စင်္ကာပူမူလတန်းကျောင်းမှအတွေ့အကြုံကိုရေးသားထားသော Seen and Be Seen ဘလောဂ့်မှ ကူးယူဖေါ်ပြသည်
နောက်ဆုံးခေတ်ရဲ့ နည်းပညာတွေနဲ့ ထုံမွှမ်းနေတဲ့ ဒီကျွန်းနိုင်ငံလေးက ကျောင်းတွေမှာ လူနဲ့တူရင် အသိအမှတ်ပြုတဲ့ Certificate ပေးရတာကလဲ နောက်ဆုံးခေတ်ရဲ့ ဗျူဟာတစ်ခုထင်ပါရဲ့။ ဒီအသိအမှတ်ပြုလက်မှတ်ရဲ့ နာမည်က
"Caught You Doing Right" ပါတဲ့။
မူလတန်းအရွယ်မှာ iPhone နဲ့စာသင်ကြရတဲ့ ကလေးတွေရဲ့ ကံကြမ္မာက လိုက်မမှီနိုင်ပါဘူး။ Learning Trail လို့ခေါ်တဲ့ သင်ကြားရင်း၊ အလည်သွားရင်း ဆိုတဲ့ Program တွေမှာ သူတို့လေးတွေ iPhone လေးတွေကိုယ်စီနဲ့။ ကျောင်းမှာလဲ White Board ခေတ်မဟုတ်တော့ဘူး။ Smart Board နဲ့။ အတန်းတိုင်းမှာ Net book တွေ၊ Tablet တွေကိုယ်စီနဲ့။ အသံသွင်းစရာတွေ၊ Video တွေအတွက် Studio နဲ့။ အရာရာတိုင်းက နောက်ဆုံးပေါ်၊ နောက်ဆုံးနည်းပညာနဲ့ နောက်ဆုံးခေတ်ရဲ့ ပညာရေး။
ဒီလိုခေတ်မှီကျောင်းမှာ ခေတ်မီဆရာတစ်ယောက် ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတာကို ကျောင်းသားတစ်ယောက်က ဒီလိုမေးတယ်။ "Teacher, are you watching p*** site?" ဆရာဖြစ်သူက ဆုံးမချင်လို့ လာဦးခေါ်တော့ "Teacher is watching p*** site" လို့ အကျယ်ကြီးအော်ပြီး ထွက်ပြေးတယ်။ နောက်ကလိုက်တဲ့ ဆရာက လှေကားပေါ်က လိမ့်ကျလို့ Ambulance ခေါ်ပြီး ဆေးရုံတင်၊ ကလေးနဲ့ မိဘကို ခေါ်ပြီး Warning ပေးတော့ ကလေးက "Not Fair" လို့ အတန်းပိုင် ဆရာမကို ပြောတယ်။ သူ့ကို ဘယ်သူက လိုက်ခိုင်းလို့လဲ၊ သူ့ဟာသူ ချော်ကျတာ ငါနဲ့ မဆိုင်ဘူးတဲ့။ လုံးဝတွန့်ဆုတ်တွေဝေခြင်း၊ နောင်တရခြင်း ကင်းတဲ့ ပကတိမျက်နှာနဲ့။ ဪ... ခေတ်ရဲ့သားကောင်တွေမို့လဲ ခေတ်အတိုင်း စဉ်းစားကြလေသလား။
သူငယ်တန်းက ကလေးမလေးတစ်ယောက်လဲ ဆရာမစာသင်နေတုန်း စကားများနေလို့ ဟန့်လိုက်တာ ဆရာမကို လက်ခလယ်နှစ်ဘက်စလုံး ထောင်ပြသတဲ့။ ဆရာမက ဒီအပြုအမူရိုင်းတယ်၊ မလုပ်ရဘူးပြောတော့ နောက်တစ်ခါထပ်လုပ်ပြတယ်။ ဆရာမဖြစ်သူက မိခင်ကို ဖုန်းဆက်ပြီး "ရှင့်သမီး ဆရာမကို လက်ခလယ် ထောင်ပြတယ်" လို့ပြောတော့ "So, what?" တဲ့။ ဆရာမက "ကျွန်မကို လာတွေ့ပါ" လို့ ပြောတော့ မအားဘူး၊ နောက်မှလာမယ်တဲ့။ ဆရာမလည်း "No wonder" လို့ပဲ ပြောနိုင်တော့တယ်။
ဒီလို ဥပမာတွေရဲ့ အကျိုးဆက်ကတော့ ကျောင်းမှာ Department အသစ်တစ်ခု ဖွဲ့စည်းတာပါပဲ။ Character & Citizenship Education တဲ့။ ဒီဌာနရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်းပိစိသူ၊ ကျွန်းပိစိသား ကလေးသူငယ်များ
လူသားဆန်ရေးပါပဲ။ အဓိက ကတော့ ကျွန်းသား မဆန်ရေး ဆိုပါတော့။ ဒီလိုနဲ့ ဒီ Certificate လေးတစ်ခုပေါ်ထွက်လာပါတယ်။ လိမ္မာနားလည်မှု၊ စာနာတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ကျိုးစွန့်နိုင်မှု စတာတွေကို လုပ်နိုင်တဲ့ ကလေးတွေကို ပေးတာပါပဲ။ စာအုပ်တွေ တပွေ့တပိုက်နဲ့ ဆရာမလာရင် အသိစိတ်နဲ့ လာကူသယ်ပေးတဲ့ကလေး၊ အတန်းတိုင်းမှာ သူတပါး အခက်အခဲကို ကူညီတဲ့ကလေး၊ ကိုယ်ကျိုးထက် အများအတွက် နားလည်တဲ့ ကလေး။ ဒီလို ကလေးမျိုးတွေကို သတိထားမိတဲ့ ဘယ်ဆရာမ၊ ၀န်ထမ်းမဆို Department head ဆီကို Email ပို့ပြီး ကျောင်းအုပ်ကြီးကိုယ်တိုင်က Approve လုပ်၊ Assembly လို့ခေါ်တဲ့ ကျောင်းသူ၊ကျောင်းသား ဆုံတဲ့အချိန်မှာ အားလုံးရဲ့ရှေ့မှာ သေသေချာချာ ချီးကျူးစကားပြောပြီးမှ ဆုပေးတာပါ။ Certificate နမူနာလေးတွေက ဒါမျိုးလေးတွေပါ။
For her selfless act of extending a helping hand to a friend in need. Kelly readily gave tissue to a friend who vomited in class. She also went the extra mile to clean up her friend’s table and books. She was a comfort to her friend and her ‘Share and Care’ spirit is commendable.
For having gone the extra mile in showing care and concern for others. At a break during a soccer match, Ismail was seen pouring water for all his team mates first though he was perspiring profusely and was thirsty and tired. His selfless act is commendable.
For showing empathy and kindness to a P1 child who was crying. She even offered money to the child to make a call to her mother.
င်္င်္င်္For showing care and concern by voluntarily approaching and assisting a teacher who was carrying heavy books and bags. Wan Syukrina offered help to the teacher who was touched by her concern and thoughtfulness.
ကိုယ်တို့ခေတ်၊ ကိုယ်တို့နိုင်ငံရဲ့ ကျောင်းမှာသာ ဒါမျိုးဆုပေးရရင် စာတောင် သင်ချိန်ရှိပါ့မလားမသိ။ ကလေးအားလုံးနီးပါး ဆုရမယ်ထင်ရဲ့။ ဆရာမ ခင်ခင်ထူးရဲ့ ၀တ္ထုထဲကလို ဆရာမကို ဖိနပ်မပါ ဘူတာရုံထိ မိုးရွာရွာ၊ နေပူပူ လာကြိုရှာတဲ့ ကလေးငယ်တွေဆို ဘယ်လို ဆုမျိုးများ ပေးရပါ့မလဲ။
ဒီခေတ်မှီကျောင်းမှာတော့ ကျောင်းသား ၁၀၀၀ ကျော်မှာ နှစ်ပတ်တစ်ခါ ၃ ယောက်လောက် ဆုရကြတယ်။ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆုပေးပွဲရှိပြီး ဆုရတဲ့ ကလေးနဲ့ ဆုရတဲ့ အကြောင်းအရာကို Canteen / Library နဲ့ General Office တွေက TV ကြီးတွေမှာ တစ်နေကုန် ပြပြီး တစ်ကျောင်းလုံးကို ဂုဏ်ယူစေသေးတာ။ ခေတ်မီပါတယ် ဆိုနေမှလေ။
ဒီလိုနဲ့ နှစ်လလောက်ရောက်တော့ ကိုယ့်ကိုကိုယ် သိတတ်လိမ္မာယုံနဲ့ မပြီး၊ သူတပါးရဲ့ မေတ္တာ၊ စေတနာကို တန်ပြန်နားလည်ခြင်းကို လေ့ကျင့်နိုင်ဘို့ "Caught You Being Kind" ဆိုတဲ့ Certificate ကို ခေတ်မှီမှီ တီထွင်လိုက်ပြန်တယ်။ ဒါကတော့ ဆရာမတွေကို ကလေးတွေက ပြန်ပြီး အသိအမှတ်ပြု ပေးရတဲ့ လက်မှတ်။ ကိုယ်ချစ်တဲ့ ဆရာမကို ဘာလို့ ချစ်သလဲ ဆိုတာ အသိအမှတ်ပြု Comment လေးရေးပြီး Canteen ကပုံးကြီးထဲ သွားထည့်လိုက်ရုံပဲ။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ဒါနဲ့ပဲ ကလေးတွေကို တစ်လတိတိ ဒီအကြောင်း Assembly မှာ ကျောင်းအုပ်ကြီးက ပြောပြ၊ ရှင်းပြ။ တစ်လပြည့်တော့ ဒီပုံးကြီးကို ဖွင့်ကြည့်တော့ ဆရာမ ၁၀၀ ကျော် ရှိတဲ့ ကျောင်းမှာ စာရွက် ၃ ရွက်ပဲရတယ် ဆိုရင် ခေတ်မီ တယ်ပဲ ပြောရဦးမလား။ ကလေးတွေရဲ့ ရင်ထဲမှာ သူတပါးရဲ့ မေတ္တာ၊ စေတနာ ကို အသိအမှတ်ပြုရဲတဲ့၊ ပြုရကောင်းမှန်းသိတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးလဲ ခေတ်မီစွာ ပျောက်ဆုံးနေပြန်တယ်။ ခေတ်က သင်ကြားပေးတဲ့ အရိုင်းစိတ် တမျိုးလို့ ဆိုကြစို့ရဲ့။
ဆရာမတွေက ဒီလောက်ပဲ မေတ္တာတရား ခေါင်းပါးလို့လား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကိုယ့်စိတ်ထဲမှာ ဆရာမဖြစ်ဘို့ကို မွေးဖွားလာတယ်လို့ထင်မိတဲ့ ဆရာမ တော်တော်များများလဲ ဒီ ၃ ယောက်ထဲ မှာ မပါပြန်ဘူး။ တခုထူးခြားတာက ဒီ ဆရာမ ၃ ယောက်လုံး ရယ်စရာ အရမ်းပြောတတ်တာပါပဲ။ သူတို့ အချင်းချင်းလဲ အမြဲ ရယ်မောနေတဲ့ ဆရာမတွေ။ သူတပါးကို ရယ်မောစေခြင်း တစ်ခုပဲ အသိအမှတ်ပြုခံရတဲ့ မြို့ပြယဉ်ကျေးမှုလေလား မခွဲခြားတတ်ပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ၃ ယောက်မှသည် ၃၀၀ ဆီသို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကို ဘိုးဘွားရိပ်သာတွေခေါ်သွား၊ အဘိုးအဘွားတွေနဲ့ စကားပြောခိုင်း၊ မိနစ်တိုင်း ကလေးတွေ သေဆုံးနေတဲ့ အာဖရိက အကြောင်း၊ ဆင်းရဲနွမ်းပါးလို့ ပညာကို ခက်ခက်ခဲခဲ သင်ယူရတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ အကြောင်း ပြောပြပြီး ပြည့်စုံတဲ့ နိုင်ငံမှာ အေးအေးချမ်းချမ်း ခေတ်မီမီ ပညာသင်ကြားခွင့် ရတဲ့ ဘ၀ကို ကျေနပ်ဘို့၊ အမြဲတမ်း Complain တက်ဘို့ပဲ စဉ်းစားမနေကြဘို့ Slide Show တွေ၊ video တွေ မျိုးစုံနဲ့ အင်္ဂါနေ့တိုင်း သင်ကြားပေးကြတယ်။ နုနယ်တဲ့ နှလုံးသားလေးတွေ ခေတ်မီစွာ ရိုသားစေဘို့၊ ပညာတတ်ဆန်စွာ ယဉ်ကျေးစေဘို့ နဲ့ လူသားဆန်စွာ သိမ်မွေ့စေဘို့ ဆိုတာ ခေတ်မီ IT နည်းပညာတွေ၊ iPhone ထဲက Applications တွေထက် သင်ရခက်တယ် မဟုတ်လား။
ကိုယ်တိုင်လဲ Certificate ဘယ်နှစ်ခုလောက်ရှိမလဲစဉ်စားမိတယ်။ "Caught You Doing Right" က ဘယ်နှစ်ခု၊ "Caught You Being Kind" ကဘယ်နှစ်ခု၊ ပြောလို့ပြောတာ မဟုတ်ဘူး။ "Caught You Doing Wrong" တွေက ပိုများနေသလိုလို။ တချို့ Wrong တွေက ကိုယ်တိုင်သိပြီး သိပ်နောက်မကျခင် ရပ်တန့်လိုက်ပေမယ့် တချို့ကျတော့ Wrong နေပါတယ် ဆိုတာကြီးကို သိသိကြီးနဲ့ ကျေနပ်နေတာမျိုးလဲ ရှိတယ်။ ဘ၀မှာ ကျေကျေနပ်နပ်ကြီး အမှားခံလိုက်တဲ့ အဖြစ်အပျက်တွေ ရှိသလို နည်းနည်းလေးမှ အမှားမခံနိုင်တဲ့ စိတ်ပင်ပန်းခဲ့တဲ့ နေ့တွေလဲရှိနေပြန်ရော။ အမှားဆိုတာတွေ၊ လူတွေရဲ့ ပညက်ချက်တွေအားလုံးရဲ့ အပြင်ဘက်မှာ လိပ်ပြာသန့်သန့် ထွက်ရပ်နေချင်တဲ့ ဂေါက်တောက်တောက်နေ့တွေလဲ ရှိတယ်။ "မင်းမှားတော့မယ်ဆိုတာ သိလို့ပြောနေတာကွ" ဆိုတဲ့စေတနာစကားတွေကို မှားကြည့်လိုက်ဦးမယ်လို့ တန်ပြန်ခဲ့တဲ့စိတ်ရိုင်းဝင်တဲ့ နေ့တွေလဲ ရှိတယ်။ သူတပါးရဲ့ အမှားနဲ့ အရှုံးကို စောင့်ကြည့်ပြီး ၀မ်းသာတတ်တဲ့ လူတချို့ကို ပြုံးပြချင်တဲ့ နေ့တွေလဲ ရှိတယ်။ ကိုယ့်အမှားကို သူများအမှားလုပ်ပြီး မျက်နှာပြောင်ပြောင် လွှဲချတတ်တဲ့ လူတချို့ကို အာရုံနောက်တဲ့နေ့တွေလဲရှိတယ်။ အမှားကိုသိမှ အမှန်ပြင်လို့ရမှာပေါ့လို့ ပြောကြတဲ့ လူတွေကို "အမှားတိုင်းရဲ့ ဆန့်ကျင်ဘက်လားရာဟာ အမှန်ဆိုတာ သေချာရဲ့လား" လို့ပြန်မေးချင်တဲ့ နေ့တွေလဲ ရှိခဲ့ဘူးတယ်။
ကလေးတွေကို လူနဲ့ တူဘို့ လူကြီးတွေက ကြိုးစား၊ လူကြီးတွေ လူနဲ့ တူဘို့ကိုတော့ သက်ဆိုင်ရာ ဘာသာရေး သဘောတရား တွေက ကြိုးစား၊ အစွန်းရောက်တဲ့ လူလဲရောက်၊ လမ်းချော်တဲ့လူလဲရှိ၊ ဒီကြားထဲ Certificate ရူး ရူးသွားတဲ့ လူတွေလဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်ကို ယုံကြည်မှုရှိတဲ့ သူအတွက် ဘယ်သူဘယ်လို ပေးပေး တုန်လှုပ်စရာ မလိုပါဘူးလေ။
တကယ်တမ်းတော့ သူတပါးပေးတာထက် ကိုယ့်ကိုကိုယ်နေ့တိုင်းပေးနေတဲ့ Certificate တွေက ပိုအရေးကြီးတာပါ။ ဒီနေ့ ငါတော်တယ်၊ ဒီနေ့ ငါပျော်တယ်။ ဒီနေ့လောက် ညံ့တာမရှိဘူး စသည်ဖြင့်ပေါ့။ နေ့တိုင်းက ကောင်းမနေနိုင်သလို၊ နေ့တိုင်းလဲ မညံ့နိုင်ပါဘူးလေ။ ကိုယ့်ကိုကိုယ် အဆိပ်ဖြစ်စေမယ့် Certificate မျိုးမပေးမိဘို့လဲ အရေးကြီးပါတယ်။ "Caught You Being An Idiot" ဆိုတာမျိုးပေါ့။ ကိုယ့်ကတော့ အသက် ၃၀ ကျော်မှာ "Certificate of Caught You Doing Stupid" အမျိုးအစားပေါင်း ၃၀ ကျော်နဲ့ ပျော်ပျော်ကြီး ရွက်လွှင့်နေတုန်းပါပဲ။
Friday, July 9, 2010
လူနဲ့တူလို့ပေးတဲ့လက်မှတ် |
Friday, February 6, 2009
သင်ယူခြင်းအပေါ် စာမေးပွဲရဲ့ သက်ရောက်မှုများ |
ရေးသားသူ - S.S.
မကြာသေးခင် စင်္ကာပူနိုင်ငံမှ Primary Education Review and Implementation (PERI) Committee က မူလတန်းပညာရေးနဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အချက်တွေကို စင်္ကာပူနိုင်ငံရှိပညာရေးဌာနကို အကြံပေးတင်ပြခဲ့ပါတယ် ။ လူဦးရေ ၁၁ ယောက်ပါဝင်တဲ့ Primary Education Review and Implementation (PERI) Committee ကို Senior Minister of State (National Development and Education) ဦးဆောင်ပြီး ၊ ပညာရေးဌာနနဲ့ ပုဂ္ဂလိကနယ်ပယ်မှလူများနဲ့ ဖွဲ့စည်းထားပါတယ် ။ အဲဒီ PERI အဖွဲ့ဟာ ခုလို မူလတန်းပညာရေးနဲ့သက်ဆိုင်တဲ့အကြံပြုချက်တွေ မတင်ပြခင် လူဦးရေ ၆၀၀ ကျော်ပါဝင်တဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နဲ့ ဆရာ ဆရာမများ ၊ မိဘများ ၊ ပြည်သူလူထုတို့နဲ့ သူတို့တွေ့ရှိချက်တွေကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပါတယ် ။ [1]
PERI တင်ပြခဲ့တဲ့အကြံပြုချက်တွေဟာ ကလေးတွေကို စာပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ၊ ဘက်စုံပညာရေးပိုင်းကိုဦးတည်ထားပါတယ် ။ အကြံပြုချက်တွေအားလုံးထဲမှာ ထူးခြားသိသာပြောင်းလဲစေတဲ့အချက်ကတော့ မူလတန်းရဲ့ပထမဆုံးနှစ်တန်းဖြစ်တဲ့ Primary 1 & Primary 2 တွေမှာ စာမေးပွဲကြီးတွေမစစ်တော့ပဲ သင်ခန်းစာအလိုက်ပဲစစ်ဆေးတဲ့ assessment လို့ခေါ်တဲ့ အသေးစားစာမေးပွဲပုံစံလေးတွေပဲ လုပ်ဖို့ပါပဲ ။ [1]
မူလတန်းပထမနှစ်နှစ်မှာ စာမေးပွဲကြီးတွေမစစ်ဖို့အကြံပေးတယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီး စင်္ကာပူနိုင်ငံမှာရှိတဲ့စာဖတ်သူတွေဟာ သတင်းစာရဲ့ပေးစာအပိုင်းမှာ အဲဒီအကြံပြုချက်နဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲကြီးတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့ရင် ကလေးတွေဟာ သူတို့သင်နေရတဲ့ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာသင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့မြင်တဲ့အတွက် ထောက်ခံသလို ၊ တချို့ကျတော့လည်း အဲဒီနှစ်နှစ်အပြီးမှာ စာမေးပွဲကြီးတွေပေါ်အလေးထားတဲ့ အကြီးတန်းမူလတန်းပညာရေးကိုရင်ဆိုင်ရတဲ့အခါ ကလေးတွေနေသားကျပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲဆိုတာ လုံးဝမရှိတာတော့မဖြစ်သင့်ကြောင်း ၊ ကလေးတွေကို သင်ခန်းစာအလိုက်ရံဖန်ရံခါစစ်ဆေးတယ်ဆိုတာ ကောင်းသလိုထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ အဲလိုစစ်ဆေးတိုင်းအမှတ်ကောင်းရအောင် မိဘတွေက ကလေးတွေကို တွန်းအားပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ၊ စာမေးပွဲဆိုတာကို အရေအတွက်လျှော့ချပြီး အရည်အသွေးကိုပိုအလေးပေးသင့်ကြောင်း ၊ အရည်အသွေးကိုပိုအလေးပေးဖို့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲထုတ်ပေးတာထက် ကလေးတယောက်ဆီကို ဘယ်နေရာမှာလိုအပ်နေတယ်ဆိုတာမျိုး ပြန်လည်ပြောပြသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ကြပါတယ် ။ ပေးစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Primary 4 အဆင့်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတဦးဆီကပါ ။ သူရေးထားတာကတော့ ကျောင်းဆိုတာ စာပိုင်းဆိုင်ရာတွက်ပဲ သင်ကြားပေးနေတဲ့နေရာ မဖြစ်သင့်ပဲ ၊ ကျောင်းသားတွေကို ဘ၀မှာလူကောင်းတွေဖြစ်လာအောင်ပါ ပြုစုပျိုးထောင်သင့်ကြောင်းပါ ။ [2]
စာဖတ်သူတွေရေးထားတဲ့စာတွေကိုဖတ်ရင်း learning (သင်ယူခြင်း) နဲ့ motivation (လှုံ့ဆော် တိုက်တွန်းမှု) တို့ရဲ့ ဆက်စပ်မှုတွေကို သွားစဉ်းစားလိုက်မိတယ် ။ လှုံ့ဆော် တိုက်တွန်းမှု (motivation) ဆိုတာကို intrinsic (ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာသော) နဲ့ extrinsic (ပြင်ပအရာများကြောင့် ဖြစ်ပေါ်လာသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ လေ့လာသင်ယူခြင်းပိုင်းကိုလည်း deep learning (အချက်အလက်များကို သေချာ လေ့လာ တွေးခေါ် ဆက်စပ် နက်ရှိုင်းစွာ သင်ယူခြင်း) နဲ့ surface learning (အချက်အလက်များကို တစုံတရာရရှိဖို့အတွက် အပေါ်ယံ သင်ယူခြင်း) ဆိုပြီး အဓိကနှစ်မျိုးခွဲနိုင်ပါတယ် ။ ပညာရေးသုတေသီတွေ လေ့လာတွေ့ရှိတာကတော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲစာကျက်ကြတာဖြစ်တဲ့အတွက် သူတို့ဟာ အပေါ်ယံသင်ယူခြင်းမျိုးနဲ့ပဲ သင်ယူနေကြတယ်ဆိုတဲ့အချက်ပါပဲ ။ ဒီလိုဆိုရင် စာဖတ်သူတွေရေးထားတဲ့စာတွေထဲကလို စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလား လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ ဒါပေမယ့် နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကိုသင်ယူ မှတ်သား နိုင်ခဲ့သလဲဆိုတာကို ပြန်စစ်ဆေးဖို့အတွက် စာမေးပွဲဆိုတာမျိုး ပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။
တချိန်တည်းမှာပဲ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ် ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့ ၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ် ။ အဆင်မြင့်ပညာရေးတွေကို ဆက်တက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စကောလားရှစ်လျှောက်တာမှာပဲဖြစ်ဖြစ် ၊ အလုပ်တခုကို ကျောင်းအပြီးမှာ စလျှောက်တာပဲဖြစ်ဖြစ် ၊ အဲလိုအခါတွေမှာ စာမေးပွဲတွေရမှတ်ဟာ တပိုင်းတဒေသက အရေးပါနေတာအတွက် ကျောင်းသားတွေဟာ စာမေးပွဲရမှတ်အပေါ် အလေးထားကြတာ အံ့သြစရာတော့မဟုတ်ပါဖူး ။
ထပ်မံပြီးတော့ မကြာသေးခင်ကပဲ ဖတ်ပြီးသွားတဲ့ Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ "Why we do what we do - Understanding Self-Motivation" ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတွေကို ဆက်စပ်တင်ပြလိုက်ပါတယ် ။ အဲဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ စမ်းသပ်မှုတခုကတော့ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး ၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ ။ အဲဒီစမ်းသပ်မှုရဲ့တွေ့ရှိချက်ကတော့ - -
ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာနားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲကထုတ်ပြီးသားဖြစ်သွားလေ့ရှိကြောင်း Edward L. Deci က သူ့စာအုပ်ထဲမှာထောက်ပြထားပါတယ် ။
ပေတံတခုအဖြစ်သုံးနေရတဲ့ ဖယ်ရှားလို့မရတဲ့စာမေးပွဲဆိုတာကိုကျင့်သုံးနေရင်း ကျောင်းသားတွေကို နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ ၊ ကျောင်းသားတွေမှာ ပညာသင်ယူခြင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် ၊ သင်ကြားရေးပိုင်းမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို ပညာရေးသုတေသီတွေ ကြည့်လာကြပါတယ် ။ အဲဒီအခါမှာ မူလတန်း ၊ အထက်တန်း ၊ အဆင့်မြင့်ပညာရေးရယ်လို့ တကန့်စီပြန်လည်သုံးသပ်ကြပါတယ် ။ ငယ်ရွယ်စဉ်ကလေးတယောက်ရဲ့ ဦးနှောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတာတွေမှန်သမျှကို သင်ယူရာမှာ ရေမြုပ်တခုလိုပဲ စုပ်ယူနိုင်တဲ့စွမ်းအင်ရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ် ။ ဒါ့အပြင် ကလေးတယောက်ရဲ့ လေ့လာသင်ယူတဲ့နှုန်း (learning curve) ဟာ သူ့ဘ၀တခုလုံးမှာ အမြင့်ဆုံး (သို့မဟုတ်) အမတ်စောက်ဆုံး (steepest) ဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါကြောင့် ကလေးငယ်တွေအတွက်ဖြစ်တဲ့ မူကြို နဲ့ မူလတန်းပညာရေးတွေမှာ နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ သူတို့ဆီမှာ သူတို့သင်ယူနေရတဲ့အချက်အလက်တွေပေါ် စိတ်ဝင်တစားဖြစ်ပြီး ၊ ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် အလွန်အရေးကြီးတယ်လို့ ပညာရေးလေ့လာသူများက သုံးသပ်လာကြပါတယ် ။
အဲဒါကြောင့် စင်္ကာပူနိုင်ငံမှာလည်း အငယ်တန်းမူလတန်းပညာရေးမှာ ကျောင်းသားတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ (extrinsic motivation) လှုံ့ဆော်တိုက်တွန်းမှုကြောင့် ၊ အပေါ်ယံသင်ယူခြင်း (surface learning) တွေပဲ ဖြစ်နေမှာမလိုလားတဲ့အတွက် စာမေးပွဲကိုပဲအလေးထားတဲ့စနစ်ကို ကန့်သတ် (သို့မဟုတ်) ဖယ်ရှားဖို့ စတင်လေ့လာနေတာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ။
တကယ်တော့ ကျောင်းသားတယောက် ဘယ်လောက်အတိုင်းအတာအထိ လေ့လာသင်ယူထားနိုင်လဲဆိုတာကို တိုင်းတာဖို့ စာမေးပွဲလိုမျိုးပေတံတချောင်း လိုအပ်သေးတယ်လို့မြင်မိပါတယ် ။ အဲလိုမှမဟုတ်ရင် သင်ကြားနေရတဲ့ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး ။ တချိန်တည်းမှာ စာမေးပွဲဆိုတာတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ ကျောင်းသားတွေမှာစာကုံးကျက်နေရတာမျိုး မဖြစ်သင့်ပါဖူး ။
ဒါကြောင့် တူဒေးသတင်းစာရဲ့ပေးစာမှာရေးထားတဲ့ စာဖတ်သူတယောက်ရေးသလို အရေအတွက်ထက် အရည်အသွေးရှိတဲ့ စာမေးပွဲတွေကို အသုံးပြုဖို့အရေးကြီးပါတယ် ။ ဒါပေမယ့်လည်း ပညာရေးစနစ်တခုမှာ စာမေးပွဲနဲ့ပတ်သက်ရင် အဲလို နှစ်ဖက်ညီမျှတဲ့အခြေအနေဆိုတာရောက်လာဖို့ မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် အထောက်အကူပြုနိုင်မယ့်အပြောင်းအလဲတွေကို စမ်းသပ်သင့်တာမျိုး ၊ ရလဒ်ကိုသုံးသပ်ပြီး ပြန် ညှိယူရတာတွေလုပ်ဖို့လည်း အရေးကြီးသလို လုပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်မိပါတော့တယ် ။
ကိုးကား။
[1] Today Newspaper (http://www.todayonline.com) - Front Page, 28 Jan 2009 issue
[2] Today Newspaper (http://www.todayonline.com) - Forum Section, 4 Feb 2009, 6 Feb 2009 issues
[3] Why we do what we do - Understanding Self-Motivation (Edward L. Deci)
[4] Primary Education Review and Implementation (PERI) Committee Shares Preliminary Recommendations (http://www.moe.gov.sg/media/press/2009/01/strong-fundamentals-for-future.php)
Thursday, August 9, 2007
IT in Education |
စင်္ကာပူနိုင်ငံရဲ့ မူလတန်း၊ အလယ်တန်းတွေမှာ ကလေးတွေကို ကွန်ပျူတာမသုံးရင် မဖြစ်အောင်ကို သင်ရိုးညွှန်းတန်းတွေကို ပြင်ဆင်ထားပါတယ်။ Primary 1 စတတ်တဲ့ ၇ နှစ်အရွယ်တောင် ကလေး Software လေးတွေသုံးပြီး သူတို့ အတွက် လုပ်တဲ့ Junior Olympic Day အတွက် ဖိတ်စာကတ်လေးတွေကို ကိုယ်တိုင်လုပ်ကြရပါတယ်။ Primary 2 အရွယ်တွင် Report လေးတွေကို MS Word နှင့် ရေးတတ်အောင် သင်ပေးနေပြီ။ Primary 3 အရွယ်တွင် တစ်ယောက်ချင်းစီ Presentation လုပ်နိုင်ဘို့ Power Point ကို သင်ကြားပေးသည်။ Primary 4 အရွယ်တွင် သချာင်္ဘာသာရပ်အတွက် Excel Formula နှင့် Charts ကိုသင်ကြားပေးနေသည်။ Primary 5 အရွယ်တွင် ကလေးတွေရဲ့ Learning Journey တွေ၊ Project တွေအတွက် အချင်းချင်း share လုပ်နိုင်ဘို့၊ Newsletter တွေထုက်နိုင်ဘို့ MS Publisher နှင့် E-Portfolio တွေကို သင်ကြားပေးသည်။ Primary 6 အရွယ်တွင် Video Editing နှင့် Blogging ကို ကျွမ်းကျင်နေကြပြီ။ အသက် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်တွင် IT ကို ကျောင်းသင်ခန်းစာများနှင့် ကျွမ်းကျင်စွာ ပေါင်းစပ်တတ်မြောက်ကြပြီ။

