Showing posts with label Education System - Canada. Show all posts
Showing posts with label Education System - Canada. Show all posts

Tuesday, August 21, 2007

ကိုယ်တွေ့များ (၁)

ကနေဒါနိုင်ငံရဲ့ ပညာရေးစနစ်ကို Federal Government က ချုပ်ကိုင်ထားတာမဟုတ်ဘူး။ ပြည်နယ် အစိုးရတွေက ပြည်နယ်အလိုက် တာဝန်ယူကြပါတယ်။ ကလေးတွေရဲ့ ပညာရေးကို သူငယ်တန်း၊ မူကြိုအရွယ်မှာပဲ စပြီး မိဘနဲ့ ဆရာသမားတွေက ကြပ်မတ်တာ မဟုတ်၊ မွေးကင်းစအရွယ်က စပြီး ကလေးတွေကို အစားအသောက်၊ ကျမ်းမာရေးကအစ သိပ်ဂရုစိုက်ကြပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ တစ်နှစ်ခွဲ နှစ်နှစ် အရွယ်က စပြီး ရေမြှုပ်လိုပဲ အကုန် စုပ်ယူမှတ်ထားတယ်လို့ သုတေသနတွေအရ သိရလို့ အဲဒီအရွယ်က စပြီး ကြပ်မတ်ကြတယ်။ စာရေး၊ စာဖတ်၊ အတွက်အချက်၊ လူမှုဆက်ဆံရေးတွေဟာ သူငယ်တန်းမှာမှ စတင်သင်ယူ လေ့လာရရှိကြတာမဟုတ်တာ အားလုံးလဲ သိပြီးဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကျွန်မ သူငယ်ချင်းတွေထဲမှာ ကလေး မယူကြသူတွေရှိသလို၊ ကလေးယူတယ်ဆိုရင်လဲ ကလေးတွေအတွက် ဘ၀ကို မြုပ်နှံလို့ မိဘကောင်းတွေဖြစ်အောင် ကြိုးစားသူများကိုလဲ တွေ့ရပါတယ်။ မနက်လေးနာရီထပြီး သူတို့ကလေးတွေကို သင်တန်းမျိုးစုံကို ပို့ပေးပါတယ်။ အားလုံးသိကြပြီးတဲ့ အတိုင်းပဲ ဒီမှာက ထမင်းချက်လဲကိုယ်၊ ကားမောင်းလဲကိုယ်၊ ခြံစိုက်လဲကိုယ်၊ အ၀တ်လျှော်လဲကိုယ်၊ အားလုံးသိမ်းကြုံးလုပ်ကြရတာဆိုတော့ မြန်မာပြည်က ငွေကြေးတတ်နိုင်သူများလို ကလေးကျောင်းကြို၊ ကျောင်းပို့ လူစားမရှိတော့ သူတို့တွေပဲ မနက် လေး၊ငါးနာရီထ၊ ထမင်းဗူးထည့်၊ ကလေးပစ္စည်းထုပ်ပိုး ထွက်ကြတာတွေ့နေရပါတယ်။



ကလေးတွေကို အသက်၁၈ နှစ်ပြည့်တာနဲ့ မိဘအိမ်က နှင်လွှတ်လိုက်တယ်လို့ အနောက်နိုင်ငံက မိဘများကို ဝေဖန်ခြင်းခံရတာတွေကို မြင်တွေ့ရပါတယ်။ ကျွန်မမြင်တာကတော့ အားလုံးတော့ မဟုတ်ပါဘူး။ တရားသေတော့မဟုတ်ပါ။ မိသားစု တစ်စုစီအပေါ်မှာ မူတည်တယ်၊ အခြေအနေတွေ၊ အချိန်ကာလတွေနဲ့ သက်ဆိုင်တယ်လို့မြင်ပါတယ်။ မိဘတွေဟာ ကလေးတွေ ၁၈နှစ်ချိန်မှာ ဘ၀တစ်ခုထူထောင်နိုင်အောင် မိမိခြေထောက်ပေါ်မှာ ရပ်နိုင်အောင် တောက်လျောက် သင်ကြားပေးပြီးခဲ့ပါပြီ၊ သွန်သင်ပေးလိုက်ပါပြီ။ ပင်လယ်ထဲမှာ ကျက်စားနေတဲ့ ငါးမန်းတွေ၊ တိုက်ငါးတွေနဲ့ ယှဉ်နိုင်အောင် သူတို့ငါးတွေကို ၁ဂနှစ်တိတိ ကျင့်ပေးပြီးခဲ့ပါပြီ။ သူတို့ဟာ တစ်ကယ်တော့ အလှမွေးကန်ထဲက ငါးတွေမဟုတ်ပါ။ ဒီလိုအစုလိုက်အပြုံလိုက် လွှတ်ပေးခဲ့လို့လဲ ကျရှုံးသွားတဲ့ ငါးပေါင်းကလဲ နဲမှာတော့ မဟုတ်ပါဘူး။ အောင်မြင်သွားတော့လဲ အဆုံးစွန်ပါပဲ။ ကလေးတွေဟာ ၂နှစ်ခွဲ၊ ၃နှစ်လောက်မှာကို ကိုယ့်အားကိုယ်ကိုးပြီး ထမင်း၊ဟင်း ကောင်းကောင်းစားတတ်နေပါပြီ။ လေးနှစ်လောက်မှာကို မိမိဘာသာဂျာကင်ဝတ်၊ ဖိနပ်စီးတတ်နေပါပြီ။ ကျွန်မ ၁၈နှစ်တုန်းက မိမိခြေပေါ်ရပ်တည်နိုင်မှုနဲ့ ဒီနိုင်ငံက ၁ဂနှစ်တွေ မိမိခြေပေါ်ရပ်တည်နိုင်မှု။ ရင့်ကျက်နေမှု၊ လှုမှုဆက်ဆံရေးတွေဟာ ကွာခြားလွန်းပါတယ်။

(ဒီနေရာမှာ ပညာရေးနဲ့ မဆိုင်ပေမယ့် ကျမကိုယ်တွေ့လေး အနည်းငယ်ဝေမျှလိုပါတယ်။

ကျွန်မအိမ်ရှေ့က အဘိုးကြီး၊ အဘွားကြီး လင်မယားဆိုရင် အဘွားကြီးနေမကောင်းစဉ်က သမီးဖြစ်သူက ကလေးတွေကို ယောင်္ကျားဖြစ်သူနဲ့ ထားပြီး လနဲ့ချီလို့ လာစောင့်ရှောက်ပါတယ်။ ယောင်္ကျားလုပ်သူကလဲ မိန်းမ သူ့မိဘနာမကျမ်းစဉ် ကြည့်ရှုနိုင်အောင် ကလေးတွေကို သူကိုယ်တိုင် စောင့်ရှောက်ပါတယ်။ တစ်ပတ် ၂ခါ ကလေးတွေနဲ့အတူ မိန်းမ ခေတ္တနေနေတဲ့ သူ့ယောက်ခမတွေအိမ်ကို လာလည်ပါတယ်။ (ဒီတိုင်းပြည်မှာ တော်ရုံလူတွေတောင် ကလေးထိန်း၊ ထမင်းချက် မငှားနိုင်ကြပါ၊ ဒီယောင်္ကျား ဘယ်လောက် အလုပ်လုပ်ရမလဲဆိုတာ ခန့်မှန်းလို့ရပါတယ်) ဒီလိုမိဘကိုကြည့်နိုင်အောင်လဲ Employment Insurance ကိုလျောက်လို့ရပါတယ်။ အစိုးရက နာမကျမ်းဖြစ်သူ မိဘကို လစာနှင့် တစ်နှစ်တိတိကြည့်ခွင့် လျှောက်နိုင်အောင်လဲ အစီအစဉ်တွေ လုပ်ထားပေးပါတယ်။ အချို့သောလူအိုရုံဆိုရင် လူကြီးတစ်ယောက်ကို တစ်လ ဒေါ်လာ ၂ထောင်မှ ၃ထောင် ကျပါတယ်။ ခမ်းနားတဲ့ထမင်းစားဆောင်တွေ၊ သန့်ပြန့်တဲ့အခန်းတွေ၊ သူတို့အရွယ် လူတွေနဲ့ ကမ္ဘာတစ်ခုပါပဲ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေကတော့ ပိုသိမှာပါ။ အိုခြင်း၊ နာခြင်းက အနောက်နိုင်ငံတင်သာမက ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သိပ်တော့ မကောင်းလှပေမယ့် ကြုံကြိုက်နေရစဉ်တော့ ရင်ဆိုင်နေကြရတာပါပဲ။ မိမိအိမ်မှာ နာမကျမ်းဖြစ်နေလဲ သားသမီးတွေက မကြည့်ပဲ ပစ်ထားနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေမှာ နာမကျမ်းသူ မိဘတွေကို မကြည့်ပဲ ပစ်ထားတယ်၊ ကလေးတွေကို ၁ဂနှစ်ပြည့်တာနဲ့ နှင်ချတယ်၊ သူတို့ မိသားစုတွေ မစည်းလုံးဘူး ဆိုတာတွေက အခြေအနေတစ်ခုခြင်းဆီ ပေါ်မှာ မူတည်နေပါတယ်)

