ကျွန်တော်တို့ နိုင်ငံ၏ ပညာသင်ကြားမှု စနစ်ကို လေ့လာကြည့်လျှင် ကိုယ်တိုင် လေ့လာကာ ဆွေးနွေးအဖြေရှာစေသည့် နည်းလမ်းထက်၊မှတ်စုပေး၍ အလွတ်ကျက်မှတ်စေသည့် နည်းလမ်းက အခြေခံပညာရေးစနစ် တွင်သာမက အဆင့်မြင့်ပညာရေးစနစ် ထိအောင် လွှမ်းမိုးအသားကျနေတာကို တွေ့ရှိနေရပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ပညာသင်ကြားရခြင်းဟာ သင်ရိုးညွှန်းတမ်းတွေကို အလွတ်အာဂုံဆောင်နိုင်စေဖို့လား ? ဒါမှမဟုတ် ကျွန်တော်တို့ လေ့လားထားတဲ့ သင်ရိုးတွေကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကို လိုက်ပြီး အသုံးချ ဖြေရှင်းဆောင်ရွက်နိုင်စေဖို့လား ? ဘယ်အတွက် ဖြစ်မလဲ စဉ်းစားကြည့်ဖို့လိုပါမယ်။
ဆရာကျော်ဝင်း ရေးတဲ့ စာအုပ်တစ်အုပ်မှာတော့ ပညာတက် (ပညာရှိ) ဆိုတာကို ဟိုးအရင်ကတော့ မှတ်သားနိုင်မှုစွမ်းရည် နဲ့တိုင်းတာတယ်၊ ပညာဗဟုသုတတွေ များများရှာဖွေ မှတ်သားနိုင်ပြီး ပြန်လည်ရွတ်ပြနိုင်သူမျိုးပေါ့။ နောက်ကျတော့ ပညာရှိ ဆိုတာကို အသုံးချနိုင်မှုစွမ်းရည် နဲ့တိုင်းတာလာကြတယ်၊ မိမိသင်ယူလေ့လာ ထားတဲ့ အတက်ပညာကို သင့်လျော်တဲ့နေရာမှာ ပြန်လည်အသုံးချနိုင်သူမျိုးပေါ့။ ယနေ့ မျက်မှောက်ခေတ်မှာတော့ ပညာရှိဆိုတာကို ပညာဖေါ်ထုတ်နိုင်မှုစွမ်းရည် (နည်းပညာသစ်၊လေ့လာဖေါ်ထုတ်မှုအသစ်များ) နဲ့တိုင်းတာနေကြပါပြီတဲ့၊ သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကို ထပ်ဆင့်ဝေဖန်သုံးသပ် လေ့လာဆန်းစစ်ကာ နည်းပညာသစ်များ တွေ့ရှိဖေါ်ထုတ်ပေးနိုင်သူမျိုးကိုခေါ်ပါသတဲ့။ ကဲကျွန်တော်တို့ ဘယ်လိုပညာရှိမျိုးဖြစ်အောင် ကြိုးစားကြမလဲ ?
ကျွန်တော်တို့ နိုင်ငံက လူငယ်တွေကတော့ ဟိုးအရင်က ပညာရှိလို့ သက်မှတ်တဲ့ ဘ၀မျိုးကိုချီတက်နေရပြီး၊ နိုင်ငံတကာက လူငယ်တွေကတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ဆီ လှမ်းချီနေကြပြီလို့ အကြမ်းအားဖြင့် သုံးသပ်မိပါတယ်။ အဲဒီတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ကိုလှမ်းတက်နိုင်ဖို့ ဘာတွေလိုအပ်မလဲ ဆိုရင် ကျွန်တော့် အနေနဲ့ ကတော့ ဘက်လေးဘက်လုံးက အချိုးညီစွာ လှမ်းတက်နိုင်ရပါမယ်။ ဘက်လေးဘက်ဆိုတာကတော့ ၁၊စနစ် ၂၊ဆရာ ၃၊ကျောင်းသားနှင့် ၄၊ပံ့ပိုးကူညီသူတို့ ကိုဆိုလိုတာပါ။
ကျွန်တော် စနစ်နဲပတ်သတ်၍တော့၊ မိမိတိကိုယ်တိုင် စီမံတောင်းဆိုနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ရော၊ ကျယ်ပြန့်လွန်းတဲ့ အတွက်ကြောင့်ပါ မဆွေးနွေးလိုပါ။ ဆရာတွေရဲ့ သင်ကြားမှုစနစ်နဲ့ ခံယူချက် အပေါ်တော့ အနည်းငယ် ဆွေးနွေးကြည့်ချင်ပါတယ်။ ကျွန်တော် ဒီရက်ပိုင်းအတွင်း တူမလေးတစ်ယောက် စာမေးပွဲဖြေခါနီး စာကျက်နေတာ သူ့စာကထောက်နေလို့ ချောသွားအောင် နည်းနည်းပြင်ပေးတာ ခါးခါးသီးသီးကို ငြင်းဆိုတာခံရပါတယ်။ ကျွန်တော်က အဓိပ္ပါယ် ဆိုလိုရင်း အတူတူဘဲလို့ ရှင်းပြကာမှ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုပါတော့တယ်။ အမှတ်ပြည့်ရဖို့ အတွက် ကျောင်းကဆရာ ပေးတဲ့မှတ်စုအတိုင်း ၏ ၊ သည် လွဲလို့မရပါဘူးတဲ့ ခင်ဗျာ။ ဘယ်လောက်တောင်ဆိုးသလဲ ဆိုရင် ၀ါကျတောင် ကျောင်းကဆရာဖွဲ့ပေးတဲ့ တိုင်းကျက်ဖြေသတဲ့။ ကျွန်တော် တော့်တော့်ကို စိတ်လည်းပျက်ပြီး၊ ကလေးတေါကိုလည်း သနားမိပါတယ်ခင်ဗျာ။ အလင်းပေးတယ်ဆိုတဲ့ ဆရာတွေက ဘာကြောင့် ကလေးတွေ့ရဲ့ မျက်စိတွေကို လွတ်လပ်ခွင့် မပေးဘဲ ဘာကြောင့်များ ကန့်သတ်ဘောင်ခတ် ထားရတာလဲဗျာ။
ကျွန်တော့် အမြင်ပြောရရင် ဆရာတွေက ကျောင်းသားတွေရဲ့ လေးစားအထင်ကြီးမှုကို ခံယူချင်တယ်။ ကလေးတွေရဲ့ အားထားရတဲ့ သူရဲကောင်းအဖြစ် ခံယူချင်ကြတယ် အဒီတော့ ဆရာပြောတာသာ အမှန် ကျန်တဲ့သူပြောတာ အကုန်အမှားဆိုတာမျိုးတွေ ဖြစ်လာတယ်။ ကလေးတွေကလည်း ပြင်ပတွေ့ရှိချက်တွေကို ဆရာကိုတင်ပြဆွေးနွေး တဲ့အခါမှာ အသိအမှတ်ပြုခြင်းမခံရတဲ့အခါမှာ မွေးရာပါ ဆူးစမ်းလိုစိတ်တွေဟာ မှေးမှိန်ပျေက်ကွယ် လာခဲ့တာ အခြေခံပညာရေးက စခဲ့တာ အထက်တန်းပညာရေး ထိတိုင်အောင်ပါဘဲ။ ဆရာတွေက အဖြေတိုင်းမှာ နောက်ထပ်သီးခြား မတူညီနိုင်တဲ့ အဖြေတွေရှိနိုင် သေးတယ်ဆိုတဲ့ အချက်ကို ကလေးတွေကို ဖုံးအုပ်ထားကြတယ်။ ဒီအခါမှာ သင်ရိုးတစ်ခုလုံး အလွတ်ရသည့်တိုင် ဒီသင်ရိုးထဲမှာ မပါတဲ့ ကွဲပြားတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရပြီ ဆိုလျင် ........ (ဆက်လက်ဆွေးနွေးလိုပါသည်)
မျိုးသန့်
Monday, March 3, 2008
အလွတ်ကျက်မှတ်သည့် အလေ့အကျင့်
Posted by မျိုးသန်. at 8:03 AM
Subscribe to:
Post Comments (Atom)
2 comments:
ဟုတ်ပါတယ် ကိုမျိုးသန့်ရေ.. အဖြစ်ချင်းတူ လွန်းလို့ ပြုံးတောင် ပြုံးမိပါတယ်။ ဒီက တူမလေး တယောက်ဆိုလည်း..အဲလိုပဲ..ဘယ်လို မှ ပြော မရပါ။ သူတို့ဆရာ ကို ပြော ရင် မကြိုက်ပါ။ ဆရာ ကို ချစ်ခင် လေးစား တာ ကောင်းပါသော် လည်း.. ကျမတို့ မြန်မာ ပြည်က ..ချစ်ခင်လေးစား မူ ကတော့.. အနုတ်လက္ခဏာ ဆောင်နေပါတယ်။ ဝေဖန် ဆင်ခြင် သုံးသပ် တတ်တဲ့ အလေ့အထ တွေ အားလုံး ကို တံခါးပိတ် ခိုင်းထားပါတယ်။ အခု လက်ရှိ ပညာရေး ၀န်ထမ်း တော် တော်များများ ဟာ လည်း ..လွန်ခဲ့တဲ့ အနှစ် ၂၀ လောက် ကနဲ့ အင်မတန် ကို ကွာ ခြား လာပါတယ်။ ဒါတွေက..ပြော ရရင်တော့..သိပ်ကို ကျယ်ပြန့်တဲ့ .. ရှည်လျား တဲ့..ပြသာနာ အရင်းခံတွေ ပါ။ သူတို့ကို ချည်း အပစ် ဆို လို့ မရ နိုင် ပဲ..ဟိုး .. ပညာရေး စနစ် အခြေခံ..သက်မွေးဝမ်း ကျောင်း ခွဲဝေ ကန့်သတ် .. အမှတ် ဖြတ် တဲ့..စနစ် တွေ ထိ..ရောက်သွား နိုင်ပါတယ်။ ယခင် မြန်မာ ပြည်မှာ ကျင့်သုံးတဲ့..ပညာရေးတက္ကသိုလ် နဲ့.. အရည်အချင်းမီ..ဆရာများ လေ့ကျင့်ပျိုးထောင်.. တဲ့စနစ် ဖြစ်သင့်ပါတယ်။ နောက်..ပြောင်းလဲနေတဲ့.. ကမ္ဘာ့ပုံစံ များ ကိုလည်း.. လေ့လာ နမူနာ ယူသင့်ပါတယ်။ ပညာရေး ၀န်ထမ်း များ ကိုလည်း.. စွမ်းရည်မြှင့် စေတဲ့ တွန်းအား တွေ..ရပိုင်ခွင့် တွေ ဖန်တီးပေး သင့်ပါတယ်..။ အဓိက ကတော့..နှုတ်တိုက်ကျက် တဲ့ စနစ် ကို ကမ္ဘာ က မသုံးတော့ တာ ကို..ဘာလို့ လျစ်လျူရှု ထား ကြတာလဲ ဆိုတာ..အံ့သြစိတ်ပျက် မိပါတယ်။ ဂျပန်က..အကူအညီပေး..တိုက်တွန်း ပေး နေတာတောင်..ပြုပြင် ပြောင်းလဲ လိုစိတ် နဲ လွန်း လှသော..အဆင့်မြင့် ပညာ ဦးစီး ဌါန တာဝန် ရှိသူများ..ပေါ်လစီရေးရာ ပိုင်း ကိုင် သော ပညာရှင် များ.. ဘာလို့များ..လှေပျက် ကြီး ကို..တရွတ်ဒိုက် ဆွဲ နေ ကြ သလဲ.. ဆိုတာ.. နားမလည်နိုင်တော့ပါ။ အားးးးး... ပြောရ ရင်တော့..မကုန်နိုင်ပါ။ ကလေး များ ကို သနား လျက်..
ဆရာတွေစာသင်တဲ့ခါဆရာတွေဟာ ကလေးတွေ စူးစမ်းလိုစိတ်ကိုအားမပေးတာ သူတို့ကိုယ်တိုင်လဲ ဆွေးနွေးရှင်းပြနိုင်တဲ့ထိအတိုင်းတာမရှိလို့လည်းဖြစ်နိုင်တယ်။ ခက်တာက လိုရင်လိုသလို ချက်ချင်းသုံးနိုင်တဲ့sourceတွေ ကွန်ပြူတာ၊ ဘာသာရပ်စုံလင်တဲ့စာကြည့်တိုက်ကြီးတို့မရှိတော့ အဆင်သိပ်မပြေဘူး။ ဥပမာ..တခြားနိုင်ငံတွေဆို ဘာသာရပ်ကျယ်ပြန့်လွန်းတဲ့အခါ ဆရာက အဖြေမသိရင်တောင် ချက်ချင်းအွန်လှိုင်းပေါ်တက်ပြီး အားလုံးက ၀ိုင်းရှာကြတယ်။ တွေ့လာတဲ့ အချက်လက်တွေကို ပြန်ပေါင်းပြီး ဆွေးနွေးကြတယ်။ မြန်မာပြည်မှာ အဲလိုအခြေနေထိတော့မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ်....မြန်မာပြည်ကျောင်းပညာအခြေအနေတွေ ပြောင်းလဲနိုင်ပါစေလို့။
ပိုစ်ကောင်းလေးတွက် ကျေးဇူးပါ။
Post a Comment