Monday, February 8, 2010

ပိုးစုန်းကြူးလေးများ (၀တ္ထုတို)

(၁)

“ကဲ- ဒါဆို ဒီနေ့တော့ ဒီလောက်ပဲ။ တနေ့စာတနေ့ မှန်မှန်ကျက်ကြနော်။ ကြွေးလည်ပင်း နစ်တယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အေး- ပိုက်ဆံကြွေး လည်ပင်းနစ်ရင် တခြားလူတွေက ၀င်ကူလို့ ရတယ်။ စာကြွေးလည်ပင်းနစ်ရင် ဘယ်သူမှ ၀င်ကူလို့ မရဘူးနော်။ ပညာသင်နေတုန်းမှာ စာကြွေးတွေ လည်ပင်း မနစ်စေနဲ့”

ဆော့ပင်အဖုံးကို ပိတ်ရင်း ကျောင်းသားများကို ဆုံးမ စကားပြောမိသည်။ အခြေအနေအရသာ ဆရာ၊ တပည့် ဖြစ်နေပေမယ့် သူမနဲ့ ကျောင်းသားများရဲ့ အသက်တွေက သိပ်ကွာလှတာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားလေးတွေကို မောင်လေး၊ ညီမလေးတွေလို စိတ်ထဲမှာ သတ်မှတ်ထားမိသည်။ ဆယ်တန်းဆိုသော တောင်လေးတတောင်ကို ကျော်သွားစေချင်မိသည်။ ဒါကြောင့်လဲ ကျောင်းတွေ ပိတ်ထားချိန်မှာ သူငယ်ချင်းတွေ စုပြီး ဒီဆယ်တန်းကျူရှင်လေးကို ဖွင့်ဖြစ်သွားကြတာ ဖြစ်သည်။



“ကဲ- အားလုံးသွားလို့ ရပြီနော်။ အိမ်ကို တန်းပြန်ကြဦး”

ကလေးတွေကို အတန်းဆင်းပေးလိုက်ရင်း ခဏရပ်စောင့်နေဖြစ်သည်။ သီးသန့်စာမေးလိုသော ကလေးတွေ၊ အခက်အခဲလေးများကို ဖွင့်ဟတိုင်ပင်လိုသော ကလေးတွေက ဒီအချိန်မှာ သူမနား ရောက်လာတတ်သည် မဟုတ်လား။

သို့ပေမယ့် ဒီနေ့ရောက်လာတာက ကလေးများ မဟုတ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဖြစ်လေသည်။
“ဟဲ့။ ထက်ထက်။ အစုတ်ပလုတ်မ”

နှုတ်ဆက်နေကျ ထုံးစံအတိုင်း ကျော်စွာက လှမ်းနှုတ်ဆက်သည်။ ပြောင်စပ်စပ် မျက်နှာက သူမ ခပ်တည်တည်နှင့် လှည့်ကြည့်မှ ပြန်တည်သွားသည်။ ကိုယ်လဲ ဆရာတယောက်ဖြစ်နေပြီမို့ မျက်နှာကို တည်တည်တံ့တံ့ထားဖို့ သူမပြောပေါင်းလဲ များလှပြီ။ ဘယ်တော့မှ နားထောင်လေ့မရှိ။

“ကျော်စွာ။ နင်ဟာလေ။ ကလေးတွေရှေ့မှာဆို တည်တည်တံ့တံ့နေပါလို့ ဘယ်နှစ်ခါ ပြောရမလဲ”

လူတွေအားလုံး ရှင်းသွားတော့ စိတ်တိုတိုနှင့် သူမ ပြောမိသည်။

“သူတို့တွေများကွာ။ ငါနဲ့ဆို Peace ပါတယ်။ အိုကေပါပဲ”
“အေး။ နင်ကသာ အိုကေပြောတယ်။ စည်းကမ်းပိုင်းနဲ့ ပတ်သက်လာတဲ့အခါကျရင် မအိုကေပဲ နင့်ဆိုပြီးပြီးရော လုပ်နေကြလို့ ငါဝင်ကိုင်နေရတာ ဘယ်နှစ်ခါ ရှိပြီလဲ။ မရဘူးဟ။ လူတွေမှာ သူ့စည်း၊ ကိုယ့်စည်း ဆိုတာ ရှိရတယ်။ အရောတ၀င်နေတာနဲ့ ရင်းရင်းနှီးနှီးနေတယ် ဆိုတာကနေ ထွက်လာတဲ့ ရလာဒ်တွေက တခြားစီပဲ။ ငါဒီလိုပြောလို့ ငါက ဆရာဆိုပြီး ကျောင်းသားတွေကို မလေးမစား ဆက်ဆံတာကို ပြောနေတာ မဟုတ်ဘူးနော်။ ငါတို့ ဆရာတွေဘက်ကလဲ သူတို့ကို လေးလေးစားစားနဲ့ ဆက်ဆံမယ်၊ ရင်းရင်းနှီးနှီး ရှိရမယ်။ ဒါပေမယ့် ဆရာ့စည်း၊ တပည့်စည်းဆိုတာတော့ ထားဖို့ ပြောနေတာ။ ငါပြောတာ နင်မယုံရင် အဲဒီထဲက ကျောင်းသားကြီး သုံးယောက်လောက်ကို အပြင်ခေါ်ထုတ်ပြီး ဘီယာတူတူ သွားသောက်ကြည့်လိုက်ပါလား။ ပေါက်ကရလေးဆယ်တွေ သွားပြောကြည့်ပါလား။ သိပ်မကြာဘူး။ တပတ်ပဲ။ ဒီစာသင်ခန်းကို နင်ထိန်းလို့ ရတော့မယ် မထင်နဲ့”

“အေးပါ ထက်ထက်ရယ်။ နင့်စကားကို ငါနားထောင်ပါ့မယ်။ ငါက ပျော်ပျော်နေတတ်လို့ပါဟ”
“နင့်သဘာဝကို ငါနားလည်ပါတယ်ဟာ။ ငါလဲ လောကကြီးထဲမှာ ဟန်ဆောင်နေရတာတွေကို မုန်းတဲ့လူပါပဲ။ ဒါပေမယ့် လူတွေဆိုတာက လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ကိုက်ညီတဲ့ သွင်ပြင်လက္ခဏာကို မျှော်လင့်တတ်ကြတယ်။ လူ့အဖွဲ့အစည်းရဲ့ ပြင်ပမှာ သီးခြား မနေနိုင်သေး သရွေ့၊ ဒါမှ မဟုတ်ရင်လဲ ပြောင်းလဲပစ်ဖို့ မလုပ်နိုင်သေးသရွေ့ကတော့ လူထုလူတန်းစားတွေထဲမှာ သတ်မှတ်ထားတဲ့ စာရိတ္တရေချိန်နဲ့ လူမှုရေး ရေချိန်တွေကို စောင့်ထိန်းမှု တစုံတရာလေး ရှိဖို့ လိုအပ်တယ်။ မြေကြီး ဆန်သင့်တဲ့ နေရာမှာ မြေကြီးဆန်ဖို့လိုသလို၊ ကောင်းကင်ဆန်သင့်တဲ့နေရာမှာလဲ ကောင်းကင်ဆန်ဖို့ လိုလိမ့်မယ်။ အဲဒီလို မဟုတ်ရင် တခြားလူတွေအသာထားလို့ ကိုယ့်သားသမီးအရင်းကတောင် ကိုယ့်ကို မလေးမစား လုပ်မှာပဲ”

ကျော်စွာက မျက်နှာငယ်လေးနှင့် သူမကို ကြည့်သည်။ ပြောမယ့်သာပြောရပေမယ့် သူငယ်ချင်းတွေအားလုံးထဲမှာ သူက သဘောအကောင်းဆုံး။ အနွံအတာ အခံနိုင်ဆုံး။ သဘောကောင်းတယ် ဆိုပြီး သူများတွေက ဂုပ်ခွစီးသွားမှာ စိုးလို့သာ သတိပေးနေရခြင်းဖြစ်သည်လေ။

“ကဲ-ကဲ။ ဟိုနှစ်ယောက် တော်ကြတော့။ မိထက်မ။ ပစ္စည်းသိမ်း။ မုန့်သွားစားမလို့ လာခေါ်တာ။ ငါတို့တံခါးတွေ ပိတ်ပေးမယ်”

နန်းက ပြောရင်းဆိုရင်းနှင့် ကျူရှင်တံခါးများကို လိုက်ပိတ်ပေးသည်။

“ဟဲ့။ နေဦး။ ညာဘက်ထောင့်က နောက်ဆုံးခုံနားမှာ နေကြာစေ့ခွံတွေ ရှိလိမ့်မယ်။ မို့မို့တို့တွေ၊ ငါစာသင်နေတုန်း ခိုးစားနေကြတာ။ သွားသိမ်းလိုက်ကြဦး”
“ဟဲ့။ နင်က ဘယ်လိုလုပ်သိတာလဲ”

“သိတာပေါ့ဟ။ ငါက အပေါ်စီးက ကြည့်နေတဲ့သူပဲ။ မျက်လုံးဝေ့ကြည့်လိုက်ရင် သိသာနေတာပဲ ဥစ္စာ။ နောက်ပြီး ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူတွေရဲ့ မျက်နှာက သိသာတယ်ဟဲ့။ ကလေးတွေဆိုတော့ ပိုဆိုးတာပေါ့။ ဒီကောင်မလေးတွေကို ငါကြည့်နေတာ နှစ်ရက်ရှိပြီ။ အတန်းထဲမှာ ဆူဆူပူပူ မလုပ်ချင်လို့။ နက်ဖြန်အတန်းပြီးရင်တော့ ခေါ်ပြောမှရတော့မယ်”

“နင်ဟာလေ။ တချို့ကိစ္စတွေကျရင်လဲ မသိချင်ယောင် ဆောင်နေလိုက်ပါဟာ။ ၀င်ပြောနေရင် လူမုန်းများလိမ့်မယ်”

“မုန်းတော့လဲ ဘာဖြစ်လဲဟာ။ ငါပြောတာတွေက ငါ့အတွက်မှ မဟုတ်တာ။ စေတနာနဲ့ ပြောတာပဲ။ ယူတတ်တဲ့လူ ယူပေါ့။ အေး- မယူလို့လဲ ငါက လိုက်ခံစားနေမှာတော့ မဟုတ်ဘူး။ ပြောဖို့ လိုအပ်လို့ ငါပြောတယ်။ ဒါဆို ငါ့တာဝန်ကျေပြီ”

“ကဲကဲ။ တော်ကြတော့။ မြန်မြန်လုပ်ကြဟာ။ ငါဗိုက်ဆာလှပြီ။ နင်စာသင်နေသံ ကြားကတည်းက ငါက ဗိုက်ဆာနေတာ”

သင်းသင်းက ၀င်ပြောသည်။ ပြောပြီး စိတ်ကောက်သည့် လက္ခဏာအဖြစ် ပါးလေးကလဲ ဖောင်းထားလိုက်သေးသည်။ အစားအင်မတန် ကြိုက်လှသော သင်းသင်းကို သူ သင်နေသည့် ဓာတုဗေဒ ဘာသာထဲမှ အက်ဆစ်များကိုရော သောက်ချင်စိတ် မရှိဘူးလားလို့ သူမတို့ ၀ိုင်း နောက်နေကျ။

“ဟဲ့။ ငါစာသင်နေတဲ့အသံကြားပြီး နင်က ဗိုက်ဆာလာတယ်ဆိုတော့ ငါကဘာပြောနေလို့တုန်း”
“နင်က အပင်တွေအကြောင်း သင်နေတာကိုး”
“ဟောတော့”

သူမ ဒါပဲ ပြောလိုက်နိုင်တော့သည်။ သို့ပေမယ့် ကျော်စွာနဲ့ အောင်နိုင်တို့ကတော့ သူတို့ ခေါ်နေကျအတိုင်း ထအော်လိုက်ကြပါသည်။
“အစားပုပ်မ၊ ငတ်ကြီးကျ”

(၂)

“ဒီကိစ္စကို လုံးဝ မကျေနပ်ဘူးဟာ။ ငါသွားရှင်းမယ်”
အောင်နိုင်က ရှူးရှူးရှားရှားနှင့် ပြောသည်။
“ဟဲ့။ နေဦး အောင်နိုင်ရဲ့။ ဒီကိစ္စမျိုးဆိုတာ ဒီလို ရှင်းလို့ ရတာ မဟုတ်ဘူး”

ကားသော့ကောက်ဆွဲသော အောင်နိုင့် ရှပ်အကျီင်္ကို လှမ်းဆွဲရင်း တားရသည်။ ဒီပြဿနာကို စကြားရတော့ အောင်နိုင်တင် မဟုတ်။ သူမတို့အားလုံး စိတ်တိုသွားကြတာတော့ အမှန်ဖြစ်သည်။ သို့ပေမယ့် ပြဿနာဆိုတာက သွေးပူတုန်း ရှင်းလျှင် ပိုပြီး ကြီးထွားလာတတ်တာမို့ ပြန်ထိန်းနေရခြင်းဖြစ်သည်။

ဖြစ်သည့် ပြဿနာကလဲ နည်းနည်းနောနော မဟုတ်။ မြို့မှ နာမည်ကြီး ကျူရှင်ဆရာများ ပေါင်းထားသည့် ကျူရှင်ကြီးတခုမှ ဆရာများက သူမတို့ ကျူရှင်လေးကို တိုက်ခိုက်ပြောဆိုလာကြတာ ဖြစ်သည်။

“မလောက်လေး၊ မလောက်စားတွေကများ ငါတို့ကို ပခုံးချင်း လာယှဉ်တယ်”
“ခုမှ ဆယ်တန်း အောင်ကြရုံရှိသေး။ ဂုဏ်ထူးလေးတွေ ပါတာနဲ့ပဲ သူတို့ဟာသူတို့ သိပ်ထင်နေကြတာ”
“တို့က ဒီလောကထဲမှာ အတွေ့အကြုံတွေအများကြီးရယ်။ တို့ကို လာယှဉ်ရင် ကွဲသွားမှာပေါ့”

အသံများက တစတစ ပျံ့နှံ့ပြီး သူမတို့ဆီ ပြန်ရောက်လာသည်။ သူမတို့ဆီမှာ ဘာသာရပ်အချို့ လာတက်ပြီး၊ သူတို့ဆီမှာ တခြားဘာသာရပ်တက်ရသော ကျောင်းသားများလဲ ကြားညပ်နေကြသည်။ ကြားကနေ ဘာလုပ်ရမှန်း မသိ။ ငယ်နိုင်ကျောင်းသား အချို့ကို သူမတို့ဆီ မသွားကြဖို့ ဗြောင်ဖွင့်ပြောပြီး တားနေကြတာတွေတောင် ရှိလာသည်။

“တကတည်းဟာ။ လူကြီးတွေဖြစ်ပြီး အဲလိုစိတ်ဓာတ်မျိုးတွေ ရှိတယ်တဲ့”

သင်းသင်းက စိတ်ပျက်သော မျက်နှာဖြင့် ၀င်ပြောသည်။ အစားအင်မတန်ပုပ်သော သင်းသင်းတယောက် ရှေ့မှ ကြက်ဆီ ထမင်း ပန်းကန်ကိုပင် မေ့နေပုံ ပေါ်သည်။

