Tuesday, March 16, 2010

ပညာရှာရာ စိတ်၏ လွတ်လပ်မှု

သူရိန်ထက်လင်း
(စပယ်ဖြူ မဂ္ဂဇင်း အမှတ် (၁) ဇွန်လ၊ ၂၀၀၄)

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွင် စိတ်ပညာ၏ ပါဝင်ကူညီမှုကို ရှေ့အခန်း၌ ဆွေးနွေးခဲ့ပါသည်။ ယင်းမှာအခြားမဟုတ်။ ကလေးပညာရေး ပျိုးထောင်မှု၌ ဘာသာပညာသက်သက် သင်ကြားပို့ချပေးခြင်းကို အဓိကမထားဘဲ ကလေးတို့၏ ဗီဇစွမ်းရည် ဘ၀လိုအင် အပြုအမူနှင့် စိတ်ပါဝင်စားမှုများကိုပါ ထည့်သွင်း စဉ်းစားရန်ဖြစ်သည်။ ပညာရေးသည် လူနှင့် ဆက်လုပ်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ လက်သမားဆရာကဲ့သို့ သစ်တုံး သစ်ချောင်းများကို သွင်းယူရသည်မဟုတ်။ မက္တင်းနစ် ဆရာကဲ့သို့ စက်ပစ္စည်းကိရိယာတို့ဖြင့်ကိုင်တွယ် တပ်ဆင်ရသည် မဟုတ်။ အဖိုးတန် သက်ရှိ ကလေးငယ်များနှင့် ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်သည်။ သည့်အတွက် ပညာရေးသည် အမှားအယွင်းမခံ။

ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်အတွင်း တစ်စုံ တစ်ရာ အမှားအယွင်းရှိပါက ကလေးငယ်တို့၏ ဘ၀ တစ်လျှောက်လုံး တိမ်းပါးသွားနိုင်သည်။ ဆက်လက် တွေးယူသော် အနာဂတ် လူငယ်များ၏ ဘ၀ အရည် အသွေးနှင့် လူ့အဖွဲ့အစည်းရေးရာ အလုံးစုံတို့သည်ပင် ဆုတ်ယုတ် နိမ့်ပါးသွားနိုင်သည်။သည့်အတွက် ပညာရေး၌ ကလေးတို့၏ ဗီဇစွမ်းရည်ပုန်းများနှင့် ကာယစိတ္တ အရည်အသွေးတို့ကို နည်းမှန်လမ်းမှန်ဖြင့် မြှင့်တင်ပေးရမည်။ အခြားတစ်ဖက်တွင်လည်း ကလေးတို့အနေဖြင့် ဘဝအနှောင်အတန်း တို့မှ လွတ်မြောက်ပြီး စိုးရိမ်သောက ဗျာပါဒ ကင်းကင်းဖြင့် ပညာရှာဖွေခွင့် ရှိစေရန် လိုပေသည်။

