မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကျော်လွှားခြင်း- အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်းနှင့် ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
ခင်မမမျိုး (၅၊ ၅၊ ၂၀၀၈)
ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တနာရီလျှင် (၁၉၂) ကီလိုမီတာအင်အားရှိသည့် နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး၊ ခန့်မှန်းမရနိုင်လောက်သည့် ကြီးမားလှစွာသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သည်။ စစ်အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းစသော ပြည်နယ်နှင့်တိုင်း (၅)နေရာအား အရေးပေါ်အခြေအနေကြေငြာထားသည်။
မုန်တိုင်းကြောင့်ဖြစ်ပွားသော လူအသေအပျောက်နှုန်းများ၊ အိုးမဲ့အိမ်မဲ့နှုန်းများကို အတိအကျမသိရသေးပေ။ သို့ရာတွင် မုန်တိုင်းဒဏ်ခံရသောအခြေအနေများအရ အနည်းဆုံး ထောင်နှင့်ချီသောလူအများသေဆုံးပြီး၊ သိန်းနှင့်ချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ၊ သန်းနှင့်ချီသောလူအများ ဆင်းရဲဒုက္ခရောက်ခဲ့သည်ကတော့ သေချာလှသည်။
နိုင်ငံတကာအဖွဲ့အစည်းများမှ မုန်တိုင်းဒဏ်ခံစားရသော ပြည်သူလူထုအတွက် ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စစ်အစိုးရမှ အကူအညီတောင်းခံခြင်း၊ ယခုစာရေးနေသည့်အချိန်အထိ မရှိသေးပါ။ ကမ္ဘာအနှံ့မှ ပြည်ပရောက်မြန်မာများ မွေးရပ်မြေအတွက် ပူပန်စိုးရိမ်နေကြသည်။ မုန်တိုင်းအန္တရာယ်ကျရောက်မည်ကို ကြိုတင်သိရှိပါက လုံလောက်သော ကြိုတင်စီမံမှုများ မပြုလုပ်ခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်မှုတွင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်းများ မပြုလုပ်နိုင်သည့် စစ်အစိုးရအား အပြစ်တင်နေကြသည်။ အတိုက်အခံအဖွဲ့များမှလည်း ကြေငြာချက်များထုတ်ပြန်၍ စစ်အစိုးရ၏ တာဝန်မဲ့မှုကို မီးမောင်းထိုးပြနေကြသည်။ သတင်းမီဒီယာများမှလည်း ထိုအချက်ကိုသာ တစိုက်မတ်မတ် ကြေညာနေကြသည်။
ထိုသို့ပြောနေ၊ လုပ်နေရုံနှင့် ပြီးပါမည်လား။ ကျွန်ုပ်တို့အားလုံးသည် စစ်အစိုးရထံမှ မည်သည့်အရာကို မျှော်လင့်နေခဲ့ကြသနည်း။ စစ်အစိုးရသည် ပြည်သူလူထုအပေါ်တွင် ယခင်ကလည်းတာဝန်မကျေခဲ့၊ ယခုလည်းတာဝန်မကျေ၊ နောင်လည်း တာဝန်ကျေမည်မဟုတ်။ ထို့အတူပင် ယင်းကဲ့သို့သော တာဝန်မသိသည့် အစိုးရကို အပြစ်ထိုင်ပြောနေရုံနှင့်လည်း ကျွန်ုပ်တို့ တာဝန်ကျေသည်မဟုတ်။ ကျွန်ုပ်တို့အားလုံးသည် မြန်မာလူမျိုးများဖြစ်ပြီး၊ မြန်မာ့မြေပေါ်တွင် မြန်မာ့ရေကိုသောက်ကာ ကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ ယခုကျွန်ုပ်တို့ မြေပေါ်တွင် မှီတင်းနေထိုင်သူများသည် အတိဒုက္ခရောက်ရှိနေကြသည်။
မုန်တိုင်းပြီးလျှင် လေပြေလာတတ်သည်ဆိုသော်လည်း၊ လက်တွေ့တွင်ကား မုန်တိုင်းနောက်ကွယ်မှ အကျိုးဆက်များသည် မုန်တိုင်းကျနေစဉ်ချိန်ထက်ပင် ပိုမို၍ ကြောက်စရာကောင်းလှသည်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ၊ ဘ၀ပျက်သွားသူများ အများအပြားရှိနေပြီ။ သန့်ရှင်းသောသောက်သုံးရေ မရရှိပါက ကူးစက်ရောဂါဆိုးများ ပျံ့နှံ့ဖွယ်ရာရှိသည်။ မုန်တိုင်းအများဆုံး ရိုက်ခတ်သွားခြင်းခံခဲ့ရသော ဧရာဝတီတိုင်းသည် မြန်မာတနိုင်ငံလုံး၏ စပါးကျီဖြစ်သဖြင့် အစာရေစာရှားပါးမှု၊ ကုန်ဈေးနှုန်းအကြီးတက်သွားမှုများဖြစ်မည်။ ဖြစ်လည်းဖြစ်နေပြီ။ ရှေ့ဆက်၍ အဆမတန်တက်တော့မည်။ လူအများငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီးဆိုက်နိုင်သည်။ ထိုအန္တရာယ်ဆိုးများကို ကျွန်ုပ်တို့ညီနောင်ဘွား မြန်မာများ ရင်စည်းခံကြရတော့မည်။ ထိုသို့သောအခြေအနေမျိုးတွင် ကျွန်ုပ်တို့အားလုံး ဝေဖန်အပြစ်တင်ကာ တယောက်ကိုတယောက်အပြစ်ပုံချခြင်းဖြင့်သာ အချိန်ကုန်နေကြတော့မည်လော။ လက်တွေ့တွင် လုပ်ဆောင်ရန်ကြိုးစားသင့်သော နည်းလမ်းနှစ်သွယ်ရှိပါသည်။
(၁) အုပ်ချုပ်သူနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြားတွင် mediator အဖြစ်ဆောင်ရွက်ခြင်း>
မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့အားလုံး စဉ်းစားလက်ခံကြရမည့် အချက်တခုမှာ ယခုအချိန်တွင် မြန်မာနိုင်ငံအား တရားဝင်သည်ဖြစ်စေ၊ တရားမ၀င်သည်ဖြစ်စေ အုပ်ချုပ်နေသည်မှာ စစ်အစိုးရဖြစ်နေသည်ဆိုခြင်းကို ဖြစ်သည်။ ထိုသို့အုပ်ချုပ်နေခြင်းဖြင့် ယင်းတို့တွင် အာဏာကို အသုံးပြုခွင့်ရှိနေကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများသည် အချုပ်အခြာအာဏာရှိသော နိုင်ငံတခုအတွင်းသို့ မည်သို့သောအကြောင်းပြချက်နှင့်ဖြစ်စေ ၀င်ရောက်ခွင့်မရှိပါ။ သို့ဖြစ်ရာ စစ်အုပ်စုမှ တရားဝင်တောင်းဆိုမှသာ အကူအညီပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူအများ နိုင်ငံတကာအကူအညီ ရရှိရန်မှာ စစ်အစိုးရပေါ်တွင် မူတည်လျက်ရှိနေသည်။
ထိုသို့စစ်အုပ်စုမှ တရားဝင်တောင်းဆိုအောင် မည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ကြမည်နည်း ဆိုသည်ကို ယခုအချိန်တွင် ၀ိုင်းဝန်းစဉ်းစားကြရန် လိုအပ်သည်။ ပြည်ပအတိုက်အခံများမှ တောင်းဆို၍မရပါ။ တောင်းဆိုလိုက်လျှင် စစ်အစိုးရက နောက်တလှမ်းပင် ထပ်ဆုတ်သွားလိမ့်ဦးမည်။ ပြည်တွင်းအတိုက်အခံများမှလည်း တောင်းဆို၍မရပါ။ အငတ်ဘေးဆိုက်နေသော ပြည်သူများ လမ်းပေါ်ရောက်လာမည်စိုး၍ ပိုမိုချုပ်ချယ်မှုများပြုလုပ်လာပါက ပြည်သူအများပင် တပူပေါ်နှစ်ပူဆင့်ကြရလိမ့်မည်။
ယခုအချိန်တွင် ပြည်သူအများအတွက် အကျိုးဆောင်ရန် စစ်အုပ်စုနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန် ကြားခံဆောင်ရွက် ပေးနိုင်မည့် အဖွဲ့အစည်းတခု (ဥပမာ- မြန်မာနိုင်ငံမုန်တိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့ (သို့) ကြိုက်ရာအမည်ပေးပါ) ကဲ့သို့သော အဖွဲ့အစည်းတရပ် ထူထောင်ရန် လိုအပ်ပါသည်။ အဖွဲ့အား ဦးဆောင်သူများသည် ပြည်ပနိုင်ငံများတွင် အခြေစိုက်နေထိုင်ကြသော လူရိုသေ၊ ရှင်ရိုသေ ဆရာဝန်ကြီးများနှင့် ပညာရှင်များဖြစ်သင့်သည်။ အတိုက်အခံဘက်မှလူများ မပါဝင်သင့်ပါ။ ပါဝင်ပါက စစ်အစိုးရမှ ယုံကြည်လက်ခံမည်မဟုတ်ပါ။ ထိုသူများမှ ဦးဆောင်၍ ကြားခံဆောင်ရွက်ပေးပါက အဆင်ပြေမှု ရရှိနိုင်မည် မျှော်လင့်ပါသည်။
ထို့အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်နိုင်ငံများ၊ အဖွဲ့အစည်းများအားလုံးသည် long-term political struggle ရှိနေသော မြန်မာပြည်ကဲ့သို့သော တိုင်းပြည်မျိုးတွင် international humanitarian intervention ပြုလုပ်ရာ၌ လိုက်နာရမည့် စည်းကမ်းနည်းလမ်းများကို အတိအကျလိုက်နာမည် ဆိုပါက စစ်အစိုးရ သဘောထား အနည်းငယ် ပျော့ပျောင်းလာနိုင်သည်။ ထိုစည်းကမ်းများမှာ -
နယ်မြေခံတာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
နိုင်ငံတော်နှင့် ပြည်သူများ၏ power relation တွင် ၀င်ရောက်စွက်ဖက်ခြင်းမပြုရ။
ရေရှည်ပြဿနာအဖြေများအား မရှာဖွေရ။
မီဒီယာများ၏ အာရုံစိုက်မှုခံရအောင် မပြုလုပ်ရ။
အထက်ပါအချက်များမှာ အာဏာရှင်နိုင်ငံများတွင် လူသားချင်းစာနာမှု အကူအညီပေးပါက လိုက်နာသင့်သော အချက်များဖြစ်သည်။ အာဏာရှင်အစိုးရများသည် လူသားချင်းစာနာမှုအကူအညီကို အသုံးပြု၍ political processes များအား undermine လုပ်မည်ကို စိုးရိမ်တတ်ကြသည်။ ထိုစိုးရိမ်မှုသည် နိုင်ငံတကာအကူအညီများအား အလုံးစုံငြင်းဆန်မှု ပြုစေသည့် အဓိကအချက်ပင် ဖြစ်သဖြင့် လူသားချင်းစာနာမှုအကူအညီနှင့် နိုင်ငံရေးကို မရောထွေးမိစေရန် အရေးကြီးလှသည်။
ဥပမာဆိုရလျှင် ကျွန်ုပ်တို့သွားရာလမ်းတွင် ချောက်ကမ်းပါးတခုရှိနေသည်ဆိုပါစို့။ ထိုချောက်ကမ်းပါးအား နောင်လာနောက်သားများ ဖြတ်ကျော်ရခြင်း လွယ်ကူစေရန် တံတားထိုးရန် လိုအပ်သည်။ ယင်းအတွက် ရေရှည်တံတားတည်ဆောက်မည့် လူများလိုအပ်သည်။ ထိုနည်းတူစွာပင် ချောက်ကမ်းပါးအခြားတဘက်သို့ ပို့ဆောင်ရမည့် ပစ္စည်းပစ္စယများ လျင်မြန်စွာ ရောက်ရှိစေရန် လိုအပ်ပါ သစ်လုံးတံတားထိုးပြီး၊ ချက်ချင်းကူးသွားရမည့် လူများလည်း လိုအပ်သည်ပင်ဖြစ်သည်။ ယခုအခြေအနေသည် ရေရှည်တံတားကြီး ပြီးဆုံးရန် စောင့်နေ၍မရ။ သစ်လုံးတံတားအမြန်ထိုးရန် လိုအပ်သည့်အခြေအနေဖြစ်သည်။
(၂) ပြည်သူမှပြည်သူသို့အကူအညီပေးခြင်း
အခြားအရေးပါသော နည်းလမ်းမှာ ပြည်သူမှပြည်သူသို့ အကူအညီပေးခြင်းဖြစ်သည်။ နိုင်ငံတကာရောက်မြန်မာများ စုပေါင်း၍ တတ်နိုင်သမျှ ငွေအားထည့်ဝင်ကာ အဆင့်ဆင့်လွှဲပြောင်းပြီး၊ ဒုက္ခရောက်နေသော ပြည်သူများအား ကူညီနိုင်စေရန် ဆောင်ရွက်ကြခြင်းဖြစ်သည်။ (၁၉၉၇) ခု၊ ဝေါနယ်တ၀ိုက် ရေကြီးစဉ်က စာရေးသူတို့ ပြုလုပ်ဖူးပါသည်။ ချမ်းသာသောမိတ်ဆွေ၊ သူငယ်ချင်း အသိုင်းအ၀ိုင်းများဆီမှ ပိုက်ဆံများကောက်ခံကာ၊ ဆန်အိတ်များ၊ အခြားအသုံးအဆောင်များ၊ အ၀တ်အစားများအား ကားများပေါ်တင်၍ ရွာဘုန်းကြီးကျောင်းများသို့ လိုက်လံပို့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများမှ ရေဘေးဒဏ်သင့်နေသော ရွာသူရွာသားများကို ပြန်လည် ဝေငှပေးပါသည်။ အတိုက်အခံအဖွဲ့များမှ လူငယ်များမှ ပြုလုပ်နိုင်ပါသည်။ အရေးကြီးဆုံးအချက်မှာ နိုင်ငံရေးအသွင်ဆောင်သော မည်သည့်လှုပ်ရှားမှုမှ မပါဝင်ရပါ။ ထိုသို့ဖြစ်လာပါက သတင်းမီဒီယာများ အနေဖြင့်လည်း အတိုက်အခံအဖွဲ့များမှ မည်သူများပါဝင်၍ မည်သို့အကူအညီပေးခဲ့သည်၊ စစ်အစိုးရမှ မည်သို့လက်ပိုက်ကြည့်နေသည်စသည်ဖြင့် ပွဲလှန့်မှုများမလုပ်သင့်ပါ။ ပါဝင်သူများအခြောက်တိုက်အန္တရာယ်ဖြစ်ကာ၊ ပြည်သူများဆီသို့တိုက်ရိုက်ရောက်ရှိနိုင်သည့် အကူအညီလမ်းကြောင်းများ ပိတ်သွားနိုင်ပါသည်။ မည်သူတွေက တာဝန်ကျေ၍၊ တာဝန်မကျေသည်ကို ပြည်သူက သူ့ဘာသာအသိဥာဏ်ဖြင့် သိရှိပြီး ဖြစ်ပါသည်။ ပြောပြနေစရာမလိုအပ်ပါ။
ထို့အပြင် လိုအပ်ပါက စစ်အုပ်စုမှ သံသယကင်းစေရန် စစ်အုပ်စုနောက်လိုက် အဖွဲ့များအား ပူးတွဲဆောင်ရွက်ရန် အကူအညီခေါ်သင့်ပါသည်။ မချစ်သော်လည်းအောင့်ကာနမ်း၊ ရှောင်လွှဲမရသည့် အခြေအနေများရှိနိုင်ပါသည်။ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါက ခေတ္တပူးပေါင်းဆောင်ရွက်လိုက်ရန် လိုအပ်ပါသည်။ အကူအညီလိုအပ်နေသည့် ပြည်သူများမျက်နှာကို ကြည့်ရမည်ဖြစ်သည်။
အလှူငွေထည့်ဝင်ခြင်းများနှင့် ပတ်သက်ရာ၌လည်း စေတနာသုံးတန်ပြတ်၍ လှူကြရန်လိုအပ်သည်။ အချို့ကဆိုပါသည်။ မုန်တိုင်းကယ်ဆယ်ရေးအလှူငွေများ၊ ထောက်ပံ့ကြေးများသည် စစ်အစိုးရလက်တွင်းရောက်သွားပါက ပြည်သူဆီသို့ ရောက်ချင်မှ ရောက်မည်ဆိုသည့်အချက်ဖြစ်သည်။ စစ်အစိုးရအဆင့်ဆင့်မှ အလွဲသုံးစားမှုများ မရှိမဟုတ်၊ ရှိနိုင်ပါသည်။ သို့ပေမယ့် ရာခိုင်နှုန်းတ၀က်ကျော် ပြည်သူများဆီ ရောက်သွားပါက အကျိုးခံစားရသည့် ပြည်သူများရှိလာနိုင်သည်မှာ အမြတ်ပင်မဟုတ်ပါလော။ စစ်အစိုးရမှ ပြည်တွင်းတွင် အလှူငွေကောက်ခံနေသည် များလည်း ရှိပါသည်။ လှူမည့်သူများလည်း သူ့အစုနှင့်သူ ပေါ်နေလိမ့်မည်။ မီဒီယာများမှ တတ်နိုင်သမျှဝေဖန်ခြင်းမပြုရန် တောင်းပန်လိုပါသည်။ ထိုငွေများအနက် (၇၀)ရာခိုင်နှုန်းခန့်သည် ကယ်ဆယ်ရေးလုပ်ငန်းများသို့ ရောက်သွားသည်ပဲထားဦး၊ အကျိုးရှိပါလိမ့်မည်။ ပြည်သူမှပြည်သူသို့ အကူအညီအပေးနိုင်မည့် မည်သည့်လမ်းကြောင်းကို မဆို ၀ိုင်းဝန်းဖော်ထုတ်ကြရန်လိုအပ်ပါသည်။
ချုပ်၍ဆိုရသော် အမိနိုင်ငံမှ တိုင်းရင်းသားပြည်သူများ ဤကဲ့သို့သော ဘေးအန္တရာယ်ဆိုးကြီး ကြုံတွေ့နေရချိန်တွင် ကျွန်ုပ်တို့အားလုံး အပြောမဟုတ်၊ လက်တွေ့လုပ်၍ အကူအညီမည်သို့ပေးနိုင်မည်ဆိုသည့် အချက်ကိုသာ ၀ိုင်းဝန်းဆွေးနွေးအဖြေရှာကြစေလိုကြောင်း လေးစားစွာ တိုက်တွန်းအပ်ပါသည်။
Monday, May 5, 2008
How can we help? |
Tuesday, April 29, 2008
ပညာရေးခရီးစဉ် (၄) |
ဒီတခေါက်တော့ မဲဆောက်မြို့ မှ နာရီပိုင်းလောက် ကားနဲ့စီးသွားရတဲ့ ဖော့ဖရ (Phop Phra) မြို့ နယ်လေးကို တနေ့စာ ဟိုင်းလဒ်ကားငှားပြီး သွားခဲ့ကြပါတယ် ။ ဖော့ဖရမြို့ နယ်မှာ မြန်မာအလုပ်သမားအများစုဟာ စိုက်ပျိုးရေးအလုပ်သမားတွေဖြစ်ကြပြီး ၊ သူတို့စိုက်ခင်းတွေရှိရာမှာပဲ ထိုင်း စိုက်ခင်းပိုင်ရှင်တွေဆီက ခွင့်ပြုချက်တောင်းပြီး ကလေးတွေစာသင်ဖို့အတွက် ယာယီကျောင်းလေးတွေကို ကိုယ်ထူကိုယ်ထ (သို့မဟုတ်) တခါတရံ ရတဲ့ အလှူ့ ရှင်တချို့ ရဲ့ အကူအညီနဲ့ တည်ထောင်ထားကြပါတယ် ။ မဲဆောက်မြို့ မှာတင် ကျောင်း ၄၀ ရှိပြီး ၊ ဖော့ဖရမြို့ နယ်မှာ ၁၀ ကျောင်း ၊ (MaeRamat) မြို့ နယ်မှာ ၅ ကျောင်း စသည်ဖြင့် ကျောင်းတွေ အများကြီး တကွဲတပြားစီဖြစ်နေတာမြင်တော့ ၊ တစုတစည်းတည်းထားနိုင်မယ်ဆိုရင် ပိုထိရောက်မှု ရှိမယ်လို့ အရင်က မြင်မိခဲ့တယ် ။ ဒါပေမယ့် အဲဒီနေရာတွေကို တကယ်ရောက်သွားတော့ ၊ ဘာလို့ ကျောင်းတွေ တကွဲတပြားစီ ဖြစ်နေရလဲဆိုတာ နားလည်သွားတယ် ။
အဓိကကတော့ စိုက်ပျိုးရေးအလုပ်သမားတွေဟာ တနေကုန် စိုက်ခင်းထဲလိုက်နေရတော့ သူတို့သားသမီးတွေကို ဝေးလံတဲ့နေရာတွေကို ကျောင်းမပို့ပေးနိုင်ဘူး ။ နောက်ပြီး စိုက်ခင်းတွေဟာလည်း တသီးတခြားစီ ဖြစ်နေကြတော့ ၊ စိုက်ခင်းတခုစီနားလောက်မှာ ကျောင်းတကျောင်းရှိမှသာ ကလေးတွေအတွက် အဆင်ပြေပါတယ် ။ ဒါတောင် ရာသီအလိုက် စိုက်ခင်းတွေပြောင်းပြီးမိဘတွေက အသက်မွေးဝမ်းကြောင်းပြုရတဲ့အခါ ၊ သူတို့ ကလေးတွေလည်း ကျောင်းတ၀က်တပျက်နဲ့ ပါသွားကြတာလဲ ရှိပါတယ် ။ ဒါ့အပြင် စိုက်ခင်းထဲမှာ ဆောက်ထားတဲ့ ကျောင်းတွေဟာ ထိုင်း စိုက်ခင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်ယူပြီး သူ့ မြေပေါ်မှာ ဆောက်ရတာဆိုတော့ ၊ သူက စိတ်တိုင်းမကျလို့ ပြန်သိမ်းမယ်ဆိုရင် ကျောင်းကို ချက်ချင်းဖျက်ပေးရမယ့် အခက်အခဲမျိုး ကြုံတွေ့ နိုင်ပါတယ် ။ ဒါကြောင့် ဖော့ဖရမြို့ နယ်က ကျောင်းအများစုဟာ သိပ် အခိုင်အခံ့ဖြစ်တဲ့ကျောင်းကို ဆောက်ဖို့ ၀င်ငွေလည်း မရှိသလို ၊ ဆောက်ဖို့လည်း မသင့်တော်တဲ့ အခြေအနေ ဖြစ်နေလို့ ၊ တစ်နှစ်ဖြစ်စေ နှစ်နှစ်ဖြစ်စေ စိုက်ခင်းပိုင်ရှင်ပေါ်မူတည်ပြီး ယာယီဆောက်တတ်ကြပါတယ် ။
ဖော့ဖရမြို့ နယ်ထဲက ပထမဆုံးကျောင်းဖြစ်တဲ့ ဘုန်းဘုန်း ဦးကောသလ္လက တည်ထောင်ထားတဲ့ ပရဟိတဆိုတဲ့ကျောင်းလေးကို ရောက်ဖို့ မြေနီနီတွေနဲ့ ဖုံတွေထူနေတဲ့ တောလမ်းခပ်ရှည်ရှည်ထဲကို ကျွန်မတို့ကား ချိုးကွေ့ ဝင်လိုက်ပါတယ် ။ အဲဒီလမ်းဟာ မိုးတွင်းဆို ဗွက်တွေထူပြီး ကလေးတွေအတွက် ကျောင်းထဲကိုသွားဖို့ ခက်ခဲတယ်လို့ ကျွန်မတို့ကို လိုက်ပို့တဲ့ ကျောင်းတာဝန်ခံ ကိုစောထူးကေ ဆိုသူက ရှင်းပြပါတယ် ။
မြေနေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဘုန်းကြီးကျောင်းနဲ့အတူ တွဲဆောက်ထားတဲ့ ကျောင်းနယ်မြေကိုဝင်လိုက်တယ်ဆိုရင်ပဲ လက်လေးတွေပိုက်ပြီး သူတို့ကျောင်းဆောင်ကနေ ဆင်းလာကြတဲ့ မူလတန်းငယ်ကလေးလေးတွေကို ခုလို တွေ့ ရပါတယ် ။ နာရီကိုကြည့်လိုက်တော့ မနက် ၁၁နာရီခွဲခါနီး ။ သူတို့ထမင်းစားချိန်ဖြစ်နေတာကိုး ။
ကျွန်မရဲ့ လက်ယာဘက် မလှမ်းမကမ်းကိုကြည့်လိုက်တော့ ဒယ်အိုးကြီး နှစ်လုံးကို ကျောက်တုံးတွေနဲ့ခုပြီး အောက်က မီးပြင်းပြင်းနဲ့ ထမင်း ဟင်းတွေ ချက်တာ ကျက်လုနီးပါးဖြစ်နေတာ တွေ့ လိုက်ပါတယ် ။ ဒါနဲ့ ဘာတွေများ ချက်နေလဲဆို အနားကို သွားကြည့်တော့ တစ်အိုးမှာ ဆန်ခပ်ကြမ်းကြမ်းကို ချက်ထားတဲ့ ထမင်း ၊ နောက်တစ်အိုးမှာ အာလူးပြုတ် နဲ့ အသီးအရွက်တချို့ ကို ပဲဟင်းလိုလို ရောသမမွှေထားပုံပေါက်တဲ့ အမည်မသိ အရည်ကျဲ ဟင်းတို့ကို တွေ့ ရပါတယ် ။
မီးဖိုနှစ်ခုနားမှာတော့ ဓါးတလက်စီကို ပိုင်နိုင်စွာကိုင်ပြီး အာလူးနွှာနေကြတဲ့ ကလေးငယ်နှစ်ယောက်ကို တွေ့ ရတော့ ၊ သူတို့ အာလူးကို ကျွမ်းကျင်စွာနွှာနေတာကြည့်ရင်း ၊ အာလူးနွှာတိုင်း အသားတွေအများကြီး ပါလာတတ်သလို ၊ အာလူးနွှာတဲ့ ဓါးမျိုးနဲ့ပဲ သေချာ လုပ်တတ်တဲ့ ကျွန်မ ဒီဓါတ်ပုံရိုက်ရင်း စိတ်ထဲက ရှက်သွားမိတယ် ။
အဲဒီကထွက်လို့ ရှေ့ ဘက်နားကိုကြည့်လိုက်တော့ ကျောင်းသားတချို့ တွက် ကျောင်းအိပ်ကျောင်းစား ထားတဲ့ ယိုင်နဲ့နဲ့ အဆောင်လေး ။
ပြီးတော့ အောက်ခံအုတ်ခင်းထားပြီး ၊ အပေါ်မှာ သွပ်မိုးလို့ ၊ ဘေးဘီမှာအကာမပါတဲ့ ၊ ကလေးတွေအများစုကို စာစုသင်တဲ့နေရာကို သွားကြည့်တော့ ၊ ကလေးတွေ ကျောက်သင်ပုန်းရှေ့  ငြိမ်ငြိမ်လေးတွေထိုင်နေကြပြီး ၊ လက်ညှိုးတွေထောင်ထားတာ မြင်ရပါတယ် ။ ဒါနဲ့ ဘာလို့များ လက်ညှိုးထောင်နေပါလိမ့်လို့ စောင့်ကြည့်တော့ ၊ တခြားကလေးတချို့ က တခွက်ထဲသောဟင်းပုံထားတဲ့ ထမင်းပန်းကန်တွေကို လိုက်ချပေးနေတာ တွေ့ ရပါတယ် ။ ထမင်းပန်းကန်ရတိုင်း လက်ညှိုးထောင်ထားတာကို ချလိုက်တယ် ။ သြော် .. ထမင်းပန်းကန်မရသေးကြောင်း လက်ညှိုးထောင်ပြရတာကိုးလို့ နားလည်တော့မှ စည်းကမ်းတကျလေး ရှိပုံကို သဘောကျလိုက်မိတယ် ။
ထမင်းပန်းကန်လိုက်ချပေးတဲ့ ကလေးတွေကလည်း ခုန မီးဖိုတွေထားတဲ့ တဲလေးဆီသွားပြီး ၊ အဲဒီက ဆရာမတယောက်ထည့်ပေးတဲ့ ထမင်းဟင်းတွေကို ခုလို တန်းစီယူကြပါတယ် ။
ဒီလိုနဲ့ ကလေးတိုင်းလည်း ထမင်းပန်းကန်ကိုယ်စီရလို့ ငြိမ်သက်စွာ ထိုင်ထမင်းစားနေကြတုန်း ၊ ကျွန်မတို့လည်း ဘုန်းဘုန်းကို ကျောင်းနဲ့ပတ်သက်ပြီး သိချင်တာလေးတွေ မေးဖြစ်ခဲ့ပါတယ် ။ ပရဟိတဆိုတဲ့ကျောင်းလေးကို ၂၀၀၆ ခုနှစ်လောက်က စတည်ထောင်ခဲ့ပြီး ၊ ခုဆိုရင် ကျောင်းသား ကျောင်းသူ ၉၈ ယောက်ခန့်ရှိပြီလို့ ပြောပါတယ် ။ အဲဒီထဲမှာ အယောက် ၂၀ က ကျောင်းအိပ်ကျောင်းစား ဖြစ်ပါတယ် ။ အဲဒီကျောင်းက ကလေးတွေဟာ အနီးအနားတ၀ိုက်က စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ သားသမီးတွေ ဖြစ်ကြပါတယ် ။ ပရဟိတကျောင်းလေးမှာ ဆရာ ဆရာမ ၅ ယောက် နဲ့ ဘုန်းကြီး ၂ပါးက မူလတန်းပညာရေးဖြစ်တဲ့ မြန်မာသင်ရိုးညွှန်းတန်းအလိုက် ဘာသာရပ်များ ၊ ရှမ်းဘာသာ ၊ ထိုင်းဘာသာရပ် တို့ကို သင်ကြားရေးကို တာဝန်ယူကြပါတယ် ။
စိုက်ပျိုးခင်းတွေထဲမှာ အလုပ်သမားတွေပဲ နေခွင့်ရှိပြီး ၊ ဆရာ ဆရာမတွေ နေခွင့်မရှိတဲ့အတွက် ကျောင်းဝင်းထဲမှာပဲ ဆရာ ဆရာမတွေနေဖို့ အဆောင်လေးတခု လုပ်ပေးထားပါတယ် ။ ဆရာ ဆရာမတွေရဲ့ လစာကိုတော့ BMWEC (Burmese Migrant Workers' Education Committee) ဆိုတဲ့ မဲဆောက်အခြေစိုက် အဖွဲ့ အစည်းက တာဝန်ယူပေးပေမယ့် ၊ ကလေးတွေအတွက် နေ့စဉ် တနေ့ သုံးခါ ထမင်းကျွေး စာရိတ် နဲ့ ကျောင်းအဆောက်အဦးတို့ကိုတော့ ဘုန်းကြီးကျောင်းကို အနီးအနားက လှူဒါန်းကြတဲ့ အလှူငွေများ ၊ ကလေးတယောက်ကို ကျောင်းဝင်ကြေးအဖြစ် တစ်ခါပဲ ကောက်တဲ့ ဘတ် ၁၀၀ ကိုသုံးပြီး ၊ ကလေးတွေအတွက် စားစရိတ် တစ်လ ဘတ် တစ်သောင်း ၅ထောင် ကို မနည်းဖူလုံအောင် ရုန်းကန်လှုပ်ရှားရတယ်လို့ ဘုန်းဘုန်းက ရှင်းပြပါတယ် ။
မေးချင်တာတွေပြီးတော့ မွန်းတည့်ချိန်လောက်ဖြစ်နေပြီဆိုတော့ ထမင်းစားသွားကြလို့ ဘုန်းဘုန်းကပြောလို့ ၊ ထမင်းဝိုင်းကို ထိုင်ဖြစ်လိုက်ကြပါတယ် ။ အဲဒီမှာ မနက်က ဘုန်းကြီးကျောင်းကို အနားက အလှူ့ ရှင်တစ်ယောက်ပို့ခဲ့တဲ့ ထမင်းနှဲတစ်ပန်းကန်ကိုမြင်တော့ ထမင်းနှဲသိပ်ကြိုက်တဲ့ကျွန်မ ၊ ထမင်းမစားဖြစ်တော့ပဲ ထမင်းနှဲပဲ စားဖြစ်ခဲ့ပါတယ် ။ အမှန်ပြောရရင်တော့ ထမင်းစားပွဲဝိုင်းမှာ ယင်ကောင်တွေ ပလူပျံနေတာပါပဲ ။ ဒါပေမယ့်လည်း ကိုယ့်ကိုစေတနာနဲ့ ကျွေးတာအတွက်ရော ၊ နောက် တကယ်လည်း ကျွန်မသိပ်ကြိုက်တဲ့ ထမင်းနှဲဖြစ်တဲ့အတွက် ၊ ကျွန်မကတော့ တစွန်းပြီးတစွန်း ခပ်စားနေတာ ၊ နောက်ဆုံး အတူပါလာတဲ့ အမက “ဟဲ့ ဗိုက်နာဦးမယ်” ဆို ကျွန်မလို လူကောင်ခပ်ပျော့ပျော့ကို စိတ်ပူပြီး တားတော့မှ ရပ်ဖြစ်ပါတော့တယ် ။ ကျွန်မက စိတ်ထားသန့်သန့်နဲ့စားခဲ့လို့လားတော့ မသိ ... ယင်ကောင်တွေ တသီကြီးနားထားတဲ့ ထမင်းနှဲပေမယ့် ကျွန်မ ၀မ်းမလျှောခဲ့သလို ၊ ဗိုက်လည်း မနာခဲ့ပါဘူး ။ (တော်ပါသေးရဲ့လို့လည်း ၀မ်းသာမိပါတယ်) ။
ပြန်ခါနီးမှာ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့ အလုပ်သမားအရေးတွေကို လိုက်လံစောင့်ရှောက်ပေးနေတဲ့ JACBA (Joint Action Committee for Burmese Affairs) မှ ကိုမိုးကြိုးက ကလေးတွေနဲ့ ခုလို သူ သင်ပေးထားတဲ့ သီချင်းတပုဒ်ကိုဆိုပြီး ၊ ကလေးတွေကို လက်ပြလို့ အဲဒီကျောင်းလေးက ထွက်ခွာလာခဲ့ပါတော့တယ် ။
(ဆက်ရန်)
Sunday, April 27, 2008
လက်တွေ့ပညာရေးအခြေအနေနဲ့ Constitution |
မြန်မာနိုင်ငံကို တရားမ၀င် အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း-၂၀၀၈ ထဲက ပညာရေးကဏ္ဍနဲ့ ပတ်သက်တဲ့ မူကြမ်းလေးချက်ကို ပြီးခဲ့တဲ့ အပတ်တွေမှာ ပြောပြခဲ့ပြီးပါပြီ။ အဲဒီအချက်လေးချက်ထဲက အချက်သုံးချက်နဲ့ ပတ်သက် လို့လည်း ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ အချက်လေးချက်ထဲက နောက်ဆုံး တချက်ဖြစ်တဲ့ "ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်"... ဆိုတဲ့ အချက်ကို ဆွေးနွေးချင်ပါတယ်။
တကယ်တော့ အဲဒီနေရာမှာ အရေးတကြီး ပါဝင်သင့်တာက ရှေ့ပိုင်းအပတ်စဉ်တွေမှာ ပြောခဲ့သလိုပဲ ပညာရေး လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ငင်း ရင်ဆိုင် နေရတဲ့ပြဿနာကတော့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရက သူတို့ရေးဆွဲ ချမှတ် ထားတဲ့ မူကို သူတို့ကိုယ်တိုင်ကတောင် လိုက်နာကျင့်ကြံမှုမရှိတဲ့ ပြဿနာပါ။ အဲဒီအပြင် အာဏာပိုင်တွေကိုယ်တိုင်က ဥပဒေပြင်ပရောက်နေပြီး လိမ်လည်မှုတွေနဲ့ အုပ်ချုပ်နေတဲ့ အတွက် အာဏာပိုင်တွေနဲ့ ထိစပ်ပတ်သက်နေရတဲ့ ယန္တယားကြီးတခုလုံးကပါ အမှား အယွင်းတွေ... အကျင့် စာရိတ္တထိခိုက်တာတွေ... အများကြီးရှိလာတာပါပဲ။
အဲဒီ အကျင့်စာရိတ္တယိုယွင်းထိခိုက်လာတယ်ဆိုတာကို ပညာရေးလောကမှာ ကြည့်ရင် တောင် ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ အာဏာပိုင်တွေရဲ့ စီမံအုပ်ချုပ်ပုံ ညံ့ဖျင်းမှုကြောင့် ဆရာဆရာမတွေအပါအ၀င် ၀န်ထမ်းတိုင်းလိုလိုဟာ သူတို့ရဲ့ စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အဂတိလိုက်စားရတာ၊ လာဘ်စား လာတာ၊ အနည်းဆုံးတော့ တရားမ၀င် ကျူရှင်ပြရတာတွေဟာ အကျင့်စာရိတ္တတွေ ထိခိုက်လာစေရတဲ့ အကြောင်းတွေပါ။
အဲဒီအပြင် ကျောင်းသားတွေဘက်ကို ကြည့်ရင်လည်း အထူးသဖြင့် တက္ကသိုလ်ပညာရေး ထဲမှာက ၂၀၀၀ပြည့်နှစ်နောက်ပိုင်းက စပြီး ပညာသင်နှစ်တနှစ်စာကို ခြောက်လပဲ သတ်မှတ်ပြီး သင်ရိုးတွေကိုတော့ လျော့ချမပေးတာမို့ ကျောင်းသားတွေစာမလိုက်နိုင်တဲ့ ပြဿနာ ရှိလာပါတယ်။ အဲဒါကြောင့်ပဲ တက္ကသိုလ်ပညာရေးထဲမှာတောင် ကျူရှင်စနစ်ထွန်းကားလာတာပါ။ အဲဒီကမှတဆင့် စာမေးပွဲမှာ စာခိုးချဖြေတဲ့ ပြဿနာတွေ၊ မေးခွန်းရောင်းတဲ့ ပြဿနာတွေဖြစ်လာရာက ပညာရေးလောကထဲမှာ အကျင့်စာရိတ္တ ထိခိုက်လာတာပါ။ အဲဒီအပြင် စာမေးပွဲကို မရိုးမသားဖြေဆိုတဲ့ ကျောင်းသားတွေကို အရေးမယူရဘူးလို့ ဆရာဆရာမတွေကို တားမြစ်တာမျိုးတွေဟာ အာဏာပိုင်တွေ ကိုယ်တိုင်က အကျင့်စာရိတ္တမကောင်းတဲ့ မျိုးဆက်ကို မွေးထုတ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီအကျင့်စာရိတ္တပြဿနာ ပြေလည် ပပျောက် သွားဖို့ဆိုတာက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေနဲ့ အာဏာပိုင် အစိုးရရဲ့ အရည်အသွေးနဲ့ စေတနာရှိမှုအပေါ်မှာသာ လုံးလုံးမူတည်နေတာပါ။
ဒါကြောင့် ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင် ရမည်æ ဆိုတဲ့ လက်ရှိ တရားမ၀င်အုပ်ချုပ်နေတဲ့အပြင် သူတို့လက်ထက်မှာ နိုင်ငံကို အဘက်ဘက်က ယိုယွင်းကျဆင်းသွားအောင် လုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အာမခံမှုက အပြောနဲ့အလုပ်မညီတဲ့ စာရွက်ပေါ်က အာမခံမှုသက်သက်သာဖြစ်နေပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဆိုတာမှာလည်း ကျောင်းသားတွေ ခေတ်မီပညာရေးကို တကယ်ရဖို့အတွက် လွတ်လပ်ပွင့်လင်းတဲ့ လေ့လာမှု၊ တီထွင်ဖန်တီးမှု၊ တွေးခေါ်မြော်မြင်မှု၊ ဝေဖန်သုံးသပ်နိုင်မှုတွေ လိုပါတယ်။ ဒါမှပဲ တကယ့် မျက်မှောက်ခေတ်ကမ္ဘာနဲ့အညီ လိုက်မီရင်ပေါင်တန်းနိုင်တဲ့ အတတ်ပညာမျိုးကို ရနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသားတွေအနေနဲ့ ဘက်စုံအတွေးအခေါ်မှန်ကန်ဖို့ဆိုတာဟာ ပညာရေးစနစ်တရပ် ရဲ့ သင်ရိုးညွှန်းတန်း ခေတ်မီလွတ်လပ်ဖို့၊ သင်ကြားရေးစနစ် ခေတ်မီလွတ်လပ်ဖို့၊ ကမ္ဘာ့အဆင့်မီ စာအုပ်စာတန်းတွေ ဖတ်ရှုနိုင်ခွင့်ရဖို့ဆိုတာတွေက အခြေခံ လိုအပ်ချက် တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစစ်အစိုးရရဲ့လက်ထက်ဖြစ်တဲ့ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်ကနေစပြီး အကောင်အထည်ဖော်ဖို့ ရေးဆွဲခဲ့တဲ့ 'အမျိုးသားပညာရည်မြင့်မားမှု အထူးလေးနှစ်စီမံကိန်း' မှာဆိုရင် ပညာရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်(၂၁)ခုဆိုပြီး သေသေချာချာ ရေးဆွဲထားခဲ့ပြီး တရားဝင်ကြေငြာထားခဲ့တာပါ။
အဲဒီအချက်တွေထဲမှာဆိုရင်
၁။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ သင်ရိုးညွှန်းတန်းများကို ပြန်လည်သုံးသပ်ပြီး အရှေ့တောင် အာရှရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရည်အဆင့်ထက် မနိမ့်ကျစေရန်ကမ္ဘာ့အဆင့်မီ ဖြစ်ရေးအတွက် ဖြည့်စွက်ရေးသားခြင်း၊ ဘာသာရပ် ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ ပေါင်းစပ်ဘာသာရပ်(Multidisciplinary Program)များ သင်ကြားရေး အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း၊
၂ ။ သင်ရိုးညွှန်းတန်းနှင့်အညီ ပြန်လည်ဆန်းသစ်သည့်စနစ် (Assessment System) ကို နိုင်ငံတကာနည်း စနစ်အတိုင်း ဆောင်ရွက်ခြင်း၊
၃။ သင်ရိုးညွှန်းတန်း၊ သင်နည်းပြနှင့် ပြန်လည်ဆန်းစစ်ခြင်း ကဏ္ဍအသီးသီးသည် လေ့လာသင်ယူသူ၏ ပင်ကိုယ်အရည်အသွေးနှင့် တီထွင်ကြံဆမှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် တတ်မှု နှင့် ခေတ်မီနည်းပညာများကို ခြုံငုံအသုံးပြုတတ်မှု စသည်တို့ကို အလေးပေးနိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း၊ ရင့်ကျက်မှု(Maturity)ကို တည်ဆောက်ပေးမည့် စနစ် ဖြစ်လာစေရန် ဆောင်ရွက်ခြင်း၊
ဆိုတဲ့ အချက်မျိုးတွေ အာမခံမှုမျိုးတွေနဲ့ ကမ္ဘာသိကြေငြာခဲ့တာပါပဲ။
ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ ကျောင်းသားတွေဟာ သင်ထောက်ကူပစ္စည်း မစုံမလင်နဲ့၊ လက်တွေ့အသုံးဝင်မှုမရှိတဲ့ ဘာသာရပ်တွေကို ငွေကုန်ကြေးကျ အများကြီးခံ သင်ကြားနေကြ ရပြီး တကယ်တမ်းတတ်မြောက်မှုလည်း မရှိကြတာကြောင့် လက်တွေ့ အလုပ်ခွင်တွေမှာ အဆင်မပြေဖြစ်နေကြရတဲ့ ဆိုးကျိုးကို ခံစားနေကြရတာဟာ ခုချိန်အထိပါပဲ။ ပညာရေး အခြေနေဟာ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ တပါတည်း ပိုပြီးတော့တောင် ယိုယွင်း ကျဆင်းလာတယ် လို့ ဆိုရမှာဖြစ်ပါတယ်။
ကိုယ့်နိုင်ငံကို ရေရှည်အုပ်ချုပ်မယ့် အစိုးရကို ပြည်သူလူထုကသာ ရွေးချယ် တင်မြှောက်ခွင့် ရရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ဒီမိုကရေစီနိုင်ငံပီသမှာပါ။ ဒါမှပဲ နိုင်ငံရဲ့ အခြေခံအုတ်မြစ် လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ တကယ်တော့ နိုင်ငံတနိုင်ငံအနေနဲ့ အစိုးရကောင်းတရပ်ကိုရဖို့ဆိုတာဟာ လူထုသဘောကျ ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက်မှသာ ပြည်သူလူထုအနေနဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းရာ ရောက်မှာဖြစ်ပါတယ်။ ဒါမှပဲ နောင်လာနောင်သား မျိုးဆက်သစ်တွေဟာလည်း ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို ထိတွေ့သင်ယူခွင့်ရမှာ ဖြစ်ပါတယ်။
၇၊၄၊၂၀၀၈။
Wednesday, April 23, 2008
Reading for Study (part-2) |
ကျောင်းစာဖတ်ခြင်း (အပိုင်း-၂)
ဘာကြောင့်စာဖတ်ရသလဲ
စာဖတ်ခြင်းမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်သလို ဒီရည်ရွယ်ချက်ပေါ်မူတည်ပြီး ဖတ်ပုံဖတ်နည်းလည်း ကွဲပြားခြားနားပါတယ်။ ဥပမာ- နေ့စဉ်စာဖတ်ပုံတွေနဲ့ ကျောင်းစာဖတ်ပုံတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ချက်ချင်းအသုံးချဖို့ဟင်းချက်နည်းစာအုပ်ဖတ်လိုက်တာ၊ တယ်လီဖုန်း လမ်းညွန်မှာ ကိုယ်လိုချင်တဲ့နံပါတ်ကို ကျော်ဖတ်ရှာလိုက်တာ၊ သတင်းစာထဲက အဓိကသတင်းတွေကို မျက်စိရှာလိုက်တာ၊ အပျော်ဖတ်ဝတ္ထုဖတ်လိုက်တာတွေ ဟာလဲ တနည်းတဖုံ စာဖတ်ခြင်းတွေပါပဲ။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတာဖြစ်ပြီး၊ ဦးနှောက်ထဲမှာ မယ်မယ်ရရ မှတ်ထားစရာ မလိုတဲ့ စာဖတ်ခြင်းတွေပါ
ကျောင်းစာဖတ်ခြင်းမှာကျတော့ မမှတ်သားလို့မရတော့ပါဘူး။ ဘာကြောင့်ဖတ်ရတယ်၊ ဖတ်မှတ်နားလည်ဖို့ ဘယ်လိုနည်းလမ်းတွေ လိုအပ်တယ်ဆိုတာ သေသေချာချာ တွေးဖို့ လိုအပ်လာပါတော့တယ်။ ဖတ်ရန်စာရင်းထဲမှာ ပါနေလို့ဖတ်တာပဲဖြစ်ဖြစ်၊ မှတ်စုထုတ်ဖို့ ဖတ်တာပဲဖြစ်ဖြစ် သေချာတာတခုကတော့ ဖတ်နေတဲ့စာပေါ်မှာ အာရုံစူးစိုက်ပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ဖတ်ရတယ်ဆိုတာ အရင်စဉ်းစားထားဖို့လိုပါတယ်။ ဘွဲ့ရထားတာခြင်းတူတူ၊ ဖတ်ရမယ့်စာတွေကို တစိုက်မတ်မတ်ဖတ်ပြီး ရလာသူနဲ့ လှေကြုံလိုက်ပြီး ရလာသူတွေမှာ အလွန်ပဲကွာခြားမှုရှိပါတယ်။ အမှတ်ချင်းတူခဲ့တယ်ထားဦး၊ self-confidence နဲ့ self-discipline မှာ အရမ်းကို သိသာစွာ ကွဲပြားမှုရှိပါတယ်။ စာမေးပွဲအောင်ရုံ အမှတ်ကောင်းရုံ၊ ဘွဲ့ရရုံ ဆိုတာတွေအပြင် ကိုယ့်နာမည်နဲ့ တွဲရလာမယ့် ဘွဲ့တခုရဲ့ ပညာရပ်ကို လေးလေးနက်နက် နားလည်သိရှိဖို့ ရည်ရွယ်ချက်နဲ့ ဖတ်တာဆိုရင်တော့ အကောင်းဆုံးပါပဲ။
စာဖတ်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ
တခါတရံစာဖတ်နေခြင်း ဘာကို လိုချင်လို့ဖတ်နေတယ်ဆိုတာ မသိတော့ပဲ လမ်းပျောက်နေတတ်တာတွေ ရှိနိုင်ပါတယ်။ အချက်အလက်ကို မှတ်မိဖို့ဖတ်နေတာလား၊ အက်ဆေးအတွက် အိုင်ဒီယာတွေရဖို့လား၊ စာရေးသူရဲ့အမြင်ကို သိချင်လို့လား စသည်ဖြင့် တွေပါ။
ပညာရေးဆိုင်ရာပါရဂူတွေက ကျောင်းသားတွေ စာဖတ်တဲ့အခါမှာ ပြုလုပ်လေ့ရှိတဲ့ approach နှစ်ခုကို ခွဲခြားပြခဲ့ပါတယ်။ ပထမတမျိုးက surface approach ပါ၊ ဒီနည်းနဲ့ဖတ်သူတွေက အချက်အလက်တွေကို မှတ်မိအောင် ကြိုးစားမှတ်သားလေ့ရှိကြပါတယ်။ နောက်တမျိုးကတော့ deep approach ပါ၊ သူတို့တွေကတော့ အသေးစိတ်အချက်အလက်များကို စိတ်ဝင်စားမှု နည်းပြီး၊ အဓိက အိုင်ဒီယာတွေကိုသာ မှတ်သားလေ့ရှိကြပါတယ်။
ဒါပေမယ့်ဒီနည်းတွေဟာ ပုံသေအမြဲဖြစ်နေမယ်လို့တော့ မဆိုနိုင်ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စာမေးပွဲအတွက် ပြင်ဆင်ဖို့ ဖတ်တာဆိုရင်တော့ မေးခွန်းများဟာ အချက်အလက်ကိုအခြေခံတာလား၊ အကြောင်းအရာအသေးစိတ်ကို အခြေခံတာလားပေါ်မူတည်ပြီး ဖတ်နည်းလဲ ကွဲပြားမှုရှိနိုင်ပါတယ်။ သုတေသနမှတ်တမ်းများအရတော့ deep-approach နဲ့ ဖတ်မှတ်သူများဟာ ပညာရပ်အပေါ်မှာ စိတ်ဝင်စားမှုပိုရှိတတ်ပြီး၊ စာဖတ်ချိန်တွေလဲ ပိုမိုကြာမြင့်သလို၊ စာမေးပွဲများမှာလဲ အမှတ်ကောင်းတွေ ရတတ်ကြပါတယ်။
အရေးကြီးဆုံးကတော့ စာကို နားလည်ဖို့ပါပဲ။ နားလည်မှတ်မိဖို့ဆိုတာမှာလဲ အစီအစဉ်ကျမှုက အရေးကြီးပါတယ်။ ကျွန်မတို့တွေအားလုံးဟာ ၁၊၂၊၃၊ ၄ ဆိုတာကို ၃၊၂၊၄၊၁ ဆိုတာထက် ပိုပြီးမှတ်မိတတ်ကြပါတယ်။ ဒီလိုပဲ categorize ဆိုတာကို gotecarize ဆိုတာထက်ပိုမှတ်မိတတ်ကြပါတယ်။ ဘာကြောင့်ပါလဲ၊ ပထမတခုက အစီအစဉ်တကျဖြစ်နေတာကြောင့်ဖြစ်ပြီး၊ ဒုတိယတခုကတော့ အဓိပယ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စာဖတ်တဲ့နေရာမှာ စဉ်းစဉ်းစားစားနဲ့ တက်တက်ကြွကြွ ဆက်စပ်တွေးခေါ်ပြီး ဖတ်ဖို့ လိုအပ်လှပါတယ်။
ဒီတော့မှလဲ စာရေးသူဘာကို ဆိုလိုလဲဆိုတာ သေချာနားလည်သဘောပေါက်မှာဖြစ်ပြီး၊ ဒီလိုသဘောပေါက်မှလဲသူ့အတွေးအခေါ်တွေနဲ့ တခြားသူတွေရဲ့အတွေးအခေါ်တွေကို နှိုင်းယှဉ်ပြီး ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အတွေးအခေါ်များ ပေါ်ထွက်ရှင်သန်လာနိုင်ပါလိမ့်မယ်။
စာဖတ်ခြင်းအမျိုးမျိုး
ပုံမှန်အားဖြင့် စာဖတ်ခြင်းစတိုင် လေးမျိုးရှိပါတယ်။
(၁) Receptive reading - ဒီလိုစာဖတ်နည်းမျိုးက အများအားဖြင့် လုပ်လေ့လုပ်ထရှိကြပါတယ်။ စာရေးသူဘာကိုဆိုလိုတာလဲ ဆိုတာကို နားထောင်သွားတာမျိုးပါ။ စာဖတ်ခြင်းဟာ ပုံမှန်ပါပဲ။ အလွန်လွယ်ကူတဲ့ စာဖတ်နည်းဖြစ်ပါတယ်။
(၂) Reflective reading - ဒီလိုစာဖတ်နည်းမျိုးကျတော့ ဖတ်နေတဲ့စာကို သေသေချာချာစဉ်းစားတွေးခေါ်ပြီး ဖတ်ရတာမျိုးပါ။ ဆန်းစစ်ချက်တွေ၊ နှိုင်းယှဉ်ချက်တွေကို ဦးနှောက်က လိုက်လံပြုလုပ်နေရပါမယ်။ ပြန်လည်စဉ်းစားဖို့အတွက် အကြိမ်ပေါင်းများစွာ စာဖတ်တာကိုရပ်လိုက်၊ စဉ်းစားလိုက် လုပ်ရတတ်ပါတယ်။ ဒီနည်းမျိုးကို ကျောင်းစာဖတ်ခြင်းမှာ အသုံးပြုရတာဖြစ်ပါတယ်။
(၃) Skimming - ဒီနည်းကတော့ စာတခုလုံးကို မြန်မြန်ကြည့်ပြီး၊ကျော်ဖတ်တာမျိုးပါ။ဒီစာဘာကိုဆိုလိုတာလဲ ဆိုတာလောက်ပဲ general impression ပေးနိုင်ပါတယ်။
(၄) Scanning - ဒီနည်းကတော့ တယ်လီဖုန်းလမ်းညွန်ကြည့်သလိုမျိုးပါ။ စာတွေကို ကျော်ကြည့်နေပြီး၊ အကြောင်းအရာတစုံတရာကို ရှာဖွေတာဖြစ်ပါတယ်။ ရည်ညွန်းကိုးကားတွေရှာရာမှာ အသုံးဝင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၅၊ ၄၊ ၂၀၀၈)
Tuesday, April 22, 2008
မြန်မာနိုင်ငံအတွက် တကယ်လိုအပ်တဲ့ ပညာရေးနဲ့ နအဖရဲ့ Constitution |
နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မှုဖြစ်စဉ်ကို ပြောမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ အုပ်ချုပ်သူအစိုးရရဲ့ အခန်းကဏ္ဍအပေါ် အများကြီး မူတည်နေ တာမို့လို့ ဒါတွေကို ထည့်မပြောလို့ မရပါဘူး။ နိုင်ငံရဲ့ ပညာရေးတိုးတက်ဖို့ဆိုတာ အုပ်ချုပ်သူအစိုးရရဲ့ အရည်အသွေးနဲ့ စေတနာအပေါ် အများကြီး မူတည်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအစိုးရမျိုးကို လိုအပ်နေပါသလဲ....။
မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဒီမိုကရေစီ ရှာပုံတော်ဆိုတဲ့ စာတမ်းထဲမှာ
ပြည်သူလူထုကို ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟူသည့် အေးမြသော အရိပ်အာဝါသပေးနိုင်ရန်အတွက် အုပ်ချုပ်သူတို့သည် ဗုဒ္ဓရှင်တော်၏ အဆုံးအမသြ၀ါဒများကို လိုက်နာရမည်ဖြစ်ပါသည်။ ယင်းသြ၀ါဒများထဲတွင် သစ္စာတရားရှိခြင်း၊ တရားဓမ္မ စောင့်စည်း ခြင်းနှင့် ကရုဏာထားခြင်းတို့သည် အဓိက ဖြစ်ပါသည်။ ဤသို့သော အရည်အချင်းများပေါ် တွင် အခြေပြုသောအစိုးရကို ရရှိရန် ရည်ရွယ်၍ မြန်မာပြည်သားတို့က ဒီမိုကရေစီတိုက်ပွဲဝင် နေခြင်း ဖြစ်ပါသည်။လို့ ရေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိစစ်အစိုးရဟာ ဗုဒ္ဓဘာသာကို ဗန်းပြပြီး အုပ်ချုပ်တဲ့ အာဏာပိုင်တွေဖြစ်တာမို့ ဗုဒ္ဓဘာသာအဆိုအမိန့်ကို စံပြုကိုးကားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အုပ်ချုပ်သူအစိုးရတွေအနေနဲ့ တရားမျတမှန်ကန်မှုရှိတဲ့သူတွေ ဖြစ်ရမယ် ဆိုတာကတော့ ဘာသာရေးတိုင်းရဲ့ တရားကိုယ်သဘောတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဖော်ပြပါစံနဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ လက်ရှိစစ်အစိုးရဟာ ပြည်သူများက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်မှာကတည်းက တရားမျတ မှုမရှိတဲ့ အချက်နဲ့ ငြိစွန်းနေပြီဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူထုအပေါ် ကရုဏာထားပြီး အကျိုး ရှိရာရှိကြောင်း ကို ဆောင်ရွက်မပေးတာကြောင့်ပဲ ခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကြီးဟာ ဘက်ပေါင်းစုံမှာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ သက်သေပါပဲ။ အဲဒီလို အစိုးရမျိုးဟာ ပြည်သူလူထုရဲ့ ဘ၀တွေကို အေးချမ်းလုံခြုံအောင် လုပ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။
ဗုဒ္ဓဘာသာကို ကိုးကွယ်ယောင်ပြပြီး သံဃာထုကိုတောင် ဖမ်းဆီးသတ်ဖြတ်တဲ့ အစိုးရမျိုးဟာ သာမန်ပြည်သူလူထုတွေအတွက် ဘယ်လိုအာမခံချက်မျိုးကိုပဲပေးပေး စိတ်ချ ယုံကြည်စရာ မဟုတ်နိုင်တော့ပါဘူး။ အဲဒီအပြင် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း၊ ကူညီဖေးမခြင်းမရှိတဲ့အပြင် တရားဥပဒေကို လေးစား လိုက်နာခြင်းလည်းမရှိတဲ့ အဲဒီ အစိုးရ က သူတို့စိတ်ကြိုက်ဖန်တီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို နည်းမျိုးစုံသုံးပြီး အတည်ပြုဖို့ ကြိုးစားနေတာဟာ ခုချိန်မှာတော့ ပြည်သူလူထုကြီးရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးပြဿနာတခုပဲ ဖြစ်ပါတယ်။ ပိုဆိုးတာကတော့ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်ရှိ အာဏာရှင်စစ်အစိုးရရဲ့ အာဏာတည်မြဲရေးကို အားပေးအတည်ပြုပေးမယ့် ဥပဒေ ဖြစ်နေတာပါပဲ။
ပြီးခဲ့တဲ့ အပတ်စဉ်တွေမှာတုန်းက အခုလာမယ့်မေလမှာ ဆန္ဒခံယူပွဲလုပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ ပညာရေးကဏ္ဍနဲ့ပတ်သက်တဲ့ ဖော်ပြထားတဲ့ အချက်၎ချက်ကို ပြောပြပြီး အချက်၂ချက်ကို ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီတပတ်မှာ နောက်ထပ်အချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောပြချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့်စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ တတိယအချက်အနေနဲ့ ဖော်ပြထားတာက နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြား စေရန် ပြဌာန်းပေးရမည်... လို့ ပါပါတယ်။
ဒါဟာ မူအရတော့ ပြည့်စုံတဲ့ ပါရှိချက်ပါပဲ။ တကယ်တော့ အခမဲ့ မသင်မနေရ မူလတန်းစနစ် Free Education ဆိုတာက အဆန်းတကြယ်မဟုတ်ပါဘူး။ နိုင်ငံတကာပညာရေးမူတွေမှာ ဆိုရင် မူလတန်းတောင်မဟုတ်ဘဲ အခြေခံပညာအဆင့် အထက်တန်းအထိကို အခမဲ့ ပညာရေးစနစ်ပါ။ နိုင်ငံတကာမှာ မဖြစ်မနေ အကောင် အထည်ဖော်နေတဲ့ ပညာရေးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေကတော့ ရေးဆွဲပြဌာန်းတဲ့ မူသာရှိပြီး အဲဒီမူကို သူတို့ကိုယ်တိုင် လက်တွေ့လိုက်နာ အကောင်အထည်ဖော်မှုမျိုး မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ အများကြီး ဖြစ်နေတာပါ။
၂၀၀၅-၂၀၀၆ထုတ် ယူနက်စကိုအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေး တွေရဲ့ ၄၅ဏ က မူလတန်းကျောင်းကိုတောင် မတက်နိုင်ဘူးလို့ ပါပါတယ်။ အခု ၂၀၀၆-၂၀၀၇ မှာဆိုရင်တော့ ကျောင်းမနေနိုင်ဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေရတဲ့ ကလေးသူငယ်တွေတောင် ပိုများလာနေပါတယ်။ ဒါကြောင့် ကလေးအားလုံး တန်းတူ ပညာသင်နိုင်ရေးအတွက် အခမဲ့ပညာရေးကို နိုင်ငံတကာနည်းတူ အကောင်အထည်ဖော်ဖို့ ဆိုတာ မြန်မာနိုင်ငံအနေနဲ့ နောက်တောင်ကျနေပြီးဖြစ်ပါတယ်။
အဲဒီလိုပဲ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကိုလည်း သက်ဆိုင်ရာဒေသအလိုက် သင်ကြားစေရန် ပြဌာန်းပေးရမည်... ဆိုတာမှာလည်း တကယ့် လက်ရှိ အနေအထား မှာကတော့ စစ်အစိုးရဟာ တိုင်းရင်းသား လူမျိုးစုအလိုက် သူတို့ဒေသ တွေမှာ အသီးသီး ဖွင့်လှစ် သင်ကြားနေတဲ့ ဘာသာစာပေယဉ်ကျေးမှု ကျောင်းတွေကို ဖွင့်ခွင့် မပြုပါဘူး။ လူမျိုးစုအလိုက်ကျင်းပတဲ့ ရိုးရာဓလေ့ပွဲလမ်းအထိမ်းအမှတ်အခမ်းအနားတွေကို ကျင်းပခွင့် မပေးပါဘူး။ ပိတ်ပင်တားမြစ်ဖမ်းဆီးအရေးယူတာတွေတောင် လုပ်နေတာပါ။ ဒါဟာ စစ်အစိုးရရဲ့ သဘောထားအမှန်လည်းဖြစ်ပါတယ်။ ဒါကြောင့် အဲလို မူနဲ့အလုပ် ကွာဟ ခြားနားလွန်းတဲ့ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့ တရားမ၀င်အုပ်ချုပ်နေမှုကို လူထုကြီးက တရားဝင်အုပ်ချုပ်ခွင့်ပေးလိုက်တာ ဖြစ်သွားမှာပါပဲ။
ဒီမိုကရေစီနိုင်ငံတနိုင်ငံ ထူထောင်ရေးမှာ ပညာရေးကဏ္ဍဟာ အဓိကတည်ဆောက်ရမယ့် အခြေခံမဏ္ဍိုင်ကြီးပဲ ဖြစ်ပါတယ်။ ၁၉၆၂နောက်ပိုင်း တပါတီအာဏာရှင်စနစ် လက်အောက် က စပြီး ခု လက်ရှိစစ်အစိုးရရဲ့လက်ထက်အထိ ၄၅နှစ်ကျော် သက်တမ်းတလျှောက် မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးဆိုးရွားရွား ယိုယွင်းဆုတ်ယုတ်သွားရတာဟာ ပညာရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မပေးတဲ့အပြင် ပညာရေး လွတ်လပ်ခွင့် ကို ဟန့်တား ပိတ်ဆို့ခံရတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
၁၉၈၈နောက်ပိုင်း တရားမ၀င်စစ်အစိုးရလက်ထက်မှာတော့ ပညာရေးကဏ္ဍဟာ လုံးလုံး ယိုယွင်းသွားအောင် အဖျက်ဆီးခံရတယ်လို့ကို ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲလို ကိုယ့်နိုင်ငံကို ပျက်စီးစေခဲ့တဲ့အစိုးရမျိုးကို ဆက်ပြီး သက်တမ်းရှည်အောင် အတည်ပြု ပေးရာရောက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မှသာ လွတ်လပ် ပွင့်လင်းပြီး အနာဂတ်အတွက် အာမခံချက်ရှိတဲ့ ပညာရေးမျိုးကို ထူထောင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ပညာရေးကဏ္ဍတိုးတက်မှုအပေါ် တည်မှီနေတဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သေသေ ချာချာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။
မေငြိမ်း
၂၄၊၀၃၊၀၈။
Friday, April 18, 2008
ကန့်ကွက်ရမယ့် အခြေခံဥပဒေ |
မြန်မာနိုင်ငံရဲ့ ပညာရေးအခြေနေ ဆုတ်ယုတ်ကျဆင်းနေရတဲ့ အဓိကပြဿနာဟာ နိုင်ငံဆင်းရဲလို့မဟုတ်ဘဲ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုတွေကြောင့်သာ ဖြစ်တယ် ဆိုတာ ကို ဒီပညာရေးအပတ်စဉ်ကဏ္ဍကနေ အများကြီး ဆွေးနွေးတင်ပြခဲ့ပြီးပါပြီ။ အထူးသဖြင့် ၁၉၈၈နောက်ပိုင်း အာဏာသိမ်းအစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ အဘက်ဘက်က ယိုယွင်းဆုတ်ယုတ်သွားမှုနဲ့အတူ ပညာရေးအဆင့်အတန်းကလည်း တရှိန်ထိုးကျဆင်း သွားခဲ့ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။
ခုတော့ အဲဒီ အာဏာသိမ်း တရားမ၀င် အစိုးရကပဲ နိုင်ငံတနိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲခဲ့ပြီး အတည်ပြုပြဌာန်းဖို့လည်း ကြိုးစားပါ တော့မယ်။ ဒီနေရာမှာ လက်ရှိအာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သေသေချာချာ သုံးသပ်ဖို့ လိုလာပါတယ်။ အထူးသဖြင့် နိုင်ငံတနိုင်ငံ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရေး မှာ ပညာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတာမို့လို့ အခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲရာမှာ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအာမခံချက်မျိုးတွေ ထည့်သွင်းရေးဆွဲထားသလဲဆိုတာကို သေသေချာချာ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပြဿနာက ပြည်သူတွေရဲ့ဆန္ဒကို ခံယူရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ နားလည်အောင် တရားဝင် ချပြ ရှင်းလင်းတာမျိုး ခုချိန်ထိ မလုပ်သေးတာပါပဲ။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပညာရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ ဖော်ပြထား ချက်တွေကို ပြောပြချင်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပညာရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ ပညာသင်ခွင့်ဆိုတာ မပါဝင်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပညာရေး၊ ကျန်းမာရေးတို့နှင့် စပ်လျဉ်းသည့် အခြေခံမူများဆိုတဲ့ အခန်းမှာ
(က) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်မည်။
(ခ) နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်မည်။
(ဂ) နိုင်ငံတော်သည် အခမဲ့ မသင်မနေရ မူလတန်းစနစ် ဖော်ဆောင်မည်။
(ဃ) နိုင်ငံတော်သည် ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေး အတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်မည်။
လို့ ဖော်ပြထားပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံက အာဏာပိုင်တွေရဲ့ ထုံးစံအတိုင်း တင်ပြချက်တွေကတော့ စေ့စေ့စုံစုံ ရှိသလိုပါပဲ။ ရှေ့ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ဖူးပြီးသားဖြစ်တဲ့ ပညာရေး နှစ်ရှည်စီမံကိန်းလိုပါပဲ။ မြန်မာနိုင်ငံမှာက မူတွေချမှတ်ထားတာသာ ရှိပြီး လက်တွေ့ အကောင်အထည် ဖော်မှု မရှိတာကသာ ပြဿနာဖြစ်နေတာပါ။ ဒါကြောင့်ပဲ တချိန်က အရှေ့တောင်အာရှမှာ အကောင်းဆုံး ပညာရေး အဆင့်ကို ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ အဆိုးဆုံးအဆင့်ကို ထိုးကျသွားခဲ့ရတာပါပဲ။
ပြီးခဲ့တဲ့ တပတ်မှာ ဆွေးနွေးတင်ပြခဲ့သလိုပဲ ဓနိုင်ငံတော်သည် ပြည်သူများ၏ ပညာရေး ကျန်းမာရေး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်မည်။ဓ လို့ ဖော်ပြပေမဲ့ နိုင်ငံတနိုင်ငံရဲ့ ပညာရေး တိုးတက်ခေတ်မီဖို့အတွက် တကယ်လိုအပ်တဲ့ ပညာရေး လွတ်လပ်ခွင့်ကိစ္စကို ဖော်ပြမထားပါဘူး။ ပညာရေးလွတ်လပ်ခွင့်ဟာ ခေတ်မီတိုးတက်တဲ့ ပညာရေးဖြစ်ဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်ပါ။ မြန်မာနိုင်ငံမှာ ၁၉၆၂ခုနှစ် တော်လှန်ရေးအစိုးရတက်စဉ်ကတည်းက ပညာရေးလွတ်လပ်ခွင့်ကို တားမြစ်ခံရတဲ့ အတွက် ကျောင်းသားတွေက ပညာရေးလွတ်လပ်ခွင့်ကို တောင်းဆိုခဲ့ရတာပါ။ အဲဒီတောင်းဆိုမှု ကြောင့်ပဲ 7 July လို့ ထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာပါ။ အဲဒီတုန်းကလည်း အာဏာရှင်အစိုးရက တောင်းဆိုမှုကို ဖြေရှင်းမပေးဘဲ ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့ပါတယ်။ ဒီလိုနဲ့ အာဏာရှင်အလိုကျ ချုပ်ကိုင်ထားတဲ့ ပညာရေးစနစ် ကသာ မြန်မာနိုင်ငံကို ကြီးစိုး ထားခဲ့တာပါ။
၁၉၇၄ခုနှစ်မှာ အာဏာရှင်အလိုကျ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြဌာန်းခံရပြီးတဲ့နောက်မှာတော့ ချမ်းသာကြွယ်ဝလှတဲ့ မြန်မာနိုင်ငံ ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကြေငြာရတဲ့ ဘ၀ကို ရောက်သွားပါတယ်။ အဲလိုပဲ ပညာရေးအရာမှာလည်း နိမ့်ကျ ပျက်စီး သွားခဲ့ရပါတယ်။ အဓိကကတော့ လွတ်လပ်စွာပညာသင်ကြားခွင့် မရှိတဲ့အပြင် နိုင်ငံတကာ ပြင်ပ ဗဟုသုတတွေကို လေ့လာခွင့် မရဘဲ ပိတ်ဆို့ခံထားရတဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ပညာရေးကို ပြည်နယ်အလိုက် အာဏာခွဲဝေဖန်တီးခွင့်ပေးထားတာပါ။ ဒါဟာ ပြည်နယ် အလိုက် ပညာရေးလွတ်လပ်ခွင့် ရှိနိုင်တဲ့ သဘောပါ။ ၁၉၇၄ အခြေခံဥပဒေမှာတော့ ပညာရေးကဏ္ဍကို ပြည်နယ်အလိုက် အုပ်ချုပ် စေတာမျိုးမပါတော့ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဗဟိုကနေ ဦးစီး ချုပ်ကိုင် တဲ့ စနစ်ကို သုံးပြီး ပညာရေး လွတ်လပ်ခွင့်ကို ကိုင်တွယ် ထိန်းချုပ်လိုက်ပါတယ်။ အဲဒီနောက် ပညာရေးထဲမှာ တပါတီစနစ်ကို မှိုင်းတိုက်သွပ်သွင်းတဲ့ အယူအဆတွေ ထည့်လာပြီး ကျောင်းသားတွေကို လိုသလို ပုံသွင်းယူလာခဲ့တာပါ။
ခု စစ်အစိုးရက ဦးစီးပြီး ရေးဆွဲတဲ့ အခြေခံဥပဒေမှာတော့ အချက်(ခ)မှာ
"နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ် မည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်" လို့ ဖော်ပြထားပါတယ်။ အဲဒီအချက်ကို ပြန်သုံးသပ်ကြည့်ရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ ဖော်ပြထားချက်ဟာ ကောင်းတဲ့အချက်လို့ ဆိုရမှာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကတော့ အဲဒီဥပဒေကို ရေးဆွဲတဲ့ အာဏာပိုင်တွေကပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပညာသင်ခွင့်တွေကို ပိတ်ပင်တားမြစ်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ မိခင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားခွင့်မပေးရုံသာ မကဘဲ ပြန်လည်ဖော်ထုတ်ခွင့်၊ လက်ဆင့်ကမ်းထိန်းသိမ်းခွင့်တွေကိုပါ ခွင့်မပြုဘဲ ဟန့်တား ပိတ်ပင် အရေးယူတာတွေ လုပ်နေပါတယ်။ ဒါကြောင့် အဲလို အာဏာပိုင်တွေက လိုအပ်သလို ပြဌာန်းမယ့် ဥပဒေဆိုတာ တရားမျတမှု မရှိနိုင်ပါဘူး။
ပိုဆိုးတာကတော့ အဲဒီ အခြေခံဖွဲ့စည်းပုံဥပဒေအရဆိုရင် အဓိကကျတဲ့ အုပ်ချုပ်ရေးပိုင်း တွေကို စစ်တပ်ကသာ ရယူနိုင်မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ မနှစ်သက်တဲ့ အချက်တွေကို အလွယ်တကူ တောင်းဆိုပြင်ဆင်ခွင့်လည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေသာ အတည်ပြုပြဌာန်းဖြစ်သွားမယ်ဆိုရင်တော့ တကယ်တမ်း အနာဂတ်ကို အသိပညာ အတတ်ပညာ အလိမ်မာ တွေနဲ့ရင်းပြီး တည်ဆောက် ကြရမယ့်နေရာမှာ နိမ့်ပါးအောက်ကျတဲ့ အနာဂတ်ကိုသာ အမိန့်အာဏာနဲ့ မတရားသဖြင့် ဖိနှိပ် အုပ်ချုပ်ခံရရင်းနဲ့ တည်ဆောက်သွားကြရဦးမှာပဲဖြစ်ပါတယ်။ ဒါဟာ နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်တော့ သိပ် အန္တရာယ် ကြီးတဲ့ကိစ္စပဲဖြစ်တာမို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူလူထုကြီးအနေနဲ့ လက်မခံသင့်တဲ့ အချုပ်အနှောင်တခုသာ ဖြစ်ပါတယ်။
မေငြိမ်း
၁၈၊၀၃၊၀၈။
Monday, April 14, 2008
ပညာရေးခရီးစဉ် (၃) |
“ကုသိုလ်လည်းရ ၀မ်းလည်းဝ” ဆိုတာ ဒီပညာရေးခရီးစဉ်မှာ မြန်မာအစားအစာကို ကြိုက်နှစ်သက်တဲ့ကျွန်မအတွက်တော့ သိပ်မှန်တာပဲ ။ ချင်းမိုင်က အမအိမ်ရောက်ရောက်ချင်း စားဖြစ်တာက အမရဲ့ ပီအေအကိုကြီး ၀ယ်လာပေးတဲ့ အကြော်မျိုးစုံ ... ဗယာကြော် ၊ (ထိုင်းစတိုင်နဲ့ကျော်ထားတဲ့) စမူဆာကြော် .. စသည်ဖြင့် ။ ထိုင်းအချဉ်ရည်က မြန်မာပြည်ကလို မဟုတ်ပေမယ့် စားလို့တော့ကောင်းသား ။ လေယာဉ်ပေါ်မှာ ကျွေးတဲ့အစားအစာတွေကို မစားနိုင် ၊ စင်္ကာပူလေယာဉ်ကွင်းတုန်းက စားထားခဲ့တဲ့ sandwich ကလည်း ဗိုက်ထဲမှာ ခြေရာပျောက်သွားတဲ့ အချိန်ဆိုတော့ ၊ အကြော်စုံက တယ်စားကောင်းပေါ့ ။ နောက်နေ့တွေမှာ ချင်းမိုင်မှာ ရသမျှ အစားအစာတွေ ... သဘောင်္သီးထောင်း ၊ သရက်သီးထောင်း ၊ ကောက်ညှင်းနဲ့ သရက်သီး ၊ ရှမ်းခေါပုတ်ကျော် ၊ အ၀စားအသားကင်တွေ စသည်ဖြင့်တို့ကို အမက လိုက်ကျွေးတဲ့အပြင် ၊ မြန်မာပြည်ရဲ့ နယ်စတိုင် မုန့်ဟင်းခါးကောင်းကောင်း ၊ လက်ရာကောင်းကောင်းနဲ့ မြန်မာ ထမင်းဟင်းတွေကိုလည်း အမ အမေက ချက်ကျွေးလို့ အ၀တီးလိုက်ရသေး ။ နောက် ချင်းမိုင်မှာရှိတဲ့ တဆိုင်တည်းသော မြန်မာထမင်းဆိုင်ကဟင်းတွေကလည်း စားကောင်းသား ။
သရက်သီးဆိုရင် အစိမ်း အမှည့် ၊ အသုတ် လုပ်စားမလား ၊ မုန့်ထဲ ထည့်စားမလား ၊ ဒီအတိုင်း တကြွပ်ကြွပ် ကိုက်စားမလား ၊ ဆားရည်စိမ်စားမလား ၊ ငရုတ်သီးမှုန့် ငံပြာရည်နဲ့ စားမလား ၊ အချဉ်ထုတ်စားမလား ၊ ထမင်းနဲ့ စားမလား .. ဘယ်လိုဖြစ်ဖြစ် ဘယ်လို စားရစားရ သရက်သီးဆို အသေအလဲကြိုက်ပြီး ၊ အ၀တ်အစား နဲ့ လက်ဆွဲအိတ်တွေတောင် သရက်သီးတံဆိပ်ကို ကြိုက်နှစ်သက်စွာ ၀ယ်တတ်တဲ့ ကျွန်မအတွက်တော့ ထိုင်းနိုင်ငံမှာ သရက်သီးပေါတာ အလွန့်အလွန် ပျော်စရာပါပဲ ။ ရောက်ရောက်ချင်း စပြီးစားတာက သရက်သီးသုတ် စပ်စပ် နဲ့ အုန်းနို့စမ်းထားတဲ့ ကောက်ညှင်းနဲ့သရက်သီး ။ နောက် အလုံးမပျက် အခွံခွာ အမျှောင်းလေးတွေလုပ်ထားပြီး ၊ လုံးဝမချဉ်ဘဲ မာလကာသီးလို ခပ် ကြွပ်ကြွပ်ဝါးလို့ရတဲ့ ၊ ထိုင်းတွေကတော့ သကြား-ငရုတ်သီး (သို့) sauce တမျိုးနဲ့ နှစ်စားတတ်ကြတဲ့ သရက်သီးစိမ်း ။ တထုတ်ကိုမှ ၁၀ဘတ်ဆိုတော့ စားတာပေါ့ ။ အိမ်ရောက်တော့ မေမေ့ကို ပြောပြတော့ ၊ သူပြောတာ မြန်မာပြည်မှာလဲ အဲလို စားသရက်ဆိုလား ရှိတယ်တဲ့ ။ ကျွန်မကတော့ မြန်မာပြည်တုန်းက စားတောင်မစားဘူး ။ မဲဆောက်ရောက်တော့လည်း မဲဆောက်ကအမက ကျွန်မသရက်သီးကြိုက်တာလည်းသိ ၊ စင်္ကာပူမှာ သရက်သီး ဈေးကြီးတယ်ဆိုတာသိတော့ သရက်သီးကို မပြတ်ဝယ်ထားပြီး ကျွေးတော့တာပါပဲ ။
လုံးဝမချဉ်ဘဲ မာလကာသီးလို ခပ် ကြွပ်ကြွပ်ဝါးလို့ရတဲ့ ထိုင်းသရက်သီးစိမ်း
ကောက်ညှင်းနဲ့ သရက်သီးမှည့်
မဲဆောက်ဟာ မြန်မာမြို့ အသေးစားလေးဖြစ်တဲ့အပြင် ဈေးထဲမှာလည်း မြန်မာအစားအစာ အရမ်းပေါပါတယ် ။ ပထမဆုံး ကျွန်မတို့သွားစားကြတာ အိမ်နားက လက်ဖက်ရည်ဆိုင် - မြန်မာစတိုင်နဲ့ လက်ဖက်ရည် ၊ နံပြားနဲ့ ပဲပြုတ် ၊ ပဲပလာတာ ။ နောက်တော့ ဈေးထဲက အသုတ်စုံ နဲ့ ၀က်သားဒုတ်ထိုး ။ အသုတ်စုံတစ်ပွဲမှာပြီး စားလဲကုန်ရော ၊ အာသာမပြေလို့ နောက်ထပ် ခေါက်ဆွဲ ကြာဇံသုတ်တစ်ပွဲထပ်မှာ ၊ နောက် ၀က်သားဒုတ်ထိုး ၄-၅ ချောင်းလောက်နဲ့အဆုံးသပ်တော့ အမတောင် အံ့သြသွားတယ် ။ နောက်တခါ အဲဒီ အသုတ်ဆိုင်သွားစားတော့ တခါတည်း အသုတ်ကို နှစ်ပွဲသုတ်ပါလို့ မှာထားရတယ် ။ တစ်ပွဲနဲ့ဆို မလောက်ဘူးလေ (ဒါကြောင့် အမက အဲဒီအသုတ်ဆိုင်သွားရင် နှစ်ပွဲစားတဲ့ဂျစ်တူးကို သတိရတယ်လို့ ခုထိပြောတုန်း) ။ မဲဆောက်မှာနေတုန်း မနက်တိုင်း လက်ဖက်ရည် ၊ အီကြာကွေး ၊ ကောက်ညှင်းပေါင်း ၊ ငချိတ်ပေါင်း ၊ ပဲပြုတ် နံပြား ၊ စမူဆာ ၊ ပဲပလာတာ စတာတွေကို အမရဲ့ ပီအေအကိုကြီးက မနက်တိုင်း တခုမဟုတ်တခု အဆင်သင့်ဝယ်ထားပေးတယ် ။ စားကောင်းကောင်းနဲ့ နေ့စဉ်နီးပါးစားဖြစ်တဲ့ ထမင်း ဟင်း ကတော့ အမ လက်ရာပေါ့ ။
ဒီလိုနဲ့ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” တဲ့ ကျွန်မ ပါးတွေဖောင်း မေးစေ့နှစ်ထပ်ဖြစ်ချင်လာလို့ ၊ ဒီရောက်တော့ တစ်ပတ်နှစ်ခါ အနည်းဆုံး ပြန် အပြေးလေ့ကျင့်နေရပါတယ် ဆိုရင် စာဖတ်သူတို့ ပြုံးစိစိဖြစ်သွားမလား မသိး) ။
မဲဆောက်မှာ အစားလည်းစားရင်း ၊ အဓိကရည်ရွယ်ချက်အတွက် နောက်ထပ်ကျောင်းတွေကိုလည်း သွားရောက်ခဲ့ပါတယ် ။ ဒုတိယရောက်တာကတော့ Social Action for Women (SAW) ဆိုတဲ့အဖွဲ့ က ဖွင့်လှစ်ထားတာ မိဘမဲ့ဂေဟာလေးပါပဲ ။ SAW အဖွဲ့ ဟာ မြန်မာအမျိုးသမီးများနဲ့ ကလေးများအတွက် ပညာရေး ၊ ကျန်းမာရေး ၊ နေထိုင်ရေးတို့ကို စောင့်လျှောက်ပေးနေတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ် ။ သူတို့ဦးစီးတဲ့ ပရိုဂရမ်တွေထဲမှာ စွန့်ပစ်ခံရတဲ့ မြန်မာကလေးတွေအတွက် မိဘမဲ့ဂေဟာဖွင့်ပြီး စောင့်လျှောက်ပေးတယ် ၊ မူလတန်း နဲ့ အလယ်တန်းကျောင်းကိုလည်း မိဘမဲ့ကလေးတွေပါ နေနိုင်ဖို့ဆိုပြီး ကျောင်းအိပ်ကျောင်းစားအဆောင်နဲ့တွဲပြီး ဖွင့်ထားပေးပါတယ် ။ နောက် ထူးခြားချက်တခုအနေနဲ့ HIV/ AIDS ဖြစ်နေသူ မိန်းမများ နဲ့ သားသမီးများကို counseling & training ပေးပြီးစောင့်လျှောက်တဲ့ ဂေဟာကိုလည်း ဖွင့်ထားပါတယ် ။ SAW ဟာ တချို့ အဖွဲ့ အစည်းတွေက ထောက်ပံ့ကြေးရတယ်ဆိုပေမယ့် ၊ သူတို့လုပ်နေတဲ့နေရာတွေမှာ လိုအပ်တဲ့ငွေကြေးနဲ့ မလုံလောက်တဲ့အတွက် အဲဒီ ဂေဟာတွေက အမျိုးသမီးတွေကို လက်မှုပညာသင်ပေးပြီး ၊ လက်မှုပစ္စည်းတွေ ရောင်းချပြီး တဘက်တလမ်းမှ ၀င်ငွေရှာ ရပ်တည်ကြပါတယ် ။
အသက် ၈ နှစ်အောက်လောက် ကလေးတွေကိုထားတဲ့ SAW အဖွဲ့ အောက်က မိဘမဲ့ဂေဟာရဲ့ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်ဝင်လိုက်တဲ့အခါ ၊ ခြံဝင်းထဲမှာ ဆော့နေတဲ့ ကလေးငယ်တွေကို မြင်လိုက်ရပါတယ် ။ seasaw တွေ ၊ ဒန်းတွေ အရိပ်အာဝါသပေးတဲ့ သစ်ပင်တွေ စိုစိုပြေပြေပန်းပင် ဟိုတစ ဒီတစနဲ့ ခြံကျယ်ကျယ်ဝန်းဝန်းထဲ ကလေးတွေ လွတ်လပ်ပေါ့ပါးစွာ ပြေးနေတာမြင်ရတော့ ၊ သူတို့ရဲ့ အပူအပင်ကင်းနေတဲ့ မျက်နှာလေးတွေကို တချက်ငေးကြည့်မိလိုက်တယ် ။ သူတို့ဝတ်ထားတဲ့ စွတ်ကျယ်လက်ပြတ်လေးတွေ ၊ ဘောင်းဘီတိုလေးတွေဟာ နွမ်းနေတယ် ။ ရေချိုးပြီးခါစဖြစ်ပုံရတဲ့ တချို့ ကလေးတွေကတော့ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ ။ တချို့ ကျတော့လည်း တနေကုန်ဆော့ထားပုံပေါက်ပေမယ့် သိပ်ပြီး ညစ်ပတ်ပေရေနေတာမျိုးတော့လည်း မဟုတ်ပြန်ဘူး ။
အဲဒီ မိဘမဲ့ဂေဟာကို စောင့်ရှောက်ပေးနေတဲ့ အဒေါ်ကြီး သုံးယောက်ကိုမြင်တော့ ၊ သူတို့ဟာ စားဝတ်နေရေးအတွက် လစာနည်းနည်းယူပြီး ဒီအလုပ်ကိုလုပ်နေပေမယ့် ၊ တကယ့်စေတနာ မေတ္တာအပြည့်နဲ့ လုပ်နေတယ်ဆိုတာ သိသာတယ် ။ ကလေးတွေအပေါ် သူတို့ပြုမူဆက်ဆံပုံတွေက တကယ့် ကိုယ့်သားသမီးမြေးငယ်လေးတွေလိုပဲဖြစ်နေတာ မြင်ရတော့ ကျွန်မတကယ် သူတို့ကို လေးစားမိသလို ၊ ပီတိလည်းဖြစ်မိတယ် ။ မိဘမဲ့ဂေဟာက ကြီးသွားကြတဲ့ ကောင်မလေး ၄-၅ယောက်ကလည်း ကလေးတွေကို ပြန် စောင့်ရှောက်ပေးဖို့ အဲဒီမှာပဲနေကြတယ် ။ အဲဒီမှာ ဓါတ်ပုံလိုက်ရိုက်တော့ ပစ္စည်းတွေကို သေသပ်စွာစီရီထားတဲ့ မီးဖိုချောင် ၊ ကလေးတွေရဲ့ အ၀တ်အစား စတာတွေကို အံဆွဲလေးတွေမှာ နာမည်ကပ်ပြီး သူ့ ဟာသူလေး တသီးတသန့်လုပ်ပေးထားတွေ စသည်ဖြင့် စနစ်ကျကျလေးလုပ်ထားတာအတွက် စိတ်ထဲမှာ အဲဒီဂေဟာကို ကြီးကြပ်သူတွေ စောင့်ရှောက်သူတွေကို ချီးကျူးမိတယ် ။
အဲဒီနောက် သူတို့ဆီ ဧည့်သည်လာရင် သိပ်ပျော်ပုံရတဲ့ကလေးတွေက ထိုင်းသီချင်းနဲ့ ကျွန်မတို့ကို ကပြကြတယ် ။
မြူးကြွတဲ့တေးသံနဲ့တပြေးညီ လန်းဆန်းနေတဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေကိုကြည့်ရင်း ဗွီဒီယိုရိုက်ရင်း ကျွန်မပြုံးလိုက်မိတယ် ။ အဲဒီအပြုံးလေးတွေ ရေရှည်တည်တံ့နိုင်ဖို့ တတ်နိုင်သမျှ ပံ့ပိုးရမယ့်တာဝန် ကျွန်မတို့မှာ ရှိတယ် ။
တုံးတိဖြစ်နေတဲ့ လက်ချောင်းလေးတွေ ရှိနေပေမယ့် ၊ ကျွန်မရောက်နေတဲ့အချိန်တလျှောက်လုံး အပြုံးမပျက်တဲ့ ဒီကလေးမလေးကိုတွေ့ တော့ ၊ အလုပ်မှာ စိတ်ညစ်စရာကြုံရင် ငြီးငြူတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ် ။
အမအိမ်ကယူသွားတဲ့ ဘီစကစ်တွေကိုဝေပေးတော့ တန်းစီပြီး လက်အုပ်လေးချီ ကျေးဇူးတင်ကြောင်းပြသပြီး ယူနေတဲ့ သူတို့ပုံရိပ်တွေ ကျွန်မရဲ့ နှလုံးသားမှာ တသက်စာတွက် ကပ်ပါသွားတယ် ။
အဲဒီမိဘမဲ့ဂေဟာမှာ ကျွန်မအတွက် စိတ်အထိခိုက်ရဆုံးအချိန်ကတော့ အောက်မှာ ပြထားတဲ့ကလေးလေးကို တွေ့ ရတုန်းကပါပဲ ။ သူ့ ကို ဗွီဒီယိုရိုက်နေတုန်း ကျွန်မမျက်နှာမှာ စိတ်မကောင်းတာ သိပ်ထင်ရှားနေတယ်လို့တောင် အမက ပြောသေးတယ် ။ မွေးတည်းက မျက်စိမမြင် ၊ နားမကြား ၊ ပိုလီယိုလို အရိုးတွေလည်း မသန်မာလို့ လမ်းလဲလျှောက်မရ ၊ ဟိုဘက် လှိမ့် ဒီဘက် လှိမ့် နဲ့ ပက်လက်ကလေး ဖြစ်နေရတဲ့ ကလေးလေး ၊ ဒီကြားထဲ အမြဲလိုလိုလည်း တက် တတ်သေးတယ်တဲ့ ။ မိဘမဲ့ဂေဟာရဲ့ ကြမ်းပြင်ပေါ်မှာ မနေရင် ၊ သူ့ အတွက် တခုတည်းသော နေရာက ပုံထဲမှာ ပြထားတဲ့ လှည်းလေးပေါ် ။
သူတို့လေးတွေရဲ့ ဘ၀ဟာ ခုလို မိဘမဲ့ဂေဟာသာ မရှိခဲ့ရင် ဘယ်လိုဖြစ်လေမလဲ ။ ကျွန်မတို့နိုင်ငံက မျိုးဆက်သစ်တွေဟာ ကိုယ့်နိုင်ငံမှာလည်း ဆင်းဆင်းရဲရဲနေရ ၊ သူများနိုင်ငံကိုရောက်ပြန်တော့လည်း မျက်နှာငယ်နဲ့ ထပ် ဆင်းရဲရပြန် ။ ဒုက္ခရောက်နေသူတွေ ဒုနဲ့ဒေးပဲဆိုတာ .. ဘ၀ဆိုတာ လူတိုင်းတွက် ပြဿနာတွေနဲ့ပဲ ဆိုတာကတော့ အမှန်ပါပဲ ... ဒါပေမယ့် ကျွန်မတို့လို ဒုက္ခရောက်မနေသူ ၊ သူတို့လောက် ပြဿနာဆိုးတွေကို မကြုံရသူတွေက ကိုယ်တတ်နိုင်သလောက်လေး ၀ိုင်းဝန်းမကူညီဘူး ကိုယ့်အကျိုးစီးပွားပဲ တိုးတက်အောင် လုပ်ပြီးရင်း လုပ်နေကြမယ်ဆိုရင်တော့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အနာဂတ်အတွက် ရင်လေးမိပါတော့တယ် ။
မှတ်ချက် ။
မဲဆောက်မှ ကလေး လူကြီး လူငယ်တွေကို အ၀တ်အစား စာအုပ်တွေလည်း သယ်နိုင်သလောက် ၀ိတ်အကုန်သယ်သွားပြီး နေရာတွေ ခွဲပြီးပေးခဲ့ပါတယ် ။ အ၀တ်အစား စာအုပ်တွေဝိုင်းရှာပေးဖို့ အကူအညီတောင်းတော့ ၊ ကလေး လူကြီး ယောက်ျား မိန်းမ အရွယ်မျိုးစုံအတွက် အ၀တ်အစားတွေကို ရှာပေးပြီး သေတ္တာတစ်လုံး ခရီးသွားအိတ်နှစ်လုံးအပြည့်နဲ့ သေချာ သပ်သပ်ရပ်ရပ် ထည့်ပေးတဲ့ စင်္ကာပူမှ မအိမ့် (ကျွန်မခေါ်တာကတော့ မခိုင်) ၊ စာအုပ်အမျိုးစုံကို ရှာပေးတဲ့ မမေ နဲ့ အ၀တ်အစားတွေ စာအုပ်တွေ သယ်ဖို့အကူအညီလိုတိုင်း မနားမနေလိုက်လုပ်ပေးတဲ့ ကိုပီတိတို့မရှိခဲ့ရင် ဖြစ်မြောက်မှာမဟုတ်ဘူးလို့ ဒီပို့စ်နဲ့အတူ ပြောလိုက်ပါရစေ ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ဒီခရီးစဉ်မှာ သူတို့ရဲ့ ပံ့ပိုးမှုမပါခဲ့ရင် ခုလောက်ထိ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး ။
တဆက်တည်းမှာ စာဖတ်သူတို့ကို ရှင်းပြချင်တာ ... ကျွန်မ ဒီပို့စ်တွေရေးနေတာဟာ ကျွန်မဘာလုပ်ခဲ့တယ်ဆိုတာကို ပြောပြချင်တဲ့ ဆန္ဒကြောင့်မဟုတ်ပါဘူး ။ ဟိုဘက်မှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတဲ့အကြောင်းတွေကို ကိုယ်တိုင်ကြုံတွေ့ ရတဲ့ ဖြစ်ရပ်မှန်တွေ အနေနဲ့ ပြန်ပြောပြတဲ့ သဘောပါပဲ ။ တဆက်တည်းမှာ ကျွန်မပို့စ်တွေဖတ်ပြီး လိုအပ်နေတဲ့ ကွက်လပ်လေးတွေ ဖြည့်ဖို့ တတပ်တအားပါဝင်ချင်တယ်ဆိုရင်လည်း ကျွန်မကို ဆက်သွယ်နိုင်ပါတယ် ။
(ဆက်ရန်)
Friday, April 11, 2008
Teaching Method and Dream ! |
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ယခုအချိန်ခါအထိ စဉ်ဆက်မပြက် လုပ်ဆောင်ခဲ့သော အရာမှာ အတတ် ပညာ တစ်စုံတရာကို သင်ယူခြင်းပင် ဖြစ်၏။ ထို့ကဲ့သို့ မြောက်များစွာ သင်ယူခဲ့သော ကျွန်တော်တို့သည် ဆရာတို့အပေါ်၌ စိတ်ဝင်စားခြင်း လေးစား ခြင်းတို့ ရင်ထဲ နှလုံသားထဲ ၌ တည်ရှိ နေကြပါသည်။ ဆရာတို့ အပေါ်စိတ်ဝင်စားမှု နှင့်အတူ စာသင်ကြား လိုသော ဆန္ဒလည်း ပေါက်ဖွားခဲ့ ပါသည်။ ကျွန်တော်တို့၏ ရင်ထဲ၌ ငယ်စဉ်က ဆရာများ၏ ပုံရိပ်များမှာ အရှိန်အ၀ါ ကြီးကြီး ဖြင့်ထင်ရှားစွာ တည်ရှိနေဆဲ ဖြစ်ပါသည်။
ဆရာမသည် သူ၏ အတက်အကျ မရှိသော အသံဝါကြီးဖြင့် ဓါတုဗေဒ ဘာသာရပ်ကို ငြိမ်သက်စွာ ဘာသာပြန် ပြနေပါသည်။ ကျွန်တော်၏ အနောက် ဘက်ခုံ၌ ဇေလွင်မိုး နှင့် ကျော်ကျော် တို့ စစ်တုရင် ကစား နေကြမှန်း ဆရာမ မှအပ တစ်တန်းလုံး သိကြ၏။ ကျွန်တော်လည်း ယနေ့ ကျူရှင်တွင် စာမေးပွဲ ဖြေရမည် ဖြစ်သဖြင့် ကျူရှင် စာအုပ်ကို မသိမသာ ခိုးဖတ် နေပါသည်။ စကားသံများ ဖြင့် အတန်းမှာ အတော် ကလေး ဗြောင်းဆန်နေရာ ကျွန်တော်ပင် ဆရာမကို အထူး အားနာမိသည်။
ဆရာမ၏ အသံတွင် ကြည်လင် ပြတ်သားခြင်း၊ အင်တိုက် အားတိုက် ရှိခြင်း တို့နှင့် အတူ မျက်နှာ၌ လည်း အကြောင်းအရာ အပေါ် စိတ်ဝင်စားမှုမှာ အတိုင်းသား ပေါ်လွင်နေပါသည်။ ဆရာမ၏ မျက်လုံးတို့သည် ကျွန်တော်တို့ တစ်ယောက်စီ တစ်ယောက်စီကို ကြည့်နေ သည်သို့ ထင်ရသည်။ ဆရာမလက်၌ စာအုပ်ကိုင်မထား။ ကြိမ်လုံးလည်းမရှိ။ သို့တစေ တစ်တန်းလုံး ငြိမ်နေကြသည်မှာ အံ့သြ စရာ။ ကျွန်တော်တို့ မျက်လုံးများမှာ အရောင်လဲ့ နေကြမည် ထင်သည်။ အချို့မှာ မေးကလေးများ ပင် ထောက်၌ နေကြ သေးသည်။ မြန်မာစာ ဆရာမ ဖြစ်ပါသည်။
ဆရာမ၏ အသက်သည် ကျွန်တော်တို့ထက် အလွန်ဆုံးကြီးလှ ၇ နှစ် ၈ နှစ်မျှသာ ဖြစ်ပါလိမ့်မည်။ ဆရာမ၏အသံမှာ မာ၏ မျက်နှာတင်း၏ ကြိမ်လုံးနှင့်လက်နှင့်ပျက်သည်မရှိ။ ဆရာမအချိန်၌ ကျွန်တော်တို့အားလုံး ယားလို့မှ မကုတ်ရဲပါ။ ဆရာမ ပြောနေကြ စကားတစ်ခွန်း မှာ သူကြိုးစား သလောက် ကျွန်တော်တို့ တိုးတက် မလာခြင်းပင်။ ရူပဗေဒ သင်သော ဆရာမ ဖြစ်ပါသည်။
ကျွန်တော်တို့ ကျောင်းတွင် သန်းဟိန်း သည် အတော်ဆုံး ကျောင်းသား။ သူက စာလိုလားသည်၊ ဉာဏ်ကောင်းသည်၊ ၀ီရိယ အားကောင်း သည်၊ နည်းစနစ် မှန်ကန်သည်။ သူက အဆင့်တစ် နေရာကို မူပိုင် ယူထားသူ ဖြစ်သည်။
မောင်ဘကတော့ ဉာဏ်ကောင်း လှ၏ သူ၏ သိလွယ်၊ တတ်လွယ်၊ မြင်လွယ် တတ်လွန်းမှု တို့ကြောင့် ဆရာဆရာမ တို့၏ အရေးပေးမှု အခံရ ဆုံးသော ကျောင်းသား ဖြစ်ပါသည်။ သူက အဆင့် (၃) ဖြစ်လိုက်၊ (၆) ဖြစ်လိုက်၊ (၁၀) ဖြစ်လိုက် နှင့် မတည်ငြိမ် လွန်းလှသူ ဖြစ်၏။
ကျွန်တော်သည် အဆင့် (၂) နေရာကို လက်မလွှတ်တမ်း ယူထား သူဖြစ်၏ ကျွန်တော်က စာလိုလားသည်၊ ဉာဏ်ရည် သင့်တင့်သည်၊ နည်းစနစ် မှန်ကန် သည်။ ၀ီရိယသင့်တင့် သည်ထင်ပါသည်။
မောင်မောင်ကတော့ စာလည်းမလိုလား၊ ၀ီရိယလည်း မရှိ၊ ရည်းစားပြဿနာလည်း ရှိနေသည်၊ သူ၏အဖေနှင့်မေမှာ ကွဲနေသည်ဟု သိရသည်။ သူကတော့ ဘာသာစုံကျ၌ နောက်ဆုံးနေရာကို မူပိုင် ယူထားသူ ဖြစ်၏
ဆရာ ညီညီသည် မောင်မောင် ကဲ့သို့သော ကျောင်းသား များကိုပင် ပြောင်းလဲ နိုင်ခဲ့သူဖြစ်သည်။ မောင်မောင် သည် (၂) နှစ်ကျပြီးမှ ဆယ်တန်း အောင်ခဲ့သူ ဖြစ်သည်။ ဓါတုဗေဒ ဘာသာရပ်၌ (၇၀) ရရှိခဲ့ရာ ကျွန်တော်တို့ အဖို့  အံ့ဖွယ်လိလိ။ ဆရာစာ သင်ပုံမှာ လူပြက် ဆန်၏။ တခါတလေ ဆဲပင် ဆဲတတ် သေးသည်။ ကျောင်းသားတို့က တဟားဟား၊ ကျောင်းသူ တို့မှာ တ၀ါးဝါး။ သို့သော် သူတို့ စာရ ကြ၏။ သူ၏ ကျောင်းသားတိုင်း လိုလို ဓါတုဗေဒ ဘာသာတော့ အောင်ကြ၏။ ဂုဏ်ထူး ပါသူတွေလည်း မနည်း။ မည်သို့ပင် ဖြစ်စေ ရလဒ် ကောင်းလှ၏ ပုဂ္ဂိလ်ခင်၍ တရားမင်သည် သို့ပင်။
အနှစ်ချုပ်ရလျှင် စာသင်တတ်သော၊ စွဲဆောင်နိုင်စွမ်းရှိ သော၊ တပည့်တို့စိတ်ကိုသိသော ဆရာတို့နှင့် တွေ့လျှင် ကျွန်တော်တို့ ကျောင်းသားများ ရလဒ် ကောင်းကြသည်။ သို့ဆိုလျှင် ထိုအရည်အချင်းများ ဆရာတိုင်းတွင် အဘယ့်ကြောင့် မရှိကြသနည်း။ ဆရာ သင်တန်း ကျောင်းများ၏ လိုအပ်ချက်လော။ သို့မဟုတ် ထိုအရည်အချင်း တို့သည် မွေးရာပါ ဖြစ်၍ သင်ကြား၍ မရနိုင်သလော ကျွန်တော်တို့ လေ့လာသင့်လှ၏ ကျွန်တော့်ယူဆချက်မှာ ထိုအရည်အချင်း တို့သည် မွေးရာပါ ဖြစ်သည်။ သို့သော် သင်ယူ၍ ရနိုင်ပါ၏
တပည့်ကို နားလည်အောင် သင်ကြား ပေးနိုင်သော ဆရာသည် ဆရာကောင်း။ တပည့်ကိုပါ စောင့်ရှောက်သော ဆရာသည် ပို၍ တော်သော ဆရာ။ တပည့် ကို ဘာသာရပ်၍ မသိရလျှင် မနေနိုင် လောက်အောင် စွဲဆောင်နိုင်သော ဆရာသည် အတော်ဆုံး ဟု မှတ်သား ခဲ့ရဖူး ပါသည် ။
စာသင် ကြားခြင်းတွင် တပည့် မည်မျှ နားလည်သည်ကို သေချာစွာ စမ်းစစ် နိုင်ခြင်းသည် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် နေပါသည်။ သင်ကြားမည့် ဆရာသည် ကိုယ့်တပည့် မည်မျှ တတ်သည်၊ မည်မျှ နားလည် နိုင်စွမ်းရှိသည်။ မည်မျှ စိတ်ပါဝင်စားမှု ရှိသည်ကို နားလည် နိုင်ဖို့ လိုအပ် သည် လူ့ စိတ်ပညာ သဘာဝ ကိုလည်း အထူး နားလည် ထားသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် လူတွေကို သင်ကြား ရသော ကြောင့်ဖြစ်ပါ၏။
ကျွန်တော့်အမြင်အရမူ ထိုကဲ့သို့ အရည်အချင်းနှင့် ပြည့်စုံသော ဆရာများ မွေးထုတ်ရန်လည်းကောင်း၊ ထိုဆရာများကို သိပ္ပံနည်းကျ လေ့လာချက်များအရ အကောင်းဆုံးဟု ခေါ်နိုင်သော နည်းစနစ်များအတိုင်း အကောင်းဆုံး သင်ကြားနိုင်ရန် အထူး ပြည့်စုံသော ပညာရေး စနစ်တစ်ခု လိုအပ်ပါသည်။
ကျွန်တော်တို့ စိတ်ကူးယဉ် ကြည့်ကြပါစို့။
ထိုစနစ်ကို ရေးဆွဲရန်အတွက် အထူး ကော်မတီ တစ်ရပ် လိုအပ်ပါသည်။ ထိုအဖွဲ့တွင် ပညာရေးအတွက် စိတ်အား ထက်သန်သော၊ စိတ်ကောင်း စေတနာ ပြည့်ဝကာ မျိုးချစ် စိတ်ဓာတ်နှင့် ပြည့်စုံသောသူများ၊ နိုင်ငံခြားသား ပညာရှင်များ ပါဝင်ရန် လိုအပ်ပေလိမ့်မည်။
စာသင်ကြားခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သော ကိုယ်တိုင်ရှာဖွေနိုင်သော၊ ကိုယ်တိုင် ခွဲခြမ်း စိတ်ဖြာနိုင်သော၊ ကိုယ်တိုင် အဖြေ ထုတ်နိုင်သော၊ ပညာရပ်ကို ကောင်းစွာ အသုံးချနိုင်သော အရည်အချင်းများကို သင်တန်းကာလ အပြီး၌ ရရှိစေရန် မျှော်မှန်း ထားသင့် ပါသည်။ ထို့အပြင် ပြောင်းလဲလာသော ကမ္ဘာကြီး နှင့် ရင်ပေါင်တန်းနိုင်ရန် မျှော်မှန်းချက် များ ချမှတ်ထား သင့်ပါသည်။
ထို့နောက် ရည်ရွယ်ချက်များ ချမှတ်ကာ စနစ်တကျ စီမံကိန်းချပြီး ဖြစ်စေရပါမည်။ ကျွန်တော်တို့ ရည်မှန်း ချင်သော ပညာ သင်ကြားရေး မှာ စနစ်ကို အခြေခံ ဖြစ်စေရပါသည်။ ဆရာတော်လျှင် တပည့်တော်၍ ဆရာညံ့လျှင် တပည့်ညံ့ သော ပုဂ္ဂိုလ် အခြေခံ စနစ် မဖြစ် စေရပါ။ ထိုကြောင့် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ဥပမာ ပုံစံများ နှင့် တကွ ရေးသားထားပြီး ဖြစ်နေစေ ရပါမည်။ ဆန်းစစ် သုံးသပ်ချက် ပြုလုပ်ရန် အတွက် အထူး ပုံစံများ ရေးဆွဲထားပြီး ဖြစ်ရမည့်အပြင် ၄င်း အတွက်လည်း အထူး အဖွဲ့ဖွဲ့ပြီး ဖြစ်နေစေ ရပါမည်။
ထို့နောက် ပညာရေး စနစ် ထူထောင်မှု ပြုလုပ်ရမည် ဖြစ်ပြီး ကြီးကြပ် ဆန်းစစ် ပြုလုပ်ကာ လစဉ် သို့မဟုတ် လိုအပ်သလို ညှိနှိုင်း အစည်း အဝေး ပွဲများ ကျင်းပကာ ဖြေရှင်းသင့်သည် များကို ဖြေရှင်း ရပါမည်။ အပြန်အလှန် အမြင်ရှင်းရေး အထူးဂရုပြု ရပါမည်။
လိုအပ်သော ခွင့်ပြုငွေကို ရရှိရေးသည် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်နေပါသည်။ အကယ်၍ မလုံလောက်၍ မဖြစ်နိုင်ဟုလည်း မဖြစ်စေရန် ပြည်သူတို့၏ ထောက်ခံမှု လိုအပ်ပါသည်။ ထိုမှသာ ပြည်သူတို့၏ ကူငွေရရှိ အောင် ကောက်ခံနိုင်ပေမည်။
တစ်နှစ်ပြည့်၍ ပြည်လည် စီစစ်သုံးသပ် ကြသောအခါ ၄င်းအတွက် ကြိုတင် ပြင်ဆင် ထားသည့်အတွက် မှန်ကန် အဆင်ပြေ လွယ်ကူ ပေလိမ့်မည်။ ထို့နောက် ပြန်လည် စီမံကိန်းရေး ဆွဲခြင်း လုပ်သည့်အခါ လိုအပ်သလို ပြင်ဆင်ထည့်သွင်း ရေးဆွဲ နိုင်ပေ လိမ့်မည်။ နှစ်စဉ် ပြောင်းလဲ နေသော အချက် အလက်များ ကိုလည်း လိုအပ်သလို ရေးဆွဲ နိုင်ရပါမည်။
ကျွန်တော်တို့ တည်ဆောက်ထားသော အိပ်မက်သည် စနစ်ကိုသာ အခြေခံ ထားခြင်း ဖြစ်၍ မည်သို့သော ဆရာကသင်စေ ပုံစံ ကောင်းကောင်း တစ်မျိုး တည်းသာ ထွက်နေသဖြင့် ဆရာရှိသော မည်သည့်အရပ်က ကျောင်းသား မဆို ပညာ ကောင်းစွာ သင်ကြား နိုင်မည် ဖြစ်သည်။
လက်တွေ့တွင် အခက်အခဲ များစွာ ရှိနိုင်သော်လည်း ဖြစ်နိင်ချေရှိပြီး တစ်မျိုးသားလုံး အတွက် အကျိုးများ စေမှာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော် ဉာဏ်မှီ သမျှ စိတ်ကူး ယဉ်ကြည့်ခြင်း ဖြစ်ပါ၏ အမှား ထောက်ပြကြရန်လည်း ဖိတ်ခေါ်ပါ၏ လိုအပ်သမျှ ဖြည့်ဆည်း တင်ပြ ကြရန်လည်း မေတ္တာရပ်ခံပါ၏။
အချုပ်ဆိုရလျှင် လူတစ်ဦးစီ အတွက်ဖြစ်စေ၊ တိုင်းပြည် အတွက်ဖြစ်စေ ပညာ သာလျှင် ပဓာနဖြစ်၏။ ပညာရှိလျှင် ဆရာဖြစ်၍ ပညာ မဲ့လျှင် နောက်လိုက် ဖြစ်ရ၏။ ပညာရှိလျှင် မိမိအကျိုးသာမက လောက အကျိုးကိုလည်း ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ရာ ပညာ တိုးပွားရေး သည် အချက်အချာပင် ဖြစ်၏။ ကျွန်တော်တို့ ကဲ့သို့ ဖွံဖြိုးဆဲ နိင်ငံ အနေဖြင့် ပညာရည် မြင့်မားရေးသည် ကျွန်တော်တို့ အားလုံး၏ လက်ရှိ အဦးဆုံး ဆောင်ရွက်ရမည့် တာဝန် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
Wednesday, April 9, 2008
ပညာရေးခရီးစဉ် (၂) |
မဲဆောက်ကားဂိတ်မှာ အထုတ်တွေချပြီးပြီးချင်း ၊ မဲဆောက်က အမတယောက်ဆီ “အမရေ .. ရောက်ပြီ” လို့ လှမ်းဖုန်းဆက်ပြောပြီး ခဏကြာတော့ အမလည်း ရောက်လာပါတယ် ။ မဲဆောက်မြို့ ဟာ တကယ်တော့ မြန်မာတွေအများအပြားနေတဲ့ နေရာဆိုတာ အဲဒီရောက်မှ သိလိုက်ရတယ် ။ မဲဆောက်မြို့ ထဲမှာ မြန်မာလိုရေးထားတဲ့ ဆိုင်းဘုဒ်တွေနဲ့ ဆိုင်တွေကိုမြင်တော့ မြန်မာပြည်ထဲ ပြန်ရောက်သွားသလို ၊ စိတ်ထဲမှာ ကြည်နူးမိတယ် ။ ဒီလိုနဲ့ အမတို့အိမ်ရောက်တော့ အသင့်ပြင်ပေးထားတဲ့ အခန်းလေးထဲ ပစ္စည်းတွေချပြီး ၊ ဘေးအိမ်က ဖွင့်ထားတဲ့ မြန်မာသီချင်းသံကို နားစွင့်လို့ ၊ ကျွန်မရဲ့ မဲဆောက်ခရီးစဉ်ကို စတင်လိုက်ပါတော့တယ် ။
နောက်တနေ့မှာတော့ မဲဆောက်မှာရှိတဲ့ ကျောင်းတွေထဲက နေ့သစ်ကျောင်း (New Day School) လို့ အမည်ရတဲ့ ကျောင်းလေးကို သွားရောက်ခဲ့တယ် ။ အဲဒီကျောင်းက ထိုင်းနိုင်ငံရောက်ရွေ့ ပြောင်း အလုပ်သမားများကို လိုက်လံစောင့်ရှောက်ပေးနေတဲ့ Joint Action Committe for Burmese Affairs (JACBA) ဆိုတဲ့ အဖွဲ့ အစည်းက တည်ထောင်ထားတာ တစ်နှစ်တောင် မပြည့်သေးပါဘူး ။ မူကြို မှ မြန်မာလေးတန်းအထိ ကျောင်းသားဦးရေ ၈၉ ယောက်လောက် နဲ့ ဆရာ ဆရာမ ဆယ်ယောက်လောက် ရှိပါတယ် ။ အဲဒီကျောင်းမှာ ကလေးတွေကို မြန်မာပြည်သင်ရိုးညွှန်းတန်းအတိုင်းသင်တဲ့အပြင် ၊ နောက်နှစ်မှာ ရှမ်းစာ နဲ့ ထိုင်းစာကိုပါ ဖြည့်စွက်ဖို့ အစီအစဉ်ရှိတယ်လို့ အဲဒီက ကျောင်းအုပ်က ရှင်းပြပါတယ် ။
ကျောင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ မူကြိုကလေးတွေကိုစာသင်တဲ့ ခနော်ခနဲ့ကျောင်းဆောင်လေးကို စတင်မြင်ရပါတယ် ။
ကျန်တဲ့ကျောင်းသားတွေကိုတော့ အပေါ်မှာ သွပ်အမိုးပဲရှိပြီး ၊ ဘေးဘက်ခြမ်းတွေမှာ တစ်ဝက်လောက်သာကာထားတဲ့ ဒီကျောင်းဆောင်မှာ အားလုံးစုသင်ပါတယ် ။
ကျွန်မတို့ရောက်လာတာကိုတွေ့ တော့ ဖြစ်သလိုလေးလုပ်ထားတဲ့ ကစားကွင်းမှာကစားနေကြတဲ့ ကလေးတွေ ကျွန်မတို့နားကို ရောက်လာကြတယ် ။ သူတို့တွေထဲမှာ တချို့ က မိဘမဲ့တွေဖြစ်သလို ၊ အများအားဖြင့်ကတော့ အနီးအနားမှာရှိတဲ့ စက်ရုံအလုပ်သမားများ ၊ စိုက်ပျိုးရေးအလုပ်သမားများရဲ့ သားသမီးများဖြစ်ပါတယ် ။ သူတို့မိဘတွေဟာ အမြဲတမ်း စက်ရုံတွေ ပြောင်းရွှေ့ ရ ၊ ယာခင်းတွေကို ရာသီအလိုက် ပြောင်းပြီး စိုက်ပျိုးရေးအလုပ်သမား လိုက်လုပ်ရဆိုတော့ ၊ တနေရာတည်းမှာ မနေနိုင်ကြဘူး ။ ဒါကြောင့် အဲဒီကလေးတွေဟာလည်း မိဘတွေနေရာပြောင်းတယ်ဆိုရင် ကျောင်းကထွက်ပြီး မိဘတွေရှိရာကို လိုက်ပြောင်းကြရတယ် ။ အဲဒီအခါ သူတို့ ပညာရေးဟာလည်း တပိုင်းတစဖြစ်ကျန်ရစ်ပေါ့ ။ ဒါကြောင့် မဲဆောက်မှာရှိတဲ့ တချို့ ကျောင်းတွေက ကျောင်းအိပ်ကျောင်းစား အဆောင်လေးတွေ လုပ်ပေးထားတတ်ကြတယ် ။ နေ့သစ်ကျောင်းကတော့ ကျောင်းဝန်းရဲ့ ငှားရမ်းခ နဲ့ ဆရာဆရာမတွေအတွက် လစာတွေကို ခရစ်ယာဉ်အဖွဲ့ တခုက ထောက်ပံ့ကြေးပေးထားတာကလွဲလို့ ၊ တခြားဘယ်ကမှ ထောက်ပံ့ကြေးမရတဲ့အတွက် ၊ ကျောင်းအိပ်ကျောင်းစား မထားနိုင်လို့ သူတို့ကျောင်းက ကလေးတွေဟာ ခုကျောင်းတက်လိုက် ၊ နောက် ပျောက်သွားလိုက်နဲ့ ဖြစ်ဖြစ်နေတတ်ပါတယ် ။
အဲဒီကျောင်းမှာ နိင်ငံခြားအဖွဲ့ တခုက လာဆောက်ပေးသွားတဲ့ ရေလောင်းအိမ်သာတခုရယ် ၊ ရေသန့်ရဖို့လုပ်ပေးသွားတဲ့ water filter တစုံရယ်ကလွဲလို့ ၊ ဘာမှထည်ထည်ဝါ၀ါမရှိလှပါဖူး ။ ကလေးတွေကို နေ့စဉ်ထမင်းကျွေးဖို့ ၊ အပတ်စဉ် အဟာရဖြစ်တဲ့ အစားအစာတွေကျွေးဖို့တောင် သူတို့မှာ အနိုင်နိုင်ဖြစ်နေတဲ့ပုံပါပဲ ။ ဒီကြားထဲ တနေ့လုပ်မှ တနေ့ စားရမယ့် အလုပ်သမားတွေက သူတို့ကလေးတွေကို ကျောင်းကို လာပို့ဖို့ အချိန်မပေးနိုင်ကြဖူး ။ ဒီတော့ နေ့သစ်ကျောင်းက ကလေးတွေကို အိမ်နဲ့ကျောင်း အကြိုအပို့လုပ်ပေးရပါတယ် ။ အဲလိုမှ သူတို့မလုပ်ပေးရင်လည်း အဲဒီကလေးတွေ ကျောင်းရဲ့ အရိပ်အောက် ခိုလှုံခွင့် နဲ့ ကျောင်းဆိုတာရဲ့ အဓိပ္ပါယ်ကို ခံစားနိုင်ခွင့် တစ်သက်တာ ပျောက်ဆုံးရဖွယ်ရှိတယ် ။
ဒါနဲ့ အဓိက ကျောင်းမှာလိုအပ်နေတာ ဘာလဲလို့မေးတော့ ... ယိုင် နဲ့ နေတဲ့ ခြံစည်းရိုးလို့ အဖြစ်သာခေါ်လိုရမယ့် သူတို့ကျောင်းဝန်းကို ကာရံထားတာတွေကို ပြပြီး ၊ အုတ်တံတိုင်းကောင်းကောင်းလိုတယ်လို့ ပြောပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ကျောင်းက တဘက်ကမ်းနဲ့နီးတော့ ၊ သေချာ အကာအရံမရှိရင် ကလေးတွေကိုလာ ခိုးယူပြီး တဘက်ကမ်းကို ရောင်းစားခံရမှာကို စိတ်ပူလို့လို့ ရှင်းပြပါတယ် ။ တဆက်တည်းမှာပဲ တခါ ကလေးတယောက် အဲလို ပျောက်သွားပြီး တဘက်ကမ်းမရောက်ခင်လေး ပြန်တွေ့ တဲ့အကြောင်း ပြောပြတယ် ။
ရှိစုမဲ့စု ပညာသင်ခွင့်ရတဲ့ ဘ၀လေးကို ရောင့်ရဲနေကြတဲ့ ၊ အ၀တ်အစားအနွမ်းလေးတွေဝတ်ထားပေမယ့် တောက်ပတဲ့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားကြတဲ့ ၊ ပြုံးချိုနေတဲ့ မျက်နှာပေးလေးတွေနဲ့ သူတို့ကျောင်းမှာသင်ထားတဲ့ ကဗျာလေးကို ကျွန်မတို့ကို ရွတ်ဆိုပြတာကို ဗွီဒီယိုရိုက်ရင်း ကျွန်မမျက်ဝန်းတွေေ၀၀ါးမသွားအောင် မျက်တောင်ကို အခတ်ခတ်ပုတ်ခတ်လိုက်မိတယ် ။ တချိန်တည်းမှာ တတ်နိုင်သလောက်လေး သူတို့လေးတွေရဲ့ ဘ၀ကို အကာအကွယ်ပေးချင်တဲ့စိတ်ဖြစ်လာတယ် ။ ဒါကြောင့် သူတို့ကျောင်းအတွက် လိုအပ်နေတဲ့ အုတ်တံတိုင်းကို လှူဖို့ ဆုံးဖြတ်လိုက်တယ် ။
စကားပြောနေတုန်း လေတွေဒလကြမ်းတိုက်ပြီး မိုးတွေ ချက်ချင်းဆိုသလိုပဲ ရွာချလိုက်တော့ မူကြိုဆောင်ဖြစ်တဲ့ ခနော်ခနဲ့ သစ်သားအိမ်လေးထဲ ကျွန်မတို့ ပြေးဝင်လိုက်ကြတယ် ။ သွပ်မိုးကို တစ်ဝက်ပဲမိုးထားနိုင်တဲ့ အဲဒီကျောင်းဆောင်လေးက ဒေါသတကြီးရွာနေတဲ့ မိုးစက်တွေအကုန်လုံးကို မဟန့်တားနိုင်ခဲ့လို့ မိုးတွေရိုနေတဲ့ကြားမှာပဲ မေးစရာရှိတာလေးတွေကို သူတို့ကို ကျွန်မဆက်မေးဖြစ်ခဲ့တယ် ။ သူတို့ ကျောင်းမှာ ဘာတွေလိုအပ်သေးလဲလို့ မေးတော့ ... ကလေးတွေကို အပတ်စဉ် အဟာရကျွေးဖို့ ဘတ် ၅၀၀ ၊ ကလေးတွေတွက် ထမင်းစားဆောင်လေးဆောက်ဖို့ ဘတ် သုံးသောင်း ၊ အိုးခွက်ပန်းကန်တွေ နဲ့ ကလေးတွေတွက် ကျောင်းဝတ်စုံလေးတွေဝယ်ဖို့ ဘတ် တစ်သောင်းကျော် စတာတွေကို စာရင်းလိုက်မှတ်ရင်းနဲ့ပဲ ၊ စင်္ကာပူပြန်ရောက်ရင် ထီတစ်စောင် အမြဲထိုးမှပဲလို့ ကျွန်မစိတ်ကူးပေါက်လိုက်မိတယ် ။ ထီထိုးလို့ ပေါက်မှပဲ နေရာတိုင်းမှာ လိုအပ်နေသမျှတွေ ကျွန်မလှူချင်သလောက် လိုက်လှူနိုင်တော့မယ် ထင်တယ် ။
ဒီလိုနဲ့ပဲ ဧည့်သည်လာတယ်ဆို ပျော်မြူးသွားတဲ့ ကလေးလေးတွေ ၊ လစာနည်းနည်းလေးရပေမယ့် စေတနာအပြည့်နဲ့ လုပ်ပေးနေတဲ့ ဆရာ ဆရာမတွေကို နှုတ်ဆက်လို့ ၊ အဲဒီကလေးတွေရဲ့ နောင် နေ့သစ်ပေါင်းများစွာတွက် အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ စိတ်နဲ့ နေ့သစ်ကျောင်းကနေ ကျွန်မ လှမ်းထွက်ခဲ့ပါတော့တယ် ။
ဘတ် နှစ်သောင်းကျော်ကျတဲ့ အဲဒီတံတိုင်းကို ကျွန်မနဲ့အတူ မမေ ၊ ကိုပီတိ ၊ မပန် ၊ ကိုရဲမွန် ၊ ရွေဂျမ်းတို့က ၀ိုင်းဝန်းပြီး လှူလိုက်တဲ့အတွက် ခုဆိုရင် ကလေးတွေ လုံခြုံစွာစာသင်ကြားနေနိုင်ပြီဆိုတာ သိရလို့ ၊ နောက်ပြီး ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တွေ့ ရလို့လည်း ကျွန်မစိတ်ထဲကြည်နူးမိတာ အမှန်ပါပဲရှင် ။
ပညာရေးခရီးစဉ် (၁) သို့
(ဆက်ရန်)
ပညာရေးခရီးစဉ် (၁) |
လူ တော်တော်များများ သိကြတဲ့အတိုင်း မကြာသေးခင်က ကျွန်မ မဲဆောက် နဲ့ ချင်းမိုင်ဘက်ကို ရောက်ခဲ့ပါတယ် ။ အဲဒီခရီးစဉ်ကို သွားရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အဲဒီဘက်မှာရှိတဲ့ မြန်မာကလေးတွေရဲ့ ပညာရေးကို ငွေကြေးအထောက်အပံ့ဆိုတာတင်မက တခြားဘာတွေပါ ကူညီနိုင်မလဲလို့ သေချာလေ့လာချင်တာရယ် ၊ နောက် ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထိလက်ရောက် အထောက်အပံ့တွေ ပေးချင်တာရယ်ကြောင့်ပါပဲ ။
ချင်းမိုင်သွားမယ့်လေယာဉ်က Budget Airline ကို စီးတာဆိုတော့ မနက်အစောကြီး ကျွန်မတခါမှမရောက်ဖူးသေးတဲ့ Budget Terminal ကနေ ထွက်ပါတယ် ။ ထိုင်းနယ်စပ်မှာရှိတဲ့ ကလေးတွေအတွက် စာအုပ်တွေ အ၀တ်အစားတွေလှူဖို့ တတ်နိုင်သမျှသယ်သွားတာဆိုတော့ သူတို့ပေးတဲ့ဝိတ်နဲ့ အံကိုက်အတိဖြစ်နေလို့ ရင်တထိတ်ထိတ်နဲ့ check-in counter ကို ရောက်သွားတယ် ။ တကယ်ချိန်ကြည့်တော့လည်း ၀ိတ်နည်းနည်းလေးပိုတာကိုတောင် သူတို့က လက်မခံတဲ့တွက် ဟိုထဲထည့် ဒီထဲထည့် အမြန် ပြန်လုပ်ပြီး ၊ လက်ခံလိုက်တော့မှ သက်ပြင်းချနိုင်တယ် ။ သုံးနာရီကြာတဲ့အခါမှာ ချင်းမိုင်လေယာဉ်ကွင်းကို ရောက်ပြီး ၊ လာကြိုမယ့် အမကို ဖုန်းလှမ်းဆက်လိုက်တယ် ။ သူ့ ကိုမြင်အောင်ဆိုပြီး အဝေးမှုန်တဲ့ကျွန်မ မျက်မှန်လည်း ထုတ်တပ်ရသေးတယ် ။ ကျွန်မရောက်တဲ့ ဖေဖေါ်ဝါရီလကုန် အချိန်ဟာ ထိုင်းမှာ နွေရာသီဖြစ်ခါစဖြစ်တဲ့အတွက် ၊ လေယာဉ်ကွင်းကထွက်တယ်ဆိုရင်ပဲ ချင်းမိုင်ရဲ့ ထွက်သစ်စနေမင်းက ကျွန်မကို နှုတ်ခွန်းဆက်လိုက်ပါတယ် ။
လေယာဉ်ကွင်းကနေ အမတို့အိမ်ကိုသွားရာလမ်းတလျှောက်မှာ ချင်းမိုင်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်း ၊ အမ နဲ့ စကားစမြည်ပြောရင်းပါလာလိုက်တာ ကင်မရာထုတ်ပြီး ဓါတ်ပုံရိုက်ဖို့တောင် မေ့သွားတယ် ။ အမှန်ပြောရရင်လည်း ကျွန်မစိတ်ထဲမှာ ရှုခင်းကို ဓါတ်ပုံရိုက်ဖို့ထက် ၊ ကျောင်းတွေဆီကို ခြေဦးတည်ဖို့သာ စိတ်စောနေမိတယ် ။ ကိုယ်သိပ်သွားချင်တဲ့နေရာတခုကို ရောက်လိုက်လို့လားမသိ ... မိုးမလင်းခင် မနက်အစောကြီးတည်းက စင်္ကာပူမှထွက်လာရပေမယ့် ၊ ကျွန်မစိတ်ထဲလန်းဆန်းနေမိတယ် ။ အော် ... လူဆိုတာ စိတ်သွားရာ ကိုယ်ပါတယ်ဆိုတာ မှန်ပါလားလို့ တွေးလိုက်မိတယ် ။
အမတို့အိမ်မှာပဲ ခဏနား စားသောက်ပြီး ၊ ချင်းမိုင်မှာရှိတဲ့ မြန်မာဆရာ ဆရာမတွေကို သင်တန်းပေးနေတဲ့ ၊ ရွေ့ ပြောင်းအလုပ်သမားများကို အခမဲ့ သင်ကြားပေးနေတဲ့ ၊ ခုချိန်မှာတော့ မြန်မာကလေးတွေအတွက် မူလတန်းကျောင်းတကျောင်းကို စတည်ထောင်ဖို့ကြိုးစားနေတဲ့ Education Burma (http://www.educationburma.net/) အဖွဲ့ က တာဝန်ရှိသူတွေ ဆရာ ဆရာမတချို့ နဲ့ အရင် တွေ့ ဖြစ်ပါတယ် ။ Education Burma ရဲ့ ထူးခြားတဲ့ အချက်ကတော့ ကျောင်းသားဗဟိုပြုသင်ကြားရေး (student-centered learning) ကို အထူးတလည် လိုက်နာကျင့်သုံးတာပါပဲ ။ နောက် မြန်မာနိုင်ငံအတွင်းနဲ့ ၊ မဲဆောက်ဘက်ပိုင်းမှ မြန်မာဆရာ ဆရာမတချို့ ကိုလည်း ၊ ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းစနစ်များနဲ့ ပတ်သက်ပြီး သင်တန်းပေးပါတယ် ။ ကျွန်မကလည်း ကျောင်းသားဗဟိုပြုသင်ကြားရေးနည်းစနစ်တွေကို လေ့လာ စိတ်ဝင်စားသူတယောက်ဖြစ်တဲ့အတွက် သူတို့နဲ့ ကျွန်မ ချင်းမိုင်မှာ နေတဲ့ ရက်ပိုင်းအနည်းငယ်အတွင်း အကြိမ်တော်တော်များများ တွေ့ ဆုံဆွေးနွေးဖြစ်ခဲ့တယ် ။ အဲလို အတွေ့ အကြုံ အတွေးအခေါ်တွေ ဖလှယ်ရတဲ့အတွက်လည်း ကျွန်မစိတ်ထဲ တကယ်ပဲ ၀မ်းသာမိတယ် ။
ချင်းမိုင်ဆိုတဲ့မြို့ လေးဟာ မြန်မာပြည်မှာ ကျွန်မအမြဲရောက်ဖူးနေကြ မန္တလေးနဲ့ ခပ်ဆင်ဆင်ပဲလို့ စိတ်ထဲခံစားရတယ် ။ နေရာတိုင်းမှာ ဆိုင်ကယ်တွေ အသုံးများကြသလို ၊ လမ်းတည်ဆောက်ဖွဲ့ စည်းပုံတွေကအစ ဆင်တူရိုးမှားဖြစ်တယ်လို့ ခံစားရတယ် ။ ဆိုင်ကယ်စီးရမှာကြောက်တဲ့ ကျွန်မလည်း ချင်းမိုင်ကို ခြေချတာနဲ့ သူများမောင်းတဲ့ ဆိုင်ကယ်နောက်မှာပဲ လိုအပ်ရင် လိုအပ်သလို စီးတတ်အောင် ကျင့်ရတော့တယ် ။ စစီးတုန်းကတော့ နည်းနည်း ခပ်လန့်လန့်ပဲ ။ နောက်ပိုင်းတော့လည်း နေသားကျသွားပါတယ် ။ ဒီလိုပဲပေါ့ ... လူဆိုတာ လုပ်နေကျသွားရင် လုပ်နိုင်သွားတာပါပဲ ။ မလုပ်ခင်သာ တွေးပူပြီး ကြောက်နေတတ်တာကိုး ။
အဲလိုနဲ့ ချင်းမိုင်မှာ တွေ့ စရာရှိသူတွေတချို့ ကိုတွေ့ ပြီး ၊ ရက်အနည်းငယ်ကြာတော့ မဲဆောက်ဘက်ကို ဆင်းပါတယ် ။
ချင်းမိုင်ကနေ မဲဆောက်ကိုသွားတဲ့လမ်းတွေဟာ မဲဆောက်နားနီးတဲ့အခါ အကွေ့ အကောက်တွေများတတ်တယ် ။ ကျွန်မက ကားမမူးတတ်လို့ တော်သေးတယ် ။ ငါးနာရီကြာတဲ့ခရီးကို တယောက်တည်းသွားရတာဆိုတော့ အတော်လည်း ငြီးငွေ့ စရာကောင်းပါတယ် ။ စင်္ကာပူ မလေးရှားသွားသလို coach ကားတွေပဲဆိုတော့ သွားရတာကတော့ သိပ်မပင်ပန်းလှပါဘူး ။ ကြား မြို့ လေးတွေမှာ ရပ်တယ်ဆိုပေမယ့် မဲဆောက်က နောက်ဆုံးမှတ်တိုင်မို့ ကျွန်မလည်း ခပ်အေးအေးပဲ နားကျပ်တပ် သီချင်းနားထောင်ပြီး အိပ်လိုက် ၊ ဘေးမှာ ဖြတ်ကျော်လာတဲ့ သစ်ပင်တောတန်းတွေ ကြည့်လိုက်နဲ့ လိုက်ပါလာခဲ့တယ် ။
ချင်းမိုင်ကနေ မဲဆောက်ကို သွားရာလမ်းမှာ ထိုင်းရဲက ကားပေါ်တက်ပြီး စစ်တာ နှစ်ခါကြုံပါတယ် ။ သူတို့က ဘယ်လိုစစ်လဲဆိုတော့ ကားပေါ်ကိုတက်လာပြီး တချို့ ကို ပတ်စ်ပို့စ် (သို့မဟုတ်) အထောက်အထား ထုတ်ပြခိုင်းပါတယ် ။ ကျွန်မကတော့ သီချင်းနားထောင်ရင်း ကိုယ့်ဘာသာ ဘာသိဘာသာနေလို့လားတော့ မသိ ... လာထုတ်ပြခိုင်းတာ မခံရပါဘူး ။ ကျွန်မနဲ့ကားတစ်စီးထဲ တချို့ ကို အောက်ကိုဆင်းခိုင်းပြီး ၊ ၅မိနစ်လောက်ကြာအောင် ခေါ်စစ်တယ် ။ အဲလိုစစ်တုန်း ကားက စောင့်နေရတာပေါ့ ။ ပထမတခါစစ်တုန်းကတော့ ထိုင်းတိုင်းရင်းသားပုံစံနဲ့ အသားအရေ နီကျဉ်ကျဉ် နဲ့ တောသူတောင်သားပုံစံပေါက်နေတဲ့ ကောင်မလေးတယောက်ကို ကားပေါ်က ဆင်းခိုင်းပြီး ဆက်ပေးမသွားတော့ပါဘူး ။ ညှိုးငယ်တဲ့မျက်နှာနဲ့ တောင်းလေးကို ပိုက်ပြီး ဆင်းသွားတဲ့ အဲဒီကောင်မလေးကို ခုထိ ကျွန်မ မျက်စိထဲ မြင်ယောင်နေမိတယ် ။
မဲဆောက်မြို့ ကိုဝင်ခါနီးကျ ဒုတိယတခေါက်စစ်ပြန်တယ် ။ မြန်မာဖြစ်ဖို့များတဲ့ (ကျွန်မတွက် မြန်မာနဲ့ ထိုင်း ခွဲရတာ တော်တော်လေး ခဲယဉ်းပါတယ်) အကိုကြီးတယောက်ကို ကားပေါ်ကဆင်းခိုင်းပြီး ပြန်တက်ခွင့် မပေးတော့ဘူး ။ အဲဒီအကိုကြီးကို ပထမတခေါက်စစ်တုန်းကလဲ ကားပေါ်ကဆင်းခိုင်းပြီး ၊ သူတို့ စိတ်တိုင်းကျ မေးမြန်းပြီးမှ ကားပေါ်ပြန်တက်ခွင့် ပေးခဲ့တယ် ။ ဒုတိယအကြိမ်မှာတော့ ဘာလို့လဲမသိ ... သူ့ ကို ကားပေါ်ပြန်တက်ခွင့် မပေးတော့ဘူး ။ အထောက်အထား စာရွက်တရွက် (သို့မဟုတ်) စာအုပ်တအုပ်ရဲ့ အရေးပါပုံကို အဲဒီအချိန်မှာ ကျွန်မမျက်ဝါးထင်ထင်တွေ့ လိုက်ရတယ် ။ အဲဒီအကိုကြီးကို မြန်မာလို့ စိတ်ထဲမှာ ထင်ထားတဲ့ကျွန်မ ကိုယ့်မြန်မာလူမျိုး သူများနိုင်ငံမှာ ခုလို သူများလက်ခုတ်ထဲကရေ ဖြစ်နေရတဲ့ဘ၀ကိုလည်း ရင်နာမိတယ် ။
ကမ္ဘာမှာရင်ဘောင်တန်းနိုင်ဖူးတဲ့ နိုင်ငံတနိုင်ငံဖြစ်ခဲ့တဲ့ မြန်မာပြည်ဟာ ခုချိန်မှ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်နေတာ ၊ မြန်မာပြည်သူတွေဟာ ဒုက္ခသည်ဘ၀တွေရောက် တခြားနိုင်ငံထဲ ခိုလှုံနေရတာ ... အဲဒီအခြေအနေက လွတ်မြောက်ဖို့ ဘာလုပ်ကြရမလဲ ဆိုတဲ့ အတွေးတွေ ခေါင်းထဲ ပလုံစူနေတုန်း ၊ ကျွန်မစီးလာတဲ့ကားလည်း မဲဆောက်ကားဂိတ်ကို ၀င်ရောက်သွားပါတော့တယ် ။
(ဆက်ရန်)
နအဖရဲ့ Constitution နဲ့ ပညာရေးကဏ္ဍ |

လာမယ့် သင်ရိုးသစ်မှာ ခေတ်မီတဲ့ သင်ရိုးတွေ ဖြည့်စွက်မယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောထားတာမို့လို့ လူမှုရေးရာသင်ရိုးမှာ ဘယ်လိုသင်ခန်းစာတွေ ပြဋ္ဌာန်းမှာလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါပဲ။ ဒီနေရာမှာ ပညာရေးလိုအပ်ချက်နဲ့ ပတ်သက်ပြီး လက်ရှိအာဏာပိုင်တွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စဉ်းစားသုံးသပ်ဖို့ လိုလာပါတယ်။ ၂၀၀၈ခုနှစ် မေလမှာ ပြည်သူ လူထုရဲ့ ဆန္ဒကို ခံယူမယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရဲ့ ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အခြေခံမူများ အခန်းရဲ့ အချက်(က)မှာတော့ "နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေဖို့အတွက် အလေးထား ဆောင်ရွက်မည်"လို့ ပါပါတယ်။ ဒီနေရာမှာ ဖော်ပြထားချက်ဟာ အကြမ်းဖျင်းဆန်လွန်းတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေမှာ ပညာရေးရော ကျန်းမာရေးမှာပါ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်း နေပါတယ်။ ပညာရေးသီးသန့်အနေနဲ့ ပြောရရင် ခေတ်မီပညာရေး၊ တိုးတက်တဲ့ ပညာရေး ဖြစ်ဖို့အတွက် အစိုးရအနေနဲ့ အထောက်အပံ့ ပေးရမယ့် ကဏ္ဍတွေ၊ အစိတ်အပိုင်းတွေကို တိတိကျကျ ရည်ညွှန်းထည့်ပေးဖို့ လိုပါတယ်။ ဥပမာ-ကျောင်းအဆောက်အဦး လိုအပ်ချက်၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်၊ ဆရာဆရာမလိုအပ်ချက်၊ သင်ကြားရေးနည်းပညာဆိုင်ရာ လိုအပ်ချက်နဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့် တွေအတွက် ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာမျိုးတွေကို တိတိကျကျ ထည့်ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်အနေနဲ့ ဒီလို လစ်ဟာ အားနည်းချက်တွေ ရှိနေတာဟာ အနာဂတ်အတွက် ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီ အားနည်းချက်ရှိနေတာကြောင့် နောင်တစ်ချိန် ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဒီမိုကရေစီနည်းကျကျ တောင်းဆိုတာ၊ ပြုပြင်တာ၊ ဝေဖန်သုံးသပ်တာတွေ လုပ်ရတဲ့အခါ ပြည်သူလူထုဘက်က ခိုင်ခိုင်လုံလုံမရှိသလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားမှု မရှိတဲ့အတွက် ဒါဟာ ဝေဖန် ထောက်ပြရမယ့် အချက်ပါပဲ။
လက်ရှိ အာဏာပိုင်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါလှတဲ့ ပညာရေးကဏ္ဍကို အလုပ်ပြရုံ ထည့်သွင်းပေးထားသလို ဖြစ်နေပါတယ်။ တကယ်တော့ ပညာရေးကဏ္ဍထဲမှာ အရေးကြီးဆုံးလိုအပ်ချက်က ပညာရေး လွတ်လပ်ခွင့် (Academic Freedom)ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေးဟာ ကျောင်းသားတွေကို ပညာရေးလွတ်လပ်ခွင့် အပြည့်အ၀ ပေးထားရတာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ကျောင်းထဲ အတန်းထဲ တွေမှာ ကိုယ့်အတန်းရဲ့ ကျောင်းသား ကိုယ်စားလှယ်ကနေ စပြီး ပါမောက္ခ၊ လွှတ်တော် အမတ်၊ ၀န်ကြီးချုပ်၊ နိုင်ငံတော် သမ္မတအထိကို ကိုယ့်အမြင်နဲ့ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ အဲဒီလိုပဲ အတန်းစည်းကမ်း၊ ကျောင်းစည်းကမ်း ကနေ စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအထိ မိမိ သဘောဆန္ဒ အမြင်အတိုင်း ဝေဖန် ဆွေးနွေး ပြောဆိုခွင့် ရှိပါတယ်။ ဒါဟာ ကျောင်းသားတွေကို သူတို့တွေ့ကြုံကြရမယ့် လက်တွေ့လောကနဲ့ ကျောင်းသင်ခန်းစာ အဆက်အစပ်ကို ကျောင်းစာသင်ခန်းထဲကနေ လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ၀ိုင်းဝန်းစဉ်းစားပြီး လွတ်လွတ် လပ်လပ် ဆွေးနွေး တိုင်ပင် ရေးဆွဲ ရတဲ့ အရေးပါလှတဲ့ အခြေခံအဆောက်အအုံကြီး တစ်ခု ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာကတော့ ပြည်သူတွေတောင် ကောင်းကောင်းမသိတဲ့ ကိုယ်စားလှယ် ဆိုသူတွေက နှုတ်ပိတ် ခေါင်းညှိတ် ထောက်ခံထားရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်နေပါတယ်။ အဲဒီအပြင် ပြည်သူ့ရဲ့ ဆန္ဒကို ခံယူပြီးမှ ပြည်သူတွေ သဘောကျ ထောက်ခံမှ အတည်ပြု ပြဌာန်းနိုင်မှာ ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ဝေဖန်ရင် အရေးယူအပြစ်ပေးမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တကယ်လည်း ဖမ်းဆီး အပြစ်ပေး တာတွေ လုပ်နေပါတယ်။
အဲဒီလို မတရားအစိုးရမျိုးက ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု အများရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပဲ အာဏာပိုင်တွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဆွဲရတဲ့ ပညာရေးသင်ရိုးဟာလည်း လွတ်လပ်မှုမရှိနိုင်တာမို့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့်ပညာရေး ဖြစ်ဖို့ဆိုတာကိုလည်း မျော်လင့်လို့ မရပါဘူး။ တကယ်တမ်း ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်မြင့် ပညာရေး ဖြစ်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေကိုသာမက လူမှုရေးရာ ဘာသာရပ်လို ၀ိဇာ ဘာသာရပ်တွေရဲ့ သင်ရိုးတွေကိုပါ ခေတ်နဲ့ အမီ လိုက်နိုင်အောင် ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာကတော့ အထက်တန်း ကျောင်းသားတွေဟာ ကျောင်းဝင်းထဲမှာ၊ စာသင်ခန်းထဲမှာ၊ ငြင်းခုန်ချက် စာတမ်း (Argument Paper) တွေရေးကြ၊ ကျဘမ်း စကားပြောပွဲတွေ လုပ်ကြ၊ အပြန်အလှန် စကားစစ်ထိုးပွဲ (Debate)တွေ လုပ်ကြနဲ့၊ ပညာရေးလွတ်လပ်ခွင့်ကို အပြည့်အ၀ခံစားခွင့်ရနေကြပါတယ်။ မြန်မာနိုင်ငံက ကျောင်းသား တွေမှာတော့ ကျောင်းသားတိုင်း ခံစားခွင့်ရှိတဲ့ ပညာရေးလွတ်လပ်ခွင့်ကို ဆုံးရှုံးနေရရုံ သာမကဘဲ ကိုယ့်နိုင်ငံအတွက်အရေးပါလှတဲ့ ဖွဲ့စည်းပုံအခြခံဥပဒေကိုတောင် ဝေဖန်ဆွေးနွေး ပိုင်ခွင့် မရှိဘဲ ဖြစ်နေပါတယ်။
ဒါကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှတဲ့ လိုအပ်ချက်ဖြစ်တဲ့ ပညာရေးလွတ်လပ်ခွင့်အတွက် အာမခံမှုမျိုးပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံ ဖို့ဆိုတာဟာ ပြည်သူလူထုကြီးအနေနဲ့ သေသေချာချာ ထည့်သွင်းသုံးသပ်စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။
မေငြိမ်း
၁၀၊၃၊၀၈။
Tuesday, March 25, 2008
သင်ရိုးညွှန်းတန်းရဲ့ အရေးပါမှု |
ပြီးခဲ့တဲ့ အပတ်တွေမှာတုန်းက စာသင်ခန်းထဲကနေ စည်းကမ်းရှိတဲ့ နိုင်ငံသားတွေ ပျိုးထောင်ယူလို့ ရနိုင်တဲ့အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးစာတမ်းကနေတဆင့် အများကြီး ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စာသင်သားတွေအတွက် ဗဟုသုတများစွာ တိုးပွားဖြစ်ထွန်း စေတဲ့ သင်ခန်းစာတွေထဲမှာ နိုင်ငံ့အရေးအရာတွေ၊ အုပ်ချုပ်ရေးဆိုင်ရာတွေကိုပါ ထည့်သွင်းသင့်တယ်ဆိုတဲ့ အချက်ကို ဦးတည်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။
ဦးသန့်ရဲ့ စာတမ်းမှာ ပြဋ္ဌာန်းသင့်တဲ့ သင်ရိုးတွေကို အဓိကထားပြီး အကြံပြု တင်ပြသွားတာ တွေ့ရပါတယ်။ တကယ်တော့ အဲဒီ သင်ရိုးတွေထဲမှာပါတဲ့ သင်ခန်းစာတွေကို အကြောင်းအကျိုး ရှင်းလင်းအောင် ပြောပြသင်ပြဖို့ကတော့ ဆရာတွေရဲ့တာဝန်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအဖြစ် ဦးသန့်တင်ပြခဲ့တဲ့ ဒီမိုကရေစီစနစ် အကြောင်း သင်ကြားပြောပြရာမှာ အားနည်းချက်တွေကိုပါ ထည့်သွင်း ပြောပြသင့်တယ်ဆိုတဲ့ အချက် အရ ဘယ်လိုသင်ကြားပြောပြနိုင်သလဲဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ ဆိုးပြစ်တွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ရတာ ဖြစ်တဲ့အတွက် ပြည်သူအားလုံးတန်းတူ နိုင်ငံရေးအသိဉာဏ် ရှိဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် ရွေးချယ် တင်မြှောက်မှုဟာ အပြစ် အနာအဆာ ရှိနိုင်ပါတယ်။ ဆိုတဲ့အချက်ကို ပြောပြရာမှာ ဆရာအနေနဲ့ ဒီနေရာမှာ ဒီမိုကရေစီအစိုးရကို သေသေချာချာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ပြည်သူလူထုဖြစ်အောင် ပြည်သူလူထုကို နိုင်ငံရေး အသိဉာဏ်ရှိအောင် ဖန်တီးပေးထားဖို့လိုတယ်ဆိုတာ ပြောပြဖို့လိုပါတယ်။ အဲဒီလို အသိဉာဏ် ရှိဖို့အတွက် စာသင်သားအရွယ် ငယ်စဉ်ကတည်းက ကျောင်းမှာ နိုင်ငံရေးကိစ္စကို ထည့်သွင်း သင်ကြားသင့် တယ် ဆိုတာကိုလည်း ဆရာက သေချာ ပြောပြရမှာဖြစ်ပါတယ်။ ဒါမှပဲ အရွယ်ရောက်ချိန်မှာ လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ ဗဟုသုတတွေနဲ့ ပြည့်စုံနေမှာ ဖြစ်ပြီးတော့ ကိုယ့်ရဲ့ အုပ်ချုပ်သူအစိုးရကို သေချာ ရွေးချယ် တင်မြှောက်နိုင်မှာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် နိုင်ငံတနိုင်ငံမှာ နိုင်ငံသားကောင်းတွေ ပေါ်ထွန်းဖို့အတွက် ကျောင်းပညာရေးထဲက သင်ရိုးညွှန်းတန်း က အရေးပါတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတန်းရဲ့အရေးပါမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်က သူ့ရဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာ စာတမ်းတစ်စောင်မှာ ထည့်သွင်း အကြံပြုထားပါတယ်။ ဒေါက်တာသိန်းလွင်က သင်ရိုးညွှန်းတမ်းကိစ္စဟာ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေ မကြာခဏ အငြင်းအခုံ ဖြစ်ရတဲ့ ကိစ္စဖြစ်တယ်လို့ပြောပါတယ်။ ဒေါက်တာသိန်းလွင်က “နိုင်ငံရေးသမားတွေက သူတို့ရဲ့ နိုင်ငံရေးအမြင်နှင့် လုပ်ဆောင်ချက်တွေကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သင်စေချင်ပြီး၊ ပညာရှင်တွေကတော့ ဘက်တစ်ဖက်တည်းကနေ ရပ်တည်တဲ့ အမြင်တခုကို ကျောင်းသင်ခန်းစာ အနေနဲ့ သွပ်သွင်းပို့ချတာကို သဘောမတူကြဘူး” လို့ ပြောပါတယ်။ အဲဒီအပြင် ပညာရေးကို အသုံးချပြီးတော့ တစ်ဖက်သတ် နိုင်ငံရေးအမြင်၊ စီးပွားရေးဝါဒနဲ့ လူမျိုးရေးမုန်းတီးမှုများကို မသင်ကြားသင့်ပါဘူး၊ သင်ရိုးညွှန်းတမ်း ကိုလည်း တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းက ရေးဆွဲပြဋ္ဌာန်းတာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ သင်ရိုးညွှန်းတန်းရေးဆွဲဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ရပါမယ်။ သင်ရိုးညွှန်းတမ်းရေးဆွဲရေးဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ ရွေးချယ်ခံပုဂ္ဂိုလ် ပညာရှင်တွေ၊ သမဂ္ဂတွေ၊ လူမျိုးစုအဖွဲ့တွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေစတဲ့ နိုင်ငံသားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ညှိနှိုင်း ဆောင်ရွက်ရတဲ့ နေရာ ဖြစ်ရမယ်လို့ ဒေါက်တာသိန်းလွင်က အကြံပြုထားပါတယ်။
ဒေါက်တာသိန်းလွင်ရဲ့ စာတန်းပါ အကြံပြုချက်တွေအရတော့ ဒီမိုကရေစီပညာရေးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ရင် စံ သတ်မှတ်တာကလည်း အရေးကြီးတယ်ဆိုတာကို တွေ့ရပါတယ်။ သင်ရိုးညွှန်းတန်းစံကို သတ်မှတ်တဲ့နေရာမှာ ပြည်ထောင်စုအစိုးရ (သို့မဟုတ်) နိုင်ငံအစိုးရရဲ့ ပညာရေးတာဝန်ရှိသူတွေကနေ ပြီးတော့မှ တစ်နိုင်ငံလုံး လိုက်နာသင့်တဲ့ အနိမ့်ဆုံးစံ သတ်မှတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးစံဆိုတာ က ပြည်နယ်အားလုံးနဲ့ ကိုက်ညီနိုင်မယ့်၊ လိုက်လျောညီထွေရှိနိုင်မယ့်၊ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်ပညာရေး တာဝန်ရှိသူတွေက အဲဒီအနိမ့်ဆုံးစံတွေကို အခြေခံပြီး အဲဒီပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ သဘာ၀၀န်းကျင်တွေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် သင်ရိုးညွှန်းတန်း လမ်းညွှန်ချက်ဘောင်ကို ဖြည့်စွက် ချမှတ်နိုင်ပါတယ်။
အဲဒီ သင်ရိုးညွှန်းတမ်း လမ်းညွှန်ချက်ကို အခြေခံပြီးတော့မှ ဒေသဆိုင်ရာ ပညာရေးတာဝန်ရှိသူတွေနဲ့ ကျောင်းဆရာတွေက သင်ရိုးညွှန်းတမ်းအသေးစိပ်ကို လွတ်လွတ်လပ်လပ် ရေးဆွဲရပါမယ်။ အဲဒီလို ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းကို ပြည်နယ်ပညာရေးဘုတ်အဖွဲ့မှ အတည်ðပပေး သင့်ပါတယ်။ ပြီးတော့ ကျောင်းဆရာ တွေကိုယ်တိုင် သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီမယ့် ဖတ်စာအုပ်တွေကို ရွေးချယ် နိုင်ပါတယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာတွေက အသေးစိတ် သင်ကြားမယ့် အကြောင်းအရာတွေ၊ သင်ကြားနည်းစနစ်တွေကို ရွေးချယ်နိုင်တယ်လို့ ဒေါက်တာ သိန်းလွင် ရဲ့ စာတန်းမှာ တွေ့ရပါတယ်။
ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ရည်မှန်း ထားတာဖြစ်တဲ့အတွက် တောင်ပေါ်မြေပြန့်မရွေး တန်းတူပညာရေးအဆင့်အတန်းကို ရနိုင်အောင်၊ သင်ရိုးတွေကို နားလည်လွယ်နိုင်၊ သင်ယူလေ့လာလွယ်နိုင်လောက်တဲ့ အနိမ့်ဆုံးစံအထိ လျော့ချထားဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ ပညာရေးစနစ်ကို နည်းမှီရင်တောင်မှပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လွယ်ကူ ချောမွေ့စေတဲ့ သင်ရိုးတွေဖြစ်တဲ့အထိ အနိမ့်ဆုံးစံအနေနဲ့ သတ်မှတ်သင့်တယ် လို့ ဆိုတာပါ။
ဒါမှပဲ ပြည်နယ်တစ်ခုက ကျောင်းသားတစ်ယောက်က တခြားပြည်နယ်တစ်ခုကို ပြောင်းရွှေ့ရတဲ့အခါမှာ တခြားကျောင်းတစ်ခုမှာ လွယ်လင့်တကူ ၀င်ရောက် သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ် အသီးသီး ကျောင်းအသီးသီးက ဆရာတွေအချင်းချင်း အချိတ်အဆက် ရှိထားဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံလုံး ဆိုင်ရာ ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေ၊ ညီလာခံတွေ ပြုလုပ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးနေကြရမှာ ဖြစ်တယ် လို့ ဒေါက်တာသိန်းလွင်က ကျောင်းပညာရေးထဲမှာ အရေးပါလှတဲ့ သင်ရိုးညွှန်းတန်းကိစ္စကို အကြံပြုထားတာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တခုဖြစ်တဲ့ ပညာရေးကဏ္ဍ အဆင့်မီရေးအတွက် သင်ရိုးညွှန်းတန်းရေးဆွဲပြုစုရေးက အရေးပါတယ် ဆိုတာကို ထိုင်းနိုင်ငံအခြေစိုက် ဆရာအတတ်သင် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ဒီမိုကရေစီပညာရေးစာတမ်းကနေတဆင့် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်တဲ့ မျိုးဆက်သစ်စာသင်သားတွေကို နိုင်ငံသားကောင်း ဖြစ်စေဖို့ ကိုယ့်ဒေသ၀န်းကျင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကိုက်ညီတဲ့၊ သင့်တင့် မျှတတဲ့ သင်ရိုးညွှန်းတန်းကောင်းတွေ ရှိဖို့ လိုတယ်ဆိုတာကို ဆွေးနွေး တင်ပြ လိုက်ရပါတယ်။
မေငြိမ်း(၂၀၀၇ နိုဝင်ဘာ)
Monday, March 24, 2008
ဂျပန် စကောလားရှစ် အကြောင်း |
ဘလောဂါ့ ကိုစေးထူးထံမှ ကူးယူဖော်ပြသည် ။
ဦးကလိုစေးထူးရေ…
တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေရဲ့ ပထမဆုံးစာမျက်နှာမှာ ရေးထားတဲ့ `ငါ့စာဖတ်၍ မပြတ်စေသော်၊ မရှုံးစေသား´ ဆိုတာလိုပဲ ဗဟုသုတအလို့ငှာ `နိုင်ငံခြား သွားမယ်ဆိုရင်´ ဆိုတဲ့၊ ကူးစက်ရောဂါနဲ့ တူတဲ့ ရောဂါမိနေတဲ့ မြန်မာပြည်က လူတွေအတွက် `ဂျပန် ပညာသင်´ အကြောင်း ရေးဖြစ်ပါတယ်။ နှမ်းစေ့လောက် အထောက်အကူဖြစ်တယ် ဆိုရင် ကျေနပ်ပါပြီ။
နိုင်ငံရေးအရ ပြောရရင် စားတာ၊ သွားတာ၊ နေတာ ထိုင်တာ အားလုံးကို နိုင်ငံရေးလို့ ဆိုကြပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ ရှုထောင့်က ပြောရင်တော့ ဘယ်အရာမဆို မေတ္တာထား၊ စိတ်ထားတတ်ရင် အလှူကုသိုလ်ရပါတယ်တဲ့။ ဒါပေမဲ့ ကျွန်မကုသိုလ်ကို တယောက်ထဲ မလိုချင်တဲ့ အတွက် ဦးကလိုစေးထူးကိုပါ အမြဲတမ်း ဗမာလို စာရိုက်ခိုင်းပြီး ကုသိုလ် အများကြီး ခွဲဝေပေးနေပါတယ်။ ကုသိုလ် ယူတတ်ပါစေလို့…။
မာလာ
ဂျပန် ပညာတော်သင် လျှောက်ကြမလား၊ How to apply Monbusho scholarship
ဒီစာကို ရေးတဲ့ ရည်ရွယ်ရင်းကတော့ Monbusho scholarship လို့ ခေါ်တဲ့ ဂျပန် အစိုးရက ပေးတဲ့ ထောက်ပံ့ကြေးနဲ့ ဂျပန်ကို ပညာတော်သင် လျှောက်လိုသူများ သိသင့်တဲ့ အချက်အလက်များ ဗဟုသုတ ရစေဖို့ ဖြစ်ပါတယ်။
ဒီထောက်ပံ့ကြေးဟာ ဘယ်သူတွေကို ပေးတာလဲ၊ ဘယ်လောက်ပေးတာလဲ၊ ဘာခံစားခွင့် ရှိသလဲ၊ ဘယ်လောက်ကြာကြာ ပေးသလဲ၊ ဘယ်လို လျှောက်ရတယ် ဆိုတာကိုပဲ အဓိကထား ရေးပြပါမယ်။
၁။ ဘယ်သူတွေကို ပေးတာလဲ၊ who can apply?
ဒီပညာတော်သင် ထောက်ပံ့ကြေးဟာ ဂျပန်နိုင်ငံ ပညာရေး ၀န်ကြီးဌာနက ပြဋ္ဌာန်းပြီး ဖွဲ့ဖြိုးဆဲ နိုင်ငံများနဲ့ ဂျပန် ယဉ်ကျေးမှုကို လေ့လာလိုသူများအတွက် ဘွဲ့ကြိုရော ဘွဲ့လွန်များကိုပါ ပေးတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံဟာ အကြီးအကျယ် စစ်ရှုံးနိမ့်ခဲ့ပြီး နိုင်ငံများစွာကို စစ်လျော်ကြေး အများကြီး ပေးရပါတယ်။ ဖွဲ့ဖြိုးဆဲ အဓိက အာရှနိုင်ငံများက အပေါ်ထပ် အဆောက်အဦ လို့ ခေါ်တဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုတွေပါ ပြန်လည် တည်ဆောက်ပေးဖို့ ၀န်ကြီးချုပ်ဟောင်း `နာကာဆိုနေ´ က ပြဋ္ဌာန်း အတည်ပြုခဲ့ပြီး ယခုထိ ပေးနေဆဲ ပညာသင်ဆု တခုဖြစ်ပါတယ်။ ၁၉၉၅-၂၀၀၀ ခုနှစ်၊ ပတ်ဝန်းကျင် အထိ ပျှမ်းမျှ တနှစ်ကို ဂျပန် တပြည်လုံးက တက္ကသိုလ်တွေမှာ ပညာသင်ဖို့ အယောက် (၂၀၀)ခန့် ပေးပါတယ်။ ကျွန်မ သွားခဲ့တဲ့ “TSUKSBA UNIVERSITY” မှာတော့ လူဦးရေများလို့ အယောက် ၄၀ ခန့် ပေးပါတယ်။
၁၉၉၅၊ ကျွန်မ ဂျပန်ကို သွားတဲ့အထိ ဒီပညာတော်သင်ဆုကို အစိုးရ ၀န်ထမ်းတွေကိုပဲ ပေးပါတယ် ဆိုပြီး အများစုက စွဲမှတ်နေကြပါတယ်။ အပြင်လူ လျှောက်လို့ရတယ်ဆိုတာ သိပ်မယုံကြပါဘူး။ အခုခေတ်ပိုင်းလောက်မှာတော့ အပြင်ကလျှောက်ပြီး ရတဲ့လူ တစတစ များလာတဲ့အတွက် သိလာကြပေမဲ့ ဘယ်လိုရတယ်၊ ဘယ်နည်းနဲ့ ရတယ်ဆိုတာ မသိကြတဲ့အတွက် နောင်လာနောင်သားတွေ အတွက် ကျွန်မ အတွေ့အကြုံကို ရေးပြခြင်းလည်း ဖြစ်ပါတယ်။
ပထမဆုံးကတော့ ဘွဲ့ကြိုလို့ ခေါ်တဲ့ Undergraduate အတွက် ပေးတဲ့ scholarship အကြောင်းပါ။ ကျွန်မ မြန်မာပြည်က အရွေးခံခဲ့ရတဲ့ ကျောင်းသား (၇)ဦးထဲက (၁)ဦးကို ဂျပန်မှာ သိခွင့်ရပါတယ်။ သူက YIT ဒုတိယနှစ် ကျောင်းသားတက်တုန်း ဂျပန်မှာ ပညာသင်ဖို့ scholarship ပညာတော်သင်ကို ပညာရေး ၀န်ကြီးဌာကက ကြီးမှူးရွေးဖို့ ရေးဖြေ စာမေးပွဲကျောင်းမှာပဲ ဖြေရပါတယ်။ နောင် အဆင့်ဆင့် အရွေးခံရလို့ ရောက်လာပါတယ် ပြောပါတယ်။ ဂျပန်မှာ တနှစ်နီးပါး ဂျပန်စာကို သင်ပြီး ၄-နှစ် စာမေးပွဲအတွက် entrance အောင်လို့ တက္ကသိုလ်ကို တက်နေတယ်လို့ ဆိုပါတယ်။
အပြင်က မြန်မာအစိုးရက ရွေးချယ်တာ မဟုတ်တဲ့ လူတွေကတော့ ဘယ်ပုံဘယ်နည်း လျှောက်ရတယ်ဆိုတာ မသိပါဘူး။ ကျွန်မ ဖတ်ခဲ့ရတဲ့ ဂျပန်ပညာတော်သင် ပေးပုံပေးနည်း စာအုပ်မှာတော့ သက်ဆိုင်ရာ ဂျပန်သံရုံးကိုသာ ဆက်သွယ်ပါ ဆိုတဲ့အတွက် သံရုံးတွေက ကြီးမှူးကျင်းပပေးပုံ ရပါတယ်။ ကျွန်မ ကြိုးစားစဉ်က သံရုံးကို သွားမေးတော့ မြန်မာအစိုးရရဲ့ ပေါ်လစီအရ ဂျပန်သံရုံးက ဘွဲ့ကြိုရော၊ ဘွဲ့လွန်အတွက် ဘာမှ ကြီးမှူး လုပ်ပေးတာ မရှိပါဘူး လို့ ဆိုပါတယ်။ ဒီတော့ ဘွဲ့ကြိုအတွက် လျှောက်နည်းကို မသိတော့ ဒီမျှနဲ့ပဲ ရပ်ပြီး ဘွဲ့လွန် လျှောက်ဖို့ ဆက်ရေးပါရစေ။
ဘွဲ့လွန်မှာလဲ အစိုးရက ရွေးချယ်ပြီး စေလွှတ်တဲ့လူတွေ၊ ၀န်ထမ်းတွေအကြောင်း မရေးဘဲ အပြင်က လျှောက်တာကိုပဲ ရေးပြပါမယ်။ လျှောက်တဲ့လူဟာ…
(၁) ဘွဲ့လွန် MSc, PhD အတွက် အနည်းဆုံး BA, BSc ဘွဲ့ တခုခု ရထားပြီး ဖြစ်ရပါမယ်။ မြန်မာစာ အဓိကဘွဲ့ရသူများက အခြား ၀ိဇ္ဇာဘွဲ့လွန်ကို လျှောက်ထားနိုင်ပါတယ်။
(၂) လျှောက်လွှာလျှောက်တဲ့ အချိန် (April) လမှာ အသက် ၃၅နှစ် မကျော်စေရပါဘူး။ လျှော့ပေါ့အနေနဲ့ကတော့ ရွေးချယ်ခံရတဲ့ အချိန် October မှာ ၃၅နှစ် မကျော်ရဘူး လို့ ဆိုပါတယ်။
(၃) သင့်တော်တဲ့ Research Proposal ကို သူတို့ လက်ခံအောင် ရေးပြီး ပေးပို့နိုင်သူ ဖြစ်ရပါမယ်။
(၄) အပြင်က လျှောက်တာမို့ (အစိုးရ ၀န်ထမ်း ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်လို့ ရပါတယ်) ဂျပန်နိုင်ငံက National University တခုခုမှာ ကိုယ့်ကို လက်ခံပြီး supervise ပေးဖို့ လျှောက်လွှာကို တဆင့် တင်ပေးမဲ့ Professor ရှိရပါမယ်။ သူတို့ အဆိုအရ တကယ်ကျောင်းတက်ဖို့ ပညာလိုလားသူ၊ တော်မယ် ထင်ရသူဆိုရင် လက်ခံဖို့ ၀န်မလေးပါဘူး၊ မခက်ခဲပါဘူး။
(၅) ဖွံ့ဖြိုးဆဲနိုင်ငံသား ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများမှာ Permanent Resident ရထားသူများ လျှောက်ခွင့် မရှိပါ။ ဖွံ့ဖြိုးပြီး နိုင်ငံသားများက ဂျပန်ယဉ်ကျေးမှု လေ့လာသူများ ဟူ၍ လူဦးရေ ကန့်သတ်ပေးပါတယ်။ ဂျပန်စာနဲ့ ကျမ်းပြုမှု အခက်အခဲအရ Science ဘာသာယူသူ ပိုမိုများပြားပါတယ်။
၂။ ပညာတော်သင် ထောက်ပံ့ကြေးကို ဘယ်လောက်ပေးတာလဲ၊ ဘာတွေ ခံစားခွင့် ရှိသလဲ။
ဘွဲ့ကြို Undergraduate ကို တလကို ယန်းငွေ တသိန်းနှစ်သောင်းနဲ့ ဘွဲ့လွန် Graduate ကို တသိန်းရှစ်သောင်း ပေးရပါတယ်။ အခွန်ပေးစရာ မလို၊ ကျောင်းလခ ပေးစရာမလို Medical Insurance ပါပြီးသား ဖြစ်ပါတယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဘက်နဲ့ ကလေးကို တလအတွင်း ခေါ်နိုင်ပါတယ်။ Round Trip လေယာဉ်လက်မှတ် အသွားအပြန် ထုတ်ပေးပါတယ်။
ရောက်ရောက်ခြင်း Arrival allowance အနေနဲ့ ယန်း သုံးသောင်း ထုတ်ပေးပြီး လေဆိပ်အထိ လာကြိုပါတယ်။ ကျောင်းဆောင်တွေမှာ စီစဉ်ပြီး ထားပေးပါတယ်။ ယခင်ကတော့ အပြင်တိုက်ခန်းမှာ နေရင် တိုကျိုနဲ့ အိုဆာကာမှာ ယန်း တသောင်း၊ တခြားနေရာမှာ ယန်း ၇ ထောင်၊ လစဉ် ထပ်ဆောင်းပေးပါတယ်။ အခုတော့ အဲဒီ နှစ်ခု မပေးတော့ပါဘူး။ ကျွန်မခေတ်မှာတော့ နိုင်ငံခြား Student Conference တက်ဖို့ တခေါက်ကို ယန်း တသိန်းနဲ့ နှစ်ခေါက် USA နဲ့ Canada အတွက် ထုတ်ပေးပါတယ်။ အဲဒါကတော့ ပါမောက္ခ အပေါ်မှာ မူတည်ပါတယ်။
လိုအပ်တဲ့ ကွန်ပျူတာမှ အစ ကော်ပီကူးတာက အစ ပါမောက္ခက စီစဉ်ပေးပါတယ်။ ကျောင်းသား အနေအထားကို ကြည့်ပြီး Part time လုပ်ခွင့်ကိုတော့ Limit နဲ့ ပေးပါတယ်။ မပေးတာက များပါတယ်။ အစိုးရ ပြဋ္ဌာန်းထားတာကတော့ ခွင့်မပေးပါ။
၃။ ဘယ်လောက်ကြာကြာ Scholarship ပေးသလဲ။
ဘွဲ့လွန်တွေဟာ ရောက်စမှာ ဂျပန်စာ မသင်မနေရ ခြောက်လ အပါအ၀င် Research Student လို့ သတ်မှတ်ချိန် (၂)နှစ် ရှိပါတယ်။ အောက်တိုဘာ ရောက်တဲ့ လူတွေကတော့ Oct-March ကို ဘတ်ဂျက် တနှစ် သတ်မှတ်လို့ တနှစ်ခွဲ Maximum နေရပါတယ်။ အဲဒီ အတောအတွင်းမှာ MSc or PhD entrance စာမေးပွဲကို အောင်ရပါတယ်။ မအောင်ရင် (၂)နှစ်/တနှစ်ခွဲနဲ့ scholarship ပြုတ်ပါတယ်။ အဲဒီ ကန့်သတ်ချက်ကျော်မှ အောင်လို့ ကျောင်းဆက်တက်ချင်ရင် Private Student ဖြစ်သွားပါတယ်။ Monbusho scholarship ဟာ တခါပြတ်သွားရင် သုံးနှစ်အတွင်းမှာ ထပ်လျှောက်ခွင့် မရှိပါဘူး။ တချို့က Private ကျောင်းသား အနေနဲ့ လာပြီး entrance စာမေးပွဲအောင်ပြီး ကျောင်းတက်ချိန်မှာ Monbusho scholarship ပြန်လျှောက်ရတာလည်း ရှိပါတယ်။
MSc အတွက် (၂)နှစ်နဲ့ PhD အတွက် (၃)နှစ် Scholarship ပေးပါတယ်။ တကယ်လို့ ကန့်သတ်ချိန်မှာ မပြီးခဲ့ရင် ကိုယ့်ငွေနဲ့ကိုယ် extension လုပ်၊ ကျောင်းလခသွင်းပြီး ကျောင်းပြီးအောင် ဆက်တက်ရပါတယ်။ ဒါကြောင့် အကြာဆုံး Research student အတွက် (၂)နှစ်နဲ့ PhD (၃)နှစ် စုစုပေါင်း (၅)နှစ် ဖြစ်ပါတယ်။
တချို့ ပါမောက္ခတွေက Research Student (၂)နှစ် အတွက်ပဲ ခေါ်တာမျိုးလဲ တွေ့ခဲ့ရပါတယ်။ အဲဒီ ပုဂ္ဂိုလ်က တခြား တက္ကသိုလ်က ပါမောက္ခက Research Student အနေနဲ့ (၂)နှစ်ပဲ ခေါ်တာမှာ PhD ဆက်တက်ဖို့ Course မရှိတော့ ပြန်ခိုင်းပါတယ်။ အဲဒီ ပုဂ္ဂိုလ်က ကျွန်မတို့ Tsukuba မှာ PhD လာဖြေ၊ အောင်ပြီး ဆက်တက်တော့ misunderstanding ဖြစ်သလားတော့ မသိ၊ Scholarship ပြုတ်ပြီး Private ကျောင်းသား ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ ကျွန်မနဲ့ သိတဲ့ အမျိုးသမီးတယောက် Kyushu မှာ ဒီလိုပဲ PhD Course မရှိလို့ Tsukuba မှာ လာတက်ဖို့ လုပ်တော့ ကူညီမေးမြန်း လုပ်ကိုင်ပေးလို့ Scholarship ဆက်ရပါတယ်။ တက္ကသိုလ် ပြောင်းရင် အခက်အခဲ ရှိနိုင်တယ် လို့ ဆိုတာနဲ့ ဂျပန်မှာလဲ မသိနိုင်တာတွေ အများကြီး ရှိတာကို တင်ပြတာပါ။ ကျွန်သိတာကလဲ အကုန် မဟုတ်ပါဘူး။
၎။ ဘယ်လိုလျှောက်ရမလဲ။ How to apply
တကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ဂျပန်သံရုံးက ကြီးမှူးပြီး နှစ်စဉ် စာမေးပွဲခေါ်လေ့ ရှိပါတယ်။ Feb or March လောက်မှာ ကျင်းပြပြီး အောင်သူတွေကို ၀န်ထမ်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည့်စုံရင် April လမှာ လျှောက်လွှာပေးပါတယ်။ တချို့က အဲဒီအချိန်မှာ Professor ရှာရတာ ရှိပါတယ်။ ကျွန်မ ကြိုးစားစဉ် ကာလက ပါမောက္ခတယောက် အဲဒီအတိုင်း ညွှန်လို့ ဂျပန်သံရုံးကိုရောက်၊ ဒီနည်း မရှိဘူး ဆိုတော့ အဲဒီ ပါမောက္ခကလဲ ရှိရမယ်နဲ့ အဆင်မပြေခဲ့ပါ။ ကျွန်မ ဂျပန်ရောက်ပြီး Student Conference မှာ သွားပါဝင်တော့ ကျွန်ကို လာတွေ့ပြီး နှုတ်ဆက်ပြီး သူမသိခဲ့လို့ လက်မခံခဲ့ရတာပါလို့ ၀မ်းနည်းစကား လာဆိုပါတယ်။
မြန်မာပြည်က လူတွေ အတွက်ကတော့ အခက်အခဲတခုပါ။ ဂျပန်က National University (Private University ကို Monbusho scholarship ချပေးလေ့ မရှိပါ။ ချွင်းချက် တခု နှစ်ခုပဲ ရှိတတ်ပါတယ်။) က ကိုယ်နဲ့ ဘာသာရပ် ကိုက်မယ်ထင်တဲ့ ပါမောက္ခကို လှမ်းမေးရပါတယ်။ ကိုယ့်လျှောက်လွှာကို သူ့ကျောင်းကယူ၊ ကိုယ့်ဆီပို့၊ ကိုယ်က ဖြည့် ပြန်ပို့၊ သူက သူ့ကျောင်းက တဆင့် ပညာရေး ၀န်ကြီးကို အဆင့်ဆင့် တင်ရပါတယ်။ ကျောင်းငယ်တာက Chance ပိုများပြီး ကျောင်းကြီးရင် Professor တွေများ၊ တင်တဲ့လူ များပြီး Competition များပါတယ်။ ကျွန်မဆိုရင် ပထမနှစ်မှာ ကျရှုံးခဲ့ပြီး ဒုတိယအကြိမ် ဒုတိယနှစ် ကြိုးစားမှ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ တက္ကသိုလ်က ဘာသာရပ် အားလုံးထဲက (၄) ယောက်ကို ဇကာတင် ရွေးပြီး Monbusho ကို ပို့ပါတယ်။ Monbusho က တဘာသာကို တယောက်၊ Professor တယောက် တပည့် တယောက်နဲ့ တနိုင်ငံ တယောက်/ နှစ်ယောက်နှုန်း ရွေးချယ်ပါတယ်။ ကျွန်မ ပါမောက္ခကတော့ ကျွန်မရဲ့ ဇွဲ၊ လုံ့လ၊ ၀ိရိယနဲ့ မဆုတ်မနစ် ကြိုးစားမှု၊ စိတ်ရှည်မှုတွေကို သဘောကျပြီး ရွေးခဲ့တာ ဆိုပါတယ်။ ကျွန်ကိုကိုယ်တိုင် ရေးတဲ့ Research Proposal ဟာ သူ့ Laboratory မှာ လုပ်မရနိုင်တာ သိပေမဲ့ ကျွန်မရဲ့ Knowledge နဲ့ သူ့ရဲ့ Specialization ကို ဆက်စပ် တွေးခေါ် ရေးသားနိုင်တဲ့ `စိတ်ကူး´ ကို ရွေးချယ်ခဲ့တာ ဆိုပါတယ်။ စကားမစပ် ပြောချင်တာက ဂျပန်မှာ “PhD doctor of Philosophy” ဘာသာရပ် တခုရဲ့ တွေးခေါ်မှုအတွက် ပေးတာနဲ့ “DSc doctor of Science” သိပ္ပံဘာသာရပ်ရဲ့ အဆုံးစွန် တတ်မြောက်မှု ဆိုပြီး ကွဲပြားပါတယ်။
ဒီလို စလျှောက်ဖို့ ကျွန်မ ကြိုးစားခဲ့တာ လျှောက်နည်း `အနံ့´ ရခဲ့လို့ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြ လုပ်နေဆဲမှာ ဆရာ(၂)ယောက် ဒီနည်းအတိုင်း ထွက်သွားတာ တွေ့ရပါတယ်။ သိပ်လည်း မရင်းနှီး၊ တယောက်ကတော့ မအောင်မြင်သေးတော့ မပြောဘဲ ရတော့ ဗြန်းခနဲ ထွက်သွားတော့ စကားအေးအေး ဆေးဆေး မပြောဖြစ်ခဲ့ပါဘူး။ အဲဒီ အနံ့နဲ့ ကျွန်မ သံရုံးကို သွားမေးပါတယ်။ မရှိပါ ဆိုတာနဲ့ ပြန်လှည့်ခဲ့ရပြီး ပါမောက္ခသို့ နာမည်တပ်ပြီး တိုကျိုတက္ကသိုလ်ကို စာရေးတာ အဆင်မပြေပါ။
အဲဒီလို အီလည်လည်ဖြစ်တုန်း ဌာနက ဆရာတယောက်က ဂျာမဏီကို ပညာတော်သင် တနှစ်သွားဖို့ သေချာတဲ့ အချိန် စကားစပ်မိတော့မှ သူက ဂျပန် Monbusho scholarship ကို ဘယ်သူ၊ ဘယ်လို လျှောက်ရမယ် ဆိုတဲ့ စာအုပ်ကို ငှားပါတယ်။ လျှောက်လို့ရတဲ့ တက္ကသိုလ် လိပ်စာပါ ပါဝင်ပါတယ်။ အဲဒီစာအုပ်ကို လွယ်လွယ်ကူကူ ရခဲ့တာ မဟုတ်ကြောင်း၊ ဒီလိုပဲ ယောင်လည်လည် Information ရှာနေချိန်မှာ ဆရာကြီးတယောက်က သိပ်စိတ်မရှည်ဘဲ ဂျပန် ပညာရေးဝန်ကြီး နာမည်နဲ့ စာရေးပြီ Information တောင်းပါလားလို့ အချဉ်ပေါက်ပြီး အကြံပေးတာ ရခဲ့ပါတယ်တဲ့။ သူလဲ စိတ်ကူးပေါက်ပြီး အရှုံးမရှိနိုင် တွက်ပြီး Minister လို့ ခေါင်းစဉ်တပ်ပြီး စာရေးတော့မှ တလအကြာမှာ အဲဒီစာအုပ် ရခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ လူတော်တော်များများက အလကားရတဲ့ Information ကို တန်ဖိုး မထားတတ်လို့ လူတိုင်းကို မပေးဘဲ ကျွန်မကတော့ တကယ်လုပ်မဲ့လူ ဖြစ်လို့ ပေးပါတယ်လို့ ဆိုပါတယ်။
ကျွန်မ ဂျပန်ရောက်ပြီး (၂)နှစ်အကြာ ရန်ကုန် ပြန်လာလည်တော့ ကျွန်မ လုပ်ခဲ့တဲ့ ဌာနက သူငယ်ချင်းရော၊ မသိတသိ လူတွေ ၀င်လိုက်ထွက်လိုက် ရှုပ်ရှက်ခပ်ပြီး ကျွန်မကို ဒီလိုနည်းနဲ့ သူတို့ကို ခေါ်ပေးပါ ဆိုတာပါ ပြောကြတာပါ။ ကျွန်မက ပါမောက္ခနာမည်၊ လိပ်စာ အားလုံးပေးပါမယ်။ ကိုယ့်ဘာသာကိုယ် မိတ်ဆက်စာရေးပါ၊ ရေးလျှင် ကျွန်မနာမည် သုံးနိုင်တယ်။ (သုံးရင် စာရတဲ့ ပါမောက္ခက ကျွန်မကို ပြန်မေးပြီး ခေါ်သင့်မသင့် အကြံဉာဏ် တောင်းလေ့ရှိပါတယ်) မေးရင် ကျွန်မဘာသာ အဆင်ပြေအောင် ပြောပေးပါမယ် ဆိုတာ မကြိုးစားချင်ကြပါ။ ငှက်ပျောသီး အခွံနွှာသလို ကျွန်ကပဲ ပါမောက္ခကို ပြော၊ လျှောက်လွှာယူ၊ ဖြည့်၊ Proposal ကိုပါရေး၊ ပြန်တင်ပေးရမယ် ဆိုပါတယ်။ Monbusho scholarship အဲဒီလောက် လွယ်ရင် ကျွန်မရဲ့ တမျိုးတဆွေလုံး ဂျပန်ကို အဲဒီနည်းနဲ့ပဲ ခေါ်လိုက်ပါတော့မယ် လို့ပဲ ပြန်ဖြေခဲ့ပါတယ်။ တချို့က ငွေမပေး၊ မကုန်ရရင် အဆင်မပြေဘူး လို့ စွဲနေတတ်ပါတယ်။
အဲ…၊ လမ်းမှန် စာအုပ်ရပြီးတော့ ကျွန်မ ပညာအရည်အချင်း၊ လိပ်စာဘာညာရေးတဲ့ Curriculum Vitae or Resume ကို ဓာတ်ပုံကပ်ပြီး ရိုက်ထားပြီး ကော်ပီပွားထားပါတယ်။ ပြီးတော့ Cover Letter လို့ ခေါ်တဲ့ စာလဲ ရိုက်၊ ပါမောက္ခ လိပ်စာကိုသာ ကွက်လပ်ချန်ပြီး ကော်ပီပွားပါတယ်။ စာထဲမှာတော့ ကျွန်မကို ကျောင်းသား အနေနဲ့ လက်ခံနိုင်ပါက လက်ခံပြီး ဂျပန်အစိုးရကို တက္ကသိုလ်ကတဆင့် တင်ပေးနိုင်သော ပါမောက္ခကို ရှာဖွေနေကြောင်း ကူညီပါရန် ရေးထားပါတယ်။
ပါမောက္ခ နာမည်တွေ မသိလို့ ပါမောက္ခဆိုပြီး လိပ်စာတပ်ပြီး ပထမအသုတ် ၁၀ စောင် ပို့လိုက်ပါတယ်။ အောင်လက်မှတ် မိတ္တူများ တောင်းပြီးမှ သံရုံးသွားခိုင်းပြီး မရလို့ အဆင်မပြေတာတွေလဲ ရှိပါတယ်။ နှစ်လခန့် အဆင်မပြေသေးဘဲ ၁၅ ပြားတန် တံဆိပ်ခေါင်း တွင်တွင်သုံးပြီးပို့တာ အဲဒီအချိန်မှာတော့ နည်းနည်း တိုးတက်လာပါတယ်။ သူက လက်မခံနိုင်လို့ ဘယ်သူဘယ်ဝါဆီ မေးပါ ဆိုတာမျိုး သုံးလေးစောင်ကြီးများတောင် ရပါတယ်။ တခု ပြောချင်တာက ကျွန်မရဲ့ နောက်တော်ကြီးများကတော့ သူတို့မှာ ဆရာကောင်း အမေရိကန်ပြန် PhD ဆရာများက စာရေးပေးကြလို့ အတော် Impression တာ ရှိပါတယ်။ အင်္ဂလိပ်စာ အရေးအသားက အစ အပြစ်ဆိုစရာ မရှိလို့ သိရပါတယ်။
ကျွန်မကတော့ ကံဆိုးပါတယ်။ ကျွန်မတက္ကသိုလ်မှာ MSc လုပ်ဆဲ ဖြစ်ပြီး ဆရာက အင်္ဂလန်ပြန်ပေမဲ့ စာကူရေးပေးဖို့ မပြောနဲ့၊ ကျွန်မရဲ့ Thesis ကို တလုံးမှ မဖတ်အားဘဲ ကျွန်မကိုယ်တိုင်ရေးသော ကျမ်းကို ဒီအတိုင်း ရိုက်တင်ပေးရတဲ့ အဖြစ်မျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက ကျွန်မ အင်္ဂလိပ်စာ အရည်အချင်းက သိပ်မကောင်းပါ။ သူမသာ ကိုယ်မသာ Level ပဲ ရှိပြီး ဇွဲနဲ့ စိတ်ရှည်ဖို့ ပြောတာ ဖြစ်ပါတယ်။
အဲဒီလို မအီမမသာအချိန်မှာ တိုကျိုက ဆရာတယောက် စာပြန်တာက အားရှိပါတယ်။ သူ့အနေနဲ့ မနှစ်က ဂါနာ နိုင်ငံသားတယောက်ကို လက်ခံထားလို့ အဲဒီလို ကျောင်းသား ကျောင်းမပြီးမချင်း နောက်တယောက်ကို လက်မခံနိုင်ပါ လို့ ဆိုပါတယ်။ သူလဲ တခြားဆရာတွေ မေးပေးပါမယ်၊ ကျွန်မလဲ ဆက်ရှာပါ ဆိုပါတယ်။ အဲဒါနဲ့ အားတက်ပြီး Tsukusa တက္ကသိုလ်ကို ဌာနမှာ ပြန်လာတဲ့ ဆရာတယောက်ဆီက ကြားဖူးနားဝ ရှိလို့ အဲဒီလိပ်စာနဲ့ (နာမည်မသိ) ပါမောက္ခ ဆိုပြီး စာရေးပါတယ်။ စာထဲမှာ တိုကျိုက အဲဒီဆရာက လက်ခံချင်ပေမဲ့ အခြေအနေမပေးလို့ ဆက်လက် ရှာဖွေဆဲဖြစ်ကြောင်း ရေးလိုက်ပါတယ်။
အဲဒီအချိန်မှာ ၀မ်းသာရပါတယ်။ ပါမောက္ခက လက်ခံတင်ပေးမယ့် အကြောင်း၊ April Form ထွက်ရင် ပို့ပေးပြီး ပြန်တင်ပေးပါ ဆိုတာပါပဲ။ အဲဒီအချိန်က October လလောက် ဖြစ်ပါတယ်။ နောက် နှစ်ပတ်လောက်ကြာမှ တိုကျိုက ဆရာက စာပြန်တော့မှာ ဇာတ်ရည်လည်ပါတယ်။ ကျွန်မကို လက်ခံတဲ့ ဆရာဟာ သူနဲ့ တိုကျိုမှာ BSc က စပြီး PhD အထိ တတန်းတည်း ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်း၊ သူ့ထက်ပိုပြီး သဘောကောင်းတဲ့လူ ဖြစ်တဲ့အတွက် ကျွန်မ အင်မတန် ကံကောင်းတဲ့အတွက် ၀မ်းသာကြောင်း ရေးပါတယ်။
ဂျပန်ရောက်မှ သိရတာက ဂျပန် ပါမောက္ခများ ရင်းနှီးပါက တယောက်နာမည် ကြားကတည်းက ကူညီဖို့ အဆင်သင့် ဖြစ်ကြောင်း၊ ကျွန်မက မလိမ်မညာ အမှန်အတိုင်းရေးလို့ လက်ခံဖြစ်ကြတာ ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ တိုကျိုက ဆရာကိုလဲ ကျွန်မ ဂျပန်ရောက်ပြီး တရက်အလည် သွားတွေ့ နှုတ်ဆက်ပြီး အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။ သူပြောသလိုပဲ ကျွန်မရဲ့ ပါမောက္ခဟာ အင်မတန် စိတ်ရင်းကောင်းရှာတာ၊ ကျွန်မဘ၀ရဲ့ ဒုတိယ အဖေလို့ ဆိုရမလောက် ကောင်းခဲ့တာ တွေ့ရပါတယ်။
ရှည်နေပြီ ဖြစ်လို့ လျှောက်လွှာတင်တဲ့ အချိန်နဲ့ အောင်မြင်ရင် ဆက်လုပ်ရတဲ့ အကြောင်း ရေးပြပါမယ်။ လျှောက်လွှာဟာ April လဆန်းမှာ ထွက်ပြီး ကျွန်ဆီပို့တာ တပတ်ကြာပါတယ်။ ကျွန်မက ဖြည့်ရေးပြီး ၁-၂ရက်အတွင်း ပြန်ပို့တော့ April တတိယပတ်မှာ ပြန်ရောက်ပြီး လကုန်မှာ ကျောင်းက လျှောက်လွှာပိတ်ပါတယ်။ အဲဒီအချိန်က ကျွန်မလခဟာ ၁၃၀၀ ကျပ် ဖြစ်ပြီး အပြင်ကုမ္ပဏီက Fax ရိုက်ရင် (IDD Fax) က တမျက်နှာကို ၁၀၀၀ ကျပ် ပေးရတာမို့ ၁၄-၁၅ မျက်နှာ Form ကို မရိုက်နိုင်ပါ။ စာတိုက်ကပဲ ပို့ရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းင ကျွန်မကိုတော့ ကံကောင်းပေးပုံ ရပါတယ်။ လျှောက်လွှာမှာ အောက်တိုဘာ လာမလား၊ နောင်နှစ် ဧပြီလ လာမလား ရွေးရပါတယ်။ တခါတခါ အောက်တိုဘာမှာ အခွင့်ရှိပြီး ဧပြီတင်မိလို့ ကျရှုံးတာလဲ ရှိပါတယ်။ ကျွန်မကတော့ မြန်မြန်ရောက် ပြီးရောဆိုပြီး အောက်တိုဘာ အရောက်လာဖို့ ရွေးချယ်ပါတယ်။
မေလလောက်မှာ ကျွန်မ ပါမောက္ခက ကျောင်းကရွေးတဲ့ လေးယောက်ထဲမှာ ပါပြီး Monbusho ကို ဆက်တင်ထားတယ် ဆိုပါတယ်။ သြဂုတ်လဆန်းမှာမှ အဆင်ပြေပြီဆိုတာ ပါမောက္ခက စာရေးပါတယ်။ ပြီးတော့ တက္ကသိုလ်က လိုအပ်တဲ့ Form, Information များနဲ့ Air ticket အတွက် မှာဖို့ form ရရင် ဂျပန်ကို ရောက်မဲ့ အချိန်နဲ့ သူတို့ လာကြိုမဲ့ အချိန်အတွက် အကြောင်းကြားဖို့ အားလုံး တထပ်ကြီး ရပါတယ်။ တချို့ကျောင်းက သူတို့ ကြိုနိုင်မဲ့ ရက်ပြောပြီး အဲဒီရက် အရောက် သွားရတာ ဖြစ်ပါတယ်။
ဒီတော့ ပါမောက္ခ ရှာရာမှာ တချို့က ထိုင်းက AIT မှာ တက်တဲ့ အမျိုး၊ သူငယ်ချင်းက ပါမောက္ခရှာပေးလို့၊ တချို့က ယောက်ျားက AIT တက်ရင်း မိန်းမအတွက် ပါမောက္ခ တွေ့လို့ ပြောပေးတာမျိုး၊ တချို့က အလုပ်လုပ်ရင်း ဂျပန်ပါမောက္ခနဲ့ တွေ့လို့ တင်ဖြစ်တာ၊ စင်္ကာပူမှာ အလုပ်လုပ်ရင်း အလုပ်မှာ ပါမောက္ခတယောက်နဲ့ သိပြီး တခြားတယောက် မိတ်ဆက်ပေးတာ အမျိုးမျိုး ရှိကြပါတယ်။ ကျွန်မကတော့ ဘယ်သူက ဘာမှ လုပ်ပေးတာမဟုတ်ဘဲ မြန်မာပြည်က ထိုင်ပြီး ၁၅ ပြားတန် တံဆိပ်ခေါင်းနဲ့ အလုပ်ဖြစ်တယ် ဆိုတာ ပြောပြတာပါ။ ကြွားတာ မဟုတ်ပါဘူး။
အဲဒီခေတ်က စင်္ကာပူကို ထွက်ပြီး အလုပ်ရှာရင် အဆင်ပြေကြတဲ့ ခေတ်ဖြစ်ပါတယ်။ ကျွန်မမှာ စင်္ကာပူကို ထွက်ဖို့ လေယာဉ်စားရိတ် ဒေါ်လာ ၃၅၀ လောက်တောင် မတတ်နိုင်လို့ ဂျပန်ကို အလကားနည်းနဲ့ သွားရမဲ့ အလုပ်ကို ကြိုးစားတာပါ ပြောရင် လူတွေ ဘယ်လိုထင်မလဲ မပြောတတ်ပါ။ ဂျပန်သွားဖို့ ဘယ်လောက်ကုန်သလဲ မေးရင် ၁၅ ပြားတန် တံဆိပ်ခေါင်းတွေပဲ ကုန်တယ် ပြောရပါလိမ့်မယ်။ ဆိုလိုတာက ငွေမရှိလဲ ကြိုးစားရင် ရနိုင်တာကို ပြောတာ ဖြစ်ပါတယ်။
နောက်ဆုံး တခုကတော့ ဂျပန်သံရုံးမှာ ဗီဇာ လျှောက်စဉ်က အခက်အခဲပဲ ဖြစ်ပါတယ်။ ကျွန်မ ကြားဖူးသမျှ အားလုံး အဆင်ပြေစွာ ရရှိသွားကြပေမဲ့ ကျွန်မ အလှည့်ကျမှ ဒုက္ခရောက်ပုံ ဖြစ်ပါတယ်။ ဗီဇာ လျှောက်ဖို့သွားတော့ ကျွန်မကို လက်ခံတဲ့ကျောင်းက Official Letter တစောင်ပဲ ဗီဇာအတွက် ပေးပါတယ်။ အဲဒါပြတော့ မြန်မာဝန်ထမ်းက ခဏစောင့်ပါ ပြော၊ အတွင်းခန်းထဲ ၀င်သွားပြီး ဂျပန် ၀န်ထမ်းတဦး ထွက်လာပါတယ်။ (တတိယ ကောင်စစ်ဝန် ဆိုတာ နောက်မှ သိရပါတယ်) ဒီစာ ဘယ်ကရသလဲ မေးပါတယ်။ ကျွန်မဖြေတာကို နားထောင်ပြီး မယုံသင်္ကာနဲ့ ဒီစာရွက်နဲ့ မလုံလောက်ကြောင်း၊ ဂျပန် လူဝင်မှု ကြီးကြပ်ရေးက Student ဆိုပြီး ထုတ်ပေးတဲ့ ဓာတ်ပုံပါတဲ့ ကဒ်ပြားလိုကြောင်း နမူနာ တခု ယူလာပြပါတယ်။ ကျွန်မကလဲ Monbusho scholarship ဖြစ်လို့ မလိုတဲ့ အကြောင်း Instruction ထဲမှာ ပါကြောင်း၊ အဲဒါ မလိုပါ ပြောတာ ခါးခါးသီးသီး ငြင်းပြီး လျှောက်လွှာတောင် ထုတ်မပေးဘဲ ပြန်ခိုင်းပါတယ်။ အဲဒီနေ့က တကယ်ပဲ သိန်းထီပေါက်ပြီး လက်မှတ်မပျောက်ဘဲ သူများ သိမ်းတာမျိုး ခံစားရပါတယ်။
အဲဒါနဲ့ ကျွန်မ IDD Fax နဲ့ ကျောင်းရော၊ ပါမောက္ခဆီကို အကျိုးအကြောင်းရေး၊ အကူအညီတောင်းရပါတယ်။ ပြီးတော့ ရှေ့က နောင်တော်တယောက်ရဲ့ အမျိုးသမီးဆီ ဖုန်းဆက်ပြီး ဂျပန်က နောင်တော် ဖုန်းနံပါတ်တောင်းပြီး ဖုန်းဆက် မေးရပါတယ်။ သူ့တုန်းက အဲဒီလို ပြဿနာမဖြစ်တော့ မသိပေမဲ့ အကြံပေးတာကတော့ ဂျပန် သံရုံးမှာ Cultural Section ဆိုတာရှိပြီး Monbusho scholarship ရသူ စာရင်းက သူတို့ကတဆင့် Visa Section ကို ပို့တာမို့ အဲဒီ Cultural Section ကို ဖုန်းနဲ့ မေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။ နောက်တရက်မှာ Cultural Section ကို ဖုန်းဆက်မေးတော့ နာမည်စာရင်းကို Visa ဌာနကို ပို့ပြီး ဖြစ်ပြီး၊ နောက်တခေါက်လာရင် အဲဒီဌာနက လူကြီး လိုက်ပြောပေးပါ့မယ် ဆိုတာ သိရပါတယ်။ တပြိုင်နက်မှာပဲ ကျွန်မတက္ကသိုလ်က Fax နဲ့ အကြောင်းပြန်စာမှာ Immigration ကဒ်ပြား ဆိုတာ မလိုတဲ့ အကြောင်းနဲ့ နောက်တကြိမ် ထပ်သွားကြည့်ပြီး အဆင်မပြေရင် ချက်ချင်း သူတို့ဆီ အကြောင်းကြားဖို့ ဖြစ်ပါတယ်။
နောက်တရက်မှာ Culture Section ကိုသွား၊ လူကြီးနဲ့တွေ့တော့ အဲဒီလူက Visa ခန်း လိုက်ပို့ပြီး ကျွန်မကို တိုင်နဲ့ ကွယ်ထားခိုင်းပါတယ်။ အဲဒီ ဂျပန် ထွက်လာပြီး စာရင်းသွားပြန်ကြည့်ပြီး အိုကေ ဆိုပြီး လူဘယ်မှာလဲ မေးမှ ကျွန်မတိုင်ကွယ်က ထွက်တော့ အဲဒီဂျပန်က စိတ်ဆိုးပါတယ်။ ဘယ့်နှယ်၊ သူပဲမှားသေး၊ သူကပဲ စိတ်ဆိုးသေး၊ ဒါနဲ့ ကျွန်မလဲ မှန်လို့ ပြန်လာတာ ပြောတော့ မကျေမနပ်နဲ့ လျှောက်လွှာထုတ်ပေးပါတယ်။ ဖြည့်တင်တော့ တပတ်ချိန်းပါတယ်။
ချိန်းတဲ့ရက် သွားတော့ အဲဒီဂျပန်ပဲ Visa ကို Passport ပေါ် မထုသေးဘဲ လက်ခံတဲ့ ပါမောက္ခကို ဘယ်လို သိသလဲ၊ ဘယ်က လျှောက်လွှာရသလဲ ထပ်မေးပါတယ်။ အပ်ကြောင်းထပ်အောင် ဖြေတာလဲ ကျေနပ်ပုံ မရတော့ ကျွန်မစိတ်တိုပြီး `မင်းက ငါ့ကို ဂျပန်မှာ ပညာတောင်သင်ရလောက်အောင် အဆင့်မမီတဲ့ လူထင်လို့လား၊ မယုံရင် ငါ့ပါမောက္ခ ဖုန်းရှိတယ်၊ မေးပါ´ ပြောမှပဲ Visa ထုပေးပါတော့တယ်။
ဒါတွေ အားလုံးကတော့ ကျွန်မ Monbusho scholarship ရခဲ့ပုံနဲ့ အခက်အခဲတွေ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ရင်းကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူများကူမှ၊ သူများလုပ်ပေးမှ၊ ငွေကုန်ခံမှ အောင်မြင်တာ မဟုတ်ပါဘူး ဆိုတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း တခုထဲက စကား (စစ်သူကြီး နပိုလီယံ စကားလို့လဲ ဆိုပါတယ်) တခွန်းရှိပါတယ်။ `လောကမှာ မဖြစ်နိုင်ဘူး ဆိုတာမရှိ၊ မဖြစ်သေးတာဘဲ ရှိပါတယ်´ ဆိုတဲ့ ကျွန်မ ကြိုက်တဲ့ စကားပါပဲ။ နောင်လာနောင်သားများ အောင်မြင်အောင် ကြိုးစားနိုင်ကြပါစေ ဆုတောင်းရင်း ဒီမျှနဲ့ နိဂုံးချုပ်ပါရစေ။
မရှင်းတာရှိရင် mmyomyint@yahoo.com ကို အီးမေးလ် ပို့ပြီး မေးမြန်းနိုင်ပါတယ်။
မာလာ
============================================================================
Anonymous said...
မမာလာ ကျေးဇူးပါပဲ ကျနော်လဲ ဖြည့်စွက်ပြောချင်ပါသေးတယ်။ မမာလာ ပြောတဲ့ လောက မှာ မဖြစ်နိုင်တာ မရှိပါဘူး မလုပ်သေးလို့မဖြစ်သေးတာပဲ ရှိတာပါ ဆိုတဲ့ စကားကို ကျနော်လဲ လက်ခံကျင့်သုံးသူ တယောက်ပါ။
ကျနော်ဆိုလဲ ကျောင်းပီးထဲက ဂျပန်မှာပဲ ပညာသင်ဖို့ တစိုက်မတ်မတ် လျှောက်ခဲ့တာပါ။ ကျနော်ကျောင်းပီးတော့ ယိုးဒယားနိုင်ငံ AIT ကိုလျှောက်ပါတယ် scholar က အပြည့်မရတော့ ကျနော်က ဆက်မတက်ခဲ့ပါဘူး။နောက်တကြောင်းကလဲ ကျနော်က ဂျပန်မှာမှ ပညာဆက်သင်ချင်နေသူပါ။ နောက်တနှစ်မှာ ကျနော့်ကျောင်းက ဆရာတွေက ကျနော့်ကို ကျနော်တက်မဲ့ ဘာသာရပ်မှာ စကောလာအပြည့်ရသူ က မတက်လို့ ကျနော့်ကို ခေါ်ပါတယ်။ ကျနော်က ခေါင်းမာစွာ ဆက်ပီးမတက်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက ယိုးဒယား မှာ ပညာသင်တဲ့ကိစ္စပါ။
နောက်တခါ ကျနော် ဆက်ကြိုးစားတာက ADB စကော်လာနဲ့ YOKOHAMA UNIVERSITY မှာတက်ဖို့ ကြိုးစားပါတယ်။ စကာတင် အရွေးခံရပါတယ်။ အဲဒီမှာ တခုပြောပြချင်တာက အထက်မှာ မမာလာပြောပြထားသလိုပါပဲ ။ ထောက်ခံပေးတဲ့ သူရှိရင် ဂျပန် ပရောဖက်ဆာတွေက အင်မတန် ယုံကြည်ကြပါတယ်။ အဲဒီအချိန်က ကျနော်လဲ ၀န်ထမ်းတဦးပါ။ ဒါပေမဲ့ အထက်က ကျနော့်ကို လျှောက်ခွင့်မပေးပါဘူး။ သူတို့သတ်မှတ်ထားတဲ့ လုပ်သက်မပြည့်လို့ပေါ့။ ဒါပေမဲ့ ကျနော်ကလဲ မဖြစ်မနေဇွတ်လုပ်တတ်လွန်းတော့ ကိုယ့်ဘာသာ အပြင်ကလျှောက်ခဲ့တာပါ။ ကျနော်တို့ကို အံဒီတက္ကသိုလ်က ဆရာတွေ ကိုယ်တိုင်လာပီး အင်တာဗျူးပါတယ်။ ကျနော် တို့အရွေးခံရသူ ၄ယောက်လုံးမှာ အရည်အချင်းတွေ ကိုယ်စီရှိလို့ သူတို့အကျပ်ရိုက်သွား ကြပါတယ်။ ဒါနဲ့ အမှတ်နဲ့ ဆုံးဖြတ်လိုက်တော့ ကျနော် က ၂မှတ်နဲ့ ပြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အခု သူတို့တွေ အရင်လူတွေကို ပြန်ခေါ်လို့ အရင်တုန်းက ကျန်ခဲ့သူတွေအကုန် အခု အဲဒီတက္ကသိုလ်မှာပါ။ နောက်တခါ ကျနော်က ဂျပန်တွေနဲ့ တွဲလုပ်ရင်းနဲ့ ကျောင်းထပ်ရှာတော့ ကျနော် Tokyo University ကိုလှမ်းပီးလျှောက်ပါတယ်။ သူတို့တွေကလဲ လက်ခံပါတယ်။ အဓိက က ကိုယ်ရေးလိုက်တဲ့ Proposal ကို လဲ ကြည့်သလို ဂျပန်တယောက်ယောက်ရဲ့ recommandation ကိုလဲ ကြည့်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်အခက်အခဲက စကော်လာ ဘယ်လိုရှာရမယ်မှန်း မသိတာပါ။ အမှန်ဆိုရင် ကျောင်းလက်ခံပီ ဆိုကတည်းက ကျနော် ဒီကို အရဲစွန့်ပီး လာရမှာပါ။ ပီးမှ စကော်လာပြန်လျှောက်လို့ရပါတယ်။ ဂျပန်မှာ အမျိုးအမည် မသိတဲ့ စကော်လာတွေ အများကြီးရှိပါတယ် ဆိုတဲ့ အကြောင်း အားလုံးကို ဒီကနေ သတင်းကောင်းတခု ပါးလိုက်ပါရစေ။ အောက်မှာ စကော်လာ လင့်င်္ခများကို ဖြည့်ပေးလိုက်ပါ့မယ်။ အကောင်းဆုံးနဲ့ အများဆုံး စကော်လာကတော့ munbusho စကော်လာပါပဲ။ အဲဒီစကော်လာကိုလဲ အခု မြန်မာပြည်က အချို့ကုပ္မဏီတွေက လဲ ရယူနေကြပါပီ။ ပြောချင်တာက ၀န်ထမ်းမဟုတ်လဲ ရနေပါပီ။ နောက် အခြားသော စကော်လာဖြစ်တဲ့ အာရှနိုင်ငံ စကော်လာတွေလဲ လျှောက်လို့ရနေပါပီ။ ကျနော့်သူငယ်ချင်းတယောက်က အဲဒီစကော်လာရတာပါ။
ဂျပန်နိုင်င့မှာ တချို့တွေက ဆရာလက်ခံလို့လာပီး ကျောင်းတက်ခွင့်ရပီးမှ စကော်လာရှာလို့လဲရပါတယ်။ တချို့ မြန်မာတွေ အပါအ၀င် နိုင်ငံခြားသားတွေပါ ဒီလိုပဲ ရှာကြပါတယ်။ ADB စကော်လာက Master ပီးတဲ့ အထိပဲပေးလို့ တခါ PhD အတွက် Monbusho စကော်လာကို လျှောက်ထားနိုင်ပါတယ်။ အသက်ကတော့ ၃၅ နှစ်မကျော်ရပါဘူး။ တချို့က ဒီရောက်မှ monbusho စကော်လာ လျှောက်သူတွေက master ပီးတဲ့အထိပဲ ထောက်ပံ့ကြေးရပါတယ်။ Phd အတွက် တခြားစကော်လာတွေ ဆရာ့အကူအညီနဲ့ ထပ်ရှာနိုင်ပါတယ်။ ဒါ့အပြင် ဆရာက ထပ်ဆောင်း ကူညီပေးနိုင်တာက စာသင်ခန်း အကူ ဆိုပီး တလကို လစာ အနဲဆုံး ယန်း၄၀၀၀၀ နဲ့လ်ဲခန့်ပေးထားတဲ့ သူငယ်ချင်းတွေ ရှိပါသေးတယ်။ ကိုယ့်နိုင်ငံကနေရ်တဲ့
monbusho သမားတွေက တော့ master အပြင် Phd အထိ ဆက်တက်နိုင်ပါတယ်။
မမာလာ.. တချို့ကျောင်းမှာ ဘာမှ supporting မရှိပါဘူး အမရေ။ တချို့က ကိုယ့် ကွန်ပျူတာကိုယ်ဝယ်ရပါတယ်။ ဘယ်ကိုသွားသွား ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။ ဆိုလိုချင်တာက ကျောင်းအတူတူထဲမှာ မှ ကွဲပါသေးတယ်။ အခု ကျနော်တက်နေတာ Kyoto University မှာပါ။ ကျနော့်တို့ ကျောင်းမှာမှ ကျနော်ရတဲ့ အခွင့်အရေးတွေမျိုး ကျနော့် သူငယ်ချင်းနိုင်ငံခြားသားတွေ အပါအ၀င် မရကြပါဘူး။
ကျနော်ဆို ကျောင်းစားရိတ်နဲ့ နေရာအတော်များများ သွား နေဆဲုဖြစ်သလို ကွန်ပျူတာ အပါအ၀င် အားလုံး ပံ့ပိုးမှုရပါတယ်။ တချို့ ကျနော့်သူငယ်ချင်းတွေ ဒီကျောင်းပဲ ကွန်ပျူတာ ကိုယ့်ဘာသာ ၀ယ်ရတာပါ။
ကျနော့်ရဲ့ တခြားသော တခြားမြို့က သူငယ်ချင်းတွေ ဆိုလဲ တချု့တွေ ကိုယ့်ဘာသာ ကိုယ် ၀ယ်ရတာပါ။ ကျနော် ပြောချင်ပါသေးတယ် စာကလဲ အတော်ရှည်နေပီ။ ကျနော့်သူငယ်ချင်း က ပြောဘူးပါတယ်။ ကျောင်းတက်မယ် တကယ် ပညာကို လိုလားတယ်ဆိုရင် မြို့ကြီးတွေက ကျောင်းကို ရွေးဖို့ သူ့ကိုယ်တွေ့ နဲ့ ယှဉ်ပီး ပြောဘူးပါတယ်။ သူ တက်ခဲ့တဲ့ ကျောင်းက ဂျပန်တော့ ဂျပန်ပါပဲ ဒါပေမဲ့ ဘာမှ မပံ့ပိုးနိုင်သလို အဘက်ဘက် က လိုအပ်နေတဲ့ ကျောင်းတကျောင်းဖြစ်လို့ပါပဲ။ ဒိတော့ ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ အကြောင်းကိုပါ သေချာ အသေးစိတ်ဖတ်ရှုလေ့လာ သင့်တယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ စကတည်းက အကောင်းဆုံး ကျောင်းတွေကိုပဲ ရွေးပီး လျှောက်ခဲ့တာပါ။ ကံကောင်းတယ်လို့ ပြောလဲရပါတယ်။
ထပ်ပြောချင် သေးတာက ဂျပန်မှာ ဆရာနဲ့ အဆင်ပြေရင် အားလုံး အဆင်ပြေပါတယ် ဆိုတာပါပဲ။
နိုင်ငံကနေ ရလာတဲ့ Monbusho စကော်လာသမားတွေ ဆရာနဲ့ အဆင်မပြေလို့ စာမေးပွဲကျ ပီး ပြန်သွားရတာ အခု ဒီနှစ်ထဲမှာ ကျနော် ကြား နေတာ ၂ ယောက်ရှိပါပီ။ နောက်တခု
အခု ဂျပန် အစိုးရက စကော်လာတွေကို လျော့ချနေပါတယ်။ အခု ကျနော်တို့ရတာ ယန်း ၁၆၀၀၀ ဖြစ်သွားပါပီ။ ကျနော်တို့ လာတုန်းက allowance ၂၅၀၀၀ ယန်း ရပါတယ်။ နေမဲ့ နေရာရောက်တဲ့ အထိ အခမဲ့ ပို့ပေးပါတယ်။ ဒီနှစ်ရောက်လာတဲ့ သူတွေကို allowance မပေးတော့ပါဘူး။ ကိုယ်နေမဲ့ နေရာ ရောက်တဲ့အထိ စရိတ် ကိုယ့်ဘာသာ ကိုယ်ရှင်းနေရပါပီ။ ကျနော့် သူငယ်ချင်း နိုင်ငံခြားသား ပြောပြတာပါ။
ဒါကြောင့်တချို့ကလဲ မြို့ကြီးကို ကျောင်းတက်ဖို့ မရွေးကြပါဘူး။ မြို့သေးရင် အကုန်အကျ ပိုနည်းလို့ပါ။
ပညာသင် လျှောက်ချင်သူတွေ ချင့်ချိန်နိုင်အောင်လို့ပါ။
ကိုယ်ဘာကို လိုအပ်သလဲ ဆိုတာ ချင့်ချိန်ပီး လျှောက်နိုင်ကြပါစေ။
့ပီးတော့ Monbusho သမားတွေ ကို ငွေတွင်မက လူဦးရေပါ လျော့ချနေပါပီ။ ဒါပေမဲ့ ကျောင်းအဆင်ပြေရင် စကော်လာတွေ အများကြီးရှိပါတယ် ဆိုတာ ပြောပါရစေ။ သာမန်အားဖြင့်တော့ Monbusho သမားတွေကို Private ကျောင်းတွေက သိပ်လက်ခံလေ့မရှိပါဘူး။
ဒါပေမဲ့ အခုနောက်ပိုင်း အတော်များများ လက်ခံ လာတာ တွေ့ရပါပီ။ အောက်မှာ စကော်လာနဲ့ ဆိုင်တဲ့
website တွေ ပေးထားပါတယ်။
http://www.rotary.org/foundation/educational/amb_scho/current/index.html
http://www.jasso.go.jp/study_j/scholarships_e.html
http://www.asiaseed.org/ayfj/
http://www.jasso.go.jp/index_e.html
အခုလို တင်ပြပေးတဲ့ မမာလာနဲ့ကိုစေးထူး
ကျေးဇူးပါ။
လေးစားစွာဖြင့်
4:11 AM
Anonymous Anonymous said...
မှားသွားလို့ပါ စကော်လာ က အခု လက်ရှိ ယန်း ၁၆၀၀၀၀ ပါ။
အိမ်စားရိတ်က အနဲဆုံး ၃၀၀၀၀ ကနေ ၆၀၀၀၀ ရှိပါတယ်။ တယောက်တည်းနေဖို့အတွက်ပါ။ ရှယ်ယာသုံးတဲ့ အခန်းတွေလဲ ရှိပါတယ်။ ဈေးသက်သာပါတယ်။
အိမ်စားရိတ်ကတော့ အနဲဆုံး ၂၀၀၀၀ ကနေ ၃၀၀၀၀ သောင်း ကြားရှိပါတယ်။
ကျောင်းနဲ့ အိမ်နီးရင်တော့ ခရီးစရတ် မကုန်ပါဘူး။


