Showing posts with label Reference - Educational Psychology. Show all posts
Showing posts with label Reference - Educational Psychology. Show all posts

Saturday, September 11, 2010

ပုံမှန် ကလေး၊ ပုံမှန် ဆရာ

သိန်းနိုင်

“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”


အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။

ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။

တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။

ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ

စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။

အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။

ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။

အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။

နောက်ဆက်တွဲ အချက်တစ်ချက်

အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။

စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။

ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။

စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။

နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။

သိန်းနိုင်

Sunday, September 5, 2010

သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း

သိန်းနိုင်

“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”


ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။

ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။

သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။

သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။

နည်းနည်းစီ သင်ကြားခြင်း

သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။

အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။

တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။

ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….

(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။

အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။

ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

သင်ကြားရေး ကိရိယာများ

အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်

Tuesday, March 16, 2010

ပညာရှာရာ စိတ်၏ လွတ်လပ်မှု

သူရိန်ထက်လင်း
(စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁) ဇွန်လ၊ ၂၀၀၄)

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် စိတ်ပညာ၏ ပါဝင်ကူညီမှုကို ရှေ့အခန်း၌ ဆွေးနွေးခဲ့ပါသည်။ ယင်းမှာအခြားမဟုတ်။ ကလေးပညာရေး ပျိုးထောင်မှု၌ ဘာသာပညာသက်သက် သင်ကြားပို့ချပေးခြင်းကို အဓိကမထားဘဲ ကလေးတို့၏ ဗီဇစွမ်းရည် ဘ၀လိုအင် အပြုအမူနှင့် စိတ်ပါဝင်စားမှုများကိုပါ ထည့်သွင်း စဉ်းစားရန်ဖြစ်သည်။ ပညာရေးသည် လူနှင့် ဆက်လုပ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ လက်သမားဆရာကဲ့သို့ သစ်တုံး သစ်ချောင်းများကို သွင်းယူရသည်မဟုတ်။ မက္တင်းနစ် ဆရာကဲ့သို့ စက်ပစ္စည်းကိရိယာတို့ဖြင့်ကိုင်တွယ် တပ်ဆင်ရသည် မဟုတ်။ အဖိုးတန် သက်ရှိ ကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ သည့်အတွက် ပညာရေးသည် အမှားအယွင်းမခံ။

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွင်း တစ်စုံ တစ်ရာ အမှားအယွင်းရှိပါက ကလေးငယ်တို့၏ ဘ၀ တစ်လျှောက်လုံး တိမ်းပါးသွားနိုင်သည်။ ဆက်လက် တွေးယူသော် အနာဂတ် လူငယ်များ၏ ဘ၀ အရည် အသွေးနှင့် လူ့အဖွဲ့အစည်းရေးရာ အလုံးစုံတို့သည်ပင် ဆုတ်ယုတ် နိမ့်ပါးသွားနိုင်သည်။သည့်အတွက် ပညာရေး၌ ကလေးတို့၏ ဗီဇစွမ်းရည်ပုန်းများနှင့် ကာယစိတ္တ အရည်အသွေးတို့ကို နည်းမှန်လမ်းမှန်ဖြင့် မြှင့်တင်ပေးရမည်။ အခြားတစ်ဖက်တွင်လည်း ကလေးတို့အနေဖြင့် ဘဝအနှောင်အတန်း တို့မှ လွတ်မြောက်ပြီး စိုးရိမ်သောက ဗျာပါဒ ကင်းကင်းဖြင့် ပညာရှာဖွေခွင့် ရှိစေရန် လိုပေသည်။

လူတွင်ရုပ်ပိုင်း၊ စိတ်ပိုင်းဘဝလိုအပ်ချက်များရှိသည်။ ဘဝလိုအင်များရှိသည်။ ဆာလောင်သည့်အခါ အစာ လိုမည်။ ရေဆာသည့်အခါရေလိုသည်။ အေးသည့်အခါ အဝတ်လိုမည်။ နာကျင် ဝေဒနာ ခံစားရသည့်အခါ ဆေးဝါးကုသမှုလိုမည်။ ယင်းတို့ကို ရုပ်ဘဝလိုအပ်ချက်များဟု ဆိုနိုင်ပေသည်။ ထို့အတူတစ်ကိုယ်ရည် အထီးကျန်သည့်အခါ အပေါင်းဖော်လိုမည်။ ပျင်းရိငြီးငွေ့သောအခါ ဖြေဖျော်မှုလိုမည်။ စိတ်အားငယ်သောချိန် အားပေးမြှင့်တင်မှုလိုမည်။ ယင်းတို့ကို စိတ်ဘဝ လိုအပ် ချက်များဟု ဆိုနိုင်သည်။ ယင်းလိုအပ်ချက်များကို မူတည်၍ စားကောင်းသောက်ဖွယ် ဘဝလုံခြုံမှု သူငယ်ချင်း မိတ်ဆွေ ဝင်ငွေ လှုပ်ရှားဆောင်ရွက်မှု အပန်းဖြေ နားနေမှု ကျန်းမာပျော်ရွှင်ခြင်းနှင့် လွတ်လပ်မှုများကို အလိုရှိကြပါလိမ့်မည်။ သို့ရာတွင် လူတိုင်းလူတိုင်းသည် ယင်းလိုအပ်ချက်များနှင့် လိုအင်များကို အပြည့်အဝ ဖြည့်ဆည်းခံစားရမည်မဟုတ်ပေ။ အထူးသဖြင့် ပညာ ရှာဖွေဆည်းပူး နေသော ကလေးငယ်များအဖို့ ယင်းဘဝလိုအင်များ မပြည့်စုံပါက သူတို့လေးတွေ၏ ပညာရေး ခရီး တွင် လမ်းမပေါက်ဘဲဖြစ်နိုင်သည်။ ပညာရှာရာ စိတ်၏လွတ်လပ်မှုဆိုရာ ဘဝလိုအင်တို့မှ လွတ်လပ် ရန် (Freedom from wants)နှင့် စိုးရိမ်သောက(အကြောက်တရား) တို့မှ လွတ်လပ်ရန် ( Freedom from anxiety & fear) တို့ကို ညွန်းဆိုခြင်းပင်ဖြစ်သည်။ ယင်းတို့ကိုရှင်းလင်းရန် အောက်တွင် ဖော်ပြမည့် ကလေးငယ်နှစ်ဦး၏ ပြဿနာကို စောကြောကြည့်စေလိုပါသည်။

ပထမကလေးမှာ လူလတ်တန်းစား မိသားစုမှ မွေးဖွားလာသော “ဂျော်နီ”လေးဖြစ်သည်။ ကလေးက သူလိုချင် နေသော ရောင်စုံခဲတံဘူးလေးကို မဝယ်ပေးသဖြင့် မိခင်အား စိတ်ကောက်ပြီး ညစာမစားဘဲ အငတ်ခံနေသည်။ ဒုတိယကလေးမှာ ရရစားစားမိသားစုမှ မွေးဖွားလာသော “ရော်ဂျာ” လေးဖြစ်သည်။ ရော်ဂျာတို့ မိသားစုမှာ ဆင်းရဲတွင်းနက်လှသဖြင့် နပ်မှန်အောင်ပင် မနည်း ရုန်းကန် နေရသည်။ ယခုလည်း ဖခင်အလုပ်မှ ပြန်မလာ သေးသဖြင့် ရော်ဂျာလေးမှာ ညစာမစားရသေးပါ။ ဆာလောင်မွတ်သိပ်မှု ဝေဒနာကို ခံစားနေရသည်။

ပြဿနာမှာ “ညစာမစားသူချင်း အတူတူ မည်သူက လွတ်လပ်မှု အခွင့်အရေးကို ပိုင်ဆိုင်ပါသနည်း” ဟူသည်ပင်၊ ရှင်းပါသည်။ ဂျော်နီလေးမှာ သူ့မိခင်က ရောင်စုံခဲတံဘူးလေး ဝယ်ပေးလျှင် ဒါမှမဟုတ် သူကိုယ်တိုင်စိတ်ဆိုးပြေလျှင် ညစာကို အချိန်မရွေးထ စားသောက်နိုင်သည်။ ညစာနှင့် ပတ်သက်ပြီးသူ့မှာ ရွေးချယ်ခွင့် အပြည့်အဝရှိသည်။ ရော်ဂျာလေးမှာ အချိန်မရွေးထ စားစရာ မရှိ။ ညစာကို သူမရွေးချယ်သည့် အပြင် သူ့ဖခင်အဆင်မပြေလျှင် ညစာမှ စားရပါ့မလားဟု စိုးရိမ်သောက ဖြစ်နေရရှာသည်။ သည့်အတွက် ဂျော်နီလေးကို လွတ်လပ်သူအဖြစ် ရှုမြင်နိုင်သည်။ ရော်ဂျာလေးမှာ ဆင်းရဲချို့တဲ့သော ဘဝနှောင်တည်းမှုကို ခံနေရသဖြင့် လွတ်လပ်မှု အခွင့်အရေးကို မခံစားရရှာ။ စိုးရိမ်သောကပင် ဖြစ်နေရရှာသည်။ ဆင်းရဲချို့တဲ့ခြင်း နှင့် ဘဝလိုအပ်ချက်များ မပြည့်ဝခြင်းသည် ပညာသင်ယူခြင်း၌ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဥပမာ.......

အိမ်မှ ထမင်းမစားဘဲ ကျောင်းသို့လာရသော ကလေးသည် အဘယ်မှာ အားအင် ပြည့်ဝပါမည်နည်း။ ကျောင်းဆင်းအိမ်ပြန်သောအခါ ထမင်းမှစားရပါ့မလားဟု စိုးရိမ် နေရှာသော ကလေးသည် အဘယ်မှာ စာသင်ဖြောင့်ပေမည်နည်း။

ဆိုလိုသည်မှာ ဆင်းရဲချို့တဲ့သော မိသားစုဝင် ကလေးများ ပညာစိတ်ဝင်စားမှုနည်းပါးရခြင်းမှာ အခြေခံ ဘဝလိုအင်များ မပြည့်ဝသောကြောင့်ပင်ဖြစ်သည်။ မက်ဆီကန် ကျောင်းသားလေးများသည် ခရမ်းချဉ်သီး ခူးချိန်ရာသီတွင် ကျောင်းသို့မလာပေ။ မိဘများကို ဝင်ရောက်ကူညီနေကြရသည်။ သူတို့အဖို့စားဝတ်နေရေး ပြည့်စုံရေးအတွက် ကူညီရန်မှာ ကျောင်းမှန်မှန်တက်၍ ပညာသင်ယူခြင်းထက် အရေး ကြီးသကဲ့သို့ ဖြစ်သည်။ သည့်အတွက် အလ်လီဆင်ဒေးဗစ် (Allison Davis) ကဲ့သို့ ပညာရှင်များက “စားဝတ်နေရေး မပြည့်စုံသော ကျောင်းသားများအား စာသင်ကျောင်းကို ပိုမိုမက်မောလာအောင် ဘဝ ပညာ အတွေ့အကြုံများ လုံလုံ လောက်လောက် ဖြည့်ဆည်းပေးရမည်”ဟု အကြံပြုသည်။ လိုအပ်ပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပူးပေါင်းဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

လူသား၏ အခြားသော အခြေခံဘဝလိုအင်တစ်ခုမှာ ဘေးအန္တရာယ်တို့မှ ကင်းလွတ်ရန် (ဝါ) ဘဝလုံခြုံမှု ရှိရန်ပင်ဖြစ်သည်။ ကလေးသည် အစားအသောက်အနေအထိုင် မှန်ကန်သောကြောင့် ကိုယ်ကာယ ဖွံ့ဖြိုး နေပေမည်။ ကျန်းမာဝဖြိုးနေပေမည်။ သို့သော်မတော်တဆ ဒဏ်ရာရရှိခြင်း၊ အနာ ရောဂါကူးစက်ခြင်း၊ ရုတ်တရက် အန္တရာယ်ကျရောက်ခြင်းတို့ကြောင့် ဘေးရန်စနိုင်သည်။ မည်သူ တစ်ဦးတစ်ယောက်မဆို ဘေးအန္တရာယ်နှင့် မကြုံတွေ့လို၊ ဘဝကို လုံခြုံမှု ရှိရှိ အေးအေးချမ်းချမ်း နေထိုင်လိုသည်။ သည့်အတွက် အသွားအလာ အနေအထိုင် ဆင်ခြင်ရသည်။ ဘေးအန္တရာယ်များ မကြုံတွေ့စေရန် သတိထားနေကြရသည်။ အနာရောဂါ မကူးစက်နိုင်ရန် သန့်ရှင်းလတ်ဆတ်သော အစာကိုသာစားခြင်း၊ ရောဂါကာကွယ်ဆေး မှီဝဲသုံးစွဲခြင်းတို့ကိုပြုရသည်။ လူသားတို့ရင်ဆိုင်ကြုံ တွေ့ရမည့် အန္တရာယ်များတွင် မတော်တဆ ထိခိုက် နာကျင်မှုနှင့် ဖျားနာရောဂါ ရေဘေး မီးဘေး ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် လူမျိုး ဘာသာ ပဋိပက္ခ ခိုးဆိုးလုယက် မငြိမ်မသက်မှု များ စစ်ပွဲများစသည့် လူမှုမတည်ငြိမ်မှု အန္တရာယ်ဟူ၍ ခွဲခြားနိုင်ပေသည်။

စစ်အတွင်းကျောင်းတက်နေရသော ကလေးသည် စိတ်၏လုံခြုံမှုတို့ရရှိမည် မဟုတ်ပေ၊ အိမ်ပြန်ရောက်လို့မှ ဘေးလွတ်ပါမည်လားဟုစိုးရိမ်နေရှာသည်။ ရေကြီးနေသော ချောင်းကို ဖြတ်ကာ အိမ်ပြန်ရမည်ကို တွေးပူ နေသော ကလေးသည်လည်း စာထဲစိတ်ဝင်စားမည်မဟုတ်ပေ။ သေနတ် သမားတို့၏ ခြိမ်းခြောက်ခံနေရသော စာသင်ကျောင်းမျိုးကိုလည်း မည်သည့်ကလေးမှ သွားချင်မည် မဟုတ်ပေ။ အနာရောဂါတို့ နှိပ်စက်ခံနေရသော ကလေးသည်လည်း ပညာကို စိတ်လွတ်လက်လွတ် သင်ယူဆည်းပူးနိုင်မည် မဟုတ်ပေ၊ ကလေးတို့ ဘေး အန္တရာယ် ကင်းကင်း လုံခြုံမှုရှိရှိဖြင့် ပညာသင် ယူရန် လိုအပ်ပေသည်။ သည့်အတွက် ယနေ့ စာသင်ကျောင်း များတွင် ကျောင်းကျန်းမာရေးနှင့် အခြား သော လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများ ထားရှိပေးသင့်သည်။

ဘဝလုံခြုံမှုအကြောင်း ဆွေးနွေးရာမှာ ဖော်ပြပါ ရုပ်ဘဝလိုအပ်ချက်များအပြင် စိတ်ဘဝလုံခြုံမှု လိုအင်ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ယင်းမှာ အခြားမဟုတ် ပညာရှာရွယ် ကလေးငယ်တို့အား စိတ်၏ကျေနပ် နှစ်သိမ့်မှုနှင့် နွေးထွေးလုံခြုံမှုကို ပေးနိုင်စွမ်းသော ချစ်ခြင်းမေတ္တာကို လိုလား တောင့်တမှုမှာ လူသားဘဝတွင် အရေးပါသော စိတ်အခြေခံ လိုလားချက်တစ်ရပ်ဖြစ်သည်။ ချစ်ခြင်း မေတ္တာနှင့် ကြင်နာယုယမှုကို မခံစား ရသော ကလေးသည် ရေနှင့်ဝေးသော ကြာကဲ့သို့ ဘဝ ခြောက်သွေ့နွမ်းလျကာ ကိုယ်ရောစိတ်ပါ မချမ်းမြေ့ နိုင်ပေ။ ချစ်ခင်ကြင်နာမှုကို ခံစားရသော ကလေး သည် မေတ္တာတရား၏ အဖိုးထိုက်တန်ပုံကို သိနားလည်ပြီး အခြားသူများအားလည်း ချစ်ခင် ကြင်နာပေလိမ့်မည်။

