း စာမေးပွဲအောင်မြင်စွာဖြေနိုင်ဖို့ ကျောင်းကိုပဲ အဓိက အားကိုးကြရပါသည်။ ကျောင်းအနေအထားကတော့ ကျောင်းသားအရေအတွက်ကလွဲပြီး အစစ အားနည်းတယ်ပဲ ဆိုရမှာပါ။

ကျွန်တော်နဲ့ရွယ်တူ ညီကိုဝမ်းကွဲတစ်ယောက် ရန်ကုန်မှာရှိပါတယ်။ ကြုံလို့ရှိရင်သူပြောပြတတ်တဲ့ အကြောင်းတွေက ကျွန်တော်တို့ဆီကအနေအထားနဲ့ အရမ်းကွာနေပါတယ်။ သူတို့က ကျူရှင်တွေကို အရမ်းအားကိုးကြပါတယ်။ ကျောင်းဆိုရင်တော့ မသွားတာများတယ်တဲ့။ သူတို့က နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ကျူရှင်ပေါင်စုံလျှောက်တတ်ကြတယ်။ ဇီဝဗေဒလိုဘာသာမျိုးကို ကျောင်းမဖွင့်ခင်ကတည်းက အစကနေအဆုံး ၃ ခေါက်လောက် ပြန်ပြီးသွားကြပြီလို့ဆိုပါတယ်။ အခြားဘာသာတွေမှာလည်း ထို့နည်းတူပါဘဲ။ ဘယ်ဘာသာမဆို အနည်းဆုံး ၁ ခေါက်တော့ နွေရာသီကတည်းက သင်ပြီးသားလို့ သိရပါတယ်။ မေးခွန်းဟောင်းတွေ လေ့လာတာတို့၊ ကျူရှင်တွင်း စာမေးပွဲဖြေတာတို့ကလည်း အကြိမ်ပေါင်းမနည်းဘူးတဲ့။
သူတို့ဆီမှာ ၁၀ တန်းကျောင်းသားအများစုက ကျောင်းမသွားကြဘူး။ အတွင်းဖြေ ဖြေချင်လို့သာကျောင်အပ်ထားတာ။ သူပြောပြတဲ့အတိုင်းဆိုရင် သူတို့ကျောင်းမှာက ဆရာအင်အား အတော်ကောင်းပါတယ်။ ကျောင်းကို ကြိုစားပြီး ကျောင်းသားက သွားတော့လည်း ကြိုးစားပြီးသင်ပေးတဲ့ဆရာက မရှိသလောက်ရှားတယ် ပြောတယ်။ ဒါဆိုကျောင်းမှာ ဆရာတွေ ဘာလုပ်နေကြလည်း မေးတော့။ GEC မှာရုံးထိုင်ရတယ်ထင်တယ်တဲ့။ ပြီးတော့ လုံခြုံရေး တာဝန်လည်း အလှည့်ကျ ယူရတယ်တဲ့။
နားမလည်နိုင်စရာတွေချည်းပဲ။ တစ်ခုခုလွဲနေပြီဆိုတာတော့ သတိထားမိလိုက်တယ်။ ကျောင်းသားအများစုက အားကိုးကြပါတယ် ဆိုတဲ့ကျောင်မှာတော့ ဆရာအင်အားက မလုံလောက်ဘူး။ စာရင်းဝင်ရုံတင် အပ်ထားတာပါဆိုတဲ့ ကျောင်းတွေမှာကျ ဆရာတွေကများနေပြီး အလုပ်လည်းမလုပ်ကြဘူးတဲ့။

ဒါတောင်ကျွန်တော်နေတဲ့ မြို့လေးက အရမ်းခေါင်တဲ့ ပြည်နယ်တောင်တန်းဒေသမျိုး မဟုတ်သေးဘူး။ တောမြို့လေးတစ်ခု အဆင့်တော့ ရှိသေးတယ်။ အရမ်းခေါင်တဲ့ ဒေသများနဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အနေအထားတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကွာခြားမှုဘယ်လောက်ကြီးသွားမလဲ။ တခြား ဘယ်လိုပြဿနာမျိုးတွေ ရှိနေဦးမလဲ။ သားသမီးတွေရဲ့ ပညာရေးကို အလေးထားရင် တောရွာတွေဆိုတာ မနေထိုက်တဲ့ အရပ်တွေများ ဖြစ်ကုန်ပြီလားလို့ပဲ။

(၂)
အစိုးရပညာရေး စနစ်အောက်မှာ ကျောင်းတွေအတွက် အနည်းဆုံးလိုအပ်ချက်ကို ( အနည်းဆုံးလိုအပ်ချက်ကို) သတ်မှတ်ပေးတဲ့ အဖွဲ့တစ်ခုတော့ ထားရှိဖို့လိုမယ်ထင်တယ်။ ကျောင်းသားအရေအတွက်တွေများလို့ ကျောင်ဆရာအင်အား သင်ထောက်ကူပစ္စည်းအင်အားတွေ တိုးချဲ့တာကလည်းလုပ်ရမှာပါ။ ဒါပေမယ့် ကျောင်းသားအရေအတွက်နည်းလို့ဆိုပြီး လိုအပ်ချက်တွေအားလုံးကို အချိုးကျလိုက်ပြီးလျော့ချလို့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းသားအရေအတွက်က ၅ ယောက်တောင်မပြည့်ဘူးဆိုပေမယ့် ဘာသာရပ်တွေက ၉ ခု ၁၀ ခု ရှိနေရင်၊ ဘာသာရပ်အားလုံးကို သင်ယူရာမှာအဆင်ပြေအောင် အနည်းဆုံးလိုအပ်တဲ့ ဆရာအင်အားက ကျောင်သားအရေအတွက်ထက် များချင်များနေမှာပေါ့။ ဒါပေမယ့် ဒီအနေအထားက အနည်းဆုံးလိုအပ်ချက် ဖြစ်နေပြီဆိုရင် လျော့ချလို့မသင့်တော့ဘူးပေါ့။ သင်ထောက်ကူပစ္စည်း ဆိုတာကလည်း ကျောင်းသားအရေအတွက် ဘယ်လောက်နည်းတဲ့ ကျောင်းပဲဖြစ်ဖြစ် အနည်းဆုံးလိုအပ်ချက် ထက်တော့မလျော့နည်းသင့်ဘူးပေါ့။

