Thursday, August 2, 2007

ကိုယ်တွေ့လေး တစ်ခု

တမြန်နေ့က မရောက်တာကြာပြီဖြစ်သော သူငယ်ချင်းတစ်ယောက်အိမ်သို့ရောက်သည်။ သူငယ်ချင်း၏ ကလေးနှစ်ယောက် မောင်ဂျော့ ( ၆တန်း ) နှင့် နှစ်မငယ် မေ ( သူငယ်တန်း ) တို့က မလာတာကြာပြီဖြစ်သော ကျွန်တော့်ကို အပြေး ထွက်လာကြိုကြသည်။ ခဏတစ်ဖြုတ်ထိုင် မိခင်ဖြစ်သူနှင့် စကားစမြည် ပြောနေစဉ် မောင်ဂျော့က ဦးရဲမွန် သားကို စာကြည့်တိုက် လိုက်ပို့ပေးပါဟုပြောလာသည်။ မေကလည်း သူပါလိုက်မည်ဟု ပြောလေသည်။ ဒါနဲ့ ဘာကြောင့်တုန်းဟု မေးတော့ ကျောင်းမှ ဆရာမက နွေရာသီ ကျောင်းပိတ်ရက်မှာ စာအုပ် အတော်များများ ဖတ်ခိုင်းလိုက်သည်ဟု ဆိုသည်။ ဖတ်ပြီးလျင် အနှစ်ချုပ်ရေးပြီး ဆရာမကို ပြန်တင်ရပေမည်။ သူငယ်တန်း ကျောင်းသူမကလည်း သူ့စာအုပ်စာရင်းနှင့်သူပင်။

သို့နှင့် ကလေးနှစ်ယောက်ကို ခေါ်ကာ ရပ်ကွက်ထဲရှိ စာကြည့်တိုက်ကို ရောက်သွားလေသည်။ ရန်ကုန်ရှိ ဗြိတိသျှကောင်ဆယ် စာကြည့်တိုက်အလား ခမ်းနားသည့် စာကြည့်တိုက်မှာ ကလေးစာအုပ် လူကြီးစာအုပ်များဖြင့် ပြည့်နှက်နေသည်။ ကလေးများ ဖတ်ချင့်စဖွယ် ဆေးရောင်စုံချယ် အရုပ်များများပါသည့် စာအုပ်များကလည်း အပုံအပင်။ မေ တစ်ယောက်ကတော့ စာအုပ်များကြား လူးလာခတ်၍ ရွေးချယ်နေလေသည်။ မောင်ဂျော့တစ်ယောက်လည်း စာအုပ်များသွားရွေးနေသည်။ ကျွန်တော်ကတော့ မေ့ စာအုပ်စာရင်းကို ကြည့်ပြီး ၄ အုပ်ခန့်ရွေးထုတ်လာသည်။ ပြီးနောက် မောင်ဂျော့ကိုယ်တိုင် ဘားကုဒ် စကင်ဖတ်၊ ပြန်အပ်ရမည့်ရက် တံဆိပ်တုံးရိုက်ပြီး စာအုပ်များကို ထုတ်ယူလာကြလေသည်။

အပြန်လမ်း ကားမောင်းရင်း အတွေးနယ်ချဲ့မိသည်။ ငါ ... သူငယ်တန်းတုန်းက စာကြည့်တိုက် တစ်ခါမှ မရောက်ဘူးခဲ့၊ ခြောက်တန်း အရွယ်တုန်းကလည်း စာကြည့်တိုက်ကို ဖုန်သုတ်ဖို့ စာအုပ်စီဖို့သာ ရောက်ဖူးခဲ့သည်။ စာအုပ် တစ်ခါမှ ငှားမဖတ်ဘူးခဲ့။ ဒီကလေးတွေများ စာကြည့်တိုက်သွားရမှာ ပျော်လို့ရွှင်လို့။ စာအုပ်တွေ တကိုင်ကိုင်နဲ့ ပြန်လာကြသည်။ ဘာလို့ ဒီလိုကွာခြားနေပါလိမ့်။ အခုခေတ် မြန်မာပြည်ရှိ ကလေးတွေရော စာကြည့်တိုက် သုံးနေကြပြီလား စသည်ဖြင့်ပေါ့။

စာဖတ်ခြင်းဟာ လောက တံခါးကို ဖွင့်ပေးနေတာ ဆိုခဲ့လျင် ဒီကလေးနှစ်ယောက်အတွက် တံခါးတွေက ပွင့်ပြီးသား ဖြစ်နေပါကလားဟု ကျေနပ်စွာ တွေးရင်း အိမ်ကို ပြန်လာမိပါတော့တယ်။

0 comments:

 

© 2007 IngridGrey By Arephyz