ရေးသားသူ - ဦးသိန်းနိုင်
(ဘန်ကောက်အခြေစိုက် ယူနက်စကို-အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရို ညွှန်ကြားရေးမှူးဟောင်း ရှယ်ဒန် ရှေးဖာ၏ စာတမ်းကို ပြန်ဆိုပါသည်။ Ref: BKK post 13 Jan 2009)
ကျနော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ် (အကောင်းဆုံးလည်းဖြစ်ပါတယ်) ကတော့ ကျောင်းဆရာ တစ်ယောက် အနေနဲ့ပါ။ ကျောင်းပြီးလို့အသက် ၂၂ ပြည့်တယ်ဆိုရင်ပဲ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက် တောနက်ကြီး ထဲမှာရှိတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ စတင်ခဲ့တာပေါ့။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါ်မှာ ရေးထားတဲ့အတိုင်း ကျနော့်တာဝန်ကတော့ ”မိခင်ဘာသာစကား ပြောဆိုသူ“ အနေနဲ့ပါ။
ကျောင်းမှာ စာသင်တန်း လေးခန်းရှိပါတယ်။ ပညာရေးဌာနက တရားဝင်အကြောင်းကြားစာမပို့မီ ကျနော် ရောက်သွားတဲ့အခါ ဆရာ ငါးဦး ရှိခဲ့ပါတယ်။ ကျနော်လာမယ်ရယ်လို့ မျှော်လင့်မထားကြတဲ့ အတွက်ရယ် နယူးဇီလန်နိုင်ငံသားဆရာငယ်တစ်ဦး မနေ့ကတည်းကရောက်ရှိနေတာကြောင့် သိပ္ပံဘာသာနှင့် အင်္ဂလိပ်စာကို သင်ဖို့ သူ့ကိုတာဝန်ပေးထားခဲ့တယ်။ ကျနော့်ကတော့ဘယ်တုန်းကမှ မလေ့လာဘူးခဲ့တဲ့ အာရှတိုက်သမိုင်းနှင့် တောင်ကမ္ဘာဘက်ပိုင်းပထ၀ီဝင်တို့ကို သင်ကြားပေးရမှာတဲ့။ နောက်တစ်ခုကတော့ ဂီတဖြစ်ပါတယ်။
နှစ်ပတ်အတွင်းမှာဘဲ ဂီတကို လက်လျော့လိုက်ရပါတယ်။ (သီချင်းမဆိုတတ်ဘူးဆိုတာကို သက်သေပြရခဲ့ သေးတာ။) အင်္ဂလိပ်စာကိုတော့ သင်ခွင့်ရခဲ့တယ်။ သူတို့ဆုံးဖြတ်တာကတော့ “ဒါးဗစ်“ ဆိုတဲ့ ဆရာလေးက နားလည်နိုင်လောက်တဲ့အင်္ဂလိပ်စကားကို မပြောတတ်လို့တဲ့။ ဒီစာကိုဖတ်နေတဲ့ နယူးဇီလန်သားများကို ကျနော်တောင်းပန်ပါတယ်။
ဒီလိုနဲ့ဘဲ ကျနော့်ရဲ့ စာသင်ကြားခြင်း အလုပ်စတင်ခဲ့တော့တယ်။ သိပ်စိတ်ဝင်စားစရာမကောင်းသလို ကျေနပ် စရာ မဖြစ်ခဲ့တဲ့ စာသင်ကြားခြင်း အလုပ် ၂ မျိုးလောက် ပြောင်းအပြီးမှာတော့ တကယ်လုပ်သင့်တာက ပညာရေးဘွဲ့ကျောင်းသား အလုပ်ဟာ (ကျောင်းပြန်တက်တာ) ပိုအသင့်တော်ဆုံးလို့ဆုံးဖြတ်ခဲ့တယ်။ အထူး သဖြင့်တော့ မနုဿဗေဒရှုထောင့်ကနေ စဉ်းစားတာပါ။ ဒါဟာပညာရေးကို ဆုပ်ဆုပ်ကိုင်ကိုင် တိုက်ရိုက် ပါဝင်ဆောင်ရွက်တာထက် ပညာရေးဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာ၊ ပိုင်းဖြတ်ရတာကို တစ်သက်တာ စိတ်ဝင်စားမှုနဲ့စတင်ပါတော့တယ်။
