Saturday, February 21, 2009

ဘယ်သူ့တာဝန်လဲ

ရေးသားတင်ပြသူ- နည်းပညာ တက္ကသိုလ် ဆရာတဦး

ငယ်စဉ်အခါက ဆိုကောင်းကောင်းနှင့် မကြာခဏ သီဆိုဖူးသော ကဗျာလေးတစ်ပုဒ်ကို သတိရမိ သည်။

`မုန့်လုံးစက္ကူကပ်၊ ကြာကလပ်မှာဆွမ်းတော်တင်
ပလင်ပေါ်ကမျောက်ကလေး၊ ဆင်းတဲ့လို့ပြေး ဂျာအေး
ဂျာအေးသူ့အမေရိုက်၊ မှောင်မိုက်မှာငို
ကိုလူပျိုထရံပေါက်က၊ ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလွဲနေပါဦး၊ မိုးတောင်ကချုန်း မုန့်လုံး မုန့်လုံး-----´

သတိရမိစေသည့် အကြောင်းကလည်း စာရေးသူကျင်လည်နေသော နည်းပညာ တက္ကသိုလ်များရှိ ဖြစ်ပေါ်နေသောပြဿနာတိုင်းက မုန့်လုံးတွေဖြစ်နေသောကြောင့်ပင်။

+++++

ယခင် Rangoon Institute of Technology(RIT) ဟုထင်ပေါ် ကျော်ကြား ခဲ့သော ဆိုဗီယက်ယူနီယံရဲ့လက်ဆောင်၊ သမ္မတကြီးမန်းဝင်းမောင် အုတ်မြစ်ချခဲ့တဲ့ ယခု YTU (Yangon Technological University) သည်ခန့်ထည်သော မျက်နှာစာ တိုင်လုံးကြီးများဖြင့် တိတ်ဆိတ်စွာ တည်ရှိနေပါသည်။

ယခင် ခမ်းနားသာယာခဲ့သော Rangoon Institute of Technology( RIT)



တိုင်လုံးကြီးများ၏ နောက် ယခုခေတ် နည်းပညာကျောင်းသား-သူများ မတက်ရောက်နိုင် တော့ သည့် စာသင်ခန်းများ၊ workshop များကတော့ မွမ်းမံ ပြင်ဆင်မှု ကင်းမဲ့စွာ မျက်နှာငယ် နေရှာ သည်။ သည်ကျောင်းတော်ကြီးမှာက ယခုလက်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ မွမ်းမံ ဆရာ၊ဆရာမ သင်တန်းသားအချို့နှင့် ၀န်ကြီးဖော်ဆောင် နေသည့်ယန္တရားမှာ သိပ်အသုံးမတဲ့တော့ သော၊ ဆရာ၊ဆရာမ အချို့ကိုပဲ ထားရှိပါသည်။

ယခုမြင်တွေ့ရသော ခြုံနွယ်ပိတ်ပေါင်းများ အမိုးပေါ်ထို ပေါက်ရောက်နေသော RIT


စာရေးသူတို့ ငယ်စဉ်ကတော့ ၁၀တန်းမှာ အမှတ် ကောင်းမွန်စွာ ရလာတဲ့ မြန်မာပြည် တနံတလျားက အင်ဂျင်နီယာ ကျောင်းသားတွေ သည်ကျောင်းတော်ကြီးမှာ စုဝေးပညာ ရှာမှီး ခဲ့ကြပါသည်။ ယခုတော့ နအဖ လမ်းစဉ်အရ တက္ကသိုလ်ဆိုတာ သွားရေးလာရေး ခက်ခဲသော နေရာမှာပဲ ဖွင့်လှစ် ရသည့်ကာလပေကိုး ။

ပထမဆုံး ကြုံရသည့်အခက်အခဲကတော့ တက္ကသိုလ်များ၏ ကျောင်းကား ပြဿနာပင်။ ရန်ကုန် နယ်နိမိတ်မှ ကျောင်းသား- သူတွေ တက်ရတဲ့ နည်းပညာတက္ကသိုလ်တွေက ရန်ကုန်ကနေ (၁)နာရီကျော် ကားစီးရသော မှော်ဘီ၊လှိုင်သာယာ၊သန်လျင် တို့ဖြစ်ကြသည်။

ရန်ကုန်မြို့ပြင်ရှိ တက္ကသိုလ်သို့ သွားကြသော အရပ်လိုင်းကားပေါ်မှ တက္ကသိုလ်ကျောင်းသားငယ်များ

