မဲဆောက်ကားဂိတ်မှာ အထုတ်တွေချပြီးပြီးချင်း ၊ မဲဆောက်က အမတယောက်ဆီ “အမရေ .. ရောက်ပြီ” လို့ လှမ်းဖုန်းဆက်ပြောပြီး ခဏကြာတော့ အမလည်း ရောက်လာပါတယ် ။ မဲဆောက်မြို့ ဟာ တကယ်တော့ မြန်မာတွေအများအပြားနေတဲ့ နေရာဆိုတာ အဲဒီရောက်မှ သိလိုက်ရတယ် ။ မဲဆောက်မြို့ ထဲမှာ မြန်မာလိုရေးထားတဲ့ ဆိုင်းဘုဒ်တွေနဲ့ ဆိုင်တွေကိုမြင်တော့ မြန်မာပြည်ထဲ ပြန်ရောက်သွားသလို ၊ စိတ်ထဲမှာ ကြည်နူးမိတယ် ။ ဒီလိုနဲ့ အမတို့အိမ်ရောက်တော့ အသင့်ပြင်ပေးထားတဲ့ အခန်းလေးထဲ ပစ္စည်းတွေချပြီး ၊ ဘေးအိမ်က ဖွင့်ထားတဲ့ မြန်မာသီချင်းသံကို နားစွင့်လို့ ၊ ကျွန်မရဲ့ မဲဆောက်ခရီးစဉ်ကို စတင်လိုက်ပါတော့တယ် ။
နောက်တနေ့မှာတော့ မဲဆောက်မှာရှိတဲ့ ကျောင်းတွေထဲက နေ့သစ်ကျောင်း (New Day School) လို့ အမည်ရတဲ့ ကျောင်းလေးကို သွားရောက်ခဲ့တယ် ။ အဲဒီကျောင်းက ထိုင်းနိုင်ငံရောက်ရွေ့ ပြောင်း အလုပ်သမားများကို လိုက်လံစောင့်ရှောက်ပေးနေတဲ့ Joint Action Committe for Burmese Affairs (JACBA) ဆိုတဲ့ အဖွဲ့ အစည်းက တည်ထောင်ထားတာ တစ်နှစ်တောင် မပြည့်သေးပါဘူး ။ မူကြို မှ မြန်မာလေးတန်းအထိ ကျောင်းသားဦးရေ ၈၉ ယောက်လောက် နဲ့ ဆရာ ဆရာမ ဆယ်ယောက်လောက် ရှိပါတယ် ။ အဲဒီကျောင်းမှာ ကလေးတွေကို မြန်မာပြည်သင်ရိုးညွှန်းတန်းအတိုင်းသင်တဲ့အပြင် ၊ နောက်နှစ်မှာ ရှမ်းစာ နဲ့ ထိုင်းစာကိုပါ ဖြည့်စွက်ဖို့ အစီအစဉ်ရှိတယ်လို့ အဲဒီက ကျောင်းအုပ်က ရှင်းပြပါတယ် ။
ကျောင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ မူကြိုကလေးတွေကိုစာသင်တဲ့ ခနော်ခနဲ့ကျောင်းဆောင်လေးကို စတင်မြင်ရပါတယ် ။
ကျန်တဲ့ကျောင်းသားတွေကိုတော့ အပေါ်မှာ သွပ်အမိုးပဲရှိပြီး ၊ ဘေးဘက်ခြမ်းတွေမှာ တစ်ဝက်လောက်သာကာထားတဲ့ ဒီကျောင်းဆောင်မှာ အားလုံးစုသင်ပါတယ် ။
ကျွန်မတို့ရောက်လာတာကိုတွေ့ တော့ ဖြစ်သလိုလေးလုပ်ထားတဲ့ ကစားကွင်းမှာကစားနေကြတဲ့ ကလေးတွေ ကျွန်မတို့နားကို ရောက်လာကြတယ် ။ သူတို့တွေထဲမှာ တချို့ က မိဘမဲ့တွေဖြစ်သလို ၊ အများအားဖြင့်ကတော့ အနီးအနားမှာရှိတဲ့ စက်ရုံအလုပ်သမားများ ၊ စိုက်ပျိုးရေးအလုပ်သမားများရဲ့ သားသမီးများဖြစ်ပါတယ် ။ သူတို့မိဘတွေဟာ အမြဲတမ်း စက်ရုံတွေ ပြောင်းရွှေ့ ရ ၊ ယာခင်းတွေကို ရာသီအလိုက် ပြောင်းပြီး စိုက်ပျိုးရေးအလုပ်သမား လိုက်လုပ်ရဆိုတော့ ၊ တနေရာတည်းမှာ မနေနိုင်ကြဘူး ။ ဒါကြောင့် အဲဒီကလေးတွေဟာလည်း မိဘတွေနေရာပြောင်းတယ်ဆိုရင် ကျောင်းကထွက်ပြီး မိဘတွေရှိရာကို လိုက်ပြောင်းကြရတယ် ။ အဲဒီအခါ သူတို့ ပညာရေးဟာလည်း တပိုင်းတစဖြစ်ကျန်ရစ်ပေါ့ ။ ဒါကြောင့် မဲဆောက်မှာရှိတဲ့ တချို့ ကျောင်းတွေက ကျောင်းအိပ်ကျောင်းစား အဆောင်လေးတွေ လုပ်ပေးထားတတ်ကြတယ် ။ နေ့သစ်ကျောင်းကတော့ ကျောင်းဝန်းရဲ့ ငှားရမ်းခ နဲ့ ဆရာဆရာမတွေအတွက် လစာတွေကို ခရစ်ယာဉ်အဖွဲ့ တခုက ထောက်ပံ့ကြေးပေးထားတာကလွဲလို့ ၊ တခြားဘယ်ကမှ ထောက်ပံ့ကြေးမရတဲ့အတွက် ၊ ကျောင်းအိပ်ကျောင်းစား မထားနိုင်လို့ သူတို့ကျောင်းက ကလေးတွေဟာ ခုကျောင်းတက်လိုက် ၊ နောက် ပျောက်သွားလိုက်နဲ့ ဖြစ်ဖြစ်နေတတ်ပါတယ် ။
အဲဒီကျောင်းမှာ နိင်ငံခြားအဖွဲ့ တခုက လာဆောက်ပေးသွားတဲ့ ရေလောင်းအိမ်သာတခုရယ် ၊ ရေသန့်ရဖို့လုပ်ပေးသွားတဲ့ water filter တစုံရယ်ကလွဲလို့ ၊ ဘာမှထည်ထည်ဝါ၀ါမရှိလှပါဖူး ။ ကလေးတွေကို နေ့စဉ်ထမင်းကျွေးဖို့ ၊ အပတ်စဉ် အဟာရဖြစ်တဲ့ အစားအစာတွေကျွေးဖို့တောင် သူတို့မှာ အနိုင်နိုင်ဖြစ်နေတဲ့ပုံပါပဲ ။ ဒီကြားထဲ တနေ့လုပ်မှ တနေ့ စားရမယ့် အလုပ်သမားတွေက သူတို့ကလေးတွေကို ကျောင်းကို လာပို့ဖို့ အချိန်မပေးနိုင်ကြဖူး ။ ဒီတော့ နေ့သစ်ကျောင်းက ကလေးတွေကို အိမ်နဲ့ကျောင်း အကြိုအပို့လုပ်ပေးရပါတယ် ။ အဲလိုမှ သူတို့မလုပ်ပေးရင်လည်း အဲဒီကလေးတွေ ကျောင်းရဲ့ အရိပ်အောက် ခိုလှုံခွင့် နဲ့ ကျောင်းဆိုတာရဲ့ အဓိပ္ပါယ်ကို ခံစားနိုင်ခွင့် တစ်သက်တာ ပျောက်ဆုံးရဖွယ်ရှိတယ် ။
ဒါနဲ့ အဓိက ကျောင်းမှာလိုအပ်နေတာ ဘာလဲလို့မေးတော့ ... ယိုင် နဲ့ နေတဲ့ ခြံစည်းရိုးလို့ အဖြစ်သာခေါ်လိုရမယ့် သူတို့ကျောင်းဝန်းကို ကာရံထားတာတွေကို ပြပြီး ၊ အုတ်တံတိုင်းကောင်းကောင်းလိုတယ်လို့ ပြောပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ကျောင်းက တဘက်ကမ်းနဲ့နီးတော့ ၊ သေချာ အကာအရံမရှိရင် ကလေးတွေကိုလာ ခိုးယူပြီး တဘက်ကမ်းကို ရောင်းစားခံရမှာကို စိတ်ပူလို့လို့ ရှင်းပြပါတယ် ။ တဆက်တည်းမှာပဲ တခါ ကလေးတယောက် အဲလို ပျောက်သွားပြီး တဘက်ကမ်းမရောက်ခင်လေး ပြန်တွေ့ တဲ့အကြောင်း ပြောပြတယ် ။
ရှိစုမဲ့စု ပညာသင်ခွင့်ရတဲ့ ဘ၀လေးကို ရောင့်ရဲနေကြတဲ့ ၊ အ၀တ်အစားအနွမ်းလေးတွေဝတ်ထားပေမယ့် တောက်ပတဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားကြတဲ့ ၊ ပြုံးချိုနေတဲ့ မျက်နှာပေးလေးတွေနဲ့ သူတို့ကျောင်းမှာသင်ထားတဲ့ ကဗျာလေးကို ကျွန်မတို့ကို ရွတ်ဆိုပြတာကို ဗွီဒီယိုရိုက်ရင်း ကျွန်မမျက်ဝန်းတွေေ၀၀ါးမသွားအောင် မျက်တောင်ကို အခတ်ခတ်ပုတ်ခတ်လိုက်မိတယ် ။ တချိန်တည်းမှာ တတ်နိုင်သလောက်လေး သူတို့လေးတွေရဲ့ ဘ၀ကို အကာအကွယ်ပေးချင်တဲ့စိတ်ဖြစ်လာတယ် ။ ဒါကြောင့် သူတို့ကျောင်းအတွက် လိုအပ်နေတဲ့ အုတ်တံတိုင်းကို လှူဖို့ ဆုံးဖြတ်လိုက်တယ် ။
စကားပြောနေတုန်း လေတွေဒလကြမ်းတိုက်ပြီး မိုးတွေ ချက်ချင်းဆိုသလိုပဲ ရွာချလိုက်တော့ မူကြိုဆောင်ဖြစ်တဲ့ ခနော်ခနဲ့ သစ်သားအိမ်လေးထဲ ကျွန်မတို့ ပြေးဝင်လိုက်ကြတယ် ။ သွပ်မိုးကို တစ်ဝက်ပဲမိုးထားနိုင်တဲ့ အဲဒီကျောင်းဆောင်လေးက ဒေါသတကြီးရွာနေတဲ့ မိုးစက်တွေအကုန်လုံးကို မဟန့်တားနိုင်ခဲ့လို့ မိုးတွေရိုနေတဲ့ကြားမှာပဲ မေးစရာရှိတာလေးတွေကို သူတို့ကို ကျွန်မဆက်မေးဖြစ်ခဲ့တယ် ။ သူတို့ ကျောင်းမှာ ဘာတွေလိုအပ်သေးလဲလို့ မေးတော့ ... ကလေးတွေကို အပတ်စဉ် အဟာရကျွေးဖို့ ဘတ် ၅၀၀ ၊ ကလေးတွေတွက် ထမင်းစားဆောင်လေးဆောက်ဖို့ ဘတ် သုံးသောင်း ၊ အိုးခွက်ပန်းကန်တွေ နဲ့ ကလေးတွေတွက် ကျောင်းဝတ်စုံလေးတွေဝယ်ဖို့ ဘတ် တစ်သောင်းကျော် စတာတွေကို စာရင်းလိုက်မှတ်ရင်းနဲ့ပဲ ၊ စင်္ကာပူပြန်ရောက်ရင် ထီတစ်စောင် အမြဲထိုးမှပဲလို့ ကျွန်မစိတ်ကူးပေါက်လိုက်မိတယ် ။ ထီထိုးလို့ ပေါက်မှပဲ နေရာတိုင်းမှာ လိုအပ်နေသမျှတွေ ကျွန်မလှူချင်သလောက် လိုက်လှူနိုင်တော့မယ် ထင်တယ် ။
ဒီလိုနဲ့ပဲ ဧည့်သည်လာတယ်ဆို ပျော်မြူးသွားတဲ့ ကလေးလေးတွေ ၊ လစာနည်းနည်းလေးရပေမယ့် စေတနာအပြည့်နဲ့ လုပ်ပေးနေတဲ့ ဆရာ ဆရာမတွေကို နှုတ်ဆက်လို့ ၊ အဲဒီကလေးတွေရဲ့ နောင် နေ့သစ်ပေါင်းများစွာတွက် အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ စိတ်နဲ့ နေ့သစ်ကျောင်းကနေ ကျွန်မ လှမ်းထွက်ခဲ့ပါတော့တယ် ။
ဘတ် နှစ်သောင်းကျော်ကျတဲ့ အဲဒီတံတိုင်းကို ကျွန်မနဲ့အတူ မမေ ၊ ကိုပီတိ ၊ မပန် ၊ ကိုရဲမွန် ၊ ရွေဂျမ်းတို့က ၀ိုင်းဝန်းပြီး လှူလိုက်တဲ့အတွက် ခုဆိုရင် ကလေးတွေ လုံခြုံစွာစာသင်ကြားနေနိုင်ပြီဆိုတာ သိရလို့ ၊ နောက်ပြီး ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တွေ့ ရလို့လည်း ကျွန်မစိတ်ထဲကြည်နူးမိတာ အမှန်ပါပဲရှင် ။
ပညာရေးခရီးစဉ် (၁) သို့
(ဆက်ရန်)
Wednesday, April 9, 2008
ပညာရေးခရီးစဉ် (၂)
: Contributor - ဂျစ်တူး, Education Type - Migrant
Posted by Anonymous at 9:15 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment