Showing posts with label Contributor - ခင်မမမျိုး. Show all posts
Showing posts with label Contributor - ခင်မမမျိုး. Show all posts

Tuesday, August 30, 2011

Gingerbread Man ပုံပြင်



(စကားချီး။ ။ ဒီကနေ့ သားသားရဲ့ ကျောင်းလက်ဆွဲအိတ်လေးထဲမှာ gingerbread man ပုံပြင်စာအုပ်လေး ပါလာပါတယ်။ သားသားတို့ကျောင်းမှာ တပတ်တခါ ပုံပြင်ပြောတဲ့နေ့ရှိတာကြောင့်၊ အဲဒီနေ့မတိုင်ခင်မှာ ကလေးရဲ့ ကျောင်းလွယ်အိတ်ထဲမှာ ပုံပြင်စာအုပ်လေး ထည့်ပေးမယ်လို့ ဆရာမတွေက ပြောပါတယ်။ မိဘက အိမ်မှာ ပုံပြင်စာအုပ်လေးကို ဖတ်ပြရပြီး ကလေးက နောက်နေ့မှာ သူမှတ်မိသလောက် ပြန်ပြောရပြီး၊ ဆရာမက ပုံပြင်လေးတွေကို ပြန်ဖတ်ပြမယ်ဆိုပဲ။ ကလေးတွေရဲ့ မှတ်ဥာဏ်ကို တိုးတက်စေပြီး၊ စကားပြော စွမ်းရည်ကို တိုးတက်စေရုံမက ဆယ်ယောက်ရှိတဲ့ အတန်းဆိုရင် ပုံပြင်ဆယ်မျိုးသိခွင့်ရသွားစေတဲ့ ဒီအစီအစဉ်လေးက စိတ်ဝင်စားစရာပါ။ ၂၁ ရာစုရဲ့ "မိဘဆရာ ပူးပေါင်း၊ ကလေး ပညာကောင်း" အစီအစဉ်လေးတွေက ကျွန်မတို့ ၂၀ ရာစုတုန်းကနဲ့ မတူပဲ ပိုပြီး အားကောင်းလာလေသလား မသိ။။ သားသားရဲ့ ကျောင်းအိတ်လေးထဲက သူ့နာမည်နဲ့ ဖိုင်လေးတဖိုင်ဟာ နေ့စဉ်နေ့တိုင်း ကျောင်းနဲ့ အိမ်ကို အသွားအပြန် ရောက်နေတော့တာပါပဲ။

ဒီဖိုင်လေးထဲမှာ သားရဲ့ တနေ့တာ ကျောင်းသားဘ၀ ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ တံဆိပ်တုံးလေ ပါလာပါတယ်။ အဲဒါကို ကြည့်ပြီး ကောင်းတယ်ဆိုရင် ကလေးကို မိဘက ချီးကျူးရပြီး၊ ဆိုးတဲ့ တံဆိပ်လေး ပါလာရင်တော့ မိဘက ဆရာမတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆုံးမစကားပြောဖို့ ဖြစ်ပါတယ်။ တံဆိပ်တုံးလေးဘေးမှာ မိဘက လက်မှတ်ထိုးပေးရပါတယ်။ အလားတူပဲ အိမ်စာစာရွက်လေး (အေ၊ ဘီ၊ စီ၊ ဒီ အရေးကျင့်တဲ့ စာရွက်လေး) ပါလာရင်လဲ ကလေးကို အိမ်စာလုပ်ခိုင်းပြီးတဲ့အခါ မိဘက လက်မှတ်ထိုးရပါတယ်။ ဒီနေ့တော့ ပုံပြင်စာအုပ်လေးကို ဖတ်ပြပြီးတဲ့အခါ ဖတ်ပြပြီးကြောင်းလဲ လက်မှတ်ပြန်ထိုးပေးရပါတယ်။ ပြီးရင် စာအုပ်လေးကို ကျောင်းလက်ဆွဲအိတ်လေးထဲ ပြန်ထည့်ပေးရမှာ ဖြစ်ပေမယ့် ကျွန်မချက်ချင်း ပြန်မထည့် ဖြစ်ပါဘူး။ ပုံပြင်လေးက စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဘာသာပြန် ရေးသားချင်စိတ်လေး ပေါ်လာတာကြောင့်ပါ)

ပုံပြင်လေးကတော့ ဒီလိုပါတဲ့ရှင်။



ဟိုရှေးရှေးတုန်းက ယာခင်းတခုမှာ အဖိုးအိုနဲ့ အဖွားအို ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကြင်နာတတ်တဲ့ ဇနီးမောင်နှံဖြစ်ပေမယ့် သားသမီး မထွန်းကားတာကြောင့် ၀မ်းနည်းစိတ်အားငယ်နေကြပါတယ်။

ကလေးငယ်လေးနဲ့ မိသားစုတွေကို တွေ့တိုင်း "တို့ဆီမှာ သားလေးတယောက်ရှိရင်" လို့ပြောပြီး အဖွားအိုက သက်ပြင်းချလေ့ရှိပါတယ်။

ဒီလိုနဲ့ တနေ့တော့
"ကျွန်မသိပြီ။ gingerbread man ပုံ သားငယ်လေးတယောက် လုပ်မယ်" လို့ အဖွားအိုက ဆိုပါတယ်။

အဖိုးအိုကလဲ သဘောတူတာကြောင့် သူမဟာ မုန့်လုပ်နည်းစာအုပ်လေးကို ထုတ်ပါတယ်။ gingerbread man လေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ချိန်တွယ်တိုင်းတာပြီး ရောသမမွှေလိုက်ပါတယ်။

မုန့်ကို နယ်ပြီး သဏ္ဍာန်လေး ဖော်လိုက်ပါတယ်။ နောက်တော့ မီးဖို (Oven)ထဲထည့်ပြီး ဖုတ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတိုရဲ့ မီးဖိုလေးမှာ gingerbread ရနံ့လေး မွှေးကြိုင်လာပါတယ်။

ဒါကြောင့် အဖွားအိုက အဆင်သင့်ဖြစ်ပြီလို့ ဆိုပြီး မီးဖိုတံခါးလေးကို ဖွင့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ အလွန်သေးငယ်တဲ့ gingerbread man လေးက မီးဖိုထဲကနေ ခုန်ထွက်လာပါလေရော။



gingerbread man လေးဟာ ကြမ်းပြင်ပေါ်မှာ ပြေးလွှားပြီး ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ပြေးထွက်သွားပါတယ်။
"ရပ်ပါဦး"
အဖွားအိုက လှမ်းခေါ်တယ်။
"ရပ်ပါဦး၊ ရပ်ပါဦး"
အဖိုးအိုကလဲ လှမ်းပြောတယ်။

ဒါပေမယ့် gingerbread man လေးကတော့ သီချင်းဆိုရင်း လမ်းတလျှောက်ပြေးလွှားသွားပါတယ်။ သူဆိုတဲ့ သီချင်းလေးက
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" ဆိုပဲ။

gingerbread man လေးဟာ နွားတကောင်နဲ့ မြင်းတကောင်ရှေ့က ဖြတ်ပြေးတယ်။
"သင့်ကို ကြည့်ရတာ သိပ်ပြီး အရသာရှိတဲ့ပုံပဲ" လို့ မြင်းက ဆိုတယ်။
နွားကတော့ "လူကလေး၊ ဒီကိုလာ" လို့ ဆိုတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်းနဲ့ နွားတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးက လယ်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီးရှေ့က ဖြတ်ပြေးတယ်။ လယ်သမားကြီးက
"အွန်း။ တော်တော်ကောင်းမယ့် ပုံပဲ" ဆိုပြီး "လူကလေး၊ ဒီကိုလာ" လို့ ပြောတယ်။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင်ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွားနဲ့ လယ်သမားကြီးတို့က လိုက်လာတယ်။

ဒီလိုနဲ့ gingerbread man လေးဟာ ကျောင်းတကျောင်းရှေ့က ဖြတ်ပြေးသွားတဲ့အခါ ကလေးတွေက အော်ကြတယ်။
"တို့တတွေ gingerbread ကို ကြိုက်တယ်။ ဒီကိုလာ၊ လူကလေး" တဲ့။

gingerbread man လေးက "အဖိုးအိုနဲ့ အဖွားအိုတို့ဆီကနေ ပြေးလာခဲ့တာ။ နွားကြီးနဲ့ မြင်းကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ လယ်သမားကြီးဆီကလဲ လွတ်အောင်ပြေးလာခဲ့တာ။ သင်တို့ဆီကလဲ လွတ်အောင် ပြေးနိုင်တယ်။ ကျွန်ုပ်ပြေးနိုင်တယ်" လို့ ပြန်ပြောရင်း ဆက်ပြေးတယ်။ သူဆိုနေကျ
"ပြေးမယ်၊ ပြေးမယ်၊ မြန်နိုင်သလောက် မြန်မြန်ပြေးမယ်။ သင်တို့ ကျွန်ုပ်ကို မိမှာ မဟုတ်ဘူး။ ကျွန်ုပ်က gingerbread man ဖြစ်တယ်" သီချင်းလေးကို ဆိုရင်းနဲ့ပေါ့။ သူ့နောက်မှာတော့ အဖိုးအို၊ အဖွားအို၊ မြင်း၊ နွား၊ လယ်သမားကြီးနဲ့ ကလေးတွေက လိုက်လာတယ်။

ဒီလိုပြေးရင်းပြေးရင်းနဲ့ gingerbread man လေးဟာ မြစ်တခုကို ရောက်လာပါလေရော။
သူက မြစ်ကိုဖြတ်ကူးချင်တယ်။ ဒါပေမယ့် ရေစိုမှာလဲ ကြောက်တယ်။
ဒီလိုအခြေအနေကို မြေခွေးကြီးက သတိထားမိသွားပါတယ်။

"ငါ့ရဲ့ အမြီးပေါ်ကို တွယ်တက်လာခဲ့ပါ။ မြစ်တဘက်ကမ်းကို ရောက်ဖို့ ကူညီပေးမယ်" လို့ မြေခွေးကြီးက ဆိုတယ်။
ဒါကြောင့် gingerbread man လေးက မြေခွေးအမြီးပေါ်ကို တက်လိုက်တယ်။
မြေခွေးက အမြီးကို ရေထဲမှာ ဆွဲပြီး ဖြတ်ကူးတယ်။
ပြီးတော့ "ဆောရီးပါ။ ရေမစိုအောင် ကျောကုန်းပေါ် တက်ပါ" လို့ ပြောတယ်။

gingerbread man လေးက ကျောပေါ်ကို တွယ်တက်လိုက်တယ်။
သိပ်မကြာပါဘူး။ ကျောပေါ်မှာလဲ ရေတွေ စိုလာပြန်ရော။

ဒါနဲ့ မြေခွေးက "ဆောရီးပါ။ ခေါင်းပေါ်ကို တက်" လို့ ပြောလိုက်တယ်။

gingerbread man လေးကလဲ ခေါင်းပေါ်ကို ခြေဖျားလေးထောက်ပြီး ဆက်တက်တာပေါ့။
ဒီလိုနဲ့ ခေါင်းပေါ်လဲ ရောက်ရော မြေခွေးက ခေါင်းကို လှုပ်ရမ်းပြီး gingerbread man လေးကို လေထဲမှာ မြှောက်လိုက်တယ်။ ပြီးတော့ gingerbread man လေးရဲ့ ခြေဖျားကို ဟပ်လိုက်ပါလေရော။

gingerbread man လေးရဲ့ လေးပုံတပုံက မြေခွေးပါးစပ်ထဲ ရောက်သွားတယ်။

မြေခွေးက နောက်တချက် ထပ်ဟပ်လိုက်တော့ တ၀က်လောက်ရာက်သွားတယ်။

မကြာပါဘူး။ လေးပုံသုံးပုံလောက် မြေခွေးပါးစပ်ထဲ ရောက်သွားပါရော။

မြေခွေးက နောက်တချက် ထပ်ဟပ်တယ်။

အဲဒီမှာတင် gingerbread man လေးဟာ မြေခွေးပါးစပ်ထဲ လုံးဝ ရောက်သွားပါတော့တယ်။

ရိုးရာပုံပြင်အား ပြန်ပြောသူ- Mairi Mackinnon
ဘာသာပြန်သူ- ခင်မမမျိုး (၃၀၊ ၈၊ ၂၀၁၁)

ရည်ညွှန်းပုံပြင်စာအုပ်။ ။

The Gingerbread Man (Illustrated by Elena Temporin, Retold by Mairi Mackinnon), 2007, Usborne Publishing Ltd.

Thursday, April 14, 2011

အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)

မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။




'ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ'
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။

'ဟေ့၊ ဖက်တီး'
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။

ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။

အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။

'ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး'
မြေးလေးက ၀မ်းသာအားရ ပြောတယ်။

'ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး'

အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
'မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်'

အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။

ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။

ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။

'အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား'
အသံတသံက ထွက်ပေါ်လာတယ်။
'ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား'
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။

မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
'မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ' လို့ ပြောလိုက်တယ်။

'အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ'

ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။

ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။

'အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ'

အဘိုးအို ပြန်ဖြေလိုက်တာက

'ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်'


မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)


Tuesday, November 2, 2010

ဆူးထွင်းအပ်

တခါတရံမှာ လူတဦးတယောက်ကို အခြားလူတယောက်က တမင်တကာပဲဖြစ်ဖြစ်၊ အမှုမဲ့ အမှတ်မဲ့ပဲ ဖြစ်ဖြစ်၊ စေတနာနဲ့ပဲ ဖြစ်ဖြစ် ပြုမူဆက်ဆံပြောဆိုမှုလေးတွေဟာ တဘက်သားရဲ့ ရင်ထဲမှာ ဆူးစူးသလို ဒဏ်ရာအနာတရလေးတွေ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လူကြီးမိဘ၊ ဆရာသမားတွေရဲ့ ပဲ့ပြင်ဆုံးမမှုတွေကို ကလေးငယ်တွေက မတရားဘူးလို့ လက်ခံ သွားမိတဲ့အခါ ဒီကလေးငယ်တွေရဲ့ နုနယ်တဲ့ နှလုံးသားတွေမှာ ဆူးလေးတွေ စိုက်ဝင်သွားတတ်ကြပါတယ်။ ပဲ့ပြင်ဆုံးမမှုဆိုတာမှာ စေတနာနှင့် အကျိုးကို မျှော်ပြီး ဆုံးမကြတာ များပေမယ့် တခါတရံမှာ ဒေါသအလျောက် လက်လွန်ခြေလွန် ဖြစ်သွားတတ်တာတွေ ရှိပါတယ်။




ဘယ်လိုပဲဖြစ်ဖြစ် လူတယောက်ဟာ ထိခိုက်နာကျင် ခံစားရပြီဆိုရင် မတရားမှု (injustice) ရဲ့ အရိပ်အငွေ့လေးတွေက သူ့အာရုံကို လွှမ်းမိုးလာတတ်ပါတယ်။ အဲဒါကို injustice gap လို့ ပညာရှင်များက သတ်မှတ်ကြပါတယ်။ အဲဒီ injustice gap က ကြီးထွားရင် ခွင့်လွှတ်နိုင်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီထက်ပိုဆိုးတာက negative emotions တွေ ထွက်ပေါ်လာတတ်ပါတယ်။ ခံပြင်းစိတ်၊ လက်စားချေလိုစိတ်၊ အရွဲ့ တိုက်လိုစိတ် စတာတွေ ဖြစ်လာတတ်ပါတယ်။ အနည်းဆုံးတော့ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါ စိုက်ဝင်နေတဲ့ ဆူးလေးကြောင့် တနုံ့နုံ့ ခံစားရတတ်ပါတယ်။

ပဲ့ပြင်ဆုံးမမှုမှာ ဆုံးမသူရဲ့ စေတနာကို နားလည်ခဲ့ရင် injustice gap သေးငယ်ပေမယ့်၊ စေတနာကို နားမလည်ခဲ့ရင် (သို့မဟုတ်) ဆုံးမသူ ကိုယ်တိုင်က ဒေါသအလျောက် လုပ်ခဲ့တာဆိုရင် injustice gap က ကြီးထွားတတ်ပါတယ်။ ဒါတွေဟာ အသေးအဖွဲလေးတွေလို ထင်ရတတ်ပေမယ့် လူတယောက်ရဲ့ အနာဂတ် မိသားစုဘ၀ ပုံဖော်မှု၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့် ဆက်ဆံရေး စတာတွေပေါ်မှာ သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။

ဒါကြောင့် မိဘ၊ ဆရာ၊ လူကြီးသူမတွေနဲ့ ပတ်သက်ပြီး ဆူးလေးတွေ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့အခါ ဆူးထွင်းအပ်လေးတွေနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ injustice gap နည်းတဲ့ ဆူးလေးတွေကို ခွင့်လွှတ်ခြင်း (forgiveness) နဲ့ ဖယ်ရှားပစ်ပြီး၊ injustice gap များတဲ့ ဆူးလေးတွေကိုတော့ သက်ဆိုင်သူတွေနဲ့ ပြန်လှန်ဆွေးနွေးမှုကနေ တဆင့် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ သူ့နေရာမှ ၀င်ရောက်နေရာယူကြည့်ပြီး နားလည်ပေးရန် ကြိုးစားခြင်း (attempt to understand) နဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သက်ဆိုင်သူတွေ မရှိတော့တဲ့ အချိန်မှာ ဆိုရင်တော့ ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ရန် ကြိုးစားခြင်း စတဲ့ ဆူးထွင်းအပ်လေးကို အသုံးပြုဖို့ လိုအပ်ပါတယ်။

ကျွန်မဘ၀မှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျတော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန် နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာ ဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်းကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တနှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။

အဖြစ်က ဒီလိုပါ။
ကျွန်မ လေးတန်းရောက်တဲ့နှစ်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပါတယ်။ ကျောင်းတွေ ပိတ်ထားတာကြောင့် ကျွန်မ အမေက ဆရာမတယောက်ဆီမှာ ကျူရှင် အပ်ထားပါတယ်။ ဆရာမကလဲ ကျောင်းက ဆရာမပါပဲ။ ဒါပေမယ့် ကျွန်မက ဆရာမရဲ့ အခန်းက မဟုတ်ပါဘူး။ ဒါပေမယ့် ကျောင်းပိတ်ချိန်မှာ စာလုပ်ဖြစ်အောင် ဆိုပြီး မေမေက ဆရာမဆီ ကျူရှင်ထားခဲ့တာပါ။ အဲဒီအချိန်ကာလမှာ ကျောင်းတွေ ပိတ်ထားတာဆိုတော့ အဖိုးရဲ့ စာဖတ်ခန်းကြီးကို ကျွန်မက အပိုင်စီးထားချိန်ပါ။ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသာနာရေး၊ ဆရာသိန်းဖေမြင့်ရဲ့ အရှေ့ဘက်က နေ၀န်းထွက်သည့်ပမာ၊ ဂျာနယ်ကျော် မမလေးရဲ့ သူမ၊ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး၊ ဦးကုလားရဲ့ မြန်မာရာဇ၀င်ကြီး၊ ဆရာမောင်ထင်ရဲ့ ငဘ စတဲ့ စာအုပ်တွေနဲ့ အမေ့ကိုယ်ပိုင်ဆေးခန်း အနီးက သပိတ်စခန်းက ဖြန့်ဝေတဲ့ စာစောင်တွေကို ဖတ်ရင်း စာပေစည်းစိမ်ကို ခံစားနေတဲ့ အချိန်ပါ။

မတောက်တခေါက် လူမမယ်လေးပေမယ့် ဆရာမ သင်ပေးနေတဲ့ လေးတန်း သမိုင်းသင်ရိုးထဲက စာတွေကတော့ အလွန်ကို ပျင်းစရာကောင်းသလို ဖြစ်နေခဲ့ပါတယ်။ သုံးတန်းမှာ သီပေါမင်း ပါတော်မူတဲ့ အကြောင်းအထိ သင်ခဲ့ပြီးလေတော့ လေးတန်းသမိုင်းမှာ ကိုလိုနီ နယ်ချဲ့ ခေတ်အကြောင်းတွေ ပါလာပါတော့တယ်။ သင်ရိုးထဲမှာ ဘယ်လိုရေးထားသလဲဆိုတာတော့ ကျွန်မ မမှတ်မိတော့ပါ။ ဒါပေမယ့် ဆရာမက နယ်ချဲ့ ကိုလိုနီဆိုပြီး မှတ်စုပေးပါတယ်။ ကျွန်မကလဲ ကိုလိုနီ နယ်ချဲ့ ဖြစ်သင့်တယ်လို့ ပြောရင်း ဆရာမနဲ့ ငြင်းသလို ဖြစ်သွားခဲ့ပါတယ်။ ဘယ်က ဘယ်လို ခေါင်းထဲ ရောက်နေခဲ့မှန်း မသိတဲ့ နီရိုကိုလိုနီဝါဒ၊ စီးပွားရေးကိုလိုနီဝါဒတွေကို အကြောင်းပြပြီး နယ်ချဲ့တယ်ဆိုတာက ကိုလိုနီကျွန်ပြုခြင်းရဲ့ အမျိုးအစားတခုပဲ ဖြစ်လို့ နယ်ချဲ့ကို နောက်က ထည့်သင့်တယ်ဆိုပြီး ကပ်သီးကပ်သတ်နဲ့ကို ငြင်းခဲ့တာပါ။

ဒီအဖြစ်အပျက်ကိုတော့ ကျွန်မ လုံးဝ မမေ့နိုင်တော့ပါ။ ဘာကြောင့်လဲဆိုတော့ နောက်နေ့မှာ ကျွန်မ အကြီးအကျယ် အရိုက်ခံရလို့ပါပဲ။ ပထမတရက်မှာ ကျွန်မနဲ့ ဆရာမ ငြင်းကြတုန်းက ကျူရှင်ဆင်းချိန် ဖြစ်သွားလို့ ဘာမှ ဆက်မပြောဖြစ်တော့ပါ။ ဒုတိယနေ့ရောက်တော့ ပြဿနာက စပါပြီ။ ဆရာမက တနေ့စာတနေ့ ကျက်ခိုင်းပြီး အလွတ်ပြန်ရေးခိုင်းတတ်ပါတယ်။ တခါတလေကျတော့လဲ တယောက်က စာစဆိုပြီး၊ ဆရာမ ရပ်ခိုင်းတဲ့ နေရာမှာ ရပ်လိုက်ရပါတယ်။ နောက်တယောက်က ရှေ့မှာ ရပ်ထားတဲ့ နေရာကနေ ၏သည်မရွေး ဆက်ဆိုရပါတယ်။ စာကို သေချာ မကျက်လာသူတွေအတွက်ကတော့ ဆရာမရဲ့ ကြက်မွေး ကြိမ်လုံးနဲ့ တွေ့ကြတော့တာပါပဲ။

အဲဒီနေ့ကတော့ ဆရာမက အလွတ်ရေးခိုင်းပါတယ်။ ပြီးတော့ သင်္ချာတွက်ခိုင်းထားရင်းနဲ့ စာစစ်ပါတယ်။ စာစစ်နေရင်းနဲ့ ဆရာမက ကျွန်မကို အတန်းရှေ့ခေါ်ထုတ်ပါတော့တယ်။ ကိုလိုနီ နယ်ချဲ့လို့ ရေးထားတဲ့ ပြဿနာပါပဲ။ မင်နီတွေနဲ့ ၀ိုင်းလိုက်တော့ အမှားက အများကြီးလို ဖြစ်သွားပါတယ်။ တချို့အမှားတွေကျတော့လဲ ၏နဲ့သည် လွဲတဲ့ အမှားတွေပါ။ မြန်မာပြည်က ဆရာမတွေဟာ ဘာကြောင့် ၏ နဲ့သည် လွဲတာကို အပြစ်ရှာတတ်ကြသလဲ ဆိုတာ ကျွန်မ သေချာမသိပါ။ ဒါပေမယ့် ၏ နဲ့သည် ပြဿနာကြောင့် ကျွန်မ လက်ဝါးပေါ်မှာ ကျခဲ့တဲ့ ကြိမ်ချက်တွေကတော့ တော်တော်များခဲ့ပါတယ်။

ဆရာမက အတန်းရှေ့ခေါ်ထုတ်တော့ ကျွန်မ အေးအေးဆေးဆေးပဲ ထွက်သွားလိုက်ပါတယ်။ မင်နီတွေ အများကြီးတွေ့ပေမယ့် ကျွန်မစိတ်ထဲမှာ လုံးဝ ကြောက်လန့်စိတ် မရှိခဲ့ပါဘူး။ ဆရာမက အမှားတွေကို ရေတွက်ပြီး ကျွန်မ လက်ကို သားရေကွင်း စွတ်ပါတယ်။ ပြီးတော့မှ သားရေကွင်းကို အမှားအရေအတွက်အလိုက် ဆွဲဆန့်လိုက် ပြန်လွှတ်လိုက် လုပ်တာပါ။ တော်တော်ကြံကြံဖန်ဖန်နိုင်တဲ့ အပြစ်ပေးနည်းပါ။ အရမ်း ကြီးနာတာ မဟုတ်ပေမယ့် ခပ်စပ်စပ်လေးတော့ ထိပါတယ်။ အပြစ်ရှိလားလို့ မေးပြီး ပြစ်ဒဏ်ပေးတာ မဟုတ်တဲ့အတွက် ကျွန်မကလဲ အေးအေးဆေးဆေးပဲ အပြစ်ခံလိုက်ပါတယ်။ စိတ်ထဲမှာတော့ ကိုယ့်အပြစ် မဟုတ်ဘူးလို့ တွေးထားလိုက်ပါတယ်။

ဒါပေမယ့် ဆရာမက ဒီလောက်နဲ့ မရပ်ပါဘူး။ နောက်ကို မမှားစေနဲ့လို့ ပြောပြီး သင်္ချာတွက်ပြီးရင် နယ်ချဲ့ကိုလိုနီ ဆိုတဲ့ စာလုံးကို အခေါက် ငါးဆယ် ရေးပြီးမှ စာအုပ်ထပ်ရမယ်လို့ ဆိုပါတယ်။ အဲဒီမှာတင် ကျွန်မရဲ့ မဟုတ်မခံ၊ စနေ ဇာတိက ပြလာပါတော့တယ်။ သင်္ချာတွက်ခိုင်းထားပြီး ဆရာမက စာဆက်စစ်နေပါတယ်။ ကျွန်မကလဲ သင်္ချာမတွက်ပဲ ငုတ်တုပ် ထိုင်နေလိုက်ပါတယ်။ တတိယခုံတန်းမှာ ထိုင်နေတာမို့ ဆရာမကပဲ မတွေ့တာလား၊ တွေ့ရက်နဲ့ မသိချင်ယောင် ဆောင်နေလိုက်တာလား ဆိုတာကိုတော့ ကျွန်မ မသိပါ။ စာအုပ်တွေ လာထပ်လို့ ဆိုလိုက်ချိန်မှာ ကျွန်မ ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတာတော့ အမှန်ပါပဲ။

စာအုပ်လာမထပ်ပဲ ခေါင်းငုံ့ထိုင်နေတာကြောင့် ဆရာမက ကျွန်မ နာမည်ကို ခေါ်ပါတယ်။ ကျွန်မလဲ တွက်လက်စ အပိုင်းကိန်း ပုစ္ဆာလေးတွေကို ကြည့်ရင်း ဆက်ထိုင်နေလိုက်ပါတယ်။ နောက်တော့ ဆရာမက မပြီးသေးဘူးလား၊ ဘယ်နားရောက်ပြီလဲ ဆိုပြီး ကျွန်မ အနီးကို ရောက်လာပါတယ်။ စာအုပ်ကို မြင်တဲ့ အချိန်မှာတော့ သင်္ချာတွက်ရင် အရမ်းမြန်တဲ့ ကျွန်မအကြောင်းကို သိနေတဲ့ ဆရာမတယောက်အနေနဲ့ ကျွန်မ ဘာလုပ်နေတယ်ဆိုတာ ရိပ်မိသွားလောက်ပါပြီ။ လာစမ်း၊ ရှေ့ထွက်ခဲ့စမ်းလို့ ဆိုတာနဲ့ အခြေအနေကို ကျွန်မလဲ ရိပ်မိသွားခဲ့ပါပြီ။ ဆရာမရဲ့ ကြိမ်ချက်တွေက အတော်ပဲ ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲကိုလဲ ဆူးတချောင်းက အရှိန်နဲ့ စူးဝင်သွားခဲ့ပါတယ်။

ဒီလို ဆူးလေးတွေဟာ ဘ၀အနာဂတ်ကို သက်ရောက်စေတယ်ဆိုတာ သိလာတဲ့ အချိန်တွေမှာ ဆူးလေးတွေကို နှုတ်ဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အသက်နှစ်ဆယ်ကျော် အချိန်အထိ နှုတ်လို့ မရခဲ့ပါဘူး။ ဒီလိုနဲ့ နိုင်ငံခြား မထွက်ခင် တနေ့မှာတော့ မွေးဖွားရာ ဇာတိမြို့လေးဆီ ခေတ္တပြန်ရင်း ဆရာမကိုလဲ သွားနှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဆရာမနဲ့ စကားပြောရင်း ဒီအဖြစ်အပျက်လေးကို အစဖော်ပြီး ပြန်ပြောပြဖြစ်ခဲ့ပါတယ်။ ထူးခြားစွာပဲ ဆရာမကလဲ ဒီအဖြစ်အပျက်ကို မှတ်မိနေခဲ့ပါတယ်။ သမီးငါးတန်းတုန်းက လက်ကိုင်ပုဝါ အဖြူလေး တထည် တီချာလက်ဆောင်ပေးဖူးတာ မှတ်မိလားလို့ ပြန်မေးပါတယ်။ ဒီတုန်းက ကျောင်းအ၀င်ဂိတ်မှာ အလည့်ကျ ဂိတ်စောင့်နေတဲ့ ဆရာမနဲ့ ဆုံခဲ့တာပါ။ ဘာအတွက်မှန်း မသိပေမယ့် လေးတန်းမှာ ဆုရလို့ ဆုထပ်ချတာလို့ပဲ ထင်ခဲ့မိပါတယ်။