အဲဒီတော့ ရန်ကုန်မြို့ကြီးရဲ့ မြို့နယ်အသီးသီးက ၁၀တန်းအောင်ပြီး နည်းပညာ တက္ကသိုလ်ကို ရောက်လာကြသော ကျောင်းသား- သူများသည် တက္ကသိုလ်မှစီစဉ်သော ကျောင်းကားများကို အားကိုး ကြရသည်။ တက္ကသိုလ်မှ တာဝန်ရှိသူများသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ချုပ်ကိုင်ထားသည့် ပါရမီကားလိုင်းနှင့် ချိတ်ဆက်ကာ ကျောင်းကားများ စီစဉ်ကြသည်။ ယခင်က ကြုံသလို လိုင်းကား လေးတွေနှင့် (တခါတရံကားခေါင်မိုးပေါ်ထိုင်ပြီး) ကျောင်းတော်တွေကို သွားနေရတာမှ ယခု ပါရမီ ဟီးနိုးကြီးတွေနှင့် သက်တောင့်သက်သာ သွားနိုင်ကြပြီ ဟုဆိုရမည်။ သို့သော် ကျောင်းသားထု ခမျာ မိအေးနှစ်ခါမက အခါခါ နာရသောအဖြစ်များ ကြုံတွေ့နေရသည်။

နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများသည် ပါရမီကားလိုင်းမှ ကားများကို ကား တာဝန်ခံ ထားပြီး တာဝန်ယူ ငှားပေးသည်။ ကျောင်းသားများက ကိုယ်စီးမည့်မြို့နယ် အမည်ကို ကျောင်းတွင် စာရင်းပေးရသည်။ ကျောင်းသားတစ်ဦးတစ်လလျှင် တစ်သောင်း နှစ်ထောင်နှုန်းဖြင့် ကျောင်းဖွင့်ချိန်မှာ တစ်ခါတည်း ကောက်ခံလိုက်ကြသည်။ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းကားခကို ကျောင်းမှ ကောက်ခံချိန် ချက်ချင်း မပေးသွင်းသေးသူများ လည်းရှိကြ၏။ ပါရမီဂိတ် ကျောင်းကားတာဝန်ခံထံသို့ ငွေပေးချေရာ၌မူ ကားတစ်စီးလျှင် လူ(၅၀)ယောက် စာဖြင့် ၁ဦးလျှင် (၈၀၀၀)ကျပ်နှုန်းနှင့် နည်းပညာ တက္ကသိုလ်မှ ပေးချေ ရသည်။ ကျောင်းသားတွေကို ဘာကြောင့် ငွေတွေ ပိုကောက်ရတာလဲ ဟု မေးသော ဆရာ၊ဆရာမ များကို ပိုသောငွေများက ကားလိုသော မြို့နယ်များအတွက် ကားထပ်ငှားပေးရန် ဟုဆိုသည်။ သို့သော် ကျောင်းဖွင့်ပြီး အချိန် တော်တော်ကြာသည်အထိ ကျောင်းသား-သူများ အဆင်မပြေ။ အဘယ်ကြောင့် ဆိုသော် တချို့မြို့နယ်များတွင် ထိုကျောင်းသို့ လာရောက်တက်သူ (၁၀၀)ကျော် ခန့် ရှိသည်။ ထိုမြို့နယ်များအတွက် တကယ်တမ်း ကားငှားပေးတော့ ပါရမီကား တစ်စီးသာ ငှားပေးသည်။ အဲဒီတော့ လူ(၅၀)စာ ကားတစ်စီးမှာ လူ(၈၀)ယောက် မက ကျပ်ညပ် ပိတ်သိပ်၍ လိုက်ကြရသည်။ ကားဆရာတွေကလည်း သူတို့ ရသင့်သလောက် မရကြလို့ မကြည်လင်။ နည်းပညာ တက္ကသိုလ်မှ တာဝန်ခံနှင့် ပါရမီဂိတ်မှ တာဝန်ခံတွေ ဘယ်လိုညှိ ကြသလဲမသိ။

ညနေ ကျောင်းဆင်းချိန် မှာတော့ ကျောင်းသားတိုင်းက ကိုယ့်မြို့နယ်ကို ရောက်မည့်ကား ပေါ် အလုအယက် တက်ကာ နေရာဦးကြရသည်။ တချို့ စာသင်ချိန် (၁)ချိန်ဖျက်ပြီး နေရာရနိုင်ဖို့ ကြိုးစားကြ သည်။ ကျောင်းကားကြီးများမှာ သတ်မှတ်နေရာမှာ တန်းစီပြီး စတင် ထွက်ခွာဖို့ အချက်ပေးသည့် ၀ီစီသံကို နားထောင်ရသည်။ ထိုသို့ စောင့်ဆိုင်း နေရစဉ် ကျောင်းကား တာဝန်ခံဆိုသူများက ကျောင်းသားများ ကျောင်းကားခ ပေးသွင်းမှု ရှိမရှိ ကားများပေါ်သို့ လိုက်စစ်ပြီး ချလံစာရွက် မပြနိုင်သူများကို မောင်းချ ကြသည်။ သူတို့ဆိုလိုတာက ငွေမသွင်းပဲ တက်စီးနေလို့ ကျောင်းကားကျပ်ရပါသည်ဟု။
ကျောင်းသူ-ကျောင်းသား သိက္ခာကို ဘယ်နေရာမှာသိမ်းထားပါသလဲ။ ကားပေါ်တွင်ပါ လာတတ်သော ဆရာ-ဆရာမများကလည်း ဘာမှ ၀င်မပြောနိုင်ကြ။ ပြောသော ဆရာ-ဆရာမ များမှာလည်း စာရေးသူ ဖတ်ဖူးသော အော်ပီကျယ်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပညာပေး ရေးဆွဲထားသော ကာတွန်းထဲက ကလေးမလေးက တာဝန်ရှိသူများထံ စာရေးနေ သလိုပင် --- ` သမီးတို့ လမ်းထိပ်ရှိ အမှိုက်ပုံကြီးမှာ--------။ သမီးအကြိမ် (၁၀၀၀) မြောက် စာရေးလိုက်ပါသည် ရှင့်´ .. ဆိုသလိုပင်။

+++++

`ကျောင်းတက် ရာခိုင်နှုန်း ၇၅% မပြည့်လျှင် စာမေးပွဲ ၀င်ရောက် ဖြေဆိုခွင့်မရှိ´ ဆိုသော ဆိုင်းဘုတ်ကြီးက ကျောင်းအ၀င်ဝမှာ ထင်ထင်ရှားရှား မြင်ရသည်။ ကျောင်းတက် ရာခိုင်နှုန်းကို မိသားစုဆရာ ဟု တာဝန် ပေးခံရသူ ဆရာ-ဆရာမက တွက်ချက်ရသည်။ တချို့သော ဆရာ-ဆရာမများမှာ ကျောင်းသား-သူများ အပေါ်တွင် roll call တွက်ချက်မှုနှင့် အနိုင်ယူထားတတ်ကြသည်။ မိမိနှင့် အဆင်ပြေ သူများ၊ မိမိထံ ကျူရှင် ယူသူများ ကျောင်းပျက် သော်လည်း roll call ပြည့်နိုင်သည်။ အဆင်မပြေ သူများကတော့ ကိုယ့်ဘက်က ရက်ပျက်မရှိ တက်ထားနိုင်မှ တန်ကာကျသည်။ စာရေးသူ GTC ကျောင်းသို့ စတင်ရောက်ရှိစက စာသင်ရင်းအချိန်ပြည့်သွားသဖြင့် roll call မခေါ်မိပဲ ထွက်လာရာ မိမိ၏နောက်မှ ကလေးများ တစ်တန်းကြီး လိုက်ပါလာကာ roll call ပေးပါဟု လိုက်တောင်း ကြသည်။ ပထမတော့ အလွန် အံ့သြသွားမိသည်။ ကိုယ့်တိုင်းပြည် ပညာရေးစနစ် အတွက်လဲ စိတ်မကောင်း ဖြစ်မိသည်။ စာမေးဖို့ လိုက်လာတာ မဟုတ်ပဲ roll call အတွက်လိုက်လာ ကြလို့ပါ။ နောက်တော့လဲ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ မထူးဆန်းစွာပင် စီးဝင်မျောပါ ခဲ့ရသည်။ သို့သော် ` ဆရာမှာလည်း ဂုဏ်သိက္ခာ ရှိသလို ကျောင်းသားမှာလဲ ဂုဏ်သိက္ခာ ရှိသည်´ လို့ ယူဆထားတဲ့ ကိုယ့်ရဲ့ ခံယူချက် ကိုတော့ မမေ့အောင် မိမိကိုယ်ကို ခဏခဏ သတိပေး ရပါသည်။

ဆရာ-ဆရာမ အများစုအတွက် ကျူရှင်ပေးခြင်း ကိစ္စသည် အပြစ်မဆိုသာ။ မိမိလစာဖြင့် လောက်ငဖို့ ဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်ပင်။ သို့သော် ရရှိလာသောအကျိုးဆက်များ ကတော့ ဆရာ-ဆရာမ တွေ ကျူရှင်လုကြသည်။ တချို့သော ဆရာ-ဆရာမတွေက တပည့်မွေး ကြသည်။ roll call နှင့် ခြိမ်းခြောက်ကြသည်။ အတန်းထဲမှာ `ပညာ´ ပြ၍စာသင်ကြသည်။ ထို `ပညာ´ ကား ကိုယ့်ထံ ငွေတုံးကလေးတွေ ရောက်လာဖို့ ပင်တည်း။

ဆရာ-ဆရာမတို့ သိက္ခာကား အသိမ်းလွန်သွားလို့ ထင်သည်။ ရှာတွေ့ဖို့ တော်တော် ခက်ခဲလာပါသည်။

++++++

တစ်ရက်မှာတော့ ဌာနထဲမှာထိုင်ရင်း ဆရာ-ဆရာမ အချင်းချင်း စကားစမြည် ပြောနေခိုက် ဆရာမလေး တစ်ယောက် မျက်ရည်လည်ရွဲနှင့် ၀င်လာသည်။ အားလုံးက ဘာဖြစ်လာလို့လဲလို့ ၀ိုင်းမေးကြသည်။ `သမီးကို 1-T အခန်းက ဟာတွေ အရှက်ခွဲလိုက်တယ် ´ ဆိုပြီး ငိုနေပါတော့သည်။ ( 1-T ဆိုသည်မှာ B.Tech 1st year.. 1-G ဆိုသည်မှာ AGTI first year အခန်းကိုဆိုလိုသည်။) တပည့်မ (၃)(၄)ဦးခန့် နောက်က လိုက်လာပြီး ဆရာမ စိတ်မဆိုးဖို့ရန် ရှိခိုးဦးတင် တောင်းပန် နေကြသည်။ အကြောင်းစုံ မေးလိုက်တော့ ဆရာမ စာသင်နေစဉ် နောက်ဖက်မှ ကျောင်းသား တော်တော်များများက စကားများ နေကြ သည်။နားမထောင်ကြ။ ထို့ကြောင့် ဆရာမက စာမေးမည်ဟု ဆိုကာ တစ်ယောက်ချင်း စာမေးသည်။ (စာမေးသည်ဟု ဆိုရာတွင် ဆရာမက ထိုစာများကို ကြိုတင် ဖတ်မထားရသေး ၍ ကျောင်းသားများကို ဖတ်ခိုင်းပြီး ဘာသာပြန်ခိုင်း ခြင်းဖြစ်သည်)။
ကျောင်းသားတစ်ဦး အလှည့်တွင် ထိုကျောင်းသားက မဖြေ။

