မြန်မာစကားပုံမှာ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတဲ့ စကားပုံ တခုရှိပါတယ်။ ဒီစကားပုံ အစပြုခဲ့သူတွေဟာ ရှေ့နေတွေလား၊ ဆေးသမားတွေလား ဆိုတာကိုတော့ အတိအကျ မည်သူမျှ ပြောနိုင်မှာ မဟုတ်ပါ။ လူတွေက ကျန်းမာရေး အခက်အခဲတွေ ဖြစ်တဲ့အခါ ဆေးပညာရှင်တွေကို အားကိုးကြပါတယ်။ တရားရေးပြဿနာတွေ ဖြစ်တဲ့အခါ ရှေ့နေတွေကို အားကိုးကြပါတယ်။ သေရေး၊ ရှင်ရေး၊ ဘ၀ရေး ကိစ္စတွေမို့ ဆေးသမားတွေနဲ့ ရှေ့နေတွေဆိုရင် အလွန်လေးစား အားထားကြပါတယ်။ နောက်ဆုံး တချို့ ရပ်ကွက်လေးတွေမှာဆို ဆေးရုံ၊ ဆေးခန်း မသွားနိုင်လို့ လမ်းဘေး ကွမ်းယာဆိုင်လေးကနေ ဆေးဝယ်သောက်ကြရပါတယ်။ အဲဒီအခါကျရင် ဒီကွမ်းယာရောင်းသမားလေးက သိပ်မျက်နှာရတာပဲ။ ဝေးလံခေါင်ဖျားဒေသတွေမှာ ဒေါက်တာရမ်းကုတွေ ပေါ်ထွက်နေရခြင်း၊ လုပ်စားလို့ ရနေခြင်းကလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ လူတွေက ဆေးသမားနဲ့ ရှေ့နေတွေကို ကယ်တင်ရှင်တွေလို့ သတ်မှတ်ယူဆထားကြပါတယ်။ ဒီတော့ တခုခု အမှားအယွင်းနဲ့ သေသွားတာ၊ တစုံတရာ ဆိုးကျိုးတွေ ဖြစ်သွားတာဆိုရင်လဲ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတာ မရှိပါဘူးလေ ဆိုပြီး ခွင့်လွှတ်လိုက်ကြတာပါပဲ။
ဒီအတွေးအခေါ်တွေက မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတာလေးတွေပါ။ ဒီလိုနိုင်ငံတွေမှာ အစိုးရရဲ့ ကျန်းမာရေး ၀န်ဆောင်မှု အားနည်းလေ့ရှိတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးရုံကား လှမ်းခေါ်ဖို့ မရှိဘူး။ လှမ်းခေါ်ဖို့ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုတောင် လူတိုင်း မသုံးစွဲနိုင်ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံလုပ်ငန်းတွေ မရှိဘူး။ အရေးပေါ်လာရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရှိတဲ့ နေရာတွေကို သွားကြရတယ်။ ဒီလိုသွားတာမှာလဲ ငွေကြေးကုန်ကျစရိတ် ပြဿနာနဲ့ ရင်ဆိုင်ကြရပြန်တယ်။ ဘယ်လိုအချိန်မှာ ဘယ်နေရာ၊ ဘယ်ဒေသတွေအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတဲ့ အလုပ်တာဝန် ခွဲဝေသတ်မှတ်မှုတွေ မရှိတာကြောင့် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေဆီ ပြေးခေါ်ကြရတယ်။ တာဝန်သတ်မှတ်မှုမရှိတဲ့ အခါမှာကျတော့ လူနာဆီ လိုက်သွားမယ်၊ မလိုက်သွားဘူးဆိုတာက ဆေးပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်သလို ဖြစ်နေတယ်။ ဒီတော့ ဆေးပညာရှင်တွေရဲ့ တန်ဖိုးနဲ့ အခန်းကဏ္ဍက အရမ်းကြီးမားသယောင် ဖြစ်နေတယ်။
မြို့တွေပေါ်မှာ ဆေးရုံတွေသွားတဲ့ အခါကျတော့လဲ ပြည်သူ့ဆေးရုံတွေဆီ သွားမှာလား၊ အထူးကု ဆေးခန်းကြီးတွေဆီ သွားမှာလား ဆိုတာက ငွေကြေးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ကြရပြန်တယ်။ ပြည်သူ့ဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံကုသခံရဖို့ကလဲ အခက်အခဲတွေ ရှိကြပြန်သေးတယ်။ အထူးကုဆရာဝန်ကြီးတွေ ရောက်လာပြီး လူနာတွေကို လှည့်လည်ကြည့်ရှုတယ် ဆိုပြန်တော့လဲ သူတို့တတွေ ပြန်သွားရင် သူနာပြုတွေက အထူးကု ဆရာဝန်ကြီးတွေ လှည့်လည်စစ်ဆေးခ ဆိုတာကို လိုက်တောင်းကြပြန်သေးတယ်။ တခါ အထူးကုဆရာဝန်တွေအကြားက အပြိုင်အဆိုင် ပြဿနာတွေကလဲ ရှိသေးတယ်။ သားဖွားမီးယပ်အထူးကု နှစ်ယောက်ရှိတဲ့ ပြည်သူ့ဆေးရုံတခုမှာ အိုဂျီတွေ လူနာလုပြီး ကြားထဲက လူနာတွေ ဒုက္ခရောက်တာတွေလဲ ကြုံဖူးတွေ့ဖူးတယ်။ မိခင်လောင်းတွေက မွေးဖွားချိန် ဂရုစိုက်ဖို့ အိုဂျီတွေကို သူတို့ဆေးခန်းမှာ သွားအပ်ကြရတယ်။ ခွဲမွေးမယ်ဆိုရင်လဲ မွေးဖို့ အပ်ကြတယ်။ ဆေးပညာကျင့်ဝတ်အရ မခွဲသင့်တဲ့ လူနာတွေကို ခွဲတာ ကျင့်ဝတ်နဲ့ညီလား၊ မညီလားတော့ မသိဘူး။
ဒါပေမယ့် ဗေဒင်ဆရာက ဒီအချိန်မွေးရင် ကောင်းမယ် တွက်ချက်ပေးလို့ဆိုပြီး အဲဒီအချိန်မွေးလို့ ရမလားဆိုပြီး အိုဂျီတွေကို အခါသွားပေးတဲ့ လူနာတွေလဲ ရှိသေးရဲ့။ ငွေကြေး အပေးအယူ ကိစ္စ တည့်သွားလို့ ခွဲပေးတဲ့ အိုဂျီတွေလဲ ရှိရဲ့။ ဒီလိုနဲ့ မွေးလူနာတွေ ဆေးရုံပေါ်ရောက်လာတဲ့အခါ ဒါက ပထမအိုဂျီ လူ၊ ဒါက ဒုတိယအိုဂျီလူနဲ့ ဖြစ်နေတော့တယ်။ ဆေးရုံရောက်လာရင်လဲ သူနာပြုတွေက ရိုးရိုးရောက်လာတဲ့ မွေးလူနာလား၊ ဘယ်မမ အိုဂျီရဲ့ မွေးလူနာလား ဆိုတာတွေ မေးကြရတယ်။ ဂျူနီယာဒေါက်တာလေးတွေ၊ ဆေးကျောင်းသားလေးတွေ၊ သားဖွားသင်တန်းသူတွေများ မမအိုဂျီရဲ့ လူနာတွေကို သွားမကိုင်လိုက်လေနဲ့။ မီးပွင့်တွေ တောက်သွားနိုင်တယ်။ တကယ်ဖြစ်သင့်တာက သားဖွားရ လွယ်ကူသူတွေဆို သားဖွားဆရာမတွေက မွေးလိုက်ပြီး၊ တကယ်ခက်ခဲပြီး လိုအပ်တဲ့ ကေ့စ်တွေကိုမှ အထူးကုတွေက ကိုင်သင့်တယ် မဟုတ်လား။ ဒါပေမယ့် မြန်မာပြည်က မြို့ကြီး ဆေးရုံတွေမှာကတော့ အဲလိုပဲ ဖြစ်နေကြတယ်။ တခါတလေ အပ်ထားတဲ့ အိုဂျီက ပိုက်ဆံပိုရတဲ့ အထူးကုဆေးခန်းက လူနာကို ဦးစားပေးလိုက်လို့၊ ဒီဘက်ဆေးရုံမှာကလဲ ဆရာဝန်ငယ်လေးတွေက မမအိုဂျီလူနာကို မကိုင်ရဲလို့နဲ့ ပြဿနာတက်နေကြတာတွေလဲ ရှိသေးတယ်။
ဒီကြားထဲ “ကြက်တူရွေးတော်တော်၊ မယ်ဘော်က ခပ်ကဲကဲ“ ဖြစ်နေတာတွေကလဲ ရှိတတ်တယ်။ “ကျွန်မသားလေးက၊ သမီးလေးက ဘယ်အိုဂျီနဲ့ မွေးတာလေ“ ဆိုပြီး အပြိုင်အဆိုင်လုပ်ကြတာ။ ဒီအထဲမှာ ကျွန်မ မိဘတွေလဲ ပါပါတယ်။ ကျွန်မအမေကဆို “သမီးလေးကို မွေးတုန်းကလေ မမအိုဂျီ------က မွေးပေးတာ။ သူက အင်္ဂလန်ပြန်လေ။ အမ်အာစီအိုဂျီ---------“ ဆိုတာမျိုးတွေ လာပြောတတ်တာကလား။ ငယ်တုန်းကတော့ ဒီလိုပဲ နားထောင်တာပေါ့။ ကြီးလာတော့ ပြန်မေးမိလာတယ်။ “သမီးကိုမွေးတုန်းက normal delivery ပဲ မဟုတ်လား အမေ။ အိုဂျီနဲ့ မွေးမွေး၊ အရပ်တည်းက သားဖွားဆရာမနဲ့ပဲ မွေးမွေး၊ ဘယ်သူကပဲ မွေးပေးပေး သမီးလူ့လောကထဲ ရောက်လာအောင် ကူညီပေးခဲ့သူတယောက်ရဲ့ တန်ဖိုးက တူတူပဲ။ လူသားတယောက် ဖြစ်တည်လာမှုနဲ့ အဲဒီလူသားတယောက်ရဲ့ အနာဂတ်ကို ဘယ်သူမွေးပေးတယ်ဆိုတာက အဆုံးအဖြတ် ပေးနိုင်သလား“ ဆိုတဲ့ မေးခွန်းကို ဒုတိယနှစ်ဆေးကျောင်းသူ ဘ၀မှာ ကျွန်မမေမေ့ကို ပြန်မေးဖြစ်ခဲ့တယ်။
ဒီအချိန်ကာလတွေမှာတုန်းက “ဘယ်သူလုပ်တယ် လုပ်တာထက် အလုပ်ပြီးမြောက်မှုက အဓိက ကျတယ်ဆိုတာ၊ ဘယ်သူပြောတယ် ဆိုတာထက် ပြောတဲ့ စကားက အဓိက ကျတယ်“ ဆိုတဲ့ ဒဿနကို ကျွန်မသိတတ် နားလည်နေခဲ့ပြီ။ စကားတခွန်းရဲ့ မှန်ကန်မှုကို လေ့လာသုံးသပ်ရာမှာ ဘယ်သူပြောတယ် ဆိုတာထက် ဒီစကားထဲက မှန်ကန်တဲ့ အချက်အလက် ဘယ်လောက်ပါမယ်၊ ခံစားချက်နဲ့ ပြောတာက ဘယ်လောက်ပါမယ်၊ သုံးသပ်ချက်က ဘယ်လောက်ပါမယ်၊ ရပ်တည်တဲ့ standpoint ၊ ဘက်လိုက်မှုရှိမရှိ ဆိုတာလေးတွေကို စဉ်းစားဖို့ အရင်သင့်တယ်။ ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ ပညာတတ်တွေ ပြောတိုင်းလဲ အမြဲ မမှန်နိုင်သလို တောင်းရမ်းစားသောက်နေရသူတွေ၊ ပညာမဲ့တွေက ပြောတာကို မမှန်နိုင်ဘူးလို့လဲ သုံးသပ်လို့ မရဘူး။ အရေးကြီးတာက မျှမျှတတ သုံးသပ်နိုင်ဖို့ပဲ။ ဒါကြောင့် တရားမျှတမှုဆိုတဲ့ စကားလုံးက လူ့လောကထဲမှာ ပေါ်ထွက်လာတာပဲ ဖြစ်တယ်။ အာဏာ၊ ပညာ၊ ဥစ္စာပစ္စည်းရှိသူတွေနဲ့ အာဏာမဲ့၊ ပညာမဲ့၊ ပစ္စည်းမဲ့တွေအကြားမှာ ပြဿနာတွေ ဖြစ်လာတဲ့အခါ မှန်ကန်တဲ့ တရားစီရင်ရေး စနစ် ဟာ အလွန်ပဲအရေးကြီးလှတယ်။ ကွာဟမှုတွေမှာ အသာစီးရသူတွေက အနိုင်မပိုင်းနိုင်ဖို့ တရားမျှတမှုနဲ့ စနစ်ကသာ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်တယ်။
ဒီလိုတရားမျှတမှုနဲ့ ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ ရှိလာဖို့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ၀န်ဆောင်မှု ဆိုတဲ့ စကားလုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်လာကြတယ်။ ဥပမာ- ဆေးပညာရှင်တွေဆီမှာ ဆိုရင်လဲ မသေသော ဆေးသမားလို့ မျက်စိမှိတ်ကြွေးကြော်နေလို့ မရဘူး။ သူ့ရဲ့ အမှားကြောင့် မသေသင့်ပဲ သေတာဆိုရင် သူ့မှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာရှင်တွေနဲ့ လူနာအကြားမှာ ကျန်းမာရေးဝန်ဆောင်မှုဆိုတာ ရှိတဲ့အတွက်ပဲ ဖြစ်တယ်။ ဆေးပညာရှင်တွေဟာ ပြည်သူ့ဆေးရုံတွေမှာဆိုရင် အစိုးရဆီက လခ ယူထားတယ်။ အထူးကုဆေးရုံတွေမှာဆိုရင် အထူးကုဆေးရုံတွေက သတ်မှတ်တဲ့ ဈေးနှုန်းထဲကနေ ဝေစုကော်မရှင်ပြန်ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့် လူနာတွေက ပြည်သူ့ကျန်းမာရေးဘတ်ဂျက်အတွက် အစိုးရကို အခွန်ဆောင်ထားတယ်။ အထူးကုဆေးရုံမှာဆိုရင်လဲ ကျသင့်တဲ့ ငွေကို ရှင်းရတယ်။ ဒါကြောင့် ထိုက်တန်တဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို သူတို့မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ အမှားအယွင်းဖြစ်လာရင် လုပ်ထုံးလုပ်နည်း နည်းလမ်းတွေအတိုင်း တိုင်တန်းအရေးယူစေမှု ပြုလုပ်ပိုင်ခွင့် ရှိတယ်။
ဒီလိုပဲ။ ပါမောက္ခနဲ့ ကျောင်းသားတွေမှာလဲ ပါမောက္ခက ကျောင်းသားတွေကို ပညာရေးဝန်ဆောင်မှုပေးဖို့ တက္ကသိုလ်ကနေ လစာယူထားတယ်။ ကျောင်းသားတွေက ပညာရေးဝန်ဆောင်မှုအတွက် တက္ကသိုလ်ကို ၀န်ဆောင်ခ ပေးထားတယ်။ ဆရာတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကျောင်းသားတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေကို တက္ကသိုလ်က ချမှတ်ထားတယ်။ ကျောင်းသားက စည်းမျဉ်းတွေကို ဖောက်ရင် လုပ်ထုံးလုပ်နည်းအရ အရေးယူရမယ်။ ဆရာဘက်က ဖောက်ဖျက်ရင်လဲ ကျောင်းသားက complaint တက်ရမယ်။ ဆရာမို့ ရိုသေလေးစားပါတယ်တွေ ဘာတွေနဲ့ တွေးခေါ်စရာ မလိုအပ်ဘူး။ တဦးနဲ့ တဦးပတ်သက်မှုဟာ အပေးအယူအနေနဲ့ ပတ်သက်မှုပဲ ဖြစ်တယ်။ ဒီလိုပဲ။ တခြားသက်ဆိုင်ရာ ရုံးဌာနတွေမှာလဲ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို ၀န်ဆောင်မှု ပေးရတာဖြစ်တယ်။ ပြည်သူလူထုဘက်ကနေလဲ ဒီလိုပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ခ လစာတွေအတွက် အခွန်ပေးဆောင်မှုတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ တဘက်တလမ်း ပါဝင်ဆောင်ရွက်ထားမှုတွေ ရှိတယ်။ ၀န်ထမ်းတွေဘက်ကလဲ ပြည်သူလူထုကို ၀န်ဆောင်ပေးဖို့ လုပ်ခလစာတွေ ယူထားတယ်။ ဒီအတွက် ၀န်ဆောင်မှု မလွဲမသွေ ပေးရမယ်။ ဒီလိုပဲ။ ရဲတပ်ဖွဲ့ဆိုရင်လဲ ဒီအတိုင်းပဲ။ တရားဥပဒေစိုးမိုးရေး တာဝန်ယူထားတယ်။ ဒီအတွက် ဒီဝန်ဆောင်မှုကို တာဝန်ကျေပြွန်ရမယ်။ ဆရာဝန်မို့ ဆေးပညာ တတ်တယ်ဆိုပြီး ပြည်သူကို မတရားလုပ်ခွင့် မရှိစေရဘူး။ အစိုးရခေါင်းဆောင်မို့ ဥပဒေမဲ့ လုပ်ခွင့်မရှိစေရဘူး။ ၀န်ထမ်းမို့၊ အရာရှိမို့ဆိုပြီး အာဏာပြမှု မရှိစေရဘူး။ ရှေ့နေမို့ဆိုပြီး အမှုသည်ကို လိမ်ညာအကျိုးယုတ်စေမှု မရှိစေရဘူး။ တရားသူကြီးမို့ဆိုပြီး မမှန်မကန် အမိန့်ချလို့မရဘူး။ ဒီလိုတွေ လုပ်လာရင်လဲ ပြည်သူလူထုမှာ မတရားမှုကို ခေါင်းငုံ့မခံပဲ ကိုင်စွဲထားနိုင်တဲ့ တရားမျှတမှုဆိုင်ရာ လုပ်နည်း လုပ်ဟန်တွေ ရှိရမယ်။ ဒါဟာ တိုးတက်တဲ့ နိုင်ငံတွေမှာ ထွက်ပေါ်နေတဲ့ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေပဲ ဖြစ်ပါတယ်။
ကျွန်မတို့ မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေသရွေ့ ပြဿနာတွေဟာ တက်နေဦးမှာပဲ ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး ၀န်ဆောင်မှုကို ပြည်သူလူထုထံ ပေးရမယ့် တပ်မတော်က နိုင်ငံတော်အာဏာကို ယူထားတယ်။ ၀န်ဆောင်မှု ပေးရမယ့်သူတွေက အုပ်ချုပ်သူတွေ ဆိုပြီး ဥပဒေအထက်မှာ နေကြတယ်။ မတရားမှုတွေ ပြုလုပ်ကြတယ်။ စစ်အရာရှိဦးထုပ်ကို ကားပေါ် တင်ထားရင် မီးပွိုင့်နီဖြတ်မောင်းလဲ မော်တော်ပီကယ်က မတားရဲဘူး။ ဘယ်လောက်အခြေအနေဆိုးနေပြီလဲ ဆိုရင် စစ်ဗိုလ်ကို လူမိုက်ငှားတဲ့ အဆင့်အထိ ရောက်နေပြီဖြစ်တယ်။ စီးပွားရေးအရ စာချုပ်ချုပ်ရင် သက်သေဆိုပြီး စစ်ဗိုလ်တွေ ခေါ်လာကြတာတွေ ရှိသေးတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကို အာဏာရှင်နဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီး အုပ်ထားကြတယ်။ ရာဇ၀တ်မှုတွေမှာတောင် ပါဝင်ပတ်သက်သူတွေဟာ အာဏာရှင်နဲ့ နီးစပ်ပတ်သက်ရင် ဥပဒေဘက်တော် သား တွေက စကားတောင်မဟရဲကြဘူး။
တရားဥပဒေစိုးမိုးရေး ၀န်ဆောင်ပေးရတဲ့ ပြည်သူ့ရဲတွေ၊ တရားရုံးတွေကလဲ ဒီအတိုင်းပဲ။ ကိုလိုနီခေတ်တုန်းကလဲ ပုလိပ်အဖွဲ့ကို ဆိုရင် ပလိပ်ရောဂါဆိုးနဲ့တောင် နှိုင်းယှဉ်ကြတယ်။ “ရုံးရောက်၊ ဂတ်ရောက် မဖြစ်ချင်ဘူး“ ဆိုတဲ့ စကားတွေက အဲဒီခေတ်ကတည်းက ပေါ်ထွက်လာတာတွေ ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းခေတ် ရောက်တော့လဲ ဒါတွေက မပျောက်သွားဘူး။ တကယ်ကတော့ ရုံးတွေ၊ ဂတ်တွေဟာ ပြည်သူတွေကို အမှန်တကယ် ၀န်ဆောင်မှု ပေးနေရင်၊ တရားမျှတမှု ဆောင်ကျဉ်းပေးနေရင် အမှန်တရားကို လက်ကိုင်ပြုထားသူတွေအတွက် ကြောက်စရာ လန့်စရာ မဟုတ်ဘူး။ အမှန်တရားအတွက် ရင်ဆိုင်ရဲရမှာပဲ ဖြစ်တယ်။ ရဲတွေ၊ စစ်တပ်တွေတင်မကပဲ ပြည်သူ့ဝန်ထမ်းလောကမှာကလဲ ပြဿနာက အဖုံဖုံ ဖြစ်နေပြန်တယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို သက်ဆိုင်တဲ့ ၀န်ဆောင်မှုကို ပေးဖို့ တာဝန်ရှိသူတွေဖြစ်တယ်။ အိုးအိမ်ငှာနက အမှန်တကယ် လိုအပ်နေသူတွေဆီ အိုးအိမ်တွေ ရောက်သွားအောင် စီမံပေးရမယ်။ အခွန်ရုံးက မှန်ကန်တဲ့ အခွန်နှုန်းထားတွက်ချက်မှုကို လူထုဆီ ပံ့ပိုးပေးရမယ်။ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ တွေက သတ်မှတ်ထားတဲ့ ၀န်ဆောင်မှုတွေကို စနစ်တကျ ထမ်းဆောင်ရမယ်။ လူထုက တလေးတစားဆက်ဆံရမယ်။ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူဆိုတာ ရပ်ရွာလူကြီးဆိုပြီး ရပ်ရွာက ကိုးကွယ်ထားရမယ့် လူမဟုတ်ဘူး။ ရပ်ကွက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးကို တာဝန်ထမ်းဆောင်ရမယ့် သူတွေသာဖြစ်တယ်။ ရုံးတွေသွားရင် ပြည်သူလူထုက ၀န်ထမ်းတွေကို ကြောက်ရွံ့ရိုသေပြနေစရာ မလိုအပ်ဘူး။ နိုင်ငံသူနိုင်ငံသား တွေဖြစ်တဲ့အတွက် ခံစားထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်ရှိတယ်။ ၀န်ဆောင်မှုကို တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လဲ ခက်တာကတော့ မြန်မာနိုင်ငံမှာ ဒါတွေက ပြောင်းပြန်ဖြစ်နေတယ်။ ၀န်ဆောင်မှုပေးရမယ့် လူတွေကို ၀န်ဆောင်မှု ရပိုင်ခွင့် ရှိသူတွေက “ဆရာရယ်။ ဒါလေးပြီးအောင် လုပ်ပေးပါနော်။ ဒါက ဆရာ့အတွက် လက်ဘရည်ဖိုး“ ဆိုပြီး တောင်းတောင်းပန်ပန် ပြောနေကြရပြန်တယ်။
စည်ပင်သာယာကိစ္စတွေလဲ ဒီအတိုင်းပဲ။ အမှန်က သက်ဆိုင်ရာ ဌာနတွေက ဒါအတွက် အခွန်ကောက်ပြီးရင် စည်ပင်ကလဲ သူတို့လုပ်ရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ ရှိတယ်။ ဒီအထဲမှာမှ တာဝန်မကျေပဲ အမှိုက်ပုံတွေ ဖြစ်လာရင် စည်ပင်က လူတွေကို လက်ဖက်ရည်ဖိုးပေးပြီး ခေါ်ရှင်းခိုင်းရတယ် ဆိုတာကလဲ ရှိသေးတယ်။ စည်ပင်ဘက်ကလဲ လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်အောင် ပညာပေးရမယ်။ ပညာပေးလို့မှ မလိုက်နာရင် အရေးယူရမယ်။ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ရမယ်။ နောက်ဆုံး မဆီမဆိုင် ကိုယ်ထူကိုယ်ထ စနစ်ဆိုပြီး အမှိုက်သန့်ရှင်းရေး ပွဲတွေ လုပ်တာက ရှိသေးတယ်။ မရှုပ်တဲ့ အလုပ်ကို အလကားနေရင်း ရှုပ်နေကြတယ်။ တကယ်က သူ့တာဝန်၊ ကိုယ့်တာဝန် ကျေပြီးရင် အပိုအလုပ်တွေ ဘာမှ လုပ်စရာ မလိုအပ်ဘူး။
ဒီလိုပဲ။ ကျောင်းဆရာ၊ ဆရာမဆိုတာကလဲ သူရဲ့ သက်ဆိုင်ရာ ကျောင်းမှာ ကျောင်းသားတွေကို ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ ပေးရမယ်။ ဒါဟာ တာဝန်တရပ်သာ ဖြစ်တယ်။ ကျောင်းမှာ ပညာရေး ၀န်ဆောင်မှု အပြည့်အ၀ပေးပြီး ပြင်ပအချိန်မှာ ကျူရှင်သင်တာမျိုးက မြန်မာပြည်ရဲ့ စားဝတ်နေရေး အခြေအနေအရ လက်ခံပေးလို့ ရပေမယ့် ကျောင်းမှာ စာကောင်းကောင်း မသင်ပဲ ကျူရှင်မှာမှ ကောင်းကောင်းသင်တာတွေ၊ ကျူရှင်မတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ ငြိုငြင်တာတွေ၊ ကျူရှင်မှာ မေးခွန်းကြိုထုတ် ပေးတာကကျတော့ ကျောင်းမှာ ယူထားတဲ့ တာဝန်မကျေတာပဲဖြစ်တယ်။ ဆရာကောင်းတာတွေ၊ မကောင်းတာတွေ၊ ကျင့်ဝတ်တွေကို ပြောနေတာ မဟုတ်ဘူး။ တာဝန်ယူမှုနဲ့ တာဝန်ကျေပွန်မှုကို ဆိုလိုနေတာပဲ ဖြစ်တယ်။ ဒီလခလောက်နဲ့ လောက်မှ မလောက်တာ လို့ ပြောစရာရှိတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေအရ ဒါက အမှန်တရားပဲ။ ဒီလိုဆို ဒီလခနဲ့ အလုပ်ကို မလုပ်ပဲ ပြင်ပမှာ ကျူရှင်သင်စားလို့လဲ ဖြစ်နိုင်တာပဲ။ ဒီအလုပ်ကို လက်ခံပြီး လုပ်တယ်ဆိုရင်တော့ ဒီအလုပ်ရဲ့ တာဝန်ကို ကျေပြွန်ရမှာပဲ ဖြစ်တယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဒီလိုဝန်ဆောင်မှု သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဆရာသမားဆိုတော့ မှားတာတွေ လုပ်နေမှန်းသိတဲ့ မိဘတွေကလဲ မပြောရဲကြဘူး။ ကျောင်းသားတွေကလဲ မဝေဖန်ရဲကြဘူး။ အမှန်ကတော့ ဒီကျောင်းကပေးတဲ့ ၀န်ဆောင်မှုကို လာယူတာဖြစ်တဲ့အတွက် ကျောင်းက ပေးအပ်မယ်ဆိုတဲ့ ၀န်ဆောင်မှု အပြည့်အ၀ မရရင် complaint တက်ပိုင်ခွင့် ရှိကိုရှိတယ်။
တက္ကသိုလ်၊ ကောလိပ်မှာလဲ ဒီအတိုင်းပဲ။ ကျွန်မတို့ လက်ထက်မှာတုန်းက ဗြောင်ကြီးကို ကျူရှင်မှာ မေးခွန်းတွေ အောက်ပေး၊ အဖြေတွေ အောက်ပေး၊ စာမေးပွဲနီးလာတော့ အုပ်စုလေးတွေ ဖွဲ့ပြီး ရွှေဆွဲကြိုးကန်တော့ခိုင်းတဲ့ ဆရာမတွေပါ တွေ့ဖူးတယ်။ ရွှေဆွဲကြိုးတောင် ဘယ်ဆိုင်က ဆွဲကြိုးမှ ဆိုတာကလဲ ပါသေးတယ်။ ဒီကိစ္စ မေမေ့ကို ပြန်ပြောတော့ “ထားလိုက်ပါ သမီးရယ်။ ဆရာဆိုတာ မပြစ်မှားကောင်းဘူး“ တဲ့။ ကျွန်မက ဆရာဆိုတာကို ပြစ်မှားတာ မဟုတ်ဘူး။ ဆရာဆိုတာနဲ့ပဲ သူ့လုပ်ရပ်မှန်သမျှ မှန်တယ်လို့ ထောက်ခံနေစရာ မလိုအပ်ဘူး။ သူပြောသမျှ အမှန်တွေလို့ ခေါင်းညိတ်နေစရာ မလိုအပ်ဘူး။ ဒီကျောင်းကို သွားတက်မှုမှာ ကျွန်မဘက်က အချိန်၊ အားထုတ်မှုနဲ့ ငွေကုန်တယ်။ ဒါက ကျွန်မလိုချင်တဲ့ ပညာရေး ၀န်ဆောင်မှုကို ရဖို့ဖြစ်တယ်။ ပညာဆိုတာကို တတ်ဖို့ဖြစ်တယ်။ စာမေးပွဲ အောင်ဖို့ မဟုတ်ဘူး။ ဒီအတွက် ကျွန်မနဲ့ ကျောင်းနဲ့အကြားမှာ ပညာဝန်ဆောင်မှု အပေးအယူ contract ရှိတယ်။ ကျောင်းက ဒီလိုဝန်ဆောင်မှုပေးမယ်ဆိုပြီး ကျွန်မဆီက ငွေယူထားတယ်။ အချိန်တောင်းထားတယ်။ ဒီငွေတွေရယ်၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဘတ်ဂျက်ရယ်ကနေ ကျောင်းလည်ပတ်တယ်။ ဆရာတွေကို ပညာရေးဝန်ဆောင်မှုပေးရမယ်ဆိုပြီး နိုင်ငံတော်နဲ့ ကျောင်းက ခန့်ထားတယ်။ ဒီတော့ ဆရာတွေကလဲ လိုအပ်တဲ့ တာဝန်ကျေပြွန်မှု ရှိရမယ်။ ဒါကို ကျွန်မမိခင်ကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။
ဆေးပညာရှင်နဲ့ လူနာအကြားမှာကလဲ ဒီအတိုင်းပဲ ဖြစ်တယ်။ ၀န်ဆောင်မှုဆိုင်ရာ သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ အမှန်က ကျန်းမာရေးအခွင့်အလမ်းဆိုတာ လူတိုင်း ခံစားခွင့်ရှိတဲ့ မွေးရာပါ အခွင့်အလမ်းပဲဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကျန်းမာရေး ၀န်ဆောင်မှုကို အပြည့်အ၀ မပေးနိုင်ဘူး။ နိုင်ငံတွေမှာ လူထုက အစိုးရကို အခွန်ပေးပြီး အခွန်ငွေကနေ ကျန်းမာရေးဘတ်ဂျက်ချပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုတာတွေတို့၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေကို လူတွေက ပိုက်ဆံပေးရပြီး ကျန်းမာရေးမကောင်းတဲ့အခါ ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းတွေက ပြန်ပေးတာတို့ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးပညာရှင်တွေနဲ့ ဆေးကုသခံသူတွေအကြားမှာ ကျန်းမာရေး ၀န်ဆောင်မှု contract ရှိတယ်။ လူတွေသေတိုင်းလဲ ဆေးပညာရှင် အမှားလို့ ပြောလို့ မရနိုင်သလို၊ လူတွေ ရှင်သွားတိုင်းလဲ ဆေးပညာရှင်က အသက်ကယ်တာလို့ချည်းပဲ ပြောနေလို့မရဘူး။ ကျွန်မအမေမှာ သူကျင်လည်ခဲ့ရတဲ့ အသိုင်းအ၀ိုင်းကြောင့် တခါတရံမှာ ကြက်တူရွေးကတော်တော် မယ်ဘော်ကဲကဲ ကိစ္စလေးတွေ ရှိပေမယ့် ကျွန်မ နှစ်သက်တဲ့ အကျင့်လေးတွေ တချို့လဲ ရှိတယ်။ အဲဒါကတော့ ညသန်းခေါင်အချိန်တွေမှ မြို့အနီးတ၀ိုက်က ရွာတွေကနေ လူနာလာခေါ်ရင်လဲ အ၀တ်ကောက်လဲပြီး လိုက်တတ်တဲ့အကျင့်၊ သူအင်မတန် နှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေ စီးလို့ မရလို့ ဖိနပ်ကိုင်ပြီးသွားရလဲ လူနာအတွက်ဆိုရင် ဖိနပ်ကိုင်ပြီး ခြေဖ၀ါးချည်းသွားရလဲ သွားတဲ့အကျင့်နဲ့ သူ့ကိုယ်သူ ကျေးဇူးရှင်အဖြစ် မသတ်မှတ်တတ်တဲ့ အကျင့်ပဲ။ ဆရာဝန်တယောက်အနေနဲ့ သူလုပ်သင့်တယ်လို့ ထင်တာကို ဘာမျှော်ကိုးမှုမှမရှိပဲ သူလုပ်ပေးတာဖြစ်တယ်လို့ သူအမြဲတမ်း ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ရွာတရွာက လူနာမိသားစုက အသက်သခင် ကျေးဇူးရှင်ပါဆိုပြီး ငှက်ပျောခိုင်ကြီး တခိုင်ကိုချ၊ ဆန်လေးပြည်လောက် အိတ်လေးဆွဲပြီး လာကန်တော့တယ် ဆိုတုန်းက ပြန်ပြောတဲ့စကား။ “ကျွန်မတို့ ဆရာဝန်တွေကို အသက်သခင်ကျေးဇူးရှင်တွေလို့ သတ်မှတ်လို့ မရဘူးလေ။ အဲလိုသာ သတ်မှတ်စတမ်းဆို ဆေးရုံမှာ သေတဲ့ လူနာတောင် ရှိပါဦးမလား။ လူနာရဲ့ကံရယ်၊ အချိန်မှီလာခေါ်ပေးတဲ့ ဦးလေးတို့ မိသားစုရယ်၊ ကျွန်မရဲ့ ဆေးပညာအတတ်ရယ် ပေါင်းစပ်သွားလို့ပါ။ ဒေါ်ဒေါ် ကျွန်မကို ကျေးဇူးတင်မနေနဲ့။ မိသားစုကို ကျေးဇူးတင်“ တဲ့။ ကျွန်မမှာ ကျွန်မအမေကို တစိမ့်စိမ့် ကြည့်ပြီး ချစ်လိုက်ရတာ မပြောပါနဲ့တော့။ သူအမှန်ကို ဆိုတယ်လေ။ ကျေးဇူးရှင်ဖြစ်ရ နည်းလား ဆိုပြီး ကျေးဇူးမတင်တင်အောင် ထိုင်ပြောနေတာမှ မဟုတ်တာပဲ။
ကျွန်မအဖေနဲ့ကျတော့ ဒီလိုကိစ္စနဲ့ပဲ ပတ်သက်ပြီး စိတ်အခန့်မသင့် ဖြစ်ကြရဖူးတယ်။ ဆေးပညာ ကိစ္စနဲ့တော့ မဟုတ်ဘူး။ ဒီကျေးဇူးရှင် ဆိုတဲ့ ကိစ္စနဲ့။ တရက်တော့ ကျွန်မက အဖေ့ဆီ သွားတွေ့ဖြစ်တယ်။ အဲဒီမှာ လူတစုက သူ့ကို ကန်တော့နေကြတယ်။ ကျွန်မအရွယ်ကောင်မလေး တယောက်က ဘဘလို့ ခေါ်လို့။ မဆီမဆိုင် လက်အောက်မှာ တကယ်အလုပ်လုပ်သူလဲ မဟုတ်ပဲ တကယ် အလုပ်လုပ်နေသူရဲ့ ဇနီးကလဲ “ကျွန်မတို့ဆီမှာ အစ်ကိုကြီးရဲ့ ကျေးဇူးတွေက အများကြီးပါ“ ဆိုပြီး အပေါ်ယံက သကာရည်လောင်း၊ စိတ်ထဲက မပါတဲ့ မျက်နှာကြီးနဲ့ အပြောကောင်းလို့။ အဖေကလဲ မိန့်မိန့်ကြီး ထိုင်လို့။ ကျေးဇူးရှင်ကြီးအဖြစ် သြ၀ါဒတွေ ခြွေနေလိုက်တာ။ တယောက်က တယောက်ထက် ရာထူးပိုကြီးတာ၊ အရင်စောမွေးလို့ လုပ်ငန်းအတွေ့အကြုံများတာနဲ့ပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ် သက်ဆိုင်တဲ့ အလုပ်လုပ်နေတဲ့အပေါ်မှာ သွားကန်တော့နေစရာ လိုအပ်သလား။ “အသက်တရက်တမနက် ကြီးလို့ ကန်တော့ရမယ်“ လို့ တွင်တွင်ကြီး လူကြားကောင်းအောင် ပြောနေသူတွေက လမ်းဘေးမှာ တောင်းစားနေတဲ့ အဖိုးအိုကြီးတွေ၊ သင်္ချိုင်းက သုဘရာဇာအိုကြီးတွေကို ဘယ်နှစ်ခေါက်များ သွားထိုင်ကန်တော့ကြဖူးလဲ။ အသက်ကြီးရင် ကန်တော့ရမယ် ဆိုတာက ကိုယ့်အတွက် အကျိုးကျေးဇူးပြုပေးနေတဲ့ အသက်ကြီးသူတွေအတွက်ပဲလား။ ဒါဆိုလဲ အသက်ကြီးလို့ ကန်တော့တာ မဟုတ်ပဲ ကိုယ့်အတွက် အကျိုးပြုနေလို့ ကန်တော့တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုလိုက်ရင် ဘာဖြစ်သွားမှာလဲ။ ဒီနေရာမှာ ကန်တော့ခံသူကလဲ စဉ်းစားစရာရှိတာက ကိုယ်က ကိုယ့်လုပ်သက်နဲ့ကိုယ် အတွေ့အကြုံနဲ့ အဆက်အသွယ်နဲ့ စီမံခန့်ခွဲရေးရာထူးရနေလို့ ဒီရာထူးနဲ့ ဆိုင်တဲ့ တာဝန်ကို လုပ်နေတာ၊ ကိုယ်စီမံခန့်ခွဲနေရသူတွေကလဲ သူတို့ရဲ့ အရည်အချင်းနဲ့ အလုပ်အကိုင်နဲ့ ဆိုင်တဲ့ တာဝန်ကို ထမ်းဆောင်နေတာ။ ဘာဆိုင်လို့ ရာထူးကြီးတာနဲ့ အကန်တော့ခံပြီး ကျေးဇူးရှင် သတ်မှတ်ခံချင် နေကြရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ခေတ်ဘယ်အခါက စခဲ့မှန်းမသိတဲ့ ဒီထုံးတမ်းစဉ်လာကြီးကတော့ မြန်မာတွေဆီမှာ အရိုးကို စွဲလို့။ နောက်ဆုံး န၀တ၊ နအဖ ခေါင်းဆောင်တွေတောင် ဘယ်သွားသွား ဘယ်လာလာ အကန်တော့ ခံပွဲတွေ လုပ်ကုန်ကြပါရောလား။
ကိုယ့်ဟာကို လေးစားစရာတွေ့လို့ ကန်တော့ချင်လွန်းလို့ ကန်တော့တာ၊ ကျေးဇူးရှင်သတ်မှတ်တာတွေကို မလုပ်သင့်ဘူးလို့ ဆိုလိုနေတာမဟုတ်ပါ။ စိတ်ထဲက မပါပဲ အစဉ်အလာအရ လုပ်နေကြတာတွေကတော့ ကြာလာရင် လူ့အဖွဲ့အစည်းအတွက် ကောင်းလှတာတော့ မဟုတ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာတွေ သိပ်များလာပြီး၊ ရာထူးတက်လမ်းအခွင့်အလမ်းတွေဟာ အရည်အချင်းပေါ် မူတည်တာ မဟုတ်ပဲ အထက်လူကြီးပေါ် မူတည်တာတွေ ဖြစ်လာတတ်တယ်။ အဲဒီအခါ နိုင်ငံတော်ရဲ့ ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်တယ်။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာတတ်တယ်။ ငယ်စဉ်ကာလမှာလဲ ဆရာ၊ ဆရာမတွေကို လက်ဆောင်ပဏ္ဍာပေး ကန်တော့၊ အလုပ်လုပ်စဉ်ကာလမှာ အထက်လူကြီးတွေကို တံစိုးလက်ဆောင်ပေး ကန်တော့နဲ့ စစ်မှန်တဲ့ အရိုအသေပေးမှုမဟုတ်ပဲ အခွင့်အရေး ရလိုမှုနဲ့ အရိုအသေ ပေးချင်ယောင်ဆောင်တဲ့ လူတွေ ပါဝင်ရုန်းကန်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ အပေါင်းလက္ခဏာ ဖြစ်လာမှာ မဟုတ်တာတော့ အသေအချာပဲ။
ဆေးပညာရှင်တွေနဲ့ ကျေးဇူးရှင် ကဏ္ဍအကြောင်း ပြန်ဆက်ကြရအောင်ပါ။ နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးတဲ့ နိုင်ငံတွေမှာ လူနာတွေ ကျန်းမာရေး ပြန်ကောင်းလာတယ်ဆိုတာမှာ ကျေးဇူးရှင်တွေက အများကြီးပဲ ဖြစ်တယ်။ နိုင်ငံတော်ကျန်းမာရေးစနစ်၊ အခွန်ထမ်းပြည်သူလူထု၊ ကျန်းမာရေးဘတ်ဂျက်ခွဲဝေမှုပုံစံ၊ အရေးပေါ် တယ်လီဖုန်း အော်ပရေတာ၊ အရေးပေါ်ဖုန်းကို ကိုယ်တိုင်ဖုန်းဆက်တာ မဟုတ်ရင် ဆက်ခေါ်ပေးတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ တက်စီနဲ့သွားတာဆိုရင် တက်စီမောင်းသူ၊ ဘတ်စ်နဲ့သွားရင် ဘတ်စ်မောင်းသူ၊ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်လုပ်ဆောင်တဲ့ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲပညာရှင်၊ ဆေးရုံသန့်ရှင်းရေးသမား၊ ဆေးဝါးပြည့်စုံမှု၊ ဆေးဝါးတွေ ဆေးရုံမှာ အဆင်သင့်ဖြစ်နေအောင် ထုတ်ပေးတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဆေးစတိုခန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဘယ်လိုရောဂါကို ဘယ်လိုဆေးဝါးနဲ့ ကုသသင့်တယ်ဆိုတာ တီထွင်ပေးခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ၊ ဒီဆရာဝန်၊ ဆရာမတွေကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာတွေ၊ ဆေးပညာစာအုပ်ရေးသားခဲ့သူတွေ တသီသတန်းကြီးပဲ ဖြစ်တယ်။ အားလုံးက ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်နေကြလို့ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ကောင်းကောင်းမွန်မွန် လည်ပတ်နေတာသာဖြစ်တယ်။ တဦးတယောက်တည်းရဲ့ စွမ်းအားတွေကြောင့် မဟုတ်ဘူး။ ဒီယန္တရားထဲ ပါသူတွေအားလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုကို ပေးနေကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ကလဲ လူတယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားခွင့်ရှိတယ်၊ အခွန်ထမ်းပြည်သူ တယောက်အနေနဲ့ ကိုယ်နဲ့ ထိုက်သင့်တဲ့ ၀န်ဆောင်မှုကို ရသင့်တဲ့အတွက် ဒီဝန်ဆောင်မှုရဲ့ စားသုံးသူ ဖြစ်လာရတာဖြစ်တယ်။ နိုင်ငံတော်က တာဝန်ယူတဲ့ ဆေးရုံတွေမှာ မဟုတ်ပဲ တခြားပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းမှာဆို ပိုရှင်းတယ်။ ဒါက ဈေးဝယ်သလိုပဲဖြစ်တယ်။ ကိုယ်က ကျန်းမာရေးဝန်ဆောင်မှုဆိုတဲ့ ကုန်ပစ္စည်းလိုချင်တယ်။ ဒီအတွက် ငွေပေးတယ်။ ဆရာဝန်တွေ၊ ဆရာမတွေဘက်က ကျန်းမာရေးဝန်ဆောင်မှု ကုန်ပစ္စည်းကို ရောင်းတယ်။ ၀န်ဆောင်မှုဆိုတာက ကိုင်တွယ်လို့ရတဲ့ အကောင်အထည်ပြ မဟုတ်တဲ့အတွက် မကြိုက်လို့ ဆိုပြီး ပြန်လဲလို့မရဘူး။ ဒါပေမယ့် ၀န်ဆောင်မှု မကောင်းရင်တော့ စားသုံးသူတယောက်အနေနဲ့ Complaint တက်ခွင့်ရှိရမယ်၊ လျော်ကြေး တောင်းခွင့်ရှိရမယ်၊ ထိခိုက်နစ်နာမှုရှိရင် တရားဥပဒေနဲ့အညီ ဖြေရှင်းခွင့်ရှိရမယ်။
