Wednesday, November 19, 2008

ခံစားမိသော ကလေးပန်းချီလက်ရာများ

ရေးသားတင်ပြသူ- ခင်လေးကြည်ကြည်

မြန်မာနိုင်ငံ ကျောင်းပညာရေးမှာ အနုပညာနဲ့ပတ်သက်ပြီး ခံစားကျွမ်းဝင်တတ်စေဖို့ အတွက် အားပေး မှုတွေ အတော်လေး အားနည်းနေသေးတာကို တွေ့ရပါတယ်။ ကျောင်းတွေမှာ ပန်းချီပြိုင်ပွဲတွေ၊ အဆို အက ပြိုင်ပွဲ တွေကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲတွေ အဖြစ်ပဲ ကျင်းပ တာ များပြီး ပန်းချီ၊ ဂီတ၊ အက စတဲ့ ပညာရပ်တွေ ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ဆိုတဲ့ ရည်ရွယ်ချက် အောက်မှာပဲ ရှိနေတတ်ပါတယ်။

ဒီနေ့ခေတ် ပညာရေး သဘောတရားတွေမှာ E.Q (သို့) E.I (Emotional Intelligence Quotient) ဆိုတာကို I.Q (Intelligence Quotient) ထက်ပိုပြီး ဦးစားပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ကျယ်ပြန့်လာပါတယ်။ မြန်မာလို ပြန်ရရင် မျှဝေခံစားနိုင်မှု စွမ်းရည် ပမာဏ လို့ ခေါ်ရမယ် ထင် ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုး ညွှန်းတမ်းပြုစုရေးအဖွဲ့မှာ ပါခဲ့တဲ့ ဆရာတင်မိုးတို့လို ပညာရှင်ကြီးတွေရဲ့ စေတနာကိုလည်း သူရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှာ အများကြီးတွေ့မြင်နိုင်ပါတယ်။ `ဆရာတို့က ရသ ခံစား တတ် အောင် လူတိုင်းကို သင်ပေး ချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်းကိုယ်ချင်စာတရားရှိမှာ´လို့ဆရာ့ သဘောထားကို ဆရာ့သမီးတွေ ရေးတဲ့ ဆောင်းပါးထဲမှာ ဖတ်လိုက်ရပါတယ်။ (ငှက်ကလေး ရဲ့ခရီးသွား၊ မိုးမိုးနှင်း မိုးချိုသင်း-မိုးမခ အင်တာနက် စာမျက်နှာ)။

ကလေးပန်းချီပြိုင်ပွဲတွေကို ကျင်းပတဲ့အခါမှာလည်း ကလေးတွေရဲ့ ခံစားချက်ထက် သူတို့ရဲ့ ပန်းချီလက်ရာ၊ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အကဲဖြတ်ချက်တွေနဲ့ စဉ်းစားလေ့ရှိကြပါတယ်။ တကယ်တော့ ပန်းချီ အနုပညာဆိုတာ အင်မတန် လေးနက်ကျယ်ဝန်းတဲ့ အဆင့်ရှိသလိုပဲ လူတိုင်း နားလည်နိုင်၊ ခံစား နိုင်၊ ဖန်တီးနိုင်တဲ့ အဆင့်တဆင့်လည်း ရှိပါတယ်။ ကျမတို့ရဲ့ ကလေးတွေကို လောကကို ချစ်တတ်အောင်၊ သဘာဝ အလှအပကို မြတ်နိုးတတ်အောင်၊ စိတ်အလှကို မွေးမြူတတ် လာအောင်လို့ ပန်းချီအပါအ၀င် ကဗျာ ဂီတ စတဲ့ ပုံ သဏ္ဌာန် အမျိုးမျိုးသော အနုပညာ ဘာသာရပ်တွေကို သင်ကြားပြီး ကျောင်းစာသင်ခန်းတွေက တဆင့် လေ့ကျင့်ပေးဖို့ လိုပါတယ်။

အောက်တိုဘာ(၅) ရက် `ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်´ ကလေးပန်းချီပြိုင်ပွဲလေးတစ်ခုကို ထိုင်းနိုင်ငံ မှာ အခြေ စိုက်တဲ့ `အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မီတီ´ရဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှု လုပ်ငန်း တစ်ရပ်အနေနဲ့ ပြုလုပ် ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို စာသင်ပေး နေတဲ့ ကျောင်းတွေဆီ လက်လှမ်းမှီ သမျှ ဖိတ်ခေါ်စာတွေပို့ခဲ့ပါတယ်။

နယ်မြေအသီးသီးရဲ့ အခြေအနေကိုစဉ်းစားပြီး ရေဆေးဖြစ်စေ၊ ရောင်စုံဖြစ်စေ၊ ခဲဖြစ်စေ၊ နှစ်သက်ရာကို အသုံးပြုပြီး ရေးဆွဲနိုင်ကြောင်း၊ ဆရာများနေ့အထိမ်းအမှတ်ဖြစ်ပေမဲ့ မိမိနှစ်သက်ရာပုံကို ရေးဆွဲနိုင်ကြောင်း၊ လက်ရာကောင်းမွန်မှု သာမက ရေးဆွဲသူရဲ့ စိတ်ကူး စိတ်သန်း ကောင်းမွန်မှု ကိုပါ ထည့်သွင်း စဉ်းစားမှာ ဖြစ်တဲ့ အတွက် မိမိရေးဆွဲတဲ့ ပန်းချီကား အမည်နဲ့ ရေးဆွဲရတဲ့ ခံစားချက်ကိုပါ ထည့်ရေးပေးဖို့ ကိုလည်း ဖိတ်ခေါ်စာနဲ့အတူ ပေးပို့အကြောင်းကြားခဲ့ပါတယ်။

ပြိုင်ပွဲဝင် ပန်းချီကားချပ်ပေါင်း (၄၄၀) ကား ရခဲ့ပါတယ်။ အဲသည်အထဲကမှ အသက်အပိုင်းအခြားအလိုက် အငယ်တန်းနဲ့ အကြီးတန်းခွဲပြီး အကောင်းဆုံးလက်ရာရှင်ဆု (၅)ဆုစီနဲ့ နှစ်သက်ဖွယ်လက်ရာရှင်ဆု (၁၀) ဆုစီ ရွေးချယ်ပေးခဲ့ပါတယ်။ မူလတည်းက သတ်မှတ်ထားခဲ့တဲ့ ဆုအရေအတွက်ကြောင့် ဆုရွေးချယ် မခံရ ပေမဲ့လည်း လက်ရာကောင်းတဲ့ ပန်းချီကား လေးတွေ အများကြီးရှိသလို၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးလေး တွေက သူတို့ရဲ့ ဘ၀နောက်ခံ ကိုပါ သိထားခဲ့ရင် စဉ်းစားစရာတွေ အများကြီးကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျမကြည့်ရှု အကဲဖြတ်ခဲ့ရတဲ့ သူတို့ရဲ့ ပန်းချီကားလေးတွေနဲ့ သူတို့ ရေးဆွဲရတဲ့ ခံစားချက်တွေကို စိတ်ဝင်စားသူအားလုံးကို ဝေမျှချင်တာပါ။

……………………………………………………………………………….။

အရင်ဆုံး ရောင်နီဦးကျောင်း က ကလေးတွေဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြချင်ပါတယ်။ ရောင်နီဦး ကျောင်း ဆိုတာက ၈ လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်က ဖွင့်ခဲ့ တဲ့ ကျောင်းပါ။ အခုအချိန်မှာ အထက်တန်းကျောင်းအဖြစ်နဲ့ ထိုင်းမြန်မာ နယ်စပ်တနေရာက ဒုက္ခသည်စခန်း တစ်ခုထဲမှာရှိပါတယ်။ အဲဒီကျောင်းလေးကို ရောက်ခဲ့ဖူးပြီး ကလေးတွေနဲ့အတူ (၄)ရက် နေခဲ့ဖူးပါတယ်။

ကျောင်းသူကျောင်းသား အများစုက ကရင်လူမျိုးကလေးတွေဖြစ်ပါတယ်။ ကျောင်းရောက်စမှာ အံသြရတာ က သူတို့ရဲ့ အဖြူအစိမ်းကျောင်းဝတ်စုံရယ် မြန်မာစံတော်ချိန်အတိုင်းအသုံးပြုတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေဟာ များသော အား ဖြင့် ထိုင်းကျောင်းဝတ်စုံကိုပဲဝတ်ကြရပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီး ရှင်းပြတာက ၈၈ အရေးအခင်း မှာ ကျဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တွေကို အမှတ်ရ ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ ကျောင်းဝတ်စုံကို အဖြူအစိမ်းပဲ သတ်မှတ်ထား ပါတယ်တဲ့။ ကျောင်းတက် ကျောင်းဆင်းချိန်ကိုလည်း မြန်မာပြည်က အသုံးပြုတဲ့အချိန်အတိုင်းသတ်မှတ်ထားတာက သူတို့ဟာ မြန်မာပြည်သား ကလေးတွေ ဖြစ်တယ်ဆိုတာ မမေ့အောင်လို့ပါတဲ့။(ထိုင်းစံတော်ချိန်နဲ့ မြန်မာစံတော်ချိန်က ၄၅ မိနစ် ကွာပါတယ်။)

မြန်မာပြည်က အချိန်အတိုင်း ထိုးလိုက်တဲ့ ကျောင်းတက်ခေါင်းလောင်းသံနောက်မှာတော့ တကျောင်းလုံး ဟိန်းထွက် လာတဲ့ သီချင်းသံကိုကြားလိုက်ရပါတယ်။
`ငါတို့ကျောင်းသား…ပေါင်းစည်းလို့ ညီကြမည်….အမျိုးသားရေးကို ကြိုဆိုလို့အတည်….ဒီမိုကရေစီ ပညာရေး တွက်ရည်….တို့အသား တို့အသွေး ပေးလှုမည်…´။
ကျောင်းဆင်းချိန်ဆိုတဲ့သီချင်းကလည်း `ပဉ္စမမြောက် နိုင်ငံတော်သစ်မွေးဖွားခြင်း´တဲ့။
`….ပြည်သူတွေနဲ့ ကျောင်းသားအပေါင်းရဲ့ ..အရိုးတွန်ချိန်ရောက်လာပြီလေ…မြန်မာနိုင်ငံပဉ္စမ မြောက်ကို …တို့ တည်ထောင်စို့လေ…´။

ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့ IDP လို့ အတို ခေါ်တဲ့ ပြည်တွင်း မှာ နေစရာအတည်မရှိပဲ ရွှေ့ပြောင်းပုန်းအောင်း နေကြရတဲ့ ကလေးအများစုဖြစ်ပါတယ်။ သူတို့ရဲ့ မိဘတွေ (အများစုက မိခင် ဖခင် အစုံမရှိကြပါ)က မြန်မာပြည်တွင်းမှာ ကျန်ခဲ့ပြီး ကလေးတွေကို ပညာတစ်ခုရဖို့် နဲ့ လုံခြုံမှုအတွက် ကျောင်းတက်နိုင်တဲ့အရွယ်ကစလို့ ဒီကျောင်းကိုပို့ထားခဲ့ကြတာပါ။ ကျမနဲ့အတူ အိပ်ခဲ့ရတဲ့ တတိယတန်း ကျောင်းသူ လေး ကတော့ အသက်(၆) နှစ်တည်းက ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့တာပါတဲ့။ `အမိုးနဲ့မတွေ့ရတာ သုံးနှစ်ရှိသွားပြီ´ လို့ ပြောပါတယ်။ သမီး ဘယ်တော့ရွာပြန်ဦးမလဲလို့ မေးမိတော့ `အမိုးလာမခေါ်သေးဘူးလေ… အမိုး လာခေါ်ရင်ပြန်မှာပေါ့´ တဲ့။ `အမိုးကမှာလိုက်တယ် အမိုးတို့အမျိုးထဲမှာ စာသင်ဖူးတဲ့သူ ဆိုတာမရှိလို့ သမီးက စာသင် နိုင်အောင် ကြိုးစားရမယ်တဲ့´။

ညသန်းခေါင်လောက်မှာတော့ မုန်တိုင်းကျလို့ မိုးတွေရွာ လေတွေတိုက်ပြီး ကျောက်တောင်စောင်းမှာ ဆောက်ထားတဲ့ ကျောင်းသူ အဆောင်တစ်ခုလုံး သိမ့်သိမ့် တုန်နေလို့ လန့်နိုးလာပါတယ်။ သစ်ကိုင်း ကျိုးကျတဲ့ အသံ တောင်စောင်းပေါ်က သစ်ပင်လဲပြီး လျှောကျလာတဲ့ အသံတွေကြားလို့ ကျမ ပြန်မအိပ်ရဲ တော့ပါဘူး။ ထရံပေါက်ကြားက မီးရောင်လေး လင်း နေတာ မြင်ရလို့ ချောင်းကြည့်လိုက်တော့ ဟိုဘက် ထရံတစ်ချပ်အခြားက ဆယ်တန်းကျောင်းသူလေး ကြိုးစားပမ်းစားသင်္ချာတွက်နေတာကို ယိမ်းနွဲ့နေတဲ့ ဖယောင်းတိုင်မီးရောင်အောက်မှာ တွေ့ရပါတယ်။ `သမီးလည်း အိပ် မပျော်ဘူးလား´ လို့ အဖော်ညှိမိတော့ `သမီး ဒီသင်္ချာတစ်ပုဒ်တွက်နေတာ မရသေးလို့ မအိပ်သေးတာပါ´တဲ့။ သြော် သူတို့ အတွက်တော့ ဒီမုန်တိုင်းလောက်က ကြောက်စရာမဟုတ်တော့ဘူးထင်ပါရဲ့။ သမီး ဒီမှာ (၁၀)တန်း စာမေးပွဲ ဖြေပြီး ရင် ဘာ ဆက်လုပ်မလဲလို့ စပ်စုတော့ `သမီးရွာပြန်မယ်လေ။ အမိုးတို့ ရွာမှာပဲရှိမယ်ထင်တယ်။ ရွာနဲ့ခွဲလာတာ (၆)နှစ် ရှိသွားပြီ။´တဲ့။ သူက ဆက်ပြောပြနေတယ်`သမီးတို့ငယ်ငယ်တုန်းကတော့ ရွာမှာ ကျောင်းရှိသေး တယ်။ နောက် တော့ စစ်တပ်က စစ်ထိုးလာလို့ တရွာလုံးမီးလောင်သွားတယ်´ တဲ့။

အဲဒီလို နောက်ခံဘ၀ တွေရှိတဲ့ ကလေးတွေ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်လိုက်ပါဦး။

Photobucket

ရေးဆွဲသူကတော့ ဇာနည်ထက် ပါ။ အသက် (၆)နှစ်အရွယ် သူငယ်တန်းကြီးကျောင်းသားလေးပါ။ သူ့ခံစားချက်ကတော့ `သစ်ပင်လိုပဲ သားသားလည်း မိသားစုနဲ့ အမြဲရှင်သန်ချင်လို့ပါ´ တဲ့။

နောက်တပုံကတော့..
Photobucket

သူငယ်တန်းကြီးကပဲ အသက်(၆) နှစ်အရွယ် မင်းကူထူး ဆွဲထားတဲ့ပုံလေးပါ။ ပန်းချီကားနာမည်က `ဒီအရုပ်ကလေးကို လိုချင်တယ်´ တဲ့။ သူရေးထားတဲ့ ခံစားချက်ကတော့ `သားသားဆီမှာ ဒီအရုပ်လေးတွေမရှိလို့ ၀မ်းနည်းစွာနဲ့ဆွဲတာပါ´။

Photobucket

ဒီပုံက စောဒေါလေ့ထူး အသက်(၉)နှစ်ဆွဲတဲ့ပုံပါ။ သူက ဒုတိယတန်းကျောင်းသားလေးပါ။ သူဆွဲထားတဲ့ ကျောင်းရှေ့အလံတိုင်က အလံက ကရင်အမျိုးသားအလံပါ။ ပန်းချီကားအမည်က `ရွာထဲကကျောင်းပုံ´။
ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျနော်စိတ်ကူးယဉ်သောရွာကလေး တရွာနှင့် သီးသန့်ကျောင်းလေး တကျောင်းကို တည်ထောက်ချင်ပြီး လှပသောတောင်တန်း၊ လယ်ကွင်းထဲ၌ ဆန်၊ စပါး၊ အသီးအရွက်များ စိုက်ချင်လို့´ ပါတဲ့။

အောက်ကပုံက ဒုတိယတန်းကျောင်းသား (၁၀)နှစ်သားလေး စောကလို့ကလော်ထူး ဆွဲတဲ့ပုံပါ။
Photobucket

သူ့ရဲ့ ပန်းချီကားခေါင်းစဉ်ကတော့ ကြောက်စရာပဲ `နအဖ စစ်တပ်များက YNU တပ်သားများနေသော နေရာကို ပစ်နေတဲ့ပုံ´ တဲ့။ YNU ဆိုတာ ရောင်နီဦးကို အတိုပြောချင်တာထင်ပါရဲ့။ သူ ခံစားချက်ကတော့ `သားသားကြီးလာရင်စစ်ဗိုလ်ဖြစ်ချင်လို့ပါ´တဲ့လေ။

Photobucket

ဒီပုံလေးကတော့ ပိုးပိုးလေး အသက်(၆) နှစ် သူငယ်တန်းကြီး ကျောင်းသူလေး ဆွဲတဲ့ပုံပါ။ ပန်းချီကား ရဲ့အမည်က `ကောင်မလေးနှင့် အိမ်ကလေး´ ရေးဆွဲရတဲ့ ခံစားချက်က `သမီးက ဒီအိမ်လေးထဲမှာ တယောက်ထဲပဲနေချင်တယ်။ ဒါကြောင့်ဒီပုံတွေကို ဆွဲတာပါ´ တဲ့။


အောက်ကပုံလေးတွေကတော့ အငယ်တန်းအဆင့်မှာ နှစ်သက်ဖွယ်လက်ရာရှင် အဖြစ်ရွေးချယ်ခံရတဲ့ ပုံတချို့ပါ။

Photobucket

ဒီပုံအမည်က `ကျောင်းပတ်ဝန်းကျင် ရှုခင်းပုံ´ ခံစားချက်ကတော့ ရိုးရိုးပါပဲ`ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်ကို ကြိုက်နှစ်သက်၍´ တဲ့။ ရေးဆွဲသူက စောအောင်အောင် အသက်(၁၀) နှစ်၊ တတိယတန်းပါ။

Photobucket

ဘဲမယ် အသက်(၁၀)နှစ် ဆွဲတဲ့ပုံလေးပါ။ ဒုတိယတန်းကျောင်းသူလေးဖြစ်ပါတယ်။ ပုံနာမည်က `အိမ်နှင့်ခြံပုံ´ ဖြစ်ပြီး သူ့ခံစားချက်ကတော့ `ဤပုံလိုမျိုး ကိုယ့်အိမ်နှင့်ကိုယ့်ခြံနေချင်တယ်´ တဲ့။


ကျမ တော်တော်သဘောကျလို့ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆု ရွေးခဲ့တဲ့ပုံလေးကတော့ ရိုးရိုးလေးပါပဲ။ `သဘာဝ ရှုခင်းပုံ´ လို့အမည်ပေးထားပါတယ်။ သူ့ ခံစားချက်ကလည်း သိပ်ချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်ပါ။

Photobucket

Photobucket

`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။
မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´

သဘာဝ တရားကြီးရဲ့လှပမှုကို ဘယ်လောက်တောင် အကောင်းမြင်ထားတဲ့ စိတ်ကူးလေးလဲဆိုတာ။ ရေးဆွဲသူကတော့ နှင်းဖြူဖြူဦး စတုတ္ထတန်းကျောင်းသူလေးဖြစ်ပြီး အသက်(၉)နှစ်ခွဲပဲရှိပါသေးတယ်။

Photobucket

ဒီပုံလေးကလည်း အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါပဲ။ ရေးဆွဲရတဲ့ ခံစားချက်က `ကျနော်တို့ရွာ၏ ဘုန်းကြီး ကျောင်းကို သတိရသောကြောင့်ဖြစ်သည်´ တဲ့။ ပုံကိုအမည်ပေးထားတာကလည်း ရိုးရိုးလေး ပါပဲ `ဘုန်းကြီးကျောင်းပုံ´ တဲ့။ ရေးဆွဲသူကတော့ ဒုတိယတန်းကျောင်းသားလေး အောင်မျိုးထက် အသက်(၈)နှစ် ဖြစ်ပါတယ်။ သူ့ပုံထဲကလိုပဲ ရွာကဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးရော ကိုရင်ရော အရိပ်အယောင်မှ ရှိပါသေးရဲ့လား လို့ စဉ်းစားမိပါတယ်။


အောက်မှာပြထားတဲ့ပုံက အကြီးတန်းအဆင့်က အကောင်းဆုံးလက်ရာရှင်ဆု ရွေးခံရတဲ့ ပုံလေးတပုံပါ။

Photobucket

ပန်းချီကားအမည်က `ရောင်နီဦး´တဲ့ ။ သူ့စိတ်ကူးကတော့ `ကျွန်တော်သည် ရေးဆွဲသည့် ခံစားချက်ကတော့ ကျွန်တော့်ဘ၀မှာ နေရတဲ့ ကျောင်းအားလုံးကို ရောင်နီဦးက အကောင်းဆုံးဖြစ်သည်။ စာသင်ဘက်ကလည်း ကောင်းသည်။ ဆရာ/မ ကလည်း ညီညာထကြွသည်။ computer centre လည်းရှိသည်။ ရောင်နီဦးကျောင်း သည် N.G.S.O လည်း ဖွဲ့စည်းထားသည်။ ကျောင်းသူ ကျောင်းသားလည်း မူးယစ်ဆေးဝါး မသုံးစွဲအောင် ဆရာ/မ စည်းကမ်းချက်ချပါသည်။ ရောင်နီဦးကျောင်းသည် ကျွန်တော့် အတွက် မမေ့နိုင်တဲ့ ကျောင်း တစ် ကျောင်း ဖြစ်သည်။´ သူပြောတဲ့ N.G.S.O ဆိုတာ ရောင်နီဦးကျောင်းက အတန်းကြီးကျောင်းသားတွေ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းတွေ နှစ်စဉ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေနဲ့ဖွဲ့ထားတဲ့ New Generation Students Organization ကိုပြောတာပါ။ ရေးဆွဲတဲ့ ကျောင်းသားအမည်က မောင်ထွန်းထွန်း အသက် (၁၅) နှစ် ပဉ္စမတန်း ကျောင်းသားပါ။


အကြီးတန်းအဆင့် နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ ပန်းချီကားလေး (၁)ကားကတော့ -
အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသား စောဇဘလုထူး ဆွဲထားတဲ့ကားလေးပါ။ ပန်းချီကားကို အမည်ပေးမထားခဲ့ပေမဲ့ သူရေးဆွဲရတဲ့ ခံစားချက်ကိုဖတ်ကြည့်ပြီးရင် သူ့အစားအမည်တပ်ပေးကြပါလား။ သူ့လက်ရေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။

Photobucket
Photobucket

`ကျွန်ုပ်ရဲ့ ငယ်ငယ်တုန်းက ဇွဲကပင်တောင်ကို မသွားရဘူး။ ဒါပေမဲ့ ဇွဲကပင်ကို ဆွဲလို့တတ်တယ်။ ဇွဲကပင် တောင် ကိုသွားချင်တယ်။ ဒါပေမဲ့ မသွားရဘူး။ ဇွဲကပင်ကို တကယ်မြင်ချင်တယ်´ တဲ့။


ဒီလက်ရာပိုင်ရှင်ကတော့ နော်ဒါးလေ့ အသက်(၁၃)နှစ် ပဉ္စမတန်းကျောင်းသူပါ။ သူ့ပုံလေး အမည်က `ရွာအပြင်က တဲကလေးနှင့်ရှုခင်းပုံ´ ဖြစ်ပါတယ်။ သူ့ခံစားချက်ကတော့ `ကျမရေးဆွဲသည့် ရွာအပြင်က တဲကလေးသည် ရွာထဲရှိ ရွာသားများအတွက် အကျိုးကျေးဇူးများရပါသည်။ နေပူသော အခါတွင် သစ်ပင်များ အောက်၌ရှိသော တဲကလေးထဲတွင် အနားယူလို့ရပါသည်။ ခရီးမောပန်းလာပြီး ရေငတ်သောအခါတွင်လည်း တဲကလေးထဲရှိရေကို သောက်လို့ရပါသည်။ ကျမ၏ ခံစားချက်ကို ဖွင့်ဆိုလိုက်ရပါသည်။ ´
Photobucket

