Tuesday, April 29, 2008

ပညာရေးခရီးစဉ် (၄)

ဒီတခေါက်တော့ မဲဆောက်မြို့ မှ နာရီပိုင်းလောက် ကားနဲ့စီးသွားရတဲ့ ဖော့ဖရ (Phop Phra) မြို့ နယ်လေးကို တနေ့စာ ဟိုင်းလဒ်ကားငှားပြီး သွားခဲ့ကြပါတယ် ။ ဖော့ဖရမြို့ နယ်မှာ မြန်မာအလုပ်သမားအများစုဟာ စိုက်ပျိုးရေးအလုပ်သမားတွေဖြစ်ကြပြီး ၊ သူတို့စိုက်ခင်းတွေရှိရာမှာပဲ ထိုင်း စိုက်ခင်းပိုင်ရှင်တွေဆီက ခွင့်ပြုချက်တောင်းပြီး ကလေးတွေစာသင်ဖို့အတွက် ယာယီကျောင်းလေးတွေကို ကိုယ်ထူကိုယ်ထ (သို့မဟုတ်) တခါတရံ ရတဲ့ အလှူ့ ရှင်တချို့ ရဲ့ အကူအညီနဲ့ တည်ထောင်ထားကြပါတယ် ။ မဲဆောက်မြို့ မှာတင် ကျောင်း ၄၀ ရှိပြီး ၊ ဖော့ဖရမြို့ နယ်မှာ ၁၀ ကျောင်း ၊ (MaeRamat) မြို့ နယ်မှာ ၅ ကျောင်း စသည်ဖြင့် ကျောင်းတွေ အများကြီး တကွဲတပြားစီဖြစ်နေတာမြင်တော့ ၊ တစုတစည်းတည်းထားနိုင်မယ်ဆိုရင် ပိုထိရောက်မှု ရှိမယ်လို့ အရင်က မြင်မိခဲ့တယ် ။ ဒါပေမယ့် အဲဒီနေရာတွေကို တကယ်ရောက်သွားတော့ ၊ ဘာလို့ ကျောင်းတွေ တကွဲတပြားစီ ဖြစ်နေရလဲဆိုတာ နားလည်သွားတယ် ။

အဓိကကတော့ စိုက်ပျိုးရေးအလုပ်သမားတွေဟာ တနေကုန် စိုက်ခင်းထဲလိုက်နေရတော့ သူတို့သားသမီးတွေကို ဝေးလံတဲ့နေရာတွေကို ကျောင်းမပို့ပေးနိုင်ဘူး ။ နောက်ပြီး စိုက်ခင်းတွေဟာလည်း တသီးတခြားစီ ဖြစ်နေကြတော့ ၊ စိုက်ခင်းတခုစီနားလောက်မှာ ကျောင်းတကျောင်းရှိမှသာ ကလေးတွေအတွက် အဆင်ပြေပါတယ် ။ ဒါတောင် ရာသီအလိုက် စိုက်ခင်းတွေပြောင်းပြီးမိဘတွေက အသက်မွေးဝမ်းကြောင်းပြုရတဲ့အခါ ၊ သူတို့ ကလေးတွေလည်း ကျောင်းတ၀က်တပျက်နဲ့ ပါသွားကြတာလဲ ရှိပါတယ် ။ ဒါ့အပြင် စိုက်ခင်းထဲမှာ ဆောက်ထားတဲ့ ကျောင်းတွေဟာ ထိုင်း စိုက်ခင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်ယူပြီး သူ့ မြေပေါ်မှာ ဆောက်ရတာဆိုတော့ ၊ သူက စိတ်တိုင်းမကျလို့ ပြန်သိမ်းမယ်ဆိုရင် ကျောင်းကို ချက်ချင်းဖျက်ပေးရမယ့် အခက်အခဲမျိုး ကြုံတွေ့ နိုင်ပါတယ် ။ ဒါကြောင့် ဖော့ဖရမြို့ နယ်က ကျောင်းအများစုဟာ သိပ် အခိုင်အခံ့ဖြစ်တဲ့ကျောင်းကို ဆောက်ဖို့ ၀င်ငွေလည်း မရှိသလို ၊ ဆောက်ဖို့လည်း မသင့်တော်တဲ့ အခြေအနေ ဖြစ်နေလို့ ၊ တစ်နှစ်ဖြစ်စေ နှစ်နှစ်ဖြစ်စေ စိုက်ခင်းပိုင်ရှင်ပေါ်မူတည်ပြီး ယာယီဆောက်တတ်ကြပါတယ် ။

IMG_2549%7E1.JPG
ဖော့ဖရမြို့ နယ်ထဲက ပထမဆုံးကျောင်းဖြစ်တဲ့ ဘုန်းဘုန်း ဦးကောသလ္လက တည်ထောင်ထားတဲ့ ပရဟိတဆိုတဲ့ကျောင်းလေးကို ရောက်ဖို့ မြေနီနီတွေနဲ့ ဖုံတွေထူနေတဲ့ တောလမ်းခပ်ရှည်ရှည်ထဲကို ကျွန်မတို့ကား ချိုးကွေ့ ဝင်လိုက်ပါတယ် ။ အဲဒီလမ်းဟာ မိုးတွင်းဆို ဗွက်တွေထူပြီး ကလေးတွေအတွက် ကျောင်းထဲကိုသွားဖို့ ခက်ခဲတယ်လို့ ကျွန်မတို့ကို လိုက်ပို့တဲ့ ကျောင်းတာဝန်ခံ ကိုစောထူးကေ ဆိုသူက ရှင်းပြပါတယ် ။

IMG_2481%7E1.JPG
မြေနေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဘုန်းကြီးကျောင်းနဲ့အတူ တွဲဆောက်ထားတဲ့ ကျောင်းနယ်မြေကိုဝင်လိုက်တယ်ဆိုရင်ပဲ လက်လေးတွေပိုက်ပြီး သူတို့ကျောင်းဆောင်ကနေ ဆင်းလာကြတဲ့ မူလတန်းငယ်ကလေးလေးတွေကို ခုလို တွေ့ ရပါတယ် ။ နာရီကိုကြည့်လိုက်တော့ မနက် ၁၁နာရီခွဲခါနီး ။ သူတို့ထမင်းစားချိန်ဖြစ်နေတာကိုး ။

IMG_2484%7E1.JPG
ကျွန်မရဲ့ လက်ယာဘက် မလှမ်းမကမ်းကိုကြည့်လိုက်တော့ ဒယ်အိုးကြီး နှစ်လုံးကို ကျောက်တုံးတွေနဲ့ခုပြီး အောက်က မီးပြင်းပြင်းနဲ့ ထမင်း ဟင်းတွေ ချက်တာ ကျက်လုနီးပါးဖြစ်နေတာ တွေ့ လိုက်ပါတယ် ။ ဒါနဲ့ ဘာတွေများ ချက်နေလဲဆို အနားကို သွားကြည့်တော့ တစ်အိုးမှာ ဆန်ခပ်ကြမ်းကြမ်းကို ချက်ထားတဲ့ ထမင်း ၊ နောက်တစ်အိုးမှာ အာလူးပြုတ် နဲ့ အသီးအရွက်တချို့ ကို ပဲဟင်းလိုလို ရောသမမွှေထားပုံပေါက်တဲ့ အမည်မသိ အရည်ကျဲ ဟင်းတို့ကို တွေ့ ရပါတယ် ။

IMG_2505%7E1.JPG
မီးဖိုနှစ်ခုနားမှာတော့ ဓါးတလက်စီကို ပိုင်နိုင်စွာကိုင်ပြီး အာလူးနွှာနေကြတဲ့ ကလေးငယ်နှစ်ယောက်ကို တွေ့ ရတော့ ၊ သူတို့ အာလူးကို ကျွမ်းကျင်စွာနွှာနေတာကြည့်ရင်း ၊ အာလူးနွှာတိုင်း အသားတွေအများကြီး ပါလာတတ်သလို ၊ အာလူးနွှာတဲ့ ဓါးမျိုးနဲ့ပဲ သေချာ လုပ်တတ်တဲ့ ကျွန်မ ဒီဓါတ်ပုံရိုက်ရင်း စိတ်ထဲက ရှက်သွားမိတယ် ။

