Friday, January 30, 2009

MIT တက္ကသိုလ်ရဲ့ သင်ကြားနည်းစနစ်သစ်အကြောင်း

ပြန်လည်ကိုးကားတင်ပြသူ - S.S.

မကြာသေးခင်က အွန်လိုင်းပေါ် The New York Times မှာ ဖတ်လိုက်ရတဲ့ သတင်းတခုကတော့ - ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Introductory Physics ဆိုတဲ့ ဘာသာရပ်ကို ရာဂဏန်းရှိတဲ့ ကျောင်းသား အများကြီးကို ဆရာတယောက်က မိနစ် ၅၀ ကြာ သင်ကြားပို့ချတဲ့ လက်ချာ (lecture) နည်းစနစ်ကို မသုံးတော့ပဲ ၊ TEAL (Technology Enhanced Active Learning) လို့အမည်ရတဲ့ သင်ကြားနည်းစနစ်သစ်တခုကို ပြောင်းလဲလိုက်ပြီဖြစ်တဲ့အကြောင်းပါပဲ ။

အဲဒီလို သင်ကြားနည်းစနစ်အသစ်ကို စတင်စဉ်းစားရတဲ့ အကြောင်းရင်းတွေကတော့ - အဲဒီတက္ကသိုလ်မှာ သမားရိုးကျ လက်ချာပေးပြီး သင်ကြားတဲ့ နည်းစနစ်ကို သုံးတဲ့အခါ ၊ စာသင်အကောင်းဆုံး ဆရာများက သင်ကြားတဲ့အခါမှာတောင် စာမေးပွဲကျတဲ့ ကျောင်းသားဦးရေဟာ ၁၀ - ၁၂ ရာခိုင်နှုန်းရှိခဲ့တယ် ။ ဒါ့အပြင် အဲဒီတက္ကသိုလ်မှာ အကောင်းဆုံးဆရာဆုရတဲ့ ဆရာသင်တဲ့အတန်းမှာတောင် အဲဒီဘာသာရပ်အတွက် စာသင်ရက်များလာလေလေ ကျောင်းသားတွေရဲ့ ကျောင်းတက်နှုန်း (attendance) ဟာ ၅၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တယ် ။ အဲဒီအခြေအနေတွေကို သုံးသပ်ပြီး TEAL ဆိုတဲ့ သင်ကြားနည်းစနစ်အသစ်ကို နှစ်တချို့ထိ စမ်းသပ်ပြီးတဲ့အခါ အမြဲတမ်းအတွက် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

MIT တက္ကသိုလ်ရဲ့ သင်ကြားရေးနည်းပညာစနစ်သစ်ဟာ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ပေါ်မှာ အခြေခံထားပါတယ် ။ အဲလို သင်ကြားရေးစနစ်တွေမှာ ကျောင်းသားတွေဟာ ဆရာတွေရဲ့ သင်ကြားပို့ချတာကိုပဲ (lecture) ထိုင်နားထောင်နေတာမျိုး မဟုတ်ပါဖူး ။ သူတို့ကိုယ်တိုင် ဆရာတွေနဲ့အတူဖြစ်စေ ၊ အတန်းသားချင်းဖြစ်စေ အချက်အလက်တွေကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာမျိုး ဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေက ကျောင်းသားတွေရဲ့ ဆွေးနွေးချက်တွေကို သူတို့သင်ကြားမယ့် သင်ခန်းစာက အချက်အလက်တွေကို သုံးပြီး ပြန်လည်ထောက်ပြ ဆွေးနွေး ရှင်းပြတာမျိုး လုပ်ပါတယ် ။ အဲဒီအခါ စာသင်ကြားခြင်းဟာ ဆရာမှ ကျောင်းသားဆိုပြီး တစ်လမ်းသွားပဲ ဖြစ်မနေတော့ပဲ ၊ ဆရာ နဲ့ ကျောင်းသားကြား အပြန်အလှန်ဖြစ်နေတာမျိုး ၊ ဆရာကပဲ သင်ခန်းစာကို ပုံသေချပြီး သင်ပေးနေတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေ တွေးခေါ်တာတွေကိုပါ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်ပါတယ် ။

ခုခေတ် နိုင်ငံတကာပညာရေးမှာ (နာမည်ကြီး တက္ကသိုလ်များအပါအ၀င် ) ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်ဖြစ်တဲ့ လက်ချာ (lecture) အစား ခုလို သင်ကြားနည်းစနစ်အသစ်တွေကိုဘက်ကို အားစိုက်လာကြပါတယ် ။ MIT တက္ကသိုလ်အပြင် တခြားတက္ကသိုလ်များဖြစ်တဲ့ Rensselaer Polytechnic Institute, North Carolina State University, the University of Maryland, the University of Colorado at Boulder and Harvard တို့မှာလည်း ရူပဗေဒပညာရပ်ကို ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်အစား ၊ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ကိုအခြေခံတဲ့ သင်ကြားနည်းစနစ်တွေကို သုံးလာကြပါတယ် ။

Harvard တက္ကသိုလ်မှာ ရူပဗေဒပညာရှင်တယောက်ဖြစ်တဲ့ Professor Mazur က အောက်ပါအတိုင်း ပြောခဲ့ပါတယ် ..
“Just as you can’t become a marathon runner by watching marathons on TV, likewise for science, you have to go through the thought processes of doing science and not just watch your instructor do it.”

