အမှောင်ထုမည်မျှပင် ပိတ်ကာလွှမ်းစေကာမူ လမ်းပြကြယ်၏ အလင်းရောင်လေးနှင့် လမ်းဆုံးအောင် သွားနိုင်သည့် လူသား သတ္တိရှင်များ ကမ္ဘာအရပ်ရပ်တွင် ရှိခဲ့ဖူးပါသည်။ ရှိလဲရှိနေဆဲ။ နောင်လဲရှိနေမည်မလွဲ။ သို့ပေမယ့် ထိုလူသားများ လမ်းဆုံးထိ ရောက်စေရေးအတွက် လမ်းပြကြယ်စင်လေးများ လင်းလက်ပေးဖို့တော့ လိုပေလိမ့်မည်။
မြန်မာပြည်မှာ လူဖြစ်ခွင့်ရသော ကလေးငယ်များ၏ ဘဝကို လေ့လာကြည့်ပါ။ လမိုက်ညနှင့် ကြုံတွေ့နေကြရပေသည်။ လသာညမှာ ခရီးသွားခွင့်ရနေပြီး ဖြောင့်ဖြူးသော အနာဂတ်လမ်းနှင့် ကြီးပြင်းခွင့်ရသူများကား ခပ်ရှားရှား။ တကယ့်ကို ခပ်ရှားရှားရယ်ပါ။
ကလေးငယ်၊ လူငယ်များအား လေ့လာကြည့်လျှင် သူတို့မိဘများ၏ အလုပ်အကိုင်၊ စီးပွားရေးအခြေအနေကိုကြည့်၍ ဘဝအမျိုးမျိုးကွာခြားနေကြရသည်ကို တွေ့ရမည် ဖြစ်ပေသည်။ လူ့ဘဝအနာဂတ်၏ တစ်ခုတည်းသော ဖန်ဆင်းရာဖြစ်သည့် ပညာရေး ရရှိပုံများမှာလဲ ဘဝအခြေအနေပေါ်မူတည်၍ ကွာခြားကြလေသည်။
(၁)အချို့သော ကလေးငယ်၊လူငယ်များ၏ မိဘများမှာ စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ ရာထူးကြီးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကလေးများဖြစ်ပြီး၊ ငယ်စဉ်မှစ၍ နာမည်ကြီးထိပ်တန်းကျောင်းများ၊ နိုင်ငံတကာအဆင့်မီကျောင်းများတွင် ပညာသင်ကြားခွင့်ရကြပြီး၊ အထက်တန်းပညာအောင်ပြီးသောအခါတွင်လဲ စင်ကာပူ၊ သြစတြေးလျ၊ အင်္ဂလန်နိုင်ငံများမှ ဘွဲ့များရရှိကာ နိုင်ငံရပ်ခြားတွင်ပင် ပညာနှင့် အလုပ်လုပ်သူလုပ်၊ ပြည်တွင်းပြန်ဝင်ပြီး မိဘပိုင်လုပ်ငန်းများတွင် ဦးစီးလုပ်ကိုင်သူ လုပ်ကိုင်၊ စစ်အာဏာရှင်တို့၏ ဌာနဆိုင်ရာများတွင် ရာထူးကြီးရသူရနှင့် ဘဝလမ်းခရီးအဆင်ပြေကြပါသည်။ (မှတ်ချက်။ ။ မိဘအရှိန်အဝါနှင့် ဆိုးသွမ်းမိုက်မဲနေသူများကို မဆိုလိုပါ။ ပညာရနိုင်သော အခွင့်အလမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်)
(၂)အချို့သော ကလေးငယ်လူငယ်များမှာမူ သင့်တင့်သော ဝင်ငွေရှိသည့် မိသားစုများတွင် ကြီးပြင်းလာကြပြီး၊ အချိန်တန်ဘွဲ့တစ်ခုရ၊ လုပ်ငန်းခွင်ဝင်၊ မဟုတ်လျှင်လဲ မိဘလုပ်စာ ထိုင်စားပြီး လိုက်လျားလိုက်လျား ဘဝခရီးလမ်းကို ကြုံတွေ့ကြပါသည်။ ဤမိသားစုများတွင်းမှ အချို့သော ပညာလိုလားသူများမှာမူ နိုင်ငံခြားတက္ကသိုလ်များတွင် ပညာဆက်သင်နိုင်သည် ဆိုသော ပညာသင်ဆု အခွင့်အရေးများကြောင့် နအဖလက်ကိုင်တုတ်အဖွဲ့များ အတွင်းသို့ ရောက်ရှိပြီး ပေးတာယူ ကျွေးတာစားဘဝတွင် တင်းတမ်ရောင့်ရဲကြရသည်။ အချို့လဲ နအဖထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များတွင် အလုပ်လုပ်ကိုင်ရင်း၊ အဆိုပါဂျာနယ်များနှင့် ဆက်သွယ်ထားသည့် တက္ကသိုလ်တချို့မှ ပညာသင်ဆုများ ရရှိကာ တတိယအုပ်စုဝင်များ ဖြစ်လာကြသည်။ အချို့မှာလဲ အလွယ်နည်းလိုက်ကာ နအဖတို့၏ စစ်တက္ကသိုလ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ စစ်ကွန်ပျူတာ တက္ကသိုလ်များသို့ ရောက်ကုန်ကြပါသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် တပ်မတော်တက္ကသိုလ်များသို့ လျှောက်ထားသူများ ယခုကာလတွင် မရှိသလောက် ဖြစ်နေပါပြီ။ အချို့မှာလဲ နိုင်ငံရပ်ခြားသို့ ထွက်ခွာကာ ကြုံရာကျပန်းလုပ်ကိုင်ရင်း အိမ်စရိတ်ကို ပြန်လည်ထောက်ပံ့ကြရပါသည်။ ကြိုးစားရင်း မိမိဥာဏ်ပညာဖြင့် နိုင်ငံခြား တက္ကသိုလ် ပညာသင်ဆုများရ၍ ကျောင်းများ ဆက်တက်နိုင်ကာ ဘ၀ရေး အဆင်ပြေလာသူများလဲ ရှိသည်။ သို့ပေမယ့် ရာခိုင်နှုန်းကား အလွန်နည်းပါးနေဆဲ။
(၃)အချို့သော ကလေးငယ်၊လူငယ်များမှာကား မိဘများမှ အလယ်တန်း၊ အထက်တန်းပညာ လောက်အထိသာ သင်ကြားပေးနိုင်ပြီး၊ စက်မှုလက်မှုလုပ်ငန်းများ၊ ယာဉ်လုပ်ငန်းများ၊ စတိုးဆိုင် အရောင်းစာရေး လုပ်ငန်းများသို့ ရောက်ရှိနေကြပါသည်။ ကံဆိုးသူတချို့မှာ အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ်ခန္ဓာနှင့် ရင်းပြီး စီးပွားရှာရသည့် ဘဝသို့ ရောက်ရှိနေကြရသည်။
(၄)အချို့သောကလေးငယ်၊ လူငယ်များမှာကား မူလတန်းပညာရေးကိုပင် သွားရောက်သင်ကြားပေးရန် မိသားစုဝင်ငွေမလုံလောက်သဖြင့်၊ ဝမ်းရေးအတွက် အိမ်ရှိလူကုန် အလုပ်လုပ်ကြရကာ သူတပါးအိမ်မှ အိမ်ဖော်ဘဝ၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးဘဝ၊ လမ်းဘေးဈေးသည်ဘဝ၊ လက်ငုတ်လက်ရင်း လယ်ယာကိုင်းသမား ဘဝများနှင့် ကျင်လည်နေကြရပါသည်။ မသမာဝိသမသမားများ၏ လူကုန်ကူးမှု သားကောင်ဘဝသို့ ရောက်ကာ ဘဝပျက်ရသူများလဲ ရှိပါသည်။
(၅)အချို့သော ကလေးငယ်၊လူငယ်များမှာမူ စစ်မက်ဇုံတွင် နေထိုင်ကြီးပြင်းရသဖြင့် ပညာသင်ခွင့်ဆုံးရှုံးကာ တပြေးပြေး တလွှားလွှား၊ တထိတ်ထိတ်တလန့်လန့်နှင့် နေထိုင်နေကြရပါသည်။
(၆)အခြားသော သီးသန့်ထွက်ပေါ်လာသည့် အုပ်စုမှာ အတိုက်အခံ နိုင်ငံရေးသမားများ၏ ရင်သွေးငယ်များ ဖြစ်ကြပါသည်။ မည်သည့် ဝင်ငွေရှိသည့် မိသားစုဝင်ပင်ဖြစ်ပါစေ၊ တခုတည်းသော တူညီချက်မှာ ကျောင်းနေစဉ်မှစ၍ ဆရာ၊ဆရာမများ၊ ရွယ်တူများ၏ ခွဲခြားဆက်ဆံခြင်းကို ခံကြရပြီး၊ အထက်တန်းပညာအောင်၍ တက္ကသိုလ်များ လျှောက်သော အခါ၌ကား အသက်မွေးဝမ်းကြောင်း ပညာများကို သင်ခွင့်မရကြခြင်းပင်ဖြစ်သည်။
မြန်မာပြည်ကျောင်းသားလူရွယ်၊ ကလေးသူငယ်များ၏ ထိုသို့ဖြစ်ပေါ်နေဆဲ အခြေအနေများကြားတွင် နအဖပြန်ကြားရေးတာဝန်ရှိသူကတော့ ‘မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်ဖြစ်သည့် မူလတန်းပညာ အားလုံးတတ်မြောက်ရေး ရည်မှန်းချက်အား ပြည့်မှီသည် ‘ဆိုကာ အရှက်မရှိသော မျက်နှာဖြင့် ပြက်လုံးထုတ်သလား အောက်မေ့ရအောင် ပြောဆိုသွားခဲ့ဖူးပါသည်။ ထိုသို့ပြောကြားနေသည့် နေရာနှင့် မလှမ်းမဝေး မြို့တစ်မြို့ဆီမှ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြရရှာသော မူလတန်းအရွယ် ကလေးငယ်များကိုပင် မမြင်နိုင်လောက်အောင် အမြင်လွှာ ချွတ်ယွင်းအားနည်းနေ၍ပင် ဖြစ်ပေလိမ့်မည်။
စာရေးသူအထက်ပါအတိုင်း ခွဲခြားထားသည့် အုပ်စုများမှာ မိဘများ၏ ဝင်ငွေပေါ်မူတည်၍ ပညာသင်ခွင့် ကွဲပြားခြားနားပုံကို ပြသခြင်းဖြစ်ပါသည်။ ပထမအမျိုးအစား လူငယ်များမှာ မြန်မာ့လူရွယ် ကလေးငယ်များ၏ တစ်ရာခိုင်နှုန်းပင်မရှိပါ။ ပညာသင်ကြားခွင့်ရရေးသည် လူ့အခွင့်အရေး တခုဖြစ်ပါလျက် မြန်မာကျောင်းသားလူငယ်များ၏ ပညာသင်ခွင့်ရရေးသည် အဘယ်ကြောင့် ဝင်ငွေပေါ် မူတည်နေရပါသနည်း။ စာရေးသူတို့နိုင်ငံကို အုပ်ချုပ်မင်းလုပ်သူများ အသုံးမကျ၍သာဖြစ်သည်။ နိုင်ငံတစ်ခု၏ အနာဂတ်သည် လက်ရှိလူရွယ်၊ ကလေးသူငယ်များပေါ်တွင်မူတည်သည့် အမှန်တရားကိုပင် မမြင်နိုင်လောက်အောင် အာဏာရူး၊ ဥစ္စာရူးများ ဖြစ်နေကြလို့သာဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကြီး၏ အပိုဒ်(၁၆)တွင် လူသားတို့၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍
(၁)လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။
(၂)ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်၊ ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင် လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့အပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလဲ ဖြစ်မြောက်အောင် အားပေးရမည်။
(၃)မိဘတို့တွင် မိမိတို့ကလေးများသင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော ကနဦး အခွင့်အရေးရှိရမည် ဟူ၍ ဖော်ပြပါရှိလေသည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် လူတိုင်းအတွက်ပညာရေးဟူသော လူ့အခွင့်အရေးမရှိသည်မှာ သေချာနေပေပြီ။ ကျွန်ုပ်တို့၏ နောင်အနာဂတ်မျိုးဆက်လေးများသည် ကမ္ဘာ့လူသားတိုင်း ခံစားခွင့်ရသည့် လူ့အခွင့်အရေးကို ခံစားခွင့်မရရှာကြ။ လမိုက်ညအမှောင်တွင် လမ်းပျောက်နေသူများနှယ် ဖြစ်နေကြရရှာသည်။
ထိုလမိုက်ညထဲမှ လမ်းပျောက်နေသူများအတွက် အလင်းပေးမည့် ကြယ်စင်များ လိုအပ်လှပါသည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော မင်းမဟော်၊ အေအီအိုင်အိုယူ နှင့် အခြားပညာရေး ဖွံဖြိုးတိုးတက်မှု အစီအစဉ်များမှာ ထိုသို့ အနာဂတ်အတွက် လမ်းပြပေးမည့် ကြယ်စင်လေးများဖြစ်ကြပါသည်။
အဆိုပါလမ်းပြကြယ်စင်လေးများ ရေရှည်တည်တံ့ခိုင်မြဲရန်၊ ကြယ်စင်အသစ်လေးများ ဆက်လက် ပေါ်ပေါက်လာစေရန်နှင့် နောက်ဆုံး မြန်မာ့မျိုးဆက်များအပေါ်တွင် ဖုံးအုပ်နေသော အမှောင်ထုများ ပျောက်ကွယ်သွားစေရန်ကတော့ စာရေးသူတို့ မြန်မာများအားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း----။
အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူများဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့။
ခင်မမမျိုး
Monday, February 16, 2009
လမိုက်ညမှာလင်းတဲ့ကြယ်စင် |
Friday, February 6, 2009
သင်ယူခြင်းအပေါ် စာမေးပွဲရဲ့ သက်ရောက်မှုများ |
ရေးသားသူ - S.S.
မကြာသေးခင် စင်္ကာပူနိုင်ငံမှ Primary Education Review and Implementation (PERI) Committee က မူလတန်းပညာရေးနဲ့ပတ်သက်လို့ ပြောင်းလဲသင့်တဲ့အချက်တွေကို စင်္ကာပူနိုင်ငံရှိပညာရေးဌာနကို အကြံပေးတင်ပြခဲ့ပါတယ် ။ လူဦးရေ ၁၁ ယောက်ပါဝင်တဲ့ Primary Education Review and Implementation (PERI) Committee ကို Senior Minister of State (National Development and Education) ဦးဆောင်ပြီး ၊ ပညာရေးဌာနနဲ့ ပုဂ္ဂလိကနယ်ပယ်မှလူများနဲ့ ဖွဲ့စည်းထားပါတယ် ။ အဲဒီ PERI အဖွဲ့ဟာ ခုလို မူလတန်းပညာရေးနဲ့သက်ဆိုင်တဲ့အကြံပြုချက်တွေ မတင်ပြခင် လူဦးရေ ၆၀၀ ကျော်ပါဝင်တဲ့ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ နဲ့ ဆရာ ဆရာမများ ၊ မိဘများ ၊ ပြည်သူလူထုတို့နဲ့ သူတို့တွေ့ရှိချက်တွေကို အကျယ်တ၀င့်ဆွေးနွေးခဲ့ပါတယ် ။ [1]
PERI တင်ပြခဲ့တဲ့အကြံပြုချက်တွေဟာ ကလေးတွေကို စာပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ၊ ဘက်စုံပညာရေးပိုင်းကိုဦးတည်ထားပါတယ် ။ အကြံပြုချက်တွေအားလုံးထဲမှာ ထူးခြားသိသာပြောင်းလဲစေတဲ့အချက်ကတော့ မူလတန်းရဲ့ပထမဆုံးနှစ်တန်းဖြစ်တဲ့ Primary 1 & Primary 2 တွေမှာ စာမေးပွဲကြီးတွေမစစ်တော့ပဲ သင်ခန်းစာအလိုက်ပဲစစ်ဆေးတဲ့ assessment လို့ခေါ်တဲ့ အသေးစားစာမေးပွဲပုံစံလေးတွေပဲ လုပ်ဖို့ပါပဲ ။ [1]
မူလတန်းပထမနှစ်နှစ်မှာ စာမေးပွဲကြီးတွေမစစ်ဖို့အကြံပေးတယ်ဆိုတဲ့သတင်းထွက်ပေါ်လာအပြီး စင်္ကာပူနိုင်ငံမှာရှိတဲ့စာဖတ်သူတွေဟာ သတင်းစာရဲ့ပေးစာအပိုင်းမှာ အဲဒီအကြံပြုချက်နဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲကြီးတွေပေါ်မှာပဲ အလေးထားနေတာမျိုးမရှိတော့ရင် ကလေးတွေဟာ သူတို့သင်နေရတဲ့ဘာသာထဲက အကြောင်းအရာတွေကို စာမေးပွဲအတွက်ပဲမဟုတ်ဘဲ ပိုစိတ်ပါဝင်စားစွာသင်ယူတာမျိုးဖြစ်လာနိုင်တယ်လို့မြင်တဲ့အတွက် ထောက်ခံသလို ၊ တချို့ကျတော့လည်း အဲဒီနှစ်နှစ်အပြီးမှာ စာမေးပွဲကြီးတွေပေါ်အလေးထားတဲ့ အကြီးတန်းမူလတန်းပညာရေးကိုရင်ဆိုင်ရတဲ့အခါ ကလေးတွေနေသားကျပါတော့မလားလို့ စိုးရိမ်ပူပန်ခဲ့ကြပါတယ် ။ တချို့ကလည်း စာမေးပွဲဆိုတာ လုံးဝမရှိတာတော့မဖြစ်သင့်ကြောင်း ၊ ကလေးတွေကို သင်ခန်းစာအလိုက်ရံဖန်ရံခါစစ်ဆေးတယ်ဆိုတာ ကောင်းသလိုထင်ရပေမယ့် တကယ်လက်တွေ့မှာတော့ အဲလိုစစ်ဆေးတိုင်းအမှတ်ကောင်းရအောင် မိဘတွေက ကလေးတွေကို တွန်းအားပေးတာမျိုး ဖြစ်လာနိုင်ကြောင်း ၊ စာမေးပွဲဆိုတာကို အရေအတွက်လျှော့ချပြီး အရည်အသွေးကိုပိုအလေးပေးသင့်ကြောင်း ၊ အရည်အသွေးကိုပိုအလေးပေးဖို့ စာမေးပွဲစစ်ပြီးတိုင်း အမှတ်စာရင်းပဲထုတ်ပေးတာထက် ကလေးတယောက်ဆီကို ဘယ်နေရာမှာလိုအပ်နေတယ်ဆိုတာမျိုး ပြန်လည်ပြောပြသင့်ကြောင်း စသည်ဖြင့် ရေးသားခဲ့ကြပါတယ် ။ ပေးစာတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Primary 4 အဆင့်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ကျောင်းသားတဦးဆီကပါ ။ သူရေးထားတာကတော့ ကျောင်းဆိုတာ စာပိုင်းဆိုင်ရာတွက်ပဲ သင်ကြားပေးနေတဲ့နေရာ မဖြစ်သင့်ပဲ ၊ ကျောင်းသားတွေကို ဘ၀မှာလူကောင်းတွေဖြစ်လာအောင်ပါ ပြုစုပျိုးထောင်သင့်ကြောင်းပါ ။ [2]
စာဖတ်သူတွေရေးထားတဲ့စာတွေကိုဖတ်ရင်း learning (သင်ယူခြင်း) နဲ့ motivation (လှုံ့ဆော် တိုက်တွန်းမှု) တို့ရဲ့ ဆက်စပ်မှုတွေကို သွားစဉ်းစားလိုက်မိတယ် ။ လှုံ့ဆော် တိုက်တွန်းမှု (motivation) ဆိုတာကို intrinsic (ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာသော) နဲ့ extrinsic (ပြင်ပအရာများကြောင့် ဖြစ်ပေါ်လာသော) ဆိုပြီး နှစ်မျိုးခွဲထားပါတယ် ။ လေ့လာသင်ယူခြင်းပိုင်းကိုလည်း deep learning (အချက်အလက်များကို သေချာ လေ့လာ တွေးခေါ် ဆက်စပ် နက်ရှိုင်းစွာ သင်ယူခြင်း) နဲ့ surface learning (အချက်အလက်များကို တစုံတရာရရှိဖို့အတွက် အပေါ်ယံ သင်ယူခြင်း) ဆိုပြီး အဓိကနှစ်မျိုးခွဲနိုင်ပါတယ် ။ ပညာရေးသုတေသီတွေ လေ့လာတွေ့ရှိတာကတော့ ကျောင်းသားအများစုဟာ စာမေးပွဲအောင်ဖို့ပဲစာကျက်ကြတာဖြစ်တဲ့အတွက် သူတို့ဟာ အပေါ်ယံသင်ယူခြင်းမျိုးနဲ့ပဲ သင်ယူနေကြတယ်ဆိုတဲ့အချက်ပါပဲ ။ ဒီလိုဆိုရင် စာဖတ်သူတွေရေးထားတဲ့စာတွေထဲကလို စာမေးပွဲဆိုတာမရှိခဲ့ရင် ကောင်းသလား လို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ် ။ ဒါပေမယ့် နေရာတိုင်းမှာ ကျောင်းသားတွေ ဘာတွေကိုသင်ယူ မှတ်သား နိုင်ခဲ့သလဲဆိုတာကို ပြန်စစ်ဆေးဖို့အတွက် စာမေးပွဲဆိုတာမျိုး ပေတံတခု မရှိမဖြစ်လိုအပ်ပါတယ် ။
တချိန်တည်းမှာပဲ စာမေးပွဲဆိုတာတွေဟာ ကျောင်းသားတွေကို သင်ယူနေရတဲ့အချက်အလက်တွေအပေါ် သေချာ လေ့လာ တွေးခေါ် ဆက်စပ်နိုင်ပြီး နက်ရှိုင်းတဲ့သင်ယူခြင်း (deep learning) မျိုးရနိုင်ဖို့ အတားအဆီးတခုလိုမျိုးဖြစ်နေတာကတော့ ငြင်းလို့မရတဲ့အချက်တခုဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျောင်းသားတွေဟာ စာမေးပွဲမှာပါနိုင်မယ့်အချက်အလက်တွေကိုပဲ အလွတ်ကျက်မှတ်တာတို့ ၊ စာမေးပွဲမှာလာနိုင်မယ့်မေးခွန်းပုံစံမျိုးတွေကိုပဲ လေ့လာမှတ်သားတာတို့ စသည်ဖြင့် စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ အလေးထားလုပ်လာကြပါတယ် ။ သူတို့သင်ယူနေရတဲ့ဘာသာရပ်တွေကို သေချာ လေ့လာ ဆန်းစစ် တွေးခေါ်နေခဲ့ရင် အချိန်တွေကုန်ပြီး စာမေးပွဲမှာမေးတဲ့မေးခွန်းမျိုးတွေကို မဖြေလိုက်နိုင်မှာ စိုးရိမ်လာကြပါတယ် ။ အဆင်မြင့်ပညာရေးတွေကို ဆက်တက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ စကောလားရှစ်လျှောက်တာမှာပဲဖြစ်ဖြစ် ၊ အလုပ်တခုကို ကျောင်းအပြီးမှာ စလျှောက်တာပဲဖြစ်ဖြစ် ၊ အဲလိုအခါတွေမှာ စာမေးပွဲတွေရမှတ်ဟာ တပိုင်းတဒေသက အရေးပါနေတာအတွက် ကျောင်းသားတွေဟာ စာမေးပွဲရမှတ်အပေါ် အလေးထားကြတာ အံ့သြစရာတော့မဟုတ်ပါဖူး ။
ထပ်မံပြီးတော့ မကြာသေးခင်ကပဲ ဖတ်ပြီးသွားတဲ့ Edward L. Deci (Professor of psychology at the University of Rochester) ရေးတဲ့ "Why we do what we do - Understanding Self-Motivation" ဆိုတဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတွေကို ဆက်စပ်တင်ပြလိုက်ပါတယ် ။ အဲဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ စမ်းသပ်မှုတခုကတော့ မူလတန်းကလေးတချို့ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး သူတိုရဲ့ ပြဌာန်းစာအုပ်ထဲက စာပိုဒ်နှစ်ပိုဒ်ကိုဖတ်ခိုင်းပါတယ် ။ အဖွဲ့တစ်ဖွဲ့ကို သူတို့ဖတ်တဲ့စာပိုဒ်နှစ်ပိုဒ်ထဲကအကြောင်းအရာတွေကို စာမေးပွဲစစ်ဆေးမယ်လို့ပြောပြီး ၊ ကျန်အဖွဲ့ကိုတော့ စစ်ဆေးမှုလုပ်မယ်ဆိုတာမပြောဘဲ ဖတ်ရုံပဲဖတ်ခိုင်းလိုက်တာမျိုးပါ ။ အဲဒီစမ်းသပ်မှုရဲ့တွေ့ရှိချက်ကတော့ - -
ဒီစမ်းသပ်တွေ့ရှိချက်တွေအရ ကျောင်းသားတွေဟာ အစစ်ဆေးခံရမယ်ဆိုတာကိုသိခဲ့ရင် အချက်အလက်တွေကို စာမေးပွဲအတွက် အလွတ်ကျက်မှတ်တတ်လေ့ရှိပြီး သေချာနားလည်မှုလျော့နည်းကြကြောင်း ၊ ကျောင်းသားတွေဟာ အစစ်ဆေးခံပြီးသွားရင် (စာမေးပွဲပြီးဆုံးသွားရင်) အလွတ်ကျက်မှတ်ထားတဲ့အချက်အလက်တွေကို ခေါင်းထဲကထုတ်ပြီးသားဖြစ်သွားလေ့ရှိကြောင်း Edward L. Deci က သူ့စာအုပ်ထဲမှာထောက်ပြထားပါတယ် ။
ပေတံတခုအဖြစ်သုံးနေရတဲ့ ဖယ်ရှားလို့မရတဲ့စာမေးပွဲဆိုတာကိုကျင့်သုံးနေရင်း ကျောင်းသားတွေကို နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ ၊ ကျောင်းသားတွေမှာ ပညာသင်ယူခြင်းနဲ့ပတ်သက်ရင် ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် ၊ သင်ကြားရေးပိုင်းမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို ပညာရေးသုတေသီတွေ ကြည့်လာကြပါတယ် ။ အဲဒီအခါမှာ မူလတန်း ၊ အထက်တန်း ၊ အဆင့်မြင့်ပညာရေးရယ်လို့ တကန့်စီပြန်လည်သုံးသပ်ကြပါတယ် ။ ငယ်ရွယ်စဉ်ကလေးတယောက်ရဲ့ ဦးနှောက်ဟာ သူ့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတာတွေမှန်သမျှကို သင်ယူရာမှာ ရေမြုပ်တခုလိုပဲ စုပ်ယူနိုင်တဲ့စွမ်းအင်ရှိတယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ် ။ ဒါ့အပြင် ကလေးတယောက်ရဲ့ လေ့လာသင်ယူတဲ့နှုန်း (learning curve) ဟာ သူ့ဘ၀တခုလုံးမှာ အမြင့်ဆုံး (သို့မဟုတ်) အမတ်စောက်ဆုံး (steepest) ဖြစ်တယ်လို့ ဆိုကြပါတယ် ။ ဒါကြောင့် ကလေးငယ်တွေအတွက်ဖြစ်တဲ့ မူကြို နဲ့ မူလတန်းပညာရေးတွေမှာ နက်ရှိုင်းတဲ့သင်ယူခြင်းမျိုး (deep learning) အားပေးနိုင်ဖို့ သူတို့ဆီမှာ သူတို့သင်ယူနေရတဲ့အချက်အလက်တွေပေါ် စိတ်ဝင်တစားဖြစ်ပြီး ၊ ကိုယ်ပိုင်မူလအတွင်းစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှုံ့ဆော်တိုက်တွန်းမှု (intrinsic motivation) ရှိလာအောင် အလွန်အရေးကြီးတယ်လို့ ပညာရေးလေ့လာသူများက သုံးသပ်လာကြပါတယ် ။
အဲဒါကြောင့် စင်္ကာပူနိုင်ငံမှာလည်း အငယ်တန်းမူလတန်းပညာရေးမှာ ကျောင်းသားတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ (extrinsic motivation) လှုံ့ဆော်တိုက်တွန်းမှုကြောင့် ၊ အပေါ်ယံသင်ယူခြင်း (surface learning) တွေပဲ ဖြစ်နေမှာမလိုလားတဲ့အတွက် စာမေးပွဲကိုပဲအလေးထားတဲ့စနစ်ကို ကန့်သတ် (သို့မဟုတ်) ဖယ်ရှားဖို့ စတင်လေ့လာနေတာဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ် ။
တကယ်တော့ ကျောင်းသားတယောက် ဘယ်လောက်အတိုင်းအတာအထိ လေ့လာသင်ယူထားနိုင်လဲဆိုတာကို တိုင်းတာဖို့ စာမေးပွဲလိုမျိုးပေတံတချောင်း လိုအပ်သေးတယ်လို့မြင်မိပါတယ် ။ အဲလိုမှမဟုတ်ရင် သင်ကြားနေရတဲ့ဘာသာရပ်တိုင်းမှာ စိတ်ဝင်စားမှုမရှိနိုင်တဲ့ကျောင်းသားတွေဟာ သူတို့စိတ်မပါတဲ့ဘာသာရပ်တွေမှာ ပေါ့ပေါ့ဖြစ်သွားပြီး ကြိုးစားသင်ယူတာမျိုး လုပ်တော့မှာမဟုတ်ပါဖူး ။ တချိန်တည်းမှာ စာမေးပွဲဆိုတာတွေဟာ စာမေးပွဲမှာအမှတ်ကောင်းဖို့အတွက်ပဲ ကျောင်းသားတွေမှာစာကုံးကျက်နေရတာမျိုး မဖြစ်သင့်ပါဖူး ။
ဒါကြောင့် တူဒေးသတင်းစာရဲ့ပေးစာမှာရေးထားတဲ့ စာဖတ်သူတယောက်ရေးသလို အရေအတွက်ထက် အရည်အသွေးရှိတဲ့ စာမေးပွဲတွေကို အသုံးပြုဖို့အရေးကြီးပါတယ် ။ ဒါပေမယ့်လည်း ပညာရေးစနစ်တခုမှာ စာမေးပွဲနဲ့ပတ်သက်ရင် အဲလို နှစ်ဖက်ညီမျှတဲ့အခြေအနေဆိုတာရောက်လာဖို့ မလွယ်ကူတဲ့အရာဖြစ်တဲ့အတွက် အထောက်အကူပြုနိုင်မယ့်အပြောင်းအလဲတွေကို စမ်းသပ်သင့်တာမျိုး ၊ ရလဒ်ကိုသုံးသပ်ပြီး ပြန် ညှိယူရတာတွေလုပ်ဖို့လည်း အရေးကြီးသလို လုပ်ရလိမ့်မယ်လို့ သုံးသပ်လိုက်မိပါတော့တယ် ။
ကိုးကား။
[1] Today Newspaper (http://www.todayonline.com) - Front Page, 28 Jan 2009 issue
[2] Today Newspaper (http://www.todayonline.com) - Forum Section, 4 Feb 2009, 6 Feb 2009 issues
[3] Why we do what we do - Understanding Self-Motivation (Edward L. Deci)
[4] Primary Education Review and Implementation (PERI) Committee Shares Preliminary Recommendations (http://www.moe.gov.sg/media/press/2009/01/strong-fundamentals-for-future.php)
Thursday, February 5, 2009
ဆာတီဖီကိတ် ၂၅ ခုနဲ့လူ |
သိန်းနိုင်
အသိပညာခေတ်မှာ လူဖြစ်လာကြတဲ့အထဲမှာ ငါသိပ်ကံကောင်းတာဘဲကွလို့ သူငယ်ချင်းတွေစုမိတိုင်း ကိုမောင်ကြီး ပြော ပြောလေ့ရှိတယ်။ တကယ်တော့ ကိုမောင်ကြီးဟာ အတော်ကလေး မှတ်ဥာဏ်ကောင်းသူ ဖြစ်တယ်။ အချက်အလက်တွေ အများကြီး မှတ်ထားနိုင်တယ်။ စေတနာကောင်းသူလည်း ဖြစ်လေတော့ သိသမျှကို ကြိတ်မှိတ်ပြီး မြိုသိပ် သိမ်းဆည်း မထားဘဲ ပေါပေါများများ ပြန်ဝေငှတယ်ဆိုပါတော့။ ပညာကို အစဉ်ရှာဖွေနေသူ ဖြစ်လေတော့ တွေ့သမျှမှတ်၊ ရသမျှဖတ်၊ ပေးသမျှသင်တန်းတက်၊ မမောနိုင် မပန်းနိုင်။ အခု ပြောပြချင်တာက ကိုမောင်ကြီးနဲ့ သင်တန်းအထွေထွေ အကြောင်းပါ။ ဒီမြို့လေးမှာ ရရှိနိုင်သမျှသင်တန်း သူ မတက်ဘူးတာ မရှိတော့ဘူး။ ဒါတင်မကသေး။ အခြားနယ်တွေ၊ အနီးအဝေး မြို့တွေမှာရှိတဲ့ သင်တန်းတွေ၊ ၀ါ့ရှော့ပ်တွေ၊ ဆွေးနွေးပွဲတွေကိုလည်း အလွတ်မပေး။ တကူးတကန့်ကို စုံစမ်းပြီးတောင်မှ လိုက်တက်သေးတာ။ အိမ်သူဇနီးကိုလည်း အအားမထား။ သဘောတရားတွေပေး သင်တန်းတွေ တက်ခိုင်း။
“မလေး အခုဟာက ပညာခေတ်ကွ၊ အေ့ဂ်ျအော့ဖ်နော့်လေ့ကွ၊ အိမ်လည်၊ သန်းရှာ၊ အတင်းပြော၊ ရန်ဖြစ်၊ ရှော့ပင်ထွက် အချိန်မကုန် သင့်တော့ဘူး။ နေရာတကာမှာ ပညာတွေရနိုင်တယ်။ နည်းလမ်းတွေလည်း အမျိုးမျိုးရှိပြီ၊ အသက်အရွယ် ကန့်သတ်ချက်တွေ ဘာတွေလည်း မရှိတော့ဘူးကွ၊ လူဖြစ်ရကျိုး သိပ်နပ်နေ ပြီနော်။ အလဟဿ မနေစမ်းနဲ့။ သင်တန်းတွေ တက်သာတက်၊ တစ်ချိန်မဟုတ် တစ်ချိန်၊ တစ်နေရာမဟုတ် တစ်နေရာ အသုံးဝင်မှာကွ”။ အစပိုင်းတော့ လေးဆယ်ကျော် အရွယ်ရောက်မှ သင်တန်းတွေ ဘာတွေ ပြန်တက်ရမှာ မဒမ်မောင်ကြီးမှာ သိပ်စိတ်မပါ။ “ကလေးတွေ တောင် ၉ တန်း ၁၀ တန်းရောက်တော့မယ်။ တော်... မရှက်ပေမဲ့၊ ကျမရှက်တယ်။ အားအားယားယား။ တော့်သင်တန်း ဘာလုပ်ရမှာတုန်း” ဆိုတော့ လင်မယား စကားများခဲ့ရသေးတာ။ ကိုမောင်ကြီးက ပညာရေးနဲ့ ပတ်သက်လာလို့ကတော့ လုံးဝမရှော့။ တိုက်တိုက်တွန်းတွန်း။ “တွမ်တီဖတ်စ် ဆန်ကျူရီမှာ နော်လေ့မရှိယင် ခံသွားရမယ်။ လာမယ့်အပတ် ဟိုဖက်ရပ်ကွက်ထဲမှာ အမျိုးသမီးရေးရာအဖွဲ့က ကျန်တာလား ဂျန်ဒါလား သင်တန်းတစ်ခု ပေးမလို့တဲ့.. သွား… တက်ချေ။ တောဇီးကွက်မတို့ အုပ်စုနဲ့ အကြော်ရောင်းတဲ့ ဒေါ်ကြီးပန်းကိုလည်း ရအောင်ခေါ်သွား..” တွန့်ဆုတ်တန့်ဆုတ်နဲ့ ဘာသင်တန်းမှန်း ရေရေရာရာ မသိရသေးဘဲ မလေးခမျာ စပြီး သွားတက်ခဲ့ရရှာတာ။ ဒါပေမဲ့ အခုတော့ မလေးလည်း အတော်ကလေး အသားကျ သွားပြီ။ “သင်တန်းလား... အခုဘဲလာခဲ့မယ်။” အသိပညာဗဟုသုတ တိုးပွား စေတာအမှန်ပါ။ နတ်ဝါ့က်လည်း လုပ်လို့ရသေးတယ်။ တစ်ခါတစ်ခါ လင်မယားနှစ်ယောက် အချို့သောသင်တန်းတွေ အတူတူသွား... အတူတူတက်လို့။
သိတဲ့အတိုင်း အခုခေတ်မှာ သင်တန်းတွေက အမျိုးမျိုးအဖုံဖုံ။ လွန်ခဲ့တဲ့အနှစ် ၂၀-၃၀ ကာလများနှင့် ဘာမှ မဆိုင်။ နုပျိုစဉ် ရောင်ပေစူးဘ၀ အဲဒီတုန်းကတည်းကလည်း သင်တန်း`ဇ´ကရှိထားတာ။ ဟိုး... လမ်းစဉ် ခေတ်က ရှားရှားပါးပါး “နွေရာသီ လူငယ် သင်တန်းတွေ၊ ဘင်ခရာသင်တန်း၊ ဗနတ ၂ ကြိမ်ဆင်း၊ ယူတီစီ နှစ်စဉ်တက်” လုပ်ခဲ့သေးတာ။ ဒီတော့ မျက်မှောက် ၂၁ ရာစုအစပိုင်း ကာလမှာ ကိုမောင်ကြီးတို့ လူဖြစ်ရကျိုး နပ်တယ်လို့ပြောတာ မလွန်ပါဘူး။ သူတက်ပြီးထားတဲ့ သင်တန်း တွေကိုဘဲ ကြည့်ပါအုံး။ အိမ်နီးချင်း တိုင်းပြည် တွေက ဘာသာစကားပြောသင်တန်း ၂ ခုလည်းပါရဲ့။ ကွန်ပြူတာ သင်တန်းဆို အမျိုးမျိုးပေါ့။ လူ့အခွင့်အရေး သင်တန်းတွေဆိုလည်း အလီလီအခါခါ။ ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း၊ ကလေးသူငယ် ပြုစုနည်း သင်တန်း၊ ရုံးအုပ်ကြီး လုပ်နည်းသင်တန်း၊ ပျော်စရာမိသားစု ဘ၀တည်ဆောက်နည်းသင်တန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသင်တန်း၊ အမျိုးသားကျန်းမာရေးသင်တန်း၊ နိုင်ငံရေးသဘောတရားသင်တန်း၊ လူမှုဝန်ထမ်း လုပ်ငန်းသင်တန်း။ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှု သင်တန်း။ ၄၀ ကျော် ကျန်းမာရေးသင်တန်း၊ အရှေ့အလယ်ပိုင်းဒေသ သိကောင်းစရာသင်တန်း၊ ပန်းအလှပြင်နည်းသင်တန်း၊ ဇနီးခင်ပွန်းစကားမများ ရန် မဖြစ်တဲ့ နည်းလမ်းသင်တန်း၊ ခြင်းလုံးနည်းပြသင်တန်း၊ ဘာမဆိုစီမံခန့်ခွဲမှုသင်တန်း၊ ဂျန်ဒါသင်တန်း၊ ပန်ဒါသင်တန်း၊ ကျောင်းဆရာသင်တန်း၊ တိုင်းရင်းသား ရိုးရာဂီတသင်တန်း၊ ဆံပင်ညှပ်နည်း သင်တန်း၊ ဗန်တို သိုင်းသင်တန်း၊ တရုတ်-အိန္ဒိယအစားအစာရောချက်နည်းသင်တန်း၊ မဟာဗျူဟာ ရေးဆွဲနည်းသင်တန်း၊ ဒီမိုကရေစီ ရအောင် လုပ်နည်းသင်တန်း၊ သီးနှံအထွက်တိုး စိုက်ပျိုးနည်း သင်တန်း၊ အတ္တထိန်းချုပ်နည်း သင်တန်း၊ မော်တော်ဆိုင်ကယ် ပြင်နည်းသင်တန်း၊ မဟာဘုတ်ထူနည်းသင်တန်း၊ နိုင်ငံတကာငွေကြေး အကျပ်အတည်း ဖြေရှင်းနည်းသင်တန်း၊ တရုတ်ရိုးရာ အပ်စိုက်ကု သင်တန်း၊ လူကြီးလုပ်နည်းသင်တန်း၊ ရန်ပွဲဖြေရှင်းနည်း သင်တန်း၊ အဲ.. အခုနောက်ဆုံးတစ်ခုက ဘလော့ဂါ တည်ဆောက်နည်းသင်တန်း၊ မှတ်မိ သလောက် ပြောပြတာပါ။ တတ်တဲ့ပညာ မနေသာဆိုသလို ပြန်ပြီးလည်း ဆင့်ပွား သင်တန်းတွေကို လူစုစုရှိတိုင်းပေးနေသေးရဲ့။
