Monday, April 14, 2008

ပညာရေးခရီးစဉ် (၃)

“ကုသိုလ်လည်းရ ၀မ်းလည်းဝ” ဆိုတာ ဒီပညာရေးခရီးစဉ်မှာ မြန်မာအစားအစာကို ကြိုက်နှစ်သက်တဲ့ကျွန်မအတွက်တော့ သိပ်မှန်တာပဲ ။ ချင်းမိုင်က အမအိမ်ရောက်ရောက်ချင်း စားဖြစ်တာက အမရဲ့ ပီအေအကိုကြီး ၀ယ်လာပေးတဲ့ အကြော်မျိုးစုံ ... ဗယာကြော် ၊ (ထိုင်းစတိုင်နဲ့ကျော်ထားတဲ့) စမူဆာကြော် .. စသည်ဖြင့် ။ ထိုင်းအချဉ်ရည်က မြန်မာပြည်ကလို မဟုတ်ပေမယ့် စားလို့တော့ကောင်းသား ။ လေယာဉ်ပေါ်မှာ ကျွေးတဲ့အစားအစာတွေကို မစားနိုင် ၊ စင်္ကာပူလေယာဉ်ကွင်းတုန်းက စားထားခဲ့တဲ့ sandwich ကလည်း ဗိုက်ထဲမှာ ခြေရာပျောက်သွားတဲ့ အချိန်ဆိုတော့ ၊ အကြော်စုံက တယ်စားကောင်းပေါ့ ။ နောက်နေ့တွေမှာ ချင်းမိုင်မှာ ရသမျှ အစားအစာတွေ ... သဘောင်္သီးထောင်း ၊ သရက်သီးထောင်း ၊ ကောက်ညှင်းနဲ့ သရက်သီး ၊ ရှမ်းခေါပုတ်ကျော် ၊ အ၀စားအသားကင်တွေ စသည်ဖြင့်တို့ကို အမက လိုက်ကျွေးတဲ့အပြင် ၊ မြန်မာပြည်ရဲ့ နယ်စတိုင် မုန့်ဟင်းခါးကောင်းကောင်း ၊ လက်ရာကောင်းကောင်းနဲ့ မြန်မာ ထမင်းဟင်းတွေကိုလည်း အမ အမေက ချက်ကျွေးလို့ အ၀တီးလိုက်ရသေး ။ နောက် ချင်းမိုင်မှာရှိတဲ့ တဆိုင်တည်းသော မြန်မာထမင်းဆိုင်ကဟင်းတွေကလည်း စားကောင်းသား ။

သရက်သီးဆိုရင် အစိမ်း အမှည့် ၊ အသုတ် လုပ်စားမလား ၊ မုန့်ထဲ ထည့်စားမလား ၊ ဒီအတိုင်း တကြွပ်ကြွပ် ကိုက်စားမလား ၊ ဆားရည်စိမ်စားမလား ၊ ငရုတ်သီးမှုန့် ငံပြာရည်နဲ့ စားမလား ၊ အချဉ်ထုတ်စားမလား ၊ ထမင်းနဲ့ စားမလား .. ဘယ်လိုဖြစ်ဖြစ် ဘယ်လို စားရစားရ သရက်သီးဆို အသေအလဲကြိုက်ပြီး ၊ အ၀တ်အစား နဲ့ လက်ဆွဲအိတ်တွေတောင် သရက်သီးတံဆိပ်ကို ကြိုက်နှစ်သက်စွာ ၀ယ်တတ်တဲ့ ကျွန်မအတွက်တော့ ထိုင်းနိုင်ငံမှာ သရက်သီးပေါတာ အလွန့်အလွန် ပျော်စရာပါပဲ ။ ရောက်ရောက်ချင်း စပြီးစားတာက သရက်သီးသုတ် စပ်စပ် နဲ့ အုန်းနို့စမ်းထားတဲ့ ကောက်ညှင်းနဲ့သရက်သီး ။ နောက် အလုံးမပျက် အခွံခွာ အမျှောင်းလေးတွေလုပ်ထားပြီး ၊ လုံးဝမချဉ်ဘဲ မာလကာသီးလို ခပ် ကြွပ်ကြွပ်ဝါးလို့ရတဲ့ ၊ ထိုင်းတွေကတော့ သကြား-ငရုတ်သီး (သို့) sauce တမျိုးနဲ့ နှစ်စားတတ်ကြတဲ့ သရက်သီးစိမ်း ။ တထုတ်ကိုမှ ၁၀ဘတ်ဆိုတော့ စားတာပေါ့ ။ အိမ်ရောက်တော့ မေမေ့ကို ပြောပြတော့ ၊ သူပြောတာ မြန်မာပြည်မှာလဲ အဲလို စားသရက်ဆိုလား ရှိတယ်တဲ့ ။ ကျွန်မကတော့ မြန်မာပြည်တုန်းက စားတောင်မစားဘူး ။ မဲဆောက်ရောက်တော့လည်း မဲဆောက်ကအမက ကျွန်မသရက်သီးကြိုက်တာလည်းသိ ၊ စင်္ကာပူမှာ သရက်သီး ဈေးကြီးတယ်ဆိုတာသိတော့ သရက်သီးကို မပြတ်ဝယ်ထားပြီး ကျွေးတော့တာပါပဲ ။

thai%20green%20mango.jpg
လုံးဝမချဉ်ဘဲ မာလကာသီးလို ခပ် ကြွပ်ကြွပ်ဝါးလို့ရတဲ့ ထိုင်းသရက်သီးစိမ်း

mango_stickyrice-1.jpg
ကောက်ညှင်းနဲ့ သရက်သီးမှည့်

မဲဆောက်ဟာ မြန်မာမြို့ အသေးစားလေးဖြစ်တဲ့အပြင် ဈေးထဲမှာလည်း မြန်မာအစားအစာ အရမ်းပေါပါတယ် ။ ပထမဆုံး ကျွန်မတို့သွားစားကြတာ အိမ်နားက လက်ဖက်ရည်ဆိုင် - မြန်မာစတိုင်နဲ့ လက်ဖက်ရည် ၊ နံပြားနဲ့ ပဲပြုတ် ၊ ပဲပလာတာ ။ နောက်တော့ ဈေးထဲက အသုတ်စုံ နဲ့ ၀က်သားဒုတ်ထိုး ။ အသုတ်စုံတစ်ပွဲမှာပြီး စားလဲကုန်ရော ၊ အာသာမပြေလို့ နောက်ထပ် ခေါက်ဆွဲ ကြာဇံသုတ်တစ်ပွဲထပ်မှာ ၊ နောက် ၀က်သားဒုတ်ထိုး ၄-၅ ချောင်းလောက်နဲ့အဆုံးသပ်တော့ အမတောင် အံ့သြသွားတယ် ။ နောက်တခါ အဲဒီ အသုတ်ဆိုင်သွားစားတော့ တခါတည်း အသုတ်ကို နှစ်ပွဲသုတ်ပါလို့ မှာထားရတယ် ။ တစ်ပွဲနဲ့ဆို မလောက်ဘူးလေ (ဒါကြောင့် အမက အဲဒီအသုတ်ဆိုင်သွားရင် နှစ်ပွဲစားတဲ့ဂျစ်တူးကို သတိရတယ်လို့ ခုထိပြောတုန်း) ။ မဲဆောက်မှာနေတုန်း မနက်တိုင်း လက်ဖက်ရည် ၊ အီကြာကွေး ၊ ကောက်ညှင်းပေါင်း ၊ ငချိတ်ပေါင်း ၊ ပဲပြုတ် နံပြား ၊ စမူဆာ ၊ ပဲပလာတာ စတာတွေကို အမရဲ့ ပီအေအကိုကြီးက မနက်တိုင်း တခုမဟုတ်တခု အဆင်သင့်ဝယ်ထားပေးတယ် ။ စားကောင်းကောင်းနဲ့ နေ့စဉ်နီးပါးစားဖြစ်တဲ့ ထမင်း ဟင်း ကတော့ အမ လက်ရာပေါ့ ။

ဒီလိုနဲ့ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” တဲ့ ကျွန်မ ပါးတွေဖောင်း မေးစေ့နှစ်ထပ်ဖြစ်ချင်လာလို့ ၊ ဒီရောက်တော့ တစ်ပတ်နှစ်ခါ အနည်းဆုံး ပြန် အပြေးလေ့ကျင့်နေရပါတယ် ဆိုရင် စာဖတ်သူတို့ ပြုံးစိစိဖြစ်သွားမလား မသိး) ။

မဲဆောက်မှာ အစားလည်းစားရင်း ၊ အဓိကရည်ရွယ်ချက်အတွက် နောက်ထပ်ကျောင်းတွေကိုလည်း သွားရောက်ခဲ့ပါတယ် ။ ဒုတိယရောက်တာကတော့ Social Action for Women (SAW) ဆိုတဲ့အဖွဲ့ က ဖွင့်လှစ်ထားတာ မိဘမဲ့ဂေဟာလေးပါပဲ ။ SAW အဖွဲ့ ဟာ မြန်မာအမျိုးသမီးများနဲ့ ကလေးများအတွက် ပညာရေး ၊ ကျန်းမာရေး ၊ နေထိုင်ရေးတို့ကို စောင့်လျှောက်ပေးနေတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ် ။ သူတို့ဦးစီးတဲ့ ပရိုဂရမ်တွေထဲမှာ စွန့်ပစ်ခံရတဲ့ မြန်မာကလေးတွေအတွက် မိဘမဲ့ဂေဟာဖွင့်ပြီး စောင့်လျှောက်ပေးတယ် ၊ မူလတန်း နဲ့ အလယ်တန်းကျောင်းကိုလည်း မိဘမဲ့ကလေးတွေပါ နေနိုင်ဖို့ဆိုပြီး ကျောင်းအိပ်ကျောင်းစားအဆောင်နဲ့တွဲပြီး ဖွင့်ထားပေးပါတယ် ။ နောက် ထူးခြားချက်တခုအနေနဲ့ HIV/ AIDS ဖြစ်နေသူ မိန်းမများ နဲ့ သားသမီးများကို counseling & training ပေးပြီးစောင့်လျှောက်တဲ့ ဂေဟာကိုလည်း ဖွင့်ထားပါတယ် ။ SAW ဟာ တချို့ အဖွဲ့ အစည်းတွေက ထောက်ပံ့ကြေးရတယ်ဆိုပေမယ့် ၊ သူတို့လုပ်နေတဲ့နေရာတွေမှာ လိုအပ်တဲ့ငွေကြေးနဲ့ မလုံလောက်တဲ့အတွက် အဲဒီ ဂေဟာတွေက အမျိုးသမီးတွေကို လက်မှုပညာသင်ပေးပြီး ၊ လက်မှုပစ္စည်းတွေ ရောင်းချပြီး တဘက်တလမ်းမှ ၀င်ငွေရှာ ရပ်တည်ကြပါတယ် ။

အသက် ၈ နှစ်အောက်လောက် ကလေးတွေကိုထားတဲ့ SAW အဖွဲ့ အောက်က မိဘမဲ့ဂေဟာရဲ့ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်ဝင်လိုက်တဲ့အခါ ၊ ခြံဝင်းထဲမှာ ဆော့နေတဲ့ ကလေးငယ်တွေကို မြင်လိုက်ရပါတယ် ။ seasaw တွေ ၊ ဒန်းတွေ အရိပ်အာဝါသပေးတဲ့ သစ်ပင်တွေ စိုစိုပြေပြေပန်းပင် ဟိုတစ ဒီတစနဲ့ ခြံကျယ်ကျယ်ဝန်းဝန်းထဲ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ ပြေးနေတာမြင်ရတော့ ၊ သူတို့ရဲ့ အပူအပင်ကင်းနေတဲ့ မျက်နှာလေးတွေကို တချက်ငေးကြည့်မိလိုက်တယ် ။ သူတို့ဝတ်ထားတဲ့ စွတ်ကျယ်လက်ပြတ်လေးတွေ ၊ ဘောင်းဘီတိုလေးတွေဟာ နွမ်းနေတယ် ။ ရေချိုးပြီးခါစဖြစ်ပုံရတဲ့ တချို့ ကလေးတွေကတော့ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ ။ တချို့ ကျတော့လည်း တနေကုန်ဆော့ထားပုံပေါက်ပေမယ့် သိပ်ပြီး ညစ်ပတ်ပေရေနေတာမျိုးတော့လည်း မဟုတ်ပြန်ဘူး ။

IMG_2251%7E1.JPG
IMG_2288%7E1.JPG
IMG_2292%7E1.JPG

အဲဒီ မိဘမဲ့ဂေဟာကို စောင့်ရှောက်ပေးနေတဲ့ အဒေါ်ကြီး သုံးယောက်ကိုမြင်တော့ ၊ သူတို့ဟာ စားဝတ်နေရေးအတွက် လစာနည်းနည်းယူပြီး ဒီအလုပ်ကိုလုပ်နေပေမယ့် ၊ တကယ့်စေတနာ မေတ္တာအပြည့်နဲ့ လုပ်နေတယ်ဆိုတာ သိသာတယ် ။ ကလေးတွေအပေါ် သူတို့ပြုမူဆက်ဆံပုံတွေက တကယ့် ကိုယ့်သားသမီးမြေးငယ်လေးတွေလိုပဲဖြစ်နေတာ မြင်ရတော့ ကျွန်မတကယ် သူတို့ကို လေးစားမိသလို ၊ ပီတိလည်းဖြစ်မိတယ် ။ မိဘမဲ့ဂေဟာက ကြီးသွားကြတဲ့ ကောင်မလေး ၄-၅ယောက်ကလည်း ကလေးတွေကို ပြန် စောင့်ရှောက်ပေးဖို့ အဲဒီမှာပဲနေကြတယ် ။ အဲဒီမှာ ဓါတ်ပုံလိုက်ရိုက်တော့ ပစ္စည်းတွေကို သေသပ်စွာစီရီထားတဲ့ မီးဖိုချောင် ၊ ကလေးတွေရဲ့ အ၀တ်အစား စတာတွေကို အံဆွဲလေးတွေမှာ နာမည်ကပ်ပြီး သူ့ ဟာသူလေး တသီးတသန့်လုပ်ပေးထားတွေ စသည်ဖြင့် စနစ်ကျကျလေးလုပ်ထားတာအတွက် စိတ်ထဲမှာ အဲဒီဂေဟာကို ကြီးကြပ်သူတွေ စောင့်ရှောက်သူတွေကို ချီးကျူးမိတယ် ။

IMG_2270%7E1.JPG
IMG_2277%7E1.JPG

အဲဒီနောက် သူတို့ဆီ ဧည့်သည်လာရင် သိပ်ပျော်ပုံရတဲ့ကလေးတွေက ထိုင်းသီချင်းနဲ့ ကျွန်မတို့ကို ကပြကြတယ် ။

မြူးကြွတဲ့တေးသံနဲ့တပြေးညီ လန်းဆန်းနေတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေကိုကြည့်ရင်း ဗွီဒီယိုရိုက်ရင်း ကျွန်မပြုံးလိုက်မိတယ် ။ အဲဒီအပြုံးလေးတွေ ရေရှည်တည်တံ့နိုင်ဖို့ တတ်နိုင်သမျှ ပံ့ပိုးရမယ့်တာဝန် ကျွန်မတို့မှာ ရှိတယ် ။

IMG_2261%7E1.JPG
တုံးတိဖြစ်နေတဲ့ လက်ချောင်းလေးတွေ ရှိနေပေမယ့် ၊ ကျွန်မရောက်နေတဲ့အချိန်တလျှောက်လုံး အပြုံးမပျက်တဲ့ ဒီကလေးမလေးကိုတွေ့ တော့ ၊ အလုပ်မှာ စိတ်ညစ်စရာကြုံရင် ငြီးငြူတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ် ။

IMG_2268%7E1.JPG

အမအိမ်ကယူသွားတဲ့ ဘီစကစ်တွေကိုဝေပေးတော့ တန်းစီပြီး လက်အုပ်လေးချီ ကျေးဇူးတင်ကြောင်းပြသပြီး ယူနေတဲ့ သူတို့ပုံရိပ်တွေ ကျွန်မရဲ့ နှလုံးသားမှာ တသက်စာတွက် ကပ်ပါသွားတယ် ။


အဲဒီမိဘမဲ့ဂေဟာမှာ ကျွန်မအတွက် စိတ်အထိခိုက်ရဆုံးအချိန်ကတော့ အောက်မှာ ပြထားတဲ့ကလေးလေးကို တွေ့ ရတုန်းကပါပဲ ။ သူ့ ကို ဗွီဒီယိုရိုက်နေတုန်း ကျွန်မမျက်နှာမှာ စိတ်မကောင်းတာ သိပ်ထင်ရှားနေတယ်လို့တောင် အမက ပြောသေးတယ် ။ မွေးတည်းက မျက်စိမမြင် ၊ နားမကြား ၊ ပိုလီယိုလို အရိုးတွေလည်း မသန်မာလို့ လမ်းလဲလျှောက်မရ ၊ ဟိုဘက် လှိမ့် ဒီဘက် လှိမ့် နဲ့ ပက်လက်ကလေး ဖြစ်နေရတဲ့ ကလေးလေး ၊ ဒီကြားထဲ အမြဲလိုလိုလည်း တက် တတ်သေးတယ်တဲ့ ။ မိဘမဲ့ဂေဟာရဲ့ ကြမ်းပြင်ပေါ်မှာ မနေရင် ၊ သူ့ အတွက် တခုတည်းသော နေရာက ပုံထဲမှာ ပြထားတဲ့ လှည်းလေးပေါ် ။


IMG_2286%7E1.JPG

သူတို့လေးတွေရဲ့ ဘ၀ဟာ ခုလို မိဘမဲ့ဂေဟာသာ မရှိခဲ့ရင် ဘယ်လိုဖြစ်လေမလဲ ။ ကျွန်မတို့နိုင်ငံက မျိုးဆက်သစ်တွေဟာ ကိုယ့်နိုင်ငံမှာလည်း ဆင်းဆင်းရဲရဲနေရ ၊ သူများနိုင်ငံကိုရောက်ပြန်တော့လည်း မျက်နှာငယ်နဲ့ ထပ် ဆင်းရဲရပြန် ။ ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပဲဆိုတာ .. ဘ၀ဆိုတာ လူတိုင်းတွက် ပြဿနာတွေနဲ့ပဲ ဆိုတာကတော့ အမှန်ပါပဲ ... ဒါပေမယ့် ကျွန်မတို့လို ဒုက္ခရောက်မနေသူ ၊ သူတို့လောက် ပြဿနာဆိုးတွေကို မကြုံရသူတွေက ကိုယ်တတ်နိုင်သလောက်လေး ၀ိုင်းဝန်းမကူညီဘူး ကိုယ့်အကျိုးစီးပွားပဲ တိုးတက်အောင် လုပ်ပြီးရင်း လုပ်နေကြမယ်ဆိုရင်တော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတော့တယ် ။


မှတ်ချက် ။

မဲဆောက်မှ ကလေး လူကြီး လူငယ်တွေကို အ၀တ်အစား စာအုပ်တွေလည်း သယ်နိုင်သလောက် ၀ိတ်အကုန်သယ်သွားပြီး နေရာတွေ ခွဲပြီးပေးခဲ့ပါတယ် ။ အ၀တ်အစား စာအုပ်တွေဝိုင်းရှာပေးဖို့ အကူအညီတောင်းတော့ ၊ ကလေး လူကြီး ယောက်ျား မိန်းမ အရွယ်မျိုးစုံအတွက် အ၀တ်အစားတွေကို ရှာပေးပြီး သေတ္တာတစ်လုံး ခရီးသွားအိတ်နှစ်လုံးအပြည့်နဲ့ သေချာ သပ်သပ်ရပ်ရပ် ထည့်ပေးတဲ့ စင်္ကာပူမှ မအိမ့် (ကျွန်မခေါ်တာကတော့ မခိုင်) ၊ စာအုပ်အမျိုးစုံကို ရှာပေးတဲ့ မမေ နဲ့ အ၀တ်အစားတွေ စာအုပ်တွေ သယ်ဖို့အကူအညီလိုတိုင်း မနားမနေလိုက်လုပ်ပေးတဲ့ ကိုပီတိတို့မရှိခဲ့ရင် ဖြစ်မြောက်မှာမဟုတ်ဘူးလို့ ဒီပို့စ်နဲ့အတူ ပြောလိုက်ပါရစေ ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ဒီခရီးစဉ်မှာ သူတို့ရဲ့ ပံ့ပိုးမှုမပါခဲ့ရင် ခုလောက်ထိ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး ။

တဆက်တည်းမှာ စာဖတ်သူတို့ကို ရှင်းပြချင်တာ ... ကျွန်မ ဒီပို့စ်တွေရေးနေတာဟာ ကျွန်မဘာလုပ်ခဲ့တယ်ဆိုတာကို ပြောပြချင်တဲ့ ဆန္ဒကြောင့်မဟုတ်ပါဘူး ။ ဟိုဘက်မှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတဲ့အကြောင်းတွေကို ကိုယ်တိုင်ကြုံတွေ့ ရတဲ့ ဖြစ်ရပ်မှန်တွေ အနေနဲ့ ပြန်ပြောပြတဲ့ သဘောပါပဲ ။ တဆက်တည်းမှာ ကျွန်မပို့စ်တွေဖတ်ပြီး လိုအပ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ဖို့ တတပ်တအားပါဝင်ချင်တယ်ဆိုရင်လည်း ကျွန်မကို ဆက်သွယ်နိုင်ပါတယ် ။


(ဆက်ရန်)

0 comments:

 

© 2007 IngridGrey By Arephyz