မြို့ပေါ်ကျောင်းတွေနဲ့ ကျေးရွာကကျောင်းတွေကို အောင်ချက်ရာနှုံးတို့ ဂုဏ်ထူးထွက်ရှိမှုတို့ ယှဉ်ကြည့်မယ်ဆိုရင်လည်း မြို့ပေါ်ကျောင်းတွေက သာလွန်ကောင်းမွန်တာတွေ့ရပါတယ်။ ကျွန်တော်တို့ကျောင်းလေးမှာ တန်းခွဲတစ်ခုကို လူ (၅၀-၆၀) လောက်ရှိတဲ့ ၁၀တန်း တန်းခွဲ ၃ ခု ( ၁၉၉၄-၁၉၉၇ ၀န်းကျင်လောက်က) ရှိခဲ့ပါတယ်။ ကျောင်းသားအရေအတွက် (၁၅၀-၁၈၀) ၀န်းကျင်လောက်ရှိခဲ့တဲ့ နှစ်တွေမှာ ဆေးတက္ကသိုလ် ၀င်တဲ့ကျောင်းသားက တစ်နှစ်တစ်ယောက်တောင် ပုံမှန်မပါဘူး။ အောင်ချက်ရာနှုံးကတော့ ဆရာတွေရဲ့ ကြိုး ပန်းမှုကြောင့် အမြဲတမ်း ပတ်ဝန်းကျင်ကျောင်တွေထက် သာခဲ့ပါတယ်။ (လက်ရှိအနေအထားတော့ မသိတော့ပါ။ အစိုးရပညာရေး ၀န်ကြီးဌာနက မြို့ပြနဲ့ ကျေးလက် ပညာရည်အဆင့်အတန်း တပြေးညီ ဖြစ်စေရေး စီမန်ကိန်းတွေချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြောင်းလဲမှု တစ်ချို့လည်း ဖြစ်ချင်ဖြစ်နေလောက်ပါပြီ)
ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့က နာမည်ကျော် ဘော်ဒါကြီးတစ်ခုအကြောင်း ညီလေးတစ်ယောက်ကပြောပြတယ်။ အဲဒီဘော်ဒါမှာ လူ ၁၂၀ လောက်ရှိတဲ့ ၁၀ တန်း တန်းခွဲလေးခုလောက်ရှိတယ်တဲ့။ ပထမတန်းခွဲမှာ နေရာရနေတဲ့ ကျောင်းသားတွေက အားလုံးဆေးတက္ကသိုလ် ၀င်ဖို့သေချာတယ်ဆိုပဲ။ ဒုတိယတန်းခွဲကကျောင်းသားတွေလည်း အနည်းငယ်တော့ ၀င်တာရှိတယ်တဲ့။ ၂၅% ကျော်လောက် ဆရာဝန်ဖြစ်လာနိုင်တဲ့သဘောပေါ့။

လက်ရှိတက္ကသိုလ် ၀င်ခွင့်စနစ်ကလည်း ၁၀ တန်းအောင်မှတ်ကို အခြေခံထားတော့ ဆေးတက္ကသိုလ်လိုကျောင်း မျိုးတွေကို ၀င်သွားတဲ့ လူတွေကြည့်ရင် မြို့ပေါ်ကကလေးတွေ ဖြစ်နေတာများတယ်ထင်တယ်။ တောရွာတွေကနေ မြို့ပေါ်က ဘော်ဒါတွေမှာလာနေပြီး ဆေးတက္ကသိုလ်ဝင်သွားတဲ့ လူတွေလည်းရှိပါတယ်လို့ ဆိုရင်လည်း ဒီကလေးက မြိုပြကိုလက်လှမ်းမီတဲ့ ကလေးလို့တော့ ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ အဲဒီလိုလက်လှမ်းမမီတဲ့ ကလေးတွေက တော်တော်များများ ရှိမှာပါ။ အဲဒီကလေးတွေထဲက အဆင့်မြင့်တက္ကသိုလ် ၀င်ခွင့်ရသူ မရှိဘူးလို့ ပြောမရပေမယ့် မြို့ပေါ်က ကလေးတွေ ( မြို့ပြကိုလက်လှမ်းမီတဲ့ ကလေးတွေ) နဲ့စာရင် အရေအတွက်အားဖြင့် အရမ်းနည်းနေမှာပါ။ အဲဒီမှာ မေးစရာရှိတာက အစိုးရနဲ့ ပုဂ္ဂလိက ပညာရေး ယန္တရား ၂ ခုလုံး (အမှတ် ၁ တုန်းကပြောခဲ့ သလို) ထောက်ပံ့မှု အားနည်းတဲ့ ဒေသမှာနေရလို့ အမှတ်မကောင်းတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးနဲ့ မထိုက်တန်ဘူး၊ ဥာဏ်ရည်မမီဘူး၊ လို့ဆိုရင်မှန်နိုင်ပါ့မလား။ တစ်ခြားပိုမိုသင့်တော်ကောင်းမွန်တဲ့ တက္ကသိုလ် ၀င်ခွင့်စနစ်တစ်ခုကိုရော ဖေါ်ဆောင်ပေးလို့ မရနိုင်တော့ဘူးလား။

အခုလိုတက္ကသိုလ် ၀င်ခွင့်စနစ်ကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကလည်း ရှိသေးတယ်။ ဆရာဝန်ဖြစ်ဖို့ဆိုတာ မြို့ပေါ်က လူတွေသာ ရနိုင်တဲ့ အခွင့်အရေးလိုဖြစ်လာတယ်။ ဖြစ်လာတဲဆရာဝန်တွေကလည်း မြို့တွေပေါ်မှာပဲနေချင်နေခြင်ကြတယ်။ တောရွာတွေဆီ တာဝန်ချလိုက်ရင် စိတ်ဆင်းရဲစွာနဲ့ တာဝန်ထမ်းဆောင်နေကြပြီး မြို့ပေါ်ပြန်လာခွင့် ရဖို့ကိုအမျိုးမျိုး ကြိုးစားနေကြတယ်။ သူတို့ကိုအပြစ်တင်ချင်လို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့က မြို့ပေါ်မှာကျင်လည်ခဲ့တော့ မြို့ပေါ်မှာပဲနေချင်ကြတယ် ဆိုတာ သဘာဝကျပါတယ်။ မြို့ပြဆိုတာ မျက်စေ့နား ပိုပွင့်ပြီး၊ ဘ၀တတ်လမ်း အတွက်လည်းပိုကောင်းတာကို။ အခုလိုဝန်ထမ်းတွေ တောရွာတွေမှာ တာဝန်ထမ်းရမှာကြောက်နေကြတဲ့ ပြဿနာက ကျန်းမာရေးဌာန တစ်ခုတည်းမှာ ဖြစ်နေတဲ့ ပြဿနာမဟုတ်ပါဘူး။ အစိုးရဌာန အများစုမှာ ကြုံတွေ့နေရတဲ့ပြဿနာပါ။
အဲဒီပြဿနာကြီးက အားနည်းတဲ့ ပညာရေးစနစ်(တက္ကသိုလ်ဝင်ခွင့်စနစ်)ရဲ့ အထောက်အပံ့လည်းရလိုက်တော့ ပိုမိုအားကောင်းလာပြီး၊ မြို့နေတောနေ လူတန်းစားကွာဟမှု ကလည်းပိုဆိုးလာတောတာပေါ့။

(၃)
ကျွန်တော်တို့မြို့လေးရဲ့ အရှေ့မြောက်ဘက် မိုင်၂၀ လောက်မှာ ခရိုင်မြို့ကြီးတစ်ခု ရှိပါတယ်။ ကျွန်တော်တို့မြို့လေးက သေးသေးလေးဆိုပေမယ့် ကျောထောက်နောက်ခံ ကျေးရွာတွေ တော်တော်များပါတယ်။ အဲဒီရွာတွေအားလုံးက ကျွန်တော်တို့ မြို့လေးမှာရှိတဲ့ အထက ကျောင်းလေးကိုပဲ အားကိုးနေကြရပါတယ်။ တွဲဖက်အထက်တန်ကျောင်း ရှိတဲ့ရွာလေးတွေလည်း ၂ ရွာလောက်တော့ ရှိပါတယ်။ လေ့လာမှုအားနည်းခဲ့လို့ အနီးအနားကရွာတွေအကြောင်းကို သိပ်မသိခဲ့ပါဘူး။ အနောက်မြောက်ဘက် ၄ မိုင်အကွာလောက်က ရွာလေးအကြေင်းတော့ သိပါတယ်။ ဒါတောင် ဆွေမျိုးတော်စပ်သူ တော်တော်များများ အဲဒီရွာမှာရှိနေသေးလို့ပါ။

၁၉၉၉ ခုနှစ်ဝန်းကျင်လောက်က အဲဒီရွာလေးမှာ ဆရာမငယ်ငယ်လေး ၂ ယောက် တာဝန်ကျလာပါတယ်။ သူတို့ကတော့ ခရိုင်မြို့ကြီးပေါ်က မြို့သူတွေပါ။ တာဝန်ကျရာရွာကနေ မြို့ပေါ်ကိုပြန်ရင် လမ်းမှာတင် တစ်နေကုန်သပါတယ်။ ရွာကနေလှည်းနဲ့လာပြီး ကျွန်တော်တို့ မြို့ကနေ ကားပြောင်းစီးမှ ခရိုင်မြို့ကြီးကိုရောက်တာပါ။ ကားအဆင်မပြေရင် ကျွန်တော်တို့ မြို့လေးမှာ ညအိပ်ရတတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျေင်းပိတ်ရက် အိမ်ပြန်အနားယူနိုင်ဖို့ သောကြာနေ့နံနက် ကတည်းက ပြန်ကြရပါတယ်။ တနင်္လာနေ့နံနက်ကျမှ ပြန်လာကြတော့ အင်္ဂါနေ့ရောက်မှ စာစသင်နိုင်ပါတယ်။ အဲတာကအပတ်စဉ် ဖြစ်နေတာဆိုတော့ ကလေးတွေက တစ်ပတ်ကို ၄ ရက်အနားယူ နေရပါတယ်။ သောကြာနဲ့ တနင်္လာနေ့တွေကိုမှ မယူရင်လည်း သူတို့ရဲ့ တစ်ပတ်စာအတွက် အနားယူချိန်က ခရီးသွားရင်း အချိန်ကုန်ရတော့မယ့် အနေအထားဖြစ်နေတယ်။ သူတို့ထဲကတစ်ယောက်က တာဝန်ခံကျောင်းအုပ်ပါ။ ကျောင်းရှိ အစိုရ၀န်ထမ်းကလည်း အဲဒါအကုန်ပါပဲ။ တစ်ခြားလိုအပ်တာရှိရင် ရွာကိုအကူအညီတောင်ပါတယ်။ ရွာကလူကြီးလူငယ်တွေက လိုအပ်သလို အကူအညီပေးကြရပါတယ်။ ( မင်္ဂလာပါ ရုပ်ရှင်ကားထဲကလိုပါပဲ)

ဒီရွာကကလေးတွေရဲ့ ပညာရေးကံကြမ္မာက မြို့ကလာတဲ့ဆရာမတွေ လက်ထဲရောကနေသလို ဖြစ်သွားတယ်။ သူတို့ရှိရင်စာသင်ရတယ်။ သူတို့မရှိရင်စာသင်ခွင့် မရကြတော့ဘူး။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပြောပြောနေတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးဆိုတဲ့ ကိစ္စ ကိုအရမ်းကြီးတော့ နားမလည်ပါ။ ဒါပေမယ့် ဉာဏ်မီသလောက် စဉ်းစားကြည့်ရရင် ကိုယ့်ဒေသအတွက်လိုအပ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်အစရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုမှ ဒေသတွင်နေထိုသူတွေထဲက မမွေးထုတ်နိုင်ရင် အဲဒီဒေသမှာနေတဲ့လူတွေဟာ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာက ဘယ်လိုမှရနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်။
ကျွန်တော်တို့မြိုပေါ်က အခြေခံပညာကျောင်းတွေကိုလည်း မြို့ကြီးတွေက ဆရာ၊ဆရာမတွေ တာဝန်ကျတတ်ပါတယ်။ များသောအားဖြင့်တော့ လူငယ်လေးတွေပါ။ အတွေအကြုံက မရှိသေးတော့ ဒေသခံ ဆရာမကြီးတစ်ယောက်ပြောတတ်တဲ့ စကားက “ ဒို့ နယ်ကျောင်းတွေကတော့ အစမ်းသပ်ခံလေးတွေပါ။ အတွေ့အကြုံရှိလို့ အသင်အပြကောင်း လာပြီဆိုရင် မြို့ပေါ်ကိုပြောင်းသွားကြတော့တာပဲ။ “တဲ့။ ဆေးရုံမှာလည်းအတူတူပါပဲ။ ကျွန်တော်တို့မြို့က တိုက်နယ်ဆေးရုံလေးမှာလည်း ဆရာဝန် မမြဲတာက ပုံမှန်ကြီးလိုဖြစ်နေတဲ့ ပြဿနာပါ။

ပိုဆိုးတာက တွဲဖက်ကျောင်းတွေ ကိစ္စ။ တွဲဖက်အထက်တန်ကျောင်း ဆိုတာတွေက အစိုးရအထက်တန်ကျောင်း (အထက) တစ်ခုခုနဲ့တွဲပြီး အလုပ်လုပ်ကြရတယ်။ သူတိုဆီမှာ ၉ တန်း ၁၀ တန်း တွေသာဖွင့်ထားတာ အထက်တန်ပြဆရာရယ်လို့ အစိုးရက တစ်ယောက်မှ တာဝန်ချပေး မထားတော့ ဆရာ၊ဆရာမ ခန့်ထားရေးကို ရွာကပဲ လုံးဝတာဝန်ယူရတယ်။ များသောအားဖြင့်တော့ ရွာကတက္ကသိုလ်ကျောင်းသူလေးတွေက ၀င်လုပ်တတ်ကြတယ်။ လခကလည်းရွာကပေးတာ မက်လောက်အောင်လည်းမများတော့ လုပ်ချင်သူလည်းအရမ်းနည်းတယ်။ တွဲဖက်ကျောင်း ဆရာခန့်ထားရေးနဲ့ပတ်သက်ပြီး၊ ကျောင်းတွင်းအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်တတ်တာတွေပြောရရင် ပြောလို့ပြီးမှာမဟုတ်တော့ဘူး။

အခုပြောခဲ့တာတွေကိုကြည့်ရင် ရွာဘက်တွေမှာ အစိုးရပညာရေး ယန္တရားက ( အမှတ် ၂ တုန်းကပြောခဲ့သလို ) ဆရာအင်အား၊ သင်ထောက်ကူပစ္စည်းအင်အား အားနည်းရုံတင်မဟုတ်ပဲ။ ဆရာ၊ဆရာမ အရည်အချင်းက အာမလခံချက်မရှိဘူး။ စာသင်ချိန်ကလည်း ပြည့်မီချင်မှ မီတယ်။ ကျွန်တော်အထင်ပြောရရင် အစိုးရပညာရေး စနစ်အောက်မှာ ဆရာအရည်အချင်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထားရှိပြီး မြို့ပေါ်မှာရော တောရွာတွေမှာပါ၊ တွဲဖက်ကျောင်းပဲဖြစ်ဖြစ် အစိုးရကျောင်းပဲဖြစ်ဖြစ် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံမှ တာဝန် ထမ်းဆောင်ခွင့် ပေးသင့်ပါတယ်။

မြို့နေတောနေ လူတန်းစားတွေဆိုတာကတော့ ရှိနေမှာပါ။ တောရွာတွေမှာ ၀န်ထမ်းမပြည့်စုံမှု အပါအ၀င် အခြားပြဿနာတွေ လျော့နည်းသွားအောင် ပညာရေးစနစ်ကောင်းရှိဖို့က အရေးကြီးလှပါတယ်။ တက္ကသိုလ်ဝင်ခွင့် စနစ်အပါအ၀င် ပညာရေးစနစ်ကြီးက ညံ့ဖျင်းနေဦးမယ်ဆိုရင်တော့ တောနေပြည်သူတွေရဲ့ (ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှု အပါအ၀င် ) ဘ၀ကကြမ္မာတစ်ခုလုံးက တပါးသူကိုအားကိုးနေရလို့ ကမောက်ကမ အခြေအနေတွေနဲ့ အမြဲတွေ့နေရဦးမှာပါပဲ။
(မင်္ဂလာပါ ရုပ်ရှင်ကားထဲက မြိုသားကျောင်းဆရာ ၂ ယောက် ရွာကနေအပြီးပြန် တော့မယ်ဆိုတာသိလိုက်ရလို့ ရွာသားတွေ ငိုနေကြတဲ့ ဇတ်ဝင်ခန်းကို ခုထိမှတ်မိနေသေးတယ်။ ရွာခံကျောင်းဆရာ မရှိလေတော့ မြိုကရောက်လာတဲ့ ဆရာ ၂ ယောက် အပေါ်မှာ ကလေးတွေရဲ့ပညာရေးကို ပုံအပ်ထားရတယ်။ သူတို့ရှိရင်ပညာရေးရှိတယ်။ သူတို့မရှိရင် ပညာရေးမရှိတော့ဘူး လို့ပြောရလောက်အောင်ကို အခြေအနေက ဆိုးနေတာတွေရတယ်။)

2 comments:

Anonymous said...

ဒီကိစ္စလေး အတော် စိတ်ဝင်စားစရာ ကောင်းပါတယ် ။ ထပ်ပြီး ရေးပါဦးလား ။ Rural Education ဆိုပြီး လေဘယ်လ်လေး တပ်ထားပါတယ် ။

တချို့ပြောပြချင်တာ...

(၁) နိုင်ငံခြားမှာဆိုရင် ဆရာဆရာမတွေ ကျူရှင်ပြစားတဲ့ စနစ် လုံးဝမရှိပါ ။ သူတို့ကို လစာ အလုံအလောက် ပေးထားတယ် ။ ကျူရှင်မပေးရလို့ ထုတ်ပြန်တယ် ။

(၂) ဗမာပြည်မှာလို ကျူရှင်တက်မှ စာမေးပွဲအတွက် tip ရမယ် မရှိပါ ။ ကျူရှင်တွေက ပုဂ္ဂလိကက လုပ်တာဆိုတော့ ဘာမှမဆိုင် ။

(၃) ကျောင်းသားဦးရေ နဲ့ ဆရာဦးရေကို ပညာရေးဌာနက အမြဲ ကြီးကြပ်တယ် ။ ဆရာတွေ မလုပ်ကြတော့သလို ဖြစ်လာရင် ၊ လူတွေ ဆရာလုပ်ချင်လာအောင် သူတို့က နည်းလမ်းတွေ ကြံစတယ် ။ အများအားဖြင့်တော့ လစာတိုးပေးတာပါပဲ ။

စင်္ကာပူမှာဆို ဆရာလုပ်တာ လစာအတော်လေး ကောင်းတယ် ။ ဒါပေမယ့် လုပ်ရတာကလည်း stress များတော့ ၊ ထွက်တဲ့သူတွေ ရှိတယ် ။

(၄) နောက် မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း တက်မယ်ဆိုရင် တနှစ် ဘယ်သူမဆို ဆရာသင်တန်း တက်ရတယ် ။ မတက်မနေရ ။ အဲဒီက အောင်မှ ဆရာလုပ်ခွင့်ရတယ် ။ ဒါက ဆရာ ဆရာမတွေ အရည်အချင်းကို သေချာ စိစစ်တာမျိုးပေါ့ ။

sss said...

I know two teachers when I lived at Samar village which is seven miles far from KyaukSe town. One of them is from city but he married a woman from that village and now he is one and only one teacher in this village primary school. There are two or three teachers use to comes from KyaukSe town. But, after a while, they just disappear. Another one is native and he graduated from University of Mandalay. He went to teaching college and went back to his native village to teach at his village primary school. Finally, Thanks to them, all children from these two villages get good education. I respects them from my heart.(To Saya Ko Aung Kyaw Oo and Saya Myo)

 

© 2007 IngridGrey By Arephyz