Nobel Prize-winning physicist Carl Wieman ကလည်း ...
the human brain “can hold a maximum of about seven different items in its short-term working memory and can process no more than about four ideas at once.”
ဆိုပြီး သူ ရေးသားတင်ပြတဲ့ စာတမ်းတခုထဲမှာ ကောက်ချက်ချခဲ့ပါတယ် ။

အဲဒါကြောင့် တစ်နာရီနီးပါးကြာလေ့ရှိတဲ့ လက်ချာ (lecture) တွေမှာ ဆရာက သင်ကြားပို့ချနေတဲ့ အချက်အလက်တွေ အကုန်လုံးကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ ၀င်သွားနိုင်ဖို့ ခဲယဉ်းပါတယ် ။ အနည်းအကျဉ်းသာ ၀င်နိုင်မယ်ထင်တယ်လို့ သူက ဆက် ပြောခဲ့ပါတယ် ။

အခုလိုပညာရှင်တွေအများအပြား ထောက်ခံနေကြတဲ့ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” ပေါ်အခြေခံတဲ့ သင်ကြားနည်းတွေကို ခုခေတ် နိုင်ငံတကာရဲ့ကျောင်းတော်တော်များများမှာအသုံးပြုလာကြပေမယ့် ၊ သင်ကြားနည်း (pedagogy) တွေကတော့ တမျိုးစီ ကွာခြားကြပါတယ် ။ ဥပမာ - - MIT မှာ အသုံးပြုတဲ့ TEAL (Technology Enhanced Active Learning) နည်းစနစ်မှာ ကျောင်းသားအယောက် ၈၀ ဟာ စားပွဲရှည် ၁၃ ခုမှာ အဖွဲ့လိုက် ထိုင်ကြပြီး ၊ သူတို့ရှေ့မှာ ကွန်ပြူတာတွေ ရှိနေပါတယ် ။ ကထိကဆရာမ (lecturer) က စာသင်ရင်း ထုတ်လိုက်တဲ့ မေးခွန်းပုစ္စာတွေ အဲဒီ ကွန်ပြူတာတွေပေါ်မှာလာပေါ်တဲ့အခါ ၊ ကျောင်းသားတစ်ဦးစီမှာ ကိုင်ထားတဲ့ clicker လို့ခေါ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းကိုသုံးပြီး ၊ ကိုယ်ထင်တဲ့အဖြေကို ရွေးချယ်နိုင်ပါတယ် ။ ကျောင်းသားတစ်ယောက်ရွေးချယ်လိုက်တဲ့အဖြေဟာ ကထိကဆရာမနဲ့ နည်းပြဆရာမတွေရဲ့ ကွန်ပြူတာမှာ သွားရောက်ပေါ်ပါတယ် ။ စာသင်ခန်းထဲမှာလည်း အဖြူရောင်သင်ပုန်း (white board) တွေ ၊ ကြီးမားတဲ့ display screen တွေ နံရံတွေမှာ ကပ်ထားပါတယ် ။

အမေရိကန် ဒေါ်လာ ၂.၅ မီလီလျံကုန်ကျတဲ့ အဲဒီစာသင်ခန်းနှစ်ခန်းဟာ အဲလောက်ထိအကုန်အကျခံပြီး မလုပ်သင့်ဖူးလို့ တချို့က ဝေဖန်ကြပါတယ် ။ ဒါ့အပြင် MIT မှာတက်ရောက်နေတဲ့ ကျောင်းသားတချို့က အဲဒီသင်ကြားနည်းစနစ်နဲ့ ပတ်သက်ပြီး မကြိုက်တဲ့အချက်တွေလည်း ရှိပါတယ် - - အဖွဲ့လိုက် ဆွေးနွေးရတဲ့အခါ ပိုတော်တဲ့သူတွေက စိတ်ရှည်လက်ရှည်မရှင်းပြပဲ သူတို့ဘာသာပဲ ပုစ္စာတွေ လေ့ကျင့်ခန်းတွေကိုဖြေသွားလို့ အားနည်းသူတွေ ဘာမှလိုက်မမှီနိုင်တာမျိုး ၊ အခန်းထဲမှာ အားလုံးက ပြောဆို ဆွေးနွေးနေကြ ၊ ကထိကနဲ့ နည်းပြတွေက ဟိုဟိုဒီဒီ သွားလာနေတဲ့အတွက် သူတို့တွက် အာရုံလွင့်ပါးတာတွေဖြစ်ရတာမျိုး ၊ ကျောင်းတက်နှုန်းကို အောင်မှတ်ရဲ့ ၂၀ ရာခိုင်နှုန်းအဖြစ်ထည့်သွင်းထားတဲ့အတွက် မဖြစ်မနေကျောင်းတက်နေရတာမျိုး ။

