မြန်မာကျောင်းသားတွေ နိုင်ငံရပ်ခြားမှာ ပညာသင်ယူတဲ့အခါ ရင်ဆိုင်ရတတ်တဲ့ အခက်အခဲလေးတွေ ရှိပါတယ်။ ဒီအထဲမှာ မြန်မာပြည်ပညာရေး နဲ့ ခြားနားမှု အရှိဆုံးဖြစ်ပြီး ကျောင်းသားတွေ အနည်းငယ် ပျာကြရတာကတော့ ဘာသာရပ်အလိုက် ရေးတင်ရတတ်တဲ့ အက်ဆေးများပါပဲ။ ကျွန်မတို့ ယူကေနိုင်ငံက တက္ကသိုလ်တွေမှာ အက်ဆေးများဟာ စာမေးပွဲရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ လေးဆယ်ရာခိုင်နှုန်းအထိ အရေးပါတာမို့၊ အက်ဆေးမရေးရင် စာမေးပွဲအောင်ဖို့ဆိုတာ မဖြစ်နိုင်သလိုပါပဲ။
များသောအားဖြင့် ဘာသာရပ်တော်တော်များများကို နောက်ဆုံးစာမေးပွဲတခုတည်းနဲ့ မဆုံးဖြတ်ပဲ coursework ကို ၂၀%(သို့မဟုတ်) ၄၀% စစ်ဆေးလေ့ရှိပြီး၊ coursework အောင်မှ စာမေးပွဲကြီးကို ဖြေခွင့်ပေးလေ့ရှိပါတယ်။ အဲဒီ coursework ကို စစ်ဆေးပုံကတော့ ဘာသာရပ်ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားပါတယ်။ သင်္ချာလို၊ စက်မှုလို ဘာသာရပ်တွေကလွဲရင် များသောအားဖြင့် စစ်ဆေးလေ့ရှိတဲ့ ပုံစံကတော့ အက်ဆေးများရေးခိုင်းခြင်းပါပဲ။ နိုင်ငံရေးသိပ္ပံ၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စိတ်ပညာလို ဘာသာရပ်မျိုးတွေမှာ ကျတော့ ပိုလို့ဆိုးပါတယ်။
ပထမနှစ်ကျောင်းသားတစ်ယောက်ဟာ semester တခုမှာ 20 credit ဘာသာရပ် (၃)ခု ယူရတတ်ပါတယ်။ ဒါမှလဲ semester နှစ်ခုဆိုရင် 120 credits ဖြစ်မှာပါ။ ယူကေပညာရေးမှာက တနှစ်ကို 120 credits ရှိရပါမယ်။ ဒီလိုနဲ့ semester တခုဆိုတဲ့ လေးလတာကာလမှာတင် ရေးရမယ့် အက်ဆေးက အနဲဆုံး (၃) ပုဒ် ရှိလာတတ်ပါတယ်။ တချို့ဘာသာရပ်တွေဆို နှစ်ပုဒ်တင်ရတာမို့ (၆)ပုဒ်များ ဖြစ်သွားခဲ့ရင် ပျာယာခတ်ကြရပါရော။ Tutorial တွေမှာ presentation လုပ်ဖို့ စာဖတ်ရ၊ အက်ဆေးတပုဒ်ပြီး တပုဒ်ကလဲ deadline တွေ နီးလာကြ၊ စာကြည့်တိုက်တွေပြေးရ၊ ဘာသာရပ်ဆိုင်ရာ Journal article တွေပြေးရ၊ လက်ချာအမှီသွားရ နဲ့ ရှုပ်ရှက်ခတ်နေတတ်ပါတယ်။
အတန်းကြီးလာတာနဲ့အမျှ အက်ဆေးရေးရမယ့် စာလုံးအရေအတွက်ကလည်း ပိုများလာတတ်ပါတယ်။ ပထမနှစ်မှာ 1500 words ကနေ နောက်ဆုံးနှစ်ရောက်ရင် 3000 words လောက်ဖြစ်သွားပြီး၊ မဟာဘွဲ့ရောက်တော့ 3000-5000 words အထိဖြစ်သွားတတ်ပါတယ်။ ဘွဲ့ကြို Dissertation, ဘွဲ့လွန် Dissertation, PhD Dissertation တွေကျတော့ စာလုံးရေတွေ သောင်းနဲ့ချီ ပါတယ်။ Dissertation work က တော့ သုတေသန ဘက်ကိုဦးတည်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အခြေခံကတော့ အက်ဆေးပါပဲ။ အက်ဆေးကို မကြောက်သူတွေဟာ Dissertation တွေကိုလဲ မကြောက်တော့ပါဘူး။ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်တွေထဲရောက်တဲ့အခါမှာလဲ project တွေ၊ report တွေ တင်ရတဲ့အခါ အေးအေးသာသာဖြစ်လေ့ရှိကြပါတယ်။ အခုဒီဆောင်းပါးလေးမှာ အက်ဆေးများရေးသားခြင်းနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။
အက်ဆေးရေးခြင်း အကျိုးကျေးဇူး
ဘယ်အကြောင်းအရာပဲလုပ်လုပ် အဲဒီအလုပ်ရဲ့ တန်ဖိုးကို သိမှ အဲဒီအလုပ်အပေါ်မှာ တန်ဖိုးထားမှုရှိပြီး မိမိကိုယ်တိုင်လဲ ယုံကြည်မှု ရှိနေမှာဖြစ်ပါတယ်။ ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတဲ့၊ တန်ဖိုးရှိမယ်လို့ မထင်တဲ့ အလုပ်ဆိုရင် မလုပ်တာအကောင်းဆုံးပါပဲ။ ကိုယ်တိုင်ယုံကြည်မှုမရှိမှတော့ တစိုက်မတ်မတ်အားထုတ်မှု ဆိုတာ မဖြစ်လာနိုင်သလို တစိုက်မတ်မတ် အားမထုတ်ပဲလဲ အောင်မြင်မှုဆိုတာ ရမှာ မဟုတ်ဘူးလို့ ကျွန်မ မြင်မိပါတယ်။ ကျောင်းမှာ စာမေးပွဲအောင်ဖို့ အက်ဆေးတွေရေးရတဲ့အခါ အောင်ရင်ပြီးရော ဆိုတဲ့စိတ်မဟုတ်ပဲ ဒီအက်ဆေးလေးတွေဟာ ကိုယ့်ဘ၀အတွက် အကျိုးတကယ်ရှိမယ်ဆိုတာ သိပြီး ရေးလိုက်ရင် အက်ဆေးလေးတွေရဲ့ အရည်အသွေးတွေ အရမ်းတက်သွားမှာပါ။ အလုပ်တခုကို လုပ်ရမှာမို့ လုပ်တာဆိုရင် စိတ်ဖိစီးမှုများပါတယ်။ လုပ်ချင်စိတ်ရှိလို့ကို လုပ်တာဆိုရင်တော့ ဘယ်လောက်ပင်ပန်းပင်ပန်း ပျော်စရာ ဖြစ်သွားပါတယ်။ လုပ်ချင်စိတ်ရှိလာဖို့ကလဲ အကျိုးကျေးဇူးကို သိရပါမယ်။
အက်ဆေးလေးတွေက ဘာအကျိုးကျေးဇူးပေးမလဲ- ကျွန်မတို့ ကြည့်ကြရအောင်ပါ။ အက်ဆေးတွေ ရေးခြင်းဖြင့် ကိုယ်ပိုင် အတွေးအခေါ်လေးတွေ ရင့်သန်လာနိုင်ပါတယ်။ အကြောင်းအရာတွေအပေါ်မှာ ကိုယ်ပိုင်ရှုမြင်သုံးသပ်နိုင်တဲ့ အရည်အချင်းတွေလဲ တက်လာစေနိုင်ပါတယ်။ ဒါတွင်မက စာရေးသားခြင်းဟာ အိုင်ဒီယာအသစ်တွေ၊ အတွေ့အကြုံသစ်တွေကို ဖြစ်ထွန်းစေနိုင်ပါတယ်။ အကြောင်းအရာတရပ်အပေါ်မှာ စိတ်ကိုနှစ်ပြီး လေ့လာရတာဖြစ်တဲ့အတွက် စိတ်ပျံ့လွင့်မှုကိုလဲ ထိန်းချုပ်နိုင်ပါတယ်။ ဗဟုသုတတွေလဲ ပိုတိုးပွားစေနိုင်ပါတယ်။ အကျိုးအရှိဆုံးကတော့ Expressing yourself လုပ်နိုင်တာပါပဲ။ ဒီအရည်အချင်းဟာ ဘ၀အတွက် အရမ်းအရေးကြီးပါတယ်။ အက်ဆေးတွေ ရေးခြင်းအားဖြင့် ဒီအရည်အချင်းကို တိုးတက်စေနိုင်ပါတယ်။
ဥပမာအားဖြင့် ရေးရမယ့် အကြောင်းအရာလေးက ကမ္ဘာကြီးပေါ်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်တယ် ဆိုပါစို့။ အကြောင်းအရာလေးနဲ့ သင့်လျော်တဲ့ စာရွက်စာတမ်းတွေ စဖတ်ကတည်းက လူသားချင်းစာနာနားလည်မှု၊ ဖေးဖကူညီလိုမှု မေတ္တာတရားလေးတွေ ပေါင်းစပ်ပါဝင်လာမယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ အကြောင်းရင်းတွေကို စဉ်းစားမိလာမယ်။ ကမ္ဘာကြီးရဲ့ တခုသောနေရာဆီက ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်လေးရဲ့ ငိုယိုသံတွေကို ကြားယောင်မိလာမယ်။ အဲဒီအခါမှာ ဒီအကြောင်းအရာလေးအပေါ်မှာ ခံစားမှုလေးနက်လာမယ်။ စိတ်ဝင်စားမှုနဲ့အတူ လေ့လာမှု ပိုများလာမယ်။ ကိုယ့်အမြင်ကိုယ့်အတွေးလေးတွေ ပေါက်ဖွားလာမယ်။ ဒါတွေအားလုံး ပေါင်းစပ်သွားရာကနေ ထွက်ပေါ်လာမယ့် စာသားတွေဟာ အက်ဆေးကောင်းလေးတပုဒ်ကို တည်ဆောက်ပေးမှာ အသေအချာပါပဲ။
နောက်တခုအကျိုးကျေးဇူး ရှိတာကတော့ အချိန်အတိုင်းအတာတခုအတွင်းမှာ လုပ်ရခြင်းပါပဲ။ Time constraint ဖြစ်လာတဲ့အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိပြီး၊ စိတ်ပျံ့လွင့်မှုကို လျော့နည်းစေပါတယ်။ ကျောင်းသားတယောက်ရဲ့ ဘ၀မှာ စိတ်လေစရာ အများအပြား ကြုံတတ်ပါတယ်။ မိဝေးဖဝေး၊ ရေမြေခြားမှာ culture မတူတာလေးတွေလည်း ရှိတော့ ကြုံလာအောင် စေ့ဆော်မှုတွေကလဲ ရှိတတ်ပါတယ်။ အက်ဆေးလေးတွေ ရေးစရာရှိနေတဲ့အခါကျတော့ စာဖတ်ချိန်ဖတ်၊ အားကစားလုပ်ချိန်လုပ်၊ ကျောင်းက society တွေ၊ ကျောင်းသားသမဂ္ဂဆိုင်တာတွေ လုပ်စရာ ရှိတာလုပ်ပြီးရင် ရေးရမယ့်အကြောင်းအရာ လေးတွေအတွက် စာတွေဖတ်ရင်း အချိန်ကို အကျိုးရှိရှိ ကုန်လွန်လိုက်သလို ဖြစ်သွားပါတယ်။
နောက်တခုက deadline တွေနဲ့လုပ်ရတဲ့ အကျိုးကျေးဇူးပါ။ ဘယ်နေ့မှာ အပြီးတင်ရမယ်ဆိုကတည်းက ဘယ်နှစ်ရက်အချိန်ရတယ်၊ ဘယ်ရက်မှာ ဘာလုပ်ရမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ရတာဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ် self-organizing လုပ်တဲ့ skill တက်လာပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ deadline တွေနဲ့ လုပ်ရတဲ့အခါ ကြိုတင်ကျင့်သားရပြီးသား ဖြစ်နေတတ်ပါတယ်။ သူများချပေးလိုက်တဲ့ deadline တခုကို အချိန်မှီပြီးလိုက်နိုင်တဲ့အတွက်လဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုတက်စေနိုင်ပါတယ်။ အကြောင်းအရာတခု ပြီးမြောက်အောင်မြင်သွားတာဟာ သေးသေးကြီးကြီး ကိုယ်ရဲ့အောင်မြင်မှုတခုပါ။ အမှတ်များများရတာမရတာတွေထက် ကိုယ့်ဘက်က လုပ်စရာရှိတာကို ရှိသင့်တဲ့ အားစိုက်မှုတခုနဲ့ ပြီးမြောက်မှုဆိုတာကိုက ကျေနပ်အားရစရာမျိုးပါ။ နောင်တချိန်ဘ၀မှာ အခက်အခဲတွေ ရှိလာတဲ့အခါ ဒီအောင်မြင်မှုလေးတွေကို ပြန်သတိရမိပြီး တွန်းအားဖြစ်လာတတ်ပါတယ်။ အက်ဆေးတခုကို သတ်မှတ်ချိန်မှာပြီးအောင် သေချာရေးနိုင်တာဟာလဲ အရည်အချင်းတခုဖြစ်ပါတယ်။ ဒီအရည်အချင်းကို တိုးတက်အောင် အက်ဆေးလေးတွေက ဖန်တီးပေးနေတာပါ။
နောက်အကျိုးကျေးဇူးတခုကတော့ Tutor တွေဆီက ပြန်လာမယ့် feedback တွေပါ။ ဒီ feedback လေးတွေကနေ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်လေးတွေကို သိနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အက်ဆေးတခုဖြစ်အောင် ဘာတွေပြုပြင်ဖို့လိုသလဲဆိုတာကိုလဲ သက်ဆိုင်ရာ ဆရာတွေနဲ့ သွားဆွေးနွေးလို့ ရပါတယ်။ တပည့်တယောက်အတွက် တံခါးမဖွင့်ထားတဲ့ ဆရာဆိုတာမရှိပါဘူး။ ဆရာတွေကို ကြောက်ဖို့မလိုပါ။ လေးစားဖို့တော့လိုပါတယ်။ တကယ်တော့ ဆရာဆိုတာ ဘ၀စစ်မြေပြင်ကို စစ်ထွက်ရတော့မယ့် တက်သစ်စ လူသားလေးတွေကို လိုအပ်မယ့် အရည်အချင်း၊ ခံနိုင်ရည်၊ သက်လုံကောင်းမှုနဲ့ စစ်ဝတ်တန်ဆာတွေ ဖြည့်ဆည်းပေးတဲ့ ဖန်ဆင်းရှင်တွေပါ။ တပည့်တယောက်ရဲ့ ဘ၀ကို အတတ်နိုင်ဆုံး ရုပ်လုံးပီပြင်အောင် ထုဆစ်ပေးနေတဲ့ အနာဂတ်ဖန်ဆင်းရှင်တွေပါ။ သူတို့တွေဆီက ပြန်လာတဲ့ feedback တွေနဲ့ အားသာချက်၊ အားနည်းချက်တွေ သိရတဲ့အခါမှာ နောက်တခါကျရင် ဘယ်နေရာမှ အာရုံစိုက်ရမလဲ ဆိုတာတွေသိလာပါတယ်။
ဒါကတော့ အက်ဆေး ရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။ အက်ဆေး မေးခွန်းတွေကို ဘယ်လိုနားလည်အောင် လုပ်မယ်၊ လိုအပ်တဲ့ references တွေ ဘယ်လိုရှာမယ်၊ အက်ဆေး outline ကို ဘယ်လို plan ချမယ်၊ အက်ဆေးကို ဘယ်လိုရေးမယ်၊ references တွေကို ဘယ်လို cite လုပ်မယ်။ Harvard system သုံးမယ်၊ Numeric system သုံးမယ် စတာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နောက်ပိုင်း ဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။
ခင်မမမျိုး (၃၁၊၁၀၊၂၀၀၇)
Wednesday, October 31, 2007
အက်ဆေးများရေးသားခြင်း (၁) |
Monday, October 8, 2007
ကျွန်မ၊ သမိုင်းနဲ့ ထော်လော်ကန့်လန့် ပညာရေး |
သမိုင်းကို သင်တာ မအ အောင်လို့လို့ သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်းက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ မှာ ကျွန်မတို့ တွေ သမိုင်း ဆိုတာကို တတိယတန်း ကျောင်းသူ ဘ၀က စပြီး သင်ကြားခဲ့ကြရပါတယ်။ ကျွန်မတို့ တွေ သမိုင်းကို မှန်မှန်ကန်ကန် သင်ကြားခံခဲ့ကြရရဲ့လား။ ကျောင်းများမှာ သမိုင်းကိုဖတ်ပြီး ကျောင်းသားများ ကိုယ့်အမြင်ကို ဆွေးနွေးတင်ပြ အတွေးဖလှယ်ခဲ့ကြရရဲ့လား။ စတုတ္တတန်း ဆရာမက လွဲလို့ တခြားဆရာများ ထံက တခါမှ မရခဲ့ ဖူးပါဘူး။ ဆရာမ ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ မေး၊ ဖြေ သင်ခန်းစာများကိုလိုက်ကူးပြီး သမိုင်းကို သမိုင်း ကြောင်းလို မလေ့လာခဲ့ရဘဲ ကြောက်စရာ ကျက်စာတစ်ရပ် အနေနဲ့ အလွတ်ကျက်ပြီး ဖြေခဲ့ ကြရတဲ့ ကျောင်းသား တွေ ဒုနဲ့ဒေးပါ။
ကျွန်မရဲ့အဘွားကို အဘိုးက သမိုင်းပါမောက္ခလို့ နောက်ပြီးခေါ်ပါတယ်။ ကလေးပုံပြင် စာအုပ်ထဲက ပုံပြင် များကို ဘယ်တော့မှ မပြောဘဲ သူသိတတ်သမျှ သမိုင်းကြောင်းများဟာ ကျွန်မတို့လို မြေးများအတွက် အိပ်ရာဝင် ပုံပြင် များ ဖြစ်ခဲ့ရပါတယ်။ အဘွားဆိုတော့ ကျောင်းက ဆရာမလို ကြောက်စရာလဲ မလို၊ ကိုယ့် ကိုလဲ စကားသွက်တဲ့ မြေးဆိုပြီး သိပ်ချစ်တဲ့ အဘွားက မေးသမျှကို မငြီးမငြူ အတတ်နိုင်ဆုံး ဖြေပေးပါ တယ်။ ဒီလိုနဲ့ ကျွန်မဟာ သမိုင်းကို အိပ်ရာဝင် ပုံပြင်အဖြစ် လေ့လာနိုင်ပြီး အမှတ်ကောင်း ရခဲ့ပါတယ်။
ဒါပေမယ့် အထက်တန်းရောက်တော့ ပြဿနာ စပါရော.. ဆရာပေးတဲ့ မေး၊ ဖြေတွေကို အလွတ်မကျက် ဘဲ ပြန် ဝေဖန် ဆန်းစစ် မိတဲ့အတွက် တက်တဲ့ ပြဿနာပါ။ ဆရာနဲ့ ကျွန်မကြားက ပြဿနာ မဟုတ်ပါ ဘူး။ ဆရာနဲ့ ကျွန်မက တစ်ဘက် ပညာရေးစနစ်က တစ်ဖက် တက်ကြတဲ့ ပြဿနာ ပါ။ န၀မတန်းမှာ အတန်းထဲက မိနစ် ၂၀တွင်း အကြိုက်ဆုံး သီချင်းတစ်ပုဒ် ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲမှာ ကျွန်မကို အားရခဲ့တဲ့ မြန်မာစာ ဆရာ အတန်းမှူးနဲ့ ဒသမတန်းက မြန်မာစာ ဆရာတို့က ကျွန်မကို အတော် အားထားခဲ့ကြရှာပါတယ်။ ကျွန်မတို့ ကျောင်းက မြန်မာတပြည်လုံး ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဗိုလ်စွဲနေကျမို့ သူတို့က ကျွန်မကို မြန်မာစာ နေရာမှာ တော်တော် အားကိုးခဲ့ကြတာပါ။
ပြဿနာ က မိဘုရားဖွားစော ကျောက်စာပါ။ မိဘုရားဖွားစော ကျောက်စာကို သင်ဖို့မှာ ဖွားစောကို အလှူဒါန အတွက် တော်တော် အမွှမ်းတင် ပေးရပါတယ်။ ကျွန်မက ဆရာများ ပေးတဲ့ ဒီလိုမေး၊ ဒီလိုဖြေ စနစ်ကို မလိုက်နာ ပါဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးနဲ့ကိုယ် ဖြေပါတယ်။ ကျွန်မကို ဒီလို မဖြေဖို့ ဆရာများက နားချရှာပါတယ်။ ၀န်ကြီးဌာနက ထုတ်ပေးတဲ့ ဆရာလက်ကိုင် သင်ရိုးကိုတောင် ဆရာများက ကျွန်မကို ငှားရှာပါတယ်။ သင်ရိုးနဲ့ အညီ ဖြေမှ အမှတ်ကောင်းမှာမို့ ကျွန်မကို မြန်မာစာ အမှတ် အကောင်း ဆုံးဆု ရစေချင်လို့ပါ။ တနိုင်ငံလုံးက ဆယ်တန်း ကျောင်းသားများ ရင်ခုန်တဲ့ အခြေခံပညာ အထက်တန်း စာမေးပွဲမှာ မြန်မာစာမှာ မိဘုရားဖွားစော ကျောက်စာမှ ရရှိသော ဖွားစောရဲ့ စိတ်နေစိတ်ထားကို မေးပါ တယ်။ ကျွန်မကလဲ ခေါင်းမာစွာနဲ့ ကျွန်မ ယုံကြည် လက်ခံတဲ့ အတိုင်း ဖြေပါတယ်။ စာမေးပွဲခန်းက ထွက်လာတဲ့ ကျွန်မကို ဆရာက သမီးဖြေနိုင်လားတဲ့ မေးရှာပါ တယ်။ ဟုတ်ကဲ့ ဆရာ သမီး သိပ်ဖြေနိုင် ပါတယ် ဆိုတော့ ဘယ်အပုဒ်ကိုဖြေလဲတဲ့။ ဖွားစောကျောက်စာကို ဒီလို ဖြေလိုက် တယ် ဆိုတော့ ဆရာက သက်ပြင်းချရင်း ခေါင်းယမ်းရှာပါတယ်။ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပဲ မြန်မာစာကို ကျွန်မ ဂုဏ်ထူး ထွက်ခဲ့ပေမယ့် ဆရာတွေ မျှော်မှန်းတဲ့ အမြင့်ဆုံး အမှတ်နဲ့ လွဲခဲ့ပါတယ်။
ကျွန်မ ဘယ်လိုဖြေခဲ့လဲ ဆိုတော့ လှူချင်တန်းချင်၊ ဗုဒ္ဓဘာသာဝင်ပီပီ ဘာသာတရားကို သက်ဝင်ယုံကြည် ပြီး ကောင်းတဲ့ တခြား အချက်တွေ သူ့စိတ်ထဲမှာ အများကြီး ပါပေမယ့် ဆိုးတဲ့ စိတ်ထားအနေနဲ့
မိဘုရားဖွားစောဟာ သူ့ကျောက်စာတစ်မျက်နှာမှာ ငါ ဆယ့်ရှစ်လုံး ပါအောင် ငါချင်းထပ် ကျောက်စာ ရေးထိုး ခဲ့တဲ့အတွက် ငါစွဲ ငါမာန် ကြီးကြောင်း
အလှူကို ကျောက်ထက် အက္ခရာ တင်ရာမှာ ငါ့လင်မင်းကြီး၊ ငါ့သားမြေးကြီး၊ ငါ့မြေးမင်းကြီးလို့ မင်းမျိုး ဖြစ်ရ တာကို အမွှမ်းတင်နေခဲ့ပေမယ့် သူ့ဖခင် လယ်သမားကြီးကို ကျောက်စာမှာ မတွေ့ရတဲ့အတွက် မိဘကျေးဇူးနဲ့ ဘ၀ဟောင်းကို မေ့ပြီး ရွှေနန်းစည်းစိမ် ကိုသာ သာယာမက်မောသူလို့ ကောက်ချက် ချနိုင်ကြောင်း
မြေးတောင် ဘုရင်ဖြစ်နေချိန်မှာ သူ့အသက်ဟာ တော်တော် အိုနေပြီလို့ တွက်လို့ရပေမယ့် အလှူအတန်း လုပ်ပြီး သူ့အတွက်ကိုသာ လူစည်းစိမ်၊ နတ်စည်းစိမ်ကိုသာ အဓိက ထားပြီး တောင်းဆိုခဲ့တဲ့အတွက် သိင်္ဃသူ့သမီး ကျောက်စာ နဲ့ အနှစ်သာရ လွန်စွာ ခြားနားနေကြောင်း၊ မင်းစည်းစိမ်ကို တော်တော် ယစ်မူး သာယာနေသည်မှာ ထင်ရှားနေကြောင်း
ကျောက်စာကို ဖတ်ပြီး ဘယ်အလှူက ဘာအတွက်လို့ စီမံခန့်ခွဲပုံကို တွေ့ရတဲ့အတွက် အသေးစိတ် စီမံ ခန့်ခွဲ လိုစိတ် ပြင်းပျသည်ကို တွေ့ရကြောင်း၊ ပုဂံ နန်းတွင်းရေး မှာလဲ တော်တော် စီမံခန့်ခွဲ ခဲ့တယ်လို့ ယူဆရကြောင်း၊ သူ့လက်ထက်မှာပဲ တရုတ်ပြေးမင်း ရာဇ၀င် တွင်ခဲ့ရတဲ့အတွက် ပုဂံထီးနန်း ကျဆုံးခဲ့ရတဲ့ အတွက် သူ့စနက်နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို သံသယ ရှိဖွယ် ဖြစ်ကြောင်း
အဲလို ဖြေလိုက်မိပါတယ်ရှင်။ အဲလို အဖြေကို ဘာလို့များ မနှစ်မြို့နိုင်ရတာပါလိမ့်။ ဘာလို့များ အမှတ် မပေးနိုင် ရတာပါလိမ့်။ ဘာလို့များ အဲလို မဖြေစေချင်ရတာပါလိမ့်။ ကျွန်မကတော့ ကိုယ့်ယုံကြည်ချက်ကို အမှတ်နဲ့ မလဲ နိုင်ပါ။ အမှတ်နည်း ခဲ့ရတဲ့ အတွက်လဲ ကိစ္စမရှိပါ။ သို့သော် မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ ဘုရင်မျိုး ဘာလုပ်လုပ် ကောင်းပါတယ် လို့ချည်း ဘာကြောင့် ခုထိ လက်ခံကျင့်သုံးကာ ပညာရေးတွင် ပြဌာန်း ထားရပါသနည်း။ ဒါအပြင် ရာဇ၀င် ဆရာ အဆက်ဆက်တို့ကလဲ လယ်သူမ ဘ၀ကနေ မင်းသုံး ဆက် မိဘုရားကြီး ဖြစ်ခဲ့တဲ့ ဖွားစောကို အမွှမ်းချည့် တင်ထားကြပါတယ်။ သာမန် အညတြ အိမ်တွင်းအောင်း ကျွန်မ အနေနဲ့ လွန်ခဲ့တဲ့ နှစ် တစ်ထောင် ခန့်က မိဘုရား ဖွားစောကို မနာလိုစရာ အကြောင်း မရှိပါဘူးနော်။
မင်းဆိုတာ သမုတိနတ်မို့ စိတ်နဲ့တောင် မပြစ်မှားကောင်းဘူး ဆိုတဲ့ စကားကို ကြားရတော့ ပြုံးမိပါတယ်။ မြတ်စွာ ဘုရားက သူ့ကိုတောင် သူ့စကားကို မျက်စိမှိတ် မယုံဘဲ ဝေဖန်ဖို့ ကာလာမသုတ်မှာ ဟောကြားခဲ့မှတော့ ဝေဖန် ဆန်းစစ်တာကို ပြစ်မှားတာလို့ ယူဆလို့ မရကြောင်း ထင်းထင်းကြီး တွေ့နိုင်ပါတယ်။ သုံးလောက ထွတ်ထား ဘုရားရှင်က သူ့ကိုတောင် ဝေဖန် ဆန်းစစ်တာ လက်ခံရင် မင်း ဆိုတာ သမုတိ နတ်မကလို့ ဘာဖြစ်ဖြစ် ဘုရား ထက်တော့ အများကြီး နိမ့်တာ လူတိုင်း သိပါတယ်။ ဝေဖန် ဆန်းစစ် မခံနိုင်တာ မခံရဲတာ ဘာလို့ပါလိမ့်။
မြတ်စွာဘုရားကို ကျွန်မတို့ ယုံကြည် ကိုးကွယ် နေသည်မှာ သူက ဘုရားဖြစ်နေသောကြောင့် သူဘာလုပ်လုပ် အကောင်းထင်ပြီး ကျွန်မတို့က ယုံကြည် ကိုးကွယ် နေခြင်း မဟုတ်ပါ။ ဓမ္မစကြာ တရားဦးလေး ဟောဖို့အရေး တပည့်သာဝကများက သူ့ဆီသွားပြီး ဆည်းကပ်သည် မဟုတ်၊ ဘုရားရှင်က တပည့်သာဝက များထံ သွားပြီး တရားဟော ရရှာတာ ဖြစ်ပါတယ်။ ဒါတောင် ပဉ္စ၀ဂ္ဂီ ငါးပါးက ဘုရားလို့ လက်မခံပါဘူး။ ငါ့တရားကို နာပြီးမှ ငါ့ကို ဆုံးဖြတ်ဟု ဆိုကာ တရားဟောရင်း တရားအဆုံးမှာ ပဉ္စ၀ဂ္ဂီ ငါးပါးလုံး ရဟန္တာ ဖြစ်ပြီး မြတ်စွာဘုရားကို ဘုရားဟု လက်ခံ လိုက်ခြင်းသာ ဖြစ်ပါသည်။ သူဟောသော တရား၊ သူ့လုပ်ရပ်ကြောင့် ကျွန်မတို့က သူ့ကို ဘုရားဟု သတ်မှတ် ကိုးကွယ်ခြင်း ဖြစ်ပါသည်။ သူက ဘုရားဖြစ်နေလို့ ကျွန်မတို့က သူ့တရားကို လက်ခံတာ မဟုတ်ပါ။ ထို့အတူ မြတ်စွာဘုရားရှင် လက်ထက်က လူများကလည်း ကျွန်မတို့နည်းတူ တရားကို နာပြီးမှ ဘုရားဟု လက်ခံ ကြခြင်း ဖြစ်ပါတယ်။ လူထုရဲ့ ယုံကြည်လက်ခံမှုကို အာဏာနဲ့ ရယူခဲ့တာ မဟုတ်ဘဲ မဟာ ကရုဏာတော်နဲ့သာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ငါဟောလို့ ဆိုပြီးလဲ မျက်စိမှိတ် မယုံလိုက်ပါနဲ့ဦးလို့တောင် အတိအလင်း မိန့်ဆို ဟောကြားပြီး သတ္တ၀ါတို့ရဲ့ ပညာမျက်စိ အလင်းဓာတ်ကို ဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။ တန်ခိုးတော် အနန္တရှင် ဖြစ် လျက် လူအများ ဘုရားရဲ့ တရားကို ယုံဖို့ တန်ခိုးနဲ့ မလုပ်ခဲ့ဘဲ အပင်ပန်းခံပြီး ၄၅နှစ်တိတိ တရားဟောပြ ဆုံးမ တော် မူခဲ့ပါတယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက ကာလာမသုတ်တွင် ဒီလို ဟောကြားခဲ့ရင်း သူတရားတော် များနဲ့ ပတ်သက်ပြီး တလောကလုံးကို စိန်ခေါ်နိုင်ခြင်း ဖြစ်ပါတယ်။
ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...
“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်
(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။
(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။
(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။
ကာလာမ မင်းတို့ ---
(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။
(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။
( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ်)
ဒါကြောင့် အုပ်ချုပ်သူ လူတန်းစားများ အနေနဲ့ မှတ်ကျောက် တင်ခံနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးက မှတ်ကျောက်ကို ပစ်ပယ်၊ အုပ်ချုပ်သူ လူတန်းစားကို ကောင်းကွက်ချည့် ရှာခိုင်း၊ အမွှမ်းတင်ခိုင်းတာ၊ အုပ်ချုပ်သူ လူတန်းစားဖက်ကိုချည့် စဉ်းစားပေးခိုင်းပြီး အုပ်ချုပ်ခံ လူတန်းစားရဲ့ ခံစားချက်နဲ့ ဘ၀ဒုက္ခတွေကို လျစ်လျူရှုနေတာကို ၀မ်းနည်းစွာ တွေ့ရပါတယ်။ တကယ်တော့ အုပ်ချုပ်သူရော အုပ်ချုပ်ခံပါ လူသားတွေ၊ အမိမြေရဲ့ နိုင်ငံသားတွေချည့်ပါပဲ။ ဒီလို ပညာရေးစနစ်ကြောင့် ဒီလို အုပ်ချုပ်ရေး စနစ် ဖြစ်လာတာလား ဒီလို အုပ်ချုပ်ရေးစနစ်က ဒီလို ပညာရေးစနစ်ကို သင်ကြားစေတာလား စဉ်းစားစရာပါ။ သင်သာ အုပ်ချုပ်သူ နေရာရောက်ရင် ဘယ်လို စဉ်းစားမလဲ ဆိုတဲ့ မေးခွန်း ထက် သင်သာ ဒီလို အုပ်ချုပ်ခံရရင် ဘယ်လို စဉ်းစားမလဲ ဆိုတာလေးကိုလဲ တပြန်တလှည့် တွေးပေးကြဖို့ ကောင်းပါတယ်။ လူမျိုးတူချင်း၊ လူသားချင်း ကိုယ်ချင်းစာစိတ်လေးများ ရှိကြရင် ဒီလို ၂ဦး၂ဖက် လုံးအတွက် မျှတတဲ့ အတွေးလေးများ ၀င်ကြရင် ရေးရကျိုး နပ်ပါပြီ။ ကျွန်မရဲ့ ဆောင်းပါးလေးကိုလဲ ကာလာမ သုတ်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ပေးကြပါဦးနော်…
Thursday, October 4, 2007
ကိုယ်တွေ့မြန်မာ့ပညာရေး (အပိုင်း-၁) |
အခုအပတ်တွေက ယူကေ တက္ကသိုလ်တွေရဲ့ ကျောင်းဖွင့်ရာသီပါ။ ကျောင်းဖွင့်ရာသီတွေရဲ့ ထုံးစံအတိုင်း ဆရာ၊ ဆရာမတွေရော၊ သုတေသန ကျောင်းသားကျောင်းသူတွေပါ ဖတ်လက်စ စာအုပ်တွေဘေးချ၊ ရေးလက်စစာတမ်းတွေ အသာခေါက်ပြီး အလုပ်များကြရပါတယ်။ ကျောင်းသားတွေအတွက် course advisor appointment တွေ၊ သင်ရိုးတွေ၊ reference တွေကို update လုပ်တဲ့ meeting တွေ၊ ဘာသာရပ်အလိုက် course co-ordinator တွေနဲ့ lecturer တွေ၊ Teaching Assistant တွေရဲ့ သီးသန့်တွေ့ဆုံပွဲတွေ၊ ပါဝင်ထားတဲ့ society အဖွဲ့တွေရဲ့ welcome party စတာတွေနဲ့ ကျောင်းလောကမှာ ဒီအချိန်ရယ်၊ စာမေးပွဲချိန်တွေရယ်ဟာ အလုပ်ရှုပ်ဆုံးပဲ ဖြစ်မယ်ထင်ပါတယ်။
ယူကေမှာက များသောအားဖြင့် tutorial ချိန်တွေ တာဝန်ယူဖို့ tutor တွေ ခန့်လေ့ သိပ်မရှိပါဘူး။ (PhD, MPhil, MLitt, MRes) စတဲ့ သုတေသနကျောင်းသား ကျောင်းသူတွေကိုပဲ Teaching Assistant တွေ ပြန်လုပ်ခိုင်းလေ့ရှိပါတယ်။ သုတေသနကျောင်းသားတွေမှာ တက္ကသိုလ်ကနေ တိုက်ရိုက် studentship ပေးထားသူတွေ၊ Research Council တွေက studentship ပေးထားသူတွေ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်နေသူတွေစသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ အားလုံးထဲမှာ တက္ကသိုလ်က studentship ယူထားသူတွေကတော့ အလုပ်ရှုပ်ဆုံးပါပဲ။ ပညာသင်ကြားစရိတ်၊ သုတေသနစရိတ်အပါအ၀င် သင့်လျော်တဲ့ နေစရိတ်၊ စားစရိတ် (အဲ-ကလေးငယ်ရှိရင် ကလေးထိန်းစရိတ်) ပါပေးပြီး၊ အပူအပင်မရှိ ပညာဆုံးခန်းတိုင်အောင် တာဝန်ယူပေးပါတယ်။ အပြန်အလှန် အနေနဲ့ တပတ်မှာ ပျမ်းမျှ (၆)နာရီခန့် ဘွဲ့ကြိုသင်တန်းတွေရဲ့ tutorial ချိန်တွေမှာ တာဝန်ယူပေးရပါတယ်။ ကျောင်းဖွင့်ချိန်၊ စာမေးပွဲချိန်တွေမှာလဲ လိုအပ်ရင် လိုအပ်သလို တာဝန်ယူပေးရပါတယ်။ ဒါပေမယ့် tutorial မဟုတ်တဲ့ တခြား အချိန်တွေအတွက် သင့်တင့်တဲ့ လုပ်အားခကို ထပ်ပေးလေ့ရှိပါတယ်။ စာမေးပွဲခန်းစောင့်ရင်လဲ အခန်းစောင့်ကြေး အပိုဆောင်းပေးပါတယ်။ လူတယောက်ရဲ့ လုပ်အားနဲ့ အချိန်ကို အလွန်ပဲ တန်ဖိုးထားတတ်ကြပါတယ်။
ကျောင်းသူကျောင်းသားတွေရဲ့ ဘ၀ရှေ့ရေးကိုလဲ အတော်ဂရုစိုက်ကြတယ်။ ကျောင်းစဖွင့်ချိန်မှာ ကျောင်းသားတိုင်း မဖြစ်မနေ လုပ်ရတဲ့အလုပ်ကတော့ course advisor နဲ့ တွေ့ဆုံခြင်းပါ။ ပါမောက္ခတွေ၊ ကထိကတွေကိုယ်တိုင် တယောက်စီကို သေချာတွေ့ဆုံပြီး သူတို့ major ယူထားတဲ့ ဘွဲ့အတွက် လိုအပ်မယ့် credit points တွေ၊ တခြားရွေးချယ်ယူနိုင်တဲ့ minor ဘာသာရပ်တွေကို သေချာရှင်းပြ၊ မေးခွန်းတွေဖြေနဲ့ တယောက်ကို အနဲဆုံး (၁၅) မိနစ်ခန့် အချိန်ပေးကြပါတယ်။ Economics တက်မယ့်သူကလဲ chemistry ကို minor ယူချင်ယူတာပါပဲ။ Economics ကို Physics နဲ့ joint honors တက်သူလဲ ရှိတာပါပဲ။ အရေးကြီးတာက ကျောင်းသားရဲ့ စိတ်ဝင်စားမှုပါ။ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ပညာသင်ကြားရေးကို လွယ်ကူ ချောမွတ်စေသလို၊ သူရဲ့စိတ်ဓာတ်ဟာလဲ အမြဲတက်ကြွနေပါတယ်။ ပညာကို လိုချင်စိတ်ရှိနေပါတယ်။
ဘွဲ့ရပြီးသားသူတွေထဲက သူတို့ရပြီးသားဘာသာရပ်ကို ဘွဲ့လွန်ဆက်မသွားချင်တော့လို့ စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်၊ career change ဖို့အတွက်ပဲဖြစ်ဖြစ် တခြားဘွဲ့တခုကိုပဲ ပထမနှစ်ကနေ စတက်သူတွေလဲ ရှိပါတယ်။ တချို့ဆို အသက် ခြောက်ဆယ်ကျော်နေပါပြီ။ ပင်စင်ယူပြီးမှ ပညာရပ်အသစ်တခုကို ထပ်လေ့လာနေတာပါ။ “ပညာလို အိုသည်မရှိ” စကားပုံလေးကို သွားသတိရမိပါတယ်။ တဆက်တည်းမှာပဲ “ဘွဲ့တခုရရင် ပြီးရောပေါ့။ ဘာလုပ်လို့ရမှာလဲ” ဆိုတဲ့ အတိတ်တုန်းက ကြားခဲ့ဖူးတဲ့ စကားသံတွေကို သွားသတိရမိပါတယ်။
ပညာရေးမှာ အတတ်ပညာကအဓိကလား၊ အသိပညာက အဓိကလား၊ အတန်းပညာက အဓိကလား၊ ဘ၀ပညာက အဓိကလားဆိုတဲ့ အကြောင်းအရာတွေကိုတော့ အခု argue မလုပ်ချင်သေးပါ။ ဒါပေမယ့် United Nations Development Programme (UNDP) ကနေ လူတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာတဲ့ Human Development Index (HDI) အချက်တွေထဲက တခုဖြစ်တဲ့ Knowledge ကိုတော့
(2/3* adult literacy rate + 1/3 * mean years of schooling) ဆိုတဲ့ formula လေးနဲ့ တွက်ချက်တာ တွေ့ရပါတယ်။