ဒီနိုင်ငံက ကလေးတွေ မူကြို၊ မူလတန်းကျောင်းမသွားချင်လို့ ငိုနေတာ၊ အော်ဟစ်ကန်ကြောက်နေတာ ကျွန်မတစ်ခါမှ မတွေ့ဖူးပါဘူး။ ကျောင်းမသွားရလို့ ငိုတာတို့၊ ကျောင်းတက်ချင်လို့ နေမြန်မြန်ကောင်းချင်တာတို့ပဲ ကြားဖူးတယ်။ မူကြိုကလေးလေးတွေဟာ စာရေး၊ စာဖတ်၊ ပုံဆွဲ၊ ကွန်ပြူတာ စသဖြင့် တစ်နေ့နှစ်နာရီလောက် သင်ယူကြပါတယ်။ တချို့ကလဲ တစ်ပတ်ကို နှစ်ရက် သို့မဟုတ် လေးရက်၊ တစ်နေ့ နှစ်နာရီ သင်ယူကြတယ်။ ကစားနည်းမျိုးစုံနဲ့ ကျောင်းမှာ ပျော်တတ်အောင်၊ ကျောင်းဆိုတာ ပျော်စရာဆိုတာကို အရင် မိတ်ဆက်ပေးတဲ့ သဘောပါ။ Lower-middle class တွေနဲ့ အချို့ working class က မိဘတွေကအစ၊ သူတို့ရဲ့ကလေးတွေဟာ တစ်နှစ်ခွဲလောက်မှာကို ရေကူး၊ ဘောလုံး၊ ဟော်ကီ၊ ဘဲလေး၊ ကျွမ်းဘား စသည့် ကျမ်းမာရေးလှုပ်ရှားမှု၊ ဥာဏ်ရေဖွံ့ဖြိုးစေတဲ့ ကစားနည်းတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ထိတွေ့၊ ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ ကျွန်မ သိရသလောက်ကတော့ သူငယ်တန်းကိုလဲ နေ့တစ်ဝက်ပဲတက်ရပါတယ်။ မနက်ပိုင်းအချိန် သို့မဟုတ် ညနေပိုင်း နှစ်ချိန်ခွဲထားတယ်လို့ ဆိုကြပါတယ်။ ဆရာ၊ ဆရာမတွေဟာ ကလေးတွေကို ရိုက်နှက်တာမဆိုနဲ့ အော်၊ငေါက်ခြင်း၊ ဆူပူခြင်း စသဖြင့် လုံးဝမလုပ်ကြပါ။ ဆိုးတဲ့ ကလေးတွေကို အတန်းဒေါင့်မှာ မတ်တပ်ရပ်ခိုင်းခြင်း၊ တစ်ယောက်ထဲ ကစားခိုင်းခြင်းနဲ့ ဒဏ်ပေးတတ်ကြတယ်။ ကလေးတွေကို စာမရလို့ လူပုံအလယ်မှာ အရှက်ခွဲခြင်း၊ ဆူပူငေါက်ငမ်းခြင်းတွေ မလုပ်သလို၊ လုပ်ခွင့်လဲ မရှိပါဘူး။ ငယ်စဉ်အခါက ကလေးတစ်ယောက်ကို လူပုံအလယ်မှ အရှက်ခွဲမိရင် ရှက်သွားတဲ့ အားငယ်သွားတဲ့ ဒေါသထွက်သွားတဲ့ စိတ်ခံစားမှုက (ကလေးက နုတော့) အသက်ကြီးသည်ထိ ပါသွားတယ်ဆိုလို့ ပညာပေးသူ (educator) တွေနဲ့ ကလေးမိဘတွေဟာ ကလေးတွေရဲ့ အနာဂတ်ပညာရေးတွက် အဲလို စိတ်ထိခိုက်အောင် လုပ်မိခြင်းကို ကြိုးစားရှောင်ကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံက ကလေးတွေရဲ့ မျက်နှာတွေဟာ အမြဲတက်ကြွလန်းဆန်းနေပါတယ်။ သူတို့မျက်နှာတွေပေါ်မှာ ဖိနှိပ်ခံရမှု၊ နေရင်းထိုင်ရင်း တစုံတရာကို ကြောက်နေရမှု၊ မလိုအပ်ပဲ လေးနက်နေမှု၊ နေရင်းထိုင်ရင်း ရှက်နေမှု၊ မိဘဆရာသမားတွေကိုလဲ လိုအပ်သည်ထက် ရိုသေကြောက်ရွံ့နေမှု၊ နာခံနေမှု အရိပ်တွေကို မတွေ့ရတတ်ပါဘူး။

အဲလို စိတ်အားငယ်တဲ့ အရိပ်တွေဟာ ကျောင်းထဲ၊ အလုပ်ခွင်တွေထဲအထိ ပါလာတတ်ပါတယ်။
သင်ပညာတွေ ဘယ်လောက်တတ်တတ်၊ ခံယူချက်၊ စိတ်ခံစားချက်၊ အတွေးအခေါ်တွေက ပြောင်းရ သိပ်ခက်ခဲပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်တွေမှာ ပြောလေ့ရှိတာ၊ လူသစ်တွေကို အလုပ်ကိုမတတ်ရင် သင်ပေးနိုင်တယ်၊ ခံယူချက်၊ အတွေးအခေါ်နဲ့ သဘောထားက သင်ပေးရမလွယ်ဘူးလို့ ဆိုကြတယ်။ အလုပ်ခန့်တဲ့အခါတွေမှာ အတွေ့အကြုံရှိတဲ့ လူစွမ်းအား အရင်းအမြစ်ငှာနက အလုပ်ခန့်ရန် မေးမြန်းသူများက အလုပ်လာလျောက်သူများကို စကား တစ်ခွန်းနှစ်ခွန်းပြောတာနဲ့ attitude ကို ခန့်မှန်းလို့ရနေပါတယ်လို့ ဆိုကြပါတယ်။


 

© 2007 IngridGrey By Arephyz