Saturday, January 12, 2008

စင်ကာပူ ပညာရေး ဈေးကွက်--ကျူံးတံခါးလား--ရွှေ တံခါးလား

အချိန်ပိုင်း အလုပ် နဲ့ ကျောင်းစာ

သြချက် လမ်းမကြီးသည် စင်ကာပူ၏ အစည်ကား ဆုံးမြို့လယ် ခေါင် အရပ်တခုဖြစ်သည်။ စနေနေ့၏ လိမ္မော် ရောင် ဖျော့ဖျော့ ညနေစောင်းသည်...တိုးကြိတ် ညပ်သပ်ကာ ခြေချင်း လိမ်မျှ သွားလာ နေကြသော လမ်းဘေး ပလက်ဖောင်းပေါ်မှ လူတို့၏ အရောင် အ၀ါများ ကိုသော်လည်းကောင်း...တ၀က်တပျက် လင်းလက်စ ပြုနေပီ ဖြစ်သော ကုန်တိုက်ကြီး များ၏ နီယွန် ဆိုင်းဘုတ် မီးပန်းဆိုင်း များကိုသော်လည်းကောင်း မထိုးဖောက် နိုင်ပဲ တိတ်ဆိတ် စွာပင် အနောက် ယွန်းယွန်းသို့ ရွေ့လျားနေ တော့သည်။

ထုထယ် ကြီးမား ခန့်ညား လှသော အနီရင့် ရောင် ဂျပန် ကုန်တိုက်ကြီးသည် ဤလမ်းမကြီး ပေါ်တွင်တော့အကြီးမား ဆုံး ဖြစ်ပေလိမ့် မည်။ ကုန်တိုက်ကြီး၏ ပဠမထပ်ရှိ အမျိုးသား ဖိနပ် အရောင်း ဌါန အတွင်း တွင် သပ်ရပ်စွာ ၀တ်ဆင် ထားသော အရောင်း သမားလေး တယောက်သည် ဖိနပ်တွေ တရံပီး တရံ တောင်းယူ စီးကြည့်နေသော ဈေးဝယ် တယောက်၏ ဘေးတွင် စိတ်ရှည် ဟန်ပြု ကာရပ်စောင့်နေ သည်။ သူ့ စိတ်ထဲ တွင်တော့.. တနင်္လာနေ့မှာ အပြီးတင် ရမည့် ပရောဂျက် ကို စိတ်ရောက် နေသည်။ ဖိုးရှုပ် အတွက်... ပိုလီ ဒုတိယနှစ် ရောက်ကာမှ ကျောင်းစာ နဲ့ အချိန်ပိုင်းအလုပ်ကြား..ဗျာများ ချင်လာသည်။

စင်ကာပူ ရောက် သူနာပြုမလေး

မနက်ခင်း မိုးလင်းစ ဆိုတာကို မသိကျိုး ကျဉ်ပြု ကာ နေရောင်သည် စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ အမိုးချွန်ချွန် နာရီစင် ကြီးပေါ်သို့ စူးစူး ရှရှ ထိုးကျ နေသည်။

ည ဂျူတီမှ ထွက်လာ သောသူနာ ပြုဆရာ မလေး ဖွေးဖွေး သည်ဆေးရုံတံခါးမှ အပြင်ဖက် ကို ခြေချ လိုက်ရင်း...တောင့်တင်း နေသော ခြေထောက် အစုံကို သတိထား လိုက်မိသည်။ လေးလံ နေသော မျက်ခွံတို့ ကို အသာ ပွတ်သပ်လိုက်ရင်း သူ့ ၀ါဒ် မှ လူမမာအဖိုးကြီး တည လုံး မအိပ်ပဲ ဂျီကျနေခြင်း ကို စိတ်တိုနေမိ သည်။ တကယ့် တကယ် သူ့မှာ သူနာပြု တယောက် ရှိသင့် ရှိထိုက် သော စေတနာ ၀ါသနာဆို တဲ့ နာ၂နာ ရော လုံ လုံ လောက် လောက်ရှိ ပါရဲ့လား....စင်ကာပူမှာ လာပီး သူနာပြု ဒီပလိုမာ ကို တက်ဖြစ်ခဲ့ဖို့ ဘယ်လို အကြောင်းကံ က များ ဖန်တီး လိုက် ပါလိမ့်...။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက် လျှောက်ဖို့ သာရှိသည်။ သူ့ ဆန်စားတော့ ရဲရမည်ပေါ့။

ပေးစလစ်မှာ သုံးနဲ့စတဲ့ ဂဏန်း လေးလုံး မြင်ရဖို့..

မနက်ခင်း ဝေလီ ဝေလင်း...စင်ကာပူ စက်မူဇုံ ရပ် ကွက်ထဲသို့ ဘတ်စ်ကား ကြီးများ တစင်းပြီး တစင်း ၀င်လာ နေကြသည်။
အပြာနု ရောင် ဖယ်ရီကား သစ်ကြီး နှစ်စင်းသည်လည်း... Chartered Semiconductor ဆိုင်းဘုတ်ကြီး ရှေ့ တွင် ရှေ့ဆင့် နောက်ဆင့် ထိုးရပ်လိုက်သည်။ တနာရီနီးပါးစီးလာသော လမ်း တလျှောက် အိပ်ငိုက် လာသော အောင် အောင်သည်.. ဘေးလူ နှိုး မှ ကသော ကမြော အိပ်ကိုဆွဲကာ လိုက်ဆင်းရသည်။ စက်ရုံ အ၀င် လှေကား အကွေ့မှာ ရှိသော ဈေးရောင်း စက်ထဲ ကိုအကြွေ တချို့ ပြစ်ထဲ့ လိုက်ရင်း ကော်ဖီအေး တဘူးဝယ်ကာ..နံနက်စာကို ဖြည့်တင်းလိုက်သည်။ ဒီနေ့လည်း အိုဗာတိုင် ရှိသည်...ညဥ့်နက်မည်။
ကောင်းတယ်... ပေးစလစ်ပ် မှာ သုံးနဲ့ စတဲ့ဂဏန်း လေးလုံး ကိုမြင်လိုက်ရင် ပမ်းသမျှ တွေ အားလုံး ပြေသွားလိမ့်မည်။ ဒါမှ ပိုလီကြွေး တွေ မြန်မြန် ဆပ် နိုင်ပီး ယူနီကို ဆက်နိုင်မှာ... တသက်လုံး တော့ ဒီပလိုမာ လေးနှင့် ပီးလို့မဖြစ်ဟု အားတင်း လိုက်မိသည်။

တဘာသာ ဒေါ်လာ ငါးရာ

Singapore Immigration က ရောက် လာ သော စာရွက် ကလေး သည် သီတာ့ လက်ထဲမှာ တဖြတ်ဖြတ် ခုန်နေသည်။

Student Pass ကျပီတဲ့... တော်ပါသေးရဲ့.... အလုံးတလုံးတော့ကျသွားပီ။ ရန်ကုန် မှာ အေးဂျင့်နဲ့ လုပ်ရင် တောင်၊ ဒီလောက် ရင်မော ရမည်မထင်...။ ခုတော့ တဘာသာကို ဒေါ်လာ ၅၀၀ နဲ့ ACCA ပထမ အရစ် အတွက် သုံး ဘာသာဖိုးသွင်း ထားရပီမို့ ရောက်နေ တဲ့၂ လ လောက် အတွင်းမှာ ဟိုဟာ ဒီဟာ ကုန်တာတွေနဲ့ဆိုလျှင် ..တော်တော် လေးတော့ ပါးနေပီ။..အရေးကြီး တာ အလုပ် ရှာ ရမည်။ ခက်တာ က အပြင် ကျောင်းတက် သူတွေ အတွက် တရား ၀င် အလုပ် လုပ်ခွင့် မရှိ တော့... ဆိုင်တွေက လည်း ရွံ့တွံ့တွံ့ နှင့် လုပ်ခ နှိမ်ချင် သည်တဲ့။ စာရင်းကိုင်...စာရင်းကိုင် ဆိုလို့ သာ ကိုင်လိုက် ရသည်... ကိုယ်နဲ့ မနီးစပ်တဲ့ ဘာသာ ရပ်မို့.....စာသင် ခန်း ထဲမှာ ရော အဆင်ပြေပါ့ မလား နော်....။ ဘာသာ အကုန်လုံးပေါင်း ၁၃ ခုတောင် ရှိပီး အရမ်း ခက်တယ်တဲ့..။ တော်တော် များများ အပြီးထိ မတက်နိုင် ကျဘူးဆိုပဲ။ သီတာ့ ရင် ထဲမှာ အလုံးတွေ အများကြီး ကျန်နေ ပါ သေးသည်။

စင်ကာပူ ပညာရေး ဇတ်ခုံ ပေါ် က ရင်ခုံသံများ

စင်ကာပူဟာ သူ့နိုင်ငံ ရဲ့ ပညာ ရေး ဇာတ်ခုံ ပေါ်က... ထိုထိုသော ရင်ခုန်သံ များကို အမြဲ နားစွင့် နေ တတ်ပါ သည်။လှပ သပ်ရပ်တဲ့ အထပ်မြင့်တိုက်ကြီးတွေ...ခောတ်မှီသစ်လွင်တဲ့မြို့ပတ်ရထားတွေ.. ထယ်ဝါခန့်ညားတဲ့ ကုန်တိုက်ကြီး တွေ ..အချိတ်ဆက် မိမိ ရှိနေတဲ့ .. လူဦးရေ လေးသန်း ကျော် မှီတင်း နေထိုင်နေတဲ့..ကမ္ဘာ့ အဆင့်မှီ ဆိပ်ကမ်းမြို့ နိုင်ငံလေးဟာ... ၁၈၁၉ ခုနှစ်များဆီက...မလေးရှား ရေ လုပ်သား ၁၅၀ လောက်ပဲရှိတဲ့ တောဖုပ်ဖုပ်ကျွန်းစပ် ကလေး တခု သာ ဖြစ်ခဲ့ တယ်ဆိုတာ...မယုံ ရင် ပုံပြင် လို့သာ မှတ် ရပေလိမ့်မည်။ မြန်မာပြည်မှာ ဆိုရင်တော့.. ဘကြီး တော်နန်း တက်စ အချိန်မို့.. ဘယ်မှာ သိပ်ဝေး သေး သော သမိုင်း ဟုတ်လိမ့် မတုံး..။ အင်္ဂလိပ် က လွပ်လပ် ရေးပေး တော့.. မူလ ပိုင်ရှင် မလေးရှား ကပင် မက်မက် မော မော မရှိခဲ့လို့ လွယ်လွယ် ကူကူ ပင် သီးခြား နိုင်ငံ အဖြစ် စတင် တည် ထောင်ခဲ့ သည်မှာ ၁၉၆၅ ခုနှစ် ကမှ ဆို တော့... ၄၁နှစ် သက်တမ်းသာရှိသေးသော နိုင်ငံလေးသည်.. ခုတော့ ဟန် တွေ ပန် တွေ တခွဲသားနှင့် ဖြစ်နေသည်မှာ.. ဘယ်လို နည်းတွေ ကြောင့်ပါလဲ။

ဒီထက်ပိုလို့ အံ့သြစရာ ကောင်း တာက..သူ့မှာ ဘာတွင်း ထွက် သယံဇာတ မှမရှိ။ စိုက်ပျိုးရန် မြေမရှိ...။ သောက် ရေ သုံးရေ ပင်မရှိ။ သူ လုပ်နိုင် သည်မှာ လုပ်အား များ များ စုဆောင်းဖို့ရန်သာ ဖြစ်သည်။

ဤသို့ဤနှယ်..လူစုဆောင်း သိမ်း သွင်း ခဲ့သော စင်ကာပူ၏ နည်းဗျူဟာ အား..ဆင်ကျူံး သွင်းခြင်း နှင့် အလင်္ကာ ပြုလျှင် ဖြင့်.. သိပ်ပြီး များ လေးလံ သွား လေမလား...။

ကွာ ခြား တာက... စင်ကာပူ လူကျူံး ထဲ ကိုတော့ ... လူတွေ သူ့ထက် ငါ အလု အယက် ၀င်ရောက် လာကြ ခြင်းဖြစ်ပြီး.. နှစ်ဦးနှစ် ဖက်..ကျေနပ် ကျတဲ့ အပေးအယူ တခုဖြစ် နေတာပါပဲ..။ ဒီနေရာမှာ.. အသေ အချာ နစ်နာရသူက.. လူသား အရင်း အမြစ် များ လတ်တလော ဆုံးရှုံး သွားတဲ့ သက်ဆိုင်ရာ နိုင်ငံများ ဖြစ်ပီး.. ၂၁ရာစုရဲ့ ကုစား ရခက်တဲ့ ဝေဒနာတခုမို့.. ဒီလိုပဲ လက် ပိုက်ကြည့်နေ ကြရသည်။နိုင်ငံ တကာသုံး ပညာရပ် စကားနှင့် ပြောရရင်တော့...Recruitment လုပ်သည်ပေါ့...။ သူ့လိုပင် Recruitment လုပ် တိုင်းသူ ပြည်သား စုဆောင်း ခြင်း ဖြင့် နိုင်ငံ ချဲ့ထွင် တည်ထောင်ကြသော.. အမေရိကလို..သြစတြေလျလို.. နယူးဇီလန်တို့ ကနေဒါတို့လို အရင့် အရင် ဘိုးတော် နိုင်ငံများ အများအပြား ရှိသော် လည်း..ကွဲပြားသည့် အချက်က စင်ကာပူ သည် မကျယ်ဝန်းပါ။ ကျဉ်းပင် ကျဉ်းမြောင်း လှသည်မို့..အရည်အတွက် များစေယုံ သက်သက် တော့ လူမစုဆောင်းပါ။ သူအလို ရှိရာ အသက်မွေးဝမ်း ကျောင်း ပညာသည်များ..ကျွမ်းကျင် သူများ ကိုသာ..စိစိ စစ်စစ် ခေါင်းခေါက် ခေါ်ခြင်းဖြင့် လူစုဆောင်း ခြင်းဖြစ်သည်။ ..ဒုံးမယူပါ.... ခေါင်စ ကိုမှ ရွေးယူပါသည်။ ဒီ နည်းဗျူဟာ ကြောင့် ပင် နိုင်ငံပင် သေးလင့်ကစား..ထိုဘိုးတော်နိုင်ငံကြီး များနှင့် သွား ပခုံးချင်း ယှဉ် လက်ချင်း ချိတ် စကားပြော နိုင်လာခဲ့သည်။

စက်မူဇုန် နိုင်ငံ တခု ထူထောင်ရန် အတွက်.. နိုင်ငံတကာ ကုမ္ပဏီကြီးများ ကို.. သက်သာ သော အခွန်နှုံး ထားများ.. ဈေးပေါ သော လုပ်သား အင်အား များဖြင့် အောင်မြင်စွာ စွဲဆောင် နိုင်ခဲ့ခြင်း သည်ပင် စင်ကာပူကို ပွဲဦးထွက် ကောင်း စေခဲ့တော့ သည်။ ယခု ခောတ် စားနေသော..တရုတ်..အိန္ဒိယ..ဗီယက်နမ်..ဈေးကွက်များထက် စောလျင် စွာပင် Business Process Outsourcing (BPO) ကိုအောင်မြင်စွာ လက်ခံ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုအချိန်က ခောတ်ပြိုင်များ ဖြစ် သော ကိုရီးယား..တိုင်ဝမ်တို့အကြား..စင်ကာပူရဲ့ အားသာ ချက်ကတော့ အင်္ဂလိပ်စာ ကို ကြားခံအဖြစ် ကောင်းမွန်စွာ အသုံးချနိုင် ခြင်း..ဈေးကွက် လိုအပ်ချက် အတိုင်း စနစ်တကျ သင်ကြား လေ့ကျင့် ပေးထားသော ကျွမ်းကျင် လုပ်သားများ အစဉ်မပြတ် ရှိနေခြင်း ပင်ဖြစ်သည်။

ကိုယ့်ပညာထုပ် ကိုယ်ပိုက်ကာ..ရောက်လာသော ရယ်ဒီမိတ် လူ့အရင်း အမြစ်များ အတွက်..အထူး တလည် သင်ကြားလေ့ကျင့် ပေးနေစရာ မလိုသော်လည်း..မလေးရှားနဲ့ စင်ကာပူ နိုင်ငံသား လူငယ်များ အတွက်တော့.. ပညာရေး အခြေခံ အဆောက်အဦ ကြီး သည် တစတစ ပုံပေါ်လာ ခဲ့ရသည်။ နိုင်ငံပိုင် တက္ကသိုလ်ကြီးများ.. စက်မူ နည်းပညာ ကောလိပ်များ.. သက်မွေးဝမ်း ပညာသင် ကျောင်းများ.. တခုပီးတခု အပြိုင်းအရိုင်း ပေါ်ပေါက် လာခဲ့သည်။ တချိန်တည်း တပြိုင်တည်း မှာပဲ..တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများ နှင့်အတူ.. နိုင်ငံတကာ ရင်းနှီးမြုပ်နှံမူ အတွက် အခင်းအကျင်း ကောင်းများ ကို လည်း ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံတကာ အဆင့်မှီဘဏ် ငွေကြေးစနစ်.. ခောတ်မှီဆိပ်ကမ်း..လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ အဆောက်အဦ တွေဟာ ပန်းချီကား တချပ် ပေါ်မှာ စုတ်ချက်တွေ တရောင်ပီး တရောင်တင် လိုက်သလို... ခောတ်မှီ မြို့တော်ရဲ့ ကားချပ်ပုံ ပေါ်လို့လာခဲ့သည်။

ကျူံးတံခါး လား ..ရွှေတံခါး လား

နိုင်ငံက ဖွံ့ဖြိုး လာပီဆိုတော့.. အိမ်နီးနား ချင်း တိုင်းပြည် တွေက ဘွဲ့ကြို ကျောင်းသား လူငယ်များ အတွက် ပိုလို့တဖန် မျက်စိကျ ရပြန်ပါပီ။ စင်ကာပူ အစိုးရ ကိုယ်တိုင်ကလည်း ကျောင်းများရဲ့ လိုအပ်မဲ့ စာသင်သား ဦးရေ.. ဈေးကွက်မှာ ဖြည့်စွက်ရမဲ့ လုပ်အား အနေအထားကို ချင့်ချိန် တွက်ချက် ပီးတော့..စနစ်တကျ လက်ခံခဲ့တာ..ယခုထက်ထိ ၀င်လာမစဲ တသဲသဲရှိနေတုံးပါပဲ။ လာလတ္တံ့သော လူငယ်ပေါင်း မြောက်များစွာလည်း.. တရုတ်..အိန္ဒိယ..ဗီယက်နမ်.. မြန်မာ.. သိရိလင်္ကာ.. စတဲ့ နိုင်ငံ အသီးသီးမှာ..တန်းစီ စောင့်ဆိုင်းနေကြသည်။

ကျူံးတံခါးကြီးသည်.. ရွှေတံခါးကြီး ဖြစ်လို့နေသည်ပေါ့။

ဝယ်လိုအား ရှိရင် ရောင်းလိုအားကို မြှင့်တင်ရသော စီးပွါးရေးပညာ သဘော သဘာဝအတိုင်းပင်.. စီးပွါးရေး ကျမ်းကျေ သော စင်ကာပူ နိုင်ငံအဖို့..အမျိုးသား ပညာရေးမှသည် ဈေးကွက်ပညာရေးသို့ ပြောင်းလဲ ချီတက်ရန် အကောင်းဆုံး အနေအထား ဖြစ်လာ ခဲ့ခြင်းပင်။

မြန်မာ ဖောက်သည် များ

ဆိုခဲ့သည့် အတိုင်း..ဒေသတွင်း ဖောက်သည် အများ အပြား အနက်မှ.. မြန်မာ ဖောက်သည်များကို စူးစိုက်ကြည့်မိသည်။မြန်မာ ဈေးကွက် သည် ၁၉၉၆ အလွန်..အစုလိုက် ၀င်ရောက်လာကြသော.. ပိုလီတက်ကနစ် ကျောင်းသား အုပ်စုများမှ စ၍ တဖြည်းဖြည်း သက်ဝင် လှုပ်ရှား လာခြင်းဖြစ်သည်။ ပိုလီ တက်ကနစ် ဆိုတာက..မြန်မာပြည်မှာ ယခင်က အသုံးပြု ခဲ့သော အသက် မွေးဝမ်းကျောင်း ပညာသင်စနစ် GTI (ယခုခောတ်..GTC) စက်မူကျောင်း များနှင့် အတော်တူ၏။ စင်ကာပူရှိ Nanyang, Ngee Ann, Temasek နှင့် Singapore ဟုခေါ်သော ပိုလီ တက်ကနစ် ကြီး လေးခုသည်..တရားဝင် ကျောင်းကိုယ်စားလှယ် များထားကာ..ဈေးကွက်ကို အပြိုင်အဆိုင် ရှာဖွေ ခဲ့ကြသည်။(ယခုနောက်ထပ် Republic ဟူသော အမည်ဖြင့် အသစ်တခု ထွက်ပေါ်လာသည်။)

မည်သူမဆို ပြည်ပမှာ ကျောင်းတက်ရန် ကြိုးစားပြီ ဆိုကတည်းက.. ဈေးနှုံး သင့်တင့် ရဲ့လား.. အစိုးရ ချေးငွေ အထောက် အပံ့ ရနိုင် မလား.. အချိန်ပိုင်း အလုပ်ကော.. အရေးကြီး ဆုံးက ကျောင်းပြီးရင် အလုပ် ရနိုင် ပါ့မလား... အဆင်ပြေ မယ်ဆိုရင်ဖြင့်ဆက် လက် အခြေချ နေထိုင် နိုင်မလား.. ဆိုတာတွေ ကိုစဉ်းစား ကြတဲ့အနက်.. စင်ကာပူ ကျောင်းများမှ ထိုအရာအားလုံး.. အိုကေ ဆိုတော့..သူတို့အားလုံး ရွှေရောင် အိမ်မက်များ မက်ကုန် ကြတော့သည်။ ဒီထက်ပိုလို့ မက်စရာ ကောင်းတာက.. ထိုပိုလီ တက်ကနစ် များမှ ပို့ချသော သူနာပြု လက်မှတ်ရ ဒီပလိုမာများ ဆိုလျှင်.. ကိုယ့်အိတ်ထဲမှ တပြားမှ စိုက်စရာ မလိုသည့်ပြင်.. လစဉ် သုံးစရာ ငွေပင် အလုံအလောက် ထောက်ပံ့သေး သည်။ ယခုအချိန်မှာ..မြန်မာပြည်မှ သူနာပြု မိန်းကလေး ငယ်များ အများအပြားပင် စင်ကာပူနိုင်ငံ.စီးပွားရေး စာမျက်နှာ ခောတ်မှီဆေးရုံကြီးများ၌.. နေရာပြည့် တာဝန် ထမ်းဆောင်နေ ကြပီ။ ထိုထိုသော အစိုးရ ထောက်ပံ့ ငွေကြေးများ အတွက် ပြန်လည် ပေးဆပ်ရန် မူကား.. စာသင်နှစ် သုံးနှစ်အပြီးတွင်...စင်ကာပူနိုင်ငံ၌ သံုးနှစ် မှ ငါးနှစ် အထိ ဆက်လက် အလုပ် လုပ် ကိုင်ရန်သာ ဖြစ်သည်မို့ ဒါဟာ အလုပ်အကိုင်အခွင့် အလမ်း ကောင်းခြင်းလား..ရှေ့ဆက် ရဦးမည့် ပညာရေး လမ်းကြောင်း ရှည် ကြီး အတွက် အချိန်ကာလ အဟန့်အတားလား ဆိုတာတော့.. သူတို့တယောက်ချင်း၏ ခံယူချက် သာဖြစ်၏။

ခောတ်က Knowledge ခောတ်ဖြစ်နေသည်။ မြန်မာ လူမျိုးများ ဆိုတာ ကလည်း ဘွဲ့ဒီဂရီကို အင်မတန် တန်ဖိုးထား သည်မို့.. ဒီအတိုင်း ရောင့်ရဲ ကျေနပ်နေလို့လည်း မဖြစ်ပြန်။ ပိုလီမှ ယူနီသို့ ဆက်သွား ရဦးမည်။ အဲဒီ အတွက်လည်း စင်ကာပူ၏ အထင်ကရ အစိုးရ ကျောထောက် နောက်ခံ တက္ကသိုလ် ကြီးသုံးခုမှ အသင့်စောင့်ကြိုလျက် ပထမဈေးကွက်နှင့် ဒုတိယ ဈေးကွက်ကို..ဟန်ချက်ညီညီ ချိတ်ဆက် ထားပေးပြန်သည်။အဲဒီအထဲက SMU ( Singapore Management Universtiy) ကတော့ ၂၀၀၀ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သော်လည်း။ NTU( NangYang Technology University) နှင့် NUS(National University of Singapore) နှစ်ခုမူကား မူလ လက်ဟောင်း လည်းဖြစ်... မြန်မာ ကျောင်းတော် သူ ကျောင်းတော်သား များရဲ့ အဓိက ကွန်းခိုရာ တက္ကသိုလ်ကြီး များလည်းဖြစ်ကြ၏။၊ အများစု ကတော့ အင်ဂျင်နီယာ အတတ်သင်များဖြစ်၍.. ပိုလီများမှ ဆက် လာကြသူများ.. မြန်မာပြည်မှ တိုက်ရိုက် လာသူများ.. လုပ်ငန်းခွင်မှ လူများ..အစိုးရ ပညာသင်များ..စသဖြင့် နေရာစုံသလို... ရိုးရိုးဘွဲ့.. မဟာ ဘွဲ့...ပါရဂူဘွဲ့...ဟူ၍..အလွှာလည်း စုံလှသည်။ (ယခု လောလော လတ်လတ်တွင်ပင် UniSIM ဆိုသော..တက္ကသိုလ် အသစ် တခုဖွင့်လှစ်ခဲ့ သည်။)

စင်ကာပူသည်..၀ယ်လိုအားကိုကြည့်၍..ရောင်းလိုအားကို မြှင့်တင် နိုင်ခဲ့ ယုံသာမက.. ယခုနောက်ပိုင်း လွယ်လွယ်နဲ့ ချောင်ချောင်ပင် မရှိလှတော့ပဲ... ဈေးကွက်မှာ မျက်နှာမော် လာကာ ဈေးမြှင့် ချင်လာသည်။ တက္ကသိုလ် ကျောင်းတော်ကြီး များ ၀င်ခွင့် ခက်ခဲလာသည်။ စိစစ်မူ တွေ များပြားလာပီ။ဖောက်သည် အသစ်များ အတွက်တော့ ..တက်ဈေးနှင့်ကြုံ နေရသော.. ယခု အခြေအနေသည် စင်ကာပူရဲ့ တဆင့်ခြင်း လှမ်းတက် လာသော အမျိုးသားပညာရေး... ဈေးကွက် ပညာရေး.. ထိုမှ.. အရည်အသွေးမြင့် နံမယ်ရပညာရေး (branded education) သို့ ချိုးကွေ့လာသော အလှည့် အပြောင်း တရပ် ဖြစ်နိုင်သည်။ ဒီအချိန်မှာ အခွင့်အလမ်း များ ပွင့်ကာ နေ့ကောင်းရက်သာ ရွေးလာကြသူများက.. ပုဂ္ဂလိက ကျောင်းများဖြစ်၍၊ အများစု ကတော့..အသင့်အတင့် နံမယ်ရှိသော..အနောက်နိုင်ငံ တက္ကသိုလ်များ၏ အမည်များကို အားပြုကာ ဈေးကွက် ရှာကြသည်။ ကျောင်းလို့ဆိုသော်လည်း.. education service provider ဆိုတော့ ..သင်ကြားရေး ၀န်ဆောင်မူကို ပေးသော ကုမ္ပဏီများ ဟု ဆိုကပိုမှန်မည်။ယခုနှစ်များ အတွင်း မြန်မာပြည် ဈေးကွက်ကို အတော်လေး ထိုးဖောက်လာကြသည်။ သူတို့သည်.. niche market (အဖြည့်ခံဈေးကွက်)ကို ကိုင်ထားနိုင်သည်။ မြန်မာ ကျောင်းသားများ (နိုင်ငံခြားကျောင်းသားများ) အတွက် နိုင်ငံပိုင် ကျောင်းကြီးများတွင် လမ်း သိပ်မပွင့်သော စီးပွါးရေး စီမံအုပ်ချူပ်မူ ပညာလို..စာရင်းကိုင်လို သိပ္ပံပြင်ပ ဘာသာရပ်များအပြင် ဟိုတယ်ကြီးကြပ်မူ.. စားဖိုမှူးမှစလို့.. ဘဲလေးအက.. ဆိုတာမျိုးထိ နှစ်တို သက်မွေးမူ ပညာများကို သူ့ဈေးကွက် နှင့် သူ ရောက်ရှိဖို့ ကြိုးစား လျက်ရှိသည်။

၂၀၀၅ ခုနှစ်တခုထဲမှာပင်.. မြန်မာနိုင်ငံသည် လက်ရှိ စုစုပေါင်း နိုင်ငံခြား ကျောင်းသားဦးရေ ခြောက်သောင်း ခြောက် ထောင် အနက်.... တထောင့်ရှစ်ရာ ဖြင့် နံပတ် ခုနစ် ချိတ်လျက်ရှိသည်။

စင်ကာပူရဲ့..ရည်မှန်းချက်

ရီစရာအဖြစ်ပြောကြသည်။

စင်ကာပူသည် ကမ္ဘာ့အသေးဆုံး နိုင်ငံတခုဖြစ်ပေမင့် ကမ္ဘာ့အကြီးဆုံး အရာများကိုသာ စိတ်ဝင်စားသည်တဲ့...။ ခောတ်စားသမျှ ကို သိမ်းကျူံး ဆွဲယူကာ ... hub ( ဗဟိုကြီး) လုပ်တတ် သည်တဲ့...။ခါချဉ်ကောင် မာန်ကြီး တာ မျိုးတော့...မဟုတ်တန်ကောင်းပါ...။အရှေ့တောင် အာရှရဲ့ ပညာရေး ဗဟိုချက်မကြီး ဖြစ်ဖို့ကတော..့ အကြောင်း ကြောင်းများက ဖန်တီးလာ ခဲ့ခြင်းဖြစ်သည်။ ဒါပေမဲ့ အင်္ဂလန်..အမေရိကန် နှင့် သြစတြေလျ တို့လို ...ပညာရေးပို့ကုန် အနေဖြင့် ထိပ်မှာ ရှိနေသော နိုင်ငံများနှင့် ယှဉ်ကာ brand ဈေးကွက် ဝေစု ၀င်လုမည် ဆိုလျှင်တော့ ..တောင်ကြီးဖြို ဖို့..ကြံခြင်းသာ ဖြစ်ပေလိမ့်မည်။ အဆိုပါနိုင်ငံကြီးများသို့.. သွားရောက် ပညာသင်ရန် အဆင်မပြေသော အာရှသားတို့ ..ဒုတိယထား ရွေးချယ်ဖို့.. niche market (အဖြည့်ခံဈေးကွက်) ကြီးကို ပိုင်ပိုင် နိုင်နိုင် ကိုင်ထား နိုင် ပီမို့...တဆင့်တက် ..စိတ်ကူးယဉ်မည် ဆိုက..ယဉ်ချင်စရာတော့ ကောင်းလှသည်။

ယခုလက်ရှိ ပညာရေးပို့ကုန်သည် ပြည်တွင်းထုတ်ကုန်ပမာဏ ၏ (၃. ၉) ရာခိုင်နှုံးရှိနေသည်။ ၁၀ နှစ်အတွင်း မှာ (၅ ) ရာခိုင်နှုံး ကျော်ရမည်ဟုကြုံးဝါး ထားသည်။ နိုင်ငံတော် ကလည်း.. ပညာရေး အသုံးစရိတ်ကို.. ရက်ရက် ရောရောပင် ချပေးထားသည်။ ပီးခဲ့သည့်နှစ် ကပင် စုစုပေါင်းရာထားငွေ၏.. (၂၀) ရာနှုံးမျှ ရှိသော ၅. ၂ ဘီလီယံ ဒေါ်လာကို ချပေးခဲ့ သည်။ အဲဒီလောက် များပြားတဲ့ အသုံး စရိတ်တွေထဲက ရာနှုံးဝက်နီးပါးမျှ .. ရှိနေတဲ့ နိုင်ငံခြား ကျောင်းသားများကို နှစ်စဉ် ထောက်ပံ့ကြေးများ ပေးနေခြင်းဟာ ဘယ်လောက် အကျိုး ရှိသလဲ ... အဲဒီ ကျောင်းသား တွေထဲက ဘယ်နှယ် ယောက် စင်ကာပူက ထွက်ခွါသွားပီလဲ ....ဆိုတဲ့ မေးခွန်းများ ဟာ လည်း ပါလီမန်ထဲမှာ..ကြားနေကြရသည်။

ယခုနှစ်များအတွင်း ..ပညာရှင် အုပ်စုများမှ အကြံပြု ထားသော.. အဆင့်သုံးဆင့် ( 3 tiers) တက္ကသိုလ် ပညာရေးလမ်းကြောင်း ပုံပေါ်စပြု လာသည် ကိုမြင်နေရသည်။ ကမ္ဘာ့ အဆင့်မှီ ပြည်ပ တက္ကသိုလ်ကြီးများ...နိုင်ငံပိုင် တက္ကသိုလ်ကြီးများ...ပီးတော့ ...ပုဂ္ဂလိကပိုင် ကျောင်းများဟု အဆင့်သုံးဆင့် ခွဲထားမည်။ ပထမဆုံးအဆင့်က.. ကမ္ဘာနှင့်ချီသော သုတေသနများ.. နည်းပညာများ.. ကျွှမ်းကျင်မူများကို သယ်ဆောင် လာမည်မို့.. စင်ကာပူရဲ့ brand အိမ်မက်အတွက်.. မရှိမဖြစ် မှီခိုထားရမည်။ အောက်ဆုံးအဆင့်က... နိုင်ငံရပ်ခြား ကျောင်းသားများ အတွက်ဖြစ်ပီး.. စင်ကာပူရဲ့ အကျိုးစီးပွါးကို.. သိသိ သာသာဖြစ်ထွန်းစေမည်။ အဲ.... အလယ်မှာ ရှိတဲ့ နိုင်ငံပိုင် ကျောင်းကြီးများကတော့...စင်ကာပူရဲ့ လူသား ရင်းမြစ် စစ်စစ်များကို စနစ်တကျ မွေးထုတ်မည်။ အပေါ်နဲ့ အောက် အလုပ်ရှုပ် နေချိန်မှာ..အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ရင်း ...တချိန်မှာ..ပထမအဆင့်ကို အစားထိုး ၀င်ရောက်နိုင်မည်ပေါ့။

အခုဆိုရင် .. John Hopkins Singapore ဆိုတာရှိနေပီ၊ ပြင်သစ်နံမယ်ကျော်တက္ကသိုလ် INSEAD ဖွင့်လှစ်ပီးသွားပီ...။ MIT(Massachusetts Institute of Technology) လို ပြည်တွင်းတက္ကသိုလ် နှင့် မဟာမိတ်ပြု ဆက်သွယ် လာသော ကျောင်းများလည်း တော်တော်များလာသည်။ ပြသာနာက အဲဒီ ကျောင်းကြီးများကို အသားပေး..ဖူးဖူးမှုတ် နေရသည့် အချိန်မှာ .. ကိုယ်ပိုင် ကျောင်း ကြီးများရဲ့ ပုံရိပ် မှေးမှိန် မလာအောင် တကယ်ပဲ ဟန်ချက်ညီညီ ထိန်း ထားနိုင်ပါ့မလား...။ တဖက် ကလည်း...အကျိုးအမြတ်ကို ကြည့်၍..လွယ်လွယ် ကူကူ ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ကျောင်းမျိုး စုံရဲ့ နှစ်ထောင် ကျော်မျှ..ရှိသော အရေ အတွက် ကြားထဲမှာ.. အရည် အသွေးကို ဘယ်လိုရှာဖွေကြမလဲ...။ တိကျရေရာ မူမရှိတဲ့ ပေါ ချောင်ကောင်း အောင် လတ်မှတ်များက.. စင်ကာပူရဲ့ ပညာရေး ဈေးကွက် ပုံရိပ်ကို မထိခိုက်နိုင်ဘူးလား...။

စင်ကာပူကတော့... လက်ရှိ နိုင်ငံခြား ကျောင်းသား ဦးရေကို နှစ်ဆ တိုးလို့... လာမည့် ၂၀၁၂ တွင် တသိန်းငါးသောင်း ထိပင် လျာထားမျှော်မှန်း ထားပါသည်တဲ့။ကဲ....မြန်မာပြည်မှ ကျောင်းသားများ ..အသင့်ပြင်ကာ နေရာယူထားကြပေတော့။

ပြီးရင်ကော... ဘယ်အထိရှေ့ဆက်မျှော်မှန်းကြဦးမလဲ... လာခဲ့ရာကမ်းကိုရော... ရော်ရမ်းကြပါဦးမလား ဆိုတာတော့... ရင့်ကျက်လာသော ရင်ခုန်သံများကို သာ ကြားချင်လှတော့၏။
ကေသွယ်
ဇူလိုင် ၂၀၀၆

(အောက်တိုဘာ..၂၀၀၆ ..အမှတ်(၂)..အတွဲ (၂)..Weekly Eleven ဂျာနယ် တွင်..ဖော်ပြ ပြီး..)

Friday, December 7, 2007

စာကြည့်တိုက်မှာ

အမေရိကားနိုင်ငံရဲ့ ပြည်နယ်တခုမှာနေထိုင်တဲ့ ဘလောဂါ့ကလိုစေးထူးက သူတို့မြို့ မှ စာကြည့်တိုက်အကြောင်းကို အောက်ပါအတိုင်း ရေးသားခဲ့ပါတယ် ။
(ဘလောဂါ့ကလိုစေးထူးဘလောဂ့်မှ ကူးယူဖော်ပြသည်)

တိုးတက်နေတဲ့ နိုင်ငံတခုမှာ ကျောင်းသား ကျောင်းသူများနဲ့တကွ ပြည်သူတွေ အားလုံး အတွက် ပညာရှာရာမှာ အထောက်အကူ တခု ဖြစ်စေဖို့အတွက် `စာကြည့်တိုက်´ ကို ဘယ်လိုဘယ်ပုံ စီစဉ်ထားရှိတယ်ဆိုတာကို ကျနော်တို့ လေ့လာကြည့်ကြပါစို့…။

Picture+2173.jpg

အဲဒါကတော့ စာကြည့်တိုက်ရဲ့ အ၀င်ဝပါ။

စာကြည့်တိုက်ကို ရုံးဖွင့်ရက်နေ့တိုင်းမှာ မနက် ၁၀ နာရီကနေ ည ကိုးနာရီအထိ ဖွင့်လှစ်ပြီးတော့ စနေနေ့တွေမှာ မနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအထိ ဖွင့်လှစ်ပါတယ်။

စာကြည့်တိုက်မှာ မိမိလိုအပ်တဲ့ စာအုပ်၊ စီဒီရွမ်၊ ဗွီဒီယိုခွေ၊ ဒီဗွီဒီခွေ၊ သီချင်းစီဒီ အစရှိတွေကို အခမဲ့ ငှားရမ်းနိုင်ပါတယ်။ အဲဒီလို ငှားရမ်းဖို့အတွက်တော့ စာကြည့်တိုက် အဖွဲ့ဝင် ကဒ်ပြားလုပ်ရပါတယ်။ မြို့နယ်နမိတ်အတွင်းမှာ လက်ရှိနေထိုင်နေတာ အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သူ မှန်သမျှကို မိနစ်ပိုင်းအတွင်းမှာပဲ အဖွဲ့ဝင်ကဒ်ပြား ထုတ်ပေးပါတယ်။ အဲဒီ ကဒ်ပြားကိုလည်း အခမဲ့ ထုတ်ပေးတာပါပဲ။

စာကြည့်တိုက်ထဲကို ရောက်သွားတော့ ဓာတ်ပုံရိုက်ခွင့်အတွက် ကောင်တာမှာ မေးမြန်းခွင့်တောင်းကြည့်တော့ လုံခြုံရေး တာဝန်ကျသူက `စာဖတ်သူတွေကို အနှောက်အယှက် မဖြစ်စေဘူးဆိုရင် ရိုက်နိုင်ပါတယ်´ လို့ အသာတကြည် ခွင့်ပြုလိုက်ပါတယ်။ ကျနော်က `ကျနော် လူတွေကို မရိုက်ပါဘူး၊ စာအုပ်တွေကိုပဲ ရိုက်မှာ အသေအချာပါခင်ဗျ´ လို့ အရွှန်းဖောက်လိုက်တော့ သူက ရယ်နေပါတယ်။


Picture+2176.jpg

စာကြည့်တိုက်ရဲ့ အ၀င်ဝကနေ အထဲကို အတန်ငယ် လျှောက်လိုက်ပြီ ဆိုရင်ပဲ သီချင်း၊ ရုပ်ရှင်နဲ့ သက်ဆိုင်တာတွေကို ထားတဲ့ ဒီနေရာလေးကို ရောက်ပါတယ်။ များသောအားဖြင့် ရနိုင်တာကတော့ သီချင်းဟောင်း၊ ရုပ်ရှင်ဟောင်းများနဲ့ အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အထောက်အကူပြု အခွေတွေ၊ ခရီးသွားလမ်းညွှန် ခွေတွေက ပိုများပါတယ်။

Picture+2177.jpg

ဒါက စာဖတ်ဖို့ စီစဉ်ပေးထားတဲ့ နေရာ တခုပါ။ သပ်သပ်ရပ်ရပ် စီထားတဲ့ စာအုပ်စင်တွေနဲ့ အတူ အဲဒီလို စာဖတ်ဖို့ နေရာလေးတွေကို လေးငါးနေရာထက် မနည်း စီစဉ်ထားပေးပါတယ်။ စားပွဲပေါ်မှာ စီစီရီရီ ထောင်ထားတဲ့ စာအုပ်တွေကတော့ လတ်တလောမှာ လူဖတ်များနေတဲ့ စာအုပ်တချို့ပါ။

Picture+2184.jpg

တယောက်ထဲ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စာဖတ်ချင်သူတွေအတွက်လည်း ဒီလို စာကြည့်စားပွဲလေးတွေကို ထားရှိပေးထားပါတယ်။

စာကြည့်တိုက်ထဲမှာ အထူး သတိထားလေ့ရှိတာကတော့ `ဆိတ်ငြိမ်ခြင်း´ ကိုပါပဲ။ ကိုယ့်ကြောင့် တခြားသော စာဖတ်သူတွေ အနှောက်အယှက် မဖြစ်ရအောင် လူတိုင်းလိုလိုက အတတ်နိုင်ဆုံး ဆိတ်ငြိမ်စွာ လှုပ်ရှားသွားလာကြပါတယ်။ ဆူညံစွာ အော်ဟစ် စကားပြောခြင်း၊ ခြေသံပြင်းပြင်းလမ်းလျှောက်ခြင်း၊ ခုံတွေကို အသံမြည်အောင် တွန်းရွှေ့ခြင်း တွေကို မလုပ်မိအောင် ကိုယ်စီကိုယ်စီ ထိန်းသိမ်းကြတာဟာ လေးစားစရာ ယဉ်ကျေးမှု တခုပါပဲ။

စာကြည့်တိုက်ထဲမှာ ဆဲလ်ဖုန်း ပြောခွင့် မပြုပါဘူး။ ဆဲလ်ဖုန်းပြောဖို့အတွက် စာဖတ်သူတွေနဲ့ အတန်ငယ် အလှမ်းဝေးတဲ့ နေရာမှာ ခန်းမကျယ်တခု စီစဉ်ထားပေးပါတယ်။ ဆဲလ်ဖုန်း မြည်သံ တခုခုကြားတာနဲ့ စာကြည့်တိုက် တာဝန်ကျ တယောက်ယောက်က အနားကို ရောက်လာပြီး အဲဒီ ခန်းမကျယ်မှာ သွားပြောဖို့ မေတ္တာရပ်ခံပါတယ်။

Picture+2180.jpg

Picture+2181.jpg

စာအုပ်တွေကို သူ့အမျိုးအစားအလိုက် ဒေသန္တရဆိုင်ရာ၊ သမိုင်း၊ ပထ၀ီ၊ ခရီးသွားလမ်းညွှန်၊ အားကစား၊ သိပ္ပံဆိုင်ရာ၊ ရသ စသဖြင့် စသဖြင့် စုံလင်စွာ သူ့နေရာနဲ့ သူ ထားရှိပါတယ်။

Picture+2188.jpg

ရှာချင်တဲ့ စာအုပ်ကို အလွယ်တကူ ရှာမတွေ့နိုင်ဖြစ်နေသူတွေအတွက် အဆင်ပြေပြေ ရှာနိုင်အောင် ထားရှိပေးထားတဲ့ Online Catalog နေရာလေးပါ။ အဲဒီလိုနေရာလေးတွေကိုလည်း လေးငါးနေရာထက် မနည်း စီစဉ်ပေးထားတာကို တွေ့ခဲ့ရပါတယ်။

Picture+2182.jpg

Teen Zone လို့ အမည်ပေးထားတဲ့ အဲဒီ စာဖတ်ခန်းလေးထဲမှာတော့ အသက် ဆယ့်လေးငါးနှစ် ၀န်းကျင် အရွယ် လူငယ်လေး တချို့ ရှိနေပါတယ်။ သူတို့ အရွယ်လေးတွေ ဖတ်ဖို့ ပိုမို သင့်တော်တဲ့ စာအုပ်အမျိုးအစားတွေကို သီးသန့် ခွဲထားပေးတဲ့ အပြင် စာဖတ်ခန်းကိုပါ သီးခြား စီစဉ်ထားပေးပါတယ်။

Picture+2189.jpg

စာအုပ်တွေကို မိမိဖတ်နိုင်တဲ့ Level အလိုက် ရွေးချယ်ဖတ်ရှုနိုင်အောင် အခုလို ခွဲခြားထားပေးပါသေးတယ်။

Picture+2190.jpg

ဒီနေရာမှာတော့ စာကြည့်တိုက် အဖွဲ့ဝင်တွေအတွက် ကွန်ပျူတာ အင်တာနက် သုံးနိုင်အောင် စီစဉ်ပေးထားပါတယ်။ အဖွဲ့ဝင် အမှတ်ကို ရိုက်ထည့်ပြီးတာနဲ့ တနေ့တာအတွက် တနာရီ အခမဲ့ အသုံးပြုခွင့် ရပါတယ်။ တနာရီပြည့်တာနဲ့ အင်တာနက် ကွန်နက်ရှင် အလိုအလျောက် ပြတ်တောက်သွားပါတယ်။

ပရင့်ထုတ်ဖို့ လိုအပ်တဲ့ စာမျက်နှာတချို့ရှိရင်လည်း ထုတ်ယူနိုင်ဖို့ ပရင်တာတွေ ထားရှိပေးပါသေးတယ်။ ဒါပေမယ့် ပရင့်ထုတ်ယူခကိုတော့ ပိုက်ဆံ ပေးရပါတယ်။ သိပ်တော့ ဈေးမကြီးလှပါဘူး။ တမျက်နှာကို ဆင့် ငါးဆယ် နှုန်းပါ။

Picture+2179.jpg

မိတ္တူကူးယူချင်သူများအတွက်လည်း မိတ္တူကူးစက်တွေ ထားရှိပေးထားပါတယ်။

Picture+2195.jpg

အဲဒါကတော့ စာကြည့်တိုက်ကနေ ငှားယူချင်တဲ့ စာအုပ်၊ စီဒီ၊ ရုပ်ရှင်ခွေ၊ ဒီဗွီဒီခွေ အစရှိတာတွေကို စာရင်း မှတ်တမ်း သွင်းတဲ့ စက်ပါ။ အဖွဲ့ဝင်ကဒ်ပြားနဲ့ ငှားယူစာရင်းကို အတည်ပြုပြီးရင် ပြန်ပို့ရမယ့် နေ့စွဲပါတဲ့ ဖြတ်ပိုင်းစာရွက်ကို စက်က အလိုအလျောက် ထုတ်ပေးပါတယ်။ အဲဒီနေ့ ကျော်လွန်ပြီးမှ ပြန်ပို့ရင်တော့ သတ်မှတ်နှုန်းထားအလိုက် ဒဏ်ငွေဆောင်ရမှာပါ။

အခုလို ဒီနိုင်ငံမှာ ရှိတဲ့ စာကြည့်တိုက် အကြောင်းကို ဒီနေ့ တင်ဖြစ်တာကတော့ တိုးတက်နေတဲ့ သူတို့ နိုင်ငံမှာ အစိုးရက ပညာရေးကို ဘယ်လောက်အထိ ဦးစားပေးပြီးတော့ စာကြည့်တိုက်ကို အထူးဂရုစိုက် စီစဉ်ထားပေးတယ်ဆိုတာကို ဗဟုသုတ အလို့ငှာနဲ့ နောင်တချိန်မှာ ကျနော်တို့ နိုင်ငံမှာလည်း ဒီလို စာကြည့်တိုက်မျိုးတွေ တည်ထောင်လာနိုင်ဖို့ ရည်သန်ပါတယ်။

တိုးတက်နေတဲ့ သူတို့ နိုင်ငံက သူတို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ဒီလို စာကြည့်တိုက်မျိုးတွေကို သေသေချာချာ ဂရုတစိုက်နဲ့ မြို့ရွာအနှံ့တည်ထောင်ထားတယ်ဆိုရင် မတိုးတက်သေးတဲ့ ကျနော်တို့ နိုင်ငံ အုပ်ချုပ်သူတွေအနေနဲ့လည်း ဒီလောက်အဆင့် စာကြည့်တိုက်မျိုး မတတ်နိုင်သည့် တိုင်အောင် နည်းနာယူတန်တာယူပြီး မိမိအထွာနဲ့ မိမိ တတ်နိုင်တဲ့ စာကြည့်တိုက်များကို အစိုးရရဲ့ စီစဉ်ကြပ်မတ်မှုနဲ့ မြို့ရွာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သင့်ပါတယ်။ အဓိကကတော့ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ထားတဲ့ `ပညာတတ်စေချင်တဲ့ စေတနာ´ ဘယ်လောက် ရှိမရှိဆိုတဲ့ အပေါ်မှာ မူတည်မှာပါ။

Picture+2197.jpg

Nature Travel ဆိုတဲ့ စာအုပ်တအုပ်ကို ငှားယူခဲ့ပြီးတော့ စာကြည့်တိုက် အပြင်ကို ပြန်ထွက်လာတော့ မှောင်စပျိုးနေပါပြီ။

ခပ်သော့သော့ လေနုအေး တချက်က မပြုံးတုံ့ပြုံးတုံ့ဟန်နဲ့ ဝေ့ခနဲ တိုက်ခတ်တာကြောင့် စိမ့်ခနဲ ခံစားလိုက်ရပါတယ်။ စာကြည့်တိုက်နား တ၀ိုက်က အပင်အုံ့ဆိုင်းဆိုင်းတချို့လည်း လက်ကျန်အရွက် အနည်းငယ် တန်ဆာဆင်ထားတဲ့ အကိုင်းတွေက ဟိုယိမ်းဒီယိမ်း…။

စာကြည့်တိုက်ကို ပြန်ကြည့်မိတော့ နီယွန်မီးရောင် ထွန်းထားတဲ့ စာကြည့်တိုက် အ၀င်ဝက ပညာအလင်းပါ စွက်ထားလို့ ထင်ရဲ့…၊ လင်းချင်းပါဘိ။ ထည်ဝါပါဘိ။ ခန့်ညားပါဘိ။

(ကလိုစေးထူး)

Monday, December 3, 2007

အက်ကွဲနေသော ပညာရေး (သို့) အက်ducation (သို့) Crackဂျူကေးရှင်း

ဘလောဂါ့မင်းတစေ၏ ပို့စ်ကို ကူးယူဖော်ပြသည် ။

သူငယ်တန်းမှ ဆယ်တန်းထိ၊ ထို့နောက် တက္ကသိုလ်ပထမနှစ်မှ နောက်ဆုံးနှစ်အထိ နှစ်ပေါင်းအတော်များများကို ဘ၀၏အနုပျိုဆုံးအချိန်များအတွင်း မြုပ်နှံခဲ့ရပြီးနောက် အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ရရှိခဲ့သော ဘွဲ့လက်မှတ်တစ်ခုသည် ကွမ်းယာသည်၏လည်ပင်း၌ ချိတ်ဆွဲထားသော သစ်သားဗန်းတစ်ဗန်းလောက်မျှပင် ဘ၀ကို အာမခံချက်မပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရပြီ။

ဝလုံးကိုဝိုင်းအောင် အကြိမ်ကြိမ်ရေးကျင့်ခဲ့ကြသော ကျောက်သင်ပုန်းတစ်ချပ်၏ရာဇ၀င် ကွဲရှခဲ့ရလေပြီ။

လျှောက်နေရင်း ပျောက်ဆုံးခဲ့သော ခြေထောက်တစ်စုံအတွက် မည်သူ့ထံ အလျှော်တောင်းရမည်နည်း။
တန်ဖိုးကြီးမားစွာရင်းနှီး၍ ၀ယ်ယူခဲ့ရသော်လည်း အချိန်ရောက်၍ အသုံးချကြည့်မိသောအခါတွင်မှ မည်သို့မျှ အသုံးမ၀င်သော ပစ္စည်းအတုတစ်ခုဖြစ်နေမှန်း ခြောက်ခြားစွာသိရှိခဲ့ရသည်။ သုညတစ်လုံးနီးပါးမျှ တန်ဖိုးမဲ့နေသော ထိုသစ်သီးပုပ်တစ်လုံးကို မည့်သူ့ထံ၌ မျက်ရည်ခံထိုး၍ ပြန်လည်ရောင်းချရမည်နည်း။

နောက်ဆုံးတွင်တော့ မြန်မာလိုရေးတတ်ဖတ်တတ်ခြင်းနှင့် အင်္ဂလိပ်လိုအနည်းငယ်တီးမိခေါက်မိရှိခြင်း တို့ကိုသာ အကျိုးအမြတ်တစ်ခုအနေနှင့် ကျိတ်မှိတ်၍ယူခဲ့ရသည်။ သို့သော် ထို့ထက်ပို၍ အသုံးချခြင်လျှင်တော့ မင်္ဂလာဆောင်ဖိတ်စာတို့၌ ဂုဏ်ပုဒ်တစ်ခုအနေနှင့်လည်း ထည့်သွင်းနိုင်ပါသေးသည်။

"သားတို့၊ သမီးတို့ မျက်နှာမငယ်ခြင်ရင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားနော်" ဟူသည့် မိဘတို့၏စကားသံများသည်လည်း ထိုအနှစ်မဲ့နေသော ကြက်ဥခွံဆန်ဆန် ဘွဲ့လက်မှတ်တို့၏နောက်ကွယ်တွင် ဆွံ့အခဲ့ရပြီ။ အကယ်၍ မြင်တတ်မည်ဆိုပါက ဘွဲ့ဝတ်စုံထူထူကြီးအောက်မှ ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုကြီးကိုလည်းကောင်း၊ လှောင်အိုက်နေလွန်းသောကြောင့် ၎င်းအမှောင်ထုအား ဖြတ်သန်းစီးဆင်းနေသော ချွေးစေးချွေးပေါက်များကိုလည်းကောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ၎င်းတို့ကား အမှောင်ချထားခြင်းခံရ၍ ပူလောင်အိုက်စပ်နေသော ကျွန်ူပ်တို့၏ ပညာရေးပင်ဖြစ်တော့သည်။

အကယ်၍ ဘွဲ့ဝတ်စုံနှင့် ရိုက်ထားခဲ့သော အသင်၏ဓါတ်ပုံများ တစ်ရိုတသေသိမ်းဆည်းထားဆဲဆိုပါက နောက်တကြိမ်ပြန်လည်၍ ထုတ်ကြည့်စေချင်သည်။ ထိုဓါတ်ပုံများထဲတွင် အသင်၏နုတ်ခမ်းများအပေါ်ယံ ပြုံးရီနေကြသော်လည်း သေချာစွာကြည့်မည်ဆိုပါက အသင်၏နှလုံးသားများ မဲ့ရွဲ့တွန့်လိမ်နေသည်ကို ခြောက်ခြားစွာတွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသင်သည် ဘွဲ့ရပညာမတတ်တစ်ယောက်အနေဖြင့် ဥာဏ်နီဥာဏ်နက်များသော လောကအတွင်းသို့ အကာအကွယ်မဲ့စွာ ၀င်ရောက်ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဘွဲ့ရပညာမတတ်များ ဖောင်းပွနေသော နိုင်ငံတစ်နိုင်ငံသည် ဆေးအလှသုတ်ထားသော်လည်း အင်ဂျင်မပါသည့် မော်တော်ကားတစ်စီးနှင့် အလားသဏ္ဌန်တူနေသည်။ တစ်ခါတစ်ရံ ကုန်းအဆင်းတို့၌ ဟန်ဆောင်၍ လှိမ့်ချနိုင်ခဲ့သော်လည်း ကုန်းအတက်များပြန်ရောက်သော အခါတွင်မှု ဆက်လက်မမောင်းနှင်နိုင်ပဲ အရှုက်တကွဲ အကျိုးနည်းမျှသာဖြစ်ခဲ့ရသည်။ ထိုအင်ဂျင်မဲ့ ကားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပန်းတိုင်ကို အရောက်မောင်းနှင်ရန် ကြိုးစားနေသောသူများသည် ဦးနှောက်မဲ့နေသော သူရူးတို့မျှသာလျှင်ဖြစ်ပေလိမ့်မည်။ အလွန်ပြေပြစ်သော ကုန်းတက်တစ်ခု၌ မိမိတို့ အသည်းအသန် ဆင်းတွန်းနေချိန်တွင် အခြားနိုင်ငံမှကားတို့ကား နံပတ်(1) ဂီယာထိုး၍့် အလွယ်တကူကျော်တက်သွားကြလေပြီ။ ထို့ကြောင့်လည်း ကျွန်တော်တို့ခန္ဓာကိုယ်တွင် မွမ်းမံချယ်သထားသော အရေပြားတစ်ထောက်အလှထက် တန်ဖိုးဖြတ်၍ မရနိုင်သော နှလုံးသားတစ်စုံကိုပို၍ အလိုရှိခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်တောင့်တင်းခိုင်မာမှုအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် လူတို့အလွယ်တကူနားမလည်နိုင်သော ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်သည်။ ထိုသို့ရင်းနှီးမြုပ်နှံရာတွင် ပညာခံယူသူ၊ ပညာသင်ကြားပေးသူ နှင့် ၄င်းတို့ကိုထောက်ပံ့သော နိုင်ငံတော်အစိုးရဟူ၍ အဓိကကျသော အချက်သုံးချက်စလုံးပြည့်စုံကြွယ်ဝမှသာလျှင် အောင်မြင်သောပညာရေးတစ်ခု ဖြစ်လာနိုင်ပေမည်။

ပြည့်စုံကောင်းမွန်သော ထမင်းအိုးတစ်လုံးကျက်ရန် ဆန်၊ ရေနှင့် မီးဟူသော အရာတို့မရှိမဖြစ်လိုအပ်သကဲ့သို့ပင်ဖြစ်သည် ( ခပ်ညံ့ညံ့ ဥပမာတစ်ခုဖြစ်သော်လည်း ခပ်ညံ့ညံ့ပညာရေးတစ်ခု၏ သားကောင်ဖြစ်ခဲ့သော ကျွန်တော်၏ ခပ်ညံ့ညံ့ဦးနှောက်မှ ထိုထက်သာလွန်ကောင်းမွန်သော ဥပမာတစ်ခုထပ်၍ ထွက်မလာနိုင်တော့) ။

ဆန်နှင့်တူသော ပညာလိုလားသူများနှင့် ရေနှင့်တူသော ဦးနှောက်ကိုဖွပေးနိုင်သည့် ပညာဝေငှသူ အမြောက်အများရှိနေပါလျှက်နှင့် အဟာရပြည့်စုံသော ပညာရေးထမင်းအိုးကြီး မကျက်ခဲ့သည်မှာ အဘယ့်ကြောင့်နည်း။ ရှင်းနေပါသည်။ မီးနှင့်တူသော အုပ်ချုပ်သူလူတန်းစားက လိုလိုလားလား မီးပြင်းမတိုက်ပေးခဲ့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရေစိမ်ထားသော ဆန်ကိုသာစားနေရသည့် လူတစ်ယောက် ၀မ်းဖောဝမ်းရောင်ဖြစ်လာသကဲ့သို့ ကျွန်ူပ်တို့၏ နိုင်ငံသည်လည်း နည်းစနစ်မမှန်သော ပညာရေးတစ်ခုကြောင့် ၀မ်းဖောဝမ်းယောင်ဖြစ်ခဲ့ရပြီ။ ပညာရေးအဟာရမပြည့်ဝသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်ကျဆင်းကာ လူမမာတစ်ယောက်လို အိပ်ယာထဲလဲလျှောင်းနေခဲ့ရသည်မှာ နှစ်ပေါင်းအတော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့်လည်း ထိုထက်ပို၍ကြီးထွားခြင်းလမ်းစကို ရှာဖွေနေကြသော ဦးနှောက်အချို့ မိမိတို့နေထိုင်ရာ မွန်းကျပ်သည့် ဦးခေါင်းခွံအား စွန့်ခွါချန်ရစ်ခြင်းအားဖြင့် ဦးနှောက်ယိုစီးခြင်း (Brain Drain) အစရှိသော ဘေးထွက်ဆိုးကြိုးများဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုသူတို့ကလည်း မိမိတို့နေထိုင်ရာ မူလဦးခေါင်းခွံအတွင်း၌သာ သင့်လျှော်လုံလောက်သော နေရာနှင့် လွတ်လပ်သော အနေအထားတို့သာ ရှိခဲ့မည်ဆိုပါက မည်သူမျှ ထိုဦးခေါင်းခွံကို စွန့်ခွါကြမည်ဟုမထင်ပါ။ ယ္ခုတော့လည်း ကမ္ဘာမြေ၏ ကြမ်းပြင်တစ်ခုလုံး ထိုဦးနှောက်အပိုင်းအစများဖြင့် ဟိုတစ်စဒီတစ်စ စွန်းထင်း၍ပေကျံနေခဲ့ပြီ။

၎င်းဦးခေါင်းခွံတို့ကို ရိုက်ခွဲခဲ့ကြသော ၀ါးရင်းတုတ်ကိုင် လူရမ်းကားတို့ကလည်း ၎င်းဦးနှောက်ယိုစီးမှု ပြဿနာသည် ၎င်းတို့ကြောင့်မဟုတ်ပဲ အပြင်သို့မနေနိုင်မထိုင်နိုင် ခုန်ပေါက်၍ထွက်သွားကြသော ဦးနှောက်အပိုင်းအစတို့၏ အပြစ်သာဖြစ်ကြောင်း ကြေငြာချက်များထုတ်ပြန်၍ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကိုတတ်နိုင်သလောက်ဖုံးကွယ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် အက်ကွဲကာ အင်္ဂါမစုံလင်တော့သော ဦးခေါင်းခွံကြီးအား ဂလောင်ဂလင်အသံမမြည်စေရန် တွေ့ကရာများဖြင့်ထိုးသိပ်ဖိထည့်၍ နိုင်ငံတော်အားဆက်လက် မောင်းနှင်ရန် အမိန့်ပေးနေကြဆဲဖြစ်သည်။ သို့သော်၎င်းတို့ မျှော်လင့်ထားသလို နိုင်ငံတော်၏ခန္ဓာကိုယ်ကြီးကား ရှေ့ဆက်ဖို့နေနေသာ ထိုနေရာ၌ လဲပြိုမကျသွားစေရန်ပင် ကိုယ့်ကိုကိုယ်မနည်းနိုင်အောင် ထိန်းနေရပြီဖြစ်သည်။

ထိုဖြစ်ရပ်ကား စိတ်မနှံ့သော အရူးတစ်ယောက် ဆရာဝန်ထံမှ ခွဲစိတ်ခန်းဝတ်စုံကိုလုယူ၍ ဦးနှောက်အမှေးယောင်နေသော လူနာအားဝင်ရောက်ခွဲစိတ်သည့် ဖြစ်ရပ်တစ်ခုနှင့် အလားသဏ္ဌန် တူနေပါတော့သည်။ ဆံချည်မျှင်တစ်ပင်မျှအလွဲမခံပဲ ကျွမ်းကျင်တိကျသည့် ခွဲစိတ်မှုဖြင့်သာ အသက်ရှင်နိုင်သော ရောဂါသည်နိုင်ငံတော်ကား ထိုသူရူး၏ ရက်စက်ကြမ်းကျုတ်သော ခွဲစိတ်ဓါးရာတို့၏ အောက်တွင်သွေးချင်းချင်း နီခဲ့ရပြီ။

လူနာ၏ အသက်ကိုစိုးရိမ်၍ ယူကြုံးမရဖြစ်နေသော ဆရာဝန်ကတော့ လူမသိသူမသိ အမှောင်ခန်းထဲ၌ ဆက်လက်အချုပ်အနှောင်ခံနေရဆဲပင်ဖြစ့်သည်။

ထိုခွဲစိတ်ခန်းအတွင်းသို့ ဆရာဝန်နောက်ဆုံးဝင်ခွင့်ရခဲ့သည်မှာ အဘယ်တုန်းကနည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ကျောင်းသုံးစာအုပ်များထဲ၌ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အဘယ်တုန်းကနည်း။ အနံ့အရသာနှင့်ပြည့်စုံသော ပညာရေးဟင်းလျှာတစ်ခွက်ကို စားသုံးခဲ့ရသည်မှာ အဘယ်တုန်းကနည်း။ ကျွန်တော်ကတော့ မေ့လျှော့၍ နေခဲ့ပြီ။

< မင်းတစေ >

Friday, November 30, 2007

ပညာသိုက်

ဆရာတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးများကို စုစည်း ထုတ်ဝေလိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်တွင် ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော စာကြည့်တိုက် သမိုင်းကြောင်းများ၊ မြန်မာ့စာကြည့်တိုက် ဖြစ်စဉ်သမိုင်းစုံကို တင်ပြရှင်းလင်းထားပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် စာစုံရှိသော စာကြည့်တိုက်တို့၏ ဂုဏ်ဝင့်ထည်ပုံကို ထင်သာမြင်သာအောင်ဖော်ပြထားသည်။ ဆရာကြီးဇေယျသည် လမ်းဘေးစာအုပ်ဆိုင်လေးများကို လမ်းဘေးတက္ကသိုလ်ဟု သုံးနှုန်းခဲ့ဖူးသည်။ သို့ဆိုလျှင် စာကြည့်တိုက်ဟူသည် ပြည်သူပြည်သားတို့အတွက် ကျောင်းပြင်ပတက္ကသိုလ်ပင် ဖြစ်လိမ့်မည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာအလင်းသည် အလွန်ပင်အရေးကြီးပါသည်။ အတွေးအခေါ် အမြော်အမြင်ရှိ၍ နိုင်ငံအကျိုးအမှန်ပင်လိုလားသော ခေါင်းဆောင်တိုင်းသည် ပြည့်မျက်လုံးကို ဖွင့်ပေးရာ၏။ ပြည့်မျက်လုံးဟူသည် ပညာပင်ဖြစ်သည်။ ထို ထိုသော ပညာရပ်များစုစည်းရာ ဌာနသည် စာကြည့်တိုက်ပင်ဖြစ်ပါသည်။

မြန်မာ့စာကြည့်တိုက် သမိုင်းကို ပြန်ကြည့်သော် ပုဂံခေတ်ကိုပင် ညွှန်းရမည်ဖြစ်သည်။ အနော်ရထာမင်းစောသည် သထုံကို တိုက်ခိုက်သိမ်းသွင်း၍ ပိဋကတ်အစုံသုံးဆယ်ကို ပုဂံပြည်သို့ ပင့်ဆောင်ခဲ့သည်။ ထိုပင့်ဆောင်ခဲ့သော ပိဋကတ်အစုံကို ရတနာအတိဖြစ်သော ပြသာဒ်ဝယ်ထား၍ အရိယာသံဃာတို့အား သင်ကြားပို့ချရ၏ဟု ရာဇ၀င်၌ လာလေသည်။ ပိဋကတ်တို့ထားရှိရာ ထိုအုတ်တိုက်ကို အနော်ရထာမင်းစော၏ ကောင်းမှုတော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍လည်းကောင်း ခေါ်ခဲ့ကြသည်။ တဖန် ကျန်စစ်သားမင်းလက်ထက်၌ မြကန်သာအနီး တူရွင်းတောင်ခြေတွင် ပိဋကတ်တိုက်တော်ရှိခဲ့သည်ကို သမိုင်းအထောက်ထားများအရ သိရပြန်သည်။ ၁၄၄၂ ခုနှစ်၌ တောင်တွင်းမင်း မင်းသီရိဇေယျသူရမောင်နှံသည် ပုဂံ၌ ကျောင်းဆောက်၍ ကျမ်းပေါင်းလေးရာခန့် လှူဒါန်းခဲ့ကြောင်း သိမှတ်ရသည်။ ပိဋကတ်စာလှူဒါန်းသော၊ ပိဋကတ်တိုက်ထူထောင်သော အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ခေတ်ဆက်ဆက်တိုင် တည်တံ့ခဲ့လေသည်။

၁၉ ရာစုအကုန်တွင် အင်္ဂလိပ်နှင့်ဒုတိယအကြိမ်စစ်ဖြစ်၍ အထက်မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံ ဟူ၍နှစ်ခြမ်းကွဲလေသည်။ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချွန်ချွန်နှင့် သစ်သားအဆောက်အအုံလေးတစ်ခု ပေါ်ပေါက်လာသည်။ ဗားနတ် အခလွတ် ပိဋကတ်တိုက်ဟု ခေါ်တွင်လေသည်။ မဟာဝန်ရှင်တော်မင်းကြီး ချားလ်ဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်ပေသည်။ အခလွတ်ဟုဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ငှားရမ်းသုံးစွဲနိုင်ခြင်းကြောင့်ဖြစ်လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးနန်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုမှရရှိသော ပေပုရပိုက်စာစုတို့ကို သုံးစုခွဲ၍ ယိုးဒယားဘုရင်ထံသို့လည်းကောင်း၊ လန်ဒန်မြို့ရှိ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်သို့ လည်းကောင်း၊ ကျန်တစ်စုသည် ရန်ကုန်မြို့ မဟာဝန်ရှင်တော်မင်းကြီးမှတဆင့် ဗားနတ်ပိဋကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။

ဗားနတ်တိုက်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျှောက်ထုံးကျမ်းပြု ဆရာအောင်၊ သဘင်ပညာသုတေသီ ဦးနု၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာ ဇေယျ၊ စာရေးဆရာ သိပ္ပံမောင်ဝ စသော မြန်မာမှုလိုက်စားသူများအဖို့ မှီခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်တိုက် ပိဋကတ်တိုက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသည်ရှိခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်ဝိုက်တွင် မြန်မာအများစု၌ ၀ံသာနုရက္ခိတစိတ်များ တိုးပွားလာခဲ့သည်။ အမျိုးဘာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ၀ိုင်အမ်ဘီအေအသင်းကြီးကို ထူထောင်ခဲ့ကြသည်။ ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘခက်၊ ဦးဖာနိဗယ် စသောပုဂ္ဂိုလ်များက မြန်မာပြည် ပညာပြန့်ပွားရေးအသင်း တည်ထောင်၍ မြန်မာဘာသာစာအုပ်များကို လည်းကောင်း၊ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာစာအုပ်များကို လည်းကောင်း လူအများဖတ်ရှုနိုင်စေရန် အမြို့မြို့၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋကတ်စာတိုက်များကို ဖွင့်လှစ်ပေးခဲ့သည်။

စစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရလာသည့်အခါ စာကြည့်တိုက်များ ပေါများလာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုဌာနသစ်တစ်ခု တိုးလာသည်။ ထိုဌာနသည် ဗားနတ်ပိဋကတ်တိုက် အကြွင်းအကျန်ကို သိမ်းယူ၍ အမျိုးသား စာကြည့်တိုက် ထူထောင်ရန် စတင်စီမံလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မော်လမြိုင်၊ ကျောက်ဖြူ၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြို့ရွာ ၇၄ ခုတွင် ပြန်ကြားရေး စာကြည့်တိုက်ငယ်များ ထူထောင်နိုင်ခဲ့သည်။ ထို့အတူ စာကြည့်တိုက်ကြီးများ အဖြစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။ တက္ကသိုက်အသီးသီးနှင့်အတူ စာကြည့်တိုက်များလည်း ယှဉ်တွဲပေါ်ပေါက်လာခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ ၁၉၇၁ ခုနှစ်တွင် ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်သည် စာကြည့်တိုက်ဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။

ယခုအခါ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များလည်း ကျေးရွာ အနှံ့အပြား ပေါ်ပေါက်လာကြသည်။ စာကြည့်တိုက်များပေါများလာခြင်းနှင့်အတူ စာအုပ်လိုအပ်ချက်နှင့် ထောက်ပံ့နိုင်မှုလည်း အားနည်းလာသည်။ ပြန်ကြားရေးစာကြည့်တိုက်များတွင်လည်း ဆွဲခန့်စာကြည့်တိုက်မှူးများကြောင့် စာစု၊ စာပြု၊ စာဖြန့် လုပ်ငန်းများ အားနည်းလာသည်။ မငှားရမ်းသည့်စာအုပ်များ၊ ဖတ်ခွင့်လုံးဝမရသည့် စာအုပ်များပင်ရှိလာသည်။ စာအုပ်ငှားရမ်းချင်သည့်အခါ စာကြည့်တိုက်မှူး လိုက်ရှာနေရသည်ကပင် အလုပ်ကြီးတစ်ခုဖြစ်နေသည်။ ဆိုင်ရာမှလည်း စာကြည့်တိုက်တို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို အရေးယူ စုံစမ်းခြင်း မရှိ။ အချင်းချင်း လက်ဝါးရိုက်၍ ပြီးနေခြင်းသည် ပြည်သူတို့အား မျက်လုံးပိတ်ထားခြင်းနှင့်တူပေသည်။ စာကြည့်တိုက်များ ပေါများလာခြင်းသည် ကောင်းသောလက္ခဏာဖြစ်၍ စာကြည့်တိုက်စည်းကမ်း လျော့ရဲလာခြင်းနှင့် စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ မဆောင်ရွက်နိုင်ခြင်းသည် အနုတ်လက္ခဏာပင်ဖြစ်သည်။

ဟိုးယခင် ပုဂံမင်းဆက်မှသည် လွတ်လပ်ရေးရပြီး ခေတ်နောက်ပိုင်းတိုင်အောင် စာကြည့်တိုက်သမိုင်းသည် အစဉ်လာကောင်းခဲ့ပါသည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ သခင်ဘ၀ရောက်အောင် စာကြည့်တိုက်များသည် အလင်းရောင်ပေးခဲ့ပေသည်။ ထိုအလင်းရောင်သည် ကမ္ဘာ့နိုင်ငံများနှင့် တန်းတူရည်တူဖြစ်အောင်လည်း ပေးစွမ်းနိုင်ပါသည်။ ထိုအလင်းရောင်မီးမှိန်ရခြင်း၊ အားနည်းရခြင်းသည် နိုင်ငံနိမ့်ကျရခြင်း အကြောင်းရင်းပေတည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ဖန်တီးသနည်း။ ဘာကြောင့်ထိုသို့ဖန်တီးသနည်း။ စာကြည့်တိုက်သည် ပညာသိုက်ကြီးဖြစ်ပေသည်။ ပညာဟူသည် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်။ ထိုးထွင်းကြံဆနိုင်သည်။ ပညာမျက်လုံး ဖောက်ထုတ်ခြင်းသည် ကိုယ်ပြောသမျှ အမှန်ဖြစ်နေစေလိုခြင်းပင်ဖြစ်သည်။

ဗုဒ္ဓအဆုံးအမအရ အရာရာကို ဝေဖန်ပိုင်းခြားနိုင်ခွင့် ရှိရမည်။ ပြည်သူတို့၏ ဆန္ဒကို အမှန်တိုင်းထုတ်ဖော်ခွင့်ရှိရမည်။ အမှား၊ အမှန်ကို ဝေဖန်နိုင်ခြင်းသည် ပညာအရာဖြစ်ပါသည်။ ယခုလို ပိတ်ဆို့နေသော ခေတ်ကြီး၌ အွန်လိုင်း ပညာသိုက်များ ဟိုဟိုဒီဒီမှ ထွက်ပေါ်လာခြင်းသည် ၀မ်းသာစရာပင်။ ရှိပြီးသော အွန်လိုင်းပညာသိုက်များ ဆက်လက်တည်တံ့နိုင်စေရန်နှင့် အသစ်သစ်သော ပညာသိုက်လေးများ ပေါ်ထွန်းလာစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

မှီငြမ်း။ ။
ဆရာတိုက်စိုး၏ ပညာသိုက်။
ဆရာချစ်ဦးညို၏ ရာဇကုမာရ။

Saturday, November 17, 2007

အက်ဆေးများရေးသားခြင်း (အပိုင်း-၂)

မေးခွန်းများ၏သဘောသဘာဝ

အက်ဆေးတပုဒ်ရေးသားရာမှာ မေးခွန်းရဲ့ ဆိုလိုရင်းကို နားလည်ဖို့ အလွန်ကို အရေးကြည့်ပါတယ်။ ဘာမေးလဲဆိုတာကို သေသေချာချာသိနိုင်ဖို့ မေးခွန်းထဲက စကားလုံးတွေကို တိတိကျကျစစ်ဆေးဖို့ လိုပါတယ်။ ဒါမှလဲ ဆီလျော်တဲ့ အဖြေကို အလွယ်တကူ ပြင်ဆင်လေ့လာနိုင်မှာပါ။ မေးခွန်းရဲ့နောက်ကွယ်က သဘောတရားတွေကိုလဲ သေချာ ဖော်ထုတ်နိုင်ဖို့ လိုအပ်လှပါတယ်။ မေးခွန်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာဟာ ယေဘုယျပြောရင်လုံလောက်သလား၊ သုတေသနပြုချက်တွေပါ ထည့်ဖို့လိုလားဆိုတာ သေချာစဉ်းစားရပါမယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေ ထည့်ရင် အကျိုးရှိမှာလား၊ ဒါမှမဟုတ် တခြားလူတွေရဲ့ သုတေသနပြုချက်တွေကို ထည့်သွင်းရမှာလား ဆိုတာကိုရင် ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ဘာသာရပ်တခုချင်းစီအလိုက် ဌာနဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာဖို့လဲလိုအပ်ပါတယ်။

အခုဒီစာကို မရေးမီအချိန်က ကျွန်မလက်ထဲမှာ ပထမနှစ်ကျောင်းသားတယောက်ရဲ့ အက်ဆေးလေးတပုဒ်ရောက်နေပါတယ်။ ဘယ်လိုအမှတ်ပေးရမှန်း မသိတော့လို့ အိမ်ယူလာပြီး ထပ်ဖတ်ဖြစ်နေတာပါ။ အက်ဆေးက microeconomics နဲ့ ဆိုင်ပါတယ်။ အက်ဆေးမေးခွန်းက လူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ အာမခံထားတယ်၊ ဘယ်လိုအာမခံမျိုးကို ၀ယ်ယူသုံးစွဲလေ့ရှိတယ်ဆိုတာကို မေးထားတာပါ။ ဒီနေရာမှာ ဘာသာရပ်ဆိုင်ရာလိုအပ်ချက်အရ equation တွေ၊ model တွေ ပါရပါမယ်။ များသောအားဖြင့် စီးပွားရေးပညာအက်ဆေးတပုဒ်မှာ equation, model or diagram, application သုံးမျိုးကို လျော်ညီအောင် ထည့်သွင်းနိုင်မှု လိုအပ်လှပါတယ်။ အခုသူရေးထားတာက အာမခံဘယ်နှစ်မျိုးရှိတယ်၊ သူက ဘယ်လိုအာမခံတွေကို ၀ယ်တယ်၊ သူ့မိဘဆွေမျိုးတွေက ဘာတွေဝယ်တယ်၊ ဘယ်လိုစဉ်းစားဆုံးဖြတ်ကြတယ် ဆိုတာတွေကို ပုံပြင်လေးတပုဒ်လို ပြန်ရေးထားတာပါ။ ဖတ်လို့ကောင်းပါတယ်။ အဲ-ဒါပေမယ့်------။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာအက်ဆေးတွေရေးရရင် ကျောင်းကချမှတ်ထားတဲ့ Guideline, ဌာနဆိုင်ရာ Guideline တွေ ဖတ်ပြီးမှ မေးခွန်းတခုရဲ့ ဖြေဆိုပုံ ဖြေဆိုနည်းကို စဉ်းစားဖို့ အကြံပေးလိုပါတယ်။

မေးခွန်းထဲက အရေးအပါဆုံး စာလုံးလေးတွေအကြောင်း ဆက်ကြရအောင်ပါ။ အက်ဆေးတပုဒ်ကို စမရေးခင် မေးခွန်းထဲမှာပါတဲ့ ဒီစာလုံးလေးတွေကို အရင်ရှာပြီးရေးတာဟာ အဖြေရဲ့ style & structure ကို ထိထိမိမိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

University of North London က Sandra Ashman & Phyllis Creme တို့က အက်ဆေးမေးခွန်းတွေမှာ ပါလေ့ရှိတဲ့ အရေးအကြီးဆုံး စာလုံးလေးတွေကို အခုလို ထုတ်နှုတ်ပြထားပါတယ်။

  • Compare (ဒီစာလုံးပါတဲ့အခါ similarities & differences တွေကို ရှာကြံရေးသားပြီး၊ conclusion တွင် မည်သည်ကို ပို၍ prefer ဖြစ်သည်ကို ထည့်သွင်းရန်)
  • Contrast (ဒီစာလုံးပါတဲ့အခါ အတိုက်အခံဘက်မှ စဉ်းစားပြီး differences များကို ဦးစားပေးဖော်ပြရန်)
  • Criticize ( မေးခွန်းနှင့်စပ်ဆိုင်သော သီအိုရီကိုဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ judge လုပ်ရန်၊ လိုအပ်သည့် evidence များ၊ reasoning များကို ထည့်သွင်းဆွေးနွေးရန်)
  • Define (စကားလုံး၊ စကားစု၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြရန်၊ အသုံးများသော definitions များကိုပါ ထည့်သွင်း၍ examine လုပ်ရန်)
  • Describe (အသေးစိတ်အကြောင်းအရာများကို ဖော်ပြရန်၊ လိုအပ်လျှင် ပုံများပါထည့်ရန်)
  • Discuss (arguments များကို သေချာစွာ examine လုပ်၍ debate လုပ်ရန်၊ for and against ကို reasons များပေး၍ ဖော်ပြရန်၊ implications များ examine လုပ်ရန်
  • Evaluate (ဆက်စပ်သော အကြောင်းအရာ၏ အသုံးဝင်မှု၊ မှန်ကန်မှုများကို appraisal လုပ်ရန်၊ personal opinion အနည်းငယ် ထည့်နိုင်သည်)
  • Explain (အကြောင်းအရာများကို ရိုးရှင်းစွာ တင်ပြရန်)
  • Illustrate (figures & Diagrams များကို အသုံးပြု၍ တင်ပြရန်)
  • Interpret (အကြောင်းအရာ၏ အဓိပ္ပာယ်ကို မိမိ ကိုယ်ပိုင် သုံးသပ်မှုနှင့်တွဲ၍ သေချာစွာရှင်းလင်းဖော်ပြရန်)
  • Justify ( decisions များ၊ conclusions များအတွက် ပြည့်စုံလုံလောက်သော grounds များထည့်သွင်းဖော်ပြရန်၊ အဓိက objections များကို ရေးသားဖော်ပြရန်)
  • Outline (အဓိကကျသော features များ၊ အခြေခံကျသော principles များကို ဖော်ပြရန်၊ အသေးစိတ်အချက်အလက်များကို ထည့်သွင်းခြင်းမပြုရန်)
  • Relate (အကြောင်းအရာများအကြား ဆက်စပ်မှုများကို ဖော်ထုတ်ရန်)
  • Review (သေချာစွာ survey လုပ်ရန်)
  • State (အတိုချုံးရိုးရှင်းစွာရေးရန်)
  • Summarize (အဓိကအကျဆုံးအချက်များကိုသာရေးရန်၊ examples များလုံးဝထည့်သွင်းခြင်း မပြုရန်)
  • Trace (topic နှင့်သက်ဆိုင်သော မူလအစ၊ သမိုင်းကြောင်းကို ရှာဖွေပြုစုရန်)

ဒီစကားလုံးလေးတွေက အက်ဆေးမေးခွန်းတွေမှာ ပါလေ့ပါထရှိတာလေးတွေပါ။ ဒါလေးတွေကိုကြည့်လိုက်တာနဲ့ စာစစ်သူ ဘာကို လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

နောက်တချက်က question ရဲ့ scope ပါ။ မေးခွန်းကို ဖြေဖို့ အစိတ်အပိုင်း ဘယ်နှစ်ခုလိုတယ်၊ ဘယ်အပိုင်းကို ပိုအလေးထားရမယ်ဆိုတာသိမှ လိုအပ်တဲ့ references တွေစုဆောင်းဖို့နဲ့ ရေးဖို့ အချိန်မှီတတ်ပါတယ်။ တခါတရံမှာ အကြောင်းအရာတခုနောက်လိုက်ရင်း မျောပါသွားတတ်ပါတယ်။ အချိန်မှီ အနားပြန်သတ်ဖို့ လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင်မျောသွားဖူးလို့ပါ။ ရေးရမယ့် အကြောင်းအရာက economic development နဲ့ Democratization ဆက်စပ်မှုအကြောင်း၊ reference တွေရှာရင်း မျောပါသွားတာက Democratization ရဲ့ တခြားလိုအပ်ချက်တွေဖြစ်တဲ့ CivilှSociety တို့၊ State & Political institutions တို့၊ political culture & ideas တို့ဆီကိုပါ။ ဖတ်ကောင်းကောင်းနဲ့ article တခုဖတ်လိုက်၊ သူက ညွှန်းတဲ့ article တခုဆက်ဖတ်လိုက်နဲ့ ဘယ်တော့မှ အရှိန်သတ်သွားလဲဆိုရင် အက်ဆေးတင်ခါနီး တရက်အလိုမှပါ။ နောက်ကျတယ်ဆိုတာကိုလဲ ကိုယ့်ရာဇ၀င်မှာ မပါချင်လေတော့ မိုးလင်းပေါက်ထိုင်လိုက်ရတော့တာပါပဲ။ scope ကို တခါတည်းပိုင်းဖြတ်၊ ဖတ်ရမယ့် reference list ကို တခါတည်း ချရေးလုပ်ထားတာအကောင်းဆုံးပါပဲ။

လိုအပ်တဲ့ materials တွေ collection လုပ်တာနဲ့၊ အက်ဆေး outline ဆွဲတာတွေဆိုင်ရာများကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး


Wednesday, November 14, 2007

What International Education is...

နိုင်ငံတကာ ပညာရေး ဆိုရာဝယ်...




“ Casino ဒီပလိုမာက Hospitality Management အောက်မှာ ခုမှ စ ပေးတာပါ...အချိန်ကလည်း တို တယ်လေ..၁၄ လပဲ တက်ရ မယ်...ခရီး သွားလုပ်ငန်းတွေနဲ့ အပန်း ဖြေ လုပ် ငန်းတွေ အရမ်း ခောတ်စား လာနေတာဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း အတွက် အကောင်းဆုံးရွေးချယ်မူ တခု ဖြစ်ပါလိမ့်မယ်... ”

အဆင့်မြင့်ဟိုတယ် ကြီးတခု ၏.. အနီရောင်ခန်းမဆောင်တခုအတွင်းရှိ အစီအစဉ်တကျ ခင်းကျင်းထားသော စားပွဲခုံများ.. ၀င်ထွက် နေသော လူများအကြား.. အစွန်ဖက်ခုံမှ တာဝန်ရှိသူတဦးက ဧည့်သည်တယောက်ကို အားတက်သရော ရှင်းပြ နေသည်။ စားပွဲတိုင်း ရဲ့ အပေါ်မှာ သေသပ်ကျနသော ရောင်စုံလက်ကမ်းစာအုပ်ကလေးများ.. လျှောက်လွှာ စာရွက် ငယ်များ သက်ဆိုင်ရာ နံမယ်ဌါန တို့ကို ရေးထိုးထားသော ဆိုင်းဘုတ်ငယ်များအသီးသီးရှိနေကြသည်။

“...ကျနော် တို့ဆီက Management Program တွေက လုံးဝ အသိ အမှတ် ပြုပါတယ်... အင်္ဂလန် ကျောင်းက တိုက်ရိုက်ပေးတဲ့ လက် မှတ် တွေ ပါ...”

လမ်းဘေး ဈေး တန်း တခုလို အလုအယက် အော်ဟစ် ဆူညံနေခြင်းမရှိပေမဲ့ ပညာရေးပြပွဲလေးသည်လည်း တူညီသော အခြေခံတခုပေါ်မှာ ရောင်းသူ နှင့်ဝယ်သူ တို့ သက်ဝင် လှုပ်ရှား နေကြသည်။

+++++++++++++++++++++++++++++++++

တန်းမြင့် တက္ကသိုလ် ပညာရေးသည် ဘ၀အာမခံစာရွက်များအဖြစ် ဈေးကွက် တခု၏ ရောင်းကုန်ဖြစ် လာခဲ့ ပေပြီ။

အဲဒီမှာ ပညာဆိုသော ပါဌိစကားသည်ပင် ဘယ်သို့ဘယ်ပုံအဓိပ္ပယ် ဖွင့်ဆို ချက်တွေ ပြောင်းလဲခဲ့ပီလဲ... ဓါးခုတ်လှံထိုး အဌါရသ ကျွမ်းကျင်ခြင်း... ဘာသာရေး စာပေ ကျမ်းဂန်များ လေ့ကျက်ခြင်း... အနုစာပေ ဒသနတွေ လိုက်စားခြင်းဆိုတဲ့ ဘ၀ နေနည်း ထိုင်နည်း ပညာရပ်များ မှသည် ကုန်ပစ္စည်း တွေကိုဘယ်လို ပြိုင်ဆိုင် ရောင်းချ ရမလဲ... ဟိုတယ်တခုရဲ့ စားသောက်ပွဲ ဟင်းလျာ တွေကို ဘယ်လို စီစဉ် ချက်ပြုတ်မလဲ ဆိုတဲ့ ဘ၀နေဖို့ ထိုင်ဖို့ အသက် မွေးဝမ်း ကြောင်း ပညာများ ထိ ခောတ် တွေ များစွာ ဖြတ်သန်း လာ ခဲ့ပြီ။

အရင်းရှင်စနစ်ရဲ့ ခေါင်းကိုင်ဖခင်ကြီး ဒါမှမဟုတ် ပွင်းလင်း သော ဈေးကွက် ၀ါဒ ကို ဖော် ထုတ်ခဲ့ သော စကော့လူမျိုးသုခမိန် Adam Smit ရဲ့ Human Capital Theory က ၁၈ ရာစု နှောင်း ပိုင်း ပညာ သင်ကြားရေး နယ် ပယ် ကို အကြီး အကျယ် ရိုက်ခတ် ပစ် လိုက်သည်၊ သူထောက်ပြ သည် က စက်ပစ္စည်း ခြံမြေ များ လိုပင် လူသည် လည်း ရင်းနှီး မြုပ်နှံ သင့် သည့် အရာဖြစ်သည်... လူ၏ အသုံး ၀င်မူ တနည်းအားဖြင့် သင်ကြား တတ်မြောက် မူ ကို အကုန် အကျ တခုဖြင့် ရင်းနှီးကာ ပြန်လည် ရရှိ လာ မည့် အကျိုး ကိုညီမျှ ခြင်း ချ ကာ အမြတ် ကိုရယူနိုင် သည် ဆိုသော လူသားအရင်းမြစ်ဝါဒ ပေါ်ထွက်လာခဲ့သည်။ ဒီဝါဒ ကို ဖော်ဆောင် အသက်သွင်းဖြစ်ခဲ့တာက ဒုတိယ ကမ္ဘာစစ်ကြီး ပီးမှ ဖွဲ့စည်း လိုက်သော OECD ( Organization for Economic Cooperation Development ) ခေါ် ..လွတ်လပ်သော ဈေးကွက် စနစ် ကျင့်သုံး သော နိုင်ငံ စုံ အဖွဲ့ကြီး၏ စီးပွားရေး နှင့် ပညာရေး ဆိုင်ရာ မူဝါဒ များဖြစ် သည်။

OECD ရဲ့ မူ ၀ါဒတွေ ကို တွင်တွင် ကျယ်ကျယ် အသုံး ချနိုင်ဖို့ က ထိုအဖွဲ့ဝင် နိုင်ငံများ ကပင် ဦးဆောင်စည်းရုံး ဖွဲ့စည်း ထား WTO ( World Trade Organization )ခေါ် ကမ္ဘာ့ကုန်သွယ်မူ အဖွဲ့အစည်း ကြီးရဲ့ အရှိန် အ၀ါ ကို အသုံးချဖို့ လိုအပ် လာပြန်သည်။ အခြားသော အခြေခံ ၀န်ဆောင်မူ ၁၂ မျိုးနဲ့အတူ ပညာရေး သည် လည်း လွတ်လပ်စွာ ကူးသန်း ရောင်းဝယ် နိုင်သည်ဆိုသော ၀န်ဆောင်မူ ကုန်သွယ်ရေးသဘောတူညီချက် GATS( General Agreement on Trade in Services) ကို ၁၉၉၅ ခုနှစ် မှာ WTO က ချမှတ် လိုက်တော့ ပညာရေး လောက မှာ အသံဗလံတွေ ဆူပွက်သွားသည်။ အစဉ်အလာ တက္ကသိုလ် ကြီးအချို့ နှင့် ဆရာ သမဂ္ဂ..ကျောင်းသား သမဂ္ဂ များက ပညာရေး ရောင်းကုန် ပြုခြင်းကို ရှုတ်ချ ကန့်ကွက် ကြသည်။ တချို့က လည်း ဒါဟာ နဂိုတည်းကဖြစ်နေ ပီး သားမို့ တိကျတဲ့ လုပ်ထုံး လုပ်နည်း တွေနဲ့ ချမှတ်လုပ်ဆောင် နိုင် မယ်ဆိုရင် အကျိုးအမြတ် တွေ အခွင့်အလမ်း တွေ ရှင်းရှင်း လင်းလင်း ဖြစ်လာမှာကောင်းတာပေါ့လို့ ယူဆကြ သည်။ ဒါပေမဲ့ ဘယ်သူ တွေက အကျိုး အမြတ် ရပီး... ဘယ်သူက လုပ်ထုံး လုပ်နည်းတွေကို သမာသမတ် ကျကျ ကိုင်တွယ် ဖြေရှင်း ပေးမလဲဆိုတာက မေးခွန်းကြီး တခု ဖြစ် နေသည်။

ဒီနေရာမှာ နိုင်ငံရေး မတည် ငြိမ် တဲ့ အုပ်ချူပ်ရေး ညံ့ဖျင်း တဲ့ ဆင်းရဲ မွဲတေတဲ့ ထုံးနည်း ဥပဒေ ယိုယွင်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ များသည် GATS ၏ အလွယ်ကူ ဆုံး သားကောင် များ ဖြစ်လာ တော့ သည်။

++++++++++++++++++++++++++++++

“ ဟုတ်ကဲ့...ကျနော်တို့ နိုင်ငံက.. ကုန်စည်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌါနရဲ့ ဦးဆောင်မူနဲ့ ဒီလို တနေရာ တည်း မှာ တစု တစည်းထဲ ပြသ နိုင်တာပါ...ဒီနိုင်ငံက ကျောင်းသား လူငယ်လေး တွေအနေ နဲ့ နိုင်ငံတကာ ပညာရေးရဲ့ သတင်း အချက် အလက် တွေကို တနေရာတည်းမှာ နှိုင်းယှဉ် လေ့လာ နိုင်တယ် လေ...အခု ဒီမှာ အစိုးရပိုင်တက္ကသိုလ် ကြီး ၂ ခုအပြင် ပုဂ္ဂလိကပိုင် အဖွဲ့အစည်း ပေါင်း ၆ ခုနဲ့စုစု ပေါင်း ၈ ဖွဲ့ပါပါ တယ်... ”

“သတင်းအချက်အလက်တွေ ရယူပီး နောက်မှ လှမ်းလျှောက် ရင်ကော ရပါ သလား ... ”

“ ဟုတ်ကဲ့...ရပါတယ်၊ ခု ဒီမှာ ကျောင်းပြပွဲ လုပ်ရ ခြင်း ရဲ့ အထူးအခွင့်အရေးအနေနဲ့ တခါတည်း မှတ်ပုံတင်ငွေသွင်းမယ် ဆိုရင် တော့ လိုအပ် တဲ့ အင်္ဂလိပ်စာ အရည်အချင်း စစ်စာမေးပွဲ ကို ချက်ချင်း အခမဲ့ စစ်ဆေးပေးပါတယ်... နောင်မှလျှောက်မယ်ဆိုရင်တော့ TOEFL သို့မဟုတ် IELTS ကို ကိုယ့် အစီအစဉ် နဲ့ကို ဖြေဆိုရ ပါ လိမ့်မယ်... ”

ကျောင်း ပွဲပြသရာ အနီရောင်ခန်းမဆောင်၏ အပြင်ဖက် ၀င်ပေါက် အနီးတွင် တာဝန်ခံမန်နေဂျာ နှင့် ပြည်တွင်း သတင်း သမားတဦးတို့ အပြန်အလှန် မေးဖြေ နေကြခြင်း ဖြစ် သည်။

++++++++++++++++++++++++++++++++++

အလျင်းသင့်ရင်ဖြင့် လျှော့ဈေး နှင့် ရနိုင်သော International Education ကို ဘယ် လိုအဓိပ္ပယ် ဖွင့်နိုင် မည်လဲ... ဖွင့်ချင် သည်လဲ ဆိုရင် ပိုသင့်တော် လိမ့်မည်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်း များ ခောတ်သစ် အဘိဓါန် များက နိုင်ငံတကာ နှင့် အကျူံး ၀င်သော... ဘာသာစကားများ အပြန် အလှန် လေ့လာ လက်ခံ သောလို့... အဓိပ္ပယ် ဖွင့်ဆို သော်လည်း တကယ့် လက်တွေ့ ဈေးကွက် မှာတော့ အင်္ဂလိပ်လိုသင်ယူရသော... အင်္ဂလိပ်စကား ပြော နိုင်ငံကြီးများမှသင်ကြား ပို့ချသော လို့... သဘော သက်ရောက် နေသောကြောင့်ဖြစ်သည်။

ကမ္ဘာ ကြီး နှင့်ဆက်သွယ် နိုင်ဖို့ တ ကမ္ဘာ လုံး က နားလည် လက်ခံသော ဘုံဘာသာ စကား တခု လိုအပ် လာခြင်း နှင့် လွန်လေ ပြီးသော ရာစု နှစ် များစွာက လက်ဦးမူ ရယူကာ ကမ္ဘာ့နယ်မြေ တော်တော် များများ ကို နယ်ချဲ့ အုပ်ချူပ် ခဲ့သော အင်္ဂလိပ်တို့၏ ဘာသာ စကား တွင်ကျယ် လာခြင်းကို အခုမှ ပြသာနာ ရှာနေလို့ တော့ မဖြစ်နိုင်ပါ။ သို့သော်လည်း Globalization လှိုင်း တချက် ရိုက်ခတ်ယုံ မျှဖြင့် အနှစ်နှစ် အလလ က အုတ်မြစ်တည် စိုက်ထူခဲ့ ကြသော ကိုယ်ပိုင် အမျိုးသား ပညာရေး အဆောက်အဦ ကြီးတွေ ခဏတွင်း မှာ တိုက်စား ပြိုကျ ကုန်မည် ဆိုရင် ဖြင့် ၀မ်းနည်း စရာ ကောင်းလှပေသည်။

ရောင်းသူနှင့် ၀ယ် သူကွဲကွဲ ပြားပြား ဖြစ်လာနေသော ပညာရေး ဈေးကွက် အတွင်းမှာ အရောင်း အ၀ယ် သဘော သည် လည်း ပိုမို တဘက် သတ် ဆန်လာသည်။ ၀ယ်သူ နိုင်ငံများ အနေနှင့် ရှိသမျှ ငွေကြေးတွေ ခြစ်ခြုပ် စစ်ထုတ် ပီး ၀ယ်လိုက် ရပေမဲ့ Adam Smit တွက်ပြတဲ့ ပြန်လည် ရရှိမည့် အကျိုး အမြတ် ကတော့ လူပုဂ္ဂိုလ် တဦးချင်း၏ ရေကြည်ရာ မျက်နုရာ ရှာဖွေခြင်း (Educational Migration ) နှင့် အတူမျောပါဆုံးရှုံး သွား ပြန်သည်။ ထိန်းချူပ်ရန် ခက်ခဲ လှသော လမ်းလျှောက် စွမ်းအား ရင်းမြစ်တို့၏ ရွေ့လျားမူ ကြောင့် ဟောင်းလောင်း ဖြစ်ကျန် ခဲ့မည့် နိုင်ငံများ အနေနှင့် ရည်ရှည် တိုးတက်တည်မြဲမူ (Sustainable Development) အတွက် နည်းလမ်း မရှာ နိုင်ရင်ဖြင့် ရင်လေး စရာ ကောင်းလှတော့၏၊

ဘယ်သူ သာလို့ ဘယ်သူ နာ တယ် ဆိုတာထက် လူမူရေး ရိုက်ခတ်မူ မညီမမျှ မူ တွေ ရှိ လာခြင်းကိုက ကမ္ဘာနဲ့အ၀ှမ်း ခြုံကြည့် လျှင် ကောင်းသော လားရာ တော့ မဟုတ်ပေ။ International Education ကို မူပိုင်ပြုထား သော နိုင်ငံကြီး တွေ နှင့် လက်ဝေခံ နိုင်ငံ တွေမှာ လည်း ရိုက်ခတ် ပြောင်းလဲမူ တွေ ရှိလာနေသည်။ အထူး သဖြင့် အဆီးအတားမရှိ ကြီးထွား လာ နေသော ပညာရေး ဈေးကွက် ကြီးနှင့်အတူ ပုဂ္ဂလိကအခန်းကဏ္ဍ တို့ မြင့် တက် လာသည်။ အဲဒီတော့ သက်ဆိုင်ရာ အစိုးရကြီး တွေ အနေနဲ့ သမရိုးကျ ဆုပ်ကိုင် ကျင့်သုံး လာ သော ပြည်သူပိုင် ပညာရေး စနစ် တွေကို ဖြေလျော့ကာ ချူပ်ကိုင်မူ တွေ တရစ် ပီး တရစ် လျော့ လိုက် လာ သည်။ ချူပ်ကိုင်မူ လျှော့တာ ကအရေးမကြီး၊ အသုံးစရိတ် တွေ လျှော့ချ လိုက်တာ ကတော့ အတော် ဆိုးသည်။ နိုင်ငံပိုင်တက္ကသိုလ် ကြီးတွေ လည်း အရင်တုံးကလို ဣဒြေ္ဒကြီး တခွဲသား နှင့် နေလို့ မဖြစ်တော့။ ခါးထောင်း ကျိုက် လက်မောင်း ပင့်တင် ကာ ဈေးကွက် ရှာဖွေရေးဌါန တွေ အရောင်း မြှင့်တင် ရေးတွေ လုပ်ကာ ကိုယ့် ၀င်ငွေ ကိုယ် ရှာရတော့သည်။ ကိုယ်စားလှယ် များ ဖြန့်ကျက် အင်အား သုံး လာရသည်။ ဣဒြေ္ဒ မပျက်အောင် ပုဂ္ဂလိက တခုခု ကို လက္ကား ပေး ဖြန့်သင့်ဖြန့်ရသည်။ Off-Shore Campus များဖြင့် ဈေးကွက် ကောင်းကောင်း နိုင်ငံ များ ထိ ကိုယ်ပွား တွေ ထပ်ခွဲ ကာ စားကျက် ချဲ့ထွင် ရသည်။ Virtual Learning တို့ E-Learning တို့လို ကိုယ်ပျောက် သင်နည်း တွေ ပေါ်လာသည်။ တက္ကသိုလ် ဆိုသော သဘော သဘာဝတွေ တည်ကြည်မူ တွေ ဖြည်းဖြည်း ချင်း ပျောက်ကွယ် သွားနိုင် သည်ဟုပင် ခန့်မှန်း ကုန် ကြသည်။

အရာရာ စီးပွားရေး ဆန်လာသော အခြေအနေသစ်မှာ တက္ကသိုလ်တို့၏ အသဲ နှလုံး သုတေသန လုပ်ငန်း များ လည်း လွတ်ကင်းမရပါ။ အကျိုး အမြတ် မဖော်ပြ နိုင်သော ရှေးဟောင်း သမိုင်း ပညာလို လူမူရေး ဗေဒ တို့ ဒဿန ဗေဒတို့လိုဘာသာ ရပ်များကို သိပ် အားမပေး တော့ပဲ ရလဒ်ကို မူပိုင်ခွင့် ပြုကာ စီးပွါးဖြစ် ရောင်းချ နိုင်သော ချက်ချင်း လက်ငင်း လိုအပ် နေသော သုတေသန များကိုသာ စိုက်ထုတ် လုပ်ကိုင်ဖို့ အားသန် ကြ တော့သည်။ ရေရှည် ကို မျှော်ကိုး ရမည့် Social Rate of Return ခေါ် လူမူရေး အကျိုး အမြတ် တွေကို မသိ ကျိုးကျွံ ပြု လာရသည့် အတွက် သူတို့မှာ လည်း ရည်ရှည် တိုးတက် တည်မြဲမူ (Sustainable Development) တွေ ထိခိုက် လာရသည်။

+++++++++++++++++++++++++++++++++

“ကျမ ကတော့ နံမယ်ကြီး အစိုးရ ကျောင်းကြီး တွေမှာ တက်ချင်ပေမဲ့ ကျောင်း လခ ကလဲ သိပ်မကွာ တဲ့ အတူတူ အချိန်တိုတွင်း မှာဘွဲ့တခု ရနိုင်မဲ့ ၀င်ခွင့်လည်းလွယ်ကူတဲ့ ပုဂ္ဂလိက ကျောင်းမှာပဲ မှတ်ပုံတင် လိုက်တယ်လေ... သူတို့က လည်း နိုင်ငံတကာ တက္ကသိုလ် ကြီးတွေနဲ့ ချိတ်ဆက် ထား တဲ့ အတွက် အဲဒီ နိုင်ငံကြီး တွေမှာဆက်ပီး ဘွဲ့လွန် တွေ ဘာတွေ တက်ရင် လည်း ဘာသာရပ် တော်တော် များများ ကင်းလွတ်ခွင့် ရနိုင်တယ်လို့ မိတ်ဆွေ တွေက အကြံပေးတယ်...”

မိန်းကလေး ငယ်တယောက်က သူ့ရွေးချယ်မူ အကြောင်း သတင်း သမားကို သွက်လက် ပေါ့ပါးစွာ ပြောပြ နေသည်။ခပ်လှမ်းလှမ်း စားပွဲ တခု တွင်တော့ လူငယ်လေး တယောက်သည်.. ကိုင်ထား သော လက်ကမ်း စာအုပ်ငယ်ကို ဟိုဖက်သည်ဖက် လှန်ကြည့်လိုက် ...စားပွဲ ဟိုဖက်မှ လူရဲ့ ပြောစကား ကို မော့နားထောင် လိုက်နှင့် စိတ်လှုပ်ရှား နေဟန်ရှိ သည်။

“အင်း...Computer ဘာသာ ရပ် တွေက တော့ ခောတ်အစားဆုံးနဲ့ အလုပ်အဖြစ်ဆုံးမို့ ရွေးချယ်မယ်ဆိုရင်တော့ မမှားဘူးပေါ့...ဒါပေမဲ့ တခြား အီလက်ထရောနစ် တို့ ဘာတို့ထက် စာရင် တော့ ကျောင်းလခ နဲနဲ ပိုမြင့်တယ်... One Semester ကို ဒေါ်လာ ၁၀၀၀၀ ကနေ ၁၆၀၀၀ အထိရှိတယ်...Semester ၂ခုပီးရင် ရိုးရိုးဒီပလိုမာ ၃ခုဆိဲုရင် အဆင့်မြင့်ဒီပလိုမာနဲ့ ၄ခုပီးရင်တော့ Bechlor ပေါ့... ”

ရိုးရှင်း သော ၀တ်စား ဆင်ယင်ဟန်နှင့် မှုန်မှိုင်း မှိုင်း မျက်လုံး တစုံက ဒေါ်လာ တရာပင် မနဲရှာဖွေရမည့် သာမန် လူငယ်လေး တယောက် ဖြစ်ကြောင်း ဖော်ပြနေ သလိုပင်။

++++++++++++++++++++++++++++++++

ပညာကိုရှာ သော သူသည် ပညာကို ရသင့်သည်--

လို့ ဥပဒေသ ပြဌါန်း မထားသော် ငှါး လည်း ဖြစ်သင့် သော ဖြစ်ထိုက် သော လောကပါလ တရား တခုမှန်း လူတိုင်း လက်ခံကြ ပါလိမ့်မည်။ သို့သော်လည်း လူတိုင်း မရနိုင် တာက နိုင်ငံ ကောင်းကောင်း မှာ အလုပ် ကောင်းကောင်း ၀င်ငွေ ကောင်းကောင်း ရနိုင် မည့် နိုင်ငံတကာ အဆင့်မှီဟု ပြော ကြသော ပညာရေးပင် ဖြစ်သည်။

အရှိန် အဟုန်နှင့် အဆီး အတား မရှိ ကြီးထွား လာသော ပညာရေး ဈေးကွက်ကြီး ထဲမှာ မိမိတို့ရဲ့ ခောတ် နောက်ကျနေ တဲ့ ထိရောက်မူ မရှိတဲ့ အရည် အသွေး လျော့နည်း လာတဲ့ ကိုယ်ပိုင် ပညာရေး စနစ်တွေကို အများနဲ့ တန်းတူ ရင်ဘောင် တန်းပီး သူများ လုပ်သလို လိုက်မလုပ် နိုင်ရင် တော့ ထို တိုင်းနိုင်ငံ တို့မှာ လိပ်နောက်က ခရုထက် ပင် ဝေးကျန် ခဲ့ပေ တော့ မည်။ ပိုပီး စိုးရိပ် စရာ ကောင်း တာ က နိုင်ငံသား တယောက် ချင်းရဲ့ ငွေကြေး သုံးစွဲ နိုင်မူ ပေါ်မှာ မူတည်ပီး အရည်အသွေး မတူညီတဲ့ လူ့အရင်းအမြစ် နှစ်မျိုး ခွဲဖြာသွား ခြင်းသည် နိုင်ငံတနိုင်ငံ၏ ညီညွတ်မူ (Socail Cohesion) ကို အက်ရာ ပေးလိုက်ခြင်း ပင်ဖြစ်တော့၏။

ဒီကြား ထဲ လွပ်လပ် လာ သော ကုန်သွယ်မူကို အခွင့်အရေး ယှူု ဈေးကွက်ထဲ အမှီ ပြေးဝင်လိုက် လာသော အသေးစား Education Service Provider လေး များ နှင့် ငါးပွက်ရာ ငါးစာ ချသော ကော်ပို ရေး ရှင်း များ၏ မဟားဒရား မက်လုံး ပေး ရောင်းချသည့် ဆူလွယ် နပ်လွယ် အောင်လက်မှတ်များအကြား စားသုံးသူ ကျောင်းသား လူငယ်များ အနေနှင့် လက်ငင်း နှင့် ရေရှည် အကျိုးကြည့် ကာ ခွဲခြားရွေးချယ်နိုင်ဖို့ က သိပ် လွယ်ကူသော ကိစ္စ မဟုတ်ပြန်....၊။ ဒီပလိုမာ စက်ရုံများက ထုတ်လုပ်လိုက်သော အရည် အချင်း မမှီ့တမှီ လူ့ အရင်း အမြစ်များ ဟိုမရောက် သည်မရောက် စုပုံ လာမည့် အရေးကိုလည်း ကြိုတင် အပြစ် မြင်သည်များ ရှိနေသည်။

တကယ့်တကယ်မှာ အရည်အသွေးနဲ့ ပတ်သတ်လို့ လက်ငင်းကြုံတွေ့နေရတဲ့ ပြသာနာက ဈေးကွက် ပြန့်နေခြင်း ဖြစ်သည်။ အချိန်တို အတွင်းမှာ ကျောင်းတွေ အဖွဲ့အစည်းတွေ အရည် အတွက် အားဖြင့် တဟုန်ထိုး များပြား လာပေမဲ့ အဲဒီနှုံးနဲ့အညီ လိုအပ် တဲ့ အရည် အချင်း မှီ ဆရာ အင်အား က ချက်ချင်းမဖြစ်လာနိုင်ပါ။ အဲဒီတော့ တိုးပွားလာ သော ဈေးကွက်ဝေစုများ ကြားမှာ ထိ ရောက် သော သင်ကြားပို့ချ နိုင်စွမ်းအားက ဟိုနဲနဲ သည်နဲနဲ ဖြစ်လာသည်။ တခြား အကျိုးအပစ် များ ကို ထားဦးတော့... အရည်အသွေး ထိန်းးချူပ် မူကို တော့ မဖြစ် မနေလုပ်ဆောင်ဖို့ လိုအပ် နေပီဆိုတာ အားလုံးက လက်ခံလာကြသည်။

ဘာလိုပဲဖြစ်ဖြစ် ဈေးကွက် ပြုခံ ရသော နိုင်ငံ အများ ထဲမှာပင် - ကိုယ့် လိုအပ် ချက်ကို ဖြည့် စွက်ပေးရာ ပင် ရောက်သည်ဟု အကောင်းမြင် သော နိုင်ငံများရှိသလို... အမျိုးသား အကျိုး စီးပွားနှင့် ဂလိုဘယ် ပညာရေးကို ကွဲကွဲ ခြားခြား တောင်းဆိုကာ GATS ကို ပြတ်ပြတ် သားသား ဆန့်ကျင်ကြသည့် နိုင်ငံများ လည်းရှိသည်။ တချို့လည်း ကမ္ဘာ့ပြောင်းလဲမူ ဖြစ်စဉ် တခုပဲမို့ အရှိ အတိုင်း ရင်ဆိုင်ဖို့သာ ရှိသည် ဟု ကံကိုပုံချ ကြသည်။ တချို့ ကတော့ အကြာင်း အရာ အတိမ်အနက် တွေကို သိကိုမသိ... နားတောင် မလည် အရေးပင် မလုပ်နိုင် သော နိုင်ငံများ လည်း ရှိသေးသည်။

+++++++++++++++++++++++++++++++++

အောင်မြင်စွာ ပြီးဆုံး သွားသော ပညာရေး ပြပွဲ ၏ ညနေခင်း မှာ တာဝန်ရှိ သူများ စည်းဝေးကာ ပြန်လည် သုံးသပ် ခြင်းကို အကျဉ်းရုံး လိုက်သည်။ ပြပွဲ တာဝန်ခံ မန်နေဂျာက အကြမ်း ရေးခြစ် ထားသော အစည်း အဝေး မှတ်တမ်း ကို ကျေနပ် ပေါ့ပါး စွာ အဆုံးသတ်လိုက် သည်။

xxxxxxxxxxxxxxxxx အလားအလာ အလွန် ကောင်း သော မဖော်ထုတ် ရသေး သော ဈေးကွက်ဖြစ်သည်။

Ref: http://www.unesco.org/education
ကေသွယ်

ဧပြီ ၂၀၀၇
( Weekly Eleven Journal မှ ဖော်ပြပီး)

Monday, November 5, 2007

နယ်စပ်ပညာရေးခရီး(၃)

“ပညာ ရေကြည်တစ်ပေါက် သောက်ခွင့် ကြုံစေချင်”

မဲဆောက်မြို့ကနေ ကားနဲ့သွားရင်း သိပ်မဝေးတဲ့ ခရီးလေး တခုပါ။ ဒါပေမဲ့ အလုပ်သမား လက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ ထောက်လှမ်းရေးလက်မှတ် ဘာမှ မရှိခဲ့ရင်တော့ ရောက်ဖို့မလွယ်တဲ့ ခရီးဝေး ဒေသလေးပါပဲ။ ဒါပေမဲ့ အဲဒီလက်မှတ်တွေ ဘာမှ မရှိပဲ အဲဒီဒေသလေးကို မထင်မှတ်စွာ ရောက်ရှိခဲ့တာကတော့ ကရင့် လက်နက်ကိုင်တော်လှန်ရေး အခမ်းအနား ကို တက်ရောက်ခွင့် ရရှိခဲ့တာကြောင့်ပါပဲ။ အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံဆိုပေမဲ့ ဗမာပြည်ဖွား တိုင်းရင်းသားတွေ လာရောက်နေထိုင်နေတဲ့ ကရင်လို ဘဲကလော့ ၊ ထိုင်းလို မယ်လ လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတခုပါပဲ ။ ဒီဒုက္ခသည်စခန်း ဒီနေရာလေးမှာ တည်ရှိနေတာ နှစ်ပေါင်း သုံးဆယ် ကျော်နေပြီတဲ့။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်တွေက ပေါက်ဖွားလာခဲ့တဲ့ ဒုက္ခသည်တွေနေတဲ့ စခန်းလေးမှာ နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ ဘယ်နိုင်ငံမှ မသွားချင်ဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ချက်မြှုပ်ရာပဲ ပြန်ချင်ပါတယ်ဆို တဲ့ ကရင်အဖွားအို တယောက်ရဲ့ စကားသံ ကိုတော့ နားနဲ့မဟုတ်ပဲ နှလုံးသားနဲ့ နားထောင်ခဲ့ရပါတယ်။

ရောက်လက်စနဲ့တော့ ခပ်ကြာကြာလေး နေပါရစေလို့ တာဝန်ခံ ခေါ်တဲ့သူတွေကို တောင်းပန်ပြီး သူများတွေ ပြန်ပေမဲ့ မပြန်သေးပဲ စခန်းထဲမှာ နေရစ်ခဲ့ဖြစ်တယ်။ တောင်ခြေလေးမှာ တည်ထားတဲ့ ရှည်မျောမျော စခန်းလေးဟာ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၊ ဈေး၊ စခန်းရုံး တို့နဲ့ နေမယ်ဆိုရင် နေပျော်စရာလေးပါပဲ။ ဒုက္ခသည် ဆိုတော့ ဆန် ၊ ဆီ၊ ဆား၊ မီးသွေး၊ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကလည်း အချိန်တန် ရလာတာပါပဲ။ ရောက်နေတဲ့နေ့က ဆန်ထုတ်တဲ့နေ့နဲ့ ကြုံတော့ တပုံးစာ၊ နှစ်ပုံးစာ ဆန်အိတ်တွေကို ရွက်သွားကြတဲ့ မိန်းမတွေကို တွေ့ရပါတယ်။

အဲဒီအခါ ဗမာပြည်က လူထုအများစုကြီး ဆန်ကို အဲဒီလို ၀ယ်မစားနိုင်တော့တာကို ပြေးပြီး သတိရလိုက်မိတယ်။မိုးမလင်းခင် ဒါမှမဟုတ် မိုးလင်းတာနဲ့ မနေ့က ပိုချက်ထားတဲ့ ထမင်းကြမ်းကို ငါးပိရည်အကျန်နဲ့ နယ်ဖတ်စားပြီး တနေ့တာ ခရီးကို ရုန်းကန်ဖို့ အစပျိုးကြရတာပါပဲ။ တနေ့လုံး ပင်ပင်ပန်းပန်း လုပ်ကြရပြီး ညနေ အိမ်ပြန်ချိန်ကျမှ လက်ထဲက ပိုက်ဆံနဲ့ ဆန်အပါအ၀င် ဟင်းစား ငါးပိ တို့စရာ ၀ယ်ခဲ့ရတယ်။ သူတို့ တနေ့ရတဲ့ ပိုက်ဆံဟာ တနေ့ စားစရိတ်နဲ့ လောက်ငှရုံသာပါပဲ။ ကျောင်းတက်တဲ့ ကလေးရှိလို့ကတော့ ကြွေးတင်ပြီသာ မှတ်ပေတော့။ ကိုယ့် ကလေးကို စာမတော်စေချင်တဲ့ မိဘတွေ ရှိတယ်ဆိုရင် ယုံကြပါ့မလားတောင် မသိပါဘူး။ တကယ်တော့ ဒါအမှန်ပါ။ စာမတော်လို့ ကျောင်းထုတ်ပြီး အလုပ်လုပ် ခိုင်းရင် သူ့တ၀မ်းတော့ ၀အောင်ကျောင်းနိုင်မှာပေါ့။ လဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့မှာ ဈေးကူရောင်းတဲ့ ကလေးတွေဟာ အဲလိုမျိုး ကလေးတွေပါ။ မနက်စာ ထမင်းကျေး တနေ့ ၁၀၀ ကျပ်၊ တချို့ ၁၅၀ ကျပ်နဲ့ လုပ်နေကြရတဲ့ ကလေးလုပ်သားလေးတွေ ပေါ့။ စာတော်တဲ့ ကလေးကျတော့ ကျောင်းထုတ်ဖို့ ခက်ပြီလေ။ ပတ်ဝန်းကျင်က ၀ိုင်းပြောမှာ၊ ဆရာမတွေ ၀ိုင်းပြောမှာထက် စာကို စိတ်ဝင်စားတဲ့ စာတော်တဲ့ ကိုယ့်ကလေးအတွက် ယူကြုံးမရတွေ ဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ရ ခက်စေတယ်။

အဲဒီလိုနဲ့ ကျောင်းတက်တဲ့ကလေးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မူလတန်းကျောင်းကနေ အလယ်တန်းကို ပြောင်ရွှေ့ ပညာသင်ကြားဖို့ မပြောင်းနိုင်ပဲ ကျန်ခဲ့ရတယ်။ အလယ်တန်းကျောင်းကနေပြီးတော့ ၇၅ ရာခိုင်နှုန်းဟာ အထက်တန်း ပညာကို ပြောင်းရွှေ့ပညာသင်ကြားဖို့ မတတ်နိုင်ကြလို့ ပညာရေးကို ကျောခိုင်းကြရတော့တယ်။ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ အရွယ်မတိုင်မီ မိဘတွေနဲ့ အတူရုန်းကန်နေရတဲ့ ကလေးအလုပ်သမားလေးတွေ တွေ့တိုင်း ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကထုတ်ပြန်ပြဌာန်းတဲ့ ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်တွေကို အမှတ်ရလာစေပါတယ်။

အဓိက အခွင့်အရေး လေးချက်ဖြစ်တဲ့ အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး တွေဖြစ်ပြီး အဲဒီထဲက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ခေါင်းစဉ်အောက်မှာ ပညာသင်ကြားခွင့် ၊ အားကစားနှင့် အပန်းဖြေအနားယူခွင့်တွေ ပါဝင်ပါတယ်။

ဗမာပြည်ထဲက ကလေးများအနေနဲ့ ဒီကလေးအခွင့် အရေးတွေကို ဘယ်နှစ်ရာနှုန်းလောက် ရကြပါသလဲ။ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေရဲ့ အနာဂါတ်နဲ့ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဗမာပြည်ကြီးရဲ့ အနာဂါတ်ကရော၊ အဲဒါတွေ စဉ်းစားရင်းနဲ့ တဆက်တည်း ဒုက္ခသည်စခန်းထဲက ပညာရေးကို လေ့လာကြည့်မိပြန်ပါတယ်။

မယ်လစခန်းထဲမှာ ၃ နှစ်ကနေ ၅ နှစ်ထိ တက်ရတဲ့ မူကြိုကျောင်းပေါင်း ၂၁ကျောင်း ရှိပါတယ်။ အခြေခံမူလတန်းကျောင်း အဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်းနဲ့ ကျမ်းစာသင်ကျောင်း (၁)ကျောင်း၊ စက်မှုအတတ်ပညာသင်တန်းကျောင်း E.S.P (Engineering study Program) (၁)ကျောင်း၊ ဆရာဖြစ်သင်တန်းကျောင်းT.P.C (Teacher Preparation Couse) (၁)ကျောင်း ရှိပြီး FSP(Funter Study Program)၊ LMC(:Leadership and Managent couse) စတဲ့ သင်တန်းကျောင်းတွေလည်း တစ်ကျောင်းစီ ရှိပါသေးတယ်။

အဲဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ကရင်စာတွေကို အများအားဖြင့် သင်ကြရပြီး တချို့ကျောင်းတွေကတော့ ထိုင်းစာကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အင်္ဂလိပ်စာ တော်နေပြီဆိုရင် အင်္ဂလိပ်ကို အဓိက ထားသင်တဲ့ မစ်ရှင် ဘော်ဒါကျောင်းတွေကို ၀င်ခွင့် ဖြေပြီး ပြောင်းရွှေ့ထားမယ်ဆိုရင် နိုင်ငံခြားထိ ပညာတော်သင်သွားခွင့် ရှိပါတယ်။ အထက်က ကျောင်းတွေ အကုန်လုံးဟာ မယ်လ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေတာပါ။

စခန်းမှာ ရပ်ကွက် အေ၊ ဘီ၊ စီ ဆိုပြီး သုံးခုရှိပါတယ်။ စုစုပေါင်းကျောင်းသား ဦးရေ (၁၃၅၆၉)ဦးရှိပြီး ဆရာ ဆရာမပေါင်းက (၅၂၈)ဦး ရှိပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်၊ ခဲတံအားလုံးက နိုင်ငံခြား အထောက်အပံ့တွေ ချည်းပါပဲ။ စက်မှုသင်တဲ့ကျောင်းမှာဆိုရင် ကွန်ပျူတာတွေကို ဖြုတ်လိုက်၊ တပ်လိုက် နဲ့ အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ကျကျ သင်ပေးနေတာတွေလည်း တွေ့ခဲ့ရပါသေးတယ်။ ကလေးတွေ အကုန်လုံးဟာ ဘယ်နေရာမှာရောက်နေနေ ပညာသင်ကြားခွင့် ရှိနေရမယ်ဆိုတဲ့ ကလေးအခွင့်အရေး ၊လူသားအခွင့်အရေးကို အပြည့်အ၀ ရနေကြပါတယ်။

ကျမတို့ရဲ့ မိခင် ဗမာပြည်ထဲမှာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ၊သူတို့တွေရဲ့ အနာဂါတ်တွေ အတွက် အခုလက်ရှိ စစ်အာဏာရှင်တွေမှာ အကြွေးတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာကို လိမ်လို့ရပေမယ့်လို့ ကိုယ့် တိုင်းပြည်ထဲက အခြေအနေကိုတော့ ပြည်သူတွေ မသိအောင် လိမ်ထားလို့ မရနိုင်ပါဘူး။

မယ်လစခန်းထဲထိ သွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောသင်ပေးနေတဲ့ နိုင်ငံခြားသား စေတနာရှင်တွေလည်း တွေ့ခဲ့ရတဲ့အခါ ကိုယ်သာ တကယ်ပညာလိုချင်ရင် ဒုက္ခသည်စခန်းလို နေရာမှာတောင် အနာဂါတ်တွေ မျော်လင့်ချက်တွေက ရှငိသန်နေနိုင်ပါသေးလား လို့လည်း မြင်တွေ့ခံစားမိပါတယ်။

မယ်လစခန်းထဲက ပြန်လာခဲ့ပြီး တလျောက်လုံး စိတ်ထဲမှာ တော်တော်လေး ခံစားနေရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမျိုးမျိုးနှိုင်းယှဉ် ကြည့်မိပြီး နိုင်ငံအတွက် ဘယ်လိုလုပ်မှ ဒီလိုအာဏာရှင်နွံထဲက ရုန်းထွက်နိုင်မှာလဲ။ ဗမာနိုင်ငံပညာရေးဟာ အခွံသက်သက်သာ ရှိပါတော့တယ် ဆိုတာကမ္ဘာကသိအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ဆေးတက္ကသိုလ်ကို တောင်မှ စစ်တပ်ကဆေးတက္ကသိုလ်နဲ့ အရပ်သားရိုးရိုးတွေအတွက် ဆေးတက္ကသိုလ်ဆိုပြီး ခွဲခြားထားပြီး ပညာကိုလည်း ခွဲခြားပေးတတ် တယ်။ ပြည်သူတွေကို ကျောသား ရင်သား မခွဲခြားပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ လောကပါလတရားကို မတရားအာဏာ ရယူထားတဲ့ စစ်အုပ်စုအနေနဲ့ မသိတာပဲလား။ မသိချင်ယောင်ဆောင်တာပဲလား၊ အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့မိပါတယ်။

ဗမာနိုင်ငံထဲက ပြည်သူတွေဟာ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အာမခံချက် ဘာမှ မရှိဘဲ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေရင်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီ အလင်းရောင်မဲ့နေတဲ့ ဘ၀တွေမှာ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေကြရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးက ကျဆင်းနေကြပြီး စားဝတ်နေရေးကိုပဲ အဓိကထား ရုန်းကန်နေရတဲ့ အတွက် သူတို့သားသမီးတွေရဲ့ အနာဂါတ်ကို ဒီလိုပဲ ပစ်ထားလိုက်ရတဲ့အခါ သူတို့ရင်ထဲက ခံစားချက်ကရော ဘယ်လိုရှိနေနိုင်မလဲ။

ကိုယ့်မြေ ကိုယ့်ပြည် မဟုတ်တဲ့ ၊ လူသားချင်း စာနာထောက်ထားမှုအရ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည် နေရတဲ့၊ နိုင်ငံပျောက်နေတဲ့ ဒုက္ခသည် စခန်းထဲမှာတောင် ကလေးတွေရဲ့ ပညာရေးကို အလေးအနက် ထားတာ၊ ပံ့ပိုးကူညီ နေတာတွေ တွေ့ရတဲ့အခါ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်သစ်တွှေရဲ့ ဘ၀မျော်လင့်ချက်တွေ အတွက် ယူကြုံးမရ ဖြစ်မိတယ်။ ကျမတို့ တိုင်းပြည်မှာ တကယ်တော်တဲ့ ကလေးတွေ အများကြီး ရှိပေမဲ့ ပညာရေး ဌာနရဲ့ ခြစားမှုတွေကြားမှာ နစ်မြုပ် ပျောက်ကွယ် ခဲ့ရတယ်။ “ကိုယ် တော်ဖို့ အရေးအကြီးဆုံးပါ။ ကိုယ် တော်နေရင် ဘယ်လိုမှ ချန်ထားလို့မရဘူး” ဆိုတာ စကားအရာမှာပဲ ရှိနေပါတော့တယ်။ ဒီနေ့ခေတ် ဗမာပြည် ပညာရေးဟာ အတူတူချင်း တော်နေရင်တောင်မှ ငွေမလိုက်နိုင်တဲ့ မိဘရဲ့ သားသမီးဟာ ချန်ထားခံခဲ့ ကြပါတယ်။ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆရာမျိုးဟာ လက်ချိုးရေတွက်ရင်တောင် လက်နှစ်ဖက် ရှိပါတော့ မလား။

E- education ဆိုပြီး ဦးခင်ညွန့် လက်ထက်က အထက်တန်း၊ အလယ်တန်းတင်မကပဲ မူလတန်းကျောင်းတွေပါ ကွန်ပျူတာ သင်ကြားရေး ခန်းမတွေနဲ့ အဆင့်မြင့် ပညာရေးအဖြစ် ဗမာပြည် တနံတလျား မြို့ကြီးက ကျောင်းတွေမှာ ကွန်ပျူတာ ခန်းမဖွင့်ပွဲတွေ ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ သုံးဖို့ ကွန်ပျူတာ တွေကို နိုင်ငံတော်က မထောက်ပံ့နိုင်ပဲနဲ့ ဘယ်လိုရသလဲ ဆိုတာကို တာဝန်ရှိလူကြီးတွေက မသိဟန် ဆောင်ခဲ့ကြတယ်။ ကျောင်းသားမိဘတွေရဲ့ လှူဒါန်းငွေ ဆိုပြီး နာမည်တပ်ပေမဲ့ တကယ်တော့ ကျောင်းသားတယောက်ကို ကွန်ပျူတာကြေး ကျပ် သုံးထောင်ဆိုပြီး ကောက်ခံတာပါ။ လုံးဝ မထည့်နိုင်တဲ့ သူကိုသာ ငါးရာလောက် မနည်းပြောဆိုပြီး အလှူငွေထည့် ရပါတယ်။ ကျောင်းစအပ်ကတည်းက ထည့်ရတဲ့ အလှူငွေ စာရင်းမှာ အဲဒီလို ကွန်ပျူတာကြေး ထည့်ကောက်တာပါ။ ကွန်ပျူတာဝယ်ဖို့ ကောက်ခံငွေ ဘယ်လောက်ရရ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကို တလုံးချင်းလှူဖို့ ထပ်ပြီး အလှူခံပါသေးတယ်။ အဲဒီလို ကောက်ခံပြီး ၀ယ်ထားတဲ့ ကွန်ပျူတာဟာ ကျောင်းသားဘယ်လောက် များများ ငါးလုံးထက် မပိုပါဘူး။ တချို့ကျောင်းတွေဆို နှစ်လုံးပဲ ၀ယ်ပါတယ်။ ပိုတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ လို့ ဘယ်မှာမှ မေးမရပါဘူး။ တကယ်လို့ ပညာရေးမှုးထံ တိုင်စာပို့မယ်ဆိုရင် တိုင်ကြားသူ နာမည် အပြည့်အစုံ ထည့်ရတာမို့ ကိုယ့်ကလေးဟာ ကျောင်းမှာ အမျိုးမျိုး အပြစ်ရှာခံရပြီသာ မှတ်ပေတော့။

အဲဒီကွန်ပျူတာတွေကို ကျောင်းမှာ ရှိတဲ့ ကလေးတိုင်းရော သင်ရမယ်၊ ကိုင်ရမယ်ထင် ထင်ပါသလား။ ဖွင့်ပွဲနေ့မှာသာ ကွန်ပျူတာရှေ့ ထိုင်ပြကြရပြီး ကျောင်းချိန်တွေမှာ ဆိုရင် ပျက်မှာစိုးလို့ သွားကြည့်လို့တောင် မရပါဘူး။ ကွန်ပျူတာသင်တဲ့ ဆရာမကို လိုင်းဝင်ထားပါမှ မှန်လုံခန်းထဲက ကွန်ပျူတာကို ကိုင်ကြည့်ခွင့် ရပါမယ်။ ကျောင်းပိတ်ရက်တွေမှာ သင်ရဖို့ ကွန်ပျူတာ ကျူရှင်ခက သပ်သပ် ပေးရပါသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အဲဒီအခွင့်အရေးတွေ ဘာမှ မရကြပါဘူး။

ဒီလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မပြောပါနဲ့၊ ကွန်ပျူတာ တက္ကသိုလ်မှာတောင် ကျောင်းသားတယောက် ကွန်ပျူတာ တလုံးမကိုင်ရပါဘူး။ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေမှာဆိုရင် ဆယ်ယောက် တလုံးနှုန်းပဲ ရှိပါတယ်။ မီးပြတ်တဲ့ ရက်တွေက များတော့ ထိထိရောက်ရောက် မသင်နိုင်ပါဘူး။ တကယ်တတ်ချင်တဲ့ ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်မှာဖွင့်တဲ့ ပုဂ္ဂလိက သင်တန်းတွေကို သွားတက်ကြပါတယ်။

အရည်အချင်းရှိဖို့ထက် အရေအတွက်ကို ဦးစားပေးတဲ့ ဗမာနိုင်ငံရဲ့ ပညာခေတ်ကြီးမှာ ပိုက်ဆံနဲ့ကြိုးစားသွားနိုင်ရင် ပြည်တွင်းမှာ အခုပေးနေတဲ့ မဟာဘွဲ့ကိုတောင် လွယ်လွယ်နဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စစ်မှန်တဲ့ ပညာရေးတိုးတက်မှု ဟုတ်ပါရဲ့လား။ နိုင်ငံတွင်းမှာ ပိုက်ဆံပေါတဲ့ လူနည်းစု အထက်တန်းစား မိဘတွေက သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်စေတယ်။ လူလတ်တန်းစား အပေါ်ပိုင်းက ကိုယ့်သားသမီးတွေ အတွက် နိုင်ငံတွင်းမှာ ပညာကို ငွေနဲ့ပေါက်ပြီး ယူတယ်။ အများစု လူလတ်တန်းစား အောက်ပိုင်းနဲ့ အခြေခံလူတန်းစား ကတော့ သေစာရှင်စာ တတ်ရင် တော်ပါပြီ လို့ပဲ ပြောနိုင်ပါတော့တယ်။

တနေ့ တရာယူပြီး အလုပ် လုပ်မလား ၊ တနေ့ တရာပေးပြီိး စာသင်မလားဆိုတဲ့ ပညာရေးခေတ်ကြီိး ဖြစ်နေတာလေ။ ကျူရှင်မယူနိုင်တဲ့ ကလေးဟာ အတန်းထဲမှာ အမြဲအပြစ်ရှာ ကြိမ်းမောင်းနေမှာ မလွဲပါဘူး၊၊ အတန်းပိုင်ဆရာမကဝေးလို့ အနီးအနားမှာ ရှိတဲ့ ဆရာမဆီမှာ ကျုရှင်တက်နေမှန်း သိသွားပြန်ရင်လည်း အကြိမ်းခံရတာပါပဲ၊၊ ပညာတတ်တဲ့ မိဘက ကိုယ့်ဖာသာ သင်ပေးပြန်ရင် လည်း လက်မခံပြန်ပါဘူး၊၊ တခါတလေ မြန်မာစာကို စာလုံးပေါင်း မှားနေတာမျိုးတွေ၊ အင်္ဂလိပ်စာမှာ ဘာသာပြန် မှားနေတာမျိုးတွေကို မိဘအနေနဲ့ ထောက်ပြတဲ့အခါ လွယ်လွယ်နဲ့ လက်မခံပဲ ဒါမဟုတ် လက်ခံလိုက်ရရင်လည်း မိဘကွယ်ရာမှာ အဲဒီကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်၊၊ နုနယ်တဲ့ မူလတန်းကလေးငယ်တွေ ရင်ထဲမှာတောင် ဆရာမကို ဖားထားရမယ်လို့ စွဲထင်သွား စေအောင်ကို ဖျက်ဆီးထားခံနေကြရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ လူတန်းစား မခွဲခြားပဲ အားလုံးသော ကလေးတွေကို တန်းတူညီမျှ အခွင့်အရေး ရစေချင်တယ်။ အဲဒီလို အခွင့်အရေးမျိုးကို မျှော်လင့်နေကြတဲ့ မျိုးဆက်သစ်ကလေးတွေ အမိဗမာပြည်ကြီးမှာ အများကြီး အများကြီး ရှိနေကြပါတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေနဲ့ သူတို့ဝါသနာပါရာကို အပူအပင်မဲ့စွာ ဆည်းပူးခွင့် ရကြမယ်ဆိုရင် အနာဂါတ် ဗမာပြည်ကြီးဟာ ရွှေရောင်တောက်ပနေမှာ မလွဲပါဘူး။

သူ့ကျွန်ဘ၀မှာ လူတိုင်းမသင်ယူနိုင်တဲ့ ကျွန်ပညာရေးကို သပိတ်မှောက်ပြီိး အမျိုးသားကျောင်းတွေ ထူထောင်ပြခဲ့တဲ့ မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာဝန် ဦိးဖိုးကျားတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နောက်ပြီး ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ ပညာရေး ပြယုဂ် သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီိးတွေသာ ရှိနေဦး မယ်ဆိုရင် ဒီနေ့ခေတ်ဗမာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲပြမလဲလို့ စဉ်းစား သတိရလိုက်မိပါတယ်။

Wednesday, October 31, 2007

အက်ဆေးများရေးသားခြင်း (၁)

မြန်မာကျောင်းသားတွေ နိုင်ငံရပ်ခြားမှာ ပညာသင်ယူတဲ့အခါ ရင်ဆိုင်ရတတ်တဲ့ အခက်အခဲလေးတွေ ရှိပါတယ်။ ဒီအထဲမှာ မြန်မာပြည်ပညာရေး နဲ့ ခြားနားမှု အရှိဆုံးဖြစ်ပြီး ကျောင်းသားတွေ အနည်းငယ် ပျာကြရတာကတော့ ဘာသာရပ်အလိုက် ရေးတင်ရတတ်တဲ့ အက်ဆေးများပါပဲ။ ကျွန်မတို့ ယူကေနိုင်ငံက တက္ကသိုလ်တွေမှာ အက်ဆေးများဟာ စာမေးပွဲရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကနေ လေးဆယ်ရာခိုင်နှုန်းအထိ အရေးပါတာမို့၊ အက်ဆေးမရေးရင် စာမေးပွဲအောင်ဖို့ဆိုတာ မဖြစ်နိုင်သလိုပါပဲ။

များသောအားဖြင့် ဘာသာရပ်တော်တော်များများကို နောက်ဆုံးစာမေးပွဲတခုတည်းနဲ့ မဆုံးဖြတ်ပဲ coursework ကို ၂၀%(သို့မဟုတ်) ၄၀% စစ်ဆေးလေ့ရှိပြီး၊ coursework အောင်မှ စာမေးပွဲကြီးကို ဖြေခွင့်ပေးလေ့ရှိပါတယ်။ အဲဒီ coursework ကို စစ်ဆေးပုံကတော့ ဘာသာရပ်ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားပါတယ်။ သင်္ချာလို၊ စက်မှုလို ဘာသာရပ်တွေကလွဲရင် များသောအားဖြင့် စစ်ဆေးလေ့ရှိတဲ့ ပုံစံကတော့ အက်ဆေးများရေးခိုင်းခြင်းပါပဲ။ နိုင်ငံရေးသိပ္ပံ၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စိတ်ပညာလို ဘာသာရပ်မျိုးတွေမှာ ကျတော့ ပိုလို့ဆိုးပါတယ်။

ပထမနှစ်ကျောင်းသားတစ်ယောက်ဟာ semester တခုမှာ 20 credit ဘာသာရပ် (၃)ခု ယူရတတ်ပါတယ်။ ဒါမှလဲ semester နှစ်ခုဆိုရင် 120 credits ဖြစ်မှာပါ။ ယူကေပညာရေးမှာက တနှစ်ကို 120 credits ရှိရပါမယ်။ ဒီလိုနဲ့ semester တခုဆိုတဲ့ လေးလတာကာလမှာတင် ရေးရမယ့် အက်ဆေးက အနဲဆုံး (၃) ပုဒ် ရှိလာတတ်ပါတယ်။ တချို့ဘာသာရပ်တွေဆို နှစ်ပုဒ်တင်ရတာမို့ (၆)ပုဒ်များ ဖြစ်သွားခဲ့ရင် ပျာယာခတ်ကြရပါရော။ Tutorial တွေမှာ presentation လုပ်ဖို့ စာဖတ်ရ၊ အက်ဆေးတပုဒ်ပြီး တပုဒ်ကလဲ deadline တွေ နီးလာကြ၊ စာကြည့်တိုက်တွေပြေးရ၊ ဘာသာရပ်ဆိုင်ရာ Journal article တွေပြေးရ၊ လက်ချာအမှီသွားရ နဲ့ ရှုပ်ရှက်ခတ်နေတတ်ပါတယ်။

အတန်းကြီးလာတာနဲ့အမျှ အက်ဆေးရေးရမယ့် စာလုံးအရေအတွက်ကလည်း ပိုများလာတတ်ပါတယ်။ ပထမနှစ်မှာ 1500 words ကနေ နောက်ဆုံးနှစ်ရောက်ရင် 3000 words လောက်ဖြစ်သွားပြီး၊ မဟာဘွဲ့ရောက်တော့ 3000-5000 words အထိဖြစ်သွားတတ်ပါတယ်။ ဘွဲ့ကြို Dissertation, ဘွဲ့လွန် Dissertation, PhD Dissertation တွေကျတော့ စာလုံးရေတွေ သောင်းနဲ့ချီ ပါတယ်။ Dissertation work က တော့ သုတေသန ဘက်ကိုဦးတည်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အခြေခံကတော့ အက်ဆေးပါပဲ။ အက်ဆေးကို မကြောက်သူတွေဟာ Dissertation တွေကိုလဲ မကြောက်တော့ပါဘူး။ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်တွေထဲရောက်တဲ့အခါမှာလဲ project တွေ၊ report တွေ တင်ရတဲ့အခါ အေးအေးသာသာဖြစ်လေ့ရှိကြပါတယ်။ အခုဒီဆောင်းပါးလေးမှာ အက်ဆေးများရေးသားခြင်းနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။

အက်ဆေးရေးခြင်း အကျိုးကျေးဇူး

ဘယ်အကြောင်းအရာပဲလုပ်လုပ် အဲဒီအလုပ်ရဲ့ တန်ဖိုးကို သိမှ အဲဒီအလုပ်အပေါ်မှာ တန်ဖိုးထားမှုရှိပြီး မိမိကိုယ်တိုင်လဲ ယုံကြည်မှု ရှိနေမှာဖြစ်ပါတယ်။ ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတဲ့၊ တန်ဖိုးရှိမယ်လို့ မထင်တဲ့ အလုပ်ဆိုရင် မလုပ်တာအကောင်းဆုံးပါပဲ။ ကိုယ်တိုင်ယုံကြည်မှုမရှိမှတော့ တစိုက်မတ်မတ်အားထုတ်မှု ဆိုတာ မဖြစ်လာနိုင်သလို တစိုက်မတ်မတ် အားမထုတ်ပဲလဲ အောင်မြင်မှုဆိုတာ ရမှာ မဟုတ်ဘူးလို့ ကျွန်မ မြင်မိပါတယ်။ ကျောင်းမှာ စာမေးပွဲအောင်ဖို့ အက်ဆေးတွေရေးရတဲ့အခါ အောင်ရင်ပြီးရော ဆိုတဲ့စိတ်မဟုတ်ပဲ ဒီအက်ဆေးလေးတွေဟာ ကိုယ့်ဘ၀အတွက် အကျိုးတကယ်ရှိမယ်ဆိုတာ သိပြီး ရေးလိုက်ရင် အက်ဆေးလေးတွေရဲ့ အရည်အသွေးတွေ အရမ်းတက်သွားမှာပါ။ အလုပ်တခုကို လုပ်ရမှာမို့ လုပ်တာဆိုရင် စိတ်ဖိစီးမှုများပါတယ်။ လုပ်ချင်စိတ်ရှိလို့ကို လုပ်တာဆိုရင်တော့ ဘယ်လောက်ပင်ပန်းပင်ပန်း ပျော်စရာ ဖြစ်သွားပါတယ်။ လုပ်ချင်စိတ်ရှိလာဖို့ကလဲ အကျိုးကျေးဇူးကို သိရပါမယ်။

အက်ဆေးလေးတွေက ဘာအကျိုးကျေးဇူးပေးမလဲ- ကျွန်မတို့ ကြည့်ကြရအောင်ပါ။ အက်ဆေးတွေ ရေးခြင်းဖြင့် ကိုယ်ပိုင် အတွေးအခေါ်လေးတွေ ရင့်သန်လာနိုင်ပါတယ်။ အကြောင်းအရာတွေအပေါ်မှာ ကိုယ်ပိုင်ရှုမြင်သုံးသပ်နိုင်တဲ့ အရည်အချင်းတွေလဲ တက်လာစေနိုင်ပါတယ်။ ဒါတွင်မက စာရေးသားခြင်းဟာ အိုင်ဒီယာအသစ်တွေ၊ အတွေ့အကြုံသစ်တွေကို ဖြစ်ထွန်းစေနိုင်ပါတယ်။ အကြောင်းအရာတရပ်အပေါ်မှာ စိတ်ကိုနှစ်ပြီး လေ့လာရတာဖြစ်တဲ့အတွက် စိတ်ပျံ့လွင့်မှုကိုလဲ ထိန်းချုပ်နိုင်ပါတယ်။ ဗဟုသုတတွေလဲ ပိုတိုးပွားစေနိုင်ပါတယ်။ အကျိုးအရှိဆုံးကတော့ Expressing yourself လုပ်နိုင်တာပါပဲ။ ဒီအရည်အချင်းဟာ ဘ၀အတွက် အရမ်းအရေးကြီးပါတယ်။ အက်ဆေးတွေ ရေးခြင်းအားဖြင့် ဒီအရည်အချင်းကို တိုးတက်စေနိုင်ပါတယ်။

ဥပမာအားဖြင့် ရေးရမယ့် အကြောင်းအရာလေးက ကမ္ဘာကြီးပေါ်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်တယ် ဆိုပါစို့။ အကြောင်းအရာလေးနဲ့ သင့်လျော်တဲ့ စာရွက်စာတမ်းတွေ စဖတ်ကတည်းက လူသားချင်းစာနာနားလည်မှု၊ ဖေးဖကူညီလိုမှု မေတ္တာတရားလေးတွေ ပေါင်းစပ်ပါဝင်လာမယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ အကြောင်းရင်းတွေကို စဉ်းစားမိလာမယ်။ ကမ္ဘာကြီးရဲ့ တခုသောနေရာဆီက ဆာလောင်မွတ်သိပ်နေတဲ့ ကလေးငယ်လေးရဲ့ ငိုယိုသံတွေကို ကြားယောင်မိလာမယ်။ အဲဒီအခါမှာ ဒီအကြောင်းအရာလေးအပေါ်မှာ ခံစားမှုလေးနက်လာမယ်။ စိတ်ဝင်စားမှုနဲ့အတူ လေ့လာမှု ပိုများလာမယ်။ ကိုယ့်အမြင်ကိုယ့်အတွေးလေးတွေ ပေါက်ဖွားလာမယ်။ ဒါတွေအားလုံး ပေါင်းစပ်သွားရာကနေ ထွက်ပေါ်လာမယ့် စာသားတွေဟာ အက်ဆေးကောင်းလေးတပုဒ်ကို တည်ဆောက်ပေးမှာ အသေအချာပါပဲ။

နောက်တခုအကျိုးကျေးဇူး ရှိတာကတော့ အချိန်အတိုင်းအတာတခုအတွင်းမှာ လုပ်ရခြင်းပါပဲ။ Time constraint ဖြစ်လာတဲ့အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိပြီး၊ စိတ်ပျံ့လွင့်မှုကို လျော့နည်းစေပါတယ်။ ကျောင်းသားတယောက်ရဲ့ ဘ၀မှာ စိတ်လေစရာ အများအပြား ကြုံတတ်ပါတယ်။ မိဝေးဖဝေး၊ ရေမြေခြားမှာ culture မတူတာလေးတွေလည်း ရှိတော့ ကြုံလာအောင် စေ့ဆော်မှုတွေကလဲ ရှိတတ်ပါတယ်။ အက်ဆေးလေးတွေ ရေးစရာရှိနေတဲ့အခါကျတော့ စာဖတ်ချိန်ဖတ်၊ အားကစားလုပ်ချိန်လုပ်၊ ကျောင်းက society တွေ၊ ကျောင်းသားသမဂ္ဂဆိုင်တာတွေ လုပ်စရာ ရှိတာလုပ်ပြီးရင် ရေးရမယ့်အကြောင်းအရာ လေးတွေအတွက် စာတွေဖတ်ရင်း အချိန်ကို အကျိုးရှိရှိ ကုန်လွန်လိုက်သလို ဖြစ်သွားပါတယ်။

နောက်တခုက deadline တွေနဲ့လုပ်ရတဲ့ အကျိုးကျေးဇူးပါ။ ဘယ်နေ့မှာ အပြီးတင်ရမယ်ဆိုကတည်းက ဘယ်နှစ်ရက်အချိန်ရတယ်၊ ဘယ်ရက်မှာ ဘာလုပ်ရမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ရတာဖြစ်တဲ့အတွက် ကိုယ်ကိုကိုယ် self-organizing လုပ်တဲ့ skill တက်လာပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ deadline တွေနဲ့ လုပ်ရတဲ့အခါ ကြိုတင်ကျင့်သားရပြီးသား ဖြစ်နေတတ်ပါတယ်။ သူများချပေးလိုက်တဲ့ deadline တခုကို အချိန်မှီပြီးလိုက်နိုင်တဲ့အတွက်လဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုတက်စေနိုင်ပါတယ်။ အကြောင်းအရာတခု ပြီးမြောက်အောင်မြင်သွားတာဟာ သေးသေးကြီးကြီး ကိုယ်ရဲ့အောင်မြင်မှုတခုပါ။ အမှတ်များများရတာမရတာတွေထက် ကိုယ့်ဘက်က လုပ်စရာရှိတာကို ရှိသင့်တဲ့ အားစိုက်မှုတခုနဲ့ ပြီးမြောက်မှုဆိုတာကိုက ကျေနပ်အားရစရာမျိုးပါ။ နောင်တချိန်ဘ၀မှာ အခက်အခဲတွေ ရှိလာတဲ့အခါ ဒီအောင်မြင်မှုလေးတွေကို ပြန်သတိရမိပြီး တွန်းအားဖြစ်လာတတ်ပါတယ်။ အက်ဆေးတခုကို သတ်မှတ်ချိန်မှာပြီးအောင် သေချာရေးနိုင်တာဟာလဲ အရည်အချင်းတခုဖြစ်ပါတယ်။ ဒီအရည်အချင်းကို တိုးတက်အောင် အက်ဆေးလေးတွေက ဖန်တီးပေးနေတာပါ။

နောက်အကျိုးကျေးဇူးတခုကတော့ Tutor တွေဆီက ပြန်လာမယ့် feedback တွေပါ။ ဒီ feedback လေးတွေကနေ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်လေးတွေကို သိနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အက်ဆေးတခုဖြစ်အောင် ဘာတွေပြုပြင်ဖို့လိုသလဲဆိုတာကိုလဲ သက်ဆိုင်ရာ ဆရာတွေနဲ့ သွားဆွေးနွေးလို့ ရပါတယ်။ တပည့်တယောက်အတွက် တံခါးမဖွင့်ထားတဲ့ ဆရာဆိုတာမရှိပါဘူး။ ဆရာတွေကို ကြောက်ဖို့မလိုပါ။ လေးစားဖို့တော့လိုပါတယ်။ တကယ်တော့ ဆရာဆိုတာ ဘ၀စစ်မြေပြင်ကို စစ်ထွက်ရတော့မယ့် တက်သစ်စ လူသားလေးတွေကို လိုအပ်မယ့် အရည်အချင်း၊ ခံနိုင်ရည်၊ သက်လုံကောင်းမှုနဲ့ စစ်ဝတ်တန်ဆာတွေ ဖြည့်ဆည်းပေးတဲ့ ဖန်ဆင်းရှင်တွေပါ။ တပည့်တယောက်ရဲ့ ဘ၀ကို အတတ်နိုင်ဆုံး ရုပ်လုံးပီပြင်အောင် ထုဆစ်ပေးနေတဲ့ အနာဂတ်ဖန်ဆင်းရှင်တွေပါ။ သူတို့တွေဆီက ပြန်လာတဲ့ feedback တွေနဲ့ အားသာချက်၊ အားနည်းချက်တွေ သိရတဲ့အခါမှာ နောက်တခါကျရင် ဘယ်နေရာမှ အာရုံစိုက်ရမလဲ ဆိုတာတွေသိလာပါတယ်။

ဒါကတော့ အက်ဆေး ရေးသားခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။ အက်ဆေး မေးခွန်းတွေကို ဘယ်လိုနားလည်အောင် လုပ်မယ်၊ လိုအပ်တဲ့ references တွေ ဘယ်လိုရှာမယ်၊ အက်ဆေး outline ကို ဘယ်လို plan ချမယ်၊ အက်ဆေးကို ဘယ်လိုရေးမယ်၊ references တွေကို ဘယ်လို cite လုပ်မယ်။ Harvard system သုံးမယ်၊ Numeric system သုံးမယ် စတာတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နောက်ပိုင်း ဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၃၁၊၁၀၊၂၀၀၇)

Monday, October 8, 2007

ကျွန်မ၊ သမိုင်းနဲ့ ထော်လော်ကန့်လန့် ပညာရေး

သမိုင်းကို သင်တာ မအ အောင်လို့လို့ သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်းက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ မှာ ကျွန်မတို့ တွေ သမိုင်း ဆိုတာကို တတိယတန်း ကျောင်းသူ ဘ၀က စပြီး သင်ကြားခဲ့ကြရပါတယ်။ ကျွန်မတို့ တွေ သမိုင်းကို မှန်မှန်ကန်ကန် သင်ကြားခံခဲ့ကြရရဲ့လား။ ကျောင်းများမှာ သမိုင်းကိုဖတ်ပြီး ကျောင်းသားများ ကိုယ့်အမြင်ကို ဆွေးနွေးတင်ပြ အတွေးဖလှယ်ခဲ့ကြရရဲ့လား။ စတုတ္တတန်း ဆရာမက လွဲလို့ တခြားဆရာများ ထံက တခါမှ မရခဲ့ ဖူးပါဘူး။ ဆရာမ ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ မေး၊ ဖြေ သင်ခန်းစာများကိုလိုက်ကူးပြီး သမိုင်းကို သမိုင်း ကြောင်းလို မလေ့လာခဲ့ရဘဲ ကြောက်စရာ ကျက်စာတစ်ရပ် အနေနဲ့ အလွတ်ကျက်ပြီး ဖြေခဲ့ ကြရတဲ့ ကျောင်းသား တွေ ဒုနဲ့ဒေးပါ။

ကျွန်မရဲ့အဘွားကို အဘိုးက သမိုင်းပါမောက္ခလို့ နောက်ပြီးခေါ်ပါတယ်။ ကလေးပုံပြင် စာအုပ်ထဲက ပုံပြင် များကို ဘယ်တော့မှ မပြောဘဲ သူသိတတ်သမျှ သမိုင်းကြောင်းများဟာ ကျွန်မတို့လို မြေးများအတွက် အိပ်ရာဝင် ပုံပြင် များ ဖြစ်ခဲ့ရပါတယ်။ အဘွားဆိုတော့ ကျောင်းက ဆရာမလို ကြောက်စရာလဲ မလို၊ ကိုယ့် ကိုလဲ စကားသွက်တဲ့ မြေးဆိုပြီး သိပ်ချစ်တဲ့ အဘွားက မေးသမျှကို မငြီးမငြူ အတတ်နိုင်ဆုံး ဖြေပေးပါ တယ်။ ဒီလိုနဲ့ ကျွန်မဟာ သမိုင်းကို အိပ်ရာဝင် ပုံပြင်အဖြစ် လေ့လာနိုင်ပြီး အမှတ်ကောင်း ရခဲ့ပါတယ်။

ဒါပေမယ့် အထက်တန်းရောက်တော့ ပြဿနာ စပါရော.. ဆရာပေးတဲ့ မေး၊ ဖြေတွေကို အလွတ်မကျက် ဘဲ ပြန် ဝေဖန် ဆန်းစစ် မိတဲ့အတွက် တက်တဲ့ ပြဿနာပါ။ ဆရာနဲ့ ကျွန်မကြားက ပြဿနာ မဟုတ်ပါ ဘူး။ ဆရာနဲ့ ကျွန်မက တစ်ဘက် ပညာရေးစနစ်က တစ်ဖက် တက်ကြတဲ့ ပြဿနာ ပါ။ န၀မတန်းမှာ အတန်းထဲက မိနစ် ၂၀တွင်း အကြိုက်ဆုံး သီချင်းတစ်ပုဒ် ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲမှာ ကျွန်မကို အားရခဲ့တဲ့ မြန်မာစာ ဆရာ အတန်းမှူးနဲ့ ဒသမတန်းက မြန်မာစာ ဆရာတို့က ကျွန်မကို အတော် အားထားခဲ့ကြရှာပါတယ်။ ကျွန်မတို့ ကျောင်းက မြန်မာတပြည်လုံး ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဗိုလ်စွဲနေကျမို့ သူတို့က ကျွန်မကို မြန်မာစာ နေရာမှာ တော်တော် အားကိုးခဲ့ကြတာပါ။

ပြဿနာ က မိဘုရားဖွားစော ကျောက်စာပါ။ မိဘုရားဖွားစော ကျောက်စာကို သင်ဖို့မှာ ဖွားစောကို အလှူဒါန အတွက် တော်တော် အမွှမ်းတင် ပေးရပါတယ်။ ကျွန်မက ဆရာများ ပေးတဲ့ ဒီလိုမေး၊ ဒီလိုဖြေ စနစ်ကို မလိုက်နာ ပါဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်အတွေးနဲ့ကိုယ် ဖြေပါတယ်။ ကျွန်မကို ဒီလို မဖြေဖို့ ဆရာများက နားချရှာပါတယ်။ ၀န်ကြီးဌာနက ထုတ်ပေးတဲ့ ဆရာလက်ကိုင် သင်ရိုးကိုတောင် ဆရာများက ကျွန်မကို ငှားရှာပါတယ်။ သင်ရိုးနဲ့ အညီ ဖြေမှ အမှတ်ကောင်းမှာမို့ ကျွန်မကို မြန်မာစာ အမှတ် အကောင်း ဆုံးဆု ရစေချင်လို့ပါ။ တနိုင်ငံလုံးက ဆယ်တန်း ကျောင်းသားများ ရင်ခုန်တဲ့ အခြေခံပညာ အထက်တန်း စာမေးပွဲမှာ မြန်မာစာမှာ မိဘုရားဖွားစော ကျောက်စာမှ ရရှိသော ဖွားစောရဲ့ စိတ်နေစိတ်ထားကို မေးပါ တယ်။ ကျွန်မကလဲ ခေါင်းမာစွာနဲ့ ကျွန်မ ယုံကြည် လက်ခံတဲ့ အတိုင်း ဖြေပါတယ်။ စာမေးပွဲခန်းက ထွက်လာတဲ့ ကျွန်မကို ဆရာက သမီးဖြေနိုင်လားတဲ့ မေးရှာပါ တယ်။ ဟုတ်ကဲ့ ဆရာ သမီး သိပ်ဖြေနိုင် ပါတယ် ဆိုတော့ ဘယ်အပုဒ်ကိုဖြေလဲတဲ့။ ဖွားစောကျောက်စာကို ဒီလို ဖြေလိုက် တယ် ဆိုတော့ ဆရာက သက်ပြင်းချရင်း ခေါင်းယမ်းရှာပါတယ်။ ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းပဲ မြန်မာစာကို ကျွန်မ ဂုဏ်ထူး ထွက်ခဲ့ပေမယ့် ဆရာတွေ မျှော်မှန်းတဲ့ အမြင့်ဆုံး အမှတ်နဲ့ လွဲခဲ့ပါတယ်။

ကျွန်မ ဘယ်လိုဖြေခဲ့လဲ ဆိုတော့ လှူချင်တန်းချင်၊ ဗုဒ္ဓဘာသာဝင်ပီပီ ဘာသာတရားကို သက်ဝင်ယုံကြည် ပြီး ကောင်းတဲ့ တခြား အချက်တွေ သူ့စိတ်ထဲမှာ အများကြီး ပါပေမယ့် ဆိုးတဲ့ စိတ်ထားအနေနဲ့

မိဘုရားဖွားစောဟာ သူ့ကျောက်စာတစ်မျက်နှာမှာ ငါ ဆယ့်ရှစ်လုံး ပါအောင် ငါချင်းထပ် ကျောက်စာ ရေးထိုး ခဲ့တဲ့အတွက် ငါစွဲ ငါမာန် ကြီးကြောင်း
အလှူကို ကျောက်ထက် အက္ခရာ တင်ရာမှာ ငါ့လင်မင်းကြီး၊ ငါ့သားမြေးကြီး၊ ငါ့မြေးမင်းကြီးလို့ မင်းမျိုး ဖြစ်ရ တာကို အမွှမ်းတင်နေခဲ့ပေမယ့် သူ့ဖခင် လယ်သမားကြီးကို ကျောက်စာမှာ မတွေ့ရတဲ့အတွက် မိဘကျေးဇူးနဲ့ ဘ၀ဟောင်းကို မေ့ပြီး ရွှေနန်းစည်းစိမ် ကိုသာ သာယာမက်မောသူလို့ ကောက်ချက် ချနိုင်ကြောင်း

မြေးတောင် ဘုရင်ဖြစ်နေချိန်မှာ သူ့အသက်ဟာ တော်တော် အိုနေပြီလို့ တွက်လို့ရပေမယ့် အလှူအတန်း လုပ်ပြီး သူ့အတွက်ကိုသာ လူစည်းစိမ်၊ နတ်စည်းစိမ်ကိုသာ အဓိက ထားပြီး တောင်းဆိုခဲ့တဲ့အတွက် သိင်္ဃသူ့သမီး ကျောက်စာ နဲ့ အနှစ်သာရ လွန်စွာ ခြားနားနေကြောင်း၊ မင်းစည်းစိမ်ကို တော်တော် ယစ်မူး သာယာနေသည်မှာ ထင်ရှားနေကြောင်း
ကျောက်စာကို ဖတ်ပြီး ဘယ်အလှူက ဘာအတွက်လို့ စီမံခန့်ခွဲပုံကို တွေ့ရတဲ့အတွက် အသေးစိတ် စီမံ ခန့်ခွဲ လိုစိတ် ပြင်းပျသည်ကို တွေ့ရကြောင်း၊ ပုဂံ နန်းတွင်းရေး မှာလဲ တော်တော် စီမံခန့်ခွဲ ခဲ့တယ်လို့ ယူဆရကြောင်း၊ သူ့လက်ထက်မှာပဲ တရုတ်ပြေးမင်း ရာဇ၀င် တွင်ခဲ့ရတဲ့အတွက် ပုဂံထီးနန်း ကျဆုံးခဲ့ရတဲ့ အတွက် သူ့စနက်နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်ကို သံသယ ရှိဖွယ် ဖြစ်ကြောင်း

အဲလို ဖြေလိုက်မိပါတယ်ရှင်။ အဲလို အဖြေကို ဘာလို့များ မနှစ်မြို့နိုင်ရတာပါလိမ့်။ ဘာလို့များ အမှတ် မပေးနိုင် ရတာပါလိမ့်။ ဘာလို့များ အဲလို မဖြေစေချင်ရတာပါလိမ့်။ ကျွန်မကတော့ ကိုယ့်ယုံကြည်ချက်ကို အမှတ်နဲ့ မလဲ နိုင်ပါ။ အမှတ်နည်း ခဲ့ရတဲ့ အတွက်လဲ ကိစ္စမရှိပါ။ သို့သော် မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ ဘုရင်မျိုး ဘာလုပ်လုပ် ကောင်းပါတယ် လို့ချည်း ဘာကြောင့် ခုထိ လက်ခံကျင့်သုံးကာ ပညာရေးတွင် ပြဌာန်း ထားရပါသနည်း။ ဒါအပြင် ရာဇ၀င် ဆရာ အဆက်ဆက်တို့ကလဲ လယ်သူမ ဘ၀ကနေ မင်းသုံး ဆက် မိဘုရားကြီး ဖြစ်ခဲ့တဲ့ ဖွားစောကို အမွှမ်းချည့် တင်ထားကြပါတယ်။ သာမန် အညတြ အိမ်တွင်းအောင်း ကျွန်မ အနေနဲ့ လွန်ခဲ့တဲ့ နှစ် တစ်ထောင် ခန့်က မိဘုရား ဖွားစောကို မနာလိုစရာ အကြောင်း မရှိပါဘူးနော်။

မင်းဆိုတာ သမုတိနတ်မို့ စိတ်နဲ့တောင် မပြစ်မှားကောင်းဘူး ဆိုတဲ့ စကားကို ကြားရတော့ ပြုံးမိပါတယ်။ မြတ်စွာ ဘုရားက သူ့ကိုတောင် သူ့စကားကို မျက်စိမှိတ် မယုံဘဲ ဝေဖန်ဖို့ ကာလာမသုတ်မှာ ဟောကြားခဲ့မှတော့ ဝေဖန် ဆန်းစစ်တာကို ပြစ်မှားတာလို့ ယူဆလို့ မရကြောင်း ထင်းထင်းကြီး တွေ့နိုင်ပါတယ်။ သုံးလောက ထွတ်ထား ဘုရားရှင်က သူ့ကိုတောင် ဝေဖန် ဆန်းစစ်တာ လက်ခံရင် မင်း ဆိုတာ သမုတိ နတ်မကလို့ ဘာဖြစ်ဖြစ် ဘုရား ထက်တော့ အများကြီး နိမ့်တာ လူတိုင်း သိပါတယ်။ ဝေဖန် ဆန်းစစ် မခံနိုင်တာ မခံရဲတာ ဘာလို့ပါလိမ့်။
မြတ်စွာဘုရားကို ကျွန်မတို့ ယုံကြည် ကိုးကွယ် နေသည်မှာ သူက ဘုရားဖြစ်နေသောကြောင့် သူဘာလုပ်လုပ် အကောင်းထင်ပြီး ကျွန်မတို့က ယုံကြည် ကိုးကွယ် နေခြင်း မဟုတ်ပါ။ ဓမ္မစကြာ တရားဦးလေး ဟောဖို့အရေး တပည့်သာဝကများက သူ့ဆီသွားပြီး ဆည်းကပ်သည် မဟုတ်၊ ဘုရားရှင်က တပည့်သာဝက များထံ သွားပြီး တရားဟော ရရှာတာ ဖြစ်ပါတယ်။ ဒါတောင် ပဉ္စ၀ဂ္ဂီ ငါးပါးက ဘုရားလို့ လက်မခံပါဘူး။ ငါ့တရားကို နာပြီးမှ ငါ့ကို ဆုံးဖြတ်ဟု ဆိုကာ တရားဟောရင်း တရားအဆုံးမှာ ပဉ္စ၀ဂ္ဂီ ငါးပါးလုံး ရဟန္တာ ဖြစ်ပြီး မြတ်စွာဘုရားကို ဘုရားဟု လက်ခံ လိုက်ခြင်းသာ ဖြစ်ပါသည်။ သူဟောသော တရား၊ သူ့လုပ်ရပ်ကြောင့် ကျွန်မတို့က သူ့ကို ဘုရားဟု သတ်မှတ် ကိုးကွယ်ခြင်း ဖြစ်ပါသည်။ သူက ဘုရားဖြစ်နေလို့ ကျွန်မတို့က သူ့တရားကို လက်ခံတာ မဟုတ်ပါ။ ထို့အတူ မြတ်စွာဘုရားရှင် လက်ထက်က လူများကလည်း ကျွန်မတို့နည်းတူ တရားကို နာပြီးမှ ဘုရားဟု လက်ခံ ကြခြင်း ဖြစ်ပါတယ်။ လူထုရဲ့ ယုံကြည်လက်ခံမှုကို အာဏာနဲ့ ရယူခဲ့တာ မဟုတ်ဘဲ မဟာ ကရုဏာတော်နဲ့သာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ငါဟောလို့ ဆိုပြီးလဲ မျက်စိမှိတ် မယုံလိုက်ပါနဲ့ဦးလို့တောင် အတိအလင်း မိန့်ဆို ဟောကြားပြီး သတ္တ၀ါတို့ရဲ့ ပညာမျက်စိ အလင်းဓာတ်ကို ဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။ တန်ခိုးတော် အနန္တရှင် ဖြစ် လျက် လူအများ ဘုရားရဲ့ တရားကို ယုံဖို့ တန်ခိုးနဲ့ မလုပ်ခဲ့ဘဲ အပင်ပန်းခံပြီး ၄၅နှစ်တိတိ တရားဟောပြ ဆုံးမ တော် မူခဲ့ပါတယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက ကာလာမသုတ်တွင် ဒီလို ဟောကြားခဲ့ရင်း သူတရားတော် များနဲ့ ပတ်သက်ပြီး တလောကလုံးကို စိန်ခေါ်နိုင်ခြင်း ဖြစ်ပါတယ်။

ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...
“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်

(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။
(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။
(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။

ကာလာမ မင်းတို့ ---

(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။

(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။

( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ်)
ဒါကြောင့် အုပ်ချုပ်သူ လူတန်းစားများ အနေနဲ့ မှတ်ကျောက် တင်ခံနိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးက မှတ်ကျောက်ကို ပစ်ပယ်၊ အုပ်ချုပ်သူ လူတန်းစားကို ကောင်းကွက်ချည့် ရှာခိုင်း၊ အမွှမ်းတင်ခိုင်းတာ၊ အုပ်ချုပ်သူ လူတန်းစားဖက်ကိုချည့် စဉ်းစားပေးခိုင်းပြီး အုပ်ချုပ်ခံ လူတန်းစားရဲ့ ခံစားချက်နဲ့ ဘ၀ဒုက္ခတွေကို လျစ်လျူရှုနေတာကို ၀မ်းနည်းစွာ တွေ့ရပါတယ်။ တကယ်တော့ အုပ်ချုပ်သူရော အုပ်ချုပ်ခံပါ လူသားတွေ၊ အမိမြေရဲ့ နိုင်ငံသားတွေချည့်ပါပဲ။ ဒီလို ပညာရေးစနစ်ကြောင့် ဒီလို အုပ်ချုပ်ရေး စနစ် ဖြစ်လာတာလား ဒီလို အုပ်ချုပ်ရေးစနစ်က ဒီလို ပညာရေးစနစ်ကို သင်ကြားစေတာလား စဉ်းစားစရာပါ။ သင်သာ အုပ်ချုပ်သူ နေရာရောက်ရင် ဘယ်လို စဉ်းစားမလဲ ဆိုတဲ့ မေးခွန်း ထက် သင်သာ ဒီလို အုပ်ချုပ်ခံရရင် ဘယ်လို စဉ်းစားမလဲ ဆိုတာလေးကိုလဲ တပြန်တလှည့် တွေးပေးကြဖို့ ကောင်းပါတယ်။ လူမျိုးတူချင်း၊ လူသားချင်း ကိုယ်ချင်းစာစိတ်လေးများ ရှိကြရင် ဒီလို ၂ဦး၂ဖက် လုံးအတွက် မျှတတဲ့ အတွေးလေးများ ၀င်ကြရင် ရေးရကျိုး နပ်ပါပြီ။ ကျွန်မရဲ့ ဆောင်းပါးလေးကိုလဲ ကာလာမ သုတ်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ပေးကြပါဦးနော်…

Thursday, October 4, 2007

ကိုယ်တွေ့မြန်မာ့ပညာရေး (အပိုင်း-၁)

အခုအပတ်တွေက ယူကေ တက္ကသိုလ်တွေရဲ့ ကျောင်းဖွင့်ရာသီပါ။ ကျောင်းဖွင့်ရာသီတွေရဲ့ ထုံးစံအတိုင်း ဆရာ၊ ဆရာမတွေရော၊ သုတေသန ကျောင်းသားကျောင်းသူတွေပါ ဖတ်လက်စ စာအုပ်တွေဘေးချ၊ ရေးလက်စစာတမ်းတွေ အသာခေါက်ပြီး အလုပ်များကြရပါတယ်။ ကျောင်းသားတွေအတွက် course advisor appointment တွေ၊ သင်ရိုးတွေ၊ reference တွေကို update လုပ်တဲ့ meeting တွေ၊ ဘာသာရပ်အလိုက် course co-ordinator တွေနဲ့ lecturer တွေ၊ Teaching Assistant တွေရဲ့ သီးသန့်တွေ့ဆုံပွဲတွေ၊ ပါဝင်ထားတဲ့ society အဖွဲ့တွေရဲ့ welcome party စတာတွေနဲ့ ကျောင်းလောကမှာ ဒီအချိန်ရယ်၊ စာမေးပွဲချိန်တွေရယ်ဟာ အလုပ်ရှုပ်ဆုံးပဲ ဖြစ်မယ်ထင်ပါတယ်။

ယူကေမှာက များသောအားဖြင့် tutorial ချိန်တွေ တာဝန်ယူဖို့ tutor တွေ ခန့်လေ့ သိပ်မရှိပါဘူး။ (PhD, MPhil, MLitt, MRes) စတဲ့ သုတေသနကျောင်းသား ကျောင်းသူတွေကိုပဲ Teaching Assistant တွေ ပြန်လုပ်ခိုင်းလေ့ရှိပါတယ်။ သုတေသနကျောင်းသားတွေမှာ တက္ကသိုလ်ကနေ တိုက်ရိုက် studentship ပေးထားသူတွေ၊ Research Council တွေက studentship ပေးထားသူတွေ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်နေသူတွေစသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ အားလုံးထဲမှာ တက္ကသိုလ်က studentship ယူထားသူတွေကတော့ အလုပ်ရှုပ်ဆုံးပါပဲ။ ပညာသင်ကြားစရိတ်၊ သုတေသနစရိတ်အပါအ၀င် သင့်လျော်တဲ့ နေစရိတ်၊ စားစရိတ် (အဲ-ကလေးငယ်ရှိရင် ကလေးထိန်းစရိတ်) ပါပေးပြီး၊ အပူအပင်မရှိ ပညာဆုံးခန်းတိုင်အောင် တာဝန်ယူပေးပါတယ်။ အပြန်အလှန် အနေနဲ့ တပတ်မှာ ပျမ်းမျှ (၆)နာရီခန့် ဘွဲ့ကြိုသင်တန်းတွေရဲ့ tutorial ချိန်တွေမှာ တာဝန်ယူပေးရပါတယ်။ ကျောင်းဖွင့်ချိန်၊ စာမေးပွဲချိန်တွေမှာလဲ လိုအပ်ရင် လိုအပ်သလို တာဝန်ယူပေးရပါတယ်။ ဒါပေမယ့် tutorial မဟုတ်တဲ့ တခြား အချိန်တွေအတွက် သင့်တင့်တဲ့ လုပ်အားခကို ထပ်ပေးလေ့ရှိပါတယ်။ စာမေးပွဲခန်းစောင့်ရင်လဲ အခန်းစောင့်ကြေး အပိုဆောင်းပေးပါတယ်။ လူတယောက်ရဲ့ လုပ်အားနဲ့ အချိန်ကို အလွန်ပဲ တန်ဖိုးထားတတ်ကြပါတယ်။

ကျောင်းသူကျောင်းသားတွေရဲ့ ဘ၀ရှေ့ရေးကိုလဲ အတော်ဂရုစိုက်ကြတယ်။ ကျောင်းစဖွင့်ချိန်မှာ ကျောင်းသားတိုင်း မဖြစ်မနေ လုပ်ရတဲ့အလုပ်ကတော့ course advisor နဲ့ တွေ့ဆုံခြင်းပါ။ ပါမောက္ခတွေ၊ ကထိကတွေကိုယ်တိုင် တယောက်စီကို သေချာတွေ့ဆုံပြီး သူတို့ major ယူထားတဲ့ ဘွဲ့အတွက် လိုအပ်မယ့် credit points တွေ၊ တခြားရွေးချယ်ယူနိုင်တဲ့ minor ဘာသာရပ်တွေကို သေချာရှင်းပြ၊ မေးခွန်းတွေဖြေနဲ့ တယောက်ကို အနဲဆုံး (၁၅) မိနစ်ခန့် အချိန်ပေးကြပါတယ်။ Economics တက်မယ့်သူကလဲ chemistry ကို minor ယူချင်ယူတာပါပဲ။ Economics ကို Physics နဲ့ joint honors တက်သူလဲ ရှိတာပါပဲ။ အရေးကြီးတာက ကျောင်းသားရဲ့ စိတ်ဝင်စားမှုပါ။ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခြင်းအားဖြင့် ပညာသင်ကြားရေးကို လွယ်ကူ ချောမွတ်စေသလို၊ သူရဲ့စိတ်ဓာတ်ဟာလဲ အမြဲတက်ကြွနေပါတယ်။ ပညာကို လိုချင်စိတ်ရှိနေပါတယ်။

ဘွဲ့ရပြီးသားသူတွေထဲက သူတို့ရပြီးသားဘာသာရပ်ကို ဘွဲ့လွန်ဆက်မသွားချင်တော့လို့ စိတ်ဝင်စားမှုကြောင့်ပဲဖြစ်ဖြစ်၊ career change ဖို့အတွက်ပဲဖြစ်ဖြစ် တခြားဘွဲ့တခုကိုပဲ ပထမနှစ်ကနေ စတက်သူတွေလဲ ရှိပါတယ်။ တချို့ဆို အသက် ခြောက်ဆယ်ကျော်နေပါပြီ။ ပင်စင်ယူပြီးမှ ပညာရပ်အသစ်တခုကို ထပ်လေ့လာနေတာပါ။ “ပညာလို အိုသည်မရှိ” စကားပုံလေးကို သွားသတိရမိပါတယ်။ တဆက်တည်းမှာပဲ “ဘွဲ့တခုရရင် ပြီးရောပေါ့။ ဘာလုပ်လို့ရမှာလဲ” ဆိုတဲ့ အတိတ်တုန်းက ကြားခဲ့ဖူးတဲ့ စကားသံတွေကို သွားသတိရမိပါတယ်။

ပညာရေးမှာ အတတ်ပညာကအဓိကလား၊ အသိပညာက အဓိကလား၊ အတန်းပညာက အဓိကလား၊ ဘ၀ပညာက အဓိကလားဆိုတဲ့ အကြောင်းအရာတွေကိုတော့ အခု argue မလုပ်ချင်သေးပါ။ ဒါပေမယ့် United Nations Development Programme (UNDP) ကနေ လူတယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာတဲ့ Human Development Index (HDI) အချက်တွေထဲက တခုဖြစ်တဲ့ Knowledge ကိုတော့
(2/3* adult literacy rate + 1/3 * mean years of schooling) ဆိုတဲ့ formula လေးနဲ့ တွက်ချက်တာ တွေ့ရပါတယ်။

နိုင်ငံတခုရဲ့ Economic Growth အတွက် Technology နဲ့ Human Capital (Education) ဟာ ၂၁ရာစုရဲ့ အရေးကြီးဆုံး ကဏ္ဍတွေဖြစ်လာပါတယ်။ ဒါကြောင့်လည်း နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ Education ကို အလွန်ပင် ရှေ့တန်းတင် နေရာပေးကြပေမယ့် ကျွန်မတို့ မြန်မာပြည်မှာကတော့ နိုင်ငံတော်ဘဏ္ဍာရဲ့ ရာနှုန်းအနည်းငယ်မျှကိုပဲ ဒီကဏ္ဍမှာ သုံးလေ့ရှိတယ်။ သုံးတဲ့ရာနှုန်းအနည်းငယ်မှာလဲ ရှိပြီးသား တက္ကသိုလ်ကြီးတွေကို အသုံးမပြုပဲ တက္ကသိုလ်အသစ်တွေကို မလိုတဲ့နေရာမှာ ဆောက်လိုဆောက်နဲ့ ဖြုန်းပစ်ပြန်ပါတယ်။ အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး နှစ်ခုစလုံးမှာ စနစ်ကျတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ သင်ထောက်ကူတွေ မရှိပြန်ပါဘူး။ ပညာရှင်တွေကို ပညာရှင်တွေလို မဆက်ဆံပြန်တော့ brain drain ပြဿနာကလဲ အရမ်းကို ကြီးမားပါတယ်။

ပညာရေးလောကထဲကို academic တယောက်အနေနဲ့ ၀င်လာပြီဆိုကတည်းက သူတို့ဆီမှာ ပညာရပ်ကို စိတ်ဝင်တစား နှစ်သက်မြတ်နိုးမှုတွေ ရှိကြစမြဲပါ။ လူ့ဘောင်လောကကို အကျိုးပြုနိုင်မယ့် သုတေသနတွေ လုပ်ချင်မယ်၊ ပညာကို မျှဝေပေးချင်မယ်၊ ပညာရပ်ဆိုင်ရာ conference တွေ၊ workshop တွေ လုပ်ချင်မယ်၊ research institute တွေ ထောင်ချင်မယ်၊ တိုင်းပြည်အတွက် မိမိပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ လိုအပ်ချက်တွေ တွေ့ရင် တင်ပြဆွေးနွေးချင်မယ် စိတ်တွေ ရှိနေကြပါမယ်။ ဒီလိုလူတွေကို ၀ါဒရေးရာ အဖွဲ့တွေထဲ အတင်းဝင်ခိုင်း၊ ဘာတွေမှန်းမသိတဲ့ စာရွက်စုတ်တွေ လက်ထဲထိုးပေးပြီး လူထုစည်းဝေးပွဲတွေ တက်ပြောလိုပြောခိုင်း၊ ကျောင်းသားတွေကို watchdog လုပ်ခိုင်းလိုလုပ်ခိုင်း၊ အရည်အချင်းအတိုင်းမဟုတ်ပဲ အအောင်ပေးခိုင်းလိုပေးခိုင်းတွေ လုပ်လာတဲ့အခါ၊ သုတေသနဆက်ပြုဖို့လဲ အခွင့်အရေးတွေ မရှိတဲ့အခါ ဘယ်လိုပညာရှင်မျိုးကမှ နေချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ပါရဂူဘွဲ့ရသူဆိုတာကတောင် အဲဒီပညာရပ်ကို နားလည်စပြုစပဲ ရှိသေးတယ်လို့ ဆိုကြတယ် မဟုတ်ပါလား။ မြန်မာပြည်က ပညာရေးကဏ္ဍ ဖျက်ဆီးခံရမှုအကြောင်းကိုတော့ နောက်ပိုင်းမှ data တွေနဲ့ သုတေသန ပြုပါဦးမယ်။ မြန်မာပြည်မှာ ကြုံခဲ့ဖူးတဲ့ ကိုယ်တွေ့ပညာရေး အကြောင်းလေးကို အနည်းငယ် မျှဝေခွင့်ပြုပါ။ မြန်မာပြည်မှာ study guide လုပ်ဖူးတာလေးတွေ၊ ကျူရှင်သင်ဖူးတာလေးတွေပဲ ရှိတာမို့ ပညာရေးစနစ်ထဲက ဆရာ အတွေ့အကြုံတော့ မရှိခဲ့ပါ။ ကျောင်းသားအတွေ့အကြုံပဲ ရှိတာမို့ အဲဒီအကြောင်းလေးတွေကိုပဲ ပြန်ပြောင်းအောက်မေ့ ရေးသားချင်ပါတယ်။

အခြေခံပညာရေး

အခြေခံပညာရေးနဲ့ ပတ်သက်ပြီး အဖြစ်အပျက်လေးတချို့ကို ပြန်သတိရမိပါတယ်။ တချို့က ပညာရေးစနစ်နဲ့ ပတ်သက်ပြီး၊ တချို့ကတော့ သင်ကြားရေးပုံစံနဲ့ ဆိုင်ပါတယ်။

ကျွန်မအခြေခံပညာရေး သင်ယူခဲ့ရတာက နယ်မြို့လေးတစ်ခုမှာပါ။ ပထမဆုံးမှတ်မိနေတဲ့အဖြစ်အပျက်ကတော့ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင် ၁၉၈၇ ခု ကာလမှာပါ။ အဲဒီတုန်းက ကျွန်မ (၃)တန်းပါ။ တနေ့မှာတော့ ဆရာမနဲ့ ကျွန်မ ပြဿနာတခုအကြီးအကျယ်တက်ပါတယ်။ သူသင်တဲ့ သင်္ချာပုစ္ဆာကို တခြားနည်းနဲ့ရော တွက်လို့မရဘူးလားဆိုပြီး ကိုယ်ထင်တဲ့နည်းကို ပြောမိရာက စတာပါ။ အဖြေကတူတူပါပဲ။ ဒါပေမယ့် သူသင်တဲ့နည်းအတိုင်းပဲ တွက်မှ အမှန်ပေးမယ်လို့ တဘက်သတ် စီရင်ချက်ချပါတော့တယ်။ ကျွန်မ ဆရာမကို စော်ကားနေတာမဟုတ်ပါ။ အနန္တောအနန္တ ငါးပါးမှာ တပါးအပါအ၀င်ပါ။ ကျွန်မပြောချင်တာက မြန်မာပြည်က စာသင်ခန်းတော်တော်များများဟာ ကျောင်းသားဗဟိုပြု မဟုတ်ပဲ၊ ဆရာ ဗဟိုပြု ဖြစ်နေတဲ့အချက်ကိုပါ။ တနေ့လုံး ဆရာတွေကချည်းပဲ ရှင်းလင်းသင်ကြားနေရတာဖြစ်တာမို့ ဆရာတွေအတွက်လဲ အလွန်ပင်ပန်းရသလို ကျောင်းသားတွေ အတွက်လဲ ပျင်းရိငြီးငွေ့စရာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ တွေးခေါ်မြော်မြင်မှုတွေ၊ ဥာဏ်ရည်ဥာဏ်သွေး တွေကိုလဲ ထိခိုက်စေပါတယ်။ တစုံတခုလုပ်ရင် initiative မဖြစ်တော့ပဲ တယောက်ယောက်ကပြသပြီးမှ၊ တယောက်ယောက်က စလုပ်ပြီးမှ လုပ်တတ်တဲ့ အကျင့်တွေ ဖြစ်ပေါ်လာပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေ မရှိပဲ သင်ထားတဲ့အတိုင်း ကျက်မှတ်နေရတာဖြစ်လို့ သူတပါးခူးပြီးသားထမင်းကိုမှ စားတတ်တာလေးတွေ ဖြစ်လာတတ်ပါတယ်။ အဆိုးဆုံးကတော့ ပညာသင်ကြားသူနဲ့ ပညာသင်ယူသူကြားမှာ ကြောက်ရွံ့မှု စည်းတခု ခြားသွားတဲ့ ကိစ္စပါ။ ဆရာမကသင်၊ ကျွန်မတို့ကကျက်၊ နောက်တနေ့ စာပြန်၊ မရရင် ပြစ်ဒဏ်ဆိုတဲ့ ကြက်တူရွေးသင်ကြားရေးစနစ်ရဲ့ နောက်ဆက်တွဲဟာ အခုအချိန်အထိ ကျွန်မပေါ်ကို effect တခု သက်ရောက်နေဆဲပါပဲ။ ဆရာ၊ ဆရာမတွေနဲ့ အပြန်အလှန် ဆွေးနွေးတဲ့အခါ မေးခွန်းမေးဖို့ ရှိန်နေတဲ့ ပြဿနာပါ။ ကိုယ့်ယူဆချက်ကို လွတ်လပ်စွာ ပြောဖို့ တခါတရံ နှုတ်နှေးနေတတ်ပါတယ်။ ကျောင်းသားတွေရဲ့ intelligence ကို ဖော်ထုတ်ပေးပြီး၊ ဆရာနဲ့တပည့် အပြန်အလှန် ဆက်ဆံမှုတဲ့ ပညာသင်ကြားရေးပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ ထင်မိပါတယ်။

နောက်တခုကတော့ ၈၈ အရေးတော်ပုံ နောက်ပိုင်းကာလမှာပါ။ ဒီတခါကတော့ ကံကောင်းလို့ ကျောင်းထုတ်မခံရတာပါ။ ဖြစ်ပုံက (၆)တန်းမှာ သင်ရတဲ့ မြန်မာ့သမိုင်းဘာသာရပ်ဟာ ကျွန်မဖတ်ဖူးတဲ့ စာအုပ်ထဲက တချို့အချက်တွေနဲ့ကွဲနေတာကို သူငယ်ချင်းတွေကို ပြောမိတာပါ။ အရေးတော်ပုံကာလမှာ ကျောင်းတနှစ်ပိတ်တော့ အဖိုးလက်ထက်ကတည်းက စုဆောင်းထားတဲ့ စာအုပ်တွေဖတ်ဖို့ အချိန်ရသွားပါတယ်။ ကျောင်းပြင်ပ ပညာရေးလို့ပဲ ဆိုရမှာပါ။ အဲဒီမှာ နိုင်ငံရေးစာအုပ်တချို့လဲ ပါလေတော့ ကျောင်းမှာသင်တဲ့ သမိုင်းတချို့ဟာ တမျိုးပါလားလို့ စတွေးမိလာတယ်။ တွေးမိတဲ့အတိုင်း ရိုးရိုးလေးပြောတာပါ။ ဒါပေမယ့် ကျွန်မနိုင်ငံရေး ပြောနေပါတယ်ဆိုပြီး ကျောင်းက မိဘခေါ်တွေ့လိုတွေ့၊ အိမ်မှာ ကျွန်မအဖမ်းခံရတော့မှာပဲဆိုပြီး မိသားစုတွေက ငိုလိုငို၊ သူငယ်ချင်းတွေက ရှောင်လိုရှောင်၊ ဆရာမတွေက စောင့်ကြည့်လို စောင့်ကြည့်နဲ့ အတော်ဒုက္ခ များသွားရပါတယ်။ မြန်မာပြည်က သမိုင်းသင်ရိုးအမှားတွေကနေ ကျောင်းသားတွေပေါ် ရိုက်တဲ့ ဂယက်ပါ။ ပိုဆိုးတာက သမိုင်းမှားကြီးကို ဘုမသိဘမသိနဲ့ လက်ခံကြရတာကိုပါ။ တပ်မတော်ဆိုတာနဲ့ နိုင်ငံတော်ကယ်တင်ရှင်ကြီး ဆိုတာကို သမိုင်းကာလအဆင့်ဆင့်မှာ ရေးထားတာတွေ၊ ဖယ်ဒရယ်မူကို ပြည်ထောင်စု ဖြိုခွဲမယ့်မူအဖြစ်ရေးထားတာတွေဟာ သမိုင်းကြောင်းတွေ၊ နိုင်ငံတော်အရေးတွေမှာ မမှန်ကန်တဲ့ လမ်းကြောင်းတွေ၊ အတွေးအခေါ်တွေဆီကို ဦးတည်သွားစေခဲ့ပါတယ်။ ဒါတွေကို အဟုတ်ထင်ပြီး၊ စစ်တက္ကသိုလ်သွားတက်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ အများကြီးပါ။ သူတို့ တကယ်ကို မသိကြတာ၊ နားမလည်ကြတာကို တွေ့ရတယ်။ စနစ်ဆိုးက သင်ရိုးမှားတွေရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပါတယ်။ မျိုးဆက်လိုက်ကို ဂယက်ရိုက်စေတဲ့ ပညာရေးစနစ်အမှားမျိုးပါ။

နောက်ကိစ္စတခုကတော့ ကျွန်မရှစ်တန်းလောက်မှာ ကြုံခဲ့တာပါ။ ရှစ်တန်းမှာ ကျွန်မတို့ အတွက် ဖွံ့ဖြိုးရေးချိန်ဆိုတာရှိပါတယ်။ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ အိမ်တွင်းမှုဖြစ်ဖြစ် ယူရပါတယ်။ ကျွန်မဆိုတာကတော့ မြန်မာပြည်မြေပုံတောင် မနည်း ဆွဲနေရသူဆိုတော့ ပန်းချီနဲ့ကလဲ မဖြစ်၊ ဂီတဆိုတာမှာလဲ ခံစားတတ်တာက လွဲရင် ဖန်တီးဖို့ဆိုတာ မဖြစ်နိုင် (သီချင်းဆိုမိရင်တောင် ကိုယ့်အသံကြားပြီး ကိုယ်ပြန် စိတ်ညစ်ရသူ)ဖြစ်လေတော့ မယူနိုင်၊ အိမ်တွင်းမှုဆိုရာမှကလဲ အပ်ပေါက်ထိုးရမယ့်အစား တောထဲသွားပြီး ကျားနဲ့သာ တွေ့ပါရစေတော့လို့ ဆုတောင်းမိလောက်အောင် ဖြစ်ထွန်းမှု မရှိတဲ့သူုဖြစ်ပြန်နဲ့ အတော်ပဲ ဦးနှောက်ခြောက်ရပါတယ်။ နောက်ဆုံးတော့ အကြံတခုရတာနဲ့ တသက်လုံးသော့ခတ်ပိတ်ထားခံရတဲ့ စာကြည့်တိုက်ထဲက စာအုပ်လေးတွေကို အဲဒီအချိန်မှာ ဖတ်ခွင့်တောင်းရပါတယ်။ စာကြည့်တိုက်ထဲက စာအုပ်ဆိုတာ ဖတ်ဖို့ ထားတာပေမယ့် စုတ်ပြဲပျက်စီးမှာ စိုးလို့ဆိုပြီး ဘယ်သူမှ ဖတ်ခွင့်မရှိပဲ သော့ပိတ်ချုပ်နှောင်ထားခြင်း ခံနေကြရပါတယ်။ စာအုပ်လေးတွေကို လွတ်မြောက်ခွင့် ပေးချင်ပေမယ့် တောင်းဆိုသူ ကျွန်မမှာရလိုက်တဲ့ ရလာဒ်ကတော့ ကျောင်းဘောလုံးကွင်းထဲမှာ အမှိုက်ကောက်ပါတဲ့၊ ဒါနဲ့ပဲ ကျွန်မလို တခြားဟာတွေ မလုပ်ချင်သူတွေရဲ့ ဖွံ့ဖြိုးရေးအချိန် အမှိုက်ကောက်ပွဲ စရတော့တာပါပဲ။ ကျောင်းသူကျောင်းသားတွေမှာ သူ့ဘာသာ စိတ်ဝင်စားရာတွေရှိတတ်ပါတယ်။ ဒါတွေကို ဖော်ထုတ်ပေးဖို့လိုအပ်လှပါတယ်။

ပြီးတော့ စာကြည့်တိုက်ကိစ္စပါ။ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေကို တကယ်ဖတ်ခွင့်ပြုတဲ့ စာကြည့်တိုက်တွေ ရှိသင့်ပါတယ်။ အသိပညာပေးစာအုပ်တွေ ထားသင့်ပါတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေ ရှိသင့်ပါတယ်။ အဲလိုမဟုတ်တော့ ကျောင်းသားတွေဟာ ပြင်ပအငှားဆိုင်တွေ ရောက်ကုန်ပါရော။ ပြင်ပအငှားဆိုင်တွေကို မကောင်းပြောတာမဟုတ်ပါ။ လူငယ်ထုအပေါ် တာဝန်ယူစိတ်ရှိတဲ့ ဆိုင်ထိုင်သူများကိုလဲ တွေ့ဖူးပါတယ်။ တချို့ဆိုရင် ကျွန်မရဲ့ ကျောင်းပြင်ပ ဆရာတွေ၊ လမ်းပြကြယ်တွေလို့တောင် ဆိုနိုင်ပါတယ်။ စာအုပ်ကောင်းများစွာကို ညွှန်ပြပေးခဲ့ကြပါတယ်။ ဒါပေမယ့် လူ့စိတ်လူ့မနောဆိုတာက အမျိုးမျိုးရှိလေတော့ တချို့ဆိုင်တွေက ပိုက်ဆံရရင်ပြီးရော၊ ကလေးဖတ်သင့်မဖတ်သင့်တွေကို စိတ်မ၀င်စားပဲ ငှားတတ်ကြပါတယ်။ မြန်မာနိုင်ငံက စာပေစိစစ်ရေးဆိုတာကလဲ နိုင်ငံရေး၊ ပေါ်လစီရေးကိုပဲ လုပ်နေကြပြီး အသက်ဘယ်နှစ်နှစ်အောက် မဖတ်ရ ဆိုတဲ့စနစ်မျိုးတွေလဲမရှိလေတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာတွေ ရှိပါတယ်။

တကယ်ဆို ကျောင်းသားလူငယ်လေးတွေ စာပေနဲ့မွေ့လျော်တတ်အောင်၊ အသိပညာ တိုးပွားအောင် စာကြည့်တိုက်ဆိုတာတွေကို ကျောင်းတွင်းသာမက အရပ်ထဲတွေမှာပါ အများအပြား ဖွင့်ကြရမှာပါ။ စာအုပ်ပျက်စီးမှာမို့ စာပေးမဖတ်တာဟာ စာအုပ်တစ်ခုရဲ့ ဖြစ်တည်မှုကို အလေးမထားရာ ရောက်ပါတယ်။ စာအုပ်ဆိုတာ အလှပြပန်းကန်ပြားလေးတွေ၊ အလှပြငါးလေးတွေလို ထိုင်ကြည့်နေဖို့ ပေါ်လာတာမဟုတ်ဘူးလို့ ကျွန်မတော့ ယုံကြည်ထားပါတယ်။ စုတ်ပြဲပျက်စီးမှု မရှိအောင်လဲ စည်းကမ်းပြ လမ်းညွှန်ပေးလို့ ရပါတယ်။ စာရွက်တွေလှန်ရင် စနစ်တကျဘယ်လိုလှန်ရမယ်၊ ဖတ်ပြီး ခဏချထားချင်ရင် Bookmark လေးတွေနဲ့ ဘယ်လိုထားရမယ်၊ စာရွက်တွေ မခေါက်ရဘူး၊ စာအုပ်ကို ချချင်ရာမချထားရဘူး၊ မဖတ်တော့ရင် စနစ်တကျ စားပွဲပေါ် ဘယ်လိုပြန်တင်ရမယ် စသည်ဖြင့် ပြောဆိုသင်ပြထားလို့ ရတာပါပဲ။

အခုတော့ “ချီလွန်းရင်ချိ“ဆိုသလို ဟိုဟာမလုပ်ရ၊ဒီဟာမလုပ်ရ ဆိုတာတွေအောက်မှာ ခူးပြီးသားထမင်းတင်မက ၀ါးပြီးကျွေးတာကိုမှ စားချင်တဲ့ အခြေအနေကို ဆိုက်ရောက်ရတော့တာပါပဲ။ အထက်တန်းကျောင်းသား အရွယ်တွေအထိ မြန်မာစာ၊ အင်္ဂလိပ်စာ စာစီစာကုံးတွေကို အလွတ်ကျက်နေကြရတာဟာ ဒီစာကြည့်တိုက်တွေ အားနည်းမှုရဲ့ ဆိုးကျိုးရလာဒ်ပါပဲ။ ကိုယ့်ဘာသာကိုယ်ရေးမယ်ဆိုရင်တောင် ကိုးကားစရာ၊ လေ့လာစရာ resource တွေက limitation ဖြစ်နေပါတယ်။ မြန်မာပြည်မှာ စာကြည့်တိုက်တွေ (မှတ်ချက်။ ပေါ်လစီရေးရာစာကြည့်တိုက်များ မဟုတ်ပါ) မြို့ရွာအနှံ့၊ ကျောင်းအနှံ့မပေါ်သေးသရွေ့ Human Capital Investment မှာ ကျွန်မတို့တိုင်းပြည်ဟာ အနိမ့်ဆုံးဖြစ်နေမှာပါပဲ။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဟာလဲ နှောင့်နှေးနေမှာပါပဲ။

နောက်ကိစ္စရပ်တခု အမှတ်ရနေမိတာကတော့ ဆယ်တန်းကျောင်းသူဘ၀မှာ ကြုံခဲ့ရတဲ့ကိစ္စပါ။ ဒီဖြစ်ရပ်ကတော့ ကျောင်းသားတဦးချင်းစီရဲ့ individual learning style နဲ့ ပတ်သက်ပါတယ်။ ကျွန်မတို့ကျောင်းက နယ်ကျောင်းပေမယ့် အတော်ကို စည်းကမ်းကြီးပါတယ်။ အောင်ချက်ကောင်းအောင် ဆရာဆရာမတွေက စေတနာအရမ်းထားပြီး ကြိုးစားသင်ပေးကြပါတယ်။ ဒီအထဲမှာက အီကိုဆရာမကတော့ အသင်အပြလဲကောင်း၊ အရိုက်လဲကြမ်းတာကြောင့် အလွန်ကို နာမည်ကြီးပါတယ်။ ဒီဆရာမနဲ့ ကျွန်မနဲ့မှ ထိပ်တိုက်ကို တွေ့ခဲ့ရတာပါ။ ပြဿနာအစက ဒီလိုပါ။ ကျွန်မတို့ အထက်တန်းရောက်တဲ့နှစ်မှာပဲ နိုင်ငံတော်အစိုးရရဲ့ စေတနာဆိုတာကြီးကြောင့် သိပ္ပံနဲ့ ၀ိဇ္ဇာဘာသာရပ်တွေ ပေါင်းသင်ရတဲ့ ပညာရေးစနစ်သစ်ကြီးနဲ့ စတွေ့ကြရပါတယ်။ နဂိုကဆို မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာတွေပြီးရင် သိပ္ပံသမားကလဲ ဇီဝ၊ ဓာတု၊ ရူပသုံးဘာသာထပ်ယူ၊ ၀ိဇ္ဇာသမားကလဲ သမိုင်း၊ ပထ၀ီ၊ အီကိုသုံးဘာသာထပ်ယူနဲ့ စုစုပေါင်း ခြောက်ဘာသာ စီသာ သင်ကြရပါတယ်။ အဲ- ကျွန်မတို့လက်ထက်ကျတော့ သိပ္ပံဘာသာတွေကို ပေါင်းပြီးတဘာသာ၊ ၀ိဇ္ဇာဘာသာတွေကို ပေါင်းပြီး တဘာသာနဲ့ (၅)ဘာသာဆိုပေမယ့် (၉)ဘာသာ သင်နေရသလိုဖြစ်သွားပါရော။ ဟိုလဲစပ်စပ်စပ်စပ်၊ ဒီလဲစပ်စပ်စပ်စပ်နဲ့ ဘာမှကို ရေရေရာရာမသိရတဲ့ အဖြစ်မျိုးပါ။ သင်ရိုးတွေ ဖြတ်တောက် လျှော့ပေါ့ထားတယ်ဆိုပေမယ့် စနစ်တကျမဟုတ်ပဲ အခန်းတွေကျော်၊ အခန်းတွေပေါင်းနဲ့ ရောက်တတ်ရာရာတွေ ဖြစ်နေတာပါ။

ကျွန်မကလဲ ရောက်တတ်ရာရာဆို အလွန်ကို စိတ်ဆိုးတတ်ပါတယ်။ အကြောင်းအရာတခုကို သေချာမသိပဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင် အဖြစ်မျိုးကို ကျေနပ်တတ်သူ မဟုတ်ပြန်တော့ သင်ရိုးဟောင်းတွေပါ ပြန်လှန်နေတာနဲ့ တနေ့စာတနေ့ကျက်တဲ့ကိစ္စကို မလုပ်နိုင်ခဲ့ပါ။ နံနက် (၇)နာရီဆို ကျူရှင်၊ (၈)နာရီခွဲကနေညနေအထိက ကျောင်း၊ပြီးတော့ ကျူရှင်နဲ့ ကျွန်မစာကျက်ချိန်ဟာ တနေ့ (၆)နာရီရဖို့ကို မနည်းဖျစ်ညှစ်ယူရတာပါ။ ဒီကြားထဲက သင်ရိုးဟောင်းတွေပါဖတ်ရ၊ မေးခွန်းဟောင်းတွေ လေ့ကျင့်ရနဲ့ဆိုတော့ ကျွန်မရဲ့ learning style ကို ကျွန်မကိုယ့်ဘာသာ ချရတော့တယ်။ တဘာသာတရက်စီ ခွဲကိုင်တဲ့နည်းပါ။ မြန်မာစာကိုင်တဲ့နေ့ဆို တခြားဘယ်စာအုပ်မှ မကိုင်တော့ဘူး။ အခုအချိန်အထိလဲ ဒီအကျင့်က စွဲနေပါပြီ။ တပတ်တခါ စနေနေ့တိုင်း ဒိုင်ယာရီမှာ ဘယ်နေ့ ဘာဖတ်မယ် ဆိုတာ plan ချထားပြီးမှ စာဖတ်၊ စာရေးလုပ်တတ်ပါတော့တယ်။ ဒီနည်းကစာတမ်းတွေ၊ Journal articles တွေ ဖတ်ဖို့အတွက် ပြီးလို့ပြီးမှန်းမသိအောင်ကို အလွန်ပဲ အသုံးဝင်လှပါတယ်။ နှိုက်နှိုက်ချွတ်ချွတ်နဲ့ ကို လေ့လာနိုင်ပါတယ်။

အဲ-အဲဒီတုန်းကတော့ ဒီ learning style ကို လုပ်နေချိန်မှာ ဆရာမနဲ့ ထိပ်တိုက်တွေ့တော့တာပါပဲ။ ဆရာမကလဲ စေတနာနဲ့ပါ။ သူစာမေးတိုင်း မရတော့ ကျွန်မစိတ်လေနေတယ်လို့ထင်သွားတာဖြစ်မှာပါ။ learning style အဖန်တီးကောင်းတဲ့ ကျွန်မလဲ ဆရာမရဲ့ ကြိမ်ဒဏ်ကို လှလှကြီး ခံလိုက်ရပါတယ်။ တချက်လဲမဟုတ်၊ နှစ်ချက်လဲမဟုတ်၊ (၁၅)ချက်တိတိပါ။ တကယ်ကို အီစလံဝေခဲ့ရတာပါ။ ဒီနေရာမှာ ဆရာမလဲမမှား၊ ကျွန်မလဲ မမှားပါ။ မှားနေတာကတော့ ကြက်တူရွေးနှုတ်တိုက် ပညာသင်ကြားရေး စနစ်ပါ။ ဒီနေ့သင်၊ နက်ဖြန်အလွတ်ပြန် စနစ်ကြီးပါ။ ဆရာ၊ ဆရာမတွေရဲ့ Teaching style မတူသလို ကျောင်းသားတွေရဲ့ learning style တွေလဲ မတူပါ။ ဖတ်မှတ်ပြီး၊ စာမေးပွဲရောက်မှ ခေါင်းထဲ ရှိတာတွေ ချရေးတတ်သူတွေ ရှိသလို အလွတ်ကျက်၊ ရေးချပြီး၊ စာမေးပွဲခန်းကထွက်တာနဲ့ တလုံးမှ ခေါင်းထဲ မကျန်တော့တဲ့လူတွေလဲ ရှိပါတယ်။ အဲ- စာမေးပွဲအောင်ဖို့က အဓိကလား၊ စာတတ်ဖို့ကအဓိကလားဆိုတာမေးလာခဲ့ရင်တော့အတော်အဖြေရကျပ်လှပါ တယ်။ ကျွန်မအမြင်ကတော့ စာတတ်ဖို့ရော၊ စာမေးပွဲအောင်ဖို့ရော နှစ်ခုစလုံးအဓိကကျတယ်လို့ပဲ ဆိုချင်ပါတယ်။ စစ်မှန်တဲ့ စာမေးပွဲစစ်နည်း ဖြစ်ဖို့တော့လိုအပ်လှပါတယ်။

ဒီနေရာမှာ ကျွန်မတို့ ဆယ်တန်းဖြေရစဉ်ကာလက စာမေးပွဲအကြောင်း သွားသတိရမိပြန်ပါတယ်။ ဘယ်လိုကဘယ်လိုဖြစ်တယ်မသိ၊ စပေါ့ဆိုတာတွေက အလွန်ပဲ ခေတ်စားလှပါတယ်။ စပေါ့မှာမှ အမျိုးမျိုး၊ နာမည်ကြီး ကျောင်းတွေရဲ့စပေါ့တွေ၊ ဘယ်ပါမောက္ခ၊ ညာပါမောက္ခတွေရဲ့စပေါ့တွေ၊ အထူးထုတ်တွေရဲ့စပေါ့တွေစသည်ဖြင့်ပါ။ အဲ-သံရုံးစပေါ့ဆိုတာလဲ ပါသေးရဲ့၊ အကျယ်မချဲ့လိုတော့ပါ။ သို့ပေမယ့် စပေါ့ပြဿနာကလဲ အတော်ပဲကြီးပါတယ်။ ဖြေရမယ့်ဘာသာကို ကိုယ့်ဘာသာ revision လုပ်ရမယ့်အစား ဖုန်းတခါလာတမျိုးနဲ့ မျက်ကလူးဆန်ပြာ မျောက်မူးလဲ ဖြစ်ကိန်းတွေပါ။ နောက်ဆုံးတော့ ကျွန်မအမေက တယ်လီဖုန်းကြိုးကို ဆွဲဖြုတ်ပြီး “ကျက်ချင်ရာသာကျက်၊ ကိုယ့်ဘက်ကကြိုးစားတဲ့တာဝန်ကျေပြီးပြီ၊ စပေါ့မတိုးလို့ မအောင်လဲ ကျေနပ်တယ်“ ပြောရတဲ့အထိပါပဲ။ မှတ်မှတ်ရရ၊ သင်္ချာဖြေတဲ့နေ့မှာ အခန်းထဲမ၀င်ခင် သူငယ်ချင်းတစ်ယောက်က AABCBBA စသဖြင့် ၃၅လုံးတွဲကို အတင်းနှုတ်တိုက် သင်ပေးပါတယ်။ သင်္ချာပထမပိုင်းမေးခွန်းက ABCD ရွေးရတဲ့ (၃၅)မှတ်ဖိုး မေးခွန်းလေးတွေပါ။ သူစိတ်ချမ်းသာအောင် လိုက်မှတ်သွားပြီး၊ တွက်စရာတွေတွက်ပြီးတော့ သူ့ဟာလေးတိုက်ပြီး ရွတ်ကြည့်တယ်။ အမယ်-တယ်ဟုတ်ပါလားကွယ်ရို့။ ကွက်တိပါပဲ။ ဒါလေးနဲ့တင် နဲနဲဆက်တွက်လိုက်ရင် အောင်မှတ်ရနိုင်တဲ့ အခြေအနေမျိုးပါ။ သြော်- သင်္ချာကိုတောင် နှုတ်တိုက်ကျက်ဖြေရတဲ့ စာမေးပွဲမျိုးဖြစ်အောင် ဘယ်သူတွေကများ ဖန်တီးခဲ့ပါလိမ့်လို့ တွေးပြီး ပြုံးခဲ့မိသေးတယ်။ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်။ ခေါင်မိုးမှ မလုံတာ၊ မိုးယိုတာကို အပြစ်တင်လို့ ရပါတော့မလား။

ဒါနဲ့တောင်ပြီးတာမဟုတ်ပါ။ နောက်ကိစ္စတခုက အောင်စာရင်းမထွက်ခင် ပေါ်လာပါသေးတယ်။ ကျွန်မတို့အခြေခံပညာရေး ကျောင်းသားဘ၀မှာ “The Whole Burma” ဆိုတဲ့ ကိစ္စကြီးက အတော်ကို ဂယက်ရိုက်တာပါ။ ဆယ်တန်းစာမေးပွဲမှာ မြန်မာတပြည်လုံးမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသားဆယ်ယောက်ကို တခမ်းတနား ဆုပေးတဲ့ပွဲပါ။ ကျောင်းသားတွေတင်မက ကျောင်းတွေ၊ ဆရာမတွေ၊ ကျူရှင်ဆရာတွေပါ အပြိုင်အဆိုင်ဖြစ်ကြရတဲ့ ကိစ္စပါ။ မိဘတွေမှာလဲ ဒီကိစ္စကိုပဲ ရင်တမမနဲ့။ မြန်မာပြည်မှာ ဆယ်တန်းအောင်စာရင်းမထွက်ခင်ကတည်းက စာစစ်သွားတဲ့ ဆရာမတွေကို လာဘ်ထိုးပြီး အမှတ်ကြိုကြည့်ကြတာက အစဉ်အလာကို ဖြစ်နေပါပြီ။ အမှတ်အခြေအနေကြည့်ပြီး ဆေး၊စက်မှုအမှတ်လိုနေရင် ဖြည့်ဆည်းတာ၊ အောင်မှတ်လိုနေရင် ဖြည့်ဆည်းတာတွေ လုပ်နေကြတာ ဆိုတော့ အမှတ်တွေတောင် တမှတ်ဘယ်လောက် ဆိုပြီး ဈေးပေါက်နေတာပါ။ အဲ- ကျွန်မအမှတ် ကြည့်ခိုင်းထားတဲ့ ဆရာမကတော့ The Whole Burma အမှတ်ဆိုပြီး ငွေ ဆယ့်ရှစ်သိန်းတောင်းပါတယ်။ အားလုံးအပြိုင်အဆိုင် လုပ်နေကြတာမို့ ပိုပိုလိုလိုလို့ ဆိုပါတယ်။ ကျွန်မဘာလုပ်ရမလဲ အသည်းအသန် စဉ်းစားရချိန်မှာတော့ မေမေက ကျွန်မရှေ့မှာ ငွေပုံတဘက်၊ Self-confidence လို့ ရေးထားတဲ့ စာရွက်တဘက်ကို ချပြီး ရွေးခိုင်းပါတော့တယ်။ ငွေပုံကို ရွေးလိုက်ရင် သေချာပေါက် The Whole Burma ဖြစ်မယ်၊ Self-confidence ကို ရွေးလိုက်ရင်တော့ ဖြစ်ချင်လဲဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ဒါပေမယ့် ငွေပုံကို ရွေးလိုက်တာနဲ့ ကျွန်မရဲ့ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်တဲ့စိတ်ဟာ သုညဖြစ်သွားတော့မယ်ဆိုတာတွေ ရှင်းပြပြီး စဉ်းစားခိုင်းခဲ့ပါတယ်။ ကျွန်မငွေပုံတွေကို တွန်းဖယ်ပစ်နိုင်ခဲ့ပါတယ်။ အတော်ကို စွန့်စားခဲ့ရတဲ့ ကိစ္စတရပ်ပါ။ အဲဒီတုန်းကသာ ငွေပုံကို ရွေးခဲ့ရင် ကျွန်မစိတ်ထဲမှာ ပညာဆိုတာကို နှစ်နှစ်ကာကာ တန်ဖိုးထားတဲ့စိတ်တွေ အခုလောက်ထိ ရှိလာပါတော့မလားလို့ သံသယဖြစ်မိတယ်။ လူငယ်တွေရဲ့ စိတ်ဓာတ်တွေ၊ ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးပစ်တဲ့ ပညာရေးစနစ်မျိုးကို ကျွန်မအရမ်း မုန်းမိတာအမှန်ပဲ။

တကယ်တော့ စာမေးပွဲတွေမှာ အမှတ်ဝယ်ခွင့်ပေးထားတာ၊ စာကူးချခွင့် ပေးထားတာ၊ စပေါ့ ရောဂါကူးစက်အောင် ခွင့်ပြုထားတာတွေဟာ လူငယ်တွေရဲ့ ခြေလှမ်းကို ရပ်အောင်လုပ်လိုက်တာ၊ အသိဥာဏ်တံခါးတွေကို ပိတ်ပစ်လိုက်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှု စွမ်းအားတွေကို ဖျက်ဆီးပစ်လိုက်တာတွေပါပဲ။ လူ့စွမ်းအားအရင်းအမြစ်တွေကို တစတစ ပျက်သုဉ်းပျောက်ကွယ်အောင် လုပ်ထားတဲ့ စီမံချက်တွေပဲလို့ ကျွန်မမြင်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

 

© 2007 IngridGrey By Arephyz