Saturday, January 19, 2008

ပါရဂူဘွဲ့ နဲ့ ကျောင်းအုပ်ရာထူး

ကျောင်းအုပ်တယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတ်မှတ်ချက်တွေကို ပြောခဲ့ပြီးပါပြီ။ ဒီတပတ်တော့ မြန်မာနိုင်ငံက ပါရဂူဘွဲ့ရတစ်ယောက်ရဲ့ အနေအထားကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာက ပါရဂူဘွဲ့ရဖို့ဆိုတာ ဘာသာရပ်ဆိုင်ရာတွေမှာ မဟာဘွဲ့ရပြီးသား ဖြစ်ရပါမယ်။ ပြီးတော့ လက်ရှိ တက္ကသိုလ်တခုခုက ဆရာ ဆရာမ ဖြစ်ရပါမယ်။ ပထမဆုံး ပါရဂူတန်းတက်ရောက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရပါတယ်။ ဒါမှမဟုတ် မဟာဘွဲ့ကို ဂုဏ်ထူး(Credit) နဲ့ အောင်မြင်ထားတဲ့သူတွေဆိုရင် ၀င်ခွင့်မဖြေဘဲ တက်ခွင့်ရနိုင် ပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ ပါမောက္ခတွေအားလုံး ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဖြစ်ရမယ်လို့ သတ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ တချိန်လုံး စာမေးပွဲကိစ္စတွေ၊ အုပ်ချုပ်ရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေရတဲ့ ပါမောက္ခ တွေခမျာ အချိန်အရအမိ လုယူပြီး ပါရဂူဘွဲ့အတွက် သုတေသန စာတမ်းလေးတွေ ရေးရပါတော့တယ်။ စာတမ်းတွေဟာ ကိုယ့်ရဲ့ အဓိကဘာသာရပ်ထဲက အစိတ်အပိုင်းလေးတစ်ခုစီလောက်ကိုသာ ယူရေးရတာမျိုးပါ။ ဒီနေရာမှာ ထည့်ပြောရမှာ တခုက ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တက္ကသိုလ်ပညာရေးစနစ်ထဲမှာက ကျောင်းသား တွေရော ဆရာဆရာမတွေရော ဒရောသောပါးကို အလုပ်လုပ်နေကြရတာပါ။ အရည်အသွေးမပြည့်တဲ့ ပညာရေးဆိုပေမဲ့ အချိန်နဲ့ အင်အားကတော့ အပြည့်ပေးနေရတာပါ။ ဆရာဆရာမတွေဆို အားလပ်ရက် (Vacation) လုံးဝ မခံစားရတော့တဲ့အထိပါပဲ။

ဒီတော့ ဆရာဆရာမတွေအဖို့ ပါရဂူဘွဲ့တခု ယူဖို့ဆိုတာဟာ တော်တော်ကို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြ ရတာပါ။ အချိန်အားဖြင့် ရင်းနှီးကြရရုံသာမက ငွေကုန် ကြေးကျလည်းများတာမို့ တော်တော်ဒုက္ခ ရောက်ကြ ရတာပါ။ ပိုဆိုးတာက ပါရဂူဘွဲ့ရဖို့ လိုအပ်ချက်ကြောင့်သာ အရေးတကြီးလုပ်ရတာမျိုးမို့လို့ တချို့ စာတမ်းတွေဟာ အဖြစ်သဘောလောက်သာ လုပ်ထားရတာမျိုးတွေပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း ကတော့ ပညာရှင်မှန်ရင်.. တက္ကသိုလ်က ဆရာမှန်ရင်... သုတေသန လုပ်နေရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်စနစ်ရဲ့ကျပ်တည်းမှုနဲ့ တာဝန်ကြားမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် သုတေသနလုပ်ငန်းဟာ အင်မတန် ပင်ပမ်း ဆင်းရဲရတဲ့ အလုပ် ဖြစ်နေတာပါ။