စားသောက်ဆိုင်တခုမှ စားပွဲထိုးရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ ဆိုင်မန်နေဂျာကို တိုင်တန်းကြတယ်။ ရုံးငှာနဆိုင်ရာတခုခုမှာ ၀န်ထမ်းရဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အခါ သက်ဆိုင်ရာ ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်တန်းမှု ပြုရမယ်။ ကျောင်းဆရာမရဲ့ Professional Misconduct ကို သက်ဆိုင်ရာ ပညာရေးဌာနတွေဆီ တိုင်ရမယ်။ ပြည်သူ့ဆေးရုံမှာဆိုရင်လဲ ဆေးရုံအကြီးအကဲကို တိုင်တန်းရမယ်။ ကျန်းမာရေးဝန်ကြီးဌာနကို တိုင်တန်းရမယ်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးရမယ်။ လိုအပ်သလို အရေးယူတာတွေ လုပ်ရမယ်။ ပုဂ္ဂလိကဆေးရုံမှာဆိုရင်လဲ သက်ဆိုင်ရာ ဆေးပညာရှင်တွေနဲ့ ပတ်သက်ပြီး တရားဝင်တိုင်ကြားမှုပြုလုပ်ရမယ်။ ပုဂ္ဂလိက ဆေးရုံက စုံစမ်းရေးဘုတ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုလုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လူနာနဲ့ ပတ်သက်ပြီး၊ ဆေးပညာရှင်ရဲ့ ညံ့ဖျင်းမှု၊ မတော်တဆဖြစ်မှုကြောင့် ထိခိုက်နစ်နာမှုရှိတယ်ဆိုရင် ဒီလူနာကို ကျန်းမာရေးဝန်ဆောင်မှုပေးတာက ပုဂ္ဂလိက ဆေးရုံဖြစ်လို့ပဲ။ ဆေးရုံနဲ့ လူနာအကြားမှာ ၀န်ဆောင်မှု contract ရှိတယ်။ ဆေးရုံနဲ့ ဆေးပညာရှင်အကြားမှာလဲ အလုပ်ခန့်ထားမှုနဲ့ ဆိုင်တဲ့ contract ပဲဖြစ်ဖြစ်၊ ကော်မရှင်စား contract ပဲဖြစ်ဖြစ် ရှိတယ်။ ဒါကို ချိုးဖောက်မှု ပြုတဲ့အခါမှာ Medical Negligence ဖြစ်မှုဟာ တရားမမှု မြောက်တယ်။ တခါတရံမှာ ရာဇ၀တ်မှု မြောက်တာလဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာတဲ့ လူနာရှင်ဘက်က လိုအပ်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်တယ်။
အခုတလော ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ခွဲစိတ်မှု အမှားအယွင်းကနေ လူသေဆုံးမှုပြဿနာနဲ့ ပတ်သက်ပြီး အင်တာနက်အွန်လိုင်းပေါ်မှာ အတော်ကို သတင်းတွေ ပျံ့နှံ့နေတယ်။ ဒီကိစ္စကို သေချာကြည့်မယ်ဆိုရင် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို တွေ့မြင်ရမှာဖြစ်တယ်။ ဆေးရုံက ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှုကို ငွေနဲ့ရောင်းတယ်။ လူနာရှင်ဘက်က ဆေးရုံကို ဆေးဝါးကုသ စရိတ်ပေးရတယ်။ တနည်းဆိုရင် ၀န်ဆောင်မှုကို ၀ယ်ယူတယ်။ ဆေးရုံက ဆေးပညာရှင်တွေကို လုပ်ခ (သို့မဟုတ်) ကော်မရှင်ပေးပြီး ဆေးပညာအသုံးချခိုင်းထားတယ်။ ဒီအတွက် ဆေးရုံနဲ့ လူနာရှင်အကြားမှာ၊ ဆေးရုံနဲ့ ဆေးပညာရှင်တွေအကြားမှာ contract တွေ ရှိတယ်။ အဲဒီမှာ လူနာသေတယ်။ ဒီလို လူနာသေမှုဟာ ဆရာဝန်ရဲ့ ခွဲစိတ်မှုအမှားအယွင်းကြောင့်လို လူနာရှင်ဘက်က မီဒီယာကနေတဆင့် ထုတ်ဖော်စွပ်စွဲထားတယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာရဲ့ ရေးသားချက်တွေက မမျှတဘူးလို့ သုံးသပ်သူတွေလဲ ရှိတယ်။ ဆောင်းပါးတွေမှာ ရေးသားထားချက်တွေမှာ လူနာရှင်ရဲ့ ပြောကြားချက်တွေကို ကိုးကားထားတယ်။ ဒီတော့ တဘက်တည်းအမြင်လို့လဲ ဆိုနိုင်တယ်။ ဒါပေမယ့် ဒီလို ဆိုရအောင် မီဒီယာဘက်က သက်ဆိုင်ရာဆေးခန်းနဲ့ ဆရာဝန်ကို ဆက်သွယ်ခဲ့တာ မရှိဘူးဆိုတာသေချာမှ တဘက်သတ်လို့ ဆိုနိုင်မှာဖြစ်တယ်။
တကယ်လို့ မီဒီယာဘက်က ဆက်သွယ်မေးမြန်းပြီးမှ သက်ဆိုင်တဲ့ ဆေးခန်းနဲ့ ဆရာဝန်တွေက လိုအပ်တဲ့ ထုတ်ဖော်ပြောကြားမှု၊ ငြင်းဆိုမှု ဘာမှ မလုပ်တာဆိုရင်တော့ မီဒီယာရဲ့ ကိုးကားရေးသားချက်ကို ဘက်လိုက်တယ်လို့ မဆိုနိုင်ဘူး။ ဒီနေရာမှာ သက်ဆိုင်ရာ ဆရာဝန်ကို လူသတ်မှု တရားခံအနေနဲ့ ရေးသားဖြန့်ဝေချက်တွေက မှားတယ်။ လူသေစေမှုအတွက် သံသယဖြစ်ထားခြင်း ခံရသူ၊ surgical error ဖြစ်တဲ့ ဆရာဝန်တယောက်အနေနဲ့ စွပ်စွဲသတ်မှတ်ခံထားရသူ အနေနဲ့သာ ဥပဒေကြောင်းအရ သုံးနှုန်းလို့ ရမှာဖြစ်တယ်။ ခွဲစိတ်မှုတွေတိုင်းမှာ risks တွေရှိတယ်။ ဒီ risks တွေကို လူနာ (သို့) လူနာရှင်ကို ကြိုတင်ပြောဆိုဖို့ ဆရာဝန်ဆီမှာ တာဝန်ရှိတယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဆရာဝန်တွေကလဲ “ငါပြောတော့ကော သူတို့က ဘာနည်းလည်မှာလဲ“ လို့ အယူအဆရှိတယ်။ လူနာတွေကလဲ “ဆရာတို့ကပဲ နားလည်တာပါ။ ဆရာတို့ လုပ်သင့်တာလုပ်ပါ“ လို့ ဆိုတတ်ကြတယ်။ တကယ်က အဲလိုမဟုတ်ဘူး။ ဆရာဝန်တွေ၊ ဆေးပညာရှင်တွေဘက်က လူနာဘက်က နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ risk တွေကို ရှင်းထားရမယ်။ လူနာတွေဘက်ကလဲ နားလည်အောင် မေးရမယ်။ အဲဒီလိုဖြစ်လာရင် risk ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဆရာဝန်အမှားလို့ စိတ်ထဲက ကြိတ်ပြီး သတ်မှတ်ထားမှုတွေ တော်တော်နည်းသွားမယ်။ ဆေးသမားဂုဏ်ဆိုတာကို ထောက်ထားပြီး ဖွင့်မပြောကြတဲ့ လူနာတွေ၊ လူနာရှင်တွေ မြန်မာပြည်မှာ အများကြီးပဲ။ စိတ်ထဲကနေ ဒီဆရာဝန် ငါ့အမေကို သတ်တယ်လို့ တွေးနေကြတဲ့ လူနာရှင်တွေ မရှိဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်သလဲ။ ဒါတွေဟာ စိတ်ထဲမှာ ပြောနေရမယ့် အရာတွေ မဟုတ်ဘူး။ မျက်မှောက် ရှင်းရမယ့် အရာတွေသာဖြစ်တယ်။ risk နဲ့ error ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာဖို့လိုတယ်။ ဒါမှ risk ကို error လို့ထင်ပြီး သက်ဆိုင်တဲ့ ဆရာဝန်၊ ဆရာမတွေကို စိတ်ထဲက နားကြည်းနေတာတွေ၊ မယုံမကြည်ဖြစ်တာတွေ လျော့နည်းသွားမှာဖြစ်တယ်။ အဲဒီလိုပဲ error တွေ ဖြစ်ရင်လဲ လုပ်နေတဲ့ ဆေးပညာရှင်တွေကို သူတို့အမှားတွေ သူတို့သိအောင် ထောက်ပြလိုက်သလိုဖြစ်တယ်။ တခြားဆေးပညာရှင်တွေ သင်ခန်းစာ ယူလို့ ရလာမှာဖြစ်တယ်။
လူတယောက်ကားမောင်းသွားရင် မဆင်မခြင်မောင်းမှုကြောင့် လူသေစေမှုဖြစ်ရင် ဥပဒေအရ အရေးယူဆောင်ရွက်ရမှုတွေ ရှိတယ်။ ဒီလိုပဲ ဆရာဝန်တယောက်ရဲ့ အမှား (error) ကြောင့် လူသေစေမှု ဖြစ်တာမှာ ဆရာဝန်မို့ဆိုပြီး ချန်လှပ်ထားခွင့်ရှိသလား။ ဥပဒေကြောင်းအရ တရားမမှု၊ ရာဇ၀တ်မှု တခုခုမှာ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ပေးဆပ်မှုကို တော့ ပြန်လည်ပေးဆပ်ရမှာပဲဖြစ်တယ်။ ကျွန်မတို့ စကောတလန်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ အက်ဥပဒေတွေထဲမှာ Surgical Errors ဆိုတာကို
(၁) မှားယွင်းသော ခွဲစိတ်မှု ပြုလုပ်ခြင်း
(၂) ရောဂါနှင့် မသက်ဆိုင်သော မှားယွင်းသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွင် ခွဲစိတ်ခြင်း
(၃) မေ့ဆေးပေးမှုနှင့် ပတ်သက်ပြီး ခွဲစိတ်နေစဉ် ဖြစ်ပွားလာသော အမှားများ
(၄) cosmetic surgery အမှားများ ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဒီလိုအမှားတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ရုတ်သိမ်းမှု၊ ရာဇ၀တ်မှုမြောက်ရင် ဥပဒေအရ အရေးယူမှု၊ တရားမမှုမြောက်ရင် လျော်ကြေးပေးဆောင်ရမှု စတာတွေ ရှိတယ်။
ဒီတော့ အခုကိစ္စမှာ သက်ဆိုင်ရာဆရာဝန်ကို တရားခံအဖြစ် စွပ်စွဲနေတာတွေ၊ လူထုကို သတင်းပေးတဲ့ မီဒီယာက တဘက်သတ်ပဲ သတင်းယူခဲ့တာလား၊ ပါဝင်ပတ်သက်နေသူတွေက ပြောဆိုဖို့ ငြင်းဆန်ပြီး ရှောင်ပြေးနေတာလား ဆိုတာ မသေချာခင်မှာ မီဒီယာဘက်လိုက်မှုလို့ ပြောဆိုနေတာတွေထက်စာရင် တကယ်ဖြစ်သင့်တာကတော့ နစ်နာသူတွေဘက်ကနေ တရားဝင်တိုင်ကြားမှုတွေ၊ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းပေးဖို့တောင်းဆိုမှုတွေ၊ လိုအပ်ရင် Post-Mortem စစ်ဆေးမှုတွေ၊ ဆေးကုသမှုနဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ဥပဒေဘက်တော်သားအကူအညီနဲ့ တောင်းဆိုကြည့်ရှုစစ်ဆေးခိုင်းမှုတွေ၊ surgical risks လား၊ surgical errors လားဆိုတာ လေ့လာဆန်းစစ်ပြီး error တွေ၊ Medical Negligence တွေ ဖြစ်နေခဲ့ရင်လဲ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်တဲ့ ကိစ္စရပ် တခုသာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ချက်တွေကသာ တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။
လူနာတွေဘက်က ဆရာဝန်ဘက်ကို “ ဆေးကုသခွင့် လိုင်စင်ကို လူသတ်လိုင်စင်များ မှတ်နေလား မသိဘူး“၊ “အဲဒီဆရာဝန်ပေါ့။ တို့အဖေကို သတ်လိုက်တာ“၊ “မြန်မာပြည်က ဆေးကျောင်းသားတွေ အဆင့်မရှိဘူး။ ဆရာဝန်တွေတကယ်မတတ်ဘူး။ စင်ကာပူသွားကုကြ“၊ “ဆရာဝန်တွေလဲ ငွေမျက်နှာပဲ ကြည့်နေကြတယ်“ ဆိုတဲ့ စကားလုံးတွေ ထွက်ပေါ် ပြောဆိုမှုတွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး လူနာတွေအပေါ်မှာ တကယ်စေတနာထားတဲ့၊ တာဝန်ကျေတဲ့ ဆရာဝန်တွေကိုပဲ ရမ်းပြီး စော်ကားလိုက်သလို ဖြစ်စေနိုင်ပါတယ်။ တပြိုင်နက်တည်းလိုမှာပဲ ဆရာဝန်တွေဘက်က လူနာတွေဘက်ကို ဂရုမစိုက်ပဲ “သူတို့က ဘာနားလည်မှာလဲ“၊ “တို့ကိစ္စတွေထဲ လာပြောရအောင် ဆရာဝန်မို့လား“၊ “နောက်လာမယ့် လူနာတွေ အများကြီးရှိသေးတယ်။ မေးစရာရှိရင်လဲ ရှေ့က ဆရာမကို မေးလိုက်လေ။ တို့က ဆရာဝန်။ ဒါတွေလိုက်ရှင်းမပြနေနိုင်ဘူး“၊ “ငါမှားသွားလဲ မသိချင်ယောင်ဆောင် နေလိုက်လဲ ငါ့လိုလူမျိုးက ဘယ်သူက ဘာလာလုပ်လို့ ရမှာမို့လဲ“ ဆိုတဲ့ အတွေးအခေါ် တွေ မထားရှိဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးပညာရှင်တွေဘက်က ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုအတတ်ပညာကို ရင်းပြီး ဘ၀ရပ်တည်ရေး၊ ၀င်ငွေရရေး လုပ်ဆောင်ပါတယ်။ လူနာတွေဘက် ငွေကြေးနဲ့ရင်းပြီး ဒီဝန်ဆောင်မှုကို ၀ယ်ယူပါတယ်။ ပစ္စည်းဝယ်မယ့်သူက ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ အရည်အသွေးကို ကြည့်ရမယ်။ ကောင်းကျိုးဆိုးကျိုးတွေ နားလည်ရမယ်။ ၀န်ဆောင်မှု မှန်မှန်ကန်ကန် မရှိရင် complaint တက်ရပါမယ်။ ပစ္စည်းရောင်းသူဘက်ကလဲ ကိုယ့်ပစ္စည်း အရည်အသွေးကို တောက်ပြောင်အောင် လုပ်ရမယ်။ မှန်ကန်သင့်တော်တဲ့ ၀န်ဆောင်မှုကို ပေးရမှာပဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုမကြာသေးမီက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ တခြား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်ဆိုရင် ဥပဒေကြောင်းအရ ရှာဖွေစုံစမ်း ဖော်ထုတ်စစ်ဆေးရမယ့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုဆိုင်ရာ ပြဿနာတခုပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ တည်ဆဲ ဥပဒေတွေနဲ့ သက်ဆိုင်ပါတယ်။ အကောင်အထည်မဖော်နိုင်ဘူး ဆိုရင်တော့ တရားမျှတမှုကို မဆောင်ကျဉ်းပေးနိုင်တဲ့ နအဖ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် ကြောင့်လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ထပ်အားနည်းချက် တခုလဲရှိပါတယ်။ တခါတုန်းက ကျွန်မနဲ့ မြန်မာပြည် အကြောင်းတွေကိုလဲ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပရော်ဖက်ဆာတယောက်နဲ့ မြန်မာတွေအကြောင်း စကားပြောဖြစ်တုန်းက သူကပြောပါတယ်။ “နင်တို့ မြန်မာတွေက အာဏာရှင်စနစ်ကို တကယ်ကော နှစ်နှစ်ကာကာ ဖယ်ရှားလိုကြတာလား။ အာဏာရှင်ဆန်တဲ့ လူ့ဘောင်ထဲက အတွေးအခေါ်တွေကိုကော ပြောင်းလဲနေကြပြီလား။ လွတ်လပ်မှုဆိုတာ ကိုယ်က စတာဖြစ်တယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတယ် ဆိုတဲ့ နင့်ဆီမှာတောင် တခါတလေ ငါပေးလိုက်တဲ့ မှတ်ချက်တွေကို နင်ပြန်မငြင်းဘူး။ ငါက ငြင်းအောင် ပြောလဲမငြင်းဘူး။ ကိုယ့်ကိုယ်ကိုက စပြီးပြင်ဖို့ လိုတယ်“ လို့ ပြောပါတယ်။ ကျွန်မသေချာပြန်ပြီး စဉ်းစားကြည့်ရင်း ပြင်ဖို့ ကြိုးစားရပါတော့တယ်။
ကျွန်မတို့ဆီမှာ မသိမသာ အရိုးစွဲနေတဲ့ “လူကြီးတွေ စကားပြောနေရင် လူငယ်တွေက လူကြီးတွေနဲ့ တန်းတူရည်တူ ယှဉ်ပြီး မပြောရဘူး၊ မငြင်းခုံရဘူး“၊ “ဆရာတွေဆိုရင် ပြန်မပြောရဘူး၊ မိဘစကားကို အလုံးစုံ နားထောင်ရမယ်“၊ “ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ဘူး“၊ “တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ရင် ခေါင်းပဲ နာလိမ့်မယ်“၊ “ကိုယ့်အလွန်မဖြစ်စေနဲ့၊ သည်းခံလိုက်“၊ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း“၊ “သည်းခံခြင်းကသာ အောင်မြင်ပါတယ်၊ ကိုယ့်ဘ၀ ၀ဋ္ဋ်ကြွေးနဲ့ ကိုယ်ပါ“၊ “ အတိတ်က သူ့ကို ဘာလုပ်ခဲ့မိမှန်းမှ မသိတာ။ ဒါကြောင့် ပြန်ခံရတာ နေမှာပါ။ စိတ်ထဲ မထားနဲ့တော့“၊ “သူ့တရားသူစီရင်မှာပါ“ ဆိုတဲ့ အတွေးအခေါ်တွေနဲ့ကတော့ တရားမျှတမှု ရလာဖို့ ဆိုတာ မလွယ်ကူပါဘူး။ ခက်တာက ဒီအတွေးတွေကလဲ ကိုယ့်ထက် အင်အားကြီးသူတွေရှေ့မှာမှ ပေါ်လာတတ်တာတွေကလဲ ရှိသေးရဲ့။ အင်အားနည်းရင်တော့ သည်းခံဖို့ စိတ်က ပျောက်သွားတတ်ပြန်သေးတယ်။ ဥပမာ- ခွေးတကောင်က ကလေးကို ကိုက်လိုက်ပြီဆိုပါတော့။ သည်းခံဖို့အတွေးက မထွက်လာဘူး။ တုတ်ဆွဲပြီး ရိုက်ပစ်တော့တာပဲ။ အဲ- ရဲတယောက်က အပြစ်မရှိတဲ့ ကိုယ့်ကလေးကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းသွားပြီး တညလုံး စခန်းမှာ ရိုက်လိုက်ပြီ ဆိုပါတော့၊ ငွေပေးပြီးလဲ သွားရွေးလာရသေး။ မတရားတာလဲ ခံရသေး။ အချုပ်အနှောင်ခံရတဲ့ ၀ဋ္ဋ်ကြွေးပါလာလို့လား မသိဘူး ဆိုပြန်ရော။ ဒီလိုသာ ပြောစတမ်းဆိုရင် ခွေးကိုက်ခံရမယ့် ၀ဋ္ဋ်ကြွေးပါလာလို့ပါလို့ကော ဘာလို့ မတွက်ကြသလဲ။ အဓိကကတော့ ဘယ်သူက ကိုယ့်ကို ထိခိုက်ရင် ပြန်လုပ်မယ်၊ ဘယ်သူက ထိခိုက်ရင် ပြန်မလုပ်ဘူး ဆိုပြီး စိတ်ထဲမှာကိုက ဖိနှိပ်မှုကို လက်ခံနေလို့ ဖိနှိပ်ခံနေရခြင်းသာ ဖြစ်တယ်။
ဒါကြောင့် တရားမျှတမှုနဲ့ ၀န်ဆောင်မှုရေးရာ ပြဿနာတွေကို တရားမျှတမှုကို အလိုရှိသူတိုင်းက မားမားမတ်မတ် ရင်ဆိုင်ရပ်တည်ဖို့ လိုအပ်လှပါကြောင်းနဲ့ ဖိနှိပ်မှုနဲ့ မတရားမှုဆိုတာ ဖိနှိပ်တာတွေ၊ မတရားတာတွေကို ခေါင်းငုံ့ခံနေသူတွေပဲ ကြုံတွေ့ရမယ့် ပြဿနာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ခင်မမမျိုး (၂၅၊ ၁၁၊ ၂၀၀၉)
Wednesday, November 25, 2009
တရားမျှတမှုနှင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများ
: Contributor - ခင်မမမျိုး, Info - Personal Accounts
Posted by Khin Ma Ma Myo at 1:21 PM 1 comments
Tuesday, November 17, 2009
ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး
ရေးသားသူ - S.S.
သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) တွင်ဖော်ပြပြီးဖြစ်သည် ။
ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ် ။
မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ပညာရေးစနစ်ရဲ့တရားခံကိုရှာကြတဲ့အခါ လူအများစုကအစိုးရကိုလက်ညှိုးထိုးကြတယ် ။ အစိုးရပြောင်းမှပဲ မြန်မာပြည်ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ် ။
တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင်ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ် ။
(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။
ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဖူး ။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ် ။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ ။
ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ် ။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ် ၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင် ၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကိုအမြဲမှတ်ဝင်သွားပါလိမ့်မယ် ။
ကျောင်းသားတွေဆီကစိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ် ။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး ။
သင်ယူနည်းပိုင်း
ဆရာသင်ပြပြီးသားသင်ခန်းစာတွေကိုကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ ။
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဖူး ။ မြန်မာပြည်ပညာရေးစနစ်မှာအမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ် ။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစားထည့်သွင်းစဉ်းစားသင့်ပါတယ် ။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေသူများထက်ပိုဖတ်ရမယ် ၊ အင်ဖော်မေးရှင်းကို နည်းမျိုးစုံနဲ့ရှာရမယ် ၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ် ၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။
(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။
လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး ၊ အသစ်တွေကိုလေ့လာသင်ယူလုပ်ကိုင်ရတော့မယ် ၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတခုထိ အပင်ပန်းခံကြိုးစားရတော့မယ် ။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာပြောင်းလဲလုပ်ဖို့မလိုအပ်တဲ့အပြောင်းအလဲမျိုးကိုတော့ လူတွေကလက်ခံနိုင်ချေများကြတယ် ၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဖူး ။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲတခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ ။ ပြီးတော့အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တဆင့်ချင်းလုပ်ဆောင်ပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာထဲကအချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့လှည့်မေးထားတဲ့ပုစ္ဆာတွေကိုဖြေနိုင်တဲ့ (apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတယောက်အနေနဲ့ စာသင်နည်းမှာ တဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ ။
ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တပုဒ်ပြီးတပုဒ်အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ ။ ဥပမာ - အီးကွေးရှင်းတိုင်းကိုအလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာဘယ်လိုအဓိပ္ပါယ်ကိုဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေသိအောင်သေချာရှင်းပြပါ ။ ပြီးမှ ပုစ္ဆာရဲ့တပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ်ပြန်လှည့်မေးပါ ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲကကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုတဆင့်ချင်းပြောင်းလဲမလဲ ။
ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့်သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ် ။ အဲလိုမဖြစ်အောင် ပထမဆုံးလက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ အရင်ကကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ ။ နောက်တဆင့်အနေနဲ့ ဘာသာရပ်အလိုက်အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရောဘယ်လိုဖြစ်လာမလဲ ဘာကြောင့်ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ် ။
(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ ။
အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဖူး ။ အပြောင်းအလဲတခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာအကျုံးဝင်သွားအောင် နေသားကျသွားအောင် ၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတခုဖြစ်သွားအောင် လုပ်ယူရပါမယ် ။
သင်ကြားနည်းပိုင်း
ဥာဏ်စမ်းပုစ္ဆာတွေမေးလေ့ရှိတဲ့ဆရာရဲ့အတန်းကကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဖူး ၊ မစိုးရိမ်တော့ဖူး ။ သူတို့အတွက်အဲလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဖူး ။
သင်ခန်းစာတွေကိုအချက်အလက်သပ်သပ်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာကြုံတွေ့နေရတာတွေနဲ့အမြဲကြိုးစားဆက်စပ်ပြီးသင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတခုကိုရှင်းပြတိုင်း လက်တွေ့မှာအလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
ကျောင်းသားတယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင် ၊ သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ် ။ အဲလိုမေးခွန်းပေါ်လာအောင် သပ်သပ်သတိထားနေစရာမလိုတော့ဖူး ။
(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။
လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့အမြဲနေထိုင်နေရပါတယ် ။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ် ။ မျိုးဆက်တခုနဲ့တခုမှာ ကြုံတွေ့ရတာတွေမတူတော့ဖူး ။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ ၊ ကျောင်းသားတွေစာသင်ယူတဲ့ပုံစံတွေ ၊ ဆရာတွေကစာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲနေကြရပါတယ် ။
သင်ကြားနည်းပိုင်း
ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာမျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေကအထောက်အကူပြုနိုင်သလဲ ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကိုအသုံးပြုကြသလဲ ၊ ဘာကြောင့်အသုံးပြုကြသလဲ ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကိုစူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျှမ်းသင့်သလိုထည့်သွင်းအသုံးချသင့်ပါတယ် ။
သင်ယူနည်းပိုင်း
မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကိုအသုံးချတတ်လာရင် ၊ အကြောင်းအရာတခုကိုလေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ် ။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးကမြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။
(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။
နိုင်ငံတကာပညာရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးလုပ်လာကြပါတယ် ။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး ၊ စာသင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး ၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့် ။
သင်ကြားနည်းပိုင်း
တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေစိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ် ။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့ ၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ (supplementary teaching aid) အဖြစ်သုံးတာတို့ ၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ် ။
ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့ ၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဖူး ။ အဲဒီနည်းပညာတွေဟာ အထက်မှာဖော်ပြထားတဲ့အချက်နှစ်ချက်ကိုအထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှအထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဥပမာ - ဘလောဂ့်ကိုထည့်သွင်းသုံးပြီးစာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ .. အဲဒီအထောက်အကူဟာ ကျောင်းသားတွေသင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။
......................
နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ်လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ဒူးကိုယ်ချွန်ပြီးပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
: Contributor - S.S., Reference - Education and Teaching Methods, Reference - Students
Posted by S.S at 5:17 AM 1 comments
Saturday, October 24, 2009
The importance of having mutual respect and understanding in education
စာသင်ကြားခြင်းဆိုတာ လူသားတွေဖြစ်တဲ့ကျောင်းသားတွေနဲ့ဆက်ဆံနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာရဲ့အရေးပါပုံကို ဆရာတွေနားလည်ဖို့အရေးကြီးတယ်လို့မြင်မိပါတယ် ။ ဒါကြောင့်လည်း အဲဒါနဲ့ပတ်သက်ပြီးပို့စ်တချို့ကိုရေးပါမယ် ။ ဒီပိုစ့်တွေက ဆယ်ကျော်သက်အရွယ်ကျောင်းသားများနဲ့ စာရေးသူထိတွေ့ဆက်ဆံခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် အခြေခံပြီးရေးသားမှာဖြစ်ပါတယ် ။
human touch ရဲ့အရေးပါပုံကိုရေးထားတဲ့ပို့စ်မှာ စာဖတ်သူတယောက်ဖြစ်တဲ့ ko cyberpunk ပေးခဲ့တဲ့ကွန်မန့်ကိုဖတ်ပြီး အခုပို့စ်ကိုဆက်ရေးဖြစ်ပါတယ် ။
သူပေးခဲ့တဲ့ကွန်မန့်ကတော့ ...Human touch ဆိုတာထက် ကျောင်းသားတွေကို ကိုယ့်ဖာသာပိုပြီးလေ့လာနိုင်အောင် လမ်းဖွင့်ပေးတာက ပိုကောင်းမလားလို့ … အထူးသဖြင့် အိုင်တီနည်းပညာလိုမျိုးပေါ့ … ကျောင်းကသင်တာထက် ကိုယ့်ဖာသာလေ့လာမှ တတ်တာမျိုးလေ … အိုင်တီမှာ ဘွဲ့လွန်တွေရပြီး စစ်စကိုဆိုတာ ဘာမှန်းမသိတဲ့ ပုဂိုလ်တွေလဲ တပုံကြီးပဲ … ဒစ်ပလိုမာ လောက်နဲ့ လုပ်ငန်းခွင်မှာ အလုပ်ဖြစ်နေတဲ့သူတွေလဲ အများကြီးပဲမှလား …
ဥပမာ ကျနော် ကျောင်းတက်တုန်းကပေါ့ … ဆရာတယောက်ရှိဖူးတယ် … တော်တော်ဂရုစိုက်ပါတယ် … ဂရုစိုက်တာထက် နဲနဲတောင် ပိုမလားမသိဘူး … online test တွေ အမြဲတန်းဖြေရတယ် … ဆရာက နေ့တိုင်း စစ်တယ် … အမှတ်မကောင်းရင် ခေါ်ပြောတယ်ပေါ့ … စာမေးပွဲတွေတော့ အောင်ကြပါရဲ့ … ကျောင်းသားတွေက သိပ်သဘောမကျကြဘူး … စာအုပ်ကြီးလိုဖြစ်နေတာကိုး …
ကျောင်းသားတွေလိုချင်တာက ဆွေးနွေးတဲ့သဘောမျိုးပေါ့ … ကျောင်းသားတွေကလဲ မသိတာရှိတာတွေမေးမယ် … ပြီးတော့ သူတို့ သိလာတဲ့ နည်းပညာအသစ်တွေကိုလဲ အတန်းထဲမှာပြောမယ် … ဆရာ့သဘောထားကိုမေးမယ် … အဲဒီနည်းပညာအသစ်မှာ ကောင်းကွက် ဆိုးကွက်တွေဘာရှိလဲ …
အဲဒီထဲမှာ ဆရာမသိတာတွေလဲ ပါမယ် … ကျောင်းသားတွေနဲ့ ဆရာနဲ့ ငြင်းတာတွေလဲရှိမယ် … ဥပမာ .. Linux နဲ့ windows လိုပေါ့ … အားနည်းချက် အားသာချက် အကြိုက်ချင်းမတူတာတွေကို ငြင်းတာလေးတွေရှိချင်ရှိမယ် … အဲဒီမှာ ဘယ်သူ မှားတယ်မှန်တယ်ဆိုတာ မရှိဘူး … နည်းပညာအသစ်တွေကို လေ့လာမိဖို့ပဲလေ … အသစ်တွေကို သိချင်လို့လဲ ဒီပညာကို လေ့လာတာပဲမှလား … အဲဒီလို လေ့လာတတ်အောင် ဆွေးနွေးတတ်အောင် လမ်းဖွင့်ထားပေးဖို့ပဲလိုတာပါ … အဲလိုဆိုရင် ကျောင်းသားတွေလဲ ကြိုက်ကြမှာပါ … ကျနော်ကတော့ အဲဒီလို မြင်ပါတယ် …
သူ့ကွန်မန့်ကိုဖတ်လိုက်ရင် အချက်နှစ်ချက်ကိုတွေ့နိုင်ပါတယ် ။
(၁) သူတွေ့ကြုံခဲ့ရတဲ့ဆရာဟာ ကျောင်းသားတွေဘာလိုချင်တယ်ဆိုတာကို သေချာနားလည်ခဲ့ပုံမပေါ်ပါဖူး ။
(၂) မြန်မာပြည်ကကျောင်းသားတွေထဲမှာလည်း ဆရာနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ငြင်းခုံရတာမျိုးကို လိုလားလာကြပြီဆိုတာပါပဲ ။
.........................................
ပထမအချက်ကိုဆွေးနွေးရရင် စာသင်ကြားရာမှာထိရောက်စေဖို့ ကိုယ်သင်ကြားနေတဲ့ကျောင်းသားတွေကို နားလည်တတ်ဖို့လိုအပ်ပါတယ် ။ နားလည်ရမယ့် အဓိကအပိုင်းနှစ်ပိုင်းရှိတယ်လို့မြင်မိပါတယ် - - ကျောင်းသားတယောက်ကို ပညာသင်ယူဖို့လှုံ့ဆော်တဲ့အကြောင်းရင်း (motivation) ၊ ကျောင်းသားတယောက်ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးကိုနှစ်သက်သလဲ (သို့မဟုတ်) ကျောင်းသားတယောက်ရဲ့ စရိုက် (character)ဟာ ဘယ်လိုစာသင်ကြားနည်းမျိုးနဲ့ကိုက်ညီမလဲ ။
ဒီဆောင်းပါးမှာ ဖော်ပြခဲ့သလို ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပအကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာသင်ယူလိုစိတ်ကတော့ မိဘဆရာတွေကသင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင်အပြစ်ရှိသလိုခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ်ပိုရှိတဲ့ကျောင်းသားဟာ အတန်းပညာကိုပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံတွေ့ရှိကြပါတယ်။
ကျောင်းသားတယောက်ဟာ ကျောင်းလာတက်တာဘာကြောင့်တက်သလဲလို့နားလည်ထားတဲ့အခါ သူ့ကိုစာသင်ကြားတဲ့အခါ သူစိတ်ပါလာအောင် သူဘာလို့ကျောင်းလာရတယ်ဆိုတဲ့ သူ့ခံယူချက်ကိုပဲပြန်သုံးပြီး အတိုင်းအတာတခုထိ ပြန်စိတ်ပါလာအောင်ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ် ။ စာသင်ယူတယ်ဆိုတာမျိုးဟာ စိတ်မပါဘူးဆိုရင်လုပ်ရဖို့ခဲယဉ်းပါတယ် ။ အတင်းကြိုးစားလုပ်ရင်တောင် တကယ်စိတ်ထဲမပါရင် အောင်မြင်သင့်သလောက်မအောင်မြင်ပါဖူး ။ ဒါကြောင့် စာသင်ယူခြင်းအပေါ်ထားတဲ့ ကျောင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို အလေးထားဖို့လိုအပ်ပါတယ် ။
ကျောင်းသားတယောက်ရဲ့ စရိုက် (character) ကလည်း သူ့စာသင်ယူမှုအပေါ်မှာသက်ရောက်မှုရှိပါတယ် ။ ဥပမာ .. တချို့ကျောင်းသားတွေက ဆရာသင်ပေးတာကိုပဲ လိုက်မှတ် လိုက်ကျက် ပြန်ဖြေဆိုတာမျိုးကို ကြိုက်တယ် ။ တချို့ကတော့ မေးခွန်းထုတ်ရတာကြိုက်တယ် ။ တချို့က ဆရာကဆက်တိုက်ပြောပြီးစာသင်နေတာကိုနားထောင်ရတာမျိုးကြိုက်တယ် ၊ တချို့ကတော့ activity သဘောမျိုးလေးတွေလုပ်ရတာကြိုက်တယ် ၊ တချို့က ပုံများများပါတဲ့စာအုပ်တွေကနေသင်ယူရတာ ပိုကြိုက်တယ် ၊ တချို့စကားလုံးတွေများတာပိုကြိုက်တယ် ၊ တချို့က တယောက်တည်းသင်ယူရတာကြိုက်တယ် ၊ တချို့ကအဖွဲ့လိုက်သူငယ်ချင်းတွေနဲ့ ပရောဂျက်တွေလုပ်ဖို့ သင်ယူချင်တယ် စသဖြင့် ။ အဲဒီတော့ ကိုယ့်အတန်းထဲမှာရှိမယ့် ကျောင်းသားအားလုံးရဲ့စာသင်ယူမှုအားသာတဲ့ပုံစံတွေဘာလဲဆိုတာ အကျမ်းဖျင်းလေ့လာပြီး တတ်နိုင်သမျှအားလုံးအတွက် သင့်တော်မယ့်နည်းလမ်းမျိုးတွေ (တခါတလေ တမျိုးထက်ပိုသုံးရတာလည်းရှိပါတယ်) နဲ့သင်ကြားရင် စာသင်ကြားရာမှာထိရောက်မှုပိုရှိမယ်လို့ယုံကြည်ပါတယ် ။
ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာအတော်များများတွေ့ရမယ်ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ မြန်မာတွေအတွက် ဆရာ-တပည့်ဆိုတဲ့အသုံးအနှုံးဟာ ဆရာကတော့အမြဲအထက်က ၊ တပည့်ကအောက်ကဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်လို့ စာရေးသူတခါလေခံစားရပါတယ် ။ ဥပမာကြည့်မယ်ဆိုရင် ... ရုံးမှာအထက်အရာရှိကို အောက်လက်ငယ်သားတွေက ဆရာခေါ်ကြရတယ် ၊ အလုပ်ပိုင်ရှင်တွေကို ဆရာခေါ်လေ့ရှိတယ် ။ နောက်ပြီး တချို့ဆရာဆရာမတွေက “အော် သူက ငါ့တပည့်ဖြစ်ခဲ့တာ” လို့ပြောတာခံရတဲ့လူတချို့ပြန်ပြောလေ့ရှိတာက “သူငယ်တန်းတုန်းကပဲသင်ခဲ့ရတာပါ” ။ အဲလိုစကားအသွားအပြန်မျိုးကြားရင် ပြောတဲ့သူကလည်း တပည့်ဖြစ်ခဲ့တယ်ဆိုပြီးနှိမ့်ပြောလိုက်သလား ၊ ပြောခံရတဲ့သူကပဲ တပည့်ဆိုတာအောက်လက်ငယ်သားနေရာလို့ အလိုလိုခံစားနေရလားမပြောတတ်ပါဖူး ။ ဒါပေမယ့် အဲဒီအဖြစ်အပျက်တွေကိုကြည့်ရင် ဆရာ-တပည့်ဆိုတဲ့ အသုံးအနှုံးက မြန်မာစကားမှာအထက်နဲ့အောက်ကိုရည်ညွှန်းနေသလိုဖြစ်နေပါတယ် ။
ဆရာပြောသမျှကို တပည့်ကလက်ခံရတာမျိုး အပေါ်-အောက်အခြေအနေမျိုးကို နိုင်ငံတကာရဲ့ပညာရေးစနစ်မှာ လျော့နည်းအောင်လုပ်လာကြပါတယ် ။ ဒါဟာ ဆရာတွေအပေါ်တပည့်တွေကထားတဲ့ရိုသေမှုနဲ့ လုံးဝမသက်ဆိုင်ပါဖူး ။ ဘာကိုဆိုလိုလဲဆိုတော့ ko cyberpunk ကွန်မန့်မှာရေးသွားသလို ၊ ဆရာနဲ့တပည့်ကြားမှာ bidirectional flow of information ရှိဖို့ကိုဦးတည်တာပါ ။ ဆရာတွေကပဲ ကျောင်းသားတွေကို တလမ်းသွားအနေနဲ့ပြောတာမလုပ်ဘဲ ၊ နှစ်ဦးနှစ်ဘက်အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ ။
အဲလိုဆွေးနွေးတဲ့အခါမှာလည်း ကျောင်းသားတွေဟာ သူတို့သင်ယူနေရတဲ့ဘာသာမှာ သူတို့ကိုသင်ပေးနေတဲ့ဆရာတွေဟာ သူတို့ထက်တတ်ကျွမ်းတယ်ဆိုတာကိုတော့ ယုံကြည်ထားကြပါတယ် ။ ဒါပေမယ့် ဆရာတွေပြောတဲ့အချက်အလက်တွေကို ဘာကြောင့်ဖြစ်ရတယ် ၊ ဘာကြောင့်ရော တခြားဖြစ်လို့မရတာလဲဆိုတာမျိုး ပြန်မေးခွန်းထုတ် ၊ ဆွေးနွေးတာမျိုးဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေဘက်က သူတို့ချဉ်းကပ်တဲ့နည်းလမ်းသာအမှန်လို့ တထစ်ချပြောမရပါဖူး ။ ဘာလို့လဲဆိုတော့ ဆရာတွေဟာဘာသာရပ်တခုကိုသင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိထားတဲ့အမြင်တွေ (perspectives) ကနေနားလည်ပြီးသင်ကြတာမျိုးပါ ။ ဘာသာရပ်တခုဟာ သိပ်ကျယ်ဝန်းတဲ့အတွက် ဆရာတွေဟာ ချဉ်းကပ်လို့ရတဲ့အမြင်အားလုံးသိဖို့ခဲ့ယဉ်းပါတယ် ။ ကျောင်းသားတွေတင်ပြတဲ့အမြင်သစ်တွေကို ဆရာတွေက ကိုယ်သိထားတဲ့မူလအမြင်တွေနဲ့ဆွေးနွေးပြီး ၊ အဖြေတခုကိုအတူထုတ်တာမျိုးလုပ်ရင် ကျောင်းသားတွေဘက်ကအမြင်ကိုဆရာတွေမစဉ်းစားမိတာဟာ ဆရာတွေရဲ့ ညံ့ဖျင်းမှုနဲ့မသက်ဆိုင်တာ ကျောင်းသားတွေနားလည်ပါလိမ့်မယ် ။
အပြောသာလွယ်တယ် ၊ တကယ်လုပ်တော့ဖြစ်ပါ့မလားလို့ ထင်နိုင်ဖွယ်ရှိပါတယ် ။ ပြောသလောက်တော့ တကယ်လုပ်ဖို့မလွယ်တာအမှန်ပါ ။ ဒါကြောင့် အဲလိုလုပ်နိုင်ဖို့ ဆရာတွေဘက်က လာသမျှအမြင်တွေကို လက်ခံစဉ်းစားဖို့ကိုယ့်စိတ်ကိုယ် လမ်းဖွင့်ထားရပါမယ် ၊ နောက်ပြီး တတ်နိုင်သမျှ ကိုယ်သင်ကြားနေတဲ့ဘာသာရပ်ထဲကစာတွေကိုလည်း နောက်ထပ်အမြင်တခုကနေချဉ်းကပ်ရင်ရောရမလားဆိုတာမျိုး တွေးတဲ့အလေ့အထမျိုးလုပ်သင့်ပါတယ် ။
တကယ်တော့တပည့်တွေမေးခွန်းထုတ်တာဟာလည်း ဆရာတယောက်အတွက် သူသင်နေတဲ့ဘာသာရပ်မှာနားလည်မှုပိုင်းအပေါ် အကျိုးရှိစေပါတယ် ။ တပည့်တွေကိုစာသင်ယူဖို့ဆုံးမနေတဲ့ဆရာတယောက်ဟာ ကိုယ်ကိုယ်တိုင်လည်း သင်ယူမှု (learning) ကိုလျစ်လျူရှုထားလို့မရပါဖူး ။ ကိုယ့်ကျောင်းသားတွေအတွက်အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘာသာအမြဲပြင်ဆင်ပြီးလုပ်နေတာမျိုးဟာလည်း စာသင်ယူရာမှာကျောင်းသားတွေအားစိုက်ထုတ်ထားရတဲ့ လုံ့လ၀ရီယအချိန်တွေကို လေးစားရာရောက်ပါတယ် ။
အဲလို ဆရာနဲ့တပည့်ကြားအပြန်အလှန်ရိုသေလေးစားမှုရှိလာမယ်ဆိုရင် စာသင်ခန်းဆိုတာ ကျောင်းသားတွေအတွက် စိတ်လက်ပေါ့ပါးစွာ အကျိုးရှိရှိ ပညာသင်ယူနိုင်တဲ့နေရာတခုဖြစ်လာပါမယ် ။ ဆရာတွေအတွက်လည်း အလားတူအကျိုးတွေရလာနိုင်မယ်လို့ ယုံကြည်မိပါတယ် ။
: Contributor - S.S., Info - Personal Accounts
Posted by S.S at 8:16 AM 1 comments
Saturday, October 17, 2009
ကျွန်တော့်လက်က ကျပျောက်သွားတဲ့ လ တစင်း
SAW blog မှ ကူးယူဖော်ပြသည် ။
မိုးကလေးတွေ တဖွဲဖွဲရွာ ကျောင်းပြန်ဖွင့်စမှာ …
သူငယ်ချင်းတွေ ပြန်ဆုံတွေ့ ဒို့တတွေ ပျော်တယ်ဟေ့ …
ဟေ့ ဒို့တတွေ ပျော်တယ်ဟေ့ …
ကျောင်းပြန်ဖွင့်ရက်၏ နံက်ခင်းဖြစ်သောကြောင့် ကျွန် တော်တို့ SAW အထက်တန်းကျောင်းတွင် အဖြူ အ ပြာလေးများ သစ်လွင်တောက်ပပြီး တက်ကြွနေကြ သည်။ အတန်းငယ်လေးများဆီမှ ကဗျာဆိုသံများ တ ပုဒ်ပြီး တပုဒ်ပျံ့လွင့်နေပြီး တချို့အတန်ကြီးများ ဘက်တွင်တော့ မိတ်ဆက်ခြင်းများ စာသင်ခန်းတွင် လိုအပ်သည့် မြေပုံကားချပ်များ အခြားသင်ထောက် ကူရုပ်ပုံကားချပ်များနဲ့ ကျောင်းသားကျောင်းသူများ ရေးဆွဲထားသော လက်ရွေးစင် ပန်းချီကားဟောင်း များ စသည်တို့ကို တပ်ဆင်နေရာချနေကြသည်။ နှစ် လ ခွဲခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သောကျောင်းသည် အခုတော့ သူ့ရင်ခွင်တွင် ပညာအမွေပေးသူ ပညာ အမွေဆက်ခံသူတို့နှင့် ပြည့်နှက်လို့ အသက်ဝင်လှုပ်ရှားနေခဲ့ပြီး။
စာသင်ခန်းတခန်းစီကို အခြေအနေ လှည့်လည်ကြည့်ရင်း ကိုးတန်းအခန်းအရောက်တွင် ကျောင်းသား ကျောင်းသူများ၏ မျက်နှာများကို ကျွန်တော်တယောက်ပြီးတယောက် သေခြာစွာ ကြည့်နေမိသည်။ မ နှစ်က ဒီကျောင်းက ရှစ်တန်းအောင်ခဲ့သော ကျောင်းသားကျောင်းသူအများစုနှင့် အခုမှတွေ့ဖူးသော ကျောင်းသားကျောင်းသူ အသစ်ငါးယောက်၊ အခေါက်ခေါက်အခါခါ ပြန်ကြည့်မိသည်။ အထူးသဖြင့် အ ရှေ့ဆုံးအတန်းဆီ၊ ရင်ထဲတွင်ဟာသွားသည်။ ကျောင်းသား ကျောင်းသူများဆီမှ အကြည့်ကိုခွာပြီး ပန်း ချီကားများရှိရာသို့ လျှောက်သွားလိုက်သည်။ အလွတ်ရနေပြီဖြစ်သော ပန်းချီကားတချက်အရှေ့ တွေ ဝေစွာရပ်ရင်း ပန်းချီကားထောင့်အစွန်းမှ နာမည်ကို ရင်ထဲမှာ ပဲ့တင်ထပ်နေအောင် အော်ခေါ်နေမိ သည်။
မစန္ဒာလင်း
စန္ဒာလင်း
စန္ဒာလင်း ကလေးရေ …
“ဆရာ ဒီမှာကြည့်ပါအုံး သမီးဆွဲထားတဲ့ပုံ လှတယ်မဟုတ်လား”
“ဟာ ဟုတ်ပ ကြည့်စမ်း ကြက်ဥကြော်ပုံတွေ လှတယ် လှတယ်”
“အား ဆရာကလည်း သေခြာကြည့်ပါအုံး ဒါနေကြာပန်းပုံလေ”
ပန်းချီကားကို မျက်စိနားသို့ ထိုးပြသည်။
“သြော် အေး တူတော့တူပါတယ်လို့ ဆောရီးဆောရီး ဒါမျိုးနေကြာပန်း ဆရာမှ အပြင်မှာ မမြင်ဖူးတာ”
ပန်းချီကားကို ယူ၍ သေခြာစွာ ကြည့်ပေးနေလိုက်သည်။
“ဘယ်မြင်ဖူးမလဲ ဆရာရဲ့ အဲဒါ ဗင်ဆင့်ဗန်ဂိုရဲ့ နေကြပန်းလေ၊ သူများတွေ ဒေါ်လာအများကြီး ပေးဝယ် တာတောင် မရဘူတဲ့”
ကြားဖူးသားပဲ ဒီစကားကို လွန်ခဲ့တဲ့အပတ်က ပန်းချီဆရာက ပန်းချီသင်ရင်းနဲ့ သူတို့အတန်းမှာ ပြော သွားတာ၊ အဲဒီနေ့ကတည်းက ဗန်ဂိုစာအုပ်ကို သူငှားနေတာလေ။
“အခု သမီးက ဘယ်လောက်နဲ့ လေလံတင်မှာလဲ ဆရာ့မှာ ဒေါ်လာတော့ မရှိဘူးနော်”
သူမရယ်နေသည် ပြီးမှ
“မဟုတ်ပါဘူးဆရာရဲ့ ဆရာ့အခန်းမှာ ကပ်ဘို့ သက်သက်ဆွဲလာတာ”
ကျွန်တော်နေထိုင်သော ဘော်ဒါဆောင် အခန်းကျဉ်းလေးရဲ့နံရံတွင် နေထွက်နေသော တောင်တန်းပုံ၊ ပန်းပုံ၊ ဂါဝန်းနှင့် မိန်းခလေးပုံ၊ ၀လုံးများမျဉ်းကြောင်းများရှုပ်ထွေးနေသော စပိုက်တာမန်းပုံ၊ စက်ရုပ်ပုံ၊ သရဲပုံ စသည့်ကလေးများ၏ လက်ရာ ပန်းချီကားများရှိသည်။ ပန်းချီကားအားလုံးလိုလိုဟာ ကလေး ဆန်းစွာ လှပနေကြပြီး ထိုပန်းချီကားများကြားမှာ ပညာရှင်ဆန်စွာ ခန်းညားသော ပန်းချီကားနှစ်ချပ် လည်းရှိသည်။ အနီးအဝေး၊ အလင်းအမှောင်စနှစ်ကို သုံးထားသော ပုဂံရှေးဟောင်းဘုရားများပုံနှင့် ပိရ မစ်ပုံတို့ဖြစ်သည်။ ထိုပန်ချီကားနှစ်ချပ်လုံးမှာ ဒီ မဗန်ဂိုလေး ရေးဆွဲထားသော ကားများပင် ဖြစ်သည်။ ယ္ခုပုံလည်း သူမအားစိုက်ထားမှန်း သိသာသည်။
“ဆရာနောက်တာနော်သမီး ဒီပုံက အရမ်းကောင်းတယ် ဆရာဘောင်ကွတ်ပြီး စာသင်ခန်းထဲမှာ ချိတ် ထားပေးမယ် ဧည့်သည်တွေ ဘာတွေလာရင် ကြွားလို့ ရတာပေါ့”
သူမ ကျေနပ်ပျော်ရွှင်သွားသည်။
“ကောင်းတယ်ဆရာ ကောင်းတယ်”
စန္ဒာလင်း
လင်းလက်နေသောလမင်းလို့ အဓိပ္ပါယ်ရတဲ့ နာမည်ပိုင်ရှင်ကျောင်းသူလေး သူမ မြန်မာပြည်တွင် ဒုတိ ယတန်းအထိ ကျောင်းနေခဲ့ရပြီး မိဘများအဆင်မပြေဖြစ်တာ ကွာရှင်းပြတ်စဲခဲ့သောကြောင့် သူမနှင့် သူမ၏ညီမငယ်မှာ အမေဖြစ်သူနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်လာခဲ့သည်။ မဲဆောက်တ၀ိုက် တွင် ကြုံရာကျပန်းးအလုပ်ကို လုပ်ကိုင်နေရင်း ကျွန်တော်တို့ကျောင်းနှင့် အဆက်အသွယ်ရကာ ရောက် လာခဲ့သည်။ အမေဖြစ်သူမှာ အလုပ်ကိုင်နှင့် နေရာထိုင်အခင်းအတည်တကျ မရှိသေးသောကြောင့် သူမ ကို ကျွန်တော်တို့ဂေဟာတွင် အဆောင်နေ၍ ကျောင်းတက်ရန် အပ်ထားခဲ့သည်။ သူမသည် ပညာကို အလွန်လိုလား၍ ကြိုးလည်းကြိုးစားသည်။
ကျွန်တော်တို့ကျောင်းတွင် တတိယတန်းမှစတက်ပြီး အဋ္ဌမတန်းအထိကို အဆင့်များနှင့် အောင်မြင်ခဲ့ သည်။ ပန်းချီနှင့် ဂီတဘက်တွင်လည်း ထူးချွန်သေား ကျောင်းသူ ဖြစ်သည်။ သူမ ဆဋ္ဌမတန်းတက်နေ စဉ်အတွင်းက သူမအမေသည် အလုပ်ရှင်ထိုင်းအဘိုးကြီးတယောက်နှင့် လက်ထပ်လိုက်၍ အိုးအိမ်အ တည်တကျ ရရှိသွားသည်။ သူမအမေနှင့် ထိုထိုင်းအဘိုးကြီးမှာ အသက်နှစ်ဆယ်ခန့်ကွာသည်။ ကျောင်းရက်ရှည်ပိတ်ရက်များတွင် မဲဆောက်နှင့် ကီလိုလေးဆယ်ခန့်ဝေးသော ဖုတ်ဖရရှိ သူမအမေနှင့် ညီမလေးထံသို့ သူမ သွားရောက်လည်ပတ်လေ့ရှိသည်။
သူမရှစ်တန်းနှစ်က တနေ့သော ကျောင်းဖွင့်ရက်တွင် သူမထံသို့ အလွန်တရာလိုက်ဖက် မညီသော စုံတွဲ တတွဲဆိုင်ကယ်နှင့် လာရောက်လည်ပတ်ခဲ့သည်။ အသက်သုံးဆယ်ကျော်ခန့်ရှိသော ဗိုက်ပူပူ ထိုင်း အမျိုးသားတယောက်နှင့် ဆယ့်လေးနှစ်ခန့်သာ ရှိပြီး ထိုင်းမိန်းမလေးများစတိုင် ၀တ်ဆင်ထားသည့် မြန် မာမလေးတယောက် သူမနှင့် ရယ်ရယ်မောမော စကားတွေပြောနေကြသည်။ သူမက စကားပြောနေ ရင်း ဆိုင်ကယ်အသစ်ကြီးကို ခဏခဏကိုကြည့်နေသည်ကို တွေ့ရသည်၊ စကားပြောပြီးအပြန်တွင် ထိုင်းစတိုင်နဲ့ကောင်မလေးက ဆိုင်ကယ်ကိုအနောက်က မစီးပဲဆိုင်ကယ်မောင်းသူ ထိုင်းအမျိုးသား၏ အရှေ့ရင်ခွင်ထဲက ပျော်ရွှင်စွာစီး၍ ထွက်သွားကြသည်။ သူမ ကျောင်းထဲသို့ ပြန်ဝင်အလာတွင် ကျွန် တော်လှမ်းမေးလိုက်သည်။
“စန္ဒာလင်း ဘယ်သွားတာလဲ”
“ဧည့်သည် သွားတွေ့တာပါဆရာ”
“ဧည့်သည်တွေက ဘယ်သူတွေလဲ”
သူမချက်ချင်းပြန်မဖြေ မျက်နှာအနည်းငယ်ပျက်သွားတာကို သတိထားလိုက်မိသည်။ ပြီးမှ အသံတိမ် တိမ်နှင့် …
“သမီးညီမလေးပါ”
“ဘာ”
ကျွန်တော့်အသံအနည်းငယ် မာကျောကျယ်လောင်သွားခဲ့မည် ထင်သည်။
သူမ ချာခနဲ လှည့်ထွက်၍ အတန်းထဲသို့ ၀င်သွားသည်။
မိဘများသည် ကလေးများအတွက် အကောင်းဆုံးအုပ်ထိန်းသူ ဖြစ်သည်။
ကလေးကာကွယ်စောင့်ရှောက်ရေးဥပဒေ
မနှစ်က ဒီလိုကျောင်းဖွင့်စရက်၏နေခင်း ထမင်းစားချိန်တွင် ကိုးတန်းအခန်း၌ ကျွန်တော်နှင့် အခြား ဆရာ နှစ်ယောက်ထမင်းအတူစားနေရင်း ဘေးနားမှ ကျောင်းသူတသိုက်ထမင်းစားရင်း နွေရာသီ ကျောင်းပိတ်ရက်က အကြောင်းများပြောနေကြသည်ကို နားစွင့်နေမိသည်။
“နင်တို့သိလား ငါ့ညီမလေးမှာလေ အလှပြင်ပစ္စည်းတွေ အများကြီးရှိတယ် အ၀တ်စားတွေကလဲ မိုက်မှ မိုက်ပဲ၊ ငါ့အမေက ငါ့ကို နောက်တယ်သိလား နင်အဲဒါတွေ လိုချင်ရင် အိမ်ရှေ့အိမ်က ထိုင်းနဲ့ ယူလိုက် ပါလားတဲ့ ဟီဟိ.. အဲဒီထိုင်းကြီးကလည်း အားနေရင် ငါကိုပဲ လိုက်ကြည့်နေတယ် …”
ကျွန်တော်ဆက်နားထောင်၍ မရတော့ ဒီတခေါက်သူမအမေဆီက ပြန်လာပြီးကတည်းက သူမပြောင်း လဲလာသည်။ ဆံပင်ကို ဖြောင့်စင်းထားပြီး အရင်ကထက် မျက်နှာကို ပိုချယ်သလာသည်။
“စန္ဒာလင်း ဆရာတို့ဝိုင်းကို ခဏလာပါအုံး ဒီမှာဟင်းကောင်းလို့”
သူမစားလက်စ ထမင်းချိုင့်လေးကိုကိုင်ပြီး ကျွန်တော်တို့ဝိုင်းသို့ ကူးလာသည်။
“သမီးဒီကျောင်းပိတ်ရက်မှာ ပန်းချီဆွဲဖြစ်သေးလား”
“မဆွဲဖြစ်ဘူးဆရာ အမေ့ဆီသွားလည်နေလို့”
“သမီးအမေတို့ကော နေကောင်းကြရဲ့လား”
“ဟုတ်ကဲ့ ကောင်းပါတယ်”
“သမီးညီမလေး အိမ်ထောင်ကျသွားပြီးဆို”
သူမ ခဏငြိမ်သက်သွားသည်၊ ပြီးမှ ခေါင်းညိတ်ပြသည်။
“သမီးအသက်က အခုဆယ့်ခြောက်နှစ်ဆိုတော့ သမီးညီမအသက်က”
သူမမျက်နှာပျက်သွားသည် ပြီးတော့ ကျွန်တော်တို့ဝိုင်းမှ ထထွက်သွားသည်၊ ကျွန်တော်လည်း ထမင်း ဆက်စား၍ မရတော့၊ ကျွန်တော်မှားသွားပြီးလား၊ မမေးသင့်တဲ့မေးခွန်းတွေကို ကျွန်တော်မေးမိခဲ့ပါသ လား၊ သူမကို ကျွန်တော်စကားပြောနေစဉ်အတွင်း ကျွန်တော်မျက်နှာနှင့် အသံတွေ ဘယ်လိုပုံစံရှိနေခဲ့ သလဲ၊ ကျွန်တော်သတိမထားမိခဲ့၊ ကျွန်တော်အာရုံထဲတွင်တော့ ထိုင်းအဘိုးကြီးနှင့် လက်ထပ်လိုက် သော သူမအမေ၊ ဆယ့်လေးနှစ်ခန့်သာ ရှိသေးသော သမီးငယ်ကို အသက်ကြီးကြီး ထိုင်းအမျိုးသားနှင့် လက်ထပ်ပေးခဲ့သူ၊ ပညာကောင်းစွာ မသင်ကြားခဲ့ရသော သူမရဲ့ညီမငယ် …
“နင် အဲဒါတွေလိုချင်ရင် အိမ်ရှေ့အိမ်က ထိုင်းနဲ့ ယူလိုက်ပါလား”
ဆိုတဲ့စကား မကြာခင်မှာ ဖူးပွင့်လာတော့မည့် ကျွန်တော်တို့ နှစ်ရှည်လများ ပျိုးလားခဲ့သည့် ပန်း ကျွန် တော့် ရင်ထဲ မွန်းကျပ်လာသည်။
ထိုအချိန်မှစ၍ ဆရာရင်းနှင့် တပည့်ရင်းဖြစ်သော လက်ထောက်ကျောင်းအုပ်ကျွန်တော်နှင့် ကိုးတန်း ကျောင်းသူ သူမတို့ ဆက်ဆံရေးသိပ်မကောင်းမွန်တော့၊ ကျောင်းစာသင်ချိန်မှအပ ကျန်အချိန်များတွင် ကျွန်တော့်ကို ရှောင်လာခဲ့သည်။ ကျွန်တော့်မှတော့ သူမအတွက် စကားလုံးတွေ ရင်နှင့်မဆံ့ အချိန်ကို သာ စောင့်စားနေရသည်။ သူမနေသော မိန်ခလေးဂေဟာသို့ ယောက်ကျားလေးများသွားလာလေ့ မရှိ သောကြောင့် ကျွန်တော်လည် မသွားဖြစ်ခဲ့။ ဒီလိုနဲ့ ပထမအစမ်းဖြေဆိုမယ့် ကာလကိုရောက်ရှိခဲ့သည်။ စာမေးပွဲဖြေဆိုပြီး သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် သူမအမေထံသို့ အလည်သွားသည်ဟု သိရ သည်။ ကျွန်တော်မိန်းခလေးဂေဟာ တာဝန်ခံဆရာမဆီသို့ ဖုန်းဆက် မေးကြည့်တော့ …
“မလွှတ်လို့ရမလားဆရာ စာမေးပွဲ မဖြေခင်ကတည်းက သူအမေက တဂွမ်ဂွမ်နဲ့ ဖုန်းဆက်နေတာ၊ သူ ကလည်း သွားချင်နေတာလေ၊ ကလေးတွေက သိတဲ့အတိုင်းပဲ ကိုယ်ကသာ သံယောဇဉ်တွယ်နေတာ သူတို့အဖေအမေတွေ လာခေါ်လို့ကတော့ ကောက်ကောက်ပါအောင် လိုက်သွားလိုက်ကြတာ ပြန် တောင် လှည့်မကြည့်ဘူး” တဲ့
ဖုန်းချအပြီး ကျွန်တော့်ရင်ထဲ့မှာ တမျိုးကြီး ဖြစ်နေသည်၊ သူမအတွက် တစုံတခုကို စိုးရွှံ့နေသလိုမျိုး၊ ဘာပဲဖြစ်ဖြစ်လေ သူမပြန်လာရင်တော့ သူမသဘောကျတတ်တဲ့ ရောင်စုံဗူးကောင်းကောင်းလေး တဗူး လောက်ပေးပြီး ပြန်ချဉ်းကပ်ရမည်၊ ပြီးရင် ပညာရေးကိုပဲ ဦးစားပေးပြီး ဆက်ကြိုးစားသွားဘို့နဲ့ အောင် မြင်မှုဟာ လက်တကမ်းလောက်မှာပဲ ရှိတော့တဲ့အကြောင်း သူမ လက်ခံနိုင်မည်စကားလုံးများနှင့် ဆုံးမ မည်၊ သူမနှင့်စကားပြောသည့်အခါ မျက်နှာနှင့် အသံကိုလည်း တင်းတင်းကြီးဖြစ်မနေအောင် သတိထား ရမည်။
ကျောင်းဆယ်ရက်ပိတ်၍ ပြန်ဖွင့်သည် သူမရောက်မလာသေး၊ တနေ့ပြန်ရောက်လာနိုးနှင့် မျှော်နေမိ သည်။ ဒုတိယအစမ်းပင် ဖြေဆိုပြီး ခရစ္စမတ်နှင့် နှစ်သစ်ကူးကျောင်းပိတ်သည်။ သူမပြန်ရောက်မလာခဲ့။ အတန်းတင် စာမေးပွဲကြီး ဖြေဆိုသည်အထိ သူမကို မတွေ့ရတော့။ အခုကျောင်းတောင် အသစ်ပြန်ဖွင့် နေပြီး…
“မင်းဘာလို့ပြန်မလာတာလဲ စန္ဒာလင်း ကလေးရယ် ကြယ်စင်တွေထက်လင်းလက်တော့မယ့်မင်းရဲ့ ဘ ၀ အခုဘယ်နေရာမှာများရောက်နေလဲကွယ် အများအတွက်အေးမြတဲ့ ရောင်စင်တွေကို မဖြန့်ကျက် နိုင်ရင်တောင် ရောက်တဲ့နေရာမှာ မင်းဘ၀လေးတခုတော့ အေးမြတောက်ပစွာ လင်းလက်နိုင်ပါစေကွာ တကယ်လို့များ မတွေးကောင်းမထင်ကောင်း မင်းဘ၀မှာ အဆင်မပြေမှုတွေနဲ့ အရမ်းမွန်းကျပ်ပြီး လော ကကြီးရဲ့ မာယာတိမ်တိုက်တွေထဲက လွတ်မြောက်ချင်တဲ့ တနေ့ကြရင် မင်းနားခိုသွားခဲ့ဖူးတဲ့ ဟောဒီ ကျောင်းနဲ့ဂေဟာဆီကို ပြန်လာခဲ့ပါကလေးရယ်၊ ဆရာတို့အမြဲတမ်း စောင့်ကြိုနေပါတယ်”
“ကလင် ကလင် ကလင် ကလင် ကလင် ကလင် ကလင်”
ကျွန်တော် မည်မျှအတွေးကျွံနေသည်မသိ အချိန်ပြောင်းခေါင်းလောင်းသံကြားမှ နေကြာပန်းပုံပန်းချီ ကားချပ်ရှေ့မှခွာ၍ ကျောင်းရုံးခန်းဘက်သို့ ထွက်လာခဲ့သည်။ လမ်းလျှောက်နေရင်း သူငယ်ချင်းကဗျာ ဆရာ တယောက်ရဲ့ ကဗျာလေးကို အမှတ်ရလိုက်မိသည်။
တကယ်တော့
ဆရာဆိုတာ ခရေပင်ကြီးလိုပါပဲ
ပန်းချစ်တတ်သူတစု ခရေတွေစုပြီး ပြန်သွားချိန်မှာ
ခရေပင်ကြီးခမျာ မပျော်နိုင်ရှာပါဘူး
ဘာတတ်နိုင်မှာလဲလေ
သူ့ရဲ့ရနံတွေကို နောက်ဆုံးလက်ဆောင်အဖြစ်ထည့်ပေးပြီး
ကျန်ရစ်နေခဲ့ရရုံပေါ့။ ။
စစ်မုန်းသွေး (SAW)
(၂၀၀၉ အောက်တိုဘာ ( ၅ ) ရက် ကမ္ဘာ့ဆရာများနေ့ဂုဏ်ပြု )
: Articles, Info - Personal Accounts
Posted by S.S at 1:17 AM 0 comments
Saturday, September 19, 2009
The importance of human touch in education
စင်္ကာပူနိုင်ငံမှာ အိုင်တီဘာသာရပ်ကို မကြာသေးခင်က စပြီးသင်ကြားတဲ့ ဆရာမတယောက်က စာရေးသူကို ခုလိုရင်ဖွင့်လာပါတယ် ...
“ကျမသင်တဲ့ဘာသာရပ်နဲ့ပတ်သက်ပြီး ကျောင်းသားတွေကိုအရမ်းတတ်ကျွမ်းစေချင်တယ် ။ ဒါကြောင့် အတန်းထဲမှာ ကျောင်းသားတွေကို သင်နေတဲ့စာမှာပဲ အာရုံစူးစိုက်ဖို့အမြဲသတိပေး စည်းကမ်းချထားတယ် ။ ဒါကို ကျောင်းသားတွေက ကျမက အရမ်းစည်းကမ်းတွေတင်းကျပ်တယ်ဆိုပြီး မကြိုက်ကြဖူး ။ ကျမစာသင်ရင်သေချာ နားမထောင်ကြဖူး ။ အတန်းထဲမှာလဲ သိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ကျမကိုသူတို့အာခံကြတယ် ။ သင်ကြားရေးပိုင်းကို စိတ်ဝင်စားလွန်းလို့ ၊ လူငယ်တွေကို တတ်ကျွမ်းထားတဲ့နည်းပညာတွေဝေမျှသင်ကြားပေးချင်လို့ အိုင်တီအလုပ်ခွင်နယ်ပယ်ကနေထွက်ပြီး ခုလိုသင်ကြားရေးပိုင်းကိုပြောင်းမိတာတောင် မှားပြီလားမသိဘူး ။ လူငယ်တွေကို သင်ပေးချင်တယ်ဆိုတဲ့ အားတက်သရောဖြစ်နေတဲ့စိတ်တွေတောင် ကျချင်လာပြီ ။
ခုလိုဖြစ်နေတာနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ အကြံဥာဏ်လေးပေးပါဦး ။ ”
စာရေးသူလည်း သူ့စကားကိုနားထောင်ပြီး ပထမဆုံးခေါင်းထဲပေါ်လာတဲ့အချက်ကတော့ "human touch" ဆိုတာပါပဲ ။
"human touch" ဆိုတာ ဘာကိုဆိုလိုပါသလဲ ။ ရိုးရိုးလေးပြောရရင်တော့ လူသားချင်းစာနာတတ် ကြင်နာတတ်တဲ့စိတ် ဟန်အမူအရာနဲ့ ပြောဆိုဆက်ဆံတယ်လို့ပဲ ပြောရပါမယ် ။ အဲဒီအချက်ရဲ့အရေးပါခြင်းကို နေရာတော်တော်များများမှာ သတိထားလာမိပါပြီ ။
ဥပမာ ... ခေါင်းဆောင်တယောက်ဟာ လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဲလိုဟန်အမူအရာ စိတ်ဓါတ်ရှိမယ်ဆိုရင် သူ့လက်အောက်ငယ်သားတွေကလည်း သူ့အပေါ် ပိုချစ်ခင်လေးစားတတ်ကြပါတယ် ၊ ဆရာဝန် (သို့) သူနာပြုတယောက်ဟာ လူနာအပေါ်ဆက်ဆံတဲ့အခါ အဲလို ဟန်အမူအရာ စိတ်ဓါတ်ရှိမယ်ဆိုရင် ဝေဒနာခံစားနေရတဲ့လူနာဟာ စိတ်ပိုင်းဆိုင်ရာအရ စိတ်ချမ်းသာသွားနိုင်ပါတယ် ။ အလားတူပဲ ပညာရေးပိုင်းမှာလည်း ဆရာ ဆရာမတွေဟာ ကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ အဲဒီအချက်ကို သတိပြုမိဖို့အရေးကြီးပါတယ် ။
ဒါဟာဘာကြောင့်ပါလဲ ။ လူရဲ့သဘောသဘာဝအရ ကိုယ့်အပေါ် စာနာထောက်ထားတယ် စေတနာရှိတယ် ဂရုစိုက်တယ်ဆိုတဲ့သူပြောတာ လုပ်တာဆိုရင် ပိုပြီးလက်ခံချင်စိတ်ရှိကြပါတယ် ။ ချက်ချင်းလက်မခံနိုင်တောင် လုံးဝကြီးလျစ်လျူမရှုကြပါဖူး ။ တချိန်တည်းမှာ အဲလိုစိတ်ဓါတ်မျိုး ဆရာ ဆရာမတွေဆီမှာ မတွေ့ရရင် ကျောင်းသားဟာစိတ်ဓါတ်ကျသွားတာမျိုး အဲဒီဘာသာနဲ့ပတ်သက်ပြီး စိတ်မပါတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
အဲဒါနဲ့ပတ်သက်ပြီး စာရေးသူရဲ့ အမှတ်ရဆုံးအဖြစ်အပျက်နှစ်ခုရှိပါတယ် ။
ပထမအဖြစ်အပျက်ကတော့ သင်ကြားရေးပိုင်းမှာစလုပ်တုန်းက ကြုံခဲ့ရတဲ့ကျောင်းသားတယောက်ပါ ။ အဲဒီကျောင်းသားက စာမေးခံရတဲ့အခါတိုင်း မသိတာကို သိသလိုလုပ်ပြီး ဖြေလေ့ရှိပါတယ် ။ ဒါကြောင့် သင်ခန်းစာကိုသေချာနားလည်အောင် သင်ယူဖို့ စာရေးသူက သူ့ကိုသတိပေးလေ့ရှိပါတယ် ။ အဲဒီကျောင်းသားဟာ အဲဒီဘာသာရပ်ပြီးဆုံးတဲ့အခါမှာတော့ စာရေးသူဆီ အီးမေးလ်ပို့လာပါတယ် ။ အဲဒီထဲမှာဘာပြောလဲဆိုရင် ...
“ကျနော်ဟာ ဒီဘာသာသင်ယူနေရတာ ခုလိုပြီးဆုံးသွားတဲ့အတွက် အရမ်းဝမ်းသာပါတယ် ။ ဘာလို့လဲဆိုတော့ ဆရာမက ကျနော်လုပ်သမျှကို အကောင်းမထင်ပါဖူး ။ ကျနော်ဘယ်လောက်ကြိုးစား ကြိုးစား ဆရာမဆီကအားပေးသံတချက်လေးမှမကြားခဲ့ရတော့ ကျနော်ဟာ ဒီဘာသာရပ်ကို မျက်နှာချင်းမဆိုင်ချင်လောက်အောင်ကို စိတ်ဓါတ်ကျသွားခဲ့ပါတယ် ။”
အဲဒီအချိန်အထိ စာသင်ကြားရေးပိုင်းမှာ ကျောင်းသားတွေနဲ့အဆင်ပြေခဲ့တဲ့အတွက် အဲလိုသူကပြောလာတော့ အတော်လေးအံ့သြသွားမိပြီး ၊ နောင်ဆို ကျောင်းသားတွေစိတ်ကို လက်ရှိထက် ပိုပြီးထည့်သွင်းစဉ်းစားဖို့ ကိုယ့်ဘာသာသတိပေးလိုက်မိပါတယ် ။
နောင် နှစ်တချို့ကြာပြီး ဒုတိယအဖြစ်အပျက်မှာတော့ စာရေးသူကို ကျောင်းသားတယောက်က ခုလိုပြောဖူးပါတယ် ...
“ကျနော်တွေ့ဖူးသမျှ ဆရာမတွေထဲမှာ ဆရာမလို စိတ်ရှည်လက်ရှည်နဲ့ အပြုံးမပျက်သင်ပေးတဲ့သူ ခုမှပဲတွေ့ဖူးတယ်”
အဲဒီကျောင်းသားဟာအတန်းထဲမှာ စာအညံ့ဆုံးကျောင်းသားတယောက်ဖြစ်ပါတယ် ။ စာရေးသူသင်တဲ့ဘာသာရပ်မှာလည်း စိတ်ပါဝင်စားမှု သူ့မှာမရှိသလောက်ပါပဲ ။ အတန်းထဲမှာ စကားပေါပြီး ဟီးလေးဝါးလေးလုပ်ချင်တဲ့ကျောင်းသားမျိုးပါ ။ ဒါပေမယ့် စာရေးသူစာသင်တဲ့အခါ သူကြိုးစားပြီး သင်ယူတယ် ။ အတန်းထဲမှာ မသိတာကိုသေချာမေးပြီး မရမချင်းကြိုးစားပါတယ် ။ သူ့ရဲ့ကြိုးစားမှုကိုလည်း စာရေးသူကအသိအမှတ်ပြုတဲ့အခါ သူ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုကိုအထင်းသားမြင်ရပါတယ် ။
နိဂုံးချုပ်ပြောရရင်တော့ အဲဒီ "human touch" ရဲ့အရေးပါမှု ကျောင်းသားတွေအပေါ်အကျိုးသက်ရောက်နိုင်မှုကို ဆရာ ဆရာမတိုင်း နားလည်ထားသင့်ပါတယ် ။ ဘာလို့လဲဆိုတော့ ငယ်ရွယ်နုနယ်တဲ့ကျောင်းသားတွေဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ပိုပြီး ထိလွယ် ရှလွယ် အမှတ်ရလွယ် သြဇာအရှိန်အ၀ါကိန်းအောင်းလွယ်စေပါတယ် ။ ကျောင်းသားတယောက်ဟာ ဘယ်လောက်ပဲဆိုးပါစေ သူ့ဆရာရဲ့စေတနာကို ခံစားသိရှိသွားတဲ့အခါ အနည်းနဲ့အများတော့ အဲဒီစေတနာ ဂရုဏာကိုလေးစားတဲ့ တန်ပြန်တုံပြန်မှုကို သူတို့တတ်နိုင်သလောက် ပေးတတ်စမြဲပါ ။
အပေါ်ကပြောပြတဲ့ အသိဆရာမတယောက်ရဲ့အဖြစ်အပျက်ကို ပြန်ကြည့်မယ်ဆိုရင် သူဟာ ကျောင်းသားတွေအပေါ် တတ်စေချင်တဲ့စေတနာအပြည့်ရှိပါတယ် ။ ဒါပေမယ့် သူ့စေတနာကို တဘက်ကျောင်းသားကမခံစားရတော့ ဝေဒနာဖြစ်သွားပါတယ် ။ ဒါကြောင့် မျိုးဆက်သစ်တွေနဲ့အမြဲထိတွေ့နေရတဲ့ ဆရာ ဆရာမတွေဟာ "human touch" ဆိုတာကို သင်ကြားရေးပိုင်းမှာ အမြဲသတိထား စဉ်းစားသင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ် ။
: Contributor - S.S., Info - Personal Accounts
Posted by S.S at 7:55 AM 3 comments
Saturday, August 29, 2009
ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း - ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး
ကလေးသူငယ်များရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုဟာ တခြားစွမ်းရည်တွေဖြစ်တဲ့ နားလည်မှု စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေး စွမ်းရည်တွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကလေးငယ်လေးတွေ စပြီး တွားသွားလာတာ၊ တတောက်တောက်လျှောက်လာတာလေးတွေဟာ သူတို့ရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်လာနိုင်မှုအတွက် ပထမဆုံး ကြိုးပမ်းအားထုတ်တာလေးတွေပါ။ ကလေးငယ်လေး စပြီး တွားသွားလာတာနဲ့ မိဘဆွေမျိုးတွေက ကလေးငယ် ရွေ့လျားနိုင်မယ့် ပတ်ဝန်းကျင်သစ်လေးကို ဖန်တီးပေးရပါမယ်။ အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေကို ဖယ်ရှားပေးတာ၊ သူ့အတွက် ကစားစရာ နေရာ သတ်မှတ်ပေးတာလေးတွေ ပြုလုပ်ပေးရပါမယ်။ ဒါမှလဲ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ ကိုယ်ကာယကြီးထွားမှုနှုံးဆိုတာ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကွာခြားပါတယ်။ ကိုယ်ကာယကြီးထွားနှုန်းဆိုတာက ကလေးရဲ့ အရပ်နဲ့ အလေးချိန်ကြီးထွားမှုနဲ့ ဆက်စပ်တာဖြစ်ပြီး၊ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်ရေးကတော့ ကိုယ်ခန္ဓာကို ထိန်းချုပ်ရွေ့လျားနိုင်မယ့် စွမ်းရည်နဲ့ ဆိုင်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည် တိုးတက်မှုကို ပညာရှင်တွေက တိုးတက်မှုပုံသဏ္ဍာန်တွေ ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်။ ဒီသဏ္ဍာန်တွေကတော့
(၁) ရိုးရှင်းမှုမှသည် ရှုပ်ထွေးမှုဆီသို့
ကလေးငယ်လေးဟာ လမ်းမလျှောက်နိုင်ခင်မှာ မတ်တပ်အရင်ရပ်တာ၊ ခုန်ပေါက်ပြေးလွှားတာတွေ မလုပ်နိုင်ခင်မှာ လမ်းအရင်လျှောက်တာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
(၂) ဦးခေါင်းမှ သည် ခြေဖျားဆီသို့
ကလေးငယ်လေးရဲ့ တိုးတက်မှုက ခေါင်းကနေ စတင်ပါတယ်။ ဦးခေါင်းကို ဘယ်ညာ လှည့်လာတာကနေ လက်ကလေးတွေ လှုပ်တာ၊ ခြေထောက်လေးတွေ လှုပ်လာတာလေးတွေနဲ့ အဆင့်ဆင့် တိုးတက်လာပါတယ်။
(၃) အတွင်းမှ အပြင်သို့
ကလေးငယ်လေးဟာ သူ့လက်လေးတွေကို အသုံးပြုတဲ့အခါမှာ အရာဝတ္ထုပစ္စည်း (ဥပမာ- အရုပ်၊ သော့တွဲ) တခုကို လိုချင်တဲ့အခါ ဒီပစ္စည်းဆီ ရောက်အောင် အရင် လက်က လှမ်းပါတယ်။ နောက်မှ ကောက်ယူနိုင်တဲ့အထိ အဆင့်ဆင့် တိုးတက်သွားပါတယ်။
(၄) ယေဘုယျမှသည် သီးခြားဆီသို့
အရမ်းငယ်တဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ ကျေနပ်ပျော်ရွှင်မှုကို ယေဘုယျတုန့်ပြန် တာလေးတွေဖြစ်တဲ့ မျက်လုံးလေးကျယ်လာတာ၊ လက်ကလေးနဲ့ ခြေထောက်ကလေးတွေကို ဝှေ့ယမ်းတာနဲ့ ပြသပါတယ်။ အရွယ်နည်းနည်း ရလာတဲ့ အခါကျတော့ သူတို့ရဲ့ ပျော်ရွင်မှုကို ပြုံးပြတာ၊ လက်ခုပ်တီးပြတာလေးတွေနဲ့ အခြေအနေ၊ အချိန်အခါအလိုက် ပြုလုပ်တတ်လာပါတယ်။
ဒီလို သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုမှာ စွမ်းရည်အမျိုးအစားနှစ်မျိုးရှိပါတယ်။ တမျိုးကတော့ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (gross motor skills) ဖြစ်ပြီး၊ နောက်တမျိုးကတော့ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည် (fine motor skills) ဖြစ်ပါတယ်။ အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်က ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့ ကြွက်သားတွေကို အသုံးပြုရတဲ့ စွမ်းရည်တွေဖြစ်ပြီး၊ လမ်းလျှောက်တာ၊ ပြေးလွှားတာ၊ အမြင့်ကို တွယ်တက်တာ တွေနဲ့ စပ်ဆိုင်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ လက်လှုပ်ရှားမှုစွမ်းရည် (အရာဝတ္ထု၊ ဘောလုံးစတာတွေကို လွှင့်ပစ်တာ၊ ဖမ်းယူတာ) တွေနဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုစွမ်းရည် (လက်ညှိုးညွှန်တာ၊ ပုံဆွဲတာ၊ ခရင်းနဲ့ဇွန်းတွေ အသုံးပြုတတ်တာ၊ စာရေးတာ၊ ဖိနပ်ကြိုးချည်တာ) စတာတွေ နဲ့ ဆက်စပ်ပါတယ်။
အခုဆက်လက်ပြီး ကလေးသူငယ်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတွေကို တင်ပြပါမယ်။
အသက် (၁၂) လ
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ လဲလျောင်းရာကနေ ငုတ်တုတ်ထိုင်နိုင်တာ၊ လူတွေနဲ့ အိမ်သုံးပရိဘောဂတွေရဲ့ အကူအညီမပါပဲ မတ်တပ်ရပ်နိုင်တာ၊ လက်နဲ့ ဒူးကို အသုံးပြုပြီး တွားသွားနိုင်တာ၊ ကြမ်းပြင်ပေါ်မှာ ၀က်ဝံသွားသွားနိုင်တာ၊ တယောက်တည်း အကြာကြီး မတ်တပ်ရပ်နေနိုင်တာ၊ လူတယောက်ရဲ့ လက်တဘက်ကို ကိုင်ပြီး လမ်းစလျှောက်နိုင်လာတာတွေ ဖြစ်ပါတယ်။ အသက် ၁၃ လရှိတဲ့ ကလေးငယ်တ၀က်ကျော်က လမ်းလျှောက်လာနိုင်ပါတယ်။
တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာအုပ်ရဲ့ စာမျက်နှာတွေကို လှန်လှောနိုင်တာ၊ အရုပ်နဲ့ ပစ္စည်းတွေကို တမင်ပစ်ချတာ၊ လွှင့်ပစ်တာ၊ ကျသွားတဲ့ နေရာကို လိုက်ကြည့်တာ၊ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးထိပ်လေးကို အသုံးပြုပြီး ကောက်ယူဖို့ ကြိုးစားတာ၊ သူနှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ညှိုးညွှန်ပြတာ ဖြစ်ပါတယ်။ ဒီအရွယ်လေးတွေမှာ ကလေးတွေက ပစ္စည်းတွေပစ်ချရင် မိဘတွေက ခဏခဏကောက်ပေးရတာကို စိတ်မရှည်ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကလေးရဲ့ တိုးတက်မှုဖြစ်ပါတယ်။ ပစ်ချလိုက်၊ ကောက်ပေးလိုက်နဲ့ ကလေးနဲ့ ကိုယ်နဲ့ ကစားနေတဲ့ ကစားပွဲလေးတခုအနေနဲ့ သတ်မှတ်လိုက်ရင် ပျော်စရာကောင်းသွားပါမယ်။
ဆယ့်နှစ်လသားအရွယ်ကလေးငယ်ရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီးမိဘတွေက လုပ်ပေးသင့်တာတွေကတော့ ကလေးငယ်လေး လမ်းလျှောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ ယုံကြည်မှုတိုးတက်စေဖို့ ဘီးနဲ့တွန်းလို့ရတဲ့ အရုပ်လေးတွေ ၀ယ်ပေးသင့်ပါတယ်။ သံစုံမြည်တဲ့ ရုပ်ပုံစာအုပ်လေးတွေ ဖတ်ပြသင့်ပါတယ်။ ကလေးရဲ့ လက်ချောင်းလှုပ်ရှားမှု တိုးတက်ဖို့ သစ်သားတုံးလေးတွေ၊ တခုနဲ့ တခု အဆင့်ဆင့် ထပ်လို့ရတဲ့ အရုပ်လေးတွေ ပံ့ပိုးပေးသင့်ပါတယ်။ အရုပ်လေးတွေ မရှိဘူးဆိုရင်လဲ ကတ်ထူစက္ကူပုံးလေးတွေနဲ့ ကိုယ်တိုင်လုပ်ပေးလို့ရပါတယ်။ ကလေးငယ်လေးကို နေ့စဉ်နဲ့အမျှ လုပ်ငန်းဆောင်တာလေးတွေကို ပြောပြရပါမယ်။ ကလေးငယ်လေးက နားမလည်ဘူးဆိုပေမယ့် ဒါဟာ စကားပြောစွမ်းရည်တိုးတက်ဖို့အတွက် အရေးကြီးတာကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောရပါမယ်။ သီချင်းလေးတွေ ဖွင့်ပေးရပါမယ်။
အသက် (၁၈) လ
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ပုံမှန် လမ်းလျှောက်ပြီး၊ ထိုင်ချလိုက်တာ မဟုတ်ပဲ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်တာ၊ လူကြီးတွေထိုင်တဲ့ ကုလားထိုင်ပေါ်တွယ်တက်ပြီး တက်ထိုင်တာ၊ ငုတ်တုတ်ထိုင်ရာကနေ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်တာ၊ လှေကားတွေကို လက်တန်းကိုင်ပြီး တက်နိုင်၊ ဆင်းနိုင်တာ၊ ဒူးထောက်နိုင်တာ၊ ပြေးလွှားနိုင်တာဖြစ်ပါတယ်။
တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကလေးငယ်လေးရဲ့ အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြတာ၊ သေးငယ်တဲ့ သစ်သားတုံးလေးတွေကို သုံးဆင့်အထိ ထပ်တင်နိုင်တာ၊ အစားအစာကို သူ့ဘာသာသူဇွန်းနဲ့စားတာ၊ တံခါးဘု၊ လက်ကိုင်တွေကို လှည့်တာ၊ ခဲတံကို ဆုပ်ကိုင်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်ကလေးငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်ဖို့အတွက် လူကြီးမိဘတွေ လုပ်ပေးသင့်တာတွေကတော့ သဲတွေ၊ ရေတွေနဲ့ ကစားဖို့ တွန်းအားပေးတာ၊ တွယ်တက်ဖို့အတွက် ခိုင်ခံ့ပြီး နိမ့်တဲ့ ပရိဘောဂတွေ တပ်ဆင်ထားပေးတာ၊ ဘောလုံးလေးတွေ ၀ယ်ပေးပြီး ကန်ဖို့၊ မြှောက်ပင့်ကစားဖို့ လုပ်ပေးတာတွေ ဖြစ်ပါတယ်။ နီးစပ်ရာ အိမ်နီးနားချင်း အရွယ်တူ ကလေးငယ်လေးတွေနဲ့လဲ မိတ်ဆက်ပေးရပါမယ်။ ပွဲတွေ၊ ဈေးတွေလဲ ခေါ်သွားရပါမယ်။ ဒါမှလဲ လူမှုဆက်ဆံရေးစွမ်းရည်ပါတိုးတက်လာပြီး၊ လူအများကြားမှာ အကြောက်အလန့်မရှိ နေတတ်မှာ ဖြစ်ပါတယ်။
နောက်တခုက ဒီအရွယ်မှာ ကလေးငယ်လေးဟာ ပြေးလွှားနိုင်ပေမယ့် သူ့ပြေးလမ်းက အတားအဆီးတွေကို မရှောင်နိုင်ပါဘူး။ တခါတရံ လူကြီးတွေက ထိမိခိုက်မိမှာ စိုးရိမ်ပြီး မပြေးဖို့ ဟန့်တားတတ်ပါတယ်။ အဲဒီလိုဆိုရင်လဲ ကလေးရဲ့ ကိုယ်ကာယစွမ်းရည်တိုးတက်မှုကို ထိခိုက်နိုင်တာကြောင့် ပန်းခြံ၊ ကွင်းပြင်၊ ဘောလုံးကွင်း၊ ကစားကွင်းစတာတွေဆီ ခေါ်သွားပြီး ကလေးငယ်လေး အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်မယ့် ပတ်ဝန်းကျင်လေး ဖန်တီးပေးရပါမယ်။
အသက် နှစ်နှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ အန္တရာယ်ကင်းကင်းနဲ့ ပြေးလွှားနိုင်တာ၊ အမြဲတမ်းလှုပ်ရှားတက်ကြွဆော့ကစားနေတာ၊ လက်နဲ့ ဘောလုံးကို ကိုင်ပြီး ပစ်နိုင်တာ၊ ဘီးပါတဲ့ ပစ္စည်းတွေကို တွန်းနိုင်တာ၊ ဆွဲနိုင်တာ၊ လှေကားအတက်အဆင်းကို အကူအညီမလိုပဲ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လားစွမ်းရည်တွေကတော့ စက်ဝိုင်းလေးတွေနဲ့ လိုင်းလေးတွေ ဆွဲတတ်တာ၊ ပစ္စည်းလေးတွေကို ကောက်ယူနိုင်တာ၊ သစ်သားတုံးလေးတွေကို ခြောက်ဆင့်အထိ တာဝါဆောက်နိုင်တာ၊ စာအုပ်တွေကို နှစ်သက်ပြီး တရွက်ချင်းလှန်ကြည့်လာတာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီး မိဘတွေက သုံးဘီးစက်ဘီးလေးတွေဝယ်ပေးတာ၊ တွယ်တက်စရာ ပရိဘောဂတွေ ထားပေးတာ၊ ပြေးလွှားဆော့ကစားဖို့ နေရာသတ်မှတ်ပေးတာတွေ လုပ်သင့်ပါတယ်။ အလုပ်နားရက်တွေမှာ ကလေးငယ်လေးကို ပန်းခြံ၊ မြို့ပြနဲ့ ဝေးတဲ့ နေရာတွေခေါ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို လေ့လာစေသင့်ပါတယ်။ ပလပ်စတတ်တူ၊ သစ်သားယောင်းမစတာတွေပေးပြီး ဒန်အိုး၊ ဒန်ခွက်စတဲ့ အသံမြည်စေတဲ့ အရာဝတ္ထုတွေကို ခေါက်ခိုင်း၊ တီးခိုင်းရပါမယ်။ ဒါမှလဲ ကလေးငယ်ရဲ့ လက်အသုံးပြုတဲ့ စွမ်းရည် တက်လာမှာဖြစ်သလို၊ အသံလာရာကို လေ့လာစူးစမ်းမှာဖြစ်တဲ့အတွက် ဥာဏ်ရည်ဥာဏ်သွေးကိုလဲ တိုးမြင့်ပေးရာ ရောက်ပါတယ်။
သုံးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ နိမ့်တဲ့အရာဝတ္ထုတွေပေါ်ကနေ မျက်နှာပြင်ပေါ် ခုန်ချနိုင်တာ၊ ခြေဖျားထောက်ပြီးရပ်နိုင်တာ၊ လမ်းလျှောက်နိုင်တာ၊ ခြေထောက်တဘက်တည်းပေါ်မှာ ရပ်နိုင်တာ၊ လှေကားကို လှေကားတထစ်ကို ခြေတလှမ်းနှုန်းနဲ့ တက်နိုင်တာ၊ ဘောလုံးကို မြှောက်ပေးနိုင်တာ၊ ဖမ်းယူနိုင်တာ၊ ဘောလုံးကို အားနဲ့ ကန်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးမြင့်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ခဲတံကို ဆုပ်ကိုင်နိုင်တာ၊ စာရွက်တွေကို ကတ်ကြေးနဲ့ ကိုက်ပြီး ဖြတ်နိုင်တာတွေ ဖြစ်ပါတယ်။
လူကြီး မိဘတွေအနေနဲ့က ဒီအရွယ်မှာ ကလေးနဲ့ ဘောလုံးကစားတာတွေ လုပ်ပေးသင့်ပါတယ်။ တချို့က ဘောလုံးကစားတာ မိန်းကလေးနဲ့ မဆိုင်ဘူးထင်တတ်ပါတယ်။ ဒီလို မဟုတ်ပါဘူး။ ဒီအရွယ်မှာ ခြေ၊လက်အသုံးပြုနိုင်တဲ့ စွမ်းရည်၊ လက်နဲ့ မျက်လုံးတွဲစပ်အသုံးပြုနိုင်မှုစွမ်းရည်တွေအတွက် ဘောလုံး မြှောက်တာ၊ ဘောလုံးကန်တာ၊ ဖမ်းယူတာတွေက အရေးကြီးလှပါတယ်။ ဒီအရွယ်ကစပြီး ကလေးငယ်လေးတွေကို တခြားကလေးတွေနဲ့ ဆော့တတ်အောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့က ကလေးတွေကို အိမ်ထဲမှာပဲ ထားပြီး တခြားကလေးတွေနဲ့ မရောထားချင်ကြပါဘူး။ အဲဒီအခါမှာ ဒီကလေးရဲ့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေထိုင်တတ်မှုစွမ်းရည်လျော့ကျသွားနိုင်ပါတယ်။ ဒီလိုကလေးမျိုးတွေဟာ ကြီးလာတဲ့အခါမှာ တကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။
ဒီအရွယ်ကလေးလေးတွေဟာ စူးစမ်းလေ့လာတဲ့ အလေ့အထတွေ ရှင်သန်နေတာမို့ ဒါကို မပိတ်ပင်ပဲ အားပေးအားမြှောက်လုပ်ရပါမယ်။ ရေကူးတာ၊ ပန်းခြံခေါ်သွားတာ၊ လမ်းလျှောက်တာတွေ လုပ်စေရပါမယ်။ ရောင်စုံခဲတံတွေ၊ စာရွက်တွေတွေ ၀ယ်ပေးပြီး ကလေးရဲ့ ဆန်းစစ်တီထွင်တတ်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးရပါမယ်။ အရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းဖို့ သင်ကြားပေးရပါမယ်။ မိမိ အ၀တ်တွေကို ကောင်းကောင်းသိမ်းဆည်းတတ်အောင် လေ့ကျင့်ပေးရမယ်။ ကလေးရဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်တဲ့ အရည်အချင်းကို တိုးမြင့်လာအောင် နည်းမျိုးစုံနဲ့ သင်ကြားလေ့ကျင့်ပေးရပါမယ်။
လေးနှစ်
အကြမ်းဖျင်းထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ လမ်းလျှောက်တာမှာ ဖြောင့်ဖြောင့် လျှောက်တာ၊ ဘောလုံးကိုဖမ်းယူနိုင်တာ၊ မြှောက်နိုင်တာ၊ ကန်နိုင်တာ၊ ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို ခါးကုန်းပြီး ကောက်နိုင်တာ၊ သုံးဘီးတပ်စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တာဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခဲတံကို လူကြီးတွေကို ကိုင်နိုင်လာတာ၊ သစ်သားတုံးလေးတွေကို ၁၀ ဆင့်အထိ ထပ်နိုင်လာတာတွေဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက ကလေးငယ်ရဲ့ ကိုယ်ကာယလှုပ်ရှားမှု လုပ်နိုင်ခွင့်အခွင့်အလမ်းတွေ ဖန်တီးပေးရပါမယ်။ ကလေးရဲ့ အမြင့်တက်နိုင်တဲ့ စွမ်းရည်တိုးတက်အောင် လုပ်ပေးရပါမယ်။ ဆောက်လုပ်ရေးအရုပ်တွေ၊ သစ်သား အပိုင်းအစတွေနဲ့ ဆော့စေရပါမယ်။ သဲတွေ၊ ရေတွေနဲ့ ဆော့ခိုင်းရပါမယ်။ အ၀တ်အစားကို သူ့ဘာသာသူ ၀တ်တတ်အောင် သင်ပေးရပါမယ်။ ရေအိမ်သွားတဲ့အခါမှာ သူ့ဘာသာသူ သွားတတ်အောင် တွန်းအားပေးရပါမယ်။ တချို့ကလေးတွေက ရေအိမ်သွားတိုင်း မိဘကို ခေါ်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်သွားဖို့ တိုက်တွန်းပြီး သူ့ရဲ့ ကိုယ့်ဘာသာ ကိုယ်အမှီအခိုကင်းကင်း ရပ်တည်နိုင်မှုစွမ်းရည်မြင့်လာအောင် လုပ်ပေးရပါမယ်။ ပန်းချီဆွဲတာ၊ ရောင်စုံခြယ်တာ၊ ကော်ကပ်တာတွေအတွက် လုံလောက်မယ့် ပစ္စည်းပစ္စယလေးတွေ ၀ယ်ပေးထားရပါမယ်။
ငါးနှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ ကြိုးခုန်တာ၊ ပြေးလွှားတာ၊ အမြင့်တက်နိုင်တာ၊ ခြေဖျားသုံးပြီး ပြေးတာ၊ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာ၊ ဂီတသံနဲ့ ဟန်ချက်ညီ ကနိုင်တာ၊ ခါးညွှတ်ပြီး ဒူးမကွေးပဲခြေဖျားကို ထိနိုင်တာ၊ ကစားစရာ အမျိုးမျိုး (စီးလျှော၊ ဒန်း၊ climbing frames) တွေကို သူ့ဘာသာ ကစားနိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်ကတော့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်အဂါင်္စုံတဲ့ လူပုံဆွဲနိုင်တာ၊ ခဲတံကို ကောင်းကောင်း ကိုင်နိုင်တာ၊ လက်ချောင်းလေးတွေကို အသုံးပြုပြီး ရေတွက်နိုင်တာတွေ ဖြစ်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေက အိမ်ပြင်ပမှာ ကလေးတွေ ကစားလို့ရအောင် ဖန်တီးပေးရပါမယ်။ မြို့လယ်တိုက်ခန်းတွေမှာ နေတာဆိုရင် ဘောလုံးကွင်း၊ ပန်းခြံ၊ ကွင်းပြင်တွေ ခေါ်သွားပေးရပါမယ်။ ကလေးကို စက်ဘီးစီးတတ်အောင် သင်ကြားပေးရပါမယ်။ ကလေးငယ်ရဲ့ ကျား၊ မခွဲခြားတဲ့ စိတ်မျိုး မရှိအောင် ယောက်ျားလေးတွေကို ကြိုးခုန်ခိုင်းတာမျိုး၊ မိန်းကလေးတွေကို ဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတာမျိုးတွေ လုပ်ပေးရပါမယ်။ ပုံဆွဲတာနဲ့ ပန်းချီဆွဲတာတွေကို အားပေးရပါမယ်။
ခြောက်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ခုန်ပေါက်ပြေးလွှားဆော့ကစားတာ၊ ဘောလုံးကို ခြောက်မီတာအကွာအဝေးရောက်အောင် ကန်နိုင်တာ၊ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားစွမ်းရည်တွေကတော့ ကလေးငယ်ဟာ အက္ခရာစာလုံးတွေ၊ ကိန်းဂဏာန်းတွေကို အရွယ်တူ ရေးတတ်တာ၊ နာမည်ကို ရေးတတ်တာတွေ ဖြစ်ပါတယ်။
လူကြီးမိဘတွေအနဲ့က ဒီအရွယ်ကလေးငယ်တွေကို အားကစားတမျိုးမျိုး ပြုလုပ်အောင် အားပေးရပါမယ်။ ဘောလုံးကန်တာ၊ ဂျုဒိုကစားတာ၊ ရေကူးတာ စတာတွေ လုပ်ခိုင်းရပါမယ်။ ကလေးငယ်လေးရဲ့ စာအရေးအသားစွမ်းရည် တိုးတက်လာအောင် ဈေးဝယ်စာရင်းရွတ်ပြပြီး လိုက်ရေးခိုင်းတာ၊ ဆွေမျိုးမိတ်ဆွေတွေဆီ စာရေးခိုင်းတာ၊ ဟင်းချက်အညွှန်းတွေ လိုက်ကူးရေးခိုင်းတာတွေ လုပ်ခိုင်းလို့ရပါတယ်။
ခုနစ်နှစ်
အကြမ်းဖျင်း ထိန်းချုပ်ရွေ့လျားမှု စွမ်းရည်တွေကတော့ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာ၊ ကိုယ်ခံပညာကစားခြင်း၊ ရေကူးခြင်း၊ စကိတ်စီးခြင်း စတာတွေမှာ သက်လုံကောင်းလာတာ၊ ပြေးလွှားရာမှ အရှိန်ထိန်းတတ်တာ၊ ဘောလုံးဖမ်းတာ၊ ပစ်တာတွေကို လက်တဘက်တည်းနဲ့ လုပ်နိုင်တာတွေ ဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်တဲ့ ထိန်းချုပ်ရွေ့လျားမှုစွမ်းရည်တွေကတော့ စာရေးသားတဲ့ စွမ်းရည်မြင့်တက်လာတာ၊ အပ်အကြီးကို သုံးပြီး ချုပ်လုပ်တတ်တာတွေ ဖြစ်ပါတယ်။
လူကြီးမိဘတွေက ဒီအရွယ်တွေကလေးတွေကို ပြင်ပမှာ ကစားတာကို အားပေးတာ၊ ရေကူး၊ စကိတ်စီး၊ စက်ဘီးစီး၊ ကခုန်တာတွေကို အားပေးတာနဲ့ ကိုယ်ခံပညာတွေ သင်ကြားပေးတာ ဖြစ်ပါတယ်။
နိဂုံးချုပ်ဆိုရရင် ကလေးသူငယ်လေးတွေရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ကျန်းမာပျော်ရွှင်တဲ့ ကလေးလေးတယောက်ဖြစ်စေဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဟာ လူမှုဆက်ဆံရေးစွမ်းရည်၊ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်ဥာဏ် မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားရေးနဲ့ အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ရေး တွေအပေါ် အကျိုးသက်ရောက် ဆက်စပ်မှုရှိတာကြောင့် မိဘလူကြီးတွေအနေနဲ့ ကလေးငယ်လေးရဲ့ ကိုယ်ကာယစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီရင်း၊ ကလေးရဲ့ တိုးတက်မှုတွေကိုလဲ တိုင်းတာ မှတ်တမ်းပြုစုထားသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်ရှင်။
ခင်မမမျိုး (၂၄၊ ၈၊ ၂၀၀၉)
ရည်ညွှန်းကိုးကား။ ။
Meggitt, C. & Walker, J. (2004) An Introduction to Child Care and Education, 2nd edition, Hodder, Oxon
Stoppard, M. (2005) New baby care book: a practical guide to the first three years, Penguin, London
မှတ်ချက်။ ။ အရှေ့မိုးကောင်းကင် စာစောင် (www.crystalthinktank.com) တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်။
: Contributor - ခင်မမမျိုး, Education Type - Child Education
Posted by Khin Ma Ma Myo at 12:26 PM 0 comments
Thursday, August 13, 2009
သင်ရိုးညွှန်းတမ်းပုံပြင်
သင်ရိုးညွန်းတမ်းပုံပြင်
သိန်းနိုင်
ကလေးတို့ရေ
မင်္ဂလာပါ။ ဒီနေ့တော့ ဆရာ စာမသင်တော့ဘဲ ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးထားပါတယ်။
ဟိုရှေးရှေးတုန်းကပေါ့ကွယ် ……..
တောအုပ်ကြီးတစ်ခုမှာ မှီတင်း နေထိုင်လာခဲ့ကြတဲ့ တိရစ္ဆာန် မျိုးနွယ်စုတွေဟာ ပိုမို ရှုပ်ထွေး လို့လာနေတဲ့ သူတို့ရဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်း ရှင်သန်မှုအတွက် တစ်ခုခုကို လုပ်မှ ဖြစ်တော့ မယ်လို့ စဉ်းစား တွေးတောမိကြပါသတဲ့။ တောအုပ်အစပ် မြေလွတ်တစ်နေရာမှာ တိရစ္ဆာန် မျိုးနွယ်စု ကိုယ်စားလှယ်တွေ အသီးသီး အကြိတ်အနယ် ဆွေးနွေးပွဲတွေကို နေ့ရောညပါ ကျင်းပ ကြရ တော့တာပေါ့။ တိရစ္ဆာန်မျိုးနွယ်စု အသီးသီးရဲ့ ရှင်သန်မှုနဲ့ အခွင့်အရေး အတွက်ဆိုတော့ မျိုးနွယ်စု ကိုယ်စားလှယ်တွေ စုံစုံညီညီ တက်ရောက်လာကြတယ်။ သိပ်ကို အရေးကြီးနေပြီဖြစ်တဲ့ တိရစ္ဆာန် အသိုင်းအ၀ိုင်းအတွက် ဆွေးနွေးလိုက်ကြတာ နောက်ဆုံးမှာတော့ အနာဂတ် ရှင်သန်မှုအတွက် အင်မတန်မှ ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ် လိုက်ကြရပါတယ်။
တိရစ္ဆာန်ထု အစည်းအဝေးကြီးရဲ့ တစ်ခုတည်းသော အဲဒီ ဆုံးဖြတ်ချက်ကတော့ စာသင်ကျောင်း တစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ဖို့ပဲ ဖြစ်ပါသတဲ့။ သိပ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုရင် ကလေးတို့ သဘောတူမယ် ထင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အနေနဲ့ လုပ်စရာတွေ အများကြီး ပေါ်လာတော့တာပေါ့။
ကလေးတို့ရေ …..
ကျောင်းတစ်ကျောင်းအတွက် အဓိကအားဖြင့် ဘာတွေ လိုအပ်တယ်လို့ ကလေးတို့ ထင်သလဲဟင်။ လိုအပ်ချက်တွေ အများကြီး ရှိနိုင်တာပေါ့နော်။
အစည်းအဝေးကြီးရဲ့ ပထမဆုံး အာဂျင်ဒါကို ပြောပြပါရစေနော်။
ပထမဆုံး လုပ်ရမဲ့ အချက်ကတော့ အဲဒီကျောင်းမှာ ဘယ်ဘာသာရပ်တွေ ဘယ်ပညာတွေကို ဘယ်လို သင်ကြား ကြမှာလဲ ဆိုတာပါပဲတဲ့။ တိရစ္ဆာန်လေးတွေရဲ့ စာသင်ကျောင်းအတွက် သင်ရိုးညွန်းတမ်း ပြဿနာ ပေါ်လာတယ်လေ။ စိုးရိမ်စိတ်တွေ၊ မျှော်လင့်ချက်တွေ၊ နစ်နာချက်တွေ အသိုင်းအ၀ိုင်းရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ ခံစားချက်တွေကို ဖွင့်ချကြရင်း ဆွေးနွေးကြရ တော့တာပေါ့။ နောက်ဆုံးမှာတော့ (၁) အပြေးဘာသာရပ် (၂) သစ်ပင်တက်ဘာသာရပ် (၃) ရေကူးဘာသာရပ်နဲ့ (၄) ပျံသန်းခြင်း ဘာသာရပ်တွေကို သင်ရိုးညွှန်းတမ်းဝင် ဘာသာရပ်တွေ အနေနဲ့ ထည့်သွင်း သင်ကြားဖို့ သဘောတူညီမှု ရရှိခဲ့ကြတယ်။ သူတို့ဖာသာ သူတို့ လုပ်ကိုင် တတ်စေဖို့ရယ်၊ ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော တတ်စေဖို့ရယ် အတွက် တိရစ္ဆာန်ငယ်ဗဟိုပြု ချဉ်းကပ် သင်နည်းကို အသုံးပြု သင့်တယ်လို့လည်း အစည်းအဝေး သဘာပတိ ပညာရှိ ဇီးကွက်ကြီးက လမ်းညွှန် ဆုံးမခဲ့သတဲ့။
ဘာကြောင့် ဒီပညာရပ်တွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းရတယ်လို့ ကလေးတို့ ထင်သလဲဟင်၊ သဘောတူရဲ့လား။ ကလေးတို့ အမြင်ကို ပြောပြစမ်းပါအုံး။
ဒီပညာရပ်တွေကတော့ တိရစ္ဆာန် အသိုင်းအ၀ိုင်းရဲ့ ပစ္စုပ္ပုန်နဲ့ အနာဂတ် ဘ၀တွေ ရှင်သန်မှု အတွက် အရေးကြီးတာကို အထင်အရှား မြင်တွေ့ နိုင်တာရယ်၊ ရိုးရာ ယဉ်ကျေးမှုတွေလည်း ထိန်းသိမ်းဖို့ လိုအပ်တာတွေရယ်၊ အပြုအမူပိုင်းဆိုင်ရာ အခြေခံအချက် စံနှုန်းတွေ ဖြစ်တာရယ်၊ ခေတ်နှင့်အညီလည်း ဖြစ်တာတွေကြောင့်လို့ ဆုံးဖြတ်ကြပါသတဲ့။ ကျောင်းသူ၊ ကျောင်းသား တိရစ္ဆာန် ငယ်လေးတွေအားလုံး မသင်မနေရ တပြေးညီ သင်ကြား ကြရမယ်လို့လည်း သက်ဆိုင်ရာက ညွန်ကြားချက်တွေ ထုတ်ပြန်တော့တာပေါ့။
တိရစ္ဆာန်ငယ်လေးတွေအားလုံး တက်တက်ကြွကြွ။ မိဘတွေလည်း တစ်ပြုံးပြုံးနဲ့ ကျောင်းကို လာအပ်ကြပါသတဲ့။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကလည်း စတိုင်အပြည့်နဲ့ပေါ့။
အဲ---- အားလုံး အဆင်ပြေသွားပြီ။ တိရစ္ဆာန်အသိုင်းအ၀ိုင်းရဲ့ အနာဂတ် ရှင်သန်ရေး အတွက်လည်း မစိုးရိမ် ရတော့ဘူးရယ်လို့ ပီတိတွေ ဖြစ်နေကြတုန်းမှာပဲ ပြဿနာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်လာတော့တယ်။ ဘာပြဿနာတွေလို့ ကလေးတို့ ထင်သလဲဟင်၊ ကလေးတို့ရဲ့ ကျောင်းတွေမှာ ဘာပြဿနာတွေ တက်လေ့ရှိပါသလဲ။
ကလေးတို့ရေ …..
ပထမဆုံး ပြဿနာကတော့ မြေပြန့်ရေအစပ်မှာ နေထိုင်ကြတဲ့ ဘဲကလေးတွေဟာ အင်မတန်မှ ရေကူး ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ဆရာထက်တောင်မှ ပိုပြီး ရေကူး အရာမှာ တော်ကြတယ်ဆိုပဲ။ ပျံသန်းခြင်း ဘာသာရပ်မှာလည်း တော်ကြပါတယ်။ ဒါပေမဲ့ သင်ရိုးဝင် အပြေး ဘာသာရပ်မှာတော့ အင်မတန်မှ အခက်အခဲ တွေ့နေကြရတယ်။ သင်ရိုးအတိုင်း လုံးဝ မလိုက်နိုင် ကြဘူးတဲ့။ အဲဒါကြောင့် ကျောင်းဆင်းပေမဲ့ သူတို့ကို အချိန်ပိုတွေ ခေါ်သင်ရတယ်။ ဘဲကလေးတွေ အင်မတန်မှ ကျွမ်းကျင်တဲ့ ရေကူးဘာသာရပ်မှာ သင်ကြားချိန် လျော့ချပြီး အပြေး ဘာသာရပ်အတွက်ကို အချိန်ပိုပေးကြရတယ်။ လူကြီးတွေ၊ ဆရာဆရာမတွေက အပြေးသင် ဘာသာရပ်အတွက် လေ့ကျင့်ချိန် များများရအောင်လည်း ဖန်တီးကြသတဲ့။ အိမ်မှာ မိဘ၊ ညီအကို၊ မောင်နှမတွေနဲ့နေဖို့ အချိန်တွေ မရှိတော့လောက်အောင်ကို၊ ကစားချိန်တွေ မရှိတော့လောက်အောင်ကို အချိန်ပိုတွေ တက်ကြရ၊ ကျူရှင်ယူကြရနဲ့။ ကလေးဘ၀ ပျောက်ဆုံးကြရတော့တာ၊ သိပ်သနားစရာနော်။
ဒီလိုနဲ့ ဘဲကလေးတွေဟာ အပြေး လေ့ကျင့်တဲ့အချိန် များလာတဲ့အခါမှာတော့ ရေကူးတဲ့အခါ ယက်ဖို့ ခြေထောက်က ပင့်ကူအိမ် ပုံစံ ခြေဖ၀ါးပြင်တွေဟာ ပျက်စီး လာတော့တာပဲ။ အပြေး ဘာသာရပ်မှာလည်း ပိုပြီးထူးချွန် မလာတဲ့အပြင် အရင်တုန်းက ချန်ပီယံအဆင့် ရထားတဲ့ ရေကူး ဘာသာရပ်မှာလည်း သာမန် အဆင့်ပဲ ရှိတော့တယ်တဲ့။ ဒါပေမဲ့ တိရစ္ဆာန်တို့ရဲ့ ကျောင်း ပညာရေး စနစ်သစ်မှာ သာမန်အောင်တာဟာလည်း စာမေးပွဲတော့ အောင်တာပါပဲဆိုပြီး လူကြီးတွေက ဆရာဆရာမတွေကတော့ မစိုးရိမ်ကြဘူးလေ။ လူကြီးတွေက သာမန်အဆင့်ကို ပုံမှန်လို့ သဘောထား ကြပေမဲ့ ရေကူးပညာမှာ အရင်ကလောက် အဆင်မပြေ တော့တာ ကိုယ်တိုင် ခံစားနေကြရတဲ့ ဘဲကလေးတွေက ကြိတ်ပြီး ပူဆွေးသောက ရောက်နေကြတာပေါ့။ ဘဲကလေးတွေရဲ့ မွေးရာပါ ရေကူးကျွမ်းကျင်တာ ပျက်စီးရတာနော်။ သူတို့ခမျာ ဘယ်သူ့ကိုမှလည်း ဖွင့်ဟ မပြောရဲဘူးတဲ့။ သူတို့နေရာ ကနေ ကလေးတို့ ၀င်ရောက် ခံစားကြည့်ပါလားကွယ်။ ကလေးတို့ရော တစ်ခုခုကို ခံစားရပြီဆိုရင် ဘယ်သူတွေကို ဖွင့်ဟ ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့… မိဘတွေနဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြ ရမှာပေါ့ကွယ်။
ကလေးတို့ရေ…..
