Tuesday, September 7, 2010

အကောင်းဆုံး ကျောင်း

သိန်းနိုင်

“အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။”


မိတ်ဆွေများ၊ မိဘများနှင့် လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမများက မကြာခဏ ဤမေးခွန်းကို မေးမြန်း တတ်ကြပါသည်။ “ဒီမြို့ရဲ့ အကောင်းဆုံး မြန်မာကျောင်းက ဘယ်ကျောင်းလဲ” ဟူ၍ ဖြစ်၏။ ကျနော်ကလည်း ယခုလိုပင် အစဉ်ပြန်လည် ဖြေကြားတတ်သည်။ “အကောင်းဆုံး ကျောင်းဆိုတာ မရှိသေးဘူး။ ကမ္ဘာပေါ်မှာလည်း ဘယ်မှာမှကို မရှိခဲ့သေးဘူး။” အချို့ ဇဝေဇ၀ါ ဖြစ်ကုန်ကြသည်။ အချို့မှာ မကျေမနပ်။ မိမိ၏ ကျောင်းကိုမှ အကောင်းဆုံးဟု ယူဆထားသည့် မိဘများနှင့် ဆရာဆရာမများမှာလည်း မာန်မချနိုင်သေး။ ကျနော် ထပ်မံ ရှင်းပြ ရပြန်သည်။ “တကယ်ဆိုရင် မိဘတွေကော ဆရာဆရာမများပါ မေးရမယ့် မေးခွန်းအမှန်က ဒီလိုပါ။ ပြန်လှန် စဉ်းစား တွေးတောစရာလည်းပါပြီး တန်ဖိုးအားဖြင့်လည်း ပိုအကဲဖြတ်ရာ ရောက်ပါမယ်။ --- ကလေးတွေ၊ ကျောင်းသားတွေ ဟာ အိမ်မှာဖြစ်စေ၊ ကျောင်းမှာ ဖြစ်စေ အကောင်းဆုံးသော သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ရရှိနေရဲ့လား။”

လက်တွေ့မကျသော မျှော်လင့်ချက်

မိဘများ၏ ခံစားချက်များနှင့် ခံယူချက်တို့ကို နားလည်ပေးနိုင်ပါသည်။ ကျောင်းအပေါ်တွင် သူတို့မှ ဤသို့ (လွဲမှားစွာ) ရှုမြင်တတ် ကြသည်။ “ကလေး၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး ကျောင်းမှာ လုံးဝ တာဝန်ရှိသည်။ အကောင်းဆုံး ကျောင်းသည် အခြားကျောင်းများ ထက် ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။” မိဘများ သိရှိသင့်သည့် အရေးကြီးသော အချက်တစ်ချက်ကို ထောက်ပြလို ပေသည်။ မှော်ဆရာ၏ ပဉ္စလက်ပညာမျိုးနှင့် ကျောင်းများသည် အောင်မြင်မည့် လူသားတို့ကို အဆင်ပြေ ချောမွေ့စွာပင် မွေးထုတ် ပေးနိုင်ခြင်း မဟုတ်ပါ။ ဆန်းစစ်ကြည့်ကြပါစို့။ “အကောင်းဆုံး ကျောင်း” ဟု ယူဆသည့် ကျောင်းများတွင် တက်ရောက်နေကြသည့် ကလေးများစွာတို့မှာ ကျောင်းလွှတ်လျှင် လွှတ်ချင်းပင် ကျူရှင် (သို့မဟုတ်) အပိုချိန်များသို့ ပြေးကြရပြန်သည်။ တစ်နေ့တာ ကျောင်းတွင် လေ့ကျင့်သင်ကြား ထားသည်တို့ကို ထပ်မံ လေ့လာခွင့် ရရှိကြခြင်းပင်။ အချိန်ပိုများစွာပေးပြီး ကျူရှင်တက်ရောက် ကြရသည့် အလေ့ကို အားပေးလို၍ ပြောပြခြင်းမဟုတ်ပါ။ ကလေးများ လေ့ကျင့်ခွင့် ပိုမိုရရှိသည့် သဘောကို ထောက်ပြခြင်းနှင့် အိမ်မှ တာဝန်ယူနိုင်မှုကို နားလည်စေလို၍ဖြစ်သည်။