ဆရာမကတော့ တီချာ့ဘက်က လွန်သွားတယ် ဆိုတာ ရိုက်မိပြီးကတည်းက သိတယ်လို့ ဆိုလာခဲ့ပါတယ်။ ကိုလိုနီ နယ်ချဲ့၊ နယ်ချဲ့ကိုလိုနီ စကားလုံး ဝေါဟာရတွေရဲ့ အမှန်တရား ဆိုတာတွေထက် ကျွန်မဘက်က ကလန်ကဆန် လုပ်လာချိန်မှာ ဘာကြောင့် လုပ်သလဲ ဆိုတာကို မစူးစမ်းပဲ အလျင်စလို ရိုက်လိုက်မိတာက ဆရာ့အာဏာစက် ပြသလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လက်ကိုင်ပုဝါဖြူလေး ပေးဖို့ကို လေးတန်းဆုရတဲ့ သူတွေ ကြေငြာတဲ့ အထိ စောင့်နေခဲ့တာလို့ ဆိုပါတယ်။ ကျွန်မကတော့ အဓိပ္ပာယ် မဖော်တတ်ပဲ ရင်ထဲမှာ ဆူးသွားတဲ့ ဆူးတချောင်းကို ဆယ်နှစ်ကျော် သိမ်းထားဖြစ်ခဲ့တာပါ။

ဆရာမက အဲဒီလို ပြောလိုက်တဲ့ အချိန်မှာ ဝေါဟာရပြဿနာတွေနဲ့ အငြင်းပွားမှုတွေက ကျွန်မအတွက် အဓိက မဟုတ်တော့ပါဘူး။ ကျွန်မကို ရုပ်ပိုင်းအရ၊ စိတ်ပိုင်းအရ ထိခိုက်နာကျင်စေမှု ဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူက ဒီလိုဖြစ်စေခဲ့မှုကို သူ့အမှားလို့ သိမြင်ခဲ့တယ်။ အမှားအတွက် တောင်းပန်မှုကို သင်္ကေတ တစုံတရာနဲ့ ပြသခဲ့တယ်။ တဘက်နဲ့ တဘက် ရန်သူလို့ မသတ်မှတ်ကြတဲ့ အခြေအနေ တခုမှာ၊ အထူးသဖြင့် တဘက်နဲ့တဘက် ရန်လိုမှုတွေ၊ လက်စားချေမှုတွေ၊ အာဃာတ တရားတွေ မပါတဲ့ မိဘနဲ့သားသမီး၊ ညီရင်းအစ်ကို မောင်နှမ၊ ဆရာနဲ့ တပည့်တို့အကြားမှာ ဒီလို အခြေအနေမျိုးဟာ ဆူးလေးတွေကို ဆူးထွင်းအပ်နဲ့ ဖယ်ရှားပစ်နိုင်ချိန်လေးတွေပါပဲ။

ဆရာမနဲ့ မဆုံတွေ့ခင်တုန်းက ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိရင် စိတ်ထဲမှာ တနုံ့နုံ့နဲ့ sense of injustice က ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် သင်္ချာ အပိုင်းဂဏန်းလေးတွေကို မြင်ရတဲ့ အချိန်လေးတွေမှာပါ။ ဆရာမနဲ့ ဆုံပြီး နောက်ပိုင်းမှာကျတော့ တိုက်ဆိုင်မှု ရှိလာတဲ့အခါ ဆရာမနဲ့အတူ ငယ်စဉ်တုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိတတ်ပေမယ့် ဒီလို မခံစားရတော့ပါဘူး။ ကျွန်မတို့ကြားမှာ ရှိခဲ့တဲ့ injustice gap က ပျောက်ကွယ်သွားခဲ့ပါတယ်။

တကယ်တမ်းကျတော့ လူ့ဘ၀ ခရီးဟာ တိုတိုလေးပါ။ မိဘဆရာဆိုတာကလဲ လူတယောက်ရဲ့ ဘ၀မှာ ဘ၀ခရီးသွားရင်း ခေတ္တခဏ အရိပ်ဝင်ခိုခဲ့ရတဲ့ ရင်ခွင်တွေပါ။ မိသားစုဆက်ဆံရေး၊ ဆရာတပည့် ဆက်ဆံရေးတွေမှာ အမုန်းတရားတွေ၊ နာကျည်းချက်တွေ၊ အာဃာတ တရားတွေ ရေရှည်မရှိသင့် ပါဘူး။ မတော်တဆ ဆူးလေးတွေ စိုက်ဝင်သွားခဲ့ရင်လဲ ဆူးထွင်းအပ်လေးတွေ အသုံးပြုပြီး ဆူးလေးတွေကို ဖယ်ပစ်လိုက်နိုင်ရင် ဘ၀ရဲ့ စိတ်အေးချမ်းမှု တစုံတရာကိုလဲ ရရှိလာမှာ မလွဲဧကန်ပါပဲ။

ခင်မမမျိုး (၂၊ ၁၁၊ ၂၀၁၀)

Tuesday, September 14, 2010

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်

လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။



အပေါ်ယံလေ့လာသင်ယူခြင်း

ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။

ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

ပညာလေ့လာသင်ယူခြင်းမှာ ဖြတ်လမ်းလိုက်တတ်တဲ့ အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမက အများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဥပမာ- နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု indicators တွေပေါ်မှာ အခြေခံပြီး Multivariate analysis လုပ်တယ် ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာ ဖြတ်လမ်းလိုက်တတ်သူဟာ ဒီလိုဆန်းစစ်ချက်စာတမ်း တချို့ကို ဖတ်မှတ်၊ အရေးပါတဲ့ အချက်တွေကို ဆွဲနှုတ်ပြီး၊ ဒီအကြောင်းကို သိသယောင်ယောင်နဲ့ တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့် အခြေခံသဘောတရားတွေဖြစ်တဲ့ variable approximations, dimension reductions, linear combinations for separation, Higher-dimensional approximations, allocation rules, misclassification စတာတွေကို သဘောမပေါက်တဲ့ အခါကျတော့ လက်တွေ့ပြုလုပ်ရတဲ့ အခါမှာ ကိုးရို့ကိုးယားတွေ ထွက်လာတတ်ပါတယ်။ သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊ ၀ိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ် အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေ များလာတဲ့အခါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာသာမက၊ ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့ အသုံးချမှု နယ်ပယ်တွေမှာပါ ကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ ဖြတ်လမ်းလိုက်ခြင်းဟာ လူတဦးတည်းအတွက်သာမက အများပြည်သူကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်းကို ပညာလေ့လာသူအများက အသုံးပြုကြဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တရပ်ဖြစ်တဲ့ higher-order thinking (အတွေးအခေါ် အဆင့်အတန်း မြင့်မားမှု) ကိုလဲ ထောက်ကူပေးနိုင်ပါတယ်။ အတွေးအခေါ် အဆင့်အတန်း မြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အိုင်ဒီယာတွေကို အစဉ်အလာ ဓလေ့ထုံးစံကြောင့် ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ ဘယ်သူပြောတဲ့ အဆိုအမိန့်စကား ဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့ မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကို စနစ်တကျလေ့လာပြီးမှ လက်ခံကျင့်သုံးလေ့ရှိကြပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အတွေးအခေါ်သစ်တွေကို ကြံဆရှာဖွေလေ့ရှိကြပါတယ်။ ဝေဖန်ဆန်းစစ်ခြင်း (Critical thinking) ကို ကျင့်သုံးလေ့ရှိကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းဟာ အပေါ်ယံသင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက် ရေရှည်မှာ ပိုမို တိုးတက်ကောင်းမွန်တတ်တာကြောင့် နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေ များပြားတဲ့ လူအဖွဲ့ အစည်းဟာ အာဂုံဆောင် အလွတ်ကျက်ပြီး အပေါ်ယံသင်ယူလေ့လာသူတွေ များပြားတဲ့ လူ့အဖွဲ့ အစည်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ ဒါကြောင့် ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ် ခွဲခြားမှု ကို အသုံးပြုပြီး လူတဦးချင်းစီရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်နိုင်ရုံမက၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ပညာရပ်များကို နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းမှသည် တိုးတက်သော လူ့ဘောင်ဆီသို့

ခင်မမမျိုး (၁၅၊ ၉၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။

Entwistle, N. J. and Maton, F. (1984) 'Changing Concepts of Learning', in Marton, F., Hounsell, D. and Entwistle, N. J. (eds) The Experience of Learning, Edinburgh, Scottish Academic Press

Marton, Saljo (1976) 'On Qualitative Differences in Learning I: Outcomes and Processes', British Journal of Educational Psychology, 45, 4-11.

Marton, Saljo (1976) 'On Qualitative Differences in Learning II: Outcome as a function of the learner's conception of the risk', British Journal of Educational Psychology, 46, 115-117.

Wednesday, September 1, 2010

ပန်းပျိုးလက် (၀တ္ထုတို)

အချိန်ကား (၂၀၁၀) ခုနှစ်။
နေရာကား ယူကေနိုင်ငံ၊ တက္ကသိုလ်တခု၏ ဘွဲ့နှင်းသဘင်ခန်းမ။

'ထက်မျိုးနွယ်'

အခမ်းအနားမှူး၏ အသံအဆုံးမှာ စင်မြင့်ပေါ်သို့ တလှမ်းချင်းလျှောက်သွားလိုက်မိသည်။ ရင်ခုန်လိုက်သည်ဖြစ်ခြင်း။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် ရလာဒ်တခုကို ဒီနေ့ဒီအချိန်မှာ သူမ ရရှိခံစားလိုက်ရသည်။ မဟာသုတေသနဘွဲ့။ ဂုဏ်ထူးများစွာဖြင့် အောင်မြင်ခဲ့သည်မို့ ပါရဂူဘွဲ့ ဆက်တက်ရန် စကောလားရှစ်များလဲ ရရှိထားသည်။ သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် အမှုထမ်းရန် ပရော်ပဖက်ဆာထံမှ ကမ်းလှမ်းချက်ကလဲ ရရှိထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ပညာရေး အသိုင်းအ၀ိုင်း နယ်ပယ်ကို သူမ ခြေချနိုင်ခဲ့ပြီ။ မကြာမီ နှစ်အနည်းငယ်အတွင်းတွင်ပင် ပါရဂူဘွဲ့ဆွတ်ခူးနိုင်တော့မည်။ အတွေးတွေနဲ့အတူ သူမ၏ ခြေလှမ်းများက တက်ကြွနေခဲ့သည်။ အားမာန်ပါနေခဲ့သည်။


'ဖြောင်း၊ ဖြောင်း၊ ဖြောင်း'

လက်ခုပ်သံများက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ပေါ်က ဆင်းလာချိန်အထိ လက်ခုပ်သံများက မစဲသေး။ လက်ခုပ်တီးနေသည့် ပရိသတ်ကို သူမ မျက်လုံးဝေ့ကြည့်လိုက်မိသည်။ လူအများကြားမှာ တစုံတယောက်ကို သူမတွေ့လိုက်ရသလိုလို။

'မဟုတ်ပါဘူး။ ငါစိတ်စွဲလို့ နေမှာပါ'
ရုတ်ခြည်းဝင်လာသော အတွေးများကို သူမ ဖျောက်ဖျက်ပစ်လိုက်သည်။ ရှေ့ပိုင်းမှာ ပြီးဆုံးခဲ့သည့် ဘီအေ၊ အမ်အေ ဘွဲ့များအတွက် ဘွဲ့နှင်းသဘင်များ မတက်ရောက်ခဲ့သူမို့ ဒီတကြိမ်က သူမအတွက် ပထမဆုံး ဘွဲ့နှင်းသဘင်ကဲ့သို့ ဖြစ်နေသည်။ ဘွဲ့နှင်းသဘင်သို့ တက်ပြီးမှတော့ တက်ရောက်သူတို့ ထုံးစံအတိုင်း လုပ်ရပေဦးမည်။

ဦးထုပ်များကို လေထဲသို့ ပစ်မြှောက်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ကြရသည်။ အမှတ်တရ ဓာတ်ပုံများလဲ တဖျတ်ဖျတ်ရိုက်ကြသည်။ ရှန်ပိန်ခွက်လေးများ ကိုယ်စီကိုင်ရင်း စကားတွေ ဖောင်ဖွဲ့ဖြစ်ကြသည်။ အနာဂတ် ရည်မှန်းချက်များကို ဖလှယ်ဖြစ်ကြသည်။ ညနေပိုင်းရောက်လာတော့ အိမ်သို့ အပြေးအလွှား ပြန်ကြရပြန်သည်။ အပြေးအလွှားမပြန်လို့က မဖြစ်။ ညဘက်ကျရင် Graduation Ball ရှိသေးသည် မဟုတ်လား။ အချိန်မီ အ၀တ်အစားများ သွားလဲကြရသည်။ အလှပြင်ကြရပြန်သည်။ အခမ်းအနားကျင်းပသည့် Hilton Hotel ကို ရောက်တော့ သတ်မှတ်ထိုင်ခုံမှာ ၀င်ထိုင်၊ Three course dinner ကို အားရပါးရစားကြရင်း ညဦးပိုင်း ကပွဲအတွက် ပြင်ဆင်ကြရပြန်သည်။ အတွဲများ ကိုယ်စီနဲ့ လာကြသူများတာမို့ အနည်းငယ်တော့ အားငယ်သွားမိသည်။ နောက်တော့မှ သူမလို အတွဲမပါသူများလဲ ရှိနေဦးမှာပဲလို့ တွေးမိပြီး စိတ်ဖြေသာရာ ရသွားသည်။

'ဟေ့။ ဒါက ဒယ်နီယယ်တဲ့။ သူလဲ အဖော်ရှာနေတာ။ စကော့တစ်ခ်ျ အက ကောင်းကောင်းကတတ်တယ်'

သူငယ်ချင်း ထရီဇာက လူငယ်တယောက်ကို ခေါ်လာပေးသည်။ အက ကောင်းကောင်း ကတတ်သည် ဆိုတော့ ကောင်းတာပေါ့။ အုပ်စုလိုက်ကကြတဲ့အခါ ကိုယ့်အတွဲက အခြေခံသဘောတရားလေးကို နားလည်နေမှ အဆင်ပြေသည်။ မဟုတ်ရင် ဘေးက တွဲကရသူအဖို့ အလွန်ဒုက္ခရောက်တတ်သည်။ ဒီလိုနှင့် ကရင်း ခုန်ရင်း အချိန်များက တဖြည်းဖြည်း ကုန်သွားသည်။ ကပွဲအပြီးမှာ အချိန်ကို ကြည့်လိုက်တော့ ညတနာရီ ထိုးနေလေပြီ။

'လိုက်ဦးမလားထက်။ တို့တွေက Number 7 ကို ဆက်သွားမလို့။ တညလုံး ဆက်ကဲကြမယ်လေ'
ထရီဇာက မြူးမြူးလေး ပြောလာတော့ သူမခေါင်းညိတ်မိမလို ရှိသွားသည်။ ဒီအချိန်မှာ အသံတသံက နားထဲ ၀င်လာသလို ခံစားလိုက်ရသည်။

'ပျော်တာကို မမကြီးက အပြစ်ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ပျော်တယ်ဆိုတာမှာ အကန့်အသတ်ရှိတယ်။ အပျော်မလွန်သွားရဘူး။ အပျော်လွန်ရင် အပျက် ဖြစ်တတ်တယ်'

'မလိုက်တော့ဘူး။ ငါပင်ပန်းနေလို့ပါ'

ငြင်းဆိုစကားပြောရင်း Hotel Reception ဆီသို့ သူမထွက်လာလိုက်သည်။ Taxi Booking လုပ်ခိုင်းရမည်။ အရက်သောက်ပြီး ကားမမောင်းရဆိုသော ဥပဒေကြောင့် ဒီလိုညမျိုးမှာ ဘယ်သူမှ ကားမမောင်းကြသည်မို့ ကိုယ့်တက္ကစီ ရောက်ချိန်ကို အနည်းငယ်တော့ စောင့်ရပေဦးမည်။ ဆိုဖာပေါ်မှာ ထိုင်ချလိုက်တော့မှ ခေါင်းထဲမှာ ရီဝေေ၀ ခံစားနေရတာကို သတိရသွားသည်။

'ဟုတ်ပါရဲ့။ dinner စားတုန်းက ရှန်ပိန်၊ ကပွဲဆယ့်ငါးမိနစ် နားချိန်တုန်းက ၀ီစကီ။ ထရီဇာက Red Wine ယူလာပေးတုန်းကလဲ သောက်လိုက်မိသေးတယ်။ နှစ်မျိုး၊ သုံးမျိုးပေါင်းမှတော့ မူးပြီပေါ့။ ငါ့ကိုကလဲလေ ပေကို ပေလွန်းပါတယ်။ မမကြီးသာသိရင် ခေါင်းခေါက်ဦးမှာပဲ ထင်ပါရဲ့'

ကိုယ့်ဘာသာကိုယ် ပြောမိရင်း အတွေးများက အတိတ်ဆီသို့ ပြန်ရောက်သွားသည်။

(၂)

ရွှမ်း

ခြေသလုံးပေါ်သို့ ကျလာသော ကြိမ်ချက်က ပြင်းထန်လွန်းသည်မို့ သူမမျက်ရည်များ ၀ဲတက်သွားရသည်။ အော်ရင် ပိုဆိုးမှာမို့ အံကို တင်းတင်းကြိတ်ထားမိသည်။
'ဒီလောက်စည်းကမ်းတွေ တင်းကြပ်နေတဲ့ကြားက လုပ်ရဲသေးတယ်။ နောက်တခါဆို ဒီထက် ပိုနာမယ်နော်။ သွား။ စာသွားကျက်တော့။'

မမကြီးရဲ့ အမိန့်သံအဆုံးမှာ ခပ်ကုပ်ကုပ်လေး ထွက်လာဖြစ်ခဲ့သည်။ အဆက်မပြတ်ကျထားသော ကြိမ်ချက်များကြောင့် ခြေလှမ်းလိုက်တိုင်း နာကျင်မှု ဝေဒနာကို ခံစားရပေမယ့် ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘာမှ ပြန်မပြောရဲ။

အစစအရာရာမှာ စည်းကမ်းကြီးလွန်းလှသော မမကြီးကို လျှော့တွက်မိသည်ကိုက သူမရဲ့ အမှား။ ကျူရှင်ချိန်စခါနီးမှ အပြင်ပြန်ထွက်ပြီး၊ အတန်းပြီးချိန်မှာ အချိန်ကွက်တိ ပြန်ရောက်လာပါရဲ့နဲ့၊ လာကြိုသူ ကားဒရိုင်ဘာကတောင် မရိပ်မိပါပဲနဲ့ မမကြီး ဘယ်လိုများ သိသွားခဲ့ပါလိမ့်။

'မျိုးမျိုး။ သမီးခြေထောက်နာနေသေးလား'
စာကျက်နေတုန်း မမကြီးက ပြန်လာမေးသည်။

'ရပါတယ်။ မမကြီး။ မနာတော့ပါဘူး'
'ဘယ်ဟုတ်မလဲ။ မမကြီး လက်ဆ ကို မမကြီး သိတာပေါ့။ လာ- ဆေးလိမ်းပေးမယ်။'

မငြင်းသာသည်မို့ မမကြီး ခေါ်ရာသို့ သူမသွားလိုက်သည်။

'နောက်ဆို အဲလိုမျိုး မလုပ်ပါနဲ့ မျိုးမျိုးရယ်။ မမကြီးက မျိုးမျိုးကို အုပ်ထိန်းနေရတာ။ မမကြီးရဲ့ အုပ်ထိန်းမှုအောက်မှာ တခုခုသာ ဖြစ်သွားရင် သမီးရဲ့ မိဘတွေကို မမကြီးဘယ်လိုမျက်နှာ ပြရမလဲ။ ခုဆို မျိုးမျိုး မိဘတွေက နိုင်ငံရပ်ခြားမှာ အလုပ်တာဝန်တွေနဲ့။ မြန်မာပြည်က ဆယ်တန်းအောင်သွားအောင်ဆိုပြီး မျိုးမျိုးကို မမကြီးဆီ ခဏအပ်ထားခဲ့တာ။ မျိုးမျိုးကတော့ မမကြီးကို အစ်မအရင်းမဟုတ်ဘူးဆိုပြီး စိမ်းချင်စိမ်းနေမှာပေါ့။ ဒါပေမယ့် မမကြီးကတော့ ညီမလေးတယောက် လိုချင်နေတဲ့အချိန်မှာ နှစ်အိမ့်တအိမ်လို့ နေတဲ့ မိသားစုထဲမှာ မွေးလာတဲ့ မျိုးမျိုးကို ညီမလေးအရင်းတယောက်လို ချစ်ခဲ့ရတာ။ သမီးပျက်စီးသွားမှာကို မမကြီး သိပ်စိုးရိမ်တယ်။ နောက်ဆိုဒီလိုမျိုး ထပ်မလုပ်နဲ့တော့နော်'

'ဟုတ်ကဲ့ မမကြီး။ နောက်ဆို မလုပ်တော့ပါဘူး။ စာအုပ်ဆိုင်မှာ အထူးထုတ်တွေ အသစ်ရောက်တယ်ကြားလို့ သွားကြည့်မိတာပါ'
'မမကြီးကို ဘာလို့ မပြောတာလဲ'
'ဟို- ကြောက်လို့ပါ'
'ဘာကို ကြောက်တာလဲ'
'ဆူမှာစိုးလို့'
'ဘာကို ဆူရမှာလဲ'
'ဒီလောက်သင်ရိုးတွေ ကြေညက်အောင် သင်ပေးထားရက်နဲ့ အထူးထုတ်ကို အားကိုးချင်လားဆိုပြီး ဆူမှာ စိုးလို့ပါ။ သမီးက အဲဒီထဲက မှတ်စုတွေကို ကြည့်ချင်တာ မဟုတ်ပါဘူး။ မေးခွန်းပုံစံတွေ လေ့ကျင့်ချင်လို့ပါ'

မမကြီးက သူမကိုကြည့်ပြီး ပြုံးသည်။

'ခုတော့ အဆူခံရရုံတင်မကပဲ အရိုက်ပါ ခံလိုက်ရပြီ မဟုတ်လား။ အထူးထုတ်လိုချင်တာများ မျိုးမျိုးရယ်။ မမကြီးကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောရောပေါ့။ လူဆိုတာ ကိုယ်လိုအပ်တာကို ပွင့်ပွင့်လင်းလင်း တောင်းဆိုရဲရတယ်။ တောင်းဆိုဖို့ မကြောက်ရဘူး။ တောင်းဆိုပြီးမှ မမကြီးက ငြင်းလိုက်ရင်တော့ တမျိုးပေါ့။ ခုတော့ ကိုယ်လိုအပ်တာကို တောင်းဆိုဖို့ ကြောက်လိုက်တဲ့ ကြောက်စိတ်ဟာ မကောင်းမှုတခုကို ကျူးလွန်ဖို့ တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ကြောက်စိတ်ဟာ တခါတရံမှာ အမှားတွေ ကျူးလွန်မိစေတတ်တယ်နော်။ ဒါကြောင့် မျိုးမျိုးရဲ့ ရင်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို ခုချိန်ကစပြီး ဖယ်ရှားပစ်ရမယ်။ ကိုယ်လိုအပ်တာကို အကျိုးသင့်၊ အကြောင်းသင့် တောင်းဆိုတတ်ဖို့အတွက်ပဲ ပြင်ဆင်ဖို့လိုတယ် ။ ဟုတ်ပြီလား'

မမကြီးက ပြောရင်းဆိုရင်းနှင့် သူမခေါင်းလေးအား ဖွဖွလေး ပုတ်ပြီး ထွက်သွားသည်။ ဆေးစွမ်းကြောင့်လား၊ မမကြီးရဲ့ စကားစွမ်းကြောင့်လားတော့ မသိ။ နာကျင်မှုတွေက ပျောက်သွားသလိုလို။

(၃)

'မမကြီး။ ဒါတွေက'

သူငယ်ချင်းများနှင့် လျှောက်လည်ပြီး အပြန် သူမအခန်းထဲမှာ ပါဆယ်ထုပ်များ တွေ့လိုက်ရတာမို့ မမကြီးဆီ သွားမေးမိသည်။

'စာအုပ်တွေလေ မျိုးမျိုး။ ဂျီစီအီး အိုလယ်ဗယ်စာအုပ်တွေ။ တက္ကသိုလ်တွေက ပိတ်နေတာ ကြာလှပြီ။ ဘယ်တော့မှ ပြန်ဖွင့်မယ်မှန်းလဲ မသိဘူး။ ဒီကြားထဲ အချိန်မကုန်အောင် ဂျီစီအီး စာမေးပွဲတွေ ဖြေထားရမယ်'

'မမကြီးရယ်။ မျိုးမျိုးက ဆယ်တန်းဖြေထားတာတောင် မကြာသေးဘူး'

'အချိန်ဟာ တန်ဖိုး ရှိတယ်မျိုးမျိုး။ ဆယ်တန်းအောင်တာဟာ ပညာရေးခရီးလမ်း ပြီးဆုံးသွားတာ မဟုတ်သေးဘူး။ ဆယ်တန်းအောင်လက်မှတ်ဆိုတာ အဆင့်မြင့်ပညာရေးဂိတ်ဝကို ဖြတ်သန်းဖို့ လိုအပ်မယ့် ပတ်စ်ပို့လေး တခုလောက်ပဲ ရှိသေးတယ်။ ဒါတောင် ကိုယ်သွားမယ့် အဆင့်မြင့် ပညာရေးက ကမ္ဘာ့အဆင့်မီ ပညာရေးကို မှန်းတယ်ဆိုရင် တခြားလိုအပ်မယ့် ပတ်စ်ပို့လေးတွေက ထပ်ရှိသေးတယ်။ အင်္ဂလိပ်စာ အောင်လက်မှတ်တွေအတွက် TOEFL, IELTS တွေ ရှိတယ်။ အမေရိကန် ကောလိပ်တွေအတွက်ဆိုရင် SAT exam တွေရှိမယ်။ ယူကေ တက္ကသိုလ်တွေအတွက်ဆိုရင် GCSE exam တွေ ရှိမယ်။ GCE A Level exam တွေ ရှိမယ်'

'ဒါဆို စာတွေ အများကြီး ထပ်ကျက်ရဦးမှာပေါ့'
'ဟုတ်တယ်။ စာတွေအများကြီးကို ထပ်ပြီး ဖတ်မှတ်လေ့လာရဦးမယ်။ ဦးနှောက်ဆိုတာ ဓားလိုပဲ။ အမြဲတမ်းသွေးနေရတာ။ မသွေးရင် တုံးသွားရော'
'တက္ကသိုလ်တွေ ပြန်ဖွင့်လာတဲ့အခါ ဒါတွေက အသုံးမ၀င်တော့ရင် ဘယ်လိုလုပ်မလဲ'

'ပညာဆိုတာ ဘယ်ပညာပဲဖြစ်ဖြစ် အခါအခွင့်သင့်လို့ သင်ထားခွင့်ရရင် သင်ထား ငါ့ညီမ။ တခါတရံမှာ အမှတ်တမဲ့ သင်ထားလိုက်မိတဲ့ ပညာရပ်တခုဟာလဲ ဘ၀အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားတတ်တယ်။ ဘယ်ပညာရပ်မှ အသုံးမ၀င်ဘူးဆိုတာ မရှိဘူး။ အသုံးမ၀င်သေးတာပဲ ရှိတယ်။ ကိုယ်က စားဝတ်နေရေးနဲ့ ဘယ်လိုမှ အချိန်မပေးနိုင်ရင်တော့ တမျိုးပေါ့လေ။ စားဝတ်နေရေးကို ပစ်ပယ်ပြီး ပညာတွေချည်းပဲ လိုက်သင်နေလို့ကလဲ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမယ့် ခုဆို မျိုးမျိုးက ဆယ်တန်းဖြေပြီးစပဲ ရှိသေးတယ်။ ကိုယ်ရည်ရွယ်ထားတဲ့ တက္ကသိုလ်တွေကလဲ ပိတ်ထားတာ ကြာလှရောပေါ့။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာလဲ မသိဘူး။ ဒီလိုအချိန်မှာ လူငယ်လေးတွေဟာ စိတ်လေတတ်တယ်။ ပညာရေးလဲ အာရုံမစိုက်ဖြစ်၊ အလုပ်အကိုင်ကျတော့လဲ ဟိုလိုလို၊ ဒီလိုလိုနဲ့ ကြားမှာ လွတ်နေတတ်တယ်။ အဲလိုအခြေအနေမျိုးမှာ လမ်းမှားရောက်ပြီး ဘ၀ပန်းတိုင် ပျောက်နေကြရတဲ့ လူငယ်လေးတွေ အများကြီးပဲ။ မျိုးမျိုးကို အဲလိုမျိုး အဖြစ်မခံနိုင်ဘူး။ ကဲ- နက်ဖြန်ကစပြီး ဂျီစီအီးသင်မယ့် ဆရာတွေ အိမ်ရောက်လာလိမ့်မယ်။ ဒီမှာ အချိန်ဇယား။ အပြင်သွားစရာတွေ၊ ဘာတွေ ရှိတဲ့အခါ မမကြီးကို ကြိုပြော၊ ဟုတ်ပြီလား'

မမကြီးစကားမို့ ခေါင်းညိတ်လိုက်ရပေမယ့် စိတ်ထဲကတော့ သိပ်မကျေနပ်လှ။ ဆယ်တန်းပြီးတာတောင် လွတ်လပ်ခွင့်မပေးပဲ ချုပ်ချယ်နေသည်ဟု ထင်မိသည်။ သူငယ်ချင်းတွေများဆို လွတ်လွတ်လပ်လပ်။ ဘာပဲဖြစ်ဖြစ် မေမေနဲ့ဖေဖေ နိုင်ငံခြားက ပြန်မလာမချင်းတော့ မမကြီးအိမ်မှာ နေရပေလိမ့်ဦးမည်။

(၄)

'ဟင်။ မမကြီး လိုက်လာတယ်'

ရဲစခန်းက စခန်းမှူးရှေ့မှာ ထိုင်ရင်း စခန်းမှူးနှင့် စကားပြောဆို လက်မှတ်ထိုးနေသော မမကြီးကို ထိုင်ကြည့်နေမိသည်။ မေမေနှင့် ဖေဖေက သူတို့ကိုယ်တိုင်မလာပဲ ဘာလို့များ မမကြီးကို လွှတ်လိုက်သည် မသိ။

စခန်းက ထွက်လာသည့် အချိန်အထိ မမကြီးက စကားတခွန်းမှ မဟသေး။ ကားကိုသာ ဂရုစိုက် မောင်းနေသည်။ သူမ မနေနိုင်တော့။

'မေမေတို့ကလဲ ဘာလို့ မလာလဲ မသိဘူး။'

'လာစရာလား။ ဒီလိုနေရာမျိုးကို။ လူကြီးတွေက'

မမကြီးက သူမအားလှည့်ကြည့်ရင်း ခပ်ဆောင့်ဆောင့် ပြောသည်။ စိတ်ဆိုးနေမှန်းသိတာမို့ သူမဘာမှ ဆက်မပြောဖြစ်တော့။

