ပြန်လည်ကိုးကားတင်ပြသူ - S.S.
မကြာသေးခင်က အွန်လိုင်းပေါ် The New York Times မှာ ဖတ်လိုက်ရတဲ့ သတင်းတခုကတော့ - ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Introductory Physics ဆိုတဲ့ ဘာသာရပ်ကို ရာဂဏန်းရှိတဲ့ ကျောင်းသား အများကြီးကို ဆရာတယောက်က မိနစ် ၅၀ ကြာ သင်ကြားပို့ချတဲ့ လက်ချာ (lecture) နည်းစနစ်ကို မသုံးတော့ပဲ ၊ TEAL (Technology Enhanced Active Learning) လို့အမည်ရတဲ့ သင်ကြားနည်းစနစ်သစ်တခုကို ပြောင်းလဲလိုက်ပြီဖြစ်တဲ့အကြောင်းပါပဲ ။
အဲဒီလို သင်ကြားနည်းစနစ်အသစ်ကို စတင်စဉ်းစားရတဲ့ အကြောင်းရင်းတွေကတော့ - အဲဒီတက္ကသိုလ်မှာ သမားရိုးကျ လက်ချာပေးပြီး သင်ကြားတဲ့ နည်းစနစ်ကို သုံးတဲ့အခါ ၊ စာသင်အကောင်းဆုံး ဆရာများက သင်ကြားတဲ့အခါမှာတောင် စာမေးပွဲကျတဲ့ ကျောင်းသားဦးရေဟာ ၁၀ - ၁၂ ရာခိုင်နှုန်းရှိခဲ့တယ် ။ ဒါ့အပြင် အဲဒီတက္ကသိုလ်မှာ အကောင်းဆုံးဆရာဆုရတဲ့ ဆရာသင်တဲ့အတန်းမှာတောင် အဲဒီဘာသာရပ်အတွက် စာသင်ရက်များလာလေလေ ကျောင်းသားတွေရဲ့ ကျောင်းတက်နှုန်း (attendance) ဟာ ၅၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တယ် ။ အဲဒီအခြေအနေတွေကို သုံးသပ်ပြီး TEAL ဆိုတဲ့ သင်ကြားနည်းစနစ်အသစ်ကို နှစ်တချို့ထိ စမ်းသပ်ပြီးတဲ့အခါ အမြဲတမ်းအတွက် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
MIT တက္ကသိုလ်ရဲ့ သင်ကြားရေးနည်းပညာစနစ်သစ်ဟာ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ပေါ်မှာ အခြေခံထားပါတယ် ။ အဲလို သင်ကြားရေးစနစ်တွေမှာ ကျောင်းသားတွေဟာ ဆရာတွေရဲ့ သင်ကြားပို့ချတာကိုပဲ (lecture) ထိုင်နားထောင်နေတာမျိုး မဟုတ်ပါဖူး ။ သူတို့ကိုယ်တိုင် ဆရာတွေနဲ့အတူဖြစ်စေ ၊ အတန်းသားချင်းဖြစ်စေ အချက်အလက်တွေကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာမျိုး ဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေက ကျောင်းသားတွေရဲ့ ဆွေးနွေးချက်တွေကို သူတို့သင်ကြားမယ့် သင်ခန်းစာက အချက်အလက်တွေကို သုံးပြီး ပြန်လည်ထောက်ပြ ဆွေးနွေး ရှင်းပြတာမျိုး လုပ်ပါတယ် ။ အဲဒီအခါ စာသင်ကြားခြင်းဟာ ဆရာမှ ကျောင်းသားဆိုပြီး တစ်လမ်းသွားပဲ ဖြစ်မနေတော့ပဲ ၊ ဆရာ နဲ့ ကျောင်းသားကြား အပြန်အလှန်ဖြစ်နေတာမျိုး ၊ ဆရာကပဲ သင်ခန်းစာကို ပုံသေချပြီး သင်ပေးနေတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေ တွေးခေါ်တာတွေကိုပါ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်ပါတယ် ။
ခုခေတ် နိုင်ငံတကာပညာရေးမှာ (နာမည်ကြီး တက္ကသိုလ်များအပါအ၀င် ) ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်ဖြစ်တဲ့ လက်ချာ (lecture) အစား ခုလို သင်ကြားနည်းစနစ်အသစ်တွေကိုဘက်ကို အားစိုက်လာကြပါတယ် ။ MIT တက္ကသိုလ်အပြင် တခြားတက္ကသိုလ်များဖြစ်တဲ့ Rensselaer Polytechnic Institute, North Carolina State University, the University of Maryland, the University of Colorado at Boulder and Harvard တို့မှာလည်း ရူပဗေဒပညာရပ်ကို ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်အစား ၊ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ကိုအခြေခံတဲ့ သင်ကြားနည်းစနစ်တွေကို သုံးလာကြပါတယ် ။
Harvard တက္ကသိုလ်မှာ ရူပဗေဒပညာရှင်တယောက်ဖြစ်တဲ့ Professor Mazur က အောက်ပါအတိုင်း ပြောခဲ့ပါတယ် ..
“Just as you can’t become a marathon runner by watching marathons on TV, likewise for science, you have to go through the thought processes of doing science and not just watch your instructor do it.”
Nobel Prize-winning physicist Carl Wieman ကလည်း ...
the human brain “can hold a maximum of about seven different items in its short-term working memory and can process no more than about four ideas at once.”
ဆိုပြီး သူ ရေးသားတင်ပြတဲ့ စာတမ်းတခုထဲမှာ ကောက်ချက်ချခဲ့ပါတယ် ။
အဲဒါကြောင့် တစ်နာရီနီးပါးကြာလေ့ရှိတဲ့ လက်ချာ (lecture) တွေမှာ ဆရာက သင်ကြားပို့ချနေတဲ့ အချက်အလက်တွေ အကုန်လုံးကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ ၀င်သွားနိုင်ဖို့ ခဲယဉ်းပါတယ် ။ အနည်းအကျဉ်းသာ ၀င်နိုင်မယ်ထင်တယ်လို့ သူက ဆက် ပြောခဲ့ပါတယ် ။
အခုလိုပညာရှင်တွေအများအပြား ထောက်ခံနေကြတဲ့ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” ပေါ်အခြေခံတဲ့ သင်ကြားနည်းတွေကို ခုခေတ် နိုင်ငံတကာရဲ့ကျောင်းတော်တော်များများမှာအသုံးပြုလာကြပေမယ့် ၊ သင်ကြားနည်း (pedagogy) တွေကတော့ တမျိုးစီ ကွာခြားကြပါတယ် ။ ဥပမာ - - MIT မှာ အသုံးပြုတဲ့ TEAL (Technology Enhanced Active Learning) နည်းစနစ်မှာ ကျောင်းသားအယောက် ၈၀ ဟာ စားပွဲရှည် ၁၃ ခုမှာ အဖွဲ့လိုက် ထိုင်ကြပြီး ၊ သူတို့ရှေ့မှာ ကွန်ပြူတာတွေ ရှိနေပါတယ် ။ ကထိကဆရာမ (lecturer) က စာသင်ရင်း ထုတ်လိုက်တဲ့ မေးခွန်းပုစ္စာတွေ အဲဒီ ကွန်ပြူတာတွေပေါ်မှာလာပေါ်တဲ့အခါ ၊ ကျောင်းသားတစ်ဦးစီမှာ ကိုင်ထားတဲ့ clicker လို့ခေါ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းကိုသုံးပြီး ၊ ကိုယ်ထင်တဲ့အဖြေကို ရွေးချယ်နိုင်ပါတယ် ။ ကျောင်းသားတစ်ယောက်ရွေးချယ်လိုက်တဲ့အဖြေဟာ ကထိကဆရာမနဲ့ နည်းပြဆရာမတွေရဲ့ ကွန်ပြူတာမှာ သွားရောက်ပေါ်ပါတယ် ။ စာသင်ခန်းထဲမှာလည်း အဖြူရောင်သင်ပုန်း (white board) တွေ ၊ ကြီးမားတဲ့ display screen တွေ နံရံတွေမှာ ကပ်ထားပါတယ် ။
အမေရိကန် ဒေါ်လာ ၂.၅ မီလီလျံကုန်ကျတဲ့ အဲဒီစာသင်ခန်းနှစ်ခန်းဟာ အဲလောက်ထိအကုန်အကျခံပြီး မလုပ်သင့်ဖူးလို့ တချို့က ဝေဖန်ကြပါတယ် ။ ဒါ့အပြင် MIT မှာတက်ရောက်နေတဲ့ ကျောင်းသားတချို့က အဲဒီသင်ကြားနည်းစနစ်နဲ့ ပတ်သက်ပြီး မကြိုက်တဲ့အချက်တွေလည်း ရှိပါတယ် - - အဖွဲ့လိုက် ဆွေးနွေးရတဲ့အခါ ပိုတော်တဲ့သူတွေက စိတ်ရှည်လက်ရှည်မရှင်းပြပဲ သူတို့ဘာသာပဲ ပုစ္စာတွေ လေ့ကျင့်ခန်းတွေကိုဖြေသွားလို့ အားနည်းသူတွေ ဘာမှလိုက်မမှီနိုင်တာမျိုး ၊ အခန်းထဲမှာ အားလုံးက ပြောဆို ဆွေးနွေးနေကြ ၊ ကထိကနဲ့ နည်းပြတွေက ဟိုဟိုဒီဒီ သွားလာနေတဲ့အတွက် သူတို့တွက် အာရုံလွင့်ပါးတာတွေဖြစ်ရတာမျိုး ၊ ကျောင်းတက်နှုန်းကို အောင်မှတ်ရဲ့ ၂၀ ရာခိုင်နှုန်းအဖြစ်ထည့်သွင်းထားတဲ့အတွက် မဖြစ်မနေကျောင်းတက်နေရတာမျိုး ။
တချိန်တည်းမှာပဲ ခုလိုသင်ကြားနည်းစနစ်ကို ထောက်ခံသူတွေလည်း များပြားတာတွေ့ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် သင်ကြားနည်းစနစ်တခုဟာ လူတိုင်းအတွက် အမှားအယွင်းကင်းပြီး ပြီးပြည့်စုံဖို့ ခဲယဉ်းလှပါတယ် ။ သင်ကြားနည်းစနစ်တခုအောင်မြင်ဖို့ သင်ယူတဲ့ကျောင်းသားရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားတဲ့ ဆရာဆရာမများရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားနေတဲ့ဘာသာရပ် ၊ သင်ကြားသူက အဲဒီသင်ကြားနည်းစနစ်အပေါ် နားလည်တဲ့အတိုင်းအတာ ၊ သင်ကြားသူနဲ့ ကျောင်းသားများကြားဆက်ဆံရေးအခြေအနေ စတာတွေပေါ် အတိုင်းအတာတခုထိ မူတည်နေပါတယ် ။ အဲလို များပြားလှတဲ့အချက်အလက်တွေပေါ် မူတည်နေတဲ့အတွက် MIT လို လူတော်တွေပဲတက်တယ်လို့ သတ်မှတ်ခံရတဲ့ ကမ္ဘာကျော်တက္ကသိုလ်မှာတောင် သင်ကြားနည်းစနစ်တခုဟာ ကျောင်းသားတိုင်းအတွက် အဆင်မပြေတာ တွေ့ရပါတယ် ။ ဒါကြောင့် နိုင်ငံတကာမှာ အစဉ်တစိုက် သင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ပညာရေးသုတေသနတွေကို အမြဲပြုလုပ်နေကြရတာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ် ။
အကိုးအကား
At M.I.T., Large Lectures Are Going the Way of the Blackboard (article in New York Times) & readers' comments http://www.nytimes.com/2009/01/13/us/13physics.html?_r=3&pagewanted=1&sq=%20education%20%20math%20%20science&st=nyt&scp=2
Friday, January 30, 2009
MIT တက္ကသိုလ်ရဲ့ သင်ကြားနည်းစနစ်သစ်အကြောင်း |
Wednesday, January 28, 2009
သူတို့တွက် အနာဂတ်ကောင်းကင် |
(ရေးသားသူ - S.S.)
(၁)
“သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်းပညာရေးမှာပဲ စာရင်းသွင်းထားလိုက်တယ်လေ ။ တကယ်တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်းတခုမှာ ။ ခုဆို သူ့အမေထက်တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ် ။”
ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ် ။
“မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတန်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ် ။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေသင်လဲဆိုတော့ သူ သေချာမသိ ၊ ဘယ်လိုသင်ရိုးညွှန်းတန်းကို လိုက်လဲဆိုတော့လဲ သေချာမသိ ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက်လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ ။
လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ်တခုရဲ့ အသုံးဝင်မှု ၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည်ပညာရေးအပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ် ။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဖူးလို့ သူတို့ ထင်လာကြဟန် တူပါတယ် ။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ် ။
၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ် ။ [1]
(၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
(၂) နိုင်ငံတကာ ကျောင်းများ (International Schools)
(၃) ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)
နိုင်ငံတကာ ကျောင်းတွေ (International Schools) ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံကလူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေ များကြပါတယ် ။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတနိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကိုလိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ် ။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ် ။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ် ။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ် ။
အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ် ။
ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ် ။
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ် ။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတက်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ ။ အဲလိုကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ် ။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ် ။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကိုအားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်း နဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ် ။
(၂)
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ် ။
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတယောက်တွက် အုတ်မြစ်ချခါစ အစပိုင်းပညာရေးဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားလေ့ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။
အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ ။
အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ ဆရာမများဟာ တချို့ က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေက ဖြစ်ပါတယ် ။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ် ။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ် ။
သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ် ။ နိုင်ငံတကာပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ် ။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား ။
တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ် ။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ် ။
သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ် ။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ် ။
မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ် ။
သင်ရိုးညွှန်းတန်းကို သေချာအလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်) တွေပဲ ဖြစ်လာနိုင်ပါတယ် ။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ် ။
နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာတခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ် ။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ် ။
အသိသာဆုံးဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ် ။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ် ။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ် ။ ဒီတော့ အသံထွက်မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။
နောက် ဘာသာရပ်တရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ပတ်သက်ပြီး သင်နိုင်တဲ့အရည်အချင်းရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား ၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဖူး ။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် ၊ အဲဒီကျောင်းတွေဟာ အတိုင်းအတာတခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ် ။
အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားတဲ့ ပေတံတွေမရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ် ။ အထိမ်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) ဟာလည်း ဈေးကွက်တခုလို ဖြစ်ထွန်းလာနိုင်တယ် ။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ ၊ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေအနာဂတ်အတွက် ထွက်ပေါက်တခုလိုမြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကိုလိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ် ။
(၃)
ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို ”ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ် ။
အကိုးအကား
[1] Private Education in Myanmar [http://epress.anu.edu.au/myanmar02/mobile_devices/ch08s04.html]
Friday, January 23, 2009
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂) |
-သိန်းနိုင်-
သင်ယူလေ့လာမှုတိုးတက်စေဖို့
ဒါကာပညာရေးလုပ်ငန်းအညွှန်းဘောင် Dakar Framework for Actionရဲ့ အားလုံးအတွက် ပညာရေး အစီအစဉ် Education For All (EFA) ကို အရင်ဆုံး ကျနော်ဆွေးနွေးပါရစေ။ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံတိုင်းရဲ့အစိုးရအားလုံးတခဲနက် သဘောတူညီ လက်မှတ်ရေးထိုးထားခဲ့တဲ့ ဒီစာချုပ်ဟာ အသေအချာ ပြင်ဆင်ထားတာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဆရာဆရာများနှင့်ပတ်သက်ပြီး အောက်ပါ အချက်တွေကို ပြုစုထားရှိတယ်။
ဆရာဆရာများကို -
ဒါပေမယ့် ပထမဆုံးအနေနဲ့ ကျောင်းဆရာ၊ ဆရာမအသစ် စုဆောင်းပုံကို ကြည့်ကြရအောင်။ ဆရာအလုပ် အကိုင်အတွက် ပိုမိုသင့်တော်ကိုက်ညီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို ဆွဲဆောင်နိုင်ရမယ်။ ဒီလိုလုပ်မှကို ဖြစ်မှာပါ။ သက္ကရာဇ် ၂၀၁၅ မှာ အာရှတိုက်အတွင်း အားလုံးအတွက် ပညာရေး EFA ရည်မှန်းချက်တွေကို အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ဆရာဆရာမအသစ် လေးသန်းထပ်လိုမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။
ဆရာအတတ်ပညာ သင်တန်းပြုပြင်ပြောင်းလဲရေး
