Wednesday, February 17, 2010

စာသင်ကျောင်းက ကယ်နိုင်ပါ့မလား - နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း

သိန်းနိုင်

ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်းကဲ့သို့ပင် ဘ၀နှင့် တသားတည်း ရှိစေရန် ကျောင်းသားများအနေဖြင့် စံတန်ဖိုးများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုတို့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ခွင့်များ ရရှိစေသင့် ပါသည်။

လူမှု အဖွဲ့အစည်းငယ် တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တစ်ခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန်ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူအဖွဲ့အစည်း၏ စည်ပင် သာယာခြင်း၊ စည်းလုံး ညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။

မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း၊” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင်း တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ် သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တစ်ဆက် တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့ အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဘန်စစ်ကြော တတ်စေ ရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံး သင့်သည်တို့ကို သိမြင်ခံစား တတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရအုံး မည်ဖြစ်ပါသည်။

စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြား ခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး၊ စသည့်အချက်များ အပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။

လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင် ပါသည်။ အစ္စလမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်း ပ၀ါဝတ်ရုံများကို ၀တ်ဆင်ကြသည်။ ၂၀၁၀ ဇန်န၀ါရီလတွင် ပြင်သစ်ပါလီမန်မှ ဤ၀တ်စုံတို့ကို ၀တ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ၀တ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုး များ အပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင်ဖြစ်သည်ဟု ရှုမြင် သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်းဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာ သော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင်ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင် သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံ များ၊ လူထု သယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံ ထားသည့် ခေါင်းဆောင်း ၀တ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ် နိုင်ငံတွင် မူဆလင်အမျိုးသမီး ၀တ်စုံ အပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင်ဖြစ်တော့သည်။ (အေအက်ပီသတင်းစဉ်)

မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစ်စုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက် လည်း ကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာ အားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှ တဆင့်ဖော်ထုတ်ခွင့် မပြုခြင်းများပင်ဖြစ်သည်။ ဤကဲ့သို့ တစ်ဖက်စောင်းနင်း ကျင့်ကြံမှု များသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှုစွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန် အတွက်လည်း လေ့ကျင့် သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂၀၀၆)

စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ်ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်း အတွင်းရှိသူ အားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများ အပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိ အခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။

ဘုံနည်းလမ်းများ

ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလ များတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေး မီနှစ်များမှ ပညာရေးသမား များသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်း သင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည် ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံး ကြရန်ပင်ဖြစ်လေသည်။

ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တစ်ဦးတစ်ယောက်ခြင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိ ရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘ၀နှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံး လာခြင်း တို့ကို ဆိုလိုပါသည်။

ချဉ်းကပ်မှုနည်းလမ်း အသစ်

အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင် သုံးသပ် သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံးအသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင် ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ် တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာ တွေရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင် လုပ်ဆောင်မှုမရှိသည့် အတွက်ပင် ဖြစ်သည်။

ကိုယ်တိုင် သိမြင် ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘ၀တွင် လက်တွေ့လိုက်နာ ကျင့်ကြံခြင်းမရှိသော စံတန်ဖိုးများသည် ကျင့်ဝတ် နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့် ပျိုးထောင်ပေးမှုမရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။

သင်ကြားရန်နည်းလမ်းများ

ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကိုသင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက် ပေးမည့် သင်နည်း အထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတစ်ရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်း စိတ်ဖြာ လေ့လာခြင်းပင်ဖြစ်သည်။ စံတန်ဖိုး အသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။

ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစား တွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန် ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြား ခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက် များနှင့် အတွေးအမြင်သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြ ဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန်လိုအပ်ပါသည်။

ဆန္ဒမဲပေးခြင်း

ဆရာမှ ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တစ်ခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။
•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ၀ယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ၀တ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင် ရွေးချယ် ၀တ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန် အရေးကြီးပါသည်။

အဆင့်သတ်မှတ်ခြင်း

ဖြစ်နိုင်ချေ သုံးခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများမှ အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်းဖြစ်သည်။
• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတစ်ဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတစ်ဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ် သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေ တို့ကိုလည်း ထင်ဆင့် ရှင်းလင်း ဆွေးနွေးပေးရန် ဆရာမှ ယခင်အတိုင်းမေးမြန်းခြင်း ပြုရပါအုံးမည်။

စံတန်ဖိုးပြ မျဉ်းရှည်

မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဘက် ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအ၀င် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။

တစ်တန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင် ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တစ်ကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများမှ သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်းဖြစ်သည်။ မတူညီသော ရပ်တည်ချက် များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာ လည်းကောင်းသော သင်ကြားနည်းလမ်းတစ်ခုဖြစ်၏။

ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတစ်ဖက်တွင် “ဒီမိုကရေစီ နည်းကျ အုပ်ထိန်းမှု” ဟုရေးသားပြီး၊ အခြားအစွန်းတစ်ဖက်တွင်မူ “ချုပ်ချယ် ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်း ပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဘက်အပါဝင် မျဉ်းတန်း တစ်လျောက် နေရာအနှံ့တွင် သူတို့ ရပ်တည် ချက်အရ ရွေးချယ် ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ် ရပ်တည်ရသည်ကို ရှင်းလင်း ဆွေးနွေးကြရခြင်း ဖြစ်သည်။

မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက် သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ် နေဆဲပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်း သင့်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်း တွင် သင်ရိုးကို ပြဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

သိန်းနိုင်

1 comments:

Anonymous said...

Good fill someone in on and this post helped me alot in my college assignement. Say thank you you seeking your information.

 

© 2007 IngridGrey By Arephyz