အချိန်ပိုင်း အလုပ် နဲ့ ကျောင်းစာ
သြချက် လမ်းမကြီးသည် စင်ကာပူ၏ အစည်ကား ဆုံးမြို့လယ် ခေါင် အရပ်တခုဖြစ်သည်။ စနေနေ့၏ လိမ္မော် ရောင် ဖျော့ဖျော့ ညနေစောင်းသည်...တိုးကြိတ် ညပ်သပ်ကာ ခြေချင်း လိမ်မျှ သွားလာ နေကြသော လမ်းဘေး ပလက်ဖောင်းပေါ်မှ လူတို့၏ အရောင် အ၀ါများ ကိုသော်လည်းကောင်း...တ၀က်တပျက် လင်းလက်စ ပြုနေပီ ဖြစ်သော ကုန်တိုက်ကြီး များ၏ နီယွန် ဆိုင်းဘုတ် မီးပန်းဆိုင်း များကိုသော်လည်းကောင်း မထိုးဖောက် နိုင်ပဲ တိတ်ဆိတ် စွာပင် အနောက် ယွန်းယွန်းသို့ ရွေ့လျားနေ တော့သည်။
ထုထယ် ကြီးမား ခန့်ညား လှသော အနီရင့် ရောင် ဂျပန် ကုန်တိုက်ကြီးသည် ဤလမ်းမကြီး ပေါ်တွင်တော့အကြီးမား ဆုံး ဖြစ်ပေလိမ့် မည်။ ကုန်တိုက်ကြီး၏ ပဠမထပ်ရှိ အမျိုးသား ဖိနပ် အရောင်း ဌါန အတွင်း တွင် သပ်ရပ်စွာ ၀တ်ဆင် ထားသော အရောင်း သမားလေး တယောက်သည် ဖိနပ်တွေ တရံပီး တရံ တောင်းယူ စီးကြည့်နေသော ဈေးဝယ် တယောက်၏ ဘေးတွင် စိတ်ရှည် ဟန်ပြု ကာရပ်စောင့်နေ သည်။ သူ့ စိတ်ထဲ တွင်တော့.. တနင်္လာနေ့မှာ အပြီးတင် ရမည့် ပရောဂျက် ကို စိတ်ရောက် နေသည်။ ဖိုးရှုပ် အတွက်... ပိုလီ ဒုတိယနှစ် ရောက်ကာမှ ကျောင်းစာ နဲ့ အချိန်ပိုင်းအလုပ်ကြား..ဗျာများ ချင်လာသည်။
စင်ကာပူ ရောက် သူနာပြုမလေး
မနက်ခင်း မိုးလင်းစ ဆိုတာကို မသိကျိုး ကျဉ်ပြု ကာ နေရောင်သည် စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ အမိုးချွန်ချွန် နာရီစင် ကြီးပေါ်သို့ စူးစူး ရှရှ ထိုးကျ နေသည်။
ည ဂျူတီမှ ထွက်လာ သောသူနာ ပြုဆရာ မလေး ဖွေးဖွေး သည်ဆေးရုံတံခါးမှ အပြင်ဖက် ကို ခြေချ လိုက်ရင်း...တောင့်တင်း နေသော ခြေထောက် အစုံကို သတိထား လိုက်မိသည်။ လေးလံ နေသော မျက်ခွံတို့ ကို အသာ ပွတ်သပ်လိုက်ရင်း သူ့ ၀ါဒ် မှ လူမမာအဖိုးကြီး တည လုံး မအိပ်ပဲ ဂျီကျနေခြင်း ကို စိတ်တိုနေမိ သည်။ တကယ့် တကယ် သူ့မှာ သူနာပြု တယောက် ရှိသင့် ရှိထိုက် သော စေတနာ ၀ါသနာဆို တဲ့ နာ၂နာ ရော လုံ လုံ လောက် လောက်ရှိ ပါရဲ့လား....စင်ကာပူမှာ လာပီး သူနာပြု ဒီပလိုမာ ကို တက်ဖြစ်ခဲ့ဖို့ ဘယ်လို အကြောင်းကံ က များ ဖန်တီး လိုက် ပါလိမ့်...။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက် လျှောက်ဖို့ သာရှိသည်။ သူ့ ဆန်စားတော့ ရဲရမည်ပေါ့။
ပေးစလစ်မှာ သုံးနဲ့စတဲ့ ဂဏန်း လေးလုံး မြင်ရဖို့..