`ကျွန်တော်မသိ၊ အဲဒီအကြောင်း ဆရာမအရင်ရှင်းပြလေ´ ဟုပြန်ပြောသည်။ အဲသည်အခါမှာ ဆရာမငယ်လေး အလွန် စိတ်ဆိုး ပြီး အတန်းထဲက ထွက်လာပါတော့သည်။
ဆရာမလေး ငိုတာလဲ အဆိုးမဆိုသာ၊ သူ့ခမျာ ဆရာမ ၀င်လုပ်တာ (၃)လ လောက်ပဲ ရှိသေးသည်။ သူကျောင်းပြီးတာကလဲ (၇)လပဲ ရှိသေးသည်။ BE ပြီးပြီးချင်း အလုပ်လျှောက်လိုက်တော့ သရုပ်ပြရာထူး၊ လစာ(၃၅၀၀၀ိ)စကေး ရသွားသည်။ BE ဆင်းတွေ အလုပ်ရဖို့ မလွယ်သော အချိန် ဆရာမ အလုပ်ရတော့ အိမ်ကလည်း လုပ်စေချင်သည်နှင့် စာသင်သော အလုပ်ကို ၀ါသနာ မပါသော်လည်း ၀င်လုပ်ဖြစ်သွားသည်။ Posting ကျသော အခါမှာတော့ သူမတစ်ခါမှ မရောက်ဖူးသေးသည့် ရန်ကုန်မြို့ရဲ့ အနီးအနားကျောင်း။ သူမ ကြီးပြင်း ခဲ့တာက မြန်မာပြည် အထက်ပိုင်းရဲ့ မြို့ငယ်လေးတစ်မြို့။ ထို့ကြောင့် တစ်ရွာ မပြောင်း၊ သူကောင်းမဖြစ် ဆိုတဲ့ စကားလေး လက်ကိုင်ထားပြီး ရင်ခုန်လှုပ်ရှားစွာနဲ့ လာခဲ့ခြင်း ဖြစ်သည်။ ထိုဆရာမလေး ပြောပြသော သူကျင်လည်ခဲ့ရတဲ့ နည်းပညာတက္ကသိုလ်ရဲ့ အကြောင်းလေးများ ကိုလည်း ဖောက်သည် ချချင်ပါသေးသည်။

+++++

သူမအမည်က ဖြူဖြူပဲ ဆိုပါတော့၊ ဖြူဖြူတို့ ၁၀တန်းအောင်တော့ သူမတို့ရဲ့ မြို့အနီးမှာ Government Technological College (GTC) လို့ခေါ်တဲ့ ကျောင်းကြီးတစ်ကျောင်း တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ သို့နှင့် ထို (GTC) ကျောင်းကြီးတွင် (Electronic Circuit) major ယူ၍ပညာစတင်သင်ကြားခဲ့သည်။ ဖြူဖြူတို့အတန်းတွင် စုစုပေါင်းမှ ကျောင်းသား-သူ (၁၆)ဦး ပဲရှိသည်။ ဖြူဖြူတို့ Major ရဲ့ [1styearAGTI, 2ndyearAGTI, B.Tech1styear, B.Tech2ndyear, BE] စသဖြင့် (၅)တန်း ပေါင်းလိုက်မှ စုစုပေါင်း ကျောင်းသားက (၁၀၀) မပြည့်၊ (၇၀)ပတ်ဝန်းကျင်ပဲ ရှိ၏။ ဆရာ-ဆရာမဦးရေကို ကျောင်းသားဦးရေနှင့် အချိုးချ၍ (Electronic Circuit) major အတွက် ၀န်ကြီးဌာနမှ ချပေးထားတာ ဆရာ-ဆရာမ (၅)ဦးပဲရှိသည်။ သို့သော် major ဘာသာ စုစုပေါင်းက အတန်း(၅)တန်း အတွက် (၂၀) ကျော်သည်။ ထိုအခါဆရာ(၁)ဦးလျှင် ဘာသာရပ် ၄ဘာသာ၊ ၅ဘာသာစီ ယူပြီး စာသင်ရတော့သည်။

ဖြူဖြူမှတ်မိသေးသည်။ ဖြူဖြူတို့ ဆရာ ဦးအောင်ကျော်မိုးသည် မနက်စာသင်ရန် ထွက်လာတော့ ဆံပင်စုတ်ဖွားနှင့် ဖြစ်နေသည်။ တပည့်တွေက ၀ိုင်းပြောတော့ `အေး.. နင်တို့ကိုသင်ဖို့ ငါ့မှာ ညကစာဖတ်ရတာ ဆိုင်းဝိုင်းကြီးတီးနေရသလို ဟိုဘာသာကြည့်လိုက်၊ ဒီဘာသာကြည့် လိုက်နဲ့... အခု၈နာရီကျော်မှနိုးလို့ ပလုပ်ကျင်းပြီးထွက်လာခဲ့တာဟေ့.. မျက်နှာသစ်ခဲ့တာတောင် ကျေးဇူးတင်´ တဲ့။

စာမေးပွဲတွေကနီးလာချိန် ဖြူဖြူတို့ရဲ့ major ဘာသာတစ်ခုက ဆရာမ သင်ထားတဲ့ သင်ရိုး မဟုတ်ဘူးတဲ့။ သင်ရိုးပြဌာန်းတဲ့ ဆရာက အသစ် ပြဌာန်းလိုက်တာကို ဖြူဖြူတို့ ကျောင်းက မသိလိုက်ပါတဲ့။ ကဲ--သင်ထားတဲ့ ဆရာမ ခင်မျာလဲ ပင်ပင်ပန်းပန်း ဖတ်ပြီး သင်ထား ခဲ့တာဖြူဖြူတို့ အသိ၊ အသစ်ကို ပြန်သင်ပေးဖို့ သူ့မှာ အချိန်မရှိတော့။ ဒီလိုနဲ့ စာမေးပွဲကြီး စခဲ့ပြီ။ ထိုဘာသာရပ် ဖြေရတဲ့နေ့မှာ ဆရာမက အဖြေတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးပြသည်။ ဆရာကြီးနှင့်တကွ အားလုံးက မသိလိုက် မသိဖာသာ နေကြသည်။

ဒီလိုနဲ့ပဲ ဖြူဖြူလဲ BE ဘွဲ့ရရှိခဲ့သည်။ ဖြူဖြူတို့ BE တက်တဲ့နှစ်မှာပဲ GTC ကနေ TU(Technology University) ဆိုတဲ့ အခေါ်အဝေါ် ပြောင်းခဲ့သည်။ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးမှာ Civil ဌာနက ဆရာတွေတက်ပြီး ဆေးတွေသုတ် စာတွေပြင်ရေးနေတာ တွေ့တော့ ငါတို့ကျောင်းက GTC မဟုတ်တော့ဘူးဆိုတာဖြူဖြူသိသွားသည်။ နောက်တစ်လ လောက်ကြာတော့ သတင်းစာ တွေထဲမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက GTC များကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်ရန် အဆင့်မြှင့် တင်လိုက်သည်ဟု ပါရှိခဲ့ပါသည်။

ဆရာမဖြစ်လာသော ဖြူဖြူ စာသင်ဖို့အတွက် ဘာသာရပ်တွေ ခွဲတော့ ယခုနှစ်မှာ University တွေဖြစ်သွားလို့ ပညာရေးကို နိုင်ငံတကာ အဆင့်မီ ဖြစ်အောင် စင်ကာပူက နန်ယန်း တက္ကသိုလ်ရဲ့ သင်ရိုးပြဌာန်းချက်နဲ့ ညှိလိုက်၍ စာအုပ်အသစ်တွေ ပြောင်းသွားသည်။ ဖြူဖြူသင်ဖို့ တာဝန်ယူရတဲ့ ဘာသာဟာ သူမကိုယ်တိုင် တစ်ခါမှ မဖတ်ဖူုးခဲ့သော ပြဌာန်းစာအုပ် ဖြစ်နေသည်။ ဌာနက ဆရာ-ဆရာမတွေက အားပေးသည်။

` ဖြူဖြူရေ စိတ်ညစ်မနေနဲ့၊ ငါတို့လဲဒီလိုပဲဟေ့၊ ဒီတွင်းထဲရောက်မှတော့ ဒါပဲစားရတော့မှာပဲ၊ ဟဲ ဟဲ´ တဲ့။

သူတို့တွေက လုပ်သက် တော်တော်ရပြီဆိုတော့ ကျောင်းသားနဲ့ ရင်ဆိုင်ရာမှာ သိပ်ပြသနာမရှိ၊ ဖြူဖြူမှာတော့ စာသင်ခန်းထဲ ရောက်တာနဲ့ ဇောချွေးတွေ ပြန်ပြီး အတန်းထဲက ကျောင်းသားတွေက သူကို့ လှောင်ပြုံး ပြုံး နေကြသည်ဟု ထင်နေသည်။ အားလုံးကို အမြင်ကပ်မိသည်။ ခုခေတ် ကျောင်းသားတွေ တော်တော်မိုက်ရိုင်းသည်ဟု မှတ်ချက်ချမိသည်။

++++++

ခုခေတ် ကျောင်းသားတွေဟု အမည်ပေးခဲ့သော ဖြူဖြူသည် ဘယ်ခေတ်မှာ ကြီးပြင်းခဲ့ပါ သလဲ။ စာရေးသူ စဉ်းစားမိသည်။ မနိုင်ဝန်ကို ထမ်းရတဲ့အခါ ဖြစ်လာတတ်တဲ့ သဘာဝလား။ စာရေးသူ ကိုယ်တိုင်လည်း (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက) ၂နှစ်ခွဲလောက် သင်ရိုးညွှန်းတမ်း ရှိတဲ့ Master ဘွဲ့ကို ၁နှစ်၃လလောက်နဲ့ ပြီးအောင် မွေးထုတ်ထားသော ထော့နဲ့နဲ့ ဆရာ တစ်ယောက်ပါပဲ။ ကိုယ်သင်ရမယ့် ဘာသာရပ်တွေက သင်ရိုးပြဌါန်းချက် မတည်ငြိမ်မှုကြောင့် တစ်နှစ်နဲ့ တစ်နှစ် အသစ်တွေ ပြောင်းနေလို့ စာအုပ်တွေ ရှာရတာနဲ့ အချိန်ကုန်ပြီး self-study နဲ့ပဲ ပြန်လည် သင်ကြား ပို့ချနေရတဲ့ ဆရာတစ်ဦးပါ။ သီအိုရီပိုင်းက အဲလိုတွေ ဖြစ်နေသည်မို့ လက်တွေ့ပိုင်း မှာရော ဘယ်လိုပါလဲ။


နည်းပညာတက္ကသိုလ် ဟူသည် လက်တွေ့ပရောဂျက်များ၊ field ဆင်းခြင်းများ ရှိရပါသည်။ သို့မှသာ ကျောင်းသားများ အတွက် အကြားအမြင်အတွေ့အကြုံများ ရှိပြီး လုပ်ငန်းခွင် ၀င်ရာတွင် အဆင်ပြေ နိုင်ပေမည်။ ယခုတော့ လက်တွေ့ လုပ်ဆောင်စရာ ပစ္စည်းများမရှိ သလောက်ပင်။ ရှိသမျှသော စက်ပစ္စည်း များမှာလည်း ရှေးဟောင်းပြတိုက်ထဲက ပစ္စည်းတွေဟု ထင်ရသည်။ field ဆင်းနိုင်ဖို့အတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးသော အဖွဲ့အစည်း ဟူ၍မရှိ။ ကျောင်းသူ ကျောင်းသား ကိုယ်တိုင် အဆက်အသွယ်ရှာပြီး field ဆင်းမှသာ ဖြစ်နိုင်ပေသည်။
တစ်ခုတော့ လုပ်ထားပေးသည်။ တက္ကသိုလ်တိုင်းမှာ IP-star ဆိုတာတပ်ဆင်ပြီး အင်တာနက် ချိတ်ဆက် ပေးထားခြင်းပင် ဖြစ်သည်။ လူဦးရေ (၃၀၀၀) နီးပါးရှိသော ကျောင်း၏ ကွန်ပျူတာလုံးရေမှာ အလုံး(၃၀) ခန့်ဖြစ်သည်။ ထိုအထဲတွင်မှ အပျက်များက ရှိသေးသည်။ အင်တာနက်ကိုလည်း ကျောင်းသူ-ကျောင်းသားများ လာရောက် အသုံးပြုခြင်းကို ကန့်သတ်ထားသည်။ စက်များ ပျက်စီးသွားလျှင် တာဝန်ခံများက တာဝန် မယူရဲသောကြောင့် အလွယ်တကူ ကိုင်တွယ် ခွင့်မပြု။ နိုင်ငံ၏ အညွန့်အဖူးလေးများ ပညာရင်နို့ သောက်စို့ရာ နေရာများရဲ့ အဖြစ် အပျက်ကလေးတွေပါ။ တာဝန်ရှိသူတိုင်းက တာဝန်မခံရဲ ကြသည့်အတွက် ရရှိလာသော ဆိုးပြစ်များဟုသာ ကောက်ချက်ချမိပါသည်။

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပညာနို့ချိုတိုက်ကျွေးသော ကျောင်းကြီးများသည် မာမူကြီးတွေ အဆင့်ဆင့် လက်လွှဲ လက်ပြောင်းနဲ့ ရောင်းနေတဲ့ နွားနို့တွေလို ရေတွေ အထပ်ထပ် ရောခံနေရတဲ့ နို့ရည်ကျဲတွေပဲ ရနိုင်တဲ့ နေရာတွေ ဖြစ်လို့နေပါတယ်။ ဒီနို့ရည်ကျဲကိုတောင် အားလုံးဟာ သောက်သုံးနိုင်ရဲ့လား။

သိက္ခာတွေ ချောင်ထိုးထားခံရတဲ့ ကျောင်းသားနဲ့ ဆရာတို့ ကျောင်းကားပေါ်မှာ ဆုံကြတဲ့အခါ ` ဆရာလာတာမြင်ရက်နဲ့ နေရာ ဖယ်မပေးတဲ့ ခုခေတ် ကျောင်းသား တော်တော် မိုက်ရိုင်းသား´ လို့ ဆရာကဆိုသလို ` ကျောင်းသားအပေါ် ခေါင်းပုံဖြတ်တဲ့ အရေး နည်းနည်းလေးတောင် လေသံမဟရဲ.. သတ္တိနည်းတဲ့ ခုခေတ်ဆရာ´ လို့ ကျောင်းသားက မြင်နေကြပါပြီ။