မေမေတို့ နိုင်ငံခြားက ပြန်ရောက်လာကတည်းက မေမေတို့နဲ့ အတူပြန်နေဖြစ်ခဲ့သည်။ အလုပ်တာဝန်များပြားနေသော မိဘများရဲ့ အုပ်ထိန်းမှုအောက်မှာ သူမကတော့ တနေ့တခြား လွတ်လပ်လာခဲ့သည်။ အိမ်ပြန်ရောက်ချိန် နောက်ကျတာ၊ စာမဖတ်ဖြစ်တာ၊ သင်တန်းဆိုပြီး ရှော့ပင်းထွက်တာများကတော့ မေမေတို့ သိပင်မသိ။ မမကြီးကတော့ အခါအားလျော်စွာ တွေ့သည်နှင့် ဆူပူကြိမ်းမောင်းတတ်စမြဲ။ သို့ပေမယ့် အုပ်ထိန်းမှုအောက်မှာ မဟုတ်တော့ သူလဲ ဘာမှ မတတ်နိုင်။ သူမကလဲ မမကြီးရဲ့ စေတနာကို သဘောပေါက်သလိုရှိပေမယ့် တဘက်သတ်လိုက် ချုပ်ချယ်နေတယ်လို့လဲ ထင်မိသည်။ မိဘအရင်းကတောင် ဘာမှမှ မပြောသည်ပဲ။

'ကဲ။ ဒေါ်ထက်မျိုးနွယ်။ ကြွစမ်းပါဦး။ အိမ်ထဲကို'

မမကြီးက အိမ်သို့ တန်းမခေါ်လာပဲ သူ့အိမ်ထဲသို့ ခေါ်သွားသည်။

'မမကြီးက ဘာလုပ်မလို့လဲ။ သမီးကို ရိုက်မလို့လား'
'အေး။ ဟုတ်တယ်။ ဒါပေမယ့် ဒီအရွယ်ရောက်မှတော့ တုတ်နဲ့ မရိုက်ဘူး။ စကားနဲ့ပဲ ရိုက်မယ်'

မမကြီးပြသော ဆိုဖာမှာ သူမ၀င်ထိုင်ဖြစ်သည်။ စိတ်ထဲမှာတော့ အနည်းငယ် ရှိန်နေမိသည်။

'ပြောစမ်းပါဦး အဖြစ်အပျက်ကို'
'သင်္ကြန်တုန်းက ရန်စပါ။ သမီးတို့ မဏ္ဍာပ်ကို သူတို့အုပ်စုက ခဲနဲ့ လာထုဖူးတယ်။ ဒီနေ့တော့ နိုက်ကလပ်မှာ သူတို့နဲ့ ပြန်တွေ့တာနဲ့ သမီးတို့ အုပ်စုနဲ့ ထပ်ညိကြတယ်။ အဲဒါအပြန်မှာ သူတို့ဘက်က လမ်းပိတ်တားပြီး ပြဿနာရှာတာပါ'

'မိန်းကလေးတန်မဲ့ ရန်ပွဲတွေထဲပါ၊ ရုံး၊ ဂတ်တွေရောက်နဲ့ မရှက်ဖူးလားဟင်။ မိဘအသိုင်းအ၀ိုင်းနဲ့ အဆင့်အတန်းကိုလဲ ပြန်ကြည့်ပါဦး။'
'သမီးက ရန်ဖြစ်တာမှ မဟုတ်တာ။ သူတို့တွေ ထိုးနေလို့ ၀င်ဆွဲရင်း ကိုယ်ပါပါသွားတာ'

'ဘာပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ ဒီလိုလူတွေနဲ့ ဒီလိုနေရာမျိုးတွေသွားရင် ဒါမျိုးတွေ ဖြစ်တတ်တယ်ဆိုတာ မင်းနားမလည်ဖူးလား။ ဒီအချိန်မျိုးဟာ မိန်းကလေးတယောက် အိမ်အပြင်မှာ ရှိနေသင့်တဲ့ အချိန်လား။ အေး- မိသားစုဝမ်းရေးအတွက် လုပ်ကိုင်စားသောက်နေရတဲ့ မိန်းကလေးတွေကို ငါမဆိုလိုဘူး။ ဒါပေမယ့် အဲလိုမဟုတ်ပဲ ညသန်းခေါင်ကျော် လမ်းပေါ်ရောက်နေတဲ့ မင်းလိုမိန်းကလေးမျိုးကိုတော့ တန်ဖိုးရှိတဲ့ မိန်းကလေးလို့ ငါမသတ်မှတ်နိုင်ဘူး'

'မမကြီး အဲလိုမပြောပါနဲ့။ သမီးက လူငယ်ပါ။ လူငယ်တယောက် လွတ်လွတ်လပ်လပ် ပျော်တာ အပြစ်လား၊ ပျော်တာနဲ့ပဲ တန်ဖိုးမဲ့ရရောလား'

'ပျော်တာကို မမကြီးက အပြစ်ပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ပျော်တယ်ဆိုတာမှာ အကန့်အသတ်ရှိတယ်။ အပျော်မလွန်သွားရဘူး။ အပျော်လွန်ရင် အပျက် ဖြစ်တတ်တယ်။ တန်ဖိုးမဲ့တတ်တယ်။ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းသွားတတ်တယ်။ ခု မင်းသွားလာနေထိုင်နေတာက ပျော်တာမဟုတ်တော့ဘူး။ အပျော်လွန်တာ ဖြစ်နေပြီ။ မင်းဘ၀အနာဂတ်အတွက် မင်းဘာတွေ လုပ်ထားပြီလဲ။ ပထမအရွယ် ပညာရှာတဲ့။ ခုမင်းပညာရှာနေသလား။ စာထဲမှာ အာရုံမစိုက်ပဲ ကုန်နေတဲ့ အချိန်တွေ ဘယ်လောက်ရှိပြီလဲ။ မင်းကိုယ်မင်း အသိဆုံးပဲနေမှာပေါ့။ ပညာမရှာတော့ ဥစ္စာကော မင်းရှာနေလား။ မိဘပြည့်စုံတယ်လို့ လာမပြောနဲ့။ လူတယောက်ဘ၀မှာ ပညာနဲ့ ဥစ္စာဆိုတာ ဟန်ချက်ညီဖို့ အရေးကြီးတယ်။ မင်းမိဘရဲ့ ဥစ္စာပစ္စည်းတွေသာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့ရင် ပညာလဲ မပြည့်စုံသေးတဲ့ မင်းက ဘာနဲ့ လုပ်ကိုင်စားသောက်မလဲ။ မင်းခြေထောက်ပေါ်မင်းဘယ်လို ရပ်တည်မလဲ။ အခု မင်းဟာ တန်ဖိုးမဲ့ ဆန်ကုန်မြေလေး ဖြစ်နေပြီ။ မင်းမှာ ဘာတန်ဖိုးမှ မရှိတော့ဘူး။ နားလည်လား'

သူမ၀ုန်းကနဲ ထရပ်မိသည်။ မမကြီးရဲ့ စကားလုံး ရိုက်ချက်များက တုတ်ချက်များထက် ပိုမို ပြင်းထန်သည်ပဲ။

'မမကြီး စောင့်ကြည့်လိုက်လေ။ ဘာတန်ဖိုးမှ မရှိဘူးလို့ မမကြီး ပြောခဲ့တဲ့ ထက်မျိုးနွယ်ဆိုတာရဲ့ တန်ဖိုးကို'

ဘာမှ ထပ်မပြောပဲ သူမလှည့်ထွက်လာခဲ့သည်။ တလမ်းတည်းမှာ ရှိသော သူမအိမ်ကို ဘယ်လိုပြန်ရောက်လာသည်မသိ။ အိမ်ရောက်ရောက်ချင်း မေမေ့ကို သူမပြောသည်။ မေမေပို့လိုသော အင်္ဂလန်ကို သူမအမြန်ဆုံးသွားမည်ဟု----။

(၅)

အတွေးထဲ လွင့်မျောနေဆဲမှာပဲ ဟိုတယ် ဧည့်ကြိုက တက္ကစီရောက်ပြီဖြစ်ကြောင်း ပြောသည်။ တက္ကစီပေါ်မှာ လိုက်ပါလာရင်း မမကြီးဆီ ဖုန်းဆက်ရင် ကောင်းမလားလို့ တွေးမိသည်။ စိတ်ဆိုး၊ စိတ်နာနာနှင့် မြန်မာပြည်က ထွက်လာပြီးကတည်းက အိမ်ကို ဖုန်းဆက်ဖြစ်သည်မှလွဲ၍ တခါမှလဲ မပြန်ဖြစ်တော့။ စာထဲမှာပဲ အာရုံစိုက်သည်။ အလုပ်တဘက်နှင့်တွဲ၍ ပညာရေးခရီးလမ်းကို တကွေ့ပြီးတကွေ့ ကျော်ဖြတ်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိလာအောင်၊ တန်ဖိုးတက်လာအောင် ကြိုးစားရုန်းကန်ဖြစ်ခဲ့သည်။ အချိန်တွေကြာလာတာနဲ့အမျှ မမကြီးရဲ့ စေတနာကိုလဲ သဘောပေါက် နားလည်မိပါသည်။ ဒါပေမယ့် ဘာရယ်ကြောင့် မသိ။ အလွတ်ရဆဲ မမကြီးရဲ့ ဖုန်းနံပါတ်ကို မနှိပ်ဖြစ်။ တစုံတရာက တားဆီးနေသလိုရှိသည်။ မေမေကတော့ ဖုန်းဆက်ဖြစ်တိုင်း မမကြီးဆီပါ ဖုန်းဆက်ဖို့ တိုက်တွန်းနေကြ။ သူမရဲ့ သတင်းတွေကိုလဲ မမကြီးက အမြဲနားစွင့်နေသည်ဆိုပဲ။

'ဟယ်လို။ ဒေါ်ခင်မာထိုက် ရှိပါလားရှင်'

အိမ်ပြည်ရောက်သည်နှင့် မေမေ့ဆီတောင် ဖုန်းမဆက်အား။ မမကြီးဆီသို့ ဖုန်းခလုတ်ကို အရင်နှိပ်မိသည်။

'မနေ့ကပဲ ဆုံးသွားပါတယ်ရှင်'

'ရှင်'
သူမ လက်ထဲမှ ဖုန်းကလေးက ရုတ်တရက် လွတ်ကျသွားပါသည်။

ပန်းပျိုးလက်တစုံကတော့ လူ့လောကထဲမှ လွင့်ကြွေသွားခဲ့လေပြီ။

သူပျိုးထောင်ပေးခဲ့သော ပန်းကလေးကတော့ အစွမ်းကုန် ဖူးပွင့်လျက်။

ခင်မမမျိုး (၂၊ ၉၊ ၂၀၁၀)

(စာကြွင်း။ ။ လောကကြီးမှာ ကျွန်မတို့ တတွေရဲ့ ဘ၀ပန်းလေးတွေ ဖူးပွင့်လာဖို့အတွက် အမုန်းခံပြီး အကျိုးလိုစိတ်နဲ့ ဆုံးမခဲ့ကြတဲ့ ပန်းပျိုးလက် အစုံကို ပိုင်ဆိုင်ကြသော မိဘတွေ၊ ဆရာသမားတွေ၊ လူကြီးသူမတွေ အများကြီးပါ။ အဲဒီပန်းပျိုးလက်အစုံလေးတွေ မကြွေလွင့်သွားခင်မှာ သူတို့ပျိုးထောင်ခဲ့တဲ့ ပန်းလေးတွေ ဖူးပွင့်လာခဲ့ပြီဆိုတာကို ဖုန်းခလုတ်လေးတွေကို နှိပ်လို့ပဲဖြစ်ဖြစ်၊ စာလေးတကြောင်းနှစ်ကြောင်း ရေးလို့ပဲ ဖြစ်ဖြစ် အသိပေးရင်း တချိန်က ပြစ်မှားမိခဲ့တာတွေအတွက် တောင်းပန်လိုက်ကြမယ် ဆိုရင်ဖြင့်)

Friday, June 4, 2010

Civic Education အကြောင်း တစေ့တစောင်း

၂၀ ရာစုနှောင်းပိုင်း ကာလမှာ နိုင်ငံရေးသီအိုရီတခုဖြစ်တဲ့ Civic Education အကြောင်းကို ပညာရှင်တွေရဲ့ စိတ်ဝင်စားတစား လေ့လာမှုတွေ တစတစ ကျယ်ပြန့်လာခဲ့ပါတယ်။ နိုင်ငံသားကောင်းဖြစ်ဖို့ဆိုတာ လုပ်ယူရတာ ဖြစ်တယ်။ မွေးကတည်းက ဖြစ်လာတာ မဟုတ်ဘူး ဆိုတာကို လူအများက ပိုပြီး လက်ခံလာခဲ့ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံရေးအဆောက်အအုံ တခု ဖြစ်ထွန်းလာဖို့အတွက် သင့်လျော်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို နိုင်ငံခေါင်းဆောင်များက တညီတညွတ်တည်း လက်ခံလာကြပါတယ်။ ဒါပေမယ့် အသိပညာ၊ အတတ်ပညာနဲ့ စာရိတ္တမြင့်မားတဲ့ နိုင်ငံသားတွေ များပြားလာအောင် ဘယ်လို လုပ်မလဲ ဆိုတာက မေးစရာ ဖြစ်လာပါတော့တယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ် ပညာရေးတွေနဲ့တင် မလုံလောက်ဘူးဆိုတာကိုလဲ သိမြင်လာကြပါတယ်။



Civic Education ဆိုရာဝယ်Civics ဆိုတာ နိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေကို လေ့လာခြင်း ဖြစ်ပါတယ်။ Civic Education ဆိုတာကတော့ ဒီလိုနိုင်ငံသားအခွင့်အလမ်းနဲ့ တာဝန်တွေ၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ ပြည်သူ့ရေးရာ မူဝါဒတွေကို လူအများသိရှိလာအောင် ပညာပေးခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် မူကွဲတွေ အမျိုးမျိုးရှိပေမယ့် " ဘုံအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ရန်၊ အများပြည်သူအား အစိုးရနှင့် အခြားအဖွဲ့အစည်းများမှ abuse လုပ်ခြင်းနှင့် တိုက်ခိုက်ခြင်းကို ကာကွယ်ပေးရန်၊ ပြည်သူ့ရေးရာကိစ္စရပ်များကို ဝေဖန်ဆန်းစစ်နိုင်သော အသိဥာဏ်ပညာများကို ဖြန့်ဖြူးပေးရန်၊ အသိပညာဗဟုသုတများကို ကိုယ်ပိုင်အကျိုးစီးပွားနှင့် အများပြည်သူအကျိုးစီးပွားအတွက် အသုံးပြုရန် ဟူသော ရည်မှန်းချက် မရှိပါက မည်သည့် civic potential မှ ပြည့်စုံမည် မဟုတ်ပေ။ နိုင်ငံသားအခွင့်အလမ်းနှင့် တာဝန်များဆိုင်ရာ အသိပညာ၊ အရည်အချင်း၊ အမြင်နှင့် တန်ဖိုးထားမှုများသည် နိုင်ငံရေးရာကိစ္စရပ်များတွင် နိုင်ငံသားများအားလုံး တာဝန်သိစွာဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းကို ဖြစ်တည်လာစေသည်။ သို့ဖြစ်ရာ အဆိုပါ အရည်အသွေးများ မြင့်မားလာစေရန် ဆောင်ရွက်ရေးသည် civic education ၏ mission ဖြစ်သည်" ဆိုတဲ့ mission အပေါ်မှာပဲ အခြေခံထားတာတွေ ဖြစ်ပါတယ်။

နိုင်ငံသားတယောက်ဟာ နိုင်ငံရဲ့ vision ကို သိမြင်နားလည်ရမှာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို နားလည်ပြီး ကာကွယ်စောင့်ရှောက်တတ်ရပါမယ်။ နိုင်ငံတော်အစိုးရ အုပ်ချုပ်သူများရဲ့ မူဝါဒတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိရပါမယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အကျိုးစီးပွား ယှဉ်တွဲလာတဲ့အခါမှာ အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလိုတဲ့ civic virtue ရှိရပါမယ်။ ဥပမာ- ဖွံ့ဖြိုးဆဲနိုင်ငံအများစုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေတဲ့ လာဘ်စားမှု ပြဿနာဟာ civic virtue မရှိတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ civic virtue ဆိုတာမှာ Civic dispositions ( ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်ရေးကို ဆောင်ရွက်လိုသော နိုင်ငံသားအမြင်၊ အလေ့အထနှင့် စိတ်ထားများ ရှိခြင်း) နဲ့ Civic commitments (ဒီမိုကရေစီစနစ်၏ အခြေခံ တန်ဖိုးများနှင့် စည်းမျဉ်းများအပေါ်တွင် အလေးပေးအာရုံစိုက်မှု) ဆိုတာတွေ ပါဝင်ပါတယ်။

Civic Education ဆိုတာက ဒီလို civic virtue ကို မြှင့်တင်ပေးပြီး ထိရောက်တဲ့ civic participation ဖြစ်လာအောင် ပညာပေးခြင်း ဖြစ်ပါတယ်။ civic participation ဆိုတာက ပြည်သူ့ရေးရာ မူဝါဒတွေကို ဆန်းစစ်ဝေဖန်မှုတွေတင် မဟုတ်ပါဘူး။ ပြည်သူ့ရေးရာ၊ အများပြည်သူအကျိုးစီးပွားစတာတွေနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတရှိခြင်း၊ ခံယူချက်ရှိခြင်း၊ နိုင်ငံရေးသမားများနဲ့ အစိုးရအဖွဲ့အစည်းအပေါ် reflective enquiry ပြုလုပ်မှု စတာတွေ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ စည်းကမ်းမဲ့ လမ်းပေါ်မှာ အမှိုက်လွှင့်ပစ်တာဟာ civic virtue မရှိလို့ပဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတယောက်ကို လာဘ်ပေးတာကလဲ civic participation မှာ အားနည်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ civic virtue ကို မြှင့်တင်ပေးပြီး၊ နိုင်ငံတော်အနာဂတ်လမ်းခရီးမှာ ပူးပေါင်းပါဝင်လာဖို့အတွက် civic education ကို စနစ်တကျ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ civic education ကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲမှုလေးတွေ ရှိပါတယ်။

Civic Education ဆိုင်ရာ အမြင်ကွဲပြားမှုများ

ဒီနေရာမှာလဲ ပလေတိုနဲ့ အရစ်တိုတယ်တို့တွေ Civic Education ဆိုတာနဲ့ ပတ်သက်ပြီး ပြောခဲ့စဉ်ကာလ ကတည်းက အစပြု ဖြစ်ပေါ်လာခဲ့တဲ့ အငြင်းပွားမှုတွေ၊ အမြင်မတူညီမှုတွေက ရှိပါသေးတယ်။ ပြည်သူလူထုကို နိုင်ငံသားနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေဟာ ဘယ်လိုနိုင်ငံရေး အဆောက်အအုံဆိုတာပေါ်မှာ မူတည်ပါတယ်။ ဥပမာ- ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ မဆန်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ပြုမူလုပ်ဆောင်ချက်တွေကို လက်ခံခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံသားတွေ ရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေရှိတဲ့ အသိပညာ၊ အရည်အချင်းနဲ့ စာရိတ္တတွေ ရှိလာဖို့ ကြိုးပမ်းနိုင်မှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ဒီမိုကရေစီ အမြစ်တွယ်ရှင်သန်ခိုင်မာမှု ရှိလာအောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံသားတွေ ပေါ်ထွန်းလာစေရေး ဆိုတာမှာကလဲ ဘယ်လို ဒီမိုကရေစီ သဘောတရားတွေနဲ့ တိုင်းပြည်ကို တည်ဆောက်မှာလဲ ဆိုတာကို မူတည်လာပြန်ပါတယ်။

နိုင်ငံရေးပညာရှင် March နဲ့ Olsen ဆိုခဲ့ဖူးသလိုပဲ ဒီမိုကရေစီ သဘောတရားရေးရာ ငြင်းခုန်မှုတွေ ဖြစ်တဲ့ ကိုယ်စားပြုမှုနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုအကြားက ချိန်ခွင်လျှာ၊ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွားအကြားက ချိန်ခွင်လျှာ၊ အခွင့်အရေးနဲ့ တာဝန်ယူမှုအကြားက ချိန်ခွင်လျှာ၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုအကြားက ချိန်ခွင်လျှာ၊ ညီညွတ်မှုနဲ့ ကွဲပြားခြားနားမှုအကြားက ချိန်ခွင်လျှာ စတဲ့ ချိန်ခွင်လျှာတွေကို နိုင်ငံတော်အစိုးရတွေအနေနဲ့၊ မူဝါဒချမှတ်သူတွေအနေနဲ့ ဘယ်လိုထိန်းညှိမလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်သွားတတ်ပြန်ပါတယ်။ ဒီလို သဘောတရားရေးရာ ကွဲပြားခြားနားမှုတွေဟာ democratic civic education ကို ဘယ်လို အကောင်အထည်ဖော်သလဲ ဆိုတဲ့အပေါ်မှာ ရိုက်ခတ်လာပါတယ်။ စာသင်ခန်းအခြေပြု ပညာရေးနဲ့ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ ပုံသဏ္ဍာန်တွေဟာ ဒီလိုသဘောတရားရေးရာ ကွဲပြားခြားနားမှုပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားလာပါတယ်။

ဒါပေမယ့် စာသင်ခန်းအခြေပြုနည်းလမ်းဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအခြေပြု လူထုပညာပေး နည်းလမ်းဖြစ်ဖြစ်၊ ဘယ်လိုသဏ္ဍာန်တွေပဲသုံးသုံး အဓိကတော့ နိုင်ငံသားတွေအနေနဲ့ ခေတ်၊ စနစ်နဲ့ လျော်ညီတဲ့ နိုင်ငံသားတွေမှာ ရှိရမယ့် အရည်အချင်းတွေ၊ အတွေးအခေါ်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ကျွမ်းကျင်မှုတွေ ရှိလာဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီနေရာမှာလဲ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားကောင်းတယောက်ဖြစ်လာဖို့အတွက် ဘယ်အတိုင်းအတာအထိ နိုင်ငံရေးသုတနဲ့ civic knowledge တွေ လိုအပ်သလဲ ဆိုတာက မေးစရာ ဖြစ်လာပြန်ပါတယ်။

ပညာရှင်တချို့ကတော့ ဒီမိုကရေစီ နိုင်ငံသားကောင်းဖြစ်ဖို့အတွက် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် (democratic governance) ကို နားလည်ရမယ်၊ ပြည်သူ့ရေးရာ မူဝါဒတွေကို သေသေချာချာ သိနားလည်ရမယ်လို့ သတ်မှတ်ကြပါတယ်။ ပညာရှင်တချို့ကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ မူဝါဒတွေကို အသေးစိတ်သိကျွမ်းနားလည်စရာ မလိုအပ်ပေမယ့် အခြေခံနားလည်မှုနဲ့ ဆန်းစစ်ဝေဖန် နိုင်မှုတော့ ရှိဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံမှာ တည်ငြိမ်တဲ့ နိုင်ငံရေး အုပ်ချုပ်မှုစနစ်တခု ပေါ်ထွက်လာဖို့မှာ လူထုရဲ့ နိုင်ငံရေးအမြင်ဟာ အဓိကကျတာကြောင့် reasonable judgement ကို ပြုလုပ်နိုင်တဲ့ နိုင်ငံသားတွေ အများအပြား ပေါ်ထွက်လာဖို့ အရေးကြီးကြောင်း ပညာရှင် အများစုက လက်ခံထားကြပါတယ်။

နိုင်ငံရေး ပညာရှင်တဦးဖြစ်တဲ့ Samuel Popkin ကတော့ နိုင်ငံရေးအသိပညာဗဟုသုတ အားနည်းတဲ့ နိုင်ငံသားတွေဟာ ဒီမိုကရေစီမူဝါဒတွေရဲ့ အပေးအယူ debates တွေ၊ ပြည်သူ့ရေးရာ မူဝါဒအားနည်းချက်တွေကို သေသေချာချာ ခွဲခြား ဆန်းစစ်မှုတွေ မပြုလုပ်နိုင်ပဲ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေ၊ မူဝါဒတွေထက် လူပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီး ရွေးချယ်မှုတွေ လုပ်လေ့ရှိကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လဲ နိုင်ငံရေးအသိပညာ သင်းကွပ်ခံထားရတဲ့ အာဏာရှင်စနစ် နိုင်ငံတွေနဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ် အခြေပြုတဲ့ ခေါင်းဆောင်ရွေးချယ်မှုတွေ၊ နိုင်ငံရေးအကြောင်းအရာထက် နိုင်ငံရေးဇာတ်ကောင်ကို အသားပေးမှုတွေ၊ မင်းလောင်းမျှော်မှုတွေ၊ တကိုယ်တော် ဟီးရိုးဝါဒကို ထောက်ခံအားပေးမှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာရှင်သန်ရေးအတွက် အတားအဆီး၊ အနှောင့်အယှက်တွေပါပဲ။

Civic Education, Political Education တွေ နဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအထိ နိုင်ငံသားတိုင်း သိထားသင့်သလဲ ဆိုတာကို အငြင်းပွားနေကြဆဲ ဖြစ်ပေမယ့် နိုင်ငံသားတွေဟာ မူဝါဒရေးရာတွေမှာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုဘူး ဆိုတာကိုတော့ လူအများက လက်ခံထားကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးရာနဲ့ပတ်သက်ပြီး reasonable civic judgement ကို လုပ်နိုင်မယ့် အခြေခံ ဗဟုသုတနဲ့ အရည်အချင်းကိုတော့ နိုင်ငံသားတိုင်း ပိုင်ဆိုင်ထားသင့်တယ် ဆိုတာကိုလဲ လက်ခံလာကြပြီး၊ သင့်လျော်မယ့် civic education နဲ့ civics assessment စတာတွေကို နိုင်ငံတော်အစိုးရတွေက အကောင်အထည်ဖော်လာကြပါတယ်။

နိုင်ငံသားကောင်းဆိုတာ မွေးကတည်းက ဖြစ်လာတာမဟုတ်ပဲ လုပ်ယူရတာဖြစ်တယ် ဆိုတဲ့ အဆိုကို လက်ခံလာကြတာနဲ့အမျှ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် လူငယ်တွေကို political socialization လုပ်ရာမှာ လိုအပ်မယ့် civic education ရဲ့ အခန်းကဏ္ဍကိုလဲ ထည့်သွင်းစဉ်းစားလာကြပါတယ်။ ဒီနေရာမှာ အခြေခံပညာရေးအဆင့်အတန်း မြင့်မားမှုဟာ လူတွေရဲ့ နိုင်ငံရေးဗဟုသုတ ရယူနိုင်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု သဏ္ဍာန်ကို အကျိုးသက်ရောက်မှု ရှိတာကြောင့် အခြေခံပညာရေး အဆင့်အတန်းမြင့်မားရေးကလဲ ကဏ္ဍတခုအနေနဲ့ ပါဝင်လာပါတော့တယ်။ ပညာရေး အင်စတီကျူးရှင်းတွေ မဟုတ်တဲ့ မိသားစု၊ လူမျိုးစု၊ နိုင်ငံရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ နိုင်ငံရေးဖြစ်ရပ်တွေကနေ civic formation ပေါ်ကို သက်ရောက်မှုတွေကိုလဲ ထည့်သွင်း စဉ်းစားလာကြပါတယ်။ Mass Media တွေကတဆင့် လူငယ်တွေကို civic knowledge, political knowledge တွေ ဖြန့်ဖြူးပေးနိုင်မယ့် နည်းလမ်းတွေကိုလဲ တီထွင်အကောင်အထည် ဖော်လာကြပါတယ်။ စာသင်ခန်းတွေ၊ သင်တန်းတွေနဲ့ class-room based education ကို ပိုပြီးဦးစားပေးသင့်သလား၊ community-based experiences တွေကို ဦးစားပေး အကောင်အထည်ဖော်သင့်သလား ဆိုတာကိုတော့ ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွေကြားမှာ အမြင်ကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် civic education ကို စနစ်တကျအကောင်အထည်ဖော်နိုင်ပြီး civic knowledge တွေ လူငယ်တွေအကြား၊ နိုင်ငံသားတွေအကြားမှာ ပျံ့နှံ့သွားဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

civic knowledge ၏ အရေးပါမှု

civic knowledge ရဲ့ အရေးပါပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်တွေက သုတေသနပြု လေ့လာဆန်းစစ်ချက်တွေ လုပ်ခဲ့ကြပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ civic knowledge ရှိခြင်းအားဖြင့် နိုင်ငံသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်လာကြပါတယ်။ နိုင်ငံသားအခွင့်အလမ်းတွေကို ပိုပြီး သိမြင်လာကြပါတယ်။ အခွင့်အလမ်းတွေကို သိမြင်လာတာနဲ့အမျှ နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုတွေကို တွေ့မြင်လာကြပါတယ်။ Delli နဲ့ Keeter တို့ရဲ့ လေ့လာဆန်းစစ်ချက်များအရ နိုင်ငံရေးဗဟုသုတဟာ ကိုယ်ပိုင်အကျိုးစီးပွားကို သိမြင်နားလည်ခွင့်ကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီကနေတဆင့် ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ပြည်သူ့ရေးရာကိစ္စရပ်တွေကို ဆက်စပ်ပေးပါတယ်။ ဒီလို ဆက်စပ်ပေးရာကနေတဆင့် နိုင်ငံရေးကို သိမြင်နားလည်တဲ့ ပြည်သူလူထုဟာ အစိုးရတရပ်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ မူဝါဒတွေကို အကဲဖြတ်ဆန်းစစ်နိုင်လာပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတွေမှာဆိုရင် ဘယ်လိုပါတီနဲ့ ဘယ်လိုအမတ်လောင်းဟာ သူတို့ရဲ့ အကျိုးစီးပွားကို အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်မလဲ ဆိုတာကို တွက်ချက်ရွေးချယ်နိုင်လာပါတယ်။ ဒါကြောင့် civic knowledge ဟာ စနစ်တခု ထွန်းကားရေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ နိုင်ငံရေးရာတွေမှာ အချိန်ကာလနဲ့ အညီ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးအမြင်တွေ ရှိနေစေတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးအတွေးအခေါ်၊ အသိပညာတွေကို လေ့လာတဲ့ ပညာရှင်တွေက နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံရေးအမြင် တည်ငြိမ်မှု အကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ခိုင်ခိုင်မာမာရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြောင်းလဲမှုအခြေအနေတွေကို သေသေချာချာ ခွဲခြားသိမြင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကို မသိမြင်တဲ့ နိုင်ငံသားတယောက်ဟာ အချိန်အခါ၊ အခြေအနေနဲ့ အညီ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေထဲမှာ ဘယ်လို တုန့်ပြန်ဆောင်ရွက်ရမယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေနဲ့အတူ ထွက်ပေါ်လာတတ်တဲ့ အတွေးအခေါ် ရှုပ်ထွေးမှုတွေအကြားမှာ နဝေတိမ်တောင်နဲ့ မျက်စိလည်နေတတ်ပါတယ်။ အမှန်နဲ့အမှား၊ အနိုင်နဲ့အရှုံးတွေကို မခွဲခြားတတ်တော့ဘူး ဖြစ်နေတတ်ပါတယ်။ အားကစားပွဲတခုကို ကစားနည်း (rule of game) နားမလည်ပဲ ဘေးကနေ ထိုင်ကြည့်နေရသလိုပါပဲ။ ဥပမာ- ဘောလုံးကစားနည်းကို နားမလည်ပဲ ဘောလုံးပွဲထိုင်ကြည့်တဲ့အခါ အနီဝတ်ထဲ ဘောလုံးရောက်လိုက်၊ အဖြူဝတ်ထဲ ဘောလုံးရောက်လိုက် ဖြစ်နေတာတွေ လိုက်ကြည့်ရင်း အနီဝတ်က ကန်တဲ့ ဂိုးလဲ အားပေး၊ အဖြူဝတ်က ကန်တဲ့ ဂိုးလဲ လက်ခုပ်ထတီးနဲ့ ဘောလုံးဆိုတာ ဂိုးတိုင်ထဲ ရောက်သွားရင် ပြီးတာပဲဆိုတာမျိုးတွေ ဖြစ်နေတတ်တာပါ။

civic knowledge မရှိသူတွေဟာ နိုင်ငံရေးခေါင်းဆောင်ရွေးချယ်တဲ့အခါမှာ အများပြည်သူအကျိုးစီးပွား၊ ကိုယ်ပိုင်အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် မူဝါဒရေးရာ ချမှတ်ပေးနိုင်မှုနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှု မရှိပဲ လူတွေရဲ့ ရုပ်လက္ခဏာ၊ လူအများကြား ရေပန်းစားမှု အစရှိတဲ့ ဥပဒေပြုရေး၊ မူဝါဒရေးဆွဲချမှတ် အကောင်အထည်ဖော်ရေး အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိ ကြကြောင်း ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အာရှ၊ အာဖရိက နိုင်ငံတွေက ပြည်သူလူထုတွေဟာ နိုင်ငံရေးအသိပညာ ဗဟုသုတတွေ အားနည်းတာကြောင့် တိုင်းပြည်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် နိုင်ငံရေးသမားတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှုမှာ အားပျော့ပြီး ဒီမိုကရေစီ နောက်ပြန်ဆွဲမှုပြဿနာတွေ၊ စစ်အာဏာသိမ်းမှု ပြဿနာတွေ၊ ဒီမိုကရေစီ ရှင်သန်ထွန်းကားရေး နှောင့်နှေးမှု ပြဿနာတွေကို ရင်ဆိုင်ကြရတာဖြစ်ကြောင့် လေ့လာသုံးသပ်သူတွေက ဆိုခဲ့ကြပါတယ်။

civic knowledge နဲ့ ပတ်သက်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ နိုင်ငံသားတွေဟာ ပြည်သူ့ရေးရာ ကိစ္စရပ်တွေမှာ တက်တက်ကြွကြွ စိတ်ဝင်စားလာပြီး နိုင်ငံတော်ရဲ့ ချမှတ်ထားတဲ့ vision နဲ့ objectives တွေကို ပူးပေါင်းပါဝင် အကောင်အထည်ဖော်လာကြတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူတွေနဲ့ နိုင်ငံသားတွေအကြားမှာ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ညီညွတ်မှု ရှိလာစေပြီး၊ ပြည်သူလူထုရဲ့ အစိုးရလုပ်ငန်းဆောင်တာတွေအပေါ် လျစ်လျူရှုမှုတွေ လျော့နည်းလာစေနိုင်ပါတယ်။ လျစ်လျူရှုမှုဟာ ကြောက်ရွံ့စိုးထိတ်မှုရဲ့ ဖခင်ဖြစ်ပြီး၊ အသိဥာဏ်ဗဟုသုတဟာ ယုံကြည်မှုရဲ့ မိခင်ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုထားခဲ့ကြပါတယ်။ အထူးသဖြင့် political debates တွေ ပြင်းထန်နေတဲ့အချိန်တွေ၊ တော်လှန်ရေးကာလတွေမှာ နိုင်ငံရေး ဗဟုသုတ အားနည်းသူတွေဟာ political issues တွေရဲ့ အမှားနဲ့ အမှန်ကိစ္စတွေကို ခွဲခြားသုံးသပ်မှု မပြုလုပ်နိုင်တော့ပဲ ဘက်နှစ်ဘက်က characters တွေရဲ့ အားနည်းချက်တွေကိုပဲ ကြည့်လာတတ်ကြပါတယ်။ အဲဒီကနေတဆင့် `ဘယ်သူမှ အဖြူထည်မဟုတ်ပါဘူး။ ဖြူစင်တဲ့ သူရဲကောင်း (white knights) တွေ ဆိုတာ မရှိပါဘူး ဆိုတဲ့ အမြင်တွေ ၀င်လာပြီး plague on both your houses ဆိုတဲ့ ရပ်တည်ချက်တွေကို ကိုင်စွဲလာတတ်ကြပါတယ်။ နိုင်ငံရေးနားလည်သူတွေအတွက်က နိုင်ငံရေး တိုက်ပွဲတွေ၊ debates တွေကို ကြက်တောင်ကစားပွဲလို မြင်ပေမယ့် နားမလည်သူတွေအတွက်ကတော့ ဒါဟာ မုန့်လုပွဲပါပဲ။ ဒါကြောင့် civic knowledge တွေ လူထုအကြားမှာ ပျံ့နှံ့လာဖို့က အလွန်အရေးကြီးပါတယ်။

civic knowledge ရဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ လွတ်လပ်စွာ ကွဲပြားခြင်းကို နားလည်လက်ခံလာစေမှုပဲ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို နားလည်သူတွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုတွေအကြား အပြန်အလှန်ယုံကြည်မှုနဲ့ နားလည်မှုကို တည်ဆောက်နိုင်ပါတယ်။ နိုင်ငံသားအခွင့်အလမ်းနဲ့ လူမျိုးရေးအခွင့်အလမ်းတွေကို ကွဲကွဲပြားပြား သိမြင်နားလည်ပြီး အငြင်းပွားမှုတွေကို ကွင်းကွင်းကွက်ကွက် ဖြေရှင်းနိုင်ပါတယ်။ နိုင်ငံသားအားလုံးရဲ့ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာတာနဲ့အမျှ အသိပညာနဲ့ နားလည်နိုင်စွမ်း တိုးမြင့်လာမှုတွေဟာ social centrality အဆင့်အတန်းတွေအတွက် နေရာလုမှုတွေကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကျော်လွှားပေးစေနိုင်ပါတယ်။ civic knowledge ဟာ နိုင်ငံရေးဖြစ်စဉ်တွေကို သေသေချာချာ သိမြင်နားလည်ပြီး rational manner နဲ့ ပြုမူဆောင်ရွက်တတ်လာအောင် တွန်းအားပေးပါတယ်။ ဒါကြောင့် civic knowledge ဟာ နိုင်ငံတနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ အတွေးအခေါ်၊ အယူအဆ၊ ပြုမူဆောင်ရွက်မှုတွေကို အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာ ထင်ရှားလှပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် civic education ဆိုတာ တိုင်းပြည်တခုရဲ့ လူအဖွဲ့အစည်း အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံရေး တည်ငြိမ်မှုရှိရေး၊ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် မရှိမဖြစ် လိုအပ်ချက် တခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ အပါအ၀င် အာဏာရှင်စနစ် ထွန်းကားတဲ့ နိုင်ငံတွေနဲ့ ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းဆဲ နိုင်ငံအများစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးနေစေတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိပညာနဲ့ အတွေးအမြင် အားနည်းမှုတွေကလဲ အကြောင်းရင်းတခုအနေနဲ့ ပါဝင်ပါတယ်။ နိုင်ငံသားတယောက်ဟာ ကိုယ်ပိုင်အကျိုးစီးပွားအတွက် မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေနဲ့ တိုင်းပြည်တခုလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို သိမြင်ခြင်း မရှိတဲ့အခါ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားအကြားက ချိန်ခွင်လျှာကိုလဲ ဘယ်လိုမှ ထိန်းညှိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ လူတဦးချင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဆုံးရှုံးခြင်း ဖြစ်စေသလို နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကိုပါ ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံအများစုမှာ သက်ဆိုင်ရာအစိုးရတွေက ဦးဆောင်ပြီး civic education ဆိုင်ရာ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်နေကြပါတယ်။ အစိုးရတွေက အကောင်အထည်ဖော်ခြင်း မရှိတဲ့ နိုင်ငံတွေမှာလဲ ပြည်သူမှ ပြည်သူသို့ အသိပညာပြန်လည်ဖြန့်ဖြူးပေးခြင်း နည်းလမ်းကို အသုံးပြုပြီး သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေအတွင်းမှာ လူထုပညာပေးခြင်းတွေ ပြုလုပ်နေကြပါကြောင်း တင်ပြလိုက်ရပါတယ်။

(မြန်မာ့လူ့အဖွဲ့အစည်းအတွင်း civic knowledge များ ထွန်းကားလာစေရန် ရည်သန်လျက်)

ခင်မမမျိုး (၃၊ ၆၊ ၂၀၁၀)




ရည်ညွှန်းကိုးကား။ ။

Campbell, D. E. (2000) Making Democratic Education Work: Schools, Social Capital and Civic Education, Program on Education and Policy, Harvard University

Elkin, S.K., Soltan K.E., eds (1999) Citizen Competence and Democratic Institutions, University Park, The Pennsylvania University

Hildreth R.W. (2000) Theorizing Citizenship and Evaluating Public Achievement, Political Science and Politics, 33, pp.627-632

Popkin S.L, Dimock M.A. (2000) 'Knowledge, Trust and International Attitudes' in Lupia, A,; McCubbins, M; Poplin S.L (eds) In Elements of Reason: Understanding and expanding the Limits of Political Rationality, Cambridge University Press

Zaller J. R. (1992) The Nature and Origins of Mass Opinion, Cambridge University Press

Monday, February 8, 2010

ပိုးစုန်းကြူးလေးများ (၀တ္ထုတို)

(၁)

“ကဲ- ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ။ တနေ့စာတနေ့ မှန်မှန်ကျက်ကြနော်။ ကြွေးလည်ပင်း နစ်တယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အေး- ပိုက်ဆံကြွေး လည်ပင်းနစ်ရင် တခြားလူတွေက ၀င်ကူလို့ ရတယ်။ စာကြွေးလည်ပင်းနစ်ရင် ဘယ်သူမှ ၀င်ကူလို့ မရဘူးနော်။ ပညာသင်နေတုန်းမှာ စာကြွေးတွေ လည်ပင်း မနစ်စေနဲ့”

ဆော့ပင်အဖုံးကို ပိတ်ရင်း ကျောင်းသားများကို ဆုံးမ စကားပြောမိသည်။ အခြေအနေအရသာ ဆရာ၊ တပည့် ဖြစ်နေပေမယ့် သူမနဲ့ ကျောင်းသားများရဲ့ အသက်တွေက သိပ်ကွာလှတာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားလေးတွေကို မောင်လေး၊ ညီမလေးတွေလို စိတ်ထဲမှာ သတ်မှတ်ထားမိသည်။ ဆယ်တန်းဆိုသော တောင်လေးတတောင်ကို ကျော်သွားစေချင်မိသည်။ ဒါကြောင့်လဲ ကျောင်းတွေ ပိတ်ထားချိန်မှာ သူငယ်ချင်းတွေ စုပြီး ဒီဆယ်တန်းကျူရှင်လေးကို ဖွင့်ဖြစ်သွားကြတာ ဖြစ်သည်။



“ကဲ- အားလုံးသွားလို့ ရပြီနော်။ အိမ်ကို တန်းပြန်ကြဦး”

ကလေးတွေကို အတန်းဆင်းပေးလိုက်ရင်း ခဏရပ်စောင့်နေဖြစ်သည်။ သီးသန့်စာမေးလိုသော ကလေးတွေ၊ အခက်အခဲလေးများကို ဖွင့်ဟတိုင်ပင်လိုသော ကလေးတွေက ဒီအချိန်မှာ သူမနား ရောက်လာတတ်သည် မဟုတ်လား။

သို့ပေမယ့် ဒီနေ့ရောက်လာတာက ကလေးများ မဟုတ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်လေသည်။
“ဟဲ့။ ထက်ထက်။ အစုတ်ပလုတ်မ”

နှုတ်ဆက်နေကျ ထုံးစံအတိုင်း ကျော်စွာက လှမ်းနှုတ်ဆက်သည်။ ပြောင်စပ်စပ် မျက်နှာက သူမ ခပ်တည်တည်နှင့် လှည့်ကြည့်မှ ပြန်တည်သွားသည်။ ကိုယ်လဲ ဆရာတယောက်ဖြစ်နေပြီမို့ မျက်နှာကို တည်တည်တံ့တံ့ထားဖို့ သူမပြောပေါင်းလဲ များလှပြီ။ ဘယ်တော့မှ နားထောင်လေ့မရှိ။

“ကျော်စွာ။ နင်ဟာလေ။ ကလေးတွေရှေ့မှာဆို တည်တည်တံ့တံ့နေပါလို့ ဘယ်နှစ်ခါ ပြောရမလဲ”

လူတွေအားလုံး ရှင်းသွားတော့ စိတ်တိုတိုနှင့် သူမ ပြောမိသည်။

“သူတို့တွေများကွာ။ ငါနဲ့ဆို Peace ပါတယ်။ အိုကေပါပဲ”
“အေး။ နင်ကသာ အိုကေပြောတယ်။ စည်းကမ်းပိုင်းနဲ့ ပတ်သက်လာတဲ့အခါကျရင် မအိုကေပဲ နင့်ဆိုပြီးပြီးရော လုပ်နေကြလို့ ငါဝင်ကိုင်နေရတာ ဘယ်နှစ်ခါ ရှိပြီလဲ။ မရဘူးဟ။ လူတွေမှာ သူ့စည်း၊ ကိုယ့်စည်း ဆိုတာ ရှိရတယ်။ အရောတ၀င်နေတာနဲ့ ရင်းရင်းနှီးနှီးနေတယ် ဆိုတာကနေ ထွက်လာတဲ့ ရလာဒ်တွေက တခြားစီပဲ။ ငါဒီလိုပြောလို့ ငါက ဆရာဆိုပြီး ကျောင်းသားတွေကို မလေးမစား ဆက်ဆံတာကို ပြောနေတာ မဟုတ်ဘူးနော်။ ငါတို့ ဆရာတွေဘက်ကလဲ သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံမယ်၊ ရင်းရင်းနှီးနှီး ရှိရမယ်။ ဒါပေမယ့် ဆရာ့စည်း၊ တပည့်စည်းဆိုတာတော့ ထားဖို့ ပြောနေတာ။ ငါပြောတာ နင်မယုံရင် အဲဒီထဲက ကျောင်းသားကြီး သုံးယောက်လောက်ကို အပြင်ခေါ်ထုတ်ပြီး ဘီယာတူတူ သွားသောက်ကြည့်လိုက်ပါလား။ ပေါက်ကရလေးဆယ်တွေ သွားပြောကြည့်ပါလား။ သိပ်မကြာဘူး။ တပတ်ပဲ။ ဒီစာသင်ခန်းကို နင်ထိန်းလို့ ရတော့မယ် မထင်နဲ့”

“အေးပါ ထက်ထက်ရယ်။ နင့်စကားကို ငါနားထောင်ပါ့မယ်။ ငါက ပျော်ပျော်နေတတ်လို့ပါဟ”
“နင့်သဘာဝကို ငါနားလည်ပါတယ်ဟာ။ ငါလဲ လောကကြီးထဲမှာ ဟန်ဆောင်နေရတာတွေကို မုန်းတဲ့လူပါပဲ။ ဒါပေမယ့် လူတွေဆိုတာက လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီတဲ့ သွင်ပြင်လက္ခဏာကို မျှော်လင့်တတ်ကြတယ်။ လူ့အဖွဲ့အစည်းရဲ့ ပြင်ပမှာ သီးခြား မနေနိုင်သေး သရွေ့၊ ဒါမှ မဟုတ်ရင်လဲ ပြောင်းလဲပစ်ဖို့ မလုပ်နိုင်သေးသရွေ့ကတော့ လူထုလူတန်းစားတွေထဲမှာ သတ်မှတ်ထားတဲ့ စာရိတ္တရေချိန်နဲ့ လူမှုရေး ရေချိန်တွေကို စောင့်ထိန်းမှု တစုံတရာလေး ရှိဖို့ လိုအပ်တယ်။ မြေကြီး ဆန်သင့်တဲ့ နေရာမှာ မြေကြီးဆန်ဖို့လိုသလို၊ ကောင်းကင်ဆန်သင့်တဲ့နေရာမှာလဲ ကောင်းကင်ဆန်ဖို့ လိုလိမ့်မယ်။ အဲဒီလို မဟုတ်ရင် တခြားလူတွေအသာထားလို့ ကိုယ့်သားသမီးအရင်းကတောင် ကိုယ့်ကို မလေးမစား လုပ်မှာပဲ”

ကျော်စွာက မျက်နှာငယ်လေးနှင့် သူမကို ကြည့်သည်။ ပြောမယ့်သာပြောရပေမယ့် သူငယ်ချင်းတွေအားလုံးထဲမှာ သူက သဘောအကောင်းဆုံး။ အနွံအတာ အခံနိုင်ဆုံး။ သဘောကောင်းတယ် ဆိုပြီး သူများတွေက ဂုပ်ခွစီးသွားမှာ စိုးလို့သာ သတိပေးနေရခြင်းဖြစ်သည်လေ။

“ကဲ-ကဲ။ ဟိုနှစ်ယောက် တော်ကြတော့။ မိထက်မ။ ပစ္စည်းသိမ်း။ မုန့်သွားစားမလို့ လာခေါ်တာ။ ငါတို့တံခါးတွေ ပိတ်ပေးမယ်”

နန်းက ပြောရင်းဆိုရင်းနှင့် ကျူရှင်တံခါးများကို လိုက်ပိတ်ပေးသည်။

“ဟဲ့။ နေဦး။ ညာဘက်ထောင့်က နောက်ဆုံးခုံနားမှာ နေကြာစေ့ခွံတွေ ရှိလိမ့်မယ်။ မို့မို့တို့တွေ၊ ငါစာသင်နေတုန်း ခိုးစားနေကြတာ။ သွားသိမ်းလိုက်ကြဦး”
“ဟဲ့။ နင်က ဘယ်လိုလုပ်သိတာလဲ”

“သိတာပေါ့ဟ။ ငါက အပေါ်စီးက ကြည့်နေတဲ့သူပဲ။ မျက်လုံးဝေ့ကြည့်လိုက်ရင် သိသာနေတာပဲ ဥစ္စာ။ နောက်ပြီး ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူတွေရဲ့ မျက်နှာက သိသာတယ်ဟဲ့။ ကလေးတွေဆိုတော့ ပိုဆိုးတာပေါ့။ ဒီကောင်မလေးတွေကို ငါကြည့်နေတာ နှစ်ရက်ရှိပြီ။ အတန်းထဲမှာ ဆူဆူပူပူ မလုပ်ချင်လို့။ နက်ဖြန်အတန်းပြီးရင်တော့ ခေါ်ပြောမှရတော့မယ်”

“နင်ဟာလေ။ တချို့ကိစ္စတွေကျရင်လဲ မသိချင်ယောင် ဆောင်နေလိုက်ပါဟာ။ ၀င်ပြောနေရင် လူမုန်းများလိမ့်မယ်”

“မုန်းတော့လဲ ဘာဖြစ်လဲဟာ။ ငါပြောတာတွေက ငါ့အတွက်မှ မဟုတ်တာ။ စေတနာနဲ့ ပြောတာပဲ။ ယူတတ်တဲ့လူ ယူပေါ့။ အေး- မယူလို့လဲ ငါက လိုက်ခံစားနေမှာတော့ မဟုတ်ဘူး။ ပြောဖို့ လိုအပ်လို့ ငါပြောတယ်။ ဒါဆို ငါ့တာဝန်ကျေပြီ”

“ကဲကဲ။ တော်ကြတော့။ မြန်မြန်လုပ်ကြဟာ။ ငါဗိုက်ဆာလှပြီ။ နင်စာသင်နေသံ ကြားကတည်းက ငါက ဗိုက်ဆာနေတာ”

သင်းသင်းက ၀င်ပြောသည်။ ပြောပြီး စိတ်ကောက်သည့် လက္ခဏာအဖြစ် ပါးလေးကလဲ ဖောင်းထားလိုက်သေးသည်။ အစားအင်မတန် ကြိုက်လှသော သင်းသင်းကို သူ သင်နေသည့် ဓာတုဗေဒ ဘာသာထဲမှ အက်ဆစ်များကိုရော သောက်ချင်စိတ် မရှိဘူးလားလို့ သူမတို့ ၀ိုင်း နောက်နေကျ။

“ဟဲ့။ ငါစာသင်နေတဲ့အသံကြားပြီး နင်က ဗိုက်ဆာလာတယ်ဆိုတော့ ငါကဘာပြောနေလို့တုန်း”
“နင်က အပင်တွေအကြောင်း သင်နေတာကိုး”
“ဟောတော့”

သူမ ဒါပဲ ပြောလိုက်နိုင်တော့သည်။ သို့ပေမယ့် ကျော်စွာနဲ့ အောင်နိုင်တို့ကတော့ သူတို့ ခေါ်နေကျအတိုင်း ထအော်လိုက်ကြပါသည်။
“အစားပုပ်မ၊ ငတ်ကြီးကျ”

(၂)

“ဒီကိစ္စကို လုံးဝ မကျေနပ်ဘူးဟာ။ ငါသွားရှင်းမယ်”
အောင်နိုင်က ရှူးရှူးရှားရှားနှင့် ပြောသည်။
“ဟဲ့။ နေဦး အောင်နိုင်ရဲ့။ ဒီကိစ္စမျိုးဆိုတာ ဒီလို ရှင်းလို့ ရတာ မဟုတ်ဘူး”

ကားသော့ကောက်ဆွဲသော အောင်နိုင့် ရှပ်အကျီင်္ကို လှမ်းဆွဲရင်း တားရသည်။ ဒီပြဿနာကို စကြားရတော့ အောင်နိုင်တင် မဟုတ်။ သူမတို့အားလုံး စိတ်တိုသွားကြတာတော့ အမှန်ဖြစ်သည်။ သို့ပေမယ့် ပြဿနာဆိုတာက သွေးပူတုန်း ရှင်းလျှင် ပိုပြီး ကြီးထွားလာတတ်တာမို့ ပြန်ထိန်းနေရခြင်းဖြစ်သည်။

ဖြစ်သည့် ပြဿနာကလဲ နည်းနည်းနောနော မဟုတ်။ မြို့မှ နာမည်ကြီး ကျူရှင်ဆရာများ ပေါင်းထားသည့် ကျူရှင်ကြီးတခုမှ ဆရာများက သူမတို့ ကျူရှင်လေးကို တိုက်ခိုက်ပြောဆိုလာကြတာ ဖြစ်သည်။

“မလောက်လေး၊ မလောက်စားတွေကများ ငါတို့ကို ပခုံးချင်း လာယှဉ်တယ်”
“ခုမှ ဆယ်တန်း အောင်ကြရုံရှိသေး။ ဂုဏ်ထူးလေးတွေ ပါတာနဲ့ပဲ သူတို့ဟာသူတို့ သိပ်ထင်နေကြတာ”
“တို့က ဒီလောကထဲမှာ အတွေ့အကြုံတွေအများကြီးရယ်။ တို့ကို လာယှဉ်ရင် ကွဲသွားမှာပေါ့”

အသံများက တစတစ ပျံ့နှံ့ပြီး သူမတို့ဆီ ပြန်ရောက်လာသည်။ သူမတို့ဆီမှာ ဘာသာရပ်အချို့ လာတက်ပြီး၊ သူတို့ဆီမှာ တခြားဘာသာရပ်တက်ရသော ကျောင်းသားများလဲ ကြားညပ်နေကြသည်။ ကြားကနေ ဘာလုပ်ရမှန်း မသိ။ ငယ်နိုင်ကျောင်းသား အချို့ကို သူမတို့ဆီ မသွားကြဖို့ ဗြောင်ဖွင့်ပြောပြီး တားနေကြတာတွေတောင် ရှိလာသည်။

“တကတည်းဟာ။ လူကြီးတွေဖြစ်ပြီး အဲလိုစိတ်ဓာတ်မျိုးတွေ ရှိတယ်တဲ့”

သင်းသင်းက စိတ်ပျက်သော မျက်နှာဖြင့် ၀င်ပြောသည်။ အစားအင်မတန်ပုပ်သော သင်းသင်းတယောက် ရှေ့မှ ကြက်ဆီ ထမင်း ပန်းကန်ကိုပင် မေ့နေပုံ ပေါ်သည်။

“တကယ်ဆို သူတို့က ငါတို့ထက် အသက်နှစ်ဆလောက်ကြီးနေတဲ့ ဆရာကြီးတွေဟာ။ ငါတို့ကို လက်ကမ်းကြိုပြီး လိုအပ်တာတွေတောင် ဖြည့်ဆည်းပေးရဦးမှာ”

“အေးလေ။ ဒီမြို့မှာ သူတို့ပဲ သင်မယ်ဆိုပြီး လုပ်နေလို့ ရမလား။ သူတို့ အသက်တွေက ကြီးနေပြီ။ သူတို့သေတော့ ဘယ်သူတွေက ဆက်သင်ကြမှာတုန်း။ အဲလိုဖြစ်ရင် မြို့က ကလေးတွေပဲ နစ်နာမှာမဟုတ်ဘူးလား။ ကျောင်းတွေမှာက စာကောင်းကောင်းသင်ကြတော့တာမှ မဟုတ်တာ။ ကျူရှင်တွေရှိနေလို့ ဒီမြို့က ကလေးတွေ အောင်ချက်ကောင်းနေတဲ့ဟာကိုး”

“ဟဲ့။ မြို့ကောင်းစားရေးတွေ ဘာတွေ ပြောမနေနဲ့။ သူတို့တွေဆီမှာ ငါလုပ်မှ၊ ငါပြောမှ ဆိုတဲ့ စိတ်တွေ ၀င်နေကြမှတော့ မြို့ကောင်းစားရေးတွေ၊ မြို့အနာဂတ်တွေ ဘယ်တွေးနိုင်ကြတော့မှာလဲ။ ဒါကြောင့်လဲ ငါတို့ လူငယ်တွေက တတ်နိုင်တာလေးတွေ လုပ်နေတာကိုး ဒီလိုပြောနေကြတာပေါ့”

“သူတို့က ငါတို့ဘာတွေလဲ ဆိုတာကို ထည့်တွေးဖို့ မေ့နေတာလဲဖြစ်မှာပေါ့။ ငါတို့က ဒီအလုပ်ကို တသက်လုံး လုပ်မယ့်လူတွေလဲ မဟုတ်ဘူး။ မလုပ်ရင်လဲ အနေသာကြီး။ သူတို့သာ ဒါနဲ့ နာမည်ကြီးပြီးသားမို့ ဒါနဲ့ ဆက်ရပ်တည်နေကြရမှာ။ ငါတို့က ဒါတွေမလုပ်ပဲ၊ ဒီလောကနဲ့ မပတ်သက်ပဲနဲ့လဲ ငါတို့ဘ၀ကို တည်ဆောက်နေနိုင်တာပဲ။ တော်ပြီဟာ။ နင်တို့ခေါ်လို့ ငါက ကန့်လန့်ကန့်လန့် ပါလာရတာ။ သူတို့ တနှစ်လောက် အာပေါက်မတတ် ပြောပြီး ရှာရတဲ့ ပိုက်ဆံ သိန်းသုံးဆယ်၊ လေးဆယ်ဆိုတာ ငါ တနေ့တည်း စိန်တလုံး ၀ယ်ရောင်း ဖြစ်သွားသလောက်ပဲရှိတယ်။ ဘာအကျိုးမှ မရှိပဲ သူတို့ ဟိုပြော၊ ဒီပြောတာ ခံဖို့ အချိန်ကုန်၊ လူပမ်း အဖြစ်မခံနိုင်ဘူး”

“အေးဟာ။ အချိန်ကုန်တယ်။ လုပ်မနေကြနဲ့တော့။ ငါတို့က အနာဂတ်တွေ အများကြီး ကျန်သေးတယ်။ ပညာသင်ယူကြရဦးမှာ။ ဘ၀တွေ တည်ဆောက်ကြရဦးမှာ။ ဒီကြားထဲကမှ ရတဲ့ အချိန်လေးတွေ ဖဲ့ပြီး လုပ်သင့်တာလေးတွေ လုပ်နေကြတာ။ တကယ်ဆို စိတ်ထားတွေသာ မှန်ရင် သူတို့ကတောင် ၀မ်းသာကြရဦးမှာ။ သူတို့က ကျောင်းသားတထောင်ကို စာသင်ပေးနေနိုင်တဲ့ အချိန်မှာ ငါတို့က နှစ်ရာလောက်ကို သင်ပေးနိုင်တယ်ဆိုရင် ပေါင်းလိုက်တော့ ထောင့်နှစ်ရာ မဖြစ်သွားဘူးလား”

“ဟဲ့။ ငါဘယ်နှစ်ခါ ပြောရမလဲ။ သူတို့ဆီမှာက အဲလို တွေးနိုင်တဲ့ ဦးနှောက်တွေ မရှိတော့လို့ပဲ ဒီလိုတွေ ဖြစ်လာတာပေါ့။ “ငါတို့ပဲသိတယ်၊ ငါတို့ပဲတတ်တယ်၊ ငါတို့ပဲ အတွေ့အကြုံရှိတယ်၊ ငါတို့လုပ်တာမျိုး လာမလုပ်နဲ့၊ ငါတို့ကို လာမကျော်နဲ့။ ငါတို့နဲ့ လာမယှဉ်နဲ့” ဆိုတဲ့ အတ္တစိတ်တွေ ကြီးစိုးနေတာကိုး။ ကောင်းတဲ့ အလုပ်တခုကို လုပ်တဲ့ လူတွေများလာလေလေ လူတွေအတွက် အကျိုးကျေးဇူး ပိုများလေလေ ဆိုတာကို ဘယ်ထည့်တွက်ကြတော့မှာလဲ”