ကလေးငယ်တို.သည် အစ်ကို အစ်မများ လူကြီးမိဘများ၏ ချစ်ခင်ကြင်နာမှုကို ရရှိလိုကြ သည်။ အကြောင်း အမျိုးမျိုးကြောင့် အိမ်တွင် အချစ်မခံရသော ကလေးသည် သူငယ်ချင်း မိတ်ဆွေ ဆရာ ဆရာမများ၏ ချစ်ခင် ကြင်နာမှုကို ရရှိရန်လိုအပ်သည်။ သို့မဟုတ်ပါက မိမိအား ဂရုစိုက်မည့်သူ မရှိဟု စိတ်အားငယ်ပေမည်။ ကျောင်းစာသင်ရာမှာလည်း စိတ်မပါဖြစ်တတ်သည်။

ချစ်ခင်ကြင်နာမှုကို မခံစားရသော ကလေးသည် စိတ်အားငယ်ခြင်း မကျေနပ် မရောင့်ရဲခြင်း ရွံရှာခြင်း ဝန်တိုခြင်းစသည့် သဘာဝဆိုးများ ဝင်ရောက်လာတတ်ပေသည်။ ထိုအခါ စိတ်ထားဖွံ.ဖြိုးမှု ဘက်တွက် အနှောင့်အယှက်ဖြစ်တတ်ပြီး ဘဝပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ချစ်ခင်ကြင်နာမှုကို ရရှိသော ကလေးမှာမူ စိတ်၏ လုံခြုံမှုကို ခံစားရပေသည်။ ထို.ကြောင့် အိမ်မှ ထွက်နိုင်သော အချိန်သို့ ရောက်သောအခါ အရပ်ထဲမှာဖြစ်စေ စာသင်ကျောင်းမှာဖြစ်စေ မိမိကိုယ်ကို ယုံကြည်မှုရှိကာ ဆက်ဆံ ပေါင်းသင်းမှုတို့တွင် ပြေပြစ်လာမည်။ ဘဝကြင်ဖော်ရှာသည့် အရွယ်သို့ ရောက်သော အခါမှာလည်း အချစ်ပြဿနာ မရှုပ်ထွေးဘဲ မျှဝေပေးဆပ်နိုင်ပေမည်။

စားဝတ်နေရေး ဘဝလုံခြုံရေး ချစ်ခြင်းမေတ္တာတို.အပြင် လူသား၏ အခြားလိုအင်တစ်ခုမှာ မိတ်ဆွေ ပေါင်းသင်း လိုလားချက်ပင် ဖြစ်သည်။ လူသည် ကျွန်းတစ်ကျွန်း သစ်တစ်ပင်မဟုတ်ပေ၊ လူမှု အသိုင်းအဝန်း သက်ဝင် ရှင်သန်နေသူ သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် အဆက်အဆံပြုရင်း ပူးပေါင်းဆောင်ရွက်ရင်း ပေါင်းသင်းနေထိုင်ကြသည် သာဖြစ်သည်။ ကလေးငယ်ဘဝတွင် မိဘ အစ်ကို အစ်မများ၏ အချစ်မေတ္တာနှင့် ကြင်နာ ယုယမှုကို လိုချင်သည်။ မိသားစု အလယ်တွင် နေရာပေးခံရသော် စိတ်ချမ်းသာမှုကို ဖြစ်စေသည်။ ယင်းသည် ပေါင်းသင်းဆက်ဆံရေး လိုအင်၏ အခြေခံလည်းဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်မဆို အရပ်ထဲမှာလည်းကောင်း စာသင်ကျောင်းမှာလည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်း များ၏ အရေးပေးခြင်း အသိအမှတ်ပြုခြင်းကို ခံလို၏။ အများအလယ်မှာ ထင်ပေါ်လို၏။ အများ၏ ဝိုင်းပယ်မှုကိုမူ မခံစားလို အချို့ကလေးများသည် အများ၏ အသိအမှတ်ပြုခြင်းကို မခံရပါက အဖျက်စိတ်ဝင်ပြီး နည်းလမ်းမမှန်သော အမူအကျင့်တို့ ဖြင့် တစ်ပါးသူများက မိမိအား ဂရုပြုလာအောင် လုပ်ဆောင်တတ်ကြသည်။ ထို.ကြောင့် ကလေးသူငယ် ကျောင်းသား လူငယ်တို့အား ပတ်ဝန်းကျင် ဆက်ဆံရေးမှာ မျက်နှာမငယ်ရလေအောင် ထိုက်သင့်သော လူမှုအဆင့်အတန်းဖြင့် နေရာပေးသင့်သည်။ ကလေးတို့ကိုယ်တိုင်ကိုလည်း သူတို့လိုလားသော အဆင့်အတန်းနှင့်အညီ ပတ်ဝန်းကျင် အပေါင်းအသင်း များနှင့် ညှိယူဆက်ဆံနိုင်ရန် အလေ့ အကျင့် ပေးရမည်။ ရံဖန်ရံခါ လူမှုရေးမှာ မျက်နှာသာ အပေးမခံရသဖြင့် ပညာရေးမှာ ထိခိုက်သည် များရှိသည်။

စာသင်ကျောင်းမှာ ဆရာ ဆရာမများ၏ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်း အပြစ် တင်ခြင်းကို ခံရသော ကလေးအတန်းဖော်များ၏ နှိမ့်ချ အရှက်ခွဲခြင်း ခနဲ.ခြင်း ရန်လို မုန်းထားခြင်းကို ခံရသော ကလေးသည် အဘယ်မှာလျှင် စာသင်ကျောင်းမှာ ပျော်ပိုက်ပါမည်နည်း။ သည့်အတွက် စာသင်ကျောင်း များသည် ကလေးတို.၏ လူမှုရေးအားနည်းချက် ပညာရေးအားနည်းချက်များကို ဖြည့်စွမ်း အကူအညီပေးရမည်။ အတန်းသား အချင်းချင်းအားလည်း တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားရန် တစ်ဦး၏ အရည်အချင်းကို တစ်ဦးက ချီးကျူးဂုဏ်ပြုရန် ပညာရေး အပါအဝင် အခြား ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ရန် အပြန်အလှန် ယုံကြည်မှုရှိရှိဖြင့် ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းတို့ ၏ အမူအကျင့်များကို မွေးမြူတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရပါမည်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင့်အတန်းမြင့်မားရန် မျှော်မှန်းထားသူများသည် ပညာကို ပိုမိုလို လားစွာ အလေးထား သင်ယူတတ် ကြသည်။ ပညာတတ်ခြင်း အားဖြင့် ဘဝဖူလုံပြည့်စုံပြီး ကိုယ်ပိုင် စွမ်းဆောင်ရည်များလည်း မြင့်မားလာနိုင် ပေသည်။

လူသား၏ စိတ်အခြေခံ လိုအင်များတွင် ဘဝဖူလုံပြည့်စုံလိုမှုနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည် မြင့်မားလိုမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ လူသည် မတောင့်မတ မကြောင့်မကြ နေလိုသည်။ မိမိအရည်အသွေး ကို မိမိမြှင့်တင်ပြီး ပြဿနာအထွေထွေကို ဦးဆောင်ဖြေရှင်းလိုသည်။ ဘဝ မြင့်မားလိုမှုသည် လူကို မောင်းနှင်ပေးသော စေ့ဆော်တွန်းအား သည် ပညာရှာရှာ အလုပ်လုပ်ရာမှာ စွမ်းထူးတို့ကို ပေးစွမ်းသည်။ ဟားဘတ်စပင်စာ (H.Spencer) ဆိုခဲ့သလိုပင် ပညာရေးသည် ပြီးပြည့် စုံသော ဘဝနေထိုင်မှု (Complete living) အတွက် ပြင်ဆင်ပေးခြင်းလည်းဖြစ်သည်။ အထူးသဖြင့် သက်မွေးပညာနှင့် အလုပ်အကိုင် ဖြစ်သည်။

ပညာရေးသည် လူသား၏ သက်မွေးဘဝပြည့်စုံလုံလောက်စေရန် အာမခံပေးဖို့လိုသည်။ သက်မွေးဘဝ အာမခံချက်ဆိုရာမှာ စားဝတ်နေမှုတည်းဟူသော ဘဝလိုအပ်ချက်တို့ဖူလုံရန်သာမက သင့်လျော်သော လူ့အဆင့်အတန်းနှင့်အညီ ရှင်သန်နေထိုင် နိုင်ရန်ပါ ရည်ရွယ်ရပါမည်။ သက်မွေးဘဝ အာမခံချက်မရှိသော ပညာရေးမျိုးကို မည်သည့် ကျောင်းသားလူငယ်ကမျှ စူးစူးစိုက်စိုက်လေ့လာ သင်ယူမည် မဟုတ်ပေ။ လူသည် မိမိအဆင့်အတန်းကို တိုးတက်မြင့်မားလိုသည်။ ပညာရေး အရဖြစ်စေ လူမှုရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဇွဲရည်သန်သန် ကြိုးစားအားထုတ်ရင်း မိမိ မျှော်မှန်းထားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်လိုကြပေသည်။ လူသား၏ ဘဝအဆင့်အတန်းနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည်တို့ မြင့်မားရန် ပညာသည် သော့ချက်ဖြစ်သည်။ ပညာသည် သက်မွေး အလုပ်အကိုင် စားဝတ်နေရေး ဖူလုံမှု သင့်လျော်သော လူမှုအဆင့်အတန်း ရရှိရန်အတွက် အဓိက ကျသော လိုအပ်ချက်ဖြစ်သည်။ အခြားတစ်ဖက် ကလည်း တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မြင့်မားလိုမှုနှင့် လျော်ညီစွာ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန် တွေးဆမြော်မြင်နိုင်ရန် တီထွင်ဖန်တီး တတ်ရန် ရည်မှန်းချက် ပန်းတိုင် ထားရှိကာ အလုပ်လုပ်တတ်ရန် ပညာကို လိုလားစွာ ရှာဖွေရပေမည်။

ကလေးတို့၏ပညာရှာဖွေဆည်းပူးရေး ခရီးစဉ်မှာ ဘဝလိုအပ်ချက်များ၏ အရေးပါ လွှမ်းမိုးမှုများကို ဆွေးနွေးခဲ့ပါသည်။ ကလေးတို့၏ ပညာရှာဖွေဆည်းပူးရေးတွင် ဘဝ ဝန်ထုပ် ဝန်ပိုးများ တလေးတပင်ရှိ မနေရပါ။ စိုးရိမ် သောက ဗျာပါဒ တရားတို့မှလည်း လွတ်ကင်းရန်လိုပေသည်။ ယေဘုယျအားဖြင့် ပညာရေးဟူသည် လွတ်လွတ်လပ်လပ် ရှာဖွေ ဆည်းပူးရသော ( Free to Learn) လုပ်ငန်းစဉ်ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးခွင့် ရှိပါသော်ငြားလည်း ဘဝအနှောင် အတည်းများကြောင့် ဖြစ်ရသော စိတ်ဖိစီးလေးလံခြင်း စိုးရိမ်သောက ဖြစ်ရခြင်းများသည် ပညာရှာဖွေ ဆည်းပူးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ သည့်အတွက် ဆရာ ဆရာမ များသည် ကလေးတို့ အဘယ်ကြောင့် ငေးငိုင်နေသည်ကိုလည်းကောင်း အဘယ်ကြောင့်စာထဲ စိတ်မဝင်စားရသည်ကိုလည်းကောင်း လေ့လာစုံစမ်း ရပေမည်။ ကလေးတို့မှာ စိတ်လိုအင် မပြည့်ဝမှုများ အခက်အခဲနှင့် ဆုံးရှုံးမှုများရှိပါက နွေးထွေးစွာ အားပေးကူညီရမည်။ ကလေးတို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပညာရှာဖွေနိုင်စေရန် စီမံဖန်တီးပေးထားရပေမည်။

ရည်ညွှန်းချက်-
ကျေးလက်မှ ကျောင်းတက်နေသော ညီ/ညီမငယ်များသို့

သူရိန်ထက်လင်း
(ကလေးပညာရေး ပျိုးထောင်မှု)
စပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၄

Sunday, January 24, 2010

ဥာဏ်အမျိုးမျိုးအဖုံဖုံ


Written by နှင်းဆီ
Thursday, 30 July 2009 10:55
ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း သြဂုတ်လ ၂၀၀၉

ကျွန်မ မနှစ်က မြန်မာပြည်ကို ပထမဦးဆုံး ရောက်ခဲ့တုန်းက ရန်ကုန်မှာ တစ်လနေရင်း မြန်မာလူမှုရေး အကြောင်း စိတ်ဝင်စားစရာတွေ အစုံ သိခွင့်ရခဲ့ပါတယ်။ ကျွန်မက တက္ကသိုလ်မှာ ပညာရေး ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့သူ ဖြစ်တဲ့ အလျောက် မြန်မာပညာရေး စနစ်အကြောင်း အထူးပြု စူးစမ်းရင်း မြန်မာ သူငယ်ချင်းတွေနဲ့ ပညာရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ခဏခဏ ဆွေးနွေးမိတတ်ကြပါတယ်။ သူတို့ ပြောတာတွေထဲမှာ တစ်ခုက ကျွန်မအနေနဲ့ သိပ်အံ့သြစရာ မကောင်းဘူးဆိုရင် မမှားပါဘူး။ သူတို့ ပြောတာ က မြန်မာပြည်မှာ တက္ကသိုလ် ၀င်စာမေးပွဲ အောင်စာရင်း အရ အသက်မွေးဝမ်းကျောင်း ၀င်ခွင့် သတ်မှတ်ထားတော့ အမှတ်သိပ်ကောင်းရင် သိပ္ပံကို လေ့လာခွင့်ရပြီး အမှတ်မကောင်းရင် ၀ိဇ္ဇာပညာရပ်ကိုပဲ လေ့လာခွင့်ရတယ်။ အမှတ် အကောင်းဆုံးပဲ ဆိုရင် ဆရာဝန်အဖြစ် ဒါမှမဟုတ် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်နိုင်တယ်။

ဒီအချက်တွေက ဘာဖြစ်လို့ ကျွန်မအနေနဲ့ အံ့သြစရာကောင်းသလဲ ဆိုတော့ ဒါတွေက အမေရိကန်ပညာရေး စနစ်နဲ့ မတူပါဘူး။ အမေရိကန်နိုင်ငံမှာ ကတော့ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ကိုတက်ချင်ရင် အက်စ်အေတီ (SAT) လို့ခေါ်တဲ့ စာမေးပွဲတစ်ခုကို ဖြေရပေမယ့် အသက်မွေး ၀မ်းကျောင်း ၀င်ခွင့်က ဒီစာမေးပွဲရဲ့ အမှတ် စာရင်းပေါ်မှာ မတည်ပါဘူး။ အမှတ်ကောင်းရင် ဂုဏ်ရှိတဲ့ တက္ကသိုလ်မှာ ၀င်ခွင့်ရမှာပဲ။ အမှတ် မကောင်းဘူးဆိုရင်တော့ ကောင်းတဲ့ တက္ကသိုလ် မ၀င်နိုင်ဘူးဆိုတာက ဖြစ်နိုင်ပေမယ့် တက္ကသိုလ် ၀င်ခွင့်ဆိုတာ SAT အမှတ်အပြင် အထက်တန်း ကျောင်းမှာရတဲ့ အမှတ်၊ အားကစားနဲ့ တခြား ကျောင်းအပြင် အလုပ်တွေ၊ ဆရာ၊ ဆရာမရဲ့ ထောက်ခံစာတွေ အပေါ် မှာတည်တယ်။ (ဒီ ကျောင်းအပြင် အလုပ်တွေ ဆိုတာ ဂီတ၊ အနုပညာ၊ ခေါင်းဆောင်မှုစတဲ့ အရည်အချင်း တွေကို ဖော်ပြနိုင်တဲ့ ကိစ္စတွေပါပဲ။)

ဥပမာ ကျောင်းသူတစ်ယောက်က SAT မှာ အမှတ် ကောင်းကောင်း ရပေမယ့် အထက်တန်းကျောင်း မှာရတဲ့ အမှတ်က မကောင်းရင် ဒါမှမဟုတ် ကျောင်းအပြင် ကိစ္စ သိပ်မပါဝင်ဖူးဘူး ဆိုရင် အကောင်းဆုံး တက္ကသိုလ်တွေကို ၀င်ခွင့်ရချင်မှရ မယ်။ ဒါပေမယ့် တက္ကသိုလ် ၀င်ခွင့်ရပြီးရင်တော့ ကြိုက်တဲ့ ဘာသာရပ်ကို လေ့လာလို့ရတယ်။

ဒီ အမေရိကန်စနစ်မှာ တက္ကသိုလ် ရောက်ရင် ဘယ်ဘာသာရပ် လေ့လာမယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို အထက်တန်း ကျောင်းပြီးတာနဲ့တန်း ဆုံးဖြတ်ရတာ မဟုတ်ဘူး။ များသောအားဖြင့် ကျောင်းသူ၊ ကျောင်းသားတွေက တက္ကသိုလ် ရောက်ပြီး တစ်နှစ်၊ နှစ်နှစ်ကြာပြီးမှ အဓိကအ ထူးပြု ဘာသာရပ်ကို ရွေးကြရတယ်။ နောက်ပြီး ဘီအေ(B.A)၊ ဘီအက်စ်စီ (B.Sc) ဘွဲ့ရပြီးမှ ဆရာဝန်၊ ရှေ့နေ၊ ဆရာမဖြစ်ချင်ရင် အထူး စာမေးပွဲ နောက်တစ်ခု ထပ်ဖြေရတယ်။ ဒီ အထူး စာမေးပွဲဆိုတာ (၀ိဇ္ဇာနဲ့ သိပ္ပံပညာရပ်တွေ အတွက်) ဂျီအာရ်အီး GRE, (ဥပဒေအတွက်) အယ်လ်ဆတ် LSAT, (ဆေးတက္ကသိုလ်အတွက်) အမ်ခတ် MCAT ဖြစ်ပြီး အမှတ်အရ ဘွဲ့လွန် သင်တန်း ၀င်ခွင့် ရ၊ မရ ဆုံးဖြတ်ကြတယ်။ GREက အပိုင်း ၃ ပိုင်းခွဲထားပြီး တစ်ပိုင်းက သင်္ချာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေရတယ်။ နောက်တစ်ပိုင်းက ဘာသာစကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတယ်။ နောက်တစ်ပိုင်းမှာ ကျတော့ စာစီစာကုံး ရေးရတာပါ။ ၀ိဇ္ဇာပညာ ရပ်ကိုလေ့လာချင်တဲ့ သူတွေအတွက် သင်္ချာနဲ့ ပတ်သက်တဲ့ အပိုင်းမှာရတဲ့ အမှတ်က အရေးမကြီးပါဘူး။ ဥပမာ ကျွန်မ ပညာရေး ပါရဂူ သင်တန်းကို ၀င်ခွင့်ရဖို့ လျှောက်တုန်းက ကျွန်မက သင်္ချာကို သိပ်မကျွမ်းကျင်ပေမယ့် ပါရဂူ သင်တန်းကို ၀င်ခွင့်ရခဲ့ပါတယ်။

အမေရိကန် စနစ်နဲ့ မြန်မာစနစ်ကို နှိုင်းယှဉ် ကြည့်ရင်ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ခြားနားတဲ့ ယူဆချက်တွေ အမျိုးမျိုးရှိတယ် ဆိုတာကို မြင်နိုင်တယ်။ မြန်မာစနစ်အရ ဥာဏ်ကို ဘယ်လို မြင်သလဲ ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ ကျွန်မ မြန်မာနိုင်ငံမှာ ရှိတုန်းက ပညာမှာ အသိ ပညာ၊ အတတ်ပညာ ဆိုပြီး ပညာနှစ်မျိုးရှိတယ် လို့ သိရတယ်။ အတတ်ပညာက အမျိုးမျိုး ရှိပုံ ရပေမယ့် မြန်မာ စာမေးပွဲစနစ် အရဆိုရင် အသိ ပညာကတော့ တစ်မျိုးပဲ ရှိတယ်လို့ ယူဆပါ တယ်။ ဒီစနစ်အရ သိပ္ပံကို နားလည်နိုင်တဲ့ လူတွေ က စာပေ၊ သမိုင်း၊ အနုပညာကို နားလည်နိုင်တဲ့ လူထက် ပိုဥာဏ်စွမ်းကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။

မြန်မာစနစ်မှာ ကောင်းတာက အရေးကြီးတဲ့ အလုပ် အတွက် အကောင်းဆုံး ကျောင်းသူ၊ ကျောင်းသားတွေပဲ လုပ်လို့ လူမှုရေး အတွက် ကောင်းတဲ့အပြင် ဒီအရေးကြီးတဲ့ အလုပ်အတွက် ၀န်ထမ်း အလုံအလောက်ရှိမယ်။ တော်တဲ့ အင်ဂျင် နီယာရှိရင် ခိုင်တဲ့ တံတားရမှာပဲ။ အခု အမေရိ ကန်နိုင်ငံမှာ ပြဿနာတစ်ခုက ကျောင်းဆရာ၊ ဆရာမ အလုံအလောက် မရှိဘူး။ အလုပ်ဝင်ခွင့်ကို စာမေးပွဲ အမှတ်အရ သတ်မှတ် ဆုံးဖြတ်ရင် ဒီပြဿနာ ရှိမှာမဟုတ်ဘူးလို့ ကျွန်မ ထင်မိတယ်။

အမေရိကန် စနစ်ကတော့ ဥာဏ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ယူဆတော့ အဲဒီ ဥာဏ်အမျိုး မျိုးကို စစ်ချင်ရင် စစ်တမ်းထုတ်နည်း အမျိုးမျိုး သုံးရတယ်။ ဒါ့အပြင် ဒီယူဆချက် အရ သိပ္ပံနဲ့ ပတ်သက်တဲ့ ဥာဏ်က အရေးကြီးဆုံးပဲ ဆိုတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ၁၀၊ ၂၀ အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဥာဏ် အကြောင်းယူဆချက်တွေ အများ ကြီး ပြောင်းလဲလာခဲ့တယ်။ ၁၉၈၃ မှာ ဟောင်း ၀ဒ်ဂါရ်ဒနာ(Howard Gardner)ဆိုတဲ့ ပညာရေး ပါမောက္ခ တစ်ယောက်က ဥာဏ်အမျိုးမျိုး အကြောင်း စာအုပ် တစ်အုပ် ရေးခဲ့တယ်။ ဒီစာအုပ် မှာ သူ့ရဲ့ ဥာဏ်မျိုးစုံ သီအိုရီ(Theory of Multiple Intelligences) ဆိုတာကို ရှင်းပြတယ်။

သူ့သီအိုရီ အရ ဘာသာစကားနဲ့ ပတ်သက်တဲ့ဥာဏ် (Linguistic Intelligence)၊ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ် (Logical-Mathematical Intelligence)၊ ဂီတနဲ့ပတ်သက်တဲ့ဥာဏ် (Musical Intelligence)၊ ကိုယ်နဲ့ပတ်သက်တဲ့ ဥာဏ် (Bodily-Kinesthetic Intelligence))၊ နေရာနဲ့ပတ်သက်တဲ့ဥာဏ်(Spatial Intelligence)၊ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဥာဏ် (Interpersonal Intelligence)၊ မိမိကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ် (Intrapersonal Intelligence) ဆိုတဲ့ ဥာဏ် ၇ မျိုးရှိတယ်လို့ ဆိုပါတယ်။

အဲဒီဥာဏ်တွေကို ပိုနားလည်အောင် ကျွန်မ အမြင်ကို နည်းနည်း ရှင်းပြချင်ပါတယ်။ ဥပမာ လူတစ်ယောက်က ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဘာသာစကားတွေကို လွယ်လွယ် သင်နိုင်ပြီး စကားအဓိပ္ပာယ်ကို ကောင်းကောင်း ပြောပြနိုင်တယ်ဆို တော့ စာရေးဆရာ/ဆရာမ၊ ကဗျာဆရာ/ဆရာမ၊ ရှေ့နေအနေနဲ့ အလုပ်လုပ်ရင် အဆင်ပြေမှာပဲ။ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းရင် သဘာဝ သိပ္ပံနဲ့ ဆိုင်တဲ့ အလုပ်မှာ ကျွမ်းကျင်မယ်။

ဂီတနဲ့ပတ်သက်တဲ့ ဥာဏ်စွမ်းရင် ဂီတစာဆို၊ ဂီတသမား အနေနဲ့ ပန်းဆွတ်မယ်။ ကိုယ်နဲ့ ပတ်သက်တဲ့ ဥာဏ်မှာ စွမ်းရင်တော့ အားကစား၊ အက ဟန်ကျမယ်။ နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းတဲ့ လူကျတော့ ပစ္စည်းတွေကို ဘယ်လို နေရာတကျ ထားသင့် သလဲလို့ စိတ်ကူးနိုင်လို့ ဗိသုကာ၊ အင်ဂျင်နီယာ အနေနဲ့ အလုပ်လုပ်ရင် ကျွမ်းကျင်မယ်။ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်းသူ ကတော့ လူတွေရဲ့ အမူအရာ၊ စိတ်ခံစားမှုကို ကောင်းကောင်း နားလည် နိုင်လို့ ဈေးရောင်းသူ၊ ခေါင်းဆောင်၊ အကြံပေး စတဲ့အလုပ်တွေမှာ ပေါက်မြောက်မယ်။ မိမိ ကိုယ်ကို နားလည်မှုနဲ့ ပတ်သက်တဲ့ ဥာဏ်စွမ်း ရင်တော့ သူ့ကိုယ်သူ ကောင်းကောင်း နားလည်တဲ့ သူဖြစ်လို့ ဘာအလုပ်မှာဖြစ်ဖြစ် အကျိုးရှိမှာပဲ။ နောက်ပြီး တခြား ဘာဥာဏ်တွေ ရှိပါလိမ့်ဦးမလဲ လို့ တွေးကြည့်ကြပါစို့။