နိုင်ငံတခုရဲ့ Economic Growth အတွက် Technology နဲ့ Human Capital (Education) ဟာ ၂၁ရာစုရဲ့ အရေးကြီးဆုံး ကဏ္ဍတွေဖြစ်လာပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ Education ကို အလွန်ပင် ရှေ့တန်းတင် နေရာပေးကြပေမယ့် ကျွန်မတို့ မြန်မာပြည်မှာကတော့ နိုင်ငံတော်ဘဏ္ဍာရဲ့ ရာနှုန်းအနည်းငယ်မျှကိုပဲ ဒီကဏ္ဍမှာ သုံးလေ့ရှိတယ်။ သုံးတဲ့ရာနှုန်းအနည်းငယ်မှာလဲ ရှိပြီးသား တက္ကသိုလ်ကြီးတွေကို အသုံးမပြုပဲ တက္ကသိုလ်အသစ်တွေကို မလိုတဲ့နေရာမှာ ဆောက်လိုဆောက်နဲ့ ဖြုန်းပစ်ပြန်ပါတယ်။ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး နှစ်ခုစလုံးမှာ စနစ်ကျတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူတွေ မရှိပြန်ပါဘူး။ ပညာရှင်တွေကို ပညာရှင်တွေလို မဆက်ဆံပြန်တော့ brain drain ပြဿနာကလဲ အရမ်းကို ကြီးမားပါတယ်။
ပညာရေးလောကထဲကို academic တယောက်အနေနဲ့ ၀င်လာပြီဆိုကတည်းက သူတို့ဆီမှာ ပညာရပ်ကို စိတ်ဝင်တစား နှစ်သက်မြတ်နိုးမှုတွေ ရှိကြစမြဲပါ။ လူ့ဘောင်လောကကို အကျိုးပြုနိုင်မယ့် သုတေသနတွေ လုပ်ချင်မယ်၊ ပညာကို မျှဝေပေးချင်မယ်၊ ပညာရပ်ဆိုင်ရာ conference တွေ၊ workshop တွေ လုပ်ချင်မယ်၊ research institute တွေ ထောင်ချင်မယ်၊ တိုင်းပြည်အတွက် မိမိပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ လိုအပ်ချက်တွေ တွေ့ရင် တင်ပြဆွေးနွေးချင်မယ် စိတ်တွေ ရှိနေကြပါမယ်။ ဒီလိုလူတွေကို ၀ါဒရေးရာ အဖွဲ့တွေထဲ အတင်းဝင်ခိုင်း၊ ဘာတွေမှန်းမသိတဲ့ စာရွက်စုတ်တွေ လက်ထဲထိုးပေးပြီး လူထုစည်းဝေးပွဲတွေ တက်ပြောလိုပြောခိုင်း၊ ကျောင်းသားတွေကို watchdog လုပ်ခိုင်းလိုလုပ်ခိုင်း၊ အရည်အချင်းအတိုင်းမဟုတ်ပဲ အအောင်ပေးခိုင်းလိုပေးခိုင်းတွေ လုပ်လာတဲ့အခါ၊ သုတေသနဆက်ပြုဖို့လဲ အခွင့်အရေးတွေ မရှိတဲ့အခါ ဘယ်လိုပညာရှင်မျိုးကမှ နေချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ပါရဂူဘွဲ့ရသူဆိုတာကတောင် အဲဒီပညာရပ်ကို နားလည်စပြုစပဲ ရှိသေးတယ်လို့ ဆိုကြတယ် မဟုတ်ပါလား။ မြန်မာပြည်က ပညာရေးကဏ္ဍ ဖျက်ဆီးခံရမှုအကြောင်းကိုတော့ နောက်ပိုင်းမှ data တွေနဲ့ သုတေသန ပြုပါဦးမယ်။ မြန်မာပြည်မှာ ကြုံခဲ့ဖူးတဲ့ ကိုယ်တွေ့ပညာရေး အကြောင်းလေးကို အနည်းငယ် မျှဝေခွင့်ပြုပါ။ မြန်မာပြည်မှာ study guide လုပ်ဖူးတာလေးတွေ၊ ကျူရှင်သင်ဖူးတာလေးတွေပဲ ရှိတာမို့ ပညာရေးစနစ်ထဲက ဆရာ အတွေ့အကြုံတော့ မရှိခဲ့ပါ။ ကျောင်းသားအတွေ့အကြုံပဲ ရှိတာမို့ အဲဒီအကြောင်းလေးတွေကိုပဲ ပြန်ပြောင်းအောက်မေ့ ရေးသားချင်ပါတယ်။
အခြေခံပညာရေး
အခြေခံပညာရေးနဲ့ ပတ်သက်ပြီး အဖြစ်အပျက်လေးတချို့ကို ပြန်သတိရမိပါတယ်။ တချို့က ပညာရေးစနစ်နဲ့ ပတ်သက်ပြီး၊ တချို့ကတော့ သင်ကြားရေးပုံစံနဲ့ ဆိုင်ပါတယ်။
ကျွန်မအခြေခံပညာရေး သင်ယူခဲ့ရတာက နယ်မြို့လေးတစ်ခုမှာပါ။ ပထမဆုံးမှတ်မိနေတဲ့အဖြစ်အပျက်ကတော့ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင် ၁၉၈၇ ခု ကာလမှာပါ။ အဲဒီတုန်းက ကျွန်မ (၃)တန်းပါ။ တနေ့မှာတော့ ဆရာမနဲ့ ကျွန်မ ပြဿနာတခုအကြီးအကျယ်တက်ပါတယ်။ သူသင်တဲ့ သင်္ချာပုစ္ဆာကို တခြားနည်းနဲ့ရော တွက်လို့မရဘူးလားဆိုပြီး ကိုယ်ထင်တဲ့နည်းကို ပြောမိရာက စတာပါ။ အဖြေကတူတူပါပဲ။ ဒါပေမယ့် သူသင်တဲ့နည်းအတိုင်းပဲ တွက်မှ အမှန်ပေးမယ်လို့ တဘက်သတ် စီရင်ချက်ချပါတော့တယ်။ ကျွန်မ ဆရာမကို စော်ကားနေတာမဟုတ်ပါ။ အနန္တောအနန္တ ငါးပါးမှာ တပါးအပါအ၀င်ပါ။ ကျွန်မပြောချင်တာက မြန်မာပြည်က စာသင်ခန်းတော်တော်များများဟာ ကျောင်းသားဗဟိုပြု မဟုတ်ပဲ၊ ဆရာ ဗဟိုပြု ဖြစ်နေတဲ့အချက်ကိုပါ။ တနေ့လုံး ဆရာတွေကချည်းပဲ ရှင်းလင်းသင်ကြားနေရတာဖြစ်တာမို့ ဆရာတွေအတွက်လဲ အလွန်ပင်ပန်းရသလို ကျောင်းသားတွေ အတွက်လဲ ပျင်းရိငြီးငွေ့စရာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ တွေးခေါ်မြော်မြင်မှုတွေ၊ ဥာဏ်ရည်ဥာဏ်သွေး တွေကိုလဲ ထိခိုက်စေပါတယ်။ တစုံတခုလုပ်ရင် initiative မဖြစ်တော့ပဲ တယောက်ယောက်ကပြသပြီးမှ၊ တယောက်ယောက်က စလုပ်ပြီးမှ လုပ်တတ်တဲ့ အကျင့်တွေ ဖြစ်ပေါ်လာပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေ မရှိပဲ သင်ထားတဲ့အတိုင်း ကျက်မှတ်နေရတာဖြစ်လို့ သူတပါးခူးပြီးသားထမင်းကိုမှ စားတတ်တာလေးတွေ ဖြစ်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ ပညာသင်ကြားသူနဲ့ ပညာသင်ယူသူကြားမှာ ကြောက်ရွံ့မှု စည်းတခု ခြားသွားတဲ့ ကိစ္စပါ။ ဆရာမကသင်၊ ကျွန်မတို့ကကျက်၊ နောက်တနေ့ စာပြန်၊ မရရင် ပြစ်ဒဏ်ဆိုတဲ့ ကြက်တူရွေးသင်ကြားရေးစနစ်ရဲ့ နောက်ဆက်တွဲဟာ အခုအချိန်အထိ ကျွန်မပေါ်ကို effect တခု သက်ရောက်နေဆဲပါပဲ။ ဆရာ၊ ဆရာမတွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့အခါ မေးခွန်းမေးဖို့ ရှိန်နေတဲ့ ပြဿနာပါ။ ကိုယ့်ယူဆချက်ကို လွတ်လပ်စွာ ပြောဖို့ တခါတရံ နှုတ်နှေးနေတတ်ပါတယ်။ ကျောင်းသားတွေရဲ့ intelligence ကို ဖော်ထုတ်ပေးပြီး၊ ဆရာနဲ့တပည့် အပြန်အလှန် ဆက်ဆံမှုတဲ့ ပညာသင်ကြားရေးပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ ထင်မိပါတယ်။
နောက်တခုကတော့ ၈၈ အရေးတော်ပုံ နောက်ပိုင်းကာလမှာပါ။ ဒီတခါကတော့ ကံကောင်းလို့ ကျောင်းထုတ်မခံရတာပါ။ ဖြစ်ပုံက (၆)တန်းမှာ သင်ရတဲ့ မြန်မာ့သမိုင်းဘာသာရပ်ဟာ ကျွန်မဖတ်ဖူးတဲ့ စာအုပ်ထဲက တချို့အချက်တွေနဲ့ကွဲနေတာကို သူငယ်ချင်းတွေကို ပြောမိတာပါ။ အရေးတော်ပုံကာလမှာ ကျောင်းတနှစ်ပိတ်တော့ အဖိုးလက်ထက်ကတည်းက စုဆောင်းထားတဲ့ စာအုပ်တွေဖတ်ဖို့ အချိန်ရသွားပါတယ်။ ကျောင်းပြင်ပ ပညာရေးလို့ပဲ ဆိုရမှာပါ။ အဲဒီမှာ နိုင်ငံရေးစာအုပ်တချို့လဲ ပါလေတော့ ကျောင်းမှာသင်တဲ့ သမိုင်းတချို့ဟာ တမျိုးပါလားလို့ စတွေးမိလာတယ်။ တွေးမိတဲ့အတိုင်း ရိုးရိုးလေးပြောတာပါ။ ဒါပေမယ့် ကျွန်မနိုင်ငံရေး ပြောနေပါတယ်ဆိုပြီး ကျောင်းက မိဘခေါ်တွေ့လိုတွေ့၊ အိမ်မှာ ကျွန်မအဖမ်းခံရတော့မှာပဲဆိုပြီး မိသားစုတွေက ငိုလိုငို၊ သူငယ်ချင်းတွေက ရှောင်လိုရှောင်၊ ဆရာမတွေက စောင့်ကြည့်လို စောင့်ကြည့်နဲ့ အတော်ဒုက္ခ များသွားရပါတယ်။ မြန်မာပြည်က သမိုင်းသင်ရိုးအမှားတွေကနေ ကျောင်းသားတွေပေါ် ရိုက်တဲ့ ဂယက်ပါ။ ပိုဆိုးတာက သမိုင်းမှားကြီးကို ဘုမသိဘမသိနဲ့ လက်ခံကြရတာကိုပါ။ တပ်မတော်ဆိုတာနဲ့ နိုင်ငံတော်ကယ်တင်ရှင်ကြီး ဆိုတာကို သမိုင်းကာလအဆင့်ဆင့်မှာ ရေးထားတာတွေ၊ ဖယ်ဒရယ်မူကို ပြည်ထောင်စု ဖြိုခွဲမယ့်မူအဖြစ်ရေးထားတာတွေဟာ သမိုင်းကြောင်းတွေ၊ နိုင်ငံတော်အရေးတွေမှာ မမှန်ကန်တဲ့ လမ်းကြောင်းတွေ၊ အတွေးအခေါ်တွေဆီကို ဦးတည်သွားစေခဲ့ပါတယ်။ ဒါတွေကို အဟုတ်ထင်ပြီး၊ စစ်တက္ကသိုလ်သွားတက်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ သူတို့ တကယ်ကို မသိကြတာ၊ နားမလည်ကြတာကို တွေ့ရတယ်။ စနစ်ဆိုးက သင်ရိုးမှားတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပါတယ်။ မျိုးဆက်လိုက်ကို ဂယက်ရိုက်စေတဲ့ ပညာရေးစနစ်အမှားမျိုးပါ။
နောက်ကိစ္စတခုကတော့ ကျွန်မရှစ်တန်းလောက်မှာ ကြုံခဲ့တာပါ။ ရှစ်တန်းမှာ ကျွန်မတို့ အတွက် ဖွံ့ဖြိုးရေးချိန်ဆိုတာရှိပါတယ်။ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ အိမ်တွင်းမှုဖြစ်ဖြစ် ယူရပါတယ်။ ကျွန်မဆိုတာကတော့ မြန်မာပြည်မြေပုံတောင် မနည်း ဆွဲနေရသူဆိုတော့ ပန်းချီနဲ့ကလဲ မဖြစ်၊ ဂီတဆိုတာမှာလဲ ခံစားတတ်တာက လွဲရင် ဖန်တီးဖို့ဆိုတာ မဖြစ်နိုင် (သီချင်းဆိုမိရင်တောင် ကိုယ့်အသံကြားပြီး ကိုယ်ပြန် စိတ်ညစ်ရသူ)ဖြစ်လေတော့ မယူနိုင်၊ အိမ်တွင်းမှုဆိုရာမှကလဲ အပ်ပေါက်ထိုးရမယ့်အစား တောထဲသွားပြီး ကျားနဲ့သာ တွေ့ပါရစေတော့လို့ ဆုတောင်းမိလောက်အောင် ဖြစ်ထွန်းမှု မရှိတဲ့သူုဖြစ်ပြန်နဲ့ အတော်ပဲ ဦးနှောက်ခြောက်ရပါတယ်။ နောက်ဆုံးတော့ အကြံတခုရတာနဲ့ တသက်လုံးသော့ခတ်ပိတ်ထားခံရတဲ့ စာကြည့်တိုက်ထဲက စာအုပ်လေးတွေကို အဲဒီအချိန်မှာ ဖတ်ခွင့်တောင်းရပါတယ်။ စာကြည့်တိုက်ထဲက စာအုပ်ဆိုတာ ဖတ်ဖို့ ထားတာပေမယ့် စုတ်ပြဲပျက်စီးမှာ စိုးလို့ဆိုပြီး ဘယ်သူမှ ဖတ်ခွင့်မရှိပဲ သော့ပိတ်ချုပ်နှောင်ထားခြင်း ခံနေကြရပါတယ်။ စာအုပ်လေးတွေကို လွတ်မြောက်ခွင့် ပေးချင်ပေမယ့် တောင်းဆိုသူ ကျွန်မမှာရလိုက်တဲ့ ရလာဒ်ကတော့ ကျောင်းဘောလုံးကွင်းထဲမှာ အမှိုက်ကောက်ပါတဲ့၊ ဒါနဲ့ပဲ ကျွန်မလို တခြားဟာတွေ မလုပ်ချင်သူတွေရဲ့ ဖွံ့ဖြိုးရေးအချိန် အမှိုက်ကောက်ပွဲ စရတော့တာပါပဲ။ ကျောင်းသူကျောင်းသားတွေမှာ သူ့ဘာသာ စိတ်ဝင်စားရာတွေရှိတတ်ပါတယ်။ ဒါတွေကို ဖော်ထုတ်ပေးဖို့လိုအပ်လှပါတယ်။
ပြီးတော့ စာကြည့်တိုက်ကိစ္စပါ။ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေကို တကယ်ဖတ်ခွင့်ပြုတဲ့ စာကြည့်တိုက်တွေ ရှိသင့်ပါတယ်။ အသိပညာပေးစာအုပ်တွေ ထားသင့်ပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေ ရှိသင့်ပါတယ်။ အဲလိုမဟုတ်တော့ ကျောင်းသားတွေဟာ ပြင်ပအငှားဆိုင်တွေ ရောက်ကုန်ပါရော။ ပြင်ပအငှားဆိုင်တွေကို မကောင်းပြောတာမဟုတ်ပါ။ လူငယ်ထုအပေါ် တာဝန်ယူစိတ်ရှိတဲ့ ဆိုင်ထိုင်သူများကိုလဲ တွေ့ဖူးပါတယ်။ တချို့ဆိုရင် ကျွန်မရဲ့ ကျောင်းပြင်ပ ဆရာတွေ၊ လမ်းပြကြယ်တွေလို့တောင် ဆိုနိုင်ပါတယ်။ စာအုပ်ကောင်းများစွာကို ညွှန်ပြပေးခဲ့ကြပါတယ်။ ဒါပေမယ့် လူ့စိတ်လူ့မနောဆိုတာက အမျိုးမျိုးရှိလေတော့ တချို့ဆိုင်တွေက ပိုက်ဆံရရင်ပြီးရော၊ ကလေးဖတ်သင့်မဖတ်သင့်တွေကို စိတ်မ၀င်စားပဲ ငှားတတ်ကြပါတယ်။ မြန်မာနိုင်ငံက စာပေစိစစ်ရေးဆိုတာကလဲ နိုင်ငံရေး၊ ပေါ်လစီရေးကိုပဲ လုပ်နေကြပြီး အသက်ဘယ်နှစ်နှစ်အောက် မဖတ်ရ ဆိုတဲ့စနစ်မျိုးတွေလဲမရှိလေတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာတွေ ရှိပါတယ်။
တကယ်ဆို ကျောင်းသားလူငယ်လေးတွေ စာပေနဲ့မွေ့လျော်တတ်အောင်၊ အသိပညာ တိုးပွားအောင် စာကြည့်တိုက်ဆိုတာတွေကို ကျောင်းတွင်းသာမက အရပ်ထဲတွေမှာပါ အများအပြား ဖွင့်ကြရမှာပါ။ စာအုပ်ပျက်စီးမှာမို့ စာပေးမဖတ်တာဟာ စာအုပ်တစ်ခုရဲ့ ဖြစ်တည်မှုကို အလေးမထားရာ ရောက်ပါတယ်။ စာအုပ်ဆိုတာ အလှပြပန်းကန်ပြားလေးတွေ၊ အလှပြငါးလေးတွေလို ထိုင်ကြည့်နေဖို့ ပေါ်လာတာမဟုတ်ဘူးလို့ ကျွန်မတော့ ယုံကြည်ထားပါတယ်။ စုတ်ပြဲပျက်စီးမှု မရှိအောင်လဲ စည်းကမ်းပြ လမ်းညွှန်ပေးလို့ ရပါတယ်။ စာရွက်တွေလှန်ရင် စနစ်တကျဘယ်လိုလှန်ရမယ်၊ ဖတ်ပြီး ခဏချထားချင်ရင် Bookmark လေးတွေနဲ့ ဘယ်လိုထားရမယ်၊ စာရွက်တွေ မခေါက်ရဘူး၊ စာအုပ်ကို ချချင်ရာမချထားရဘူး၊ မဖတ်တော့ရင် စနစ်တကျ စားပွဲပေါ် ဘယ်လိုပြန်တင်ရမယ် စသည်ဖြင့် ပြောဆိုသင်ပြထားလို့ ရတာပါပဲ။
အခုတော့ “ချီလွန်းရင်ချိ“ဆိုသလို ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရ ဆိုတာတွေအောက်မှာ ခူးပြီးသားထမင်းတင်မက ၀ါးပြီးကျွေးတာကိုမှ စားချင်တဲ့ အခြေအနေကို ဆိုက်ရောက်ရတော့တာပါပဲ။ အထက်တန်းကျောင်းသား အရွယ်တွေအထိ မြန်မာစာ၊ အင်္ဂလိပ်စာ စာစီစာကုံးတွေကို အလွတ်ကျက်နေကြရတာဟာ ဒီစာကြည့်တိုက်တွေ အားနည်းမှုရဲ့ ဆိုးကျိုးရလာဒ်ပါပဲ။ ကိုယ့်ဘာသာကိုယ်ရေးမယ်ဆိုရင်တောင် ကိုးကားစရာ၊ လေ့လာစရာ resource တွေက limitation ဖြစ်နေပါတယ်။ မြန်မာပြည်မှာ စာကြည့်တိုက်တွေ (မှတ်ချက်။ ပေါ်လစီရေးရာစာကြည့်တိုက်များ မဟုတ်ပါ) မြို့ရွာအနှံ့၊ ကျောင်းအနှံ့မပေါ်သေးသရွေ့ Human Capital Investment မှာ ကျွန်မတို့တိုင်းပြည်ဟာ အနိမ့်ဆုံးဖြစ်နေမှာပါပဲ။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာလဲ နှောင့်နှေးနေမှာပါပဲ။
နောက်ကိစ္စရပ်တခု အမှတ်ရနေမိတာကတော့ ဆယ်တန်းကျောင်းသူဘ၀မှာ ကြုံခဲ့ရတဲ့ကိစ္စပါ။ ဒီဖြစ်ရပ်ကတော့ ကျောင်းသားတဦးချင်းစီရဲ့ individual learning style နဲ့ ပတ်သက်ပါတယ်။ ကျွန်မတို့ကျောင်းက နယ်ကျောင်းပေမယ့် အတော်ကို စည်းကမ်းကြီးပါတယ်။ အောင်ချက်ကောင်းအောင် ဆရာဆရာမတွေက စေတနာအရမ်းထားပြီး ကြိုးစားသင်ပေးကြပါတယ်။ ဒီအထဲမှာက အီကိုဆရာမကတော့ အသင်အပြလဲကောင်း၊ အရိုက်လဲကြမ်းတာကြောင့် အလွန်ကို နာမည်ကြီးပါတယ်။ ဒီဆရာမနဲ့ ကျွန်မနဲ့မှ ထိပ်တိုက်ကို တွေ့ခဲ့ရတာပါ။ ပြဿနာအစက ဒီလိုပါ။ ကျွန်မတို့ အထက်တန်းရောက်တဲ့နှစ်မှာပဲ နိုင်ငံတော်အစိုးရရဲ့ စေတနာဆိုတာကြီးကြောင့် သိပ္ပံနဲ့ ၀ိဇ္ဇာဘာသာရပ်တွေ ပေါင်းသင်ရတဲ့ ပညာရေးစနစ်သစ်ကြီးနဲ့ စတွေ့ကြရပါတယ်။ နဂိုကဆို မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာတွေပြီးရင် သိပ္ပံသမားကလဲ ဇီဝ၊ ဓာတု၊ ရူပသုံးဘာသာထပ်ယူ၊ ၀ိဇ္ဇာသမားကလဲ သမိုင်း၊ ပထ၀ီ၊ အီကိုသုံးဘာသာထပ်ယူနဲ့ စုစုပေါင်း ခြောက်ဘာသာ စီသာ သင်ကြရပါတယ်။ အဲ- ကျွန်မတို့လက်ထက်ကျတော့ သိပ္ပံဘာသာတွေကို ပေါင်းပြီးတဘာသာ၊ ၀ိဇ္ဇာဘာသာတွေကို ပေါင်းပြီး တဘာသာနဲ့ (၅)ဘာသာဆိုပေမယ့် (၉)ဘာသာ သင်နေရသလိုဖြစ်သွားပါရော။ ဟိုလဲစပ်စပ်စပ်စပ်၊ ဒီလဲစပ်စပ်စပ်စပ်နဲ့ ဘာမှကို ရေရေရာရာမသိရတဲ့ အဖြစ်မျိုးပါ။ သင်ရိုးတွေ ဖြတ်တောက် လျှော့ပေါ့ထားတယ်ဆိုပေမယ့် စနစ်တကျမဟုတ်ပဲ အခန်းတွေကျော်၊ အခန်းတွေပေါင်းနဲ့ ရောက်တတ်ရာရာတွေ ဖြစ်နေတာပါ။