မနက်ခင်း ဝေလီ ဝေလင်း...စင်ကာပူ စက်မူဇုံ ရပ် ကွက်ထဲသို့ ဘတ်စ်ကား ကြီးများ တစင်းပြီး တစင်း ၀င်လာ နေကြသည်။
အပြာနု ရောင် ဖယ်ရီကား သစ်ကြီး နှစ်စင်းသည်လည်း... Chartered Semiconductor ဆိုင်းဘုတ်ကြီး ရှေ့ တွင် ရှေ့ဆင့် နောက်ဆင့် ထိုးရပ်လိုက်သည်။ တနာရီနီးပါးစီးလာသော လမ်း တလျှောက် အိပ်ငိုက် လာသော အောင် အောင်သည်.. ဘေးလူ နှိုး မှ ကသော ကမြော အိပ်ကိုဆွဲကာ လိုက်ဆင်းရသည်။ စက်ရုံ အ၀င် လှေကား အကွေ့မှာ ရှိသော ဈေးရောင်း စက်ထဲ ကိုအကြွေ တချို့ ပြစ်ထဲ့ လိုက်ရင်း ကော်ဖီအေး တဘူးဝယ်ကာ..နံနက်စာကို ဖြည့်တင်းလိုက်သည်။ ဒီနေ့လည်း အိုဗာတိုင် ရှိသည်...ညဥ့်နက်မည်။
ကောင်းတယ်... ပေးစလစ်ပ် မှာ သုံးနဲ့ စတဲ့ဂဏန်း လေးလုံး ကိုမြင်လိုက်ရင် ပမ်းသမျှ တွေ အားလုံး ပြေသွားလိမ့်မည်။ ဒါမှ ပိုလီကြွေး တွေ မြန်မြန် ဆပ် နိုင်ပီး ယူနီကို ဆက်နိုင်မှာ... တသက်လုံး တော့ ဒီပလိုမာ လေးနှင့် ပီးလို့မဖြစ်ဟု အားတင်း လိုက်မိသည်။
တဘာသာ ဒေါ်လာ ငါးရာ
Singapore Immigration က ရောက် လာ သော စာရွက် ကလေး သည် သီတာ့ လက်ထဲမှာ တဖြတ်ဖြတ် ခုန်နေသည်။
Student Pass ကျပီတဲ့... တော်ပါသေးရဲ့.... အလုံးတလုံးတော့ကျသွားပီ။ ရန်ကုန် မှာ အေးဂျင့်နဲ့ လုပ်ရင် တောင်၊ ဒီလောက် ရင်မော ရမည်မထင်...။ ခုတော့ တဘာသာကို ဒေါ်လာ ၅၀၀ နဲ့ ACCA ပထမ အရစ် အတွက် သုံး ဘာသာဖိုးသွင်း ထားရပီမို့ ရောက်နေ တဲ့၂ လ လောက် အတွင်းမှာ ဟိုဟာ ဒီဟာ ကုန်တာတွေနဲ့ဆိုလျှင် ..တော်တော် လေးတော့ ပါးနေပီ။..အရေးကြီး တာ အလုပ် ရှာ ရမည်။ ခက်တာ က အပြင် ကျောင်းတက် သူတွေ အတွက် တရား ၀င် အလုပ် လုပ်ခွင့် မရှိ တော့... ဆိုင်တွေက လည်း ရွံ့တွံ့တွံ့ နှင့် လုပ်ခ နှိမ်ချင် သည်တဲ့။ စာရင်းကိုင်...စာရင်းကိုင် ဆိုလို့ သာ ကိုင်လိုက် ရသည်... ကိုယ်နဲ့ မနီးစပ်တဲ့ ဘာသာ ရပ်မို့.....စာသင် ခန်း ထဲမှာ ရော အဆင်ပြေပါ့ မလား နော်....။ ဘာသာ အကုန်လုံးပေါင်း ၁၃ ခုတောင် ရှိပီး အရမ်း ခက်တယ်တဲ့..။ တော်တော် များများ အပြီးထိ မတက်နိုင် ကျဘူးဆိုပဲ။ သီတာ့ ရင် ထဲမှာ အလုံးတွေ အများကြီး ကျန်နေ ပါ သေးသည်။
စင်ကာပူ ပညာရေး ဇတ်ခုံ ပေါ် က ရင်ခုံသံများ
စင်ကာပူဟာ သူ့နိုင်ငံ ရဲ့ ပညာ ရေး ဇာတ်ခုံ ပေါ်က... ထိုထိုသော ရင်ခုန်သံ များကို အမြဲ နားစွင့် နေ တတ်ပါ သည်။လှပ သပ်ရပ်တဲ့ အထပ်မြင့်တိုက်ကြီးတွေ...ခောတ်မှီသစ်လွင်တဲ့မြို့ပတ်ရထားတွေ.. ထယ်ဝါခန့်ညားတဲ့ ကုန်တိုက်ကြီး တွေ ..အချိတ်ဆက် မိမိ ရှိနေတဲ့ .. လူဦးရေ လေးသန်း ကျော် မှီတင်း နေထိုင်နေတဲ့..ကမ္ဘာ့ အဆင့်မှီ ဆိပ်ကမ်းမြို့ နိုင်ငံလေးဟာ... ၁၈၁၉ ခုနှစ်များဆီက...