Tuesday, March 18, 2008

Reading for Study (part-1)

ကျောင်းစာဖတ်ခြင်း (အပိုင်း-၁)


ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင် ကျောင်းစာကျက်ခြင်းနဲ့ အပြင်စာဖတ်ခြင်းဆိုတဲ့ စကားစုလေးတွေကိုသာ ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကျောင်းစာဖတ်ခြင်းဆိုတဲ့ စကားစုလေးနဲ့ မရင်းနှီးခဲ့ရသလို ကြားဖူးခြင်းတောင် မရှိခဲ့ရပါ။ အကြောင်းရင်းကတော့ မြန်မာ့ပညာရေးစနစ်ဟာ ကြက်တူရွေးစာကျက်တဲ့စနစ်ကို ဦးစားပေးထားလို့ပဲဖြစ်ပါတယ်။

ကိုယ်တွေ့

တကယ်တော့ ကျွန်မတို့ငယ်စဉ်ဘ၀ ပညာသင်ယူခဲ့ရပုံဟာ စဉ်းစားတွေးမြော်မြင်မှု၊ ဖောက်ထွက်တွေးတောမှု၊ ပညာဥာဏ်ဗဟုသုတတိုးပွားမှုတွေ ရရှိဖို့ ထက်စာရင် သည်၊၏ မရွေး အလွတ်ကျက်မှတ်မှုတွေ၊ ဆရာ၊ဆရာမတွေရဲ့ ကြိမ်လုံးတွေ၊ အကြောက်တရားတွေနဲ့ ကြုံတွေ့ခဲ့ရတာက ပိုများပါတယ်။ လူကြီးမိဘအများစုကလဲ `စာကျက်စမ်း`လို့သာ ပြောလေ့ရှိကြပြီး၊ စာဖတ်ဖို့အားပေးတိုက်တွန်းတဲ့ မိဘတွေက အလွန်နည်းပါတယ်။ ကျောင်းကမှတ်စုစာအုပ်လေးကိုမှ မကိုင်ထားရင် ကျောင်းစာလုပ်နေတယ်လို့ အထင်မခံရတော့ပဲ စိတ်လေနေတယ်၊ စာမလုပ်ချင်ဘူးလို့သာ သတ်မှတ်ခံရတတ်ပါတယ်။ ကျောင်းစာနဲ့ဆက်စပ်တဲ့ပြင်ပစာအုပ်တွေ ကိုင်ဖို့နေနေသာသာ သင်ရိုးစာအုပ်ထဲက စာကိုဖတ်ပြီး၊ စာမေးပွဲမှာ ပြန်ရေးမိရင်တောင် ဆရာမပေးထားတဲ့မှတ်စုနဲ့ သည်၊၏ လွဲနေတယ်ဆိုပြီး အမှတ်လျှော့ခံရပြန်ပါရော။

ကျွန်မကတော့ အမေပြောဖူးသလို ငယ်ယ်ကတည်းက သူပုန်စိတ်ပါနေလို့ထင်ပါရဲ့။ အမှတ်ဘယ်လောက်လျော့လျော့၊ နောက်ဆုံးအရိုက်ပဲခံရခံရ၊ ဆရာမများနဲ့ ပြဿနာတက်သည်အထိကို ခေါင်းမာစွာနဲ့ပဲ ကျောင်းစာတွေနဲ့ ပတ်သက်မယ်ထင်တဲ့ ပြင်ပစာအုပ်များကို လိုက်လံရှာဖွေဖတ်လေ့ရှိတယ်။ ကျောင်းစာဆိုတာဖတ်ရမယ်လို့ မသိခဲ့ပေမယ့် အမြဲကျက်မှတ်နေရတာကြီးကို မကြိုက်တာကြောင့်ပါ။ သင်ရိုးစာအုပ်တွေကို ကိုင်ကြည့်မိတိုင်း၊ ဒီစာအုပ်တွေရဲ့လာရာလမ်းကို ကျွန်မစိတ်ဝင်စားနေမိတတ်တယ်။ တကယ်တော့ ဒီစာအုပ်တွေ၊ မှတ်စုတွေဟာ စာအုပ်တွေအများကြီးထဲကနေ ပြန်လည်ထုတ်နှုတ်ဖော်ပြထားတာတွေမှန်း သိရလေလေ၊ မူရင်းစာအုပ်တွေကို ကျွန်မစိတ်ဝင်စားလာလေလေပဲ။ သင်ရိုးစာအုပ်တွေကို ကြည့်မိတိုင်း ရုပ်ရှင်ကားတခုလုံးမကြည့်ရပဲ trailer ပဲကြည့်နေရသလိုလို ခံစားခဲ့ရတယ်။

ဒီလိုနဲ့ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်ရောက်လာတာမို့၊ နှုတ်တိုက်စာကျက်ရတာတွေ လျော့လာပြီး၊ ဖတ်မှတ်လေ့လာရတာတွေ၊ ဆွေးနွေးအဖြေရှာရတာတွေ ပိုများလာမှာပဲ ထင်မိခဲ့တယ်။ အထင်နဲ့အမြင်ပါစင်အောင် လွဲပုံများကတော့ ကျောင်းသူအဆောင်မှာ ခဏလေးသွားနေမိစဉ်ခဏ၊ စာအလွတ်ရွတ်ပွဲကြီးတွေနဲ့ သွားတိုးနေလို့ ညဘက်တွေမှာ နားဒုက္ခအတော်ကို များခဲ့ရပါလေရော။ စာအလွတ်ရွတ်ပွဲတွေတင်မက ဆယ်တန်းအထိ တငြီးငြီးတညူညူနဲ့တက်ခဲ့ရတဲ့ ကျူရှင်ဆိုတာကြီးနဲ့ပါ ဆေးကျောင်းရောက်တဲ့အထိ သွားတိုးခဲ့ရတာကတော့ ကျွန်မရဲ့ ကံဆိုးမှုပဲထင်ပါရဲ့။ တနေ့လုံးကျောင်းမှာ စာသင်ရတာကိုပဲ မမောနိုင်မပန်းနိုင်၊ အချိန်အားလေးတောင် မထားတော့ပဲ အဆောင်ကျောင်းသူတွေစုပြီး၊ ကျူရှင်ခေါ်သင်ကြတာပါ။ တကယ်ဆို ဆေးကျောင်းမှာ ရည်ညွန်းစာအုပ်တွေ စကိုင်ရတာမို့ ကျောင်းမှာသင်ပြီး၊ အဆောင်မှာ ပြန်စာဖတ်ရင် လုံလောက်ပေမယ့် မြန်မာ့ယိုယွင်းပျက်စီး ပညာရေးစနစ်ဆိုးကြီးကြောင့် ကျောင်းသားတွေဟာ စာဖတ်ခြင်းကို စိတ်မ၀င်စားကြတော့ပဲ ကျူရှင်တက်ပြီး ဆရာမထုတ်ပေးတဲ့မှတ်စုကို အလွတ်ပြန်ကျက်ကြတဲ့ အခြေအနေမျိုးကို ရောက်ကုန်ပါတော့တယ်။သူငယ်ချင်းတွေရှိတဲ့ တခြားတက္ကသိုလ်တွေအကြောင်း စုံစမ်းကြည့်တော့၊ သူတို့လဲ ဒီလိုပုံစံမျိုးနဲ့ပဲဘွဲ့ရအောင် လုပ်နေကြတာတွေ ကြားလာရပြန်တယ်။ အမှန်တကယ်ဖတ်မှတ်လေ့လာနေတဲ့ ကျောင်းသားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘွဲ့ရရင်ပြီးရောတွေပဲ ဖြစ်ကုန်ကြပါတယ်။

ကျောင်းစာဖတ်ခြင်းဆိုတာ လုပ်ကိုလုပ်ရမယ့် အရာတခုလို့ စတင်သိလာခဲ့ရတာကတော့ ပြင်ပစီမံခန့်ခွဲရေးသင်တန်းတခုကို သွားတက်မိတဲ့အချိန်မှာပါ။ ဘာသာရပ်တိုင်းမှာ assignment ဆိုတာတွေ တင်ရပါတယ်။ အက်ဆေးပုံစံများ၊case studies များဖြစ်တာကြောင့် စာကြည့်တိုက်ထဲက စာအုပ်များကိုမှ မဖတ်ကြည့်ရင် ဘယ်လိုမှ အောင်ဖို့မလွယ်ပါဘူး။ သင်ရိုးစာအုပ်နဲ့လုံးဝမလုံလောက်တော့တာ တွေ့ရပါတယ်။ ဒီလိုနဲ့ ကျွန်မလက်ထဲကို အာဂုံဆောင်ကျက်စရာမလိုပ၊ဲ ဖတ်မှတ်လေ့လာရမယ့် စာအုပ်ကြီးတအုပ်စတင်ရောက်လာခဲ့ပါတယ်။ ရော်ဘင်ရေးထားတဲ့ စီမံခန့်ခွဲရေးစာအုပ်ပါ။ ကျွန်မအတော်ကို နှစ်ခြိုက်သွားပါတယ်။ စာမျက်နှာ တထောင်နီးပါးစာအုပ်ကြီးပါ။ ဒါပေမယ့် စိတ်ဝင်စားစရာအတော်ကောင်းတာမို့ လက်ကမချနိုင်အောင်ပါပဲ။ ဖတ်ရတာ စိတ်ဝင်စားတာမို့ ညအိပ်ရင်တောင် ခေါင်းအုံးဘေးမှာထားပြီး အိပ်ဖြစ်တဲ့အထိပါ။ နံနက်မိုးလင်းတာနဲ့ ဆက်ဖတ်ရမယ့် အကြောင်းအရာတွေအတွက် ကျွန်မရင်ခုန်နေမိတယ်။ အဲဒီကနေစပြီး၊ `ကျောင်းစာဖတ်ခြင်း`ရဲ့ ချိုမြိန်သော အရသာဟာ ကျွန်မကို စွဲမက်သွားစေခဲ့ပါတယ်။ ကျောင်းစာဆိုတာကို အလွတ်ကျက်ရမယ်လို့ သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ အစဉ်အလာစနစ်ကြီးကို ကျွန်မမုန်းလာမိတယ်။ စာတွေကို အတင်းသွတ်သွင်းကျက်မှတ်ခဲ့ရတဲ့ ကျွန်မရဲ့ ဦးနှောက်လေးကို သနားလာမိတယ်။ ပြင်ပစာပေတွေမှာ ပျော်မွေ့တဲ့ကျွန်မတယောက် ကျောင်းစာတွေမှာလဲ ပျော်မွေ့သွားတာ ကျောင်းစာကြည့်တိုက်တွေကို အိမ်လို သဘောထားလာမိတဲ့အထိပါပဲ။ စာအုပ်တအုပ်ကိုဖတ်ပြီးတာနဲ့ သူကိုးကားထားတဲ့ စာအုပ်စာရင်းကို မိတ္တူဆွဲ၊ ထပ်ရှာဖတ်နဲ့ မပြီးဆုံးနိုင်တဲ့ ခရီးရှည်ကြီးကို လျှောက်ရသလိုပါပဲ။ စာအုပ်တွေနဲ့ ဘ၀နဲ့က တထပ်တည်း ဖြစ်လာပါတယ်။ `ကျောင်းစာဖတ်ခြင်း`ဆိုတာက အဲဒီလောက်အထိကို ဆွဲဆောင်အားကောင်းပါတယ်။

အဲဒီလိုဆွဲဆောင်အားကောင်းတဲ့ ကျောင်းစာဖတ်ခြင်းနဲ့ပတ်သက်ပြီး ဖတ်ရခြင်းအကြောင်းရင်း၊ ရည်ရွယ်ချက်၊ ဖတ်ခြင်းမှ ရရှိသော အကျိုးကျေးဇူး၊ ဖတ်ပုံဖတ်နည်း၊ စာအုပ်ရွေးချယ်ခြင်း၊ ဖတ်နေစဉ်လေ့လာမှတ်သားခြင်းနဲ့ စာဖတ်နှုန်းမြန်ဆန်အောင်လုပ်ခြင်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၁၉၊ ၀၃၊ ၂၀၀၈)

2 comments:

P.Ti said...

မြန်မာပြည်မှာကတော့ ၏သည်မရွေး မှန်မှ အမှတ်ရပါတယ်။ ခက်တာက အဲ့ဒါတွေက ဘ၀မှာ အကျိုးပြုနိုင်တာနဲပါတယ်။
ကျွန်တော်က ငယ်စဉ်ကတည်းက အကျင့်ရှိတာကတော့ ကိုယ့်ကျောင်းစာကလွဲ ကျန်တာ အကုန်ဖတ်တယ် ဆိုတာပါပဲ။ ကျောင်းစာလို အလွတ်ကျက်ရတာကို မုန်းပြီး စာဖတ်သလိုပဲဖတ်ချင်နေခဲ့တာပါ။ ပြီးတော့ စာမေးပွဲမှာ ကိုယ်စိတ်ထဲထင်တာ ရေးချင်တာရေးတတ်ပါတယ်။ ဒါပေမယ့် အလွတ်ကျက်ခဲ့ရတာတွေနဲ့လည်း မလွတ်ခဲ့ပါဘူး။ ထူဆန်းစွာ အထက်တန်းကျောင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် တက္ကသိုလ်မှာတော့ ဆရာမက သူဖြေခိုင်းသလို မဖြေလို့ အတန်းထဲမှာ ထုတ်ပြီး အပြောခံရခဲ့ဖူးပါတယ်။

~J-Quen ~ said...

ဟုတ်တယ်။ စာချည်းပဲ ဧ။်သည်မရွေးကျက်ရတော့ သင်ခန်းစာကိုတောင် သိပ်နားမလည်ပဲ မှတ်မိရုံပဲမှတ်မိတယ်။ သိပ်နားမလည်တဲ့ သင်ခန်းဆိုတော့ နဲနဲကြာလာရင် မေ့သွားရော။ သင်ထားတာ အကျိုးမရှိဖြစ်ကုန်တယ်။ ကျောင်းsystemကို ပြောင်းလဲပြုပြင်နိုင်ရင် သိပ်ကောင်းမှာပဲ။
ပို့်စ်ကောင်းလေးတွက် ကျေးဇူးပဲ

 

© 2007 IngridGrey By Arephyz