Tuesday, January 29, 2008

ကျောင်းသားအခွင့်အရေး

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနဲ့ပတ်သက်တဲ့အမြင်ကို 'ကျောင်းသားဝတ္တရား'ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ရဲ့ ဥက္ကဌလုပ်နေတဲ့ အသက်၂၀ကျော် အရွယ်လောက်မှာတုန်းကတည်းက ရေးခဲ့တာဖြစ်ပေမဲ့ ခုလက်ရှိ မျက်မှောက် ခေတ် နဲ့ လာပြီး ကိုက်ညီနေတာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျဟူသော အများအယူအဆ၏ တိမ်ခြင်း၏ အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက် ကျသည့် အယူမျှသာ ဖြစ်ပေသည်
လို့ ရေးခဲ့ပါတယ်။ အဲဒါဟာ ကျောင်းသားတွေရဲ့ ပညာတတ်မြောက်မှုကို စာမေးပွဲတခုတည်းနဲ့ ဆုံးဖြတ်ခြင်းက မမှန်ကန်ဘူး ဆိုတာကို ဝေဖန်ထားတာပါပဲ။

ဒါဖြင့် ပညာတတ်မြောက်မှုကို ဘာနဲ့ တိုင်းတာအဖြေရှာသလဲဆိုတာကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ ထည့်ပြောထားပါတယ်။
ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ဓမ္မရေးပြဿနာ အရပ်ရပ်တို့ကို စိစစ် ဝေဖန် ဖြေရှင်းတတ်သောပညာ နှင့် စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ နှစ်ရပ် ကို ခွဲခြား၍ ထားလေသည်
လို့ ဗိုလ်ချုပ်က ပညာသိနဲ့ သညာသိကို ခွဲပြခဲ့ပါတယ်။ သညာသိဆိုတာက အလွတ်ကျက်မှတ်ပြီး သိထားတဲ့ သာမန် ဥာဏ်ရည်ပါ။ ပညာသိဆိုတာကတော့ ဆင်ခြင်သုံးသပ်ဝေဖန်နိုင်စွမ်းရှိတဲ့ ထိုးထွင်း ဥာဏ်ရည် ပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာ စာသင်သားတွေကို ဝေဖန် သုံးသပ်တတ်အောင် စဉ်းစားဆင်ခြင် ချင့်ချိန် တတ်အောင် စာသင်ခန်းကနေ ပညာရေးကနေ လေ့ကျင့် သင်ကြား ပေးသင့်တယ်လို့ ဆိုလိုတာပါပဲ။

တနည်းအားဖြင့်တော့ ဒါဟာ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးတော ကြံစည် ပြောဆိုခွင့်၊ ဝေဖန် သုံးသပ် ဆွေးနွေးခွင့် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်သလို ဒီမိုကရေစီပညာရေး စနစ် ထဲက ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ကျောင်းသား အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဒီမိုကရေစီနိုင်ငံကောင်း အဖြစ် တည်တံ့အောင် ထိန်းနိုင်ဖို့ အတွက် လူငယ် ကျောင်းသားတွေကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးအောင် စာသင်ခန်းထဲမှာ လေ့ကျင့် ပျိုးထောင် ပေးတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့
ယနေ့ဖြစ်သော ကျောင်းသားများသည် မနက်ဖန် ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏၊ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာနှင့် ညီအောင် အုပ်ချုပ် နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ် နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ ရဲတပ်များ ကစားနည်းများကို ထွင်ကြရလေ၏
လို့ ကျောင်းသားတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ညွှန်ပြခဲ့ပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ ရှင်းလင်း ဖော်ပြထားချက်အရဆိုရင် ပြည်ကြီးသားဆိုတာက တရားမျှတတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်တတ်သူတွေပါပဲ။ တနည်းအားဖြင့်တော့ ဒီမိုကရေစီနည်း ကျကျ စည်းကမ်းရှိရှိ နေသူတွေပဲ ဖြစ်ပါတယ်။

တကယ်လည်း တိုးတက်တဲ့ အမြင်ရှိကြတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ကျောင်းသားတွေဟာ အခြေခံပညာ ကျောင်းတွေကအစ တက္ကသိုလ်တွေအထိ အဲဒီ အခြေခံလူ့အခွင့်အရေး ကျေင်းသားအခွင့်အရေးတွေကို အပြည့်အ၀ ရနေကြတာပါ။ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာ၊ အချင်းချင်း Debate လို့ခေါ်တဲ့ အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲတွေ၊ ကျဘမ်း စကားပြောပွဲတွေ၊ နံရံကပ်စာစောင်တွေကို အပြိုင်အဆိုင် ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာပါ။ ဒါဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်ပညာ ပွင့်လင်းမှုကို အားပေးတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းဝန်းကျင်မှာ ကျေနပ် ပျော်ရွှင် ကြတာကြောင့်မို့လို့ ပြဿနာ ထွေထွေထူးထူးလည်းမရှိတော့ပါဘူး။

မြန်မာနိုင်ငံမှာကတော့ ကျောင်းဆိုတာဟာ ကျောင်းသားတွေကိုစာသင်ခန်းထဲမှာ အချိန်ပြည့် ပိတ်လှောင် ထားပြီး ဆရာ ဆရာမ အဆင့်ဆင့်က အထပ်ထပ် ထိန်းချုပ်ထားတဲ့ စနစ်ထဲမှာ ရှိနေတဲ့ နေရာတခုပါပဲ။ ကျောင်းချိန်အတွင်း ဘယ်လို အဖွဲ့အစည်း အသင်းအပင်းမှ ဖွဲ့ခွင့်မရှိတဲ့အပြင်၊ လူ၅ယောက်ထက် ပို စုဝေးခွင့် မရှိ၊ စကားစုဝေး ပြောပွဲ မရှိရ၊ ဘယ်လို စာစောင်စာအုပ်မှလည်း ရေးခွင့် ဖြန့်ချိခွင့်မရှိ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း တောင်းဆို တင်ပြခွင့် မရှိပါဘူး။ ပိုဆိုးတာကတော့ ကျောင်းသားအရေးကို စုပေါင်းဆွေးနွေး ဖြေရှင်းပေးနိုင်တဲ့၊ စည်းကမ်းတကျ တင်ပြ တောင်းဆိုပေးနိုင်တဲ့ ကျောင်းသားတွေအတွက် ကိုယ်စားလှယ် အဖွဲ့အစည်း သမဂ္ဂလည်း မရှိတာမို့၊ ကျောင်းသားတွေဟာ ကျောင်းသားတွေရရမယ့် အခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးနေကြရတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့
လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂ ရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင် ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မ ကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောကတွင် လူ လုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်
လို့ ဆိုပါတယ်။

အဲဒီအပြင်
နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ် မလုပ်တတ် မကိုင်တတ် မဖြစ်ရလေအောင် ကျွန်ုပ် တို့ သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင် ထား၏၊ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ် ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း
လို့လည်း ဗိုလ်ချုပ်က စေတနာထားပြီး တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီမိုကရေစီပညာရေးထဲမှာ ကျောင်းသားတွေအတွက် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံကြီးသားပီသတဲ့ လူမှုဆက်ဆံရေးတွေကို တတ်မြောက်နိုင်ဖို့ ဆိုတာတွေကိုသာမက ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးကိုပါ ဦးတည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီပညာရေး တည်ဆောက် နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး အာဏာပိုင်တွေအနေနဲ့ ကျောင်းပညာရေးထဲမှာကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
(စက်တင်ဘာ ၁၀ ၊၀၇)

Monday, January 21, 2008

အက်ဆေးများရေးသားခြင်း (အပိုင်း-၃)

လိုအပ်သော အချက်အလက်များစုဆောင်းခြင်း

အက်ဆေးများရေးသားတဲ့ အခါမှာ အချက်အလက်များ စုံလင်စွာ စုဆောင်းနိုင်မှုဟာ အဓိက ကျပါတယ်။ စာကြည့်တိုက်ကနေ အသုံးဝင်မယ်ထင်တဲ့ စာအုပ်တွေ အကုန်မပြီး လှန်လှောကြည့်ရတာကတော့ အလွန်လွယ်ကူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တချို့အကြောင်းအရာတွေကို လေ့လာနိုင်တာမှန်ပေမယ့် အက်ဆေးကောင်းကောင်း ရေးသားနိုင်ဖို့အတွက်တော့ ဒီနည်းဟာ အသုံးမ၀င်ပါဘူး။

ပထမဆုံး လုပ်သင့်တဲ့အချက်က မေးခွန်းကို သေသေချာချာ ဖတ်ခြင်းပဲဖြစ်ပါတယ်။ အက်ဆေးခေါင်းစဉ်ကို ဖတ်ပြီးတာနဲ့ ဆက်စပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချကြည့်ပြီး၊ ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ စဉ်းစားသင့်ပါတယ်။

တက္ကသိုလ်တွေမှာ အက်ဆေးခေါင်းစဉ်တွေကို (၃)ပတ်ခန့် ကြိုပေးတတ်ပါတယ်။ ခေါင်းစဉ်သိပြီးတာနဲ့ ချက်ချင်းစတာ အကောင်းဆုံးပါပဲ။ ကျောင်းသားအများစု ဖြစ်တတ်တာက အချိန်လိုပါသေးတယ်ဆိုပြီး၊ ရွှေ့နေရင်းနဲ့ (၃)၊ (၄)ရက်အလိုကျမှ တောင်မင်းမြောက်မင်း မကယ်နိုင် ပျာယာခတ်ကြတဲ့ ကိစ္စပါ။ ကျွန်မတို့ တက္ကသိုလ်မှာတော့ တရက်နောက်ကျရင် တမှတ်လျှော့တဲ့ စနစ်ရှိပါတယ်။ စောစောစခြင်းဟာ စာကြည့်တိုက်က စာအုပ်တွေ၊ ဂျာနယ်တွေကိုလဲ စုံစုံလင်လင် ရစေနိုင်တာမို့ အကျိုးရှိပါတယ်။ အတွေးအခေါ်အသစ်တွေလဲ တိုးစေနိုင်ပါတယ်။

ကျွန်မလုပ်လေ့လုပ်ထရှိတာကတော့ ခေါင်းစဉ်ရတဲ့နေ့မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချပြီး၊ နောက်တနေ့ ရောက်တာနဲ့ ဒီမေးခွန်းတွေနဲ့ ဆက်စပ်မယ့် စာအုပ် (၅)အုပ်ခန့်နဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် article (3) ခုခန့်ကို သွားရှာပါတယ်။ စာအုပ်နဲ့ စာရွက်စာတမ်းစုချိန်ကို (၁)ရက်ခန့် သေချာပေးသင့်ပါတယ်။ scanned reading ပုံစံနဲ့ သေချာရွေးပြီးတဲ့ အခါကျမှ နောက်ရက်တွေမှာ တပတ်ခန့်ကို သေချာအသေးစိတ် နားလည်အောင် ဖတ်ပါတယ်။ ဒီကြားထဲမှာ လိုအပ်မယ်ထင်ရင် စာရွက်စာတမ်း အသစ်တွေ ထပ်စုပါတယ်။

ဥပမာ- ဆိုပါစို့။ rural- urban migration နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခုကို အက်ဆေးရေးရမယ်ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တာက ဒီအကြောင်းအရာနဲ့ ပတ်သက်မယ့် မေးခွန်းလေးတွေပါ။ အပိုင်းက နှစ်ပိုင်းပါပါတယ်။ rural sector နဲ့ urban sector ပါ။ ဦးဆုံး urban sector ကို လေ့လာကြည့်ရအောင်။ urban sector မှာ ဘယ်လိုပုံစံမျိုးရှိတဲ့ economy တွေ ရှိမလဲ။ urbanization ကို ဘယ်အချက်တွေက ဖြစ်စေသလဲ။ ပြီးတဲ့အခါကျမှ urbanization ဖြစ်စေတဲ့အထဲမှာ rural migration ပါတယ်ဆိုတဲ့ အချက်ကို ဆွဲယူပြီးတဲ့အခါ rural sector အကြောင်း ဆက်ပြောသင့်ပါတယ်။ ကျေးလက်ဒေသရဲ့ အဓိက economy ကတော့ agriculture ပါပဲ။ ဒီအကြောင်း အနည်းငယ် ဆိုပြီးတာနဲ့ ကျေးလက်ကလူတွေ မြို့ပြကို migrate ဘာကြောင့်လုပ်သလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေက influence လုပ်သလဲဆိုတာ ဆက်လေ့လာသင့်ပါတယ်။ ပြီးတော့မှ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ economic model တွေ (Harris-Todaro, Stark model) ကို ဆက်လေ့လာရေးသားမယ်ဆိုရင် အက်ဆေးကောင်း တပုဒ် ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရပ်ထဲက အက်ဆေးတခုပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပုံစံအမျိုးမျိုး ရှိပါလိမ့်မယ်။ ကျွန်မက basic framework အနေနဲ့ ဥပမာပေးတာပါ။

အက်ဆေးတပုဒ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရနိုင်တဲ့ sources တွေ အများကြီးပါ။ course guide တွေထဲမှာ လေ့လာသင့်တဲ့ references စာအုပ်တွေ၊ သုတေသနစာတမ်းတွေ ပါပါတယ်။ lecture တွေမှာ ဆရာတွေသင်ရင်း ပေးသွားတဲ့ sources တွေ ရှိပါတယ်။ တခါ website တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေထဲမှာလဲ တချို့သော အကြောင်းအရာတွေ ရှိပါတယ်။

အက်ဆေးအတွက် စပြင်ဆင်တာနဲ့ မှတ်စုစာအုပ်အသစ်တခု ထုတ်ဖို့ အကြံပေးလိုပါတယ်။ ဒီအထဲမှာ idea တွေ၊ quotation တွေ၊ ဥပမာပုံစံတွေကို ရေးသားထားခြင်းအား ဖြင့် အက်ဆေးစရေးတဲ့အခါမှာ အချက်အလက်တွေ အစီအစဉ်တကျဖြစ်ဖို့ အလွန်ပဲ အသုံးဝင်ပါတယ်။ source တခုရတိုင်း စာရေးဆရာ၊ စာအုပ်နာမည်၊ ထုတ်ဝေတဲ့ခုနှစ်၊ ထုတ်ဝေတဲ့စာအုပ်ကုမ္ပဏီ စတာတွေကို မှတ်ထားဖို့ မမေ့ပါနဲ့။ References list မှာ ဒါတွေကို ထည့်သွင်းရမှာပါ။ အက်ဆေးများ အဆုံးမှာ ရည်ညွန်းကိုးကားများ ထည့်ပုံထည့်နည်းနဲ့ ပတ်သက်လို့ကိုတော့ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးပါဦးမယ်။

အက်ဆေး outline ချခြင်း

အက်ဆေးတပုဒ်ရေးသားတဲ့နေရာမှာ Basic structure ဟာ အရေးကြီးပါတယ်။ ကြိုတင် plan ချပြီးမှ ရေးသားရင် ရေးသားရတာ လွယ်ကူသလို စာလုံးအရေးအတွက် လိုနေတာ ပိုနေတာမျိုးစတဲ့ ပြဿနာတွေကိုလဲ ရှောင်ရှားနိုင်ပါတယ်။

ယေဘုယျအားဖြင့် အက်ဆေးတပုဒ်မှာ နိဒါန်း၊ စာကိုယ်၊ နိဂုံး (၃)မျိုးပါတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ နိဒါန်းကဏ္ဍဟာ ဖတ်သူကို ပထမဆုံးစတင် ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ခေါင်းစဉ်ရဲ့ ဘယ်လို aspects တွေကို ရေးသားဖော်ပြမယ်ဆိုတဲ့ clear idea ကို စာဖတ်သူကို ပေးဖို့ လိုအပ်ပါတယ်။

စာကိုယ်ပိုင်းကတော့ အဓိက အချက်အလက်တွေကို ဥပမာတွေ၊ ပုံတွေနဲ့ ရှင်းလင်းရတာပါ။ paragraph တခုဆီတိုင်းမှာ main point နဲ့ supporting evidences တွေ ရှင်းရှင်းလင်းလင်း ပါဝင်နေဖို့ လိုပါတယ်။ အချိန်ရမယ်ဆိုရင် အက်ဆေးစာအုပ်များကို ဖတ်မှတ်လေ့လာကြည့်ပါ။ main idea နဲ့ supporting evidences များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။

နိဂုံးပိုင်းကတော့ main ideas များကို summarize လုပ်ရတာပါ။ ပြတ်သားတဲ့ အဖြေတခုကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ မေးခွန်းက agree လား၊ disagree လားဆိုရင် ထင်မြင်ချက် တခုခုကိုပေါ့။ တခါတရံမှာ မေးခွန်းက နောက်ဆက်တွဲ implications တွေ၊ future trends တွေကို suggest လုပ်စေလိုတဲ့ သဘောပါဝင်တတ်တယ်။ အဲဒီအခါမှာလဲ ဒီအချက်တွေကို နိဂုံးမှာ ထည့်သွင်းရပါမယ်။

အက်ဆေးစာလုံးအရေအတွက်နဲ့ ပတ်သက်လို့ကတော့ များသောအားဖြင့် စာလုံးရေ (၁၅၀၀)မှ (၃၀၀၀) ဖြစ်တတ်ပါတယ်။<

နိဒါန်းမှာ 7-8% of total length ၊ နိဂုံးမှာ 12-15% of total length ကို သုံးပြီး ကျန်တာကိုတော့ စာကိုယ်မှာ သုံးမယ်ဆိုရင် structure ကောင်းတဲ့ အက်ဆေးတပုဒ် ဖြစ်လာနိုင်ပါတယ်။

အက်ဆေးစတင်ရေးသားခြင်း

အက်ဆေးစတင်ရေးသားတဲ့အခါမှာတော့ style ဟာ အရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် စတိုင်ကိုပဲ သုံးဖို့ လိုအပ်ပါတယ်။ စကားပြောအသုံးအနှုန်းနဲ့ စာရေးသားခြင်း အသုံးအနှုန်းနှစ်ခုကို ခွဲခြားရေးဖို့ လိုပါတယ်။ အတိုကောက်စာလုံးတွေ သုံးမယ်ဆိုရင် ပထမဦးဆုံး စာလုံးရှည်သုံးပြီးဘေးမှာ ကွင်းနဲ့ အတိုစာလုံးကို အရင်ရေးပါ။ ပြီးမှ အတိုကောက်စာလုံးများကို ဆက်သုံးပါ။ တခါတရံမှာ စာကြောင်းရှည်အနည်းငယ် သုံးဖို့လိုပေမယ့် များသောအားဖြင့်တော့ short sentences များပဲသုံးပါ။ ရှင်းလေလေ၊ စာဖတ်သူနှစ်သက်လေလေပါပဲ။

Layout နဲ့ ပတ်သက်လို့ကတော့ ပုံတွေ၊ model တွေ ထည့်ဖို့လိုမလို၊ subheading တွေ ပါဖို့ လိုမလိုဆိုတာ အက်ဆေးခေါင်းစဉ်ပေါ်ကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်စေလိုပါတယ်။

Paragraph များခွဲတဲ့အခါမှာ စာပိုဒ်ရဲ့ပထမဆုံးစာကြောင်းဟာ main point ဖြစ်သင့်ပါတယ်။ တခါတရံမှာလဲ main theme ရဲ့ positive, negative aspects များကို ဖော်ပြရတာမို့ theme တခုတည်းကိုတင် နှစ်ပိုဒ်၊ သုံးပိုဒ်ဖြစ်တတ်ပါတယ်။

စာပိုဒ်တခုနဲ့တခုအကူးမှာ ဒုံးတိကြီးမဖြစ်နေအောင် တခုနဲ့တခု အဆက်အစပ်စကားလုံးလေးတွေ ထည့်ပေးဖို့လဲ လိုအပ်ပါတယ်။ အသုံးများတဲ့ Transition စကားလုံးများကို ဖော်ပြရရင်

(1) Contrast ဖြစ်တာကို ဆိုချင်တဲ့အခါ but, however, on the other hand, yet

(2) Illustrations များပြချင်ရင် for example, that is

(3) Extension လုပ်ရင် similarly, moreover, furthermore, in addition

(4) အချက်အလက်ကို conclude လုပ်ချင်ရင် Therefore, consequently, as a result, thus

(5) နောက်ထပ် step တခုကို ကူးချင်ရင် then, after that, ultimately

စတာတွေပဲ ဖြစ်ပါတယ်။

အားလုံးရေးပြီးသွားတဲ့အခါကျရင်တော့ စာလုံးပေါင်းများကို သေချာပြန်စစ်သင့်ပါတယ်။ မတော်တဆအမှားသေးလေးတွေကြောင့် အမှတ်လျော့မခံပါနဲ့။ နှမျောစရာကောင်းပါတယ်။ ဘယ်နေရာမဆို၊ ဘာတွေပဲလုပ်လုပ် First impressions အရေးကြီးတယ်ဆိုတာကလဲ အမြဲမှန်နေတဲ့ အမှန်တရားဖြစ်တာကြောင့် Appearance လှနေဖို့အတွက်ကိုလဲ အထူးဂရုစိုက်ပါ။ ကျောင်းက သုံးခိုင်းတဲ့ font ကိုပဲ သုံးပါ။ page format နဲ့ ပတ်သက်တဲ့ စည်းကမ်းများကိုလဲ အတိအကျ လိုက်နာပါ။ စာမျက်နှာ နံပါတ်များကို သေချာတပ်ပါ။ အမည်နဲ့ ကျောင်းသားနံပါတ်များကိုလဲ သေချာထည့်သွင်းပါ။

အရေးပါတဲ့ နောက်အချက်တခုဖြစ်တဲ့ ရည်ညွန်းကိုးကားများ ထည့်သွင်းရေးသားမှုအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမယ်။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၀၈)

Saturday, January 19, 2008

ပါရဂူဘွဲ့ နဲ့ ကျောင်းအုပ်ရာထူး

ကျောင်းအုပ်တယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတ်မှတ်ချက်တွေကို ပြောခဲ့ပြီးပါပြီ။ ဒီတပတ်တော့ မြန်မာနိုင်ငံက ပါရဂူဘွဲ့ရတစ်ယောက်ရဲ့ အနေအထားကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာက ပါရဂူဘွဲ့ရဖို့ဆိုတာ ဘာသာရပ်ဆိုင်ရာတွေမှာ မဟာဘွဲ့ရပြီးသား ဖြစ်ရပါမယ်။ ပြီးတော့ လက်ရှိ တက္ကသိုလ်တခုခုက ဆရာ ဆရာမ ဖြစ်ရပါမယ်။ ပထမဆုံး ပါရဂူတန်းတက်ရောက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရပါတယ်။ ဒါမှမဟုတ် မဟာဘွဲ့ကို ဂုဏ်ထူး(Credit) နဲ့ အောင်မြင်ထားတဲ့သူတွေဆိုရင် ၀င်ခွင့်မဖြေဘဲ တက်ခွင့်ရနိုင် ပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ ပါမောက္ခတွေအားလုံး ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဖြစ်ရမယ်လို့ သတ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ တချိန်လုံး စာမေးပွဲကိစ္စတွေ၊ အုပ်ချုပ်ရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေရတဲ့ ပါမောက္ခ တွေခမျာ အချိန်အရအမိ လုယူပြီး ပါရဂူဘွဲ့အတွက် သုတေသန စာတမ်းလေးတွေ ရေးရပါတော့တယ်။ စာတမ်းတွေဟာ ကိုယ့်ရဲ့ အဓိကဘာသာရပ်ထဲက အစိတ်အပိုင်းလေးတစ်ခုစီလောက်ကိုသာ ယူရေးရတာမျိုးပါ။ ဒီနေရာမှာ ထည့်ပြောရမှာ တခုက ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တက္ကသိုလ်ပညာရေးစနစ်ထဲမှာက ကျောင်းသား တွေရော ဆရာဆရာမတွေရော ဒရောသောပါးကို အလုပ်လုပ်နေကြရတာပါ။ အရည်အသွေးမပြည့်တဲ့ ပညာရေးဆိုပေမဲ့ အချိန်နဲ့ အင်အားကတော့ အပြည့်ပေးနေရတာပါ။ ဆရာဆရာမတွေဆို အားလပ်ရက် (Vacation) လုံးဝ မခံစားရတော့တဲ့အထိပါပဲ။

ဒီတော့ ဆရာဆရာမတွေအဖို့ ပါရဂူဘွဲ့တခု ယူဖို့ဆိုတာဟာ တော်တော်ကို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြ ရတာပါ။ အချိန်အားဖြင့် ရင်းနှီးကြရရုံသာမက ငွေကုန် ကြေးကျလည်းများတာမို့ တော်တော်ဒုက္ခ ရောက်ကြ ရတာပါ။ ပိုဆိုးတာက ပါရဂူဘွဲ့ရဖို့ လိုအပ်ချက်ကြောင့်သာ အရေးတကြီးလုပ်ရတာမျိုးမို့လို့ တချို့ စာတမ်းတွေဟာ အဖြစ်သဘောလောက်သာ လုပ်ထားရတာမျိုးတွေပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း ကတော့ ပညာရှင်မှန်ရင်.. တက္ကသိုလ်က ဆရာမှန်ရင်... သုတေသန လုပ်နေရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်စနစ်ရဲ့ကျပ်တည်းမှုနဲ့ တာဝန်ကြားမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် သုတေသနလုပ်ငန်းဟာ အင်မတန် ပင်ပမ်း ဆင်းရဲရတဲ့ အလုပ် ဖြစ်နေတာပါ။

ခုချိန်မှာ ပါရဂူဘွဲ့ တခုယူဖို့ သုံးစွဲရမယ့် ငွေဟာ စုစုပေါင်း အနည်းဆုံး သိန်း၃၀၀န်းကျင် ရှိပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခတယောက်ရဲ့ လစာက ၁သိန်းခွဲပါ။ ပါရဂူဘွဲ့ကို ၆နှစ်အတွင်း ရအောင်ယူဖို့ ဘယ်လိုနည်းနဲ့ ယူရမှာ ပါလဲ။ ဒါပေမဲ့ ရေဗူး ပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အာဏာပိုင်များကတော့ တက္ကသိုလ် မှာ ဒေါက်တာဘွဲ့ မရရင် ရာထူးတိုးဖို့ မစဉ်းစားဘူးလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအခါ သင်ကြားရေးပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာပါ လုပ်သက်တွေ အတွေ့အကြုံတွေ အများကြီးရှိနေပြီး တကယ်လည်း အရည်အချင်း အပြည့်ရှိတဲ့ ဆရာဆရာမတွေတောင်မှပဲ ငွေကြေးအကုန်အကျ မတတ်နိုင်တဲ့အတွက် ပါရဂူဘွဲ့ မယူရတာနဲ့ပဲ သူတို့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ ရာထူးနေရာကို မရတဲ့ အခြေအနေ ရောက်သွားတာပါ။

အဲဒီလိုအချိန်မှာပဲ စစ်တပ်က ဗိုလ်မှူးအဆင့်တွေကတော့ တက္ကသိုလ်တွေထဲမှာ ပါရဂူဘွဲ့ယူဖို့ သက်သောင့် သက်သာနဲ့ ရောက်နေကြပါပြီ။ သူတို့အတွက် ပါရဂူ ဘွဲ့ယူရတာက on duty လို့ ပြောပါတယ်။ ဒါကြောင့် သူတို့အတွက် ပါရဂူဘွဲ့ယူဖို့ ကုန်ကျစရိတ်ကို သူတို့ မိခင်ဌာနတွေက တာဝန်ယူ အကုန်အကျခံပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မဟာဘွဲ့တွေ ပါရဂူဘွဲ့တွေ ယူဖို့ သိပ်ကို အဆင်ပြေ လွယ်ကူနေပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၅ခုနှစ်အထိ ပါရဂူဘွဲ့ရပေါင်း ၂၀၀ကျော် သုံးရာနီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိ ပါရဂူဘွဲ့ယူဖို့အတွက် ကျမ်းပြုနေသူများလည်း အမြောက်အများရှိနေပြီ ဖြစ်ပါတယ်၊။ အဲဒီအရေအတွက်ထဲမှာ စစ်ဘက်က အရေအတွက်ကလည်း တ၀က်နီးပါး ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တိုးချဲ့ မြှင့်တင်ရာမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ အားထုတ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ တပ်မတော် နည်းပညာတက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် တွေက အစ နောက်ဆုံး ၀ိဇ္ဇာသိပ္ပံ ဘာသာတွေထိ တပ်မတော် လက်အောက်ခံတွေ မွေးမြူပြီး ထူးချန်သူတွေကို လက်ရှိ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာတော်သင်အဖြစ် သင်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုနဲ့ ရုရှနိုင်ငံက တက္ကသိုလ်တွေမှာ စစ်တပ်လက်အောက်ခံကျောင်းသားများအဖြစ် အပတ်စဉ်အလိုက် ပညာသင်ပြီး သွားကြတာ အရေအတွက် ထောင်ကျော်ရှိသွားပါပြီ။ အဲဒီ လူငယ်လေးတွေဟာ ပါရဂူဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိသူတွေလည်း ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာ တကယ်တမ်း အပင်ပန်းအဆင်းရဲခံပြီး ပါရဂူဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားတာတောင် ဆရာ ဆရာမအရေအတွက် အနည်းအကျဉ်းသာ ပါရဂူဘွဲ့ရခွင့် ရှိသလို ပါရဂူဘွဲ့ရသူတွေဟာလည်း မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ အစိတ်အပိုင်းလေး အနည်းငယ်လောက်ကိုသာ လေ့လာ သုတေသန ပြုထားကြတာဖြစ်တဲ့အတွက် အဲဒီ အခန်းကဏ္ဍကိုသာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိနိုင်တယ်လို့ ပြောရမှာပါ။ ဒါကြောင့် တက္ကသိုလ်တခုရဲ့ ပါရဂူဘွဲ့ဟာ အခြေခံပညာရေးကဏ္ဍမှာ ကျောင်းအုပ်လုပ်ရမယ့် အရည်အချင်း သတ်မှတ်ချက်နဲ့ ဘယ်လိုမှ မအပ်စပ် မညီညွတ်နိုင်ဘူးလို့ သုံးသပ်ရတာပဲ ဖြစ်ပါတယ်။

နောက်ထပ် စဉ်းစားစရာကောင်းတဲ့အချက်ကတော့ ပညာရေးဝန်ကြီးဌာနက ခု ၂၀၀၆- ၂၀၀၇ ပညာသင်နှစ် မှာကိုပဲ အခြေခံပညာကျောင်းတွေမှာ ပါရဂူဘွဲ့ရတွေကို ကျောင်းအုပ်အဖြစ် အုပ်ချုပ်စေတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် စ ဖော်နေပါပြီ။ လောလောဆယ်မှာက မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၉၆၂ကျောင်းရှိတာမို့ ကျောင်းအားလုံး တပြေးညီ ဖြစ်ဖို့ဆိုရင် ပါရဂူ ဘွဲ့ရပေါင်း နှစ်ထောင်နီးပါးလောက်ထိ ရှိဖို့ လိုလာမှာဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အရေအတွက်ကို ဖြည့်ဖို့နဲ့ တချိန်တည်းမှာပဲ တက္ကသိုလ် ပညာရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်မယ်လို့ ပြောထားတာမို့ လိုအပ်လာမယ့် ပညာရှင်ပါရဂူနေရာတွေအတွက်ကိုရော ထည့်စဉ်းစားထားဖို့ လိုပါတယ်။ အဲသလိုဆိုရင်တော့ စစ်တပ်လက်အောက်ခံအနေနဲ့ ပြည်တွင်းပြည်ပမှာ ပညာသင်ထားကြရတဲ့ ပါရဂူများကသာ ပညာရေးရဲ့ အရေးကြီးသော ကျောင်းအုပ် ပါမောက္ခချုပ်လို နေရာတွေကို မလွဲမသွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးရဲ့ တသွေးတသံတမိန့် အလေ့အထနဲ့ အုပ်ချုပ်မှု ကြောင့် ၁၉၆၂ ခုနှစ်ကနေစလို့ ပညာရေးလွတ်လပ်ခွင့်တွေမှာ ဆုံးရှုံးနိမ့်ကျလာခဲ့ကြတာ ခုဆို ၃၅နှစ်ကျော် ကြာခဲ့ပါပြီ။ ခုလည်း စစ်တပ် လက်အောက်ခံ ပညာတတ်ပါရဂူ ဆိုသူတွေက ပညာရေးထဲမှာ အခွင့်ထူးခံအနေနဲ့ တဖြည်းဖြည်း နေရာယူလာပြီ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပညာရေးစနစ်ကိုသာ ရလိုတဲ့ မျိုးဆက်သစ်တွေ အနေနဲ့ တော့ စဉ်းစားသုံးသပ်ရမယ့် အနေအထားတရပ်ဖြစ်တယ်ဆိုတာကို သတိထားကြရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၊သြဂုတ်၊၂၀၀၇။

Friday, January 18, 2008

ကျောင်းအုပ်တယောက်ရဲ့ အရည်အသွေး

ပါရဂူဘွဲ့ရတွေကို အခြေခံပညာအထက်တန်းကျောင်းအုပ်အဖြစ် ခန့်အပ်တဲ့အတွက် အခြေခံပညာရေးလောက မှာ အထွေထွေ ပြဿနာတွေ ရှိလာနိုင်တာကို အကြမ်းဖျဉ်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ခုဆက်ပြီး အခြေခံ ပညာကျောင်းတွေအတွက် ကျောင်းအုပ်တယောက်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ လိုအပ်တဲ့ အရည်အသွေး တွေကို ဆက်ပြီး အသေးစိတ် ဆွေးနွေးသွားပါ့မယ်။

အခြေခံပညာအထက်တန်းကျောင်းတွေကို တာဝန်ခံအုပ်ချုပ်ရမယ့် ကျောင်းအုပ်တွေမှာ မဖြစ်မနေရှိဖို့ လိုအပ်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက Stanford Educational Leadership Institute ရဲ့ သတ်မှတ်ချက်တွေက တကယ်ပဲ စနစ်တကျရှိတာကို တွေ့ရပါတယ်။


သတ်မှတ်ချက်တွေအရတော့ ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေအနေနဲ့ သေသေချာချာရှိသင့်ပြီး ကျောင်းရဲ့သင်ရိုးညွှန်းတန်း (Instructional Curriculum) တွေကို ဦးဆောင် လမ်းညွှန်နိုင်မယ့်သူ ဖြစ်ရပါမယ်။ ပြီးတော့ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ရပါမယ်။ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့လည်း လိုပါတယ်။ အဲဒီအပြင် ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင် ကျွမ်းကျင်သူ၊ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့သူ (Community builder) လည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့်ကတော့ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်းတွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာတွေကို ကျောင်းအုပ်တယောက်မှာ ရှိရမယ့် အရည်အသွေး လိုအပ်ချက်တွေအဖြစ် နဲ့ တွေ့ရပါတယ်။

အဲဒီ သတ်မှတ်ချက်တွေဟာ ပညာရေးပညာရှင်တွေက နိုင်ငံတကာ ပညာရေးတွေကို စောင့်ကြည့် လေ့လာ သုံးသပ်ပြီးမှ ကောက်ချက်ချထားတာဖြစ်တဲ့အတွက် ပညာရေးလောကတခုလုံးကို ကိုယ်စားပြုနိုင်တဲ့ စံအရည်အသွေးတွေပဲ ဖြစ်ပါတယ်။ သတ်မှတ်ချက်တခုဟာ နိုင်ငံတကာစံဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့လည်း မသွေဖီဘဲ ကိုက်ညီတယ်ဆိုရင်တော့ အဲဒါကို ကိုယ့်နိုင်ငံမှာ နည်းနာယူပြီး ကျင့်သုံးသင့် ပါတယ်။ ခုန တင်ပြခဲ့တဲ့ သတ်မှတ်ချက်တွေ တချက်ချင်း ကို မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးလောက အခြေအနေနဲ့ ယှဉ်ပြီး ပြန်သုံးသပ် ကြည့်ရင်လည်း လိုက်လျောညီထွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေ အနေနဲ့ သေသေချာချာရှိသင့်တယ်ဆိုတာဟာ မြန်မာနိုင်ငံမှာလည်း Our Visions ဆိုပြီး အာဏာပိုင်တွေ ကိုယ်တိုင်က တရားဝင် ကြေငြာထားတာပါ၊ ဒါကြောင့် ကျောင်းအုပ်တယောက်အနေနဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် စံမီပညာရေးရဖို့ မျှော်မှန်းတဲ့ Educational visionaries မျိုး ရှိရပါမယ်။

အဲဒီ မျှော်မှန်းချက်နဲ့ ညီအောင် ကျောင်းအုပ်ဟာ ပညာရေးပိုင်း ဆိုင်ရာတွေကို အမြဲ အားထုတ် လေ့လာနေရတာမို့လို့ သူရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ကျောင်းရဲ့ သင်ရိုးညွှန်းတန်း (Instructional Curriculum) ပိုင်းကိုလည်း ဦးဆောင် လမ်းညွှန်နိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် နိုင်ငံတကာမှာက ကျောင်း ပညာရေးထဲမှာ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် Assessment system ကို သုံးတာမို့ ကျောင်းအုပ်လုပ်သူဟာ အကဲဖြတ်စနစ်မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ဖို့ လိုပါတယ်။

နောက်ထပ်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်း တိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ ဆိုတာကတော့ လက်ရှိ မြန်မာနိုင်ငံ ပညာရေးထဲမှာ အလိုအပ်ဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာက အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူ ကိုင်တွယ်နေသူတွေဟာ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်မှုစွမ်းရည် (Management and Leadership skill) နဲ့ ပတ်သက်လို့ စနစ်တကျ လေ့လာ သင်ယူ ထားတာမျိုး မရှိပါဘူး။ အဲဒီအပြင် ရာထူးဌာန နေရာဒေသ တည်ငြိမ်မှုမရှိတာကြောင့် သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံ အရလည်း အားနည်းကြသူတွေ ဖြစ်နေလို့ပါပဲ။ ပြီးတော့ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားညီသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတာလို ကျောင်းအုပ်ဟာ စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ အရေးကြီးပါတယ်။

ကျောင်းအုပ်တယောက်အနေနဲ့ ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင်ကျွမ်းကျင်သူ ဖြစ်ဖို့ ဆိုတာက လည်း ကျောင်းအုပ် ဖြစ်သူဟာ ကျောင်းရဲ့ ငွေကြေးကို စီမံခန့်ခွဲရတာဖြစ်လို့ ဘတ်ဂျက်မှာ ကျွမ်းကျင်ဖို့ လိုတာပါ။ အဲလိုပဲ ကျောင်းအုပ်ဟာ ကျောင်းသား မိဘနဲ့ ဆရာ တို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးကို ထိန်းညှိ ပေးရသူ ဖြစ်တာမို့လို့ လူမှုဆက်ဆံရေး အောင်မြင်သူ (Community builder) ဖြစ်သင့်တယ် ဆိုတာဟာ အထူး ပြောစရာမလိုအောင် အရေးကြီးတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

အဲဒီလိုအပ်ချက်တွေရဲ့ အချုပ်အဖြစ် အရေးပါတဲ့ အချက်ကတော့ ကျောင်းအုပ်ဟာ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်း တွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာပါပဲ။ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ အခြေခံပညာရဲ့အထက်တန်းကျောင်းအုပ်ဟာ အခြေခံပညာရေးအတွက် လိုအပ်ချက်တွေကို သေသေချာချာ သိမှပဲ နားလည်တဲ့သူဖြစ်မှပဲ ကိုင်တွယ်ရမယ့် နည်းလမ်းကို မြင်တတ်မှာပါ။ ပြီးတော့ သူ သိထား တတ်ထားသမျှကို ပြန်ညွှန်ကြားရာမှာလည်း ကျောင်းအုပ်ဟာ လေးစားလောက်တဲ့ အရည်အသွေး၊ အတွေ့အကြုံ နဲ့ ကျွမ်းကျင်လိမ်မာမှု ရှိမှပဲ လက်အောက်ငယ်သားက လေးစားပြီး သူ ညွှန်ကြား အုပ်ချုပ် တာကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။

အပေါ်မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အချက်တွေအရဆိုရင်တော့ ဘာသာရပ်ဆိုင်ရာ ပါရဂူတစ်ယောက်ဟာ အထက်တန်းကျောင်းတစ်ကျောင်းကို ကျောင်းအုပ်တယောက်အဖြစ် ဦးဆောင်နိုင်ဖို့အတွက်ဆိုရင် ဆည်းပူး လေ့လာစရာတွေ အများကြီး ရှိနေသေးတာ အထင်အရှားပါပဲ။ လောလောဆယ်တော့ ရန်ကုန်မြို့လယ်ခေါင်က အောင်မြင်ကျော်ကြားတဲ့ ကျောင်းကြီးတချို့မှာ ကျောင်းအုပ်ကောင်းတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံအောင် လေ့လာဆည်းပူး လေ့ကျင့်မှုမျိုး ရှိမထားတဲ့ ပါရဂူဘွဲ့ရတချို့ဟာ ကျောင်းအုပ်တာဝန်နဲ့ ရောက်နေပြီဖြစ်ပါတယ်၊။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြသွားဦးမှာ ဖြစ်ပါတယ်။

မေငြိမ်း
၁၃သြဂုတ် ၀၇။

Wednesday, January 16, 2008

ကျောင်းအုပ်ရဲ့ အခန်းကဏ္ဍ

မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေကို အဆင့်အတန်း မြင့်မားစေချင်တဲ့အတွက် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ရာထူးနေရာတွေကို တက္ကသိုလ်က ပါရဂူဘွဲ့ရများကိုသာ ခန့်အပ်တော့မယ်လို့ သိရပါတယ်။

ဒီနေရာမှာ ဆွေးနွေးဖို့ ရှိလာတာက မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံနဲ့ အခြေခံပညာကျောင်းရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံတွေ မတူတဲ့ အကြောင်းပါပဲ။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှာဖြစ်ပါတယ်။ တက္ကသိုလ်မှာက ဘာသာရပ်ဆိုင်ရာဌာနအလိုက် ပါမောက္ခတွေ တွဲဖက် ပါမောက္ခတွေက အဆင့်ဆင့် ကိုင်တွယ်ခွဲဝေပြီး အုပ်ချုပ်ပါတယ်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာဆိုရင် တက္ကသိုလ်ကြီးတွေရဲ့ ဘာသာရပ်ဆိုင်ရာ ဌာနအလိုက်ကို ပါမောက္ခ နှစ်ယောက်၊ တွဲဖက်ပါမောက္ခ လေးယောက်ထားပြီး ကိုင်တွယ်ပါတယ်။ ပါမောက္ခ နှစ်ယောက်ကလည်း အုပ်ချုပ်ရေးပိုင်း နဲ့ သင်ကြားရေးပိုင်း လို့ ခွဲခြားပြီး တာဝန်ယူရပါတယ်။ အဲသလိုပဲ တွဲဖက်ပါမောက္ခ၄ယောက်ကလည်း သင်ကြားရေးပိုင်းကို နှစ်ယောက်၊ အုပ်ချုပ်ရေးပိုင်းကို နှစ်ယောက် ခွဲပြီး ကိုင်တွယ် အုပ်ချုပ်ရပါတယ်။

တက္ကသိုလ်အဆင့်မှာက ပါမောက္ခဆိုတာဟာ အနည်းဆုံး ဆရာလုပ်သက် နှစ်အစိတ်လောက် ရှိပြီးသူတွေပါ။ တနည်းအားဖြင့်တော့ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက ဆိုပီး အဆင့်ဆင့် တာဝန်ယူခဲ့ကြပြီးသား ဖြစ်တဲ့အတွက် တက္ကသိုလ်စနစ်အုပ်ချုပ်ရေးနဲ့ ကောင်းကောင်း ကျင့်သားရထားပြီးသူတွေပါ။ ပြီးတော့ တက္ကသိုလ်လောကရဲ့ထုံးစံအရ အဲဒီ ပါမောက္ခများဟာ သူတို့ အုပ်ချုပ်ညွှန်ကြားရမယ့် ဆရာဆရာမတွေရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ဆရာတပည့်အုပ်ချုပ်ရေးမျိုးမို့လို့ လုပ်ငန်းခွင် အတွင်း အဆင်ပြေချောမွေ့မှုမှာ အားသာစေပါတယ်။ ဒါတောင် ပါမောက္ခဆိုတာက ကိုယ့်ဌာနကလေးတခု တည်းကို အုပ်ချုပ်ရတာပါ။

နောက်တဆင့်ကတော့ ပါမောက္ခချုပ်အဆင့်ပါ။ ပါမောက္ခချုပ်ဆိုတာကလည်း ကျောင်းသူ ကျောင်းသားတွေ ကနေ စလို့ ပါမောက္ခတွေ ထိအောင် အစစ အရာရာ တာဝန်ခံပြီး အုပ်ချုပ်ရသူပါ။ ဒီနေရာမှာ ပါမောက္ခတွေ မော်ကွန်းထိန်းတွေကတော့ ၀န်းရံပေးကြရပါတယ်။ တက္ကသိုလ်လောကမှာ ပါမောက္ခလို ဌာနမှူးလို အုပ်ချုပ်ရေးပိုင်းတာဝန်မျိုးမှာ အနည်းဆုံးလုပ်သက် ၁၀နှစ်လောက်ရှိပြီး အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ နာမည် ကောင်းမျိုးလည်း ရှိမှပဲ ပါမောက္ခချုပ် အဆင့်မျိုး ရနိုင်မှာပါ။ တကယ်တော့ ပါမောက္ခ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်၊ စတဲ့ ရာထူးတွေဟာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အဆင့်ဆင့် ခန့်အပ်ရတဲ့ ရာထူးတွေပါ။

အခြေခံပညာကျောင်းတွေမှာဆိုရင်တော့ တကျောင်းလုံးကို ကျောင်းအုပ်က တာဝန်ခံပြီး အုပ်ချုပ်ရပါတယ်။ ကျောင်းအုပ်ကိုလည်း အဆင့်ဆင့် အတန်းချုပ်တွေက ၀န်းရံကူညီတာမျိုး ရှိပါတယ်။ အဓိကကတော့ ကျောင်းအုပ်ဟာ ကျောင်းရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို တာဝန်ခံရတာပါပဲ။ အဲလို တာဝန်ခံဖို့အတွက် ကျောင်းအုပ်ဟာ သူကိုင်တွယ်ရမယ့် ကျောင်းရဲ့အရေးအရာ ကိစ္စရပ်တွေကို ကျွမ်းကျင် ပိုင်နိုင်ရမှာဖြစ်သလို သူ စီမံညွှန်ကြားရမယ့် သင်ကြားရေး နဲ့ သင်ရိုးဆိုင်ရာ အချက်အလက်တွေကိုလည်း နှံ့စပ်နားလည်ရပါတယ်။ အဲဒါဟာ ကျောင်းအုပ်တွေမှာ မဖြစ်မနေ လိုအပ်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ အဲလိုအရည်အချင်းနဲ့ ပြည့်စုံဖို့အတွက်လည်း ကျောင်းအုပ်လုပ်မယ့်သူဟာ သင်ကြားရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေ များများ ရှိနေဖို့ လိုအပ်ပါတယ်။

တကယ်တော့ အခြေခံပညာကျောင်းတွေမှာ ရှိသင့်တဲ့ ကျောင်းအုပ်ဆိုတာဟာ သင်ကြားနည်းပညာ (Teaching Methodology) နဲ့ အုပ်ချုပ်ရေးနည်းပညာ (Administration) တွေကို စနစ်တကျ ဆည်းပူး သင်ယူခဲ့ကြရတဲ့ ပညာရေးတက္ကသိုလ်လိုမျိုးကနေ ဘွဲ့ရပြီး အထက်တန်းပြဆရာဆရာမတွေအဖြစ် လုပ်သက် ရင့်ပြီးသားလည်းဖြစ်တဲ့ ဆရာကြီးဆရာမကြီးတွေသာ ဖြစ်ရမှာပါ။ အဲဒီအပြင် မြန်မာနိုင်ငံမှာက ၀ါရင့် အထက်တန်းပြ ဆရာကြီး ဆရာမကြီးတွေတောင်မှပဲ အလယ်တန်းကျောင်းအုပ် လုပ်ဖူးတဲ့အတွေ့အကြုံ အနည်းဆုံး၂နှစ်ရှိမှ အထက်တန်းကျောင်းအုပ်အဖြစ် သေချာရွေးချယ်ပြီးခန့်ခဲ့တာပါ။ ဒါမှပဲ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး၊ သင်ကြားရေးလမ်းညွှန်မှု နဲ့ ကျောင်းသားရေးရာ ၀န်ထမ်းရေးရာတွေကို ချောချော မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံပညာရေးဟာ အရေးကြီးဆုံး ပညာရေးကဏ္ဍတစ်ခုလည်း ဖြစ်တာမို့ ကျောင်းသားတွေ နဲ့ ဆရာတွေကြားမှာ ပြေပြစ်အောင်မြင်တဲ့ ဆက်သွယ်မှု ဖြစ်ဖို့ကလည်း ကျောင်းအုပ်ရဲ့ အရည်အသွေးအပေါ် အများကြီး မူတည်ပါတယ်။ အဲလိုပဲ ကျောင်းအုပ်လုပ်မယ့်သူရဲ့ အတွေ့အကြုံရှိမှု ပေါ်မှာလည်း မူတည်ပါတယ်။ နိုင်ငံတကာ မှာလည်း အဲလိုပါပဲ။ ရိုးရိုး ကျောင်းဆရာ ၀င်လုပ်တာတောင်မှ ဆရာဖြစ်သင်တန်း ဆင်းပြီးမှ ဆရာ လုပ်ခွင့် ရှိတာပါ။ နိုင်ငံတကာစံအရတော့ ပြည်နယ်အဆင့် မူလတန်းကျောင်းလောက်မှာတောင် ကျောင်းသား ဦးရေ ၅၀၀ကျော်သွားရင် ကျောင်းအုပ်တစ်ယောက်နဲ့ မလုံလောက်ဘူးလို့ သတ်မှတ်တဲ့အတွက် တွဲဖက် လက်ထောက် ကျောင်းအုပ် တစ်ယောက် ထပ်ခန့်ရပါတယ်။

မြန်မာနိုင်ငံမှာကတော့ ကျောင်းသူကျောင်းသား သောင်းဂဏန်းအရေအတွက်လောက်ကိုလည်း ကျောင်းအုပ် တစ်ယောက်တည်းက အုပ်ချုပ်နေတာပါပဲ။ ဒါပေမဲ့ အဲဒီ ကျောင်းအုပ်ကြီးတွေဟာ ပညာရေးထဲမှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့တာတော့ အရည်အချင်းတရပ်လို့ ပြောနိုင်ပါတယ်။ အခု ပါရဂူဘွဲ့ရတဲ့သူတွေ အထက်တန်း ကျောင်းအုပ် လုပ်မယ်ဆိုတဲ့ ကိစ္စမှာ အဲဒီ အခြေအနေတွေကိုပါ ထည့် စဉ်းစားရမှာ ဖြစ်ပါတယ်။

တကယ်တော့ ပါရဂူဘွဲ့ရသူတွေဟာ သူတို့ရဲ့ ဘာသာရပ်ဆိုင်ရာတွေမှာ ပါရဂူမြောက်အောင် တတ်မြောက်သူ တွေသာ ဖြစ်ပါတယ်။ သင်ကြားရေးနည်းပညာ၊ အုပ်ချုပ်ရေးပညာနဲ့ အခြေခံပညာဆိုင်ရာ အရေးကိစ္စ တွေမှာတော့ အတွေ့အကြုံမရှိတဲ့အပြင် စနစ်တကျ သင်ယူတတ်မြောက်ထားသူတွေ မဟုတ်ကြပါဘူး။ အဲဒီအပြင် အခြေခံပညာနယ်ပယ်နဲ့လည်း ရင်းနှီးထိစပ်သူတွေ မဟုတ်တာမို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကိုလည်း ဆောင်ရွက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် တကယ်တမ်း ပညာရှင်တွေရဲ့ အုပ်ချုပ်ရေးမျိုးကို လိုလားလို့ ပါရဂူဘွဲ့ရတွေကိုသာ ကျောင်းအုပ် ရာထူးပေးမယ်ဆိုရင်တောင် အနည်းဆုံး ကျောင်းအုပ်အဖြစ် လုပ်ထုံးလုပ်နည်း မွမ်းမံသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အများကြီးနဲ့ ပြင်ဆင်သင့်ပါတယ်။

တကယ်ပဲ ကောင်းမွန်တဲ့ ပညာရေးစနစ်ထဲမှာ ဆရာ ဆရာမ ကောင်းကောင်း လိုအပ်တယ်ဆိုရင် အဲဒီ ဆရာ ဆရာမတွေကို သေချာ ကိုင်တွယ် ညွှန်ကြားပေးနိုင်တဲ့ စီမံခန့်ခွဲပေးနိုင်တဲ့ ကျောင်းအုပ်ကောင်းကောင်း တွေကိုလည်း ထပ်တူ လိုအပ်လှပါတယ်။
မေငြိမ်း
၆၊၈၊၀၇။

Saturday, January 12, 2008

စင်ကာပူ ပညာရေး ဈေးကွက်--ကျူံးတံခါးလား--ရွှေ တံခါးလား

အချိန်ပိုင်း အလုပ် နဲ့ ကျောင်းစာ

သြချက် လမ်းမကြီးသည် စင်ကာပူ၏ အစည်ကား ဆုံးမြို့လယ် ခေါင် အရပ်တခုဖြစ်သည်။ စနေနေ့၏ လိမ္မော် ရောင် ဖျော့ဖျော့ ညနေစောင်းသည်...တိုးကြိတ် ညပ်သပ်ကာ ခြေချင်း လိမ်မျှ သွားလာ နေကြသော လမ်းဘေး ပလက်ဖောင်းပေါ်မှ လူတို့၏ အရောင် အ၀ါများ ကိုသော်လည်းကောင်း...တ၀က်တပျက် လင်းလက်စ ပြုနေပီ ဖြစ်သော ကုန်တိုက်ကြီး များ၏ နီယွန် ဆိုင်းဘုတ် မီးပန်းဆိုင်း များကိုသော်လည်းကောင်း မထိုးဖောက် နိုင်ပဲ တိတ်ဆိတ် စွာပင် အနောက် ယွန်းယွန်းသို့ ရွေ့လျားနေ တော့သည်။

ထုထယ် ကြီးမား ခန့်ညား လှသော အနီရင့် ရောင် ဂျပန် ကုန်တိုက်ကြီးသည် ဤလမ်းမကြီး ပေါ်တွင်တော့အကြီးမား ဆုံး ဖြစ်ပေလိမ့် မည်။ ကုန်တိုက်ကြီး၏ ပဠမထပ်ရှိ အမျိုးသား ဖိနပ် အရောင်း ဌါန အတွင်း တွင် သပ်ရပ်စွာ ၀တ်ဆင် ထားသော အရောင်း သမားလေး တယောက်သည် ဖိနပ်တွေ တရံပီး တရံ တောင်းယူ စီးကြည့်နေသော ဈေးဝယ် တယောက်၏ ဘေးတွင် စိတ်ရှည် ဟန်ပြု ကာရပ်စောင့်နေ သည်။ သူ့ စိတ်ထဲ တွင်တော့.. တနင်္လာနေ့မှာ အပြီးတင် ရမည့် ပရောဂျက် ကို စိတ်ရောက် နေသည်။ ဖိုးရှုပ် အတွက်... ပိုလီ ဒုတိယနှစ် ရောက်ကာမှ ကျောင်းစာ နဲ့ အချိန်ပိုင်းအလုပ်ကြား..ဗျာများ ချင်လာသည်။

စင်ကာပူ ရောက် သူနာပြုမလေး

မနက်ခင်း မိုးလင်းစ ဆိုတာကို မသိကျိုး ကျဉ်ပြု ကာ နေရောင်သည် စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ အမိုးချွန်ချွန် နာရီစင် ကြီးပေါ်သို့ စူးစူး ရှရှ ထိုးကျ နေသည်။

ည ဂျူတီမှ ထွက်လာ သောသူနာ ပြုဆရာ မလေး ဖွေးဖွေး သည်ဆေးရုံတံခါးမှ အပြင်ဖက် ကို ခြေချ လိုက်ရင်း...တောင့်တင်း နေသော ခြေထောက် အစုံကို သတိထား လိုက်မိသည်။ လေးလံ နေသော မျက်ခွံတို့ ကို အသာ ပွတ်သပ်လိုက်ရင်း သူ့ ၀ါဒ် မှ လူမမာအဖိုးကြီး တည လုံး မအိပ်ပဲ ဂျီကျနေခြင်း ကို စိတ်တိုနေမိ သည်။ တကယ့် တကယ် သူ့မှာ သူနာပြု တယောက် ရှိသင့် ရှိထိုက် သော စေတနာ ၀ါသနာဆို တဲ့ နာ၂နာ ရော လုံ လုံ လောက် လောက်ရှိ ပါရဲ့လား....စင်ကာပူမှာ လာပီး သူနာပြု ဒီပလိုမာ ကို တက်ဖြစ်ခဲ့ဖို့ ဘယ်လို အကြောင်းကံ က များ ဖန်တီး လိုက် ပါလိမ့်...။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက် လျှောက်ဖို့ သာရှိသည်။ သူ့ ဆန်စားတော့ ရဲရမည်ပေါ့။

ပေးစလစ်မှာ သုံးနဲ့စတဲ့ ဂဏန်း လေးလုံး မြင်ရဖို့..