ဥပမာ ကိုယ်ကျင့် တရားနဲ့ပတ်သက်တဲ့ဥာဏ်(Moral Intelligence) စက္ခုနဲ့ပတ်သက်တဲ့ဥာဏ် (Visual Intelligence), အချက်အပြုတ်နဲ့ ပတ်သက်တဲ့ ဥာဏ် (Culinary Intelligence) စတဲ့ဥာဏ်တွေလည်း ရှိမှာပဲ။ ဂါဒနာရဲ့အဆိုအရ ဥာဏ်တွေက ၀ါသနာပဲ ဆိုတဲ့ အယူအဆက သိပ်မမှန်ပါဘူး။ နောက်တစ်ခု က တချို့ လူတွေက ဥာဏ်ရှိပြီး၊ တချို့က ဥာဏ်မရှိဘူး ဆိုတာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ လူတွေက ကိုယ်စီ ကိုယ်ငှ ဥာဏ်တစ်မျိုးစီ ရှိပြီး လူတိုင်းမှာ Unique Combination of Intelligence လို့ခေါ်တဲ့ တစ်မျိုးစီ သူ့နည်း သူ့ဟန်နဲ့ ဥာဏ်တွေ ပေါင်းစုထားတာရှိကြတယ်။

ဥပမာ ကျွန်မက နေရာနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ယုတ္တိနဲ့ သင်္ချာနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ သိပ်မစွမ်းဘဲ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဥာဏ်နဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥာဏ်မှာ ပိုအားသန်လို့ အင်ဂျင်နီယာ အဖြစ်လုပ်ရင် မပေါက်မြောက် နိုင်ပေမယ့် ကျောင်းဆရာမ အဖြစ်လုပ်ရင် ပိုအဆင်ပြေတယ်။ သို့သော်လည်းပဲ ဇာတိဥာဏ် ရှိပေမယ့် အဲဒီ ဥာဏ်ရင့်သန်ဖို့ အခွင့်မရှိရင်ရော၊ ကိုယ်ပိုင် ကြိုးစားမှု မရှိရင်ရော ဇာတိဥာဏ်ရဲ့ အစွမ်းအစ ပေါ်မထွက်လာနိုင်ဘူး။ ဒီတော့ ကျောင်းမှာ ကလေးတွေက ဥာဏ်မျိုးစုံကို ရင့်သန်ဖို့ အခွင့်ရှိဖို့ အထူးလိုအပ်တယ်လို့ ကျွန်မ မြင်တယ်။ အဲဒီသီအိုရီက အမေရိကန် ပညာရေး စနစ်မှာ တစ်စတစ်စ အရာတွင်လာလို့ တက္ကသိုလ်ဝင်ဖို့ လိုအပ်ချက်တွေကလည်း ပြောင်းလဲလာပြီး ၀င်ခွင့်က စာမေးပွဲ အမှတ်စာရင်းတစ်ခုတည်း အပေါ် မှာတည်တယ်ဆိုတာ မဟုတ်တော့ဘူး။

မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံက ဥာဏ်အကြောင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ မတူဘူးဆိုတော့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်လို့ မလွယ်ပေမယ့် နှစ်နိုင်ငံစလုံးက တစ်မျိုးစီ လူငယ်တွေအတွက် အကျိုးရှိပါတယ်။ နောက်ဆိုရင် ကျွန်မ မြန်မာ ပညာရေးနဲ့ ပတ်သက်တဲ့ယူဆချက်တွေအကြောင်း ပိုလေ့လာ ချင်ပါတယ်။ ဥပမာ မြန်မာပြည်မှာရှိတုန်းက ကာယအင်အားနဲ့ ဥာဏအင်အား အကြောင်း ကြားဖူးပေမယ့် ဒီအင်အားနှစ်ခုက ဘယ်လိုကွာ သလဲဆိုတာ ကျွန်မ စိတ်ဝင်စားတယ်။ ကာယ အင်အားက ကိုယ်နဲ့ပတ်သက် တဲ့ဥာဏ်နဲ့ ဆင်သလားဆိုတာ ကျွန်မ စဉ်းစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ဒီအကြောင်း တွေကိုလေ့လာဆွေးနွေးရင် တခြားပညာရေးကို စိတ်ဝင်စားတဲ့ လူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတ ရကြမယ်လို့ ယူဆပါတယ်။


နှင်းဆီ


နှင်းဆီဟာ ကော်နဲလ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ ပါရဂူဘွဲ့ တက်ရောက်နေတဲ့ အမေရိကန်ကျောင်းသူ ဖြစ်ပါတယ်။ အမည်ရင်းက Rose Metro ဖြစ်ပြီး သူဟာ ကော်နဲလ်တက္ကသိုလ်မှာပဲ မြန်မာစာကို သင်ယူခဲ့ပါတယ်။ သူ မြန်မာစာ လေ့လာနေတာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပါတယ်။ သူ အဓိက စိတ်ဝင်စားတာက ပညာသင်ကြားတဲ့ နည်းလမ်းအသွယ် သွယ်ရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ကျောင်းတစ်ဖက် တက်သလို အမေရိကမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာလည်း ဆရာမအဖြစ် အလုပ် လုပ်နေပါတယ်။ အခုဖော်ပြတဲ့ ဆောင်းပါးဟာ သူကိုယ်တိုင် မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ အမေရိကန် ကျောင်းသူ တစ်ယောက်ရဲ့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖူးငုံတို့အနေနဲ့ သူ့ဆောင်းပါးနဲ့ပတ်သက်ပြီး ဝေဖန် အကြံပေးလိုတာ ဖြစ်စေ၊ သူ့ကို တစ်ခုခု မေးမြန်းချင်တာဖြစ်စေ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ကို စာရေးသားပေးပို့နိုင်ပါတယ်။ သူ့ကို တိုက်ရိုက် စာရေးဆက်သွယ်ချင်ရင်တော့ rose.metro@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ စာရေးသား ဆက်သွယ်နိုင်ကြောင်းပါ။

အယ်ဒီတာ

Sunday, January 3, 2010

အသုံးမပြုသေးတဲ့ ဦးနှောက်များ

ကျောင်းပညာရေးမှာ လက်တွေ့ လုပ်ဆောင်ချက် သင်ခန်းစာတွေပါရှိလာပေမယ့် ဦးနှောက်ကို အသုံးပြုဖို့လည်း သင်ကြားသင့်ပါသည်။

သိန်းနိုင်

ဆရာဆရာမများ လုပ်ငန်းခွင် အရည်အချင်းမြှင့် သင်တန်း in-service course တစ်ခုအတွက် မြန်မာပြည် နယ်စွန် နယ်ဖျား ဤဒေသသို့ ကျွန်တော် ခရီး ထွက်လာခဲ့ပါသည်။ နယ်မြေဒေသ ဗဟုသုတရသဖြင့်လည်းကောင်း၊ ယခင် ဆရာ အတတ် ပညာသင်တန်းများတွင် တက်ရောက်ခဲ့ဘူးသူ အချို့ကို ပြန်တွေ့ရသဖြင့် လည်းကောင်း၊ အတွေ့အကြုံများကို မျှဝေခွင့်၊ လေ့လာ ခွင့်ရသည့်အတွက်လည်းကောင်း အကျိုးများသော ခရီးပါပေ။ အများစုမှာ သင်ကြားနည်း အသစ်များ၊ လက်တွေ့သင်ခန်းစာ activities based learning များကို ပြင်ဆင်ရ၍ မအားလပ်အောင် ရှိနေရကြောင်း၊ သို့သော် ကလေးများ တက်ကြွ ပျော်ရွှင်မှုရှိကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြကြလေသည်။