ဒါတွေကတော့ စိတ်ဝင်စားဖွယ်ပုံလေးတွေပါပဲ -

Photobucket

ရေးဆွဲသူအမည်- မသန်းကြည်၊ အသက်(၁၂) နှစ်။ အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်ပုံ
ရေးဆွဲရသည့်ခံစားချက် - ကျမရေးတဲ့ ပန်းချီကား ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဟာ ရှိသမျှ လူတွေကို သတ်ဖြတ်ကြတယ်။ ငြိမ်းချမ်းစွာ မနေရဘူး။ အဲဒါကြောင့် သူများနိုင်ငံမှာ လာရောက် မှီခို နေထိုင် ရတယ်။ န အ ဖ ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ကျတော် ကျမတို့ တစ်နေ့ကျရင် ပြန်ပြီး လက်စားချေ မယ်လို့ ကျမ ကတိပေးပါတယ်။

ရေးဆွဲသူ- စောသူရဟိန်း
အသက် - ၁၄ နှစ်
အတန်း - အဌမတန်း
ပန်းချီကားအမည် - န အ ဖ က မြန်မာနိုင်ငံ ကို ဖျက်ဆီးနေ၍ ပြည်သူက ကာကွယ်ပုံ
ရေးဆွဲရသည့် ခံစားချက် - ကျွန်တော်သည် ဒီပန်းချီကားကို ရေး ဆွဲခြင်းဖြင့် ကျွန်တော်သည် မြန်မာ နိုင်ငံ ကပဲ လာပါသည်။ အကြောင်းအရင်းက ကျွန်တော်တို့မြန်မာနိုင်ငံဟာ နအဖကြောင့် ပြည်သူဘ၀တွေက သူတို့လက်ခုပ်ထဲက ရေလိုဘ၀ပဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကိုမေတ္တာ အေးချမ်းသော အရိပ်အောက်မှာပဲထားချင်ပါတယ်။ ဒါပေမဲ့စစ်ဘီလူးကအေးချမ်းတဲ့ မေတ္တာကိုမီးဟုန်းဟုန်းလိုတောက်စေတဲ့ အဖြစ် ဖျက်စီး၍ ပြည်သူဘ၀ က ခွေးလို ၀က်လိုပဲပြေးနေရတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ခံစားချက်ပြည့်ပြည့်နဲ့ ဒီပန်းချီကားချပ်ကို ဆွဲရ ပါသည်။

Photobucket

ရေးဆွဲသူ- မူမူဝင်း
အသက်- ၁၁ နှစ်
အတန်း- ဆဋ္ဌမတန်း
ပန်းချီကားအမည်- ဘုန်းကြီးများ သပိတ်မှောက်ပုံ
ရေးဆွဲရသည့် ခံစားချက်- ဒီလိုအပုံကိုဆွဲရခြင်းအကြောင်းရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးသံဃာတော်များ သပိတ်မှောက်ပုံကိုရေးဆွဲသည်။

Photobucket

ရေးဆွဲသူအမည် - စောအဲ့ချဲ
အသက်- ၁၄ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - န အ ဖ က သံဃာတော်များကို သတ်ဖြတ်နေပုံ။
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်ဒီပန်းချီကားကို ဆွဲရတာ ပြည်တွင်းထဲမှာရှိနေသော သံဃာတော်တွေက ဖုန်းကြီး၊ သံဃာတော်တွေကို နှိပ်စက်တာတွေကို ဖော်ပြသောသဘောပါ။

Photobucket

အမည် - မအေးအေးစိုး
အသက် - ၁၁ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝရှုခင်းပုံ
ရေးဆွဲရသည့် ခံစားချက် - ကျမ၏ မိခင်ရွာကလေးအားလွမ်းဆွတ်၍ ရေးဆွဲထားပါသည်။

Photobucket

………………………………………………………………………………………။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာရှိတဲ့ မြန်မာစာသင်ကျောင်းက ကလေးတွေဆွဲတဲ့ပုံတချို့ပါ။ သူတို့ မိဘတွေကတော့ ရာဘာစေးခြစ်တဲ့ အလုပ်သမားတွေ၊ ငါးဖမ်းစက်လှေ အလုပ်သမားတွေ၊ အများစုပါ။

အငယ်တန်းအဆင့်မှာ အကောင်းဆုံးလက်ရာရှင်ဆုရွေးချယ်ခံရတဲ့ ပုံတပုံကိုဖော်ပြလိုက်ပါတယ်။

Photobucket

ရေးဆွဲသူက ဒုတိယတန်းကျောင်းသား အသက်(၁၀)နှစ်အရွယ် မောင်သန့်ဇင်ဦး ဖြစ်ပါတယ်။ ပန်းချီကား အမည်က`ရေတံခွန်ပုံ´လို့ပေးထားပါတယ်။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `အပျော်ဆွဲခြင်း´ ပါတဲ့။ သူ့လက်ရာလေးက တကယ်ပဲ ရေတံခွန်က ရေစီးကျသံ တောင်ကြားနေရသလိုခံစားရစေပါတယ်။

Photobucket

ပုံအမည်က `စမ်းချောင်းကလေး´၊ ရေးဆွဲသူက မဇာခြည်ဦး ၊ အသက်က(၁၀)နှစ်၊ အတန်းကဒုတိယတန်း။ သူ့ခံစားချက်ကတော့ `သမီးသွားလည်ချင်သောနေရာဖြစ်ပါသည်´ တဲ့။ ဒီပုံလေးကိုလည်း နှစ်သက်ဖွယ် လက်ရာရှင်ဆု ရွေးချယ်လိုက်ပါတယ်။

နှစ်သက်ဖွယ်လက်ရာရှင်ဆုရ ပုံလေးပါ။ ရေးဆွဲသူ - မပိုးသူဇာစိုး။ အသက်-(၁၀)နှစ်။ အတန်း - ဒုတိယတန်း ပါ။ ပန်းချီကားအမည်က `ပင်လယ်ကမ်းခြေ´။ သူ့ခံစားချက်က ရိုးရိုးလေးပါပဲ `ပင်လယ်သို့ အပျော်ခရီး သွားချင်ပါသည်´တဲ့။

Photobucket

အကြီးတန်းအဆင့် အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးပါ။ရေးဆွဲသူက အိနှင်းခင်၊ အသက်က(၁၂)နှစ်။ အတန်းက ဆဋ္ဌမတန်း။

Photobucket

ပန်းချီကားအမည်က`ကျေးဇူးရှင်လယ်သမားများ´ဖြစ်ပြီး ရေးဆွဲရတဲ့ ခံစားချက်ကတော့ …. `ဒီပုံလေးကိုရေးဆွဲရခြင်းကတော့ လယ်သမားများ စိုက်ပျိုးရိတ်သိမ်းလို့ရခဲ့တဲ့ စပါးများကို သမီးတို့ စားသုံး ကြတာပါ။ တကယ်လို့များ ဒီစပါးများကို စိုက်ပျိုး ရိတ်သိမ်းတဲ့လူမရှိရင် သမီးတို့အသက်တွေလည်း ရှည်မှာ မဟုတ်ဘူး။ ဒါကြောင့်သမီးလယ်သမားများကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီပုံလေးကို ရေးဆွဲခြင်းဖြစ်ပါတယ်´။


ဒီပုံလေးတွေကတော့ ဆုမရွေးချယ်ခံရပေမဲ့ နှစ်သက်စရာ စိတ်ကူးလေးတွေမို့ဖော်ပြပေးလိုက်ပါတယ်။

Photobucket

ရေးဆွဲသူအမည်- မေစုမောင်။ အသက်- (၁၄)နှစ်။ အတန်း- ပဉ္စမတန်း။
ပန်းချီကားအမည် - နားခိုရာ
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ပညာသင်ကြားနေသောကျောင်းကြီးသည် ကျွန်မတို့အတွက် နားခိုရာဖြစ်သလို ငှက်ကလေးများစက်နားခိုရာသည်လည်း ဘ၀သစ်ပင်ကြီးတစ်ပင်ဖြစ်ခြင်းအပေါ် ခံစားပြီးရေးဆွဲခြင်းဖြစ်ပါသည်။´

Photobucket

ရေးဆွဲသူ - စုလှိုင်ထွေး
အသက် - ၁၂ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - ပျော်စရာကောင်းတဲ့ ကျွန်မတို့ကျောင်း
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ကျောင်းမှာ ဆရာ ဆရာမ များခွဲခြားခြင်းမရှိပါ။ ကျောင်းသားများကို ပန်းလို အမြတ် တနိုးထားပါတယ်။ ကျွန်မခံစားသောကြောင့်ဒီပုံလေးကိုရေးဆွဲခြင်းဖြစ်ပါတယ်။

………………………………………………………………………………………။

ချင်းမိုင်ကနေ ၁၃၈ ကီလို လောက်ဝေးတဲ့ နေရာမှာ ဖန်းခရိုင်ဆိုတာရှိပါတယ်။ အဲဒီမှာ နေကြတဲ့သူ အများစုက ရှမ်းပြည် က ရှမ်းလူမျိုးတွေများပါတယ်။ သူတို့ကို ထိုင်းရိုင်လို့လည်းခေါ်ပါတယ်။ ဟိုးအရင်ကတော့ သူတို့တွေဟာ မြန်မာပြည် သား တွေပါ။ နောက်တော့ စစ်အာဏာရှင်တွေ လက်ထက်မှာ သူတို့ ရွာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ရွာမှာ မနေနိုင် အောင် လုပ်ခဲ့လို့ ထိုင်းနိုင်ငံဘက်ကိုရောက်လာကြတဲ့ သူတွေပါ။ သည်ဘက်က လိမ္မော်ခြံတွေမှာ အများစု အလုပ်လုပ် ကြပါ တယ်။

သူတို့ကလေးတွေရဲ့စာသင်ကျောင်းလေးကို သွားလည်ခဲ့ပါတယ်။ ၀မ်းနည်းစရာလို့ ပြောရမလားပဲ။ သူတို့ ကျောင်းတွေ မှာ မြန်မာစာ မြန်မာစကားသင်ဖို့ အခွင့်အရေးမရကြပါဘူး။ သူတို့လေးတွေ ရှေ့ဆက် ဘ၀ အသက်မွေးဖို့က ထိုင်းစာ ထိုင်းစကားတတ်မှ အဆင်ပြေမှာတဲ့လေ။ ဒါကြောင့် သူတို့ရဲ့ မိခင်ဘာသာ ရှမ်းစာ၊ ထိုင်းစာနဲ့ အင်္ဂလိပ်စာကိုပဲ ဦးစားပေး သင်ကြရပါတယ်။

သူတို့တွေနေတဲ့ လိမ္မော်ခြံထဲကိုလည်း အလည်လိုက်သွားခဲ့ပါတယ်။ လိမ္မော်ခြံက အမြင်အားဖြင့်တော့ အင်မတန် သာယာပြီး စိတ်နှလုံးချမ်းမြေ့စရာပါ။ ဒါပေမဲ့ သဘာဝ လတ်ဆတ်တဲ့လေ နဲ့ လိမ္မော်နံလေး မွှေးနေရမဲ့အစား ခြံမှာသုံးတဲ့ ဓါတ်မြေသြဇာနံ၊ ပိုးသတ်ဆေးနံတွေပဲ လွင့်ပျံ့နေပါတယ်။ ခြံပိုင်ရှင်တွေ ကလည်း ဒီပိုးသတ်ဆေးတွေရဲ့ အန္တရာယ် ကြီးမားပုံကို ပညာမပေးကြဘူးတဲ့။ အရင်တလလောက်ကပဲ ပိုးသတ်ဆေး ဖျော်ထားတဲ့ စည်ထဲကို နာရီပြုတ်ကျလို့ ဆင်း ကောက်တဲ့ အလုပ်သမားတစ်ယောက် သေသွားတယ်တဲ့။ သူတို့သည်ခြံတွေမှာနေတာ ဘယ်လောက်ကြာပြီလဲ။ သည်လို အဆိပ်ငွေ့တွေနဲ့ဆို ဘယ်လောက်ကြာအောင် ဆက်နေနိုင်မလဲ။

ကျမ ခင်မိတဲ့ ရှမ်းဆရာမလေးတစ်ယောက်ကို စကားပြောကြည့်တော့ သူတို့ အရင်နေခဲ့တာက ကျိုင်းတုံ မြို့နယ်ထဲက မိုင်းတုံမိုင်းဆတ်ဆိုတဲ့ ရေတံခွန်ရှိတဲ့ ရွာလေးပေါ့တဲ့။ လေးတန်းလောက်မှာ သူတို့နေတဲ့ရွာကို စစ်တပ်က ဖြတ်လေးဖြတ် ဆိုတာလုပ်လာလို့ မိဘတွေနဲ့အတူဒီဘက်ရောက်လာတာပါတဲ့။ `ကျမတို့ရွာမှာဆိုလေ လိမ္မော်တွေကလည်း သဘာဝ မြေကြီးကလည်းသဘာဝ အားလုံးသဘာဝ ´ပါပဲလို့ သူက မြန်မာလို မတတ်တတတ် နဲ့ကြိုးစားပြီးပြောပြပါတယ်။

သူတို့ လွယ်ဇာတ်ကျောင်း က ကလေးတွေရဲ့ပန်းချီလက်ရာပုံလေးတွေက ချစ်စရာကောင်းသလို သူတို့ရဲ့ စိတ်ကူးလေးတွေကလည်း…

ဒီပုံက အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါ။

Photobucket

ရေးဆွဲသူ - နန်းရှဲန်စမ်
အသက်- ၁၂ နှစ်
အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - ကျွန်မတို့တောရွာလေး
ရေးဆွဲရသည့်ခံစားချက် - `သဘာဝရဲ့တောရွာလေး တစ်နေရာမှာ အချက်ချက်အရာရာ အားလုံးမှာ ကျွန်မ ခံစားနေတာပုံ။´ ။

နောက် တပုံက နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံပါ။

Photobucket

ရေးဆွဲသူ - စိုင်းစမ်လူ
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - အိမ်မက်ထဲကကျောင်း
ရေးဆွဲရသည့်ခံစားချက် - `ရှမ်းပြည်လွတ်လပ်သောအချိန်မှာ ကျွန်တော်၏ စာသင်ကျောင်းကို အိမ်မက်ခြင်းပုံ ဆွဲထားသည်။´

ဒီပုံကလည်း နှစ်သက်ဖွယ်လက်ရာရှင်ဆုရပုံပါ။

Photobucket

ရေးဆွဲသူ - နန်းဆိုင်နစ်ကွင်ခမ်း
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝနယ်မြေ
ရေးဆွဲရသည့်ခံစားချက် - `လောလောဆယ်ရှမ်းလူမျိုးတို့ နေထိုင်ရေးတစ်နေရာပုံ ´။

သည်ကားလေးသုံးကားကတော့ ကျမဆုရွေးချင်ပေမဲ့ နယ်မြေစုံအောင်ပေးရမယ်ဆိုတဲ့မူကြောင့် မရွေးလိုက်ရတဲ့ ကားလေးတွေပါ။

Photobucket

ရေးဆွဲသူ - စိုင်းဆုလုံးစုန်
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - ကျောင်း၏ရည်မှန်းချက်
ရေးဆွဲရသည့်ခံစားချက် - `ကျွန်ုပ်၏ ဒီပုံကျောင်းမျိုးရှိစေရန် ရည်မှန်းပြီးရေးဆွဲထားပုံ´။

Photobucket

ရေးဆွဲသူ - နန်းဆိုင်းစိန်
အသက် - ၁၄ နှစ်
ပန်းချီကားအမည် - တို့ရိုးရာတောဓလေ့
ရေးဆွဲသည့်ခံစားချက် - ယခင်က ကျွန်မတို့မိသားစုနေထိုင်ခဲ့သော တောရွာနှင့်နေအိမ်တို့ကို လွမ်းရသောကြောင့် ဤပုံကို ရေးဆွဲထားခြင်းဖြစ်ပါသည်။

Photobucket

ရေးဆွဲသူ - စိုင်းကျော်မြင့်
အသက် - ၁၃ နှစ်
အတန်း - ဒုတိယတန်း
ပန်းချီကားအမည် - ကျွန်ုပ်အိမ်
ရေးဆွဲရသည့်ခံစားချက် - ဒီလိုအိမ်မျိုးရှိစေရန် ကျွန်ုပ်၏မိဘကို အတူတူနေ ပျော်ပျော်စားစား ချမ်းသာစေချင် ရေးဆွဲသောပုံ။
………………………………………………………………………………………။

ကရင်နီဒုက္ခသည် စခန်း က ကလေးတွေရေးဆွဲထားတဲ့ပုံတွေပါ။

Photobucket

ရေးဆွဲသူ - နားရယ်
အသက် - ၁၅ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ဆရာ/မ များကို အလိုအပ်ဆုံးဖြစ်သည်။

Photobucket

ရေးဆွဲသူ - ဘွေးနေ
အသက် - ၁၂ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - ကမ္ဘာ့ကျောင်းဆရာ/မ များ ဂုဏ်ပြုတဲ့နေ့။
ရေးဆွဲရသည့်ခံစားချက် - အကြောင်းမှာ ဆရာ ဆရာမတို့သည် သူ့ပညာရှိအတိုင်း သူမယူထားဘဲ သူဘယ်လို ထင်လဲ ဆိုသော တစ်နေ့မှာ ကျောင်းသူကျောင်းသားတို့ အနေနဲ့ ကြီးထွားတိုးတက်မှု ရှိအောင် သူသင်ပေးတာပါ။ နောက် ကျောင်း သူ ကျောင်းသားတို့ဟာ ဆရာ/မ ကျေးဇူးကို သိပြီး ဆရာ/မ ကို အထူးယူ ဂုဏ်ပြုစေချင်တဲ့ နေ့တစ်နေ့ဖြစ်ပါသည်။ ဂုဏ်ပြုပြီးတဲ့နောက်မှာ ကျောင်းသားခေါင်းဆောင်က တက်ရောက် အမှာ ကျေးဇူးစကားပြောကြားခဲ့တယ်။

Photobucket

ရေးဆွဲသူ - ဖရေမယ်
အသက် - ၁၃ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ကျမသည် ဒီပန်းချီကားရဲ့ ခံစားချက်မှာ ဆရာ/မ များသည် ကျောင်းသား အတွက် အနစ်နာစေပြီးသော ဆရာ/မဖြစ်သောကြောင့် ကျမဒီပန်းချီကို ရေးဆွဲရခြင်းဖြစ်သည်။ ( သူရေးချင်တာ အနစ်နာခံပြီး ဖြစ်ပါလိမ့်မယ်)။

Photobucket

ရေးဆွဲသူ - ယောဟန်
အသက် - ၁၅ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် -
ဆရာ/မ ကိုတကယ် လိုအပ်သည့်အရာဖြစ်သည်။

Photobucket

ရေးဆွဲသူ - ဒွေးထွေးမူး
အသက် - ၁၄ နှစ်
အတန်း - အဋ္ဌမတန်း

………………………………………………………………………………………။

ထပ်ပြီးတင်ပြမဲ့ပုံလေးတွေကတော့ မဲဆောက်ဒေသမှာရှိတဲ့ ရွေ့ပြောင်းမြန်မာ ကလေးများဆွဲထားတဲ့ ပုံလေးတွေပါပဲ။ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးတွေကို အရင်ကြည့်ပါဦး။

Photobucket

ဒါက ပါရမီကျောင်း က ကလေး ဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `ပါရမီကျောင်း´တဲ့။ ရေးဆွဲရသည့် ခံစားချက် ကလည်း ရိုးရိုးပါပဲ။`ပါရမီကျောင်းပုံကို ရေးဆွဲထားပါသည်´ တဲ့။ ဒါပေမဲ့ သူရေးဆွဲထားတဲ့ ရှုထောင့်က အမြင်ဆန်းသစ် သလို လက်ရာကလည်း ကောင်းတဲ့အတွက် အကောင်းဆုံး လက်ရာရှင်ဆု ရွေးပေးလိုက်တာပါ။ ရေးဆွဲသူကတော့ အောင်မင်းဦး အသက်(၁၀)နှစ်၊ တတိယတန်းပါ။

နောက်တပုံက ကျောင်းဥယျာဉ်လေးတဲ့။ အကောင်းဆုံးလက်ရာရှင်ဆုပါပဲ။

Photobucket

ရေးဆွဲသူက ရန်ပိုင်သက်။ အသက်က (၁၀) နှစ်။ အတန်းက စတုတ္ထတန်း။ ကျောင်းက SAW School ပါ။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျွန်တော်တို့ ကျောင်းတွင် သစ်ပင် နည်းနည်းရှိပါသည်။ သန့်ရှင်းရေးလုပ်ပြီး သစ်ပင်နည်းနည်း ရှိသော်လည်း ကျွန်တော်က ဥယျာဉ်လို လှတယ်ထင်ပါတယ်။´
စိတ်ဝင်စားစရာ ကောင်းတာက သူပုံထဲက ကျောင်းရှေ့ အလံတိုင်က အလံပုံလေးပဲဖြစ်ပါတယ်။ သူဆွဲတာ မြန်မာနိုင်ငံတော် အလံပုံဖြစ်ပါတယ်။ ဒီက ကလေးအများစုကတော့ ကျောင်းရှေ့အလံတိုင်မှာ ထိုင်းနိုင်ငံတော်အလံကိုပဲဆွဲတာများပါတယ်။

နှစ်သက်ဖွယ်လက်ရာရှင် ဆုရတဲ့ပုံလေးတွေကို ကြည့်ကြစို့…

Photobucket

ရေးဆွဲသူ - အိနြေ္ဒလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - C.D.C ကျောင်း
ပန်းချီကားအမည် - သဘာဝ အလှ
ရေးဆွဲရသည့်ခံစားချက် - ဤပုံထဲတွင် ရေးဆွဲထားသော အိမ်များနှင့် မြစ်၊ ချောင်းများတွင် အေးချမ်းခြင်း သာယာခြင်း ဖြစ်သည်။ ပန်းချီဆွဲရသည်မှာ ပျော်ရွှင်ပါသည်။ ကျွန်မသည် တကယ်သွားရသလို ခံစားရပါသည်။ ထို့ကြောင့် ဤ ပန်းချီ ကားကို ရေးဆွဲခြင်း ဖြစ်ပါသည်။ ၎င်း ရုပ်ပုံကားချပ်သည် ရွာလေးတစ်ရွာ၏ ရုပ်ပုံကားချပ်ဖြစ်ပါသည်။ ထိုနေရာသည် သာယာလှပ စိမ်းလန်းစိုပြေနေပါသည်။ ကျွန်မသည် ပန်းချီဝါသနာကို နှစ်သက်ပါသည်။ နောက်တခါဆိုရင် ပထမ၊ ဒုတိယ၊ မဟုတ် တတိယ တစ်ခုခု ရအောင်ကြိုးစားပါမည်။ ( ပန်းချီပြိုင်ပွဲမူအရ ပထမ၊ ဒုတိယ၊ တတိယ မခွဲပါဘူး။ အကောင်းဆုံး လက်ရာရှင်ဆုနဲ့ နှစ်သက်ဖွယ် လက်ရာရှင်ဆု ဆိုပြီးတော့ပဲ ခွဲခြားထားပါတယ်။ သူကြိုးစားမျှော်လင့်တဲ့ အတိုင်း ဆုရခဲ့ ပါတယ်။)

Photobucket

ရေးဆွဲသူ - မချောစုလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - SAW School
ပန်းချီကားအမည် - ကျောင်းတွင်းသန့်ရှင်းရေး
ရေးဆွဲရသည့် ခံစားချက် - ဆရာမ များနှင့် ကျွန်မတို့ သန့်ရှင်းရေးလုပ်ကြသော သာယာလှပသောနေ့ ဖြစ်ပါသည်။

Photobucket

ရေးဆွဲသူ - မောင်ကိုရှိုင်း
အသက် - ၉ နှစ်
အတန်း - ဒုတိယတန်း
ကျောင်း - ဆာမူထော်ကျောင်း
ပန်းချီကားအမည် - ကျောင်းပုံ
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်တို့ကျောင်းသည် အမြဲသန့်ရှင်းနေပါသည်။ ကျောင်းသူ ကျောင်းသား များသည် အမြဲသန့်ရှင်းနေပါသည်။
(သူလည်းကျောင်းရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်အလံကို ကြိုးစား လွှင့်တင်ထားပါတယ်။)

အကြီးတန်းမှာအကောင်းဆုံးလက်ရာရှင်ဆု တစ်ပုံပါ။

Photobucket

ရေးဆွဲသူက အောင်မျိုးကျော်၊ အသက်က (၁၄)နှစ်၊ အတန်းက ဆဋ္ဌမတန်း၊ ကျောင်းက C.D.C ကျောင်း ကပါ။ ပန်းချီကားအမည်က `တောဓလေ့ရဲ့အလှ´။ရေးဆွဲရတဲ့ခံစားချက်က `တောဓလေ့၏အလှကို မြင်တတ် တန်ဖိုးထား တတ်စေရန်´ တဲ့။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံလေးတွေပါ။

Photobucket

ဒီပုံလေးက မဲဆောက် C.D.C ကျောင်း က စတုတ္ထတန်းကျောင်းသားလေး စောအဲသာမူး ရေးဆွဲတဲ့ပုံပါ။ အသက်က (၁၂)နှစ်ပါ။ ပန်းချီကားရဲ့နာမည်ကတော့ `ကရင်ပြည်နယ် မြို့တော်အလှ´ဖြစ်ပြီး သူရေးဆွဲရတဲ့ ခံစားချက်ကို ဒီလို ဖော်ပြထားပါတယ်။`ကရင်ပြည်နယ်သည် ကျွန်တော်ရဲ့လူမျိုးနှင့် တိုင်းပြည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကျွန်တော်ရဲ့ မိသားစုများ နေထိုင်ကြသည်။ အဲ့ခါမှ ကျွန်တော်ကရင်ပြည်ပုံကို ဆွဲပါ သည်။´

Photobucket

ဒီပုံလေးမှာတော့ ရေးဆွဲသူရဲ့ စိတ်ကူးက တမျိုးလေးပါ။`ကျောင်းပိတ်ရက်တွင် ကျောင်းရှေ့မှ ဖြတ်သွားပုံ ဖြစ်ပါသည်´တဲ့။ ပန်းချီကားအမည်လေးကလည်း `ကျောင်းပိတ်ချိန်´ပါတဲ့။ ရေးဆွဲသူကတော့ ထင်ပေါ်သိန်း၊ အသက်(၁၁)နှစ်၊ တတိယ တန်း ကျောင်းသားပါ။ သူက ပါရမီကျောင်း ကပါ။

Photobucket

ဒီပန်းချီကားလေးကတော့ သူ့ရဲ့ ထူးခြားတဲ့ ရေးဆွဲဟန်နဲ့ အရောင်သုံးပုံတွေကြောင့် နှစ်သက်ဖွယ်လက်ရာ ရှင်ဆု ရွေးချယ်လိုက်တဲ့ ပုံလေးပါ။ စာသင်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ ထိုင်းဘုရင်မင်းမြတ် ရဲ့ ပုံကိုလည်း ကြိုးစား ရေးဆွဲ ထားပါသေးတယ်။ ရေးဆွဲသူက- မောင်စိုးသူ၊ အသက်(၁၂)နှစ်၊ ဆဋ္ဌမတန်း၊ SAW School ကဖြစ်ပါတယ်။ပုံအမည်က `သန့်ရှင်းသောပတ်ဝန်းကျင်တွင် စာသင်ရခြင်း´ပါ။ ရေးဆွဲရတဲ့ခံစားချက်ကတော့ `သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ရပါက ကျွန်တော်တို့ စာမြန်မြန်တတ်နိုင်သည်ဟုထင်ပါသည်။ ကျန်းမာရေးကောင်းပါက စာတတ်မြန်သည်ဟု ဆရာကပြောခဲ့ပါသည်´တဲ့။
အောက်ကပုံလေးတွေက ဆုမချိတ်ခဲ့ပေမဲ့ သဘောကျစရာပုံလေးတွေပါ။

Photobucket

ရေးဆွဲသူ - သက်ပြည့်အောင် အသက်- ၁၃ နှစ်၊ အတန်း - ပဉ္စမတန်း၊ ဆာမူထော် ကျောင်းကပါ။ သူ့ပုံလေးကိုအမည်ပေးထားတာက `ဆရာစာသင်နေပုံ´တဲ့။ ခံစားချက်က`ကျောင်းတွင် ဆရာ၊ ဆရာမ စာသင်နေပုံကို ရေးဆွဲထားပါသည်´တဲ့။ ပလပ်စတစ်ကုလားထိုင်အနီလေးနဲ့ ကျောက်သင်ပုန်းနောက်က သစ်ပင်လေးတွေကလည်း ပန်းချီကားလေးကို ချစ်စရာကောင်းအောင် အားဖြည့်ပေးထားပါတယ်။

Photobucket

သွေးသစ်ကျောင်း New Blood School က ကျောင်းသားလေးဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `စာသင်ကျောင်းသို့ သွားသည်´တဲ့။ သူ့ခံစားချက်ကို သေသေချာချာရေးပြထားပါတယ်။ `ဤပန်းချီကားချပ်ပုံထဲတွင် ကျောင်းသားညီအစ်ကို နှစ်ယောက်သည် နံနက်ပိုင်းတွင် စာသင်ကျောင်းသို့ စောစီးစွာ ကျောင်းသွားကြ၍ ကျောင်း သန့်ရှင်းရေးနှင့် မိမိတာဝန်ကို ကျေပွန်လုပ်ဆောင်ကြရန်အတွက် ကျောင်းသို့ စောစီးစွာ သွားရောက်ခြင်း ဖြစ်ပါသည်။ နံနက်ချိန်ခါတွင် ကျောင်း၏ ရှုခင်း လှပမှုနှင့် လေကောင်း လေသန့်ရရှိပြီး စာသင်ကျောင်း၏ အင်္ဂါရပ်များနှင့် အညီ ကျောင်း၏ လှပမှုမှာလည်း ထည်ထည်ဝါ၀ါ ရှိနေခြင်း ပင်ဖြစ်ပါသည်´။ ရေးဆွဲတဲ့သူက မောင်သာထူး အသက်(၁၅)နှစ်။ အဋ္ဌမတန်းကပါ။

Photobucket

ဒီပုံအမည်လေးကတော့ `ကူညီရိုင်းပင်း သူငယ်ချင်းများ´တဲ့။ သူ့ခံစားချက်က `ကျောင်းတွင် ကျွန်တော်တို့ သူငယ်ချင်း တတွေ တစ်ယောက်ကို တစ်ယောက် ခင်မင်စွာ ကူညီပြီး အတူတူ ပညာသင်ကြပါသည်´။ ရေးဆွဲသူက မောင်ဝင်းနိုင်ထွန်း အသက်(၁၃)နှစ် စတုတ္ထတန်း SAW School ကပါ။

Photobucket

မောင်ဇေယျာဖြိုး ဆွဲတဲ့ပုံလေးပါ။ သူက အသက်(၁၅)နှစ်၊ အဋ္ဌမတန်း၊ သွေးသစ်ကျောင်း (New Blood School) ကပါ။ သူပုံလေးက ချစ်စရာကောင်းသလို သူ့စိတ်ကူးလေးကလည်း နှစ်သက်စရာပါ။ ` လူသားများသည် တစ်နေ့တာ တစ်နေ့ အလုပ်များကို လုပ်နေကြရသည်။ ထိုသို့ အလုပ်များကို လုပ်နေရ၍ စိတ်ဖိစီးမှုများကို ပြေပျောက်စေလိုရန် နေ၀င်ချိန် ညနေ စောင်းမှာ တိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေကို ခံစားပြီး ရှုပ်ထွေးနေသည့် ဦးနှောက်(သို့) စိတ်များကို ဖြေဖျောက် တတ်ပါသည်။ ထို့ကြောင့် နေ၀င်ချိန်ဆည်းဆာမှာ အပန်းဖြေနိုင်အောင် စိတ်ကူးဖြင့် ရေးသားဖော်ပြထားပါသည်။ ဤပုံကို ကြည့်ခြင်းအားဖြင့် မြင်ရသူတိုင်းစိတ်ထဲမှာရှိတဲ့ အရာတွေဟာ အေးမြ ကြည်လင်နိုင်ပါသည်´။ ပန်းချီကား အမည်လေး ကတော့ `နေ၀င်ချိန်ကို စိတ်ကူးဖြင့်ရေးဆွဲဖော်ပြပုံ´တဲ့။

ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ အများစုဟာ သဘာဝရှုခင်းပုံလေးတွေ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀ နောက်ခံ ကားချပ်တွေက ဘယ်လိုပဲရှိနေပါစေ သူတို့စိတ်ကြိုက်ပုံလေးတွေကို ဆွဲနေရတဲ့ အခိုက်အတန့်မှာတော့ သူတို့ရဲ့ စိတ်ကလေးတွေ ကြည်လင်နေမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ထဲက နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေး တွေကိုရော ခုလို ပန်းချီကားလေးတွေ ရေးဆွဲခိုင်းရင် ဘယ်လို ပုံလေး တွေ ဆွဲကြမှာလဲလို့ စဉ်းစားနေမိပါတယ်။

Monday, October 20, 2008

ယဉ်ကျေးမူရှေ့ဆောင်သူရဲကောင်းများ ( သို့) ကျောင်းဆရာဆရာမ များ

ပြီးခဲ့တဲ့ အပတ်က ချိုင်းယာဖွန်းခရိုင်မှာ ဒီလအတွင်း အငြိမ်းစားယူတော့မှာဖြစ်တဲ့ အစိုးရကျောင်း တွေက ဆရာဆရာမများကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ရပ်မှာ ကျနော်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီ ထိုင်းနိုင်ငံ၊ အရှေ့ မြောက်ခရိုင်မှာ စောစောစီးစီး ပင်စင်ယူမယ့်သူတွေအပါအ၀င် ဒီနှစ်ထဲမှာ ပြည်သူ့ဝန်ထမ်း လုပ်သက်ပြည့်ပြီဖြစ်တဲ့ ဆရာဆရာမများဟာ ၃၀၀ လောက်ရှိနေပါတယ်။

ကိန်းဂဏန်းတွေအရကတော့ မယုံကြည်နိုင်စရာပါဘဲ။ အညွန်းကိန်းတွေအရ ထိုင်းနိုင်ငံရဲ့ခရိုင် ၇၆ ခုစလုံးမှာ ဒီနှစ်အတွင်း အငြိမ်းစားတော့မယ့် ဆရာဆရာမဦးရေဟာ နှစ်သောင်းထက်မနည်းဘူးလို့ခန့်မှန်း ထားပါတယ်။ ပိုမိုများပြားလာတဲ့ လူဦးရေအတွက် အစားထိုးနိုင်ဖို့ကျောင်းဆရာဆရာမအသစ်တွေ အတော် ကလေး လိုအပ်နေပါပြီ။

စစ်ဘက် (သို့ မဟုတ်) ရဲဘက်ဆိုင်ရာ အငြိမ်းစားယူမယ့် အရာရှိများအတွက် ဂုဏ်ပြုပွဲ အခမ်းအနား တွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ စစ်ဘက်၊ ရဲဘက်အရာရှိများမှ သူတို့ထက် စီနီယာကျပြီး နှုတ်ထွက်တော့မယ့် အရာရှိကြီးများရဲ့ ပေးဆပ်စွန့်လွှတ်ခဲ့မှုတွေ၊ တာဝန်ကျေပွန်ခဲ့မှုတွေကို တန်ဖိုးထားလေးစားကြောင်းပြသကြတာပါ။ အဲဒီဂုဏ်ပြုပွဲတွေမှာတော့ အမှတ်တရ ချီးမွမ်းသြဘာ စကားတွေ ပြောကြ၊ ချီတက်အလေးပြု အခမ်းအနားတွေဆင်ယင်ကြ၊ ဂုဏ်ပြုစားသောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပြင်ဆင် ကျင်းပပေးကြပါတယ်။

ဒါပေတဲ့ ကျောင်းဆရာဆရာမများကိုတော့ သူရဲကောင်းတွေရယ်လို့ မသတ်မှတ် ထားသေးပါဘူး။ နယ်ဘက်က ကျောင်းဆရာဆရာမက ပိုပြီးတော့ ဝေးပါသေးတယ်။ သူရဲကောင်းဆိုတဲ့ ဝေါဟာရရဲ့လေးနက်တဲ့ အဓိပ္ပါယ်ထဲမှာ ကျောင်းဆရာဆရာမတွေ မပါဝင်သေးတာကတော့ သေချာပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ပြုပွဲတွေ ကျင်းပပေးလေ့မရှိတာပါ။ ချိုင်းယာဖွန်းခရိုင်မှာ အငြိမ်းစားယူတော့မယ့် အိုမင်းမစွမ်းဇရာ အရွယ်ရောက်နေပြီဖြစ်တဲ့ ဆရာဆရာမကြီးများအတွက် ဒီနှစ်မှာ ကျင်းပပြုလုပ်ပေးတဲ့ မထင်မရှား၊ အညတရ ဂုဏ်ပြုပွဲကတော့ သူတို့ရဲ့ကိုယ်ပိုင် ကျောင်းဆရာသမ၀ါယမအသင်းမှာ ချစ်ချစ်ကုတ်ကုတ်စုဆောင်းထားတဲ့ ငွေကြေးကို အရင်းတည်ထားရှာကြတာ။ အခြားသော ခရိုင်တွေ၊ ဒေသတွေမှာရှိကြတဲ့ ဆရာဆရာမများ ကတော့ ဒီလိုအခမ်းအနားတွေကို အိပ်မက်တောင် မမက်ရဲသေးပါဘူး။

ကျနော့်ရဲ့အမြင်မှာတော့ ရဲရင့်တဲ့ စစ်သားတွေ၊ ရဲအရာရှိတွေလိုဘဲ ကျောင်းဆရာဆရာမများဟာ အရေးကြီးတယ်ဆိုတာပါ။ လက်နက်တွေ မကိုင်ဆောင်ထားကြပေမယ့်လည်း ကျနော့်တို့ လူ့အဖွဲအစည်းကို ပုံဖေါ်၊ ထုဆစ်နိုင်ဖို့မရပ်မနား တိုက်ပွဲဝင်နေကြတယ်။ ဒီတိုင်းပြည်ရဲ့ စိတ်ဓါတ်ကို ပုံဖေါ်နေကြတဲ့ ယဉ်ကျေးမှု သူရဲကောင်းများပါ။ ကလေးတွေရဲ့  ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ထုဆစ်ပေးနေတဲ့ ဗိသုကာ များပါ။ နုပျိုတဲ့ မျိုးဆက်သစ်များဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ်နဲ့ကံကြမ္မာကို တစ်နေ့မှာ ဆုံးဖြတ်ပေးမယ့် သူတွေပါဘဲ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့မဟုတ်) အစိုးရတောင်မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာဖို့ တည်ဆောက်ရာမှာ ကျရှုံးသွားမှာလား၊ အောင်မြင်မှာလားဆိုတာ ကျောင်းဆရာဆရာမများရဲ့ ပခုံးထက်က လေးနက်ကြီးမားတဲ့ တာဝန်ဘဲဖြစ်တယ်။

ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ သမ၀ါယမအသင်းအနေနဲ့ ပိုမို ကောင်းမွန်သင့်တော်တဲ့ အခြေ အနေနဲ့ ဆရာဆရာမများကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးဖို့ကျနော် အကြံပြုတင်ပြပါရစေ။ ကျောင်းသူ ကျောင်းသားကလေးတွေ အများကြီးပါဝင်ပြီး ဆရာဆရာမများရဲ့ ဂုဏ်ကျေးဇူးတရားတွေကို ပြသခွင့်ရရှိ နိုင်မယ့် ကျောင်းဝင်းအကျယ်ကြီး တစ်ခုခုမှာပေါ့။
စစ်သားတွေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သူရဲကောင်းတွေလို့ ဆိုကြယင် ကျောင်းဆရာဆရာမ များဟာလည်း သူရဲကောင်းဘွဲ့ထူးကို ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။ ယဉ်ကျေးမှုရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲဝင်နေသူတွေ၊ ဒီမိုကရေစီရှင်သန်နိုင်ဖို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသူတွေဟာ ကျောင်း ဆရာဆရာမများဘဲ မဟုတ်ပါလား။

မျက်မှောက်ခေတ်မှာ ကျောင်းဆရာဆရာမများကို အလေးမထားကြတော့တာတွေ့နေရပါတယ်။ ပညာရေးဝန်ကြီးဆိုသူကို ရွေးချယ်ခန့် အပ်တာဝန်ပေးရာမှာတောင် ပညာရေးအတွေ့အကြုံနောက်ခံလုံးဝမရှိတဲ့ ဆက်သွယ်ရေး ဘက်ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ခဲ့တာဟာ အထင်အရှားသာဓကတစ်ခုပါ။ အင်မတန် အရေးကြီးလှတဲ့ ၀န်ကြီးဌာနတစ်ခုကို တာဝန်ပေးကိုယ်တွယ်ခိုင်းပုံများ။ ကြိုးစားကြည့်စမ်းပါစေတဲ့။

ပိုဆိုးဝါးလှတဲ့ အခြေအနေကတော့ ဆရာဆရာမများ ကိုယ်တိုင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ရှင်သန်နိုင်ရေးမှာ မိမိတို့ရဲ့အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေနဲ့အခန်းကဏ္ဍကို မေ့လျော့ နေကြ တယ်။ သတိပြုမိကြပုံမရပါဘူး။

ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားများဟာ ငွေကြေးပမာဏ အကြီးအကျယ်အကုန်အကျခံ သုံးစွဲ တတ်ကြပါတယ်။ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ ကြတယ်။ အမတ်နေရာ၊ ၀န်ကြီးနေရာ၊ ရာထူးနေရာတွေကို အငမ်းမရလိုချင်နေကြတယ်လေ။ အားလုံးသိရှိကြတဲ့အတိုင်း အချို့သောပုဂ္ဂိုလ်တွေဟာ အဂတိတရားတွေ ပြည့်နှက်နေကြတာ။ ဘယ်လိုများဖြစ်လာတာပါလိမ့်။ သူတို့ကို အသေအချာလေ့ကျင့်ပျိုးထောင်ပေးရမယ့် ပညာရေးစနစ်ရဲ့ လှပတဲ့ကျဆုံးမှုလို့ပြောယင် ငြင်းဆိုနိုင်ပါ့မလား။ မိမိတိုင်းပြည်နဲ့လူ့အဖွဲ့အစည်း အကျိုး စီးပွားအတွက် ပေးဆပ်စွန့်လွှတ်မှုတွေ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တွေ၊ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်နီတိ ပိုင်းဆိုင်ရာတွေ လေ့ကျင့်ပျိုးထောင်ပေးဖို့ ပညာရေးဟာ ပျက်ကွက်ခဲ့ပါသလား။

လူတိုင်းဟာ သန့်ရှင်းစင်ကြယ်စွာ မွေးဖွားလာခဲ့တာလို့ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထား သူပါ။ အဲဒီနောက်မှာတော့ ကိုယ်ကျင့်သိက္ခာတရားနဲ့ မကောင်းမှုအဓမ္မဟာ လူသားရဲ့ စိတ်နှလုံးသားနဲ့ အကျင့်စာရိတ္တကို အပြိုင်အဆိုင် ပုံဖေါ်လာကြတယ်။ ကျောင်းဆရာဆရာမများဟာ အများကြီး လုပ်နိုင်နေ ပါတယ်။ လူတွေဘယ်လိုဖြစ်လာကြမလဲဆိုတာကို သူတို့ပုံဖေါ် တည်ဆောက်နိုင်ပါတယ်။ တန်ဖိုးထားသင့်တဲ့၊ မြင့်မြတ်သောသူတွေကို လေးစားစွာဆက်ဆံနိုင်ဖို့ရယ်၊ အဂတိတရားလိုက်စားသူတွေကို ဖယ်ရှားနိုင်စွမ်းရှိဖို့ ရယ်၊ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ရာထူးတာဝန်တွေကို ကာကွယ်နိုင်ဖို့ရယ်စတဲ့ အခြေခံယဉ်ကျေးမှုကို ကျောင်းဆရာဆရာမများဟာ တည်ဆောက်နိုင်စွမ်းရှိနေတယ်။

အငြိမ်းစားယူပြီးတဲ့နောက်မှာတောင်မှ ကျောင်းဆရာဆရာမများရဲ့ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ လို့မယူဆနိုင်သေးဘူး။ နောင်လာနောင်သားတွေ၊ အနာဂတ်မျိုးဆက်တွေ၊ ကျင့်ဝတ်နီတိတွေကို ပုံဖေါ် တည်ဆောက်တဲ့ တာဝန်က အနားမယူခဲ့ကြပါဘူး။ ဘယ်သောအခါမှ အဲဒီတာဝန်တွေကတော့ဖြင့် အငြိမ်းစား ယူမည့်သူတွေမဟုတ်ကြပါဘူး။

အဲဒီအတွက်ကြောင့် အငြိမ်းစားယူကြတော့မယ့် ကျောင်းဆရာဆရာမကြီးများကို အနူးအညွတ်မေတ္တာ ရပ်ခံလိုပါတယ်။ ကျနော်တို့ရဲ့လူ့အဖွဲ့အစည်းကို ဆက်လက်ပြီး ဂရုဏာရှေ့ထားလို့ တာဝန်ဆက်လက် ယူပေးစေလိုပါတယ်။ အနည်းဆုံးအားဖြင့် မိမိတို့နေထိုင်ရာ ရပ်၊ ရွာ၊ ဒေသတွေမှာ ဆက်လုပ်ပေးကြပါ။ အခုအချိန်အခါမှာ အုပ်ချုပ်ရေးအာဏာကို ဗဟိုဦးစီးချုပ်ကိုင်မှုက လျော့ချထားပြီဖြစ်လို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဦးစီးဦးဆောင်မှုတာဝန်တွေကိုလည်း ယူပေး စေလိုပါတယ်။ ထိုင်းနိုင်ငံသားအားလုံးနှင့်အတူ ကျောင်းဆရာဆရာမကြီးများမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံသားအခွင့်အရေးအရ ဥပဒေတွေအတွက် တင်ပြပိုင်ခွင့်တွေရှိနေတယ်။ အဂတိတရား လိုက်စားသူတွေကိုလည်း တာဝန်တွေကဖယ်ရှားပိုင်ခွင့်လည်း ရှိနေပါတယ်။

နှစ်ပေါင်းများစွာ ပညာရေးအတွေ့အကြုံတွေကြွယ်ဝနေကြတဲ့၊ မိမိနှင့် အခြားသူတွေကို ပျိုးထောင် ပေးခဲ့ကြသူတွေရဲ့တန်ဖိုးနဲ့ ခံယူချက်ကသာလျှင် လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကျနော်တို့ တိုင်းပြည်က ကြံ့ကြံ့ခံနိုင်မှာပါ။ ကျနော်တို့ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုမိုသန့်စင်တဲ့ တိုင်းပြည် ဖြစ်လာမှာပါ။ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး တိုင်းပြည်တွေစာရင်းထဲမှာ ပါနေတာကို ပယ်ဖျက် လာနိုင်မယ်။ တရားစီရင်ရေးဆိုင်ရာ မယုံကြည်ရဆုံးစာရင်းကလည်း ကင်းလွတ်ပါလိမ့်မယ်။

အဲဒီတိုက်ပွဲမှာတော့ ဆရာဆရာမများဟာ ရှေ့ ဆောင်လမ်းပြ ကြယ်စင်တွေဖြစ်ပါကြောင်း။

သိန်းနိုင်

(၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့၊ ၅ ရက် အောက်တိုဘာလ ၂၀၀၈ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Thongbai Thongpao \ Teachers are our nation’s cultural warriors ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)

Monday, October 13, 2008

"လူတိုင်းအတွက်ပညာရေးနှင့်ကျန်းမာရေးအခွင့်အရေး"

ပညာသင်ကြားခွင့်ရရေးသည် မွေးရာပါလူ့အခွင့်အရေး တရပ်သာဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင် ကြီးပြင်းသူများအဖို့ကား ကျောင်းနေခွင့်ရရေး၊ ပညာသင်ယူခွင့်ရရေးသည် မဟာအခွင့်အရေး။ မိဘများအတွက် ကိုယ့်သားသမီးများ ကျောင်းဝတ်စုံအဖြူအစိမ်းလေး၊ အချိန်တန် အရွယ်ရောက်လျှင် ဝတ်နိုင်ဖို့အရေးသည် အရေးကြီးဆုံး တာဝန်တရပ်။ ထို့အတွက် အသဲအသန် ကြိုးစား ရှာဖွေကြရသည်။ ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေး၊ ကျောင်းအုပ်ဆရာမကြီးအား ကန်တော့ကြေး၊ တံမြက်စည်းဖိုး၊ တိုးချဲ့ကျောင်းဆောင်သစ်အလှူငွေ စသည်စသည်နှင့်။

တစ်နှစ်လဲမဟုတ်၊ နှစ်နှစ်လဲမဟုတ်၊ အကြိမ်ကြိမ်အလီလီ၊ နှစ်ပေါင်းများစွာ။ သားသမီးကို ကျောင်းထားနိုင်ရေးသည် လက်လုပ်လက်စားမိဘများအတွက် မဟာစွန့်စားခန်း။ နောက်ဆုံးတော့ လေးတန်းနှင့် ကျောင်းနှုတ်ရ၊ ခုနှစ်တန်းနှင့် ကျောင်းနှုတ်ရဖြင့် အဆမတန် ကြီးမြင့်လှသော ကုန်ဈေးနှုန်းဂယက်ကြားတွင် အိမ်စရိတ်ကျေဖို့အရေး ကလေးများကို ဇွတ်အလုပ်လုပ်ခိုင်းရတော့သည်။

ထိုအဖြစ်မျိုးကြုံကြရသော ကလေးများ၏ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးရင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မဆလာဗန်းရွက်ရင်း ရွယ်တူကျောင်းသားလေးတွေကို ငေးကြည့်နေတတ်သော မျက်ဝန်းလေးများကိုကား တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ကြွေးကြော်နေကြသော နအဖတို့ မစာနာတတ်ကြ။ အပြောနှင့်အလုပ်သာညီကြလျှင် ထိုသို့သော ကလေးငယ်များ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစရာ အကြောင်းမရှိ။ ဤသို့အပြောနှင့်အလုပ် မညီသောသူများသည်လည်း တိုင်းပြည်အုပ်ချုပ်သူများအဖြစ် ဆက်လက်ရှိမနေသင့်။ ဤသည်ကား အကြောင်းအကျိုး ညီညွတ်သော အမှန်တရား။

အခြေခံပညာရေးကို တတ်နိုင်သမျှအခမဲ့ပညာရေးဖြစ်ရမည်ဟု လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက ဖော်ပြထားပါသည်။ တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် ယနေ့ကလေးများ၏ ပညာရေးပေါ်တွင် များစွာမူတည်ပါသည်။ အခြားနိုင်ငံများတွင် တက္ကသိုလ်ပညာရေးများကိုပင် အစိုးရမှငွေထုတ်ချေးပြီး၊ ဘွဲ့ရမှ၊ အလုပ်ရမှ တဖြည်းဖြည်းပြန်ဆပ်ခိုင်းနေချိန်၊ ဘွဲ့လွန်သင်တန်းများအတွက် ပညာသင်ထောက်ပံ့ ကြေးများပေးပြီး၊ ပညာရှင်များမွေးထုတ်နေချိန်တွင် ကျွန်ုပ်တို့မြန်မာပြည်တွင် လူဖြစ်ခဲ့ရသော ကျောင်းသားများအတွက်ကား အခြေခံပညာရေးကိုပင် ကောင်းစွာသင်ခွင့်မရရှာကြ။ နအဖစစ်အာဏာရှင် လက်အောက်တွင် မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြသည်။

ကျန်းမာရေးတွင်ကော ဘာထူးပါသနည်း။ မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြဆဲ။ မြန်မာနိုင်ငံတွင် အခမဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုသာရှိခဲ့ပါက သေဆုံးမှုနှုန်းများ၊ ဤမျှမြင့်မားမည်မဟုတ်ကြောင်း မည်သည့်ဆရာဝန်ကိုသွားမေးမေး၊ မည်သည့်ကျန်းမာရေးဝန်ထမ်းကို သွားမေးမေး တသံတည်းသာ ထွက်ပါလိမ့်မည်။

ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့်ဆေးဝါးများကားမရှိ၊ ပစ္စည်းကိရိယာများမှာလဲ မပြည့်စုံ။ ဤသည်ကို အစားထိုးသည့် ခေတ်မီအထူးကုဆေးခန်းများ ပေါ်လာသည်။ ရပ်ကွက်ထဲ ဆေးခန်းကလေးများမှ ဆရာဝန်များကို သွားရောက်ပြသဖို့ပင် အခက်တွေ့နေရသော သာမန်ပြည်သူတို့ မော့ပင် မကြည့်ရဲသည့်နေရာများ။

အခြားနိုင်ငံများတွင် ဤသို့သောဆေးခန်းများမရှိဟု မဆိုလိုပါ။ ငွေရှိလျှင် ဇာချဲ့ချင်တတ်သည်က လူသားတို့ထုံးစံပါ။ ထိုသူများ၏စိတ်အာသာကို ဖြည့်ဆည်းပေးမည့်အရာများလဲ ရှိသင့်ပါသည်။ သို့ရာတွင် သာမန်ပြည်သူတို့၏ ကျန်းမာရေးကိုလဲ အစိုးရမှ သင့်လျော်သောပေါ်လစီများ ချမှတ်ဆောင်ရွက်ပေးကြသည်။ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်များနှင့် ဖွဲ့ထားသည့်အစိုးရတရပ်နှင့် အာဏာသိမ်းအစိုးရတို့ကား ပြည်သူ့အကျိုးဆောင်နိုင်ပုံချင်း မိုးနဲ့မြေပမာကွာခြားကြောင်း မြန်မာပြည်ဖြစ်ရပ်များက သက်သေပြနေသည်။

နိဂုံးချုပ်ဆိုရသော် လူတိုင်းအတွက်ပညာရေး၊ ကျန်းမာရေးဟူသော မွေးရာပါလူ့အခွင့်အရေးသည် စောင့်ရှောက် အကောင်အထည်ဖော်ပေးရမည့် အစိုးရ၏ မူဝါဒများပေါ်တွင် များစွာမူတည်ပါသည်။ နိုင်ငံတော်ဘဏ္ဍာ၏ နှစ်ရာခိုင်နှုန်းကိုသာ ပညာရေးနှင့် ကျန်းမာရေးတွင်သုံးပြီး၊ ကျန်သည်များကို အိတ်ထဲထည့်လိုက်၊ စစ်ရေးတွင်သုံးလိုက်၊ ပြည်သူများအတွက် အကျိုးမရှိသည့်ကဏ္ဍများတွင် သုံးလိုက်လုပ်နေသည့် အစိုးရတရပ်လက်ထက်တွင် (နအဖပဲဖြစ်ဖြစ်၊ နအဖရွေးကောက်ပွဲနှင့် ပေါ်လာမည့် ကြိုးဆွဲပဲဖြစ်ဖြစ်) ဤအခွင့်အရေးများဆက်လက် ဆုံးရှုံးနေမည်မှာ မြေခတ်မလွဲ။ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအပြည့်အ၀ရှိသော လူ့ဘောင်သစ်တရပ်ကို တည်ဆောက်ဖို့အချိန်ကား တန်ရုံမက အနဲငယ်ပင် နှောင်းလို့နေလေပြီ။ ကျွန်ုပ်တို့မရခဲ့သည့် အခွင့်အရေးများ၊ ကျွန်ုပ်တို့သားသမီးများ ခံစားနိုင်ဖို့အရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။


ခင်မမမျိုး (၂၉၊ ၈၊ ၂၀၀၆)

Wednesday, October 8, 2008

ကိတ်မုန့်တစ်လုံးကို ဘယ်လိုခွဲဝေမလဲ

(ပန်ဒိုရာ ဘလောဂ့်မှ ကူးယူဖော်ပြသည်)

“ဒီမှာ ကိတ်မုန့် တစ်လုံး ရှိတယ်။ စားမယ့်လူက အယောက်နှစ်ဆယ် ရှိတယ် ဆိုပါစို့။ ဘယ်လိုခွဲဝေနိုင်မလဲ။”

ဆရာက သူ့လက်ထဲက ကိတ်မုန့်ကို စားပွဲပေါ် ချထားလိုက်ပြီး ကျောင်းသားများ မျက်နှာကို တစ်ဦးချင်း လိုက်ကြည့်လေသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသား တစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်သည်။


“အလယ်ကနေ နှစ်ခြမ်းအရင် ခြမ်းမယ်။ ပြီးတော့ တစ်ခြမ်းကို ဆယ်စိတ်အညီအမျှ ရအောင်စိတ်မယ်။”

ဆရာက သင်ပုန်းပေါ် ရေးမှတ်လိုက်သည်။

“ဆိုလိုချင်တာက တူညီတဲ့ အစိတ် နှစ်ဆယ် ရအောင် ပိုင်းမယ်ဆိုပါတော့။ ဟုတ်လား။”

“ဟုတ်ပါတယ် ဆရာ”

“ကျနော်ကတော့ ဒီလို မခွဲဘူး။”

ခပ်၀၀ ကျောင်းသားတစ်ယောက်က ပြောလေသည်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး။ သူက ပျော်တတ်ပုံရသည်။

“ကိုယ်ခန္ဓာ အချိုးအစားအလိုက် ခွဲမယ်။ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ်။”

တတန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အတန်းက ပိုပြီး အသက်ဝင်လာသည်။

မိန်းကလေးတစ်ယောက်က ခပ်သွက်သွက် ၀င်ပြောလိုက်သည်။

“ဘယ်ဟုတ်မလဲဆရာ။ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးတွေ ပေးရမယ်။ ယောင်္ကျားလေး တွေက အစိတ်သေးသေးယူရမယ်။”

“ဟုတ်တယ် ဟုတ်တယ်။” မိန်းကလေးများ ဘက်မှ ထောက်ခံသံများ ထွက်လာသည်။

ဟစ်ပ်ဟော့ပ်စတိုင် ပေါက်နေသော ကျောင်းသား တစ်ယောက်က အားကျမခံ ပြောလိုက်ပြန်သည်။

“ဟာ.. ဒီလိုပြောကြေးဆိုရင် အသက်ပေါ် မူတည်ပြီး ခွဲသင့်တာပေါ့။ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီး စောစောစားဖူးလို့ နည်းနည်းပဲ ယူသင့်တယ်။ ငယ်တဲ့သူတွေက များများယူရမယ်။ သာမန်အားဖြင့် ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင် ဆက်အသက်ရှင် နေရဦးမယ် မဟုတ်လား။ သူတို့ကို ဦးစားပေးသင့်တယ်။”

ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားတစ်ယောက်က ကပျာကယာ ကန့်ကွက်လိုက်ပါသည်။

“ဟေ့ဟေ့.. မောင်ရင်ပြောတာက ပြောင်းပြန်တွေ ဖြစ်နေပါပြီ။ အသက်ကြီးသူတွေကို အရိုအသေ ပေးတဲ့အနေနဲ့ ပိုပြီး များများပေးသင့်တာ မဟုတ်ဘူးလား။”

မျက်မှန်ထူထူ တပ်ထားသော ကျောင်းသားတစ်ယောက်က လက်ခါရမ်းလိုက်သည်။

“တခုမှ မဟုတ်သေးဘူး ထင်တယ် ဆရာ။ ဦးစားပေးတယ် ဆိုရင်လည်း ဘယ်သူ့ကိုပဲပေးပေးလေ တကယ်စားနိုင် မစားနိုင်က သိဖို့ လိုသေးတယ်။ မကြိုက်တဲ့ လူကလည်း ရှိဦးမယ်။ ဘယ်သူ စားချင်သလဲ။ ဘယ်လောက် စားနိုင်သလဲ။ မေးပြီးမှ လိုသလို ခွဲပေးတာ ကောင်းမယ် ထင်ပါတယ်။ နို့မို့ရင် အလဟသတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။”

ဆရာက ပြောသမျှ နည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးလိုက်ပါသည်။

“ဟုတ်လာပြီ ဟုတ်လာပြီ။ ကဲ .. ဆက်စဉ်းစားပါဦး။”

အအေးဓာတ်ကဲသော အခန်းထောင့်တနေရာတွင် ထိုင်နေသည့် အနွေးထည်ထူထူ ၀တ်ထားသော ကျောင်းသား တစ်ယောက်က လက်ထောင်လိုက်သည်။

“ကျနော် စဉ်းစားမိတာ ပြောပါရစေ။”

သူကတော့ စကားပြောတာ တုံ့နှေးနှေး နိုင်လှသည်။ သူ့ထံမှ စကားသံ ထွက်လာရန် စက္ကန့်အနည်းငယ်ကြာ စောင့်လိုက်ရသည်။

“ကိတ်မုန့်မှာ သစ်သီးတချို့လည်း ပါနေတယ်။ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာတော့ သစ်သီးတစ်ခု ပါမသွားနိုင်ဘူး။ နောက်တခုက ပဲ့တာရွဲ့တာ တွေလည်း ဖြစ်နေနိုင်တယ်။ စားချင်သူ စားနိုင်သူတိုင်းကို လိုသလို ခွဲပေးရရင် မျှတဖို့အတွက် ခက်တယ်ဆရာ။ ကျနော်ကတော့ လုပ်အားစိုက်ထုတ်တဲ့ အပေါ်မှာ မူတည်ပြီး ခွဲချင်ပါတယ်။”

“ဟုတ်ပြီ။ ဒီတော့…”

“ဒီကိတ်မုန့်ကို သယ်လာရတဲ့လူ၊ ခွဲဝေဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေ ဆေးကြောပေးရတဲ့လူ၊ စားသောက်ပြီးရင် သန့်ရှင်းရေးလုပ်ပေး အမှိုက်ပစ်ပေးတဲ့လူ .. စတဲ့ လူတွေဟာ ကိတ်မုန့် ခွဲဝေစားသုံးတဲ့ ကိစ္စမှာ ကမကထ လုပ်ပြီး သူတို့ရဲ့လုပ်အားကို စိုက်ထုတ်ပေးတဲ့အတွက် သူတို့ လိုချင်တဲ့အပိုင်းကို အရင် ရွေးခွင့်ပေးသင့်ပါတယ် ဆရာ။”

“ဟာ.. ဒါဆို သူတို့က အကြိုက်ဆုံး အကောင်းဆုံးတွေ ယူသွားပြီး တခြားလူတွေ အတွက် မကျန်ရင် ဘယ်လိုလုပ်မလဲ။”

တချိန်လုံး ငြိမ်နေခဲ့သည့် ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်က ထအော်လိုက်သည်။

ဆရာက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချရေးလိုက်ပြန်သည်။

“ကဲ ဟုတ်ပြီ။ ဒီလောက်ဆိုရင်တော့ စဉ်းစားကြတာ လုံလောက်သလောက် ရှိပါပြီ။ အားလုံး ပြောတာတွေ ခြုံကြည့်လိုက်ရင် ဒီလို မှတ်ချက်ချရမယ်။ ပထမဆုံး ပြောရမှာကတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက် မလွယ်ဘူးပဲ။”

ကျောင်းသားများ ၀ါးခနဲ ရယ်လိုက်ကြပြန်ပါသည်။ ဆရာက ဆက်ပြောသည်။

“အညီအမျှဖြစ်ခြင်း(equality) နဲ့ မျှတခြင်း(equity) ဆိုတာ မတူဘူး။ မတူညီတဲ့ အခြေခံတွေပေါ်ကို အညီအမျှ သွားလုပ်လိုက်လို့ မမျှမတ ဖြစ်သွားတာတွေ ရှိတတ်တယ်။ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ပဲ ခွဲဝေရတာတွေ ရှိတတ်တယ်။ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့ လိုသလို လုပ်အားစိုက်ထုတ်မှု ကိုလည်း ထည့်တွက်ရမယ်။ အလေအလွင့် မရှိအောင်လည်း တွက်ချက်ရမယ်။ အဲဒီလို မျှတအောင် လုပ်ရမယ့် စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းတွေ ပိုင်းချလိုက်တဲ့နည်းထက် ပိုရှုပ်ထွေးတယ်။ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွား တွေနဲ့လည်း ပြိုင်ဆိုင်နေတတ်တယ်။ အလွဲသုံးစား မလုပ်စေဖို့လည်း လိုတယ်။ ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့် ရှိဖို့တော့ လိုမယ်။ နောက်ထပ် ဘာတွေ ရှိဦးမလဲ ဆက်စဉ်းစားကြတာပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာဝယ်လာတဲ့ ကိတ်မုန့်ကိုလည်း လက်တွေ့ တကယ်စားလိုက်ကြပါဦး။”

ဆရာက ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးသို့ ချပေးလိုက်ပါသည်။

“ကဲ တရားအမျှတဆုံး ဖြစ်အောင် ခွဲပြီး စားကြပေတော့။ ဆရာ့ဖို့လည်း တစ်စိတ်ချန်ထားနော်။”

ကျောင်းသားများ ပျော်ရွှင်စွာ ရယ်မောရင်း ကျောင်းဆင်းလိုက်ကြပါသည်။


ပန်ဒိုရာ

(ကျောင်းသားဘ၀ စာသင်ခန်း အတွေ့အကြုံ တစ်ခုမှ ဆင့်ပွား ခံစားထားပါသည်။)

Thursday, October 2, 2008

First call for abstracts for the annual meeting of the Southeast Asian Linguistics Society

FIRST CALL FOR ABSTRACTS

SEALS XIX
The 19th Annual Meeting of the Southeast Asian Linguistics Society
28-29 May 2009
University of Social Sciences and Humanities, Vietnam National
University - Ho Chi Minh City - VIETNAM

Deadline for abstracts: 15 February 2009

The Southeast Asian Linguistics Society - SEALS - was founded at Wayne State University (in Detroit, Michigan) in 1990. SEALS holds an annual conference in diverse locations in the United States, Australia, Southeast Asia and other countries. This time, SEALS XIX will be hosted in Vietnam by the Faculty of Vietnamese Studies at the University of Social Sciences and Humanities, Vietnam National University.

Abstracts are invited for papers on any topic related to the analysis of Southeast Asian languages, such as descriptive, theoretical, or historical linguistics, linguistic anthropology (ethnolinguistics, language attitudes and ideology, discourse and conversational analysis, language and gender, language and politics), language planning, literacy and bilingual education.


Abstract submission deadline

Abstract submission deadline is 15 February 2009. Abstracts are preferably written using a Unicode font and should consist of two or three pages as follows:

Page 1

Author's name and Paper's title

Abstract body (maximum 400 words). Be as specific as possible, with a statement of topic, approach, and conclusions.

Page 2

References (if any).

An author may submit one single and one joint abstract. In case of joint authorship, one author should be designated as the contact person. Presentations are allotted 20 minutes with 10 minutes for
questions. All papers at SEALS are presented in English. Papers presented at the meeting will be considered for publication in the Journal of the Southeast Asian Linguistics Society.

Submission
Abstracts can be submitted by one of the following ways:

--> By email, as email attachments in two formats, .PDF and .DOC, to
Dinh Lu Giang, at the following address: seal...@vns.edu.vn. Please
indicate "Abstract for SEALS XIX" in the email subject heading.


Notification of acceptance by 15 March 2008 (by email).

Organizing Committee:

Local Committee:

Nguyen Van Hue
Dinh Lu Giang

International committee:
Martha Ratliff
George Bedell
Brian Migliazza
Paul Sidwell
Doug Cooper
Mark Alves
Marc Brunelle

Sponsor:

Faculty of Vietnamese Studies

University of Social Sciences and Humanities - Vietnam National
University - HCM City
Phone: +848 8 225009
Fax: +848 8 229390

Monday, September 29, 2008

ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း-၃)

ပညာရေးစီမံချက်နှင့်ပေါ်လစီများ

ပညာရေးစီမံချက်နှင့် ပေါ်လစီများချမှတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြုလုပ်ရမယ့် စီမံချက်များ၊ ပေါ်လစီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ချမှတ်ရမည့် ပေါ်လစီများမှာ များစွာသော ကွဲပြားမှုတွေ ရှိပါတယ်။

ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးက (၂၀၀၇)ခုနှစ်က ထုတ်ဝေတဲ့ Building Knowledge economies စာတမ်းမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

(၁) မူလတန်း၊ပညာရေး

* လူတိုင်းအတွက် ပညာရေး စီမံချက်များတွင် အာရုံစိုက်ရန်

* ကျောင်းအပ်နှုန်းတိုးမြှင့်လာရေး ဆောင်ရွက်ရန်

* အမျိုးသမီးငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်လာစေရန်

* အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ရန်


(၂) အလယ်တန်း၊ အထက်တန်းပညာရေး

* အလယ်တန်းကျောင်းအပ်နှုန်းတိုးမြင့်လာရေးဆောင်ရွက်ရန်

* အထက်တန်းပညာရေးအား တက္ကသိုလ်ကောလိပ်ပညာရေးများအတွက် ပြင်ဆင်ပေးရုံသာမက လုပ်ငန်းခွင်ဘ၀နှင့်ပါ သင့်လျော်နိုင်စေမည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ရန်

(၃) တက္ကသိုလ်၊ ကောလိပ်ပညာရေး

* တက္ကသိုလ်၊ ကောလိပ်ပညာရေးအဆင့်အတန်းမြင့်မားလာစေရန်

* Economy တွင် လိုအပ်သော အရည်အချင်းများနှင့် တွဲစပ်ဖော်ဆောင်ရန်

* ပရိုဂရမ်နှင့် လိုအပ်သောအရည်အချင်းများကို ဖော်ထုတ်ရန် လုပ်ငန်းရှင်များထံမှ အကြံဥာဏ်ရယူရန်
* အချိန်ကာလပိုမိုတိုတောင်းသော နည်းပညာပိုင်းဆိုင်ရာသင်တန်းများ (ဥပမာ- ပိုလီတက်နစ်များ) ဖွင့်လှစ်ရန်


(၄) စဉ်ဆက်မပြတ်ပညာရေး

* စာတတ်မြောက်မှုနှုန်းမြင့်မားလာရေး ဆောင်ရွက်ရန်

* economy မှ လိုအပ်သော အရည်အချင်းများကို ဖော်ထုတ်ပေးနိုင်မည့် သင်တန်းများပေးရန်

* အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်

စသည်တို့ဖြစ်ပါတယ်။

များသောအားဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ပညာရေးစနစ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ ပညာတတ်များနည်းပါးမှု၊ မထိရောက်သော ပညာရေးမူဝါဒများချမှတ်ထားမှု၊ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်များ economy လိုအပ်ချက်နှင့်မကိုက်ညီမှု၊ သိပ္ပံနဲ့နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်အားနည်းမှု စတာတွေဖြစ်ပါတယ်။

ဘာသာစကားအနေနဲ့ကတော့ ပထမပိုင်းနှစ်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရာက တစတစ နိုင်ငံရပ်ခြားဘာသာစကားများကို တိုးချဲ့သင်ပေးသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အာဖရိကတိုက်နိုင်ငံများမှာ ကျင့်သုံးရာမှာ ကြီးစွာသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လူငယ်တွေကို ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနဲ့ မိတ်မဆက်ပေးခင်မှာ solid language base နဲ့ သင်ယူလေ့လာရေးဖြစ်စဉ်ကို အခြေပြုတဲ့ approach ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးကြီးတဲ့ပညာရေးရည်မှန်းချက်ကတော့ အရည်အသွေးမြင့်မားတဲ့ ဘွဲ့ရပညာတတ်များ အရေအတွက် တိုးတက်မြင့်မားလာခြင်းပဲဖြစ်သင့်ပါတယ်။ အရေအတွက်များပြားလာခြင်း တခုတည်းနဲ့ ပညာရေးရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။

ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ယူနက်စကိုက ဖော်ထုတ်ထားတဲ့ generic simulation model, EPSSim နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပါမယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)

 

© 2007 IngridGrey By Arephyz