ရေးသူ - ခင်နှင်းစိုး
ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊ လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက် သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့ ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊ ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့ အစနားမှာရှိနေသည်။
ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။ ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော နိုင်ငံပေါင်းစုံမှ လာကြသည်။
နိုင်ငံခြားတွင် ပညာလာသင်ကြသော လူငယ်အများအတွက် လွတ်လပ်မှု (independence) သည် ကိုယ်လုပ်ချင်ရာလုပ်တာမျိုး ဖြစ်တတ်ကြသည်။ တကယ်တော့ မိဘများနဲ့ဝေးပြီး၊ ကိုယ့်ဘာသာ ထိန်းကြောင်းရသော လွတ်လပ်မှုမျိုး ဖြစ်သည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျနေမလဲဆိုတာ အရေးကြီးလာသည်။ လွတ်လပ်ခြင်းနောက်တွင် (ကိုယ့်ဘာသာ) တာဝန်ယူတတ်ဖို့ လိုလာသည်။ ကိုယ့်လုပ်ရပ်တိုင်းရဲ့ ရလဒ်များကို သတ္တိရှိရှိ ရင်ဆိုင် တာဝန်ယူပြီး၊ သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမည်။
လူတိုင်း ကိုယ်မလုပ်ဖူးတာကို လက်တည့်စမ်းလိုစိတ်ရှိသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ပင်။ သို့သော် ကိုယ့်ဘ၀အတွက် ထိခိုက်သွားနိုင်သည့် လက်တည့်စမ်းမှုမျိုးကိုတော့ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးခဲ့ပေ။ မိဘများက ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားရ၊ ညမိုးချုပ် အပြင်မထွက်ရ စသည့် စည်းကမ်းများ ချတတ်ကြသည်။ ဒါဟာ မကောင်းဘူးလို့ ပြောကြသည်။ တကယ်လည်း အဲဒီလုပ်ရပ်တွေနောက်မှာ အမှားကျူးလွန်နိုင်စရာ အလားအလာ အများကြီးရှိသည်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ အဲဒီအရာတွေ လုပ်မိတဲ့လူငယ်တွေကိုလည်း မှားတယ် ဆိုးသွမ်းတယ်လို့ မဆိုနိုင်။ လူငယ်သဘာဝ လက်တည့်စမ်းတာ ဖြစ်နိုင်သည်။ အဓိကက ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ဘဲ balance ဖြစ်ဖို့ပင်။ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်နိုင်လောက်အောင် မလုပ်ဖို့ အမြဲစဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ကိုယ့်ဘာသာ စည်းကမ်း (discipline) ရှိဖို့ပင်။
နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ဆိုတာ မြန်မာလူငယ်တိုင်းလုပ်ချင်သော်လည်း မလုပ်နိုင်သောအရာ။ တချို့က ငွေကြေးအရ မတတ်နိုင်။ တချို့ကျ ၀င်ခွင့်စာမေးပွဲ သတ်မှတ်ထားသော ၀င်ခွင့်လိုအပ်ချက်နဲ့ မပြည့်စုံ။ တချို့ဆို လေး ငါး နှစ်အထိ ၀င်ခွင့်စာမေးပွဲအောင်ဖို့ ကြိုးစားကြရသည်။
မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လူငယ်တချို့နဲ့ ကျမ စကားဝိုင်းလုပ်ဖူးသည်။ သူတို့ကို အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိလဲလို့ ကျမကမေးတော့၊ အနည်းစုက ထိုင်းနိုင်ငံ တက္ကသိုလ်တခုခုတွင် ကျောင်းတက်ချင်ကြသည်။ ဒါပေမယ့် အဲလိုတက်နိုင်ဖို့ စကောလားရှစ် (scholarship) ရအောင် သူတို့ ကြိုးစားရမည်။ ကျောင်းသားပေါင်း ရာချီလျှောက်တဲ့ထဲက ဆယ်ဂဏန်းလောက်သာ ရွေးသောကြောင့် စကောလားရှစ် ရဖို့က မလွယ်။ ထိုအနည်းစုကမှ သူတို့ဘာလုပ်ချင်လဲ သိကြသေးသည်။ ကျန်သည့်အများစုက သူတို့အနာဂတ်တွက် တိုးတက်ချင်သည်၊ သို့သော် ဘာဆက်လုပ်ရမည်ဆိုတာ မသိ။ စကောလားရှစ်ရလောက်အောင် စာမေးပွဲဖြေနိုင်ဖို့ အခြေခံပညာအဆင့်အတန်းအရ သူတို့မှာမရှိ။ လုပ်နိုင်မည်လို့လည်း ကိုယ့်ဘာသာ ယုံကြည်ချက် မရှိကြ။ မိဘတွေကလည်း ထောက်ပံ့မှုမပေးနိုင်။ သူတို့ ပတ်ဝန်းကျင်မှ အများစုလုပ်ကြသလို တနေ့လုပ်တနေ့စားပဲ ၀င်လုပ်ရမည်လား မရေမရာ ဖြစ်နေကြရှာသည်။
ဒါကြောင့် စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ်မှ မြန်မာကျောင်းသား/သူ တချို့ ကို သူတို့ကံကောင်းကြောင်း၊ ရရှိထားသော အခွင့်အရေးကို အလဟဿ မဖြစ်ဖို့အရေးကြီးကြောင်း ကျမပြောပြလေ့ရှိသည်။ ဘ၀တွင် အချိန်ဆိုသည်မှာ ကုန်ဆုံးပြီးသော ဘယ်လိုမှ နောက်ပြန်မလှည့်နိုင်သောအရာ ဖြစ်သည်။ ရရှိသော အခွင့်အရေးကို ရရှိသော အချိန်တွင် မြဲမြဲဖမ်းဆုတ်ပြီး၊ အကျိုးရှိရှိ အသုံးချတတ်ဖို့ အရေးကြီးသည်။ လူငယ်သဘာဝ ပျော်ပျော်နေတတ်ကြတာ မှန်ပေမယ့်၊ တနေ့တနေ့ အလေလိုက်နေမယ်ဆိုရင် အချိန်တွေ နှမြောစရာကောင်းလှသည်။ လူတယောက်ဟာ ကိုယ့်ဘ၀ရဲ့ ဆယ်စုနှစ်တခုစာကို ပြန်ကြည့်လိုက်တိုင်း တိုးတက်မှုရှိနေတာကိုသာ မြင်သင့်သည်။ အဲလိုမဟုတ်ခဲ့ရင် တခုခုလုပ်ဖို့ အချိန်တန်ပြီဆိုတာလည်း ကိုယ့်ဘာသာ သိနားလည်သင့်သည်။
လူငယ်တွေ လမ်းမှားမရောက်အောင် စာများများဖတ်ဖို့ လိုတယ်၊ စာဖတ်မှ အမှား အမှန် သိလာမယ် လို့ ဆိုကြသည်။ ကျမအမြင်မှာတော့ စာဖတ်တာက ပထမအဆင့်ဖြစ်သည်။ သို့သော် ခုခေတ်တွင် စာဖတ်ရုံနဲ့ မလုံလောက်တော့။ စာဖတ်တာဟာ စာအုပ်ထဲက စကားလုံးကြီးကြီးတွေသုံးပြီး၊ လူတွေအထင်ကြီးအောင် ပြောဖို့ပဲ မဟုတ်။ ဘယ်လိုစာမျိုးကို ဖတ်မလဲ၊ ဖတ်ထားတဲ့စာတွေကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လို ပြန်သုံးသပ်မလဲ ဆိုတာတွေက ပိုအရေးကြီးလာသည်။
ကျမကတော့ လူငယ်တွေနဲ့ ပတ်သက်လာရင် လမ်းမှားပဲ ရောက်နေနေ၊ လမ်းမှန်ပဲ ရောက်နေနေ၊ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပဲ အဆင်သင့်ပြင်ဆင်ထားသည်။ သူတို့ပြောတာ နားထောင်ပြီး ကျမအမြင်ကို ပြောပြသည်။ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုအချက်တွေ ထည့်စဉ်းစားရမယ် ဆိုတာတွေ ပြောသည်၊ ဆွေးနွေးသည်။ သို့သော် ဆုံးဖြတ်ချက်ကတော့ သူတို့ကိုယ်ပိုင် ရွေးချယ်မှုပင်ဖြစ်သည်။ ကျမကိုယ်တိုင်လည်း ကိုယ်ပိုင်ရွေးချယ်မှုကိုပင် တန်ဖိုးထားသည်။
နာမည်ကျော် အမေရိကန် လက်ဝှေ့ထိုးသမား ဖြစ်ခဲ့ဖူးသူ Muhammad Ali ကတော့ .. လူတယောက်ရဲ့ အသက် ၂၀ အရွယ်က ဘ၀ကိုကြည့်တဲ့ပုံစံက၊ အသက် ၅၀ အထိ အတူတူဖြစ်နေမယ်ဆိုခဲ့ရင် အဲဒီလူဟာ သူ့ဘ၀ရဲ့ အနှစ် ၃၀ ကို အလကား နေပစ်လိုက်သလိုပဲ .. ဟု ဆိုခဲ့သည်။ လက်ရှိ ခေတ်သစ်ရဲ့လူငယ်တွေဟာ နောင် အနှစ် ၃၀ ဆယ် မှာ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲဆိုတာဟာ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် များစွာမူတည်နေသည်။
ပေါ်လီတက္ကနစ်မှ ကျမကျောင်းသူတချို့က သူတို့ တကယ်စိတ်ပါဝင်စားတဲ့ profession နဲ့ လက်ရှိတက်နေတဲ့လိုင်းတို့ ကွဲလွဲနေလို့ ဘယ်လိုလုပ်ရမလဲလို့ ကျမကို အကြံဥာဏ်တောင်းလေ့ရှိသည်။ ထိုသို့လူငယ်များတွက် ကျမအလွန်အားရမိသည်။ အသက် နှစ်ဆယ်ကျော်အချိန်တွင် ဘ၀မှာ ဘယ်လို profession ကို လုပ်မလဲဆိုတာ သူတို့အသေအချာ သိကြသည်။ ကျမသူတို့အရွယ်တုန်းက အင်ဂျင်နီယာအလုပ်ကို နှစ်ခြိုက်ခဲ့ပေမယ့်၊ သူတို့လောက် မသေချာခဲ့။ ကိုယ့်ထက်ငယ်တဲ့ မြန်မာလူငယ်တွေက ကိုယ့်ထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်၊ ခံယူချက် စတာတို့ သာတာမျိုးကိုပဲ ကျမမြင်ချင်မိသည်။ (အဲလိုဖြစ်အောင်လည်း တတ်နိုင်သလောက် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်)။ နာမည်ကျော် သိပ္ပံပညာရှင် Isaac Newton က “ကျနော်ဟာ သူများတွေထက် ပိုဝေးဝေးမြင်နိုင်တာ၊ ကျနော့်အရင် မျိုးဆက်ရဲ့ ပုခုံးပေါ် တက်ကြည့်နိုင်လို့ ဖြစ်တယ်” လို့ ဆိုခဲ့သည်။ သူဆိုလိုချင်တာ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလုပ်ခဲ့တာအပေါ် တဆင့်တက်ပြီးကြည့်နိုင်ရင်၊ မျိုးဆက်တခုစီဟာ ပို ပိုပြီး တိုးတက်နေမယ် ဆိုတဲ့သဘောပါ။
လူငယ်တို့က သူတို့အပြုအမူအပေါ် ဝေဖန်ခံရတဲ့အခါ၊ ခေတ်မမှီဘူး၊ ရှေးဆန်တဲ့အတွေးတွေနဲ့ လာပြောနေတယ်လို့ တုန့်ပြန်တတ်ကြသည်။ မျိုးဆက်တခုနဲ့တခုကြားမှာ၊ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု (generation gap) ကို လက်ညှိုးထိုးတတ်ကြသည်။ တချို့လူငယ်တွေအတွက် ဂျင်းဘောင်းဘီ၊ တီရှပ်၊ စကပ်တို၊ ဘောင်းဘီတိုတို့ဝတ်မှ၊ မိုဘိုင်းဖုန်း ကိုင်နိုင်မှ၊ Facebook ရှိမှ၊ ကဖေးထိုင်မှ၊ ကလပ်သွားမှ စတာတို့ ဖြစ်နိုင်သည်။ တကယ်တော့ ထိုသို့ ခေတ်မှီတာကို အဓိပ္ပါယ်ဖော်တာက အပေါ်ယံဆန်လှသည်။
ခေတ်မှီရေးသို့ (becoming modern) နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖွံ့ဖြိုးဆဲခြောက်နိုင်ငံမှ (Argentina, Chile, India, Israel, Nigeria, Bangladesh) လူငယ် ၆၀၀၀ ကို သုတေသနလုပ်ထားတာကို ဖတ်ဖူးသည်။ နိုင်ငံတနိုင်ငံ ခေတ်မှီလာဖို့အတွက် ဘယ်လိုခေတ်မှီတဲ့ လူငယ်တွေ လိုအပ်သလဲဆိုတာကို ရှာဖွေလေ့လာခြင်းဖြစ်သည်။ သူတို့တွေ့ရှိချက်အရ ခေတ်မှီလူသား (modern man) တွင် စရိုက်လက္ခဏာ လေးမျိုးရှိသည်။
(၁) သူဖြတ်သန်းနေသော ခေတ်မှာ အများတကာ ဘာတွေ ဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အစဉ်လေ့လာ၊ အသိပညာဖွံ့ဖြိုးပြီး၊ ခေတ်ကို ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ရှိသည်။
(၂) သူ့ကိုယ်ပိုင်လုပ်ရပ်ဟာ သူ့အတွက်သာမက၊ သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင် (ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ) ကိုပါ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်သည်။
(၃) သူက လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်သည်။ အထူးသဖြင့် ဘယ်တက္ကသိုလ်လိုင်းကို ရွေးမလဲ၊ ဘယ်အလုပ်လုပ်မလဲ စတဲ့ ကိုယ်ပိုင်ကိစ္စများ ဆုံးဖြတ်ရာတွင်၊ ခေတ်ဟောင်းမှ အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးခြင်းကို မခံ။
(၄) သူက အိုင်ဒီယာအသစ်၊ အတွေ့အကြုံအသစ်များအတွက် အမြဲ အသင့်ဖြစ်နေသည်။ သူ့တွင် ဖွင့်ထားသောစိတ် (open mind)၊ ဒါဆိုဒါမှဟု တယူသန်အစွဲမရှိသော၊ အသိအမြင်အားဖြင့် ပျော့ပြောင်းနိုင်စွမ်း (cognitive flexibility) ရှိသည်။
ထိုသုတေသနကို ၁၉၇၄ ခုနှစ်ကလုပ်ခဲ့ပေမယ့်၊ ခုချိန်ထိ အကျုံးဝင်နေသေးသည်။ ထိုသုတေသနမှာ ဖော်ပြထားသော ခေတ်မှီလူသား တယောက် ရှိထိုက်သော စရိုက်လက္ခဏာလေးမျိုး နဲ့ ပတ်သက်ပြီး၊ မြန်မာလူငယ်တို့ သေချာစဉ်းစားသင့်သည်။ ဥပမာပြောရရင်.. ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်တယ် မတော်တယ် မစဉ်းစား၊ ကိုယ်အပြုအမူကြောင့် တခြားသူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဘယ်လိုမြင်သွားမယ် မစဉ်းစား၊ အတုယူမှားတာတွေဟာ ခေတ်မှီတာမဟုတ်တာတော့ သေချာသည်။ အတုယူတဲ့အခါ ကိုယ့်အတွက် ပိုကောင်းသွားစေမယ့် အရာမျိုးကိုသာ အတုယူသင့်သည်။ ဘယ်လိုဟာမျိုးကို အတုယူသင့်သလဲဆိုတာလည်း အရင် သေချာစဉ်းစား တွေးတောကြည့်သင့်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ရှေ့လျှောက်ဖွံ့ဖြိုးဖို့ အလားအလာကောင်းနေတဲ့ နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ကမ္ဘာမှာ ခေတ်မှီရေးအတွက် မြန်မာလူငယ်တို့ ဘယ်လောက်ထိ ခေတ်မှီလူသား ဖြစ်နိုင်ကြမလဲဆိုတာပေါ် အများကြီးမူတည်နေပေသည်။
Ref: Becoming Modern: Individual Change in Six Developing Countries
(၃ မတ်လ ၂၀၁၂ ထုတ် Venus News ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်သည်)
ခင်နှင်းစိုး
၂၃ ဧပြီ ၂၀၁၂
Saturday, May 5, 2012
ခေတ်သစ်လူငယ်တို့ ခေတ်မှီရေးသို့ |
Tuesday, November 17, 2009
ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး |
ရေးသားသူ - S.S.
သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) တွင်ဖော်ပြပြီးဖြစ်သည် ။
ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ် ။
မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ပညာရေးစနစ်ရဲ့တရားခံကိုရှာကြတဲ့အခါ လူအများစုကအစိုးရကိုလက်ညှိုးထိုးကြတယ် ။ အစိုးရပြောင်းမှပဲ မြန်မာပြည်ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ် ။
တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင်ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ် ။
(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။
ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဖူး ။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ် ။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ ။
ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ် ။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ် ၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင် ၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကိုအမြဲမှတ်ဝင်သွားပါလိမ့်မယ် ။
ကျောင်းသားတွေဆီကစိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ် ။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး ။
သင်ယူနည်းပိုင်း
ဆရာသင်ပြပြီးသားသင်ခန်းစာတွေကိုကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ ။
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဖူး ။ မြန်မာပြည်ပညာရေးစနစ်မှာအမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ် ။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစားထည့်သွင်းစဉ်းစားသင့်ပါတယ် ။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေသူများထက်ပိုဖတ်ရမယ် ၊ အင်ဖော်မေးရှင်းကို နည်းမျိုးစုံနဲ့ရှာရမယ် ၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ် ၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။
(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။
လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး ၊ အသစ်တွေကိုလေ့လာသင်ယူလုပ်ကိုင်ရတော့မယ် ၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတခုထိ အပင်ပန်းခံကြိုးစားရတော့မယ် ။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာပြောင်းလဲလုပ်ဖို့မလိုအပ်တဲ့အပြောင်းအလဲမျိုးကိုတော့ လူတွေကလက်ခံနိုင်ချေများကြတယ် ၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဖူး ။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲတခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ ။ ပြီးတော့အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တဆင့်ချင်းလုပ်ဆောင်ပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာထဲကအချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့လှည့်မေးထားတဲ့ပုစ္ဆာတွေကိုဖြေနိုင်တဲ့ (apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတယောက်အနေနဲ့ စာသင်နည်းမှာ တဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ ။
ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တပုဒ်ပြီးတပုဒ်အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ ။ ဥပမာ - အီးကွေးရှင်းတိုင်းကိုအလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာဘယ်လိုအဓိပ္ပါယ်ကိုဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေသိအောင်သေချာရှင်းပြပါ ။ ပြီးမှ ပုစ္ဆာရဲ့တပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ်ပြန်လှည့်မေးပါ ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲကကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုတဆင့်ချင်းပြောင်းလဲမလဲ ။
ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့်သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ် ။ အဲလိုမဖြစ်အောင် ပထမဆုံးလက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ အရင်ကကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ ။ နောက်တဆင့်အနေနဲ့ ဘာသာရပ်အလိုက်အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရောဘယ်လိုဖြစ်လာမလဲ ဘာကြောင့်ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ် ။
(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ ။
အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဖူး ။ အပြောင်းအလဲတခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာအကျုံးဝင်သွားအောင် နေသားကျသွားအောင် ၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတခုဖြစ်သွားအောင် လုပ်ယူရပါမယ် ။
သင်ကြားနည်းပိုင်း
ဥာဏ်စမ်းပုစ္ဆာတွေမေးလေ့ရှိတဲ့ဆရာရဲ့အတန်းကကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဖူး ၊ မစိုးရိမ်တော့ဖူး ။ သူတို့အတွက်အဲလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဖူး ။
သင်ခန်းစာတွေကိုအချက်အလက်သပ်သပ်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာကြုံတွေ့နေရတာတွေနဲ့အမြဲကြိုးစားဆက်စပ်ပြီးသင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတခုကိုရှင်းပြတိုင်း လက်တွေ့မှာအလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
ကျောင်းသားတယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင် ၊ သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ် ။ အဲလိုမေးခွန်းပေါ်လာအောင် သပ်သပ်သတိထားနေစရာမလိုတော့ဖူး ။
(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။
လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့အမြဲနေထိုင်နေရပါတယ် ။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ် ။ မျိုးဆက်တခုနဲ့တခုမှာ ကြုံတွေ့ရတာတွေမတူတော့ဖူး ။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ ၊ ကျောင်းသားတွေစာသင်ယူတဲ့ပုံစံတွေ ၊ ဆရာတွေကစာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲနေကြရပါတယ် ။
သင်ကြားနည်းပိုင်း
ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာမျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေကအထောက်အကူပြုနိုင်သလဲ ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကိုအသုံးပြုကြသလဲ ၊ ဘာကြောင့်အသုံးပြုကြသလဲ ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကိုစူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျှမ်းသင့်သလိုထည့်သွင်းအသုံးချသင့်ပါတယ် ။
သင်ယူနည်းပိုင်း
မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကိုအသုံးချတတ်လာရင် ၊ အကြောင်းအရာတခုကိုလေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ် ။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးကမြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။
(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။
နိုင်ငံတကာပညာရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးလုပ်လာကြပါတယ် ။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး ၊ စာသင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး ၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့် ။
သင်ကြားနည်းပိုင်း
တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေစိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ် ။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့ ၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ (supplementary teaching aid) အဖြစ်သုံးတာတို့ ၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ် ။
ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့ ၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဖူး ။ အဲဒီနည်းပညာတွေဟာ အထက်မှာဖော်ပြထားတဲ့အချက်နှစ်ချက်ကိုအထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှအထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဥပမာ - ဘလောဂ့်ကိုထည့်သွင်းသုံးပြီးစာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ .. အဲဒီအထောက်အကူဟာ ကျောင်းသားတွေသင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။
......................
နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ်လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ဒူးကိုယ်ချွန်ပြီးပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
Saturday, April 4, 2009
ကျောင်းသားလက်စွဲ - သင်ခန်းစာများအား ပြန်လှန်ကျက်မှတ်ခြင်း |
စာမေးပွဲများ နီးလာတဲ့အခါ ကျောင်းသားတွေအနေနဲ့ လေ့လာသင်ယူထားတဲ့ သင်ခန်းစာတွေကို ပြန်လှန်ကျက်မှတ်ကြရပါတယ်။ ကျောင်းသားတယောက်အတွက် ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါ။ တနှစ်ပတ်လုံး ကျောင်းအတူတက်၊ စာအတူကျက်ခဲ့ကြပြီး ဒီအချိန်ရောက်မှ အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်မှု၊ လွန်မင်းစွာ အသုံးချမှုတွေနဲ့ အခြားသော အလေ့အထမှား တချို့ဟာ ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပညာရေးနဲ့ သင်ယူမှုပိုင်းဆိုင်ရာ လေ့လာသူတွေက ဒီလိုအလေ့အထမှားတွေကို သုံးသပ်ပြီး၊ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အချက်အလက်တွေကို တွေးတောအကြံပေးခဲ့ကြပါတယ်။ ဒီလိုအကြံပြုချက်လေးတွေထဲက တချို့အချက်လေးကို စာရေးသူရဲ့ အတွေ့အကြုံတချို့နဲ့ ပေါင်းစပ်ပြီး ရေးသားတင်ပြပါမယ်။