မလေးရှား ရေ လုပ်သား ၁၅၀ လောက်ပဲရှိတဲ့ တောဖုပ်ဖုပ်ကျွန်းစပ် ကလေး တခု သာ ဖြစ်ခဲ့ တယ်ဆိုတာ...မယုံ ရင် ပုံပြင် လို့သာ မှတ် ရပေလိမ့်မည်။ မြန်မာပြည်မှာ ဆိုရင်တော့.. ဘကြီး တော်နန်း တက်စ အချိန်မို့.. ဘယ်မှာ သိပ်ဝေး သေး သော သမိုင်း ဟုတ်လိမ့် မတုံး..။ အင်္ဂလိပ် က လွပ်လပ် ရေးပေး တော့.. မူလ ပိုင်ရှင် မလေးရှား ကပင် မက်မက် မော မော မရှိခဲ့လို့ လွယ်လွယ် ကူကူ ပင် သီးခြား နိုင်ငံ အဖြစ် စတင် တည် ထောင်ခဲ့ သည်မှာ ၁၉၆၅ ခုနှစ် ကမှ ဆို တော့... ၄၁နှစ် သက်တမ်းသာရှိသေးသော နိုင်ငံလေးသည်.. ခုတော့ ဟန် တွေ ပန် တွေ တခွဲသားနှင့် ဖြစ်နေသည်မှာ.. ဘယ်လို နည်းတွေ ကြောင့်ပါလဲ။
ဒီထက်ပိုလို့ အံ့သြစရာ ကောင်း တာက..သူ့မှာ ဘာတွင်း ထွက် သယံဇာတ မှမရှိ။ စိုက်ပျိုးရန် မြေမရှိ...။ သောက် ရေ သုံးရေ ပင်မရှိ။ သူ လုပ်နိုင် သည်မှာ လုပ်အား များ များ စုဆောင်းဖို့ရန်သာ ဖြစ်သည်။
ဤသို့ဤနှယ်..လူစုဆောင်း သိမ်း သွင်း ခဲ့သော စင်ကာပူ၏ နည်းဗျူဟာ အား..ဆင်ကျူံး သွင်းခြင်း နှင့် အလင်္ကာ ပြုလျှင် ဖြင့်.. သိပ်ပြီး များ လေးလံ သွား လေမလား...။
ကွာ ခြား တာက... စင်ကာပူ လူကျူံး ထဲ ကိုတော့ ... လူတွေ သူ့ထက် ငါ အလု အယက် ၀င်ရောက် လာကြ ခြင်းဖြစ်ပြီး.. နှစ်ဦးနှစ် ဖက်..ကျေနပ် ကျတဲ့ အပေးအယူ တခုဖြစ် နေတာပါပဲ..။ ဒီနေရာမှာ.. အသေ အချာ နစ်နာရသူက.. လူသား အရင်း အမြစ် များ လတ်တလော ဆုံးရှုံး သွားတဲ့ သက်ဆိုင်ရာ နိုင်ငံများ ဖြစ်ပီး.. ၂၁ရာစုရဲ့ ကုစား ရခက်တဲ့ ဝေဒနာတခုမို့.. ဒီလိုပဲ လက် ပိုက်ကြည့်နေ ကြရသည်။နိုင်ငံ တကာသုံး ပညာရပ် စကားနှင့် ပြောရရင်တော့...Recruitment လုပ်သည်ပေါ့...။ သူ့လိုပင် Recruitment လုပ် တိုင်းသူ ပြည်သား စုဆောင်း ခြင်း ဖြင့် နိုင်ငံ ချဲ့ထွင် တည်ထောင်ကြသော.. အမေရိကလို..သြစတြေလျလို.. နယူးဇီလန်တို့ ကနေဒါတို့လို အရင့် အရင် ဘိုးတော် နိုင်ငံများ အများအပြား ရှိသော် လည်း..ကွဲပြားသည့် အချက်က စင်ကာပူ သည် မကျယ်ဝန်းပါ။ ကျဉ်းပင် ကျဉ်းမြောင်း လှသည်မို့..အရည်အတွက် များစေယုံ သက်သက် တော့ လူမစုဆောင်းပါ။ သူအလို ရှိရာ အသက်မွေးဝမ်း ကျောင်း ပညာသည်များ..ကျွမ်းကျင် သူများ ကိုသာ..စိစိ စစ်စစ် ခေါင်းခေါက် ခေါ်ခြင်းဖြင့် လူစုဆောင်း ခြင်းဖြစ်သည်။ ..ဒုံးမယူပါ.... ခေါင်စ ကိုမှ ရွေးယူပါသည်။ ဒီ နည်းဗျူဟာ ကြောင့် ပင် နိုင်ငံပင် သေးလင့်ကစား..ထိုဘိုးတော်နိုင်ငံကြီး များနှင့် သွား ပခုံးချင်း ယှဉ် လက်ချင်း ချိတ် စကားပြော နိုင်လာခဲ့သည်။
စက်မူဇုန် နိုင်ငံ တခု ထူထောင်ရန် အတွက်.. နိုင်ငံတကာ ကုမ္ပဏီကြီးများ ကို.. သက်သာ သော အခွန်နှုံး ထားများ.. ဈေးပေါ သော လုပ်သား အင်အား များဖြင့် အောင်မြင်စွာ စွဲဆောင် နိုင်ခဲ့ခြင်း သည်ပင် စင်ကာပူကို ပွဲဦးထွက် ကောင်း စေခဲ့တော့ သည်။ ယခု ခောတ် စားနေသော..တရုတ်..အိန္ဒိယ..ဗီယက်နမ်..ဈေးကွက်များထက် စောလျင် စွာပင် Business Process Outsourcing (BPO) ကိုအောင်မြင်စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုအချိန်က ခောတ်ပြိုင်များ ဖြစ် သော ကိုရီးယား..တိုင်ဝမ်တို့အကြား..စင်ကာပူရဲ့ အားသာ ချက်ကတော့ အင်္ဂလိပ်စာ ကို ကြားခံအဖြစ် ကောင်းမွန်စွာ အသုံးချနိုင် ခြင်း..ဈေးကွက် လိုအပ်ချက် အတိုင်း စနစ်တကျ သင်ကြား လေ့ကျင့် ပေးထားသော ကျွမ်းကျင် လုပ်သားများ အစဉ်မပြတ် ရှိနေခြင်း ပင်ဖြစ်သည်။
ကိုယ့်ပညာထုပ် ကိုယ်ပိုက်ကာ..ရောက်လာသော ရယ်ဒီမိတ် လူ့အရင်း အမြစ်များ အတွက်..အထူး တလည် သင်ကြားလေ့ကျင့် ပေးနေစရာ မလိုသော်လည်း..မလေးရှားနဲ့ စင်ကာပူ နိုင်ငံသား လူငယ်များ အတွက်တော့.. ပညာရေး အခြေခံ အဆောက်အဦ ကြီး သည် တစတစ ပုံပေါ်လာ ခဲ့ရသည်။ နိုင်ငံပိုင် တက္ကသိုလ်ကြီးများ.. စက်မူ နည်းပညာ ကောလိပ်များ.. သက်မွေးဝမ်း ပညာသင် ကျောင်းများ.. တခုပီးတခု အပြိုင်းအရိုင်း ပေါ်ပေါက် လာခဲ့သည်။ တချိန်တည်း တပြိုင်တည်း မှာပဲ..တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ နှင့်အတူ.. နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ အတွက် အခင်းအကျင်း ကောင်းများ ကို လည်း ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာ အဆင့်မှီဘဏ် ငွေကြေးစနစ်.. ခောတ်မှီဆိပ်ကမ်း..လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အဦ တွေဟာ ပန်းချီကား တချပ် ပေါ်မှာ စုတ်ချက်တွေ တရောင်ပီး တရောင်တင် လိုက်သလို... ခောတ်မှီ မြို့တော်ရဲ့ ကားချပ်ပုံ ပေါ်လို့လာခဲ့သည်။
ကျူံးတံခါး လား ..ရွှေတံခါး လား
နိုင်ငံက ဖွံ့ဖြိုး လာပီဆိုတော့.. အိမ်နီးနား ချင်း တိုင်းပြည် တွေက ဘွဲ့ကြို ကျောင်းသား လူငယ်များ အတွက် ပိုလို့တဖန် မျက်စိကျ ရပြန်ပါပီ။ စင်ကာပူ အစိုးရ ကိုယ်တိုင်ကလည်း ကျောင်းများရဲ့ လိုအပ်မဲ့ စာသင်သား ဦးရေ.. ဈေးကွက်မှာ ဖြည့်စွက်ရမဲ့ လုပ်အား အနေအထားကို ချင့်ချိန် တွက်ချက် ပီးတော့..စနစ်တကျ လက်ခံခဲ့တာ..ယခုထက်ထိ ၀င်လာမစဲ တသဲသဲရှိနေတုံးပါပဲ။ လာလတ္တံ့သော လူငယ်ပေါင်း မြောက်များစွာလည်း.. တရုတ်..အိန္ဒိယ..ဗီယက်နမ်.. မြန်မာ.. သိရိလင်္ကာ.. စတဲ့ နိုင်ငံ အသီးသီးမှာ..တန်းစီ စောင့်ဆိုင်းနေကြသည်။
ကျူံးတံခါးကြီးသည်.. ရွှေတံခါးကြီး ဖြစ်လို့နေသည်ပေါ့။