IMG_2482%7E1.JPG
IMG_2522%7E1.JPG
အဲဒီကထွက်လို့ ရှေ့ ဘက်နားကိုကြည့်လိုက်တော့ ကျောင်းသားတချို့ တွက် ကျောင်းအိပ်ကျောင်းစား ထားတဲ့ ယိုင်နဲ့နဲ့ အဆောင်လေး ။

IMG_2496%7E1.JPG
ပြီးတော့ အောက်ခံအုတ်ခင်းထားပြီး ၊ အပေါ်မှာ သွပ်မိုးလို့ ၊ ဘေးဘီမှာအကာမပါတဲ့ ၊ ကလေးတွေအများစုကို စာစုသင်တဲ့နေရာကို သွားကြည့်တော့ ၊ ကလေးတွေ ကျောက်သင်ပုန်းရှေ့  ငြိမ်ငြိမ်လေးတွေထိုင်နေကြပြီး ၊ လက်ညှိုးတွေထောင်ထားတာ မြင်ရပါတယ် ။ ဒါနဲ့ ဘာလို့များ လက်ညှိုးထောင်နေပါလိမ့်လို့ စောင့်ကြည့်တော့ ၊ တခြားကလေးတချို့ က တခွက်ထဲသောဟင်းပုံထားတဲ့ ထမင်းပန်းကန်တွေကို လိုက်ချပေးနေတာ တွေ့ ရပါတယ် ။ ထမင်းပန်းကန်ရတိုင်း လက်ညှိုးထောင်ထားတာကို ချလိုက်တယ် ။ သြော် .. ထမင်းပန်းကန်မရသေးကြောင်း လက်ညှိုးထောင်ပြရတာကိုးလို့ နားလည်တော့မှ စည်းကမ်းတကျလေး ရှိပုံကို သဘောကျလိုက်မိတယ် ။

IMG_2507%7E1.JPG
ထမင်းပန်းကန်လိုက်ချပေးတဲ့ ကလေးတွေကလည်း ခုန မီးဖိုတွေထားတဲ့ တဲလေးဆီသွားပြီး ၊ အဲဒီက ဆရာမတယောက်ထည့်ပေးတဲ့ ထမင်းဟင်းတွေကို ခုလို တန်းစီယူကြပါတယ် ။

IMG_2509%7E1.JPG
ဒီလိုနဲ့ ကလေးတိုင်းလည်း ထမင်းပန်းကန်ကိုယ်စီရလို့ ငြိမ်သက်စွာ ထိုင်ထမင်းစားနေကြတုန်း ၊ ကျွန်မတို့လည်း ဘုန်းဘုန်းကို ကျောင်းနဲ့ပတ်သက်ပြီး သိချင်တာလေးတွေ မေးဖြစ်ခဲ့ပါတယ် ။ ပရဟိတဆိုတဲ့ကျောင်းလေးကို ၂၀၀၆ ခုနှစ်လောက်က စတည်ထောင်ခဲ့ပြီး ၊ ခုဆိုရင် ကျောင်းသား ကျောင်းသူ ၉၈ ယောက်ခန့်ရှိပြီလို့ ပြောပါတယ် ။ အဲဒီထဲမှာ အယောက် ၂၀ က ကျောင်းအိပ်ကျောင်းစား ဖြစ်ပါတယ် ။ အဲဒီကျောင်းက ကလေးတွေဟာ အနီးအနားတ၀ိုက်က စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ သားသမီးတွေ ဖြစ်ကြပါတယ် ။ ပရဟိတကျောင်းလေးမှာ ဆရာ ဆရာမ ၅ ယောက် နဲ့ ဘုန်းကြီး ၂ပါးက မူလတန်းပညာရေးဖြစ်တဲ့ မြန်မာသင်ရိုးညွှန်းတန်းအလိုက် ဘာသာရပ်များ ၊ ရှမ်းဘာသာ ၊ ထိုင်းဘာသာရပ် တို့ကို သင်ကြားရေးကို တာဝန်ယူကြပါတယ် ။

