သိန်းနိုင်
“ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဉာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ ”
ကျောင်းဆရာများအနေဖြင့် စာသင်ခန်းအတွင်း သင်ကြားခြင်းရလဒ်ကောင်းနှင့် ထိရောက်မှု ရှိစေရန်အတွက် ကျောင်းသားများ၏ သင်ယူလေ့လာပုံမှု အပေါ်တွင် သက်ရောက်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်ထားသင့်ပါသည်။ လူသား၏ သိမှုဆိုင်ရာ အလုပ်လုပ်ဆောင်ပုံကို နားလည်ထားခြင်းဖြင့် စာသင်ကြားခြင်းနှင့် သင်ယူခြင်းတို့ကို ပိုမိုကောင်းမွန်စေပါမည်။
ဆရာကိုယ်တိုင် တီထွင်ဖန်တီးထားသည့် စာသင်ကြားခြင်း နည်းလမ်းမျိုးစုံကို အသုံးပြုသင်ကြားခြင်းကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ နိုးကြားတက်ကြွမှုကို လှုံ့ဆော်ပေးနိုင်ပါသည်။ ထိုနည်းတူစွာပင် သင်ကြားရန် ရွေးချယ်ထားသည့် အကြောင်းအရာကြောင့်လည်း ကျောင်းသားအနေဖြင့် အသိပညာကို ရရှိခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ အသုံးချနိုင်ခြင်း တို့အပေါ်တွင် သက်ရောက်မှုရှိနေပါသည်။ သင်ကြားမည့် အကြောင်းအရာကို သင့်တော်စွာ မရွေးချယ်ခြင်း၊ သိမှုဖြစ်ထွန်းစေရန် သင့်လျော်မှု မရှိဘဲ တက်ကြွသော သင်ယူမှုဖြစ်စေရန် အားထုတ်ခြင်းမှာ ဂိုးအကြိမ်ကြိမ် သွင်းသော်ငြားလည်း တစ်ဂိုးမှ မ၀င်ဘဲ ရှိနေသည်နှင့် တူနေပါသည်။
သိမှုစိတ်ပညာ cognitive psychology ဆိုင်ရာ လေ့လာ တွေ့ရှိချက်များအရ သင်ကြားမည့် အကြောင်းအရာ များနှင့် မည်သို့ သင်ကြားပုံတို့မှာ သင်ကြားခြင်း-သင်ယူခြင်း ရလဒ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။
နိုင်ငံတကာပညာရေးစနစ်များအတွင်းရှိ ဖတ်စာအုပ်များကို လေ့လာကြည့်ပါက သိသာ၊ မြင်သာပါသည်။ ကျောင်းသားများကို ဆွဲဆောင်နိုင်ရန်အတွက် အကြောင်းအရာတို့ကို စိတ်ဝင်စားဖွယ်၊ တက်ကြွဖွယ်၊ ကိုယ်တိုင် လုပ်ဆောင်လိုစိတ်ဖြစ်ဖွယ် တင်ဆက်ထားပြီး အရောင်စုံလင်စွာလည်း ချယ်မှုန်းထားကြသည်။ စာသင်ခန်းအတွင်းဖြစ်စေ၊ ကိုယ်တိုင် လေ့လာရာတွင် ဖြစ်စေ ပိုမိုစိတ်ဝင်စားစေနိုင်သော်ငြားလည်း အောင်မြင်သော လေ့လာမှုဖြစ်စေရန် အခြားအရာများလည်း လိုအပ်ပါသေးသည်။ သင်ခန်းစာ မည်မျှ ရှုပ်ထွေးသည်နှင့် မဆိုင်ပါ။
သင်ယူလေ့လာရန် အကြောင်းအရာတို့မှာ လွယ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ဤအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ပိုမိုထိရောက်သော သင်ယူခြင်းကို ဖြစ်စေနိုင်ရာသည်။
နည်းနည်းစီ သင်ကြားခြင်း
သင်ယူလေ့လာရမည့် အကြောင်းအရာတို့ကို ပိုင်းခြားလျက် နည်းနည်းစီ သင်ကြားခြင်းမှာ ကျောင်းသားများ၏ မှတ်ဥာဏ်နှင့် သိနားလည်မှုတို့အတွက် များစွာ အထောက်အကူဖြစ်စေသည်။ သင်ယူနေစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ ထိန်းသိမ်းထားနိုင်စွမ်းနှင့် အချိန်ကာလ ကန့်သတ်ချက်ရှိသည်ကို သုတေသနမှ လေ့လာတွေ့ရှိထားပါသည်။ မည်သည့်အချိန်တွင်ဖြစ်စေ မှတ်ဥာဏ်၏ လုပ်ဆောင်နိုင်မှုမှာ သတင်းအချက်အလက် အနည်းငယ်ကိုသာလျှင် ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ သို့ဖြစ်လေရာ တစ်ချိန်တွင် အကြောင်းအရာတစ်ခု၊ အတွေးအမြင်တစ်ကွက်၊ ကျွမ်းကျင်မှု တစ်ပိုင်းလောက်ကိုသာ အချိန်နှင့် ကိုက်ညီစွာ သင်ကြားသင့်ပါ၏။
အတွေးအခေါ်၊ ယူဆချက်တစ်ခုခုကို တင်ပြဆွေးနွေးခြင်းနှင့် ယင်းကို ချဲ့ထွင်ရှင်းလင်းခြင်း၊ ဥပမာပေးခြင်း၊ တစ်တန်းလုံး ဆွေးနွေးစေခြင်းတို့မှာ ကျောင်းသားများအနေဖြင့် ပြန်လှန်တွေးတောချိန် ရရှိစေပြီး အကြောင်းအရာ၊ အချက်အလက်တို့ကို ပိုမိုကြေညက် နားလည်စေပါမည်။
တွေးတောစဉ်းစားစရာ တစ်ခုခုအပေါ်တွင် အချိန်ယူ သင်ကြားသည့်အခါဝယ် ကျောင်းသားများအနေဖြင့် ဆင်ခြင်လေ့လာရန်၊ အဓိပ္ပါယ်ဖေါ်ရန်နှင့် ရေရှည်မှတ်ဥာဏ်တွင် သိမ်းဆည်းရန် လုံလောက်သော အခွင့်အရေး ကို ရရှိမည် မဟုတ်ပါလား။ လောလောဆယ် (သင်ယူနေဆဲ) အလုပ်လုပ်နေသည့် မှတ်ဥာဏ်မှာ သင်ယူခြင်း ဖြစ်စဉ်တွင် ပထမဆုံးအကြိမ်အဖြစ် သိမှုနယ်ပယ်အတွင်း ၀င်လာခြင်းဖြစ်သည်။ အကြောင်းအရာ၊ အချက် အလက် များစွာကို တစ်ချိန်တည်းတွင် အလျှံပယ် တင်ဆက်ခြင်း၊ သင်ကြားခြင်းတို့မှာ အသိပညာတို့ကို ရရှိစေရန်နှင့် ဗဟုသုတတို့ကို ရေရှည် မှတ်ဥာဏ်တွင် သိမ်းဆည်းရန် အခက်အခဲရှိ၏။
ကလေး၏ ဘ၀၊ ပြင်ပလောကနှင့် ဆက်စပ်ပေးခြင်း….
(လတ်တလော) ရှင်သန် အလုပ်လုပ်နေသည့် မှတ်ဥာဏ်တွင် အောင်အောင်မြင်မြင် ၀င်ရောက်လာသည့် အချက်အလက်တို့ကို ရေရှည်မှတ်ဥာဏ်တွင် သိုမှီး သိမ်းဆည်းထားနိုင်သည်။ ဆန့်ကျင်ဘက်တစ်ခုမှာမူ ရေရှည်မှတ်ဥာဏ်မှာ မတိုင်းတာနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်မှု ရှိနေခြင်းနှင့် အချက်အလက်ကို ကန့်သတ်မှုမရှိဘဲ သိုမှီးနိုင်စွမ်းပင်ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စိတ္တဗေဒပညာရှင် အေဒရီးယန် ဒင်မန်း ဒီ ဂရု၏ သုတေသန လေ့လာမှုအရ ကမ္ဘာကျော် စစ်တုရင်သမားနှင့် လူသစ်တန်းတို့အကြား အဓိက ကွာဟချက်မှာ အံ့အားသင့်ဖွယ်ရာ ရွှေ့ကွက် (သို့မဟုတ်) လတ်တလော မှတ်ဉာဏ်အား ကြီးမားခြင်း တို့ကြောင့် မဟုတ်ပါ။ သမ္ဘာရင့် စစ်တုရင်သမားတို့၏ ရေရှည်မှတ်ဥာဏ်ထဲတွင် လက်တွေ့ ကစားကွက် ပုံစံမျိုးစုံတို့ကို ကျယ်ပြန့်စွာ သိုမှီး သိမ်းဆည်းထားနိုင်ခြင်းပင်။ ကစားနေစဉ်တွင် သိုမှီးသိမ်းဆည်းထားသည့် ကစားကွက်ပုံစံများထဲမှ ထုတ်နုတ်ယူခြင်းနှင့်၊ လက်ရှိကစားကွက်နှင့် လိုက်ဖက်မည့် အကောင်းဆုံး ရွှေ့ကွက်ကို သိမြင်နိုင်စွမ်းကို ဆိုလိုပါသည်။
အခြားသော စိတ္တဗေဒပညာရှင်တို့၏ ပြဿနာ အဖြေရှာခြင်းနှင့် ပတ်သက်ပြီး စူးစမ်းလေ့လာမှုများကလည်း ရေရှည်မှတ်ဉာဏ်သည် အဆင့်မြင့် တွေးတော စဉ်းစားခြင်းနှင့် သင်ယူလေ့လာခြင်းတို့အတွက် အရေးပါသည်ဟု ထောက်ပြထား၏။
ဆရာဆရာမများအနေဖြင့် ကလေးများ လေ့လာနေသည့် သင်ခန်းစာအသစ်တို့ကို သိရှိထားနှင့်ပြီးသော အကြောင်းအရာတို့နှင့် ဆက်စပ်ပေးခြင်းဖြင့် ရေရှည်မှတ်ဥာဏ်တွင် သိုမှီးသိမ်းဆည်းရန် လှုံ့ဆော်ပေးရာ ရောက်ပါသည်။ သင်ခန်းစာအဟောင်းတို့ကို ပြန်လှန်လေ့ကျင့်စေခြင်း၊ အသစ်နှင့် အဟောင်းဆက်စပ်ပေးခြင်း၊ အဟောင်းအချင်းချင်း၏ ဆက်နွယ်မှုတို့ကို ရှာဖွေစေခြင်း၊ သိရှိထားပြီးသော အကြောင်းအရာအပေါ်တွင် အခြေခံပြီး အသိအသစ်တို့ကို ထပ်ဆင့် တည်ဆောက်ခြင်းတို့မှာ ရေရှည်မှတ်ဥာဏ်ထဲတွင် သိမ်းဆည်းနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။
သင်ကြားရေး ကိရိယာများ
အသိပညာတို့ကို အစိတ်အပိုင်းငယ်လေးများအဖြစ် ဖြတ်တောက်၍ သင်ကြားပေးခြင်းနှင့် အသစ်နှင့် အဟောင်း ဆက်စပ်ပေးခြင်း တို့ကို ထိရောက်စွာ နေ့စဉ်ပင်လုပ်ဆောင်နိုင်ပါသည်။ စနစ်တကျပြင်ဆင်ထားရှိသော သင်ခန်းစာ ဖွဲ့စည်းပုံ organizers၊ အယူအဆ ဆက်စပ်ပုံ (concept maps)၊ အတွေးမြေပုံ (mind map)၊ ပဟေဠိများ၊ ဉာဏ်စမ်းများတို့မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှပါသည်။
သိန်းနိုင်
Sunday, September 5, 2010
သိမှုဖြစ်စဉ်အတွက် အဆင်ပြေသော သင်ကြားခြင်း |
Sunday, August 22, 2010
ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း |
သိန်းနိုင်
“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။
ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း
သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။
ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။
အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။
သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။
“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”
+++++
သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”
အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။
အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”
စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။
“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”
ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။
“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”
ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။
“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။
ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း
ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”
“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။
အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”
အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”
“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။
မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။
“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”
“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။
သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။
အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။
“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”
“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။
သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”
အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။
“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”
အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။
ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။
သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)
Wednesday, August 18, 2010
စာသင်ခန်းထဲက အကြင်နာတရား |
သိန်းနိုင်
“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”
၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။
မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။
မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။
ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”
မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။
ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။
“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။
ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။
ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။
သိန်းနိုင်
(သုခမိန် ဂျာနယ် အမှတ် ၂)
Wednesday, February 17, 2010
စာသင်ကျောင်းက ကယ်နိုင်ပါ့မလား - နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း |
သိန်းနိုင်
ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်းကဲ့သို့ပင် ဘ၀နှင့် တသားတည်း ရှိစေရန် ကျောင်းသားများအနေဖြင့် စံတန်ဖိုးများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုတို့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ခွင့်များ ရရှိစေသင့် ပါသည်။