ဝယ်လိုအား ရှိရင် ရောင်းလိုအားကို မြှင့်တင်ရသော စီးပွါးရေးပညာ သဘော သဘာဝအတိုင်းပင်.. စီးပွါးရေး ကျမ်းကျေ သော စင်ကာပူ နိုင်ငံအဖို့..အမျိုးသား ပညာရေးမှသည် ဈေးကွက်ပညာရေးသို့ ပြောင်းလဲ ချီတက်ရန် အကောင်းဆုံး အနေအထား ဖြစ်လာ ခဲ့ခြင်းပင်။
မြန်မာ ဖောက်သည် များ
ဆိုခဲ့သည့် အတိုင်း..ဒေသတွင်း ဖောက်သည် အများ အပြား အနက်မှ.. မြန်မာ ဖောက်သည်များကို စူးစိုက်ကြည့်မိသည်။မြန်မာ ဈေးကွက် သည် ၁၉၉၆ အလွန်..အစုလိုက် ၀င်ရောက်လာကြသော.. ပိုလီတက်ကနစ် ကျောင်းသား အုပ်စုများမှ စ၍ တဖြည်းဖြည်း သက်ဝင် လှုပ်ရှား လာခြင်းဖြစ်သည်။ ပိုလီ တက်ကနစ် ဆိုတာက..မြန်မာပြည်မှာ ယခင်က အသုံးပြု ခဲ့သော အသက် မွေးဝမ်းကျောင်း ပညာသင်စနစ် GTI (ယခုခောတ်..GTC) စက်မူကျောင်း များနှင့် အတော်တူ၏။ စင်ကာပူရှိ Nanyang, Ngee Ann, Temasek နှင့် Singapore ဟုခေါ်သော ပိုလီ တက်ကနစ် ကြီး လေးခုသည်..တရားဝင် ကျောင်းကိုယ်စားလှယ် များထားကာ..ဈေးကွက်ကို အပြိုင်အဆိုင် ရှာဖွေ ခဲ့ကြသည်။(ယခုနောက်ထပ် Republic ဟူသော အမည်ဖြင့် အသစ်တခု ထွက်ပေါ်လာသည်။)
မည်သူမဆို ပြည်ပမှာ ကျောင်းတက်ရန် ကြိုးစားပြီ ဆိုကတည်းက.. ဈေးနှုံး သင့်တင့် ရဲ့လား.. အစိုးရ ချေးငွေ အထောက် အပံ့ ရနိုင် မလား.. အချိန်ပိုင်း အလုပ်ကော.. အရေးကြီး ဆုံးက ကျောင်းပြီးရင် အလုပ် ရနိုင် ပါ့မလား... အဆင်ပြေ မယ်ဆိုရင်ဖြင့်ဆက် လက် အခြေချ နေထိုင် နိုင်မလား.. ဆိုတာတွေ ကိုစဉ်းစား ကြတဲ့အနက်.. စင်ကာပူ ကျောင်းများမှ ထိုအရာအားလုံး.. အိုကေ ဆိုတော့..သူတို့အားလုံး ရွှေရောင် အိမ်မက်များ မက်ကုန် ကြတော့သည်။ ဒီထက်ပိုလို့ မက်စရာ ကောင်းတာက.. ထိုပိုလီ တက်ကနစ် များမှ ပို့ချသော သူနာပြု လက်မှတ်ရ ဒီပလိုမာများ ဆိုလျှင်.. ကိုယ့်အိတ်ထဲမှ တပြားမှ စိုက်စရာ မလိုသည့်ပြင်.. လစဉ် သုံးစရာ ငွေပင် အလုံအလောက် ထောက်ပံ့သေး သည်။ ယခုအချိန်မှာ..မြန်မာပြည်မှ သူနာပြု မိန်းကလေး ငယ်များ အများအပြားပင် စင်ကာပူနိုင်ငံ.စီးပွားရေး စာမျက်နှာ ခောတ်မှီဆေးရုံကြီးများ၌.. နေရာပြည့် တာဝန် ထမ်းဆောင်နေ ကြပီ။ ထိုထိုသော အစိုးရ ထောက်ပံ့ ငွေကြေးများ အတွက် ပြန်လည် ပေးဆပ်ရန် မူကား.. စာသင်နှစ် သုံးနှစ်အပြီးတွင်...စင်ကာပူနိုင်ငံ၌ သံုးနှစ် မှ ငါးနှစ် အထိ ဆက်လက် အလုပ် လုပ် ကိုင်ရန်သာ ဖြစ်သည်မို့ ဒါဟာ အလုပ်အကိုင်အခွင့် အလမ်း ကောင်းခြင်းလား..ရှေ့ဆက် ရဦးမည့် ပညာရေး လမ်းကြောင်း ရှည် ကြီး အတွက် အချိန်ကာလ အဟန့်အတားလား ဆိုတာတော့.. သူတို့တယောက်ချင်း၏ ခံယူချက် သာဖြစ်၏။