ယုန်ကလေးတွေကြပြန်တော့ အပြေးက သိပ်သန်တာပေါ့။ ရေလုံးဝမကူး တတ်တော့ ရေကူးချိန်တွေ ပိုပြီးပေးရတာ၊ ရေထဲမှာပဲ နေနေရတာတွေကြောင့် စိတ်ဓါတ် အကြီးအကျယ် ကျဆင်း နေရှာကြတယ်တဲ့။ ရေကူး သင်ရတာကို မုန်းတီးတဲ့စိတ်နဲ့ မကြိုက်တဲ့စိတ်နဲ့ လုပ်ရတာဆိုတော့ လုပ်နေရပေမဲ့ မတိုးတက်ရှာဘူးတဲ့ကွယ်။ ဘယ်လောက်သင်သင် သိပ်မတတ်ဘဲ ဖြစ်နေတယ်တဲ့။ ကလေးတို့ရော အဲဒီလို အဖြစ်မျိုး ကြုံဖူးကြသလားဟင်။ မကြိုက်တဲ့ ဘာသာရပ်တွေ သင်နေရတာမျိုး၊ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေရတာမျိုး၊ ဘယ်ဘာသာရပ်တွေလဲဟင်။
သစ်ပင်တက်ခြင်း ဘာသာရပ်မှာ အမြဲတမ်း ပထမရတဲ့ ချစ်စရာကောင်းတဲ့ ရှဥ့်ကလေး တွေကတော့ ပျံသန်းခြင်း ဘာသာရပ်ကို ဘယ်လိုသင်သင် မတတ်မြောက်နိုင်ဘူးတဲ့။ စာမေးပွဲ အောင်ချင်လွန်းလို့ ခိုးချတဲ့အနေနဲ. သစ်ပင်ထိပ်ကနေ အောက်ကို ခုန်ခုန်ချပြီး ပျံသန်းတတ်တယ် ဆိုတာကို လုပ်ပြပေမဲ့ ဆရာဆရာမတွေ ကတော့ လက်မခံကြဘူးတဲ့။ သစ်ပင်အောက်ကနေ အပေါ်ကို ပျံသန်းပြမှ အမှတ်ရမယ်လို့ ဆူပူ ကြိမ်းမောင်း ခံရတာပေါ့ကွယ်။ အပြင်းအထန် လေ့ကျင့် ခိုင်းတော့ ရှဥ့်ကလေးတွေဟာ ကြွက်သား ဖုထစ်တွေ တက်လာပြီး ပျံသန်းခြင်း ဘာသာရပ်လည်း ထူးမခြားလာတဲ့အပြင် သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ အပြေးဘာသာရပ်တွေမှာလည်း အများကြီး အဆင့်နိမ့် ကျသွားတော့တယ်။ သနားဖို့ မကောင်းဘူးလားဟင်။
တောအုပ်ရဲ့ အရှေ့ဘက်မှာနေပြီး အမြဲတမ်းကျောင်းစည်းကမ်း ဖေါက်ဖျက်တတ်တဲ့ သိမ်းငှက် ကလေးတွေက သစ်ပင်တက်ခြင်း ဘာသာရပ်နဲ့ ပတ်သက်ပြီး အချိန်တိုင်း အငြင်းပွါးကြသတဲ့။ ဘယ်လိုနည်းနဲ့ တက်တက် ထိပ်ဆုံးရောက်ဖို့ပဲ ဆိုပြီးတော့ အားလုံးထက် အမြန်ဆုံး သစ်ပင်ထိပ်ကို ရောက်သတဲ့။ ဘာသာရပ်စည်းကမ်းအတိုင်း၊ စာမေးပွဲ စည်းကမ်းအတိုင်း သစ်ပင် ပုံမှန်မတက်ဘဲ အမြဲတမ်း ထိပ်ဆုံးကို ရောက်ရောက် နေလေတော့ ဆရာဆရာမတွေလည်း သိပ်ကို စိတ်ညစ် ကြရတယ်တဲ့။ ဒါပေမဲ့ အငြင်းသန်တဲ့ သိမ်းငှက်လေးတွေကတော့ သူတို့နည်းနဲ့ သူတို့ လုပ်မှာဘဲတဲ့ကွယ်။ သူတို့ဘယ် လို သစ်ပင်တက် ကြတယ်လို့ ကလေးတို့ ထင်သလဲဟင်။ ကလေးတို့ကော သဘောတူ လက်ခံမှာလား။
ကလေးတို့ရေ…..
မြောက်ဘက်ပိုင်းတောအုပ်ရဲ့ တောတန်းတွေပေါ်နဲ့ တောင်ဘက်စွန်းက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ နှာခေါင်းတိုတိုနဲ့ ပွေးကလေးနဲ့ မြွေကလေးတွေကတော့ ကျောင်း လုံးဝ မတက် ကြတော့ဘူးတဲ့။ ကျောင်းလခ ဈေးကြီးကြောင်း၊ သွားရေးလာရေး မလွယ်ကူကြောင်းနဲ့ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ မြေတွင်းတူးခြင်းပညာ ဘာသာရပ်ကို မထည့်ထားတဲ့အတွက် အဲဒီ သင်ရိုးညွန်းတမ်းကို ကန့်ကွက်ကြောင်းနဲ့ အခြားသော ဆင်ခြေတွေ၊ ဆင်လက်တွေ၊ ဆင်နားရွက်တွေ အများကြီး ပေးတာပေါ့ကွယ်။ ခက်ခက်ခဲခဲ စုပေါင်းပြီး ကြိုးစားတားတဲ့ ဒီသင်ရိုးညွန်းတမ်းကို ဝေဖန် ကန့်ကွက်ကြတော့ အခြားသော တိရစ္ဆာန် မျိုးနွယ်စုတွေဟာ သူတို့ကို အင်မတန် စိတ်ပျက် နေကြ တယ်တဲ့။ ပိုပြီး ဆိုးဝါးတာကတော့ အစွယ်တဖွေးဖွေးနဲ့ အစိမ်းရောင် မြေခွေးတွေက သူတို့ကို မြှောက်ပင့် ပေးနေတာရယ် အခြားသော အနီးအနား တောအုပ်က ပင်ဒါဝက်ဝံတွေရယ်၊ နှာခေါင်းရှည်ရှည်နဲ့ မျောက်ဖြူတွေကလည်း သူတို့ကို သင်ပေးမယ် ဆိုတာရယ်ကြောင့် သင်ရိုးအသစ်နဲ့ သီးခြား ကျောင်းတစ် ကျောင်းကို တည်ထောင်ဖို့ စဉ်းစားနေကြတယ်တဲ့။ အစိမ်းရောင်မြေခွေးတွေရယ်၊ ပင်ဒါဝက်ဝံတွေရယ်နဲ့ မျောက်ဖြူတွေဟာ ပိုကောင်းတဲ့ ကျောင်းတစ်ကျောင်းကို လုပ်ပေးနိုင်လိမ့်မယ်လို့ ကလေးတို့ ထင်သလားဟင်။
ဒီနေ့အဖို့ ပုံပြင်လေးကတော့ ဒီမျှပါဘဲကွယ်။
ကလေးတို့လည်း အတူနေကြရတဲ့သူတွေနဲ့ ဆက်ဆံရေးရယ်၊ မိမိခံစားချက်တွေရယ်၊ သင်ကြားနေရတဲ့ ဘာသာရပ်တွေ ပညာရပ်တွေနဲ့ မိမိသင်ကြားတတ်မြောက်လိုတဲ့ ပညာရပ်တွေကို ချင့်ချိန် စဉ်းစားကြပါလို့ မှာကြားရင်း……..
ရွှင်လန်းချမ်းမြေ့ကြပါစေ။ အသိဥာဏ် ပညာခွန်အား တိုးတက်ကြပါစေ။
တောအစပ်တစ်နေရာက
ကလေးတို့ရဲ့ဆရာ
သိန်းနိုင်
: Articles, Contributor - သိန်းနိုင်
Posted by မြန်မာကျောင်းဆရာ at 11:30 PM 2 comments
Sunday, August 9, 2009
ရှင်သန်ခြင်း၊ ဘာသာစကားနှင့် ကျောင်းပညာရေး
ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များသည် ထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအပေါ်တည်မှီနေလေသည်။
သိန်းနိုင်
ဘာသာစကားများရှင်သန်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပေပြီ။ ကမ္ဘာ့ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်) ကျော်အနက် တ၀က်ခန့် (၅၀ ရာခိုင်နှုန်း)မှာ ပျောက်ကွယ်လုနီးပါးရှိနေပြီး ၄၀ ရာခိုင်နှုန်းမှာ ခြိမ်းခြောက်ခြင်းခံနေရသည်။ ၁၀ ရာခိုင်နှုန်းသာလျှင် ရှင်သန်နိုင်စွမ်းရှိနေ၏။
ဘာသာစကား ခြောက်ထောင်အနက် ၉၆ ရာခိုင်နှုန်းကို ကမ္ဘာ့လူဦးရေ ၄ ရာခိုင်နှုန်းသာပြောဆိုကြလေသည်။ ရာဂဏန်း အနည်းငယ်မျှသော ဘာသာစကားတို့ကို ပညာရေးစနစ်များအတွင်းနှင့် ရုံးသုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေရာပေးထားကြပြီး ဒီဂျစ်တယ် ကမ္ဘာတွင်အသုံးပြုမှုတွင်မူ တစ်ရာအောက်လျော့နည်းလေသည်။
ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော ဘာသာစကားအများစုကို လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများမှ ပြောဆိုကြသည်။ တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိပါမူ များမကြာမီကာလတွင် ဤဘာသာစကားများနှင့် ယဉ်ကျေးမှုများမှာ ပျောက်ကွယ်ရပါတော့မည်။
သို့ဖြစ်ပါ၍ ယူနက်စကို အထွေထွေ ညီလာခံကြီးမှ “နိုင်ငံတကာ မိခင်ဘာသာစကားများနေ့”ကို သတ်မှတ်ထားရှိပြီး ၂၀၀၁ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်တွေ ကျင်းပပြုလုပ်ပါသည်။ ဘာသာဗေဒ၊ ယဉ်ကျေးမှု မတူကွဲပြားခြားနားမှုနှင့် ဘာသာစကား မျိုးနွယ်စုံကမ္ဘာကြီး ဖြစ်နေစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။
တိမ်ကောကွယ်ပျောက်လာနေသော ဘာသာစကားများ
ဘာသာစကားတစ်ခု ကွယ်ပျောက်၊ ဆုံးရှုံးခြင်းနှင့်အတူ ကျွန်ုပ်တို့လူသားမျိုးနွယ်၏ အသိဗဟုသုတ၊ တွေးမြင်သိတတ်မှုနှင့် ရှုမြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းတို့ကိုလည်း အစားမထိုးနိုင်ဘဲ ဆုံးရှုံးရတော့သည်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာသာစကားမှာ အရေးပါလှပေသည်။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ဘာသာစကားဆိုင်ရာကဏ္ဍမှာ ဗျူဟာမြောက်တည်ရှိနေသည်။
ဤရည်မှန်းချက်များတွင် - ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်နိုင်ရေး၊ မူလတန်း ပညာရေး ဆုံးခန်းတိုင်အောင် ကျောင်းနေခွင့်ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်တိုးတက်ရေး၊ ကလေးသေဆုံးမှုလျော့ပါးရေး၊ မိခင်ကျန်းမာရေးတိုးတက်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါတို့ကို တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရေး တို့ ပါဝင်သည်။
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ရှစ်ရပ်ကို ဒေသကြီး ၁၀ ဒေသမှ နိုင်ငံ ၁၉၀ ပါဝင်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း များမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များအတွက် အညွှန်းဘောင်အနေဖြင့်လည်း လက်ခံကျင့်သုံးလျှက်ရှိနေသည်။
ထောင်စုနှစ် ရည်မှန်းချက်များမှ အလွန်အမင်း ဆင်းရဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်တို့အတွက် ဘာသာစကားသည် ရှင်သန် နေထိုင်နိုင်ရန် အလုပ်အကိုင်ရပိုင်ခွင့်၊ လူမှုရေးနှင့် နိုင်ငံရေးဘ၀တို့တွင် ပါဝင်ဆောင်ရွက်ခွင့်၊ အပြန်အလှန်ဆွေးနွေး ပြောဆို ဆက်ဆံနိုင်ရေး တို့နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိနေလေသည်။
ဗဟုသုတ အသိတရားတို့ကို လက်ဆင့်ကမ်းဖြန့်ဖြူးရာဝယ်တွင်လည်း ဘာသာစကားမှာ အဓိကကြားခံဖြစ်နေပြန်သည်။ ထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် ကလေးအားလုံးမူလတန်းပညာရေးဆုံးခန်းတိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါ၊ ငှက်ဖျားရောဂါ တို့ကို တုန့်ပြန်လုပ်ဆောင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ပါသည်။
ဘာသာစကားမှာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ ပညာရေးအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပါဝင် ဆောင်ရွက်နိုင်ခွင့်နှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှုအကျိုးတရားများကို ပိုင်ဆိုင်ရရှိရေးတို့ကို ခံစားနိုင်စေရန်အတွက်လည်း အဓိက ကျနေသည်။ ဤအချက်များအားလုံးမှာ ဘာသာဗေဒဆိုင်ရာအချက်အလက်များနှင့် ဆက်စပ်လျက်ရှိနေ၏။
ဘာသာစကားများကို ထိန်းသိမ်းခြင်း
ခြိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသားမှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။
ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ်များစွာမှာမူ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။
ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံးပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။
အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။
ဘာသာစကား ၂ မျိုးသင်ကြားရေးနည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လူနည်းစုတိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေရန်မှာ ကမ္ဘာ့လူ့မှုအသိုင်းအ၀ိုင်းတစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။
ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။
ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။
မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း
တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက်တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ထည့်သွင်းသင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသားခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ်အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေးအဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေးမူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်းသင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီပညာရေးစနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများရရှိစေရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများသင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။
သိန်းနိုင် (မြန်မာကျောင်းဆရာ)
: Contributor - သိန်းနိုင်, General Discussions
Posted by S.S at 8:27 PM 0 comments
ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
--- ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ -----
---
အပြုအမူ
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
: Contributor - သိန်းနိုင်, Reference - Educational Psychology
Posted by မြန်မာကျောင်းဆရာ at 1:43 AM 1 comments
Saturday, July 25, 2009
မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့
ရေးသားသူ - S.S
အောက်ပါဆောင်းပါးကို သံလွင်အိပ်မက် ၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် တွင် ဖော်ပြပြီးဖြစ်သည် ။
ရှေးလူကြီးတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ပညာရွှေအိုး လူမခိုး” တဲ့။ ဒါပေမယ့် ချွတ်ခြုံကျလာတဲ့ မြန်မာပြည် ပညာရေးစနစ်ကြောင့် စာရွက် တစ်ရွက်သာသာ ဖြစ်လာတဲ့ ဘွဲ့လက်မှတ်တွေကြား မြန်မာပြည်ရဲ့ မျိုးဆက်သစ်တွေကို ပေးဖို့ ပညာရွှေအိုးတွေ ပျောက်ဆုံးနေသလို ဖြစ်လာပါတယ်။ အဲဒီအခါ အဲလိုအခြေအနေက ဖောက်ထွက်ပြီး မျိုးဆက်သစ်တွေအတွက် တိုးတက်ရာ လမ်းစတွေ ဘယ်လိုရှာကြမလဲ ဆိုတဲ့ မေးခွန်းဟာ အရေးကြီးလာပါတယ်။
ပထမဆုံး တွေးရမယ့်အချက်ကတော့ ပညာဆိုတာကို ဘယ်လို ပိုင်းဖြတ်မလဲ ဆိုတာပါပဲ။ ပညာလို့ဆိုရာမှာ အတန်းပညာကိုပဲ ရည်ညွန်းတော့မလား ဘ၀က ပေးတဲ့ပညာကိုရော ထည့်သွင်းစဉ်းစားမလား။ ပညာရေးစနစ် ကျဆင်းနေတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေရဲ့ တိုးတက်ရာလမ်းစဟာ အတန်းပညာ ဆိုတာနဲ့ ဘယ်လောက်သက်ဆိုင်နေသေးသလဲ။ တိုးတက်ရာ လမ်းစရှာဖို့ တခြား ဘာတွေ လိုအပ်သေးသလဲ။
လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အကြီးဆုံးသူတွေကတော့ အသိဥာဏ်မဲ့တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့ နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီ အိုဗာစထရိ (Harry Overstreet) က ကောက်ချက်ချဖူးပါတယ် ။ သူကောက်ချက်ချသလိုပဲ နောင်တချိန်ကျရင် လူကြီးဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့မျိုးဆက်သစ်တွေအတွက် အတန်းပညာက ပေးတဲ့ ပညာဥာဏ် သာမက အသိဥာဏ် ရှိဖို့ဆိုတာလည်း လိုအပ်ပါတယ်။ အဲဒီနှစ်ခုလုံးနဲ့ ပတ်သက်နေတဲ့အရာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ် ။
ပညာရေးသုတေသနပိုင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အတန်းပညာအရည်အသွေးတို့ကို လေ့လာတဲ့အခါ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ် (academic motivation) ဟာ အရေးပါတယ်ဆိုတဲ့ အကြောင်းကို တွေ့ရှိလာကြပါတယ်။ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပ အကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာ သင်ယူလိုစိတ်ကတော့ မိဘဆရာတွေက သင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင် အပြစ်ရှိသလို ခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ပိုရှိတဲ့ ကျောင်းသားဟာ အတန်းပညာကို ပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံ တွေ့ရှိကြပါတယ်။
နိုင်ငံတကာကကျောင်းတွေမှာ သင်ခန်းစာတွေကို ကျောင်းသားတွေစိတ်ဝင်စားအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့အချက်က သင်ခန်းစာတွေ ပြင်ဆင်တဲ့အခါ အမြဲအလေးထားစဉ်းစားတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ကျောင်းသားတိုင်းအတွက် သင်ခန်းစာတိုင်း ဘာသာရပ်တိုင်းဟာ စိတ်ဝင်စားစရာဖြစ်ဖို့ ခဲယဉ်းပေမယ့် အနည်းဆုံး တချက်တလေတော့ စိတ်ဝင်စားစရာ ဆိုတာမျိုး ရှိသင့်ပါတယ် ။ အဲလိုဖြစ်ဖို့ လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ သင်ခန်းစာတွေကို ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အပြင်လောကနဲ့ ဆက်စပ်ပြီး သင်ကြားတဲ့နည်းပါပဲ။ ကျောင်းသားတိုင်းဟာ သူတို့ သင်ကြားနေရတဲ့စာတွေကို အပြင်လောကမှာလည်း အသုံးပြုလို့ရပါလား ဆိုတဲ့အချက်ကို မြင်လာတဲ့အခါ အဲဒီသင်ခန်းစာမှာ စိတ်ဝင်စားမှု အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကို သုံးပြီးဖြစ်စေ၊ လေ့လာရေးခရီး အနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ်၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ် ၊ အဲလို ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကို အမြဲမှတ်ဝင်သွားနိုင်မယ့် သင်ကြားနည်းမျိုးကို သုံးသင့်ပါတယ်။ အဲလိုမှသာ ကျောင်းသားတွေဟာ သင်ခန်းစာတွေကို စာမေးပွဲအောင်ဖို့ပဲ ကျက်မှတ်နေတာ မဟုတ်တော့ဘဲ ခေါင်းထဲမှာ သူ့အလိုလို စွဲသွားတာမျိုး ဖြစ်ပါမယ်။
ပညာသင်ကြားရေးပိုင်းမှာ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို ဆက်ဆံတဲ့အခါ ကိုယ်တိုင် ကျင်လည်ခဲ့ဖူးတဲ့အခြေအနေ ပုံစံမျိုးနဲ့ မချဉ်းကပ်ဘဲ လူငယ်တွေရဲ့ သဘောသဘာဝ စရိုက်ကို နားလည်အောင် ကြိုးစားသင့်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာထက် မျိုးဆက်သစ်တွေကို ကိုယ်ပိုင်တွေးတော လေ့လာနိုင်တာမျိုး ဖြစ်အောင်လည်း လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုလုပ်ဖို့အတွက် ဆရာ၊ ဆရာမတွေဟာ သင်ခန်းစာတွေကို ရှုထောင့်အမျိုးမျိုးက မြင်နိုင်ဖို့ ပိုလေ့လာရမယ်။ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကိုလည်း အမြဲစိတ်ဝင်တစား နားထောင်ပြီး သူတို့နဲ့ အပြန်အလှန် ဆွေးနွေးပေးရပါမယ်။ အဲလိုလုပ်လိုက်တာဟာ ဆရာနဲ့ တပည့်တွေကြား လေးစားသမှု လျော့နည်းတယ်လို တချို့က ထင်မှတ်ကြပါတယ်။ တကယ်ကတော့ ဘယ်အရာမဆို လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ရှုထောင့် မြင်ပုံချင်း မတူတတ်ကြပါဖူး ။ ဒါကြောင့် ဆရာနဲ့ ကျောင်းသားကြားမှာလဲ အဲလို ရှုထောင့်မတူတာ သဘာဝပါပဲ။ အဲလို မတူညီတဲ့ ရှုထောင့်တွေကို ဆုံမှတ်တစ်ခုဖြစ်ေ

