Saturday, February 21, 2009

ဘယ်သူ့တာဝန်လဲ

ရေးသားတင်ပြသူ- နည်းပညာ တက္ကသိုလ် ဆရာတဦး

ငယ်စဉ်အခါက ဆိုကောင်းကောင်းနှင့် မကြာခဏ သီဆိုဖူးသော ကဗျာလေးတစ်ပုဒ်ကို သတိရမိ သည်။

`မုန့်လုံးစက္ကူကပ်၊ ကြာကလပ်မှာဆွမ်းတော်တင်
ပလင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး ဂျာအေး
ဂျာအေးသူ့အမေရိုက်၊ မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလွဲနေပါဦး၊ မိုးတောင်ကချုန်း မုန့်လုံး မုန့်လုံး-----´

သတိရမိစေသည့် အကြောင်းကလည်း စာရေးသူကျင်လည်နေသော နည်းပညာ တက္ကသိုလ်များရှိ ဖြစ်ပေါ်နေသောပြဿနာတိုင်းက မုန့်လုံးတွေဖြစ်နေသောကြောင့်ပင်။

+++++

ယခင် Rangoon Institute of Technology(RIT) ဟုထင်ပေါ် ကျော်ကြား ခဲ့သော ဆိုဗီယက်ယူနီယံရဲ့လက်ဆောင်၊ သမ္မတကြီးမန်းဝင်းမောင် အုတ်မြစ်ချခဲ့တဲ့ ယခု YTU (Yangon Technological University) သည်ခန့်ထည်သော မျက်နှာစာ တိုင်လုံးကြီးများဖြင့် တိတ်ဆိတ်စွာ တည်ရှိနေပါသည်။

ယခင် ခမ်းနားသာယာခဲ့သော Rangoon Institute of Technology( RIT)



တိုင်လုံးကြီးများ၏ နောက် ယခုခေတ် နည်းပညာကျောင်းသား-သူများ မတက်ရောက်နိုင် တော့ သည့် စာသင်ခန်းများ၊ workshop များကတော့ မွမ်းမံ ပြင်ဆင်မှု ကင်းမဲ့စွာ မျက်နှာငယ် နေရှာ သည်။ သည်ကျောင်းတော်ကြီးမှာက ယခုလက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ မွမ်းမံ ဆရာ၊ဆရာမ သင်တန်းသားအချို့နှင့် ၀န်ကြီးဖော်ဆောင် နေသည့်ယန္တရားမှာ သိပ်အသုံးမတဲ့တော့ သော၊ ဆရာ၊ဆရာမ အချို့ကိုပဲ ထားရှိပါသည်။

ယခုမြင်တွေ့ရသော ခြုံနွယ်ပိတ်ပေါင်းများ အမိုးပေါ်ထို ပေါက်ရောက်နေသော RIT


စာရေးသူတို့ ငယ်စဉ်ကတော့ ၁၀တန်းမှာ အမှတ် ကောင်းမွန်စွာ ရလာတဲ့ မြန်မာပြည် တနံတလျားက အင်ဂျင်နီယာ ကျောင်းသားတွေ သည်ကျောင်းတော်ကြီးမှာ စုဝေးပညာ ရှာမှီး ခဲ့ကြပါသည်။ ယခုတော့ နအဖ လမ်းစဉ်အရ တက္ကသိုလ်ဆိုတာ သွားရေးလာရေး ခက်ခဲသော နေရာမှာပဲ ဖွင့်လှစ် ရသည့်ကာလပေကိုး ။

ပထမဆုံး ကြုံရသည့်အခက်အခဲကတော့ တက္ကသိုလ်များ၏ ကျောင်းကား ပြဿနာပင်။ ရန်ကုန် နယ်နိမိတ်မှ ကျောင်းသား- သူတွေ တက်ရတဲ့ နည်းပညာတက္ကသိုလ်တွေက ရန်ကုန်ကနေ (၁)နာရီကျော် ကားစီးရသော မှော်ဘီ၊လှိုင်သာယာ၊သန်လျင် တို့ဖြစ်ကြသည်။

ရန်ကုန်မြို့ပြင်ရှိ တက္ကသိုလ်သို့ သွားကြသော အရပ်လိုင်းကားပေါ်မှ တက္ကသိုလ်ကျောင်းသားငယ်များ

အဲဒီတော့ ရန်ကုန်မြို့ကြီးရဲ့ မြို့နယ်အသီးသီးက ၁၀တန်းအောင်ပြီး နည်းပညာ တက္ကသိုလ်ကို ရောက်လာကြသော ကျောင်းသား- သူများသည် တက္ကသိုလ်မှစီစဉ်သော ကျောင်းကားများကို အားကိုး ကြရသည်။ တက္ကသိုလ်မှ တာဝန်ရှိသူများသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ချုပ်ကိုင်ထားသည့် ပါရမီကားလိုင်းနှင့် ချိတ်ဆက်ကာ ကျောင်းကားများ စီစဉ်ကြသည်။ ယခင်က ကြုံသလို လိုင်းကား လေးတွေနှင့် (တခါတရံကားခေါင်မိုးပေါ်ထိုင်ပြီး) ကျောင်းတော်တွေကို သွားနေရတာမှ ယခု ပါရမီ ဟီးနိုးကြီးတွေနှင့် သက်တောင့်သက်သာ သွားနိုင်ကြပြီ ဟုဆိုရမည်။ သို့သော် ကျောင်းသားထု ခမျာ မိအေးနှစ်ခါမက အခါခါ နာရသောအဖြစ်များ ကြုံတွေ့နေရသည်။

နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများသည် ပါရမီကားလိုင်းမှ ကားများကို ကား တာဝန်ခံ ထားပြီး တာဝန်ယူ ငှားပေးသည်။ ကျောင်းသားများက ကိုယ်စီးမည့်မြို့နယ် အမည်ကို ကျောင်းတွင် စာရင်းပေးရသည်။ ကျောင်းသားတစ်ဦးတစ်လလျှင် တစ်သောင်း နှစ်ထောင်နှုန်းဖြင့် ကျောင်းဖွင့်ချိန်မှာ တစ်ခါတည်း ကောက်ခံလိုက်ကြသည်။ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းကားခကို ကျောင်းမှ ကောက်ခံချိန် ချက်ချင်း မပေးသွင်းသေးသူများ လည်းရှိကြ၏။ ပါရမီဂိတ် ကျောင်းကားတာဝန်ခံထံသို့ ငွေပေးချေရာ၌မူ ကားတစ်စီးလျှင် လူ(၅၀)ယောက် စာဖြင့် ၁ဦးလျှင် (၈၀၀၀)ကျပ်နှုန်းနှင့် နည်းပညာ တက္ကသိုလ်မှ ပေးချေ ရသည်။ ကျောင်းသားတွေကို ဘာကြောင့် ငွေတွေ ပိုကောက်ရတာလဲ ဟု မေးသော ဆရာ၊ဆရာမ များကို ပိုသောငွေများက ကားလိုသော မြို့နယ်များအတွက် ကားထပ်ငှားပေးရန် ဟုဆိုသည်။ သို့သော် ကျောင်းဖွင့်ပြီး အချိန် တော်တော်ကြာသည်အထိ ကျောင်းသား-သူများ အဆင်မပြေ။ အဘယ်ကြောင့် ဆိုသော် တချို့မြို့နယ်များတွင် ထိုကျောင်းသို့ လာရောက်တက်သူ (၁၀၀)ကျော် ခန့် ရှိသည်။ ထိုမြို့နယ်များအတွက် တကယ်တမ်း ကားငှားပေးတော့ ပါရမီကား တစ်စီးသာ ငှားပေးသည်။ အဲဒီတော့ လူ(၅၀)စာ ကားတစ်စီးမှာ လူ(၈၀)ယောက် မက ကျပ်ညပ် ပိတ်သိပ်၍ လိုက်ကြရသည်။ ကားဆရာတွေကလည်း သူတို့ ရသင့်သလောက် မရကြလို့ မကြည်လင်။ နည်းပညာ တက္ကသိုလ်မှ တာဝန်ခံနှင့် ပါရမီဂိတ်မှ တာဝန်ခံတွေ ဘယ်လိုညှိ ကြသလဲမသိ။

ညနေ ကျောင်းဆင်းချိန် မှာတော့ ကျောင်းသားတိုင်းက ကိုယ့်မြို့နယ်ကို ရောက်မည့်ကား ပေါ် အလုအယက် တက်ကာ နေရာဦးကြရသည်။ တချို့ စာသင်ချိန် (၁)ချိန်ဖျက်ပြီး နေရာရနိုင်ဖို့ ကြိုးစားကြ သည်။ ကျောင်းကားကြီးများမှာ သတ်မှတ်နေရာမှာ တန်းစီပြီး စတင် ထွက်ခွာဖို့ အချက်ပေးသည့် ၀ီစီသံကို နားထောင်ရသည်။ ထိုသို့ စောင့်ဆိုင်း နေရစဉ် ကျောင်းကား တာဝန်ခံဆိုသူများက ကျောင်းသားများ ကျောင်းကားခ ပေးသွင်းမှု ရှိမရှိ ကားများပေါ်သို့ လိုက်စစ်ပြီး ချလံစာရွက် မပြနိုင်သူများကို မောင်းချ ကြသည်။ သူတို့ဆိုလိုတာက ငွေမသွင်းပဲ တက်စီးနေလို့ ကျောင်းကားကျပ်ရပါသည်ဟု။
ကျောင်းသူ-ကျောင်းသား သိက္ခာကို ဘယ်နေရာမှာသိမ်းထားပါသလဲ။ ကားပေါ်တွင်ပါ လာတတ်သော ဆရာ-ဆရာမများကလည်း ဘာမှ ၀င်မပြောနိုင်ကြ။ ပြောသော ဆရာ-ဆရာမ များမှာလည်း စာရေးသူ ဖတ်ဖူးသော အော်ပီကျယ်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပညာပေး ရေးဆွဲထားသော ကာတွန်းထဲက ကလေးမလေးက တာဝန်ရှိသူများထံ စာရေးနေ သလိုပင် --- ` သမီးတို့ လမ်းထိပ်ရှိ အမှိုက်ပုံကြီးမှာ--------။ သမီးအကြိမ် (၁၀၀၀) မြောက် စာရေးလိုက်ပါသည် ရှင့်´ .. ဆိုသလိုပင်။

+++++

`ကျောင်းတက် ရာခိုင်နှုန်း ၇၅% မပြည့်လျှင် စာမေးပွဲ ၀င်ရောက် ဖြေဆိုခွင့်မရှိ´ ဆိုသော ဆိုင်းဘုတ်ကြီးက ကျောင်းအ၀င်ဝမှာ ထင်ထင်ရှားရှား မြင်ရသည်။ ကျောင်းတက် ရာခိုင်နှုန်းကို မိသားစုဆရာ ဟု တာဝန် ပေးခံရသူ ဆရာ-ဆရာမက တွက်ချက်ရသည်။ တချို့သော ဆရာ-ဆရာမများမှာ ကျောင်းသား-သူများ အပေါ်တွင် roll call တွက်ချက်မှုနှင့် အနိုင်ယူထားတတ်ကြသည်။ မိမိနှင့် အဆင်ပြေ သူများ၊ မိမိထံ ကျူရှင် ယူသူများ ကျောင်းပျက် သော်လည်း roll call ပြည့်နိုင်သည်။ အဆင်မပြေ သူများကတော့ ကိုယ့်ဘက်က ရက်ပျက်မရှိ တက်ထားနိုင်မှ တန်ကာကျသည်။ စာရေးသူ GTC ကျောင်းသို့ စတင်ရောက်ရှိစက စာသင်ရင်းအချိန်ပြည့်သွားသဖြင့် roll call မခေါ်မိပဲ ထွက်လာရာ မိမိ၏နောက်မှ ကလေးများ တစ်တန်းကြီး လိုက်ပါလာကာ roll call ပေးပါဟု လိုက်တောင်း ကြသည်။ ပထမတော့ အလွန် အံ့သြသွားမိသည်။ ကိုယ့်တိုင်းပြည် ပညာရေးစနစ် အတွက်လဲ စိတ်မကောင်း ဖြစ်မိသည်။ စာမေးဖို့ လိုက်လာတာ မဟုတ်ပဲ roll call အတွက်လိုက်လာ ကြလို့ပါ။ နောက်တော့လဲ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ မထူးဆန်းစွာပင် စီးဝင်မျောပါ ခဲ့ရသည်။ သို့သော် ` ဆရာမှာလည်း ဂုဏ်သိက္ခာ ရှိသလို ကျောင်းသားမှာလဲ ဂုဏ်သိက္ခာ ရှိသည်´ လို့ ယူဆထားတဲ့ ကိုယ့်ရဲ့ ခံယူချက် ကိုတော့ မမေ့အောင် မိမိကိုယ်ကို ခဏခဏ သတိပေး ရပါသည်။

ဆရာ-ဆရာမ အများစုအတွက် ကျူရှင်ပေးခြင်း ကိစ္စသည် အပြစ်မဆိုသာ။ မိမိလစာဖြင့် လောက်ငဖို့ ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်ပင်။ သို့သော် ရရှိလာသောအကျိုးဆက်များ ကတော့ ဆရာ-ဆရာမ တွေ ကျူရှင်လုကြသည်။ တချို့သော ဆရာ-ဆရာမတွေက တပည့်မွေး ကြသည်။ roll call နှင့် ခြိမ်းခြောက်ကြသည်။ အတန်းထဲမှာ `ပညာ´ ပြ၍စာသင်ကြသည်။ ထို `ပညာ´ ကား ကိုယ့်ထံ ငွေတုံးကလေးတွေ ရောက်လာဖို့ ပင်တည်း။

ဆရာ-ဆရာမတို့ သိက္ခာကား အသိမ်းလွန်သွားလို့ ထင်သည်။ ရှာတွေ့ဖို့ တော်တော် ခက်ခဲလာပါသည်။

++++++

တစ်ရက်မှာတော့ ဌာနထဲမှာထိုင်ရင်း ဆရာ-ဆရာမ အချင်းချင်း စကားစမြည် ပြောနေခိုက် ဆရာမလေး တစ်ယောက် မျက်ရည်လည်ရွဲနှင့် ၀င်လာသည်။ အားလုံးက ဘာဖြစ်လာလို့လဲလို့ ၀ိုင်းမေးကြသည်။ `သမီးကို 1-T အခန်းက ဟာတွေ အရှက်ခွဲလိုက်တယ် ´ ဆိုပြီး ငိုနေပါတော့သည်။ ( 1-T ဆိုသည်မှာ B.Tech 1st year.. 1-G ဆိုသည်မှာ AGTI first year အခန်းကိုဆိုလိုသည်။) တပည့်မ (၃)(၄)ဦးခန့် နောက်က လိုက်လာပြီး ဆရာမ စိတ်မဆိုးဖို့ရန် ရှိခိုးဦးတင် တောင်းပန် နေကြသည်။ အကြောင်းစုံ မေးလိုက်တော့ ဆရာမ စာသင်နေစဉ် နောက်ဖက်မှ ကျောင်းသား တော်တော်များများက စကားများ နေကြ သည်။နားမထောင်ကြ။ ထို့ကြောင့် ဆရာမက စာမေးမည်ဟု ဆိုကာ တစ်ယောက်ချင်း စာမေးသည်။ (စာမေးသည်ဟု ဆိုရာတွင် ဆရာမက ထိုစာများကို ကြိုတင် ဖတ်မထားရသေး ၍ ကျောင်းသားများကို ဖတ်ခိုင်းပြီး ဘာသာပြန်ခိုင်း ခြင်းဖြစ်သည်)။
ကျောင်းသားတစ်ဦး အလှည့်တွင် ထိုကျောင်းသားက မဖြေ။

`ကျွန်တော်မသိ၊ အဲဒီအကြောင်း ဆရာမအရင်ရှင်းပြလေ´ ဟုပြန်ပြောသည်။ အဲသည်အခါမှာ ဆရာမငယ်လေး အလွန် စိတ်ဆိုး ပြီး အတန်းထဲက ထွက်လာပါတော့သည်။
ဆရာမလေး ငိုတာလဲ အဆိုးမဆိုသာ၊ သူ့ခမျာ ဆရာမ ၀င်လုပ်တာ (၃)လ လောက်ပဲ ရှိသေးသည်။ သူကျောင်းပြီးတာကလဲ (၇)လပဲ ရှိသေးသည်။ BE ပြီးပြီးချင်း အလုပ်လျှောက်လိုက်တော့ သရုပ်ပြရာထူး၊ လစာ(၃၅၀၀၀ိ)စကေး ရသွားသည်။ BE ဆင်းတွေ အလုပ်ရဖို့ မလွယ်သော အချိန် ဆရာမ အလုပ်ရတော့ အိမ်ကလည်း လုပ်စေချင်သည်နှင့် စာသင်သော အလုပ်ကို ၀ါသနာ မပါသော်လည်း ၀င်လုပ်ဖြစ်သွားသည်။ Posting ကျသော အခါမှာတော့ သူမတစ်ခါမှ မရောက်ဖူးသေးသည့် ရန်ကုန်မြို့ရဲ့ အနီးအနားကျောင်း။ သူမ ကြီးပြင်း ခဲ့တာက မြန်မာပြည် အထက်ပိုင်းရဲ့ မြို့ငယ်လေးတစ်မြို့။ ထို့ကြောင့် တစ်ရွာ မပြောင်း၊ သူကောင်းမဖြစ် ဆိုတဲ့ စကားလေး လက်ကိုင်ထားပြီး ရင်ခုန်လှုပ်ရှားစွာနဲ့ လာခဲ့ခြင်း ဖြစ်သည်။ ထိုဆရာမလေး ပြောပြသော သူကျင်လည်ခဲ့ရတဲ့ နည်းပညာတက္ကသိုလ်ရဲ့ အကြောင်းလေးများ ကိုလည်း ဖောက်သည် ချချင်ပါသေးသည်။

+++++

သူမအမည်က ဖြူဖြူပဲ ဆိုပါတော့၊ ဖြူဖြူတို့ ၁၀တန်းအောင်တော့ သူမတို့ရဲ့ မြို့အနီးမှာ Government Technological College (GTC) လို့ခေါ်တဲ့ ကျောင်းကြီးတစ်ကျောင်း တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ သို့နှင့် ထို (GTC) ကျောင်းကြီးတွင် (Electronic Circuit) major ယူ၍ပညာစတင်သင်ကြားခဲ့သည်။ ဖြူဖြူတို့အတန်းတွင် စုစုပေါင်းမှ ကျောင်းသား-သူ (၁၆)ဦး ပဲရှိသည်။ ဖြူဖြူတို့ Major ရဲ့ [1styearAGTI, 2ndyearAGTI, B.Tech1styear, B.Tech2ndyear, BE] စသဖြင့် (၅)တန်း ပေါင်းလိုက်မှ စုစုပေါင်း ကျောင်းသားက (၁၀၀) မပြည့်၊ (၇၀)ပတ်ဝန်းကျင်ပဲ ရှိ၏။ ဆရာ-ဆရာမဦးရေကို ကျောင်းသားဦးရေနှင့် အချိုးချ၍ (Electronic Circuit) major အတွက် ၀န်ကြီးဌာနမှ ချပေးထားတာ ဆရာ-ဆရာမ (၅)ဦးပဲရှိသည်။ သို့သော် major ဘာသာ စုစုပေါင်းက အတန်း(၅)တန်း အတွက် (၂၀) ကျော်သည်။ ထိုအခါဆရာ(၁)ဦးလျှင် ဘာသာရပ် ၄ဘာသာ၊ ၅ဘာသာစီ ယူပြီး စာသင်ရတော့သည်။

ဖြူဖြူမှတ်မိသေးသည်။ ဖြူဖြူတို့ ဆရာ ဦးအောင်ကျော်မိုးသည် မနက်စာသင်ရန် ထွက်လာတော့ ဆံပင်စုတ်ဖွားနှင့် ဖြစ်နေသည်။ တပည့်တွေက ၀ိုင်းပြောတော့ `အေး.. နင်တို့ကိုသင်ဖို့ ငါ့မှာ ညကစာဖတ်ရတာ ဆိုင်းဝိုင်းကြီးတီးနေရသလို ဟိုဘာသာကြည့်လိုက်၊ ဒီဘာသာကြည့် လိုက်နဲ့... အခု၈နာရီကျော်မှနိုးလို့ ပလုပ်ကျင်းပြီးထွက်လာခဲ့တာဟေ့.. မျက်နှာသစ်ခဲ့တာတောင် ကျေးဇူးတင်´ တဲ့။

စာမေးပွဲတွေကနီးလာချိန် ဖြူဖြူတို့ရဲ့ major ဘာသာတစ်ခုက ဆရာမ သင်ထားတဲ့ သင်ရိုး မဟုတ်ဘူးတဲ့။ သင်ရိုးပြဌာန်းတဲ့ ဆရာက အသစ် ပြဌာန်းလိုက်တာကို ဖြူဖြူတို့ ကျောင်းက မသိလိုက်ပါတဲ့။ ကဲ--သင်ထားတဲ့ ဆရာမ ခင်မျာလဲ ပင်ပင်ပန်းပန်း ဖတ်ပြီး သင်ထား ခဲ့တာဖြူဖြူတို့ အသိ၊ အသစ်ကို ပြန်သင်ပေးဖို့ သူ့မှာ အချိန်မရှိတော့။ ဒီလိုနဲ့ စာမေးပွဲကြီး စခဲ့ပြီ။ ထိုဘာသာရပ် ဖြေရတဲ့နေ့မှာ ဆရာမက အဖြေတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးပြသည်။ ဆရာကြီးနှင့်တကွ အားလုံးက မသိလိုက် မသိဖာသာ နေကြသည်။

ဒီလိုနဲ့ပဲ ဖြူဖြူလဲ BE ဘွဲ့ရရှိခဲ့သည်။ ဖြူဖြူတို့ BE တက်တဲ့နှစ်မှာပဲ GTC ကနေ TU(Technology University) ဆိုတဲ့ အခေါ်အဝေါ် ပြောင်းခဲ့သည်။ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးမှာ Civil ဌာနက ဆရာတွေတက်ပြီး ဆေးတွေသုတ် စာတွေပြင်ရေးနေတာ တွေ့တော့ ငါတို့ကျောင်းက GTC မဟုတ်တော့ဘူးဆိုတာဖြူဖြူသိသွားသည်။ နောက်တစ်လ လောက်ကြာတော့ သတင်းစာ တွေထဲမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက GTC များကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်ရန် အဆင့်မြှင့် တင်လိုက်သည်ဟု ပါရှိခဲ့ပါသည်။

ဆရာမဖြစ်လာသော ဖြူဖြူ စာသင်ဖို့အတွက် ဘာသာရပ်တွေ ခွဲတော့ ယခုနှစ်မှာ University တွေဖြစ်သွားလို့ ပညာရေးကို နိုင်ငံတကာ အဆင့်မီ ဖြစ်အောင် စင်ကာပူက နန်ယန်း တက္ကသိုလ်ရဲ့ သင်ရိုးပြဌာန်းချက်နဲ့ ညှိလိုက်၍ စာအုပ်အသစ်တွေ ပြောင်းသွားသည်။ ဖြူဖြူသင်ဖို့ တာဝန်ယူရတဲ့ ဘာသာဟာ သူမကိုယ်တိုင် တစ်ခါမှ မဖတ်ဖူုးခဲ့သော ပြဌာန်းစာအုပ် ဖြစ်နေသည်။ ဌာနက ဆရာ-ဆရာမတွေက အားပေးသည်။

` ဖြူဖြူရေ စိတ်ညစ်မနေနဲ့၊ ငါတို့လဲဒီလိုပဲဟေ့၊ ဒီတွင်းထဲရောက်မှတော့ ဒါပဲစားရတော့မှာပဲ၊ ဟဲ ဟဲ´ တဲ့။

သူတို့တွေက လုပ်သက် တော်တော်ရပြီဆိုတော့ ကျောင်းသားနဲ့ ရင်ဆိုင်ရာမှာ သိပ်ပြသနာမရှိ၊ ဖြူဖြူမှာတော့ စာသင်ခန်းထဲ ရောက်တာနဲ့ ဇောချွေးတွေ ပြန်ပြီး အတန်းထဲက ကျောင်းသားတွေက သူကို့ လှောင်ပြုံး ပြုံး နေကြသည်ဟု ထင်နေသည်။ အားလုံးကို အမြင်ကပ်မိသည်။ ခုခေတ် ကျောင်းသားတွေ တော်တော်မိုက်ရိုင်းသည်ဟု မှတ်ချက်ချမိသည်။

++++++

ခုခေတ် ကျောင်းသားတွေဟု အမည်ပေးခဲ့သော ဖြူဖြူသည် ဘယ်ခေတ်မှာ ကြီးပြင်းခဲ့ပါ သလဲ။ စာရေးသူ စဉ်းစားမိသည်။ မနိုင်ဝန်ကို ထမ်းရတဲ့အခါ ဖြစ်လာတတ်တဲ့ သဘာဝလား။ စာရေးသူ ကိုယ်တိုင်လည်း (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက) ၂နှစ်ခွဲလောက် သင်ရိုးညွှန်းတမ်း ရှိတဲ့ Master ဘွဲ့ကို ၁နှစ်၃လလောက်နဲ့ ပြီးအောင် မွေးထုတ်ထားသော ထော့နဲ့နဲ့ ဆရာ တစ်ယောက်ပါပဲ။ ကိုယ်သင်ရမယ့် ဘာသာရပ်တွေက သင်ရိုးပြဌါန်းချက် မတည်ငြိမ်မှုကြောင့် တစ်နှစ်နဲ့ တစ်နှစ် အသစ်တွေ ပြောင်းနေလို့ စာအုပ်တွေ ရှာရတာနဲ့ အချိန်ကုန်ပြီး self-study နဲ့ပဲ ပြန်လည် သင်ကြား ပို့ချနေရတဲ့ ဆရာတစ်ဦးပါ။ သီအိုရီပိုင်းက အဲလိုတွေ ဖြစ်နေသည်မို့ လက်တွေ့ပိုင်း မှာရော ဘယ်လိုပါလဲ။


နည်းပညာတက္ကသိုလ် ဟူသည် လက်တွေ့ပရောဂျက်များ၊ field ဆင်းခြင်းများ ရှိရပါသည်။ သို့မှသာ ကျောင်းသားများ အတွက် အကြားအမြင်အတွေ့အကြုံများ ရှိပြီး လုပ်ငန်းခွင် ၀င်ရာတွင် အဆင်ပြေ နိုင်ပေမည်။ ယခုတော့ လက်တွေ့ လုပ်ဆောင်စရာ ပစ္စည်းများမရှိ သလောက်ပင်။ ရှိသမျှသော စက်ပစ္စည်း များမှာလည်း ရှေးဟောင်းပြတိုက်ထဲက ပစ္စည်းတွေဟု ထင်ရသည်။ field ဆင်းနိုင်ဖို့အတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးသော အဖွဲ့အစည်း ဟူ၍မရှိ။ ကျောင်းသူ ကျောင်းသား ကိုယ်တိုင် အဆက်အသွယ်ရှာပြီး field ဆင်းမှသာ ဖြစ်နိုင်ပေသည်။
တစ်ခုတော့ လုပ်ထားပေးသည်။ တက္ကသိုလ်တိုင်းမှာ IP-star ဆိုတာတပ်ဆင်ပြီး အင်တာနက် ချိတ်ဆက် ပေးထားခြင်းပင် ဖြစ်သည်။ လူဦးရေ (၃၀၀၀) နီးပါးရှိသော ကျောင်း၏ ကွန်ပျူတာလုံးရေမှာ အလုံး(၃၀) ခန့်ဖြစ်သည်။ ထိုအထဲတွင်မှ အပျက်များက ရှိသေးသည်။ အင်တာနက်ကိုလည်း ကျောင်းသူ-ကျောင်းသားများ လာရောက် အသုံးပြုခြင်းကို ကန့်သတ်ထားသည်။ စက်များ ပျက်စီးသွားလျှင် တာဝန်ခံများက တာဝန် မယူရဲသောကြောင့် အလွယ်တကူ ကိုင်တွယ် ခွင့်မပြု။ နိုင်ငံ၏ အညွန့်အဖူးလေးများ ပညာရင်နို့ သောက်စို့ရာ နေရာများရဲ့ အဖြစ် အပျက်ကလေးတွေပါ။ တာဝန်ရှိသူတိုင်းက တာဝန်မခံရဲ ကြသည့်အတွက် ရရှိလာသော ဆိုးပြစ်များဟုသာ ကောက်ချက်ချမိပါသည်။

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပညာနို့ချိုတိုက်ကျွေးသော ကျောင်းကြီးများသည် မာမူကြီးတွေ အဆင့်ဆင့် လက်လွှဲ လက်ပြောင်းနဲ့ ရောင်းနေတဲ့ နွားနို့တွေလို ရေတွေ အထပ်ထပ် ရောခံနေရတဲ့ နို့ရည်ကျဲတွေပဲ ရနိုင်တဲ့ နေရာတွေ ဖြစ်လို့နေပါတယ်။ ဒီနို့ရည်ကျဲကိုတောင် အားလုံးဟာ သောက်သုံးနိုင်ရဲ့လား။

သိက္ခာတွေ ချောင်ထိုးထားခံရတဲ့ ကျောင်းသားနဲ့ ဆရာတို့ ကျောင်းကားပေါ်မှာ ဆုံကြတဲ့အခါ ` ဆရာလာတာမြင်ရက်နဲ့ နေရာ ဖယ်မပေးတဲ့ ခုခေတ် ကျောင်းသား တော်တော် မိုက်ရိုင်းသား´ လို့ ဆရာကဆိုသလို ` ကျောင်းသားအပေါ် ခေါင်းပုံဖြတ်တဲ့ အရေး နည်းနည်းလေးတောင် လေသံမဟရဲ.. သတ္တိနည်းတဲ့ ခုခေတ်ဆရာ´ လို့ ကျောင်းသားက မြင်နေကြပါပြီ။

ဘယ်သူတွေက မှန်သလဲ၊ဘယ်သူတွေက မှားသလဲ၊ တကယ်တော့ အားလုံးဟာ မှားယွင်း နေတဲ့စနစ်ရဲ့ သားကောင်တွေ မဟုတ်ပါလား။ မုန့်လုံးကို စက္ကူမကပ်ကြပဲ စနစ်မှားကြီးကို တိုက်ဖျက်ရဲသော သိက္ခာရှိသည့်ဆရာ၊ သိက္ခာရှိသည့် ကျောင်းသား၊ လူ့ဂုဏ်သိက္ခာ အပြည့်အ၀ရှိသောလူသားများ အနေနှင့် နို့ရည် ချိုချိုမွှေးမွှေးကို သောက်သုံးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိနေသည်ကတော့အမှန်ပင်။ ။

လျှပ်စီးမီးလုံးနှင့် ဖယောင်းတိုင်

()

အိမ်ပြန်ရောက်တော့ အတော်ပင် မှောင်နေပြီ။ ယူကေဆောင်းတွင်းမှာ ညနေလေးနာရီ ကျော်ကတည်းက အမှောင်ထုလွှမ်းနေတာမို့ သူမအိမ်ပြန်ရောက်ချိန်မှာ အမှောင်ထု သိပ်သည်းနေတတ်စမြဲ။ ဧည့်ခန်းထဲ ရောက်လာတော့ မီးခလုတ်ကို သူမဖွင့်လိုက်သည်။ သားလေးက တွန်းလှည်းလေးထဲမှာ အိပ်ပျော်နေတုန်း စာအမြန်ဖတ်ဦးမှ။ ညနေအလုပ် ဆင်းသည်နှင့် ဆိုင်တဆိုင်ဆိုင်မှာ ကပျာကယာ မုန့်ဝင်စားပြီး၊ ညသန်းခေါင်ထိ ဖွင့်တဲ့ ကျောင်းစာကြည့်တိုက်မှာ သန်းခေါင်ချိန်ထိ စာထိုင်ဖတ်ပြီးမှ အိမ်ပြန်လာလေ့ရှိတဲ့ အတိတ်ဘ၀လေးကို သတိရမိသွားသည်။ အိမ်ပြန်ရောက်သည့် အခါတိုင်း သက်မဲ့စာအုပ်တွေ မဟုတ်တော့ပဲ သက်ရှိစာအုပ်လေးကို ဖတ်နေဖြစ်ခဲ့တာ နှစ်နှစ်တောင်ကြာလာခဲ့ပြီပဲ။ ဘာပဲပြောပြော ဒီညတော့ သက်မဲ့စာလေး ထိုင်ဖတ်ဦးမှပါလေ။


သို့ပေမယ့် သူမစိတ်ကူးတို့က ချက်ချင်းအကောင်အထည် ပေါ်မလာ။ မီးခလုတ်နှိပ်ပေမယ့် မီးက လင်းမလာခဲ့။ ဖွင့်လိုက်ပိတ်လိုက် ပြန်လုပ်ကြည့်သည်။ အိပ်ခန်းထဲက မီးခလုတ်ဖွင့်ကြည့်သည်။ ဒီတော့မှ အဖြေက ပေါ်လာသည်။ ဧည့်ခန်းထဲက မီးလုံးလေး ကျွမ်းသွားသည်ပဲ။ ညကြီးမင်းကြီး စတိုခန်းဖွင့်ပြီးလဲ မီးလုံးသစ်နဲ့ လှေကားလဲ သွားမယူချင်။ သားပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အိပ်ခန်းထဲမှာလဲ မထိုင်ချင်။ ဒီတော့ အကြံထုတ်ရသည်။ ထမင်းစား စားပွဲပေါ်မှာ တခါတရံ ထွန်းလေ့ရှိသည့် ဖယောင်းတိုင်လေး ရှိနေတာမို့ အဆင်ပြေသွားသည်။ လူပင်ပန်း၊ စိတ်ပင်ပန်းနှင့် သိပ်ပင်ပန်းသည့် ညများမှာ မီးညှိပြီး အနားယူဖို့ ထားထားသည့် အနံမွှေးသော ဖယောင်းတိုင်လေးများကလဲ ရှိသေးသည်။ အားလုံးထွန်းညှိလိုက်တော့ စာဖတ်လို့ရလောက်သည့် အလင်းရောင်လေး ရလာသည်။


သူမဖတ်ဖြစ်သည့် စာအုပ်က Raymond Lamont-Brown ရေးသားသည့် Kamikaze ဆိုတဲ့စာအုပ်။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်စစ်သင်္ဘောများပေါ်သို့ လေယာဉ်များ ထိုးစိုက်ချပြီး အသေခံတိုက်ပွဲဝင်သွားသည့် ဂျပန်အသေခံ ဆာမူရိုင်းများ အကြောင်း ရေးထားသည့် စာအုပ်။ ဒီလိုစာအုပ်လေးတွေကို သူမစိတ်ဝင်စားသည်။ အထူးသဖြင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အိုင်ဒီရော်လော်ဂျီများ။ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုပြီး ရန်သူကို အသေခံ ချေမှုန်းသွားသည့် အဆိုပါ ဆာမူရိုင်းများ၊ တိုင်းပြည်ကံကြမ္မာအတွက် ရန်သူသေနတ်ပြောင်းဝရှေ့ကို လက်နက်တစုံတရာ မပါပဲ တိုးဝင်သွားရဲခဲ့ကြသည့် ကမ္ဘာအရပ်ရပ်မှ အကြမ်းမဖက်ဆန္ဒပြသူများ၊ ယုံကြည်ချက် တစုံတရာကြောင့် ကြိုးစင်ထက်ကို ရဲရဲဝံ့ဝံ့လှမ်းတက်သွားခဲ့ဖူးသည့် တော်လှန်ရေးသမားများ၊ ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားနေသော အသေခံဗုံးဖောက်ခွဲမှုလုပ်နေသည့် အစွန်းရောက်များ။ သူတို့အားလုံး၏ ကလေးသူငယ်ဘ၀ ဖြတ်သန်းမှု စိတ်နေစိတ်ထား၊ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်၊သူတို့ဘ၀မှာ သက်ရောက်မှု ရှိခဲ့သည့် အတွေးအခေါ်တွေ၊ တွန်းအားတွေ၊ ဒါလေးတွေကို လေ့လာပြီး တနေ့ကျရင်တော့ သုတေသနလေ့လာ ဆန်းစစ်ချက်လေးတခု လုပ်ဦးမယ်လို့ စိတ်ကူးထားမိသည်။ ဒါကြောင့်လဲ ပတ်သက်သမျှ စာအုပ်စာတမ်းလေး တွေကို သီအိုရီရှုထောင့်မှ မဟုတ်ပဲ၊ တဦးချင်းစီရဲ့ အတိတ်ဘ၀လေးတွေအထိ စိတ်ဝင်တစား လေ့လာနေမိသည်။


ကလော့စ်ဝစ်ဆိုခဲ့ဖူးသည့် friction ဆိုတဲ့ လွဲချော်မှုလေးတွေဟာ စစ်ပွဲများတင်မကပဲ နေရာတိုင်းမှာ ရှိသည်ထင်ပ။ စာအုပ်လေးကို ကိုင်ပြီး ဖတ်မယ်လုပ်ခါမှ အစီအရီ ထွန်းထားသည့် ဖယောင်းတိုင်လေးတွေကို ကြည့်မိရင်း သူမအတွေးထဲသို့ တစုံတရာက ချဉ်းနင်းဝင်ရောက်လာသည်။ ပထမအစကျတော့ တန်ဆောင်တိုင်ပွဲတော်လေး။ နောက်တော့ မွေးရပ်မြေ။ နောက်တော့ မြန်မာနိုင်ငံ၊ ဒီလိုနဲ့ အတွေးတွေက တစတစ ကျယ်ပြန့်သွားရင်း လတ်တလောဖြစ်နေကြသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ငြင်းခုံဆွေးနွေးနေကြမှုများဆီ အတွေးက ရောက်သွားသည်။


(၂)

ဖွံ့ဖြိုးတိုးတက်ရေး။

ဒီစကားလုံးလေး သူမအတွေးထဲသို့ ခိုဝင်လာခဲ့သည်မှာ သူမ ငါးနှစ်ခန့်က ဖြစ်မည်ထင်သည်။ ဒီတုန်းက တီဗွီမှာ မြန်မာသတင်းကလဲ မိနစ်နှစ်ဆယ်ခန့်သာ ပြသည်။ နိုင်ငံတကာ သတင်းကလဲ ခဏတာမျှသာ။ သို့ပေမယ့် အဖိုးနဲ့အတူ နိုင်ငံတကာသတင်း ကြည့်ဖို့ ထိုင်စောင့်ရတာက ထိုစဉ်က အလုပ်တခု။ ဒီအချိန်ကာလက ကမ္ဘာတ၀ှမ်း သတင်းများမှာ အီသီးယိုပီးယား ငတ်မွတ်ခေါင်းပါးမှု ပြဿနာက နေရာယူ လွှမ်းမိုးထားသည့်ကာလ။ ရွက်ဖျင်တဲလေးတွေ။ ကလေးငယ်လေးတွေ။ ပုံရိပ်များက သူမနှလုံးသားထဲ တိုးဝင်လာခဲ့ကြသည်။ ဘာမှန်းတွေ သေချာမသိပေမယ့် အဖိုးပြောပြနေသည့် ငတ်မွတ်ခေါင်းပါးမှုပြဿနာ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုသော စကားလုံးလေးတွေကိုတော့ မှတ်မှတ်ရရ သတိရနေဖြစ်ခဲ့သည်။ နောက်ပိုင်းကျတော့ ကျောင်းသူဘ၀တလျှောက်မှာ မေမေခေါ်သွားဖူးသည့် အေအိုင်ဒီအက်စ်ပညာပေးပြပွဲများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးပြပွဲများကို ရောက်ခဲ့ရပြန်သည်။


သူမသာ ဆေးကျောင်းပြီးအောင် တက်ဖြစ်ခဲ့လျှင် နောက်ပိုင်းမှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို အထူးပြုဖြစ်ခဲ့လိမ့်မည်ဖြစ်သည်။ ဘယ်လိုပဲပြောပြော အခြေအနေအရ နောက်ပိုင်းကာလ ပြည်ပမှာ ကျောင်းပြန်တက်ဖြစ်တော့ ငယ်စဉ်က စိတ်ဝင်စားမှုလေးများကို သေချာလေ့လာခွင့် ရလာခဲ့တော့သည်။ စီးပွားရေးဆိုင်ရာ မဟာဘွဲ့တက်ဖြစ်တော့ အဓိက သင်ရမည့် advanced macroeconomics, advanced microeconomics, econometrics သုံးဘာသာအပြင် နောက်ထပ် ငါးဘာသာကို ကြိုက်ရာ ရွေးချယ်ခွင့်ရခဲ့သည်။ မဆိုင်းမတွပင် political economy အထူးပြု ကဏ္ဍမှ ကျန်းမာရေးဆိုင်ရာ Health Economics, ပညာရေးဆိုင်ရာ (Economics of Education), ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (Development Economics), ကာကွယ်ရေးဆိုင်ရာ (Defence Economics) နှင့် ဒေသဆိုင်ရာ၊ မြို့ပြဆိုင်ရာ (Regional & Urban Economics) တို့ကို ရွေးချယ်လေ့လာဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ နိုင်ငံရေးဆိုင်ရာ သုတေသနဘွဲ့များ ဆက်တက်ဖြစ်သွားတာမို့ နိုင်ငံရေး၊ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ တွေမှာ သုတေသီဖြစ်လာခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များကတော့ သူမရဲ့ research interests အနေနဲ့ ရှိနေခဲ့ဆဲ။ Public Health and Civil Wars in Burma ဆိုတဲ့ စာတမ်းလေးတခု သုတေသနလုပ်ဖို့ စပြီးမှ လိုချင်တဲ့ data တွေ အစုံအလင်မရနိုင်တာမို့ ရပ်ထားရပြန်သည်။ data မစုံလျှင် Information Bias ရှိနေလိမ့်မည်။ သုတေသီတယောက်နဲ့ ၀ါဒဖြန့်ချိရေးသမားတယောက် ထမ်းဆောင်ရမယ့် တာဝန်ချင်းက သဘောသဘာဝ မတူညီတာမို့ အချက်အလက်မစုံပဲနဲ့တော့ သူမမလုပ်ချင်ပါ။


ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း စဉ်းစားရင်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍရဲ့ အရေးကြီးဆုံး လုပ်ငန်းဆောင်တာတခုဖြစ်သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသို့ သူမ အတွေးများက ရောက်သွားသည်။ နိုင်ငံတနိုင်ငံမှာ ချမ်းသာဆင်းရဲ ကွာဟမှု ကြီးထွားနေသရွေ့၊ အခြေခံ ကျန်းမာရေးနှင့် ပညာရေးကို နိုင်ငံသူနိုင်ငံသားအားလုံး ခံစားခွင့် မရှိနေသရွေ့၊ လူတဦးအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်သည့် အစာအာဟာရကို လူသားတိုင်း စားသောက်ခွင့် မရှိနေသရွေ့ အဆိုပါနိုင်ငံကို ဖွံ့ဖြိုးတိုးတက်နေပြီဟု ပြော၍ မရနိုင်ပါ။ ကမ္ဘာ့ဘဏ်မှ ၁၉၉၀ ခုနှစ်တွင် ထုတ်ဝေသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးသော ရည်မှန်းချက်တရပ် ဖြစ်ပါသည်။


ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် လိုအပ်သော ချဉ်းကပ်နည်းလမ်းများနှင့် ပေါ်လစီများ၊ ပါဝင်ရမည့် လုပ်ငန်းဆောင်တာ အဖွဲ့များကို ပညာရှင်များက macro level, meso level, micro level ဟူ၍ အဆင့် (၃) ဆင့်ခွဲ၍ ဆန်းစစ်သတ်မှတ်ကြပါသည်။

1.

macro level

ထိုအဆင့်အနေဖြင့် အဓိက ကြိုးပမ်းဆောင်ရွက်ရမည့် ချဉ်းကပ်နည်းလမ်းနှစ်ခုမှာ စီးပွားရေးအရ တည်ငြိမ်မှု (economic stabilization) ရှိလာစေရန်ဖြစ်ပါသည်။ ထိုသို့ ဖြစ်ရန်အတွက် စီးပွားရေးပေါ်လစီတွင် exchange-rate depreciation ပေါ်လစီဖြင့် ညှိယူရပါမည်။ သွယ်ဝိုက်အခွန်များ မြှင့်တင်ခြင်းကို မပြုလုပ်ရပါ။ ဤနည်းလမ်းကို ယူဂန်ဒါတွင် (၁၉၉၀)တွင်လည်းကောင်း၊ မော်ရေးရှတွင် (၁၉၈၀) မှ (၁၉၈၂) အထိလည်းကောင်း၊ အင်ဒိုနီးရှားတွင် (၁၉၈၀) မှ (၉၇) အထိ လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။ နောက်တနည်းမှာ social capital တည်ဆောက်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် နိုင်ငံအုပ်ချုပ်သူ အစိုးရမှ reputation for trust ကို တည်ဆောက်ရပါမည်။


2.