လူမှု အဖွဲ့အစည်းငယ် တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တစ်ခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန်ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူအဖွဲ့အစည်း၏ စည်ပင် သာယာခြင်း၊ စည်းလုံး ညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။
မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း၊” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင်း တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ် သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တစ်ဆက် တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့ အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဘန်စစ်ကြော တတ်စေ ရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံး သင့်သည်တို့ကို သိမြင်ခံစား တတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရအုံး မည်ဖြစ်ပါသည်။
စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြား ခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး၊ စသည့်အချက်များ အပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။
လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင် ပါသည်။ အစ္စလမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်း ပ၀ါဝတ်ရုံများကို ၀တ်ဆင်ကြသည်။ ၂၀၁၀ ဇန်န၀ါရီလတွင် ပြင်သစ်ပါလီမန်မှ ဤ၀တ်စုံတို့ကို ၀တ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ၀တ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုး များ အပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင်ဖြစ်သည်ဟု ရှုမြင် သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်းဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာ သော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင်ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင် သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ လူထု သယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံ ထားသည့် ခေါင်းဆောင်း ၀တ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ် နိုင်ငံတွင် မူဆလင်အမျိုးသမီး ၀တ်စုံ အပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင်ဖြစ်တော့သည်။ (အေအက်ပီသတင်းစဉ်)
မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစ်စုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက် လည်း ကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာ အားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှ တဆင့်ဖော်ထုတ်ခွင့် မပြုခြင်းများပင်ဖြစ်သည်။ ဤကဲ့သို့ တစ်ဖက်စောင်းနင်း ကျင့်ကြံမှု များသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှုစွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန် အတွက်လည်း လေ့ကျင့် သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂၀၀၆)
စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ်ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်း အတွင်းရှိသူ အားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများ အပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိ အခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။
ဘုံနည်းလမ်းများ
ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလ များတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေး မီနှစ်များမှ ပညာရေးသမား များသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်း သင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည် ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံး ကြရန်ပင်ဖြစ်လေသည်။
ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တစ်ဦးတစ်ယောက်ခြင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိ ရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘ၀နှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံး လာခြင်း တို့ကို ဆိုလိုပါသည်။
ချဉ်းကပ်မှုနည်းလမ်း အသစ်
အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင် သုံးသပ် သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံးအသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင် ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ် တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာ တွေရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင် လုပ်ဆောင်မှုမရှိသည့် အတွက်ပင် ဖြစ်သည်။
ကိုယ်တိုင် သိမြင် ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘ၀တွင် လက်တွေ့လိုက်နာ ကျင့်ကြံခြင်းမရှိသော စံတန်ဖိုးများသည် ကျင့်ဝတ် နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့် ပျိုးထောင်ပေးမှုမရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။
သင်ကြားရန်နည်းလမ်းများ
ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကိုသင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက် ပေးမည့် သင်နည်း အထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတစ်ရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်းပင်ဖြစ်သည်။ စံတန်ဖိုး အသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။
ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစား တွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန် ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြား ခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက် များနှင့် အတွေးအမြင်သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြ ဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန်လိုအပ်ပါသည်။
ဆန္ဒမဲပေးခြင်း
ဆရာမှ ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တစ်ခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။
•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ၀ယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ၀တ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင် ရွေးချယ် ၀တ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန် အရေးကြီးပါသည်။
အဆင့်သတ်မှတ်ခြင်း
ဖြစ်နိုင်ချေ သုံးခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများမှ အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်းဖြစ်သည်။
• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတစ်ဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတစ်ဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ် သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေ တို့ကိုလည်း ထင်ဆင့် ရှင်းလင်း ဆွေးနွေးပေးရန် ဆရာမှ ယခင်အတိုင်းမေးမြန်းခြင်း ပြုရပါအုံးမည်။
စံတန်ဖိုးပြ မျဉ်းရှည်
မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဘက် ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအ၀င် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။
တစ်တန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင် ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တစ်ကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများမှ သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်းဖြစ်သည်။ မတူညီသော ရပ်တည်ချက် များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာ လည်းကောင်းသော သင်ကြားနည်းလမ်းတစ်ခုဖြစ်၏။
ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတစ်ဖက်တွင် “ဒီမိုကရေစီ နည်းကျ အုပ်ထိန်းမှု” ဟုရေးသားပြီး၊ အခြားအစွန်းတစ်ဖက်တွင်မူ “ချုပ်ချယ် ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်း ပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဘက်အပါဝင် မျဉ်းတန်း တစ်လျောက် နေရာအနှံ့တွင် သူတို့ ရပ်တည် ချက်အရ ရွေးချယ် ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ် ရပ်တည်ရသည်ကို ရှင်းလင်း ဆွေးနွေးကြရခြင်း ဖြစ်သည်။
မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက် သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ် နေဆဲပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်း သင့်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်း တွင် သင်ရိုးကို ပြဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
သိန်းနိုင်
Friday, February 5, 2010
အလင်းအမှောင်နဲ့ ရောင်စုံကာလာများရဲ့ နောက်ကွယ်မှာ |
သိန်းနိုင်
အနုပညာလက်ရာများနှင့် အနုပညာပစ္စည်းများမှတဆင့် စဉ်းစားတွေးတောမှုစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်နှင့် အမြင်အာရုံ ခံစားမှု စွမ်းရည်တို့ လေ့ကျင့်ရန် ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရေးဆွဲသင့်ပါသည်။
ဒေါ်ပန်းပုံပြင်ရဲ့ ပန်းချီပြခန်းဖွင့်ပွဲ
ရန်ကုန်မြို့လယ်က ပန်းချီပြခန်းတစ်ခုမှာပါ။ လူတစ်စုဟာ ပန်းချီကားတစ်ချပ်အပေါ်မှာ သဲသဲမဲမဲ အာရုံ ရောက်နေကြလေရဲ့။
နှင်းဆီပန်းပွင့်တွေ ၀ိုင်းရံထားတဲ့အလယ်မှာ ပီတိအပြုံးတွေဝေဆာနေတဲ့ အသက် သုံးဆယ်ကျော် လူရွယ်တစ်ဦးရဲ့ မျက်နှာပုံ ပန်းချီကားဘဲဖြစ်ပါတယ်။
အဲဒီနေ့က ပန်းချီပြခန်းဖွင့်ပွဲကို လာရောက်ပြီး အမှာစကားပြောကြားတဲ့ အသက် ၄၅ နှစ် အရွယ် ၀ါရင့်မြန်မာ့ ပန်းချီ ဆရာမကြီး တစ်ဦး ဖြစ်တဲ့ ဒေါ်ပန်းပုံပြင်က အဲဒီ ပန်းချီကားကို အသေအချာထပ်ကြည့်ဖို့ ပရိသတ်ကို ပြောလိုက်တယ်။ တစ်ဆက်တည်းမှာဘဲ မေးခွန်း တစ်ခုကိုလည်း မေးမြန်းလိုက်ပါတယ်။ ပန်းချီကားတွေနဲ့ အပြိုင် လျို့ ၀ှက်တဲ့ အလှပိုင်ရှင် ပန်းချီဆရာမကြီးရဲ့ စကားကို ပရိသတ် အားလုံး နားစွင့်နေကြတယ်။
“ရှင်တို့အနေနဲ့ ဒီပန်းချီကားမှာ ဘာကိုတွေ့ရပါသလဲ”
သူမကိုယ်တိုင်လည်း ပန်းပွင့်တွေအများကြီး ဝေေ၀ဆာဆာပန်ထားပြီး မရမ်းရောင်မျက်မှန်ကိုင်းကို တစ်ချက်ပင့်လို့ အနုပညာ မြောက်ပြီး ကျက်သရေရှိတဲ့ အပြုံးတစ်ပွင့်ကို ဖန်ဆင်းရင်း အသံမြှင့်မေးလိုက်တဲ့အခါ ပရိသတ်ရဲ့ စိတ်အာရုံဟာ ပန်းချီကားဆီကို ပြန်ရွေ့ သွားပြန်တယ်။
ပရိသတ်ထဲက အမျိုးသမီးငယ် တစ်ဦးက အခုလို ပြန်ဖြေခဲ့ပါတယ်။
“အချစ်ကို ရှာဖွေတွေ့ရှိပြီဖြစ်တဲ့ လူတစ်ဦးရဲ့ ပုံပါ”
သူမရဲ့ အဖြေကို ပြန်လည်ရွေရွတ်ရင်းနဲ့ နောက်ထပ်မေးခွန်းတစ်ခုကို ၀ါရင့်ပန်းချီဆရာမကြီး ဒေါ် ပန်းပုံပြင် ဟာ မေးမြန်းခဲ့ ပြန်တယ်။
“အချစ်ကို ရှာဖွေတွေ့ရှိပြီဖြစ်တဲ့ အမျိုးသားတစ်ဦး ဟုတ်လား...။ အဲဒီလိုပြောနိုင်ဖို့ ဒီပန်းချီကားမှာ ဘာကိုတွေ့ရလို့လဲ။ ...ဒီပန်းချီကားက အချစ်ကိုတွေ့ရှိခံစားနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးလို့ ဘာကြောင့်ကောက်ချက်ချ နိုင်ရတာလဲ။”
ပရိသတ်ထဲမှာ တီးတိုး ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်လာခဲ့တယ်။ အမျိုးသမီးငယ်ရဲ့ ပန်းချီကားအပေါ် သုံးသပ်ချက် အဖြေကို ထပ်ဆင့်ပြီး ဆွေးနွေးကြတာပါ။ ဆွေးနွေးချက်အချို့ကိုတော့ ဒေါ်ပန်းပုံပြင်က ပရိသတ် အားလုံးအတွက် ပြန်လည်ဖြည့်စွက် ဆွေးနွေးနေပါတယ်။ “ရှင့်ရဲ့ ထင်မြင်ယူဆချက်ဟာ သိပ်ဖြစ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့...” ။ အဲဒီနောက်မှာလည်း ပန်းချီဆရာမကြီးဟာ ပရိသတ်ကို တည်ငြိမ်အေးဆေးတဲ့ အသံနဲ့ ထပ်မေးခဲ့ပြန်တယ်။
“ရှင်တို့ နောက်ထပ်ပြီး ဘာတွေပြောနိုင်ပါသေးသလဲ”
လူရွယ်တစ်ဦးက အဖြေပေးခဲ့တာကတော့ -
“ဟာ..ရူးကြောင်မူးကြောင် လူတစ်ယောက်ပါဗျာ..”
အသက်အတော်ကြီးတဲ့ အမျိုးသမီးကြီးတစ်ဦးကတော့ -
“လူသားနဲ့ သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုကို ဆိုလိုတာဖြစ်တယ်”
အဲဒီလိုနဲ့ဘဲ ပန်းချီကားအပေါ် မတူညီတဲ့အမြင်နဲ့ သုံးသပ်ဝေဖန်မှုတွေ၊ ထပ်ဆင့်ဆွေးနွေးမှုတွေရှိနေတော့တယ်။
******
အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောခြင်း နည်းလမ်းများ
အထက်ပါ ဒေါ်ပန်းပုံပြင်၏ ပန်းချီပြခန်းမှ ဆွေးနွေးပြောဆိုမှုများမှာ ဗွီတီအက်စ် (VTS) ဟူ၍ ပညာရေးပညာရပ်နယ်ပယ်တွင် အသုံးပြုခေါ်ဝေါ်သော အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောမှုနည်းလမ်းများ visual thinking strategies ကို လက်တွေ့ သရုပ်ဖော်နေခြင်းပင်။ ပြခန်း၊ ပြတိုက်ပညာပေးသူများအနေဖြင့် ဤနည်းလမ်းကိုအသုံးပြုကြသည်။ ဗွီတီအက်စ်မှာ အနုပညာလက်ရာ၊ အနုပညာ ဖန်တီးမှုပစ္စည်းများမှတဆင့် ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်မှု (critical thinking)၊ ဆက်ဆံပြောဆိုရေးစွမ်းရည် (communication skills)၊ နှင့် အမြင်အာရုံခံစားတတ်သိမှုစွမ်းရည် (visual literacy)တို့ကို လေ့ကျင့်သင်ကြားခြင်း နည်းလမ်းတစ်ခုဖြစ်၏။ ကျောင်းပညာရေးတွင် ဤစွမ်းရည်တို့ကို သင်ရိုးညွှန်းတမ်းမှ တဆင့် လေ့ကျင့်ပေးသင့်ပါသည်။
မြန်မာနိုင်ငံ ကျောင်းသင်ရိုးညွှန်းတမ်း
မြန်မာနိုင်ငံတွင် (top ten ကျောင်းများနှင့် ရန်ကုန်ရှိ international schools များမှလွဲ၍) နိုင်ငံတ၀ှမ်းရှိ အစိုးရ ကျောင်းများ တွင် ခေတ်အဆက်ဆက် အနုပညာဘာသာရပ်ကို လေ့ကျင့် သင်ကြားမှု ပျက်ကွက် နေသည်ကိုလည်း ကြေကွဲ ၀မ်းနည်း ဖွယ်ရာ တွေ့ရှိရ သည်။ ၁၉၇၄ အခြေခံဥပဒေ၏ ပညာရေးအက်ဥပဒေတွင်လည်း “နိုင်ငံတော်သည် သိပ္ပံပညာရေးကို အထူးဦးစား ပေးမည်” ဟူသော အပိုဒ်နှင့်အတူ ၀ိဇ္ဇာပညာရပ်များ၏ တန်ဖိုးကျဆင်း နိမ့်ပါးခဲ့ရသည်။ အများပြည်သူလူထု၏ ပညာရေး အမြင် သဘောထား တို့ကိုလည်း လွဲမှားစွာ ပြောင်းလဲစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်နှင့်နှင့် သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း အတွက် ၀ိဇ္ဇာပညာရပ်များနှင့် အနုပညာဘာသာရပ်တို့၏ တန်ဖိုးတို့ကို မြှင့်တင်ပေးရန်မှာ လွန်စွာ အရေးကြီး လှသည်။ ရက်သတ္တ တစ်ပတ် စာသင်ချိန်တွင် ကျန်းမာရေး၊ အားကစား၊ လူမှုဆက်ဆံရေး၊ ပုဂ္ဂလဖွံ့ဖြိုးမှုနှင့် အနုပညာ ဘာသာ ရပ် အချိန်တို့ကို မည်မျှ ထည့်သွင်း၍ တိကျသော မည်သို့သောသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများဖြင့် လေ့ကျင့် သင်ကြား ပေးနေပါသနည်း။ ဘက်စုံမဖြစ်သော၊ အချိုးမညီသော၊ တစ်ဖက်စောင်းနင်း ကျောင်းသင်ရိုးညွှန်းတမ်းကြောင့် ကလေးတစ်ဦး တစ်ယောက်အတွက် သာမကဘဲ လူ့အဖွဲ့အစည်း၏ စွမ်းရည်များပါ ပြုန်းတီးပျက်စီးရပြန်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ အခြေစိုက် စတူဒီယိုဇန် Studio Xang ဟုအမည်တပ်ထားသည့် အနုပညာဘာသာရပ် ဖွံ့ဖြိုးရေး အစီအစဉ်မှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် အနုပညာဖန်တီးမှုစွမ်းရည်ကို လေ့ကျင့်ပျိုးထောင်ပေးရန် သင်တန်းများကို ဖွင့်လှစ် လျှက်ရှိသည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်သူပြည်သူများ၏ သားသမီးများ၊ ရွှေ့ပြောင်း မြန်မာ စာသင်ကျောင်း များစသည့် ကျောင်းအရေအတွက်အားဖြင့် ၅၀၀ ကျော်တွင် အနုပညာဘာသာရပ်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာတမ်းများ ပြုစုခြင်းနှင့် သင်တန်းများပေးခြင်းကို ၂၀၀၂ ခုနှစ်မှစတင်၍ လုပ်ဆောင်လျှက်ရှိသည်။
စတူဒီယို ဇန်၏ ပညာရေးပညာရှင်တစ်ဦးဖြစ်သူ မစ္စအဲစတယ်ကိုဟန်နီ (Ms.Estelle Cohenny) မှ အနုပညာရုပ်ပုံများဖြင့် လေ့ကျင့်သင်ကြားရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲများတွင် ဤသို့ တင်ပြလေ့ရှိသည်။ “ကလေးသူငယ်ဖွံ့ဖြိုးမှုမှာ အနုပညာ ရုပ်ပုံလွှာတွေကို ကိရိယာတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ကလေးများရဲ့ စိတ်ကူးစိတ်သန်းတွေ ဖွံ့ဖြိုးလာအောင် အားပေး ကူညီ နိုင်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုကို ပျိုးထောင်ပေးလို့ဖြစ်တယ်။ ဘ၀ရဲ့ စိန်ခေါ်ချက်တွေ၊ လောကဓံတရားတွေနဲ့ ရင်ဆိုင်လာရတဲ့ အခါမှာ မျှတတဲ့ စိတ်ခံစားချက်၊ သင့်တော်တဲ့ နှလုံးသွင်းဆင်ခြင်မှုတွေ ဖြစ်လာစေဖို့ကိုလည်း အနုပညာဘာသာရပ်က လေ့ကျင့် ပေးနိုင်ပါတယ်။”
သူမမှ ဆက်လက်ဆွေးနွေးရာတွင် “အနုပညာဆိုတာ ဘာသာစကားတစ်မျိုးပါ။ ကြားခံ ဆက်သွယ်ရေး ပုံစံတစ်ခုလည်းဖြစ်တယ်။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ပေးမယ်ဆိုရင် ပုဂ္ဂလဖွံ့ဖြိုးတိုးတက်မှု personal development ကို အများကြီး အထောက် အကူ ပြုနိုင်ပါတယ်။ အခြားသော ကျောင်းသင်ဘာသာရပ်တွေ၊ စွမ်းရည်တွေ လေ့လာရာမှာလည်း ပိုပြီးတော့ အဆင်ပြေ စေပါ တယ်။” ဟူ၍ အနုပညာဘာသာရပ်၏ တန်ဖိုးကြီးမားပုံကို အလေးထားဆွေးနွေးလျှက်ရှိသည်။
မမြင်တတ်၊ မခံစားတတ်သေးတဲ့ သူများ
ပညာရေး သုတေသနတွေ့ရှိချက်များအရ လူအများစုကြီးတွင် အမြင်အာရုံခံစားတတ်သိမှုစွမ်းရည် visual literacy မှာ နိမ့်ပါးခြင်း၊ လွန်စွာအားနည်းခြင်းများရှိနေသည်ကို တွေ့ရှိရခြင်းပင်။ သာဓကဆောင်ရသော် ရုပ်ပုံလွှာတစ်ခု၏ ပြင်ပ အပေါ်ယံအမြင် ကိုသာ ရှုမြင်တတ်ကြပြီး အတွင်းပိုင်းတွင် လျို့ဝှက်နက်ရှိုင်းစွာတည်ရှိနေသော အခြားသော အဓိပ္ပါယ် တို့ကို ခံစားသိမြင်နိုင်စွမ်း မရှိခြင်းဖြစ်သည်။ အထူးသဖြင့် ငယ်နုစဉ်က ကျောင်းပညာရေးတွင် လေ့ကျင့်ခွင့်များ မရရှိခဲ့ခြင်းမှာ ဤစွမ်းရည်ဖွံ့ဖြိုးစေရန် ပိုမို ခက်ခဲနိုင်ပါသည်။ ရသခံစားနိုင်မှုနှင့် စာနာစိတ်တို့ကိုလည်း ထိခိုက်စေသည်။
စွမ်းရည်များ ပြုစုပျိုးထောင်ခြင်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိသည့် ထိုင်း ဖန်တီးမှုနှင့် ဒီဇိုင်းဌာနတွင် ပြခန်းဖွင့်ထားသော ပညာရေးတွင် အမြင်အာရုံဖြင့် နားလည်ခံစားနိုင်ရေး အစီအစဉ်မှ ပညာပေးတာဝန်ခံ မစ္စတာဖီလစ်ရဲနာဝိုင်းမှ ဤသို့ပြောဆိုခဲ့သည်။
“ကျနော်တို့ အားလုံးဟာ မြင်တွေ့နေရတာတွေအပေါ်မှာ သိမြင်ခံစားနိုင်စွမ်းရှိဖို့အတွက် အချိန်မပေးနိုင်လောက်ကို ပြဌာန်း ခံထားကြရတာပါ။” သူ့အနေဖြင့် နှစ်ပေါင်းများစွာပင် အနုပညာမှတဆင့် ပညာရေးကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ပုံနှင့် ကျောင်းပညာရေး အောင်မြင်မှုတွင် အရေးကြီး ပုံတို့ကို လူအများ သိရှိနားလည်လာစေရန် အားထုတ်ခဲ့သည်။
သိမှုစိတ်ပညာရှင် ပညာရေးပါရဂူ ဒေါက်တာ အဘိဂေးဟူဆန်နှင့် အတူ ၁၅ နှစ်ကျော်ကြာမြင့်သည်အထိ သုတေသန ပြုခဲ့ရာမှာ ဗီတီအက်စ် VTS ကို ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ ကြိုးစားမှုမှာ ထိုက်တန်စွာ အသိအမှတ် အပြုခံထားရပြီလည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင်းရှိ ကျောင်း ၃၀၀ ကျော်တွင် VTS ကို သင်ရိုးညွှန်းတမ်း၌ ထည့်သွင်းအသုံးလာကြခြင်းမှာ သုတေသနပြုခြင်း၏ အောင်မြင်မှုပင်ဖြစ်သည်။
“အနုပညာကို စူးစမ်းလေ့လာခြင်းနဲ့ ဆွေးနွေးပြောဆိုခြင်းတွေကတဆင့် ကျမတို့ဟာ အမြင်အာရုံ ခံစားတတ်သိမှု visual literacy စွမ်းရည်ကို ပျိုးထောင်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ ရှုတ်ထွေးခက်ခဲတဲ့ စိတ်ကူးတွေ၊ အတွေးတွေကို နက်နက် ရှိုင်းရှိုင်း သိမြင်နိုင်စွမ်းပါ။ အပေါ်ယံကျောသာ သိမြင်မှုမဟုတ်တော့ဘူး” သူမ၏ ယုံကြည်ချက်ကို ဒေါ်ပန်းပုံပြင်မှ ဆွေးနွေးခဲ့သည်။ သူမကိုယ်တိုင်မှာလည်း မြန်မာကလေးများ၏ ကျောင်းပညာရေးတွင် အနုပညာ ဘာသာရပ်ဖွံ့ဖြိုးမှု အတွက် ကြိုးပမ်းနေသူ တစ်ဦးဖြစ်သည်။ စွန့်ပစ်ခံကလေးများ၏ ပညာရေးတွင် ပရဟိတ ကျောင်းများဖွင့်လှစ်ပြီး ပံ့ပိုး ကူညီနေသူဖြစ်သည့်အပြင် အနုရသပညာရေးအပေါ်တွင် သုတေသနပြု လေ့လာနေသူတစ်ဦးလည်းဖြစ်သည်။
ဤနည်းစနစ်ကို အချိန်ယူလေ့ကျင့်ပေးမည်ဆိုပါက ဆရာမကြီးမှ ကျောင်းသူကျောင်းသားများအနေဖြင့် ဝေဖန်ပိုင်းခြား တွေးတော တတ်မှု စွမ်းရည်ကို ဖွံ့ဖြိုးစေနိုင်ကြောင်းယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် အနုပညာလက်ရာ ပစ္စည်းများ တွင် အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ရန် အလေးထားကြည့်ရှု ရှာဖွေရခြင်း၊ စူးစမ်းဆင်ခြင်သုံးသပ်ရခြင်း၊ ကောက်ချက်ဆွဲရခြင်းနှင့် အထောက်အထားနှင့်အတူ တင်ပြရခြင်း တို့ပါရှိနေသည့် အတွက်ပင်ဖြစ်၏။
ကျောင်းသားများ၏ ဘာသာစကားစွမ်းရည်ကိုလည်း ဖွံ့ဖြိုးစေမည်ဖြစ်သည်။
“ကျမတို့ဟာ ကလေးတွေကို ဘယ်လို စာရေးရမယ်၊ စာဖတ်ရမယ်ဆိုတာတွေကိုတော့ သင်ပေးပါရဲ့။ သူတို့ တတ်မြောက်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် ဘယ်လိုပြောဆို ဆွေးနွေးရမယ်ဆိုတာကိုတော့ လေ့ကျင့်ဖို့အခွင့်အလမ်း များများမရှိကြဘူး။ မပြောတတ်ဘူးဆိုရင်တော့ ရေးလည်းရေးတတ်မှာ မဟုတ်ချေဘူး။” ဆရာမကြီး ဒေါ်ပန်းပုံပြင်၏ အမြင်သဘောထားများဖြစ်သည်။
သူမအနေဖြင့် ထပ်လောင်းပြောဆိုဆွေးနွေးပါသေးသည်။ “ကလေးတွေကို သူတို့ရဲ့ ခံစားသိမြင်မှုတွေကို ဖွင့်ဟပြောဆိုခွင့် အတွက် အခွင့်အလမ်းတွေ အများကြီးဖန်တီးထားရှိသင့်တယ်။ ဒါမှသာ ကလေးတွေဟာ ဥာဏ်ရည်အမျိုးမျိုးအသုံးပြုရတဲ့၊ ဦးနှောက်ကို အသုံးပြုရတဲ့ ဆွေးနွေးပွဲတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဝေါဟာရတွေ ကြွယ်ဝလာမှာဖြစ်တယ်”
အနုပညာလက်ရာပစ္စည်းများကို ဆွေးနွေးရာတွင် အသုံးပြုသည့် ဘာသာစကားမှာ ကျောင်းသားများ၏ စာရေး၊ စာဖတ်စွမ်းရည် အတွက်လည်းများစွာပင် အကျိုးပြုလေသည်။
စတင်သင်ကြားခြင်း
ဗွီတီအက်စ် VTS သီအိုရီမှာ ရှုတ်ထွေးသည်ဟူ၍ ထင်မြင်ဖွယ်ဖြစ်သည်။ သို့သော် လက်တွေ့အသုံးချခြင်းကိုမူ နားလည်ရန် မခဲယဉ်းလှပါ။ သီအိုရီကိုမိတ်ဆက်ခဲ့သူတို့မှ ၄ နှစ်အရွယ်ကလေးများမှ စတင်ပြီး အသက်အရွယ်မရွေး ဤနည်းလမ်းဖြင့် လေ့ကျင့်ပေးနိုင်ကြောင်းဆို၏။
ပထမဦးစွာ ဆရာမှ “တစ်တန်းလုံးပါဝင်ဆွေးနွေးနိုင်မည့် အနုပညာလက်ရာ တစ်ခုခု” ကိုရွေးချယ် ထုတ်နုတ်မည်။ ကျောင်းသား များ အတွက် စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ် တစ်ခုခုဖြစ်သင့်သည်။ သို့မှသာလျှင် တက်ကြွစွာ ပါဝင် ဆွေးနွေးကြပါလိမ့်မည်။ ကျောင်းသားတိုင်း အနေဖြင့် ပါဝင်နိုင်စေရန် အတွက်လည်း ရည်ရွယ်ရင်း ဖြစ်သည်။
ကျောင်းသားများမှ ရွေးချယ်ထားသည့် အနုပညာလက်ရာကို ခဏတာ ကြည့်ရှုလေ့လာ စူးစမ်းကြခြင်းဖြင့် စတင် သင်ကြားခြင်း ဖြစ်သည်။ မျက်မှောက်ခေတ်နည်းပညာများမှာ အရာရာကို အပေါ်ယံမျှသာ ကြည့်ရှုစေရန် တွန်းအားပေးသကဲ့သို့ရှိနေပါသည်။ အမှန်တကယ်တည်ရှိနေသည်တို့ကို တစ်ချက်မျှသာ ငဲ့စောင်းကြည့်ကြတော့သည်။
မေးခွန်း ၃ ခု
ပန်းချီရုပ်ပုံတို့ကို ခဏတာမျှ ကြည့်ရှုလေ့လာပြီးသော် ဆရာမှ ပထမဆုံးမေးခွန်းကို ပြန်မေးပြီး နောက်ထပ် အဖွင့်မေးခွန်း ၂ ခုခန့်ကို ဆက်မေးသည်။
“ဒီပန်းချီကားမှာ ဘာဖြစ်နေတာလဲ”
“အဲဒီလိုပြောဖို့ ဘာကို တွေ့လို့လဲ” နှင့်
“နောက်ထပ်ပြီး ဘာတွေများ တွေ့နိုင်သေးသလဲ” တို့ဖြစ်သည်။
“ဒီမေးခွန်းတွေကို မေးမြန်းခြင်းကတော့ ကလေးတွေအနေနဲ့ တက်ကြွစွာပါဝင်စေမှာဖြစ်ပါတယ်။” ဆရာမကြီး ဒေါ်ပန်းပုံပြင်မှ ဆိုသည်။ “ဘာကိုတွေ့သလဲ” ဆိုသည့်မေးခွန်းမှာ ပရိသတ်ကို ရုပ်ပုံထဲတွင် ပါရှိသည်တို့ကို သာလျှင် ရေတွက် ဖော်ပြခိုင်းသလို ဖြစ်သည်။ “ပန်းချီကားမှာ ဘာဖြစ်နေတာလဲ” ဆိုသည့် မေးခွန်းမှာမူ အပေါ်ယံလွှာ ရုပ်ပုံတို့ကို ကျော်လွန်ပြီး နောက်ကွယ်မှ အဓိပ္ပါယ်ကို ရှာဖွေဖော်ထုတ်ရန် တွန်းအားပေးခြင်းပင်ဖြစ်ကြောင်းလည်း ဆရာမကြီးမှ မိန့်ဆိုသည်။
ကလေးသူငယ်ပြုစု စောင့်ရှောက်ခြင်းတွင် ကျွမ်းကျင်သူ ဒေါ်ပန်းပုံပြင်မှ ထပ်မံ၍ “၃ နှစ်နဲ့ ၅ နှစ်အကြား ကလေးတွေ ဆိုရင် တော့ ‘ဘာကိုတွေ့သလဲ’ လို့မေးမြန်းနိုင်ပါတယ်။ သူတို့အသက်အရွယ်က ဘာသာ စကားပြောဆိုမှုနဲ့ ဝေါဟာတွေကို လေ့လာနေ ဆဲဖြစ်လို့ပါ။ ဒါပေမယ့် ကလေးကြီးတွေကိုတော့ ပိုပြီးတော့ စဉ်းစားတွေးတောရတဲ့ မေးခွန်းတွေနဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွပေးဖို့ လိုပါတယ်။” ဟူ၍ လမ်းညွှန်ခဲ့သည်။
ဒုတိယမေးခွန်းဖြစ်သည့် “အဲဒီလိုပြောနိုင်ဖို့ ဘာကို တွေ့လို့လဲ” မှာ ကလေးများ၏ ပထမအဖြေတို့ကို ဆရာမှ နားထောင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုပြီးနောက်တွင် မေးရန်ဖြစ်သည်။ သူတို့၏ မှတ်ချက်တို့ကို လေ့လာတွေ့ရှိမှုများ အပေါ်တွင် အခြေပြုပြီး ဆွေးနွေး စေရန်အတွက် မသိမသာ လှုံဆော်သင်ကြားပေးနည်းပင်ဖြစ်သည်။ ဤသည်မှာ ပိုင်းခြားဝေဖန်တွေးတောမှုကို ပြုစုပျိုးထောင် ရာတွင် အဓိကျသည့် စွမ်းရည်ပင်ဖြစ်၏။
တတိမြောက်မေးခွန်းဖြစ်သည့် “နောက်ထပ်ပြီး ဘာတွေများတွေ့နိုင်သေးလဲ” မှာ သူတို့၏ ယခင် တွေ့ရှိချက်များကို အသိအမှတ် ပြုပြီးလည်း ဖြစ်သည်။ ထို့အပြင် တစ်တန်းလုံး ဆွေးနွေးခြင်းကို ပြီးပြည့်စုံစေရန်နှင့် ကလေးများကိုယ်တိုင် စေငုသေချာစွာ စူးစမ်း လေ့လာစေရန် အားပေးခြင်းပင်ဖြစ်သည်။
အသိအမှတ်ပြုခြင်း
အရေးကြီးသည့်အချက်မှာ ကလေးတိုင်း၏ ထင်မြင်ယူဆချက်များနှင့် တင်ပြဆွေးနွေးမှုတို့ကို နားထောင်ပေးကြ ရန်ဖြစ်သည်။ ကလေးမှ ပြောဆိုနေသည့်အချက်ကို ညွှန်တံဖြင့် ထောက်ပြခြင်း၊ ဆရာဆရာမများအနေဖြင့် ချဲ့ ထွင် ရှင်းလင်း ပြောဆိုပေးခြင်းတို့ ပြုလုပ်နိုင်သည်။
“ဒီလိုလုပ်ခြင်းအားဖြင့် ကျောင်းသားတွေ မကြည့်၊ မမြင်မိသေးတဲ့အပိုင်းတွေကို ကြည့်ဖြစ်အောင် ဖန်တီးရာလည်းရောက်တယ်။ သူတို့ပြောဆိုတင်ပြတာကို နားထောင်နေပါတယ် ဆိုတဲ့သဘောလည်းပါတယ်။ အမြင်အာရုံ ကျက်စားခြင်းနဲ့ အပြန်အလှန် တင်ပြမှု တွေ ဖြစ်လာတယ်။” ဒေါ်ပန်းပုံပြင်မှ ဆိုပါသည်။
“လူတွေ၊ ကလေးတွေပြောတာကို ပြန်လည်ပြောဆိုပေးခြင်းဟာ သူတို့တင်ပြပြောဆိုမှုတွေကို လက်ခံတယ်ဆိုတာရယ်၊ နားလည် သဘောပေါက်ပါတယ်ဆိုတာရယ်ကို သိရှိစေမယ်။ သူတို့ပြောတဲ့စကားအတိုင်းအတိအကျ ပြန်ပြောရင် နားထောင်ပါတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခြားစကားလုံးတွေနဲ့ ပြန်ပြင်ပြီးပြောတဲ့အခါကျတော့ နားလည်သဘောပေါက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တကယ်လို့ နားလည်မှုလွဲသွားရင်လည်း သူတို့က ပြန်ပြင်ပေးနိုင်သေးတယ်။” ကြားရသည့်စကားများအပေါ်မှာ အခြားစကားလုံးသုံးပြီး ပြန်လည် ပြောဆိုမှု၏ အကျိုးကျေးဇူးရှိပုံကို ကလေးသူငယ်ပြုစုစောင့်ရှောက်သူ ပန်းချီဆရာမကြီးက ပြောပြခဲ့သည်။
ဘက်လိုက်မှုမရှိဘဲ ပြန်လည်ပြောဆိုခြင်းကို ဆိုလိုပါသည်။ ကောက်ချက်ချ၊ ဝေဖန်မှုများကိုလည်း ကြိုဆိုလက်ခံသင့်သည်။ တန်းတူ တန်ဖိုးထားသင့်ပါသည်။ ကောက်ချက်ချမှုတို့ကို ပြန်လည်ပြင်ဆင်ပေးခြင်းနှင့် ဖြည့်စွက်ခြင်းများမပြုလုပ်သင့်ပါ။ သို့မှသာ ကျောင်းသူ ကျောင်းသားများအနေဖြင့် သူတို့အပေါ်တွင် တန်ဖိုးထားမှုကို နားလည်ခံစားနိုင်ပါလိမ့်မည်။ ကျွမ်းကျင်သော ဆရာဆရာမများ အနေဖြင့် ကျောင်းသားများ၏ အဖြေများသည် ရှင်းလင်းတိကျစေရန် လမ်းညွှန် ကူညီနိုင်ပါလိမ့်မည်။
အမှားပြင်ဆင်ပေးခြင်းများကို အစဉ်အမြဲမလုပ်ခြင်းဖြင့် ကျောင်းသားများသည် လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြခွင့်ရရှိစေပါသည်။ ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးစေရန် များစွာ အထောက်အကူပြုပါလိမ့်မည်။
ဆရာမှ ကျောင်းသားများ၏ မတူညီသော စဉ်းစား တွေးတောချက်များ၏ အဆက်အစပ်တို့ကို ထောက်ပြပေးနိုင်ပါသည်။ စဉ်းစား တွေးတောချက်တစ်ခုမှနေ၍ အခြားသောတွေးတောချက်တစ်ခုသို့ ဆင့်ကဲပြောင်းလဲနိုင်ပြီး အဓိပ္ပါယ်များ ပေါ်ထွက် ရရှိလာပုံ ကိုလည်း ရှင်းပြနိုင်သည်။
“အဓိကအချက်ကတော့ စိတ်ကူးစိတ်သန်းတွေရဲ့ အရွေ့သဘော၊ ဆင့်ကဲဖြစ်တည်မှုသဘောကို သင်ကြားပေးနိုင်တာပါ။ ဒီလိုဆိုရင် ပထမဆုံးစိတ်ကူး၊ စဉ်းစားမှုမှာတင် ရပ်တန့်မနေဘဲ အခြားသော ဖြစ်နိုင်ချေတွေကို တွက်ဆမိလိမ့်မယ်။ သူများတွေရဲ့ ဆွေးနွေး တင်ပြချက်တွေကို နားထောင်ခြင်းဟာ မိမိရဲ့ လေ့လာမှုကို ပိုမိုအားကောင်းစေနိုင်ပြီး စဉ်းစားချက်တွေကိုလည်း ပိုမို ဝေဆာ စေမှာပါ” ဒေါ်ပန်းပုံပြင်မှ အကြံပြု လမ်းညွှန်ထားသည်။
အမြင်အာရုံခံစားမှုဖြင့် စဉ်းစားတွေးတောမှုနည်းလမ်းများ Visual Thinking Strategies (VTS)၏ တန်ဖိုးများ
ကျောင်းသင်ရိုးညွှန်းတမ်း၏ အစိတ်အပိုင်းနှင့် သင်ကြားနည်းလမ်းတစ်ခုဖြစ်သည်။
နောက်ဆက်တွဲ အသုံးချနိုင်မှုများ
အမြင်အာရုံဖြင့် စဉ်းစားတွေးတောမှုစွမ်းရည်ကို လေ့ကျင့်သင်ကြား
(ဗွီတီအက်စ်)မှာ အနုပညာဘာသာရပ် သင်ကြားခြင်း (သို့မဟုတ်) ပြတိုက်တစ်ခုခု (သို့မဟုတ်) အနုပညာပြခန်းတစ်ခုခုသို့ လည်ပတ်ခြင်းတို့ဖြင့်သာလျှင် ဘောင်ခတ်မထားသင့်ပါ။ ဆရာဆရာမများအနေဖြင့် အခြားသော ဘာသာရပ်အသီးသီးတွင်လည်း အခွင့်အခါ သင့်သလို ပေါင်းစပ် ထည့်သွင်း အသုံးပြု နိုင်ပါသည်။ သိပ္ပံ၊ လူမှုရေး၊ ဘာသာစကား စသည့် ကျောင်းသင်ရိုး ဘာသာရပ် အသီးသီးတွင်လည်း သင်ကြားနည်း တစ်ခု အနေဖြင့် အသုံးပြုသင့်သည်။ ဥပမာအားဖြင့် ရာသီဥတု မြေပုံပိုစတာ၊ လေပြွန်ထဲတွင် နှံကောင်၏ တောင်ပံခတ်နေသည့် ဓါတ်ပုံ စသည်တို့ဖြင့် ဗွီတီအက်စ် (VTS) သင်ကြားနည်းကို ပေါင်းစပ် အသုံးပြုနိုင်သည် မဟုတ်ပါလော။ အထက်ပါ အနုပညာ ပြခန်း တွင် မေးမြန်းခဲ့သည့် မေးခွန်း ၃ ခုကို မေးမြန်းခြင်းဖြင့် တစ်တန်းလုံး ပါဝင်ဆွေးနွေးနိုင်ပါမည်။ ကဗျာတစ်ပုဒ်၊ သို့မဟုတ် အခြားသော ဖတ်စာတစ်ခုခုကို ဖတ်ရှုကြပြီးသည့် နောက်တွင် လည်း အထက်ပါနည်းလမ်းတို့ကို အသုံးပြု သင်ကြားနိုင်သည်။
ချုပ်၍ဆိုရသော် ကျောင်းသားများအား အနုပညာလက်ရာ၊ ပစ္စည်းတစ်ခုခုကို ကြည့်ရှုစေပြီး အနုပညာပုံစံ၊ စတိုင်၊ အသုံးပြုသည့် နည်း (တက်ကနိ)၊ နှင့် ခေတ်သက္ကရာဇ် အချိန်ကာလ စသည်တို့ကို မေးမြန်းခြင်းအပြင် အမြင်အာရုံ ခံစားမှုဖြင့် စဉ်းစား တွေးတောမှု နည်းလမ်း (VTS) ကိုအသုံးပြုပြီး သင်ကြားခြင်းပင်ဖြစ်သည်။ ရသခံစားမှုနှင့် အနုပညာ သမိုင်းကြောင်းအပြင် ပိုင်းခြားဝေဖန် စဉ်းစားတွေးတောမှုစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်၊ အမြင်အာရုံ ဆိုင်ရာ ခံစားတတ်သိနိုင်စွမ်း တို့ကိုလည်း ဖွံ့ဖြိုး စေနိုင်ပါသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံ ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းများတွင် အနုရသပညာဘာသာရပ်၏ အခန်းကဏ္ဍပိုမို ထင်ရှား ပေါ်လွင်လာနိုင်မည်ဟုလည်း မျှော်လင့်မိပါသတည်း။ ။
သိန်းနိုင်
ထိုင်း-မြန်မာနယ်စပ်တစ်နေရာ
ဖေဖော်ဝါရီ ၂၀၁၀
Monday, January 18, 2010
ကလေးဗဟိုပြု ပညာရေး အပိုင်း (၁) စာသင်ခန်းအတွင်းက တစ္ဆေတစ်ကောင် |
ကလေးဗဟိုပြုပညာရေးမှာ စာသင်ကြားနည်းတွေကိုသာအဓိကထားပြောင်းလဲရုံနဲ့မလုံလောက်ပါ။ ကလေးဗဟိုပြု စဉ်ဆက်မပြတ်ဘက်စုံစစ်ဆေးခြင်းကို မလွဲမသွေဆောင်ရွက်သင့်ပါတယ်။
သိန်းနိုင်
ဆရာအတတ်သင် ကောလိပ်များတွင် “ကလေးဗဟိုပြုပညာရေး” ကို ကျင့်သုံးရန် အတွက် စာသင်ကြားခြင်း နည်းလမ်းများကို ကျယ်ပြန့်စွာ လေ့လာကြရပါသည်။ ကလေး ဖွံ့ဖြိုးမှု ပညာ၊ သင်ယူ လေ့လာခြင်း သဘောတရား၊ စွမ်းရည် အထွေထွေနှင့် သင်နည်းများကို ဆက်စပ်၍လည်း ဆည်းပူးခဲ့ကြသည်။ စီမံချက်ဝင်မြို့နယ်များတွင်လည်း အခြေခံပညာ ဦးစီးဌာနနှင့် နိုင်ငံတကာ အန်ဂျီအိုများ၊ ယူနီဆက် - မြန်မာတို့မှ ကမကထပြု၍ ရက်တိုသင်တန်းများကို ဖွင့်လှစ်ပေး ကြသည်။ အထူးသဖြင့် စာသင်ကြားနည်းများကို အဓိကထား ပြောင်းလဲခြင်းကို တွေ့မြင်ရပါသည်။ ကလေးဗဟိုပြု ပညာရေး ဖြစ်ထွန်းရန်မှာ ပညာရေး၏ ကဏ္ဍတိုင်းမှာ ကလေးကို ဗဟိုပြု ရမည်ဟု ရိုးရှင်းစွာ နားလည်နိုင် ၏။ ကလေးဗဟိုပြု သင်ကြားနည်း ဖြစ်ရုံနှင့် လုံလောက်ပါ၏လော။ အခြား မည်သည်တို့ကို ဗဟိုပြုရပါနည်း။
ကလေးဗဟိုပြုဟု ဆိုကြရာဝယ် ဆရာကို ဗဟို မပြုတော့ဟူ၍ များသောအားဖြင့် သိမြင်ထားကြသည်။ မှန်သင့် သလောက်တော့ မှန်ကန်ပါသည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပါ။ ကလေးဗဟိုပြုဟု ဆိုသည်နှင့် ပထမဆုံး အနေဖြင့် ဗဟိုမပြုအပ်သော အရာများကို နားလည်ထားကြသင့်သည်။
(၁) ဆရာဗဟိုမပြုခြင်း (သင်နည်း)
(၂) ဖတ်စာအုပ်ဗဟိုမပြုခြင်း (အကြောင်းအရာ)
(၃) ဘာသာရပ် ဗဟိုမပြုခြင်း (ပညာရပ်နယ်ပယ်)
(၄) စာမေးပွဲ ဗဟိုမပြုခြင်း (စစ်ဆေးမှု)
(၅) အလွတ်ကျက်မှတ်၊ အာဂုံရွတ်ဖတ်မှုကို ဗဟိုမပြုခြင်း (လေ့လာပုံ)
(၆) အဆင့်တစ်၊ ပထမကို ဗဟိုမပြုခြင်း (ချီးကျူးဂုဏ်ပြုပုံ)
အပြောကျယ် ပြန့်လှပါသည်။ ကလေးဗဟိုပြုပညာရေးဟု ခေါ်ဆိုထိုက်အောင် အားထုတ်ရာတွင် အနည်းဆုံးအားဖြင့် ဤငါးမျိုးကို ဆက်စပ် ဆောင်ရွက်နိုင်ရာသည်။
(၁) ကလေးဗဟိုပြု သင်ကြားခြင်း၊ (သင်နည်း)
(၂) ကလေးဗဟိုပြု အကြောင်းအရာ (သင်ခန်းစာ၊ အကြောင်းအရာ၊ ပညာရပ်)
(၃) ကလေးဗဟိုပြု စဉ်ဆက်မပြတ်၊ ဘက်စုံ စစ်ဆေးခြင်း (စစ်ဆေးမှု)
(၄) ကလေးဗဟိုပြု ချီးကျူး ဂုဏ်ပြုခြင်း (ချီးကျူးခြင်း)
(၅) စဉ်းစား တွေးခေါ်မှုဖြင့် လေ့လာခြင်းကို ဗဟိုပြုခြင်း (သင်ယူလေ့လာပုံ)
ဤ ၅ မျိုးကို စုစည်း၍ “ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း” ဟု ခေါ်ဆိုနိုင်ပါသည်။
ယခုအပတ်တွင် ပညာရည် တိုးတက်မှုကို တိုင်းတာစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပါမည်။
တစ်ဆောင်တစ်ရောင် စာမေးပွဲစနစ်
အစဉ်အဆက် မြန်မာ့ပညာရေးကို လွှမ်းမိုးနေခဲ့သော “တစ်ဆောင်တစ်ရောင်” စာမေးပွဲစနစ်၏ ဆိုးကျိုးများကို ဤနေရာတွင် အကျယ်ချဲ့မဆွေးနွေးတော့ပါ။ မူလတန်းမှစတင်ကာ ပညာရေးဟု ဆိုလိုက်သည်နှင့် အားလုံးမှ “စာမေးပွဲ” ကို ပြေးမြင်ခဲ့ကြသည်။ ကျောင်းပညာရေး၏ ကောင်းမြတ်သော ရည်ရွယ်ချက်များမှာ ဤစာသင်ခန်းများအတွင်း မွေးထားသော “တစ္ဆေကြီး” ၏ အချိန်ပြည့် ပြုစားမှုကြောင့် စုန်းစုန်းမြ§ပ်လုနီးပါး ပျောက်ကွယ်ခဲ့ရသည် မဟုတ်ပါလော။ ထိုမျှသာမကသေး။ မျိုးဆက်များကို အဂတိ တရားလေးပါး မရှောင်ရှားနိုင်စေရန်ကိုလည်း တမင်တကာ ဖန်တီးထား ဘိသကဲ့သို့ ဖြစ်ခဲ့ရချေသည်။ စာမေးပွဲများ အောင်မြင်သွားရုံနှင့် စာအမှန်တကယ်တက်မြောက်သွားပါသလား။ အထူးပြုပြင် ပြောင်းလဲရမည်ကို အားလုံးအနေဖြင့် ကိုယ်တိုင် ခံစား သိမြင်ပြီးဖြစ်ပါလိမ့်မည်။ သို့ဖြစ်လေရာ စဉ်ဆက်မပြတ်နှင့် ဘက်စုံ စစ်ဆေးခြင်း continuous and comprehension assessment ကို ကျင့်သုံးရန် လိုအပ်ချက်ကိုလည်း ငြင်းဆိုမည် မဟုတ်ဟု ယုံကြည်ပါသည်။