ခောတ်က Knowledge ခောတ်ဖြစ်နေသည်။ မြန်မာ လူမျိုးများ ဆိုတာ ကလည်း ဘွဲ့ဒီဂရီကို အင်မတန် တန်ဖိုးထား သည်မို့.. ဒီအတိုင်း ရောင့်ရဲ ကျေနပ်နေလို့လည်း မဖြစ်ပြန်။ ပိုလီမှ ယူနီသို့ ဆက်သွား ရဦးမည်။ အဲဒီ အတွက်လည်း စင်ကာပူ၏ အထင်ကရ အစိုးရ ကျောထောက် နောက်ခံ တက္ကသိုလ် ကြီးသုံးခုမှ အသင့်စောင့်ကြိုလျက် ပထမဈေးကွက်နှင့် ဒုတိယ ဈေးကွက်ကို..ဟန်ချက်ညီညီ ချိတ်ဆက် ထားပေးပြန်သည်။အဲဒီအထဲက SMU ( Singapore Management Universtiy) ကတော့ ၂၀၀၀ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သော်လည်း။ NTU( NangYang Technology University) နှင့် NUS(National University of Singapore) နှစ်ခုမူကား မူလ လက်ဟောင်း လည်းဖြစ်... မြန်မာ ကျောင်းတော် သူ ကျောင်းတော်သား များရဲ့ အဓိက ကွန်းခိုရာ တက္ကသိုလ်ကြီး များလည်းဖြစ်ကြ၏။၊ အများစု ကတော့ အင်ဂျင်နီယာ အတတ်သင်များဖြစ်၍.. ပိုလီများမှ ဆက် လာကြသူများ.. မြန်မာပြည်မှ တိုက်ရိုက် လာသူများ.. လုပ်ငန်းခွင်မှ လူများ..အစိုးရ ပညာသင်များ..စသဖြင့် နေရာစုံသလို... ရိုးရိုးဘွဲ့.. မဟာ ဘွဲ့...ပါရဂူဘွဲ့...ဟူ၍..အလွှာလည်း စုံလှသည်။ (ယခု လောလော လတ်လတ်တွင်ပင် UniSIM ဆိုသော..တက္ကသိုလ် အသစ် တခုဖွင့်လှစ်ခဲ့ သည်။)
စင်ကာပူသည်..၀ယ်လိုအားကိုကြည့်၍..ရောင်းလိုအားကို မြှင့်တင် နိုင်ခဲ့ ယုံသာမက.. ယခုနောက်ပိုင်း လွယ်လွယ်နဲ့ ချောင်ချောင်ပင် မရှိလှတော့ပဲ... ဈေးကွက်မှာ မျက်နှာမော် လာကာ ဈေးမြှင့် ချင်လာသည်။ တက္ကသိုလ် ကျောင်းတော်ကြီး များ ၀င်ခွင့် ခက်ခဲလာသည်။ စိစစ်မူ တွေ များပြားလာပီ။ဖောက်သည် အသစ်များ အတွက်တော့ ..တက်ဈေးနှင့်ကြုံ နေရသော.. ယခု အခြေအနေသည် စင်ကာပူရဲ့ တဆင့်ခြင်း လှမ်းတက် လာသော အမျိုးသားပညာရေး... ဈေးကွက် ပညာရေး.. ထိုမှ.. အရည်အသွေးမြင့် နံမယ်ရပညာရေး (branded education) သို့ ချိုးကွေ့လာသော အလှည့် အပြောင်း တရပ် ဖြစ်နိုင်သည်။ ဒီအချိန်မှာ အခွင့်အလမ်း များ ပွင့်ကာ နေ့ကောင်းရက်သာ ရွေးလာကြသူများက.. ပုဂ္ဂလိက ကျောင်းများဖြစ်၍၊ အများစု ကတော့..အသင့်အတင့် နံမယ်ရှိသော..အနောက်နိုင်ငံ တက္ကသိုလ်များ၏ အမည်များကို အားပြုကာ ဈေးကွက် ရှာကြသည်။ ကျောင်းလို့ဆိုသော်လည်း.. education service provider ဆိုတော့ ..သင်ကြားရေး ၀န်ဆောင်မူကို ပေးသော ကုမ္ပဏီများ ဟု ဆိုကပိုမှန်မည်။ယခုနှစ်များ အတွင်း မြန်မာပြည် ဈေးကွက်ကို အတော်လေး ထိုးဖောက်လာကြသည်။ သူတို့သည်.. niche market (အဖြည့်ခံဈေးကွက်)ကို ကိုင်ထားနိုင်သည်။ မြန်မာ ကျောင်းသားများ (နိုင်ငံခြားကျောင်းသားများ) အတွက် နိုင်ငံပိုင် ကျောင်းကြီးများတွင် လမ်း သိပ်မပွင့်သော စီးပွါးရေး စီမံအုပ်ချူပ်မူ ပညာလို..စာရင်းကိုင်လို သိပ္ပံပြင်ပ ဘာသာရပ်များအပြင် ဟိုတယ်ကြီးကြပ်မူ.. စားဖိုမှူးမှစလို့.. ဘဲလေးအက.. ဆိုတာမျိုးထိ နှစ်တို သက်မွေးမူ ပညာများကို သူ့ဈေးကွက် နှင့် သူ ရောက်ရှိဖို့ ကြိုးစား လျက်ရှိသည်။