“တောက်။ ငါက အပြိုင်အဆိုင်တွေ သိပ်များပြီး၊ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးတဲ့ လောကလို့ လူတွေ ပြောနေကြတဲ့ ကျောက်လောက၊ ကားလောကတွေမှာ ကျင်လည်နေတဲ့ ကောင်ပါကွာ။ ငါတို့ လောကမှာလဲ ဒီလိုလူစားတွေ အများကြီး တွေ့ဖူးတာပဲ။ ဒါပေမယ့်ကွာ၊ ကျောင်းသားတွေရဲ့ ပညာရေးအတွက်၊ ကြီးကြီးကျယ်ကျယ် ဆိုရရင်ကွာ၊ လူတွေရဲ့ အနာဂတ်တွေအတွက် လုပ်ပေးနေ ပါတယ် ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ ဒီလောက်အောက်တန်းကျနေတာကို ငါက အံ့သြတာ”

“ဟေ့ကောင်။ ဘာမှ အံ့သြမနေနဲ့။ မပတ်သက်နဲ့တော့ကွာ။ ပြီးတာပဲ။ ဒီလောကထဲမှာ မနေနဲ့တော့။ မိထက်။ ကျူရှင်ပိတ်လိုက်ကြရအောင်ဟာ။ နင်လုပ်ချင်တယ်ဆိုလို့သာ ငါတို့က ၀ိုင်းလုပ်ပေးနေတာ။ ဒီလို ဗိုလ်ကျစိုးမိုးရေး ၀ါဒကြီးစိုးနေတဲ့ လောကနဲ့ ငါတို့နဲ့ ဖြစ်မှာ မဟုတ်ဘူး။ အလကားပဲ။ အချိန်ကုန်တယ်”

တယောက်တပေါက် ဒေါသစွက်နေသော အသံများက စားသောက်ဆိုင်လေးထဲမှ သီးသန့်ခန်းလေးမှာ ကျယ်လောင်ပျံ့နှံ့နေခဲ့လေသည်။

(၃)

“နေကြပါဦးဟယ်။ အဲလိုတယောက်တပေါက် ပြောနေကြတာထက် ပြဿနာကို ဘယ်လိုရှင်းကြမလဲ ဆိုတာကို အရင်တွေးကြရအောင်ပါ။ ခဏလေး စိတ်လျှော့ပြီး ထမင်းအရင်စားကြစို့ဟာ။ ကြက်ဆီထမင်းတွေ အေးကုန်ပြီ။ ဟဲ့။ မိသင်း။ ငါလေ။ နင်နဲ့ ပေါင်းလာတာ ငယ်ငယ်လေးကတည်းက။ အစားအရင်မစားပဲ စကားအရင်ပြောတာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ဟီးဟီး”

သူမက ရယ်ကျဲကျဲနှင့် ပြောတော့ မိသင်းက မပြုံးချင်ပဲ ပြုံးလေသည်။
“မိထက်။ အစုပ်ပလုပ်မ။ ငါတို့ ဒီလောက် ဒေါသထွက်နေတာကိုး။ နင့်မျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေရတာလဲ။ ဒီကျူရှင်ကို နင်က ခေါင်းခံဖွင့်ထားတာ။ နင့်ကို ပြောနေကြတာတွေ နင်မကြားဘူးလား”

စပ်ဖြီးဖြီး ကျော်စွာမျက်နှာကလဲ ဒီတခါတော့ အတော်တည်နေလေသည်။
“ကြားသားပဲ။ ဘာဖြစ်တုန်းဟ။ သူတို့မှာ ပါးစပ်ရှိလို့ ပြောနိုင်တာပဲလေ။ တကယ်ဆို သူတို့မှာ ပါးစပ်ရှိနေတာကိုပဲ ငါတို့က ၀မ်းသာပေးရဦးမှာ”
“ဟဲ့။ နင်ရူးနေလား”

“မရူးပါဘူးဟဲ့။ တကယ်ပြောတာပါ။ သူတို့ဆီမှာ ပါးစပ်ပါတော့ စာသင်နိုင်တယ်ဟာ။ စာသင်နိုင်တော့ သူတို့နဲ့ ဆက်စပ်တဲ့ တပည့်တွေ အကျိုးကျေးဇူးရှိတာပေါ့။ ခုကိစ္စမှာလဲ ငါ့ဘက်က သူတို့ကို နားလည်တယ်။ ဘာကြောင့် သူတို့ ဒီလို ဖြစ်နေလဲ ဆိုတာကိုး”

“နင် ဘာတွေ ပြောနေတာလဲ”
သင်းသင်းက မျက်လုံးကြီးပြူးရင်း ၀င်ပြောသည်။

“ငါဆယ်တန်း ဖြေပြီးစတုန်းက ငါ့အစ်မက ဈေးကွက်စီးပွားရေးပညာ၊ လူအစုအဖွဲ့ စိတ်ပညာနဲ့ ဘောဂဗေဒ ပညာတွေကို ဆရာခေါ်ပြီး သင်ပေးခဲ့တယ်ဟ။ အဲဒါတွေ လေ့လာရင်းနဲ့ ဈေးကွက်ရဲ့ သဘောတရားတွေနဲ့ ဈေးကွက်ထဲမှာ ကျင်လည်နေကြသူတွေရဲ့ စိတ်နေစိတ်ထားတွေကို ဆက်စပ်တွေးမိလာတယ်။ ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ အုပ်စုဖွဲ့ယှဉ်ပြိုင်မှုတွေကို လေ့လာဖြစ်ခဲ့တယ်။ ခုလဲ ဒီလိုပါပဲဟာ။ ကျူရှင်လောက ဆိုတော့ အလွတ်သင်ပညာရေး ဈေးကွက်လို့ ပြောရမှာပေါ့။ ဒီလောကထဲမှာ တဦးချင်းစီ ၀င်ပြီး ပါဝင်နေကြရင်း နာမည်တွေကြီးလာတယ်။ ဒီတော့ နာမည်ကြီးလာသူတွေရဲ့ သဘောသဘာဝအတိုင်း ငါဆိုတဲ့ အတ္တတွေ ကိုင်စွဲမိကြတယ်။ ဒီဘာသာရပ်ကို ငါကမှ မသင်ရင် တခြားသူတွေ တတ်တော့မှာ မဟုတ်ဘူး။ ငါမှ ငါဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ပိုပြီး ဆိုးလာတာကတော့ ဒီလိုစိတ်အခြေခံ ရှိသူတွေအားလုံး အုပ်စုဖွဲ့လိုက်နိုင်မှုပဲ။ ဒီတော့ တကယ့် အင်အားကြီး အုပ်စုဖြစ်လာတယ်။ ဒီအုပ်စုထဲမှာလဲ သူတို့အချင်းချင်း အားပြိုင်ကြတာပဲဟ”
“အေး။ အဲဒါတော့ ငါသိတယ်။ ငါ့ညီတ၀မ်းကွဲက အဲဒီမှာ တက်ဖူးတယ်။ သူတို့အချင်းချင်းလဲ ပြိုင်နေကြတာပဲ”

“သူတို့အချင်းချင်းလဲ ပြိုင်နေကြသလို တခြားသူတွေက သူတို့နဲ့ ယှဉ်ပြိုင်လာမှာကိုလဲ အမြဲ သတိနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့က ဒီဈေးကွက်တခုလုံးကို ချုပ်ကိုင်ထားချင်တာကိုးနော်”

“ရမလားဟ။ အဲလိုလုပ်လို့”
“မရဘူးလေ။ မရလို့လဲ ငါတို့ကျူရှင်ဖွင့်တော့ ကျောင်းသားသစ်တွေ ရောက်လာကြတာပေါ့။ သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သူတို့ကျူရှင်တွေကို မတက်နိုင်သူတွေလဲ အများကြီးပဲ ရှိနေတာပဲကိုး။ ငါတို့တွေက ကျူရှင်လခတွေ ဈေးသက်သက်သာသာနဲ့ ဖွင့်လိုက်တယ်ဟာ။ မတတ်နိုင်သူတွေဆို အလကားတောင် သင်ပေးကြတယ် မဟုတ်လား”

“အေးလေ။ တကယ်ဆို သူတို့ မလုပ်ပေးနိုင်တာတွေကို ငါတို့က လုပ်နေတာကို အမြင်ကျယ်ကျယ်နဲ့ ၀မ်းသာပေးရဦးမှာပဲကိုး”

“သီးခြားကုလားထိုင်တွေပေါ် ထိုင်နေသူတွေရဲ့ စိတ်ဆိုတာက အဲလိုမဟုတ်ဘူးဟ။ သူတို့ ကုလားထိုင်နား ရောက်လာရင် တခြားကိစ္စတွေထက် ကုလားထိုင်နေရာ ဖယ်ပေးရမှာကို အရင်ကြိုတွေးလေ့ ရှိကြတယ်။ ငါ့ကုလားထိုင်ကိုများ လာလုလေမလားပေါ့နော်။ ခုကိစ္စမှာလဲ အဲလိုပဲ။ ဈေးကွက်ထဲက သူတို့ဝန်ဆောင်မှု မပေးနိုင်တဲ့ လူတွေကို ငါတို့က ၀င်ပေးနေပါလား ဆိုတာကို အရင်မစဉ်းစားကြပဲ သူတို့တော့ ငါတို့ လုပ်သလိုတွေ လုပ်နေပြီ။ ကြာရင် ငါတို့လူတွေ သူတို့ဆီရောက်သွားရင် ဒုက္ခပါပဲ။ ငါတို့ နေရာပျောက်တော့မယ် ဆိုတာတွေကို တွေးကုန်ကြတာ။ ဒါကြောင့်လဲ သူတို့သားသမီးအရွယ်လောက် ရှိနေတဲ့ ငါတို့လူငယ်တွေကို မကြိုဆိုကြတော့ပဲ အရင် ကြိုကန်ထားဖို့ စဉ်းစားကြတာ”

“အေးလေ။ ဒါကို ပြောနေတာ။ ငါတို့က ငြိမ်ခံနေကြရမှာလား။ မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီးတော့ အမြင်မကျယ်တဲ့လူတွေ များနေတဲ့ ဒီလောကကြီးထဲမှာ နေကြဖို့ လိုအပ်သလား”

“ဒီလိုလောကကြီးထဲမှာ နေဖို့ လိုအပ်သလား၊ မလိုအပ်ဘူးသလားဆိုတာကတော့ ဒီလောကထဲကို ငါတို့ဘာကြောင့် ၀င်လာခဲ့သလဲ ဆိုတာနဲ့ပဲ ပတ်သက်မယ်ထင်တယ်။ ငါတို့အားလုံးက တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ။ ကျောင်းတွေ ပိတ်ထားဆဲ ကာလတွေမှာ ကိုယ်ပိုင်ဝင်ငွေတွေ ရှာရင်းနဲ့ ကိုယ့်ဘာသာကိုယ်လဲ ရပ်တည်နေနိုင်တဲ့ လူတွေ။ ငါတို့ရဲ့ အသက်အရွယ်၊ ငါတို့ရဲ့ ပညာရေး၊ ငါတို့ရဲ့ အနာဂတ်တွေအတွက် ငါတို့ကိုယ် ငါတို့ တည်ဆောက်ဖို့ အများကြီး လိုသေးတယ်။ ဒီအတွက် အချိန်တွေဟာ စက္ကန့်နဲ့ မလပ် ငါတို့တွေအတွက် အရေး ကြီးနေတယ်။ အချိန်တိုင်းဟာ ငွေ မဟုတ်ရင် ပညာတွေ ချည်းပဲ။ အဲဒီလို အဖိုးတန် အချိန်တွေကို ငါတို့ ဒီလောကအတွက် ဖဲ့ပေးဖို့ ကြိုးစားကြတယ်။ လိုအပ်ချက်တွေ ရှိနေတဲ့ ထောင့်တနေရာကနေ ပါဝင်ပြီး၊ ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့ ကြိုးစားကြတယ်။ ငါတို့ ရည်ရွယ်ချက်က ကွက်လပ်လေးတွေကို ဖြည့်ဖို့လေ၊ သူတို့ထင်သလို သူတို့ ကုလားထိုင်ကြီးတွေကို ၀င်လုဖို့မှ မဟုတ်တာပဲ။ အချိန်တန်ရင် ငါတို့လမ်းကို ငါတို့ ဆက်လျှောက်ကြမှာ။ ဒီတော့ သူတို့ ပြောချင်တာတွေ ပြောနေတာကို ဘာဂရုစိုက်စရာလိုလဲ။ ငါတို့ ဖြည့်နိုင်တဲ့ ကွက်လပ်လေးတွေကို ဖြည့်ပေးနိုင်ဖို့အတွက် သူတို့ရဲ့ ခွင့်ပြုချက်လဲ မလိုဘူး။ ထောက်ခံမှုလဲ မလိုသလို ကန့်ကွက်မှုလဲ မလိုအပ်ဘူးလေ။ ဒီတော့ ထောက်ခံတယ်ပြောပြော၊ ကန့်ကွက်တယ်ပြောပြော၊ ငါတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပဲ”

“သူတို့က ငါတို့ကျူရှင်ကို လာမတက်ကြဖို့ လိုက်ပြောနေတဲ့ကိစ္စကိုး”
“အဲဒီလို ပြောနေရုံနဲ့ ကျောင်းသားတွေအားလုံး ထွက်သွားမယ်လို့ နင်ထင်လို့လား။ ငါတော့ မထင်ဘူး။ ငါ့ကျောင်းသားလေးတွေထဲမှာ သူတို့ လခကို မတတ်နိုင်သူတွေက အများကြီးရယ်။ သူတို့က အားလုံးကို အလကား ခေါ်သင်ပေးလိုက်ရင်တော့ တမျိုးပေါ့ဟာ။ ဒါပေမယ့် သူတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်။ ငါတို့ အလုပ်က သူတို့နဲ့ ပြိုင်ဖို့ မဟုတ်ဘူးနော်။ ကွက်လပ်ဖြည့်ဖို့။ ငါတို့ ဖြည့်ဖို့ လိုတဲ့ ကွက်လပ်လေးတွေကို ဖြည့်နိုင်သွားရင် ငါတို့ အောင်မြင်တာပဲ”

“ခုကိစ္စက ငါတို့က ပြိုင်တာမှ မဟုတ်ပဲ။ သူတို့ကသာ မလောက်လေး မလောက်စားတွေက လာယှဉ်တယ်လို့ လိုက်ပြောနေကြတာ”

“လူတွေအားလုံးဟာ အတ္တရဲ့ ကျေးကျွန်တွေပါပဲဟာ။ သူတို့က ငါဆိုတဲ့ အတ္တကြီးတွေကနေ စတွက်ကြတာကိုး။ ကိုယ့်ဟာကိုယ် ကြီးမြတ်နေပါလားလို့ ထင်နေတော့ အဲလိုပဲ ပြောမှာပေါ့။ ငါတို့ကသာ သူတို့ကို ပြောနေတယ်။ ငါတို့လဲ အတ္တတွေ ရှိကြတာပဲလေ။ သူတို့က အဲလိုပြောလာတော့ ငါတို့ကလဲ “သူဘာလဲ၊ ငါဘာလဲ” ဆိုပြီး စတွေးမိကြတော့တာပဲ မဟုတ်ဘူးလား။ အဲဒီ ”ငါဘာလဲ၊ သူဘာလဲ” ဆိုတဲ့ အတ္တတွေကြောင့် စစ်တွေဖြစ်ကြ၊ တိုက်ကြခိုက်ကြတွေ ကမ္ဘာမှာ ဖြစ်နေတာပေါ့။ မြေစာပင် ဖြစ်နေကြရသူတွေလဲ မနည်းတော့ဘူး။ ခုသူတို့က သူတို့ရဲ့ အတ္တတွေနဲ့ ငါတို့ကို ရန်ဘက်လို သဘောထားပြောနေကြပြီ။ ဒါကို ငါတို့က ”ငါဘာလဲ၊ သူဘာလဲ” အတ္တတွေနဲ့ တုန့်ပြန်ပြီး ဘေးထွက်နေလိုက်ကြရင် ဘယ်သူတွေ မြေစာပင်ဖြစ်မလဲ။ ငါတို့ ကျောင်းသားလေးတွေ ဖြစ်ကုန်မှာ။ ဒါကြောင့် ငါနင်တို့ကို တောင်းပန်တယ်။ စာသင်နှစ်ကုန်အောင်တော့ ပြီးအောင် သင်ပေးကြပါဟာ”

သူမစကားဆုံးတော့ အားလုံးငြိမ်သက်သွားကြသည်။ အတန်ကြာငြိမ်နေပြီးမှ ကျော်စွာက စကားစသည်။
“ပြောသာ ပြောနေရတာပါ။ ငါလဲ ကလေးတွေကို သံယောဇဉ် တွယ်နေပြီဟ။ ကလေးတွေက ငါတို့ကို မျှော်လင့်ထားကြတာ။ ငါတို့ဘက်က တပိုင်းတစနဲ့ ပိတ်လိုက်ရင် ကလေးတွေ သနားပါတယ်”

ကျော်စွာ့စကားကြောင့် သူမ၀မ်းသာသွားသည်။ စိတ်ထဲ ပေါ်လာသည့် ဥပမာလေးကို ပြောပြလိုက်မိသည်။

“လမင်းကြီးရှိနေလို့ ဆိုပြီးတော့ ပိုးစုန်းကြူးလေးတွေက သူတို့ အလင်းရောင်လေးတွေကို မသိမ်းထားကြပါဘူးဟာ။ လသာညတွေမှာ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်လေးတွေက အကျိုးကျေးဇူး ရှိချင်မှ ရှိမှာပေါ့လေ။ ဒါပေမယ့် လမိုက်ညတွေမှာတော့ သူတို့အလင်းရောင်လေးတွေက အကျိုးကျေးဇူး တစုံတရာ ရှိချင်လဲ ရှိလာမှာပေါ့။ ငါတို့တွေလဲ ပိုးစုန်းကြူးလေးတွေလိုပဲ ကိုယ့်ဟာကိုယ် သဘောထားပြီး၊ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်နော်”

သူမစကားအဆုံးမှာ သူငယ်ချင်းများက ခေါင်းညိတ်ပြကြသည်။ အမြန်စားသောက်ပြီး ကားကိုယ်စီဖြင့် အသီးသီး ထွက်လာခဲ့ကြသည်။ တွေးရင်း၊ ငေးရင်း၊ ဘေးစကားများ နားထောင်ရင်း အချိန်ကုန်နေကြလို့ မရ။ ပိုးစုန်းကြူးများပီပီ ကိုယ်ပေးနိုင်သည့် အလင်းရောင်လေးတွေ ပေးနိုင်ဖို့ အတွက် အစမ်းစာမေးပွဲ အဖြေလွှာများကို စစ်ကြရဦးမည်။ ကိုယ်ပိုင်အလင်းရောင်လေးတွေနဲ့ အမှီအခိုကင်းကင်း လမ်းလျှောက်နိုင်ဖို့အတွက် ပညာ၊ ဥစ္စာများ ရှာဖွေကြရဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် “ပိုးစုန်းကြူးတွေကလဲ လမင်းကြီး သာတာ၊ မသာတာကို စိတ်မ၀င်စား၊ လမင်းကြီးကလဲ ပိုးစုန်းကြူးတွေကို အလင်းရောင်ရှိရပါ့မလားလို့ ရန်လိုက်မရှာပဲ” အတူတကွဲ ယှဉ်တွဲရပ်တည်နိုင်မှုတွေ ပြည့်နှက်နေသည့် သဘာဝတရားကြီးကိုတော့ သူမ နှစ်ခြိုက်မိပါရဲ့။

ခင်မမမျိုး (၈၊ ၂၊ ၂၀၁၀)

Thursday, January 21, 2010

သင်းသင်းခိုင် စာကျက်နေသည် (၀တ္ထုတို)

(၁)
အချိန်ကား (၁၉၉၆) ခုနှစ်
နေရာကား တောင်ပေါ်မြေ။

“မိချိုနဲ့ မိသီ။ စကားပြောတာ အသံတွေ လျှော့ကြဦးလေ။ ဟိုမှာ ငါ့သမီးလေး စာကျက်နေတယ်”
အိမ်ရှေ့ခန်းမှ အမေ့အသံ ထွက်ပေါ်လာပြီးနောက်တွင် မကြီးနှင့် မလတ်တို့၏ ရယ်သံများက ရုတ်တရက် တိတ်သွားသည်။ အမေက သူမ စာကျက်ချိန်မှာ အသံတွေ မဆူညံရအောင် ထိန်းပေးနေကျ။ သူမ ဆယ်တန်းရောက်ကတည်းက ညဘက်ဆိုလျှင် အိမ်ရှိလူကုန် တိတ်တိတ်နေပေးကြရသည်။ တနေကုန် ကားမောင်းထားရသော အဖေကတော့ မောပြီးစောစောအိပ်သည်မို့ ကိစ္စမရှိ။ တနေကုန် ဆေးလိပ်လိပ်ထားရသမျှ ညကျမှ ကာတွန်းစာအုပ်လေးဖတ်၊ သီချင်းလေး နားထောင်တတ်လေ့ရှိသော အစ်မ နှစ်ယောက်အတွက်ကတော့ ကိစ္စရှိသည်။ မကျေမနပ်နှင့် ပွစိပွစိ လုပ်ကြပေမယ့် အမေ့လက်သံကို ကြောက်ကြသည်မို့ ဆူဆူပူပူ မလုပ်ရဲကြ။ ပြောမိသာ ပြောရပေမယ့် ရှစ်တန်းထိသာ ကျောင်းနေဖူးသော အဖေ၊ ငါးတန်းထိသာ ကျောင်းနေဖူးသော အမေနှင့် ခုနစ်တန်းတဖုန်းဖုန်းကျပြီး ကျောင်းထွက်ထားကြ ရသော မကြီး၊ မလတ်တို့ အကြားတွင် ဆယ်တန်းကျောင်းသူဖြစ်လာသော သူမအား တအိမ်လုံးက ၀ိုင်းပြီး အလိုလိုက်ထားကြသည်။




ကုန်ဈေးနှုန်းများ တရိတ်ရိတ်တက်နေသော ကာလတွင် အိမ်က ထမင်းဝိုင်းမှာ ဟင်းခွက်လေးတွေ တစတစ နည်းလာပေမယ့် သူမစာမေးပွဲအတွက် လိုအပ်သော အထူးထုတ်စာအုပ်များကိုတော့ ခြစ်ကုတ်ပြီး ၀ယ်ပေးကြသည်။ သူမကလဲ မနေပါ။ စာကြိုးစားပါသည်။ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်အောင် ဖြေလိုက်မည်ဟု စိတ်ထဲ ဆုံးဖြတ်ထားပါသည်။ ဒါကြောင့်လဲ ညဆိုရင် သူမစာကျက်သံလေးများက တအိမ်လုံးမှာ ညံနေသည်။ လက်လုပ်လက်စားများသော ဒီရပ်ကွက်လေးထဲမှာ အထက်တန်းကျောင်းနေနိုင်သူကလဲ နည်းတာမို့ ရပ်ကွက်ထဲက လူများကလဲ သူမကို စောင့်ကြည့်နေကြလေသည်။ တချို့ကလဲ အားပေးကြသည်။ တချို့ကတော့ ဆယ်တန်းအောင်လဲ ဘာမှ မထူးပါဘူး ပြောကြသည်။ တချို့ကလဲ ညဆိုလျှင် သူမ စာအော်ကျက်သံလေး ကြားရတာ နားထောင်ကောင်းသည် ဆိုကြသည်။ ဒီလိုဆိုတော့လဲ သူတို့တွေ ကြားအောင် ပိုအော်ကျက်ပြရသည်ပေါ့။ သူမစာကျက်သံကြားတိုင်း အမေကလဲ ၀မ်းသာအားရ ဖြစ်နေသည်။ တခါတလေ သင်္ချာတွက်နေတုန်းလေး ငြိမ်နေရင်တောင် ဘာများဖြစ်လဲ၊ နေမကောင်းဘူးလားလို့ လာမေးတတ်သည်။ အမေတင်မဟုတ်။ ခြေရင်းအိမ်က ဒေါ်ကြီးပုကလဲ သူမကို အရမ်းဂရုစိုက်သည်။ တလောက ဓာတုဗေဒ ညီမျှချင်းများကို အလွတ်အော်ကျက်တာ များသွားလို့ အသံဝင်သွားတော့ ဒေါ်ကြီးပုက ကြက်ဥအကာထဲ သံပရာရည်ညှစ်ပြီး လာပို့ပေးသည်။ အသံပြန်ထွက်လာအောင်လို့တဲ့။ လူအများကြားမှာ သူမက အဲလောက်အထိ မျက်နှာပွင့်သည်လေ။

(၂)

“ဆယ်တန်း အောင်စာရင်းတွေ ထွက်တော့မယ်တဲ့။ မိသင်းတော့ ဂုဏ်ထူးတွေ အများကြီး ပါမှာပဲ”
“အေးလေ။ သူဒီလောက် စာကျက်ထားတာ။ ငါတို့တော့ အရပ်ထဲမှာ မျက်နှာပွင့်ဦးမယ်”

မကြီးနဲ့ မလတ်တို့ အသံကို ကြားရတော့ သူမ ၀မ်းနည်းသွားသည်။ သူမ အခြေအနေကို သူမသာ အသိဆုံး ဖြစ်သည်လေ။ စာတွေ အများကြီး ကျက်ထားပေမယ့် စာမေးပွဲခန်းထဲ ရောက်တော့ ဟိုဟာလဲ သိသလိုလို၊ ဒီဟာလဲ သိသလိုလိုတွေ ဖြစ်ပြီး ရောနေသည်။ ဘာကိုမှ တိတိပပ မဖြေနိုင်။ ရူပဗေဒ မေးခွန်းများမှာလဲ သူမအလွတ်ကျက်ထားသော မေးခွန်းများက မပါ။ ဓာတုဗေဒ မေးခွန်းတွေကျတော့လဲ ဘာတွေမှန်းမသိ။ ဘိုင်အိုစကားလုံးတွေကိုလဲ မမှတ်မိတော့။ သိပ္ပံတွဲတခုတည်းနှင့်တင် အခြေအနေ လုံးဝမကောင်းမှန်း သူမတပ်အပ်သိပါသည်။ တခြားဘာသာတွေဆိုတာကလဲ တို့ထိတို့နန့် ဖြေခဲ့ရသည်မို့ အောင်မှတ်က သိပ်မသေချာလှ။ ဒုက္ခပါပဲ။ အောင်စာရင်း မထွက်ပါစေနဲ့ဟု သူမဆုတောင်းနေမိသည်။

သို့ပေမယ့် သူမဆုတောင်းက မပြည့်ခဲ့ပါ။ ဆယ်တန်းအောင်စာရင်းက ခါတိုင်းနှစ်တွေထက်ပင် စောပြီး ထွက်လာလိုက်သေးသည်။ သူမသိနေပြီးသား အဖြေပင်ဖြစ်သည်။ ဆယ်တန်းအောင်သော အမည်စာရင်းမှာ သူမနာမည် မပါခဲ့ပါ။ တအိမ်သားလုံး ခဲလေသမျှ သဲရေကျရလေပြီ။ အမေ့မျက်နှာက မကောင်းလှ။ အဖေကတော့ “ဒီနှစ်မအောင်လဲ၊ နောက်နှစ်ပေါ့” လို့ဆိုသည်။ မကြီး၊ မလတ်တို့မှာလဲ မျက်နှာငယ်လေးတွေနှင့်။ ကိုယ့်အခြေအနေကို ကြိုသိပြီးသား ဖြစ်ပေမယ့်၊ ဒီလိုအခြေအနေမျိုးမှာ သူမကြိုကျက်ထားခဲ့တဲ့ စာတွေက မေးခွန်းနဲ့ တလွဲတချော်ဖြစ်ခဲ့တာကို သွားပြော၍ မရ။ သူမ စာကျက်တာကို အထင်ကြီးနေကြရာက အထင်သေးသွားနိုင်သည်။ ဒီတော့ ဟန်ကိုယ်ဖို့ လုပ်ရသည်။ ပြိုင်ပွဲတခုမှာ အောင်မြင်သည့်အခါ ကိုယ်က သိပ်တော်လို့ဟု လက်မထောင်ချင်သူများသည် ဆုံးရှုံးချိန်တွင် ကိုယ်အသုံးမကျလို့ဟု ဘယ်တော့မှ ပြောလေ့မရှိကြ။ ကိုယ့်အမှားကိုလဲ ပြန်ရှာဖွေလေ့မရှိကြ။ တဘက်က ညစ်တာကြောင့်လို့သာ အပြစ်ပုံချပြီး မိမိကိုယ်ကို ကာကွယ်လေ့ရှိကြသည်။ ဒါကလဲ လူ့သဘော၊ လူ့မနော။ သူမသည်လဲ ဘာသားနဲ့ ထုထားသည် မှတ်လို့။ ဒီတော့ မျက်နှာလေးကို မဲ့ပြီး ပြောလိုက်သည်။

“သမီးက အရမ်းကြိုးစားပြီး ဖြေထားတာ။ စာစစ်တဲ့ ဆရာမတွေများ အဖြေလွှာ မှားစစ်လား မသိဘူး”
“အင်းလေ။ ငါ့သမီးလေးက ဒီလောက်တော်တာကိုး။ စာမေးပွဲကျရတယ်လို့။ မဖြစ်နိုင်ပါဘူး”
သူမရဲ့ စကားအဆုံးမှ အမေက ၀င်ပြောသည်။
“အေးလေနော်။ ဆယ်တန်းဖြေတဲ့လူက သိန်းနဲ့ချီနေတာတဲ့။ အဖြေလွှာတွေ ရောသွားလာမှ မသိတာ”

မကြီးကလဲ ဘုမသိ၊ ဘမသိနှင့် ၀င်ပြောလေသည်။

ဒီလိုနှင့် သူမ ဆယ်တန်းကျသည့် ကိစ္စက ပြီးသွားသည်။ သူမကို ၀ိုင်းသနားပြီး ခါတိုင်းထက် ပိုအခွင့်အရေးတွေ ပေးကြသည်။ အစစအရာရာ လိုလေသေးမရှိ။ ထမင်းစားပြီးရင်တောင် ကိုယ့်ပန်းကန် ကိုယ်ဆေးစရာမလို။ ဒီတော့ ရထားတဲ့ အခွင့်အရေးတွေနဲ့ ညီမျှအောင် သူမကလဲ စာတွေ အော်ကျက်ပြပါသည်။ ပြဌာန်းစာအုပ်ထဲမှာ အင်္ဂလိပ်ပုံပြင်တွေကို အလွတ်ကျက်သံကြားတော့ အမေက ပါးစပ်ကြီး ဟပြီး ပြောသည်။

“ငါ့သမီးလေးက တော်လိုက်တာနော်။ ဒီလောက်တော်တဲ့ ငါ့သမီးလေးကိုများ စာမေးပွဲချကြတာ။ အဲဒီဆရာမတွေ ငါ့သမီးလေးလောက် မသိလို့ပဲ ဖြစ်ရမယ်”တဲ့။

အမေ့အသံ အဆုံးမှာ မကြီးနဲ့ မလတ်တို့ကလဲ အထင်ကြီးသည့် မျက်လုံးများဖြင့် ၀ိုင်းကြည့်ကြသည်။ သူမ ဒီမျက်လုံးများကို သိပ်နှစ်ခြိုက်ပါသည်။ သို့ပေမယ့် အရပ်ထဲမှာတော့ သူမ ဆယ်တန်းကျသည်က အတော်ဂယက်ရိုက်သွားသည်။ သူမကို အထင်မသေးကြပေမယ့် ဆယ်တန်းစာမေးပွဲဆိုတာ သိပ်ခက်တဲ့ စာမေးပွဲကြီးပါလားလို့ ထင်သွားကြတာ ဖြစ်သည်။ ဒေါ်ကြီးပုကလဲ ကိုးတန်းတက်နေတဲ့ သူ့သားလေးကို ကျောင်းမှ နှုတ်ပြီး ၀ပ်ရှော့တခုမှာ အလုပ်သွားလုပ်ခိုင်းသည်။ ဒေါ်ကြီးပု ပြောတဲ့စကားက “ဒီလောက်စာကျက်တဲ့ မိသင်းတောင် မအောင်တာ။ နင်ဆိုရင်တော့ ဝေးပြီ” တဲ့။

(၃)

ဒီလိုနှင့် ညစဉ်ညတိုင်း စာအော်ကျက်နေသော သူမ ဘ၀ထဲသို့ မထင်မှတ်ပဲ မနွယ် ရောက်လာခဲ့ပါသည်။ မနွယ်က သူမအဖေ ကားမောင်းသည့် အိမ်မှ အလုပ်ရှင်၏ သမီး။ မန္တလေးမှာ ကျောင်းသွားတက်နေပြီး၊ ကျောင်းပိတ်လို့ ခဏပြန်လာလည်တာတဲ့။ သူမအဖေပြောတာ ကြားရပေမယ့် သူမဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မယ်လို့တော့ မျှော်လင့်မထားမိ။ သူမနေတဲ့ ရပ်ကွက်လေးမှာက မြေအပို၊ အလိုမရှိအောင်ပင် တဲအိမ်လေးများ ဆက်နေကြသည်။ အောက်ချိုင့်ထဲမှာမို့ ကားနှင့်လာလျှင် လမ်းမကြီးပေါ်မှာ ရပ်ခဲ့ပြီး တဲကြိုတဲကြား လမ်းလျှောက်ပြီးမှ အိမ်သို့ ရောက်သည်။ ဒီလိုနေရာမျိုှးသို့ ရောက်လာတာဆိုတော့ သူမမှာ အံ့သြလိုက်သည်ဖြစ်ခြင်း။

“ဦးလေး ဦးဝင်းမြင့် ပြောကတည်းက ညီမလေးကို အစ်မ စိတ်ဝင်စားနေတာ။ ညီမလေးက စာအရမ်းကြိုးစားတယ်ဆို”

ဖန်ခွက်လုံးလေးထဲမှ အခါးရည် (ရေနွေးကြမ်း)ကို အားရပါးရ မော့သောက်ရင်း မနွယ်က စကားစသည်။ သူမမျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးသည်မို့လဲ အနေရခက်သွားသည်။ သူမစာမေးပွဲကျ ထားတာကို မသိသေးဘူးထင်ပ။

“အဲလောက်လဲ မဟုတ်ပါဘူးအစ်မ။ စာတော့ ကျက်ဖြစ်ပါတယ်”
“အင်း။ ဦးလေးပြောတယ်။ ဦးလေးက ညီမလေးကို စာမေးပွဲ သိပ်အောင်စေချင်တာ။ အစ်မကလဲ စာကြိုးစားတဲ့ ကျောင်းသားလေးတွေကို စာမေးပွဲအောင်စေချင်တာပဲ။ ဒီတော့ ခု အစ်မ ခဏပြန် ရောက်နေတုန်း ညီမလေးနဲ့ စာကူကျက်ပေးမယ်လေ။ စာမေးပွဲဖြေနည်းတွေ သင်ပေးမယ်။ ဘယ်လိုလဲ”

ရေနွေးခွက်လေးကို အသာချရင်း အစ်မက ပြောတော့ သူမအံ့သြသွားလေသည်။ အဖေလဲ အံ့သြသွားပုံရသည်။
“ဒေါက်တာက ခွင့်ပြုပါ့မလား မမလေး”
“ဦးလေးကလဲ လုပ်တော့မယ်။ ကျွန်မတို့ အိမ်မှာ ကားမောင်းတာပဲ ကြာလှပြီ။ ကျွန်မ မှန်တယ်ထင်လို့ လုပ်တဲ့ အလုပ်တွေမှာ ဘယ်တုန်းက မေမေ့ခွင့်ပြုချက် တောင်းဖူးလို့လဲ”

အဖေ့အပြောကို အစ်မက အေးအေးဆေးဆေးပင် ပြန်ပြောသည်။ သိပ်မကြာလိုက်ပါ။ သူမ စာကြည့်စားပွဲဘေးသို့ အစ်မ ရောက်လာခဲ့လေတော့သည်။

(၄)

“ဆယ်တန်းစာမေးပွဲကို ဘာဖြစ်လို့ ဖြေချင်တာလဲ”
စာသင်ပေးဖို့၊ စာကူကျက်ပေးဖို့ ဆိုပြီး ရောက်လာသော အစ်မက စာအုပ်တွေကို ဘာမှမကိုင်ပဲ ဒီမေးခွန်းကို စမေးလာတာမို့ သူမကြောင်သွားသည်။ အဖေပြောတဲ့ သမီးလေးကို ပညာတတ်ဖြစ်စေချင်တယ်ဆိုသော စကားကို သတိရသွားသည်။
“ပညာတတ် ဖြစ်ချင်လို့ပါ အစ်မ”
“ပညာကို တတ်ချင်တာလား။ ပညာတတ်ပါလို့ လူတွေက အသိအမှတ် ပြုတာကို ခံချင်တာလား”
သူမ မျက်လုံးပြူးသွားရုံမက ပါးစပ်ပါ ဟသွားမိသလား မသိ။ ပြီးမှ မေးလိုက်မိသည်။
“အဲဒီနှစ်ခု မတူဘူးလား အစ်မ”
“အစ်မ အမြင်မှာတော့ မတူဘူး။ ပညာကို တတ်ချင်တာက အဲဒီပညာကို နှစ်နှစ်ကာကာ တန်ဖိုးထားပြီး တတ်ချင်၊ သိချင်တာ။ ဒါက တယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စပေါ့။ ဒါပေမယ့် အဲဒီပညာကို ကိုယ်တယောက်တည်း သိနေ၊ တတ်နေလို့က မပြီးဘူး။ ပြန်ပြီး ဖြန့်ဖြူးရမယ်။ အသုံးချရမယ်။ ဒီလို အသုံးချဖို့အတွက်ကျတော့ ပတ်ဝန်းကျင်ဆိုတာက ပါလာပြီ။ ကိုယ့်ပညာကို အသုံးချရမယ့် ပတ်ဝန်းကျင်ပေါ့နော်။ အဲဒီအခါကျတော့ ကိုယ်ဟာ အဲဒီပညာရပ်ကို တတ်ကျွမ်းနားလည်ပါကြောင်း ပတ်ဝန်းကျင်က အသိအမှတ်ပြုခံရဖို့ လိုအပ်လာတယ်။ စာမေးပွဲအောင်လက်မှတ်တွေ၊ ဘွဲ့လက်မှတ်တွေ လူ့ဘ၀မှာ လိုအပ်တယ်ဆိုတာ အဲဒါပဲ။ ဒါပေမယ့် အဲဒီအောင်လက်မှတ်တွေ ဘယ်လောက်ပဲရှိရှိ ပညာကို တကယ် မတတ်ရင်လဲ ပတ်ဝန်းကျင်က ကြာရင် သိလာတာပဲ။ ဒီတော့ စာမေးပွဲအောင်ဖို့က အရေးကြီးလား၊ ပညာတတ်ဖို့က အရေးကြီးလားလို့ အစ်မကို မေးလာခဲ့ရင် နှစ်မျိုးလုံးအရေးကြီးတယ်လို့ အစ်မကတော့ ဖြေရလိမ့်မယ်။ အခု ညီမလေးက ဆယ်တန်းဖြေဖို့ ကြိုးစားနေတယ်နော်။ အဲဒီမှာ ဆယ်တန်းအဆင့်နဲ့ ညီမျှတဲ့ ပညာကို တတ်ဖို့ လိုလာသလို၊ ဆယ်တန်းကို အောင်ဖို့လဲ လိုလာတယ်။ ဟုတ်ပြီလား”
“ဟုတ်ကဲ့အစ်မ”
“ဒီတော့ စာတွေကို ကျက်မှတ်လေ့လာဖို့ လိုသလို၊ စာမေးပွဲအောင်အောင် ပြင်ဆင်ဖို့ကလဲ လိုတယ်။ ဦးလေးပြောစကားအရ ညီမလေး စာကျက်တယ်ဆိုတာကိုတော့ အစ်မသိထားတယ်။ စာမေးပွဲအတွက် ဘယ်လောက်ပြင်ဆင်ထားခဲ့ဖူးတယ် ဆိုတာကိုတော့ အစ်မ မသိဘူး။ ဒီတော့ ညီမလေး ကျက်ထားပြီးသား စာတွေ၊ ရထားပြီးသား စာတွေကို အစ်မကို အရင်ပြော”

အစ်မရဲ့ စကားအဆုံးမှာ ဘာသာစုံသင်ရိုးစာအုပ်များ၊ အထူးထုတ်မှတ်စုများကို လှန်လှောပြပြီး သူမအာဂုံဆောင်ကျက်ထားခဲ့သမျှကို ပြောပြလိုက်သည်။ အင်္ဂလိပ်စာ အက်ဆေး အပုဒ်နှစ်ဆယ်ကျော် အလွတ်ရကြောင်း ပြောတော့ အစ်မက ပြုံးရင်း အံ့သြဟန်ပြသည်။ သချာင်္ပုစ္ဆာတွေကို အဖြေပါ အလွတ်ရကြောင်းပြောတော့ ပါးစပ်ပါ ဟသွားသည်။ သူမအလွန် ကျေနပ်သွားလေသည်။ ဒါမှငါကွဟု စိတ်ထဲ ကြွေးကြော်လိုက်မိသည်။

“ကဲ-ဟုတ်ပြီ။ ညီမလေး စာတွေ အရမ်းကျက်ထားတယ် အစ်မသိပြီ။ ညီမလေး တကယ်တော်ပါတယ်။ တချို့စာတွေဆို အစ်မတောင် အလွတ်မကျက်ခဲ့ဘူးဘူး။ ဒီတော့ ဘိုင်အိုစာအုပ်ထဲက ညီမလေး စိတ်ထဲမှာ အပိုင်ဆုံးထင်တဲ့ စာတပုဒ်ကို ခဏပြန်နွှေးလိုက်။ ရရင် အစ်မကို ပြော”

အလွယ်လေးပဲဟု သူမတွေးလိုက်သည်။ ယုန်တွေအကြောင်းကို သူမအလွတ်ရပြီးသား။ စာအုပ်ဖွင့်ဖတ်ပြီး စာပြန်နွှေးလိုက်သည်။
“ရပြီအစ်မ”
စာအုပ်အား အစ်မကို ပေးလိုက်သည်။ အလွတ်ဆိုပြမည်ပေါ့။ သို့ပေမယ့် အစ်မက သူမကို အလွတ်မဆိုခိုင်းပါ။

“မေးခွန်းက သုံးနာရီ မေးခွန်းဆိုတော့ ဘိုင်အိုအတွက် တနာရီအချိန်ရတယ်။ ဓာတုနဲ့ ရူပမှာ မြန်မြန်ဖြေနိုင်ရင်တော့ ဘိုင်အိုအတွက် အချိန်နည်းနည်း ခိုးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ တနာရီနဲ့ပဲ တွက်ကြရအောင်။ ပုံဆွဲဖို့ အချိန်တွေက ကြာတတ်တယ်။ ဒီတော့ အခုညီမလေး ကျက်ထားတဲ့ အပုဒ်သာ စာမေးပွဲမှာ ပါရင် ဆယ့်ငါးမိနစ်အတွင်း အပြီး ရေးချရမယ်။ ကဲ- ရော့။ ဒီဗလာစာအုပ်ထဲမှာ ခုန ကျက်ထားတာကို ချရေးကြည့်ပါဦး။ ဆယ့်ငါးမိနစ် ပြည့်ရင် အစ်မ ပြောမယ်”

အစ်မက ပြောရင်းဆိုရင်း ဗလာစာအုပ်ကို ထိုးပေးလေသည်။ မတတ်သာပြီမို့ ဘောပင်ကိုင်ပြီး စရေးလိုက်မိသည်။ တကယ်ချရေးတော့ နှုတ်က ရွတ်သလို မမြန်တော့ပါ။ စာလုံးပေါင်းတွေကလဲ မသဲမကွဲ။ မနှစ်က စာမေးပွဲဖြေရသလို ပြန်ဖြစ်လာသည်။ စာလုံးပေါင်းများကို ပြန်စဉ်းစားလိုက်တော့ တချို့စာကြောင်း အစများ မေ့သွားပြန်သည်။ ဒီလိုနှင့် ဆယ့်ငါးမိနစ်က ဘာမှ မကြာလိုက်။ သူမရေးထားသည်ကိုများ ဖတ်ရင်း အစ်မက မျက်လုံးဝေ့ပြီး ကြည့်သည်။ စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းမသိ။ ဘာမှ မသိနားမလည်သူများရှေ့မှ တထောင်ထောင် လုပ်ခဲ့ပေမယ့် တကယ်တတ်သိသူရှေ့မှာတော့ တထောင်ထောင် လုပ်လို့ မရကြောင်း သူမသဘောပေါက်သွားပြီ။ အစ်မက မှတ်ချက် တခုပဲ ပေးလေသည်။
“နှုတ်ကနေ တတွတ်တွတ် ရွတ်တတ်ပေမယ့် လက်တွေ့မှာကျတော့ အသုံးတကယ် ၀င်ချင်မှ ၀င်တယ် ဆိုတာကို ညီမလေး နားလည်ပြီလား” တဲ့။

(၅)
“ဒါတွေ ရေးထားတာ ဘယ်လောက်ကြာပြီလဲ”
နံရံပေါ်မှ သူမရေးကပ်ထားသော စာရွက်များကို ကြည့်ပြီး အစ်မက မေးလေသည်။ အစ်မနဲ့ စာကျက်ရတာ သုံးလေးပတ်ဖြစ်လာတော့ သူမတို့နှစ်ယောက်အကြားမှာ ရင်းနှီးမှုက ပိုခိုင်မာ သွားခဲ့သည်။ စာကို ကြက်တူရွေးကျက် မကျက်ပဲ တကယ်နားလည်အောင် အရင်လေ့လာပြီးမှ ကျက်မှတ်သင့်ကြောင်း၊ မေးခွန်းဟောင်းများကို ပြန်လှန်ကျက်မှတ်တာထက် လေ့ကျင့်ဖြေဆိုတာတွေ လုပ်သင့်ကြောင်း၊ အက်ဆေးများကို အလွတ်မကျက်ပဲ သူများရေးထားသည်များကို နမူနာယူပြိး ရေးသားလေ့ကျင့်သင့်ကြောင်း၊ သင်္ချာပုစ္ဆာများကို အဖြေမှတ်မိအောင် ထပ်တလဲလဲ တွက်နေသည်ထက် တွက်နည်းတွက်ဟန်ကိုသာ ပိုင်နိုင်အောင် လေ့ကျင့်သင့်ကြောင်း၊ ဘိုင်အိုများကို ကျက်ပြီးတိုင်း အလွတ်ရေးကြည့်သင့်ကြောင်း စသည့် စာကျက်နည်း၊ ကျက်ဟန်များကို အစ်မက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါသည်။ စာမေးပွဲသဏ္ဍာန် မေးခွန်းများကိုလဲ ဖြေဆိုစေခဲ့သည်။ ဒီနေ့လဲ သုံးနာရီကြာ မေးခွန်းများ ဖြေကြည့်နေရတာမို့ အေးအေးဆေးဆေး ခဏသွား နားစေရန် သူမတို့ ညီအစ်မတတွေရဲ့ အိပ်ခန်းလေးထဲ ခေါ်သွားမိတာဖြစ်သည်။ အိပ်ခန်းထဲရောက်တော့ ခေါင်းရင်းမှာ ကပ်ထားသော စာရွက်လေးများကို ကြည့်ပြီး အစ်မက မေးလေသည်။

သူမ ရေးထားသည်က “ဒီနှစ်စာမေးပွဲ အောင်ကို အောင်ရမယ်” အစချီပြီး ယနေ့ မြန်မာစာကျက်ရန်၊ အင်္ဂလိပ်စာကျက်ရန် စသဖြင့် လုပ်ရမည့်အရာများကို ရေးထားတာ ဖြစ်သည်။

သူမ အစ်မကို ကြည့်ရင်း လျှာလေး တစ်လစ် ထုတ်လိုက်မိသည်။ စာများက မနှစ်ကတည်းက ကပ်ထားသည်ကိုး။

“ကြာပြီအစ်မ။ မနှစ်က ကတည်းက”
“ဒီကောင်မလေး။ ဒါကြောင့် မနှစ်က ကျတာ”
အစ်မက ပြောရင်း သူမခေါင်းကို ဖွဖွလေး လှမ်းထုလေသည်။
“အစ်မကလဲ။ ညီမကိုဆို အပြစ်ပဲ ပြောနေတာပဲ”

သူမက မနာပေမယ့် ခေါင်းကို ပွတ်ပြရင်း ချွဲမိပါသည်။ အစ်မကိုလဲ မကြီးတို့၊ မလတ်တို့လိုပဲ စိတ်ထဲ ရင်းနှီးနေမိသည်။

“အပြစ်တင်တာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို ပြောနေတာပါ။ အခုညီမလေး ရေးထားတာတွေကို သေချာပြန်ဖတ်ကြည့်နော်။ ထိပ်ဆုံးက အောင်မြင်ရမယ်ဆိုတာက ပန်းတိုင်၊ ဘာတွေ လုပ်မယ် ဆိုတာက ရည်မှန်းချက်။ ဒါပေမယ့် ပန်းတိုင်ကို ရောက်ဖို့ လုပ်ရမယ့် ရည်မှန်းချက်တွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံချက်တွေ၊ လုပ်နည်းလုပ်ဟန်တွေက တွဲပြီး မရှိခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား”

အစ်မရဲ့ စကားကို သူမသေချာ တွေးနေမိသည်။ ဟုတ်သည်ပဲ။ စာမေးပွဲအောင်ဖို့ စာတွေ ကျက်ရမယ်ဆိုတာပဲ သူမသိခဲ့သည်။ ဒီစာတွေကို ဘယ်လိုအချိန်အတိုင်းအတာ သတ်မှတ်ပြီး ဘယ်လိုကျက်ရမယ်ဆိုတာ သူမ မသိခဲ့။ သင်ရိုးတွေကို အလွတ်ရနေဖို့ပဲ သူမအာရုံစိုက်ခဲ့သည်။ စာမေးပွဲမှာ ဘယ်လိုမေးခွန်းလာရင် ဘယ်လို ဖြေရမယ်ဆိုတာကို ကြိုတင် မပြင်ဆင်ခဲ့မိ။

“ညီမလေးက ကိုယ်ဘာလုပ်မယ်ဆိုတာကိုပဲ စတွေးတယ်။ စာမေးပွဲမေးခွန်းတွေရဲ့ သဘောသဘာဝ
တွေကို အရင်မလေ့လာခဲ့ဘူး။ စာမေးပွဲကို ရင်ဆိုင်ဖို့ ညီမလေးမှာ ပြင်ဆင်ထားတာတွေ မပြည့်စုံခဲ့ဘူး။ စာမေးပွဲအောင်ဖို့က အဓိကလား၊ ဘေးပတ်ဝန်းကျင်က လူတွေကို ငါစာကျက်နေတယ်ဆိုတာ သိစေချင်တာက အဓိကလားဆိုတာတွေမှာ မသဲကွဲခဲ့ဘူး။ ဆယ်တန်းစာမေးပွဲအကြောင်းကို ဘာမှ သေချာ မသိတဲ့ ပတ်ဝန်းကျင်က လူတွေက ချီးကျူးအထင်ကြီးနေတာကို သာယာခဲ့တယ်။ အစ်မပြောတာတွေ၊ မှန်လား၊ မမှန်ဘူးလား”

အစ်မကို အံ့သြတကြီးနှင့် ကြည့်လိုက်မိသည်။ သူမဖြစ်ခဲ့တာတွေကို အစ်မဘယ်လိုများ သိနေသလဲ မသိ။

“အစ်မ၊ ဘယ်လိုသိတာလဲ”
“လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေနဲ့ ချိန်ထိုးပြီး ပြောလိုက်တာပါ။ ဒါဟာ လူ့သဘာဝတွေပဲ ညီမလေး။ ညီမလေးတင် မဟုတ်ပါဘူး။ လူတိုင်း ဘ၀မှာ တချိန်မဟုတ်တချိန်တော့ ဒီလိုစိတ်တွေ ၀င်လာတတ်ပါတယ်။ တခုပဲ။ ဒီလိုစိတ်တွေဟာ အကြာကြီး ရှိလို့ ကောင်းတဲ့ စိတ်တွေတော့ မဟုတ်ဘူး။ အချိန်တွေကြာလာတာနဲ့အမျှ စိတ်ဖောက်ပြန်မှုတွေ ဖြစ်လာတတ်တယ်။ ကိုယ့်အားနည်းချက်တွေကို ကိုယ်မမြင်တော့ဘူး။ ဘေးကမြင်လို့ ထောက်ပြရင်လဲ ရန်လိုလာတတ်တယ်။ လက်သင့်မခံနိုင်တော့ဘူး။ ဒီလိုနဲ့ပဲ စိတ်ကူးယဉ်ပန်းတိုင်ဆီကို ရောက်အောင်သွားဖို့ စနစ်တကျ အကောင်အထည်ဖော်ရမယ့် စီမံချက်တွေ မရှိပဲ ဆုပ်ကိုင်ထားတဲ့ ဘာလုပ်မယ်၊ ညာလုပ်မယ် ရည်မှန်းချက်တွေ တပွေ့တပိုက်နဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေကြသူတွေ လူ့လောကမှာ အများကြီးပဲ ညီမလေး။ ဒီလို လူတွေထဲမှာ ညီမလေး ဘယ်တော့မှ မပါသွားစေနဲ့”

အစ်မရဲ့ စကားများက လေးနက်နေတာမို့ သူမငြိမ်ပြီး နားထောင်နေမိသည်။ စာမေးပွဲအတွက်သာမကပဲ ဘ၀တခုလုံးအတွက်ပါ အကျိုးရှိစေမည့် စကားများ ဖြစ်တာကို သူမစိတ်ထဲက အလိုလို သိနေခဲ့သည်။ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေသည့် ကိစ္စကိုတော့ မေးမိသည်။

“ဒါဆို လူတွေက စိတ်ကူးမယဉ်သင့်ဘူးလားအစ်မ။ ညီမ ကြားဖူးတာကတော့ စိတ်ကူးယဉ် ရည်မှန်းချက်တွေက ဘ၀ကို တိုးတက်စေနိုင်တယ်တဲ့”

“အစ်မက စိတ်ကူးယဉ် ရည်မှန်းချက်တွေ မရှိရဘူးလို့ မဟုတ်ဘူးနော်။ ဒါပေမယ့် စိတ်ကူးထဲက ပန်းတိုင်တွေကို တမ်းတပြီး စိတ်ကူးယဉ်အိပ်မက်ထဲမှာ အိပ်မနေဖို့ ပြောတာ။ ဥပမာပြောရရင် လှေလှော်တဲ့အခါ လှော်တက်ကို ဆုပ်ပြီး လှော်နေရုံနဲ့ မပြီးဘူးလေ ညီမလေးရယ်။ ကိုယ့်လှေက ပန်းတိုင်ကို ဦးတည်နေသလား၊ လှော်လာတဲ့ လမ်းကြောင်းက မှန်ရဲ့လား၊ လှေက ရှေ့တိုးနေလား၊ ပတ်ချာလည်နေလား ဆိုတာ ပြန်ပြီး ဆန်းစစ်နိုင်ရမယ်လို့ ဆိုလိုတာ။ လက်ထဲမှာ လှော်တက်ရှိတိုင်း ပန်းတိုင်ရောက်အောင် မလှော်နိုင်ဘူး။ လှော်တက်ကို ဘယ်လိုကိုင်ရမယ်ဆိုတာ သိဖို့က အရမ်းအရေးကြီးတယ်လို့ အစ်မမြင်တယ်”

(၆)

“ကိုဝင်းမြင့်။ ရှင်လုပ်ပုံကလဲ မဟုတ်သေးပါဘူး။ မိသင်းလေးကို စာသင်ပေးဖို့ ဆိုပြီး ရှင့်သူဌေးသမီးလေးကို ခေါ်လာတာလေ”

“ဘာဖြစ်လို့လဲဟ”

အဖေနှင့် အမေ ပြောနေသံကြောင့် ဓာတုဗေဒ ညီမျှချင်းများကို နှစ်ဘက်ညီအောင် ညှိနေရင်းမှ သူမနားစွင့်လိုက်မိသည်။

“သူရောက်လာပြီးမှ ကျုပ်သမီးလေးရဲ့ စာကျက်သံတွေ သိပ်မကြားရတော့ဘူးတော့”
“ဒါပေမယ့် စာကြည့်စားပွဲမှာတော့ ထိုင်နေတယ် မဟုတ်လား။ စာကျက်နေမှာပေါ့။ မင်းကလဲကွာ။ ပြဿနာမဟုတ် ပြဿနာလုပ်နေတယ်”

“သိဘူးလေတော်။ ကျုပ်ကတော့ စာကျက်သံ မကြားရရင် စာကျက်နေတယ်လို့ကို မထင်ဘူး”

အမေ့ဘုကျကျ စကားသံကြောင့် သူမ ပြုံးလိုက်မိသည်။

“စာကျက်သံ မထွက်တိုင်း စာကျက်မနေဘူးလို့ ပြောလို့ မရသလို၊ စာကျက်သံတွေ ထွက်တိုင်းလဲ စာမေးပွဲ အောင်အောင် ဖြေနိုင်မယ့် စာကျက်သံတွေ ဖြစ်ချင်မှ ဖြစ်မှာပါ အမေ။ အရေးကြီးတာက စာမေးပွဲအောင်အောင် စာကျက်တတ်ဖို့ပါ။ အမေ့သမီး သင်းသင်းခိုင် စာကျက်နေတယ်ဆိုတာကို အောင်စာရင်းထွက်တဲ့ နေ့ကျရင် အမေသိလာရမှာပါ”

သူမ ရင်ထဲမှ စကားသံများကို မည်သူမှ မကြားချင်လဲ နေပါစေ။ သူမဂရုမစိုက်ပါ။ အခုတော့ သူမ တကယ်ကို စာကျက်တတ်သွားပါပြီ။

ခင်မမမျိုး (၂၁၊ ၁၊ ၂၀၁၀)

Sunday, December 20, 2009

အဆုံးသတ်မှာ (၀တ္ထုတို)

(၁)
အချိန်ကား- (၁၉၉၅) ခုနှစ်၊ သြဂုတ်လ။
နေရာကား- နယ်မြို့လေးတမြို့မှ အထက ကျောင်းတော်တခု။

“မျိုးဇော်နိုင်၊ နေမင်း၊ ထက်ထက်အောင်။ အတန်းရှေ့ထွက်ခဲ့စမ်း“

ဆူညံနေသောအတန်းသည် ဆရာမဒေါ်ခင်လှဝေ အသံကြောင့် ငြိမ်သက်တိတ်ဆိတ်သွားသည်။ ဆရာမ ၀င်လာတာ သတိမထားမိပဲ အတန်းနောက်တွင် မုန့်စားနေသူများကလဲ မုန့်ထုပ်များကို လွယ်အိတ်ထဲ မသိမသာ ထိုးထည့်လိုက်ကြသည်။ ပထ၀ီအချိန်မှ သမိုင်းအချိန်အကူးအပြောင်းတွင် သမိုင်းဆရာမ မလာသေးတာကြောင့် ကျောင်းသားသဘာဝ တွတ်တွတ်ထိုး စကားများနေကြသဖြင့် အတန်းပိုင်ဆရာမ ၀င်လာတာကို သတိမထားလိုက်မိကြ။ ဆရာမအသံထွက်လာမှ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြရသည်။ ထက်ထက်အောင်တယောက်လဲ သူမနာမည်ခေါ်လိုက်သံဖြစ်တာကြောင့် ရုတ်တရက် လန့်သွားရသည်။ မျိုးဇော်နိုင်နှင့် နေမင်းကို လှည့်ကြည့်မိသည်။ သူမကို လှမ်းကြည့်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ ဆရာမကို မသိမသာ ခိုးကြည့်လိုက်တော့ ဒေါသများပြည့်လျှံနေသော မျက်နှာကို တွေ့လိုက်ရသည်။ ဆရာမဒေါသ ဖြစ်လောက်အောင် ဘာတွေများ လုပ်ခဲ့မိသလဲလို့ ပြန်စဉ်းစား ကြည့်မိသည်။ စဉ်းစားလို့ မရ။


“ထွက်ခဲ့လို့ ပြောနေတယ်လေ“
ဆရာမရဲ့ အမိန့်သံကို ထပ်ကြားရပြန်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်မို့ ခေါင်းငုံ့လက်ပိုက်ရင်း သူမ အတန်းရှေ့ထွက်သွားလိုက်သည်။ သူမတို့ကျောင်းတွင် ဆရာမဒေါ်ခင်လှဝေ၏ အာဏာစက်ကား ကြီးမားလှသည်။ ဆယ်တန်းဆရာမပေမယ့် ဆယ်တန်း မရောက်ခင်ကတည်းက ဆရာမနာမည်ကို ကြားဖူးထားကြပြီးသား။ ဆရာမအတန်းသို့ ရောက်မှာကို ကျောင်းသားတိုင်း ကြောက်ကြသည်။ သို့ပေမယ့် သူမဆယ်တန်းရောက်တော့ ဒေါ်ခင်လှဝေက သူမရဲ့ အတန်းပိုင် ဆရာမဖြစ်လာခဲ့သည်။ အသင်အပြ ကောင်းပေမယ့် စည်းကမ်းကြီးလွန်းတာကြောင့် သူမစာသင်ချိန်တွင် မည်သူမျှ မလှုပ်ရဲကြ။ ဆရာမကို ရိုသေလေးစားပေမယ့် ဆရာမမျက်နှာက လိုအပ်တာထက် ပိုတင်းနေတတ်တာ၊ ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတတ်တာကိုတော့ သူမစိတ်ထဲ ဘ၀င်မကျလှ။