ဘယ်သူတွေက မှန်သလဲ၊ဘယ်သူတွေက မှားသလဲ၊ တကယ်တော့ အားလုံးဟာ မှားယွင်း နေတဲ့စနစ်ရဲ့ သားကောင်တွေ မဟုတ်ပါလား။ မုန့်လုံးကို စက္ကူမကပ်ကြပဲ စနစ်မှားကြီးကို တိုက်ဖျက်ရဲသော သိက္ခာရှိသည့်ဆရာ၊ သိက္ခာရှိသည့် ကျောင်းသား၊ လူ့ဂုဏ်သိက္ခာ အပြည့်အ၀ရှိသောလူသားများ အနေနှင့် နို့ရည် ချိုချိုမွှေးမွှေးကို သောက်သုံးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိနေသည်ကတော့အမှန်ပင်။ ။

6 comments:

Anonymous said...

What a touchable article !!!

I cheer all the teachers and students who try their best in these days in all those TUs.

Nge Naing said...

မြန်မာပြည်ပညာရေးနဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေ သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရောက်နေတဲ့ ဆစ္ဒနီမြို့မှာရှိတဲ့ University of Technology, Sydney (UTS) ကတော့ Sydney မြို့လယ်တည့်တည့်မှာ ရှိပြီး မြို့ဆင်ခြေဖုန်းနည်းနည်း ပိုကျတဲ့နေရာမှာ ရှိတဲ့ University of Sydney နဲ့ တဖါလုံ ကျော်ကျော်လောက် ဝေးပြီး ရထား၊ ဘတ်စ်၊ ကား တွေနဲ့ တော်တော်ဝေးတဲ့နေရာကတောင် ကြိုက်တာနဲ့ လာလို့အဆင်ပြေတယ်။ ဆစ္ဒနီမြို့က ကျောင်းသားတွေတင်မကဘူး ကီလိုမီတာ ၆၀ (၃၇ မိုင်ခွဲ) လောက်ဝေးတဲ့ Blue Mountain လို နေရာက Full time study လုပ်နေတဲ့ ကျောင်းသားတွေတောင် အခက်အခဲမရှိ လာတက်နေတာ တွေ့ရတယ်။ ကိုယ်ပိုင်ကားနဲ့ လာတက်သူတွေမှာ ကား Parking အတွက် ပိုက်ဆံနည်းနည်း ပိုကုန်တာကလွဲပြီး Public Transportation ကိုသာ အသုံးပြုနေတဲ့ ကျောင်းသားတွေအတွက်ကတော့ ဘာအခက်အခဲမှကို မရှိဘူး။ စာကြည့်တိုက်မှာ ကွန်ပြူတာ အလုံအလောက် ရှိတဲ့အပြင် Faculty တိုင်းနှင့် Building တိုင်းမှာလည်း သီးသန့်ကွန်ပြူတာတွေ ထားပေးထားသေးတယ်။ ကျောင်းသားတွေမှာ အခက်အခဲရှိရင် တင်ပြဖို့ Student Union, Student Association နဲ့ Student Centre ဆိုတာတွေကို ဖွင့်ထားတဲ့ ရုံးတွေလည်း ရှိပါတယ်။ အဆင်မပြေတာရှိရင် အဲဒီနေရာတွေမှာ သွားတင်ပြလို့ရပါတယ်။ အများနဲ့ မဆိုင်ပဲ ကျောင်းသားတဦးချင်းစီမှာ ရှိတတ်တဲ့ အခက်အခဲကို သီးသန့်တင်ပြချင်ရင် ကျောင်းသားတွေအတွက် Counseling Services ဆိုတာ ရှိပြီး အဲဒီမှာ တင်ပြရင် အဖြေရှာလို့ရနိုင်တဲ့ အကြံကောင်းတွေပေးပါတယ်။ တဦးချင်းနဲ့လည်း မဆိုင်၊ ကျောင်းတခုတည်းနဲ့လည်းမဆိုင်ပဲ ပညာရေးနဲ့ ပတ်သက်လို့ အစိုးရပေါ်လစီအပေါ်မှာ တခုခုတောင်းဆိုချင်ရင်တော့ ဆစ္ဒနီယူနီနဲ့ UTS နှစ်ခုပေါင်းပြီး ကျောင်းသားတွေ တခါတခါ ဆန္ဒပြပြီး တောင်းဆိုတာတွေ ရှိပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး ဆရာ၊ဆရာမတွေကို ကြိုတင် သင်တန်းမပေးပဲ ပညာရေး သင်ရိုး အခုတမျိုး၊ တော်ကြာတမျိုး ဖြစ်နေလို့ ဆရာတွေရော ကျောင်းသားတွေမှာပါ ရရှိတဲ့အခက်အခဲအပြင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲ၊ စာကြည့်တိုက်နဲ့ ကွန်ပြူတာအလုံအလောက်မရှိတဲ့ အခက်အခဲ အဆိုးဆုံးက ဘာကိုမှ အရေးဆိုတောင်းဆိုပိုင်ခွင့်မရှိတဲ့ သက်တောင့်သက်သာ လုံးဝမရှိပဲ ပညာသင်ပေး သင်ယူနေကြရတဲ့ မြန်မာပြည်က ဆရာတွေနဲ့ ကျောင်းသားတွေအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။

Anonymous said...

