ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက်များသည် ထိရောက်သော ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအပေါ်တည်မှီနေလေသည်။
သိန်းနိုင်
ဘာသာစကားများရှင်သန်မှုမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပေပြီ။ ကမ္ဘာ့ဘာသာစကားပေါင်း ၆၀၀၀ (ခြောက်ထောင်) ကျော်အနက် တ၀က်ခန့် (၅၀ ရာခိုင်နှုန်း)မှာ ပျောက်ကွယ်လုနီးပါးရှိနေပြီး ၄၀ ရာခိုင်နှုန်းမှာ ခြိမ်းခြောက်ခြင်းခံနေရသည်။ ၁၀ ရာခိုင်နှုန်းသာလျှင် ရှင်သန်နိုင်စွမ်းရှိနေ၏။
ဘာသာစကား ခြောက်ထောင်အနက် ၉၆ ရာခိုင်နှုန်းကို ကမ္ဘာ့လူဦးရေ ၄ ရာခိုင်နှုန်းသာပြောဆိုကြလေသည်။ ရာဂဏန်း အနည်းငယ်မျှသော ဘာသာစကားတို့ကို ပညာရေးစနစ်များအတွင်းနှင့် ရုံးသုံးအနေဖြင့် ဂုဏ်သိက္ခာရှိစွာ နေရာပေးထားကြပြီး ဒီဂျစ်တယ် ကမ္ဘာတွင်အသုံးပြုမှုတွင်မူ တစ်ရာအောက်လျော့နည်းလေသည်။
ပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော ဘာသာစကားအများစုကို လူနည်းစု တိုင်းရင်းသားမျိုးနွယ်စုများမှ ပြောဆိုကြသည်။ တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိပါမူ များမကြာမီကာလတွင် ဤဘာသာစကားများနှင့် ယဉ်ကျေးမှုများမှာ ပျောက်ကွယ်ရပါတော့မည်။
သို့ဖြစ်ပါ၍ ယူနက်စကို အထွေထွေ ညီလာခံကြီးမှ “နိုင်ငံတကာ မိခင်ဘာသာစကားများနေ့”ကို သတ်မှတ်ထားရှိပြီး ၂၀၀၁ ခုနှစ်မှစတင်၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၁ ရက်တွေ ကျင်းပပြုလုပ်ပါသည်။ ဘာသာဗေဒ၊ ယဉ်ကျေးမှု မတူကွဲပြားခြားနားမှုနှင့် ဘာသာစကား မျိုးနွယ်စုံကမ္ဘာကြီး ဖြစ်နေစေရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။
တိမ်ကောကွယ်ပျောက်လာနေသော ဘာသာစကားများ
ဘာသာစကားတစ်ခု ကွယ်ပျောက်၊ ဆုံးရှုံးခြင်းနှင့်အတူ ကျွန်ုပ်တို့လူသားမျိုးနွယ်၏ အသိဗဟုသုတ၊ တွေးမြင်သိတတ်မှုနှင့် ရှုမြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းတို့ကိုလည်း အစားမထိုးနိုင်ဘဲ ဆုံးရှုံးရတော့သည်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာသာစကားမှာ အရေးပါလှပေသည်။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကို အောင်မြင်နိုင်ရေးအတွက် ဘာသာစကားဆိုင်ရာကဏ္ဍမှာ ဗျူဟာမြောက်တည်ရှိနေသည်။
ဤရည်မှန်းချက်များတွင် - ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်နိုင်ရေး၊ မူလတန်း ပညာရေး ဆုံးခန်းတိုင်အောင် ကျောင်းနေခွင့်ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်တိုးတက်ရေး၊ ကလေးသေဆုံးမှုလျော့ပါးရေး၊ မိခင်ကျန်းမာရေးတိုးတက်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါတို့ကို တိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လုံးဆိုင်ရာ ဆက်စပ်လုပ်ဆောင်နိုင်ရေး တို့ ပါဝင်သည်။
ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ရှစ်ရပ်ကို ဒေသကြီး ၁၀ ဒေသမှ နိုင်ငံ ၁၉၀ ပါဝင်သည့် နိုင်ငံတကာ အသိုင်းအ၀ိုင်း များမှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်များအတွက် အညွှန်းဘောင်အနေဖြင့်လည်း လက်ခံကျင့်သုံးလျှက်ရှိနေသည်။
ထောင်စုနှစ် ရည်မှန်းချက်များမှ အလွန်အမင်း ဆင်းရဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်တို့အတွက် ဘာသာစကားသည် ရှင်သန် နေထိုင်နိုင်ရန် အလုပ်အကိုင်ရပိုင်ခွင့်၊ လူမှုရေးနှင့် နိုင်ငံရေးဘ၀တို့တွင် ပါဝင်ဆောင်ရွက်ခွင့်၊ အပြန်အလှန်ဆွေးနွေး ပြောဆို ဆက်ဆံနိုင်ရေး တို့နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိနေလေသည်။
ဗဟုသုတ အသိတရားတို့ကို လက်ဆင့်ကမ်းဖြန့်ဖြူးရာဝယ်တွင်လည်း ဘာသာစကားမှာ အဓိကကြားခံဖြစ်နေပြန်သည်။ ထောင်စုနှစ် ရည်မှန်းချက်များဖြစ်သည့် ကလေးအားလုံးမူလတန်းပညာရေးဆုံးခန်းတိုင်ရေး၊ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါ၊ ငှက်ဖျားရောဂါ တို့ကို တုန့်ပြန်လုပ်ဆောင်ရာတွင်လည်း မရှိမဖြစ်လိုအပ်ပါသည်။
ဘာသာစကားမှာ အခြေခံရပိုင်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်၊ ပညာရေးအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပါဝင် ဆောင်ရွက်နိုင်ခွင့်နှင့် သိပ္ပံနှင့် နည်းပညာတိုးတက်မှုအကျိုးတရားများကို ပိုင်ဆိုင်ရရှိရေးတို့ကို ခံစားနိုင်စေရန်အတွက်လည်း အဓိက ကျနေသည်။ ဤအချက်များအားလုံးမှာ ဘာသာဗေဒဆိုင်ရာအချက်အလက်များနှင့် ဆက်စပ်လျက်ရှိနေ၏။
ဘာသာစကားများကို ထိန်းသိမ်းခြင်း
ခြိမ်းခြောက်ခံနေရသော ဘာသာစကားတစ်မျိုးသည် အထင်ကရဖြစ်သော လူမှုအသိုင်းအ၀ိုင်းအတွင်း ပြောဆိုသူတို့၏ လူ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခြင်း၊ တရားဥပဒေဆိုင်ရာ ရပိုင်ခွင့်များကို တိုးမြှင့်နိုင်ခြင်း၊ ရေးသားမှတ်တမ်းတင်နိုင်ခြင်းနှင့် အီလက်ထရောနစ် နည်းပညာတို့ကိုအသုံးပြုနိုင်ခြင်းတို့ ပြုလုပ်နိုင်ပါမူ ရှင်သန်နိုင်စွမ်းရှိမည်။ ပညာရေးစနစ်အတွင်း ခိုင်ခိုင်မာမာ တည်ရှိနေပါက ရှင်သန်မှုအတွက် များစွာ အထောက်အပံ့ဖြစ်စေသည်။
ဘာသာစကားများ ရပ်တည်ရှင်သန်နိုင်စွမ်း (သို့မဟုတ်) တိမ်ကောပျောက်ကွယ်ခြင်းတို့အတွက် ပညာရေးစနစ်မှာ အရေးကြီးသည့် အပိုင်းတွင် ပါဝင်လျက်ရှိနေသည်။ ပညာရေးစနစ်များစွာမှာမူ တိုင်းရင်းသားလူနည်းစုမျိုးနွယ်များနှင့် သူတို့၏ ဘာသာစကားများ အတွက် သင့်တော်ကိုက်ညီမှုမရှိခြင်း ဖြစ်သည်သာမကဘဲ အန္တရာယ်ပင်ရှိနေလေသည်။
ပညာရေးဆိုင်ရာ အောင်မြင်မှုရရှိနိုင်ရန်အတွက်နှင့် ယဉ်ကျေးမှုနှင့် ဘာသာစကားစည်ပင် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ပါ မူကြို၊ မူလတန်းပညာရေးနှင့် အရေးအဖတ်အတွက် အသုံးလုံးပညာရေးတို့မှာ မိခင်ဘာသာစကားဖြင့် လေ့ကျင့်သင်ယူခွင့်ရရှိရန် ကလေးများနှင့် လူကြီးများအတွက်ပါ အရေးကြီးသည်။
အရေးအဖတ်ကို သူတို့နားမလည်သော ဘာသာစကားဖြင့် လေ့ကျင့်သင်ကြားရန်မှာ လူအများစုအတွက် မဖြစ်နိုင်ပါချေ။
ဘာသာစကား ၂ မျိုးသင်ကြားရေးနည်းဗျူဟာမှာ ထိရောက်မှုရှိပြီးလျှင် သင်ယူလေ့လာမှုရလဒ်ကောင်းများကို ရရှိစေသည်။ ဒုတိယဘာသာစကားကို မသင်ကြားသေးမီ ပထမ ဘာသာစကားတစ်မျိုးကို ကျွမ်းကျင်တက်မြောက်သင့်ပါသည်။
အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လူနည်းစုတိုင်းရင်းသားများမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိစေရန်မှာ ကမ္ဘာ့လူ့မှုအသိုင်းအ၀ိုင်းတစ်ရပ်လုံးအနေဖြင့် အားလုံးပါဝင်ဆောင်ရွက်နိုင်ခွင့်ကို လမ်းဖွင့် ထားရှိပေးရပေမည်။
ပညာရေးစနစ်မှ အကျိုးဖြစ်ထွန်းစေရန်အတွက် ရပ်ရွာဒေသလူ့မှုအသိုင်းအ၀ိုင်းများအနေဖြင့် ပညာရေးအစီအစဉ်များကို စီမံ အုပ်ချုပ် ကွပ်ကဲရာနှင့် သင်ကြားသည့် အကြောင်းအရာ၊ သင်ကြားနည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တို့ကို ရရှိသင့်သည်။
ဘန်ကောက်အခြေစိုက် ယူနက်စကို အာရှနှင့် ပစိဖိတ်ပညာရေးအစီအစဉ်တွင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ဆရာဆရာမများ၊ ရပ်ရွာလူ့အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် ငယ်ရွယ်စဉ်ကာလများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခြင်းနှင့် ဘာသာစကား ၂ မျိုးသင်ကြားခြင်းတို့အတွက် ပညာပေးစည်းရုံးလှုံဆော်လျက်ရှိသည်။
မြန်မာနိုင်ငံ ကျောင်းပညာရေး၊ မိခင်ဘာသာစကားနှင့် သင်ရိုးညွှန်းတမ်း
တိုင်းရင်းသားမျိုးနွယ်စုများ အသွေးအရောင်စုံလင်စွာ ထွေပြားလျက်တည်ရှိနေခြင်းကြောင့် ကျောင်းပညာရေးတွင် မိခင်ဘာသာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ထည့်သွင်းသင်ကြားရေးမှာ များစွာ အရေးကြီးလှပါသည်။ လွတ်လပ်ရေးရယူခဲ့စဉ်က အသွေးအရောင်စုံယဉ်ကျေးမှု လူ့အသိုင်းအ၀ိုင်း Multiculturalism နှင့် အသွေးအရောင်စုံ ယဉ်ကျေးမှု ပညာရေးစနစ် Multicultural Education system တို့ကို အမျိုးသားခေါင်းဆောင်ကြီးများမှ တည်ဆောက်ရန် မျှော်မှန်းထားရှိခဲ့ကြသည်။ သို့ရာတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည့် မျက်မှောက် ၂၁ ရာစု ပထမဆယ်စုနှစ် ကုန်ဆုံးတော့မည့် အချိန်အထိ တိုင်းရင်းသားဘာသာစကားများ၊ ရိုးရာယဉ်ကျေးမှုများ၊ သမိုင်းအစဉ်အလာများကို ကျောင်းပညာရေး ပင်မစနစ်အတွင်းနှင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းခြင်း၊ လက်တွေ့ သင်ကြားခြင်းများကို လုပ်ဆောင်နိုင်ခွင့် မရရှိကြသေးပါ။ ဤသည်မှာ တိုင်းရင်းသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံး နစ်နာနေသည့် အခြေအနေဆိုးလည်းဖြစ်သည်။ အခြေခံပညာရေးအဆင့်တိုင်းတွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ၃ ဘာသာ သင်ကြားရေးမူဝါဒကို တစ်နိုင်လုံးတွင် အကောင်အထည် ဖော်ဆောင်သင့်ပါသည်။ မိခင်ဘာသာစကား၊ (တိုင်းရင်းသားဘာသာစကား)၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို အတန်းအဆင့်၊ အသက်အရွယ်နှင့် နယ်မြေဒေသအလိုက် အချိုးညီမျှစွာ ထည့်သွင်းသင်ကြားနိုင်ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် အခြားသော ယဉ်ကျေးမှုစုံလူ့အဖွဲ့အစည်းများအတွင်း ကျင့်သုံးသည့် ဒီမိုကရေစီပညာရေးစနစ်တို့မှာ များစွာ အားကျ အတုယူဖွယ်ရာဖြစ်ပါ၏။ ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေး၊ သိမြင်ခံစားနိုင်ရေး၊ ကလေးသူငယ်အခွင့်အရေးများရရှိစေရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ် တည်ဆောက်နိုင်ရေး တို့အတွက် ဘာသာစကားများသင်ကြားရေးဆိုင်ရာ မူဝါဒအသစ်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ လိုအပ်နေပါသည်။
သိန်းနိုင် (မြန်မာကျောင်းဆရာ)
Sunday, August 9, 2009
ရှင်သန်ခြင်း၊ ဘာသာစကားနှင့် ကျောင်းပညာရေး |
ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန် |
ပညာရေးနှင့် အချစ်စစ်၊ အချစ်မှန်
(ခရစ်ရှနားမူတီး၏ “ပညာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်” On Education by Krichnamurti)
ဆရာကြီးပါရဂူ ဘာသာပြန် “ဘ၀ မီးတိုင်” စာအုပ်မှ ကောက်နုတ်ချက်
--- ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။ -----
---
အပြုအမူ
လူ့ဘ၀မှာ ပတ်ဝန်းကျင်က လှုံ့ဆော်မှု မပြုလုပ်တဲ့ အပြုအမူကို ရှာရခြင်းသည် အကြီးမားဆုံး အခက်အခဲတစ်ခုဖြစ်တယ်။ မည်သည့် နည်းနှင့်မဆို ပြုလုပ်တဲ့ အပြုအမူတစ်ခုကို လှုံ့ဆော်တဲ့ ဖိအားပေးတဲ့အရာဟာ လူနှင့် ပတ်ဝန်းကျင်ဖြစ်တယ်။ မိမိလှုပ်ရှားပုံ လှုပ်ရှားနည်း၊ မိမိ စားပုံစားနည်း၊ မိမိစကားပြောပုံပြောနည်း၊ မိမိစာရိတ္တ၊ မိမိ၏ ကျင့်ဝတ်ဆိုင်ရာ အပြုအမူသည် မိမိကိုယ်ကို တွေ့တဲ့နေရာမှာ အခြေတည် နေကြတာဖြစ်တဲ့အတွက် မိမိ၏ အပြုအမူဟာ အမြဲတစေ ပြောင်းလဲနေတယ်။ အပြောင်းအလဲ ဖြစ်နေတယ်။ တစ်ကြိမ်နှင့် တစ်ကြိမ် တူတာမဟုတ်ဘူး။
ကိုယ့်အဖေကိုပြောတဲ့ စကားနှင့် အသံ၊ ကိုယ့်အမေကို ပြောတဲ့စကားနှင့် အသံ၊ ကိုယ့်အိမ်ဖော်ကို ပြောတဲ့ စကားနှင့် အသံ တစ်ခုနှင့် တစ်ခု မတူကြဘူး။ ကွဲပြားခြားနားနေတယ်။ ပြုမူပုံ ပြုမူနည်းအပေါ်မှာ ပတ်ဝန်းကျင်သြဇာ အရှိန်အ၀ါ လွှမ်းမိုးတဲ့ အတွက် အပြုအမူကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး လူတွေဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာ မှန်းဆကြရင် မှန်းဆကြည့်လို့ ရသလောက်နီးပါး ဖြစ်တယ်။
ဘယ်လိုပတ်ဝန်းကျင်မျိုးကြောင့်ဖြစ်ဖြစ် မိမိ တစ်မျိုးတည်းသော အပြုအမူကို မိမိပြုမူနိုင်ရဲ့လားလို့ မိမိကိုယ်ကို မေးကြည့်နိုင်ပါ့ မလား၊ မိမိ၏ အပြုအမူသည် မိမိကိုယ်တွင်းမှ ဖြစ်ပေါ်လာပြီး မိမိနှင့် ပတ်သက်ပြီး လူတွေထင်ကြတာတွေ၊ မြင်ကြတာတွေ အပေါ်မှာ အခြေမခံဘူးလို့ ထင်သလား။ မိမိကိုယ်တွင်းမှာလည်း အမြဲတစေ ပြောင်းလဲမှု ရှိနေတယ်။ ယနေ့ မိမိသည် မနေ့က မိမိမဟုတ်တော့ဘူး။ မိမိ၏ ပြုမူပုံပြုမူနည်းဟာ တခြားလူတွေ၏ လှုံ့ဆော်ချက် သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေး ခံယူချက်များ၏ လှုံ့ဆော်ချက်ကြောင့် မဟုတ်ဘူးဆိုတဲ့ အကြောင်းကိုကော ပတ်ဝန်းကျင်အပေါ်မှာ အခြေမခံဘူးဆိုတဲ့ အကြောင်းကိုကော ရှာကြည့်နိုင်ပါ့မလား။ ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိရင်ရှာကြည့်နိုင်ကောင်း ရှာကြည့်နိုင်ပါလိမ့်မယ်။
ချစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆို သိကြရဲ့လား။ လူတွေကို ဘယ်လိုချစ်ရသလဲဆိုတာ သိကြရဲ့လား။ သစ်ပင်ကလေးကို ရှင်သန်အောင်လုပ်တာ၊ ခွေးကို သန်းမတွယ်အောင် ၀ှက်မှင်ဘီးနဲ့ ဖီးပေးပြီး အစာကျွေးတာတွေဟာ သစ်ပင်ကို သံယောဇဉ် တွယ်နေတာ မဟုတ်လား၊ ခွေးကို သံယောဇဉ်တွယ်နေတာ မဟုတ်လား။ လမ်းသွားရင် လမ်းမှာ ဘယ်သူမှ သတိမပြုမိတဲ့ သစ်ပင်ကို သတိပြုမိတဲ့လူ ရှိရဲ့လား။ ဘယ်သူမှ အဲဒီသစ်ပင်ကို ရေးကြီးခွင်းကျယ် လုပ်မနေဘဲ ဖြတ်သွား၊ ဖြတ်လာ လုပ်ကြတာသာများတယ်။ အဲဒီသစ်ပင်ဟာ ဥယျာဉ်ထဲမှာ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့သစ်ပင်နဲ့ မတူဘူးလား။ အကြီးအကျယ် ခြားနားနေတယ်။ နေပူတဲ့အခါ အရိပ်သွားခိုနေရတဲ့ သစ်ပင်နဲ့လည်း မတူဘူး။ မိမိရေလောင်းတဲ့၊ မြေသြဇာကျွေးတဲ့၊ အကိုင်းနှင့် အရွက်များကို ကြည့်လိုလှအောင် ကတ်ကြေးနဲ့ ကိုက်ပေးတဲ့၊ ညှပ်ပေးတဲ့၊ မိမိခြံထဲက သစ်ပင်နဲ့လမ်းဘေးမှာ ပေါက်နေတဲ့ သစ်ပင်ယှဉ်လို့ဘယ်ဖြစ်မလဲ။ ဆွမ်းဆန်နဲ့ ကြွက်ချေးကွာဝေးသလို ကွာဝေးတယ်။
အရေးတယူ အလေးမူခြင်းဟာ ချစ်ခြင်းရဲ့ အစဖြစ်တယ်။ အရေးတယူ အလေးမူလေလေ စိတ်ပါဝင်စားမှု ရှိလာလေလေဖြစ်တယ်။ ချစ်ခင်ခြင်း၊ ငဲ့ညှာခြင်း၊ စာနာခြင်း၊ ထောက်ထားခြင်းများလည်း ဖြစ်လာတယ်။ အဲဒီလိုချစ်ခြင်းမျိုး ပေါ်လာတဲ့အခါ အပြုအမူဟာ ချစ်ခြင်းရဲ့ စေစားခြင်းကိုခံရပြီး လူနှင့် ပတ်ဝန်းကျင်ကို အမှီသဟဲ မပြုတော့ဘူး။ အဲဒီချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ မလွယ်ကူဘူး။ မိမိအပေါ် လူတွေ ကိုယ်ချင်းစာနာ၊ ငဲ့ညှာထောက်ထားသလား။ မိမိနှင့် စကားပြောဆိုတဲ့အခါ မာရေကြောရေနဲ့ ပြောသလား၊ မချေမငံ ပြောသလား ဆိုတာတွေကို လေ့လာပြီး တကယ့်ချစ်စိတ်နှင့် ချစ်ခြင်းမျိုးကို ရှာဖို့ဆိုတာ အလွန်ခက်တယ်။
ကလေးတွေမှာ အဲဒီသဘောမျိုးရှိတာကို တွေ့ရတယ်။ ကလေးသူငယ်များဟာ ကလေးချင်းလည်း တည့်ကြတယ်။ လူကြီးများနှင့် ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ ခွေးကလေးများကို ချစ်တယ်။ ဘယ်သူ့ကိုမဆို တွေ့ရင် ပြုံးပြတာက များတယ်။ ဒါပေမဲ့ ကြီးလာတဲ့အခါကျတော့ အဲဒီအကျင့်တွေ ပျောက်သွားတယ်။ အဲဒါကြောင့် ဘ၀တစ်လျှောက်လုံးမှာ အချစ်စစ် အချစ်မှန်ရှိဖို့ဆိုတာ အခက်အခဲဆုံး တစ်ခုဖြစ်တယ်။ အချစ်စစ် အချစ်မှန်မရှိရင်လည်း ဘ၀ဆိုတာ အနှစ်သာရ လုံးဝမရှိတော့ဘူး။ သားသမီးတွေ ရှိချင်ရှိမယ်။ အိမ်ကြီးရခိုင်နဲ့ နေချင်နေရမယ်။ ကားပိုင်ရှင်ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်မယ်။ အခြားအဆင်ပြေစရာတွေ ဇိမ်ခံပစ္စည်းတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အချစ်စစ်၊ အချစ်မှန် မရှိဘူးဆိုရင် အချစ်စစ် အချစ်မှန် မရှိတဲ့ ဘ၀ဟာ ရနံ့မရှိတဲ့ပန်းနဲ့ ဘာမှခြားနားမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်အဆင့် ရောက်ရှိလာတာဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တကယ့်တကယ် ပီတိဆိုတာလဲ အချစ်စစ် အချစ်မှန်ကလာတာဖြစ်တယ်။
ဣသာမစ္ဆရိယ ရှိတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်မှုတို့ အမျက်ဒေါသတို့ ပေါက်ဖွားလာတယ်။ အမျက်ဒေါသမရှိမှ ဣသာမစ္ဆရိယ မရှိမှ မျှော်မှန်းချက် ကြီးကြီးကျယ်ကျယ်မရှိမှ အချစ်ပန်းပွင့်လန်းလာနိုင်တယ်၊ တည်ရှိလာနိုင်တယ်။ အချစ်မရှိတဲ့ ဘ၀ဟာ ကြပ်တီးမြေဖြစ်တယ်။ လွင်တီးခေါင်ဖြစ်တယ်။ ဒါပေမဲ့ အချစ်ရှိလာတဲ့ အခါကျတော့ စိမ်းလန်းစိုပြေတဲ့ အလှပန်းများပွင့်နေတဲ့မြေ ဖြစ်လာတယ်။ အဲဒီအခြေအနေများကို လုလင်ငယ်သွေး အချိန်မှာသာ လေ့လာလို့ရတယ်။ အသက်အတော်ကလေး ရလာတဲ့အခါကျတော့ အချိန်နှောင်းသွားပြီ။ လူ့ဘောင်အဖွဲ့အစည်း၊ သားမယား၊ အလုပ်တာဝန်များ၏ အကျဉ်းသား ဖြစ်သွားပြီ။ လူတွေ စောင့်ဆိုင်းနေတာ၊ မဖြစ်စေလိုတဲ့အတွက် မိမိအတန်းကို အချိန်မှန်မှန် တက်နိုင်ရဲ့လား။ မိမိကို စောင့်ကြည့်နေတဲ့လူတွေနဲ့ အတူ နေရတဲ့အချိန်မှာ အော်ကျယ်ဟစ်ကျယ် ပြောနေတာကို ရပ်ပစ်လို့ ရပါ့မလား။
အချစ်စစ် အချစ်မှန် ဆိတ်သုဉ်းသွားတဲ့ အပြုအမူတွေဟာ၊ အပေါ်အပယိကများသာဖြစ်ပြိး အဓိပ္ပါယ် ဘာမှရှိမှာ မဟုတ်ဘူး။ အချစ်စစ် အချစ်မှန်နှင့် စာနာမှု ရှိလာလျှင်တော့ အဲဒီ စိတ်သဘောတရားများကတစ်ဆင့် သူတစ်ပါးအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေ ပေါက်ဖွားဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီအပြုအမူတွေဟာ မိမိကိုယ်ကျိုးကြည့်တာက နည်းတယ်။ ဘ၀မှာ ပြုလုပ်ဖို့ အခက်ခဲဆုံးတစ်ခုလည်းဖြစ်တယ်။ မိမိကိုယ်ကျိုး မကြည့်တဲ့လူဟာ အမှန်တကယ် လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။ ကောင်းကင်ကို၊ တောင်တွေကို၊ ရေကို၊ ငှက်တွေကို၊ ပန်းပွင့်တွေကို သစ်လွင်လန်းဆန်းတဲ့ စိတ်နှလုံးသားနှင့် အချစ်စစ် အချစ်မှန် အနက်အဓိပ္ပါယ် နှင့် ကြည့်လို့ရတယ်။
Saturday, July 25, 2009
မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့ |
ရေးသားသူ - S.S
အောက်ပါဆောင်းပါးကို သံလွင်အိပ်မက် ၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် တွင် ဖော်ပြပြီးဖြစ်သည် ။
ရှေးလူကြီးတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ပညာရွှေအိုး လူမခိုး” တဲ့။ ဒါပေမယ့် ချွတ်ခြုံကျလာတဲ့ မြန်မာပြည် ပညာရေးစနစ်ကြောင့် စာရွက် တစ်ရွက်သာသာ ဖြစ်လာတဲ့ ဘွဲ့လက်မှတ်တွေကြား မြန်မာပြည်ရဲ့ မျိုးဆက်သစ်တွေကို ပေးဖို့ ပညာရွှေအိုးတွေ ပျောက်ဆုံးနေသလို ဖြစ်လာပါတယ်။ အဲဒီအခါ အဲလိုအခြေအနေက ဖောက်ထွက်ပြီး မျိုးဆက်သစ်တွေအတွက် တိုးတက်ရာ လမ်းစတွေ ဘယ်လိုရှာကြမလဲ ဆိုတဲ့ မေးခွန်းဟာ အရေးကြီးလာပါတယ်။
ပထမဆုံး တွေးရမယ့်အချက်ကတော့ ပညာဆိုတာကို ဘယ်လို ပိုင်းဖြတ်မလဲ ဆိုတာပါပဲ။ ပညာလို့ဆိုရာမှာ အတန်းပညာကိုပဲ ရည်ညွန်းတော့မလား ဘ၀က ပေးတဲ့ပညာကိုရော ထည့်သွင်းစဉ်းစားမလား။ ပညာရေးစနစ် ကျဆင်းနေတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေရဲ့ တိုးတက်ရာလမ်းစဟာ အတန်းပညာ ဆိုတာနဲ့ ဘယ်လောက်သက်ဆိုင်နေသေးသလဲ။ တိုးတက်ရာ လမ်းစရှာဖို့ တခြား ဘာတွေ လိုအပ်သေးသလဲ။
လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အကြီးဆုံးသူတွေကတော့ အသိဥာဏ်မဲ့တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့ နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီ အိုဗာစထရိ (Harry Overstreet) က ကောက်ချက်ချဖူးပါတယ် ။ သူကောက်ချက်ချသလိုပဲ နောင်တချိန်ကျရင် လူကြီးဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့မျိုးဆက်သစ်တွေအတွက် အတန်းပညာက ပေးတဲ့ ပညာဥာဏ် သာမက အသိဥာဏ် ရှိဖို့ဆိုတာလည်း လိုအပ်ပါတယ်။ အဲဒီနှစ်ခုလုံးနဲ့ ပတ်သက်နေတဲ့အရာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ် ။
ပညာရေးသုတေသနပိုင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အတန်းပညာအရည်အသွေးတို့ကို လေ့လာတဲ့အခါ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ် (academic motivation) ဟာ အရေးပါတယ်ဆိုတဲ့ အကြောင်းကို တွေ့ရှိလာကြပါတယ်။ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပ အကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာ သင်ယူလိုစိတ်ကတော့ မိဘဆရာတွေက သင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင် အပြစ်ရှိသလို ခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ပိုရှိတဲ့ ကျောင်းသားဟာ အတန်းပညာကို ပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံ တွေ့ရှိကြပါတယ်။
နိုင်ငံတကာကကျောင်းတွေမှာ သင်ခန်းစာတွေကို ကျောင်းသားတွေစိတ်ဝင်စားအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့အချက်က သင်ခန်းစာတွေ ပြင်ဆင်တဲ့အခါ အမြဲအလေးထားစဉ်းစားတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ကျောင်းသားတိုင်းအတွက် သင်ခန်းစာတိုင်း ဘာသာရပ်တိုင်းဟာ စိတ်ဝင်စားစရာဖြစ်ဖို့ ခဲယဉ်းပေမယ့် အနည်းဆုံး တချက်တလေတော့ စိတ်ဝင်စားစရာ ဆိုတာမျိုး ရှိသင့်ပါတယ် ။ အဲလိုဖြစ်ဖို့ လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ သင်ခန်းစာတွေကို ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အပြင်လောကနဲ့ ဆက်စပ်ပြီး သင်ကြားတဲ့နည်းပါပဲ။ ကျောင်းသားတိုင်းဟာ သူတို့ သင်ကြားနေရတဲ့စာတွေကို အပြင်လောကမှာလည်း အသုံးပြုလို့ရပါလား ဆိုတဲ့အချက်ကို မြင်လာတဲ့အခါ အဲဒီသင်ခန်းစာမှာ စိတ်ဝင်စားမှု အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကို သုံးပြီးဖြစ်စေ၊ လေ့လာရေးခရီး အနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ်၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ် ၊ အဲလို ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကို အမြဲမှတ်ဝင်သွားနိုင်မယ့် သင်ကြားနည်းမျိုးကို သုံးသင့်ပါတယ်။ အဲလိုမှသာ ကျောင်းသားတွေဟာ သင်ခန်းစာတွေကို စာမေးပွဲအောင်ဖို့ပဲ ကျက်မှတ်နေတာ မဟုတ်တော့ဘဲ ခေါင်းထဲမှာ သူ့အလိုလို စွဲသွားတာမျိုး ဖြစ်ပါမယ်။
ပညာသင်ကြားရေးပိုင်းမှာ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို ဆက်ဆံတဲ့အခါ ကိုယ်တိုင် ကျင်လည်ခဲ့ဖူးတဲ့အခြေအနေ ပုံစံမျိုးနဲ့ မချဉ်းကပ်ဘဲ လူငယ်တွေရဲ့ သဘောသဘာဝ စရိုက်ကို နားလည်အောင် ကြိုးစားသင့်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာထက် မျိုးဆက်သစ်တွေကို ကိုယ်ပိုင်တွေးတော လေ့လာနိုင်တာမျိုး ဖြစ်အောင်လည်း လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုလုပ်ဖို့အတွက် ဆရာ၊ ဆရာမတွေဟာ သင်ခန်းစာတွေကို ရှုထောင့်အမျိုးမျိုးက မြင်နိုင်ဖို့ ပိုလေ့လာရမယ်။ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကိုလည်း အမြဲစိတ်ဝင်တစား နားထောင်ပြီး သူတို့နဲ့ အပြန်အလှန် ဆွေးနွေးပေးရပါမယ်။ အဲလိုလုပ်လိုက်တာဟာ ဆရာနဲ့ တပည့်တွေကြား လေးစားသမှု လျော့နည်းတယ်လို တချို့က ထင်မှတ်ကြပါတယ်။ တကယ်ကတော့ ဘယ်အရာမဆို လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ရှုထောင့် မြင်ပုံချင်း မတူတတ်ကြပါဖူး ။ ဒါကြောင့် ဆရာနဲ့ ကျောင်းသားကြားမှာလဲ အဲလို ရှုထောင့်မတူတာ သဘာဝပါပဲ။ အဲလို မတူညီတဲ့ ရှုထောင့်တွေကို ဆုံမှတ်တစ်ခုဖြစ်နေတဲ့ သင်ခန်းစာဆီကို ဘယ်လိုပြန်ဆွဲခေါ်မလဲ ဘယ်လို ပြန်ဆက်စပ်မလဲ ဆိုတာကတော့ ဆရာတစ်ယောက်ရဲ့ စာသင်ကြားနိုင်တဲ့ အရည်အချင်း ၊ ဘာသာရပ်အပေါ် သိကျွမ်းနားလည်တဲ့ အရည်အချင်းပေါ်မှာ အများကြီး မူတည်ပါတယ် ။
အဲလိုတွေလုပ်ရင်ရော ဘယ်လိုအကျိုးရှိနိုင်သလဲလို့ မေးစရာဖြစ်လာပါတယ်။ အဲလိုလုပ်တဲ့အခါ ကျောင်းသားတွေဟာ သူတို့ သင်ယူနေတဲ့အရာတွေကို ရှုထောင့်အမျိုးမျိုးက ကြည့်တတ်လာမယ်။ အရာတိုင်းမှာ ရှုထောင့်တစ်ခုတည်းမဟုတ် ဆိုတဲ့အချက်ကို လက်ခံလာနိုင်မယ်။ တပုံစံတည်း သမားရိုးကျ မဖြစ်တဲ့အတွက် စိတ်ဝင်စားမှုလည်း ပိုရှိလာနိုင်ပါတယ်။ သင်ယူနေတဲ့ အရာပေါ်မှာ စိတ်ဝင်စားမှု ပေါ်လာတဲ့အခါ အထက်က ဖော်ပြခဲ့တဲ့ အတွင်းစိတ်က ဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ကိန်းအောင်း သွားပါလိမ့်မယ် ။ အဲဒါရဲ့နောက်ဆက်တွဲကတော့ အတန်းပညာကို ပိုကောင်းမွန်အောင် သင်ယူလာနိုင်ပါမယ်။
အဲလို မျိုးဆက်သစ်ကျောင်းသားတွေကို ရှုထောင့်အမျိုးမျိုးကနေ မေးခွန်းထုတ်တာကို အားပေးသင့်ပေမယ့် တချိန်တည်းမှာ ဆရာသမားကို ရိုသေလေးစားတတ်တဲ့စိတ်၊ တဖက်က အချက်အလက်ကျကျနဲ့ ဆွေးနွေးတာကို နားထောင်တတ်တဲ့ စိတ်မျိုးတွေ ရှိပြီး ကိုယ့်ရှုထောင့်ကပဲ မှန်တယ်ဆိုပြီး တဇွတ်ထိုး အငြင်းပွားတတ်တဲ့ စိတ်မျိုး ဖြစ်မလာအောင်လည်း အသိဥာဏ်ပိုင်းမှာ သွန်သင်ဆုံးမရပါမယ် ။
အသိဥာဏ်နဲ့ ပတ်သက်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း မျိုးဆက်သစ်တွေအတွက် အများကြီး လမ်းညွှန်စရာတွေ ရှိနေပါတယ်။ အင်တာနက်အပါအ၀င် ခေတ်ရေစီးကြောင်းပေါ် လိုက်ပါလာနေကြတဲ့ ခေတ်လူငယ်တွေဟာ ခေတ်နဲ့အတူမှီအောင်လိုက်ရင်း လမ်းလွဲမသွားကြဖို့ အရေးကြီးပါတယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာရေးပိုင်းတွေကို ကျောင်းသားတွေ သိနားလည်အောင်၊ လူသားခြင်းအပေါ် စာနာထောက်ထား ကူညီတတ်တဲ့စိတ်မျိုး ကိန်းအောင်းလာအောင် ကျောင်းတွေမှာ Civic & Moral Education ဆိုတဲ့ ဘာသာရပ်မျိုးကို ထည့်သွင်းသင်ကြားပေးဖို့ လိုအပ်ပါတယ်။ အဲလိုဘာသာရပ်ဟာ ငယ်ရွယ်တဲ့ မူလတန်းအရွယ်ကျောင်းသားတွေအတွက် အထူးပိုလိုအပ်သလို အလယ်တန်း အထက်တန်းကျောင်းသားတွေ အတွက်လည်း လိုအပ်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုအကြောင်းကို သေချာသိရှိနားလည်မှုမရှိခဲ့ရင် မျိုးဆက်သစ်တွေဟာ တခြားလူမျိုး ယဉ်ကျေးမှုအကြောင်းတွေကို သေချာ ခွဲခြားစိတ်ဖြာပြီး နားလည်နိုင်မယ့် အရည်အချင်းမျိုး လျော့နည်းသွားပါလိမ့်မယ်။ အဲဒီအခါ ဘယ်လိုအရာက ကိုယ်နဲ့သင့်တော်တယ်ဆိုတာကို စဉ်းစားတွေးတောမှု မရှိဘဲ အတုယူ မှားနိုင်ပါတယ်။ ဒါကြောင့် အဲလိုဘာသာရပ်မျိုးဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်ပိုင်းကို မြှင့်တင်ပေးဖို့ အထူး လိုအပ်ပါတယ်။
ကလေးအရွယ်မှာသာ မူရင်း စူးစမ်းလိုစိတ်ကြောင့် အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ရှိတတ်ကြပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ သင်ယူရတဲ့ ဘာသာရပ်တွေ ခဲယဉ်းလာတာနဲ့အမျှ အဲလို အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ပညာသင်ယူလိုစိတ်မျိုး ရှိအောင် လုပ်ဖို့ ခဲယဉ်းပါတယ်။ အဲလိုအချိန်မှာ အနည်းဆုံးတော့ ပြင်ပ အကြောင်းအချက်တွေကြောင့် ဖြစ်နိုင်တဲ့ ပညာသင်ယူလိုစိတ်မျိုး (extrinsic motivation) ပေါ်လာအောင်တော့ လုပ်ရပါမယ်။ အထက်မှာ ဖော်ပြထားတဲ့ ပြင်ပအကြောင်းအချက်သုံးခုထဲမှာ အတန်းပညာရရင် ဘ၀တက်လမ်း ရှိနိုင်တယ်လို့ ယုံကြည်တဲ့ စိတ်မျိုး ကျောင်းသားတွေရဲ့စိတ်ထဲ အမြဲကိန်းအောင်းနေဖို့ အရေးကြီးပါတယ်။
ဘ၀မှာ အတန်းပညာရဲ့အရေးပါတဲ့ အကြောင်း တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ဗဟုသုတလည်း ဖြစ်အောင် အတုလည်းယူနိုင်အောင် ပြောပြသင့်ပါတယ်။ ဥပမာအဖြစ် … Oprah Winfrey ရဲ့ ဇာတ်လမ်းကို ကြည့်မယ်ဆိုရင် သူဟာ ဆင်းရဲပြီး အိမ်ထောင်ကွဲနေကြတဲ့ မိဘနှစ်ပါးဆီကနေ မွေးဖွားလာပေမယ့် အတန်းပညာပိုင်းမှာ ထူးချွန်တဲ့အတွက် နောက်ပိုင်းမှာ ကျောင်းဆက်တက်ဖို့ စကောလားရှစ်တွေ ရခဲ့ပါတယ်။ သူမရဲ့အောင်မြင်မှုကို သတိထားမိတဲ့ ရေဒီယိုအသံလွှင့်ဌာန တစ်ခုက သူမကို အလုပ်ပေးခဲ့ပါတယ် ။ နောက်ပိုင်းမှာ သူမဟာ တီဗွီသတင်းဌာနမှာ ပထမဆုံးသော အသက်အငယ်ဆုံး လူမည်းအမျိုးသမီးအဖြစ် သတင်းကြေညာသူအဖြစ် ခန့်ထားခြင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာ အောင်မြင်ကျော်ကြားတဲ့ talk show host ဖြစ်လာတဲ့အပြင် ကမ္ဘာ့ အချမ်းသာဆုံး လူများစာရင်းထဲမှာလည်း စာရင်းဝင်ခဲ့ပါတယ်။ တကယ်လို့သာ သူမဟာ အတန်းပညာမှာ မထူးချွန်ခဲ့ဘူးဆိုရင် သူမရဲ့ ဘ၀တက်လမ်းအတွက် လမ်းစတွေဖွင့်လာဖို့ ခဲယဉ်းပါမယ်။ နောက်ဇာတ်လမ်းတစ်ခုကတော့ Liz Murray ဆိုသူပါပဲ။ သူမဟာ HIV ရှိနေတဲ့ မူးယစ်ဆေးဝါးတွေစွဲနေတဲ့ မိဘတွေက မွေးဖွားလာခဲ့ပါတယ်။ သူမပတ်ဝန်းကျင်မှာ ဟစ်ပီလူမျိုးတွေ ပြည့်ကျပ်နေခဲ့ပြီး သူတို့ဘ၀တွေရဲ့ ပျက်စီးယိုယွင်းမှုတွေကိုကြည့်ပြီး သူမက သင်ခန်းစာယူတတ်ခဲ့တယ်။ ဒါကြောင့် အဲလို ဘ၀မျိုးကနေ လွတ်မြောက်ဖို့ အတန်းပညာကို ကြိုးစားသင်ယူခဲ့တဲ့အတွက် နောက်ဆုံးမှာ ဟားဗတ်တက္ကသိုလ်ကို ရောက်ရှိနိုင်ခဲ့ပါတယ် ။
အတန်းပညာကို ယူရာမှာ ဇွဲမလျှော့တဲ့ စိတ်ဓာတ်ရဲ့အရေးပါမှုကို သာဓကပြရရင် စင်္ကာပူနိုင်ငံက Dr. William Tan ဆိုတဲ့သူကို ရည်ညွန်းရပါမယ်။ သူဟာ အသက် ၂ နှစ်သား အရွယ်တည်းက ပိုလီယိုကြောင့် ခါးကနေပြီး အောက်ပိုင်းသေခဲ့ရတယ်။ သူ့ရဲ့ အစ်မအကြီးဆုံးက သူ့ကို ကျောင်းကို အမြဲချီပို့ပေးပြီး ကျောင်းဆက်တက် စေခဲ့တယ်။ နောက်ဆုံးမှာ သူဟာ စကောလားရှစ်ရပြီး ဆရာဝန်တယောက် ဖြစ်တဲ့အထိ ထူးချွန်ခဲ့တယ်။ အောက်ပိုင်းသေနေတဲ့ အချက်ကို အလျှော့ မပေးဘဲ ဘီးတပ်ကုလားထိုင်ကို သုံးပြီး မာရသွန်တွေမှာ ဆက်တိုက် အပြေးဝင်ပြိုင်ခဲ့တယ်။ နိုင်ငံတကာကို သွားပြီးတော့လည်း ဟောပြောပွဲတွေ လုပ်သလို လူမှုရေး အကူအညီ အဖွဲ့တွေ အတွက်လည်း ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့တယ်။ သူဟာ တကယ်လို့သာ ပိုလီယိုကြောင့် စိတ်ဓာတ်ကျပြီး ဘ၀မှာ အံတုလို့ ဇွဲရှိရှိနဲ့ မကြိုးစားခဲ့ရင် ခုလို အခြေအနေ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
တချို့လူငယ်တွေဟာ ပြည်ပထွက်နိုင်မှပဲ ဘ၀မှာ ပညာတွေရပြီး ဘ၀တက်လမ်းမြင့်မယ်လို့ မြင်တတ် ကြပါတယ်။ တကယ်ကတော့ ပညာဆိုတာ ဘယ်နေရာမှမဆို ယူတတ်ရင် ရပါတယ်။ ပညာဆိုရာမှာ အတန်းပညာသာမက ဘ၀ပညာဆိုတာလည်း ရှိပါသေးတယ်။ ဘ၀ပညာ ဆိုတာကတော့ လက်တွေ့ လေ့လာဆည်းပူးပြီး ရရှိနိုင်တဲ့ လက်မှုပညာ၊ အတတ်ပညာ စသည်တို့ပဲ ဖြစ်ပါတယ်။ ဥပမာတစ်ခု ပြောရရင်တော့ … မလေးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံမှာ လာအခြေချနေထိုင်တဲ့ David Gan ဆိုသူဟာ စာတောင် မဖတ်တတ် မရေးတတ်ပါဘူး။ ဒါပေမယ့် သူဟာ ဆံပင်ညှပ်တဲ့ ပညာကို ကြိုးစားသင်ယူခဲ့တယ် နောက်ပြီး အဲဒီအပိုင်းမှာလည်း ထူးချွန်အောင် ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ စင်္ကာပူနိုင်ငံက နာမည်ကြီး မင်းသမီးတွေရဲ့ ပင်တိုင်ဆံပင်ညှပ်ပေးသူ ဖြစ်လာပြီး ကိုယ်ပိုင်စီးပွားရေးနဲ့ အတူ ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာပါတယ်။
အဲလိုဆို အတန်းပညာဟာ အရေးမပါတော့ဘူးလားလို့ မေးစရာဖြစ်လာနိုင်ပါတယ်။ David Gan ဟာ ဆံပင်ညှပ်သူတွေ အများကြီးထဲမှာ ထူးချွန်ခဲ့တဲ့ အတွက်ကြောင့် ခုလို အခြေအနေဖြစ်လာတယ်။ အထက်မှာ ဖော်ပြထားတဲ့ Oprah Winfrey, Liz Murray, Dr. William Tan တို့ဟာ အတန်းပညာမှာထူးချွန်ခဲ့လို ဘ၀မှာ အောင်မြင်မှုတိုးတက်မှုကို ရရှိသွားတယ် ။ ဒါကြောင့် အတန်းပညာဟာ အရေးပါသလို ဘ၀ပညာကလည်း အရေးပါပါတယ်။ ဘယ်ပညာမဆို ထူးချွန်ဖို့က အဓိကပါ။
တကယ်တော့ ဘ၀ဆိုတာဟာ မပြီးဆုံးနိုင်တဲ့ ပညာတွေကို ရှာဖွေနေရတဲ့ နေရာတစ်ခုလိုပါပဲ။ ဒါကြောင့် တစ်သက်တာ သင်ယူရေး (lifelong learning) ဆိုတာကို လူတွေ လက်ခံလာကြပါတယ်။ ဘ၀တစ်သက်လုံး ကျောင်းတက်ပြီး သင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ ဒါကြောင့် နိုင်ငံတကာရဲ့ ပညာရေးစနစ်တွေမှာ ကျောင်းသားတွေကို ဘ၀တသက်တာတွက် ကိုယ့်ဘာသာ ဗဟုသုတ ပညာတွေကို ဘယ်လိုသင်ယူရမယ်ဆိုတဲ့ နည်းလမ်းတွေ ဘယ်လိုသင်ယူသင့်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို အားပေးပြီး ကျောင်းမှာတည်းက လေ့ကျင့်စေကြပါတယ်။
အဲဒီနည်းလမ်းတွေထဲက တစ်ခုကတော့ အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာပါပဲ။ အင်တာနက်ဆိုတာ ကမ္ဘာတ၀ှမ်းမှာ ကျယ်ပြန့်လာသလို မြန်မာနိုင်ငံမှာလည်း အင်တာနက်ဆိုတာ ရှိလာပါတယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို ညွန်ပြရာမှာ အင်တာနက်ကိုသုံးပြီး ဗဟုသုတအချက်အလက်တွေ အတန်းပညာရေးပိုင်းနဲ့ ပတ်သက်တဲ့ အထောက်အကူတွေ ကို ဘယ်လိုရှာရမယ် ဆိုတာတွေ ပြသပေးသင့်ပါတယ်။ နောက်ပြီး စာသင်ကြားတဲ့အခါမှာလည်း အင်တာနက်ပေါ်က ရနိုင်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို သင်ခန်းစာ အထောက်အကူအဖြစ် သုံးနိုင်ပါတယ်။ နောက်ပြီး ကျောင်းသားတွေကိုလည်း နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေနဲ့ အင်တာနက်မှာ စကားပြော အသိအကျွမ်း ဖြစ်ကြရင်တောင် သူတို့ရဲ့ ဘ၀အတွေ့အကြုံ ကျောင်းတက်နေတဲ့သူဖြစ်ခဲ့ရင် ကျောင်းရဲ့ အတွေ့အကြုံတွေကို ဗဟုသုတရအောင် လေ့လာသင့်တဲ့အကြောင်း သတင်းဝက်ဆိုဒ်တွေ ဖတ်ပြီးတော့ မျက်စိပွင့် နားပွင့်ဆိုတာမျိုး ဖြစ်စေတဲ့အကြောင်း ရှင်းပြသင့်ပါတယ်။
တကယ်တော့ သေချာပြန်စဉ်းစားမယ်ဆိုရင် ယိုယွင်းလာတဲ့ ပညာရေးစနစ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေအတွက် တိုးတက်ရာလမ်းစတွေကို ဖော်ပြပေးနိုင်မယ့်သူတွေထဲမှာ ဆရာ၊ ဆရာမတွေဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် နာသုံးနာနဲ့ ရပ်တည်နေကြတဲ့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေဟာ သူတို့ ကျောင်းသားတွေရဲ့ဘ၀တွေ တိုးတက်လာအောင် အထောက်အကူဖြစ်စေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အတန်းပညာ၊ ဘ၀ပညာ၊ အသိဥာဏ်၊ တသက်တာ သင်ယူရေး စတာတွေကို သေချာလမ်းညွှန်နိုင်ကြမယ် ဆိုရင်တော့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေအတွက် တိုးတက်ရေးလမ်းစတွေ ရှာဖွေတွေ့ဖို့ အခွင့်အလမ်းတွေ ပိုများလာမယ်လို့ မျှော်လင့်မိပါတော့တယ်။
References:
http://www.lyved.com/success/5-rags-to-riches-stories/
http://www.toptenz.net/top-10-rags-to-riches-stories.php
http://www.soe.org.sg/files/interview2007.php?i=137&a=&c=&year=
The Straits Times (12 July 2009)
Monday, July 13, 2009
မြန်မာပြည်ရှိ ကျောင်းနေနိုင်သူ ရာခိုင်နှုန်း |
QNS:
11 Jul 09, 01:53
စုလတ်: သိချင်တာလေးတခုရှိပါတယ် မြန်မာပြည်ရဲ့ကျောင်းနေနိုင်သူရာခိုင်နှုန်းလေးသိချင်ပါတယ် မူလတန်းကနေ တက္ကသိုလ်အထိပေါ့ ဘယ်မှာရှာရင်ရနိုင်ပါသလဲရှင်
ANS:
UNICEF ရဲ့ အောက်ဖော်ပြပါလင့်ခ်တွေမှာ တွေ့နိုင်ပါတယ် ။
http://www.unicef.org/infobycountry/myanmar_statistics.html#56
http://www.unicef.org/publications/index_42623.html
Sunday, July 12, 2009
Website with online courseware on Political Economy Subject |
QNS:
6 Jul 09, 01:34
Nay Mar: Please advise the website regarding to online learning of Political Economy
ANS:
MIT Open Courseware website မှာ ဘာသာရပ်တော်တော်များများနဲ့ဆိုင်တဲ့ လက်ချာတွေ ၊ ဖတ်စရာစာအုပ်စာရင်းတွေ အစုံတင်ပေးထားပါတယ် ။ အောက်ကလင့်ခ်မှာတော့ Political Economy နဲ့ဆိုင်တဲ့ Graduate Course က materials တွေကို တွေ့နိုင်ပါတယ် ။
http://ocw.mit.edu/OcwWeb/Political-Science/index.htm
ဒါ့အပြင် Youtube လိုနေရာမျိုးမှာလည်း ကိုယ်လိုချင်တဲ့ဘာသာရပ်စကားလုံးကိုရိုက်ကြည့်လိုက်မယ်ဆို အဲဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ lecture video တွေ ၊ discussion video တွေကို တွေ့နိုင်ပါတယ် ။
Bill Emmott: Fathauer Lecture on Political Economy
http://www.youtube.com/watch?v=kuGuYopyw8c&feature=channel_page
တခြား Open Courseware လင့်ခ်တွေကို ကြည့်ချင်ရင် ကိုရဲမွန်ရေးခဲ့တဲ့ အောက်လင့်ခ်ကပို့စ်ကို ဖတ်ကြည့်နိုင်ပါတယ် ။
အင်တာနက်ပေါ်က ပညာဒါန
Thursday, July 9, 2009
To be or Not to be ( ဆေးကျောင်းသား ပြသာနာ) |
ဟိုတလောက ဗမာပြည်က ဆရာဝန်မလေး၂ယောက်က မေးလာပါတယ်။ အင်္ဂလန်မှာ genetic engineering နဲ့မဟာသိပ္ပံတက်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။
ကိုယ်ကတော့ ဒဲ့ဒိုးပဲပြောလိုက်တယ်။ မလွယ်ဘူးလို့။ ဘာကြောင့်မလွယ်လဲဆိုတာ အခုလိုရှင်းပြပါတယ်။ ဒီက genetic engineering နဲ့ပတ်သက်တဲ့ နာမည်အကြီးဆုံးကျောင်းတွေကို ကြည့်လိုက်ရင် engineering တို့ physics တို့နဲ့ သိပ္ပံဘွဲ့ရခဲ့တဲ့ ကျောင်းသားတွေကို ဦးစားပေးမယ်လို့ ရေးထားတာ တွေ့ပါလိမ့်မယ်။
ဆေးနဲ့ပြီးတဲ့လူတွေကို စဉ်းစားမယ်လို့ပြောပါတယ်။ engineering တို့ physics တို့နဲ့ပြီးရင်တော့ တပန်းသာတာပေါ့။
Genetic engineering ဘာသာက နည်းပညာကို ဦးစားပေးတဲ့ဘာသာပါ။ ဗမာပြည်က ဆေးကျောင်းမှာ မပြောနဲ့။ ဆေးသုတေသနမှာတောင် sequencing လုပ်တဲ့စက် မရှိပါဘူး။ အဲဒါကြောင့် မဟာဘွဲ့လာတက်ရင် နည်းပညာနဲ့ ရင်းနှီးအောင် လုပ်ရတာနဲ့ တနှစ်တာစာသင်နှစ် ကုန်သွားနိုင်ပါတယ်။
ဒီကကျောင်းကောင်းတွေမှာ မဟာဘွဲ့တက်ရင် အင်မတန်ပင်ပန်းပါတယ်။ တနှစ်ထဲနဲ့ course work ရော၊ စာမေးပွဲရော၊ dissertation ရောအပြီး ရေးရလို့ အခြေခံမကောင်းရင် တခါတည်း မအောင်တတ်ပါဘူး။ ကိုယ်က ဗမာပြည်မှာ စာတော်တဲ့ အတန်းထဲမှာ ၀င်ခဲ့ရင်တောင် နည်းပညာနဲ့ရင်းနှီးအောင် တခြားကျောင်းသားတွေထက် ကြိုးစားရမှာမို့ genetic engineering ကို အင်္ဂလန်မှာ မဟာသိပ္ပံလာမတက်သင့်ပါဘူး။
အင်္ဂလန်မှာ၊ မဟာသိပ္ပံလို့ ရေးပါတယ်။ ဥရောပနဲ့အမေရိကားမှာ မဟာသိပ္ပံကို ၂နှစ်သင်တဲ့ ကျောင်းတွေမှာ တက်နိုင်ရင် ပိုအချိန်ရပါမယ်။ နည်းပညာနဲ့ ကျွမ်းဝင်အောင်လုပ်ဖို့ ပိုအချိန်ရပါမယ်။
တခါ ရိုးရိုးသိပ္ပံဘွဲ့၊ ဒါမှမဟုတ် ပါရဂူဘွဲ့ တက်နိုင်ပါတယ်။ အချိန်ပိုများတဲ့အတွက် ထဲထဲဝင်ဝင် အချိန်ပေးပြီး သင်လို့ရလို့ပါ။
သင်ယူခြင်း learning ဆိုတာ ပျော်ရွှင်ဖွယ် ဖြစ်ရပါမယ်။ စာမလိုက်နိုင်လို့ တနှစ်လုံး စိတ်ညစ်နေရရင် learning ကို enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒီစာနဲ့တဆက်တည်း ဆရာဝန်ပေါက်စလေးတွေရဲ့ crisis ကိုရေးချင်ပါတယ်။ ဗမာပြည်မှာ ဆရာဝန်ဖြစ်ဖို့ ခက်ပါတယ်။ ၁၉၉၅၀န်းကျင်တုန်းက ဆရာဦးတင်မောင်သန်းတွက်ကြည့်တာတော့ ၁၀တန်းအောင်သူရဲ့ ၀.၀၅%ပဲ ဆေးကျောင်းဝင်ပါသတဲ့။
ဆေးကျောင်းမှာ ကျူရှင်ယူရတယ်။ guide ယူရတယ်ဆိုပေမယ့် စာသင်တာက တခြား ကျောင်းတွေထက်လဲသာ၊ ဆရာဝန်ဆိုတဲ့ ဂုဏ်ကလဲ မြတ်နိုးစရာဖြစ်လို့ ဆရာဝန်ဖြစ်ဖို့ကို မိဘတွေကလဲတိုက်တွန်း၊ စာတော်တဲ့ကျောင်းသားတော်တော်များများလဲ ဆရာဝန်ဖြစ်ချင်ပါတယ်။
ဆရာဝန်ဖြစ်ရေးဟာ ရန်ကုန်က လသာ၂ အေခန်း၊ ဒဂုံ ၁ S ခန်း၊ TTC၊ Augustine၊ နံရံ က ထိပ်ထိပ်ကြဲကျောင်းသားတွေ၊ မိဘတွေ၊ သူတို့ရဲ့ ကျောင်းနဲ့ကျူရှင်ကဆရာတွေရဲ့ ထုတ်ပြောစရာမလိုတဲ့ ရည်မှန်းချက်ပါ။ ထိပ်ပိုင်းကကျောင်းသားတွေဆို MC ၀င်ရေးလောက်ကို စကားထဲ ထည့်မပြောပါဘူး။ whole Burma ၀င်ဖို့ပဲပြောကြပါတယ်။
ပြောချင်တာက ဗမာပြည်က ဆရာဝန်တွေအပေါ်မှာ အထင်ကြီးမှုနဲ့လေးစားမှုကြောင့် တော်ရင်ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ အသိက ကျောင်းသားလေးတွေရဲ့ စိတ်ထဲအလိုလိုဝင်နေတာပါ။ ဆရာဝန်ဖြစ်တာ တော်လို့ဆိုပြီး လက်ခံတော့ ကိုယ်တော်ကြောင်း တခြားနည်းတွေနဲ့ ပြစရာ မလိုတော့ဘူးပေါ့။
စိတ်ဝင်စားလို့ အင်ဂျင်နီယာယူရင်၊ သင်္ချာယူရင်တောင် MC အမှတ်မမီလို့လို့ ထင်ခံရတာကလား။ ဒီတော့ တော်တဲ့ကလေးတွေ သိပ်မစဉ်းစားဘဲ ဆရာဝန်လုပ်ကြပါတယ်။ ဆရာဝန်ဖြစ်ရင် ဘာလုပ်မလဲလို့ သိပ်မတွေးကြတော့ပါ။
၆နှစ်လောက် အသည်းအသန်စာတွေကျက်၊ ကျူရှင်တွေတက်အပြီး၊ အ၀ါတလိုင်းပါတဲ့ ဘွဲ့ဝတ်ရုံကြီး ခြုံပြီးချိန်မှာတော့ ဒုက္ခရောက်ပါတော့တယ်။ posting ၀င်မှာလား။ အပြင်မှာ ၀င်လုပ်မှာလား။ နိုင်ငံခြားသွားမှာလား ဆိုတဲ့ လားပေါင်းစုံ။ လဲပေါင်းစုံနဲ့ရင်ဆိုင်ရပါတော့တယ်။
ကိုယ့်ပတ်ဝန်းကျင်က ဥပမာတခုပေးရရင် MC ရောက်တဲ့ သူငယ်ချင်း ၇ယောက်ထဲမှာ ၃ယောက်က ပထမနှစ်ကတည်းက နိုင်ငံခြားထွက်သွားပါတယ်။ အဲဒီထဲမှာ ၃ယောက်လုံး doctor ဖြစ်ပါတယ်။ ကျန်တဲ့၎ယောက်လုံး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်ဖြစ်လာပါတယ်။
၃ယောက်က posting ၀င်ပါတယ်။ ၂ယောက်က နယ်သွားပြီး ၃နှစ်ပြည့်တော့ ဆမ ယူပြီး ထွက်လိုက်ပါတယ်။ တယောက်က Masters ဆက်တက်ပြီး ဆေးတက္ကသိုလ်မှာ ဆရာမ လုပ်ပါတယ်။ တယောက်ကတော့ ဘားလမ်းဆေးရုံးမှာ လုပ်အားပေးဝင်လုပ်ပြီး နိုင်ငံခြား ထွက်သွားပါတယ်။
ဆမယူပြီးတဲ့၂ယောက်က နိုင်ငံခြားထွက်ဖို့လုပ်နေကြပါတယ်။ Masters ယူပြီးတဲ့တယောက်တောင် နိုင်ငံခြားထွက်ဖို့ လေသံစလာတာတွေ့ရပါတယ်။ ချုပ်လိုက်ရင် ၇ယောက်မှာ ၇ယောက်လုံးနိုင်ငံခြားလမ်းကြောင်းပေါ်ရောက်ကုန်ပါတယ်။ ၄ယောက်က ထွက်သွားပြီ။ ဗမာပြည်ထဲက၃ယောက်လဲ ထွက်ချင်နေကြတယ်။
ဒီ sample က ဗမာပြည်ကဆေးကျောင်းသားအများစု၊ ဆရာဝန်တွေကို ကိုယ်စားပြုတယ်လို့ မပြောချင်ပါ။ မပြောနိုင်ပါ။ ဒီဥပမာက ဘာပြလဲဆိုတော့ ဆရာဝန်တွေ နိုင်ငံခြားကို ထွက်ဖို့တော်တော်ကြီး ကြိုးစားနေကြတယ်ဆိုတာပါ။
ဒီတော့ ၁၀တန်းအောင်ပြီး ဆေးကျောင်းတက်မယ့် ကျောင်းသားလေးတွေရော မိဘတွေရော လေးလေးနက်နက်စဉ်းစားသင့်တာက ဆရာဝန်ဖြစ်ရင် ဘာဆက်လုပ်မလဲဆိုတာပါပဲ။
ဗမာပြည်က ဆေးကျောင်းက ကမ္ဘာပေါ်က ဈေးအပေါဆုံးတွေထဲမှာ ပါပါတယ်။ ရင်းနှီးမြှပ်နှံမှု အနည်းဆုံးနဲ့ ဆရာဝန်ဖြစ်ချင်ရင်တော့ ဗမာပြည်မှာဆေးကျောင်းတက်ရတာ အတန်ဆုံးပါပဲ။
ဆရာဝန်ဖြစ်ပြီး အမေရိကားမှာ USMLE သွားဖြေကြ။ အင်္ဂလန်မှာ PLAB အရင်က လာဖြေကြ။ အခုနောက်ပိုင်း သြစတြေးလျမှာ သွားဖြေကြပါတယ်။ ဒါက ကုသရေးပိုင်းပါ။
ပြည်သူ့ကျန်းမာရေးဘက် စိတ်ဝင်စားသူတွေတော့ NGO တွေမှာဝင်လုပ်ကြ။ မဟီဒေါတို့ Hopkins တို့စတဲ့ကျောင်းတွေမှာ ကျောင်းဆက်တက်ကြပါတယ်။
ဒါတွေမလုပ်ချင်တဲ့၊ လုပ်ဖို့အခွင့်မသာတဲ့လူတွေက အစိုးရအလုပ်ဝင်လုပ်ကြပါတယ်။ ဆေးကျောင်း၂ကျောင်းကမွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေကို အစိုးရက အခုနောက်ပိုင်း အကုန်မခန့်တော့ပါဘူး။ အလုပ်မရတဲ့ဆရာဝန်တွေ ဘယ်လောက်ရှိတယ်။ ဘာလုပ်ကြသလဲ ဆိုတာ စစ်တမ်းကောက်လို့ရရင် ကောင်းပါမယ်။
ဗမာပြည်မှာ BEd လက်ဖက်သုပ်၊ BArch ဆေးဆိုင်စသဖြင့်ရှိပေမယ့် ဆရာဝန်တွေ တခြား အလုပ်တွေ ၀င်လုပ်ရင်တော့ နှမြောစရာအဖြစ်မြင်ကြပါတယ်။
အမှန်တော့ ဆရာဝန်တွေလမ်းပျောက်ရင် သူများတွေလမ်းပျောက်တာထက် ဆိုးတယ်လို့ ထင်မိပါတယ်။
ဆရာဝန်အထိဖြစ်ခဲ့ပြီးရင် ဆေးပညာနဲ့မဆိုင်တဲ့ တခြားလမ်းကို ရွေးဖို့ခက်သွားပါပြီ။ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကပါ တခြားရွေးချယ်ဖို့ကို ဆန့်ကျင်ဖို့များပါတယ်။ အနည်းဆုံးတော့ စာတွေဒီလောက်တောင် ဖတ်ခဲ့ပြီးမှ ဆရာဝန်မလုပ်တော့ဘူးလားလို့ မေးကြမယ်ထင်ပါတယ်။
ဒီတော့ ကလေးတွေ၊ မိဘတွေ ဆရာဝန်ဖြစ်ရေး ဒို့အရေးဆိုတဲ့ အတွေးတဖြည်းဖြည်းဖျောက်ပြီး ကလေးတွေ ဘာဝါသနာပါလဲဆိုတာကို မိဘက ၈တန်းလောက်ထဲက စောင့်ကြည့်၊ သိအောင်လဲ စာတွေပေးဖတ်ခိုင်း၊ အတွေ့အကြုံရအောင်ကူညီကြပြီး ကလေးဘာလုပ်ချင်သလဲဆိုတာ သိအောင် လုပ်သင့်ပါပြီ။ ၆နှစ်တာလျှောက်ရမယ့်ခရီးကို အစလောက်တင်မဟုတ်ပဲ ပန်းတိုင်ရဲ့ ဟိုဘက်ကိုပါ မျှော်ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
(ဇီဇ၀ါ)
ဇီဇ၀ါ ဘလော့ မှ ပြန်လည်ဖော်ပြသည်။
Saturday, June 13, 2009
သမိုင်းနှင့်ချီ၍ ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် |
Qns: မျိုးချစ်သွေး။
ယဉ်ကျေးမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သမိုင်းနှင့်ချီ၍ အကျယ်တ၀င့် သိလိုပါတယ်။ ရှင်းပြပေးပါ သို့မဟုတ် ဖတ်ရှုနိုင်သော စာအုပ်များကို ညွန်ပြပေးပါ။
Ans: သင်ကာ။
Culture ကို မြန်မာစကားမှာ ယဉ်ကျေးမှုလို့ အကြမ်းဖျဉ်းသုံးပါတယ်။ နယ်ပယ်အလိုက် သုံးစွဲမှုကိုလိုက်ပြီး အဓိပ္ပာယ်ကို ခွဲခြားနားလည်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ အင်တာနက်ယဉ်ကျေးမှု စတဲ့ အသုံးအနှုန်းတွေကိုလည်း တွေ့ရပါတယ်။ တချို့နေရာတွေမှာ Culture ကို မြန်မာဘာသာစကားအဖြစ်သုံးရာမှာ “အလေ့အထ”၊ “ဓလေ့” စသည်ဖြင့် ခွဲထုတ် သုံးသင့်တယ်ထင်ပါတယ်။
Culture ဆိုတာ လက်တင် စကားလုံး cultura က လာတာဖြစ်ပြီး မူလအဓိပ္ပာယ်က ပြုစု ပျိုးထောင်ခြင်း (to cultivate) လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက Alfred Kroeber နဲ့ Clyde Kluckhohn တို့ နှစ်ဦးဟာ culture ရဲ့ အဓိပ္ပာယ်အမျိုးမျိုးကို စာရင်းတင်ရာမှာ ၁၆၄ မျိုးတွေ့ရတယ်လို့ သူတို့ရဲ့ Cluture:A Critical Review of Concepts and Definitions ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
အဓိကအားဖြင့် Culture ဆိုတဲ့ စကားလုံးကို အခြေခံအချက်သုံးချက်ပေါ်မူတည်ပြီးသုံးပါတယ်။
(၁) အဆင့်မြင့်ယဉ်ကျေးမှု (High culture) လို့ ခေါ်တဲ့ ရသအနုပညာနဲ့ စာပေ၊ သမိုင်း၊ ဒဿန စတဲ့ လူမှုဝိဇ္ဇာဘာသာရပ် အမျိုးအစားများ။
(၂) လူမှုအသိုက်အမြုံကနေ သိမြင်လာတဲ့ အတွေ့အကြုံနဲ့ သဘာဝပေါ် အခြေခံလာတဲ့ လူသားတို့ရဲ့ သိမှု၊ ယုံကြည်ထားမှုနဲ့ အပြုအမှုတွေ။
(၃) အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းတွေရဲ့ မျှဝေလက်ခံထားတဲ့ ယုံကြည်ချက်၊ တန်ဖိုး၊ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်များ။
Culture အယူအဆဟာ ၁၈ နဲ့ ၁၉ ရာစု ဥရောပမှာ စတင်စဉ်က စိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသိပ္ပံ ပေါ်မှာ မူတည်ခဲ့ပါတယ်။ ၁၉ ရာစုဘက်မှာ ပညာရေးနဲ့ အဲဒီကနေ အမျိုးသားရေးဝါဒ အယူအဆတွေအထိ ကျယ်ပြန့်သွားပါတယ်။ ၁၉ ရာစုအလယ်လောက်မှာ ပညာရှင်တချို့ဟာ Culture ကို ကမ္ဘာ့ လူသားတို့ရဲ့ စွမ်းဆောင်နိုင်မှုကို ရည်ညွှန်းဖို့ သုံးစွဲခဲ့ပါတယ်။
၂၀ ရာစုမှာတော့ Culture ဟာ မနုဿဗေဒမှာ ရေးပါတဲ့ အယူအဆဖြစ်လာပါတယ်။ လူမှုဆက်ဆံရေးဗေဒ၊ ယဉ်ကျေးမှုလေ့လာရေး၊ အစုအဖွဲ့ဆိုင်ရာ စိတ်ပညာနဲ့ စီမံခန့်ခွဲမှုရေးရာ လေ့လာရေး ဘာသာရပ်တွေမှာ Culture ရဲ့ အဓိပ္ပာယ်ဟာ ကွဲပြားပါတယ်။
Culture ဟာ အောက်ပါတို့ ပါဝင်တဲ့ (ဒီ့ထက်လည်း မကတဲ့) လူမှုဘဝပုံစံတွေဖြစ်တယ်လို့ Roshan Cultural Heritage Institute က ဖွင့်ဆိုပါတယ်။ အဲဒါတွေကတော့ ဘာသာစကား (Language)၊ ဝိဇ္ဇာ သိပ္ပံဘာသာရပ်များ (Arts&Sciences)၊ အတွေးအခေါ် (Thought)၊ အစဉ်အဆက်ယုံကြည်မှုဆိုင်ရာ (Spirituality)၊ လူမှုလုပ်ရှားလုပ်ကိုင်မှု (Social Activity)နဲ့ အပြန်အလှန် တုံ့ပြန်မှု (Interaction) တို့ ဖြစ်ပါတယ်။ Roshan ဌာနရဲ့ ဖွင့်ဆိုချက်က လူမှုဆက်သွယ်ရေးဘက်ကို ကဲပါတယ်။
Culture နဲ့ ပတ်သက်တဲ့ သီအိုရီ အယူအဆတွေကတော့ ယဉ်ကျေးမှုပြဌာန်းခံသီအိုရီ (Theory of Cultural Determinism)၊ ယဉ်ကျေးမှု အညမညဆက်စပ်မှုဝါဒ (Cultural Relativism)၊ ယဉ်ကျေးမှုဆိုင်ရာ လူမျိုးစု မဟာဝါဒ (Cultural Ethnocentrism) တို့ဖြစ်ပါတယ်။ Culture နဲ့ ပတ်သက်လို့ ဒီလောက်ဆိုရင် အကြမ်းဖျဉ်း ပုံပေါ်လောက်ပါပြီ။
စာအုပ်တွေ ဆက်ဖတ်ချင်ရင် Culture နဲ့ ဘယ်သာသာရပ်၊ နယ်ပယ်နဲ့ တွဲပြီးလေ့လာမလဲဆိုတာ အရင်ဆုံးဖြတ်ဖို့ လိုပါလိမ့်မယ်။ ဥပမာ စိုက်ပျိုးရေးနဲ့ Culture, လူမျိုးစုရေးရာနဲ့ Culture, စီးပွားရေးနဲ့ Culture, နိုင်ငံရေးနဲ့ Culture, ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ Culture, လူနေမှုပုံစံများပြောင်းလဲခြင်းနဲ့ Culture စသဖြင့်။ ဒါဆိုရင် ဖတ်ချင်တဲ့ စာအုပ်ရှာဖွေဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ Culture သက်သက်ကိုပဲ အဓိပ္ပာယ်လေ့လာချင်တယ်ဆိုရင်တော့ အစပိုင်းမှာ ညွှန်းခဲ့တဲ့ Alfred Kroeber နဲ့ Clyde Kluckhohn တို့ရဲ့ စာအုပ်ကို ဖတ်နိုင်ပါတယ်။
သင်ကာ
www.mmthinker.existencemediagroup.com
Ref:
Wikipedia http://en.wikipedia.org/wiki/Culture
Roshan Cultural Heritage Institute http://www.roshan-institute.org/templates/System/details.asp?id=39783&PID=474552
Culture Definitation http://www.tamu.edu/classes/cosc/choudhury/culture.html
Monday, May 25, 2009
E-Learning အကြောင်းသိကောင်းစရာ (အပိုင်း - ၁) |
(ရေးသားသူ - S.S.)