၂၀၀၅ ခုနှစ်တခုထဲမှာပင်.. မြန်မာနိုင်ငံသည် လက်ရှိ စုစုပေါင်း နိုင်ငံခြား ကျောင်းသားဦးရေ ခြောက်သောင်း ခြောက် ထောင် အနက်.... တထောင့်ရှစ်ရာ ဖြင့် နံပတ် ခုနစ် ချိတ်လျက်ရှိသည်။
စင်ကာပူရဲ့..ရည်မှန်းချက်
ရီစရာအဖြစ်ပြောကြသည်။
စင်ကာပူသည် ကမ္ဘာ့အသေးဆုံး နိုင်ငံတခုဖြစ်ပေမင့် ကမ္ဘာ့အကြီးဆုံး အရာများကိုသာ စိတ်ဝင်စားသည်တဲ့...။ ခောတ်စားသမျှ ကို သိမ်းကျူံး ဆွဲယူကာ ... hub ( ဗဟိုကြီး) လုပ်တတ် သည်တဲ့...။ခါချဉ်ကောင် မာန်ကြီး တာ မျိုးတော့...မဟုတ်တန်ကောင်းပါ...။အရှေ့တောင် အာရှရဲ့ ပညာရေး ဗဟိုချက်မကြီး ဖြစ်ဖို့ကတော..့ အကြောင်း ကြောင်းများက ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ အင်္ဂလန်..အမေရိကန် နှင့် သြစတြေလျ တို့လို ...ပညာရေးပို့ကုန် အနေဖြင့် ထိပ်မှာ ရှိနေသော နိုင်ငံများနှင့် ယှဉ်ကာ brand ဈေးကွက် ဝေစု ၀င်လုမည် ဆိုလျှင်တော့ ..တောင်ကြီးဖြို ဖို့..ကြံခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆိုပါနိုင်ငံကြီးများသို့.. သွားရောက် ပညာသင်ရန် အဆင်မပြေသော အာရှသားတို့ ..ဒုတိယထား ရွေးချယ်ဖို့.. niche market (အဖြည့်ခံဈေးကွက်) ကြီးကို ပိုင်ပိုင် နိုင်နိုင် ကိုင်ထား နိုင် ပီမို့...တဆင့်တက် ..စိတ်ကူးယဉ်မည် ဆိုက..ယဉ်ချင်စရာတော့ ကောင်းလှသည်။
ယခုလက်ရှိ ပညာရေးပို့ကုန်သည် ပြည်တွင်းထုတ်ကုန်ပမာဏ ၏ (၃. ၉) ရာခိုင်နှုံးရှိနေသည်။ ၁၀ နှစ်အတွင်း မှာ (၅ ) ရာခိုင်နှုံး ကျော်ရမည်ဟုကြုံးဝါး ထားသည်။ နိုင်ငံတော် ကလည်း.. ပညာရေး အသုံးစရိတ်ကို.. ရက်ရက် ရောရောပင် ချပေးထားသည်။ ပီးခဲ့သည့်နှစ် ကပင် စုစုပေါင်းရာထားငွေ၏.. (၂၀) ရာနှုံးမျှ ရှိသော ၅. ၂ ဘီလီယံ ဒေါ်လာကို ချပေးခဲ့ သည်။ အဲဒီလောက် များပြားတဲ့ အသုံး စရိတ်တွေထဲက ရာနှုံးဝက်နီးပါးမျှ .. ရှိနေတဲ့ နိုင်ငံခြား ကျောင်းသားများကို နှစ်စဉ် ထောက်ပံ့ကြေးများ ပေးနေခြင်းဟာ ဘယ်လောက် အကျိုး ရှိသလဲ ... အဲဒီ ကျောင်းသား တွေထဲက ဘယ်နှယ် ယောက် စင်ကာပူက ထွက်ခွါသွားပီလဲ ....ဆိုတဲ့ မေးခွန်းများ ဟာ လည်း ပါလီမန်ထဲမှာ..ကြားနေကြရသည်။
ယခုနှစ်များအတွင်း ..ပညာရှင် အုပ်စုများမှ အကြံပြု ထားသော.. အဆင့်သုံးဆင့် ( 3 tiers) တက္ကသိုလ် ပညာရေးလမ်းကြောင်း ပုံပေါ်စပြု လာသည် ကိုမြင်နေရသည်။ ကမ္ဘာ့ အဆင့်မှီ ပြည်ပ တက္ကသိုလ်ကြီးများ...နိုင်ငံပိုင် တက္ကသိုလ်ကြီးများ...ပီးတော့ ...ပုဂ္ဂလိကပိုင် ကျောင်းများဟု အဆင့်သုံးဆင့် ခွဲထားမည်။ ပထမဆုံးအဆင့်က.. ကမ္ဘာနှင့်ချီသော သုတေသနများ.. နည်းပညာများ.. ကျွှမ်းကျင်မူများကို သယ်ဆောင် လာမည်မို့.. စင်ကာပူရဲ့ brand အိမ်မက်အတွက်.. မရှိမဖြစ် မှီခိုထားရမည်။ အောက်ဆုံးအဆင့်က... နိုင်ငံရပ်ခြား ကျောင်းသားများ အတွက်ဖြစ်ပီး.. စင်ကာပူရဲ့ အကျိုးစီးပွါးကို.. သိသိ သာသာဖြစ်ထွန်းစေမည်။ အဲ.... အလယ်မှာ ရှိတဲ့ နိုင်ငံပိုင် ကျောင်းကြီးများကတော့...စင်ကာပူရဲ့ လူသား ရင်းမြစ် စစ်စစ်များကို စနစ်တကျ မွေးထုတ်မည်။ အပေါ်နဲ့ အောက် အလုပ်ရှုပ် နေချိန်မှာ..အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရင်း ...တချိန်မှာ..ပထမအဆင့်ကို အစားထိုး ၀င်ရောက်နိုင်မည်ပေါ့။
အခုဆိုရင် .. John Hopkins Singapore ဆိုတာရှိနေပီ၊ ပြင်သစ်နံမယ်ကျော်တက္ကသိုလ် INSEAD ဖွင့်လှစ်ပီးသွားပီ...။ MIT(Massachusetts Institute of Technology) လို ပြည်တွင်းတက္ကသိုလ် နှင့် မဟာမိတ်ပြု ဆက်သွယ် လာသော ကျောင်းများလည်း တော်တော်များလာသည်။ ပြသာနာက အဲဒီ ကျောင်းကြီးများကို အသားပေး..ဖူးဖူးမှုတ် နေရသည့် အချိန်မှာ .. ကိုယ်ပိုင် ကျောင်း ကြီးများရဲ့ ပုံရိပ် မှေးမှိန် မလာအောင် တကယ်ပဲ ဟန်ချက်ညီညီ ထိန်း ထားနိုင်ပါ့မလား...။ တဖက် ကလည်း...အကျိုးအမြတ်ကို ကြည့်၍..လွယ်လွယ် ကူကူ ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ကျောင်းမျိုး စုံရဲ့ နှစ်ထောင် ကျော်မျှ..ရှိသော အရေ အတွက် ကြားထဲမှာ.. အရည် အသွေးကို ဘယ်လိုရှာဖွေကြမလဲ...။ တိကျရေရာ မူမရှိတဲ့ ပေါ ချောင်ကောင်း အောင် လတ်မှတ်များက.. စင်ကာပူရဲ့ ပညာရေး ဈေးကွက် ပုံရိပ်ကို မထိခိုက်နိုင်ဘူးလား...။
စင်ကာပူကတော့... လက်ရှိ နိုင်ငံခြား ကျောင်းသား ဦးရေကို နှစ်ဆ တိုးလို့... လာမည့် ၂၀၁၂ တွင် တသိန်းငါးသောင်း ထိပင် လျာထားမျှော်မှန်း ထားပါသည်တဲ့။ကဲ....မြန်မာပြည်မှ ကျောင်းသားများ ..အသင့်ပြင်ကာ နေရာယူထားကြပေတော့။
ပြီးရင်ကော... ဘယ်အထိရှေ့ဆက်မျှော်မှန်းကြဦးမလဲ... လာခဲ့ရာကမ်းကိုရော... ရော်ရမ်းကြပါဦးမလား ဆိုတာတော့... ရင့်ကျက်လာသော ရင်ခုန်သံများကို သာ ကြားချင်လှတော့၏။
ကေသွယ်
ဇူလိုင် ၂၀၀၆
(အောက်တိုဘာ..၂၀၀၆ ..အမှတ်(၂)..အတွဲ (၂)..Weekly Eleven ဂျာနယ် တွင်..ဖော်ပြ ပြီး..)
Saturday, January 12, 2008
စင်ကာပူ ပညာရေး ဈေးကွက်--ကျူံးတံခါးလား--ရွှေ တံခါးလား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment