Friday, February 6, 2009

သင်ယူခြင်းအပေါ် စာမေးပွဲရဲ့ သက်ရောက်မှုများ

ရေးသားသူ - S.S.

မကြာသေးခင် စင်္ကာပူနိုင်ငံမှ Primary Education Review and Implementation (PERI) Committee က မူလတန်းပညာရေးနဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အချက်တွေကို စင်္ကာပူနိုင်ငံရှိပညာရေးဌာနကို အကြံပေးတင်ပြခဲ့ပါတယ် ။ လူဦးရေ ၁၁ ယောက်ပါဝင်တဲ့ Primary Education Review and Implementation (PERI) Committee ကို Senior Minister of State (National Development and Education) ဦးဆောင်ပြီး ၊ ပညာရေးဌာနနဲ့ ပုဂ္ဂလိကနယ်ပယ်မှလူများနဲ့ ဖွဲ့စည်းထားပါတယ် ။ အဲဒီ PERI အဖွဲ့ဟာ ခုလို မူလတန်းပညာရေးနဲ့သက်ဆိုင်တဲ့အကြံပြုချက်တွေ မတင်ပြခင် လူဦးရေ ၆၀၀ ကျော်ပါဝင်တဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နဲ့ ဆရာ ဆရာမများ ၊ မိဘများ ၊ ပြည်သူလူထုတို့နဲ့ သူတို့တွေ့ရှိချက်တွေကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပါတယ် ။ [1]

PERI တင်ပြခဲ့တဲ့အကြံပြုချက်တွေဟာ ကလေးတွေကို စာပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ၊ ဘက်စုံပညာရေးပိုင်းကိုဦးတည်ထားပါတယ် ။ အကြံပြုချက်တွေအားလုံးထဲမှာ ထူးခြားသိသာပြောင်းလဲစေတဲ့အချက်ကတော့ မူလတန်းရဲ့ပထမဆုံးနှစ်တန်းဖြစ်တဲ့ Primary 1 & Primary 2 တွေမှာ စာမေးပွဲကြီးတွေမစစ်တော့ပဲ သင်ခန်းစာအလိုက်ပဲစစ်ဆေးတဲ့ assessment လို့ခေါ်တဲ့ အသေးစားစာမေးပွဲပုံစံလေးတွေပဲ လုပ်ဖို့ပါပဲ ။ [1]

မူလတန်းပထမနှစ်နှစ်မှာ စာမေးပွဲကြီးတွေမစစ်ဖို့အကြံပေးတယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီး စင်္ကာပူနိုင်ငံမှာရှိတဲ့စာဖတ်သူတွေဟာ သတင်းစာရဲ့ပေးစာအပိုင်းမှာ အဲဒီအကြံပြုချက်နဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲကြီးတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့ရင် ကလေးတွေဟာ သူတို့သင်နေရတဲ့ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာသင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့မြင်တဲ့အတွက် ထောက်ခံသလို ၊ တချို့ကျတော့လည်း အဲဒီနှစ်နှစ်အပြီးမှာ စာမေးပွဲကြီးတွေပေါ်အလေးထားတဲ့ အကြီးတန်းမူလတန်းပညာရေးကိုရင်ဆိုင်ရတဲ့အခါ ကလေးတွေနေသားကျပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲဆိုတာ လုံးဝမရှိတာတော့မဖြစ်သင့်ကြောင်း ၊ ကလေးတွေကို သင်ခန်းစာအလိုက်ရံဖန်ရံခါစစ်ဆေးတယ်ဆိုတာ ကောင်းသလိုထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ အဲလိုစစ်ဆေးတိုင်းအမှတ်ကောင်းရအောင် မိဘတွေက ကလေးတွေကို တွန်းအားပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ၊ စာမေးပွဲဆိုတာကို အရေအတွက်လျှော့ချပြီး အရည်အသွေးကိုပိုအလေးပေးသင့်ကြောင်း ၊ အရည်အသွေးကိုပိုအလေးပေးဖို့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲထုတ်ပေးတာထက် ကလေးတယောက်ဆီကို ဘယ်နေရာမှာလိုအပ်နေတယ်ဆိုတာမျိုး ပြန်လည်ပြောပြသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ကြပါတယ် ။ ပေးစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Primary 4 အဆင့်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတဦးဆီကပါ ။ သူရေးထားတာကတော့ ကျောင်းဆိုတာ စာပိုင်းဆိုင်ရာတွက်ပဲ သင်ကြားပေးနေတဲ့နေရာ မဖြစ်သင့်ပဲ ၊ ကျောင်းသားတွေကို ဘ၀မှာလူကောင်းတွေဖြစ်လာအောင်ပါ ပြုစုပျိုးထောင်သင့်ကြောင်းပါ ။ [2]