E-Learning ဆိုတာမှာ "E" ဆိုတဲ့စကားလုံးဟာ "Electronic" ကိုရည်ညွန်းပါတယ် ။ e-learning နဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အမြောက်အမြားထဲက European e-learning Action Plan မှ e-learning ကို အောက်ပါအတိုင်းအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ် ။
.. the use of new multimedia technologies and the internet to improve the quality of learning by facilitating access to resources and services as well as remote exchanges and collaboration (COM, 2001: 2)
လူတော်တော်များများက e-learning ကို online-learning နဲ့ထူးမခြားနားလို့ ကောက်ချက်ချတတ်ကြပါတယ်။ သူတို့ကောက်ချက်ချသလို အဲဒီသင်ကြားရေးပိုင်းနှစ်ခုဟာ အတော်လေးတူညီတာတွေရှိပါတယ်။ ဒါပေမယ့် သေချာခွဲခြားကြည့်မယ်ဆိုရင်တော့ ...
online-learning ဆိုတာ
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးမရှိဘဲ ...(အဝေးရောက်သင်တန်း - distance learning - ဆန်ဆန်)
- အင်တာနက်တခုတည်းကိုသာကြားခံပြီး ...
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) ကိုအသုံးပြုပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။
e-learning ဆိုတာကတော့
- သင်ကြားသူနဲ့သင်ယူသူကြား မျက်နှာချင်းဆိုင်တွေ့ဆုံမှုမျိုးလည်း ရှိနိုင်သလို
- သင်ကြားရေးပိုင်းမှာအထောက်အကူဖြစ်စေမယ့် အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) နဲ့
- အင်တာနက်ကို သင်ကြားရေးပိုင်းအတွက် လိုအပ်သလိုအသုံးချပြီး ...
သင်ကြားပို့ချတာဖြစ်ပါတယ်။
ဒါကြောင့် e-learning မှာအဓိကပါဝင်တဲ့အရာတွေကတော့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) နဲ့ အင်တာနက် တို့ဖြစ်ပါတယ်။ (Technology လို့ဆိုရာမှာ hardware နဲ့ software ကို ဆိုလိုပါတယ်)
... အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ပတ်သက်တဲ့နည်းပညာ (technology) ဆိုတာ ဘာတွေပါဝင်ပါသလဲ ...
အင်တာနက်ပေါ်မှာသုံးတဲ့ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာများ (electronic tools) များကို web1.0 and web2.0 ဆိုပြီး ခွဲခြားနိုင်ပါတယ်။ e-learning အတွက် အဲဒီကိရိယာများကိုအသုံးချနိုင်ပါတယ်။ web1.0 ကို information web လို့ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web1.0 tools တွေကို အဓိကအားဖြင့် အင်ဖော်မေးရှင်း (information) ဖြန့်ဝေဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ဥပမာ ... အွန်လိုင်းက ဆိုဒ်တခုမှာ အထောက်အကူပြုစာအုပ်စာတမ်းတွေကို ကျောင်းသားတွေအတွက်ထားတာမျိုး။ web2.0 ကိုတော့ social web လို့ ဆိုစမှတ်ပြုပါတယ်။ ဘာလို့လဲဆိုတော့ web2.0 tools တွေကိုအသုံးပြုကြသူတွေကြား နှီးနှောဖလှယ်တာမျိုးတွေ (interaction)၊ လူမှုဆက်ဆံရေးတွေ အများကြီး ပါဝင်နေလို့ဖြစ်ပါတယ်။ ဥပမာအဖြစ် ... ဘလောဂ့်တွေ၊ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်တည်ဆောက်ထားတဲ့ facebook လိုအရာတွေပါ။ e-learning အတွက် web1.0 & web2.0 tools ကို သုံးနိုင်ပေမယ့်၊ ခုခေတ်နောက်ပိုင်းမှာတော့ web2.0 tools တွေကိုပဲ သုံးလာကြပါတယ်။ ဒါကလည်း နည်းပညာပိုင်းအရတိုးတက်လာတဲ့အခါ လူတွေဟာ အင်တာနက်ပေါ်မှာ ပိုပြီးနှီးနှောဖလှယ်လာကြတာပေါ်မူတည်ပြီး ပြောင်းလဲလာတဲ့ ပြောင်းလဲမှုတခုပါ။ (e-learning မှာသုံးတဲ့ web2.0 tools တွေအကြောင်း နောက်ပိုင်းမှာ အသေးစိတ်ဖော်ပြပါမယ်)
... e-learning ကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ ...
e-learning ကို ပညာရေးပိုင်းမှာသာမက၊ ပရောဖက်ရှင်နယ်ထရိန်နင် (professional training) ပိုင်းမှာလည်း အရင်တည်းက အသုံးပြုခဲ့ကြပါတယ်။ ပညာရေးပိုင်းမှာတော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာမျိုးမရှိတဲ့ အဝေးရောက်သင်ကြားရေးပိုင်းမှာ ပိုပြီးအသုံးပြုခဲ့ကြတာကို တွေ့ရပါတယ်။ ခုချိန်မှာတော့ e-learning ကို ပညာရေးပိုင်းမှာ တွင်ကျယ်စွာအသုံးချလာကြပေမယ့် တချို့သောဘာသာရပ်များဖြစ်ကြတဲ့ ဘာသာစကားပိုင်း၊ စာပေနဲ့ပတ်သက်တဲ့ဘာသာရပ်တွေမှာ ပိုပြီးအသုံးပြုကြပါတယ်။
... e-learning ဟာ ပညာရေးပိုင်းမှာ အဘယ်ကြောင့် တွင်ကျယ်လာပါသလဲ ...
ကမ္ဘာကြီးမှာခေတ်သစ်နည်းပညာတွေထွန်းကားလာတာနဲ့အမျှ အီလက်ထရွန်းနစ်ပိုင်းဆိုင်ရာကိရိယာတွေလည်း ပိုမိုထွန်းကားလာပါတယ်။ အဲဒီကိရိယာတွေကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရာတွေလည်း များပြားလာပါတယ်။ အလားတူပဲ kilobits per second လိုနှုန်းမျိုးနဲ့စတင်ခဲ့တဲ့အင်တာနက်ဟာလည်း ခုဆိုရင် အရမ်းပိုမြန်ဆန်တဲ့ megabits per second နှုန်းမျိုးကိုရောက်နေပါပြီ။ အဲလိုတိုးတက်လာတဲ့နည်းပညာတွေကိုသုံးပြီး တီထွင်ထားတဲ့အီလက်ထရွန်းနစ်ကိရိယာတွေကိုသုံးပြီး စာလုံး (text) တွေသာမက၊ အသံ (audio)၊ ရုပ် (video)၊ ဓါတ်ပုံ (image) စတာတွေနဲ့ မြန်ဆန်တဲ့အင်တာနက်ကိုသုံးပြီး ဆက်သွယ်နိုင်ကြ၊ အင်ဖော်မေးရှင်းကို ဖြန့်ဝေဖလှယ်နိုင်ကြပါတယ်။ အဲဒီအခါ technology နဲ့ internet ဆိုတာဟာ လူတွေရဲ့ဘ၀တွေထဲမှာ မရှိမဖြစ်ဆိုသလိုဖြစ်လာပါတယ်။
ထိုသို့ ဒီဂျစ်တယ်လ် (digital) ခေတ်ကိုဦးတည်သွားတဲ့အခြေအနေတွေကိုသုံးသပ်ပြီး Prensky (2001) ဆိုသူက ...
ခုခေတ်လူငယ်တွေကို "Digital Natives - native speakers of the digital language of the computer, video games and internet"
သင်ကြားသူ ဆရာဆရာမများကိုတော့ "Digital Immigrants - those of us who were not born into the digital world but have, at some later point in our lives, become fascinated by and adopted many or most aspects of the new technology" လို့ခေါ်ဝေါ်ခဲ့ပါတယ်။
Prensky (2001) ဆိုလိုတာကတော့ ခုခေတ်လူငယ်တွေဟာ ဒီဂျစ်တယ်လ်ခေတ်မှာမွေးဖွားကြီးပြင်းလာပြီး၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာ technology တွေ၊ အင်တာနက်တွေနဲ့ နဂိုတည်းက အရောတ၀င်ယဉ်ပါးပြီးသားဖြစ်နေသူတွေပါ။ သင်ကြားသူဆရာဆရာမများကတော့ ဒီဂျစ်တယ်လ်ခေတ်မရောက်ခင်မှာ မွေးဖွားခဲ့ကြသူတွေဖြစ်တဲ့အတွက်၊ ဒီဂျစ်တယ်လ်ပိုင်းဆိုင်ရာကိရိယာတွေနဲ့ ထိတွေ့မှုများလာတဲ့အခါ အဲဒီအရာတွေကို တဖြည်းဖြည်းယဉ်ပါးလာပြီး သုံးတတ်လာတာဖြစ်ပါတယ်။
digital natives တွေဖြစ်တဲ့ ခုခေတ်လူငယ်တွေကို သူတို့နဲ့ရင်းနီးကျွမ်းဝင်တဲ့ technology and internet ကိုသုံးပြီးတော့ သင်ကြားရေးပိုင်းမှာအသုံးချမယ်ဆိုရင် ထိရောက်နိုင်မယ်လို့ ပညာရေးသုတေသီတွေက တွေ့ရှိလာကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ technology and internet ကို အသုံးချတဲ့ e-learning ဆိုတာဟာလည်း ပညာရေးနယ်ပယ်မှာ ပိုမိုတွင်ကျယ်လာပါတယ်။
... e-learning နဲ့ပတ်သက်၍အထင်မှားကြသောအချက်များ ...(E-language wiki)
e-learning ဆိုတာ စာသင်ကြားနည်းစနစ်တခုလို့ အထင်မှားတတ်ကြပါတယ်။ တကယ်ကတော့ e-learning ဆိုတာ နည်းပညာ (technology) နဲ့ပဲသက်ဆိုင်ပါတယ်။ ပညာရေးသုတေသီတွေက စာသင်နည်းစနစ် (pedagogy) ဆိုတာဟာ နည်းပညာပိုင်း (technology) ထက်အမြဲဦးစားပေးသင့်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ဥပမာတခုပေးရရင် ...
တချို့ကျောင်းတွေမှာ e-learning ကိုအသုံးပြုကြတဲ့အခါ၊ နည်းပညာပိုင်းကိုဦးစားပေးထားတဲ့ electronic tools တွေကိုသုံးဖို့ ဆရာဆရာမများက သူတို့ရဲ့သင်ခန်းစာတွေကို လိုက်ရောညီထွေဖြစ်အောင် ပြုပြင်ရပါတယ်။ အဲဒီအခါ စာသင်နည်းစနစ်ဟာ နည်းပညာပိုင်း (technology) ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးရတာမျိုး ဖြစ်သွားပါတယ်။ အဲလိုနည်းပညာပိုင်းကိုပဲဦးစားပေးတဲ့အခါ ကျောင်းသားတွေတတ်ကျွမ်းအောင်သင်လေ့ရှိတဲ့ စာသင်နည်းစနစ်တွေကို အသုံးပြုခွင့်မရတော့ပဲ ၊ ရှိနေတဲ့ electronic tools တွေကိုအဆင်ပြေအောင်သုံးဖို့ပဲ ဦးစားပေးလိုက်ရတဲ့အခါ စာသင်နည်းစနစ်တွေက ထိရောက်မှုသိပ်မရှိတော့ပါဖူး။
ဒါကြောင့် e-learning ကို အသုံးပြုတဲ့အခါမှာ အဓိက သတိထားရမယ့်အချက်က ဘယ် electronic tools ကို သုံးမယ်လို့ အရင်မဆုံးဖြတ်ပဲ၊ စာသင်နည်းစနစ် (pedagogy) ကိုအရင်ဆုံးဖြတ်ပြီးမှ အဲလိုစာသင်နည်းမျိုးရအောင် ဘယ်လို electronics tools ကို သုံးပြီးသင်ရင် ထိရောက်နိုင်မလဲလို့ တွေးရပါမယ်။
ဒုတိယ အများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ “လူတိုင်းအတွက် ၊ နေရာတိုင်း ၊ အချိန်တိုင်း” မှာလုပ်ဆောင်နိုင်မယ်လို့ အထင်မှားတာပါ။ e-learning ကိုအသုံးပြုမယ်ဆိုရင် အဓိကလိုအပ်တာကတော့ အပေါ်မှာဖော်ပြထားတဲ့ နည်းပညာပိုင်း (technology) ဖြစ်တဲ့ ကွန်ပြူတာလိုအီလက်ထရွန်နစ်ကိရိယာနဲ့ အင်တာနက်ပါ။ အဲဒါတွေကိုမရရှိနိုင်တဲ့ (သို့မဟုတ်) အတိုင်းအတာတခုအထိလုံလောက်စွာအသုံးပြုခွင့်မရှိတဲ့နေရာတွေမှာ (အထူးသဖြင့် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဆင်းရဲနွမ်းပါးတဲ့ပတ်ဝန်းကျင်မှာကျင်လည်နေသူတွေမှာ) e-learning အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အင်တာနက်ဆိုတာ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ရင်းနီးကျွမ်းဝင်မှုမရှိသူတွေအတွက်လည်း အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ နည်းပညာတွေဟာ အနောက်နိုင်ငံကဆင်းသက်လာတာဖြစ်တဲ့အတွက် အများအားဖြင့် အင်္ဂလိပ်လိုသာအသုံးအနှုံးတွေများပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းဝင်သူတွေအတွက်လည်း ကသိကအောက်ဖြစ်နိုင်ပါတယ်။ အဲလို အင်တာနက်နဲ့ နည်းပညာပိုင်းသုံးစွဲမှု မတူညီမှုတွေကို digital divide လို့ ခေါ်ဝေါ်ပါတယ်။
တတိယအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ဆိုတာ ဆရာ ဆရာမတွေကို မလိုအပ်ဖူးဆိုတာပါပဲ။ အထောက်အကူစာအုပ်တွေ သင်ခန်းစာဖတ်စာအုပ်တွေကို ကိုယ့်ဘာသာဖတ်ပြီး “ဒါဆိုရင် ဒါလုပ်” ဆိုပြီး သင်ယူရတဲ့နေရာမျိုးမှာတော့ e-learning ကိုသုံးရင် ဆရာဆရာမတွေမလိုတော့တာ မှန်ကန်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြား သင်ခန်းစာတွေကိုပို့ချရာမှာ “ဒါဆိုရင် ဒါလုပ်” ဆိုတဲ့ တစ်လမ်းသွားမျိုးမဟုတ်ဘဲ ၊ အပြန်အလှန်ဆွေးနွေးတာမျိုးလုပ်တဲ့သင်ကြားနည်းစနစ်မျိုးမှာတော့၊ e-learning ဟာ အတန်းထဲမှာသင်နေတာအစား၊ အင်တာနက်ပေါ်မှာသင်တာမျိုးပဲ ပြောင်းလဲသွားတာပါ။ ဒါပေမယ့် သင်ကြားပေးနေတဲ့ (သို့မဟုတ်) ဂိုက် (guide) လုပ်ပေးနေတဲ့ ဆရာဆရာမတွေရှိနေမှ ကျောင်းသားတွေဟာ electronic tools တွေကို တန်ဖိုးရှိရှိ သူတို့စာသင်ယူရေးမှာ အသုံးချနိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘလောဂ့်တွေကို လူအများစုအသုံးပြုကြသလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အတွက်ပဲ အများဆုံးသုံးတာမျိုးဖြစ်သွားနိုင်ပါတယ်။
နောက်ဆုံးအများဆုံးအထင်မှားကြတဲ့အချက်ကတော့ e-learning ရှိလာတဲ့အခါ မျက်နှာချင်းဆိုင်ပြီး စာသင်တာမျိုး (face-to-face learning) မလိုအပ်တော့ဖူး ဆိုတာပါပဲ။ e-learning ရော မျက်နှာချင်းဆိုင်စာသင်တာရော သူ့ဘာသာသူကောင်းတဲ့အချက်တွေရှိတဲ့အတွက် ခုနောက်ပိုင်းမှာ ပညာရေးသုတေသီတွေက အဲဒီနှစ်မျိုးလုံးကိုတချိန်တည်းအသုံးချနိုင်မယ့် blended learning ဆိုတာကို အားသန်လာကြပါတယ်။ Blended learning မှာ မျက်နှာချင်းဆိုင်သင်ကြားရေးမှာ မလုပ်နိုင်တဲ့အရာတွေကို e-learning အနေနဲ့ electronic tools တွေကိုသုံးပြီး သင်ပါတယ်။ အဲဒီအခါ နှစ်ခုလုံးကကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။
(အပိုင်း -၂ ကို ထပ်မံဖော်ပြပါမည်)
References:
Holme, B., & Gardner, J. (2006). E-learning: concepts and practice. London: Sage
E-Language. (n.d.) Retrieved April 19, 2009 from E-Language Wiki:
http://e-language.wikispaces.com/myths
Prensky, M. (2001). Digital natives, digital immigrants. On the Horizon, 9(5). http://www.marcprensky.com/writing/Prensky%20-%20Digital%20Natives,%20Digital%20Immigrants%20-%20Part1.pdf
Gibbs, D., & Gosper, M. (2006). The upside-down world of e-learning. Journal of Learning Design, 1(2), 46-54. http://oltfile.qut.edu.au/download.asp? rNum=3055019&pNum=3012689&fac=udf&OLTWebSiteID=JLD&CFID=5871481&CFTOKEN=10386806
Friday, May 22, 2009
ချီနာဆာ (ဘာသာပြန်ဝတ္ထုတို) |
ဒီအဖြစ်အပျက်လေး ဖြစ်ပွားခဲ့တာ ဇန်န၀ါရီလမှာလို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြေတွေဟာ ပတ်ကြားအက်နေပြီး၊ ခြောက်သွေ့တဲ့ လေတွေကြောင့် ကျွန်မရဲ့ အရေပြားပေါ်မှာ၊ အိမ်ပေါ်မှာ၊ သစ်ပင်လေးတွေဆီမှာ အ၀ါရောင်ဖုန်မှုန့်လေးတွေ ကပ်လာခဲ့လို့ပါ။ ဒီခုနှစ်လေးဟာ ၁၉၆၈ ခုနှစ်ဆိုတာကိုတော့ ကျွန်မ စွဲစွဲမြဲမြဲ မှတ်မိနေပါတယ်။ ဒီဇင်ဘာလ၊ ဖေဖော်ဝါရီလလေးတွေလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ စစ်ပွဲကာလ နေ့စွဲလေးတွေကို ကျွန်မသေချာ မမှတ်မိတော့ပေမယ့်၊ ဒီအဖြစ်အပျက်လေးဟာ နေသာတဲ့ နံနက်ခင်းလေး တခုမှာ ဖြစ်ပွားခဲ့တာ ဆိုတာကိုတော့ မှတ်မိသတိရနေဆဲ------။
ပေါက်ကွဲသံတွေ ထွက်ပေါ်လာချိန်မှာ ကျွန်မဟာ တခြားမိသားစုနှစ်စုနဲ့ အတူစုနေနေတဲ့ အိမ်လေးရဲ့ ၀ရန်တာမှာ ထိုင်ရင်း၊ Camara Laye ရေးသားတဲ့ The Africa Childဆိုတဲ့ စာအုပ်လေးကို ဖတ်နေချိန်မှာပါ။ ကျွန်မရဲ့ စာအုပ်ဟောင်းလေးက စုတ်ပြဲနေပြီဖြစ်ပေမယ့် ဒီစာအုပ်လေးကိုပဲ ကျွန်မထပ်ဖတ်ဖြစ်နေခဲ့ပါတယ်။ ကျွန်မနေတဲ့ အိမ်လေးရဲ့ အိမ်ရှင်က စစ်မဖြစ်ခင်ကာလတုန်းက ကျွန်မအဖေကို သိတယ်လို့ဆိုပါတယ်။ ဒါကြောင့်လဲ ကျွန်မရဲ့ မြို့လေး ကျဆုံးသွားချိန်မှာ အထုပ်ကလေးပိုက်ပြီးရောက်လာခဲ့တဲ့၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေတဲ့ ကျွန်မကို နေစရာအခန်းငယ်လေးတခု ပေးခဲ့ပါတယ်။ ကျွန်မအဖေက သူ့အပေါ် အရမ်းကောင်းခဲ့တာကြောင့်လို့ ဆိုပြီး အခန်းခတော့ မယူခဲ့ပါဘူး။
