အထက်တန်းကျောင်းသားအရွယ်ဟာ အသက်၁၃နှစ်ကျော်ပြီးအရွယ်မို့ လောက၀န်းကျင်ဆိုင်ရာအရေးအရာ တွေကို သင်ယူနားလည်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်း အဆင့်မှာတော့ Civic Education ကို အဆင့်မြှင့်ပြီး သင်ကြားပေးရတော့မှာပါ။ ဒါကြောင့် ရှေးမြန်မာမင်းတွေလက်ထက်ကစပြီး ခေတ်အလိုက် ပြည်သူပြည်သားတွေရဲ့ တာဝန်တွေကို ပြောပြပေးဖို့ လိုပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို သမိုင်းနဲ့ချီပြီး ရှင်းလင်း ပြောပြရပါမယ်။ ဥပမာ- ခုလိုအချိန်မှာဆိုရင် ဒီမိုကရေစီစနစ်ရဲ့ သမိုင်းကြောင်းနဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို စနစ်တကျ ပြောပြရမှာဖြစ်ပါတယ်။ အဲလိုပဲ တပါတည်းမှာ ပြည်သူလူထုရဲ့ ၀တ္တရားတွေနဲ့ အခွင့်အရေးတွေကိုပါ အကျယ်တ၀ံ့ ရှင်းလင်း သင်ကြား ပေးရ ပါမယ်။ ပြီးတော့ အခုအချိန်မှာဆိုရင်တော့ ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ အဂါင်္ရပ်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ သဘောသဘာဝတွေကို ထည့်သင်ပေးဖို့ လိုပါတယ်။
အထက်တန်းအဆင့်ပညာရေးဟာ နိုင်ငံတခုကို တည်ထောင်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့တွေအတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့်တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းကျောင်းသားများဟာ နိုင်ငံအုပ်ချုပ်ပုံကအစ အရေးပါတဲ့ ကဏ္ဍတွေကို သေသေချာချာသိဖို့ လိုနေပြီဖြစ်ပါတယ်။ ဒါကြောင့် အထက်တန်းအဆင့် Civic Education သင်ရိုးထဲမှာဆိုရင် နိုင်ငံတော်၏ တာဝန်ဝတ္တရားများ ဆိုပြီးတော့ နိုင်ငံအစိုးရတွေက ပြည်သူလူထု အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမယ့် အရေးအရာတွေကို ထည့်ပေးရပါမယ်။ အဲသလိုပဲ ပြည်သူလူထုရော အစိုးရတွေပါ တန်းတူလိုက်နာရမယ့် အုပ်ချုပ်ရေးဥပဒေတွေကိုလည်း သင်ရိုးထဲမှာ ထည့်ပေးဖို့ လိုပါတယ်။ ဒါမှပဲ အစိုးရရော ပြည်သူလူထုဟာ Good citizen တွေ ဖြစ်လာမှာပါ။
အဲသလိုပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ နောက်ထပ် သင်ယူသင့်တဲ့ သင်ခန်းစာတွေကတော့ အုပ်ချုပ်သူ အစိုးရတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ အစိုးရဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်ကနေစပြီး ဒီမိုကရေစီအစိုးရနဲ့ အာဏာရှင်အစိုးရ ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားရှိတာကို သင်ကြားပေးရ ပါမယ်။ တဆက်တည်းပဲ ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်ပုံနဲ့ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ပုံ တွေကိုလည်း ကမ္ဘာတ၀ှမ်းက အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေနဲ့ယှဉ်ပြီး စနစ်တကျ သင်ပေးရမှာ ဖြစ်ပါ တယ်။ ဒါမှပဲ ကျောင်းသားတွေကိုယ်တိုင် ချိန်ထိုးနှိုင်းယှဉ်ပြီး သုံးသပ်ရွေးချယ်နိုင်မှာပါ။
အဲဒီသင်ခန်းစာတွေနဲ့ ဆက်စပ်ပြီးတော့ပဲ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးပိုင်ခွင့်အကြောင်း၊ ဖက်ဒရယ် အစိုးရပုံစံနဲ့ တရားဥပဒေကဏ္ဍကိုလည်း သင်ရိုးထဲမှာ ထည့်ရပါမယ်။ ဒါတွေဟာ လူငယ်တွေအနေနဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် နိုင်ငံ့ အရေး အရာတွေကို ရင်းနှီးကျွမ်းဝင်နေအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါမှလည်း အရွယ်ရောက်လို့ ကိုယ်တိုင် နိုင်ငံအရေးတွေမှာ ၀င်ရောက် ဆောင်ရွက်ရတဲ့အချိန်မှာတော့ အားလုံးကို နားလည်နေပြီးသားဖြစ်တဲ့အတွက် သေသေချာချာ သုံးသပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်အရေးပါတဲ့ သင်ခန်းစာတွေကတော့ ကိုလိုနီစနစ်အကြောင်း၊ နိုင်ငံချဲ့ထွင်ခြင်း အကြောင်းတွေနဲ့ လွတ်လပ်ရေးအကြောင်းတွေပဲဖြစ်ပါတယ်။ လွတ်လပ်ရေးမှာတောင်မှပဲ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့လွတ်လပ်ရေး(Civil Liberty)၊ ပြီးတော့ လွတ်လပ်စွာမဲပေးခွင့်၊ တန်းတူ ရာထူးထမ်းဆောင်ခွင့်တွေလို နိုင်ငံရေးအရလွတ်လပ်ရေး(Political Liberty) နဲ့ သူတပါး လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လွတ်လပ်ရေး (National Liberty) လို့ ရှိတာတွေကို ကျောင်းသားတွေအနေနဲ့ အသေးစိတ်သိထားဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ့်နိုင်ငံမှာ လုံးဝပြည့်စုံတဲ့ လွတ်လပ်ရေးမျိုး ရနေရဲ့လား၊ မရနေဘူးလားဆိုတာကိုပါ စာသင်သား လူငယ်တွေ တရားနည်းလမ်းကျကျ သိမြင်တတ်လာမှာ ဖြစ်ပါတယ်၊
အခုပြောပြသွားတဲ့ သင်ရိုးတွေကို မြန်မာနိုင်ငံပညာရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်က အကြံပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီသင်ရိုးတွေဟာ ဒီမိုကရေစီပညာရေး တည်ဆောက် နေပြီလို့ အာဏာပိုင်တွေက ကြေညာနေတဲ့ ခုလို အချိန်ထိတောင် တပိုင်းတစလောက်တောင် သင်ယူခွင့် မရသေးတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စကော့တလန်က ကျောင်းသား တွေရဲ့ အခွင့်အရေးကို ထည့်ပြောပြချင်ပါတယ်။ ဒါကလည်း ပြည်ပအခြေစိုက် ပညာရေးပညာရှင် ဒေါက်တာသိန်းလွင်ရဲ့ ပြီးခဲ့တဲ့ အောက်တိုတာလတွင်း ပညာရေးခရီးစဉ်တုန်းက အတွေ့အကြုံ ဖြစ်ပါတယ်။
စကော့တလန်က ကျောင်းတွေမှာ မူလတန်းကလေးတွေကို ‘ကြီးလာရင် ဘာဖြစ်ချင် သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးစေပါတယ်။ အဲဒီအခါမှာ အသက်၉နှစ်အရွယ် ကျောင်းသူကလေးတစ်ယောက်က ပါလီမန် အမတ် ဖြစ်ချင်တယ်လို့ ရေးခဲ့ပါတယ်။ ဖြစ်ချင်ရတဲ့ အကြောင်းကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်လို့လို့ ဆိုပါတယ်။ နောက်တော့ အဲဒီ ကျောင်းသူကလေးကို ကျောင်းအုပ်ဆရာကြီးက ပါလီမန်ထဲကို လေ့လာသူ အနေနဲ့ ခေါ်သွားပြီး ပါလီမန်အမတ်တွေနဲ့ တွေ့ခွင့် စကားပြောခွင့် ပေးခဲ့ပါတယ်။ ကျောင်းသူလေးကိုယ်တိုင် ကလည်း ပါလီမန်ထဲက အမတ်တွေရဲ့ရှေ့၊ စင်မြင့်ပေါ် မှာ သူ့အနေနဲ့ ပါလီမန်အမတ် ဖြစ်ချင်ရတဲ့အကြောင်းကို ရှင်းလင်းပြောပြပါတယ်။ အဲသလိုပဲ တရားသူကြီးဖြစ်ချင်သူကို တရားခွင်ထဲ၊ ဂီတမှူးဖြစ်ချင်သူကို ဂီတကျောင်း ထဲ ခေါ်သွားပြီး လေ့လာခွင့်ပေးတဲ့ အစီအစဉ်မျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အမြင်ကျယ်ပြီး အတွေးအခေါ် ဥာဏ်ရည်အရာမှာ သိပ်ကောင်းကြတယ်လို့ ဒေါက်တာသိန်းလွင်က သူကိုယ်တိုင်တွေ့ခဲ့တဲ့ အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မူလတန်းကျောင်းတကျောင်းမှာတော့ ဒေါက်တာသိန်းလွင် ရောက်သွားချိန်မှာ ကျောင်းသား ကလေးငယ်များက ရွှေဝါရောင်နဲ့ အနီရောင် ပိုးဖဲတံဆိပ်လေးတွေနဲ့ ကြိုဆိုခဲ့ပါတယ်။ အဲဒီဖဲပြားလေးတွေကို ဘယ်သူကမှ မခိုင်းစေဘဲ၊ မလှုံ့ဆော်ပါဘဲနဲ့ ကလေးတွေကိုယ်တိုင်က လုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်တဲ့ သံဃာတော်များနဲ့ ပြည်သူလူထုအပေါ် အာဏာပိုင်တွေက သတ်ဖြတ်ခဲ့ တာကို သတင်းတွေမှာ မြင်ရကြားရတဲ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ လုပ်ခဲ့တာလို့ ကလေးတွေက ပြောပြခဲ့ပါတယ်။ ကလေးတွေဟာ မူလတန်းအဆင့်လေးမှာတောင်မှပဲ အံ့သြစရာကောင်း လောက်အောင် ဗဟုသုတရှိပြီး ကိုယ်ချင်းစာတတ်တဲ့ စိတ်မျိုးလည်းရှိနေကြတယ်လို့ ဒေါက်တာသိန်းလွင်ကပဲ ပြောပြခဲ့ပါတယ်။
ဒါတွေဟာ ခေတ်မီတိုးတက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ ပညာရေးစနစ်ကို ခံစားခွင့်ရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် အလှမ်းဝေးနေတဲ့ တိုင်းပြည်အရေးကိစ္စတွေဟာ တကယ်တော့ ကျောင်းသားတွေအတွက်၊ ဒီမိုကရေစီ နိုင်ငံ ထူထောင်နိုင်ရေးအတွက် အရေးပါလှတဲ့ ဗဟုသုတ သင်ခန်းစာတွေပါပဲ။ အထူးသဖြင့် လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံမှာ အဲလို သင်ခန်းစာမျိုးတွေကို ကျောင်း ပညာရေးထဲမှာ အမြန်ဆုံးသင်ယူခွင့် သင်ကြားခွင့်ရဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။
မေငြိမ်း
၅ နိုဝင်ဘာ ၂၀၀၇။
Saturday, March 8, 2008
ပညာရေးနဲ့ နိုင်ငံရေး |
Wednesday, March 5, 2008
မြန်မာ့ပညာရေးနဲ့ Hidden Curriculum |
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ပညာရေးဆိုင်ရာ ဆွေးနွေးချက်တွေကို သုံးပတ်ဆက်တိုက် ဆွေးနွေးတင်ပြခဲ့တာမှာ ပြီးခဲ့တဲ့ တပတ်ကတော့ မူလတန်းအဆင့် ပညာရေးထဲမှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေ သင်ခန်းစာတွေအကြောင်း ပြောခဲ့ပါတယ်။ ဒီတပတ်တော့ အလယ်တန်းအဆင့်မှာ ပြဌာန်းသင့်တဲ့ သင်ရိုးတွေအကြောင်းကိုဆက်ပြီး ဆွေးနွေးတင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ ကျောင်းသားအများစုဟာ ကျောင်းချိန်အပြီးမှာ ကျူရှင် တက်ရတာ၊ အချိန်ပို တက်ရတာတွေနဲ့ စာကုန်းကျက်ရတာနဲ့ တနေ့တာကို ကုန်ဆုံးနေကြရပါတယ်။ တခါတလေ စနေတနင်္ဂနွေ မှာတောင် မနားကြရဘဲ ကျူရှင်တက် နေကြရတာမျိုးတွေတောင် ရှိပါတယ်။ အဲသလောက် အချိန်တွေ အများကြီးပေးပြီး သင်နေရပေမဲ့ ကလေးတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ သင်ကြားနည်းမျိုး မဟုတ်တာမို့ အကျိုးမရှိလှပါဘူး။ ဒီနေရာမှာ ပြဿနာက လက်တွေ့ဘ၀ထဲမှာ အသုံးဝင်တဲ့ လိုအပ်တဲ့ သင်ခန်းစာတွေ ပါဝင်မှု နည်းတာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ အခြေခံပညာရေးမှာ အလယ်တန်းဆိုတာက ၅တန်းကနေ စပါတယ်။ အလယ်တန်း တက်တဲ့ ကျေင်းသားဟာ သတ်မှတ်ချက်အရဆိုရင် အနည်းဆုံး အသက် ၁၀နှစ် ကျော်ပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် မူလတန်းမှာကတည်းက အခြေတည် ခဲ့ပြီးသားဖြစ်တဲ့ တကိုယ်ရည်သန့်ရှင်းရေးတို့ ယဉ်ကျေးလိမ္မာဖို့ဆိုတာတွေ ကို ပိုပြီး အခြေခိုင်အောင် ထိန်းသိမ်းပေးဖို့ပဲ လိုပါတော့တယ်။ ဒါပေမဲ့ အသက်အရွယ်အရ လူမှုရေးဆိုင်ရာ ဗဟုသုတတွေကိုတော့ ပိုသိဖို့ လိုအပ်လာတာမို့ လူမှုဝန်းကျင်နဲ့ ဆက်ဆံရေးပုံစံတွေ၊ ကိုယ်နဲ့ နီးစပ်ရာ လူမျိုးစုတွေအကြောင်းနဲ့အတူ ပတ်ဝန်းကျင် ရေမြေသဘာဝ ရာသီဥတုနဲ့ သက်ဆိုင် ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ထည့်သွင်း သင်ကြားပေးရမှာဖြစ်ပါတယ်။
ဦးသန့်ရဲ့ အဆိုအရတော့ အလယ်တန်းအဆင့်မှာ ကျောင်းသားတွေဟာ ပြည်သူ လူထုအနေနဲ့ ကျေပြွန်ဖို့ လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို သိဖို့လိုနေပြီလို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံကို ချစ်ခင်စုံမက်ဖို့၊ ပြည်တွင်း ပြည်ပ ရန်တွေကို ခုခံကာကွယ်ဖို့၊ တရား ဥပဒေတွေကို စောင့်သိရိုသေဖို့၊ နိုင်ငံ့အရေးအရာကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်ဖို့၊ စာပေအတတ်ပညာ တတ်မြောက်ဖို့ ဆိုတာတွေဟာ စာသင်သားတွေ မဖြစ်မနေ သိရမယ့် အကြောင်းအရာတွေပဲဖြစ်တယ်လို့ ဦးသန့်က တင်ပြထားပါတယ်။ အဲဒီ သင်ခန်းစာတွေကို အသေးစိတ် တင်ပြချင်ပါတယ်။
ပြည်သူလူထုတွေအနေနဲ့ ပြည်သူ့တာဝန်ဆိုတာ ရှိသလိုပဲ ရသင့်တဲ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုလည်း ကျောင်းသားဘ၀မှာကတည်းက သိထားဖို့ လိုပါတယ်။ အဲဒီအခွင့်အရေးတွေကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ မိမိရဲ့ အသက်အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ တရားဥပဒေနဲ့ မငြိစွန်းပါက လွတ်လပ်စွာ သွားလာ ပြောဆို နေထိုင် ပေါင်းသင်း ဆက်ဆံခွင့်၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ဘာသာရေး လူမှုရေး ပညာရေးဆိုင်ရာ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ အစိုးရဆေးရုံများ၌အခမဲ့ ဆေးကုသခွင့်၊ အစိုးရတရပ်အတွက် မဲဆန္ဒပေးပိုင်ခွင့် စတဲ့ ပြည်သူပြည်သားအားလုံး တန်းတူရရမှာဖြစ်တဲ့ အခြေခံအခွင့်အရေးတွေကို ကျောင်းသားအရွယ်ကတည်းက သိနေအောင် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။ ဒါမှပဲ ကျောင်းသား ဘ၀မှာကတည်းက တရားမျှတမှုဆိုတာကို သိပြီးတော့ သူတို့ ကိုယ်တိုင် တရားမျှတမှု ရှိအောင်၊ နေထိုင်တတ်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပညာရေးထဲမှာကတော့ အဲဒီ ပြည်သူလူထုတွေရဲ့ တာဝန်ဝတ္တရားနဲ့ အခွင့်အရေးဆိုတာတွေကို သင်ခန်းစာထဲထည့်မသင်ရုံမက ဗဟုသုတဖတ်စာအနေနဲ့လည်း ဖတ်ခွင့်မရှိပါဘူး။ အဲဒီအပြင် ဆရာဆရာမတွေ ကိုယ်တိုင်ကလည်း သိခွင့် မရခဲ့တာကြောင့်မို့ ကျောင်းသားတွေကို နောက်ကွယ်ကသင်ရိုး Hidden Curriculum အနေနဲ့ သင်ပေးတာမျိုးလည်း မရှိတာ တွေ့ရပါတယ်။ တကယ်တော့ Hidden Curriculum ဆိုတာက ထွေထွေထူးထူး မဟုတ်ပါဘူး။ တရားဝင် သင်ခွင့်မရတဲ့၊ ဒါမှမဟုတ် ဆက်စပ်နှီးနွယ်ပြီး သင်ပေးဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပါပဲ။
ဥပမာပြောပြရရင် သမိုင်းဘာသာရပ်ထဲက ပုဂံခေတ်အကြောင်းသင်တဲ့အခါ ကျန်စစ်သားမင်းရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကိုပြောပြရင်း၊ အုပ်ချုပ်သူတွေအနေနဲ့ လူမျိုးစုချင်း ချစ်ကြည်ရေးကို အလေးထားရမယ်၊ တိုင်းရင်းသားအချင်းချင်းကို သွေးကွဲအောင် အုပ်ချုပ်ရင် မင်းကောင်း အစိုးရကောင်း မဟုတ်ဘူးဆိုတာကို ပြောပြလို့ ရပါတယ်။ အဲဒီကနေ တဆက်တည်းပဲ ပြည်သူလူထု အနေနဲ့ အဲလို မင်းဆိုးမျိုးကို ဖြုတ်ချခွင့်ရှိတယ်ဆိုတာမျိုးကိုလည်း ပြောပြနိုင်ပါတယ်။ ဒီနေရာမှာ ပြည်သူအလိုမတူရင် ကောင်းတာ လုပ်တာဆိုပေမဲ့လို့လည်း တိုင်းပြည်ပိုင် ရတနာဖြစ်တဲ့ ဆင်ဖြူတော်ကို လှူမိလို့ ပြည်သူအလိုကျ နယ်နှင်ဒဏ်ခံရတဲ့ ဝေဿန္တရာမင်းအကြောင်းကိုပါ ဥပမာအဖြစ် ထည့်ပြောပြနိုင်ပါသေးတယ်။ ပြီးတော့ အဲဒါကပဲ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝဖြစ်တယ်ဆိုတာကို နှီးနွယ် ပြောပြ သွားနိုင်ပါတယ်။ ဒါဟာ နောက်ကွယ်က သင်ရိုးကို သင်ကြားသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ မသင်ရဘူးလို့ သတ်မှတ်ထားပေမဲ့လည်း ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို Hidden Curriculum အနေနဲ့ အများကြီး ထည့်ပြီး သင်ပေးသွား နိုင်မှာဖြစ်ပါတယ်။
အဲသလိုပဲ ပထ၀ီဝင်ထဲက သစ်တောအမျိုးအစားတွေ၊ တည်နေရာတွေကို သင်ရင်း သစ်တောရဲ့ တန်ဖိုးကြီးမားပုံနဲ့ သစ်တောကို စည်းကမ်းမဲ့ ခုတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့အတူ လက်ရှိ အခြေအနေမှာ သစ်တောတွေပြုန်းလောက်အောင် စည်းမဲ့ကမ်းမဲ့ သစ်ခုတ်နေကြတာကို ပြောပြရပါမယ်။ ဒါဟာ နိုင်ငံပိုင်ပစ္စည်းကို မတရား ခိုးယူဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ သစ်ပင် သစ်တော ထိန်းသိမ်းဖို့ အားပေးတိုက်တွန်းရင်းနဲ့ နိုင်ငံပိုင်ပစ္စည်းကို ခုခံ ကာကွယ် ထိန်းသိမ်းကြရမယ် ဆိုတာ တွေကို နောက်ကွယ်သင်ရိုးအဖြစ်သင်ပေးနိုင်ပါတယ်။
ကမ္ဘာ့သမိုင်းလို ဘာသာရပ်ကို သင်တဲ့အခါမှာလည်း ဂျာမနီနိုင်ငံ ဂျပန်နိုင်ငံတို့ရဲ့ သမိုင်းတွေကို သင်ရင်းကနေ အမျိုးသားရေးဝါဒ (Nationalism) နဲ့ ကမ္ဘာအရေးဝါဒ (Internationalism) ရဲ့ အကျိုးအပြစ်တွေအထိ ရောက်အောင် ပြောပြရပါမယ်။ ခုခေတ်မှာဆိုရင်တော့ ဒီမိုကရေစီစနစ်နဲ့ Globalization အထိကို နားလည်အောင် သိအောင် ပြောပြရမှာဖြစ်ပါတယ်။ အဲသလိုနဲ့ပဲ ကမ္ဘာ့သမိုင်းသင်ခန်းစာတွေထဲကနေ လည်း နိုင်ငံတွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေကို သင်ခန်းစာယူစရာ၊ အတုယူစရာတွေအဖြစ် အများကြီး ပြောပြသွားနိုင်ပါတယ်။
ခုချိန်မှာ မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံဖြစ်တာမို့ ပညာရေး လွတ်လပ်ခွင့် နဲ့အတူ နှီးနွယ်ဆက်စပ်နေတဲ့ သတင်းလွတ်လပ်ခွင့်တွေ လွတ်လပ်စွာ ထုတ်ဖော် ရေးသား ပြောဆိုခွင့်တွေကို ဆုံးရှုံးနေကြရပါတယ်။ ဒါပေမဲ့ အနာဂတ်ရဲ့ ခေါင်းဆောင် လောင်းတွေကို မွေးထုတ်ရမယ့် ဆရာဆရာမတွေကတော့ အစိုးရက ပိတ်ဆို့ထားပေမဲ့ လည်း ကျောင်းသားတွေကို အသိအမြင်အလင်းပွင့်အောင် သင်ပေးကြရဖို့အတွက် တာဝန်ရှိပါတယ်။ အဲဒီအတွက် ဦးသန့်ရဲ့ သင်ရိုးတွေကို နောက်ကွယ် သင်ရိုးအဖြစ် သင်ပေးနိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။
(၂၉၊၁၀၊၀၇။)
Scholarship opportunity |
For scholarship opportunity in Philippine for women
Download the form here
Monday, March 3, 2008
အလွတ်ကျက်မှတ်သည့် အလေ့အကျင့် |
ကျွန်တော်တို့ နိုင်ငံ၏ ပညာသင်ကြားမှု စနစ်ကို လေ့လာကြည့်လျှင် ကိုယ်တိုင် လေ့လာကာ ဆွေးနွေးအဖြေရှာစေသည့် နည်းလမ်းထက်၊မှတ်စုပေး၍ အလွတ်ကျက်မှတ်စေသည့် နည်းလမ်းက အခြေခံပညာရေးစနစ် တွင်သာမက အဆင့်မြင့်ပညာရေးစနစ် ထိအောင် လွှမ်းမိုးအသားကျနေတာကို တွေ့ရှိနေရပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ပညာသင်ကြားရခြင်းဟာ သင်ရိုးညွှန်းတမ်းတွေကို အလွတ်အာဂုံဆောင်နိုင်စေဖို့လား ? ဒါမှမဟုတ် ကျွန်တော်တို့ လေ့လားထားတဲ့ သင်ရိုးတွေကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကို လိုက်ပြီး အသုံးချ ဖြေရှင်းဆောင်ရွက်နိုင်စေဖို့လား ? ဘယ်အတွက် ဖြစ်မလဲ စဉ်းစားကြည့်ဖို့လိုပါမယ်။
ဆရာကျော်ဝင်း ရေးတဲ့ စာအုပ်တစ်အုပ်မှာတော့ ပညာတက် (ပညာရှိ) ဆိုတာကို ဟိုးအရင်ကတော့ မှတ်သားနိုင်မှုစွမ်းရည် နဲ့တိုင်းတာတယ်၊ ပညာဗဟုသုတတွေ များများရှာဖွေ မှတ်သားနိုင်ပြီး ပြန်လည်ရွတ်ပြနိုင်သူမျိုးပေါ့။ နောက်ကျတော့ ပညာရှိ ဆိုတာကို အသုံးချနိုင်မှုစွမ်းရည် နဲ့တိုင်းတာလာကြတယ်၊ မိမိသင်ယူလေ့လာ ထားတဲ့ အတက်ပညာကို သင့်လျော်တဲ့နေရာမှာ ပြန်လည်အသုံးချနိုင်သူမျိုးပေါ့။ ယနေ့ မျက်မှောက်ခေတ်မှာတော့ ပညာရှိဆိုတာကို ပညာဖေါ်ထုတ်နိုင်မှုစွမ်းရည် (နည်းပညာသစ်၊လေ့လာဖေါ်ထုတ်မှုအသစ်များ) နဲ့တိုင်းတာနေကြပါပြီတဲ့၊ သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကို ထပ်ဆင့်ဝေဖန်သုံးသပ် လေ့လာဆန်းစစ်ကာ နည်းပညာသစ်များ တွေ့ရှိဖေါ်ထုတ်ပေးနိုင်သူမျိုးကိုခေါ်ပါသတဲ့။ ကဲကျွန်တော်တို့ ဘယ်လိုပညာရှိမျိုးဖြစ်အောင် ကြိုးစားကြမလဲ ?
ကျွန်တော်တို့ နိုင်ငံက လူငယ်တွေကတော့ ဟိုးအရင်က ပညာရှိလို့ သက်မှတ်တဲ့ ဘ၀မျိုးကိုချီတက်နေရပြီး၊ နိုင်ငံတကာက လူငယ်တွေကတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ဆီ လှမ်းချီနေကြပြီလို့ အကြမ်းအားဖြင့် သုံးသပ်မိပါတယ်။ အဲဒီတော့ မျက်မှောက်ခေတ် ပညာရှိဘ၀ကိုလှမ်းတက်နိုင်ဖို့ ဘာတွေလိုအပ်မလဲ ဆိုရင် ကျွန်တော့် အနေနဲ့ ကတော့ ဘက်လေးဘက်လုံးက အချိုးညီစွာ လှမ်းတက်နိုင်ရပါမယ်။ ဘက်လေးဘက်ဆိုတာကတော့ ၁၊စနစ် ၂၊ဆရာ ၃၊ကျောင်းသားနှင့် ၄၊ပံ့ပိုးကူညီသူတို့ ကိုဆိုလိုတာပါ။
ကျွန်တော် စနစ်နဲပတ်သတ်၍တော့၊ မိမိတိကိုယ်တိုင် စီမံတောင်းဆိုနိုင်တဲ့ အနေအထားမရှိတဲ့ အတွက်ရော၊ ကျယ်ပြန့်လွန်းတဲ့ အတွက်ကြောင့်ပါ မဆွေးနွေးလိုပါ။ ဆရာတွေရဲ့ သင်ကြားမှုစနစ်နဲ့ ခံယူချက် အပေါ်တော့ အနည်းငယ် ဆွေးနွေးကြည့်ချင်ပါတယ်။ ကျွန်တော် ဒီရက်ပိုင်းအတွင်း တူမလေးတစ်ယောက် စာမေးပွဲဖြေခါနီး စာကျက်နေတာ သူ့စာကထောက်နေလို့ ချောသွားအောင် နည်းနည်းပြင်ပေးတာ ခါးခါးသီးသီးကို ငြင်းဆိုတာခံရပါတယ်။ ကျွန်တော်က အဓိပ္ပါယ် ဆိုလိုရင်း အတူတူဘဲလို့ ရှင်းပြကာမှ မျက်ရည်ပေါက်ကြီးငယ်ကျအောင် ငိုပါတော့တယ်။ အမှတ်ပြည့်ရဖို့ အတွက် ကျောင်းကဆရာ ပေးတဲ့မှတ်စုအတိုင်း ၏ ၊ သည် လွဲလို့မရပါဘူးတဲ့ ခင်ဗျာ။ ဘယ်လောက်တောင်ဆိုးသလဲ ဆိုရင် ၀ါကျတောင် ကျောင်းကဆရာဖွဲ့ပေးတဲ့ တိုင်းကျက်ဖြေသတဲ့။ ကျွန်တော် တော့်တော့်ကို စိတ်လည်းပျက်ပြီး၊ ကလေးတေါကိုလည်း သနားမိပါတယ်ခင်ဗျာ။ အလင်းပေးတယ်ဆိုတဲ့ ဆရာတွေက ဘာကြောင့် ကလေးတွေ့ရဲ့ မျက်စိတွေကို လွတ်လပ်ခွင့် မပေးဘဲ ဘာကြောင့်များ ကန့်သတ်ဘောင်ခတ် ထားရတာလဲဗျာ။
ကျွန်တော့် အမြင်ပြောရရင် ဆရာတွေက ကျောင်းသားတွေရဲ့ လေးစားအထင်ကြီးမှုကို ခံယူချင်တယ်။ ကလေးတွေရဲ့ အားထားရတဲ့ သူရဲကောင်းအဖြစ် ခံယူချင်ကြတယ် အဒီတော့ ဆရာပြောတာသာ အမှန် ကျန်တဲ့သူပြောတာ အကုန်အမှားဆိုတာမျိုးတွေ ဖြစ်လာတယ်။ ကလေးတွေကလည်း ပြင်ပတွေ့ရှိချက်တွေကို ဆရာကိုတင်ပြဆွေးနွေး တဲ့အခါမှာ အသိအမှတ်ပြုခြင်းမခံရတဲ့အခါမှာ မွေးရာပါ ဆူးစမ်းလိုစိတ်တွေဟာ မှေးမှိန်ပျေက်ကွယ် လာခဲ့တာ အခြေခံပညာရေးက စခဲ့တာ အထက်တန်းပညာရေး ထိတိုင်အောင်ပါဘဲ။ ဆရာတွေက အဖြေတိုင်းမှာ နောက်ထပ်သီးခြား မတူညီနိုင်တဲ့ အဖြေတွေရှိနိုင် သေးတယ်ဆိုတဲ့ အချက်ကို ကလေးတွေကို ဖုံးအုပ်ထားကြတယ်။ ဒီအခါမှာ သင်ရိုးတစ်ခုလုံး အလွတ်ရသည့်တိုင် ဒီသင်ရိုးထဲမှာ မပါတဲ့ ကွဲပြားတဲ့ အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရပြီ ဆိုလျင် ........ (ဆက်လက်ဆွေးနွေးလိုပါသည်)
မျိုးသန့်
Wednesday, February 13, 2008
Civic Education နဲ့ မြန်မာနိုင်ငံ |
လတ်တလော ဖြစ်ပျက်သွားတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ မေတ္တာပို့ဆုတောင်းပွဲတွေကို အာဏာပိုင်တွေ ဘက်က ရက်ရက်စက်စက်နှိမ်နင်းတဲ့ ကိစ္စတွေကို ကြည့်မယ်ဆိုရင် ရုတ်တရက်တော့ အာဏာရှင်တွေရဲ့ မေတ္တာတရားခေါင်းပါးမှုနဲ့ အာဏာကို အလွန်အကျွံ မက်မော ဖက်တွယ်မှုတွေကြောင့် ဖြစ်ရတယ်လို့ပဲ အကြမ်းဖျဉ်း သုံးသပ်ရမှာဖြစ်ပါတယ်။ ။
ဒီအဖြစ်အပျက်တွေဟာ ကမ္ဘာမှာ မြန်မာရဲ့ နိမိတ်ပုံကို အကြီးအကျယ် အရုပ်ဆိုး အကျည်းတန်သွားစေခဲ့ ပါတယ်။ ဒီလို ဖြစ်ပျက်ခဲ့ရတဲ့ တကယ့် အခြေခံအကြောင်းရင်းကတော့ အာဏာရှင်တွေနဲ့ သူတို့ စေခိုင်းတာကို မမှိတ်မသုန် လိုက်နာခဲ့တဲ့ နောက်လိုက်တွေဟာ ဆင်ခြင်တုံတရားနဲ့ယှဉ်တဲ့ ပညာဥာဏ်ရှိသူတွေ မဟုတ်ကြလို့၊ ပညာတတ် မပီသကြလို့သာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ထဲက နိုင်ငံကြီးသားတွေအဖြစ် နေထိုင်ကျင့်ကြံရတဲ့ ပညာမျိုးတွေက လိုက်နာရကောင်းမှန်း မသိကြလို့သာ ဖြစ်ပါ တယ်။
နိုင်ငံတနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အုပ်ချုပ်သူ နိုင်ငံ့ဦးဆောင်တွေသာမက အုပ်ချုပ်ခံ နိုင်ငံသားတွေ ကိုယ်တိုင်၊ နိုင်ငံကြီးသားပီသတဲ့ အတွေ့အကြုံ အကြားအမြင် နဲ့ အသိဥာဏ်ပညာတွေ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတွေမှာ နိုင်ငံကြီးသားဆိုတာ ဘာလဲ... ၊ နိုင်ငံကြီးသားဖြစ်အောင် ဘယ်လို နေထိုင် ကျင့်ကြံရမှာလဲ... ဆိုတာတွေကို သိထား နားလည်ထားဖို့ လိုပါတယ်။ ဒါမှလည်း လူသားအချင်းချင်း စာနာငဲ့ညှာမှုတွေထားဖို့၊ ကိုယ့် မြို့ ကိုယ့်ရွာကို ကာကွယ်စောင့်ရှောက်ဖို့၊ ကိုယ့်အခွင့်အရေးကို တရား နည်းလမ်းကျ တောင်းဆိုယူတတ်ဖို့၊ သူတပါးအခွင့်အရေးတွေကို လေးစား လိုက်နာတတ်ဖို့ ဆိုတာတွေကို သိနားလည်ကြမှာဖြစ်ပါတယ်။ အဲလို သိမှ နားလည်မှလည်း ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လည်း ကမ္ဘာ့နိုင်ငံကြီးတွေဟာ သူတို့ရဲ့ နို်င်ငံသားတွေကို နိုင်ငံကြီးသား ပီသဖို့အတွက် ကလေးအရွယ် ငယ်စဉ်ကတည်းက ကျောင်းပညာရေးထဲမှာ နိုင်ငံ့အရေးအရာတွေ၊ နိုင်ငံသားတယောက်ရဲ့ တာဝန်နဲ့ ကိုယ်ကျင့်တရား ဆိုင်ရာတွေကို Civic and Moral ဆိုတဲ့ ဘာသာရပ်တခုအဖြစ် အတန်းအဆင့်ဆင့်မှာ စနစ်တကျပြဌာန်းပြီး သင်ကြား လေ့ကျင့်ပေးတာ တွေ့ရပါတယ်။ ဒါဟာ အနာဂတ် ကမ္ဘာမှာ ငြိမ်းချမ်းရေး ထွန်းကားစေဖို့ဆီကို ဦးတည်တဲ့ ပညာရေးပဲ ဖြစ်ပါ တယ်။
တကယ်တော့ မြန်မာနိုင်ငံမှာလည်း ဥာဏ်ပညာ အမြော်အမြင်ကြီးလှတဲ့အတွက်ကြောင့်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာတဲ့ ပန်းတနော် အမျိုးသား ကျောင်းအုပ် ဦးသန့်က လွတ်လပ်ရေးမရခင် ၁၉၄၀ကျော်လောက်ကတည်းက မြန်မာနိုင်ငံ ပညာရေးထဲမှာ ကျောင်းသားလူငယ်တွေကို ပြည်ရေးပြည်ရာ ဘာသာရပ် ဆိုပြီးတော့ Civic Education ကို ထည့်သင်ဖို့ အကြံပေးခဲ့တာ ရှိပါတယ်။ အဲဒီလို အကြံပေးရာမှာ ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားရတဲ့ ရည်ရွယ်ချက်က အစ၊ သင်ရိုးအဖြစ် ပါဝင်သင့်တဲ့ သင်ခန်းစာ တွေကိုပါ အသေးစိပ်ထည့်ပြီး ဆောင်းပါးအဖြစ် ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးပါ အချက်အလက် အကြောင်းအရာတွေကို ဒီ ပညာရေး ကဏ္ဍ ကနေ အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါမယ်။
ဦးသန့်က ပြည်ရေးပြည်ရာ သင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ကစပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။ 'တကယ်တော့ ပညာရေးဆိုတာဟာ ကလေးသူငယ်တွေကို အသိဥာဏ် ကျယ်ဝန်းလာစေပြီး ပြည်သူပြည်သား ကောင်း(Good citizen)တွေ ဖြစ်လာစေဖို့ပဲ လို့ နှစ်ဆယ်ရာစု ပညာရှင်ကြီးတွေက လက်ခံထား ကြောင်းကို ဦးသန့်က ကိုးကားခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေအတွက် ကျောင်းသင်ပညာရေးထဲမှာ ခေတ်နဲ့ လျော်ညီအောင် ပြည်ရေးပြည်ရာဘာသာရပ်တွေ ထည့်သင်ဖို့ လိုတယ်လို့ အကြံပေး ခဲ့ပါတယ်။
ပြည်ရေးပြည်ရာ ဆိုတာ ပြည်သူပြည်သားတို့ရဲ့ အရေးအရာ၊ ပြည်သူပြည်သားတို့ သိသင့်သိထိုက်တဲ့ ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေအပြင် ပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့် (ပိုင်ခွင့်ပိုင်ရေး) နဲ့ တာဝန်ဝတ္တရားတွေပဲ ဖြစ်တယ်လို့ ဦးသန့်ရဲ့ဆောင်းပါးမှာ တွေ့ရပါတယ်။ ပြည်ရေးပြည်ရာဆိုတာဟာလည်း ကိုယ့်နိုင်ငံ အရေးတင်မဟုတ်ဘဲ ကမ္ဘာ့အရေးကိစ္စတွေကိုပါ ပြည်ရေးပြည်ရာအဖြစ် သိနေ နားလည်နေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ခုလို ကမ္ဘာတခုလုံး ထိစပ် ပတ်သက် လာပြီဖြစ်တဲ့ Globalization ကာလမှာဆိုရင် Civic Education ဟာ ပို အရေးကြီးလာပါပြီ။
အဓိက ကတော့ "ပြည်ရေးပြည်ရာ ဘာသာရပ် သင်ပေးရတာဟာ နိုင်ငံသားတွေကို အသိဥာဏ် ကျယ်ဝန်း မြင့်မားလာစေဖို့၊ အများကောင်းကျိုးကို မိမိတဦးတည်းရဲ့ ကောင်းကျိုးထက် ရှေးရှုတတ်စေဖို့၊ မျှတတဲ့ စိတ်မျိုး ရှိဖို့၊ ကိုယ်ချင်းစာတရားထားစေတတ်ဖို့၊ အမျိုးကို ချစ်တတ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါတာမို့လို့ ပြည်သူ့လမ်းညွှန်၊ ပြည်သူ့နီတိလို့လည်း ခေါ်နိုင်တယ်" လို့ ဦးသန့်က တင်ပြထားပါတယ်။ တနည်းအားဖြင့်တော့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သင်ခန်းစာတွေ သင်ကြားဖို့ပဲဖြစ်ပါတယ်။
ဦးသန့်ရဲ့ ဆိုလိုချက်အရတော့ အဲဒီ ပြည်ရေးပြည်ရာ Civic Education ကို သင်ကြားရာမှာ အနိမ့်ဆုံး အခြေခံအနေနဲ့ ကျောင်းသားတွေကို ကိုယ့် အိမ်မှာ အမိအဘမောင်နှမတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ရပုံတွေ၊ အဲဒီထက်ပိုပြီး ရပ်ကွက်ထဲ မြို့ရွာထဲ၊ နောက်ထပ်တဆင့် ပိုပြီး ကျယ်ပြောစွာ နိုင်ငံနီးချင်းများနှင့် ကမ္ဘာသူ ကမ္ဘာသားများ အချင်းချင်းထိ၊ မေတ္တာတရားအခြေခံနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြရပုံတွေ၊ နောက်ဆုံး အမြင့်ဆုံးအဖြစ် ဒီမိုကရေစီနည်းကျကျ ကျင့်ကြံနေထိုင်နည်းအထိ ချဲ့ထွင်သင်ကြားပေးနိုင်တာမျိုးကို ကျောင်းဆရာကြီးတယောက်အနေနဲ့ သင်ရိုး အညွှန်းတွေနဲ့တကွ အကြံပေးဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ ခုဆိုရင် ဦးသန့် လမ်းညွှန် ပေးခဲ့တာဟာ နှစ်ပေါင်း၆၅နှစ်ကျော် ကြာခဲ့ပါပြီ။
တကယ့်လက်တွေ့မှာတော့ မြန်မာနိုင်ငံပညာရေးထဲမှာ ၁၉၆၂နောက်ပိုင်းကစလို့ လောကနီတိ ဆိုတာက လည်း ပြဌာန်းချက်အနေနဲ့ပါပေမဲ့ စာသင်ချိန် သေသေချာချာ သတ်မှတ်ပေးထားတာမျိုး မရှိဘဲ ဖွံ့ဖြိုးရေး အချိန်တွေမှာ တခါတလေအဖြစ် သဘောလောက်သာ သင်တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာဆိုရင် ကျောင်းတွေမှာ စာသင်ခန်းတွေမှာ နိုင်ငံသားတယောက်ရဲ့ တာဝန် ဆိုတာမျိုးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေကို ထုတ်ဖော်ပြောမိရင်တောင် ပြောသူကို နိုင်ငံရေးမှုလို့ အမည်တပ်ပြီး နှစ်ရှည် ထောင်ချပစ်တာပါ။ အဲလို ပညာရေးစနစ်ရဲ့ အကျိုးဆက်ကြောင့်ပဲ အလုအယက် အပြိုင်အဆိုင် တိုးတက်ဖွံ့ဖြိုးနေကြတဲ့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကတော့ ကမ္ဘာ့အဆင့်မီ နိုင်ငံရေး အသိအမြင် ဗဟုသုတအရာတွေမှာ အားနည်းနေခဲ့ကြရပါတယ်။ အဆိုးဆုံးကတော့ မြန်မာလူထုအပေါ် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာခဲ့တဲ့ စစ်တပ်အဖွဲ့အစည်းထဲက အသိအမြင် ဆင်ခြင်တုံတရား ခေါင်းပါးနေမှုပဲ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ ကမ္ဘာကို ကြေညာထားတဲ့ စစ်ခေါင်းဆောင်များကိုယ်တိုင်က အထွတ်အမြတ်ထားပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ရတနာသုံးပါးဝင် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့အထိ လုပ်ရဲလာတာဟာ ကောင်းမွန်မှန်ကန်တဲ့ ပညာရေးကို မရယူခဲ့ကြရတဲ့အပြင်၊ လွဲမှားတဲ့ အမိန့်နာခံရေးကိုသာ ဦးတည် သင်ယူခဲ့ကြရတဲ့ ပညာရေးစနစ်ရဲ့ ဆိုးကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ငြိမ်းချမ်းဖို့ သာယာဝပြောဖို့နဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ဆိုရင် ကျောင်းပညာရေးထဲမှာ ငြိမ်းချမ်းရေးကို ဦးတည်စေတဲ့ နိုင်ငံသား ဆိုင်ရာကျင့်ဝတ် Civic Education ကို သင်ကြားခွင့်ပေးမယ့် အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာဖို့က ခုအချိန်မှာ အဓိက ကျလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်ရှင်။
မေငြိမ်း
Monday, February 11, 2008
အက်ဆေးများရေးသားခြင်း (နိဂုံးပိုင်း) |
အက်ဆေးများရေးသားရာမှာ နိဒါန်းပိုင်း၊ စာကိုယ်ပိုင်း၊ နိဂုံးပိုင်းတွေအပြင် တခြား အရေးကြီးတဲ့ အပိုင်းကတော့ ရည်ညွန်းကိုးကားအပိုင်းပဲ ဖြစ်ပါတယ်။ ဒီအပိုင်းက ဘာနဲ့တူသလဲဆိုရင် ကားတစီးရဲ့ နံပါတ်ပြားလိုပဲပေါ့။ နံပါတ်ပြားမပါပဲ ကားမောင်းလို့ ရတာမှန်ပေမယ့် သက်ဆိုင်ရာက အရေးယူခံရနိုင်သလိုပဲ၊ ရည်ညွန်းမပါပဲ တင်တဲ့ အက်ဆေးဆိုရင်လဲ အမှတ်တမှတ်အနည်းဆုံးကို တရားဝင် အလျှော့ခံရနိုင်ပါတယ်
ဘာလို့ ရည်ညွန်းကိုးကားဟာ ဒီလောက်အရေးကြီးရလဲဆိုတော့-
(၁) တခြားရေးသားသူတွေရဲ့ အချက်အလက်များရယူခြင်းကို ကျေးဇူးပြုဖို့လိုအပ်တာကြောင့်ရယ်
(၂)ကိုယ်ရေးသားတဲ့ အကြောင်းအရာအခြေခံဟာ ဘာလဲဆိုတာကို ပြဆိုဖို့ရယ်
(၃) စာဖတ်သူတွေ ကိယ့်အက်ဆေးဖတ်ပြီးတဲ့နောက်ပိုင်း ဒီအကြောင်းအရာကို အသေးစိတ်လေ့လာတဲ့အခါ sources တွေကို အလွယ်တကူ ရှာနိုင်ဖို့ အတွက်ရယ် ဖြစ်ပါတယ်။
အက်ဆေးတပုဒ်အတွက် ရည်ညွန်းကိုးကားရာမှာ အပိုင်း (၂)ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းက ကိုယ်ကိုးကားထားတဲ့ အချက်အလက်ရဲ့ ဘေးမှာ မူရင်းရေးသားသူကို ဖော်ပြခြင်း ဖြစ်ပြီး၊ နောက်တပိုင်းကတော့ အက်ဆေးတပုဒ်လုံး ပြီးသွားတဲ့အခါကျမှ အနောက်မှာ References ကဏ္ဍကို သီးသန့်ကဏ္ဍတခုအနေနဲ့ ထည့်သွင်းခြင်းပါ။
ဒီလို ရည်ညွန်းကိုးကားများ ထည့်သွင်းခြင်းနဲ့ ပတ်သက်ရာမှာ အသုံးများတဲ့ စနစ်နှစ်မျိုး ရှိပါတယ်။ ပထမစနစ်က Harvard system ဖြစ်ပြီး၊ နောက်တခုကတော့ Numeric system ပါ။
Harvard System
ဟားဗတ်စနစ်ကို အရင်ကြည့်ကြရအောင်ပါ။ ပထမဆုံးအနေနဲ့ အက်ဆေးရဲ့ စာကိုယ်အတွင်းက မိမိကိုးကားထားတဲ့အချက်ရဲ့ဘေးမှာ ထည့်တဲ့ ပုံစံတွေကို ဖော်ပြမယ်ဆိုရင်
It has been argued (Ray, 1998) that the essential ------------
The work of Sen (1983) and Bruton (1998) concluded
ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အသေးစိတ် စာအုပ်နာမည်တွေ၊ ထုတ်ဝေသူတွေကို ဒီနေရာမှာ မဖော်ပြရပါဘူး။
နောက်ပိုင်း References ကဏ္ဍရောက်မှ ကိုယ်ရှေ့ပိုင်းမှာ ရည်ညွန်းကိုးကားထားတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို အသေးစိတ်ဖော်ပြရပါမယ်။
စာအုပ်ကို ဖော်ပြမယ်ဆိုရင် ရေးသူရဲ့ surname, first name, ထုတ်ဝေတဲ့နှစ်၊ စာအုပ်နာမည်၊ ထုတ်ဝေသူနဲ့ ထုတ်ဝေတဲ့နေရာကို အောက်မှာ ပြထားသလိုဖော်ပြရပါတယ်။
Ray, Debraj (1998) Development Economics, Princeton University Press, Princeton
ဂျာနယ် articleကို ဖော်ပြမယ်ဆိုရင် surname, first name, ထုတ်ဝေနှစ်၊ article ခေါင်းစဉ်၊ ဂျာနယ်ခေါင်းစဉ်၊ ဂျာနယ်ရဲ့ volume၊ နံပါတ်နဲ့ စာမျက်နှာနံပါတ်တွေကို အောက်မှာ ဖော်ပြထားတဲ့ ဥပမာများအတိုင်း ဖော်ပြပေးရပါတယ်။
Sen, Amartya (1983) Development: Which way now?, Economic Journal, vol.93, No.372, pp.745-762
Bruton, H. (1998) A reconsideration of income substitution, Journal of Economic Literature, pp.903-936
Conference paper ဆိုရင် အယ်ဒီတာနာမည်၊ ထုတ်ဝေနှစ်၊ ကွန်ဖရင့် အမည်၊ ကျင်းပခဲ့တဲ့နေရာ၊ ကျင်းပတဲ့နေ့ရက်၊ ကွန်ဖရင့်မှာ တင်သွင်းတဲ့ စာတမ်းတွေကို ပြန်လည်စုစည်းထုတ်ဝေတဲ့နေရာနဲ့ အဖွဲ့ကို အခုလို ဖော်ပြပေးရပါမယ်။
Peepcke, A.,ed. (1992) OOPSLA ’92 conference on object-oriented programming systems, languages, and applications, Vancouver, 18-22 October, 1992, New York: The Association for Computing Machinery
တခြားအသေးစိတ်ပုံစံတွေ ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်ဆိုရင် အခြေခံ ပုံစံကို ကျွမ်းဝင်သွားနိုင်ပြီ ထင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ Numeric system အကြောင်း ပြောကြရအောင်ပါ။
Numeric system
နံပါတ်စနစ်ဖြစ်တဲ့အတိုင်း နံပါတ်တွေကို အခြေခံပါတယ်။ အက်ဆေးထဲက ရည်ညွန်းကိုးကားထားတဲ့ အချက်ရဲ့ဘေးမှာ နံပါတ်များ အစဉ်လိုက် ထည့်သွင်းသွားရတာပါ။
ဥပမာ-
Ray 3 mentioned that
It can be argued 4 that
ဆိုတာမျိုးတွေပါ။ uppercase နဲ့မဖော်ပြပဲ လက်သည်းကွင်းနဲ့ (3) ဖော်ပြတာမျိုးလဲ လုပ်လို့ရပါတယ်။<
နောက်ပိုင်း ရည်ညွန်းကိုးကားကဏ္ဍရောက်တဲ့အခါကျတော့
3. Ray, Debraj, Development Economics, Princeton University Press, Princeton, 1998
ဆိုပြီး ဖော်ပြရပါတယ်။ သိပ်တော့ မကွာလှပါ။ ရှေ့မှာ နံပါတ်စဉ်ပါလာတာရယ်၊ ခုနှစ်ကို နောက်မှာ ထည့်ရတာတွေရယ်ပါ။
ဂျာနယ်ကျတော့
4. Sen, Amartya, Development: Which way now?, Economic Journal, 1983, 93(372), 745-762
ဆိုပြီး ဖော်ပြရပါတယ်။
ဒီစနစ်နှစ်မျိုးများဟားဗတ်စနစ်ကို တက္ကသိုလ်တွေမှာ ပိုအသုံးများပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ညွန်ကြားချက်ပုံစံအတိုင်း လိုက်နာဖို့ အကြံပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။ ကျောင်းစာများဖတ်ရှူလေ့လာခြင်းနဲ့ပတ်သက်တဲ့ ဆောင်းပါးများကို ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး (၁၁၊ ၂၊၂၀၀၈)
Wednesday, February 6, 2008
တူညီဝတ်စုံ |
မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ပညာရေး အရည်အသွေး ကျဆင်းလာရတဲ့ အကြောင်းရင်းတွေထဲမှာ ကျောင်းသား တွေကို ကျောင်းစည်းကမ်းတွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာကြောင့် ကျောင်းသားတွေအနေနဲ့ ကျောင်းနေမပျော်လို့ စာမတော်ကြရခြင်းကလည်း အကြောင်းတရပ်ပဲ ဖြစ်ပါတယ်။
၂၀၀၆-၂၀၀၇ ပညာသင် နှစ်ကစပြီး တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ရမယ်လို့ သတ်မှတ်လိုက် ပါတယ်။ ကျောင်းသား အများစုက အဲဒီ သတ်မှတ်ချက်ကို အလွယ်တကူ နာခံချင်စိတ် မရှိခဲ့ကြပါဘူး။ အာဏာပိုင်တွေဘက်ကတော့ စည်းကမ်းပိုရှိဖို့ ရည်ရွယ်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမဲ့ “စစ်အစိုးရရဲ့ လက်အောက် မှာ ကျောင်းပညာရေး လောကကိုတောင် စစ်တပ်ဆန်ဆန် ယူနီဖောင်း သတ်မှတ်တာပဲ၊ အမိန့်သုံးတာပဲ” လို့ ပြောကြပါတယ်။
တကယ်တော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း တက္ကသိုလ်တွေမှာ တူညီဝတ်စုံ ၀တ်သင့်တယ်လို့ အားပေးခဲ့ဖူးပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အပြန်အလှန်ဆောင်းပါး ရေးခဲ့ကြဖူးပါတယ်။ ဦးသန့်က တက္ကသိုလ် ကျောင်းသား ဆိုတာဟာ အရွယ်ရောက်ပြီးသားမို့ ဒီလိုနေရာမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသင့်တာကြောင့် တူညီဝတ်စုံ မ၀တ်သင့်ဘူးလို့ ဆွေးနွေးတာပါ။ ဗိုလ်ချုပ်အောင်ဆန်းကတော့ ကျောင်းသားတွေ ဂုဏ်တုဂုဏ်ပြိုင် မရှိဘဲ အားလုံး တပြေးညီ စိတ်မျိုးရှိအောင်၊ စည်းလုံးညီညွတ်မှု ရှိအောင်၊ ပကာသန မရှိအောင် ဆိုတဲ့သဘောနဲ့ တူညီ ၀တ်စုံ ၀တ်သင့်တယ်လို့ ဆွေးနွေးတာပါ။ ဒီနေရာမှာ အယူအဆ နှစ်မျိုးစလုံးကတော့ စေတနာ ပါတဲ့ အယူအဆတွေပါပဲ။ ဒါပေမဲ့ စည်းကမ်းဟာ အမိန့်ဆန် မနေဖို့တော့ လိုပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေရတဲ့ ပြဿနာတွေက အာဏာပိုင်တွေရဲ့ အမိန့်ဆန်တဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်ကတော့ တက္ကသိုလ်ဆိုတာဟာ ကိုယ်ပိုင် ရွေးချယ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်တွေကို သေသေချာချာ ခွင့်ပြု ပျိုးထောင်ပေးရမယ့် နေရာပါ။ ဒီနေရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ လိုအပ်နေတဲ့ ကျောင်းသား အခွင့်အရေးတွေ ကိုလည်း မခံစားကြရဘဲချုပ်ချယ်ဟန့်တားမှုတွေကိုသာ ခံယူနေကြရတာပါ။ ဒါကြောင့် ကျောင်းသားတွေရဲ့ ပညာအရည်အချင်းနဲ့ စာရိတ္တပိုင်းကို ပြောပ လောက် အောင် မထိခိုက်စေနိုင်တဲ့အပြင် ပြောပလောက်တဲ့ တိုးတက်မှုမျိုးလည်း မဖြစ်စေနိုင်တဲ့ စည်းကမ်းချက်မျိုး တွေကို အမိန့်ဆန်ဆန် သတ်မှတ်ဖို့ မသင့်ဘူးလို့ ကျောင်းသား အများစုကတော့ လက်ခံထားကြပါတယ်။ တက္ကသိုလ် ပညာရေးထဲမှာ စာသင်သား တွေအနေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့ တန်ဖိုးရှိတဲ့ ပညာကောင်းတွေ သင်ယူခွင့် ရဖို့ကသာ အရေးအကြီးဆုံး ဆိုတာကိုပဲ ကျောင်းသားတိုင်းက ခြွင်းချက်မရှိ သဘောတူ လက်ခံ ထားကြပါတယ်။
ခုချိန်မှာ တူညီဝတ်စုံ သတ်မှတ်ရတာဟာ ကျောင်းတွေမှာ တပြေးညီ စည်းလုံး ညီညွတ်မှု ရှိစေဖို့လို့ အာဏာပိုင်တွေဘက်က ပြောပေမဲ့လည်း ဒါဟာ ခိုင်မာတဲ့ အကြောင်းပြချက် လို့တော့ မဆိုနိုင်ပါဘူး။ တကယ်တော့ စည်းလုံး ညီညွတ်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ဟာ အခြေခံပညာရေးအဆင့်မှာကတည်းက ကျောင်းပညာရေးထဲမှာ ကျောင်းသားတွေ အနေနဲ့ စစ်မှန်တဲ့ ပညာရေးလွတ်လပ်ခွင့်နဲ့ အတူတကွနေထိုင် ပညာသင်ခွင့် ရဖို့သာ လိုတာပါ။ အထူးသဖြင့် ကျောင်းသားတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ရတဲ့ ကျောင်းတွင်း လှုပ်ရှားမှု (Activities) တွေနဲ့သာ အဓိက သက်ဆိုင်တာပါ။ မြန်မာနိုင်ငံမှာက အခြေခံပညာမှာရော တက္ကသိုလ်မှာပါ ကျောင်းသူ ကျောင်းသားတွေ အတူတကွ ယှဉ်တွဲ ပူးပေါင်း လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုမျိုး မရှိပါဘူး၊ ပူးပေါင်း လုပ်ဆောင်မှုမျိုးကိုလည်း ခွင့်မပြုပါဘူး။
အဲဒီအပြင် တူညီဝတ်စုံ ၀တ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ဟာ ပညာရည်တိုးတက်မှုနဲ့လည်း လုံးလုံး မသက်ဆိုင်တာကြောင့်မို့လို့ ကျောင်းသားတွေကတော့ သူတို့ကို သက်သက် ချုပ်ချယ်ကန့်သတ်ထားတဲ့ အမိန့် တခုလိုသာ ယူဆကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေးအာဏာပိုင်တွေဟာ ကျောင်းသားတွေ အပေါ်မှာ ကျောင်းခေါ်ချိန်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်သလိုပဲ တူညီဝတ်စုံဝတ်ရမယ် ဆိုတဲ့ အမိန့်ကိုလည်း အာဏာစက် တခုလို ကိုင်တွယ်ထားတာကြောင့်သာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ယှဉ်ရင် ပညာရေးအရာမှာ ကမ္ဘာ့အဆင့်မီ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေဟာ တူညီဝတ်စုံ ယူနီဖောင်း ၀တ်ကြရပါတယ်။ ဒါပေမဲ့ ကျောင်းသားအခွင့်အရေးနဲ့ ပညာရေးလွတ်လပ်ခွင့် အပြည့်ရနေတဲ့ ကျောင်းသားတွေအတွက်တော့ ကျောင်းဝတ်စုံ (Uniform) ၀တ်ရခြင်းက စိတ် အနှောက်အယှက် မဖြစ်စေတော့ပါဘူး။ အဲဒီ စည်းကမ်း သတ်မှတ် ချက် ကို လိုက်နာဖို့လည်း ၀န်မလေးတော့ပါဘူး။ ကျောင်းဝတ်စုံ မ၀တ်ခဲ့ရင် တချို့ ဆရာတွေက စာသင်ခန်းထဲ ပေးမ၀င်တဲ့အတွက် ကျောင်းသားတွေဟာ သူတို့အတွက် အဖိုးတန်တဲ့ စာသင်ချိန်တွေကို လက်လွတ်မခံနိုင်တာမို့ ယူနီဖောင်းကို ဂရုစိုက်ဝတ်ကြ ရပါတယ်။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ မဟုတ်ရင် စာကြည့်တိုက်ဝင်ခွင့်၊ ကွန်ပျူတာခန်းတွေလည်း ၀င်ခွင့်မရပါဘူး။
ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ ကျောင်းသားတွေဟာ နှစ်ပေါင်းများစွာကတည်းက အစဉ်အလာ ရှိပြီးသား ဖြစ်တဲ့အတွက် တူညီဝတ်စုံ ၀တ်ရတာကို ဘာမှ ထူးထူးခြားခြား မခံစားရဘူးလို့ ပြောကြပါတယ်။ ကျောင်းသူတွေကတော့ တူညီဝတ်စုံ ၀တ်ရတာကြောင့် အ၀တ်အစားအတွက် အချိန်ပို မကုန်တော့ဘူး၊ အလုပ်မရှုပ်တော့တာမို့ ပိုကောင်းတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာကတော့ တူညီဝတ်စုံဟာ ကျောင်းသား တွေကို ကန့်သတ်ချုပ်နှောင်တဲ့ အမိန့်လို ဖြစ်နေပါတယ်။ ကျောင်းသားတွေအတွက် အဓိကလိုအပ်တဲ့ အဆင့်မြင့်ပညာရေး၊ အဆင့်မီ ပညာရေးကိုတော့ ဖြည့်ဆီး ဖန်တီး မပေးနိုင်ဘဲနဲ့ နေရာတိုင်းမှာ ချုပ်ချယ် ကန့်သတ် ထားတာသာ ရှိတာမို့ ကျောင်းသားတွေဟာ တူညီဝတ်စုံ သတ်မှတ်ချက်ကိုလည်း ချုပ်ချယ်မှု တခုလိုပဲ လက်ခံထားကြတာဖြစ်ပါတယ်။
ခု မြန်မာနိုင်ငံမှာက ကျောင်းဝတ်စုံ မ၀တ်ရင် ကျောင်းဝင်းထဲမ၀င်ရဘူး ဆိုတာအပြင် ကျောင်းအလိုက် ၀တ်စုံ အရောင်ကို ခွဲခြားသတ်မှတ်ထားပြီးတော့ တကျောင်းနဲ့ တကျောင်း လုံးဝ ကူးသန်း သွားလာ မလုပ်ရ ဆိုတာမျိုးအထိပါ ပိတ်ပင် တားဆီးထားပါတယ်။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ပါ ကြေငြာထားတာမျိုးဟာ ဘယ်နိုင်ငံရဲ့ ဘယ်တက္ကသိုလ်မှာမှ မရှိတဲ့ စည်းကမ်း ဥပဒေမျိုးပါ။ အထူးသဖြင့် ကွန်ပျူတာ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်လို လူနည်းစုသာရှိတဲ့ ကျောင်းတွေမှာဆိုရင် ကျောင်းသား ကျောင်းသူတွေကို လွန်လွန်ကဲကဲ တင်းတင်းမာမာ စည်းကမ်း ကိုင်တွယ်နေတာ တွေ့နေရ ပါတယ်။
ရန်ကုန် ရွာသာကြီးမှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်မှာဆိုရင် ကျောင်းအုပ်ဆရာမကြီးက တူညီဝတ်စုံကိစ္စကို အလွန်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ ဖျားနာနေတဲ့ကြားက ကျောင်းခေါ်ချိန် မပြည့်မှာကြောက်လို့ အနွေးထည်ဝတ်ပြီး ကျောင်းလာတက်တဲ့ ကျောင်းသူတွေကိုတောင် ယူနီဖောင်းအပေါ်မှာ အနွေးထည် ထပ်ဝတ်ဖို့ ခွင့်မပြုတဲ့အတွက် ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်၊ တကြိမ်မှာဆိုရင် အနွေးထည် ၀တ်ထားတဲ့ ကျောင်းသူတယောက်ကို အနွေးထည်ကို သိမ်းယူသွားပြီးတော့ ပြန်မပေးတာမျိုးတောင် ရှိတယ်လို့ အဲဒီ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသူ တယောက်က ပြောပြပါတယ်။ ဒါဟာ ကျောင်းစည်းကမ်း အရ အရေးယူတာမျိုးနဲ့ မတူတဲ့အပြင် မိဘနဲ့ တဂိုဏ်းတည်း နေရာမှာရှိတဲ့ ဆရာ တယောက်အနေနဲ့ ကိုယ့် တပည့်တွေအပေါ် မလုပ်သင့်တဲ့ အလုပ်မျိုးပါ။ တကယ်တော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာဆိုရင် စာသင်ခန်း စာကြည့်တိုက် နဲ့ ကွန်ပျူတာခန်းတွေ အားလုံး လေအေးပေးစက် သုံးတာမို့လို့ ကျောင်းသူတွေ ကျောင်းသားတွေဟာ အားလုံးလိုလို အနွေးထည်လို အပေါ်အင်္ကျီတွေ ၀တ်ကြရတာပါပဲ။ ဒါပေမဲ့ ခုန ကွန်ပျူတာ တက္ကသိုလ်မှာလို ပြဿနာ အလုပ်ခံရတာမျိုး မရှိပါဘူး။
တက္ကသိုလ်ကျောင်းသားတွေအတွက် တူညီဝတ်စုံ ၀တ်ခြင်း မ၀တ်ခြင်းက ပြဿနာမဟုတ်ပါဘူး။ တက္ကသိုလ် ကျောင်းသားတွေကို ဘက်ပေါင်းစုံကနေ ချုပ်ချယ်ကန့်သတ် ပိတ်ပင်တားဆီးပြီး ပညာရေးလိုအပ်ချက်တွေကို ကျတော့ အဓိက ပြဿနာတွေ ဖြစ်လာတာပါ။ ဒါကို စစ်အစိုးရက နားလည်နိုင်မှု မရှိတောင်မှပဲ ပညာရေး အာဏာပိုင်ဖြစ်တဲ့ ဆရာ ဆရာမတွေက ကိုယ် ထိတွေ့ကိုင်တွယ်နေရတဲ့ ကျောင်းသားတွေရဲ့ ပြဿနာ တွေအပေါ် နားလည် ငဲ့ညှာစွာနဲ့ ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာရေး ဆောင်ပုဒ်တခု ဖြစ်တဲ့ “မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဆိုတာနဲ့ တသဘောတည်းပါပဲ။ ဒါကြောင့် ဆရာဆရာမတွေ အနေနဲ့ ကျောင်းသားကျောင်းသူတွေအပေါ် စေတနာထားပြီး ကူညီဆောင်ရွက်ပေးသင့်တယ် လို့ ဆွေးနွေး တင်ပြလိုက်ရပါတယ်။
မေငြိမ်း
၁၈၊၉၊၀၇။
Tuesday, January 29, 2008
ကျောင်းသားအခွင့်အရေး |
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပညာရေးနဲ့ပတ်သက်တဲ့အမြင်ကို 'ကျောင်းသားဝတ္တရား'ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ရဲ့ ဥက္ကဌလုပ်နေတဲ့ အသက်၂၀ကျော် အရွယ်လောက်မှာတုန်းကတည်းက ရေးခဲ့တာဖြစ်ပေမဲ့ ခုလက်ရှိ မျက်မှောက် ခေတ် နဲ့ လာပြီး ကိုက်ညီနေတာကို တွေ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသား ဆိုသည်မှာ တန်းစာကျက်၍ စာမေးပွဲအောင်ရုံမျဟူသော အများအယူအဆ၏ တိမ်ခြင်း၏ အဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက် ကျသည့် အယူမျှသာ ဖြစ်ပေသည်
လို့ ရေးခဲ့ပါတယ်။ အဲဒါဟာ ကျောင်းသားတွေရဲ့ ပညာတတ်မြောက်မှုကို စာမေးပွဲတခုတည်းနဲ့ ဆုံးဖြတ်ခြင်းက မမှန်ကန်ဘူး ဆိုတာကို ဝေဖန်ထားတာပါပဲ။
ဒါဖြင့် ပညာတတ်မြောက်မှုကို ဘာနဲ့ တိုင်းတာအဖြေရှာသလဲဆိုတာကိုလည်း ဗိုလ်ချုပ်အောင်ဆန်းက အဲဒီဆောင်းပါးမှာ ထည့်ပြောထားပါတယ်။ ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ဓမ္မရေးပြဿနာ အရပ်ရပ်တို့ကို စိစစ် ဝေဖန် ဖြေရှင်းတတ်သောပညာ နှင့် စာအုပ်ပေစာကို အံ၍ရသော အမှတ်သညာ နှစ်ရပ် ကို ခွဲခြား၍ ထားလေသည်
လို့ ဗိုလ်ချုပ်က ပညာသိနဲ့ သညာသိကို ခွဲပြခဲ့ပါတယ်။ သညာသိဆိုတာက အလွတ်ကျက်မှတ်ပြီး သိထားတဲ့ သာမန် ဥာဏ်ရည်ပါ။ ပညာသိဆိုတာကတော့ ဆင်ခြင်သုံးသပ်ဝေဖန်နိုင်စွမ်းရှိတဲ့ ထိုးထွင်း ဥာဏ်ရည် ပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာ စာသင်သားတွေကို ဝေဖန် သုံးသပ်တတ်အောင် စဉ်းစားဆင်ခြင် ချင့်ချိန် တတ်အောင် စာသင်ခန်းကနေ ပညာရေးကနေ လေ့ကျင့် သင်ကြား ပေးသင့်တယ်လို့ ဆိုလိုတာပါပဲ။