EC (Electronic Communication)များဖြစ်နေမလား မသိ...ဟုတ် ပါတယ်...ဖြစ် ရပ် မှန်တွေပါပဲ

Anonymous said...

သည်အဖြစ်တွေဟာRIT မှမဟုတ်ပါ ဆေးကျောင်းလည်း သည်နည်းနှင်နှင် ဖြစ်ကုန်ပါပြီိ။ ကိုယ့်ပြည်ကိုယ်ကို စနစ်ကျကျဖျက်ဆီးနေသူတွေရဲ့ ယုတ်မာပက်စက်ချက်ကတော့ ရာဇ၀င်ရှားပါပေတယ်။

Anonymous said...

It is a right article for the bad situations of the Education field in Myanmar. Thanks for your writing.
Wake up Myanmar

Anonymous said...

ကျနော်လည်း ဒီစနစ်ဆိုးထဲက သားကောင်တစ်ယောက်ပါပဲ..
ကျနော် ဆယ်တန်းအောင်တဲ့ နှစ်မှာပဲ ၁၀တန်း အမှတ်စာရင်းနဲ့  GTI တက်ရတဲ့ နှစ်ဖြစ်သွားတယ်.. စက်မှုတက္ကသိုလ်တက်ချင်လို့  ၃ နှစ် ၃ မိုး အမှတ်တွေကောင်းအောင် လုပ်ခဲ့ရတယ် .. တကယ်တန်းတက်ခွင့်ရတော့ ရွေးချယ်ခွင့်မရှိတဲ့ အနေအထားမှာ တက်ခွင့်ရခဲ့တယ်..ကိုယ့်က မြိုပြအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့  အခက်အခဲများစွာနဲ့  ရုန်းကန်လာခဲ့ရတာ.. တက်ခွင့်ရတော့ ဘာအေူကာင်းပြချက်မှ မရှိဘဲ .. ရွေးချယ်ခွင့် ပေးထားတဲ့ ဘာသာတွေက ဘာမှ မဆိုင်တဲ့ ဘာသာရပ်တွေဖြစ်နေတယ်.. တစ်ချို့ ကတော့ လုံးဝမတတက်တော့ဘဲ.. လက်လွတ်ခဲ့ပြီး .. ကျနော်ကတော့ စက်မှုတက္ကသိုလ် တက်ခွင့်ရတာကိုပဲ ကျေနပ်နှစ်သိမ့်မိပြီး ဆက်တက်ခဲ့တယ်.. တက်နေတုန်း ကာလလေးမှာပဲ.. စနစ်တွေ ပြောင်းပြီး .. ဘ၀တွေဟာလဲ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတယ်..
ဒီလိုနဲ့ ပဲ .. မြန်မာပြည်အထက်ပိုင်းက မြို့ လေးတစ်မြို့ မှာ မြေဖြူကိုင် အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့တယ်..
ကိုယ်ရင်ဆိုင်ခဲ့ရတဲ့ ဘ၀ က ဆိုးရွားခဲ့ပေမယ့်.. တကယ့်ကျောင်းကြီးတစ်ခုမှာ ဆရာဆရာမ အပြည့်အစုံနဲ့ 
လက်တွေ့ ခန်း အပြည့်အစုံနဲ့  သေသေချာချာ သင်ခဲ့ရပြီး..ကိုယ်သင်ပေးရတော့မယ့် တပည့်တွေရဲ့  ဘ၀ကို ရင်နာနာ နဲ့  ကိုယ်ချင်းစာတရားထားပြီး ဘ၀ကို နှစ်မြုပ်ထားခဲ့တယ်..၆ နှစ်လောက်ကြာတဲ့ အချိန်မှာတော့...ဘယ်လို့ မှ သည်းခံ မနေနိုင်တော့ဘူး..
အားလုံးကို တိတ်တဆိတ် စွန့် ခွာခဲ့ရတယ်...
ဒီစနစ်ရဲ့  ၇ိုက်ခတ်မှုက အခုအချိန် ပြင်ဆင်နိုင်ခဲ့ရင်တောင်..အနည်းဆုံး နောက်မျိုးဆက် ၂ ဆက်လောက်တော့ ... ထိခိုက်ခံစားရဦးမှာပါ..
ဖြူဖြူ လို့  နာမည်လွဲထားတဲ့ ကောင်မလေးဟာ.. ကျနော့် တပည့်လေးတောင် ဖြစ်နေမလား မသိပါဘူးဗျာ...ရင်မောမိပါတယ်ဗျာ..

 

© 2007 IngridGrey By Arephyz