တက်ခဲ့တဲ့ ခေါင်းစဉ်တွေကို အားလုံးတောင်မမှတ်မိတော့ဘူး။ သင်တန်းပေးချင်နေသူတွေကလည်း များမှများ၊ သင်တန်း အတွက် ပရောဂျက်တွေကလည်း မရှား။ အချို့သင်တန်းက ကိုယ်ပိုက်ဆံနဲ့ကိုယ်တက်ရတာ၊ အချို့ သင်တန်းများဆို ခရီးသွားလာစရိတ်ငြိမ်းတဲ့အပြင် ပါဒီယန်ပါရသေး။ သင်တန်းလုပ်စားသူတွေနဲ့ သင်တန်း တက်စားနေသူတွေလို့တောင် ရပ်ကွက်ထဲမှာ ဟိုးလေးတကျော်။ ပေးသမျှသင်တန်းတွေကို တက်နေလေတော့ အချို့သင်တန်းတွေဆို ပြီးလို့သာ သွားတယ် အမောင်တောင်မှန်းမြောက်မှန်း ဘာမှန်းမသိလိုက်တာမျိုးလည်း ရှိရဲ့။ သင်တန်းပေးတဲ့လူတွေကလည်း အိမ်ပြည့်ဖို့ လိုတာကိုး။ ကိစ္စမရှိပါဘူး။ ပညာရှာတယ်ဆိုတာကောင်းတဲ့ အလုပ်မဟုတ်လား။ နိုင်ငံခြားသားဘဲ သင်တန်း ပေးပေး၊ မြန်မာဘဲပေးပေး ပေးသမျှယူတယ်။ အဲ... နိုင်ငံခြားသားဆိုလို့၊ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာ သင်တန်းဘဲဖြစ်ဖြစ် အနည်းဆုံးတော့ အင်္ဂလိပ်စာ တိုးတက်သေး။ လစ်ဆင်းနင်းလောက်ရ နည်းလား။
အားတဲ့အခါတွေမှာ ကိုယ်တက်ခဲ့ဘူးတဲ့သင်တန်းတွေကို ပြန်စဉ်းစားနေရတာကိုက အရသာတစ်ခု။ ဆာတီဖီ ကိတ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေကို ဖုန်မတက်အောင် သုတ်သင်ရှင်းလင်းပေးလိုက်။ ထုတ်ကြည့်လိုက်။ ကျေနပ် နေလိုက်။ “အင်း... အတော်လေးကို ပညာစုံလာပြီပဲ။ ငါနှင့် ငါ့မယား တယ်ဟုတ်ပါလား။” ဗာဟုဿစ္စဉ္စ၊ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော… လို့ဆိုထားတယ်မဟုတ်လား။ မင်္ဂလာရှိလေစွ…။
ဒီလိုနဲ့ သိပ်မကြာသေးခင်က ရပ်ကွက်ထဲမှာ အင်တာနက်ချိတ်လို့ ရပြီဆိုတာနဲ့ ဦးမောင်ကြီးတို့ ဘယ်နှေးလိမ့် မတုံး။ နိုင်ငံခြားရောက် သူငယ်ချင်းတွေဆီ ကမန်းကတန်း စာလှမ်းရေးတော့တယ်။ “ကိုယ်တို့ရပ်ကွက်မှာ အင်တာနက် ချိတ်ဆက်နိုင်ပြီ။ မင်းတို့တွေစုပြီး လက်တော့ တစ်လုံးလောက် လုပ်စမ်းပါ။ ဆိုက်ဘာစပေ့ အွန်လိုင်းထဲမှာ ပညာရှာချင်တယ်။ မင်းတို့လို ဖောရိန်းမသွားဘဲ ရပ်ကျိုးရွာကျိုး သယ်ပိုးနေတာ နားလည်သင့် တယ်။ အပူတပြင်းလိုအပ်နေပြီ။ မြန်မြန် လုပ်ကြစမ်းပါအုံး။ မင်းတို့နဲ့လည်း ပုံမှန် ဆက်သွယ်နိုင်တော့မယ်။ ချက်တင်တွေ၊ ဂျီတော့တွေလည်း လုပ်ကြတာပေါ့။” နားမခံသာတဲ့ အဝေးရောက် ငယ်သူငယ်ချင်းတွေကလည်း လုပ်ပေးရှာပါတယ်။ တောမှာ ဂျင်ပေါက်တန်းကစားခဲ့ကြတဲ့ သံယောဇဉ်က မသေးဘူးမဟုတ်လား။ ဒီလိုနဲ့ အွန်လိုင်းပေါ်က ဆာတီဖီကိတ် ၂ ခုလောက်ကို ယူထားလိုက်သေးတယ်။ “ပြီးခဲ့တဲ့ နှစ်တွေက တက်ခဲ့ဘူးတဲ့ ကွန်ပြူတာ သင်တန်းလေးရဲ့ ဒိဋ္ဌအကျိုးပေါ့ကွ၊ မြင်လား” မလေးကို လှည့်ပြော လိုက်သေးတယ်။ ဒီလိုနဲ့ ကိုမောင်ကြီးမှာ ဆာတီဖီကိတ် အောင်လက်မှတ် ၂၅ ခု စုဆောင်းမိခဲ့တယ်ဆိုပါတော့။ သူ့နောက်မှ လိုက် တက်တဲ့ မဟေသီမလေးလည်း ၁၅ ခုလောက်ရထားပြီးပြီ။ လင်မယားနှစ်ယောက်ပေါင်း ဆာတီဖီကိတ် ၄၀ ဟာ မြန်မာ့စံချိန်တင်မက ကမ္ဘာ့စံချိန်ပါ တင်နိုင်လောက်ပါရဲ့။
ကိုယ်တစ်ယောက်တည်းအတွက် လေ့လာထားတာမဟုတ်ဘူးလေ၊ အများအတွက် ဝေမျှနေသူလည်း ဖြစ်တယ်။ ပြီးတော့ ရပ်ရေးရွာရေးဆိုလည်းမနှေးတက်ကြွ ရှေ့ကပါစမြဲမို့ လူချစ်လူခင်၊ လူအမြင်ကတ် အစုံအလင်ပေါများပါတယ်။ တွေ့သမျှ လူတွေကိုလည်း သင်တန်းတွေတက်ဖို့ကို တိုက်တွန်းနေလေရဲ့။ မြန်မာမှုမှာ ကြီးသူ့စကားကိုနားထောင်ရတယ် မဟုတ်လား။ ရပ်ကွက်ထဲက လူကြီးဖြစ်တဲ့ ရပ်ကွက်ပေါင်းစုံ ခြင်းလုံးအသင်းအဖွဲ့များ မူဝါဒရေးရာအဖွဲ့ဝင်၊ ကျောင်း မိဘဆရာအသင်းကော်မီတီဝင်၊ စစ်ပြန်၊ ဆယ်အိမ်ခေါင်း ကိုမောင်ကြီး ကိုယ်တိုင်က စံပြတက်ပြနေတော့ လူငယ်တွေ မှာလည်း သူပြောသမျှနားထောင်၊ သူ့နောက်ကို သူလိုဆက်တောက်ဆက်တောက်လျှောက်လိုက်၊ သူ့လို သင်တန်းတွေ တက်၊ ဟိုဘွဲ့ပြီးရင် နောက်ထပ်ဘာမှ မဆိုင်တဲ့ ဒီဘွဲ့တစ်ခုကို ထပ်ယူ။ နောက်ထပ်ဆက်တက်၊ သူ့လို ဆာတီဖီကိတ်တွေစု၊ ထပ်စု၊ သူ့လို သင်တန်းတွေ ပြန်ပေး။ ပညာခေတ်လေ…။
* * * * *
အရှိန်အဟုန်ပြင်းထန်တဲ့ ပညာခေတ်ဟာ မြန်မာနိုင်ငံကို တအိအိနဲ့ ၀င်ရောက်ခဲ့ပါပြီ။ မည်သို့ပင်ဆိုစေကာမူ ဒါဟာ ၀မ်းသာစရာပါ။ တကယ်တော့လည်း ပညာကို မြန်မာတို့တန်ဖိုးထားခဲ့ကြတာ ဟိုး ... ရှေးပဝေသဏီ ကာလများကတည်း မဟုတ်လား။ ဘိုးဘွားအမွေတွေကိုဘဲကြည့်ပါလား။ ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်၊ ပညာနှင့် တူသော အားသည်မရှိ၊ ပညာရှာပမာ သူဖုန်းစား၊ ပညာလို အိုသည်မရှိ၊ အတတ်ပညာနှင့် တူသော မိတ်ဆွေဟူသည်မရှိ၊ ပညာမရှိ သူ၏၀န်ထမ်း၊ ပညာဂုဏ်ရောင်ထွန်းလင်းပြောင်၊ ပညာမြင့်မှ လူမျိုးတင့်မည်၊ ….။
ဒီတော့ကာ ပညာခေတ်အတွက် မြန်မာတွေ ရယ်ဒီရှိတယ်လို့ဆိုရင် မမှားတန်ပါဘူး။ ဒီအမွေတလှေကြီးကို ပိုင်ဆိုင်ထားတဲ့ ကိုမောင်ကြီးနဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေကို အပြစ်ရယ်လို့လည်း မဆိုသာပြန်ဘူး။ ဒါပေမယ့် စဉ်းစားစရာတွေ ရှိပါတယ်။ မိမိရဲ့လက်ရှိအလုပ်အကိုင်၊ ရှင်သန်ရပ်တည်မှုအတွက် လိုအပ်ချက် ဖြစ်မဖြစ်၊ ၀ါသနာ၊ ဗီဇသဘော၊ ကိုယ်တိုင်စိတ်ပါဝင်စားမှုနဲ့ အနာဂတ်အလုပ်အကိုင် တန်ဖိုးတွေအပေါ်မှာ စံထားပြီး သင်တန်းတွေကို ရွေးချယ်သင့်ပါတယ်။ ဒီထက်နည်းနည်း ပိုစဉ်းစားမယ်ဆိုရင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး Human Resource Development နှင့် ရေရှည်တည်တံ့မည့် နယ်မြေ ဒေသဖွံ့ဖြိုးမှု sustainable development...။
အဓိကပြဿနာရင်းမြစ်တွေကို လေ့လာဆန်းစစ်ကြည့်သင့်နေပါပြီ။ အချက် (၃) ချက်ကို တွေ့မြင်နိုင်ပါတယ်။
ပထမတစ်ချက်ကတော့ လူငယ်တွေအနေနဲ့က ကျောင်းပြီးတဲ့အခါ ပညာကို ဆက်ရှာနေတာ သာမန်အားဖြင့် တော့ ၂၁ ရာစုပညာရေးအတွေးအခေါ်တစ်ခုဖြစ်တဲ့ ဘ၀တစ်သက်တာစဉ်ဆက်မပြတ်ပညာရေး Lifelong Learning ကို ကိုယ်တိုင် ကျင့်သုံးနေပြီလို့ ယူဆကောင်း ယူဆမိကြမယ်။ ဒါပေမယ့် တက်ရောက်နေရတဲ့ သင်တန်းအများစုဟာ ကျောင်းပညာရေး (မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း) တွေမှာ ကျွဲကူးရေပါ မဖြစ်ခဲ့တဲ့အတွက် ကျောင်းမှာ သင်ခဲ့ရပေမယ့် ပြန်လို့ လေ့လာနေကြရတယ်။ ဥပမာ - အင်္ဂလိပ်စာ သင်တန်း၊ ကွန်ပြူတာသင်တန်း၊ ရုံးလုပ်ငန်း၊ အခြေခံစီမံခန့်ခွဲမှု၊ အခြေခံ ကျန်းမာရေးအသိပညာသင်တန်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ၊ လူမှုဆက်ဆံရေးသင်တန်း၊ အထွေထွေဗဟုသုတ စသည်အားဖြင့်။ ဒီပညာရပ် တွေရဲ့အခြေခံတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်နဲ့ မိမိဘ၀နှင့် လူ့အဖွဲ့အစည်းမှာ အသုံးချနိုင်လောက် တဲ့ အဆင့်ကို ကျောင်းနဲ့ တက္ကသိုလ်ပညာရေးက ဖြည့်ဆည်းပေး နိုင်ခဲ့သင့်ပါတယ်။ တာဝန်လည်း ရှိနေတယ်။ ပင်မမေဂျာပညာရပ်အပြင် ဒါတွေဟာ တွဲဖက်ပြီး ရလာသင့်တာပါ။ အချို့သောအရာများဟာ ငယ်ရွယ်စဉ် ကာလများကတည်းက ကျောင်းပညာရေးမှာ ထည့်သွင်းပြီး အလေ့အကျင့် လုပ်ပေးရမှာဖြစ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ဥပမာ ဒီမိုကရေစီကျင့်စဉ်၊ ကွန်ဖလစ် ရီဆော်လူးရှင်း… စသည်။ ပညာရေးစိတ်ပညာမှာ ပါရှိတာက ပညာရေးဟာ အပြုအမူ၊ အမြင်သဘောထား၊ ကျွမ်းကျင်မှုစွမ်းရည်တစ်ရပ်ရပ် (သို့မဟုတ်) အားလုံးကို လေ့ကျင့် ပျိုးထောင်ပေးခြင်းလို့ ဆိုထားတယ်မဟုတ်လား။ ငယ်နုစဉ်ကတည်းက လေ့ကျင့်ပေးကာမှ ကြီးလာတဲ့အခါ လူ့ အဖွဲ့အစည်းမှာ တော်ကာကျမယ့် အကြောင်းအရာတွေများစွာ ရှိနေပါတယ်။ ကျောင်းလုံးဝ မနေဘူးတဲ့ လူတစ်ယောက်ဟာ အသက်အတော်ကလေးကြီးမှ အသုံးလုံးပြန်သင်ရတယ်၊ သင်္ချာကို အစကပြန်လေ့လာရမယ်ဆိုရင် ဒီလူဒီဘ၀မှာ တတ်မြောက်နိုင်တဲ့ အရေးအဖတ် အဆင့်၊ ကျွမ်းကျင်မှု အဆင့်ဆိုတာ၊။ ဒီလိုပါဘဲ တတ်သိနားလည်ပြီး လက်တွေ့ ကျင့်သုံးတတ်တဲ့ သူတွေ ဖြစ်လာဖို့ဆိုတာ ငယ်စဉ်ကစလို့ လေ့ကျင့်ပေးရမှာပါ။ ဘ၀ထဲကိုရောက်ဖို့အတွက် ငယ်နုစဉ်မှာ ကတည်းက လေ့ကျင့်ပေးရမှာပါ။ ကျောင်းပြီးမှ ဒီသင်တန်းတွေနဲ့ အခြားသော သင်တန်းပေါင်းမြောက်များစွာကို ပြန်တက်နေကြရတာဟာ တစ်ဦးချင်းရဲ့ အသိပညာနက်ရှိုင်းမှု၊ ဘ၀တိုးတက်မှုအတွက် အထောက်အကူပြုမှု၊ အလုပ်အကိုင်ဖွံ့ဖြိုးမှုနှင့် ၀င်ငွေတွေအတွက်သာမကဘဲ ဒေသတွင်းနဲ့ တိုင်းပြည်ရဲ့ လူမှုစီးပွား၊ ကုန်ထုတ်စွမ်းအား၊ ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် တန်ဖိုးရှိတဲ့အချိန်တွေကို အင်မတန် နှမြောစရာကောင်းနေပါတယ်။
ဒုတိယအချက်ကတော့ ဟိုအလုပ်ရနိုးနိုး၊ ဒီအလုပ်ရနိုးနိုးနဲ့ ရှိသမျှသင်တန်းတွေကို လိုက်တက်နေကြရတာပါ။ မျှော် တလင့်လင့်နဲ့ပါ။ ဆက်ကျော်သက်အရွယ်ရဲ့ စောစောပိုင်းနှစ်တွေကတည်းက (၁၃၊ ၁၄ နှစ်ဝန်းကျင် လောက်မှာ) မိမိ၏၀ါသနာ၊ ဗီဇနှင့် စွမ်းရည်တွေကို သိမြင်နားလည်ခံစားနိုင်စွမ်းကို ဖန်တီးပေးရမှာပါ။ မတူညီတဲ့ စွမ်းရည်အမျိုးမျိုး၊ ဥာဏ်ရည်အထွေအထွေသဘော Multiple intelligences ကို သိမြင်နားလည် စေသင့် တယ်။ ကိုယ်စီမှာ မတူညီတဲ့ စွမ်းရည်တွေ၊ ဥာဏ်ရည်တွေ ရှိနေတယ်ဆိုတာကို သိရှိစေသင့်တယ်။ စုစုပေါင်း ဥာဏ်ရည်နိမ့်ခြင်း၊ မြင့်ခြင်းသဘောများ မပာုတ်တာကို ဆယ်ကျော်သက်လူငယ်တွေ နားလည်အောင် ကူညီ ပေးရမယ်။ ကျောင်းသားလူငယ်တွေကို ဥာဏ်ရည်ပိုင်း ဆိုင်ရာမှာ အချင်းချင်း နှိုင်းယှဉ်တာမျိုး မလုပ်သင့် ပါ။ သူများလုပ်လို့၊ သူများတက်လို့လိုက် လုပ်တာ၊ လိုက်တက်တာ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင် ခံစားချက်တွေ၊ အတွေးအမြင်တွေနဲ့ ရွေးချယ်နိုင်စွမ်း ရှိကြရပါမယ်။ တဆက်တည်းမှာဘဲ သင်တန်းတွေကို ရွေးချယ် ၀င်ရောက် ခွင့် ရနိုင်ဖို့ လိုအပ်တယ်။ အလုပ်အကိုင်နဲ့ ဆက်နွယ်မှု ရှိနိုင်ဖို့ကိုလည်း ဆွေးနွေးအကြံပြုပေး သင့်ပါတယ်။ မိမိလမ်းကြောင်းအတွက် မိမိကိုယ်တိုင် ရွေးချယ်၊ ဖန်တီး တည်ဆောက်နိုင်ဖို့ကို ကူညီပေး သင့်တယ်။
တတိယအချက်က အလုပ်အကိုင်ရှားပါးနေမှု၊ အဆင့်အတန်းခွဲခြားလွန်းမှုနှင့် ဘ၀ရှင်သန်ရပ်တည်ရေး လိုအပ်ချက်တွေ အတွက်ကြောင့်ြ့ဖစ်တယ်။ လုပ်ချင်တာကို မလုပ်ကြရ။ မလုပ်ချင်တာကို လုပ်နေကြရနဲ့ လမ်းကြောင်းလွဲနေကြတယ်။ ပျောက်နေကြရတာ။ တန်းတူအခွင့်အရေးတွေမရှိ။ အခွင့်ထူးခံ လူတန်းစား အနည်းစုအတွက် ပညာရေးနှင့် အလုပ်အကိုင် ကောင်းရပိုင်ခွင့်တွေကို (သီးသန့်) ဖန်တီးထားကြတယ်။ ဌာနဆိုင်ရာမှာဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာဘဲဖြစ်ဖြစ် လူငယ်အများစုအတွက် မျှော်လင့်ချက် များများ မရှိသေး။ မျှမျှတတမဖြစ်သေး။ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တနိုင်တပိုင် လုပ်ကိုင်လိုတဲ့ လူငယ် အများစုမှာလည်း ကိုယ်ထူကိုယ်ထ။ ကိုယ့်ကိုယ်ကိုတောင် မနည်း ထူမ နေရတဲ့လူငယ်တွေခမျာ…။ ကျောင်းပြီးရင် ဘာလုပ်မလဲလို့မေးကြည်တော့ ဟိုတိုး၊ ဒီတိုးပေါ့လို့ဖြေကြတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ ကျောင်းတတ်နေတဲ့ လူငယ်တွေကျပြန်တော့လည်း ကျောင်းပြီးလို့ရှိရင် မြန်မာပြည်ခဏပြန်လည်ပြီး အခြား နိုင်ငံတစ်ခုခုမှာ အလုပ်ထွက် လုပ်မယ်တဲ့။ လုပ်အားတန်ဖိုး၊ ပညာတန်ဖိုးနှင့် ၀င်ငွေညီမျှတဲ့ အခြေအနေမှ မရှိတာ။ မြန်မာ့ကြွက်သားနဲ့ မြန်မာ့ဦးနှောက်တွေဟာ အဝေးအဝေးသို့ အတားအဆီးမဲ့ လွင့်စင်နေလေရဲ့။ စိမ့်ယို စီးဆင်းနေဆဲ။ ပြည်တွင်း လူငယ်တွေမှာ ဟိုတိုး၊ ဒီတိုးနဲ့။ စိုးရိမ်စိတ်၊ မရေမရာစိတ်၊ အခွင့်အလမ်းမဲ့ အခြေအနေ တွေနဲ့ အများစုဟာ အလုပ်အကိုင်ရှားပါးမှုကို ရင်ဆိုင်နေကြရပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ဒီဂရီတန်း ပညာရေးအဆင့်ဆင့်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာတွေ၊ နည်းပြတွေရဲ့ တာဝန် ဆောင်ပုဒ်ထဲက နောက်ဆုံး အပိုဒ်ရဲ့ အဓိပ္ပါယ် ပျောက်ဆုံး နေခဲ့တာကြာပါပြီ။ သင့်ရာအပ်ပို့ ဆရာတို့...ကျင့်ဖို့ဝတ်ငါးဖြာ ဆိုတာပါ...။
အများကြီးဆုံးရှုံးခဲ့ကြပြီးပြီ။ ခံစားခဲ့ကြရတယ်။ အဲဒီအထဲမှာ အဆိုးဝါးဆုံးကတော့ မွေးဖွားကြီး ပြင်းလာတဲ့ တိုင်းပြည်အပေါ် ယုံကြည်ချက်တွေ လျော့ပါးလို့လာနေတယ်။ (ဘွဲ့သင်တန်းတွေအပါအ၀င်) ပညာရေးကို မယုံ့ တယုံနဲ့ရှိနေတယ်။ တက်နေရဆဲပါ။ ၀ါသနာ၊ ဗီဇစွမ်းရည်၊ တက်ရောက်နေဆဲ (သို့မဟုတ်) ရရှိထားတဲ့ ဘွဲ့ သင်တန်းနဲ့ ကိုယ်လုပ် နေတဲ့အလုပ်အကိုင် ထပ်တူကျတဲ့လူငယ် ဘယ်နှစ်ယောက်ရှိနိုင်ပါသလဲ။ ဘာကို ၀ါသနာ ပါပြီး ဘာအလုပ်လုပ်မလို့ ဘာကျောင်းတတ်နေတယ် ဆိုတာမျိုး ဘယ်လူငယ်ထံမှ မကြားရတော့ပါ။ လက်မှတ်တစ်ခုခုရရင်ပြီးရော သဘောမျိုးနဲ့ ဘွဲ့ဒီဂရီသင်တန်းတွေကိုလည်း တက်နေကြလေရဲ့။
မှတ်ရန်တစ်ခု
နှုတ်မှုလက်မှု၊ အတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တစ်ခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။(ဆားတုံ ဆရာတော်)
ဘယ်နိုင်ငံမှာမှ မရှိတဲ့ “ဘွဲ့ရမှ လူဖြစ်တာ” ဆိုတဲ့ ပညာရေးအဟောသိကံဖြစ်စေတဲ့ ဆိုရိုးစကားကို လူငယ်တွေ ကြားမှာ ရှင်းလင်းချိန်တန်ပါပြီ။ လွဲမှားနေတဲ့ ပညာရေးအယူအဆတွေများကြီးရှိနေသေးတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြမ်းဖျင်း လေ့လာချက်အရ လိုင်းပေါင်းစုံက အရည်အသွေးပြည့်မီတဲ့ ဘွဲ့ရ ၂၀ ရာခိုင်နှုန်းလောက် ဘဲ တိုင်းပြည်က လိုအပ်ပါတယ်။ ထိုက်တန်တဲ့ အလုပ်ပေးနိုင်တယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းဘာလုပ်မှာလဲ။ မိမိထက်ပိုပြီးဖွံ့ဖြိုးနေတဲ့ အိမ်နီးချင်း တိုင်းပြည်တွေမှာတောင် ၃၀ ရာခိုင်နှုန်းလောက်သာရှိတာပါ။ ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ အသက်မွေးမှု တစ်ခုခုဟာ ဘ၀ရပ်တည်ရေးနှင့် မိမိရဲ့အနီးစပ်ဆုံး လူ့အဖွဲ့အစည်း အတွက် လည်း များစွာ အရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတာကို ကျောင်းသားလူငယ်များကို သတိပေး သင့်တာပါ။ ရပ်ရွာလူ့အဖွဲ့အစည်းရဲ့ အဝေးသို့ လူငယ်တွေဟာ လွှင့်ပစ်ခြင်း ထပ်မခံရမီ ဒေသတွင်း စက်မှု၊ လယ်ယာနဲ့ ကုန်ထုတ်စွမ်းအား၊ စီးပွားလုပ်ငန်းတွေ တိုးပွားစေမယ့်အပြင် လူ့ဂုဏ်သိက္ခာ နှင့်အညီ ရှင်သန်နိုင်စွမ်း ရှိစေမယ့်၊ အလုပ်အကိုင် ရရှိစေမယ့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းတွေ ဒေသအနှံ့အပြားမှာ ရာ ထောင်ချီ ဖွင့်လှစ်ချိန်လည်း တန်ပါပြီ။ စနစ်တကျ ပြင်ဆင်ရလိမ့်မယ်။ နေရာဒေသတိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးခွင့်၊ ထားရှိခွင့်ပေးရပါလိမ့်မယ်။ ပံပိုးပေးကြရပါလိမ့်မယ်။
သိန်းနိုင်
၅ ဖေဖော်ဝါရီ ၂၀၀၉။
Wednesday, February 4, 2009
ပညာရေးဆိုင်ရာ အမေးအဖြေ (၂) |
Nay Mar: I want to study " Acturary Science".Now I am in S'pore.Pls advise.
3 Feb 09, 17:47
Khin Ma Ma Myo: MSc (Financial Engineering) ဘွဲ့များကို တက်ရောက်ဖို့ အကြံပြုလိုပါတယ်။
3 Feb 09, 17:46
Khin Ma Ma Myo: ဒါမှမဟုတ်ပဲ တက္ကသိုလ်က ဘွဲ့တခုခုကို အရင်တက်မယ်ဆိုရင်တော့ MSc Actuarial science (သို့မဟုတ်) MSc Mathematical Finance (or) MSc Financial Mathematics (or) MSc Fiancial Economics (or)
3 Feb 09, 17:44
Khin Ma Ma Myo: ယူကေ FIA စာမေးပွဲအသေးစိတ်ကို www.actuaries.org.uk မှာ လေ့လာနိုင်ပါတယ်
3 Feb 09, 17:42
Khin Ma Ma Myo: ယူအက်စ် FSA အသေးစိတ်ကို www.soa.org မှာ လေ့လာကြည့်ရှုနိုင်ပါတယ်
3 Feb 09, 17:42
Khin Ma Ma Myo: လှပါဘူး။ စင်ကာပူကနေ နှစ်မျိုးလုံးကို လေ့လာသင်ယူလို့ ရတာကြောင့် ယူအက်စ်စာမေးပွဲနဲ့ ယူကေစာမေးပွဲ တခုခုကို အရင်ရွေးချယ်စေလိုပါတယ်
3 Feb 09, 17:40
Khin Ma Ma Myo: မနေမာရှင့်။ actuarial science နဲ့ ပတ်သက်ပြီး၊ ယူကေအဖွဲ့က ကျင်းပတဲ့ FIA exam ရယ်၊ ယူအက်စ်အေအဖွဲ့ က ကျင်းပတဲ့ FSA exam ရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကနေဒါစာမေးပွဲစတာမျိုးတွေရှိပေမယ့် ယူအက်စ်နဲ့ သိပ်မကွာ
Friday, January 30, 2009
MIT တက္ကသိုလ်ရဲ့ သင်ကြားနည်းစနစ်သစ်အကြောင်း |
ပြန်လည်ကိုးကားတင်ပြသူ - S.S.
မကြာသေးခင်က အွန်လိုင်းပေါ် The New York Times မှာ ဖတ်လိုက်ရတဲ့ သတင်းတခုကတော့ - ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Introductory Physics ဆိုတဲ့ ဘာသာရပ်ကို ရာဂဏန်းရှိတဲ့ ကျောင်းသား အများကြီးကို ဆရာတယောက်က မိနစ် ၅၀ ကြာ သင်ကြားပို့ချတဲ့ လက်ချာ (lecture) နည်းစနစ်ကို မသုံးတော့ပဲ ၊ TEAL (Technology Enhanced Active Learning) လို့အမည်ရတဲ့ သင်ကြားနည်းစနစ်သစ်တခုကို ပြောင်းလဲလိုက်ပြီဖြစ်တဲ့အကြောင်းပါပဲ ။
အဲဒီလို သင်ကြားနည်းစနစ်အသစ်ကို စတင်စဉ်းစားရတဲ့ အကြောင်းရင်းတွေကတော့ - အဲဒီတက္ကသိုလ်မှာ သမားရိုးကျ လက်ချာပေးပြီး သင်ကြားတဲ့ နည်းစနစ်ကို သုံးတဲ့အခါ ၊ စာသင်အကောင်းဆုံး ဆရာများက သင်ကြားတဲ့အခါမှာတောင် စာမေးပွဲကျတဲ့ ကျောင်းသားဦးရေဟာ ၁၀ - ၁၂ ရာခိုင်နှုန်းရှိခဲ့တယ် ။ ဒါ့အပြင် အဲဒီတက္ကသိုလ်မှာ အကောင်းဆုံးဆရာဆုရတဲ့ ဆရာသင်တဲ့အတန်းမှာတောင် အဲဒီဘာသာရပ်အတွက် စာသင်ရက်များလာလေလေ ကျောင်းသားတွေရဲ့ ကျောင်းတက်နှုန်း (attendance) ဟာ ၅၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့တယ် ။ အဲဒီအခြေအနေတွေကို သုံးသပ်ပြီး TEAL ဆိုတဲ့ သင်ကြားနည်းစနစ်အသစ်ကို နှစ်တချို့ထိ စမ်းသပ်ပြီးတဲ့အခါ အမြဲတမ်းအတွက် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
MIT တက္ကသိုလ်ရဲ့ သင်ကြားရေးနည်းပညာစနစ်သစ်ဟာ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ပေါ်မှာ အခြေခံထားပါတယ် ။ အဲလို သင်ကြားရေးစနစ်တွေမှာ ကျောင်းသားတွေဟာ ဆရာတွေရဲ့ သင်ကြားပို့ချတာကိုပဲ (lecture) ထိုင်နားထောင်နေတာမျိုး မဟုတ်ပါဖူး ။ သူတို့ကိုယ်တိုင် ဆရာတွေနဲ့အတူဖြစ်စေ ၊ အတန်းသားချင်းဖြစ်စေ အချက်အလက်တွေကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးတာမျိုး ဖြစ်ပါတယ် ။ အဲဒီအခါ ဆရာတွေက ကျောင်းသားတွေရဲ့ ဆွေးနွေးချက်တွေကို သူတို့သင်ကြားမယ့် သင်ခန်းစာက အချက်အလက်တွေကို သုံးပြီး ပြန်လည်ထောက်ပြ ဆွေးနွေး ရှင်းပြတာမျိုး လုပ်ပါတယ် ။ အဲဒီအခါ စာသင်ကြားခြင်းဟာ ဆရာမှ ကျောင်းသားဆိုပြီး တစ်လမ်းသွားပဲ ဖြစ်မနေတော့ပဲ ၊ ဆရာ နဲ့ ကျောင်းသားကြား အပြန်အလှန်ဖြစ်နေတာမျိုး ၊ ဆရာကပဲ သင်ခန်းစာကို ပုံသေချပြီး သင်ပေးနေတာမဟုတ်ဘဲ ကျောင်းသားတွေရဲ့ အမြင်တွေ သုံးသပ်ချက်တွေ တွေးခေါ်တာတွေကိုပါ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်ပါတယ် ။
ခုခေတ် နိုင်ငံတကာပညာရေးမှာ (နာမည်ကြီး တက္ကသိုလ်များအပါအ၀င် ) ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်ဖြစ်တဲ့ လက်ချာ (lecture) အစား ခုလို သင်ကြားနည်းစနစ်အသစ်တွေကိုဘက်ကို အားစိုက်လာကြပါတယ် ။ MIT တက္ကသိုလ်အပြင် တခြားတက္ကသိုလ်များဖြစ်တဲ့ Rensselaer Polytechnic Institute, North Carolina State University, the University of Maryland, the University of Colorado at Boulder and Harvard တို့မှာလည်း ရူပဗေဒပညာရပ်ကို ထုံးတမ်းစဉ်လာ (conventional) သင်ကြားနည်းစနစ်အစား ၊ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” တို့ကိုအခြေခံတဲ့ သင်ကြားနည်းစနစ်တွေကို သုံးလာကြပါတယ် ။
Harvard တက္ကသိုလ်မှာ ရူပဗေဒပညာရှင်တယောက်ဖြစ်တဲ့ Professor Mazur က အောက်ပါအတိုင်း ပြောခဲ့ပါတယ် ..
“Just as you can’t become a marathon runner by watching marathons on TV, likewise for science, you have to go through the thought processes of doing science and not just watch your instructor do it.”
Nobel Prize-winning physicist Carl Wieman ကလည်း ...
the human brain “can hold a maximum of about seven different items in its short-term working memory and can process no more than about four ideas at once.”
ဆိုပြီး သူ ရေးသားတင်ပြတဲ့ စာတမ်းတခုထဲမှာ ကောက်ချက်ချခဲ့ပါတယ် ။
အဲဒါကြောင့် တစ်နာရီနီးပါးကြာလေ့ရှိတဲ့ လက်ချာ (lecture) တွေမှာ ဆရာက သင်ကြားပို့ချနေတဲ့ အချက်အလက်တွေ အကုန်လုံးကို ကျောင်းသားတွေရဲ့ ဦးနှောက်ထဲ ၀င်သွားနိုင်ဖို့ ခဲယဉ်းပါတယ် ။ အနည်းအကျဉ်းသာ ၀င်နိုင်မယ်ထင်တယ်လို့ သူက ဆက် ပြောခဲ့ပါတယ် ။
အခုလိုပညာရှင်တွေအများအပြား ထောက်ခံနေကြတဲ့ “အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော (interactive) ၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသော (collaborative) ၊ စာသင်သားဗဟိုပြုသင်ယူနည်း (student-centred learning)” ပေါ်အခြေခံတဲ့ သင်ကြားနည်းတွေကို ခုခေတ် နိုင်ငံတကာရဲ့ကျောင်းတော်တော်များများမှာအသုံးပြုလာကြပေမယ့် ၊ သင်ကြားနည်း (pedagogy) တွေကတော့ တမျိုးစီ ကွာခြားကြပါတယ် ။ ဥပမာ - - MIT မှာ အသုံးပြုတဲ့ TEAL (Technology Enhanced Active Learning) နည်းစနစ်မှာ ကျောင်းသားအယောက် ၈၀ ဟာ စားပွဲရှည် ၁၃ ခုမှာ အဖွဲ့လိုက် ထိုင်ကြပြီး ၊ သူတို့ရှေ့မှာ ကွန်ပြူတာတွေ ရှိနေပါတယ် ။ ကထိကဆရာမ (lecturer) က စာသင်ရင်း ထုတ်လိုက်တဲ့ မေးခွန်းပုစ္စာတွေ အဲဒီ ကွန်ပြူတာတွေပေါ်မှာလာပေါ်တဲ့အခါ ၊ ကျောင်းသားတစ်ဦးစီမှာ ကိုင်ထားတဲ့ clicker လို့ခေါ်တဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းကိုသုံးပြီး ၊ ကိုယ်ထင်တဲ့အဖြေကို ရွေးချယ်နိုင်ပါတယ် ။ ကျောင်းသားတစ်ယောက်ရွေးချယ်လိုက်တဲ့အဖြေဟာ ကထိကဆရာမနဲ့ နည်းပြဆရာမတွေရဲ့ ကွန်ပြူတာမှာ သွားရောက်ပေါ်ပါတယ် ။ စာသင်ခန်းထဲမှာလည်း အဖြူရောင်သင်ပုန်း (white board) တွေ ၊ ကြီးမားတဲ့ display screen တွေ နံရံတွေမှာ ကပ်ထားပါတယ် ။
အမေရိကန် ဒေါ်လာ ၂.၅ မီလီလျံကုန်ကျတဲ့ အဲဒီစာသင်ခန်းနှစ်ခန်းဟာ အဲလောက်ထိအကုန်အကျခံပြီး မလုပ်သင့်ဖူးလို့ တချို့က ဝေဖန်ကြပါတယ် ။ ဒါ့အပြင် MIT မှာတက်ရောက်နေတဲ့ ကျောင်းသားတချို့က အဲဒီသင်ကြားနည်းစနစ်နဲ့ ပတ်သက်ပြီး မကြိုက်တဲ့အချက်တွေလည်း ရှိပါတယ် - - အဖွဲ့လိုက် ဆွေးနွေးရတဲ့အခါ ပိုတော်တဲ့သူတွေက စိတ်ရှည်လက်ရှည်မရှင်းပြပဲ သူတို့ဘာသာပဲ ပုစ္စာတွေ လေ့ကျင့်ခန်းတွေကိုဖြေသွားလို့ အားနည်းသူတွေ ဘာမှလိုက်မမှီနိုင်တာမျိုး ၊ အခန်းထဲမှာ အားလုံးက ပြောဆို ဆွေးနွေးနေကြ ၊ ကထိကနဲ့ နည်းပြတွေက ဟိုဟိုဒီဒီ သွားလာနေတဲ့အတွက် သူတို့တွက် အာရုံလွင့်ပါးတာတွေဖြစ်ရတာမျိုး ၊ ကျောင်းတက်နှုန်းကို အောင်မှတ်ရဲ့ ၂၀ ရာခိုင်နှုန်းအဖြစ်ထည့်သွင်းထားတဲ့အတွက် မဖြစ်မနေကျောင်းတက်နေရတာမျိုး ။
တချိန်တည်းမှာပဲ ခုလိုသင်ကြားနည်းစနစ်ကို ထောက်ခံသူတွေလည်း များပြားတာတွေ့ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် သင်ကြားနည်းစနစ်တခုဟာ လူတိုင်းအတွက် အမှားအယွင်းကင်းပြီး ပြီးပြည့်စုံဖို့ ခဲယဉ်းလှပါတယ် ။ သင်ကြားနည်းစနစ်တခုအောင်မြင်ဖို့ သင်ယူတဲ့ကျောင်းသားရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားတဲ့ ဆရာဆရာမများရဲ့ မူရင်းစိတ်ဓါတ် အမြင် နဲ့ အရည်အချင်း ၊ သင်ကြားနေတဲ့ဘာသာရပ် ၊ သင်ကြားသူက အဲဒီသင်ကြားနည်းစနစ်အပေါ် နားလည်တဲ့အတိုင်းအတာ ၊ သင်ကြားသူနဲ့ ကျောင်းသားများကြားဆက်ဆံရေးအခြေအနေ စတာတွေပေါ် အတိုင်းအတာတခုထိ မူတည်နေပါတယ် ။ အဲလို များပြားလှတဲ့အချက်အလက်တွေပေါ် မူတည်နေတဲ့အတွက် MIT လို လူတော်တွေပဲတက်တယ်လို့ သတ်မှတ်ခံရတဲ့ ကမ္ဘာကျော်တက္ကသိုလ်မှာတောင် သင်ကြားနည်းစနစ်တခုဟာ ကျောင်းသားတိုင်းအတွက် အဆင်မပြေတာ တွေ့ရပါတယ် ။ ဒါကြောင့် နိုင်ငံတကာမှာ အစဉ်တစိုက် သင်ကြားနည်းစနစ်တွေနဲ့ပတ်သက်ပြီး ပညာရေးသုတေသနတွေကို အမြဲပြုလုပ်နေကြရတာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ် ။
အကိုးအကား
At M.I.T., Large Lectures Are Going the Way of the Blackboard (article in New York Times) & readers' comments http://www.nytimes.com/2009/01/13/us/13physics.html?_r=3&pagewanted=1&sq=%20education%20%20math%20%20science&st=nyt&scp=2
Wednesday, January 28, 2009
သူတို့တွက် အနာဂတ်ကောင်းကင် |
(ရေးသားသူ - S.S.)
(၁)
“သူ့ကို အစိုးရပညာရေးထဲ စာရင်းဝင်အောင် ဘုန်းကြီးကျောင်းပညာရေးမှာပဲ စာရင်းသွင်းထားလိုက်တယ်လေ ။ တကယ်တက်တာကတော့ ပုဂ္ဂလိက (private) လာဖွင့်နေတဲ့ အင်္ဂလိပ်လိုသင်တဲ့ နိုင်ငံခြားကျောင်းတခုမှာ ။ ခုဆို သူ့အမေထက်တောင် သူက အင်္ဂလိပ်လို သွက်နေသေးတယ် ။”
ကဗျာတွေကို အင်္ဂလိပ်လို ဆိုနေတဲ့ ၄ နှစ်အရွယ် တူမလေးအကြောင်း ကျွန်မရဲ့ အကိုဝမ်းကွဲက ခုလိုပြောပြပါတယ် ။
“မြန်မာပြည် ပညာရေးက အရမ်းဆိုးရွားနေပြီလေ ။ အစိုးရကျောင်းမှာထားလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ။ ဒါကြောင့် ပိုက်ဆံကုန်ခံပြီး ခုလို နိုင်ငံခြားက သင်ရိုးညွှန်းတန်းကို သုံးပြီး ပုဂ္ဂလိက (private) ဖွင့်ထားတဲ့ ကျောင်းမှာ ထားရတာ” လို့ အကိုက ဆက်ပြောပါတယ် ။ ဒါနဲ့ အဲဒီကျောင်းမှာ ဘယ်လိုဆရာ ဆရာမတွေသင်လဲဆိုတော့ သူ သေချာမသိ ၊ ဘယ်လိုသင်ရိုးညွှန်းတန်းကို လိုက်လဲဆိုတော့လဲ သေချာမသိ ။ သူ့အတွက်တော့ သူ့သမီးဟာ အင်္ဂလိပ်လို ပြောရဲဆိုရဲ သွက်လက်လာတာကိုပဲ အလွန်ဝမ်းသာနေတဲ့ပုံ ။
လက်ရှိ မြန်မာနိုင်ငံကရတဲ့ ဘွဲ့လက်မှတ်တခုရဲ့ အသုံးဝင်မှု ၊ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မှုတို့ပေါ် မူတည်ပြီး မြန်မာပြည်သူတွေရဲ့ မြန်မာပြည်ပညာရေးအပေါ်ထားရှိတဲ့ အမြင်တွေ ပြောင်းလဲလာကြပါတယ် ။ သူတို့ကလေးတွေ ကမ္ဘာမှာ အများနည်းတူ တိုးဝင်နိုင်ဖို့အတွက် မြန်မာအစိုးရက ချမှတ်ပေးထားတဲ့ ပညာရေးဟာ မလုံလောက်တော့ဖူးလို့ သူတို့ ထင်လာကြဟန် တူပါတယ် ။ အကိုဝမ်းကွဲလိုပဲ ကျွန်မသိတဲ့ ပတ်ဝန်းကျင်က မိသားစုတော်တော်များများဟာ သူတို့ကလေးတွေကို ပုဂ္ဂလိက (private) ဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ ထားလာကြတာ တွေ့ရပါတယ် ။
၁၉၉၀ ခုနှစ် နောက်ပိုင်းကာလများမှာ စပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) အောက်က ကျောင်းတွေကို ယေဘူယျအားဖြင့် သုံးမျိုးလောက် ခွဲနိုင်ပါတယ် ။ [1]
(၁) မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
(၂) နိုင်ငံတကာ ကျောင်းများ (International Schools)
(၃) ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education)
နိုင်ငံတကာ ကျောင်းတွေ (International Schools) ဟာ သူတို့ ဖွင့်လှစ်ထားတဲ့ နိုင်ငံမှာရှိတဲ့ တခြားကျောင်းတွေထက် အမြဲ ကျောင်းစရိတ်များတဲ့အတွက် ၊ မြန်မာပြည်မှာ ၀င်ငွေကောင်းကောင်းနဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားများ (expatriates) အပြင် ၊ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံကလူတွေရဲ့ သားသမီးတွေပဲ တက်ရောက်နိုင်ပါတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံတကာ ကျောင်းများ (International Schools) ဆိုတာတွေမှာ တက်ကြသူတွေဟာ အများအားဖြင့် အဲဒီနိုင်ငံမှာ ခေတ္တအလုပ်ကြောင့် ရောက်ရှိနေတဲ့ နိုင်ငံခြားသား (expatriates) တွေရဲ့ သားသမီးတွေ များကြပါတယ် ။ ဥပမာ - ကနေဒါနိုင်ငံကနေ အာရှနိုင်ငံတနိုင်ငံမှာ အလုပ်လာလုပ်သူဟာ သူ့သားသမီးတွေကို ကနေဒါ သင်ရိုးညွှန်းတန်းကိုလိုက်တဲ့ Canadian International School လိုမျိုးမှာ ထားလေ့ရှိပါတယ် ။ ဒါမှ သူတို့သားသမီးတွေ ကနေဒါနိုင်ငံကို ပြန်ရင် အဲဒီနိုင်ငံမှာ သတ်မှတ်ထားတဲ့ အတန်းတွေကို ချက်ချင်းဝင်နိုင်ခွင့်ရှိမယ် ။ တချို့ နိုင်ငံတကာ ကျောင်းတွေ (International Schools) ကျတော့လည်း နိုင်ငံတခုစီအတွက် သီးသန့်မဟုတ်ဘဲ နိုင်ငံတကာမှာ ၀င်ဆန့်နိုင်မယ့် ပညာရေးမျိုးကို သင်ကြပါတယ် ။ အဲလိုကျောင်းတွေမှာတော့ လာတက်တဲ့ ကျောင်းသားတွေရဲ့ လူမျိုးပေါင်း (nationality) ပိုစုံပါတယ် ။
အဲလိုကျောင်းတွေ တက်နေတဲ့ကျောင်းသားတွေတွက် တခြားနိုင်ငံကို ပြောင်းရွှေ့တဲ့အခါ သူတို့နောက်ဆုံးတက်ခဲ့တဲ့ ပညာရေးအဆင့်ကို အသိအမှတ်ပြုခံရဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် အဲလိုကျောင်းတွေဟာ သူတို့ကျောင်းရဲ့ သင်ကြားရေးစနစ် ၊ သင်ရိုးညွှန်းတန်း ၊ ဆရာ ဆရာမတွေရဲ့ အရည်အချင်းတွေကို အတိုင်းအတာတခုအထိ အဆင့်အတန်းရှိအောင် ထားလေ့ရှိပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ International School လို့နာမည်ခံထားတဲ့ ကျောင်းတိုင်းဟာ အပေါ်က ဖော်ပြခဲ့တဲ့ တခြားနိုင်ငံတွေက နိုင်ငံတကာ ကျောင်းများ (International Schools) တွေလို အဆင့်အတန်းမျိုး ရှိချင်မှရှိကြတာမျိုးကိုတော့ သတိချပ်သင့်ပါတယ် ။
ကောလိပ် အကြို သင်တန်းများ နှင့် အဆင့်မြင့် ပညာရေး (Pre-collegiate programs and higher education) အတွက် ဖွင့်လှစ်ထားတဲ့ကျောင်းတွေဟာ မြန်မာနိုင်ငံမှ အထက်တန်းကျောင်းအောင်အပြီး တခြားမှာဆက်လက်တက်ဖို့ ရည်ရွယ်တဲ့လူငယ်တွေ (ဥပမာ - စင်္ကာပူနိုင်ငံမှာ ပေါ်လီ (polytechnic) ၊ တခြားနိုင်ငံတွေမှာ ကောလိပ် (college) လိုမျိုးတွေ) ၊ ဒါမှမဟုတ် နိုင်ငံခြား တက္ကသိုလ်တခုနဲ့ချိတ်ဆက်ပြီး (affiliated) အဲဒီ တက္ကသိုလ် ဘွဲ့လက်မှတ်ရနိုင်တဲ့ မြန်မာပြည်မှာဖွင့်ထားတဲ့ သင်တန်းကျောင်းတွေမှာ တက်မယ့်လူတွေအတွက် ဖြစ်ပါတယ် ။
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) ကတော့ ခုနောက်ပိုင်း မြန်မာပြည်မှာ သိသိသာသာများပြားလာပါတယ် ။ အဲဒီကျောင်းတွေဟာ သူငယ်တန်းလို (elementary level) ကစပြီး အဆင့်ဆင့်ရှိတဲ့ International School ရဲ့ ကျောင်းစားရိတ် ငွေကြေးပမာဏကို မတက်နိုင်သူတွေအတွက် ပေါ်ပေါက်လာရသလိုပါပဲ ။ အဲလိုကျောင်းတွေဟာ ၁၉၉၀ ခုနှစ်ကျော် ကာလတုန်းကတော့ အစိုးရကျောင်းတွေရဲ့ ပညာရေးကို ဖြည့်စွက်တဲ့သဘော (supplementary) အနေနဲ့ အစိုးရကျောင်းချိန်တွေအပြီး ညနေပိုင်းတွေ ကျောင်းပိတ်ရက်တွေမှာ သင်လေ့ရှိပါတယ် ။ ဒါကြောင့် ဖြည့်စွက်အထောက်ကူအဖြစ် supplementary လို့ ခေါ်ဝေါ်ခဲ့ပါတယ် ။ ခုချိန်မှာတော့ အထက်မှာဖော်ပြခဲ့သလို မိဘတွေဟာ သူတို့သားသမီးတွေအတွက် အစိုးကျောင်းကိုအားကိုးတာထက် ၊ supplementary schools တွေကိုပဲ မူလတန်း ၊ အလယ်တန်း နဲ့ အထက်တန်းပညာရေးမှာ အဓိကပညာရေးအနေနဲ့ အချိန်ပြည့်ထားပြီး အားကိုးလာတာ မြင်ရပါတယ် ။
(၂)
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) နဲ့ ပတ်သက်ပြီး လက်လှမ်းမှီသလောက် တွေ့ရှိခဲ့တာတွေအပေါ် အခြေခံပြီး အောက်ပါအတိုင်း သုံးသပ်မိပါတယ် ။
မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် တွေဟာ ကျောင်းသားတယောက်တွက် အုတ်မြစ်ချခါစ အစပိုင်းပညာရေးဖြစ်တာအပြင် ၊ အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားလေ့ရှိသော ပေတံများဖြစ်တဲ့ (external assessment factors) နိုင်ငံခြား ၀င်ခွင့်စာမေးပွဲတွေ ၊ ဘွဲ့လက်မှတ် စသည်တို့နဲ့ သုံးသပ်မရတဲ့အတွက် အဲဒီအဆင့်တွေကို ပို့ချပေးနေတဲ့ ကျောင်းရဲ့ ကြီးကြပ်မှု နဲ့ အဲဒီနိုင်ငံ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုပေါ်မှာ အရမ်းမူတည်ပါတယ် ။
အဲလို ကျောင်းတွေစပေါ်ပေါက်တုန်းက အဲဒီကျောင်းတွေမှာ သင်နိုင်တဲ့ ဘာသာရပ်တွေကို မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ် ။ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးလို့ ထင်ရတဲ့ ကျောင်းတချို့ကိုလည်း ပိတ်ပင်ခဲ့တာတွေ ရှိပါတယ် ။ သို့သော် အစိုးရကျောင်းတွေမှာတောင် သေချာ အဆင့်ရှိတဲ့ပညာရေးကို မပေးနိုင်တဲ့ နိုင်ငံမှာ အဲဒီအစိုးရချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ ဘယ်လောက်တန်ဖိုးရှိနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ဒါ့အပြင် ခုနောက်ပိုင်းမှာဆိုရင် အဲလို စည်းမျဉ်းစည်းကမ်းတွေတောင် မရှိသလိုဖြစ်လာတဲ့အခြေအနေမှာ ဒီ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ သင်ကြားရေးအဆင့်ကို ကြီးကြပ်မယ့်သူ ၊ အဲဒီကျောင်းတွေက ဆရာ ဆရာမတွေရဲ့ အရည်အချင်းကို စစ်ဆေးနိုင်မယ့်သူ ၊ ဘယ်လို သင်ရိုးညွှန်းတန်းကို လိုက်နာနေသလဲဆိုတာ ထိန်းကွပ်နိုင်မယ့်သူ မရှိဘူးလို့ ဆိုနိုင်သလောက်ပါပဲ ။
အဲဒီကျောင်းတွေမှာ သင်ကြားတဲ့ နိုင်ငံခြားသား ဆရာ ဆရာမများဟာ တချို့ က အနောက်တိုင်း တိုင်းပြည်တွေက ဖြစ်သလို ၊ တချို့ကလည်း မြန်မာပြည်ထက် တိုးတက်နေတဲ့ အရှေ့တိုင်း တိုင်းပြည်တွေက ဖြစ်ပါတယ် ။ အဲဒီကျောင်းတွေဟာ နာမည်ရှိတာပေါ် မူတည်ပြီး ကျောင်းလခနှုန်းတွေ ယူလေ့ရှိကြတယ် ။ မိဘအများစုကတော့ သူတို့ ငွေကြေးအရ တတ်နိုင်သလောက်ရှိတဲ့ ကျောင်းတွေကို ရွေးလေ့ရှိကြပါတယ် ။
သူတို့အတွက် အစိုးရကျောင်းထက်စာရင် အင်္ဂလိပ်လိုသင် နိုင်ငံခြားသင်ရိုးညွှန်းတန်းကို လိုက်နေတယ်ဆိုတဲ့ ကျောင်းကတော့ ဘယ်ကျောင်းမဆို သာလွန်မယ်လို့ ထင်မြင်ယူဆကောင်း ယူဆနေပါလိမ့်မယ် ။ နိုင်ငံတကာပညာရေးပိုင်းကို သေချာ မလေ့လာထားတဲ့ မိဘများအနေနဲ့ကတော့ သူတို့သားသမီးတွေ နိုင်ငံတကာ ဘာသာစကား (international language) တခုဖြစ်တဲ့ အင်္ဂလိပ်လို သုံးနှုန်းနေနိုင်တာ ၊ ဖတ်လာနိုင်တာကိုပဲ ကောင်းလှပြီလို့ ခံယူချင် ခံယူကြပါလိမ့်မယ် ။ ဒါပေမယ့် အင်္ဂလိပ်စကားဆိုတဲ့ ဘာသာစကားတခုကို ကျွမ်းကျင်တာနဲ့ပဲ ဒီကလေးတွေ ပညာရေးအနာဂတ်ဟာ ကောင်းပြီလို့ ဆိုနိုင်ပါသလား ။
တကယ်တော့ ကလေးတယောက်ရဲ့ ပညာရေးဟာ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်း ပေါ်သာမက သင်ရိုးညွှန်းတန်း နဲ့ သင်ကြားပို့ချပေးတဲ့ နည်းစနစ် တွေပေါ်လည်း အများကြီး မူတည်ပါတယ် ။ ဒါကြောင့် နိုင်ငံတကာ ပညာရေးမှာ ပညာရေးဝန်ကြီးဌာနတွေက အဲဒီအပိုင်းသုံးပိုင်းကို အဓိကထားပြီး တိုးတက်ဖို့ ၊ အဆင့်အတန်းရှိဖို့ အမြဲ ကြပ်မတ်လုပ်ဆောင်နေကြပါတယ် ။
သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် - - ဥပမာအဖြစ် စင်္ကာပူနိုင်ငံရဲ့ သင်္ချာသင်ရိုးညွှန်းတန်းကို အမေရိကန်နိုင်ငံက မူလတန်းကျောင်းတွေမှာ အသုံးပြုတုန်းက ၊ အဲဒီဖတ်စာအုပ်ထဲမှာရှိတဲ့ အရှေ့တိုင်းဆန်တဲ့နာမည်တွေ ၊ ငွေ အသုံးအနှုံးတွေကို အမေရိကန်နိုင်ငံနဲ့ သင့်လျော်မယ့်နာမည်တွေ အသုံးအနှုံးတွေသို့ ပြောင်းလဲစေခဲ့ပါတယ် ။ ဒါမှ သင်ယူတဲ့ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့ကြုံနေရတဲ့အရာတွေနဲ့ သင်ခန်းစာတွေကို ဆက်စပ်နိုင်မှာဖြစ်ပါတယ် ။
မြန်မာပြည်မှာ အဲလိုလုပ်တာမျိုးမရှိတဲ့အတွက် အထက်ဖော်ပြပါ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းများ (Primary and Secondary Supplementary Schools)
မှာ နိုင်ငံခြားက သင်ရိုးညွှန်းတန်းတွေကို မြန်မာကလေးတွေ ဆက်စပ်နိုင်အောင် သင်ကြားပေးနိုင်ဖို့ လိုအပ်ပါတယ် ။ အဲဒီလိုအပ်ချက်ကိုလည်း နားလည်နိုင်တဲ့ ဆရာ ဆရာမမျိုးတွေ လိုအပ်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ သင်ခန်းစာတွေကို သေသေချာချာနားလည်မှုမရှိဘဲ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာမျိုးတွေလည်း အဲဒီကျောင်းတွေမှာလည်း ဖြစ်လာနိုင်ပါတယ် ။
သင်ရိုးညွှန်းတန်းကို သေချာအလေးမထားတဲ့ကျောင်းမှာ ဒါ့ထက်ဆိုးနိုင်တာကတော့ သင်ကြားရေးပိုင်းမှာ သင်ယူသင့်တဲ့ သင်ခန်းစာတွေကို သေချာမသင်ကြားပဲ ကလေးတွေကိုပဲ ပျော်အောင်ထားတဲ့သဘောမျိုး (ဥပမာ - ကဗျာ သီချင်းတွေ ဆိုစေခြင်း ၊ ပုံပြောခြင်း စကားပြောပိုင်းကိုပဲ အလေးပေးခြင်း စသည်ဖြင့်) တွေပဲ ဖြစ်လာနိုင်ပါတယ် ။ အဲလိုဖြစ်ခဲ့တယ်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ အကိုဝမ်းကွဲလို မိဘမျိုးတွေဟာ သူတို့ကလေးတွေ အင်္ဂလိပ်လို ဆိုနိုင် ပြောနိုင် တာနဲ့ပဲ အားရချင် အားရမိကြလိမ့်မယ် ။
နောက်တချက်ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ကလေးတွေ လူငယ်တွေဟာ “အတုမြင် အတတ်သင်” ဖြစ်တတ်ကြတယ် ။ ဒါကြောင့် သူတို့နဲ့အမြဲနီးစပ်နေတဲ့ ဆရာ ဆရာမတွေဟာ အတိုင်းအတာတခုအထိ စံနမူနာပြကောင်း ဖြစ်သင့်ပါတယ် ။ နောက် ဆရာ ဆရာမတွေဟာ သူတို့သင်ကြားနေတဲ့ ကျောင်းသားတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ် ။
အသိသာဆုံးဥပမာတခုကတော့ ပုဂ္ဂလိက (private) ကျောင်းတွေမှာ အင်္ဂလိပ်ဘာသာစကားသုံးပြီး သင်ကြားတဲ့အခါ ဆရာ ဆရာမတွေရဲ့ အသံထွက်ကို မြန်မာလူငယ်တွေ ကလေးတွေက “အတုမြင် အတတ်သင်” ဖြစ်နိုင်ပါတယ် ။ မြန်မာစကားကို ပြောကြတဲ့အခါ နေရာ ဒေသကိုလိုက်ပြီး အသံနေ အသံထား အသံထွက် ကွဲပြားသလိုပဲ ဘာသာစကားတခုဖြစ်တဲ့ အင်္ဂလိပ်စကားမှာလည်း အဲဒီစကားနဲ့ မွေးတည်းက ကြီးပြင်းခဲ့သူတွေကြားမှာတောင် သူတို့ ကြီးပြင်းတဲ့ နေရာဒေသကို လိုက်ပြီး ကွဲပြားတာ ရှိပါတယ် ။ တကယ်လို့ ဆရာ ဆရာမတွေက မိခင်ဘာသာစကား ပြောသူ (native speaker) မဟုတ်ခဲ့ဖူးဆိုရင် ပိုလို့တောင် စကားပြောအသံထွက် ကွဲပြားနိုင်တယ် ။ ဒီတော့ အသံထွက်မကောင်းတဲ့ ဆရာ ဆရာမလေသံကိုပဲ အတုယူလိုက်မယ်ဆိုရင် အဲဒီကျောင်းသားအတွက် မှားသွားနိုင်ပါတယ် ။
နောက် ဘာသာရပ်တရပ်ကို သင်ကြားနေတဲ့ ဆရာမတယောက်ရဲ့ အရည်အချင်းဟာ အဲဒီဘာသာနဲ့ပတ်သက်ပြီး သင်နိုင်တဲ့အရည်အချင်းရှိသလား ၊ ဆရာမ မလုပ်ခင် စာသင်ကြားရေးပိုင်းမှာ သင်တန်းတက်ခဲ့သလား ၊ စာသင်ကြားရေးပိုင်းမှာ ဘယ်လောက်လုပ်သက်ရှိခဲ့သလဲ စတာတွေကို ကြီးကြပ်တာ ပုဂ္ဂလိက (private) ကျောင်းတွေရဲ့ လက်ထဲမှာပဲ ရှိပြီး ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်တာမျိုး လုံးဝမရှိပါဖူး ။ အခြားနိုင်ငံတွေမှာ အဲလို ပုဂ္ဂလိက (private) လာဖွင့်တဲ့ကျောင်းတွေရဲ့ အရည်အသွေးကို အဲဒီနိုင်ငံတွေက ပညာရေးဝန်ကြီးဌာနက အမြဲကြီးကြပ်နေတဲ့အတွက် ၊ အဲဒီကျောင်းတွေဟာ အတိုင်းအတာတခုအထိ အဆင့်အတန်းရှိတယ်လို့ ယုံကြည်နိုင်စရာရှိပါတယ် ။
အဲလို ကြီးကြပ်မှုမရှိတဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ခုလို ပုဂ္ဂလိက (private) ကျောင်းတွေ ၊ အထူးသဖြင့် ၀င်ခွင့်စာမေးပွဲလို အခြားသမားရိုးကျ သတ်မှတ်အကဲဖြတ်ထားတဲ့ ပေတံတွေမရှိတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်းဆင့် ဖြည့်စွက်ထောက်ကူ ကျောင်းတွေ (Primary and Secondary Supplementary Schools) များပြားလာတာဟာ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ ပညာရေးအခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ် ။ အထိမ်းအကွပ်မရှိ စီးပွားရေးသမားတွေ ဖွင့်ချင်တိုင်း ဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေတဲ့ မြန်မာပြည်က ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) ဟာလည်း ဈေးကွက်တခုလို ဖြစ်ထွန်းလာနိုင်တယ် ။ မြန်မာပြည်ပညာရေးကို စိတ်ကုန်နေပြီး နိုင်ငံတကာမှာ ၀င်ဆန့်နိုင်တဲ့ ပညာရေးမျိုးကို သားသမီးတွေအတွက် ပေးဖို့ အားတက်သရောရှိလှတဲ့ မိဘတွေဟာ ၊ စီးပွားရေးသမားတွေရဲ့ အခွင့်ကောင်းယူခံရတဲ့ အခြေအနေကို ရောက်နိုင်ပါတယ် ။ ဒါကြောင့် နိုင်ငံခြားပညာရေးကို သားသမီးတွေအနာဂတ်အတွက် ထွက်ပေါက်တခုလိုမြင်မိတဲ့ မိဘတွေဟာ အဲဒီထွက်ပေါက်ကိုလိုက်ကြတဲ့အခါ စုံလုံးကန်းပြီး မတိုးမိစေဖို့ အရေးကြီးပါတယ် ။
(၃)
ဒီလိုရေး ဒီလိုဖတ် ဒီလိုဖြေ ဆိုတဲ့ ၏ သည် မရွေး ပြန်လည် မေးမြန်းခွင့်မရှိ တသွေမသိမ်း လိုက်နာတာတွေ ပါဝင်တဲ့ မြန်မာပြည်ပညာရေးကို ”ကြက်တူရွေး ပညာရေး” လို့ အများက ဆိုစမှတ်ပြုကြပါတယ် ။ မြန်မာပြည် ပညာရေးကို စိတ်ကုန်လာတာနဲ့အမျှ ၊ ကမ္ဘာမှာ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားရင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ပညာရေး ကဏ္ဍ (Private Education Sector) မှာရှိတဲ့ ကျောင်းတိုင်းမှပေးတဲ့ ပညာရေးအဆင့်အတန်းမျိုးကို ၊ ကြက်တူရွေးပညာရေးလို ၏ သည် မရွေး စုံလုံးကန်း မလိုက်မိပဲ ၊ ကျောင်းတိုင်းရဲ့ အရည်အသွေးကို ခွဲခြား သိမြင်တတ်ကြဖို့ အရေးကြီးပါတယ် ။ အဲလိုသိမြင်ဖို့ ကျောင်းတိုင်းရဲ့ အခြေအနေကို သေချာ နှိုင်းယှဉ်လေ့လာတာမျိုး ၊ သေချာ မေးမြန်း စစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ် ။ သည်လိုမဟုတ်ရင်တော့ မြန်မာနိုင်ငံက ကလေးတွေ ခေတ်လူငယ်တွေရဲ့ အနာဂတ်ကောင်းကင်ဟာ စီးပွားရေးသမားတချို့ ချယ်လှယ် အမြတ်ထုတ်နိုင်စရာ ဈေးကွက်တခုသက်သက်သာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်လို့ ယူဆမိပါတော့တယ် ။
အကိုးအကား
[1] Private Education in Myanmar [http://epress.anu.edu.au/myanmar02/mobile_devices/ch08s04.html]
Friday, January 23, 2009
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၂) |
-သိန်းနိုင်-
သင်ယူလေ့လာမှုတိုးတက်စေဖို့
ဒါကာပညာရေးလုပ်ငန်းအညွှန်းဘောင် Dakar Framework for Actionရဲ့ အားလုံးအတွက် ပညာရေး အစီအစဉ် Education For All (EFA) ကို အရင်ဆုံး ကျနော်ဆွေးနွေးပါရစေ။ ၂၀၀၀ ပြည့်နှစ်တုန်းက နိုင်ငံတိုင်းရဲ့အစိုးရအားလုံးတခဲနက် သဘောတူညီ လက်မှတ်ရေးထိုးထားခဲ့တဲ့ ဒီစာချုပ်ဟာ အသေအချာ ပြင်ဆင်ထားတာဖြစ်တယ်။ အဲဒီအစီအစဉ်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဆရာဆရာများနှင့်ပတ်သက်ပြီး အောက်ပါ အချက်တွေကို ပြုစုထားရှိတယ်။
ဆရာဆရာများကို -
ဒါပေမယ့် ပထမဆုံးအနေနဲ့ ကျောင်းဆရာ၊ ဆရာမအသစ် စုဆောင်းပုံကို ကြည့်ကြရအောင်။ ဆရာအလုပ် အကိုင်အတွက် ပိုမိုသင့်တော်ကိုက်ညီတဲ့ သင်တန်းသူ၊ သင်တန်းသားတွေကို ဆွဲဆောင်နိုင်ရမယ်။ ဒီလိုလုပ်မှကို ဖြစ်မှာပါ။ သက္ကရာဇ် ၂၀၁၅ မှာ အာရှတိုက်အတွင်း အားလုံးအတွက် ပညာရေး EFA ရည်မှန်းချက်တွေကို အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ဆရာဆရာမအသစ် လေးသန်းထပ်လိုမှာဖြစ်တယ်လို့ ယူနက်စကိုအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။
ဆရာအတတ်ပညာ သင်တန်းပြုပြင်ပြောင်းလဲရေး
တိုင်းပြည်ရဲ့ဦးဆောင်မှုကနေ အဆင့်ဆင့်တိုင်းက နိုင်ငံရေးအရ အထောက်အပံ့ကို အများကြီးလိုအပ်တယ်။ ပညာရေးအတွက်ပါ။ အထူးသဖြင့်တော့ ကျောင်းဆရာဆရာမများအတွက်ဖြစ်တယ်။ နောက်ပြီးတော့လည်း ထက်မြက်တဲ့ဘွဲ့ရလူငယ်များ ကျောင်းဆရာအလုပ်လုပ်ဖို့အတွက် မက်လုံးတွေထားရှိသင့်တယ်။
ဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘ၀တစ်သက်တာလေ့လာရာမှာ လုပ်ငန်းခွင် အကြိုဆရာ အတတ်ပညာ သင်တန်းဟာ အင်မတန်မှ အရေးကြီးလှပါတယ်။
ဒါပေမယ့် နိုင်ငံအတော်များများမှာ ကျောင်းဆရာဆရာမလောင်းများဟာ နှစ်အတော်ကြာကြာ ကောလိပ် စာသင်ခန်းများ အတွင်းမှာ ပျင်းရိလေးတွဲစွာထိုင်ပြီး သင်ယူခြင်း-သင်ကြားခြင်းသီအိုရီတွေကို လေ့လာနေကြ ရတာတော့ဖြင့် ကံဆိုးလှပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ သင်တန်းစနစ်ကို ဘယ်လိုများ ပြုပြင် ပြောင်းလဲနိုင်မလဲ။
အရင်ဆုံးအနေနဲ့ ဆရာအတတ်ပညာသင်တန်းတွေဟာ ပညာရေးဘွဲ့သင်တန်းဖြစ်စေ၊ ဘွဲ့လွန်ဒီဂရီတွေ ဖြစ်စေ စာသင်ခန်းအတွင်း အတွေ့အကြုံ အတော်များများ ပါဝင်ရမှာဖြစ်တယ်။
ဆရာအတတ်ပညာ သင်တန်းတွေမှာ အရေးကြီးတဲ့အခြား စွမ်းရည် ၃ မျိုးကိုလည်းထည့်သွင်းသင့်ပါတယ်။
ဆရာဆရာမများဟာ ကျောင်းတွေကို ကျန်းမာရေးနှင့်ညီညွတ်ပြီး၊ ဘေးအန္တရာယ်ကင်း လုံခြုံနွေးထွေး တဲ့ နေရာတွေ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရှိထားရမယ်။
ဆရာဆရာမများဟာ ကျောင်းသူကျောင်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ရပ်ရွာလူ့အဖွဲ့ အစည်းရဲ့ ပါဝင်ဆောင်ရွက်မှုကို ရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာထားရမယ်။ နောက်ပြီးတော့ -
ကဲအခု လုပ်ငန်းခွင်မှာ နေရာချထားရေးကို ကြည့်ကြရအောင်။ မူလတန်းကျောင်းလေးရဲ့ ပထမတန်းမှာ စာသင်ဖို့ ဘယ်လိုဆရာဆရာမမျိုးကို တာဝန်ပေးကြပါသလဲ။ ကျနော်တို့အားလုံး သိရှိကြတဲ့အတိုင်း အတော်ဆုံး ဆရာဆရာမတွေတော့ မဟုတ်သေးပါဘူး။ တော်သော၊ ကောင်းသော ဆရာဆရာမများကို သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်အလိုက် အလိုအပ်ဆုံးနေရာတွေမှာ တာဝန်ပေးကြရမှာပါ။
ကျောင်းတွေမှာ တာဝန်ပေးအပ်မှုနဲ့ ပတ်သက်လို့ ဒုတိယအချက်ကတော့ ခက်ခဲတဲ့ နေရာဒေသတွေကို ထက်မြက် ထူးချွန်တဲ့ ဆရာဆရာမတွေသွားပြီး စာသင်ဖို့အတွက် ဘယ်လိုလုပ်လုပ်ပေးကြမလဲ။ အပိုဆောင်းဆု ကြေးငွေ အပါအ၀င် မက်လုံးတွေပေးစရာ အများကြီးရှိနေပါတယ်။
ကျောင်းဆရာအလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်မှု
အဓိကအားဖြင့်တော့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားတွေ ဆရာအတတ်ပညာကို လေ့လာကြ၊ အရည် အသွေးပြည့်မီတဲ့သင်တန်းတွေမှာ တက်ကြ၊ အလိုအပ်ဆုံးနေရာတွေ၊ အတန်းတွေမှာ စာသင်ကြားကြ။ ကျောင်းဆရာအလုပ်မှာ မြဲနေဖို့နဲ့ စာသင်ကြားခြင်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဘ်ာတွေများ လုပ်ပေးနိုင်မလဲ။
ပထမဆုံးအနေနဲ့တော့ ဆရာဆရာမအသစ်တွေကို ကျောင်းလုပ်ငန်းမိတ်ဆက်အစီအစဉ်တွေ၊ လုပ်ငန်းခွင် လက်တွေ့ အစမ်းခန့်ကာလအစီအစဉ်တွေကို ကျနော်တို့ အသေအချာစီစဉ်လုပ်ဆောင်ကြရမှာဖြစ်တယ်။
ဆရာအတတ်ပညာသင်တန်းကာလ အစပိုင်းကတည်းက ဆရာဆရာမလောင်းတွေကို မိမိတို့ရဲ့သင်ကြားမှုကို ပြန်လှန်လေ့လာသုံးသပ်တတ်တဲ့သူတွေဖြစ်လာဖို့ လေ့ကျင့်သင်ကြားရုံတင်မကဘဲ မိမိအထက်က ဆရာကြီး ဆရာမကြီးတွေ လုပ်ဖော်ကိုင်ဖက်ဆရာဆရာမတွေနှင့်ပါ စာသင်ကြားရေး တိုးတက်လာစေဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့သူတွေ ဖြစ်လာအောင်လည်း လေ့ကျင့်ပေးရမှာပါ။
နောက်ဆုံးတစ်ချက်အနေနဲ့တော့ ကျောင်းဆရာဆရာမများကို ဆရာအလုပ်အကိုင်ရဲ့ တိုးတက်မှုအတွက် ရှေ့ဆက် လမ်းဖွင့်ပေးခြင်းနှင့် အဆင့်မြင့်တာဝန်တွေယူနိုင်ဖို့ကို လမ်းကြောင်း ၂ ခုနဲ့ထားရှိရမယ်။ ပညာရေး ဆိုင်ရာ စီမံ အုပ်ချုပ်ရေးလမ်းကြောင်းနှင့် ပညာရှင်လမ်းကြောင်းတွေကတဆင့် ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရယင် ကျောင်းဆရာအလုပ်ဖွံ့ဖြိုးမှုအတွက် ပရော်ဖက်ရှင်နယ်ကျောင်းဆရာအစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့စည်းပေးရမယ်။ သူတို့ကိုယ်တိုင် တက်ကြွစွာ လုပ်ဆောင်နိုင်အောင် အားပေးရမယ်။
ကလေးတိုင်းဟာသီးသန့်ဖြစ်တည်ပြီး ရှင်သန်နေတယ်လို့ကျနော်တို့ ယုံကြည်တယ်ဆိုယင် “ဆရာ” ရယ်လို့ ထိုက်တန်စွာ အခေါ်ခံနိုင်သူ ပရော်ဖက်ရှင်နယ်တွေက စာသင်ခန်းတိုင်းရှိ ကလေးတိုင်းကို လမ်းညွှန် ဦးဆောင်မှုပေးပြီး စာသင်ကြား ပြသပေးရလိမ့်မယ်။ ကလေးတွေဟာ စံပြုနိုင်သူ၊ လမ်းညွှန်နိုင်သူ ရရှိဖို့ လိုအပ်သလို ရရှိသင့်တယ်။ ပိုပြီးတော့ မရေရာမတိကျလှတဲ့ အနာဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင် နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ ရရှိနိုင်ဖို့ဖြစ်တယ်။ ဒီအခြေအနေထက် လျော့နည်းပြီး လုပ်လို့ မသင့်တဲ့ အဖိုးထိုက် ရတနာလေးတွေ မဟုတ်လား။
(Ref: BKK post 13 &2 1 Jan 2009 Sheldon Shaeffer ရှယ်ဒန်ရှေးဖာဟာ ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရိုရဲ့ ညွှန်ကြားရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလမှာ အငြိမ်းစားယူခဲ့တယ်။ နယူးယောက်နဲ့ ဘန်ကောက် ယူနီဆက်၊ အင်ဒိုနီးရှား ဖို့ဒ် ဖောင်ဒေးရှင်း၊ ပဲရစ် အခြေစိုက် ပညာရေးစီမံကိန်းရေးဆွဲရေး နိုင်ငံတကာအင်စတီကျူ့၊ ကနေဒါနိုင်ငံအခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးသုတေသနဌာနတွေမှာ အလုပ်လုပ်ခဲ့တယ်။)
Thursday, January 15, 2009
ကောင်းသော စာသင်ကြားခြင်းနှင့် ပတ်သက်၍ စဉ်းစားတွေးတောစရာများ (၁) |
ရေးသားသူ - ဦးသိန်းနိုင်
(ဘန်ကောက်အခြေစိုက် ယူနက်စကို-အာရှနှင့် ပစိဖိတ်ဒေသ ပညာရေးဗြူရို ညွှန်ကြားရေးမှူးဟောင်း ရှယ်ဒန် ရှေးဖာ၏ စာတမ်းကို ပြန်ဆိုပါသည်။ Ref: BKK post 13 Jan 2009)
ကျနော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ် (အကောင်းဆုံးလည်းဖြစ်ပါတယ်) ကတော့ ကျောင်းဆရာ တစ်ယောက် အနေနဲ့ပါ။ ကျောင်းပြီးလို့အသက် ၂၂ ပြည့်တယ်ဆိုရင်ပဲ မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝက် တောနက်ကြီး ထဲမှာရှိတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ စတင်ခဲ့တာပေါ့။ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပေါ်မှာ ရေးထားတဲ့အတိုင်း ကျနော့်တာဝန်ကတော့ ”မိခင်ဘာသာစကား ပြောဆိုသူ“ အနေနဲ့ပါ။
ကျောင်းမှာ စာသင်တန်း လေးခန်းရှိပါတယ်။ ပညာရေးဌာနက တရားဝင်အကြောင်းကြားစာမပို့မီ ကျနော် ရောက်သွားတဲ့အခါ ဆရာ ငါးဦး ရှိခဲ့ပါတယ်။ ကျနော်လာမယ်ရယ်လို့ မျှော်လင့်မထားကြတဲ့ အတွက်ရယ် နယူးဇီလန်နိုင်ငံသားဆရာငယ်တစ်ဦး မနေ့ကတည်းကရောက်ရှိနေတာကြောင့် သိပ္ပံဘာသာနှင့် အင်္ဂလိပ်စာကို သင်ဖို့ သူ့ကိုတာဝန်ပေးထားခဲ့တယ်။ ကျနော့်ကတော့ဘယ်တုန်းကမှ မလေ့လာဘူးခဲ့တဲ့ အာရှတိုက်သမိုင်းနှင့် တောင်ကမ္ဘာဘက်ပိုင်းပထ၀ီဝင်တို့ကို သင်ကြားပေးရမှာတဲ့။ နောက်တစ်ခုကတော့ ဂီတဖြစ်ပါတယ်။
နှစ်ပတ်အတွင်းမှာဘဲ ဂီတကို လက်လျော့လိုက်ရပါတယ်။ (သီချင်းမဆိုတတ်ဘူးဆိုတာကို သက်သေပြရခဲ့ သေးတာ။) အင်္ဂလိပ်စာကိုတော့ သင်ခွင့်ရခဲ့တယ်။ သူတို့ဆုံးဖြတ်တာကတော့ “ဒါးဗစ်“ ဆိုတဲ့ ဆရာလေးက နားလည်နိုင်လောက်တဲ့အင်္ဂလိပ်စကားကို မပြောတတ်လို့တဲ့။ ဒီစာကိုဖတ်နေတဲ့ နယူးဇီလန်သားများကို ကျနော်တောင်းပန်ပါတယ်။
ဒီလိုနဲ့ဘဲ ကျနော့်ရဲ့ စာသင်ကြားခြင်း အလုပ်စတင်ခဲ့တော့တယ်။ သိပ်စိတ်ဝင်စားစရာမကောင်းသလို ကျေနပ် စရာ မဖြစ်ခဲ့တဲ့ စာသင်ကြားခြင်း အလုပ် ၂ မျိုးလောက် ပြောင်းအပြီးမှာတော့ တကယ်လုပ်သင့်တာက ပညာရေးဘွဲ့ကျောင်းသား အလုပ်ဟာ (ကျောင်းပြန်တက်တာ) ပိုအသင့်တော်ဆုံးလို့ဆုံးဖြတ်ခဲ့တယ်။ အထူး သဖြင့်တော့ မနုဿဗေဒရှုထောင့်ကနေ စဉ်းစားတာပါ။ ဒါဟာပညာရေးကို ဆုပ်ဆုပ်ကိုင်ကိုင် တိုက်ရိုက် ပါဝင်ဆောင်ရွက်တာထက် ပညာရေးဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာ၊ ပိုင်းဖြတ်ရတာကို တစ်သက်တာ စိတ်ဝင်စားမှုနဲ့စတင်ပါတော့တယ်။
အနှစ်လေးဆယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့အပြီး အခုတော့ ကျနော်တို့ဘယ်နေရာမှာ ရပ်တည်နေရပါလဲ။ အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ စိတ်မကောင်းပါဘူး။ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာနေတဲ့ စိန်ခေါ်မှုအသစ်တွေ၊ အန္တရာယ်အသစ်တွေ အပြည့်အနှက်ရှိနေတဲ့အခြေအနေနဲ့ ကမ္ဘာကြီးမဟုတ်လား။ အခုတော့ ဒီခြိမ်းချောက်မှုတွေဟာ ပိုပြီးတော့သာကြီးထွားလာနေတယ်။ ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုတဲ့ မြင်ကွင်းတွေဖြစ်တဲ့ ငွေကြေးစီးပွားကပ်ဆိုက်နေမှုတွေ၊ ရာသီဥတုဖောက်ြပန် ပြောင်းလဲလာနေမှုတွေ၊ အကြမ်းဖက်သမားများနှင့် လျော့နည်းလာနေတဲ့ သဘာဝအရင်းအမြစ်တွေကို အပြိုင်အဆိုင်လုယူတဲ့ စစ်ပွဲတွေ အစုံအလင် ပါဝင်နေတယ်လေ။
ပြဿနာကတော့ ဒီစိန်ခေါ်မှုတွေပိုမိုများပြားလာတာနဲ့အမျှ “ပညာရေး“ က ကူကယ်နိုင်မယ်ဆို့တဲ့ မျှော်လင့်ချက်ရယ် ကမ္ဘာကြီးကို ချောက်ထဲမကျဖို့ ကယ်ဆယ်ပေးနိုင်မယ်ဆိုပြီး မြင်လာကြတော့တယ်။ ပညာရေးသမားများ အတွက် အားတက်ဖွယ်ရာ မျှော်လင့်ချက်ပါဘဲ။ သို့ပေမယ့် ပညာရေးကို စိန်ခေါ် ခံနေရတွေကတော့ဖြင့် အသည်းထိတ်စရာပါ။
၁။ တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရာတာက ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်ရေးကို ဗဟိုဦးစီးချုပ်ကိုင်မှုကနေ လျော့ချလိုက်ခြင်းဖြစ်ပါတယ်။ (အကောင်းရော၊ အဆိုးပါ၊ လုပ်ပုံနည်းလမ်း မှန်ကန်မှုနဲ့ လမ်းမှားမှုတွေ ရှိနေတယ်။)
၂။ ပညာရေးစနစ်အတွင်းမှာ အဂတိတရားလိုက်စားမှုတွေ ကြီးထွားလာနေတယ်။ ပုဂ္ဂလိကနှင့် အခကြေးငွေ ပေးရတဲ့ကျူရှင်တွေမှာသာ ကျောင်းဆရာဆရာမများဟာ သင်ရိုးညွှန်းတမ်းကို ထိထိရောက်ရောက် သင်ကြား တော့တယ်။
၃။ ပညာရေးစနစ်ရဲ့အဆင့်ဆင့်တိုင်းမှာ လမ်းကြောင်း လမ်းသွယ်တွေ ထွေပြားလို့နေပြီး အရည်အသွေး ပြည့်ဝတဲ့ဆရာ ဆရာမတွေ၊ သင်ကြားရေးအရင်းအမြစ်တွေကို လမ်းကြောင်းတိုင်းမှာ ပိုလိုအပ်နေတယ်။
၎။ ပညာရေးဟာ ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် စံနှုန်းတွေအတွက် အကျိုးဆောင်ရမှာလား၊ ဒါမှမဟုတ်ရင် ဒေသ အလိုက် လိုက်လျောညီထွေရှိမှုနှင့် ယဉ်ကျေးမှုအမှတ်အသားသရုပ်တွေနှင့် မျိုးနွယ်စုံထွေပြားမှုကို ထိန်းသိမ်း ကာကွယ်ပေးရမှာလား ဆိုတဲ့ အတောမသတ်နိုင်တဲ့ ဆေးနွေးငြင်းခုံမှုတွေ။
၅။ ပညာရေးကို ကိရိယာတစ်ခုအဖြစ်အသုံးပြုနေတဲ့ (ကုန်ထုတ်၊ ဥာဏ်ထုတ် စွမ်းအားတိုးပွားစေဖို့ ကျွမ်းကျင်လုပ်သားထု ပျိုးထောင်ရေး) အခြေအနေကနေ ပြီးပြည့်စုံတဲ့ လူသားတစ်ဦး ဖြစ်လာစေဖို့ဆိုတဲ့ လူသားဗဟိုပြု အတွေးအမြင်ဘက်ကို ပြောင်းလဲလာမှု။
၆။ အနာဂတ်ကာလမသေချာမတိကျမှုအပေါ်မှာ ဖန်တီးလိုစိတ်နှင့် ပြောင်းလဲခြင်းနှင့်အတူ လိုက်ရွေ့နိုင်ဖို့ တွေကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်မှု၊ အစဉ်သင်ယူနေတဲ့လူ့အဖွဲ့အစည်းအတွင်းမှာ စဉ်ဆက်မပြတ် တစ်သက်တာလေ့လာလိုမှု၊ ပဋိပက္ခတွေပိုပြီးတိုးလို့နေတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေ အတူမှီတွဲနေထိုင်နိုင်မှု။