တနည်းအားဖြင့်တော့ ဒါဟာ ကျောင်းသားတွေကို လွတ်လပ်စွာ တွေးတော ကြံစည် ပြောဆိုခွင့်၊ ဝေဖန် သုံးသပ် ဆွေးနွေးခွင့် ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံ လူ့အခွင့်အရေးတွေ ဖြစ်သလို ဒီမိုကရေစီပညာရေး စနစ် ထဲက ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ကျောင်းသား အခွင့်အရေးလည်း ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ဒီမိုကရေစီနိုင်ငံကောင်း အဖြစ် တည်တံ့အောင် ထိန်းနိုင်ဖို့ အတွက် လူငယ် ကျောင်းသားတွေကို ဒီမိုကရေစီစနစ်နဲ့ ယဉ်ပါးအောင် စာသင်ခန်းထဲမှာ လေ့ကျင့် ပျိုးထောင် ပေးတာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ ယနေ့ဖြစ်သော ကျောင်းသားများသည် မနက်ဖန် ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကား ရှိ၏၊ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခဏာနှင့် ညီအောင် အုပ်ချုပ် နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ် နည်း၊ ကိုယ်လက်ကျန်းမာရေး စသဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ ရဲတပ်များ ကစားနည်းများကို ထွင်ကြရလေ၏
လို့ ကျောင်းသားတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ညွှန်ပြခဲ့ပါသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ ရှင်းလင်း ဖော်ပြထားချက်အရဆိုရင် ပြည်ကြီးသားဆိုတာက တရားမျှတတဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီး လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်တတ်သူတွေပါပဲ။ တနည်းအားဖြင့်တော့ ဒီမိုကရေစီနည်း ကျကျ စည်းကမ်းရှိရှိ နေသူတွေပဲ ဖြစ်ပါတယ်။
တကယ်လည်း တိုးတက်တဲ့ အမြင်ရှိကြတဲ့ ကမ္ဘာ့နိုင်ငံအများစုမှာတော့ ကျောင်းသားတွေဟာ အခြေခံပညာ ကျောင်းတွေကအစ တက္ကသိုလ်တွေအထိ အဲဒီ အခြေခံလူ့အခွင့်အရေး ကျေင်းသားအခွင့်အရေးတွေကို အပြည့်အ၀ ရနေကြတာပါ။ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာ၊ အချင်းချင်း Debate လို့ခေါ်တဲ့ အပြန်အလှန် ငြင်းခုန် ဆွေးနွေးပွဲတွေ၊ ကျဘမ်း စကားပြောပွဲတွေ၊ နံရံကပ်စာစောင်တွေကို အပြိုင်အဆိုင် ပျော်ပျော်ရွှင်ရွှင် လုပ်နေကြတာပါ။ ဒါဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်ပညာ ပွင့်လင်းမှုကို အားပေးတဲ့ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကျောင်းသားတွေဟာ ကျောင်းဝန်းကျင်မှာ ကျေနပ် ပျော်ရွှင် ကြတာကြောင့်မို့လို့ ပြဿနာ ထွေထွေထူးထူးလည်းမရှိတော့ပါဘူး။
မြန်မာနိုင်ငံမှာကတော့ ကျောင်းဆိုတာဟာ ကျောင်းသားတွေကိုစာသင်ခန်းထဲမှာ အချိန်ပြည့် ပိတ်လှောင် ထားပြီး ဆရာ ဆရာမ အဆင့်ဆင့်က အထပ်ထပ် ထိန်းချုပ်ထားတဲ့ စနစ်ထဲမှာ ရှိနေတဲ့ နေရာတခုပါပဲ။ ကျောင်းချိန်အတွင်း ဘယ်လို အဖွဲ့အစည်း အသင်းအပင်းမှ ဖွဲ့ခွင့်မရှိတဲ့အပြင်၊ လူ၅ယောက်ထက် ပို စုဝေးခွင့် မရှိ၊ စကားစုဝေး ပြောပွဲ မရှိရ၊ ဘယ်လို စာစောင်စာအုပ်မှလည်း ရေးခွင့် ဖြန့်ချိခွင့်မရှိ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကိုလည်း တောင်းဆို တင်ပြခွင့် မရှိပါဘူး။ ပိုဆိုးတာကတော့ ကျောင်းသားအရေးကို စုပေါင်းဆွေးနွေး ဖြေရှင်းပေးနိုင်တဲ့၊ စည်းကမ်းတကျ တင်ပြ တောင်းဆိုပေးနိုင်တဲ့ ကျောင်းသားတွေအတွက် ကိုယ်စားလှယ် အဖွဲ့အစည်း သမဂ္ဂလည်း မရှိတာမို့၊ ကျောင်းသားတွေဟာ ကျောင်းသားတွေရရမယ့် အခွင့်အရေးတွေ အားလုံးကို ဆုံးရှုံးနေကြရတာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ လူတိုင်းလူတိုင်း တဦးနှင့်တဦး အပေါင်းအသင်း သမဂ္ဂ ရှိမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင် ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တဦးကိုတဦး အနာခံတတ်ခြင်း၊ စောင်မ ကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လောကတွင် လူ လုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်
လို့ ဆိုပါတယ်။
အဲဒီအပြင် နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခု လူများကဲ့သို့ မညီမညွတ် မလုပ်တတ် မကိုင်တတ် မဖြစ်ရလေအောင် ကျွန်ုပ် တို့ သည် ယခုအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင် ထား၏၊ ထိုအသင်းကို ၀င်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း တိုင်းပြည်ချစ်စိတ် ရှိသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း
လို့လည်း ဗိုလ်ချုပ်က စေတနာထားပြီး တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။
တကယ်တော့ ဒီမိုကရေစီပညာရေးထဲမှာ ကျောင်းသားတွေအတွက် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးဖို့နဲ့ နိုင်ငံကြီးသားပီသတဲ့ လူမှုဆက်ဆံရေးတွေကို တတ်မြောက်နိုင်ဖို့ ဆိုတာတွေကိုသာမက ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးကိုပါ ဦးတည် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီပညာရေး တည်ဆောက် နေပါတယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး အာဏာပိုင်တွေအနေနဲ့ ကျောင်းပညာရေးထဲမှာကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။
မေငြိမ်း
(စက်တင်ဘာ ၁၀ ၊၀၇)
Monday, January 21, 2008
အက်ဆေးများရေးသားခြင်း (အပိုင်း-၃) |
လိုအပ်သော အချက်အလက်များစုဆောင်းခြင်း
အက်ဆေးများရေးသားတဲ့ အခါမှာ အချက်အလက်များ စုံလင်စွာ စုဆောင်းနိုင်မှုဟာ အဓိက ကျပါတယ်။ စာကြည့်တိုက်ကနေ အသုံးဝင်မယ်ထင်တဲ့ စာအုပ်တွေ အကုန်မပြီး လှန်လှောကြည့်ရတာကတော့ အလွန်လွယ်ကူပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တချို့အကြောင်းအရာတွေကို လေ့လာနိုင်တာမှန်ပေမယ့် အက်ဆေးကောင်းကောင်း ရေးသားနိုင်ဖို့အတွက်တော့ ဒီနည်းဟာ အသုံးမ၀င်ပါဘူး။
ပထမဆုံး လုပ်သင့်တဲ့အချက်က မေးခွန်းကို သေသေချာချာ ဖတ်ခြင်းပဲဖြစ်ပါတယ်။ အက်ဆေးခေါင်းစဉ်ကို ဖတ်ပြီးတာနဲ့ ဆက်စပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချကြည့်ပြီး၊ ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ စဉ်းစားသင့်ပါတယ်။
တက္ကသိုလ်တွေမှာ အက်ဆေးခေါင်းစဉ်တွေကို (၃)ပတ်ခန့် ကြိုပေးတတ်ပါတယ်။ ခေါင်းစဉ်သိပြီးတာနဲ့ ချက်ချင်းစတာ အကောင်းဆုံးပါပဲ။ ကျောင်းသားအများစု ဖြစ်တတ်တာက အချိန်လိုပါသေးတယ်ဆိုပြီး၊ ရွှေ့နေရင်းနဲ့ (၃)၊ (၄)ရက်အလိုကျမှ တောင်မင်းမြောက်မင်း မကယ်နိုင် ပျာယာခတ်ကြတဲ့ ကိစ္စပါ။ ကျွန်မတို့ တက္ကသိုလ်မှာတော့ တရက်နောက်ကျရင် တမှတ်လျှော့တဲ့ စနစ်ရှိပါတယ်။ စောစောစခြင်းဟာ စာကြည့်တိုက်က စာအုပ်တွေ၊ ဂျာနယ်တွေကိုလဲ စုံစုံလင်လင် ရစေနိုင်တာမို့ အကျိုးရှိပါတယ်။ အတွေးအခေါ်အသစ်တွေလဲ တိုးစေနိုင်ပါတယ်။
ကျွန်မလုပ်လေ့လုပ်ထရှိတာကတော့ ခေါင်းစဉ်ရတဲ့နေ့မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေကို ရေးချပြီး၊ နောက်တနေ့ ရောက်တာနဲ့ ဒီမေးခွန်းတွေနဲ့ ဆက်စပ်မယ့် စာအုပ် (၅)အုပ်ခန့်နဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် article (3) ခုခန့်ကို သွားရှာပါတယ်။ စာအုပ်နဲ့ စာရွက်စာတမ်းစုချိန်ကို (၁)ရက်ခန့် သေချာပေးသင့်ပါတယ်။ scanned reading ပုံစံနဲ့ သေချာရွေးပြီးတဲ့ အခါကျမှ နောက်ရက်တွေမှာ တပတ်ခန့်ကို သေချာအသေးစိတ် နားလည်အောင် ဖတ်ပါတယ်။ ဒီကြားထဲမှာ လိုအပ်မယ်ထင်ရင် စာရွက်စာတမ်း အသစ်တွေ ထပ်စုပါတယ်။
ဥပမာ- ဆိုပါစို့။ rural- urban migration နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တခုကို အက်ဆေးရေးရမယ်ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တာက ဒီအကြောင်းအရာနဲ့ ပတ်သက်မယ့် မေးခွန်းလေးတွေပါ။ အပိုင်းက နှစ်ပိုင်းပါပါတယ်။ rural sector နဲ့ urban sector ပါ။ ဦးဆုံး urban sector ကို လေ့လာကြည့်ရအောင်။ urban sector မှာ ဘယ်လိုပုံစံမျိုးရှိတဲ့ economy တွေ ရှိမလဲ။ urbanization ကို ဘယ်အချက်တွေက ဖြစ်စေသလဲ။ ပြီးတဲ့အခါကျမှ urbanization ဖြစ်စေတဲ့အထဲမှာ rural migration ပါတယ်ဆိုတဲ့ အချက်ကို ဆွဲယူပြီးတဲ့အခါ rural sector အကြောင်း ဆက်ပြောသင့်ပါတယ်။ ကျေးလက်ဒေသရဲ့ အဓိက economy ကတော့ agriculture ပါပဲ။ ဒီအကြောင်း အနည်းငယ် ဆိုပြီးတာနဲ့ ကျေးလက်ကလူတွေ မြို့ပြကို migrate ဘာကြောင့်လုပ်သလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေက influence လုပ်သလဲဆိုတာ ဆက်လေ့လာသင့်ပါတယ်။ ပြီးတော့မှ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ economic model တွေ (Harris-Todaro, Stark model) ကို ဆက်လေ့လာရေးသားမယ်ဆိုရင် အက်ဆေးကောင်း တပုဒ် ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရပ်ထဲက အက်ဆေးတခုပါ။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပုံစံအမျိုးမျိုး ရှိပါလိမ့်မယ်။ ကျွန်မက basic framework အနေနဲ့ ဥပမာပေးတာပါ။
အက်ဆေးတပုဒ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရနိုင်တဲ့ sources တွေ အများကြီးပါ။ course guide တွေထဲမှာ လေ့လာသင့်တဲ့ references စာအုပ်တွေ၊ သုတေသနစာတမ်းတွေ ပါပါတယ်။ lecture တွေမှာ ဆရာတွေသင်ရင်း ပေးသွားတဲ့ sources တွေ ရှိပါတယ်။ တခါ website တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေထဲမှာလဲ တချို့သော အကြောင်းအရာတွေ ရှိပါတယ်။
အက်ဆေးအတွက် စပြင်ဆင်တာနဲ့ မှတ်စုစာအုပ်အသစ်တခု ထုတ်ဖို့ အကြံပေးလိုပါတယ်။ ဒီအထဲမှာ idea တွေ၊ quotation တွေ၊ ဥပမာပုံစံတွေကို ရေးသားထားခြင်းအား ဖြင့် အက်ဆေးစရေးတဲ့အခါမှာ အချက်အလက်တွေ အစီအစဉ်တကျဖြစ်ဖို့ အလွန်ပဲ အသုံးဝင်ပါတယ်။ source တခုရတိုင်း စာရေးဆရာ၊ စာအုပ်နာမည်၊ ထုတ်ဝေတဲ့ခုနှစ်၊ ထုတ်ဝေတဲ့စာအုပ်ကုမ္ပဏီ စတာတွေကို မှတ်ထားဖို့ မမေ့ပါနဲ့။ References list မှာ ဒါတွေကို ထည့်သွင်းရမှာပါ။ အက်ဆေးများ အဆုံးမှာ ရည်ညွန်းကိုးကားများ ထည့်ပုံထည့်နည်းနဲ့ ပတ်သက်လို့ကိုတော့ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးပါဦးမယ်။
အက်ဆေး outline ချခြင်း
အက်ဆေးတပုဒ်ရေးသားတဲ့နေရာမှာ Basic structure ဟာ အရေးကြီးပါတယ်။ ကြိုတင် plan ချပြီးမှ ရေးသားရင် ရေးသားရတာ လွယ်ကူသလို စာလုံးအရေးအတွက် လိုနေတာ ပိုနေတာမျိုးစတဲ့ ပြဿနာတွေကိုလဲ ရှောင်ရှားနိုင်ပါတယ်။
ယေဘုယျအားဖြင့် အက်ဆေးတပုဒ်မှာ နိဒါန်း၊ စာကိုယ်၊ နိဂုံး (၃)မျိုးပါတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ နိဒါန်းကဏ္ဍဟာ ဖတ်သူကို ပထမဆုံးစတင် ဆွဲဆောင်ရတာ ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ခေါင်းစဉ်ရဲ့ ဘယ်လို aspects တွေကို ရေးသားဖော်ပြမယ်ဆိုတဲ့ clear idea ကို စာဖတ်သူကို ပေးဖို့ လိုအပ်ပါတယ်။
စာကိုယ်ပိုင်းကတော့ အဓိက အချက်အလက်တွေကို ဥပမာတွေ၊ ပုံတွေနဲ့ ရှင်းလင်းရတာပါ။ paragraph တခုဆီတိုင်းမှာ main point နဲ့ supporting evidences တွေ ရှင်းရှင်းလင်းလင်း ပါဝင်နေဖို့ လိုပါတယ်။ အချိန်ရမယ်ဆိုရင် အက်ဆေးစာအုပ်များကို ဖတ်မှတ်လေ့လာကြည့်ပါ။ main idea နဲ့ supporting evidences များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
နိဂုံးပိုင်းကတော့ main ideas များကို summarize လုပ်ရတာပါ။ ပြတ်သားတဲ့ အဖြေတခုကို ထုတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ မေးခွန်းက agree လား၊ disagree လားဆိုရင် ထင်မြင်ချက် တခုခုကိုပေါ့။ တခါတရံမှာ မေးခွန်းက နောက်ဆက်တွဲ implications တွေ၊ future trends တွေကို suggest လုပ်စေလိုတဲ့ သဘောပါဝင်တတ်တယ်။ အဲဒီအခါမှာလဲ ဒီအချက်တွေကို နိဂုံးမှာ ထည့်သွင်းရပါမယ်။
အက်ဆေးစာလုံးအရေအတွက်နဲ့ ပတ်သက်လို့ကတော့ များသောအားဖြင့် စာလုံးရေ (၁၅၀၀)မှ (၃၀၀၀) ဖြစ်တတ်ပါတယ်။<
နိဒါန်းမှာ 7-8% of total length ၊ နိဂုံးမှာ 12-15% of total length ကို သုံးပြီး ကျန်တာကိုတော့ စာကိုယ်မှာ သုံးမယ်ဆိုရင် structure ကောင်းတဲ့ အက်ဆေးတပုဒ် ဖြစ်လာနိုင်ပါတယ်။
အက်ဆေးစတင်ရေးသားခြင်း
အက်ဆေးစတင်ရေးသားတဲ့အခါမှာတော့ style ဟာ အရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲဆောင်နိုင်မယ့် စတိုင်ကိုပဲ သုံးဖို့ လိုအပ်ပါတယ်။ စကားပြောအသုံးအနှုန်းနဲ့ စာရေးသားခြင်း အသုံးအနှုန်းနှစ်ခုကို ခွဲခြားရေးဖို့ လိုပါတယ်။ အတိုကောက်စာလုံးတွေ သုံးမယ်ဆိုရင် ပထမဦးဆုံး စာလုံးရှည်သုံးပြီးဘေးမှာ ကွင်းနဲ့ အတိုစာလုံးကို အရင်ရေးပါ။ ပြီးမှ အတိုကောက်စာလုံးများကို ဆက်သုံးပါ။ တခါတရံမှာ စာကြောင်းရှည်အနည်းငယ် သုံးဖို့လိုပေမယ့် များသောအားဖြင့်တော့ short sentences များပဲသုံးပါ။ ရှင်းလေလေ၊ စာဖတ်သူနှစ်သက်လေလေပါပဲ။
Layout နဲ့ ပတ်သက်လို့ကတော့ ပုံတွေ၊ model တွေ ထည့်ဖို့လိုမလို၊ subheading တွေ ပါဖို့ လိုမလိုဆိုတာ အက်ဆေးခေါင်းစဉ်ပေါ်ကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်စေလိုပါတယ်။
Paragraph များခွဲတဲ့အခါမှာ စာပိုဒ်ရဲ့ပထမဆုံးစာကြောင်းဟာ main point ဖြစ်သင့်ပါတယ်။ တခါတရံမှာလဲ main theme ရဲ့ positive, negative aspects များကို ဖော်ပြရတာမို့ theme တခုတည်းကိုတင် နှစ်ပိုဒ်၊ သုံးပိုဒ်ဖြစ်တတ်ပါတယ်။
စာပိုဒ်တခုနဲ့တခုအကူးမှာ ဒုံးတိကြီးမဖြစ်နေအောင် တခုနဲ့တခု အဆက်အစပ်စကားလုံးလေးတွေ ထည့်ပေးဖို့လဲ လိုအပ်ပါတယ်။ အသုံးများတဲ့ Transition စကားလုံးများကို ဖော်ပြရရင်
(1) Contrast ဖြစ်တာကို ဆိုချင်တဲ့အခါ but, however, on the other hand, yet
(2) Illustrations များပြချင်ရင် for example, that is
(3) Extension လုပ်ရင် similarly, moreover, furthermore, in addition
(4) အချက်အလက်ကို conclude လုပ်ချင်ရင် Therefore, consequently, as a result, thus
(5) နောက်ထပ် step တခုကို ကူးချင်ရင် then, after that, ultimately
စတာတွေပဲ ဖြစ်ပါတယ်။
အားလုံးရေးပြီးသွားတဲ့အခါကျရင်တော့ စာလုံးပေါင်းများကို သေချာပြန်စစ်သင့်ပါတယ်။ မတော်တဆအမှားသေးလေးတွေကြောင့် အမှတ်လျော့မခံပါနဲ့။ နှမျောစရာကောင်းပါတယ်။ ဘယ်နေရာမဆို၊ ဘာတွေပဲလုပ်လုပ် First impressions အရေးကြီးတယ်ဆိုတာကလဲ အမြဲမှန်နေတဲ့ အမှန်တရားဖြစ်တာကြောင့် Appearance လှနေဖို့အတွက်ကိုလဲ အထူးဂရုစိုက်ပါ။ ကျောင်းက သုံးခိုင်းတဲ့ font ကိုပဲ သုံးပါ။ page format နဲ့ ပတ်သက်တဲ့ စည်းကမ်းများကိုလဲ အတိအကျ လိုက်နာပါ။ စာမျက်နှာ နံပါတ်များကို သေချာတပ်ပါ။ အမည်နဲ့ ကျောင်းသားနံပါတ်များကိုလဲ သေချာထည့်သွင်းပါ။
အရေးပါတဲ့ နောက်အချက်တခုဖြစ်တဲ့ ရည်ညွန်းကိုးကားများ ထည့်သွင်းရေးသားမှုအကြောင်းကို နောက်ပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမယ်။
ခင်မမမျိုး (၂၁၊ ၁၊ ၂၀၀၈)
Saturday, January 19, 2008
ပါရဂူဘွဲ့ နဲ့ ကျောင်းအုပ်ရာထူး |
ကျောင်းအုပ်တယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသတ်မှတ်ချက်တွေကို ပြောခဲ့ပြီးပါပြီ။ ဒီတပတ်တော့ မြန်မာနိုင်ငံက ပါရဂူဘွဲ့ရတစ်ယောက်ရဲ့ အနေအထားကို ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံမှာက ပါရဂူဘွဲ့ရဖို့ဆိုတာ ဘာသာရပ်ဆိုင်ရာတွေမှာ မဟာဘွဲ့ရပြီးသား ဖြစ်ရပါမယ်။ ပြီးတော့ လက်ရှိ တက္ကသိုလ်တခုခုက ဆရာ ဆရာမ ဖြစ်ရပါမယ်။ ပထမဆုံး ပါရဂူတန်းတက်ရောက်ခွင့်ရဖို့ ၀င်ခွင့်ဖြေရပါတယ်။ ဒါမှမဟုတ် မဟာဘွဲ့ကို ဂုဏ်ထူး(Credit) နဲ့ အောင်မြင်ထားတဲ့သူတွေဆိုရင် ၀င်ခွင့်မဖြေဘဲ တက်ခွင့်ရနိုင် ပါတယ်။
၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ ပါမောက္ခတွေအားလုံး ပါရဂူဘွဲ့ရ ဒေါက်တာတွေ ဖြစ်ရမယ်လို့ သတ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ တချိန်လုံး စာမေးပွဲကိစ္စတွေ၊ အုပ်ချုပ်ရေး အမှုကိစ္စတွေနဲ့ ရှုပ်ထွေးနေရတဲ့ ပါမောက္ခ တွေခမျာ အချိန်အရအမိ လုယူပြီး ပါရဂူဘွဲ့အတွက် သုတေသန စာတမ်းလေးတွေ ရေးရပါတော့တယ်။ စာတမ်းတွေဟာ ကိုယ့်ရဲ့ အဓိကဘာသာရပ်ထဲက အစိတ်အပိုင်းလေးတစ်ခုစီလောက်ကိုသာ ယူရေးရတာမျိုးပါ။ ဒီနေရာမှာ ထည့်ပြောရမှာ တခုက ၂၀၀၀ပြည့်နှစ်နောက်ပိုင်း တက္ကသိုလ်ပညာရေးစနစ်ထဲမှာက ကျောင်းသား တွေရော ဆရာဆရာမတွေရော ဒရောသောပါးကို အလုပ်လုပ်နေကြရတာပါ။ အရည်အသွေးမပြည့်တဲ့ ပညာရေးဆိုပေမဲ့ အချိန်နဲ့ အင်အားကတော့ အပြည့်ပေးနေရတာပါ။ ဆရာဆရာမတွေဆို အားလပ်ရက် (Vacation) လုံးဝ မခံစားရတော့တဲ့အထိပါပဲ။
ဒီတော့ ဆရာဆရာမတွေအဖို့ ပါရဂူဘွဲ့တခု ယူဖို့ဆိုတာဟာ တော်တော်ကို လူပင်ပန်း စိတ်ပင်ပန်းဖြစ်ကြ ရတာပါ။ အချိန်အားဖြင့် ရင်းနှီးကြရရုံသာမက ငွေကုန် ကြေးကျလည်းများတာမို့ တော်တော်ဒုက္ခ ရောက်ကြ ရတာပါ။ ပိုဆိုးတာက ပါရဂူဘွဲ့ရဖို့ လိုအပ်ချက်ကြောင့်သာ အရေးတကြီးလုပ်ရတာမျိုးမို့လို့ တချို့ စာတမ်းတွေဟာ အဖြစ်သဘောလောက်သာ လုပ်ထားရတာမျိုးတွေပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း ကတော့ ပညာရှင်မှန်ရင်.. တက္ကသိုလ်က ဆရာမှန်ရင်... သုတေသန လုပ်နေရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်စနစ်ရဲ့ကျပ်တည်းမှုနဲ့ တာဝန်ကြားမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် သုတေသနလုပ်ငန်းဟာ အင်မတန် ပင်ပမ်း ဆင်းရဲရတဲ့ အလုပ် ဖြစ်နေတာပါ။
ခုချိန်မှာ ပါရဂူဘွဲ့ တခုယူဖို့ သုံးစွဲရမယ့် ငွေဟာ စုစုပေါင်း အနည်းဆုံး သိန်း၃၀၀န်းကျင် ရှိပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခတယောက်ရဲ့ လစာက ၁သိန်းခွဲပါ။ ပါရဂူဘွဲ့ကို ၆နှစ်အတွင်း ရအောင်ယူဖို့ ဘယ်လိုနည်းနဲ့ ယူရမှာ ပါလဲ။ ဒါပေမဲ့ ရေဗူး ပေါက်တာ မလိုချင်ဘူး.. ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အာဏာပိုင်များကတော့ တက္ကသိုလ် မှာ ဒေါက်တာဘွဲ့ မရရင် ရာထူးတိုးဖို့ မစဉ်းစားဘူးလို့ ကြေငြာခဲ့ပါတယ်။ အဲဒီအခါ သင်ကြားရေးပိုင်းမှာရော အုပ်ချုပ်ရေးပိုင်းမှာပါ လုပ်သက်တွေ အတွေ့အကြုံတွေ အများကြီးရှိနေပြီး တကယ်လည်း အရည်အချင်း အပြည့်ရှိတဲ့ ဆရာဆရာမတွေတောင်မှပဲ ငွေကြေးအကုန်အကျ မတတ်နိုင်တဲ့အတွက် ပါရဂူဘွဲ့ မယူရတာနဲ့ပဲ သူတို့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ ရာထူးနေရာကို မရတဲ့ အခြေအနေ ရောက်သွားတာပါ။
အဲဒီလိုအချိန်မှာပဲ စစ်တပ်က ဗိုလ်မှူးအဆင့်တွေကတော့ တက္ကသိုလ်တွေထဲမှာ ပါရဂူဘွဲ့ယူဖို့ သက်သောင့် သက်သာနဲ့ ရောက်နေကြပါပြီ။ သူတို့အတွက် ပါရဂူ ဘွဲ့ယူရတာက on duty လို့ ပြောပါတယ်။ ဒါကြောင့် သူတို့အတွက် ပါရဂူဘွဲ့ယူဖို့ ကုန်ကျစရိတ်ကို သူတို့ မိခင်ဌာနတွေက တာဝန်ယူ အကုန်အကျခံပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မဟာဘွဲ့တွေ ပါရဂူဘွဲ့တွေ ယူဖို့ သိပ်ကို အဆင်ပြေ လွယ်ကူနေပါတယ်။ အခုဆိုရင် ပညာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၀၅ခုနှစ်အထိ ပါရဂူဘွဲ့ရပေါင်း ၂၀၀ကျော် သုံးရာနီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီအပြင် လက်ရှိ ပါရဂူဘွဲ့ယူဖို့အတွက် ကျမ်းပြုနေသူများလည်း အမြောက်အများရှိနေပြီ ဖြစ်ပါတယ်၊။ အဲဒီအရေအတွက်ထဲမှာ စစ်ဘက်က အရေအတွက်ကလည်း တ၀က်နီးပါး ရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တိုးချဲ့ မြှင့်တင်ရာမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ အားထုတ်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ တပ်မတော် နည်းပညာတက္ကသိုလ် ၊ တပ်မတော်ဆေးတက္ကသိုလ် တွေက အစ နောက်ဆုံး ၀ိဇ္ဇာသိပ္ပံ ဘာသာတွေထိ တပ်မတော် လက်အောက်ခံတွေ မွေးမြူပြီး ထူးချန်သူတွေကို လက်ရှိ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပြည်ပ တက္ကသိုလ်တွေမှာ ပညာတော်သင်အဖြစ် သင်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒီလိုနဲ့ ရုရှနိုင်ငံက တက္ကသိုလ်တွေမှာ စစ်တပ်လက်အောက်ခံကျောင်းသားများအဖြစ် အပတ်စဉ်အလိုက် ပညာသင်ပြီး သွားကြတာ အရေအတွက် ထောင်ကျော်ရှိသွားပါပြီ။ အဲဒီ လူငယ်လေးတွေဟာ ပါရဂူဖြစ်ဖို့ အခွင့်အရေး အပြည့်ရှိသူတွေလည်း ဖြစ်ပါတယ်။
တက္ကသိုလ်တွေမှာ တကယ်တမ်း အပင်ပန်းအဆင်းရဲခံပြီး ပါရဂူဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားတာတောင် ဆရာ ဆရာမအရေအတွက် အနည်းအကျဉ်းသာ ပါရဂူဘွဲ့ရခွင့် ရှိသလို ပါရဂူဘွဲ့ရသူတွေဟာလည်း မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ အစိတ်အပိုင်းလေး အနည်းငယ်လောက်ကိုသာ လေ့လာ သုတေသန ပြုထားကြတာဖြစ်တဲ့အတွက် အဲဒီ အခန်းကဏ္ဍကိုသာ ကျွမ်းကျင်ပိုင်နိုင်မှု ရှိနိုင်တယ်လို့ ပြောရမှာပါ။ ဒါကြောင့် တက္ကသိုလ်တခုရဲ့ ပါရဂူဘွဲ့ဟာ အခြေခံပညာရေးကဏ္ဍမှာ ကျောင်းအုပ်လုပ်ရမယ့် အရည်အချင်း သတ်မှတ်ချက်နဲ့ ဘယ်လိုမှ မအပ်စပ် မညီညွတ်နိုင်ဘူးလို့ သုံးသပ်ရတာပဲ ဖြစ်ပါတယ်။
နောက်ထပ် စဉ်းစားစရာကောင်းတဲ့အချက်ကတော့ ပညာရေးဝန်ကြီးဌာနက ခု ၂၀၀၆- ၂၀၀၇ ပညာသင်နှစ် မှာကိုပဲ အခြေခံပညာကျောင်းတွေမှာ ပါရဂူဘွဲ့ရတွေကို ကျောင်းအုပ်အဖြစ် အုပ်ချုပ်စေတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် စ ဖော်နေပါပြီ။ လောလောဆယ်မှာက မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၁၉၆၂ကျောင်းရှိတာမို့ ကျောင်းအားလုံး တပြေးညီ ဖြစ်ဖို့ဆိုရင် ပါရဂူ ဘွဲ့ရပေါင်း နှစ်ထောင်နီးပါးလောက်ထိ ရှိဖို့ လိုလာမှာဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အရေအတွက်ကို ဖြည့်ဖို့နဲ့ တချိန်တည်းမှာပဲ တက္ကသိုလ် ပညာရေး အဆင့်အတန်းတွေကိုလည်း မြှင့်တင်မယ်လို့ ပြောထားတာမို့ လိုအပ်လာမယ့် ပညာရှင်ပါရဂူနေရာတွေအတွက်ကိုရော ထည့်စဉ်းစားထားဖို့ လိုပါတယ်။ အဲသလိုဆိုရင်တော့ စစ်တပ်လက်အောက်ခံအနေနဲ့ ပြည်တွင်းပြည်ပမှာ ပညာသင်ထားကြရတဲ့ ပါရဂူများကသာ ပညာရေးရဲ့ အရေးကြီးသော ကျောင်းအုပ် ပါမောက္ခချုပ်လို နေရာတွေကို မလွဲမသွေ ၀င်လာကြတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးရဲ့ တသွေးတသံတမိန့် အလေ့အထနဲ့ အုပ်ချုပ်မှု ကြောင့် ၁၉၆၂ ခုနှစ်ကနေစလို့ ပညာရေးလွတ်လပ်ခွင့်တွေမှာ ဆုံးရှုံးနိမ့်ကျလာခဲ့ကြတာ ခုဆို ၃၅နှစ်ကျော် ကြာခဲ့ပါပြီ။ ခုလည်း စစ်တပ် လက်အောက်ခံ ပညာတတ်ပါရဂူ ဆိုသူတွေက ပညာရေးထဲမှာ အခွင့်ထူးခံအနေနဲ့ တဖြည်းဖြည်း နေရာယူလာပြီ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပညာရေးစနစ်ကိုသာ ရလိုတဲ့ မျိုးဆက်သစ်တွေ အနေနဲ့ တော့ စဉ်းစားသုံးသပ်ရမယ့် အနေအထားတရပ်ဖြစ်တယ်ဆိုတာကို သတိထားကြရတော့မှာ ဖြစ်ပါတယ်။
မေငြိမ်း
၂၀၊သြဂုတ်၊၂၀၀၇။
Friday, January 18, 2008
ကျောင်းအုပ်တယောက်ရဲ့ အရည်အသွေး |
အခြေခံပညာအထက်တန်းကျောင်းတွေကို တာဝန်ခံအုပ်ချုပ်ရမယ့် ကျောင်းအုပ်တွေမှာ မဖြစ်မနေရှိဖို့ လိုအပ်တဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက Stanford Educational Leadership Institute ရဲ့ သတ်မှတ်ချက်တွေက တကယ်ပဲ စနစ်တကျရှိတာကို တွေ့ရပါတယ်။
သတ်မှတ်ချက်တွေအရတော့ ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေအနေနဲ့ သေသေချာချာရှိသင့်ပြီး ကျောင်းရဲ့သင်ရိုးညွှန်းတန်း (Instructional Curriculum) တွေကို ဦးဆောင် လမ်းညွှန်နိုင်မယ့်သူ ဖြစ်ရပါမယ်။ ပြီးတော့ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ရပါမယ်။ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့လည်း လိုပါတယ်။ အဲဒီအပြင် ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင် ကျွမ်းကျင်သူ၊ လူမှုဆက်ဆံရေးမှာ အောင်မြင်တဲ့သူ (Community builder) လည်း ဖြစ်ဖို့လိုပါတယ်။ အထူးသဖြင့်ကတော့ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်းတွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာတွေကို ကျောင်းအုပ်တယောက်မှာ ရှိရမယ့် အရည်အသွေး လိုအပ်ချက်တွေအဖြစ် နဲ့ တွေ့ရပါတယ်။
အဲဒီ သတ်မှတ်ချက်တွေဟာ ပညာရေးပညာရှင်တွေက နိုင်ငံတကာ ပညာရေးတွေကို စောင့်ကြည့် လေ့လာ သုံးသပ်ပြီးမှ ကောက်ချက်ချထားတာဖြစ်တဲ့အတွက် ပညာရေးလောကတခုလုံးကို ကိုယ်စားပြုနိုင်တဲ့ စံအရည်အသွေးတွေပဲ ဖြစ်ပါတယ်။ သတ်မှတ်ချက်တခုဟာ နိုင်ငံတကာစံဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့လည်း မသွေဖီဘဲ ကိုက်ညီတယ်ဆိုရင်တော့ အဲဒါကို ကိုယ့်နိုင်ငံမှာ နည်းနာယူပြီး ကျင့်သုံးသင့် ပါတယ်။ ခုန တင်ပြခဲ့တဲ့ သတ်မှတ်ချက်တွေ တချက်ချင်း ကို မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေးလောက အခြေအနေနဲ့ ယှဉ်ပြီး ပြန်သုံးသပ် ကြည့်ရင်လည်း လိုက်လျောညီထွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ကျောင်းအုပ်လုပ်မယ့်သူတွေဟာ ပညာရေးအတွက် မျှော်မှန်းချက် (Educational visionaries) တွေ အနေနဲ့ သေသေချာချာရှိသင့်တယ်ဆိုတာဟာ မြန်မာနိုင်ငံမှာလည်း Our Visions ဆိုပြီး အာဏာပိုင်တွေ ကိုယ်တိုင်က တရားဝင် ကြေငြာထားတာပါ၊ ဒါကြောင့် ကျောင်းအုပ်တယောက်အနေနဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် စံမီပညာရေးရဖို့ မျှော်မှန်းတဲ့ Educational visionaries မျိုး ရှိရပါမယ်။
အဲဒီ မျှော်မှန်းချက်နဲ့ ညီအောင် ကျောင်းအုပ်ဟာ ပညာရေးပိုင်း ဆိုင်ရာတွေကို အမြဲ အားထုတ် လေ့လာနေရတာမို့လို့ သူရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ကျောင်းရဲ့ သင်ရိုးညွှန်းတန်း (Instructional Curriculum) ပိုင်းကိုလည်း ဦးဆောင် လမ်းညွှန်နိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် နိုင်ငံတကာမှာက ကျောင်း ပညာရေးထဲမှာ စောင့်ကြည့် အကဲဖြတ်တဲ့ စနစ် Assessment system ကို သုံးတာမို့ ကျောင်းအုပ်လုပ်သူဟာ အကဲဖြတ်စနစ်မှာ ကျွမ်းကျင်သူ (Assessment experts) လည်း ဖြစ်ဖို့ လိုပါတယ်။
နောက်ထပ်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးပိုင်း (Management) မှာ ကျွမ်းကျင်ပြီး စည်းကမ်း တိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ ဆိုတာကတော့ လက်ရှိ မြန်မာနိုင်ငံ ပညာရေးထဲမှာ အလိုအပ်ဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာက အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူ ကိုင်တွယ်နေသူတွေဟာ စီမံခန့်ခွဲမှုနဲ့ ဦးဆောင်မှုစွမ်းရည် (Management and Leadership skill) နဲ့ ပတ်သက်လို့ စနစ်တကျ လေ့လာ သင်ယူ ထားတာမျိုး မရှိပါဘူး။ အဲဒီအပြင် ရာထူးဌာန နေရာဒေသ တည်ငြိမ်မှုမရှိတာကြောင့် သက်ဆိုင်ရာလုပ်ငန်းခွင် အတွေ့အကြုံ အရလည်း အားနည်းကြသူတွေ ဖြစ်နေလို့ပါပဲ။ ပြီးတော့ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားညီသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတာလို ကျောင်းအုပ်ဟာ စည်းကမ်းတိကျ လိုက်နာသူ (Disciplinarians) ဖြစ်ဖို့ အရေးကြီးပါတယ်။
ကျောင်းအုပ်တယောက်အနေနဲ့ ဘဏ္ဍာရေးသုံးစွဲမှု (Budget) မှာ ပိုင်နိုင်ကျွမ်းကျင်သူ ဖြစ်ဖို့ ဆိုတာက လည်း ကျောင်းအုပ် ဖြစ်သူဟာ ကျောင်းရဲ့ ငွေကြေးကို စီမံခန့်ခွဲရတာဖြစ်လို့ ဘတ်ဂျက်မှာ ကျွမ်းကျင်ဖို့ လိုတာပါ။ အဲလိုပဲ ကျောင်းအုပ်ဟာ ကျောင်းသား မိဘနဲ့ ဆရာ တို့ရဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးကို ထိန်းညှိ ပေးရသူ ဖြစ်တာမို့လို့ လူမှုဆက်ဆံရေး အောင်မြင်သူ (Community builder) ဖြစ်သင့်တယ် ဆိုတာဟာ အထူး ပြောစရာမလိုအောင် အရေးကြီးတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။
အဲဒီလိုအပ်ချက်တွေရဲ့ အချုပ်အဖြစ် အရေးပါတဲ့ အချက်ကတော့ ကျောင်းအုပ်ဟာ ပညာရေး တိုးတက်ကောင်းမွန်ဖို့ နည်းလမ်း တွေ တီထွင် ကြံဆ ဦးဆောင်နိုင်သူ၊ ဦးဆောင်နိုင်တယ်လို့ လူအများက သတ်မှတ် လက်ခံထားသူ (Mandate) ဖြစ်ရမယ်ဆိုတာပါပဲ။ အင်မတန် အရေးကြီးတဲ့ အချက်ပါ။ အခြေခံပညာရဲ့အထက်တန်းကျောင်းအုပ်ဟာ အခြေခံပညာရေးအတွက် လိုအပ်ချက်တွေကို သေသေချာချာ သိမှပဲ နားလည်တဲ့သူဖြစ်မှပဲ ကိုင်တွယ်ရမယ့် နည်းလမ်းကို မြင်တတ်မှာပါ။ ပြီးတော့ သူ သိထား တတ်ထားသမျှကို ပြန်ညွှန်ကြားရာမှာလည်း ကျောင်းအုပ်ဟာ လေးစားလောက်တဲ့ အရည်အသွေး၊ အတွေ့အကြုံ နဲ့ ကျွမ်းကျင်လိမ်မာမှု ရှိမှပဲ လက်အောက်ငယ်သားက လေးစားပြီး သူ ညွှန်ကြား အုပ်ချုပ် တာကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။
အပေါ်မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အချက်တွေအရဆိုရင်တော့ ဘာသာရပ်ဆိုင်ရာ ပါရဂူတစ်ယောက်ဟာ အထက်တန်းကျောင်းတစ်ကျောင်းကို ကျောင်းအုပ်တယောက်အဖြစ် ဦးဆောင်နိုင်ဖို့အတွက်ဆိုရင် ဆည်းပူး လေ့လာစရာတွေ အများကြီး ရှိနေသေးတာ အထင်အရှားပါပဲ။ လောလောဆယ်တော့ ရန်ကုန်မြို့လယ်ခေါင်က အောင်မြင်ကျော်ကြားတဲ့ ကျောင်းကြီးတချို့မှာ ကျောင်းအုပ်ကောင်းတစ်ယောက်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံအောင် လေ့လာဆည်းပူး လေ့ကျင့်မှုမျိုး ရှိမထားတဲ့ ပါရဂူဘွဲ့ရတချို့ဟာ ကျောင်းအုပ်တာဝန်နဲ့ ရောက်နေပြီဖြစ်ပါတယ်၊။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေး တင်ပြသွားဦးမှာ ဖြစ်ပါတယ်။
မေငြိမ်း
၁၃သြဂုတ် ၀၇။
Wednesday, January 16, 2008
ကျောင်းအုပ်ရဲ့ အခန်းကဏ္ဍ |
မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေကို အဆင့်အတန်း မြင့်မားစေချင်တဲ့အတွက် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ရာထူးနေရာတွေကို တက္ကသိုလ်က ပါရဂူဘွဲ့ရများကိုသာ ခန့်အပ်တော့မယ်လို့ သိရပါတယ်။
ဒီနေရာမှာ ဆွေးနွေးဖို့ ရှိလာတာက မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံနဲ့ အခြေခံပညာကျောင်းရဲ့ ပညာရေး၊ အုပ်ချုပ်ရေး ပုံစံတွေ မတူတဲ့ အကြောင်းပါပဲ။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှာဖြစ်ပါတယ်။ တက္ကသိုလ်မှာက ဘာသာရပ်ဆိုင်ရာဌာနအလိုက် ပါမောက္ခတွေ တွဲဖက် ပါမောက္ခတွေက အဆင့်ဆင့် ကိုင်တွယ်ခွဲဝေပြီး အုပ်ချုပ်ပါတယ်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာဆိုရင် တက္ကသိုလ်ကြီးတွေရဲ့ ဘာသာရပ်ဆိုင်ရာ ဌာနအလိုက်ကို ပါမောက္ခ နှစ်ယောက်၊ တွဲဖက်ပါမောက္ခ လေးယောက်ထားပြီး ကိုင်တွယ်ပါတယ်။ ပါမောက္ခ နှစ်ယောက်ကလည်း အုပ်ချုပ်ရေးပိုင်း နဲ့ သင်ကြားရေးပိုင်း လို့ ခွဲခြားပြီး တာဝန်ယူရပါတယ်။ အဲသလိုပဲ တွဲဖက်ပါမောက္ခ၄ယောက်ကလည်း သင်ကြားရေးပိုင်းကို နှစ်ယောက်၊ အုပ်ချုပ်ရေးပိုင်းကို နှစ်ယောက် ခွဲပြီး ကိုင်တွယ် အုပ်ချုပ်ရပါတယ်။
တက္ကသိုလ်အဆင့်မှာက ပါမောက္ခဆိုတာဟာ အနည်းဆုံး ဆရာလုပ်သက် နှစ်အစိတ်လောက် ရှိပြီးသူတွေပါ။ တနည်းအားဖြင့်တော့ နည်းပြ၊ လက်ထောက်ကထိက၊ ကထိက ဆိုပီး အဆင့်ဆင့် တာဝန်ယူခဲ့ကြပြီးသား ဖြစ်တဲ့အတွက် တက္ကသိုလ်စနစ်အုပ်ချုပ်ရေးနဲ့ ကောင်းကောင်း ကျင့်သားရထားပြီးသူတွေပါ။ ပြီးတော့ တက္ကသိုလ်လောကရဲ့ထုံးစံအရ အဲဒီ ပါမောက္ခများဟာ သူတို့ အုပ်ချုပ်ညွှန်ကြားရမယ့် ဆရာဆရာမတွေရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် ဆရာတပည့်အုပ်ချုပ်ရေးမျိုးမို့လို့ လုပ်ငန်းခွင် အတွင်း အဆင်ပြေချောမွေ့မှုမှာ အားသာစေပါတယ်။ ဒါတောင် ပါမောက္ခဆိုတာက ကိုယ့်ဌာနကလေးတခု တည်းကို အုပ်ချုပ်ရတာပါ။
နောက်တဆင့်ကတော့ ပါမောက္ခချုပ်အဆင့်ပါ။ ပါမောက္ခချုပ်ဆိုတာကလည်း ကျောင်းသူ ကျောင်းသားတွေ ကနေ စလို့ ပါမောက္ခတွေ ထိအောင် အစစ အရာရာ တာဝန်ခံပြီး အုပ်ချုပ်ရသူပါ။ ဒီနေရာမှာ ပါမောက္ခတွေ မော်ကွန်းထိန်းတွေကတော့ ၀န်းရံပေးကြရပါတယ်။ တက္ကသိုလ်လောကမှာ ပါမောက္ခလို ဌာနမှူးလို အုပ်ချုပ်ရေးပိုင်းတာဝန်မျိုးမှာ အနည်းဆုံးလုပ်သက် ၁၀နှစ်လောက်ရှိပြီး အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ နာမည် ကောင်းမျိုးလည်း ရှိမှပဲ ပါမောက္ခချုပ် အဆင့်မျိုး ရနိုင်မှာပါ။ တကယ်တော့ ပါမောက္ခ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်၊ စတဲ့ ရာထူးတွေဟာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး အဆင့်ဆင့် ခန့်အပ်ရတဲ့ ရာထူးတွေပါ။
အခြေခံပညာကျောင်းတွေမှာဆိုရင်တော့ တကျောင်းလုံးကို ကျောင်းအုပ်က တာဝန်ခံပြီး အုပ်ချုပ်ရပါတယ်။ ကျောင်းအုပ်ကိုလည်း အဆင့်ဆင့် အတန်းချုပ်တွေက ၀န်းရံကူညီတာမျိုး ရှိပါတယ်။ အဓိကကတော့ ကျောင်းအုပ်ဟာ ကျောင်းရဲ့ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတွေကို တာဝန်ခံရတာပါပဲ။ အဲလို တာဝန်ခံဖို့အတွက် ကျောင်းအုပ်ဟာ သူကိုင်တွယ်ရမယ့် ကျောင်းရဲ့အရေးအရာ ကိစ္စရပ်တွေကို ကျွမ်းကျင် ပိုင်နိုင်ရမှာဖြစ်သလို သူ စီမံညွှန်ကြားရမယ့် သင်ကြားရေး နဲ့ သင်ရိုးဆိုင်ရာ အချက်အလက်တွေကိုလည်း နှံ့စပ်နားလည်ရပါတယ်။ အဲဒါဟာ ကျောင်းအုပ်တွေမှာ မဖြစ်မနေ လိုအပ်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ အဲလိုအရည်အချင်းနဲ့ ပြည့်စုံဖို့အတွက်လည်း ကျောင်းအုပ်လုပ်မယ့်သူဟာ သင်ကြားရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေ များများ ရှိနေဖို့ လိုအပ်ပါတယ်။
တကယ်တော့ အခြေခံပညာကျောင်းတွေမှာ ရှိသင့်တဲ့ ကျောင်းအုပ်ဆိုတာဟာ သင်ကြားနည်းပညာ (Teaching Methodology) နဲ့ အုပ်ချုပ်ရေးနည်းပညာ (Administration) တွေကို စနစ်တကျ ဆည်းပူး သင်ယူခဲ့ကြရတဲ့ ပညာရေးတက္ကသိုလ်လိုမျိုးကနေ ဘွဲ့ရပြီး အထက်တန်းပြဆရာဆရာမတွေအဖြစ် လုပ်သက် ရင့်ပြီးသားလည်းဖြစ်တဲ့ ဆရာကြီးဆရာမကြီးတွေသာ ဖြစ်ရမှာပါ။ အဲဒီအပြင် မြန်မာနိုင်ငံမှာက ၀ါရင့် အထက်တန်းပြ ဆရာကြီး ဆရာမကြီးတွေတောင်မှပဲ အလယ်တန်းကျောင်းအုပ် လုပ်ဖူးတဲ့အတွေ့အကြုံ အနည်းဆုံး၂နှစ်ရှိမှ အထက်တန်းကျောင်းအုပ်အဖြစ် သေချာရွေးချယ်ပြီးခန့်ခဲ့တာပါ။ ဒါမှပဲ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး၊ သင်ကြားရေးလမ်းညွှန်မှု နဲ့ ကျောင်းသားရေးရာ ၀န်ထမ်းရေးရာတွေကို ချောချော မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံပညာရေးဟာ အရေးကြီးဆုံး ပညာရေးကဏ္ဍတစ်ခုလည်း ဖြစ်တာမို့ ကျောင်းသားတွေ နဲ့ ဆရာတွေကြားမှာ ပြေပြစ်အောင်မြင်တဲ့ ဆက်သွယ်မှု ဖြစ်ဖို့ကလည်း ကျောင်းအုပ်ရဲ့ အရည်အသွေးအပေါ် အများကြီး မူတည်ပါတယ်။ အဲလိုပဲ ကျောင်းအုပ်လုပ်မယ့်သူရဲ့ အတွေ့အကြုံရှိမှု ပေါ်မှာလည်း မူတည်ပါတယ်။ နိုင်ငံတကာ မှာလည်း အဲလိုပါပဲ။ ရိုးရိုး ကျောင်းဆရာ ၀င်လုပ်တာတောင်မှ ဆရာဖြစ်သင်တန်း ဆင်းပြီးမှ ဆရာ လုပ်ခွင့် ရှိတာပါ။ နိုင်ငံတကာစံအရတော့ ပြည်နယ်အဆင့် မူလတန်းကျောင်းလောက်မှာတောင် ကျောင်းသား ဦးရေ ၅၀၀ကျော်သွားရင် ကျောင်းအုပ်တစ်ယောက်နဲ့ မလုံလောက်ဘူးလို့ သတ်မှတ်တဲ့အတွက် တွဲဖက် လက်ထောက် ကျောင်းအုပ် တစ်ယောက် ထပ်ခန့်ရပါတယ်။
မြန်မာနိုင်ငံမှာကတော့ ကျောင်းသူကျောင်းသား သောင်းဂဏန်းအရေအတွက်လောက်ကိုလည်း ကျောင်းအုပ် တစ်ယောက်တည်းက အုပ်ချုပ်နေတာပါပဲ။ ဒါပေမဲ့ အဲဒီ ကျောင်းအုပ်ကြီးတွေဟာ ပညာရေးထဲမှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့တာတော့ အရည်အချင်းတရပ်လို့ ပြောနိုင်ပါတယ်။ အခု ပါရဂူဘွဲ့ရတဲ့သူတွေ အထက်တန်း ကျောင်းအုပ် လုပ်မယ်ဆိုတဲ့ ကိစ္စမှာ အဲဒီ အခြေအနေတွေကိုပါ ထည့် စဉ်းစားရမှာ ဖြစ်ပါတယ်။
တကယ်တော့ ပါရဂူဘွဲ့ရသူတွေဟာ သူတို့ရဲ့ ဘာသာရပ်ဆိုင်ရာတွေမှာ ပါရဂူမြောက်အောင် တတ်မြောက်သူ တွေသာ ဖြစ်ပါတယ်။ သင်ကြားရေးနည်းပညာ၊ အုပ်ချုပ်ရေးပညာနဲ့ အခြေခံပညာဆိုင်ရာ အရေးကိစ္စ တွေမှာတော့ အတွေ့အကြုံမရှိတဲ့အပြင် စနစ်တကျ သင်ယူတတ်မြောက်ထားသူတွေ မဟုတ်ကြပါဘူး။ အဲဒီအပြင် အခြေခံပညာနယ်ပယ်နဲ့လည်း ရင်းနှီးထိစပ်သူတွေ မဟုတ်တာမို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကိုလည်း ဆောင်ရွက်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် တကယ်တမ်း ပညာရှင်တွေရဲ့ အုပ်ချုပ်ရေးမျိုးကို လိုလားလို့ ပါရဂူဘွဲ့ရတွေကိုသာ ကျောင်းအုပ် ရာထူးပေးမယ်ဆိုရင်တောင် အနည်းဆုံး ကျောင်းအုပ်အဖြစ် လုပ်ထုံးလုပ်နည်း မွမ်းမံသင်တန်းတွေ၊ ဆွေးနွေးပွဲတွေ အများကြီးနဲ့ ပြင်ဆင်သင့်ပါတယ်။
တကယ်ပဲ ကောင်းမွန်တဲ့ ပညာရေးစနစ်ထဲမှာ ဆရာ ဆရာမ ကောင်းကောင်း လိုအပ်တယ်ဆိုရင် အဲဒီ ဆရာ ဆရာမတွေကို သေချာ ကိုင်တွယ် ညွှန်ကြားပေးနိုင်တဲ့ စီမံခန့်ခွဲပေးနိုင်တဲ့ ကျောင်းအုပ်ကောင်းကောင်း တွေကိုလည်း ထပ်တူ လိုအပ်လှပါတယ်။
မေငြိမ်း
၆၊၈၊၀၇။
Saturday, January 12, 2008
စင်ကာပူ ပညာရေး ဈေးကွက်--ကျူံးတံခါးလား--ရွှေ တံခါးလား |
အချိန်ပိုင်း အလုပ် နဲ့ ကျောင်းစာ
သြချက် လမ်းမကြီးသည် စင်ကာပူ၏ အစည်ကား ဆုံးမြို့လယ် ခေါင် အရပ်တခုဖြစ်သည်။ စနေနေ့၏ လိမ္မော် ရောင် ဖျော့ဖျော့ ညနေစောင်းသည်...တိုးကြိတ် ညပ်သပ်ကာ ခြေချင်း လိမ်မျှ သွားလာ နေကြသော လမ်းဘေး ပလက်ဖောင်းပေါ်မှ လူတို့၏ အရောင် အ၀ါများ ကိုသော်လည်းကောင်း...တ၀က်တပျက် လင်းလက်စ ပြုနေပီ ဖြစ်သော ကုန်တိုက်ကြီး များ၏ နီယွန် ဆိုင်းဘုတ် မီးပန်းဆိုင်း များကိုသော်လည်းကောင်း မထိုးဖောက် နိုင်ပဲ တိတ်ဆိတ် စွာပင် အနောက် ယွန်းယွန်းသို့ ရွေ့လျားနေ တော့သည်။
ထုထယ် ကြီးမား ခန့်ညား လှသော အနီရင့် ရောင် ဂျပန် ကုန်တိုက်ကြီးသည် ဤလမ်းမကြီး ပေါ်တွင်တော့အကြီးမား ဆုံး ဖြစ်ပေလိမ့် မည်။ ကုန်တိုက်ကြီး၏ ပဠမထပ်ရှိ အမျိုးသား ဖိနပ် အရောင်း ဌါန အတွင်း တွင် သပ်ရပ်စွာ ၀တ်ဆင် ထားသော အရောင်း သမားလေး တယောက်သည် ဖိနပ်တွေ တရံပီး တရံ တောင်းယူ စီးကြည့်နေသော ဈေးဝယ် တယောက်၏ ဘေးတွင် စိတ်ရှည် ဟန်ပြု ကာရပ်စောင့်နေ သည်။ သူ့ စိတ်ထဲ တွင်တော့.. တနင်္လာနေ့မှာ အပြီးတင် ရမည့် ပရောဂျက် ကို စိတ်ရောက် နေသည်။ ဖိုးရှုပ် အတွက်... ပိုလီ ဒုတိယနှစ် ရောက်ကာမှ ကျောင်းစာ နဲ့ အချိန်ပိုင်းအလုပ်ကြား..ဗျာများ ချင်လာသည်။
စင်ကာပူ ရောက် သူနာပြုမလေး
မနက်ခင်း မိုးလင်းစ ဆိုတာကို မသိကျိုး ကျဉ်ပြု ကာ နေရောင်သည် စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ အမိုးချွန်ချွန် နာရီစင် ကြီးပေါ်သို့ စူးစူး ရှရှ ထိုးကျ နေသည်။
ည ဂျူတီမှ ထွက်လာ သောသူနာ ပြုဆရာ မလေး ဖွေးဖွေး သည်ဆေးရုံတံခါးမှ အပြင်ဖက် ကို ခြေချ လိုက်ရင်း...တောင့်တင်း နေသော ခြေထောက် အစုံကို သတိထား လိုက်မိသည်။ လေးလံ နေသော မျက်ခွံတို့ ကို အသာ ပွတ်သပ်လိုက်ရင်း သူ့ ၀ါဒ် မှ လူမမာအဖိုးကြီး တည လုံး မအိပ်ပဲ ဂျီကျနေခြင်း ကို စိတ်တိုနေမိ သည်။ တကယ့် တကယ် သူ့မှာ သူနာပြု တယောက် ရှိသင့် ရှိထိုက် သော စေတနာ ၀ါသနာဆို တဲ့ နာ၂နာ ရော လုံ လုံ လောက် လောက်ရှိ ပါရဲ့လား....စင်ကာပူမှာ လာပီး သူနာပြု ဒီပလိုမာ ကို တက်ဖြစ်ခဲ့ဖို့ ဘယ်လို အကြောင်းကံ က များ ဖန်တီး လိုက် ပါလိမ့်...။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက် လျှောက်ဖို့ သာရှိသည်။ သူ့ ဆန်စားတော့ ရဲရမည်ပေါ့။
ပေးစလစ်မှာ သုံးနဲ့စတဲ့ ဂဏန်း လေးလုံး မြင်ရဖို့..
မနက်ခင်း ဝေလီ ဝေလင်း...စင်ကာပူ စက်မူဇုံ ရပ် ကွက်ထဲသို့ ဘတ်စ်ကား ကြီးများ တစင်းပြီး တစင်း ၀င်လာ နေကြသည်။
အပြာနု ရောင် ဖယ်ရီကား သစ်ကြီး နှစ်စင်းသည်လည်း... Chartered Semiconductor ဆိုင်းဘုတ်ကြီး ရှေ့ တွင် ရှေ့ဆင့် နောက်ဆင့် ထိုးရပ်လိုက်သည်။ တနာရီနီးပါးစီးလာသော လမ်း တလျှောက် အိပ်ငိုက် လာသော အောင် အောင်သည်.. ဘေးလူ နှိုး မှ ကသော ကမြော အိပ်ကိုဆွဲကာ လိုက်ဆင်းရသည်။ စက်ရုံ အ၀င် လှေကား အကွေ့မှာ ရှိသော ဈေးရောင်း စက်ထဲ ကိုအကြွေ တချို့ ပြစ်ထဲ့ လိုက်ရင်း ကော်ဖီအေး တဘူးဝယ်ကာ..နံနက်စာကို ဖြည့်တင်းလိုက်သည်။ ဒီနေ့လည်း အိုဗာတိုင် ရှိသည်...ညဥ့်နက်မည်။
ကောင်းတယ်... ပေးစလစ်ပ် မှာ သုံးနဲ့ စတဲ့ဂဏန်း လေးလုံး ကိုမြင်လိုက်ရင် ပမ်းသမျှ တွေ အားလုံး ပြေသွားလိမ့်မည်။ ဒါမှ ပိုလီကြွေး တွေ မြန်မြန် ဆပ် နိုင်ပီး ယူနီကို ဆက်နိုင်မှာ... တသက်လုံး တော့ ဒီပလိုမာ လေးနှင့် ပီးလို့မဖြစ်ဟု အားတင်း လိုက်မိသည်။
တဘာသာ ဒေါ်လာ ငါးရာ
Singapore Immigration က ရောက် လာ သော စာရွက် ကလေး သည် သီတာ့ လက်ထဲမှာ တဖြတ်ဖြတ် ခုန်နေသည်။
Student Pass ကျပီတဲ့... တော်ပါသေးရဲ့.... အလုံးတလုံးတော့ကျသွားပီ။ ရန်ကုန် မှာ အေးဂျင့်နဲ့ လုပ်ရင် တောင်၊ ဒီလောက် ရင်မော ရမည်မထင်...။ ခုတော့ တဘာသာကို ဒေါ်လာ ၅၀၀ နဲ့ ACCA ပထမ အရစ် အတွက် သုံး ဘာသာဖိုးသွင်း ထားရပီမို့ ရောက်နေ တဲ့၂ လ လောက် အတွင်းမှာ ဟိုဟာ ဒီဟာ ကုန်တာတွေနဲ့ဆိုလျှင် ..တော်တော် လေးတော့ ပါးနေပီ။..အရေးကြီး တာ အလုပ် ရှာ ရမည်။ ခက်တာ က အပြင် ကျောင်းတက် သူတွေ အတွက် တရား ၀င် အလုပ် လုပ်ခွင့် မရှိ တော့... ဆိုင်တွေက လည်း ရွံ့တွံ့တွံ့ နှင့် လုပ်ခ နှိမ်ချင် သည်တဲ့။ စာရင်းကိုင်...စာရင်းကိုင် ဆိုလို့ သာ ကိုင်လိုက် ရသည်... ကိုယ်နဲ့ မနီးစပ်တဲ့ ဘာသာ ရပ်မို့.....စာသင် ခန်း ထဲမှာ ရော အဆင်ပြေပါ့ မလား နော်....။ ဘာသာ အကုန်လုံးပေါင်း ၁၃ ခုတောင် ရှိပီး အရမ်း ခက်တယ်တဲ့..။ တော်တော် များများ အပြီးထိ မတက်နိုင် ကျဘူးဆိုပဲ။ သီတာ့ ရင် ထဲမှာ အလုံးတွေ အများကြီး ကျန်နေ ပါ သေးသည်။
စင်ကာပူ ပညာရေး ဇတ်ခုံ ပေါ် က ရင်ခုံသံများ
စင်ကာပူဟာ သူ့နိုင်ငံ ရဲ့ ပညာ ရေး ဇာတ်ခုံ ပေါ်က... ထိုထိုသော ရင်ခုန်သံ များကို အမြဲ နားစွင့် နေ တတ်ပါ သည်။လှပ သပ်ရပ်တဲ့ အထပ်မြင့်တိုက်ကြီးတွေ...ခောတ်မှီသစ်လွင်တဲ့မြို့ပတ်ရထားတွေ.. ထယ်ဝါခန့်ညားတဲ့ ကုန်တိုက်ကြီး တွေ ..အချိတ်ဆက် မိမိ ရှိနေတဲ့ .. လူဦးရေ လေးသန်း ကျော် မှီတင်း နေထိုင်နေတဲ့..ကမ္ဘာ့ အဆင့်မှီ ဆိပ်ကမ်းမြို့ နိုင်ငံလေးဟာ... ၁၈၁၉ ခုနှစ်များဆီက...မလေးရှား ရေ လုပ်သား ၁၅၀ လောက်ပဲရှိတဲ့ တောဖုပ်ဖုပ်ကျွန်းစပ် ကလေး တခု သာ ဖြစ်ခဲ့ တယ်ဆိုတာ...မယုံ ရင် ပုံပြင် လို့သာ မှတ် ရပေလိမ့်မည်။ မြန်မာပြည်မှာ ဆိုရင်တော့.. ဘကြီး တော်နန်း တက်စ အချိန်မို့.. ဘယ်မှာ သိပ်ဝေး သေး သော သမိုင်း ဟုတ်လိမ့် မတုံး..။ အင်္ဂလိပ် က လွပ်လပ် ရေးပေး တော့.. မူလ ပိုင်ရှင် မလေးရှား ကပင် မက်မက် မော မော မရှိခဲ့လို့ လွယ်လွယ် ကူကူ ပင် သီးခြား နိုင်ငံ အဖြစ် စတင် တည် ထောင်ခဲ့ သည်မှာ ၁၉၆၅ ခုနှစ် ကမှ ဆို တော့... ၄၁နှစ် သက်တမ်းသာရှိသေးသော နိုင်ငံလေးသည်.. ခုတော့ ဟန် တွေ ပန် တွေ တခွဲသားနှင့် ဖြစ်နေသည်မှာ.. ဘယ်လို နည်းတွေ ကြောင့်ပါလဲ။
ဒီထက်ပိုလို့ အံ့သြစရာ ကောင်း တာက..သူ့မှာ ဘာတွင်း ထွက် သယံဇာတ မှမရှိ။ စိုက်ပျိုးရန် မြေမရှိ...။ သောက် ရေ သုံးရေ ပင်မရှိ။ သူ လုပ်နိုင် သည်မှာ လုပ်အား များ များ စုဆောင်းဖို့ရန်သာ ဖြစ်သည်။
ဤသို့ဤနှယ်..လူစုဆောင်း သိမ်း သွင်း ခဲ့သော စင်ကာပူ၏ နည်းဗျူဟာ အား..ဆင်ကျူံး သွင်းခြင်း နှင့် အလင်္ကာ ပြုလျှင် ဖြင့်.. သိပ်ပြီး များ လေးလံ သွား လေမလား...။
ကွာ ခြား တာက... စင်ကာပူ လူကျူံး ထဲ ကိုတော့ ... လူတွေ သူ့ထက် ငါ အလု အယက် ၀င်ရောက် လာကြ ခြင်းဖြစ်ပြီး.. နှစ်ဦးနှစ် ဖက်..ကျေနပ် ကျတဲ့ အပေးအယူ တခုဖြစ် နေတာပါပဲ..။ ဒီနေရာမှာ.. အသေ အချာ နစ်နာရသူက.. လူသား အရင်း အမြစ် များ လတ်တလော ဆုံးရှုံး သွားတဲ့ သက်ဆိုင်ရာ နိုင်ငံများ ဖြစ်ပီး.. ၂၁ရာစုရဲ့ ကုစား ရခက်တဲ့ ဝေဒနာတခုမို့.. ဒီလိုပဲ လက် ပိုက်ကြည့်နေ ကြရသည်။နိုင်ငံ တကာသုံး ပညာရပ် စကားနှင့် ပြောရရင်တော့...Recruitment လုပ်သည်ပေါ့...။ သူ့လိုပင် Recruitment လုပ် တိုင်းသူ ပြည်သား စုဆောင်း ခြင်း ဖြင့် နိုင်ငံ ချဲ့ထွင် တည်ထောင်ကြသော.. အမေရိကလို..သြစတြေလျလို.. နယူးဇီလန်တို့ ကနေဒါတို့လို အရင့် အရင် ဘိုးတော် နိုင်ငံများ အများအပြား ရှိသော် လည်း..ကွဲပြားသည့် အချက်က စင်ကာပူ သည် မကျယ်ဝန်းပါ။ ကျဉ်းပင် ကျဉ်းမြောင်း လှသည်မို့..အရည်အတွက် များစေယုံ သက်သက် တော့ လူမစုဆောင်းပါ။ သူအလို ရှိရာ အသက်မွေးဝမ်း ကျောင်း ပညာသည်များ..ကျွမ်းကျင် သူများ ကိုသာ..စိစိ စစ်စစ် ခေါင်းခေါက် ခေါ်ခြင်းဖြင့် လူစုဆောင်း ခြင်းဖြစ်သည်။ ..ဒုံးမယူပါ.... ခေါင်စ ကိုမှ ရွေးယူပါသည်။ ဒီ နည်းဗျူဟာ ကြောင့် ပင် နိုင်ငံပင် သေးလင့်ကစား..ထိုဘိုးတော်နိုင်ငံကြီး များနှင့် သွား ပခုံးချင်း ယှဉ် လက်ချင်း ချိတ် စကားပြော နိုင်လာခဲ့သည်။
စက်မူဇုန် နိုင်ငံ တခု ထူထောင်ရန် အတွက်.. နိုင်ငံတကာ ကုမ္ပဏီကြီးများ ကို.. သက်သာ သော အခွန်နှုံး ထားများ.. ဈေးပေါ သော လုပ်သား အင်အား များဖြင့် အောင်မြင်စွာ စွဲဆောင် နိုင်ခဲ့ခြင်း သည်ပင် စင်ကာပူကို ပွဲဦးထွက် ကောင်း စေခဲ့တော့ သည်။ ယခု ခောတ် စားနေသော..တရုတ်..အိန္ဒိယ..ဗီယက်နမ်..ဈေးကွက်များထက် စောလျင် စွာပင် Business Process Outsourcing (BPO) ကိုအောင်မြင်စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုအချိန်က ခောတ်ပြိုင်များ ဖြစ် သော ကိုရီးယား..တိုင်ဝမ်တို့အကြား..စင်ကာပူရဲ့ အားသာ ချက်ကတော့ အင်္ဂလိပ်စာ ကို ကြားခံအဖြစ် ကောင်းမွန်စွာ အသုံးချနိုင် ခြင်း..ဈေးကွက် လိုအပ်ချက် အတိုင်း စနစ်တကျ သင်ကြား လေ့ကျင့် ပေးထားသော ကျွမ်းကျင် လုပ်သားများ အစဉ်မပြတ် ရှိနေခြင်း ပင်ဖြစ်သည်။
ကိုယ့်ပညာထုပ် ကိုယ်ပိုက်ကာ..ရောက်လာသော ရယ်ဒီမိတ် လူ့အရင်း အမြစ်များ အတွက်..အထူး တလည် သင်ကြားလေ့ကျင့် ပေးနေစရာ မလိုသော်လည်း..မလေးရှားနဲ့ စင်ကာပူ နိုင်ငံသား လူငယ်များ အတွက်တော့.. ပညာရေး အခြေခံ အဆောက်အဦ ကြီး သည် တစတစ ပုံပေါ်လာ ခဲ့ရသည်။ နိုင်ငံပိုင် တက္ကသိုလ်ကြီးများ.. စက်မူ နည်းပညာ ကောလိပ်များ.. သက်မွေးဝမ်း ပညာသင် ကျောင်းများ.. တခုပီးတခု အပြိုင်းအရိုင်း ပေါ်ပေါက် လာခဲ့သည်။ တချိန်တည်း တပြိုင်တည်း မှာပဲ..တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ နှင့်အတူ.. နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ အတွက် အခင်းအကျင်း ကောင်းများ ကို လည်း ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာ အဆင့်မှီဘဏ် ငွေကြေးစနစ်.. ခောတ်မှီဆိပ်ကမ်း..လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အဦ တွေဟာ ပန်းချီကား တချပ် ပေါ်မှာ စုတ်ချက်တွေ တရောင်ပီး တရောင်တင် လိုက်သလို... ခောတ်မှီ မြို့တော်ရဲ့ ကားချပ်ပုံ ပေါ်လို့လာခဲ့သည်။
ကျူံးတံခါး လား ..ရွှေတံခါး လား
နိုင်ငံက ဖွံ့ဖြိုး လာပီဆိုတော့.. အိမ်နီးနား ချင်း တိုင်းပြည် တွေက ဘွဲ့ကြို ကျောင်းသား လူငယ်များ အတွက် ပိုလို့တဖန် မျက်စိကျ ရပြန်ပါပီ။ စင်ကာပူ အစိုးရ ကိုယ်တိုင်ကလည်း ကျောင်းများရဲ့ လိုအပ်မဲ့ စာသင်သား ဦးရေ.. ဈေးကွက်မှာ ဖြည့်စွက်ရမဲ့ လုပ်အား အနေအထားကို ချင့်ချိန် တွက်ချက် ပီးတော့..စနစ်တကျ လက်ခံခဲ့တာ..ယခုထက်ထိ ၀င်လာမစဲ တသဲသဲရှိနေတုံးပါပဲ။ လာလတ္တံ့သော လူငယ်ပေါင်း မြောက်များစွာလည်း.. တရုတ်..အိန္ဒိယ..ဗီယက်နမ်.. မြန်မာ.. သိရိလင်္ကာ.. စတဲ့ နိုင်ငံ အသီးသီးမှာ..တန်းစီ စောင့်ဆိုင်းနေကြသည်။
ကျူံးတံခါးကြီးသည်.. ရွှေတံခါးကြီး ဖြစ်လို့နေသည်ပေါ့။
ဝယ်လိုအား ရှိရင် ရောင်းလိုအားကို မြှင့်တင်ရသော စီးပွါးရေးပညာ သဘော သဘာဝအတိုင်းပင်.. စီးပွါးရေး ကျမ်းကျေ သော စင်ကာပူ နိုင်ငံအဖို့..အမျိုးသား ပညာရေးမှသည် ဈေးကွက်ပညာရေးသို့ ပြောင်းလဲ ချီတက်ရန် အကောင်းဆုံး အနေအထား ဖြစ်လာ ခဲ့ခြင်းပင်။
မြန်မာ ဖောက်သည် များ
ဆိုခဲ့သည့် အတိုင်း..ဒေသတွင်း ဖောက်သည် အများ အပြား အနက်မှ.. မြန်မာ ဖောက်သည်များကို စူးစိုက်ကြည့်မိသည်။မြန်မာ ဈေးကွက် သည် ၁၉၉၆ အလွန်..အစုလိုက် ၀င်ရောက်လာကြသော.. ပိုလီတက်ကနစ် ကျောင်းသား အုပ်စုများမှ စ၍ တဖြည်းဖြည်း သက်ဝင် လှုပ်ရှား လာခြင်းဖြစ်သည်။ ပိုလီ တက်ကနစ် ဆိုတာက..မြန်မာပြည်မှာ ယခင်က အသုံးပြု ခဲ့သော အသက် မွေးဝမ်းကျောင်း ပညာသင်စနစ် GTI (ယခုခောတ်..GTC) စက်မူကျောင်း များနှင့် အတော်တူ၏။ စင်ကာပူရှိ Nanyang, Ngee Ann, Temasek နှင့် Singapore ဟုခေါ်သော ပိုလီ တက်ကနစ် ကြီး လေးခုသည်..တရားဝင် ကျောင်းကိုယ်စားလှယ် များထားကာ..ဈေးကွက်ကို အပြိုင်အဆိုင် ရှာဖွေ ခဲ့ကြသည်။(ယခုနောက်ထပ် Republic ဟူသော အမည်ဖြင့် အသစ်တခု ထွက်ပေါ်လာသည်။)
မည်သူမဆို ပြည်ပမှာ ကျောင်းတက်ရန် ကြိုးစားပြီ ဆိုကတည်းက.. ဈေးနှုံး သင့်တင့် ရဲ့လား.. အစိုးရ ချေးငွေ အထောက် အပံ့ ရနိုင် မလား.. အချိန်ပိုင်း အလုပ်ကော.. အရေးကြီး ဆုံးက ကျောင်းပြီးရင် အလုပ် ရနိုင် ပါ့မလား... အဆင်ပြေ မယ်ဆိုရင်ဖြင့်ဆက် လက် အခြေချ နေထိုင် နိုင်မလား.. ဆိုတာတွေ ကိုစဉ်းစား ကြတဲ့အနက်.. စင်ကာပူ ကျောင်းများမှ ထိုအရာအားလုံး.. အိုကေ ဆိုတော့..သူတို့အားလုံး ရွှေရောင် အိမ်မက်များ မက်ကုန် ကြတော့သည်။ ဒီထက်ပိုလို့ မက်စရာ ကောင်းတာက.. ထိုပိုလီ တက်ကနစ် များမှ ပို့ချသော သူနာပြု လက်မှတ်ရ ဒီပလိုမာများ ဆိုလျှင်.. ကိုယ့်အိတ်ထဲမှ တပြားမှ စိုက်စရာ မလိုသည့်ပြင်.. လစဉ် သုံးစရာ ငွေပင် အလုံအလောက် ထောက်ပံ့သေး သည်။ ယခုအချိန်မှာ..မြန်မာပြည်မှ သူနာပြု မိန်းကလေး ငယ်များ အများအပြားပင် စင်ကာပူနိုင်ငံ.စီးပွားရေး စာမျက်နှာ ခောတ်မှီဆေးရုံကြီးများ၌.. နေရာပြည့် တာဝန် ထမ်းဆောင်နေ ကြပီ။ ထိုထိုသော အစိုးရ ထောက်ပံ့ ငွေကြေးများ အတွက် ပြန်လည် ပေးဆပ်ရန် မူကား.. စာသင်နှစ် သုံးနှစ်အပြီးတွင်...စင်ကာပူနိုင်ငံ၌ သံုးနှစ် မှ ငါးနှစ် အထိ ဆက်လက် အလုပ် လုပ် ကိုင်ရန်သာ ဖြစ်သည်မို့ ဒါဟာ အလုပ်အကိုင်အခွင့် အလမ်း ကောင်းခြင်းလား..ရှေ့ဆက် ရဦးမည့် ပညာရေး လမ်းကြောင်း ရှည် ကြီး အတွက် အချိန်ကာလ အဟန့်အတားလား ဆိုတာတော့.. သူတို့တယောက်ချင်း၏ ခံယူချက် သာဖြစ်၏။
ခောတ်က Knowledge ခောတ်ဖြစ်နေသည်။ မြန်မာ လူမျိုးများ ဆိုတာ ကလည်း ဘွဲ့ဒီဂရီကို အင်မတန် တန်ဖိုးထား သည်မို့.. ဒီအတိုင်း ရောင့်ရဲ ကျေနပ်နေလို့လည်း မဖြစ်ပြန်။ ပိုလီမှ ယူနီသို့ ဆက်သွား ရဦးမည်။ အဲဒီ အတွက်လည်း စင်ကာပူ၏ အထင်ကရ အစိုးရ ကျောထောက် နောက်ခံ တက္ကသိုလ် ကြီးသုံးခုမှ အသင့်စောင့်ကြိုလျက် ပထမဈေးကွက်နှင့် ဒုတိယ ဈေးကွက်ကို..ဟန်ချက်ညီညီ ချိတ်ဆက် ထားပေးပြန်သည်။အဲဒီအထဲက SMU ( Singapore Management Universtiy) ကတော့ ၂၀၀၀ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သော်လည်း။ NTU( NangYang Technology University) နှင့် NUS(National University of Singapore) နှစ်ခုမူကား မူလ လက်ဟောင်း လည်းဖြစ်... မြန်မာ ကျောင်းတော် သူ ကျောင်းတော်သား များရဲ့ အဓိက ကွန်းခိုရာ တက္ကသိုလ်ကြီး များလည်းဖြစ်ကြ၏။၊ အများစု ကတော့ အင်ဂျင်နီယာ အတတ်သင်များဖြစ်၍.. ပိုလီများမှ ဆက် လာကြသူများ.. မြန်မာပြည်မှ တိုက်ရိုက် လာသူများ.. လုပ်ငန်းခွင်မှ လူများ..အစိုးရ ပညာသင်များ..စသဖြင့် နေရာစုံသလို... ရိုးရိုးဘွဲ့.. မဟာ ဘွဲ့...ပါရဂူဘွဲ့...ဟူ၍..အလွှာလည်း စုံလှသည်။ (ယခု လောလော လတ်လတ်တွင်ပင် UniSIM ဆိုသော..တက္ကသိုလ် အသစ် တခုဖွင့်လှစ်ခဲ့ သည်။)
စင်ကာပူသည်..၀ယ်လိုအားကိုကြည့်၍..ရောင်းလိုအားကို မြှင့်တင် နိုင်ခဲ့ ယုံသာမက.. ယခုနောက်ပိုင်း လွယ်လွယ်နဲ့ ချောင်ချောင်ပင် မရှိလှတော့ပဲ... ဈေးကွက်မှာ မျက်နှာမော် လာကာ ဈေးမြှင့် ချင်လာသည်။ တက္ကသိုလ် ကျောင်းတော်ကြီး များ ၀င်ခွင့် ခက်ခဲလာသည်။ စိစစ်မူ တွေ များပြားလာပီ။ဖောက်သည် အသစ်များ အတွက်တော့ ..တက်ဈေးနှင့်ကြုံ နေရသော.. ယခု အခြေအနေသည် စင်ကာပူရဲ့ တဆင့်ခြင်း လှမ်းတက် လာသော အမျိုးသားပညာရေး... ဈေးကွက် ပညာရေး.. ထိုမှ.. အရည်အသွေးမြင့် နံမယ်ရပညာရေး (branded education) သို့ ချိုးကွေ့လာသော အလှည့် အပြောင်း တရပ် ဖြစ်နိုင်သည်။ ဒီအချိန်မှာ အခွင့်အလမ်း များ ပွင့်ကာ နေ့ကောင်းရက်သာ ရွေးလာကြသူများက.. ပုဂ္ဂလိက ကျောင်းများဖြစ်၍၊ အများစု ကတော့..အသင့်အတင့် နံမယ်ရှိသော..အနောက်နိုင်ငံ တက္ကသိုလ်များ၏ အမည်များကို အားပြုကာ ဈေးကွက် ရှာကြသည်။ ကျောင်းလို့ဆိုသော်လည်း.. education service provider ဆိုတော့ ..သင်ကြားရေး ၀န်ဆောင်မူကို ပေးသော ကုမ္ပဏီများ ဟု ဆိုကပိုမှန်မည်။ယခုနှစ်များ အတွင်း မြန်မာပြည် ဈေးကွက်ကို အတော်လေး ထိုးဖောက်လာကြသည်။ သူတို့သည်.. niche market (အဖြည့်ခံဈေးကွက်)ကို ကိုင်ထားနိုင်သည်။ မြန်မာ ကျောင်းသားများ (နိုင်ငံခြားကျောင်းသားများ) အတွက် နိုင်ငံပိုင် ကျောင်းကြီးများတွင် လမ်း သိပ်မပွင့်သော စီးပွါးရေး စီမံအုပ်ချူပ်မူ ပညာလို..စာရင်းကိုင်လို သိပ္ပံပြင်ပ ဘာသာရပ်များအပြင် ဟိုတယ်ကြီးကြပ်မူ.. စားဖိုမှူးမှစလို့.. ဘဲလေးအက.. ဆိုတာမျိုးထိ နှစ်တို သက်မွေးမူ ပညာများကို သူ့ဈေးကွက် နှင့် သူ ရောက်ရှိဖို့ ကြိုးစား လျက်ရှိသည်။
၂၀၀၅ ခုနှစ်တခုထဲမှာပင်.. မြန်မာနိုင်ငံသည် လက်ရှိ စုစုပေါင်း နိုင်ငံခြား ကျောင်းသားဦးရေ ခြောက်သောင်း ခြောက် ထောင် အနက်.... တထောင့်ရှစ်ရာ ဖြင့် နံပတ် ခုနစ် ချိတ်လျက်ရှိသည်။
စင်ကာပူရဲ့..ရည်မှန်းချက်
ရီစရာအဖြစ်ပြောကြသည်။
စင်ကာပူသည် ကမ္ဘာ့အသေးဆုံး နိုင်ငံတခုဖြစ်ပေမင့် ကမ္ဘာ့အကြီးဆုံး အရာများကိုသာ စိတ်ဝင်စားသည်တဲ့...။ ခောတ်စားသမျှ ကို သိမ်းကျူံး ဆွဲယူကာ ... hub ( ဗဟိုကြီး) လုပ်တတ် သည်တဲ့...။ခါချဉ်ကောင် မာန်ကြီး တာ မျိုးတော့...မဟုတ်တန်ကောင်းပါ...။အရှေ့တောင် အာရှရဲ့ ပညာရေး ဗဟိုချက်မကြီး ဖြစ်ဖို့ကတော..့ အကြောင်း ကြောင်းများက ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ အင်္ဂလန်..အမေရိကန် နှင့် သြစတြေလျ တို့လို ...ပညာရေးပို့ကုန် အနေဖြင့် ထိပ်မှာ ရှိနေသော နိုင်ငံများနှင့် ယှဉ်ကာ brand ဈေးကွက် ဝေစု ၀င်လုမည် ဆိုလျှင်တော့ ..တောင်ကြီးဖြို ဖို့..ကြံခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆိုပါနိုင်ငံကြီးများသို့.. သွားရောက် ပညာသင်ရန် အဆင်မပြေသော အာရှသားတို့ ..ဒုတိယထား ရွေးချယ်ဖို့.. niche market (အဖြည့်ခံဈေးကွက်) ကြီးကို ပိုင်ပိုင် နိုင်နိုင် ကိုင်ထား နိုင် ပီမို့...တဆင့်တက် ..စိတ်ကူးယဉ်မည် ဆိုက..ယဉ်ချင်စရာတော့ ကောင်းလှသည်။
ယခုလက်ရှိ ပညာရေးပို့ကုန်သည် ပြည်တွင်းထုတ်ကုန်ပမာဏ ၏ (၃. ၉) ရာခိုင်နှုံးရှိနေသည်။ ၁၀ နှစ်အတွင်း မှာ (၅ ) ရာခိုင်နှုံး ကျော်ရမည်ဟုကြုံးဝါး ထားသည်။ နိုင်ငံတော် ကလည်း.. ပညာရေး အသုံးစရိတ်ကို.. ရက်ရက် ရောရောပင် ချပေးထားသည်။ ပီးခဲ့သည့်နှစ် ကပင် စုစုပေါင်းရာထားငွေ၏.. (၂၀) ရာနှုံးမျှ ရှိသော ၅. ၂ ဘီလီယံ ဒေါ်လာကို ချပေးခဲ့ သည်။ အဲဒီလောက် များပြားတဲ့ အသုံး စရိတ်တွေထဲက ရာနှုံးဝက်နီးပါးမျှ .. ရှိနေတဲ့ နိုင်ငံခြား ကျောင်းသားများကို နှစ်စဉ် ထောက်ပံ့ကြေးများ ပေးနေခြင်းဟာ ဘယ်လောက် အကျိုး ရှိသလဲ ... အဲဒီ ကျောင်းသား တွေထဲက ဘယ်နှယ် ယောက် စင်ကာပူက ထွက်ခွါသွားပီလဲ ....ဆိုတဲ့ မေးခွန်းများ ဟာ လည်း ပါလီမန်ထဲမှာ..ကြားနေကြရသည်။
ယခုနှစ်များအတွင်း ..ပညာရှင် အုပ်စုများမှ အကြံပြု ထားသော.. အဆင့်သုံးဆင့် ( 3 tiers) တက္ကသိုလ် ပညာရေးလမ်းကြောင်း ပုံပေါ်စပြု လာသည် ကိုမြင်နေရသည်။ ကမ္ဘာ့ အဆင့်မှီ ပြည်ပ တက္ကသိုလ်ကြီးများ...နိုင်ငံပိုင် တက္ကသိုလ်ကြီးများ...ပီးတော့ ...ပုဂ္ဂလိကပိုင် ကျောင်းများဟု အဆင့်သုံးဆင့် ခွဲထားမည်။ ပထမဆုံးအဆင့်က.. ကမ္ဘာနှင့်ချီသော သုတေသနများ.. နည်းပညာများ.. ကျွှမ်းကျင်မူများကို သယ်ဆောင် လာမည်မို့.. စင်ကာပူရဲ့ brand အိမ်မက်အတွက်.. မရှိမဖြစ် မှီခိုထားရမည်။ အောက်ဆုံးအဆင့်က... နိုင်ငံရပ်ခြား ကျောင်းသားများ အတွက်ဖြစ်ပီး.. စင်ကာပူရဲ့ အကျိုးစီးပွါးကို.. သိသိ သာသာဖြစ်ထွန်းစေမည်။ အဲ.... အလယ်မှာ ရှိတဲ့ နိုင်ငံပိုင် ကျောင်းကြီးများကတော့...စင်ကာပူရဲ့ လူသား ရင်းမြစ် စစ်စစ်များကို စနစ်တကျ မွေးထုတ်မည်။ အပေါ်နဲ့ အောက် အလုပ်ရှုပ် နေချိန်မှာ..အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရင်း ...တချိန်မှာ..ပထမအဆင့်ကို အစားထိုး ၀င်ရောက်နိုင်မည်ပေါ့။
အခုဆိုရင် .. John Hopkins Singapore ဆိုတာရှိနေပီ၊ ပြင်သစ်နံမယ်ကျော်တက္ကသိုလ် INSEAD ဖွင့်လှစ်ပီးသွားပီ...။ MIT(Massachusetts Institute of Technology) လို ပြည်တွင်းတက္ကသိုလ် နှင့် မဟာမိတ်ပြု ဆက်သွယ် လာသော ကျောင်းများလည်း တော်တော်များလာသည်။ ပြသာနာက အဲဒီ ကျောင်းကြီးများကို အသားပေး..ဖူးဖူးမှုတ် နေရသည့် အချိန်မှာ .. ကိုယ်ပိုင် ကျောင်း ကြီးများရဲ့ ပုံရိပ် မှေးမှိန် မလာအောင် တကယ်ပဲ ဟန်ချက်ညီညီ ထိန်း ထားနိုင်ပါ့မလား...။ တဖက် ကလည်း...အကျိုးအမြတ်ကို ကြည့်၍..လွယ်လွယ် ကူကူ ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ကျောင်းမျိုး စုံရဲ့ နှစ်ထောင် ကျော်မျှ..ရှိသော အရေ အတွက် ကြားထဲမှာ.. အရည် အသွေးကို ဘယ်လိုရှာဖွေကြမလဲ...။ တိကျရေရာ မူမရှိတဲ့ ပေါ ချောင်ကောင်း အောင် လတ်မှတ်များက.. စင်ကာပူရဲ့ ပညာရေး ဈေးကွက် ပုံရိပ်ကို မထိခိုက်နိုင်ဘူးလား...။
စင်ကာပူကတော့... လက်ရှိ နိုင်ငံခြား ကျောင်းသား ဦးရေကို နှစ်ဆ တိုးလို့... လာမည့် ၂၀၁၂ တွင် တသိန်းငါးသောင်း ထိပင် လျာထားမျှော်မှန်း ထားပါသည်တဲ့။ကဲ....မြန်မာပြည်မှ ကျောင်းသားများ ..အသင့်ပြင်ကာ နေရာယူထားကြပေတော့။
ပြီးရင်ကော... ဘယ်အထိရှေ့ဆက်မျှော်မှန်းကြဦးမလဲ... လာခဲ့ရာကမ်းကိုရော... ရော်ရမ်းကြပါဦးမလား ဆိုတာတော့... ရင့်ကျက်လာသော ရင်ခုန်သံများကို သာ ကြားချင်လှတော့၏။
ကေသွယ်
ဇူလိုင် ၂၀၀၆
(အောက်တိုဘာ..၂၀၀၆ ..အမှတ်(၂)..အတွဲ (၂)..Weekly Eleven ဂျာနယ် တွင်..ဖော်ပြ ပြီး..)
Friday, December 7, 2007
စာကြည့်တိုက်မှာ |
အမေရိကားနိုင်ငံရဲ့ ပြည်နယ်တခုမှာနေထိုင်တဲ့ ဘလောဂါ့ကလိုစေးထူးက သူတို့မြို့ မှ စာကြည့်တိုက်အကြောင်းကို အောက်ပါအတိုင်း ရေးသားခဲ့ပါတယ် ။
(ဘလောဂါ့ကလိုစေးထူးဘလောဂ့်မှ ကူးယူဖော်ပြသည်)
တိုးတက်နေတဲ့ နိုင်ငံတခုမှာ ကျောင်းသား ကျောင်းသူများနဲ့တကွ ပြည်သူတွေ အားလုံး အတွက် ပညာရှာရာမှာ အထောက်အကူ တခု ဖြစ်စေဖို့အတွက် `စာကြည့်တိုက်´ ကို ဘယ်လိုဘယ်ပုံ စီစဉ်ထားရှိတယ်ဆိုတာကို ကျနော်တို့ လေ့လာကြည့်ကြပါစို့…။
အဲဒါကတော့ စာကြည့်တိုက်ရဲ့ အ၀င်ဝပါ။
စာကြည့်တိုက်ကို ရုံးဖွင့်ရက်နေ့တိုင်းမှာ မနက် ၁၀ နာရီကနေ ည ကိုးနာရီအထိ ဖွင့်လှစ်ပြီးတော့ စနေနေ့တွေမှာ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိ ဖွင့်လှစ်ပါတယ်။
စာကြည့်တိုက်မှာ မိမိလိုအပ်တဲ့ စာအုပ်၊ စီဒီရွမ်၊ ဗွီဒီယိုခွေ၊ ဒီဗွီဒီခွေ၊ သီချင်းစီဒီ အစရှိတွေကို အခမဲ့ ငှားရမ်းနိုင်ပါတယ်။ အဲဒီလို ငှားရမ်းဖို့အတွက်တော့ စာကြည့်တိုက် အဖွဲ့ဝင် ကဒ်ပြားလုပ်ရပါတယ်။ မြို့နယ်နမိတ်အတွင်းမှာ လက်ရှိနေထိုင်နေတာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သူ မှန်သမျှကို မိနစ်ပိုင်းအတွင်းမှာပဲ အဖွဲ့ဝင်ကဒ်ပြား ထုတ်ပေးပါတယ်။ အဲဒီ ကဒ်ပြားကိုလည်း အခမဲ့ ထုတ်ပေးတာပါပဲ။
စာကြည့်တိုက်ထဲကို ရောက်သွားတော့ ဓာတ်ပုံရိုက်ခွင့်အတွက် ကောင်တာမှာ မေးမြန်းခွင့်တောင်းကြည့်တော့ လုံခြုံရေး တာဝန်ကျသူက `စာဖတ်သူတွေကို အနှောက်အယှက် မဖြစ်စေဘူးဆိုရင် ရိုက်နိုင်ပါတယ်´ လို့ အသာတကြည် ခွင့်ပြုလိုက်ပါတယ်။ ကျနော်က `ကျနော် လူတွေကို မရိုက်ပါဘူး၊ စာအုပ်တွေကိုပဲ ရိုက်မှာ အသေအချာပါခင်ဗျ´ လို့ အရွှန်းဖောက်လိုက်တော့ သူက ရယ်နေပါတယ်။ 
စာကြည့်တိုက်ရဲ့ အ၀င်ဝကနေ အထဲကို အတန်ငယ် လျှောက်လိုက်ပြီ ဆိုရင်ပဲ သီချင်း၊ ရုပ်ရှင်နဲ့ သက်ဆိုင်တာတွေကို ထားတဲ့ ဒီနေရာလေးကို ရောက်ပါတယ်။ များသောအားဖြင့် ရနိုင်တာကတော့ သီချင်းဟောင်း၊ ရုပ်ရှင်ဟောင်းများနဲ့ အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အထောက်အကူပြု အခွေတွေ၊ ခရီးသွားလမ်းညွှန် ခွေတွေက ပိုများပါတယ်။
ဒါက စာဖတ်ဖို့ စီစဉ်ပေးထားတဲ့ နေရာ တခုပါ။ သပ်သပ်ရပ်ရပ် စီထားတဲ့ စာအုပ်စင်တွေနဲ့ အတူ အဲဒီလို စာဖတ်ဖို့ နေရာလေးတွေကို လေးငါးနေရာထက် မနည်း စီစဉ်ထားပေးပါတယ်။ စားပွဲပေါ်မှာ စီစီရီရီ ထောင်ထားတဲ့ စာအုပ်တွေကတော့ လတ်တလောမှာ လူဖတ်များနေတဲ့ စာအုပ်တချို့ပါ။
တယောက်ထဲ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စာဖတ်ချင်သူတွေအတွက်လည်း ဒီလို စာကြည့်စားပွဲလေးတွေကို ထားရှိပေးထားပါတယ်။
စာကြည့်တိုက်ထဲမှာ အထူး သတိထားလေ့ရှိတာကတော့ `ဆိတ်ငြိမ်ခြင်း´ ကိုပါပဲ။ ကိုယ့်ကြောင့် တခြားသော စာဖတ်သူတွေ အနှောက်အယှက် မဖြစ်ရအောင် လူတိုင်းလိုလိုက အတတ်နိုင်ဆုံး ဆိတ်ငြိမ်စွာ လှုပ်ရှားသွားလာကြပါတယ်။ ဆူညံစွာ အော်ဟစ် စကားပြောခြင်း၊ ခြေသံပြင်းပြင်းလမ်းလျှောက်ခြင်း၊ ခုံတွေကို အသံမြည်အောင် တွန်းရွှေ့ခြင်း တွေကို မလုပ်မိအောင် ကိုယ်စီကိုယ်စီ ထိန်းသိမ်းကြတာဟာ လေးစားစရာ ယဉ်ကျေးမှု တခုပါပဲ။
စာကြည့်တိုက်ထဲမှာ ဆဲလ်ဖုန်း ပြောခွင့် မပြုပါဘူး။ ဆဲလ်ဖုန်းပြောဖို့အတွက် စာဖတ်သူတွေနဲ့ အတန်ငယ် အလှမ်းဝေးတဲ့ နေရာမှာ ခန်းမကျယ်တခု စီစဉ်ထားပေးပါတယ်။ ဆဲလ်ဖုန်း မြည်သံ တခုခုကြားတာနဲ့ စာကြည့်တိုက် တာဝန်ကျ တယောက်ယောက်က အနားကို ရောက်လာပြီး အဲဒီ ခန်းမကျယ်မှာ သွားပြောဖို့ မေတ္တာရပ်ခံပါတယ်။ 

စာအုပ်တွေကို သူ့အမျိုးအစားအလိုက် ဒေသန္တရဆိုင်ရာ၊ သမိုင်း၊ ပထ၀ီ၊ ခရီးသွားလမ်းညွှန်၊ အားကစား၊ သိပ္ပံဆိုင်ရာ၊ ရသ စသဖြင့် စသဖြင့် စုံလင်စွာ သူ့နေရာနဲ့ သူ ထားရှိပါတယ်။
ရှာချင်တဲ့ စာအုပ်ကို အလွယ်တကူ ရှာမတွေ့နိုင်ဖြစ်နေသူတွေအတွက် အဆင်ပြေပြေ ရှာနိုင်အောင် ထားရှိပေးထားတဲ့ Online Catalog နေရာလေးပါ။ အဲဒီလိုနေရာလေးတွေကိုလည်း လေးငါးနေရာထက် မနည်း စီစဉ်ပေးထားတာကို တွေ့ခဲ့ရပါတယ်။
Teen Zone လို့ အမည်ပေးထားတဲ့ အဲဒီ စာဖတ်ခန်းလေးထဲမှာတော့ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင် အရွယ် လူငယ်လေး တချို့ ရှိနေပါတယ်။ သူတို့ အရွယ်လေးတွေ ဖတ်ဖို့ ပိုမို သင့်တော်တဲ့ စာအုပ်အမျိုးအစားတွေကို သီးသန့် ခွဲထားပေးတဲ့ အပြင် စာဖတ်ခန်းကိုပါ သီးခြား စီစဉ်ထားပေးပါတယ်။
စာအုပ်တွေကို မိမိဖတ်နိုင်တဲ့ Level အလိုက် ရွေးချယ်ဖတ်ရှုနိုင်အောင် အခုလို ခွဲခြားထားပေးပါသေးတယ်။
ဒီနေရာမှာတော့ စာကြည့်တိုက် အဖွဲ့ဝင်တွေအတွက် ကွန်ပျူတာ အင်တာနက် သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဖွဲ့ဝင် အမှတ်ကို ရိုက်ထည့်ပြီးတာနဲ့ တနေ့တာအတွက် တနာရီ အခမဲ့ အသုံးပြုခွင့် ရပါတယ်။ တနာရီပြည့်တာနဲ့ အင်တာနက် ကွန်နက်ရှင် အလိုအလျောက် ပြတ်တောက်သွားပါတယ်။
ပရင့်ထုတ်ဖို့ လိုအပ်တဲ့ စာမျက်နှာတချို့ရှိရင်လည်း ထုတ်ယူနိုင်ဖို့ ပရင်တာတွေ ထားရှိပေးပါသေးတယ်။ ဒါပေမယ့် ပရင့်ထုတ်ယူခကိုတော့ ပိုက်ဆံ ပေးရပါတယ်။ သိပ်တော့ ဈေးမကြီးလှပါဘူး။ တမျက်နှာကို ဆင့် ငါးဆယ် နှုန်းပါ။
မိတ္တူကူးယူချင်သူများအတွက်လည်း မိတ္တူကူးစက်တွေ ထားရှိပေးထားပါတယ်။
အဲဒါကတော့ စာကြည့်တိုက်ကနေ ငှားယူချင်တဲ့ စာအုပ်၊ စီဒီ၊ ရုပ်ရှင်ခွေ၊ ဒီဗွီဒီခွေ အစရှိတာတွေကို စာရင်း မှတ်တမ်း သွင်းတဲ့ စက်ပါ။ အဖွဲ့ဝင်ကဒ်ပြားနဲ့ ငှားယူစာရင်းကို အတည်ပြုပြီးရင် ပြန်ပို့ရမယ့် နေ့စွဲပါတဲ့ ဖြတ်ပိုင်းစာရွက်ကို စက်က အလိုအလျောက် ထုတ်ပေးပါတယ်။ အဲဒီနေ့ ကျော်လွန်ပြီးမှ ပြန်ပို့ရင်တော့ သတ်မှတ်နှုန်းထားအလိုက် ဒဏ်ငွေဆောင်ရမှာပါ။
အခုလို ဒီနိုင်ငံမှာ ရှိတဲ့ စာကြည့်တိုက် အကြောင်းကို ဒီနေ့ တင်ဖြစ်တာကတော့ တိုးတက်နေတဲ့ သူတို့ နိုင်ငံမှာ အစိုးရက ပညာရေးကို ဘယ်လောက်အထိ ဦးစားပေးပြီးတော့ စာကြည့်တိုက်ကို အထူးဂရုစိုက် စီစဉ်ထားပေးတယ်ဆိုတာကို ဗဟုသုတ အလို့ငှာနဲ့ နောင်တချိန်မှာ ကျနော်တို့ နိုင်ငံမှာလည်း ဒီလို စာကြည့်တိုက်မျိုးတွေ တည်ထောင်လာနိုင်ဖို့ ရည်သန်ပါတယ်။
တိုးတက်နေတဲ့ သူတို့ နိုင်ငံက သူတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ဒီလို စာကြည့်တိုက်မျိုးတွေကို သေသေချာချာ ဂရုတစိုက်နဲ့ မြို့ရွာအနှံ့တည်ထောင်ထားတယ်ဆိုရင် မတိုးတက်သေးတဲ့ ကျနော်တို့ နိုင်ငံ အုပ်ချုပ်သူတွေအနေနဲ့လည်း ဒီလောက်အဆင့် စာကြည့်တိုက်မျိုး မတတ်နိုင်သည့် တိုင်အောင် နည်းနာယူတန်တာယူပြီး မိမိအထွာနဲ့ မိမိ တတ်နိုင်တဲ့ စာကြည့်တိုက်များကို အစိုးရရဲ့ စီစဉ်ကြပ်မတ်မှုနဲ့ မြို့ရွာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင့်ပါတယ်။ အဓိကကတော့ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့ `ပညာတတ်စေချင်တဲ့ စေတနာ´ ဘယ်လောက် ရှိမရှိဆိုတဲ့ အပေါ်မှာ မူတည်မှာပါ။
Nature Travel ဆိုတဲ့ စာအုပ်တအုပ်ကို ငှားယူခဲ့ပြီးတော့ စာကြည့်တိုက် အပြင်ကို ပြန်ထွက်လာတော့ မှောင်စပျိုးနေပါပြီ။
ခပ်သော့သော့ လေနုအေး တချက်က မပြုံးတုံ့ပြုံးတုံ့ဟန်နဲ့ ဝေ့ခနဲ တိုက်ခတ်တာကြောင့် စိမ့်ခနဲ ခံစားလိုက်ရပါတယ်။ စာကြည့်တိုက်နား တ၀ိုက်က အပင်အုံ့ဆိုင်းဆိုင်းတချို့လည်း လက်ကျန်အရွက် အနည်းငယ် တန်ဆာဆင်ထားတဲ့ အကိုင်းတွေက ဟိုယိမ်းဒီယိမ်း…။
စာကြည့်တိုက်ကို ပြန်ကြည့်မိတော့ နီယွန်မီးရောင် ထွန်းထားတဲ့ စာကြည့်တိုက် အ၀င်ဝက ပညာအလင်းပါ စွက်ထားလို့ ထင်ရဲ့…၊ လင်းချင်းပါဘိ။ ထည်ဝါပါဘိ။ ခန့်ညားပါဘိ။
(ကလိုစေးထူး)
Monday, December 3, 2007
အက်ကွဲနေသော ပညာရေး (သို့) အက်ducation (သို့) Crackဂျူကေးရှင်း |
ဘလောဂါ့မင်းတစေ၏ ပို့စ်ကို ကူးယူဖော်ပြသည် ။
သူငယ်တန်းမှ ဆယ်တန်းထိ၊ ထို့နောက် တက္ကသိုလ်ပထမနှစ်မှ နောက်ဆုံးနှစ်အထိ နှစ်ပေါင်းအတော်များများကို ဘ၀၏အနုပျိုဆုံးအချိန်များအတွင်း မြုပ်နှံခဲ့ရပြီးနောက် အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ရရှိခဲ့သော ဘွဲ့လက်မှတ်တစ်ခုသည် ကွမ်းယာသည်၏လည်ပင်း၌ ချိတ်ဆွဲထားသော သစ်သားဗန်းတစ်ဗန်းလောက်မျှပင် ဘ၀ကို အာမခံချက်မပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရပြီ။
ဝလုံးကိုဝိုင်းအောင် အကြိမ်ကြိမ်ရေးကျင့်ခဲ့ကြသော ကျောက်သင်ပုန်းတစ်ချပ်၏ရာဇ၀င် ကွဲရှခဲ့ရလေပြီ။
လျှောက်နေရင်း ပျောက်ဆုံးခဲ့သော ခြေထောက်တစ်စုံအတွက် မည်သူ့ထံ အလျှော်တောင်းရမည်နည်း။
တန်ဖိုးကြီးမားစွာရင်းနှီး၍ ၀ယ်ယူခဲ့ရသော်လည်း အချိန်ရောက်၍ အသုံးချကြည့်မိသောအခါတွင်မှ မည်သို့မျှ အသုံးမ၀င်သော ပစ္စည်းအတုတစ်ခုဖြစ်နေမှန်း ခြောက်ခြားစွာသိရှိခဲ့ရသည်။ သုညတစ်လုံးနီးပါးမျှ တန်ဖိုးမဲ့နေသော ထိုသစ်သီးပုပ်တစ်လုံးကို မည့်သူ့ထံ၌ မျက်ရည်ခံထိုး၍ ပြန်လည်ရောင်းချရမည်နည်း။
နောက်ဆုံးတွင်တော့ မြန်မာလိုရေးတတ်ဖတ်တတ်ခြင်းနှင့် အင်္ဂလိပ်လိုအနည်းငယ်တီးမိခေါက်မိရှိခြင်း တို့ကိုသာ အကျိုးအမြတ်တစ်ခုအနေနှင့် ကျိတ်မှိတ်၍ယူခဲ့ရသည်။ သို့သော် ထို့ထက်ပို၍ အသုံးချခြင်လျှင်တော့ မင်္ဂလာဆောင်ဖိတ်စာတို့၌ ဂုဏ်ပုဒ်တစ်ခုအနေနှင့်လည်း ထည့်သွင်းနိုင်ပါသေးသည်။
"သားတို့၊ သမီးတို့ မျက်နှာမငယ်ခြင်ရင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားနော်" ဟူသည့် မိဘတို့၏စကားသံများသည်လည်း ထိုအနှစ်မဲ့နေသော ကြက်ဥခွံဆန်ဆန် ဘွဲ့လက်မှတ်တို့၏နောက်ကွယ်တွင် ဆွံ့အခဲ့ရပြီ။ အကယ်၍ မြင်တတ်မည်ဆိုပါက ဘွဲ့ဝတ်စုံထူထူကြီးအောက်မှ ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုကြီးကိုလည်းကောင်း၊ လှောင်အိုက်နေလွန်းသောကြောင့် ၎င်းအမှောင်ထုအား ဖြတ်သန်းစီးဆင်းနေသော ချွေးစေးချွေးပေါက်များကိုလည်းကောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ၎င်းတို့ကား အမှောင်ချထားခြင်းခံရ၍ ပူလောင်အိုက်စပ်နေသော ကျွန်ူပ်တို့၏ ပညာရေးပင်ဖြစ်တော့သည်။
အကယ်၍ ဘွဲ့ဝတ်စုံနှင့် ရိုက်ထားခဲ့သော အသင်၏ဓါတ်ပုံများ တစ်ရိုတသေသိမ်းဆည်းထားဆဲဆိုပါက နောက်တကြိမ်ပြန်လည်၍ ထုတ်ကြည့်စေချင်သည်။ ထိုဓါတ်ပုံများထဲတွင် အသင်၏နုတ်ခမ်းများအပေါ်ယံ ပြုံးရီနေကြသော်လည်း သေချာစွာကြည့်မည်ဆိုပါက အသင်၏နှလုံးသားများ မဲ့ရွဲ့တွန့်လိမ်နေသည်ကို ခြောက်ခြားစွာတွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသင်သည် ဘွဲ့ရပညာမတတ်တစ်ယောက်အနေဖြင့် ဥာဏ်နီဥာဏ်နက်များသော လောကအတွင်းသို့ အကာအကွယ်မဲ့စွာ ၀င်ရောက်ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။
ဘွဲ့ရပညာမတတ်များ ဖောင်းပွနေသော နိုင်ငံတစ်နိုင်ငံသည် ဆေးအလှသုတ်ထားသော်လည်း အင်ဂျင်မပါသည့် မော်တော်ကားတစ်စီးနှင့် အလားသဏ္ဌန်တူနေသည်။ တစ်ခါတစ်ရံ ကုန်းအဆင်းတို့၌ ဟန်ဆောင်၍ လှိမ့်ချနိုင်ခဲ့သော်လည်း ကုန်းအတက်များပြန်ရောက်သော အခါတွင်မှု ဆက်လက်မမောင်းနှင်နိုင်ပဲ အရှုက်တကွဲ အကျိုးနည်းမျှသာဖြစ်ခဲ့ရသည်။ ထိုအင်ဂျင်မဲ့ ကားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပန်းတိုင်ကို အရောက်မောင်းနှင်ရန် ကြိုးစားနေသောသူများသည် ဦးနှောက်မဲ့နေသော သူရူးတို့မျှသာလျှင်ဖြစ်ပေလိမ့်မည်။ အလွန်ပြေပြစ်သော ကုန်းတက်တစ်ခု၌ မိမိတို့ အသည်းအသန် ဆင်းတွန်းနေချိန်တွင် အခြားနိုင်ငံမှကားတို့ကား နံပတ်(1) ဂီယာထိုး၍့် အလွယ်တကူကျော်တက်သွားကြလေပြီ။ ထို့ကြောင့်လည်း ကျွန်တော်တို့ခန္ဓာကိုယ်တွင် မွမ်းမံချယ်သထားသော အရေပြားတစ်ထောက်အလှထက် တန်ဖိုးဖြတ်၍ မရနိုင်သော နှလုံးသားတစ်စုံကိုပို၍ အလိုရှိခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်တောင့်တင်းခိုင်မာမှုအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် လူတို့အလွယ်တကူနားမလည်နိုင်သော ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်သည်။ ထိုသို့ရင်းနှီးမြုပ်နှံရာတွင် ပညာခံယူသူ၊ ပညာသင်ကြားပေးသူ နှင့် ၄င်းတို့ကိုထောက်ပံ့သော နိုင်ငံတော်အစိုးရဟူ၍ အဓိကကျသော အချက်သုံးချက်စလုံးပြည့်စုံကြွယ်ဝမှသာလျှင် အောင်မြင်သောပညာရေးတစ်ခု ဖြစ်လာနိုင်ပေမည်။
ပြည့်စုံကောင်းမွန်သော ထမင်းအိုးတစ်လုံးကျက်ရန် ဆန်၊ ရေနှင့် မီးဟူသော အရာတို့မရှိမဖြစ်လိုအပ်သကဲ့သို့ပင်ဖြစ်သည် ( ခပ်ညံ့ညံ့ ဥပမာတစ်ခုဖြစ်သော်လည်း ခပ်ညံ့ညံ့ပညာရေးတစ်ခု၏ သားကောင်ဖြစ်ခဲ့သော ကျွန်တော်၏ ခပ်ညံ့ညံ့ဦးနှောက်မှ ထိုထက်သာလွန်ကောင်းမွန်သော ဥပမာတစ်ခုထပ်၍ ထွက်မလာနိုင်တော့) ။
ဆန်နှင့်တူသော ပညာလိုလားသူများနှင့် ရေနှင့်တူသော ဦးနှောက်ကိုဖွပေးနိုင်သည့် ပညာဝေငှသူ အမြောက်အများရှိနေပါလျှက်နှင့် အဟာရပြည့်စုံသော ပညာရေးထမင်းအိုးကြီး မကျက်ခဲ့သည်မှာ အဘယ့်ကြောင့်နည်း။ ရှင်းနေပါသည်။ မီးနှင့်တူသော အုပ်ချုပ်သူလူတန်းစားက လိုလိုလားလား မီးပြင်းမတိုက်ပေးခဲ့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရေစိမ်ထားသော ဆန်ကိုသာစားနေရသည့် လူတစ်ယောက် ၀မ်းဖောဝမ်းရောင်ဖြစ်လာသကဲ့သို့ ကျွန်ူပ်တို့၏ နိုင်ငံသည်လည်း နည်းစနစ်မမှန်သော ပညာရေးတစ်ခုကြောင့် ၀မ်းဖောဝမ်းယောင်ဖြစ်ခဲ့ရပြီ။ ပညာရေးအဟာရမပြည့်ဝသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်ကျဆင်းကာ လူမမာတစ်ယောက်လို အိပ်ယာထဲလဲလျှောင်းနေခဲ့ရသည်မှာ နှစ်ပေါင်းအတော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့်လည်း ထိုထက်ပို၍ကြီးထွားခြင်းလမ်းစကို ရှာဖွေနေကြသော ဦးနှောက်အချို့ မိမိတို့နေထိုင်ရာ မွန်းကျပ်သည့် ဦးခေါင်းခွံအား စွန့်ခွါချန်ရစ်ခြင်းအားဖြင့် ဦးနှောက်ယိုစီးခြင်း (Brain Drain) အစရှိသော ဘေးထွက်ဆိုးကြိုးများဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုသူတို့ကလည်း မိမိတို့နေထိုင်ရာ မူလဦးခေါင်းခွံအတွင်း၌သာ သင့်လျှော်လုံလောက်သော နေရာနှင့် လွတ်လပ်သော အနေအထားတို့သာ ရှိခဲ့မည်ဆိုပါက မည်သူမျှ ထိုဦးခေါင်းခွံကို စွန့်ခွါကြမည်ဟုမထင်ပါ။ ယ္ခုတော့လည်း ကမ္ဘာမြေ၏ ကြမ်းပြင်တစ်ခုလုံး ထိုဦးနှောက်အပိုင်းအစများဖြင့် ဟိုတစ်စဒီတစ်စ စွန်းထင်း၍ပေကျံနေခဲ့ပြီ။
၎င်းဦးခေါင်းခွံတို့ကို ရိုက်ခွဲခဲ့ကြသော ၀ါးရင်းတုတ်ကိုင် လူရမ်းကားတို့ကလည်း ၎င်းဦးနှောက်ယိုစီးမှု ပြဿနာသည် ၎င်းတို့ကြောင့်မဟုတ်ပဲ အပြင်သို့မနေနိုင်မထိုင်နိုင် ခုန်ပေါက်၍ထွက်သွားကြသော ဦးနှောက်အပိုင်းအစတို့၏ အပြစ်သာဖြစ်ကြောင်း ကြေငြာချက်များထုတ်ပြန်၍ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကိုတတ်နိုင်သလောက်ဖုံးကွယ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် အက်ကွဲကာ အင်္ဂါမစုံလင်တော့သော ဦးခေါင်းခွံကြီးအား ဂလောင်ဂလင်အသံမမြည်စေရန် တွေ့ကရာများဖြင့်ထိုးသိပ်ဖိထည့်၍ နိုင်ငံတော်အားဆက်လက် မောင်းနှင်ရန် အမိန့်ပေးနေကြဆဲဖြစ်သည်။ သို့သော်၎င်းတို့ မျှော်လင့်ထားသလို နိုင်ငံတော်၏ခန္ဓာကိုယ်ကြီးကား ရှေ့ဆက်ဖို့နေနေသာ ထိုနေရာ၌ လဲပြိုမကျသွားစေရန်ပင် ကိုယ့်ကိုကိုယ်မနည်းနိုင်အောင် ထိန်းနေရပြီဖြစ်သည်။
ထိုဖြစ်ရပ်ကား စိတ်မနှံ့သော အရူးတစ်ယောက် ဆရာဝန်ထံမှ ခွဲစိတ်ခန်းဝတ်စုံကိုလုယူ၍ ဦးနှောက်အမှေးယောင်နေသော လူနာအားဝင်ရောက်ခွဲစိတ်သည့် ဖြစ်ရပ်တစ်ခုနှင့် အလားသဏ္ဌန် တူနေပါတော့သည်။ ဆံချည်မျှင်တစ်ပင်မျှအလွဲမခံပဲ ကျွမ်းကျင်တိကျသည့် ခွဲစိတ်မှုဖြင့်သာ အသက်ရှင်နိုင်သော ရောဂါသည်နိုင်ငံတော်ကား ထိုသူရူး၏ ရက်စက်ကြမ်းကျုတ်သော ခွဲစိတ်ဓါးရာတို့၏ အောက်တွင်သွေးချင်းချင်း နီခဲ့ရပြီ။
လူနာ၏ အသက်ကိုစိုးရိမ်၍ ယူကြုံးမရဖြစ်နေသော ဆရာဝန်ကတော့ လူမသိသူမသိ အမှောင်ခန်းထဲ၌ ဆက်လက်အချုပ်အနှောင်ခံနေရဆဲပင်ဖြစ့်သည်။
ထိုခွဲစိတ်ခန်းအတွင်းသို့ ဆရာဝန်နောက်ဆုံးဝင်ခွင့်ရခဲ့သည်မှာ အဘယ်တုန်းကနည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ကျောင်းသုံးစာအုပ်များထဲ၌ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အဘယ်တုန်းကနည်း။ အနံ့အရသာနှင့်ပြည့်စုံသော ပညာရေးဟင်းလျှာတစ်ခွက်ကို စားသုံးခဲ့ရသည်မှာ အဘယ်တုန်းကနည်း။ ကျွန်တော်ကတော့ မေ့လျှော့၍ နေခဲ့ပြီ။
< မင်းတစေ >