စစ်ဆေးခြင်းဆိုရာဝယ်
“ပညာရေးဆိုင်ရာ စစ်ဆေးခြင်းစာအုပ်” ကို ရေးသားပြုစုခဲ့သူ ပီတာ အိုင်ရာဆီယန် Peter Airasian မှ ဤသို့ တင်ပြခဲ့သည်။ “ပညာရည်တိုးတက်မှု စစ်ဆေးခြင်းဆိုတာဟာ ဖြစ်စဉ်တစ်ခုပါ။ စာသင်ခန်းအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ရာ အချက်အလက်တွေ ရယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သတင်းအချက်အလက်တွေကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း တွေပါဝင်တယ်။ တပည့်လေးတွေနဲ့ပတ်သက်လို့ အချက်အလက်တွေ၊ သင်ကြားနည်းလမ်းတွေ၊ စာသင်ခန်းတွင်း အခြေ အနေတွေ သိရှိဖို့ စုဆောင်းရတယ်။” ဤအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ကျယ်ပြန့်သော သဘောရှိ၏။ ဤကဲ့သို့ စစ်ဆေးခြင်း နည်းလမ်းကို အလေးအနက်ထားပြီး ကျောင်းများတွင် အသုံးချမည်ဆိုပါက ကျောင်းသားများ၏ သင်ယူလေ့လာပုံနှင့် စဉ်ဆက်မပြတ် သင်ယူ လေ့လာခြင်းတို့အတွက် အကျိုးများစွာရှိမည်။
ဖြစ်ပုံ
စာသင်ကြားခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်များတွင် စစ်ဆေးခြင်းအပိုင်းကို အသေအချာသိနားလည်မှုမရှိခြင်း၊ တလွဲ နားလည်ထားခြင်းတို့ကြောင့် ဆရာမှ ကျောင်းသားများကို ရှင်းလင်းခြင်းမရှိဘဲ A, B, C, D စသည့် စကားလုံး များဖြင့် ဖြစ်စေ၊ ရမှတ်ရာခိုင်နှုန်းဖြင့်ဖြစ်စေ ပေးကြ၏။ မိဘများနှင့် ကလေးများအနေဖြင့်မူ မည်မျှအထိ ကောင်းစွာ သင်ယူ လေ့လာဖြစ်ခဲ့သည်ကို သူတို့ဖာသာ အဓိပ္ပါယ်ကောက်ယူ ကြရလေသည်။ မိဘများမှ ကလေးများအပေါ်တွင် “တော်လိုက်တာ” “သိပ်ညံ့တာဘဲ” “မဆိုးပါဘူး” စသည်ဖြင့် (တလွဲ) တံဆိတ်များ ကပ်ကြတော့သည်။ ဤသို့ စစ်ဆေးခြင်း နှင့် အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့် ကျောင်းပညာရေး၏ အဓိက ရည်မှန်းချက် ဖြစ်သော ကလေးတိုင်း သင်ယူ လေ့လာခွင့် ရရှိစေရန်နှင့် ကလေးဗဟိုပြုပညာရေးဆိုသည့် အခြေအနေတို့မှာ ထင်သလောက် ခရီးမပေါက်သေးပါ။
သုံးပွင့်ဆိုင် တွေ့ဆုံရေး
“မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာကောင်း” ဟူ၍ လေးနက်သော မြန်မာ့ ပညာရေး ဆိုရိုးစကားကို မည်မျှအထိ လိုက်နာ ကျင့်သုံးကြပါသနည်း။ ၀မ်းနည်းဖွယ်ရာ ကောင်းသည်မှာ မိဘတစ်ဦးဦး ကျောင်းသို့ လာပြီဆိုပါက ကျောင်း စည်းကမ်း ဖေါက်ဖျက်မှုဖြင့် ပြစ်ဒဏ်ခတ်၊ အရေးယူခြင်းခံရသော ကျောင်းသားတစ်ဦးဦးကြောင့် ကျောင်းအုပ်ကြီးက ခေါ်ယူတွေ့ဆုံပြီး ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းရန်သာ ဖြစ်လေသည်။ ပညာရည်တိုးတက်မှုအတွက် ကလေးတိုင်း၏ မိဘများနှင့် ဆရာ ဆရာမများ မည်သို့ ပူးပေါင်းဆောင်ရွက်ကြသည်ကို ဆန်းစစ်ချိန်တန်ပါပြီ။ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြသင့်သည်။ ရိုးရာဆိုရိုးစကားများမှာ စာအုပ်ထဲတွင်သာ သိမ်းဆည်းထားရန် မဟုတ်ပါ။ ကျောင်းဆောင်ပုဒ် တို့မှာလည်း ကျောင်းဝင်းအတွင်း ချိတ်ဆွဲထားရုံသာ မဖြစ်သင့်ပါ။
မည်သည့် စစ်ဆေးမှုမဆို တရားဝင်ရန်နှင့် အသုံးပြုနိုင်ရန်မှာ ကျောင်းသားများ ဘာကို လေ့လာ ဆည်းပူး ပြီးခဲ့သည်၊ မည်မျှအထိ တတ်မြောက် နားလည်သည်တို့ကို ညွှန်ပြထားရှိရမည်။ သင်ယူလေ့လာမှု၏ အရေးကြီးသော သွင်ပြင် လက္ခဏာများကို ရှင်းလင်းစွာ ဖော်ပြ ထားရုံမကဘဲ အသေးစိတ်ကိုလည်း ဆွေးနွေးထားရှိ ပြန်သည်။ ပို၍ အရေးကြီးသည့် အချက်မှာ စစ်ဆေးမှု၏ ရလဒ်တို့ကို ကျောင်း ဆရာဆရာမများအကြား၊ မိဘနှင့် ဆရာအကြား၊ ဆရာနှင့် ကျောင်းသား အကြား၊ ကျောင်းအုပ်နှင့် ဆရာမများအကြား၊ ကျောင်းအုပ်နှင့် မိဘများ အကြားတို့တွင် အဓိပ္ပါယ်ရှိပြီး ပညာရေး အပြု သဘောဆောင်သော တွေ့ဆုံ ဆွေးနွေးမှုများအတွက် အသုံးပြု သင့်ခြင်းပင်ဖြစ်သည်။ ဤ ဆွေးနွေးမှုများတွင် ပါဝင်သူ အားလုံးမှာ သင်ကြားခြင်း၊ စီမံခန့်ခွဲခြင်းနှင့် သင်ယူခြင်း ဖြစ်စဉ်တို့တွင် သက်ဆိုင်ရာအလိုက် ပိုမို ကောင်းမွန်ပြီး အကျိုး ဖြစ်ထွန်းသော လုပ်ဆောင်ချက်များ အတွက် ကိုယ်စီ တာဝန်ယူကြပြီးလျှင် ပညာရေး တိုးတက်မှုအဆင့်ကို မြ§င့်တင်ပေး နိုင်ပါလိမ့်မည်။ မတွေ့ဆုံ၊ မဆွေးနွေးခြင်းဘဲနေပါက တစ်ကျောင်းလုံး စစ်ဆေးခြင်းနှင့် ရီပို့ဒ်ကဒ်များ ပို့ပေးခြင်းမှာ သိပ်အကျိုး မထူးလှပါချေ။
တွေ့ဆုံရာတွင်လည်း ၆ လပတ် ရီပို့ကဒ် ပေးပို့သည့် အချိန်တိုင်း ကလေးတိုင်း၏ မိဘများနှင့် အတန်းပိုင်ဆရာတို့ တစ်ဦးလျှင် ၅ မိနစ်၊ ၁၀ မိနစ်ခန့်တွေ့ဆုံပြီး ပညာရည် တိုးတက်မှုအပိုင်းကို ဆွေးနွေးကြခြင်းဖြစ်သည်။ မိဘတိုင်းမှ လာရောက် တွေ့ဆုံကြရမည်။ ကလေးများလည်း လိုက်ပါနိုင်သည်။ ဤသို့ “မိဘ” “ဆရာ” “ကလေး” သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုမှာ ပညာရေး တန်ဖိုးများစွာ ပါရှိလေသည်။
အချက်အလက်ရယူပါ
ပညာရေး စစ်ဆေးခြင်း ဖြစ်စဉ်တွင် ပထမဆုံး အဆင့်ဖြစ်သည်။ ဆရာအတတ်ပညာသင်တန်းများတွင် မေးခွန်းလွှာ မည်သို့ တည်ဆောက်ရမည်၊ မေးခွန်းထုတ်ပုံ ထုတ်နည်းတို့ကို သင်ယူလေ့လာကြရသည်။ သို့ရာတွင် “တရားဝင်မှုရှိသော စစ်ဆေးခြင်း” ကို မည်သို့ပြုလုပ်ရမည်ကိုကား ဆရာတိုင်း အသေအချာသိချင်မှ သိပါမည်။ “တရားဝင်မှုရှိသော စစ်ဆေးခြင်း” ဟုဆိုရာဝယ် သင်ယူ လေ့လာခြင်းကို တိကျစွာ တိုင်းတာ စစ်ဆေးနိုင်ခြင်းမည်သည်။ စာသင်ခန်းတွင်းမသင်သော အကြောင်းအရာများ၊ လွန်စွာ လှည့်စား၍ မေးခွန်းထုတ်ခြင်းများမှာ စိတ်ဝင်စားဖွယ်ရာ၊ ပျော်စရာ ဟု ထင်မြင်ကောင်း ထင်မြင်ပါလိမ့်မည်။ လုံးဝ မပြုလုပ်အပ်သောအရာဖြစ်သည်။ တိုင်းတာစစ်ဆေးခြင်း၏ ကိုးစားခိုင်လုံ နိုင်မှုကို များစွာထိခိုက်စေပါသည်။ အချို့သောဆရာများမှာ ကလေးများမဖြေဆိုနိုင်သောအခါဝယ် ၀မ်းသာခြင်းပင် ဖြစ်တတ်ကြသည်။ ဘာသာရပ် အကြောင်းအရာမှာ ခက်ခဲခြင်း၊ သူတို့၏ သင်ကြားခြင်းမှာ အဆင့်မြင့်လွန်းစွာ ရှုပ်ထွေးခြင်း တို့ကြောင့်ဖြစ်သည်ဟု ယူဆကြပြန်သည်။ ဤဆရာဆရာမများ သတိမပြု မိသောအချက်မှာ စာသင်ယူလေ့လာခြင်း မဖြစ်ခဲ့ခြင်းပင်။ “စာမသင်တတ်သော” ကျောင်းဆရာ ဆရာမများ ဖြစ်ကြရရှာသည်ကို သူတို့ကိုယ်တိုင် မသိမမြင်နိုင်ခြင်းပင်တည်း။ သို့ဖြစ်လေရာ ကျောင်းသားများ၏ ပညာရေးတွင် ကျရှုံးမှုမှာ ညံ့လွန်းသော စာသင်ကြားခြင်း (သို့မဟုတ်) တရား မ၀င်သော စစ်ဆေးခြင်း နည်းလမ်း (သို့မဟုတ်) ၂ ခု စလုံး ကြောင့်ဖြစ်နိုင်ပါသည်။ ကျောင်းသားများ၏ သင်ယူ လေ့လာနိုင်စွမ်းကြောင့် မဟုတ်ပါ။
ခွဲခြမ်းစိတ်ဖြာခြင်း
အပတ်စဉ်၊ လပတ်၊ အခန်းဆုံး မေးခွန်းထုတ်စစ်ဆေးမှုမှာ စစ်ဆေးခြင်းပုံစံ တစ်မျိုးသာလျှင် ဖြစ်ပါသည်။ အသုံးပြုရမည့် အခြားသော စစ်ဆေးမှုနည်းလမ်းများစွာရှိနေသေးသည်။ စီမံကိန်းသင်ခန်းစာများ၊ နှုတ်မေး၊ နှုတ်ဖြေ၊ အတန်းရှေ့ထွက် တင်ပြဆွေးနွေးခြင်းများ၊ ဖိုင်တွဲစနစ်ဖြင့် စစ်ဆေးခြင်း၊ အုပ်စုအလိုက် စူးစမ်းလေ့လာခြင်း စသည်တို့မှာ အခြားသော စစ်ဆေးနည်းလမ်း အချို့ဖြစ်ပါသည်။ ကလေးများမှာ သင်ယူလေ့လာပုံမတူညီတတ်ပါ။ သူတို့အားလုံးမှာ သူတို့နည်း သူတို့ဟန်ဖြင့် အကြောင်းအရာအသစ်၊ အယူအဆအသစ်ကို သိမြင်နားလည်ရန်အားထုတ်ကြခြင်းဖြစ်သည်။ တစ်ပုံစံ တည်း မသတ်မှတ်နိုင်ပါ။ ထို့အတူ စစ်ဆေးရာတွင်လည်း ပုံစံတစ်မျိုးတည်းကို အသုံးမပြုသင့်ပါချေ။ မတူကွဲပြားသော သင်ယူလေ့လာပုံတို့ကို အကျူံးဝင် စစ်ဆေးနိုင်စေရန် အလို့ငှါ ပညာရည်တိုးတက်မှုကို တိုင်းတာ စစ်ဆေးသော နည်လမ်း အမျိုးမျိုးကို မျှတစွာ အသုံးပြုမှသာလျှင် ကောင်းသော စစ်ဆေးမှုဟု ဆိုနိုင်ပါလိမ့်မည်။
အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းခြင်း
မိဘများနှင့် ကလေးများမှာ ကောင်းစွာ နားလည်သဘောပေါက်မှု မရှိနိုင်သော အက္ခရာစာလုံးများနှင့် ရမှတ် ရာခိုင်နှုန်း ကိန်းဂဏန်းများမှာ အဓိပ္ပါယ်များစွာမရှိပါ။ စစ်ဆေးမှုကို တိုင်းတာသော အက္ခရာစာလုံးများနှင့် ရမှတ် ရာခိုင်နှုန်းတိုင်းမှ အရေးကြီးသော တစ်စုံတစ်ရာပြောပြနေသည်မဟုတ်ပါလော။ ကလေး၏ ပြီးခဲ့သည် အပတ်၊ လ၊ နှစ်ဝက်တွင် ဖြတ်သန်း ခဲ့သော ပညာသင်ယူရေးခရီးစဉ် ပုံပြင်ပင်တည်း။ စစ်ဆေးမှုရလဒ်ကို အဓိပ္ပါယ်ပြည့်ဝစွာ သိမြင်နားလည်လျှင် ကလေး၏ စွမ်းဆောင်နိုင်ရည်ကို တိတိကျကျ ပြည့်ပြည့်စုံစုံ သိမြင်နိုင်မည်။
ဝမ်းနည်းစရာကောင်းသည်မှာ ကလေးဗဟိုပြု ပညာရေး ကို အကောင်အထည် ဖော်ဆောင်ရန် ကြိုးပမ်းချက်များတွင် ဤအပိုင်းကိုကျယ်ပြန့်စွာ မဆွေးနွေး နိုင်သေးခြင်းပင် ဖြစ်ပါသည်။ ဆရာအတတ် ပညာရေး တွင်လည်း အသေအချာ မလေ့ကျင့်ပေးကြသေးပါ။ ပညာရေး စာအုပ်များတွင်လည်း နောက်ဆုံး အခန်းအနေဖြင့် ထားရှိပြီး ပါရုံဆိုကာမျှ ထည့်သွင်းထားခြင်းကို တွေ့ရပြန်ပါသည်။ ပညာရည် တိုင်းတာ စစ်ဆေးမှုမှာ ပညာသင်ကြားရေးနှင့် သင်ယူရေးတွင် စတင်သည်နှင့် စဉ်ဆက်မပြတ် လုပ်ဆောင်ရမည့် အရေးကြီးသော အစိတ်အပိုင်းဖြစ်ရသည်ကို အဘယ်မှာ နားလည်နိုင်ပါမည်နည်း။ ပညာရည် စစ်ဆေးမှုရလဒ်များကို ထိရောက်စွာ အသုံးပြု နိုင်ရန်အတွက် ဆရာဆရာမများ အနေဖြင့် သင်ခန်းစာ ပထမဆုံးအချိန်ကတည်းကပင် ဤအချက်ကို အလေးအနက်ထား စဉ်းစား ရပါလိမ့်မည်။
သုံးပွင့်ဆိုင် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း
စစ်ဆေးမှု ရလဒ်များမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း တိုးတက် ကောင်းမွန်ရန်အတွက် ဖြစ်သည်။ ၂ ဖက်စလုံးကို စစ်ဆေးမှုဖြစ်၏။ စစ်ဆေးမှု ရလဒ်များကို ဆရာဆရာမများမှ မိမိတို့၏ စာသင်ကြားမှု နည်းလမ်းများ အပေါ်တွင် ပြန်လှန် သုံးသပ်ခြင်းဖြင့် တိုးတက်မှုကို ရှာဖွေနိုင်သည်။ ကလေးများ၏ တတ်မြောက်မှု၊ တစ်တန်းလုံး အခြေအနေ၊ ဘာသာရပ် တစ်ခုလုံးအပေါ် သိနားလည်မှုနှင့် အထက်ပါအချက်များ ဆက်စပ်နေမှုတို့ကို ရလဒ်များမှ ပြောပြနေသည်။ မိဘ၊ ဆရာ၊ ကျောင်းသား နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရလဒ်များကို ဆွေးနွေးခြင်း၊ တစ်ဦးချင်း အနေဖြင့် ပြီးခဲ့သည့် လပတ်၊ နှစ်ဝက်တွင် အားနည်းချက်၊ အားသာချက်ကို နှိုင်းယှဉ်ကြည့်ခြင်း၊ ရှေ့လမည့် လများအတွက် လုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲခြင်း၊ မိဘအပိုင်း၊ ကျောင်းသားအပိုင်း အထူး ကူညီ ပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်း၊ ကုစား ရမည့်အပိုင်းကို ဆရာမှ လေ့လာ သုံးသပ်ခြင်းတို့ ပြုလုပ်နိုင်ကြသည်။ ရီပို့ကဒ်များတွင်လည်း အက္ခရာ စကားလုံး များနှင့် ကိန်းဂဏန်းများအပြင် ဘာသာရပ်အလိုက် ကလေးတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်လေ့လာပုံနှင့် အောင်မြင်မှုများ၊ အားနည်းချက်များကိုလည်း ရေးသား ဖော်ပြသင့်ပါသည်။ မိဘနှင့် ကလေးများ ကိုယ်တိုင်လည်း ပြန်လှန် သုံးသပ်နိုင်ခွင့်၊ ရေးသားတင်ပြနိုင်ခွင့်အတွက် နေရာထားပေးနိုင်သည်။ ကလေးဗဟိုပြုပညာရေးဟု ဆိုထားသည် မဟုတ်ပါလား။
(ဆက်လက်ဆွေးနွေးပါအုံးမယ်)
Tuesday, November 17, 2009
ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့်ပညာရေး |
ရေးသားသူ - S.S.
သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) တွင်ဖော်ပြပြီးဖြစ်သည် ။
ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲဖြည့်ပေးနေဖို့မဟုတ်ဘူး ၊ သူတို့ကိုတွေးခေါ်တတ်အောင်သင်ကြားပေးဖို့ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ် ။
မြန်မာပြည်ပညာရေးနဲ့ပတ်သက်ရင် လူတိုင်းပြောလေ့ရှိတဲ့စကားကတော့ ပညာရေးစနစ်ပြောင်းလဲဖို့လိုပြီ ဆိုတာပါပဲ ။ မြန်မာပြည်မှာ ချွတ်ချုံကျနေတဲ့ပညာရေးစနစ်ရဲ့တရားခံကိုရှာကြတဲ့အခါ လူအများစုကအစိုးရကိုလက်ညှိုးထိုးကြတယ် ။ အစိုးရပြောင်းမှပဲ မြန်မာပြည်ပညာရေးစနစ်လည်း နာလန်ထူနိုင်ဖွယ်ရှိမယ်လို့ ထင်မြင်ကြတယ် ။ အစိုးရမပြောင်းသမျှ ဘာမှပြောင်းလဲလို့ရမှာမဟုတ်တော့ပါဖူးလို့ လက်လျှော့ထားကြတယ် ။
တကယ်တော့ အစိုးရပြောင်းလဲသည်ဖြစ်စေ မပြောင်းလဲသည်ဖြစ်စေ ... Robert Hutchins ပြောတဲ့ ကျောင်းသားတွေအသိဥာဏ်တိုးပွားပြီး တွေးခေါ်နိုင်စွမ်းရှိလာအောင်ပြုစုပျိုးထောင်ပေးတဲ့ပညာရေးမျိုး မြန်မာပြည်မှာရှိလာအောင်ပြောင်းလဲဖို့ ၊ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောက်ပါနည်းလမ်းတွေနဲ့လုပ်ဆောင်လို့ရနိုင်ပါတယ် ။
(၁) လိုအပ်တဲ့ပြောင်းလဲမှုအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ပြောင်းလဲပါ ။
ပြောင်းလဲချင်တယ် ပြောင်းလဲဖို့လိုတယ်လို့ပြောနေရုံ အော်နေရုံနဲ့ကတော့ အပြောင်းအလဲဆိုတာဖြစ်မလာနိုင်ပါဖူး ။ ကိုယ်နဲ့အနီးစပ်ဆုံးအပိုင်းကနေစပြီး ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲချင်တယ်ဆိုတာကို သေချာဆန်းစစ်ရပါမယ် ။ ပြီးတော့ လက်တွေ့အဖြစ်နိုင်ဆုံးနည်းလမ်းကိုစဉ်းစားရွေးချယ်ပြီး ပြောင်းလဲဖို့ကြိုးစားပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာတွေအပေါ် ကျောင်းသားတွေစိတ်ဝင်တစားတွေးခေါ်စဉ်းစားတတ်လာအောင် ဆရာတယောက်အနေနဲ့ ဘယ်လိုပြောင်းလဲယူနိုင်မလဲ ။
ကျောင်းသားတွေနဲ့နီးစပ်ရာ သူတို့ကြုံတွေ့နေရတဲ့အကြောင်းအရာတွေသုံးပြီး .. သင်ခန်းစာတွေဟာ စာအုပ်ထဲကအချက်အလက်သက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀မှာလည်းအရေးပါနေတယ် ဆက်စပ်နေတယ်ဆိုတာ ရှင်းပြရပါမယ် ။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကိုသုံးပြီးဖြစ်စေ ၊ လေ့လာရေးခရီးအနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ် ၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ်လုပ်ရင် ၊ သူတို့ထိတွေ့နေရတဲ့အရာတွေသုံးတဲ့အတွက် စိတ်ဝင်စားလာပြီး ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကိုအမြဲမှတ်ဝင်သွားပါလိမ့်မယ် ။
ကျောင်းသားတွေဆီကစိတ်ဝင်စားမှုရလာပြီးရင် သူတို့ကို ကိုယ့်ဘာသာတွေးခေါ်စဉ်းစားတတ်အောင် ထပ်ဆင့်ကဲပြီးစဉ်းစားရမယ့်ပုစ္ဆာမျိုးတွေနဲ့ challenge လုပ်သင့်ပါတယ် ။ ဥပမာ .. အုတ်တိုင်တွေကိုပေါင်းတာသင်ပြီးရင် ၊ အုတ်တိုင်တွေမပါဘဲ ဂဏန်းတွေပဲသုံးပြီးပေါင်းခိုင်းတာမျိုး ။
သင်ယူနည်းပိုင်း
ဆရာသင်ပြပြီးသားသင်ခန်းစာတွေကိုကျက်မှတ်ရာမှာ “ဒါသင် ၊ ဒါကျက် ၊ ဒါဖြေ” စနစ်သာမက ၊ ကိုယ့်ဘာသာဆင့်ကဲတွေးခေါ်စဉ်းစားတာမျိုးဖြစ်လာအောင် ကျောင်းသားတယောက်အနေဲ့ ဘယ်လိုပြောင်းလဲယူမလဲ ။
“ဒါသင် ဒါကျက် ဒါဖြေ” ဆိုတဲ့စနစ်ကိုမကြိုက်တာနဲ့ ကျောင်းကသင်ပေးတဲ့အတိုင်း မကျက်ဘဲ မဖြေဘဲနေလို့မရပါဖူး ။ မြန်မာပြည်ပညာရေးစနစ်မှာအမှတ်ပေးတဲ့အခါ သင်ထားတဲ့အတိုင်းမဖြေရင် စာမေးပွဲအောင်မှတ်ထိခိုက်နိုင်ပါတယ် ။ ပြောင်းလဲယူနိုင်တဲ့အရာကတော့ ကိုယ်ပိုင်စာသင်ယူတဲ့နည်းပါ ။ ကျောင်းကသင်ခန်းစာတွေကို သင်ယူတဲ့အခါ “ဘာကြောင့် (why)” ဆိုတဲ့မေးခွန်းကို ခေါင်းထဲအမြဲကြိုးစားထည့်သွင်းစဉ်းစားသင့်ပါတယ် ။ အဲဒီမေးခွန်းရဲ့အဖြေကိုရဖို့ စာအုပ်တွေသူများထက်ပိုဖတ်ရမယ် ၊ အင်ဖော်မေးရှင်းကို နည်းမျိုးစုံနဲ့ရှာရမယ် ၊ လူကြီးမိဘ ဆရာသမားတွေကို မေးသင့်မေးထိုက် မေးခွင့်ရမယ်ဆိုရင် မေးမြန်းရမယ် ဆွေးနွေးရမယ် ၊ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတွေးမိတာတွေကို စာအုပ်ထဲချရေးပြီး ကိုယ့်လိုခံယူချက်ချင်းရှိတဲ့ သူငယ်ချင်းတွေကိုရှာပြီး ဆွေးနွေးကြည့်ရမယ် ။
(၂) လက်တွေ့ကျကျ တဆင့်ချင်းပြောင်းလဲပါ ။
လူတွေရဲ့သဘာဝက အပြောင်းအလဲကိုမကြိုက်တတ်ကြပါဖူး ... ဘာလို့လဲဆိုတော့ အပြောင်းအလဲဆိုတာ လုပ်နေကြအတိုင်းလုပ်လို့မရတော့ဖူး ၊ အသစ်တွေကိုလေ့လာသင်ယူလုပ်ကိုင်ရတော့မယ် ၊ ကိုယ်နဲ့မရင်းနီးတဲ့အသစ်တွေဆိုတော့ အတိုင်းအတာတခုထိ အပင်ပန်းခံကြိုးစားရတော့မယ် ။ ဒါပေမယ့် လုပ်နေကြပုံစံကနေ သိသိသာသာပြောင်းလဲလုပ်ဖို့မလိုအပ်တဲ့အပြောင်းအလဲမျိုးကိုတော့ လူတွေကလက်ခံနိုင်ချေများကြတယ် ၊ ဒါမှမဟုတ် ပြောင်းလဲပြီးလုပ်နေရတယ်လို့ မသိလိုက်တာမျိုးဆိုတော့ သိပ်ပင်ပန်းတယ်လို့မခံစားရတော့ဖူး ။ ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲတခုဟာ လက်ရှိနဲ့နှိုင်းယှဉ်ရင် ဘယ်လောက်ကွာခြားနေသလဲ အရင်ဆန်းစစ်ပါ ။ ပြီးတော့အဲဒီအပြောင်းအလဲကိုရဖို့ လက်ရှိအခြေအနေကနေ ဖြေးဖြေးချင်း တဆင့်ချင်းလုပ်ဆောင်ပါ ။
သင်ကြားနည်းပိုင်း
သင်ခန်းစာထဲကအချက်အလက်တွေကိုအသုံးချပြီး ဥာဏ်စမ်းပုစ္ဆာ (သို့မဟုတ်) အလားတူပုံစံနဲ့လှည့်မေးထားတဲ့ပုစ္ဆာတွေကိုဖြေနိုင်တဲ့ (apply လုပ်နိုင်တဲ့) အရည်အချင်းမျိုး ကျောင်းသားတွေမှာ ရှိလာအောင် ဆရာတယောက်အနေနဲ့ စာသင်နည်းမှာ တဆင့်ချင်းဘယ်လိုပြောင်းလဲမလဲ ။
ကျောင်းသားတွေ ဖြေနေကြပုစ္ဆာတွေကို တပုဒ်ပြီးတပုဒ်အရင်တွက်ခိုင်းပြီး အခြေခံကိုသေချာနားလည်အောင်ရှင်းပြပါ ။ ဥပမာ - အီးကွေးရှင်းတိုင်းကိုအလွတ်ကျက်မှတ်တာမျိုးမဖြစ်စေပဲ အဲဒီအီကွေးရှင်းဟာဘယ်လိုအဓိပ္ပါယ်ကိုဖော်ညွှန်းနေတယ်ဆိုတာ ကျောင်းသားတွေသိအောင်သေချာရှင်းပြပါ ။ ပြီးမှ ပုစ္ဆာရဲ့တပိုင်းချင်းဆီကို ဥာဏ်စမ်းအဖြစ်ပြန်လှည့်မေးပါ ။ အဲလိုမလုပ်ဘဲ ဥာဏ်စမ်းပုစ္ဆာတပုဒ်ကို ချက်ချင်းချပေးလိုက်ရင် အပြောင်းအလဲကကြီးမားလွန်းတော့ ကျောင်းသားတွေက ဘယ်ကစဖြေရမယ်မသိ ဖြစ်သွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
သင်ခန်းစာတွေကိုသင်ယူရာမှာ ထပ်ဆင့်ကဲ တွေးခေါ်တတ်တဲ့အလေ့အကျင့်ရှိလာအောင် ကျောင်းသားတယောက်အနေနဲ့ ဘယ်လိုတဆင့်ချင်းပြောင်းလဲမလဲ ။
ဆရာသင်ထားတဲ့အချက်အလက်သာမက ထပ်ဆင့်တွေးခေါ်စဉ်းစားချင်တဲ့ကျောင်းသားတယောက်ဟာ ဘာသာရပ်အကုန်လုံးမှာရှိတဲ့ သင်ခန်းစာအကုန်လုံးကို ချက်ချင်းလက်ငင်း “ဘာကြောင့်” ဆိုတဲ့မေးခွန်းထုတ်ပြီး လိုက်လေ့လာစဉ်းစားဖို့ကြိုးစားရင် အချိန်မလုံမလောက်ဖြစ်ပြီး စာမေးပွဲအတွက်ကျက်မှတ်ရမယ့်သင်ခန်းစာတွေတောင်မပြီးနိုင်ဖြစ်သွားပါမယ် ။ အဲလိုမဖြစ်အောင် ပထမဆုံးလက်ရှိသင်ယူနေရတဲ့သင်ခန်းစာတွေထဲက ကိုယ်စိတ်အ၀င်စားဆုံးတချို့အပိုင်းတွေကို ကိုယ့်ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ အရင်ကကျက်မှတ်ထားတဲ့သင်ခန်းစာတွေနဲ့ ပြန်ဆက်စပ်ကြည့်တာမျိုး အရင်လုပ်ကြည့်ပါ ။ နောက်တဆင့်အနေနဲ့ ဘာသာရပ်အလိုက်အသေးစိတ် ဘာကြောင့်ဒီလိုဖြစ်ရတယ် ဒီလိုပြောင်းလိုက်ရင်ရောဘယ်လိုဖြစ်လာမလဲ ဘာကြောင့်ဒီလိုနည်းနဲ့လုပ်ရတာလဲ စတဲ့မေးခွန်းတွေကိုမေးပြီး လေ့လာမယ်ဆိုရင် “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုထည့်သွင်းတတ်တဲ့အကျင့်ရသွားပါလိမ့်မယ် ။
(၃) လုပ်ပြီးသားအပြောင်းအလဲကို လက်ရှိအခြေအနေမှာ အမြဲအကျုံးဝင်နေအောင်ကြိုးစားပါ ။
အပြောင်းအလဲဆိုတာ တဒင်္ဂပြောင်းလဲတာမျိုးမဖြစ်သင့်ပါဖူး ။ အပြောင်းအလဲတခုကိုလုပ်ပြီးတဲ့အခါ အဲဒီအပြောင်းအလဲကို လက်ရှိအခြေအနေထဲမှာအကျုံးဝင်သွားအောင် နေသားကျသွားအောင် ၊ ကိုယ်အမြဲလုပ်လေ့လုပ်ထရှိတဲ့အရာတခုဖြစ်သွားအောင် လုပ်ယူရပါမယ် ။
သင်ကြားနည်းပိုင်း
ဥာဏ်စမ်းပုစ္ဆာတွေမေးလေ့ရှိတဲ့ဆရာရဲ့အတန်းကကျောင်းသားတွေဟာ ဥာဏ်စမ်းပုစ္ဆာဖြေလေ့ဖြေထရှိသွားတော့ ဥာဏ်စမ်းပုစ္ဆာဖြေရဖို့ကို ၀န်မလေးတော့ဖူး ၊ မစိုးရိမ်တော့ဖူး ။ သူတို့အတွက်အဲလိုလုပ်ရတာ ၀န်ထုပ်ဝန်ပိုးကြီးမဖြစ်တော့ဖူး ။
သင်ခန်းစာတွေကိုအချက်အလက်သပ်သပ်အနေနဲ့ပဲ သင်ကြားပို့ချတာမဟုတ်ဘဲ တကယ့်လက်တွေ့မှာကြုံတွေ့နေရတာတွေနဲ့အမြဲကြိုးစားဆက်စပ်ပြီးသင်ကြားလေ့ရှိမယ်ဆိုရင် သင်ခန်းစာတခုကိုရှင်းပြတိုင်း လက်တွေ့မှာအလားတူအဖြစ်အပျက် (analogy) နဲ့ယှဉ်ပြတတ်တဲ့ အလေ့အထရသွားပါလိမ့်မယ် ။
သင်ယူနည်းပိုင်း
ကျောင်းသားတယောက်ဟာ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကိုမေးတတ်လာပြီးရင် ၊ သူဟာ ကျောင်းစာမှာတင်မက ဘယ်အရာကိုမဆိုလေ့လာတဲ့အခါ “ဘာကြောင့်” ဆိုတဲ့မေးခွန်းကို အလိုလိုခေါင်းထဲစဉ်းစားမိလိမ့်မယ် ။ အဲလိုမေးခွန်းပေါ်လာအောင် သပ်သပ်သတိထားနေစရာမလိုတော့ဖူး ။
(၄) နောက်ကျမကျန်ခဲ့အောင် လိုအပ်တဲ့အခါတိုင်း ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပါ ။
လူသားတွေဟာ ဘ၀မှာအပြောင်းအလဲတွေနဲ့အမြဲနေထိုင်နေရပါတယ် ။ သိပ္ပံနဲ့နည်းပညာပိုင်းတွေ လူနေမှုအဆင့်အတန်းတွေ အတွေးအခေါ်အမြင်တွေ စသဖြင့်ပြောင်းလဲနေတယ် ။ မျိုးဆက်တခုနဲ့တခုမှာ ကြုံတွေ့ရတာတွေမတူတော့ဖူး ။ ဒါကြောင့် နိုင်ငံတကာရဲ့ပညာရေးစနစ်တွေ ၊ ကျောင်းသားတွေစာသင်ယူတဲ့ပုံစံတွေ ၊ ဆရာတွေကစာသင်ကြားတဲ့နည်းစနစ်တွေဟာလည်း အဲလိုပြောင်းလဲမှုတွေနဲ့လိုက်ဖက်ညီအောင် လိုက်ပြောင်းလဲနေကြရပါတယ် ။
သင်ကြားနည်းပိုင်း
ဆရာတွေဘက်က “ငါတို့တုန်းကတော့ ဒီလိုပဲစာသင်ယူခဲ့တာ ၊ ခုခေတ်ကျောင်းသားတွေကို ဒီလိုသင်ကြားပေးလည်း ဘာပြသနာရှိမှာလဲ” ဆိုတဲ့စိတ်ထားမျိုးမထားဘဲ ခုခေတ်မှာမျိုးဆက်သစ်တွေအတွက် ဘယ်လိုသင်ကြားနည်းတွေကအထောက်အကူပြုနိုင်သလဲ ၊ တခြားနိုင်ငံတွေမှာ ဘယ်လိုသင်ကြားနည်းအသစ်တွေကိုအသုံးပြုကြသလဲ ၊ ဘာကြောင့်အသုံးပြုကြသလဲ ၊ ဘယ်လိုရလဒ်တွေဖြစ်နိုင်သလဲဆိုတာကိုစူးစမ်းလေ့လာပြီး သင့်တော်တာမျိုးကို ကိုယ့်သင်ကြားရေးပိုင်းမှာ အလျှမ်းသင့်သလိုထည့်သွင်းအသုံးချသင့်ပါတယ် ။
သင်ယူနည်းပိုင်း
မြန်မာပြည်ကကျောင်းသားတွေဟာလည်း ခေတ်မှီပြောင်းလဲလာတဲ့နည်းပညာပိုင်းတွေကိုအသုံးချတတ်လာရင် ၊ အကြောင်းအရာတခုကိုလေ့လာတဲ့အခါ စာအုပ်တွေတင်မက အင်တာနက်ဆိုတာကိုပါ မှီငြမ်းတတ်လာမယ် ။ တွေ့ရှိမယ့်အချက်အလက်တွေ ရှုထောင့်အမျိုးမျိုးကမြင်တာတွေ စာအုပ်ထဲမှာရှာတွေ့တာထက် ပိုကျယ်ပြန့်လာပါမယ် ။
(၅) ပြောင်းလဲဖို့သက်သက်အတွက်ပဲ ပြောင်းလဲတာမျိုးမဖြစ်မိပါစေနဲ့ ။
နိုင်ငံတကာပညာရေးနယ်ပယ်မှာအပြောင်းအလဲတွေအများကြီးလုပ်လာကြပါတယ် ။ သင်ရိုးညွှန်းတန်းနဲ့ပတ်သက်ပြီး ၊ စာသင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ၊ ပညာရေးစနစ်တွေနဲ့ ပတ်သက်ပြီး ၊ စာသင်ယူတဲ့နည်းလမ်းတွေအပေါ် ကျောင်းသားတွေရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာက ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာနဲ့ပတ်သက်ပြီး စသဖြင့် ။
သင်ကြားနည်းပိုင်း
တချို့တွေက ခုခေတ်ကျောင်းသားတွေရင်းနီးနေတဲ့ အီလက်ထရောနစ်နည်းပညာပိုင်းကိုအသုံးပြုပြီး သင်ခန်းစာတွေကိုသင်ကြားရင် ကျောင်းသားတွေစိတ်ဝင်စားမှုရှိလာနိုင်မယ်လို့ ယုံကြည်ကြတယ် ။ ဒါကြောင့် တချို့ကျောင်းတွေမှာ ကျောင်းသားတွေကို အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာတို့ ၊ ဘလောဂ့်ကိုသင်ကြားရေးပိုင်းရဲ့အထောက်အကူ (supplementary teaching aid) အဖြစ်သုံးတာတို့ ၊ ကွန်ပြူတာတွေ အီလက်ထရောနစ်ပစ္စည်း (electronics gadgets) တွေကို အသုံးပြုပြီး သင်ခန်းစာတွေကို စိတ်ဝင်စားအောင်လုပ်တာတို့ ရှိလာကြပါတယ် ။
ဒါပေမယ့် အဲလိုအပြောင်းအလဲတွေကိုထည့်သွင်းတဲ့အခါ အမြဲစိတ်ထဲမှာသတိရှိနေရမယ့်အချက်ကတော့ - - စာသင်ကြားရာမှာပိုအထောက်အကူဖြစ်စေဖို့ ၊ ကျောင်းသားတွေကို သင်ခန်းစာတွေမှာပိုပြီးစိတ်ပါဝင်စားအာရုံစူးစိုက်လာနိုင်ဖို့အတွက် ဒီအပြောင်းအလဲတွေကိုလုပ်နေတယ်ဆိုတာပါပဲ ။ နည်းပညာပိုင်းအရ ခေတ်ကြီးကပြောင်းလဲလာလို့ အီလက်ထရောနစ်နည်းပညာတွေကို ထည့်သွင်းသုံးရတာမျိုးမဖြစ်သင့်ပါဖူး ။ အဲဒီနည်းပညာတွေဟာ အထက်မှာဖော်ပြထားတဲ့အချက်နှစ်ချက်ကိုအထောက်အကူမပြုနိုင်ရင် သူတို့ကိုမသုံးတာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘယ်လိုပြောင်းသုံးမှအထောက်အကူဖြစ်လာမလဲဆိုတာ သေချာစဉ်းစားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဥပမာ - ဘလောဂ့်ကိုထည့်သွင်းသုံးပြီးစာသင်ကြားတဲ့အခါ ဘလောဂ့်မရှိတာနဲ့ ဘာကွာလဲ .. ဘလောဂ့်ရှိလိုက်တဲ့အတွက် ကျောင်းသားတွေစာသင်ယူရာမှာ ဘယ်လိုအထောက်အကူရှိလာနိုင်လဲ .. အဲဒီအထောက်အကူဟာ ကျောင်းသားတွေသင်ခန်းစာတွေကိုသင်ယူရာမှာ သိသာတဲ့အကျိုးရလဒ်ဖြစ်စေလား စသဖြင့် စဉ်းစားရမှာဖြစ်ပါတယ် ။
......................
နိဂုံးချုပ်အနေနဲ့ပြောရရင် အပြောင်းအလဲတကယ်လိုအပ်နေတဲ့မြန်မာပြည်ပညာရေးမှာ အဓိကဇာတ်ကောင်နေရာကပါဝင်နေတဲ့ ဆရာတွေ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့အပြောင်းအလဲတွေကို အထက်ပါနည်းလမ်းငါးမျိုးနဲ့ လက်ရှိအခြေအနေထဲမှာတင် ကိုယ့်ဒူးကိုယ်ချွန်ပြီးပြောင်းလဲနိုင်ကြောင်း တိုက်တွန်းအကြံပြုလိုက်ပါတယ် ။
Monday, May 25, 2009
E-Learning အကြောင်းသိကောင်းစရာ (အပိုင်း - ၁) |
(ရေးသားသူ - S.S.)
E-Learning ဆိုတာမှာ "E" ဆိုတဲ့စကားလုံးဟာ "Electronic" ကိုရည်ညွန်းပါတယ် ။ e-learning နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အမြောက်အမြားထဲက European e-learning Action Plan မှ e-learning ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။
.. the use of new multimedia technologies and the internet to improve the quality of learning by facilitating access to resources and services as well as remote exchanges and collaboration (COM, 2001: 2)
လူတော်တော်များများက e-learning ကို online-learning နဲ့ထူးမခြားနားလို့ ကောက်ချက်ချတတ်ကြပါတယ်။ သူတို့ကောက်ချက်ချသလို အဲဒီသင်ကြားရေးပိုင်းနှစ်ခုဟာ အတော်လေးတူညီတာတွေရှိပါတယ်။ ဒါပေမယ့် သေချာခွဲခြားကြည့်မယ်ဆိုရင်တော့ ...
online-learning ဆိုတာ
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးမရှိဘဲ ...(အဝေးရောက်သင်တန်း - distance learning - ဆန်ဆန်)
- အင်တာနက်တခုတည်းကိုသာကြားခံပြီး ...
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) ကိုအသုံးပြုပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။
e-learning ဆိုတာကတော့
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးလည်း ရှိနိုင်သလို
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) နဲ့
- အင်တာနက်ကို သင်ကြားရေးပိုင်းအတွက် လိုအပ်သလိုအသုံးချပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။
ဒါကြောင့် e-learning မှာအဓိကပါဝင်တဲ့အရာတွေကတော့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) နဲ့ အင်တာနက် တို့ဖြစ်ပါတယ်။ (Technology လို့ဆိုရာမှာ hardware နဲ့ software ကို ဆိုလိုပါတယ်)
... အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) ဆိုတာ ဘာတွေပါဝင်ပါသလဲ ...
အင်တာနက်ပေါ်မှာသုံးတဲ့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) များကို web1.0 and web2.0 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ e-learning အတွက် အဲဒီကိရိယာများကိုအသုံးချနိုင်ပါတယ်။ web1.0 ကို information web လို့ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web1.0 tools တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း (information) ဖြန့်ဝေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ ... အွန်လိုင်းက ဆိုဒ်တခုမှာ အထောက်အကူပြုစာအုပ်စာတမ်းတွေကို ကျောင်းသားတွေအတွက်ထားတာမျိုး။ web2.0 ကိုတော့ social web လို့ ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web2.0 tools တွေကိုအသုံးပြုကြသူတွေကြား နှီးနှောဖလှယ်တာမျိုးတွေ (interaction)၊ လူမှုဆက်ဆံရေးတွေ အများကြီး ပါဝင်နေလို့ဖြစ်ပါတယ်။ ဥပမာအဖြစ် ... ဘလောဂ့်တွေ၊ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်တည်ဆောက်ထားတဲ့ facebook လိုအရာတွေပါ။ e-learning အတွက် web1.0 & web2.0 tools ကို သုံးနိုင်ပေမယ့်၊ ခုခေတ်နောက်ပိုင်းမှာတော့ web2.0 tools တွေကိုပဲ သုံးလာကြပါတယ်။ ဒါကလည်း နည်းပညာပိုင်းအရတိုးတက်လာတဲ့အခါ လူတွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးနှီးနှောဖလှယ်လာကြတာပေါ်မူတည်ပြီး ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတခုပါ။ (e-learning မှာသုံးတဲ့ web2.0 tools တွေအကြောင်း နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြပါမယ်)
... e-learning ကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ ...
e-learning ကို ပညာရေးပိုင်းမှာသာမက၊ ပရောဖက်ရှင်နယ်ထရိန်နင် (professional training) ပိုင်းမှာလည်း အရင်တည်းက အသုံးပြုခဲ့ကြပါတယ်။ ပညာရေးပိုင်းမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာမျိုးမရှိတဲ့ အဝေးရောက်သင်ကြားရေးပိုင်းမှာ ပိုပြီးအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခုချိန်မှာတော့ e-learning ကို ပညာရေးပိုင်းမှာ တွင်ကျယ်စွာအသုံးချလာကြပေမယ့် တချို့သောဘာသာရပ်များဖြစ်ကြတဲ့ ဘာသာစကားပိုင်း၊ စာပေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေမှာ ပိုပြီးအသုံးပြုကြပါတယ်။
... e-learning ဟာ ပညာရေးပိုင်းမှာ အဘယ်ကြောင့် တွင်ကျယ်လာပါသလဲ ...
ကမ္ဘာကြီးမှာခေတ်သစ်နည်းပညာတွေထွန်းကားလာတာနဲ့အမျှ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေလည်း ပိုမိုထွန်းကားလာပါတယ်။ အဲဒီကိရိယာတွေကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရာတွေလည်း များပြားလာပါတယ်။ အလားတူပဲ kilobits per second လိုနှုန်းမျိုးနဲ့စတင်ခဲ့တဲ့အင်တာနက်ဟာလည်း ခုဆိုရင် အရမ်းပိုမြန်ဆန်တဲ့ megabits per second နှုန်းမျိုးကိုရောက်နေပါပြီ။ အဲလိုတိုးတက်လာတဲ့နည်းပညာတွေကိုသုံးပြီး တီထွင်ထားတဲ့အီလက်ထရွန်းနစ်ကိရိယာတွေကိုသုံးပြီး စာလုံး (text) တွေသာမက၊ အသံ (audio)၊ ရုပ် (video)၊ ဓါတ်ပုံ (image) စတာတွေနဲ့ မြန်ဆန်တဲ့အင်တာနက်ကိုသုံးပြီး ဆက်သွယ်နိုင်ကြ၊ အင်ဖော်မေးရှင်းကို ဖြန့်ဝေဖလှယ်နိုင်ကြပါတယ်။ အဲဒီအခါ technology နဲ့ internet ဆိုတာဟာ လူတွေရဲ့ဘ၀တွေထဲမှာ မရှိမဖြစ်ဆိုသလိုဖြစ်လာပါတယ်။
ထိုသို့ ဒီဂျစ်တယ်လ် (digital) ခေတ်ကိုဦးတည်သွားတဲ့အခြေအနေတွေကိုသုံးသပ်ပြီး Prensky (2001) ဆိုသူက ...
ခုခေတ်လူငယ်တွေကို "Digital Natives - native speakers of the digital language of the computer, video games and internet"
သင်ကြားသူ ဆရာဆရာမများကိုတော့ "Digital Immigrants - those of us who were not born into the digital world but have, at some later point in our lives, become fascinated by and adopted many or most aspects of the new technology" လို့ခေါ်ဝေါ်ခဲ့ပါတယ်။
Prensky (2001) ဆိုလိုတာကတော့ ခုခေတ်လူငယ်တွေဟာ ဒီဂျစ်တယ်လ်ခေတ်မှာမွေးဖွားကြီးပြင်းလာပြီး၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာ technology တွေ၊ အင်တာနက်တွေနဲ့ နဂိုတည်းက အရောတ၀င်ယဉ်ပါးပြီးသားဖြစ်နေသူတွေပါ။ သင်ကြားသူဆရာဆရာမများကတော့ ဒီဂျစ်တယ်လ်ခေတ်မရောက်ခင်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ ထိတွေ့မှုများလာတဲ့အခါ အဲဒီအရာတွေကို တဖြည်းဖြည်းယဉ်ပါးလာပြီး သုံးတတ်လာတာဖြစ်ပါတယ်။
digital natives တွေဖြစ်တဲ့ ခုခေတ်လူငယ်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်တဲ့ technology and internet ကိုသုံးပြီးတော့ သင်ကြားရေးပိုင်းမှာအသုံးချမယ်ဆိုရင် ထိရောက်နိုင်မယ်လို့ ပညာရေးသုတေသီတွေက တွေ့ရှိလာကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ technology and internet ကို အသုံးချတဲ့ e-learning ဆိုတာဟာလည်း ပညာရေးနယ်ပယ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။
... e-learning နဲ့ပတ်သက်၍အထင်မှားကြသောအချက်များ ...(E-language wiki)
e-learning ဆိုတာ စာသင်ကြားနည်းစနစ်တခုလို့ အထင်မှားတတ်ကြပါတယ်။ တကယ်ကတော့ e-learning ဆိုတာ နည်းပညာ (technology) နဲ့ပဲသက်ဆိုင်ပါတယ်။ ပညာရေးသုတေသီတွေက စာသင်နည်းစနစ် (pedagogy) ဆိုတာဟာ နည်းပညာပိုင်း (technology) ထက်အမြဲဦးစားပေးသင့်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပမာတခုပေးရရင် ...
တချို့ကျောင်းတွေမှာ e-learning ကိုအသုံးပြုကြတဲ့အခါ၊ နည်းပညာပိုင်းကိုဦးစားပေးထားတဲ့ electronic tools တွေကိုသုံးဖို့ ဆရာဆရာမများက သူတို့ရဲ့သင်ခန်းစာတွေကို လိုက်ရောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ အဲဒီအခါ စာသင်နည်းစနစ်ဟာ နည်းပညာပိုင်း (technology) ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးရတာမျိုး ဖြစ်သွားပါတယ်။ အဲလိုနည်းပညာပိုင်းကိုပဲဦးစားပေးတဲ့အခါ ကျောင်းသားတွေတတ်ကျွမ်းအောင်သင်လေ့ရှိတဲ့ စာသင်နည်းစနစ်တွေကို အသုံးပြုခွင့်မရတော့ပဲ ၊ ရှိနေတဲ့ electronic tools တွေကိုအဆင်ပြေအောင်သုံးဖို့ပဲ ဦးစားပေးလိုက်ရတဲ့အခါ စာသင်နည်းစနစ်တွေက ထိရောက်မှုသိပ်မရှိတော့ပါဖူး။
ဒါကြောင့် e-learning ကို အသုံးပြုတဲ့အခါမှာ အဓိက သတိထားရမယ့်အချက်က ဘယ် electronic tools ကို သုံးမယ်လို့ အရင်မဆုံးဖြတ်ပဲ၊ စာသင်နည်းစနစ် (pedagogy) ကိုအရင်ဆုံးဖြတ်ပြီးမှ အဲလိုစာသင်နည်းမျိုးရအောင် ဘယ်လို electronics tools ကို သုံးပြီးသင်ရင် ထိရောက်နိုင်မလဲလို့ တွေးရပါမယ်။
ဒုတိယ အများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ “လူတိုင်းအတွက် ၊ နေရာတိုင်း ၊ အချိန်တိုင်း” မှာလုပ်ဆောင်နိုင်မယ်လို့ အထင်မှားတာပါ။ e-learning ကိုအသုံးပြုမယ်ဆိုရင် အဓိကလိုအပ်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ နည်းပညာပိုင်း (technology) ဖြစ်တဲ့ ကွန်ပြူတာလိုအီလက်ထရွန်နစ်ကိရိယာနဲ့ အင်တာနက်ပါ။ အဲဒါတွေကိုမရရှိနိုင်တဲ့ (သို့မဟုတ်) အတိုင်းအတာတခုအထိလုံလောက်စွာအသုံးပြုခွင့်မရှိတဲ့နေရာတွေမှာ (အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ပတ်ဝန်းကျင်မှာကျင်လည်နေသူတွေမှာ) e-learning အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ဆိုတာ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသူတွေအတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ နည်းပညာတွေဟာ အနောက်နိုင်ငံကဆင်းသက်လာတာဖြစ်တဲ့အတွက် အများအားဖြင့် အင်္ဂလိပ်လိုသာအသုံးအနှုံးတွေများပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းဝင်သူတွေအတွက်လည်း ကသိကအောက်ဖြစ်နိုင်ပါတယ်။ အဲလို အင်တာနက်နဲ့ နည်းပညာပိုင်းသုံးစွဲမှု မတူညီမှုတွေကို digital divide လို့ ခေါ်ဝေါ်ပါတယ်။
တတိယအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ ဆရာ ဆရာမတွေကို မလိုအပ်ဖူးဆိုတာပါပဲ။ အထောက်အကူစာအုပ်တွေ သင်ခန်းစာဖတ်စာအုပ်တွေကို ကိုယ့်ဘာသာဖတ်ပြီး “ဒါဆိုရင် ဒါလုပ်” ဆိုပြီး သင်ယူရတဲ့နေရာမျိုးမှာတော့ e-learning ကိုသုံးရင် ဆရာဆရာမတွေမလိုတော့တာ မှန်ကန်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြား သင်ခန်းစာတွေကိုပို့ချရာမှာ “ဒါဆိုရင် ဒါလုပ်” ဆိုတဲ့ တစ်လမ်းသွားမျိုးမဟုတ်ဘဲ ၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တဲ့သင်ကြားနည်းစနစ်မျိုးမှာတော့၊ e-learning ဟာ အတန်းထဲမှာသင်နေတာအစား၊ အင်တာနက်ပေါ်မှာသင်တာမျိုးပဲ ပြောင်းလဲသွားတာပါ။ ဒါပေမယ့် သင်ကြားပေးနေတဲ့ (သို့မဟုတ်) ဂိုက် (guide) လုပ်ပေးနေတဲ့ ဆရာဆရာမတွေရှိနေမှ ကျောင်းသားတွေဟာ electronic tools တွေကို တန်ဖိုးရှိရှိ သူတို့စာသင်ယူရေးမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘလောဂ့်တွေကို လူအများစုအသုံးပြုကြသလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်ပဲ အများဆုံးသုံးတာမျိုးဖြစ်သွားနိုင်ပါတယ်။
နောက်ဆုံးအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ရှိလာတဲ့အခါ မျက်နှာချင်းဆိုင်ပြီး စာသင်တာမျိုး (face-to-face learning) မလိုအပ်တော့ဖူး ဆိုတာပါပဲ။ e-learning ရော မျက်နှာချင်းဆိုင်စာသင်တာရော သူ့ဘာသာသူကောင်းတဲ့အချက်တွေရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ပညာရေးသုတေသီတွေက အဲဒီနှစ်မျိုးလုံးကိုတချိန်တည်းအသုံးချနိုင်မယ့် blended learning ဆိုတာကို အားသန်လာကြပါတယ်။ Blended learning မှာ မျက်နှာချင်းဆိုင်သင်ကြားရေးမှာ မလုပ်နိုင်တဲ့အရာတွေကို e-learning အနေနဲ့ electronic tools တွေကိုသုံးပြီး သင်ပါတယ်။ အဲဒီအခါ နှစ်ခုလုံးကကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။
(အပိုင်း -၂ ကို ထပ်မံဖော်ပြပါမည်)
References:
Holme, B., & Gardner, J. (2006). E-learning: concepts and practice. London: Sage
E-Language. (n.d.) Retrieved April 19, 2009 from E-Language Wiki:
http://e-language.wikispaces.com/myths
Prensky, M. (2001). Digital natives, digital immigrants. On the Horizon, 9(5). http://www.marcprensky.com/writing/Prensky%20-%20Digital%20Natives,%20Digital%20Immigrants%20-%20Part1.pdf
Gibbs, D., & Gosper, M. (2006). The upside-down world of e-learning. Journal of Learning Design, 1(2), 46-54. http://oltfile.qut.edu.au/download.asp? rNum=3055019&pNum=3012689&fac=udf&OLTWebSiteID=JLD&CFID=5871481&CFTOKEN=10386806
Tuesday, March 3, 2009
ကျောင်းဆိုသည်မှာ |
ကျောင်းဆိုသည်မှာ
(အလင်းတိုက်ဂျာနယ် ၂၀၀၈)
သိန်းနိုင်
အတော်ငယ်ရွယ်ပြီး အသစ်တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏမေးမြန်းလေ့ရှိသည်မှာ “ကျောင်းဆိုတာဘာကို တကယ်ခေါ်တာလဲ” ဟူ၍ဖြစ်ပါသည်။
မိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာတည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ယုံကြည်ကိုးစားသည်မှာလည်း အစဉ်အလာအရလက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်းကြီးမားခြင်း၊ ကျောင်းအဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်းအကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် မဟုတ်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင် “ကျောင်းဆိုသည်မှာ အဘယ်နည်း”။
စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရှိပြီး “ပညာတတ်- လူတတ် ဂျီးနီးယပ်စ်” အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆတစ်ခု တော့လည်း မဟုတ်နိုင်ပါ။ အမြဲထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးအတွင်းက အခြားအရာများနည်းတူ “ကျောင်း” ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်သာမက လူသား၏စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့်ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီဖြစ်လေသည်။ တနည်းဆိုရသော် “ကျောင်းနေခြင်း” မှာ ရှင်သန်ခြင်းနှင့်ပင် ထပ်တူကျနေတော့သည်။ ကျွန်တော်၏အမြင်အရဆိုရသော် ဤပြောင်းလဲနေသောကာလများတွင် ကျောင်းကို “ကျောင်း” ဟူ၍ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါအချက်များပင်ဖြစ်ပါသည်။
၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။
၂။ အချက်အလက်များအပေါ်မူတည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း - “ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်” ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေအထောက်အထားများ၊ တိကျသော အချက်အလက်များခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။
၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့်တည်ရှိနေပြီး ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ “ကျောင်း” ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။
၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့်ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင်လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်းအသီးသီးအကြား ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များအတွက် အောင်မြင်ရန် အဓိကကျပါသည်။
၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ရရှိထားသည် အဆင့်အတိုင်းအပြောင်းအလဲမရှိထားလိုကြသည်။ “အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့အဲဒါကို သိမ်းဆည်းထားတယ်” - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လိုဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်းအများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ဤနေရာ၊ ဤအချိန်” တွင်သာ ရှင်သန်နေလေခြင်းကြောင့်ဖြစ်ပါ၏။ “အနာဂတ်” သည် ပစ္စုပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက်ပြောင်းလဲလိုသည့် ကျောင်းများမှာမူ “အနာဂတ်လားရာ” နှင့် မြင်ကွင်းကျယ်ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ဤသည်မှာ ကျောင်းသားများအတွက် အဓိပါယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံများကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း။
သိန်းနိုင်
Ref: affectiveteaching.com
Friday, February 6, 2009
သင်ယူခြင်းအပေါ် စာမေးပွဲရဲ့ သက်ရောက်မှုများ |
ရေးသားသူ - S.S.
မကြာသေးခင် စင်္ကာပူနိုင်ငံမှ Primary Education Review and Implementation (PERI) Committee က မူလတန်းပညာရေးနဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အချက်တွေကို စင်္ကာပူနိုင်ငံရှိပညာရေးဌာနကို အကြံပေးတင်ပြခဲ့ပါတယ် ။ လူဦးရေ ၁၁ ယောက်ပါဝင်တဲ့ Primary Education Review and Implementation (PERI) Committee ကို Senior Minister of State (National Development and Education) ဦးဆောင်ပြီး ၊ ပညာရေးဌာနနဲ့ ပုဂ္ဂလိကနယ်ပယ်မှလူများနဲ့ ဖွဲ့စည်းထားပါတယ် ။ အဲဒီ PERI အဖွဲ့ဟာ ခုလို မူလတန်းပညာရေးနဲ့သက်ဆိုင်တဲ့အကြံပြုချက်တွေ မတင်ပြခင် လူဦးရေ ၆၀၀ ကျော်ပါဝင်တဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နဲ့ ဆရာ ဆရာမများ ၊ မိဘများ ၊ ပြည်သူလူထုတို့နဲ့ သူတို့တွေ့ရှိချက်တွေကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပါတယ် ။ [1]
PERI တင်ပြခဲ့တဲ့အကြံပြုချက်တွေဟာ ကလေးတွေကို စာပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ၊ ဘက်စုံပညာရေးပိုင်းကိုဦးတည်ထားပါတယ် ။ အကြံပြုချက်တွေအားလုံးထဲမှာ ထူးခြားသိသာပြောင်းလဲစေတဲ့အချက်ကတော့ မူလတန်းရဲ့ပထမဆုံးနှစ်တန်းဖြစ်တဲ့ Primary 1 & Primary 2 တွေမှာ စာမေးပွဲကြီးတွေမစစ်တော့ပဲ သင်ခန်းစာအလိုက်ပဲစစ်ဆေးတဲ့ assessment လို့ခေါ်တဲ့ အသေးစားစာမေးပွဲပုံစံလေးတွေပဲ လုပ်ဖို့ပါပဲ ။ [1]
မူလတန်းပထမနှစ်နှစ်မှာ စာမေးပွဲကြီးတွေမစစ်ဖို့အကြံပေးတယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီး စင်္ကာပူနိုင်ငံမှာရှိတဲ့စာဖတ်သူတွေဟာ သတင်းစာရဲ့ပေးစာအပိုင်းမှာ အဲဒီအကြံပြုချက်နဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲကြီးတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့ရင် ကလေးတွေဟာ သူတို့သင်နေရတဲ့ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာသင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့မြင်တဲ့အတွက် ထောက်ခံသလို ၊ တချို့ကျတော့လည်း အဲဒီနှစ်နှစ်အပြီးမှာ စာမေးပွဲကြီးတွေပေါ်အလေးထားတဲ့ အကြီးတန်းမူလတန်းပညာရေးကိုရင်ဆိုင်ရတဲ့အခါ ကလေးတွေနေသားကျပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲဆိုတာ လုံးဝမရှိတာတော့မဖြစ်သင့်ကြောင်း ၊ ကလေးတွေကို သင်ခန်းစာအလိုက်ရံဖန်ရံခါစစ်ဆေးတယ်ဆိုတာ ကောင်းသလိုထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ အဲလိုစစ်ဆေးတိုင်းအမှတ်ကောင်းရအောင် မိဘတွေက ကလေးတွေကို တွန်းအားပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ၊ စာမေးပွဲဆိုတာကို အရေအတွက်လျှော့ချပြီး အရည်အသွေးကိုပိုအလေးပေးသင့်ကြောင်း ၊ အရည်အသွေးကိုပိုအလေးပေးဖို့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲထုတ်ပေးတာထက် ကလေးတယောက်ဆီကို ဘယ်နေရာမှာလိုအပ်နေတယ်ဆိုတာမျိုး ပြန်လည်ပြောပြသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ကြပါတယ် ။ ပေးစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Primary 4 အဆင့်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတဦးဆီကပါ ။ သူရေးထားတာကတော့ ကျောင်းဆိုတာ စာပိုင်းဆိုင်ရာတွက်ပဲ သင်ကြားပေးနေတဲ့နေရာ မဖြစ်သင့်ပဲ ၊ ကျောင်းသားတွေကို ဘ၀မှာလူကောင်းတွေဖြစ်လာအောင်ပါ ပြုစုပျိုးထောင်သင့်ကြောင်းပါ ။ [2]
စာဖတ်သူတွေရေးထားတဲ့စာတွေကိုဖတ်ရင်း learning (သင်ယူခြင်း) နဲ့ motivation (လှုံ့ဆော် တိုက်တွန်းမှု) တို့ရဲ့ ဆက်စပ်မှုတွေကို သွားစဉ်းစားလိုက်မိတယ် ။ လှုံ့ဆော် တိုက်တွန်းမှု (motivation) ဆိုတာကို intrinsic (ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာသော) နဲ့ extrinsic (ပြင်ပအရာများကြောင့် ဖြစ်ပေါ်လာသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ လေ့လာသင်ယူခြင်းပိုင်းကိုလည်း deep learning (အချက်အလက်များကို သေချာ လေ့လာ တွေးခေါ် ဆက်စပ် နက်ရှိုင်းစွာ သင်ယူခြင်း) နဲ့ surface learning (အချက်အလက်များကို တစုံတရာရရှိဖို့အတွက် အပေါ်ယံ သင်ယူခြင်း) ဆိုပြီး အဓိကနှစ်မျိုးခွဲနိုင်ပါတယ် ။ ပညာရေးသုတေသီတွေ လေ့လာတွေ့ရှိတာကတော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲစာကျက်ကြတာဖြစ်တဲ့အတွက် သူတို့ဟာ အပေါ်ယံသင်ယူခြင်းမျိုးနဲ့ပဲ သင်ယူနေကြတယ်ဆိုတဲ့အချက်ပါပဲ ။ ဒီလိုဆိုရင် စာဖတ်သူတွေရေးထားတဲ့စာတွေထဲကလို စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလား လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ ဒါပေမယ့် နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကိုသင်ယူ မှတ်သား နိုင်ခဲ့သလဲဆိုတာကို ပြန်စစ်ဆေးဖို့အတွက် စာမေးပွဲဆိုတာမျိုး ပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။
တချိန်တည်းမှာပဲ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ် ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့ ၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ် ။ အဆင်မြင့်ပညာရေးတွေကို ဆက်တက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စကောလားရှစ်လျှောက်တာမှာပဲဖြစ်ဖြစ် ၊ အလုပ်တခုကို ကျောင်းအပြီးမှာ စလျှောက်တာပဲဖြစ်ဖြစ် ၊ အဲလိုအခါတွေမှာ စာမေးပွဲတွေရမှတ်ဟာ တပိုင်းတဒေသက အရေးပါနေတာအတွက် ကျောင်းသားတွေဟာ စာမေးပွဲရမှတ်အပေါ် အလေးထားကြတာ အံ့သြစရာတော့မဟုတ်ပါဖူး ။
ထပ်မံပြီးတော့ မကြာသေးခင်ကပဲ ဖတ်ပြီးသွားတဲ့ Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ "Why we do what we do - Understanding Self-Motivation" ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတွေကို ဆက်စပ်တင်ပြလိုက်ပါတယ် ။ အဲဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ စမ်းသပ်မှုတခုကတော့ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး ၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ ။ အဲဒီစမ်းသပ်မှုရဲ့တွေ့ရှိချက်ကတော့ - -
ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာနားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲကထုတ်ပြီးသားဖြစ်သွားလေ့ရှိကြောင်း Edward L. Deci က သူ့စာအုပ်ထဲမှာထောက်ပြထားပါတယ် ။
ပေတံတခုအဖြစ်သုံးနေရတဲ့ ဖယ်ရှားလို့မရတဲ့စာမေးပွဲဆိုတာကိုကျင့်သုံးနေရင်း ကျောင်းသားတွေကို နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ ၊ ကျောင်းသားတွေမှာ ပညာသင်ယူခြင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် ၊ သင်ကြားရေးပိုင်းမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို ပညာရေးသုတေသီတွေ ကြည့်လာကြပါတယ် ။ အဲဒီအခါမှာ မူလတန်း ၊ အထက်တန်း ၊ အဆင့်မြင့်ပညာရေးရယ်လို့ တကန့်စီပြန်လည်သုံးသပ်ကြပါတယ် ။ ငယ်ရွယ်စဉ်ကလေးတယောက်ရဲ့ ဦးနှောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတာတွေမှန်သမျှကို သင်ယူရာမှာ ရေမြုပ်တခုလိုပဲ စုပ်ယူနိုင်တဲ့စွမ်းအင်ရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ် ။ ဒါ့အပြင် ကလေးတယောက်ရဲ့ လေ့လာသင်ယူတဲ့နှုန်း (learning curve) ဟာ သူ့ဘ၀တခုလုံးမှာ အမြင့်ဆုံး (သို့မဟုတ်) အမတ်စောက်ဆုံး (steepest) ဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါကြောင့် ကလေးငယ်တွေအတွက်ဖြစ်တဲ့ မူကြို နဲ့ မူလတန်းပညာရေးတွေမှာ နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ သူတို့ဆီမှာ သူတို့သင်ယူနေရတဲ့အချက်အလက်တွေပေါ် စိတ်ဝင်တစားဖြစ်ပြီး ၊ ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် အလွန်အရေးကြီးတယ်လို့ ပညာရေးလေ့လာသူများက သုံးသပ်လာကြပါတယ် ။
အဲဒါကြောင့် စင်္ကာပူနိုင်ငံမှာလည်း အငယ်တန်းမူလတန်းပညာရေးမှာ ကျောင်းသားတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ (extrinsic motivation) လှုံ့ဆော်တိုက်တွန်းမှုကြောင့် ၊ အပေါ်ယံသင်ယူခြင်း (surface learning) တွေပဲ ဖြစ်နေမှာမလိုလားတဲ့အတွက် စာမေးပွဲကိုပဲအလေးထားတဲ့စနစ်ကို ကန့်သတ် (သို့မဟုတ်) ဖယ်ရှားဖို့ စတင်လေ့လာနေတာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ။
တကယ်တော့ ကျောင်းသားတယောက် ဘယ်လောက်အတိုင်းအတာအထိ လေ့လာသင်ယူထားနိုင်လဲဆိုတာကို တိုင်းတာဖို့ စာမေးပွဲလိုမျိုးပေတံတချောင်း လိုအပ်သေးတယ်လို့မြင်မိပါတယ် ။ အဲလိုမှမဟုတ်ရင် သင်ကြားနေရတဲ့ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး ။ တချိန်တည်းမှာ စာမေးပွဲဆိုတာတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ ကျောင်းသားတွေမှာစာကုံးကျက်နေရတာမျိုး မဖြစ်သင့်ပါဖူး ။
ဒါကြောင့် တူဒေးသတင်းစာရဲ့ပေးစာမှာရေးထားတဲ့ စာဖတ်သူတယောက်ရေးသလို အရေအတွက်ထက် အရည်အသွေးရှိတဲ့ စာမေးပွဲတွေကို အသုံးပြုဖို့အရေးကြီးပါတယ် ။ ဒါပေမယ့်လည်း ပညာရေးစနစ်တခုမှာ စာမေးပွဲနဲ့ပတ်သက်ရင် အဲလို နှစ်ဖက်ညီမျှတဲ့အခြေအနေဆိုတာရောက်လာဖို့ မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် အထောက်အကူပြုနိုင်မယ့်အပြောင်းအလဲတွေကို စမ်းသပ်သင့်တာမျိုး ၊ ရလဒ်ကိုသုံးသပ်ပြီး ပြန် ညှိယူရတာတွေလုပ်ဖို့လည်း အရေးကြီးသလို လုပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်မိပါတော့တယ် ။
ကိုးကား။
[1] Today Newspaper (http://www.todayonline.com) - Front Page, 28 Jan 2009 issue
[2] Today Newspaper (http://www.todayonline.com) - Forum Section, 4 Feb 2009, 6 Feb 2009 issues
[3] Why we do what we do - Understanding Self-Motivation (Edward L. Deci)
[4] Primary Education Review and Implementation (PERI) Committee Shares Preliminary Recommendations (http://www.moe.gov.sg/media/press/2009/01/strong-fundamentals-for-future.php)

