ဒီတပတ်မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ပြည်ရေးပြည်ရာ Civic Education သင်ရိုးညွှန်းတန်းဆိုင်ရာ ပညာရေး ဆောင်းပါးကို အပြီးသတ် ဆွေးနွေး တင်ပြမှာ ဖြစ်ပါတယ်။ ကျောင်းပညာရေးရဲ့ အထက်တန်းအဆင့်မှာ နိုင်ငံရေး အုပ်ချုပ်ရေးဆိုင်ရာ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ထည့်သွင်း သင်ကြားပေးသင့်တယ် ဆိုတဲ့ ဦးသန့်ရဲ့ အယူအဆကို ပြီးခဲ့တဲ့အပတ်တွေမှာတုန်းက တင်ပြဆွေးနွေးခဲ့ပါတယ်။
ဦးသန့်က အထက်တန်းအဆင့်ကျောင်းသားတွေဟာ အသက်၁၅နှစ်ကျော်ပြီးဖြစ်တာမို့ ကျောင်းပညာရေးထဲမှာ နိုင်ငံရေးကိုထည့်ပြီး သင်ကြားပေးရတော့မယ်လို့ အကြံပြု ထားပါတယ်။ အဲလိုသင်ကြားပေးရာမှာလည်း ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်တွေအထိ မျိုးစုံအောင် သင်ပေးရပါမယ်။ ဒါမှပဲ လူငယ်တွေဟာ သူတို့နှစ်သက်ရာ စနစ်တခုကို စဉ်းစားရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲသလို ရွေးချယ်ခွင့်လည်းရှိရမယ်လို့ ဆိုပါတယ်။
ဦးသန့်ရဲ့ အယူအဆအရတော့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကိုပဲ သင်သင်၊ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကိုတော့ ချိန်ထိုးနှိုင်းယှဉ်ပေးရမှာဖြစ်ပါတယ်။ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ အုပ်ချုပ်ရေးရယ်လို့ မရှိနိုင်သေးပေမဲ့ အကောင်းရှုထောင့် ပိုများတယ်လို့ ဆိုနိုင်ပြီး၊ ကမ္ဘာ့နိုင်ငံအများစုမှာ လက်ခံအသုံးပြုနေတဲ့ ဒီမိုကရေစီစနစ်ကိုတောင်မှပဲ အကျိုးနဲ့ အပြစ် ကို ချိန်ထိုး ပြောပြပေးရမှာ ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာသာ ရှိနေသေးတဲ့ ၁၉၄၀ကျော်ကာလဟာ ကမ္ဘာမှာတော့ ဒီမိုကရေစီစနစ် အတန်သင့် ထွန်းကားနေပါပြီ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုး၊ အားသာချက် အားနည်းချက် တွေကိုလည်း မြင်တွေ့ သုံးသပ်နိုင်နေကြပြီဖြစ်ပါတယ်။ ဦးသန့်ကတော့ သူ့ရဲ့ ဆောင်းပါးထဲမှာ ဥပမာပေးတဲ့ သင်ခန်းစာအဖြစ် ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆွေးနွေး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာ ကျောင်းသား လူငယ်တွေ အနေနဲ့ သေသေချာချာ စဉ်းစား သုံးသပ်ရမယ့် နိုင်ငံ့အရေးအရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးသန့်ရဲ့ တင်ပြထားချက်ထဲက ဒီမိုကရေစီစနစ်ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို ပြောပြပါ့မယ်။
ဒီမိုကရေစီစနစ်ရဲ့ အားသာချက် ကောင်းကျိုးတွေကတော့ အုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့သူတွေသာ ဖြစ်တဲ့အတွက် ပြည်သူ့အလိုကျ သာ အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်သူကိုယ်စားလှယ်တွေက အမြဲ တိုက်ရိုက်ထိတွေ့ ဆက်သွယ်နေရတာဖြစ်တဲ့အတွက် နိုင်ငံအတွင်း မကျေနပ်မှု ပုန်ကန်မှု တွေလည်း ဖြစ်နိုင်ချေနည်းပါတယ်။ အဓိကကတော့ ပြည်သူကျေနပ်မှပဲ သူတို့ရဲ့ အုပ်ချုပ်ရေးက အောင်မြင်မယ်ဆိုတာပါပဲ။
ဒီမိုကရေစီစနစ်မှာဆိုရင် တရားဥပဒေကလည်း ပြည်သူလူထုက ကျေနပ်လက်ခံပြီး စနစ်တကျ ရေးဆွဲထားတဲ့ တရားဥပဒေဖြစ်ပါတယ်။ ဒါမှပဲ ပြည်သူလူထုဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို တရားသဖြင့် ကာကွယ် စောင့်ရှောက်ခွင့်ရကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပြည်သူလူထုကိုယ်တိုင် နိုင်ငံရေးကို ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံရေးအသိအမြင်နဲ့ ဝေဖန်သုံးသပ်နိုင်တဲ့ ဉာဏ်ရည် တွေ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။
ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ နောက်ထပ်အားသာချက်ကတော့ ပြည်သူလူထု အနေနဲ့ လူတိုင်းလူတိုင်း တန်းတူအခွင့်အရေး ရနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီ ကောင်းကျိုးတွေဟာ နိုင်ငံသားတွေ ကို စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုပေးနိုင်တာမို့ နိုင်ငံအေးချမ်းသာယာရေးကို ဖော်ဆောင်နိုင်တဲ့ အချက်အလက်တွေပါပဲ။
ဒီမိုကရေစီစနစ်မှာ အားနည်းချက်တွေရှိတာကိုလည်း ဦးသန့်က ထောက်ပြ ဆွေးနွေး ထားတာတွေ့ရပါတယ်။ အဓိကကတော့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ် တင်မြှောက်ရတာဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ်တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ နောက်တခုကတော့ ဒီမိုကရေစီစနစ်ဟာ ပါတီ ပုံသဏ္ဍန်အမျိုးမျိုး ရှိလာ နိုင်တဲ့အတွက် နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီအပြင် အစိုးရဟာလည်း သက်တမ်းမရှည်တာမို့လို့ နိုင်ငံအရေးကိစ္စတွေကို တဆက်တစပ်တည်း ဆောင်ရွက်ရ တာမျိုး မဟုတ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်ပါ တယ်။ နောက်တချက်ကတော့ ရွေးကောက်ပွဲအတွက် ငွေအမြောက်အများ သုံးကြ တာမို့လို့ နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေလို့ ဦးသန့်က ပြောခဲ့ပါတယ်။
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က ဘာဟော့ဖ်(Berghof)သုတေသနဌာနက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ဒေးဗစ်ဘလွန်းဖီး(Dr.David Bloomfield) ကတော့ 'ဒီမိုကရေစီစနစ်ဟာ ခေတ်အဆက်ဆက် ရှာဖွေကျင့်သုံးခဲ့ကြတဲ့ နိုင်ငံရေးစနစ်ဆိုးတွေထဲမှာတော့ အသက်သာဆုံးစနစ်တခုဖြစ်တယ်'လို့ သူ့ရဲ့ ရင်ကြားစေ့ရေး(Reconciliation) ဆိုင်ရာ စာတန်းတစ်စောင်ထဲမှာ ဆိုထားပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ခု ၂၀၀၇ခုနှစ်ထိလည်း ကမ္ဘာ့နိုင်ငံ အများစုဟာ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို အသုံးပြုနေကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မျက်မှောက်အနေအထားနဲ့ ဝေဖန်သုံးသပ်ကြည့်မယ် ဆိုရင်လည်း အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်နိုင်ဖို့ ရုန်းထွက်တတ်ဖို့အတွက် တော့ ဒီမိုကရေစီစနစ်ဟာ လေ့လာသင်ယူသင့်တဲ့၊ ဝေဖန်သုံးသပ်ပြီး ကျင့်သုံးသင့်တဲ့ နိုင်ငံရေးစနစ်တရပ် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တယား ကောင်းမွန်မှုဟာ အုပ်ချုပ်သူတွေရဲ့ အရည်အသွေးပေါ်မူတည်သလို နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိဉာဏ်ပညာ ကြွယ်ဝ ဖွံ့ဖြိုးမှု အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေကို နိုင်ငံရေးအသိပညာပေးဖို့အတွက် စာသင်ခန်းတွေကနေ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
တကယ်တော့ Civic Education ဟာ ကိုယ့်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်တဲ့ သင်ခန်းစာတွေဖြစ်ဖို့လိုတာမို့၊ Civic Education ထဲမှာ ဘာသာရေးသင်ခန်းစာတွေကိုပါ ထည့်သွင်း သင်ကြားသင့်တယ် လို့လည်း ဦးသန့်က ပြောထားပါတယ်။ လက်လှမ်းမီသမျှ ဘာသာရေးတွေကို ကျောင်းသားတိုင်း မဖြစ်မနေ သင်ယူကြရတဲ့အတွက်၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ရေးနဲ့ ကိုယ်ချင်းစာစိတ်ကို အားပေးစေနိုင်ပြီး ဘာသာရေးတိုင်းကို လေးစား တတ်သွားစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း စာသင်သားတွေကို ပဋိပက္ခစိတ်တွေ လျော့နည်းစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးသန့်ရဲ့ ပြည်ရေးပြည်ရာဘာသာရပ်အဖြစ် လမ်းညွှန်ထားတဲ့ သင်ခန်းစာတွေဟာ တချိန်မှာ နိုင်ငံကို ဦးဆောင်ကြရမယ့် လူငယ်စာသင်သားတွေအတွက် တကယ် လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ၁၉၄၀နှစ်များရဲ့ အစောပိုင်းကာလတွေကတည်းက ဦးသန့်တင်ပြခဲ့တဲ့ အကြံပေးချက်တွေဟာ ခု နှစ်ပေါင်း၆၀ကျော်ခဲ့တဲ့အထိ မြန်မာပြည်မှာ အကောင်အထည်ဖော်ခွင့် မရကြသေးတာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒါဟာလည်း အာဏာရှင်စနစ်ကြီးစိုးမှုကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရားမျှတပြီး တော်မှန်တဲ့၊ ယဉ်ကျေးတဲ့ အစိုးရကို ရရေး အတွက် ကျောင်းစာသင်ခန်းမှာ Civic Education ဘာသာရပ်ကို စနစ်တကျ သင်ကြားခွင့်ရရေးဟာ အရေးကြီးတဲ့ လိုအပ်ချက်တရပ် ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ အကြံပြုဆောင်းပါးကတဆင့် ဆွေးနွေး တင်ပြလိုက်ရပါတယ်။
မေငြိမ်း (၂၀၊၁၁၊၀၇)
Sunday, March 16, 2008
မြန်မာ့ပညာရေးနဲ့ Civic Education
Posted by မေငြိမ်း at 8:05 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment