Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Saturday, May 5, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၃)

ဆရာတွေအကြောင်း …

ရေးသားသူ - - ခင်နှင်းစိုး

လူတွေဟာ သူတို့စိတ်ဓါတ်ပေါ် မူတည်ပြီး ပြောဆို ဆက်ဆံ ပြုမူတတ်ကြပါတယ်။ ကျွန်မလုပ်သက် ဆယ့်သုံးနှစ်ကျော်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးမျိုး ရှိခဲ့တယ်။ စည်းကမ်းမဲ့၊ တာဝန်မသိတတ်သူတွေ၊ ကိုယ်နာမည်ကောင်းရဖို့ သူများကို ဂျောက်တွန်းသူတွေ၊ ကိုယ့်အမှားကို ၀န်မခံချင်သူတွေ၊ ကိုယ်ပဲမှန်တယ်ဆိုပြီး ခေါင်းမာသူတွေကို၊ အင်ဂျင်နီယာဖြစ်တုန်းက လျစ်လျူရှုနိုင်ခဲ့ပေမယ့်၊ ဆရာမဖြစ်လာတော့ အဲလိုလုပ်ဖော်ကိုင်ဖက်မျိုးကို တွေ့တိုင်း၊ သူတို့သင်တဲ့အတန်းထဲက ကျောင်းသားတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ ဆရာတယောက်အနေနဲ့ သူတို့လုပ်ရပ်တွေကို သဘောမကျမိဖူး။

ဆရာတွေကို သင်တန်းပေးတဲ့အခါတိုင်း၊ လုပ်ဖော်ကိုင်ဖက် ဆရာတွေနဲ့ ဆွေးနွေးဖြစ်တိုင်း၊ ဆရာပီသတဲ့ စိတ်ဓါတ် ရှိဖို့ အရေးကြီးတဲ့အကြောင်း ကျွန်မက အမြဲ ပြောလေ့ရှိတယ်။ ဆရာတွေရဲ့ စိတ်ဓါတ် နဲ့ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေက သူတို့ကျောင်းသားတွေအပေါ် အများကြီး အကျိုးသက်ရောက်စေတယ် ဆိုတာကို ဆရာတွေ အမြဲသတိပြုမိ စေချင်ပါတယ်။

လက်တွေ့ဘ၀မှာ ဆရာပီသတဲ့စိတ်ဓါတ်နဲ့ ဆရာတွေကို ကျွန်မကြုံခဲ့ဖူးပါတယ်။ သူတို့ကို လေးစားမိသလို၊ သူတို့လို ဆရာတွေ ရှိပါသေးလား ဆိုပြီး ၀မ်းသာပီတိ ဖြစ်ရတယ်။

အိပ်စိုက်သင်တဲ့ဆရာ

ဆရာအများစုက စာသင်တဲ့အခါ လစာရကြတယ်။ တချို့တွေက အခမဲ့စာသင်ပေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းဖွင့်ပြီး၊ ကျောင်းသားတွေကို အခမဲ့စာသင်ပေးတဲ့ ဆရာတယောက်နဲ့ တွေ့ခဲ့ပြီးမှ၊ ဆရာတွေရဲ့ အနစ်နာဆိုတာကို နက်နက်ရှိုင်းရှိုင်း ကျွန်မ သဘောပေါက် ခံစားသွားရတယ်။

အဲဒီဆရာ နာမည်က ကိုဝင်းချို။ ညဘက် စားသောက်ဆိုင်တွေမှာ သူက ဂစ်တာတီး၊ သီချင်းဆိုတယ်။ အဲဒီက ရတဲ့ပိုက်ဆံနဲ့ ဆူးဘုတ်ခြံဆိုတဲ့ ကျောင်းလေးကို မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖွင့်ထားပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံကို ခြားထားတဲ့ သောင်ရင်းမြစ်ပေါ် ဆောက်ထားတဲ့၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ပတ်ဝန်းကျင်မှာ ပျံကျ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေရဲ့ ကလေးတွေ သူ့ကျောင်းမှာ လာတက်ကြတယ်။

ညပိုင်း စားသောက်ဆိုင်တွေမှာ အလုပ်လုပ်တာအပြင်၊ နေ့ပိုင်း တနေကုန်နီးပါး သူ့ကျောင်းမှာ စာသင်တဲ့ ကိုဝင်းချိုဟာ အချိန်ကို အရမ်းလေးစားပြီး၊ အချိန်ဇယားနဲ့ အလုပ်လုပ်သူပါ။ သူ့ကျောင်းက ကလေးတွေကို ဘာတွေသင်ရမလဲဆိုတာ လေ့လာတဲ့အချိန်၊ သင်ခန်းစာတွေ ရေးဆွဲတဲ့အချိန်၊ စာသင်တဲ့အချိန်၊ အလုပ်လုပ်ချိန်၊ သူ့ဘာသာ အမြဲတိုးတက်နေအောင် လေ့လာချိန်၊ သူကျွမ်းကျင် ၀ါသနာပါတဲ့ ဂီတနဲ့ သီချင်းတွေ ဖော်ကျူးဖို့ ကြိုးစားချိန် … စသဖြင့် ခွဲခြားထားပါတယ်။

တခြားနိုင်ငံတွေက ကျောင်းသုံးစာအုပ်တွေကို သူလက်လှမ်းမှီသလောက် လေ့လာပြီး၊ သူ့ကျောင်းသားတွေအတွက် သင့်တော်မယ့် သင်ခန်းစာတွေကို သူ့ဘာသာ ရွေးထုတ် သင်ပေးပါတယ်။ စာတွေ့ထက် လက်တွေ့အသိပညာရဖို့ အရေးကြီးနေတဲ့ ကလေးတွေကို ဘ၀မှာ တွေးခေါ်တတ်အောင်၊ နေထိုင်တတ်အောင် သင်ပေးတယ်။

ဥပမာ … နေ့တိုင်း အတန်းနောက်ဆုံးအချိန်မှာ သူက ဂစ်တာတီးပြီး ကလေးတွေနဲ့ အတူသီချင်းဆိုတယ်။ ကလေးတွေကို ဂစ်တာ၊ အီလက်ထရစ် ကီးဘုတ် စတာတွေ သုံးတတ်အောင် သင်ပေးတယ်။ ဂီတကနေတဆင့် ကလေးတွေကို ဖန်တီးတွေးခေါ်တတ်လာအောင် (creativity thinking) သင်ပေးတယ်။ နေ့တိုင်း အတန်းထဲမှာ လက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေအကြောင်း၊ ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေအကြောင်း ကလေးတွေကို ပြောပြတယ်၊ ကလေးတွေက မေးခွန်းတွေ ပြန်ထုတ်တယ်၊ သူတို့အမြင်တွေကို ပြောတယ်။ သူက ရှင်းပြတယ်၊ ကလေးတွေက ထပ်မေးခွန်းထုတ်တယ်။ အဲလိုနဲ့ ကလေးတွေကို အရာရာမှာ သူများပြောတာ မယုံကြည်ပဲ၊ ရှုထောင့်အမျိုးမျိုးကကြည့်ပြီး၊ ကိုယ့်ဘာသာ ဝေဖန်ပိုင်းခြား တွေးခေါ်တတ်လာအောင် (critical thinking) သင်ပေးတယ်။

ပညာရေးဘွဲ့ တခုမှ မရှိတဲ့၊ ဆရာဖြစ်သင်တန်း မတက်ဖူးတဲ့၊ ဘွဲ့မရခင် ကျောင်းထွက်ခဲ့ရတဲ့ ကိုဝင်းချိုရဲ့ ပညာရေးအပေါ်ထားတဲ့ ခံယူချက်နဲ့ သူ့ရဲ့ ဆရာပီသတဲ့စိတ်ဟာ လေးစားစရာ ကောင်းပါတယ်။ အောက်ခြေလူတန်းစားဘ၀တွေက ပေါက်ဖွားလာတဲ့၊ ပညာရေးဆိုတာကို စဉ်းစားဖို့ အချိန်မရလောက်အောင် တနေ့ရုန်းကန်မှ တနေ့စားကြရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေအတွက်၊ ဘယ်လိုပညာမျိုးဟာ အရေးကြီးသလဲဆိုတာ သူ နားလည်တယ်။ စာ ရေးတတ် ဖတ်တတ် တော်ပြီဆိုတဲ့ သဘောမျိုး သူ့မှာ မရှိဘူး။ သူ့ကလေးတွေကို ကမ္ဘာအဆင့်မှီ အကောင်းဆုံးအသိပညာ၊ အတတ်ပညာတွေ ရစေချင်တဲ့ ရည်မှန်းချက် ရှိတယ်။

စေတနာနဲ့ဆရာ

ကျွန်မ လေး - ငါးတန်း အရွယ်တုန်းက၊ အထက်တန်းပြဆရာမဖြစ်တဲ့ ကျွန်မအမေ စာသင်ချိန်မှာ သူ့အတန်းထဲ လိုက်ထိုင်ခဲ့တာ သတိရမိတယ်။ ကျွန်မအမေက တချို့ဆရာတွေလို အတန်းထဲမှာ ရယ်စရာတွေ မပြောတတ်ပေမယ့်၊ မေမေ့အတန်းထဲမှာ ကျောင်းသားတွေ ပျော်ကြတယ်။ သူ့ကို ရိုသေလေးစားကြတယ်။ စာသင်ရတာ စိတ်ဝင်စားကြတယ်။

ကျွန်မအမေခေတ်တုန်းက ကျောင်းသားဗဟိုပြု (student-centered) သင်ကြားနည်းတို့၊ ကလေးဗဟိုပြု (child-centered) သင်ကြားနည်းတို့နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ရှိမယ် မထင်ပါဖူး။ ဒါပေမယ့် မေမေ့ရဲ့ စာသင်နည်းထဲမှာ အချက် သုံးချက် တွေ့ရတယ်။

ပထမအချက်ကတော့ ကျွန်မအမေက သူသင်တဲ့ အင်္ဂလိပ်စာဘာသာရပ်ကို ပိုင်နိုင်တယ်။ စာရှင်းပြတာ ကောင်းတယ်။ ဒုတိယအချက်ကတော့ ဘယ်လိုသင်ရင် ကျောင်းသားတွေ သူ့သင်ခန်းစာမှာ စိတ်ဝင်စားမလဲဆိုတာ သူသိတယ်။ ဥပမာ - ဂရမ်မာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေပဲ မလုပ်ဘဲ၊ ကျောင်းသားတွေ ကြိုက်တတ်မယ့် အင်္ဂလိပ်စကားပုံတွေ ထည့်သွင်းပြောပြလေ့ရှိတယ်။ စကားပုံတွေရဲ့ အဓိပ္ပါယ်ကို ပုံပြင်ပြောသလို စီကာပတ်ကုံးပြောပြရင် ကျောင်သားတွေ ကြိုက်ကြတယ်။ တကူးတက မကျက်ရပဲ မှတ်မိသွားတတ်ကြတယ်။ တတိယအချက်ကတော့ အတန်းထဲမှာ ကျောင်းသားတွေကို စိတ်တိုပြီး အော်ငေါက်တာ မတွေ့ဖူးဘူး။ စာကြိုးစားဖို့ တိုက်တွန်းတယ်၊ ရှင်းပြတယ်။ အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ကျောင်းသားတွေ အိမ်မှာ စာလာမေးရင် အချိန်မရွေး သင်ပေးတယ်။

အင်္ဂလိပ်စာ ဘာသာရပ်မှာ ပိုင်နိုင်ဖို့ မေမေ ကြိုးစားခဲ့ရတဲ့အကြောင်း ကျွန်မကို ပြောပြဖူးတယ်။ သူတို့ခေတ်တုန်းက မက်သဒစ်ကျောင်းထွက်တွေလို မေမေက အင်္ဂလိပ်စာ မကျွမ်းကျင်တော့၊ ကိုးတန်း အင်္ဂလိပ်စာကို ပထမဆုံး သင်ရတဲ့အခါ၊ ကိုးကားလေ့လာစရာ စာအုပ်မရှိ၊ ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်ဘာသာ ကြိုးစားပြီး သင်ပေးခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မတို့မောင်နှမက ငယ်သေးတော့ မိသားစုတာဝန်က တဖက်၊ စာသင်တာက တဖက်နဲ့ မေမေ ရုန်းကန်ခဲ့ရတယ်။

ကျွန်မအမေ သင်ခဲ့ရတဲ့ အတန်းတော်တော်များများက စာတော်တဲ့သူတွေများတဲ့ A တန်း၊ B တန်းတို့ မဟုတ်ခဲ့ဖူး။ ဘာလို့လဲဆိုတော့ မေမေက ချပေးတဲ့အတန်းကို ယူလိုက်တာပဲ။ မေမေ့အတန်းတွေမှာ နာမည်ဆိုးနဲ့ ကျောင်းသားတွေ များခဲ့တယ်။ အင်္ဂလိပ်စာဘာသာမှာ အရမ်းအားနည်းသူတွေ ပါခဲ့တယ်။

မေမေက ကျောင်းသားအားလုံးကို တန်းတူ ရည်တူ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် သင်ပေးခဲ့တယ်။ နောက်ပိုင်း A တန်းလို စာတော်တဲ့သူတွေများတဲ့ အတန်းကို သင်ရတော့လည်း၊ စာတော်တဲ့အတန်း သင်ရလို့ဆိုပြီး ၀မ်းသာတာမျိုး မရှိခဲ့ဖူး။ မေမေ့စေတနာ ရောင်ပြင်ဟပ်တာကြောင့် ဖြစ်မယ် ထင်ပါတယ် … ဆိုးတယ်၊ ပြောရဆိုရ ခက်တယ် လို့ ဆရာတွေကြား နာမည်ကြီးတဲ့ ကျောင်းသားမျိုးတွေတောင် မေမေ့စကားကို နားထောင်ခဲ့ကြတယ်။

ဇွဲရှိတဲ့ဆရာ

စာသင်တယ်ဆိုတာ ဇွဲရှိဖို့လည်း လိုပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာတယောက်ဆို စာစသင်တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ထိ ကျောင်းသားတွေက သူ့ကို မကြိုက်ကြဖူး။ သူက စကားပြောရင် နွဲ့သလိုဖြစ်လို့၊ စာသင်တာ မကောင်းလို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံ မပေါက်လို့ … စသဖြင့် သူနဲ့ပတ်သက်ပြီး ညည်းညူကြတယ်။

စာသင်နှစ် သုံးနှစ်ထဲရောက်တဲ့အခါမှာတော့ အဲဒီဆရာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာပြီး၊ ကျောင်းသားတွေနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာကို နားလည်လာတယ်၊ စာသင်ပြရာမှာလည်း ကျောင်းသားတွေ နားလည်အောင် သင်ပြနိုင်ခဲ့တယ်။ ကျောင်းသားတွေက သူ့ကို ကြိုက်လာကြတယ်။

ကျွန်မအမြင်မှာတော့ အဲဒီဆရာဟာ သူလိုအပ်နေတဲ့အချက်တွေကို ဇွဲရှိရှိနဲ့ ပြင်ယူခဲ့တယ်။ ကြိုးစားခဲ့တယ်။ ကျောင်းသားတွေနဲ့ အဆင်မပြေလို့၊ လက်လျှော့ပြီး၊ အလုပ်ထွက်မယ်ဆိုတဲ့ စိတ်မျိုး သူ့မှာမရှိခဲ့တာ အတွက် ကျွန်မသူ့ကို လေးစားတယ်။ ဆရာဆိုတဲ့အလုပ်ကို သူတန်ဖိုးထားတယ်လို့ မြင်မိတယ်။

အမြဲကြိုးစားနေတဲ့ဆရာ

လူတိုင်းဟာ ကိုယ်လုပ်နေတဲ့အလုပ်အပေါ် တန်ဖိုးထားတတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆရာတွေမှာ လိုအပ်ပါတယ်။

ပထမဆုံး စာသင်တဲ့နေ့ကစပြီး ခုချိန်ထိ စာသင်တဲ့အခါ ကျွန်မလုပ်လေ့ရှိတာတွေကတော့ သင်မယ့်သင်ခန်းစာကို သေချာပြင်ဆင်တယ်၊ ကျောင်းသားတွေ ကျွန်မသင်ကြားမှုအပေါ် စိတ်ဝင်စားမှုရှိနေအောင် ကြိုးစားတယ်၊ ကျောင်းသားတွေ တင်ပြသမျှကို မှားတယ်၊ မှန်တယ်ဆိုပြီး၊ မပယ်ချပဲ သေချာနားထောင် ဆွေးနွေးတယ်။ ကျောင်းသားတွေ ပွင့်ပွင့်လင်းလင်း တိုင်ပင်ချင်တာမှန်သမျှအတွက် အမြဲ ကြိုဆိုတယ်၊ တင်းကျပ်စရာရှိတဲ့အခါလည်း တင်းကျပ်လေ့ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ဆရာတယောက်ဟာ မေးခွန်းမရှိတဲ့ ကျောင်းသားကို သူ့အတန်းထဲ ၀င်ခွင့်မပေးဖူးလို့ ကျွန်မဖတ်ဖူးတယ်။ ဘာလို့လဲဆိုတော့ ပညာဆည်းပူးတယ်ဆိုတာ မေးခွန်းက စတင်တယ်လို့ သူက ယုံကြည်ထားလို့ပါတဲ့။ ကျွန်မလည်း သူ့လိုပဲ ယုံကြည်တယ်။ ဒါကြောင့် ကျွန်မအတန်းထဲမှာ ကျောင်းသားတွေကို အချင်းချင်းဖြစ်ဖြစ်၊ ကျွန်မကိုဖြစ်ဖြစ်၊ ကိုယ့်ဘာသာဖြစ်ဖြစ် ကိုယ်သင်ကြားနေရတာတွေအပေါ် မေးခွန်းမေးပြီး ဆွေးနွေးဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။

စာသင်တယ်ဆိုတာလည်း အချိန်ကြာလာလေ၊ ပိုအတွေ့အကြုံရှိလာလေ၊ ပိုကောင်းအောင် လုပ်နိုင်လာလေပါပဲ။ ဒါပေမယ့် ဓါးတချောင်းဟာ သွေးနေမှ ထက်နေမှာပါ။ အဲလိုပဲ ကျွန်မတို့ ဆရာ ဆရာမတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တာမျိုး၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် ဆရာကောင်းတွေနဲ့ တိုင်ပင်တာမျိုး၊ ကိုယ်သင်တဲ့ ဘာသာရပ်နဲ့ ပတ်သက်တာတွေ လေ့လာတာမျိုး အမြဲလုပ်နေမှ ထက်မြက် ပြောင်မြောက်တဲ့ ဆရာကောင်းတွေ ဖြစ်လာမှာပါ။

ကျွန်မရဲ့ ပထမဆုံး စာသင်နှစ်တစ်နှစ်ကို ခုချိန်ပြန်ကြည့်တဲ့အခါ၊ ကောင်းခဲ့တာတွေရှိသလို၊ အားနည်းချက်တွေလည်း တွေ့မိတယ်။ အဓိကကျတာ ကိုယ့်အားနည်းချက်တွေကို ဘယ်လို ပြုပြင်မလဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ကျောင်းသားတွေကို ကျွန်မပြောလေ့ရှိတဲ့ စကားတခွန်းကတော့ There is room for improvement.. ပိုကောင်းမွန်အောင် လုပ်လို့ရပါသေးတယ်။ လူတိုင်းဟာ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် လက်ရှိထက် ပိုတိုးတက်အောင် လုပ်နိုင်သေးတယ်လို့ အမြဲယုံကြည်ထားသင့်ပါတယ်။ ကျွန်မကျောင်းသားတွေကိုလည်း ဘ၀မှာ အမြဲကြိုးစားနေစေချင်တယ်။ ရောင့်ရဲတင်းတိမ် သွားတာမျိုး မဖြစ်စေချင်ဖူး။ အလားတူ သူတို့ကို လမ်းပြပေးနေတဲ့ ဆရာမတယောက်အနေနဲ့ ကျွန်မကိုယ်တိုင်လည်း အမြဲကြိုးစားနေတယ်။

ကျွန်မက စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေခဲ့ရင်တောင် အတန်းထဲ ၀င်ပြီး စာသင်လိုက်တဲ့အခါ၊ အမောပြေပြီး၊ အချိန်က ကုန်မှန်းမသိ ကုန်သွားတတ်တယ်။ စာသင်နေရင် ခွန်အားတွေရတယ်လို့ ကျွန်မခံစားရတယ်။

ဆရာဟူသည် ၀ါသနာ၊ စေတနာ၊ အနစ်နာ၊ စာဖတ်နာ၊ နှင့် အကြင်နာ တည်းဟူသော နာငါးနာနှင့် ပြည့်စုံသင့်သည် လို့ မြန်မာစာပါမောက္ခ ဦးချမ်းမြ(မြကေတု) က ပြောခဲ့ဖူးပါတယ်။

နိုင်ငံတကာမှာလည်း ဆရာတွေရဲ့ကဏ္ဍနဲ့ပတ်သက်ပြီး ဖွင့်ဆိုထားတာ အများအပြား ရှိပါတယ်။ သူများတွေဖွင့်ဆိုထားတာတွေထက် အရေးကြီးတာကတော့ ကိုယ်ဟာ ဘယ်လိုစိတ်ဓါတ်၊ ယုံကြည်ချက်မျိုး ရှိတဲ့သူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန် သုံးသပ်ဖို့ပါပဲ။

ကျွန်မကတော့ ကျောင်းသားတွေအတွက် အမြဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေချင်သူ၊ စာသင်ရတာ၊ ကျောင်းသားတွေနဲ့ အပြန်အလှန် ဆွေးနွေးရတာ၊ ရယ်မောပျော်ရွှင်နေရတာကို နှစ်သက်သူ ဖြစ်ပါတယ်။

ကျွန်မလုပ်နေတာတွေအပေါ် အောက်ပါမေးခွန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်လေ့ ရှိပါတယ်။

• ကျွန်မသင်ကြားတာတွေက ကျောင်းသားတွေအတွက် ဘယ်လောက် အကျိုးရှိလဲ။ • ပြီးတော့ ဘယ်လို သင်ကြားသလဲ။ • ကျောင်းသားတွေက ကျွန်မသင်ကြားတာကို ဘယ်လို တုန့်ပြန်သလဲ။ • ကျွန်မသင်ကြားတဲ့အခါ အားသာချက်၊ အားနည်းချက် က ဘာတွေလဲ။ • ဆရာတယောက်အနေနဲ့ ဘယ်လို စိတ်ဓါတ်နဲ့ ပြုမူ နေထိုင် ပြောဆို သလဲ။ • ကိုယ့်သင်ကြားမှု အပေါ် ဘယ်လောက် အားရ ကျေနပ်မိသလဲ။ • ဘာတွေ ပြုပြင် ပြောင်းလဲသင့်သလဲ။

မြန်မာပြည် ပညာရေး တိုးတက်ဖို့ ဆရာတွေအတွက် သင်တန်းတွေ၊ ဆရာတွေကို ပံ့ပိုးမှုတွေ၊ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်ဆိုပေမယ့်၊ အဓိကကျတဲ့အရာကတော့ ဆရာ ဆရာမတွေရဲ့ သူတို့အလုပ်ပေါ်မှာ၊ ပညာရေးအပေါ်မှာ၊ ကျောင်းသားတွေအပေါ်မှာ ထားတဲ့ စိတ်ဓါတ် နဲ့ ခံယူချက်တွေပါ။

ဆရာတွေဟာ ကျောင်းသားတွေရဲ့ စိတ်နေစိတ်ထား၊ ခံယူချက်တွေကို အတိုင်းအတာ တခုထိ ပုံသွင်းပေးနိုင်စွမ်းရှိတယ်ဆိုတာ၊ ကျောင်းသားတွေရဲ့ အနာဂတ်တွေကို ပြုစုပျိုးထောင်နိုင်စွမ်း ရှိတယ်ဆိုတာကို မြန်မာနိုင်ငံမှ ဆရာ ဆရာမတွေ အမြဲယုံကြည်ပြီး၊ ဆရာဖြစ်ရတာကို ဂုဏ်ယူနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ခင်နှင်းစိုး
22 March 2012

(မတ်လ ၃ ရက်အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည်)

ခေတ်သစ်လူငယ်တို့ ခေတ်မှီရေးသို့

ရေးသူ - ခင်နှင်းစိုး

ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊ လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက် သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့ ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊ ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့ အစနားမှာရှိနေသည်။

ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။ ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော နိုင်ငံပေါင်းစုံမှ လာကြသည်။

နိုင်ငံခြားတွင် ပညာလာသင်ကြသော လူငယ်အများအတွက် လွတ်လပ်မှု (independence) သည် ကိုယ်လုပ်ချင်ရာလုပ်တာမျိုး ဖြစ်တတ်ကြသည်။ တကယ်တော့ မိဘများနဲ့ဝေးပြီး၊ ကိုယ့်ဘာသာ ထိန်းကြောင်းရသော လွတ်လပ်မှုမျိုး ဖြစ်သည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျနေမလဲဆိုတာ အရေးကြီးလာသည်။ လွတ်လပ်ခြင်းနောက်တွင် (ကိုယ့်ဘာသာ) တာဝန်ယူတတ်ဖို့ လိုလာသည်။ ကိုယ့်လုပ်ရပ်တိုင်းရဲ့ ရလဒ်များကို သတ္တိရှိရှိ ရင်ဆိုင် တာဝန်ယူပြီး၊ သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမည်။

လူတိုင်း ကိုယ်မလုပ်ဖူးတာကို လက်တည့်စမ်းလိုစိတ်ရှိသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ပင်။ သို့သော် ကိုယ့်ဘ၀အတွက် ထိခိုက်သွားနိုင်သည့် လက်တည့်စမ်းမှုမျိုးကိုတော့ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးခဲ့ပေ။ မိဘများက ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားရ၊ ညမိုးချုပ် အပြင်မထွက်ရ စသည့် စည်းကမ်းများ ချတတ်ကြသည်။ ဒါဟာ မကောင်းဘူးလို့ ပြောကြသည်။ တကယ်လည်း အဲဒီလုပ်ရပ်တွေနောက်မှာ အမှားကျူးလွန်နိုင်စရာ အလားအလာ အများကြီးရှိသည်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ အဲဒီအရာတွေ လုပ်မိတဲ့လူငယ်တွေကိုလည်း မှားတယ် ဆိုးသွမ်းတယ်လို့ မဆိုနိုင်။ လူငယ်သဘာဝ လက်တည့်စမ်းတာ ဖြစ်နိုင်သည်။ အဓိကက ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ဘဲ balance ဖြစ်ဖို့ပင်။ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်နိုင်လောက်အောင် မလုပ်ဖို့ အမြဲစဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ကိုယ့်ဘာသာ စည်းကမ်း (discipline) ရှိဖို့ပင်။

နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ဆိုတာ မြန်မာလူငယ်တိုင်းလုပ်ချင်သော်လည်း မလုပ်နိုင်သောအရာ။ တချို့က ငွေကြေးအရ မတတ်နိုင်။ တချို့ကျ ၀င်ခွင့်စာမေးပွဲ သတ်မှတ်ထားသော ၀င်ခွင့်လိုအပ်ချက်နဲ့ မပြည့်စုံ။ တချို့ဆို လေး ငါး နှစ်အထိ ၀င်ခွင့်စာမေးပွဲအောင်ဖို့ ကြိုးစားကြရသည်။

မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လူငယ်တချို့နဲ့ ကျမ စကားဝိုင်းလုပ်ဖူးသည်။ သူတို့ကို အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိလဲလို့ ကျမကမေးတော့၊ အနည်းစုက ထိုင်းနိုင်ငံ တက္ကသိုလ်တခုခုတွင် ကျောင်းတက်ချင်ကြသည်။ ဒါပေမယ့် အဲလိုတက်နိုင်ဖို့ စကောလားရှစ် (scholarship) ရအောင် သူတို့ ကြိုးစားရမည်။ ကျောင်းသားပေါင်း ရာချီလျှောက်တဲ့ထဲက ဆယ်ဂဏန်းလောက်သာ ရွေးသောကြောင့် စကောလားရှစ် ရဖို့က မလွယ်။ ထိုအနည်းစုကမှ သူတို့ဘာလုပ်ချင်လဲ သိကြသေးသည်။ ကျန်သည့်အများစုက သူတို့အနာဂတ်တွက် တိုးတက်ချင်သည်၊ သို့သော် ဘာဆက်လုပ်ရမည်ဆိုတာ မသိ။ စကောလားရှစ်ရလောက်အောင် စာမေးပွဲဖြေနိုင်ဖို့ အခြေခံပညာအဆင့်အတန်းအရ သူတို့မှာမရှိ။ လုပ်နိုင်မည်လို့လည်း ကိုယ့်ဘာသာ ယုံကြည်ချက် မရှိကြ။ မိဘတွေကလည်း ထောက်ပံ့မှုမပေးနိုင်။ သူတို့ ပတ်ဝန်းကျင်မှ အများစုလုပ်ကြသလို တနေ့လုပ်တနေ့စားပဲ ၀င်လုပ်ရမည်လား မရေမရာ ဖြစ်နေကြရှာသည်။

ဒါကြောင့် စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ်မှ မြန်မာကျောင်းသား/သူ တချို့ ကို သူတို့ကံကောင်းကြောင်း၊ ရရှိထားသော အခွင့်အရေးကို အလဟဿ မဖြစ်ဖို့အရေးကြီးကြောင်း ကျမပြောပြလေ့ရှိသည်။ ဘ၀တွင် အချိန်ဆိုသည်မှာ ကုန်ဆုံးပြီးသော ဘယ်လိုမှ နောက်ပြန်မလှည့်နိုင်သောအရာ ဖြစ်သည်။ ရရှိသော အခွင့်အရေးကို ရရှိသော အချိန်တွင် မြဲမြဲဖမ်းဆုတ်ပြီး၊ အကျိုးရှိရှိ အသုံးချတတ်ဖို့ အရေးကြီးသည်။ လူငယ်သဘာဝ ပျော်ပျော်နေတတ်ကြတာ မှန်ပေမယ့်၊ တနေ့တနေ့ အလေလိုက်နေမယ်ဆိုရင် အချိန်တွေ နှမြောစရာကောင်းလှသည်။ လူတယောက်ဟာ ကိုယ့်ဘ၀ရဲ့ ဆယ်စုနှစ်တခုစာကို ပြန်ကြည့်လိုက်တိုင်း တိုးတက်မှုရှိနေတာကိုသာ မြင်သင့်သည်။ အဲလိုမဟုတ်ခဲ့ရင် တခုခုလုပ်ဖို့ အချိန်တန်ပြီဆိုတာလည်း ကိုယ့်ဘာသာ သိနားလည်သင့်သည်။

လူငယ်တွေ လမ်းမှားမရောက်အောင် စာများများဖတ်ဖို့ လိုတယ်၊ စာဖတ်မှ အမှား အမှန် သိလာမယ် လို့ ဆိုကြသည်။ ကျမအမြင်မှာတော့ စာဖတ်တာက ပထမအဆင့်ဖြစ်သည်။ သို့သော် ခုခေတ်တွင် စာဖတ်ရုံနဲ့ မလုံလောက်တော့။ စာဖတ်တာဟာ စာအုပ်ထဲက စကားလုံးကြီးကြီးတွေသုံးပြီး၊ လူတွေအထင်ကြီးအောင် ပြောဖို့ပဲ မဟုတ်။ ဘယ်လိုစာမျိုးကို ဖတ်မလဲ၊ ဖတ်ထားတဲ့စာတွေကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လို ပြန်သုံးသပ်မလဲ ဆိုတာတွေက ပိုအရေးကြီးလာသည်။

ကျမကတော့ လူငယ်တွေနဲ့ ပတ်သက်လာရင် လမ်းမှားပဲ ရောက်နေနေ၊ လမ်းမှန်ပဲ ရောက်နေနေ၊ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပဲ အဆင်သင့်ပြင်ဆင်ထားသည်။ သူတို့ပြောတာ နားထောင်ပြီး ကျမအမြင်ကို ပြောပြသည်။ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုအချက်တွေ ထည့်စဉ်းစားရမယ် ဆိုတာတွေ ပြောသည်၊ ဆွေးနွေးသည်။ သို့သော် ဆုံးဖြတ်ချက်ကတော့ သူတို့ကိုယ်ပိုင် ရွေးချယ်မှုပင်ဖြစ်သည်။ ကျမကိုယ်တိုင်လည်း ကိုယ်ပိုင်ရွေးချယ်မှုကိုပင် တန်ဖိုးထားသည်။

နာမည်ကျော် အမေရိကန် လက်ဝှေ့ထိုးသမား ဖြစ်ခဲ့ဖူးသူ Muhammad Ali ကတော့ .. လူတယောက်ရဲ့ အသက် ၂၀ အရွယ်က ဘ၀ကိုကြည့်တဲ့ပုံစံက၊ အသက် ၅၀ အထိ အတူတူဖြစ်နေမယ်ဆိုခဲ့ရင် အဲဒီလူဟာ သူ့ဘ၀ရဲ့ အနှစ် ၃၀ ကို အလကား နေပစ်လိုက်သလိုပဲ .. ဟု ဆိုခဲ့သည်။ လက်ရှိ ခေတ်သစ်ရဲ့လူငယ်တွေဟာ နောင် အနှစ် ၃၀ ဆယ် မှာ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲဆိုတာဟာ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် များစွာမူတည်နေသည်။

ပေါ်လီတက္ကနစ်မှ ကျမကျောင်းသူတချို့က သူတို့ တကယ်စိတ်ပါဝင်စားတဲ့ profession နဲ့ လက်ရှိတက်နေတဲ့လိုင်းတို့ ကွဲလွဲနေလို့ ဘယ်လိုလုပ်ရမလဲလို့ ကျမကို အကြံဥာဏ်တောင်းလေ့ရှိသည်။ ထိုသို့လူငယ်များတွက် ကျမအလွန်အားရမိသည်။ အသက် နှစ်ဆယ်ကျော်အချိန်တွင် ဘ၀မှာ ဘယ်လို profession ကို လုပ်မလဲဆိုတာ သူတို့အသေအချာ သိကြသည်။ ကျမသူတို့အရွယ်တုန်းက အင်ဂျင်နီယာအလုပ်ကို နှစ်ခြိုက်ခဲ့ပေမယ့်၊ သူတို့လောက် မသေချာခဲ့။ ကိုယ့်ထက်ငယ်တဲ့ မြန်မာလူငယ်တွေက ကိုယ့်ထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်၊ ခံယူချက် စတာတို့ သာတာမျိုးကိုပဲ ကျမမြင်ချင်မိသည်။ (အဲလိုဖြစ်အောင်လည်း တတ်နိုင်သလောက် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်)။ နာမည်ကျော် သိပ္ပံပညာရှင် Isaac Newton က “ကျနော်ဟာ သူများတွေထက် ပိုဝေးဝေးမြင်နိုင်တာ၊ ကျနော့်အရင် မျိုးဆက်ရဲ့ ပုခုံးပေါ် တက်ကြည့်နိုင်လို့ ဖြစ်တယ်” လို့ ဆိုခဲ့သည်။ သူဆိုလိုချင်တာ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလုပ်ခဲ့တာအပေါ် တဆင့်တက်ပြီးကြည့်နိုင်ရင်၊ မျိုးဆက်တခုစီဟာ ပို ပိုပြီး တိုးတက်နေမယ် ဆိုတဲ့သဘောပါ။