အနှစ်လေးဆယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့အပြီး အခုတော့ ကျနော်တို့ဘယ်နေရာမှာ ရပ်တည်နေရပါလဲ။ အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ စိတ်မကောင်းပါဘူး။ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနေတဲ့ စိန်ခေါ်မှုအသစ်တွေ၊ အန္တရာယ်အသစ်တွေ အပြည့်အနှက်ရှိနေတဲ့အခြေအနေနဲ့ ကမ္ဘာကြီးမဟုတ်လား။ အခုတော့ ဒီခြိမ်းချောက်မှုတွေဟာ ပိုပြီးတော့သာကြီးထွားလာနေတယ်။ ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ မြင်ကွင်းတွေဖြစ်တဲ့ ငွေကြေးစီးပွားကပ်ဆိုက်နေမှုတွေ၊ ရာသီဥတုဖောက်ြပန် ပြောင်းလဲလာနေမှုတွေ၊ အကြမ်းဖက်သမားများနှင့် လျော့နည်းလာနေတဲ့ သဘာဝအရင်းအမြစ်တွေကို အပြိုင်အဆိုင်လုယူတဲ့ စစ်ပွဲတွေ အစုံအလင် ပါဝင်နေတယ်လေ။
ပြဿနာကတော့ ဒီစိန်ခေါ်မှုတွေပိုမိုများပြားလာတာနဲ့အမျှ “ပညာရေး“ က ကူကယ်နိုင်မယ်ဆို့တဲ့ မျှော်လင့်ချက်ရယ် ကမ္ဘာကြီးကို ချောက်ထဲမကျဖို့ ကယ်ဆယ်ပေးနိုင်မယ်ဆိုပြီး မြင်လာကြတော့တယ်။ ပညာရေးသမားများ အတွက် အားတက်ဖွယ်ရာ မျှော်လင့်ချက်ပါဘဲ။ သို့ပေမယ့် ပညာရေးကို စိန်ခေါ် ခံနေရတွေကတော့ဖြင့် အသည်းထိတ်စရာပါ။
၁။ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရာတာက ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးကို ဗဟိုဦးစီးချုပ်ကိုင်မှုကနေ လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ (အကောင်းရော၊ အဆိုးပါ၊ လုပ်ပုံနည်းလမ်း မှန်ကန်မှုနဲ့ လမ်းမှားမှုတွေ ရှိနေတယ်။)
၂။ ပညာရေးစနစ်အတွင်းမှာ အဂတိတရားလိုက်စားမှုတွေ ကြီးထွားလာနေတယ်။ ပုဂ္ဂလိကနှင့် အခကြေးငွေ ပေးရတဲ့ကျူရှင်တွေမှာသာ ကျောင်းဆရာဆရာမများဟာ သင်ရိုးညွှန်းတမ်းကို ထိထိရောက်ရောက် သင်ကြား တော့တယ်။
၃။ ပညာရေးစနစ်ရဲ့အဆင့်ဆင့်တိုင်းမှာ လမ်းကြောင်း လမ်းသွယ်တွေ ထွေပြားလို့နေပြီး အရည်အသွေး ပြည့်ဝတဲ့ဆရာ ဆရာမတွေ၊ သင်ကြားရေးအရင်းအမြစ်တွေကို လမ်းကြောင်းတိုင်းမှာ ပိုလိုအပ်နေတယ်။
၎။ ပညာရေးဟာ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် စံနှုန်းတွေအတွက် အကျိုးဆောင်ရမှာလား၊ ဒါမှမဟုတ်ရင် ဒေသ အလိုက် လိုက်လျောညီထွေရှိမှုနှင့် ယဉ်ကျေးမှုအမှတ်အသားသရုပ်တွေနှင့် မျိုးနွယ်စုံထွေပြားမှုကို ထိန်းသိမ်း ကာကွယ်ပေးရမှာလား ဆိုတဲ့ အတောမသတ်နိုင်တဲ့ ဆေးနွေးငြင်းခုံမှုတွေ။
၅။ ပညာရေးကို ကိရိယာတစ်ခုအဖြစ်အသုံးပြုနေတဲ့ (ကုန်ထုတ်၊ ဥာဏ်ထုတ် စွမ်းအားတိုးပွားစေဖို့ ကျွမ်းကျင်လုပ်သားထု ပျိုးထောင်ရေး) အခြေအနေကနေ ပြီးပြည့်စုံတဲ့ လူသားတစ်ဦး ဖြစ်လာစေဖို့ဆိုတဲ့ လူသားဗဟိုပြု အတွေးအမြင်ဘက်ကို ပြောင်းလဲလာမှု။
၆။ အနာဂတ်ကာလမသေချာမတိကျမှုအပေါ်မှာ ဖန်တီးလိုစိတ်နှင့် ပြောင်းလဲခြင်းနှင့်အတူ လိုက်ရွေ့နိုင်ဖို့ တွေကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ အစဉ်သင်ယူနေတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ စဉ်ဆက်မပြတ် တစ်သက်တာလေ့လာလိုမှု၊ ပဋိပက္ခတွေပိုပြီးတိုးလို့နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေ အတူမှီတွဲနေထိုင်နိုင်မှု။
၇။ အမှတ်အသားသရုပ်အိုင်ဒီမတူတာရယ် ပြီးတော့လည်းနောက်ခံအခြေအနေအမျိုးအစုံအလင်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရင်ဆိုင်နိုင်ဖို့။ နောက်ဆုံးတစ်ချက်ကတော့-
၈။ အကောင်းဆုံးသော မျှော်မှန်းချက်တွေထားရှိပြီး၊ ကျောင်းတက်နှုန်းတိုးလာတာတွေ၊ ငွေကြေးအရင်းအနှီး ပိုမြုပ်နှံ ထားတာတွေရယ် တစ်ကမ္ဘာလုံးမှာ အရည်အတွက်တိုးလာစေဖို့ဆိုတဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်း ရှေ့တိုး လျှောက်လှမ်းနေစဉ်မှာဘဲ ပညာရေးစနစ်တွေနဲ့ စာသင်ကျောင်းဟာ ကျောင်းသားများရဲ့ သင်ယူရန် လိုအပ်ချက်တွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပျက်ကွက်နေတာကို ပိုတွေ့နေရပါပြီ။
ကျောင်းဆရာဆရာမများဟာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ နေရာမှာရှိနေတယ်။ ပညာရေးကနေ ကမ္ဘာကြီးကို ကူကယ်ရမယ် ဆိုတာလည်း အပါအ၀င်ပေါ့။ “ကျောင်းဆရာဆရာမ မလိုအပ်တဲ့ သင်ရိုးညွှန်းတမ်း“ ဆိုတာရယ် “ကျောင်းဆရာဆရာမနှင့် တူညီသော ကွန်ပြူတာ“ ဆိုတာတွေကို ထပ်ပြီးတော့ မကြားမိသေးပါဘူး။ ပညာသင်ကြားပေးသူ၊ စံပြုနိုင်သူ၊ လမ်းညွှန်ပေးသူတွေရယ်လို့ တင်စားခေါ်ထားတဲ့ ကျောင်းဆရာဆရာမများဟာ ဒီကမ္ဘာမြေမှာ ရှိနေပါဦးမယ်။
နောက်အပတ်ကျရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပါဦးမယ်။
Thursday, January 15, 2009
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁)
: Contributor - သိန်းနိုင်, Reference - Education and Teaching Methods
Posted by Anonymous at 6:22 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment