Wednesday, April 9, 2008

ပညာရေးခရီးစဉ် (၁)

လူ တော်တော်များများ သိကြတဲ့အတိုင်း မကြာသေးခင်က ကျွန်မ မဲဆောက် နဲ့ ချင်းမိုင်ဘက်ကို ရောက်ခဲ့ပါတယ် ။ အဲဒီခရီးစဉ်ကို သွားရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အဲဒီဘက်မှာရှိတဲ့ မြန်မာကလေးတွေရဲ့ ပညာရေးကို ငွေကြေးအထောက်အပံ့ဆိုတာတင်မက တခြားဘာတွေပါ ကူညီနိုင်မလဲလို့ သေချာလေ့လာချင်တာရယ် ၊ နောက် ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထိလက်ရောက် အထောက်အပံ့တွေ ပေးချင်တာရယ်ကြောင့်ပါပဲ ။

ချင်းမိုင်သွားမယ့်လေယာဉ်က Budget Airline ကို စီးတာဆိုတော့ မနက်အစောကြီး ကျွန်မတခါမှမရောက်ဖူးသေးတဲ့ Budget Terminal ကနေ ထွက်ပါတယ် ။ ထိုင်းနယ်စပ်မှာရှိတဲ့ ကလေးတွေအတွက် စာအုပ်တွေ အ၀တ်အစားတွေလှူဖို့ တတ်နိုင်သမျှသယ်သွားတာဆိုတော့ သူတို့ပေးတဲ့ဝိတ်နဲ့ အံကိုက်အတိဖြစ်နေလို့ ရင်တထိတ်ထိတ်နဲ့ check-in counter ကို ရောက်သွားတယ် ။ တကယ်ချိန်ကြည့်တော့လည်း ၀ိတ်နည်းနည်းလေးပိုတာကိုတောင် သူတို့က လက်မခံတဲ့တွက် ဟိုထဲထည့် ဒီထဲထည့် အမြန် ပြန်လုပ်ပြီး ၊ လက်ခံလိုက်တော့မှ သက်ပြင်းချနိုင်တယ် ။ သုံးနာရီကြာတဲ့အခါမှာ ချင်းမိုင်လေယာဉ်ကွင်းကို ရောက်ပြီး ၊ လာကြိုမယ့် အမကို ဖုန်းလှမ်းဆက်လိုက်တယ် ။ သူ့ ကိုမြင်အောင်ဆိုပြီး အဝေးမှုန်တဲ့ကျွန်မ မျက်မှန်လည်း ထုတ်တပ်ရသေးတယ် ။ ကျွန်မရောက်တဲ့ ဖေဖေါ်ဝါရီလကုန် အချိန်ဟာ ထိုင်းမှာ နွေရာသီဖြစ်ခါစဖြစ်တဲ့အတွက် ၊ လေယာဉ်ကွင်းကထွက်တယ်ဆိုရင်ပဲ ချင်းမိုင်ရဲ့ ထွက်သစ်စနေမင်းက ကျွန်မကို နှုတ်ခွန်းဆက်လိုက်ပါတယ် ။

လေယာဉ်ကွင်းကနေ အမတို့အိမ်ကိုသွားရာလမ်းတလျှောက်မှာ ချင်းမိုင်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်း ၊ အမ နဲ့ စကားစမြည်ပြောရင်းပါလာလိုက်တာ ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားတယ် ။ အမှန်ပြောရရင်လည်း ကျွန်မစိတ်ထဲမှာ ရှုခင်းကို ဓါတ်ပုံရိုက်ဖို့ထက် ၊ ကျောင်းတွေဆီကို ခြေဦးတည်ဖို့သာ စိတ်စောနေမိတယ် ။ ကိုယ်သိပ်သွားချင်တဲ့နေရာတခုကို ရောက်လိုက်လို့လားမသိ ... မိုးမလင်းခင် မနက်အစောကြီးတည်းက စင်္ကာပူမှထွက်လာရပေမယ့် ၊ ကျွန်မစိတ်ထဲလန်းဆန်းနေမိတယ် ။ အော် ... လူဆိုတာ စိတ်သွားရာ ကိုယ်ပါတယ်ဆိုတာ မှန်ပါလားလို့ တွေးလိုက်မိတယ် ။

အမတို့အိမ်မှာပဲ ခဏနား စားသောက်ပြီး ၊ ချင်းမိုင်မှာရှိတဲ့ မြန်မာဆရာ ဆရာမတွေကို သင်တန်းပေးနေတဲ့ ၊ ရွေ့ ပြောင်းအလုပ်သမားများကို အခမဲ့ သင်ကြားပေးနေတဲ့ ၊ ခုချိန်မှာတော့ မြန်မာကလေးတွေအတွက် မူလတန်းကျောင်းတကျောင်းကို စတည်ထောင်ဖို့ကြိုးစားနေတဲ့ Education Burma (http://www.educationburma.net/) အဖွဲ့ က တာဝန်ရှိသူတွေ ဆရာ ဆရာမတချို့ နဲ့ အရင် တွေ့ ဖြစ်ပါတယ် ။ Education Burma ရဲ့ ထူးခြားတဲ့ အချက်ကတော့ ကျောင်းသားဗဟိုပြုသင်ကြားရေး (student-centered learning) ကို အထူးတလည် လိုက်နာကျင့်သုံးတာပါပဲ ။ နောက် မြန်မာနိုင်ငံအတွင်းနဲ့ ၊ မဲဆောက်ဘက်ပိုင်းမှ မြန်မာဆရာ ဆရာမတချို့ ကိုလည်း ၊ ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းစနစ်များနဲ့ ပတ်သက်ပြီး သင်တန်းပေးပါတယ် ။ ကျွန်မကလည်း ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းစနစ်တွေကို လေ့လာ စိတ်ဝင်စားသူတယောက်ဖြစ်တဲ့အတွက် သူတို့နဲ့ ကျွန်မ ချင်းမိုင်မှာ နေတဲ့ ရက်ပိုင်းအနည်းငယ်အတွင်း အကြိမ်တော်တော်များများ တွေ့ ဆုံဆွေးနွေးဖြစ်ခဲ့တယ် ။ အဲလို အတွေ့ အကြုံ အတွေးအခေါ်တွေ ဖလှယ်ရတဲ့အတွက်လည်း ကျွန်မစိတ်ထဲ တကယ်ပဲ ၀မ်းသာမိတယ် ။

ချင်းမိုင်ဆိုတဲ့မြို့ လေးဟာ မြန်မာပြည်မှာ ကျွန်မအမြဲရောက်ဖူးနေကြ မန္တလေးနဲ့ ခပ်ဆင်ဆင်ပဲလို့ စိတ်ထဲခံစားရတယ် ။ နေရာတိုင်းမှာ ဆိုင်ကယ်တွေ အသုံးများကြသလို ၊ လမ်းတည်ဆောက်ဖွဲ့ စည်းပုံတွေကအစ ဆင်တူရိုးမှားဖြစ်တယ်လို့ ခံစားရတယ် ။ ဆိုင်ကယ်စီးရမှာကြောက်တဲ့ ကျွန်မလည်း ချင်းမိုင်ကို ခြေချတာနဲ့ သူများမောင်းတဲ့ ဆိုင်ကယ်နောက်မှာပဲ လိုအပ်ရင် လိုအပ်သလို စီးတတ်အောင် ကျင့်ရတော့တယ် ။ စစီးတုန်းကတော့ နည်းနည်း ခပ်လန့်လန့်ပဲ ။ နောက်ပိုင်းတော့လည်း နေသားကျသွားပါတယ် ။ ဒီလိုပဲပေါ့ ... လူဆိုတာ လုပ်နေကျသွားရင် လုပ်နိုင်သွားတာပါပဲ ။ မလုပ်ခင်သာ တွေးပူပြီး ကြောက်နေတတ်တာကိုး ။

အဲလိုနဲ့ ချင်းမိုင်မှာ တွေ့ စရာရှိသူတွေတချို့ ကိုတွေ့ ပြီး ၊ ရက်အနည်းငယ်ကြာတော့ မဲဆောက်ဘက်ကို ဆင်းပါတယ် ။

ချင်းမိုင်ကနေ မဲဆောက်ကိုသွားတဲ့လမ်းတွေဟာ မဲဆောက်နားနီးတဲ့အခါ အကွေ့ အကောက်တွေများတတ်တယ် ။ ကျွန်မက ကားမမူးတတ်လို့ တော်သေးတယ် ။ ငါးနာရီကြာတဲ့ခရီးကို တယောက်တည်းသွားရတာဆိုတော့ အတော်လည်း ငြီးငွေ့ စရာကောင်းပါတယ် ။ စင်္ကာပူ မလေးရှားသွားသလို coach ကားတွေပဲဆိုတော့ သွားရတာကတော့ သိပ်မပင်ပန်းလှပါဘူး ။ ကြား မြို့ လေးတွေမှာ ရပ်တယ်ဆိုပေမယ့် မဲဆောက်က နောက်ဆုံးမှတ်တိုင်မို့ ကျွန်မလည်း ခပ်အေးအေးပဲ နားကျပ်တပ် သီချင်းနားထောင်ပြီး အိပ်လိုက် ၊ ဘေးမှာ ဖြတ်ကျော်လာတဲ့ သစ်ပင်တောတန်းတွေ ကြည့်လိုက်နဲ့ လိုက်ပါလာခဲ့တယ် ။

ချင်းမိုင်ကနေ မဲဆောက်ကို သွားရာလမ်းမှာ ထိုင်းရဲက ကားပေါ်တက်ပြီး စစ်တာ နှစ်ခါကြုံပါတယ် ။ သူတို့က ဘယ်လိုစစ်လဲဆိုတော့ ကားပေါ်ကိုတက်လာပြီး တချို့ ကို ပတ်စ်ပို့စ် (သို့မဟုတ်) အထောက်အထား ထုတ်ပြခိုင်းပါတယ် ။ ကျွန်မကတော့ သီချင်းနားထောင်ရင်း ကိုယ့်ဘာသာ ဘာသိဘာသာနေလို့လားတော့ မသိ ... လာထုတ်ပြခိုင်းတာ မခံရပါဘူး ။ ကျွန်မနဲ့ကားတစ်စီးထဲ တချို့ ကို အောက်ကိုဆင်းခိုင်းပြီး ၊ ၅မိနစ်လောက်ကြာအောင် ခေါ်စစ်တယ် ။ အဲလိုစစ်တုန်း ကားက စောင့်နေရတာပေါ့ ။ ပထမတခါစစ်တုန်းကတော့ ထိုင်းတိုင်းရင်းသားပုံစံနဲ့ အသားအရေ နီကျဉ်ကျဉ် နဲ့ တောသူတောင်သားပုံစံပေါက်နေတဲ့ ကောင်မလေးတယောက်ကို ကားပေါ်က ဆင်းခိုင်းပြီး ဆက်ပေးမသွားတော့ပါဘူး ။ ညှိုးငယ်တဲ့မျက်နှာနဲ့ တောင်းလေးကို ပိုက်ပြီး ဆင်းသွားတဲ့ အဲဒီကောင်မလေးကို ခုထိ ကျွန်မ မျက်စိထဲ မြင်ယောင်နေမိတယ် ။

မဲဆောက်မြို့ ကိုဝင်ခါနီးကျ ဒုတိယတခေါက်စစ်ပြန်တယ် ။ မြန်မာဖြစ်ဖို့များတဲ့ (ကျွန်မတွက် မြန်မာနဲ့ ထိုင်း ခွဲရတာ တော်တော်လေး ခဲယဉ်းပါတယ်) အကိုကြီးတယောက်ကို ကားပေါ်ကဆင်းခိုင်းပြီး ပြန်တက်ခွင့် မပေးတော့ဘူး ။ အဲဒီအကိုကြီးကို ပထမတခေါက်စစ်တုန်းကလဲ ကားပေါ်ကဆင်းခိုင်းပြီး ၊ သူတို့ စိတ်တိုင်းကျ မေးမြန်းပြီးမှ ကားပေါ်ပြန်တက်ခွင့် ပေးခဲ့တယ် ။ ဒုတိယအကြိမ်မှာတော့ ဘာလို့လဲမသိ ... သူ့ ကို ကားပေါ်ပြန်တက်ခွင့် မပေးတော့ဘူး ။ အထောက်အထား စာရွက်တရွက် (သို့မဟုတ်) စာအုပ်တအုပ်ရဲ့ အရေးပါပုံကို အဲဒီအချိန်မှာ ကျွန်မမျက်ဝါးထင်ထင်တွေ့ လိုက်ရတယ် ။ အဲဒီအကိုကြီးကို မြန်မာလို့ စိတ်ထဲမှာ ထင်ထားတဲ့ကျွန်မ ကိုယ့်မြန်မာလူမျိုး သူများနိုင်ငံမှာ ခုလို သူများလက်ခုတ်ထဲကရေ ဖြစ်နေရတဲ့ဘ၀ကိုလည်း ရင်နာမိတယ် ။

ကမ္ဘာမှာရင်ဘောင်တန်းနိုင်ဖူးတဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာပြည်ဟာ ခုချိန်မှ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်နေတာ ၊ မြန်မာပြည်သူတွေဟာ ဒုက္ခသည်ဘ၀တွေရောက် တခြားနိုင်ငံထဲ ခိုလှုံနေရတာ ... အဲဒီအခြေအနေက လွတ်မြောက်ဖို့ ဘာလုပ်ကြရမလဲ ဆိုတဲ့ အတွေးတွေ ခေါင်းထဲ ပလုံစူနေတုန်း ၊ ကျွန်မစီးလာတဲ့ကားလည်း မဲဆောက်ကားဂိတ်ကို ၀င်ရောက်သွားပါတော့တယ် ။

(ဆက်ရန်)

0 comments:

 

© 2007 IngridGrey By Arephyz