စိုက်ပျိုးခင်းတွေထဲမှာ အလုပ်သမားတွေပဲ နေခွင့်ရှိပြီး ၊ ဆရာ ဆရာမတွေ နေခွင့်မရှိတဲ့အတွက် ကျောင်းဝင်းထဲမှာပဲ ဆရာ ဆရာမတွေနေဖို့ အဆောင်လေးတခု လုပ်ပေးထားပါတယ် ။ ဆရာ ဆရာမတွေရဲ့ လစာကိုတော့ BMWEC (Burmese Migrant Workers' Education Committee) ဆိုတဲ့ မဲဆောက်အခြေစိုက် အဖွဲ့ အစည်းက တာဝန်ယူပေးပေမယ့် ၊ ကလေးတွေအတွက် နေ့စဉ် တနေ့ သုံးခါ ထမင်းကျွေး စာရိတ် နဲ့ ကျောင်းအဆောက်အဦးတို့ကိုတော့ ဘုန်းကြီးကျောင်းကို အနီးအနားက လှူဒါန်းကြတဲ့ အလှူငွေများ ၊ ကလေးတယောက်ကို ကျောင်းဝင်ကြေးအဖြစ် တစ်ခါပဲ ကောက်တဲ့ ဘတ် ၁၀၀ ကိုသုံးပြီး ၊ ကလေးတွေအတွက် စားစရိတ် တစ်လ ဘတ် တစ်သောင်း ၅ထောင် ကို မနည်းဖူလုံအောင် ရုန်းကန်လှုပ်ရှားရတယ်လို့ ဘုန်းဘုန်းက ရှင်းပြပါတယ် ။

မေးချင်တာတွေပြီးတော့ မွန်းတည့်ချိန်လောက်ဖြစ်နေပြီဆိုတော့ ထမင်းစားသွားကြလို့ ဘုန်းဘုန်းကပြောလို့ ၊ ထမင်းဝိုင်းကို ထိုင်ဖြစ်လိုက်ကြပါတယ် ။ အဲဒီမှာ မနက်က ဘုန်းကြီးကျောင်းကို အနားက အလှူ့ ရှင်တစ်ယောက်ပို့ခဲ့တဲ့ ထမင်းနှဲတစ်ပန်းကန်ကိုမြင်တော့ ထမင်းနှဲသိပ်ကြိုက်တဲ့ကျွန်မ ၊ ထမင်းမစားဖြစ်တော့ပဲ ထမင်းနှဲပဲ စားဖြစ်ခဲ့ပါတယ် ။ အမှန်ပြောရရင်တော့ ထမင်းစားပွဲဝိုင်းမှာ ယင်ကောင်တွေ ပလူပျံနေတာပါပဲ ။ ဒါပေမယ့်လည်း ကိုယ့်ကိုစေတနာနဲ့ ကျွေးတာအတွက်ရော ၊ နောက် တကယ်လည်း ကျွန်မသိပ်ကြိုက်တဲ့ ထမင်းနှဲဖြစ်တဲ့အတွက် ၊ ကျွန်မကတော့ တစွန်းပြီးတစွန်း ခပ်စားနေတာ ၊ နောက်ဆုံး အတူပါလာတဲ့ အမက “ဟဲ့ ဗိုက်နာဦးမယ်” ဆို ကျွန်မလို လူကောင်ခပ်ပျော့ပျော့ကို စိတ်ပူပြီး တားတော့မှ ရပ်ဖြစ်ပါတော့တယ် ။ ကျွန်မက စိတ်ထားသန့်သန့်နဲ့စားခဲ့လို့လားတော့ မသိ ... ယင်ကောင်တွေ တသီကြီးနားထားတဲ့ ထမင်းနှဲပေမယ့် ကျွန်မ ၀မ်းမလျှောခဲ့သလို ၊ ဗိုက်လည်း မနာခဲ့ပါဘူး ။ (တော်ပါသေးရဲ့လို့လည်း ၀မ်းသာမိပါတယ်) ။

ပြန်ခါနီးမှာ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့ အလုပ်သမားအရေးတွေကို လိုက်လံစောင့်ရှောက်ပေးနေတဲ့ JACBA (Joint Action Committee for Burmese Affairs) မှ ကိုမိုးကြိုးက ကလေးတွေနဲ့ ခုလို သူ သင်ပေးထားတဲ့ သီချင်းတပုဒ်ကိုဆိုပြီး ၊ ကလေးတွေကို လက်ပြလို့ အဲဒီကျောင်းလေးက ထွက်ခွာလာခဲ့ပါတော့တယ် ။



(ဆက်ရန်)

0 comments:

 

© 2007 IngridGrey By Arephyz