ခုချိန်မှာ ပါရဂူဘွဲ့ တခုယူဖို့ သုံးစွဲရမယ့် ငွေဟာ စုစုပေါင်း အနည်းဆုံး သိန်း၃၀၀န်းကျင် ရှိပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခတယောက်ရဲ့ လစာက ၁သိန်းခွဲပါ။ ပါရဂူဘွဲ့ကို ၆နှစ်အတွင်း ရအောင်ယူဖို့ ဘယ်လိုနည်းနဲ့ ယူရမှာ ပါလဲ။ ဒါပေမဲ့ ရေဗူး ပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အာဏာပိုင်များကတော့ တက္ကသိုလ် မှာ ဒေါက်တာဘွဲ့ မရရင် ရာထူးတိုးဖို့ မစဉ်းစားဘူးလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအခါ သင်ကြားရေးပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာပါ လုပ်သက်တွေ အတွေ့အကြုံတွေ အများကြီးရှိနေပြီး တကယ်လည်း အရည်အချင်း အပြည့်ရှိတဲ့ ဆရာဆရာမတွေတောင်မှပဲ ငွေကြေးအကုန်အကျ မတတ်နိုင်တဲ့အတွက် ပါရဂူဘွဲ့ မယူရတာနဲ့ပဲ သူတို့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ ရာထူးနေရာကို မရတဲ့ အခြေအနေ ရောက်သွားတာပါ။

အဲဒီလိုအချိန်မှာပဲ စစ်တပ်က ဗိုလ်မှူးအဆင့်တွေကတော့ တက္ကသိုလ်တွေထဲမှာ ပါရဂူဘွဲ့ယူဖို့ သက်သောင့် သက်သာနဲ့ ရောက်နေကြပါပြီ။ သူတို့အတွက် ပါရဂူ ဘွဲ့ယူရတာက on duty လို့ ပြောပါတယ်။ ဒါကြောင့် သူတို့အတွက် ပါရဂူဘွဲ့ယူဖို့ ကုန်ကျစရိတ်ကို သူတို့ မိခင်ဌာနတွေက တာဝန်ယူ အကုန်အကျခံပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မဟာဘွဲ့တွေ ပါရဂူဘွဲ့တွေ ယူဖို့ သိပ်ကို အဆင်ပြေ လွယ်ကူနေပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၅ခုနှစ်အထိ ပါရဂူဘွဲ့ရပေါင်း ၂၀၀ကျော် သုံးရာနီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိ ပါရဂူဘွဲ့ယူဖို့အတွက် ကျမ်းပြုနေသူများလည်း အမြောက်အများရှိနေပြီ ဖြစ်ပါတယ်၊။ အဲဒီအရေအတွက်ထဲမှာ စစ်ဘက်က အရေအတွက်ကလည်း တ၀က်နီးပါး ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တိုးချဲ့ မြှင့်တင်ရာမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ အားထုတ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ တပ်မတော် နည်းပညာတက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် တွေက အစ နောက်ဆုံး ၀ိဇ္ဇာသိပ္ပံ ဘာသာတွေထိ တပ်မတော် လက်အောက်ခံတွေ မွေးမြူပြီး ထူးချန်သူတွေကို လက်ရှိ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာတော်သင်အဖြစ် သင်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုနဲ့ ရုရှနိုင်ငံက တက္ကသိုလ်တွေမှာ စစ်တပ်လက်အောက်ခံကျောင်းသားများအဖြစ် အပတ်စဉ်အလိုက် ပညာသင်ပြီး သွားကြတာ အရေအတွက် ထောင်ကျော်ရှိသွားပါပြီ။ အဲဒီ လူငယ်လေးတွေဟာ ပါရဂူဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိသူတွေလည်း ဖြစ်ပါတယ်။

တက္ကသိုလ်တွေမှာ တကယ်တမ်း အပင်ပန်းအဆင်းရဲခံပြီး ပါရဂူဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားတာတောင် ဆရာ ဆရာမအရေအတွက် အနည်းအကျဉ်းသာ ပါရဂူဘွဲ့ရခွင့် ရှိသလို ပါရဂူဘွဲ့ရသူတွေဟာလည်း မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ အစိတ်အပိုင်းလေး အနည်းငယ်လောက်ကိုသာ လေ့လာ သုတေသန ပြုထားကြတာဖြစ်တဲ့အတွက် အဲဒီ အခန်းကဏ္ဍကိုသာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိနိုင်တယ်လို့ ပြောရမှာပါ။ ဒါကြောင့် တက္ကသိုလ်တခုရဲ့ ပါရဂူဘွဲ့ဟာ အခြေခံပညာရေးကဏ္ဍမှာ ကျောင်းအုပ်လုပ်ရမယ့် အရည်အချင်း သတ်မှတ်ချက်နဲ့ ဘယ်လိုမှ မအပ်စပ် မညီညွတ်နိုင်ဘူးလို့ သုံးသပ်ရတာပဲ ဖြစ်ပါတယ်။

နောက်ထပ် စဉ်းစားစရာကောင်းတဲ့အချက်ကတော့ ပညာရေးဝန်ကြီးဌာနက ခု ၂၀၀၆- ၂၀၀၇ ပညာသင်နှစ် မှာကိုပဲ အခြေခံပညာကျောင်းတွေမှာ ပါရဂူဘွဲ့ရတွေကို ကျောင်းအုပ်အဖြစ် အုပ်ချုပ်စေတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် စ ဖော်နေပါပြီ။ လောလောဆယ်မှာက မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၉၆၂ကျောင်းရှိတာမို့ ကျောင်းအားလုံး တပြေးညီ ဖြစ်ဖို့ဆိုရင် ပါရဂူ ဘွဲ့ရပေါင်း နှစ်ထောင်နီးပါးလောက်ထိ ရှိဖို့ လိုလာမှာဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အရေအတွက်ကို ဖြည့်ဖို့နဲ့ တချိန်တည်းမှာပဲ တက္ကသိုလ် ပညာရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်မယ်လို့ ပြောထားတာမို့ လိုအပ်လာမယ့် ပညာရှင်ပါရဂူနေရာတွေအတွက်ကိုရော ထည့်စဉ်းစားထားဖို့ လိုပါတယ်။ အဲသလိုဆိုရင်တော့ စစ်တပ်လက်အောက်ခံအနေနဲ့ ပြည်တွင်းပြည်ပမှာ ပညာသင်ထားကြရတဲ့ ပါရဂူများကသာ ပညာရေးရဲ့ အရေးကြီးသော ကျောင်းအုပ် ပါမောက္ခချုပ်လို နေရာတွေကို မလွဲမသွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးရဲ့ တသွေးတသံတမိန့် အလေ့အထနဲ့ အုပ်ချုပ်မှု ကြောင့် ၁၉၆၂ ခုနှစ်ကနေစလို့ ပညာရေးလွတ်လပ်ခွင့်တွေမှာ ဆုံးရှုံးနိမ့်ကျလာခဲ့ကြတာ ခုဆို ၃၅နှစ်ကျော် ကြာခဲ့ပါပြီ။ ခုလည်း စစ်တပ် လက်အောက်ခံ ပညာတတ်ပါရဂူ ဆိုသူတွေက ပညာရေးထဲမှာ အခွင့်ထူးခံအနေနဲ့ တဖြည်းဖြည်း နေရာယူလာပြီ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပညာရေးစနစ်ကိုသာ ရလိုတဲ့ မျိုးဆက်သစ်တွေ အနေနဲ့ တော့ စဉ်းစားသုံးသပ်ရမယ့် အနေအထားတရပ်ဖြစ်တယ်ဆိုတာကို သတိထားကြရတော့မှာ ဖြစ်ပါတယ်။

မေငြိမ်း
၂၀၊သြဂုတ်၊၂၀၀၇။

1 comments:

Unknown said...

အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအုပ်ရာထူးဟာ ပါရဂူဘွဲ့ ရထားသူများအတွက်ပဲ ဖြစ်ဖို့ လုပ်နေတဲ့ စီမံချက်ကတော့ အလုပ်မရှိ၊ အလုပ်ရှာ အတော်ကြောင်တဲ့ စီမံချက်ပဲလို့ ဆိုရပါလိမ့်မယ်။ ကျောင်းအုပ်ရာထူးတချို့မှာ ပါရဂူဘွဲ့ရသူတချို့ ရှိနေနိုင်တာ မှန်ပေမယ့် ပါရဂူဘွဲ့နဲ့ အခြေခံပညာ ကျောင်းအုပ်ရာထူးကတော့ ကိုက်ညီမှု သိပ်မရှိလှပါ။ ပါရဂူဘွဲ့ သင်တန်းမှာ trained ထားတာက ပညာရပ်ဆိုင်ရာ သုတေသနပြုဖို့ကို အဓိက ဦးစားပေးထားတာပါ။ တချို့ professional ပါရဂူဘွဲ့တွေကလွဲရင် ပါရဂူဘွဲ့အများစုဟာ တက္ကသိုလ်နယ်မြေနဲ့ပဲ ပိုမို ကိုက်ညီပါတယ်။ ဒါတောင် ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ ပါရဂူဘွဲ့တက်ဆဲ ကျောင်းသားတွေ Teaching Assistant တွေအဖြစ်စာပြန်သင်ရင် တပတ် (၆)နာရီထက် သင်ချိန်မပိုစေဖို့၊ ပါရဂူဘွဲ့ ရပြီးသူတွေ ကထိကတွေတောင် တပတ်အလုပ်ချိန်နာရီ (၄၀)မှာ (၁၀)နာရီကျော်ဝန်းကျင်ပဲ အလွန်ဆုံးစာသင်ချိန် သတ်မှတ်ထားပါတယ်။ ကျန်တဲ့အချိန်တွေက အုပ်ချုပ်ရေးဆိုင်ရာနဲ့ သုတေသနဆိုင်ရာအချိန်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ပါမောက္ခတွေဆိုရင် ပိုလို့တောင် စာသင်ချိန်နည်းပါတယ်။ စာတမ်းတွေ supervise လုပ်တာများပါတယ်။

ပြီးတော့တခါ ပါရဂူဘွဲ့ပေးခြင်း၊ ရယူခြင်း အဓိကရည်ရွယ်ချက်ကိုက သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျွမ်းကျင်သူတွေ ဖြစ်လာဖို့ပါ။ ပါရဂူဘွဲ့ရတာနဲ့ ကျွမ်းကျင်သူ မဟုတ်သေးပါဘူး။ ဒီပညာရပ်ဆိုင်ရာကို အတွင်းကျကျ ဆက်လက်လေ့လာနိုင်ဖို့ နည်းစနစ်တွေ၊ နည်းလမ်းတွေ ရလာတာပဲ ဖြစ်ပါတယ်။ လမ်းကြောင်းပေါ်စတက်တာနဲ့ပဲ တူပါတယ်။ ပါရဂူဒေါက်တာဘွဲ့ရတာနဲ့ပဲ အရာရာသိနေသူလို့လဲ မဆိုနိုင်ပြန်ပါဘူး။ ဥပမာ- economics နဲ့ ပါရဂူဘွဲ့ရတာနဲ့ပဲ ဘောဂဗေဒဘာသာရပ် အလုံးစုံကို နားလည်နေတာ မဟုတ်ပါဘူး။ economics ထဲကမှ microeconomics၊ အဲဒီထဲမှာမှ consumer theory, theory of firms, game theory အမျိုးမျိုး ရှိတဲ့အထဲက သူ့ရဲ့ research interests က game theory။ ဒါတောင်မှ အဲဒီထဲမှာတောင် တပြိုင်နက်ထဲသဘာဝရှိတဲ့ game မျိုးမဟုတ်ပဲ leader-follower game မှာမှ သူက specialist ဆိုပြီး ရှိပြန်ပါသေးတယ်။ သုတေသနနယ်ပယ်ဟာ ပင်လယ်ကြီးဆိုရင်၊ ဒီအထဲကိုစီးဝင်တဲ့ မြစ်၊ တခါဒီမြစ်ထဲကို စီးဝင်တဲ့ချောင်း၊ နောက်ဆုံး ရေအိုင်သေးသေးလေးအထိ အသေးစိတ်ပြီးမှ၊ ဒီရေအိုင်လေးအကြောင်းကို သေချာသိတဲ့ ကျွမ်းကျင်သူဖြစ်လာတာပါ။ ပါရဂူဘွဲ့ ရတာနဲ့ ကျွမ်းကျင်သူဖြစ်ဖို့ကို နှစ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာစူးစမ်းကြရဦးမှာပါ။ ပါမောက္ခတွေကလဲ သူ့ research interests နဲ့သူပါ။ ပါရဂူဘွဲ့တခုကို စလျှောက်တော့မယ်ဆိုရင်တောင် သက်ဆိုင်ရာတက္ကသိုလ်က ပါမောက္ခတွေရဲ့ research interests ကိုကြည့်ပြီးမှ၊ ကိုယ်လုပ်မယ့် thesis နဲ့ ကိုက်ညီနိုင်တယ်ဆိုမှ အဲဒီတက္ကသိုလ်ကို ရွေးချယ် လျှောက်ထားရပါတယ်။ သက်ဆိုင်ရာပါမောက္ခကလဲ သူကျွမ်းကျင်ရာ နယ်ပယ်ဆိုမှသာ supervisor လုပ်ဖို့ လက်ခံပါတယ်။ ဘွဲ့ကြိုတွေမှာတောင် စာတမ်းမတင်ခင်ကတည်းက ဆရာတွေရဲ့ Research interests ကြိုထုတ်ထားပြီး၊ ကျောင်းသားတွေက သူရေးချင်တဲ့အကြောင်းအရာမှာ ကျွမ်းကျင်မှုရှိတဲ့ဆရာကို ချဉ်းကပ်ဆွေးနွေးပြီး၊ supervisor အဖြစ် လက်ခံဖို့ ဆိုရပါတယ်။

ဒီလိုသဘောသဘာဝကို နားမလည်ပဲ မြန်မာပြည်ရဲ့ပညာရေးအဆင့်အတန်းနိမ့်တယ်လို့ ကမ္ဘာက ဆိုကြတာကို မခံချင်စိတ်နဲ့ အခြေခံပညာကျောင်းအုပ်ရာထူးတောင် ပါရဂူဘွဲ့ရသူတွေကိုမှ ခန့်တာဆိုပြီး၊ ကြွားချင်ရင်တော့ ကမ္ဘာက အထင်မကြီးတဲ့အပြင် ၀ိုင်းဟားတဲ့ ရလာဘ်ကိုပဲ ရပါလိမ့်မယ်။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံကြီးတွေမှာက ကျောင်းအုပ်ရာထူးခန့်ဖို့အတွက် professional Headship ဒီပလိုမာ (သို့မဟုတ်) ဘွဲ့လွန်တွေ ယူရပါတယ်။ ကျောင်းအုပ်တွေအတွက်ပဲ ဖွဲ့စည်းထားတဲ့ professional body တွေလဲ သီးသန့်ရှိပါတယ်။ ဆေးပညာနယ်ပယ်မှာ လူသိများတဲ့ Royal College of Physicians ဆိုတာမျိုးပါ။ အဲဒီကလုပ်တဲ့ အဖွဲ့ဝင်စာမေးပွဲအောင်ရင် Membership ဖြစ်ပြီး၊ အမည်နောက်မှာ (MRCP) တပ်ခွင့်ရသလိုမျိုးပါပဲ။ ကျောင်းအုပ်တွေအတွက်လဲ သီးသန့်ရှိပါတယ်။ တချို့ ကျတော့လဲ ပညာရေးဆိုင်ရာ ဘီအီးဒီဘွဲ့၊ အမ်အီးဒီဘွဲ့တွေရပြီးအခြေခံကျောင်းတွေမှာ စာသင်ရင်း တခါ ပညာရေးပါဂူဘွဲ့ ထပ်ရပြီး၊ Headship အောင်လက်မှတ်ရပြီးမှ ကျောင်းအုပ်ဖြစ်တာတွေလဲ ရှိပါတယ်။ အလွန်ပဲ ရှားပါတယ်။ များသောအားဖြင့်တော့ တက္ကသိုလ်က ပညာရေးဆိုင်ရာ ဘွဲ့တွေမှာပဲ စာပြန်သင်ရင်း သုတေသနဆက်လုပ်ကြပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုတာက လူမှန်၊ နေရာမှန်ဖြစ်မှ စနစ်တကျရှိပြီး၊ မှန်ကန်တဲ့ တိုးတက်မှု လမ်းကြောင်းကို ဦးတည်စေမှာပါ။ စစ်အုပ်စုရဲ့ ဒီလိုမှားယွင်းနေတဲ့ စီမံကိန်းကို မီးမောင်းထိုးပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမရေ။

ခင်မမမျိုး

 

© 2007 IngridGrey By Arephyz