၇။ အမှတ်အသားသရုပ်အိုင်ဒီမတူတာရယ် ပြီးတော့လည်းနောက်ခံအခြေအနေအမျိုးအစုံအလင်ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရင်ဆိုင်နိုင်ဖို့။ နောက်ဆုံးတစ်ချက်ကတော့-
၈။ အကောင်းဆုံးသော မျှော်မှန်းချက်တွေထားရှိပြီး၊ ကျောင်းတက်နှုန်းတိုးလာတာတွေ၊ ငွေကြေးအရင်းအနှီး ပိုမြုပ်နှံ ထားတာတွေရယ် တစ်ကမ္ဘာလုံးမှာ အရည်အတွက်တိုးလာစေဖို့ဆိုတဲ့ ရည်မှန်းချက်ကို တဖြည်းဖြည်း ရှေ့တိုး လျှောက်လှမ်းနေစဉ်မှာဘဲ ပညာရေးစနစ်တွေနဲ့ စာသင်ကျောင်းဟာ ကျောင်းသားများရဲ့ သင်ယူရန် လိုအပ်ချက်တွေကို ဖြည့်ဆည်းသင်ကြားပေးဖို့ ပျက်ကွက်နေတာကို ပိုတွေ့နေရပါပြီ။
ကျောင်းဆရာဆရာမများဟာ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ နေရာမှာရှိနေတယ်။ ပညာရေးကနေ ကမ္ဘာကြီးကို ကူကယ်ရမယ် ဆိုတာလည်း အပါအ၀င်ပေါ့။ “ကျောင်းဆရာဆရာမ မလိုအပ်တဲ့ သင်ရိုးညွှန်းတမ်း“ ဆိုတာရယ် “ကျောင်းဆရာဆရာမနှင့် တူညီသော ကွန်ပြူတာ“ ဆိုတာတွေကို ထပ်ပြီးတော့ မကြားမိသေးပါဘူး။ ပညာသင်ကြားပေးသူ၊ စံပြုနိုင်သူ၊ လမ်းညွှန်ပေးသူတွေရယ်လို့ တင်စားခေါ်ထားတဲ့ ကျောင်းဆရာဆရာမများဟာ ဒီကမ္ဘာမြေမှာ ရှိနေပါဦးမယ်။
နောက်အပတ်ကျရင် ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုလုပ်ကိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပါဦးမယ်။
Sunday, January 4, 2009
မတော်သော်လည်းမရှော်တဲ့တပည့်တွေ |
ရေးသားသူ - ဒေါက်တာအောင်ကြီး
ယခုတလောစာမေးပွဲတွေထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက်ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ။ တတိယနှစ်မှာ ဆေးကျောင်းသား/သူတွေ ဆေးရုံမှာ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး၊ ခွဲစိတ်ပညာဌာနမှာ ၆ လာနီးပါး။ ဆေးပညာဌာနမှာ posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာဆောင်တွေမှာ ရောဂါရာဇ၀င် မေးမြန်းနည်း၊ လူနာရောဂါ လက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့်ရသည်။ လူနာကုတင်ဘေးမှာ။ လူနာနှင့်၊ ဆရာနှင့်။ (Bed-side Teaching) ဟု ခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား/သူအားလုံး ဆရာ/ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက် ခံယူရသည်။ ရောဂါရာဇ၀င် မေးမြန်း တတ်ရဲ့လား။ ဒီကလေးတွေကို လေ့ကျင့်သင်ကြား ပေးခဲ့သူ ဆရာ/ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါဝင်ရသည်။ သို့မှာသာ မိမိတို့သင်ကြားမှု၊ တပည့်တို့ သင်ယူမှု၊ မည်မျှထိ ရောက်မှု ရှိ/ မရှိ သိရသည်။ အကောင်းဆုံး Feed-back ပင်။
ကျွန်တော်စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ်သကိုဆိုရမလို လူနာရောဂါ ရာဇ၀င်တင်ပြတော့ သူကလေးက လူနာဟာ `ဟက်ဒါချီ´ ရောဂါ ခံစားနေရသည်ဟု ပြောသည်။ ``ဟ- ဘာရောဂါကြီးလဲကွ´´လို့မေးတော့ ``ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့´´ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ ဆရာက ဒါလေးတောင် မသိဘူးလားဆိုသည့် လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache `ဟက်အေ့(ခ)´ကို သူက ``ဟက်ဒါချီ´´လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတတစ်ပါးပေါ့။ လူနာရဲ့ အလုပ်အကိုင် အကြောင်းတင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။ ``ရေလုပ်ငန်းဆိုတာ ဘာကို ဆိုလိုတာလဲ´´မေးတော့ ``ရေနံတူးတဲ့ လုပ်ငန်းပါ ဆရာ´´တဲ့။ ဒါနဲ့ ``သမီးရေ-ရေလုပ်ငန်းဆိုတာ ဆရာနားလည်တာကတော့ တံငါ ငါးဖမ်းလုပ်ငန်းကို ပြောတာပါကွဲ့´´ပြောတော့ ``ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲဆရာ´´တဲ့။ ကျွန်တော်ကိုယ်တိုင် သူတို့ နယ်သား ဆိုသဟာ ဒီသူငယ်မ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက်မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစားတဲ့ တံငါသည်တွေပါတဲ့။ လူနာက ငါန်းဇွန်နယ်က။ စဥ့်ကူးဘက်လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက်တက်ပြီး ၀ါးလိုက်ခုတ်တာ၊ ၀ါးခုတ်ရင်း တောထဲ တောင်ထဲ ငှက်ဖျားမိလာတာ။ ဒါနဲ့ တပည့်မကို တကောင်းဆိုတာ ဘယ်နားရှိသလဲ မေးကြည့်တော့ ``မသိဘူးဆရာ´´တဲ့။ မြန်မာစကားနဲ့ စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအဆိုအမိန့် ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဖူးပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရ သည်။ ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ပေကပဲ။ အ တဲ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။
လူနာ ရောဂါရာဇ၀င်ပြီးတော့ အကြင်ကျောင်းသူ လူနာကိုင်တွယ် စမ်းသပ်ပြီး ရောဂါလက္ခဏာ ဖော်ထုတ်နိုင်စွမ်း ရှိ/မရှိ ဆက်စစ်ရသည်။ လူနာ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာမှာ နှလုံးသွေးကြောစနစ်၊ အသက်ရှုမှုစနစ်၊ အစာအိမ်/ အူလမ်းကြောင်းစနစ်၊ ဦးနှောက်/ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/ အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင်ကျင် စမ်းတတ် မစမ်းတတ် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ``ကဲ ကဲ- ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်´´ ပြောလိုက်တော့ သူကလေးက ဇိုးဇိုးဇပ်ဇပ် ထစမ်းပြပါလေတော့သည်။ အင်းအင်း- မစိုးလှဘူးပေါ့ ထင်နေတုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက်ထည့် စမ်းနေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။ ``ဟဲ့ ဟဲ့- အဲ့ဒါ အသည်းနေရာ ဟုတ်ရဲ့လားကွယ့်´´ ထောက်လိုက်တော့ သူငယ်မက ဟက်ခနဲ ရယ်လိုက်ပြီး ``သမီးက အသည်းနဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ´´ တဲ့။ ``ဒါဖြင့်ရင် အသည်းက ဘယ်နားရှိသလဲကွယ့်´´ မေးပြန်တော့ ``ညာဘက်နံအောက်နား ထင်တာပဲဆရာ´´ တဲ့။ ထင်တုန်းပဲလား ငါ့တပည့်ရယ်။ ``ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လိုအောင်ခဲ့သတုံး´´။ ``ကျွန်မ ခန္ဓာဗေဒ ကျလို့ ပြန်ဖြေ ရတယ်ဆရာ´´တဲ့။ နန္ဒိယရော နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကရော ဘယ်နားရှိတာတုန်းလို့ ဆက်မေးမယ် ကြံပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာ ရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ်ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။ လွန်လေပြီးသော နှစ်ပေါင်း ၄၀ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူအထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့၊ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက် ထားသလိုမျိုး။ ထိုနေ့က သူအထင်တကြီး ရွေးလိုက်သော ကျောင်းသားက စာတော်ကျောင်းသားစာရင်းမ၀င်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင်မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန် ဆရာကြီး နည်းနည်း ဇဝေဇ၀ါ ဖြစ်လာပြီ။ ဒါနဲ့ စာသင်ခဏ ရပ်လိုက်ပြီး ``နေပါအုံး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစားဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွယ့်´´ မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် ``သုံးခန်းပါ ဆရာကြီး´´တဲ့။ ဆရာကြီး မိမိကိုယ်ကို မလဲပြိုအောင် အနိုင်နိုင်ထိန်းပြီးခါမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။ ``တပည့်ရေ- ဆရာတောင်းပန်ပါတယ်။ ခုနက မေးခွန်းတွေကို ဆရာပြန်ရုတ်သိမ်း ပါတယ်။ တကယ်တော့ မင်းကိုမေးမိတာကိုက ငါ့အမှား ငါ့အမှား´´လို့ ပြောရှာသတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက် ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို ``ငါ့အမှား ငါ့အမှား´´လို့ အော်နေရမှာ စိုးလို့။
နှလုံးသွေးကြောစနစ် စမ်းသပ်ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူသွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုကာမှ ``သမီးရေ- လူနာသွေးခုန်နှုန်း ဘယ်လောက်ရှိသလဲကွယ့်´´ မေးလိုက်သည်။ ``များတယ် ဆရာကြီး၊ တစ်မိနစ်ကို ၂၅ကြိမ်တောင် ခုန်နေတယ်´´တဲ့။ ``ဟ-နေပါအုံးဟ၊ လူတစ်ဦးရဲ့ ပုံမှန် သွေးခုန်နှုန်းက ဘယ်လောက်လဲကွယ်´´မေးတော့ ``၁၄ကြိမ်နဲ့ ၁၈ကြိမ်ကြားပါဆရာ´´တဲ့။ ဒီတစ်ခါ မိမိကိုယ်ကို မပြိုမလဲအောင် ထိန်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။ ``ကဲ-ကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်း တစ်မိနစ်တိတိ စမ်းစမ်းကွယ်´´ ပြောတော့ သူကလေးက တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။ ``ကျွန်မသွေးခုန်နှုန်းကလည်း မြန်နေတယ်ဆရာ၊ ၂၂တောင်ရှိတယ်´´တဲ့။ မိမိဘေးဘီမှာ မိမိကို ကယ်မည့်သူ တစ်စုံတစ်ဦးရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းတာ ခံနေရသည့် ဘ၀တူဆရာတူဆရာတွေကိုပဲ တွေ့ရတော့ လူ့ကံ ၀ကံ လို့ပဲ သဘောထား လိုက်ရသည်။ ကြံရာမတဲ့ အဆုံး လူနာ၏ ခင်ပွန်း တောသားလေးကို ``မင်းလက်ကောက်ဝတ် သွေးခုန်နှုန်း စမ်းပြစမ်းကွယ်´´ ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့် နှစ်ဦးသား ထိုင်စောင့် ကြသည်။ ကောင်လေးက ``ကျွန်တော့်သွေးခုန်နှုန်းက ၉၀ရှိတယ်ဆရာ´´တဲ့။ ကျွန်တော့်မှာ ဒီကလေးကိုပဲ ထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲ နားရင်းထအုပ်ရတော့မလို။ နောက်ဆုံး တော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲ ငါလည်းပါနေတာပဲ ငါ့တာဝန်လည်းမကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မြိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက်စစ်လိုက်သည်။ စိတ်ထဲတော့ တနုံ့နုံ့။
ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္ထနှစ် တက်ရဦးမည်။ နောက်ဆုံးနှစ် အပိုင်း(က)။ ပြီးရင် နောက်ဆုံးနှစ် အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သွားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာ ပညာအဓိက လေးဘာသာသင်ရသည်။ ဌာနတစ်ခုတွင် သုံးလစီ တက်ရသည်။ ဒီအတန်းက ကျောင်းသူ/သားတွေကို လေ့ကျင့် သင်ကြားရာမှာလည်း ကျွန်တော်တို့ ပါဝင်ရတာပဲ။ တတိယနှစ်၊ စတုတ္ထနှစ်အတန်းတွေမှာ စာမကြေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခရောက်ရပြန်သည်။ လူနာ ရောဂါ ရာဇ၀င် မမေးတတ်သေး။ လူနာရောဂါလက္ခဏာတွေကို မစမ်းသပ်တတ်၊ မဖော်ထုတ်တတ်သေး။ သူတို့ လေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ `မောင်း´ရပြန်သည်။ ရောဂါအစူအစဉ်၊ ကုထုံး၊ ဆေးချက် ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။
ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးက၀ိုင်းဝိုင်း၊ စာမေးလိုက်ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ၊ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက်ပပမရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့ မရှိရှာ။ ဆရာနဲ့ တွေ့ရင် ခါးကလေး ကိုင်း၊ ကိုယ်ကလေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွားကြားလေသံမျှ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရမိသေးတော့။ ``ကျွန်တော်စာသင်ရတဲ့ အုပ်စုထဲ ဖြူစပ်စပ်ကောင်မလေး တွေပါလာရင် စာသင်ရတာတော်တော် ကောင်းတယ်´´တဲ့။ ကျွန်တော့် ညိုမည်းမည်းအုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက်မှ အကျွတ်အလွတ် ဆရာဝန်ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော်တို့ အားလုံးက ၀ိုင်းဝန်းရ ဖေးမရသေးသည်။
ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်ဝင်လုပ်ရသည်။ တစ်နှစ်တိတိ သင်ကြားလေ့ကျင့်ပြီးခါမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်တာ ကာလမှာ တစ်ချို့က ကြိုးစားပမ်းစား တတ်တတ်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOEFL တွေ IELTS တွေဖြေဖို့ ပြင်ဆင်ကြပြီး။ စကားပြောသင်တန်းတွေ တတ်ကြပြီ။ သြစတြေးလျ အမျိုးတွေဆီ လှမ်းချိတ်နေကြပြီ။ အင်တာနက်မှ တဆင့် လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော့် ညိုတိုတို အုပ်စုကတော့ နေမြဲ။ ရုံထဲက လူနာနှင့် ပတ်သက်လို့ စာမေးလိုက်ရင်လည်း ခေါင်းကလေး ငုံ့ထားမြဲ။ နှစ်ကိုယ် ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့ တတ်သလောက် မှတ်သလောက် ကြိုးစားပြီး လုပ်ရှာတာကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့်လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှုက ပေမမီဟု ခံစားရသည်။ သိချင် တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲ အားမပါသလို။
မေလဆန်း နာဂစ်မုန်တိုင်း ဧရာဝတီ/ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ ဘယ်လိုကူရမလဲ။ ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော်သွားသည်။ ပစ္စည်း/ငွေ အလှူကောက်ခံ ရာမှာ ဆေးအဖွဲ့နှင့် လိုက်ဖို့ စာရင်းပေးရာမှာ မြစ်ဝကျွန်းပေါ်မှာ တစ်ပတ် ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော့်ကို လာတွေ့သည်။ သူတို့ မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့်အလင်းက ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် သုတ်မပစ်ရက်။
ကျွန်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီဆရာဝန်တွေ ဖြစ်လာမဖြစ်လာ ကျွန်တော် အာမမခံနိုင်။ သူတို့တော် မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။ သို့ပေတဲ့ ဒီကလေး တွေလိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ရွှေဘိုဘက်မှလာသော မြန်မာစစ်စစ် မည်းမည်း သည်းသည်း ခပ်ကြမ်းကြမ်း တောင်သူ ဦးကြီးတွေ တွေ့ရတိုင်း ကျွန်တော်အားရှိသလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရတော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထ လာတာ ကျွန်တော်သိသိမှတ်မှတ် ဖြစ်နေမိသည်။
ဒေါက်တာအောင်ကြီး
The author is the Professor and Head of the Department of Medicine from University of Medicine, Mandalay and also a well-known essayist in Burma.
Monday, December 22, 2008
ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ။ |
ကမ္ဘာ့ဆရာများနေ့ ၂၀၀၈ နှင့် မြန်မာဆရာဆရာဆရာမများအား ဂုဏ်ပြုဆောင်းပါး
သိန်းနိုင်
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့်သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်းမှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ်များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ့ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ်မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့်ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာမွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေရရှိလာတဲ့အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ်
ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်းလည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေရရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်းပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ်အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့အင်မတန်အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ်လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးတွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲမဟုတ်ပါလား။
အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့်ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။
၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါမကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်းပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သောဆရာဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမများကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။
မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ဆရာဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေတွေကို ထားရစ်ခဲ့ကြမလဲ။
မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာကြည့် သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။
မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မားရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်းတွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ်အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ်လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။
ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။
စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။
ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။
လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုးစကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုးစကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။
လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းလိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူလေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေးအစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။
ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေးကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန်နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းဖြစ်နိုင်ပါတော့မလား။
ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်းမြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ်ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ်အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေးဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံးအချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ်အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့လိုအပ်နေသေးတယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းစတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြုကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုးမရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေမြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။
မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထားသင့်ပါတယ်။
ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာကျောင်းဆရာဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်းပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။
ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။
သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။
Friday, December 12, 2008
နိုင်ငံပြု ပညာ |
စံပယ်ဖြူ မဂ္ဂဇင်းမှ စာရေးဆရာ မိုးသန် ဘာသာပြန်ထားတဲ့ နိုင်ငံပြုပညာ ဆောင်းပါးကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး ရေးသားဖို့အတွက် ကိုးကားပြုစုတဲ့ ဆောင်းပါးခေါင်းစဉ်များကတော့ Geoff An drews နဲ့ Michael Saward ရေးသားတဲ့ Living Political Ideal's၊ Richard Hudelson ရေးသားထားတဲ့ Modern Political Philiosophy နဲ့ Encarta Reference 2007 တို့ ဖြစ်ကြပါတယ်။ စာရေးဆရာ မိုးသန် အနေနဲ့ ပြည်တွင်း တင်းကျပ်မှု ကြားထဲမှ ရေးသားတင်ပြရလို့ နားလည်ပေးစေလိုပြီး ယနေ့ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်ဖို့ စဉ်းစားသုံးသပ်နိုင်တဲ့ အချက်အလက်များ၊ အတွေးအခေါ် အယူအဆများ အစရှိသဖြင့် စိတ်ဝင်စားစရာ နိုင်ငံရေးသိပံ္ပ ပညာရပ်များနဲ့ ဆက်စပ်နေတဲ့ အချက်အလက်များ၊ အကြောင်းအရာများကို ထုတ်ဖော်ရေးသား တင်ပြထားပါတယ်။ နိုင်ငံပြုပညာဖြစ်တဲ့ နိုင်ငံရေးသိပံ္ပ ပညာရပ်ဟာ နိုင်ငံတခုမှာ မရှိမဖြစ် လိုအပ်တဲ့အပြင် နိုင်ငံတော်တခုကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်တဲ့ ပညာရပ်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အနာဂါတ် မြန်မာနိုင်ငံတော်အတွက် လူငယ်လူရွယ်များ ဗဟုသုတ အသိပညာ ကြွယ်ဝဖို့ ဒီဆောင်းကို ဖတ်သင့်တယ်ဆိုတာ တိုက်တွန်းလိုပါတယ်။
.......................................................
ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်တည်ရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေးရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ် ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်း တစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤ စာစုတွင် နိုင်ငံရေး သိပံ္ပပညာရပ်များ၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူ များကို တင်ပြသွားမည် ဖြစ်သည်။
လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့် နေတတ်သော သတ္တ၀ါ ဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးပေါ် တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုရင်း စနစ်ကျသည့် ဆက်ဆံရေး ပုံစံအောက်တွင် ပေါင်းစုနေထိုင်းခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှု အမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်းဖြင့် ကိုယ့် အစုအဝေး အသိုက်အမြုံအတွင်း ရှင်သန် လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့်ပျားများ၊ ပုရွက်ဆိတ်များကဲ့သို့ ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများကြားတွင် ကြီးမားသော ကွာဟမှု ရှိသည်။ အခြား သတ္တ၀ါများသည် ဗီဇ၏ လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့ အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်း ဖြစ်သည်။ သူတို့၏ ပုဂ္ဂလိက ဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန် အခွင့်အလမ်း မရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့ မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်း တတ်သည့် အသိဥာဏ်ပိုင်ရှင် ဖြစ်သည်။ အသိဥာဏ် မြင့်မားသည့် အတွေးအခေါ် ပညာရှင်ကြီးများသည် သူတို့ ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှု ဖွဲ့စည်းပုံစံများ၊ လူမှု ဆက်ဆံရေးပုံစံများ၊ စံပြနိုင်ငံတော် ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှုထောင့်အသီးသီးမှ တွေးခေါ်ကြံဆ ဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ ရှုနိုင်ရေးကို အာမခံနိုင်မည့် စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ကြသည်။ ဤသို့ဖြင့် လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပံ္ပပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဤဆောင်းပါးတွင် နိုင်ငံရေး သိပံ္ပပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုလေ့ရှိသော ချဉ်းကပ်ပုံနည်းနာများ၊ အယူအဆများကို တင်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေး သိပံ္ပပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ရောင်ပြန်ဟပ်မှုများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါ အသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင် ဖြစ်သည်။ နိုင်ငံရေး သိပံ္ပ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေး ပါဝါများကို အစိုးရများက မည်သို့မည်ပုံ အသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြား တစ်ဖက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေး၏ အကျိုးသက်ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဖက် အဖွဲ့အစည်းတို့အပေါ် နိုင်ငံရေး၏ သြဇာသက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏ သဘောသဘာဝနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပံ္ပပညာရပ်များနှင့် နိုင်ငံရေးသိပံ္ပတို့ကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှု ရှိသည်။ ထို့အတူ လူမှု အဆောက်အအုံနှင့် နိုင်ငံရေး အဆောက်အအုံ တို့အကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။
နိုင်ငံရေး သိပံ္ပ၏ အရေးပါမှု
နိုင်ငံရေး သိပံ္ပသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသော နိုင်ငံရေးအယူအဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေး အုပ်စုများ၊ အုပ်စိုးသူများ၊ အာဏာရှင်များ၏ ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ လူသားတို့၏ ဘ၀သည် သူတို့နေထိုင်ရာ နိုင်ငံ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုတွေကို ခံနေကြရပြီး သူတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှု အဆောက်အအုံအပေါ် မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံ့ခေါင်းဆောင်များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေး အတွေးအမြင် မျိုးစုံ ပေါ်ပေါက်ရှင်သန်လာစေရန် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှုနဲ့ တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေး သိပံ္ပပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
နိုင်ငံရေး သိပံ္ပ၏ ပညာရပ်ဆိုင်ရာ နယ်ပယ်များ
(၁) နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု (Comparative Politics)
မတူညီသော နိုင်ငံများ၏ နိုင်ငံ့ရေးရာများကို နှိုင်းယှဉ်လေ့လာခြင်း ဖြစ်သည်။ အချို့ သော ပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခု ပိုင်းခြား၍ နှိုင်းယှဉ် လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ - အရှေ့ တောင် အာရှ နိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသော နိုင်ငံ (သို့မဟုတ်) နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်း နောက်ခံ အခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်းကျင်ကြသူများ ဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်း မတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့ လေ့လာခြင်းဖြင့် ရရှိလာသော တွေ့ရှိချက်များသည် သမိုင်း သင်ခန်းစာအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေး စနစ် အပြောင်းအလဲ လုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များ ရှိနေပါကလည်း ကြိုတင်ဖြည့်ဆည်းနိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။
(၂) နိုင်ငံတကာ ဆက်ဆံရေး (International Relation)
နိုင်ငံတကာ ဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှု ပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များ အသုံးပြုသော အစဉ်အလာ ချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ ဖြစ်သည်။ Realism အစဉ်အလာအရ နိုင်ငံတကာစနစ် (International Order) ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားညှိရေး (Balance of Power) အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင် သုံးသပ်မည် ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ဥပမာ ကုလသမဂ္ဂ၊ အီးယူ မဟာမိတ်အဖွဲ့အစည်းများက ၀င်ရောက် ညှိနှိုင်းပေးရသည့် သာဓက ရှိပါသည်။ ဤသို့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် နိုင်ငံတကာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
(၃) နိုင်ငံရေး သီအိုရီများ (Political Theories)
နိုင်ငံရေး သိပံ္ပပညာရပ် စတင်ထွန်းကားခဲ့ရာ ဂရိခေတ်မှ စတင်၍ ယခုအချိန်ထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေး သီအိုရီများကို လေ့လာခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှု စသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံ အယူအဆများကို ဝေဖန်ဆန်းစစ်မှုများ ပါဝင်သည်။ ထို့ပြင် နိုင်ငံရေး သိပံ္ပကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေး သီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေး သီအိုရီများသည် ဥပဒေနယ်ပယ်၊ ဒဿနိက နယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။
ယေဘုယျအားဖြင့် နိုင်ငံရေး သီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံသူများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်း ဖြစ်သည်။ နိုင်ငံရေး သီအိုရီများကို ဓမ္မဓိဌာန် စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ် တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှု အခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative Theories များသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်း ဖြစ်သည်တို့ကို ကိုယ်ကျင့်တရား ရှုထောင့်၊ ဓမ္မဓိဋ္ဌာန်ရှုထောင့်တို့မှ ဆန်းစစ်ပြုခြင်း ဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေး သဘောတရားများ ဖြစ်သည်။ Constructive Theories ပညာရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ် သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည် ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည် ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများ ဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မည်သို့ ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ပိုင်းဆစ် ပြခြင်းများ ဖြစ်သည်။
(၄) လူထုအုပ်ချုပ်ရေး (Public Administration)
နိုင်ငံရေး သိပံ္ပပညာရှင်အချို့ သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရ ဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက်၊ အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေး သိပံ္ပပညာရှင်များသည် ပိုမိုတိုးတက် ကောင်းမွန်သော လူထုဖွံ့ဖြိုးရေး စနစ်များကို ရှာဖွေဖော်ထုတ်ပေးနိုင်ပေသည်။
(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ (Public Policies)
ကျန်းမာရေး စောင့်ရှောက်မှု၊ လေထု ညစ်ညမ်းမှု၊ စီးပွားရေး အခြေအနေ စသည့် လူထုနှင့်တိုက်ရိုက် သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်း ဖြစ်သည်။ ဤပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာ အယူအဆများကို နှိုင်းယှဉ် လေ့လာမှုများ ရှိသလို၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတော် လုံခြုံရေး မူဝါဒများအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှ အချက်အလက်များကို အသုံးပြု လေ့လာသည်။ ပေါ်လစီများ ချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။
(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ (Political Behavior)
ပြည်သူတို့၏ နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှု စသည့် နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေး ဖိအားတို့၏ လွှမ်းမိုးမှု ကင်း မကင်း၊ လူတို့၏ စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများ (ဥပမာ - ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ)၊ နိုင်ငံရေးဖြစ်စဉ်များ ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များ စသည်တို့ကို လေ့လာသည်။ လေ့လာတွေ့ရှိချက်များသည် ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒ ရေးဆွဲရေးမှုများအပေါ် များစွာ အကျိုးပြုသည်။
နိုင်ငံရေး သိပံ္ပပညာရှင်တို့၏ ချဉ်းကပ်မှု ဗျူဟာများ
နိုင်ငံရေး သိပံ္ပပညာရှင်များသည် နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျ ရှင်းပြနိုင်ရန်အတွက် ရှုထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ ရှိသည်။
ပထမဦးဆုံး ပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြေရွေးချယ်မှု ပုံစံ (Relational Choice Model) ဖြစ်သည်။ ထိုရှုထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏ အကျိုးစီးပွားကို ရှေးရှုတတ်သူများ ဖြစ်သည့် အားလျော်စွာ မည်သည့် အခြေအနေတွင်မဆို မိမိတို့အတွက် အကျိုးဖြစ်ထွန်း နိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ နိုင်ငံရေးရာ ကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ဆုံး နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည် ဖြစ်သည်။
ဒုတိယ ချဉ်းကပ်မှု ပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံသော ပုံစံ (Function Model) ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ ဖြည့်ဆည်း မပေးနိုင်တော့သည့် အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းစစ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုလှုပ်ရှား ဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် အရေးပါသည့် ညွှန်ပြမှတ်များ ဖြစ်လာသည်။
တတိယ ချဉ်းကပ်မှု ပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ (Interpretive Model) ဖြစ်သည်။ ထိုရှုထောင့်အရ နိုင်ငံရေးဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာရာတွင် ထိုဖြစ်စဉ်များတွင် ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရာများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက်ချက်ရာတွင် များစွာ အထောက်အကူ ပြုသည်။
နိုင်ငံရေး သိပံ္ပပညာရပ်၏ သုတေသန လုပ်နည်းလုပ်ဟန်များကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏာန်းပမာဏ အခြေပြုနည်းနာ (Quantitative Method) ကို အသုံးပြု၍ နမူနာ အုပ်စုငယ်များ အတွင်း လေ့လာတွေ့ရှိမှုများကို အခြေခံပြုကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏ စိတ်သည် အစဉ်အမြဲ ပြောင်းလဲတတ်သည့် အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက် ရလဒ်များသည် ပိုမိုကျယ်ပြန့်သော လက်တွေ့အခြေအနေများတွင် အံဝင်ခွင်ကျ မဖြစ်နိုင်သည်များ ရှိနိုင်ပေသည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏ အပြုအမူများကို ဖော်မျူလာ သဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့် နိုင်ငံရေးသိပံ္ပ ပညာရှင်ကမျှ ၁၉၈၉ခုနှစ် ဆိုဗီယက် ယူနီယံ ပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့ သော ပညာရှင်တို့က ဖြစ်ရပ်တခုတည်းကို သီးသန့်လေ့လာမှု (Case Study) များပြုလုပ်ခြင်းဖြင့်သာ ထိုလေ့လာနေသော ဖြစ်ရပ်၏ လက်တွေ့ ပြဿနာများနှင့် ပြဿနာ ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။
ကိန်းဂဏာန်း ပမာဏ အခြေပြု နည်းပညာ (Quantitative Method)
ထို သုတေသန နည်းနာတွင် လူထု သဘောထား စစ်တမ်း ကောက်ယူမှုနှင့် လေ့လာနေသော အုပ်စု (သို့မဟုတ်) လူ့အဖွဲ့အစည်းအပေါ် ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုတို့ ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှု ပုံစံတွင်မူ မဲဆန္ဒနယ် တခု (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း လူထု၏ ဘ၀ရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်း စသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျ မှတ်တမ်းတင်၍ လေ့လာသော ပုံစံဖြစ်သည်။ ထိုသို့ လေ့လာခြင်းဖြင့် ထိုဒေသ (သို့မဟုတ်) နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေး စနစ်နှင့် လက်တွေ့ အခြေအနေကြား ကွာဟမှု ရှိ မရှိ လေ့လာ သိရှိနိုင်သည်။
ဖြစ်ရပ်တစ်ခုချင်း သီးသန့် လေ့လာခြင်း
ထို သုတေသန နည်းနာအရ ထူးခြားသော နိုင်ငံရေး ဖြစ်စဉ်များ (ဥပမာ တော်လှန်ရေး ဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံ စီးပွားရေး တိုးတက်လာမှု) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ အကြောင်းရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်း ဖြစ်သည်။ ဤသို့ လေ့လာရာတွင် အစဉ်အလာ သီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသော ပြဿနာများကို စနစ်တကျ နားလည်နိုင်ရန် ကြိုးပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေး ရှာဖွေရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ အသစ်သစ်သော တိုးတက်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ချဉ်းကပ်ရာတွင် ဤနည်းလမ်းသည် များစွာ အသုံးဝင်ပေသည်။
အခြား နည်းလမ်းများ (The Other Methods)
အထက်ပါ နည်းလမ်း (၂) ခု အပြင် အခြေအနေ၏ လိုအပ်မှုအပေါ် မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသန ပြုလုပ်မှုများလည်း ရှိသည်။ ဥပမာ - ပေါ်လစီတစ်ခုကို ကာလအတိုင်းအတာ တစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ် ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီ တစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ ဖြစ်သည်။
(ဤ ဆောင်းပါးသည် အပြောကျယ်လှသော ပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေး တစ်စက်သဖွယ်သာ ဖြစ်ပါသည်။ နိုင်ငံရေး သိပံ္ပ၏ လေ့လာမှု နယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။)
ရည်ညွှန်း -
''Living Political Ideal's'' : by Geoff An drews and Michael Saward
''Modern Political Philiosophy" : by Richard Hudelson
Encarta Reference 2007