Meso level


ဒီအဆင့်တွင် ချဉ်းကပ်လုပ်ကိုင်နည်း သုံးနည်းရှိပါသည်။ ပထမတနည်းမှာ လုပ်အားအသုံးပြု ကဏ္ဍများသို့ အရင်းအမြစ်များကို လွှဲပြောင်းအသုံးပြုရပါမည်။ ထိုသို့လုပ်ကိုင်ရန် လုပ်ငန်းငယ်များ အများအပြားပေါ်ပေါက်လာစေရန် အားပေးဆောင်ရွက်ရမည်။ အစိုးရမှ အခြေခံ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ထိရောက်စွာ ဆောင်ရွက်ရမည်။ တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများတွင် ဤနည်းလမ်းအသုံးပြု၍ အောင်မြင်မှုများ ရှိခဲ့ပါသည်။


ဒုတိယနည်းလမ်းမှာ ပြည်သူ့ဘဏ္ဍာခွဲဝေသုံးစွဲမှုများကို ပြန်လည်ပြုပြင်ရေး ပြုလုပ်ရပါမည်။ ထိုသို့ပြုလုပ်ရာတွင် ဆင်းရဲနွမ်းပမှုပပျောက်ရေးကို ဦးတည်ဆောင်ရွက်ရပါမည်။ စီးပွားရေးကဏ္ဍများတွင် လုပ်အားအခြေပြု သီးနှံများထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ စက်မှုနှင့် စွမ်းအင်နည်းပညာများ (ဥပမာ- မိုက်ခရိုဟိုက်ဒရို)စသည်တို့ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်ရပါမည်။ Informal sector များကိုလည်း ထောက်ခံအားပေးရပါမည်။


တတိယနည်းလမ်းမှာ ကဏ္ဍမျိုးစုံအတွက် လူမှုရေးရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများမှာ ပြုပြင်ပြောင်းလဲရေးနှင့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ရေအရင်းအမြစ် စသည်တို့အတွက် နိုင်ငံတကာမှ လှူဒါန်းသော ရံပုံငွေများ ဖြစ်ပါသည်။ ထိုရံပုံငွေများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် institution autonomy တော့ လိုအပ်ပါလိမ့်မည်။ လက်တွေ့အကောင်အထည်ဖော်ရန်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။


3.

Micro level


ဒီအဆင့်တွင် ချဉ်းကပ်ရမည့် နည်းများကို ပညာရှင်များက ခြောက်နည်းခန့် ခွဲခြားဖော်ပြထားပါသည်။ ပထမတနည်းမှာ social safety nets များဖြစ်ပါသည်။ အန်ဂျီအိုများမှ ဖြစ်စေ၊ ပုဂ္ဂလိကများမှ ဖြစ်စေ အခြေခံအစားအသောက်များ ပြည့်ဝစွာရရှစေရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ ကြိုတင်ကာကွယ်ရေး စသည်များကို ကူညီဆောင်ရွက်ပေးမှုများ ဖြစ်ပါသည်။ ဒုတိယတနည်းမှာ Public employment ပရောဂျက်များဖြစ်ပါသည်။ လုပ်အားခြေပြုလုပ်ငန်းဆောင်တာများ ဖြစ်စေရပါမည်။ တတိယနည်းလမ်းမှာ ထွက်ကုန်နှုန်းမြင့်မားသော သီးနှံများအား ဆင်းရဲနွမ်းပါးသော ဒေသမှ တောင်သူများကို စိုက်ပျိုးထုတ်လုပ်စေခြင်း ဖြစ်ပါသည်။ အရေးအလွန်ကြီးသော နောက်ထပ်နည်းလမ်းတခုမှာ ပိုင်ဆိုင်မှု ခွဲဝေမျှတခြင်း (Asset Redistribution) ဖြစ်ပါသည်။ ထို့အတွက် ဆင်းရဲနွမ်းပါးသူများဘက်မှ ဘက်လိုက်သော လယ်ယာမြေပြုပြင်ပြောင်းလဲရေး မလွဲမသွေ ပြုလုပ်ရပါမည်။ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရပါမည်။ ထုတ်လုပ်မှုအတွက် အရေးကြီးသော water rights ကို ဆင်းရဲနွမ်းပါးသူများထံသို့ ချေးငှားမှုပုံသဏ္ဍာန်ဖြင့် လွှဲပြောင်းပေးထားရပါမည်။


ထိုမျှမကသေး။ ကျေးလက်ဒေသများတွင် အဖြစ်များသော financial exclusion ကို ဖယ်ရှားနိုင်မည့် နည်းလမ်းများ (ဥပမာ- ကြွေးမြီဈေးကွက်ကို အောက်ခြေသို့ တိုးချဲ့ခြင်း) စသည်များကို ပြုလုပ်ပေးရပါမည်။ အုပ်စုလိုက် ချေးငှားခြင်းများပြုလုပ်ပေးပြီး၊ အာမခံထားခြင်း၊ စုဆောင်းခြင်းစသည့် risk management devices များကိုလည်း ဆောင်ရွက်ထားရပါမည်။ ထို့အပြင် ကျန်းမာရေးနှင့် ပညာရေးပရိုဂရမ်များကိုလည်း တိုးချဲ့ဆောင်ရွက်ရပါမည်။


(၃)


အဆိုပါ အချက်များမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ပပျောက်ရေးဆောင်ရွက်ရန် နည်းလမ်းများနှင့် ပေါ်လစီများဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျမ်းတစောင်မဟုတ်၍ အသေးစိတ်ချဲ့ကာ မပြောချင်တော့ပါ။ ထိုအချက်များအား ပြန်လှန်စဉ်းစားနေမိရင်း အတွေးများက လက်ရှိအငြင်းပွားနေကြသော ကိစ္စရပ်များဆီသို့ ရောက်သွားခဲ့ပြန်သည်။ ဒီလူတွေ ဘာအတွက်ကြောင့်များ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ ငြင်းခုန်နေကြပါလိမ့်လို့ သူမတွေးနေမိပြန်သည်။ အဖြစ်က ဒီလိုပါ။


မြန်မာပြည်အရေးမှာ စစ်အုပ်စုကို တိုက်ခိုက်ရန်မလို။ လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပမှု ပပျောက်ရေးတို့ကိုပဲ လုပ်ဆောင်ရမည်ဟု အချို့က ဆိုနေကြပါသည်။ နအဖအတိုက်အခံထဲမှ တချို့ကလဲ စစ်အုပ်စုကို တိုက်ခိုက်ရန်လိုသည့် အဆိုကို ပြောကြရင်း စစ်အုပ်စုပြုတ်ကျမှ ဖွံ့ဖြိုးရေးလုပ်ရမည်လိုလို အဆင့်ထိ ရောက်ကုန်ကြသည်။ နှစ်ဖက်လုံးက သူလုပ်တာ ထိရောက်တယ်၊ ကိုယ်လုပ်တာ ထိရောက်တယ်ဟူ၍ ငြင်းနေကြပြန်သည်။


အမှန်တော့ ပေါ်လစီရေးရာများ၊ ချဉ်းကပ်နည်းလမ်းများကိုသာ လေ့လာထားလျှင် ငြင်းစရာလုံးဝ မလိုတော့သည့် အချက်ပင်ဖြစ်သည်။ micro level မှာ တဦးချင်း၊ တဖွဲ့ချင်း တနိုင်တပိုင် လုပ်လို့ရသည့် ကိစ္စများရှိပါသည်။ ထို့အတူ macro level, meso level များမှာ အုပ်ချုပ်သူ အစိုးရကိုယ်တိုင်က စေတနာရှေ့ထားပြီး တတပ်တအား ဦးဆောင်အကောင်အထည်ဖော်ပါမှ လုပ်လို့ရသည့် ကိစ္စများလည်း ရှိပါသည်။ စစ်အုပ်စုအုပ်ချုပ်ရာ ကာလတလျှောက်တွင် စစ်အသုံးစရိတ်ကြီးမားမှု၊ စစ်မျိုးစစ်နွယ်များမှသာ စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်မှု၊ စီးပွားရေးပေါ်လစီများ၊ ဘဏ္ဍာရေးပေါ်လစီများ ထိရောက်စွာ မချမှတ်နိုင်မှုဆိုသည့် အားနည်းချက်များကို ပြည်သူတို့ ခါးစည်းခံနေကြရပါသည်။ ထို့ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် စစ်အုပ်စုအား မဖယ်ရှားပဲ မရပါ။(စကားအသုံးအနှုန်းကို ရှင်းစွာ ပြောထားပါသည်။ စစ်အုပ်စု ဟု သုံးထားပါသည်။ တပ်မတော်ဟု မသုံးထားပါ။ တပ်မတော်ဟူသည် နိုင်ငံတရပ်၏ ပြည်သူ၊ အစိုးရ၊ စစ်တပ် ဆိုသော ဖြစ်တည်မှုသဏ္ဍာန်သုံးရပ်တွင် ပါဝင်ပြီးသာဖြစ်၍ တပ်မတော်ကို မည်သူကမှ ဖယ်ရှား၍ မရပါ။ တပ်မတော်ကို တိုင်းပြည်အတွက် လိုအပ်သည့် ပုံသဏ္ဍာန်အနေဖြင့် မဟုတ်ပဲ ပြည်သူ့ချဉ်ဖတ်အနေဖြင့် သွတ်သွင်းနေသည့် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် လိုအပ်ခြင်းကိုသာ ဆိုလိုပါသည်)။


သို့ဖြစ်ရာ စစ်အာဏာရှင်စနစ် (ရာနှုန်းပြည့်ဖြစ်ဖြစ်၊ ၂၅ ရာခိုင်နှုန်းပဲဖြစ်ဖြစ်) ရှိနေသရွေ့ macro level ပေါ်လစီများကို ထိရောက်အောင် ဆောင်ရွက်၍ ရမည်မဟုတ်ပါ။ meso level အချို့နှင့် micro level အပိုင်းတွင် လုပ်လျှင် အတိုင်းအတာတခုအထိ ထိရောက်မည်များလည်း ရှိပါသည်။ မြန်မာများအနေနှင့်က မြန်မာပြည်ကို စေတနာရှိသည်ဆိုလျှင် အဆိုပါ အဆင့်များနှင့် ပတ်သက်၍ အငြင်းပွားမနေသင့်ကြပါ။ micro level နှင့် meso level လုပ်ငန်းဆောင်တာများကို စိတ်ဝင်စားသူများ တကယ်လုပ်ကိုင်ကြပါ။ (တခုတော့ ရှိပါသည်။ ဘာမှ မလုပ်ပဲနှင့် macro level ကို အကောင်အထည်ဖော်ရန်အတွက် စစ်အုပ်စုကို တိုက်ဖျက်နေသည့် အတိုက်အခံ များကိုတော့ အကြောင်းမဲ့ လိုက်လံ တိုက်ခိုက်မနေပါနှင့်။ နှစ်ဦးနှစ်ဘက် အချိန်ကုန်ပါသည်။ လုပ်စရာရှိတာကို ကိုယ့်ဘာသာကိုယ် လုပ်ရန်သာဖြစ်သည်)


ထို့အတူ တိုင်းပြည်ခြွင်းချက်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် macro level ပေါ်လစီများ ချမှတ်နိုင်ရေးအတွက် စစ်အုပ်စုကို တိုက်ရမည့်သူများကလည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အားစိုက်ကြိုးပမ်းတွေးဆရင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ သူ့ဘာသာသူ လူမှုထောက်ကူ ကိစ္စလုပ်သူများကို နိုင်ငံရေးထဲ မပါလို့ဟူ၍ သွားရောက်တိုက်ခိုက် ပြောဆိုခြင်း မပြုလုပ်မိစေရန် သတိထားကြရမည်။


နှစ်ဦးနှစ်ဘက် တိုက်နေကြလို့ကတော့ ဘယ်တော့မှ မပြီးပါ။ ဆေးရုံဆရာဝန်က ဆေးကုပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ပေါ်လစီရေးဆွဲသူများက ကျန်းမာရေး စီမံကိန်းများ ချမှတ်ပါသည်။ အားလုံး ကိုယ့်နည်းကိုယ်ဟန်ဖြင့် အကျိုးပြုနေသူများ ဖြစ်ပါသည်။ အခြေအနေတခုကို တွေးကြည့်ပါ။ ဆရာဝန်ရှိပြီး ဆေးရုံနှင့် ဆေးဝါးများ မရှိပါက ပြည်သူ့ကျန်းမာရေးကို မည်သို့စောင့်ရှောက်မည်နည်း။ ထို့အတူပဲ ပေါ်လစီသမားများမှ ပေါ်လစီချမှတ်ပြီး အကောင်အထည်ဖော်မည့် ကျန်းမာရေးဝန်ထမ်းများ မရှိပါက မည်သို့မည်ပုံ ဆောင်ရွက်ကြမည်နည်း။ ထိုနည်းလည်းကောင်းပင်။ ကျောင်းဆရာများရှိပြီး သင်ရိုးနှင့် ပညာရေးစီမံကိန်းများ မရှိပါက မည်သို့ဖြစ်နေမည်နည်း။ စီမံကိန်းများရှိပြီး ဆရာမရှိပါက မည်သို့မည်ပုံ စာသင်ကြမည်နည်း။


ယခုကိစ္စများမှာလဲ ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ “ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရမည်။ အတိုက်အခံများလုပ်နေသည်မှာ အကျိုးမရှိ” ဟု ပြည်ပတွင် ငုတ်တုတ်ထိုင်ရင်း ဝေဖန်လေကန်နေသူများသည် မြန်မာပြည်တွင်းတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ဖူးသေးခြင်း မရှိကြောင်း သေချာလှပေသည်။ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ကိုင်ခြင်း မ၇ှိသည့် အဖွဲ့အစည်းများ၊ စေတနာရှင်များ ကြုံတွေ့နေတတ်သည့် အခက်အခဲများ၊ လူမှုကယ်ဆယ်ရေးကိုတောင် လာဘ်ပေးလာဘ်ယူပြုလုပ်၍ ခွင့်ပြုချက်ယူရမှုများကို မသိနားမလည်၍ “ငါ့စကားနွားရ” ပြောနေကြခြင်းသာ ဖြစ်သည်။ သားဆက်ခြားရေးအတွက် တအိမ်တက်ဆင်း ပညာပေးဟောပြောမှုများကိုပင် နိုင်ငံရေးအရောင်ပါမှာစိုးလို့ဆိုပြီး၊ ရ၀တ၊ ကြံ့ဖွတ်တယောက်မှ တကောက်ကောက်လိုက်နေသည့် အခက်အခဲမျိုးကို ကြုံတွေ့ဖူးပါရဲ့လား။ နွမ်းပါးသည့် ရွာငယ်လေးမှာ ညနေပိုင်း အခမဲ့ကျုရှင်လေး ဖွင့်ဖို့ကိုတောင် အဆင့်ဆင့် လပေါင်းများစွာ ခွင့်ပြုချက်တင်နေရပြီး၊ ပညာသင်နှစ်ကုန်သွားသည်မျိုးကိုကော ကြုံဖူးပါရဲ့လား။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စများ မဟုတ်သေး။ လူမှုရေး၊ ပညာရေးတွင်တောင် ဤမျှအထိ ကန့်သတ် တားမြစ်ချင်များနေသော စစ်အုပ်စုအား ဖယ်ရှားရန် ကြိုးစားနေခြင်းကို လိုက်လံတိုက်ခိုက်ပြောဆိုနေသည့် ထိုလူများ၏ ဖွံ့ဖြိုးတိုးတက်ရေးပဲ လုပ်ဖို့ လိုတယ် ပြောနေသော စကားသံများရဲ့ စေတနာမှာကော တကယ်မှန်ကန်ပါရဲ့လား။


ထိုနည်းတူပင်။ အတိုက်အခံများ၏ နိုင်ငံရေးရာ ကိစ္စများတွင် တခွန်းတပါဒမှ လာရောက် ပါဝင်ပြောဆိုတိုက်ခိုက်ခြင်းမရှိပဲ သူ့ဘာသာသူ လူမှုထောက်ကူကိစ္စများ၊ လုပ်လို့ရနိုင်သလောက် ပညာရေး၊ ကျန်းမာရေးများတွင် လုပ်ကိုင် ဆောင်ရွက်နေသူ များအား အချို့သော အတိုက်အခံများမှ တိုက်ခိုက်ပြောဆိုခြင်းမှာကော မှန်ကန် နည်းလမ်းကျပါရဲ့လား။


အရေးကြီးသည်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပင်ဖြစ်သည်။ ကိုယ်က ကျွမ်းလောင်ပြီး ပျက်နေသည့် မီးလုံးကို လှေကားထောင် တက်လဲပြီး မီးလုံးသစ် အစားထိုးမည်လား။ (သို့မဟုတ်) အလင်းရောင် ခဏတာပေးဖို့ ဖယောင်းတိုင်လေး သွားထွန်းပေးမည်လား။ နှစ်မျိုးစလုံး သူ့နည်းသူဟန်နှင့်တော့ လောကအလှဆင် နေသူများသာ ဖြစ်သည်။ တခုတော့ရှိပါသည်။ ဖယောင်းတိုင်ထွန်းမည့်သူကလဲ ထွန်းပေးနိုင်သည်မှာ ခဏတာပဲဆိုသည့် သဘောကို နားလည်ရပေမည်။ မီးလုံးလောက်တော့ လင်းလာမှာ မဟုတ်တာကို သဘောပေါက်ရပေမည်။ ထို့အတူ မီးလုံးတက်လဲမည့်သူကလဲ အချို့သော နေရာများမှာ ဖယောင်းတိုင်အလင်းလေးတွေ ယာယီလိုအပ်သည်ကို နားလည်ရပေမည်။ ကိုယ်မှန်တယ်၊ သူမှန်တယ် ငြင်းစရာမလိုပါ။ ကိုယ့်အလုပ်ကိုယ် ထိရောက်စွာ လုပ်ဖို့သာ လိုအပ်သည်။


မီးလုံးလဲမည်ဆိုပြီး တက်ရမည့် လှေကားကို ဟိုအမှတ်တံဆိပ်ပါလှေကား၊ ဒီအမှတ်တံဆိပ်ပါလှေကားရွေးနေခြင်း၊ လှေကားပေါ်တက်မည့်သူကို ဟိုတီရှပ်တံဆိပ်၊ ဒီတီရှပ်တံဆိပ် ၀တ်တက်ပါ လုပြောနေခြင်း၊ တယောက်ကတက်မည်လုပ်သည်ကို နောက်တယောက်က ဆွဲချခြင်း၊ မီးလုံးပျက်အား လက်ညှိုးထိုးပြပြီး လုပ်စားနေခြင်းများ မရှိလျှင်တော့ မီးလုံးလဲမည့်သူများမှ ကိုယ့်အလုပ်ကိုယ်လုပ်နေသည် ဆိုနိုင်ပါသည်။


ထိုနည်းလည်းကောင်းပင်။ ဖယောင်းတိုင်ဝယ်ရန် အကြောင်းပြပြီး ပိုက်ဆံတောင်းစားနေခြင်း၊ ပြည်ပစေတနာရှင်များ၏ ထောက်ပံ့ကြေးများကို အာဏာပိုင်နှင့် ပေါင်း၍ ဝေစားမျှစားလုပ်ခြင်း၊ မီးလုံးသာ လဲနိုင်သွားလျှင် ကိုယ့်နေရာပျောက်မည်စိုး၍ လိုက်လံ ပိတ်ဆို့ တားဆီးနေခြင်း၊ ဖယောင်းတိုင် မီးညှိရန် စေတနာတရား အမှန်တကယ်လဲ မရှိပါပဲနှင့်၊ တကယ်လဲ မီးညှိရန်ကြိုးစားနေခြင်း မရှိပါပဲနှင့် မိမိနာမည်ရရေးအတွက် မီဒီယာများပေါ်တက်ပြီး အသံကောင်းဟစ်နေခြင်း စသည်များ မရှိလျှင်တော့ ဖယောင်းတိုင်ထွန်းသူများမှ ကိုယ့်အလုပ်ကိုယ်လုပ်နေသည် ဆိုနိုင်ပါသည်။


ထိုအချက်များကို တွေးနေမိရင်း သူမ ထိုင်နေရာမှ အသာထလိုက်ပါသည်။ ပျက်ယွင်းနေသော လျှပ်စီးမီးလုံးလေးကို လဲရပါဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် ခဏတာ အလင်းရောင်ပေးသည့် ဖယောင်းတိုင်လေးများကိုလဲ သူမကျေးဇူးတင်နေမိပါသည်။


ခင်မမမျိုး (၂၁၊ ၂၊ ၂၀၀၉)

Monday, February 16, 2009

လမိုက်ညမှာလင်းတဲ့ကြယ်စင်

အမှောင်ထုမည်မျှပင် ပိတ်ကာလွှမ်းစေကာမူ လမ်းပြကြယ်၏ အလင်းရောင်လေးနှင့် လမ်းဆုံးအောင် သွားနိုင်သည့် လူသား သတ္တိရှင်များ ကမ္ဘာအရပ်ရပ်တွင် ရှိခဲ့ဖူးပါသည်။ ရှိလဲရှိနေဆဲ။ နောင်လဲရှိနေမည်မလွဲ။ သို့ပေမယ့် ထိုလူသားများ လမ်းဆုံးထိ ရောက်စေရေးအတွက် လမ်းပြကြယ်စင်လေးများ လင်းလက်ပေးဖို့တော့ လိုပေလိမ့်မည်။



မြန်မာပြည်မှာ လူဖြစ်ခွင့်ရသော ကလေးငယ်များ၏ ဘဝကို လေ့လာကြည့်ပါ။ လမိုက်ညနှင့် ကြုံတွေ့နေကြရပေသည်။ လသာညမှာ ခရီးသွားခွင့်ရနေပြီး ဖြောင့်ဖြူးသော အနာဂတ်လမ်းနှင့် ကြီးပြင်းခွင့်ရသူများကား ခပ်ရှားရှား။ တကယ့်ကို ခပ်ရှားရှားရယ်ပါ။

ကလေးငယ်၊ လူငယ်များအား လေ့လာကြည့်လျှင် သူတို့မိဘများ၏ အလုပ်အကိုင်၊ စီးပွားရေးအခြေအနေကိုကြည့်၍ ဘဝအမျိုးမျိုးကွာခြားနေကြရသည်ကို တွေ့ရမည် ဖြစ်ပေသည်။ လူ့ဘဝအနာဂတ်၏ တစ်ခုတည်းသော ဖန်ဆင်းရာဖြစ်သည့် ပညာရေး ရရှိပုံများမှာလဲ ဘဝအခြေအနေပေါ်မူတည်၍ ကွာခြားကြလေသည်။

(၁)အချို့သော ကလေးငယ်၊လူငယ်များ၏ မိဘများမှာ စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ရာထူးကြီးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကလေးများဖြစ်ပြီး၊ ငယ်စဉ်မှစ၍ နာမည်ကြီးထိပ်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မီကျောင်းများတွင် ပညာသင်ကြားခွင့်ရကြပြီး၊ အထက်တန်းပညာအောင်ပြီးသောအခါတွင်လဲ စင်ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံများမှ ဘွဲ့များရရှိကာ နိုင်ငံရပ်ခြားတွင်ပင် ပညာနှင့် အလုပ်လုပ်သူလုပ်၊ ပြည်တွင်းပြန်ဝင်ပြီး မိဘပိုင်လုပ်ငန်းများတွင် ဦးစီးလုပ်ကိုင်သူ လုပ်ကိုင်၊ စစ်အာဏာရှင်တို့၏ ဌာနဆိုင်ရာများတွင် ရာထူးကြီးရသူရနှင့် ဘဝလမ်းခရီးအဆင်ပြေကြပါသည်။ (မှတ်ချက်။ ။ မိဘအရှိန်အဝါနှင့် ဆိုးသွမ်းမိုက်မဲနေသူများကို မဆိုလိုပါ။ ပညာရနိုင်သော အခွင့်အလမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)

(၂)အချို့သော ကလေးငယ်လူငယ်များမှာမူ သင့်တင့်သော ဝင်ငွေရှိသည့် မိသားစုများတွင် ကြီးပြင်းလာကြပြီး၊ အချိန်တန်ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင်၊ မဟုတ်လျှင်လဲ မိဘလုပ်စာ ထိုင်စားပြီး လိုက်လျားလိုက်လျား ဘဝခရီးလမ်းကို ကြုံတွေ့ကြပါသည်။ ဤမိသားစုများတွင်းမှ အချို့သော ပညာလိုလားသူများမှာမူ နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆက်သင်နိုင်သည် ဆိုသော ပညာသင်ဆု အခွင့်အရေးများကြောင့် နအဖလက်ကိုင်တုတ်အဖွဲ့များ အတွင်းသို့ ရောက်ရှိပြီး ပေးတာယူ ကျွေးတာစားဘဝတွင် တင်းတမ်ရောင့်ရဲကြရသည်။ အချို့လဲ နအဖထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များတွင် အလုပ်လုပ်ကိုင်ရင်း၊ အဆိုပါဂျာနယ်များနှင့် ဆက်သွယ်ထားသည့် တက္ကသိုလ်တချို့မှ ပညာသင်ဆုများ ရရှိကာ တတိယအုပ်စုဝင်များ ဖြစ်လာကြသည်။ အချို့မှာလဲ အလွယ်နည်းလိုက်ကာ နအဖတို့၏ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ စစ်ကွန်ပျူတာ တက္ကသိုလ်များသို့ ရောက်ကုန်ကြပါသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တပ်မတော်တက္ကသိုလ်များသို့ လျှောက်ထားသူများ ယခုကာလတွင် မရှိသလောက် ဖြစ်နေပါပြီ။ အချို့မှာလဲ နိုင်ငံရပ်ခြားသို့ ထွက်ခွာကာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အိမ်စရိတ်ကို ပြန်လည်ထောက်ပံ့ကြရပါသည်။ ကြိုးစားရင်း မိမိဥာဏ်ပညာဖြင့် နိုင်ငံခြား တက္ကသိုလ် ပညာသင်ဆုများရ၍ ကျောင်းများ ဆက်တက်နိုင်ကာ ဘ၀ရေး အဆင်ပြေလာသူများလဲ ရှိသည်။ သို့ပေမယ့် ရာခိုင်နှုန်းကား အလွန်နည်းပါးနေဆဲ။

(၃)အချို့သော ကလေးငယ်၊လူငယ်များမှာကား မိဘများမှ အလယ်တန်း၊ အထက်တန်းပညာ လောက်အထိသာ သင်ကြားပေးနိုင်ပြီး၊ စက်မှုလက်မှုလုပ်ငန်းများ၊ ယာဉ်လုပ်ငန်းများ၊ စတိုးဆိုင် အရောင်းစာရေး လုပ်ငန်းများသို့ ရောက်ရှိနေကြပါသည်။ ကံဆိုးသူတချို့မှာ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ်ခန္ဓာနှင့် ရင်းပြီး စီးပွားရှာရသည့် ဘဝသို့ ရောက်ရှိနေကြရသည်။

(၄)အချို့သောကလေးငယ်၊ လူငယ်များမှာကား မူလတန်းပညာရေးကိုပင် သွားရောက်သင်ကြားပေးရန် မိသားစုဝင်ငွေမလုံလောက်သဖြင့်၊ ဝမ်းရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရကာ သူတပါးအိမ်မှ အိမ်ဖော်ဘဝ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးဘဝ၊ လမ်းဘေးဈေးသည်ဘဝ၊ လက်ငုတ်လက်ရင်း လယ်ယာကိုင်းသမား ဘဝများနှင့် ကျင်လည်နေကြရပါသည်။ မသမာဝိသမသမားများ၏ လူကုန်ကူးမှု သားကောင်ဘဝသို့ ရောက်ကာ ဘဝပျက်ရသူများလဲ ရှိပါသည်။

(၅)အချို့သော ကလေးငယ်၊လူငယ်များမှာမူ စစ်မက်ဇုံတွင် နေထိုင်ကြီးပြင်းရသဖြင့် ပညာသင်ခွင့်ဆုံးရှုံးကာ တပြေးပြေး တလွှားလွှား၊ တထိတ်ထိတ်တလန့်လန့်နှင့် နေထိုင်နေကြရပါသည်။

(၆)အခြားသော သီးသန့်ထွက်ပေါ်လာသည့် အုပ်စုမှာ အတိုက်အခံ နိုင်ငံရေးသမားများ၏ ရင်သွေးငယ်များ ဖြစ်ကြပါသည်။ မည်သည့် ဝင်ငွေရှိသည့် မိသားစုဝင်ပင်ဖြစ်ပါစေ၊ တခုတည်းသော တူညီချက်မှာ ကျောင်းနေစဉ်မှစ၍ ဆရာ၊ဆရာမများ၊ ရွယ်တူများ၏ ခွဲခြားဆက်ဆံခြင်းကို ခံကြရပြီး၊ အထက်တန်းပညာအောင်၍ တက္ကသိုလ်များ လျှောက်သော အခါ၌ကား အသက်မွေးဝမ်းကြောင်း ပညာများကို သင်ခွင့်မရကြခြင်းပင်ဖြစ်သည်။

မြန်မာပြည်ကျောင်းသားလူရွယ်၊ ကလေးသူငယ်များ၏ ထိုသို့ဖြစ်ပေါ်နေဆဲ အခြေအနေများကြားတွင် နအဖပြန်ကြားရေးတာဝန်ရှိသူကတော့ ‘မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်ဖြစ်သည့် မူလတန်းပညာ အားလုံးတတ်မြောက်ရေး ရည်မှန်းချက်အား ပြည့်မှီသည် ‘ဆိုကာ အရှက်မရှိသော မျက်နှာဖြင့် ပြက်လုံးထုတ်သလား အောက်မေ့ရအောင် ပြောဆိုသွားခဲ့ဖူးပါသည်။ ထိုသို့ပြောကြားနေသည့် နေရာနှင့် မလှမ်းမဝေး မြို့တစ်မြို့ဆီမှ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြရရှာသော မူလတန်းအရွယ် ကလေးငယ်များကိုပင် မမြင်နိုင်လောက်အောင် အမြင်လွှာ ချွတ်ယွင်းအားနည်းနေ၍ပင် ဖြစ်ပေလိမ့်မည်။

စာရေးသူအထက်ပါအတိုင်း ခွဲခြားထားသည့် အုပ်စုများမှာ မိဘများ၏ ဝင်ငွေပေါ်မူတည်၍ ပညာသင်ခွင့် ကွဲပြားခြားနားပုံကို ပြသခြင်းဖြစ်ပါသည်။ ပထမအမျိုးအစား လူငယ်များမှာ မြန်မာ့လူရွယ် ကလေးငယ်များ၏ တစ်ရာခိုင်နှုန်းပင်မရှိပါ။ ပညာသင်ကြားခွင့်ရရေးသည် လူ့အခွင့်အရေး တခုဖြစ်ပါလျက် မြန်မာကျောင်းသားလူငယ်များ၏ ပညာသင်ခွင့်ရရေးသည် အဘယ်ကြောင့် ဝင်ငွေပေါ် မူတည်နေရပါသနည်း။ စာရေးသူတို့နိုင်ငံကို အုပ်ချုပ်မင်းလုပ်သူများ အသုံးမကျ၍သာဖြစ်သည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် လက်ရှိလူရွယ်၊ ကလေးသူငယ်များပေါ်တွင်မူတည်သည့် အမှန်တရားကိုပင် မမြင်နိုင်လောက်အောင် အာဏာရူး၊ ဥစ္စာရူးများ ဖြစ်နေကြလို့သာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အပိုဒ်(၁၆)တွင် လူသားတို့၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍

(၁)လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။

(၂)ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့အပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလဲ ဖြစ်မြောက်အောင် အားပေးရမည်။

(၃)မိဘတို့တွင် မိမိတို့ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော ကနဦး အခွင့်အရေးရှိရမည် ဟူ၍ ဖော်ပြပါရှိလေသည်။

ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတိုင်းအတွက်ပညာရေးဟူသော လူ့အခွင့်အရေးမရှိသည်မှာ သေချာနေပေပြီ။ ကျွန်ုပ်တို့၏ နောင်အနာဂတ်မျိုးဆက်လေးများသည် ကမ္ဘာ့လူသားတိုင်း ခံစားခွင့်ရသည့် လူ့အခွင့်အရေးကို ခံစားခွင့်မရရှာကြ။ လမိုက်ညအမှောင်တွင် လမ်းပျောက်နေသူများနှယ် ဖြစ်နေကြရရှာသည်။

ထိုလမိုက်ညထဲမှ လမ်းပျောက်နေသူများအတွက် အလင်းပေးမည့် ကြယ်စင်များ လိုအပ်လှပါသည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော မင်းမဟော်၊ အေအီအိုင်အိုယူ နှင့် အခြားပညာရေး ဖွံဖြိုးတိုးတက်မှု အစီအစဉ်များမှာ ထိုသို့ အနာဂတ်အတွက် လမ်းပြပေးမည့် ကြယ်စင်လေးများဖြစ်ကြပါသည်။

အဆိုပါလမ်းပြကြယ်စင်လေးများ ရေရှည်တည်တံ့ခိုင်မြဲရန်၊ ကြယ်စင်အသစ်လေးများ ဆက်လက် ပေါ်ပေါက်လာစေရန်နှင့် နောက်ဆုံး မြန်မာ့မျိုးဆက်များအပေါ်တွင် ဖုံးအုပ်နေသော အမှောင်ထုများ ပျောက်ကွယ်သွားစေရန်ကတော့ စာရေးသူတို့ မြန်မာများအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း----။

အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူများဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

ခင်မမမျိုး



Friday, February 6, 2009

သင်ယူခြင်းအပေါ် စာမေးပွဲရဲ့ သက်ရောက်မှုများ

ရေးသားသူ - S.S.

မကြာသေးခင် စင်္ကာပူနိုင်ငံမှ Primary Education Review and Implementation (PERI) Committee က မူလတန်းပညာရေးနဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အချက်တွေကို စင်္ကာပူနိုင်ငံရှိပညာရေးဌာနကို အကြံပေးတင်ပြခဲ့ပါတယ် ။ လူဦးရေ ၁၁ ယောက်ပါဝင်တဲ့ Primary Education Review and Implementation (PERI) Committee ကို Senior Minister of State (National Development and Education) ဦးဆောင်ပြီး ၊ ပညာရေးဌာနနဲ့ ပုဂ္ဂလိကနယ်ပယ်မှလူများနဲ့ ဖွဲ့စည်းထားပါတယ် ။ အဲဒီ PERI အဖွဲ့ဟာ ခုလို မူလတန်းပညာရေးနဲ့သက်ဆိုင်တဲ့အကြံပြုချက်တွေ မတင်ပြခင် လူဦးရေ ၆၀၀ ကျော်ပါဝင်တဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နဲ့ ဆရာ ဆရာမများ ၊ မိဘများ ၊ ပြည်သူလူထုတို့နဲ့ သူတို့တွေ့ရှိချက်တွေကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပါတယ် ။ [1]

PERI တင်ပြခဲ့တဲ့အကြံပြုချက်တွေဟာ ကလေးတွေကို စာပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ၊ ဘက်စုံပညာရေးပိုင်းကိုဦးတည်ထားပါတယ် ။ အကြံပြုချက်တွေအားလုံးထဲမှာ ထူးခြားသိသာပြောင်းလဲစေတဲ့အချက်ကတော့ မူလတန်းရဲ့ပထမဆုံးနှစ်တန်းဖြစ်တဲ့ Primary 1 & Primary 2 တွေမှာ စာမေးပွဲကြီးတွေမစစ်တော့ပဲ သင်ခန်းစာအလိုက်ပဲစစ်ဆေးတဲ့ assessment လို့ခေါ်တဲ့ အသေးစားစာမေးပွဲပုံစံလေးတွေပဲ လုပ်ဖို့ပါပဲ ။ [1]

မူလတန်းပထမနှစ်နှစ်မှာ စာမေးပွဲကြီးတွေမစစ်ဖို့အကြံပေးတယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီး စင်္ကာပူနိုင်ငံမှာရှိတဲ့စာဖတ်သူတွေဟာ သတင်းစာရဲ့ပေးစာအပိုင်းမှာ အဲဒီအကြံပြုချက်နဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲကြီးတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့ရင် ကလေးတွေဟာ သူတို့သင်နေရတဲ့ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာသင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့မြင်တဲ့အတွက် ထောက်ခံသလို ၊ တချို့ကျတော့လည်း အဲဒီနှစ်နှစ်အပြီးမှာ စာမေးပွဲကြီးတွေပေါ်အလေးထားတဲ့ အကြီးတန်းမူလတန်းပညာရေးကိုရင်ဆိုင်ရတဲ့အခါ ကလေးတွေနေသားကျပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲဆိုတာ လုံးဝမရှိတာတော့မဖြစ်သင့်ကြောင်း ၊ ကလေးတွေကို သင်ခန်းစာအလိုက်ရံဖန်ရံခါစစ်ဆေးတယ်ဆိုတာ ကောင်းသလိုထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ အဲလိုစစ်ဆေးတိုင်းအမှတ်ကောင်းရအောင် မိဘတွေက ကလေးတွေကို တွန်းအားပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ၊ စာမေးပွဲဆိုတာကို အရေအတွက်လျှော့ချပြီး အရည်အသွေးကိုပိုအလေးပေးသင့်ကြောင်း ၊ အရည်အသွေးကိုပိုအလေးပေးဖို့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲထုတ်ပေးတာထက် ကလေးတယောက်ဆီကို ဘယ်နေရာမှာလိုအပ်နေတယ်ဆိုတာမျိုး ပြန်လည်ပြောပြသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ကြပါတယ် ။ ပေးစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Primary 4 အဆင့်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတဦးဆီကပါ ။ သူရေးထားတာကတော့ ကျောင်းဆိုတာ စာပိုင်းဆိုင်ရာတွက်ပဲ သင်ကြားပေးနေတဲ့နေရာ မဖြစ်သင့်ပဲ ၊ ကျောင်းသားတွေကို ဘ၀မှာလူကောင်းတွေဖြစ်လာအောင်ပါ ပြုစုပျိုးထောင်သင့်ကြောင်းပါ ။ [2]

စာဖတ်သူတွေရေးထားတဲ့စာတွေကိုဖတ်ရင်း learning (သင်ယူခြင်း) နဲ့ motivation (လှုံ့ဆော် တိုက်တွန်းမှု) တို့ရဲ့ ဆက်စပ်မှုတွေကို သွားစဉ်းစားလိုက်မိတယ် ။ လှုံ့ဆော် တိုက်တွန်းမှု (motivation) ဆိုတာကို intrinsic (ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာသော) နဲ့ extrinsic (ပြင်ပအရာများကြောင့် ဖြစ်ပေါ်လာသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ လေ့လာသင်ယူခြင်းပိုင်းကိုလည်း deep learning (အချက်အလက်များကို သေချာ လေ့လာ တွေးခေါ် ဆက်စပ် နက်ရှိုင်းစွာ သင်ယူခြင်း) နဲ့ surface learning (အချက်အလက်များကို တစုံတရာရရှိဖို့အတွက် အပေါ်ယံ သင်ယူခြင်း) ဆိုပြီး အဓိကနှစ်မျိုးခွဲနိုင်ပါတယ် ။ ပညာရေးသုတေသီတွေ လေ့လာတွေ့ရှိတာကတော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲစာကျက်ကြတာဖြစ်တဲ့အတွက် သူတို့ဟာ အပေါ်ယံသင်ယူခြင်းမျိုးနဲ့ပဲ သင်ယူနေကြတယ်ဆိုတဲ့အချက်ပါပဲ ။ ဒီလိုဆိုရင် စာဖတ်သူတွေရေးထားတဲ့စာတွေထဲကလို စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလား လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ ဒါပေမယ့် နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကိုသင်ယူ မှတ်သား နိုင်ခဲ့သလဲဆိုတာကို ပြန်စစ်ဆေးဖို့အတွက် စာမေးပွဲဆိုတာမျိုး ပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။

တချိန်တည်းမှာပဲ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ် ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့ ၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ် ။ အဆင်မြင့်ပညာရေးတွေကို ဆက်တက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စကောလားရှစ်လျှောက်တာမှာပဲဖြစ်ဖြစ် ၊ အလုပ်တခုကို ကျောင်းအပြီးမှာ စလျှောက်တာပဲဖြစ်ဖြစ် ၊ အဲလိုအခါတွေမှာ စာမေးပွဲတွေရမှတ်ဟာ တပိုင်းတဒေသက အရေးပါနေတာအတွက် ကျောင်းသားတွေဟာ စာမေးပွဲရမှတ်အပေါ် အလေးထားကြတာ အံ့သြစရာတော့မဟုတ်ပါဖူး ။

ထပ်မံပြီးတော့ မကြာသေးခင်ကပဲ ဖတ်ပြီးသွားတဲ့ Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ "Why we do what we do - Understanding Self-Motivation" ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတွေကို ဆက်စပ်တင်ပြလိုက်ပါတယ် ။ အဲဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ စမ်းသပ်မှုတခုကတော့ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး ၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ ။ အဲဒီစမ်းသပ်မှုရဲ့တွေ့ရှိချက်ကတော့ - -

  • စာမေးပွဲစစ်ခံရမယ်လို့ ပြောထားမခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ သူတို့ဖတ်ထားခဲ့တဲ့စာပိုဒ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို စာမေးပွဲစစ်ခံရမယ်လို့ ပြောထားခံခဲ့ရတဲ့အဖွဲ့ကကလေးတွေထက် ပိုမိုနားလည်နိုင်ခဲ့ပါတယ် ။


  • စစ်ဆေးခံရမယ်လို့ ပြောထားခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ သူတို့ဖတ်တဲ့အချက်အလက်တွေကို ပိုမိုအလွတ်ကျက်မှတ်နိုင်ခဲ့ပါတယ် ။


  • အဲဒီစမ်းသပ်ချက်အပြီး တစ်ပတ်အကြာမှာ အဲဒီနှစ်ဖွဲ့ကကလေးတွေကို သူတို့ဖတ်ခဲ့တဲ့စာပိုဒ်တွေထဲကအကြောင်းအရာတွေကို ပြန်စစ်ဆေးတဲ့အခါ စစ်ဆေးခံရမယ်လို့ပြောထားမခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ အကြောင်းအရာတွေကို ပိုမိုဖြေဆိုနိုင်ခဲ့ပါတယ် ။


  • ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာနားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲကထုတ်ပြီးသားဖြစ်သွားလေ့ရှိကြောင်း Edward L. Deci က သူ့စာအုပ်ထဲမှာထောက်ပြထားပါတယ် ။

    ပေတံတခုအဖြစ်သုံးနေရတဲ့ ဖယ်ရှားလို့မရတဲ့စာမေးပွဲဆိုတာကိုကျင့်သုံးနေရင်း ကျောင်းသားတွေကို နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ ၊ ကျောင်းသားတွေမှာ ပညာသင်ယူခြင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် ၊ သင်ကြားရေးပိုင်းမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို ပညာရေးသုတေသီတွေ ကြည့်လာကြပါတယ် ။ အဲဒီအခါမှာ မူလတန်း ၊ အထက်တန်း ၊ အဆင့်မြင့်ပညာရေးရယ်လို့ တကန့်စီပြန်လည်သုံးသပ်ကြပါတယ် ။ ငယ်ရွယ်စဉ်ကလေးတယောက်ရဲ့ ဦးနှောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတာတွေမှန်သမျှကို သင်ယူရာမှာ ရေမြုပ်တခုလိုပဲ စုပ်ယူနိုင်တဲ့စွမ်းအင်ရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ် ။ ဒါ့အပြင် ကလေးတယောက်ရဲ့ လေ့လာသင်ယူတဲ့နှုန်း (learning curve) ဟာ သူ့ဘ၀တခုလုံးမှာ အမြင့်ဆုံး (သို့မဟုတ်) အမတ်စောက်ဆုံး (steepest) ဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါကြောင့် ကလေးငယ်တွေအတွက်ဖြစ်တဲ့ မူကြို နဲ့ မူလတန်းပညာရေးတွေမှာ နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ သူတို့ဆီမှာ သူတို့သင်ယူနေရတဲ့အချက်အလက်တွေပေါ် စိတ်ဝင်တစားဖြစ်ပြီး ၊ ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် အလွန်အရေးကြီးတယ်လို့ ပညာရေးလေ့လာသူများက သုံးသပ်လာကြပါတယ် ။

    အဲဒါကြောင့် စင်္ကာပူနိုင်ငံမှာလည်း အငယ်တန်းမူလတန်းပညာရေးမှာ ကျောင်းသားတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ (extrinsic motivation) လှုံ့ဆော်တိုက်တွန်းမှုကြောင့် ၊ အပေါ်ယံသင်ယူခြင်း (surface learning) တွေပဲ ဖြစ်နေမှာမလိုလားတဲ့အတွက် စာမေးပွဲကိုပဲအလေးထားတဲ့စနစ်ကို ကန့်သတ် (သို့မဟုတ်) ဖယ်ရှားဖို့ စတင်လေ့လာနေတာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ။

    တကယ်တော့ ကျောင်းသားတယောက် ဘယ်လောက်အတိုင်းအတာအထိ လေ့လာသင်ယူထားနိုင်လဲဆိုတာကို တိုင်းတာဖို့ စာမေးပွဲလိုမျိုးပေတံတချောင်း လိုအပ်သေးတယ်လို့မြင်မိပါတယ် ။ အဲလိုမှမဟုတ်ရင် သင်ကြားနေရတဲ့ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး ။ တချိန်တည်းမှာ စာမေးပွဲဆိုတာတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ ကျောင်းသားတွေမှာစာကုံးကျက်နေရတာမျိုး မဖြစ်သင့်ပါဖူး ။

    ဒါကြောင့် တူဒေးသတင်းစာရဲ့ပေးစာမှာရေးထားတဲ့ စာဖတ်သူတယောက်ရေးသလို အရေအတွက်ထက် အရည်အသွေးရှိတဲ့ စာမေးပွဲတွေကို အသုံးပြုဖို့အရေးကြီးပါတယ် ။ ဒါပေမယ့်လည်း ပညာရေးစနစ်တခုမှာ စာမေးပွဲနဲ့ပတ်သက်ရင် အဲလို နှစ်ဖက်ညီမျှတဲ့အခြေအနေဆိုတာရောက်လာဖို့ မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် အထောက်အကူပြုနိုင်မယ့်အပြောင်းအလဲတွေကို စမ်းသပ်သင့်တာမျိုး ၊ ရလဒ်ကိုသုံးသပ်ပြီး ပြန် ညှိယူရတာတွေလုပ်ဖို့လည်း အရေးကြီးသလို လုပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်မိပါတော့တယ် ။


    ကိုးကား။

    [1] Today Newspaper (http://www.todayonline.com) - Front Page, 28 Jan 2009 issue
    [2] Today Newspaper (http://www.todayonline.com) - Forum Section, 4 Feb 2009, 6 Feb 2009 issues
    [3] Why we do what we do - Understanding Self-Motivation (Edward L. Deci)
    [4] Primary Education Review and Implementation (PERI) Committee Shares Preliminary Recommendations (http://www.moe.gov.sg/media/press/2009/01/strong-fundamentals-for-future.php)

    Thursday, February 5, 2009

    ဆာတီဖီကိတ် ၂၅ ခုနဲ့လူ

    သိန်းနိုင်

    အသိပညာခေတ်မှာ လူဖြစ်လာကြတဲ့အထဲမှာ ငါသိပ်ကံကောင်းတာဘဲကွလို့ သူငယ်ချင်းတွေစုမိတိုင်း ကိုမောင်ကြီး ပြော ပြောလေ့ရှိတယ်။ တကယ်တော့ ကိုမောင်ကြီးဟာ အတော်ကလေး မှတ်ဥာဏ်ကောင်းသူ ဖြစ်တယ်။ အချက်အလက်တွေ အများကြီး မှတ်ထားနိုင်တယ်။ စေတနာကောင်းသူလည်း ဖြစ်လေတော့ သိသမျှကို ကြိတ်မှိတ်ပြီး မြိုသိပ် သိမ်းဆည်း မထားဘဲ ပေါပေါများများ ပြန်ဝေငှတယ်ဆိုပါတော့။ ပညာကို အစဉ်ရှာဖွေနေသူ ဖြစ်လေတော့ တွေ့သမျှမှတ်၊ ရသမျှဖတ်၊ ပေးသမျှသင်တန်းတက်၊ မမောနိုင် မပန်းနိုင်။ အခု ပြောပြချင်တာက ကိုမောင်ကြီးနဲ့ သင်တန်းအထွေထွေ အကြောင်းပါ။ ဒီမြို့လေးမှာ ရရှိနိုင်သမျှသင်တန်း သူ မတက်ဘူးတာ မရှိတော့ဘူး။ ဒါတင်မကသေး။ အခြားနယ်တွေ၊ အနီးအဝေး မြို့တွေမှာရှိတဲ့ သင်တန်းတွေ၊ ၀ါ့ရှော့ပ်တွေ၊ ဆွေးနွေးပွဲတွေကိုလည်း အလွတ်မပေး။ တကူးတကန့်ကို စုံစမ်းပြီးတောင်မှ လိုက်တက်သေးတာ။ အိမ်သူဇနီးကိုလည်း အအားမထား။ သဘောတရားတွေပေး သင်တန်းတွေ တက်ခိုင်း။

    “မလေး အခုဟာက ပညာခေတ်ကွ၊ အေ့ဂ်ျအော့ဖ်နော့်လေ့ကွ၊ အိမ်လည်၊ သန်းရှာ၊ အတင်းပြော၊ ရန်ဖြစ်၊ ရှော့ပင်ထွက် အချိန်မကုန် သင့်တော့ဘူး။ နေရာတကာမှာ ပညာတွေရနိုင်တယ်။ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပြီ၊ အသက်အရွယ် ကန့်သတ်ချက်တွေ ဘာတွေလည်း မရှိတော့ဘူးကွ၊ လူဖြစ်ရကျိုး သိပ်နပ်နေ ပြီနော်။ အလဟဿ မနေစမ်းနဲ့။ သင်တန်းတွေ တက်သာတက်၊ တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ အသုံးဝင်မှာကွ”။ အစပိုင်းတော့ လေးဆယ်ကျော် အရွယ်ရောက်မှ သင်တန်းတွေ ဘာတွေ ပြန်တက်ရမှာ မဒမ်မောင်ကြီးမှာ သိပ်စိတ်မပါ။ “ကလေးတွေ တောင် ၉ တန်း ၁၀ တန်းရောက်တော့မယ်။ တော်... မရှက်ပေမဲ့၊ ကျမရှက်တယ်။ အားအားယားယား။ တော့်သင်တန်း ဘာလုပ်ရမှာတုန်း” ဆိုတော့ လင်မယား စကားများခဲ့ရသေးတာ။ ကိုမောင်ကြီးက ပညာရေးနဲ့ ပတ်သက်လာလို့ကတော့ လုံးဝမရှော့။ တိုက်တိုက်တွန်းတွန်း။ “တွမ်တီဖတ်စ် ဆန်ကျူရီမှာ နော်လေ့မရှိယင် ခံသွားရမယ်။ လာမယ့်အပတ် ဟိုဖက်ရပ်ကွက်ထဲမှာ အမျိုးသမီးရေးရာအဖွဲ့က ကျန်တာလား ဂျန်ဒါလား သင်တန်းတစ်ခု ပေးမလို့တဲ့.. သွား… တက်ချေ။ တောဇီးကွက်မတို့ အုပ်စုနဲ့ အကြော်ရောင်းတဲ့ ဒေါ်ကြီးပန်းကိုလည်း ရအောင်ခေါ်သွား..” တွန့်ဆုတ်တန့်ဆုတ်နဲ့ ဘာသင်တန်းမှန်း ရေရေရာရာ မသိရသေးဘဲ မလေးခမျာ စပြီး သွားတက်ခဲ့ရရှာတာ။ ဒါပေမဲ့ အခုတော့ မလေးလည်း အတော်ကလေး အသားကျ သွားပြီ။ “သင်တန်းလား... အခုဘဲလာခဲ့မယ်။” အသိပညာဗဟုသုတ တိုးပွား စေတာအမှန်ပါ။ နတ်ဝါ့က်လည်း လုပ်လို့ရသေးတယ်။ တစ်ခါတစ်ခါ လင်မယားနှစ်ယောက် အချို့သောသင်တန်းတွေ အတူတူသွား... အတူတူတက်လို့။

    သိတဲ့အတိုင်း အခုခေတ်မှာ သင်တန်းတွေက အမျိုးမျိုးအဖုံဖုံ။ လွန်ခဲ့တဲ့အနှစ် ၂၀-၃၀ ကာလများနှင့် ဘာမှ မဆိုင်။ နုပျိုစဉ် ရောင်ပေစူးဘ၀ အဲဒီတုန်းကတည်းကလည်း သင်တန်း`ဇ´ကရှိထားတာ။ ဟိုး... လမ်းစဉ် ခေတ်က ရှားရှားပါးပါး “နွေရာသီ လူငယ် သင်တန်းတွေ၊ ဘင်ခရာသင်တန်း၊ ဗနတ ၂ ကြိမ်ဆင်း၊ ယူတီစီ နှစ်စဉ်တက်” လုပ်ခဲ့သေးတာ။ ဒီတော့ မျက်မှောက် ၂၁ ရာစုအစပိုင်း ကာလမှာ ကိုမောင်ကြီးတို့ လူဖြစ်ရကျိုး နပ်တယ်လို့ပြောတာ မလွန်ပါဘူး။ သူတက်ပြီးထားတဲ့ သင်တန်း တွေကိုဘဲ ကြည့်ပါအုံး။ အိမ်နီးချင်း တိုင်းပြည် တွေက ဘာသာစကားပြောသင်တန်း ၂ ခုလည်းပါရဲ့။ ကွန်ပြူတာ သင်တန်းဆို အမျိုးမျိုးပေါ့။ လူ့အခွင့်အရေး သင်တန်းတွေဆိုလည်း အလီလီအခါခါ။ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကလေးသူငယ် ပြုစုနည်း သင်တန်း၊ ရုံးအုပ်ကြီး လုပ်နည်းသင်တန်း၊ ပျော်စရာမိသားစု ဘ၀တည်ဆောက်နည်းသင်တန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသင်တန်း၊ အမျိုးသားကျန်းမာရေးသင်တန်း၊ နိုင်ငံရေးသဘောတရားသင်တန်း၊ လူမှုဝန်ထမ်း လုပ်ငန်းသင်တန်း။ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သင်တန်း။ ၄၀ ကျော် ကျန်းမာရေးသင်တန်း၊ အရှေ့အလယ်ပိုင်းဒေသ သိကောင်းစရာသင်တန်း၊ ပန်းအလှပြင်နည်းသင်တန်း၊ ဇနီးခင်ပွန်းစကားမများ ရန် မဖြစ်တဲ့ နည်းလမ်းသင်တန်း၊ ခြင်းလုံးနည်းပြသင်တန်း၊ ဘာမဆိုစီမံခန့်ခွဲမှုသင်တန်း၊ ဂျန်ဒါသင်တန်း၊ ပန်ဒါသင်တန်း၊ ကျောင်းဆရာသင်တန်း၊ တိုင်းရင်းသား ရိုးရာဂီတသင်တန်း၊ ဆံပင်ညှပ်နည်း သင်တန်း၊ ဗန်တို သိုင်းသင်တန်း၊ တရုတ်-အိန္ဒိယအစားအစာရောချက်နည်းသင်တန်း၊ မဟာဗျူဟာ ရေးဆွဲနည်းသင်တန်း၊ ဒီမိုကရေစီ ရအောင် လုပ်နည်းသင်တန်း၊ သီးနှံအထွက်တိုး စိုက်ပျိုးနည်း သင်တန်း၊ အတ္တထိန်းချုပ်နည်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြင်နည်းသင်တန်း၊ မဟာဘုတ်ထူနည်းသင်တန်း၊ နိုင်ငံတကာငွေကြေး အကျပ်အတည်း ဖြေရှင်းနည်းသင်တန်း၊ တရုတ်ရိုးရာ အပ်စိုက်ကု သင်တန်း၊ လူကြီးလုပ်နည်းသင်တန်း၊ ရန်ပွဲဖြေရှင်းနည်း သင်တန်း၊ အဲ.. အခုနောက်ဆုံးတစ်ခုက ဘလော့ဂါ တည်ဆောက်နည်းသင်တန်း၊ မှတ်မိ သလောက် ပြောပြတာပါ။ တတ်တဲ့ပညာ မနေသာဆိုသလို ပြန်ပြီးလည်း ဆင့်ပွား သင်တန်းတွေကို လူစုစုရှိတိုင်းပေးနေသေးရဲ့။

    တက်ခဲ့တဲ့ ခေါင်းစဉ်တွေကို အားလုံးတောင်မမှတ်မိတော့ဘူး။ သင်တန်းပေးချင်နေသူတွေကလည်း များမှများ၊ သင်တန်း အတွက် ပရောဂျက်တွေကလည်း မရှား။ အချို့သင်တန်းက ကိုယ်ပိုက်ဆံနဲ့ကိုယ်တက်ရတာ၊ အချို့ သင်တန်းများဆို ခရီးသွားလာစရိတ်ငြိမ်းတဲ့အပြင် ပါဒီယန်ပါရသေး။ သင်တန်းလုပ်စားသူတွေနဲ့ သင်တန်း တက်စားနေသူတွေလို့တောင် ရပ်ကွက်ထဲမှာ ဟိုးလေးတကျော်။ ပေးသမျှသင်တန်းတွေကို တက်နေလေတော့ အချို့သင်တန်းတွေဆို ပြီးလို့သာ သွားတယ် အမောင်တောင်မှန်းမြောက်မှန်း ဘာမှန်းမသိလိုက်တာမျိုးလည်း ရှိရဲ့။ သင်တန်းပေးတဲ့လူတွေကလည်း အိမ်ပြည့်ဖို့ လိုတာကိုး။ ကိစ္စမရှိပါဘူး။ ပညာရှာတယ်ဆိုတာကောင်းတဲ့ အလုပ်မဟုတ်လား။ နိုင်ငံခြားသားဘဲ သင်တန်း ပေးပေး၊ မြန်မာဘဲပေးပေး ပေးသမျှယူတယ်။ အဲ... နိုင်ငံခြားသားဆိုလို့၊ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာ သင်တန်းဘဲဖြစ်ဖြစ် အနည်းဆုံးတော့ အင်္ဂလိပ်စာ တိုးတက်သေး။ လစ်ဆင်းနင်းလောက်ရ နည်းလား။

    အားတဲ့အခါတွေမှာ ကိုယ်တက်ခဲ့ဘူးတဲ့သင်တန်းတွေကို ပြန်စဉ်းစားနေရတာကိုက အရသာတစ်ခု။ ဆာတီဖီ ကိတ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေကို ဖုန်မတက်အောင် သုတ်သင်ရှင်းလင်းပေးလိုက်။ ထုတ်ကြည့်လိုက်။ ကျေနပ် နေလိုက်။ “အင်း... အတော်လေးကို ပညာစုံလာပြီပဲ။ ငါနှင့် ငါ့မယား တယ်ဟုတ်ပါလား။” ဗာဟုဿစ္စဉ္စ၊ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော… လို့ဆိုထားတယ်မဟုတ်လား။ မင်္ဂလာရှိလေစွ…။

    ဒီလိုနဲ့ သိပ်မကြာသေးခင်က ရပ်ကွက်ထဲမှာ အင်တာနက်ချိတ်လို့ ရပြီဆိုတာနဲ့ ဦးမောင်ကြီးတို့ ဘယ်နှေးလိမ့် မတုံး။ နိုင်ငံခြားရောက် သူငယ်ချင်းတွေဆီ ကမန်းကတန်း စာလှမ်းရေးတော့တယ်။ “ကိုယ်တို့ရပ်ကွက်မှာ အင်တာနက် ချိတ်ဆက်နိုင်ပြီ။ မင်းတို့တွေစုပြီး လက်တော့ တစ်လုံးလောက် လုပ်စမ်းပါ။ ဆိုက်ဘာစပေ့ အွန်လိုင်းထဲမှာ ပညာရှာချင်တယ်။ မင်းတို့လို ဖောရိန်းမသွားဘဲ ရပ်ကျိုးရွာကျိုး သယ်ပိုးနေတာ နားလည်သင့် တယ်။ အပူတပြင်းလိုအပ်နေပြီ။ မြန်မြန် လုပ်ကြစမ်းပါအုံး။ မင်းတို့နဲ့လည်း ပုံမှန် ဆက်သွယ်နိုင်တော့မယ်။ ချက်တင်တွေ၊ ဂျီတော့တွေလည်း လုပ်ကြတာပေါ့။” နားမခံသာတဲ့ အဝေးရောက် ငယ်သူငယ်ချင်းတွေကလည်း လုပ်ပေးရှာပါတယ်။ တောမှာ ဂျင်ပေါက်တန်းကစားခဲ့ကြတဲ့ သံယောဇဉ်က မသေးဘူးမဟုတ်လား။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဆာတီဖီကိတ် ၂ ခုလောက်ကို ယူထားလိုက်သေးတယ်။ “ပြီးခဲ့တဲ့ နှစ်တွေက တက်ခဲ့ဘူးတဲ့ ကွန်ပြူတာ သင်တန်းလေးရဲ့ ဒိဋ္ဌအကျိုးပေါ့ကွ၊ မြင်လား” မလေးကို လှည့်ပြော လိုက်သေးတယ်။ ဒီလိုနဲ့ ကိုမောင်ကြီးမှာ ဆာတီဖီကိတ် အောင်လက်မှတ် ၂၅ ခု စုဆောင်းမိခဲ့တယ်ဆိုပါတော့။ သူ့နောက်မှ လိုက် တက်တဲ့ မဟေသီမလေးလည်း ၁၅ ခုလောက်ရထားပြီးပြီ။ လင်မယားနှစ်ယောက်ပေါင်း ဆာတီဖီကိတ် ၄၀ ဟာ မြန်မာ့စံချိန်တင်မက ကမ္ဘာ့စံချိန်ပါ တင်နိုင်လောက်ပါရဲ့။

    ကိုယ်တစ်ယောက်တည်းအတွက် လေ့လာထားတာမဟုတ်ဘူးလေ၊ အများအတွက် ဝေမျှနေသူလည်း ဖြစ်တယ်။ ပြီးတော့ ရပ်ရေးရွာရေးဆိုလည်းမနှေးတက်ကြွ ရှေ့ကပါစမြဲမို့ လူချစ်လူခင်၊ လူအမြင်ကတ် အစုံအလင်ပေါများပါတယ်။ တွေ့သမျှ လူတွေကိုလည်း သင်တန်းတွေတက်ဖို့ကို တိုက်တွန်းနေလေရဲ့။ မြန်မာမှုမှာ ကြီးသူ့စကားကိုနားထောင်ရတယ် မဟုတ်လား။ ရပ်ကွက်ထဲက လူကြီးဖြစ်တဲ့ ရပ်ကွက်ပေါင်းစုံ ခြင်းလုံးအသင်းအဖွဲ့များ မူဝါဒရေးရာအဖွဲ့ဝင်၊ ကျောင်း မိဘဆရာအသင်းကော်မီတီဝင်၊ စစ်ပြန်၊ ဆယ်အိမ်ခေါင်း ကိုမောင်ကြီး ကိုယ်တိုင်က စံပြတက်ပြနေတော့ လူငယ်တွေ မှာလည်း သူပြောသမျှနားထောင်၊ သူ့နောက်ကို သူလိုဆက်တောက်ဆက်တောက်လျှောက်လိုက်၊ သူ့လို သင်တန်းတွေ တက်၊ ဟိုဘွဲ့ပြီးရင် နောက်ထပ်ဘာမှ မဆိုင်တဲ့ ဒီဘွဲ့တစ်ခုကို ထပ်ယူ။ နောက်ထပ်ဆက်တက်၊ သူ့လို ဆာတီဖီကိတ်တွေစု၊ ထပ်စု၊ သူ့လို သင်တန်းတွေ ပြန်ပေး။ ပညာခေတ်လေ…။


    * * * * *

    အစပိုင်းတော့ ပညာရဖို့လိုတယ်၊ ပညာပြည့်ဖို့ ဆိုပြီးသင်တန်းတွေတက်ကြတာပါ။ နောက်ပိုင်းမှာတော့ သင်တန်းတွေ တက်ထားခြင်းဟာ အလုပ်အကိုင် အခွင့်အရေးတွေရှိနိုင်တယ်ပေါ့။ သို့ပေမဲ့… အချိန်တွေ တဖြည်းဖြည်းကုန်လာလိုက်တာ။ သင်တန်းတွေလည်း စုံပြီ၊ အောင်လက်မှတ်တွေလည်း ထပ်နေပြီ။ ဒါပေမဲ့ လူငယ်တွေမှာ ဆုပ်ဆုပ်ကိုင်ကိုင်ပြစရာ၊ လုပ်စရာ အလုပ်အကိုင်ရယ်လို့ မည်မည်ရရမရှိကြသေးဘူး။ တက်ခဲ့တဲ့ သင်တန်းတွေက ဘ၀ရပ်တည်မှုအတွက် အလုပ် အကိုင်တစ်ခုခုအတွက် တကယ်ဘဲ အထောက်အကူ ပြုသလား ဆိုတော့လည်း မရေမရာ။ ဒီမှာတင် ကိုယ် တက်ထားခဲ့ ဘူးတဲ့သင်တန်းတွေကို ကိုယ့်ဟာကိုယ် စိတ်ပျက်မိကြ။ ကိုမောင်ကြီးကို ဒေါပွကြ။ လက်ရှိဘ၀၊ အလုပ်အကိုင်တွေနဲ့ သင်တန်းအများစုဟာ ဆက်စပ်လို့ မရနိုင်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို နှမြောတသ…။ တကယ်လို့များ အခြား တစ်ခုခုကိုသာ လုပ်ကိုင်ခဲ့မယ်ဆိုရင် အတွေးတွေကနှိပ်စက်…။ အခြားတစ်ခုခု လုပ်ခဲ့တဲ့သူတွေကလည်း ဟိုမရောက်၊ ဒီမရောက်ဖြစ်နေ...။ ကိုယ် ကိုယ်တိုင်ကလည်း ဘာလုပ်တတ်မှန်း၊ ဘာဝါသနာပါမှန်း၊ ဘာလုပ်ရမှန်းမသိကြတော့...။ ရပ်ရွာအနီး ပတ်ဝန်း ကျင်မှာ စံပြုစရာလူရယ်လို့လည်း နတ္တိ...။ ကောင်းရောင်းကောင်းဝယ်၊ အလုပ်တစ်ခုခုဆိုတာ ကလည်း အရင်း အနှီးကများ...။ အကျိုးအမြတ်ကမသေချာ။ အိုးပစ်အိမ်ပစ် နိုင်ငံရပ်ခြားထွက်ပြီး စွန့်စားလုပ်ကိုင်သူတွေ အများစု ကျပြန်တော့လည်း အဆင်မပြေမှုတွေနဲ့ အောက်ခြေသိမ်းလုပ်ကိုင်နေကြရ....။ အဲဒီအတွက်လည်း ပြင်ဆင်တဲ့ အနေနဲ့ ရရာသင်တန်းလေးတွေကို ရှိစုမဲ့စုနဲ့အကုန်ခံပြီး ပြေးတက်ကြရ...။ အင်း... အေ့ဂ်ျအော့ဖ်နက်သင်း...။

    အရှိန်အဟုန်ပြင်းထန်တဲ့ ပညာခေတ်ဟာ မြန်မာနိုင်ငံကို တအိအိနဲ့ ၀င်ရောက်ခဲ့ပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ ၀မ်းသာစရာပါ။ တကယ်တော့လည်း ပညာကို မြန်မာတို့တန်ဖိုးထားခဲ့ကြတာ ဟိုး ... ရှေးပဝေသဏီ ကာလများကတည်း မဟုတ်လား။ ဘိုးဘွားအမွေတွေကိုဘဲကြည့်ပါလား။ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာနှင့် တူသော အားသည်မရှိ၊ ပညာရှာပမာ သူဖုန်းစား၊ ပညာလို အိုသည်မရှိ၊ အတတ်ပညာနှင့် တူသော မိတ်ဆွေဟူသည်မရှိ၊ ပညာမရှိ သူ၏၀န်ထမ်း၊ ပညာဂုဏ်ရောင်ထွန်းလင်းပြောင်၊ ပညာမြင့်မှ လူမျိုးတင့်မည်၊ ….။

    ဒီတော့ကာ ပညာခေတ်အတွက် မြန်မာတွေ ရယ်ဒီရှိတယ်လို့ဆိုရင် မမှားတန်ပါဘူး။ ဒီအမွေတလှေကြီးကို ပိုင်ဆိုင်ထားတဲ့ ကိုမောင်ကြီးနဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို အပြစ်ရယ်လို့လည်း မဆိုသာပြန်ဘူး။ ဒါပေမယ့် စဉ်းစားစရာတွေ ရှိပါတယ်။ မိမိရဲ့လက်ရှိအလုပ်အကိုင်၊ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက် ဖြစ်မဖြစ်၊ ၀ါသနာ၊ ဗီဇသဘော၊ ကိုယ်တိုင်စိတ်ပါဝင်စားမှုနဲ့ အနာဂတ်အလုပ်အကိုင် တန်ဖိုးတွေအပေါ်မှာ စံထားပြီး သင်တန်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒီထက်နည်းနည်း ပိုစဉ်းစားမယ်ဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး Human Resource Development နှင့် ရေရှည်တည်တံ့မည့် နယ်မြေ ဒေသဖွံ့ဖြိုးမှု sustainable development...။

    အဓိကပြဿနာရင်းမြစ်တွေကို လေ့လာဆန်းစစ်ကြည့်သင့်နေပါပြီ။ အချက် (၃) ချက်ကို တွေ့မြင်နိုင်ပါတယ်။

    ပထမတစ်ချက်ကတော့ လူငယ်တွေအနေနဲ့က ကျောင်းပြီးတဲ့အခါ ပညာကို ဆက်ရှာနေတာ သာမန်အားဖြင့် တော့ ၂၁ ရာစုပညာရေးအတွေးအခေါ်တစ်ခုဖြစ်တဲ့ ဘ၀တစ်သက်တာစဉ်ဆက်မပြတ်ပညာရေး Lifelong Learning ကို ကိုယ်တိုင် ကျင့်သုံးနေပြီလို့ ယူဆကောင်း ယူဆမိကြမယ်။ ဒါပေမယ့် တက်ရောက်နေရတဲ့ သင်တန်းအများစုဟာ ကျောင်းပညာရေး (မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း) တွေမှာ ကျွဲကူးရေပါ မဖြစ်ခဲ့တဲ့အတွက် ကျောင်းမှာ သင်ခဲ့ရပေမယ့် ပြန်လို့ လေ့လာနေကြရတယ်။ ဥပမာ - အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပြူတာသင်တန်း၊ ရုံးလုပ်ငန်း၊ အခြေခံစီမံခန့်ခွဲမှု၊ အခြေခံ ကျန်းမာရေးအသိပညာသင်တန်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူမှုဆက်ဆံရေးသင်တန်း၊ အထွေထွေဗဟုသုတ စသည်အားဖြင့်။ ဒီပညာရပ် တွေရဲ့အခြေခံတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်နဲ့ မိမိဘ၀နှင့် လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်လောက် တဲ့ အဆင့်ကို ကျောင်းနဲ့ တက္ကသိုလ်ပညာရေးက ဖြည့်ဆည်းပေး နိုင်ခဲ့သင့်ပါတယ်။ တာဝန်လည်း ရှိနေတယ်။ ပင်မမေဂျာပညာရပ်အပြင် ဒါတွေဟာ တွဲဖက်ပြီး ရလာသင့်တာပါ။ အချို့သောအရာများဟာ ငယ်ရွယ်စဉ် ကာလများကတည်းက ကျောင်းပညာရေးမှာ ထည့်သွင်းပြီး အလေ့အကျင့် လုပ်ပေးရမှာဖြစ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ဥပမာ ဒီမိုကရေစီကျင့်စဉ်၊ ကွန်ဖလစ် ရီဆော်လူးရှင်း… စသည်။ ပညာရေးစိတ်ပညာမှာ ပါရှိတာက ပညာရေးဟာ အပြုအမူ၊ အမြင်သဘောထား၊ ကျွမ်းကျင်မှုစွမ်းရည်တစ်ရပ်ရပ် (သို့မဟုတ်) အားလုံးကို လေ့ကျင့် ပျိုးထောင်ပေးခြင်းလို့ ဆိုထားတယ်မဟုတ်လား။ ငယ်နုစဉ်ကတည်းက လေ့ကျင့်ပေးကာမှ ကြီးလာတဲ့အခါ လူ့ အဖွဲ့အစည်းမှာ တော်ကာကျမယ့် အကြောင်းအရာတွေများစွာ ရှိနေပါတယ်။ ကျောင်းလုံးဝ မနေဘူးတဲ့ လူတစ်ယောက်ဟာ အသက်အတော်ကလေးကြီးမှ အသုံးလုံးပြန်သင်ရတယ်၊ သင်္ချာကို အစကပြန်လေ့လာရမယ်ဆိုရင် ဒီလူဒီဘ၀မှာ တတ်မြောက်နိုင်တဲ့ အရေးအဖတ် အဆင့်၊ ကျွမ်းကျင်မှု အဆင့်ဆိုတာ၊။ ဒီလိုပါဘဲ တတ်သိနားလည်ပြီး လက်တွေ့ ကျင့်သုံးတတ်တဲ့ သူတွေ ဖြစ်လာဖို့ဆိုတာ ငယ်စဉ်ကစလို့ လေ့ကျင့်ပေးရမှာပါ။ ဘ၀ထဲကိုရောက်ဖို့အတွက် ငယ်နုစဉ်မှာ ကတည်းက လေ့ကျင့်ပေးရမှာပါ။ ကျောင်းပြီးမှ ဒီသင်တန်းတွေနဲ့ အခြားသော သင်တန်းပေါင်းမြောက်များစွာကို ပြန်တက်နေကြရတာဟာ တစ်ဦးချင်းရဲ့ အသိပညာနက်ရှိုင်းမှု၊ ဘ၀တိုးတက်မှုအတွက် အထောက်အကူပြုမှု၊ အလုပ်အကိုင်ဖွံ့ဖြိုးမှုနှင့် ၀င်ငွေတွေအတွက်သာမကဘဲ ဒေသတွင်းနဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွား၊ ကုန်ထုတ်စွမ်းအား၊ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အင်မတန် နှမြောစရာကောင်းနေပါတယ်။

    ဒုတိယအချက်ကတော့ ဟိုအလုပ်ရနိုးနိုး၊ ဒီအလုပ်ရနိုးနိုးနဲ့ ရှိသမျှသင်တန်းတွေကို လိုက်တက်နေကြရတာပါ။ မျှော် တလင့်လင့်နဲ့ပါ။ ဆက်ကျော်သက်အရွယ်ရဲ့ စောစောပိုင်းနှစ်တွေကတည်းက (၁၃၊ ၁၄ နှစ်ဝန်းကျင် လောက်မှာ) မိမိ၏၀ါသနာ၊ ဗီဇနှင့် စွမ်းရည်တွေကို သိမြင်နားလည်ခံစားနိုင်စွမ်းကို ဖန်တီးပေးရမှာပါ။ မတူညီတဲ့ စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေအထွေသဘော Multiple intelligences ကို သိမြင်နားလည် စေသင့် တယ်။ ကိုယ်စီမှာ မတူညီတဲ့ စွမ်းရည်တွေ၊ ဥာဏ်ရည်တွေ ရှိနေတယ်ဆိုတာကို သိရှိစေသင့်တယ်။ စုစုပေါင်း ဥာဏ်ရည်နိမ့်ခြင်း၊ မြင့်ခြင်းသဘောများ မပာုတ်တာကို ဆယ်ကျော်သက်လူငယ်တွေ နားလည်အောင် ကူညီ ပေးရမယ်။ ကျောင်းသားလူငယ်တွေကို ဥာဏ်ရည်ပိုင်း ဆိုင်ရာမှာ အချင်းချင်း နှိုင်းယှဉ်တာမျိုး မလုပ်သင့် ပါ။ သူများလုပ်လို့၊ သူများတက်လို့လိုက် လုပ်တာ၊ လိုက်တက်တာ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ ရွေးချယ်နိုင်စွမ်း ရှိကြရပါမယ်။ တဆက်တည်းမှာဘဲ သင်တန်းတွေကို ရွေးချယ် ၀င်ရောက် ခွင့် ရနိုင်ဖို့ လိုအပ်တယ်။ အလုပ်အကိုင်နဲ့ ဆက်နွယ်မှု ရှိနိုင်ဖို့ကိုလည်း ဆွေးနွေးအကြံပြုပေး သင့်ပါတယ်။ မိမိလမ်းကြောင်းအတွက် မိမိကိုယ်တိုင် ရွေးချယ်၊ ဖန်တီး တည်ဆောက်နိုင်ဖို့ကို ကူညီပေး သင့်တယ်။

    တတိယအချက်က အလုပ်အကိုင်ရှားပါးနေမှု၊ အဆင့်အတန်းခွဲခြားလွန်းမှုနှင့် ဘ၀ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေ အတွက်ကြောင့်ြ့ဖစ်တယ်။ လုပ်ချင်တာကို မလုပ်ကြရ။ မလုပ်ချင်တာကို လုပ်နေကြရနဲ့ လမ်းကြောင်းလွဲနေကြတယ်။ ပျောက်နေကြရတာ။ တန်းတူအခွင့်အရေးတွေမရှိ။ အခွင့်ထူးခံ လူတန်းစား အနည်းစုအတွက် ပညာရေးနှင့် အလုပ်အကိုင် ကောင်းရပိုင်ခွင့်တွေကို (သီးသန့်) ဖန်တီးထားကြတယ်။ ဌာနဆိုင်ရာမှာဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် လူငယ်အများစုအတွက် မျှော်လင့်ချက် များများ မရှိသေး။ မျှမျှတတမဖြစ်သေး။ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ လူငယ် အများစုမှာလည်း ကိုယ်ထူကိုယ်ထ။ ကိုယ့်ကိုယ်ကိုတောင် မနည်း ထူမ နေရတဲ့လူငယ်တွေခမျာ…။ ကျောင်းပြီးရင် ဘာလုပ်မလဲလို့မေးကြည်တော့ ဟိုတိုး၊ ဒီတိုးပေါ့လို့ဖြေကြတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ ကျောင်းတတ်နေတဲ့ လူငယ်တွေကျပြန်တော့လည်း ကျောင်းပြီးလို့ရှိရင် မြန်မာပြည်ခဏပြန်လည်ပြီး အခြား နိုင်ငံတစ်ခုခုမှာ အလုပ်ထွက် လုပ်မယ်တဲ့။ လုပ်အားတန်ဖိုး၊ ပညာတန်ဖိုးနှင့် ၀င်ငွေညီမျှတဲ့ အခြေအနေမှ မရှိတာ။ မြန်မာ့ကြွက်သားနဲ့ မြန်မာ့ဦးနှောက်တွေဟာ အဝေးအဝေးသို့ အတားအဆီးမဲ့ လွင့်စင်နေလေရဲ့။ စိမ့်ယို စီးဆင်းနေဆဲ။ ပြည်တွင်း လူငယ်တွေမှာ ဟိုတိုး၊ ဒီတိုးနဲ့။ စိုးရိမ်စိတ်၊ မရေမရာစိတ်၊ အခွင့်အလမ်းမဲ့ အခြေအနေ တွေနဲ့ အများစုဟာ အလုပ်အကိုင်ရှားပါးမှုကို ရင်ဆိုင်နေကြရပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း ပညာရေးအဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာတွေ၊ နည်းပြတွေရဲ့ တာဝန် ဆောင်ပုဒ်ထဲက နောက်ဆုံး အပိုဒ်ရဲ့ အဓိပ္ပါယ် ပျောက်ဆုံး နေခဲ့တာကြာပါပြီ။ သင့်ရာအပ်ပို့ ဆရာတို့...ကျင့်ဖို့ဝတ်ငါးဖြာ ဆိုတာပါ...။

    အများကြီးဆုံးရှုံးခဲ့ကြပြီးပြီ။ ခံစားခဲ့ကြရတယ်။ အဲဒီအထဲမှာ အဆိုးဝါးဆုံးကတော့ မွေးဖွားကြီး ပြင်းလာတဲ့ တိုင်းပြည်အပေါ် ယုံကြည်ချက်တွေ လျော့ပါးလို့လာနေတယ်။ (ဘွဲ့သင်တန်းတွေအပါအ၀င်) ပညာရေးကို မယုံ့ တယုံနဲ့ရှိနေတယ်။ တက်နေရဆဲပါ။ ၀ါသနာ၊ ဗီဇစွမ်းရည်၊ တက်ရောက်နေဆဲ (သို့မဟုတ်) ရရှိထားတဲ့ ဘွဲ့ သင်တန်းနဲ့ ကိုယ်လုပ် နေတဲ့အလုပ်အကိုင် ထပ်တူကျတဲ့လူငယ် ဘယ်နှစ်ယောက်ရှိနိုင်ပါသလဲ။ ဘာကို ၀ါသနာ ပါပြီး ဘာအလုပ်လုပ်မလို့ ဘာကျောင်းတတ်နေတယ် ဆိုတာမျိုး ဘယ်လူငယ်ထံမှ မကြားရတော့ပါ။ လက်မှတ်တစ်ခုခုရရင်ပြီးရော သဘောမျိုးနဲ့ ဘွဲ့ဒီဂရီသင်တန်းတွေကိုလည်း တက်နေကြလေရဲ့။

    မှတ်ရန်တစ်ခု
    နှုတ်မှုလက်မှု၊ အတတ်စုကို
    ငယ်နုသောအား၊ မမေ့ငြားနှင့်။
    ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
    တစ်ခုမျှလျက်၊
    အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။(ဆားတုံ ဆရာတော်)

    ဘယ်နိုင်ငံမှာမှ မရှိတဲ့ “ဘွဲ့ရမှ လူဖြစ်တာ” ဆိုတဲ့ ပညာရေးအဟောသိကံဖြစ်စေတဲ့ ဆိုရိုးစကားကို လူငယ်တွေ ကြားမှာ ရှင်းလင်းချိန်တန်ပါပြီ။ လွဲမှားနေတဲ့ ပညာရေးအယူအဆတွေများကြီးရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြမ်းဖျင်း လေ့လာချက်အရ လိုင်းပေါင်းစုံက အရည်အသွေးပြည့်မီတဲ့ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းလောက် ဘဲ တိုင်းပြည်က လိုအပ်ပါတယ်။ ထိုက်တန်တဲ့ အလုပ်ပေးနိုင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းဘာလုပ်မှာလဲ။ မိမိထက်ပိုပြီးဖွံ့ဖြိုးနေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေမှာတောင် ၃၀ ရာခိုင်နှုန်းလောက်သာရှိတာပါ။ ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ အသက်မွေးမှု တစ်ခုခုဟာ ဘ၀ရပ်တည်ရေးနှင့် မိမိရဲ့အနီးစပ်ဆုံး လူ့အဖွဲ့အစည်း အတွက် လည်း များစွာ အရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတာကို ကျောင်းသားလူငယ်များကို သတိပေး သင့်တာပါ။ ရပ်ရွာလူ့အဖွဲ့အစည်းရဲ့ အဝေးသို့ လူငယ်တွေဟာ လွှင့်ပစ်ခြင်း ထပ်မခံရမီ ဒေသတွင်း စက်မှု၊ လယ်ယာနဲ့ ကုန်ထုတ်စွမ်းအား၊ စီးပွားလုပ်ငန်းတွေ တိုးပွားစေမယ့်အပြင် လူ့ဂုဏ်သိက္ခာ နှင့်အညီ ရှင်သန်နိုင်စွမ်း ရှိစေမယ့်၊ အလုပ်အကိုင် ရရှိစေမယ့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေ ဒေသအနှံ့အပြားမှာ ရာ ထောင်ချီ ဖွင့်လှစ်ချိန်လည်း တန်ပါပြီ။ စနစ်တကျ ပြင်ဆင်ရလိမ့်မယ်။ နေရာဒေသတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးခွင့်၊ ထားရှိခွင့်ပေးရပါလိမ့်မယ်။ ပံပိုးပေးကြရပါလိမ့်မယ်။

    * * * * * *

    တကယ်လို့များပေါ့လေ နောက်ထပ် သင်တန်းလေးဘာလေးရှိတယ်ဆိုရင် ကိုမောင်ကြီးရဲ့ ၂၀၀၉ ခုနှစ် ရည်မှန်းချက်ဖြစ်တဲ့ အောင်လက်မှတ် ၃၀ ကျော် ပိုင်ဆိုင်ရေးအတွက် ကူညီပေးကြပါ။ ဆာတီဖိတ်ကိတ် ၂၆ ခုမြောက်အတွက် သင်တန်းလေးများရှိယင် အဲဒီမြို့လေးက အစွန်ဆုံးရပ်ကွက်၊ အစွန်ဆုံးလမ်းက၊ အစွန်ဆုံးအိမ် မှာနေတဲ့ ကိုမောင်ကြီးကို အကြောင်းကြားပါ။ သင်တန်းတက်၊ ခရီးထွက်ဖို့ကို အထုပ်အပိုး အဆင့်သင့်ပြင်ပြီး စောင့်နေလေရဲ့။

    သိန်းနိုင်
    ၅ ဖေဖော်ဝါရီ ၂၀၀၉။

    Wednesday, February 4, 2009

    ပညာရေးဆိုင်ရာ အမေးအဖြေ (၂)

    Nay Mar: I want to study " Acturary Science".Now I am in S'pore.Pls advise.


    3 Feb 09, 17:47
    Khin Ma Ma Myo: MSc (Financial Engineering) ဘွဲ့များကို တက်ရောက်ဖို့ အကြံပြုလိုပါတယ်။
    3 Feb 09, 17:46
    Khin Ma Ma Myo: ဒါမှမဟုတ်ပဲ တက္ကသိုလ်က ဘွဲ့တခုခုကို အရင်တက်မယ်ဆိုရင်တော့ MSc Actuarial science (သို့မဟုတ်) MSc Mathematical Finance (or) MSc Financial Mathematics (or) MSc Fiancial Economics (or)
    3 Feb 09, 17:44
    Khin Ma Ma Myo: ယူကေ FIA စာမေးပွဲအသေးစိတ်ကို www.actuaries.org.uk မှာ လေ့လာနိုင်ပါတယ်
    3 Feb 09, 17:42
    Khin Ma Ma Myo: ယူအက်စ် FSA အသေးစိတ်ကို www.soa.org မှာ လေ့လာကြည့်ရှုနိုင်ပါတယ်
    3 Feb 09, 17:42
    Khin Ma Ma Myo: လှပါဘူး။ စင်ကာပူကနေ နှစ်မျိုးလုံးကို လေ့လာသင်ယူလို့ ရတာကြောင့် ယူအက်စ်စာမေးပွဲနဲ့ ယူကေစာမေးပွဲ တခုခုကို အရင်ရွေးချယ်စေလိုပါတယ်
    3 Feb 09, 17:40
    Khin Ma Ma Myo: မနေမာရှင့်။ actuarial science နဲ့ ပတ်သက်ပြီး၊ ယူကေအဖွဲ့က ကျင်းပတဲ့ FIA exam ရယ်၊ ယူအက်စ်အေအဖွဲ့ က ကျင်းပတဲ့ FSA exam ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကနေဒါစာမေးပွဲစတာမျိုးတွေရှိပေမယ့် ယူအက်စ်နဲ့ သိပ်မကွာ

    Friday, January 30, 2009

    MIT တက္ကသိုလ်ရဲ့ သင်ကြားနည်းစနစ်သစ်အကြောင်း

    ပြန်လည်ကိုးကားတင်ပြသူ - S.S.

    မကြာသေးခင်က အွန်လိုင်းပေါ် The New York Times မှာ ဖတ်လိုက်ရတဲ့ သတင်းတခုကတော့ - ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Introductory Physics ဆိုတဲ့ ဘာသာရပ်ကို ရာဂဏန်းရှိတဲ့ ကျောင်းသား အများကြီးကို ဆရာတယောက်က မိနစ် ၅၀ ကြာ သင်ကြားပို့ချတဲ့ လက်ချာ (lecture) နည်းစနစ်ကို မသုံးတော့ပဲ ၊ TEAL (Technology Enhanced Active Learning) လို့အမည်ရတဲ့ သင်ကြားနည်းစနစ်သစ်တခုကို ပြောင်းလဲလိုက်ပြီဖြစ်တဲ့အကြောင်းပါပဲ ။

    အဲဒီလို သင်ကြားနည်းစနစ်အသစ်ကို စတင်စဉ်းစားရတဲ့ အကြောင်းရင်းတွေကတော့ - အဲဒီတက္ကသိုလ်မှာ သမားရိုးကျ လက်ချာပေးပြီး သင်ကြားတဲ့ နည်းစနစ်ကို သုံးတဲ့အခါ ၊ စာသင်အကောင်းဆုံး ဆရာများက သင်ကြားတဲ့အခါမှာတောင် စာမေးပွဲကျတဲ့ ကျောင်းသားဦးရေဟာ ၁၀ - ၁၂ ရာခိုင်နှုန်းရှိခဲ့တယ် ။ ဒါ့အပြင် အဲဒီတက္ကသိုလ်မှာ အကောင်းဆုံးဆရာဆုရတဲ့ ဆရာသင်တဲ့အတန်းမှာတောင် အဲဒီဘာသာရပ်အတွက် စာသင်ရက်များလာလေလေ ကျောင်းသားတွေရဲ့ ကျောင်းတက်နှုန်း (attendance) ဟာ ၅၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တယ် ။ အဲဒီအခြေအနေတွေကို သုံးသပ်ပြီး TEAL ဆိုတဲ့ သင်ကြားနည်းစနစ်အသစ်ကို နှစ်တချို့ထိ စမ်းသပ်ပြီးတဲ့အခါ အမြဲတမ်းအတွက် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

    MIT တက္ကသိုလ်ရဲ့ သင်ကြားရေးနည်းပညာစနစ်သစ်ဟာ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ပေါ်မှာ အခြေခံထားပါတယ် ။ အဲလို သင်ကြားရေးစနစ်တွေမှာ ကျောင်းသားတွေဟာ ဆရာတွေရဲ့ သင်ကြားပို့ချတာကိုပဲ (lecture) ထိုင်နားထောင်နေတာမျိုး မဟုတ်ပါဖူး ။ သူတို့ကိုယ်တိုင် ဆရာတွေနဲ့အတူဖြစ်စေ ၊ အတန်းသားချင်းဖြစ်စေ အချက်အလက်တွေကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာမျိုး ဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေက ကျောင်းသားတွေရဲ့ ဆွေးနွေးချက်တွေကို သူတို့သင်ကြားမယ့် သင်ခန်းစာက အချက်အလက်တွေကို သုံးပြီး ပြန်လည်ထောက်ပြ ဆွေးနွေး ရှင်းပြတာမျိုး လုပ်ပါတယ် ။ အဲဒီအခါ စာသင်ကြားခြင်းဟာ ဆရာမှ ကျောင်းသားဆိုပြီး တစ်လမ်းသွားပဲ ဖြစ်မနေတော့ပဲ ၊ ဆရာ နဲ့ ကျောင်းသားကြား အပြန်အလှန်ဖြစ်နေတာမျိုး ၊ ဆရာကပဲ သင်ခန်းစာကို ပုံသေချပြီး သင်ပေးနေတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေ တွေးခေါ်တာတွေကိုပါ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်ပါတယ် ။

    ခုခေတ် နိုင်ငံတကာပညာရေးမှာ (နာမည်ကြီး တက္ကသိုလ်များအပါအ၀င် ) ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်ဖြစ်တဲ့ လက်ချာ (lecture) အစား ခုလို သင်ကြားနည်းစနစ်အသစ်တွေကိုဘက်ကို အားစိုက်လာကြပါတယ် ။ MIT တက္ကသိုလ်အပြင် တခြားတက္ကသိုလ်များဖြစ်တဲ့ Rensselaer Polytechnic Institute, North Carolina State University, the University of Maryland, the University of Colorado at Boulder and Harvard တို့မှာလည်း ရူပဗေဒပညာရပ်ကို ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်အစား ၊ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ကိုအခြေခံတဲ့ သင်ကြားနည်းစနစ်တွေကို သုံးလာကြပါတယ် ။

    Harvard တက္ကသိုလ်မှာ ရူပဗေဒပညာရှင်တယောက်ဖြစ်တဲ့ Professor Mazur က အောက်ပါအတိုင်း ပြောခဲ့ပါတယ် ..
    “Just as you can’t become a marathon runner by watching marathons on TV, likewise for science, you have to go through the thought processes of doing science and not just watch your instructor do it.”

    Nobel Prize-winning physicist Carl Wieman ကလည်း ...
    the human brain “can hold a maximum of about seven different items in its short-term working memory and can process no more than about four ideas at once.”
    ဆိုပြီး သူ ရေးသားတင်ပြတဲ့ စာတမ်းတခုထဲမှာ ကောက်ချက်ချခဲ့ပါတယ် ။

    အဲဒါကြောင့် တစ်နာရီနီးပါးကြာလေ့ရှိတဲ့ လက်ချာ (lecture) တွေမှာ ဆရာက သင်ကြားပို့ချနေတဲ့ အချက်အလက်တွေ အကုန်လုံးကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ ၀င်သွားနိုင်ဖို့ ခဲယဉ်းပါတယ် ။ အနည်းအကျဉ်းသာ ၀င်နိုင်မယ်ထင်တယ်လို့ သူက ဆက် ပြောခဲ့ပါတယ် ။

    အခုလိုပညာရှင်တွေအများအပြား ထောက်ခံနေကြတဲ့ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” ပေါ်အခြေခံတဲ့ သင်ကြားနည်းတွေကို ခုခေတ် နိုင်ငံတကာရဲ့ကျောင်းတော်တော်များများမှာအသုံးပြုလာကြပေမယ့် ၊ သင်ကြားနည်း (pedagogy) တွေကတော့ တမျိုးစီ ကွာခြားကြပါတယ် ။ ဥပမာ - - MIT မှာ အသုံးပြုတဲ့ TEAL (Technology Enhanced Active Learning) နည်းစနစ်မှာ ကျောင်းသားအယောက် ၈၀ ဟာ စားပွဲရှည် ၁၃ ခုမှာ အဖွဲ့လိုက် ထိုင်ကြပြီး ၊ သူတို့ရှေ့မှာ ကွန်ပြူတာတွေ ရှိနေပါတယ် ။ ကထိကဆရာမ (lecturer) က စာသင်ရင်း ထုတ်လိုက်တဲ့ မေးခွန်းပုစ္စာတွေ အဲဒီ ကွန်ပြူတာတွေပေါ်မှာလာပေါ်တဲ့အခါ ၊ ကျောင်းသားတစ်ဦးစီမှာ ကိုင်ထားတဲ့ clicker လို့ခေါ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းကိုသုံးပြီး ၊ ကိုယ်ထင်တဲ့အဖြေကို ရွေးချယ်နိုင်ပါတယ် ။ ကျောင်းသားတစ်ယောက်ရွေးချယ်လိုက်တဲ့အဖြေဟာ ကထိကဆရာမနဲ့ နည်းပြဆရာမတွေရဲ့ ကွန်ပြူတာမှာ သွားရောက်ပေါ်ပါတယ် ။ စာသင်ခန်းထဲမှာလည်း အဖြူရောင်သင်ပုန်း (white board) တွေ ၊ ကြီးမားတဲ့ display screen တွေ နံရံတွေမှာ ကပ်ထားပါတယ် ။

    အမေရိကန် ဒေါ်လာ ၂.၅ မီလီလျံကုန်ကျတဲ့ အဲဒီစာသင်ခန်းနှစ်ခန်းဟာ အဲလောက်ထိအကုန်အကျခံပြီး မလုပ်သင့်ဖူးလို့ တချို့က ဝေဖန်ကြပါတယ် ။ ဒါ့အပြင် MIT မှာတက်ရောက်နေတဲ့ ကျောင်းသားတချို့က အဲဒီသင်ကြားနည်းစနစ်နဲ့ ပတ်သက်ပြီး မကြိုက်တဲ့အချက်တွေလည်း ရှိပါတယ် - - အဖွဲ့လိုက် ဆွေးနွေးရတဲ့အခါ ပိုတော်တဲ့သူတွေက စိတ်ရှည်လက်ရှည်မရှင်းပြပဲ သူတို့ဘာသာပဲ ပုစ္စာတွေ လေ့ကျင့်ခန်းတွေကိုဖြေသွားလို့ အားနည်းသူတွေ ဘာမှလိုက်မမှီနိုင်တာမျိုး ၊ အခန်းထဲမှာ အားလုံးက ပြောဆို ဆွေးနွေးနေကြ ၊ ကထိကနဲ့ နည်းပြတွေက ဟိုဟိုဒီဒီ သွားလာနေတဲ့အတွက် သူတို့တွက် အာရုံလွင့်ပါးတာတွေဖြစ်ရတာမျိုး ၊ ကျောင်းတက်နှုန်းကို အောင်မှတ်ရဲ့ ၂၀ ရာခိုင်နှုန်းအဖြစ်ထည့်သွင်းထားတဲ့အတွက် မဖြစ်မနေကျောင်းတက်နေရတာမျိုး ။

    တချိန်တည်းမှာပဲ ခုလိုသင်ကြားနည်းစနစ်ကို ထောက်ခံသူတွေလည်း များပြားတာတွေ့ရပါတယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် သင်ကြားနည်းစနစ်တခုဟာ လူတိုင်းအတွက် အမှားအယွင်းကင်းပြီး ပြီးပြည့်စုံဖို့ ခဲယဉ်းလှပါတယ် ။ သင်ကြားနည်းစနစ်တခုအောင်မြင်ဖို့ သင်ယူတဲ့ကျောင်းသားရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားတဲ့ ဆရာဆရာမများရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားနေတဲ့ဘာသာရပ် ၊ သင်ကြားသူက အဲဒီသင်ကြားနည်းစနစ်အပေါ် နားလည်တဲ့အတိုင်းအတာ ၊ သင်ကြားသူနဲ့ ကျောင်းသားများကြားဆက်ဆံရေးအခြေအနေ စတာတွေပေါ် အတိုင်းအတာတခုထိ မူတည်နေပါတယ် ။ အဲလို များပြားလှတဲ့အချက်အလက်တွေပေါ် မူတည်နေတဲ့အတွက် MIT လို လူတော်တွေပဲတက်တယ်လို့ သတ်မှတ်ခံရတဲ့ ကမ္ဘာကျော်တက္ကသိုလ်မှာတောင် သင်ကြားနည်းစနစ်တခုဟာ ကျောင်းသားတိုင်းအတွက် အဆင်မပြေတာ တွေ့ရပါတယ် ။ ဒါကြောင့် နိုင်ငံတကာမှာ အစဉ်တစိုက် သင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ပညာရေးသုတေသနတွေကို အမြဲပြုလုပ်နေကြရတာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ် ။

    အကိုးအကား
    At M.I.T., Large Lectures Are Going the Way of the Blackboard (article in New York Times) & readers' comments http://www.nytimes.com/2009/01/13/us/13physics.html?_r=3&pagewanted=1&sq=%20education%20%20math%20%20science&st=nyt&scp=2

    Wednesday, January 28, 2009

    သူတို့တွက် အနာဂတ်ကောင်းကင်

    (ရေးသားသူ - S.S.)

    (၁)
    “သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်းပညာရေးမှာပဲ စာရင်းသွင်းထားလိုက်တယ်လေ ။ တကယ်တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်းတခုမှာ ။ ခုဆို သူ့အမေထက်တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ် ။”

    ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ် ။

    “မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတန်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ် ။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေသင်လဲဆိုတော့ သူ သေချာမသိ ၊ ဘယ်လိုသင်ရိုးညွှန်းတန်းကို လိုက်လဲဆိုတော့လဲ သေချာမသိ ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက်လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ ။

    လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ်တခုရဲ့ အသုံးဝင်မှု ၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည်ပညာရေးအပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ် ။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဖူးလို့ သူတို့ ထင်လာကြဟန် တူပါတယ် ။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ် ။

    ၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ် ။ [1]

    (၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
    (၂) နိုင်ငံတကာ ကျောင်းများ (International Schools)
    (၃) ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)

    နိုင်ငံတကာ ကျောင်းတွေ (International Schools) ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံကလူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေ များကြပါတယ် ။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတနိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကိုလိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ် ။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ် ။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ် ။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ် ။

    အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ် ။

    ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ် ။

    မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ် ။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတက်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ ။ အဲလိုကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ် ။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ် ။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကိုအားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်း နဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ် ။

    (၂)
    မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ် ။

    မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတယောက်တွက် အုတ်မြစ်ချခါစ အစပိုင်းပညာရေးဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားလေ့ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။

    အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ ။

    အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ ဆရာမများဟာ တချို့ က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေက ဖြစ်ပါတယ် ။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ် ။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ် ။
    သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ် ။ နိုင်ငံတကာပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ် ။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား ။

    တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ် ။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ် ။

    သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ် ။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ် ။

    မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
    မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ် ။

    သင်ရိုးညွှန်းတန်းကို သေချာအလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်) တွေပဲ ဖြစ်လာနိုင်ပါတယ် ။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ် ။

    နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာတခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ် ။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ် ။

    အသိသာဆုံးဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ် ။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ် ။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ် ။ ဒီတော့ အသံထွက်မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။

    နောက် ဘာသာရပ်တရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ပတ်သက်ပြီး သင်နိုင်တဲ့အရည်အချင်းရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား ၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဖူး ။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် ၊ အဲဒီကျောင်းတွေဟာ အတိုင်းအတာတခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ် ။

    အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားတဲ့ ပေတံတွေမရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ် ။ အထိမ်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) ဟာလည်း ဈေးကွက်တခုလို ဖြစ်ထွန်းလာနိုင်တယ် ။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ ၊ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေအနာဂတ်အတွက် ထွက်ပေါက်တခုလိုမြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကိုလိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ် ။

    (၃)
    ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို ”ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ် ။


    အကိုးအကား

    [1] Private Education in Myanmar [http://epress.anu.edu.au/myanmar02/mobile_devices/ch08s04.html]

    Friday, January 23, 2009

    ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂)

    -သိန်းနိုင်-

    သင်ယူလေ့လာမှုတိုးတက်စေဖို့

    ဒါကာပညာရေးလုပ်ငန်းအညွှန်းဘောင် Dakar Framework for Actionရဲ့ အားလုံးအတွက် ပညာရေး အစီအစဉ် Education For All (EFA) ကို အရင်ဆုံး ကျနော်ဆွေးနွေးပါရစေ။ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံတိုင်းရဲ့အစိုးရအားလုံးတခဲနက် သဘောတူညီ လက်မှတ်ရေးထိုးထားခဲ့တဲ့ ဒီစာချုပ်ဟာ အသေအချာ ပြင်ဆင်ထားတာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဆရာဆရာများနှင့်ပတ်သက်ပြီး အောက်ပါ အချက်တွေကို ပြုစုထားရှိတယ်။

    ဆရာဆရာများကို -

    • လေးစားသမှုရှိရမယ်။ ခံစားခွင့်လစာ ထိုက်တန်စွာရရှိသင့်တယ်။
    • သင်တန်းရရှိသင့်ပြီး စဉ်ဆက်မပြတ် လုပ်ငန်းခွင်အရည်အချင်းမြှင့် သင်တန်းတွေတက်ရောက်စေ သင့်တယ်။
    • သူတို့ရဲ့လုပ်ငန်းနှင့်ပတ်သက်ပြီးသက်ရောက်မှုတွေဖြစ်စေမယ့် ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချမှတ်ရာ မှာ ပါဝင် ဆောင်ရွက်ခွင့်ရရှိရမယ်။
    • ကျောင်းသူကျောင်းသားများရဲ့ သင်ယူလေ့လာမှုပုံစံတွေ၊ ရုပ်ပိုင်းနှင့် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ပုံ မတူ ခြားနားချက်တွေကို သဘောပေါက်နားလည်ထားရမယ်။
    • အာရုံနိုးကြားစေပြီး ကိုယ်တိုင်ပါဝင် လုပ်ဆောင်သင်ယူလေ့လာနိုင်တဲ့ စာသင်ခန်းအနေအထား၊ ပတ်ဝန်းကျင်ကို ဖန်တီးတတ်ရမယ်။
    • ကျောင်းဆရာအလုပ်အကိုင်ရဲ့တာဝန်ဝတ္တရားတွေကို လက်ခံပြီး ကျောင်းသူကျောင်းသားများနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းအပေါ်မှာ တာဝန်ခံနိုင်ရမယ်။