“ကိုယ့်အပြစ် ကိုယ်သိကြလား“
“ခင်ဗျာ-----“ “ရှင်“
မျိုးဇော်နိုင်နှင့် သူမအသံတို့က တပြိုင်နက်ထွက်သွားသည်။ နေမင်းမျက်နှာကလဲ ဆီးရွက်လောက် ငယ်သလို ဖြစ်သွားသည်။

“မင်းတို့ ဖွံ့ဖြိုးရေးအချိန်မှာ ဘာလုပ်နေကြလဲ“

ဆရာမပြောလိုက်တော့မှ နံနက်က ဖွံ့ဖြိုးရေးအချိန်ကို ပြန်သတိရသွားသည်။ သူမတို့ကျောင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း ဖွံ့ဖြိုးရေး အချိန်ဆိုတာ ရှိသည်။ စိုက်ပျိုးရေး၊ ဂီတ၊ အိမ်တွင်းမှု ဆိုပြီး ကြိုက်ရာရွေးလို့ရသည်။ သူမကတော့ ဂီတဆိုတာမှာလဲ အဖြစ်မရှိ၊ အိမ်တွင်းမှုဆိုတာကလဲ ၀ါသနာ မပါသည်မို့ တခုပဲကျန်သည့် စိုက်ပျိုးရေးကိုပဲ ရွေးဖြစ်တော့သည်။ သို့ပေမယ့်လဲ စိုက်ပျိုးရေးသာ ဆိုရသည်။ သူမတို့ တကယ်လုပ်ရသည်က အမှိုက်တောင်းလေးတွေ နှစ်ယောက်တတွဲကိုင်ပြီး ကျောင်းဘောလုံးကွင်းထဲတွင် အမှိုက်လိုက်ကောက်ရခြင်းဖြစ်သည်။ အမှိုက်ကောက်ပြီးလျှင် မြက်နုတ်ကြရသည်။ ဂီတယူထားသူများမှာလဲ သိပ်တော့ မထူးလှ။ ပထမလေးပတ်လောက်တော့ ပတ္တလားတီးဆရာတယောက် ရောက်လာပြီး မဟာဂီတအဆိုကို သင်ပေးသည်တဲ့။ နောက်တော့ ဆိုကရေးတီးပြိုင်ပွဲဆိုလား၊ ဘာဆိုလား ရှိ၍ ရောက်မလာပြန်တော့။ ဒီတော့ ဂီတယူထားသူများက စည်းနဲ့ ၀ါးလေးတွေ ကိုင်ပြီး ဂီတခန်းထဲတွင် စကားများကြလေသည်။ အိမ်တွင်းမှုခန်းမှာကလဲ ထိုနည်းလည်းကောင်း။

ဆယ်တန်းနှစ်လို စာကျက်ဖို့ အချိန်ရှားပါးသည့် နှစ်မှာ ဘာမှလဲ ထိထိရောက်ရောက်မရှိပဲ ကျောင်းသားတွေရဲ့ လေးဆယ့်ငါးမိနစ်တာ အချိန်ကို ဖြုန်းပစ်နေသည့်၊ ဒီလိုအချိန်မျိုး ဘာကြောင့် ရှိနေရလဲ သူမမသိ။ သူမအမေကို မကျေမနပ်နဲ့ ရင်ဖွင့်တော့ ပညာရေးစနစ်ထဲမှာ ဒီလိုဖွံ့ဖြိုးရေးအချိန်ပါရမယ်လို့ ထည့်ထားလို့ နေမှာပေါ့ဟုသာ ဆိုလေသည်။ “အဲလိုပါရင်လဲ တကယ်ထိရောက်အောင် ဘာကြောင့် မလုပ်ပဲ ဟန်ပြအခွံ့ကြီး ဖြစ်နေရတာလဲ“ လို့ သူမပြန်မေးတာကိုကျတော့ မေမေက ဘာမှပြန်မဖြေခဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအလဟဿ အချိန်ဖြုန်းမှုကြီးကို သူမစိတ်ညစ်လှပါသည်။

“ဖွံ့ဖြိုးရေး အချိန်မှာ ဘာလို့ စာကျက်နေကြလဲ။ မင်းတို့ကို သူ့အချိန်နဲ့သူ စာလုပ်ဖို့ ပြောထားတယ်မဟုတ်လား။ သမိုင်းအချိန်မှာ ပထ၀ီစာအုပ်တွေ စားပွဲပေါ် မမြင်ချင်ဘူး။ အီကိုအချိန်မှာ သင်္ချာတွက်နေတာ မလိုချင်ဘူးလို့ ငါပြောထားတယ်မလား“
“ဟုတ်ကဲ့ဆရာမ“

နေမင်းအသံ တိုးတိုးလေးက ထွက်ပေါ်လာသည်။ သူမကတော့ ဘာမှမပြောမိ။ သက်ဆိုင်ရာ ဘာသာရပ်အချိန်မှာ သူ့အကန့်နဲ့သူ စိတ်ဝင်စားတတ်အောင် သူမကိုယ်သူမ လေ့ကျင့်ခဲ့ပြီးသား။ ဒီလောက်အထိ စည်းကမ်းမဲ့သူ မဟုတ်။ သို့ပေမယ့် စိုက်ပျိုးရေးချိန် ဆိုပြီး မြက်နှုတ်ခိုင်းထားလို့ နှုတ်စရာ မလိုတော့တဲ့ မြက်ဘေးမှာ ဟန်ပြထိုင်ပြီး စကားထိုင်များနေကြချိန်ကို အလဟဿ မဖြစ်စေချင်တာကြောင့် မှတ်စုစာအုပ်ထုတ်ပြီး စာကျက်လိုက်မိတာဖြစ်သည်။ အနီးက စာကြမ်းပိုး နေမင်းက တွေ့သွားပြီး သူမနဲ့တူတူ စာလာကျက်လေသည်။ မျိုးဇော်နိုင်ကတော့ ဘာရယ်မဟုတ်။ စာရွတ်သံကြားရလျှင် သူ့အတွက် ပိုအကျိုးရှိတယ်ပြောပြီး သူမတို့နား ရောက်လာခဲ့တာဖြစ်သည်။


“မင်းတို့မှာ အပြစ်ရှိလား၊ မရှိဘူးလား“
“ရှိပါတယ်ဆရာမ“
“ရှိပါတယ်“

နေမင်းအသံနှင့် မျိုးဇော်နိုင်အသံတို့က ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ သူမ ဘာမှ ပြန်မပြောမိ။ ဆရာမအကြည့်က သူမဆီသို့ ရောက်လာသည်။

“ထက်ထက်အောင်၊ ဆရာမမေးနေတယ်လေ“
“မရှိပါဘူး ဆရာမ“
“ဘာ“

ဆရာမအော်သံကြောင့် သူမ ဆတ်ခနဲဖြစ်သွားသည်။ ပြောလိုက်မိတာ မှားသွားပြီလားလို့ တွေးလိုက်မိသည်။ သို့ပေမယ့် သူမ မမှားပါ။ ဒါကို စိတ်ထဲက အလိုလိုသိနေသည်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟန်ရေးပြပြီး စကားများ အချိန်ဖြုန်းနေရမယ့်အစား စာကျက်မိတဲ့ ကျောင်းသူတယောက်မှာ အပြစ်ရှိရသတဲ့လား။ မဖြစ်နိုင်ပါ။

စားပွဲပေါ်က ကြိမ်လုံးကို ဆရာမဆွဲယူလိုက်တာ တွေ့ရသည်။
“ဖြန်း- ဖြန်း“
စားပွဲကို ရိုက်လိုက်သော ကြိမ်လုံးသံက ထွက်ပေါ်လာသည်။

“ကဲ- တတန်းလုံးကို ဆရာမ မေးမယ်။ ထက်ထက်အောင်မှာ အပြစ်ရှိသလား၊ မရှိဘူးလား“

တတန်းလုံး တိတ်နေသည်။ ဘာသံမှ မကြားရ။ ဆရာမကို တလှည့်၊ သူမကို တလှည့် ကြည့်နေကြသည်။

“ဖြေကြလေ။ မင်းတို့မှာ ပါးစပ် မပါဘူးလား။ အပြစ်မရှိဘူးလို့ ထင်တဲ့လူတွေ လက်ထောင်စမ်း“

ဟိုတစ၊ ဒီတစ လက်များထောင်လာတာ တွေ့ရသည်။ လက်ထောင်သူတွေထဲမှာ မီမီကို တွေ့လိုက်ရတော့ သူမ ၀မ်းသာသွားလေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း။ သူမကို ပြင်ပစာဖတ်ဝိုင်းတခုကို ခေါ်သွားပေးခဲ့တဲ့ သူငယ်ချင်း။ စာအရမ်းဖတ်ပြီး၊ အဖိုးတန်စကားလုံးတွေပဲ ရွေးပြောတတ်လို့ ငယ်ပေါင်း သူငယ်ချင်းတွေပေမယ့် အချင်းချင်းကတောင် ပြန်လေးစားရသူ။ ပြီးတော့ ဒီအတန်းရဲ့ အတန်းခေါင်းဆောင်။

“အဲဒီလက်ထောင်တဲ့ လူတွေပါ မတ်တပ်ရပ်စမ်း။ မင်းတို့က ငါ့ကို အာခံတယ်ပေါ့လေ“

ဆရာမ အပြောကြောင့် တချို့က လက်များ ကပျာကယာ ပြန်ချပြီး မသိချင်ယောင် ဆောင်နေကြလေသည်။ တချို့ကတော့ မတ်တပ်ထရပ်လိုက်ကြသည်။ ဆရာမကို သူမ မကျေမနပ်နှင့် လှမ်းကြည့်လိုက်မိသည်။ ဘာလုပ်တာလဲ စဉ်းစားလို့ မရ။ ရွေးချယ်ခိုင်းပြီးမှ ကိုယ့်ဘက်ကို မထောက်ခံသူတွေကို အပြစ်ပေးတာ တရားမျှတမှု ရှိပါရဲ့လား။

“ကဲ- ဒီလောက်တောင် ဖြစ်လှတာ။ အာခံချင်ဦး“
ဆရာမရဲ့ ကြိမ်ချက်များက အနီးဆုံး မျိုးဇော်နိုင်ကိုယ်ပေါ်သို့ အရင်ကျသည်။ ပြီးတော့ နေမင်း။ ပြီးတော့ - သူမ။ မျိုးဇော်နိုင်နဲ့ နေမင်းတို့ဆီမှာ သုံးလေးချက်ပေမယ့် သူမဆီကျတော့ ဆယ်ချက်ထက် မကတော့။ နာကျင်မှုကြောင့် သူမအံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ ခန္ဓာကိုယ်ပေါ်သို့ ကြိမ်တချက် ကျလာတိုင်း မျက်ရည်များ ၀ဲတက်သွားရသည်။ ငိုချင်ပေမယ့် သူမ အောင့်ထားလိုက်သည်။ “မငိုနဲ့ ထက်ထက်အောင်။ မျက်ရည်မကျမိစေနဲ့“ ။ ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်သည်။ ဆရာမက အားရအောင်ရိုက်ပြီးမှ ကြိမ်ကို ပစ်ချလိုက်လေသည်။

“ကိုယ့်နေရာကိုယ် ပြန်ကြစမ်း။ အတန်းချိန်ပြီးတဲ့ အထိ မတ်တပ်ရပ်နေ။ အခုရပ်နေတဲ့ လူတွေလဲ မထိုင်နဲ့။ တချိန်လုံး မတ်တပ်ရပ်ရမယ်။ မင်းတို့သမိုင်း ဆရာမ ဒီနေ့မလာဘူး။ အီကိုသင်မယ်။ ကျန်တဲ့လူတွေ စာအုပ်ထုတ်“

တုတ်တုတ်မျှ မလှုပ်ရဲပဲ ထိုင်နေသူများ၏ စာအုပ်ထုတ်၊ စာရွက်လှန်လှောသံများ ထွက်ပေါ်လာသည်။

(၂)

“ငါ၊ ဒီကိစ္စကို မကျေနပ်ဘူးဟာ“
မီမီ့စကားကြောင့် သူမတို့ အကြည့်က မီမီ့ဆီ ရောက်သွားသည်။ ကျောင်းအားရက်မို့ သူမနှင့် နေမင်းတို့ မီမီ့အိမ်မှာ စုပြီး စာကျက်နေကြတာဖြစ်သည်။

“ဘာကို ပြောတာလဲ“
နေမင်းက စကားစသည်။
“နင်တို့ အရိုက်ခံရတဲ့ ကိစ္စကို“
“ထားလိုက်ပါတော့ဟာ။ ပြန်ပြောမနေနဲ့တော့“
“ပြောရမယ် နေမင်းရဲ့။ နင်တို့က ဒီလောက်မှ မခံရတာ။ ပြောအားရှိမှာပေါ့။ ထက်ထက်ကျတော့ တကိုယ်လုံး အရှိုးချင်း ထပ်သွားတာ“

နေမင်းက သူမဆီသို့ လှည့်ကြည့်သည်။
“ထက်ထက်။ နင်နာနေသေးလားဟင်။ ဆေးလူးလိုက်ဦးနော်“
“ရပါတယ်ဟာ။ ငါ ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပေါ်က အနာထက် စိတ်ထဲက အနာက ပိုဆိုးတယ်ဟ။ ငါ့မှာ အပြစ်တကယ်ရှိရင် ဆရာမဘယ်လောက် ရိုက်ရိုက်ဟာ။ ခုဟာကျတော့ အပြစ်မရှိပဲ ခံရတာ“
“ဟဲ့။ နင်အခုထိ မမှတ်သေးဘူးလား။ နင်အဲလို သွားငြင်းလို့ ခံရတာလေ“
“သူက အမှန်ပြောတာပဲ။ ငြင်းတာမှ မဟုတ်တာ“
နေမင်းအပြောကို မီမီက ၀င်ချေပလေသည်။

“မှန်တာတွေ၊ မမှန်တာတွေတော့ ငါ မသိဘူးဟာ။ ဒါပေမယ့် ဆရာမက ကျောင်းခန်းထဲမှာ ငါတို့ကို ရိုက်ပိုင်ခွင့် အာဏာရှိတယ်လေ။ သူရိုက်မှာမို့ အပြစ်ရှိလား မေးရင် ရှိတယ်ပြောပြော၊ မရှိဘူးပြောပြော အရိုက်ခံရမှာပဲ။ ဒီတော့ မရှိဘူးပြောပြီး အသေဆော်ခံရမှာထက်စာရင် ရှိတယ်ပြောလိုက်တာက ပိုမသက်သာဘူးလား“

နေမင်းက ဘောပင်လေးကို ဆော့ရင်း ပြောသည်။ မီမီကတော့ နေမင်းစကားကို နားထောင်ရင်း ပြတင်းပေါက် အပြင်သို့ ငေးနေသည်။ အမှန်တရားအတွက် ဖြစ်ချင်ရာဖြစ် ရင်ဆိုင်လိုစိတ်ရှိသော သူမနှင့် မှန်သည်ဖြစ်ဖြစ်၊ မှားသည်ဖြစ်ဖြစ် အခွင့်အာဏာရှိသူလုပ်လျှင် ခေါင်းငုံ့ခံပြီး သက်သာရာရှာလိုစိတ်ရှိသော နေမင်းတို့ရဲ့ မတူညီသော စိတ်အခြေခံကို သတိထားမိတာမို့ သူမ ဆက်ပြောချင်စိတ် မရှိတော့။

စကားဖြတ်လိုဇောနှင့် မီမီငေးနေသည့် ပြတင်းပေါက်ဘက် လိုက်ကြည့်လိုက်မိသည်။ တဘက်ခြံထဲမှာ ကလေးလေးတယောက် ထိုင်ငိုနေတာ တွေ့ရသည်။

“အင်း- ဒီနေ့လဲ ဖိုးသားလေး အရိုက်ခံထားရပြန်ပြီထင်တယ်“

မီမီက တိုးတိုးလေး ရေရွတ်သည်။

“အဲဒီကလေးလေးက အမြဲအရိုက်ခံနေရလို့လား“

တခါတလေမှာ ဒီကလေးလေး ငိုနေတတ်တာ တွေ့ဖူးပေမယ့် တခါမှ မီမီ့ကို မေးမကြည့်မိခဲ့။

“ငါလေ။ အဲဒီကလေးလေးကို သိပ်သနားတာပဲ။ ကျွဲနှစ်ကောင်ခတ်တဲ့အကြားမှာ မြေစာပင်ဖြစ်နေတာ“
“ဟင်- ဘယ်လို“
“လူကြီးချင်း ပေးစားလို့ ယူထားကြရတာတဲ့ဟာ။ ငါကြားတာတော့။ အဆက်ဟောင်းတွေနဲ့လဲ ပြန်ဆက်နေကြတယ်တဲ့။ ကွာချင်နေကြတာကိုးလဲ ကလေးလေးအကြောင်းပြပြီး နှစ်ဘက်မိဘက ခွင့်မပြုဖူးတဲ့“

“ဒုက္ခပါပဲဟာ“
“တကယ်ဒုက္ခရောက်တာက ဖိုးသားလေးဟ။ ဘာမှ မသိရှာပဲ မိဘနှစ်ယောက်စလုံးက အရှုပ်ထုတ်လေးလို့ မြင်နေတာကို ခံနေရရှာတယ်။ နေ့တိုင်း အော်ဟစ်ရိုက်နှက်ခံနေရတဲ့ ကလေးလေးတယောက်ဟာ တနေ့ကျရင် လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ။ ကြောက်စိတ်တွေ၊ မယုံကြည်စိတ်တွေ“

“ငါတို့လဲ ဘာထူးလို့လဲဟာ။ အမှန်တရားကို မရင်ဆိုင်ရဲအောင် ကြောက်စိတ်တွေနဲ့ သင်းကွပ်ခံ နေကြရတာပဲ“
သူမမှတ်ချက်ပေးလိုက်တော့ မီမီက ဆတ်ခနဲ လှည့်ကြည့်လေသည်။

“ဟဲ့- ဟိုနှစ်ကောင်။ နင်တို့တွေ စာကျက်ကြဦးမှာလား“
သင်္ချာတွက်နေသော နေမင်းက သူမတို့ကို လှမ်းအော်သည်။
“နေဦးဟာ။ ငါတို့ စကားအကောင်း ပြောမလို့“
မီမီက လှမ်းပက်သည်။
“အေး၊ အေး။ ပြောကြ၊ ပြောကြ။ နင်တို့ မိန်းခလေးတွေနဲ့ စာကျက်ရတာလေ အရူးမ လင်လုပ်ရတာကျနေတာပဲ။ တော်ပြီ။ ခြံထဲမှာ ငါဘိုင်အိုသွားကျက်ဦးမယ်“

နေမင်းက ပြောပြောဆိုဆိုနှင့် စာအုပ်လဲယူ၊ ပြေးလဲ ပြေးလေသည်။ သူမပြေးလို့မရ။ သူမပြေးလျှင် သူလှမ်းစသွားသော စကားလုံးများအတွက် မီမီ့ကွန်ပါဘူး လက်သံနှင့် တွေ့သွားပေလိမ့်မည်။

“နင်ဘာဖြစ်နေတာလဲ မီမီ။ နေမင်းက ဒီလိုပါပဲဟာ“
နေမင်းနှင့် ရန်ဖြစ်နေကျ မီမီ့မျက်နှာလေးက တည်နေတာမို့ သူမလှမ်းမေးလိုက်မိသည်။

“ငါတို့တွေက ဒီလိုပဲ ခေါင်းငုံ့ခံနေကြရတော့မှာလား“
“ဟေ“
သူမ မီမီ့ကို လှမ်းကြည့်လိုက်မိသည်။

“ငါအရိုက်ခံထားရတာကို နင်စိတ်မကောင်း ဖြစ်နေတာမဟုတ်လား မီမီရယ်။ ထားလိုက်ပါတော့ဟာ။ ဘာပဲဖြစ်ဖြစ် အမှန်တရားကို ပြောထွက်သွားလို့ အနာခံလိုက်ရတာပဲ။ ဆရာမကို စိတ်ဆိုးမိပေမယ့် ငါ့ကိုယ်ငါ တော့ ကျေနပ်တယ်“

“ငါက နင်ပြောတဲ့ ကြောက်စိတ်နဲ့ သင်းကွပ်ခံရတာကို ပြောနေတာပါ။ ခုဆို ငါတို့အတန်းထဲမှာ ဘာအပြစ်မှ မရှိတဲ့ လူတွေလဲ အရိုက်ခံလိုက်ရတယ်၊ အပြစ်မရှိတဲ့ လူတွေဘက်က ရပ်တည်မိသူတွေလဲ စာသင်ချိန် တချိန်လုံး မတ်တပ်ရပ်ပြီး ပြစ်ဒဏ်ခံလိုက်ရတယ်။ ငါတို့ရဲ့ စိတ်တွေထဲမှာ မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ် ငါတို့ထက် ပိုပြီး အာဏာရှိသူက လုပ်ရင် လုပ်သမျှခံ၊ ပြန်မပြောနဲ့၊ အာမခံနဲ့၊ ပြန်ပြောရင် ပြစ်ဒဏ်ဆိုတဲ့ စိတ်ကြီးက အမြစ်တွယ်သွားပြီ။ ကျောင်းပြီးတဲ့အခါ ငါတို့တွေက ဒီစိတ်ကြီးတွေကိုပဲ ဖက်တွယ်ပြီး ဘ၀ပင်လယ်ကြီးထဲကို ရောက်သွားကြရမှာလား“

“အေးဟာ။ နင်ပြောတာကို ငါလက်ခံတယ်။ ငါအမှန်ကို ပြောမိလို့ အရိုက်ခံရတယ်။ ဒါကို ငါက ခေါင်းငုံ့ခံပြီး ငြိမ်နေလိုက်ရင် ကျန်တဲ့ လူတွေက အမှန်တရားကို ရင်ဆိုင်ဖို့ဆိုတာ ကြောက်စရာကြီးပါလား ဆိုတဲ့ အသိနဲ့ပဲ ကျန်ခဲ့မှာပေါ့နော်“
“ဟုတ်တယ်ဟ။ အဲဒါကို ငါတွေးမိနေတာ။ နင်လုပ်ခဲ့တာ အမှန်တရားဆိုတာ နင်တကယ်လက်ခံတယ် မဟုတ်လားဟင်“
“ဟဲ့။ ငါ ဘယ်နှစ်ခါ ပြောရမလဲ“
“ဒါဆို အဲဒီအမှန်တရားအတွက် ငါတို့ ရှေ့ဆက်တိုးကြရအောင်လေ“
“နင်ဘာတွေပြောနေတာလဲ“
“တကယ်လို့များ ငါတို့ တခန်းလုံးနဲ့ တခြားဆယ်တန်း အခန်းတွေအားလုံးကသာ ဖွံ့ဖြိုးရေး ဆိုတဲ့ အချိန်တွေကို ကန့်ကွက်ကြရင်“

မီမီ့စကားကြောင့် သူမအံသြသွားသည်။ သူမဆီမှာ အပြစ်ရှိမရှိ တတန်းလုံးကို ဆရာမမေးစဉ်က အပြစ်မရှိလို့ ထောင်ခဲ့သော လက်ညှိုးတွေ မတ်တပ်ရပ်ခိုင်းစဉ်မှာ မသိမသာ ပြန်ရုတ်သွားတာကို ပြေးမြင်လိုက်မိသည်။

“ငါတို့ တခန်းလုံးတောင် မညီနိုင်တာဟယ်။ ဆယ်တန်း အခန်းတွေအားလုံး ညီလာအောင် ဘယ်လိုလုပ်လို့ ရမှာတဲ့လဲ။ ဆရာမမေးတုန်းက ထောင်ခဲ့တဲ့ လက်ညှိုးတွေ မတ်တပ်လဲရပ်ခိုင်းရော ပြန်ရုတ်သွားတာ မတွေ့ဖူးလား“
“နင်က ညီညွတ်ရေးဆိုတာကို အပြစ်ဒဏ်တွေ ခံနေရချိန်မှာ ညီတူညာတူ ပေါ်ထွက်လာတာလို့ ထင်နေတာလား“
“မဟုတ်ဘူးလား“
“ပြစ်ဒဏ်တွေ အပေးမခံရတော့တဲ့ အခြေအနေ ဖြစ်လာအောင် ဖန်တီးပေးရမှာ။ ငါ့အထင်တော့ လူတွေအားလုံးက ညီလာရင် ပြစ်ဒဏ်ပေးမယ့် သူတွေက နောက်ဆုတ်သွားမှာပဲလို့ မြင်တယ် သူငယ်ချင်း။ ငါ့ဦးလေးက ပြောဖူးတယ်။ လူတသန်းကို လူတထောင်က မလှုပ်နဲ့၊ ထောင်ချမယ်လို့ ခြိမ်းချောက်တဲ့အခါ လူတယောက်ချင်းစီ လှုပ်ရင်တော့ တယောက်ချင်းစီ ထောင်ထဲ ရောက်သွားမှာပဲတဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်တဲ့အခါ လူတသန်းလုံးကို ချစရာ ထောင်မရှိတော့တဲ့အတွက် ခြိမ်းချောက်တဲ့ လူတထောင်ပဲ ထောင်ထဲ ၀င်ထိုင်နေဖို့ ရှိတော့မယ်တဲ့။ ဒါပေမယ့် လူတသန်းလုံး လှုပ်လာမယ့် အခြေအနေကို ဖန်တီးပေးဖို့ တယောက်ချင်းစီကတော့ ကနဦးစပြီး လှုပ်ရဦးမှာပဲတဲ့“

“ဟဲ့။ နင်ငါ့ကို နိုင်ငံရေး ပြောနေတာလား“
“မဟုတ်ပါဘူးဟာ။ ငါက သူပြောတာ ပြန်ပြောပြတာပါ။ အဲဒီသဘောတရားကို ငါစဉ်းစားကြည့်မိတယ်။ အခုလဲ ငါတို့တွေရဲ့ အချိန်ကို အလဟဿဖြစ်စေတဲ့ ဖွံ့ဖြိုးရေး အချိန်ကို ဆန့်ကျင်ကြည့်ကြမယ်လေ။ တဖြည်းဖြည်းနဲ့ ဒီသတင်းက တခြားအခန်းတွေဆီ ပျံ့သွားမှာပဲ မဟုတ်ဘူးလား“

“အဲလိုလုပ်တဲ့ လူတွေကို ငါ့လိုပဲ ဆရာမက အသေဆော်လိမ့်မယ်“
“ထက်ထက်ရယ်။ လောကကြီးမှာ တခုခုမပေးဆပ်ပဲ ရလာတဲ့ အရာဆိုတာ ရှိဘူးလို့လားဟယ်“

(၃)

ဒီလိုနှင့် တနင်္လာနေ့မှာ ကျောင်းဖွင့်တော့ မီမီရဲ့ စည်းရုံးရေး အလုပ်တွေ စလာပါတော့သည်။ တချို့က မီမီ့စကားကိုကြားပြီး မျက်လုံးပြူးကြသည်။ တချို့က ထောက်ခံသည်။ တချို့က ကိုယ်တိုင်ပါမယ်လို့ ပြောကြသည်။ မျိုးဇော်နိုင်ကတဆင့် ယောက်ျားလေး တော်တော်များများလဲ ပါလာသည်။ နေမင်းကတော့ သူမပါနိုင်လို့ငြင်းသည်။ သို့ပေမယ့် ပါလာမယ့် သူတွေကိုတော့ ဒါတွေ ဖြစ်လာခဲ့တဲ့ သုံးယောက်အရိုက်ခံရမှုမှာ သူပါခဲ့တာကို ဂုဏ်ယူတယ်လို့ဆိုသည်။

ဗုဒ္ဓဟူးနေ့ရောက်တော့ မျိုးဇော်နိုင်ဦးဆောင်တဲ့ သုံးယောက်က ဖွံ့ဖြိုးရေးအချိန်မှာ မသွားနိုင်ဘူးလို့ ငြင်းသည်။ ဆရာမ ဒေါသထွက်ပြီး ရုံးခန်းပို့မယ်၊ ဘာမယ် ခြိမ်းချောက်သည်။ ကြိမ်ဒဏ်ငါးချက်စီပေးပြီး တခြားသူတွေ သွားနေချိန်မှာ သူတို့က အတန်းထဲမှာ မတ်တပ်ရပ်နေခဲ့ရသည်။ သူမတို့ရဲ့ ပွဲဦးထွက်တိုက်ပွဲ။

ဒီလိုနှင့် တလှည့်စီ လူလဲဆန့်ကျင်လိုက်၊ စည်းရုံးရေးဆင်းလိုက်နှင့် အချိန်တွေကြာလာသည်။

တပတ်၊ နှစ်ပတ်၊ သုံးပတ်ကနေ ငါးပတ်လောက်ရောက်တော့ တခြားအခန်းတွေကပါ သိနေကြပြီ။ ဆယ်တန်း ဘီ၊ ဆယ်တန်းစီ၊ ဆယ်တန်း ဒီ တို့မှာလဲ သူမတို့လုပ်နည်းအတိုင်း လိုက်လုပ်သူတွေ ရှိလာကြပြီ။ မီမီကတော့ စိတ်ရှည်လက်ရှည်နဲ့ စည်းရုံးဟောပြောနေဆဲ။ မျိုးဇော်နိုင်တို့ အင်အားတွေကလဲ တောင့်လာသည်။ ကနဦးအစမှာ ဆရာမကို မကျေနပ်တာကြောင့် လုပ်ဖြစ်သွားခဲ့ပေမယ့် ကြာလာတော့ အဓိကမှာ ဆရာမရဲ့ မတရားတဲ့ အာဏာစက်ကို ဖယ်ရှားဖို့နဲ့ ဖွံ့ဖြိုးရေးအချိန်တွေမှာ ကျောင်းသားတွေအတွက် တကယ်အကျိုးဖြစ်ထွန်းစေမယ့် အလုပ်တွေ လုပ်နိုင်ဖို့ဖြစ်ကြောင်း သူမနားလည်လာတော့သည်။