“တကယ်ဆို သူတို့က ငါတို့ထက် အသက်နှစ်ဆလောက်ကြီးနေတဲ့ ဆရာကြီးတွေဟာ။ ငါတို့ကို လက်ကမ်းကြိုပြီး လိုအပ်တာတွေတောင် ဖြည့်ဆည်းပေးရဦးမှာ”

“အေးလေ။ ဒီမြို့မှာ သူတို့ပဲ သင်မယ်ဆိုပြီး လုပ်နေလို့ ရမလား။ သူတို့ အသက်တွေက ကြီးနေပြီ။ သူတို့သေတော့ ဘယ်သူတွေက ဆက်သင်ကြမှာတုန်း။ အဲလိုဖြစ်ရင် မြို့က ကလေးတွေပဲ နစ်နာမှာမဟုတ်ဘူးလား။ ကျောင်းတွေမှာက စာကောင်းကောင်းသင်ကြတော့တာမှ မဟုတ်တာ။ ကျူရှင်တွေရှိနေလို့ ဒီမြို့က ကလေးတွေ အောင်ချက်ကောင်းနေတဲ့ဟာကိုး”

“ဟဲ့။ မြို့ကောင်းစားရေးတွေ ဘာတွေ ပြောမနေနဲ့။ သူတို့တွေဆီမှာ ငါလုပ်မှ၊ ငါပြောမှ ဆိုတဲ့ စိတ်တွေ ၀င်နေကြမှတော့ မြို့ကောင်းစားရေးတွေ၊ မြို့အနာဂတ်တွေ ဘယ်တွေးနိုင်ကြတော့မှာလဲ။ ဒါကြောင့်လဲ ငါတို့ လူငယ်တွေက တတ်နိုင်တာလေးတွေ လုပ်နေတာကိုး ဒီလိုပြောနေကြတာပေါ့”

“သူတို့က ငါတို့ဘာတွေလဲ ဆိုတာကို ထည့်တွေးဖို့ မေ့နေတာလဲဖြစ်မှာပေါ့။ ငါတို့က ဒီအလုပ်ကို တသက်လုံး လုပ်မယ့်လူတွေလဲ မဟုတ်ဘူး။ မလုပ်ရင်လဲ အနေသာကြီး။ သူတို့သာ ဒါနဲ့ နာမည်ကြီးပြီးသားမို့ ဒါနဲ့ ဆက်ရပ်တည်နေကြရမှာ။ ငါတို့က ဒါတွေမလုပ်ပဲ၊ ဒီလောကနဲ့ မပတ်သက်ပဲနဲ့လဲ ငါတို့ဘ၀ကို တည်ဆောက်နေနိုင်တာပဲ။ တော်ပြီဟာ။ နင်တို့ခေါ်လို့ ငါက ကန့်လန့်ကန့်လန့် ပါလာရတာ။ သူတို့ တနှစ်လောက် အာပေါက်မတတ် ပြောပြီး ရှာရတဲ့ ပိုက်ဆံ သိန်းသုံးဆယ်၊ လေးဆယ်ဆိုတာ ငါ တနေ့တည်း စိန်တလုံး ၀ယ်ရောင်း ဖြစ်သွားသလောက်ပဲရှိတယ်။ ဘာအကျိုးမှ မရှိပဲ သူတို့ ဟိုပြော၊ ဒီပြောတာ ခံဖို့ အချိန်ကုန်၊ လူပမ်း အဖြစ်မခံနိုင်ဘူး”

“အေးဟာ။ အချိန်ကုန်တယ်။ လုပ်မနေကြနဲ့တော့။ ငါတို့က အနာဂတ်တွေ အများကြီး ကျန်သေးတယ်။ ပညာသင်ယူကြရဦးမှာ။ ဘ၀တွေ တည်ဆောက်ကြရဦးမှာ။ ဒီကြားထဲကမှ ရတဲ့ အချိန်လေးတွေ ဖဲ့ပြီး လုပ်သင့်တာလေးတွေ လုပ်နေကြတာ။ တကယ်ဆို စိတ်ထားတွေသာ မှန်ရင် သူတို့ကတောင် ၀မ်းသာကြရဦးမှာ။ သူတို့က ကျောင်းသားတထောင်ကို စာသင်ပေးနေနိုင်တဲ့ အချိန်မှာ ငါတို့က နှစ်ရာလောက်ကို သင်ပေးနိုင်တယ်ဆိုရင် ပေါင်းလိုက်တော့ ထောင့်နှစ်ရာ မဖြစ်သွားဘူးလား”

“ဟဲ့။ ငါဘယ်နှစ်ခါ ပြောရမလဲ။ သူတို့ဆီမှာက အဲလို တွေးနိုင်တဲ့ ဦးနှောက်တွေ မရှိတော့လို့ပဲ ဒီလိုတွေ ဖြစ်လာတာပေါ့။ “ငါတို့ပဲသိတယ်၊ ငါတို့ပဲတတ်တယ်၊ ငါတို့ပဲ အတွေ့အကြုံရှိတယ်၊ ငါတို့လုပ်တာမျိုး လာမလုပ်နဲ့၊ ငါတို့ကို လာမကျော်နဲ့။ ငါတို့နဲ့ လာမယှဉ်နဲ့” ဆိုတဲ့ အတ္တစိတ်တွေ ကြီးစိုးနေတာကိုး။ ကောင်းတဲ့ အလုပ်တခုကို လုပ်တဲ့ လူတွေများလာလေလေ လူတွေအတွက် အကျိုးကျေးဇူး ပိုများလေလေ ဆိုတာကို ဘယ်ထည့်တွက်ကြတော့မှာလဲ”

“တောက်။ ငါက အပြိုင်အဆိုင်တွေ သိပ်များပြီး၊ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးတဲ့ လောကလို့ လူတွေ ပြောနေကြတဲ့ ကျောက်လောက၊ ကားလောကတွေမှာ ကျင်လည်နေတဲ့ ကောင်ပါကွာ။ ငါတို့ လောကမှာလဲ ဒီလိုလူစားတွေ အများကြီး တွေ့ဖူးတာပဲ။ ဒါပေမယ့်ကွာ၊ ကျောင်းသားတွေရဲ့ ပညာရေးအတွက်၊ ကြီးကြီးကျယ်ကျယ် ဆိုရရင်ကွာ၊ လူတွေရဲ့ အနာဂတ်တွေအတွက် လုပ်ပေးနေ ပါတယ် ဆိုတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ ဒီလောက်အောက်တန်းကျနေတာကို ငါက အံ့သြတာ”

“ဟေ့ကောင်။ ဘာမှ အံ့သြမနေနဲ့။ မပတ်သက်နဲ့တော့ကွာ။ ပြီးတာပဲ။ ဒီလောကထဲမှာ မနေနဲ့တော့။ မိထက်။ ကျူရှင်ပိတ်လိုက်ကြရအောင်ဟာ။ နင်လုပ်ချင်တယ်ဆိုလို့သာ ငါတို့က ၀ိုင်းလုပ်ပေးနေတာ။ ဒီလို ဗိုလ်ကျစိုးမိုးရေး ၀ါဒကြီးစိုးနေတဲ့ လောကနဲ့ ငါတို့နဲ့ ဖြစ်မှာ မဟုတ်ဘူး။ အလကားပဲ။ အချိန်ကုန်တယ်”

တယောက်တပေါက် ဒေါသစွက်နေသော အသံများက စားသောက်ဆိုင်လေးထဲမှ သီးသန့်ခန်းလေးမှာ ကျယ်လောင်ပျံ့နှံ့နေခဲ့လေသည်။

(၃)

“နေကြပါဦးဟယ်။ အဲလိုတယောက်တပေါက် ပြောနေကြတာထက် ပြဿနာကို ဘယ်လိုရှင်းကြမလဲ ဆိုတာကို အရင်တွေးကြရအောင်ပါ။ ခဏလေး စိတ်လျှော့ပြီး ထမင်းအရင်စားကြစို့ဟာ။ ကြက်ဆီထမင်းတွေ အေးကုန်ပြီ။ ဟဲ့။ မိသင်း။ ငါလေ။ နင်နဲ့ ပေါင်းလာတာ ငယ်ငယ်လေးကတည်းက။ အစားအရင်မစားပဲ စကားအရင်ပြောတာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ဟီးဟီး”

သူမက ရယ်ကျဲကျဲနှင့် ပြောတော့ မိသင်းက မပြုံးချင်ပဲ ပြုံးလေသည်။
“မိထက်။ အစုပ်ပလုပ်မ။ ငါတို့ ဒီလောက် ဒေါသထွက်နေတာကိုး။ နင့်မျက်နှာက ဘာလို့ ပြုံးစိစိ ဖြစ်နေရတာလဲ။ ဒီကျူရှင်ကို နင်က ခေါင်းခံဖွင့်ထားတာ။ နင့်ကို ပြောနေကြတာတွေ နင်မကြားဘူးလား”

စပ်ဖြီးဖြီး ကျော်စွာမျက်နှာကလဲ ဒီတခါတော့ အတော်တည်နေလေသည်။
“ကြားသားပဲ။ ဘာဖြစ်တုန်းဟ။ သူတို့မှာ ပါးစပ်ရှိလို့ ပြောနိုင်တာပဲလေ။ တကယ်ဆို သူတို့မှာ ပါးစပ်ရှိနေတာကိုပဲ ငါတို့က ၀မ်းသာပေးရဦးမှာ”
“ဟဲ့။ နင်ရူးနေလား”

“မရူးပါဘူးဟဲ့။ တကယ်ပြောတာပါ။ သူတို့ဆီမှာ ပါးစပ်ပါတော့ စာသင်နိုင်တယ်ဟာ။ စာသင်နိုင်တော့ သူတို့နဲ့ ဆက်စပ်တဲ့ တပည့်တွေ အကျိုးကျေးဇူးရှိတာပေါ့။ ခုကိစ္စမှာလဲ ငါ့ဘက်က သူတို့ကို နားလည်တယ်။ ဘာကြောင့် သူတို့ ဒီလို ဖြစ်နေလဲ ဆိုတာကိုး”