ဘ၀တွင် အောင်မြင်သော၊ အဆင်ပြေသော သူများ ဖြစ်လာစေရန်အတွက်မှာ ကျောင်းတစ်ခုတည်းနှင့် မလုံလောက် နိုင်ပါ။ ဤအချက်ကို နားမလည်နိုင်သည့် မိဘများမှာ ကျောင်းများသည် သူတို့၏ သားသမီးများကို ထင်ပေါ် ကျော်ကြားသည့် ပုဂ္ဂိုလ်များဖြစ်သည့် အဲလဗတ်အိုင်စတိုင်း၊ ဘီလ်ဂိတ်နှင့် ဘန်ကာလ်ဆန် တို့ကဲ့သို့ မွေးထုတ် ပေးမည်ဟူ၍ ဖြစ်၏။ မိဘများ ကိုယ်တိုင် ကလေးများနှင့် အချိန်ယူပြီး ပညာရေး ပံ့ပိုးမှုအနေဖြင့် ကလေး တစ်ဦးချင်း အတွက် အချိန်ပေးကြပါ၏လော။

ကျောင်းမပို့မီက မိဘအိမ်

ပညာရေး သုတေသန လေ့လာတွေ့ရှိမှုမှာမူ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါသည်။ ပညာရေးတွင် ထူးချွန် အောင်မြင်သော ကျောင်းသားများ၏ မိဘများ (ဆရာဆရာမများမဟုတ်ပါ) သည် ကလေး၏ ဥာဏ်ရည်၊ ကိုယ်ပိုင် စည်းကမ်း၊ ခံယူချက်နှင့် အသိပညာတိုးပွားစေသည့် စူးစမ်းလေ့လာလိုမှုတို့နှင့် ပတ်သက်ပြီး သင့်တင့်သော အတွေးအမြင် ရှိထားကြသူများသာ ဖြစ်ကြကုန်သည်။ ဤမိဘများမှ လှုံ့ဆော်မှုရှိသော ပညာ ပတ်ဝန်းကျင်ကို အိမ်တွင် ဖြစ်စေခြင်းနှင့် အရည်အသွေးမီသော သင်ယူလေ့လာခြင်း အတွေ့အကြုံတို့ကို ထိတွေ့ ရရှိစေခြင်းဖြင့် ကလေး၏ ဉာဏ်ရည် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်ပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ သူငယ်တန်း မစတင်မီကတည်းကပင် ကလေး၏ သင်ယူလေ့လာမှု ခရီးလမ်းအတွက် မိဘများမှ တက်တက်ကြွကြွ စီစဉ်ကြသည်။ (စာကြိုသင်ပေးခြင်းကို မဆိုလိုပါ။) ကလေး၏ မူကြိုဘ၀ ပညာရေးနှင့် သင့်တော်မှုရှိသော ပံ့ပိုးမှုတို့ကို စိတ်ဝင်တစား လုပ်ဆောင်ကြ၏။

ထူးချွန်ထက်မြက်သော ကလေးများ၏ မိဘများသည် ကလေး၏ အောင်မြင်မှုမှာ မိဘများနှင့် အိမ်တွင်း ပညာရေး ပံ့ပိုးမှု အခြေအနေများအပေါ် ပိုမို တည်မှီနေသည်ဟူသော မှန်ကန်သည့် အမြင်ကို ခံယူထားကြသူများပင်တည်း။ ကျောင်းဆရာဆရာမများနှင့် ကျောင်းသင်ရိုးညွှန်းတမ်းတို့တွင် အဓိကအားဖြင့် မူမတည်ဟုလည်း (မှန်ကန်စွာပင်) ရှုမြင်ထားကြသည်။ ကလေးပညာရည် တိုးတက်မှုမှာ မိဘများ၏ စနစ်တကျ၊ ပုံမှန်ကူညီပံ့ပိုးမှု၊ ပါဝင်ဆောင်ရွက်မှု ကြောင့်သာ ရရှိနိုင်သည်ဟုလည်း နားလည်ထားကြသူများပါ။ ကလေးများ၏ အပြုအမူ၊ အကျင့်နှင့် ပညာရေး လိုက်စားမှု တို့အပေါ် လမ်းတည့်ပေးခြင်း၊ ကူညီမှုရှိခြင်းကြောင့် အကျိုးများသော၊ သင်ယူလေ့လာလိုသော၊ သင်လွယ် တတ်လွယ်သော အလေ့အထကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများကို ဖြစ်ထွန်းစေသည်။

အတုယူစရာ

အီဒစ်စတန်နှင့် ရုသ်လောရန့်စ်တို့၏ အတွေ့အကြုံများမှာ ဤသို့ပင်တည်း။ ငယ်စဉ်ကပင် အလွန်ထူးချွန် ထက်မြက် ကြသည်။ အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ပုဂ္ဂိုလ်ထူး၊ ပါရမီရှင်မျိုးရိုးကတော့လည်း မဟုတ်ကြပါ။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှာ ကတည်းကပင် မိဘများ၏ ကြင်နာယုယမှုနှင့် ပညာရေး အားပေးမှု၊ သွန်သင်မှုတို့ကြောင့် အီဒစ်နှင့် ရုသ်တို့၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုတို့အတွက် များစွာအရေးပါခဲ့လေသည်။

နယူးယောက်မြို့မှ ဖခင်ဖြစ်သူ အာရွန်စတန်သည် သမီးဖြစ်သူ အီဒစ်ကို ပညာရေးအတွက် လှုံ့ဆောင်မှု အကောင်းဆုံး ဖြစ်မည့် ပတ်ဝန်းကျင်ကို ဖန်တီးထားပေးခဲ့လေသည်။ အီဒစ်မွေးကင်းစကတည်းကပင် ဂန္ထ၀င်တေး ဂီတကို တီးခတ်ပေးပြီး နားဆင်စေသည်။ လူကြီးလူကောင်းစကားများ ရွေးချယ်ပြောဆိုသည်။ ပုံပြကဒ်ပြားများ အသုံးပြုပြီး စကားလုံးသစ်များ ကို နေ့စဉ် လေ့ကျင့် သင်ကြားပေးသည်။

ဤသို့ ပံ့ပိုးမှု၊ ထိတွေ့စေမှု၊ လေ့ကျင့်ပေးမှုနှင့် လှုံ့ဆော်မှုများ၏ အကျိုးဆက်အနေဖြင့် အသက်တစ်နှစ်အရွယ်မှာပင် ၀ါကျစာကြောင်းများကို ပြည့်ပြည့်စုံစုံ ပြောဆိုနိုင်ခဲ့သည်။ ငါးနှစ်အရွယ်တွင် ဘရစ်တိန်နီကာ စွယ်စုံကျမ်း အတွဲအားလုံး ကို ဖတ်ရှုပြီးစီးလေပြီ။ ၆နှစ်သမီးအရွယ်တွင် နယူးယောက်တိုင်း သတင်းစာနှင့် စာအုပ် ၆ အုပ်ကို နေ့စဉ် ဖတ်ရှုတော့သည်။ အသက် ၁၂ နှစ်တွင် ကောလိပ်တက်ခွင့် ရရှိခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် မစ်ရှီဂန်ပြည်နယ် တက္ကသိုလ်တွင် အဆင်မြင့်သင်္ချာပြ ဆရာမတစ်ဦး ဖြစ်နေလေပြီ။

နောက်ထပ်တစ်ဦးမှာ အင်္ဂလန်မှ ရုသ်လောရန့်စ်ဖြစ်၏။ မိဘများမှ အိမ်တွင်းပညာရေး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးထားရှိပေးခဲ့သည်။ တေးဂီတ၊ ကလေးပညာရေး ကစားစရာပစ္စည်းများနှင့် ပညာရေး လေ့လာမှုများကို ရရှိခဲ့သည်။ ကိုးနှစ်အရွယ်တွင် ကင်းဘရစ် O Level စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့လေသည်။ ပုံမှန် ၁၆ နှစ်အရွယ်များသာ ၀င်ရောက်ဖြေဆိုသည့် စာမေးပွဲဖြစ်၏။ ၁၀ နှစ် သမီးအရွယ်တွင် A Level အောင်မြင်ခဲ့ပြီး အောက်စဖို့ဒ် တက္ကသိုလ်သို့ အသက် ၁၂ နှစ် အရွယ်တွင် တက်ရောက်ခွင့် ရရှိခဲ့သည်။

မိဘများမှ မေးသင့်သည့် မေးခွန်း

ဤဖြစ်စဉ် ၂ ခုစလုံးတွင် ပညာရေးအောင်မြင်မှု၊ ထူးချွန်မှုတို့မှာ အိမ်မှ အစပြုခြင်းနှင့် ငယ်စဉ်ကတည်းကပင် အခွင့်အလမ်း ရရှိခြင်းတို့ဖြစ်ကြောင်း တွေ့မြင်ရပါမည်။ ကျောင်းမှ ပံ့ပိုးကူညီမှုဖြင့် အောင်မြင်မှုရရှိမည်ကို စောင့်စား မျှော်လင့်နေမည့်အစား မြန်မာမိဘများသည် မိမိတို့ ကိုယ်တိုင်ပင် အိမ်မှ အစပျိုး ကူညီပံ့ပိုးမှုပေးရန် အထူး အရေးကြီး သည်ကို သိမြင်နားလည်သင့်၏။ အထူးသဖြင့် ပညာရေးတန်ဖိုးများ ကျဆင်းနေရသည့် ဤကာလ၀ယ် အိမ်နှင့် မိဘတို့၏ အခန်းကဏ္ဍမှာ ကလေးငယ်၏ အနာဂတ်ပညာရေးအတွက် ပို၍ပင် အခရာ ကျနေတော့သည်။ မိဘဖြစ်သည့် မိမိတို့ အပိုင်း၏ အထူးအရေးပါမှုကို သဘောပေါက်လှ သင့်ပါသည်။ ဤတွင် မိဘများမှ ပထမဆုံး မေးခွန်းထုတ်သင့်သည်မှာ ဤသို့ဖြစ်သင့်သည် မဟုတ်ပါလား။ “ ကျောင်းဆရာဆရာမ တွေနဲ့ ကျောင်းရဲ့ တာဝန်ရှိမှုကို မပြောခင်မှာ တို့ရဲ့ကလေးပညာရေး အောင်မြင်မှုအတွက် အိမ်ကနေပြီးတော့ တို့ကိုယ်တိုင် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ကြရဲ့လား။”

သိန်းနိုင်

2 comments:

ဟန်ကြည် said...

ကိုသိန်းနိုင် ထောက်ပြတဲ့အချက်ဟာ စဉ်းစားသင့်ပါတယ်... ဘာကြောင့်လဲဆိုရင် မြန်မာမိဘ အများစုဟာ ကလေးသူငယ် ပြုစုပျိုးထောင်မှုနဲ့ ပတ်သက်ရင် အင်မတန်အားနည်းနေတာ တွေ့ရပါတယ်...

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ ဆိုတဲ့စကားကို သွားသတိရပါတယ်...ကျွန်တော်ကိုယ်တိုင်လည်း ရေခံမြေခံကောင်း မပါခဲ့တဲ့ ကလေးတွေကို ပြုပြင်ပျိုးထောင်ပေးရတာ ခက်ခဲလွန်းနေတာမို့ မိဘတွေကို မကြာမကြာအကူအညီတောင်းနေရပါတယ်...

ပညာရေးဆိုတာ သုံးချောင်းထောက် ခွေးခြေနဲ့တူတာမို့ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးသုံးဖလှယ် တက်ညီလက်ညီဆောင်ရွက်မှ အောင်မြင်ပါလိမ့်မယ်...

ဆရာလယ်တွင်းသားစောချစ်ရဲ့ ပန်းလိုချင် အပင်ပျိုးတတ်မှ စာအုပ်ကို မိဘတွေဖတ်ကြရင် ကျွန်တော်တို့တွေ ကျောင်းသားထိန်းသိမ်းရေးထက် သင်ကြားမှုမှာ ပိုပြီးအာရုံစိုက်နိုင်ပြီး ပိုပြီးအောင်မြင်လာပါလိမ့်မယ်...


လေးစားလျက်....

ဟန်ကြည် said...

ပညာရေးလောကမှာ မိဘတွေရဲ့ အခန်းကဏ္ဍကို မေ့နေကြတာ တော်တော်ကြာနေပါပြီ...တကယ်တော့ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘပါ...

ပညာရေးဟာ ကျောင်းသား၊ မိဘနဲ့ ဆရာ သုံးဦးသုံးဖလှယ် တက်ညီလက်ညီကြိုးစားရတဲ့ အရာပါ...

တကယ်လို့သာ မိဘတွေဘက်က ကျောင်းသားတွေကို ထိန်းသိမ်းပြီး မျို့စေ့ကောင်းတွေထည့်ပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျောင်းသားထိန်းသိမ်းရတဲ့ တာဝန်တစ်ခုလျော့သွားပြီး သင်ကြားမှုကိုသာ အာရုံစိုက်စရာလိုတော့မှာမို့ ပညာရေးပိုပြီးအောင်မြင်လာမှာပါ...

အောင်မြင်ပါစေ...

 

© 2007 IngridGrey By Arephyz