ဆရာအတတ်ပညာသင်တန်းများတွင် သင်တန်းသူ၊ သင်တန်းသားတိုင်း သင်ခန်းစာများစွာကို လက်တွေ့ ပြင်ဆင်ခြင်း lesson planning ကို အတော်များများ၊ ဘာသာရပ်တိုင်းအတွက် လေ့လာလုပ်ဆောင်ကြရပါသည်။ lesson plan တွင်လည်း ခေတ်မီသော သင်နည်းများအရ လက်တွေ့ လုပ်ဆောင်ချက်များကို ထည့်သွင်းရမည်ဟု မူ ချမှတ်၍ လေ့ကျင့်စေခဲ့သည်။ သင်တန်းသားများအနေဖြင့်လည်း ဦးနှောက်ကို အစွမ်းကုန် ထုတ်သုံးရတော့သည်။ သူတို့ကိုယ်တိုင် ဖန်တီးထားသော သင်ခန်းစာများတွင် စိတ်ဝင်စားဖွယ်ရာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အားရစရာ ကောင်းသည်မှာ အမှန်ပင်။

ပညာရေးပညာရှင် Jean Piaget ၏ သိမှုဖွံ့ဖြိုးမှု သီအိုရီနှင့် တွဲဖက်၍ လက်တွေ့ သင်ခန်းစာများကို သူတို့ လေ့လာ ကြခြင်းဖြစ်၏။ ပညာရှင် သုတေသီ Howard Gardner ၏ ဥာဏ်ရည်အထွေအထွေသီအိုရီအရ သင်ခန်းစာတိုင်းတွင် ဥာဏ်ရည်များအတွက် ပြင်ဆင်ပေးသင့်ကြောင်းကိုလည်း သူတို့ သိရှိကြသည်။

ဤသို့ဖြင့် သင်တန်းကာလ ပြီးဆုံးပြီးနောက်ပိုင်း မိမိတို့ အရပ်ဒေသ အသီးသီးတွင် ကျောင်းဆရာ ဆရာမများ အနေဖြင့် တာဝန် ယူကြရသည့်အခါတွင်လည်း activities များကို သင်ခန်းစာများတွင် ထည့်သွင်း လာကြသည်။ “ကိုယ်တိုင်ပါဝင် လုပ်ဆောင် ခြင်းဖြင့် သင်ယူလေ့လာခြင်း” ဟူသော ကလေးဗဟိုပြု ပညာရေး ဆောင်ပုဒ်ကိုလည်း မြဲမြဲကိုင်စွဲကာ လက်တွေ့ များစွာကို စာသင်ခန်းတွင် အသုံးပြုလာပါ၏။ အလွတ်ကျက်မှတ်ခြင်း အလေ့များ တစတစ ကွယ်ပျောက်လာသည်မှာ ရှားရှားပါးပါး ပညာရေး တိုးတက်မှု ပြယုဒ်တစ်ခု။ လက်တွေ့ လုပ်ဆောင်ချက်များပါရှိသော သင်ခန်းစာများကြောင့် တက်ကြွသော စာသင်ခန်းများ ဖြစ်လာ သည်မှာတော့ အမှန်ပင်။ သို့သော် ပညာရေးဆိုင်ရာ တစ်စုံတစ်ခု လွဲချော်နေပြန်ပြီဟု ခံစား သိမြင့်ခွင့်ရရှိခဲ့သော ခရီး ဖြစ်ခဲ့ပါသည်။ လက်များဖြင့်တော့ တွေ့ပါ၏။ ဦးခေါင်းများဖြင့်ကော တွေ့မြင်ကြပါ၏လော။

သိမှုဆိုင်ရာ အယူအဆ

ပညာရေးအတွေးအခေါ်ပညာရှင် ဂျင်းပီယဂျေး Jean Piaget သည် သိမှုဖွံ့ဖြိုးတိုးတက်မှုသီအိုရီ cognitive development ဖြင့် နာမည်ကျော်သူဖြစ်၏။ အခြားသူများထက် ထူးခြားသည်မှာ သူ့အနေဖြင့် သိမှုဆိုင်ရာ လုပ်ဆောင်ချက် များသည် ဘ၀အတွေ့အကြုံများအပေါ်တွင် များစွာမူတည်နေသည်ဟူ၍ ယုံကြည်သူဖြစ်သည်။ တနည်းဆိုရသော် အတွေ့အကြုံများ လေလေ စဉ်းစားတွေးတောမှု ပိုကောင်းလေလေဖြစ်သည်။ သို့ရာတွင် အတွေ့အကြုံများကို သာမန်မျှသာ ထိတွေ့ရခြင်းကိုကား ပီယဂျေးအနေဖြင့် ဆိုလိုသည့်မဟုတ်ချေ။

အရေအတွက်ထက် အရည်အသွေးအားဖြင့် စုဆောင်းထားရှိသော အတွေ့အကြုံများသာလျှင် သိမှုကို သိသိသာသာ တိုးတက် စေသည်။ သို့ဖြစ်လေရာ စဉ်းစားတွေးတောမှု လွန်စွာ ကောင်းသူတစ်ဦးသည် အတွေ့အကြုံ အားဖြင့် အများဆုံး ဖြစ်ချင်မှ ဖြစ်ပါမည်။ “စမတ်ကျသောသူ” ဟုဆိုရာဝယ် သူ၏ကိုယ်ပိုင် အတွေ့အကြုံ အနည်းငယ် ပင်ဖြစ်စေကာမူ သူ၏ တိုးတက်မှု အတွက် အစဉ်အမြဲပင် အသုံးပြုတတ်သူပင်ဖြစ်သည်။ မတူညီသော အတွေ့အကြုံ အစိတ်အပိုင်းများကို လိမ္မာပါးနပ်စွာ ဆက်စပ်ပြီး အဓိပ္ပါယ်ရှိသော သိနားလည်မှု ဖြစ်စေရန် အားထုတ်ခြင်းဖြစ်၏။ ဤသို့ဖြင့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အခြေအနေများနှင့် အယူအဆ များကို သိမြင် နားလည်လာနိုင်သည်။

လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ကြားခြင်း Hands-on learning

ပီယဂျေး၏ သိမှုဖွံ့ဖြိုးမှု သီအိုရီ အပေါ်တွင် နားလည်မှု လွဲမှားသူတို့က ကျောင်းသားများအား ကိုယ်တိုင် လက်တွေ့ သင်ယူ လေ့လာစေခြင်းကို အလေးထားကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အထူးထင်ရှားခဲ့၏။ ကိုယ်တိုင် တွေ့ကြုံလေ့လာခြင်း အယူအဆ (လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း) ကို အားပေးခဲ့ကြလေသည်။ ထိုစဉ်က ကျောင်းသားများ သင်ယူ လေ့လာနေ သော အယူအဆများကို တိုက်ရိုက်တွေ့ကြုံစေခြင်း (တွေ့ကြုံနိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း) ဖြင့် သင်ကြားခြင်းကို အဓိကထားရှိခဲ့သည်။ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ဆရာမှ သရုပ်ပြပြီးလျှင် ကျောင်းသားများမှ ထပ်တူ လိုက်လုပ်စေခြင်း ဖြစ်သည်။ ဓါတ်ခွဲခြင်းအချိန်ပါရှိသော သိပ္ပံ သင်ခန်းစာများတွင် ဤပုံစံမှာ သမားရိုးကျပင် ဖြစ်လေသည်။ အခြားသော ဘာသာရပ် များဖြစ်သည့် လူမှုရေး၊ သင်္ချာနှင့် ဘာသာစကား သင်ခန်းစာများတွင်လည်း ဤပုံစံ၊ ဤနည်းအတိုင်းပင် ဖြစ်လာသည်။

ဆရာဆရာမများမှ သင်ခန်းစာတိုင်းကို ကျောင်းသားများအနေဖြင့် လက်တွေ့ လုပ်ဆောင်သင်ယူနိုင်စေရန်အတွက် လုပ်ဆောင် ချက်များကို အတတ်နိုင်ဆုံး ကြိုးစား ထည့်သွင်းခြင်းဖြစ်သည်။ ငယ်ရွယ်သော မူလတန်းအဆင့်များမှ စတင်ကာ လက်တွေ့ လုပ်ဆောင်ချက်များမှာ လွန်စွာအရေးကြီးလာတော့သည်။

လွဲချော်နေသော အပိုင်း

ကျောင်းသားများကို ကိုယ်တိုင်လုပ်ဆောင်ခိုင်းသည့် လက်တွေ့ လေ့လာလုပ်ဆောင်စေခြင်း hands-on learning ဖြင့် သင်ယူလေ့လာခြင်းမှာ မှားယွင်းသည်ဟု မဆိုလိုပါ။ “ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း” ဟူ၍ဆိုရာဝယ် ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းနှင့် လူမှုရေး ပကတိ အရှိတရားများကို တိုက်ရိုက်တွေ့ကြုံစေ၍ဖြစ်စေ၊ ထိတွေ့ ဆက်ဆံစေခြင်းဖြင့်ဖြစ်စေ အတွေ့အကြုံများကို စုဆောင်းရရှိစေခြင်းဟု ဆိုလိုပါသည်။ ဤသို့ထိတွေ့မှုနှင့် ဆက်ဆံခြင်းမှာ ဘ၀နှင့် ဆက်စပ်နေသော အရာအားလုံးကို သိမြင် နားလည်စေရန် အထောက်အကူပြုနိုင်သည်။ အမှန်တကယ်တွင်လည်း စိတ္တဇဆန်သော စဉ်းစားတွေးတောမှုမှာ လက်တွေ့ကျသော လုပ်ဆောင်ချက်များ၏ ရလဒ် အနေဖြင့် ဖွံ့ဖြိုးလာခြင်းပင်။ စိတ္တဇဆန်သော အတွေးအခေါ်များကို တဖြည်းဖြည်း သိမြင် နားလည် လာခြင်းဖြစ်သည်။

သို့ရာတွင် “လက်တွေ့လုပ်ဆောင်ချက်ဖြင့် သင်ယူခြင်း learning by doing” နည်းလမ်းကို အသုံးပြုပုံနှင့် သင်နည်း မှားယွင်းခြင်းကြောင့် ပညာရေးတွင် ပြဿနာဖြစ်ရလေသည်။ သိပ္ပံ၊ ပထ၀ီဝင်နှင့် သမိုင်းသင်ခန်းစာများတွင် စီမံကိန်း သင်ခန်းစာ များနှင့် အချိန်ယူ လုပ်ဆောင်ရသော အသေးစား သုတေသန သင်ခန်းစာများကို ကျောင်းများတွင် အသုံးပြုလာကြသည်။ သို့သော် စဉ်းစားတွေးတောခြင်း (သို့မဟုတ်) (တွေးတောရန်အတွက် စဉ်းစားခြင်း meta-cognition) ကိုမူကား ဤ သင်ခန်းစာများမှ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ ဆရာများနှင့် ကျောင်းသားများမှ နောက်ဆုံး ရလဒ်ကို ရရှိစေရန် လုပ်ဆောင်ချက် မျှသာဖြစ်၏။ သင်ခန်းစာ ဦးတည်ချက်များကို ပေါက်မြောက်စေရန်အတွက် ဦးတည်သည်။ သင်ကြားခြင်းနည်းကိုကား ပြည့်ပြည့်စုံစုံ မစဉ်းစားခဲ့ကြပါ။ ဘာ “လုပ်” ရမည်ကို ညွှန်ကြားသော်လည်း ဘယ်လို “တွေး” ရမည်ကိုကား မသင်ကြားခဲ့ပါ။

သို့ဖြစ်ပါ၍ လွဲချော်နေသော အပိုင်းမှာ “ဦးခေါင်းကို” အသုံးပြု သင်ယူခြင်း “heads-on” learning ပင် ဖြစ်တော့သည်။ “လက်တွေ့” တော့ လုပ်ဆောင်ပါ၏။ “ဦးခေါင်း” ကိုမူ သုံးရန် မသင်ကြားခဲ့ပါ။ နှစ်ကာလ ကြာမြင့်စွာပင် ပညာရေးတွင် ဤ အပိုင်းကို အမှတ်တမဲ့ပင် ထားရှိခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်များဖြင့် အလုပ်ရှုပ်နေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ကျောင်းများတွင် တွေ့မြင်နေရတုန်းပင်။ မူလတန်းစာသင်ခန်းများမှ စတင်ကာ လက်တွေ့လုပ်ဆောင်ချက်များ သက်သက်ဖြင့် သာလျှင် သင်ယူစေခြင်းဖြစ်သည်။ ကလေးများကို သင်ကြားရေးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်နေသော လက်တွေ့ လုပ်ဆောင်ချက်များ လုပ်ခိုင်းခြင်း ဖြစ်သည်။ ကျောင်းများမှ ဤနည်းဖြင့် လေ့ကျင့်ခြင်းသည် အယူအဆများ၊ အသိပညာများကို သိရှိ နားလည်စေမည်ဟု ယုံကြည်ထားကြပြန်သည်။ အလိုအလျောက်ပင် ရရှိမည်ဟု ယူဆကြ၏။ ရှင်းပြရန် ခက်ခဲလှသည့် သိမှုဖြစ်စဉ်များ cognitive process အတိုင်း ကလေးများအနေဖြင့် လက်တွေ့မှတဆင့် သင်ကြားနိုင် မည်ဟုလည်း မျှော်လင့်ထားရှိသည်။ ဤသည်မှာ အစဉ်အမြဲ မမှန်ကန်နိုင်ပါ။

လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဦးခေါင်းကို အသုံးပြုခြင်းကို ပေါင်းစပ်ပါ။

(လွန်ခဲ့သော နှစ်တရာကျော် ၁၉ ရာစု စက်မှုခေတ်ဦးပိုင်းက) ခေတ်စားခဲ့သော “အလွတ်ကျက်မှတ်ခြင်း” နှင့် စက်ရုပ်ဆန်စွာ “စာမေးပွဲများတွင် မှတ်မိသမျှကို ပြန်လည်ထုတ်နုတ်ဖြေဆိုခြင်း” အလေ့အကျင့်ထက် “လက်တွေ့ လုပ်ဆောင်ချက် များဖြင့် လေ့လာသင်ယူခြင်း” မှာ အပုံကြီး ခြားနားသည်မှာ မှန်ပါ၏။ ၂၁ ရာစု အသိပညာ ခေတ်တွင်မူကား မလုံ လောက်သေးပါ။ “စဉ်းစားတွေးတောနေသော” ကမ္ဘာကြီးကို ရင်ဆိုင်နိုင်ရန်အတွက် မြန်မာကလေးများကို ပြင်ဆင်ပေးရာဝယ် ဘက်စုံ ပညာရေး အတွက်လည်းကောင်း၊ စဉ်းစားတွေးတောမှု စွမ်းရည် မြင့်မားစေရေးအတွက် လည်းကောင်း၊ တစ်ဦးချင်း၏ မွေးရာပါ ဗီဇ ဥာဏ်ရည်များ မပျက်စီးစေရေးအတွက် လည်းကောင်း ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်မှာ အရေးတကြီး လိုအပ် လေသည်။ အဓိကအားဖြင့် “လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်ယူခြင်း Hands-on ” နှင့် “ဦးခေါင်းများဖြင့် စဉ်းစား တွေးတော သင်ယူခြင်း Heads-on” ၂ ခုစလုံး ပါရှိသော ပညာရေးကို ဆိုလိုပါသည်။ စာသင်ခန်းများတွင် လက်တွေ့ လုပ်ဆောင်ချက်များကို “မလုပ်ဆောင်မီ”၊ “လုပ်ဆောင်နေစဉ်” နှင့် “လုပ်ဆောင်ပြီးစီး” သည့် အချိန်တိုင်းတွင် ကလေးများအား “မည်သို့စဉ်းစား တွေးတောရမည်ကို” လည်း သင်ကြားပေးရပါအုံးမည်။

စဉ်းစားတွေးတောရင်း သင်ယူခြင်းဖြစ်မြောက်ရန်အတွက် အားလုံးစဉ်းစားသင့်ပါသည်။

Sunday, August 9, 2009

ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်

ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်

--- ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ -----

---
အပြုအမူ

လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။

ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။

ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။

အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။

ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။

ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။

အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။

Monday, May 11, 2009

ဥာဏ်ရည်အထွေထွေ စမ်းသပ်ချက် မေးခွန်းလွှာ - MI Test

Multiple Intelligences in Burmese Classroom Multiple Intelligences in Burmese Classroom Myanmar Burma students teachers education test diversity education psychology ဥာဏ်ရည်အထွေထွေ စမ်းသပ်ချက် သိန်းနိုင် Thein Naing multicultural education http://myanmar-teachers.blogspot.com/

 

© 2007 IngridGrey By Arephyz