ကျွန်မကလဲ ရောက်တတ်ရာရာဆို အလွန်ကို စိတ်ဆိုးတတ်ပါတယ်။ အကြောင်းအရာတခုကို သေချာမသိပဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင် အဖြစ်မျိုးကို ကျေနပ်တတ်သူ မဟုတ်ပြန်တော့ သင်ရိုးဟောင်းတွေပါ ပြန်လှန်နေတာနဲ့ တနေ့စာတနေ့ကျက်တဲ့ကိစ္စကို မလုပ်နိုင်ခဲ့ပါ။ နံနက် (၇)နာရီဆို ကျူရှင်၊ (၈)နာရီခွဲကနေညနေအထိက ကျောင်း၊ပြီးတော့ ကျူရှင်နဲ့ ကျွန်မစာကျက်ချိန်ဟာ တနေ့ (၆)နာရီရဖို့ကို မနည်းဖျစ်ညှစ်ယူရတာပါ။ ဒီကြားထဲက သင်ရိုးဟောင်းတွေပါဖတ်ရ၊ မေးခွန်းဟောင်းတွေ လေ့ကျင့်ရနဲ့ဆိုတော့ ကျွန်မရဲ့ learning style ကို ကျွန်မကိုယ့်ဘာသာ ချရတော့တယ်။ တဘာသာတရက်စီ ခွဲကိုင်တဲ့နည်းပါ။ မြန်မာစာကိုင်တဲ့နေ့ဆို တခြားဘယ်စာအုပ်မှ မကိုင်တော့ဘူး။ အခုအချိန်အထိလဲ ဒီအကျင့်က စွဲနေပါပြီ။ တပတ်တခါ စနေနေ့တိုင်း ဒိုင်ယာရီမှာ ဘယ်နေ့ ဘာဖတ်မယ် ဆိုတာ plan ချထားပြီးမှ စာဖတ်၊ စာရေးလုပ်တတ်ပါတော့တယ်။ ဒီနည်းကစာတမ်းတွေ၊ Journal articles တွေ ဖတ်ဖို့အတွက် ပြီးလို့ပြီးမှန်းမသိအောင်ကို အလွန်ပဲ အသုံးဝင်လှပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်နဲ့ ကို လေ့လာနိုင်ပါတယ်။
အဲ-အဲဒီတုန်းကတော့ ဒီ learning style ကို လုပ်နေချိန်မှာ ဆရာမနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ ဆရာမကလဲ စေတနာနဲ့ပါ။ သူစာမေးတိုင်း မရတော့ ကျွန်မစိတ်လေနေတယ်လို့ထင်သွားတာဖြစ်မှာပါ။ learning style အဖန်တီးကောင်းတဲ့ ကျွန်မလဲ ဆရာမရဲ့ ကြိမ်ဒဏ်ကို လှလှကြီး ခံလိုက်ရပါတယ်။ တချက်လဲမဟုတ်၊ နှစ်ချက်လဲမဟုတ်၊ (၁၅)ချက်တိတိပါ။ တကယ်ကို အီစလံဝေခဲ့ရတာပါ။ ဒီနေရာမှာ ဆရာမလဲမမှား၊ ကျွန်မလဲ မမှားပါ။ မှားနေတာကတော့ ကြက်တူရွေးနှုတ်တိုက် ပညာသင်ကြားရေး စနစ်ပါ။ ဒီနေ့သင်၊ နက်ဖြန်အလွတ်ပြန် စနစ်ကြီးပါ။ ဆရာ၊ ဆရာမတွေရဲ့ Teaching style မတူသလို ကျောင်းသားတွေရဲ့ learning style တွေလဲ မတူပါ။ ဖတ်မှတ်ပြီး၊ စာမေးပွဲရောက်မှ ခေါင်းထဲ ရှိတာတွေ ချရေးတတ်သူတွေ ရှိသလို အလွတ်ကျက်၊ ရေးချပြီး၊ စာမေးပွဲခန်းကထွက်တာနဲ့ တလုံးမှ ခေါင်းထဲ မကျန်တော့တဲ့လူတွေလဲ ရှိပါတယ်။ အဲ- စာမေးပွဲအောင်ဖို့က အဓိကလား၊ စာတတ်ဖို့ကအဓိကလားဆိုတာမေးလာခဲ့ရင်တော့အတော်အဖြေရကျပ်လှပါ တယ်။ ကျွန်မအမြင်ကတော့ စာတတ်ဖို့ရော၊ စာမေးပွဲအောင်ဖို့ရော နှစ်ခုစလုံးအဓိကကျတယ်လို့ပဲ ဆိုချင်ပါတယ်။ စစ်မှန်တဲ့ စာမေးပွဲစစ်နည်း ဖြစ်ဖို့တော့လိုအပ်လှပါတယ်။
ဒီနေရာမှာ ကျွန်မတို့ ဆယ်တန်းဖြေရစဉ်ကာလက စာမေးပွဲအကြောင်း သွားသတိရမိပြန်ပါတယ်။ ဘယ်လိုကဘယ်လိုဖြစ်တယ်မသိ၊ စပေါ့ဆိုတာတွေက အလွန်ပဲ ခေတ်စားလှပါတယ်။ စပေါ့မှာမှ အမျိုးမျိုး၊ နာမည်ကြီး ကျောင်းတွေရဲ့စပေါ့တွေ၊ ဘယ်ပါမောက္ခ၊ ညာပါမောက္ခတွေရဲ့စပေါ့တွေ၊ အထူးထုတ်တွေရဲ့စပေါ့တွေစသည်ဖြင့်ပါ။ အဲ-သံရုံးစပေါ့ဆိုတာလဲ ပါသေးရဲ့၊ အကျယ်မချဲ့လိုတော့ပါ။ သို့ပေမယ့် စပေါ့ပြဿနာကလဲ အတော်ပဲကြီးပါတယ်။ ဖြေရမယ့်ဘာသာကို ကိုယ့်ဘာသာ revision လုပ်ရမယ့်အစား ဖုန်းတခါလာတမျိုးနဲ့ မျက်ကလူးဆန်ပြာ မျောက်မူးလဲ ဖြစ်ကိန်းတွေပါ။ နောက်ဆုံးတော့ ကျွန်မအမေက တယ်လီဖုန်းကြိုးကို ဆွဲဖြုတ်ပြီး “ကျက်ချင်ရာသာကျက်၊ ကိုယ့်ဘက်ကကြိုးစားတဲ့တာဝန်ကျေပြီးပြီ၊ စပေါ့မတိုးလို့ မအောင်လဲ ကျေနပ်တယ်“ ပြောရတဲ့အထိပါပဲ။ မှတ်မှတ်ရရ၊ သင်္ချာဖြေတဲ့နေ့မှာ အခန်းထဲမ၀င်ခင် သူငယ်ချင်းတစ်ယောက်က AABCBBA စသဖြင့် ၃၅လုံးတွဲကို အတင်းနှုတ်တိုက် သင်ပေးပါတယ်။ သင်္ချာပထမပိုင်းမေးခွန်းက ABCD ရွေးရတဲ့ (၃၅)မှတ်ဖိုး မေးခွန်းလေးတွေပါ။ သူစိတ်ချမ်းသာအောင် လိုက်မှတ်သွားပြီး၊ တွက်စရာတွေတွက်ပြီးတော့ သူ့ဟာလေးတိုက်ပြီး ရွတ်ကြည့်တယ်။ အမယ်-တယ်ဟုတ်ပါလားကွယ်ရို့။ ကွက်တိပါပဲ။ ဒါလေးနဲ့တင် နဲနဲဆက်တွက်လိုက်ရင် အောင်မှတ်ရနိုင်တဲ့ အခြေအနေမျိုးပါ။ သြော်- သင်္ချာကိုတောင် နှုတ်တိုက်ကျက်ဖြေရတဲ့ စာမေးပွဲမျိုးဖြစ်အောင် ဘယ်သူတွေကများ ဖန်တီးခဲ့ပါလိမ့်လို့ တွေးပြီး ပြုံးခဲ့မိသေးတယ်။ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်။ ခေါင်မိုးမှ မလုံတာ၊ မိုးယိုတာကို အပြစ်တင်လို့ ရပါတော့မလား။
ဒါနဲ့တောင်ပြီးတာမဟုတ်ပါ။ နောက်ကိစ္စတခုက အောင်စာရင်းမထွက်ခင် ပေါ်လာပါသေးတယ်။ ကျွန်မတို့အခြေခံပညာရေး ကျောင်းသားဘ၀မှာ “The Whole Burma” ဆိုတဲ့ ကိစ္စကြီးက အတော်ကို ဂယက်ရိုက်တာပါ။ ဆယ်တန်းစာမေးပွဲမှာ မြန်မာတပြည်လုံးမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသားဆယ်ယောက်ကို တခမ်းတနား ဆုပေးတဲ့ပွဲပါ။ ကျောင်းသားတွေတင်မက ကျောင်းတွေ၊ ဆရာမတွေ၊ ကျူရှင်ဆရာတွေပါ အပြိုင်အဆိုင်ဖြစ်ကြရတဲ့ ကိစ္စပါ။ မိဘတွေမှာလဲ ဒီကိစ္စကိုပဲ ရင်တမမနဲ့။ မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစစ်သွားတဲ့ ဆရာမတွေကို လာဘ်ထိုးပြီး အမှတ်ကြိုကြည့်ကြတာက အစဉ်အလာကို ဖြစ်နေပါပြီ။ အမှတ်အခြေအနေကြည့်ပြီး ဆေး၊စက်မှုအမှတ်လိုနေရင် ဖြည့်ဆည်းတာ၊ အောင်မှတ်လိုနေရင် ဖြည့်ဆည်းတာတွေ လုပ်နေကြတာ ဆိုတော့ အမှတ်တွေတောင် တမှတ်ဘယ်လောက် ဆိုပြီး ဈေးပေါက်နေတာပါ။ အဲ- ကျွန်မအမှတ် ကြည့်ခိုင်းထားတဲ့ ဆရာမကတော့ The Whole Burma အမှတ်ဆိုပြီး ငွေ ဆယ့်ရှစ်သိန်းတောင်းပါတယ်။ အားလုံးအပြိုင်အဆိုင် လုပ်နေကြတာမို့ ပိုပိုလိုလိုလို့ ဆိုပါတယ်။ ကျွန်မဘာလုပ်ရမလဲ အသည်းအသန် စဉ်းစားရချိန်မှာတော့ မေမေက ကျွန်မရှေ့မှာ ငွေပုံတဘက်၊ Self-confidence လို့ ရေးထားတဲ့ စာရွက်တဘက်ကို ချပြီး ရွေးခိုင်းပါတော့တယ်။ ငွေပုံကို ရွေးလိုက်ရင် သေချာပေါက် The Whole Burma ဖြစ်မယ်၊ Self-confidence ကို ရွေးလိုက်ရင်တော့ ဖြစ်ချင်လဲဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဒါပေမယ့် ငွေပုံကို ရွေးလိုက်တာနဲ့ ကျွန်မရဲ့ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်တဲ့စိတ်ဟာ သုညဖြစ်သွားတော့မယ်ဆိုတာတွေ ရှင်းပြပြီး စဉ်းစားခိုင်းခဲ့ပါတယ်။ ကျွန်မငွေပုံတွေကို တွန်းဖယ်ပစ်နိုင်ခဲ့ပါတယ်။ အတော်ကို စွန့်စားခဲ့ရတဲ့ ကိစ္စတရပ်ပါ။ အဲဒီတုန်းကသာ ငွေပုံကို ရွေးခဲ့ရင် ကျွန်မစိတ်ထဲမှာ ပညာဆိုတာကို နှစ်နှစ်ကာကာ တန်ဖိုးထားတဲ့စိတ်တွေ အခုလောက်ထိ ရှိလာပါတော့မလားလို့ သံသယဖြစ်မိတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်တွေ၊ ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးပစ်တဲ့ ပညာရေးစနစ်မျိုးကို ကျွန်မအရမ်း မုန်းမိတာအမှန်ပဲ။
တကယ်တော့ စာမေးပွဲတွေမှာ အမှတ်ဝယ်ခွင့်ပေးထားတာ၊ စာကူးချခွင့် ပေးထားတာ၊ စပေါ့ ရောဂါကူးစက်အောင် ခွင့်ပြုထားတာတွေဟာ လူငယ်တွေရဲ့ ခြေလှမ်းကို ရပ်အောင်လုပ်လိုက်တာ၊ အသိဥာဏ်တံခါးတွေကို ပိတ်ပစ်လိုက်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှု စွမ်းအားတွေကို ဖျက်ဆီးပစ်လိုက်တာတွေပါပဲ။ လူ့စွမ်းအားအရင်းအမြစ်တွေကို တစတစ ပျက်သုဉ်းပျောက်ကွယ်အောင် လုပ်ထားတဲ့ စီမံချက်တွေပဲလို့ ကျွန်မမြင်မိပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
Monday, September 17, 2007
8 in 1 သင်ခန်းစာရေးဆွဲခြင်း မဟာဗျူဟာ |
ဟိုတလောက “ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာ” ဆောင်းပါးထဲမှာ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ဟိုဝါ့ဒ်ဂတ်တနာနဲ့ သူ့ ရဲ့ သုတေသနအဖွဲ့ဝင်တွေ ခွဲခြားပြဆိုထားတဲ့ ဥာဏ်ရည်အမျိုးအစား (၈)မျိုးအကြောင်းကို ကျွန်မ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီဥာဏ်ရည် အမျိုးအစား (၈)မျိုးပေါ် အခြေခံပြီး သင်ခန်းစာများရေးဆွဲခြင်း မဟာဗျူဟာ နှစ်မျိုးရှိပါတယ်။ ပထမတခုကတော့ 8 in 1 ဆိုပြီး အားလုံးပေါ် အာရုံထား ရေးဆွဲခြင်းဖြစ်ပြီး၊ နောက်တခုကတော့ intelligence တခုချင်းအပေါ်မှာ အာရုံထား ရေးဆွဲခြင်း ဖြစ်ပါတယ်။ ပထမဆုံးတစ်ခုကို ကျွန်မတို့ လေ့လာကြည့်ရအောင်ပါ။
၁) ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ ကိရိယာတန်ဆာပလာ သေတ္တာလေးတခု
ဥာဏ်ရည်တခုချင်းစီအလိုက် ထူးခြားသော စွမ်းအင်များ ရှိတတ်ပါတယ်။ ဂါတ်နာဆိုသူ ပညာရေးသုတေသန ပညာရှင်တဦးကတော့ ဒီစွမ်းအားတွေကို ဥာဏ်ရည်ဥာဏ်သွေးတွေရဲ့ ပင်မလုပ်ငန်းစဉ်များလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးတခုချင်းဆီမှာ သက်ဆိုင်ရာ ဇီဝဖြစ်စဉ်နဲ့ အာရုံခံစားမှုဆိုင်ရာ စွမ်းအင်တွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေးဗစ်လေဇီယာက သင်ခန်းစာတွေမရေးဆွဲခင်မှာ ပထမဆုံးလေ့လာသင့်တဲ့ ဥာဏ်ရည်ဥာဏ်သွေးဆိုင်ရာ ကိရိယာတန်ဆာပလာ သေတ္တာလေးတစ်ခုကို တီထွင်ခဲ့ပါတယ်။ သူ့သေတ္တာလေးထဲမှာ ပါဝင်တာတွေကတော့
(၁.၁) Logical/ Mathematical
သင်္ကေတများ၊ ဖော်မြူလာများ၊ တွက်ချက်မှုများ၊ ဆက်စပ်တွေးတောမှုများ၊ ဂရပ်ဖစ်ပုံများဖြင့် ဖွဲ့စည်းတည်ဆောက်မှုများ၊ လျှို့ဝှက်စာဖော်ထုတ်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ယုတ္တိဗေဒဆိုင်ရာ ကစားပွဲများ၊ နံပါတ်စဉ်များ၊ လိုရင်းအချုပ် ဖော်ပြခြင်းများ ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်။
(၁.၂) Verbal/ Linguistic
Creative Writing၊ သဒ္ဒါနည်းကျ ပြောဆိုခြင်း၊ ရယ်ရွှင်ဖွယ်ဟာသများ ပြောဆိုခြင်း၊ ဒိုင်ယာရီထားရှိသုံးစွဲခြင်း၊ စာပေဖတ်ရှူလေ့လာခြင်း၊ ကဗျာစာပေဖတ်ရှုခြင်း၊ ပုံပြင်များဖန်တီးပြောဆိုခြင်း၊ ကျပန်းစကားပြောခြင်း၊ စကားစစ်ထိုးပွဲကျင်းပခြင်း ဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၃) Visual/ Spatial
ပုံဆွဲခြင်း၊ စိတ်ကူးယဉ်ပုံဖော်ခြင်း၊ အရောင်နှင့် စာလုံးပုံစံများရွေးချယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ပန်းပုထုခြင်း၊ မျက်နှာပြင်တခုပေါ်တွင် စက္ကူ၊ အ၀တ်စ၊ ဓာတ်ပုံစသည်များ ဖြတ်ညှပ်ကပ်လုပ်ခြင်း (collage) သင်ခန်းစာများ ပါဝင်ပါတယ်။
(၁.၄) Musical/Rhythmic
သဘာဝအသံများ၊ တူရိယာသံများ၊ သီချင်းရေးခြင်း၊ သီချင်းဆိုခြင်း၊ ဂီတသရုပ်ဖော်ခြင်း ဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၅) Interpersonal
jigsaw ကစားခြင်း၊ အုပ်စုဖွဲ့ဆောင်ရွက်ခြင်း၊ တဦးနှင့်တဦး မိတ်ဖွဲ့စကားပြောစေခြင်း၊ အခြားသူများ၏ ခံစားမှုများကိုနားလည်တတ်စေခြင်း၊ စုပေါင်းလေ့လာသင်ယူခြင်းဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၆) Naturalist
အပင်နှင့် သတ္တ၀ါများအား ဂရုစိုက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်အား စူးစမ်းခြင်း၊ မျိုးစိတ်များအားလေ့လာခြင်း၊ ပတ်ဝန်းကျင်လေ့လာရေး ခရီးထွက်ခြင်းဆိုင်ရာ သင်ခန်းစာများပါဝင်ပါတယ်။
(၁.၇) Bodily/Kinesthetic
ကိုယ်ဟန်အမူအရာ၊ ရိုးရာယဉ်ကျေးမှုအက၊ကာယပညာ၊ ကိုယ်လုံပညာ၊ အားကစားပြုလုပ်ခြင်း (ဘောလုံးကန်၊ ရေကူး၊ ကြက်တောင်ရိုက်ခြင်း) ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်၊
(၁.၈) Intrapersonal
အာရုံစူးစိုက်ခြင်း၊ စနစ်တကျ တွေးခေါ်မြော်မြင်တတ်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုမြဲမြံစေခြင်း၊ တဦးချင်းစီအလိုက် ပရောဂျက်များ ဖန်တီးခြင်း ဆိုင်ရာ သင်ခန်းစာများ ပါဝင်ပါတယ်။ ဒီသေတ္တာငယ်လေးကို သေချာလေ့လာပြီးမှ သင်ခန်းစာများ ရေးဆွဲဖန်တီးသင့်တယ်လို့ ပညာရှင်များက အဆိုပြုခဲ့ကြပါတယ်။
(၂) 8 in 1 သင်ခန်းစာ ရေးဆွဲပုံအဆင့်ဆင့်
သင်ခန်းစာများရေးဆွဲရာမှာ လိုက်နာရမယ့် အဆင့်များကတော့
(၂.၁) အကြောင်းအရာ၊ အချက်အလက်များအား အာရုံပြုခြင်း
သင်ခန်းစာမှာ ပါဝင်သင့်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တဲ့ အချက်အလက်များကိုပဲ အာရုံထားရပါမယ်။ သင်ခန်းစာရေးဆွဲခြင်းဖြစ်ပြီး၊ သင်ရိုးညွှန်းတန်းတခုလုံးမဟုတ်ကြောင်း သတိပြုရပါမယ်။
(၂.၂) သင်ခန်းစာ၏ ရည်ရွယ်ချက်များ၊ အကျိုးရလာဒ်များအားဖော်ထုတ်ခြင်း
သင်ခန်းစာရဲ့ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးများကို ဖော်ထုတ်ရေးသားရပါမယ်။ ဒီသင်ခန်းစာပြီးသွားတဲ့အခါ ကျောင်းသားတွေကို ဘာတွေသိစေချင်တာလဲ၊ ဘာတွေကို နားလည်စေချင်တာလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ရပါမယ်။
(၂.၃) ဥာဏ်ရည်ဥာဏ်သွေးများဆိုင်ရာ ကိရိယာသေတ္တာငယ်အား အသုံးပြုခြင်း
သေတ္တာငယ်ထဲက အသုံးဝင်မယ့် ကိရိယာတန်ဆာပလာသင်ခန်းစာတွေကို ဥာဏ်ရည်တခုချင်းစီအလိုက် ရွေးထုတ်ရပါမယ်။ ရွေးချယ်နေစဉ်မှာ ကိုယ်ရေးဆွဲမယ့် သင်ခန်းစာရဲ့ ရည်ရွယ်ချက်တွေကို စိတ်ထဲမှာ ရှိနေပြီးမှ ရွေးချယ်ပါ၊ မဟုတ်ရင် အချက်အလက်တွေ ရှုပ်ထွေးကုန်တတ်ပါတယ်။
(၂.၄) ရွေးချယ်လိုက်သည့် အရာများအား မည်သို့သုံးစွဲမည်ကို အနက်ဖွင့်ခြင်း
ဥာဏ်ရည်တခုချင်းအလိုက် ရွေးချယ်ထားတဲ့ ကိရိယာတခုချင်းကို ဘေးမှာ ကွက်လပ်တွေချန်ပြီး ရေးချရပါမယ်၊ ပြီးတော့မှ အဲဒီကွက်လပ်တွေမှာ ကျောင်းသားတွေ ဘယ်လောက်ထိ ပါဝင်သင်ယူမှုရှိနိုင်တယ်၊ ဘယ်လိုသင်ထောက်ကူတွေ သုံးရမယ်၊ ကျောင်းသားတွေနားလည်အောင် ဘယ်လိုသင်မယ်၊ သူတို့နားလည်လက်ခံနိုင်စွမ်းကို ဘယ်လိုသုံးသပ်မယ် ဆိုတဲ့အချက်တွေကို အနက်ဖွင့်ရေးသားရပါမယ်။
(၂.၅) သင်ခန်းစာအချက်အလက်များအား အစီအစဉ်တကျ နေရာချခြင်း
ဒီအဆင့်ကတော့ နောက်ဆုံးအဆင့်ပါ။ သင်ခန်းစာအတွင်းမှာ ပါဝင်ရမယ့် learning activities များကို အစီအစဉ်တကျ နေရာချထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာ တခုက သဘောသဘာဝအားဖြင့်ကို 8 in 1 မဟာဗျူဟာ ဟာ student-centered ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ facilitator role ကနေ တာဝန်ယူရမှာပါ။ ကျောင်းသားတွေဟာ တဖြည်းဖြည်းချင်း ဥာဏ်ရည်ဥာဏ်သွေးမျိုးစုံနဲ့ အကျွမ်းဝင်လာတဲ့အခါ ကျောင်းသားတွေကို သူတို့ဘယ် ဥာဏ်ရည်ဥာဏ်သွေးအပေါ်မှာ ထပ်ပြီး စူးစိုက်လေ့လာသွားချင်သလဲဆိုတာ မေးမြန်းရပါမယ်။ အဲဒီအခါမှာ ကျောင်းသားတွေဟာ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လေ့လာချင်စိတ်ပေါ်လာပါမယ်။ ဒီလိုဆိုရင် သင်ယူလေ့လာရေးရဲ့ အကြီးမားဆုံး တန်းတစ်ခုကို သူတို့ ကျော်သွားနိုင်ပါပြီ။ အဲဒါကတော့ motivation ပါပဲ။
(၃) 8 in 1 သင်ယူမှုဖြစ်စဉ်
8 in 1 ဖြစ်စဉ်ဟာ သင်ယူမှုနဲ့ သင်ယူသူတွေအပေါ်မှာ ကြီးစွာသော အကျိုးသက်ရောက်မှုရှိပါတယ်။ ခေတ်သစ် ဦးနှောက်ပိုင်းဆိုင်ရာ သုတေသနပညာရှင်တွေဖြစ်တဲ့ ဟူစတန်၊ ဂျင်ဆင်၊ဆိုင်လ်ဝက်စ်စတာနဲ့ ၀ိုလ်ဖီတို့က သင်ယူမှုနဲ့ပတ်သက်တဲ့ ကောက်ချက်တွေကို အခုလို ပေးခဲ့ကြပါတယ်။
၁။ လူတယောက်သည် တစုံတခုအား လေ့လာသင်ယူရန် နည်းလမ်းများပိုမိုရရှိလာလျှင် ထိုသူသည် အဆိုပါအကြောင်းအရာအား အမှန်တကယ် လေ့လာသည်။
၂။ ထိုနည်းတူစွာပင် လေ့လာသင်ယူရန် နည်းလမ်းများစွာ ရှိသဖြင့်၊ ထိုသူသည် အဆိုပါအကြောင်းအရာအား မှတ်မိသိရှိသွားသည်။
၃။ ထိုမျှမက လေ့လာသင်ယူရန် နည်းလမ်းများစွာရှိသဖြင့်၊ ထိုသူသည် အဆိုပါအကြောင်းအရာအား နားလည်သိမြင်သွားသည်။
စသဖြင့် မှတ်ချက်တွေပါ။
8 in 1 မဟာဗျုဟာမှာဆိုရင် နည်းလမ်းမျိုးစုံ၊ သင်ထောက်ကူမျိုးစုံ ပါဝင်တာကြောင့် ကျောင်းသားတွေ သင်ခန်းစာကို နားလည်သိမြင်ပြီး၊ ဥာဏ်ရည်ဥာဏ်သွေး ထူးခြားကောင်းမွန်လာနိုင်မယ်ဆိုတာ ထင်ရှားပါတယ်။ နောက်အားသာချက်တခုက ကျောင်းသားတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်နိုင်မှုဖြစ်ပါတယ်၊ ဆရာတွေပြောတာတွေချည်း နေ့စဉ်နဲ့အမျှ ထိုင်နားထောင်နေရင် passive recipient ပဲဖြစ်မှာပါ။ တကယ်တော့ ပညာရေးရဲ့ အဆုံးစွန် ရည်မှန်းချက်ဟာ passive recipient ဖြစ်ဖို့မဟုတ်ပါ။ Lifelong Learner တွေဖြစ်လာဖို့ပါ။ 8 in 1 မဟာဗျူဟာဟာ Lifelong Learner အများအပြားကို မွေးထုတ်နိုင်တဲ့ ဗျူဟာကောင်းတစ်ခုပဲ ဖြစ်ပါတယ်၊
နောက်ပိုင်းကျမှ နောက်ထပ် မဟာဗျူဟာတမျိုးဖြစ်တဲ့ Intelligence-Focused သင်ခန်းစာရေးဆွဲခြင်း မဟာဗျူဟာလေးအကြောင်း ထပ်မံတင်ပြပါဦးမယ်။
ခင်မမမျိုး
ကိုးကား
Lazear, D. (2003) Eight Ways of Teaching: The Artistry of Teaching with Multiple Intelligences, Fourth Edition, Pearson Education, Glenview
Gardner, H. (1983) Frames of mind: The theory of multiple intelligences, Harper & Row, New York
Houston, J. (1982) The possible human: A course in extending your physical, mental and creative abilities, J.P Tarcher, Los Angeles
Sylwester, R. (2000) A biological brain in a cultural classroom: Applying biological research to classroom management, Corwin Press, CA
Wolfe, P. (2001) Brain Matters: Translating research into classroom practice, Alexandria, VA
Sunday, September 16, 2007
Free Education & Education Free |
မြန်မာပြည် ပညာရေးအခြေအနေကို ထိထိမိမိပြသထားသော ကာတွန်းလေး ။
ဒီနေရာမှ ကူးယူ တင်ပြပါသည် ။

Monday, September 10, 2007
Different Learning Styles |
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာသာရပ် ၊ နည်းပညာတွေကို လေ့လာသင်ယူပုံ မတူညီကြဘူး ။ တချို့က လက်တွေ့ လုပ်မှ နားလည်သလို ၊ တချို့ကတော့ သီအိုရီတွေဖတ်ပြီး ၊ ပတ်သက်တဲ့မေးခွန်းတွေနဲ့ ပတ်သက်တဲ့အဖြေတွေကို ပြန်စဉ်းစားပြီး လေ့လာတတ်တယ် ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ learning style ကို သိတဲ့အခါ ၊ ကိုယ်ပိုင် အားသာချက် အားနည်းချက် တွေကို လိုသလိုအသုံးချပြီး ၊ လေ့လာသင်ယူရာမှာ ပိုထိရောက်နိုင်တယ် ။ ထိုနည်းတူ သင်ကြားပို့ချသူကလည်း ၊ ကိုယ့်အတန်းထဲကလူတွေရဲ့ ယေဘူယျ learning style တွေကို သိထားတဲ့အခါ ၊ အဲလိုအခြေအနေကို ဖန်တီးလို့ သင်ကြားပို့ချချက်တွေကို သင်တန်းသားတွေ ခပ်မြန်မြန် နားလည်နိုင်အောင် ပြုလုပ်နိုင်တယ် ။ ဒါကြောင့် Learning Style ဆိုတာဟာ အရေးကြီးတဲ့အခန်းကဏ္ဍတခုဖြစ်တယ် ။
North Carolina State University မှ တင်ပြထားတဲ့ Index of Learning Style (ILS) ကို လေ့လာကြည့်ကြရအောင် ။The Index of Learning Styles is an on-line instrument used to assess preferences on four dimensions (active/reflective, sensing/intuitive, visual/verbal, and sequential/global) of a learning style model formulated by Richard M. Felder and Linda K. Silverman. The instrument was developed by Richard M. Felder and Barbara A. Soloman of North Carolina State University.[1]
=======================================
ဒီနေရာကို သွားပြီး ၊ ကိုယ့် learning style ဟာ ၊ အဲဒီ 4 dimensions မှာ ၊ ဘယ်လိုအပိုင်းတွေ ကျရောက်နေသလဲ သိရအောင် ၊ မေးခွန်းတွေ ဖြေနိုင်တယ် ။ မေးခွန်းတွေရဲ့ ရလဒ်ကို ခုလို ဒီနေရာမှာ အသေးစိတ် ရှင်းပြထားပါတယ် ။ အောက်မှာတော့ ကျွန်မ အကျဉ်းချုံးပြီး ဘာသာပြန်လိုက်ပါတယ် ။
(၁) Active & Reflective Learners: [2]
Active Learner တွေဟာ လေ့လာသင်ယူချက်တွေကို အမြဲမှတ်မိနားလည်နေနိုင်ဖို့ ၊ လက်တွေ့ လုပ်တာဖြစ်ဖြစ် ၊ တခြားသူတွေနဲ့ ဆွေးနွေးဖလှယ်တာဖြစ်ဖြစ် ၊ သူများကိုပြန်ရှင်းပြတာဖြစ်ဖြစ် လုပ်လေ့ရှိတယ် ။
Reflective Learner တွေကတော့ ပထမဆုံး ကိုယ့်ဘာသာတွေးတောစဉ်းစားတတ်တယ် ။
Active Learner တွေက အဖွဲ့ လိုက်လေ့လာရတာ အားသန်ပြီး ၊ Reflective Learner တွေကတော့ တစ်ဦးစီ လုပ်ရတာ ပိုနှစ်သက်တယ် ။
သူတို့ပြောလေ့ရှိတဲ့စကားများ ..
“ဘယ်လိုဖြစ်လာမလဲ လုပ်ကြည့်လိုက်ရအောင်” (Active Learners)
“အရင်စဉ်းစားကြည့်ရအောင်” (Reflective Learners)
ဒီ Dimension မှာ ၊ လူတွေဟာ တဘက်ကို နည်းနည်းပိုအားသန်တတ်ကြပေမယ့် ၊ ညီမျှမှုတခုနားမှာပဲ ရှိသင့်တယ် ။ သိပ်အစွန်းမရောက်သင့်ဘူး ။ ရောက်လွန်းရင် ဘာမှမတွေးတောပဲ လက်တွေ့ အရမ်းလုပ်မိ ၊ အမှားတွေပေါ်လာနိုင်သလို ၊ တွေးတောလွန်းနေတာပဲဆိုရင်လည်း လက်တွေ့ ဘာမှမဖြစ်လာနိုင်ဘူး ။
(၂) Sensing & Intuitive Learners: [2]
Sensing Learner တွေဟာ ရှိဖူးပြီးသား ပုစ္ဆာမျိုးတွေကို သင်ထားဖူးတဲ့ အချက်အလက်တွေနဲ့ စနစ်တကျဖြေဆိုချင်ကြတယ် ။ သင်ပြမထားသေးတာတွေကို ဖြေဆိုဖို့ ၀န်လေးတယ် ။ သူတို့တွေဟာ အသေးစိတ်လေ့လာတတ်ကြပြီး ၊ မှတ်သားရတဲ့အလေ့အထ အားသန်တတ်တယ် ။ လက်တွေ့ ကို ပိုဦးစားပေးကြတယ် ။
Intuitive Learner တွေကတော့ အထပ်ထပ်လုပ်နေရတာ မနှစ်သက်တတ်ကြဘူး ။ အသစ်ကိုရှာဖွေ လေ့လာ တီထွင်ချင်တတ်ကြတယ် ။ အချက်အလက်တွေ မှတ်သားထားရခြင်း ၊ အဆင့်လိုက်တွက်ချက်နည်းတွေကို မကြိုက်ကြဘူး ။
ဖြစ်သင့်တာကတော့ .. တချို့တချိန်တွေမှာ ပုံသေနည်းတွေပဲမလိုက်ဘဲ ၊ တီထွင်ကြံစထိုးဖောက်တတ်ရမယ် ။ တချို့အချိန်တွေမှာလည်း မှန်ကန်တယ်လို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ သေချာတွက်ချက်တတ်ရမယ် ။
(၃) Visual & Verbal Learners: [2]
ဒါကတော့ သိပ်အထူးရှင်းပြစရာလိုမယ်မထင်ပါဘူး ။ Visual Learner တွေက ပုံတွေ ၊ ဂရပ်ဖ်တွေ ၊ chart တွေ ၊ demostration ၊ ဗွီဒီယို စသည်တို့ကြည့်ပြီး ၊ သင်ကြားရတာကို အားသန်တယ် ။ Verbal Learner တွေကတော့ စကားနဲ့ ရှင်းပြ ၊ ရေးပြတာကို ပိုနားလည်တတ်ကြတယ် ။
ကျွန်မထင်ပါတယ်... လူတိုင်းက ဒီ dimension မှာတော့ မျှတမှုရှိကြမှာပါ ။ စကားတွေပဲ နားထောင်နေရရင် ၊ ငြီးငွေ့ လာသလို ၊ ပုံတွေချည်းပဲ မြင်နေရရင်လည်း ၊ စိတ်အာရုံလွင့်တတ်တယ် ။ ဒီတော့ ၂ ပိုင်းလုံး ကျွန်မတို့တွက် လိုအပ်တယ်လို့ မြင်ပါတယ် ။
(၄) Sequential & Global Learners: [2]
ဒီဟာကို ဘာသာပြန်ရတာ နည်းနည်းတော့ ခက်တယ် ။ ကျွန်မတတ်နိုင်သလောက် ရှင်းပြရရင်... Sequential Learner တွေဟာ သင်ခန်းစာတခုချင်းစီ ဆက်စပ်ပြီးမှ ၊ သင်ခန်းစာကို နားလည်တတ်လေ့ ရှိတယ် ။ Global Learner တွေကတော့ အကြောင်းအရာအများကြီးကို ချပြထားတဲ့အထဲ ၊ အားလုံးကို လုံးစေ့ပတ်စေ့နားမလည်ရင်တောင် ၊ ချုံကြည့်ပြီး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ အမြန်ဆုံးအချိန်မှာ လိုအပ်တာတွေဆွဲထုတ်ပြီး ၊ ပုစ္တာတွေကို ဖြေကြားလေ့ ၊ သိချင်တာကို လေ့လာလေ့ရှိတယ် ။
============================================
အပေါ်မှာပြထားတာကတော့ ILS မေးခွန်းတွေကို ဖြေဆိုထားတဲ့ ကျွန်မရဲ့ learning preferences ကို ကိုယ်စားပြုတဲ့ရလဒ်ပါ ။ ကျွန်မရဲ့ ရလဒ်က ဘာကိုညွှန်ပြထားလဲဆိုတော့ ... dimension ၃ခုမှာ ကျွန်မဟာ စကေး ၁-၃ ညီမျှစွာနေတဲ့ထဲ ပါပါတယ် ။ ကျွန်မရဲ့အဓိက အားသန်တဲ့ဘက်ကတော့ Active Learner အနေနဲ့ပါ ။
ဒီရလဒ်က ကျွန်မအတွက်တော့ မှန်သင့်သလောက်မှန်တယ်ဆိုရမယ် ။
ကျွန်မက လက်တွေ့ လုပ်ရတာ ၊ အဖွဲ့ လိုက် အိုင်ဒီယာတွေ ဆွေးနွေးရတာ ၊ သူများကို ပြန်ရှင်းပြပြီး သူမေးတဲ့မေးခွန်းပေါ်အခြေခံလို့ အဖြေထပ်ထုတ်ရတာ အားသန်တယ်.. ဒါပေမယ့် တခါတလေတော့လည်း ကိုယ့်ဘာသာ သီးသန့်လေး စဉ်းစားခန်းဝင်တတ်တယ် ။ အထူးသဖြင့် ဒဿနနဲ့ဆိုင်တဲ့နေရာမျိုး ။
ဗမာပြည်တုန်းက ကျက်တတ်တဲ့အကျင့်ရခဲ့တဲ့ကျွန်မဟာ စာကျက်ပြီးဖြေရတာ ၊ ကျက်ထားတာကို စနစ်တကျပြန်အသုံးချရတာကို နှစ်သက်တယ် ။ ဒါပေမယ့် ဒစ်ဂျစ်တယ်လ်ခေတ်မှာ တီထွင်မှုဆိုတာ အမြဲကပ်ပါနေရတာကြောင့် ၊ နောက်.. အရာရာဟာ စနစ်တကျချမှတ်ထားတဲ့ နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းလို့မရတာကြောင့် ၊ innovation ဆိုတာကိုလည်း တတ်မြောက်လာတယ် ။
အဆင့်လိုက်သင်ယူရတာ နှစ်သက်ပေမယ့်လည်း ၊ လေ့လာသင်ကြားစရာတွေ များပြားလွန်းတဲ့ ဒီလောကမှာ ဟိုခုန် ဒီခုန်နဲ့ ယောင်ခြောက်ဆယ်ကျွန်မ global learner လည်း ဖြစ်နေတယ် ။
===============================================
ဒီမေးခွန်းတွေဟာ ထောက်ပံ့တဲ့ tool အဖြစ်သာ သုံးသင့်ပြီး ၊ မေးခွန်းတွေကရတဲ့ ရလဒ်ဟာ ဖြေဆိုသူတိုင်းတွက် ၊ တသမှတ်ထဲ မှန်တယ် မှားတယ်လို့တော့ မပြောနိုင်ပါဘူး ။ လူတိုင်းဟာ ကိုယ့်ကိုယ်ပိုင် learning style ကို ပိုသိသင့်တယ်လို့ အောက်မှာ ခုလို ဖော်ပြထားပါတယ် ။ILS users should be aware of two important points:
ဒီပို့စ်ဟာ စာဖတ်သူများတွက်လည်း အကျိုးရှိပါစေလို့ မျှော်လင့်ရင်း .... ။
(1) The ILS results provide an indication of an individual's learning preferences and an even better indication of the preference profile of a group of students (e.g. a class), but they should not be over-interpreted. If someone does not agree with the ILS assessment of his or her preferences, trust that individual's judgment over the instrument results.
(2) A student's learning style profile provides an indication of possible strengths and possible tendencies or habits that might lead to difficulty in academic settings. The profile does not reflect a student's suitability or unsuitability for a particular subject, discipline, or profession. Labeling students in this way is at best misleading, and can be destructive if the student uses the label as justification for a major shift in curriculum or career goals. (A learning style preference also does not serve as an excuse for a bad grade on the student's last physics test.[1]
References:
(1) http://www4.ncsu.edu/unity/lockers/users/f/felder/public/ILSpage.html
(2) http://www4.ncsu.edu/unity/lockers/users/f/felder/public/ILSdir/styles.htm
Sunday, September 9, 2007
ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာ |
(၁) ဥာဏ်ရည်ဥာဏ်သွေးဆိုတာ
လူသားတွေ လူ့ စိတ်ကို နားလည်ဖို့  ကြိုးစားနေခဲ့ကြတာ ရာစုနှစ်ပေါင်း များစွာပါ။ မျက်လှည့်နည်း ပညာ၊ စိတ်ပညာ၊ လူမှုဗေဒ၊ မနုဿဗေဒ၊ ဘာသာရေး၊ ဆေးပညာစသည်ဖြင့် နယ်ပယ်စုံမှာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်အတွင်းမှာကျတော့ လေ့လာစူးစမ်းမှု နယ်ပယ်တစ်ခု ထပ်ထွက်လာခဲ့ပြီး၊ အသိပညာနဲ့  အတတ်ပညာနယ်ပေါင်းစုံက သုတေသန ပညာရှင်တွေအားလုံး စိတ်ဝင်တစားဖြစ်လာခဲ့ကြတယ်။ အဲဒါကတော့ လူသားတွေရဲ့ စိတ်နဲ့ စိတ်ဖြစ်ပေါ်မှု ပုံစံတွေပါပဲ။ ဒီအထဲက ထူးခြားတဲ့ ရှာဖွေတွေ့ ရှိမှုတွေကို ဖော်ပြရမယ်ဆိုရင်
(၁.၁) ဦးနှောက်၏ ဗယ်ခြမ်း၊ ညာခြမ်းကွဲပြားမှာရှိသည်
(၁၉၈၁)ခုနှစ်မှာ ဒေါက်တာ ရော်ဂျာ စပယ်ရီဆိုသူဟာ ဦးနှောက်ရဲ့ ဗယ်ခြမ်း၊ ညာခြင်း လုပ်ဆောင်မှုဖြစ်စဉ် သုတေသနပြုမှုကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ ရဲ့ တွေ့ ရှိချက်ကတော့ ဦးနှောက်ရဲ့ ဗယ်ဘက်ချမ်း လုပ်ဆောင်မှုဖြစ်စဉ်ဟာ ညာဘက်ခြမ်းဖြစ်စဉ်ထက် ပိုပြီး ယုတ္တိဗေဒကျတယ်၊ ကျိုးကြောင်းဆီလျော်မှုရှိတယ်၊ ဆင်ခြင်ပိုင်းခြားနိုင်စွမ်းရှိတယ်၊ အစီအစဉ်တကျ ရှိတယ်လို့ ဆိုထားပြီး၊ ညာဘက်ခြမ်းကတော့ ဗယ်ခြမ်းထက် ပိုပြီး
တုံ့ ပြန်အားကောင်းတယ်လို့  ဆိုထားပါတယ်။
(၁.၂) ဥာဏ်ရည်ဥာဏ်သွေးဟူသည် တိုးချဲ့၍ရသည်
ရှေးယခင်တုန်းကတော့ ဥာဏ်ရည်ဥာဏ်သွေးဆိုတာကို မွေးရာပါ
လို့ ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသန် ပညာရှင်များဖြစ်တဲ့ ဒေါက်တာ ဂျင်းဟော့စတန်၊ ဒေါက်တာ ရောဘတ်မာစတာ၊ ဒေါက်တာ ၀ီလစ်ဟာမင်နဲ့  ဒေါက်တယလူးဝစ် မချာဒို တို့ က ဒါဟာ မမှန်ဘူးဆိုတာ ငြင်းချက်ထုတ်လိုက်ပါတယ်။ သူတို့ ဆိုခဲ့တာက ကျွန်ုပ်တို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ကန့် သတ်ထားတဲ့ တခုတည်းသော အရာဟာ ကိုယ့်ဘာသာကိုယ်ဖန်တီးလုပ်ဆောင်မှုများသာဖြစ်ပြီး၊ ဖြစ်နိုင်ချေအပေါ် မည်မျှ ယုံကြည်ထားသည်ဆိုခြင်းနဲ့  ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ဥာဏ်ရည်ဥာဏ်သွေးဆိုတာ မွေးကတည်းက ပါလာပြီးတဲ့အပေါ်မှာပဲ တသမတ်တည်း ရှိနေတာမဟုတ်ပဲ ဥာဏ်ကောင်းလာအောင် လုပ်ယူနိုင်တယ်ဆိုခြင်းပါပဲ။
(၁.၃) ဥာဏ်ရည်ဥာဏ်သွေး အမျိုးမျိုးရှိသည်
(၁၉၈၃)ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ ဟိုဝါ့ဒ်ဂတ်တနာနဲ့ သူ့ ရဲ့ သုတေသနအဖွဲ့ တွေဟာ ဥာဏ်ရည်ဥာဏ်သွေး အမျိုးမျိုး ရှိတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ လူသားတို့ ကမ္ဘာလောကကြီးအား သိရှိမှု၊ ခံစားနားလည်မှု၊ စူးစမ်းလေ့လာမှုတွေဟာ ဥာဏ်ရည်ဥာဏ်သွေး တမျိုးတည်းနဲ့  မဟုတ်ဘူးလို့ ဆိုခဲ့ကြပါတယ်။ သူတို့ ခွဲခြားပြသတဲ့ ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။
(၂) ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများ
(၂.၁)Verbal/ linguistic intelligence
ဒီအမျိုးအစားကတော့ လူသားတို ရဲ့  ဘာသာစကားလေ့လာမှု၊ အသုံးပြုမှုတွေ
နဲ့ သက်ဆိုင်ပါတယ်။ ကဗျာ၊ဟာသ၊ ပုံပြင်၊ စာရေး၊ စာဖတ်၊ သဒ္ဒါ၊ ကြောင်းကျိုး ဆင်ခြေပေးမှု အားလုံးနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်ဥာဏ်သွေးမျိုးကိုတော့ ကဗျာဆရာ၊ စာရေးဆရာ၊ ပြဇာတ်ဆရာ၊ ဟာသသရုပ်ဆောင်၊ လူထုဟောပြောရေးသမားများ၊ ပုံပြင်ပြောသူများမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၂) Logical/ Mathematical intelligence
ဒီအမျိုးအစားကတော့ သိပံနည်းကျ လေ့လာစူးစမ်းမှု
တွေနဲ့ ပိုမိုဆက်နွယ်ပါတယ်။ ပုံပန်းသဏ္ဍာန်များအားမှတ်မိသိရှိမှု၊ တစစီပျံ့ ကျဲ၍ သီးခြားစီဖြစ်နေသော အကြောင်းအရာများကို ဆက်စပ်နိုင်မှု စတာတွေနဲ့  သက်ဆိုင်ပါတယ်၊ ဒီဥာဏ်ရည်မျိုးကိုတော့ သိပံပညာရှင်၊ စာရင်းကိုင်၊ ဘဏ်လုပ်ငန်းရှင်၊ သင်္ချာပညာရှင်၊ ရှေ့နေနဲ့  ကွန်ပျူတာပရိုဂမ်မာတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၃) Visual Spatial intelligence
ဒီအမျိုးအစားကတော့ Visual Arts လို့ ခေါ်တဲ့ ပန်းချီ၊ ပန်းပု၊ ပုံဆွဲပညာတွေ၊ ဗိသုကာပညာ၊ မြေပုံရေးဆွဲထုတ်လုပ်ခြင်းပညာ၊ chess ကစားခြင်းလို ဂိမ်းကစားတဲ့ ပညာတွေနဲ့ ဆက်နွယ်ပါတယ်။ အဓိကကတော့ အမြင်အာရုံတွေကို ဘယ်လိုခံစားလဲဆိုတာပါပဲ။ ဒီဥာဏ်ရည်မျိုးကိုတော့ ပန်းချီဆရာ၊ ပန်းပုဆရာ၊ ဗိသုကာပညာရှင်တွေနဲ့  computer graphics designer တွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၄) Bodily/ kinesthetic intelligence
ဒီအမျိုးအစားကတော့ လူရဲ့ စိတ်ခံစားမှုကို ကိုယ်ခန္ခာက ဖော်ပြနိုင်မှု(ဥပမာ-သဘင်ပညာ)၊ ကိုယ်လက်လှုပ်ရှားအားကစားမှု၊ ကုန်ပစ္စည်းတီထွင်မှုတွေနဲ့  ဆက်စပ်ပါတယ်။ အတွေ့ အကြုံမှ သင်ကြားလေ့လာခြင်းဆိုတာဟာ ပညာရေးရဲ့ အရေးကြီးသော အစိတ်အပိုင်းတခုပါ။ လူရဲ့စိတ်ကမသိနိုင်၊ မလုပ်နိုင်တဲ့ ကိစ္စတချို့ ကို ကိုယ်ခန္ခာက လုပ်နိုင်ပါတယ်။ ဥပမာ- မော်တော်ဆိုင်ကယ်စီးတာ၊ လက်နှိပ်စက်ရိုက်တာမျိုးတွေကို ဆိုလိုတာပါ။ ဒီလိုဥာဏ်မျိုးကိုတော့ သရုပ်ဆောင်တွေ၊ အားကစားသမားတွေ၊ သဘင်ပညာသည်တွေနဲ့  တီထွင်သူတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၅) Musical/ rhythmic intelligence
ဒီအမျိုးအစားကတော့ ရစ်သမ်တွေကို မှတ်မိသိရှိတာ၊ အသုံးပြုနိုင်စွမ်းရှိတာ၊ ပတ်ဝန်းကျင်က လူသံနဲ့ တေးသွားသံတွေကို အလွယ်တကူ ခံစားမှတ်မိနားလည်တာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်မျိုးကိုတော့ အဆိုတော်တွေ၊ သီချင်းရေးဆရာတွေ၊ ကြော်ငြာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဂီတသင်သူတွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၆) Interpersonal intelligence
ဒီအမျိုးအစားကတော့ လူအများနဲ့  အလွယ်တကူ ပူးတွဲအလုပ်လုပ်နိုင်မှု၊ အများနဲ့  ပြေပြစ်ချောမောစွာ ဆက်ဆံနိုင်မှုစတာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီနေရာမှာ လိုတဲ့ စွမ်းရည်တွေကတော့ တဘက်သားရဲ့ စိတ်ခံစားမှု၊ ရည်ရွယ်ချက်၊ ဆန္ဒပြင်းပြမှုတွေကို သတိထားမိနိုင်ခြင်းပါပဲ။ တဘက်သားရဲ့ ခံစားမှု၊ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ စိုးရိမ်ထိတ်လန့် မှုစတာတွေကို နားလည်စာနာပေးခြင်းပဲဖြစ်ပါတယ်။ ဒီလို ဥာဏ်ရည်မျိုးကိုတော့ နှစ်သိမ့် ဆွေးနွေး အကြံပေးပညာရှင်များ၊ ဆရာဆရာမများ၊ နိုင်ငံရေးသမားများနဲ့  ဘာသာရေးခေါင်းဆောင်တွေဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၇) Intrapersonal intelligence
ဒီဥာဏ်ရည်အမျိုးအစားကတော့ မိမိရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ခံစားမှုတွေ၊ ခံစားချက်ဆိုင်ရာ တုံ့ ပြန်မှုတွေ၊ အတွေးစဉ်တွေအပေါ်မှာ သိရှိနားလည်မှုနဲ့  ဆက်စပ်ပါတယ်။ မိမိကိုယ်မိမိသိရှိခြင်းပါ။ ဒီဥာဏ်ရည်မျိုးကိုတော့ ဒဿနိကဗေဒပညာရှင်တွေ၊ စိတ်ပညာရှင်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ ဆီမှာ အများဆုံးတွေ့ နိုင်ပါတယ်။
(၂.၈) Naturalist intelligence
ဒီဥာဏ်ရည်အမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင်လေ့လာမှုတွေ
နဲ့ ဆက်စပ်ပါတယ်။ တချို့ သော စွမ်းရည်တွေဖြစ်တဲ့ စိုက်ပျိုးခြင်း၊မွေးမြူခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့  မျိုးဗီဇများ လေ့လာခြင်း၊ မိုးလေ၀သပညာစတာတွေနဲ့  သက်ဆိုင်ပါတယ်။ ဒီဥာဏ်ရည်မျိုးကို တောင်သူလယ်သမားတွေ၊ အမဲပစ်မုဆိုးတွေ၊ စိုက်ပျိုးရေးသမားတွေ၊ စားတော်ကဲတွေနဲ့  တိရ စ္ဆာန်ဆေးကုဆရာဝန်တွေဆီမှာ အများဆုံးတွေ့ ရပါတယ်။
အခုလို အမျိုးမျိုးအထွေထွေဖြစ်နေတဲ့ ဥာဏ်ရည်ဥာဏ်သွေးများကို သင်ကြားမှု အနုပညာနဲ့  ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်ပေးမယ်ဆိုတဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။
(၃) စာသင်ခန်းတွင် ဥာဏ်ရည်ဥာဏ်သွေး များအား ဖော်ထုတ်သင်ကြားခြင်း
ယေဘုယျအားဖြင့် သင်ခန်းစာတွေ ရေးဆွဲရာမှာ လိုအပ်တဲ့ ပုံစံ (၃)မျိုးကို ဆွေးနွေးချင်ပါတယ်။
(၃.၁) ဥာဏ်ရည်ဥာဏ်သွေးအမျိုးမျိုးအား ဘာသာရပ်ဆိုင်ရာများအဖြစ် အသုံးပြုခြင်း
ဥာဏ်ရည်ဥာဏ်သွေးတမျိုးစီအလိုက်ကို သက်ဆိုင်ရာ ဘာသာရပ်များအဖြစ် သင်ကြားပေးခြင်းဖြစ်ပါတယ်၊ ဥပမာအားဖြင့် ဂီတပညာ၊ ၀ိဇ္ဖာပညာ၊ ဘာသာစကား၊ သင်္ချာပညာ၊ ကာယပညာ၊ လူမှုရေးပညာရပ်များဖြစ်ပါတယ်။ ဒီပညာရပ်များကို သင်ကြားရာမှာ ပညာရပ်အပေါ်နားလည်မှုသာမက ဥာဏ်ရည်တခုချင်းဆီရဲ့ ဖွံ့ ဖြိုးတိုးတက်မှုအဆင့်ဆင့်ကို သိရှိ
ထားဖို့ လိုအပ်ပါတယ်။
(၃.၂) ဥာဏ်ရည်ဥာဏ်သွေးအမျိုးမျိုးကို အသုံးချ၍ အသိပညာများအား ရယူခြင်း
ဥာဏ်ရည်ဥာဏ်သွေး အမျိုးအစားများဟာ တမျိုးချင်းစီအလိုက် အသိပညာများ ရယူရာမှာ အသုံးဝင်ပါတယ်။ ဥပမာ- ကိုယ်ခန္ဒာလှုပ်ရှားမှုများဖြင့် စကားလုံးအသစ်များသင်ကြားခြင်း၊ သင်္ချာဘာသာအခြေခံအချက်များအား ဂီတဖြင့် သင်ကြားခြင်း၊ ပန်းချီပန်းပုအနုပညာများဖြင့် လူ့ သမိုင်းဖြစ်စဉ်နှင့် ယဉ်ကျေးမှု ထုံးတမ်းများအား သင်ကြားခြင်း၊ လက်ရှိဖြစ်ပျက်နေသော ကမ္ဘာ့ရေးရာ၊ နိုင်ငံ့ရေးရာများတွင် စကားရည်လုပွဲများ ကျင်းပပေးခြင်း၊ ရှိတ်စပီးယား ပြဇာတ်ကဲ့သို့ သော ပြဇာတ်များတွင်းမှ ဇာတ်ဆောင်များရဲ့ သဘောသဘာဝများကို လေ့လာဆန်းစစ်ခြင်း စသဖြင့် ဖြစ်ပါတယ်။
(၃.၃) မိမိ၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးများအား စူးစမ်းဖော်ထုတ်တတ်စေရန် သင်ကြားပေးခြင်း
ဒီအချက်ဟာ အလွန်ပဲအရေးကြီးပါတယ်။ ကိုယ်ဘယ်နေရာမှာ အားသန်လဲဆိုတာ မသိသူတယောက်ဟာ ဘ၀မှာ အကျိုးမရှိတဲ့ အလုပ်တွေ လုပ်မိတတ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကို သူတို့ ရဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ဘယ်အမျိုးအစားမှာ ပိုအားသာနေလဲဆိုတာ သိရှိဖော်ထုတ်နိုင်အောင်၊ အားနည်းချက်ရှိတဲ့ အမျိုးအစားမှာလဲ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင်၊ နေ့ စဉ် ဘ၀လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ (ဥပမာ-Interpersonal intelligence) လို ဥာဏ်ရည်မျိုးတွေ ဖွံ့ ဖြိုးလာအောင် ထောက်ကူပေးမယ့် သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားရပါမယ်။
ဥာဏ်ရည်ဥာဏ်သွေးများအား ထုတ်ဖော်သင်ကြားမှုအနုပညာအကြောင်း အတိုချုပ်ကို ဤမျှနဲ့ နားခွင့် ပြုပါ။ သင်ခန်းစာတွေ ဘယ်လို ရေးဆွဲရမယ်ဆိုတာနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပါဦးမယ်။
ခင်မမမျိုး
ကျမ်းကိုး-
(1) Lazear, D.
(2) Gardner, H. (1987) Developing the spectrum of human intelligences: Teaching in the eighties, a need to change, Harvard Educational Review
(3)
(4) Gardner, H. (1996) Are there additional intelligences?
Friday, September 7, 2007
ပညာရေး အကျပ်အတည်း (၂၅) |
တက္ကသိုလ်ဆိုတာ ပညာရပ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ် လေ့လာ ဆည်းပူး ကျင့်ကြံရတဲ့ ကျောင်းပါ။ ကောင်းတဲ့ အကျင့်အကြံကို ဆည်းပူးနိုင်တဲ့ နေရာဌာန ပါ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ တက္ကသိုလ် ဆိုတာ တကယ်ပဲ စာသင်သားတွေ အတွက် လွတ်လပ်စွာ ပညာဆည်းပူးခွင့် ကျင့်ကြံအားထုတ်ခွင့် လူမှု ပေါင်းသင်း ဆက်ဆံ ခွင့်တွေအပြည့် ပေးထားရတဲ့ နေရာတွေပါ။ မြန်မာနိုင်ငံမှာကတော့ တက္ကသိုလ်က စာသင်သားတွေခမျာ ပညာရေးမှာလည်း နည်းပညာက အစ သင်ထောက်ကူပစ္စည်းတွေ အထိ ဘယ်နေရာမှာမှ မပြည့်စုံတဲ့အတွက် စံမီပညာရေးကို မရကြတဲ့အပြင် ကျောင်း တွင်းမှာ ပညာဆည်းပူးသင်ယူခွင့်က အစ အသွားအလာ အနေအထိုင် အဆုံး အခွင့်အရေးတွေ ဆုံးရှုံးနေကြရပါတယ်။
၁၉၉၁နောက်ပိုင်း ကျောင်းတွေ ပြန်အဖွင့်မှာပဲ တက္ကသိုလ်ပညာရေးထဲမှာ စစ်တပ်ဆန်ဆန် အမိန့်ပေး ချုပ်ကိုင် တဲ့ စနစ် သုံးလာပါတယ်။ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အဆင့်ဆင့် ချုပ်ကိုင် တဲ့ Guardianship စနစ်ကို သုံးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဆရာ ဆရာမ တစ်ယောက်ကို အနည်းဆုံး ကျောင်းသား အယောက် ၂၀ကနေ ၅၀ထိ တာဝန်ယူပြီး အဲဒီ ကျောင်းသားရဲ့ ကျောင်းတွင်း လှုပ်ရှားမှုကို ဂရုစိုက် စောင့်ကြည့် ရမယ်လို့ ခိုင်းပါတယ်။ ကျောင်းသားက တစ်ပတ်မှာ တစ်ရက် အုပ်ထိန်းသူ ဆရာဆရာမကို လာတွေ့ပြီး လက်မှတ် ထိုးရပါတယ်။ အဲဒီကျောင်းသားက ကျောင်းမှာ ပြဿနာ တစုံတရာဖြစ် ရင် တာဝန်ယူ ထားရတဲ့ ဆရာ ဆရာမပါ ခံဝန်ချက် လက်မှတ် ထိုးတာတို့ ထုချေလွှာတင်တာတို့ လုပ်ရမယ်လို့ လည်း အမိန့် ထုတ်ပါ တယ်။ ဒါကို ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို နားလည်အောင် ပြောပြ ပြီး ထိန်းကြရ ပါ တယ်။
ကျောင်းသူ ကျောင်းသားတွေ အတန်းတက်အောင် ကျောင်းခေါ်ချိန်နဲ့ ထိန်းရပြီး ငြိပ်ဝပ်နာခံအောင်အတွက် Guardianship စနစ်နဲ့လည်း ချုပ်ကိုင် ထားတဲ့ သဘောပါ။ ၊ဒါကြောင့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ စိတ်ကျဉ်းကျပ်ရတဲ့အတွက် ဆရာဆရာမတွေနဲ့လည်း အဆင်မပြေ ဖြစ်လာကြပါတယ်။ ပြီးတော့ ကိုယ့်အဓိက ဘာသာရပ်မဟုတ်ဘဲ စိတ်ဝင်စားတဲ့ တခြား ဘာသာရပ်တွေကို တခြားအတန်းတွေမှာ သွားပြီး လေ့လာ နားထောင် ခွင့် လည်း မရှိတော့ပါဘူး။ ဒါဟာ တက္ကသိုလ်ပညာရေးထဲမှာ မဖြစ်မနေ ရှိရမယ့် လွတ်လပ်စွာ ပညာဆည်းပူးခွင့်ကိုပါ အတားဆီးခံရတဲ့ အခြေအနေပါ။
နောက်ထပ်အရေးပါတဲ့ အကျပ်အတည်းကတော့ အင်္ဂလိပ်လို သင်ယူရတဲ့ ပြဿနာပါ။ အဲဒီ အချိန်တုန်းက ကျောင်းသားတွေ ဟာ အင်္ဂလိပ်စာကို ၅တန်းရောက်မှ စသင်ရတဲ့ စနစ်နဲ့ ကြီးပြင်းလာရတဲ့အပြင် အင်္ဂလိပ်စာနဲ့ အထိအတွေ့နည်းခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။ ဒီတော့ တက္ကသိုလ်မှာ မြန်မာစာဘာသာရပ်က လွဲပြီး ကျန်တဲ့ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ရမယ် လို့ သတ်မှတ်လိုက်တဲ့ မူအသစ်ကြောင့် ကျောင်းသားတွေ အတွက် ပညာသင်ယူရာမှာ အခက်အခဲ တွေ့လာရပါတယ်။ ပညာရေးမှာ အခြေခံမကောင်းခဲ့တဲ့ အတွက် ချက်ချင်းကြီး အဆင့်မြှင့် ပြောင်းလဲလိုက်တဲ့အခါ စာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။
တချိန်တည်းမှာပဲ ဆရာဆရာမတွေကိုယ်တိုင်လည်း အင်္ဂလိပ်လို သင်ကြားရေးမှာ အားနည်းတာကြောင့် အခက်အခဲ ပေါင်းစုံ ကြုံကြရပါတယ်။ ကျောင်းသူကျောင်းသားက ဆရာဆရာမတွေအပေါ် အထင်သေး လာတာ မျိုးတွေ ရှိလာပါတယ်။ အာဏာ ပိုင်တွေ ဘက်က ဆရာဆရာမတွေအတွက် လိုအပ်တဲ့ အရည်အသွေး မြှင့် မွမ်းမံ သင်တန်း ပေးတာ မျိုးလောက် ကို တောင် ထိထိရောက်ရောက် ပံ့ပိုးမပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဆရာဆရာမ တွေဟာ လုပ်ငန်းခွင်မှာ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်လာကြရပါတယ်။ ဒါကြောင့်ပဲ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေရော ဆရာ ဆရာမ တွေပါ စာသင်ခန်းမှာ မပျော်ကြ တဲ့အတွက် ပညာရပ်တွေမှာ သိပ် မထူးချွန်ကြတော့တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာပါတယ်။ အဲဒီ အခက်အခဲတွေကို ကူဖြေရှင်းပေး ဖို့ဆိုတော့လဲ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းချုပ် ဖို့သာ တာဝန်ရှိပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီး ဆောင်ရွက်ပေးဖို့ တောင်းဆို တင်ပြပေးတာမျိုး တွေ ကိုတော့ လုပ်ခွင့်မရှိကြပါဘူး။
တက္ကသိုလ်တွေမှာ နောက်ထပ် ထင်ရှားတဲ့ ဆုတ်ယုတ်ပျက်စီးမှုကတော့ မူးယစ်ဆေးဝါး ပြဿနာပါပဲ။ တက္ကသိုလ် ကျောင်း တွေမှာ ဘိန်းဖြူအပါအ၀င် မူးယစ်ဆေးဝါး အမျိုးမျိုးကို လွယ်လွယ်ကူကူ ၀ယ်လို့ ရပါတယ်။ ခေတ်စနစ်ထဲမှာ စိတ်ပျက်နေတဲ့ လူငယ် တော်တော် များများက မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ ဖြစ်ကုန် ပါတယ်။ အဲဒီလိုပဲ ခေတ် အဆက်ဆက် ဘယ်တော့မှ တိမ်ကောမသွားတဲ့ နိုင်ငံအရေး၊ လူထုအရေးနဲ့ ကျောင်းသား အရေး ကို ကြည့်တဲ့ ကျောင်းသား မျိုးဆက်တွေကလည်း ရှိနေတာမို့လို့ ကျောင်းထဲမှာ လက်ကမ်း စာစောင် ဖြန့်တာ နံရံမှာ စာကပ်တာတွေ လို ကျောင်း တွင်း လှုပ်ရှားမှုတွေကလည်း ရှိနေတာပါပဲ။ အာဏာပိုင် တွေဘက်က ကျောင်းပညာရေးတွေကို တိုးတက်ဖွံ့ဖြိုး အောင် လုပ်မပေးတဲ့အပြင် ကျောင်းသား အခွင့်အရေး တွေမှာ ပိုပိုပြီး ဆုံးရှုံးလာတာကို တင်ပြ တောင်းဆိုခွင့်လည်း မရှိတာ ကြောင့် ၁၉၉၆မှာတော့ တက္ကသိုလ်တွေမှာ မကျေနပ်သံတွေ ပို ကြားလာရပါတယ်။
ကမ္ဘာနဲ့ အ၀ှမ်းမှာ တက္ကသိုလ်ဆိုရင် ကျောင်းစာသင်ခန်းထဲမှာ ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားက သင်ခန်းစာတွေ ကို ဆွေးနွေးပြီး အတူတူ အဖြေရှာကြ၊ စာကြည့်တိုက်မှာ စာအုပ်တွေ ရှာဖတ်ပြီး သုတေသန တွေ လုပ်ကြရတဲ့ စနစ် မျိုးနဲ့ ကျောင်းသား နဲ့ ဆရာ အတူ ပူးပေါင်းပြီး ကြိုးစားနေကြရတာပါ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသားတွေကတော့ ဆရာ ဆရာမ ရှေ့ကနေ သင်သွားသမျှကို ငြိမ်ငြိမ်လေး နားထောင် မှတ်စု လိုက်ရေးပြီး အလွတ်ကျက် စာမေးပွဲဖြေရတဲ့ ပုံစံသေနဲ့ သွားနေကြရ တုန်းပါ။ ဆရာဆရာမ ကလည်း ကျောက်သင်ပုန်းမှာ မြေဖြူနဲ့ ရေးပြီး စာသင်တဲ့ စနစ်ကိုပဲ သုံးနေကြရတုန်းပါ။ စာသင်သားကိုယ်တိုင် သုတေသန စာတမ်း၊ လေ့လာချက် စာတမ်း မျိုးတွေ မလုပ်ကြရတော့ စာကြည့်တိုက်လည်း မသွားဖြစ် ကြတော့ ပါဘူး။ ဒီလိုနဲ့ ဘွဲ့တစ်ခု သာရသွားပြီး စာကြည့်တိုက် ဘယ်မှာ ရှိမှန်းတောင်မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။
နောက်ထပ်ဆိုးဝါးတဲ့ ပြဿနာကတော့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်း ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် မရှိ ပါဘူး။ ပြီးတော့ ကျောင်းသား ကျောင်းသူ တိုင်းလည်း စာကြည့်တိုက်မှာ စာအုပ်ငှားခွင့် မရပါဘူး။ အခု ၂၀၀၆ ခုနှစ် အထိ တက္ကသိုလ်တိုင်းမှာ စာကြည့်တိုက်တွေက သာမန်ကျောင်းသားတွေအတွက် အိမ်ကို စာအုပ် ပေး မငှားပါဘူး။ ဂုဏ်ထူးတန်း မဟာတန်းတွေပဲ ငှားလို့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ အနီးဆုံးက ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ကွန်ပျူ တာ နဲ့ စာကြည့်တိုက်ကို အဓိကသုံးတဲ့ ပညာရေးပုံစံကို အကြီးအကျယ် အားပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာကတော့ စာကြည့်တိုက်တောင် ကျောင်းသားတိုင်း အလုံအလောက် သုံးခွင့် မရပါဘူး။ အဲဒီအပြင် ကျောင်းသားတွေရဲ့ လိုအပ်ချက် တွေကို တင်ပြ တောင်းဆိုပေးမယ့်သူလည်း မရှိပါဘူး။
တကယ်တော့ အာဏာပိုင်တွေအနေနဲ့ တက္ကသိုလ်ပညာရေးကို နိုင်ငံတကာ အဆင့်မီအောင် ဘက်စုံက ပံ့ပိုး ကူညီခဲ့မယ်ဆိုရင် ဆရာကလည်း ဆရာအခွင့်အရေး ကျောင်းသား ကလည်း ကျောင်းသား အခွင့်အရေး တွေကို ခံစားခွင့်ရကြမယ်ဆိုရင် ကျောင်းတွေမှာ ဘယ်လို ဆူပူ တောင်းဆိုမှုမျိုးမှ ရှိလာတော့မှာ မဟုတ်ပါဘူး။ ဒါမှ လည်း တည်ငြိမ်ပြီး ခေတ်မီ တိုးတက်တဲ့ ပညာရေးလောကကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
မေငြိမ်း
Sunday, September 2, 2007
ပညာရေး အကျပ်အတည်း (၂၄) |
ကျောင်းနှစ်ရှည်ပိတ်ပြီး ပြန်ဖွင့်တဲ့ ၁၉၉၁ ခုနှစ် က စပြီး မြန်မာနိုင်ငံပညာရေးဟာ စနစ်တကျနဲ့ကို အဖျက်ဆီးခံခဲ့ရတယ်လို့ ပြောရမှာပါ။ စစ်အစိုးရ လက်ထက်မှာ သင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားရေး ပိုင်းတွေ အုပ်ချုပ်ရေးပိုင်းတွေအထိ ဗဟိုက ၀င်ပြီး အာဏာသုံးချုပ်ကိုင် လာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစာလို သမိုင်း လို နိုင်ငံနဲ့ အမျိုးသားရေးအတွက် အရေးပါတဲ့ ဘာသာရပ်တွေမှာ အများကြီး ၀င်ရောက် စွက်ဖက် ကန့်သတ်လာခဲ့ပါတယ်။
ဥပမာအဖြစ်ပြောပြရရင် ၁၉၉၁-၉၂ ပညာသင်နှစ်မှာ ပထမနှစ် အထူးပြုဘာသာရပ်တွေ အားလုံးမှာ မသင်မနေရ (compulsory) ဖြစ်တဲ့ မြန်မာစာဘာသာရပ်ရဲ့ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်းထားတဲ့ ၀ိဓူရဇာတ်တော်ကြီးကို သင်တဲ့ အခါမှာ မင်းကျင့်တရား ဆယ်ပါး ကို အကျယ်မသင်ရဘူး လို့ စာထွက်ပါတယ်။ သင်ရိုးထဲမှာ မဖြုတ်ပေမဲ့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာတင်မိုးတို့လို သူတို့ကို သစ္စာမခံတဲ့ ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကို မသင်ရဘူးလို့ တားပါတယ်။ အံ့သြစရာကောင်းတာက အသက်ထင်ရှား မရှိတော့တဲ့ မြန်မာစာပေနဲ့ အမျိုးသားရေး ငြိမ်းချမ်းရေးတွေရဲ့ ဂုဏ်ဆောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းစာကို မသင်ရဘူးလို့ တားတာပါပဲ။ မဟာဝိဇ္ဇာတန်းတွေမှာ ကျမ်းပြု ခွင့်လည်း မပေးတော့ ပါဘူး။ ဒါဟာ ကျောင်းသားအရွယ် လူငယ်တွေ သိသင့် သိအပ်တဲ့ လွတ်လပ်ရေး အမြင်တွေ ငြိမ်းချမ်းရေး အမြင် တွေ နိုင်ငံချစ်စိတ်တွေ နဲ့ သမိုင်းတန်ဖိုးကြီးတဲ့ စာပေတွေကို သင်ယူခွင့် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစာ ဘာသာရပ်တခုတည်းက ဥပမာပဲ ရှိပါသေးတယ်။
အဲသလို ၁၉၉၁-၉၂ ပညာသင်နှစ်ကနေ ၁၉၉၅-၉၆ ပညာသင်နှစ်အတွင်းမှာ လက်ရှိ အစိုးရဟာ ပညာရေးထဲကို တဖြည်းဖြည်း ၀င်စွက်လာတာ တော်တော် ထဲထဲဝင်ဝင် ရှိလာ ပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေနဲ့ ပတ်သက် ဆက်နွယ် နေတဲ့ ကျောင်းသားတွေကို စာမေးပွဲ တောင် ၀င်ဖြေစရာမလိုဘဲ အအောင်ပေးခိုင်းတာမျိုးကို ပါမောက္ခတချို့နဲ့ ပေါင်းပြီး အများကြီး လုပ်လာကြပါတယ်။ အဲဒီအခါမှာ ပညာရေးလောကထဲမှာ အဂတိလိုက်စားကျင့် ရောက်လာပါတယ်။ အဲလိုနဲ့ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ အသားအရောင် မရွေး၊ အယုတ် အလတ် အမြတ် မရွေး တန်းတူ ပညာရေး ရှိရမယ်ဆိုတဲ့ ပညာရေးလောက ထဲမှာ ခွဲခြားဆက်ဆံမှု (discrimination)တွေ ရှိလာပါတယ်။
အကျိုးဆက်ကတော့ ဆရာနဲ့ တပည့်ကြား.. ကျောင်းသားတွေအချင်းချင်း ကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာတာ ပါပဲ။ ဒါဟာ အဖျက်ဆီးခံရမှုပါပဲ။ ဒါကြောင့် ပညာရေးစနစ် အဖျက်ဆီးခံလာရတဲ့ ပြဿနာမှာ စစ်အစိုးရနဲ့ ထပ်တူ တာဝန်ရှိ တဲ့ အထဲမှာ ပါမောက္ခတွေ အပါအ၀င် ပညာရေးအာဏာပိုင်တွေလည်း ပါတယ်လို့ ပြောရမှာပါ။ တကယ်တော့ ပညာရှင်တွေ ဖြစ်ပါလျှက်နဲ့ အခွင့်အရေး၊ အာဏာနဲ့ ငွေကြေးကို မလွန်ဆန်နိုင်ကြတာက အခြေခံအကြောင်းတွေပါပဲ။
အဲဒီအပြင် ၁၉၉၂ခုနှစ်ကစပြီး တက္ကသိုလ်က ဆရာဆရာမတွေကစပြီး ဖေါင်ကြီးမှာ သဘောတရားရေး တစ်လ မွမ်းမံ သင်တန်းတွေ မတက်မနေရဆိုပြီး အမိန့်ထုတ်ပါတယ်။ အသုတ်လိုက်ခွဲပြီးတော့ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တက်ကြရတာ အခုထိပါပဲ။ အဲဒီ သင်တန်းဟာလည်း အမိန့်နာခံတတ်အောင် ပုံသွင်းပြီး သူတို့လုပ်တိုင်းဖြစ်တယ် ဆိုတာကို ပြတဲ့ လုပ်ငန်း စဉ် တစ်ခုပါပဲ။ ပညာရှင်ဆရာ ဆရာမတွေဟာ အဲဒီတုန်းက တာဝန်ရှိ စစ်အစိုးရထဲက အကြီးအကဲတချို့ရဲ့ ၀ါဒဖြန့် သင်ခန်းစာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတင် မကဘဲ လွတ်လပ်ရေးဗိသုကာ၊ တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပြည်သူလူထုအားလုံးကို ရိုင်းပျစော်ကားတဲ့ စကားတွေနဲ့ သင်တန်းအမျိုးမျိုးပေးတာကို ခံခဲ့ကြရပါတယ်။
အဲဒီ သင်တန်းတွေဟာ စစ်အစိုးရအတွက် ဆိုးကျိုးရော ကောင်းကျိုးရော ရစေတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်းကျိုးကတော့ သူတို့ ဖြစ်စေချင်တဲ့အတိုင်းပဲ ပညာရှင်တွေရဲ့ အာဏာပိုင်အပေါ် အကြောက်တရားက ပိုကြီးသွားပါတယ်။ ဆိုးကျိုးကတော့ လူထုနဲ့ တသားတည်းရှိပြီး အမှန်တရားကို မြတ်နိုးတဲ့ ပညာရှင်တွေကတော့ သူတို့ကို ပိုပြီး မုန်းတီး စက်ဆုတ်သွားကြ တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၁၉၉၂နောက်ပိုင်း ပြည်ပကို ပညာရှင်အမြောက်အများ ထွက်သွားကြပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အများကြီး ဆုံးရှုံးနစ်နာသလို ပညာရှင်တွေအနေနဲ့ကလည်း ပြည်တွင်းမှာ ဆက်နေလို့ ဘာတစ်ခုမှ လုပ်ခွင့်မရှိတဲ့အပြင် အန္တရာယ်လည်း ကြီးတဲ့အတွက် ဆုံးရှုံးနစ်နာရတာပါပဲ။
ဒီနေရာမှာ ၁၉၈၉ဒီဇင်ဘာမှာမှ ဒီမိုကရေစီရခဲ့တဲ့ ချက်ကိုစလိုဗက်နိုင်ငံ ပြဿနာနဲ့ ယှဉ်ပြီးပြောပြချင်ပါတယ်။ ချက်ကိုစလိုဗက်နိုင်ငံတုန်းကဆိုရင်လဲ ကွန်မြူနစ် အာဏာရှင် တွေက ဆရာတွေရဲ့ သင်ကြားရေးတွေကိုပါ ၀င်စွက်ဖက် လာတဲ့အတွက် ဆရာတွေ အလုပ်ထွက်ပစ်ကြပါတယ်၊ အဲဒီတုန်းက ချက်ကိုစလိုဗက်ကီးယား (Czechoslovakia) ရဲ့ အခြေနေက ဗမာပြည်လောကတောင် မဆိုးပါဘူးလို့ ဆိုနိုင်ပါတယ်။။ ဒါတောင် အာဏာရှင်တွေရဲ့ မတရားတဲ့ မလျော်ကန် တဲ့ အမိန့်အာဏာတွေကို မလိုက်နာနိုင်တဲ့ အတွက် တက္ကသိုလ်က ဆရာတွေဟာ အလုပ်ထွက်ပြီး တံမျက်စည်းလှည်းတာ တို့ ပန်းရံတို့ လုပ်ကြပါတယ်၊ ပြီးတော့ အဲဒီ ဆရာတွေက ပြောပါတယ်၊ မမှန်ကန်တဲ့ အတွေးအခေါ်တွေ ကို လူငယ် တွေ ခေါင်းထဲ ထည့်ပေးရတဲ့အလုပ်လို ယုတ်ညံ့တဲ့ အလုပ်တွေကို လုပ်တာ ထက်တော့ ဒီလို အခြေခံအလုပ်မျိုးတွေ လုပ်ရ တာ က သာသေးတယ်လို့ ပြောပါတယ် တဲ့။ အဲဒီတုန်းက စာရေးဆရာ တော်လှန်ရေးသမား ဖြစ်ပြီး ချက် နဲ့ စလိုဗက်ကီးယား ကွဲပြီး နောက်ပိုင်းမှာ ချက် ရီပတ်ဗလစ်နိုင်ငံ (Czech Republic) ရဲ့ သမ္မတဖြစ်လာတဲ့ Vaclav Havel ရေးခဲ့တဲ့ The Power of the powerless စာအုပ်ထဲမှာ ရေးထားတာပါ။ 
မြန်မာနိုင်ငံမှာကတော့ အာဏာပိုင်တွေရဲ့ မတရားအမိန့်တွေကို မနာခံနိုင်သူတွေက ပြည်ပထွက်၊ ဒါမှမဟုတ် အလုပ် ထွက်ကုန်ကြပြီး မလွန်ဆန်ရဲကြတဲ့ နာခံနိုင်သူတွေ ကျတော့လည်း မျက်စေ့စုံမှိတ် နာခံကြတာမို့လို့ နိုင်ငံတနိုင်ငံ အတွက် အဓိကအကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ထိခိုက်ပျက်စီးသွားရတာပါ။ စစ်အစိုးရ သက်တမ်း တစ်လျှောက်က မျိုးဆက်တွေနဲ့ ပတ်သက်ရင် နိုင်ငံအနေနဲ့ ပညာရေးပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ပါပြီ။ ဒါကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုစနစ်အတွင်းမှာ ကျမတို့ ဂုဏ်သိက္ခာရှိရှိနဲ့ နေနိုင်သလား ။ ဒီစနစ်က ပြည်သူလူထုကို အကျိုးပြုနိုင်သလား။ ပြည်သူလူထုကို အသုံးချနေသလား။ ဒါပဲ စဉ်းစားရမှာပဲ .. လို့ Vaclav Havel ရဲ့ စကားကို ကိုးကား ပြီးတော့ ပြောခဲ့ဖူးပါတယ်။ ဒါဟာ ပညာရှင်တွေအနေနဲ့ တကယ်စဉ်းစားသင့်တဲ့ မေးခွန်းများပဲ ဖြစ်ပါတယ်။
မေငြိမ်း-၂၈၊သြဂုတ်၊၂၀၀၆။
Thursday, August 30, 2007
ပညာတော်သင်အပိုင်းနဲ့ ပတ်သက်သော ဆွေးနွေးချက် |
ဒီပို့စ်ကတော့ ဘလောဂါ့တစ်ယောက်ရဲ့ ရင်တွင်းဖြစ်ခံစားချက်တွေပါ ။ ဒီပို့စ်ကို သူက ကျွန်မကိုပေးထားခဲ့တာကြာပါပြီ.. သူ့ ဘလောဂ့်မှာ တင်ဖို့အကြောင်းအရာမတိုက်ဆိုင် မတင်ဖြစ်တာနဲ့ ၊ ကျွန်မကပဲ ဒီမှာ တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပညာရေးနဲ့ ပတ်သက်တဲ့ သူ့ ဆွေးနွေးချက်ကို ဖတ်ကြည့်လိုက်ရအောင်... ။
မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူးသလောက် ဆက်လက် တိုးတက်နေမဲ့ သဘောရှိပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခုသံသရာကတော့ အစရှိပါတယ်။
ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။ အင်္ဂလိပ်တွေနဲ့ စစ်မက်ယှဉ်ပြိုင်တဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ်ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။ ဒီအခါမှာ လိုအပ်တဲ့ လူ့အရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီအချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီပို့စ်မှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေးပြီးပါပြီ။
ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။ နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့မှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့ နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရသေးတာလဲ။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။
ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာနိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည်ချာလည်လိုက်နေတယ်။ ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှ မရှိဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့ ကြိုးစားရပါမယ်။ မိဝေး၊ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။ နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတစ်ခု ကြားဖူးပါတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့ နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။
ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။
ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရသတဲ့။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သတ်လို့ ဗီယက်နမ်လို နိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွတ်ဖို့၊ အာကာသနည်းပညာတို့ ဆိုရင် ဝေးရော။
ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိဘူး။ သက်ဆိုင်ရာ ဘွဲ့တစ်လုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲဆိုတာလဲ မသိကြဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ အလုပ်လုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။
ဒီဖြစ်စဉ်ကြီးဟာ အစိုးရတစ်ခုတည်းနဲ့သာ ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။ နိုင်ငံတိုးတက်ဖို့ အဓိကဖြစ်တဲ့ အရင်းအမြစ် ဟာ ပညာရေးပါ။ ဟိုးရှေး မြေရှင်ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့ ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။
ကျွန်တော်တို့တွေ စပါးတစ်တင်းရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေးနဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာသန်းချီရနေတာဟာ နည်းပညာကြောင့်ပါပဲ။ ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လိုလုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံကို အမေရိကန်ကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။
တစ်ခုခုတော့ လုပ်ကြဖို့သင့်ပြီဆိုတာကို ကျွန်တော့်ရဲ့ မဖြစ်စလောက် ဉာဏ်လေးနဲ့ မမီ့တမီ စဉ်းစားတင်ပြ လိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန်ကို တည့်မတ်ပေးကြပါ။
နယ်စပ်ပညာရေးခရီး(၂) |
ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ပညာရေးကော်မတီအကြောင်းနဲ့ မဲဆောက်အနီးဝန်းကျင်က ကျောင်းလေးတွေရဲ့ အခြေအနေကို ဒီတပတ် တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီကလေးတွေ အတွက် ပညာရေး ကော်မတီကို ၁၉၉၉ ခုနှစ်က စတင်ပြီး ထိုင်း မြန်မာနယ်စပ် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား ကလေးများ ပညာရေး ကော်မတီဆိုပြီး ဖွဲ့စည်းခဲ့တာပါ။ ဥက္ကဌအဖြစ် မဲဆောက်မှာ ရှိတဲ့ အထက်တန်းကျောင်း တကျောင်းဖြစ်တဲ့ ဆာသူးလေ ကျောင်းအုပ်ဖြစ်သူ နော်ဖောရယ်က တာဝန်ယူခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေအနေနဲ့ ထိုင်းနိုင်ငံ အခြားဒေသက ကျောင်းတွေနဲ့ သင်ရိုးညွှန်းတန်း တပြေးညီတည်းဖြစ်အောင် လုပ်ဆောင်သွား မယ်။ နောက် အဲဒီကလေးတွေ ရဲ့ ပညာရေးကို ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြုအောင်၊ အထက်တန်းလွန် ကျောင်းသားတွေ အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကောလိပ် ကိုလည်း တိုးချဲ့ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ တရားဝင် ပြောကြားထားပါတယ်။ သူတို့လေးတွေအားလုံး ပညာကို လိုချင်တက်မက်သူလေးတွေပါ
မဲဆောက်မှာ အခုရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ ၂၀၀၆-၂၀၀၇ စာရင်းဇယားအရ (မယ်လမ၊ ဖို့ဖရာ့ စတဲ့ မဲဆောက်အနီးအနားက နယ်တွေအပါအ၀င်) ကျောင်းပေါင်း ၇၅ ကျောင်း၊ ကျောင်းသားပေါင်း ၇၇၇၄ ဦး ၊ ကျောင်းဆရာ၊ဆရာမ ဦးရေ ၃၇၂ ဦးထိ တိုးမြင့် များပြားလာခဲ့တာကို တွေ့ရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားဦးရေ များပြားလာတာနဲ့အတူ အချိုးကျ တိုးပွားလာတဲ့ သူတို့ရဲ့ ရင်သွေးငယ်လေး တွေရဲ့ပညာရေး လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းဖို့ လိုအပ်လာပါတယ်။ဒီကလေးတွေ ကို ဒီလိုမှ ပညာသင်ကြား မပေးဖြစ်ခဲ့ရင် ကလေးတွေဟာ မူးယစ်ဆေး ကုန်ကူးမှု တွေမှာ အသုံးချခံရတတ်တယ်၊ နောက်တခါ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာ အဖြစ်သွတ်သွင်းခံရမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
ဒါ့ကြောင့် ကလေးတွေရဲ့ ပညာရေးကို တတ်နိုင်သလောက် ၀ိုင်းဝန်းကြိုးပမ်းနိုင်ဖို့ အတွက် ပညာရေးကော်မတီ ကို ဖွဲ့စည်းခဲ့ရတဲ့ အပြင် အခုဆိုရင် ရွှေ့ပြောင်းကျောင်းများရဲ့ ဆရာများ သမဂ္ဂကိုလည်း ၂၀၀၆ ခုနှစ်က အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပါပြီ။
ဒီကော်မတီတွေက အထောက်အပံ့မရှိတဲ့ ကျောင်းတွေအတွက် အလှုရှင်ရအောင် ၊ နောက် သူနဲ့ ချိတ်ဆက် ထားတဲ့ စေတနာရှင်တွေနဲ့ အတူ စာရင်းသွင်းပြီးသား ကျောင်းလေးတွေ အတွက် တတ်နိုင်သလောက်လစာ၊ ကျောင်းအတွက် အသုံးစရိတ် စသည်ဖြင့် ထောက်ပံ့ရ ပါတယ်။ တချို့ကလေးတွေက မဲဆောက်ရောက်မှ ကျောင်းနေဖူးကြတာတွေပါ
ကလေးတွေ ကျောင်းတက်တဲ့အခါ အိမ်နားနီးကျောင်းမှာ တက်ဖြစ်တာများပေမဲ့ တချို့ ကလေးတွေက အထက်တန်း ကျောင်းမှာ ဒါမှမဟုတ် ကျောင်းကြိုကားခ တတ်နိုင်တဲ့ မိဘတွေ က ကျောင်းနည်းနည်း ကောင်းတဲ့ကျောင်းမှ ထားကြတဲ့အခါ မနက် ၉ နာရီ တက်ရမယ့်  ကျောင်း ကို ကျောင်းကားမလုံလောက်လို့ မနက် ၇နာရီ ၁၅ လောက်ကတည်းက ထမင်းဘူးနဲ့ သွားရတာ၊ ကျောင်းဆင်းချိန် ၃ နာရီပေမယ့် ညနေ ၅ နာရီထိ ပို့လိုက် ကြိုလိုက် လုပ်နေတဲ့ ကျောင်းကားကို ကျောင်းမှာ စောင့်နေရတာ စသဖြင့် တော်တော် ဒုက္ခရောက် ကြပါတယ်။
မိဘတွေက အလုပ်သမားလက်မှတ် မရှိကြတဲ့အခါ၊ တချို့ အဖေကရှိ အမေကမရှိ ဖြစ်ကြတာမို့ ထိုင်းရဲတွေ ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး တွေ ဖမ်းနေတဲ့အချိန်တွေဆိုရင် ကလေးတွေပါ မိဘနဲ့ အတူ တောထဲ တောင်ထဲ ရှောင်ပုန်းပြေးနေရတော့ ကျောင်းပျက် ကြပြန်ပါရော။ တခါတလေကျပြန်တော့ မဲဆောက်မှာ ကျောင်းနေတဲ့ အရွယ်တွေ ပလပ်စတစ်ကောက်နေတာ၊ အမှိုက်လှည်းလေးတွန်းလို့ လမ်းဘေးက အမှိုက်ပုံးတွေကို မွှနေတာ မြင်ရတဲ့အခါမှာ သူတို့ ဘာ့ကြောင့် ကျောင်းမတက်ကြတာလဲ ဆိုတဲ့ မေးခွန်းက ပါးစပ်ဖျားကို အမြန်ရောက် ပေမယ့် မမေးမိအောင် ကိုယ့်ကိုယ်ကို ဘရိတ်အုပ်လိုက်ရပါတယ်၊ ကျောင်းတက်နိုင်ဖို့က အခြေအနေတွေ အားလုံးပေးပါမှ ဆိုတဲ့ ဘ၀တွေမဟုတ်လား။
အခုရက်တွေမှာတော့ မဲဆောက်မှာ အလုပ်သမားလက်မှတ်မရှိတဲ့သူတွေကို ပိုက်စိတ်တိုက် ဖမ်းဆီးနေပြီး မိတာနဲ့ ထောင် ၁၂ ရက်ချ ၊ နောက် လွတ်ရက်မှာ တဖက်ကမ်း မြ၀တီကို ပြန်ပို့နဲ့ မို့ လူကြီးတွေ ပြေးနေရသလို ကလေးတွေလည်း လိုက်ပါပြေးနေရတာမို့ တချို့ ကျောင်းသေး သေးလေးတွေတောင် ပိတ်ထားတာရှိပါတယ်။ ဒီလိုကျောင်းမျိုးလေးတွေ အများကြီးရှိပါတယ်
လက်ရှိအခြေအနေတွေအရမှာတော့ နယ်မြေဒေသမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ပဋိပက္ခအပေါ် အခြေတည် ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကို အကြောင်းပြလို့ လုံခြုံရေး အတွက်ဆိုကာ အချို့နယ်မြေတွေက အိမ်တွေကို ပြောင်းရွှေ့ခိုင်းတာ၊ ဖျက်သိမ်းခိုင်း တာတွေ လုပ်လာတဲ့အပြင် ဆရာဆရာမလုပ်နေသူတွေကိုလည်း အလုပ်သမား လက်မှတ်မရှိတဲ့ အတွက် ဖမ်းဆီးစစ်ဆေးခြင်း တွေ လုပ်လာတာကို တွေ့ရတဲ့အတွက် ကျောင်းအချို့ ဆက်မဖွင့်နိုင်တော့တဲ့ အခြေအနေကို ကြုံတွေ့ နေရပါတယ်။
ဒါပေမဲ့ ဖြစ်သလိုအခြေအနေတွေထဲကပဲ တတ်နိုင်သလောက် အခြေအနေဖြစ်အောင် ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေကြဆဲပါ၊
ဆက်လက်ဖော်ပြပါဦးမယ်။
ပညာရေး အကျပ်အတည်း (၂၃) |
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ ပတ်သက်ရင် ကျူရှင်ဟာ ထင်ထင်ရှားရှား ကြီးစိုးနေတဲ့ ကျောင်းပြင်ပ ပညာရေး တစ်မျိုးပါပဲ။ သူငယ်တန်းကနေ စပြီး မဟာတန်းတက်တဲ့အထိ ကျောင်းသားတွေရဲ့ ကျောင်းပညာရေးတွေနဲ့အတူ ကျူရှင်ကလဲ ထပ်ချပ်မကွာ လိုက်ပါနေ တာပါ။ တကယ်တော့ ကျူရှင်ဟာ ကောင်းကျိုးရော ဆိုးကျိုးပါပေးတဲ့ ပညာရေးတစ်မျိုး ပါပဲ။
မြန်မာနိုင်ငံမှာက ငွေကြေးတတ်နိုင်တဲ့ မြို့ပေါ်နေ လူတန်းစားမိဘတွေက သူတို့ရဲ့ ကလေးတွေကို အသက်၃နှစ်လောက်ကတည်းက မူကြိုပို့တဲ့ အလေ့အထ ရှိပါတယ်။ အများစုကတော့ မိဘနှစ်ပါးစလုံး အလုပ်လုပ်ရတဲ့အတွက် ကလေးတွေကို ကျောင်း စောစော ပို့ကြရတာပါပဲ။ အခုခေတ် မူကြိုတွေက ကျောင်းလခ များများယူပြီး စာကိုလည်း အပြိုင်အဆိုင်သင်ကြတာမို့လို့ ကလေးတွေဟာ ကျောင်းကြီးမနေခင်မှာဘဲ စာတတ်နေ ကြပါပြီ။ ဒါကြောင့်ပဲ မြို့ပေါ်က သူငယ်တန်းဆရာတွေဟာ စာသိပ်သင်စရာ မလိုတော့ဘဲ ကလေးတွေအနေနဲ့ စာတွေကို ဘယ်လောက် အလွတ်ရသလဲ ဆိုတာကို ကြည့်ပြီး အလွတ်ကျက်စွမ်းရည် တက်လာအောင် လေ့ကျင့်ပေးရတာလောက်ပဲ ရှိတော့တာပါ။
အဲဒီအခါမှာ ကလေးတွေအနေနဲ့ စာကို ၏..သည် မလွဲ ရွတ်နိုင်ပြီး၊ ဆရာ ဆရာမက အကဲဖြတ် အမှတ် ကောင်းကောင်းပေးလိုက်ရင် အဆင့်ကောင်းကောင်း ရနိုင်တာပါပဲ။ အဲလိုနဲ့ ကလေးတွေဟာ အလွတ် ကျက် နိုင်စွမ်းချင်း တူတဲ့အခါမှာတော့ ဆရာ ဆရာမ လက်ထဲက အကဲဖြတ်အမှတ်ကို ပို ရနိုင်ဖို့အတွက် အတန်းပိုင် ဆရာ ဆရာမရဲ့ ကျူရှင်ဆီ ကို အလုအယက် ပြေးကြရတော့တာပါ။
ဒီလိုနဲ့ပဲ မြန်မာနိုင်ငံက ကလေးတွေဟာ တက္ကသိုလ်ရောက်တော့လည်း ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ ကျူရှင်တွေ ယူကြရပြန်ပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားတွေကိုယ်တိုင် အတန်းမှာ မပျော်တာနဲ့ ဆရာ ဆရာမ တချို့ရဲ့ အဂတိ လိုက်စားမှုတွေကြောင့် တက္ကသိုလ်မှာ ကျူရှင်တွေ ကျိတ်ဝိုင်းတွေ ရှိလာတာပါ။ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်ကစပြီးတော့ တက္ကသိုလ်မှာ ပြက္ခဒိန်နှစ်တစ်နှစ်ကို စာသင်နှစ် ၂နှစ် လုပ်လိုက်ပါတယ်။ ပြီးတော့ အတန်းတစ်တန်းကို ၆လတက်ပြီး စာသင်နှစ်တစ်နှစ်လို့ သတ်မှတ်လိုက်ပါတယ်။အဲဒီအပြင် ၀ိဇာသိပ္ပံ တက္ကသိုလ်တွေရဲ့ ပုံမှန် လေးနှစ်သင် ကာလကို ၃နှစ်သင်ကာလအဖြစ် သတ်မှတ်လိုက်ပါတယ်။
အဲဒီအခါမှာ စတုတ္ထနှစ်သင်ရိုး တချို့ကို တတိယနှစ်သင်ရိုးထဲ ထည့်သင်ရပါတယ်။ တတိယနှစ် သင်ရိုးတချို့ကို ဒုတိယနှစ်သင်ရိုးထဲ ပေါင်းထည့်ပြီး သင်ရပါတယ်။ ဒီလိုပဲ ပထမနှစ် သင်ရိုးထဲလည်း ဒုတိယနှစ်သင်ရိုးတချို့ကို ထည့်သင်ရပါတယ်။ ဒါကြောင့် သင်ရိုးကသာ ပိုများလာပြီး သင်ရမယ့်အချိန်က နည်းသွားတာကြောင့်မို့၊ တကယ် သင်ပြီဆို ရင် စာသင်နှစ်နဲ့အညီ စာမပြီးနိုင်ပါဘူး။ ဒါပေမဲ့ သင်ရိုးကုန် အပြီး သင်ရမယ် ဆိုတဲ့ အမိန့်က ရှိနေတော့၊ ဆရာတွေအနေနဲ့ မရရအောင် အချိန်လုပြီး သင်ကြရတာမို့လို့ စံမီတဲ့ ပညာရေး မဖြစ်နိုင်တော့ပါဘူး။ ဆရာ ဆရာမရော ကျောင်းသား ကျောင်းသူတွေပါ ထိခိုက်နစ်နာတဲ့ စနစ်ပါပဲ။
၂၀၀၃-၂၀၀၄ ပညာသင်နှစ်ရောက်တော့ ပြက္ခဒိန်နှစ် တစ်နှစ်မှာ စာသင်နှစ် ၃နှစ်ကို အပြိုင် ဖွင့်တာမို့ ဆရာဆရာမတွေဟာ စာမေးပွဲတွေ စစ်ဆေးပေးရတဲ့အလုပ်တွေနဲ့ သိပ်ပင်ပန်းကြရပါတယ်။ အဲဒီအခါ သင်ကြားရေးထဲမှာ ပိုပြီး အားလျော့ လာပါတယ်။ ဒီလိုနဲ့ ကျောင်းသားတွေဘက်ကလဲ ဒီပြဿနာကို ကျူရှင်နဲ့ပဲ ဖြေရှင်းရပါတော့တယ်။ ဒါကလည်း တက္ကသိုလ်ပညာရေးထဲထိ ကျူရှင်စနစ် ထွန်းကားလာရတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။
၂၀၀၄-၂၀၀၅ပညာသင်နှစ်ရဲ့ တက္ကသိုလ် အတန်းတင် စာမေးပွဲမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့အပြင်၊ ကိုယ်နဲ့ နေ့စဉ် ထိတွေ့နေရတဲ့ မြန်မာစာဘာသာ ကိုတောင်မှပဲ တရားဝင်အောင်မှတ် ၅၀ကို အောင်တဲ့သူ မရှိတဲ့အတွက် ၂၅မှတ်အထိ လျှော့ချ ပေးခဲ့ရပါတယ်။ ဒါတောင်မှပဲ အကျအရှုံး များနေသေးတာမို့လို့ နောက်ဆက်တွဲ စာမေးပွဲ (Supplementary Exam) စစ်ပေးရပါတယ်။ အဲဒီမှာ ဆပ်ပလီ ဖြေကြရတဲ့ ကျောင်းသား ကျောင်းသူ ၈၀ရာခိုင်နှုန်းထိ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ နောက်ဆက်တွဲ စာမေးပွဲကိုပါ အကျများနေသေးတာကြောင့် နောက်ဆက်တွဲ စာမေးပွဲတွေကို ဒုတိယ အကြိမ် တတိယအကြိမ်တွေအထိ ၃ခါ စစ်ပေးခဲ့ ရပါတယ်။
နောက်ဆုံးတော့ အောင်ချက်နှုန်း ကောင်းကောင်း ပြနိုင်ရမှာမို့လို့ ဖြစ်တဲ့နည်းနဲ့ အအောင် ပေးလိုက်ရတာပါပဲ။ ဒါကို ကျောင်းသားတွေဘက်ကလည်း သိနေတာကြောင့် စာမေးပွဲကို အရေး မထားတော့ပါဘူး။ ရေးဖြေစရာ စာရအောင် ကျူရှင်တွေဆီ သွားလိုက်ရင် ပြီးတာပဲလို့ သဘောထား လာကြပါတယ်။ ဒီနေရာမှာ အာဏာပိုင်တွေရဲ့ အအောင်ပေး ရေး မူ ကို အသုံးချပြီး၊ လှေကြုံလိုက်တဲ့ ဆရာ ဆရာမ တချို့ကြောင့်လည်း လာဘ်ယူဖို့ကိုသာ ဦးတည်ပြီး တကယ်တမ်းမှာ စာတတ်အောင် သင်မပေးတော့တဲ့ ကျူရှင်တွေလည်း ရှိလာပါတယ်။ ဒါကြောင့် အခု ၂၀၀၆ ခုနှစ်မှာတော့ တက္ကသိုလ်တွေမှာ နောက်ဆက်တွဲ စာမေးပွဲကို တစ်ကြိမ်ပဲ ခွင့်ပြုပြီး ကျူရှင်ကိစ္စတွေကိုလည်း သေချာ စိစစ်ပြီး ကိုင်တွယ်ရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ညွှန်ကြားထား ပါတယ်။
မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ပညာရေး သမိုင်းမှာတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် ထိ ဟာ အရည်အသွေး အကျဆင်းဆုံး နှစ်တွေလို့ ပြောရမှာပါ။ လစာနဲ့ စားဝတ်နေရေး မလုံလောက်မှုတွေကြောင့် ဆရာ ဆရာမတွေဘက်က သင်ကြားရေးမှာ ပေါ့လျော့လာ သလိုပဲ၊ မိဘတွေရဲ့ ဘက်စုံ အကျပ်အတည်းကြောင့် သားသမီးရဲ့ အခြေနေမှန်ကို သေချာ ဂရုမစိုက်နိုင်တော့တာတွေကလည်း လူငယ်တွေရဲ့ ပညာရေးကို ထိခိုက်စေပါ တယ်။ ပြီးတော့ တက္ကသိုလ်တွေရဲ့ ၀န်းကျင်မှာ ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကြောင့်လဲ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းပညာရေးမှာ အရည်အသွေး ကျလာပါတယ်။ နောက်ဆုံးတော့ ကျူရှင်ဆိုတာကလည်း ဆရာ ဆရာမ ကို အပိုင်ကိုင်ပြီး စာမေးပွဲအောင်ဖို့ အတွက်သာ ဖြစ်ပြီးတော့ စာတတ်ဖို့ဆိုတဲ့ ရည်ရွယ် ချက် မပါတော့သလောက် ဖြစ်လာပါပြီ။
တကယ်တော့ မြန်မာနိုင်ငံလို ပြည်သူလူထုတွေ ဆင်းရဲတဲ့ နိုင်ငံမှာ ကျူရှင်ယူစရာ မလိုဘဲနဲ့ ပြည့်စုံတဲ့ ကျောင်းပညာရေးပဲ ဖြစ်သင့်တာပါ။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုး ကြောင့် ကျောင်းပညာရေးကို သေသေချာချာ မရနိုင်တဲ့အခါမှာတော့ ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ကျူရှင်ကို ကျောင်းပြင်ပ ပညာရေးတစ်ခု အနေနဲ့ သေသေ ချာချာ ကြိုးစား သင်ယူဖို့ပဲ ရှိပါတော့တယ်။ အဲလိုပဲ ဆရာ ဆရာမတွေ ဘက်ကလည်း အပို ငွေကုန်ခံပြီး ကျူရှင်ယူကြရတဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ပညာသင် ပေးသင့် သလို ကျူရှင်မယူနိုင်တဲ့ ကလေးတွေကိုလည်း ကျောင်းစာသင်ခန်းထဲမှာ တကယ် ပညာတတ်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။
မေငြိမ်း
၂၀၀၆၊သြဂုတ်၂၀။



.jpg)