လူတွင်ရုပ်ပိုင်း၊ စိတ်ပိုင်းဘဝလိုအပ်ချက်များရှိသည်။ ဘဝလိုအင်များရှိသည်။ ဆာလောင်သည့်အခါ အစာ လိုမည်။ ရေဆာသည့်အခါရေလိုသည်။ အေးသည့်အခါ အဝတ်လိုမည်။ နာကျင် ဝေဒနာ ခံစားရသည့်အခါ ဆေးဝါးကုသမှုလိုမည်။ ယင်းတို့ကို ရုပ်ဘဝလိုအပ်ချက်များဟု ဆိုနိုင်ပေသည်။ ထို့အတူတစ်ကိုယ်ရည် အထီးကျန်သည့်အခါ အပေါင်းဖော်လိုမည်။ ပျင်းရိငြီးငွေ့သောအခါ ဖြေဖျော်မှုလိုမည်။ စိတ်အားငယ်သောချိန် အားပေးမြှင့်တင်မှုလိုမည်။ ယင်းတို့ကို စိတ်ဘဝ လိုအပ် ချက်များဟု ဆိုနိုင်သည်။ ယင်းလိုအပ်ချက်များကို မူတည်၍ စားကောင်းသောက်ဖွယ် ဘဝလုံခြုံမှု သူငယ်ချင်း မိတ်ဆွေ ဝင်ငွေ လှုပ်ရှားဆောင်ရွက်မှု အပန်းဖြေ နားနေမှု ကျန်းမာပျော်ရွှင်ခြင်းနှင့် လွတ်လပ်မှုများကို အလိုရှိကြပါလိမ့်မည်။ သို့ရာတွင် လူတိုင်းလူတိုင်းသည် ယင်းလိုအပ်ချက်များနှင့် လိုအင်များကို အပြည့်အဝ ဖြည့်ဆည်းခံစားရမည်မဟုတ်ပေ။ အထူးသဖြင့် ပညာ ရှာဖွေဆည်းပူး နေသော ကလေးငယ်များအဖို့ ယင်းဘဝလိုအင်များ မပြည့်စုံပါက သူတို့လေးတွေ၏ ပညာရေး ခရီး တွင် လမ်းမပေါက်ဘဲဖြစ်နိုင်သည်။ ပညာရှာရာ စိတ်၏လွတ်လပ်မှုဆိုရာ ဘဝလိုအင်တို့မှ လွတ်လပ် ရန် (Freedom from wants)နှင့် စိုးရိမ်သောက(အကြောက်တရား) တို့မှ လွတ်လပ်ရန် ( Freedom from anxiety & fear) တို့ကို ညွန်းဆိုခြင်းပင်ဖြစ်သည်။ ယင်းတို့ကိုရှင်းလင်းရန် အောက်တွင် ဖော်ပြမည့် ကလေးငယ်နှစ်ဦး၏ ပြဿနာကို စောကြောကြည့်စေလိုပါသည်။

ပထမကလေးမှာ လူလတ်တန်းစား မိသားစုမှ မွေးဖွားလာသော “ဂျော်နီ”လေးဖြစ်သည်။ ကလေးက သူလိုချင် နေသော ရောင်စုံခဲတံဘူးလေးကို မဝယ်ပေးသဖြင့် မိခင်အား စိတ်ကောက်ပြီး ညစာမစားဘဲ အငတ်ခံနေသည်။ ဒုတိယကလေးမှာ ရရစားစားမိသားစုမှ မွေးဖွားလာသော “ရော်ဂျာ” လေးဖြစ်သည်။ ရော်ဂျာတို့ မိသားစုမှာ ဆင်းရဲတွင်းနက်လှသဖြင့် နပ်မှန်အောင်ပင် မနည်း ရုန်းကန် နေရသည်။ ယခုလည်း ဖခင်အလုပ်မှ ပြန်မလာ သေးသဖြင့် ရော်ဂျာလေးမှာ ညစာမစားရသေးပါ။ ဆာလောင်မွတ်သိပ်မှု ဝေဒနာကို ခံစားနေရသည်။

ပြဿနာမှာ “ညစာမစားသူချင်း အတူတူ မည်သူက လွတ်လပ်မှု အခွင့်အရေးကို ပိုင်ဆိုင်ပါသနည်း” ဟူသည်ပင်၊ ရှင်းပါသည်။ ဂျော်နီလေးမှာ သူ့မိခင်က ရောင်စုံခဲတံဘူးလေး ဝယ်ပေးလျှင် ဒါမှမဟုတ် သူကိုယ်တိုင်စိတ်ဆိုးပြေလျှင် ညစာကို အချိန်မရွေးထ စားသောက်နိုင်သည်။ ညစာနှင့် ပတ်သက်ပြီးသူ့မှာ ရွေးချယ်ခွင့် အပြည့်အဝရှိသည်။ ရော်ဂျာလေးမှာ အချိန်မရွေးထ စားစရာ မရှိ။ ညစာကို သူမရွေးချယ်သည့် အပြင် သူ့ဖခင်အဆင်မပြေလျှင် ညစာမှ စားရပါ့မလားဟု စိုးရိမ်သောက ဖြစ်နေရရှာသည်။ သည့်အတွက် ဂျော်နီလေးကို လွတ်လပ်သူအဖြစ် ရှုမြင်နိုင်သည်။ ရော်ဂျာလေးမှာ ဆင်းရဲချို့တဲ့သော ဘဝနှောင်တည်းမှုကို ခံနေရသဖြင့် လွတ်လပ်မှု အခွင့်အရေးကို မခံစားရရှာ။ စိုးရိမ်သောကပင် ဖြစ်နေရရှာသည်။ ဆင်းရဲချို့တဲ့ခြင်း နှင့် ဘဝလိုအပ်ချက်များ မပြည့်ဝခြင်းသည် ပညာသင်ယူခြင်း၌ အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ ဥပမာ.......

အိမ်မှ ထမင်းမစားဘဲ ကျောင်းသို့လာရသော ကလေးသည် အဘယ်မှာ အားအင် ပြည့်ဝပါမည်နည်း။ ကျောင်းဆင်းအိမ်ပြန်သောအခါ ထမင်းမှစားရပါ့မလားဟု စိုးရိမ် နေရှာသော ကလေးသည် အဘယ်မှာ စာသင်ဖြောင့်ပေမည်နည်း။

ဆိုလိုသည်မှာ ဆင်းရဲချို့တဲ့သော မိသားစုဝင် ကလေးများ ပညာစိတ်ဝင်စားမှုနည်းပါးရခြင်းမှာ အခြေခံ ဘဝလိုအင်များ မပြည့်ဝသောကြောင့်ပင်ဖြစ်သည်။ မက်ဆီကန် ကျောင်းသားလေးများသည် ခရမ်းချဉ်သီး ခူးချိန်ရာသီတွင် ကျောင်းသို့မလာပေ။ မိဘများကို ဝင်ရောက်ကူညီနေကြရသည်။ သူတို့အဖို့စားဝတ်နေရေး ပြည့်စုံရေးအတွက် ကူညီရန်မှာ ကျောင်းမှန်မှန်တက်၍ ပညာသင်ယူခြင်းထက် အရေး ကြီးသကဲ့သို့ ဖြစ်သည်။ သည့်အတွက် အလ်လီဆင်ဒေးဗစ် (Allison Davis) ကဲ့သို့ ပညာရှင်များက “စားဝတ်နေရေး မပြည့်စုံသော ကျောင်းသားများအား စာသင်ကျောင်းကို ပိုမိုမက်မောလာအောင် ဘဝ ပညာ အတွေ့အကြုံများ လုံလုံ လောက်လောက် ဖြည့်ဆည်းပေးရမည်”ဟု အကြံပြုသည်။ လိုအပ်ပါက လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ပူးပေါင်းဖြေရှင်းရမည့် ပြဿနာဖြစ်သည်။

လူသား၏ အခြားသော အခြေခံဘဝလိုအင်တစ်ခုမှာ ဘေးအန္တရာယ်တို့မှ ကင်းလွတ်ရန် (ဝါ) ဘဝလုံခြုံမှု ရှိရန်ပင်ဖြစ်သည်။ ကလေးသည် အစားအသောက်အနေအထိုင် မှန်ကန်သောကြောင့် ကိုယ်ကာယ ဖွံ့ဖြိုး နေပေမည်။ ကျန်းမာဝဖြိုးနေပေမည်။ သို့သော်မတော်တဆ ဒဏ်ရာရရှိခြင်း၊ အနာ ရောဂါကူးစက်ခြင်း၊ ရုတ်တရက် အန္တရာယ်ကျရောက်ခြင်းတို့ကြောင့် ဘေးရန်စနိုင်သည်။ မည်သူ တစ်ဦးတစ်ယောက်မဆို ဘေးအန္တရာယ်နှင့် မကြုံတွေ့လို၊ ဘဝကို လုံခြုံမှု ရှိရှိ အေးအေးချမ်းချမ်း နေထိုင်လိုသည်။ သည့်အတွက် အသွားအလာ အနေအထိုင် ဆင်ခြင်ရသည်။ ဘေးအန္တရာယ်များ မကြုံတွေ့စေရန် သတိထားနေကြရသည်။ အနာရောဂါ မကူးစက်နိုင်ရန် သန့်ရှင်းလတ်ဆတ်သော အစာကိုသာစားခြင်း၊ ရောဂါကာကွယ်ဆေး မှီဝဲသုံးစွဲခြင်းတို့ကိုပြုရသည်။ လူသားတို့ရင်ဆိုင်ကြုံ တွေ့ရမည့် အန္တရာယ်များတွင် မတော်တဆ ထိခိုက် နာကျင်မှုနှင့် ဖျားနာရောဂါ ရေဘေး မီးဘေး ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် လူမျိုး ဘာသာ ပဋိပက္ခ ခိုးဆိုးလုယက် မငြိမ်မသက်မှု များ စစ်ပွဲများစသည့် လူမှုမတည်ငြိမ်မှု အန္တရာယ်ဟူ၍ ခွဲခြားနိုင်ပေသည်။

စစ်အတွင်းကျောင်းတက်နေရသော ကလေးသည် စိတ်၏လုံခြုံမှုတို့ရရှိမည် မဟုတ်ပေ၊ အိမ်ပြန်ရောက်လို့မှ ဘေးလွတ်ပါမည်လားဟုစိုးရိမ်နေရှာသည်။ ရေကြီးနေသော ချောင်းကို ဖြတ်ကာ အိမ်ပြန်ရမည်ကို တွေးပူ နေသော ကလေးသည်လည်း စာထဲစိတ်ဝင်စားမည်မဟုတ်ပေ။ သေနတ် သမားတို့၏ ခြိမ်းခြောက်ခံနေရသော စာသင်ကျောင်းမျိုးကိုလည်း မည်သည့်ကလေးမှ သွားချင်မည် မဟုတ်ပေ။ အနာရောဂါတို့ နှိပ်စက်ခံနေရသော ကလေးသည်လည်း ပညာကို စိတ်လွတ်လက်လွတ် သင်ယူဆည်းပူးနိုင်မည် မဟုတ်ပေ၊ ကလေးတို့ ဘေး အန္တရာယ် ကင်းကင်း လုံခြုံမှုရှိရှိဖြင့် ပညာသင် ယူရန် လိုအပ်ပေသည်။ သည့်အတွက် ယနေ့ စာသင်ကျောင်း များတွင် ကျောင်းကျန်းမာရေးနှင့် အခြား သော လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများ ထားရှိပေးသင့်သည်။

ဘဝလုံခြုံမှုအကြောင်း ဆွေးနွေးရာမှာ ဖော်ပြပါ ရုပ်ဘဝလိုအပ်ချက်များအပြင် စိတ်ဘဝလုံခြုံမှု လိုအင်ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ယင်းမှာ အခြားမဟုတ် ပညာရှာရွယ် ကလေးငယ်တို့အား စိတ်၏ကျေနပ် နှစ်သိမ့်မှုနှင့် နွေးထွေးလုံခြုံမှုကို ပေးနိုင်စွမ်းသော ချစ်ခြင်းမေတ္တာကို လိုလား တောင့်တမှုမှာ လူသားဘဝတွင် အရေးပါသော စိတ်အခြေခံ လိုလားချက်တစ်ရပ်ဖြစ်သည်။ ချစ်ခြင်း မေတ္တာနှင့် ကြင်နာယုယမှုကို မခံစား ရသော ကလေးသည် ရေနှင့်ဝေးသော ကြာကဲ့သို့ ဘဝ ခြောက်သွေ့နွမ်းလျကာ ကိုယ်ရောစိတ်ပါ မချမ်းမြေ့ နိုင်ပေ။ ချစ်ခင်ကြင်နာမှုကို ခံစားရသော ကလေး သည် မေတ္တာတရား၏ အဖိုးထိုက်တန်ပုံကို သိနားလည်ပြီး အခြားသူများအားလည်း ချစ်ခင် ကြင်နာပေလိမ့်မည်။

ကလေးငယ်တို.သည် အစ်ကို အစ်မများ လူကြီးမိဘများ၏ ချစ်ခင်ကြင်နာမှုကို ရရှိလိုကြ သည်။ အကြောင်း အမျိုးမျိုးကြောင့် အိမ်တွင် အချစ်မခံရသော ကလေးသည် သူငယ်ချင်း မိတ်ဆွေ ဆရာ ဆရာမများ၏ ချစ်ခင် ကြင်နာမှုကို ရရှိရန်လိုအပ်သည်။ သို့မဟုတ်ပါက မိမိအား ဂရုစိုက်မည့်သူ မရှိဟု စိတ်အားငယ်ပေမည်။ ကျောင်းစာသင်ရာမှာလည်း စိတ်မပါဖြစ်တတ်သည်။

ချစ်ခင်ကြင်နာမှုကို မခံစားရသော ကလေးသည် စိတ်အားငယ်ခြင်း မကျေနပ် မရောင့်ရဲခြင်း ရွံရှာခြင်း ဝန်တိုခြင်းစသည့် သဘာဝဆိုးများ ဝင်ရောက်လာတတ်ပေသည်။ ထိုအခါ စိတ်ထားဖွံ.ဖြိုးမှု ဘက်တွက် အနှောင့်အယှက်ဖြစ်တတ်ပြီး ဘဝပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ချစ်ခင်ကြင်နာမှုကို ရရှိသော ကလေးမှာမူ စိတ်၏ လုံခြုံမှုကို ခံစားရပေသည်။ ထို.ကြောင့် အိမ်မှ ထွက်နိုင်သော အချိန်သို့ ရောက်သောအခါ အရပ်ထဲမှာဖြစ်စေ စာသင်ကျောင်းမှာဖြစ်စေ မိမိကိုယ်ကို ယုံကြည်မှုရှိကာ ဆက်ဆံ ပေါင်းသင်းမှုတို့တွင် ပြေပြစ်လာမည်။ ဘဝကြင်ဖော်ရှာသည့် အရွယ်သို့ ရောက်သော အခါမှာလည်း အချစ်ပြဿနာ မရှုပ်ထွေးဘဲ မျှဝေပေးဆပ်နိုင်ပေမည်။

စားဝတ်နေရေး ဘဝလုံခြုံရေး ချစ်ခြင်းမေတ္တာတို.အပြင် လူသား၏ အခြားလိုအင်တစ်ခုမှာ မိတ်ဆွေ ပေါင်းသင်း လိုလားချက်ပင် ဖြစ်သည်။ လူသည် ကျွန်းတစ်ကျွန်း သစ်တစ်ပင်မဟုတ်ပေ၊ လူမှု အသိုင်းအဝန်း သက်ဝင် ရှင်သန်နေသူ သာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် အဆက်အဆံပြုရင်း ပူးပေါင်းဆောင်ရွက်ရင်း ပေါင်းသင်းနေထိုင်ကြသည် သာဖြစ်သည်။ ကလေးငယ်ဘဝတွင် မိဘ အစ်ကို အစ်မများ၏ အချစ်မေတ္တာနှင့် ကြင်နာ ယုယမှုကို လိုချင်သည်။ မိသားစု အလယ်တွင် နေရာပေးခံရသော် စိတ်ချမ်းသာမှုကို ဖြစ်စေသည်။ ယင်းသည် ပေါင်းသင်းဆက်ဆံရေး လိုအင်၏ အခြေခံလည်းဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်မဆို အရပ်ထဲမှာလည်းကောင်း စာသင်ကျောင်းမှာလည်းကောင်း ပတ်ဝန်းကျင် အပေါင်းအသင်း များ၏ အရေးပေးခြင်း အသိအမှတ်ပြုခြင်းကို ခံလို၏။ အများအလယ်မှာ ထင်ပေါ်လို၏။ အများ၏ ဝိုင်းပယ်မှုကိုမူ မခံစားလို အချို့ကလေးများသည် အများ၏ အသိအမှတ်ပြုခြင်းကို မခံရပါက အဖျက်စိတ်ဝင်ပြီး နည်းလမ်းမမှန်သော အမူအကျင့်တို့ ဖြင့် တစ်ပါးသူများက မိမိအား ဂရုပြုလာအောင် လုပ်ဆောင်တတ်ကြသည်။ ထို.ကြောင့် ကလေးသူငယ် ကျောင်းသား လူငယ်တို့အား ပတ်ဝန်းကျင် ဆက်ဆံရေးမှာ မျက်နှာမငယ်ရလေအောင် ထိုက်သင့်သော လူမှုအဆင့်အတန်းဖြင့် နေရာပေးသင့်သည်။ ကလေးတို့ကိုယ်တိုင်ကိုလည်း သူတို့လိုလားသော အဆင့်အတန်းနှင့်အညီ ပတ်ဝန်းကျင် အပေါင်းအသင်း များနှင့် ညှိယူဆက်ဆံနိုင်ရန် အလေ့ အကျင့် ပေးရမည်။ ရံဖန်ရံခါ လူမှုရေးမှာ မျက်နှာသာ အပေးမခံရသဖြင့် ပညာရေးမှာ ထိခိုက်သည် များရှိသည်။

စာသင်ကျောင်းမှာ ဆရာ ဆရာမများ၏ အဆင့်အတန်း ခွဲခြားဆက်ဆံခြင်း ဖိနှိပ်ခြင်း အပြစ် တင်ခြင်းကို ခံရသော ကလေးအတန်းဖော်များ၏ နှိမ့်ချ အရှက်ခွဲခြင်း ခနဲ.ခြင်း ရန်လို မုန်းထားခြင်းကို ခံရသော ကလေးသည် အဘယ်မှာလျှင် စာသင်ကျောင်းမှာ ပျော်ပိုက်ပါမည်နည်း။ သည့်အတွက် စာသင်ကျောင်း များသည် ကလေးတို.၏ လူမှုရေးအားနည်းချက် ပညာရေးအားနည်းချက်များကို ဖြည့်စွမ်း အကူအညီပေးရမည်။ အတန်းသား အချင်းချင်းအားလည်း တစ်ဦးနှင့်တစ်ဦး တန်ဖိုးထား လေးစားရန် တစ်ဦး၏ အရည်အချင်းကို တစ်ဦးက ချီးကျူးဂုဏ်ပြုရန် ပညာရေး အပါအဝင် အခြား ဖွံ့ဖြိုးမှုလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ရန် အပြန်အလှန် ယုံကြည်မှုရှိရှိဖြင့် ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းတို့ ၏ အမူအကျင့်များကို မွေးမြူတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရပါမည်။ လူမှုဆက်ဆံရေး နယ်ပယ်မှာ အဆင့်အတန်းမြင့်မားရန် မျှော်မှန်းထားသူများသည် ပညာကို ပိုမိုလို လားစွာ အလေးထား သင်ယူတတ် ကြသည်။ ပညာတတ်ခြင်း အားဖြင့် ဘဝဖူလုံပြည့်စုံပြီး ကိုယ်ပိုင် စွမ်းဆောင်ရည်များလည်း မြင့်မားလာနိုင် ပေသည်။

လူသား၏ စိတ်အခြေခံ လိုအင်များတွင် ဘဝဖူလုံပြည့်စုံလိုမှုနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည် မြင့်မားလိုမှု တို့ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ လူသည် မတောင့်မတ မကြောင့်မကြ နေလိုသည်။ မိမိအရည်အသွေး ကို မိမိမြှင့်တင်ပြီး ပြဿနာအထွေထွေကို ဦးဆောင်ဖြေရှင်းလိုသည်။ ဘဝ မြင့်မားလိုမှုသည် လူကို မောင်းနှင်ပေးသော စေ့ဆော်တွန်းအား သည် ပညာရှာရှာ အလုပ်လုပ်ရာမှာ စွမ်းထူးတို့ကို ပေးစွမ်းသည်။ ဟားဘတ်စပင်စာ (H.Spencer) ဆိုခဲ့သလိုပင် ပညာရေးသည် ပြီးပြည့် စုံသော ဘဝနေထိုင်မှု (Complete living) အတွက် ပြင်ဆင်ပေးခြင်းလည်းဖြစ်သည်။ အထူးသဖြင့် သက်မွေးပညာနှင့် အလုပ်အကိုင် ဖြစ်သည်။

ပညာရေးသည် လူသား၏ သက်မွေးဘဝပြည့်စုံလုံလောက်စေရန် အာမခံပေးဖို့လိုသည်။ သက်မွေးဘဝ အာမခံချက်ဆိုရာမှာ စားဝတ်နေမှုတည်းဟူသော ဘဝလိုအပ်ချက်တို့ဖူလုံရန်သာမက သင့်လျော်သော လူ့အဆင့်အတန်းနှင့်အညီ ရှင်သန်နေထိုင် နိုင်ရန်ပါ ရည်ရွယ်ရပါမည်။ သက်မွေးဘဝ အာမခံချက်မရှိသော ပညာရေးမျိုးကို မည်သည့် ကျောင်းသားလူငယ်ကမျှ စူးစူးစိုက်စိုက်လေ့လာ သင်ယူမည် မဟုတ်ပေ။ လူသည် မိမိအဆင့်အတန်းကို တိုးတက်မြင့်မားလိုသည်။ ပညာရေး အရဖြစ်စေ လူမှုရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဇွဲရည်သန်သန် ကြိုးစားအားထုတ်ရင်း မိမိ မျှော်မှန်းထားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်လိုကြပေသည်။ လူသား၏ ဘဝအဆင့်အတန်းနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည်တို့ မြင့်မားရန် ပညာသည် သော့ချက်ဖြစ်သည်။ ပညာသည် သက်မွေး အလုပ်အကိုင် စားဝတ်နေရေး ဖူလုံမှု သင့်လျော်သော လူမှုအဆင့်အတန်း ရရှိရန်အတွက် အဓိက ကျသော လိုအပ်ချက်ဖြစ်သည်။ အခြားတစ်ဖက် ကလည်း တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မြင့်မားလိုမှုနှင့် လျော်ညီစွာ အချက်အလက်များ ရှာဖွေစုဆောင်းနိုင်ရန် တွေးဆမြော်မြင်နိုင်ရန် တီထွင်ဖန်တီး တတ်ရန် ရည်မှန်းချက် ပန်းတိုင် ထားရှိကာ အလုပ်လုပ်တတ်ရန် ပညာကို လိုလားစွာ ရှာဖွေရပေမည်။

ကလေးတို့၏ပညာရှာဖွေဆည်းပူးရေး ခရီးစဉ်မှာ ဘဝလိုအပ်ချက်များ၏ အရေးပါ လွှမ်းမိုးမှုများကို ဆွေးနွေးခဲ့ပါသည်။ ကလေးတို့၏ ပညာရှာဖွေဆည်းပူးရေးတွင် ဘဝ ဝန်ထုပ် ဝန်ပိုးများ တလေးတပင်ရှိ မနေရပါ။ စိုးရိမ် သောက ဗျာပါဒ တရားတို့မှလည်း လွတ်ကင်းရန်လိုပေသည်။ ယေဘုယျအားဖြင့် ပညာရေးဟူသည် လွတ်လွတ်လပ်လပ် ရှာဖွေ ဆည်းပူးရသော ( Free to Learn) လုပ်ငန်းစဉ်ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးခွင့် ရှိပါသော်ငြားလည်း ဘဝအနှောင် အတည်းများကြောင့် ဖြစ်ရသော စိတ်ဖိစီးလေးလံခြင်း စိုးရိမ်သောက ဖြစ်ရခြင်းများသည် ပညာရှာဖွေ ဆည်းပူးမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ သည့်အတွက် ဆရာ ဆရာမ များသည် ကလေးတို့ အဘယ်ကြောင့် ငေးငိုင်နေသည်ကိုလည်းကောင်း အဘယ်ကြောင့်စာထဲ စိတ်မဝင်စားရသည်ကိုလည်းကောင်း လေ့လာစုံစမ်း ရပေမည်။ ကလေးတို့မှာ စိတ်လိုအင် မပြည့်ဝမှုများ အခက်အခဲနှင့် ဆုံးရှုံးမှုများရှိပါက နွေးထွေးစွာ အားပေးကူညီရမည်။ ကလေးတို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပညာရှာဖွေနိုင်စေရန် စီမံဖန်တီးပေးထားရပေမည်။

ရည်ညွှန်းချက်-
ကျေးလက်မှ ကျောင်းတက်နေသော ညီ/ညီမငယ်များသို့

သူရိန်ထက်လင်း
(ကလေးပညာရေး ပျိုးထောင်မှု)
စပယ်ဖြူမဂ္ဂဇင်း၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၄

0 comments:

 

© 2007 IngridGrey By Arephyz