Saturday, April 17, 2010

အသိဥာဏ် အလင်းခလုတ်ဖွင့်တဲ့ ဘာသာရပ်တွေ

သိန်းနိုင်
ကျောင်းပညာရေးမှာ အခြားကလေးတွေ၊ သူငယ်ချင်းတွေထက် အများကြီး နောက်ကျ ကျန်နေရတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ နေ့စဉ်လိုလို ကြားနေရပါတယ်။ ကျောင်းကိုလည်း စိတ်မ၀င်စား၊ စာတွေလည်း မလိုက်နိုင်နဲ့ မဟုတ်လား၊ ရလဒ်တွေလည်း မကောင်း။ တစ်စုံတစ်ယောက် (များသောအားဖြင့်ကတော့ ဆရာဆရာမတစ်ဦးဦး) က အဲဒီကလေး အတွက် “အသိဥာဏ်အလင်းခလုတ်” ကို မှန်မှန်ကန်ကန် ဖွင့်ပေးလိုက်နိုင်တယ်။ အဲဒီအခါမှာ အဲဒီ ကျောင်းသားတွေဟာ ရုတ်တရက် ဆိုသလို ကျောင်းကို ပြန်လည် စိတ်ပါဝင်စားမှု ရှိလာပြီး အနာဂတ် အောင်မြင်မှု တွေကိုလည်း ရရှိတော့တယ်။

ငယ်ရွယ်တဲ့ ကျောင်းသားအချို့အတွက်တော့ အဲဒီ “အသိဥာဏ် အလင်းခလုတ်” ဆိုတာဟာ အနုပညာ ဘာသာရပ် ဖြစ်တယ်။ ကလေး အများစုကတော့ သိပ္ပံ၊ သင်္ချာ၊ (သို့မဟုတ်) ဘာသာစကား အတန်းတွေမှာ စိတ်ပါဝင်စားမှုနဲ့ အနာဂတ် ရွေးချယ်စရာ အနေနဲ့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြားကလေးတွေမှာတော့ ဂီတ၊ အက၊ ပြဇာတ်နဲ့ အခြားသော အမြင်အာရုံဆိုင်ရာ အနုပညာ တွေကသာလျှင် သူတို့ရဲ့ စိတ်ပါဝင်စားမှုကို ရရှိစေပြီး အနာဂတ်ဘ၀တွေ တောက်ပမှု အတွက်လည်း များစွာ အရေးကြီး ပြန်ပါတယ်။

မန္တလေးမြို့က မူလတန်း ကလေးငယ်တွေအတွက် ပန်းချီအနုပညာပြ ဆရာမတစ်ဦးဖြစ်တဲ့ မခင်စပယ်ဖူး အနေနဲ့ ကလေးတွေကို အနုရသဘာသာရပ်နဲ့ ထိတွေ့လေ့လာခွင့် ပေးလိုက်တာနှင့် တပြိုင်တည်းလိုလိုမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာတာကို တွေ့ကြုံခဲ့ရဖူးပါပြီ။ “ရှက်ရွံ့ကြောက်လန့်နေတဲ့ ကလေးငယ် တွေဟာ သူတို့ရဲ့ ကိုယ်ဘာသာနေနေရာကနေ အပြင်ကို ထွက်လာကြပြီး ပြောရဲ၊ ဆိုရဲ၊ ဆက်ဆံရဲ လာကြတယ်။ အရင်တုန်းက မတွေ့ခဲ့ဘူးတဲ့ မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တွေ့ရတော့တယ်။ ကိုယ့်အားကိုယ်ကိုးလိုစိတ်လည်း တိုးပွား လာတာပါ။”

သုတေသနတွေ့ရှိချက်တွေအရ ဂီတနဲ့ အခြားသော အနုပညာဘာသာရပ်တွေကို လေ့ကျင့်ခွင့်ရခြင်းဟာ ဦးနှောက် ဖွံ့ဖြိုးမှုကနေ ဘာသာရပ်ရမှတ်တွေအထိ၊ စာလေ့လာတဲ့ အလေ့အထကနေ ကျောင်းကို စိတ်ပါဝင်စားမှုအထိ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိနေတာကို ထောက်ပြထားပါတယ်။ အနုရသဘာသာရပ်နဲ့ ပတ်သက်ပြီး အခုလို အထောက်အထားတွေ ရှိနေပေမယ့်လည်း ကျောင်းတွေမှာတော့ ဘာသာရပ်ကျွမ်းကျင်တဲ့ ဆရာတွေ မထားနိုင်သေးသလို သင်ရိုးညွှန်းတမ်းမှာလည်း သတ်သတ်မှတ်မှတ် ထည့်သွင်းထားတာမရှိသေးပါဘူး။ ကျောင်းတွေမှာ တပတ်မှာ ၁ချိန်၊ ၂ ချိန်လောက်ကို ထည့်သွင်းထားကြ ပေမယ့်လို့ ပုံမှန်ဖွံ့ဖြိုးမှုရှိလာအောင် တိကျတဲ့ သင်ကြားရေးအစီအစဉ်တွေကို မဆွဲနိုင်ကြသေးပါ။

သာမန် ပျော်စရာကောင်းတဲ့ အားလပ်ချိန်လိုလို မြင်နေကြ တာကလည်း ဘာသာရပ်တန်ဖိုးကို မှေးမှိန်စေပြန် ပါတယ်။ အခြားသော “အရေးကြီးတယ်” လို့ မှားယွင်းစွာ၊ တဖက်စောင်းနင်း ယူဆထားတဲ့ ဘာသာရပ်တွေ အကြားမှာ မျက်နှာငယ်နေရတယ်မဟုတ်လား။ “စာမေးပွဲ” ရယ်လို့လည်းမရှိပြန်၊ “ရမှတ်” နဲ့လည်း မတိုင်းတာ တော့ အနုရသ ဘာသာရပ်ကို မိဘတွေ၊ ကလေးတွေတင်မကဘဲ ကျောင်းဆရာဆရာမများနဲ့ ပညာရေး တာဝန်ရှိသူတွေကပါ လျစ်လျူရှုထားကြပါတယ်။ ကျောင်းမှာက အခြားသော အခက်အခဲတွေများစွာ ရှိနေပြန် တာလည်း ပါတာပေါ့လေ။ “ပင်ရင်းဘာသာရပ်” တွေရယ် “စာမေးပွဲ” အပေါ်မှာသာ အာရုံစိုက်တတ်ကြပါတယ်။

ဂီတဆရာမတစ်ဦးဖြစ်တဲ့ မမြိုင်က အခုလို ရှင်းပြပါတယ်။ “သိပ်ကို ထူးခြားလှပါတယ်။ အနုပညာမှာ မမြင်နိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိနေတာ။ ကိုယ်လုပ်နေတာနဲ့ ပတ်သက်လို့ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို တပြိုင် တည်းမှာ ပိုင်းခြားဝေဘန်နေရတယ်၊ သိမြင်ခံစားနေရတယ်။ ကိုယ် ဖန်တီးနေတဲ့အရာတွေကိုပါ။” မူလတန်းအရွယ် ကလေးငယ်တွေနဲ့အတူ တယောသံစမ်းရင်း သူမရဲ့ အမြင်သဘောထားကို ဆက်ပြောပြခဲ့ ပါတယ်။ “၀ါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကလေးတွေဟာ ဂီတတူရိယာ တစ်ခုခုကို လေ့လာခွင့် ရရှိသင့်ပါတယ်။ ရသခံစားတတ်မှုကို အများကြီး အထောက်အကူဖြစ်စေတယ်။ ပြီးတော့လည်း စိတ်နှလုံးသား တွေ နူးညံ့သိမ်မွေ့လာကြတာ တွေ့ရပါတယ်။ စူးစိုက် နားထောင်တတ်တဲ့ စွမ်းရည်တိုးတက်လာတယ်။ လူမှု ဆက်ဆံရေးတွေအတွက် အများကြီး အထောက်အကူပြုတာပါ။”

ကျောင်းတွေမှာ အနုရသ ဘာသာရပ်ကို သင်ကြားရေး

နိုင်ငံတကာပညာရေးသုတေသနတွေ့ရှိချက်တွေကတော့ဖြင့် စိတ်ဝင်စားစရာကောင်းလှပါတယ်။ နယူးယောက် မြို့၊ အနုရသဘာသာရပ်လေ့လာရေးဌာနရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ကက်စ်လာအနေနဲ့တော့ အနုရသ ဘာသာရပ်ဟာ ပညာရေးနဲ့ လူမှုရေးမှာ အောင်မြင်မှုတွေ ရရှိစေနိုင်ပေမယ့် ကျောင်းတွေမှာ အလေးထား မလုပ်သေးတဲ့ အတွက် စိုးရိမ်ကြောင်းကို ပြောဆိုခဲ့ပါတယ်။ သူတို့ဌာနရဲ့ လေ့လာတွေ့ရှိချက်အရ အနုရသ ဘာသာရပ်ကို အလေးထားပြီး လေ့ကျင့်သင်ကြားတဲ့ အထက်တန်းကျောင်းတွေမှာ ဒီမြို့ရဲ့ အောင်ချက် အကောင်းဆုံးဖြစ်နေတာကိုပါ။

အခြားသော အနုရသဘာသာရပ် မြှင့်တင်ရေးပညာရှင်များလိုဘဲ ကက်စ်လာက အနုရသဘာသာရပ်ဟာ ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးရေးမှာ အလွန်အရေးကြီးတယ်လို့ ယုံကြည်ထားပါတယ်။ “ကလေးတွေဟာ အရည်အသွေးပြည့်မီပြီး ဘက်စုံပညာရေးကို ရရှိသင့်တယ်ဆိုတာ အမှန်တကယ် ယုံကြည်တယ်ဆိုရင်တော့ အနုရသပညာရေးဟာ ပညာရေးညီမျှခြင်းမှာ မရှိမဖြစ် လိုအပ်လှပါတယ်။”

မြန်မာ့ကျောင်းပညာရေးမှာ မညီမျှမှုတွေရှိနေတဲ့အတွက် အနုရသဘာသာရပ်နဲ့ ဂီတပညာရေးကို ကလေးတိုင်း လက်လှမ်းမမီ သေးတာ ကတော့ဖြင့် အံ့သြစရာ မဟုတ်ပါဘူး။ ရန်ကုန်နဲ့ အခြားသောမြို့ကြီးတွေမှာရှိတဲ့ top ten ကျောင်းကြီးတွေရယ်၊ အခကြေးငွေ များစွာပေးရတဲ့ ပုဂ္ဂလိကကျောင်းတွေမှာတော့ အနုရသပညာ ဘာသာရပ်နဲ့ ဂီတကို သတ်သတ်မှတ်မှတ် ထည့်သွင်းသင်ကြားပေးကြပေမယ့် အစိုးရကျောင်းတွေ၊ ကိုယ်ထူ ကိုယ်ထ ကျောင်းတွေနဲ့ ကျေးလက်ဒေသက ကျောင်းတွေမှာတော့ အင်မတန်မှ အလှမ်းဝေးနေဆဲပါ။ ဘက်စုံမဟုတ်တဲ့၊ အချိုးမညီတဲ့၊ စွမ်းရည်အထွေထွေ အတွက် မပြင်ဆင်ပေးနိုင်သေးတဲ့ သင်ရိုးညွှန်းတမ်း ကိုသာ သုံးနေကြရတယ်။

အောင်ချက်မမြင့်တဲ့ ကျောင်းတွေမှာ အနုရသဘာသာရပ်ကို ငယ်စဉ်ကတည်း လေ့ကျင့်သင်ကြားဖို့ ပျက်ကွက်တာ ကိုလည်း လေ့လာ တွေ့ရှိနိုင်ပါတယ်။ ကျောင်းတိုင်းမှာ မသင်မနေရ ထည့်သွင်း သင်ကြား နိုင်အောင်လို့ ဘာသာရပ် တန်ဖိုးကို မြှင့်တင်ပေးရမှာပါ။ ရိုးရာနဲ့ ခေတ်ပေါ် နည်းစနစ်တွေလည်းပါဝင်တဲ့ သင်ခန်းစာတွေနဲ့ အနုရသ ဘာသာရပ်သင်ရိုးညွှန်းတမ်းကို တည်ဆောက်သင့်ပါတယ်။

မူလတန်းအရွယ်မှာကတည်းက စတင်ပြီး လေ့ကျင့် ပေးသင့်တယ်လို့ အနုရသပညာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကလေးတိုင်းဟာ မသင်မနေရ လေ့လာရမှာဖြစ်ပါတယ်။ ပါဝင် လုပ်ဆောင်စေသင့်တယ်။ ဆရာမ မခင်စပယ်ဖူးကတော့ “ပန်းချီဖြစ်ဖြစ်၊ ဂီတဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးဖို့ဆိုတာကတော့ သင်ရိုးညွှန်းတမ်း အကြီးကြီး တည်ဆောက်ထားမှ မဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းတဲ့အခါ ရိုးစင်းလွယ်ကူစွာ လုပ်ဆောင် နိုင်ပါတယ်။ သင်တဲ့ဆရာဆရာမအနေနဲ့လည်း စပယ်ရှယ်လစ် ဖြစ်ဖို့ မလိုပါဘူး။ အခြေခံ သဘော လောက်ကို သိရှိ နားလည်ထားပြီး အနုရသ ပညာရေးရဲ့ တန်ဖိုးကို သဘောပေါက်ထားဖို့က အဓိက ဖြစ်တယ်။” လို့ အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ နည်းအချို့ကို ရှင်းပြပါတယ်။ “အပတ်စဉ် အနုရသအချိန်တိုင်းမှာ ပုံမှန် လုပ်ဆောင် နိုင်ဖို့က အရေးအကြီးဆုံးပါ။ ကိုးကားစရာ စာအုပ်တွေကိုလည်း ရှာဖွေစုဆောင်း ထားသင့်ပါတယ်။”

အခြားသော ဘာသာရပ်များနှင့် ဆက်နွယ်မှု

အနုပညာပုံစံ ၃၊ ၄ မျိုးဆက်စပ်ပြီး သင်ကြားခြင်းဟာ ပိုမို ထိရောက်တယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် ဂီတ၊ အကနဲ့ သရုပ်ဆောင်ခြင်းတို့ ပေါင်းစပ်ထားသလိုမျိုးပါ။ အခြားသော ဘာသာရပ်တွေကို လေ့ကျင့်သင်ကြား ရာမှာလည်း သင်ခန်းစာတိုင်းလိုလိုမှာ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ရုပ်ပုံတွေရေးဆွဲခြင်း၊ သီချင်း သီဆိုခြင်း၊ ကဗျာ ရွတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းတွေကို ဖန်တီးနိုင်ပါသေးတယ်။ ကိုယ်ဟန်ပန်အမူအယာ၊ အသက်ရှုပုံ၊ စာသားကို ဖတ်ရှုခြင်းနဲ့ စုပေါင်းလုပ်ဆောင်ရခြင်းတွေ ပါရှိနေတယ်။ စိတ်ကူးစိတ်သန်းတွေ ဆန်းသစ်လာအောင်လည်း အားပေးရာရောက်ပါတယ်။ ရသခံစားတတ်မှု စွမ်းရည်ကိုလည်း တပြိုင်နက်တည်း လေ့ကျင့်ပေးရာရောက်ပါတယ်။ မူလတန်းအတန်းတွေမှာ အလွန်ဘဲ အသုံးတည့်လှပါတယ်။

အတန်းကြီးလာတဲ့အခါမှာတော့ အနုပညာဆိုင်ရာ ဖန်တီးချက်တွေကို ဝေဘန်ပိုင်းခြားတဲ့ သင်ခန်းစာတွေ လိုအပ်လာပါပြီ။ ရသခံစားမှုအပြင် ပညာရပ်ပိုင်းကို လေ့လာစူးစမ်းခြင်းဖြစ်တယ်။ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းကို လေ့ကျင့်ပေးခြင်းပါ။

ဒါဟာ ဘာသာရပ်အလိုက် အဓိက အသိပညာနဲ့ အနုရသပညာရေးတို့ ပေါင်းစည်းမှုဖြစ်တယ်။ အသိပညာကို ပိုမိုမြဲမြံစေပြီး ပျော်ရွှင်စရာ စာသင်ခန်းတွေလည်းဖြစ်လာပါမယ်။

သိန်းနိုင်

1 comments:

ဟန်ကြည် said...

ကိုသိန်းနိုင်ခင်ဗျား...
ဒီ Post လေးကို သဘောကျတာကြောင့် ကျွန်တော့် blog ထဲမှာ Link ယူသွားပါတယ်။ ခွင့်ပြုပါ...

 

© 2007 IngridGrey By Arephyz