“နင် ဘာတွေ ပြောနေတာလဲ”
သင်းသင်းက မျက်လုံးကြီးပြူးရင်း ၀င်ပြောသည်။

“ငါဆယ်တန်း ဖြေပြီးစတုန်းက ငါ့အစ်မက ဈေးကွက်စီးပွားရေးပညာ၊ လူအစုအဖွဲ့ စိတ်ပညာနဲ့ ဘောဂဗေဒ ပညာတွေကို ဆရာခေါ်ပြီး သင်ပေးခဲ့တယ်ဟ။ အဲဒါတွေ လေ့လာရင်းနဲ့ ဈေးကွက်ရဲ့ သဘောတရားတွေနဲ့ ဈေးကွက်ထဲမှာ ကျင်လည်နေကြသူတွေရဲ့ စိတ်နေစိတ်ထားတွေကို ဆက်စပ်တွေးမိလာတယ်။ ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ အုပ်စုဖွဲ့ယှဉ်ပြိုင်မှုတွေကို လေ့လာဖြစ်ခဲ့တယ်။ ခုလဲ ဒီလိုပါပဲဟာ။ ကျူရှင်လောက ဆိုတော့ အလွတ်သင်ပညာရေး ဈေးကွက်လို့ ပြောရမှာပေါ့။ ဒီလောကထဲမှာ တဦးချင်းစီ ၀င်ပြီး ပါဝင်နေကြရင်း နာမည်တွေကြီးလာတယ်။ ဒီတော့ နာမည်ကြီးလာသူတွေရဲ့ သဘောသဘာဝအတိုင်း ငါဆိုတဲ့ အတ္တတွေ ကိုင်စွဲမိကြတယ်။ ဒီဘာသာရပ်ကို ငါကမှ မသင်ရင် တခြားသူတွေ တတ်တော့မှာ မဟုတ်ဘူး။ ငါမှ ငါဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ ပိုပြီး ဆိုးလာတာကတော့ ဒီလိုစိတ်အခြေခံ ရှိသူတွေအားလုံး အုပ်စုဖွဲ့လိုက်နိုင်မှုပဲ။ ဒီတော့ တကယ့် အင်အားကြီး အုပ်စုဖြစ်လာတယ်။ ဒီအုပ်စုထဲမှာလဲ သူတို့အချင်းချင်း အားပြိုင်ကြတာပဲဟ”
“အေး။ အဲဒါတော့ ငါသိတယ်။ ငါ့ညီတ၀မ်းကွဲက အဲဒီမှာ တက်ဖူးတယ်။ သူတို့အချင်းချင်းလဲ ပြိုင်နေကြတာပဲ”

“သူတို့အချင်းချင်းလဲ ပြိုင်နေကြသလို တခြားသူတွေက သူတို့နဲ့ ယှဉ်ပြိုင်လာမှာကိုလဲ အမြဲ သတိနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့က ဒီဈေးကွက်တခုလုံးကို ချုပ်ကိုင်ထားချင်တာကိုးနော်”

“ရမလားဟ။ အဲလိုလုပ်လို့”
“မရဘူးလေ။ မရလို့လဲ ငါတို့ကျူရှင်ဖွင့်တော့ ကျောင်းသားသစ်တွေ ရောက်လာကြတာပေါ့။ သူတို့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ သူတို့ကျူရှင်တွေကို မတက်နိုင်သူတွေလဲ အများကြီးပဲ ရှိနေတာပဲကိုး။ ငါတို့တွေက ကျူရှင်လခတွေ ဈေးသက်သက်သာသာနဲ့ ဖွင့်လိုက်တယ်ဟာ။ မတတ်နိုင်သူတွေဆို အလကားတောင် သင်ပေးကြတယ် မဟုတ်လား”

“အေးလေ။ တကယ်ဆို သူတို့ မလုပ်ပေးနိုင်တာတွေကို ငါတို့က လုပ်နေတာကို အမြင်ကျယ်ကျယ်နဲ့ ၀မ်းသာပေးရဦးမှာပဲကိုး”

“သီးခြားကုလားထိုင်တွေပေါ် ထိုင်နေသူတွေရဲ့ စိတ်ဆိုတာက အဲလိုမဟုတ်ဘူးဟ။ သူတို့ ကုလားထိုင်နား ရောက်လာရင် တခြားကိစ္စတွေထက် ကုလားထိုင်နေရာ ဖယ်ပေးရမှာကို အရင်ကြိုတွေးလေ့ ရှိကြတယ်။ ငါ့ကုလားထိုင်ကိုများ လာလုလေမလားပေါ့နော်။ ခုကိစ္စမှာလဲ အဲလိုပဲ။ ဈေးကွက်ထဲက သူတို့ဝန်ဆောင်မှု မပေးနိုင်တဲ့ လူတွေကို ငါတို့က ၀င်ပေးနေပါလား ဆိုတာကို အရင်မစဉ်းစားကြပဲ သူတို့တော့ ငါတို့ လုပ်သလိုတွေ လုပ်နေပြီ။ ကြာရင် ငါတို့လူတွေ သူတို့ဆီရောက်သွားရင် ဒုက္ခပါပဲ။ ငါတို့ နေရာပျောက်တော့မယ် ဆိုတာတွေကို တွေးကုန်ကြတာ။ ဒါကြောင့်လဲ သူတို့သားသမီးအရွယ်လောက် ရှိနေတဲ့ ငါတို့လူငယ်တွေကို မကြိုဆိုကြတော့ပဲ အရင် ကြိုကန်ထားဖို့ စဉ်းစားကြတာ”

“အေးလေ။ ဒါကို ပြောနေတာ။ ငါတို့က ငြိမ်ခံနေကြရမှာလား။ မဆီမဆိုင် ကိုယ့်ထမင်းကိုယ်စားပြီးတော့ အမြင်မကျယ်တဲ့လူတွေ များနေတဲ့ ဒီလောကကြီးထဲမှာ နေကြဖို့ လိုအပ်သလား”

“ဒီလိုလောကကြီးထဲမှာ နေဖို့ လိုအပ်သလား၊ မလိုအပ်ဘူးသလားဆိုတာကတော့ ဒီလောကထဲကို ငါတို့ဘာကြောင့် ၀င်လာခဲ့သလဲ ဆိုတာနဲ့ပဲ ပတ်သက်မယ်ထင်တယ်။ ငါတို့အားလုံးက တက္ကသိုလ် ကျောင်းသူကျောင်းသားတွေဟာ။ ကျောင်းတွေ ပိတ်ထားဆဲ ကာလတွေမှာ ကိုယ်ပိုင်ဝင်ငွေတွေ ရှာရင်းနဲ့ ကိုယ့်ဘာသာကိုယ်လဲ ရပ်တည်နေနိုင်တဲ့ လူတွေ။ ငါတို့ရဲ့ အသက်အရွယ်၊ ငါတို့ရဲ့ ပညာရေး၊ ငါတို့ရဲ့ အနာဂတ်တွေအတွက် ငါတို့ကိုယ် ငါတို့ တည်ဆောက်ဖို့ အများကြီး လိုသေးတယ်။ ဒီအတွက် အချိန်တွေဟာ စက္ကန့်နဲ့ မလပ် ငါတို့တွေအတွက် အရေး ကြီးနေတယ်။ အချိန်တိုင်းဟာ ငွေ မဟုတ်ရင် ပညာတွေ ချည်းပဲ။ အဲဒီလို အဖိုးတန် အချိန်တွေကို ငါတို့ ဒီလောကအတွက် ဖဲ့ပေးဖို့ ကြိုးစားကြတယ်။ လိုအပ်ချက်တွေ ရှိနေတဲ့ ထောင့်တနေရာကနေ ပါဝင်ပြီး၊ ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့ ကြိုးစားကြတယ်။ ငါတို့ ရည်ရွယ်ချက်က ကွက်လပ်လေးတွေကို ဖြည့်ဖို့လေ၊ သူတို့ထင်သလို သူတို့ ကုလားထိုင်ကြီးတွေကို ၀င်လုဖို့မှ မဟုတ်တာပဲ။ အချိန်တန်ရင် ငါတို့လမ်းကို ငါတို့ ဆက်လျှောက်ကြမှာ။ ဒီတော့ သူတို့ ပြောချင်တာတွေ ပြောနေတာကို ဘာဂရုစိုက်စရာလိုလဲ။ ငါတို့ ဖြည့်နိုင်တဲ့ ကွက်လပ်လေးတွေကို ဖြည့်ပေးနိုင်ဖို့အတွက် သူတို့ရဲ့ ခွင့်ပြုချက်လဲ မလိုဘူး။ ထောက်ခံမှုလဲ မလိုသလို ကန့်ကွက်မှုလဲ မလိုအပ်ဘူးလေ။ ဒီတော့ ထောက်ခံတယ်ပြောပြော၊ ကန့်ကွက်တယ်ပြောပြော၊ ငါတို့ လုပ်စရာရှိတာကို ဆက်လုပ်ကြရမှာပဲ”

“သူတို့က ငါတို့ကျူရှင်ကို လာမတက်ကြဖို့ လိုက်ပြောနေတဲ့ကိစ္စကိုး”
“အဲဒီလို ပြောနေရုံနဲ့ ကျောင်းသားတွေအားလုံး ထွက်သွားမယ်လို့ နင်ထင်လို့လား။ ငါတော့ မထင်ဘူး။ ငါ့ကျောင်းသားလေးတွေထဲမှာ သူတို့ လခကို မတတ်နိုင်သူတွေက အများကြီးရယ်။ သူတို့က အားလုံးကို အလကား ခေါ်သင်ပေးလိုက်ရင်တော့ တမျိုးပေါ့ဟာ။ ဒါပေမယ့် သူတို့ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်။ ငါတို့ အလုပ်က သူတို့နဲ့ ပြိုင်ဖို့ မဟုတ်ဘူးနော်။ ကွက်လပ်ဖြည့်ဖို့။ ငါတို့ ဖြည့်ဖို့ လိုတဲ့ ကွက်လပ်လေးတွေကို ဖြည့်နိုင်သွားရင် ငါတို့ အောင်မြင်တာပဲ”

“ခုကိစ္စက ငါတို့က ပြိုင်တာမှ မဟုတ်ပဲ။ သူတို့ကသာ မလောက်လေး မလောက်စားတွေက လာယှဉ်တယ်လို့ လိုက်ပြောနေကြတာ”

“လူတွေအားလုံးဟာ အတ္တရဲ့ ကျေးကျွန်တွေပါပဲဟာ။ သူတို့က ငါဆိုတဲ့ အတ္တကြီးတွေကနေ စတွက်ကြတာကိုး။ ကိုယ့်ဟာကိုယ် ကြီးမြတ်နေပါလားလို့ ထင်နေတော့ အဲလိုပဲ ပြောမှာပေါ့။ ငါတို့ကသာ သူတို့ကို ပြောနေတယ်။ ငါတို့လဲ အတ္တတွေ ရှိကြတာပဲလေ။ သူတို့က အဲလိုပြောလာတော့ ငါတို့ကလဲ “သူဘာလဲ၊ ငါဘာလဲ” ဆိုပြီး စတွေးမိကြတော့တာပဲ မဟုတ်ဘူးလား။ အဲဒီ ”ငါဘာလဲ၊ သူဘာလဲ” ဆိုတဲ့ အတ္တတွေကြောင့် စစ်တွေဖြစ်ကြ၊ တိုက်ကြခိုက်ကြတွေ ကမ္ဘာမှာ ဖြစ်နေတာပေါ့။ မြေစာပင် ဖြစ်နေကြရသူတွေလဲ မနည်းတော့ဘူး။ ခုသူတို့က သူတို့ရဲ့ အတ္တတွေနဲ့ ငါတို့ကို ရန်ဘက်လို သဘောထားပြောနေကြပြီ။ ဒါကို ငါတို့က ”ငါဘာလဲ၊ သူဘာလဲ” အတ္တတွေနဲ့ တုန့်ပြန်ပြီး ဘေးထွက်နေလိုက်ကြရင် ဘယ်သူတွေ မြေစာပင်ဖြစ်မလဲ။ ငါတို့ ကျောင်းသားလေးတွေ ဖြစ်ကုန်မှာ။ ဒါကြောင့် ငါနင်တို့ကို တောင်းပန်တယ်။ စာသင်နှစ်ကုန်အောင်တော့ ပြီးအောင် သင်ပေးကြပါဟာ”

သူမစကားဆုံးတော့ အားလုံးငြိမ်သက်သွားကြသည်။ အတန်ကြာငြိမ်နေပြီးမှ ကျော်စွာက စကားစသည်။
“ပြောသာ ပြောနေရတာပါ။ ငါလဲ ကလေးတွေကို သံယောဇဉ် တွယ်နေပြီဟ။ ကလေးတွေက ငါတို့ကို မျှော်လင့်ထားကြတာ။ ငါတို့ဘက်က တပိုင်းတစနဲ့ ပိတ်လိုက်ရင် ကလေးတွေ သနားပါတယ်”

ကျော်စွာ့စကားကြောင့် သူမ၀မ်းသာသွားသည်။ စိတ်ထဲ ပေါ်လာသည့် ဥပမာလေးကို ပြောပြလိုက်မိသည်။

“လမင်းကြီးရှိနေလို့ ဆိုပြီးတော့ ပိုးစုန်းကြူးလေးတွေက သူတို့ အလင်းရောင်လေးတွေကို မသိမ်းထားကြပါဘူးဟာ။ လသာညတွေမှာ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းရောင်လေးတွေက အကျိုးကျေးဇူး ရှိချင်မှ ရှိမှာပေါ့လေ။ ဒါပေမယ့် လမိုက်ညတွေမှာတော့ သူတို့အလင်းရောင်လေးတွေက အကျိုးကျေးဇူး တစုံတရာ ရှိချင်လဲ ရှိလာမှာပေါ့။ ငါတို့တွေလဲ ပိုးစုန်းကြူးလေးတွေလိုပဲ ကိုယ့်ဟာကိုယ် သဘောထားပြီး၊ လုပ်စရာရှိတာ ဆက်လုပ်ကြရအောင်နော်”

သူမစကားအဆုံးမှာ သူငယ်ချင်းများက ခေါင်းညိတ်ပြကြသည်။ အမြန်စားသောက်ပြီး ကားကိုယ်စီဖြင့် အသီးသီး ထွက်လာခဲ့ကြသည်။ တွေးရင်း၊ ငေးရင်း၊ ဘေးစကားများ နားထောင်ရင်း အချိန်ကုန်နေကြလို့ မရ။ ပိုးစုန်းကြူးများပီပီ ကိုယ်ပေးနိုင်သည့် အလင်းရောင်လေးတွေ ပေးနိုင်ဖို့ အတွက် အစမ်းစာမေးပွဲ အဖြေလွှာများကို စစ်ကြရဦးမည်။ ကိုယ်ပိုင်အလင်းရောင်လေးတွေနဲ့ အမှီအခိုကင်းကင်း လမ်းလျှောက်နိုင်ဖို့အတွက် ပညာ၊ ဥစ္စာများ ရှာဖွေကြရဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် “ပိုးစုန်းကြူးတွေကလဲ လမင်းကြီး သာတာ၊ မသာတာကို စိတ်မ၀င်စား၊ လမင်းကြီးကလဲ ပိုးစုန်းကြူးတွေကို အလင်းရောင်ရှိရပါ့မလားလို့ ရန်လိုက်မရှာပဲ” အတူတကွဲ ယှဉ်တွဲရပ်တည်နိုင်မှုတွေ ပြည့်နှက်နေသည့် သဘာဝတရားကြီးကိုတော့ သူမ နှစ်ခြိုက်မိပါရဲ့။

ခင်မမမျိုး (၈၊ ၂၊ ၂၀၁၀)

0 comments:

 

© 2007 IngridGrey By Arephyz