ရေးသားတင်ပြသူ- ခင်လေးကြည်ကြည်
မြန်မာနိုင်ငံ ကျောင်းပညာရေးမှာ အနုပညာနဲ့ပတ်သက်ပြီး ခံစားကျွမ်းဝင်တတ်စေဖို့ အတွက် အားပေး မှုတွေ အတော်လေး အားနည်းနေသေးတာကို တွေ့ရပါတယ်။ ကျောင်းတွေမှာ ပန်းချီပြိုင်ပွဲတွေ၊ အဆို အက ပြိုင်ပွဲ တွေကို အခါအားလျော်စွာ ကျင်းပပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အထိမ်းအမှတ်ပွဲတွေ အဖြစ်ပဲ ကျင်းပ တာ များပြီး ပန်းချီ၊ ဂီတ၊ အက စတဲ့ ပညာရပ်တွေ ဖွံ့ဖြိုးရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး ဆိုတဲ့ ရည်ရွယ်ချက် အောက်မှာပဲ ရှိနေတတ်ပါတယ်။
ဒီနေ့ခေတ် ပညာရေး သဘောတရားတွေမှာ E.Q (သို့) E.I (Emotional Intelligence Quotient) ဆိုတာကို I.Q (Intelligence Quotient) ထက်ပိုပြီး ဦးစားပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ကျယ်ပြန့်လာပါတယ်။ မြန်မာလို ပြန်ရရင် မျှဝေခံစားနိုင်မှု စွမ်းရည် ပမာဏ လို့ ခေါ်ရမယ် ထင် ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုး ညွှန်းတမ်းပြုစုရေးအဖွဲ့မှာ ပါခဲ့တဲ့ ဆရာတင်မိုးတို့လို ပညာရှင်ကြီးတွေရဲ့ စေတနာကိုလည်း သူရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှာ အများကြီးတွေ့မြင်နိုင်ပါတယ်။ `ဆရာတို့က ရသ ခံစား တတ် အောင် လူတိုင်းကို သင်ပေး ချင်တာ၊ ရသ ခံစားတတ်မှ လူအချင်းချင်းကိုယ်ချင်စာတရားရှိမှာ´လို့ဆရာ့ သဘောထားကို ဆရာ့သမီးတွေ ရေးတဲ့ ဆောင်းပါးထဲမှာ ဖတ်လိုက်ရပါတယ်။ (ငှက်ကလေး ရဲ့ခရီးသွား၊ မိုးမိုးနှင်း မိုးချိုသင်း-မိုးမခ အင်တာနက် စာမျက်နှာ)။
ကလေးပန်းချီပြိုင်ပွဲတွေကို ကျင်းပတဲ့အခါမှာလည်း ကလေးတွေရဲ့ ခံစားချက်ထက် သူတို့ရဲ့ ပန်းချီလက်ရာ၊ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့ အကဲဖြတ်ချက်တွေနဲ့ စဉ်းစားလေ့ရှိကြပါတယ်။ တကယ်တော့ ပန်းချီ အနုပညာဆိုတာ အင်မတန် လေးနက်ကျယ်ဝန်းတဲ့ အဆင့်ရှိသလိုပဲ လူတိုင်း နားလည်နိုင်၊ ခံစား နိုင်၊ ဖန်တီးနိုင်တဲ့ အဆင့်တဆင့်လည်း ရှိပါတယ်။ ကျမတို့ရဲ့ ကလေးတွေကို လောကကို ချစ်တတ်အောင်၊ သဘာဝ အလှအပကို မြတ်နိုးတတ်အောင်၊ စိတ်အလှကို မွေးမြူတတ် လာအောင်လို့ ပန်းချီအပါအ၀င် ကဗျာ ဂီတ စတဲ့ ပုံ သဏ္ဌာန် အမျိုးမျိုးသော အနုပညာ ဘာသာရပ်တွေကို သင်ကြားပြီး ကျောင်းစာသင်ခန်းတွေက တဆင့် လေ့ကျင့်ပေးဖို့ လိုပါတယ်။
အောက်တိုဘာ(၅) ရက် `ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်´ ကလေးပန်းချီပြိုင်ပွဲလေးတစ်ခုကို ထိုင်းနိုင်ငံ မှာ အခြေ စိုက်တဲ့ `အမျိုးသားကျန်းမာရေးနှင့် ပညာရေး ကော်မီတီ´ရဲ့ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှု လုပ်ငန်း တစ်ရပ်အနေနဲ့ ပြုလုပ် ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတိုင်းရင်းသား ကလေးငယ်တွေကို စာသင်ပေး နေတဲ့ ကျောင်းတွေဆီ လက်လှမ်းမှီ သမျှ ဖိတ်ခေါ်စာတွေပို့ခဲ့ပါတယ်။
နယ်မြေအသီးသီးရဲ့ အခြေအနေကိုစဉ်းစားပြီး ရေဆေးဖြစ်စေ၊ ရောင်စုံဖြစ်စေ၊ ခဲဖြစ်စေ၊ နှစ်သက်ရာကို အသုံးပြုပြီး ရေးဆွဲနိုင်ကြောင်း၊ ဆရာများနေ့အထိမ်းအမှတ်ဖြစ်ပေမဲ့ မိမိနှစ်သက်ရာပုံကို ရေးဆွဲနိုင်ကြောင်း၊ လက်ရာကောင်းမွန်မှု သာမက ရေးဆွဲသူရဲ့ စိတ်ကူး စိတ်သန်း ကောင်းမွန်မှု ကိုပါ ထည့်သွင်း စဉ်းစားမှာ ဖြစ်တဲ့ အတွက် မိမိရေးဆွဲတဲ့ ပန်းချီကား အမည်နဲ့ ရေးဆွဲရတဲ့ ခံစားချက်ကိုပါ ထည့်ရေးပေးဖို့ ကိုလည်း ဖိတ်ခေါ်စာနဲ့အတူ ပေးပို့အကြောင်းကြားခဲ့ပါတယ်။
ပြိုင်ပွဲဝင် ပန်းချီကားချပ်ပေါင်း (၄၄၀) ကား ရခဲ့ပါတယ်။ အဲသည်အထဲကမှ အသက်အပိုင်းအခြားအလိုက် အငယ်တန်းနဲ့ အကြီးတန်းခွဲပြီး အကောင်းဆုံးလက်ရာရှင်ဆု (၅)ဆုစီနဲ့ နှစ်သက်ဖွယ်လက်ရာရှင်ဆု (၁၀) ဆုစီ ရွေးချယ်ပေးခဲ့ပါတယ်။ မူလတည်းက သတ်မှတ်ထားခဲ့တဲ့ ဆုအရေအတွက်ကြောင့် ဆုရွေးချယ် မခံရ ပေမဲ့လည်း လက်ရာကောင်းတဲ့ ပန်းချီကား လေးတွေ အများကြီးရှိသလို၊ စိတ်ဝင်စားဖို့ကောင်းလှတဲ့ သူတို့ရဲ့ အတွေးစိတ်ကူးလေး တွေက သူတို့ရဲ့ ဘ၀နောက်ခံ ကိုပါ သိထားခဲ့ရင် စဉ်းစားစရာတွေ အများကြီးကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျမကြည့်ရှု အကဲဖြတ်ခဲ့ရတဲ့ သူတို့ရဲ့ ပန်းချီကားလေးတွေနဲ့ သူတို့ ရေးဆွဲရတဲ့ ခံစားချက်တွေကို စိတ်ဝင်စားသူအားလုံးကို ဝေမျှချင်တာပါ။
……………………………………………………………………………….။
အရင်ဆုံး ရောင်နီဦးကျောင်း က ကလေးတွေဆွဲထားတဲ့ ပန်းချီကားလေးတွေကို ပြချင်ပါတယ်။ ရောင်နီဦး ကျောင်း ဆိုတာက ၈ လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားတပ်မတော်က ဖွင့်ခဲ့ တဲ့ ကျောင်းပါ။ အခုအချိန်မှာ အထက်တန်းကျောင်းအဖြစ်နဲ့ ထိုင်းမြန်မာ နယ်စပ်တနေရာက ဒုက္ခသည်စခန်း တစ်ခုထဲမှာရှိပါတယ်။ အဲဒီကျောင်းလေးကို ရောက်ခဲ့ဖူးပြီး ကလေးတွေနဲ့အတူ (၄)ရက် နေခဲ့ဖူးပါတယ်။
ကျောင်းသူကျောင်းသား အများစုက ကရင်လူမျိုးကလေးတွေဖြစ်ပါတယ်။ ကျောင်းရောက်စမှာ အံသြရတာ က သူတို့ရဲ့ အဖြူအစိမ်းကျောင်းဝတ်စုံရယ် မြန်မာစံတော်ချိန်အတိုင်းအသုံးပြုတဲ့ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ဖွင့်ထားတဲ့ ကျောင်းတွေမှာ ကလေးတွေဟာ များသော အား ဖြင့် ထိုင်းကျောင်းဝတ်စုံကိုပဲဝတ်ကြရပါတယ်။ နောက်တော့ ကျောင်းအုပ်ကြီး ရှင်းပြတာက ၈၈ အရေးအခင်း မှာ ကျဆုံးသွားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားလေး တွေကို အမှတ်ရ ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ရဲ့ ကျောင်းဝတ်စုံကို အဖြူအစိမ်းပဲ သတ်မှတ်ထား ပါတယ်တဲ့။ ကျောင်းတက် ကျောင်းဆင်းချိန်ကိုလည်း မြန်မာပြည်က အသုံးပြုတဲ့အချိန်အတိုင်းသတ်မှတ်ထားတာက သူတို့ဟာ မြန်မာပြည်သား ကလေးတွေ ဖြစ်တယ်ဆိုတာ မမေ့အောင်လို့ပါတဲ့။(ထိုင်းစံတော်ချိန်နဲ့ မြန်မာစံတော်ချိန်က ၄၅ မိနစ် ကွာပါတယ်။)
မြန်မာပြည်က အချိန်အတိုင်း ထိုးလိုက်တဲ့ ကျောင်းတက်ခေါင်းလောင်းသံနောက်မှာတော့ တကျောင်းလုံး ဟိန်းထွက် လာတဲ့ သီချင်းသံကိုကြားလိုက်ရပါတယ်။
`ငါတို့ကျောင်းသား…ပေါင်းစည်းလို့ ညီကြမည်….အမျိုးသားရေးကို ကြိုဆိုလို့အတည်….ဒီမိုကရေစီ ပညာရေး တွက်ရည်….တို့အသား တို့အသွေး ပေးလှုမည်…´။
ကျောင်းဆင်းချိန်ဆိုတဲ့သီချင်းကလည်း `ပဉ္စမမြောက် နိုင်ငံတော်သစ်မွေးဖွားခြင်း´တဲ့။
`….ပြည်သူတွေနဲ့ ကျောင်းသားအပေါင်းရဲ့ ..အရိုးတွန်ချိန်ရောက်လာပြီလေ…မြန်မာနိုင်ငံပဉ္စမ မြောက်ကို …တို့ တည်ထောင်စို့လေ…´။
ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ ကလေးတွေလည်းရှိပါတယ်။ သူတို့ကတော့ IDP လို့ အတို ခေါ်တဲ့ ပြည်တွင်း မှာ နေစရာအတည်မရှိပဲ ရွှေ့ပြောင်းပုန်းအောင်း နေကြရတဲ့ ကလေးအများစုဖြစ်ပါတယ်။ သူတို့ရဲ့ မိဘတွေ (အများစုက မိခင် ဖခင် အစုံမရှိကြပါ)က မြန်မာပြည်တွင်းမှာ ကျန်ခဲ့ပြီး ကလေးတွေကို ပညာတစ်ခုရဖို့် နဲ့ လုံခြုံမှုအတွက် ကျောင်းတက်နိုင်တဲ့အရွယ်ကစလို့ ဒီကျောင်းကိုပို့ထားခဲ့ကြတာပါ။ ကျမနဲ့အတူ အိပ်ခဲ့ရတဲ့ တတိယတန်း ကျောင်းသူ လေး ကတော့ အသက်(၆) နှစ်တည်းက ဒီကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့တာပါတဲ့။ `အမိုးနဲ့မတွေ့ရတာ သုံးနှစ်ရှိသွားပြီ´ လို့ ပြောပါတယ်။ သမီး ဘယ်တော့ရွာပြန်ဦးမလဲလို့ မေးမိတော့ `အမိုးလာမခေါ်သေးဘူးလေ… အမိုး လာခေါ်ရင်ပြန်မှာပေါ့´ တဲ့။ `အမိုးကမှာလိုက်တယ် အမိုးတို့အမျိုးထဲမှာ စာသင်ဖူးတဲ့သူ ဆိုတာမရှိလို့ သမီးက စာသင် နိုင်အောင် ကြိုးစားရမယ်တဲ့´။
ညသန်းခေါင်လောက်မှာတော့ မုန်တိုင်းကျလို့ မိုးတွေရွာ လေတွေတိုက်ပြီး ကျောက်တောင်စောင်းမှာ ဆောက်ထားတဲ့ ကျောင်းသူ အဆောင်တစ်ခုလုံး သိမ့်သိမ့် တုန်နေလို့ လန့်နိုးလာပါတယ်။ သစ်ကိုင်း ကျိုးကျတဲ့ အသံ တောင်စောင်းပေါ်က သစ်ပင်လဲပြီး လျှောကျလာတဲ့ အသံတွေကြားလို့ ကျမ ပြန်မအိပ်ရဲ တော့ပါဘူး။ ထရံပေါက်ကြားက မီးရောင်လေး လင်း နေတာ မြင်ရလို့ ချောင်းကြည့်လိုက်တော့ ဟိုဘက် ထရံတစ်ချပ်အခြားက ဆယ်တန်းကျောင်းသူလေး ကြိုးစားပမ်းစားသင်္ချာတွက်နေတာကို ယိမ်းနွဲ့နေတဲ့ ဖယောင်းတိုင်မီးရောင်အောက်မှာ တွေ့ရပါတယ်။ `သမီးလည်း အိပ် မပျော်ဘူးလား´ လို့ အဖော်ညှိမိတော့ `သမီး ဒီသင်္ချာတစ်ပုဒ်တွက်နေတာ မရသေးလို့ မအိပ်သေးတာပါ´တဲ့။ သြော် သူတို့ အတွက်တော့ ဒီမုန်တိုင်းလောက်က ကြောက်စရာမဟုတ်တော့ဘူးထင်ပါရဲ့။ သမီး ဒီမှာ (၁၀)တန်း စာမေးပွဲ ဖြေပြီး ရင် ဘာ ဆက်လုပ်မလဲလို့ စပ်စုတော့ `သမီးရွာပြန်မယ်လေ။ အမိုးတို့ ရွာမှာပဲရှိမယ်ထင်တယ်။ ရွာနဲ့ခွဲလာတာ (၆)နှစ် ရှိသွားပြီ။´တဲ့။ သူက ဆက်ပြောပြနေတယ်`သမီးတို့ငယ်ငယ်တုန်းကတော့ ရွာမှာ ကျောင်းရှိသေး တယ်။ နောက် တော့ စစ်တပ်က စစ်ထိုးလာလို့ တရွာလုံးမီးလောင်သွားတယ်´ တဲ့။
အဲဒီလို နောက်ခံဘ၀ တွေရှိတဲ့ ကလေးတွေ ရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို ကြည့်လိုက်ပါဦး။
ရေးဆွဲသူကတော့ ဇာနည်ထက် ပါ။ အသက် (၆)နှစ်အရွယ် သူငယ်တန်းကြီးကျောင်းသားလေးပါ။ သူ့ခံစားချက်ကတော့ `သစ်ပင်လိုပဲ သားသားလည်း မိသားစုနဲ့ အမြဲရှင်သန်ချင်လို့ပါ´ တဲ့။
နောက်တပုံကတော့..
သူငယ်တန်းကြီးကပဲ အသက်(၆) နှစ်အရွယ် မင်းကူထူး ဆွဲထားတဲ့ပုံလေးပါ။ ပန်းချီကားနာမည်က `ဒီအရုပ်ကလေးကို လိုချင်တယ်´ တဲ့။ သူရေးထားတဲ့ ခံစားချက်ကတော့ `သားသားဆီမှာ ဒီအရုပ်လေးတွေမရှိလို့ ၀မ်းနည်းစွာနဲ့ဆွဲတာပါ´။
ဒီပုံက စောဒေါလေ့ထူး အသက်(၉)နှစ်ဆွဲတဲ့ပုံပါ။ သူက ဒုတိယတန်းကျောင်းသားလေးပါ။ သူဆွဲထားတဲ့ ကျောင်းရှေ့အလံတိုင်က အလံက ကရင်အမျိုးသားအလံပါ။ ပန်းချီကားအမည်က `ရွာထဲကကျောင်းပုံ´။
ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျနော်စိတ်ကူးယဉ်သောရွာကလေး တရွာနှင့် သီးသန့်ကျောင်းလေး တကျောင်းကို တည်ထောက်ချင်ပြီး လှပသောတောင်တန်း၊ လယ်ကွင်းထဲ၌ ဆန်၊ စပါး၊ အသီးအရွက်များ စိုက်ချင်လို့´ ပါတဲ့။
အောက်ကပုံက ဒုတိယတန်းကျောင်းသား (၁၀)နှစ်သားလေး စောကလို့ကလော်ထူး ဆွဲတဲ့ပုံပါ။
သူ့ရဲ့ ပန်းချီကားခေါင်းစဉ်ကတော့ ကြောက်စရာပဲ `နအဖ စစ်တပ်များက YNU တပ်သားများနေသော နေရာကို ပစ်နေတဲ့ပုံ´ တဲ့။ YNU ဆိုတာ ရောင်နီဦးကို အတိုပြောချင်တာထင်ပါရဲ့။ သူ ခံစားချက်ကတော့ `သားသားကြီးလာရင်စစ်ဗိုလ်ဖြစ်ချင်လို့ပါ´တဲ့လေ။
ဒီပုံလေးကတော့ ပိုးပိုးလေး အသက်(၆) နှစ် သူငယ်တန်းကြီး ကျောင်းသူလေး ဆွဲတဲ့ပုံပါ။ ပန်းချီကား ရဲ့အမည်က `ကောင်မလေးနှင့် အိမ်ကလေး´ ရေးဆွဲရတဲ့ ခံစားချက်က `သမီးက ဒီအိမ်လေးထဲမှာ တယောက်ထဲပဲနေချင်တယ်။ ဒါကြောင့်ဒီပုံတွေကို ဆွဲတာပါ´ တဲ့။
အောက်ကပုံလေးတွေကတော့ အငယ်တန်းအဆင့်မှာ နှစ်သက်ဖွယ်လက်ရာရှင် အဖြစ်ရွေးချယ်ခံရတဲ့ ပုံတချို့ပါ။
ဒီပုံအမည်က `ကျောင်းပတ်ဝန်းကျင် ရှုခင်းပုံ´ ခံစားချက်ကတော့ ရိုးရိုးပါပဲ`ကျောင်းနှင့် ကျောင်းပတ်ဝန်း ကျင်ကို ကြိုက်နှစ်သက်၍´ တဲ့။ ရေးဆွဲသူက စောအောင်အောင် အသက်(၁၀) နှစ်၊ တတိယတန်းပါ။
ဘဲမယ် အသက်(၁၀)နှစ် ဆွဲတဲ့ပုံလေးပါ။ ဒုတိယတန်းကျောင်းသူလေးဖြစ်ပါတယ်။ ပုံနာမည်က `အိမ်နှင့်ခြံပုံ´ ဖြစ်ပြီး သူ့ခံစားချက်ကတော့ `ဤပုံလိုမျိုး ကိုယ့်အိမ်နှင့်ကိုယ့်ခြံနေချင်တယ်´ တဲ့။
ကျမ တော်တော်သဘောကျလို့ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆု ရွေးခဲ့တဲ့ပုံလေးကတော့ ရိုးရိုးလေးပါပဲ။ `သဘာဝ ရှုခင်းပုံ´ လို့အမည်ပေးထားပါတယ်။ သူ့ ခံစားချက်ကလည်း သိပ်ချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်ပါ။
`တဲက လူတွေနေဖို့ဆောက်ထားတယ်။
ချောင်းက တိရစ္ဆာန် တွေ ရေသောက်ဆင်းလို့ရတယ်။
တောင်တွေက အလွန်လှပတယ်။
စပါးပင်က လူတွေစားဖို့စိုက်ထားတယ်။
နေကလူတွေအတွက် အလင်းနဲ့အပူရစေတယ်။
တိမ်က မိုးပေါ်မှာပဲနေတယ်။
မိုးတွင်းအခါ မိုးရွာချတယ်။
မြက်ခင်းပြင်လဲ စိမ်းလန်းစိုပြေတယ်။´
သဘာဝ တရားကြီးရဲ့လှပမှုကို ဘယ်လောက်တောင် အကောင်းမြင်ထားတဲ့ စိတ်ကူးလေးလဲဆိုတာ။ ရေးဆွဲသူကတော့ နှင်းဖြူဖြူဦး စတုတ္ထတန်းကျောင်းသူလေးဖြစ်ပြီး အသက်(၉)နှစ်ခွဲပဲရှိပါသေးတယ်။
ဒီပုံလေးကလည်း အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါပဲ။ ရေးဆွဲရတဲ့ ခံစားချက်က `ကျနော်တို့ရွာ၏ ဘုန်းကြီး ကျောင်းကို သတိရသောကြောင့်ဖြစ်သည်´ တဲ့။ ပုံကိုအမည်ပေးထားတာကလည်း ရိုးရိုးလေး ပါပဲ `ဘုန်းကြီးကျောင်းပုံ´ တဲ့။ ရေးဆွဲသူကတော့ ဒုတိယတန်းကျောင်းသားလေး အောင်မျိုးထက် အသက်(၈)နှစ် ဖြစ်ပါတယ်။ သူ့ပုံထဲကလိုပဲ ရွာကဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီးရော ကိုရင်ရော အရိပ်အယောင်မှ ရှိပါသေးရဲ့လား လို့ စဉ်းစားမိပါတယ်။
အောက်မှာပြထားတဲ့ပုံက အကြီးတန်းအဆင့်က အကောင်းဆုံးလက်ရာရှင်ဆု ရွေးခံရတဲ့ ပုံလေးတပုံပါ။
ပန်းချီကားအမည်က `ရောင်နီဦး´တဲ့ ။ သူ့စိတ်ကူးကတော့ `ကျွန်တော်သည် ရေးဆွဲသည့် ခံစားချက်ကတော့ ကျွန်တော့်ဘ၀မှာ နေရတဲ့ ကျောင်းအားလုံးကို ရောင်နီဦးက အကောင်းဆုံးဖြစ်သည်။ စာသင်ဘက်ကလည်း ကောင်းသည်။ ဆရာ/မ ကလည်း ညီညာထကြွသည်။ computer centre လည်းရှိသည်။ ရောင်နီဦးကျောင်း သည် N.G.S.O လည်း ဖွဲ့စည်းထားသည်။ ကျောင်းသူ ကျောင်းသားလည်း မူးယစ်ဆေးဝါး မသုံးစွဲအောင် ဆရာ/မ စည်းကမ်းချက်ချပါသည်။ ရောင်နီဦးကျောင်းသည် ကျွန်တော့် အတွက် မမေ့နိုင်တဲ့ ကျောင်း တစ် ကျောင်း ဖြစ်သည်။´ သူပြောတဲ့ N.G.S.O ဆိုတာ ရောင်နီဦးကျောင်းက အတန်းကြီးကျောင်းသားတွေ ကိုယ်တိုင် ဖွဲ့စည်းပုံစည်းမျဉ်းတွေ နှစ်စဉ် ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတွေနဲ့ဖွဲ့ထားတဲ့ New Generation Students Organization ကိုပြောတာပါ။ ရေးဆွဲတဲ့ ကျောင်းသားအမည်က မောင်ထွန်းထွန်း အသက် (၁၅) နှစ် ပဉ္စမတန်း ကျောင်းသားပါ။
အကြီးတန်းအဆင့် နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ ပန်းချီကားလေး (၁)ကားကတော့ -
အသက် (၁၁)နှစ်အရွယ် စတုတ္ထတန်းကျောင်းသား စောဇဘလုထူး ဆွဲထားတဲ့ကားလေးပါ။ ပန်းချီကားကို အမည်ပေးမထားခဲ့ပေမဲ့ သူရေးဆွဲရတဲ့ ခံစားချက်ကိုဖတ်ကြည့်ပြီးရင် သူ့အစားအမည်တပ်ပေးကြပါလား။ သူ့လက်ရေးအတိုင်းဖော်ပြပေးလိုက်ပါတယ်။
`ကျွန်ုပ်ရဲ့ ငယ်ငယ်တုန်းက ဇွဲကပင်တောင်ကို မသွားရဘူး။ ဒါပေမဲ့ ဇွဲကပင်ကို ဆွဲလို့တတ်တယ်။ ဇွဲကပင် တောင် ကိုသွားချင်တယ်။ ဒါပေမဲ့ မသွားရဘူး။ ဇွဲကပင်ကို တကယ်မြင်ချင်တယ်´ တဲ့။
ဒီလက်ရာပိုင်ရှင်ကတော့ နော်ဒါးလေ့ အသက်(၁၃)နှစ် ပဉ္စမတန်းကျောင်းသူပါ။ သူ့ပုံလေး အမည်က `ရွာအပြင်က တဲကလေးနှင့်ရှုခင်းပုံ´ ဖြစ်ပါတယ်။ သူ့ခံစားချက်ကတော့ `ကျမရေးဆွဲသည့် ရွာအပြင်က တဲကလေးသည် ရွာထဲရှိ ရွာသားများအတွက် အကျိုးကျေးဇူးများရပါသည်။ နေပူသော အခါတွင် သစ်ပင်များ အောက်၌ရှိသော တဲကလေးထဲတွင် အနားယူလို့ရပါသည်။ ခရီးမောပန်းလာပြီး ရေငတ်သောအခါတွင်လည်း တဲကလေးထဲရှိရေကို သောက်လို့ရပါသည်။ ကျမ၏ ခံစားချက်ကို ဖွင့်ဆိုလိုက်ရပါသည်။ ´
ဒါတွေကတော့ စိတ်ဝင်စားဖွယ်ပုံလေးတွေပါပဲ -
ရေးဆွဲသူအမည်- မသန်းကြည်၊ အသက်(၁၂) နှစ်။ အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်ပုံ
ရေးဆွဲရသည့်ခံစားချက် - ကျမရေးတဲ့ ပန်းချီကား ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဟာ ရှိသမျှ လူတွေကို သတ်ဖြတ်ကြတယ်။ ငြိမ်းချမ်းစွာ မနေရဘူး။ အဲဒါကြောင့် သူများနိုင်ငံမှာ လာရောက် မှီခို နေထိုင် ရတယ်။ န အ ဖ ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ကျတော် ကျမတို့ တစ်နေ့ကျရင် ပြန်ပြီး လက်စားချေ မယ်လို့ ကျမ ကတိပေးပါတယ်။
ရေးဆွဲသူ- စောသူရဟိန်း
အသက် - ၁၄ နှစ်
အတန်း - အဌမတန်း
ပန်းချီကားအမည် - န အ ဖ က မြန်မာနိုင်ငံ ကို ဖျက်ဆီးနေ၍ ပြည်သူက ကာကွယ်ပုံ
ရေးဆွဲရသည့် ခံစားချက် - ကျွန်တော်သည် ဒီပန်းချီကားကို ရေး ဆွဲခြင်းဖြင့် ကျွန်တော်သည် မြန်မာ နိုင်ငံ ကပဲ လာပါသည်။ အကြောင်းအရင်းက ကျွန်တော်တို့မြန်မာနိုင်ငံဟာ နအဖကြောင့် ပြည်သူဘ၀တွေက သူတို့လက်ခုပ်ထဲက ရေလိုဘ၀ပဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကိုမေတ္တာ အေးချမ်းသော အရိပ်အောက်မှာပဲထားချင်ပါတယ်။ ဒါပေမဲ့စစ်ဘီလူးကအေးချမ်းတဲ့ မေတ္တာကိုမီးဟုန်းဟုန်းလိုတောက်စေတဲ့ အဖြစ် ဖျက်စီး၍ ပြည်သူဘ၀ က ခွေးလို ၀က်လိုပဲပြေးနေရတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ခံစားချက်ပြည့်ပြည့်နဲ့ ဒီပန်းချီကားချပ်ကို ဆွဲရ ပါသည်။
ရေးဆွဲသူ- မူမူဝင်း
အသက်- ၁၁ နှစ်
အတန်း- ဆဋ္ဌမတန်း
ပန်းချီကားအမည်- ဘုန်းကြီးများ သပိတ်မှောက်ပုံ
ရေးဆွဲရသည့် ခံစားချက်- ဒီလိုအပုံကိုဆွဲရခြင်းအကြောင်းရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးသံဃာတော်များ သပိတ်မှောက်ပုံကိုရေးဆွဲသည်။
ရေးဆွဲသူအမည် - စောအဲ့ချဲ
အသက်- ၁၄ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - န အ ဖ က သံဃာတော်များကို သတ်ဖြတ်နေပုံ။
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်ဒီပန်းချီကားကို ဆွဲရတာ ပြည်တွင်းထဲမှာရှိနေသော သံဃာတော်တွေက ဖုန်းကြီး၊ သံဃာတော်တွေကို နှိပ်စက်တာတွေကို ဖော်ပြသောသဘောပါ။
အမည် - မအေးအေးစိုး
အသက် - ၁၁ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝရှုခင်းပုံ
ရေးဆွဲရသည့် ခံစားချက် - ကျမ၏ မိခင်ရွာကလေးအားလွမ်းဆွတ်၍ ရေးဆွဲထားပါသည်။
………………………………………………………………………………………။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာရှိတဲ့ မြန်မာစာသင်ကျောင်းက ကလေးတွေဆွဲတဲ့ပုံတချို့ပါ။ သူတို့ မိဘတွေကတော့ ရာဘာစေးခြစ်တဲ့ အလုပ်သမားတွေ၊ ငါးဖမ်းစက်လှေ အလုပ်သမားတွေ၊ အများစုပါ။
အငယ်တန်းအဆင့်မှာ အကောင်းဆုံးလက်ရာရှင်ဆုရွေးချယ်ခံရတဲ့ ပုံတပုံကိုဖော်ပြလိုက်ပါတယ်။
ရေးဆွဲသူက ဒုတိယတန်းကျောင်းသား အသက်(၁၀)နှစ်အရွယ် မောင်သန့်ဇင်ဦး ဖြစ်ပါတယ်။ ပန်းချီကား အမည်က`ရေတံခွန်ပုံ´လို့ပေးထားပါတယ်။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `အပျော်ဆွဲခြင်း´ ပါတဲ့။ သူ့လက်ရာလေးက တကယ်ပဲ ရေတံခွန်က ရေစီးကျသံ တောင်ကြားနေရသလိုခံစားရစေပါတယ်။
ပုံအမည်က `စမ်းချောင်းကလေး´၊ ရေးဆွဲသူက မဇာခြည်ဦး ၊ အသက်က(၁၀)နှစ်၊ အတန်းကဒုတိယတန်း။ သူ့ခံစားချက်ကတော့ `သမီးသွားလည်ချင်သောနေရာဖြစ်ပါသည်´ တဲ့။ ဒီပုံလေးကိုလည်း နှစ်သက်ဖွယ် လက်ရာရှင်ဆု ရွေးချယ်လိုက်ပါတယ်။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရ ပုံလေးပါ။ ရေးဆွဲသူ - မပိုးသူဇာစိုး။ အသက်-(၁၀)နှစ်။ အတန်း - ဒုတိယတန်း ပါ။ ပန်းချီကားအမည်က `ပင်လယ်ကမ်းခြေ´။ သူ့ခံစားချက်က ရိုးရိုးလေးပါပဲ `ပင်လယ်သို့ အပျော်ခရီး သွားချင်ပါသည်´တဲ့။
အကြီးတန်းအဆင့် အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးပါ။ရေးဆွဲသူက အိနှင်းခင်၊ အသက်က(၁၂)နှစ်။ အတန်းက ဆဋ္ဌမတန်း။
ပန်းချီကားအမည်က`ကျေးဇူးရှင်လယ်သမားများ´ဖြစ်ပြီး ရေးဆွဲရတဲ့ ခံစားချက်ကတော့ …. `ဒီပုံလေးကိုရေးဆွဲရခြင်းကတော့ လယ်သမားများ စိုက်ပျိုးရိတ်သိမ်းလို့ရခဲ့တဲ့ စပါးများကို သမီးတို့ စားသုံး ကြတာပါ။ တကယ်လို့များ ဒီစပါးများကို စိုက်ပျိုး ရိတ်သိမ်းတဲ့လူမရှိရင် သမီးတို့အသက်တွေလည်း ရှည်မှာ မဟုတ်ဘူး။ ဒါကြောင့်သမီးလယ်သမားများကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီပုံလေးကို ရေးဆွဲခြင်းဖြစ်ပါတယ်´။
ဒီပုံလေးတွေကတော့ ဆုမရွေးချယ်ခံရပေမဲ့ နှစ်သက်စရာ စိတ်ကူးလေးတွေမို့ဖော်ပြပေးလိုက်ပါတယ်။
ရေးဆွဲသူအမည်- မေစုမောင်။ အသက်- (၁၄)နှစ်။ အတန်း- ပဉ္စမတန်း။
ပန်းချီကားအမည် - နားခိုရာ
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ပညာသင်ကြားနေသောကျောင်းကြီးသည် ကျွန်မတို့အတွက် နားခိုရာဖြစ်သလို ငှက်ကလေးများစက်နားခိုရာသည်လည်း ဘ၀သစ်ပင်ကြီးတစ်ပင်ဖြစ်ခြင်းအပေါ် ခံစားပြီးရေးဆွဲခြင်းဖြစ်ပါသည်။´
ရေးဆွဲသူ - စုလှိုင်ထွေး
အသက် - ၁၂ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - ပျော်စရာကောင်းတဲ့ ကျွန်မတို့ကျောင်း
ရေးဆွဲရသည့်ခံစားချက် - ကျွန်မတို့ကျောင်းမှာ ဆရာ ဆရာမ များခွဲခြားခြင်းမရှိပါ။ ကျောင်းသားများကို ပန်းလို အမြတ် တနိုးထားပါတယ်။ ကျွန်မခံစားသောကြောင့်ဒီပုံလေးကိုရေးဆွဲခြင်းဖြစ်ပါတယ်။
………………………………………………………………………………………။
ချင်းမိုင်ကနေ ၁၃၈ ကီလို လောက်ဝေးတဲ့ နေရာမှာ ဖန်းခရိုင်ဆိုတာရှိပါတယ်။ အဲဒီမှာ နေကြတဲ့သူ အများစုက ရှမ်းပြည် က ရှမ်းလူမျိုးတွေများပါတယ်။ သူတို့ကို ထိုင်းရိုင်လို့လည်းခေါ်ပါတယ်။ ဟိုးအရင်ကတော့ သူတို့တွေဟာ မြန်မာပြည် သား တွေပါ။ နောက်တော့ စစ်အာဏာရှင်တွေ လက်ထက်မှာ သူတို့ ရွာတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ရွာမှာ မနေနိုင် အောင် လုပ်ခဲ့လို့ ထိုင်းနိုင်ငံဘက်ကိုရောက်လာကြတဲ့ သူတွေပါ။ သည်ဘက်က လိမ္မော်ခြံတွေမှာ အများစု အလုပ်လုပ် ကြပါ တယ်။
သူတို့ကလေးတွေရဲ့စာသင်ကျောင်းလေးကို သွားလည်ခဲ့ပါတယ်။ ၀မ်းနည်းစရာလို့ ပြောရမလားပဲ။ သူတို့ ကျောင်းတွေ မှာ မြန်မာစာ မြန်မာစကားသင်ဖို့ အခွင့်အရေးမရကြပါဘူး။ သူတို့လေးတွေ ရှေ့ဆက် ဘ၀ အသက်မွေးဖို့က ထိုင်းစာ ထိုင်းစကားတတ်မှ အဆင်ပြေမှာတဲ့လေ။ ဒါကြောင့် သူတို့ရဲ့ မိခင်ဘာသာ ရှမ်းစာ၊ ထိုင်းစာနဲ့ အင်္ဂလိပ်စာကိုပဲ ဦးစားပေး သင်ကြရပါတယ်။
သူတို့တွေနေတဲ့ လိမ္မော်ခြံထဲကိုလည်း အလည်လိုက်သွားခဲ့ပါတယ်။ လိမ္မော်ခြံက အမြင်အားဖြင့်တော့ အင်မတန် သာယာပြီး စိတ်နှလုံးချမ်းမြေ့စရာပါ။ ဒါပေမဲ့ သဘာဝ လတ်ဆတ်တဲ့လေ နဲ့ လိမ္မော်နံလေး မွှေးနေရမဲ့အစား ခြံမှာသုံးတဲ့ ဓါတ်မြေသြဇာနံ၊ ပိုးသတ်ဆေးနံတွေပဲ လွင့်ပျံ့နေပါတယ်။ ခြံပိုင်ရှင်တွေ ကလည်း ဒီပိုးသတ်ဆေးတွေရဲ့ အန္တရာယ် ကြီးမားပုံကို ပညာမပေးကြဘူးတဲ့။ အရင်တလလောက်ကပဲ ပိုးသတ်ဆေး ဖျော်ထားတဲ့ စည်ထဲကို နာရီပြုတ်ကျလို့ ဆင်း ကောက်တဲ့ အလုပ်သမားတစ်ယောက် သေသွားတယ်တဲ့။ သူတို့သည်ခြံတွေမှာနေတာ ဘယ်လောက်ကြာပြီလဲ။ သည်လို အဆိပ်ငွေ့တွေနဲ့ဆို ဘယ်လောက်ကြာအောင် ဆက်နေနိုင်မလဲ။
ကျမ ခင်မိတဲ့ ရှမ်းဆရာမလေးတစ်ယောက်ကို စကားပြောကြည့်တော့ သူတို့ အရင်နေခဲ့တာက ကျိုင်းတုံ မြို့နယ်ထဲက မိုင်းတုံမိုင်းဆတ်ဆိုတဲ့ ရေတံခွန်ရှိတဲ့ ရွာလေးပေါ့တဲ့။ လေးတန်းလောက်မှာ သူတို့နေတဲ့ရွာကို စစ်တပ်က ဖြတ်လေးဖြတ် ဆိုတာလုပ်လာလို့ မိဘတွေနဲ့အတူဒီဘက်ရောက်လာတာပါတဲ့။ `ကျမတို့ရွာမှာဆိုလေ လိမ္မော်တွေကလည်း သဘာဝ မြေကြီးကလည်းသဘာဝ အားလုံးသဘာဝ ´ပါပဲလို့ သူက မြန်မာလို မတတ်တတတ် နဲ့ကြိုးစားပြီးပြောပြပါတယ်။
သူတို့ လွယ်ဇာတ်ကျောင်း က ကလေးတွေရဲ့ပန်းချီလက်ရာပုံလေးတွေက ချစ်စရာကောင်းသလို သူတို့ရဲ့ စိတ်ကူးလေးတွေကလည်း…
ဒီပုံက အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံပါ။
ရေးဆွဲသူ - နန်းရှဲန်စမ်
အသက်- ၁၂ နှစ်
အတန်း - စတုတ္ထတန်း
ပန်းချီကားအမည် - ကျွန်မတို့တောရွာလေး
ရေးဆွဲရသည့်ခံစားချက် - `သဘာဝရဲ့တောရွာလေး တစ်နေရာမှာ အချက်ချက်အရာရာ အားလုံးမှာ ကျွန်မ ခံစားနေတာပုံ။´ ။
နောက် တပုံက နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံပါ။
ရေးဆွဲသူ - စိုင်းစမ်လူ
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - အိမ်မက်ထဲကကျောင်း
ရေးဆွဲရသည့်ခံစားချက် - `ရှမ်းပြည်လွတ်လပ်သောအချိန်မှာ ကျွန်တော်၏ စာသင်ကျောင်းကို အိမ်မက်ခြင်းပုံ ဆွဲထားသည်။´
ဒီပုံကလည်း နှစ်သက်ဖွယ်လက်ရာရှင်ဆုရပုံပါ။
ရေးဆွဲသူ - နန်းဆိုင်နစ်ကွင်ခမ်း
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - သဘာဝနယ်မြေ
ရေးဆွဲရသည့်ခံစားချက် - `လောလောဆယ်ရှမ်းလူမျိုးတို့ နေထိုင်ရေးတစ်နေရာပုံ ´။
သည်ကားလေးသုံးကားကတော့ ကျမဆုရွေးချင်ပေမဲ့ နယ်မြေစုံအောင်ပေးရမယ်ဆိုတဲ့မူကြောင့် မရွေးလိုက်ရတဲ့ ကားလေးတွေပါ။
ရေးဆွဲသူ - စိုင်းဆုလုံးစုန်
အသက် - ၁၄ နှစ်
အတန်း - ပဉ္စမတန်း
ပန်းချီကားအမည် - ကျောင်း၏ရည်မှန်းချက်
ရေးဆွဲရသည့်ခံစားချက် - `ကျွန်ုပ်၏ ဒီပုံကျောင်းမျိုးရှိစေရန် ရည်မှန်းပြီးရေးဆွဲထားပုံ´။
ရေးဆွဲသူ - နန်းဆိုင်းစိန်
အသက် - ၁၄ နှစ်
ပန်းချီကားအမည် - တို့ရိုးရာတောဓလေ့
ရေးဆွဲသည့်ခံစားချက် - ယခင်က ကျွန်မတို့မိသားစုနေထိုင်ခဲ့သော တောရွာနှင့်နေအိမ်တို့ကို လွမ်းရသောကြောင့် ဤပုံကို ရေးဆွဲထားခြင်းဖြစ်ပါသည်။
ရေးဆွဲသူ - စိုင်းကျော်မြင့်
အသက် - ၁၃ နှစ်
အတန်း - ဒုတိယတန်း
ပန်းချီကားအမည် - ကျွန်ုပ်အိမ်
ရေးဆွဲရသည့်ခံစားချက် - ဒီလိုအိမ်မျိုးရှိစေရန် ကျွန်ုပ်၏မိဘကို အတူတူနေ ပျော်ပျော်စားစား ချမ်းသာစေချင် ရေးဆွဲသောပုံ။
………………………………………………………………………………………။
ကရင်နီဒုက္ခသည် စခန်း က ကလေးတွေရေးဆွဲထားတဲ့ပုံတွေပါ။
ရေးဆွဲသူ - နားရယ်
အသက် - ၁၅ နှစ်
အတန်း - ဆဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ဆရာ/မ များကို အလိုအပ်ဆုံးဖြစ်သည်။
ရေးဆွဲသူ - ဘွေးနေ
အသက် - ၁၂ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - ကမ္ဘာ့ကျောင်းဆရာ/မ များ ဂုဏ်ပြုတဲ့နေ့။
ရေးဆွဲရသည့်ခံစားချက် - အကြောင်းမှာ ဆရာ ဆရာမတို့သည် သူ့ပညာရှိအတိုင်း သူမယူထားဘဲ သူဘယ်လို ထင်လဲ ဆိုသော တစ်နေ့မှာ ကျောင်းသူကျောင်းသားတို့ အနေနဲ့ ကြီးထွားတိုးတက်မှု ရှိအောင် သူသင်ပေးတာပါ။ နောက် ကျောင်း သူ ကျောင်းသားတို့ဟာ ဆရာ/မ ကျေးဇူးကို သိပြီး ဆရာ/မ ကို အထူးယူ ဂုဏ်ပြုစေချင်တဲ့ နေ့တစ်နေ့ဖြစ်ပါသည်။ ဂုဏ်ပြုပြီးတဲ့နောက်မှာ ကျောင်းသားခေါင်းဆောင်က တက်ရောက် အမှာ ကျေးဇူးစကားပြောကြားခဲ့တယ်။
ရေးဆွဲသူ - ဖရေမယ်
အသက် - ၁၃ နှစ်
အတန်း - အဋ္ဌမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် - ကျမသည် ဒီပန်းချီကားရဲ့ ခံစားချက်မှာ ဆရာ/မ များသည် ကျောင်းသား အတွက် အနစ်နာစေပြီးသော ဆရာ/မဖြစ်သောကြောင့် ကျမဒီပန်းချီကို ရေးဆွဲရခြင်းဖြစ်သည်။ ( သူရေးချင်တာ အနစ်နာခံပြီး ဖြစ်ပါလိမ့်မယ်)။
ရေးဆွဲသူ - ယောဟန်
အသက် - ၁၅ နှစ်
အတန်း - သတ္တမတန်း
ပန်းချီကားအမည် - world teachers' day
ရေးဆွဲရသည့်ခံစားချက် -
ဆရာ/မ ကိုတကယ် လိုအပ်သည့်အရာဖြစ်သည်။
ရေးဆွဲသူ - ဒွေးထွေးမူး
အသက် - ၁၄ နှစ်
အတန်း - အဋ္ဌမတန်း
………………………………………………………………………………………။
ထပ်ပြီးတင်ပြမဲ့ပုံလေးတွေကတော့ မဲဆောက်ဒေသမှာရှိတဲ့ ရွေ့ပြောင်းမြန်မာ ကလေးများဆွဲထားတဲ့ ပုံလေးတွေပါပဲ။ အငယ်တန်းမှာ အကောင်းဆုံးလက်ရာရှင်ဆုရတဲ့ပုံလေးတွေကို အရင်ကြည့်ပါဦး။
ဒါက ပါရမီကျောင်း က ကလေး ဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `ပါရမီကျောင်း´တဲ့။ ရေးဆွဲရသည့် ခံစားချက် ကလည်း ရိုးရိုးပါပဲ။`ပါရမီကျောင်းပုံကို ရေးဆွဲထားပါသည်´ တဲ့။ ဒါပေမဲ့ သူရေးဆွဲထားတဲ့ ရှုထောင့်က အမြင်ဆန်းသစ် သလို လက်ရာကလည်း ကောင်းတဲ့အတွက် အကောင်းဆုံး လက်ရာရှင်ဆု ရွေးပေးလိုက်တာပါ။ ရေးဆွဲသူကတော့ အောင်မင်းဦး အသက်(၁၀)နှစ်၊ တတိယတန်းပါ။
နောက်တပုံက ကျောင်းဥယျာဉ်လေးတဲ့။ အကောင်းဆုံးလက်ရာရှင်ဆုပါပဲ။
ရေးဆွဲသူက ရန်ပိုင်သက်။ အသက်က (၁၀) နှစ်။ အတန်းက စတုတ္ထတန်း။ ကျောင်းက SAW School ပါ။ ရေးဆွဲရတဲ့ ခံစားချက်ကတော့ `ကျွန်တော်တို့ ကျောင်းတွင် သစ်ပင် နည်းနည်းရှိပါသည်။ သန့်ရှင်းရေးလုပ်ပြီး သစ်ပင်နည်းနည်း ရှိသော်လည်း ကျွန်တော်က ဥယျာဉ်လို လှတယ်ထင်ပါတယ်။´
စိတ်ဝင်စားစရာ ကောင်းတာက သူပုံထဲက ကျောင်းရှေ့ အလံတိုင်က အလံပုံလေးပဲဖြစ်ပါတယ်။ သူဆွဲတာ မြန်မာနိုင်ငံတော် အလံပုံဖြစ်ပါတယ်။ ဒီက ကလေးအများစုကတော့ ကျောင်းရှေ့အလံတိုင်မှာ ထိုင်းနိုင်ငံတော်အလံကိုပဲဆွဲတာများပါတယ်။
နှစ်သက်ဖွယ်လက်ရာရှင် ဆုရတဲ့ပုံလေးတွေကို ကြည့်ကြစို့…
ရေးဆွဲသူ - အိနြေ္ဒလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - C.D.C ကျောင်း
ပန်းချီကားအမည် - သဘာဝ အလှ
ရေးဆွဲရသည့်ခံစားချက် - ဤပုံထဲတွင် ရေးဆွဲထားသော အိမ်များနှင့် မြစ်၊ ချောင်းများတွင် အေးချမ်းခြင်း သာယာခြင်း ဖြစ်သည်။ ပန်းချီဆွဲရသည်မှာ ပျော်ရွှင်ပါသည်။ ကျွန်မသည် တကယ်သွားရသလို ခံစားရပါသည်။ ထို့ကြောင့် ဤ ပန်းချီ ကားကို ရေးဆွဲခြင်း ဖြစ်ပါသည်။ ၎င်း ရုပ်ပုံကားချပ်သည် ရွာလေးတစ်ရွာ၏ ရုပ်ပုံကားချပ်ဖြစ်ပါသည်။ ထိုနေရာသည် သာယာလှပ စိမ်းလန်းစိုပြေနေပါသည်။ ကျွန်မသည် ပန်းချီဝါသနာကို နှစ်သက်ပါသည်။ နောက်တခါဆိုရင် ပထမ၊ ဒုတိယ၊ မဟုတ် တတိယ တစ်ခုခု ရအောင်ကြိုးစားပါမည်။ ( ပန်းချီပြိုင်ပွဲမူအရ ပထမ၊ ဒုတိယ၊ တတိယ မခွဲပါဘူး။ အကောင်းဆုံး လက်ရာရှင်ဆုနဲ့ နှစ်သက်ဖွယ် လက်ရာရှင်ဆု ဆိုပြီးတော့ပဲ ခွဲခြားထားပါတယ်။ သူကြိုးစားမျှော်လင့်တဲ့ အတိုင်း ဆုရခဲ့ ပါတယ်။)
ရေးဆွဲသူ - မချောစုလှိုင်
အသက် - ၁၀ နှစ်
အတန်း - ပဉ္စမတန်း
ကျောင်း - SAW School
ပန်းချီကားအမည် - ကျောင်းတွင်းသန့်ရှင်းရေး
ရေးဆွဲရသည့် ခံစားချက် - ဆရာမ များနှင့် ကျွန်မတို့ သန့်ရှင်းရေးလုပ်ကြသော သာယာလှပသောနေ့ ဖြစ်ပါသည်။
ရေးဆွဲသူ - မောင်ကိုရှိုင်း
အသက် - ၉ နှစ်
အတန်း - ဒုတိယတန်း
ကျောင်း - ဆာမူထော်ကျောင်း
ပန်းချီကားအမည် - ကျောင်းပုံ
ရေးဆွဲရသည့်ခံစားချက် - ကျွန်တော်တို့ကျောင်းသည် အမြဲသန့်ရှင်းနေပါသည်။ ကျောင်းသူ ကျောင်းသား များသည် အမြဲသန့်ရှင်းနေပါသည်။
(သူလည်းကျောင်းရှေ့အလံတိုင်မှာ မြန်မာနိုင်ငံတော်အလံကို ကြိုးစား လွှင့်တင်ထားပါတယ်။)
အကြီးတန်းမှာအကောင်းဆုံးလက်ရာရှင်ဆု တစ်ပုံပါ။
ရေးဆွဲသူက အောင်မျိုးကျော်၊ အသက်က (၁၄)နှစ်၊ အတန်းက ဆဋ္ဌမတန်း၊ ကျောင်းက C.D.C ကျောင်း ကပါ။ ပန်းချီကားအမည်က `တောဓလေ့ရဲ့အလှ´။ရေးဆွဲရတဲ့ခံစားချက်က `တောဓလေ့၏အလှကို မြင်တတ် တန်ဖိုးထား တတ်စေရန်´ တဲ့။
နှစ်သက်ဖွယ်လက်ရာရှင်ဆုရတဲ့ပုံလေးတွေပါ။
ဒီပုံလေးက မဲဆောက် C.D.C ကျောင်း က စတုတ္ထတန်းကျောင်းသားလေး စောအဲသာမူး ရေးဆွဲတဲ့ပုံပါ။ အသက်က (၁၂)နှစ်ပါ။ ပန်းချီကားရဲ့နာမည်ကတော့ `ကရင်ပြည်နယ် မြို့တော်အလှ´ဖြစ်ပြီး သူရေးဆွဲရတဲ့ ခံစားချက်ကို ဒီလို ဖော်ပြထားပါတယ်။`ကရင်ပြည်နယ်သည် ကျွန်တော်ရဲ့လူမျိုးနှင့် တိုင်းပြည်ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကျွန်တော်ရဲ့ မိသားစုများ နေထိုင်ကြသည်။ အဲ့ခါမှ ကျွန်တော်ကရင်ပြည်ပုံကို ဆွဲပါ သည်။´
ဒီပုံလေးမှာတော့ ရေးဆွဲသူရဲ့ စိတ်ကူးက တမျိုးလေးပါ။`ကျောင်းပိတ်ရက်တွင် ကျောင်းရှေ့မှ ဖြတ်သွားပုံ ဖြစ်ပါသည်´တဲ့။ ပန်းချီကားအမည်လေးကလည်း `ကျောင်းပိတ်ချိန်´ပါတဲ့။ ရေးဆွဲသူကတော့ ထင်ပေါ်သိန်း၊ အသက်(၁၁)နှစ်၊ တတိယ တန်း ကျောင်းသားပါ။ သူက ပါရမီကျောင်း ကပါ။
ဒီပန်းချီကားလေးကတော့ သူ့ရဲ့ ထူးခြားတဲ့ ရေးဆွဲဟန်နဲ့ အရောင်သုံးပုံတွေကြောင့် နှစ်သက်ဖွယ်လက်ရာ ရှင်ဆု ရွေးချယ်လိုက်တဲ့ ပုံလေးပါ။ စာသင်ခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ ထိုင်းဘုရင်မင်းမြတ် ရဲ့ ပုံကိုလည်း ကြိုးစား ရေးဆွဲ ထားပါသေးတယ်။ ရေးဆွဲသူက- မောင်စိုးသူ၊ အသက်(၁၂)နှစ်၊ ဆဋ္ဌမတန်း၊ SAW School ကဖြစ်ပါတယ်။ပုံအမည်က `သန့်ရှင်းသောပတ်ဝန်းကျင်တွင် စာသင်ရခြင်း´ပါ။ ရေးဆွဲရတဲ့ခံစားချက်ကတော့ `သန့်ရှင်းသော ပတ်ဝန်းကျင်တွင် စာသင်ရပါက ကျွန်တော်တို့ စာမြန်မြန်တတ်နိုင်သည်ဟုထင်ပါသည်။ ကျန်းမာရေးကောင်းပါက စာတတ်မြန်သည်ဟု ဆရာကပြောခဲ့ပါသည်´တဲ့။
အောက်ကပုံလေးတွေက ဆုမချိတ်ခဲ့ပေမဲ့ သဘောကျစရာပုံလေးတွေပါ။
ရေးဆွဲသူ - သက်ပြည့်အောင် အသက်- ၁၃ နှစ်၊ အတန်း - ပဉ္စမတန်း၊ ဆာမူထော် ကျောင်းကပါ။ သူ့ပုံလေးကိုအမည်ပေးထားတာက `ဆရာစာသင်နေပုံ´တဲ့။ ခံစားချက်က`ကျောင်းတွင် ဆရာ၊ ဆရာမ စာသင်နေပုံကို ရေးဆွဲထားပါသည်´တဲ့။ ပလပ်စတစ်ကုလားထိုင်အနီလေးနဲ့ ကျောက်သင်ပုန်းနောက်က သစ်ပင်လေးတွေကလည်း ပန်းချီကားလေးကို ချစ်စရာကောင်းအောင် အားဖြည့်ပေးထားပါတယ်။
သွေးသစ်ကျောင်း New Blood School က ကျောင်းသားလေးဆွဲထားတဲ့ပုံပါ။ ပန်းချီကားအမည်က `စာသင်ကျောင်းသို့ သွားသည်´တဲ့။ သူ့ခံစားချက်ကို သေသေချာချာရေးပြထားပါတယ်။ `ဤပန်းချီကားချပ်ပုံထဲတွင် ကျောင်းသားညီအစ်ကို နှစ်ယောက်သည် နံနက်ပိုင်းတွင် စာသင်ကျောင်းသို့ စောစီးစွာ ကျောင်းသွားကြ၍ ကျောင်း သန့်ရှင်းရေးနှင့် မိမိတာဝန်ကို ကျေပွန်လုပ်ဆောင်ကြရန်အတွက် ကျောင်းသို့ စောစီးစွာ သွားရောက်ခြင်း ဖြစ်ပါသည်။ နံနက်ချိန်ခါတွင် ကျောင်း၏ ရှုခင်း လှပမှုနှင့် လေကောင်း လေသန့်ရရှိပြီး စာသင်ကျောင်း၏ အင်္ဂါရပ်များနှင့် အညီ ကျောင်း၏ လှပမှုမှာလည်း ထည်ထည်ဝါ၀ါ ရှိနေခြင်း ပင်ဖြစ်ပါသည်´။ ရေးဆွဲတဲ့သူက မောင်သာထူး အသက်(၁၅)နှစ်။ အဋ္ဌမတန်းကပါ။
ဒီပုံအမည်လေးကတော့ `ကူညီရိုင်းပင်း သူငယ်ချင်းများ´တဲ့။ သူ့ခံစားချက်က `ကျောင်းတွင် ကျွန်တော်တို့ သူငယ်ချင်း တတွေ တစ်ယောက်ကို တစ်ယောက် ခင်မင်စွာ ကူညီပြီး အတူတူ ပညာသင်ကြပါသည်´။ ရေးဆွဲသူက မောင်ဝင်းနိုင်ထွန်း အသက်(၁၃)နှစ် စတုတ္ထတန်း SAW School ကပါ။
မောင်ဇေယျာဖြိုး ဆွဲတဲ့ပုံလေးပါ။ သူက အသက်(၁၅)နှစ်၊ အဋ္ဌမတန်း၊ သွေးသစ်ကျောင်း (New Blood School) ကပါ။ သူပုံလေးက ချစ်စရာကောင်းသလို သူ့စိတ်ကူးလေးကလည်း နှစ်သက်စရာပါ။ ` လူသားများသည် တစ်နေ့တာ တစ်နေ့ အလုပ်များကို လုပ်နေကြရသည်။ ထိုသို့ အလုပ်များကို လုပ်နေရ၍ စိတ်ဖိစီးမှုများကို ပြေပျောက်စေလိုရန် နေ၀င်ချိန် ညနေ စောင်းမှာ တိုက်ခတ်လာတဲ့ လေပြေလေညှင်းတွေကို ခံစားပြီး ရှုပ်ထွေးနေသည့် ဦးနှောက်(သို့) စိတ်များကို ဖြေဖျောက် တတ်ပါသည်။ ထို့ကြောင့် နေ၀င်ချိန်ဆည်းဆာမှာ အပန်းဖြေနိုင်အောင် စိတ်ကူးဖြင့် ရေးသားဖော်ပြထားပါသည်။ ဤပုံကို ကြည့်ခြင်းအားဖြင့် မြင်ရသူတိုင်းစိတ်ထဲမှာရှိတဲ့ အရာတွေဟာ အေးမြ ကြည်လင်နိုင်ပါသည်´။ ပန်းချီကား အမည်လေး ကတော့ `နေ၀င်ချိန်ကို စိတ်ကူးဖြင့်ရေးဆွဲဖော်ပြပုံ´တဲ့။
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေ အများစုဟာ သဘာဝရှုခင်းပုံလေးတွေ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘ၀ နောက်ခံ ကားချပ်တွေက ဘယ်လိုပဲရှိနေပါစေ သူတို့စိတ်ကြိုက်ပုံလေးတွေကို ဆွဲနေရတဲ့ အခိုက်အတန့်မှာတော့ သူတို့ရဲ့ စိတ်ကလေးတွေ ကြည်လင်နေမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ထဲက နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ကလေး တွေကိုရော ခုလို ပန်းချီကားလေးတွေ ရေးဆွဲခိုင်းရင် ဘယ်လို ပုံလေး တွေ ဆွဲကြမှာလဲလို့ စဉ်းစားနေမိပါတယ်။
Wednesday, November 19, 2008
ခံစားမိသော ကလေးပန်းချီလက်ရာများ |
Monday, October 20, 2008
ယဉ်ကျေးမူရှေ့ဆောင်သူရဲကောင်းများ ( သို့) ကျောင်းဆရာဆရာမ များ |
ပြီးခဲ့တဲ့ အပတ်က ချိုင်းယာဖွန်းခရိုင်မှာ ဒီလအတွင်း အငြိမ်းစားယူတော့မှာဖြစ်တဲ့ အစိုးရကျောင်း တွေက ဆရာဆရာမများကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ရပ်မှာ ကျနော်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီ ထိုင်းနိုင်ငံ၊ အရှေ့ မြောက်ခရိုင်မှာ စောစောစီးစီး ပင်စင်ယူမယ့်သူတွေအပါအ၀င် ဒီနှစ်ထဲမှာ ပြည်သူ့ဝန်ထမ်း လုပ်သက်ပြည့်ပြီဖြစ်တဲ့ ဆရာဆရာမများဟာ ၃၀၀ လောက်ရှိနေပါတယ်။
ကိန်းဂဏန်းတွေအရကတော့ မယုံကြည်နိုင်စရာပါဘဲ။ အညွန်းကိန်းတွေအရ ထိုင်းနိုင်ငံရဲ့ခရိုင် ၇၆ ခုစလုံးမှာ ဒီနှစ်အတွင်း အငြိမ်းစားတော့မယ့် ဆရာဆရာမဦးရေဟာ နှစ်သောင်းထက်မနည်းဘူးလို့ခန့်မှန်း ထားပါတယ်။ ပိုမိုများပြားလာတဲ့ လူဦးရေအတွက် အစားထိုးနိုင်ဖို့ကျောင်းဆရာဆရာမအသစ်တွေ အတော် ကလေး လိုအပ်နေပါပြီ။
စစ်ဘက် (သို့ မဟုတ်) ရဲဘက်ဆိုင်ရာ အငြိမ်းစားယူမယ့် အရာရှိများအတွက် ဂုဏ်ပြုပွဲ အခမ်းအနား တွေကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ တာဝန်ထမ်းဆောင်နေဆဲ စစ်ဘက်၊ ရဲဘက်အရာရှိများမှ သူတို့ထက် စီနီယာကျပြီး နှုတ်ထွက်တော့မယ့် အရာရှိကြီးများရဲ့ ပေးဆပ်စွန့်လွှတ်ခဲ့မှုတွေ၊ တာဝန်ကျေပွန်ခဲ့မှုတွေကို တန်ဖိုးထားလေးစားကြောင်းပြသကြတာပါ။ အဲဒီဂုဏ်ပြုပွဲတွေမှာတော့ အမှတ်တရ ချီးမွမ်းသြဘာ စကားတွေ ပြောကြ၊ ချီတက်အလေးပြု အခမ်းအနားတွေဆင်ယင်ကြ၊ ဂုဏ်ပြုစားသောက်ပွဲတွေ ခြိမ့်ခြိမ့်သဲ ပြင်ဆင် ကျင်းပပေးကြပါတယ်။
ဒါပေတဲ့ ကျောင်းဆရာဆရာမများကိုတော့ သူရဲကောင်းတွေရယ်လို့ မသတ်မှတ် ထားသေးပါဘူး။ နယ်ဘက်က ကျောင်းဆရာဆရာမက ပိုပြီးတော့ ဝေးပါသေးတယ်။ သူရဲကောင်းဆိုတဲ့ ဝေါဟာရရဲ့လေးနက်တဲ့ အဓိပ္ပါယ်ထဲမှာ ကျောင်းဆရာဆရာမတွေ မပါဝင်သေးတာကတော့ သေချာပါတယ်။ အဲဒီအတွက်လည်း ဂုဏ်ပြုပွဲတွေ ကျင်းပပေးလေ့မရှိတာပါ။ ချိုင်းယာဖွန်းခရိုင်မှာ အငြိမ်းစားယူတော့မယ့် အိုမင်းမစွမ်းဇရာ အရွယ်ရောက်နေပြီဖြစ်တဲ့ ဆရာဆရာမကြီးများအတွက် ဒီနှစ်မှာ ကျင်းပပြုလုပ်ပေးတဲ့ မထင်မရှား၊ အညတရ ဂုဏ်ပြုပွဲကတော့ သူတို့ရဲ့ကိုယ်ပိုင် ကျောင်းဆရာသမ၀ါယမအသင်းမှာ ချစ်ချစ်ကုတ်ကုတ်စုဆောင်းထားတဲ့ ငွေကြေးကို အရင်းတည်ထားရှာကြတာ။ အခြားသော ခရိုင်တွေ၊ ဒေသတွေမှာရှိကြတဲ့ ဆရာဆရာမများ ကတော့ ဒီလိုအခမ်းအနားတွေကို အိပ်မက်တောင် မမက်ရဲသေးပါဘူး။
ကျနော့်ရဲ့အမြင်မှာတော့ ရဲရင့်တဲ့ စစ်သားတွေ၊ ရဲအရာရှိတွေလိုဘဲ ကျောင်းဆရာဆရာမများဟာ အရေးကြီးတယ်ဆိုတာပါ။ လက်နက်တွေ မကိုင်ဆောင်ထားကြပေမယ့်လည်း ကျနော့်တို့ လူ့အဖွဲအစည်းကို ပုံဖေါ်၊ ထုဆစ်နိုင်ဖို့မရပ်မနား တိုက်ပွဲဝင်နေကြတယ်။ ဒီတိုင်းပြည်ရဲ့ စိတ်ဓါတ်ကို ပုံဖေါ်နေကြတဲ့ ယဉ်ကျေးမှု သူရဲကောင်းများပါ။ ကလေးတွေရဲ့  ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ထုဆစ်ပေးနေတဲ့ ဗိသုကာ များပါ။ နုပျိုတဲ့ မျိုးဆက်သစ်များဟာ ဒီတိုင်းပြည်ရဲ့ အနာဂတ်နဲ့ကံကြမ္မာကို တစ်နေ့မှာ ဆုံးဖြတ်ပေးမယ့် သူတွေပါဘဲ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (သို့မဟုတ်) အစိုးရတောင်မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာဖို့ တည်ဆောက်ရာမှာ ကျရှုံးသွားမှာလား၊ အောင်မြင်မှာလားဆိုတာ ကျောင်းဆရာဆရာမများရဲ့ ပခုံးထက်က လေးနက်ကြီးမားတဲ့ တာဝန်ဘဲဖြစ်တယ်။
ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ သမ၀ါယမအသင်းအနေနဲ့ ပိုမို ကောင်းမွန်သင့်တော်တဲ့ အခြေ အနေနဲ့ ဆရာဆရာမများကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးဖို့ကျနော် အကြံပြုတင်ပြပါရစေ။ ကျောင်းသူ ကျောင်းသားကလေးတွေ အများကြီးပါဝင်ပြီး ဆရာဆရာမများရဲ့ ဂုဏ်ကျေးဇူးတရားတွေကို ပြသခွင့်ရရှိ နိုင်မယ့် ကျောင်းဝင်းအကျယ်ကြီး တစ်ခုခုမှာပေါ့။
စစ်သားတွေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး သူရဲကောင်းတွေလို့ ဆိုကြယင် ကျောင်းဆရာဆရာမ များဟာလည်း သူရဲကောင်းဘွဲ့ထူးကို ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။ ယဉ်ကျေးမှုရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲဝင်နေသူတွေ၊ ဒီမိုကရေစီရှင်သန်နိုင်ဖို့ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသူတွေဟာ ကျောင်း ဆရာဆရာမများဘဲ မဟုတ်ပါလား။ 
မျက်မှောက်ခေတ်မှာ ကျောင်းဆရာဆရာမများကို အလေးမထားကြတော့တာတွေ့နေရပါတယ်။ ပညာရေးဝန်ကြီးဆိုသူကို ရွေးချယ်ခန့် အပ်တာဝန်ပေးရာမှာတောင် ပညာရေးအတွေ့အကြုံနောက်ခံလုံးဝမရှိတဲ့ ဆက်သွယ်ရေး ဘက်ကျွမ်းကျင်သူတစ်ဦးကို ခန့်အပ်ခဲ့တာဟာ အထင်အရှားသာဓကတစ်ခုပါ။ အင်မတန် အရေးကြီးလှတဲ့ ၀န်ကြီးဌာနတစ်ခုကို တာဝန်ပေးကိုယ်တွယ်ခိုင်းပုံများ။ ကြိုးစားကြည့်စမ်းပါစေတဲ့။
ပိုဆိုးဝါးလှတဲ့ အခြေအနေကတော့ ဆရာဆရာမများ ကိုယ်တိုင်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ရှင်သန်နိုင်ရေးမှာ မိမိတို့ရဲ့အရေးကြီးတဲ့ တာဝန်ဝတ္တရားတွေနဲ့အခန်းကဏ္ဍကို မေ့လျော့ နေကြ တယ်။ သတိပြုမိကြပုံမရပါဘူး။
ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးသမားများဟာ ငွေကြေးပမာဏ အကြီးအကျယ်အကုန်အကျခံ သုံးစွဲ တတ်ကြပါတယ်။ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ ကြတယ်။ အမတ်နေရာ၊ ၀န်ကြီးနေရာ၊ ရာထူးနေရာတွေကို အငမ်းမရလိုချင်နေကြတယ်လေ။ အားလုံးသိရှိကြတဲ့အတိုင်း အချို့သောပုဂ္ဂိုလ်တွေဟာ အဂတိတရားတွေ ပြည့်နှက်နေကြတာ။ ဘယ်လိုများဖြစ်လာတာပါလိမ့်။ သူတို့ကို အသေအချာလေ့ကျင့်ပျိုးထောင်ပေးရမယ့် ပညာရေးစနစ်ရဲ့ လှပတဲ့ကျဆုံးမှုလို့ပြောယင် ငြင်းဆိုနိုင်ပါ့မလား။ မိမိတိုင်းပြည်နဲ့လူ့အဖွဲ့အစည်း အကျိုး စီးပွားအတွက် ပေးဆပ်စွန့်လွှတ်မှုတွေ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တွေ၊ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်နီတိ ပိုင်းဆိုင်ရာတွေ လေ့ကျင့်ပျိုးထောင်ပေးဖို့ ပညာရေးဟာ ပျက်ကွက်ခဲ့ပါသလား။
လူတိုင်းဟာ သန့်ရှင်းစင်ကြယ်စွာ မွေးဖွားလာခဲ့တာလို့ကျနော်ကတော့ အခိုင်အမာ ယုံကြည်ထား သူပါ။ အဲဒီနောက်မှာတော့ ကိုယ်ကျင့်သိက္ခာတရားနဲ့ မကောင်းမှုအဓမ္မဟာ လူသားရဲ့ စိတ်နှလုံးသားနဲ့ အကျင့်စာရိတ္တကို အပြိုင်အဆိုင် ပုံဖေါ်လာကြတယ်။ ကျောင်းဆရာဆရာမများဟာ အများကြီး လုပ်နိုင်နေ ပါတယ်။ လူတွေဘယ်လိုဖြစ်လာကြမလဲဆိုတာကို သူတို့ပုံဖေါ် တည်ဆောက်နိုင်ပါတယ်။ တန်ဖိုးထားသင့်တဲ့၊ မြင့်မြတ်သောသူတွေကို လေးစားစွာဆက်ဆံနိုင်ဖို့ရယ်၊ အဂတိတရားလိုက်စားသူတွေကို ဖယ်ရှားနိုင်စွမ်းရှိဖို့ ရယ်၊ တိုင်းပြည်ရဲ့ အရေးပါလှတဲ့ ရာထူးတာဝန်တွေကို ကာကွယ်နိုင်ဖို့ရယ်စတဲ့ အခြေခံယဉ်ကျေးမှုကို ကျောင်းဆရာဆရာမများဟာ တည်ဆောက်နိုင်စွမ်းရှိနေတယ်။
အငြိမ်းစားယူပြီးတဲ့နောက်မှာတောင်မှ ကျောင်းဆရာဆရာမများရဲ့ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီ လို့မယူဆနိုင်သေးဘူး။ နောင်လာနောင်သားတွေ၊ အနာဂတ်မျိုးဆက်တွေ၊ ကျင့်ဝတ်နီတိတွေကို ပုံဖေါ် တည်ဆောက်တဲ့ တာဝန်က အနားမယူခဲ့ကြပါဘူး။ ဘယ်သောအခါမှ အဲဒီတာဝန်တွေကတော့ဖြင့် အငြိမ်းစား ယူမည့်သူတွေမဟုတ်ကြပါဘူး။
အဲဒီအတွက်ကြောင့် အငြိမ်းစားယူကြတော့မယ့် ကျောင်းဆရာဆရာမကြီးများကို အနူးအညွတ်မေတ္တာ ရပ်ခံလိုပါတယ်။ ကျနော်တို့ရဲ့လူ့အဖွဲ့အစည်းကို ဆက်လက်ပြီး ဂရုဏာရှေ့ထားလို့ တာဝန်ဆက်လက် ယူပေးစေလိုပါတယ်။ အနည်းဆုံးအားဖြင့် မိမိတို့နေထိုင်ရာ ရပ်၊ ရွာ၊ ဒေသတွေမှာ ဆက်လုပ်ပေးကြပါ။ အခုအချိန်အခါမှာ အုပ်ချုပ်ရေးအာဏာကို ဗဟိုဦးစီးချုပ်ကိုင်မှုက လျော့ချထားပြီဖြစ်လို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဦးစီးဦးဆောင်မှုတာဝန်တွေကိုလည်း ယူပေး စေလိုပါတယ်။ ထိုင်းနိုင်ငံသားအားလုံးနှင့်အတူ ကျောင်းဆရာဆရာမကြီးများမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံသားအခွင့်အရေးအရ ဥပဒေတွေအတွက် တင်ပြပိုင်ခွင့်တွေရှိနေတယ်။ အဂတိတရား လိုက်စားသူတွေကိုလည်း တာဝန်တွေကဖယ်ရှားပိုင်ခွင့်လည်း ရှိနေပါတယ်။
နှစ်ပေါင်းများစွာ ပညာရေးအတွေ့အကြုံတွေကြွယ်ဝနေကြတဲ့၊ မိမိနှင့် အခြားသူတွေကို ပျိုးထောင် ပေးခဲ့ကြသူတွေရဲ့တန်ဖိုးနဲ့ ခံယူချက်ကသာလျှင် လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကျနော်တို့ တိုင်းပြည်က ကြံ့ကြံ့ခံနိုင်မှာပါ။ ကျနော်တို့ ဒီလိုလုပ်နိုင်မယ်ဆိုရင်တော့ ပိုမိုသန့်စင်တဲ့ တိုင်းပြည် ဖြစ်လာမှာပါ။ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး တိုင်းပြည်တွေစာရင်းထဲမှာ ပါနေတာကို ပယ်ဖျက် လာနိုင်မယ်။ တရားစီရင်ရေးဆိုင်ရာ မယုံကြည်ရဆုံးစာရင်းကလည်း ကင်းလွတ်ပါလိမ့်မယ်။
အဲဒီတိုက်ပွဲမှာတော့ ဆရာဆရာမများဟာ ရှေ့ ဆောင်လမ်းပြ ကြယ်စင်တွေဖြစ်ပါကြောင်း။
သိန်းနိုင်
(၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့၊ ၅ ရက် အောက်တိုဘာလ ၂၀၀၈ နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Thongbai Thongpao \ Teachers are our nation’s cultural warriors ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
Monday, October 13, 2008
"လူတိုင်းအတွက်ပညာရေးနှင့်ကျန်းမာရေးအခွင့်အရေး" |
ပညာသင်ကြားခွင့်ရရေးသည် မွေးရာပါလူ့အခွင့်အရေး တရပ်သာဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင် ကြီးပြင်းသူများအဖို့ကား ကျောင်းနေခွင့်ရရေး၊ ပညာသင်ယူခွင့်ရရေးသည် မဟာအခွင့်အရေး။ မိဘများအတွက် ကိုယ့်သားသမီးများ ကျောင်းဝတ်စုံအဖြူအစိမ်းလေး၊ အချိန်တန် အရွယ်ရောက်လျှင် ဝတ်နိုင်ဖို့အရေးသည် အရေးကြီးဆုံး တာဝန်တရပ်။ ထို့အတွက် အသဲအသန် ကြိုးစား ရှာဖွေကြရသည်။ ကျောင်းဝင်ကြေး၊ မိဘဆရာအသင်းကြေး၊ ကျောင်းအုပ်ဆရာမကြီးအား ကန်တော့ကြေး၊ တံမြက်စည်းဖိုး၊ တိုးချဲ့ကျောင်းဆောင်သစ်အလှူငွေ စသည်စသည်နှင့်။
တစ်နှစ်လဲမဟုတ်၊ နှစ်နှစ်လဲမဟုတ်၊ အကြိမ်ကြိမ်အလီလီ၊ နှစ်ပေါင်းများစွာ။ သားသမီးကို ကျောင်းထားနိုင်ရေးသည် လက်လုပ်လက်စားမိဘများအတွက် မဟာစွန့်စားခန်း။ နောက်ဆုံးတော့ လေးတန်းနှင့် ကျောင်းနှုတ်ရ၊ ခုနှစ်တန်းနှင့် ကျောင်းနှုတ်ရဖြင့် အဆမတန် ကြီးမြင့်လှသော ကုန်ဈေးနှုန်းဂယက်ကြားတွင် အိမ်စရိတ်ကျေဖို့အရေး ကလေးများကို ဇွတ်အလုပ်လုပ်ခိုင်းရတော့သည်။
ထိုအဖြစ်မျိုးကြုံကြရသော ကလေးများ၏ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးရင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မဆလာဗန်းရွက်ရင်း ရွယ်တူကျောင်းသားလေးတွေကို ငေးကြည့်နေတတ်သော မျက်ဝန်းလေးများကိုကား တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ကြွေးကြော်နေကြသော နအဖတို့ မစာနာတတ်ကြ။ အပြောနှင့်အလုပ်သာညီကြလျှင် ထိုသို့သော ကလေးငယ်များ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစရာ အကြောင်းမရှိ။ ဤသို့အပြောနှင့်အလုပ် မညီသောသူများသည်လည်း တိုင်းပြည်အုပ်ချုပ်သူများအဖြစ် ဆက်လက်ရှိမနေသင့်။ ဤသည်ကား အကြောင်းအကျိုး ညီညွတ်သော အမှန်တရား။
အခြေခံပညာရေးကို တတ်နိုင်သမျှအခမဲ့ပညာရေးဖြစ်ရမည်ဟု လူ့အခွင့်အရေး ကြေညာစာတမ်းကြီးက ဖော်ပြထားပါသည်။ တိုင်းပြည်တစ်ပြည်၏ အနာဂတ်သည် ယနေ့ကလေးများ၏ ပညာရေးပေါ်တွင် များစွာမူတည်ပါသည်။ အခြားနိုင်ငံများတွင် တက္ကသိုလ်ပညာရေးများကိုပင် အစိုးရမှငွေထုတ်ချေးပြီး၊ ဘွဲ့ရမှ၊ အလုပ်ရမှ တဖြည်းဖြည်းပြန်ဆပ်ခိုင်းနေချိန်၊ ဘွဲ့လွန်သင်တန်းများအတွက် ပညာသင်ထောက်ပံ့ ကြေးများပေးပြီး၊ ပညာရှင်များမွေးထုတ်နေချိန်တွင် ကျွန်ုပ်တို့မြန်မာပြည်တွင် လူဖြစ်ခဲ့ရသော ကျောင်းသားများအတွက်ကား အခြေခံပညာရေးကိုပင် ကောင်းစွာသင်ခွင့်မရရှာကြ။ နအဖစစ်အာဏာရှင် လက်အောက်တွင် မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြသည်။
ကျန်းမာရေးတွင်ကော ဘာထူးပါသနည်း။ မွေးရာပါ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြဆဲ။ မြန်မာနိုင်ငံတွင် အခမဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုသာရှိခဲ့ပါက သေဆုံးမှုနှုန်းများ၊ ဤမျှမြင့်မားမည်မဟုတ်ကြောင်း မည်သည့်ဆရာဝန်ကိုသွားမေးမေး၊ မည်သည့်ကျန်းမာရေးဝန်ထမ်းကို သွားမေးမေး တသံတည်းသာ ထွက်ပါလိမ့်မည်။
ပြည်သူ့ဆေးရုံများတွင် လိုအပ်သည့်ဆေးဝါးများကားမရှိ၊ ပစ္စည်းကိရိယာများမှာလဲ မပြည့်စုံ။ ဤသည်ကို အစားထိုးသည့် ခေတ်မီအထူးကုဆေးခန်းများ ပေါ်လာသည်။ ရပ်ကွက်ထဲ ဆေးခန်းကလေးများမှ ဆရာဝန်များကို သွားရောက်ပြသဖို့ပင် အခက်တွေ့နေရသော သာမန်ပြည်သူတို့ မော့ပင် မကြည့်ရဲသည့်နေရာများ။
အခြားနိုင်ငံများတွင် ဤသို့သောဆေးခန်းများမရှိဟု မဆိုလိုပါ။ ငွေရှိလျှင် ဇာချဲ့ချင်တတ်သည်က လူသားတို့ထုံးစံပါ။ ထိုသူများ၏စိတ်အာသာကို ဖြည့်ဆည်းပေးမည့်အရာများလဲ ရှိသင့်ပါသည်။ သို့ရာတွင် သာမန်ပြည်သူတို့၏ ကျန်းမာရေးကိုလဲ အစိုးရမှ သင့်လျော်သောပေါ်လစီများ ချမှတ်ဆောင်ရွက်ပေးကြသည်။ ပြည်သူ့ကိုယ်စားပြုကိုယ်စားလှယ်များနှင့် ဖွဲ့ထားသည့်အစိုးရတရပ်နှင့် အာဏာသိမ်းအစိုးရတို့ကား ပြည်သူ့အကျိုးဆောင်နိုင်ပုံချင်း မိုးနဲ့မြေပမာကွာခြားကြောင်း မြန်မာပြည်ဖြစ်ရပ်များက သက်သေပြနေသည်။
နိဂုံးချုပ်ဆိုရသော် လူတိုင်းအတွက်ပညာရေး၊ ကျန်းမာရေးဟူသော မွေးရာပါလူ့အခွင့်အရေးသည် စောင့်ရှောက် အကောင်အထည်ဖော်ပေးရမည့် အစိုးရ၏ မူဝါဒများပေါ်တွင် များစွာမူတည်ပါသည်။ နိုင်ငံတော်ဘဏ္ဍာ၏ နှစ်ရာခိုင်နှုန်းကိုသာ ပညာရေးနှင့် ကျန်းမာရေးတွင်သုံးပြီး၊ ကျန်သည်များကို အိတ်ထဲထည့်လိုက်၊ စစ်ရေးတွင်သုံးလိုက်၊ ပြည်သူများအတွက် အကျိုးမရှိသည့်ကဏ္ဍများတွင် သုံးလိုက်လုပ်နေသည့် အစိုးရတရပ်လက်ထက်တွင် (နအဖပဲဖြစ်ဖြစ်၊ နအဖရွေးကောက်ပွဲနှင့် ပေါ်လာမည့် ကြိုးဆွဲပဲဖြစ်ဖြစ်) ဤအခွင့်အရေးများဆက်လက် ဆုံးရှုံးနေမည်မှာ မြေခတ်မလွဲ။ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအပြည့်အ၀ရှိသော လူ့ဘောင်သစ်တရပ်ကို တည်ဆောက်ဖို့အချိန်ကား တန်ရုံမက အနဲငယ်ပင် နှောင်းလို့နေလေပြီ။ ကျွန်ုပ်တို့မရခဲ့သည့် အခွင့်အရေးများ၊ ကျွန်ုပ်တို့သားသမီးများ ခံစားနိုင်ဖို့အရေး ဝိုင်းဝန်းကြိုးပမ်းကြပါစို့။
ခင်မမမျိုး (၂၉၊ ၈၊ ၂၀၀၆)
Wednesday, October 8, 2008
ကိတ်မုန့်တစ်လုံးကို ဘယ်လိုခွဲဝေမလဲ |
(ပန်ဒိုရာ ဘလောဂ့်မှ ကူးယူဖော်ပြသည်)
“ဒီမှာ ကိတ်မုန့် တစ်လုံး ရှိတယ်။ စားမယ့်လူက အယောက်နှစ်ဆယ် ရှိတယ် ဆိုပါစို့။ ဘယ်လိုခွဲဝေနိုင်မလဲ။”
ဆရာက သူ့လက်ထဲက ကိတ်မုန့်ကို စားပွဲပေါ် ချထားလိုက်ပြီး ကျောင်းသားများ မျက်နှာကို တစ်ဦးချင်း လိုက်ကြည့်လေသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသား တစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်သည်။
“အလယ်ကနေ နှစ်ခြမ်းအရင် ခြမ်းမယ်။ ပြီးတော့ တစ်ခြမ်းကို ဆယ်စိတ်အညီအမျှ ရအောင်စိတ်မယ်။”
ဆရာက သင်ပုန်းပေါ် ရေးမှတ်လိုက်သည်။
“ဆိုလိုချင်တာက တူညီတဲ့ အစိတ် နှစ်ဆယ် ရအောင် ပိုင်းမယ်ဆိုပါတော့။ ဟုတ်လား။”
“ဟုတ်ပါတယ် ဆရာ”
“ကျနော်ကတော့ ဒီလို မခွဲဘူး။”
ခပ်၀၀ ကျောင်းသားတစ်ယောက်က ပြောလေသည်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး။ သူက ပျော်တတ်ပုံရသည်။
“ကိုယ်ခန္ဓာ အချိုးအစားအလိုက် ခွဲမယ်။ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ်။”
တတန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အတန်းက ပိုပြီး အသက်ဝင်လာသည်။
မိန်းကလေးတစ်ယောက်က ခပ်သွက်သွက် ၀င်ပြောလိုက်သည်။
“ဘယ်ဟုတ်မလဲဆရာ။ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးတွေ ပေးရမယ်။ ယောင်္ကျားလေး တွေက အစိတ်သေးသေးယူရမယ်။”
“ဟုတ်တယ် ဟုတ်တယ်။” မိန်းကလေးများ ဘက်မှ ထောက်ခံသံများ ထွက်လာသည်။
ဟစ်ပ်ဟော့ပ်စတိုင် ပေါက်နေသော ကျောင်းသား တစ်ယောက်က အားကျမခံ ပြောလိုက်ပြန်သည်။
“ဟာ.. ဒီလိုပြောကြေးဆိုရင် အသက်ပေါ် မူတည်ပြီး ခွဲသင့်တာပေါ့။ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီး စောစောစားဖူးလို့ နည်းနည်းပဲ ယူသင့်တယ်။ ငယ်တဲ့သူတွေက များများယူရမယ်။ သာမန်အားဖြင့် ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင် ဆက်အသက်ရှင် နေရဦးမယ် မဟုတ်လား။ သူတို့ကို ဦးစားပေးသင့်တယ်။”
ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားတစ်ယောက်က ကပျာကယာ ကန့်ကွက်လိုက်ပါသည်။
“ဟေ့ဟေ့.. မောင်ရင်ပြောတာက ပြောင်းပြန်တွေ ဖြစ်နေပါပြီ။ အသက်ကြီးသူတွေကို အရိုအသေ ပေးတဲ့အနေနဲ့ ပိုပြီး များများပေးသင့်တာ မဟုတ်ဘူးလား။”
မျက်မှန်ထူထူ တပ်ထားသော ကျောင်းသားတစ်ယောက်က လက်ခါရမ်းလိုက်သည်။
“တခုမှ မဟုတ်သေးဘူး ထင်တယ် ဆရာ။ ဦးစားပေးတယ် ဆိုရင်လည်း ဘယ်သူ့ကိုပဲပေးပေးလေ တကယ်စားနိုင် မစားနိုင်က သိဖို့ လိုသေးတယ်။ မကြိုက်တဲ့ လူကလည်း ရှိဦးမယ်။ ဘယ်သူ စားချင်သလဲ။ ဘယ်လောက် စားနိုင်သလဲ။ မေးပြီးမှ လိုသလို ခွဲပေးတာ ကောင်းမယ် ထင်ပါတယ်။ နို့မို့ရင် အလဟသတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။”
ဆရာက ပြောသမျှ နည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးလိုက်ပါသည်။
“ဟုတ်လာပြီ ဟုတ်လာပြီ။ ကဲ .. ဆက်စဉ်းစားပါဦး။”
အအေးဓာတ်ကဲသော အခန်းထောင့်တနေရာတွင် ထိုင်နေသည့် အနွေးထည်ထူထူ ၀တ်ထားသော ကျောင်းသား တစ်ယောက်က လက်ထောင်လိုက်သည်။
“ကျနော် စဉ်းစားမိတာ ပြောပါရစေ။”
သူကတော့ စကားပြောတာ တုံ့နှေးနှေး နိုင်လှသည်။ သူ့ထံမှ စကားသံ ထွက်လာရန် စက္ကန့်အနည်းငယ်ကြာ စောင့်လိုက်ရသည်။
“ကိတ်မုန့်မှာ သစ်သီးတချို့လည်း ပါနေတယ်။ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာတော့ သစ်သီးတစ်ခု ပါမသွားနိုင်ဘူး။ နောက်တခုက ပဲ့တာရွဲ့တာ တွေလည်း ဖြစ်နေနိုင်တယ်။ စားချင်သူ စားနိုင်သူတိုင်းကို လိုသလို ခွဲပေးရရင် မျှတဖို့အတွက် ခက်တယ်ဆရာ။ ကျနော်ကတော့ လုပ်အားစိုက်ထုတ်တဲ့ အပေါ်မှာ မူတည်ပြီး ခွဲချင်ပါတယ်။”
“ဟုတ်ပြီ။ ဒီတော့…”
“ဒီကိတ်မုန့်ကို သယ်လာရတဲ့လူ၊ ခွဲဝေဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေ ဆေးကြောပေးရတဲ့လူ၊ စားသောက်ပြီးရင် သန့်ရှင်းရေးလုပ်ပေး အမှိုက်ပစ်ပေးတဲ့လူ .. စတဲ့ လူတွေဟာ ကိတ်မုန့် ခွဲဝေစားသုံးတဲ့ ကိစ္စမှာ ကမကထ လုပ်ပြီး သူတို့ရဲ့လုပ်အားကို စိုက်ထုတ်ပေးတဲ့အတွက် သူတို့ လိုချင်တဲ့အပိုင်းကို အရင် ရွေးခွင့်ပေးသင့်ပါတယ် ဆရာ။”
“ဟာ.. ဒါဆို သူတို့က အကြိုက်ဆုံး အကောင်းဆုံးတွေ ယူသွားပြီး တခြားလူတွေ အတွက် မကျန်ရင် ဘယ်လိုလုပ်မလဲ။”
တချိန်လုံး ငြိမ်နေခဲ့သည့် ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်က ထအော်လိုက်သည်။
ဆရာက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချရေးလိုက်ပြန်သည်။
“ကဲ ဟုတ်ပြီ။ ဒီလောက်ဆိုရင်တော့ စဉ်းစားကြတာ လုံလောက်သလောက် ရှိပါပြီ။ အားလုံး ပြောတာတွေ ခြုံကြည့်လိုက်ရင် ဒီလို မှတ်ချက်ချရမယ်။ ပထမဆုံး ပြောရမှာကတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက် မလွယ်ဘူးပဲ။”
ကျောင်းသားများ ၀ါးခနဲ ရယ်လိုက်ကြပြန်ပါသည်။ ဆရာက ဆက်ပြောသည်။
“အညီအမျှဖြစ်ခြင်း(equality) နဲ့ မျှတခြင်း(equity) ဆိုတာ မတူဘူး။ မတူညီတဲ့ အခြေခံတွေပေါ်ကို အညီအမျှ သွားလုပ်လိုက်လို့ မမျှမတ ဖြစ်သွားတာတွေ ရှိတတ်တယ်။ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ပဲ ခွဲဝေရတာတွေ ရှိတတ်တယ်။ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့ လိုသလို လုပ်အားစိုက်ထုတ်မှု ကိုလည်း ထည့်တွက်ရမယ်။ အလေအလွင့် မရှိအောင်လည်း တွက်ချက်ရမယ်။ အဲဒီလို မျှတအောင် လုပ်ရမယ့် စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းတွေ ပိုင်းချလိုက်တဲ့နည်းထက် ပိုရှုပ်ထွေးတယ်။ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွား တွေနဲ့လည်း ပြိုင်ဆိုင်နေတတ်တယ်။ အလွဲသုံးစား မလုပ်စေဖို့လည်း လိုတယ်။ ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့် ရှိဖို့တော့ လိုမယ်။ နောက်ထပ် ဘာတွေ ရှိဦးမလဲ ဆက်စဉ်းစားကြတာပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာဝယ်လာတဲ့ ကိတ်မုန့်ကိုလည်း လက်တွေ့ တကယ်စားလိုက်ကြပါဦး။”
ဆရာက ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးသို့ ချပေးလိုက်ပါသည်။
“ကဲ တရားအမျှတဆုံး ဖြစ်အောင် ခွဲပြီး စားကြပေတော့။ ဆရာ့ဖို့လည်း တစ်စိတ်ချန်ထားနော်။”
ကျောင်းသားများ ပျော်ရွှင်စွာ ရယ်မောရင်း ကျောင်းဆင်းလိုက်ကြပါသည်။
ပန်ဒိုရာ
(ကျောင်းသားဘ၀ စာသင်ခန်း အတွေ့အကြုံ တစ်ခုမှ ဆင့်ပွား ခံစားထားပါသည်။)
Thursday, October 2, 2008
First call for abstracts for the annual meeting of the Southeast Asian Linguistics Society |
FIRST CALL FOR ABSTRACTS
SEALS XIX
The 19th Annual Meeting of the Southeast Asian Linguistics Society
28-29 May 2009
University of Social Sciences and Humanities, Vietnam National
University - Ho Chi Minh City - VIETNAM
Deadline for abstracts: 15 February 2009
The Southeast Asian Linguistics Society - SEALS - was founded at Wayne State University (in Detroit, Michigan) in 1990. SEALS holds an annual conference in diverse locations in the United States, Australia, Southeast Asia and other countries. This time, SEALS XIX will be hosted in Vietnam by the Faculty of Vietnamese Studies at the University of Social Sciences and Humanities, Vietnam National University.
Abstracts are invited for papers on any topic related to the analysis of Southeast Asian languages, such as descriptive, theoretical, or historical linguistics, linguistic anthropology (ethnolinguistics, language attitudes and ideology, discourse and conversational analysis, language and gender, language and politics), language planning, literacy and bilingual education.
Abstract submission deadline
Abstract submission deadline is 15 February 2009. Abstracts are preferably written using a Unicode font and should consist of two or three pages as follows:
Page 1
Author's name and Paper's title
Abstract body (maximum 400 words). Be as specific as possible, with a statement of topic, approach, and conclusions.
Page 2
References (if any).
An author may submit one single and one joint abstract. In case of joint authorship, one author should be designated as the contact person. Presentations are allotted 20 minutes with 10 minutes for
questions. All papers at SEALS are presented in English. Papers presented at the meeting will be considered for publication in the Journal of the Southeast Asian Linguistics Society.
Submission
Abstracts can be submitted by one of the following ways:
--> By email, as email attachments in two formats, .PDF and .DOC, to
Dinh Lu Giang, at the following address: seal...@vns.edu.vn. Please
indicate "Abstract for SEALS XIX" in the email subject heading.
Notification of acceptance by 15 March 2008 (by email).
Organizing Committee:
Local Committee:
Nguyen Van Hue
Dinh Lu Giang
International committee:
Martha Ratliff
George Bedell
Brian Migliazza
Paul Sidwell
Doug Cooper
Mark Alves
Marc Brunelle
Sponsor:
Faculty of Vietnamese Studies
University of Social Sciences and Humanities - Vietnam National
University - HCM City
Phone: +848 8 225009
Fax: +848 8 229390
Monday, September 29, 2008
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း-၃) |
ပညာရေးစီမံချက်နှင့်ပေါ်လစီများ
ပညာရေးစီမံချက်နှင့် ပေါ်လစီများချမှတ်ရာမှာ နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြုလုပ်ရမယ့် စီမံချက်များ၊ ပေါ်လစီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ ချမှတ်ရမည့် ပေါ်လစီများမှာ များစွာသော ကွဲပြားမှုတွေ ရှိပါတယ်။
ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးက (၂၀၀၇)ခုနှစ်က ထုတ်ဝေတဲ့ Building Knowledge economies စာတမ်းမှာ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ချမှတ်သင့်တဲ့ ပညာရေးမူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။
(၁) မူလတန်း၊ပညာရေး
* လူတိုင်းအတွက် ပညာရေး စီမံချက်များတွင် အာရုံစိုက်ရန်
* ကျောင်းအပ်နှုန်းတိုးမြှင့်လာရေး ဆောင်ရွက်ရန်
* အမျိုးသမီးငယ်များ၏ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေးအခွင့်အလမ်းတိုးတက်လာစေရန်
* အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက်ရန်
(၂) အလယ်တန်း၊ အထက်တန်းပညာရေး
* အလယ်တန်းကျောင်းအပ်နှုန်းတိုးမြင့်လာရေးဆောင်ရွက်ရန်
* အထက်တန်းပညာရေးအား တက္ကသိုလ်ကောလိပ်ပညာရေးများအတွက် ပြင်ဆင်ပေးရုံသာမက လုပ်ငန်းခွင်ဘ၀နှင့်ပါ သင့်လျော်နိုင်စေမည့် ပညာရေးအစီအစဉ်များ ဖော်ဆောင်ရန်
(၃) တက္ကသိုလ်၊ ကောလိပ်ပညာရေး
* တက္ကသိုလ်၊ ကောလိပ်ပညာရေးအဆင့်အတန်းမြင့်မားလာစေရန်
* Economy တွင် လိုအပ်သော အရည်အချင်းများနှင့် တွဲစပ်ဖော်ဆောင်ရန်
* ပရိုဂရမ်နှင့် လိုအပ်သောအရည်အချင်းများကို ဖော်ထုတ်ရန် လုပ်ငန်းရှင်များထံမှ အကြံဥာဏ်ရယူရန်
* အချိန်ကာလပိုမိုတိုတောင်းသော နည်းပညာပိုင်းဆိုင်ရာသင်တန်းများ (ဥပမာ- ပိုလီတက်နစ်များ) ဖွင့်လှစ်ရန်
(၄) စဉ်ဆက်မပြတ်ပညာရေး
* စာတတ်မြောက်မှုနှုန်းမြင့်မားလာရေး ဆောင်ရွက်ရန်
* economy မှ လိုအပ်သော အရည်အချင်းများကို ဖော်ထုတ်ပေးနိုင်မည့် သင်တန်းများပေးရန်
* အရည်အချင်းမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ရန်
စသည်တို့ဖြစ်ပါတယ်။
များသောအားဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ပညာရေးစနစ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ပြဿနာများကို ရင်ဆိုင်နေကြရပါတယ်။ ပညာတတ်များနည်းပါးမှု၊ မထိရောက်သော ပညာရေးမူဝါဒများချမှတ်ထားမှု၊ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်များ economy လိုအပ်ချက်နှင့်မကိုက်ညီမှု၊ သိပ္ပံနဲ့နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်အားနည်းမှု စတာတွေဖြစ်ပါတယ်။
ဘာသာစကားအနေနဲ့ကတော့ ပထမပိုင်းနှစ်များမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရာက တစတစ နိုင်ငံရပ်ခြားဘာသာစကားများကို တိုးချဲ့သင်ပေးသွားခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို အာဖရိကတိုက်နိုင်ငံများမှာ ကျင့်သုံးရာမှာ ကြီးစွာသော အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လူငယ်တွေကို ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးနဲ့ မိတ်မဆက်ပေးခင်မှာ solid language base နဲ့ သင်ယူလေ့လာရေးဖြစ်စဉ်ကို အခြေပြုတဲ့ approach ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် အရေးကြီးတဲ့ပညာရေးရည်မှန်းချက်ကတော့ အရည်အသွေးမြင့်မားတဲ့ ဘွဲ့ရပညာတတ်များ အရေအတွက် တိုးတက်မြင့်မားလာခြင်းပဲဖြစ်သင့်ပါတယ်။ အရေအတွက်များပြားလာခြင်း တခုတည်းနဲ့ ပညာရေးရည်မှန်းချက် အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။
ပညာရေးမူဝါဒနဲ့ပတ်သက်ပြီး ယူနက်စကိုက ဖော်ထုတ်ထားတဲ့ generic simulation model, EPSSim နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၈၊ ၉၊ ၂၀၀၈)
Friday, August 29, 2008
Actuarial Profession အကြောင်း သိကောင်းစရာ |
ကျွန်မဆီကို နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရောက်နေတဲ့ မြန်မာတယောက်က career တွေနဲ့ ပတ်သက်ပြီး ဆောင်းပါးလေးတွေရေးဖို့အကြံပေးလာပါတယ်။ ကျွန်မ expert တယောက် မဟုတ်ပါ။ ဒါပေမယ့် သိသမျှလေးတွေကို ပြန်လည်မျှဝေပေးပါမယ်။ ပြည်ပရောက်မြန်မာများအတွက် ပြည်ပရောက်နေစဉ်ကာလတလျှောက်မှာလဲ အလုပ်အကိုင်အတွက် အဆင်ပြေနိုင်၊ နောင်တချိန် ဒီမိုကရေစီတိုက်ပွဲအောင်မြင်ပြီးတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာလည်း ပြန်လည်အကျိုး ဖြစ်စေနိုင်မယ့် professional career လေးတွေကို ဖော်ပြပေးပါမယ်။ အခုပထမဦးဆုံးအနေနဲ့ Actuarial Profession လေးနဲ့ စကြရအောင်ပါ။
ကျွန်မတို့ မြန်မာအများစုက သင်္ချာဘာသာရပ်မှာ ထူးချွန်ကြပါတယ်။ နိုင်ငံခြားတက္ကသိုလ်တခုမှာ ကျောင်းတက်တဲ့ မြန်မာအများစုဟာ တခြားဘာသာရပ်မှာသာ အနည်းငယ်ပိုကြိုးစားတတ်ရပေမယ့် သင်္ချာမှာတော့ သူများရှေ့က ဦးဆောင်နိုင်ကြကြောင်း ကျောင်းသားအများစုက တညီတညွတ်တည်း ပြန်ပြောတတ်ကြပါတယ်။ ဒီလိုအတွက်အချက်ပိုင်းမှာ ထူးချွန်ကြတာကြောင့်လည်း၊ ပြည်ပမှာ ဘွဲ့ကြို၊ ဘွဲ့လွန်ရ မြန်မာအင်ဂျင်နီယာ၊ မြန်မာ ကွန်ပျူတာ ပညာရှင်တွေ အများကြီး ပေါ်ပေါက်နေပါတယ်။ ကမ္ဘာ့အဆင့်အတန်းမှီ လုပ်ငန်းကြီးတွေမှာ အများနဲ့တန်းတူ တာဝန်ထမ်းနေကြပါတယ်။ တကယ်လို့များ ပြည်ပရောက်မြန်မာတယောက်အနေနဲ့ အတွက်အချက်ပိုင်းတွေလဲ စိတ်ဝင်စားတယ်၊ အင်ဂျီနီယာ၊ ကွန်ပျူတာပိုင်းကိုသာ ၀ါသနာမပါဘူးဆိုရင်တော့ Actuarial Profession ကိုေ၇ွးချယ်ဖို့ အကြံပြုချင်ပါတယ်။
Actuary ဆိုတာ ဘာလဲ
Actuary ဆိုတာ လက်ရှိနိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုနေသူများဖြစ်ကြပါတယ်။ အသွင်သဏ္ဍာန်ပုံစံအမျိုးမျိုးနဲ့ပါ။ ပြဿနာဖြေရှင်းသူတွေ၊ အကြံပေးပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်း ဆန်းစစ်သူတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ risk တွေကို ဆန်းစစ်သူများ ဖြစ်ကြပါတယ်။ လက်ရှိသတင်းအချက်အလက်တွေနဲ့ ယခင်ကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေပေါ် မူတည်ပြီး၊ အနာဂတ်ကို ပုံဖော်သူများ ဖြစ်ကြပါတယ်။ ဘဏ္ဍာရေးဆိုင်ရာနဲ့ စာရင်းအင်းဆိုင်ရာ သီအိုရီများကို အသုံးပြုပြီး၊ မသေချာမရေရာတဲ့ အနာဂတ်ထဲမှာ ဖြစ်ပျက်လာနိုင်မယ့် အကြောင်းအရာတွေကို ဆန်းစစ်သူများဖြစ်ပါတယ်။
ဒီ Profession ဟာ မူလအစတုန်းက consultancy ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသက်အာမခံကဏ္ဍနဲ့ အထွေထွေအာမခံကဏ္ဍ၊ ပင်စင်ကဏ္ဍတွေကနေ စတင်လာခဲ့ရာက၊ အခုဆိုရင် ဘဏ္ဍာရေးကဏ္ဍ၊ ပျက်စီးဆုံးရှုံးမှုကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ နဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ risk analysis ကဏ္ဍများအထိ ကျယ်ကျယ်ပြန်ပြန့် တိုးချဲ့ဝင်ရောက်လာတာမို့ actuary တွေကို ကမ္ဘာ့စီးပွားရေးအခြေအနေတွေက တန်ဖိုးထားတောင်းဆိုလာပါတယ်။
အကျိုးခံစားခွင့်အနေနဲ့အပိုင်းမှာကျတော့ qualified actuary တယောက်ရဲ့ အခြေခံလစာဟာ တနှစ်ကို ပျမ်းမျှဒေါ်လာခြောက်သောင်း ဖြစ်ပါတယ်။ ယူကေနိုင်ငံ Remuneration Economics က salary survey လုပ်တဲ့အခါမှာ လုပ်သက် ငါးနှစ်အထက် actuary များရဲ့ တနှစ်တာ ပျမ်းမျှလစာဟာ စတာလင်ပေါင် ခြောက်သောင်း (ဒေါ်လာတစ်သိန်းကျော်) ရှိပါတယ်။
Actuary တယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ
Physician တယောက်ဖြစ်ဖို့အတွက် Royal College of Physicians (UK) စာမေးပွဲ (သို့) အလားတူစာမေးပွဲများကို ဖြေဆိုပြီး MRCP ရအောင် လုပ်ယူရပါတယ်။ ရှေ့နေတယောက်ဖြစ်ဖို့အတွက်လည်း Legal Practice Course (LPC) (သို့) Bar Vocational Course (BVC) နဲ့ အလားတူ စာမေးပွဲတွေကို အောင်ပြီးမှသာ solicitor, Barrister တွေအနေနဲ့ အသက်မွေးလို့ရပါတယ်။ ဒီလိုပါပဲ။ Actuary တယောက်ဖြစ်ဖို့အတွက်မှာလဲ Institute of Actuaries (UK) (သို့) အလားတူစာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီး၊ သတ်မှတ်ထားတဲ့ လုပ်သက်နဲ့ အတွေ့အကြုံတွေ ပြည့်မှီရင် ပေးအပ်တဲ့ FIA (UK) ဘွဲ့ကို ရရှိဖို့ လိုအပ်ပါတယ်။
တခုခြွင်းချက်ကတော့ FIA (UK) စာမေးပွဲကို ဖြေဆိုခွင့်ရနိုင်ဖို့၊ actuarial science ဘွဲ့ မလိုအပ်ပါဘူး။ အချို့သော ကျောင်းသားများက ဒီဘွဲ့ကို အရင်ကြိုတက်ထားတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ part- 1 ထဲက ဘာသာရပ်တချို့ကို ဖြေဆိုစရာမလိုပဲ ကင်းလွတ်ခွင့်ရနိုင်ပါတယ်။ တချို့ကတော့ MSc Actuarial Science ကို အရင်ကြိုတက်ထားတာလဲရှိပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်ပေါ်မူတည်ပြီး၊ part- 1 ထဲက ဘာသာရပ်တချို့ကို ဖြေဆိုစရာမလိုပဲ ကင်းလွတ်ခွင့်ရနိုင်ပါတယ်။
ဒီလို actuarial science ဘွဲ့မလိုအပ်ပေမယ့် အတွက်အချက်ဘာသာရပ်များအများဆုံးပါဝင်တဲ့ ဘွဲ့တခုကတော့ ရထားဖို့ လိုအပ်ပါတယ်။ ဖြေဆိုခွင့်တင်ကြသူတွေ ရထားလေ့ရှိတဲ့ ဘွဲ့ဒီဂရီတွေကတော့ mathematics, statistics, Finance, Economics, Engineering, Physics စတာတွေ ဖြစ်ပါတယ်။ ရထားတဲ့ဘွဲ့ဟာ ဂုဏ်ထူးဘွဲ့ဖြစ်ရမှာဖြစ်ပြီး၊ ဘွဲ့ရဖို့ သင်ကြားခဲ့ရတဲ့ ဘာသာရပ်စုစုပေါင်းရဲ့ လေးပုံသုံးပုံလောက်မှာ credit မှတ်နဲ့ အောင်မြင်ထားရမှာဖြစ်ပါတယ်။ ယူကေမှာဆိုရင်တော့ (2:1) ဒီဂရီအဆင့်ဖြစ်ပါတယ်။
သက်ဆိုင်ရာ Institute တွေကနေ ဖြေဆိုခွင့် လက်ခံလိုက်တာနဲ့ အဆင့် လေးဆင့် ရှိတဲ့ စာမေးပွဲကို စတင်လေ့လာဖြေဆိုရမှာဖြစ်ပါတယ်။ ပထမအဆင့်ကတော့ Core Technical Stage ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဘာသာရပ် ကိုးခုရှိပါတယ်။ ရှစ်ခုကိုတော့ အေပြီလနဲ့ စက်တင်ဘာလတွေမှာ ကျင်းပနေကျ စာမေးပွဲတွေမှာ ၀င်ရောက်ဖြေဆိုရပါမယ်။ တဘာသာကို သုံးနာရီမေးခွန်းဖြစ်ပါတယ်။ နောက်ဆုံးတခုကိုတော့ ၂ရက်ကြာ residential course ကို တက်ရောက်ရပါမယ်။ မတက်ရောက်ခင်မှာ ဖတ်ကြားလာရမယ့် စာတွေကို ကြိုတင်ပေးထားမှာဖြစ်ပြီး၊ သင်တန်းအပြီးမှာ စာမေးပွဲ ဖြေဆိုရမှာ ဖြစ်ပါတယ်။
ဒီအဆင့်ကို ချောမွေ့စွာ ဖြတ်ကျော်နိုင်သွားပြီးရင် Core Applications Stage ကို ရောက်သွားပါတယ်။ ဒီအဆင့်မှာ ဘာသာရပ် သုံးခုရှိပြီး၊ ပထမဆုံးဘာသာရပ်ကိုတော့ ခြောက်နာရီကြာ စာမေးပွဲနဲ့ တတိယဘာသာရပ်ကိုတော့ သုံးနာရီကြာ စာမေးပွဲဖြေဆိုရပါမယ်။ ဒုတိယဘာသာရပ်ကိုကျတော့ residential course နှစ်ရက်ကြာ တက်ရောက်ရာမှာဖြစ်ပြီး၊ practical assessment ကို အောင်မြင်ရပါမယ်။
ဒီအဆင့်အောင်မြင်သွားရင်တော့ တတိယအဆင့်ဖြစ်တဲ့ Specialist Technical Stage ကို ရောက်ရှိပါမယ်။ ဒီနေရာမှာ ဘာသာရပ် ခုနစ်ခုထဲကနေ ဘာသာရပ်နှစ်ခုကိုသာ ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ Banking sector, Corporate Finance Sector, Wealth Management Sector တွေမှာ လုပ်ကိုင်နေသူများက Finance and Investment ကိုရွေးချယ်လေ့ရှိကြပြီး၊ အာမခံပိုင်းဆိုင်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ၊ ပင်စင်ပိုင်းဆိုင်ရာ တွေမှာ လုပ်ကိုင်နေကြသူများကလည်း မိမိတို့နဲ့ သက်ဆိုင်တာတွေကို ရွေးချယ်လေ့ရှိကြပါတယ်။
တတိယအဆင့်အောင်မြင်သွားရင်တော့ စတုတ္ထအဆင့်ကို ရောက်ပြီဖြစ်ပါတယ်။ ဒါဟာ နောက်ဆုံးအဆင့်ပါ။ Specialist Applications Stage ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ တဘာသာတည်းကိုပဲ ရွေးချယ်ရတော့မှာပါ။ နောက်ဆုံးအဆင့်မြင့်စာမေးပွဲကြီးပါ။ အောင်ချက်နည်းပါတယ်။ ဒါပေမယ့် ဒီအဆင့်ကိုလဲ ဖြတ်ကျော်နိုင်မယ်၊ သတ်မှတ်ထားတဲ လုပ်ငန်းခွင် သက်တမ်းသုံးနှစ်လဲရှိမယ်ဆိုရင် FIA (UK) ဆိုတဲ့ ဘွဲ့ကြီးကို ဆွတ်ခူးနိုင်ပါပြီ။
လုပ်ငန်းကြီးတော်တော်များများတိုင်းမှာရော၊ နိုင်ငံတကာအစိုးရများမှာပါ actuarial department ကို ထားရှိကြပြီး၊ Student Actuary များကို ခန့်အပ်ကြပါတယ်။ ဘွဲ့ရ Graduate Training ပရိုဂရမ်အရ ၀င်သူများလည်း ရှိသလို ပထမပိုင်းအဆင့် ကိုယ့်ဘာသာကိုယ်ဖြေဆိုအောင်မြင်ပြီးမှ အလုပ်ထဲ ၀င်ရောက်သူများလဲရှိပါတယ်။ Qualified Actuary တယောက်ဖြစ်မို့ လုပ်သက်ကအရေးကြီးတာမို့ Student Actuary များကို FIA ရပြီးသား စီနီယာများက စနစ်တကျ ကြပ်မတ်သင်ကြားပေးကြပါတယ်။ လုပ်သက်သုံးနှစ် logbook မှာလဲ စီနီယာများက တာဝန်ယူလက်မှတ်ရေးထိုးပေးကြရတာ ဖြစ်တဲ့အတွက် ကြိုးစားရင် ကြိုးစားသလောက် အရည်အချင်းတောက်ပြောင်နိုင်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ်တခု ဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း ပညာလဲရ၊ ဘ၀အာမခံချက်လဲရ ဆိုတဲ့ အသက်မွေးဝမ်းကျောင်းမျိုးပါ။ ပုံမှန်အားဖြင့် qualified actuary တယောက်ဖြစ်လာဖို့ သုံးနှစ်ကနေ ငါးနှစ်ခန့် အချိန်ပေးရမှာ ဖြစ်ပါတယ်။
နိဂုံး
Actuarial science ဟာ အသက်မွေးဝမ်းကျောင်း ပညာရပ်တခု ဖြစ်ပါတယ်။ ဒီပညာရပ်ကို လေ့လာသင်ယူခြင်းအားဖြင့် မိမိဘ၀ရဲ့ ခိုင်မာသော အနာဂတ်တခုကို တည်ဆောက်နိုင်ရုံမက၊ တချိန်မှာ တိုင်းပြည်က လိုအပ်လာတဲ့အခါ ထိရောက်တဲ့ အကျိုးပြုမှုကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Actuarial science ပညာရပ်ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးမှာ အရေးကြီးသော ကဏ္ဍများဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေအပြင် နိုင်ငံရေး၊ စီးပွားရေး risk analysis စတာတွေနဲ့ပါ ဆက်စပ်နေတာကြောင့်၊ တိုင်းပြည်တပြည်အတွက် Actuary ပညာရှင်တွေ အများအပြားလိုအပ်လှပါတယ်။ တောင်အာဖရိက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ Actuarial Society of South Africa မှ ပညာရှင်များ ကျရာအခန်းကဏ္ဍမှ ပါဝင်အကျိုးပြုနိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာလဲ Democratization Process မှာ မြန်မာ actuary ပညာရှင်များမှ Actuarial Society of Burma အနေဖြင့် နိုင်ငံတကာအဆင့်မှီစွာ ပါဝင်အကျိုးပြုနိုင်ကြပါစေရန် မျှော်ရည်မိပါကြောင်း။
ခင်မမမျိုး (၂၉၊ ၈၊ ၂၀၀၈)
(မှတ်ချက်။ ။ ယူကေနိုင်ငံမှ ပေးအပ်သော qualification ဖြစ်သော်လည်း နိုင်ငံများစွာများ exam centre တွေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ဆိုလျှင် စာမေးပွဲကြေးများကိုရော၊ စာအုပ်စာတမ်းဈေးနှုန်းများကိုပါ reduced rate သတ်မှတ်ထားပါတယ် ။)
Sunday, August 17, 2008
ပညာရေးဆိုင်ရာ အမေးအဖြေ (၁) |
ကျွန်မတို့ရဲ့ ဒီပညာရေးဘလောဂ့်လေးမှာ အားလုံးနဲ့ စကားဝိုင်းလေးသဘောမျိုး ဖြစ်စေချင်ပါတယ် ။ အဲဒီစကားဝိုင်းလေးမှာ
- အမေး အဖြေ အပိုင်း
- အတွေ့ အကြုံ ဆွေးနွေးဖလှယ်တဲ့အပိုင်း
- ကိုယ်တတ်မြောက်ထားတာပေါ် မူတည်ပြီး မျိုးဆက်သစ်များကို အကြံဥာဏ်ပေးတဲ့အပိုင်း
တို့ကို အလေးထား လုပ်ပေးချင်ပါတယ် ။
စစချင်းအနေနဲ့ c-box ထဲမှာ မနီနီက မေးသွားတဲ့ မေးခွန်းကို မခင်မမမျိုးက ပြန်ဖြေထားတာလေးနဲ့ စလိုက်ပါမယ် ။
16 Aug 08, 15:52
ခင်မမမျိုး: မနီရေ။ ဒီလင့်မှာ တချို့သောအချက်တွေရနိုင်ပါတယ်။ ဥပမာ- ဂျာမနီကပြုစုထားတာတွေထဲမှာ education နဲ့ social problems စတာလေးတွေပါပါတယ်။ http://www.burmalibrary.org/show.php?cat=163&lo=d&sl=0
14 Aug 08, 02:34
နီနီ: မြန်မာနိုင်ငံ ပညာရေး (အခြေခံပညာ အထက်တန်းကျောင်းအထိ) မဆလ - နအဖ သမိုင်းကို ပြုစုထားတာ ဘယ်မှာ ရနိုင်မလဲ။ ဥပမာ - သင်ရိုးညွန်းတမ်းများ ပြောင်းလဲမှု၊ သင်ရိုးညွန်းတမ်း စာအုပ် ကော်ပီ (ဒီလောက်ပါပဲ)..
Thursday, July 24, 2008
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း - ၂) |
လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာပြဿနာများ
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ အများအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ပြဿနာနှစ်မျိုးကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ပထမတမျိုးကတော့ လိုအပ်သော critical skills ရှိတဲ့လူတွေရှားပါးမှုဖြစ်ပြီး၊ နောက်တမျိုးကတော့ လုပ်အားပေါများမှုဖြစ်ပါတယ်။ ဒီနှစ်ရပ်လုံးကို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာများ ချမှတ်တဲ့အခါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ တဘက်ကနေ skills တွေ တိုးတက်အောင် လုပ်သလို အခြားတဘက်ကနေလဲ အသုံးမချရတဲ့ လူ့စွမ်းအားတွေကို အသုံးပြုနိုင်မယ့် အလုပ်တွေ ပံ့ပိုးပေးနိုင်ရပါမယ်။ ဒီပြဿနာနှစ်ရပ်လုံးဟာ နိုင်ငံတနိုင်ငံရဲ့ ပညာရေးနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ပြဿနာအတိမ်အနက် မတူပေမယ့် နိုင်ငံတိုင်းမှာတော့ ဒီပြဿနာတွေ ရှိနေနိုင်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ရှားပါးမှု
ဖွံ့ဖြိုးဆဲနိုင်ငံတွေများဖြစ်ပွားလေ့ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ရှားပါးမှုများကို အမျိုးအစားခွဲပြီး ဆက်လက်ဖော်ပြပါမယ်။
(၁) ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ပညာရည်မြင့်မားတဲ့ professional တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ တိရစ္ဆာန်ကုဆရာဝန်၊ သိပ္ပံပညာရှင်တွေ ရှားပါးမှု (သို့) အသုံးမ၀င်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရှိတယ်ဆိုရင်လည်း များသောအားဖြင့် ဒီပညာရှင်တွေဟာ မြို့ကြီးပြကြီးများမှာသာ နေလေ့ရှိတာမို့ တကယ်လိုအပ်တဲ့ ကျေးလက်ဒေသတွေမှာ ရှားပါးမှုဖြစ်တတ်ပါတယ်။ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတော်တော်များများမှာ အတတ်ပညာနဲ့ လုပ်ငန်းခွင် သီးခြားစီဖြစ်နေတဲ့ ပညာရှင်တွေ အများအပြားရှိနေပါတယ်။
(၂) နောက်တမျိုးကတော့ sub- professional personnel တွေဖြစ်တဲ့ technician တွေ၊ သူနာပြုတွေ ရှားပါးမှုဖြစ်ပါတယ်။ ဒီလိုရှားပါးမှုမဖြစ်အောင် တက္ကသိုလ်ပညာရေးမဟုတ်တဲ့ ပိုလီတက်နစ် institution တွေ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။
(၃) နောက်ထပ်ရှားပါးမှုတမျိုးကတော့ အဆင့်မြင့်စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်မှုဆိုင်ရာ ၀န်ထမ်းများရှားပါးမှု ဖြစ်ပါတယ်။ private sector မှာရော၊ public sector မှာပါ အရည်အချင်းပြည့်ဝတဲ့အုပ်ချုပ်ရေး ၀န်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။
(၄) နောက်တမျိုးကတော့ အခြေခံပညာရေးနဲ့ အဆင့်မြင့် ပညာရေး ဆရာ၊ ဆရာမများပဲဖြစ်ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမများ ရှားပါးမှုဟာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်စဉ် တရပ်လုံးအတွက် 'master bottleneck' ဖြစ်တာမို့ အထူးဂရုစိုက်ရမယ့် ကဏ္ဍတရပ်ဖြစ်ပါတယ်။
(၅) နောက်တမျိုးကတော့ craftsmen of all kind လို့ဆိုနိုင်တဲ့ စာရေးစာချီတွေ၊ machine operator စသူတွေရှားပါးမှုဖြစ်ပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာလေ့ကျင့်သင်ကြားပေးမှုတွေနဲ့ သင်တန်းပေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၆) နောက်ဆုံးတမျိုးကတော့ အထွေထွေ လိုအပ်သော ပညာရှင်တွေဖြစ်တဲ့ လေကြောင်းလိုင်း ပိုက်လော့တွေ၊ စီးပွားရေးပညာရှင်တွေ၊ စာရင်းအင်းဆိုင်ရာပညာရှင် စတာတွေဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာက အထက်မှာဖော်ပြခဲ့တဲ့ အတတ်ပညာရှင်၊ အသိပညာရှင်၊ ပညာသည်တွေအားလုံးအပေါ်မှာ မူတည်နေပါတယ်။ သူတို့တွေရဲ့အရေအတွက်၊ အရည်အချင်းတွေ တိုးတက်လာတာနဲ့အမျှ၊ သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချလာနိုင်တာနဲ့အမျှ human capital တက်လာနိုင်ပါတယ်။ ဒီလို Human capital formation ဖြစ်စဉ်ကို လည်ပတ်နိုင်စေဖို့အတွက် နိုင်ငံအုပ်ချုပ်သူများမှ manpower ဆန်းစစ်မှုဆိုတာကို ပြုလုပ်သင့်ပါတယ်။
manpower ဆန်းစစ်ချက်
manpowerဆန်းစစ်ချက်များ ပြုလုပ်တဲ့အခါမှာ ရည်မှန်းချက် သုံးရပ် ရှိရပါမယ်။
ပထမရည်မှန်းချက်ကတော့ economic sector တခုချင်းဆီမှာ ရှိနေတဲ့ skilled manpower ရှားပါးမှုကို ဖော်ထုတ်ပြီး၊ ဘာကြောင့်ရှားပါးတယ်ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ဒုတိယရည်မှန်းချက်ကတော့ ဖြစ်နေမှုတွေနဲ့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖော်ထုတ်ရပါမယ်။
တတိယရည်မှန်းချက်ကတော့ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ targets များကို သင့်လျော်တဲ့ expected growth rate ပေါ် မူတည်ပြီး ချမှတ်ရပါမယ်။
ဒီဆန်းစစ်ချက်ကို စနစ်တကျလုပ်ပြီးမှသာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုဆိုင်ရာ မဟာဗျူဟာ တရပ်ကို ရေးဆွဲရပါမယ်။ ဒီမဟာဗျူဟာမှာ မျက်နှာစာ သုံးမျိုးပါဝင်ဖို့ လိုအပ်ပါတယ်။
ပထမတမျိုးက သင့်တော်တဲ့ incentives များပေးခြင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေကို လိုအပ်တဲ့ နည်းပညာတွေ သင်ယူချင်စိတ်ရှိလာအောင် တွန်းအားပေးရမှာဖြစ်ပါတယ်။ နောက်တမျိုးကတော့ လုပ်ငန်းခွင် ၀န်ထမ်းတွေကို ထိရောက်စွာ ပြုလုပ်နိုင်မယ့် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ ပေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးတမျိုးကတော့ formal education ကို rational development ဖြစ်အောင် လုပ်ပေးခြင်းဖြစ်ပါတယ်။
ဒီမျက်နှာစာသုံးမျိုးလုံးဟာ တခုနဲ့တခု အပြန်အလှန်အမှီသဟဲ ပြုနေတာဖြစ်တဲ့အတွက် သုံးမျိုးစလုံးကို တပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ တပြိုင်တည်းမှာပဲ formal education နဲ့ in-service training ကို ပေါင်းကူးပေးနိုင်အောင်လဲ ကြိုးပမ်းရမှာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုပြုလုပ်ရာမှာ အရေးကြီးဆုံးလိုအပ်ချက်တရပ်ဖြစ်တဲ့ education planning နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို နောက်ဆောင်းပါးများမှာ ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး
၂၄၊ ၇၊ ၂၀၀၈
Saturday, July 19, 2008
Dr Kyaw Thet 1957 lecture excerpt in Burma |
တချိန်က မြန်မာပြည် ပညာရေးဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တယ်ဆိုတာ ဒီ ဗွီဒီယိုက ပြသနေပါတယ် ။
ကိုမောင်ရင် ဘလောဂ့်မှ အောက်ပါရှင်းလင်းချက်ကို ကူးယူဖော်ပြသည် ။
သင်တဲ့လူ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ် မှာရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ မွန်-ဗမာ စပ်လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ ကိုရခဲ့တယ်။ ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ ဘွဲ့ လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ ချခဲ့သေးတယ်။ ပြီးတော့ မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာန မှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။
ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာ အကျဉ်းချုပ်ကတော့..
မြန်မာနိုင်ငံလွတ်လပ်ရေး ရ ခါစ ကမြန်မာ လယ်သမား များအပေါ်မတရား ငွေ တိုးချေးစားခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသားချစ်တီး များအကြောင်း… တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံ ရဲ့  လယ်မြေ ၇၅ ရာခိုင်နှုန်း ဟာချစ်တီးကုလားများလက်ထဲမှာရောက်ရှိနေပြီး။ တရားမ၀င် စာရင်းများ အရဒိထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလဲပြင်းစွာ ခံခဲ့ရသောမြန်မာပြည် ရဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာကြုံရမယ့်အခက်အခဲများအကြောင်း၊ မြန်ဆန်သောပြန်လည်ထူထောင် ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှ မှ မြန်မာကို တစ်ချို့ သော တန်ဖိုးများ၊ စိတ်ကူးများ ကို သင်ကြားပေးခဲ့တာတွေရှိခဲ့ကြောင်း၊ မြန်မာ ခေါင်းဆောင်များ ဟာ ဒီမိုကရေစီလမ်းကိုရွေးချယ်လျှောက်လှမ်းသွား မှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကိုခက်ခဲစွာ လုပ်ကိုင်ကြရမှာလဲဖြစ်ကြောင်း၊
ရေရှည် အနေနဲ့  ဒီမိုကရေစီ စနစ် ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင် များ ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ စနစ် ကိုပဲရွေးချယ်လျှောက် လှမ်းသွားကြမှာဖြစ်ကြောင်း ပို့ ချသွားခဲ့ပါတယ်။
ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာ မှာတော့  မြန်မာနိုင်ငံဟာ အာစီယံ အသင်း ၀င်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလား လို့ မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့်  ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရတော့မယ့် မြန်မာနိုင်ငံ တော် အရေး ကို ပရော်ဖက်ဆာ ဒေါက်တာကျော်သက် က ဟာသနှောပြီး လှပ စွာ ပြန်ဖြေသွားပုံကလေး ကိုလဲ မြင်နိုင်ပါတယ်။
Friday, June 20, 2008
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး (အပိုင်း-၁) |
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တဲ့ economic model တော်တော်များများမှာ capital နဲ့ labour ဟာအဓိကကျပါတယ်။ အစောပိုင်းကာလများကတော့ capital လို့ဆိုရင် physical capital ကိုပဲထည့်သွင်းစဉ်းစားကြပေမယ့် တစတစနဲ့တချို့သော ကြွယ်ဝတဲ့တိုင်း ပြည်တွေဟာ physical capital အများအပြားမရှိပဲ အချိန်နဲ့ငွေကိုပညာရေးမှာ မြှုပ်နှံရာကနေ Human capital ရလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်လာကြတာကို ပညာရှင်တွေ သတိပြုမိလာကြပါတယ်။ ဒီကနေတဆင့် Human capital investment ဆိုတဲ့စကားလုံးတွေ၊ Human Resources Development ဆိုတဲ့စကားလုံးတွေဟာ တွင်တွင်ကျယ်ကျယ်ကို ဖြစ်လာတော့တာပါပဲ။ production function တွေတွက်တဲ့အခါမှာလဲ production function for goods ကိုသာမက production function for knowledge ဆိုတာကို ထည့်သွင်းလာကြရပါတယ်။ investment နဲ့ပတ်သက်တဲ့ discussions များမှာ high priority အဖြစ်နေရာယူလာတာကတော့ Human capital ပါပဲ။ အခုဒီဆောင်းပါးမှာ Human Capital accumulation ရဲ့ source တခုဖြစ်တဲ့ ပညာရေးရဲ့ အခန်းကဏ္ဍအကြောင်းကို ဆွေးနွေးချင်ပါတယ်။
ပညာရေးသည်ကုန်ပစ္စည်းတခုဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီးပွားရေးပညာရပ်က ပညာရေးကို ကုန်ပစ္စည်းတခုအနေနဲ့ ရှူမြင်သုံးသပ်ပါတယ်။ ကုန်ပစ္စည်းတိုင်းမှာ သက်ဆိုင်ရာသွင်ပြင်လက္ခဏာရပ်တွေရှိသလို ပညာရေးဆိုတဲ့ ကုန်ပစ္စည်းမှာလဲ သီးခြားသွင်ပြင်လက္ခဏာရပ်တွေဖြစ်တဲ့ consumption (ဥပမာ- ပညာတတ်ခြင်းအားဖြင့် ဘ၀အာမခံချက်ရှိခြင်း)၊ direct investment (ပညာတတ်တွေကို လုပ်ငန်းတွေမှာ လစာငွေတိုးပေးခြင်းအားဖြင့် သူတို့ရဲ့စွမ်းရည်တွေကို အသုံးချပြီး ထုတ်လုပ်မှုစွမ်းအားတက်စေခြင်း) စတာတွေပါရှိပါတယ်။ အချို့သောပညာရှင်များကတော့ ဒီလက္ခဏာရပ်တွေအပြင် ပညာရေးဟာ နိုင်ငံတနိုင်ငံရဲ့ economic system နဲ့ social system ကို functioning လုပ်ပေးနိုင်တဲ့အရေးကြီးဆုံးသွင်ပြင်တရပ်ကို ပိုင်ဆိုင်ထားတယ်လို့လဲ အဆိုရှိကြပါတယ်။
consumption အနေနဲ့တခါထပ်ကြည့်မယ်ဆိုရင်လဲ ပညာရေးဟာ စားသုံးသူများကို လက်ရှိတွင်သာမက အနာဂတ်အတွက်ပါ ကျေနပ်နှစ်သိမ့်မှုပေးနိုင်ပါတယ်။ ကျောင်းနေပျော်ခြင်းဆိုတဲ့ current consumption သာမက ဘ၀အာမခံချက်ရှိခြင်း ဆိုတဲ့ future consumption ကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုအနာဂတ်မှာပါ ပညာရေးရဲ့အသီးအပွင့်ကို ခံစားနိုင်တာဖြစ်တဲ့အတွက် ပညာရေးဟာ ရေရှည်ခံတဲ့ကုန်ပစ္စည်းအမျိုးအစား (durable good) ဖြစ်လာပါတယ်။ ဒါကြောင့်လဲ ပညာရေးဆီမှာ investment feature ရှိတယ်လို့ဆိုရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ကြည့်မယ်ဆိုရင် ပညာရေးရဲ့ consumption နဲ့ investment ဆိုင်ရာသွင်ပြင်တွေကို ခွဲခြားနေခြင်းက အရေးသိပ်မကြီးလှပါဘူး။ ဒါဆိုဘာကအရေးကြီးတာလဲ။
ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ ဘာတွေကို generate လုပ်ပေးနိုင်သလဲ
အရေးကြီးဆုံး ခွဲခြားကြည့်ရမယ့်အရာကတော့ ပညာရေးရင်းနှီးမြှုပ်နှံမှုကနေ generate လုပ်ပေးနိုင်မယ့် imputed income (နောင်တချိန်ဘ၀အာမခံချက်ရရှိခြင်း) နဲ့ ပညာတတ်တယောက်ရဲ့လုပ်အားကြောင့် ထွက်ပေါ်လာနိုင်မယ့် factor earnings တိုးမြင့်ခြင်းပါပဲ။ဒီနှစ်ချက်ဟာ education programme တွေရဲ့ pattern ပေါ်မှာ လာပြီး reflect ဖြစ်တာအတွက်ကြောင့် ပေါ်လစီများရေးဆွဲရမှာ နှစ်ခုကြားမှာ weighted လုပ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် education capital stock ဟာ အလျင်အမြန်ပြောင်းလဲစေနိုင်တာတော့ မဟုတ်တဲ့အတွက် investment planning ချတဲ့အခါမှာ long-term development ရှူထောင့်ကနေ ကြည့်နိုင်ဖို့တော့ အလွန်ပဲအရေးကြီးပါတယ်။ဒီနေရာမှာ education asset ရဲ့ ရေရှည်အသုံးဝင်မှုသက်တမ်းကို ကြည့်ရမှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ တောင်းဆိုလာမယ့် skills တွေကို ပြည့်မှီစေမယ့် education အမျိုးအစားတွေကို စနစ်တကျကြိုတင် ရွေးချယ်နိုင်ဖို့ လိုအပ်လာပါတယ်။
ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့တန်ဖိုး
တန်ဖိုးကို တွက်ချက်ရာမှာ လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းကတော့ ကျောင်းသားတယောက်ရဲ့ အနာဂတ်မှာ ရရှိလာနိုင်တဲ့ earnings ကို တွက်ချက်ပြီး၊ လက်ရှိတန်ဖိုးရရှိဖို့ discount လုပ်တဲ့နည်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လက်ရှိတန်ဖိုးဟာ တချိန်မှာပြန်ရဖို့ ရင်းနှီးမြှုပ်နှံထားရတဲ့ cost နဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒီနည်းဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွက်ချက်ခြင်းအတွက် အသုံးအများဆုံးပါ။ ဒါပေမယ့် ဒီနည်းက ပညာတတ်တယောက်အတွက်အကျိုးကျေးဇူးကိုပဲ တွက်ချက်တာဖြစ်ပြီး၊ ပညာရည်မြင့်မားခြင်းဖြင့် အများအတွက် ရလာနိုင်မယ့် တန်ဖိုးများကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။
ပညာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုရဲ့ အခြားသောတန်ဖိုးတခုကတော့ social climate နဲ့ cultural climate ကို ပြုပြင်ပြောင်းလဲနိုင်ခြင်းပါပဲ။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မရှိမဖြစ်အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ဖြစ်ပါတယ်။ ဒီအတွက် ပညာရေးရဲ့ အမျိုးအစား၊ အဆင့်အတန်း၊ ပညာတတ်အရေအတွက်ဆိုတာတွေက အရေးပါလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့အရည်အချင်းတွေကို အနာဂတ်သင့်လျော်ရာနေရာမှာ ထုတ်ယူအသုံးမပြုနိုင်တဲ့ ပညာတတ်များ မွေးထုတ်ထားရပြန်တာ ဆိုရင်လဲ ဒါဟာ external dis-economy သာဖြစ်ပြီး၊ instability ဖြစ်ရခြင်းရဲ့ source တခုသာ ဖြစ်ပါတယ်။
ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဆရာဝန်အရေအတွက်များလာဖို့ရည်ရွယ်ပြီး ဆေးကျောင်းတက်ရောက်နိုင်သူ အရေအတွက်ကို တိုးမြှင့်ပေးလိုက်ပါတယ်။ ဒီအတွက် costs of investment တက်လာပါတယ်။ ဒါပေမယ့် “ဆရာဝန်ဘွဲ့ရရင်ပြီးရော၊အမြင့်ဆုံးတက္ကသိုလ်ကို တက်ရရင်ပြီးရော၊ ၀ါသနာပါပါမပါပါ၊ လုပ်စားဖို့မရည်ရွယ်ပါ” ဆိုပြီးတက်ရောက်သူတွေများလာတဲ့အခါ rate of return မရှိတော့ပါဘူး။ တခြားပညာရပ်များတွေမှာလဲ ဒီလိုပါပဲ။ ဘွဲ့ရရင်ပြီးရောဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အကြောင်းမဟုတ်လှပေမယ့် ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအတွက်ကျတော့ development ရဲ့ early stages တွေကို ထိခိုက်စေပါတယ်။ ဒီလို individual investment လုပ်ခြင်းအားဖြင့် ရှိစေနိုင်တဲ့ risks တွေကို ဘယ်လို လျှော့ချမလဲ။
ရင်းနှီးမြှုပ်နှံမည့်ပညာရေးအမျိုးအစားနှင့် capital equipment ကို complement ဖြစ်စေခြင်း
individual investment လုပ်ခြင်းအားဖြင့် ရှိနေနိုင်တဲ့ risks တွေကို လျှော့ချနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်ပညာရေးအမျိုးအစားနဲ့ capital equipment တွေကို complement ဖြစ်စေရပါမယ်။ နှစ်မျိုးစလုံးမှာ စနစ်တကျရင်းနှီးမြှုပ်နှံရပါမယ်။ ဆရာဝန်အရေအတွက်များလာသလို ကျန်းမာရေးစောင့်ရှောက်မှုများကလဲ များလာရပါမယ်။ တခါဘွဲ့ရပညာတတ်တွေထွက်လာပြီဆိုရင်လည်း သူတို့ရဲ့ educated manpower ကို absorption လုပ်နိုင်မယ့် capacity rate ရှိရပါမယ်။ မြင်သာအောင်ဆိုရရင် စက်မှုလယ်ယာလုပ်မယ်ဆိုရင် လယ်ထွန်စက်မောင်းဖို့ trained driver တွေလိုပါတယ်။ driver တွေ trained ထားရင်လဲ မောင်းရမယ့် လယ်ထွန်စက်တွေ ရှိနေဖို့လိုအပ်ပါတယ်။
ဒီလို sensible education target တွေချတဲ့အခါ economy ရဲ့ လိုအပ်ချက်၊ စီမံချက်တွေပြည့်မှီအောင်မြင်စေမယ့် တောင်းဆိုချက်၊ absorption capacity rate မြင့်မားစေမယ့်စနစ်ရဲ့ လိုအပ်ချက်စတာ တွေကို သေချာစဉ်းစားဖို့လိုအပ်ပါတယ်။ ဖွံဖြိုးဆဲတိုင်းပြည်တော်တော်များများမှာ ပညာတတ်တွေမရှိခြင်း၊ ရှိတဲ့ပညာတတ်တွေကို အသုံးမပြုနိုင်ခြင်း၊ လွဲမှားသော attitudes များဖြင့် ပညာရပ်ကိုချဉ်းကပ်ပြီး၊ rate of return ပြန်မလုပ်ပေးနိုင်မည့် ပညာတတ်တွေကို မွေးထုတ်မှုများနေခြင်း၊ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဦးနှောက်ယိုစီးမှု ပြဿနာဖြစ်နေခြင်း စတဲ့အကြောင်းရင်း မျိုးစုံကြောင့် Human capital ဟာ shortage ဖြစ်နေတတ်ပါတယ်။ ဒီလို manpower shortage ကို မဖြေရှင်းနိုင်ရင် economic modernization ဘယ်လိုမှ မဖြစ်လာနိုင်တဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှောင့်နှေးနေဦးမှာပါပဲ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ထိရောက်တဲ့ လူစွမ်းအားအရင်းအမြစ်တိုးတက်ရေးမဟာဗျူဟာ (Strategy of Human Resources Development) လိုအပ်လာပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၊ ၆၊ ၂၀၀၈)
Friday, June 6, 2008
ပညာရေး လှည့်ကွက်ထဲမျောပါနေသူတယောက်အကြောင်း |
“ကျနော်တို့ခေတ် ပညာရေးဆိုတာဗျာ ... ကားတစ်စီးနဲ့ မတူပေဖူးလား ။ လူတွေက ကား ကို ကြည့်ရင် ၊ ဆလွန်းကားလား နောက်ဆုံးပေါ်ကားလား ဘာတံဆိပ်လဲ ဆိုတာ အရင်ကြည့်ကြတယ် ။ ကားမောင်းလို့ အဆင်ချောတာနဲ့ ဒီကားက အရည်အသွေး ပြည့်ဝတယ်လို့ ထင်ကြတယ် ။ ကားထဲက အင်ဂျင် ဘယ်လောက်ကောင်းလဲ ၊ ဘယ်လောက် ပါဝါရှိလဲ သေချာ အသေးစိတ် မသိကြဖူး ။ သိဖို့လည်း စိတ်မ၀င်စားကြသလိုပဲဗျာ ။”
လက်ဖက်ရည်ဆိုင်ထဲ နံပြား နှင့် ပဲပြုတ်ဝင်ဝယ်မည်လုပ်သော ကျွန်တော့်ခြေလှမ်းတို့ ထိုစကားသံများကြောင့် တွန့်ဆုတ်သွားသည် ။ အသံလာရာကို ကြည့်မိသောအခါ စိတ်ပါပါနှင့်ပြောနေသော လူငယ်တယောက်၏ နောက်ကျောကို လှမ်းမြင်ရသည် ။ သူ့ ဘေးမှာတော့ စိတ်ဝင်တစား နားထောင်နေသော (သို့မဟုတ်) စဉ်းစားခန်းဝင်နေပုံရသော လူငယ်များကို တွေ့ ရသည် ။ ထိုလူငယ် ဘာဆက်ပြောမလဲ ဟု စူးစမ်းလိုစိတ်ကြောင့် နံပြား နှင့် ပဲပြုတ်ကို ဆိုင်တွင်ထိုင်စားတော့မည် ဆုံးဖြတ်၍ သူတို့အုပ်စုနှင့် မလှမ်းမကမ်းနေရာရှိ ၊ ပြောနေသည့် လူငယ်နှင့် နောက်ပြန် ဘေးတစောင်းအနေအထားရှိ စားပွဲတလုံးတွင် ၀င်ထိုင်လိုက်မိသည် ။
“ပညာရေးဆိုတာလည်း အဲလိုဖြစ်နေပြီဗျာ ။ ဘွဲ့ လက်မှတ်တွေပဲကြည့်ပြီး လူတွေက ဒီလူ ပညာဘယ်လောက်တတ်လဲလို့ သတ်မှတ်တတ်ကြတယ် ။ အဲ တချို့ က အဲဒီဘွဲ့ လက်မှတ်က ဘယ်ကရလာတဲ့ ဘွဲ့ လက်မှတ်လည်းဆိုတာပါ ကြည့်ပြီး ခွဲခြားတတ်ကြသေးတယ်ဗျ ။ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ ... နာမည်ကြီး ကျောင်းတကျောင်းက အောင်တာနဲ့ပဲ ဒီလူဟာ သူများထက် ပိုတော်တယ်လို့ သတ်မှတ်သင့်သလား ။ ဘွဲ့ လက်မှတ်တခုရတာနဲ့ပဲ အဲဒီဘွဲ့ လက်မှတ်ရဖို့ သင်ကြားခဲ့ရတဲ့အရာအားလုံးကို တတ်မြောက်ပြီလို့ ဆိုနိုင်မလား ။
စာကျက်ပြီး အောင်နေတဲ့ ကျနော်တို့ခေတ်ကြီးမှာ ဘွဲ့ လက်မှတ်တခုဟာ တကယ်တော့ စာရွက်တရွက်လိုပဲ ။ အဲ ... ဒါပေမယ့် အဲဒီစာရွက်ရှိဖို့ကလည်း လောကမှာ လိုအပ်သေးသဗျ ။ ဒါကြောင့်လည်း ကျနော်တို့ ခင်ဗျားတို့ ဘ၀မှာ လူစဉ်မှီမှီ ရုန်းကန်နိုင်ဖို့ အဲဒီ စာရွက်တရွက်နောက် အပြေးသုတ်ခြေတင် လိုက်နေရတာပေါ့ဗျာ ။”
လူငယ်က သူ့ စကားစကို ခဏဖြတ်၍ ရှေ့ မှ လက်ဖက်ရည်ခွက်ကို ခပ်ဖြည်းဖြည်းမခါ ကျန်ရှိနေသေးဖွယ်ရသော လက်ဖက်ရည်အနည်းငယ်ကို တကျိုက်တည်း မော့ပစ်လိုက်သည် ။
“ကဲ .. ကျနော်ပြောတာ ခင်ဗျားတို့ လက်ခံနိုင်မလား ။”
သူ့ မျက်နှာကို ငဲ့စောင်း၍ ဘေးရှိ သူငယ်ချင်းများကို မေးခွန်းထုတ်လိုက်သည် ။ ထိုလူငယ့်မျက်နှာကို မြင်လိုက်ရသည်နှင့် ကျွန်တော် အံ့အားသင့်သွားမိ၏ ။ ထိုလူငယ်ကို ကျွန်တော် သိသည် ။ သူ နှင့် ဆုံခဲ့ဖူးသည့် လွန်ခဲ့သော နှစ်နှစ်အချိန်သို့ ကျွန်တော့်အတွေးများ ရောက်ရှိသွားသည် ။
“မင်း ဘာလို့ ကျောင်း မလာတာလဲ ။ မင်း ခုလို ကျောင်းတွေပျက်တာ မင်း ကြိုးစားပန်းစား ဒီမြို့ ကိုရောက်အောင် လာထားရတာတွေ ဘယ်လောက်နှမြောစရာကောင်းလဲ သိရဲ့လား ။”
“ကျနော်နဲ့ပတ်သက်ပြီး ဆရာ့မှာ စိတ်ပျက်ရတာ ခွင့်လွှတ်ပါ ဆရာ ။ ကျနော် နောက်ရက်တွေ ကျောင်းမှန်မှန်တက်ဖို့ ကြိုးစားပါ့မယ် ။”
ထိုစဉ်က လုပ်အားပေးဆရာအဖြစ် မြို့ ငယ်လေးတမြို့ ၏ အထက်တန်းကျောင်းတွင် တာဝန်ကျခဲ့သည် ။ သူ့ နာမည်က “မျိုးသွင်” ။ ကျွန်တော်သင်ခဲ့ရသော ဆယ်တန်း နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက် ။ ကျောင်းသို့ နောက်ကျမှ အမြဲရောက်သည် ။ တခါတလေ အတန်းထဲတွင် မျိုးသွင်ကို မမြင်ရသောရက်ကလည်း ခပ်များများ ။ သူကျောင်းတက်သည့်နေ့တိုင်း ခေါ်ပြောလျှင်လည်း မျက်နှာငယ်လေးနှင့် သူ့ ကိုယ်သူ ပြင်ပါမည်ဟု ကတိပေးတတ်သည် ။ သို့သော် နောက်ရက်တွေကျလည်း ပျောက်သွားတတ်စမြဲ ။
တောရွာလေးတရွာမှလာ၍ မြို့ တွင် ကျပန်းအလုပ်တခုလုပ်ရင်း ကျောင်းတက်နေသောသူ ဆိုသည်မှလွဲ၍ ၊ မျိုးသွင်အကြောင်း ကျွန်တော် အသေးစိတ် မသိ ။ အတန်းထဲတွင် စာသင်နေခိုက် ငိုက်မြည်းသွားတတ်သော သူ့ ကို အလုပ်လုပ်ချိန်များပြီး အိပ်ရေးမ၀၍ ဖြစ်မည်ဟု ကျွန်တော်နားလည်ပေးခဲ့သည် ။ ထို့ကြောင့် သူ ရှက်သွားမည်စိုးသဖြင့် ငိုက်နေသောသူ့ ကို စာမမေးဖြစ်ခဲ့ ။ သူ စိတ်ပါဝင်စားစွာ သင်ခန်းစာကို လိုက်နာသောနေ့များတွင် ၊ မေးခွန်းတိုင်းကို မျိုးသွင် ဖြေနိုင်တတ်သည် ။ ထိုအခါမျိုးတွင် “ကြည့် ... မင်း တကယ်စိတ်ပါလက်ပါ ကြိုးစားရင် ရတာပဲ ။ နေ့တိုင်း အဲလိုကြိုးစား” ဟု ကျွန်တော်ပြောသည့်အခါ “ဟုတ်ကဲ့ပါ ဆရာ” ဟု ရိုသေစွာ သူ ပြန်ပြောတတ်သည် ။ သို့သော် နောက်နေ့များတွင်လည်း ကျောင်းမှ သူ ပျောက်သွားတတ်ပြန်သည် ။
ပေါ်လိုက် ပျောက်လိုက်နှင့် နောက်ဆုံး ကျောင်းချိန်မမှန်သောကြောင့် ကျောင်းထုတ်ခံလိုက်ရသည် ။ ကျွန်တော်လည်း လုပ်အားပေးချိန် ပြီးဆုံးသောအခါ ထိုမြို့ ငယ်လေးမှ ထွက်ခွာ၍ ရန်ကုန်မြို့ သို့ ပြန်ပြောင်းလာခဲ့သည် ။ ဆရာအများစုက ကျောင်းသားဆိုးဟု သတ်မှတ်ခံရသော မျိုးသွင်တယောက် မည်သို့ ရှေ့ ဆက်စခန်းသွားမည်နည်းဟု စိတ်ထဲတွင် အမြဲ တွေးနေခဲ့မိသည် ။ ယခု သူ သည် ကျွန်တော် နှင့် မလှမ်းမကမ်းတွင် ထိုင်နေပြီ ။
အတွေးစကိုဖြတ်၍ နှစ်နှင့်ချီခါ ကွဲကွာနေခဲ့သော တပည့်ဟောင်းကို ပြန်တွေ့ ရသည့် ဆရာတယောက်၏ ၀မ်းသာမှုနှင့် သူ ထိုင်နေသော စားပွဲရှိရာသို့ ကျွန်တော် ရောက်သွားသည် ။
“ဟေ့ မျိုးသွင် မဟုတ်လား ။ ”
သူ ကျွန်တော့်ကို တဒင်္ဂ မှင်သက်ပြီး ကြည့်နေသည် ။ ထို့နောက်မှ သတိပြန်ဝင်လာပုံရခါ ...
“ဟာ - - ဆရာ ။ ထိုင်ပါ ။ ” ဟု နှုတ်ဆက်၍ ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်သည် ။
“အေးကွာ .. ပညာရေးအကြောင်းပြောနေသံကြားလို့ ထိုင် နားစွင့်နေတာ ၊ မင်းဖြစ်နေတာကိုး ။ ”
“ဆရာ .. ကျနော် ပြောမှား ဆိုမှား ရှိရင် ခွင့်လွှတ်ပါ ။ ဘာရယ်မဟုတ် သူငယ်ချင်းတွေနဲ့ စိတ်ထဲရှိရာ ဆွေးနွေးဖြစ်တာပါ ။”
“ရပါတယ်ကွာ ။ ခုလို လူငယ်တွေရဲ့ အမြင်ကိုလည်း ဆရာကအမြဲ စိတ်ဝင်စားတယ်လေ ။ မင်းပြောတာလည်း မှန်သင့်သလောက် မှန်တယ်ကွ ။ တကယ်တော့ ကျောင်းပညာရေးရော ဘ၀ကနေရတဲ့ ပညာရေးရော သူ့ နေရာ နဲ့ သူ အသုံးဝင်တာပါပဲ ။
ဒါပေမယ့် တခုတော့ ရှိတာပေါ့လေ - - ပညာရေးရဲ့ တန်ဖိုးဟာ အဲဒီပညာရေးကိုယူမယ့်သူပေါ်လည်း မူတည်တယ် ။ ကိုယ်တိုင်က ပညာရေးကို ဘယ်လို အတိုင်းအတာမှာထားပြီး ဆုံးဖြတ်ပြီး သင်ယူမလဲပေါ့ကွာ ။ ကိုယ့်ဘ၀အတွက် လက်မှတ်တခုအနေနဲ့ပဲဖြစ်သွားအောင် သင်ယူမလား ၊ ဒါမှမဟုတ် နေရာတချို့ မှာ အပေါက်တွေနဲ့ လိုအပ်နေသေးတဲ့ ဒီပညာရေးစနစ်ကြီး ထဲမှာ ထုထည်ရှိပြီးသားအရာတွေကို ကိုယ့်ဘ၀အတွက် တတ်မြောက်ခြင်းပညာတွေဖြစ်သွားအောင် သင်ယူမလား ။ အဲဒီ ဆုံးဖြတ်ချက်ကို ပညာသင်ယူမယ့်သူတိုင်း သေချာ စဉ်းစား ဆုံးဖြတ်တတ်ကြဖို့ လိုတယ်ကွ ။ ”
“ဟုတ်ကဲ့ ဆရာ ။ ကျနော့်ကို ခုလို နည်းပေး လမ်းပြ လုပ်တာတွက် ကျေးဇူးတင်ပါတယ် ။ ကျနော် ကြိုးစားပါဦးမယ် ။”
“အေးကွာ ... မင်းလို အတွေးအခေါ်ကောင်းတဲ့ လူငယ်တယောက် ပညာရေးဆိုတာကို စာရွက်တရွက်လိုမြင်တာနဲ့ပဲ ပညာရေးကို လွှင့်ပစ်လိုက်တယ်လို့ မဖြစ်စေချင်ဖူး ။ ပညာဆိုတာ ယူတတ်ရင် ရပါတယ် မျိုးသွင်ရာ ။ အဲဒါကိုတော့ မင်း မြဲမြဲ မှတ်ထားနိုင်ပါစေလို့ ဆရာ ပြောချင်တယ် ။
“x x x x x x x x x x x x ဒါ ဆရာ့ ဖုန်းနံပတ် ။ အချိန်မရွေး လိုအပ်ရင် ဆက်ပေါ့ ။ ဟုတ်ပြီလား ။ မင်း ခု ဘယ်မှာ နေလဲ ။ ”
“စမ်းချောင်းဘက်မှာပဲ ဆရာ ။ ကျနော် ကျောင်းပြန်တက်ဖို့ လုပ်နေပါတယ် ။ ”
“အေး အေး ... မင်းဘ၀လမ်းအတွက် အကုန်အဆင်ပြေပြီး ကိုယ်နဲ့ထိုက်တန်တဲ့နေရာရောက်အောင် ကြိုးစားနိုင်ပါစေလို့ ဆရာ ဆုတောင်းလိုက်တယ် ။ ”
“ပေးတဲ့ဆု နဲ့ ပြည့်ပါစေ ဆရာ ။”
မျိုးသွင်ကို နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်ထဲမှ ကျွန်တော် ထွက်ခွာခဲ့သည် ။ စိတ်ထဲမှာလည်း မျိုးသွင်၏ “ဟုတ်ကဲ့ ဆရာ” ဆိုသော စကား ဘယ်အခြေအနေထိ ခရီးရောက်နိုင်မည်လဲဟု တွေးလျက် ။
မှတ်ချက် ။
သူငယ်ချင်းတယောက်ပြောပြသော တကယ့်အဖြစ်အပျက်ကို အခြေခံ၍ ရေးသားထားသည် ။
Tuesday, June 3, 2008
Phd Studentships in Water Law |
Unesco Centre for Water Law, Policy and Science
Applications are invited for up to four fully funded PhD Studentships in Water Law within the Dundee UNESCO HELP Centre for Water Law, Policy and Science, part of the Graduate School of Management and Policy (College of Arts & Social Sciences).
Applicants must have, or expect to obtain, a first class or high upper second class honours degree in law and be able to show commitment to pursuing postgraduate research. A Masters degree (preferably in law or economics; or in a relevant discipline) would be highly desirable.
Research topics in each of the clusters include:
- International water law - the normative content of the rules of international law that govern transboundary waters (i.e., equity; conflict prevention; state responsibility); the role and relevance of the 1997 UN Watercourses Convention in strengthening international watercourse agreements; legal frameworks for managing Europe's international watercourses; legal issues related to water security; legal issues related to climate change, including managing floods and droughts;
- Comparative National Water law -- ensuring effective governance implementation; security of supply in the context of increasing scarcity; implementation of enforceable water rights; the role of law in achieving IWRM especially within the UNESCO HELP approach; stakeholder involvement; water markets;
- Regulation of water services -- the legal aspects of regulation / control of publicly owned utilities, public-private participation, governance, international investment in water services;
As these are fully funded PhD Studentships, the programme fees of £12,500 / annum will be paid, and in addition the successful candidates will receive a stipend of £12,500 / annum. Awards are made initially for one year, but will be renewed for a second year, subject to satisfactory performance during the first year. They will be renewed for a third year, provided the student has been upgraded to full PhD status. This highly competitive PhD studentship offers an exciting opportunity for future academic leaders. It is anticipated that the successful candidates will begin their studies in September 2008.
Applications:
To apply for this PhD studentship candidates must submit a covering letter indicating why they wish to be considered; a sample of academic writing; their proposed research topic; and a completed standard application for entry as a PhD candidate at the UNESCO Centre, University of Dundee (http://www.dundee.ac.uk/admissions/research/how_to_apply.htm)
Additional details of research currently being undertaken by staff may be found at: http://www.dundee.ac.uk/water/research/index.php.
Initial enquiries may be addressed to Professor Patricia Wouters, Director,
Email: p.k.wouters@dundee.ac.uk.
Closing Date: The deadline for completed applications is 20 June 2008. Successful candidates will notified by 1 August 2008, with an expected start date of 1 October 2008. Interviews will be by meeting / telephone / Skype.
The University of Dundee is committed to equal opportunities and welcomes applications from all sections of the community. The following link provides further information about the University of Dundee profile:
http://www.dundee.ac.uk/admissions/tada/_think.
Sunday, May 11, 2008
ပညာရေးနဲ့ သဘာဝဘေး |
မြန်မာနိုင်ငံရဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေမှာ ဘယ်တုန်းကမှ မျော်လင့်မထားခဲ့တဲ့ သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတာမို့ ခုဆိုရင် ပြန်လည်ထူထောင်ရေးအတွက် ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် တော့ မြန်မာပြည်သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ တကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ နည်းပါးခဲ့ကြရတာမို့ ခုလို အချိန်အခါမျိုးမှာ ပိုပြီး ဒုက္ခရောက်ကြရတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုအများစုဟာ ပညာရေးစနစ်က ဘ၀ရပ်တည်ရေး အသက်မွေး ၀မ်းကျောင်းဖို့အတွက် လုံလောက်တဲ့ အာမခံချက်မရှိတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေ ကြောင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရကြတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံက ပညာရေးဟာ တကယ့်လက်တွေ့ဘ၀အတွက် အသုံးဝင်တဲ့ ပညာရပ်တွေ ဗဟုသုတတွေ မပါတာကြောင့်လည်း ပြည်သူလူထုဟာ လက်တွေ့ဘ၀ထဲမှာ မကြုံသင့်တဲ့ အခက်အခဲတွေ.. ပြဿနာတွေ.. အဆုံးရှုံးတွေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ခုရင်ဆိုင်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းပြဿနာမှာ မုန်တိုင်းလာနိုင်တယ် ဆိုတာကို ကြိုသိပေမဲ့ မုန်တိုင်းက ဘယ်လောက်ပြင်းထန်မလဲ.. မုန်တိုင်းကို ဘယ်လို ရင်ဆိုင်ရမလဲ.. မုန်တိုင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘာတွေပြင်ဆင် ထားရမလဲ.. ဆိုတာတွေကို မသိကြလို့ ပိုပြီး ဆိုးဆိုးဝါးဝါးရင်ဆိုင်ခဲ့ကြရတာလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဒီနေရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ပညာပေးတာတွေ သတိပေး တာတွေလုပ်ရမှာက နိုင်ငံအုပ်ချုပ်သူတွေရဲ့ တာဝန်ပါ။
တကယ်ကတော့ နိုင်ငံတကာကျောင်းပညာရေးတွေထဲမှာက သူတို့နိုင်ငံတွေရဲ့ ရာသီသဘာဝ ပထ၀ီဝင်ရေမြေအနေအထားနဲ့ လိုအပ်ချက်တွေအလိုက် ကျောင်းသားတွေအတွက် သိသင့် သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ သဘာ၀၀န်းကျင်ဆိုင်ရာ ဗဟုသုတတွေ၊ ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်အကြောင်းတွေနဲ့ ကာကွယ်ပုံ ရင်ဆိုင်ပုံတွေကို ပြဌာန်း သင်ကြားပေးထားတာပါ၊ ဥပမာ- မြစ်နား ချောင်းနား ပင်လယ်နားနီးဒေသ တွေမှာ နေတဲ့သူတွေအတွက် ကျန်းမာရေးအရလိုအပ်ချက်တွေက ဘာလဲ.. အဲဒီ လိုအပ်ချက်အရ ဘယ်လိုအစားအစာတွေကို စားမလဲ.. ဘယ်လိုနေထိုင်မလဲဆိုတာတွေ၊ တကယ်လို့ တောင်တန်းဒေသမှာ နေတဲ့သူတွေဆိုရင်လည်း အဲဒီ တောင်တန်းဒေသ၀န်းကျင်အရ လိုအပ်ချက်တွေကို အတန်းအလိုက် သင်ခန်းစာတွေအဖြစ် ပြဌာန်းသင်ကြား ပေးတာမျိုးပါ။ အဲဒီအပြင် ကလေးတိုင်းအတွက် လိုအပ်ချက်အဖြစ် ရေကူးတတ်အောင် သင်ရတာမျိုးတွေ၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းတခုခု သင်ရတာမျိုးတွေ၊ အများဆုံး စားသောက်နေရတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်လိုရီနဲ့ ဓါတ်သဘာဝ အကြောင်းတွေ၊ အခြေခံ သူနာပြုစုနည်းသင်ရတာမျိုးတွေလည်း ရှိပါတယ်။
တကယ်တော့လည်း ပညာရေးဆိုတာကိုက စာသင်သားတွေ လက်တွေ့ဘ၀ထဲမှာ အသုံးချနိုင်တဲ့ ပညာရပ်မျိုးတွေကိုသာ ပေးရမှာပါ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပညာရေးပညာရှင် K.G. Sai Yi Dane က "ပညာရေးဆိုတာဟာ ဒီမိုကရေစီလူမှုဘ၀အတွက် လိုအပ်တဲ့ အရည်အသွေးတွေကို စာသင်သားတွေရနိုင်စေဖို့ ပြင်ဆင်ရေးဆွဲထားတာပဲ ဖြစ်ရမယ်"လို့ ပြောခဲ့တာလည်း ရှိပါတယ်။
ခု မြန်မာနိုင်ငံမှာကတော့ အဲသလို ဘ၀တသက်တာလုံးအတွက် ရည်ရွယ်တဲ့ ပညာရေး မျိုးမှာ တကယ်အသုံးဝင်စနစ်ကျတဲ့ သင်ခန်းစာတွေ မပါဝင်ရုံသာ မကတော့ပါဘူး။ လက်ရှိ အချိန်အခါမှာ ပြည်သူလူထုအတွက် တကယ်အရေးတကြီး လိုအပ်လာတဲ့ ပညာ ပေးဖို့ကို တောင် အာဏာပိုင်တွေဘက်က တာဝန်မကျေခဲ့ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူလူထုအများစုက ပညာဗဟုသုတအရာမှာ အားနည်းကြတဲ့အတွက် လိုအပ်တဲ့ ပညာပေးမှုတွေကို အစိုးရပိုင်းက သေချာလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုတာကို ကြိုတင်သတိပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာက မုန်တိုင်းက အားမကြီးလှဘဲ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမယ်၊ လေတိုက်နှုန်းက တနာရီမိုင်၄၀-၄၅ လောက်ပဲ ရှိမယ်ဆိုတာလောက်ပဲ ကြေငြာထားခဲ့တာပါ။
တကယ်တော့ ဒီနေရာမှာ မုန်တိုင်းက ဘယ်လောက်အားကြီးမလဲ..၊ ဘယ်လိုနေရာကို အဓိက ၀င်ရောက်နိုင်သလဲ.. မုန်တိုင်းအများဆုံး ထိနိုင်တာ ဘယ်ဒေသလဲ.. မုန်တိုင်းကို ကာကွယ်လို့ မရနိုင်တဲ့အတွက် ရှောင်ရှားဖို့ ဘယ်လိုပြင်ဆင်သင့်သလဲ.. မုန်တိုင်းကျပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ အခက်အခဲပြဿနာတွေက ဘာတွေလဲ.. အဲဒီအခက်အခဲ တွေကို ကျော်လွှားဖို့ ဘာတွေ ပြင်ဆင်ထားမလဲ.. ဆိုတာတွေကို ပြည်သူလူထုသိအောင် အချိန်တိုင်းမှာ ပညာပေးလှုံ့ဆော်နေရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရေဒီယို ရုပ်မြင်သံကြားတွေအပြင် နယ်မြေအလိုက် အုပ်ချုပ်သူအာဏာပိုင်တွေက အသီးသီး တာဝန်ယူပြီး အကြိမ်ကြိမ် သတိပေးနေရမှာဖြစ်ပါတယ်။ ခုတော့ မြန်မာပြည်သူလူထုဟာ မုန်တိုင်းဒဏ်ကို ဒီအတိုင်းပဲ ခေါင်းငုံ့ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ မလိုအပ်ဘဲ အသေအပျောက် များခဲ့ရတာလို့ ဆိုနိုင်ပါတယ်။
တကယ်တော့ ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းလို ပင်လယ်ပြင်နဲ့ထိစပ်နေတဲ့အတွက် သေချာ ပေါက် အန္တရာယ်ရှိနိုင်တဲ့ ဒေသမျိုးတွေမှာဆိုရင် မုန်တိုင်းမလာခင်ကတည်းက မုန်တိုင်းနဲ့ ဝေးနိုင်တဲ့ နေရာဒေသတွေဆီ ရှောင်နေသင့်ပါတယ်။ ပြီးတော့ မုန်တိုင်းထိနိုင်ချေရှိတဲ့ ဒေသတွေမှာ မုန်တိုင်းအပြီးမှာ ကြုံရတတ်တဲ့ သောက်သုံးရေနဲ့ စားသောက်ကုန် ပြဿနာအတွက် ကြိုတင်ပြီး စုဆောင်းထားတာမျိုး လုပ်ရပါမယ်။ အဲဒီအပြင် လိုအပ်နိုင်တဲ့ အ၀တ်အထည်ဆေးဝါးတွေကို ကြိုတင်ရှာဖွေစုဆောင်းထားရပါမယ်။ အဲဒီ လိုအပ်ချက်တွေကို အစိုးရတွေက ပညာပေးလှုံ့ဆော်ထားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျရောက်လာတဲ့ သဘာဝ ဘေးဒဏ်ကို ရင်ဆိုင်ရတဲ့အခါ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေ၊ နောက်ဆက်တွဲ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကနေ သက်သာရာ ရ နိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ် မြန်မာနိုင်ငံမှာ အင်မတန်ကြီးမားတဲ့ ဘေးဥပါဒ်မျိုး ကြုံတွေ့ထားရ ပေမဲ့လည်း လက်ရှိ မြန်မာအာဏာပိုင်တွေကတော့ သူတို့ရဲ့အုပ်ချုပ်မှုကို တရားဝင် အတည်ပြုပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် လူထုဆန္ဒခံယူပွဲကို မေလ၁၀ရက် နေ့မှာ မဖြစ်မနေ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေရဲ့ အခြေခံမူများအခန်းမှာတော့ နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့်ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမည်.. လို့ ဖော်ပြထားတာပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကတော့ ပြည်သူလူထုကို သဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီး ထိထိ ရောက်ရောက် အကာအကွယ်မပေးခဲ့တဲ့အပြင် လက်ရှိရင်ဆိုင်နေရပြီဖြစ်တဲ့ မုန်တိုင်း ဒဏ်ရဲ့ နောက်ဆက်တွဲ အခက်အခဲတွေ ဒုက္ခတွေကိုလည်း ခုချိန်ထိ ကူညီဖြေရှင်း မပေးသေးပါဘူး။
ဒါကြောင့်ပဲ အဲသလို ပြည်သူလူထုရဲ့ အသိပညာပေးရေးနဲ့ ကျန်းမာရေးကိစ္စတွေအပေါ် လျစ်လျူရှုထားတဲ့ အစိုးရမျိုးကို တည်မြဲအောင် လုပ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမလား ကန့်ကွက်မလား ဆိုတာဟာ ပြည်သူလူထုကြီးအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့် အခြေအနေပဲ ဖြစ်ပါတယ်။
မေငြိမ်း
၆၊၅၊၀၈။
Monday, May 5, 2008
How can we help? |
မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကျော်လွှားခြင်း- အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်းနှင့် ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
ခင်မမမျိုး (၅၊ ၅၊ ၂၀၀၈)
ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင် (၁၉၂) ကီလိုမီတာအင်အားရှိသည့် နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး၊ ခန့်မှန်းမရနိုင်လောက်သည့် ကြီးမားလှစွာသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သည်။ စစ်အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းစသော ပြည်နယ်နှင့်တိုင်း (၅)နေရာအား အရေးပေါ်အခြေအနေကြေငြာထားသည်။
မုန်တိုင်းကြောင့်ဖြစ်ပွားသော လူအသေအပျောက်နှုန်းများ၊ အိုးမဲ့အိမ်မဲ့နှုန်းများကို အတိအကျမသိရသေးပေ။ သို့ရာတွင် မုန်တိုင်းဒဏ်ခံရသောအခြေအနေများအရ အနည်းဆုံး ထောင်နှင့်ချီသောလူအများသေဆုံးပြီး၊ သိန်းနှင့်ချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ သန်းနှင့်ချီသောလူအများ ဆင်းရဲဒုက္ခရောက်ခဲ့သည်ကတော့ သေချာလှသည်။
နိုင်ငံတကာအဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူလူထုအတွက် ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စစ်အစိုးရမှ အကူအညီတောင်းခံခြင်း၊ ယခုစာရေးနေသည့်အချိန်အထိ မရှိသေးပါ။ ကမ္ဘာအနှံ့မှ ပြည်ပရောက်မြန်မာများ မွေးရပ်မြေအတွက် ပူပန်စိုးရိမ်နေကြသည်။ မုန်တိုင်းအန္တရာယ်ကျရောက်မည်ကို ကြိုတင်သိရှိပါက လုံလောက်သော ကြိုတင်စီမံမှုများ မပြုလုပ်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်မှုတွင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ မပြုလုပ်နိုင်သည့် စစ်အစိုးရအား အပြစ်တင်နေကြသည်။ အတိုက်အခံအဖွဲ့များမှလည်း ကြေငြာချက်များထုတ်ပြန်၍ စစ်အစိုးရ၏ တာဝန်မဲ့မှုကို မီးမောင်းထိုးပြနေကြသည်။ သတင်းမီဒီယာများမှလည်း ထိုအချက်ကိုသာ တစိုက်မတ်မတ် ကြေညာနေကြသည်။
ထိုသို့ပြောနေ၊ လုပ်နေရုံနှင့် ပြီးပါမည်လား။ ကျွန်ုပ်တို့အားလုံးသည် စစ်အစိုးရထံမှ မည်သည့်အရာကို မျှော်လင့်နေခဲ့ကြသနည်း။ စစ်အစိုးရသည် ပြည်သူလူထုအပေါ်တွင် ယခင်ကလည်းတာဝန်မကျေခဲ့၊ ယခုလည်းတာဝန်မကျေ၊ နောင်လည်း တာဝန်ကျေမည်မဟုတ်။ ထို့အတူပင် ယင်းကဲ့သို့သော တာဝန်မသိသည့် အစိုးရကို အပြစ်ထိုင်ပြောနေရုံနှင့်လည်း ကျွန်ုပ်တို့ တာဝန်ကျေသည်မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာလူမျိုးများဖြစ်ပြီး၊ မြန်မာ့မြေပေါ်တွင် မြန်မာ့ရေကိုသောက်ကာ ကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ ယခုကျွန်ုပ်တို့ မြေပေါ်တွင် မှီတင်းနေထိုင်သူများသည် အတိဒုက္ခရောက်ရှိနေကြသည်။
မုန်တိုင်းပြီးလျှင် လေပြေလာတတ်သည်ဆိုသော်လည်း၊ လက်တွေ့တွင်ကား မုန်တိုင်းနောက်ကွယ်မှ အကျိုးဆက်များသည် မုန်တိုင်းကျနေစဉ်ချိန်ထက်ပင် ပိုမို၍ ကြောက်စရာကောင်းလှသည်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ၊ ဘ၀ပျက်သွားသူများ အများအပြားရှိနေပြီ။ သန့်ရှင်းသောသောက်သုံးရေ မရရှိပါက ကူးစက်ရောဂါဆိုးများ ပျံ့နှံ့ဖွယ်ရာရှိသည်။ မုန်တိုင်းအများဆုံး ရိုက်ခတ်သွားခြင်းခံခဲ့ရသော ဧရာဝတီတိုင်းသည် မြန်မာတနိုင်ငံလုံး၏ စပါးကျီဖြစ်သဖြင့် အစာရေစာရှားပါးမှု၊ ကုန်ဈေးနှုန်းအကြီးတက်သွားမှုများဖြစ်မည်။ ဖြစ်လည်းဖြစ်နေပြီ။ ရှေ့ဆက်၍ အဆမတန်တက်တော့မည်။ လူအများငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီးဆိုက်နိုင်သည်။ ထိုအန္တရာယ်ဆိုးများကို ကျွန်ုပ်တို့ညီနောင်ဘွား မြန်မာများ ရင်စည်းခံကြရတော့မည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့အားလုံး ဝေဖန်အပြစ်တင်ကာ တယောက်ကိုတယောက်အပြစ်ပုံချခြင်းဖြင့်သာ အချိန်ကုန်နေကြတော့မည်လော။ လက်တွေ့တွင် လုပ်ဆောင်ရန်ကြိုးစားသင့်သော နည်းလမ်းနှစ်သွယ်ရှိပါသည်။
(၁) အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်း>
မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့အားလုံး စဉ်းစားလက်ခံကြရမည့် အချက်တခုမှာ ယခုအချိန်တွင် မြန်မာနိုင်ငံအား တရားဝင်သည်ဖြစ်စေ၊ တရားမ၀င်သည်ဖြစ်စေ အုပ်ချုပ်နေသည်မှာ စစ်အစိုးရဖြစ်နေသည်ဆိုခြင်းကို ဖြစ်သည်။ ထိုသို့အုပ်ချုပ်နေခြင်းဖြင့် ယင်းတို့တွင် အာဏာကို အသုံးပြုခွင့်ရှိနေကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည် အချုပ်အခြာအာဏာရှိသော နိုင်ငံတခုအတွင်းသို့ မည်သို့သောအကြောင်းပြချက်နှင့်ဖြစ်စေ ၀င်ရောက်ခွင့်မရှိပါ။ သို့ဖြစ်ရာ စစ်အုပ်စုမှ တရားဝင်တောင်းဆိုမှသာ အကူအညီပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူအများ နိုင်ငံတကာအကူအညီ ရရှိရန်မှာ စစ်အစိုးရပေါ်တွင် မူတည်လျက်ရှိနေသည်။
ထိုသို့စစ်အုပ်စုမှ တရားဝင်တောင်းဆိုအောင် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ကြမည်နည်း ဆိုသည်ကို ယခုအချိန်တွင် ၀ိုင်းဝန်းစဉ်းစားကြရန် လိုအပ်သည်။ ပြည်ပအတိုက်အခံများမှ တောင်းဆို၍မရပါ။ တောင်းဆိုလိုက်လျှင် စစ်အစိုးရက နောက်တလှမ်းပင် ထပ်ဆုတ်သွားလိမ့်ဦးမည်။ ပြည်တွင်းအတိုက်အခံများမှလည်း တောင်းဆို၍မရပါ။ အငတ်ဘေးဆိုက်နေသော ပြည်သူများ လမ်းပေါ်ရောက်လာမည်စိုး၍ ပိုမိုချုပ်ချယ်မှုများပြုလုပ်လာပါက ပြည်သူအများပင် တပူပေါ်နှစ်ပူဆင့်ကြရလိမ့်မည်။
ယခုအချိန်တွင် ပြည်သူအများအတွက် အကျိုးဆောင်ရန် စစ်အုပ်စုနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန် ကြားခံဆောင်ရွက် ပေးနိုင်မည့် အဖွဲ့အစည်းတခု (ဥပမာ- မြန်မာနိုင်ငံမုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့ (သို့) ကြိုက်ရာအမည်ပေးပါ) ကဲ့သို့သော အဖွဲ့အစည်းတရပ် ထူထောင်ရန် လိုအပ်ပါသည်။ အဖွဲ့အား ဦးဆောင်သူများသည် ပြည်ပနိုင်ငံများတွင် အခြေစိုက်နေထိုင်ကြသော လူရိုသေ၊ ရှင်ရိုသေ ဆရာဝန်ကြီးများနှင့် ပညာရှင်များဖြစ်သင့်သည်။ အတိုက်အခံဘက်မှလူများ မပါဝင်သင့်ပါ။ ပါဝင်ပါက စစ်အစိုးရမှ ယုံကြည်လက်ခံမည်မဟုတ်ပါ။ ထိုသူများမှ ဦးဆောင်၍ ကြားခံဆောင်ရွက်ပေးပါက အဆင်ပြေမှု ရရှိနိုင်မည် မျှော်လင့်ပါသည်။
ထို့အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးသည် long-term political struggle ရှိနေသော မြန်မာပြည်ကဲ့သို့သော တိုင်းပြည်မျိုးတွင် international humanitarian intervention ပြုလုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများကို အတိအကျလိုက်နာမည် ဆိုပါက စစ်အစိုးရ သဘောထား အနည်းငယ် ပျော့ပျောင်းလာနိုင်သည်။ ထိုစည်းကမ်းများမှာ -
နယ်မြေခံတာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
နိုင်ငံတော်နှင့် ပြည်သူများ၏ power relation တွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရ။
ရေရှည်ပြဿနာအဖြေများအား မရှာဖွေရ။
မီဒီယာများ၏ အာရုံစိုက်မှုခံရအောင် မပြုလုပ်ရ။
အထက်ပါအချက်များမှာ အာဏာရှင်နိုင်ငံများတွင် လူသားချင်းစာနာမှု အကူအညီပေးပါက လိုက်နာသင့်သော အချက်များဖြစ်သည်။ အာဏာရှင်အစိုးရများသည် လူသားချင်းစာနာမှုအကူအညီကို အသုံးပြု၍ political processes များအား undermine လုပ်မည်ကို စိုးရိမ်တတ်ကြသည်။ ထိုစိုးရိမ်မှုသည် နိုင်ငံတကာအကူအညီများအား အလုံးစုံငြင်းဆန်မှု ပြုစေသည့် အဓိကအချက်ပင် ဖြစ်သဖြင့် လူသားချင်းစာနာမှုအကူအညီနှင့် နိုင်ငံရေးကို မရောထွေးမိစေရန် အရေးကြီးလှသည်။
ဥပမာဆိုရလျှင် ကျွန်ုပ်တို့သွားရာလမ်းတွင် ချောက်ကမ်းပါးတခုရှိနေသည်ဆိုပါစို့။ ထိုချောက်ကမ်းပါးအား နောင်လာနောက်သားများ ဖြတ်ကျော်ရခြင်း လွယ်ကူစေရန် တံတားထိုးရန် လိုအပ်သည်။ ယင်းအတွက် ရေရှည်တံတားတည်ဆောက်မည့် လူများလိုအပ်သည်။ ထိုနည်းတူစွာပင် ချောက်ကမ်းပါးအခြားတဘက်သို့ ပို့ဆောင်ရမည့် ပစ္စည်းပစ္စယများ လျင်မြန်စွာ ရောက်ရှိစေရန် လိုအပ်ပါ သစ်လုံးတံတားထိုးပြီး၊ ချက်ချင်းကူးသွားရမည့် လူများလည်း လိုအပ်သည်ပင်ဖြစ်သည်။ ယခုအခြေအနေသည် ရေရှည်တံတားကြီး ပြီးဆုံးရန် စောင့်နေ၍မရ။ သစ်လုံးတံတားအမြန်ထိုးရန် လိုအပ်သည့်အခြေအနေဖြစ်သည်။
(၂) ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
အခြားအရေးပါသော နည်းလမ်းမှာ ပြည်သူမှပြည်သူသို့ အကူအညီပေးခြင်းဖြစ်သည်။ နိုင်ငံတကာရောက်မြန်မာများ စုပေါင်း၍ တတ်နိုင်သမျှ ငွေအားထည့်ဝင်ကာ အဆင့်ဆင့်လွှဲပြောင်းပြီး၊ ဒုက္ခရောက်နေသော ပြည်သူများအား ကူညီနိုင်စေရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ (၁၉၉၇) ခု၊ ဝေါနယ်တ၀ိုက် ရေကြီးစဉ်က စာရေးသူတို့ ပြုလုပ်ဖူးပါသည်။ ချမ်းသာသောမိတ်ဆွေ၊ သူငယ်ချင်း အသိုင်းအ၀ိုင်းများဆီမှ ပိုက်ဆံများကောက်ခံကာ၊ ဆန်အိတ်များ၊ အခြားအသုံးအဆောင်များ၊ အ၀တ်အစားများအား ကားများပေါ်တင်၍ ရွာဘုန်းကြီးကျောင်းများသို့ လိုက်လံပို့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများမှ ရေဘေးဒဏ်သင့်နေသော ရွာသူရွာသားများကို ပြန်လည် ဝေငှပေးပါသည်။ အတိုက်အခံအဖွဲ့များမှ လူငယ်များမှ ပြုလုပ်နိုင်ပါသည်။ အရေးကြီးဆုံးအချက်မှာ နိုင်ငံရေးအသွင်ဆောင်သော မည်သည့်လှုပ်ရှားမှုမှ မပါဝင်ရပါ။ ထိုသို့ဖြစ်လာပါက သတင်းမီဒီယာများ အနေဖြင့်လည်း အတိုက်အခံအဖွဲ့များမှ မည်သူများပါဝင်၍ မည်သို့အကူအညီပေးခဲ့သည်၊ စစ်အစိုးရမှ မည်သို့လက်ပိုက်ကြည့်နေသည်စသည်ဖြင့် ပွဲလှန့်မှုများမလုပ်သင့်ပါ။ ပါဝင်သူများအခြောက်တိုက်အန္တရာယ်ဖြစ်ကာ၊ ပြည်သူများဆီသို့တိုက်ရိုက်ရောက်ရှိနိုင်သည့် အကူအညီလမ်းကြောင်းများ ပိတ်သွားနိုင်ပါသည်။ မည်သူတွေက တာဝန်ကျေ၍၊ တာဝန်မကျေသည်ကို ပြည်သူက သူ့ဘာသာအသိဥာဏ်ဖြင့် သိရှိပြီး ဖြစ်ပါသည်။ ပြောပြနေစရာမလိုအပ်ပါ။
ထို့အပြင် လိုအပ်ပါက စစ်အုပ်စုမှ သံသယကင်းစေရန် စစ်အုပ်စုနောက်လိုက် အဖွဲ့များအား ပူးတွဲဆောင်ရွက်ရန် အကူအညီခေါ်သင့်ပါသည်။ မချစ်သော်လည်းအောင့်ကာနမ်း၊ ရှောင်လွှဲမရသည့် အခြေအနေများရှိနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါက ခေတ္တပူးပေါင်းဆောင်ရွက်လိုက်ရန် လိုအပ်ပါသည်။ အကူအညီလိုအပ်နေသည့် ပြည်သူများမျက်နှာကို ကြည့်ရမည်ဖြစ်သည်။
အလှူငွေထည့်ဝင်ခြင်းများနှင့် ပတ်သက်ရာ၌လည်း စေတနာသုံးတန်ပြတ်၍ လှူကြရန်လိုအပ်သည်။ အချို့ကဆိုပါသည်။ မုန်တိုင်းကယ်ဆယ်ရေးအလှူငွေများ၊ ထောက်ပံ့ကြေးများသည် စစ်အစိုးရလက်တွင်းရောက်သွားပါက ပြည်သူဆီသို့ ရောက်ချင်မှ ရောက်မည်ဆိုသည့်အချက်ဖြစ်သည်။ စစ်အစိုးရအဆင့်ဆင့်မှ အလွဲသုံးစားမှုများ မရှိမဟုတ်၊ ရှိနိုင်ပါသည်။ သို့ပေမယ့် ရာခိုင်နှုန်းတ၀က်ကျော် ပြည်သူများဆီ ရောက်သွားပါက အကျိုးခံစားရသည့် ပြည်သူများရှိလာနိုင်သည်မှာ အမြတ်ပင်မဟုတ်ပါလော။ စစ်အစိုးရမှ ပြည်တွင်းတွင် အလှူငွေကောက်ခံနေသည် များလည်း ရှိပါသည်။ လှူမည့်သူများလည်း သူ့အစုနှင့်သူ ပေါ်နေလိမ့်မည်။ မီဒီယာများမှ တတ်နိုင်သမျှဝေဖန်ခြင်းမပြုရန် တောင်းပန်လိုပါသည်။ ထိုငွေများအနက် (၇၀)ရာခိုင်နှုန်းခန့်သည် ကယ်ဆယ်ရေးလုပ်ငန်းများသို့ ရောက်သွားသည်ပဲထားဦး၊ အကျိုးရှိပါလိမ့်မည်။ ပြည်သူမှပြည်သူသို့ အကူအညီအပေးနိုင်မည့် မည်သည့်လမ်းကြောင်းကို မဆို ၀ိုင်းဝန်းဖော်ထုတ်ကြရန်လိုအပ်ပါသည်။
ချုပ်၍ဆိုရသော် အမိနိုင်ငံမှ တိုင်းရင်းသားပြည်သူများ ဤကဲ့သို့သော ဘေးအန္တရာယ်ဆိုးကြီး ကြုံတွေ့နေရချိန်တွင် ကျွန်ုပ်တို့အားလုံး အပြောမဟုတ်၊ လက်တွေ့လုပ်၍ အကူအညီမည်သို့ပေးနိုင်မည်ဆိုသည့် အချက်ကိုသာ ၀ိုင်းဝန်းဆွေးနွေးအဖြေရှာကြစေလိုကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။