    ဒါပေမယ့် ပထမဆုံးအနေနဲ့ ကျောင်းဆရာ၊ ဆရာမအသစ် စုဆောင်းပုံကို ကြည့်ကြရအောင်။ ဆရာအလုပ် အကိုင်အတွက် ပိုမိုသင့်တော်ကိုက်ညီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို ဆွဲဆောင်နိုင်ရမယ်။ ဒီလိုလုပ်မှကို ဖြစ်မှာပါ။ သက္ကရာဇ် ၂၀၁၅ မှာ အာရှတိုက်အတွင်း အားလုံးအတွက် ပညာရေး EFA ရည်မှန်းချက်တွေကို အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ဆရာဆရာမအသစ် လေးသန်းထပ်လိုမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

    ဆရာအတတ်ပညာ သင်တန်းပြုပြင်ပြောင်းလဲရေး

    တိုင်းပြည်ရဲ့ဦးဆောင်မှုကနေ အဆင့်ဆင့်တိုင်းက နိုင်ငံရေးအရ အထောက်အပံ့ကို အများကြီးလိုအပ်တယ်။ ပညာရေးအတွက်ပါ။ အထူးသဖြင့်တော့ ကျောင်းဆရာဆရာမများအတွက်ဖြစ်တယ်။ နောက်ပြီးတော့လည်း ထက်မြက်တဲ့ဘွဲ့ရလူငယ်များ ကျောင်းဆရာအလုပ်လုပ်ဖို့အတွက် မက်လုံးတွေထားရှိသင့်တယ်။

    ဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘ၀တစ်သက်တာလေ့လာရာမှာ လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာ သင်တန်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

    ဒါပေမယ့် နိုင်ငံအတော်များများမှာ ကျောင်းဆရာဆရာမလောင်းများဟာ နှစ်အတော်ကြာကြာ ကောလိပ် စာသင်ခန်းများ အတွင်းမှာ ပျင်းရိလေးတွဲစွာထိုင်ပြီး သင်ယူခြင်း-သင်ကြားခြင်းသီအိုရီတွေကို လေ့လာနေကြ ရတာတော့ဖြင့် ကံဆိုးလှပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်တန်းစနစ်ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲနိုင်မလဲ။

    အရင်ဆုံးအနေနဲ့ ဆရာအတတ်ပညာသင်တန်းတွေဟာ ပညာရေးဘွဲ့သင်တန်းဖြစ်စေ၊ ဘွဲ့လွန်ဒီဂရီတွေ ဖြစ်စေ စာသင်ခန်းအတွင်း အတွေ့အကြုံ အတော်များများ ပါဝင်ရမှာဖြစ်တယ်။

    ဆရာအတတ်ပညာ သင်တန်းတွေမှာ အရေးကြီးတဲ့အခြား စွမ်းရည် ၃ မျိုးကိုလည်းထည့်သွင်းသင့်ပါတယ်။
    • -
      ဆရာဆရာမများဟာ ကျောင်းတွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်း လုံခြုံနွေးထွေး တဲ့ နေရာတွေ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားရမယ်။

    • ဆရာဆရာမများဟာ ကျောင်းသူကျောင်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာထားရမယ်။ နောက်ပြီးတော့ -
    • ကျောင်းဆရာဆရာမများဟာ စာသင်သားများရဲ့ ပုဂ္ဂလလိုအပ်ချက်တွေ၊ ပညာရေး အထူးအကူအညီ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သီးသန့်စွမ်းရည်များကို ပိုင်ဆိုင်ရရှိထားရမယ်။

    ကဲအခု လုပ်ငန်းခွင်မှာ နေရာချထားရေးကို ကြည့်ကြရအောင်။ မူလတန်းကျောင်းလေးရဲ့ ပထမတန်းမှာ စာသင်ဖို့ ဘယ်လိုဆရာဆရာမမျိုးကို တာဝန်ပေးကြပါသလဲ။ ကျနော်တို့အားလုံး သိရှိကြတဲ့အတိုင်း အတော်ဆုံး ဆရာဆရာမတွေတော့ မဟုတ်သေးပါဘူး။ တော်သော၊ ကောင်းသော ဆရာဆရာမများကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အလိုက် အလိုအပ်ဆုံးနေရာတွေမှာ တာဝန်ပေးကြရမှာပါ။

    ကျောင်းတွေမှာ တာဝန်ပေးအပ်မှုနဲ့ ပတ်သက်လို့ ဒုတိယအချက်ကတော့ ခက်ခဲတဲ့ နေရာဒေသတွေကို ထက်မြက် ထူးချွန်တဲ့ ဆရာဆရာမတွေသွားပြီး စာသင်ဖို့အတွက် ဘယ်လိုလုပ်လုပ်ပေးကြမလဲ။ အပိုဆောင်းဆု ကြေးငွေ အပါအ၀င် မက်လုံးတွေပေးစရာ အများကြီးရှိနေပါတယ်။

    ကျောင်းဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု

    အဓိကအားဖြင့်တော့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေ ဆရာအတတ်ပညာကို လေ့လာကြ၊ အရည် အသွေးပြည့်မီတဲ့သင်တန်းတွေမှာ တက်ကြ၊ အလိုအပ်ဆုံးနေရာတွေ၊ အတန်းတွေမှာ စာသင်ကြားကြ။ ကျောင်းဆရာအလုပ်မှာ မြဲနေဖို့နဲ့ စာသင်ကြားခြင်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဘ်ာတွေများ လုပ်ပေးနိုင်မလဲ။

    ပထမဆုံးအနေနဲ့တော့ ဆရာဆရာမအသစ်တွေကို ကျောင်းလုပ်ငန်းမိတ်ဆက်အစီအစဉ်တွေ၊ လုပ်ငန်းခွင် လက်တွေ့ အစမ်းခန့်ကာလအစီအစဉ်တွေကို ကျနော်တို့ အသေအချာစီစဉ်လုပ်ဆောင်ကြရမှာဖြစ်တယ်။
    ဆရာအတတ်ပညာသင်တန်းကာလ အစပိုင်းကတည်းက ဆရာဆရာမလောင်းတွေကို မိမိတို့ရဲ့သင်ကြားမှုကို ပြန်လှန်လေ့လာသုံးသပ်တတ်တဲ့သူတွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားရုံတင်မကဘဲ မိမိအထက်က ဆရာကြီး ဆရာမကြီးတွေ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမတွေနှင့်ပါ စာသင်ကြားရေး တိုးတက်လာစေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့သူတွေ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးရမှာပါ။

    နောက်ဆုံးတစ်ချက်အနေနဲ့တော့ ကျောင်းဆရာဆရာမများကို ဆရာအလုပ်အကိုင်ရဲ့ တိုးတက်မှုအတွက် ရှေ့ဆက် လမ်းဖွင့်ပေးခြင်းနှင့် အဆင့်မြင့်တာဝန်တွေယူနိုင်ဖို့ကို လမ်းကြောင်း ၂ ခုနဲ့ထားရှိရမယ်။ ပညာရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေးလမ်းကြောင်းနှင့် ပညာရှင်လမ်းကြောင်းတွေကတဆင့် ဖြစ်ပါတယ်။

    နိဂုံးချုပ်ပြောရယင် ကျောင်းဆရာအလုပ်ဖွံ့ဖြိုးမှုအတွက် ပရော်ဖက်ရှင်နယ်ကျောင်းဆရာအစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့စည်းပေးရမယ်။ သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်နိုင်အောင် အားပေးရမယ်။

    ကလေးတိုင်းဟာသီးသန့်ဖြစ်တည်ပြီး ရှင်သန်နေတယ်လို့ကျနော်တို့ ယုံကြည်တယ်ဆိုယင် “ဆရာ” ရယ်လို့ ထိုက်တန်စွာ အခေါ်ခံနိုင်သူ ပရော်ဖက်ရှင်နယ်တွေက စာသင်ခန်းတိုင်းရှိ ကလေးတိုင်းကို လမ်းညွှန် ဦးဆောင်မှုပေးပြီး စာသင်ကြား ပြသပေးရလိမ့်မယ်။ ကလေးတွေဟာ စံပြုနိုင်သူ၊ လမ်းညွှန်နိုင်သူ ရရှိဖို့ လိုအပ်သလို ရရှိသင့်တယ်။ ပိုပြီးတော့ မရေရာမတိကျလှတဲ့ အနာဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ ရရှိနိုင်ဖို့ဖြစ်တယ်။ ဒီအခြေအနေထက် လျော့နည်းပြီး လုပ်လို့ မသင့်တဲ့ အဖိုးထိုက် ရတနာလေးတွေ မဟုတ်လား။

    (Ref: BKK post 13 &2 1 Jan 2009 Sheldon Shaeffer ရှယ်ဒန်ရှေးဖာဟာ ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရိုရဲ့ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလမှာ အငြိမ်းစားယူခဲ့တယ်။ နယူးယောက်နဲ့ ဘန်ကောက် ယူနီဆက်၊ အင်ဒိုနီးရှား ဖို့ဒ် ဖောင်ဒေးရှင်း၊ ပဲရစ် အခြေစိုက် ပညာရေးစီမံကိန်းရေးဆွဲရေး နိုင်ငံတကာအင်စတီကျူ့၊ ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးသုတေသနဌာနတွေမှာ အလုပ်လုပ်ခဲ့တယ်။)

    Thursday, January 15, 2009

    ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁)

    ရေးသားသူ - ဦးသိန်းနိုင်
    (ဘန်ကောက်အခြေစိုက် ယူနက်စကို-အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရို ညွှန်ကြားရေးမှူးဟောင်း ရှယ်ဒန် ရှေးဖာ၏ စာတမ်းကို ပြန်ဆိုပါသည်။ Ref: BKK post 13 Jan 2009)


    ကျနော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ် (အကောင်းဆုံးလည်းဖြစ်ပါတယ်) ကတော့ ကျောင်းဆရာ တစ်ယောက် အနေနဲ့ပါ။ ကျောင်းပြီးလို့အသက် ၂၂ ပြည့်တယ်ဆိုရင်ပဲ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက် တောနက်ကြီး ထဲမှာရှိတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ စတင်ခဲ့တာပေါ့။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါ်မှာ ရေးထားတဲ့အတိုင်း ကျနော့်တာဝန်ကတော့ ”မိခင်ဘာသာစကား ပြောဆိုသူ“ အနေနဲ့ပါ။

    ကျောင်းမှာ စာသင်တန်း လေးခန်းရှိပါတယ်။ ပညာရေးဌာနက တရားဝင်အကြောင်းကြားစာမပို့မီ ကျနော် ရောက်သွားတဲ့အခါ ဆရာ ငါးဦး ရှိခဲ့ပါတယ်။ ကျနော်လာမယ်ရယ်လို့ မျှော်လင့်မထားကြတဲ့ အတွက်ရယ် နယူးဇီလန်နိုင်ငံသားဆရာငယ်တစ်ဦး မနေ့ကတည်းကရောက်ရှိနေတာကြောင့် သိပ္ပံဘာသာနှင့် အင်္ဂလိပ်စာကို သင်ဖို့ သူ့ကိုတာဝန်ပေးထားခဲ့တယ်။ ကျနော့်ကတော့ဘယ်တုန်းကမှ မလေ့လာဘူးခဲ့တဲ့ အာရှတိုက်သမိုင်းနှင့် တောင်ကမ္ဘာဘက်ပိုင်းပထ၀ီဝင်တို့ကို သင်ကြားပေးရမှာတဲ့။ နောက်တစ်ခုကတော့ ဂီတဖြစ်ပါတယ်။

    နှစ်ပတ်အတွင်းမှာဘဲ ဂီတကို လက်လျော့လိုက်ရပါတယ်။ (သီချင်းမဆိုတတ်ဘူးဆိုတာကို သက်သေပြရခဲ့ သေးတာ။) အင်္ဂလိပ်စာကိုတော့ သင်ခွင့်ရခဲ့တယ်။ သူတို့ဆုံးဖြတ်တာကတော့ “ဒါးဗစ်“ ဆိုတဲ့ ဆရာလေးက နားလည်နိုင်လောက်တဲ့အင်္ဂလိပ်စကားကို မပြောတတ်လို့တဲ့။ ဒီစာကိုဖတ်နေတဲ့ နယူးဇီလန်သားများကို ကျနော်တောင်းပန်ပါတယ်။

    ဒီလိုနဲ့ဘဲ ကျနော့်ရဲ့ စာသင်ကြားခြင်း အလုပ်စတင်ခဲ့တော့တယ်။ သိပ်စိတ်ဝင်စားစရာမကောင်းသလို ကျေနပ် စရာ မဖြစ်ခဲ့တဲ့ စာသင်ကြားခြင်း အလုပ် ၂ မျိုးလောက် ပြောင်းအပြီးမှာတော့ တကယ်လုပ်သင့်တာက ပညာရေးဘွဲ့ကျောင်းသား အလုပ်ဟာ (ကျောင်းပြန်တက်တာ) ပိုအသင့်တော်ဆုံးလို့ဆုံးဖြတ်ခဲ့တယ်။ အထူး သဖြင့်တော့ မနုဿဗေဒရှုထောင့်ကနေ စဉ်းစားတာပါ။ ဒါဟာပညာရေးကို ဆုပ်ဆုပ်ကိုင်ကိုင် တိုက်ရိုက် ပါဝင်ဆောင်ရွက်တာထက် ပညာရေးဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာ၊ ပိုင်းဖြတ်ရတာကို တစ်သက်တာ စိတ်ဝင်စားမှုနဲ့စတင်ပါတော့တယ်။

    အနှစ်လေးဆယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့အပြီး အခုတော့ ကျနော်တို့ဘယ်နေရာမှာ ရပ်တည်နေရပါလဲ။ အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ စိတ်မကောင်းပါဘူး။ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနေတဲ့ စိန်ခေါ်မှုအသစ်တွေ၊ အန္တရာယ်အသစ်တွေ အပြည့်အနှက်ရှိနေတဲ့အခြေအနေနဲ့ ကမ္ဘာကြီးမဟုတ်လား။ အခုတော့ ဒီခြိမ်းချောက်မှုတွေဟာ ပိုပြီးတော့သာကြီးထွားလာနေတယ်။ ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ မြင်ကွင်းတွေဖြစ်တဲ့ ငွေကြေးစီးပွားကပ်ဆိုက်နေမှုတွေ၊ ရာသီဥတုဖောက်ြပန် ပြောင်းလဲလာနေမှုတွေ၊ အကြမ်းဖက်သမားများနှင့် လျော့နည်းလာနေတဲ့ သဘာဝအရင်းအမြစ်တွေကို အပြိုင်အဆိုင်လုယူတဲ့ စစ်ပွဲတွေ အစုံအလင် ပါဝင်နေတယ်လေ။

    ပြဿနာကတော့ ဒီစိန်ခေါ်မှုတွေပိုမိုများပြားလာတာနဲ့အမျှ “ပညာရေး“ က ကူကယ်နိုင်မယ်ဆို့တဲ့ မျှော်လင့်ချက်ရယ် ကမ္ဘာကြီးကို ချောက်ထဲမကျဖို့ ကယ်ဆယ်ပေးနိုင်မယ်ဆိုပြီး မြင်လာကြတော့တယ်။ ပညာရေးသမားများ အတွက် အားတက်ဖွယ်ရာ မျှော်လင့်ချက်ပါဘဲ။ သို့ပေမယ့် ပညာရေးကို စိန်ခေါ် ခံနေရတွေကတော့ဖြင့် အသည်းထိတ်စရာပါ။

    ၁။ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရာတာက ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးကို ဗဟိုဦးစီးချုပ်ကိုင်မှုကနေ လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ (အကောင်းရော၊ အဆိုးပါ၊ လုပ်ပုံနည်းလမ်း မှန်ကန်မှုနဲ့ လမ်းမှားမှုတွေ ရှိနေတယ်။)

    ၂။ ပညာရေးစနစ်အတွင်းမှာ အဂတိတရားလိုက်စားမှုတွေ ကြီးထွားလာနေတယ်။ ပုဂ္ဂလိကနှင့် အခကြေးငွေ ပေးရတဲ့ကျူရှင်တွေမှာသာ ကျောင်းဆရာဆရာမများဟာ သင်ရိုးညွှန်းတမ်းကို ထိထိရောက်ရောက် သင်ကြား တော့တယ်။

    ၃။ ပညာရေးစနစ်ရဲ့အဆင့်ဆင့်တိုင်းမှာ လမ်းကြောင်း လမ်းသွယ်တွေ ထွေပြားလို့နေပြီး အရည်အသွေး ပြည့်ဝတဲ့ဆရာ ဆရာမတွေ၊ သင်ကြားရေးအရင်းအမြစ်တွေကို လမ်းကြောင်းတိုင်းမှာ ပိုလိုအပ်နေတယ်။

    ၄။ ပညာရေးဟာ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် စံနှုန်းတွေအတွက် အကျိုးဆောင်ရမှာလား၊ ဒါမှမဟုတ်ရင် ဒေသ အလိုက် လိုက်လျောညီထွေရှိမှုနှင့် ယဉ်ကျေးမှုအမှတ်အသားသရုပ်တွေနှင့် မျိုးနွယ်စုံထွေပြားမှုကို ထိန်းသိမ်း ကာကွယ်ပေးရမှာလား ဆိုတဲ့ အတောမသတ်နိုင်တဲ့ ဆေးနွေးငြင်းခုံမှုတွေ။

    ၅။ ပညာရေးကို ကိရိယာတစ်ခုအဖြစ်အသုံးပြုနေတဲ့ (ကုန်ထုတ်၊ ဥာဏ်ထုတ် စွမ်းအားတိုးပွားစေဖို့ ကျွမ်းကျင်လုပ်သားထု ပျိုးထောင်ရေး) အခြေအနေကနေ ပြီးပြည့်စုံတဲ့ လူသားတစ်ဦး ဖြစ်လာစေဖို့ဆိုတဲ့ လူသားဗဟိုပြု အတွေးအမြင်ဘက်ကို ပြောင်းလဲလာမှု။

    ၆။ အနာဂတ်ကာလမသေချာမတိကျမှုအပေါ်မှာ ဖန်တီးလိုစိတ်နှင့် ပြောင်းလဲခြင်းနှင့်အတူ လိုက်ရွေ့နိုင်ဖို့ တွေကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ အစဉ်သင်ယူနေတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ စဉ်ဆက်မပြတ် တစ်သက်တာလေ့လာလိုမှု၊ ပဋိပက္ခတွေပိုပြီးတိုးလို့နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေ အတူမှီတွဲနေထိုင်နိုင်မှု။

    ၇။ အမှတ်အသားသရုပ်အိုင်ဒီမတူတာရယ် ပြီးတော့လည်းနောက်ခံအခြေအနေအမျိုးအစုံအလင်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရင်ဆိုင်နိုင်ဖို့။ နောက်ဆုံးတစ်ချက်ကတော့-

    ၈။ အကောင်းဆုံးသော မျှော်မှန်းချက်တွေထားရှိပြီး၊ ကျောင်းတက်နှုန်းတိုးလာတာတွေ၊ ငွေကြေးအရင်းအနှီး ပိုမြုပ်နှံ ထားတာတွေရယ် တစ်ကမ္ဘာလုံးမှာ အရည်အတွက်တိုးလာစေဖို့ဆိုတဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်း ရှေ့တိုး လျှောက်လှမ်းနေစဉ်မှာဘဲ ပညာရေးစနစ်တွေနဲ့ စာသင်ကျောင်းဟာ ကျောင်းသားများရဲ့ သင်ယူရန် လိုအပ်ချက်တွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပျက်ကွက်နေတာကို ပိုတွေ့နေရပါပြီ။

    ကျောင်းဆရာဆရာမများဟာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ နေရာမှာရှိနေတယ်။ ပညာရေးကနေ ကမ္ဘာကြီးကို ကူကယ်ရမယ် ဆိုတာလည်း အပါအ၀င်ပေါ့။ “ကျောင်းဆရာဆရာမ မလိုအပ်တဲ့ သင်ရိုးညွှန်းတမ်း“ ဆိုတာရယ် “ကျောင်းဆရာဆရာမနှင့် တူညီသော ကွန်ပြူတာ“ ဆိုတာတွေကို ထပ်ပြီးတော့ မကြားမိသေးပါဘူး။ ပညာသင်ကြားပေးသူ၊ စံပြုနိုင်သူ၊ လမ်းညွှန်ပေးသူတွေရယ်လို့ တင်စားခေါ်ထားတဲ့ ကျောင်းဆရာဆရာမများဟာ ဒီကမ္ဘာမြေမှာ ရှိနေပါဦးမယ်။

    နောက်အပတ်ကျရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပါဦးမယ်။

    Sunday, January 4, 2009

    မတော်သော်လည်းမရှော်တဲ့တပည့်တွေ

    ရေးသားသူ - ဒေါက်တာအောင်ကြီး

    ယခုတလောစာမေးပွဲတွေထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက်ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှာ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လာနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇ၀င် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇ၀င် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါဝင်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။

    ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇ၀င်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ ``ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ ``ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´ကို သူက ``ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေါ့။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ ``ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ ``ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ ``သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ ``ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဥ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ ``မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။

    လူနာ ရောဂါရာဇ၀င်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ``ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မစိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ ``ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး ``သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ ``ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ ``ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ ``ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ ``ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမ၀င်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇ၀ါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး ``နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် ``သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ ``တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို ``ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။

    နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ ``သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ ``များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ ``ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ ``၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ ``ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ ``ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘ၀တူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို ``မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက ``ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနုံ့နုံ့။

    ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါဝင်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇ၀င် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။

    ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးက၀ိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ ``ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ိုင်းဝန်းရ ဖေးမရသေးသည်။

    ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။

    မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။

    ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။

    ဒေါက်တာအောင်ကြီး

    The author is the Professor and Head of the Department of Medicine from University of Medicine, Mandalay and also a well-known essayist in Burma.

     

    © 2007 IngridGrey By Arephyz