မနက်ခင်း ဝေလီ ဝေလင်း...စင်ကာပူ စက်မူဇုံ ရပ် ကွက်ထဲသို့ ဘတ်စ်ကား ကြီးများ တစင်းပြီး တစင်း ၀င်လာ နေကြသည်။
အပြာနု ရောင် ဖယ်ရီကား သစ်ကြီး နှစ်စင်းသည်လည်း... Chartered Semiconductor ဆိုင်းဘုတ်ကြီး ရှေ့ တွင် ရှေ့ဆင့် နောက်ဆင့် ထိုးရပ်လိုက်သည်။ တနာရီနီးပါးစီးလာသော လမ်း တလျှောက် အိပ်ငိုက် လာသော အောင် အောင်သည်.. ဘေးလူ နှိုး မှ ကသော ကမြော အိပ်ကိုဆွဲကာ လိုက်ဆင်းရသည်။ စက်ရုံ အ၀င် လှေကား အကွေ့မှာ ရှိသော ဈေးရောင်း စက်ထဲ ကိုအကြွေ တချို့ ပြစ်ထဲ့ လိုက်ရင်း ကော်ဖီအေး တဘူးဝယ်ကာ..နံနက်စာကို ဖြည့်တင်းလိုက်သည်။ ဒီနေ့လည်း အိုဗာတိုင် ရှိသည်...ညဥ့်နက်မည်။
ကောင်းတယ်... ပေးစလစ်ပ် မှာ သုံးနဲ့ စတဲ့ဂဏန်း လေးလုံး ကိုမြင်လိုက်ရင် ပမ်းသမျှ တွေ အားလုံး ပြေသွားလိမ့်မည်။ ဒါမှ ပိုလီကြွေး တွေ မြန်မြန် ဆပ် နိုင်ပီး ယူနီကို ဆက်နိုင်မှာ... တသက်လုံး တော့ ဒီပလိုမာ လေးနှင့် ပီးလို့မဖြစ်ဟု အားတင်း လိုက်မိသည်။

တဘာသာ ဒေါ်လာ ငါးရာ

Singapore Immigration က ရောက် လာ သော စာရွက် ကလေး သည် သီတာ့ လက်ထဲမှာ တဖြတ်ဖြတ် ခုန်နေသည်။

Student Pass ကျပီတဲ့... တော်ပါသေးရဲ့.... အလုံးတလုံးတော့ကျသွားပီ။ ရန်ကုန် မှာ အေးဂျင့်နဲ့ လုပ်ရင် တောင်၊ ဒီလောက် ရင်မော ရမည်မထင်...။ ခုတော့ တဘာသာကို ဒေါ်လာ ၅၀၀ နဲ့ ACCA ပထမ အရစ် အတွက် သုံး ဘာသာဖိုးသွင်း ထားရပီမို့ ရောက်နေ တဲ့၂ လ လောက် အတွင်းမှာ ဟိုဟာ ဒီဟာ ကုန်တာတွေနဲ့ဆိုလျှင် ..တော်တော် လေးတော့ ပါးနေပီ။..အရေးကြီး တာ အလုပ် ရှာ ရမည်။ ခက်တာ က အပြင် ကျောင်းတက် သူတွေ အတွက် တရား ၀င် အလုပ် လုပ်ခွင့် မရှိ တော့... ဆိုင်တွေက လည်း ရွံ့တွံ့တွံ့ နှင့် လုပ်ခ နှိမ်ချင် သည်တဲ့။ စာရင်းကိုင်...စာရင်းကိုင် ဆိုလို့ သာ ကိုင်လိုက် ရသည်... ကိုယ်နဲ့ မနီးစပ်တဲ့ ဘာသာ ရပ်မို့.....စာသင် ခန်း ထဲမှာ ရော အဆင်ပြေပါ့ မလား နော်....။ ဘာသာ အကုန်လုံးပေါင်း ၁၃ ခုတောင် ရှိပီး အရမ်း ခက်တယ်တဲ့..။ တော်တော် များများ အပြီးထိ မတက်နိုင် ကျဘူးဆိုပဲ။ သီတာ့ ရင် ထဲမှာ အလုံးတွေ အများကြီး ကျန်နေ ပါ သေးသည်။

စင်ကာပူ ပညာရေး ဇတ်ခုံ ပေါ် က ရင်ခုံသံများ

စင်ကာပူဟာ သူ့နိုင်ငံ ရဲ့ ပညာ ရေး ဇာတ်ခုံ ပေါ်က... ထိုထိုသော ရင်ခုန်သံ များကို အမြဲ နားစွင့် နေ တတ်ပါ သည်။လှပ သပ်ရပ်တဲ့ အထပ်မြင့်တိုက်ကြီးတွေ...ခောတ်မှီသစ်လွင်တဲ့မြို့ပတ်ရထားတွေ.. ထယ်ဝါခန့်ညားတဲ့ ကုန်တိုက်ကြီး တွေ ..အချိတ်ဆက် မိမိ ရှိနေတဲ့ .. လူဦးရေ လေးသန်း ကျော် မှီတင်း နေထိုင်နေတဲ့..ကမ္ဘာ့ အဆင့်မှီ ဆိပ်ကမ်းမြို့ နိုင်ငံလေးဟာ... ၁၈၁၉ ခုနှစ်များဆီက...မလေးရှား ရေ လုပ်သား ၁၅၀ လောက်ပဲရှိတဲ့ တောဖုပ်ဖုပ်ကျွန်းစပ် ကလေး တခု သာ ဖြစ်ခဲ့ တယ်ဆိုတာ...မယုံ ရင် ပုံပြင် လို့သာ မှတ် ရပေလိမ့်မည်။ မြန်မာပြည်မှာ ဆိုရင်တော့.. ဘကြီး တော်နန်း တက်စ အချိန်မို့.. ဘယ်မှာ သိပ်ဝေး သေး သော သမိုင်း ဟုတ်လိမ့် မတုံး..။ အင်္ဂလိပ် က လွပ်လပ် ရေးပေး တော့.. မူလ ပိုင်ရှင် မလေးရှား ကပင် မက်မက် မော မော မရှိခဲ့လို့ လွယ်လွယ် ကူကူ ပင် သီးခြား နိုင်ငံ အဖြစ် စတင် တည် ထောင်ခဲ့ သည်မှာ ၁၉၆၅ ခုနှစ် ကမှ ဆို တော့... ၄၁နှစ် သက်တမ်းသာရှိသေးသော နိုင်ငံလေးသည်.. ခုတော့ ဟန် တွေ ပန် တွေ တခွဲသားနှင့် ဖြစ်နေသည်မှာ.. ဘယ်လို နည်းတွေ ကြောင့်ပါလဲ။

ဒီထက်ပိုလို့ အံ့သြစရာ ကောင်း တာက..သူ့မှာ ဘာတွင်း ထွက် သယံဇာတ မှမရှိ။ စိုက်ပျိုးရန် မြေမရှိ...။ သောက် ရေ သုံးရေ ပင်မရှိ။ သူ လုပ်နိုင် သည်မှာ လုပ်အား များ များ စုဆောင်းဖို့ရန်သာ ဖြစ်သည်။

ဤသို့ဤနှယ်..လူစုဆောင်း သိမ်း သွင်း ခဲ့သော စင်ကာပူ၏ နည်းဗျူဟာ အား..ဆင်ကျူံး သွင်းခြင်း နှင့် အလင်္ကာ ပြုလျှင် ဖြင့်.. သိပ်ပြီး များ လေးလံ သွား လေမလား...။

ကွာ ခြား တာက... စင်ကာပူ လူကျူံး ထဲ ကိုတော့ ... လူတွေ သူ့ထက် ငါ အလု အယက် ၀င်ရောက် လာကြ ခြင်းဖြစ်ပြီး.. နှစ်ဦးနှစ် ဖက်..ကျေနပ် ကျတဲ့ အပေးအယူ တခုဖြစ် နေတာပါပဲ..။ ဒီနေရာမှာ.. အသေ အချာ နစ်နာရသူက.. လူသား အရင်း အမြစ် များ လတ်တလော ဆုံးရှုံး သွားတဲ့ သက်ဆိုင်ရာ နိုင်ငံများ ဖြစ်ပီး.. ၂၁ရာစုရဲ့ ကုစား ရခက်တဲ့ ဝေဒနာတခုမို့.. ဒီလိုပဲ လက် ပိုက်ကြည့်နေ ကြရသည်။နိုင်ငံ တကာသုံး ပညာရပ် စကားနှင့် ပြောရရင်တော့...Recruitment လုပ်သည်ပေါ့...။ သူ့လိုပင် Recruitment လုပ် တိုင်းသူ ပြည်သား စုဆောင်း ခြင်း ဖြင့် နိုင်ငံ ချဲ့ထွင် တည်ထောင်ကြသော.. အမေရိကလို..သြစတြေလျလို.. နယူးဇီလန်တို့ ကနေဒါတို့လို အရင့် အရင် ဘိုးတော် နိုင်ငံများ အများအပြား ရှိသော် လည်း..ကွဲပြားသည့် အချက်က စင်ကာပူ သည် မကျယ်ဝန်းပါ။ ကျဉ်းပင် ကျဉ်းမြောင်း လှသည်မို့..အရည်အတွက် များစေယုံ သက်သက် တော့ လူမစုဆောင်းပါ။ သူအလို ရှိရာ အသက်မွေးဝမ်း ကျောင်း ပညာသည်များ..ကျွမ်းကျင် သူများ ကိုသာ..စိစိ စစ်စစ် ခေါင်းခေါက် ခေါ်ခြင်းဖြင့် လူစုဆောင်း ခြင်းဖြစ်သည်။ ..ဒုံးမယူပါ.... ခေါင်စ ကိုမှ ရွေးယူပါသည်။ ဒီ နည်းဗျူဟာ ကြောင့် ပင် နိုင်ငံပင် သေးလင့်ကစား..ထိုဘိုးတော်နိုင်ငံကြီး များနှင့် သွား ပခုံးချင်း ယှဉ် လက်ချင်း ချိတ် စကားပြော နိုင်လာခဲ့သည်။

စက်မူဇုန် နိုင်ငံ တခု ထူထောင်ရန် အတွက်.. နိုင်ငံတကာ ကုမ္ပဏီကြီးများ ကို.. သက်သာ သော အခွန်နှုံး ထားများ.. ဈေးပေါ သော လုပ်သား အင်အား များဖြင့် အောင်မြင်စွာ စွဲဆောင် နိုင်ခဲ့ခြင်း သည်ပင် စင်ကာပူကို ပွဲဦးထွက် ကောင်း စေခဲ့တော့ သည်။ ယခု ခောတ် စားနေသော..တရုတ်..အိန္ဒိယ..ဗီယက်နမ်..ဈေးကွက်များထက် စောလျင် စွာပင် Business Process Outsourcing (BPO) ကိုအောင်မြင်စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုအချိန်က ခောတ်ပြိုင်များ ဖြစ် သော ကိုရီးယား..တိုင်ဝမ်တို့အကြား..စင်ကာပူရဲ့ အားသာ ချက်ကတော့ အင်္ဂလိပ်စာ ကို ကြားခံအဖြစ် ကောင်းမွန်စွာ အသုံးချနိုင် ခြင်း..ဈေးကွက် လိုအပ်ချက် အတိုင်း စနစ်တကျ သင်ကြား လေ့ကျင့် ပေးထားသော ကျွမ်းကျင် လုပ်သားများ အစဉ်မပြတ် ရှိနေခြင်း ပင်ဖြစ်သည်။

ကိုယ့်ပညာထုပ် ကိုယ်ပိုက်ကာ..ရောက်လာသော ရယ်ဒီမိတ် လူ့အရင်း အမြစ်များ အတွက်..အထူး တလည် သင်ကြားလေ့ကျင့် ပေးနေစရာ မလိုသော်လည်း..မလေးရှားနဲ့ စင်ကာပူ နိုင်ငံသား လူငယ်များ အတွက်တော့.. ပညာရေး အခြေခံ အဆောက်အဦ ကြီး သည် တစတစ ပုံပေါ်လာ ခဲ့ရသည်။ နိုင်ငံပိုင် တက္ကသိုလ်ကြီးများ.. စက်မူ နည်းပညာ ကောလိပ်များ.. သက်မွေးဝမ်း ပညာသင် ကျောင်းများ.. တခုပီးတခု အပြိုင်းအရိုင်း ပေါ်ပေါက် လာခဲ့သည်။ တချိန်တည်း တပြိုင်တည်း မှာပဲ..တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ နှင့်အတူ.. နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ အတွက် အခင်းအကျင်း ကောင်းများ ကို လည်း ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာ အဆင့်မှီဘဏ် ငွေကြေးစနစ်.. ခောတ်မှီဆိပ်ကမ်း..လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အဦ တွေဟာ ပန်းချီကား တချပ် ပေါ်မှာ စုတ်ချက်တွေ တရောင်ပီး တရောင်တင် လိုက်သလို... ခောတ်မှီ မြို့တော်ရဲ့ ကားချပ်ပုံ ပေါ်လို့လာခဲ့သည်။

ကျူံးတံခါး လား ..ရွှေတံခါး လား

နိုင်ငံက ဖွံ့ဖြိုး လာပီဆိုတော့.. အိမ်နီးနား ချင်း တိုင်းပြည် တွေက ဘွဲ့ကြို ကျောင်းသား လူငယ်များ အတွက် ပိုလို့တဖန် မျက်စိကျ ရပြန်ပါပီ။ စင်ကာပူ အစိုးရ ကိုယ်တိုင်ကလည်း ကျောင်းများရဲ့ လိုအပ်မဲ့ စာသင်သား ဦးရေ.. ဈေးကွက်မှာ ဖြည့်စွက်ရမဲ့ လုပ်အား အနေအထားကို ချင့်ချိန် တွက်ချက် ပီးတော့..စနစ်တကျ လက်ခံခဲ့တာ..ယခုထက်ထိ ၀င်လာမစဲ တသဲသဲရှိနေတုံးပါပဲ။ လာလတ္တံ့သော လူငယ်ပေါင်း မြောက်များစွာလည်း.. တရုတ်..အိန္ဒိယ..ဗီယက်နမ်.. မြန်မာ.. သိရိလင်္ကာ.. စတဲ့ နိုင်ငံ အသီးသီးမှာ..တန်းစီ စောင့်ဆိုင်းနေကြသည်။

ကျူံးတံခါးကြီးသည်.. ရွှေတံခါးကြီး ဖြစ်လို့နေသည်ပေါ့။

ဝယ်လိုအား ရှိရင် ရောင်းလိုအားကို မြှင့်တင်ရသော စီးပွါးရေးပညာ သဘော သဘာဝအတိုင်းပင်.. စီးပွါးရေး ကျမ်းကျေ သော စင်ကာပူ နိုင်ငံအဖို့..အမျိုးသား ပညာရေးမှသည် ဈေးကွက်ပညာရေးသို့ ပြောင်းလဲ ချီတက်ရန် အကောင်းဆုံး အနေအထား ဖြစ်လာ ခဲ့ခြင်းပင်။

မြန်မာ ဖောက်သည် များ

ဆိုခဲ့သည့် အတိုင်း..ဒေသတွင်း ဖောက်သည် အများ အပြား အနက်မှ.. မြန်မာ ဖောက်သည်များကို စူးစိုက်ကြည့်မိသည်။မြန်မာ ဈေးကွက် သည် ၁၉၉၆ အလွန်..အစုလိုက် ၀င်ရောက်လာကြသော.. ပိုလီတက်ကနစ် ကျောင်းသား အုပ်စုများမှ စ၍ တဖြည်းဖြည်း သက်ဝင် လှုပ်ရှား လာခြင်းဖြစ်သည်။ ပိုလီ တက်ကနစ် ဆိုတာက..မြန်မာပြည်မှာ ယခင်က အသုံးပြု ခဲ့သော အသက် မွေးဝမ်းကျောင်း ပညာသင်စနစ် GTI (ယခုခောတ်..GTC) စက်မူကျောင်း များနှင့် အတော်တူ၏။ စင်ကာပူရှိ Nanyang, Ngee Ann, Temasek နှင့် Singapore ဟုခေါ်သော ပိုလီ တက်ကနစ် ကြီး လေးခုသည်..တရားဝင် ကျောင်းကိုယ်စားလှယ် များထားကာ..ဈေးကွက်ကို အပြိုင်အဆိုင် ရှာဖွေ ခဲ့ကြသည်။(ယခုနောက်ထပ် Republic ဟူသော အမည်ဖြင့် အသစ်တခု ထွက်ပေါ်လာသည်။)

မည်သူမဆို ပြည်ပမှာ ကျောင်းတက်ရန် ကြိုးစားပြီ ဆိုကတည်းက.. ဈေးနှုံး သင့်တင့် ရဲ့လား.. အစိုးရ ချေးငွေ အထောက် အပံ့ ရနိုင် မလား.. အချိန်ပိုင်း အလုပ်ကော.. အရေးကြီး ဆုံးက ကျောင်းပြီးရင် အလုပ် ရနိုင် ပါ့မလား... အဆင်ပြေ မယ်ဆိုရင်ဖြင့်ဆက် လက် အခြေချ နေထိုင် နိုင်မလား.. ဆိုတာတွေ ကိုစဉ်းစား ကြတဲ့အနက်.. စင်ကာပူ ကျောင်းများမှ ထိုအရာအားလုံး.. အိုကေ ဆိုတော့..သူတို့အားလုံး ရွှေရောင် အိမ်မက်များ မက်ကုန် ကြတော့သည်။ ဒီထက်ပိုလို့ မက်စရာ ကောင်းတာက.. ထိုပိုလီ တက်ကနစ် များမှ ပို့ချသော သူနာပြု လက်မှတ်ရ ဒီပလိုမာများ ဆိုလျှင်.. ကိုယ့်အိတ်ထဲမှ တပြားမှ စိုက်စရာ မလိုသည့်ပြင်.. လစဉ် သုံးစရာ ငွေပင် အလုံအလောက် ထောက်ပံ့သေး သည်။ ယခုအချိန်မှာ..မြန်မာပြည်မှ သူနာပြု မိန်းကလေး ငယ်များ အများအပြားပင် စင်ကာပူနိုင်ငံ.စီးပွားရေး စာမျက်နှာ ခောတ်မှီဆေးရုံကြီးများ၌.. နေရာပြည့် တာဝန် ထမ်းဆောင်နေ ကြပီ။ ထိုထိုသော အစိုးရ ထောက်ပံ့ ငွေကြေးများ အတွက် ပြန်လည် ပေးဆပ်ရန် မူကား.. စာသင်နှစ် သုံးနှစ်အပြီးတွင်...စင်ကာပူနိုင်ငံ၌ သံုးနှစ် မှ ငါးနှစ် အထိ ဆက်လက် အလုပ် လုပ် ကိုင်ရန်သာ ဖြစ်သည်မို့ ဒါဟာ အလုပ်အကိုင်အခွင့် အလမ်း ကောင်းခြင်းလား..ရှေ့ဆက် ရဦးမည့် ပညာရေး လမ်းကြောင်း ရှည် ကြီး အတွက် အချိန်ကာလ အဟန့်အတားလား ဆိုတာတော့.. သူတို့တယောက်ချင်း၏ ခံယူချက် သာဖြစ်၏။

ခောတ်က Knowledge ခောတ်ဖြစ်နေသည်။ မြန်မာ လူမျိုးများ ဆိုတာ ကလည်း ဘွဲ့ဒီဂရီကို အင်မတန် တန်ဖိုးထား သည်မို့.. ဒီအတိုင်း ရောင့်ရဲ ကျေနပ်နေလို့လည်း မဖြစ်ပြန်။ ပိုလီမှ ယူနီသို့ ဆက်သွား ရဦးမည်။ အဲဒီ အတွက်လည်း စင်ကာပူ၏ အထင်ကရ အစိုးရ ကျောထောက် နောက်ခံ တက္ကသိုလ် ကြီးသုံးခုမှ အသင့်စောင့်ကြိုလျက် ပထမဈေးကွက်နှင့် ဒုတိယ ဈေးကွက်ကို..ဟန်ချက်ညီညီ ချိတ်ဆက် ထားပေးပြန်သည်။အဲဒီအထဲက SMU ( Singapore Management Universtiy) ကတော့ ၂၀၀၀ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သော်လည်း။ NTU( NangYang Technology University) နှင့် NUS(National University of Singapore) နှစ်ခုမူကား မူလ လက်ဟောင်း လည်းဖြစ်... မြန်မာ ကျောင်းတော် သူ ကျောင်းတော်သား များရဲ့ အဓိက ကွန်းခိုရာ တက္ကသိုလ်ကြီး များလည်းဖြစ်ကြ၏။၊ အများစု ကတော့ အင်ဂျင်နီယာ အတတ်သင်များဖြစ်၍.. ပိုလီများမှ ဆက် လာကြသူများ.. မြန်မာပြည်မှ တိုက်ရိုက် လာသူများ.. လုပ်ငန်းခွင်မှ လူများ..အစိုးရ ပညာသင်များ..စသဖြင့် နေရာစုံသလို... ရိုးရိုးဘွဲ့.. မဟာ ဘွဲ့...ပါရဂူဘွဲ့...ဟူ၍..အလွှာလည်း စုံလှသည်။ (ယခု လောလော လတ်လတ်တွင်ပင် UniSIM ဆိုသော..တက္ကသိုလ် အသစ် တခုဖွင့်လှစ်ခဲ့ သည်။)

စင်ကာပူသည်..၀ယ်လိုအားကိုကြည့်၍..ရောင်းလိုအားကို မြှင့်တင် နိုင်ခဲ့ ယုံသာမက.. ယခုနောက်ပိုင်း လွယ်လွယ်နဲ့ ချောင်ချောင်ပင် မရှိလှတော့ပဲ... ဈေးကွက်မှာ မျက်နှာမော် လာကာ ဈေးမြှင့် ချင်လာသည်။ တက္ကသိုလ် ကျောင်းတော်ကြီး များ ၀င်ခွင့် ခက်ခဲလာသည်။ စိစစ်မူ တွေ များပြားလာပီ။ဖောက်သည် အသစ်များ အတွက်တော့ ..တက်ဈေးနှင့်ကြုံ နေရသော.. ယခု အခြေအနေသည် စင်ကာပူရဲ့ တဆင့်ခြင်း လှမ်းတက် လာသော အမျိုးသားပညာရေး... ဈေးကွက် ပညာရေး.. ထိုမှ.. အရည်အသွေးမြင့် နံမယ်ရပညာရေး (branded education) သို့ ချိုးကွေ့လာသော အလှည့် အပြောင်း တရပ် ဖြစ်နိုင်သည်။ ဒီအချိန်မှာ အခွင့်အလမ်း များ ပွင့်ကာ နေ့ကောင်းရက်သာ ရွေးလာကြသူများက.. ပုဂ္ဂလိက ကျောင်းများဖြစ်၍၊ အများစု ကတော့..အသင့်အတင့် နံမယ်ရှိသော..အနောက်နိုင်ငံ တက္ကသိုလ်များ၏ အမည်များကို အားပြုကာ ဈေးကွက် ရှာကြသည်။ ကျောင်းလို့ဆိုသော်လည်း.. education service provider ဆိုတော့ ..သင်ကြားရေး ၀န်ဆောင်မူကို ပေးသော ကုမ္ပဏီများ ဟု ဆိုကပိုမှန်မည်။ယခုနှစ်များ အတွင်း မြန်မာပြည် ဈေးကွက်ကို အတော်လေး ထိုးဖောက်လာကြသည်။ သူတို့သည်.. niche market (အဖြည့်ခံဈေးကွက်)ကို ကိုင်ထားနိုင်သည်။ မြန်မာ ကျောင်းသားများ (နိုင်ငံခြားကျောင်းသားများ) အတွက် နိုင်ငံပိုင် ကျောင်းကြီးများတွင် လမ်း သိပ်မပွင့်သော စီးပွါးရေး စီမံအုပ်ချူပ်မူ ပညာလို..စာရင်းကိုင်လို သိပ္ပံပြင်ပ ဘာသာရပ်များအပြင် ဟိုတယ်ကြီးကြပ်မူ.. စားဖိုမှူးမှစလို့.. ဘဲလေးအက.. ဆိုတာမျိုးထိ နှစ်တို သက်မွေးမူ ပညာများကို သူ့ဈေးကွက် နှင့် သူ ရောက်ရှိဖို့ ကြိုးစား လျက်ရှိသည်။

၂၀၀၅ ခုနှစ်တခုထဲမှာပင်.. မြန်မာနိုင်ငံသည် လက်ရှိ စုစုပေါင်း နိုင်ငံခြား ကျောင်းသားဦးရေ ခြောက်သောင်း ခြောက် ထောင် အနက်.... တထောင့်ရှစ်ရာ ဖြင့် နံပတ် ခုနစ် ချိတ်လျက်ရှိသည်။

စင်ကာပူရဲ့..ရည်မှန်းချက်

ရီစရာအဖြစ်ပြောကြသည်။

စင်ကာပူသည် ကမ္ဘာ့အသေးဆုံး နိုင်ငံတခုဖြစ်ပေမင့် ကမ္ဘာ့အကြီးဆုံး အရာများကိုသာ စိတ်ဝင်စားသည်တဲ့...။ ခောတ်စားသမျှ ကို သိမ်းကျူံး ဆွဲယူကာ ... hub ( ဗဟိုကြီး) လုပ်တတ် သည်တဲ့...။ခါချဉ်ကောင် မာန်ကြီး တာ မျိုးတော့...မဟုတ်တန်ကောင်းပါ...။အရှေ့တောင် အာရှရဲ့ ပညာရေး ဗဟိုချက်မကြီး ဖြစ်ဖို့ကတော..့ အကြောင်း ကြောင်းများက ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ အင်္ဂလန်..အမေရိကန် နှင့် သြစတြေလျ တို့လို ...ပညာရေးပို့ကုန် အနေဖြင့် ထိပ်မှာ ရှိနေသော နိုင်ငံများနှင့် ယှဉ်ကာ brand ဈေးကွက် ဝေစု ၀င်လုမည် ဆိုလျှင်တော့ ..တောင်ကြီးဖြို ဖို့..ကြံခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆိုပါနိုင်ငံကြီးများသို့.. သွားရောက် ပညာသင်ရန် အဆင်မပြေသော အာရှသားတို့ ..ဒုတိယထား ရွေးချယ်ဖို့.. niche market (အဖြည့်ခံဈေးကွက်) ကြီးကို ပိုင်ပိုင် နိုင်နိုင် ကိုင်ထား နိုင် ပီမို့...တဆင့်တက် ..စိတ်ကူးယဉ်မည် ဆိုက..ယဉ်ချင်စရာတော့ ကောင်းလှသည်။

ယခုလက်ရှိ ပညာရေးပို့ကုန်သည် ပြည်တွင်းထုတ်ကုန်ပမာဏ ၏ (၃. ၉) ရာခိုင်နှုံးရှိနေသည်။ ၁၀ နှစ်အတွင်း မှာ (၅ ) ရာခိုင်နှုံး ကျော်ရမည်ဟုကြုံးဝါး ထားသည်။ နိုင်ငံတော် ကလည်း.. ပညာရေး အသုံးစရိတ်ကို.. ရက်ရက် ရောရောပင် ချပေးထားသည်။ ပီးခဲ့သည့်နှစ် ကပင် စုစုပေါင်းရာထားငွေ၏.. (၂၀) ရာနှုံးမျှ ရှိသော ၅. ၂ ဘီလီယံ ဒေါ်လာကို ချပေးခဲ့ သည်။ အဲဒီလောက် များပြားတဲ့ အသုံး စရိတ်တွေထဲက ရာနှုံးဝက်နီးပါးမျှ .. ရှိနေတဲ့ နိုင်ငံခြား ကျောင်းသားများကို နှစ်စဉ် ထောက်ပံ့ကြေးများ ပေးနေခြင်းဟာ ဘယ်လောက် အကျိုး ရှိသလဲ ... အဲဒီ ကျောင်းသား တွေထဲက ဘယ်နှယ် ယောက် စင်ကာပူက ထွက်ခွါသွားပီလဲ ....ဆိုတဲ့ မေးခွန်းများ ဟာ လည်း ပါလီမန်ထဲမှာ..ကြားနေကြရသည်။

ယခုနှစ်များအတွင်း ..ပညာရှင် အုပ်စုများမှ အကြံပြု ထားသော.. အဆင့်သုံးဆင့် ( 3 tiers) တက္ကသိုလ် ပညာရေးလမ်းကြောင်း ပုံပေါ်စပြု လာသည် ကိုမြင်နေရသည်။ ကမ္ဘာ့ အဆင့်မှီ ပြည်ပ တက္ကသိုလ်ကြီးများ...နိုင်ငံပိုင် တက္ကသိုလ်ကြီးများ...ပီးတော့ ...ပုဂ္ဂလိကပိုင် ကျောင်းများဟု အဆင့်သုံးဆင့် ခွဲထားမည်။ ပထမဆုံးအဆင့်က.. ကမ္ဘာနှင့်ချီသော သုတေသနများ.. နည်းပညာများ.. ကျွှမ်းကျင်မူများကို သယ်ဆောင် လာမည်မို့.. စင်ကာပူရဲ့ brand အိမ်မက်အတွက်.. မရှိမဖြစ် မှီခိုထားရမည်။ အောက်ဆုံးအဆင့်က... နိုင်ငံရပ်ခြား ကျောင်းသားများ အတွက်ဖြစ်ပီး.. စင်ကာပူရဲ့ အကျိုးစီးပွါးကို.. သိသိ သာသာဖြစ်ထွန်းစေမည်။ အဲ.... အလယ်မှာ ရှိတဲ့ နိုင်ငံပိုင် ကျောင်းကြီးများကတော့...စင်ကာပူရဲ့ လူသား ရင်းမြစ် စစ်စစ်များကို စနစ်တကျ မွေးထုတ်မည်။ အပေါ်နဲ့ အောက် အလုပ်ရှုပ် နေချိန်မှာ..အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရင်း ...တချိန်မှာ..ပထမအဆင့်ကို အစားထိုး ၀င်ရောက်နိုင်မည်ပေါ့။

အခုဆိုရင် .. John Hopkins Singapore ဆိုတာရှိနေပီ၊ ပြင်သစ်နံမယ်ကျော်တက္ကသိုလ် INSEAD ဖွင့်လှစ်ပီးသွားပီ...။ MIT(Massachusetts Institute of Technology) လို ပြည်တွင်းတက္ကသိုလ် နှင့် မဟာမိတ်ပြု ဆက်သွယ် လာသော ကျောင်းများလည်း တော်တော်များလာသည်။ ပြသာနာက အဲဒီ ကျောင်းကြီးများကို အသားပေး..ဖူးဖူးမှုတ် နေရသည့် အချိန်မှာ .. ကိုယ်ပိုင် ကျောင်း ကြီးများရဲ့ ပုံရိပ် မှေးမှိန် မလာအောင် တကယ်ပဲ ဟန်ချက်ညီညီ ထိန်း ထားနိုင်ပါ့မလား...။ တဖက် ကလည်း...အကျိုးအမြတ်ကို ကြည့်၍..လွယ်လွယ် ကူကူ ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ကျောင်းမျိုး စုံရဲ့ နှစ်ထောင် ကျော်မျှ..ရှိသော အရေ အတွက် ကြားထဲမှာ.. အရည် အသွေးကို ဘယ်လိုရှာဖွေကြမလဲ...။ တိကျရေရာ မူမရှိတဲ့ ပေါ ချောင်ကောင်း အောင် လတ်မှတ်များက.. စင်ကာပူရဲ့ ပညာရေး ဈေးကွက် ပုံရိပ်ကို မထိခိုက်နိုင်ဘူးလား...။

စင်ကာပူကတော့... လက်ရှိ နိုင်ငံခြား ကျောင်းသား ဦးရေကို နှစ်ဆ တိုးလို့... လာမည့် ၂၀၁၂ တွင် တသိန်းငါးသောင်း ထိပင် လျာထားမျှော်မှန်း ထားပါသည်တဲ့။ကဲ....မြန်မာပြည်မှ ကျောင်းသားများ ..အသင့်ပြင်ကာ နေရာယူထားကြပေတော့။

ပြီးရင်ကော... ဘယ်အထိရှေ့ဆက်မျှော်မှန်းကြဦးမလဲ... လာခဲ့ရာကမ်းကိုရော... ရော်ရမ်းကြပါဦးမလား ဆိုတာတော့... ရင့်ကျက်လာသော ရင်ခုန်သံများကို သာ ကြားချင်လှတော့၏။
ကေသွယ်
ဇူလိုင် ၂၀၀၆

(အောက်တိုဘာ..၂၀၀၆ ..အမှတ်(၂)..အတွဲ (၂)..Weekly Eleven ဂျာနယ် တွင်..ဖော်ပြ ပြီး..)

 

© 2007 IngridGrey By Arephyz