သူမတို့ လုပ်နေကြတဲ့ အလုပ်လေးတွေက အရှိန်ရလာသလို တဘက်မှာလဲ အခက်အခဲတွေ တွေ့လာရသည်။ ဆရာမက ဗုဒ္ဓဟူးနေ့ပွဲတွေမှာ ပါသူတွေကို ရိုက်နှက်အပြစ်ပေးရုံမက တခြားစာသင်ချိန်များတွင်လဲ သူမတို့ အုပ်စုတွေကို အပြစ်မရှိ အပြစ်ရှာတော့သည်။ စာမေးရင်း “၏သည်မလွဲ“ မရလို့ဆိုကာ သူမလက်ဝါးပေါ်သို့ ကျရောက်လာခဲ့သော ကြိမ်ချက်တွေ မည်မျှ ရှိခဲ့ပြီ မသိ။ အိမ်က လူကြီးတွေ သိသွားပြီး ဆရာမကို အကျိုးအကြောင်း သွားပြောဖို့ ကြိုးပမ်းကြသည်။ သို့ပေမယ့် ဆရာမက လက်မခံ။ သူမက သူ့အာဏာကို ဖီဆန်တယ်၊ သူ့ကို အာခံနေတယ်။ ဒါကြောင့် ဦးချိုးပြီး ဆုံးမနေတာပါ လို့သာ ဆိုသည်။ သူမတို့ ဘာကို လိုချင်နေတာလဲ၊ ဘာကို ဖြစ်ချင်နေတာလဲ ဆိုတာ သိအောင် ဆရာမဘက်က လုံးဝ မကြိုးစားတော့။

ဒီကြားထဲ ဇင်မာတို့အုပ်စုက သူမတို့တွေကို အမြင်တမျိုးနှင့် မြင်လာပြန်သည်။ သူမတို့ လုပ်နည်းလုပ်ဟန်တွေက ကျောင်းသားတွေကိုအရိုက်ခံရအောင် လုပ်နေတာပဲရှိပြီး အောင်မြင်ဖို့ လမ်းလဲမရှိ၊ လုပ်နေသူတွေမှာကလဲ စိတ်ပျက်စရာကောင်းတဲ့ လူတွေကပါတယ်လို့ တီးတိုးဆိုနေကြသည်။ စည်းရုံးပြောဆိုတဲ့ မီမီကို မြင်ရင်လဲရှောင်ထွက်သွားကြသည်။

ဇင်မာနှင့် သူမကတော့ အိမ်နီးချင်းဖြစ်တာမို့ ဘာပဲဖြစ်ဖြစ် ဇင်မာတို့ ဘယ်လိုတွေးနေတာလဲ သိရအောင် သူမ ဇင်မာ့ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်မိသည်။

“ထက်ထက်လာလေ“
ဇင်မာ့အိမ်ကို သွားတော့ ဇင်မာက ၀မ်းသာအားရ ကြိုဆိုပါသည်။

“နင်ငါ့ကို လာစည်းရုံးတာလား“

ဇင်မာက ရီပြီး ပြောပေမယ့် ဒီစကားထဲမှာ တခြားအဓိပ္ပာယ်တွေလဲ ဆောင်နေတယ်ဆိုတာ သူမရိပ်မိလိုက်သည်။ သူမစိတ်မကောင်း။ သူမတို့တွေက တတန်းတည်းသားချင်းတွေ။ ဆရာမနဲ့ ပြဿနာတက်တုန်းက လက်ညှိုးထောင်ခဲ့သူတွေထဲမှာ ဇင်မာလဲပါတာ သူမ မှတ်မိလိုက်သည်။

“ဟင့်အင်း။ ငါက နင့်ဆီကို သူငယ်ချင်းအနေနဲ့ အလည်လာတာပါ“
“နင်လုပ်တာတွေထဲမှာ မပါတဲ့ ငါ့ကို နင်က သူငယ်ချင်းလို့ တကယ်သတ်မှတ်လို့လား“
“သတ်မှတ်လို့ လာလည်တာပေါ့ဟ။ သူငယ်ချင်းတိုင်း အလုပ်တူတူလုပ်ရမယ်လို့ ဘယ်သူက ပြောလို့လဲ။ အလုပ်တူတူလုပ်တဲ့ လူတိုင်းပဲ သူငယ်ချင်းဖြစ်မယ်လို့လဲ ဘယ်သူက ပြောလို့လဲ“

ဇင်မာ မျက်မှောင်လေးကြုတ်ပြီး တွေးနေတာ တွေ့ရသည်။
“ဟဲ့၊ ငါ့ကို ဘာကျွေးမှာလဲ“

“နင်ထိုင်ဦးနော်။ ငါတို့အိမ်မှာ ဒီနေ့ ရေစိမ်ခေါက်ဆွဲလုပ်စားတယ်ဟ။ နင့်အတွက် ငါသွားပြင်လိုက်ဦးမယ်“
အိမ်နောက်ထဲ ၀င်သွားသော ဇင်မာ့ကို ကြည့်ရင်း သူမသက်ပြင်း ချလိုက်မိသည်။ ဇင်မာက ဆရာမရဲ့ အာဏာစက်ကို ကြိုက်နှစ်သက်နေသူ မဟုတ်မှန်း သူမ စိတ်ထဲက အလိုလို သိနေသည်။ သို့ပေမယ့်လဲ သူမတို့ ဆန့်ကျင်ရေးအုပ်စုများနဲ့လဲ နီးကပ်မလာခဲ့။ ဘာတွေကများ စည်းခြားနေသလဲ။ သူမ စဉ်းစား အဖြေထုတ်နေမိသည်။

သူမ အချိန်ကြာကြာ အဖြေမထုတ်လိုက်ရပါ။ ရေစိမ်ခေါက်ဆွဲစားရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သူမတို့ကို ဇင်မာတို့မကျေနပ်နေသည့် ကိစ္စများကို မသိမသာ ဖော်ထုတ်ယူရင်း သူမလိုချင်သည့် အဖြေက ထွက်သွားခဲ့ပါတော့သည်။

“ငါတို့ နေမင်းကို မကြိုက်ဘူးဟာ။ သူက ငါတို့ရှေ့ဆိုရင် ဒီကိစ္စတွေက သူကစလို့ဖြစ်လာတာပါ၊ သူကခေါင်းဆောင်ပါ ဆိုပြီး ထောင်ထောင်ထောင်ထောင် လုပ်တယ်။ ဆရာကြီးလုပ်တယ်။ ဆရာမရှေ့ ဆိုရင်ကျတော့ အမြီးကုပ်နေတာပဲ“

“မျိုးဇော်နိုင်တို့ကျတော့လဲ တမျိုး။ သူတို့ အနာခံပြီး ပါနေတာ ငါတို့မြင်နေတာပဲ။ ဒါပေမယ့် သူတို့က ငါတို့ကို မြင်ရင် မပါရကောင်းလားဆိုပြီး ရန်လုပ်တယ်။ ငါတို့အတွက် သူတို့ အနာခံလုပ်နေရတာဆိုပြီး မပါတာကို အပြစ်တင်တယ်။ ဆရာမရဲ့ ဘက်တော်သားတွေလို့ စွပ်စွဲတယ်။ အခြေအနေ၊ အကြောင်းကြောင်းကြောင့် ငါတို့ မပါဖြစ်ခဲ့ဘူးဟာ။ ငါဝန်ခံတယ်။ နင့်တုန်းက ငါလက်ထောင်ပြီးမှ ဆရာမက အပြစ်ပေးတော့ ငါကြောက်ပြီး မသိချင်ယောင် ဆောင်လိုက်ရတယ်။ ငါစက်ဘီးမှောက်တုန်းက ခြေထောက်ကျိုးထားဖူးတယ်ဟ။ ငါ့ခြေထောက်က ကြာကြာရပ်လို့ မရဘူး။ ဒါကြောင့် ငါလက်ပြန်ချလိုက်တာ။ ဒါပေမယ့်ဟာ ဆရာမ မတရားဘူးဆိုတာ ငါတို့ သိနေတာပဲ။ သိနေပြီး မပါဖြစ်ခဲ့တာကတော့ ငါတို့အားနည်းချက်။ ဒါကိုပဲ လာထုတ်ဖော်ပြီး အပြစ်တင်နေတော့ ငါတို့လဲ စိတ်တိုတာပေါ့။ ဒါနဲ့ နင်တို့ကို ရှောင်နေတာ“

“မီမီကိုလဲ ငါတို့ မကြိုက်ဘူး။ အလကား ငကြောက်မ။ သူက လူတွေကို လိုက်စည်းရုံးလိုက်၊ နင့်ကို မြှောက်ပေးလိုက်နဲ့။ သူကိုယ်တိုင်သတ္တိရှိရင် ဘာလို့ ရှေ့က ၀င်မပါလဲ။ တကယ်ဖြစ်လာတော့ နင်ပဲခံနေရတာ။ ငါတို့အတန်းသားတွေပဲ ခံနေရတာ။ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ရိုက်ပွဲကြီးဖြစ်နေတာကို ငါတို့လဲ စိတ်ချမ်းသာနေမယ်လို့ နင်ထင်လို့လား“

ဒီစကားလေးတွေထဲမှာ ဇင်မာတို့အုပ်စုနဲ့ သူမတို့ စည်းခြားနေတဲ့ အကြောင်းလေးတွေကို သူမ ရှာတွေ့သွားခဲ့ပါသည်။

ဇင်မာပြောနေတဲ့ အကြောင်းများကို သေချာနားထောင်ပြီးမှ သူမစကားစရသည်။ တဘက်က ဘာကို ဆိုလိုမှန်းမသိပဲ ဘတပြန်၊ ကျားတပြန်ပြောပြီး ရှင်းလို့ရသည့် ကိစ္စမျိုးမဟုတ်မှန်း သူမနားလည် သိရှိနေခဲ့သည်။

“နေမင်းက ထဲထဲဝင်ဝင်လုပ်နေသူ မဟုတ်ပါဘူး ဇင်မာ။ ပြဿနာဖြစ်စတုန်းက သူလဲ ပါတယ်ဆိုတော့ သူကလဲ အဲလိုပြောချင်မှာပေါ့ဟာ။ ငါတို့ ရပ်ကွက်ထဲမှာ အရပ်အငြိမ့်ပွဲကဖူးတာကို အကြောင်းပြုပြီး မင်းသမီးလို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စုပေါင်းလမ်းဖောက်တုန်းက ဥက္ကဌလုပ်လိုက်ရတာနဲ့ပဲ ထာဝရ ရပ်ကွက်ခေါင်းဆောင်လို့ ကိုယ့်ဟာကိုယ် ထင်နေတဲ့ လူတွေ၊ စီကနဲဆိုရင် ပါလိုက်ပြီး တကယ်လုပ်ရမယ်ဆိုရင် ဘယ်ရောက်သွားမှန်း မသိတဲ့ လူတွေ အများကြီးပဲလေ။ နင်တွေ့ဖူးတယ် မဟုတ်ဘူးလား။ ဒါတွေက လူ့သဘာဝပဲ ဥစ္စာ။ ဒီလူတွေကိုကြည့်ပြီး စိတ်ပျက်နေတာထက်စာရင် လျစ်လျုရှုပြီး ကိုယ်လုပ်စရာရှိတာ လုပ်လိုက်တာက ပိုထိရောက်မယ်လို့ ငါထင်တယ်။ သူ့ဘာသာသူ ဘယ်လောက်ခေါင်းဆောင်လို့ အော်နေနေ၊ လူတွေက သူ့ကို ခေါင်းဆောင်လို့ အသိအမှတ်ပြုတာမှ မဟုတ်တာ။ တကယ်ကလဲ ဘာမှမလုပ်၊ ဘယ်သူကမှလဲ အသိအမှတ်မပြုပဲ ခေါင်းဆောင်လို့ ထိုင်အော်နေတဲ့လူကို စိတ်ပျက်ဖို့ စာရင်းထဲတောင် ထည့်ဖို့ လိုအပ်လို့လား“

“မျိုးဇော်နိုင်နဲ့ ပတ်သက်လို့ကတော့ ကျောင်းဘောလုံးပွဲ ဥပမာကိုပဲ ပေးရမလား မသိဘူးဟာ။ မနှစ်တုန်းကလေ ငါတို့နဲ့ ထ (၁) နဲ့ ဘောလုံးပွဲတုန်းက နင်လဲပါတယ်မလား။ ငါတို့တွေ မင်းဟိန်းတို့ကို သွားအားပေးကြတာလေ။ ငါတို့ကလဲ မင်းဟိန်းတို့ကို နိုင်စေချင်၊ မင်းဟိန်းတို့ကလဲ မနိုင်နိုင်၊ ဟိုဘက်အသင်းကလဲ လက်ရည်ကသာနေတော့ စိတ်တွေတို၊ နောက်ဆုံးကျတော့ ကက်ပတိန်လုပ်တဲ့ မင်းဟိန်းနဲ့ ငါတို့အတန်းထဲက ရဲထွတ်တို့ ထထိုးကြလို့ ငါတို့ ၀င်ဆွဲရသေးတယ်နော်။ မင်းဟိန်းက ပြောတယ်လေ။ မင်းလာကန်ကြည့်ပါလားကွလို့။ ရဲထွတ်က ပြောတယ်လေ။ ငါက အားပေးနေတာ။ မင်းတို့ကို အသုံးကျမယ်ထင်လို့ဆိုပြီး။ ဒါကြောင့် ထထိုးတာမလား။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး တူနေတာတခုက ငါတို့ဘောလုံးအသင်းကို နိုင်စေချင်တာ တခုပဲ မဟုတ်ဘူးလား။ ဘေးက ကြည့်နေသူကလဲ ကိုယ့်လူတွေကို နိုင်စေချင်ပြီး အားမလိုအားမရဖြစ်တယ်။ အပြစ်တင်တယ်။ ချွေးတွေနစ်ပြီး ကွင်းထဲမှာ ကန်နေရတဲ့ လူကလဲ ဒီလောက်ကြိုးစားပေးနေတာတောင် အပြစ်တင်နေတော့ ဒေါသထွက်တယ်။ အဲဒီကနေ အချင်းချင်း ပြန်ချကုန်ကြတာ။ နင်မှတ်မိတယ် မဟုတ်လား။ အခုလဲ ဒီလိုပါပဲဟာ။ မျိုးဇော်နိုင်တို့က အနာခံပြီး လုပ်နေကြတာ။ လုပ်နေရင်း ကြာလာပေမယ့် ဆရာမကလဲ မလျှော့။ ခံရတာကလဲ များလာနဲ့ “ငါတို့ပဲ လုပ်နေရတယ်၊ ငါတို့ပဲ နာနေရတယ်“ ဆိုတဲ့ စိတ်တွေ ၀င်လာတယ်။ အဲဒီမှာ ကိုယ့်လို မလုပ်တဲ့ လူတွေကို အပြစ်တင်မိတော့တာပဲ။ နင်တို့ကလဲ ဆရာမ မတရားလုပ်တာကို မတရားဘူးဆိုတာ စိတ်ထဲက သိနေတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ခဲ့မိတာကိုလဲ စိတ်ထဲမှာ မသိမသာ guilty ဖြစ်နေတယ်။ ငါ့အမြင်ပြောရရင် အဲဒီစိတ်ဝင်နေတော့ ဘာကြောင့် မလုပ်တာလဲဆိုတာကို သူများတွေကို ပြောဖို့၊ နင်တို့ကိုယ်တိုင်လဲ ငါတို့ မလုပ်ခဲ့တာ မှန်တယ် ဆိုပြီး ကိုယ့်ကိုကို ပြန်ပြောဖို့ လက်ညှိုးထိုး ပုံချစရာတွေ လိုနေတယ်။ အဲဒီမှာတင် နင်တို့အုပ်စုနဲ့ မျိုးဇော်နိုင်တို့နဲ့ စငြိကုန်ကြတာ။ သူတို့ကလဲ နင်တို့မလုပ်တာကို အပြစ်လုပ်ပြီး ပြောတယ်၊ နင်တို့ကလဲ သူတို့ လုပ်နေတဲ့လူတွေ အသုံးမကျလို့ မပါတာလို့ ပြောမှာပဲ။ ငါတော့ အဲလိုပဲ မြင်တယ်“

“မီမီကိုတော့ နင်တို့က အထင်လွဲနေတာပါ။ ဇာတ်ကရင်တောင် ဇာတ်ညွန်းရေးတဲ့ လူ လိုတယ်မဟုတ်လား။ စင်နောက်မှာ ကြိုးဆွဲတဲ့လူတွေ၊ ဇာတ်ဝင်ခန်းတွေအတွက် အ၀တ်အစားတွေ ပြင်ပေးမယ့်လူတွေ၊ မင်းသားမင်းသမီးကို မိတ်ကပ်လိမ်းပေးမယ့်လူတွေ လိုတယ်လေ။ အားလုံး စင်ပေါ်ကို တပြိုင်တည်း တက်ကလို့မှ မရတာ။ အခုငါတို့အတန်းထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ၊ တခြားအခန်းတွေထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေက မီမီရဲ့ အတွေးအခေါ်တွေနဲ့ လုပ်နည်းလုပ်ဟန်တွေကနေ ထွက်နေတာ။ ဒါကိုလဲ ငါတို့ထဲမှာ သူပဲ လုပ်နိုင်တယ်။ ရှေ့ထွက်မင်းသမီး၊ ခေါင်းဆောင် မင်းသမီးတွေ ဘယ်လောက် အကကောင်းကောင်း ဒီဇာတ်ကို ကမယ့် ဇာတ်ညွန်းမရှိရင် ကကွက်တွေ ဘယ်ကြည့်ကောင်းပါ့မလဲဟာ။ ရှေ့မထွက်တိုင်း ကြောက်လို့ မဟုတ်ဘူး။ သူက နောက်မှာ နေဖို့ လိုအပ်လို့ နေနေတာပါဟယ်“

(၄)

“ကဲ။ ကလန်ကဆန် လုပ်မယ့် လူတွေ ရှိသေးလား။ လုပ်ရဲတဲ့ လူတွေ နေခဲ့။ ကျန်တဲ့ လူတွေ နှစ်ယောက်တတွဲ ကိုယ်သွားရမယ့် နေရာဆီ သွားကြ“

ဗုဒ္ဓဟူးနေ့ ဖွံ့ဖြိုးရေးအချိန်က နံနက် အီကိုချိန် အပြီးမှာမို့ စာသင်ချိန်ပြီးတာနဲ့ ဆရာမက ဒီလိုပြောနေကြ။ သြဂုတ်လကတည်းက စခဲ့သော သူမတို့ အာဏာဖီဆန်ပွဲလေးသည် အလှည့်ကျစနစ်နဲ့ စဉ်ဆက်မပြတ် ရှိနေဆဲ။ တခြားအခန်းမှ ကျောင်းသားများနဲ့ သူမတို့အခန်းမှ ကျောင်းသားများ စုစည်းပြီး ဆရာမကြီးဆီ တောင်းဆိုစာကလဲ ပို့ထားပြီးသားမို့ ဒီတပတ်ပွဲကတော့ ပိုကြီးကျယ်မည်ဟု ယူဆထားကြသည်။ မီမီကတော့ ပွဲကြီးဖြစ်လာတော့မည်ဟု ခန့်မှန်းထားသည်။

တမိနစ်၊ နှစ်မိနစ်။
သူမတို့ စောင့်နေကြသည်။ အံ့သြဖွယ်ကောင်းအောင်ပင် မည်သူမျှ မလှုပ်ကြ။ နေမင်းက မျက်လုံးအပြူးသားနှင့် တတန်းလုံးကို လှည့်ပတ်ကြည့်နေသည်။ သူမ ရင်ထဲတွင်လဲ တဒိတ်ဒိတ်နှင့် ခုန်နေသည်။ မီမီကို လှမ်းကြည့်လိုက်တော့ ၀မ်းသာအားရ ပြုံးပြတာ တွေ့ရသည်။

“သွားကြလေ။ ဘာလုပ်နေကြတာလဲ“
ဆရာမရဲ့ စိတ်မရှည်သော အသံက ထပ်ထွက်လာသည်။

ဘယ်သူမှ မလှုပ်ကြ။ ခေါင်းငုံ့ရင်း ထိုင်ခုံများမှာ ထိုင်နေကြဆဲ။
“ဘာလဲ။ မင်းတို့က ငါ့ကို အာခံနေကြတာလား“

ဆရာမက ကြိမ်လုံးကို ဆွဲသည်။
မည်သူမျှ မလှုပ်ကြ။ စားပွဲပေါ်သို့ ရိုက်ချလိုက်သော ကြိမ်လုံးသံ တဖြန်းဖြန်းကသာ ဆက်တိုက်ထွက်လာသည်။

“ဇင်မာကျော်တို့ ဂီတတွေ၊ သွားကြတော့လေ။ ဂီတခန်းကို“

ဆရာမက နာမည်ခေါ်ပြီး ပြောလာပြီ။
ဇင်မာ မတ်တပ်ရပ်လိုက်တာ တွေ့ရသည်။ သူများ အတန်းထဲက ထွက်သွားလေမလား။ စိုးရိမ်စိတ်နှင့် သူမ ဇင်မာ့ကို လှမ်းကြည့်လိုက်မိသည်။ ဒါပေမယ့် ဇင်မာက အတန်းထဲက ထွက်မသွား။ လှုပ်ရှားမှုအစား စကားသံကသာ ထွက်ပေါ်လာသည်။

“ဆရာမ။ ဂီတခန်းမှာ တကယ်ဂီတသင်ရင် သမီးသွားမှာပါ။ အခုကတော့ ဆရာလဲ မရှိပဲ အမည်ခံပဲဖြစ်နေတယ်။ စည်း၊ ၀ါးတွေ ကိုင်ပြီး စကားသွားများနေရသလို ဖြစ်နေတယ်။ အချိန်တွေ အလကားကုန်တာကြောင့် သမီးမသွားချင်တော့ဘူး။ သမီးကို ဆရာမကြိုက်တဲ့ အပြစ်ပေးပါ“ တဲ့။

ဆရာမ ကြိမ်လုံးဆွဲပြီး ဇင်မာကျော်နား သွားတော့မည်လားလို့ သူမ ထင်လိုက်သည်။ ဆရာမက မသွားသေး။

“သန့်ဇော်။ မင်းတို့ စိုက်ပျိုးရေးအဖွဲ့တွေ သွားတော့လေ“
သန့်ဇော် လက်ပိုက်ပြီး မတ်တပ်ထရပ်သည်။
“ကျွန်တော်လဲ ဇင်မာကျော်လိုပါပဲ ဆရာမ။ အချိန်တွေ အလဟဿ မဖြစ်ချင်ဘူး“

ဆရာမက သန့်ဇော် ဆီမှ အကြည့်ကို ဖယ်ရှားပြီး သင်းသင်းမာကို လှမ်းကြည့်သည်။ ဆရာမ မခေါ်သေးခင်မှာပင် သင်းသင်းမာ မတ်တပ်ထရပ်လိုက်တာ တွေ့ရသည်။ သင်းသင်းမာဆိုတာက အတန်းထဲမှာ ဆရာမရဲ့ အချစ်ဆုံးတပည့်။ သင်းသင်းမာ အမေနဲ့ ဆရာမတို့က မိတ်ဆွေ သူငယ်ချင်းတွေ။ လပတ်စာမေးပွဲတိုင်းမှာ ပထမအမြဲရနေပြီး စာကလွဲရင် ဘာကိုမှ စိတ်ဝင်စားမယ်လို့ မထင်ရလောက်အောင် အေးအေးဆေးဆေးလေး နေတတ်သူ။

“သမီးတို့ အိမ်တွင်းမှုတွေလဲ အဲလိုပဲ မြင်တယ်ဆရာမ။ အချိန်တွေ မကုန်ချင်တော့ဘူး။ ဆရာမကို အာခံတာ မဟုတ်ပါဘူး။ အဖြစ်မှန်ကို တင်ပြနေတာပါ“

သင်းသင်းမာရဲ့ စကားအဆုံးမှာ ဆရာမ ငိုင်သွားတာ တွေ့ရသည်။ ပြီးတော့ ဆတ်ခနဲ ထရပ်သည်။ တတန်းလုံးကိုများ ပွဲကြမ်းတော့မည်လား။ သူငယ်ချင်းများအားလုံးကို သူမလိုက်ကြည့်မိသည်။ မတ်တပ်ရပ်နေသော ဇင်မာ၊ သန့်ဇော်နဲ့ သင်းသင်းမာတို့က သူမကို လှမ်းပြုံးပြသည်။ တယောက်ကို တယောက် အားပေးသော အပြုံးများ။ ဘာပဲဖြစ်လာဖြစ်လာ ငါတို့အားလုံး အတူရင်ဆိုင်ကြစို့ဆိုတဲ့ အပြုံးများ။ စာသင်ခန်းလေးထဲတွင် လွန်ခဲ့သော သုံးလကျော်ကလို ကြောက်စိတ်များ၊ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်မနေတော့။ ကြောက်စိတ်ကို ရဲဘော်ရဲဘက်စိတ်၊ အပြန်အလှန် ယုံကြည်စိတ်၊ မျှဝေခံစားစိတ်တွေနဲ့ သူမတို့အားလုံး အနိုင်ယူလိုက်ကြပြီ။ ညီညွတ်မှုမှ ထွက်ပေါ်လာသော သတ္တိတို့က သူမတို့ သွေးကြောထဲမှာ စီးဆင်းနေကြပြီ။

ဆရာမဒေါ်ခင်လှဝေက တတန်းလုံးက သူမတို့ အားလုံးရဲ့ မျက်နှာတွေကို တယောက်ချင်းစီ အကဲခတ်ကြည့်သည်။ ပြီးတော့ လက်ထဲက ကြိမ်လုံးကို လွှတ်ချလိုက်တော့သည်။

“ဆရာမတို့တွေ ညှိကြတာပေါ့။ ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူနှစ်ယောက် ရုံးခန်းကို လိုက်ခဲ့“

မီမီက သူမကို မေးဆတ်ပြသည်။ ပြီးတော့ သင်းသင်းမာကို လိုက်သွားဖို့ တိုက်တွန်းသည်။ မျိုးဇော်နိုင်နှင့် နေမင်း တို့ လည်း လိုက်ထွက်လာကြသည်။

“ဆရာမက နင်တို့ကို ဖိအားပေးရင် ငါတို့ကို လာပြေးပြောနော်။ ငါတို့ ထလိုက်လာမယ်“

ဇင်မာက နောက်ကနေ လှမ်းအော်ပြောသည်။ သူမ ဇင်မာ့ကို အားရပါးရ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

(၅)

ဒီလိုနှင့် အလုံးစုံတင်းမာမှုတခုရဲ့ အဆုံးသတ်မှာ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ပေါ်ထွက်လာပါတော့သည်။ ဆရာမဘက်ကလဲ အင်အားသုံး ဖြေရှင်းတာတွေ မရှိတော့။ သူမတို့ တောင်းဆိုတာတွေကို ဆရာမက သေချာနားထောင်ပေးခဲ့သည်။ သူမတို့ ပြောသည့်အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားပြီး တင်ပြပေးသည်။ ဆရာမကြီးနှင့် သူမတို့ တိုက်ရိုက်တွေ့ပြီး စကားပြောကြသည်။ တခြားအခန်းများမှ ကျောင်းသားကိုယ်စားလှယ်များကိုလဲ သွားခေါ်ခိုင်းသည်။ ဂီတ၊ အိမ်တွင်းမှုနဲ့ ပတ်သက်ပြီး ဆရာရှာလို့ မရသည့် အခက်အခဲ၊ စိုက်ပျိုးရေးအချိန်မှာ ကျောင်းသားတွေရဲ့ စိုက်ခင်းတခုစီအတွက် မြေနေရာ အခက်အခဲ စတာတွေကို ဆရာမတို့ဘက်မှ ရှင်းပြသည်။ ဖွံ့ဖြိုးရေးဆိုတဲ့ အချိန်က ပညာရေးစနစ်အရ မဖြစ်မနေ ထည့်သွင်းရေးဆွဲထားရသည်များကိုလဲ ပြောပြသည်။

မဖြစ်မနေရှိနေရမည်ဆိုတော့ ဖွံ့ဖြိုးရေးအချိန်ကို လုံးဝ ပယ်ဖျက်ပေးဖို့ကို တောင်းဆိုချက်ကို သူမတို့ကျောင်းသားများက ရုတ်သိမ်းပေးသည်။ ထိထိရောက်ရောက် အကျိုးရှိအောင် မလုပ်နိုင်သည့် အခက်အခဲများကိုလဲ နားလည်လာသည်။ အချိန်တွေ အလဟဿ မကုန်စေချင်သည့် ကျောင်းသားများရဲ့ ဆန္ဒသဘောထားကိုလဲ ဆရာမများက နားလည်ပေးလာကြသည်။ တဘက်ကို တဘက်က နားလည်ပေးမှုကြောင့် အပေးအယူ အလျှော့အတင်းများ ရှိလာသည်။ တဘက်နှင့် တဘက် ယုံကြည်လာကြသည်။ ကျောင်းသားများနှင့် ဆရာမတို့နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မရှိတော့ပဲ အခြေအနေတခုမှာ အကောင်းဆုံး အဖြေထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုပဲ ဦးတည်ပြောလာကြတော့သည်။

ညှိနှိုင်းမှုများ ပြီးသွားတော့ သူမတို့တတွေ အောင်ပွဲနဲ့အတူ ကိုယ့်အတန်းဆီ ကိုယ်ပြန်ကြလေသည်။ နေမင်းက တွေ့ဆုံဆွေးနွေးပွဲ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် တတန်းလုံးကို ရှင်းပြတော့သည်။ သူမ၊ မျိုးဇော်နိုင်နှင့် သင်းသင်းမာတို့ကတော့ ကိုယ့်ခုံမှာ ကိုယ်ပြန်ဝင်ထိုင်ကြသည်။ မီမီကတော့ နေမင်းပြောသည်များကို ပြုံးပြုံးလေးနှင့် နားထောင်နေသည်။

ဘာလိုပဲဖြစ်ဖြစ် ပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ဘယ်သူတွေပဲ လုပ်ခဲ့ လုပ်ခဲ့၊ ဘယ်သူတွေပဲ ဖန်တီးခဲ့၊ ဖန်တီးခဲ့၊ ဘယ်သူတွေပဲ ခေါင်းဆောင်နာမည်နဲ့ ကျန်ရစ်ခဲ့ ကျန်ရစ်ခဲ့၊ အဆုံးသတ်မှာ အကျိုးရှိသော ရလဒ်နဲ့ ပွဲပြီးသွားဖို့ကသာ အဓိက မဟုတ်ပါလား။

ခင်မမမျိုး (၁၉၊ ၁၂၊ ၂၀၀၉)

 

© 2007 IngridGrey By Arephyz