တချိန်တည်းမှာပဲ ခုလိုသင်ကြားနည်းစနစ်ကို ထောက်ခံသူတွေလည်း များပြားတာတွေ့ရပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် သင်ကြားနည်းစနစ်တခုဟာ လူတိုင်းအတွက် အမှားအယွင်းကင်းပြီး ပြီးပြည့်စုံဖို့ ခဲယဉ်းလှပါတယ် ။ သင်ကြားနည်းစနစ်တခုအောင်မြင်ဖို့ သင်ယူတဲ့ကျောင်းသားရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားတဲ့ ဆရာဆရာမများရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားနေတဲ့ဘာသာရပ် ၊ သင်ကြားသူက အဲဒီသင်ကြားနည်းစနစ်အပေါ် နားလည်တဲ့အတိုင်းအတာ ၊ သင်ကြားသူနဲ့ ကျောင်းသားများကြားဆက်ဆံရေးအခြေအနေ စတာတွေပေါ် အတိုင်းအတာတခုထိ မူတည်နေပါတယ် ။ အဲလို များပြားလှတဲ့အချက်အလက်တွေပေါ် မူတည်နေတဲ့အတွက် MIT လို လူတော်တွေပဲတက်တယ်လို့ သတ်မှတ်ခံရတဲ့ ကမ္ဘာကျော်တက္ကသိုလ်မှာတောင် သင်ကြားနည်းစနစ်တခုဟာ ကျောင်းသားတိုင်းအတွက် အဆင်မပြေတာ တွေ့ရပါတယ် ။ ဒါကြောင့် နိုင်ငံတကာမှာ အစဉ်တစိုက် သင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ပညာရေးသုတေသနတွေကို အမြဲပြုလုပ်နေကြရတာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ် ။

အကိုးအကား
At M.I.T., Large Lectures Are Going the Way of the Blackboard (article in New York Times) & readers' comments http://www.nytimes.com/2009/01/13/us/13physics.html?_r=3&pagewanted=1&sq=%20education%20%20math%20%20science&st=nyt&scp=2

1 comments:

တေးမွန် (ah nai) said...

တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်..

[အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning) ] --- ဒီနည်းတွေကို သဘောကျပေမယ့်.. အဆင့်မြင့် နည်းပညာ( high technology) ကိုသုံးပီးသင်ရတာတော့ မကြိုက်ဘူး။ လူနည်းနည်း ၁၅၊ ၂၀ လောက်နဲ့  ဆရာနဲ့  အပြန်အလှန်ပြောဆိုရတာမျိုးကို ပိုကြိုက်တယ်။ အဆင့်မြင့် နည်းပညာတွေသုံးတာကို စာသင်ခန်းထဲမှာ သိပ်မကြိုက်ဘူး။ လက်တွေ့မဟုတ်အခါတိုင်း ရိုးရိုးစာသင်ခန်းမှာပဲ သင်ခန်းစာကို နားလည်စေတဲ့၊ အတွေးးကို ဖြစ်စေတဲ့ ၊ဆွဲဆန့် ပေးတဲ့ သင်ပုံသင်နည်းကို သဘောကျတယ်။

(ဒါပေမယ့် သင်ခဲ့ရတာတွေကတော့ အဲလိုတခုမှမဟုတ်ဘူး :) )

lecture ကိုလည်း လိုတယ်လို့ထင်တယ်။ ကြိုက်လည်းကြိုက်တယ်။ ဘာမှသိပ်မသိသေးခင် ဘာမှ သိပ်တွေးလို့  မရပါဘူး။ နားလည်လာပီးမှ ထပ်ပီး တီထွင် တိုးချဲ့ နိုင်တာမျိုးပါ။

ရက်ကြာလာတဲ့အခါ ကျောင်းသားတွေ လျှော့သွားတာက စာသင်ခန်းမှာ လူတွေများတဲ့အခါ ဆရာ နဲ့ ကျောင်းသားနဲ့  မစပ်စပ်တော့လို့ ထင်တာပဲ။ (ကိုယ်တိုင် အဲလိုဆိုရင် ကျောင်းပြေးခဲ့တာပဲ)

၂.၅ မီလီယမ်ကို သုံးပီးဆရာမွေးထုတ်ပေးရတာ ပိုခက်လို့  နည်းပညာကို သုံးတယ်ထင်ပါတယ်။ :)

ဘာပဲဖြစ်ဖြစ် ရေးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ :P

 

© 2007 IngridGrey By Arephyz