အိမ်မှာရှိတဲ့ တခြားအမျိုးသမီးတွေကတော့ ကျွန်မက ညတိုင်း၊ ညတိုင်း အိမ်ရှင်ရဲ့ အခန်းကို သွားပေးတာကြောင့် အခန်းခပေးစရာ မလိုတာဆိုပြီး၊ အတင်းပြောတတ်ကြပါတယ်။ အဲဒီနေ့မနက်က ဒီလိုကျွန်မအကြောင်း အတင်းပြောတဲ့ အမျိုးသမီးတွေထဲက အမျိုးသမီးတယောက်လဲ ကျွန်မနဲ့အတူ ၀ရန်တာမှာ ရှိနေခဲ့ပါတယ်။ သူမဟာ ကျိုးပဲ့နေတဲ့ ကျောက်တုံးလှေခါးလေးမှာထိုင်ပြီး၊ သူမရဲ့ ကလေးငယ်လေးကို ထိန်းနေခဲ့ပါတယ်။ သူမကို ကျွန်မအချိန်အနည်းငယ်ကြာကြည့်လိုက်မိပါတယ်။ သူမရဲ့ ရင်သားဟာ အရည်တွေ အကုန်လုံး စုပ်ယူခံလိုက်ရလို့ ပိန်ရှုံ့နေတဲ့ လိမ္မော်သီးလိုပဲ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ကလေးငယ်လေးကများ နို့ရည်တွေအားလုံးကို စုပ်ယူလိုက်တာလားလို့ ကျွန်မတွေးနေမိခဲ့တယ်။
ပေါက်ကွဲသံတွေလဲ ထွက်လာရော၊ သူမဟာ ကလေးငယ်ကို အမြန်ကောက်ချီလိုက်ပြီး၊ တခြားကလေးတွေကို ခေါ်ဖို့ အိမ်ထဲကို ပြေးဝင်သွားပါတယ်။
ဝုန်း-----
ပေါက်ကွဲသံကြီးဟာ မိုးကြိုးပစ်သံကြီးလိုပါပဲ။ အချိန်အနည်းငယ်ကြာတဲ့အထိ ဒါဟာ မိုးကြိုးပစ်တာပါလို့ ကျွန်မစိတ်ကူးယဉ်လိုက်မိတယ်။ ကျွန်မစိတ်ထဲမှာတော့လေ- စစ်ပွဲတွေ မဖြစ်ခင်တုန်းက ကျွန်မအဖေရဲ့ အိမ်လေးဆီကို ကျွန်မပြန်ရောက်သွားသလိုပဲ။ ခြံဝန်းကြီးထဲက သစ်ပင်ကြီးအောက်မှာ မိုးရွာလာတာကို စောင့်နေရသလိုပါပဲ။ ကျွန်မအဖေရဲ့ ခြံဝန်းထဲမှာ စားပင်၊ သီးပင်တွေက အစုံပဲ ရှိတာလေ။ သစ်ပင်ကြီးတွေပေါ်ကို တက်ရတာ ကျွန်မအရမ်းကြိုက်တာပဲ။ အဖေကတော့ ပြောတတ်တယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေ သစ်ပင်တက်တာ မကောင်းဘူးတဲ့။ သူ့ဆီကို ၀ိုင်ပုလင်းယူလာမယ့် ယောက်ျားလေးတချို့က ကျွန်မ ယောက်ျားလေးလို ပြုမူနေတာကို တွေ့ရင် စိတ်ပြောင်းသွားမှာ စိုးရတယ်တဲ့။ အဖေက စနောက်ပြီး ပြောခဲ့တာပါ။ ကျွန်မကို ဆူတာ မဟုတ်ပါဘူး။ အဖေဟာ ကျွန်မသစ်ပင်တက်တာကိုတော့ ဘယ်တုန်းကမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လဲ အဖေဟာ ကျွန်မကို ပျက်စီးအောင် အလိုလိုက်တာပါလို့ တချို့က ပြောကြပါတယ်။ အခုအချိန်ထိ တချို့အမျိုးတွေက ကျွန်မဒီအချိန်အထိ အိမ်ထောင်မပြုပဲ နေတာဟာ အဖေ့ကြောင့်ပါလို့ ပြောနေကြတုန်းပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီနေ့နံနက်ကတော့ မိုးကြိုးပစ်သံလို ပေါက်ကွဲသံကြီးတွေဟာ တစတစနဲ့ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ ကလေးလေးတွေနဲ့ တူတူ ထွက်ပြေးကြပါလေရော။ ကျွန်မလဲ သူတို့နဲ့ တူတူ ပြေးချင်နေပေမယ့်၊ ကျွန်မရဲ့ ခြေထောက်တွေက မရွေ့ဘူးဖြစ်နေခဲ့တယ်။
တကယ်တော့ ဒီအသံတွေကို ကျွန်မကြားရတာ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ စစ်ဖြစ်နေတာ နှစ်နှစ်တောင်ရှိသွားခဲ့ပြီ။ ကျွန်မမိဘတွေလဲ အုကီက ဒုက္ခသည်စခန်းမှာ သေသွားခဲ့ပြီ။ ကျွန်မအဒေါ်လဲ အိုကီဂျာမှာ သေသွားခဲ့ပြီ။ ကျွန်မအဘိုးအဖွားတွေနဲ့ ၀မ်းကွဲတွေလဲ နက်ကိုဈေးကို ဗုံးချဲတုန်းက အာပါကနားမှာ သေသွားခဲ့ပြီ။ အဲဒီတုန်းကလေ၊ ဗုံးဒဏ်ကြောင့် ကျွန်မအဖေအိမ်ခေါင်မိုးကြီး ပျက်စီးသွားတာ၊ ကျွန်မတယောက်ထဲ အသက်ရှင် ကျန်ရစ်ခဲ့ရတယ်။ ဒါကြောင့် အဲဒီ့နေ့မနက်မှာ ပေါက်ကွဲသံကြီးတွေကို ကြားရတာ ပထမဆုံးမဟုတ်ခဲ့ပါဘူး။
ဝုန်း-
ဟော- ပေါက်ကွဲသံကြီး ထပ်ထွက်လာပြန်ပြီ။ ကျွန်မရပ်နေတဲ့ မြေပြင်ဟာ တုန်ဟဉ်းသွားသလိုပဲ။ ဒါပေမယ့် ကျွန်မပြေးလို့ မရသေးပြန်ဘူး။ အသံဟာ ကျယ်လောင်လွန်းလို့ ကျွန်မခေါင်းတွေ မူးနောက်သွားတယ်။ ကျွန်မစိတ်ထဲမှာ နားထဲကို အရမ်းပူုတဲ့ အရည်တွေ တစုံတယောက်က လာလောင်းထည့်နေသလိုပဲ ခံစားနေရတယ်။ နောက်တော့ ကျွန်မဘေးက မြေပြင်မှာ ပေါက်ကွဲမှုကြောင့်ဖြစ်နေတဲ့ အရမ်းကြီးတဲ့ အပေါက်ကြီးတွေကို တွေ့လိုက်ရတယ်။ မီးခိုးတွေအူနေတာ၊ သစ်သားစတွေ၊ ဖန်စတွေ၊ သံစတွေ လေထဲမှာ ၀ဲပျံနေတာကို ကျွန်မတွေ့နေရတယ်။ ဖုန်လုံးတွေ လိမ့်တက်လာတာကို မြင်နေရတယ်။ ကျွန်မအားလုံးကို မမှတ်မိတော့ဘူး။ မိနစ်အတန်ကြာလောက် ကျွန်မရင်ထဲမှာ တမျိုးကြီးဖြစ်နေတယ်။ ဒီဗုံးတွေဟာ ကျွန်မကိုပါ အဆုံးသတ်လိုက်ပါစေတော့လို့ ကျွန်မဆန္ဒရှိခဲ့တယ်။ နောက်ပိုင်း ကျွန်မဘာတွေထပ်လုပ်လဲဆိုတာ မမှတ်မိတော့ဘူး။ ထိုင်လိုက်မိသလား၊ မြေပေါ်မှာ မှောက်လိုက်မိသလား။ ကျွန်မမမှတ်မိတော့ဘူး။ ဒါပေမယ့် ဗုံးတွေ ရပ်သွားချိန်မှာတော့ ဒဏ်ရာရသူတွေနားမှာ ၀ိုင်းအုံနေတဲ့ လူအုပ်ကြီးရှိရာ လမ်းပေါ်ကို ကျွန်မလျှောက်သွားလိုက်မိတယ်။ နောက်တော့ မြေပေါ်မှာ လဲနေတဲ့ ဒဏ်ရာရသူတယောက်ကို ကျွန်မအာရုံစိုက်လိုက်မိတယ်။ ကောင်မလေး တယောက်ပါ။ အသက် ဆယ့်ငါးနှစ်လောက် ရှိပါလိမ့်မယ်။ သူမရဲ့ လက်မောင်းတွေကနေ သွေးတွေထွက်နေတယ်။ ဒီအချိန်ဟာ ဟာသလုပ်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာနဲ့ ဒီကလေးမလေးကို မြင်ရတာ ပိုးတုန်းလုံးကောင်လေးနဲ့ တူနေတယ်။ ဒီကလေးမလေးကို ကျွန်မအိမ်ကို ဘာကြောင့် ခေါ်လာခဲ့မိလဲ။ ကျွန်မမသိပါဘူး။
ဒီအချိန်မတိုင်ခင်ကလဲ ဒီလိုပဲ ဗုံးကြဲခံရတာတွေ ဖြစ်နေခဲ့တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မရောက်နေခဲ့တဲ့နေရာက မြို့တော်ဖြစ်နေလို့ပါ။ ဒဏ်ရာရသူတွေကို ကူညီပေးတာ၊ ဆေးကြောသန့်စင်ပေးတာတွေ လုပ်ခဲ့ဖူးပေမယ့် ကျွန်မအခန်းလေးဆီကိုတော့ ဘယ်သူ့ကိုမှ မသယ်လာခဲ့ဖူးပါဘူး။ အခုကျွန်မခေါ်လာခဲ့တဲ့ ကလေးမလေး နာမည်ကတော့ ချီနာဆာ တဲ့။
ကျွန်မသူ့ကို ရက်သတ္တပတ်ပေါင်းများစွာ စောင့်ရှောက်ပြုစုခဲ့ပါတယ်။ အိမ်ရှင်ကလဲ အကူအညီပေးခဲ့သလို၊ အတင်းပြောတတ်ကြတဲ့ အမျိုးသမီးတွေကတော့ လက်ဆောင်ပစ္စည်းသေးသေးလေးတွေ လာပေးတတ်ကြပါတယ်။ သူမဟာ ပိန်ပိန်လေးပါ။ အရွယ်နဲ့စာရင် တော်တော်သေးကွေးတယ်လို့လဲ ဆိုရပါမယ်။ စစ်မက်ကြားက ကလေးလေးတွေ ဘ၀ဟာ ဒီလိုပါပဲ။ ဒါပေမယ့် သူမဟာ တဘက်သားမျက်လုံးကို သေချာပြန်စိုက်ကြည့်လေ့ရှိတယ်။ မယဉ်ကျေးတဲ့ အမူအရာ မဟုတ်ပေမယ့် ဒီအမူအကျင့်ဟာ သူမအရွယ်ထက် ပိုကြီးသယောင် ဖြစ်နေတတ်တယ်။ သူမရဲ့ဒဏ်ရာလေးတွေကို အိမ်လုပ်အရက်ပျံနဲ့ ဆေးကြောပေးတဲ့အခါတိုင်း သူမဟာ မနာကျင်ဟန်ဆောင်နေတတ်ပေမယ့် မျက်ဝန်းလေးတွေထဲက မျက်ရည်စလေးတွေကိုတော့ ကျွန်မမြင်နေခဲ့ရပါတယ်။ ကျွန်မလဲ သူမရဲ့ အမျိုးသမီးတယောက်အနေနဲ့ ရင့်ကျက်လာမှုလေးတွေ၊ စစ်မက်ကာလမှာ အရမ်းမြန်လာတာကို ကြည့်ပြီး မျက်ရည်ကျမိတာပါပဲ။
ချီနာဆာက ကျွန်မကို ကျေးဇူးတင်စကားအမြဲဆိုတတ်တယ်။ ကျွန်မချက်ပြုတ်တာ၊ သန့်ရှင်းရေးလုပ်တာကို ကူညီနိုင်ဖို့အချိန်တွေကို မစောင့်နိုင်တော့ဘူးလို့ သူမပြောလေ့ရှိတယ်။ ညနေခင်းအချိန်လေးတွေဆို၊ သူမကို ညစာကျွေးပြီးတိုင်း၊ သူမဘေးမှာထိုင်ပြီး၊ ကျွန်မစာဖတ်ပြလေ့ရှိတယ်။ သူမရဲ့လက်လေးတွေဟာ ပတ်တီးတွေနဲ့ ငြိမ်သက်နေပေမယ့် သူမရဲ့ မျက်နှာမှာတော့ ခံစားမှုအရိပ်အယောင်လေးတွေ ပေါ်ထွက်နေတယ်ဆိုတာ ရေနံဆီမီးအိမ်ရဲ့ မှုန်ပျပျအလင်းရောင်လေးမှာ ကျွန်မတွေ့မြင်နေရပါတယ်။ ကျွန်မစာဖတ်ပြနေတဲ့အချိန်မှာ ပြုံးနေ၊ ရယ်နေလေ့ရှိတယ်။
စစ်ပွဲကာလမှာ တမြို့နေတမြို့ပြောင်းရင်း ကျွန်မရဲ့ ပစ္စည်းတွေ အများအပြား ဆုံးရှုံးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်လေးတချို့ကိုတော့ ကျွန်မရအောင် သယ်ယူနိုင်ခဲ့တယ်။ ဒီစာအုပ်လေးတွေကို သူမကို ဖတ်ပြရတာ ကျွန်မသိပ်ဝမ်းသာတာပဲ။ ဘာလို့လဲ ဆိုတော့ ချီနာဆာရဲ့ မျက်လုံးလေးတွေကနေတဆင့် ဒီစာအုပ်လေးတွေရဲ့ သစ်လွင်တောက်ပမှုကို ကျွန်မမြင်တွေ့နေရလို့ပါ။ သူမဟာ မေးခွန်းလေးတွေ စမေးလာတယ်။ ပုံပြင်တွေထဲက ဇာတ်ကောင်လေးတွေ ပြုလုပ်ခဲ့တာတွေအပေါ်မှာ စိန်ခေါ်ဆန်းစစ်လာတယ်။ စစ်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလာတယ်။ ကျွန်မရဲ့အကြောင်းတွေ မေးလာတယ်။ ကျွန်မက ကျွန်မကို ပညာတတ်တယောက်ဖြစ်စေရမယ်လို့ စိတ်ပိုင်းခြားဆုံးဖြတ်ခဲ့တဲ့၊ ဆရာဖြစ်ကောလိပ်ကျောင်းကို ပို့ပေးခဲ့တဲ့ ကျွန်မရဲ့ မိဘတွေအကြောင်း ပြောပြတယ်။ စစ်မဖြစ်ခင်တုန်းက ဆရာမလုပ်ခဲ့ရတာလေးကို ကျွန်မဘယ်လောက် ၀မ်းသာမိတယ်ဆိုတာ၊ ကျွန်မရဲ့ ကျောင်းလေး စစ်ပြေးဒုက္ခသည်စခန်းလေး ဖြစ်သွားတဲ့အခါ ကျွန်မဘယ်လောက် ၀မ်းနည်းခဲ့ရတယ်ဆိုတာလေးတွေကို ပြောပြခဲ့တယ်။ သူမက ကျွန်မကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့တယ်။
နောက်ပိုင်းညနေပိုင်းတခုမှာ သူမက ကျွန်မကို ကစားနည်းတခုသင်ပေးပြီး၊ မြေကြီးပေါ်က သေတ္တာလေးတွေအကြားမှာ ကျောက်တုံးလေးတွေ ရွှေ့ဖို့ ပြောရင်း သူမကို စာဘယ်လိုဖတ်ရမလဲဆိုတာ သင်ပေးမလားလို့ ကျွန်မကို မေးလာခဲ့တယ်။ ကျွန်မမှင်သက်မိသွားတယ်။ သူမစာမဖတ်တတ်ဘူးဆိုတာ ကျွန်မ မသိခဲ့ဘူး။ အခုတော့ ကျွန်မစဉ်းစားရတော့မယ်။ ကျွန်မတဘက်သားအကြောင်းကို သေချာမသိပဲ ကြိုတင်သုံးသပ်ချက် လုပ်ဖို့ မသင့်ခဲ့ဘူး။ သူမရဲ့ ဘ၀လေးကတော့ ဖြစ်လေ့ဖြစ်ထ အနေအထားအတိုင်းပါပဲ။ သူမရဲ့ မိဘတွေက အဂုလာက လယ်သမားတွေ။ သားနှစ်ယောက်ကို သာသနာပြုကျောင်းကို ပို့ပေးခဲ့ပေမယ့်၊ သူမကိုတော့ အိမ်မှာပဲ ထားခဲ့ကြတယ်။ သူမဘယ်အရပ်ကလာလဲဆိုတဲ့ အဖြစ်မှန်ကို တွေးဖို့ ကျွန်မမေ့ခဲ့တာကတော့ သူမရဲ့ ဖြတ်လတ်မှု၊ ဥာဏ်ရည်ထက်မြက်မှုနဲ့ တက်ကြွမှုတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီနေ့ညမှာပဲ ကျွန်မတို့ သင်ခန်းစာတွေ စခဲ့ကြတယ်။ သူမက သင်ပုန်းကြီးကို သိပြီးသား။ ဘာလို့လဲ ဆိုတော့ သူမအစ်ကိုတွေရဲ့ စာအုပ်တွေကို ကြည့်ခဲ့ဖူးလို့ပါပဲ။ သူမလေ့လာသင်ယူတာ အရမ်းမြန်တာ၊ အရမ်းကြိုးစားတာတွေကိုတော့ ကျွန်မ မအံ့သြတော့ပါဘူး။ နောက်ပိုင်းလအတန်ငယ်ကြာမှာ ကျွန်မတို့ရဲ့ ဗိုလ်ချုပ်တွေ လက်နက်ချတော့မယ်ဆိုတဲ့ ကောလဟလ သတင်းလေးတွေ ပျံ့နှံ့လာချိန်မှာတော့ သူမဟာ The African Child ဆိုတဲ့ စာအုပ်လေးကို ကျွန်မကို ဖတ်ပြနေခဲ့ပါပြီ။
စစ်ကြီးပြီးသွားတဲ့နေ့မှာ၊ သူမနဲ့ ကျွန်မတို့တတွေ အတင်းပြောတတ်တဲ့ အမျိုးသမီးတွေ၊ အိမ်အောက်ထပ်က အိမ်နီးချင်းတွေနဲ့ အတူစုမိသွားပြီး ငိုယိုကြ၊ သီချင်းတွေ ဆိုခဲ့ကြတယ်။ ရယ်မောကခုန်ခဲ့ကြတယ်။ ငိုနေကြတဲ့ အမျိုးသမီးတွေရဲ့ မျက်လုံးတွေထဲမှာ ပင်ပန်းနွမ်းနယ်မှု၊ မသေချာမရေရာမှု၊ စိတ်ချမ်းသာရာရမှုတွေကို ကိုယ်စားပြုနေတဲ့ မျက်ရည်လေးတွေ ပြည့်လျှံနေခဲ့ကြတယ်။ ကျွန်မတို့တွေလဲ ဒီအတိုင်းပါပဲရှင်။ နောက်ပြီး ကျွန်မဆီမှာ ငိုစရာ နောက်ထပ်အကြောင်းအရာ တခုကလဲ ရှိနေခဲ့ပါတယ်။ ကျွန်မ ချီနာဆာကို ကျွန်မအိမ်လေးဆီ ခေါ်သွားချင်တယ်။ ကျွန်မဘ၀မှာ မရှိခဲ့ဖူးတဲ့ ကျွန်မရဲ့ သမီးလေး ဖြစ်စေချင်တယ်။ စစ်မက်ကြောင့် ချစ်ခင်သူတွေအားလုံးနဲ့ သေကွဲကွဲသွားခဲ့ရတဲ့ ကျွန်မဘ၀နဲ့တူတူ မျှဝေခံစားစေချင်တယ်။ ဒါပေမယ့် သူမက ကျွန်မကို လှမ်းဖက်ထားရင်း၊ ငြင်းဆန်ခဲ့ပါတယ်။ သူမရဲ့ ဆွေမျိုးတွေကျန်ရစ်ဦးမလားဆိုတာကို သူမသွားရှာချင်တယ်တဲ့။
ကျွန်မရဲ့ လိပ်စာနဲ့ ကျွန်မအလုပ်ပြန်ဝင်ဖို့ မျှော်လင့်ထားတဲ့ ကျောင်းလေးရဲ့ အမည်ကို သူမကို ကျွန်မပေးလိုက်ပါတယ်။ ကျွန်မဆီမှာရှိနေတဲ့ ငွေစလေးတွေကိုလဲ သူမကို ကျွန်မပေးလိုက်တယ်။ သူမက ပြောတယ်။ မကြာခင်မှာ ကျွန်မဆီပြန်လာတွေ့မယ်တဲ့။ မျက်ရည်တွေ ပြည့်လျှံနေတဲ့ ကျေးဇူးတင် မျက်ဝန်းလေးနဲ့ သူမက ကျွန်မကို လှမ်းကြည့်တယ်။ ကျွန်မသူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားမိတယ်။ နောက်ပိုင်းအချိန်ကာလတွေအတွက် ၀မ်းနည်းမှုကိုလဲ ကျွန်မရင်ထဲမှာ ခံစားနေရတယ်။ သူမရဲ့ ဆွေမျိုးတွေကို ပြန်တွေ့ပြီး၊ သူမဘ၀အတွက် ကောင်းမွန်နိုင်တဲ့ အခွင့်အလမ်းတွေရသွားမှာပါ။ သူမကျွန်မဆီကို ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ပါဘူး။
(၂၀၀၈) ခုနှစ်ကာလရဲ့ တမြန်နေ့ မနက်ခင်းမှာပါ။
အဲဒီမနက်ခင်းလေးကတော့ ဟိုး- လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်တုန်းက နံနက်ခင်းလေးနဲ့ မတူတော့ပါဘူး။ ကျွန်မအိမ်ထဲက ဧည့်ခန်းလေးထဲမှာ ဂါဒီးယန်း သတင်းစာလေးကို ကျွန်မ စလှန်လိုက်ပါတယ်။ အဲဒီတုန်းက ကျွန်မ နေ့စဉ်လုပ်နေကျ နံနက်ခင်းလမ်းလျှောက်တာလေးကနေ ပြန်လာခါစပါ။ ကျွန်မမိတ်ဆွေတွေက ပြောပါတယ်။ ကျွန်မအရွယ် အသက်ခုနစ်ဆယ်ကျော်လို့ မထင်ရတာ ကျွန်မနေ့စဉ်လမ်းလျှောက်လို့တဲ့။ သတင်းစာထဲမှာ အစိုးရက ၀န်ကြီးအသစ်တွေ ခန့်အပ်တဲ့ သတင်းပါလာပါတယ်။ အစိုးရဦးဆောင်မှု တခုကနေ တခု ပြောင်းနေကျဖြစ်နေပြီမို့ သိပ်မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် သတင်းစာထဲမှာ အသစ်ခန့်လိုက်တဲ့ ပညာရေးဝန်ကြီးဟာ အမျိုးသမီးဆိုတာကို ကျွန်မတွေ့လိုက်ရတယ်။ သူမရဲ့ ပထမဆုံးအင်တာဗျူးတောင် ပါလာခဲ့ပြီပဲ။ ကျွန်မကျေနပ်သွားတယ်။ အစိုးရထဲမှာ ကျွန်မတို့ အမျိုးသမီးတွေလဲ လိုအပ်တယ်။ နိုက်ဂျီးရီးယားမှာတုန်းက အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ဘယ်လောက်စွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာ ကျွန်မတို့ မျက်ဝါးထင်ထင် တွေ့မြင်ရပြီးပြီ။
နောက်တော့ သတင်းစာ၊ စာမျက်နှာ တ၀က်ကို နေရာယူထားတဲ့ ပညာရေးဝန်ကြီးအမျိုးသမီးရဲ့ အဖြူအမည်းဓာတ်ပုံကို ကျွန်မတွေ့လိုက်ရတယ်။ သူမရဲ့ မျက်နှာကို ကျွန်မသိပ်ရင်းနှီးနေသလိုပဲ။ ကျွန်မသူမကို စိုက်ကြည့်နေမိတယ်။ သူမနာမည်ကို မဖတ်မိခင်ကတည်းက ဒါဟာ ချီနာဆာဆိုတာ ကျွန်မသိလိုက်ရပါပြီ။ သူမရဲ့ ပါးလေးတွေက ပြည့်ဖောင်းလာပြီ။ ငယ်ရုပ်သွင်ပြင်လေး နည်းနည်းပြောင်းသွားတယ်။
သူမရဲ့ အင်တာဗျူးကို ကျွန်မအမြန်ဖတ်လိုက်မိတယ်။ ကျွန်မလက်တွေ နည်းနည်းတုန်နေတယ်။ စစ်ဖြစ်ပြီးတဲ့နောက်ပိုင်း သိပ်မကြာခင်မှာပဲ စစ်ပွဲကြောင့် ထိခိုက်ခံစားကြရတဲ့ လူငယ်တွေကို ကူညီတဲ့ နိုင်ငံတကာအေဂျင်စီတခုအကူအညီနဲ့ သူမနိုင်ငံခြားကို ရောက်သွားခဲ့တယ်။ သူမစကောလားရှစ်တွေ အများကြီးရခဲ့တယ်။ သူမအိမ်ထောင်ကျခဲ့ပြီး ကလေးသုံးယောက်ရှိတယ်။ သူမ စာပေပိုင်းဆိုင်ရာ ပါမောက္ခ ဖြစ်ခဲ့တယ်။ သူမစာအုပ်တွေကို ဘယ်လိုချစ်မြတ်နိုးခဲ့လဲဆိုတာကို ပြောကြားတာ ဖတ်ရချိန်မှာတော့ ကျွန်မလက်တွေ အရမ်းကို တုန်နေခဲ့ပါတယ်။ စစ်ပွဲအတွင်းတုန်းက သူမမှာ နတ်သမီးလို အမေ တယောက် ရှိခဲ့ပါတယ်တဲ့။ သူမဒီစကားလေးကို ပြောခဲ့ပါတယ်။
သူမမျက်နှာလေးကို ကျွန်မအချိန်တန်ကြာ ကြည့်နေမိခဲ့တယ်။ သူမကြုံတွေ့ခဲ့ရတဲ့ ဘ၀လေးကို ကျွန်မပြန်မြင်ယောင်နေမိတယ်။ ပြီးတော့ သူမနဲ့ အတူတူ ကစားခဲ့ရတဲ့ အချိန်လေးတွေ။ သတင်းစာကို ပိတ်ပြီး၊ ဘေးမှာ မချထားခင် အချိန်လေးမှာတော့ ကျွန်မဘ၀မှာ တခါမှ မခံစားဖူးခဲ့တဲ့ ဂုဏ်ယူဝမ်းမြောက်မှုတွေကို ခံစားနေခဲ့ရတယ်ဆိုတာ ကျွန်မပဲ အသိဆုံးဖြစ်မှာပါလေ။
မူရင်းစာရေးသူ- Chimamanda Ngozi Adichie
ဘာသာပြန်သူ- ခင်မမမျိုး
ရည်ညွှန်း-
Adichie, C.N. (2009) “Chinasa” in The Thing around Your neck, Fourth Estate
Monday, May 11, 2009
Tuesday, April 21, 2009
မြန်မာဘလောဂ့်တွေကြားမှေးမှိန်နေတဲ့အခွင့်အလမ်းများ |
(ရေးသားသူ - S.S.)
အခုဆိုရင် မြန်မာဘလောဂ့်လောကမှာ ဘလောဂ့်ရေးသူတွေများပြားလာသလို ဘလောဂ့်ဖတ်သူနှုန်းလည်း တိုးပွားလာပါတယ် ။ မြန်မာဘလောဂ့်တွေကိုခွဲခြားစိတ်ဖြာကြည့်တဲ့အခါ အနုပညာရသပိုင်း ၊ ကိုယ်ကြုံတွေ့ရတာကို ဒိုင်ယာရီသဘောမျိုးရေးတဲ့အပိုင်း ၊ နည်းပညာ ဗဟုသုတတို့နဲ့ပတ်သက်ပြီး သိသလောက်ကို ပြန်လည်ဝေမျှတဲ့အပိုင်း ၊ သတင်း သီချင်း စာအုပ်ဖြန့်တဲ့အပိုင်း ၊ နိုင်ငံရေး (သို့) အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေနဲ့ရေးတဲ့အပိုင်း စတဲ့ အပိုင်းအမျိုးမျိုးကို ကိုယ်အားသန်ရာဘက်ဦးစားပေးရေးကြတာ မြင်တွေ့နိုင်ပါတယ် ။ ဒါ့အပြင် ခုနောက်ပိုင်းမှာ ဘလောဂ့်တွေကိုအသုံးချပြီး အဖွဲ့အစည်းအရတိုက်ခိုက်တာတွေ ၊ ပါစင်နယ်အရတိုက်ခိုက်တာတွေပါ လုပ်လာတာတွေလည်း ရှိပါတယ် ။
ရွှေဝါရောင်တော်လှန်ရေးတုန်းက ပြည်တွင်းမှာရှိတဲ့ Citizen Journalist လို့ခေါ်ခံခဲ့ရတဲ့ပြည်သူတွေကတဆင့် မြန်မာပြည်ကသတင်းအဖြစ်အပျက်တွေကို မြန်မာဘလောဂ့်တွေ ဖြန့်ဝေနိုင်ခဲ့တယ် ။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး တစ်နှစ်ကျော်ကြာတဲ့အခါ သတင်းတွေနဲ့အတူ အတင်းအဖျင်းတွေပါ ရှိလာတယ် ။ နေ့တဒူဝကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေ ကိုယ်ရထားတဲ့ဗဟုသုတနည်းပညာတွေကို ဟိုတစဒီတစ ပြန်လည်ဝေမျှတာတွေလည်း ရှိတယ် ။ ဘလောဂ့်ပေါ်က အနုပညာရသ၀န်းကျင်ဟာလည်း နာမည်ကြီးစာရေးဆရာတွေသာမက တက်သစ်စတွေ အနုပညာပါရမီရှိသူတွေနဲ့ ကျယ်ပြန့်လာတယ် ။ မြန်မာဘလောဂ့်တွေကြားမှာ ဘလောဂါ့ချင်းခင်မင်ရင်းနှီးမှုတွေရှိကြတယ် ၊ ဘလော့ဂါစင်မီနာတို့ ဘလော့ဂါဂဲသားရင်းတို့လုပ်ကြတယ် ၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ ရကြတယ် ။ တချိန်တည်းမှာ အမြင်မတူ မကြည်ဖြူသူတွေလည်း ရနိုင်တယ် ။ ဟန်ဆောင်မှုတွေပြည့်ကျပ်လာတယ် ။ အဲလိုအခြေအနေတွေကြား စဉ်းစားသင့်တဲ့အချက်တချက်က မြန်မာဘလောဂ့်တွေကို အဲလို လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) အဆင့်လောက်မှာပဲ အဓိကထားပြီး ရပ်တန့်နေတော့မလား ။
တနေ့တခြားတိုးပွားလာတဲ့မြန်မာဘလောဂ့်တွေကြား ဘယ်သူမှစဉ်းစားမိပုံမရတဲ့မေးခွန်းကတော့ မြန်မာဘလောဂ့်တွေဟာ နိုင်ငံတကာဘလောဂ့်လောကနဲ့ယှဉ်ရင် ဘယ်လိုအဆင့်အတန်း အခြေအနေမှာ ရောက်နေပြီလဲဆိုတဲ့မေးခွန်းပါပဲ ။ အဲဒီအဆင့်အတန်းဆိုတာဟာ ဘန်နာဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာထက် ၊ ကိုယ့်ဘလောဂ့်မှာ ဟစ်ဘယ်နှစ်ခုရနိုင်တယ်ဆိုတာထက် ၊ ပို့စ်တခုမှာ ကွန်မန့်ဘယ်လောက်ရှိနိုင်တယ်ဆိုတာထက် ၊ ဘလောဂ့်ကိုဘယ်လိုလှပအောင်မွန်းမံတယ်ဆိုတာထက် ၊ မြန်မာဘလောဂ့်တွေဟာ မြန်မာလူမျိုးတွေရဲ့လက်ရှိအခြေအနေပိုတိုးတက်ဖို့ ကမ္ဘာမှာရင်ဘောင်တန်းနိုင်ဖို့ ဘယ်လိုပံ့ပိုးနေသလဲဆိုတာပဲ ဖြစ်ပါတယ် ။
နိုင်ငံတကာရဲ့ဘလောဂ့်လောကကိုလေ့လာမယ်ဆိုရင် ပထမဆုံးစိတ်ဝင်စားစရာအချက်ကတော့ ဘလောဂ့်တွေကို ပညာရေးနယ်ပယ်တွေမှာအသုံးပြုလာကြတာပါပဲ ။ ဒါဟာဘာကြောင့်လဲဆိုတော့ ခုခေတ်မှာကျင်လည်နေသူတွေဟာ ဒစ်ဂျစ်တယ်လ်ခေတ်ရေစီးကြောင်းပေါ် အလိုအလျောက်စီးနင်းလိုက်ပါနေကြသူတွေဖြစ်တဲ့အတွက် ကွန်ပြူတာ ၊ အင်တာနက် စတာတွေနဲ့ ယဉ်ပါးနေပါတယ် ။ သူတို့ရဲ့သင်ကြားလေ့လာမှုတွေမှာ သူတို့ယဉ်ပါးတဲ့အရာတွေကို အထောက်အကူအဖြစ်သုံးရင် ပိုထိရောက်မှုရှိနိုင်တယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြတယ် ။ နောက်တချက်ကတော့ ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်း (collaborative learning) ၊ အပြန်အလှန်နှီးနှောဖလှယ်သည့်သင်ယူခြင်း (interactive learning) မျိုးတွေကို စာသင်ခန်းတွေမှာ ကျောင်းသားကျောင်းသူတွေကြားဖြစ်ထွန်းစေဖို့ ကြိုးစားလာကြပါတယ် ။ ဘာလို့လဲဆိုတော့ လူတယောက်ဟာတစ်ယောက်တည်းသင်ယူတာထက် ၊ အားလုံးပေါင်းပြီး တစ်ယောက်ချင်းစီရဲ့ အကြံဥာဏ် စိတ်ကူးတွေနဲ့ပံ့ပိုးပြီးတည်ဆောက်မယ်ဆိုရင် သင်ယူခြင်းမှာပိုပြီးထိရောက်နိုင်ပြီး အသိပညာပိုတိုးပွားစေတယ်လို့ ပညာရေးပိုင်းလေ့လာသူတွေက သုံးသပ်မိကြပါတယ် ။ အဲလိုလုပ်နိုင်ဖို့ ဘလောဂ့်တွေကိုအသုံးချနိုင်တာကို တွေ့ရှိသွားကြပါတယ် ။
ဒါကြောင့် နိုင်ငံတကာဘလောဂ့်လောကမှာ ပညာရေးဘလောဂ့်တွေပဲ သီးသန့်စုပေါင်းထားတဲ့နေရာဖြစ်တဲ့ EDUBLOG ဆိုတာရှိလာပါပြီ ။ အဲဒီနေရာဟာ ဆရာဆရာမတွေ ကျောင်းသားတွေအတွက် စာသင်ကြားရာမှာဘလောဂ့်ကိုအလွယ်တကူသုံးနိုင်ဖို့ သီးသန့်တည်ထောင်ပေးထားတာဖြစ်ပါတယ် ။ လက်ရှိ အဲဒီနေရာမှာဘလောဂ့်ပေါင်း နှစ်သိန်းကျော်အထိရှိနေပါပြီ ။ သူတို့ဟာဘလောဂ့်တွေကိုစာသင်ကြားရေးပိုင်းမှာ ဘယ်လိုအသုံးချကြပါသလဲ ။
သင်္ချာဆရာတယောက်ကထောင်ထားတဲ့ Mathblog မှာ တနေ့တာအတန်းထဲမှာ သင်လိုက်တဲ့သင်ခန်းစာနဲ့ပတ်သက်ပြီး ကျောင်းသားတွေက တလှည့်ချင်းစီ ဘလောဂ့်ပေါ်မှာပို့စ်အနေနဲ့ သူတို့နားလည်သလို ပြန်လည်ရှင်းပြထားတာတွေရှိပါတယ် ။ အတန်းထဲက တခြားကျောင်းသားတွေက အဲဒီပို့စ်တွေမှာ ကွန်မန့်တွေဝင်ရေးရင်းဆွေးနွေးကြပါတယ် ။ သူတို့သင်ရတဲ့သင်ခန်းစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့ အင်တာနက်ပေါ်က ၀က်ဆိုဒ်လင့်ခ်တွေကိုလည်း ကွန်မန့်တွေမှာပေးပြီး ဝေမျှကြပါတယ် ။ ကျောင်းသားချင်းရှင်းပြထားတဲ့အရေးအသားဟာ သူတို့ချင်းနားလည်နိုင်တဲ့ စကားလုံးအသုံးအနှုံးတွေကိုသုံးတတ်ကြတဲ့အတွက် တခါတလေကျတော့ စာအုပ်ထဲကရှင်းပြထားတာထက် ပိုထိရောက်စေပါတယ် ။ အဲဒီဘလောဂ့်မှာ သင်္ချာဆရာရဲ့ပါဝင်မှုက ကျောင်းသားတွေရဲ့တင်ပြချက်တွေ ဆွေးနွေးတာတွေကို လမ်းမမှားရလေအောင် လိုအပ်တဲ့အခါဝင်ရောက်ပြီး ဂိုက်လုပ်ပေးတာမျိုးပါပဲ ။ တခါတလေ သူကိုယ်တိုင်လည်း ကျောင်းသားတွေအတွက် လိုအပ်မယ့်အချက်အလက်တွေကို ပို့စ်အနေနဲ့တင်ပေးပါတယ် ။ အဲလိုလုပ်တဲ့အခါ ကျောင်းသားနဲ့ဆရာကြား ပူးပေါင်းဆောင်ရွက်တာမျိုးတွေဖြစ်လာပြီး ဆရာနဲ့ကျောင်းသားကြားမှာ တသီးတသန့်ကြီးဖြစ်တာမျိုး မခံစားရတော့ပဲ ပိုမိုရင်းနီးစေပါတယ် ။ ကျောင်းသားတွေကလည်း သူတို့အထင်အမြင် အတွေးအခေါ်တွေကို ပွင့်လင်းစွာထောက်ပြရဲလာပါတယ် ။ အဲလိုဘလောဂ့်မျိုးကို သင်္ချာဘာသာတင်သာမက သိပ္ပံ ၊ ပထ၀ီ ၊ သမိုင်း စတဲ့ဘာသာရပ်အမျိုးမျိုးမှာ အသုံးပြုထားတာတွေ တွေ့ရပါတယ် ။
ဆရာဆရာမတွေသုံးတတ်တဲ့နောက်တမျိုးကတော့ အကြောင်းအရာ အချက်အလက်တွေကို ဖြန့်ဝေတဲ့သဘောမျိုးပါပဲ ။ နောက်ထပ်သင်္ချာဆရာမတယောက်ရဲ့ Class Connection ဘလောဂ့်မှာ တစ်ပတ်စာအတန်းထဲမှာသင်ကြားခဲ့တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ၊ လေ့ကျင့်ခန်းထပ်ရမယ့်နေ့ရက်တွေ ၊ ကျောင်းမှာဖြစ်နေတဲ့ ကျောင်းသားတွေသိသင့်တဲ့ တခြားအရေးကြီးတဲ့အစီအစဉ်တွေအကြောင်းပါရှိတယ် ။ ဒီဘလောဂ့် ကျတော့လည်း ကလေးတွေအတန်းထဲမှာဘာတွေသင်နေတယ် ဘာတွေလုပ်ကြမယ်ဆိုတဲ့အစီအစဉ်တွေ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတဲ့မှတ်တမ်းတွေနဲ့ဓါတ်ပုံတွေကို မိဘတွေသိအောင် ဘလောဂ့်ကိုသုံးပြီးဝေမျှပါတယ် ။
နောက်တမျိုးကတော့အင်္ဂလိပ်စာသင်ကြားရာမှာဖြစ်ဖြစ် ၊ ဘာသာစကားတခုခုကို သင်ကြားရာမှာဖြစ်ဖြစ် ဘလောဂ့်ကိုအွန်လိုင်းဒိုင်ယာရီအဖြစ် နေ့စဉ်ရေးခိုင်းတာပါပဲ ။ အဲလိုရေးပြီး ဆရာအပြင်ကျောင်းသားအချင်းချင်း အပြန်အလှန်ဖတ်ကြ ကွန်မန့်တွေရေးကြနဲ့ ဘာသာစကားတခုကို ပေါ့ပေါ့ပါးပါးနဲ့သင်ယူနိုင်ပါတယ် ။ ဒိုင်ယာရီလိုကိုယ်ရေးချင်တာကိုရေးတဲ့အခါ ရေးတဲ့သူအတွက်လည်း ဘာရေးရမှန်းမသိဖြစ်နေတာမျိုးမရှိတော့သလို ဖတ်တဲ့သူအတွက်လည်း ဖတ်စာအုပ်ထဲကစာပိုဒ်တွေမဟုတ်ဘဲ ကိုယ့်သူငယ်ချင်းရဲ့ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတဲ့အတွက် စိတ်ဝင်စားမှုရှိစေပါတယ် ။
ဘလောဂ့်ဆိုတာပညာရေးပိုင်းမှာသာမက အလုပ်နဲ့သက်ဆိုင်တဲ့နေရာတွေ ပညာသည်တွေက သူတို့အတွေးအခေါ် ထင်မြင်ယူဆချက် အတွေ့အကြုံတွေကို ဆွေးနွေးဖလှယ်တဲ့နေရာမှာလည်း အသုံးပြုလို့ရပါတယ် ။ အဲလိုဘလောဂ့်တွေက အကြောင်းအရာ အချက်အလက်တွေဟာ သာမန်ဘလောဂ့်တွေမှာရေးထားတဲ့အကြောင်းအရာတွေလိုမဟုတ်ဘဲ ယုံကြည်နိုင်လောက်တဲ့အရည်အချင်း (credibility) အပြည့်အ၀ရှိပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီဘလောဂ့်ကိုရေးသားသူတွေဟာ သူတို့ရေးသားထားတဲ့အကြောင်းအရာတွေနဲ့ဆက်စပ်တဲ့နယ်ပယ်မှာ ယုံကြည်ရတဲ့အရည်အချင်းရှိသူတွေဆိုတာ စာဖတ်သူတွေက သိရှိထားကြပါတယ် ။ အဲဒီအခါ သူတို့ဘလောဂ့်တွေဟာ အပျင်းပြေသဘောနဲ့ဖတ်တာမဟုတ်တော့ပဲ အချက်အလက်တွေကို သင်ကြားမှတ်သားစရာနေရာတခုဖြစ်လာပါတယ် ။
ကမ္ဘာ့နိုင်ငံအသီးသီးမှာရောက်ရှိပြီး အဲဒီနိုင်ငံတွေကပညာတွေ အလုပ်အတွေ့အကြုံတွေရရှိထားတဲ့ မြန်မာဘလောဂါ့တွေဟာလည်း ကိုယ်နဲ့သက်ဆိုင်ရာနည်းပညာပိုင်းနဲ့ပတ်သက်တဲ့ဘလောဂ့်ကို တကိုယ်တည်းဖြစ်စေ အုပ်စုဖွဲ့ပြီးဖြစ်စေ လုပ်နိုင်ပါတယ် ။ အဲလိုဘလောဂ့်တွေဟာ မြန်မာပြည်ထဲမှာ အဲဒီနည်းပညာပိုင်းကိုလေ့လာသင်ကြားနေတဲ့တက်သစ်စမျိုးဆက်တွေကို သင်ကြားပို့ချရာနေရာ၊ အဲလိုနည်းပညာပိုင်းမှာလုပ်ကိုင်နေတဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပညာနှီးနှောဖလှယ်ရာ နေရာတနေရာ ဖြစ်လာနိုင်ပါတယ် ။ ပြည်တွင်းနဲ့ပြည်ပမှာရှိနေပေမယ့် မြန်မာလူမျိုးချင်း ပူးပေါင်းဆောင်ရွက်သည့်သင်ယူခြင်းမျိုးနဲ့အတူ မြန်မာပြည်တိုးတက်ရေးအတွက်လည်း တီထွင်ကြံစ စိတ်ကူးဥာဏ်တွေကို တစစီပိုပိုကြီးပွားလာအောင် ပူးပေါင်းလုပ်ဆောင်နိုင်မယ့်အခွင့်အလမ်းတွေ ဖြစ်လာနိုင်ပါမယ် ။
ဘလောဂ့်ရဲ့အားသာချက်ထဲကတခုကတော့ ဘလောဂ့်ဆိုတာပေါ့ပါးသွက်လက်တဲ့အသွင်ရှိပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ဘောင်ခတ်ထားတဲ့နေရာမျိုးဖြစ်မနေတဲ့အတွက် အသုံးပြုသူတွေအတွက် စိတ်ကျဉ်းကျပ်တာမျိုးမဖြစ်စေပါဖူး ။ နောက်ပြီးဘလောဂ့်ဆိုတာ ခုခေတ်လူငယ်တွေနဲ့ နီးစပ်တဲ့အရာတခုလည်းဖြစ်ပါတယ် ။ ဒါ့အပြင်ဘလောဂ့်ထဲမှာ ဓါတ်ပုံတွေပြတာပဲဖြစ်ဖြစ် ဗွီဒီယိုထည့်တာပဲဖြစ်ဖြစ် အသံဖိုင်ထည့်တာပဲဖြစ်ဖြစ် စတဲ့ တခြား application အမျိုးစုံကိုလည်း ထည့်လို့ရတဲ့အတွက် စိတ်ဝင်စားစရာဖြစ်အောင်လုပ်နိုင်ပါတယ် ။
စိတ်ကူးအကြံဥာဏ်တွေကို မြန်မာအများစုဆွေးနွေးဖလှယ်လေ့ရှိကြတဲ့နေရာကတော့ Discussion Boards/ Forumတွေပါပဲ ။ အဲလိုလုပ်တာဟာလည်းအကျိုးသက်ရောက်မှုရှိနိုင်ပေမယ့် အဲဒီနေရာတွေဟာ စကားလုံးတွေနဲ့ပဲရေးလို့ရပြီး တခြား ဆော့ဖ်ဝဲတွေထည့်ဖို့ ကန့်သက်ချက်တွေရှိတဲ့အတွက် ဘလောဂ့်တွေလောက် စိတ်ဝင်စားစရာကောင်းတဲ့နှီးနှောဖလှယ်နိုင်တဲ့အခွင့်အလမ်းမျိုးတွေ မရှိပါဖူး ။
တခြားဘလောဂ့်လုပ်နည်းတခုဖြစ်တဲ့ Micro-blogging ဆိုတာ ခေါင်းထဲလျှပ်တပြက်ပေါ်လာတဲ့အတွေး ချက်ချင်းလက်ငင်းဖြစ်နေတဲ့အခြေအနေ စတာတွေကို ဘလောဂ့်ပို့စ်အသေးစားလေးတွေလိုလုပ်ပြီး အများကိုအသိပေးဝေမျှတာမျိုးဖြစ်ပါတယ် ။ Micro-blogging လုပ်တဲ့ဆိုဒ်တွေများပေမယ့် လူသုံးအများဆုံးကတော့ Twitter ပဲဖြစ်ပါတယ် ။ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် ရုပ်ရှင်မင်းသားမင်းသမီးတွေကအစ နိုင်ငံပေါင်းစုံကပညာရှင်တွေအထိ သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ကိုအားပေးနေသူတွေ စိတ်ဝင်စားနေသူတွေသိရအောင် ၊ ဒါမှမဟုတ် သူတို့ဝေမျှချင်တဲ့ စိတ်ကူးအကြံအစည်တွေ အကြောင်းအရာအချက်အလက်တွေကို အားလုံးဆီရောက်ဖို့ Twitter ကိုအသုံးပြုတတ်ကြတယ် ။ အဲလိုအသုံးပြုလိုက်တဲ့အတွက် လူအများကြီးဆီ တချိန်တည်းရောက်အောင်လုပ်နိုင်တဲ့ မီဒီယာပါဝါမျိုးရှိစေပါတယ် ။
မြန်မာဘလောဂ့်လောကမှာလည်း ကိုယ့်ရဲ့လက်ရှိအခြေအနေကိုအသိပေးဖို့ Twitter ဆိုတာကို သုံးလာကြတာတွေ့ရပါတယ် ။ ဒါပေမယ့် Twitter ထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ပေးတဲ့ Burmanewsnet, Burma Campaing UK, US for Burma စတဲ့အကောင့်တွေမှာ သတင်းယူတဲ့မြန်မာတွေနည်းပါးသလို သူတို့တွေရဲ့သတင်းတင်နှုန်းကလည်း အမြဲမရှိတာတွေ့ရပါတယ် ။ NY Times, CNN Breaking News စတဲ့ နိုင်ငံတကာမီဒီယာတွေကတောင် Twitter ကိုသုံးပြီး သတင်းခေါင်းစဉ်တွေကို စာဖတ်သူတွေဆီဖြန့်ဖို့ကြိုးစားနေတဲ့အချိန် မြန်မာလောက (ဘလောဂ့်နှင့် မီဒီယာများ) ကတော့ Twitter ရဲ့မီဒီယာပါဝါကို သေချာမသုံးသပ်မိလေသလားလို့ ထင်စရာဖြစ်လာပါတယ် ။
ဒါ့အပြင် မြန်မာတွေကြားမှာ Twitter ကို အကြောင်းအရာ ဗဟုသုတရယူဖို့အတွက်တော့သုံးတာ မတွေ့ရသေးပါဖူး ။ နည်းပညာပိုင်းနဲ့ သင်ကြားရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးသုံးထားတဲ့နမူနာကိုပြရရင်တော့ ABC News မှာကြည့်လိုက်ရတဲ့ ဆရာဝန်တွေခွဲစိတ်ကုသခြင်းတခုလုပ်နေတုန်း Twitter ကိုသုံးပြီး ဆေးတက္ကသိုလ်ကျောင်းသားတွေကို သင်ပြပေးတဲ့ဗွီဒီယိုပါ ။ ခွဲစိတ်ခံရတဲ့လူနာရဲ့သဘောတူညီချက်နဲ့အတူ အဲဒီခွဲစိတ်ကုသခြင်းကို live video transmission လုပ်ပြီး နိုင်ငံတကာမှာရှိတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေကြည့်နိုင်အောင် အင်တာနက်ကထုတ်လွှင့်ခဲ့ပါတယ် ။ ပြီးတော့ Twitter ကိုသုံးပြီး ကျောင်းသားတွေကမေးခွန်းတွေမေးတာကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ဆရာဝန်ခွဲစိတ်နေတာကိုအသေးစိတ်မြင်ရပြီး ဒါကဘာလို့ဒီလိုလုပ်တာလဲ ဆိုတဲ့မေးခွန်းမျိုး ချက်ချင်းမေးနိုင်တဲ့အတွက် သူတို့အတွက်အများကြီးအကျိုးရှိခဲ့ပါတယ်လို့ ဖြေကြားခဲ့ကြပါတယ် ။
နိုင်ငံတကာဘလောဂ့်လောကမှာ အထက်မှာဖော်ပြခဲ့သလို ဘလောဂ့်ဆိုတာကိုအကျိုးရှိအောင် အသုံးပြုနေတာကိုကြည့်ပြီး လွန်ခဲ့တဲ့သုံးနှစ်နီးပါးလောက်ကစပြီး စည်ကားလာခဲ့တဲ့မြန်မာဘလောဂ့်လောကမှာတော့ လိုအပ်နေတာတွေအများကြီးရှိပါသေးလားလို့ တွေးမိပါတယ် ။ သူတို့လိုပဲထပ်တူလုပ်ရမယ်လို့တော့ မဆိုလိုပါဖူး ။ ဒါပေမယ့် ခေတ်နဲ့ရင်ဘောင်တန်းချင်ရင်တော့ နိုင်ငံတကာမှာ ဘလောဂ့်တွေကို ဘယ်လိုသုံးနေကြပါလားဆိုတာကို စူးစမ်းလေ့လာကြည့်ဖို့လိုအပ်လာပါပြီ ။ နိုင်ငံပေါင်းစုံမှာရောက်ရှိနေကြတဲ့မြန်မာတွေ စုဝေးနားခို စိတ်ပျော်ရွှင်မှုရစေတဲ့ ပေါ့ပေါ့ပါးပါးနေရာတခုအဖြစ် မြန်မာဘလောဂ့်လောကတည်ရှိနေတာဟာ မကောင်းတဲ့အချက်တော့မဟုတ်ပါဖူး ။ လူတိုင်းဟာဘ၀မှာရွေးချယ်မှုတွေရှိကြတယ် ။ တချို့က စိတ်ဖြေသာရာအတွက်ပဲဦးစားပေးရွေးချယ် ဘယ်လိုအခြေအနေရောက်ရောက် တင်းတိမ်တတ်ကြတယ် ။ တချို့ကတော့ ဘ၀မှာအမြဲတိုးတက်ရာ တိုးတက်ကြောင်းကို ရှာကြံနေတတ်ကြတယ် ။ ပထမအဖွဲ့လူတွေအတွက်တော့ မြန်မာဘလောဂ့်လောကဟာ အတိုင်းအတာတခုအထိအကျိုးပြုနေနိုင်တာမြင်ရပေမယ့် ၊ ဒုတိယအဖွဲ့ကလူမျိုးတွေအတွက်တော့ မြန်မာဘလောဂ့်လောကက အခွင့်အလမ်းသိပ်ပေးတဲ့ပုံမပေါ်သေးပါဖူး ။
ရွှေဝါရောင်တော်လှန်ရေးကာလက မြန်မာပြည်ထဲကသတင်းတွေအလျင်အမြန်ဖြန့်ပေးနိုင်တယ်ဆိုပြီး ကမ္ဘာကအသိအမှတ်ပြုခံခဲ့ရတဲ့မြန်မာဘလောဂ့်တွေဟာ ခုချိန်မှာတော့ မသေချာမရေရာတဲ့သတင်းတွေပါဝင်နေတဲ့ လူမှုဆက်ဆံရေးချိတ်ဆက်ခြင်း (social networking) ကိုအသားပေးနေတဲ့အဆင့်မျိုးလောက်မှာရောက်နေတာနဲ့ပဲ တင်းတိမ်ကြတော့မလား ။ အကျိုးမရှိတဲ့ငြင်းခုန်ခြင်းတွေ အတ္တအပြည့်နဲ့ရန်လိုမှုတွေကြား ဘလောဂ့်ပေါ်ကအချိန်တွေကိုကုန်စေတော့မလား ။ ဒါ့အပြင် ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက်ရော ကိုယ်နဲ့ယဉ်ပါးနေတဲ့ဘလောဂ့်တွေကို အသုံးချဖို့စိတ်မကူးကြတော့ဖူးလား ။
စိစစ်ရေး (censorship) မှာ ကမ္ဘာ့အချုပ်ချယ်ဆုံးနိုင်ငံတွေထဲပါဝင်တဲ့ မြန်မာနိုင်ငံကပြည်သူတွေအတွက်တော့ အင်တာနက်ပေါ်ကဘလောဂ့်တွေဟာ သူတို့မရောက်နိုင်တဲ့လောကကိုဝင်ရောက်ခွင့်ပေးတဲ့ ပြတင်းပေါက်လိုပါပဲ ။ အဲဒီပြတင်းပေါက်ကနေ မြင်တွေ့ခွင့်ရတဲ့အတွေ့အကြုံတွေကို သူတို့စိတ်ဝင်စားကြမယ် ၊ သင်ကြားခွင့်ရတဲ့နည်းပညာတွေဟာ သူတို့အတွက်တန်ဖိုးရှိလိမ့်မယ် ။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့မြန်မာလူမျိုးတွေဟာ ကိုယ့်အမိမြေမှာ တံခါးပိတ် မျက်စိပိတ် အမှောင်ချထားခံနေရတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဒီဘလောဂ့်တွေကိုသုံးပြီး ပညာဒါနတွေလှူဒါန်းနိုင်မယ့် အခွင့်အလမ်း ၊ အကျိုးရှိတာတွေ လုပ်ပေးနိုင်မယ့်အခွင့်အလမ်းတွေရှိတာ ဘလောဂ့်ရေးသူတိုင်းသိစေချင်ပါတယ် ။
ရှာဖွေလေ တွေ့ရှိလေလို့ဆိုနိုင်တဲ့ အခွင့်အလမ်းကို မရှာဖွေရင်တော့ ကိုယ့်ရှေ့မှောက်မှာရုပ်လုံးပြလာခဲ့ရင်တောင် မြင်တွေ့နိုင်ဖို့ခဲ့ယဉ်းပါတယ် ။ မြန်မာဘလောဂ့်လောကဟာလည်း မြန်မာပြည်ထဲကပြည်သူတွေအတွက် အကျိုးရှိတဲ့ပြတင်းပေါက်တပေါက်ဖြစ်လာဖို့တင်မက ၊ ပြည်ပရောက်မြန်မာဘလောဂါ့တွေရဲ့အရည်အချင်းကို ပိုမိုတိုးတက်လာနိုင်အောင် ပေးနိုင်တဲ့အခွင့်အလမ်းတွေရှိနေပါတယ် ။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကတော့ မြန်မာဘလောဂါ့တွေပေါ်မှာပဲ လုံးလုံးလျားလျားမူတည်နေပါတယ်လို့ ကောက်ချက်ချလိုက်မိပါတော့တယ် ။
ဤဆောင်းပါးကို သံလွင်မဂ္ဂဇင်း ၂၀၀၉ ခုနှစ် ဧပြီလထုတ် အတွဲ (၃) အမှတ် (၂) တွင်ဖော်ပြပြီးဖြစ်သည် ။
Saturday, April 4, 2009
ကျောင်းသားလက်စွဲ - သင်ခန်းစာများအား ပြန်လှန်ကျက်မှတ်ခြင်း |
စာမေးပွဲများ နီးလာတဲ့အခါ ကျောင်းသားတွေအနေနဲ့ လေ့လာသင်ယူထားတဲ့ သင်ခန်းစာတွေကို ပြန်လှန်ကျက်မှတ်ကြရပါတယ်။ ကျောင်းသားတယောက်အတွက် ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါ။ တနှစ်ပတ်လုံး ကျောင်းအတူတက်၊ စာအတူကျက်ခဲ့ကြပြီး ဒီအချိန်ရောက်မှ အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်မှု၊ လွန်မင်းစွာ အသုံးချမှုတွေနဲ့ အခြားသော အလေ့အထမှား တချို့ဟာ ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ပညာရေးနဲ့ သင်ယူမှုပိုင်းဆိုင်ရာ လေ့လာသူတွေက ဒီလိုအလေ့အထမှားတွေကို သုံးသပ်ပြီး၊ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အချက်အလက်တွေကို တွေးတောအကြံပေးခဲ့ကြပါတယ်။ ဒီလိုအကြံပြုချက်လေးတွေထဲက တချို့အချက်လေးကို စာရေးသူရဲ့ အတွေ့အကြုံတချို့နဲ့ ပေါင်းစပ်ပြီး ရေးသားတင်ပြပါမယ်။
(၁) စာတွေကို ထပ်ခါထပ်ခါဖတ်ပြီး၊ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်း
တချို့သော ကျောင်းသားတွေက စာမေးပွဲနီးလာတဲ့အခါမှာ သင်ရိုးစာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်နေတတ်ကြပါတယ်။ တကယ်တော့ သင်ရိုးစာအုပ်တွေကို လေ့လာသင်ယူနေတဲ့ အချိန်မှာကတည်းက နားလည်အောင် ကြိုတင်ဖတ်ထားသင့်ပါတယ်။ ပြန်လှန်ကျက်မှတ်တဲ့အချိန်ကျမှ နားလည်အောင် လိုက်လုပ်နေရတယ်ဆိုတာ သင်ခန်းစာတွေကို ကျေညက်အောင် မလေ့လာထားလို့ပဲ ဖြစ်ပါတယ်။
တချို့ကျတော့လဲ ပြန်လှန်ကျက်မှတ်တဲ့အချိန်ရောက်မှ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်းပါ။ စာရေးသူလဲ ဖြစ်ဖူးပါတယ်။ စစ်မဟာဗျူဟာနဲ့ ပတ်သက်တဲ့ စာမေးပွဲတခု ဖြေစဉ်တုန်းကပါ။ တကယ်တော့ စစ်ဗျူပညာရှင်ကလော့ဝစ်ရဲ့ အဆိုအမိန့်၊ အတွေးအမြင်တွေကို စာမေးပွဲမတိုင်မီ သုံးလလောက်ကတည်းက မှတ်စုထုတ်ပြီးသား ဖြစ်ပါတယ်။ စစ်ရဲ့သဘောသဘာဝတွေ၊ သီအိုရီတွေ၊ ဗျူဟာတွေကို ကဏ္ဍအလိုက်ခွဲပြီး လေ့လာပြီးသားပါ။ ဘာကြောင့်များ စာမေးပွဲဖြေခါနီး နှစ်ရက်အလိုကျမှ အဲဒီစစ်ကျမ်းကြီးကို ပြန်ကောက်ကိုင်မိတယ်မသိဘူး။ ရလာဒ်ကတော့ စာအုပ်ကို ကောက်ကိုင်လိုက်၊ မှတ်စုတွေ ပြန်လှန်လိုက်၊ ဟိုဟာလေးထပ်ဖြည့်ရင်ကောင်းမလား၊ ဒီဟာလေးများ လိုနေမလားနဲ့ တော်တော်ဗျာများခဲ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းနဲ့ စာမေးပွဲခန်းရောက်မှ တချို့ quotation တွေကို မနည်းပြန်စဉ်းစားယူရပြီး နောင်တရခဲ့ဖူးပါတယ်။
ကောင်းတာကတော့ စာမေးပွဲနည်းလာပြီဆိုတာနဲ့ အဓိက အချက်အလက်တွေပါတဲ့ ကတ်ပြားတွေ (ဒါမှမဟုတ်) မှတ်စုစာအုပ်တွေကိုပဲ ပြန်ဖတ်သင့်ပါတယ်။ mindmaps တွေ၊ ရုပ်ပုံတွေနဲ့ အကြောင်းအရာများကို မှတ်သားသင့်ပါတယ်။ အတိုကောက်စာလုံးလေးတွေနဲ့ မှတ်သားထားရင် စာမေးပွဲခန်းထဲမှာ ပြန်မှတ်မိနိုင်တာမို့ အကျိုးရှိပါတယ်။ ဒါပေမယ့် အားလုံးကိုချည်းပဲ အတိုကောက်တော့ မမှတ်ပါနဲ့ရှင်။ အစပြန်ဖော်လို့ မရတော့တာတွေလဲ ကြုံဖူးလို့ပါ။
(၂) အက်ဆေးများကို အလွတ်ကျက်မှတ်ခြင်း
ကျွန်မတို့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေ လုပ်တတ်ကြပါတယ်။ မေးခွန်းတွေကို စပေါ့ရိုက်ပြီး၊ အလွတ်ကျက်ကြတာပါ။ တချို့သော အာရှတိုက်ကလာတဲ့ ကျောင်းသားများလဲ အလွတ်ကျက်ကြတာ တွေ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းလွန်းလှပါတယ်။ မေးခွန်းက ကိုယ်ကျက်ထားတဲ့ ပုံစံမျိုး လာချင်မှ လာမှာပါ။ မေးခွန်းပုံစံများကို လေ့လာပြီး၊ ဘယ်လိုမေးခွန်းလာရင်၊ ဘယ်လိုဖြေမယ်ဆိုတာမျိုးကိုပဲ ပြင်ဆင်ထားပြီး၊ အချက်အလက်တွေ မှတ်သားထားသင့်ပါတယ်။ စာမေးပွဲခန်းရောက်မှ မေ့သွားတာမျိုးလဲ ရှိတတ်တာမို့ ဒီလိုအလေ့အထမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ပြန်လှန်လေ့လာမှုကို အာရုံစိုက်လွန်းခြင်း
တချို့ကျောင်းသားတွေကျတော့ အလွန်အကျွံကို လုပ်တတ်ကြပြန်ပါတယ်။ စာမေးပွဲနီးရင် စာကို အလွန်အကျွံလုပ်တတ်တဲ့ ကျောင်းသားနှစ်မျိုး ရှိပါတယ်။ ပထမတမျိုးကတော့ စာရရဲ့သားနဲ့ စာမေးပွဲကို ကြောက်စိတ်ဝင်ပြီး၊ မအိပ်နိုင်၊ မစားနိုင်၊ စာအုပ်နဲ့ မျက်နှာနဲ့ မပြတ်ဖြစ်တတ်သူတွေပါ။ ဒုတိယတမျိုးကတော့ တနှစ်ပတ်လုံး လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်နေပြီး၊ စာမေးပွဲနီးမှ အလွန်အကျွံ စာကျက်တတ်သူတွေပါ။ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကောင်းမွန်တဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာတုန်းက ဆယ်တန်းမို့လို့ တနှစ်လုံး တီဗွီမကြည့်ရ၊ ကက်ဆက်နားမထောင်ရလို့ အတင်းအကြပ်ပိတ်ပင်တဲ့ မိဘမျိုးတွေလဲ တွေ့ခဲ့ဖူးပါတယ်။ လူဆိုတာ စက်ရုပ်မဟုတ်ပါဘူး။ တစုံတခုထဲမှာပဲ တချိန်လုံးအာရုံနှစ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စာမေးပွဲနီးလို့ စိတ်အနားယူအပန်းဖြေရေးနဲ့ ပတ်သက်တာတွေ လုံးဝမလုပ်ဘူး ဆိုတာဟာလဲ မကောင်းပါဘူး။ ဒါတွေကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် ဆေးတောင် ဖြစ်ပါသေးတယ်။ သီချင်းကြိုက်သူတယောက်အတွက် တဘာသာဖတ်ပြီး၊ နောက်တဘာသာ စမဖတ်ခင် အချိန်လေးအတွင်းမှာ နာရီဝက်လောက် သီချင်းနားထောင်လိုက်တာဟာ စိတ်လန်းဆန်းမှု အတွက်ကိုတောင် အထောက်အကူ ဖြစ်စေပါသေးတယ်။ တခါတလေလဲ စာတွေ ဖတ်မှတ်ရင်း ငြီးငွေ့လာတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတချို့နဲ့အတူ စာတူတူ ဖတ်မှတ်ဆွေးနွေးတဲ့ အချိန်လေးတွေရှိရင် ပိုကောင်းပါတယ်။
(၄) မိမိကိုယ်ကို အတင်းကာရော စာထဲ အာရုံစိုက်ခိုင်းပြီး၊ ငြီးငွေ့စေခြင်း
လူတယောက်နဲ့ တယောက်မှာ စိတ်ပါဝင်စားတာ၊ အာရုံစိုက်နိုင်တာတွေ မတူပါဘူး။ စာရေးသူဆိုရင် တခုတည်းကို အာရုံစိုက်လုပ်ရတာကို လုံးဝနှစ်မြို့သူ မဟုတ်ပါဘူး။ စာတအုပ်ထဲကို ဖတ်ဖို့လာပေးထားရင် ဘယ်တော့မှ ပြီးအောင် မဖတ်နိုင်တော့ပါဘူး။ စာအုပ်နှစ်အုပ်လာပေးရင်တော့ တအုပ်ကိုဖတ်လို့ ငြီးငွေ့လာရင်၊ နောက်တအုပ်ကို ကောက်ဖတ်လို့ရတဲ့ အသိနဲ့ အလုပ်ခွဲဝေလိုက်တာကြောင့် ဖတ်လို့ပြီးသွားပါတယ်။ ကိုယ့်အကြောင်းကိုယ်သိဖို့ အရေးကြီးပါတယ်။ တချို့က တခုတည်းမှာ နာရီများစွာ နှစ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ တချို့က မလုပ်နိုင်ပါဘူး။ ဒါကြောင့်စိတ်ကမပါပဲ ကိုယ့်ကိုကိုယ် အတင်းအကြပ်အမိန့်ပေးပြီး မခိုင်းပါနဲ့။ နောက်နေ့မှာ စာမေးပွဲဖြေရမှာ မဟုတ်ဘူးဆိုရင်တော့ တဘာသာတည်းကို နာရီပေါင်းများစွာ ဖတ်နေတာထက်စာရင် ဒီတဘာသာကို ခေါင်းစဉ်တခုဖတ်၊ နောက်တဘာသာကို ခေါင်းစဉ်တခုဖတ်နဲ့ အာရုံပြောင်းပေးပြီး၊ ပြန်လှန်ကျက်မှတ်တာက ပိုအကျိုးရှိမယ်ထင်ပါတယ်။ ရေတိုရည်မှန်းချက်လေးတွေ ချသင့်ပါတယ်။ သိပ်ပြီး ငြီးငွေ့လာရင် အာရုံပြောင်းလိုက်ပါ။ လမ်းထွက်လျှောက်တာ၊ အစားတခုခုစားတာ၊ သီချင်းနားထောင်တာတွေ လုပ်သင့်ပါတယ်။ နေ့လည်နေ့ခင်း နာရီဝက်လောက် အိပ်စက်အနားယူလိုက်တာကလဲ အင်အားဖြစ်စေပါတယ်။
(၅) စာမေးပွဲကြောက်စိတ်ဝင်လာခြင်း
တချို့ကျောင်းသားတွေက တနှစ်လုံးပေါ့ပေါ့လျော့လျော့နေလာပြီး စာမေးပွဲနီးမှ ကြောက်လန့်တကြား၊ စိုးရိမ်တကြီးနဲ့ ပျာယာခတ်နေတတ်ကြပါတယ်။ တချို့ကျတော့လဲ စာရရဲ့သားနဲ့ ပျာယာပျာယာ ဖြစ်နေကြတာပါ။ စာမေးပွဲဆိုတဲ့ အရှိန်က အတော်ကို ကြီးပါတယ်။ ဘယ်သူမဆို အနည်းနဲ့ အများတော့ ကြောက်ကြတာပါပဲ။ ဒါပေမယ့် အလွန်အမင်း ကြောက်စိတ်ဝင်ပြီး ပျာယာခတ်လာပြီဆိုရင် စာဖတ်နေတာကို ရပ်ပြီး၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားစပြောသင့်ပါတယ်။ စာမေးပွဲနဲ့ မဆိုင်တဲ့ အကြောင်းတွေပြောရင် ပိုကောင်းပါလိမ့်မယ်။
မှတ်စုစာအုပ်တွေကို ကြည့်ပြီး ငါဒါတွေအားလုံး မှတ်မိပါ့မလား၊ ငါလေ့ကျင့်ထားတဲ့ မေးခွန်းတွေကော လာပါ့မလား စတဲ့ စိုးရိမ်ပူပန်စိတ်တွေလဲ ၀င်လာတတ်ပါတယ်။ အဲဒီအခါကျရင် ကျန်တာတွေ မမှတ်မိတာအသာထား၊ အခုဖတ်နေတဲ့ စာကို မှတ်မိရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်ကို ပြန်သွင်းရပါမယ်။ စီမံခန့်ခွဲရေးဘာသာတွေနဲ့ ပတ်သက်ပြီး၊ ဂိုက်လုပ်စဉ်တုန်းက ဆယ့်ငါးမိနစ်အတွင်းမှာတင် ဖြေရမယ့် လေးဘာသာရဲ့ စာအုပ်တွေကို ဟိုဟာကောက်ကိုင်လိုက်၊ ဒီဟာကောက်ကိုင်လိုက်နဲ့ လူကိုပြူးတူးပြဲတဲ ကြည့်တတ်တဲ့ ကလေးတယောက်ကို တွေ့ဖူးပါတယ်။ နောက်ဆုံးတော့ စာအုပ်တအုပ်ထဲကို ပေးပြီး၊ ကျန်တဲ့သုံးအုပ်ကို အံဆွဲထဲ ထည့်သိမ်းထားလိုက်ရပါတော့တယ်။ တနာရီခွဲလောက်ကြာမှ နောက်တအုပ်ကို ထုတ်ပေးပြီး၊ အရင်ဖတ်နေတဲ့ တအုပ်ကို ပြန်သိမ်းရပါတယ်။
စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကိုလည်း ရှာကြံတွေးတောသင့်ပါတယ်။ စာရေးသူလဲ ဆယ်တန်းလောက်အထိ စာမေးပွဲဆို ပူပန်ကြောင့်ကြတတ်ခဲ့ပါတယ်။ ဒီတုန်းကတော့ စာမေးပွဲမှာ ရမှတ်များဖို့၊ အဆင့်ကောင်းဖို့တွေပဲ သိနားလည်ခဲ့တာကြောင့်ပါ။ ဆယ်တန်းအောင်ပြီး၊ လူ့လောကထဲ လက်တွေ့ရောက်လာတော့မှ စာမေးပွဲအောက်လက်မှတ်တွေဆိုတာ အရေးကြီးတာ မှန်ပေမယ့် ဘ၀ရဲ့ အစိတ်အပိုင်းတခုပဲဆိုတာ နားလည်လာခဲ့ရပါတယ်။ ဒီတော့ သိပ်ပူပန်စိတ်များလာရင် ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့သလားဆိုတာ ကိုယ့်ဟာကို ပြန်မေးလိုက်ပါ။ အချိန်တွေကို အလဟဿ မဖြုန်းခဲ့ပဲ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီဆိုမှတော့ ရှုံးမှာကို ကြောက်စရာမလိုတော့ပါဘူး။ အမှတ်နည်းမှာ၊ များမှာကိုလဲ စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေတယ်ဆိုရင် သူတပါးဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်ကို ထည့်သွင်းစဉ်းစားစရာ မလိုအပ်ပါဘူး။ ကျသွားရင်လဲ အောင်အောင် ထပ်ကြိုးစားလို့ရပါတယ်။ ကိုယ်ကဖြစ်ချင်စိတ်ရှိတယ်ဆိုရင် စိတ်မလျှော့သေးသရွေ့ မရှုံးသေးပါဘူး။ ဒါကြောင့် စာမေးပွဲနီးရင် ရလာဒ်နဲ့ ပတ်သက်တဲ့ ပူပန်ကြောင့်ကြစိတ်တွေကို ဖျောက်ဖျက်ပြီး၊ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
(၆) အချိန်မလုံလောက်သလို ခံစားရပြီး၊ လုပ်ချင်တာများနေခြင်း၊ ကုန်သွားသောအချိန်များအား ပြန်လည်တမ်းတနေခြင်း
စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားတွေဆီမှာ နောင်တ တစွန်းတစလေးတွေ ပေါ်လာတတ်ပါတယ်။ ဒီစာတွေကို စောစောများကျက်ခဲ့မိရင်၊ အဲဒီတုန်းကသာ အတန်းမလစ်ခဲ့မိရင် စတဲ့စတဲ့ စိတ်လေးတွေပါ။ ဒါပေမယ့် “ကုန်ဆုံးသွားတဲ့ အချိန်တမိနစ်ကို မကုန်ဆုံးနိုင်တဲ့ အချိန်သမုဒ္ဒရာကြီးက ပြန်လည်ဖြည့်ဆည်း မပေးနိုင်ပါဘူး” ဆိုတဲ့ အဆိုအမိန့်လိုပဲ အတိတ်က ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် နောင်တရပြီး၊ လက်ရှိတန်ဖိုးရှိနေတဲ့ အချိန်တွေကို ထပ်မံ မဖြုန်းတီးမိကြဖို့ လိုအပ်ပါတယ်။ အတိတ်ကို ပြန်တွေးပြီး သင်ခန်းစာယူတာနဲ့၊ နောင်တရတမ်းတဆွေးမြေ့နေတာနဲ့ တခြားစီပါ။ လောကမှာ လူတိုင်းမှားဖူးပါတယ်။ လူတိုင်း အချိန်ဖြုန်းတီးဖူးပါတယ်။ ဒါကို တမြည့်မြည့်နဲ့ တမ်းတပူဆွေးနေစရာ မလိုအပ်ပါဘူး။ အရေးကြီးတာက အခုလက်ရှိအချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲ ဆိုတာပါပဲ။ ပြန်လှန်လေ့လာရမယ့် စာတွေကို အပိုင်းပိုင်းခွဲလိုက်ပါ။ လိုအပ်မယ့် အချိန်ကို တွက်ချက်ပါ။ ဘယ်လိုမှ အချိန်မရှိတော့ရင် အရေးကြီးဆုံးတွေကိုပဲ စိစစ်ထုတ်လိုက်ပါ။ ဖယ်ရှားထားပစ်ခဲ့ရတဲ့ အရာတွေအတွက် နောက်ဆံမတင်းပါနဲ့။ ဖယ်ထားဖို့ ဆုံးဖြတ်ပြီးမှ ထားခဲ့ပြီးသားမို့၊ မတော်တဆများ စာမေးပွဲမှာ ဒီအပုဒ်တွေလာခဲ့ရင်လဲ မဖြေရုံပဲရှိတယ် လို့သာ စိတ်ပိုင်းဖြတ်လိုက်ပါ။ ကိုယ်စကာတင် ရွေးထားတဲ့ အကြောင်းအရာတွေကိုသာ အာရုံစိုက်မှတ်သားပါ။ တခါတရံ ဘ၀မှာ စကာတင်ရွေးချယ် ဆုံးဖြတ်လိုက်ရတာတွေ ရှိနေတတ်စမြဲပါ။ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြတ်သားပါ။ ကောင်းလာခဲ့ရင် စံမယ်၊ ဆိုးလာခဲ့ရင် ရင်ဆိုင်မယ် စိတ်ကို မွေးလိုက်ပါ။ ဆန့်ငင်ဆန့်ငင် စိတ်လေးတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတတ်ပါတယ်။
အခုဆက်လက်ပြီး၊ ပြန်လှန်လေ့ကျက်ရာမှာ အကျိုးရှိစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးပါမယ်။
(၁) အပြုသဘောစိတ်နှင့် တက်တက်ကြွကြွရှိနေပါ။
အခက်အခဲတွေကို စိန်ခေါ်မှုတွေအနေနဲ့ မှတ်ယူလိုက်ပါ။ အခက်အခဲများကြောင့် စိတ်ဓာတ်ကျမည့်အစား၊ ဘယ်လို ကျော်လွှားဖောက်ထွက်မလဲ၊ ဘယ်လိုအကူအညီတွေ ရယူသင့်သလဲ ဆိုတာကိုသာ တွေးပါ။
(၂) အချိန်ကို အကျိုးရှိစွာ အသုံးပြုပါ။
အချိန်ဇယားဆွဲပါ။ အရေးကြီးသည်အလိုက် အမှတ်စဉ်တပ်ပြီး ဦးစားပေးရမည်များကို ဦးစားပေးလုပ်ပါ။ တနေ့တာကို ဘယ်လို အချိန်ကုန်ဆုံးစေမလဲ ဆိုတာ စာနဲ့ ရေးချပါ။ အနားယူအပန်းဖြေရမယ့် အချိန်များ ထည့်သွင်းထားပါ။
(၃) သူများနဲ့ တွဲလုပ်ပါ။
ဒီအချက်ကတော့ မိမိအပေါ်မှာသာ မူတည်ပါတယ်။ သူများနဲ့ တွဲလုပ်ရမှာကို အကျိုးရှိတယ်ထင်ရင် တွဲလုပ်ပါ။ သီးသန့်လုပ်ရတာမှာ အားသာရင်လဲ မိမိဘာသာပဲ လုပ်ပါ။
(၄) အကူအညီတောင်းပါ။
တချို့စာတွေက ဖတ်ပြီး၊ မှတ်စုထုတ်တုန်းက နားလည်ပေမယ့်၊ ပြန်လှန်ကျက်မှတ်ချိန်ရောက်မှ နားမလည်တော့တာမျိုးတွေ ဖြစ်စေတတ်တာလဲ ရှိပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ သူငယ်ချင်းတွေ၊ ဆရာတွေဆီကို အကူအညီတောင်းပါ။
(၅) active learning techniques များကို အသုံးပြုပါ။
ရုပ်ပုံကားချပ်တွေ၊ ဇယားတွေဆွဲပြီး မှတ်သားပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို တခုနဲ့တခု ခွဲခြားမှတ်သားပါ။ အတိုကောက်စာလုံးတွေ၊ မှတ်မိစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ တွဲစပ်မှတ်သားပါ။
(၆) နားနဲ့ ပြန်လှန်ကျက်မှတ်မှုလုပ်ပါ။
ဒီနည်းလမ်းဟာ တော်တော်ထိရောက်လာပါတယ်။ စာရေးသူ ဒီနည်းလမ်းကို အသုံးချတာမှာ အောင်မြင်တာတွေ့ရပါတယ်။ တချို့စာတွေကို စကားပြောသလို ထိုင်ပြောပြီး ဖတ်မှတ်တာပါ။ ကိုယ့်အသံကို ကိုယ်ပြန်နားထောင်တာဟာ မှတ်ဥာဏ်ကို တိုးတက်စေတယ်လို့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။
(၇) မေးခွန်းဟောင်းများကို လေ့လာပါ။
မေးခွန်းဟောင်းတွေကို ပြန်ကြည့်ပြီး ဘယ်လိုမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတာ စဉ်းစားအဖြေရှာပါ။ အက်ဆေးမေးခွန်းတွေဆိုရင် မေးခွန်းရှုထောင့်မျိုးစုံအတွက် ပြင်ဆင်ပြီး plan ချကြည့်ပါ။ အချိန်သတ်မှတ်ပြီး စာမေးပွဲဖြေကြည့်ပါ။ ကိုယ့်လက်ရေးရဲ့ အမြန်နှုန်း၊ ကိုယ့်ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ လိုအပ်တာတွေကို ထပ်ဖြည့်ဆည်း ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် ဒီနည်းက ထိရောက်လှပါတယ်။
(၈) မိမိကိုယ်ကို ဂရုစိုက်ပါ။
ဒီအချက်ကတော့ အရေးကြီးဆုံး အချက်ပါပဲ။ ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျောင်းစာမေးပွဲတွေ တင်မဟုတ်ပဲ စာမေးပွဲတွေ အမြောက်အမြား ဖြေဆိုကြရဦးမှာပါ။ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကလဲ အရေးကြီးပါတယ်။ ပညာတွေတတ်၊ စာမေးပွဲတွေအများကြီးအောင်ပြီးမှ လူ့လောကအတွက် ဘာအကျိုးမှ မပြုနိုင်ရင် အလကားပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ့ပြောရမယ်ဆိုရင် တခါတလေမှာ ဒီအချက်ကို လုပ်ဖို့က အတော်ပဲ ခဲယဉ်းနေတတ်ပါတယ်။ ဇောတခုခု ကပ်နေချိန်ဆိုရင် ဒီအချက်ကို လူတွေက မေ့နေတတ်ကြပါတယ်။ စာရေးသူလဲ အပါအ၀င်ပါ။ ဒါပေမယ့် ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင်ဆိုသလိုပဲ အိပ်ရေး၀၀အိပ်ဖို့၊ အစားအစာအာဟာရပြည့်မှီအောင်စားဖို့၊ အပန်းဖြေအနားယူဖို့၊ အချိန်အားလေးတွေ ထားဖို့ကိုလဲ ဂရုစိုက်သင့်ပါတယ်။ စာမေးပွဲခန်းတွေမှာ မူးလဲလို့၊ မူးမော်ခေါင်းကိုက်နေလို့ “မြင်းကောင်းခွာလိပ်” ဖြစ်ခဲ့ရသူတွေ အများကြီးပဲဆိုတာ သတိပြုကြပါ လို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၀၉)
Saturday, March 14, 2009
Open Course Ware |
အင်တာနက်ပေါ်က ပညာဒါန

Open Course Ware ဆိုတာဘာလဲ။
‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့ ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင် နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန် ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။
ဘယ်တက္ကသိုလ်တွေပါလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ် အချို့မှာ -
ဘယ်လိုသင်ကြားပေးတာလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌ အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင် သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊ ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့် ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။
မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။
လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။
ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။
စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊ ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ ၀က်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။
အင်တာနက် လိုအပ်ပါသလား
လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊ ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ် လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး လေ့လာနိုင်သည်။
ဘာကြောင့် အလကားပေးတာလဲ။
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ ရပါတယ်။
အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။
စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း ‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ (ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင် သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။
ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။
အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့ ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။ မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။
နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့ ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့ မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’ မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့ သွားပြောလို့ မရပါ။
အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။
ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက် ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ ဘာအခက်အခဲတွေ ရှိနိုင်သလဲ။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့ အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန် လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့ ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့ အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့ ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ် အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။
မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။
အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့် ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့ ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့် ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့ ဖြန့်ဖြူးပေးရမည် ဖြစ်သည်။
တက္ကသိုလ် လှမွန်
စာကိုး။
http://www.ocwconsortium.org
http://en.wikipedia.org/wiki/OpenCourseWare
http://en.wikipedia.org/wiki/MIT_OpenCourseWare
Tuesday, March 3, 2009
ကျောင်းဆိုသည်မှာ |
ကျောင်းဆိုသည်မှာ
(အလင်းတိုက်ဂျာနယ် ၂၀၀၈)
သိန်းနိုင်
အတော်ငယ်ရွယ်ပြီး အသစ်တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏမေးမြန်းလေ့ရှိသည်မှာ “ကျောင်းဆိုတာဘာကို တကယ်ခေါ်တာလဲ” ဟူ၍ဖြစ်ပါသည်။
မိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာတည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ယုံကြည်ကိုးစားသည်မှာလည်း အစဉ်အလာအရလက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်းကြီးမားခြင်း၊ ကျောင်းအဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်းအကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် မဟုတ်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော်ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင် “ကျောင်းဆိုသည်မှာ အဘယ်နည်း”။
စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရှိပြီး “ပညာတတ်- လူတတ် ဂျီးနီးယပ်စ်” အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆတစ်ခု တော့လည်း မဟုတ်နိုင်ပါ။ အမြဲထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီးအတွင်းက အခြားအရာများနည်းတူ “ကျောင်း” ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်သာမက လူသား၏စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့်ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီဖြစ်လေသည်။ တနည်းဆိုရသော် “ကျောင်းနေခြင်း” မှာ ရှင်သန်ခြင်းနှင့်ပင် ထပ်တူကျနေတော့သည်။ ကျွန်တော်၏အမြင်အရဆိုရသော် ဤပြောင်းလဲနေသောကာလများတွင် ကျောင်းကို “ကျောင်း” ဟူ၍ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါအချက်များပင်ဖြစ်ပါသည်။
၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။
၂။ အချက်အလက်များအပေါ်မူတည်ပြီး လက်တွေ့လုပ်ဆောင်ခြင်း - “ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်” ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေအထောက်အထားများ၊ တိကျသော အချက်အလက်များခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။
၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့်တည်ရှိနေပြီး ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ “ကျောင်း” ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။
၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့်ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင်လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်းအသီးသီးအကြား ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များအတွက် အောင်မြင်ရန် အဓိကကျပါသည်။
၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ရရှိထားသည် အဆင့်အတိုင်းအပြောင်းအလဲမရှိထားလိုကြသည်။ “အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့အဲဒါကို သိမ်းဆည်းထားတယ်” - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လိုဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်းအများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် “ဤနေရာ၊ ဤအချိန်” တွင်သာ ရှင်သန်နေလေခြင်းကြောင့်ဖြစ်ပါ၏။ “အနာဂတ်” သည် ပစ္စုပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက်ပြောင်းလဲလိုသည့် ကျောင်းများမှာမူ “အနာဂတ်လားရာ” နှင့် မြင်ကွင်းကျယ်ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ဤသည်မှာ ကျောင်းသားများအတွက် အဓိပါယ်ပြည့်ဝသော သင်ယူမှုအတွေ့အကြုံများကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ပါကြောင်း။
သိန်းနိုင်
Ref: affectiveteaching.com
Monday, March 2, 2009
ကျောင်းသားလက်စွဲ- ပို့ချမှုအား သင်ယူခြင်း |
ကျောင်းသားတယောက်အတွက် စာသင်ခန်းတွင် ပို့ချမှုအား သွားရောက်သင်ယူရသော အချိန်သည် တန်ဖိုးလွန်စွာရှိသော အချိန်ဖြစ်လေရာ ထိုအချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ရန် လိုအပ်လှပေသည်။
ပို့ချမှုသို့ မသွားမီ
စာသင်ခန်းသို့ မသွားမီကပင် မိမိသင်ယူရမည့် ဘာသာရပ်၏ ခေါင်းစဉ်ကို ကြိုတင်သိရှိ လေ့လာသွားသင့်သည်။
ပို့ချချိန်၌
(၁) သင်ကြားပို့ချနေသော စာကို အာရုံစိုက်သင့်သည်။ အဓိကကျသော စကားလုံးများ၊ စကားစုများကို အထူးဂရုပြု နားထောင်သင့်သည်။
(၂) ပို့ချမှုလမ်းကြောင်းကို ဂရုပြု နားထောင်ရမည်။ ဥပမာ- အခုဆက်လက်ပြီး၊ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင်၊ အဓိကအုပ်စုသုံးမျိုးရှိပါတယ် အစရှိသော စကားလုံးများကို သတိပြုနားထောင်သင့်သည်။
(၃) အရေးပါသော အချက်များကို လိုက်လံမှတ်သားရမည်။ ခေါင်းစဉ်များ၊ မေးခွန်းများ၊ ရည်ညွှန်းကိုးကားများကို သတိပြုမှတ်သားရမည်။
(၄) နားထောင်ခြင်းနှင့် ရေးမှတ်ခြင်းကို balance ဖြစ်စေရမည်။ သင်ရိုးစာအုပ်ထဲတွင် ပါသော အချက်အလက်အသေးစိတ်များအား လိုက်လံမှတ်သားခြင်းကို ရှောင်ကြဉ်ပါ။ ပို့ချနေသော အကြောင်းအရာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုစွာ တွေးတောရမည်။ ဥပမာ- ပို့ချမှုမှ အချက်များကို သဘောတူသလား။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ စသဖြင့် တွေးရမည်။
စာသင်ချိန်ပြီးသွားပါက
မှတ်စုများ၊ ဆရာ၊ ဆရာမပေးသည့် handouts များ ကို ရက်စွဲများသတ်မှတ်၍ ဖိုင်တွင် ထည့်သွင်းသင့်သည်။ မှတ်စုများပြန်ဖတ်ပြီး၊ သင်ရိုးစာအုပ်များ၊ ကိုးကားစာအုပ်များမှ အချက်အလက်များကို ထပ်မံထည့်သွင်းသင့်သည်။ စာသင်ချိန်တနာရီမှတ်စုအတွက် ရည်ညွန်းကိုးကား စာအုပ်စာတမ်းများ ထပ်မံဖတ်ရှုချိန် ခြောက်နာရီ အနည်းဆုံး ရှိသင့်သည်။ ပို့ချမှုနှင့် ပတ်သက်၍ အခြားကျောင်းသူကျောင်းသားများနှင့် ဆွေးနွေးမှုများ ထပ်မံလုပ်သင့်သည်။ အသစ်ရလာသော အချက်အလက်ကို သိပြီးသား အချက်အလက်များနှင့် ဆက်စပ်စဉ်းစားပြီး၊ မကျေလည်မှုများကို ဖော်ထုတ်၍ လေ့လာဆွေးနွေးမှု ပြုလုပ်သင့်သည်။
ခင်မမမျိုး (၂၊ ၃၊ ၂၀၀၉)