လူငယ်တို့က သူတို့အပြုအမူအပေါ် ဝေဖန်ခံရတဲ့အခါ၊ ခေတ်မမှီဘူး၊ ရှေးဆန်တဲ့အတွေးတွေနဲ့ လာပြောနေတယ်လို့ တုန့်ပြန်တတ်ကြသည်။ မျိုးဆက်တခုနဲ့တခုကြားမှာ၊ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု (generation gap) ကို လက်ညှိုးထိုးတတ်ကြသည်။ တချို့လူငယ်တွေအတွက် ဂျင်းဘောင်းဘီ၊ တီရှပ်၊ စကပ်တို၊ ဘောင်းဘီတိုတို့ဝတ်မှ၊ မိုဘိုင်းဖုန်း ကိုင်နိုင်မှ၊ Facebook ရှိမှ၊ ကဖေးထိုင်မှ၊ ကလပ်သွားမှ စတာတို့ ဖြစ်နိုင်သည်။ တကယ်တော့ ထိုသို့ ခေတ်မှီတာကို အဓိပ္ပါယ်ဖော်တာက အပေါ်ယံဆန်လှသည်။

ခေတ်မှီရေးသို့ (becoming modern) နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖွံ့ဖြိုးဆဲခြောက်နိုင်ငံမှ (Argentina, Chile, India, Israel, Nigeria, Bangladesh) လူငယ် ၆၀၀၀ ကို သုတေသနလုပ်ထားတာကို ဖတ်ဖူးသည်။ နိုင်ငံတနိုင်ငံ ခေတ်မှီလာဖို့အတွက် ဘယ်လိုခေတ်မှီတဲ့ လူငယ်တွေ လိုအပ်သလဲဆိုတာကို ရှာဖွေလေ့လာခြင်းဖြစ်သည်။ သူတို့တွေ့ရှိချက်အရ ခေတ်မှီလူသား (modern man) တွင် စရိုက်လက္ခဏာ လေးမျိုးရှိသည်။

(၁) သူဖြတ်သန်းနေသော ခေတ်မှာ အများတကာ ဘာတွေ ဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အစဉ်လေ့လာ၊ အသိပညာဖွံ့ဖြိုးပြီး၊ ခေတ်ကို ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ရှိသည်။
(၂) သူ့ကိုယ်ပိုင်လုပ်ရပ်ဟာ သူ့အတွက်သာမက၊ သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင် (ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ) ကိုပါ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်သည်။
(၃) သူက လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်သည်။ အထူးသဖြင့် ဘယ်တက္ကသိုလ်လိုင်းကို ရွေးမလဲ၊ ဘယ်အလုပ်လုပ်မလဲ စတဲ့ ကိုယ်ပိုင်ကိစ္စများ ဆုံးဖြတ်ရာတွင်၊ ခေတ်ဟောင်းမှ အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးခြင်းကို မခံ။
(၄) သူက အိုင်ဒီယာအသစ်၊ အတွေ့အကြုံအသစ်များအတွက် အမြဲ အသင့်ဖြစ်နေသည်။ သူ့တွင် ဖွင့်ထားသောစိတ် (open mind)၊ ဒါဆိုဒါမှဟု တယူသန်အစွဲမရှိသော၊ အသိအမြင်အားဖြင့် ပျော့ပြောင်းနိုင်စွမ်း (cognitive flexibility) ရှိသည်။

ထိုသုတေသနကို ၁၉၇၄ ခုနှစ်ကလုပ်ခဲ့ပေမယ့်၊ ခုချိန်ထိ အကျုံးဝင်နေသေးသည်။ ထိုသုတေသနမှာ ဖော်ပြထားသော ခေတ်မှီလူသား တယောက် ရှိထိုက်သော စရိုက်လက္ခဏာလေးမျိုး နဲ့ ပတ်သက်ပြီး၊ မြန်မာလူငယ်တို့ သေချာစဉ်းစားသင့်သည်။ ဥပမာပြောရရင်.. ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်တယ် မတော်တယ် မစဉ်းစား၊ ကိုယ်အပြုအမူကြောင့် တခြားသူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဘယ်လိုမြင်သွားမယ် မစဉ်းစား၊ အတုယူမှားတာတွေဟာ ခေတ်မှီတာမဟုတ်တာတော့ သေချာသည်။ အတုယူတဲ့အခါ ကိုယ့်အတွက် ပိုကောင်းသွားစေမယ့် အရာမျိုးကိုသာ အတုယူသင့်သည်။ ဘယ်လိုဟာမျိုးကို အတုယူသင့်သလဲဆိုတာလည်း အရင် သေချာစဉ်းစား တွေးတောကြည့်သင့်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ရှေ့လျှောက်ဖွံ့ဖြိုးဖို့ အလားအလာကောင်းနေတဲ့ နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ကမ္ဘာမှာ ခေတ်မှီရေးအတွက် မြန်မာလူငယ်တို့ ဘယ်လောက်ထိ ခေတ်မှီလူသား ဖြစ်နိုင်ကြမလဲဆိုတာပေါ် အများကြီးမူတည်နေပေသည်။

Ref: Becoming Modern: Individual Change in Six Developing Countries

(၃ မတ်လ ၂၀၁၂ ထုတ် Venus News ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်သည်)

ခင်နှင်းစိုး
၂၃ ဧပြီ ၂၀၁၂

Tuesday, March 20, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၂)

ဆရာစိတ်ဓါတ်ဆိုတာ

ရေးသားသူ - - ခင်နှင်းစိုး

ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။

ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္ဒောအနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ် ။ ဒါပေမယ့် အဲလိုသတ်မှတ်ခံလိုက်ရတာနဲ့ ဆရာဆိုတာ ကျေးဇူးရှင်ဖြစ်သွားတယ်လို့ ကျမမထင်မိပါဖူး ။ ဆရာကောင်းတယောက်ဖြစ်မှသာ အဲဒီဂုဏ်ထူးနဲ့ ထိုက်တန်တာပါ ။

ဆရာကောင်းတယောက်ဖြစ်ဖို့ စာသင်ကောင်းတာအပြင် ကျမတို့ ဆရာ ဆရာမတွေ ဘယ်လိုစိတ်ဓါတ်မျိုး ရှိသင့်ပါသလဲ ။

ကျမကို အင်ဂျင်နီယာအဖြစ်ကနေ ပေါ်လီတက္ကနစ် (polytechnic) မှာစာသင်ကြားဖို့ အဓိကတွန်းပို့ခဲ့တာကတော့ လူငယ်တွေကို ကိုယ်သိထားတာတွေ ဝေမျှပေးချင်တဲ့ဆန္ဒ၊ နောက်ပြီး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အလုပ်ရှုပ်ရတာထက်၊ လူငယ်တွေကို ပြုစုပျိုးထောင်ပေးရတာကို ပိုနှစ်သက်မိတာရယ်ကြောင့်ပါ ။

ဆရာစိတ်ဓါတ်ဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပါဝင်တယ်လို့ ကျမတို့မြန်မာတွေပြောကြပါတယ် ။ အဲဒီနာသုံးနာဟာ ဆရာတယောက်မှာရှိသင့်ရှိထိုက်တဲ့ အခြေခံတရားတွေဖြစ်ပြီး၊ လက်ဆုပ်လက်ကိုင်ပြဖို့ ခဲယဉ်းပါတယ် ။

ဒါဆို ဆရာကောင်းတယောက်ရဲ့စိတ်ဓါတ်ကို ဘယ်လိုအပြုအမူတွေက ဖော်ညွန်းပါသလဲ ။

ကျောင်းသားတွေရဲ့ သင်ယူမှုကို အမြဲစဉ်းစားပေးခြင်း


စာသင်နှစ်ရဲ့ပထမဆုံးနေ့မှာ ကျောင်းသားတွေကို ကျမပြောလေ့ရှိတဲ့စကားကတော့ --- ကျမစာသင်ချိန်တိုင်းမှာ သူတို့တွေအကျိုးရှိရှိသင်ယူနိုင်စေချင်တာပါပဲ ။

စာသင်ခန်းထဲမှာ ကျောင်းသားအမျိုးမျိုးရှိပါတယ် ။ တချို့က စာသင်ခန်းထဲမှာသင်တာကို တထိုင်တည်း နားလည်သွားတတ်ကြတယ်၊ တချို့ကျတော့ အိမ်မှာပြန်ဖတ်၊ ပြန်မှတ်ပြီးမှ နားလည်တတ်တယ်၊ တချို့ကတော့ စာသင်ခန်းထဲမှာလည်း နားမလည်၊ အိမ်ပြန်ရောက်ရင်လည်း ပြန်ဖတ်ဖို့မကြိုးစား၊ အဲလိုနဲ့လုံးခြာလိုက်ပြီး စာမေးပွဲကျတာမျိုးထိ ဖြစ်တတ်ကြတယ်။

ကျောင်းသားအမျိုးမျိုးကို ထိရောက်စွာစာသင်ကြားနိုင်ဖို့၊ သူတို့နဲ့ပတ်သက်ပြီး နားလည်ရမယ့် အဓိကနှစ်ပိုင်းရှိပါတယ် ။ ပထမအပိုင်းက ကျောင်းသားတယောက်ရဲ့အတန်းပညာသင်ယူလိုစိတ် (academic motivation) ဖြစ်ပြီး၊ ဒုတိယအပိုင်းကတော့ အဲဒီကျောင်းသားဟာ ဘယ်လိုစာသင်ကြားနည်းမျိုးနဲ့ ကိုက်ညီသလဲ ဆိုတာပါပဲ ။

ကျောင်းသားတွေရဲ့ အတန်းပညာသင်ယူလိုစိတ်ကို ကိုယ်ပိုင်စိတ်ဆန္ဒကြောင့်လိုချင်စိတ် (intrinsic motivation) နဲ့ ပြင်ပအကြောင်းအရာများကြောင့် လိုချင်စိတ် (extrinsic motivation) ဆိုပြီး ပညာရေးသုတေသီတွေက ခွဲခြားဆန်းစစ်ကြပါတယ် ။

ကိုယ်ပိုင်စိတ်ဆန္ဒနဲ့စာသင်ယူလိုစိတ်ရှိတဲ့ကျောင်းသားဟာ သူသင်ယူနေတဲ့ဘာသာရပ်အပေါ်
စိတ်ဝင်စားမှုရှိသလို ၊ သင်ကြားရတာအတွက် ကျေနပ်ပျော်ရွှင်မှုရှိပါတယ် ။ တချို့ကျောင်းသားတွေကတော့ ပြင်ပအကြောင်းအချက်တွေဖြစ်တဲ့ မိဘတွေတိုက်တွန်းမှု၊ ဒါမှမဟုတ် အတန်းပညာရှိရင် ဘ၀တက်လမ်းရှိတယ်လို့ ယုံကြည်မှုကြောင့် စာသင်ယူကြပါတယ် ။

ကျမတို့မြန်မာပြည်မှာ intrinsic motivation ရှိတဲ့ကျောင်းသားနည်းနိုင်ပါတယ် ။ ကျောင်းသားအများစုဟာ တက္ကသိုလ်ဝင်တန်းကိုရွေးတဲ့အခါ အလုပ်ကောင်းရနိုင်တဲ့၊ မိဘတွေတိုက်တွန်းတဲ့၊ သူငယ်ချင်းတွေရွေးနေကြတဲ့ လိုင်းမျိုးကို ရွေးချယ်လေ့ရှိကြပါတယ် ။ ဒါတွေဟာ extrinsic motivation ကနေဖြစ်လာတဲ့လုပ်ရပ်တွေပါ ။

စာသင်ယူတယ်ဆိုတာ စိတ်မပါဘူးဆိုရင်လုပ်ဖို့ခဲယဉ်းပါတယ် ။ မြန်မာကျောင်းသားတွေ intrinsic motivation မရှိခဲ့ရင်တောင်၊ extrinsic motivation နဲ့ စိတ်ပါလာအောင် ဆရာတွေက အားပေးသင့်ပါတယ် ။

ကျောင်းသားတိုင်းဟာ စာသင်ယူနည်းတွေ မတူကြပါဖူး ။ ဥပမာ .. တချို့ကျောင်းသားတွေက ဆရာသင်ပေးတာကိုပဲ လိုက်မှတ် လိုက်ကျက် ပြန်ဖြေဆိုတာမျိုး ကြိုက်တယ် ။ တချို့ကတော့ မေးခွန်းထုတ်ရတာကြိုက်တယ် ။ တချို့ကတော့ activity သဘောမျိုးလေးတွေလုပ်ရတာကြိုက်တယ် ၊ တချို့က ပုံများများပါတဲ့စာအုပ်တွေကနေသင်ယူရတာ ကြိုက်တယ် ၊ တချို့ကစကားလုံးတွေများတာ ကြိုက်တယ် ၊ တချို့က တယောက်တည်းသင်ယူရတာ ကြိုက်တယ် ၊ တချို့ကအဖွဲ့လိုက်သူငယ်ချင်းတွေနဲ့ project တွေလုပ်ပြီး သင်ယူချင်တယ် စသဖြင့် ။

အဲဒီတော့ ကိုယ့်အတန်းထဲမှာရှိမယ့် ကျောင်းသားတွေ ဘယ်လိုနည်းမျိုးနဲ့ စာသင်ယူရတာကြိုက်လဲဆိုတာ လေ့လာပြီး၊ သင့်တော်မယ့်နည်းလမ်းမျိုးတွေကိုသုံးရင် စာသင်ကြားရာမှာ ပိုထိရောက်ပါလိမ့်မယ် ။

ကျောင်းသားတွေရဲ့အမြင်ကို အမြဲထည့်သွင်းစဉ်းစား လေးစားခြင်း

ကျမတို့မြန်မာစကားမှာ ဆရာ-တပည့်ဆိုတဲ့အသုံးအနှုံးဟာ ဆရာကအထက် ၊ တပည့်ကအောက် ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်နေတယ်လို့ ကျမခံစားရပါတယ် ။ ဥပမာကြည့်မယ်ဆိုရင် ... ရုံးမှာအထက်အရာရှိကို အောက်လက်ငယ်သားတွေက ဆရာခေါ်ကြရတယ် ၊ အလုပ်ပိုင်ရှင်တွေကို ဆရာခေါ်လေ့ရှိတယ် ။

နောက်ပြီး တချို့ဆရာဆရာမတွေ “အော် သူက ငါ့တပည့်ဖြစ်ခဲ့တာ” လို့၊ ပြောခံရတဲ့လူတချို့ ပြန်ပြောလေ့ရှိတာက “သူငယ်တန်းတုန်းကပဲသင်ခဲ့ရတာပါ” ။ အဲလိုစကားအသွားအပြန်မျိုးဟာ ဆရာ-တပည့်ဆိုတဲ့ အသုံးအနှုံးက မြန်မာစကားမှာအထက်နဲ့အောက်ကို ရည်ညွှန်းနေသလိုဖြစ်နေပါတယ် ။

ဆရာပြောသမျှကို ကျောင်းသားကလက်ခံရတာမျိုး အပေါ်-အောက်အခြေအနေမျိုးကို နိုင်ငံတကာရဲ့ပညာရေးစနစ်မှာ လျော့နည်းအောင်လုပ်လာကြပါတယ် ။ ဒါဟာ ဆရာတွေအပေါ် ကျောင်းသားတွေကထားတဲ့ရိုသေမှုနဲ့ လုံးဝမသက်ဆိုင်ပါဖူး ။ ဆရာတွေကပဲ ကျောင်းသားတွေကို တလမ်းသွားအနေနဲ့ပြောတာမလုပ်ဘဲ ၊ နှစ်ဦးနှစ်ဘက်အပြန်အလှန် ဆွေးနွေးကြတာမျိုးပါ ။ ကျောင်းသားတွေက ဆရာတွေပြောတဲ့အချက်အလက်တွေကို ဘာကြောင့်ဖြစ်ရတယ် ၊ ဘယ်လိုဖြစ်နိုင်ခြေရှိတယ် စသဖြင့် ဆွေးနွေးတာမျိုးဖြစ်ပါတယ် ။

အဲဒီအခါ ဆရာတွေဘက်က သူတို့ရှုထောင့်သာအမှန်လို့ တထစ်ချပြောလို့မရပါဖူး ။ ဆရာတွေဟာဘာသာရပ်တခုကိုသင်နိုင်တယ်ဆိုပေမယ့် ကိုယ်သိထားတဲ့ရှုထောင့်တွေ (perspectives) ကိုပဲသုံးပြီးသင်တာပါ ။ ဘာသာရပ်တခုဟာ သိပ်ကျယ်ဝန်းတဲ့အတွက် အလုံးစုံအပိုင်းတွေကို ဆရာတွေသိဖို့ခဲ့ယဉ်းပါတယ် ။ ကျောင်းသားတွေတင်ပြတဲ့အမြင်သစ်၊ ရှုထောင့်သစ်တွေကို ဆရာတွေက ကိုယ်သိထားတဲ့မူလအမြင်၊ ရှုထောင့်တွေနဲ့ဆွေးနွေးပြီး ၊ အဖြေတခုကိုအတူထုတ်တာမျိုး လုပ်သင့်ပါတယ် ။