စာဖတ်သူတွေရေးထားတဲ့စာတွေကိုဖတ်ရင်း learning (သင်ယူခြင်း) နဲ့ motivation (လှုံ့ဆော် တိုက်တွန်းမှု) တို့ရဲ့ ဆက်စပ်မှုတွေကို သွားစဉ်းစားလိုက်မိတယ် ။ လှုံ့ဆော် တိုက်တွန်းမှု (motivation) ဆိုတာကို intrinsic (ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာသော) နဲ့ extrinsic (ပြင်ပအရာများကြောင့် ဖြစ်ပေါ်လာသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ လေ့လာသင်ယူခြင်းပိုင်းကိုလည်း deep learning (အချက်အလက်များကို သေချာ လေ့လာ တွေးခေါ် ဆက်စပ် နက်ရှိုင်းစွာ သင်ယူခြင်း) နဲ့ surface learning (အချက်အလက်များကို တစုံတရာရရှိဖို့အတွက် အပေါ်ယံ သင်ယူခြင်း) ဆိုပြီး အဓိကနှစ်မျိုးခွဲနိုင်ပါတယ် ။ ပညာရေးသုတေသီတွေ လေ့လာတွေ့ရှိတာကတော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲစာကျက်ကြတာဖြစ်တဲ့အတွက် သူတို့ဟာ အပေါ်ယံသင်ယူခြင်းမျိုးနဲ့ပဲ သင်ယူနေကြတယ်ဆိုတဲ့အချက်ပါပဲ ။ ဒီလိုဆိုရင် စာဖတ်သူတွေရေးထားတဲ့စာတွေထဲကလို စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလား လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ ဒါပေမယ့် နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကိုသင်ယူ မှတ်သား နိုင်ခဲ့သလဲဆိုတာကို ပြန်စစ်ဆေးဖို့အတွက် စာမေးပွဲဆိုတာမျိုး ပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။

တချိန်တည်းမှာပဲ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ် ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့ ၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ် ။ အဆင်မြင့်ပညာရေးတွေကို ဆက်တက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စကောလားရှစ်လျှောက်တာမှာပဲဖြစ်ဖြစ် ၊ အလုပ်တခုကို ကျောင်းအပြီးမှာ စလျှောက်တာပဲဖြစ်ဖြစ် ၊ အဲလိုအခါတွေမှာ စာမေးပွဲတွေရမှတ်ဟာ တပိုင်းတဒေသက အရေးပါနေတာအတွက် ကျောင်းသားတွေဟာ စာမေးပွဲရမှတ်အပေါ် အလေးထားကြတာ အံ့သြစရာတော့မဟုတ်ပါဖူး ။

ထပ်မံပြီးတော့ မကြာသေးခင်ကပဲ ဖတ်ပြီးသွားတဲ့ Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ "Why we do what we do - Understanding Self-Motivation" ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတွေကို ဆက်စပ်တင်ပြလိုက်ပါတယ် ။ အဲဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ စမ်းသပ်မှုတခုကတော့ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး ၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ ။ အဲဒီစမ်းသပ်မှုရဲ့တွေ့ရှိချက်ကတော့ - -

  • စာမေးပွဲစစ်ခံရမယ်လို့ ပြောထားမခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ သူတို့ဖတ်ထားခဲ့တဲ့စာပိုဒ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို စာမေးပွဲစစ်ခံရမယ်လို့ ပြောထားခံခဲ့ရတဲ့အဖွဲ့ကကလေးတွေထက် ပိုမိုနားလည်နိုင်ခဲ့ပါတယ် ။


  • စစ်ဆေးခံရမယ်လို့ ပြောထားခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ သူတို့ဖတ်တဲ့အချက်အလက်တွေကို ပိုမိုအလွတ်ကျက်မှတ်နိုင်ခဲ့ပါတယ် ။


  • အဲဒီစမ်းသပ်ချက်အပြီး တစ်ပတ်အကြာမှာ အဲဒီနှစ်ဖွဲ့ကကလေးတွေကို သူတို့ဖတ်ခဲ့တဲ့စာပိုဒ်တွေထဲကအကြောင်းအရာတွေကို ပြန်စစ်ဆေးတဲ့အခါ စစ်ဆေးခံရမယ်လို့ပြောထားမခံခဲ့ရတဲ့အဖွဲ့ကကလေးတွေဟာ အကြောင်းအရာတွေကို ပိုမိုဖြေဆိုနိုင်ခဲ့ပါတယ် ။


  • ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာနားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲကထုတ်ပြီးသားဖြစ်သွားလေ့ရှိကြောင်း Edward L. Deci က သူ့စာအုပ်ထဲမှာထောက်ပြထားပါတယ် ။

    ပေတံတခုအဖြစ်သုံးနေရတဲ့ ဖယ်ရှားလို့မရတဲ့စာမေးပွဲဆိုတာကိုကျင့်သုံးနေရင်း ကျောင်းသားတွေကို နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ ၊ ကျောင်းသားတွေမှာ ပညာသင်ယူခြင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် ၊ သင်ကြားရေးပိုင်းမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို ပညာရေးသုတေသီတွေ ကြည့်လာကြပါတယ် ။ အဲဒီအခါမှာ မူလတန်း ၊ အထက်တန်း ၊ အဆင့်မြင့်ပညာရေးရယ်လို့ တကန့်စီပြန်လည်သုံးသပ်ကြပါတယ် ။ ငယ်ရွယ်စဉ်ကလေးတယောက်ရဲ့ ဦးနှောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတာတွေမှန်သမျှကို သင်ယူရာမှာ ရေမြုပ်တခုလိုပဲ စုပ်ယူနိုင်တဲ့စွမ်းအင်ရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ် ။ ဒါ့အပြင် ကလေးတယောက်ရဲ့ လေ့လာသင်ယူတဲ့နှုန်း (learning curve) ဟာ သူ့ဘ၀တခုလုံးမှာ အမြင့်ဆုံး (သို့မဟုတ်) အမတ်စောက်ဆုံး (steepest) ဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါကြောင့် ကလေးငယ်တွေအတွက်ဖြစ်တဲ့ မူကြို နဲ့ မူလတန်းပညာရေးတွေမှာ နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ သူတို့ဆီမှာ သူတို့သင်ယူနေရတဲ့အချက်အလက်တွေပေါ် စိတ်ဝင်တစားဖြစ်ပြီး ၊ ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် အလွန်အရေးကြီးတယ်လို့ ပညာရေးလေ့လာသူများက သုံးသပ်လာကြပါတယ် ။

    အဲဒါကြောင့် စင်္ကာပူနိုင်ငံမှာလည်း အငယ်တန်းမူလတန်းပညာရေးမှာ ကျောင်းသားတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ (extrinsic motivation) လှုံ့ဆော်တိုက်တွန်းမှုကြောင့် ၊ အပေါ်ယံသင်ယူခြင်း (surface learning) တွေပဲ ဖြစ်နေမှာမလိုလားတဲ့အတွက် စာမေးပွဲကိုပဲအလေးထားတဲ့စနစ်ကို ကန့်သတ် (သို့မဟုတ်) ဖယ်ရှားဖို့ စတင်လေ့လာနေတာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ။

    တကယ်တော့ ကျောင်းသားတယောက် ဘယ်လောက်အတိုင်းအတာအထိ လေ့လာသင်ယူထားနိုင်လဲဆိုတာကို တိုင်းတာဖို့ စာမေးပွဲလိုမျိုးပေတံတချောင်း လိုအပ်သေးတယ်လို့မြင်မိပါတယ် ။ အဲလိုမှမဟုတ်ရင် သင်ကြားနေရတဲ့ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး ။ တချိန်တည်းမှာ စာမေးပွဲဆိုတာတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ ကျောင်းသားတွေမှာစာကုံးကျက်နေရတာမျိုး မဖြစ်သင့်ပါဖူး ။

    ဒါကြောင့် တူဒေးသတင်းစာရဲ့ပေးစာမှာရေးထားတဲ့ စာဖတ်သူတယောက်ရေးသလို အရေအတွက်ထက် အရည်အသွေးရှိတဲ့ စာမေးပွဲတွေကို အသုံးပြုဖို့အရေးကြီးပါတယ် ။ ဒါပေမယ့်လည်း ပညာရေးစနစ်တခုမှာ စာမေးပွဲနဲ့ပတ်သက်ရင် အဲလို နှစ်ဖက်ညီမျှတဲ့အခြေအနေဆိုတာရောက်လာဖို့ မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် အထောက်အကူပြုနိုင်မယ့်အပြောင်းအလဲတွေကို စမ်းသပ်သင့်တာမျိုး ၊ ရလဒ်ကိုသုံးသပ်ပြီး ပြန် ညှိယူရတာတွေလုပ်ဖို့လည်း အရေးကြီးသလို လုပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်မိပါတော့တယ် ။


    ကိုးကား။

    [1] Today Newspaper (http://www.todayonline.com) - Front Page, 28 Jan 2009 issue
    [2] Today Newspaper (http://www.todayonline.com) - Forum Section, 4 Feb 2009, 6 Feb 2009 issues
    [3] Why we do what we do - Understanding Self-Motivation (Edward L. Deci)
    [4] Primary Education Review and Implementation (PERI) Committee Shares Preliminary Recommendations (http://www.moe.gov.sg/media/press/2009/01/strong-fundamentals-for-future.php)

    0 comments:

     

    © 2007 IngridGrey By Arephyz