Tuesday, August 7, 2007

ပညာရေး အကျပ်အတည်း (၁၂)

မြန်မာနိုင်ငံပညာရေးရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (၁၀)ခုထဲမှာ (အီလက်ထရွန်နစ်) E -ပညာရေးစနစ်ကို ဦးတည်စေသော သင်ကြား ရေး နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုမှု တိုးတက်စေရေး လုပ်ငန်း လို့ အတိအလင်း ဖော်ပြထားပါတယ်။ အဲဒီအပြင် ပညာရေးဝန်ကြီးဌာနရဲ့ နှစ်သုံးဆယ် စီမံကိန်း ထဲမှာလည်း နည်းပညာအသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာ (လုပ်ငန်းစဉ် ၆ ခု)ကို ဖေါ်ပြထား ပါတယ်။


အဲဒီမှာလည်း
-အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော သတင်းနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုနိုင်ရန်သာမက သင်ကြားပေးရန် နှင့် လက်ခံ သင်ယူနိုင်ရန်။
-ဆက်သွယ်ရေး နှင့် အီလက်ထရွန်နစ် နည်းပညာရပ်တွင် ပိုမို ကျွမ်းကျင်လာအောင် ၄င်း ဘာသာရပ်အား ဘွဲ့မရသေးသော ကျောင်းသူ ကျောင်းသားများ နှင့် ဘွဲ့လွန် ကျောင်းသူ ကျောင်းသားများအတွက် အတန်းတိုင်းကို ဦးစားပေး သင်ကြား ပေး ရန်။
-အထက်တန်းပညာရေးကျောင်းများ၏ စာကြည့်တိုက်များကို အီလက်ထရွန်နစ် သတင်း အချက်အလက် တည်ရှိရာ နေရာအရင်းအမြစ်အဖြစ် ပြောင်းလဲသွားရန်။
-အီလက်ထရွန်နစ် ပညာအရင်းအမြစ်ဌာနများအား မြန်မာနိုင်ငံ အီလက်ထရွန်နစ် သတင်းအချက်အလက် ကွန်ယက်အဖြစ် ထူထောင်သွားရန်။
-မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေး ကွန်ယက်အဖွဲ့ကို ထူထောင်ရန်နှင့် ၄င်းအဖွဲ့သည် အင်တာနက်ပေါ်မှ အဆင့်မြင့်ပညာရေး အသင်းအဖွဲ့အားလုံးနှင့် ဆက်သွယ်သွားရန်။
လို့ဖေါ်ပြထားတာမို့ ရည်ရွယ်ချက်အနေနဲ့တော့ သိပ်ကောင်းနေတာကို တွေ့ရပါ တယ်။ ဒီစီမံကိန်းဟာ ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွေကတည်းက စပြီး အကောင်အထည် ဖေါ်နေပြီလို့လည်း မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေက ကမ္ဘာကို ကြေညာ ထားပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံရဲ့ ပညာရေးကို အနည်းဆုံးတော့ အာဆီယံနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ရမယ်လို့ ပညာရေးအာဏာပိုင်များက အတိအလင်း ကြွေးကျော် ထားပါ တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လျှပ်စစ်စွမ်းအား နဲ့ ကွန်ပျူတာပညာရပ်ပိုင်း တွေမှာ အရည်အသွေး စံမမီတဲ့အပြင် ရန်ကုန်လို မြို့တော်မှာတောင်မှ အထက်တန်းကျောင်းတိုင်း မှာ တကယ် ကလေးတွေ အသုံးချခွင့်ရတဲ့ ကွန်ပျူတာ အပြည့်အစုံ မရှိပါဘူး။

ပြီးတော့ နှစ်ရှည်စီမံကိန်းအရ ဒုတိယ ငါးနှစ် စီမံကိန်းကာလထဲ ၀င်လာပြီဖြစ်တဲ့ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် ရောက်နေတာတောင်မှ အထက်တန်းသင်ရိုးမှာတောင် ကွန်ပျူတာ ဘာသာရပ် မပါဝင်သေးတဲ့အတွက် နိုင်ငံတကာမှာ ကျောင်းသားကျောင်းသူတိုင်း ထိတွေ့ခွင့်ရတဲ့ ကွန်ပျူတာ ဟာ မြန်မာနိုင်ငံမှာတော့ အခွင့်ထူးခံ ကျောင်းသားးတချို့သာ ကိုင်ခွင့်ရတဲ့ အခွင့်အရေး တစ်ခု ဖြစ်နေပါတယ်။

နိုင်ငံတကာ အဆင့်မီ ပညာရေး ဖြစ်ဖို့ဆိုတာ ကျောင်းသားတွေကိုယ်တိုင် နိုင်ငံတကာကို ကြည့်ခွင့်၊ ကြားခွင့်၊ သိခွင့် ရှိဖို့ လိုပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ကွန်ပျူတာ ကိုတောင် ကိုင်ခွင့်မရတဲ့အတွက် နိုင်ငံတကာကို ကြည့်နိုင်ဖို့ လိုအပ်တဲ့ အင်တာနက် ဆိုတာနဲ့လည်း အလှမ်းဝေးလှပါတယ်။

မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာတော့ ကျောင်းတိုင်းမှာ အလယ်တန်းအဆင့် ကတည်းက ကွန်ပျူတာ ဘာသာရပ် ပြဋ္ဌာန်းထားပြီး စာသင်သားတိုင်းဟာ အထက်တန်း ကျောင်းသားဘ၀မှာ ကွန်ပျူတာနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်နေပါပြီ။ ဒါ့ကြောင့် အမြဲလို အင်တာနက် နဲ့ ထိစပ်နေပြီး နိုင်ငံတကာဟာ သူတို့နဲ့ နီးနီးလေးကို ရောက်လာပါတယ်။ အဲသလိုနဲ့ မျက်စိပွင့်၊ နားပွင့်ပြီး အရာရာကို စူးစမ်းတတ်လာပါတယ်။ လွယ်လွယ်နဲ့ သိတတ် နားလည်တတ်လာပါတယ်။ ဒါဟာ တနည်းတလမ်းနဲ့ စာသင်သားတွေရဲ့ လေ့လာ စူးစမ်း နိုင်စွမ်းကိုလည်း မြှင့်တင်ပေးရာ ရောက်ပါတယ်။

ကျောင်းပညာရေးမှာ အသုံးပြုတဲ့ အင်တာနက်ဟာ ပညာရေးအာဏာပိုင်တွေရဲ့ စည်းကမ်း ဘောင်ထဲမှာ ထားပေးလို့ရတဲ့ သင်ကြားရေးအစီအစဉ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ပြီး ခေတ်မီတဲ့ သြစတေးလျနိုင်ငံမှာတောင် ကျောင်းတွေမှာ အင်တာနက်ကို ကျောင်းသားတွေနဲ့ သက်ဆိုင်တဲ့၊ ကျောင်းသားတွေ ကြည့်သင့်တဲ့ ၀က်ဘ်ဆိုက်တွေကိုပဲ ဖွင့်ထားပေးပါတယ်။ ကျောင်းပညာရေးနဲ့ လူငယ်တွေနဲ့ မဆိုင်တဲ့ ၀က်ဘ်ဆိုက်တွေ ကိုတော့ ပိတ်ထားပါတယ်။ ဒါဟာ လူငယ် လူရွယ်တွေကို ထိန်းမတ်ပေးတဲ့နေရာမှာ လိုအပ်တဲ့ စည်းကမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အင်တာနက်ကြောင့် ကျောင်းသားတွေ အတုခိုးမှားနိုင်တယ်၊ ပျက်စီးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ မခိုင်လုံ ပါဘူး။

မြန်မာနိုင်ငံမှာဆိုရင် အာဏာပိုင်တွေဟာ တစ်နိုင်ငံလုံးရဲ့ လူထုသုံး အင်တာနက် တွေကိုတောင် လိုသလို ပိတ်ပင် ဖြတ်တောက်ထားတာမို့ ကျောင်းသုံး အင်တာနက်မှာ ကျောင်းသားတွေအတွက် မသင့်လျော်တဲ့ ၀က်ဘ်ဆိုက်တွေကို ပိတ်ထားဖို့ဆိုတာ မခဲယဉ်း ပါဘူး။ အာဏာပိုင်တွေဘက်က ကျောင်းသားတွေအတွက် စီစဉ်ပေးဖို့ပဲ လိုပါတယ်။ မြန်မာနိုင်ငံမှာက တက္ကသိုလ်တွေမှာတောင်မှပဲ ကျောင်းသားတိုင်း ကွန်ပျူတာ မသုံးကြရ ပါဘူး။ တစ်ပတ်မှာ တစ်ချိန် ကွန်ပျူတာချိန်လို့ အချိန်ဇယားမှာပါပေမဲ့ ကွန်ပျူတာ တစ်လုံး ကို အနည်းဆုံး လူငါးယောက် ၀ိုင်းကြည့်ကြရပြီး ထိထိရောက်ရောက် ကိုင်ခွင့်လည်း မရှိတာကြောင့် အဲဒီ သင်ကြားချိန်ထဲမှာ ဘယ်သူမှ ကွန်ပျူတာ တတ် မသွားကြပါဘူး။ ပြီးတော့ မီးမလာတဲ့နေ့က များတာမို့ ကျောင်းသားတွေနဲ့ အိုင်တီခေတ်က အလှမ်းဝေး နေရဆဲပဲ ဖြစ်ပါတယ်။

တကယ်တော့ အိုင်တီပညာရေးဖြစ်ရမယ်လို့ ရည်မှန်းချက် ထားထားတဲ့ မြန်မာနိုင်ငံ အနေနဲ့ တက္ကသိုလ်ပညာရေးကိုတော့ အိုင်တီပညာရေးဖြစ်အောင် ဆောင်ရွက်ပေးသင့် ပါတယ်။ ကွန်ပျူတာဟာ တနည်းအားဖြင့် Informal ပညာရေးနည်းလမ်း တစ်ခုလည်း ဖြစ်တာမို့ လူငယ်တွေရဲ့ ပညာရေးအတွက် အများကြီး အကျိုးရှိစေပါတယ်။ အင်တာနက် ဟာလဲ လေ့လာသိုမှီးစရာ ဗဟုသုတတွေ အများကြီးပေးနိုင်တဲ့ ကျောင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ နှစ်သုံးဆယ် စီမံကိန်းထဲမှာ ပါတဲ့ တစ်သက်တာ ပညာသင်ယူနိုင်ရေး ဆိုတာဟာ ကွန်ပျူတာနဲ့ အင်တာနက် အသုံးချတတ်မှု အပေါ်မှာ အများကြီး မူတည်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်ရင် အသက်မွေးဝမ်းကြောင်း ပညာရေး၊ တစ်သက်တာ ပညာရေး နဲ့ ကိုယ်ထူကိုယ်ထ ပညာရေးတွေဟာ အရေးပါလှပါတယ်။ ကွန်ပျူတာ အင်တာနက်က တဆင့် ပညာ ရှာဖွေ သင်ယူခြင်း၊ စာကြည့်တိုက်က တဆင့် လေ့လာသင်ယူခြင်းတွေဟာ ကိုယ်ထူကိုယ်ထ ပညာရေးတွေပဲ ဖြစ်ပါတယ်။ စာကြည့် တိုက်ဟာ လူထုတစ်ရပ်လုံးအတွက် တစ်သက်လုံး ပညာ ရှာမှီးသွားနိုင်တဲ့ ကျောင်းကြီး တွေပဲ ဖြစ်ပါတယ်။


ဒါကြောင့်လဲ အခု မြန်မာနိုင်ငံမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေ အများကြီး ဖွင့်လာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ့် တကယ် လိုအပ်တဲ့ ကျောင်း ပညာရေး ထဲမှာတော့ စာကြည့်တိုက်နဲ့ ပတ်သက်လို့ ဘယ်လို သင်ခန်းစာမျိုးမှ ထည့်မထားသလို ကလေးတွေအတွက် စာကြည့်တိုက်ဝင်ချိန်၊ စာဖတ်ချိန်ဆိုတာ သတ်သတ်မှတ်မှတ် မရှိ သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်း စာကြည့်တိုက်ရယ်လို့ စာအုပ်စုံစုံလင်လင် မထား နိုင်တာပါ။ ဒီနေ့ မျက်မှောက်ခေတ်မှာ လိုသလောက် ၀ယ်လို့ ရတဲ့ စာအုပ်စာပေကို တောင် ၀ယ်မထားတာမို့ စာကြည့်တိုက်ရှိရင်တောင်မှပဲ စာအုပ်မရှိတဲ့ အနေအထားပါ။ ဒါကြောင့်မို့လဲ မြန်မာကလေးတွေရဲ့ စာဖတ်အား နဲ့ လေ့လာ စူးစမ်းနိုင်စွမ်းတွေ တနေ့ ထက် တနေ့ ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အဆင့်မီပညာရေးဖြစ်ဖို့အတွက်ဆိုရင် ကျောင်း တွေ မှာ ကွန်ပျူတာတွေ စာကြည့်တိုက်တွေနဲ့အတူ နည်းပညာတွေ ထွန်းကားဖို့က အဓိက လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။

မေငြိမ်း(၂၀၀၆)

Monday, August 6, 2007

ပညာရေး အကျပ်အတည်း (၁၁)

ပညာရှင်တွေဟာ IQ (Intelligent Quotient) ပိုမြင့်မားတဲ့ ကလေးငယ်တွေဟာ တခါတရံမှာ IQ ပိုနိမ့်တဲ့ ကလေးငယ်တွေလောက် အောင်မြင်မှု မရတာ ဘာကြောင့်လဲဆိုတဲ့ ပြဿနာမျိုးကို အဖြေရှာလာကြရာကပဲ ကလေးတွေအတွက် သိမှုဆိုင်ရာစွမ်းရည် (IQ) တစ်ခုထဲနဲ့ ဘ၀ကို ဖြတ်သန်းဖို့ မလုံလောက်ဘူး ဆိုတဲ့အဖြေကို ရှာတွေ့လာကြပါတယ်။

(ဒီနေရာက ယူပါတယ်)

အဲဒီနောက်မှာတော့ ကလေးတွေအတွက် လက်တွေ့ဘ၀ကို ဖြတ်သန်းရာမှာ ဆင်ခြင်တုံ တရား နဲ့ ယှဉ်တဲ့ ခံစားနားလည်နိုင်မှုစွမ်းရည် EI က ပိုအရေးပါလာတယ်လို့ပါ လေ့လာ တွေ့ရှိခဲ့ကြပါတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် သိတတ်ဖို့ နားလည်ဖို့ ပြီးတော့ ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ တချိန်ထဲမှာပဲ သူတပါးရဲ့ စိတ်ခံစားချက် ကိုလဲ သိဖို့ နားလည်ဖို့ တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ အဲဒီအပြင် လူမှုဆက်ဆံရေး နယ်ပယ်မှာ လိုက်လျောညီထွေရှိအောင် အဆင်ပြေအောင် တုံ့ပြန် နေထိုင်တတ်ဖို့လဲ လိုပါတယ်။ အဲဒီအတွက် မိဘတွေ နဲ့ ဆရာများက ကလေးတွေကို လေ့ကျင့် သင်ကြား ပေးရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိဘဟာ ကလေးတွေမှာ လိုအပ်တဲ့ EI ဖွံ့ဖြိုးရေးအတွက် လက်ဦးဆရာပဲ ဖြစ်ပါတယ်။ မိဘအနေနဲ့ သားသမီးတွေ နေ့စဉ် ကြုံကြိုက်နေတဲ့ ၀န်းကျင်နဲ့ အဆင်ပြေ အောင် သင်ပေး လေ့ကျင့်ပေး ရပါမယ်။ အဲဒီအခါ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှု ဆက်ဆံရေး ၀န်းကျင်ဟာလဲ ကလေးတွေကို ၀ိုင်းကူ သင်ကြားပေးမယ့်အထဲမှာ ပါလာ ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ကလေးတွေဟာ သူ့ပတ်ဝန်းကျင်နဲ့ သူ့လူမှု အဖွဲ့အစည်းကို သိနားလည် လာမှာ ဖြစ်ပါတယ်၊

ဒါဟာ ပြောင်းလဲတိုးတက်မှုဖြစ်စဉ် Progressivism အရ ဆိုရင်တော့ Education should be life itself, not a preparation for living လို့ ဆိုထားတာမို့ ပညာရေးဟာ ဘ၀မှာ အသက်ရှင်သန် နေထိုင်ဖို့အတွက် ပြင်ဆင်ရုံသာမဟုတ်ဘဲ ပညာရေးကို လေ့လာ လိုက်စားနေခြင်း ကပဲ ဘ၀တစ်ခုလို ဖြစ်နေသင့်တာပါ။ ဒီတော့ ကလေးတွေအနေနဲ့ ပညာရေးစနစ်ထဲကနေပဲ စိတ်ဖိစီးမှုတွေ၊ အကျပ်အတည်းတွေ၊ ပြင်းထန်တဲ့ခံစားချက် တွေ၊ ဒုက္ခတွေကို သည်းခံ ထိန်းချုပ်နိုင်စွမ်း ရသွားစေရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တော့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အတူ လူမှုဆက်ဆံရေး စွမ်းရည်ကိုပါ တပြိုင်တည်း ဖွံ့ဖြိုးစေရမှာ ဖြစ်ပါတယ်။

Progressivism အယူအဆကို John Dewey၊ Kil-Patrick နဲ့ John Child တို့က ပြောခဲ့ကြတာဖြစ်ပါတယ်။ သူတို့က ကလေးတွေအတွက် ပညာရေးဟာ ကလေးတွေ စိတ်ဝင်စားတဲ့ သင်ခန်းစာတွေ ဖြစ်သင့်ပြီး စာသင်ခန်းထဲမှာလဲ ဆရာဟာ ဦးဆောင် လမ်းညွှန်သူ မဖြစ်ရဘဲ အကြံပေးသူသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျောင်းဆိုတာဟာလဲ ကလေးတွေရဲ့ စွမ်းရည်ကို ထုတ်ဖေါ်ရာမှာ အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့သာ ဖေါ်ထုတ်စေသင့်ပြီး ကလေးတစ်ယောက် နဲ့ တစ်ယောက် ယှဉ်ပြိုင်ဖို့အတွက် မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

ပြီးတော့ ကလေးတွေအတွက် သင်ခန်းစာတွေထဲမှာ ကိုယ်ကျင့်တရား နဲ့ အမှန်တရားကို သိစေနိုင်တဲ့ အဖိုးတန်တဲ့ သင်ခန်းစာတွေ ဒီမိုကရေစီစနစ်ရဲ့ သဘောသဘာဝကို နားလည်စေနိုင်တဲ့ သင်ခန်းစာမျိုးတွေ ပါရမယ်လို့လည်း ထောက်ပြထားတာ တွေ့ရပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ကလေးတွေကို EI ဖွံ့ဖြိုးအောင် သင်ကြားရာမှာ မိဘ ဆရာ နဲ့အတူ ပတ်ဝန်းကျင် လူမှုအ၀န်းအ၀ိုင်း ကပါ ပူးပေါင်း ပါဝင်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ကလေးတွေအနေနဲ့ သူတို့ရဲ့ စိတ်ခံစားချက်ကို သူတို့ ကိုယ်တိုင် နားလည်ပြီး စီမံနိုင်မှ သူတို့ရဲ့ ဘ၀အပေါ် ကျေနပ်နိုင်မှု ရလာတာနဲ့အတူ သူတို့ရဲ့ ဥာဏ်ရည်ကိုပါ မြင့်မား ပြောင်မြောက် လာစေနိုင်တယ်လို့လည်း ပြောနိုင်ပါတယ်။

ကလေးတွေမှာ သိမှုဖွံ့ဖြိုးရေးအတွက်ဆိုရင် စွမ်းရည်အမျိုးမျိုးနဲ့ ပြည့်စုံနေဖို့ လိုပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပညာရေးစိတ်ပညာရှင် Howard Gardner က ကလေးတွေဆီမှာ ရှိဖို့လိုအပ်တဲ့ စွမ်းရည် ကိုးမျိုးကို အဆိုပြုခဲ့ပါတယ်။အဲဒါတွေကတော့ ယုတ္တိဗေဒ- သင်္ချာစွမ်းရည် (Logical Mathatical)၊ ဘာသာစကားစွမ်းရည်(Linguistics)၊ တေးဂီတစွမ်းရည် (Musical)၊ လက်မှုအနုပညာစွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှု စွမ်းရည် (Bodily- Kinesthetic) ၊ လူမှုဆက်ဆံရေးစွမ်းရည် (Interpersonal)၊ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်မှုစွမ်းရည်(Intrapersonal)၊ သဘာဝတရားကို ချစ်မြတ်နိုးမှု စွမ်းရည် (Naturalist) နဲ့ တွေးတောဆင်ခြင်နိုင်စွမ်းရည် (Existentialist) တွေပဲ ဖြစ်ပါတယ်။

အဲဒီ စွမ်းရည်တွေဟာ ကလေးတွေအတွက် ပညာရေးထဲမှာ အင်မတန် အရေးပါ ပါတယ်။ အဲဒီ စွမ်းရည်အမျိုးမျိုးကို အခြေခံပြီး ကျောင်းပညာရေးထဲမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နဲ့ လိုက်လျောညီထွေဖြစ်အောင် စီစဉ် ထည့်သွင်း သင့်ပါတယ်။ ကမ္ဘာ့နိုင်ငံ အတော် များများမှာတော့ အဲဒီ အခြေခံအချက်တွေကို ကျောင်းပညာရေး ထဲမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာသင်ရိုးထဲမှာပါတဲ့ လူမှုရေး ဘာသာနဲ့ သဘာဝသိပ္ပံလို သမိုင်းလို ဘာသာရပ်တွေဟာ EI နဲ့ ပတ်သက်ပြီး အများကြီး နှီးနွယ် သင်ကြားပေးလို့ရတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလဲ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ် ဆိုပြီး စီမံကိန်း ဆွဲပြီး လုပ်နေတာ ရှိပါတယ်။ စီမံချက်ထဲမှာတော့ Gardner ရဲ့ တင်ပြချက်တွေနဲ့ သိပ် မကွဲပြားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၅ ပညာသင်နှစ်အထိတော့ အဲဒီ စီမံကိန်းကို ကလေးတိုင်းအတွက် လုပ်ပေးနိုင်တာမျိုး မရှိသေးပါဘူး။ မြို့နယ်အလိုက် တိုင်းအလိုက် အခြေခံကျောင်းတွေကနေ ထူးချွန်သူ တစ်ယောက်ဆီ ရွေးပြီး ပြိုင်ပွဲဝင်ခိုင်းတာမျိုးပဲ ရှိပါသေးတယ်။ တကယ်တော့ ဘက်စုံထူးချွန်ရေး ရည်မှန်းချက်ဟာ ကလေးအားလုံး အတွက်သာ ဖြစ်ရမှာပါ။ ကမ္ဘာနိုင်ငံ အများစုမှာတော့ ဘက်စုံ ဖွံ့ဖြိုးရေး ဆိုတာက ကလေးတိုင်းအတွက်ပဲ ဖြစ်ပါတယ်။

ပညာရေးစနစ်တစ်ခုရဲ့ ရည်ရွယ်ချက်က လူတိုင်းဘွဲ့ရကြဖိုလား။

ဘယ်နေ့ကလည်းတော့ မမှတ်မိတော့ပါ။ စာသင်ခန်းထဲမှာ ဆရာနဲ့ စကားလက်ဆုံကျနေရင်း ဆရာက သူတို့နိုင်ငံရဲ့ပညာရေစနစ်အကြောင်း ပြောပြခဲ့တယ်။ ဒီနိုင်ငံမှာ အခြေခံပညာပြီးသွားတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာသင်ခွင့်ရှိတဲ့သူရယ်၊ အသက်မွေးပညာသာသင်ခွင့်ရှိတဲ့သူရယ်ဆိုပြီး ခွဲခြားလိုက်တယ်တဲ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့က မေးကြတာပေါ့။ အသက်မွေးပညာသာ သင်ခွင့်ရှိတဲသူတွေက တစ်သက်လုံး ဘွဲ့မရနိုင်တော့ဘူးလားလို့။ အဲဒီတော့ ဆရာကပြောတယ်...

နိုင်ငံတစ်ခုမှာ ဦးဏှောက်နဲ့ အလုပ်လုပ်မယ့်သူတွေတင် လိုအပ်တာမဟုတ်ဘူး။ ခြေတွေလက်တွေနဲ့ အလုပ်လုပ်မယ့်သူတွေလည်း လိုတာပဲ။ ဘွဲ့မရတာနဲ့ လူရာမ၀င်တော့တာမှ မဟုတ်တာ။ သူလုပ်နိုင်တာတွေ အများကြီးရှိတာပဲ။ ပြီးတော့ ဘယ်သူဟာ ဘယ်ပညာရေးနဲ့ သင့်တော်တယ် ၊ဘယ်သူဟာ ဘယ်အသက်မွေးမှုနဲ့ သင့်တော်တယ် ဆိုတာကို အကြမ်းသဘော ခွဲခြားပေးခြင်းကိုက အခြေခံပညာ စာစစ်အဖွဲ့ ရဲ့အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုပဲ။ ပညာရေး စနစ်ကောင်းဆိုတာ လူတိုင်းကို ဘွဲ့ရအောင်လေ့ကျင့်ပေးဖို့မှ မလိုတာ။ လူတိုင်းကို အသက်မွေးနိုင်အောင်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်အောင် ပညာပေးလိုက်နိုင်ရင်၊ အကျင့်စာရိတ္တကောင်းအောင် လေ့ကျင့်ပေးနိုင်ရင် အဲဒီစနစ်ကို ပညာရေးစနစ်ကောင်းလို့ ပြောရမှာပေါ့တဲ့။
ပညာရေးစနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေပြောပြီးတော့ ဆရာက ကျွန်တော်တို့ကို မေးတယ် မင်းတို့နိုင်ငံမှာ လူတိုင်းဘွဲ့ရဖို့ လိုနေလို့လား။ အားလုံးကိုဘွဲ့ရပညာတတ်တွေဖြစ်အောင် အခြေခံပညာအဆင့်မှာ ဘယ်လိုလေ့ကျင့်ပေးလိုက်လဲတဲ့။
ကျွန်တော်ကတော့ သူ့အမေးတွေကို မဖြေပဲ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ဟာ ဆရာပြောတဲ့ ပညာရေးစနစ်ကောင်း တစ်ခုရဲ့ အဓိကရည်ရွယ်ချက် (၂) ခုကိုဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာကိုပဲ စဉ်းစားနေမိတယ်။
(အသစ် မရေးအားသေးလို့ ရွက်ဝါ မှာတင်ပြီးသားလေး ပဲပြန်တင်ပေးလိုက်ပါတယ်။)

Sunday, August 5, 2007

အနာဂါတ်တွက် ရင်သွေးငယ်များ

လွန်ခဲ့တဲ့ နှစ်ကရေးထားဖြစ်ခဲ့ ပြီး ဘယ်မှာမှ မဖော်ပြဖြစ်ခဲ့တဲ့ ကျွန်တော့ အမြင်တခုကို ပြန်လည်ချပြ ဖြစ်ခဲ့ပါ ပြီ။ အပြည့် အစုံကို အောက်မှာ ဆက်လက် ကြည့်ရှု ဝေဖန်ပေးကြပါ။

အနာဂါတ်အတွက်ရင်သွေးငယ်တွေ
နေ.နဲ့ ညလို့လောကကြီးကို သက်မှက်ခဲ့လို့အချိန်ကာလဆိုတာ လူတွေရဲ့နေ့စဉ်ဘ၀မှာ အစားထိုးမရတဲ့ အရာတွေအဖြစ်ခံယူလာခဲ့တာရှေးယခင်ထဲကပါ။ ပြောင်းလဲဖြစ်ပေါ်နေတဲ့နည်းပညာတွေဟာတကယ့်ကို အံ့မခန်းပါဘဲ။ လူနေမှု့ပုံစံတွေဟာရှေးယခင်ကလိုမဟုတ်ဘဲအလွန့်အလွန်တိုးတက်နေပါတယ်။တခုရှိ
တာကပြောင်းလဲမှု့တွေနဲ့အတူအလျှင်အမြန်ဖြစ်ပေါ်လာမယ့်တနိုင်ငံနဲ့တနိုင်ငံနည်းပညာကွာဟမှု့ဟာ ကျဉ်းမြောင်းသွားမှာ လား၊ကျယ်ပြန့်လာမှာလား။ မေးခွန်းထုတ်စရာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ကလဲနည်းပညာပြန့်ပွားရေးဆိုင်ရာစာချုပ်တွေချုပ်ဆိုပြီးပညာခေတ် ကြီးဖြစ်ပေါ်ဖို့အပြင်းအထန်အားထုတ်
နေကြတာတွေ့ရပါတယ်။နည်းပညာcompany ကြီးတွေအရှေ့ဘက်ကို ရွေ့လာတာဟာအရှေ့တိုင်းသား
တွေရဲ့ပညာရေး တိုးတက်မှု့အပေါင်းဘက်ပြနေတာ ဖြစ်ပါတယ်။ အရှေ့တိုင်းရဲ့လစာနည်းပညာတက် လုပ်သားအင်အားပေါများမှုဟာcompany ကြီးတွေရဲ့စားကွက်လုစရာဖြစ်လာတာပေါ့။ တဖက်ကလဲပညာ တက်လုပ်သားတွေရဲ့ အခွင့်အလမ်းပေါများလာသလို၊ ကာယလုပ်သားတွေရဲ့ အခွင့်အလမ်းတွေလျော့ကျ လာတာတွေ့ရပါတယ်။ အခုမှတဟုန်ထိုး တိုးတက်လာတဲ့လူနေမှု့ပုံစံတွေက ကျေးလက်မှာလူနေထူတပ်တဲ့ အရှေ့တိုင်းနိုင်ငံတွေအဖို့ လူတန်းစားကွာဟမှု့ကြီးထွားအောင် တွန်းပို့သလိုဖြစ်နေပါတယ်။ စက်မှု့စိုက်ပျိုးရေးပြောင်းလဲလာမှု့နဲ့အတူကျေးလက်ကနေမြို့ပြပြောင်းရွေ့လာတဲ့လုပ်သားတွေရဲ့အ လုပ်လက်မဲ့ပြသနာကလဲမသေးပါဘူး။ပြည်တွင်းစစ်တွေ၊နိုင်ငံရေးမတည်ငြိမ်မှု့တွေကြားကကြီးပြင်းလာတဲ့အရှေ့
တောင်အာရှကနှစ်ဆယ်ကျော်သက်လုပ်သားတွေထဲမှာပညာရေးဆုံးခန်းမတိုင်သူတွေအများ ကြီးရှိပါ
တယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းပြောင်းလဲသွားတဲ့စီးပွားရေး၊လူမှု့ရေးတွေကိုအမှီလိုက်ဖို့ ကြိုး စားရင်း
ပထမမျိုးဆက်ရဲ့ပညာရေးအားပေးနိုင်ဖို့လစ်ဟင်းခဲ့ရပါတယ်။အခုသူတို့တွေအရွယ်ရောက် လာတဲ့အခုပ
ညာခေတ်ရဲ့နောက်ထပ်ပေါက်ဖွားလာမယ့်သူတို့တတွေရဲ့အနာဂါတ်ရင်သွေးအတွက်ရင်ဆိုင် ကြရာမှာလူနေစားရိတ်ကြီးမြင့်မှု့၊ပညာရေးစားရိတ်ခေါင်ခိုက်မှု့တွေကြောင့်နည်းပညာဆိုင်ရာသင်ကြားရေးတွေမှာ
ရှိတဲ့ကန့်သက်ချက်တွေကိုကြော်လွှားဖို့ခက်ခဲပါလိမ့်မယ်။လူတယောက်ပီစီတလုံးခေတ် ရောက်အောင်
မျှော်နေရင်ဘာမှအလုပ်ဖြစ်မှာမဟုတ်ပါဘူး။နောက်ထပ်အတားအဆီးတခုကဘာသာစကား ဖြစ်ပါတယ်။
မိရိုးဖလာဘာသာစကားအရမ်းထွန်းကားတဲ့အာရှအရှေ့တိုင်းမှာတော့နည်းပညာကွာဟမှုက နောက်ကနေ
ထပ်ချက်မကွာလိုက်နေဦးမှာပါ india နဲ့ china မတူတာ english လိုတက်ကျွမ်းတဲ့လုပ်သားတွေက
india မှာပိုများနေတာပါဘဲ။ပညာရေးသင်ရိုးညွှန်းတမ်းတွေမှာနည်းပညာဆိုင်ရာတွေကိုမိခင်ဘာသာစကားနဲ့သင်တဲ့ japan ကိုသဘောကျပါတယ်။ english စာကိုအခြေခံကနေကျကျနနသင်တဲ့ india စတိုင်ကလဲကောင်းပါတယ်။ဘာလို့လဲဆိုရင်နည်းပညာတွေလေ့လာရာမှာဘယ်လိုဘာသာရပ်ဘဲဖြစ်ဖြစ်အ
နောက်နိုင်ငံတွေကနေဆင်းသက်လာတာဆိုတော english့ လိုတိုက်ရိုက်လေ့လာရာမှာလူများစုအတွက်
တော့ချဉ်းကပ်ဖို့အခက်အခဲအနဲငယ်ရှိကြမှာပါ။အခေါ်အဝေါ်သုံးနှုံးမှု့တွေကတိုက်ရိုက်ခေါ်ဆိုသင့်ပေမယ့်လဲလေ့လာရာမှာတော့အောက်စီဂျင်နဲ့ဟိုက်ရိုဂျင်ပေါင်းရင်ရေကတော့ရေပါဘဲ။ ကျောင်းတွေမှာငယ်
စဉ်ကတည်းက english စာကိုအခြေခံကနေသေသေချာချာအောက်သက်ကျေအောင်သင်လာမှဖြစ်မှာပါ။
ငယ်စဉ်ကတည်းကသင်လာရင်နောက်ပိုင်းတော်တော်ပြောင်းလဲသွားနိုင်ပါတယ်။အခုခေတ်မှာကငွေကြေး
တက်နိုင်ပါမှပညာတွေတက်ရမယ့်ပုံဖြစ်နေတာပါ။တက်နိုင်တဲ့သူကလဲတက်နိုင်သလိုမတက် နိုင်လို့အခြေ
ခံပညာကျောင်းတောင်မတက်နိုင်တဲ့ခလေးတွေအများကြီးပါ။ကြိုးစားရင်ဘာမဆိုဖြစ်တယ်မေ ပြောချင်ပါနဲ့
သူတို့လေးတွေမှာစာလဲကောင်ကောင်းမဖတ်တက်တော့ဗဟုသုတဆိုတာလဲမပြညိ့်ဝကြပါဘူး။ကြိုးစားဖို
အခွင့်အရေးတွေလဲမရှိကြပါဘူး။နေ့စဉ်နေ့တိုင်းစားဝတ်နေရေးအတွက်ရုံးကန်ရင်းဘ၀ကိုခက်ခက်ခဲခဲ
ကျော်လွှားရင်ဆိုင်နေကြရပါတယ်။ India ဘယ်လောက်ဘဲတိုးတက်လာနေပါစေဆင်းရဲမွဲတေနေတဲ့က
လေးတွေအများကြီးရှိပါသေးတယ်။တရုတ်မှာလဲထိုနည်း၎င်းဘဲ။နောင်မကြာတော့မယ့်အချိန် မှာြ ကီးပြင်း
လာတော့မယ့်မျိုးဆက်သစ်တွေအတွက်ရင်ဆိုင်စရာအခက်အခဲတွေကတနေ့ထက်တနေ့ပို လာာနေပါတယ်
သူတို့လိုကလေးတွေအတွက်လဲစိတ်မအေးရသလို၊တိုင်းပြည်အတွက်ရောအနာဂါတ်မှာမလှမပဖြစ်နေမှာပါ။ခုချိန်မှာကတည်းကပြင်ဆင်သင့်တာဆောင်ရွက်သင့်တာတွေသေသေချာချာ လုပ်သင့်ပါပြီ။ထိုင်းမှာ
တော့ကျောင်းသားတယောက်လက်စွဲကွန်ပျူတာတစ်လုံးစီမံကိန်းကိုလုပ်နေပါတယ်။လုပ်နေ ပေမယ့်လဲအ
ခြေခံလူတန်းစား၊ဖွံ့ဖြိုးမှု့နောက်ကျနေတဲ့ကျေးလက်အစွန်အဖျားတွေကိုပစ်မှတ်ထားပါတယ်။အမှန်က
တော့မျောက်လက်ထဲအုံးသီးပေးသလိုပါဘဲ၊အခြေခံကျတဲ့လိုအပ်ချက်တွေဖြစ်တဲ့ကျောင်းနေရွယ်ရောက်ကလေးတိုင်းကျောင်းတက်နေနိုင်ရေး၊မိဘမဲ့ကလေးများအတွက်ထိရောက်မယ့်အကူအညီပေးမှု့၊ကလေးတွေအတွက်စိတ်ပိုင်း၊ရုတ်ပိုင်းဆိုင်ရာအကာအကွယ်ပေးမှု့တွေ၊ကျန်းမာရေးကဏ္ဍတွေကိုဖြည့်စီးမပေး
နိုင်သေးဘဲနည်းပညာရပ်ဆိုင်ရာတွေကိုခုန်ပျံကျော်လွှားပြီးပံ့ပိုးပေးဖို့ရာလုံးဝမဖြစ်နိုင်ပါဘူး။အောက်
ခြေအဖွဲ့အစီးတွေရဲ့အားနည်းချက်တွေကနိုင်ငံတော်တော်များများရဲ့ပညာရေးမူဝါ-ကိုဖော်ဆောင်ရာမှာ
ချို့ယွင်းစေပါတယ်။နိုင်ငံတကာအလှူရှင်တွေကထောက်ပံ့နေပေမယ့်လဲအတိုင်းအတာတခုလောက်မှာသာသွားစုနေတာတွေ့ရပါတယ်။ထောက်ပံ့ငွေတွေကိုအကြောင်းပြုပြီးနိုင်ငံရေးဖိအားပေးမှု့တွေလုပ်
ဆောင်ခြင်း၊ထောက်ပံ့ငွေတွေဟာအမှန်လိုအပ်တဲ့နေရာမရောက်ဘဲအလွဲသုံးစားမှု့တွေပေါ် ပေါက်နေ
ခြင်းစတဲ့မဖြစ်သင့်တဲ့အခြအနေတွေကြောင့်အချိန်တွေကုန်ဆုံးပြီးကလေးတွေအတွက်အများ ကြီးနစ်နာ
စေပါတယ်။ဘယ်နေရာမှာတော့ကလေးတွေကျောင်းအပ်လို့မရဘူး၊ဘယ်မှာတော့ဖြင့်ကလေးလုပ်သား
တွေသုံးနေတယ်လို့ပြောနေမယ့်အစားလက်တွေ့မှာတက်နိုင်သလောက်ကူညီကြစမ်းပါလားလို့ပြောချင်ပါတယ်။သူများနိုင်ငံကိုအားကျနေရုံနဲ့တော့တိုင်းပြည်ကြီးတိုးတက်လာမှာမဟုတ်ပါဘူး။ကိုယ်စွမ်းသ
လောက်နဲ့တိုင်းပြည်ကိုအကြိုးပြုစေချင်ပါတယ်။ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသလိုကလေးတွေဟာအနာဂါတ်ရဲ့အသီးအပွင့်တွေပါ။သူတို့တတွေကိုလစ်လျှူရှုထားရင်အနာဂါတ်ကိုမေ့လျော့နေတာနဲ့အတူတူပါဘဲ။တူညီတဲ့ခံစားချက်တွေရှိရင်ကလေးတွေနဲ့အတူကမာကြီးကို ပြောင်းလဲကြပါစို့လား။အစားထိုးမရတဲ့အချိန်တွေထဲကအများအကျိုးအတွက်နဲနဲလောက်ဖဲ့ ပေးးကြည့်စမ်းပါ။စားလက်စကိတ်မုန့်ကိုကြောင်လေးတွေချကြွေးလိုက်ရရင်ခံစားရတဲပီတိ ထက်မနဲသင်ခံစားရလိမ့်မယ်။ကလေးတိုင်းကိုစာတက်စေချင်တယ်၊နိုင်ငံတော်ကစာကြည့်တိုက်တွေကျေးလက်အထိဖွင့်ပေးနေတာကောင်းပါတယ်။တခုရှိတာရေရှည်
တည်မြဲအောင်ထိန်းထားနိုင်ဖို့ကအရေးကြီးတာကြောင့်စေတနာထားဆောင်ရွက်ကြစေချင်ပါတယ်။စာ
တက်မှစာဖတ်နိုင်မယ်၊စာဖတ်နိုင်မှဗဟုသုတတိုးပွားမယ်၊ဗဟုသုတရှိမှဝေဖန်ပိုင်းခြားစမ်းစစ် နိုင်တဲ့အ
ရည်အခြင်းတွေရလာပြီးလူတကိုယ်ခြင်းရဲ့တိုးတက်အောင်မြင်မှု့ကိုဖြစ်စေမှာပါ။လူတိုင်းညာ ဥဏ်အမျော်
အမြင်နဲ့ပြည့်စုံပြီးသာယာတဲ့တိုင်းပြည်နိုင်ငြံဖစ်ထွန်းလာမှာမလွဲဧကန်ပါဘဲ။

ပညာရေး အကျပ်အတည်း (၁၀)

အနာဂတ်လောက တိုးတက် ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ကလေးတွေ အနေနဲ့ လက်တွေ့ ပစ္စုပ္ပန် ဘ၀ထဲမှာ အောင်အောင်မြင်မြင် ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အဲဒီအတွက် ကလေးတွေမှာ ရုပ်ပိုင်းဖွံ့ဖြိုးရေးနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ ခံစားဆင်ခြင် သိနိုင်မှုစွမ်းရည် EI (Emotional Intelligence) ဖွံ့ဖြိုးရေးက တန်းတူ အရေးပါလှတဲ့အကြောင်းကို ပညာရေးဆိုင်ရာ ပညာရှင်တွေက လေ့လာ သုတေသန ပြုခဲ့ကြပါတယ်။ အခုဆိုရင် အဲဒီ သုတေသနပြု တင်ပြချက်တွေကို ကမ္ဘာ့နိုင်ငံအများစုက လက်ခံလိုက်နာပြီး ပညာရေးစနစ်ထဲမှာ စီစဉ် ထည့်သွင်း လာကြပြီ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေးတွေမှာ ခုထိ ထည့်ပြောနေဆဲဖြစ်တဲ့ IQ ကိစ္စဟာ ကမ္ဘာပေါ်မှာတော့ ၁၉၂၀ လောက်ကတည်းက ကလေးတွေအတွက် IQ ထက်ပိုပြီး EI ကို ပို လိုအပ်တယ်လို့ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ၁၉၂၀မှာ စိတ်ပညာရှင် Edward L. Thorndike (1879-1949) က ကလေးတွေအတွက် ပညာရေးထဲမှာ လူမှုဆက်ဆံရေး စွမ်းရည် (Social Intelligence) ကိုပါ ထည့်သွင်းသင့်တယ်လို့ သူ့ရဲ့ အယူအဆကို တင်ပြခဲ့ ပါတယ်။

အဲဒီ အယူအဆရဲ့ နောက်မှာမှ ပညာရှင်တွေ ဖြစ်တဲ့ ၁၉၅၄ မှာ Abraham Maslow ၊ ၁၉၆၉မှာ Carl Rogers နဲ့ ၁၉၈၃ မှာ Howard Gardner တို့ကနေပြီးတော့ ကလေးတွေအတွက် လူမှု ဆက်ဆံရေး စွမ်းရည် နဲ့ ခံစား ဆင်ခြင်နိုင်မှု စွမ်းရည် (Inter and Intra Intelligence) က အရေးပါကြောင်းကို သုတေသန လုပ်ပြီး တင်ပြ လာခဲ့ကြ ပါတယ်။ အဲဒီ တွေ့ရှိချက် အယူအဆပေါ်မှာ မူတည်ပြီး ပညာရှင်တွေက အမျိုးမျိုး ဆွေးနွေး အဖြေရှာ ခဲ့ကြပါတယ်။

၁၉၉၀ နောက်ပိုင်းမှာတော့ အဲဒီ အယူအဆတွေအရ EI က IQ ထက်ပိုပြီး ဘ၀ကို အောင်အောင် မြင်မြင် ဖြတ်သန်းနိုင်စွမ်း ရှိတယ်လို့ လက်ခံလာကြပါတယ်။ အဲဒီ နောက်မှာ တော့ EI အရ စိတ်ခံစားချက်က စဉ်းစားတွေးခေါ်ခြင်းကို ပို ထက်မြက်စေပြီး ခံစားချက် တွေကို အသိဥာဏ် နဲ့ ယှဉ်ပြီး ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တယ် ဆိုတဲ့ ယူဆချက်ကို ကလေးတွေအတွက် လိုအပ်တဲ့ စွမ်းရည်အဖြစ် ထောက်ပြလာကြပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာ ကျမ တင်ပြခဲ့တဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေက စာသင်သားကလေး တွေကို ပြင်ပ လေ့လာရေး ခရီးထွက်ဖို့ စီစဉ်ပေးတဲ့ ပံ့ပိုးမှုမျိုးဟာ ကလေးရဲ့ EI ဖွံ့ဖြိုးရေး အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ အဲသလို ကျောင်းပိတ်ရက်တွေမှာ ကလေးတွေကို ခရီးတို ထွက်စေပြီး ရလာတဲ့ အတွေ့အကြုံကို စာတမ်း တစ်စောင် လုပ်စေတဲ့ သင်ကြားနည်းစနစ် ကို ကမ္ဘာ့နိုင်ငံ အတော်များများမှာလည်း တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် ကိုယ်နေထိုင်တဲ့ မြို့ကနေ တခြား မြို့တစ်မြို့မှာ တခြား မိသားစု နဲ့ သွားနေရတဲ့ ပညာပေး အစီအစဉ်မျိုးတောင် ရှိပါတယ်။ ဒါဟာ ကလေးတွေကို လူမှု ဆက်ဆံရေး နယ်ပယ် နဲ့ နေထိုင်တတ်အောင် လေ့ကျင့် သင်ကြားပေးရာ ရောက်တဲ့အပြင် ထူးခြား ဆန်းသစ်တဲ့ အတွေ့အကြုံနဲ့ အသိအမြင် ဗဟုသုတတွေ ရစေနိုင်ပါတယ်။ ပြီးတော့ ကျောင်းအားရက် ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်ချိန်မှာ အဲဒီ အတွေ့အကြုံတွေကို ပြုစု ထားတဲ့ စာတမ်းကို အတန်းထဲမှာ အပြန်အလှန် တင်ပြ ဆွေးနွေးကြရတာမို့ ဗဟုသုတတွေ အများကြီး ဖလှယ် ရရှိနိုင်ပါတယ်။ ဒါဟာ ကလေးတွေကို စိတ်ဝင်စား ပျော်ရွှင်စေတဲ့ ပြီးတော့ သူတို့ ကိုယ်တိုင် ပါဝင်ပြုစုထားတဲ့ သင်ခန်းစာ ဘာသာရပ် တစ်မျိုး ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ အခြေခံပညာအဆင့်ကို မဆိုထားနဲ့ သမိုင်းဘာသာ အထူးပြု နဲ့ ဘွဲ့ရထားတဲ့သူ တောင်မှ ပဲ သမိုင်းသမားတွေအတွက် ရတနာတစ်ပါးဖြစ်တဲ့ ပုဂံမြေကို မရောက်ဖူးကြတာ အများကြီးပါ။ နိုင်ငံရဲ့ အထွေ ထွေ အကျပ်အတည်းကြောင့် ကိုယ့် ဘာသာလဲ မသွားနိုင်ကြဘဲ၊ ကျောင်းကလဲ စီစဉ်ပေးတာမျိုး မရှိတဲ့အတွက် ကိုယ့် ကျောင်း သင်ခန်းစာတွေထဲမှာ သင်ကြားထိတွေ့ရတဲ့ မြန်မာ့သမိုင်းထဲက ပုဂံကို အလွတ်သာ ကျက် ကြရ တော့တာမျိုးမို့လို့ သင်ခန်းစာတွေဟာ မခက်ခဲသင့်ဘဲ ခက်ခဲနေ ကြရပါတယ်။

ဒါပေမဲ့ ၂၀၀၀ခုနှစ် လောက်ကစပြီး မြန်မာနိုင်ငံမှာ အခြေခံပညာ အဆင့်ကို ဘက်စုံထူးချွန်ဆိုပြီး မဆလခေတ်က လူရည်ချွန်လို ရွေးတာမျိုး ရှိလာပါတယ်။ ပြည်နယ် နဲ့ တိုင်း အလိုက် ပညာရေး၊ ကျန်းမာရေး၊ အပြောအဆို ယဉ်ကျေး မူယာတွေမှာ သာတဲ့လူတွေကို စာမေးပွဲစစ်ရွေးပြီး ဂျပန်နိုင်ငံကို လေ့လာရေးခရီးဆိုပြီး လွှတ်တာတွေ ရှိလာပါတယ်။

ဒါကလဲ တနိုင်ငံလုံးမှာမှ ၁၀ယောက် ထက် မပိုပါဘူး။ တကယ်တော့ ဒီလို အစီအစဉ်မျိုးဟာ ပညာရေးကို အထူး ပျိုးထောင်တဲ့ နိုင်ငံတွေမှာတော့ စာသင်သားတိုင်း ရတဲ့ အတွေ့အကြုံပါ။ မြန်မာနိုင်ငံက ကလေးတွေ အဖို့တော့ ဒါက အတွေ့အကြုံ တင် မဟုတ်ဘဲ အခွင့်အရေးလို ဖြစ်နေတာမို့ မြန်မာနိုင်ငံရဲ့ ဘက်စုံပညာရေး ဖွံ့ဖြိုးမှု အစီ အစဉ် ဆိုတာဟာ အဂတိလိုက်စားတဲ့ ပညာရေး အာဏာပိုင်တွေအတွက်တော့ ငွေရှာကွက် တစ်ခုလို ဖြစ်နေ တာပါ။

အဲဒီအပြင် ပုံမှန် သင်ရိုးညွှန်းတန်း နဲ့ သင်ရိုးဝင် ဘာသာရပ်တွေမှာ စိတ်ခံစားချက်များကို သိနားလည်ခြင်း စွမ်းရည်(EI) ကို ထည့်သွင်းဖို့ ဆိုတာမှာလဲ မြန်မာနိုင်ငံက ကလေးတွေ အတွက် သင်ရိုးတွေမှာ ကမ္ဘာ့နိုင်ငံ အများစုမှာ ပြဌာန်းလေ့ရှိတဲ့ ယဉ်ကျေးမှု အနုပညာရပ် တွေ ဂီတတွေ ပန်းချီတွေ ဒဿနိက ဘာသာရပ်တွေ ပြဌာန်းထားတာ လုံးဝမရှိပါဘူး။ ယဉ်ကျေးမှုဆိုတာနဲ့ ပတ်သက်လို့ ပညာရေးပညာရှင် Dr. James Banks က ယဉ်ကျေးမှု ဆိုတာ လူမှု အသိုင်းအ၀ိုင်းအတွင်းမှာရှိတဲ့ အုပ်စုတစ်စုကို ပုံဖော်ထားတဲ့ သဘောထား အမြင်တွေ တန်ဖိုးစံနှုန်းတွေ ဓလေ့ ထုံးတမ်း အစဉ်အလာတွေ နဲ့ အပြုအမူပုံစံတွေ ဖြစ်တယ် လို့ ပြောထားပါတယ်။ ဒါကြောင့် ကလေးတွေအတွက် လူမှုရေး ဘာသာရပ် အဖြစ် သင်ရိုးတွေမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာတွေ ပါရ ပါတယ်။ လူမျိုးစု များများရှိတဲ့ နိုင်ငံဆိုရင် အဲဒီ လူမျိုးတွေရဲ့ အကြောင်းကို ကလေးတွေ အနေနဲ့ မိတ်ဆက်လောက်တော့ သိအောင် ပြဋ္ဌာန်းသင့် ပါတယ်။

ဥပမာ သြစတေးလျနိုင်ငံမှာဆိုရင် ကလေးတွေကို ရုပ်မြင်သံကြားအစီအစဉ်မှာကို သူတို့ တိုင်းပြည်မှာ နေကြတဲ့ လူမျိုးစုတွေရဲ့ စရိုက်သဘာဝနဲ့ ယဉ်ကျေးမှုတွေကို အမြဲတမ်း ထည့်ပြ ထားတာမို့ ကလေးတွေဟာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု အဆက်အစပ်တွေကို ရင်းနှီး ကျွမ်းဝင် သွားပါတယ်။ အဲဒီအခါ သူတို့ ထိတွေ့ ဆက်ဆံရမယ့် လူမှုဝန်းကျင်ကို နားလည် ယဉ်ပါးပြီးသား ဖြစ်သွားတာမို့ ကလေးတွေအတွက် အရေးပါလှတဲ့ လူမှု ဆက်ဆံရေးပညာကို သင်ယူပြီးသားဖြစ်သွားတဲ့ သဘောပါပဲ။

အဲဒီလိုပဲ ပန်းချီ ဂီတ စတဲ့ အနုပညာ သင်ခန်းစာတွေကတော့ ကလေးတွေကို စိတ်နှလုံး နူးညံ့အောင် တီထွင် ဖန်တီးတတ်အောင် လောက သဘာဝကို မြတ်နိုးတတ်အောင် အာရုံ စူးစိုက်နိုင်စွမ်းရည် မြင့်မားအောင် လေ့ကျင့် ပေးရာ ရောက်ပါတယ်။ ဒဿနိက ဘာသာရပ် ကတော့ ကလေးတွေရဲ့ ဖြန့်ကျက် ဆင်ခြင် တွေးတော နိုင်စွမ်းကို အားပေးရာ ရောက်တဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။ ဥပမာ ပြောပြရရင် မြန်မာနိုင်ငံ နဲ့ နီးနီးလေးမှာ ရှိနေတဲ့ စင်္ကာပူနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ Ethics and Moral ဘာသာရပ်မျိုးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ ပညာတတ်သူ သည် လောကရှိ အရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း မိမိ ဥာဏ်အမြင် အရ စိတ်နေ စိတ်ထား စိတ်ဓါတ် (Emotion of the Education) တို့ကိုလည်းကောင်း ပြုပြင် ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည် လို့ ပြောခဲ့ပါတယ်။ ဒါဟာ ပညာရေးစနစ်ထဲမှာ EI (Emotional Intelligence) က အရေးပါ လှတာကို ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။

မေငြိမ်း(ဧပြီ)၀၆။

Saturday, August 4, 2007

ပညာရေး အကျပ်အတည်း (၉)

ပညာရေးလိုအပ်ချက်

ကမ္ဘာတ၀ှမ်းမှာ ၂၁ရာစုထဲကို ၀င်တော့မယ် ဆိုကတည်းက ကလေးတွေ လူငယ် တွေအတွက် ပညာရေးနဲ့ ပတ်သက်ပြီး အဘက်ဘက်မှာတိုးတက်အောင် ပြင်ဆင်ကြ ကြိုးစား အားထုတ်ကြတဲ့အကြောင်းတွေကို ပြောခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံမှာလည်း ပညာရေး အာဏာပိုင်တွေက ၂၁ရာစုမှာ ပညာရေးကို ကမ္ဘာ့အဆင့်မီ လုပ်မယ်လို့ ကြွေးကြော် ခဲ့ပါ တယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက် ၁၉၉၉ ကနေစပြီး ပညာရေးကဏ္ဍ အတွက် နှစ်ရှည်စီမံကိန်း ရေးဆွဲခဲ့ပါတယ်။


မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း စာရွက်ပေါ်မှာတော့ အင်မတန် ကောင်းမွန်ပြည့်စုံတဲ့ အစီအစဉ်တွေပါပဲ။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ စာမေးပွဲ အောင်ချက်နဲ့ ကျောင်း မှန်မှန် ဖွင့်နိုင်တဲ့ အနေအထားကလွဲပြီး ကလေးတွေ အမှန်တကယ် ပညာတတ်ရေး နဲ့ အသိဥာဏ် ဖွံ့ဖြိုးရေးကိုတော့ ခုချိန်ထိ အောင်မြင်အောင် မလုပ်နိုင်သေးပါဘူး။ တကယ်တော့ လက်ရှိ အာဏာပိုင်တွေ ရဲ့ စီမံကိန်းတွေက စာရွက်ပေါ်မှာ ချရေးပြ နိုင်ဖို့ အတွက်လောက်ပဲ အားထုတ်ထားတာလို့တောင် ပြောရမှာပါ။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ တကယ် လိုအပ်နေတဲ့ အရည်အသွေး ပြည့်မီတဲ့ ဆရာ ဆရာမ အင်အား၊ ကျောင်းအဂါင်္ရပ် နဲ့ ပြည့်စုံတဲ့ စာသင်ခန်း၊ အဆင့်အတန်းမီ သင်ထောက်ကူပစ္စည်းတွေနဲ့ ကလေးတွေရဲ့ ဥာဏ်ရည်တွေ ကိုယ်ရည် ကိုယ်သွေးတွေကို မြှင့်တင်ပေးနိုင်မယ့် သင်ကြားနည်း တွေမှာတော့ ခုလို နည်းပညာခေတ် အထိတောင် မပြည့်စုံကြသေးတာ တွေ့နေရပါတယ်။

န၀တ လက်ထက်က ချမှတ်ခဲ့တဲ့ အမျိုးသားပညာရည်မြင့်မားမှု နှစ်၃၀ စီမံကိန်း ထဲမှာတော့ အဓိက ရည်ရွယ်ချက် ၁၀ချက်ကို ရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီမှာ

၁။ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေမယ့် ပညာရေးစနစ် ရေးဆွဲရန်
၂။ လူတိုင်း အခြေခံပညာ တတ်မြောက်စေရန်
၃။ အခြေခံပညာရေး အဆင့်အတန်း တိုးမြှင့်စေရန်
၎။ အခြေခံပညာအဆင့်များတွင် အကြို အသက်မွေးဝမ်းကြောင်းပညာ နှင့် အသက်မွေး ၀မ်းကြောင်းပညာတွေ သင်ကြား ပေးရန်
၅။ (အီလက်ထရွန်နစ်) E education - ပညာရေးစနစ်ကို ဦးတည်တဲ့ သင်ကြားရေး နှင့် ဆက်သွယ်ရေးနည်းပညာ အသုံးပြုမှု တိုးတက်စေရန်
၆။ ဘက်စုံ ဖွံ့ဖြိုးတဲ့ နိုင်ငံသားတွေ မွေးထုတ်ရန်
၇။ ပညာရေးဆိုင်ရာ စီမံအုပ်ချုပ်မှု အရည်အသွေး မြှင့်တင်ရန်
၈။ အခြေခံပညာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လူမှုအဖွဲ့အစည်းနှင့်အတူ ဆောင်ရွက်သွားရန်
၉။ Informal Education (ဥပမာ ဘုန်းကြီးကျောင်းသင်ပညာရေး)တွေ ဖွံ့ဖြိုး တိုးတက် စေရန်
၁၀။ ပညာရေး သုတေသနပိုင်းမှာ တိုးတက်စေရန် ဆိုတာတွေ ပါပါတယ်။

အဲဒီ ရည်ရွယ်ချက် တွေဟာ အစိုးရရဲ့ မူဝါဒတွေကို ဖေါ်ဆောင်ဖို့ဆီကို ဦးတည်ပြီး ယျေဘုယျ လည်း ဆန်လှပါတယ်။ ပြီးတော့ လက်ရှိအစိုးရဟာ လက်တွေ့မှာလဲ နိုင်ငံတော်ရဲ့ အသုံးစရိတ်အဖြစ် ပညာရေးအတွက် လူတစ်ဦးအတွက် ၁ ဒဿမ ၁ ဒေါ်လာ သုံးပြီး စစ်တပ်အတွက် သုံးရာမှာတော့ စစ်သား တစ်ယောက်အတွက် ဒေါ်လာ၄၀၀သုံးတယ်လို့ သူတို့ရဲ့ နိုင်ငံတော်အသုံးစရိတ်နောက်ဆုံးထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ပညာရေးအတွက် သူတို့ကြေငြာထားတဲ့ နှစ်ရှည်စီမံကိန်းကြီးကို အကောင်အထည် ဖေါ်ဖို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် နည်းပါးလှတဲ့ အသုံးစရိတ်ပမာဏပါပဲ။

အဲဒီအပြင် စီမံကိန်းရဲ့ အသေးစိတ် အချက်အလက်တွေမှာလဲ ကလေးတွေ စာသင်သား တွေရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ဆရာ နဲ့ ကျောင်းသားအကြားက လိုအပ်ချက်တွေကို ဖြည့်ဆီးပေးမယ့် အစီအစဉ်မျိုး လုံးဝ မတွေ့ရပါဘူး။ တကယ်တော့ ဆရာ ဆရာမ နဲ့ တပည့်ကြားက အဆက်အစပ် ပေါင်းကူးတံတားဟာ သင်ကြားနည်း ပညာပေါ်မှာ အများကြီး မူတည်နေတာပါ။



တကယ်တော့ ပညာရေးစနစ်ထဲမှာ သင်ကြားနည်းစနစ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကို အရေးပါတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာဖြစ်သင်ကျောင်းတွေမှာ သင်ကြားနည်း ပညာ (Methodology) ကို ဘာသာရပ်တစ်ခု အနေနဲ့ကို သင်ယူကြရပါတယ်။ ကမ္ဘာ တ၀ှမ်းလုံးမှာလဲ ပညာရေးနဲ့ ပတ်သက်ရင် သင်ကြားနည်း ကောင်းမွန်ထိရောက်ရေးကို ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အမြဲ အားထုတ် ကြံဆ နေတာပါ။ အထူးသဖြင့် တော့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေဟာ ပညာရေးအဆင့်အတန်း မြင့်တဲ့နေရာမှာ စံပြ အဖြစ် သတ်မှတ်လို့ ရတဲ့ နိုင်ငံတွေဖြစ်ပြီး သင်ရိုးနဲ့ သင်နည်းစနစ်တွေဟာ လေ့လာ နည်းနာယူစရာ ကောင်းလှပါတယ်။ စာသင်သားတွေအဖို့ လွတ်လပ်စွာ ပညာသင်ယူခွင့် တနည်းအားဖြင့်တော့ လွတ်လပ်စွာ တွေးခေါ်ကြံဆ ခွင့်ရတဲ့ သင်ကြားနည်းပါပဲ။

ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံအတော်များများမှာတော့ အခြေခံသင်ကြားနည်းစနစ်တွေ တူနေတတ်ပါတယ်။ ဥပမာ ကလေးတွေကို သူ့ အသက်အရွယ်အလိုက် အတန်းစဉ် အလိုက် လက်တွေ့ သုတေသနစာတမ်း (Project paper)လေးတွေ လုပ်ခိုင်းတာမျိုးဟာ ကလေးရဲ့ ဥာဏ်ရည်နဲ့ စနစ်တကျ စီမံဆောင်ရွက်နိုင်စွမ်းကို ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေဟာ တွေးတတ် ကြံဆတတ် လာပြီး စနစ်ဇယားကိုလည်း နားလည်လာပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ တီထွင်နိုင်စွမ်း ဒါမှမဟုတ် ကိုယ့်ရဲ့ ဖန်တီး စီစဉ်နိုင်စွမ်းကို ပြန်မြင်ရတာမို့ ကလေးရဲ့ စိတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုစွမ်းရည်ကိုလည်း မြင့်မားလာစေနိုင်ပါတယ်။

ဒါဟာ ဆရာ ဆရာမ နဲ့ ကလေးတို့ရဲ့ အပြန်အလှန် ယုံကြည်နားလည်မှု နဲ့ ဆရာဆရာမက သင်ကြားရေးအပေါ် အာရုံစိုက်မှုဟာ သင်ကြားနည်းစနစ်ထဲမှာ သိပ် အရေးပါတယ် ဆိုတာကို သိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ တူတာ နောက်တစ်ခုက ကလေးတွေကို တကယ့် လက်တွေ့ဘ၀ နဲ့ ရင်းနှီးကျွမ်းဝင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်အောင် လုပ်ပေးတဲ့ သင်ကြားနည်း မျိုးတွေကို သုံးတာဖြစ်တဲ့အတွက် ကျောင်းသင်ခန်းစာတွေဟာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ ထိတွေ့ ရင်းနှီးပြီးသား အကြောင်းအရာတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ ခက်ခက်ခဲခဲ အလွတ်ကျက်နေ မှတ်နေစရာ မလိုတော့ပါဘူး။ အဲဒီအခါ တကယ့်အသိ တကယ့်အတတ် ကို ကလေးတွေဟာ အလွယ်တကူပဲ ရသွားကြ ပါတယ်။

အထူးသဖြင့် စကင်ဒီနေဗီးယန်း နိုင်ငံတွေမှာဆိုရင် ကျောင်းရက်ရှည် ပိတ်ရက်တိုင်းမှာ အပန်းဖြေ အပျော်ခရီးထွက်တာကို မိဘများက ကလေးတွေအတွက် တနှစ်နဲ့ တနှစ် မတူအောင် သေသေချာချာ ဂရုစိုက်ပြီး စီစဉ်ပေးရပါတယ်။ မိဘက ငွေကြေး မတတ်နိုင်ရင် အစိုးရက ငွေကြေး ကုန်ကျစရိတ်ကို အစအဆုံး တာဝန်ယူပါတယ်။



ဒါဟာ ကလေးတွေကို ဒေသန္တရ ဗဟုသုတ တိုးစေတဲ့အပြင် ခရီးစဉ်တလျှောက်က တွေ့ခဲ့သမျှ သဘာဝပတ်ဝန်းကျင်တွေ နိုင်ငံတွေ လူမျိုးတွေနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ကိုယ်တွေ့ သိခဲ့ရမှာမို့ ပထ၀ီဝင်လို သဘာဝသိပ္ပံလို လူမှုရေး လို ဘာသာရပ်မျိုးနဲ့ မနုဿဗေဒ ဘာသာရပ်တွေ သမိုင်းဘာသာရပ်တွေ သင်ကြားရေးမှာ အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ အဲဒီ ခရီးအစီအစဉ်ဟာ သင်ကြားရေး နည်းစနစ် တမျိုးပဲ ဖြစ်ပါတယ်။




တကယ်တော့ ကလေးတွေရဲ့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှုဆိုတာ ကျောင်းပညာရေးနဲ့အတူ ဆရာမိဘတွေကပါ ပူးပေါင်း ကူညီ သင်ကြားပေးသွားကြရတာပါ။ အဓိကကတော့ အင်မတန်မှကို မြန်မြန်ဆန်ဆန်ကြီး တိုးတက် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲက နည်းပညာ တွေထဲ အမီလိုက်နိုင်ဖို့အတွက်ဆိုရင် ကလေးလူငယ်တွေဟာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရဲရင့်တဲ့အတွေးအခေါ်တွေ နဲ့ အရာရာကို ရင်ဆိုင်နိုင်စွမ်းတွေရှိဖို့လိုပါတယ်။ အဲဒီ အရည်အချင်းတွေ ပြည့်မီဖို့အတွက်လဲ ကလေးတွေကို ဆရာဆရာမနဲ့ မိဘတွေကပဲ ကူညီပံ့ပိုးပေးကြရမှာ ဖြစ်ပါတယ်။

မေငြိမ်း
(ဖေဖော်ဝါရီ၊၀၆)

ပညာရေး နှင့် မြို့နေတောနေ လူတန်းစားကွာဟမှု

(၁)
ဟာသသရုပ်ဆောင် ဇာဂနာ ပါဝင်တဲ့ မင်္ဂလာပါ ရုပ်ရှင်ကားကို ကြည့်ပြီး ဒီစာကိုရေးမိတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်က ဖြစ်လာခဲ့တဲ့ တောရွာတွေမှာ အစိုးရ၀န်ထမ်း မပြည့်စုံတဲ့ ပြဿနာဟာ အခုထက်ထိလည်း မပြေနိုင်သေးတာ တွေ့ရပါတယ်။ စာသင်ကျောင်းတွေမှာလည်း တောရွာတွေက ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်တာများပါတယ်။

ကျွန်တော်တို့ ဇာတိမြို့လေးဟာ အရမ်းဝေးလံခေါင်သီလှတယ်တော့ မဟုတ်ပါ။ တောမြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အထကကျောင်းလေး တစ်ကျောင်း ရှိပါတယ်။ အဲဒီကျောင်းလေးမှာပဲ အခြေခံပညာ ပြီးစီးအောင် ကျွန်တော် တတ်ခဲ့ပါတယ်။ ငွေကြေးတတ်နိုင်သူ တစ်ချို့ကတော့ သားသမီးတွေ ၉ တန်း ၁၀ တန်း ရောက်ရင် မြို့ပေါ်ကဘော်ဒါကြီးတွေမှာ ထားတတ်ကြပါတယ်။ နိုင်ငံအတော်များများမှာ မြို့ပြတွေက ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှုဟာ ကျေးရွာတွေမှာ ထက်စာရင် ပိုမိုပြည့်စုံကောင်းမွန်ကြမှာပါ။ ဒါပေမယ့် ကွာဟမှုပမာဏ အရမ်းကြီးလာပြီး၊ ကျေးရွာတွေဟာ မနေထိုက်တဲ့ အရပ်တွေ ဖြစ်လာရင်တော့ အစိုးရတွေက ဖြေရှင်းပေးရမယ့် ပြဿနာကြီးတစ်ခု ဖြစ်တယ်လို့ထင်မိတယ်။

ကျွန်တော်တို့တတွေ ၉ တန်း ၁၀ တန်း တုန်းက ၉ တန်း နဲ့ ၁၀ တန်း တန်းခွဲတွေက ၃ ခုစီ ရှိခဲ့ကြတော့ အထက်တန်းအဆင့် စာသင်ခန်း အရေအတွက်က ၆ ခန်းပေါ့။ အထက်တန်းပြ ဆရာအရေအတွက်က မလုံလောက်ခဲ့ပါဘူး။ ဓါတုဗေဒနဲ့ ရူပဗေဒ ၂ ဘာသာကို အလယ်တန်းပြ ဆရာတစ်ယောက်က တတ်သင်ပေးခဲ့ရတာကို ဆရာနဲ့လည်း ရင်းနှီးတော့ ခုထိကောင်းကောင်း မှတ်မိနေပါတယ်။ တခြားဘာသာရပ်အချို့မှာလည်း အလားတူပြဿနာတွေ ရှိခဲ့ပါတယ်။ သေချာတော့ မမှတ်မိတော့ပါ။
မြို့ကလေးက မဖြစ်စလောက်ဆိုတော့ ဘော်ဒါလုံးဝမရှိပါ။ ၁၀ တန်းကျူရှင်ဆိုရင်လည်း တစ်ခုတည်းသာကြီးကြီးမားမား ရှိပါသည်။ တစ်ခုတည်းရှိတဲ့ အဲဒီကျူရှင်မှာ ဆရာတစ်ယောက်တည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ နှင့် ဓါတုဗေဒ လေးဘာသာ ပို့ချပါသည်။ ဇီဝဗေဒ၊ ၀ိဇ္ဖာတွဲ နှင့် မြန်မာစာ လိုဘာသာရပ်မျိုးတွေသင်တဲ့ ကျူရှင်လုံးဝမရှိပါ။ ပြောချင်တာက အဲဒီမြို့လေးမှာ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ပညာရေးယန္တရား ၂ ခုလုံးအားနည်းနေတဲ့အကြောင်းပါ။ ကျောင်းမှာရှိတဲ့ ဆရာအများစုကတော့ စေတနာထားပြီး ကြိုးကြိုးစားစား သင်ပေးကြပါတယ်။ ကျောင်းသားအားလုံးကလည်း စာမေးပွဲအောင်မြင်စွာဖြေနိုင်ဖို့ ကျောင်းကိုပဲ အဓိက အားကိုးကြရပါသည်။ ကျောင်းအနေအထားကတော့ ကျောင်းသားအရေအတွက်ကလွဲပြီး အစစ အားနည်းတယ်ပဲ ဆိုရမှာပါ။

ကျွန်တော်နဲ့ရွယ်တူ ညီကိုဝမ်းကွဲတစ်ယောက် ရန်ကုန်မှာရှိပါတယ်။ ကြုံလို့ရှိရင်သူပြောပြတတ်တဲ့ အကြောင်းတွေက ကျွန်တော်တို့ဆီကအနေအထားနဲ့ အရမ်းကွာနေပါတယ်။ သူတို့က ကျူရှင်တွေကို အရမ်းအားကိုးကြပါတယ်။ ကျောင်းဆိုရင်တော့ မသွားတာများတယ်တဲ့။ သူတို့က နွေရာသီ ကျောင်းပိတ်ရက်ကတည်းက ကျူရှင်ပေါင်စုံလျှောက်တတ်ကြတယ်။ ဇီဝဗေဒလိုဘာသာမျိုးကို ကျောင်းမဖွင့်ခင်ကတည်းက အစကနေအဆုံး ၃ ခေါက်လောက် ပြန်ပြီးသွားကြပြီလို့ဆိုပါတယ်။ အခြားဘာသာတွေမှာလည်း ထို့နည်းတူပါဘဲ။ ဘယ်ဘာသာမဆို အနည်းဆုံး ၁ ခေါက်တော့ နွေရာသီကတည်းက သင်ပြီးသားလို့ သိရပါတယ်။ မေးခွန်းဟောင်းတွေ လေ့လာတာတို့၊ ကျူရှင်တွင်း စာမေးပွဲဖြေတာတို့ကလည်း အကြိမ်ပေါင်းမနည်းဘူးတဲ့။
သူတို့ဆီမှာ ၁၀ တန်းကျောင်းသားအများစုက ကျောင်းမသွားကြဘူး။ အတွင်းဖြေ ဖြေချင်လို့သာကျောင်အပ်ထားတာ။ သူပြောပြတဲ့အတိုင်းဆိုရင် သူတို့ကျောင်းမှာက ဆရာအင်အား အတော်ကောင်းပါတယ်။ ကျောင်းကို ကြိုစားပြီး ကျောင်းသားက သွားတော့လည်း ကြိုးစားပြီးသင်ပေးတဲ့ဆရာက မရှိသလောက်ရှားတယ် ပြောတယ်။ ဒါဆိုကျောင်းမှာ ဆရာတွေ ဘာလုပ်နေကြလည်း မေးတော့။ GEC မှာရုံးထိုင်ရတယ်ထင်တယ်တဲ့။ ပြီးတော့ လုံခြုံရေး တာဝန်လည်း အလှည့်ကျ ယူရတယ်တဲ့။
နားမလည်နိုင်စရာတွေချည်းပဲ။ တစ်ခုခုလွဲနေပြီဆိုတာတော့ သတိထားမိလိုက်တယ်။ ကျောင်းသားအများစုက အားကိုးကြပါတယ် ဆိုတဲ့ကျောင်မှာတော့ ဆရာအင်အားက မလုံလောက်ဘူး။ စာရင်းဝင်ရုံတင် အပ်ထားတာပါဆိုတဲ့ ကျောင်းတွေမှာကျ ဆရာတွေကများနေပြီး အလုပ်လည်းမလုပ်ကြဘူးတဲ့။

ဒါတောင်ကျွန်တော်နေတဲ့ မြို့လေးက အရမ်းခေါင်တဲ့ ပြည်နယ်တောင်တန်းဒေသမျိုး မဟုတ်သေးဘူး။ တောမြို့လေးတစ်ခု အဆင့်တော့ ရှိသေးတယ်။ အရမ်းခေါင်တဲ့ ဒေသများနဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အနေအထားတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကွာခြားမှုဘယ်လောက်ကြီးသွားမလဲ။ တခြား ဘယ်လိုပြဿနာမျိုးတွေ ရှိနေဦးမလဲ။ သားသမီးတွေရဲ့ ပညာရေးကို အလေးထားရင် တောရွာတွေဆိုတာ မနေထိုက်တဲ့ အရပ်တွေများ ဖြစ်ကုန်ပြီလားလို့ပဲ။

(၂)
အစိုးရပညာရေး စနစ်အောက်မှာ ကျောင်းတွေအတွက် အနည်းဆုံးလိုအပ်ချက်ကို ( အနည်းဆုံးလိုအပ်ချက်ကို) သတ်မှတ်ပေးတဲ့ အဖွဲ့တစ်ခုတော့ ထားရှိဖို့လိုမယ်ထင်တယ်။ ကျောင်းသားအရေအတွက်တွေများလို့ ကျောင်ဆရာအင်အား သင်ထောက်ကူပစ္စည်းအင်အားတွေ တိုးချဲ့တာကလည်းလုပ်ရမှာပါ။ ဒါပေမယ့် ကျောင်းသားအရေအတွက်နည်းလို့ဆိုပြီး လိုအပ်ချက်တွေအားလုံးကို အချိုးကျလိုက်ပြီးလျော့ချလို့တော့ ဘယ်ဖြစ်မလဲ။ ကျောင်းသားအရေအတွက်က ၅ ယောက်တောင်မပြည့်ဘူးဆိုပေမယ့် ဘာသာရပ်တွေက ၉ ခု ၁၀ ခု ရှိနေရင်၊ ဘာသာရပ်အားလုံးကို သင်ယူရာမှာအဆင်ပြေအောင် အနည်းဆုံးလိုအပ်တဲ့ ဆရာအင်အားက ကျောင်သားအရေအတွက်ထက် များချင်များနေမှာပေါ့။ ဒါပေမယ့် ဒီအနေအထားက အနည်းဆုံးလိုအပ်ချက် ဖြစ်နေပြီဆိုရင် လျော့ချလို့မသင့်တော့ဘူးပေါ့။ သင်ထောက်ကူပစ္စည်း ဆိုတာကလည်း ကျောင်းသားအရေအတွက် ဘယ်လောက်နည်းတဲ့ ကျောင်းပဲဖြစ်ဖြစ် အနည်းဆုံးလိုအပ်ချက် ထက်တော့မလျော့နည်းသင့်ဘူးပေါ့။

မြို့ပေါ်ကျောင်းတွေနဲ့ ကျေးရွာကကျောင်းတွေကို အောင်ချက်ရာနှုံးတို့ ဂုဏ်ထူးထွက်ရှိမှုတို့ ယှဉ်ကြည့်မယ်ဆိုရင်လည်း မြို့ပေါ်ကျောင်းတွေက သာလွန်ကောင်းမွန်တာတွေ့ရပါတယ်။ ကျွန်တော်တို့ကျောင်းလေးမှာ တန်းခွဲတစ်ခုကို လူ (၅၀-၆၀) လောက်ရှိတဲ့ ၁၀တန်း တန်းခွဲ ၃ ခု ( ၁၉၉၄-၁၉၉၇ ၀န်းကျင်လောက်က) ရှိခဲ့ပါတယ်။ ကျောင်းသားအရေအတွက် (၁၅၀-၁၈၀) ၀န်းကျင်လောက်ရှိခဲ့တဲ့ နှစ်တွေမှာ ဆေးတက္ကသိုလ် ၀င်တဲ့ကျောင်းသားက တစ်နှစ်တစ်ယောက်တောင် ပုံမှန်မပါဘူး။ အောင်ချက်ရာနှုံးကတော့ ဆရာတွေရဲ့ ကြိုး ပန်းမှုကြောင့် အမြဲတမ်း ပတ်ဝန်းကျင်ကျောင်တွေထက် သာခဲ့ပါတယ်။ (လက်ရှိအနေအထားတော့ မသိတော့ပါ။ အစိုးရပညာရေး ၀န်ကြီးဌာနက မြို့ပြနဲ့ ကျေးလက် ပညာရည်အဆင့်အတန်း တပြေးညီ ဖြစ်စေရေး စီမန်ကိန်းတွေချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြောင်းလဲမှု တစ်ချို့လည်း ဖြစ်ချင်ဖြစ်နေလောက်ပါပြီ)
ပြီးခဲ့တဲ့နှစ်က မန္တလေးမြို့က နာမည်ကျော် ဘော်ဒါကြီးတစ်ခုအကြောင်း ညီလေးတစ်ယောက်ကပြောပြတယ်။ အဲဒီဘော်ဒါမှာ လူ ၁၂၀ လောက်ရှိတဲ့ ၁၀ တန်း တန်းခွဲလေးခုလောက်ရှိတယ်တဲ့။ ပထမတန်းခွဲမှာ နေရာရနေတဲ့ ကျောင်းသားတွေက အားလုံးဆေးတက္ကသိုလ် ၀င်ဖို့သေချာတယ်ဆိုပဲ။ ဒုတိယတန်းခွဲကကျောင်းသားတွေလည်း အနည်းငယ်တော့ ၀င်တာရှိတယ်တဲ့။ ၂၅% ကျော်လောက် ဆရာဝန်ဖြစ်လာနိုင်တဲ့သဘောပေါ့။

လက်ရှိတက္ကသိုလ် ၀င်ခွင့်စနစ်ကလည်း ၁၀ တန်းအောင်မှတ်ကို အခြေခံထားတော့ ဆေးတက္ကသိုလ်လိုကျောင်း မျိုးတွေကို ၀င်သွားတဲ့ လူတွေကြည့်ရင် မြို့ပေါ်ကကလေးတွေ ဖြစ်နေတာများတယ်ထင်တယ်။ တောရွာတွေကနေ မြို့ပေါ်က ဘော်ဒါတွေမှာလာနေပြီး ဆေးတက္ကသိုလ်ဝင်သွားတဲ့ လူတွေလည်းရှိပါတယ်လို့ ဆိုရင်လည်း ဒီကလေးက မြိုပြကိုလက်လှမ်းမီတဲ့ ကလေးလို့တော့ ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ အဲဒီလိုလက်လှမ်းမမီတဲ့ ကလေးတွေက တော်တော်များများ ရှိမှာပါ။ အဲဒီကလေးတွေထဲက အဆင့်မြင့်တက္ကသိုလ် ၀င်ခွင့်ရသူ မရှိဘူးလို့ ပြောမရပေမယ့် မြို့ပေါ်က ကလေးတွေ ( မြို့ပြကိုလက်လှမ်းမီတဲ့ ကလေးတွေ) နဲ့စာရင် အရေအတွက်အားဖြင့် အရမ်းနည်းနေမှာပါ။ အဲဒီမှာ မေးစရာရှိတာက အစိုးရနဲ့ ပုဂ္ဂလိက ပညာရေး ယန္တရား ၂ ခုလုံး (အမှတ် ၁ တုန်းကပြောခဲ့ သလို) ထောက်ပံ့မှု အားနည်းတဲ့ ဒေသမှာနေရလို့ အမှတ်မကောင်းတဲ့ ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးနဲ့ မထိုက်တန်ဘူး၊ ဥာဏ်ရည်မမီဘူး၊ လို့ဆိုရင်မှန်နိုင်ပါ့မလား။ တစ်ခြားပိုမိုသင့်တော်ကောင်းမွန်တဲ့ တက္ကသိုလ် ၀င်ခွင့်စနစ်တစ်ခုကိုရော ဖေါ်ဆောင်ပေးလို့ မရနိုင်တော့ဘူးလား။

အခုလိုတက္ကသိုလ် ၀င်ခွင့်စနစ်ကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကလည်း ရှိသေးတယ်။ ဆရာဝန်ဖြစ်ဖို့ဆိုတာ မြို့ပေါ်က လူတွေသာ ရနိုင်တဲ့ အခွင့်အရေးလိုဖြစ်လာတယ်။ ဖြစ်လာတဲဆရာဝန်တွေကလည်း မြို့တွေပေါ်မှာပဲနေချင်နေခြင်ကြတယ်။ တောရွာတွေဆီ တာဝန်ချလိုက်ရင် စိတ်ဆင်းရဲစွာနဲ့ တာဝန်ထမ်းဆောင်နေကြပြီး မြို့ပေါ်ပြန်လာခွင့် ရဖို့ကိုအမျိုးမျိုး ကြိုးစားနေကြတယ်။ သူတို့ကိုအပြစ်တင်ချင်လို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့က မြို့ပေါ်မှာကျင်လည်ခဲ့တော့ မြို့ပေါ်မှာပဲနေချင်ကြတယ် ဆိုတာ သဘာဝကျပါတယ်။ မြို့ပြဆိုတာ မျက်စေ့နား ပိုပွင့်ပြီး၊ ဘ၀တတ်လမ်း အတွက်လည်းပိုကောင်းတာကို။ အခုလိုဝန်ထမ်းတွေ တောရွာတွေမှာ တာဝန်ထမ်းရမှာကြောက်နေကြတဲ့ ပြဿနာက ကျန်းမာရေးဌာန တစ်ခုတည်းမှာ ဖြစ်နေတဲ့ ပြဿနာမဟုတ်ပါဘူး။ အစိုးရဌာန အများစုမှာ ကြုံတွေ့နေရတဲ့ပြဿနာပါ။
အဲဒီပြဿနာကြီးက အားနည်းတဲ့ ပညာရေးစနစ်(တက္ကသိုလ်ဝင်ခွင့်စနစ်)ရဲ့ အထောက်အပံ့လည်းရလိုက်တော့ ပိုမိုအားကောင်းလာပြီး၊ မြို့နေတောနေ လူတန်းစားကွာဟမှု ကလည်းပိုဆိုးလာတောတာပေါ့။

(၃)
ကျွန်တော်တို့မြို့လေးရဲ့ အရှေ့မြောက်ဘက် မိုင်၂၀ လောက်မှာ ခရိုင်မြို့ကြီးတစ်ခု ရှိပါတယ်။ ကျွန်တော်တို့မြို့လေးက သေးသေးလေးဆိုပေမယ့် ကျောထောက်နောက်ခံ ကျေးရွာတွေ တော်တော်များပါတယ်။ အဲဒီရွာတွေအားလုံးက ကျွန်တော်တို့ မြို့လေးမှာရှိတဲ့ အထက ကျောင်းလေးကိုပဲ အားကိုးနေကြရပါတယ်။ တွဲဖက်အထက်တန်ကျောင်း ရှိတဲ့ရွာလေးတွေလည်း ၂ ရွာလောက်တော့ ရှိပါတယ်။ လေ့လာမှုအားနည်းခဲ့လို့ အနီးအနားကရွာတွေအကြောင်းကို သိပ်မသိခဲ့ပါဘူး။ အနောက်မြောက်ဘက် ၄ မိုင်အကွာလောက်က ရွာလေးအကြေင်းတော့ သိပါတယ်။ ဒါတောင် ဆွေမျိုးတော်စပ်သူ တော်တော်များများ အဲဒီရွာမှာရှိနေသေးလို့ပါ။

၁၉၉၉ ခုနှစ်ဝန်းကျင်လောက်က အဲဒီရွာလေးမှာ ဆရာမငယ်ငယ်လေး ၂ ယောက် တာဝန်ကျလာပါတယ်။ သူတို့ကတော့ ခရိုင်မြို့ကြီးပေါ်က မြို့သူတွေပါ။ တာဝန်ကျရာရွာကနေ မြို့ပေါ်ကိုပြန်ရင် လမ်းမှာတင် တစ်နေကုန်သပါတယ်။ ရွာကနေလှည်းနဲ့လာပြီး ကျွန်တော်တို့ မြို့ကနေ ကားပြောင်းစီးမှ ခရိုင်မြို့ကြီးကိုရောက်တာပါ။ ကားအဆင်မပြေရင် ကျွန်တော်တို့ မြို့လေးမှာ ညအိပ်ရတတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျေင်းပိတ်ရက် အိမ်ပြန်အနားယူနိုင်ဖို့ သောကြာနေ့နံနက် ကတည်းက ပြန်ကြရပါတယ်။ တနင်္လာနေ့နံနက်ကျမှ ပြန်လာကြတော့ အင်္ဂါနေ့ရောက်မှ စာစသင်နိုင်ပါတယ်။ အဲတာကအပတ်စဉ် ဖြစ်နေတာဆိုတော့ ကလေးတွေက တစ်ပတ်ကို ၄ ရက်အနားယူ နေရပါတယ်။ သောကြာနဲ့ တနင်္လာနေ့တွေကိုမှ မယူရင်လည်း သူတို့ရဲ့ တစ်ပတ်စာအတွက် အနားယူချိန်က ခရီးသွားရင်း အချိန်ကုန်ရတော့မယ့် အနေအထားဖြစ်နေတယ်။ သူတို့ထဲကတစ်ယောက်က တာဝန်ခံကျောင်းအုပ်ပါ။ ကျောင်းရှိ အစိုရ၀န်ထမ်းကလည်း အဲဒါအကုန်ပါပဲ။ တစ်ခြားလိုအပ်တာရှိရင် ရွာကိုအကူအညီတောင်ပါတယ်။ ရွာကလူကြီးလူငယ်တွေက လိုအပ်သလို အကူအညီပေးကြရပါတယ်။ ( မင်္ဂလာပါ ရုပ်ရှင်ကားထဲကလိုပါပဲ)

ဒီရွာကကလေးတွေရဲ့ ပညာရေးကံကြမ္မာက မြို့ကလာတဲ့ဆရာမတွေ လက်ထဲရောကနေသလို ဖြစ်သွားတယ်။ သူတို့ရှိရင်စာသင်ရတယ်။ သူတို့မရှိရင်စာသင်ခွင့် မရကြတော့ဘူး။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပြောပြောနေတဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးဆိုတဲ့ ကိစ္စ ကိုအရမ်းကြီးတော့ နားမလည်ပါ။ ဒါပေမယ့် ဉာဏ်မီသလောက် စဉ်းစားကြည့်ရရင် ကိုယ့်ဒေသအတွက်လိုအပ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်အစရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုမှ ဒေသတွင်နေထိုသူတွေထဲက မမွေးထုတ်နိုင်ရင် အဲဒီဒေသမှာနေတဲ့လူတွေဟာ ကိုယ်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာက ဘယ်လိုမှရနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်။
ကျွန်တော်တို့မြိုပေါ်က အခြေခံပညာကျောင်းတွေကိုလည်း မြို့ကြီးတွေက ဆရာ၊ဆရာမတွေ တာဝန်ကျတတ်ပါတယ်။ များသောအားဖြင့်တော့ လူငယ်လေးတွေပါ။ အတွေအကြုံက မရှိသေးတော့ ဒေသခံ ဆရာမကြီးတစ်ယောက်ပြောတတ်တဲ့ စကားက “ ဒို့ နယ်ကျောင်းတွေကတော့ အစမ်းသပ်ခံလေးတွေပါ။ အတွေ့အကြုံရှိလို့ အသင်အပြကောင်း လာပြီဆိုရင် မြို့ပေါ်ကိုပြောင်းသွားကြတော့တာပဲ။ “တဲ့။ ဆေးရုံမှာလည်းအတူတူပါပဲ။ ကျွန်တော်တို့မြို့က တိုက်နယ်ဆေးရုံလေးမှာလည်း ဆရာဝန် မမြဲတာက ပုံမှန်ကြီးလိုဖြစ်နေတဲ့ ပြဿနာပါ။

ပိုဆိုးတာက တွဲဖက်ကျောင်းတွေ ကိစ္စ။ တွဲဖက်အထက်တန်ကျောင်း ဆိုတာတွေက အစိုးရအထက်တန်ကျောင်း (အထက) တစ်ခုခုနဲ့တွဲပြီး အလုပ်လုပ်ကြရတယ်။ သူတိုဆီမှာ ၉ တန်း ၁၀ တန်း တွေသာဖွင့်ထားတာ အထက်တန်ပြဆရာရယ်လို့ အစိုးရက တစ်ယောက်မှ တာဝန်ချပေး မထားတော့ ဆရာ၊ဆရာမ ခန့်ထားရေးကို ရွာကပဲ လုံးဝတာဝန်ယူရတယ်။ များသောအားဖြင့်တော့ ရွာကတက္ကသိုလ်ကျောင်းသူလေးတွေက ၀င်လုပ်တတ်ကြတယ်။ လခကလည်းရွာကပေးတာ မက်လောက်အောင်လည်းမများတော့ လုပ်ချင်သူလည်းအရမ်းနည်းတယ်။ တွဲဖက်ကျောင်း ဆရာခန့်ထားရေးနဲ့ပတ်သက်ပြီး၊ ကျောင်းတွင်းအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်တတ်တာတွေပြောရရင် ပြောလို့ပြီးမှာမဟုတ်တော့ဘူး။

အခုပြောခဲ့တာတွေကိုကြည့်ရင် ရွာဘက်တွေမှာ အစိုးရပညာရေး ယန္တရားက ( အမှတ် ၂ တုန်းကပြောခဲ့သလို ) ဆရာအင်အား၊ သင်ထောက်ကူပစ္စည်းအင်အား အားနည်းရုံတင်မဟုတ်ပဲ။ ဆရာ၊ဆရာမ အရည်အချင်းက အာမလခံချက်မရှိဘူး။ စာသင်ချိန်ကလည်း ပြည့်မီချင်မှ မီတယ်။ ကျွန်တော်အထင်ပြောရရင် အစိုးရပညာရေး စနစ်အောက်မှာ ဆရာအရည်အချင်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထားရှိပြီး မြို့ပေါ်မှာရော တောရွာတွေမှာပါ၊ တွဲဖက်ကျောင်းပဲဖြစ်ဖြစ် အစိုးရကျောင်းပဲဖြစ်ဖြစ် သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံမှ တာဝန် ထမ်းဆောင်ခွင့် ပေးသင့်ပါတယ်။

မြို့နေတောနေ လူတန်းစားတွေဆိုတာကတော့ ရှိနေမှာပါ။ တောရွာတွေမှာ ၀န်ထမ်းမပြည့်စုံမှု အပါအ၀င် အခြားပြဿနာတွေ လျော့နည်းသွားအောင် ပညာရေးစနစ်ကောင်းရှိဖို့က အရေးကြီးလှပါတယ်။ တက္ကသိုလ်ဝင်ခွင့် စနစ်အပါအ၀င် ပညာရေးစနစ်ကြီးက ညံ့ဖျင်းနေဦးမယ်ဆိုရင်တော့ တောနေပြည်သူတွေရဲ့ (ကျန်မာရေး၊ ပညာရေး စောင့်ရှောက်မှု အပါအ၀င် ) ဘ၀ကကြမ္မာတစ်ခုလုံးက တပါးသူကိုအားကိုးနေရလို့ ကမောက်ကမ အခြေအနေတွေနဲ့ အမြဲတွေ့နေရဦးမှာပါပဲ။
(မင်္ဂလာပါ ရုပ်ရှင်ကားထဲက မြိုသားကျောင်းဆရာ ၂ ယောက် ရွာကနေအပြီးပြန် တော့မယ်ဆိုတာသိလိုက်ရလို့ ရွာသားတွေ ငိုနေကြတဲ့ ဇတ်ဝင်ခန်းကို ခုထိမှတ်မိနေသေးတယ်။ ရွာခံကျောင်းဆရာ မရှိလေတော့ မြိုကရောက်လာတဲ့ ဆရာ ၂ ယောက် အပေါ်မှာ ကလေးတွေရဲ့ပညာရေးကို ပုံအပ်ထားရတယ်။ သူတို့ရှိရင်ပညာရေးရှိတယ်။ သူတို့မရှိရင် ပညာရေးမရှိတော့ဘူး လို့ပြောရလောက်အောင်ကို အခြေအနေက ဆိုးနေတာတွေရတယ်။)

ဘုန်းတော်ကြီးသင်ပညာရေး

သံလွင်အိပ်မက် အတွက် ကျွန်တော်တို့ သုံးလတစ်ခေါက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ သွားလှူဖြစ်တဲ့အထဲက နောက်ဆုံးလှူခဲ့တဲ့ ကျောင်းရဲ့ ပုံကို တင်ပေးပါမယ်။ ဒါ့အပြင် သံလွင်အိပ်မက် Issue9 မှာပါခဲ့တဲ့ `သင့်မှာသာ လုပ်ပိုင်ခွင့်ရှိခဲ့ရင်´ဆိုတဲ့ အကြောင်းကို ဆွေးနွေးထားတာလည်း သွားဖတ်လိုက်ကြပါဦး။





အခုလို လှူဒါန်းတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး ကျောင်းသားလေးတွေက ကန်တော့တဲ့အခါ ကျွန်တော်တို့ စိတ်ထဲမှာ တမျိုးကြီးပဲ ခံစားရပါတယ်။ ကျွန်တော်တို့အတွက် ဘာမှ ပြောပလောက်တဲ့ ငွေကြေးပမာဏမဟုတ်ပေမယ့် သူတို့အတွက်တော့ တစ်သက်တာ ပညာရေးပါပဲ။


နာ (၃) နာ နဲ့ ကျောင်းဆရာ ဘဝ

နာ (၃) နာ နဲ့ ကျောင်းဆရာ ဘဝ

ကျောင်းဆရာတွေရဲ့ ဘ၀အကြောင်းကို စာရေးကြရာမှာပဲဖြစ်ဖြစ်၊ ဟောပြောကြရာမှာပဲဖြစ်ဖြစ် ၀ါသနာ၊ စေတနာ နဲ့ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ တွဲပြီး ပြောဆိုရေးသားကြတာတွေကို ငယ်ငယ်ကတည်းက ဖတ်ဖူးမှတ်ဖူးတယ်။ ကျွန်တော် ၉ တန်း ၁၀ တန်း လောက်တုန်းက အပတ်စဉ်လုပ်တဲ့ ဆရာ၊ ဆရာမတို့ သြ၀ါဒ ခံယူပွဲတွေမှာလည်း နာ(၃)နာနဲ့ပတ်သက်ပြီး အကျယ်တ၀င့် ဟောပြောတာတွေ နားထောင်ရတတ်တယ်။ အဲဒီတုန်းကတော့ အဲဒီနာ(၃)နာဟာ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်(၃)ခု ပဲလို့ထင်ခဲ့သေးတယ်။ အဲလိုလက်ခံထားတဲ့သူတွေလည်း မနည်းလောက်ဘူး။ အခုတော့ အဲဒီနာ(၃)နာနဲ့ပတ်သက်ပြီး တွေးကြည့်တယ်။ မင်းတွေးသမျှကလည်း အားလုံး ကန့်လန့်တွေကြီးပဲ လို့ဆိုရင်လည်း မတတ်နိုင်ဘူး။

ဝါသနာတဲ့။ ၀ါသနာဆိုတာ ကျွန်တော်နားလည်သလောက်တော့ မိမိစိတ်ပျော်ရွှင်မှုအတွက် လူတွေလုပ်တတ်တဲ့ အလေ့အထလေးတွေပါ။ ဥပမာပြောရရင် သီချင်းဆိုတာဝါသနာပါတယ်။ စာဖတ်တာဝါသနာပါတယ်။ စသဖြင့်ပေါ့။ အဲဒီနေရာမှာ ဆရာလုပ်ရတာဝါသနာပါတယ်ဆိုတဲ့( ကိုယ်သိတဲ့အကြောင်းအရာတွေကို ရှင်းလင်းပြောကြားရတာဝါသနာပါတယ်ဆိုတဲ့) လူတွေလည်း ရှိတတ်တာပဲ။ ၀ါသနာနဲ့အလုပ် တထပ်တည်းကျနေရင် အလုပ်မှာစိတ်ပါတယ်။ စိတ်ပါလက်ပါလုပ်တော့ လုပ်ငန်းပိုတွင်ကျယ်တယ်။ ကောင်းတယ်လို့ ပြောရမှာပေါ့။ အဲဒါက ကျောင်းဆရာဘ၀နဲ့ ဘာဆိုင်တာမှတ်လို့။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်ဝါသနာနဲ့ ကိုယ်ရွေးချယ်ပြီး စိတ်ပါလက်ပါလုပ်မယ်ဆိုရင် အောင်မြင်မှုပိုရနိုင်ပါတယ်။

ကျွန်တော်တွေ့ဘူးတဲ့ ဆရာတစ်ယောက်အကြောင်း ပြောချင်တယ်။ သူက စာသင်လည်းအရမ်းကောင်းတယ်။ အတန်းထဲမှာ သူပြောလေ့ရှိတာက " စာသင်ရတဲ့အလုပ်ကို ငါလုံး၀၀ါသနာမပါဘူး။ ငါက စာပဲရေးချင်တာ " တဲ့။ သူသင်ရတဲ့ဘာသာရပ်က အင်္ဂလိပ်စာ။ စာရေးဆရာဖြစ်ချင်တဲ့လူဆိုတော့ စာဖတ်အားလည်း တော်တော်ကောင်းတယ်ထင်တယ်။ စာရှင်းတဲ့အခါ စိတ်ဝင်စားစရာ ပြင်ပဗဟုသုတတွေနဲ့ ဝေေ၀ဆာဆာရှင်းပြတတ်တယ်။ သဒ္ဒါဆိုလည်း မြန်မာ၊ အင်္ဂလိပ် ၂ ခုစလုံး ကျွမ်းကျင်ပုံဘဲ။ မေးလာသမျှမေးခွန်းအားလုံးကို ဖြေရှင်းပေးဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်။ စာသင်ရတာ လုံး၀၀ါသနာမပါဘူး ဆိုပေမယ့် အဲဒီဆရာမျိုးကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ ဆိုနိုင်ပါ့မလား။ နောက်ထပ် စဉ်းစားမိတာတစ်ခုက ဆရာတစ်ယောက်ဟာ ၀ါသနာတော့ပါပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် ပိုပြီးအောင်မြင်နိုင်ပါတယ်။ ၀ါသနာလုံးဝမပါဘူးဆိုပေမယ့် ကိုယ်တာဝန်ယူရမယ့် အပိုင်းကိုကိုယ်ကျွမ်းကျင်ရင် တာဝန်ကျေတဲ့ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ၀ါသနာပါတယ် ဆိုရုံလေးနဲ့လည်း ဘယ်လိုမှဆရာကေင်းတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

နောက်ထပ်နာတစ်ခုဖြစ်တဲ့ စေတနာဆိုတာကရော ကျောင်းဆရာတွေအတွက်သာ လိုအပ်တာလား။ ကျောင်းဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ချက်လား။

ကျွန်တော် တက္ကသိုလ်တတိယနှစ်တုန်းက တွေ့ခဲ့တဲ့ဆရာတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘာတွေမကျေမနပ်ဖြစ်နေလည်းတော့မသိဘူး။ သူစိတ်ဆိုးသမျှတွေကို ကျောင်းသားတွေဆီမှာ ပေါက်ကွဲတတ်တယ်။ သူရုံးတတ်ရတဲ့ မိခင်ဌာနကတစ်နေရာ သူစာလာသင်ရတဲ့ ကျွန်တော်တို့ကျောင်းကတစ်နေရာဖြစ်နေတယ်။ သူစိတ်ဆိုးရင်ပြော တတ်တဲ့စကားက " မင်းတို့လည်းဝတ္တရားအရ လာထိုင်နေတာ။ ငါလည်း ၀တ္တရားအရ လာသင်နေရတာ။ ဟောဒီမှာကြည့်။ မင်းတို့အတွက်ရေးထားတဲ့မှတ်စုစာရွတ်တွေ။ ငါ့ငွေနဲ့ငါဝယ် ရတယ်။ မင်းတို့ကျောင်းကို ငါ့အစီအစဉ်နဲ့ငါလာခဲ့ရတယ်။ အခြေအနေက အဲလောက်ထိဆိုးနေပြီ။ ငါကတာဝန်ကျေအောင်တော့ လာသင်နေမှာပဲ။ ဘာပြဿနာမှ မရှာချင်ကြနဲ့။ အေးအေးဆေးဆေးနေကြ။ " တဲ့။ အဲဒီလိုကြီးဆိုတော့လည်း စေတနာမပါဘဲ စာသင်နေတယ်ပြောရတောမှာပေါ့။ ဒါပေမယ့်သူက အချိန်နောက်မကျဖူးဘူး။ အတန်းလည်းလုံးဝမပျက်ဖူးဘူး။ သင်ရိုးကိုလည်းကုန်အောင် သင်တယ်။ သင်ပုံကတော့ ၀တ္တရားကျေပါပဲ။ သူအတန်းထဲမှာ သင်ပေးသလောက်နဲ့ အဆင်ပြေတဲ့ကျောင်းသားတွေလည်း အများကြီးပါ။ အဆင်မပြေလို့သွားမေးရင်လည်း ဆရာ့ဝတ္တရားအရပဲလားတော့မသိ၊ ရှင်းပြပေးတတ်ပါတယ်။ သူ့ကိုကြောက်တော့ သွားမေးတဲ့သူတော့နည်းတာပေါ့။
အဲဒီဆရာက ကျောင်းသားတွေစေတနာထား သင်ကြားပေးတယ်လို့ မဆိုသာပေမယ့်၊ အချိန်ကိုလေးစားတယ်။ သင်ရိုးကိုပြတ်အောင်၊ တာဝန်ကျေအောင် သင်ပေးတယ်။ တာဝန်ယူရတဲ့ ဘာသသာရပ်ကိုလည်း ကျွမ်းကျင်တယ်ဆိုတော့၊ ကျောင်းသားအများစုဟာ အဲဒီဘာသာကို အခက်အခဲမရှိ အောင်မြင်ခဲ့ကြပါတယ်။ ဆရာတပည့်ဆက်ဆံရေးကတော့ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ အနေအထားမရှိခဲ့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းတာဝန်ကျေတဲ့ ဆရာ့ကို ဆရာကောင်းတစ်ယောက် မဟုတ်ဘူးလို့ပြောရမှာ ကျွန်တော်အတွက်တော့ အရမ်းခက်နေတယ်။ ဒီနေရာမှာလည်း (၀ါသနာအကြောင်း ပြောတုန်းကမေးခဲ့သလို) မေးရရင်၊ ဆရာတစ်ယောက်ဟာ စေတနာတော့အရမ်းကောင်းပါရဲ့။ ဒါပေမယ့် ကိုယ်တာဝန်ယူ ပို့ချရမယ့်ဘာသာရပ်ကို မကျွမ်းကျင်ရင် ( ကျွမ်းကျင်ပေမယ့် ကျောင်းသားနားလည်အောင် ရှင်းမပြတတ်ရင် ) ဆရာကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။

ဘယ်အလုပ်ပဲဖြစ်ဖြစ် (နောက်ဆုံးကွမ်းယာရောင်းတာကစလို့ ) စေတနာထားပြီး လုပ်မယ်ဆိုရင် အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေ ကိုစိတ်ချမ်းသာစေမှာပါ။ အဲလိုမဟုတ်ဘဲ ကိုယ့်အကျိုးလေးတစ်ခုတည်း ကြည့်ပြီး လုပ်အား နဲ့ အချိန်ကုန်၊ ငွေကုန် သက်သာရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်မယ်ဆိုရင်တော့ ရလဒ်ကောင်းတွေလည်း ရနိုင်မှာမဟုတ်ဘူး။ အလုပ်သဘောအရ ကိုယ်နဲ့လာပြီး ဆက်သွယ်ပတ်သက်သူတွေကိုလည်း အခက်အခဲနဲ့ တွေ့စေတာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စေတာတွေ ကြုံရနိုင်တာပေါ့။

စေတနာရဲ့သဘောကိုက တစ်ဖက်သားအကျိုးကိုကြည့်ခြင်းပါ။ ကျောင်းဆရာအလုပ်ရယ်မှမဟုတ်ပါဘူး ဘယ်အလုပ်ပဲဖြစ်ဖြစ် စေတနာထားဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ စေတနာမပါဘဲ လုပ်နေတော့ရော အရေးကြီးတဲ့တခြား အရည်အချင်းတွေရှိရင် ဆရာကောင်းတစ်ယောက် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။

နောက်ဆုံးနာတစ်ခုကတော့ အနစ်နာတဲ့။ လုံးဝမဖြစ်သင့်တဲ့ နာကြီးပဲလို့ မြင်မိတယ်။ ကျောင်းဆရာလုပ်တာနဲ့ပဲ အနစ်နာခံရတော့မှာလား။ ကျောင်းဆရာဆိုတာ အစိုးရ၀န်ထမ်းပါ။ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ် ရသင့်ရထိုက်တဲ့ ၀န်ထမ်းအခွင့်အရေးတွေအားလုံး အပြည့်အ၀ ရနေရင် ဘာများအနစ်နာခံစရာ ရှိလဲ။ မရကြဖူးဆိုရင်လည်း ရအောင်ကြိုးစားကြရ တောင်းဆိုကြရမှာပေါ့။ အစိုးရတွေအနေနဲ့လည်း ဖြည့်ဆည်းပေးဖိုတာဝန်ရှိတာပေါ့။
ဝန်ထမ်းအခွင့်အရေးဆိုတာလည်း အများကြီးတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ မရရှိလို့မဖြစ်တဲ့ အခွင့်အရေး (၃) ခုရှိတယ်။

၁။ လုပ်ငန်းခွင်လုံခြုံမှုရှိရေး
လုပ်ငန်းခွင်အနေအထားဟာ ၀န်ထမ်းတွေရဲ့ အသက်အန္တရယ်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ ထိခိုက်စေနိုင်ရင်၊ လိုအပ်တဲ့လုံခြုံရေး ကိရိယာ တန်ဆာဗလာတွေကို အလုပ်ရှင်က အပြည့်အ၀ ဖြည့်ဆည်းပေးရမယ်။ လိုအပ်မယ်ဆိုရင် အစိုးရက ဥပဒေတွေ ပြကျဌာန်းပြီး ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးရမယ်။

၂။ သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန် ရရှိရေး
စိတ်ဖိစီးမှု နဲ့ ခန္ဓာကိုယ်ပင်ပန်းမှု အလွန်ကျွံမဖြစ်အောင် ၀န်ထမ်းတွေအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ချိန် နှင့် အနားယူချိန်တွေကို တစ်နေ့တာအတွက်၊ သီတင်းတစ်ပတ်တာအတွက် နဲ့ တစ်နှစ်တာကာလတွေအတွက် စသည်ဖြင့် သက်မှတ်ထားဖို့ လိုအပ်တယ်။ သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်အောင် တာဝန်ထမ်းဆောင်ရမယ်ဆိုရင် လုပ်ငန်းအဆင်ပြေစေရေးအတွက် ကိုယ်ပိုင်အနာယူချိန်ကို ပေးလိုက်ရတာဖြစ်လို့ ၀န်ထမ်းတွေဟာ ပုံမှန်လုပ်အားခထက်သာလွန်တဲ့ အချိန်ပိုကြေး ရပိုင်ခွင့်ရှိရမယ်။ ( အချိုနိုင်ငံတွေမှာ အလုပ်အကိုင်ရှားပါးမှုအပေါ် အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အချိန်ပိုကြေးမပေးပဲ သက်မှတ်ချိန်ထက်ကျော်လွန်အောင်ခိုင်းတတ်ကြတယ် )

၃။ အနည်းဆုံး စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိရေး
အလုပ်လုပ်နေတဲ့ ၀န်ထမ်းတိုင်းဟာ လူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် အခြေခံအကျဆုံးဖြစ်တဲ့စားဝတ်နေရေးကို အာမခံပေးနိုင်တဲ့ လုပ်အားခရရှိဖို့လိုအပ်တယ်။ ( တရားဝင်ရရှိတဲ့ ၀င်ငွေက စားဝတ်နေရေးအတွက် မလုံလောက်ရင် ၀န်ထမ်းတွေဟာ အလုပ်ထဲမှာ တရားမ၀င်ငွေရှာလာတတ်ကြတယ်။ အဲဒီလိုအခါမှာ အဂတိလိုက်စားမှုနဲ့ လတ်ပေးလတ်ယူ ပြဿနာတွေက ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေဖြစ်နေတတ်ကြတယ်။ )
အခုပြောခဲ့တဲ့ အခွင့်အရေးတွေအပါအ၀င် အခြားရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရနေမယ်ဆိုရင် ကျောင်းဆရာရယ်မှမဟုတ်ပါဘူး ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အနစ်နာခံတာဝန်ထမ်းစရာ မလိုတော့ဘူးပေါ့။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုခု ဆုံးရှုံးနေပြီဆိုရင်လည်း " ပီတိကိုစားအားရှိပါ၏။ " ဆိုတဲ့စကားမျိုးနဲ့ ချွေးသိပ်နေမယ့်အစား ကိုယ်ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုသင့်တာပေါ့။ အနစ်နာခံရတယ်ဆိုတာကိုက မညီမျှခြင်းသဘောကို ဆောင်နေလို့ လုံးဝမဖြစ်သင့်တဲ့အရာပါ။

ကျွန်တော်စဉ်းစားခဲ့သမျှအားလုံးကန့်လန့်တွေကြီး ဖြစ်နေမလားတော့မသိဘူး။ ကျောင်းဆရာတို့ရဲ့ဘ၀ကို စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာ(၃)နာနဲ့ ပုံဖေါ်တာဟာ ဆဒ္ဒန်ဆင်နဲ့ ကြွက်ခလောင်း စေ့စပ်ကြောင်းလမ်းတာလောက်မှ မနီးစပ်ဘူးလို့မြင်မိတယ်။

ဆုထူးပန် သီရိမင်္ဂလာကန်တော် ပရဟိတဘုန်းတော်ကြီးသင်ကျောင်း

ဆုထူးပန် သီရိမင်္ဂလာကန်တော် ပရဟိတဘုန်းတော်ကြီးသင်ကျောင်း ဖွဲ့စည်းပုံဇယား

ပဓာန နယက ဆရာတော် အရှင်သလ္လာပဏ္ဍိတ (နိုင်ငံတော် ထေရ၀ါဒဗုဒ္ဓသာသနာပြု သြ၀ါဒါစရိယ၊
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ဓ၀ါစကပဏ္ဍိတ၊ ဂိုဏ်လုံးဝန်ဆောင်နာယက၊
မြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ ဆုထူးပန်ပရိယတ္တိစာသင်တိုက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့၊
ဖုန်း - ၀၁ ၅၄၅ ၉၈၀။)
အကျိုးဆောင်ဆရာတော် ဘဒ္ဒန္တ မောဓာဝီ (ဗြဟ္မာ့ဝိဟာရကျောင်း၊ ငါးထပ်ကြီးဘုရားအနီး၊ ဗဟန်းမြို့နယ်။
ဖုန်း - ၀၁ ၅၄၆ ၁၀၈)
တိုက်အုပ်ဆရာတော် ဦးကောဝိဒ
ပညာရေးတာဝန်ခံ ဦးကျော်ဇောဝင်း (ဆရာကျော်)၊ ဖုန်း ၀၅၆ ၂၁၃၃၄(သန်လျင်)
အုပ်ချုပ်ရေးမှူး (စီမံ) ဦးလှစိန်
အုပ်ချုပ်ရေးမှူး (ပညာ) ဦးကျင်လှိုင်
ဆရာမများ ဒေါ်သီတာ B.A (Myan;) Final Year - သူငယ်တန်း (က)

ဒေါ်လေးလေးနွယ် B.A (Geo) First Year - သူငယ်တန်း (ခ)

ဒေါ်မြမြခိုင် B.A (Myan;) - ပထမတန်း

ဒေါ်နွေးနွေးရှိန် B.A (Myan;) - ဒုတိယတန်း

ဒေါ်အေးလဲ့မော် B.A (Myan;) - တတိယတန်း

ဒေါ်သန္တာဦး B.A (Geo;) - စတုတ္ထတန်း

ဒေါ်ထိပ်တင်ဝင်း B.A (His;) Second Year - အထွေထွေ

------------

မူလတန်းဆင့် မိဘမဲ့ ဖမဲ့ မိမဲ့ ဆင်းရဲနွမ်းပါး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း = ၂၅၁

ကျောင်းအိပ်ကျောင်းစား ကျောင်းသားနှင့် ကျောင်းမှ တာဝန်ယူသင်ကြားပေးထားသော အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူစာရင်း = ၃၁

မူလတန်းဆင့် (ဘ.က) ကျောင်းသား၊ ကျောင်းသူစာရင်း စုစုပေါင်း = ၂၅၁
------------

ကိုမျက်လုံးပို့စ်မှ ကူးယူတင်ပြပါသည် ။

Friday, August 3, 2007

ပညာရေး အကျပ်အတည်း (၈)

ပညာရေးနဲ့ ပတ်သက်ရင် ကမ္ဘာ့နိုင်ငံတိုင်းကတော့ ကလေးတွေနဲ့ သင့်တော်မယ့် စံချိန်စံညွှန်းတွေကို ၀ိုင်း စဉ်းစားကြပြီး တတ်နိုင်သလောက် ၀ိုင်းပြီး အကောင်အထည် ဖော်နေကြပါတယ်။ အဲဒီလို အကောင်အထည် ဖော်ရာမှာ ကိုယ်က နောက်ကျနေခဲ့ရင် ကမ္ဘကြီးထဲမှာ ကိုယ်ပဲ ဟန်ချက်ပျက်ပြီး ပုံပျက်ပန်းပျက် ကျန်ရစ် ခဲ့မှာပါ။ အဆိုးဆုံးကတော့ ပညာရေးမှာ နောက်ကျတာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နစ်နာကြရတာ ဖြစ်ပါတယ်။ ပြီးတော့ မျက်မှောက်ခေတ်ဟာ ပညာခေတ် (Knowledge Age) လို့ သတ်မှတ်ကြရတဲ့ ပညာနဲ့ ဦးဆောင်ခွင့် ရတဲ့ ခေတ်ဖြစ်တဲ့အတွက် ပညာရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါထင်ရှားလာတာမို့ ပညာပိုင်းမှာ အားနည်းမှု က လူ့ဘ၀ဖြစ်စဉ်ကို သိသိသာသာ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ၂၀၀၀ပြည့်နှစ် သြဂုတ်လထုတ် ဓနမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တဲ့ မြန်မာနိုင်ငံက ပညာရေးဆိုင်ရာ ပညာရှင် ဒေါက်တာ သိန်းလွင် နဲ့ တွေ့ဆုံခန်းမှာ ဒေါက်တာသိန်းလွင်က သေသေချာချာ ဖြေထားပါတယ်။ ဒေါက်တာသိန်းလွင်က “အခုလိုခေတ်မျိုးက Globalization ဖြစ်လာတဲ့အခါမှာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကွက်ကွက်ကလေးမှာ ဖြစ်တဲ့ကိစ္စ Issue တစ်ခုထဲအနေနဲ့ ပညာရေးကို မြင်ဖို့ မကောင်း တော့ဘူး၊ ဆိုလိုတာက တခြား နေရာဒေသတွေမှာ ဖြစ်တဲ့ ကိစ္စတစ်ခုဟာလည်း ကိုယ့်နေရာ ကိုယ့်ဒေသကို တနည်းမဟုတ် တနည်း ရိုက်ခတ်တတ်တဲ့ သဘောတွေ ရှိလာတယ်” လို့ ပြောပါတယ်။

တနည်းအားဖြင့်တော့ ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်း တွေနဲ့ မလိုက်ပါဘဲ တံခါးပိတ်နေလို့ မရတော့ဘူး ဆိုတာပါပဲ။ ဒေါက်တာသိန်းလွင်ကတော့ ခုချိန်ဟာ “ တကမ္ဘာလုံး အတိုင်းအတာနဲ့ လှုပ်ရှားရတဲ့ ပုံစံဖြစ်တဲ့ အတွက် သူတို့ရဲ့ လှိုင်းနဲ့အတူ တစုံတခုသော အတိုင်းအတာအထိ ပြောင်းရွှေ့ လှုပ်ရှားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲသလို မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ Culture အပေါ် တွယ်ကပ်လွန်းရင် အလှမ်းကွာ သွားပါလိမ့်မယ်။ အဲဒါကြောင့် နိုင်ငံတကာနဲ့လည်း အလှမ်းမကွာ ကိုယ့်ရဲ့ Culture နဲ့ Identity လည်း မပျောက်ဘဲ လုပ်ဆောင်နိုင်ဖို့ဆိုတာဟာ ပညာရေးမှာ အရေးကြီးလာလိမ့်မယ် လို့ ယူဆပါတယ်” လို့လည်း ပြောထားပါတယ်။ ဒါဟာ သတိထားပြီး လိုက်နာသင့်တဲ့ အမြင်ပဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း ၁၉၇၄ခုနှစ် လောက်ကတည်းက ပညာရေး သုတေသနဌာန က ပညာရေး နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်း ဆိုပြီး သင်ကြားနည်း စနစ်တွေကို စီမံကိန်းဆွဲပြီးတော့ကို လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းထဲမှာ ဆရာအတတ်သင် ပညာရေးအစီအစဉ်များ နှင့် သက်ဆိုင်သည့် သုတေသန တောင် ပါပါတယ်။ သင်ကြားနည်းစနစ်ကို သေသေချာချာ လေ့လာမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ခုချိန်ထိ သိသိသာသာ ပြောင်းလဲ တိုးတက်လာတာမျိုး မရှိသေးတာသာ တွေ့ရပါတယ်။ ပိုဆိုးတာကတော့ သင်ရိုးတွေက ခေတ်မမီဘဲ သင်ထောက်ကူ ပစ္စည်းတွေကလဲ မပြည့်စုံ ရတဲ့အထဲမှာ သင်ကြားနည်းစနစ်ကပါ ခေတ်မမီတဲ့အတွက် မြန်မာနိုင်ငံမှာက ကျောင်းတက်ပြီး မူလတန်းလွန် အဆင့် ရောက်တာတောင် နေ့စဉ်သုံး မြန်မာစာကိုတောင်မှ ဖြောင့်အောင် မဖတ်နိုင်သေးတဲ့ ပြဿနာမျိုးတွေ ရှိလာတာပါပဲ။

တကယ်တော့ မြန်မာနိုင်ငံ နဲ့ အနီးဆုံး ဖြစ်ပြီး ရေမြေသဘာဝချင်း သိပ်မကွာလှတဲ့ ထိုင်းနိုင်ငံမှာလည်း အရင်က သင်ကြားရေးစနစ်မှာ ခေတ်နောက်ကျခဲ့တာပါပဲ။ ထိုင်းနိုင်ငံမှာလဲ ဆရာဆရာမက ဦးဆောင်ပြီး သင်ခန်းစာတွေ ပြောပြ ရေးပြ သွားတဲ့ စနစ်ပါပဲ။ ဒါပေမဲ့ ကမ္ဘာနဲ့ အ၀ှမ်း Globalization ဖြစ်လာတဲ့အခါမှာတော့ ထိုင်း နိုင်ငံ ဟာလည်း လိုက်ပါ ပြောင်းလဲ ခဲ့ပါတယ်။ အရင်က ကလေးတွေရဲ့ မှတ်ဥာဏ် ကိုသာ အားကိုးပြီး သင်ခန်းစာတွေ အများကြီး အလွတ်ရနိုင်တာကို အသိအမှတ် ပြုရာ ကနေ ခု မျက်မှောက်ခေတ်မှာတော့ ကလေးတွေရဲ့ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်းကိုသာ အရည်အချင်းအဖြစ် ဆုံးဖြတ်လာပါပြီ။

အဲဒီလို သင်နည်းစနစ်တွေ ပြောင်းပစ်နိုင်ဖို့အတွက်လည်း ဆရာ ဆရာမတွေကို ဆရာဖြစ် လက်မှတ် ရထားတဲ့ သူမှ အလုပ် ခန့် ပါတယ်။ ဆရာဖြစ် လက်မှတ် ရဖို့အတွက်ကလည်း သုံးနှစ် အတန်းတက်ပြီး တစ်နှစ်ကို လက်တွေ့ ဆင်းရပါတယ်။ အဲဒီ လေးနှစ်ပြီးမှ ဆရာဖြစ် ဒီဂရီလက်မှတ် ရပြီး ဆရာအဖြစ် အလုပ်လုပ်ခွင့် ရပါ တယ်။ ဒါကြောင့် ဆရာဆရာမတွေကိုယ်တိုင် စနစ်တကျ ရှိတာမို့ စနစ်ကျတဲ့ ပညာရေး ဖြစ်အောင် ထူထောင် လာနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ မူလတန်းသင် ဆရာမတစ်ယောက်ဟာ ရိုးရိုးဘွဲ့ တစ်ခု ရဖို့သာ လိုပြီး မွမ်းမံသင်တန်း ပေးတာမျိုးမှလည်း လုံးဝ မရှိတဲ့အတွက် စမ်း တ၀ါးဝါး နဲ့ပဲ စာ ၀င်သင် ကြရပါတယ်။ ပိုဆိုးတာကတော့ ၁၉၈၁ ဇွန်လ ကနေ စလို့ အင်္ဂလိပ်စာကို မူလတန်းကနေစပြီး သင်ရမယ်လို့ ဗြုန်းစားကြီး အတည်ပြုလိုက်တာပါပဲ။ အဲဒီမှာ အတန်းဆင့်အလိုက် အင်္ဂလိပ်စာအဆင့်ကို လိုက်မြှင့်ရတဲ့အတွက် ဆရာ ဆရာမတွေ ကိုယ်တိုင် အင်္ဂလိပ်စာ သင်ကြားရေးမှာ အခက်အခဲ တွေ့ရပါတယ်။

ပြီးတော့ မြန်မာနိုင်ငံက ဆရာ ဆရာမတွေဟာ များသောအားဖြင့် ဆရာ ဆရာမ တွေဟာ ငယ်ရွယ်ကြပြီး ဆရာ အဖြစ် တာဝန်ယူနိုင်အောင် လေ့လာသင်ယူ ခဲ့ရတာမျိုးလည်း မရှိခဲ့တဲ့အတွက် မသင်တတ်ရတဲ့အထဲ အင်္ဂလိပ်စာကို ၅တန်းရောက်မှ သင်ရတဲ့ မဆလခေတ်ထဲ ကြီးပြင်းခဲ့ရတဲ့လူတွေမို့ အင်္ဂလိပ်စာမှာ အရည်အသွေး မပြည့်မီ ကြပါဘူး။ အဲဒီ ဆရာ ဆရာမတွေကပဲ အရေးကြီးလှတဲ့ မူလတန်းကလေးတွေရဲ့ ပညာရေး ကို တာဝန်ယူကြတာမို့ ကလေးတွေရဲ့ ပညာရေးဟာ တစ်နှစ်ထက် တစ်နှစ် ဆုတ်ယုတ် ကျဆင်း လာရတာပဲဖြစ်ပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံဟာလဲ အင်္ဂလိပ်စာသင်ကြားရေးကို ဦးစားမပေးခဲ့တဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Globalization ဆိုတဲ့ လှိုင်းကြီး ရိုက်ခတ်လာတဲ့ အချိန်မှာတော့ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားနည်းကို နိုင်ငံတကာ အဆင့်မီအောင် လုပ်လိုက်ပါတယ်။ ထိုင်း ဆရာ ဆရာမတွေ အင်္ဂလိပ်စာ စနစ်တကျ သင်ယူစေနိုင်ဖို့အတွက် မိခင်ဘာသာစကားကို အင်္ဂလိပ် စကားသုံးတဲ့ သင်ကြားရေးဆိုင်ရာ ပညာရှင် Native Speaker တွေကို Volunteer အနေနဲ့ရော လစာပေးပြီးတော့ရော ခန့်ထားပါတယ်။ တချို့ အရေးပါတဲ့ ကျောင်းတွေနဲ့ အတန်း အဆင့်တွေ အတွက် အင်္ဂလိပ်စာကို Native speaker တွေနဲ့ပဲ တိုက်ရိုက် သင်ယူစေပါတယ်။ ဒါ့ကြောင့် ခုဆိုရင် ထိုင်းနိုင်ငံက တက္ကသိုလ်အဆင့် ကျောင်းသားတွေဟာ အင်္ဂလိပ်စာမှာ နိုင်ငံတကာ အဆင့်အတန်း မီ သင်ယူခွင့် ရလာပြီ ဖြစ်ပါတယ်။



မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ နောက်ထပ် လွဲမှားနေတဲ့ အချက် တစ်ချက်ကတော့ အတန်းငယ်တွေဆိုရင် ဆရာဆရာမ ငယ်ငယ်တွေကို ပေးသင်ရမယ် ဆိုတဲ့ အယူအဆပါပဲ။ ဆရာကြီး ဆရာမကြီးတွေကိုယ်တိုင်က အတန်းငယ်ငယ်ကို ဆင်းသင်ရရင် ဂုဏ်ငယ်တယ်လို့ ထင်လေ့ရှိပါတယ်။ တကယ်တော့ လူ့ဘ၀ရဲ့ အစမှာပဲ ဖြစ်ဖြစ် ပညာရေးဘ၀ရဲ့ အစမှာပဲဖြစ်ဖြစ် အစကောင်းဖို့ သိပ်အရေးကြီးတာပါ။ မြန်မာစကားပုံမှာ အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ ဆိုရိုးတောင် ရှိတာပါ။ ပြီးတော့ လက်ဦးဆရာ ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘ၀ အတွက် သိပ်အရေးပါတာပါ။ ဒါကြောင့် အခြေခံပညာကို သင်ကြားပေးရမယ့် ဆရာဟာ ကလေးတွေနဲ့ ပတ်သက် လို့ ကျွမ်းကျင် လိမ်မာတဲ့သူ ဖြစ်ရပါမယ်။ ကလေးတွေကို စနစ်တကျ ပျိုးထောင်နိုင်သူ ဖြစ်ရပါမယ်။

အဲဒါကြောင့် ကလေးတွေအတွက် လက်ဦးဆရာဟာ တကယ့် ပညာရှင်အဆင့်သာ ဖြစ်သင့်တာပါ။ ခုတော့ မြန်မာပြည်မှာက တကယ်အရေးပါတဲ့ အခြေခံ မူလတန်းကို ဆိုရင် မနေ့တနေ့ကမှ ဆရာဖြစ်လာတဲ့သူကို ပေးလိုက်တာဟာ အစဉ်အလာလို ဖြစ်နေပါပြီ။ ဒါကြောင့်လဲ အခြေခံမကောင်းတဲ့ ပညာရေးအဆင့်နဲ့ အမျိုးမျိုးလွဲမှားနေတဲ့ ပညာရေးစနစ်အောက်မှာ အရည်အသွေး မပြည့်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာကြ ရတာပဲ ဖြစ်ပါတယ်။

ခုဆိုရင် နိုင်ငံတကာမှာ ၂၁ရာစုပညာရေးအတွက် ကလေးတွေကို ဘာလုပ်ပေးရမလဲ ဆိုတာကို ပညာရှင် တွေက အဖြေရှာနေကြပါပြီ။ အဲဒါနဲ့ ပတ်သက်လို့ စာရေးဆရာ မောင်သစ်ဆင်းက သူ့ရဲ့ ပညာရေးဆိုင်ရာ ဆောင်းပါး တစ်ပုဒ်ထဲမှာ ဆွေးနွေး တင်ပြခဲ့ဖူးပါတယ်။ ASSA လို့ခေါ်တဲ့ (American Association of School Administrators) အဖွဲ့ကြီးက ပညာရေး စီးပွားရေး အုပ်ချုပ်ရေး စိတ်ပညာ လူမှုသိပ္ပံ မနုဿဗေဒ စတဲ့ နယ်ပယ်စုံက ထင်ရှားတဲ့ကျွမ်းကျင်သူ ပညာရှင် ၅၅ယောက်ကို မေးမြန်းခဲ့တဲ့အကြောင်းကို တင်ပြထားတာ ဖြစ်ပါတယ်၊

အဲဒီမှာ ပညာရှင်တွေကို ASSA မေးတဲ့ အကြောင်းအရာက ၂၁ရာစုမှာ အထက်တန်း အဆင့် ကျောင်းသားတွေ အနေနဲ့ နားလည် ကျွမ်းကျင်ထားဖို့ လိုအပ်မယ့် အရေးကြီးဆုံး အသိပညာတွေ အတတ်ပညာတွေ စွမ်းရည်တွ အမူအကျင့်တွေဟာ ဘာတွေများ ဖြစ်မလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ပညာရှင်တွေက ပြန်ဆွေးနွေး ရာမှာ တော့ အဖြေက ကျောင်းသားတွေအတွက် ပညာစွမ်းရည်၊ တစ်ကိုယ်ရည် ဆက်ဆံရေး စွမ်းရည် နဲ့ နိုင်ငံသားစွမ်းရည်တို့ကို သိထား တတ်ထားရမှာ ဖြစ်ပြီး အဲဒီလို သိဖို့ တတ်ဖို့အတွက် ကျောင်းတွေနဲ့ မိဘတွေက ဘာတွေ လုပ်ပေးနိုင်တယ် ဆိုတာကို ဆွေးနွေး ထားကြတယ်လို့ ဆရာ မောင်သစ်ဆင်းက သူ့ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ကမ္ဘာတ၀ှမ်းလုံးမှာ လူကြီးမှန်သမျှ ပညာရှင်မှန်သမျှဟာ လူငယ်တွေ ရဲ့ အနာဂတ်အရေးကို အမြဲတမ်း အလေးထား ဆောင်ရွက်နေတယ် ဆိုတာကို ပြနေတာပါပဲ။

တနည်းအားဖြင့်တော့ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှု မှန်သမျှဟာ လူငယ်တွေရဲ့ အနာဂတ်အပေါ် မူတည်နေတာမို့ စာသင်သားဘ၀မှာ စနစ်ကျတဲ့ ပညာရေးနဲ့ သင်ယူ ကြီးပြင်းခွင့်ရရေးဟာ လူငယ်တွေ ကလေးတွေအတွက် Globalization ကာလထဲမှာတော့ အရေးပါလှတဲ့ လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

မေငြိမ်း
ဖေဖော်ဝါရီ၊ ၀၆။

Thursday, August 2, 2007

ပညာရေး အကျပ်အတည်း (၇)

သခင်ပညာရေးစနစ်

ဗမာဟာ ကမ္ဘာမှာ ဘယ်တုန်းကမှ မညံ့ခဲ့ပါဘူး။ အထူးသဖြင့် ပညာဥာဏ် ရည်ဘက်မှာဆို ခေတ်အဆက်ဆက် ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး အထင်အရှား ရှိခဲ့တာပါ။ အဲသလိုပဲ ပညာရေးဆိုင်ရာ အမြင်တွေမှာဆိုလဲ ကမ္ဘာနဲ့အမီ ရင်ဘောင် တန်း ပြီး တိုးတက်တဲ့ အသိအမြင်တွေ ရှိခဲ့ကြပါတယ်။ တကယ်တော့ ကလေးတွေရဲ့ အသိအမြင် ဖွံ့ဖြိုးမှုကို အားပေးတဲ့ ပညာရေးစနစ် မျိုး ကို မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ တန်းတူပဲ ၁၉၂၀ ကတည်းက သိနေပြီ ဖြစ်တာကို တွေ့ရပါ တယ်။
၁၉၂၀မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေထဲက ကျွန်ပညာရေးစနစ်ကို မကျေနပ်တဲ့အတွက် ကျောင်းသားကြီး တွေက ဦးဆောင်ပြီး သပိတ်မှောက် ခဲ့ကြပါတယ်။ အဲဒီ သပိတ် ဟာ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ ပထမ ကျောင်းသား သပိတ်ပါပဲ။ အဲဒီ နောက်ပိုင်းမှာပဲ မြန်မာတစ်ပြည်လုံးမှာ အမျိုးသား ကျောင်းတွေ ဖွင့်ဖို့ ရန်ကုန်မှာ အမျိုးသား ကောလိပ် ဖွင့်ဖို့တွေကို စပြီး လှုပ်ရှားခဲ့ကြပါတယ်။ အဲဒီအတွက် ၁၉၂၀၊ ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ လေးနာရီမှာ အမျိုးသား ပညာရေးကိစ္စအတွက် မြန်မာပြည်လုံးကျွတ် အစည်းအဝေး ကြီး တစ်ခု ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကြီးကနေ ယာယီ အမျိုးသားပညာရေး ကော်မီတီ တစ်ခု ဖွဲ့စည်းပြီး ပညာရေးအတွက် ရည်ရွယ်ချက်တွေ ခံယူချက်တွေ ချမှတ် ခဲ့ကြပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေကို အဲဒီတုန်းက သပိတ်မှောက် ကျောင်းသား ဖြစ်တဲ့ ဦးဖိုးကျားက မှတ်တမ်း တင်ထားတာမှာ အသေးစိတ် ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဆရာဦးဖိုးကျား ပြောထားတာတွေကို အချုပ် ပြောရရင် တော့ အမျိုးသား ပညာရေးရဲ့ ရည်မှန်းချက်တွေက ကျောင်းသား လူငယ်တွေအတွက် လက်ရုံးရည် ပညာရည် နှလုံးရည်တို့ကို အပြည့်အ၀ ပေးစွမ်းနိုင်မယ့် ပညာမျိုး ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဤအရည်သုံးပါးကို ပေးစွမ်းနိုင်သော ပညာမျိုးကိုမှ ပညာ ဟု ခေါ်ရသည်။ ဤ ပညာမျိုးမှ သာ အမျိုး ဘာသာ သာသနာ ဥစ္စာ ကြီးပွား တိုးတက်ရေးကို ပေးစွမ်းလေသည် လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

အထူးသဖြင့်တော့ နှလုံးရည် ဆိုတဲ့အပိုင်းမှာ မှန်ရာကို ကြံဝံ့သော သတ္တိရှိခြင်း၊ မှန်ရာ ကောင်းရာကို ပြုလုပ်ရာ၌ ဇွဲရှိခြင်း၊ မတရားမှုတို့ကို ရွံရှာ၍ တိုင်းပြည်နဲ့ လူအများကို ညာမတုတ်လိုသော စိတ်ကောင်းစိတ်မြတ်များရှိခြင်း စသောနှလုံးရည် -- လို့ ဖေါ်ပြထား ပါတယ်။

ဒါဟာ ကျောင်းသူ ကျောင်းသားလူငယ်တွေကို စိတ်ကောင်း နှလုံးကောင်းရှိတဲ့ လူရည်မွန်တွေအဖြစ် ကြီးပြင်း စေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အမှန်တရားကို မြတ်နိုးတတ်အောင်၊ မှန်တာကို လုပ်ရဲတဲ့ သတ္တိရှိအောင် အားပေးတဲ့ ပညာရေးမျိုးပါပဲ။ အဲဒီလို ပညာရေးမျိုး ရဖို့အတွက် ရည်ရွယ်တဲ့ နေရာမှာ သင်ရိုးတွေနဲ့ တန်းတူ အရေးပါ တာက သင်ကြားနည်းပဲ ဖြစ်ပါတယ်။ ကလေးလူငယ်တွေကို အမှန်တကယ် လူတော် လူကောင်း ဖြစ်စေဖို့ဆိုရင် သူတို့ရဲ့ အသိဥာဏ်တွေ လွတ်လွတ်လပ်လပ် ထုတ်ဖော် ကွန့်မြူးခွင်ရတဲ့ ပညာရေးစနစ်မျိုးသာ ဖြစ်ရမယ်လို့ ဆိုထားတာပါ။

အခု မြန်မာနိုင်ငံရဲ့ သင်ကြားနည်းကတော့ ဆရာ ဆရာမက ဖြစ်စေချင်တဲ့အတိုင်း တသဝေမတိမ်း လိုက်နာ အောင် ပုံသွင်းတဲ့ စနစ်သာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖြန့်ထွက်ပြီး တွေးမယ့် ဆင်ခြင် ဝေဖန် သုံးသပ်တဲ့ အတွေးစဉ် မျိုး အဖြေမျိုး ကို လက်မခံတဲ့ သင်ကြားနည်းစနစ်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ကလေးတွေကို အမိန့်မှန်သမျှကို နာခံအောင် လေ့ကျင့်ပေးတဲ့ ကျွန်ပညာရေး စနစ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

စာရေးဆရာ ဒေါက်တာတင်မောင်သန်း ကတော့ ဂရိဒဿန ပညာရှင် ပလေတို ရဲ့ ကိုယ့်ရဲ့ ပြုမူ ဆောင်ရွက်မှု မှန်သမျှ တခြားသူ ဖြစ်စေချင်တဲ့အတိုင်း လက်ခံထားတဲ့သူဟာ ကျွန် ဖြစ်တယ်… ဆိုတဲ့ အယူအဆကို ကိုးကားပြီး အဲဒီလို တခြား သူ သင်တဲ့အတိုင်း လက်ခံယူရတဲ့ ပညာရေးဟာ ကျွန်ပညာရေးပဲ ဖြစ်တယ်လို့ သူရဲ့ ကျွန်ပညာရေး နှင့် သခင်ပညာရေး ဆိုတဲ့ ဆောင်းပါးမှာ ပြောထားပါတယ်။ ဒေါက်တာတင်မောင်သန်းက သခင်ပညာရေး နဲ့ ပတ်သက်ပြီး အမေရိကန် ဒဿနပညာရှင် ဂျွန်ဒီဝီ (John Dewey) က ပညာရေးဆိုတာ လူက ဖြစ်လာတဲ့ ဖြစ်စဉ် လို့ ပြောထားတဲ့ စကားကို ညွှန်းခဲ့ပါတယ်။

ပြီးတော့ ဒေါက်တာတင်မောင်သန်းက လူကို အခြားသူတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ရပ် ရဲ့ အလိုကျ အတိုင်း ကိုယ့် သဘောဆန္ဒ မပါဘဲ လိုက်လျော ဆောင်ရွက်တတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားတဲ့ ပညာရေးက ကျွန်ပညာရေး ဖြစ်ပြီး၊ လူကို လူဖြစ်အောင် ပြုလုပ်တဲ့ ပညာရေးကတော့ သခင်ပညာရေး ပါ…. လို့ ဆိုပါတယ်။ ဒီကနေ့ ခေတ်သစ်ပညာရေးက လူကို လူဖြစ်အောင် ကြိုးစားတဲ့ ပညာရေး ဖြစ်တယ် လို့လဲ သူက သုံးသပ်ထား ပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေး ဆောင်ရွက်ချက်တွေ စီမံကိန်းတွေဟာ စာရွက်ပေါ်မှာတော့ အင်မတန် ကောင်းတဲ့ အစီအစဉ်တွေ ဖြစ်ပြီး လက်တွေ့မှာတော့ ကလေးတွေဟာ မူလတန်း ကနေ စလို့ ကျူရှင် ယူ၊ အလွတ်ကျက် ၏ သည် မလွဲ ဆိုနိုင်၊ ဖြေနိုင်သူတွေက အမှတ် ကောင်းကောင်း ရတဲ့စနစ် ဖြစ်နေဆဲပါ။ ဒါဟာ တသဝေ မတိမ်း လိုက်နာတတ်အောင် ပျိုးထောင်တဲ့ နည်း ပါပဲ။

မြန်မာနိုင်ငံရဲ့ လက်ရှိသင်ကြားနည်းဟာ ပညာရှင် ဆရာ တော်စိန်ခိုရဲ့ မှတ်ချက်တစ်ခုကို ကိုးကား ပြောရရင် တော့ အသိဥာဏ်ပညာ Intelligent ထက် သညာသိ Memory ကို အသားပေးတဲ့ ပညာသင်ကြားနည်းနဲ့ ပညာရေးစနစ်ပဲ ဖြစ်ပါတယ်။ ဆရာ တော်စိန်ခို ကတော့ သူ့ရဲ့ Burma Sketch ဆိုတဲ့ စာအုပ်မှာ--- အဲလို ပညာရေးမျိုးက မွေးဖွားလိုက်တဲ့ လူတွေဟာ အသိဥာဏ်ကြွယ်၊ ဆင်ခြင်တုံတရား ရှိတဲ့ လူတွေ အစား ကြက်တူရွေးလို အော်တိုမက်တစ် လူတွေပဲ မွေးဖွားပေးလိုက်တယ် လို့ ရေးသားခဲ့ ပါတယ်။

အဲဒီလို ပညာရေးစနစ်ဟာ မြန်မာနိုင်ငံမှာ အခုထိ စွဲစွဲမြဲမြဲ ရှိနေသေးတာကတော့ ဒီကနေ့ ပညာခေတ်ကြီးထဲမှာ Electronic Education , Information Technology ဆိုတာတွေ ကြွေးကျော်နေတဲ့ အာဏာပိုင်တွေရဲ့ လက်ထဲမှာတော့ မှတ်တမ်းတင်စရာ ဆိုးရွားတဲ့ စနစ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ အဲဒီ ပညာရေးစနစ်ဆိုးကြီးဟာ လက်ရှိ အစိုးရဲ့ လက်ထက်မှာ ပိုပြီး သိသိသာသာ စွဲမြဲ ထင်ရှားလာခဲ့ပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းမှာတော့ အခြေခံပညာမှာရော၊ အဆင့်မြင့်ပညာ မှာပါ အမျိုးသား ပညာရည် မြင့်မားရေး စီမံကိန်း ဆိုပြီး ပထမ လေးနှစ် စီမံကိန်း ကို စ ခဲ့ပါတယ်။ အဲဒီမှာ ဘာသာရပ် အချို့ နဲ့ သင်ရိုး မာတိကာ အချို့ အနည်းအကျဉ်း ပြောင်းတာက လွဲလို့ ထူးထူးခြားခြား တိုးတက် ကောင်းမွန်လာတဲ့ ပညာရေး အစီအစဉ်မျိုး မပါ ခဲ့ပါဘူး။ အားလုံးဟာ စာရွက်ပေါ်မှာ ရေးပြလို့ ရရုံသာ ရှိခဲ့ပါတယ်။ လောလောဆယ်မှာ တကယ် လိုအပ်တဲ့ ဟောင်းနွမ်းပြီး အနှစ်သာရ ကင်းမဲ့နေပြီဖြစ်တဲ့ သင်ခန်းစာတွေကို ခေတ်မီ၊ အဆင့်အတန်း မီအောင် ပြောင်းတာ မျိုး မလုပ်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှု နည်းစနစ်လည်း မပြောင်းခဲ့ပါဘူး။

အထူးသဖြင့်တော့ မူလတန်းအတွက် အသစ် ပြဋ္ဌာန်းတဲ့ လူမှုရေး၊ စာရိတ္တ နဲ့ လောကနီတိ ဆိုတဲ့ ဘာသာရပ် တွေဟာ စာရိတ္တ မြင့်မားရေးနဲ့ လူမှုဆက်ဆံရေး ကို ဦးမတည်ဘဲ အာဏာပိုင်တွေ ရဲ့ အုပ်ချုပ်မှု အောက်မှာ ကျိုးနွံ နာခံ တဲ့ နိုင်ငံသား ဖြစ်အောင် ရည်ရွယ် တဲ့ သင်ခန်းစာတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီ ဆိုးရွားလှတဲ့ မူလတန်းပညာရေးနဲ့ ပတ်သက်လို့ ပြည်ပရောက် ပညာရေး ပညာရှင် ဒေါက်တာသိန်းလွင် ကတော့ စစ်အစိုးရသည် ပညာရေးကို လက်နက်သဖွယ် အသုံးပြုပြီး ကလေးများကို ဝေဖန်ပိုင်းခြား စဉ်းစား နိုင်စွမ်း မရှိအောင် ပုံစံသွင်းဟန် ရှိသည်... လို့ သူ့ ရဲ့ ပညာရေး ပါရဂူ ဘွဲ့ယူ စာတမ်း တစ်စောင် မှာ သုံးသပ် ဖော်ပြ ထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ ပညာရေးထဲမှာ ကလေးတွေ ကျွန် ဖြစ်အောင် ပုံသွင်းခံ နေရတာကို ကယ်တင်ဖို့ ဆရာ ဆရာမတွေကသာ တက်ညီ လက်ညီ ကြိုးစားပြီး ပြုပြင် ပြောင်းလဲ ယူမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။

မေငြိမ်း
ဖေဖော်ဝါရီ ၊၀၆။

ကိုယ်တွေ့လေး တစ်ခု

တမြန်နေ့က မရောက်တာကြာပြီဖြစ်သော သူငယ်ချင်းတစ်ယောက်အိမ်သို့ရောက်သည်။ သူငယ်ချင်း၏ ကလေးနှစ်ယောက် မောင်ဂျော့ ( ၆တန်း ) နှင့် နှစ်မငယ် မေ ( သူငယ်တန်း ) တို့က မလာတာကြာပြီဖြစ်သော ကျွန်တော့်ကို အပြေး ထွက်လာကြိုကြသည်။ ခဏတစ်ဖြုတ်ထိုင် မိခင်ဖြစ်သူနှင့် စကားစမြည် ပြောနေစဉ် မောင်ဂျော့က ဦးရဲမွန် သားကို စာကြည့်တိုက် လိုက်ပို့ပေးပါဟုပြောလာသည်။ မေကလည်း သူပါလိုက်မည်ဟု ပြောလေသည်။ ဒါနဲ့ ဘာကြောင့်တုန်းဟု မေးတော့ ကျောင်းမှ ဆရာမက နွေရာသီ ကျောင်းပိတ်ရက်မှာ စာအုပ် အတော်များများ ဖတ်ခိုင်းလိုက်သည်ဟု ဆိုသည်။ ဖတ်ပြီးလျင် အနှစ်ချုပ်ရေးပြီး ဆရာမကို ပြန်တင်ရပေမည်။ သူငယ်တန်း ကျောင်းသူမကလည်း သူ့စာအုပ်စာရင်းနှင့်သူပင်။

သို့နှင့် ကလေးနှစ်ယောက်ကို ခေါ်ကာ ရပ်ကွက်ထဲရှိ စာကြည့်တိုက်ကို ရောက်သွားလေသည်။ ရန်ကုန်ရှိ ဗြိတိသျှကောင်ဆယ် စာကြည့်တိုက်အလား ခမ်းနားသည့် စာကြည့်တိုက်မှာ ကလေးစာအုပ် လူကြီးစာအုပ်များဖြင့် ပြည့်နှက်နေသည်။ ကလေးများ ဖတ်ချင့်စဖွယ် ဆေးရောင်စုံချယ် အရုပ်များများပါသည့် စာအုပ်များကလည်း အပုံအပင်။ မေ တစ်ယောက်ကတော့ စာအုပ်များကြား လူးလာခတ်၍ ရွေးချယ်နေလေသည်။ မောင်ဂျော့တစ်ယောက်လည်း စာအုပ်များသွားရွေးနေသည်။ ကျွန်တော်ကတော့ မေ့ စာအုပ်စာရင်းကို ကြည့်ပြီး ၄ အုပ်ခန့်ရွေးထုတ်လာသည်။ ပြီးနောက် မောင်ဂျော့ကိုယ်တိုင် ဘားကုဒ် စကင်ဖတ်၊ ပြန်အပ်ရမည့်ရက် တံဆိပ်တုံးရိုက်ပြီး စာအုပ်များကို ထုတ်ယူလာကြလေသည်။

အပြန်လမ်း ကားမောင်းရင်း အတွေးနယ်ချဲ့မိသည်။ ငါ ... သူငယ်တန်းတုန်းက စာကြည့်တိုက် တစ်ခါမှ မရောက်ဘူးခဲ့၊ ခြောက်တန်း အရွယ်တုန်းကလည်း စာကြည့်တိုက်ကို ဖုန်သုတ်ဖို့ စာအုပ်စီဖို့သာ ရောက်ဖူးခဲ့သည်။ စာအုပ် တစ်ခါမှ ငှားမဖတ်ဘူးခဲ့။ ဒီကလေးတွေများ စာကြည့်တိုက်သွားရမှာ ပျော်လို့ရွှင်လို့။ စာအုပ်တွေ တကိုင်ကိုင်နဲ့ ပြန်လာကြသည်။ ဘာလို့ ဒီလိုကွာခြားနေပါလိမ့်။ အခုခေတ် မြန်မာပြည်ရှိ ကလေးတွေရော စာကြည့်တိုက် သုံးနေကြပြီလား စသည်ဖြင့်ပေါ့။

စာဖတ်ခြင်းဟာ လောက တံခါးကို ဖွင့်ပေးနေတာ ဆိုခဲ့လျင် ဒီကလေးနှစ်ယောက်အတွက် တံခါးတွေက ပွင့်ပြီးသား ဖြစ်နေပါကလားဟု ကျေနပ်စွာ တွေးရင်း အိမ်ကို ပြန်လာမိပါတော့တယ်။

Burma Looks to British System to Improve School Standards

News clipping.


Burma Looks to British System to Improve School Standards
August 2, 2007
by Aye Lae

http://www.irrawaddy.org/article.php?art_id=8094

Wednesday, August 1, 2007

ပညာရေး အကျပ်အတည်း (၆)

သင်ကြားနည်းပြဿနာ

ပညာရေးစံနစ်တစ်ခုအတွက် နောက်ထပ် အရေးကြီးဆုံး လိုအပ်ချက်တခုဖြစ်တဲ့ သင်ကြားနည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။
သင်ကြားနည်းနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ အထင်ကရ အဖြစ်ဆုံး ပညာရေးတက္ကသိုလ်မှာ သင်ကြားနည်း စနစ်တွေ ပို့ချနေတာ ရှိပါတယ်။ ပြီးတော့ ပညာရေးကောလိပ်တွေ၊ ဆရာဖြစ် သင်တန်းကျောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေ အနေနဲ့ စနစ်ကျတဲ့ နည်းပညာတွေကို သိကြရ ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာက သိတာ တခြား အသုံးချတာ တခြား ဖြစ်နေတာကြောင့်ရော သင်ယူရတဲ့ နည်းပညာတွေက ဟောင်းနွမ်းနေတဲ့ အတွက်ကြောင့်ရော အဲဒီ ပညာရေးတက္ကသိုလ်က ဆင်းတဲ့ ဆရာဆရာမတွေရဲ့ သင်ကြားနည်းတွေဟာ ကျောင်းသား ကျောင်းသူတွေ အတွက် အတော်ကို လွဲချော်နေပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ ကလေးတွေ ရဲ့ ပညာရည် အဆင့်ဟာ တစ်နေ့ထက် တစ်နေ့ ထိုးကျလာတာ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ မြန်မာနိုင်ငံ ပညာရေး သုတေသနဌာန က အခြေခံ ပညာရေးအဆင့်နဲ့ ပတ်သက်ပြီး သင်ကြားနည်း စနစ်တွေ ပညာရေးကဏ္ဍ လိုအပ်ချက်တွေကို ကွင်းဆင်း လေ့လာပြီး သုတေသနပြုတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေ အနေနဲ့ ခေတ်အခြေအနေရဲ့ တွန်းပို့မှုနောက်ကို မျောပါနေကြတာမို့လို့ စာတွေ့နဲ့ လက်တွေ့ ကင်းကွာရတဲ့ ပြဿနာရှိတဲ့အတွက် ပညာရေးသုတေသနဌာနရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ ပညာရေး တက္ကသိုလ်က ပို့ချတဲ့ နည်းနာတွေဟာ တကယ့် သင်ကြားရေး နယ်ပယ်ထဲကို ရောက်မလာပါဘူး။ ဆရာ ဆရာမတွေ လက်သင့်သလို သင်နည်းတွေနဲ့ပဲ ကလေးများက ထိတွေ့ခွင့် ရကြတာပါ။

ဒါကြောင့်ပဲ ပညာရေးတက္ကသိုလ်ကျောင်းက ဆရာဆရာမတွေ လက်တွေ့တန်းပြ ဆင်းရတဲ့ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှာတောင်မှပဲ နိုင်ငံတကာ ပညာရေး စံနစ်တွေမှာ အောင်အောင်မြင်မြင် ကျင့်သုံးနေတဲ့ စာသင်သား ဗဟိုပြု သင်ကြားနည်း (Student centered teaching) တနည်းအားဖြင့် ကလေး ဗဟိုပြု သင်ကြားနည်း ကို အခု ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ထိတောင် မသုံးကြသေးတာကို တွေ့ရပါတယ် ။

စာသင်သား ဗဟိုပြု သင်ကြားနည်းဟာ နိုင်ငံတကာမှာ ၁၉၆၀ နောက်ပိုင်းက စပြီး သေသေချာချာ ဥပဒေပြုပြီး တရားဝင် သုံးလာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကတော့ ကမ္ဘာပေါ်မှာ အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဖြစ်တဲ့ ဆရာကသာ အစဉ်တစိုက် ညွှန်ကြားတဲ့ ဆရာဗဟိုပြုသင်ကြားနည်း (Teacher centered teaching) တနည်းအားဖြင့် ဆရာကသာ တောက်လျှောက် ဦးဆောင် ပို့ချသွားတဲ့ (Teacher directed instruction) သင်ကြားနည်းကိုသာ ခုချိန်ထိ မူလတန်းကနေ စပြီး ဘွဲ့လွန်တန်း တွေထိအောင် သုံးနေတုန်းပါပဲ။

ဥပမာ ပြောပြရရင် ရန်ကုန် ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းက မူလတန်း ကလေးတစ်ယောက်ရဲ့ သင်ခန်းစာထဲမှာ ဈေး၌ တွေ့ရသော ပန်းငါးမျိုး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁)နှင်းဆီပန်း (၂) စပယ်ပန်း (၃) ခရေပန်း (၄) ပိန်းပန်း (၅)သစ်ခွပန်း လို့ ဆရာမက သင်ထားတာကို ကလေးက ပန်းတစ်မျိုးမျိုး လွဲပြီး ဂန္ဓမာပန်း တို့ သစ္စာပန်းတို့ ထည့်ဖြေ မိရင် အဲဒီအတွက် အမှတ် လျော့ပါတယ်။ ပိုဆိုးတာ ကတော့ နံပါတ်စဉ် မှားပြီး ဖြေမိ ရင်လဲ အမှတ် လျော့ ပါ တယ်။ အဲလောက်တောင် လွဲချော်တဲ့၊ ကလေးတွေရဲ့ စဉ်းစားသိမှုကို ပျက်စီးစေတဲ့ သင်နည်း နဲ့ အရည်အချင်း စစ်ဆေးနည်းကို ခုချိန်ထိ မြန်မာနိုင်ငံရဲ့ ကျောင်းတွေမှာ သုံးနေတုန်းပါပဲ။

အဲဒီလို ကလေးတွေကို ဆင်ခြင်ဥာဏ် မသုံးတတ်စေတဲ့အပြင် ကိုယ်ရည် ကိုယ်သွေး ကျဆင်းရေးကိုပါ ဦးတည် တဲ့ သင်ကြားနည်းမျိုးကို မြန်မာနိုင်ငံရဲ့ ပညာရေးမှာ စံပြ လို့ဆိုတဲ့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း မှာတောင်မှပဲ အခြေခံပညာ ကနေ အခြေခံပညာ အထက်တန်းဆင့် ထိအောင် သုံးနေတာဟာ ကလေးတွေ အရည်အချင်း မပြည့်မီရခြင်းရဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ၂၀၀၅ ပညာသင်နှစ်မှာ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်းရဲ့ (၈)တန်းအဆင့်မှာ ပညာသင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က ခုလို ပြောထားပါတယ်။

လပတ်စစ် အကဲဖြတ် စာမေးပွဲရဲ့ မြန်မာစာမေးခွန်းမှာ ကဗျာတစ်ပုဒ်ကို စကားပြေပြန်ပါ လို့ မေးထားတာကို ဆရာမပေးတဲ့ မှတ်စုအတိုင်း တသဝေ မတိမ်း မရေးဘဲ ကိုယ် နားလည်သလို ရေးပြီး ဖြေခဲ့ပါတယ်။ ကဗျာမှာပါတဲ့ အချက်အလက်အားလုံးလည်း မလွဲမချော် မှန်ပါတယ်။ ဒါပေမဲ့ သူပေးတဲ့ မှတ်စုအတိုင်းမဟုတ်တဲ့အတွက် ဆရာမက ပေးရင်းမှတ် ၁၀မှတ်ရှိတာမှာ ၃မှတ်ပဲ ပေးပါ တယ်။ ပြီးတော့ ဆရာမ ပေးတဲ့အတိုင်း မဖြေတဲ့အတွက် ကျနော့ကို ဆူပါတယ်။


အဲဒါဟာ ခု မျက်မှောက်ခေတ် ၂၁ရာစု ကမ္ဘာ့ ပညာရေးစနစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိပ်ကို နောက်ကျ ကျန်နေ ပြီ ဖြစ်တဲ့ သင်ကြားနည်းစနစ်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အဲဒီ သင်ကြားနည်းဟာ ဘရာဇီး လူမျိုး ပညာရေးပညာရှင် Paulo Frerie ရဲ့ အဆိုအရ ကလေးတွေရဲ့ ဦးနှောက်ထဲကို သင်ခန်းစာတွေ အတင်း သွပ်သွင်းတဲ့ Banking concept of Education လို့ နာမည်ပေးထားတဲ့ ဘဏ်ထဲမှာ စုဆောင်းသလို ထည့်သွင်း တဲ့ သင်ကြားနည်း ဖြစ်ပါတယ်။ အဲဒီ သင်ကြားနည်းရဲ့ ဆိုးကျိုးကိုတော့ Frerie က ကလေးတွေအနေနဲ့ အသွပ် သွင်း ခံရတဲ့ အချက်အလက် တွေကို ထိန်းသိမ်းထားရတဲ့အတွက် ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဥာဏ် (Critical Consciousness) တွေ ဖွံ့ဖြိုးမှု နည်းပါးသွားတယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ အဲဒီ သင်ကြားနည်း က ဗဟိုကနေ ချုပ်ကိုင်တဲ့ စနစ် ဖြစ်ပြီး အမိန့်နာခံတတ်မှုကို ပျိုးထောင် ပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်။

စာသင်သား ဗဟိုပြု ပညာရေး (Student centered Education) ကတော့ ကလေးတွေကို လူတစ်ယောက်ချင်း စီရဲ့ တန်ဖိုးကို သိအောင် လမ်းညွှန်မှု ပေးနိုင်တဲ့ သင်ကြားနည်းမျိုးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ပင်ကို အသိဥာဏ်ကို လမ်းဖွင့်ပေးပြီး လွတ်လွတ် လပ်လပ် ဝေဖန် သုံးသပ် တတ်အောင် လေ့ကျင့်ပေးတဲ့ နည်း ပါပဲ။ ကလေးတွေ ရလာမယ့် အနာဂတ်ထက် လက်ရှိ အခြေအနေကို ဦးစားပေးပြီး ပျိုးထောင်ပါတယ်။ အထူးသဖြင့်တော့ ကလေး တွေ ရဲ့ ပင်ကို ရှိရင်းစွဲ အသိဥာဏ်ကိုပဲ တဆင့်စီ အလိုလို ဖွံ့ဖြိုး တိုးတက်သွားအောင် မွမ်းမံ ပံ့ပိုးပေးတဲ့ သင်ကြားနည်းပဲ ဖြစ်ပါတယ်။

ကလေးပညာရေး နဲ့ ပတ်သက်ရင်တော့ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန် နဲ့ ဆွီဒင်နိုင်ငံ စတဲ့ စကင်ဒီနေဗီးယန်း နိုင်ငံတွေရဲ့ သင်ကြားနည်းတွေ သင်ရိုးတွေဟာ အင်္ဂလန်နိုင်ငံကတောင် နည်းယူရတယ်လို့ ဆိုပါတယ်။ ကလေးတွေကို နေ့တ၀က်သာ စာသင်ပြီး ကျန်တဲ့ နေ့တ၀က် ကိုတော့ ကလေးတွေ ၀ါသနာပါရာ ကိုယ်ခန္ဓာနဲ့ ဥာဏ်စွမ်းကို တိုးတက်စေတဲ့ ကစားနည်းတွေနဲ့ လွတ်လွတ်လပ်လပ် ကြီးပြင်းစေတဲ့ ကျောင်းပညာရေး စနစ်မျိုး ပါ။ ကလေးတွေဟာ ကျောင်းပညာရေးရဲ့ ဖိစီးမှုကိုလဲ မခံကြရဘဲ အတွေးအခေါ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက် စေတဲ့ အလေ့အကျင့်တွေနဲ့ ကြီးပြင်းခွင့် ရတဲ့ ပညာရေး စနစ်ပါပဲ။

အတန်းထဲမှာ ဆရာ နဲ့ တပည့်ဟာ ရင်းရင်းနှီးနှီး ရှိပြီး စာသင်သား ဗဟိုပြု သင်ကြားနည်း နဲ့ သင်ခန်းစာတွေကို အပြန်အလှန် မေးကြ ဖြေကြရင်း ကလေးတွေ ကိုယ်တိုင် သူတို့ရဲ့ သင်ခန်းစာတွေနဲ့ တသားတည်း ကျသွားစေတာပါ။

အဓိက ကတော့ ကလေးတွေအနေနဲ့ ဘာကိုမဆို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရှိတယ်၊ တီထွင် ကြံဆခွင့် လည်း ရှိတယ်၊ ကလေးတွေအတွက် သင်ထောက်ကူ ပစ္စည်း အမျိုးမျိုး ရှိတယ်။ စာသင်တဲ့အခါ ကလေးတွေကို ခေါင်းစဉ်တခု ချပြလိုက်ပြီး သူတို့အတွေးတွေ အမြင်တွေကို ပြောခိုင်းတယ်၊ ပြီးမှ ဆရာက ရှင်းပြပြီး ဆရာ ရှင်းပြ ထားတာ ဖြစ်နိုင် မဖြစ်နိုင် သူတို့ကို ဝေဖန်ခိုင်းတာပဲ။ အဲဒီနည်းဟာ ကလေးတွေရဲ့ ဆင်ခြင်ဥာဏ် Critical Thinking ကို သိသိသာသာ တိုးတက်စေနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒိန်းမတ်နိုင်ငံကနေဆိုရင် အမျိုးမျိုး သော နိုဘယ်ဆုရှင် ၁၃ယောက်တောင် ပေါ်ထွက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာတော့ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ရင် အခြေခံ ပညာကနေ စလို့ သင်ရိုးတွေ သင်ကြားနည်းတွေကို နိုင်ငံတကာ ပညာရှင်တွေရဲ့ လေ့လာ တွေ့ရှိချက်တွေအတိုင်း အမြဲတမ်း တီထွင် ကြံဆ နေကြတာပါ။ ဒီနေ့ ပညာခေတ်ကြီးထဲမှာ ကလေးလူငယ်တွေ စိတ်ရော ကိုယ်ပါ ဖွံ့ဖြိုး တိုးတက် ကြဖို့ စီမံကိန်းတွေနဲ့ စနစ်တကျ အကောင်အထည် ဖော်နေကြတာပါ။ မြန်မာနိုင်ငံမှာလဲ ၂၀၀၀ပြည့်နှစ်က စလို့ အမျိုးသား ပညာရည် မြင့်မားရေး စီမံကိန်း ဆိုပြီး လုပ်နေတာ ရှိပါတယ်။ အဲဒီ စီမံကိန်းရဲ့ အကျိုးအပြစ် တွေကို တော့ နောက်ပိုင်းဆောင်းပါးတွေမှာ ဆွေးနွေးတင်ပြသွားပါ့မယ်။

မေငြိမ်း
(ဇန်န၀ါရီ ၊၂၀၀၆)

 

© 2007 IngridGrey By Arephyz