ကျောင်းသားတွေရဲ့အမြင်ကို ကိုယ်က လေးစားပြီး နားထောင်ဆွေးနွေးမှသာ၊ ကျောင်းသားတွေဘက်ကလည်း စိတ်ဝင်စားမှုရှိလာပြီး၊ ကြိုးစားချင်စိတ်၊ ကိုယ့်အပေါ်လေးစားစိတ် ပိုရှိလာနိုင်ပါမယ် ။

ဆရာတွေနဲ့ကျောင်းသားတွေကြား အပြန်အလှန်လေးစားမှုရှိမယ်ဆိုရင် စာသင်ခန်းဆိုတာ အားလုံးအတွက် စိတ်လက်ပေါ့ပါးစွာ ပညာသင်ယူနိုင်တဲ့၊ သင်ကြားနိုင်တဲ့နေရာတခုဖြစ်လာမှာပါ ။

တတ်ယောင်ကား မလုပ်ခြင်း

ဆရာတွေ အဓိကသတိထားရမယ့်အချက်ကတော့ ကျောင်းသားတွေကို မရည်ရွယ်ပဲ အလွဲအမှားတွေ မသင်ပေးဖို့ပါပဲ ။

စင်္ကာပူနိုင်ငံက ကျမသင်တဲ့ပေါ်လီတက္ကနစ် (polytechnic) မှာ ကျောင်းသားတွေဟာ laptop ကိုယ်စီသုံးပြီး အင်တာနက်ပေါ်မှာ သူတို့သင်ယူတဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး အချက်အလက်တွေ ရှာကြရပါတယ် ။ သူတို့နားမလည်တဲ့အခါ ကျမကိုမေးလေ့ရှိပါတယ် ။

အင်တာနက်ဆိုတာ တကယ်တော့ အလွန်ကျယ်ပြန့်ပြီး၊ အချက်အလက်တွေအများအပြား စုဝေးနေတဲ့နေရာဖြစ်နေတာကြောင့် သူတို့မေးတဲ့အချက်အလက်တိုင်းကို ကျမအကုန်မသိနိုင်ပါဖူး ။ အချက်အလက်သစ်တွေကို စာပြန်ဖတ်ပြီးမှ ရှင်းပြနိုင်မယ်လို့ ကျမပြောရပါတယ် ။

ကိုယ်မသေချာတာ၊ ကိုယ်မသိတာကို သေချာသယောင်၊ သိသယောင်နဲ့ အလွဲတွေမဖြေမိဖို့ ဆရာတိုင်းမှာ တာဝန်ရှိပါတယ် ။ မသိရင် မသိဘူးလို့ ပြောရဲတဲ့သတ္တိရှိသင့်ပါတယ် ။ တချိန်တည်းမှာ အချက်အလက်သစ်တွေကို ဒီအတိုင်းမထားဘဲ ပြန်ဖတ်ပြီး၊ ပြန်ရှင်းပြတာမျိုးလုပ်သင့်ပါတယ် ။ အပေါ်မှာပြောခဲ့တဲ့ နာသုံးနာအပြင်၊ ဆရာတယောက်ဟာ စာဖတ်နာမှသာ ကျောင်းသားက ကိုယ့်စာသင်ကြားမှုအပေါ် ယုံကြည်မှုရှိမှာပါ ။

နာမည်ကျော်ပြင်သစ်စာရေးဆရာ Joseph Joubert က “To teach is to learn twice” -- စာသင်တာဟာ နှစ်ခါပြန်လေ့လာခြင်းပဲ လို့ပြောခဲ့ပါတယ် ။ စာသင်တယ်ဆိုတာ လူတိုင်းလုပ်နိုင်တာမဟုတ်ပါဖူး ။ ဘာသာရပ်တခုကို ကျွမ်းကျင်တဲ့သူတိုင်း သူများကို ရှင်းရှင်းလင်းလင်းပြန်မသင်ကြားတတ်ပါဖူး ။ ကိုယ်သင်တဲ့သူနားလည်အောင် ဘယ်လိုရှုထောင့်ကရှင်းပြရင် အရှင်းလင်းဆုံးဖြစ်မလဲဆိုတဲ့အချက်ကို ဆရာတွေအမြဲထည့်သွင်းစဉ်းစားသင့်ပါတယ် ။

စံနမူနာထားထိုက်သူဖြစ်ခြင်း

လူတိုင်းဟာအမှားနဲ့မကင်းပါဖူး ။ ဒါပေမယ့် ဆရာဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်ဖို့ အလွန်အရေးကြီးပါတယ် ။ ဆရာတွေဟာ ကျောင်းသားတွေအတွက် အတုယူထိုက်၊ စံနမူနာယူထိုက်သူတွေ ဖြစ်ဖို့ ကြိုးစားသင့်ပါတယ် ။

စာသင်ချိန်ကိုအချိန်မှန်မ၀င်တဲ့ဆရာတချို့ကို တွေ့ဖူးပါတယ် ။ ကျောင်းသားကို အချိန်မှန်ကျောင်းတက်ရမယ်ဆိုတဲ့ ကျောင်းစည်းကမ်းကို ၊ ဆရာတွေကိုယ်တိုင်လည်း လိုက်နာသင့်ပါတယ် ။ မြန်မာလူကြီးတွေက လူငယ်တွေကို ဆေးလိပ်မသောက်ဖို့ အရက်မသောက်ဖို့ ဆုံးမလေ့ရှိကြပါတယ် ။ ဒါပေမယ့် ကျောင်းသားတွေရှေ့မှာ ဆေးလိပ်သောက်တတ်တဲ့ ဆရာတွေ၊ အရက်သောက်ထားသလို မျက်ထောင့်နီနဲ့ဆရာမျိုးတွေကို တချို့ကျောင်းတွေမှာ တွေ့ရတဲ့အခါ စိတ်ပျက်မိပါတယ် ။ ကိုယ်ပိုင်ရွေးချယ်မှုနဲ့လုပ်တယ်ဆိုရင်တောင် ကျောင်းသားတွေရှေ့မှာလုပ်တဲ့အခါ ကျောင်းသားတွေက ကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတာ ချင့်ချိန်သင့်ပါတယ် ။

ဆရာတယောက်ဟာ ကျောင်းသားတယောက်ကို ဆိုဆုံးမတာမျိုးမလုပ်ခင် ကိုယ်တိုင်ကရော အဲဒီအပိုင်းတွေမှာ မှန်ကန်အောင်နေရဲ့လားဆိုတာ ကိုယ့်ဘာသာဆန်းစစ်ကြည့်သင့်ပါတယ် ။

ကျောင်းသားတွေအပေါ် ကိုယ်ချင်းစာ၊ ကြင်နာစိတ် ထားခြင်း

ငယ်ရွယ်သေးတဲ့ကျောင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိလွယ် ရှလွယ် အမှတ်ရလွယ်ပါတယ် ။ ကျောင်းသားတယောက်ဟာ ဘယ်လောက်ပဲဆိုးပါစေ သူ့ဆရာရဲ့စေတနာကို ခံစားသိရှိသွားတဲ့အခါ အဲဒီစေတနာကိုလေးစားတဲ့ တုံပြန်မှုကို သူတို့တတ်နိုင်သလောက် ပေးတတ်စမြဲပါ ။

ကျမ အမှတ်ရမိတဲ့ အဖြစ်အပျက်နှစ်ခုရှိပါတယ် ။

ပထမအဖြစ်အပျက်ကတော့ ကျမ ဆရာမစလုပ်တုန်းက ကြုံခဲ့ရတဲ့ကျောင်းသားတယောက်ပါ ။ အဲဒီကျောင်းသားက စာမေးခံရတဲ့အခါတိုင်း မသိတာကို သိသလိုလုပ်ပြီး ဖြေလေ့ရှိပါတယ် ။ ဒါကြောင့် သင်ခန်းစာကိုသေချာနားလည်အောင် သင်ယူဖို့ ကျမသူ့ကိုသတိပေးရလေ့ရှိတယ် ။ အဲဒီကျောင်းသားဟာ အဲဒီဘာသာရပ်ပြီးဆုံးတဲ့အခါမှာ ကျမဆီ ခုလိုအီးမေးလ်ပို့လာပါတယ် ...

“ဒီဘာသာသင်ယူရတဲ့စာသင်နှစ် ပြီးဆုံးသွားတဲ့အတွက် ကျနော်အရမ်းဝမ်းသာတယ် ။ ဘာလို့လဲဆိုတော့ ဆရာမက ကျနော်လုပ်သမျှကို အကောင်းမထင်ဘူး ။ ကျနော်ကြိုးစားတာကိုလည်း ဆရာမက အသိအမှတ်ပြုတဲ့ပုံမပြတော့ ကျနော်ဟာ ဒီဘာသာရပ်ကို လေ့လာချင်စိတ်နည်းသွားခဲ့ပါတယ် ။”

ကျောင်းသားတွေနဲ့အမြဲအဆင်ပြေလေ့ရှိတဲ့ကျမဟာ အဲလိုအီးမေးလ်ရတော့ အတော်လေးအံ့သြသွားခဲ့မိတယ် ။ နောင်ဆို ကျောင်းသားတွေစိတ်ကို ပိုပြီးစာနာစဉ်းစားဖို့ ကိုယ့်ဘာသာသတိပေးလိုက်မိပါတယ် ။ တကယ်တော့ သူ့ကို သင်ခန်းစာကိုပိုင်နိုင်စေချင်လို့တင်းကျပ်လိုက်တော့၊ ကျမစေတနာက ဝေဒနာဖြစ်သွားခဲ့ရတာပါ ။

နောင် နှစ်တချို့ကြာပြီး ဒုတိယအဖြစ်အပျက်မှာတော့ ကျမကို နောက်ထပ်ကျောင်းသားတယောက်က ခုလိုပြောလာပါတယ် ...

“ကျနော်တွေ့ဖူးသမျှ ဆရာမတွေထဲမှာ ဆရာမလို စိတ်ရှည်လက်ရှည်နဲ့ ဂရုတစိုက်သင်ပေးတဲ့သူ ခုမှပဲတွေ့ဖူးတယ် ။”

အဲဒီကျောင်းသားဟာအတန်းထဲမှာ စာအညံ့ဆုံးကျောင်းသားတယောက်ဖြစ်ပါတယ် ။ ကျမသင်တဲ့ဘာသာရပ်မှာလည်း စိတ်ပါဝင်စားမှု မရှိသလောက်ပါပဲ ။ အတန်းထဲမှာ စကားပေါပြီး အလေလိုက်ချင်တဲ့ကျောင်းသားမျိုးပါ ။ ဒါပေမယ့် ကျမက သူ့ကို စိတ်ရှည်လက်ရှည်သင်ပေးတယ်၊ အဲဒီဘာသာရပ်နဲ့ပတ်သက်ပြီး သူ့အားနည်းချက်အပေါ် စာနာတတ်တဲ့စိတ်ရှိတယ်လို့ သူခံစားရတော့၊ ကျမစာသင်တဲ့အခါ သူကြိုးစားပြီး သင်ယူတယ် ။ အတန်းထဲမှာ မသိတာကိုသေချာမေးပြီး မရမချင်းကြိုးစားပါတယ် ။ သူ့ရဲ့ကြိုးစားမှုကို ကျမကအသိအမှတ်ပြုတဲ့အခါ သူ့ပျော်ရွှင်မှုက အထင်းသားပေါ်လွင်ပါတယ် ။

ဒီအဖြစ်အပျက်တွေဟာ ကိုယ်ချင်းစာနာစိတ်ရှိတတ်အောင် ကျောင်းသားတွေက ကျမကိုပေးလိုက်တဲ့ သင်ခန်းစာတွေပါပဲ ။

မိဘနဲ့တန်းတူ အနန္ဒောအနန္ဒဂိုဏ်းဝင်ကျေးဇူးရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ဖို့ ကျမတို့ ဆရာ ဆရာမတွေ ဘယ်လိုစိတ်ဓါတ်မျိုး ရှိသင့်သလဲ၊ ကိုယ်ဟာဘယ်လိုဆရာလည်းဆိုတာတွေကို ကိုယ့်ဘာသာ အမြဲပြန်လည်သုံးသပ်နေဖို့ လိုအပ်ပါတယ် ။ ဒါမှသာ ကိုယ့်လိုအပ်ချက်တွေနဲ့ အားသာချက်တွေကို မြင်နိုင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆရာကောင်းတယောက်ဖြစ်သထက်ဖြစ်အောင် အစဉ်ကြိုးစားနေနိုင်ပါမယ် ။


(၂၀ ရက် မတ်လထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ခင်နှင်းမိုး နာမည်နှင့် ဖော်ပြပြီးဖြစ်သည်)


Sunday, February 26, 2012

ဆရာနှင့်ပညာရေး (အပိုင်း ၁)

ဆရာဆိုတာ

ရေးသားသူ - ခင်နှင်းစိုး

၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေကအောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ် [1] ။ နိုင်ငံတကာက ကျောင်းပေါင်း ၂၅ ကျောင်း (ထိပ်တန်း ၁၀ ကျောင်းအပါအ၀င်) ကို သူတို့ လေ့လာခဲ့ကြတယ် ။ သူတို့ကောက်ချက်ချတဲ့ ကျောင်းပညာရေးစနစ် အောင်မြင်ဖို့ အဓိကသုံးချက်ထဲမှာ ထိပ်တန်းကပါဝင်တဲ့အချက်ကတော့ အရည်အချင်းပြည့်စုံပြီး လူမှန်နေရာမှန်ဖြစ်တဲ့ ဆရာ ဆရာမတွေရအောင် လုပ်ရမယ်ဆိုတာပါပဲ ။

ကျမတို့မြန်မာလူမျိုးတွေမှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာဆိုပြီး ဆရာကို သုံးမျိုးခွဲ ပြောလေ့ရှိကြတယ် ။ ဒါ့အပြင် ကိုယ်ရိုသေတဲ့လူ ၊ ကိုယ့်ထက် ရာထူးအာဏာမြင့်သူတွေကို ဆရာလို့ ခေါ်လေ့ရှိကြတယ် ။ ဆိုက်ကားဆရာ ၊ မြင်းလှည်းဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ .. စတဲ့ ဂုဏ်ပုဒ်တွေမှာလည်း ဆရာဆိုတဲ့စကားလုံးနှစ်လုံးကို ထည့်သွင်းခေါ်ဆိုကြတယ် ။

စာသင်ခန်းထဲက ဆရာ ဆရာမတွေကရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆရာ အဖြစ်သတ်မှတ်ကြမလဲ ။ ပတ်ဝန်းကျင်က ဘယ်လိုသတ်မှတ်တာကို ခံချင်ကြပါသလဲ ။



ကျမ ခြောက်တန်းတုန်းက သင်္ချာသင်တဲ့ဆရာမတယောက်ရှိခဲ့တယ် ။ သူဘယ်လိုစာသင်လဲဆိုတာ ကျမမမှတ်မိတော့ဖူး ။ သူစစ်တဲ့လစဉ်စာမေးပွဲမှာ အမှတ် ၁၀၀ မရသူတိုင်းကို ကြိမ်လုံးနဲ့ လက်ဝါးမှာ တယောက်တချက်ရိုက်တာကိုပဲ မှတ်မိနေတယ် ။ ခုချိန်ပြန်စဉ်းစားမိတိုင်း သူဘာလို့ အဲလိုလုပ်တာလဲဆိုတာ နားမလည်နိုင်အောင်ပဲ ။ ကျမတို့ကို စာကြိုးစားအောင် လုပ်တာလား ၊ ကျောင်းသားတိုင်း အမှတ် ၁၀၀ မရရင် သူနာမည်ပျက်မှာစိုးရိမ်လို့လား ။

အင်တာနက်ပေါ်မှာ လူငယ်တယောက်ရဲ့မှတ်ချက်ကို တွေ့ဖူးတယ် -- မြန်မာနိုင်ငံက ဆရာ ဆရာမတွေက ကမ္ဘာပေါ်မှာ အရိုက်အကြမ်းဆုံး အာဏာအသုံးပြုဆုံး ဆရာ ဆရာမတွေထဲ ပါဝင်နိုင်တယ်တဲ့ ။

တကယ်တော့ မြန်မာပြည်မှာ စေတနာနဲ့သင်ကြားပေးတဲ့ ဆရာ ဆရာမတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ် ။ နောက်ပြီး အာဏာသုံးတဲ့ ဆရာ ဆရာမဆိုတာ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဖူး ၊ နိုင်ငံတိုင်းမှာ ရှိတတ်ကြပါတယ် ။

ကျမစင်္ကာပူမှာ အလယ်တန်းအဆင့် (၇ တန်းနဲ့အညီ) ကျောင်းတက်တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမတယောက်ဆို စာသင်ကောင်းပေမယ့် အရမ်းစိတ်တိုတတ်ပါတယ် ။ အင်္ဂလိပ်စာ စာစီစာကုံးအမှတ်ခြစ်တဲ့အခါ သူညံ့တယ်သတ်မှတ်တဲ့ မကြိုးစားပဲရေးထားတယ်လို့ထင်တဲ့ ကျောင်းသားတွေရဲ့စာအုပ်တွေကို အတန်းအပြင်ကို လွှင့်ပစ်လေ့ရှိတယ် ။ အဲဒီဆရာမဟာ စာသင်ကောင်းပေမယ့် သူ့အတန်းချိန်ဆို ကြောက်နေရတာနဲ့ပဲ စာကိုသေချာမသိလိုက်တာတွေ အများကြီးပါ ။