တိုင်းပြည်ရဲ့ဦးဆောင်မှုကနေ အဆင့်ဆင့်တိုင်းက နိုင်ငံရေးအရ အထောက်အပံ့ကို အများကြီးလိုအပ်တယ်။ ပညာရေးအတွက်ပါ။ အထူးသဖြင့်တော့ ကျောင်းဆရာဆရာမများအတွက်ဖြစ်တယ်။ နောက်ပြီးတော့လည်း ထက်မြက်တဲ့ဘွဲ့ရလူငယ်များ ကျောင်းဆရာအလုပ်လုပ်ဖို့အတွက် မက်လုံးတွေထားရှိသင့်တယ်။
ဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘ၀တစ်သက်တာလေ့လာရာမှာ လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာ သင်တန်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်။
ဒါပေမယ့် နိုင်ငံအတော်များများမှာ ကျောင်းဆရာဆရာမလောင်းများဟာ နှစ်အတော်ကြာကြာ ကောလိပ် စာသင်ခန်းများ အတွင်းမှာ ပျင်းရိလေးတွဲစွာထိုင်ပြီး သင်ယူခြင်း-သင်ကြားခြင်းသီအိုရီတွေကို လေ့လာနေကြ ရတာတော့ဖြင့် ကံဆိုးလှပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်တန်းစနစ်ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲနိုင်မလဲ။
အရင်ဆုံးအနေနဲ့ ဆရာအတတ်ပညာသင်တန်းတွေဟာ ပညာရေးဘွဲ့သင်တန်းဖြစ်စေ၊ ဘွဲ့လွန်ဒီဂရီတွေ ဖြစ်စေ စာသင်ခန်းအတွင်း အတွေ့အကြုံ အတော်များများ ပါဝင်ရမှာဖြစ်တယ်။
ဆရာအတတ်ပညာ သင်တန်းတွေမှာ အရေးကြီးတဲ့အခြား စွမ်းရည် ၃ မျိုးကိုလည်းထည့်သွင်းသင့်ပါတယ်။
ဆရာဆရာမများဟာ ကျောင်းတွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်း လုံခြုံနွေးထွေး တဲ့ နေရာတွေ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားရမယ်။
ဆရာဆရာမများဟာ ကျောင်းသူကျောင်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာထားရမယ်။ နောက်ပြီးတော့ -
ကဲအခု လုပ်ငန်းခွင်မှာ နေရာချထားရေးကို ကြည့်ကြရအောင်။ မူလတန်းကျောင်းလေးရဲ့ ပထမတန်းမှာ စာသင်ဖို့ ဘယ်လိုဆရာဆရာမမျိုးကို တာဝန်ပေးကြပါသလဲ။ ကျနော်တို့အားလုံး သိရှိကြတဲ့အတိုင်း အတော်ဆုံး ဆရာဆရာမတွေတော့ မဟုတ်သေးပါဘူး။ တော်သော၊ ကောင်းသော ဆရာဆရာမများကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အလိုက် အလိုအပ်ဆုံးနေရာတွေမှာ တာဝန်ပေးကြရမှာပါ။
ကျောင်းတွေမှာ တာဝန်ပေးအပ်မှုနဲ့ ပတ်သက်လို့ ဒုတိယအချက်ကတော့ ခက်ခဲတဲ့ နေရာဒေသတွေကို ထက်မြက် ထူးချွန်တဲ့ ဆရာဆရာမတွေသွားပြီး စာသင်ဖို့အတွက် ဘယ်လိုလုပ်လုပ်ပေးကြမလဲ။ အပိုဆောင်းဆု ကြေးငွေ အပါအ၀င် မက်လုံးတွေပေးစရာ အများကြီးရှိနေပါတယ်။
ကျောင်းဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု
အဓိကအားဖြင့်တော့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေ ဆရာအတတ်ပညာကို လေ့လာကြ၊ အရည် အသွေးပြည့်မီတဲ့သင်တန်းတွေမှာ တက်ကြ၊ အလိုအပ်ဆုံးနေရာတွေ၊ အတန်းတွေမှာ စာသင်ကြားကြ။ ကျောင်းဆရာအလုပ်မှာ မြဲနေဖို့နဲ့ စာသင်ကြားခြင်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဘ်ာတွေများ လုပ်ပေးနိုင်မလဲ။
ပထမဆုံးအနေနဲ့တော့ ဆရာဆရာမအသစ်တွေကို ကျောင်းလုပ်ငန်းမိတ်ဆက်အစီအစဉ်တွေ၊ လုပ်ငန်းခွင် လက်တွေ့ အစမ်းခန့်ကာလအစီအစဉ်တွေကို ကျနော်တို့ အသေအချာစီစဉ်လုပ်ဆောင်ကြရမှာဖြစ်တယ်။
ဆရာအတတ်ပညာသင်တန်းကာလ အစပိုင်းကတည်းက ဆရာဆရာမလောင်းတွေကို မိမိတို့ရဲ့သင်ကြားမှုကို ပြန်လှန်လေ့လာသုံးသပ်တတ်တဲ့သူတွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားရုံတင်မကဘဲ မိမိအထက်က ဆရာကြီး ဆရာမကြီးတွေ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမတွေနှင့်ပါ စာသင်ကြားရေး တိုးတက်လာစေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့သူတွေ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးရမှာပါ။
နောက်ဆုံးတစ်ချက်အနေနဲ့တော့ ကျောင်းဆရာဆရာမများကို ဆရာအလုပ်အကိုင်ရဲ့ တိုးတက်မှုအတွက် ရှေ့ဆက် လမ်းဖွင့်ပေးခြင်းနှင့် အဆင့်မြင့်တာဝန်တွေယူနိုင်ဖို့ကို လမ်းကြောင်း ၂ ခုနဲ့ထားရှိရမယ်။ ပညာရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေးလမ်းကြောင်းနှင့် ပညာရှင်လမ်းကြောင်းတွေကတဆင့် ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရယင် ကျောင်းဆရာအလုပ်ဖွံ့ဖြိုးမှုအတွက် ပရော်ဖက်ရှင်နယ်ကျောင်းဆရာအစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့စည်းပေးရမယ်။ သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်နိုင်အောင် အားပေးရမယ်။
ကလေးတိုင်းဟာသီးသန့်ဖြစ်တည်ပြီး ရှင်သန်နေတယ်လို့ကျနော်တို့ ယုံကြည်တယ်ဆိုယင် “ဆရာ” ရယ်လို့ ထိုက်တန်စွာ အခေါ်ခံနိုင်သူ ပရော်ဖက်ရှင်နယ်တွေက စာသင်ခန်းတိုင်းရှိ ကလေးတိုင်းကို လမ်းညွှန် ဦးဆောင်မှုပေးပြီး စာသင်ကြား ပြသပေးရလိမ့်မယ်။ ကလေးတွေဟာ စံပြုနိုင်သူ၊ လမ်းညွှန်နိုင်သူ ရရှိဖို့ လိုအပ်သလို ရရှိသင့်တယ်။ ပိုပြီးတော့ မရေရာမတိကျလှတဲ့ အနာဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ ရရှိနိုင်ဖို့ဖြစ်တယ်။ ဒီအခြေအနေထက် လျော့နည်းပြီး လုပ်လို့ မသင့်တဲ့ အဖိုးထိုက် ရတနာလေးတွေ မဟုတ်လား။
(Ref: BKK post 13 &2 1 Jan 2009 Sheldon Shaeffer ရှယ်ဒန်ရှေးဖာဟာ ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရိုရဲ့ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလမှာ အငြိမ်းစားယူခဲ့တယ်။ နယူးယောက်နဲ့ ဘန်ကောက် ယူနီဆက်၊ အင်ဒိုနီးရှား ဖို့ဒ် ဖောင်ဒေးရှင်း၊ ပဲရစ် အခြေစိုက် ပညာရေးစီမံကိန်းရေးဆွဲရေး နိုင်ငံတကာအင်စတီကျူ့၊ ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးသုတေသနဌာနတွေမှာ အလုပ်လုပ်ခဲ့တယ်။)
Thursday, January 15, 2009
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁) |
ရေးသားသူ - ဦးသိန်းနိုင်
(ဘန်ကောက်အခြေစိုက် ယူနက်စကို-အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရို ညွှန်ကြားရေးမှူးဟောင်း ရှယ်ဒန် ရှေးဖာ၏ စာတမ်းကို ပြန်ဆိုပါသည်။ Ref: BKK post 13 Jan 2009)
ကျနော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ် (အကောင်းဆုံးလည်းဖြစ်ပါတယ်) ကတော့ ကျောင်းဆရာ တစ်ယောက် အနေနဲ့ပါ။ ကျောင်းပြီးလို့အသက် ၂၂ ပြည့်တယ်ဆိုရင်ပဲ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက် တောနက်ကြီး ထဲမှာရှိတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ စတင်ခဲ့တာပေါ့။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါ်မှာ ရေးထားတဲ့အတိုင်း ကျနော့်တာဝန်ကတော့ ”မိခင်ဘာသာစကား ပြောဆိုသူ“ အနေနဲ့ပါ။
ကျောင်းမှာ စာသင်တန်း လေးခန်းရှိပါတယ်။ ပညာရေးဌာနက တရားဝင်အကြောင်းကြားစာမပို့မီ ကျနော် ရောက်သွားတဲ့အခါ ဆရာ ငါးဦး ရှိခဲ့ပါတယ်။ ကျနော်လာမယ်ရယ်လို့ မျှော်လင့်မထားကြတဲ့ အတွက်ရယ် နယူးဇီလန်နိုင်ငံသားဆရာငယ်တစ်ဦး မနေ့ကတည်းကရောက်ရှိနေတာကြောင့် သိပ္ပံဘာသာနှင့် အင်္ဂလိပ်စာကို သင်ဖို့ သူ့ကိုတာဝန်ပေးထားခဲ့တယ်။ ကျနော့်ကတော့ဘယ်တုန်းကမှ မလေ့လာဘူးခဲ့တဲ့ အာရှတိုက်သမိုင်းနှင့် တောင်ကမ္ဘာဘက်ပိုင်းပထ၀ီဝင်တို့ကို သင်ကြားပေးရမှာတဲ့။ နောက်တစ်ခုကတော့ ဂီတဖြစ်ပါတယ်။
နှစ်ပတ်အတွင်းမှာဘဲ ဂီတကို လက်လျော့လိုက်ရပါတယ်။ (သီချင်းမဆိုတတ်ဘူးဆိုတာကို သက်သေပြရခဲ့ သေးတာ။) အင်္ဂလိပ်စာကိုတော့ သင်ခွင့်ရခဲ့တယ်။ သူတို့ဆုံးဖြတ်တာကတော့ “ဒါးဗစ်“ ဆိုတဲ့ ဆရာလေးက နားလည်နိုင်လောက်တဲ့အင်္ဂလိပ်စကားကို မပြောတတ်လို့တဲ့။ ဒီစာကိုဖတ်နေတဲ့ နယူးဇီလန်သားများကို ကျနော်တောင်းပန်ပါတယ်။
ဒီလိုနဲ့ဘဲ ကျနော့်ရဲ့ စာသင်ကြားခြင်း အလုပ်စတင်ခဲ့တော့တယ်။ သိပ်စိတ်ဝင်စားစရာမကောင်းသလို ကျေနပ် စရာ မဖြစ်ခဲ့တဲ့ စာသင်ကြားခြင်း အလုပ် ၂ မျိုးလောက် ပြောင်းအပြီးမှာတော့ တကယ်လုပ်သင့်တာက ပညာရေးဘွဲ့ကျောင်းသား အလုပ်ဟာ (ကျောင်းပြန်တက်တာ) ပိုအသင့်တော်ဆုံးလို့ဆုံးဖြတ်ခဲ့တယ်။ အထူး သဖြင့်တော့ မနုဿဗေဒရှုထောင့်ကနေ စဉ်းစားတာပါ။ ဒါဟာပညာရေးကို ဆုပ်ဆုပ်ကိုင်ကိုင် တိုက်ရိုက် ပါဝင်ဆောင်ရွက်တာထက် ပညာရေးဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာ၊ ပိုင်းဖြတ်ရတာကို တစ်သက်တာ စိတ်ဝင်စားမှုနဲ့စတင်ပါတော့တယ်။
အနှစ်လေးဆယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့အပြီး အခုတော့ ကျနော်တို့ဘယ်နေရာမှာ ရပ်တည်နေရပါလဲ။ အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ စိတ်မကောင်းပါဘူး။ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနေတဲ့ စိန်ခေါ်မှုအသစ်တွေ၊ အန္တရာယ်အသစ်တွေ အပြည့်အနှက်ရှိနေတဲ့အခြေအနေနဲ့ ကမ္ဘာကြီးမဟုတ်လား။ အခုတော့ ဒီခြိမ်းချောက်မှုတွေဟာ ပိုပြီးတော့သာကြီးထွားလာနေတယ်။ ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ မြင်ကွင်းတွေဖြစ်တဲ့ ငွေကြေးစီးပွားကပ်ဆိုက်နေမှုတွေ၊ ရာသီဥတုဖောက်ြပန် ပြောင်းလဲလာနေမှုတွေ၊ အကြမ်းဖက်သမားများနှင့် လျော့နည်းလာနေတဲ့ သဘာဝအရင်းအမြစ်တွေကို အပြိုင်အဆိုင်လုယူတဲ့ စစ်ပွဲတွေ အစုံအလင် ပါဝင်နေတယ်လေ။
ပြဿနာကတော့ ဒီစိန်ခေါ်မှုတွေပိုမိုများပြားလာတာနဲ့အမျှ “ပညာရေး“ က ကူကယ်နိုင်မယ်ဆို့တဲ့ မျှော်လင့်ချက်ရယ် ကမ္ဘာကြီးကို ချောက်ထဲမကျဖို့ ကယ်ဆယ်ပေးနိုင်မယ်ဆိုပြီး မြင်လာကြတော့တယ်။ ပညာရေးသမားများ အတွက် အားတက်ဖွယ်ရာ မျှော်လင့်ချက်ပါဘဲ။ သို့ပေမယ့် ပညာရေးကို စိန်ခေါ် ခံနေရတွေကတော့ဖြင့် အသည်းထိတ်စရာပါ။
၁။ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရာတာက ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးကို ဗဟိုဦးစီးချုပ်ကိုင်မှုကနေ လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ (အကောင်းရော၊ အဆိုးပါ၊ လုပ်ပုံနည်းလမ်း မှန်ကန်မှုနဲ့ လမ်းမှားမှုတွေ ရှိနေတယ်။)
၂။ ပညာရေးစနစ်အတွင်းမှာ အဂတိတရားလိုက်စားမှုတွေ ကြီးထွားလာနေတယ်။ ပုဂ္ဂလိကနှင့် အခကြေးငွေ ပေးရတဲ့ကျူရှင်တွေမှာသာ ကျောင်းဆရာဆရာမများဟာ သင်ရိုးညွှန်းတမ်းကို ထိထိရောက်ရောက် သင်ကြား တော့တယ်။
၃။ ပညာရေးစနစ်ရဲ့အဆင့်ဆင့်တိုင်းမှာ လမ်းကြောင်း လမ်းသွယ်တွေ ထွေပြားလို့နေပြီး အရည်အသွေး ပြည့်ဝတဲ့ဆရာ ဆရာမတွေ၊ သင်ကြားရေးအရင်းအမြစ်တွေကို လမ်းကြောင်းတိုင်းမှာ ပိုလိုအပ်နေတယ်။
၎။ ပညာရေးဟာ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် စံနှုန်းတွေအတွက် အကျိုးဆောင်ရမှာလား၊ ဒါမှမဟုတ်ရင် ဒေသ အလိုက် လိုက်လျောညီထွေရှိမှုနှင့် ယဉ်ကျေးမှုအမှတ်အသားသရုပ်တွေနှင့် မျိုးနွယ်စုံထွေပြားမှုကို ထိန်းသိမ်း ကာကွယ်ပေးရမှာလား ဆိုတဲ့ အတောမသတ်နိုင်တဲ့ ဆေးနွေးငြင်းခုံမှုတွေ။
၅။ ပညာရေးကို ကိရိယာတစ်ခုအဖြစ်အသုံးပြုနေတဲ့ (ကုန်ထုတ်၊ ဥာဏ်ထုတ် စွမ်းအားတိုးပွားစေဖို့ ကျွမ်းကျင်လုပ်သားထု ပျိုးထောင်ရေး) အခြေအနေကနေ ပြီးပြည့်စုံတဲ့ လူသားတစ်ဦး ဖြစ်လာစေဖို့ဆိုတဲ့ လူသားဗဟိုပြု အတွေးအမြင်ဘက်ကို ပြောင်းလဲလာမှု။
၆။ အနာဂတ်ကာလမသေချာမတိကျမှုအပေါ်မှာ ဖန်တီးလိုစိတ်နှင့် ပြောင်းလဲခြင်းနှင့်အတူ လိုက်ရွေ့နိုင်ဖို့ တွေကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ အစဉ်သင်ယူနေတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ စဉ်ဆက်မပြတ် တစ်သက်တာလေ့လာလိုမှု၊ ပဋိပက္ခတွေပိုပြီးတိုးလို့နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေ အတူမှီတွဲနေထိုင်နိုင်မှု။
၇။ အမှတ်အသားသရုပ်အိုင်ဒီမတူတာရယ် ပြီးတော့လည်းနောက်ခံအခြေအနေအမျိုးအစုံအလင်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရင်ဆိုင်နိုင်ဖို့။ နောက်ဆုံးတစ်ချက်ကတော့-
၈။ အကောင်းဆုံးသော မျှော်မှန်းချက်တွေထားရှိပြီး၊ ကျောင်းတက်နှုန်းတိုးလာတာတွေ၊ ငွေကြေးအရင်းအနှီး ပိုမြုပ်နှံ ထားတာတွေရယ် တစ်ကမ္ဘာလုံးမှာ အရည်အတွက်တိုးလာစေဖို့ဆိုတဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်း ရှေ့တိုး လျှောက်လှမ်းနေစဉ်မှာဘဲ ပညာရေးစနစ်တွေနဲ့ စာသင်ကျောင်းဟာ ကျောင်းသားများရဲ့ သင်ယူရန် လိုအပ်ချက်တွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပျက်ကွက်နေတာကို ပိုတွေ့နေရပါပြီ။
ကျောင်းဆရာဆရာမများဟာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ နေရာမှာရှိနေတယ်။ ပညာရေးကနေ ကမ္ဘာကြီးကို ကူကယ်ရမယ် ဆိုတာလည်း အပါအ၀င်ပေါ့။ “ကျောင်းဆရာဆရာမ မလိုအပ်တဲ့ သင်ရိုးညွှန်းတမ်း“ ဆိုတာရယ် “ကျောင်းဆရာဆရာမနှင့် တူညီသော ကွန်ပြူတာ“ ဆိုတာတွေကို ထပ်ပြီးတော့ မကြားမိသေးပါဘူး။ ပညာသင်ကြားပေးသူ၊ စံပြုနိုင်သူ၊ လမ်းညွှန်ပေးသူတွေရယ်လို့ တင်စားခေါ်ထားတဲ့ ကျောင်းဆရာဆရာမများဟာ ဒီကမ္ဘာမြေမှာ ရှိနေပါဦးမယ်။
နောက်အပတ်ကျရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပါဦးမယ်။
Sunday, January 4, 2009
မတော်သော်လည်းမရှော်တဲ့တပည့်တွေ |
ရေးသားသူ - ဒေါက်တာအောင်ကြီး
ယခုတလောစာမေးပွဲတွေထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက်ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှာ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လာနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇ၀င် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇ၀င် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါဝင်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။
ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇ၀င်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ ``ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ ``ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´ကို သူက ``ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေါ့။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ ``ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ ``ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ ``သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ ``ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဥ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ ``မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။
လူနာ ရောဂါရာဇ၀င်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ``ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မစိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ ``ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး ``သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ ``ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ ``ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ ``ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ ``ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမ၀င်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇ၀ါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး ``နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် ``သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ ``တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို ``ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။
နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ ``သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ ``များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ ``ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ ``၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ ``ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ ``ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘ၀တူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို ``မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက ``ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနုံ့နုံ့။
ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါဝင်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇ၀င် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။
ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးက၀ိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ ``ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ိုင်းဝန်းရ ဖေးမရသေးသည်။
ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။
မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။
ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။
ဒေါက်တာအောင်ကြီး
The author is the Professor and Head of the Department of Medicine from University of Medicine, Mandalay and also a well-known essayist in Burma.