(၁) စာတွေကို ထပ်ခါထပ်ခါဖတ်ပြီး၊ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်း
တချို့သော ကျောင်းသားတွေက စာမေးပွဲနီးလာတဲ့အခါမှာ သင်ရိုးစာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်နေတတ်ကြပါတယ်။ တကယ်တော့ သင်ရိုးစာအုပ်တွေကို လေ့လာသင်ယူနေတဲ့ အချိန်မှာကတည်းက နားလည်အောင် ကြိုတင်ဖတ်ထားသင့်ပါတယ်။ ပြန်လှန်ကျက်မှတ်တဲ့အချိန်ကျမှ နားလည်အောင် လိုက်လုပ်နေရတယ်ဆိုတာ သင်ခန်းစာတွေကို ကျေညက်အောင် မလေ့လာထားလို့ပဲ ဖြစ်ပါတယ်။
တချို့ကျတော့လဲ ပြန်လှန်ကျက်မှတ်တဲ့အချိန်ရောက်မှ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်းပါ။ စာရေးသူလဲ ဖြစ်ဖူးပါတယ်။ စစ်မဟာဗျူဟာနဲ့ ပတ်သက်တဲ့ စာမေးပွဲတခု ဖြေစဉ်တုန်းကပါ။ တကယ်တော့ စစ်ဗျူပညာရှင်ကလော့ဝစ်ရဲ့ အဆိုအမိန့်၊ အတွေးအမြင်တွေကို စာမေးပွဲမတိုင်မီ သုံးလလောက်ကတည်းက မှတ်စုထုတ်ပြီးသား ဖြစ်ပါတယ်။ စစ်ရဲ့သဘောသဘာဝတွေ၊ သီအိုရီတွေ၊ ဗျူဟာတွေကို ကဏ္ဍအလိုက်ခွဲပြီး လေ့လာပြီးသားပါ။ ဘာကြောင့်များ စာမေးပွဲဖြေခါနီး နှစ်ရက်အလိုကျမှ အဲဒီစစ်ကျမ်းကြီးကို ပြန်ကောက်ကိုင်မိတယ်မသိဘူး။ ရလာဒ်ကတော့ စာအုပ်ကို ကောက်ကိုင်လိုက်၊ မှတ်စုတွေ ပြန်လှန်လိုက်၊ ဟိုဟာလေးထပ်ဖြည့်ရင်ကောင်းမလား၊ ဒီဟာလေးများ လိုနေမလားနဲ့ တော်တော်ဗျာများခဲ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းနဲ့ စာမေးပွဲခန်းရောက်မှ တချို့ quotation တွေကို မနည်းပြန်စဉ်းစားယူရပြီး နောင်တရခဲ့ဖူးပါတယ်။
ကောင်းတာကတော့ စာမေးပွဲနည်းလာပြီဆိုတာနဲ့ အဓိက အချက်အလက်တွေပါတဲ့ ကတ်ပြားတွေ (ဒါမှမဟုတ်) မှတ်စုစာအုပ်တွေကိုပဲ ပြန်ဖတ်သင့်ပါတယ်။ mindmaps တွေ၊ ရုပ်ပုံတွေနဲ့ အကြောင်းအရာများကို မှတ်သားသင့်ပါတယ်။ အတိုကောက်စာလုံးလေးတွေနဲ့ မှတ်သားထားရင် စာမေးပွဲခန်းထဲမှာ ပြန်မှတ်မိနိုင်တာမို့ အကျိုးရှိပါတယ်။ ဒါပေမယ့် အားလုံးကိုချည်းပဲ အတိုကောက်တော့ မမှတ်ပါနဲ့ရှင်။ အစပြန်ဖော်လို့ မရတော့တာတွေလဲ ကြုံဖူးလို့ပါ။
(၂) အက်ဆေးများကို အလွတ်ကျက်မှတ်ခြင်း
ကျွန်မတို့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေ လုပ်တတ်ကြပါတယ်။ မေးခွန်းတွေကို စပေါ့ရိုက်ပြီး၊ အလွတ်ကျက်ကြတာပါ။ တချို့သော အာရှတိုက်ကလာတဲ့ ကျောင်းသားများလဲ အလွတ်ကျက်ကြတာ တွေ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းလွန်းလှပါတယ်။ မေးခွန်းက ကိုယ်ကျက်ထားတဲ့ ပုံစံမျိုး လာချင်မှ လာမှာပါ။ မေးခွန်းပုံစံများကို လေ့လာပြီး၊ ဘယ်လိုမေးခွန်းလာရင်၊ ဘယ်လိုဖြေမယ်ဆိုတာမျိုးကိုပဲ ပြင်ဆင်ထားပြီး၊ အချက်အလက်တွေ မှတ်သားထားသင့်ပါတယ်။ စာမေးပွဲခန်းရောက်မှ မေ့သွားတာမျိုးလဲ ရှိတတ်တာမို့ ဒီလိုအလေ့အထမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ပြန်လှန်လေ့လာမှုကို အာရုံစိုက်လွန်းခြင်း
တချို့ကျောင်းသားတွေကျတော့ အလွန်အကျွံကို လုပ်တတ်ကြပြန်ပါတယ်။ စာမေးပွဲနီးရင် စာကို အလွန်အကျွံလုပ်တတ်တဲ့ ကျောင်းသားနှစ်မျိုး ရှိပါတယ်။ ပထမတမျိုးကတော့ စာရရဲ့သားနဲ့ စာမေးပွဲကို ကြောက်စိတ်ဝင်ပြီး၊ မအိပ်နိုင်၊ မစားနိုင်၊ စာအုပ်နဲ့ မျက်နှာနဲ့ မပြတ်ဖြစ်တတ်သူတွေပါ။ ဒုတိယတမျိုးကတော့ တနှစ်ပတ်လုံး လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်နေပြီး၊ စာမေးပွဲနီးမှ အလွန်အကျွံ စာကျက်တတ်သူတွေပါ။ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကောင်းမွန်တဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာတုန်းက ဆယ်တန်းမို့လို့ တနှစ်လုံး တီဗွီမကြည့်ရ၊ ကက်ဆက်နားမထောင်ရလို့ အတင်းအကြပ်ပိတ်ပင်တဲ့ မိဘမျိုးတွေလဲ တွေ့ခဲ့ဖူးပါတယ်။ လူဆိုတာ စက်ရုပ်မဟုတ်ပါဘူး။ တစုံတခုထဲမှာပဲ တချိန်လုံးအာရုံနှစ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စာမေးပွဲနီးလို့ စိတ်အနားယူအပန်းဖြေရေးနဲ့ ပတ်သက်တာတွေ လုံးဝမလုပ်ဘူး ဆိုတာဟာလဲ မကောင်းပါဘူး။ ဒါတွေကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် ဆေးတောင် ဖြစ်ပါသေးတယ်။ သီချင်းကြိုက်သူတယောက်အတွက် တဘာသာဖတ်ပြီး၊ နောက်တဘာသာ စမဖတ်ခင် အချိန်လေးအတွင်းမှာ နာရီဝက်လောက် သီချင်းနားထောင်လိုက်တာဟာ စိတ်လန်းဆန်းမှု အတွက်ကိုတောင် အထောက်အကူ ဖြစ်စေပါသေးတယ်။ တခါတလေလဲ စာတွေ ဖတ်မှတ်ရင်း ငြီးငွေ့လာတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတချို့နဲ့အတူ စာတူတူ ဖတ်မှတ်ဆွေးနွေးတဲ့ အချိန်လေးတွေရှိရင် ပိုကောင်းပါတယ်။
(၄) မိမိကိုယ်ကို အတင်းကာရော စာထဲ အာရုံစိုက်ခိုင်းပြီး၊ ငြီးငွေ့စေခြင်း
လူတယောက်နဲ့ တယောက်မှာ စိတ်ပါဝင်စားတာ၊ အာရုံစိုက်နိုင်တာတွေ မတူပါဘူး။ စာရေးသူဆိုရင် တခုတည်းကို အာရုံစိုက်လုပ်ရတာကို လုံးဝနှစ်မြို့သူ မဟုတ်ပါဘူး။ စာတအုပ်ထဲကို ဖတ်ဖို့လာပေးထားရင် ဘယ်တော့မှ ပြီးအောင် မဖတ်နိုင်တော့ပါဘူး။ စာအုပ်နှစ်အုပ်လာပေးရင်တော့ တအုပ်ကိုဖတ်လို့ ငြီးငွေ့လာရင်၊ နောက်တအုပ်ကို ကောက်ဖတ်လို့ရတဲ့ အသိနဲ့ အလုပ်ခွဲဝေလိုက်တာကြောင့် ဖတ်လို့ပြီးသွားပါတယ်။ ကိုယ့်အကြောင်းကိုယ်သိဖို့ အရေးကြီးပါတယ်။ တချို့က တခုတည်းမှာ နာရီများစွာ နှစ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ တချို့က မလုပ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ကမပါပဲ ကိုယ့်ကိုကိုယ် အတင်းအကြပ်အမိန့်ပေးပြီး မခိုင်းပါနဲ့။ နောက်နေ့မှာ စာမေးပွဲဖြေရမှာ မဟုတ်ဘူးဆိုရင်တော့ တဘာသာတည်းကို နာရီပေါင်းများစွာ ဖတ်နေတာထက်စာရင် ဒီတဘာသာကို ခေါင်းစဉ်တခုဖတ်၊ နောက်တဘာသာကို ခေါင်းစဉ်တခုဖတ်နဲ့ အာရုံပြောင်းပေးပြီး၊ ပြန်လှန်ကျက်မှတ်တာက ပိုအကျိုးရှိမယ်ထင်ပါတယ်။ ရေတိုရည်မှန်းချက်လေးတွေ ချသင့်ပါတယ်။ သိပ်ပြီး ငြီးငွေ့လာရင် အာရုံပြောင်းလိုက်ပါ။ လမ်းထွက်လျှောက်တာ၊ အစားတခုခုစားတာ၊ သီချင်းနားထောင်တာတွေ လုပ်သင့်ပါတယ်။ နေ့လည်နေ့ခင်း နာရီဝက်လောက် အိပ်စက်အနားယူလိုက်တာကလဲ အင်အားဖြစ်စေပါတယ်။
(၅) စာမေးပွဲကြောက်စိတ်ဝင်လာခြင်း
တချို့ကျောင်းသားတွေက တနှစ်လုံးပေါ့ပေါ့လျော့လျော့နေလာပြီး စာမေးပွဲနီးမှ ကြောက်လန့်တကြား၊ စိုးရိမ်တကြီးနဲ့ ပျာယာခတ်နေတတ်ကြပါတယ်။ တချို့ကျတော့လဲ စာရရဲ့သားနဲ့ ပျာယာပျာယာ ဖြစ်နေကြတာပါ။ စာမေးပွဲဆိုတဲ့ အရှိန်က အတော်ကို ကြီးပါတယ်။ ဘယ်သူမဆို အနည်းနဲ့ အများတော့ ကြောက်ကြတာပါပဲ။ ဒါပေမယ့် အလွန်အမင်း ကြောက်စိတ်ဝင်ပြီး ပျာယာခတ်လာပြီဆိုရင် စာဖတ်နေတာကို ရပ်ပြီး၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားစပြောသင့်ပါတယ်။ စာမေးပွဲနဲ့ မဆိုင်တဲ့ အကြောင်းတွေပြောရင် ပိုကောင်းပါလိမ့်မယ်။
မှတ်စုစာအုပ်တွေကို ကြည့်ပြီး ငါဒါတွေအားလုံး မှတ်မိပါ့မလား၊ ငါလေ့ကျင့်ထားတဲ့ မေးခွန်းတွေကော လာပါ့မလား စတဲ့ စိုးရိမ်ပူပန်စိတ်တွေလဲ ၀င်လာတတ်ပါတယ်။ အဲဒီအခါကျရင် ကျန်တာတွေ မမှတ်မိတာအသာထား၊ အခုဖတ်နေတဲ့ စာကို မှတ်မိရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်ကို ပြန်သွင်းရပါမယ်။ စီမံခန့်ခွဲရေးဘာသာတွေနဲ့ ပတ်သက်ပြီး၊ ဂိုက်လုပ်စဉ်တုန်းက ဆယ့်ငါးမိနစ်အတွင်းမှာတင် ဖြေရမယ့် လေးဘာသာရဲ့ စာအုပ်တွေကို ဟိုဟာကောက်ကိုင်လိုက်၊ ဒီဟာကောက်ကိုင်လိုက်နဲ့ လူကိုပြူးတူးပြဲတဲ ကြည့်တတ်တဲ့ ကလေးတယောက်ကို တွေ့ဖူးပါတယ်။ နောက်ဆုံးတော့ စာအုပ်တအုပ်ထဲကို ပေးပြီး၊ ကျန်တဲ့သုံးအုပ်ကို အံဆွဲထဲ ထည့်သိမ်းထားလိုက်ရပါတော့တယ်။ တနာရီခွဲလောက်ကြာမှ နောက်တအုပ်ကို ထုတ်ပေးပြီး၊ အရင်ဖတ်နေတဲ့ တအုပ်ကို ပြန်သိမ်းရပါတယ်။
စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကိုလည်း ရှာကြံတွေးတောသင့်ပါတယ်။ စာရေးသူလဲ ဆယ်တန်းလောက်အထိ စာမေးပွဲဆို ပူပန်ကြောင့်ကြတတ်ခဲ့ပါတယ်။ ဒီတုန်းကတော့ စာမေးပွဲမှာ ရမှတ်များဖို့၊ အဆင့်ကောင်းဖို့တွေပဲ သိနားလည်ခဲ့တာကြောင့်ပါ။ ဆယ်တန်းအောင်ပြီး၊ လူ့လောကထဲ လက်တွေ့ရောက်လာတော့မှ စာမေးပွဲအောက်လက်မှတ်တွေဆိုတာ အရေးကြီးတာ မှန်ပေမယ့် ဘ၀ရဲ့ အစိတ်အပိုင်းတခုပဲဆိုတာ နားလည်လာခဲ့ရပါတယ်။ ဒီတော့ သိပ်ပူပန်စိတ်များလာရင် ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့သလားဆိုတာ ကိုယ့်ဟာကို ပြန်မေးလိုက်ပါ။ အချိန်တွေကို အလဟဿ မဖြုန်းခဲ့ပဲ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီဆိုမှတော့ ရှုံးမှာကို ကြောက်စရာမလိုတော့ပါဘူး။ အမှတ်နည်းမှာ၊ များမှာကိုလဲ စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေတယ်ဆိုရင် သူတပါးဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်ကို ထည့်သွင်းစဉ်းစားစရာ မလိုအပ်ပါဘူး။ ကျသွားရင်လဲ အောင်အောင် ထပ်ကြိုးစားလို့ရပါတယ်။ ကိုယ်ကဖြစ်ချင်စိတ်ရှိတယ်ဆိုရင် စိတ်မလျှော့သေးသရွေ့ မရှုံးသေးပါဘူး။ ဒါကြောင့် စာမေးပွဲနီးရင် ရလာဒ်နဲ့ ပတ်သက်တဲ့ ပူပန်ကြောင့်ကြစိတ်တွေကို ဖျောက်ဖျက်ပြီး၊ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
(၆) အချိန်မလုံလောက်သလို ခံစားရပြီး၊ လုပ်ချင်တာများနေခြင်း၊ ကုန်သွားသောအချိန်များအား ပြန်လည်တမ်းတနေခြင်း
စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားတွေဆီမှာ နောင်တ တစွန်းတစလေးတွေ ပေါ်လာတတ်ပါတယ်။ ဒီစာတွေကို စောစောများကျက်ခဲ့မိရင်၊ အဲဒီတုန်းကသာ အတန်းမလစ်ခဲ့မိရင် စတဲ့စတဲ့ စိတ်လေးတွေပါ။ ဒါပေမယ့် “ကုန်ဆုံးသွားတဲ့ အချိန်တမိနစ်ကို မကုန်ဆုံးနိုင်တဲ့ အချိန်သမုဒ္ဒရာကြီးက ပြန်လည်ဖြည့်ဆည်း မပေးနိုင်ပါဘူး” ဆိုတဲ့ အဆိုအမိန့်လိုပဲ အတိတ်က ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် နောင်တရပြီး၊ လက်ရှိတန်ဖိုးရှိနေတဲ့ အချိန်တွေကို ထပ်မံ မဖြုန်းတီးမိကြဖို့ လိုအပ်ပါတယ်။ အတိတ်ကို ပြန်တွေးပြီး သင်ခန်းစာယူတာနဲ့၊ နောင်တရတမ်းတဆွေးမြေ့နေတာနဲ့ တခြားစီပါ။ လောကမှာ လူတိုင်းမှားဖူးပါတယ်။ လူတိုင်း အချိန်ဖြုန်းတီးဖူးပါတယ်။ ဒါကို တမြည့်မြည့်နဲ့ တမ်းတပူဆွေးနေစရာ မလိုအပ်ပါဘူး။ အရေးကြီးတာက အခုလက်ရှိအချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲ ဆိုတာပါပဲ။ ပြန်လှန်လေ့လာရမယ့် စာတွေကို အပိုင်းပိုင်းခွဲလိုက်ပါ။ လိုအပ်မယ့် အချိန်ကို တွက်ချက်ပါ။ ဘယ်လိုမှ အချိန်မရှိတော့ရင် အရေးကြီးဆုံးတွေကိုပဲ စိစစ်ထုတ်လိုက်ပါ။ ဖယ်ရှားထားပစ်ခဲ့ရတဲ့ အရာတွေအတွက် နောက်ဆံမတင်းပါနဲ့။ ဖယ်ထားဖို့ ဆုံးဖြတ်ပြီးမှ ထားခဲ့ပြီးသားမို့၊ မတော်တဆများ စာမေးပွဲမှာ ဒီအပုဒ်တွေလာခဲ့ရင်လဲ မဖြေရုံပဲရှိတယ် လို့သာ စိတ်ပိုင်းဖြတ်လိုက်ပါ။ ကိုယ်စကာတင် ရွေးထားတဲ့ အကြောင်းအရာတွေကိုသာ အာရုံစိုက်မှတ်သားပါ။ တခါတရံ ဘ၀မှာ စကာတင်ရွေးချယ် ဆုံးဖြတ်လိုက်ရတာတွေ ရှိနေတတ်စမြဲပါ။ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြတ်သားပါ။ ကောင်းလာခဲ့ရင် စံမယ်၊ ဆိုးလာခဲ့ရင် ရင်ဆိုင်မယ် စိတ်ကို မွေးလိုက်ပါ။ ဆန့်ငင်ဆန့်ငင် စိတ်လေးတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတတ်ပါတယ်။
အခုဆက်လက်ပြီး၊ ပြန်လှန်လေ့ကျက်ရာမှာ အကျိုးရှိစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးပါမယ်။
(၁) အပြုသဘောစိတ်နှင့် တက်တက်ကြွကြွရှိနေပါ။
အခက်အခဲတွေကို စိန်ခေါ်မှုတွေအနေနဲ့ မှတ်ယူလိုက်ပါ။ အခက်အခဲများကြောင့် စိတ်ဓာတ်ကျမည့်အစား၊ ဘယ်လို ကျော်လွှားဖောက်ထွက်မလဲ၊ ဘယ်လိုအကူအညီတွေ ရယူသင့်သလဲ ဆိုတာကိုသာ တွေးပါ။
(၂) အချိန်ကို အကျိုးရှိစွာ အသုံးပြုပါ။
အချိန်ဇယားဆွဲပါ။ အရေးကြီးသည်အလိုက် အမှတ်စဉ်တပ်ပြီး ဦးစားပေးရမည်များကို ဦးစားပေးလုပ်ပါ။ တနေ့တာကို ဘယ်လို အချိန်ကုန်ဆုံးစေမလဲ ဆိုတာ စာနဲ့ ရေးချပါ။ အနားယူအပန်းဖြေရမယ့် အချိန်များ ထည့်သွင်းထားပါ။
(၃) သူများနဲ့ တွဲလုပ်ပါ။
ဒီအချက်ကတော့ မိမိအပေါ်မှာသာ မူတည်ပါတယ်။ သူများနဲ့ တွဲလုပ်ရမှာကို အကျိုးရှိတယ်ထင်ရင် တွဲလုပ်ပါ။ သီးသန့်လုပ်ရတာမှာ အားသာရင်လဲ မိမိဘာသာပဲ လုပ်ပါ။
(၄) အကူအညီတောင်းပါ။
တချို့စာတွေက ဖတ်ပြီး၊ မှတ်စုထုတ်တုန်းက နားလည်ပေမယ့်၊ ပြန်လှန်ကျက်မှတ်ချိန်ရောက်မှ နားမလည်တော့တာမျိုးတွေ ဖြစ်စေတတ်တာလဲ ရှိပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ သူငယ်ချင်းတွေ၊ ဆရာတွေဆီကို အကူအညီတောင်းပါ။
(၅) active learning techniques များကို အသုံးပြုပါ။
ရုပ်ပုံကားချပ်တွေ၊ ဇယားတွေဆွဲပြီး မှတ်သားပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို တခုနဲ့တခု ခွဲခြားမှတ်သားပါ။ အတိုကောက်စာလုံးတွေ၊ မှတ်မိစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ တွဲစပ်မှတ်သားပါ။
(၆) နားနဲ့ ပြန်လှန်ကျက်မှတ်မှုလုပ်ပါ။
ဒီနည်းလမ်းဟာ တော်တော်ထိရောက်လာပါတယ်။ စာရေးသူ ဒီနည်းလမ်းကို အသုံးချတာမှာ အောင်မြင်တာတွေ့ရပါတယ်။ တချို့စာတွေကို စကားပြောသလို ထိုင်ပြောပြီး ဖတ်မှတ်တာပါ။ ကိုယ့်အသံကို ကိုယ်ပြန်နားထောင်တာဟာ မှတ်ဥာဏ်ကို တိုးတက်စေတယ်လို့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။
(၇) မေးခွန်းဟောင်းများကို လေ့လာပါ။
မေးခွန်းဟောင်းတွေကို ပြန်ကြည့်ပြီး ဘယ်လိုမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတာ စဉ်းစားအဖြေရှာပါ။ အက်ဆေးမေးခွန်းတွေဆိုရင် မေးခွန်းရှုထောင့်မျိုးစုံအတွက် ပြင်ဆင်ပြီး plan ချကြည့်ပါ။ အချိန်သတ်မှတ်ပြီး စာမေးပွဲဖြေကြည့်ပါ။ ကိုယ့်လက်ရေးရဲ့ အမြန်နှုန်း၊ ကိုယ့်ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ လိုအပ်တာတွေကို ထပ်ဖြည့်ဆည်း ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် ဒီနည်းက ထိရောက်လှပါတယ်။
(၈) မိမိကိုယ်ကို ဂရုစိုက်ပါ။
ဒီအချက်ကတော့ အရေးကြီးဆုံး အချက်ပါပဲ။ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျောင်းစာမေးပွဲတွေ တင်မဟုတ်ပဲ စာမေးပွဲတွေ အမြောက်အမြား ဖြေဆိုကြရဦးမှာပါ။ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကလဲ အရေးကြီးပါတယ်။ ပညာတွေတတ်၊ စာမေးပွဲတွေအများကြီးအောင်ပြီးမှ လူ့လောကအတွက် ဘာအကျိုးမှ မပြုနိုင်ရင် အလကားပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ့ပြောရမယ်ဆိုရင် တခါတလေမှာ ဒီအချက်ကို လုပ်ဖို့က အတော်ပဲ ခဲယဉ်းနေတတ်ပါတယ်။ ဇောတခုခု ကပ်နေချိန်ဆိုရင် ဒီအချက်ကို လူတွေက မေ့နေတတ်ကြပါတယ်။ စာရေးသူလဲ အပါအ၀င်ပါ။ ဒါပေမယ့် ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင်ဆိုသလိုပဲ အိပ်ရေး၀၀အိပ်ဖို့၊ အစားအစာအာဟာရပြည့်မှီအောင်စားဖို့၊ အပန်းဖြေအနားယူဖို့၊ အချိန်အားလေးတွေ ထားဖို့ကိုလဲ ဂရုစိုက်သင့်ပါတယ်။ စာမေးပွဲခန်းတွေမှာ မူးလဲလို့၊ မူးမော်ခေါင်းကိုက်နေလို့ “မြင်းကောင်းခွာလိပ်” ဖြစ်ခဲ့ရသူတွေ အများကြီးပဲဆိုတာ သတိပြုကြပါ လို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၀၉)
Monday, March 2, 2009
ကျောင်းသားလက်စွဲ- ပို့ချမှုအား သင်ယူခြင်း |
ကျောင်းသားတယောက်အတွက် စာသင်ခန်းတွင် ပို့ချမှုအား သွားရောက်သင်ယူရသော အချိန်သည် တန်ဖိုးလွန်စွာရှိသော အချိန်ဖြစ်လေရာ ထိုအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန် လိုအပ်လှပေသည်။
ပို့ချမှုသို့ မသွားမီ
စာသင်ခန်းသို့ မသွားမီကပင် မိမိသင်ယူရမည့် ဘာသာရပ်၏ ခေါင်းစဉ်ကို ကြိုတင်သိရှိ လေ့လာသွားသင့်သည်။
ပို့ချချိန်၌
(၁) သင်ကြားပို့ချနေသော စာကို အာရုံစိုက်သင့်သည်။ အဓိကကျသော စကားလုံးများ၊ စကားစုများကို အထူးဂရုပြု နားထောင်သင့်သည်။
(၂) ပို့ချမှုလမ်းကြောင်းကို ဂရုပြု နားထောင်ရမည်။ ဥပမာ- အခုဆက်လက်ပြီး၊ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်၊ အဓိကအုပ်စုသုံးမျိုးရှိပါတယ် အစရှိသော စကားလုံးများကို သတိပြုနားထောင်သင့်သည်။
(၃) အရေးပါသော အချက်များကို လိုက်လံမှတ်သားရမည်။ ခေါင်းစဉ်များ၊ မေးခွန်းများ၊ ရည်ညွှန်းကိုးကားများကို သတိပြုမှတ်သားရမည်။
(၄) နားထောင်ခြင်းနှင့် ရေးမှတ်ခြင်းကို balance ဖြစ်စေရမည်။ သင်ရိုးစာအုပ်ထဲတွင် ပါသော အချက်အလက်အသေးစိတ်များအား လိုက်လံမှတ်သားခြင်းကို ရှောင်ကြဉ်ပါ။ ပို့ချနေသော အကြောင်းအရာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုစွာ တွေးတောရမည်။ ဥပမာ- ပို့ချမှုမှ အချက်များကို သဘောတူသလား။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ စသဖြင့် တွေးရမည်။
စာသင်ချိန်ပြီးသွားပါက
မှတ်စုများ၊ ဆရာ၊ ဆရာမပေးသည့် handouts များ ကို ရက်စွဲများသတ်မှတ်၍ ဖိုင်တွင် ထည့်သွင်းသင့်သည်။ မှတ်စုများပြန်ဖတ်ပြီး၊ သင်ရိုးစာအုပ်များ၊ ကိုးကားစာအုပ်များမှ အချက်အလက်များကို ထပ်မံထည့်သွင်းသင့်သည်။ စာသင်ချိန်တနာရီမှတ်စုအတွက် ရည်ညွန်းကိုးကား စာအုပ်စာတမ်းများ ထပ်မံဖတ်ရှုချိန် ခြောက်နာရီ အနည်းဆုံး ရှိသင့်သည်။ ပို့ချမှုနှင့် ပတ်သက်၍ အခြားကျောင်းသူကျောင်းသားများနှင့် ဆွေးနွေးမှုများ ထပ်မံလုပ်သင့်သည်။ အသစ်ရလာသော အချက်အလက်ကို သိပြီးသား အချက်အလက်များနှင့် ဆက်စပ်စဉ်းစားပြီး၊ မကျေလည်မှုများကို ဖော်ထုတ်၍ လေ့လာဆွေးနွေးမှု ပြုလုပ်သင့်သည်။
ခင်မမမျိုး (၂၊ ၃၊ ၂၀၀၉)
Wednesday, April 23, 2008
Reading for Study (part-2) |
ကျောင်းစာဖတ်ခြင်း (အပိုင်း-၂)
ဘာကြောင့်စာဖတ်ရသလဲ
စာဖတ်ခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သလို ဒီရည်ရွယ်ချက်ပေါ်မူတည်ပြီး ဖတ်ပုံဖတ်နည်းလည်း ကွဲပြားခြားနားပါတယ်။ ဥပမာ- နေ့စဉ်စာဖတ်ပုံတွေနဲ့ ကျောင်းစာဖတ်ပုံတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ချက်ချင်းအသုံးချဖို့ဟင်းချက်နည်းစာအုပ်ဖတ်လိုက်တာ၊ တယ်လီဖုန်း လမ်းညွန်မှာ ကိုယ်လိုချင်တဲ့နံပါတ်ကို ကျော်ဖတ်ရှာလိုက်တာ၊ သတင်းစာထဲက အဓိကသတင်းတွေကို မျက်စိရှာလိုက်တာ၊ အပျော်ဖတ်ဝတ္ထုဖတ်လိုက်တာတွေ ဟာလဲ တနည်းတဖုံ စာဖတ်ခြင်းတွေပါပဲ။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတာဖြစ်ပြီး၊ ဦးနှောက်ထဲမှာ မယ်မယ်ရရ မှတ်ထားစရာ မလိုတဲ့ စာဖတ်ခြင်းတွေပါ
ကျောင်းစာဖတ်ခြင်းမှာကျတော့ မမှတ်သားလို့မရတော့ပါဘူး။ ဘာကြောင့်ဖတ်ရတယ်၊ ဖတ်မှတ်နားလည်ဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်တယ်ဆိုတာ သေသေချာချာ တွေးဖို့ လိုအပ်လာပါတော့တယ်။ ဖတ်ရန်စာရင်းထဲမှာ ပါနေလို့ဖတ်တာပဲဖြစ်ဖြစ်၊ မှတ်စုထုတ်ဖို့ ဖတ်တာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖတ်နေတဲ့စာပေါ်မှာ အာရုံစူးစိုက်ပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ဖတ်ရတယ်ဆိုတာ အရင်စဉ်းစားထားဖို့လိုပါတယ်။ ဘွဲ့ရထားတာခြင်းတူတူ၊ ဖတ်ရမယ့်စာတွေကို တစိုက်မတ်မတ်ဖတ်ပြီး ရလာသူနဲ့ လှေကြုံလိုက်ပြီး ရလာသူတွေမှာ အလွန်ပဲကွာခြားမှုရှိပါတယ်။ အမှတ်ချင်းတူခဲ့တယ်ထားဦး၊ self-confidence နဲ့ self-discipline မှာ အရမ်းကို သိသာစွာ ကွဲပြားမှုရှိပါတယ်။ စာမေးပွဲအောင်ရုံ အမှတ်ကောင်းရုံ၊ ဘွဲ့ရရုံ ဆိုတာတွေအပြင် ကိုယ့်နာမည်နဲ့ တွဲရလာမယ့် ဘွဲ့တခုရဲ့ ပညာရပ်ကို လေးလေးနက်နက် နားလည်သိရှိဖို့ ရည်ရွယ်ချက်နဲ့ ဖတ်တာဆိုရင်တော့ အကောင်းဆုံးပါပဲ။
စာဖတ်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ
တခါတရံစာဖတ်နေခြင်း ဘာကို လိုချင်လို့ဖတ်နေတယ်ဆိုတာ မသိတော့ပဲ လမ်းပျောက်နေတတ်တာတွေ ရှိနိုင်ပါတယ်။ အချက်အလက်ကို မှတ်မိဖို့ဖတ်နေတာလား၊ အက်ဆေးအတွက် အိုင်ဒီယာတွေရဖို့လား၊ စာရေးသူရဲ့အမြင်ကို သိချင်လို့လား စသည်ဖြင့် တွေပါ။
ပညာရေးဆိုင်ရာပါရဂူတွေက ကျောင်းသားတွေ စာဖတ်တဲ့အခါမှာ ပြုလုပ်လေ့ရှိတဲ့ approach နှစ်ခုကို ခွဲခြားပြခဲ့ပါတယ်။ ပထမတမျိုးက surface approach ပါ၊ ဒီနည်းနဲ့ဖတ်သူတွေက အချက်အလက်တွေကို မှတ်မိအောင် ကြိုးစားမှတ်သားလေ့ရှိကြပါတယ်။ နောက်တမျိုးကတော့ deep approach ပါ၊ သူတို့တွေကတော့ အသေးစိတ်အချက်အလက်များကို စိတ်ဝင်စားမှု နည်းပြီး၊ အဓိက အိုင်ဒီယာတွေကိုသာ မှတ်သားလေ့ရှိကြပါတယ်။
ဒါပေမယ့်ဒီနည်းတွေဟာ ပုံသေအမြဲဖြစ်နေမယ်လို့တော့ မဆိုနိုင်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စာမေးပွဲအတွက် ပြင်ဆင်ဖို့ ဖတ်တာဆိုရင်တော့ မေးခွန်းများဟာ အချက်အလက်ကိုအခြေခံတာလား၊ အကြောင်းအရာအသေးစိတ်ကို အခြေခံတာလားပေါ်မူတည်ပြီး ဖတ်နည်းလဲ ကွဲပြားမှုရှိနိုင်ပါတယ်။ သုတေသနမှတ်တမ်းများအရတော့ deep-approach နဲ့ ဖတ်မှတ်သူများဟာ ပညာရပ်အပေါ်မှာ စိတ်ဝင်စားမှုပိုရှိတတ်ပြီး၊ စာဖတ်ချိန်တွေလဲ ပိုမိုကြာမြင့်သလို၊ စာမေးပွဲများမှာလဲ အမှတ်ကောင်းတွေ ရတတ်ကြပါတယ်။
အရေးကြီးဆုံးကတော့ စာကို နားလည်ဖို့ပါပဲ။ နားလည်မှတ်မိဖို့ဆိုတာမှာလဲ အစီအစဉ်ကျမှုက အရေးကြီးပါတယ်။ ကျွန်မတို့တွေအားလုံးဟာ ၁၊၂၊၃၊ ၄ ဆိုတာကို ၃၊၂၊၄၊၁ ဆိုတာထက် ပိုပြီးမှတ်မိတတ်ကြပါတယ်။ ဒီလိုပဲ categorize ဆိုတာကို gotecarize ဆိုတာထက်ပိုမှတ်မိတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ ပထမတခုက အစီအစဉ်တကျဖြစ်နေတာကြောင့်ဖြစ်ပြီး၊ ဒုတိယတခုကတော့ အဓိပယ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်တဲ့နေရာမှာ စဉ်းစဉ်းစားစားနဲ့ တက်တက်ကြွကြွ ဆက်စပ်တွေးခေါ်ပြီး ဖတ်ဖို့ လိုအပ်လှပါတယ်။
ဒီတော့မှလဲ စာရေးသူဘာကို ဆိုလိုလဲဆိုတာ သေချာနားလည်သဘောပေါက်မှာဖြစ်ပြီး၊ ဒီလိုသဘောပေါက်မှလဲသူ့အတွေးအခေါ်တွေနဲ့ တခြားသူတွေရဲ့အတွေးအခေါ်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အတွေးအခေါ်များ ပေါ်ထွက်ရှင်သန်လာနိုင်ပါလိမ့်မယ်။
စာဖတ်ခြင်းအမျိုးမျိုး
ပုံမှန်အားဖြင့် စာဖတ်ခြင်းစတိုင် လေးမျိုးရှိပါတယ်။
(၁) Receptive reading - ဒီလိုစာဖတ်နည်းမျိုးက အများအားဖြင့် လုပ်လေ့လုပ်ထရှိကြပါတယ်။ စာရေးသူဘာကိုဆိုလိုတာလဲ ဆိုတာကို နားထောင်သွားတာမျိုးပါ။ စာဖတ်ခြင်းဟာ ပုံမှန်ပါပဲ။ အလွန်လွယ်ကူတဲ့ စာဖတ်နည်းဖြစ်ပါတယ်။
(၂) Reflective reading - ဒီလိုစာဖတ်နည်းမျိုးကျတော့ ဖတ်နေတဲ့စာကို သေသေချာချာစဉ်းစားတွေးခေါ်ပြီး ဖတ်ရတာမျိုးပါ။ ဆန်းစစ်ချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို ဦးနှောက်က လိုက်လံပြုလုပ်နေရပါမယ်။ ပြန်လည်စဉ်းစားဖို့အတွက် အကြိမ်ပေါင်းများစွာ စာဖတ်တာကိုရပ်လိုက်၊ စဉ်းစားလိုက် လုပ်ရတတ်ပါတယ်။ ဒီနည်းမျိုးကို ကျောင်းစာဖတ်ခြင်းမှာ အသုံးပြုရတာဖြစ်ပါတယ်။
(၃) Skimming - ဒီနည်းကတော့ စာတခုလုံးကို မြန်မြန်ကြည့်ပြီး၊ကျော်ဖတ်တာမျိုးပါ။ဒီစာဘာကိုဆိုလိုတာလဲ ဆိုတာလောက်ပဲ general impression ပေးနိုင်ပါတယ်။
(၄) Scanning - ဒီနည်းကတော့ တယ်လီဖုန်းလမ်းညွန်ကြည့်သလိုမျိုးပါ။ စာတွေကို ကျော်ကြည့်နေပြီး၊ အကြောင်းအရာတစုံတရာကို ရှာဖွေတာဖြစ်ပါတယ်။ ရည်ညွန်းကိုးကားတွေရှာရာမှာ အသုံးဝင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၅၊ ၄၊ ၂၀၀၈)
Tuesday, March 18, 2008
Reading for Study (part-1) |
ကျောင်းစာဖတ်ခြင်း (အပိုင်း-၁)
ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ကျောင်းစာကျက်ခြင်းနဲ့ အပြင်စာဖတ်ခြင်းဆိုတဲ့ စကားစုလေးတွေကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းစာဖတ်ခြင်းဆိုတဲ့ စကားစုလေးနဲ့ မရင်းနှီးခဲ့ရသလို ကြားဖူးခြင်းတောင် မရှိခဲ့ရပါ။ အကြောင်းရင်းကတော့ မြန်မာ့ပညာရေးစနစ်ဟာ ကြက်တူရွေးစာကျက်တဲ့စနစ်ကို ဦးစားပေးထားလို့ပဲဖြစ်ပါတယ်။
ကိုယ်တွေ့
တကယ်တော့ ကျွန်မတို့ငယ်စဉ်ဘ၀ ပညာသင်ယူခဲ့ရပုံဟာ စဉ်းစားတွေးမြော်မြင်မှု၊ ဖောက်ထွက်တွေးတောမှု၊ ပညာဥာဏ်ဗဟုသုတတိုးပွားမှုတွေ ရရှိဖို့ ထက်စာရင် သည်၊၏ မရွေး အလွတ်ကျက်မှတ်မှုတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကြိမ်လုံးတွေ၊ အကြောက်တရားတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပိုများပါတယ်။ လူကြီးမိဘအများစုကလဲ `စာကျက်စမ်း`လို့သာ ပြောလေ့ရှိကြပြီး၊ စာဖတ်ဖို့အားပေးတိုက်တွန်းတဲ့ မိဘတွေက အလွန်နည်းပါတယ်။ ကျောင်းကမှတ်စုစာအုပ်လေးကိုမှ မကိုင်ထားရင် ကျောင်းစာလုပ်နေတယ်လို့ အထင်မခံရတော့ပဲ စိတ်လေနေတယ်၊ စာမလုပ်ချင်ဘူးလို့သာ သတ်မှတ်ခံရတတ်ပါတယ်။ ကျောင်းစာနဲ့ဆက်စပ်တဲ့ပြင်ပစာအုပ်တွေ ကိုင်ဖို့နေနေသာသာ သင်ရိုးစာအုပ်ထဲက စာကိုဖတ်ပြီး၊ စာမေးပွဲမှာ ပြန်ရေးမိရင်တောင် ဆရာမပေးထားတဲ့မှတ်စုနဲ့ သည်၊၏ လွဲနေတယ်ဆိုပြီး အမှတ်လျှော့ခံရပြန်ပါရော။
ကျွန်မကတော့ အမေပြောဖူးသလို ငယ်ယ်ကတည်းက သူပုန်စိတ်ပါနေလို့ထင်ပါရဲ့။ အမှတ်ဘယ်လောက်လျော့လျော့၊ နောက်ဆုံးအရိုက်ပဲခံရခံရ၊ ဆရာမများနဲ့ ပြဿနာတက်သည်အထိကို ခေါင်းမာစွာနဲ့ပဲ ကျောင်းစာတွေနဲ့ ပတ်သက်မယ်ထင်တဲ့ ပြင်ပစာအုပ်များကို လိုက်လံရှာဖွေဖတ်လေ့ရှိတယ်။ ကျောင်းစာဆိုတာဖတ်ရမယ်လို့ မသိခဲ့ပေမယ့် အမြဲကျက်မှတ်နေရတာကြီးကို မကြိုက်တာကြောင့်ပါ။ သင်ရိုးစာအုပ်တွေကို ကိုင်ကြည့်မိတိုင်း၊ ဒီစာအုပ်တွေရဲ့လာရာလမ်းကို ကျွန်မစိတ်ဝင်စားနေမိတတ်တယ်။ တကယ်တော့ ဒီစာအုပ်တွေ၊ မှတ်စုတွေဟာ စာအုပ်တွေအများကြီးထဲကနေ ပြန်လည်ထုတ်နှုတ်ဖော်ပြထားတာတွေမှန်း သိရလေလေ၊ မူရင်းစာအုပ်တွေကို ကျွန်မစိတ်ဝင်စားလာလေလေပဲ။ သင်ရိုးစာအုပ်တွေကို ကြည့်မိတိုင်း ရုပ်ရှင်ကားတခုလုံးမကြည့်ရပဲ trailer ပဲကြည့်နေရသလိုလို ခံစားခဲ့ရတယ်။
ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်ရောက်လာတာမို့၊ နှုတ်တိုက်စာကျက်ရတာတွေ လျော့လာပြီး၊ ဖတ်မှတ်လေ့လာရတာတွေ၊ ဆွေးနွေးအဖြေရှာရတာတွေ ပိုများလာမှာပဲ ထင်မိခဲ့တယ်။ အထင်နဲ့အမြင်ပါစင်အောင် လွဲပုံများကတော့ ကျောင်းသူအဆောင်မှာ ခဏလေးသွားနေမိစဉ်ခဏ၊ စာအလွတ်ရွတ်ပွဲကြီးတွေနဲ့ သွားတိုးနေလို့ ညဘက်တွေမှာ နားဒုက္ခအတော်ကို များခဲ့ရပါလေရော။ စာအလွတ်ရွတ်ပွဲတွေတင်မက ဆယ်တန်းအထိ တငြီးငြီးတညူညူနဲ့တက်ခဲ့ရတဲ့ ကျူရှင်ဆိုတာကြီးနဲ့ပါ ဆေးကျောင်းရောက်တဲ့အထိ သွားတိုးခဲ့ရတာကတော့ ကျွန်မရဲ့ ကံဆိုးမှုပဲထင်ပါရဲ့။ တနေ့လုံးကျောင်းမှာ စာသင်ရတာကိုပဲ မမောနိုင်မပန်းနိုင်၊ အချိန်အားလေးတောင် မထားတော့ပဲ အဆောင်ကျောင်းသူတွေစုပြီး၊ ကျူရှင်ခေါ်သင်ကြတာပါ။ တကယ်ဆို ဆေးကျောင်းမှာ ရည်ညွန်းစာအုပ်တွေ စကိုင်ရတာမို့ ကျောင်းမှာသင်ပြီး၊ အဆောင်မှာ ပြန်စာဖတ်ရင် လုံလောက်ပေမယ့် မြန်မာ့ယိုယွင်းပျက်စီး ပညာရေးစနစ်ဆိုးကြီးကြောင့် ကျောင်းသားတွေဟာ စာဖတ်ခြင်းကို စိတ်မ၀င်စားကြတော့ပဲ ကျူရှင်တက်ပြီး ဆရာမထုတ်ပေးတဲ့မှတ်စုကို အလွတ်ပြန်ကျက်ကြတဲ့ အခြေအနေမျိုးကို ရောက်ကုန်ပါတော့တယ်။သူငယ်ချင်းတွေရှိတဲ့ တခြားတက္ကသိုလ်တွေအကြောင်း စုံစမ်းကြည့်တော့၊ သူတို့လဲ ဒီလိုပုံစံမျိုးနဲ့ပဲဘွဲ့ရအောင် လုပ်နေကြတာတွေ ကြားလာရပြန်တယ်။ အမှန်တကယ်ဖတ်မှတ်လေ့လာနေတဲ့ ကျောင်းသားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘွဲ့ရရင်ပြီးရောတွေပဲ ဖြစ်ကုန်ကြပါတယ်။
ကျောင်းစာဖတ်ခြင်းဆိုတာ လုပ်ကိုလုပ်ရမယ့် အရာတခုလို့ စတင်သိလာခဲ့ရတာကတော့ ပြင်ပစီမံခန့်ခွဲရေးသင်တန်းတခုကို သွားတက်မိတဲ့အချိန်မှာပါ။ ဘာသာရပ်တိုင်းမှာ assignment ဆိုတာတွေ တင်ရပါတယ်။ အက်ဆေးပုံစံများ၊case studies များဖြစ်တာကြောင့် စာကြည့်တိုက်ထဲက စာအုပ်များကိုမှ မဖတ်ကြည့်ရင် ဘယ်လိုမှ အောင်ဖို့မလွယ်ပါဘူး။ သင်ရိုးစာအုပ်နဲ့လုံးဝမလုံလောက်တော့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်မလက်ထဲကို အာဂုံဆောင်ကျက်စရာမလိုပ၊ဲ ဖတ်မှတ်လေ့လာရမယ့် စာအုပ်ကြီးတအုပ်စတင်ရောက်လာခဲ့ပါတယ်။ ရော်ဘင်ရေးထားတဲ့ စီမံခန့်ခွဲရေးစာအုပ်ပါ။ ကျွန်မအတော်ကို နှစ်ခြိုက်သွားပါတယ်။ စာမျက်နှာ တထောင်နီးပါးစာအုပ်ကြီးပါ။ ဒါပေမယ့် စိတ်ဝင်စားစရာအတော်ကောင်းတာမို့ လက်ကမချနိုင်အောင်ပါပဲ။ ဖတ်ရတာ စိတ်ဝင်စားတာမို့ ညအိပ်ရင်တောင် ခေါင်းအုံးဘေးမှာထားပြီး အိပ်ဖြစ်တဲ့အထိပါ။ နံနက်မိုးလင်းတာနဲ့ ဆက်ဖတ်ရမယ့် အကြောင်းအရာတွေအတွက် ကျွန်မရင်ခုန်နေမိတယ်။ အဲဒီကနေစပြီး၊ `ကျောင်းစာဖတ်ခြင်း`ရဲ့ ချိုမြိန်သော အရသာဟာ ကျွန်မကို စွဲမက်သွားစေခဲ့ပါတယ်။ ကျောင်းစာဆိုတာကို အလွတ်ကျက်ရမယ်လို့ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အစဉ်အလာစနစ်ကြီးကို ကျွန်မမုန်းလာမိတယ်။ စာတွေကို အတင်းသွတ်သွင်းကျက်မှတ်ခဲ့ရတဲ့ ကျွန်မရဲ့ ဦးနှောက်လေးကို သနားလာမိတယ်။ ပြင်ပစာပေတွေမှာ ပျော်မွေ့တဲ့ကျွန်မတယောက် ကျောင်းစာတွေမှာလဲ ပျော်မွေ့သွားတာ ကျောင်းစာကြည့်တိုက်တွေကို အိမ်လို သဘောထားလာမိတဲ့အထိပါပဲ။ စာအုပ်တအုပ်ကိုဖတ်ပြီးတာနဲ့ သူကိုးကားထားတဲ့ စာအုပ်စာရင်းကို မိတ္တူဆွဲ၊ ထပ်ရှာဖတ်နဲ့ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို လျှောက်ရသလိုပါပဲ။ စာအုပ်တွေနဲ့ ဘ၀နဲ့က တထပ်တည်း ဖြစ်လာပါတယ်။ `ကျောင်းစာဖတ်ခြင်း`ဆိုတာက အဲဒီလောက်အထိကို ဆွဲဆောင်အားကောင်းပါတယ်။
အဲဒီလိုဆွဲဆောင်အားကောင်းတဲ့ ကျောင်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဖတ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်၊ ဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူး၊ ဖတ်ပုံဖတ်နည်း၊ စာအုပ်ရွေးချယ်ခြင်း၊ ဖတ်နေစဉ်လေ့လာမှတ်သားခြင်းနဲ့ စာဖတ်နှုန်းမြန်ဆန်အောင်လုပ်ခြင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။
ခင်မမမျိုး (၁၉၊ ၀၃၊ ၂၀၀၈)
Monday, February 11, 2008
အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း) |
အက်ဆေးများရေးသားရာမှာ နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းတွေအပြင် တခြား အရေးကြီးတဲ့ အပိုင်းကတော့ ရည်ညွန်းကိုးကားအပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းက ဘာနဲ့တူသလဲဆိုရင် ကားတစီးရဲ့ နံပါတ်ပြားလိုပဲပေါ့။ နံပါတ်ပြားမပါပဲ ကားမောင်းလို့ ရတာမှန်ပေမယ့် သက်ဆိုင်ရာက အရေးယူခံရနိုင်သလိုပဲ၊ ရည်ညွန်းမပါပဲ တင်တဲ့ အက်ဆေးဆိုရင်လဲ အမှတ်တမှတ်အနည်းဆုံးကို တရားဝင် အလျှော့ခံရနိုင်ပါတယ်
ဘာလို့ ရည်ညွန်းကိုးကားဟာ ဒီလောက်အရေးကြီးရလဲဆိုတော့-
(၁) တခြားရေးသားသူတွေရဲ့ အချက်အလက်များရယူခြင်းကို ကျေးဇူးပြုဖို့လိုအပ်တာကြောင့်ရယ်
(၂)ကိုယ်ရေးသားတဲ့ အကြောင်းအရာအခြေခံဟာ ဘာလဲဆိုတာကို ပြဆိုဖို့ရယ်
(၃) စာဖတ်သူတွေ ကိယ့်အက်ဆေးဖတ်ပြီးတဲ့နောက်ပိုင်း ဒီအကြောင်းအရာကို အသေးစိတ်လေ့လာတဲ့အခါ sources တွေကို အလွယ်တကူ ရှာနိုင်ဖို့ အတွက်ရယ် ဖြစ်ပါတယ်။
အက်ဆေးတပုဒ်အတွက် ရည်ညွန်းကိုးကားရာမှာ အပိုင်း (၂)ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကိုယ်ကိုးကားထားတဲ့ အချက်အလက်ရဲ့ ဘေးမှာ မူရင်းရေးသားသူကို ဖော်ပြခြင်း ဖြစ်ပြီး၊ နောက်တပိုင်းကတော့ အက်ဆေးတပုဒ်လုံး ပြီးသွားတဲ့အခါကျမှ အနောက်မှာ References ကဏ္ဍကို သီးသန့်ကဏ္ဍတခုအနေနဲ့ ထည့်သွင်းခြင်းပါ။
ဒီလို ရည်ညွန်းကိုးကားများ ထည့်သွင်းခြင်းနဲ့ ပတ်သက်ရာမှာ အသုံးများတဲ့ စနစ်နှစ်မျိုး ရှိပါတယ်။ ပထမစနစ်က Harvard system ဖြစ်ပြီး၊ နောက်တခုကတော့ Numeric system ပါ။
Harvard System
ဟားဗတ်စနစ်ကို အရင်ကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ အက်ဆေးရဲ့ စာကိုယ်အတွင်းက မိမိကိုးကားထားတဲ့အချက်ရဲ့ဘေးမှာ ထည့်တဲ့ ပုံစံတွေကို ဖော်ပြမယ်ဆိုရင်
It has been argued (Ray, 1998) that the essential ------------
The work of Sen (1983) and Bruton (1998) concluded
ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အသေးစိတ် စာအုပ်နာမည်တွေ၊ ထုတ်ဝေသူတွေကို ဒီနေရာမှာ မဖော်ပြရပါဘူး။
နောက်ပိုင်း References ကဏ္ဍရောက်မှ ကိုယ်ရှေ့ပိုင်းမှာ ရည်ညွန်းကိုးကားထားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို အသေးစိတ်ဖော်ပြရပါမယ်။
စာအုပ်ကို ဖော်ပြမယ်ဆိုရင် ရေးသူရဲ့ surname, first name, ထုတ်ဝေတဲ့နှစ်၊ စာအုပ်နာမည်၊ ထုတ်ဝေသူနဲ့ ထုတ်ဝေတဲ့နေရာကို အောက်မှာ ပြထားသလိုဖော်ပြရပါတယ်။
Ray, Debraj (1998) Development Economics, Princeton University Press, Princeton
ဂျာနယ် articleကို ဖော်ပြမယ်ဆိုရင် surname, first name, ထုတ်ဝေနှစ်၊ article ခေါင်းစဉ်၊ ဂျာနယ်ခေါင်းစဉ်၊ ဂျာနယ်ရဲ့ volume၊ နံပါတ်နဲ့ စာမျက်နှာနံပါတ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဥပမာများအတိုင်း ဖော်ပြပေးရပါတယ်။
Sen, Amartya (1983) Development: Which way now?, Economic Journal, vol.93, No.372, pp.745-762
Bruton, H. (1998) A reconsideration of income substitution, Journal of Economic Literature, pp.903-936
Conference paper ဆိုရင် အယ်ဒီတာနာမည်၊ ထုတ်ဝေနှစ်၊ ကွန်ဖရင့် အမည်၊ ကျင်းပခဲ့တဲ့နေရာ၊ ကျင်းပတဲ့နေ့ရက်၊ ကွန်ဖရင့်မှာ တင်သွင်းတဲ့ စာတမ်းတွေကို ပြန်လည်စုစည်းထုတ်ဝေတဲ့နေရာနဲ့ အဖွဲ့ကို အခုလို ဖော်ပြပေးရပါမယ်။
Peepcke, A.,ed. (1992) OOPSLA ’92 conference on object-oriented programming systems, languages, and applications, Vancouver, 18-22 October, 1992, New York: The Association for Computing Machinery
တခြားအသေးစိတ်ပုံစံတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် အခြေခံ ပုံစံကို ကျွမ်းဝင်သွားနိုင်ပြီ ထင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ Numeric system အကြောင်း ပြောကြရအောင်ပါ။
Numeric system
နံပါတ်စနစ်ဖြစ်တဲ့အတိုင်း နံပါတ်တွေကို အခြေခံပါတယ်။ အက်ဆေးထဲက ရည်ညွန်းကိုးကားထားတဲ့ အချက်ရဲ့ဘေးမှာ နံပါတ်များ အစဉ်လိုက် ထည့်သွင်းသွားရတာပါ။
ဥပမာ-
Ray 3 mentioned that
It can be argued 4 that
ဆိုတာမျိုးတွေပါ။ uppercase နဲ့မဖော်ပြပဲ လက်သည်းကွင်းနဲ့ (3) ဖော်ပြတာမျိုးလဲ လုပ်လို့ရပါတယ်။<
နောက်ပိုင်း ရည်ညွန်းကိုးကားကဏ္ဍရောက်တဲ့အခါကျတော့
3. Ray, Debraj, Development Economics, Princeton University Press, Princeton, 1998
ဆိုပြီး ဖော်ပြရပါတယ်။ သိပ်တော့ မကွာလှပါ။ ရှေ့မှာ နံပါတ်စဉ်ပါလာတာရယ်၊ ခုနှစ်ကို နောက်မှာ ထည့်ရတာတွေရယ်ပါ။
ဂျာနယ်ကျတော့
4. Sen, Amartya, Development: Which way now?, Economic Journal, 1983, 93(372), 745-762
ဆိုပြီး ဖော်ပြရပါတယ်။
ဒီစနစ်နှစ်မျိုးများဟားဗတ်စနစ်ကို တက္ကသိုလ်တွေမှာ ပိုအသုံးများပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ညွန်ကြားချက်ပုံစံအတိုင်း လိုက်နာဖို့ အကြံပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ ကျောင်းစာများဖတ်ရှူလေ့လာခြင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး (၁၁၊ ၂၊၂၀၀၈)
Monday, January 21, 2008
အက်ဆေးများရေးသားခြင်း (အပိုင်း-၃) |
လိုအပ်သော အချက်အလက်များစုဆောင်းခြင်း
အက်ဆေးများရေးသားတဲ့ အခါမှာ အချက်အလက်များ စုံလင်စွာ စုဆောင်းနိုင်မှုဟာ အဓိက ကျပါတယ်။ စာကြည့်တိုက်ကနေ အသုံးဝင်မယ်ထင်တဲ့ စာအုပ်တွေ အကုန်မပြီး လှန်လှောကြည့်ရတာကတော့ အလွန်လွယ်ကူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တချို့အကြောင်းအရာတွေကို လေ့လာနိုင်တာမှန်ပေမယ့် အက်ဆေးကောင်းကောင်း ရေးသားနိုင်ဖို့အတွက်တော့ ဒီနည်းဟာ အသုံးမ၀င်ပါဘူး။
ပထမဆုံး လုပ်သင့်တဲ့အချက်က မေးခွန်းကို သေသေချာချာ ဖတ်ခြင်းပဲဖြစ်ပါတယ်။ အက်ဆေးခေါင်းစဉ်ကို ဖတ်ပြီးတာနဲ့ ဆက်စပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချကြည့်ပြီး၊ ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ စဉ်းစားသင့်ပါတယ်။
တက္ကသိုလ်တွေမှာ အက်ဆေးခေါင်းစဉ်တွေကို (၃)ပတ်ခန့် ကြိုပေးတတ်ပါတယ်။ ခေါင်းစဉ်သိပြီးတာနဲ့ ချက်ချင်းစတာ အကောင်းဆုံးပါပဲ။ ကျောင်းသားအများစု ဖြစ်တတ်တာက အချိန်လိုပါသေးတယ်ဆိုပြီး၊ ရွှေ့နေရင်းနဲ့ (၃)၊ (၄)ရက်အလိုကျမှ တောင်မင်းမြောက်မင်း မကယ်နိုင် ပျာယာခတ်ကြတဲ့ ကိစ္စပါ။ ကျွန်မတို့ တက္ကသိုလ်မှာတော့ တရက်နောက်ကျရင် တမှတ်လျှော့တဲ့ စနစ်ရှိပါတယ်။ စောစောစခြင်းဟာ စာကြည့်တိုက်က စာအုပ်တွေ၊ ဂျာနယ်တွေကိုလဲ စုံစုံလင်လင် ရစေနိုင်တာမို့ အကျိုးရှိပါတယ်။ အတွေးအခေါ်အသစ်တွေလဲ တိုးစေနိုင်ပါတယ်။
ကျွန်မလုပ်လေ့လုပ်ထရှိတာကတော့ ခေါင်းစဉ်ရတဲ့နေ့မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချပြီး၊ နောက်တနေ့ ရောက်တာနဲ့ ဒီမေးခွန်းတွေနဲ့ ဆက်စပ်မယ့် စာအုပ် (၅)အုပ်ခန့်နဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် article (3) ခုခန့်ကို သွားရှာပါတယ်။ စာအုပ်နဲ့ စာရွက်စာတမ်းစုချိန်ကို (၁)ရက်ခန့် သေချာပေးသင့်ပါတယ်။ scanned reading ပုံစံနဲ့ သေချာရွေးပြီးတဲ့ အခါကျမှ နောက်ရက်တွေမှာ တပတ်ခန့်ကို သေချာအသေးစိတ် နားလည်အောင် ဖတ်ပါတယ်။ ဒီကြားထဲမှာ လိုအပ်မယ်ထင်ရင် စာရွက်စာတမ်း အသစ်တွေ ထပ်စုပါတယ်။
ဥပမာ- ဆိုပါစို့။ rural- urban migration နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခုကို အက်ဆေးရေးရမယ်ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တာက ဒီအကြောင်းအရာနဲ့ ပတ်သက်မယ့် မေးခွန်းလေးတွေပါ။ အပိုင်းက နှစ်ပိုင်းပါပါတယ်။ rural sector နဲ့ urban sector ပါ။ ဦးဆုံး urban sector ကို လေ့လာကြည့်ရအောင်။ urban sector မှာ ဘယ်လိုပုံစံမျိုးရှိတဲ့ economy တွေ ရှိမလဲ။ urbanization ကို ဘယ်အချက်တွေက ဖြစ်စေသလဲ။ ပြီးတဲ့အခါကျမှ urbanization ဖြစ်စေတဲ့အထဲမှာ rural migration ပါတယ်ဆိုတဲ့ အချက်ကို ဆွဲယူပြီးတဲ့အခါ rural sector အကြောင်း ဆက်ပြောသင့်ပါတယ်။ ကျေးလက်ဒေသရဲ့ အဓိက economy ကတော့ agriculture ပါပဲ။ ဒီအကြောင်း အနည်းငယ် ဆိုပြီးတာနဲ့ ကျေးလက်ကလူတွေ မြို့ပြကို migrate ဘာကြောင့်လုပ်သလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေက influence လုပ်သလဲဆိုတာ ဆက်လေ့လာသင့်ပါတယ်။ ပြီးတော့မှ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ economic model တွေ (Harris-Todaro, Stark model) ကို ဆက်လေ့လာရေးသားမယ်ဆိုရင် အက်ဆေးကောင်း တပုဒ် ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရပ်ထဲက အက်ဆေးတခုပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပုံစံအမျိုးမျိုး ရှိပါလိမ့်မယ်။ ကျွန်မက basic framework အနေနဲ့ ဥပမာပေးတာပါ။
အက်ဆေးတပုဒ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရနိုင်တဲ့ sources တွေ အများကြီးပါ။ course guide တွေထဲမှာ လေ့လာသင့်တဲ့ references စာအုပ်တွေ၊ သုတေသနစာတမ်းတွေ ပါပါတယ်။ lecture တွေမှာ ဆရာတွေသင်ရင်း ပေးသွားတဲ့ sources တွေ ရှိပါတယ်။ တခါ website တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေထဲမှာလဲ တချို့သော အကြောင်းအရာတွေ ရှိပါတယ်။
အက်ဆေးအတွက် စပြင်ဆင်တာနဲ့ မှတ်စုစာအုပ်အသစ်တခု ထုတ်ဖို့ အကြံပေးလိုပါတယ်။ ဒီအထဲမှာ idea တွေ၊ quotation တွေ၊ ဥပမာပုံစံတွေကို ရေးသားထားခြင်းအား ဖြင့် အက်ဆေးစရေးတဲ့အခါမှာ အချက်အလက်တွေ အစီအစဉ်တကျဖြစ်ဖို့ အလွန်ပဲ အသုံးဝင်ပါတယ်။ source တခုရတိုင်း စာရေးဆရာ၊ စာအုပ်နာမည်၊ ထုတ်ဝေတဲ့ခုနှစ်၊ ထုတ်ဝေတဲ့စာအုပ်ကုမ္ပဏီ စတာတွေကို မှတ်ထားဖို့ မမေ့ပါနဲ့။ References list မှာ ဒါတွေကို ထည့်သွင်းရမှာပါ။ အက်ဆေးများ အဆုံးမှာ ရည်ညွန်းကိုးကားများ ထည့်ပုံထည့်နည်းနဲ့ ပတ်သက်လို့ကိုတော့ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးပါဦးမယ်။
အက်ဆေး outline ချခြင်း
အက်ဆေးတပုဒ်ရေးသားတဲ့နေရာမှာ Basic structure ဟာ အရေးကြီးပါတယ်။ ကြိုတင် plan ချပြီးမှ ရေးသားရင် ရေးသားရတာ လွယ်ကူသလို စာလုံးအရေးအတွက် လိုနေတာ ပိုနေတာမျိုးစတဲ့ ပြဿနာတွေကိုလဲ ရှောင်ရှားနိုင်ပါတယ်။
ယေဘုယျအားဖြင့် အက်ဆေးတပုဒ်မှာ နိဒါန်း၊ စာကိုယ်၊ နိဂုံး (၃)မျိုးပါတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ နိဒါန်းကဏ္ဍဟာ ဖတ်သူကို ပထမဆုံးစတင် ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ခေါင်းစဉ်ရဲ့ ဘယ်လို aspects တွေကို ရေးသားဖော်ပြမယ်ဆိုတဲ့ clear idea ကို စာဖတ်သူကို ပေးဖို့ လိုအပ်ပါတယ်။
စာကိုယ်ပိုင်းကတော့ အဓိက အချက်အလက်တွေကို ဥပမာတွေ၊ ပုံတွေနဲ့ ရှင်းလင်းရတာပါ။ paragraph တခုဆီတိုင်းမှာ main point နဲ့ supporting evidences တွေ ရှင်းရှင်းလင်းလင်း ပါဝင်နေဖို့ လိုပါတယ်။ အချိန်ရမယ်ဆိုရင် အက်ဆေးစာအုပ်များကို ဖတ်မှတ်လေ့လာကြည့်ပါ။ main idea နဲ့ supporting evidences များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
နိဂုံးပိုင်းကတော့ main ideas များကို summarize လုပ်ရတာပါ။ ပြတ်သားတဲ့ အဖြေတခုကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ မေးခွန်းက agree လား၊ disagree လားဆိုရင် ထင်မြင်ချက် တခုခုကိုပေါ့။ တခါတရံမှာ မေးခွန်းက နောက်ဆက်တွဲ implications တွေ၊ future trends တွေကို suggest လုပ်စေလိုတဲ့ သဘောပါဝင်တတ်တယ်။ အဲဒီအခါမှာလဲ ဒီအချက်တွေကို နိဂုံးမှာ ထည့်သွင်းရပါမယ်။
အက်ဆေးစာလုံးအရေအတွက်နဲ့ ပတ်သက်လို့ကတော့ များသောအားဖြင့် စာလုံးရေ (၁၅၀၀)မှ (၃၀၀၀) ဖြစ်တတ်ပါတယ်။<
နိဒါန်းမှာ 7-8% of total length ၊ နိဂုံးမှာ 12-15% of total length ကို သုံးပြီး ကျန်တာကိုတော့ စာကိုယ်မှာ သုံးမယ်ဆိုရင် structure ကောင်းတဲ့ အက်ဆေးတပုဒ် ဖြစ်လာနိုင်ပါတယ်။
အက်ဆေးစတင်ရေးသားခြင်း
အက်ဆေးစတင်ရေးသားတဲ့အခါမှာတော့ style ဟာ အရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် စတိုင်ကိုပဲ သုံးဖို့ လိုအပ်ပါတယ်။ စကားပြောအသုံးအနှုန်းနဲ့ စာရေးသားခြင်း အသုံးအနှုန်းနှစ်ခုကို ခွဲခြားရေးဖို့ လိုပါတယ်။ အတိုကောက်စာလုံးတွေ သုံးမယ်ဆိုရင် ပထမဦးဆုံး စာလုံးရှည်သုံးပြီးဘေးမှာ ကွင်းနဲ့ အတိုစာလုံးကို အရင်ရေးပါ။ ပြီးမှ အတိုကောက်စာလုံးများကို ဆက်သုံးပါ။ တခါတရံမှာ စာကြောင်းရှည်အနည်းငယ် သုံးဖို့လိုပေမယ့် များသောအားဖြင့်တော့ short sentences များပဲသုံးပါ။ ရှင်းလေလေ၊ စာဖတ်သူနှစ်သက်လေလေပါပဲ။
Layout နဲ့ ပတ်သက်လို့ကတော့ ပုံတွေ၊ model တွေ ထည့်ဖို့လိုမလို၊ subheading တွေ ပါဖို့ လိုမလိုဆိုတာ အက်ဆေးခေါင်းစဉ်ပေါ်ကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်စေလိုပါတယ်။
Paragraph များခွဲတဲ့အခါမှာ စာပိုဒ်ရဲ့ပထမဆုံးစာကြောင်းဟာ main point ဖြစ်သင့်ပါတယ်။ တခါတရံမှာလဲ main theme ရဲ့ positive, negative aspects များကို ဖော်ပြရတာမို့ theme တခုတည်းကိုတင် နှစ်ပိုဒ်၊ သုံးပိုဒ်ဖြစ်တတ်ပါတယ်။
စာပိုဒ်တခုနဲ့တခုအကူးမှာ ဒုံးတိကြီးမဖြစ်နေအောင် တခုနဲ့တခု အဆက်အစပ်စကားလုံးလေးတွေ ထည့်ပေးဖို့လဲ လိုအပ်ပါတယ်။ အသုံးများတဲ့ Transition စကားလုံးများကို ဖော်ပြရရင်
(1) Contrast ဖြစ်တာကို ဆိုချင်တဲ့အခါ but, however, on the other hand, yet
(2) Illustrations များပြချင်ရင် for example, that is
(3) Extension လုပ်ရင် similarly, moreover, furthermore, in addition
(4) အချက်အလက်ကို conclude လုပ်ချင်ရင် Therefore, consequently, as a result, thus
(5) နောက်ထပ် step တခုကို ကူးချင်ရင် then, after that, ultimately
စတာတွေပဲ ဖြစ်ပါတယ်။
အားလုံးရေးပြီးသွားတဲ့အခါကျရင်တော့ စာလုံးပေါင်းများကို သေချာပြန်စစ်သင့်ပါတယ်။ မတော်တဆအမှားသေးလေးတွေကြောင့် အမှတ်လျော့မခံပါနဲ့။ နှမျောစရာကောင်းပါတယ်။ ဘယ်နေရာမဆို၊ ဘာတွေပဲလုပ်လုပ် First impressions အရေးကြီးတယ်ဆိုတာကလဲ အမြဲမှန်နေတဲ့ အမှန်တရားဖြစ်တာကြောင့် Appearance လှနေဖို့အတွက်ကိုလဲ အထူးဂရုစိုက်ပါ။ ကျောင်းက သုံးခိုင်းတဲ့ font ကိုပဲ သုံးပါ။ page format နဲ့ ပတ်သက်တဲ့ စည်းကမ်းများကိုလဲ အတိအကျ လိုက်နာပါ။ စာမျက်နှာ နံပါတ်များကို သေချာတပ်ပါ။ အမည်နဲ့ ကျောင်းသားနံပါတ်များကိုလဲ သေချာထည့်သွင်းပါ။
အရေးပါတဲ့ နောက်အချက်တခုဖြစ်တဲ့ ရည်ညွန်းကိုးကားများ ထည့်သွင်းရေးသားမှုအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး (၂၁၊ ၁၊ ၂၀၀၈)
Saturday, November 17, 2007
အက်ဆေးများရေးသားခြင်း (အပိုင်း-၂) |
မေးခွန်းများ၏သဘောသဘာဝ ဒီစကားလုံးလေးတွေက အက်ဆေးမေးခွန်းတွေမှာ ပါလေ့ပါထရှိတာလေးတွေပါ။ ဒါလေးတွေကိုကြည့်လိုက်တာနဲ့ စာစစ်သူ ဘာကို လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ နောက်တချက်က question ရဲ့ scope ပါ။ မေးခွန်းကို ဖြေဖို့ အစိတ်အပိုင်း ဘယ်နှစ်ခုလိုတယ်၊ ဘယ်အပိုင်းကို ပိုအလေးထားရမယ်ဆိုတာသိမှ လိုအပ်တဲ့ references တွေစုဆောင်းဖို့နဲ့ ရေးဖို့ အချိန်မှီတတ်ပါတယ်။ တခါတရံမှာ အကြောင်းအရာတခုနောက်လိုက်ရင်း မျောပါသွားတတ်ပါတယ်။ အချိန်မှီ အနားပြန်သတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်မျောသွားဖူးလို့ပါ။ ရေးရမယ့် အကြောင်းအရာက economic development နဲ့ Democratization ဆက်စပ်မှုအကြောင်း၊ reference တွေရှာရင်း မျောပါသွားတာက Democratization ရဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ CivilှSociety တို့၊ State & Political institutions တို့၊ political culture & ideas တို့ဆီကိုပါ။ ဖတ်ကောင်းကောင်းနဲ့ article တခုဖတ်လိုက်၊ သူက ညွှန်းတဲ့ article တခုဆက်ဖတ်လိုက်နဲ့ ဘယ်တော့မှ အရှိန်သတ်သွားလဲဆိုရင် အက်ဆေးတင်ခါနီး တရက်အလိုမှပါ။ နောက်ကျတယ်ဆိုတာကိုလဲ ကိုယ့်ရာဇ၀င်မှာ မပါချင်လေတော့ မိုးလင်းပေါက်ထိုင်လိုက်ရတော့တာပါပဲ။ scope ကို တခါတည်းပိုင်းဖြတ်၊ ဖတ်ရမယ့် reference list ကို တခါတည်း ချရေးလုပ်ထားတာအကောင်းဆုံးပါပဲ။ လိုအပ်တဲ့ materials တွေ collection လုပ်တာနဲ့၊ အက်ဆေး outline ဆွဲတာတွေဆိုင်ရာများကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။ (ဆက်လက်ဖော်ပြပါမည်) ခင်မမမျိုး
အက်ဆေးတပုဒ်ရေးသားရာမှာ မေးခွန်းရဲ့ ဆိုလိုရင်းကို နားလည်ဖို့ အလွန်ကို အရေးကြည့်ပါတယ်။ ဘာမေးလဲဆိုတာကို သေသေချာချာသိနိုင်ဖို့ မေးခွန်းထဲက စကားလုံးတွေကို တိတိကျကျစစ်ဆေးဖို့ လိုပါတယ်။ ဒါမှလဲ ဆီလျော်တဲ့ အဖြေကို အလွယ်တကူ ပြင်ဆင်လေ့လာနိုင်မှာပါ။ မေးခွန်းရဲ့နောက်ကွယ်က သဘောတရားတွေကိုလဲ သေချာ ဖော်ထုတ်နိုင်ဖို့ လိုအပ်လှပါတယ်။ မေးခွန်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာဟာ ယေဘုယျပြောရင်လုံလောက်သလား၊ သုတေသနပြုချက်တွေပါ ထည့်ဖို့လိုလားဆိုတာ သေချာစဉ်းစားရပါမယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ ထည့်ရင် အကျိုးရှိမှာလား၊ ဒါမှမဟုတ် တခြားလူတွေရဲ့ သုတေသနပြုချက်တွေကို ထည့်သွင်းရမှာလား ဆိုတာကိုရင် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာသာရပ်တခုချင်းစီအလိုက် ဌာနဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာဖို့လဲလိုအပ်ပါတယ်။
အခုဒီစာကို မရေးမီအချိန်က ကျွန်မလက်ထဲမှာ ပထမနှစ်ကျောင်းသားတယောက်ရဲ့ အက်ဆေးလေးတပုဒ်ရောက်နေပါတယ်။ ဘယ်လိုအမှတ်ပေးရမှန်း မသိတော့လို့ အိမ်ယူလာပြီး ထပ်ဖတ်ဖြစ်နေတာပါ။ အက်ဆေးက microeconomics နဲ့ ဆိုင်ပါတယ်။ အက်ဆေးမေးခွန်းက လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ အာမခံထားတယ်၊ ဘယ်လိုအာမခံမျိုးကို ၀ယ်ယူသုံးစွဲလေ့ရှိတယ်ဆိုတာကို မေးထားတာပါ။ ဒီနေရာမှာ ဘာသာရပ်ဆိုင်ရာလိုအပ်ချက်အရ equation တွေ၊ model တွေ ပါရပါမယ်။ များသောအားဖြင့် စီးပွားရေးပညာအက်ဆေးတပုဒ်မှာ equation, model or diagram, application သုံးမျိုးကို လျော်ညီအောင် ထည့်သွင်းနိုင်မှု လိုအပ်လှပါတယ်။ အခုသူရေးထားတာက အာမခံဘယ်နှစ်မျိုးရှိတယ်၊ သူက ဘယ်လိုအာမခံတွေကို ၀ယ်တယ်၊ သူ့မိဘဆွေမျိုးတွေက ဘာတွေဝယ်တယ်၊ ဘယ်လိုစဉ်းစားဆုံးဖြတ်ကြတယ် ဆိုတာတွေကို ပုံပြင်လေးတပုဒ်လို ပြန်ရေးထားတာပါ။ ဖတ်လို့ကောင်းပါတယ်။ အဲ-ဒါပေမယ့်------။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာအက်ဆေးတွေရေးရရင် ကျောင်းကချမှတ်ထားတဲ့ Guideline, ဌာနဆိုင်ရာ Guideline တွေ ဖတ်ပြီးမှ မေးခွန်းတခုရဲ့ ဖြေဆိုပုံ ဖြေဆိုနည်းကို စဉ်းစားဖို့ အကြံပေးလိုပါတယ်။
မေးခွန်းထဲက အရေးအပါဆုံး စာလုံးလေးတွေအကြောင်း ဆက်ကြရအောင်ပါ။ အက်ဆေးတပုဒ်ကို စမရေးခင် မေးခွန်းထဲမှာပါတဲ့ ဒီစာလုံးလေးတွေကို အရင်ရှာပြီးရေးတာဟာ အဖြေရဲ့ style & structure ကို ထိထိမိမိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။
University of North London က Sandra Ashman & Phyllis Creme တို့က အက်ဆေးမေးခွန်းတွေမှာ ပါလေ့ရှိတဲ့ အရေးအကြီးဆုံး စာလုံးလေးတွေကို အခုလို ထုတ်နှုတ်ပြထားပါတယ်။
Wednesday, October 31, 2007
အက်ဆေးများရေးသားခြင်း (၁) |
မြန်မာကျောင်းသားတွေ နိုင်ငံရပ်ခြားမှာ ပညာသင်ယူတဲ့အခါ ရင်ဆိုင်ရတတ်တဲ့ အခက်အခဲလေးတွေ ရှိပါတယ်။ ဒီအထဲမှာ မြန်မာပြည်ပညာရေး နဲ့ ခြားနားမှု အရှိဆုံးဖြစ်ပြီး ကျောင်းသားတွေ အနည်းငယ် ပျာကြရတာကတော့ ဘာသာရပ်အလိုက် ရေးတင်ရတတ်တဲ့ အက်ဆေးများပါပဲ။ ကျွန်မတို့ ယူကေနိုင်ငံက တက္ကသိုလ်တွေမှာ အက်ဆေးများဟာ စာမေးပွဲရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ လေးဆယ်ရာခိုင်နှုန်းအထိ အရေးပါတာမို့၊ အက်ဆေးမရေးရင် စာမေးပွဲအောင်ဖို့ဆိုတာ မဖြစ်နိုင်သလိုပါပဲ။
များသောအားဖြင့် ဘာသာရပ်တော်တော်များများကို နောက်ဆုံးစာမေးပွဲတခုတည်းနဲ့ မဆုံးဖြတ်ပဲ coursework ကို ၂၀%(သို့မဟုတ်) ၄၀% စစ်ဆေးလေ့ရှိပြီး၊ coursework အောင်မှ စာမေးပွဲကြီးကို ဖြေခွင့်ပေးလေ့ရှိပါတယ်။ အဲဒီ coursework ကို စစ်ဆေးပုံကတော့ ဘာသာရပ်ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားပါတယ်။ သင်္ချာလို၊ စက်မှုလို ဘာသာရပ်တွေကလွဲရင် များသောအားဖြင့် စစ်ဆေးလေ့ရှိတဲ့ ပုံစံကတော့ အက်ဆေးများရေးခိုင်းခြင်းပါပဲ။ နိုင်ငံရေးသိပ္ပံ၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စိတ်ပညာလို ဘာသာရပ်မျိုးတွေမှာ ကျတော့ ပိုလို့ဆိုးပါတယ်။
ပထမနှစ်ကျောင်းသားတစ်ယောက်ဟာ semester တခုမှာ 20 credit ဘာသာရပ် (၃)ခု ယူရတတ်ပါတယ်။ ဒါမှလဲ semester နှစ်ခုဆိုရင် 120 credits ဖြစ်မှာပါ။ ယူကေပညာရေးမှာက တနှစ်ကို 120 credits ရှိရပါမယ်။ ဒီလိုနဲ့ semester တခုဆိုတဲ့ လေးလတာကာလမှာတင် ရေးရမယ့် အက်ဆေးက အနဲဆုံး (၃) ပုဒ် ရှိလာတတ်ပါတယ်။ တချို့ဘာသာရပ်တွေဆို နှစ်ပုဒ်တင်ရတာမို့ (၆)ပုဒ်များ ဖြစ်သွားခဲ့ရင် ပျာယာခတ်ကြရပါရော။ Tutorial တွေမှာ presentation လုပ်ဖို့ စာဖတ်ရ၊ အက်ဆေးတပုဒ်ပြီး တပုဒ်ကလဲ deadline တွေ နီးလာကြ၊ စာကြည့်တိုက်တွေပြေးရ၊ ဘာသာရပ်ဆိုင်ရာ Journal article တွေပြေးရ၊ လက်ချာအမှီသွားရ နဲ့ ရှုပ်ရှက်ခတ်နေတတ်ပါတယ်။
အတန်းကြီးလာတာနဲ့အမျှ အက်ဆေးရေးရမယ့် စာလုံးအရေအတွက်ကလည်း ပိုများလာတတ်ပါတယ်။ ပထမနှစ်မှာ 1500 words ကနေ နောက်ဆုံးနှစ်ရောက်ရင် 3000 words လောက်ဖြစ်သွားပြီး၊ မဟာဘွဲ့ရောက်တော့ 3000-5000 words အထိဖြစ်သွားတတ်ပါတယ်။ ဘွဲ့ကြို Dissertation, ဘွဲ့လွန် Dissertation, PhD Dissertation တွေကျတော့ စာလုံးရေတွေ သောင်းနဲ့ချီ ပါတယ်။ Dissertation work က တော့ သုတေသန ဘက်ကိုဦးတည်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အခြေခံကတော့ အက်ဆေးပါပဲ။ အက်ဆေးကို မကြောက်သူတွေဟာ Dissertation တွေကိုလဲ မကြောက်တော့ပါဘူး။ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်တွေထဲရောက်တဲ့အခါမှာလဲ project တွေ၊ report တွေ တင်ရတဲ့အခါ အေးအေးသာသာဖြစ်လေ့ရှိကြပါတယ်။ အခုဒီဆောင်းပါးလေးမှာ အက်ဆေးများရေးသားခြင်းနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။
အက်ဆေးရေးခြင်း အကျိုးကျေးဇူး
ဘယ်အကြောင်းအရာပဲလုပ်လုပ် အဲဒီအလုပ်ရဲ့ တန်ဖိုးကို သိမှ အဲဒီအလုပ်အပေါ်မှာ တန်ဖိုးထားမှုရှိပြီး မိမိကိုယ်တိုင်လဲ ယုံကြည်မှု ရှိနေမှာဖြစ်ပါတယ်။ ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတဲ့၊ တန်ဖိုးရှိမယ်လို့ မထင်တဲ့ အလုပ်ဆိုရင် မလုပ်တာအကောင်းဆုံးပါပဲ။ ကိုယ်တိုင်ယုံကြည်မှုမရှိမှတော့ တစိုက်မတ်မတ်အားထုတ်မှု ဆိုတာ မဖြစ်လာနိုင်သလို တစိုက်မတ်မတ် အားမထုတ်ပဲလဲ အောင်မြင်မှုဆိုတာ ရမှာ မဟုတ်ဘူးလို့ ကျွန်မ မြင်မိပါတယ်။ ကျောင်းမှာ စာမေးပွဲအောင်ဖို့ အက်ဆေးတွေရေးရတဲ့အခါ အောင်ရင်ပြီးရော ဆိုတဲ့စိတ်မဟုတ်ပဲ ဒီအက်ဆေးလေးတွေဟာ ကိုယ့်ဘ၀အတွက် အကျိုးတကယ်ရှိမယ်ဆိုတာ သိပြီး ရေးလိုက်ရင် အက်ဆေးလေးတွေရဲ့ အရည်အသွေးတွေ အရမ်းတက်သွားမှာပါ။ အလုပ်တခုကို လုပ်ရမှာမို့ လုပ်တာဆိုရင် စိတ်ဖိစီးမှုများပါတယ်။ လုပ်ချင်စိတ်ရှိလို့ကို လုပ်တာဆိုရင်တော့ ဘယ်လောက်ပင်ပန်းပင်ပန်း ပျော်စရာ ဖြစ်သွားပါတယ်။ လုပ်ချင်စိတ်ရှိလာဖို့ကလဲ အကျိုးကျေးဇူးကို သိရပါမယ်။
အက်ဆေးလေးတွေက ဘာအကျိုးကျေးဇူးပေးမလဲ- ကျွန်မတို့ ကြည့်ကြရအောင်ပါ။ အက်ဆေးတွေ ရေးခြင်းဖြင့် ကိုယ်ပိုင် အတွေးအခေါ်လေးတွေ ရင့်သန်လာနိုင်ပါတယ်။ အကြောင်းအရာတွေအပေါ်မှာ ကိုယ်ပိုင်ရှုမြင်သုံးသပ်နိုင်တဲ့ အရည်အချင်းတွေလဲ တက်လာစေနိုင်ပါတယ်။ ဒါတွင်မက စာရေးသားခြင်းဟာ အိုင်ဒီယာအသစ်တွေ၊ အတွေ့အကြုံသစ်တွေကို ဖြစ်ထွန်းစေနိုင်ပါတယ်။ အကြောင်းအရာတရပ်အပေါ်မှာ စိတ်ကိုနှစ်ပြီး လေ့လာရတာဖြစ်တဲ့အတွက် စိတ်ပျံ့လွင့်မှုကိုလဲ ထိန်းချုပ်နိုင်ပါတယ်။ ဗဟုသုတတွေလဲ ပိုတိုးပွားစေနိုင်ပါတယ်။ အကျိုးအရှိဆုံးကတော့ Expressing yourself လုပ်နိုင်တာပါပဲ။ ဒီအရည်အချင်းဟာ ဘ၀အတွက် အရမ်းအရေးကြီးပါတယ်။ အက်ဆေးတွေ ရေးခြင်းအားဖြင့် ဒီအရည်အချင်းကို တိုးတက်စေနိုင်ပါတယ်။
ဥပမာအားဖြင့် ရေးရမယ့် အကြောင်းအရာလေးက ကမ္ဘာကြီးပေါ်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်တယ် ဆိုပါစို့။ အကြောင်းအရာလေးနဲ့ သင့်လျော်တဲ့ စာရွက်စာတမ်းတွေ စဖတ်ကတည်းက လူသားချင်းစာနာနားလည်မှု၊ ဖေးဖကူညီလိုမှု မေတ္တာတရားလေးတွေ ပေါင်းစပ်ပါဝင်လာမယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ အကြောင်းရင်းတွေကို စဉ်းစားမိလာမယ်။ ကမ္ဘာကြီးရဲ့ တခုသောနေရာဆီက ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်လေးရဲ့ ငိုယိုသံတွေကို ကြားယောင်မိလာမယ်။ အဲဒီအခါမှာ ဒီအကြောင်းအရာလေးအပေါ်မှာ ခံစားမှုလေးနက်လာမယ်။ စိတ်ဝင်စားမှုနဲ့အတူ လေ့လာမှု ပိုများလာမယ်။ ကိုယ့်အမြင်ကိုယ့်အတွေးလေးတွေ ပေါက်ဖွားလာမယ်။ ဒါတွေအားလုံး ပေါင်းစပ်သွားရာကနေ ထွက်ပေါ်လာမယ့် စာသားတွေဟာ အက်ဆေးကောင်းလေးတပုဒ်ကို တည်ဆောက်ပေးမှာ အသေအချာပါပဲ။
နောက်တခုအကျိုးကျေးဇူး ရှိတာကတော့ အချိန်အတိုင်းအတာတခုအတွင်းမှာ လုပ်ရခြင်းပါပဲ။ Time constraint ဖြစ်လာတဲ့အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိပြီး၊ စိတ်ပျံ့လွင့်မှုကို လျော့နည်းစေပါတယ်။ ကျောင်းသားတယောက်ရဲ့ ဘ၀မှာ စိတ်လေစရာ အများအပြား ကြုံတတ်ပါတယ်။ မိဝေးဖဝေး၊ ရေမြေခြားမှာ culture မတူတာလေးတွေလည်း ရှိတော့ ကြုံလာအောင် စေ့ဆော်မှုတွေကလဲ ရှိတတ်ပါတယ်။ အက်ဆေးလေးတွေ ရေးစရာရှိနေတဲ့အခါကျတော့ စာဖတ်ချိန်ဖတ်၊ အားကစားလုပ်ချိန်လုပ်၊ ကျောင်းက society တွေ၊ ကျောင်းသားသမဂ္ဂဆိုင်တာတွေ လုပ်စရာ ရှိတာလုပ်ပြီးရင် ရေးရမယ့်အကြောင်းအရာ လေးတွေအတွက် စာတွေဖတ်ရင်း အချိန်ကို အကျိုးရှိရှိ ကုန်လွန်လိုက်သလို ဖြစ်သွားပါတယ်။
နောက်တခုက deadline တွေနဲ့လုပ်ရတဲ့ အကျိုးကျေးဇူးပါ။ ဘယ်နေ့မှာ အပြီးတင်ရမယ်ဆိုကတည်းက ဘယ်နှစ်ရက်အချိန်ရတယ်၊ ဘယ်ရက်မှာ ဘာလုပ်ရမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ရတာဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ် self-organizing လုပ်တဲ့ skill တက်လာပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ deadline တွေနဲ့ လုပ်ရတဲ့အခါ ကြိုတင်ကျင့်သားရပြီးသား ဖြစ်နေတတ်ပါတယ်။ သူများချပေးလိုက်တဲ့ deadline တခုကို အချိန်မှီပြီးလိုက်နိုင်တဲ့အတွက်လဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုတက်စေနိုင်ပါတယ်။ အကြောင်းအရာတခု ပြီးမြောက်အောင်မြင်သွားတာဟာ သေးသေးကြီးကြီး ကိုယ်ရဲ့အောင်မြင်မှုတခုပါ။ အမှတ်များများရတာမရတာတွေထက် ကိုယ့်ဘက်က လုပ်စရာရှိတာကို ရှိသင့်တဲ့ အားစိုက်မှုတခုနဲ့ ပြီးမြောက်မှုဆိုတာကိုက ကျေနပ်အားရစရာမျိုးပါ။ နောင်တချိန်ဘ၀မှာ အခက်အခဲတွေ ရှိလာတဲ့အခါ ဒီအောင်မြင်မှုလေးတွေကို ပြန်သတိရမိပြီး တွန်းအားဖြစ်လာတတ်ပါတယ်။ အက်ဆေးတခုကို သတ်မှတ်ချိန်မှာပြီးအောင် သေချာရေးနိုင်တာဟာလဲ အရည်အချင်းတခုဖြစ်ပါတယ်။ ဒီအရည်အချင်းကို တိုးတက်အောင် အက်ဆေးလေးတွေက ဖန်တီးပေးနေတာပါ။
နောက်အကျိုးကျေးဇူးတခုကတော့ Tutor တွေဆီက ပြန်လာမယ့် feedback တွေပါ။ ဒီ feedback လေးတွေကနေ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်လေးတွေကို သိနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အက်ဆေးတခုဖြစ်အောင် ဘာတွေပြုပြင်ဖို့လိုသလဲဆိုတာကိုလဲ သက်ဆိုင်ရာ ဆရာတွေနဲ့ သွားဆွေးနွေးလို့ ရပါတယ်။ တပည့်တယောက်အတွက် တံခါးမဖွင့်ထားတဲ့ ဆရာဆိုတာမရှိပါဘူး။ ဆရာတွေကို ကြောက်ဖို့မလိုပါ။ လေးစားဖို့တော့လိုပါတယ်။ တကယ်တော့ ဆရာဆိုတာ ဘ၀စစ်မြေပြင်ကို စစ်ထွက်ရတော့မယ့် တက်သစ်စ လူသားလေးတွေကို လိုအပ်မယ့် အရည်အချင်း၊ ခံနိုင်ရည်၊ သက်လုံကောင်းမှုနဲ့ စစ်ဝတ်တန်ဆာတွေ ဖြည့်ဆည်းပေးတဲ့ ဖန်ဆင်းရှင်တွေပါ။ တပည့်တယောက်ရဲ့ ဘ၀ကို အတတ်နိုင်ဆုံး ရုပ်လုံးပီပြင်အောင် ထုဆစ်ပေးနေတဲ့ အနာဂတ်ဖန်ဆင်းရှင်တွေပါ။ သူတို့တွေဆီက ပြန်လာတဲ့ feedback တွေနဲ့ အားသာချက်၊ အားနည်းချက်တွေ သိရတဲ့အခါမှာ နောက်တခါကျရင် ဘယ်နေရာမှ အာရုံစိုက်ရမလဲ ဆိုတာတွေသိလာပါတယ်။
ဒါကတော့ အက်ဆေး ရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။ အက်ဆေး မေးခွန်းတွေကို ဘယ်လိုနားလည်အောင် လုပ်မယ်၊ လိုအပ်တဲ့ references တွေ ဘယ်လိုရှာမယ်၊ အက်ဆေး outline ကို ဘယ်လို plan ချမယ်၊ အက်ဆေးကို ဘယ်လိုရေးမယ်၊ references တွေကို ဘယ်လို cite လုပ်မယ်။ Harvard system သုံးမယ်၊ Numeric system သုံးမယ် စတာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နောက်ပိုင်း ဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။
ခင်မမမျိုး (၃၁၊၁၀၊၂၀၀၇)