ဘယ်လို ဆရာ ဆရာမဖြစ်မယ်ဆိုတာ တကယ်တော့ ကိုယ်တိုင်က ဆုံးဖြတ်တယ်ဆိုတာ ကျမ ကိုယ်တိုင် ဆရာမဖြစ်လာတော့မှ သိလိုက်ရပါတယ် ။

စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) တခုမှာ ကျမ စာသင်တဲ့အခါ စာသင်နှစ်ကုန်တဲ့အခါတိုင်း ကျမသင်တဲ့ဘာသာရပ်နဲ့ ၊ ကျမစာသင်တဲ့ပုံစံအပေါ် ကျောင်းသားတွေက (ကျောင်းကို) မှတ်ချက်ပေးရပါတယ် ။ အဲလိုစနစ်က ကျောင်းသားတွေအမည်ဖော်ပြခြင်းမရှိဘဲ ဆရာတယောက်ဟာ ဘာတွေလိုအပ်တယ် ဘာတွေကောင်းမွန်တယ်ဆိုတာသိရအောင် လုပ်တာမျိုးပါ ။ အဲဒီအခါတိုင်းမှာ သူတို့အများဆုံးပြောလေ့ရှိတာ ကျမက စိတ်ရှည်တယ် ၊ ကျောင်းသားတွေဘာပြောပြော သေချာနားထောင်ပြီး သူတို့အဖြေကို လစ်လျူမရှုဘဲ သေချာပြန်ဆွေးနွေးတယ် ၊ သူတို့ကို ပိုစဉ်းစားတတ်လာအောင် မေးခွန်းတွေ ပြန်မေးတတ်တယ် ၊ တချိန်တည်းမှာ သူတို့အပေါ် တင်းကျပ်သင့်တဲ့အခါလည်း တင်းကျပ်တယ် ဆိုတာပါပဲ ။

ဆရာမဖြစ်လာတဲ့အချိန်ကစပြီး ကျမမှာ ခံယူချက် နှစ်ချက်ရှိပါတယ် .. ပထမအချက်ကတော့ ကျောင်းခန်းထဲဝင်တဲ့အခါတိုင်း ကျမသာ အဲဒီအခန်းထဲကကျောင်းသားတယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုသင်ကြားမှုမျိုးကို သဘောကျတန်ဖိုးထားမလဲဆိုတာ အမြဲစဉ်းစားလေ့ရှိပါတယ် ။ ဒုတိယအချက်ကတော့ အမေရိကန်ပညာရှင် William Arthur Ward ပြောခဲ့တဲ့အတိုင်း - -

“The mediocre teacher tells. The good teacher explains. The superior teacher demonstrates. The great teacher inspires.”
သာမန်ဆရာက (ပြောရုံ) ပြောပြတယ် ၊ ဆရာကောင်းတယောက်က ရှင်းပြတယ် ၊ ပိုကောင်းတဲ့ဆရာကတော့ လက်တွေ့သရုပ်ပြတယ် ၊ အကောင်းဆုံးဆရာကတော့ (ကျောင်းသားတွေအတွက်) စိတ်အားထက်သန်မှုတွေကို ပေးနိုင်တယ် ။
ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အားထက်သန်မှုပေးနိင်တဲ့ဆရာမမျိုး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အမြဲစာသင်ပါတယ် ။


Teachers are the most important in a classroom
-----------------------------------------------

စာသင်ခန်းထဲမှာ အရေးကြီးဆုံးက ဆရာ ဆရာမတွေပဲလို့ မြင်မိပါတယ် ။ သင်ရိုးညွန်းတမ်းတွေ သင်ထောက်ကူပစ္စည်းတွေ သင်ကြားနည်းစနစ် စတာတွေကို အစိုးရကဖြစ်စေ အဖွဲ့အစည်းတွေကဖြစ်စေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်ပေမယ့် တကယ်တမ်းလက်တွေ့မှာ အဲဒါတွေကို ဘယ်လောက်ထိထိရောက်ရောက် အသုံးချနိုင်မလဲဆိုတာကတော့ စာသင်ခန်းတွေထဲမှာ နေ့စဉ်သင်ကြားနေတဲ့ ဆရာ ဆရာမတွေအပေါ် လုံးဝမူတည်ပါတယ် ။

မကြာသေးခင် ကျမမြန်မာပြည်ရောက်တုန်း ၊ ရန်ကုန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတချို့က ဆရာ ဆရာမတွေနဲ့ တွေ့ဖြစ်ခဲ့တယ် ။ သူတို့ကျောင်းမှာ ယူအန် (UN) ကထောက်ပံ့ထားတဲ့စာအုပ်စာတန်းတွေကို ထုတ်ပြကြတယ် ။ ယူအန်ကလုပ်တဲ့ သင်တန်းတွေမှာ သူတို့တက်ဖူးတဲ့အကြောင်း ပြောပြကြတယ် ။ သူတို့နဲ့စကားပြောရင်း သတိထားမိတာကတော့ သင်တန်းတက်ခဲ့တာချင်းအတူတူ ၊ စာအုပ်စာတန်းရတာချင်းအတူတူဖြစ်ပေမယ့် တချို့ဆရာ ဆရာမတွေက တန်ဖိုးထားတတ်ပြီး သူတို့အတန်းထဲမှာ ပြန်အသုံးချတတ်ကြတယ် ။ တချို့တွေကတော့ ပြန်အသုံးမချကြဖူး ။

ဒါ့အပြင် နိုင်ငံတကာပညာရေးသုတေသီတွေ တွေ့ရှိကြတာကတော့ စာသင်ခန်းထဲမှာ ကျောင်းသားတယောက်ရဲ့စာသင်ယူမှုအပေါ် ဆရာ ဆရာမတွေက အများကြီးသက်ရောက်မှုရှိတယ် ဆိုတာပါပဲ ။ ဥပမာ -- ကိုယ့်ကိုနားလည်တယ်လို့ထင်တဲ့ ဆရာ့အချိန်ဆို ဘာသာရပ်ကိုမကြိုက်ရင်တောင် ကြိုးစားအားထုတ်တတ်တာမျိုး ၊ စာသင်ကောင်းတဲ့ဆရာကြောင့် စာတော်တဲ့ကျောင်းသားတယောက်ဟာ အဲဒီဘာသာရပ်မှာ ပို နားလည်သွားတာမျိုး ။

Being adaptable to changes
---------------------------

ပြင်သစ်စာရေးဆရာတယောက်က “The only thing constant in life is change” – ဘ၀မှာ မပြောင်းလဲတဲ့အရာတခုကတော့ ပြောင်းလဲခြင်းပဲ … လို့ ပြောခဲ့ပါတယ် ။

သူပြောခဲ့သလို ကျမတို့ဆရာ ဆရာမတွေဟာ ခုခေတ်ကျောင်းသားတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ကြားမှုမျိုးနဲ့ သင်ကြားသင့်ပါတယ် ။ ခုခေတ်ကျောင်းသားတွေဟာ ကျမတို့ကျောင်းသားဘ၀တုန်းကနဲ့ မတူတော့တာကို နားလည်ကြရပါမယ် ။ သူတို့သင်ယူနည်းတွေ ၊ စိတ်ဓါတ်တွေ ၊ သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ ၊ ကမ္ဘာကြီးမှာ ပြောင်းလဲနေတာတွေ .. ဒါတွေအကုန်လုံးနဲ့ လိုက်လျော်ညီထွေဖြစ်တဲ့ သင်ကြားနည်းစနစ်အသစ်တွေ အတွေးအခေါ်သစ်တွေကို ပြောင်းလဲလက်ခံတတ်ဖို့ လိုအပ်ပါတယ် ။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့သားသမီးတွေအတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတွေက ဆရာ ဆရာမတွေကို သင်ကြားနည်းစနစ် နဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျမသင်တန်းပေးခဲ့တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ် ။ တက်ရောက်ကြတဲ့အထဲမှာ အရွယ်အမျိုးမျိုး ဆရာ ဆရာမတွေ ပါဝင်ကြပါတယ် ။ တော်တော်များများက အားတက်သရောပဲ ကျမတင်ပြတဲ့သင်ကြားနည်းစနစ်သစ်ကို လေ့လာပြီး သူတို့အမြင်တွေကိုလည်း ဆွေးနွေးကြတယ် ။ အဖွဲ့တွေဖွဲ့ပြီး presentation လုပ်ခိုင်းတဲ့အခါ ဆရာမတယောက်က အတန်းရှေ့ထွက်ပြီး သူ့အဖွဲ့ကိုယ်စားတင်ပြတယ် ။ “ဆရာမပြောတာ နားလည်ကြလား“ လို့ အထပ်ထပ်ပြောပြီး ဆရာမလေသံအပြည့်နဲ့ ရှင်းပြတာမျိုးဖြစ်နေတော့ ၊ အခန်းထဲမှာနားထောင်နေတဲ့ တခြား ဆရာ ဆရာမတွေက ပြုံးစိစိဖြစ်ကုန်ကြတယ် ။ “နားလည်ပါတယ် ဆရာမ” လို့ နောက်သလိုလိုနဲ့ ပြန်ပြောကြတယ် ။ သူ့ကို မေးခွန်းပြန်ထုတ်တော့လည်း မေးခွန်းထုတ်တာများလာတော့ စိတ်မရှည်သလို ဖြစ်လာတယ် ။ အဲဒီဆရာမကတော့ သူ့ပုံစံဘယ်လိုဖြစ်တယ်ဆိုတာ သိလိုက်ပုံမရဘူး ။ စာသင်ခန်းထဲမှာ သူလုပ်နေကြပုံစံအတိုင်း ခေါက်ရိုးကျိုးလွန်းနေတယ် ။ ကျမကတော့ သူ့ကိုကြည့်ရင်း ငယ်ငယ်တုန်းက ကြုံခဲ့ဖူးတဲ့ “ငါပြောတာမှ အမှန်.. ပြန် မေးခွန်းမထုတ်နဲ့” ဆိုတဲ့ စတိုင်မျိုးသုံးကြတဲ့ ဆရာမတချို့ကို သတိရမိတယ် ။

The benefit of questioning
---------------------------

အတန်းထဲမှာ ကျောင်းသားတွေကို ကျမကအရမ်းမေးခွန်းထုတ်လေ့ရှိတယ် ။ သူတို့ကိုလည်း ကျမကိုဖြစ်စေ ၊ သူတို့အချင်းချင်းဖြစ်စေ ၊ ကိုယ့်အတွေးထဲပဲဖြစ်စေ သင်ယူနေတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးဖို့ အားပေးတယ် ။ တခါတလေ သူတို့မေးခွန်းမေးလာရင် ချက်ချင်းအဖြေမပေးဘဲ သူတို့ကို လမ်းစဖွင့်ပေးတဲ့သဘောမျိုးနဲ့ သူတို့တွေးနိုင်မယ့်အဖြေမျိုးထွက်မယ့် မေးခွန်းမျိုးကို ပြန်မေးလေ့ရှိတယ် ။

မေးခွန်းမေးတယ်ဆိုတာလည်း ကျောင်းသားက ဆရာကိုမေး ဆရာကပြန်ဖြေ.. အဲလို တလမ်းသွားမဖြစ်သင့်ပါဖူး ။ ဆရာ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ကိုယ့်ဘာသာ မေးခွန်းထုတ် အဖြေရှာဖို့စဉ်းစားတာမျိုးကို အားပေးသင့်တယ် ။ အထူးသဖြင့် WHY (ဘာကြောင့်လဲ) ဆိုတဲ့မေးခွန်းကို အမြဲစဉ်းစားမိတတ်အောင် ။

ကျောင်းသားတွေမေးခွန်းမေးလာတာကို တချို့မြန်မာဆရာ ဆရာမတွေ မကြိုက်ကြတာ အဖြေကို သူတို့မသိမှာစိုးရိမ်လို့ ၊ မေးခွန်းကိုဖြေနိုင်ဖို့ စာထပ်မဖတ်ချင်လို့ ၊ အချိန်ကုန်တယ်ထင်လို့ ၊ မေးခွန်းမေးခြင်းရဲ့အကျိုးအမြတ်ကို နားမလည်လို့ မယုံကြည်လို့ စတာတွေကြောင့် ဖြစ်နိုင်ပါတယ် ။

ဒါပေမယ့် ကျမအတွေ့အကြုံအရပြောရရင် ကျောင်းသားတွေ မေးခွန်းမေးတဲ့အခါ သူတို့ရော ဆရာတွေပါ တိုးတက်မှုရကြပါတယ် -- ကျောင်းသားတွေမေးခွန်းကြောင့် ဆရာတွေဟာ ကိုယ်မတွေးဖြစ်တဲ့ရှုထောင့်ကနေ တွေးဖြစ်သွားတယ် ၊ ကိုယ်သိထားတာတွေအပေါ် ထပ်ဆင့်တွေးမိသွားတာမျိုး ၊ ဒါတော့ ငါမသိသေးပါလား ငါမပိုင်သေးပါလားဆိုတာမျိုး သဘောပေါက်လာနိုင်တယ် ။ ကျောင်းသားတွေအတွက်လည်း စူးစမ်းတွေးခေါ်တတ်ပြီး မေးခွန်းထုတ်တတ်တဲ့အကျင့်ရသွားမယ် ၊ ဆရာက သူတို့ကို တန်ပြန်မေးခွန်းထုတ်တာအပေါ် ထပ်ဆင့်တွေးပြီး သင်ခန်းစာအပေါ် နားလည်မှုပိုရှိသွားမယ် ၊ ဒီသင်ခန်းစာဟာ တခြားအရာတွေနဲ့လည်း ဘယ်လိုဆက်စပ်နိုင်တယ်ဆိုတာမျိုး တွေးမိသွားမယ် ။

မေးခွန်းမေးတဲ့အကျင့်ဟာ ကျမတို့မြန်မာနိုင်ငံရဲ့စာသင်ခန်းတွေထဲမှာ မရှိသလို ၊ ဆရာတွေနဲ့ ၊ လက်ရှိပညာရေးစနစ်ကပါ အားမပေးတာတွေ့ရတယ် ။ တကယ်တော့ ဆရာနဲ့ကျောင်းသားကြား အပြန်အလှန်မေးခွန်ထုတ်တတ်တဲ့ အလေ့အကျင့်မျိုး ကျမတို့နိုင်ငံရဲ့ စာသင်ခန်းတွေထဲမှာ အမြန်ဆုံးမိတ်ဆက်ပေးဖို့ လိုအပ်နေပါတယ် ။

နောက်ပြီး ကျောင်းသားတွေ မေးခွန်းကို ဖြေတာပဲဖြစ်ဖြစ် ၊ သူတို့ကိုလမ်းပြဖို့အတွက် တန်ပြန်မေးခွန်းမေးတာပဲဖြစ်ဖြစ် .. အဲလိုတွေလုပ်နိုင်အောင် ဆရာ ဆရာမတွေအနေနဲ့ ကိုယ်တိုင်က အမြဲလေ့လာသင်ယူနေရမယ် ။

Being lifelong learners
------------------------

အမေရိကန်နိင်ငံက ကျောင်းတွေအကြောင်းရေးသားတဲ့ အင်တာနက်စာမျက်နှာတခုမှာ ၂၁ ရာစုရဲ့ ဆရာ ဆရာမတွေ ထိရောက်စွာစာသင်ကြားနိုင်ဖို့ ရှိသင့်တဲ့ အချက် ၅ ချက်ထဲက တစ်ချက်ကတော့ ဘ၀တလျှောက်လုံးလေ့လာနေရမယ် [2] ။

လေ့လာသင်ယူခြင်းနဲ့ပတ်သက်ပြီး နာမည်ကျော်အမေရိကန်စာကြည့်တိုက်မှူး John Cotton Dana ပြောခဲ့တာလေးကို ကြိုက်မိတယ် -- “Who dares to teach must never cease to learn” -- စာသင်မယ့်သူဟာ အမြဲတမ်းလေ့လာနေရမယ် ။

အချိန်နဲ့အမျှပြောင်းလဲတိုးတက်နေတဲ့ကမ္ဘာကြီးမှာ ကိုယ်သိထားတာတွေ ကိုယ်သင်ခဲ့ရတာတွေက တချိန်မဟုတ် တချိန်မှာ ခေတ်နောက်ကျသွားမှာ မလုံလောက်တော့မှာ မလွဲဧကန်ပါ ။ ဒါကြောင့် ဆရာ ဆရာမတွေကလည်း ခေတ်နဲ့အညီလိုက်ပြီး ကျောင်းသားတွေကို သင်ကြားပေးနိုင်ဖို့ ကိုယ်တိုင်ကအမြဲလေ့လာနေဖို့ လိုအပ်ပါတယ် ။ လေ့လာလိုစိတ် ၊ လေ့လာတာကိုယ့်အတွက်လည်း အကျိုးရှိတယ်ဆိုတဲ့ စိတ်မျိုး ထားသင့်ပါတယ် ။

The mindset of teachers
------------------------

လူတယောက်မှာ သူ့ရဲ့စိတ်နေစိတ်ထားက အဓိကကျတယ်လို့ ကျမထင်တယ် ။ တခြားသူတွေက ကိုယ့်ကို ဘယ်လိုတွေပြောပြော နောက်ဆုံးတော့ ကိုယ့်သဘောနဲ့ကိုယ်လုပ်တတ်တာ လူ့သဘာဝပါ ။ ကျောင်းသားတွေကို ဆရာတွေက ဆုံးမ လမ်းညွှန်တာပဲ လုပ်နိုင်ပါတယ် ။ တကယ့်ဆုံးဖြတ်ချက်ကတော့ ကျောင်းသားတွေကိုယ်တိုင်ပဲ ချရမှာပါ ။

အလားတူ ဆရာ ဆရာမတွေကို သင်တန်းတွေမှာ စာသင်နည်းအသစ်တွေအကြောင်း ၊ သင်ထောက်ကူပစ္စည်းအသစ်တွေအကြောင်း ၊ ခေတ်နဲ့ညီတဲ့ ကျောင်းသုံးပြဌာန်းစာအုပ်တွေအကြောင်း .. စတာတွေ သင်တန်းပေးနိုင်ပေမယ့် တကယ်လက်တွေ့သုံးတယ် မသုံးဘူးဆိုတာကတော့ ဆရာတွေရဲ့ စိတ်နေစိတ်ထားပေါ်မှာပဲ လုံးလုံးလျားလားမူတည်နေပါတယ် ။

ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှာ နှစ်စဉ်နှစ်တိုင်း ဆရာ ဆရာမတွေဟာ သင်ကြားနည်းစနစ်တွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဆွေးနွေးပွဲတွေကို မတက်မနေ တက်ရပါတယ် ။ အဲဒီအခါ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တချို့က စာသင်တယ်ဆိုတာ ကိုယ်တတ်ထားတာကို ပြန်ရှင်းပြလိုက်ရုံပဲ .. သင်ကြားနည်းစနစ်တွှေအကြောင်း ဆွေးနွေးတာတို့ သင်ယူလေ့လာဖို့မလိုဘူးလို့ စိတ်ထဲခံယူထားကြပါတယ် ။ သူတို့ အဲလို သင်တန်းတွေကို မတက်မနေရမို့သာ သွားတက်ကြပေမယ့် ဘာကိုမှလေ့လာတာမျိုး ၊ ပြီးတော့ ပြန်အသုံးချတာမျိုး မလုပ်ကြပါဖူး ။ တချို့ဆရာတွေက သူတို့ဘာသာရပ်ကို ပိုင်နိုင်ကြတဲ့အတွက် စာကိုသေချာရှင်းပြနိုင်ကြပါတယ် ။ ဒါပေမယ့် ဒါနဲ့တင်မလုံလောက်ပါဖူး ။ သင်ကြားနည်းမှာပါကျွမ်းကျင်မှသာ ကျောင်းသားတွေက စိတ်ဝင်တစားဖြစ်ပြီး ပိုပြီးလေ့လာသင်ယူကြမှာ ဖြစ်ပါတယ် ။

ခုခေတ်ကြီးမှာ ကျောင်းသားတွေဟာ စာအုပ်တွေထဲမှာပါတဲ့ အချက်အလက်ကြွယ်ဝတာနဲ့ မလုံလောက်တော့ပါဖူး ။ တကယ့်လက်တွေ့မှာ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ ၊ အဲဒါတွေသုံးပြီး တခြားအရာတွေနဲ့ ဘယ်လိုဆက်စပ် တွေးခေါ်လေ့လာမလဲ ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘယ်လိုတွေးခေါ်နိုင်သလဲဆိုတာတွေက အရေးကြီးလာပါတယ် ။ ကျောင်းသားတယောက်ကို ဘက်ပေါင်းစုံပညာရေးမျိုး (holistic education) ပေးဖို့ လိုအပ်လာပါပြီ ။

How teachers see the purpose of education
------------------------------------------

ဆရာ ဆရာမတွေ အလေးအနက်စဉ်းစားသင့်တာကတော့ ကျောင်းသားတွေကို သူတို့အတန်းတွေထဲမှာ ဘယ်လိုပညာရေးမျိုးပေးမလဲ ဆိုတာပါပဲ ။

အမေရိကန်နိုင်ငံရှိ University of Mississippi ရဲ့ ပညာရေးဌာနမှာ စာသင်ကြားနေတဲ့ Assistant Professor Randall V. Bass ပညာရေးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ခုလိုပြောကြားထားပါတယ် …. “ပညာရေးဆိုတာ စာသင်ခန်းတွေထဲမှာလေ့လာသင်ယူတာကိုသာ ဆိုလိုတာမဟုတ်ပါဖူး ၊ စတင်မှတ်သားတတ်တဲ့ ကလေးဘ၀အရွယ်ကနေ ဘ၀တလျှောက်လုံးလေ့လာသင်ယူနေမှုကို ဆိုလိုတာပါ ။ တကယ်တော့ စာသင်ခန်းတွေဆိုတာ ပညာရေးရဲ့ တစိတ်တဒေသပဲ ဖြစ်ပါတယ်” [3] ။

ဒါဟာ ပညာရေးအပေါ် မှန်ကန်တဲ့သုံးသပ်ချက်ပါ ။ ကျမကိုယ်တိုင်လည်း ကျောင်းမှာသင်ယူခဲ့ရတာတွေပေါ်အခြေခံပြီး ကိုယ့်ဘာသာလေ့လာခဲ့ရတာတွေ ၊ လုပ်သက်ကြာလာတာနဲ့အမျှ အတွေ့အကြုံက သင်ကြားပေးခဲ့တာတွေ အများကြီးပဲ ။ ကျမသာ ကျောင်းမှာသင်ယူခဲ့ရတာလောက်နဲ့ပဲ ရပ်တန့်နေခဲ့မယ်ဆိုရင် ကျမဟာ ခုချိန်မှာ ပညာအရ ခေတ်နောက်မှာကျန်ခဲ့သူတယောက်ဖြစ်မှာ သေချာပါတယ် ။ ဒါကြောင့်လည်း ကျမရဲ့ကျောင်းသားတွေကို အမြဲတန်း holistic education ပေးနိုင်ဖို့ ၊ သူတို့ကို ဘ၀တလျှောက်လုံး အမြဲမပြတ်လေ့လာနိုင်သူတွေဖြစ်အောင် နည်းပေးလမ်းပြနိုင်ဖို့ ကြိုးစားပါတယ် ။

What kind of teacher do you want to be?
---------------------------------------

A teacher affects eternity; he can never tell where his influence stops.
--Henry Adams


အပေါ်မှာ အမေရိကန် စာရေးဆရာနဲ့ ပညာရှင်ဖြစ်တဲ့ Henry Adams ပြောတဲ့အတိုင်း ပညာရေးစနစ်တိုင်းမှာ အရမ်းအရေးကြီးတဲ့နေရာမှာ ပါဝင်နေရတဲ့ ကျမတို့လို ဆရာ ဆရာမတွေဟာ ငါ ဘယ်လိုဆရာဖြစ်ချင်သလဲဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်ဖို့ လိုအပ်ပါတယ် ။ နေ့စဉ်နေ့တိုင်း စာသင်ခန်းထဲမှာ ကိုယ့်သင်ကြားမှုက ကျောင်းသားတွေအတွက် ဘယ်လောက်အကျိုးရှိလဲ ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ အားရကျေနပ်မိသလဲ ... ပညာရေးဆိုတာကို ဘယ်လိုယုံကြည်တန်ဖိုးထားသလဲ ... ဆရာတယောက်ရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့မေးခွန်းတွေကို ကိုယ်တိုင်ပြန်လည်မေးခွန်းထုတ်ဖို့ လိုပါတယ် ။

တကယ်တော့ ကျမတို့ ဆရာ ဆရာမတွေဟာ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ဥယာဉ်မှူးတွေပါပဲ ။

References:
------------

[1] McKinsey Report: How the world's best performing school systems come out on top
[2] eschoolnews: Five characteristics of an effective 21st-century educator
[3] The purpose of education (Randall V. Bass)




Thursday, September 8, 2011

ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ (အက်ဆေး)

တောကိုမှီ၍သာ လူသား မျိုးနွယ်စု၏ ယဉ်ကျေးမှု သမိုင်းခရီးရှည်ကို ချီတက် နိုင်ခဲ့ကြ၏။ ဥာဏ်အလင်းကိုလည်း တောမှာပင် ရှာမှီး သိမြင်ခဲ့လေပြီ။ “ဥတုရာသီ တောကို မှီ၏” ဟူသော ရှေးလက်ဆောင်ကလေးလည်း မပျောက်ပျက်စကောင်း။ ထို့ထက် အဖိုးတန်သော ပညာအမွေသည်လည်း မရှိနိုင်ခဲ့။ ရှင်သန်မှုအတွက် လိုအပ်ချက်များ၏ ပင်ရင်းလည်း ဖြစ်သည်မို့တမုံ့။

ချိုသော အသီးကို သုံးဆောင် နေရသေးသည့်အတွက် ကျေးဇူးတင်ပါ၏။ မွှေး ကြူသော ရနံ့နှင့် ဗဟုအရောင် ပန်းလက်ဆောင်တို့အတွက် မိမိတို့မှာ ထပ်တူ ပြန်မပေးနိုင်ပါ။ ကြည်သော ရေချိုကြောင့်သာ အမိနို့ရည်ကို စို့နိုင်ခဲ့သည်။ အသို့ ကျေးဇူး တုံ့ရပါမည်နည်း။ သန့်သော လေနှင့် ငြိမ်းသော အေးရိပ်ဆာယာအောက်တွင် ပညာခရီး ဆက်ခဲ့ကြပြန်ပါသည်။ ပျော်ရွှင် ကြည်နူးစွာ တူတူပုန်းတမ်း ကစားနိုင်သော အခွင့်အရေး အတွက်လည်း ကျေးဇူးပါ။

အပွင့်အရွက်များ ဆွတ်ခူးခြင်း၊ သစ်သီးဝလံများ ယူသုံးခြင်းနှင့် အကိုင်းအခက်များ ချိုးဖျက်ရုံမကဘဲ ပင်စည်ကိုလည်း ဖြတ်ပြီး အမြစ်ပါမကျန် တူးဆွ ခုတ်လှဲကြသူတို့၏ မိုက်မဲမှု ဒဏ်ကို အားလုံး ခံစားနေကြရပြီ။ တောကို ခုတ်ခဲ့ကြသည်။ တောင်ကို ဖြိုချနေဆဲ။ မြစ်တို့၏ လွတ်လပ်ခွင့်ကို သိမ်းယူချင်ပြန်သေးသည်။

မြစ်တို့သည့် မာယာ မများခဲ့။ မကောက်ကျစ်ခဲ့။ သူမသည် စီးဆင်းရုံမျှသာ။
တောတို့သည်လည်း မလှည့်စားတတ်ခဲ့။ မခြောက်လှန့်ခဲ့။ ပံ့ပိုးရုံမျှသာ။
သန့်စင်သော ရိုးရာဂီတတို့ကို တောမှာ ဖွဲ့စည်းခဲ့ကြသည်။ စိတ်၏ ရုန့်ရင်းမှုကိုလည်း တောက ပြေလျော့စေခဲ့သည်။

မြစ်တို့ ကောသည့်အခါ၊ တောတို့ ကွယ်သည့်အခါဝယ် လူတို့ ရိုင်းပြလာကြမည်။ ကွန်ကရစ်တောတွင် အဘယ်ပန်းတို့ ရနံ့မွှေးပါသနည်း။ တောရှိပါမှ ငြိမ်းချမ်းရေးလည်း အရသာရှိမည်။ လူတို့ အဆွေ ငါးကြီးများ၊ ငှက်ငယ်များနှင့် သားရဲတို့၏ နားခိုရာ ရေကျင်း၊ ပင်မြင့်ယံနှင့် ဂူအိမ်တို့သည်လည်း မရှိသင့်ပြီလော။

စိမ်းညို့သော တောရင်ခွင် နောက်ခံနှင့် ပြာစင်သော မြစ်ဝမ်းအိမ်တို့မှ မွေးဖွား လာခဲ့ ကြသည့် ပညာရှိ ဦးဇီးကွက်၊ ဆင်ရိုင်းကြီးကို အပေါင်းအဖော်များနှင့် ညီညီညွတ်ညွတ် အံတုခုခံ ခဲ့သည့် ဘီလုံးငှက်၊ ကလေးကယ်ဆယ်သည့် အံ့ဖွယ် ဝန်ပိုငှက်ကြီးများ၊ မတူသော ပတ်ဝန်း ကျင်ကြောင့် အကျင့်စာရိတ္တ ကွဲပြားရှာရသည့် ကျေးညီနောင်၊ သစ္စာတရား ကြီးမားလွန်းလှသူ အောက်ချင်းငှက် မောင်နှံ၊ ရွှေဥသော ဘဲငန်း၊ ပျားဖွပ်သည့် ဝက်ဝံကြီးများ၊ သက်ကယ်ရိတ် သွားသော ရွှေယုန်နှင့် ရွှေကျား၊ ကျေးဇူး သိတတ်သည့် ကြွက်ငယ်နှင့် ခြင်္သေ့မင်း၊ ဒေါင်းယောင် ဆောင်သော ကျီး၊ ဆယ်လမွန် ငါးများနှင့် ကြိုးကြာငှက်တို့၏ မိုင် ထောင်ချီ အိမ်အပြန်ခရီး ပုံပြင် ဇာတ်လမ်းတို့ကို ငွေလသာသော ညများတွင် ကုက္ကိုပင်အောက် ကွပ်ပျစ်ပေါ်၌ အဖွားက ပြောပြ ခဲ့ခြင်းကြောင့် မိမိတို့ အတွေးဥာဏ်နှင့် ရသ ခံစားမှုတို့ စတင် မွေးဖွားလာခဲ့လေသည်။

တော၏ နိဂုံး၊ တောင်၏ နေဝင်ချိန်နှင့် စီးထွက်သွားတော့မည့် မြစ်တို့နှင့် အတူ လက်ဦးဆရာလည်းဖြစ်သည့် ချစ်စရာ့ မြန်မာမှု ပုံပြင်၊ ကဗျာ တို့ကို ဆုံးရှုံးသင့်ပါ၏လော။

စမ်းချောင်းလေး ကျဉ်းလှတယ်
မြစ်လောက်သူ မကျယ်
ပင်လယ်ကြီးက အကျယ်ဆုံး
လှိုင်းတွေ တဝုန်းဝုန်း။

ငယ်စဉ်တောင်ကျေး အရွယ်ကတည်းက ခံစားသိမြင်ခွင့် ပေးခဲ့ကြသူ ဆရာဆရာမ တို့ထံမှ မြန်မာ့ရေမြေတောတောင် အမွေမှာ အသွေးအသားထဲ စိမ့်ဝင်နေခဲ့ပြီ။

တောင်တောရယ်သာ
မာလာက ငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်က မြူး။

ပြတိုက်ထဲတွင် ချန်ထားရစ်လို့ မရသည့် အရာများစွာကို မည်သို့ လက်ဆင့်ကမ်း ကြပါမည်နည်း။ နောင်မျိုးဆက်တို့အတွက် တောတစ်တောနှင့် မြစ်တစ်စင်းလောက်တော့ ကျန်ရှိနေသင့်ပါသည်။

မြစ်ဧရာ

မြသားငယ်တဲ့ ရေယမုန်။
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ။

ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော။
ဘုံမတီး ရယ်နှင့်
ငှက်ကြီး ရွှေဝန်ပိုတို့
ဝဲခိုလို့ မျှော။ ။

အသိဥာဏ် ကြီးမြင့်ကြရန် အချိန်များစွာ မနှောင်းသေးပါ။
အကျွန်ုပ်တို့အားလုံးတွင် ဆင်ခြင်တုံတရားလည်း ရှိနေပါသေးသည်။
တော၏ သင်ရိုးညွှန်းတမ်းနှင့် မြစ်ရေစီးသံ၏ ဖတ်စာကို လျစ်လျူမရှုစကောင်း။
သမိုင်းနှစ်ထောင်ချီသည့် ရာဇဝင် အဆက်ဆက် မြန်မာတို့ကို ရေချိုကြည်အေး တိုက်ကျွေးခဲ့သည့် ထိုထိုသော မိခင်မြစ်ကြီးများ၏ ကျေးဇူး တရားကိုလည်း စော်ကားရန် စိတ်ကူးမျှသော် မထားလေနှင့်။
အကျွန်ုပ်တို့မှာ သဘာဝကို ဖန်တီးတည်ဆောက် တုပခြင်းငှါ မစွမ်းသာ၍။
သို့သော် ပြုစုယုယခွင့်နှင့် ထိန်းသိမ်းစောင့်ရှောက်ခွင့်လေးတော့ ရှိနေပါသေးသည်။

ကျေးဇူးတရား ကြီးမားသူတို့ကို ပြန်လည်ကျေးဇူး ပြုခြင်းတည်း၊ မမေ့မလျော့ခြင်းတည်း ဟူသော ကတညုတ၊ ကတဝေဒီ မင်္ဂလာတရားနှင့် အညီ ရှင်သန်ခွင့်ကို ရယူကြသင့်ပါ၏။ လောကတ္ထစရိယကို ကျင့်သုံးသည့် ရွာသားတို့၏ ဇာတိပုညနှင့် အစဉ်အလာကို ဆင်ခြင် ကြပါစို့။
ထိုထက်ပို၍ ကြီးမြင့်သော ဥာဏ်ပညာ မရှိပြီတည်း။

အဖိုးအဖွားတို့ ချန်ထားခဲ့ကြသည့်အတွက် မိမိတို့သည် စိမ်းလန်း လတ် ဆတ်သော လေနှင့် ရှင်သန်နိုင်ခဲ့ကြသည်။ စိမ့်ကြီး၊ မြိုင်ကြီးတို့၏ ရင်ခွင်တွင် လုံခြုံစွာ ခိုနား ခဲ့ကြရသည်။

မွေးဖွားလာကြဦးမည့် မျိုးဆက်တို့အတွက် မြို့ ဦး၊ ရွာဦးထိပ်တွင် အရိပ် ကောင်းကောင်း မန်ကျည်းပင်ပျို တစ်ပင်နှင့် အေးစိမ့်နေသော ရေချိုကြည်မြ ထည့် ထားသည့် ရေချမ်းအိုးစင်ငယ်လေး တစ်စင်လောက် ချန်ရစ် ထားပေးခဲ့ ကြပါစို့။

ကမ္ဘာကြီးလည်း အရိပ်ရပါစေ။

သိန်းနိုင်
မောက္ခပညာရေး မဂ္ဂဇင်း အမှတ် (၇)
www.maukkha.org

Tuesday, September 21, 2010

ကမ္ဘာ့ဆရာများနေ့ အမှတ်တရ ဆောင်းပါး (၁)

World Teachers' Day (2010) article no.1 - Do Teachers really matter in Burma?
Thein Naing

'There is an urgent need to improve teaching and learning conditions, a decent working environment, living wages, more male teachers, initial and ongoing professional development, involvement in policy-making, collective bargaining to defend and enhance teachers’ rights, to retain skilled teachers and to attract good candidates to become teachers."

World Teachers' Day, held annually on October 5 since 1994, commemorates teachers’ organisations worldwide. Its aim is to mobilise support for teachers and to ensure that the needs of future generations will continue to be met by teachers.

According to UNESCO, World Teachers' Day represents a significant token of the awareness, understanding and appreciation displayed for the vital contribution that teachers make to education and development. Since 2000, the international community has made solid progress towards Education For All. Enrolment rates have increased dramatically. However, UNESCO estimates that 18 million more teachers are needed worldwide if universal primary education is to be achieved by 2015. Education International (EI) (the global union federation that represents education professionals worldwide) strongly believes that World Teachers' Day should be internationally recognized and celebrated around the world. EI also believes that the principles of the 1966 and 1997 Recommendations should be considered for implementation in all nations. Over 100 countries observe World Teachers' Day. The efforts of Education International and its 390 member organisations have contributed to this widely spread recognition. Every year, EI launches a public awareness campaign to highlight the contributions of the teaching profession.

The shortage of qualified teachers is considered one of the biggest obstacles to achieving this goal. Accordingly, this year’s activities are focused on professional training for quality education. Teachers’ unions around the world are calling on public authorities to develop and provide adequate training programs to highlight the year’s theme - teachers matter! Teacher shortage, insufficient training, society’s lack of respect for the profession and the policies needed to tackle these challenges are the emphasis of World Teachers’ Day on 5 October 2008. The day, an annual acknowledgement of the essential role teachers play in the education of children, young people and adults, was marked on 3 October 2008 by a ceremony and expert panel discussions at UNESCO headquarters and by celebrations worldwide. An estimated 18 million additional teachers are needed worldwide simply to achieve universal primary education by 2015. Problems with recruitment, teacher training and retention as well as policy development and gender issues are to be addressed.We should look into the status of teachers in Burma, amidst the political turmoil and deadlock.

In the World Teacher Day’s publication of daily newspaper, Myanmar Alin (The New Light of Myanmar 5 October 2008), the country’s renowned leading educator, Sayagyi U Than Oo in his essay, emphasized the importance of creating an environment conducive to quality education and teachers’ professional status in the age of knowledge based society. This highlights the current critical situation. It should be noted here that Burma, in the distant past, had achieved certain standards in education. During the brief parliamentary democracy period, education in Burma was recognized as one of the leading sector in Southeast Asia The status of teachers was very high as it was also deeply rooted in cultural and traditional values of Burmese society. But those days were gone decades ago. The professional preparation of teachers has been recognized to be crucial for the qualitative improvement of education in Burma’s policy documents since 1948. However, very few concrete steps have been taken in the last three decades to operationalise this. This is one of the more important factors leading to the current poor state of education in the country. Declining socio-economic status of teachers and inadequate programs of teacher preparation lead to unsatisfactory quality of learning in schools. The content of the programme should be restructured to ensure its relevance to the changing needs of the school education and emergence of a democratic society. At the same time, authorities must ensure the teaching profession is appreciated by providing better salary and allowances.

In the mid nineties, the nation-wide survey of teaching profession by Burma Education Research Bureau in Rangoon suggested a shocking figure. More than fifty percent in the teaching workforce do not have teaching certificates. It can be clearly seen that, after all, Burma’s main two universities offering B.Ed courses cannot prepare annual need of estimated fifteen thousand new teachers. Although mushrooming teacher colleagues in major cities appear to be preparing the primary teachers, the official statistic shows these colleagues can only prepare fifty percent of annual need. More importantly there is a discriminating practice among the teachers in primary and secondary levels as the latter require a full bachelor degree whilst primary teachers are not valued because they only have one year training.

In Burma, teacher morale is at an all time low with teachers feeling undervalued, frustrated, unappreciated and demoralized. Currently, teachers in Burma have to take extra jobs as full time teachers cannot make end meets. The mere salary of thirty thousand kyats (1,100 Thai baht or 32 USD) per month for a primary teacher can support food alone for himself half of each month. It is no wonder that nobody dares to take teaching jobs. Less than five percent in the teaching profession are found to be male teachers. This is a critical issues regarding gender. High school graduates would not place education courses as their preferences.

Teacher’s turnover rates are also very high racing with the drop rate of school children. NHEC’s 2007 education surveys suggested that three millions children were not in schools. That is one fifth of the school aged children all over Burma. In one of major ethnic areas, Mon State, there are less than ten percent of teachers with five years of service. This simply is a reflection of the lowly paid salary. It is also not unusual to find former Burmese teachers doing menial jobs in neighboring countries. Teachers’ salary in Burma is one tenth of Thai or Indian teachers’ whilst the living costs are similar. Male Burmese teachers will not introduce or identify themselves as school teachers at local teashops for fear of demeaning himself. If we accept a reciprocal relationship between teacher morale and student learning students in many schools over the country are not getting the best possible value from teachers affected by low morale.

As the country has been under militarism for decades, corruption has severely affected the education and teaching profession. Moreover, there are no free trade unions to protect the rights of teachers. Every year on 5 October, millions of educators worldwide undertake public activities highlighting that quality education is a fundamental right for everyone. But our Burmese teachers and students do not a voice. The emergence of a teacher trade union is utmost importance to ensure that the needs of future generations are taken into consideration.

There is an urgent need to improve teaching and learning conditions, a decent working environment, living wages, more male teachers, initial and ongoing professional development, involvement in policy-making, collective bargaining to defend and enhance teachers’ rights, to retain skilled teachers and to attract good candidates to become teachers. In every community, teachers – as well as parents and children - need to have their voice heard. It's another miracle in Burma that teachers can still push all these negativism out of their minds while they turn their full attention on their students. Teachers still enter the classroom with goodwill, interest and self-sacrifice (seidana, wathana, anitna), as practised thousand years old tradition. But it has been too long with too little for a contemporary age. The Burma’s cultural warriors are in need of massive support for both quality and quantity improvement in education and that is the only way to ensure peace, democracy and development. Because teachers matter!
Thein Naing

Thein Naing is as an education consultant and teacher educator for displaced communities. He is an editor of Maukkha Education Magazine, www.maukkha.org , that publishes quarterly education magazine in Burmese. This is an excerpt of the article in Burmese version published online at http://educationinmyanmar.blogspot.com/.

Saturday, September 11, 2010

ပုံမှန် ကလေး၊ ပုံမှန် ဆရာ

သိန်းနိုင်

“စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း အရေးကြီးတာကို သတိပြုသင့်ပါတယ်။”


အငြိမ်မနေဘဲ အမြဲတမ်း တက်ကြွ လှုပ်ရှား ဆော့ကစားနေတဲ့ ကလေးကို “အဆော့သန်သူ” “ မျောက်ရှုံးအောင် ဆော့သူ” “ဂဏှာမငြိမ်သူ” ရယ်လို့ လူကြီးတွေက အလွယ်တကူ ကင်ပွန်းတပ် ခေါ်ဝေါ်လေ့ရှိကြပေမယ့် ငယ်ရွယ်တဲ့ ကလေးအများစု အတွက်တော့ ဒါဟာ ပုံမှန်အခြေအနေဘဲဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “ပုံမှန်ဖြစ်ခြင်း” နှင့် “ပုံမှန်မဟုတ်ခြင်း” ဆိုတဲ့စကားရပ်တွေရဲ့ ကွာဟချက်ကို ပညာရေး စိတ်ပညာရှင်တွေကလည်း မကြာခဏ ဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ လျော့တိလျော့ရဲ နိုင်လှပါတယ်။ အခြားသူတပါးရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင် ကျဉ်းကျဉ်းနဲ့ ဆုံးဖြတ်တတ်လေ့ရှိကြတာပါ။

ကလေးအများစုကတော့ တက်ကြွပြီး အငြိမ်မနေလိုကြပါဘူး။ ဒါပေမယ့် ခန့်မှန်းရခက်ပြီး ပြောင်းလဲနေတဲ့ အပြုအမူ တွေကို ပြုမူတတ်ကြပြန်ပါတယ်။ လက်မခံနိုင်စရာရယ်လို့လည်း အမြဲတမ်း မရှုမြင်သင့်ပါဘူး။

တသီးပုဂ္ဂ သဘောဆောင်တဲ့ သဘောသဘာဝရှိတဲ့အတွက် စာသင်ခန်းအတွင်း အပြုအမူတွေကို တိတိကျကျ သတ်သတ်မှတ်မှတ် မျိုးတူစုစည်း တင်ပြဖို့ဆိုတာ အတော်မလွယ်တဲ့အရာပါ။ အသင့်တော်ဆုံး လေ့လာ နိုင်တာ ကတော့ ဆက်စပ်နေတဲ့ မျဉ်းဖြောင့်ပုံစံနဲ့သာ အပြုအမူ ပုံသဏ္ဌာန်တွေကို တင်ပြ ဆွေးနွေးနိုင်တာပါ။

ပုံမှန်ကလေးနှင့် ပုံမှန်မဟုတ်သော ကလေးဆိုတာ

စာသင်ခန်းအတွင်း စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် ပုံမှန် အပြုအမူကို အောင်မြင်တဲ့ သင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်မြောက်စေမှုအရ တုန့်ပြန် လုပ်ဆောင်ခြင်းများနဲ့ သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရဆိုရင် ပုံမှန်ဖြစ်ခြင်းဆိုတာ ကျောင်းသားများသာမကဘဲ ဆရာနှင့်လည်း သက်ဆိုင်နေတယ်။ (ထိရောက်တဲ့ လေ့လာသင်ယူမှု အမြင့်မားဆုံးရရှိစေဖို့) စာသင်ခန်းအတွင်းမှာ “ပုံမှန်” ကလေးတွေရှိနေခြင်းဟာ အရေးကြီးသလို သင်ခန်းစာအစီအစဉ်တွေ ရေးဆွဲပြီး အပြုသဘောဆောင်တဲ့ စာသင်ခန်း ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းရှိတဲ့ “ပုံမှန်”ဆရာများဟာလည်း
အရေးကြီးတာကို သတိပြုသင့်ပါတယ်။

အပြုအမူပိုင်းမှာ ပုံစံပြောင်းလဲ လုပ်ဆောင်စေခြင်းဆိုင်ရာ behavior modification လေ့လာမှု စာတမ်း တွေဟာ ကျောင်းသားရဲ့ အပြုအမူကို အဓိအားဖြင့် လေ့လာထားပေမဲ့ စာသင်ခန်းအတွင်း စံလွဲနေတဲ့ အပြုအမူတွေကို လေ့လာမှုများတော့ မရှိသလောက် ရှားပါးလှပါတယ်။

ဆရာအတတ်ပညာရေး နည်းပြတစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျောင်းဆရာဆရာမလောင်း သင်တန်းသူ သင်တန်း သားတွေကို မိမိကိုယ်ကို ပြန်လှန်စစ်ဆေးခြင်းအတွက် အချိန်ယူလုပ်ဆောင်ဖို့ကို မကြာခဏ တိုက်တွန်း ရလေ့ ရှိပါတယ်။ အထူးသဖြင့်တော့ စိတ်ခံစားမှုဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အပါအ၀င် ပုဂ္ဂလ ပဋိပက္ခတွေ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုတွေ အရဆိုရင်တော့ မိမိရဲ့ အတွင်းပုဂ္ဂလ ပဋိပက္ခတွေကို တည်ငြိမ်စွာနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ အခြေအနေကောင်းရရှိသူ ဆရာအနေနဲ့ ကျောင်းသားကို ပိုပြီး လေးလေးစားစား ဆက်ဆံနိုင် တယ်။ အမြင်ကျယ်ကျယ် ထားတတ်တယ်။ ကျောင်းသားရဲ့ အပြုအမူကို စီမံတဲ့နေရာမှာလည်း ပြင်းထန်ပြီး မလိုလားအပ်တဲ့ အပြစ်ပေး အရေးယူမှုတွေ မလုပ်တော့ဘူး။ အပြုအမူပိုင်းဆိုင်ရာ စံလွဲနေတဲ့ ကျောင်းသူ ကျောင်းသားကိုလည်း ဆရာကျင့်ဝတ်အရ လိုက်နာစောင့်ထိန်းမှုတွေ၊ သင့်တော်တဲ့ အပြုအမူ ပြင်ဆင်ပေးမှု တွေကို စီမံနိုင်တယ်။ အဲဒီအခြေအနေနဲ့ ဆန့်ကျင်ဘက်လည်းရှိတတ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ခံစားမှု ဆိုင်ရာ မလုံခြုံမှုတွေက ဖြစ်ပေါ်လာရတဲ့ သင်ကြားရေးဟာ ပုံမှန်မဖြစ်ဘူးလို့ ဆိုရပါမယ်။

အဲဒီလိုပါဘဲ။ ကျောင်းသူကျောင်းသားတွေရဲ့ အပြုအမူ စံလွဲနေခြင်းဟာ ရည်မှန်းချက်တွေ မပြည့်ဝခြင်းမှ တဆင့် မကျေမနပ်ဖြစ်တဲ့ ခံစားချက်တွေက မြစ်ဖျားခံလာတာပါ။ အုပ်စုတွင်းမှ ကျဉ်ဖယ်ခံထားရခြင်း၊ ကျောင်းမှာ အောင်မြင်မှု မရရှိခြင်းနဲ့ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ဆုံးနေရခြင်းတွေဟာ ကျောင်းသူ ကျောင်းသားတွေကို အိမ်မှာ၊ ကျောင်းမှာ၊ စာသင်ခန်းအတွင်းမှာ စံလွဲနေတဲ့ အပြုအမူတွေကို ပြုမူလုပ်ဆောင်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်သဘောထားတွေ (လူအဖွဲ့စည်းနဲ့ ကင်းကွာလာရခြင်း) နဲ့ သီးခြားလုပ်ဆောင်တတ်ခြင်း (ဖျက်ဆီးလိုစိတ်နဲ့ အကြမ်းဖက်လိုစိတ်) အပြုအမူတွေကို ပြုမူလာကြတာပါ။

နောက်ဆက်တွဲ အချက်တစ်ချက်

အပြုအမူဆိုင်ရာ တည်ငြိမ်မှုမရှိခြင်း၊ ပြောင်းလဲလွယ်ခြင်းဟာ ကျောင်းသူကျောင်းသားတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုတာကို ပြောပြချင်ပါတယ်။ စံလွဲနေတယ်ရယ်လို့ ဆိုရမယ့် အပြုအမူအားလုံးဟာလည်း လက်မခံသင့်ဘူးရယ် လို့တော့ ပြောလို့ မရပြန်ပါဘူး။

စံလွဲနေတဲ့ အပြုအမူတွေက ဘာတွေလဲ။ ဘယ်လိုအခြေအနေဆိုရင် အထူး သတိထားသင့်သလဲ။ ကျောင်းသူ ကျောင်းသား အချင်းချင်း (ကျောင်းသူ၊ ကျောင်းသား---ရွယ်တူ ကျောင်းသူ ကျောင်းသားများ) မတူညီတဲ့ အပြု အမူတွေ (ဥပမာ - နံရံတွေပေါ်မှာ အရုပ်တွေ၊ စာတွေ၊ ဆေးတွေ ရေးခြစ်ခြင်း၊ အခြား ကျောင်းသူ ကျောင်းသား တွေကို ထိုးကြိတ်ခြင်း၊ သင်ခန်းစာကို အလေးမထား၊ အာရုံမစိုက်ခြင်း) စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဆရာ-- ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးမှာတော့ (ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အာရုံစိုက်မှုရရှိအောင် ငယ်သံ ပါအောင် အော်ခြင်း၊ ကလေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေလောက်အောင် ပြင်းထန်တဲ့၊ ခါးသီးတဲ့ အပြစ်ပေး အရေးယူခြင်း၊ အခြားသော ကျောင်းသူ ကျောင်းသားများရဲ့ အမြင်မှာ အထင်မှားစေလောက်တဲ့ ဆရာ-တပည့် ဆက်ဆံရေး) စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။ စာသင်ခန်းနဲ့ ကျောင်းတွေမှာ ဒီလိုအပြုအမူတွေ ထပ်တလဲလဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်တဲ့ စာသင်ကြားခြင်းနဲ့ စာသင်ယူခြင်းအတွက် အခက်အခဲရှိနေပါပြီ။

ဆရာဆရာမဟာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှုရရှိအောင်လို့ ငယ်သံပါအောင် ဟစ်အော် ရတဲ့အခါမှာ ကလေးတွေရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ဆုံးရှုံးရတော့မယ်။ စာသင်ခန်းဟာ ပိုပြီးတော့သာ ဆူညံလာမယ်၊ စာသင်ကြားခြင်း အရည်အသွေးကို ထိခိုက်လာတော့မယ်။ အခြားတဖက်မှာလည်း စာသင်ကြားခြင်းကို အာရုံမစိုက်တဲ့ ကျောင်းသူကျောင်းသားကတော့ စာမေးပွဲတွေမှာ အဆင်မပြေ ဖြစ်ရတော့တယ်။

စံလွဲနေတဲ့ အပြုအမူတွေဟာ စာသင်ခန်းတွင်းမှာ ရှိနေတဲ့ (ဆရာနဲ့ ကျောင်းသားအားလုံး) သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ခြင်းဘဲဖြစ်တယ်။ ဥပမာအားဖြင့် အခြားကလေးတွေကို ထိုးကြိတ်တတ်တဲ့ ကျောင်းသူ ကျောင်းသားဟာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ ရစေနိုင်မယ်။ ပြင်းပြင်းထန်ထန်၊ ကြမ်းကြမ်းတမ်းတမ်း (ပြုမူ၊ ပြောဆို) အရေးယူတတ်တဲ့ ဆရာကျပြန်တော့ ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာကိုဖြစ်စေတယ်။ ဒီလိုအပြုအမူတွေ၊ လုပ်ရပ်တွေဟာ စာသင်ကြားပေးရန် စိတ်စေတနာနှင့် စာသင်ယူလိုတဲ့ စိတ်ဆန္ဒတို့ အပေါ် များစွာ ထိခိုက်တယ်ဆိုတာပါ။

နောက်ထပ်အချက်တစ်ချက်ကတော့ စံလွဲနေတဲ့အပြုအမူတွေကို လေ့လာရာမှာ မတူညီတဲ့ ယဉ်ကျေးမှု နောက်ခံ အခြေအနေတွေက ဖြစ်ပေါ်လာတဲ့ အပြုအမူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ မြန်မာနိုင်ငံနဲ့ အာရှတိုက်က ကျောင်းသူကျောင်းသားတွေဟာ ယဉ်ကျေးမှုအရ ဆရာဆရာမများနဲ့ စကားပြောတဲ့ အခါမှာ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး ပြောဆိုလေ့မရှိကြပါဘူး။ မျက်လုံးချင်း တည့်တည့်ကြည့်ပြီး စကားမပြော တာဟာ ယဉ်ကျေးမှုအရ၊ အပြုအမူအရ စံလွဲနေတယ်ရယ်လို့ မဆိုနိုင်ပါ။

သိန်းနိုင်

Tuesday, September 7, 2010

အကောင်းဆုံး ကျောင်း

သိန်းနိုင်

“အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။”


မိတ်ဆွေများ၊ မိဘများနှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမများက မကြာခဏ ဤမေးခွန်းကို မေးမြန်း တတ်ကြပါသည်။ “ဒီမြို့ရဲ့ အကောင်းဆုံး မြန်မာကျောင်းက ဘယ်ကျောင်းလဲ” ဟူ၍ ဖြစ်၏။ ကျနော်ကလည်း ယခုလိုပင် အစဉ်ပြန်လည် ဖြေကြားတတ်သည်။ “အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။” အချို့ ဇဝေဇ၀ါ ဖြစ်ကုန်ကြသည်။ အချို့မှာ မကျေမနပ်။ မိမိ၏ ကျောင်းကိုမှ အကောင်းဆုံးဟု ယူဆထားသည့် မိဘများနှင့် ဆရာဆရာမများမှာလည်း မာန်မချနိုင်သေး။ ကျနော် ထပ်မံ ရှင်းပြ ရပြန်သည်။ “တကယ်ဆိုရင် မိဘတွေကော ဆရာဆရာမများပါ မေးရမယ့် မေးခွန်းအမှန်က ဒီလိုပါ။ ပြန်လှန် စဉ်းစား တွေးတောစရာလည်းပါပြီး တန်ဖိုးအားဖြင့်လည်း ပိုအကဲဖြတ်ရာ ရောက်ပါမယ်။ --- ကလေးတွေ၊ ကျောင်းသားတွေ ဟာ အိမ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ အကောင်းဆုံးသော သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ရရှိနေရဲ့လား။”

လက်တွေ့မကျသော မျှော်လင့်ချက်

မိဘများ၏ ခံစားချက်များနှင့် ခံယူချက်တို့ကို နားလည်ပေးနိုင်ပါသည်။ ကျောင်းအပေါ်တွင် သူတို့မှ ဤသို့ (လွဲမှားစွာ) ရှုမြင်တတ် ကြသည်။ “ကလေး၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျောင်းမှာ လုံးဝ တာဝန်ရှိသည်။ အကောင်းဆုံး ကျောင်းသည် အခြားကျောင်းများ ထက် ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။” မိဘများ သိရှိသင့်သည့် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြလို ပေသည်။ မှော်ဆရာ၏ ပဉ္စလက်ပညာမျိုးနှင့် ကျောင်းများသည် အောင်မြင်မည့် လူသားတို့ကို အဆင်ပြေ ချောမွေ့စွာပင် မွေးထုတ် ပေးနိုင်ခြင်း မဟုတ်ပါ။ ဆန်းစစ်ကြည့်ကြပါစို့။ “အကောင်းဆုံး ကျောင်း” ဟု ယူဆသည့် ကျောင်းများတွင် တက်ရောက်နေကြသည့် ကလေးများစွာတို့မှာ ကျောင်းလွှတ်လျှင် လွှတ်ချင်းပင် ကျူရှင် (သို့မဟုတ်) အပိုချိန်များသို့ ပြေးကြရပြန်သည်။ တစ်နေ့တာ ကျောင်းတွင် လေ့ကျင့်သင်ကြား ထားသည်တို့ကို ထပ်မံ လေ့လာခွင့် ရရှိကြခြင်းပင်။ အချိန်ပိုများစွာပေးပြီး ကျူရှင်တက်ရောက် ကြရသည့် အလေ့ကို အားပေးလို၍ ပြောပြခြင်းမဟုတ်ပါ။ ကလေးများ လေ့ကျင့်ခွင့် ပိုမိုရရှိသည့် သဘောကို ထောက်ပြခြင်းနှင့် အိမ်မှ တာဝန်ယူနိုင်မှုကို နားလည်စေလို၍ဖြစ်သည်။

ဘ၀တွင် အောင်မြင်သော၊ အဆင်ပြေသော သူများ ဖြစ်လာစေရန်အတွက်မှာ ကျောင်းတစ်ခုတည်းနှင့် မလုံလောက် နိုင်ပါ။ ဤအချက်ကို နားမလည်နိုင်သည့် မိဘများမှာ ကျောင်းများသည် သူတို့၏ သားသမီးများကို ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ်များဖြစ်သည့် အဲလဗတ်အိုင်စတိုင်း၊ ဘီလ်ဂိတ်နှင့် ဘန်ကာလ်ဆန် တို့ကဲ့သို့ မွေးထုတ် ပေးမည်ဟူ၍ ဖြစ်၏။ မိဘများ ကိုယ်တိုင် ကလေးများနှင့် အချိန်ယူပြီး ပညာရေး ပံ့ပိုးမှုအနေဖြင့် ကလေး တစ်ဦးချင်း အတွက် အချိန်ပေးကြပါ၏လော။

ကျောင်းမပို့မီက မိဘအိမ်

ပညာရေး သုတေသန လေ့လာတွေ့ရှိမှုမှာမူ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ ပညာရေးတွင် ထူးချွန် အောင်မြင်သော ကျောင်းသားများ၏ မိဘများ (ဆရာဆရာမများမဟုတ်ပါ) သည် ကလေး၏ ဥာဏ်ရည်၊ ကိုယ်ပိုင် စည်းကမ်း၊ ခံယူချက်နှင့် အသိပညာတိုးပွားစေသည့် စူးစမ်းလေ့လာလိုမှုတို့နှင့် ပတ်သက်ပြီး သင့်တင့်သော အတွေးအမြင် ရှိထားကြသူများသာ ဖြစ်ကြကုန်သည်။ ဤမိဘများမှ လှုံ့ဆော်မှုရှိသော ပညာ ပတ်ဝန်းကျင်ကို အိမ်တွင် ဖြစ်စေခြင်းနှင့် အရည်အသွေးမီသော သင်ယူလေ့လာခြင်း အတွေ့အကြုံတို့ကို ထိတွေ့ ရရှိစေခြင်းဖြင့် ကလေး၏ ဉာဏ်ရည် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ သူငယ်တန်း မစတင်မီကတည်းကပင် ကလေး၏ သင်ယူလေ့လာမှု ခရီးလမ်းအတွက် မိဘများမှ တက်တက်ကြွကြွ စီစဉ်ကြသည်။ (စာကြိုသင်ပေးခြင်းကို မဆိုလိုပါ။) ကလေး၏ မူကြိုဘ၀ ပညာရေးနှင့် သင့်တော်မှုရှိသော ပံ့ပိုးမှုတို့ကို စိတ်ဝင်တစား လုပ်ဆောင်ကြ၏။

ထူးချွန်ထက်မြက်သော ကလေးများ၏ မိဘများသည် ကလေး၏ အောင်မြင်မှုမှာ မိဘများနှင့် အိမ်တွင်း ပညာရေး ပံ့ပိုးမှု အခြေအနေများအပေါ် ပိုမို တည်မှီနေသည်ဟူသော မှန်ကန်သည့် အမြင်ကို ခံယူထားကြသူများပင်တည်း။ ကျောင်းဆရာဆရာမများနှင့် ကျောင်းသင်ရိုးညွှန်းတမ်းတို့တွင် အဓိကအားဖြင့် မူမတည်ဟုလည်း (မှန်ကန်စွာပင်) ရှုမြင်ထားကြသည်။ ကလေးပညာရည် တိုးတက်မှုမှာ မိဘများ၏ စနစ်တကျ၊ ပုံမှန်ကူညီပံ့ပိုးမှု၊ ပါဝင်ဆောင်ရွက်မှု ကြောင့်သာ ရရှိနိုင်သည်ဟုလည်း နားလည်ထားကြသူများပါ။ ကလေးများ၏ အပြုအမူ၊ အကျင့်နှင့် ပညာရေး လိုက်စားမှု တို့အပေါ် လမ်းတည့်ပေးခြင်း၊ ကူညီမှုရှိခြင်းကြောင့် အကျိုးများသော၊ သင်ယူလေ့လာလိုသော၊ သင်လွယ် တတ်လွယ်သော အလေ့အထကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများကို ဖြစ်ထွန်းစေသည်။

အတုယူစရာ

အီဒစ်စတန်နှင့် ရုသ်လောရန့်စ်တို့၏ အတွေ့အကြုံများမှာ ဤသို့ပင်တည်း။ ငယ်စဉ်ကပင် အလွန်ထူးချွန် ထက်မြက် ကြသည်။ အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ပုဂ္ဂိုလ်ထူး၊ ပါရမီရှင်မျိုးရိုးကတော့လည်း မဟုတ်ကြပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ ကတည်းကပင် မိဘများ၏ ကြင်နာယုယမှုနှင့် ပညာရေး အားပေးမှု၊ သွန်သင်မှုတို့ကြောင့် အီဒစ်နှင့် ရုသ်တို့၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် များစွာအရေးပါခဲ့လေသည်။

နယူးယောက်မြို့မှ ဖခင်ဖြစ်သူ အာရွန်စတန်သည် သမီးဖြစ်သူ အီဒစ်ကို ပညာရေးအတွက် လှုံ့ဆောင်မှု အကောင်းဆုံး ဖြစ်မည့် ပတ်ဝန်းကျင်ကို ဖန်တီးထားပေးခဲ့လေသည်။ အီဒစ်မွေးကင်းစကတည်းကပင် ဂန္ထ၀င်တေး ဂီတကို တီးခတ်ပေးပြီး နားဆင်စေသည်။ လူကြီးလူကောင်းစကားများ ရွေးချယ်ပြောဆိုသည်။ ပုံပြကဒ်ပြားများ အသုံးပြုပြီး စကားလုံးသစ်များ ကို နေ့စဉ် လေ့ကျင့် သင်ကြားပေးသည်။

ဤသို့ ပံ့ပိုးမှု၊ ထိတွေ့စေမှု၊ လေ့ကျင့်ပေးမှုနှင့် လှုံ့ဆော်မှုများ၏ အကျိုးဆက်အနေဖြင့် အသက်တစ်နှစ်အရွယ်မှာပင် ၀ါကျစာကြောင်းများကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ခဲ့သည်။ ငါးနှစ်အရွယ်တွင် ဘရစ်တိန်နီကာ စွယ်စုံကျမ်း အတွဲအားလုံး ကို ဖတ်ရှုပြီးစီးလေပြီ။ ၆နှစ်သမီးအရွယ်တွင် နယူးယောက်တိုင်း သတင်းစာနှင့် စာအုပ် ၆ အုပ်ကို နေ့စဉ် ဖတ်ရှုတော့သည်။ အသက် ၁၂ နှစ်တွင် ကောလိပ်တက်ခွင့် ရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်တွင် အဆင်မြင့်သင်္ချာပြ ဆရာမတစ်ဦး ဖြစ်နေလေပြီ။

နောက်ထပ်တစ်ဦးမှာ အင်္ဂလန်မှ ရုသ်လောရန့်စ်ဖြစ်၏။ မိဘများမှ အိမ်တွင်းပညာရေး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးထားရှိပေးခဲ့သည်။ တေးဂီတ၊ ကလေးပညာရေး ကစားစရာပစ္စည်းများနှင့် ပညာရေး လေ့လာမှုများကို ရရှိခဲ့သည်။ ကိုးနှစ်အရွယ်တွင် ကင်းဘရစ် O Level စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့လေသည်။ ပုံမှန် ၁၆ နှစ်အရွယ်များသာ ၀င်ရောက်ဖြေဆိုသည့် စာမေးပွဲဖြစ်၏။ ၁၀ နှစ် သမီးအရွယ်တွင် A Level အောင်မြင်ခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ်သို့ အသက် ၁၂ နှစ် အရွယ်တွင် တက်ရောက်ခွင့် ရရှိခဲ့သည်။

မိဘများမှ မေးသင့်သည့် မေးခွန်း

ဤဖြစ်စဉ် ၂ ခုစလုံးတွင် ပညာရေးအောင်မြင်မှု၊ ထူးချွန်မှုတို့မှာ အိမ်မှ အစပြုခြင်းနှင့် ငယ်စဉ်ကတည်းကပင် အခွင့်အလမ်း ရရှိခြင်းတို့ဖြစ်ကြောင်း တွေ့မြင်ရပါမည်။ ကျောင်းမှ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်မှုရရှိမည်ကို စောင့်စား မျှော်လင့်နေမည့်အစား မြန်မာမိဘများသည် မိမိတို့ ကိုယ်တိုင်ပင် အိမ်မှ အစပျိုး ကူညီပံ့ပိုးမှုပေးရန် အထူး အရေးကြီး သည်ကို သိမြင်နားလည်သင့်၏။ အထူးသဖြင့် ပညာရေးတန်ဖိုးများ ကျဆင်းနေရသည့် ဤကာလ၀ယ် အိမ်နှင့် မိဘတို့၏ အခန်းကဏ္ဍမှာ ကလေးငယ်၏ အနာဂတ်ပညာရေးအတွက် ပို၍ပင် အခရာ ကျနေတော့သည်။ မိဘဖြစ်သည့် မိမိတို့ အပိုင်း၏ အထူးအရေးပါမှုကို သဘောပေါက်လှ သင့်ပါသည်။ ဤတွင် မိဘများမှ ပထမဆုံး မေးခွန်းထုတ်သင့်သည်မှာ ဤသို့ဖြစ်သင့်သည် မဟုတ်ပါလား။ “ ကျောင်းဆရာဆရာမ တွေနဲ့ ကျောင်းရဲ့ တာဝန်ရှိမှုကို မပြောခင်မှာ တို့ရဲ့ကလေးပညာရေး အောင်မြင်မှုအတွက် အိမ်ကနေပြီးတော့ တို့ကိုယ်တိုင် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။”

သိန်းနိုင်

Sunday, September 5, 2010

သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း

သိန်းနိုင်

“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”


ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။

ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။

သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။

နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။

သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။

နည်းနည်းစီ သင်ကြားခြင်း

သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။

အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။

တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။

ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….

(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။

အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။

ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

သင်ကြားရေး ကိရိယာများ

အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်

Sunday, August 22, 2010

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သိန်းနိုင်

“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”

အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။

ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။

အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။

သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။

“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”

+++++

သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”

အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။

အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”

စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။

“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”

ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။

“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”

ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။

“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။

ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း

ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”

“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”

အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”

“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။

မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။

“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”

“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။

သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။

အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။

“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”

“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။

သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”

အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။

“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”

အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။

ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။

သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)

Wednesday, August 18, 2010

စာသင်ခန်းထဲက အကြင်နာတရား

သိန်းနိုင်

“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”


၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။

မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။

မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။

ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”

မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။

ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။

“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။

ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။

ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။

သိန်းနိုင်

(သုခမိန် ဂျာနယ် အမှတ် ၂)

 

© 2007 IngridGrey By Arephyz