စံပယ်ဖြူမဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရဖူးတဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဒီဘလော့ဂ်လေးနဲ့ကိုက်ညီမယ်ထင်လို့တင်ပေးလိုက်ပါတယ်။
ဝေါဟာရတစ်ခု၏နောက်ကွယ်
အညွန့်တလူလူဝေနေတဲ့ သစ်ပင်ကလေးတစ်ပင် စိမ်းလန်းဝေဆာစွာ ကြီးထွားနိုင်ဖို့အတွက် ရေသောက်မြစ် သန်စွမ်းဖို့လိုအပ်ပါတယ်။ နိုင်ငံရဲ့အနာဂါတ်ဟာ သစ်ပင်တစ်ပင်ဆိုရင် ထွက်ခါစအဖူးအညွန့် ကလေးတွေဟာ လူငယ်တွေဖြစ်ပြီး ရေသောက်မြစ်ဟာ ပညာရေးစနစ်ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပညာရေးလို့ ကျွန်တော်တို့အဓိပ္ပါယ်အပြည့်အစုံကိုတော့ ဥာဏ် ပညာ၊ စာရိတ္တဖွံ့ဖြိုးရင့်သန်အောင် လေ့ကျင်ပျိုးထောင်ပေးခြင်းလို့ တွေ့ရပါတယ်။ ဟုတ်ပါပြီ ............။ ကျွန်တော်တို့ 'ပညာရေး' ဆိုတဲ့ စကားလုံးလေးတစ်လုံးထဲမှာ ဘယ်လိုသဘောတရားတွေ စိမ့် ၀င်နေသလဲ၊ ဘယ်လိုအနေအထားမျိုးတွေ လိုအပ်သလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ....။
စာရိတ္တတည်ဆောက်ခြင်း
ဒီမှာ စာရိတ္တဆိုတဲ့စကားလုံးကို ကျွန်တော်တို့သိဖို့လိုလာပါပြီ။ မြန်မာ့အဘိဓာန်အတွဲ (၁)၊ စာမျက်နှာ (၁၉၃)မှာ စာရိတ္တဆိုတဲ့စကားလုံးကို အကျင့်၊ ကိုယ်ကျင့်တရားလို့ အနက်ဖွင့်ထားပါတယ်။ ဟုတ်ပါပြီ ...။ ဒါဆို ကိုယ်ကျင့်တရားဆိုတာက ဘာလဲ။ ကိုယ်၊ နှုတ်၊ နှလုံး စောင့်စည်းထိန်းသိမ်းမှုလို့ မြန်မာအဘိဓာန်က အနက်ဖွင့်ပြန်ပါတယ်။ အဲဒီတော့ စာရိတ္တတည်ဆောက်ခြင်း (Edification ) ဆိုတာဟာ ကိုယ်နှုတ်နှလုံး စောင့်စည်းထိန်းသိမ်းတတ်စေရန် လေ့ကျင့်ပေးခြင်းလို့ အဓိပ္ပါယ်ထွက်လာပါတယ်။ ဒါဟာ အဓိကကျတဲ့ တကယ့်လိုအပ်ချက်ပါ။ ယနေ့လူငယ်တွေအားလုံးဟာ မိမိကိုယ်မိမိထိန်းသိမ်းနိုင်ဖို့၊ မိမိကိုယ်မိမိ တာဝန်ယူ နိုင်ဖို့လိုပါတယ်။ အဲဒီလိုဖြစ်လာအောင်လည်း ပညာရေးစနစ်တစ်ခုက စည်းစနစ်ကျကျနဲ့ ပြုစုပျိုးထောင်ပေး နိုင်ရပါမယ်။
လွတ်မြောက်ခြင်း
အနာဂါတ်တစ်ခုကိုတည်ဆောက်ကြမယ့်လူငယ်တွေရဲ့ စိတ်တွေဟာ ဘယ်အရာတွေကနေ လွတ်မြောက်နေဖို့ လိုအပ်ပါသလဲ။ အစဉ်အလာတို့ရဲ့ လောင်းရိပ်၊ အယူဝါဒတို့ရဲ့ လောင်းရိပ်၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့လောင်းရိပ် စတဲ့ လောင်းရိပ်တွေကနေ လွတ်မြောက်နေဖို့ လိုအပ်ပါတယ်။ အကြောက်တရား တစ်ခုကနေလည်း လွတ်မြောက်နေဖို့ လိုပါတယ်။ လောင်းရိပ်မိတဲ့အပင်ဟာ မရှင်သန်နိုင်သလို တစ်စုံတစ်ခု ဒါမှမဟုတ် တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို စံနေရတဲ့သူ့ရဲ့ဘ၀ဟာလည်း အစစ်အမှန်မဖြစ်နိုင်ပါဘူး။ လူငယ်တိုင်းမှာ လွတ်လပ်တဲ့သူတစ်ယောက်ရဲ့ စိတ်အခြေအနေမျိုး ဖွံ့ဖြိုးရှင်သန်လာအောင် ပျိုးထောင်ပေးဖို့ ပညာရေးစနစ်တစ်ခုမှာ တာဝန်ရှိပါတယ်။ လူငယ်တိုင်းရဲ့ မှန်ကန်မွန်မြတ်တဲ့ လုပ်ရပ်တိုင်းအတွက် ဘယ်လို အဆီးအတားမျိုးကိုမှ ရှိမနေစေရပါဘူး။ အမြဲတမ်းလမ်းဖွင့်ပေးထားရပါမယ်။ ဒါပေမယ့် လွတ်လပ်ခြင်းရဲ့ အဓိပ္ပါယ်ကို လူငယ်တွေ လွဲမှားစွာသိသွားမယ်ဆိုရင် အနာဂါတ်အတွက် အင်မတန်ကို အန္တရာယ်ကြီးတာ ကြောင့် လွတ်လပ်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို လူငယ်တွေ သေသေချာချာ နားလည်သဘော ပေါက်လာအောင် ရှင်းလင်းပြောပြနိုင်ဖို့လိုပါတယ်။
နားလည်သဘောပေါက်ခြင်း
အစစအရာရာကို မျက်စိမှိတ်ခေါင်းညိတ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ပဲ သေသေချာချာ နားလည် သဘောပေါက်သွားအောင် ရှင်းလင်းပြသပေးဖို့လိုပါတယ်။ ဂဃနဏ နားလည်သဘောပေါက်ခြင်းဟာု ထူးချွန်ထက်မြက်လာမယ့်လူငယ်တွေအတွက် အရေးအကြီးဆုံးအခန်းကဏ္ဍတစ်ခုပါ။ မိမိတတ်မြောက်ထား တဲ့ ပညာနဲ့ပတ်သက်ပြီး မိမိကိုယ်မိမိယုံကြည်မှုရှိနိုင်ဖို့၊ မိမိကိုယ်မိမိလေးစားနိုင်ဖို့ဆိုတာဟာ အဲဒီပညာကို ကျွမ်းကျင်ပိုင်နိုင်နေမှ ဖြစ်မှာပါ။ ပညာရပ်တစ်ခုကို ပိုင်နိုင်ဖို့ဆိုတာလည်း အဲဒီပညာရပ်နဲ့ပတ်သက်ပြီး အသေး စိတ်ကအစ သေသေချာချာနားလည်သဘောပေါက်ထားဖို့ လိုပါတယ်။
မိမိကိုယ် မိမိယုံကြည်စိတ်ချခြင်း
အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတစ်ယောက် မိမိကိုယ်မိမိယုံကြည်မှု ရှိနေနိုင်ဖို့ မိမိတက်မြောက် ထားတဲ့ ပညာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်နေဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် လူငယ်တွေ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အ၀ရှိနေနိုင်ဖို့ ပညာရေးစနစ်မှာ အများကြီးတာဝန်ရှိပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိနေတဲ့လူ တစ်ယောက်မှာ မိမိလုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး ကြောက်စိတ်ဆိုတာမရှိတော့ပါဘူး။ ကြောက်စိတ်မရှိ တဲ့ လူတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ လူတိုင်းထက် နှာတစ်ဖျားသာသွားပါပြီ။ ဒါကြောင့် ပညာရေးစနစ် တစ်ခုအနေနဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ မိမိကိုယ်မိမိယုံကြည်စိတ်ချမှု၊ (Self-Confidence ) ခိုင်ခိုင်မာမာရှိနေ နိုင်အောင် ပညာရပ်တိုင်းကို အသေးစိတ် စည်းစနစ်ကျကျ သင်ကြားပို့ချပေးခြင်းအားဖြင့် ပျိုးထောင်ပေးသင့် ပါတယ်။
ဝါသနာ၊ အကင်းပါးခြင်း
ပညာရေးစနစ်မှာ အဓိက အကျဆုံးလို့ဆိုရမယ့် ကိစ္စရပ်ပါ။ လူတိုင်းလူတိုင်းမှာ မိမိစိတ်သန်ရာ ၀ါသနာဆိုတာလေးတွေ ရှိကြပါတယ်။ အဲ့ဒီ လူတစ်ဦးတစ်ယောက်စီရဲ့ စိတ်တိမ်းညွတ်ရာ ၀ါသနာတွေကို လျစ်လှူရှုပြီး လူငယ်တွေကို ပုံသွင်းယူမယ်ဆိုရင်တော့ ပညာရေးစနစ်ကြီးတစ်ခုလုံးဟာ မိမိစိတ်တိုင်းကျ စက်ရုပ်တွေကို ထုတ်လုပ်ပေးနေတဲ့ စက်ယန္တရားကြီးတစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဖြစ်သင့်တာက ... ပညာရေး စနစ်တစ်ခုအနေနဲ့ လူငယ်တွေရဲ့ စိတ်တိမ်းညွတ်ရာဝါသနာတွေကို လူငယ်တွေကိုယ်တိုင် မြင်သိသွားအောင် တူးဖော်ပေးရပါလိမ့်မယ်။ နောက် ... အဲ့ဒီဝါသနာတွေအတိုင်း ဆက်လျှောက်နိုင်ဖို့ လမ်းဖွင့်ပေးထားရပါမယ်။ အဆီးအတားတွေကို ရှင်းလင်းပေးထားရပါမယ်။ လူငယ်တွေရဲ့ ရွေးချယ်မှုဟာ သူတို့ရဲ့ဝါသနာနဲ့ အမြဲတမ်း ထပ်တူကျနေနိုင်ဖို့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။ လုပ်ချင်တာနဲ့ လုပ်နေတာတစ်ထပ်တည်းကျနေခြင်းဟာ အရှိန်အဟုန်ကောင်းဖို့ကို အများကြီးအထောက်အကူပြုပါတယ်။ အသစ်တီထွင်လိုစိတ်ပြင်းပြတဲ့သူ တစ်ယောက်ကို ဆရာဝန်လုပ်ခိုင်းလို့ မရပါဘူး။ သနားဂရုဏာစိတ်ပြင်းပြတဲ့သူတစ်ယောက်ကို စစ်ဗိုလ်ကြီး လုပ်ခိုင်းလို့မရပါဘူး။ ရခဲ့ရင်တောင် အဲ့ဒီသူဟာ ဘယ်တော့မှ အကောင်းဆုံးအခြေအနေတစ်ခုကို မရောက် နိုင်ပါဘူး။
ပင်ကိုယ်အစွမ်းအစ
လူတိုင်းမှာ ပင်ကိုယ်အစွမ်းအစကိုယ်စီရှိကြပါတယ်။ အဲ့ဒီ အစွမ်းအစတွေကို ထုတ်သုံးခွင့်ရတဲ့သူနဲ့ ထုတ်သုံးခွင့်မရတဲ့သူသာ ကွာသွားတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှု၊ မတိုးတက်မှုဆို တာဟာ အဲ့ဒီနိုင်ငံအနေနဲ့ နိုင်ငံသားတွေရဲ့ ပင်ကိုယ်အစွမ်းအစတွေကို အပြည့်အ၀ထုတ်သုံးနိုင်ခြင်း၊ ရှိ၊ မရှိပေါ်မှာ မူတည်ပါတယ်။ ပညာရေးစနစ်တစ်ခုဟာ လူငယ်တွေကို ပုံစံခွက်ထဲထည့်ပြီး လိုရာပုံသွင်းတာမျိုး မဟုတ်ဘဲ လူငယ်တွေရဲ့ ပင်ကိုယ်အရည်အချင်းတွေကို မရအရဆွဲထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ပံ့ပိုး ကူညီပေးခြင်းသာ ဖြစ်သင့်ပါတယ်။
စဉ်းစားဆင်ခြင်ဥာဏ်
လူတော်တစ်ယောက်ဖြစ်ဖို့အတွက် အတတ်ပညာတစ်ခုကို ပိုင်ပိုင်နိုင်နိုင်တတ်ကျွမ်းထားဖို့ လိုပါတယ်။ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကတော့ စဉ်းစားဆင်ခြင်ဥာဏ် ရှိဖို့လိုပါတယ်။ တစ်နည်းဆိုရရင် အမှန် ကို အမှန်၊ အမှားကို အမှား ပြတ်ပြတ်သားသားပိုင်းခြားသိမြင်နိုင်ဖို့လိုပါတယ်။ မကောင်းတဲ့လူတော်တွေ ကြောင့် ကမ္ဘာစစ်တွေဖြစ်ခဲ့ရပြီးပါပြီ။ မတော်တဲ့ လူကောင်းတွေကြောင့်လည်း ကမ္ဘာလောကရဲ့အတိတ်တွေ မှားယွင်းခဲ့ကြပြီးပါပြီ။ လူတော်လူကောင်းတွေသာလျှင် ကမ္ဘာလောကရဲ့ အနာဂါတ်အတွက် အလင်းစက်တွေ ဖြစ်လာမှာပါ။ အဲဒါကြောင့် ပညာရေးစနစ်တစ်ခုအနေနဲ့ လူငယ်တွေကို အတတ်ပညာနဲ့ အသိပညာ ညီညွတ် မျှတစွာ ရောယှက်ဖြည့်ဆည်းပေးခြင်းဖြင့် အနာဂါတ်အတွက် လူတော်လူကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့လိုလာပါပြီ။
အခွင့်အရေး
လူငယ်တွေကို အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေပေးဖို့လိုပါတယ်။ လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ ပင်ကိုယ်အစွမ်းအစတွေကို အပြည့်အ၀ထုတ်သုံးခွင့်မရှိဘူးဆိုရင် မိမိတို့ရဲ့ဝါသနာအတိုင်း မိမိတို့ရဲ့ ကျွမ်း ကျင်မှုတွေကို အတားအဆီးမရှိစေခိုင်းလို့မရဘူးဆိုရင် အဲ့ဒီလူငယ်တွေရဲ့ အစွမ်းအစတွေ တုံးသွားတတ်ပါ တယ်။ ဖူးပွင့်ဝေဆာဖို့ အစွမ်းကုန်အားယူနေတဲ့ အပင်တစ်ပင်ကို အညွန့်ချိုးလိုက်သလိုပါပဲ။ အနာဂါတ်အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။ အဲဒါကြောင့် လူငယ်တွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီးထားမှု မှန်သမျှဟာ ပညာရေးစနစ်တစ်ခုမှာ မရှိသင့်ပါဘူး။ အကယ်၍ ပညာရေးစနစ်တစ်ခုဟာ လူငယ်တွေအတွက် ပျက်စီးရာပျက်စီးကြောင်းလမ်းစတွေကိုတော့ အမြောက်အများဖွင့်ပေးထားပြီး အမှန်တကယ်လိုအပ်တဲ့ နည်းလမ်းမှန်တဲ့ အခွင့်အရေးမျိုးတွေကို ပိတ်ပင်ထားမယ်ဆိုရင်တော့ အဲဒီ့ပညာရေးစနစ်ဟာ နိုင်ငံတစ်နိုင်ငံ အတွက် အဆိပ်အတောက်တစ်ခုဆိုတာထက် မပိုနိုင်ပါဘူး။
လိုအပ်ချက်
လူတိုင်းလူတိုင်းမှာ ဘ၀တွေ ကိုယ်စီရှိကြပါတယ်။ ဘ၀ဆိုတာနဲ့အတူ လိုအပ်ချက်ဆိုတာတွေက လည်း မလွဲမသွေ ပူးတွဲပါဝင်နေတတ်ပါတယ်။ လိုအပ်ချက်လို့ဆိုရာမှာ ပညာရေးဆိုင်ရာလိုအပ်ချက်နဲ့ ဘ၀ ဆိုင်ရာလိုအပ်ချက်ဆိုပြီး နှစ်မျိုးနှစ်စား ကွဲသွားပါတယ်။ ပညာရေးစနစ်တစ်ခုအနေနဲ့ အနာဂါတ်အတွက် အမှန်တကယ်အရည်အချင်းပြည့်ဝတဲ့ လူတော်လူကောင်းတွေကို မွေးထုတ်ပေးချင်တယ်ဆိုရင် အဲဒီ့ လိုအပ်ချက် နှစ်ခုအနက်က ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးပြီး ဘ၀ဆိုင်ရာ လိုအပ်ချက်တွေကိုတော့ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
ဒီလောက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပညာရေးဆိုတဲ့ ဝေါဟာရကို အသေးစိပ်မဟုတ်တောင် အကြမ်း ဖျင်းလောက်တော့ သုံးသပ်လို့ရသွားပါပြီ။ ကျွန်တော်တစ်ခု ၀န်ခံစရာရှိတာက ကျွန်တော်ဟာ ပညာရှင် တစ်ယောက်မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပညာရေးစနစ်တိုင်းကို ကောင်းမွန်စေချင်တဲ့ စေတနာနဲ့ ကျွန်တော်ဥာဏ်မီသလောက်လေး သုံးသပ်ကြည့်မိတာပါ။ အဲဒါကြောင့် လိုအပ်ချက်တွေ၊ အမှားအယွင်းတွေ ရှိခဲ့ရင် ...... ခွင့်လွှတ်ပေးကြပါလို့ .......။
နေဘုန်းလတ်
Wednesday, August 8, 2007
ဝေါဟာရတစ်ခု၏နောက်ကွယ်
Subscribe to:
Post Comments (Atom)
1 comments:
ဒီ article လေး ရသ မြောက်သလို ၊ အဓိပ္ပါယ်လဲ ရှိတယ် ။
Post a Comment