(၁)
( ကျွန်တော်တို့နိုင်ငံ လက်ရှိပညာရေး စနစ်က ပေးလိုက်သော ပညာများသည် ကျောင်းဆင်းလူငယ်များအတွက် လက်တွေ့ဘ၀တွင် အသုံးမတည့်လှဘူးထင်၍ (ဈေးကွက်မ၀င်ဘူးထင်၍ ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါသည်။ http://educationinmyanmar.blogspot.com ဘလော့ဂ်မှ အနာဂါတ်အတွက် ရင်သွေးငယ်များ ပို့စ်တွင် ဒီအကြောင်း comment ရေး၍ ဆွေးနွေးဘူးပါသည်။ ဆွေးနွေးခဲ့စဉ်က အခြေခံပညာ အကြောင်းသာပါခဲ့ပါသည်။ အခုဒီပို့စ်တွင် အဆင့်မြင့်ပညာ အကြောင်းအဓိက ထား၍ပြောသွားပါမည်။)
လက်ရှိမြန်မာနိုင်ငံ တက္ကသိုလ်ကြီးများတွင်( အဝေး နှင့် ဒေး ) ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးသည် ကျောင်းသားအရေအတွက်အများဆုံး ဖြစ်မည်ထင်ပါသည်။ ၄င်းတက္ကသိုလ်မှ ဆင်းလာသော ကျောင်းသားမျာသည် B. A. သို့မဟုတ် B. Sc. ဘွဲ့များကိုရရှိကြပါသည်။ ဘွဲ့ရပြီးနောက် အများစုက မိရိုးဖလာ စီးပွာရေး ( ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအ၀ယ်၊ နှင့် စက်ရုံအလုပ်ရုံ စသည်) လုပ်ငန်းတို့ကို လုပ်ကြသူကများပါသည်။ မိမိအဓိကယူခဲ့သော ဘာသာတွဲနှင့် ပတ်သက်သည့် (ပုဂ္ဂလိက၊ အစိုးရ) အလုပ်အကိုင် ရရှိသူလည်းရှိပါသည်။ သိုသော် ကျောင်းဆင်းအရေအတွက်နှင့် စာလျှင် အရမ်းနဲပါသည်။ ထို့ကြောင့် တက္ကသိုလ်ကပေးလိုက်သော ပညာမှာ ဘွဲ့ရအများစုအတွက် အသုံးမတည့်သလို ဖြစ်နေပါသည်။ ကျောင်းသားအများစုအတွက် ငွေကုန်၊ အချိန်ကုန်ခံ ကျောင်းတတ်ခြင်းက အမြီးတပ်လို့ရရုံ၊ ဘွဲ့ဓါတ်ပုံရိုက်လို့ရရုံ လောက်သာဖြစ်နေတယ်လို့ ထင်ပါသည်။
ဘွဲ့ရပုဂ္ဂိုလ်အများအတွက် တက္ကသိုလ်က ပေးလိုက်သော ပညာဟာ အသုံးမ၀င်သလိုဖြစ်လာရင် တက္ကသိုလ်ရှိနေခြင်းကပင် အဓိပ္ပါယ်မရှိနိုင်တော့ဟုထင်ပါသည်။ ထို့ကြောင့်ကျောင်းသားအများစုတတ်သော ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကြီးများကို ဈေးကွက်ဝင်သည့် ပညာတွေပေးနိုင်သော ကျောင်းကြီးတွေအဖြစ် ပြောင်လဲပေးလိုက်နိုင်ရင်ပိုကောင်းလိမ္မည်ဟု ထင်ပါသည်။ ကျောင်းဆင်းအများစု ကျင်လည်ရမယ့် ဘ၀တွေဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ဆိုင်ရာ အသိပညာတို့ကို ပေးလိုက်နိုင်ရင် (ကျောင်းသားများရဲ့ လက်တွေ့ဘ၀မှာ ပိုမိုအသုံးတဲ့နိုင်တာမို့) ပိုမိုတိုးတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အဲလိုအပြောင်းအလဲ တွေလုပ်မယ်ဆိုရင်တော့ လက်ရှိသုံးစွဲနေတဲ့ ဌာနတို့ ဘွဲ့တို့ရဲ့ အမည်တွေပြောင်းလဲသွားနိုင်ပါတယ်။
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး စနစ်တွေ အရမ်းကိုမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်ပေမယ့် (တောင်သူလယ်သမားတို့ တတ်မြောက်ထားတဲ့) စိုက်ပျိုးရေး နည်းပညာဟာ မိရိုးဖလာအဆင့် ထက်မသာသေးဘူးထင်ပါတယ်။ ရေဆင်းတက္ကသိုလ် အခြေအနေတော့ မသိပါ။ ကျေးလက်နေလူဦးရေ အရမ်းများပြားသော ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုး၊ မွေးမြူရေး နည်းပညာ နိမ့်ကျမှုကို လစ်လျူရှုပြီး အဆင့်မြင့်သိပ္ပံပညာ နောက်ကို လိုက်နေခြင်းကတော့ ပုဆိုးဖင်ပေါက်ကို မဖါပဲ ပလက်တီနန်ဆွဲကြိုး ၀ယ်လိုသူနဲ့တူနေပါတယ်။ အဲဒီဆွဲကြိုးကြီးအမှန်တကယ် ၀ယ်နိုင်ရင်တောင် မတင့်တယ်နိုင်သေးပါ။
(၂)
အခုဆက်ပြောမယ့် အပိုင်းကတော့ နည်းပညာတက္ကသိုလ်နဲ့ ပိုဆိုင်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်တွေက အရည်အချင်းညံ့နေတော့ နိုင်ငံခြားဖြစ်ပစ္စည်းဆိုမှ အထင်ကြီးတာက တော်တော် အခြေအနေဆိုးနေပြီ။ အခုဆိုရင် ကလေးကစားစရာ ပစ္စည်းတောင်နိုင်ငံခြားက ၀ယ်လာမှ (ပို့ပေးမှ) ဂုဏ်ရှိသလိုဖြစ်နေပြီ။ နိုင်ငံခြားတိုင်းပြည်တွေက အရာရာမှာကိုယ့်ထက် တိုးတတ်နေကြတော့ သူတို့ဆီက လာတဲ့ ပစ္စည်းတွေက ပိုကောင်းနေကြမှာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲအတွက် ရေပြွတ်ထုတ်တဲ့ လုပ်ငန်းကိုတော့ မြန်မာနိုင်ငံက ရှေ့တန်းက ဦးဆောင်မနေရင်တောင် နောက်တော့ကျမနေသင့်ဘူးထင်တယ်။ ခုတော့ ဒါကိုလည်း နိုင်ငံခြားကပဲ ၀ယ်သုံးနေရတာပါပဲ။ ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က သက်ဆိုင်ရာဌာနတွေ ဘာတွေလုပ်နေကြလဲ။ အခြားအဆင့်မြင့်တဲ့ သုတေသနတွေလုပ်နေရတာနဲ့ အလှမ်းကျယ်အလယ်လပ် ဖြစ်နေတာလား။ ဘာအခက်အခဲတွေများ ရှိနေကြလို့လဲ။ တကယ်ဆိုရင် ဒီလိုပစ္စည်းမျိုးကို ပြည်တွင်းတက္ကသိုလ်တွေက ရှာဖွေတွေ့ရှိထားတဲ့ နည်းပညာတွေနဲ့ ပြည်တွင်းကစက်ရုံတွေမှာပဲ အကောင်းဆုံး ထုတ်လုပ်နိုင်သင့်ပါတယ်။ (ရိုးရာသင်္ကြန် သံချပ်ကလည်း နိုင်ငံခြားကလာမှ နားထောင်လို့ ရတော့တယ်လို့ စဉ်းစားမိတော့ ရေပြွတ်ကိုနိုင်ငံခြားက ၀ယ်သုံးရတာလည်း မဆန်းပါဘူး လို့ပြောလို့လည်းရမလားမသိဘူး။) ရိုးရာပွဲတော်အတွက် ကလေးကစားစရာကို ပြည်ပကတင်သွင်း နေရတဲ့ အဖြစ်က မြန်မာစာကောင်းကောင်းတတ်ခြင်ရင် လန်ဒန်ယူနီဗာစီတီ သွားတတ်ရတယ်ဆိုတာမျိုးလို ဖြစ်နေပြီ။
ဒီအကြောင်းတွေက ပြောရရင်အများကြီးပဲ။ ကျောင်းသားသုံးစာရေးကိရိယာ အမျိုးမျိုး၊ အင်ဂျင်နီယာ ကျောင်းသားသုံး T-square, set-square တွေအပြင် ပေတံကအစ ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် မကြိုးပန်းကြဘူးထင်တယ်။ လျှပ်စစ်စွမ်းအားမလုံလောက်မှု ကြောင့်ဈေးကွက်ဝင်လာတဲ့ ပစ္စည်းတွေ (ဥပမာ ..အရေးပေါ်လျှပ်စစ်မီးအိမ်၊ မီးအားမြှင့်စက်၊ UPS) ကိုလည်း ပြည်တွင်မှာထုတ်လုပ်တာလည်း ရှိတော့ရှိပါလိမ္မယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ၀ယ်ယူရတာတော့ တော်တော်များတယ်ထင်တယ်။ မီးအားမပြည့်တာက မြန်မာပြည်ရဲ့ သီးသန့်ကိုယ်ပိုင်ပြဿနာပါ။ အခုပြောခဲ့တဲ့ ပစ္စည်းတွေက အခြားနိုင်ငံမှာဆိုရင် သိပ်ရောင်းရမယ်မထင်ပါဘူး။ ဒီပစ္စည်းထုတ်လုပ်ဖို့နည်းပညာဆိုတာ၊ ဒီပစ္စည်းတွေထဲက circuit ဆိုတာတွေဟာ မြန်မာတွေလိုက်လို့ မမီနိုင်လောက်အောင် ခက်ခဲမြင့်မားနေတာတော့ မဟုတ်လောက်ပါဘူး။ မဟာတန်း ပါရဂူတန်းတွေလည်း ဖွင့်လစ်သင်ကြားနေတယ်ဆိုတော့ သုတေသနလုပ်ငန်းတွေလည်း လုပ်တော့ လုပ်နေကြမှာပါ။ မိမိတို့ရဲ့ဈေးကွက်လိုအပ်ချက်နဲ့ မိမိတို့ပြည်သူတွေကြားက ပြဿနာတွေကို လေ့လာမှုအားနည်းနေကြပြီး ကျောင်းပြထမ်းချက် ပြီးဆုံးအောင်သင်တာလောက်နဲ့ပဲ ကျေနပ်နေရတာများတယ် ထင်ပါတယ်။
ဈေးကွက်ဝင်ပညာရေးစနစ် ပို့စ်ကို ရေးရတဲ့အကြောင်းကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေလေးတွေကို ကျွန်တော်စဉ်းစားမိသလောက် ပြောပြချင်လို့ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ ဆရာ ဆရာမတွေကို အပြစ်ပြောလိုခြင်းမရှိပါ။ သူတို့မှာလည်း ကျွန်တော်စဉ်းစားသလို (ကျွန်တော် စဉ်းစားသည်ထက် ပိုကောင်းသော )အတွေးတွေရှိ နေနိုင်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ဖြစ်နေရတဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ အပြင်ကဝေဖန်သူဆိုတာ အမှန်တကယ်အလုပ်လုပ်နေတဲ့ လူလောက်တော့ လုပ်ငန်းခွင်အခက်အခဲကို နားမလည်းနိုင်ပါ။ ဒါကြောင့် ဒီပို့စ်မှာအားနည်းချက်တွေ အများကြီးရှိနေနိုင်ပါတယ်။
(အနာဂါတ်တွက် ရင်သွေးငယ်များ ပို့စ်မှာ comment ရေးခဲ့စဉ်က အခြေခံပညာ အဆင့်မှာ လက်တွေ့ဘ၀အတွက် အမှန်တကယ် အသုံးဝင်မယ်ထင်သော အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မပြောခဲဖြစ်တာလေးကို ဒီမှာနည်းနည်းပြောလိုပါတယ်။ ကျား/မ သဘာဝ အသက်အရွယ်အလိုက် တွေ့ကြုံရတတ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိမ်ထောင်ရှင်တွေသိထားသင့်တဲ့ ကျန်းမာရေး အသိပညာတွေဆိုတာကိုလည်း ( ဆရာဝန်အချို့ကတော့ ပညာပေးစာအုပ်ကြီးတွေ ရေးသားထုတ်ဝေနေတာ ရှိပေမယ့်) အစိုးရပညာရေးမှာတော့ (အခြေခံအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ) လုံးဝမပါဝင်တာတွေ့ရပါတယ်။ လူငယ်တချို့ကြားမှာဆိုရင်လည်း အဲဒီလိုပညာပေးစာအုပ်တွေ ဖတ်ရမှာ (မေးမြန်းဆွေးနွေးရမှာ) ကိုရှက်ရမှာလို ကြောက်ရမှာလိုထင်နေကြတယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေဆိုရင် အခြေခံပညာ အထက်တန်းအဆင့် ကတည်းက စနစ်တကျ သင်ပေးလိုက်သင့်တယ်ထင်ပါတယ်။).
8 comments:
ဒီအတွေးအခေါ်တွေ သဘောတူပါတယ် ။ ဆက်ရေးပါဦး ။
နိုင်ငံခြားမှာတော့ တက္ကသိုလ်တက်သူတွေဟာ
(၁) ကိုယ်နဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေမှာ အလုပ်သင် ၆လ - ၁နှစ်လောက် မဖြစ်မနေ ဆင်းကြရပါတယ် ။
(၂) နောက်ပြီး ကိုယ့်လိုင်းနဲ့ ပတ်သက်ပြီး Final Year Project လုပ်ရတာလည်း ရှိပါတယ် ။
အဲဒီ ၂ခုကနေပြီးတော့ ကိုယ့်လိုင်းရဲ့ industry မှာ ဘာတွေဖြစ်နေသလဲဆိုတာ လေ့လာနိုင်အောင် ၊ အဲလို ပြဌာန်းထားတာပါ ။
ဟုတ်ကဲ့ မgT
ပြည်ပက အခြေအနေလေးတွေ မျှဝေပေးတာ ကျေးဇူးပါ။ ကျွန်တော်လည်း စဉ်းစားမိသလောက်ရေး ထားတာပါ။ လိုအပ်ချက်တွေအများကြီး ရှိနေမှာပါ။ ဆက်ရေးနေပါတယ်။ ဆက်လည်းဝေဖန်ပေးပါဦး။
ကျွန်တော်ထင်တာမြင်တာလေးတွေကို ဆွေးနွေးပါရစေ။ ကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ B.A, B.Sc. တွေ ဘွဲ့ရပြီး စီးပွားရေးလုပ် (အမှန်ကတော့ ကြုံရာလုပ်ကြတာပါ) တာဟာ သူတို့ရတဲ့ ဘွဲ့နဲ့ သက်ဆိုင်တဲ့ အလုပ်တွေကို ဖန်တီး မပေးနိုင်လို့ ဖြစ်နေတာပါ။ နိုင်ငံတနိုင်ငံ တိုးတက်ဖွံ့ဖြိုး ဖို့နေရာမှာ စိုက်ပျိုးမွေမြူရေး၊ ရောင်းဝယ်ရေးနဲ့ မလုံလောက်ပါဘူး။ ဥပမာ B.Sc Mathematics တယောက်က ရောင်းဝယ်ရေး လုပ်နေမယ်ဆိုရင် ပေါင်း၊ နုတ်၊ မြှောက်၊ စား ထက်သူပိုတတ်စရာမလိုပါဘူး။ ဒါပေမယ် သူသာ သင့်တော်ရာမှာ လုပ်ပို်င်ခွင့်ရှိမယ်ဆိုရင် တိုင်ပြည်အတွက်အရေးပါမယ့် Data တွေ Analysis လုပ်မယ်၊ Probability တွေတွက်မယ်၊ Statistical Data ထုတ်ရမယ် စတဲ့ အလုပ်တွေ လုပ်ရမှာပါ။ ဒီလိုလုပ်မယ်ဆိုရင် တိုင်းပြည်မှာ ရေးကြီးတဲ့ အချက်အလက်တွေ စနစ်တကျသိလာမယ် ဘာတွေပြင်ဆင်ရမယ်ဆိုတာလုပ်လို့ ရတာပေါ့။
တခြားသော B.A တွေ B.Sc. ဘွဲ့တွေကို စိုက်ပျိုးရေးပညာရှင်၊ အင်ဂျင်နီယာ၊ ဆရာဝန်တွေလိုအပ်သလို ကျွန်တော် တိုင်းပြည်က လိုအပ်သလို လိုပါတယ်။
ဟုတ်ပါတယ် ကျွန်တော်တို့ နိုင်ငံမှာ အခုအချိန်မှာ Ph.D ထက် အခြေခံပညာက ပိုလိုအပ်သလို ညူးကလီးယား ကိုလုပ်နေတာထက် တဧက စပါး တင်တရာထွက်ဖို့ ကို လုပ်ဖို့လိုအပ်တယ်လို့ထင်ပါတယ်။
ဟုတ်ကဲ့ကိုပီတိ။ ပညာတတ်တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေဖန်တီးပေးဖို့လိုတယ် ဆိုတဲ့အချက်ကို ကျွန်တော်သတိ မရလိုက်ဘူး။ တခြား ကိုပီတိပြောသွားတာ အားလုံး ကျွန်တော်နဲ့ တူတယ်ထင်ပါတယ်။ အခုလိုထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။
အခြေခံ လိုအပ်ချက်တွေ အရင်ဖြည့်ရမယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အဆင့်မြင့်ပညာတတ်တွေ ပီအိပ်ခ်ျဒီ စတာတွေ မလိုဘူးဆိုတာကို လုံးဝ လက်ခံလို့မရပါဘူး။ တအေက ကို တင်းတရာ ထွက်ဖို့ကို သာမာန် အခြေခံပညာရေးပဲ ရှိတဲ့လူတွေ က ဘယ်လို လုပ်မှာလဲ ဆိုတာ စဉ်းစားစရာပါ။ ဆိုင်ရာ ပညာရှင်တွေလိုတယ်လို့ထင်မိကြောင်းပါ။
Bluephoenix အခုလို ဆွေးနွေးတာကို ကျေးဇူးတင်ပါတယ်။ တိုင်းပြည်မှာ Research လုပ်ဖို့ရာ Ph.D တွေ အဆင့်မြင့်ပညာကို တတ်ကျွမ်းသူတွေကို လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော် ဆိုလိုချင်တာက အခု အစိုးရရဲ့ Policy လို အပြကောင်းအောင် လုပ်နေတဲ့ Ph.D ကိုပါ။
ရှိနေတဲ့ Ph.D တွေကို လက်တွေ့မှာ နေရာပေး လုပ်ဆောင်ခြင်း မရှိပဲ၊ အဆင့်မမှီ Ph.D တွေကို ပြီးစလွယ် လုပ်နေတာကထက်၊ အခြေခံပညာရေးကို ပိုအရေးပေးသင့်တယ် ထင်လို့ပါ။
ကိုအောင်ဝင်းရော ကိုပီတိရော ပြောတာတွေ မှန်ပါတယ် ။ ကျမအမြင်တော့ သူ့ နေရာနဲ့သူ ပညာရှင်တွေ တတ်ကျွမ်းသူတွေ ရှိသင့်တယ် ။ သုသေသန ပြုဖို့တွက် ၊ ခေတ်နဲ့အမှီလိုက်နိုင်ဖို့တွက် PhD လို ပညာရှင်တွေ လိုအပ်သလို ၊ နေ့စဉ်ကိုင်တွယ်နေရတဲ့ စိုက်ပျိုးရေးလို နေရာတွေမှာ ၊ ကျွမ်းကျင် နားလည် တတ်ကျွမ်းသူတွေရဲ့ experience နဲ့ လေ့လာမှုတွေ အရေးကြီးတယ် ။
ရွက်ဝါရဲ့ ဒုတိယပိုင်းမှာ
(၁) နိုင်ငံခြားဖြစ်ကို အထင်ကြီးတဲ့ကိစ္စ.. ဒါကတော့ နိုင်ငံတိုင်းမှာ ရှိနေတဲ့ ကိစ္စတခုပဲ.. အနည်းနဲ့အများပဲ ရှိတယ် ။ အဲဒါနဲ့ ပတ်သက်ရင် ကျမတို့ အတုယူသင့်တဲ့ နိုင်ငံတွေကတော့ ကိုရီးယား နဲ့ ဂျပန်ပဲ ။ သူတို့က nationalism ရှိကြတယ် ။ ကိုရီးယားမှာဆိုရင် Samsung brand ကို ၊ တကယ့်အလေးထား သုံးကြတာမျိုး .. ကားဆိုလည်း သူတို့နိုင်ငံဖြစ်ကား.. အီလက်ထရွန်နစ်ပစ္စည်းဆိုလည်း သူတို့ နိုင်ငံဖြစ်ပဲ သုံးတယ် ။ အဲလို သုံးနိုင်ဖို့လည်း သူတို့မှာ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ Samsung လို ကုမ္ပဏီတွေရှိတယ် ။
(၂) အင်ဗာတာ ဒီဇိုင်းဆိုတာ ခက်တယ် မခက်ဘူးဆိုတာထက် existing technology ဖြစ်တဲ့အတွက် ၊ လုပ်ရင်ဖြစ်နိုင်တဲ့အရာပဲ ။ ..ဒါပေမယ့် ကျမသိသလောက်တော့ ဗမာပြည်မှာ အင်ဗာတာထုတ်နိုင်တဲ့ စက်ရုံမရှိဘူးလားလို့ ။ ဒါကြောင့် ပြည်ပကပဲ ၀ယ်နေရတာ များတယ် ။
ဗမာပြည်မှာ ကိုယ်ပိုင်စက်မှုလက်မှု လုပ်ငန်း အတော်လေး နည်းပါးသလိုပဲ ။ ဒါကလည်း အစိုးရက အထောက်အပံ့မပေးတော့ ၊ ဘယ်ဖွင့်ကြမလဲ ။
စင်္ကာပူမှာဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ လာဖွင့်အောင် ၊ နောက် နိုင်ငံသားတွေ ကုမ္ပဏီထောင်ချင်စိတ် ရှိလာအောင် တချို့ နိုင်ငံစီးပွားရေးအကျိုးပြု SME (small-medium enterprises) အတွက် ၊ အစိုးရက ထောက်ပံ့ကြေး ထုတ်ပေးတတ်တယ် ။
(၃) တရုတ်ပြည်က ပစ္စည်းတွေကတော့ ၊ နေရာတိုင်း သူတို့က ဖြန့်နေတာလေ ။ ဗမာပြည်လည်း သူတို့ ဈေးကွက်အောက်ဒဏ်ကို အနည်းနဲ့အများခံရမှာပဲ ။ ဒါပေမယ့် ရွက်ဝါ ထောက်ပြသလို.. ဗမာတွေက နိုင်ငံခြားပစ္စည်းမှ အကောင်းဆိုတာတော့ နည်း၂ လွန်နေသလိုပဲ... ဘာမဟုတ်တဲ့ ထိုင်း ၊ တရုတ်ပြည် ပစ္စည်းတွေကိုလည်း အကောင်းထင်နေတာတော့ မခံချင်စရာ ။
ကျမရဲ့ dream ကတော့ ၊ နိုင်ငံခြားပြန် ခေတ်ပညာတတ်လူငယ်တွေ ပေါင်းပြီး ၊ ပြည်သူလူထုတွက် အကျိုးရှိမယ့် စက်မှုနည်းပညာနဲ့ ပစ္စည်းတွေ ထုတ်လုပ်ချင်တယ် ။ တဖြည်းဖြည်း samsung လို ကုမ္ပဏီတခု ဗမာပြည်မှာ ဖြစ်လာစေချင်တယ် ။
ခုခေတ် ဗမာပြည်က တွေ့ ဖူးသမျှ ကုမ္ပဏီအများစုဟာ ၊ သူတို့ စားဝတ်နေရေးတွက် ၊ အမြတ်အစွန်းကိုပဲ ကြည့်ကြတယ် ။ သူတို့ကို အပြစ်ပြောတာ မဟုတ်ပါဘူး ။ ဒါပေမယ့်.. အဲလိုကုမ္ပဏီတွေ ရှိနေသမျှ ၊ ခုလိုပဲ နိုင်ငံခြားက ပစ္စည်းတွေနဲ့ပဲ ပြည်သူတွေ အားကိုးနေရမယ်လို့ ကျမ မြင်မိတယ် ။
ကိုပီတိ နဲ့ bluphoenix
တို့ရဲ့ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ အငြင်းပွားရလောက်အောင် ကွဲပြားမှု ကျွန်တော်တို့ ၃ ယောက်လုံးမှာ မရှိကြဘူး လို့ထင်ပါတယ်။
အခြေခံပြည်သူတွေအတွက် လိုအပ်တဲ့ အသိ/အတတ် ပညာတွေကို ပညာရေးစနစ်က ပေးလိုက်ဖို့လိုအပ်တယ်ဆိုပေမယ့်၊ အဆင့်မြင့်သိပ္ပံပညာ လေ့လာခြင်း နဲ့ အဆင့်မြင့်ပါရဂူတန်းတွေ ဖွင့်လှစ်သင်ကြားခြင်းကို ရပ်နားလိုက်ဖို့မဆိုလိုပါဘူး။
ဒုတိယပိုင်းအတွက် မgT
ပြောသွားတာတွေကလည်း လက်မခံနိုင်စရာမရှိပါဘူး။ ထောက်ပြသွားတဲ့အထဲမှာ ကျွန်တော်သတိမထားမိတာ လေးတွေလည်း အများကြီးပါနေပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ တင်ပြပုံ ညံ့ဖျင်းမှုကြောင့်ဖြစ်မယ်ထင်တယ်။ ကျွန်တော်အဓိကပြောချင်တဲ့ အချက်က ဖတ်တဲ့သူမရလိုက်ဘူး။
ကျွန်တော်က ပြည်ပက လာတဲ့ပစ္စည်းတွေကို အထင်ကြီးနေကြတဲ့ ပြည်သူကို အပြစ်ပြောချင်နေတာ မဟုတ်ပါဘူး။ မိမိပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းက ထုတ်မပေးနိုင်တဲ့ ကိစ္စကို အဓိကပြောချင်တာပါ။ စက်မှုလုပ်ငန်းတိုးတတ်ဖို့က အစိုးရရဲ့အထောက်အပံ့ အများကြီးလိုတယ်ဆိုတာ လက်ခံပါတယ်။ ပညာရှင်တွေဘက်က နည်းပညာထောက်ပံ့ပေးဖို့ကလည်း တော်တော်အရေးပါတယ်လို့ ယူဆပါတယ်။ လက်ရှိပညာရေးစနစ်က မိမိပြည်တွင်းက ဈေးကွက်လိုအပ်ချက်နဲ့ ပြည်သူကြားက ပြဿနာအပေါ်လေ့လာမှု အားနည်းနေတယ်လို့ ထင်ပါတယ်။ (သူတို့ဘက်ကလည်း အခက်အခဲတွေ အကန့်အသတ်တွေ ရှိနေနိုင်ပါတယ်။)
အားလုံးကိုကျေးဇူးတင်ပါတယ်။
Post a Comment